← Chapters

အခန်း (၁၂၀၁-၁၂၀၅)

Vol. 49 Ch. 1201-1205

အခန်း (၁၂၀၁-၁၂၀၅)

Vol. 49 Ch. 1201-1205

အပိုင်း (၁၂၀၁)

သူတော်စင်သလင်းကျောက်များ ထည့်ရန်အတွက် သူတို့တွင် ပါလာသော သိုလှောင်လက်စွပ် သက်သက်ဖြင့် မလောက်မည်ကို ချန်ရှီတောင်း စိုးရိမ်နေရလေပြီ။ အပြင်ဘက်တွင် ရှိနေသော သူမတို့၏ အခြား ဂိုဏ်းသားများကို လှမ်းခေါ်လိုက်လျှင် ကောင်းမည်လား ဟူ၍ပင် စဉ်းစားနေခဲ့လေသည်။ ဤကဲ့သို့ အခွင့်အရေးမျိုးကို ရရန်မှာ အလွန်ကိုမှ ခဲယဉ်းလှပေသည်။ သူမတို့တွင်သာ သုံးမကုန်နိုင်သော သူတော်စင် သလင်းကျောက်များ ရှိနေမည်ဆိုပါက လိုချင်သော အဖိုးတန်ဆေးပင်များ မရမည်ကို ဘာကြောင့် စိုးရိမ်နေရမည်နည်း။ ငွေသာရှိလျှင် သူမတို့ လိုချင်သည့် အရာတိုင်းနီးပါးကို ဝယ်၍ရပေသည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုကောင်၏ ခန္ဓာကိုယ်ထဲတွင် မည်မျှ များပြားလှသော ကံကောင်းမှုများ စုဝေးနေလေသနည်း။ သူ့နောက် လိုက်လာရုံဖြင့် ဤမျှ များပြားလွန်းလှသော အကျိုးအမြတ်ကို ရရှိခဲ့ရသည်။

အကုန်လုံးသည် လိုဏ်ဂူထဲရှိ အခြားလိုဏ်ခေါင်းများကို လိုရမယ်ရ သွားစစ်ဆေးကြည့်သည်။ ထင်ထားသည့်အတိုင်းပဲ ထိုလိုဏ်ခေါင်းများထဲတွင်လည်း အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

“ငါတို့မှာ အချိန်တွေ အများကြီးရှိသေးတယ်။ ကြိုက်သလောက်သာ တူးကြ။ သဲမီးတောက်နယ်မြေ ပြန်မပိတ်မချင်း တူးလို့ရတယ်။ သဲမီးတောက်နယ်မြေ ပိတ်တဲ့ အထိတောင် ဒီသလင်းကျောက်တွင်းကို ပြောင်အောင် မတူးနိုင်ဘူး ဆိုရင်တော့…” ထိုနားသို့ရောက်သော် ချန်ရှီတောင်း စကားတစ်သွားခဲ့သည်။ ဘာမှမပြောသေးသည့် ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆက်၍ ပြောလိုက်သည် “ဒီသလင်းကျောက်မိုင်းတွင်း အကြောင်းကို ဂိုဏ်းဆီ ပြန်သယ်သွားကြတာပေါ့။ အဲ့လိုဆို နောက်တစ်ခါ သဲမီးတောက် နယ်မြေ ဖွင့်တဲ့အခါကျရင် အခြားသူတွေကို ဒီမှာ လာတူးခိုင်းလို့ရတယ်”

သူမ၏ မူလအစီအစဉ်သည် ဂိုဏ်းမှ အခြားလူများကို ခေါ်ရန်ဖြစ်သည်။ လူအင်အားများလျှင် သလင်းကျောက် ပိုများများကို တူးနိုင်မည်ဖြစ်ကာ သူမတို့လည်း ပို၍ အကျိုးအမြတ် ရပေလိမ့်မည်။ သို့သော်လည်း ဤနေရာတွင် သူမတို့ ငါးယောက်သာ ရှိနေခြင်းမဟုတ်။ အပြင်လူဖြစ်သော ရန်ကိုင်နှင့် ချန်ချီတို့လည်း ရှိနေပေးသည်။ သူမ ထိုကဲ့သို့ လုပ်လိုက်လျှင် ရန်ကိုင်ကို မကျေမနပ် ဖြစ်သွားစေနိုင်သည်။

ချန်ချီကို စိတ်မကျေမနပ် ဖြစ်စေလျှင်ပင် သူမ ဂရုစိုက်လိမ့်မည် မဟုတ်။ သို့သော် ရန်ကိုင်ဆိုသော လူသည် ကံကြမ္မာသားတော် ဖြစ်သည်။ သူမလုပ်ရပ်ကြောင့် ရန်ကိုင်နှင့် သူမကြား ဆက်ဆံရေး အဖုအထစ် ဖြစ်သွားမည်ကို ချန်ရှီတောင်း မလိုလားချေ။ ရန်ကိုင်နှင့် သူမကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားချင်ပေသည်။

တစ်ဖက်တွင်မူ ရန်ကိုင်သည် ချန်ရှီတောင်း၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အလွန် ကျေနပ်သွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းညိတ်သဘောတူလိုက်လေသည်။

လူခုနှစ်ယောက် ချက်ချင်း လူခွဲလိုက်ကြပြီး သူတော်စင်သလင်းကျောက်များကို စတင် တူးကြတော့လေသည်။

ရန်ကိုင်သည် လိုဏ်ဂူထဲသို့ စရောက်သည့် အချိန်ကတည်းက ချိန်ရွယ်ထားသော လိုဏ်ခေါင်းကို ရွေးချယ်ခဲ့လေသည်။ မိုင်တစ်ရာလောက် လမ်းလျှောက်ပြီးသည့်နောက် သူတော်စင်သလင်းကျောက်ပုံကြီး ရှေ့သို့ ရောက်လာခဲ့သည်။ နတ်ဆိုးမီတောက်ကို ဓါးမြောင် တစ်ချောင်းအဖြစ် ဖွဲ့စည်းလိုက်ပြီး သလင်းကျောက်ပုံကြီးကို လက်ဆေးဇလုံလောက် အရွယ်အစားရှိသော သူတော်စင်သလင်းကျောက်များ အဖြစ်သို့ ဖြတ်တောက်၍ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လေသည်။

သူတော်စင်သလင်းကျောက်များ တူးနေရသည်ကို အခြားသူများလောက် ရန်ကိုင် စိတ်မလှုပ်ရှားသော်ငြား သူတော်စင်သလင်းကျောက်များ ပိုရှိနေခြင်းသည် သူ့အား အကျိုး မယုတ်စေနိုင်ချေ။ ထို့ကြောင့် မြွေပုံစံ လောကရတနာကို စောင့်ကြည့်နေရင်း သူတော်စင် သလင်းကျောက်များကို တူးနေလိုက်သည်။ မြွေပုံစံလောကရတနာက ဤလိုဏ်ခေါင်းထဲ ဝင်သွားသည်မှာ သေချာပေသည်။ ဤနေရာတွင် လိုဏ်ခေါင်း လမ်းပိတ်သွားပြီ ဖြစ်လေရာ ထိုမြွေပုံစံလောကရတနာ မည်သည့် နေရာသို့ ရောက်သွားသနည်း။ ရန်ကိုင် အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူတော်စင်သလင်းကျောက် တူးနေရင်း စဉ်းစားကြည့်နေသော်လည်း သေချာ ရေရာသည့် အဖြေတစ်ခုကိုမှ မစဉ်းစားနိုင်ခဲ့ချေ။ သို့သော်လည်း ထိုလောကရတနာ ဤသူတော်စင် သလင်းကျောက်ပုံကြီးထဲသို့ ဝင်သွားခြင်းကော ဖြစ်နိုင်လေလော။ ထိုကဲ့သို့ စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လောကရတနာအကြောင်း သူတစ်ခါမှ မကြားဖူးပါချေ။

ထို့အပြင် ဤနေရာသည် နည်းနည်း ထူးဆန်းလှသည်။ မြေကြီးအောက်တွင် အလွန်တရာကိုမှ သိပ်သည်းသန့်စင်လှသော အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် တွင်းကြီး ရှိနေသည့်အတွက်ကြောင့် မြေပြင်ပေါ်သည် အဆင့်မြင့် စိတ်ဝိဥာဉ်ဆေးပင်များဖြင့် ပြည့်နေသင့်သော်လည်း သာမန်မြက်ပင်ရှည်များမှလွဲ၍ အခြားဘာအဖိုးတန် ဆေးပင်မှာ ရှိမနေခဲ့ချေ။

စဉ်းစားမရတော့သည့် အတွက်ကြောင့် သလင်းကျောက် တူးရာတွင်သာ အာရုံစိုက်ထားလိုက်တော့လေသည်။ သူ့သိုလှောင်လက်စွပ်ထဲရှိ သူတော်စင်သလင်းကျောက် ပမာဏ တတိတိ တိုးလာနေချိန် လိုဏ်ခေါင်းထဲရှိ သူတော်စင် သလင်းကျောက်များမှာမူ တစတစဖြင့် လျော့နည်းလာနေခဲ့သည်။

နတ်ဆိုးမီးတောက်ဖြင့် ဖန်တီးထားသော ဓါးသည် အလွန်ကိုမှ ထက်ရှသည့် အတွက်ကြောင့် သူတော်စင်သလင်းကျောက်များကို အလွယ်တကူ ဖြတ်တောက်နိုင်သည်။ သို့သော် မီးဓါတ်သည် လောင်ကျွမ်းတတ်သည့် သဘာဝရှိလေရာ သူတော်စင် သလင်းကျောက်များကို တစ်ကြိမ် ဖြတ်တောက်လိုက်တိုင်း ပမာဏနည်းနည်းကို လောင်ကျွမ်းပစ်မိသွားခဲ့ရသည်။

ထိုကဲ့သို့ ပမာဏနည်းနည်းလေးသည် တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် မပြောပလောက်သော်ငြား အကြိမ်အရေအတွက် များလာသည့်အခါ ဆုံးရှုံးမှုသည် အလွန်တရာကိုမှ ကြီးမားသွားရသည်။

ခဏလောက် စဉ်းစားပြီးနောက် ရွှေရောင်သွေးစက်ကို ဓါးအဖြစ် အသွင်ပြောင်း၍ အသုံးပြုရန် စဉ်းစားလိုက်သည်။ စဉ်းစားပြီးသည်နှင့် ရွှေရောင်သွေးစက် တစ်စက်ကို ထုတ်ယူ၍ ဓါးတိုတစ်ချောင်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ရွှေရောင်သွေးစက်ဖြင့် ဖန်တီးထားသည့် ဓါးတိုဖြင့် သာမန်ကာလျှံကာ မွှေ့ရမ်းရုံဖြင့်ပင်လျှင် သူတော်စင်သလင်းကျောက်ရိုင်းများကို တိုဖူးနှယ် ဖြတ်တောက်နိုင်ရာ အတော်လေးကိုမှ အလုပ်တွင်လာခဲ့ရသလို အဆုံးအရှုံးလည်း လျော့သွားခဲ့ရလေသည်။

တစ်ရက်ကြာပြီးနောက် သူတော်စင်သလင်းကျောက်များစွာကို ရန်ကိုင် စုဆောင်းထားပြီးခဲ့လေပြီ။ သို့သော်လည်း မြွေပုံစံလောကရတနာကို ခြေရာမခံသေးနိုင် ဖြစ်နေခဲ့ရသည်။ သူတော်စင်သလင်းကျောက်ပုံကို အရှေ့ဘက်သို့ နောက်ထပ် ဆယ်မီတာ ထပ်တူးထားသည့်အတိုင် ရှာမတွေ့ဖြစ်နေခြင်း ဖြစ်သည်။

သူတော်စင်သလင်းကျောက်များကို တူးနေစဉ် ခြေသံကြားသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ မကြာမီ လိုဏ်ခေါင်းရှေ့တွင် ချန်ချီ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

အကြီးအကဲချန်ချီ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ သူ့အရှိန်အဝါကို တတ်နိုင်သမျှ ထိန်းချုပ်ထားခဲ့ပြီး ခြေသံကိုလည်း တိုးနိုင်သမျှတိုးအောင် လုပ်ထားခဲ့သည်။ ရန်ကိုင် လှည့်ကြည့်လာသည်ကို မြင်သော် လက်ယပ်ခေါ်လိုက်သည်။

ချန်ချီ၏ အမူအရာကို မြင်သော် ချန်ချီ ပစ္စည်းကောင်းတစ်ခုခု တွေ့ထားပြီဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် သူလည်း စိတ်လှုပ်ရှားမိသွားပြီး ချန်ချီနောက်သို့ အခြားသူများမသိအောင် လိုက်သွားလိုက်လေသည်။

ချန်ချီနောက်သို့ လိုက်သွားရင်း ရန်ကိုင်က ကောင်းကင်စိတ်အာရုံကိုသုံး၍ မေးလိုက်သည် “လောကရတနာကို ရှာတွေ့လို့လား”

“အဲ့ဒါ ဒီမှာပုန်းနေတာလား” ချန်ချီက အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးသည်။

“ဟုတ်တယ်။ အဲ့ကောင်ရဲ့ အရှိန်အဝါကို ဒီလိုဏ်ခေါင်းထဲမှာ အာရုံခံမိလိုက်သေးတယ်။ ဒါပေမယ့် တောက်လျှောက် ရှာနေတာ အခုထိတော့ မတွေ့သေးဘူး”

