← Chapters

လက်သီး တစ်ချက်ဖြင့် အသေသတ်ခြင်း

Vol. 24 Ch. 335

လက်သီး တစ်ချက်ဖြင့် အသေသတ်ခြင်း

Vol. 24 Ch. 335

" ကောင်လေး ၊ မင်းက သေဖို့ပဲ ထိုက်တန်တယ် "

လွေ့နန်၏ မျက်နှာထက်တွင် ယခင်ကလို တည်ငြိမ်မှုမျိုး မရှိတော့ဘဲ ရက်စက်ကြမ်းကြုတ်မှုတို့က အစားထိုး နေရာယူသွားခဲ့ပြီဖြစ်သည်။

အမှန်တွင်မူ .. သူ ဟွမ်ဟိုင် သေခြင်းကို သိပ်ဂရုမစိုက်လှပါချေ။

သို့သော် .. ကမ္ဘာမျိုးစေ့က လောထျန်းလက်ထဲသို့ ရောက်နေခြင်းမှာ လုံးဝ လက်ခံနိုင်စရာ အရာ မဟုတ်ပါ။

" ကောင်လေး သေစမ်းကွာ "

ကျယ်လောင်သော အော်သံကြီးနှင့်အတူ လွေ့နန်က လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ထွင်းစာတစ်လုံးကို အလွန်လျင်မြန်စွာ ရေးလိုက်သည်။

" သတ်ခြင်း "

ထွင်းစာက တခဏအတွင်းမှာပင် ရေးပြီးသွားကာ ကျယ်လောင်သော အသံတစ်သံနှင့်အတူ  လောထျန်းအား ချက်ချင်း ဖိနှိပ်လာ၏။

" သခင်လေး .. သတိထား "

နံဘေးမှ ရှောက်လုံက ကြောက်လန့်တကြား သတိလှမ်းပေးသည်။

ထိုထွင်းစာထဲမှ အစွမ်းက သာမာန်မဟုတ်သည်ကို သူ ခံစား၍ ရနေပါသည်။

သို့သော်  .

ဘုန်း ..

လောထျန်းက ခြေတစ်ဖက်မြှောက်ပြီး ထွင်းစာကို ကန်လိုက်ရာ ၎င်းက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့၏။

" ဘယ်လိုဖြစ်ပြီး ... "

လွေ့နန်မှာ ဤတစ်ကြိမ်လည်း အံ့သြမှင်သက်သွားရပြန်သည်။

၎င်းထွင်းစာသည် သူ့ကိုယ်ပိုင် မသေမျိုး ဖိနှိပ်အစီအမံတစ်ခု ဖြစ်ပြီး မသေမျိုးတစ်ယောက်ကိုပင် ဖိနှိပ်နိုင်သည့် အစွမ်းရှိပါသည်။ သို့သော် .. ၎င်းက လောထျန်း၏ ကန်ချက်တစ်ချက်ဖြင့် ပြိုကွဲသွားရသတဲ့လား ။

" မင်းဆီမှာ ဘာနည်းလမ်းမှ ထပ်မရှိတော့ဘူးလား "

ထိုစဥ် လောထျန်းက သူ့ကို ကြည့်ကာ မေးလာ၏။

" ဟား ဟား .. ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိနေတုန်းပဲနဲ့တူတယ် ။ ဒါပေမယ့် လက်ရှိ ဒီ နဂါးသင်္ချိုင်းမြေထဲမှာ ငါက ပြိုင်ဘက်ကင်းပဲကွ "

လွေ့နန်က ဒေါသတကြီး အော်ရယ်ကာ ပြောသည်။

" ကဲ ..  ငါ အခုသုံးမယ့် နည်းက မင်းအတွက် ကြိုပြင်ဆင်ထားတာတော့ မဟုတ်ဘူးကွ ။ ဒါပေမယ့် အခြေအနေတွေက ဒီလိုတောင် ဖြစ်လာမှတော့ ကြိုပြီး ထုတ်သုံးရတော့မှာပေါ့ကွာ "

လွေ့နန်က ပြောကာ လက်တစ်ဖက်ဖြင့် အစီအမံတစ်ခု ပြုလုပ်လိုက်သည်။

ဝီ ...