ချန်ချီက ခေါင်းခါ၍ ပြန်ပြောလိုက်သည် “အဲ့ဒါကြောင့် မင်းကို လာခေါ်တာ မဟုတ်ဘူး။ အခြားတစ်ခု။ ဘာမှန်းတော့ ငါလည်းမသိဘူး။ ဒါပေမယ့် လုံးဝကို ထူးခြားတာတော့ သေချာတယ်။ ဘာမှန်းသေချာ မသိသေးလို့ ငါလည်း အဲ့ဒါကို သွားမရွေ့ရဲဘူး။ ဒါပေမယ့် မင်းက အပြင် လောကကြီးကနေ လာတာဆိုတော့ အဲ့ဒါကို သိရင်သိနိုင်လောက်တယ်”

ချန်ချီ ပြောသည်ကို နားထောင်ပြီး ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သို့သော်လည်း ချန်ချီနောက်သို့ လိုက်သွားခဲ့သေးလေသည်။

မကြာမီ ချန်ချီ ဝင်သွားသည့် လိုဏ်ခေါင်းထဲသို့ ရောက်လာခဲ့သည်။ လိုဏ်ခေါင်းထဲရှိ သူတော်စင်သလင်းကျောက်များကို ချန်ချီ တူးထားခဲ့သည်။ သို့သော် ရန်ကိုင် တူးခဲ့သလောက် မများပါချေ။ ချန်ချီ တူးထားသည့် ပမာဏမှာ ရန်ကိုင် တူးထားသည့် တစ်ဝက်လောက်သာ ရှိသည်။ သို့သော် ထိုတစ်ဝက်လောက်သည်ပင်လျှင် အတော်လေး များသည်ဟု ဆိုနိုင်ပေသည်။

“ကြည့်ကြည့်၊ အဲ့ဒါကို မင်းသိလား” ချန်ချီက မေးလိုက်သည်။

ရန်ကိုင်လည်း ချန်ချီ ညွှန်ပြသည့် နေရာဆီ လှမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ့မျက်လုံး မှေးစဉ်းသွားခဲ့၇သည်။

သူ့ရှေ့ရှိ သူတော်စင်သလင်းကျောက်ပုံထဲတွင် သစ်ပင်ကဲ့သို့ အပင်လေးတစ်ပင် ပေါက်နေခဲ့သည်။ ထိုအပင်သည် အကြမ်းဖျင်းအားဖြင့် တစ်မီတာလောက်သာ မြင့်ပြီး အခက် ကိုးခက်ရှိနေခဲ့သည်။ သစ်ရွက်များမှာမူ အတော်လေး များလှသည်။

သစ်ပင်ဆီမှ မည်သည့် အသက်ဓါတ်ကိုမှ မခံစားရသော်လည်း သစ်ပင်သည် အံ့ဩဖွယ်ကောင်းလှသည့် အရှိန်အဝါကို ၎င်း၏ အရွက်နှင့် သစ်ကိုင်းများဆီမှ ထုတ်လွှတ်နေခဲ့သည်။ ထိုအရှိန်အဝါနှင့် ထိတွေ့မိလိုက်ချိန် သူတို့ကိုယ်သူတို့ အကြောင်းအရာ အချို့ကို ဥာဏ်အလင်း ပွင့်သွားခဲ့ရသလို ရန်ကိုင်နှင့် ချန်ချီတို့ ခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာကြာအောင် သူ့အား အဆင့်မတက်နိုင်အောင် လုပ်နေခဲ့သော အတားအဆီး ပြေလျော့လာသည်ကို ချန်ချီ သတိပြုမိလိုက်သည်။ ထို့ကြောင့် ချန်ချီ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မငြိမ်မသက် ဖြစ်လာသော သူတော်စင်ချီကို ချက်ချင်း ဖိနှိပ်လိုက်သည်။

ဤနေရာသည် သဲမီးတောက်နယ်မြေ ဖြစ်သည်။ သဲမီးတောက်နယ်မြေထဲသို့ ဝင်လာသည့် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်မဆို ချွင်းချက်မရှိ သေရပေလိမ့်မည်။ ချန်ချီသည် လက်ရှိတွင် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ နောက်တစ်ဆင့်သို့ ချိုးဖျက်လိုက်သည်နှင့် တန်ခိုးရှင်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ တန်ခိုးရှင်အဆင့်သို့သာ ရောက်သွားပါက သဲမီးတောက်နယ်မြေထဲ စီးဆင်းနေသော နိယာမများ၏ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

ထိုထူးဆန်းသော ခံစားချက်ကို ခံစားမိပြီးသည့်နောက် ရန်ကိုင်အား အလျင်စလို သွားရှာခဲ့လေသည်။

ပထမဦးစွာ ထိုအရာဘာလဲ ဆိုသည်ကို သူမသိသလို ထိုအရာကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ဆိုသည်ကိုလည်း မသိချေ။ ဒုတိယအချက်အနေဖြင့် ထိုအရာနားသို့ မတိုးကပ်သွားရဲချေ။ အနီးကပ် တိုးသွားလိုက်ပြီး နောက်တစ်ဆင့်သို့ ချိုးဖျက်သွားမှဖြင့် ငါးပါးမှောက်ပေရော့ပေမည်။

သို့သော်လည်း ရန်ကိုင်သည် ထိုအံ့ဩဖွယ်ကောင်းသော အရှိန်အဝါကို အပြည့်အဝ ခံစားနေခဲ့သည်။ မကြာမီ အသိပြန်ဝင်လာပြီး သူတော်စင်သလင်းကျောက်ပုံထဲတွင် ပေါက်နေသော သစ်ပင်လေးကို အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ အချိန်အတော်လေး ကြာသွားပြီးသည့်နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ပြောလိုက်လေသည် “အခက်ကိုးခက် ကျောက်စိမ်းသစ်ပင် ဖြစ်လောက်မယ်”

“အခက်ကိုးခက် ကျောက်စိမ်းသစ်လား” ချန်ချီအနေဖြင့် ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်အကြောင်း မကြားဖူးသဖြင့် ရန်ကိုင်ကို ပြန်မေးလိုက်လေသည် “အဲ့ဒါဘာလဲ”

“အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ” ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည် “အဲ့ဒါက လောကရတနာတွေထက်တောင် ပိုပြီး အဆင့်မြင့်သေးတယ်။ ကျုပ်ကိုယ်တိုင်တောင် စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။ အခု မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ အဲ့သစ်ပင်မျိုးက အဆင့်မြင့် သူတော်စင်သလင်းကျောက်တွင်းတွေထဲမှာ ပေါ်လာနိုင်ချေရှိတယ်။ ဒါပေမယ့် ပေါ်လာနိုင်ချေက အရမ်း နည်းလွန်းတယ်။ အနားမှာရှိနေတဲ့ သူတော်စင်သလင်းကျောက်တွေရဲ့ အဆီအနှစ်က သိပ်သည်းသွားတဲ့အခါကျရင် အစေ့လေးတစ်စေ့ ဖြစ်လာလိမ့်မယ်။ အဲ့အစေ့က အခက်ကိုးခက် ကျောက်စိမ်းသစ်ပင် ဖြစ်လာတာ။ ဒီအပင်က တစ်မီတာလောက်တောင် ရှိနေပြီဆိုတော့ သူ့သက်တမ်းက အနည်းဆုံး နှစ် နှစ်သောင်းကနေ သုံးသောင်းကြားပဲ။ အဲ့ထက်တောင် ပိုပြီး သက်တမ်းရင့်နေနိုင်သေးတယ်”

ချန်ချီ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ထိုအသစ်ပင် မည်သည့်အရာပင် ဖြစ်ပါစေ သက်တမ်း နှစ်နှစ်သောင်းမှ သုံးသောင်းကြား ရှိနေသည် ဆိုကတည်းက ပုံမှန်မဟုတ်သည့် တည်ရှိမှုတစ်ခု ဖြစ်နေသည်မှာ သေချာသွားလေပြီ။ မြက်ပင်တစ်ပင်သည်ပင် ထိုမျှသက်တမ်းရင့်အောင် ရှင်သန်နိုင်သည်ဆိုပါက အသိစိတ်ရရှိနိုင်ပြီး လောကရတနာတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်ပေသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် သူတော်စင်သလင်းကျောက်များ၏ အဆီအနှစ်မှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး အနားအနားတွင် ရှိနေသော သူတော်စင်သလင်းကျောက်များ၏ အဆက်မပြတ် အားဖြည့်ပေးခြင်း ခံခဲ့ရသည်။ စမှတ်သည်ပင် အတော့်ကိုမှ မြင့်မားနေလေရာ ဤမျှ အချိန်ကြာပြီးနောက် မည်မျှ ထူးခြားမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ရန်ကိုင် ထိုရတနာအကြောင်းကို သိနေရခြင်းမှာလည်း ဇုန်းအောင် ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။ ထိုအကြောင်းကို မိုးရေစင်ကြယ်တွင်ရှိစဉ်က ဇုန်းအောင်၏ စာအုပ်ပုံကို လှန်လှောဖတ်ရှုရင်းမှ သိခဲ့ရခြင်း ဖြစ်သည်။ ထိုစာအုပ်များထဲတွင် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင် အကြောင်းသာမဟုတ်၊ ဝိဥာဉ်ကြာပန်းနှင့် အခြား အမျိုးမျိုးသော ရတနာများ အကြောင်းကိုလည်း မှတ်တမ်းတင်ထားပေသေးသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်၏ တန်ဖိုးသည် ဝိဥာဉ်ကြာပန်းနှင့် ယှဉ်၍ ရပေသည်။

ကြယ်စီရင်စုထဲတွင် ရှိနေသော ကျင့်ကြံသူ အများစုသည် ဝိဥာဉ်ကြာပန်းနှင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်အကြောင်းကို မြင်ဖူးဖို့ရာ မဆိုထားနှင့်၊ ကြားပင် မကြားဖူးကြချေ။ ရှေ့ဟောင်းမှတ်တမ်း စာအုပ်များထဲတွင်သာ ထိုရတနာများအကြောင်းကို ရေးမှတ်ထားကြသည်။ သို့သော်လည်း ထိုမှတ်တမ်းအများစုမှာ ပျောက်ကွယ်ကုန်လေပြီ။

“ဒါကို ဘယ်လိုသုံးလို့ရလဲ။ ဆေးဖော်စပ်တဲ့နေရာမှာကော သုံးလို့ရလား” ရန်ကိုင် ထိုသစ်ပင်အကြောင်းအား သိနေသည်ကိုမြင်သော် ချန်ချီ ချက်ချင်း ကောက်မေးလိုက်သည်။

“ဆေးဖော်စပ်တဲ့နေရာမှာလား” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်သည် “ရတာပေါ့။ ဒါပေမယ့် အဲ့လိုလုပ်လိုက်မယ်ဆိုရင် ဧည့်အကြီးအကဲချန်၊ ကောင်းကင်က ပေးတဲ့ မဟာလက်ဆောင်ကြီးကို ဖျက်စီးပစ်လိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမှာ။ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်အကြောင်းကို သိထားတဲ့ ပညာရှင်တစ်ယောက်သာ အဲ့အကြောင်းကို ကြားသွားခဲ့ရင် ဧည့်အကြီးအကဲချန်ကို နုတ်နုတ်စင်းပြီး မီးရှို့ပြာချပစ်မှာ သေချာသလောက်ပဲ”

“အဟမ်း…” ချန်ချီ ရှက်သွားခဲ့သည်။ တကယ်ကို ရယ်စရာကောင်းသည့် မေးခွန်းကို သွားမေးလိုက်မိပြီမှန်း သူသိလိုက်လေသည်။

“ဒါရဲ့ တကယ့် အသုံးဝင်ပုံကြီး အကြီးအကဲချန် သိပြီးလောက်ပြီပေါ့၊ ဟုတ်တယ်မလား။ တစ်ယောက်ယောက်သာ ဒီအပင်နားမှာထိုင်ပြီး ကျင့်ကြံမယ်ဆိုရင် အဆင့်တစ်ဆို့ အတားအဆီးတွေကို ချိုးဖျက်နိုင်လိမ့်မယ်။ ဒါကြောင့်ပဲ ဒီသစ်ပင်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးလို့ ပြောရတာ” ရန်ကိုင်က ရှင်းပြလိုက်သည်။

အဆင့်တစ်ဆို့ အတားအဆီးများကို ချိုးဖျက်ရန်အတွက် အများစု လုပ်ကြသည်ကား အထူး ဆေးလုံးများ သောက်သုံးခြင်းပင်။ သို့သော် ဆေးလုံးအကူအညီဖြင့် အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားရင်း မအောင်မြင်သည့်အခါ နောက်ထပ် ဆေးလုံးတစ်လုံးကို ထပ်သောက်၍ ရတော့မည် မဟုတ်ချေ။ သို့သော်လည်း အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်မှာမူ ကွဲပြားသည်။ ထိုသစ်ပင်သည် ကျင့်ကြံသူတစ်ယောက်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင် နားလည်မှုကို တိုးတက်အောင် ကူညီပေးနိုင်သည်။

ဆေးသောက်၍ အဆင့်ချိုးဖျက်ရန် ကြိုးစားခြင်းသည် ပြင်ပအကူအညီကိုသုံး၍ ကြိုးစားခြင်းမည်သည်။ သို့သော် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်၏ ပဉ္စလက်ဆန်ဆန် အရှိန်အဝါသည် ကျင့်ကြံသူတစ်ယောက်၏ ထိုထွင်းနားမည်မှုကို ထာဝရ တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သည်။ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိချေ။

ထိုအကြောင်းကို ချန်ချီ ကြားလိုက်သည့်အခါ သူ့မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၂)

ချန်ချီနှင့် ဟောင်အန်းတို့ တန်ခိုးရှင်အဆင့်သို့ မချိုးဖျက်နိုင်ရခြင်းမှာ သူတို့ ကြုံနေရသည့် အဆင့်တစ်ဆို့ခြင်း အခြေအနေကြောင့် ဖြစ်သည်။ ဟိုင်ခဲမိသားစုကလည်း သူတို့အတွက် တန်ခိုးရှင်အခြေတည်ဆေးလုံးများ မဝယ်ပေးနိုင်သဖြင့် အခွင့်အရေး တစ်ခုခုသာ မကြုံရလျှင် သူတို့လက်ကျန် တစ်ဘဝလုံး သူတော်စင်ဘုရင်အဆင့်တွင်သာ သောင်တင်နေရပေတော့မည်။

သူတို့နှစ်ယောက် သဲမီးတောက်နယ်မြေထဲသို့ အကြောင်းပြချက်နှစ်ခုကြောင့် ဝင်လာခဲ့သည်။ တစ်ခုသည် ရီအန်းနှင့် ပြုလုပ်ထားသည့် သဘောတူညီချက်ကို ပြီးမြောက်အောင် လုပ်ရန်ဖြစ်ပြီး ကျန်တစ်ချက်သည် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အလမ်းကို ရှာရန် ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့ရှိ သစ်ပင်ငယ်လေးသည် ထိုအဆင့်တစ်ဆို့မှုကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်အောင် ကူညီပေးနိုင်လေရာ ချန်ချီ စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။

သူ့နှင့် ဟောင်အိုကြီးအား အဆင့်မတက်နိုင်အောင် လုပ်နေသည့် နောက်ဆုံးအဆင့်အား ဖြတ်ကျော်နိုင်တော့မည် ဆိုသည့်အကြောင်းကို တွေးလိုက်ရုံဖြင့် ချန်ချီ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့ရသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် အဆင့်တစ်ဆို့နေသည့် ကျင့်ကြံသူများကို ကူညီပေးနိင်ရုံသာမက သိုင်းပညာရပ်များ၊ ဝိဥာဉ်ပညာရပ်များနှင့် အခြား အစရှိသည်များကို ပို၍မြန်မြန် နားလည်သဘောပေါက်အောင် ကူညီပေးနိုင်သေးသည် ဆိုသောအချက်ကိုမူ ရန်ကိုင် ထည့်ပြောမသွားခဲ့ချေ။ အခြေခံကျကျ ပြောရလျှင် ကျင့်ကြံသူတစ်ယောက် သိုင်းပညာရပ်နှင့် ပက်သက်၍ နားမလည်သည့်အရာ တစ်ခုခုရှိလျှင် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်အောက်၌ ကျင့်ကြံလိုက်မည်ဆိုပါက ထိုနားမလည်သည့်အရာကို နားလည်နိုင်လာပေလိမ့်မည်။

ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့်အမျှ အဆင့်တက်ရန် ခက်ခဲလာသည်။ အကြောင်းမှာ အဆင့်မြင့်လာသည့်အခါ၊ သူတော်စင်ချီကို စုဆောင်းရုံဖြင့် မရတော့ချေ။ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပို၍ နှံ့နှံ့စပ်စပ် နားလည်လာရတော့သည်။ သူတော်စင်ချီကို အလွယ်တကူ စုဆောင်းနိုင်ကြသော်ငြား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို နားလည်သဘောပေါက်နိုင်ဖို့ရာ အလွန်ကိုမှ ခက်ခဲ့လှသည်။ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန်မှာ အလွန်ကိုမှပင် ခက်ခဲလွန်းလှနေပြီ ဖြစ်လေရာ တန်ခိုးရှင်ဘုရင်အဆင့်သာ ဆိုလျှင်တော့ စိတ်ကူးကြည့်ရုံသာ တတ်နိုင်တော့ပေမည်။

သိုသော်လည်း အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် ကျင့်ကြံသူများ ကြုံတွေ့နေရသည့် ထိုပြဿနာကို ဖြေရှင်းနိုင်အောင်ကူညီပေးနိုင်ပေသည်။

ထို့ကြောင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ပါးဟု ပြောနေခြင်းမှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပါချေ။ အသုံးပြုပုံပေါ် မူတည်၍ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် ဝိဥာဉ်ကြာပန်းထက်ပင် ပို၍ အဖိုးတန်ပေသည်။ ဝိဥာဉ်ကြာပန်းကို လူတစ်ယောက်တည်းကသာ အသုံးပြုနိုင်သော်လည်း အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်ကို မရေမတွက်နိုင်သော လူများက အသုံးပြုနိုင်ကြသည်။

“နောက်ဆုံးတော့ မြေပေါ်မှာ စိတ်ဝိဥာဉ်ဆေးပင်တွေ မရှိဘဲ ဘာလို့ မြက်ပင်တွေပဲ ရှိနေလဲဆိုတာကို ကျုပ်နားလည်သွားပြီ” ရန်ကိုင်က ပြုံးလိုက်သည်။

“ဘာလို့လဲ” ချန်ချီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ဒီသစ်ပင်ရှိတဲ့နေရာမှာ ဘယ်ဆေးပင်မှ မပေါက်နိုင်ဘူး။ ဒီကောင်က သူ့ပတ်ပတ်လည် မိုင်ရာဂဏန်းအတွင်းမှာရှိတဲ့ ကောင်းကင်တာအိုနိယာမတွေ အကုန်လုံးကို စားသုံးပစ်တာ…” ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

ချန်ချီသည်လည်း တစ်ခုခုကို သတိရသွားကာ အလျင်အမြန်ပဲ မေးလိုက်သည် “ဒါပေမယ့် ဟိုလောကရတနာက ဒီနေရာကနေ လာတာ မဟုတ်ဘူးလား”

ရန်ကိုင်က ချန်ချီကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည် “အဲ့ဒါ လောကရတနာ မဟုတ်လောက်ဘူး”

မည်သို့ပင် ဆိုစေကာမူ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင် သူတို့ရှေ့တွင် ရှိနေပြီ ဖြစ်သဖြင့် ရန်ကိုင်နှင့် ချန်ချီတို့ နှစ်ယောက်စလုံး လောကရတနာကို ဂရုမစိုက်တော့ချေ။ ချန်ချီသည် ကျောက်စိမ်းသစ်ပင် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သစ်ပင်အား သွားမရွှေ့ရဲ။ သို့သော်လည်း ရန်ကိုင်ကမူ လက်ရဲဇက်ရဲဖြစ်သည်။ နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ရွှေရောင်ဓါးကိုသုံး၍ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို သူတော်စင်သလင်းကျောက် ပုံထဲမှ တူးထုတ်လိုက်ပြီး အနက်ရောင်စာအုပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ရန်ကိုင်သည် အရေးမပါသည့် ပစ္စည်းအချို့ကိုသာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းပြီး တကယ့် အရေးကြီးသည့် ပစ္စည်းအားလုံးကို အနက်ရောင်စာအုပ်ထဲတွင် သိမ်းထားပေသည်။

“ဧည့်အကြီးအကဲချန်၊ အခုလောလောဆယ် ဒါကို ကျုပ်သိမ်းထားလိုက်မယ်။ အပြင်ရောက်မှပဲ ပြန်ယူတော့။ ဒါနဲ့ဆို တန်ခိုးရှင်အဆင့်ကို ဧည့်အကြီးအကဲချန် ကျိန်းသေ ချိုးဖျက်နိုင်ပြီ” တကယ်တော့ ဤသစ်ပင်ကို ရှာတွေ့ခဲ့သည့်လူသည် ချန်ချီဖြစ်သည်။ ချန်ချီ၏ ကံကို အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူ့ပစ္စည်းကိုလုယူချင်စိတ်တော့ မရှိပါချေ။

သို့သော်လည်း ချန်ချီက အလျင်အမြန် လက်ဝှေ့ရမ်းလိုက်ပြီး ကျေနပ်သွားသည့် အမူအရာဖြင့် “အခုလို ပြောပေးနေတာနဲ့တင် ဒီလူအိုကြီးကို အတော်လေး ကူညီပေးရာ ရောက်နေပါပြီကွာ။ ဒီပစ္စည်းရဲ့ တကယ့်တန်ဖိုးကို ငါမသိတာမဟုတ်ဘူး… ငါသိတယ်။ ဒါပေမယ့် ဒါကိုသာ ငါယူထားလိုက်မယ်ဆိုရင် ပြဿနာကို လက်ယပ်ခေါ်နေသလို ဖြစ်သွားမှာ။ ငါနဲ့ ဟောင်အိုကြီးတို့ နှစ်ယောက်စလုံး အချိန်အကြာကြီး အသက်ရှင်လာခဲ့ပြီးပြီ။ ငါတို့ ဖြစ်ချင်တော့တာ ဆိုလို့ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ပဲ။ ဒါပေမယ့် အဲ့ဆန္ဒလေးတောင် ငါတို့အတွက် ဖြစ်နိုင်ခဲ့တာ မဟုတ်ဘူး။ ငါတို့ လုံးဝ ဒုက္ခရောက်နေတဲ့အချိန်မှာ မင်းပေါ်လာပြီး ကူညီပေးခဲ့တယ်။ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါနဲ့ ဟောင်အိုကြီးလည်း သဲမီးတောက်နယ်မြေထဲ ဝင်ခွင့်ရခဲ့မှာ မဟုတ်ဘူး။ သဲမီးတောက်နယ်မြေထဲသာ မဝင်နိုင်ခဲ့ဘူးဆိုရင် ဒါကို တွေ့ဖို့မပြောနဲ့၊ ဒီနေရာကိုတောင် ရောက်လာနိုင်မှာမဟုတ်ဘူး။ ဒီအခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို မင်းသာယူထားလိုက်။ ငါနဲ့ဟောင်အိုကြီးကိုသာ ဒီသစ်ပင်ဘေးမှာ ခဏလောက် ကျင့်ကြံခွင့်ပေး”

ချန်ချီပြောစကားကို ကြားသည့်အခါ ရန်ကိုင်လည်း ဆက်လက် အိုင်တင်ခံမနေတော့ဘဲ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “အဲ့လိုဆိုရင် ကျေးဇူးပဲ ဧည့်အကြီးအကဲချန်ရေ၊ နောက် ခင်ဗျားနဲ့ ဧည့်အကြီးအကဲဟောင် ကျုပ်နဂါးလိုဏ်ဂူတောင်မှာ လနေရင် ဟိုင်ခဲမိသားစုမှာ နေခဲ့ရတာထက် အပုံကြီး သာစေရမယ်။ ကျုပ်ဆီမှာသာ လာနေမယ်ဆိုရင် တန်ခိုးရှင်ဘုရင် အဆင့်ကိုတောင် ချိုးဖျက်ကောင်း ချိုးဖျက်နိုင်တယ်”

ချန်ချီက ရယ်မောလိုက်ပြီး “အဲ့ဒါက နောက်မှပေါ့”

တန်ခိုးရှင်ဘုရင်အဆင့်ကို ချန်ချီ သိပ်မမျှော်လင့်ထားသည့်ပုံပင်။ ဟုတ်လည်း ဟုတ်ပေသည်။ တန်ခိုးရှင်အဆင့်သို့ပင် မချိုးဖျက်နိုင်သေးရာ တန်ခိုးရှင်ဘုရင်အဆင့်ကို မည်ကဲ့သို့ မျှော်လင့်ရဲမည်နည်း။ ပိုဆိုးသည်ကား တန်ခိုးရှင်ဘုရင်အဆင့်သည် အရိပ်ကြယ်ပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ နှစ်ပေါင်းမရေမတွက်နိုင်အောင် မရောက်ရှိခဲ့ဖူးသည့် အဆင့်တစ်ဆင့် ဖြစ်သည်။ ထို့ကြောင့် သူလည်း တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ဟု ချန်ချီ ယုံကြည်နေမိသည်။

ရန်ကိုင်လည်း ဘာမှထပ်ပြောမနေတော့။ သူ့ပစ်မှတ်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိရန်ဖြစ်သည်။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့်ကို မချိုးဖျက်နိုင်ဘူးဆိုပါက အခြားကျင့်ကြံရေးကြယ်တစ်လုံးဆီ သွားပေမည်။ သူသည် ဤနေရာတွင် ထာဝရ အပိတ်မိခံမည့် လူစားမျိုးမဟုတ်ချေ။ ထိုအချိန်ကျ သူနှင့်ရင်းနှီးသည့် လူများကိုပါ တစ်ခါတည်း အတူခေါ်သွား၍ ရပေသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို နှုတ်ယူပြီးသည့်နောက် သူ့ကိုယ်ပိုင် လိုဏ်ခေါင်းဆီ ပြန်သွားကာ သူတော်စင်သလင်းကျောက် ပြန်တူးနေလိုက်သည်။

လိုဏ်ခေါင်းတစ်လုံးသည် သူတော်စင်သလင်း သလင်းကျောက်များကို တူးထုတ်နေသည့် အသံများမှလွဲ၍ အတော်လေးကို တိတ်ဆိတ်နေခဲ့သည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး မကြာခင် လေးရက်ပြည့်သွားခဲ့သည်။