သူတို့ အနီးနားမှ လေထု စတင်ပြောင်းလဲလာ၏။

လွေ့နန်၏ မျက်နှာထက်တွင်လည်း လှောင်ပြုံး ပြန်ပေါ်လာကာ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

" လောထျန်း ၊ ဒီလို အစွမ်းမျိုးရဲ့ အောက်မှာ သေရမှာကို မင်း ဂုဏ်တောင် ယူသင့်သေးတယ် "

ထို့နောက်တွင်မူ လွေ့နန်က မြေကြီးအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း ..

လေများလည်း တိုက်ခတ်လာပြီး ဟိန်းသံကျယ်ကြီးတစ်ခုကိုလည်း ကြားလိုက်ရ၏။

လွေ့နန်က မြေကြီးပေါ်တွင် ဒူးထောက်ကာ လက်တစ်ဖက်ဖြင့် မြေပြင်ကို ဖိပြီး ၊ခေါင်းငုံ့၍ အေးစက်စက် အသံကြီးဖြင့် အော်ရယ်လိုက်သည်။

" လောထျန်း ၊ မင်းက ငါတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို ဆန့်ကျင်ဖို့ ဘယ်ကနေ ဘယ်လို သတ္တိရသွားလဲ ဆိုတာတော့ ငါ မသိဘူး ။ဘယ်လိုလဲ .. အခု နောင်တရနေပြီလား ။ မြင်လားကွ ..အခု မင်းရှေ့မှာ ရှိနေတဲ့အရာက  ငါတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ မသေမျိုးလက်နက်ကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ အရှုပ်အထွေး စိတ်ဝိဥာဥ် ...  ဟင် ... "

လွေ့နန်က ပြောနေရင်း ခေါင်းမော့ကြည့်လိုက်ရာ .. မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စကားစရပ်ပြီး ကြက်သေ သေသွား၏။

သူ့စိတ်ထဲတွင် ယခု သူ့ရှေ့၌ သူ ခေါ်ယူထားသည့် အရှုပ်အထွေး စိတ်ဝိဥာဥ် နန်းတော် ရှိနေမည်ဟုသာ ထင်ထားခဲ့ပါသည်။

သို့သော် .. ယခု သူ့ရှေ့မှ အရာက ဘာပါနည်း ။

သူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်တော့လည်း ပျက်စီးကျိုးပဲ့နေသည့် နံရံများနှင့် အပျက်အစီး ပုံကြီးသာ ရှိနေပါ၏။

" ငါ့ရဲ့ အရှုပ်အထွေးစိတ်ဝိဥာဥ်နန်းတော်က ဘယ်ရောက်သွားပြီလဲ "

ဟွေ့နန် တအံ့တသြ ရေရွတ်လိုက်သည်။

တဖက်မှ လောထျန်းမှာလည်း တဖက်ရန်သူက အစွမ်းထက်သော သိုင်းကွက်တစ်ခုကို သုံးမည်အထင်ဖြင့် မျက်နှာကြီး တည်နေခဲ့ရာမှ ..

ထိုမြင်ကွင်းကို ကြည့်ကာ ရှက်သလို ဖြစ်သွား၏။

" ဒါ .. မင်း အစောက ပြောခဲ့တဲ့ အစွမ်းထက်တဲ့ဟာ ဆိုတာလား "

သူ မေးလိုက်သည်။

" မဖြစ်နိုင်ဘူး .. ငါ့ရဲ့ အရှုပ်အထွေး စိတ်ဝိဥာဥ်နန်းတော်က ဘယ်ရောက်သွားပြီလဲ "

လွေ့နန်က အံ့သြမှု မပြယ်သေးဘဲ ပြော၏။

လောထျန်းက ခေါင်းကုတ်ကာ ပြန်ပြောလိုက်သည်။

" အဲ့ဒါပဲလေ "

" မင်း .. ဘာပြောလိုက်တယ် "

လွေ့နန် မျက်မှောင်ကြီး ကြုံ့သွားကာ လောထျန်းအား ကြည့်လိုက်သည်။

လောထျန်းက ပြန်ပြော၏။

" အစောတုန်းက ဟွမ်ဟိုင်က ဒီဟာကို သုံးပြီး ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့တာ ။ ဒါပေမယ့် ကျုပ် နန်းတော်ကို ဖျက်ဆီးလိုက်မိသလို ဖြစ်သွားတယ် "