ရန်ကိုင်သည် မီတာသုံးဆယ်အထိ တူပြီးသွားပြီး သူတော်စင်သလင်းကျောက် ပမာဏ သုံးသန်းနှင့် ညီမျှသော ပမာဏကို ရရှိထားခဲ့သော်လည်း မြွေပုံစံ လောကရတနာကို ယခုထိတိုင် မတွေ့ရသေးပေ။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် ဤနေရာတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ထိုမြွေပုံစံ လောကရတနာလေးသည် ဤနေရာတွင် ကြီးထွားပြီး ဆင့်ကဲပြောင်းလဲလာခဲ့သည့် အရာတစ်ခုများပေလော၊ သို့မဟုတ် သူတို့ လိုက်ဖမ်းသဖြင့် ဤနေရာတွင် မတော်တဆ ပုန်းအောင်းသွားခဲ့ခြင်းပေလော ရန်ကိုင် သိချင်နေမိသည်။ ထို့ကြောင့် ရန်ကိုင် ဆက်တူးနေခဲ့လေသည်။ နှစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်လိုက်ပြီး လက်လျှော့တော့လျှင် ကောင်းမလား စဉ်းစားလိုက်သည်။

သဲမီးတောက်နယ်မြေထဲသို့ ဝင်လာရသည့် အဓိက အကြောင်းအရင်းမှာ ယင်နေကြာရေစင်ကို သန့်စင်နိုင်မည့် နေရာတစ်ခုရှာရန် အတွက်ပင်။ သို့သော်လည်း ပထမအလွှာ ဖြစ်သော မီးတောက်နယ်မြေသည် သူလိုချင်သည့် သတ်မှတ်ချက်နှင့် မပြည့်မီခဲ့ချေ။ ထို့ကြောင့် ထိုနေရာတွင် ရပ်တန့်မနေဘဲ မီးတောက်နယ်မြေ၏ အလွန်ဖြစ်သော ရတနာနယ်မြေသို့ ရောက်အောင် လာခဲ့သည်။ ထို့ကြောင့် ဤနေရာတွင် အချိန်ဆက်ဖြုန်းနေ၍ မတန်ပါချေ။

သူတော်စင်သလင်းကျောက်များသည် ကောင်းသည်။ သို့သော်လည်း သူသာ သူတော်စင်သလင်းကျောက် လိုချင်ပါက ခက်ခဲနေလိမ့်မည် မဟုတ်လေရာ ဘာကြောင့် ဆက်တူးနေရပေမည်။ ခဏလောက် စဉ်းစားပြီးသော် နောက်ထပ် နှစ်ရက်လောက် ထပ်တူးရန် ဆုံးဖြတ်လိုက်သည်။ နောက်နှစ်ရက်အတွင်းတွင်မှ ဘာမှမထူးသေးဘူးဆိုပါက ဤနေရာမှာ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

ကံပဲကောင်းသွားလေခြင်းပေလော မသိရာ၊ ဆက်တူးနေရင်း နေ့ဝက်ကြာပြီး၊ သူတော်စင်သလင်းကျောက် အတုံးကြီးတစ်တုံးကို တူးပြီးနောက် သူ့ရှေ့ဘက်ရှိ သူတော်စင်သလင်းကျောက်ဆီမှ သိသာထင်ရှားသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။

ထိုအရှိန်အဝါသည် အလွန်ကို ထူးဆန်းလှသည်။ အရှိန်အဝါသည် အတော်လေးကို အားနည်နေဟန် ရသော်လည်း မြင့်မြတ်ပြီး ထည်ဝါလှသည်။ ထိုအရှိန်အဝါအောက်တွင် ရန်ကိုင်သည်ပင်လျှင် ကြောက်စိတ်ဝင်မိသည်။ ဘယ်ကနေမှန်းမသိ မျက်လုံးကြီးနှစ်လုံး သူ့အား စိုက်ကြည့်နေပြီး ထိုမျက်လုံးပိုင်ရှင်သည် ဆန္ဒသာရှိလျှင် အချိန်မရွေး သူ့အား ချက်ချင်း သတ်ပစ်နိုင်သလို ခံစားနေခဲ့ရသည်။

ထိုခံစားချက်ကြောင့် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ထိုခံစားချက်ကို ချက်ချင်းပဲ အသည်းအသန် ခုခခံတော့လေသည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားခဲ့ရသည်။ ဘေးပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့ရလေသည်။

အစောပိုင်းက ခံစားမိနေခဲ့သော မြင့်မြတ်ထည်ဝါသည့် အရှိန်အဝါသည် သူနှင့် တစ်မျိုးတစ်ဖုံ ရင်းနှီးနေခဲ့သည်။ ထိုအရှိန်အဝါသည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ မြင့်မြတ်ထည်ဝါသည့် အရှိန်အဝါမျိုးမဟုတ်ဘဲ ရွှေနဂါးတက်တူးမှ ရွှေနဂါးဖြစ်လာချိန် ထုတ်လွှတ်သော အရှိန်အဝါမျိုး ဖြစ်သည်။ နည်းနည်း မတူသော်လည်း အကုန်လုံးနီးပါး တူသည်ဟု ပြော၍ရသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းပဲ အရှိန်တင်တော့လေသည်။ ပိုပို၍ တူးလာသည်နှင့်အမျှ ထိုမြင့်မြတ်ထည်ဝါသော အရှိန်အဝါသည် ပို၍ သိသာထင်ရှားလာခဲ့သည်။

သူ့ခန္ဓာကိုယ် နည်းနည်း ပူလာပြီး ကျောဘက်ရှိ ရွှေနဂါးတက်တူးဟာလည်း လှုပ်လှုပ်ရွရွ ဂနာမငြိမ် ဖြစ်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုသာမကသေး အမြဲတမ်း ငြိမ်နေတတ်သော ရေခဲဖီးနစ်တက်တူးသည်ပင် ပုံမှန်နှင့်မတူ ထူးထူးခြားခြား ဂနာမငြိမ် ဖြစ်လာကာ စူးစူးရှရှ စတင် အော်ဟစ်လာခဲ့သည်။

ထိုအောက်တွင် ရှိနေသော အရာသည် မည်သည့်အရာပင် ဖြစ်ပါစေ၊ နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီ အမွေအနှစ်ကို ဤကဲ့သို့ တုန့်ပြန်လာအောင် လုပ်နိုင်သည်ကို ကြည့်လျှင် အတော်လေးကို ထူးခြားရပေလိမ့်မည်။

နောက်ထပ် ဆယ်မီတာလောက် ထပ်တူးသွားပြီးသည့်၊ သူတော်စင်သလင်းကျောက်တုံးကြီး တစ်တုံးကို တူးထုတ်ပြီးသည့်နောက် ရန်ကိုင်ရှေ့တည့်တည့်ဆီမှ မိုးပြာရောင်အလင်းတန်းတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး ထိုပြင်းထန်သော ဖိအားကို သူတော်စင်ချီဖြင့် ကမန်းကတန်း ခုခံလိုက်ရသည်။ ထိုရုတ်တရက် ပေါက်ကွဲထွက်လာသည့် ဖိအားကြောင့် ရန်ကိုင် အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်သွားခဲ့ရသည်။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ချက်ချင်းဆိုသလို ထိုပြင်းထန်သည့်ဖိအား ရုတ်တရက် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့လေသည်။ မိုးပြာ‌ရောင်အလင်းလုံးလေးသာ ကျန်ရစ်ခဲ့သည်။ ၎င်းဆီမှ ထွက်ပေါ်နေသော အရောင်အဝါမှာ ယခင်ထက် ပို၍ တောက်ပနေခဲ့လေသည်။

ရန်ကိုင်လည်း ရှေ့သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် အံ့အားသင့်သွားခဲ့ရသည်။

သူတူးထုတ်လိုက်သည့် လိုဏ်ခေါင်းရှေ့တွင် နေရာလပ်လေးတစ်ခု ရှိနေခဲ့သည်။ ထိုနေရာလပ်သည် သိပ်မကျယ်လှဘဲ အချင်းသုံးမီတာလောက်သာ ရှိလေသည်။ လက်ရှိတွင် ထိုနေရာ၌ ခိုဥတစ်လုံးစာ အရွယ်လောက်ရှိမည့် လုံးဝိုင်းသော အလုံးလေးတစ်လုံး ရှိနေခဲ့သည်။ လိုအလုံးလေးသည် အရောင်အဆင်းမရှိ။ သို့သော်လည်း အလုံးလေးထဲတွင် ကူးခတ်နေသော အစိမ်းရောင်မြွေလေးတစ်ကောင် ရှိနေခဲ့သည်။ ထိုမြွေလေးတွင် ကိုယ်ပိုင်အသိစိတ်ရှိနေပုံ ရသည်။ ရန်ကိုင်ကို မြင်သည်နှင့် ပို၍ မြန်မြန် ကူးခတ်လာခဲ့လေသည်။

ထိုမြွေလေးဆီမှ ဝိဥာဉ်အရှိန်အဝါကို ရန်ကိုင် ခံစားမိလိုက်သည်။

လောကရတနာနှင့် အထင်မှားပြီး ချန်ချီ လိုက်ဖမ်းနေခဲ့သည့် မြွေကလေးသည် သူ့ရှေ့ရှိ အကောင် ဖြစ်ရပေမည်။ ယခုမှပဲ ထိုအရာသည် လောကရတနာမဟုတ်ဘဲ ဝိဥာဉ်တစ်ခု ဖြစ်နေမှန်း ရန်ကိုင် သိလိုက်ရသည်။

ထိုမြွေလေးကို ဝိဥာဉ်အားဖြည့်ပန်းပေါ်တွင် ချန်ချီ ဘာကြောင့် ရှာတွေ့ခဲ့ရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ရုပ်ခန္ဓာမရှိသည့် ဝိဥာဉ်များသည် ဝိဥာဉ် သက်သက်ဖြင့် အချိန်အကြာကြီး မတည်ရှိနိုင်ကြချေ။ ထို့ကြောင့် ဆက်လက် ရှင်သန်နိုင်ရန် အတွက် မကြာမကြာ ဝိဥာဉ်အားဖြည့်ပန်းဆီသို့ သွားပြီး ၎င်း၏ ဆေးစွမ်းအင်များကို စုပ်ယူရသည်။

ကံမကောင်းစွာဖြင့် ထိုအရာကို ချန်ချီမှ မတော်တဆ ရှာတွေ့သွားခဲ့သဖြင့် ထွက်မပြေးချင်ဘဲ ထွက်ပြေးလာခဲ့ရသည်။ မိုးပြာရောင်အလင်းကို ထိုမြွေလေးမှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် မြွေလေး အတော်လေးကို အားနည်းနေသည်။ မြင့်မြတ်ထည်ဝါသည့် အရှိန်အဝါကို တစ်ကြိမ် ထုတ်ပြီးနောက် ဤမျှ အားနည်းသွားခြင်း ဖြစ်ရမည်။

ထိုဝိဥာဉ်သည် အကြွင်းအကျန်ဝိဥာဉ်တစ်ခု ဖြစ်သည်။ ယခင်ဝိဥာဉ်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပြီး အသိစိတ်နှင့် မှတ်ဥာဏ်ကို ထိခိုက်သွားခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထိုဝိဥာဉ်၏ ယခင်ပိုင်ရှင်သည် မည်သို့သော သက်ရှိမျိုး ဖြစ်မလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်မိသွားသည်။

အလုံးလေး၏ဘေးတွင် တစ်မီတာကျော်ရှည်ပြီး ကလေးလက်မောင်တစ်လုံးစာမျှ တုတ်သည့် အရိုးတစ်ချောင်းရှိနေခဲ့သည်။ ထိုအရိုး တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သော်လည်း အရိုးသည် နည်းနည်းလေးမှ ထိခိုက်သွားခြင်း မရှိသေးဘဲ အကောင်းအတိုင်း ရှိနေသေးသည်။ အရိုးမှ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာလည်း အတော်လေးကို ပြင်းထန်လှသည်။

ထိုအရိုးသည် လူ့အရိုးမဟုတ်ဘဲ မွန်းစတားသားရဲ တစ်ကောင်ကောင်၏ အရိုး ဖြစ်သည်။

နဂါးအရိုးများ ဖြစ်နေမလားမသိဘူး ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရာဇ်တို့ ဂနာမငြိမ် ဖြစ်လာသည်ကို‌ ထောက်ချင့်၍ ရန်ကိုင် ထိုကဲ့သို့ ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။

ထို့အပြင် အလုံးလေးထဲတွင် ရှိနေသော မြွေလေးမှာလည်း ရိုးရှင်းခြင်းမရှိ။ ၎င်းထိပ်တွင် ထိုးထွက်နေသည့် ဦးချိုလေးနှစ်ချောင်း ရှိနေခဲ့သလို လက်သည်းချွန်များလည်း ရှိနေသေးသည်။ သူ့မေးစေ့အောက်တွင် အမွေးအမျှင်များလည်း ရှိနေပေသေးသည်။ ထိုမြွေလေး၏ ပုံစံသည် ရှေးဟောင်းနဂါးတစ်ကောင်နှင့် လုံးဝကို တူပေသည်။

ရန်ကိုင် ရင်ခုန်သံမြန်သွားရသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို ရစဉ်ကပင် ဤမျှ စိတ်မလှုပ်ရှားခဲ့ရချေ။

အကြောင်းမှာ သူ့ကျင့်ကြံရေး ခရီးတစ်လျှောက်လုံး မည်သည့် အဆင့်တစ်ဆို့ အတားအဆီးကိုမှ မကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် သူ့အတွက် အသုံးမဝင်ဟုပင် ဆိုနိုင်ပေသည်။ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို ရလိုက်သည့် အတွက်ကြောင့် သူ့မိတ်ဆွေနှင့် မိသားစုဝင်များအား အဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်ရုံသာ ရှိသွားသည်။ သူ့အတွက်တော့ ဘာမှမထူး။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၃)

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် လွန်စွာကိုမှ အဖိုးတန်ပြီး အဖိုးမဖြတ်နိုင်ဟုပင် ဆို၍ရသော်လည်း ရန်ကိုင်အတွက် များများစားစား အသုံးဝင်ခြင်း မရှိလှ။ ထို့ကြောင့် ထိုသစ်ပင်ကို မြင်လိုက်စဉ်က ရန်ကိုင် အရမ်းကြီး စိတ်မလှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့ရှိအရိုးသည် နဂါးအရိုးဖြစ်နိုင်သည် ဆိုသော အတွေးသည် ရန်ကိုင်အား အလွန်တရာကိုမှ စိတ်လှုပ်ရှားသွားစေခဲ့သည်။

နဂါးနှင့် ဖီးနစ်များသည် စကြာဝဠာထဲတွင် အသန်မာဆုံး သက်ရှိများ ဖြစ်ကြပြီး မွန်းစတားမျိုးနွယ်စု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထုန်းရွှမ်လောကကြီးတွင် ဖြစ်စေ၊ ကြယ်စီရင်စုထဲတွင် ဖြစ်စေ၊ နဂါး၊ ဖီးနစ်တို့သည် ဒဏ္ဏာရီထဲတွင်သာ တည်ရှိကြသည့် သက်ရှိများ ဖြစ်ကြသည်။

တကယ့် နဂါးအစစ် သို့မဟုတ် ဖီးနစ်တစ်ကောင်ကို မည်သူမှ မတွေ့ဖူးကြချေ။ သို့သော်လည်း ထိုမဟာသက်ရှိနှစ်ကောင်၏ သွေးမျိုးဆက်ကို ဆက်ခံရရှိထားသော သူတို့၏ မျိုးဆက်များစွာ ရှိပေသည်။ ထိုအချက်သည်ကပင် နဂါးဖီးနစ်တို့သည် တစ်ချိန်က ဤလောကကြီးထဲတွင် တည်ရှိခဲ့သည် ဆိုသောအချက်ကို သက်သေပြနေခဲ့သည်။

ဥပမာအားဖြင့် ထုန်ရွှမ်လောကကြီးရှိ မွန်းစတားမျိုးနွယ်စု၏ မိုးကြိုးနဂါးစီနီယာကြီးသည် ရှေးဟောင်နဂါးသွေးမျိုးဆက်ကို လက်ခံရရှိထားသည်။ ထူးဆန်းသော သီးခြားကမ္ဘာထဲတွင် ရန်ကိုင် တွေ့ရှိခဲ့သော အဆင့်တစ်ဆယ် မိုးကြိုးလွမ်၏ အလောင်း၊ မွန်းစတားအမြေူတေနှင့် စိတ်စွမ်းအင် အဆီအနှစ်သည် ငှက်သစ်သားကို ထုတ်လုပ်ပေးခဲ့သည်။ ထိုသားရဲသည်လည်း ရှေးဟောင်း ဖီးနစ်တစ်ကောင်၏ မျိုးဆက်ဖြစ်ပေသည်။

မိုးကြိုးဓါတ်ပါဝင်သော ငှက်သစ်သားသည် ယခုလက်ရှိထိတိုင် ရန်ကိုင်၏ အနက်ရောင်စာအုပ်ထဲတွင် ရှိနေသေးသည်။ ထိုငှက်သစ်သားသည် အလွန်တရာကိုမှ အဖိုးတန်လှသဖြင့် ယန်ယန်ကိုပင် ပန်းပဲထုရန်အတွက် မပေးရက်သေး ဖြစ်နေခဲ့သည်။

ရန်ကိုင်နှင့် စုယန်တို့ ရရှိခဲ့သော နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့၏ အမွေအနှစ်သည် ထိုရှေးဟောင်းသားရဲနှစ်ကောင်နှင့် ဆက်စပ်နေပေသည်။ ထို့ကြောင့်ပဲ မိုးကြိုးနဂါးစီနီယာကြီးမှ ရန်ကိုင်တွင် မွန်းစတားဧကရာဇ်၏ အရှိန်အဝါ ရှိနေသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

ထိုအထွဋ်အထိပ်သားရဲ နှစ်ကောင်သည် ဖျက်စီးမရနိုင်သော မသေမျိုးများ ဖြစ်ကြသည်။

သို့သော်လည်း သူ့ရှေ့ရှိအရိုးသည် နဂါးအရိုးနှင့် အရမ်းကိုမှ ဆင်တူနေသဖြင့် ရန်ကိုင် စိတ်ရှုပ်သွားခဲ့ရသည်။ သူ့အထင် မှန်မမှန်ကိုပင် သံသယ ဝင်မိသွားသည်။ သူသိထားသည်အရ နဂါးနှင့် ဖီးနစ်များသည် မသေမျိုးများ ဖြစ်ကြသည်။ ထိုသို့ဆိုလျှင် ထိုနဂါးအရိုးသည် မည်သည့် နေရာမှ ရောက်လာရသနည်း။

သူ့အထင်သာ မှန်လျှင် ခိုဥအရွယ် အလုံးလေးသည် နဂါးပုတီးစေ့ ဖြစ်သည်။ ထိုထဲတွင် ကူးခတ်နေသော မြွေလေးသည် နဂါးတစ်ကောင်၏ ဝိဥာဉ်ဖြစ်ပေသည်။

ထိုအရာများ မည်သည့်နေရာမှ လာသည်ဖြစ်စေ အရင် ယူထားလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ နောက်မှ ပြန်လေ့လာကြည့်မည်ဆိုလျှင်ပင် နောက်မကျသေးချေ။ ဆုံးဖြတ်ပြီးသည်နှင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် သူ့ရှေ့ရှိ အလုံးလေးကို ကောက်ယူလိုက်သည်။

သို့သော်လည်း အလုံးလေးကို မကိုင်ရသေးခင်မှာပဲ အထဲတွင် ရှိနေသော မြွေလေးသည် ပါးစပ်ကိုဟလျက် အပြာရောင်မြူများကို မှုတ်ထုတ်လိုက်သည်။ အပြာရောင်မြူနှင့် ထိတွေ့မိသွားသည့်အခိုက် ရန်ကိုင် မည်သည့် ဒဏ်ရာမှ မရှိခဲ့။ သို့သော် သူ့မျက်နှာ အမူအရာမှာမူ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။

အကြောင်းမှာ အပြာရောင်မြူခိုးနှင့် ထိတွေ့မိသွားသည့်အခိုက် သူ့လက်တစ်ခုလုံး အာရုံခံနိုင်စွမ်း ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူ့အသားအရေသည်လည်း တစ်မျိုးကြီး ဖြစ်သွားခဲ့သည်။ သူ့လက်တစ်ချောင်းလုံးသည် သစ်သားအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းနေခဲ့သည်။

သူ့လက်တင်မဟုတ်၊ ထိုခံစားချက်သည် သူ့တစ်ကိုယ်လုံးဆီသို့ ပျံ့လာခဲ့သည်။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး သူ့လက်ကို ကပျာကယာ ပြန်ရုတ်လျက် နတ်ဆိုးမီးတောက်ကို အလျင်စလို အသက်သွင်းလိုက်လေသည်။

နတ်ဆိုးမီးတောက်ဖြင့် ထိုထူးဆန်းသော စွမ်းအင်ကို ဖယ်ထုတ်ပစ်ရပေမည်။ သို့သော် သူ၏ အားကိုးရာဖြစ်သော နတ်ဆိုးမီးတောက်သည်ပင်လျှင် ထိုအပြာရောင်မြူများကို ဘာမှ မလုပ်နိုင်သဖြင့် ရန်ကိုင် ပို၍ ထိတ်လန့်သွားခဲ့ရသည်။

သူ့လက်ဆီမှ အာရုံခံစားမှု တဖြည်းဖြည်း လျော့ပါးလာနေသည့် အတွက်ကြောင့် ရန်ကိုင်၏ အမူအရာ မှုတ်ကုတ်သွားခဲ့ရသည်။ ယခုဆိုလျှင် သူတော်စင်ချီကိုပင် သူ့လက်ဆီသို့ မစီးဆင်းနိုင်တော့ချေ။

သို့သော်လည်း သူ၏ နတ်ဆိုးမီးတောက်သည် သာမန် သူတော်စင်ချီ မဟုတ်ချေ။ နတ်ဆိုးမီးတောက်သည် အပြာရောင်မြူများကို မဖယ်ရှားပစ်နိုင်သော်လည်း ရှေ့ဆက်မတက်လာနိုင်စေရန် တားထားနိုင်ခဲ့လေသည်။ ခဏလောက် လေ့လာကြည့်ပြီးနောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ နတ်ဆိုးမီးတောက်သာ ထိုအပြာရောင်မြူများကို တားဆီးထားနိုင်သရွေ့ အဖြေကို သူရှာနိုင်ပေပြီ။

သို့သော်လည်း ထိုအဖြစ်အပျက်သည် သူ့ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုမြွေလေး၏ ဝိဥာဉ်သည် အလွန်ကိုမှ အားနည်းနေသည်။ မဟုတ်လျှင် ဤနေရာတွင် ပိတ်မိနေလိမ့်မည် မဟုတ်ချေ။ အစောပိုင်းက သူတို့၏ လိုက်ဖမ်းမှုကြောင့် မြွေလေးသည် လက်ကျန် စွမ်းအင်များကိုသုံး၍ ထွက်ပြေးခဲ့ရသည်။ သို့တိုင် ယခုကဲ့သို့ အားကောင်းလှသော စွမ်းအားကို ထုတ်ဖော်နိုင်သေးသည်။ ထိုမြွေလေးသည်သာ အထွဋ်အထိပ်အခြေအနေတွင် ရှိနေမည်ဆိုပါက နှာတစ်ချက်မှုတ်ရုံဖြင့် ရန်ကိုင်အား ပြာချပစ်နိုင်လောက်သည်။

ထိုအရာသည် ရှေးဟောင်းနဂါးတစ်ကောင်၏ အကြွင်းအကျန်ဝိဥာဉ် ဖြစ်သည်။ မဟုတ်လျှင် ထိုမျှ ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ချေ။ အပြာရောင်မြူများကို ထွေးထုတ်လိုက်ပြီးသည့်နောက် မြွေလေးမှာ ပို၍ အားနည်းသွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အချိန်မရွေး ပျောက်ကွယ်တော့မည်နှယ် ဖြစ်လာခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင်လည်း နည်းနည်းမျှ တုန့်ဆိုင်းမနေတော့ဘဲ အလုံးလေးကို ချက်ချင်း ကောက်ယူလျက် အနက်ရောင်စာအုပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

သူတော်စင်သလင်းကျောက် ဆက်တူးရန် ရန်ကိုင် စိတ်မပါတော့ချေ။ ယခုတစ်ခေါက် ခရီးတွင် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးဖြစ်သော အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို ရခဲ့ရုံမက နဂါးအရိုးနှင့် ပုတီးစေ့ကိုပါ ရရှိခဲ့သည်။ ပြီးသည်နှင့် တင်ပလင်ခွေ ထိုင်ပြီးနောက် သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသော အပြာရောင်မြူများကို စတင် ဖယ်ရှားတော့လေသည်။

ရန်ကိုင်သည် နတ်ဆိုးမီးတောက်များကို ပို၍ အားမြှင့်လိုက်သည်။ နတ်ဆိုးမီးတောက်နှင့် အပြာရောင်မြူများသည် အစပိုင်းတွင် ဘက်ညီနေသော်လည်း တဖြည်းဖြည်းနှင့် နတ်ဆိုးမီးတောက်မှ အသာရလာခဲ့သည်။ မကြာမီ ရန်ကိုင်၏ လက်ချောင်းထိပ်ဆီမှ အပြာရောင် အရည်စက်လေးများ မြေကြီးပေါ်သို့ တစ်စက်ပြီးတစ်စက် ကျလာခဲ့သည်။

နှစ်ရက်ကြာပြီးနောက် အပြာရောင်မြူခိုး ဖယ်ရှားခြင်းအလုပ် ပြီးဆုံးသွားခဲ့သည်။ မည်သည့် ပြဿနာမှ မရှိတော့မှန်း သိလိုက်ရမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့လေသည်။

ပြီးသည့်နောက် တူးထားသည့် သူတော်စင်သလင်းကျောက် လိုဏ်ခေါင်းကို ကြည့်လိုက်သည်။ မည်သည့် သဲလွန်းစမှ မကျန်စေရန်အတွက် လိုဏ်ခေါင်းကို နောက်ထပ် ဆယ်မီတာ ထပ်တူးလိုက်သည်။ ဆယ်မီတာလောက် ထပ်တူပြီးနောက် လိုဏ်ခေါင်းထဲမှ လှည့်ထွက်လာခဲ့လေသည်။