" ဖျက် ... ဖျက်ဆီးလိုက်တယ် .... "

လွေ့နန်က မယုံနိုင်ဟန်ဖြင့် ခက်ခက်ခဲခဲ ရေရွတ်သည်။ ထို့နောက် သူရုတ်တရက် ဒေါသတကြီး အော်၏။

" ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ ။ ဒီ နန်းတော်က မသေမျိုးလက်နက် တစ်ခုကွ ။ ဒါကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်မှာလဲ "

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြောသည်။

" ကျုပ် အထဲက စိတ်စွမ်းအင်တွေအားလုံးကို ကုန်သွားအောင် စုပ်ယူလိုက်မိလိုက်တာ ။ ပြီးလဲပြီးရော အဲ့လို ဖြစ်သွားတာပဲ "

" မင်း ... "

လွေ့နန်မှာ လောထျန်းစကားကို မယုံချင်သော်လည်း .. သူ့ရှေ့မှ အပျက်အစီးပုံကြီးကြောင့် မည်သို့ ပြောရမည်မသိ ဖြစ်နေတော့၏။

ထိုအပျက်အစီးပုံကြီးတွင် အရှုပ်အထွေး စိတ်ဝိဥာဥ်နန်းတော်၏ ပုံရိပ်ကို သူ အနည်းငယ် မြင်နေရပါသေးသည်။

လောထျန်း ပြောသွားခဲ့သည့် စကားများက အမှန် ဖြစ်နေပါသလား ..

" မဖြစ်နိုင်ဘူး ၊ တကယ်လို့ အရှုပ်အထွေး စိတ်ဝိဥာဥ်နန်းတော်ကို ဖျက်ဆီးပစ်လိုက်တယ် ဆိုရင်တောင် အထဲက မိစ္ဆာဝိဥာဥ်တွေ ရှိသေးတယ်လေ "

လွေ့နန် မယုံနိုင်သေးဘဲ ထပ်ငြင်းလိုက်သည်။

ထို မိစ္ဆာဝိဥာဥ် များသည် သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ နှစ်ထောင်ချီကြာ ကြိုးစား အစီအစဥ်ချမှု နှင့် စွန့်စားမှုများမှ ရလာခဲ့သော ရလဒ်ဖြစ်ပါ၏။

သူ ယခုတစ်ကြိမ် နဂါးသင်္ချိုင်းမြေသို့ လာခဲ့ရသည့် ရည်ရွယ်ချက်မှာလည်း နှစ်ခုသာ ရှိပါသည်။

ပထမ တစ်ခုမှာ နဂါးကြီး ထျန်းလုံ၏ စိတ်ဝိဥာဥ်ကို သန့်စင်ပြီး ကြောက်မက်ဖွယ် မိစ္ဆာဝိဥာဥ်ကြီး တစ်ကောင်အဖြစ် ပြောင်းရန် ဖြစ်ပြီး ...

ဒုတိယ ရည်ရွယ်ချက်မှာ အရှုပ်အထွေး စိတ်ဝိဥာဥ် နန်းတော်ကို ပြန်ယူကာ သူတို့၏ နှစ်ထောင်ချီကြာ ကြိုးစားမှု ရလဒ်များကို အပြင်သို့ ပြန်သယ်ထုတ်ရန်ပင် ။

သို့သော် ယခုမူကား .. အရှုပ်အထွေး စိတ်ဝိဥာဥ်နန်းတော်ကြီးက တစ်စစီ ပျက်စီးနေခဲ့လေပြီ ။ သူ ၎င်းကို မည်သို့ လက်ခံရပါမည်နည်း ။

" ဟို မိစ္ဆာဝိဥာဥ်တွေကို ပြောတာလား .. သူတို့က ဒီမှာရှိတယ် "

ထိုစဥ် လောထျန်းက ပြောလာပြီး လက်တစ်ဖက် ယမ်းကာ ဝိဥာဥ်တစ်ရာ ကားချပ်လိပ်အား ပြန်ခေါ်ယူလိုက်၏။

ဝုန်း ..