အခြား လိုဏ်ခေါင်းတစ်ခုဆီသို့ ရောက်သည့်အခါ ချန်ချီ သူတော်စင်သလင်းကျောက် တူးနေသေးသည်ကို တွေ့လိုက်ရသည်။ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်နိုင်မည့် အိမ်မက်လည်း ပြည့်နိုင်တော့မည် ဖြစ်သလို မြောက်မြားလှစွာသော သူတော်စင်သလင်းကျောက်များလည်း ရလိုက်သည့် အတွက်ကြောင့် ချန်ချီ၏ မျက်နှာ အပြုံးပန်းဝေနေခဲ့သည်။

ရန်ကိုင် ထွက်လာသည်ကို မြင်သော် ချန်ချီက မေးလိုက်သည် “မင်းသူတော်စင် သလင်းကျောက်တွေ မတူးတော့ဘူးလား”

“ထပ်မတူးချင်တော့ဘူး။ ဧည့်အကြီးအကဲချန်ကော ဒီမှာဆက်တူးချင်လား” ရန်ကိုင်က မေးလိုက်သည်။

“တူးချင်တာပေါ့ဟ” ချန်ချီက တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်ပြီး “သူတော်စင် သလင်းကျောက်တွေက အများကြီးပဲ။ သဲမီးတောက်နယ်မြေ မပိတ်ခင် သူတို့ အကုန်လုံး ပြောင်အောင် တူးနိုင်မှာမဟုတ်ဘူး။ ရန်ကိုင် မင်းတကယ် သွားတော့မလို့လား”

“အင်း၊ ကျုပ်မှာ လုပ်စရာအချို့ ရှိသေးတယ်။ ဆက်နေဖို့ အချိန်မရှိတော့ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။ သို့သော် ချန်ချီကိုမူ သူနှင့်အတူ လိုက်ထွက်သွားရန် မစည်းရုံးခဲ့ချေ။ တကယ်တော့ ထိုသူတော်စင်သလင်းကျောက်များသည် ချန်ချီအတွက် ငွေတွင်းကြီး မဟုတ်ပေလော။ ရန်ကိုင်သည် ရက်အနည်းငယ်အတွင်း သူတော်စင်သလင်းကျောက် လေးသန်းလောက် စုဆောင်းနိုင်ခဲ့သည်။ ချန်ချီသည် သူ့ထက်နှေးသည် ဆိုသည်ငြား သူတူးထားသည်၏ တစ်ဝက်လောက် တူးထားနိုင်ပေလိမ့်မည်။

ထိုပမာဏသည် ချန်ချီ တစ်ခါမှပင် စိတ်ကူးမဝံ့သည့် ပမာဏမျိုးဖြစ်သည်။

တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီးနောက် ချန်ချီအနေဖြင့် သူ့အတွက် ပိုအဆင့်မြင့်သော မှော်ရတနာများကို ဝယ်ယူရန် လိုလာပေလိမ့်မည်။ ထို့ကြောင့် ကြို၍ ငွေရှာထားခြင်းသည် သူ့အတွက် အကောင်းဆုံး ဖြစ်သည်။

ရတနာနယ်မြေသည် ရတနာများဖြင့် ပြည့်နေသည် ဆိုသော်လည်း အန္တရာယ်များနှင့်လည်း ပြည့်နေသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ မွန်းစတားသားများကို သတိထားရန် လိုအပ်ရုံ သာမက အခြား ကျင့်ကြံသူများ၏ အန္တရာယ်ကိုလည်း သတိထားရန် လိုအပ်ပေသည်။ တစ်ယောက်ယောက်သည် ကံမကောင်း အကြောင်းမလှဘဲ ချူချန်ဖုန်း၊ မန်ဟုန်လျန်ကဲ့သို့ လူမျိုးနှင့် သွားတွေ့ပါက သူတို့တွင် ပါလာသမျှ ပစ္စည်းများ ဓါးပြတိုက်ခိုက်ခံရနိုင်သလို အခပ်မသင့်လျှင် အသတ်ပင် ခံရနိုင်ပေသည်။ ထိုအခြင်းအရာနှင့်ယှဉ်သော် ဤနေရာတွင် နေ၍ သူတော်စင်သလင်းကျောက် ထိုင်တူးနေခြင်းကား ပို၍ ကောင်းပေသည်။

ချန်ချီနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး ထိုအချက်ကို သိထားကြသည်။ ထို့ကြောင့် နှစ်ဦးစလုံး ဘာအပိုစကားမှ ပြောမနေခဲ့ချေ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “ရော့ဒါကိုသုံးပြီးတူး။ အဲ့လိုဆို ပိုပြီး မြန်မြန် တူးနိုင်လိမ့်မယ်”

ပြောပြီးသည့်နောက် ရွှေရောင်သွေးစက်ဖြင့် ဖန်တီးထားသော ဓါးကို ချန်ချီလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထိုဓါးကြောင့်ပဲ ရန်ကိုင်သည် သူတော်စင်သလင်းကျောက်များကို အခြားသူများထက် ပို၍ မြန်မြန် တူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်ချီက ရွှေရောင်ဓါးကိုယူပြီး တစ်ချက် ပွတ်သပ်လိုက်သည်။ ထို့နောက် တွေးတွေးဆဆ အမူအရာဖြင့် ရယ်သွမ်းသွေးလျက် “ကြယ်တာရာကောင်းကင်ထဲမှ, ငါတို့ ကြယ်သင်္ဘော ကျောက်နက်သားရဲတွေ ဝိုင်းထားခံရတုန်းက ငါတို့ကို ကူညီပေးခဲ့တာ မင်းမလား”

လွန်ခဲ့သော ရက်ပိုင်းခန့်က၊ ဤနေရာသို့ ရန်ကိုင် ရောက်လာခဲ့စဉ် သူ့လက်ထဲရှိ ဤရွှေရောင်ဓါးကို ချန်ချီ သေချာ သတိပြုမိလိုက်သည်။ ဤရွှေရောင်ဓါးသည် ဓါးတစ်ချောင်း ဖြစ်သော်ငြား အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။ ဤဓါးနှင့် ဓါးနှင့်ပင် မတူဘဲ သက်ရှိတစ်ကောင်နှင့် တူနေခဲ့သည်။ သို့သော် ထိုစဉ်က အခက်ကိုးခက် ကျောက်စိမ်း သစ်ပင်ပေါ်တွင်သာ အာရုံရောက်နေသဖြင့် မမေးမိလိုက်ချေ။

သို့သော်လည်း ရန်ကိုင်က ရွှေရောင်ဓါးကို သူ့ဆီ ပေးလိုက်သည့်အခါ သူကိုယ်တိုင် သေချာ စစ်ဆေးကြည့်ခွင့်ရခဲ့သည်။ ရွှေရောင်ဓါးကို မြင်ပြီးနောက် ၎င်းနှင့် ဆင်တူသည့် အရာတစ်ခုကို ချန်ချီ ပြန်စဉ်းစားမိသွားသည်။

ထိုထူးဆန်းသော အရှိန်အဝါကို ကြယ်တာရာကောင်းကင်ထဲ၊ ကျောက်နက်သားရဲအုပ်၏ အဝိုင်းခံခဲ့ရစဉ်က ခံစားမိခဲ့ဖူးသည်။ သူတို့ ဟိုင်ခဲမိသားစု ကြယ်သင်္ဘော ဖျက်စီးခံရတော့မည့် အချိန်တွင် ရွှေရောင်လှံတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အား ဝိုင်းထားသည့် ကျောက်နက်သားရဲ တစ်အုပ်လုံးကို ဖျက်စီးပစ်ခဲ့သည်။

ထိုရွှေရောင်လှံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဤဓါးမှ ထုတ်လွှတ်နေသော အရှိန်အဝါနှင့် တူညီပေသည်။

ထိုစဉ်က ဝူရီသည် သူတို့အား ဖြတ်သွားဖြတ်လာ ပညာရှင်တစ်ယောက်မှ ကူညီပေးခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ယခု သူတို့အား ကူညီပေးခဲ့သည့်လူသည် ဖြတ်သွားဖြတ်လာ ပညာရှင်မဟုတ်ဘဲ ရန်ကိုင် ဖြစ်နေမှန်းကို ချန်ချီ သိသွားခဲ့လေပြီ။

ထိုစဉ်က ရန်ကိုင်သည် သူတော်စင်တတိယအဆင့်သာ ရှိသေးသည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ချန်ချီ မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

ထိုမေးခွန်းကို ကြားသော် ရန်ကိုင်က ပြုံးလိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည် “ဒီဓါးက တစ်ကြိမ်သုံးတိုင်းသုံးတိုင်း စွမ်းအင်တွေ ဆုံးရှုံးသွားတတ်ပေမယ့် အနည်းဆုံး သုံးလေး လလောက်ကတော့ အသာလေး သုံးလို့ရတယ်။ ဒါနဲ့ဆိုရင် သူတော်စင်သလင်းကျောက်တွေကို ပိုပြီး မြန်မြန် တူးလို့ရပြီ။ ချန်ရှီတောင်းတို့ အဖွဲ့ကိုတော့ စိတ်ပူမနေနဲ့… သူက မကောင်းတဲ့ လူစားမျိုးမဟုတ်ဘူး။ ခင်ဗျားကို ဘာမှ လုပ်မှာမဟုတ်ဘူး။ ဧည့်အကြီးအကဲချန် အရင်စောစော ထွက်သွားမယ်ဆိုရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး”

“ငါသိတယ်။ မင်းဘာသာ စိတ်ချပြီးတော့သာသွား။ သဲမီးတောက်နယ်မြေ ပိတ်သွားရင် ဟောင်အိုကြီးနဲ့အတူ နဂါးလိုဏ်ဂူတောင်ဆီ ငါလာခဲ့မယ်” ချန်ချီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ချန်ချီအား နှုတ်ဆက်စကား ဆိုပြီးနောက် ရန်ကိုင် လိုဏ်ခေါင်းထဲမှ ထွက်လာလိုက်သည်။

တွင်းနံရံသည် ကျောက်စိမ်းသားပမာ ချောမွတ်နေသော်လည်း ရန်ကိုင်အဖို့ အပေါ်သို့ ပြန်တက်ရန် သိပ်မခက်ခဲလှချေ။ ဤသို့ဖြင့် မကြာမီ ရန်ကိုင် အပေါ်သို့ ပြန်ရောက်လာခဲ့သည်။

မြက်ခင်းပြင်ကြီးထဲ ရောက်သည်နှင့် အနားတွင် တစ်ယောက်ယောက်များ ရှိနေလေမလား သိရအောင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ မည်သူမှ မရှိမှန်း အတည်ပြုပြီးနောက် တွင်းပေါက်ကို ပြန်ပိတ်ထားလိုက်လေသည်။

ထို့နောက် ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်လိုက်ပြီး သဲမီးတောက်နယ်မြေ၏ တတိယအလွှာ ရှိနေသည့်ဘက်ကို ရှာလိုက်သည်။ လမ်းကြောင်း ရှာပြီးသည့်နောက် ထိုဘက်သို့ ထွက်သွားလေသည်။

မြက်ခင်းပြင်သည် အရမ်းကို ကြီးလှသဖြင့် နှစ်ရက်လုံးလုံး သွားပြီးမှသာ ထိုနေရာမှ ရန်ကိုင် ထွက်လာနိုင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် မည်သူနှင့်မှ ရန်ကိုင် မတွေ့ခဲ့သလို မည်သည့် ဆေးပင်ကိုမှလည်း ရှာမတွေ့ခဲ့ချေ။ ရန်ကိုင်သည် သူ့မျှော်လင့်ချက်အားလုံးကို သဲမီးတောက်နယ်မြေ၏ တတိယ အလွှာတွင် ပုံအပ်ထားခဲ့သည်။

သဲမီးတောက်နယ်မြေ၏ တတိယအလွှာဆီသို့ မည်သူမှ မရောက်နိုင်ဘူးဟု ဝေကုချန်း သူ့အား ပြောခဲ့သည်။ တတိယနယ်မြေသို့ ဝင်သွားသည့်လူတိုင်း မည်သူမှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ချေ။ ထို့ကြောင့် ချင်းတုန်သည်ပင်လျှင် သူတို့အား သဲမီးတောက်နယ်မြေ၏ တတိယ အလွှာထဲသို့ မဝင်ရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့သည်။

တတိယအလွှာထဲတွင် မည်သို့သော အန္တရာယ်များ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ယင်နေကြာရေစင်ကို သန့်စင်နိုင်ဖို့ရာ အလွန်တရာကိုမှ ပူပြင်းလှသော ပတ်ဝန်းကျင်ကို လိုအပ်နေသည်။ ပထမအလွှာသည် သူ့လိုအပ်ချက်နှင့် မကိုက်မီခဲ့။ ထို့ကြောင့် တတိယအလွှာတွင်သာ သွားကံစမ်းရပေလိမ့်မည်။

တတိယအလွှာသည်သာ အရမ်း အန္တရာယ်များမည်ဆိုပါက ရန်ကိုင်အနေဖြင့် အခြား အဖြေတစ်ခု ရှာရန်သာ ရှိတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၄)

ရှေ့လျှောက် ခရီးလမ်းသည် ငြိမ်းချမ်းနေပြီး မည်သည့် အဖိုးတန်ပစ္စည်းမှ မရရှိခဲ့သည့် ခရီးဖြစ်သည်။ မြက်ခင်းပြင်မှ ထွက်လာပြီး ဆယ်ရက်ကျော် ကြာပြီးသွားခဲ့သော်လည်း ထူးဆန်းစွာပင် မည်သူတစ်ဦးတစ်ယောက်နှင့်မှ မတွေ့ခဲ့ရချေ။

အတော်လေးကို ထူးဆန်းနေသဖြင့် ဘာတွေများ ဖြစ်နေသလဲ ရန်ကိုင်စိတ်ထဲ သိချင်မိသွားသည်။

မီးတောက်နယ်မြေတွင် ဖြစ်စေ၊ ရတနာနယ်မြေတွင် ဖြစ်စေ၊ လူများများစားစားနှင့် မတွေ့ခဲ့ရချေ။ လူအများကြီးနှင့် မတွေ့ခဲ့ရခြင်းသာ ဖြစ်ပြီး မည်သူနှင့်မှ မတွေ့ခဲ့ရခြင်း မဟုတ်။ ရတနာနယ်မြေတွင် ဆေးပင် စုဆောင်းနေသည့် လူအားလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားသဖြင့် ဆိုးရွားသည့်အရာ တစ်ခုခုများ ဖြစ်သွားလေသလားဟူ၍ အတွေးလွန်ရင်း ရန်ကိုင်စိတ်ထဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။

မြေအောက်လိုဏ်ခေါင်းထဲတွင် သူသလင်းကျောက် သွားတူးနေစဉ် ဤနေရာ၌ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

ရှေ့ဆက်လျှောက်၊ ရှေ့ဆက်လျှောက်နေရင်း တဖြည်းဖြည်းနှင့် တတိယမြောက် မီးတောက်နယ်မြေကို မြင်လာခဲ့ရလေပြီ။ သို့သော် လူသူအရိပ်အယောင် တစ်ချက်မျှပင် မတွေ့ရသေး။

နေ့ဝက်ကြာပြီးနောက် မီးတောက်နယ်မြေ၏ တတိယအလွှာ အစပ်ဆီသို့ ရောက်လာခဲ့သည်။ သူ့ရှေ့ရှိ ရဲရဲတောက်မီးကမ္ဘာကြီးကို စိုက်ကြည့်ရင်း ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ရသည်။၊

မီးတောက်နယ်မြေ၏ တတိယအလွှာနှင့် အပြင်ဘက်ဆုံးအလွှာသည် ဘာမှ သိပ်မကွာချေ။ သို့သော်လည်း တတိယအလွှာရှိ မီးအဆိပ်၊ အပူချိန်သည် အပြင်ဘက်ဆုံး အလွှာထက် ပိုပြင်းပေသည်။

သို့သော်လည်း ရန်ကိုင်၏ အထင်အရ ဤနေရာသည် ချင်းတုန်ပြောသလောက် မဆိုးချေ။ တတိယအလွှာကို သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူပင်မဆိုထားနှင့် အခြား အင်အားစုများ၏ လက်ရွေးစင်များပင်လျှင်ပင် သေချာပြင်ဆင်ထားမည် ဆိုပါက ဤအလွှာထဲသို့ ဝင်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။

သို့သော်လည်း အန္တရာယ်သည် သူမမြင်နိုင်သည့် နေရာတွင် ရှိနေခြင်းမျာလးား။

ရန်ကိုင် အတွေးဝေနေစဉ်မှာပဲ သူနှင့် မီတာတစ်ထောင်အကွာတွင် လူနှစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုနှစ်ယောက်သည် တူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြပြီး နှစ်ယောက်စလုံး သူတော်စင်ဘုရင်တတိယအဆင့် ပညာရှင်များ ဖြ်စကြသည်။

ထိုလူများဆီမှ ထွက်ပေါ်နေသည့် သူတော်စင်ချီသည် သာမန် သူတော်စင်ဘုရင် တတိယအဆင့် ပညာရှင်များ၏ သူတော်စင်ထက် ပို၍ သိပ်သည်းသန့်စင်သည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ နှစ်ယောက်စလုံးသည် ရန်ကိုင်အား တစ်ချက်ပင် လှည့်မကြည့်ဘဲ အလျင်အမြန်သာ ပြေးနေကြသည်။

မီးတောက်နယ်မြေ၏ တတိယအလွှာစပ်သို့ ရောက်သောအခါ အချင်းချင်း ဘာမှန်းမသိသော စကားအချို့ ပြောလိုက်ကြသည်။ ထို့နောက် တစ်ယောက်ဆီမှ အပြာရောင် အကာအရံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအပြာရောင် အကာအရံဆီမှ အေးစက်စက် အငွေ့အသက်တို့ ထွက်ပေါ်နေခဲ့သည်။ ထိုအပြာရောင် အကာအရံ သူတို့အား ဖုံးအုပ်သွားသည်နှင့် တစ်ပြိုင်နက် ထိုလူသည် ချက်ချင်းပဲ မီးတောက်နယ်မြေ တတိယအလွှာထဲသို့ ဝင်သွားခဲ့သည်။

ရန်ကိုင် ကြောင်သွားခဲ့လေသည်။

မည်သူမှ တတိယအလွှာထဲသို့ မဝင်နိုင်ဘူး မဟုတ်ပေလော။ ၁ကောင် ရူးများ ရူးနေခြင်းလား။ ဘာကြောင့် တတိယအလွှာထဲသို့ မဆင်မခြင် ပြေးဝင်သွားရသနည်း။

ဝေကုချန်း သူ့အား မလိမ်လောက်ချေ။ ထိုစဉ်က သူ့အား တတိယအလွှာထဲသို့ မဝင်ရန် သေသေချာချာ သတိပေးခဲ့သည်။ သို့သော်လည်း သူ့ရှေ့ရှိ မြင်ကွင်းသည် ဝေကုချန်း ပြောသည်နှင့် လုံးလုံးကြီး ကွာခြားနေခဲ့သည်။

ဒုတိယတစ်ယောက်ပါ တတိယအလွှာထဲ ဝင်တော့မည် လုပ်နေသည်ကိုမြင်သော် ရန်ကိုင်က ချက်ချင်းပဲ လှမ်းအော်တားလိုက်လေသည် “ရောင်းရင်း၊ ခဏနေပါဦး”

ရန်ကိုင် အော်သံကိုကြားသော် ထိုလူမျက်နှာ မဲ့သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။

သူတို့‌ ရောက်လာစဉ်က ရန်ကိုင်အား သတိပြုမိခဲ့သည်။ သို့သော် ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် သူ့အား အရေးမစိုက်။ သို့သော် ရန်ကိုင်က သူ့အား လာခေါ်နေသဖြင့်‌ အေးစက်စက် လေသံဖြင့် ပြန်ထူးလိုက်လေသည် “ဘာလဲ”

ရန်ကိုင်က လက်သီးဆုပ်၍ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည် “စိတ်မဆိုးပါနဲ့ဗျာ။ ကျုပ်သိချင်တာလေး ရှိလို့ပါ။ အခြားသူတွေ ပြောတာက တတိယအလွှာက ဝင်လို့မရဘူး၊ ဝင်သွားရင် ပြန်လမ်းမရှိတဲ့ နေရာတဲ့။ ဒါနဲ့ ရောင်းရင်းတို့နှစ်ယောက် ဝင်သွားတာကို တွေ့လို့ သိချင်လို့ မေးကြည့်တာပါ”

“ဝင်သွားတဲ့လူတိုင်း ပြန်မလာနိုင်ဘူး ဟုတ်လား” ထိုလူက ရန်ကိုင်အား မျက်လုံးမှေးစဉ်း၍ ကြည့်လိုက်ပြီး “အရင်တုန်းကတော့ အဲ့စကား မှန်ရင်မှန်မယ်။ အခုတော့ မဟုတ်တော့ဘူး။ ဘာလို့လဲ မဆသိပေမယ့် အခု တတိယအလွှာက ဝင်လို့ရသွားပြီ။ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဝင်မယ်ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ ဖြစ်သွားမှာပေါ့”

ပြောပြီးသည်နှင့် တစ်ချက်ကလေးပင် ထပ်စောင့်မနေတော့ဘဲ တတိယအလွှာထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။

ထိုလူဝင်သွားပြီးနောက် ရန်ကိုင်သည် နေရာတွင်သာ မျက်မှောင်ကြုတ်လျက် ရပ်နေခဲ့သည်။

တတိယအလွှာသည် ဝင်လို့ ရသွားပြီတဲ့လား။ ထိုလူသည်လည်း တတိအလွှာ ဘာကြောင့် ပြောင်းလဲသွားသလဲ ဆိုသည်ကို မသိသည့်ပုံပင်။ သို့သော် သူဝင်သွားသည် ဆိုသောအချက်မှာမူ မှန်ကန်ပေသည်။

ရတနာနယ်မြေတွင် လူရှိမသည်မှာ အံ့ဩစရာ မဟုတ်တော့။ အများစုသည် တတိယအလွှာထဲသို့ ဝင်သွားခြင်း ဖြစ်ရပေမည်။

တတိယအလွှာထဲသို့ ဝင်၍ရပြီဟူသော သတင်း မည်သည့်နေရာမှ ပေါက်ကြားလာသနည်း။ ထိုသတင်းမှန်မမှန် သူတို့ မည်ကဲ့သို့ အတည်ပြုခဲ့သနည်း။ ရန်ကိုင် မသိချေ။ သို့သော် ဒုတိယ အလွှာသို့ ဝင်လာသူမှာ အယောက်နှစ်ထောင်၊ သုံးထောင်လောက် ရှိသည်။ အကုန်လုံးသည် ဂိုဏ်းအသီးသီး၏ လက်ရွေးစင်များ ဖြစ်ကြသည့်အတွက်ကြောင့် ထိုထဲမှ တစ်ယောက်ယောက် တတိယအလွှာထဲသို့ ဝင်နိုင်ပြီဆိုသော အချက်အား သတိပြုမိလိုက်သည်မှာ အထူးအဆန်း မဟုတ်ချေ။

သဲမီးတောက်နယ်မြေ ပေါ်လာသည့်အချိန်မှစ၍ တတိယအလွှာသည် အမြဲတမ်း တားမြစ်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ တတိယအလွှာထဲသို့ ဝင်သွားသည့် လူတိုင်း မည်သူမှ ပြန်မထွက်လာနိုင်ခဲ့သဖြင့် နောက်ပိုင်း မည်သူမှ မဝင်ကြတော့။ ထို့ကြောင့် လက်ရှိအချိန်၌ တတိယအလွှာထဲတွင် အဖိုးတန်ရတနာများစွာ မည်မျှ ပေါသောနေမည်ကို စိတ်ကူးယဉ် ခန့်မှန်းကြည်နိ့ုင်ပေသည်။

သဲမီးတောက်နယ်မြေ စတင်ပေါ်လာခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ဖြစ်သည်။ နှစ်ပေါင်းတစ်သောင်းတိုင်တိုင် မည်သူမှ ခြေမချခဲ့ဖူးသော နေရာတွင် မည်ကဲ့သို့ အဖိုးတန်ရတနာများ မရှိဘဲ ဘယ်နေမည်နည်း။

အကုန်လုံး တတိယအလွှာထဲသို့ အသည်းအသန် ဝင်သွားနေကြသည်မှာ ထိုကြောင့်ပေကိုး။ အန္တရာယ်များကို ရင်ဆိုင်ရလျှင်ပင် ငှက်များသည် အစာကြောင့်သေ၊ လူများသည် လောဘကြောင့် သေရသည်ဆိုသော စကားပုံပင် ရှိသေးသည် မဟုတ်ပေလော။

တစ်ခုခု လိုချင်လျှင် တစ်ခုခု ပြန်ပေးဆပ်ရသည်မှာ သဘာဝသာ။ ကောင်းကျိုး၊ ဆိုးကျိုး၊ အခွင့်အလမ်းနှင့် အန္တရာယ်တို့သည် အမြဲဒွန်တွဲနေသည်မှာ ဓမ္မတာသာ။ ကျင့်ကြံသူများသည် အန္တရာယ်များကို ကြောက်လေ့မရှိ။ လုံလောက်သော အကျိုးအမြတ်ကိုသာ ပေးလျှင် မည်သို့သော အန္တရာယ်ကိုပင်လျှင် ရင်ဆိုင်ရပါစေ ဖြတ်ကျော်ရန် ကြိုးစားကြမည့် သူချည်းသာ။ ပို၍ အန္တရာယ်များသော နေရာများတွင် ပိုမို ကောင်းမွန်သော ရတနာများ ရှိနေကြတတ်ကြသဖြင့် ကျင့်ကြံသူများသည်လည်း ပိုမို အန္တရာယ်များသော နေရာများကို စူးစမ်းချင်ကြသည်။

ယခု အကုန်လုံး မရှိတော့ပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း တုန့်နှေးမနေတော့။ သူတော်စင်ချီဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်ပြီး တတိယအလွှာထဲသို့ ဝင်သွားလေသည်။

ပြင်းထန်လှသော အပူဓါတ်တို့ အဘက်ဘက်မှ သူ့အား ဝိုင်းရံလာသဖြင့် သူ့တစ်ကိုယ်လုံး မီဂကင်ခံနေရသည့်နှယ် ခံစားလိုက်ရသည်။ ဤအလွှာရှိ အပူဓါတ်သည် အပြင်ဘက်ဆုံး အလွှာရှိ အပူဓါတ်ထက် အများကြီး ပိုပြင်းပေသည်။