သူ့ဘေးတွင်လည်း မိစ္ဆာဝိဥာဥ် ၈၀ ကျော် ချက်ချင်း ပေါ်လာကြသည်။

" ဒါ ... ဘယ်လို ... "

လွေ့နန်မှာ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုမိစ္ဆာဝိဥာဥ်များက လောထျန်း၏ သိမ်းသွင်းမှုကို ခံလိုက်ကြရပြီဖြစ်​ကြောင်း နားလည်လိုက်တော့သည်။

" မင်းက ဘယ်လိုနည်းလမ်းတွေ သုံးခဲ့တာလဲ ။ ဒီကောင်တွေက ဘယ်လိုလုပ်ပြီး .. "

သို့သော် .. သူ့ မျက်လုံးဖြင့် ကိုယ်တိုင် မြင်နေသည့်တိုင် မယုံနိုင်သေးပါချေ။

သူတို့ ဂိုဏ်းသည် နှစ်ပေါင်းထောင်ချီကြာအောင် အစီစဥ်ချပြီး ထိုမိစ္ဆာဝိဥာဥ်များကို မွေးထုတ်ခဲ့ကြသော်လည်း .. ယခု အားလုံးက တခြားသူအတွက် ဖြစ်သွားသတဲ့လား ။

သူ ၎င်းကို မည်သို့ လက်ခံရပါမည်နည်း။

" ကျုပ် ဘယ်လိုနည်းမျိုး သုံးခဲ့တယ်ဆိုတာ မင်းကိစ္စ မဟုတ်ဘူး ။ သူ့ကို သတ်လိုက်ကြ "

လောထျန်းက တည်ငြိမ်စွာ ပြောလာ၏။

ဝုန်း ..

သူ့စကားဆုံးသည်နှင့် ချက်ချင်းပင် မိစ္ဆာဝိဥာဥ်များလှုပ်ရှားသွားပြီး လွေ့နန်ဆီသို့ ပြေးဝင်သွားကြသည်။

" ဟင် ... "

လွေ့နန်တစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားရတော့၏။

ထိုမိစ္ဆာဝိဥာဥ်များကို သူကိုယ်တိုင် ဖန်တီးခဲ့သည်ဟု ပြော၍ ရပေရာ .. ၎င်းတို့က  မည်မျှ အစွမ်းထက်ကြသည်ကို သူ နားလည်ထားပြီး ဖြစ်ပါသည်။

အကယ်၍ သူ့တစ်ယောက်တည်း၏ ကိုယ်ပိုင်အစွမ်း တစ်ခုတည်းဖြင့်သာ တိုက်ခိုက်ရပါက  ထိုမိစ္ဆာဝိဥာဥ်များ အားလုံးကို မဆိုထားဘိ ၊ မိစ္ဆာဝိဥာဥ်တစ်ကောင်ကိုပင် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ယခု မိစ္ဆာဝိဥာဥ် ၈၀ ကျော်က တစ်ပြိုင်တည်း အတူတကွ တိုက်ခိုက်လာသည်ကို သူ မည်သို့ ခုခံရပါတော့မည်နည်း ။

" တောက်စ် .. "

လွေ့နန်မှာ ကူကယ်ရာမဲ့စွာဖြင့် စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး ကို ချက်ချင်း ပြန်ယူလိုက်ရ၏။

" စိတ်ဝိဥာဥ်ကို ချုပ်နှောင်ပြီး ဖိနှိပ်စမ်း "

ထို့နောက် သူ ဒေါသတကြီး အော်လိုက်ရာ စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး မှ ကြောက်မက်ဖွယ်အစွမ်းတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို ဖိနှိပ်လာသည်။

ဝုန်း ..

မိစ္ဆာဝိဥာဥ်များ အားလုံး နောက်သို့ ချက်ချင်း လွင့်ထွက်သွားကုန်ကြ၏။

" ဟင် .. "

၎င်းကို ကြည့်ကာ လောထျန်း အံ့အားသင့်သွားရသည်။

ထိုစဥ် လေထဲမှ လွေ့နန်မှာ ဟောဟဲ ဟောဟဲဖြင့် အမောဆိုက်နေသည့်တိုင် လှောင်ပြုံးဖြင့် ပြောလာ၏။

" လောထျန်း ၊ မင်းက ဘယ်လို နည်းလမ်းမျိုးကို သုံးပြီးတော့ ဒီ မိစ္ဆာဝိဥာဥ်တွေကို သိမ်းသွင်းခဲ့လဲ မသိပေမယ့် ၊ ငါ့လက်ထဲမှာ စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး ရှိနေသရွေ့တော့ မင်း ရှုံးနေဦးမှာပဲ ။ သေလိုက်တော့ကွာ "

သူ ထိုသို့ပြောကာ ကြိုးအား လောထျန်းဆီသို့ ပစ်လိုက်သည်။

" ကောင်လေး .. အဲ့ဒါကြီးနဲ့ မထိစေနဲ့ ၊ မြန်မြန်ပြေးတော့ "

ချောက်နက်ထဲမှ နဂါးစိတ်ဝိဥာဥ် ထျန်းလုံ၏ စိုးရိမ်နေသော အသံကျယ်ကြီး ထွက်လာသည်။

ဝုန်း ....

စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုးက လောထျန်းအား တင်းတင်းကျပ်ကျပ် ချုပ်နှောင်လိုက်တော့၏။

" ကောင်လေး .. မင်းက တော်တော် တုံးတာပဲကွ ၊ နေရာတောင် မရွှေ့ဘဲ အဲ့နားမှာပဲ ရပ်နေတာ ။အခုတော့ ငါ့ ကြိုးနဲ့ ချုပ်နှောင် ခံလိုက်ရပြီပေါ့ ။ မင်းမှာ ဘယ်လိုအစွမ်းမျိုးဘဲ ရှိရှိ ၊ အခုတော့ အားလုံး ပြီးပြီပေါ့ကွာ "

လွေ့နန်က လှောင်သံဖြင့် ပြောကာ အရူးတစ်ယောက်အလား အော်ရယ်လိုက်သည်။

သို့သော် လောထျန်းကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး သူ့ကို ချုပ်နှောင်ထား​သော ကြိုးအား ငုံ့ကြည့်ကာ လက်ကို အနည်းငယ် လှုပ်လိုက်သည်။

ဝုန်း ..

ချက်ချင်း ဆိုသလိုပင် သူ့ကို ချုပ်နှောင်ထားသည့် စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုးက ပျက်စီးသွားတော့၏။

" ဟင် ... "

လွေ့နန်၏ မျက်နှာထက်မှ အပြုံး ပျောက်ကွယ်သွားပြီး ကြက်သေ သေသွားရပြန်သည်။

" ဟင် .. စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး ကလဲ အဲ့လောက်ပဲလား "

လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

ထို့နောက် သူ ကျနေသည့် ကြိုးစ တစ်ဖက်ကို ကောက်ကိုင်ကာ ခပ်ပြင်းပြင်း ဆွဲလိုက်၏။

ကြိုးစ တစ်ဖက်ကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်သော လွေ့နန်မှာ လောထျန်း၏ ဆွဲအားကြောင့် မထိန်းနိုင်ဘဲ လောထျန်းဆီသို့ ဒရွတ်တိုက် ပါလာသည်။

ထိုစဥ် လောထျန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လွေ့နန်ဆီသို့ ထိုးလိုက်၏။

" မဖြစ်ဘူး "

လွေ့နန်မှာ အ လွန်အံ့သြတုန်လှုပ်သွားပြီး ကြိုးစကို ချက်ချင်းလွှတ်၍ နှောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ..သူ အသိဝင်လာသည့် အချိန်က နောက်ကျလွန်းသွားခဲ့လေပြီ ။

ဘုန်း ..

လွေ့နန်မှာ သူ့နောက်သို့ ရောက်လာသော တောင်တစ်လုံးကဲ့သို့ ကြီးမားသည့် ဧရာမ လက်သီးအရိပ်ကြီးကို မြင်လိုက်ရပြီး ...

ထို့နောက် ..

ဘုန်း ...

သူ့တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့၏။

" ပြောတော့ လက်ထောက်ဂိုဏ်းချုပ်ကြီးတဲ့ ၊ အဲ့လောက်ပဲလား "

လောထျန်းက သူ့ကို ကြည့်ကာ အထင်သေးဟန်ဖြင့် နှုတ်ခမ်း မဲ့လိုက်သည်။

ဂလောက် ..

ထိုအချိန်မှာပင် စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး ဆီမှ အသံထွက်လာပြီး အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေသည်ကို လောထျန်း တွေ့လိုက်ရ၏။

" ဟင် .. ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်ပေါ့လေ "

သူ အေးစက်စက် နှာခေါင်းရှုံ့ကာ ကြိုးအား လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

All Chapters