အပူဓါတ်သည် ဤမျှ ပြင်းထန်နေလှရာ အားကောင်းသော သူတော်စင်ဘုရင် တတိယအဆင့်များနှင့် သေချာပြင်ဆင်ထားသူများမှအပ အခြား မည်သူမှ ဤအလွှာထဲသို့ ဝင်လာနိုင်မည် မဟုတ်ချေ။ တတိယအလွှာထဲသို့ သူတော်စင်ဘုရင် ဒုတိယအဆင့်များ ဝင်လာမည် ဆိုလျှင်ပင် အထဲ၌ ရက်အနည်းငယ်ခန့်သာ နေပြီး ပြန်ထွဥ◌်လာရပေလိမ့်မည်။ ဤနေရာရှိ အပူဓါတ်ကို ခုခံရန်အတွက် သူတော်စင်ချီကို အလွန်အကျွံ အသုံးပြုရသည်။ သူတော်စင်ချီဖြင့် သူတို့ကိုယ်သူတို့ မကာကွယ်ဘဲ ဤထဲသို့ ဝင်ရန်မှာ မဖြစ်နိုင်ချေ။

ဒုတိယအလွှာထဲသို့ လူနှစ်ယောင်၊ သုံးထောင်လောက် ဝင်လာခဲ့သော်လည်း တတိယ အလွှာထဲသို့ ဝင်နိုင်သည့် အရေအတွက်မှာ ငါးရာပင် ရှိမည်မဟုတ်ဟု ရန်ကိုင် ခန့်မှန်းလိုက်သည်။ အချိန်ကြာလာသည်နှင့် ထိုလူအရေအတွက်မှာ ပို၍ နည်းလာပေလိမ့်မည်။ အကြောင်းသည်ကား အချို့သည် တတိယအလွှာထဲတွင် သေကုန်ကြမည် ဖြစ်သလို့ အချိုသည်လည်း ဆက်လက် မတောင့်ခံနိုင်တော့သဖြင့် ဒုတိယအလွှာဆီသို့ ပြန်ကြရသည်။ နောက်ဆုံး တကယ့် လက်ရွေးစင်များသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။

ဤနေရာ၏ ပြင်းထန်လှသော အပူဓါတ်သည် ရန်ကိုင်ကို စိတ်လှုပ်ရှားစေသည်။ ဤအပူဓါတ်ဖြင့် ယင်နေကြာရေစင်ကို သန့်စင်ရန် မဖြစ်နိုင်သော်လည်း အထဲသို့ ဆက်သွားလျှင် သင့်လျော်သော နေရာတစ်ခု ရှာတွေ့နိုင်ပေလိမ့်မည်။

တတိယအလွှာသည် အပြင်ဘက်ဆုံးအလွှာထက် အများကြီး ပိုအန္တရာယ်များသည်။ အက်ကြောင်းများထဲမှ ခုန်ထွက်လာပြီး တိုက်ခိုက်ကြသော မီးတောက်ဝိဥာဉ်သားရဲများမှာ အဆင့်ငါး၊ အဆင့်ခြောက်များ မဟုတ်ကြတော့။ အဆင့်ခုနှစ်၊ အဆင့်ရှစ်များ ဖြစ်ကြသည်။ ထို့အပြင် ထိုမီးတောက်ဝိဥာဉ်သားရဲ အားလုံးသည် တစ်ယောက်ချင်း လှုပ်ရှားခြင်း မဟုတ်ဘဲ အုပ်စုဖွဲ့ လှုပ်ရှားကြခြင်း ဖြစ်သည်။

သတိသာမထားလျှင် ထိုသားရဲအုပ်၏ အဝိုင်းခံရပြီး အသက်ပျောက်သွားရပေလိမ့်မည်။

တတိယအလွှာသို့ ဝင်လာပြီး တစ်ရက်ကြာပြီးသည့်နောက် မီးတောက်ဝိဥာဉ်သားရဲများ တိုက်ခိုက်ခြင်း သုံးကြိမ်တိုင်တိုင် ခံခဲ့ရသည်။ ပထမနှစ်ဖွဲ့ကို သတ်ပစ်နိုင်ခဲ့သော်လည်း တတိယ တစ်ဖွဲ့သည့် အလွန်အမင်းကို အုပ်တောင့်လှသဖြင့် ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။

ပထမအလွှာရှိ ထူးဆန်းသော တောင်ကြားထဲသို့ ရောက်သွားစဉ်က ထိုနေရာမှ မရေမတွက်နိုင်အောင် များပြားလှသော မီးတောက်ဝိဥာဉ်သားရဲများကို သတ်နိုင်ခဲ့ခြင်းမှာ ထိုကောင်အားလုံးသည် အဆင့်ငါး၊ အဆင့်ခြောက်များသာ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဤနေရာရှိ မီးတောက်ဝိဥာဉ်သားရဲ အုပ်များမှာ အဆင့်ခုနှစ်၊ အဆင့်ရှစ်များဖြင့် ဖွဲ့စည်းထားသော အုပ်များဖြစ်ကြသည်။ ထို့ကြောင့် အလကားသက်သက် စွမ်းအင် အကုန်မခံရစေရန် အလို့ငှာ ထွက်သာပြေးလာလိုက်သည်။

တစ်နေရာသို့ ရောက်သော် ရန်ကိုင် ရပ်လိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။

သူနှင့် မလှမ်းမကမ်းတွင် လူသေအလောင်းနှစ်ခု ရှိနေခဲ့သည်။ အလောင်း နှစ်လောင်းစလုံး မည်းတူးချိတ်အောင် လောင်ကျွမ်းထားခံရပြီး ပုပ်သိုးနံ့များပင် ထွက်နေခဲ့သည်။

သေနေသည့် လူနှစ်ယောက်မှာ အရိပ်လခန်းမမှ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်သည်။ နှစ်ယောက်စလုံးသည် ဝေကုချန်နှင့်အတူ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ရမည်။ အကြောင်းမှာ သဲမီးတောက်နယ်မြေ ဝင်မည်ကို ရပ်စောင့်နေစဉ်အတွင်း ထိုနှစ်ယောက် ဝေကုချန်း၊ တုန်ရွှမ်းအာတို့ အဖွဲ့နှင့် အတူရှိနေသည်ကို သတိပြုမိခဲ့သောကြောင့် ဖြစ်သည်။

ယခု သူတို့ သေနေခဲ့ပြီ။ ဝေကုချန်းတို့အဖွဲ့ သူတို့အလောင်းနှစ်လောင်းကို ဤအတိုင်း ပစ်ခဲ့ရသည်ကို ထောက်ရှုကြည့်လျှင် သူတို့လည်း အခြေအနေကောင်းမည့်ပုံမပေါ်။

သူနဲ့ တုန်ရွှမ်းအာကတော့ အဆင်ပြေလောက်မှာပါ ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ကာ ဝေကုချန်းတို့နှင့် ဆက်သွယ်ကြည့်လိုက်သည်။

ကံမကေင်းစွာဖြင့် မည်သည့် တုန်ပြန်မှုမှ မရရှိခဲ့ချေ။ ဝေးလွန်းနေသည့် အတွက်ကြောင့်လား၊ ဆက်သွယ်ရေးမှော်ရတနာကို စစ်ဆေးရန် သူတို့တွင် အချိန် မရှိသည့် အတွက်ကြောင့်လား၊ ရန်ကိုင် မသိ။ သူတို့၏ ဆက်သွယ်ရေး မှော်ရတနာများသည် သိုလှောင်လက်စွပ်ထဲ ရောက်နေခြင်းလည်း ဖြစ်နိုင်သည်။

ခေါင်းတရမ်းရမ်းနှင့် ထိုအလောင်းနှစ်လောင်းကို နတ်ဆိုးမီးတောက်ဖြင့် ပစ်လွှတ်၍ ပြာချပစ်လိုက်လေသည်။ ထို့နောက် အတွင်းပိုင်းသို့ ဆက်ဝင်သွားလိုက်သည်။

ထိုအရိပ်လခန်းမ တပည့်နှစ်ယောက်နှင့် သူတစ်ခါမှ စကားမပြောဖူးချေ။ သို့သော်လည်း ချင်းတုန်နှင့် ဝေကုချန်းတို့ မျက်နှာကို ထောက်ထား၍ ထိုနှစ်ယောက်၏ အလောင်းကို ဤနေရာ၌ ပုပ်သိုးမသွားစေချင်ခဲ့ပေ။ သို့သော်လည်း သူတို့အလောင်းကို ကိုယ်တိုင် မြုပ်ပေးရလောက်သည် အထိ မရင်းနှီးနေသဖြင့် မီးရှိုးပြီးတော့သာ ပြချပစ်ခဲ့သည်။

တတိယအလွှာသည် အန္တရာယ်များလှသည်။ သို့သော် ရတနာများနှင့်လည်း ပြည့်နှက်နေမည်မှာ မလွဲမသွေပင်။

ရောက်ရောက်ချင်းသာ ရှိသေးသော်လည်း အဖိုးတန်ဆေးပင် ဒါဇင်ကျော်ကို ရရှိပြီးသွားခဲ့လေပြီ။ ထို့အပြင် ထိုဆေးပင်အားလုံးသည်၏ သက်တမ်းမှာ ဒုတိယအလွှာ၌ သူစုဆောင်းရရှိခဲ့သည့် ဆေးပင်များ၏ သက်တမ်းထက် ပိုမို သာလွန်ပေသည်။

သက်တမ်းအနိမ့်ဆုံး ဆေးပင်ပင်လျှင် အနည်းဆုံး နှစ်သုံးထောင်ရှိသည်။ သက်တမ်း အရင့်ဆုံးကိုမူကား ရန်ကိုင် မခန့်မှန်းနိုင်။

ဆေးပင်များသည် သက်တမ်းရင့်ရုံမက အဆင့်လည်း မြင့်သည်။ အကုန်လုံးသည် အနည်းဆုံး တန်ဆိုးရှင်အထွဋ်အထိပ်အဆင့်များ ဖြစ်ကြပြီး နှစ်ပင်ဆိုလျှင် တန်ခိုးရှင်ဘုရင် အဆင့်သို့ပင် ရောက်နေခဲ့သည်။

နှစ်တစ်သောင်းသက်တမ်းရှိသည့် တန်ခိုးရှင်ဆေးပင်တစ်ပင်၏ တန်ဖိုးသည် တန်ခိုးရှင်ဘုရင် အဆင့်အောက် မနိမ့်ကျချေ။ ထိုဆေးပင်များသည် ရန်ကိုင်အတွက် အလွန် အသုံးဝင်ပေသည်။ ထိုကဲ့သို့သော ဆေးပင်များကို အပြင်တွင် သွားရှာဝယ်၍ မရချေ။

သဲမီးတောက်နယ်မြေမှာ အလွှာတွေ ဘယ်လောက်တောင် ရှိလဲမသိဘူး အကုန်လုံး အများဆုံး သွားနိုင်ခဲ့သည့် အလွှာသည် တတိယအလွှာသာ ရှိသေးသဖြင့် ထိုအဖြေကို ရန်ကိုင်လည်း မသိ။

အတွင်းပိုင်းသို့ ပိုသွားလေ၊ သွားလေ၊ ကျင့်ကြံသူများနှင့် ပိုပို တွေ့လာရလေပင်။ ရန်ကိုင်သည် တစ်ကိုယ်တော် သွားရှာလှုပ်ရှားနေသူ တစ်ယောက် ဖြစ်သည်။ သူတော်စင်ဘုရင် ပထမအဆင့်လေးဖြင့် ဒုတိယအလွှာထဲသို့ ရောက်လာနိုင်သည်ကို အခြားသူများ မြင်လျှင် ရန်ကိုင်သည် အတော်လေး အထင်ကြီးဖို့ ကောင်းသည်ဟု အခြားသူများ ထင်ကြပေလိမ့်မည်။ သို့သော် ထိုသူတော်စင်ဘုရင် ပထမအဆင့်လေးဖြင့် တတိယအလွှာသို့ ဝင်လာနိုင်သည်ကို အခြားသူများ မြင်သည့်အခါ အကုန်လုံး ထိတ်လန့်အံ့ဩကုန်ကြပေလိမ့်မည်။

ထို့ကြောင့် တတိယအလွှာထဲသို့ ဝင်လာပြီးနောက် အခြားသူများနှင့် မတွေ့အောင် ရန်ကိုင် အတတ်နိုင်ဆုံးရှောင်သည်။ သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းအတွင်း အသက်စွမ်းအင် တစ်ခုခုကို အာရုံခံမိလိုက်သည့်အခါ ချက်ချင်း လမ်းကြောင်း ပြောင်းလိုက်သည်။

မီးတောက်ဝိဥာဉ်သားရဲများကိုသတ်၊ ဆေးပင်များကို စုဆောင်းရင်း ယင်နေကြာရေစင်အား သန့်စင်နိုင်မည့် နေရာတစ်ခုကို ရန်ကိုင် ရှာဖွေနေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၅)

တစ်နေ့၊ လျှိုမြောင်တစ်ခုရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။ လျှို့မြောင်သည် ဘေးနှစ်ဖက်သည် ရှစ်မီတာ၊ ကိုးမီတာ အကျယ်လောက်သာ ရှိသော်လည်း တောင်များနှယ် မြင့်မားလှသည်။ တောင်တစ်လုံးကို တစ်ယောက်ယောက်မှ ထက်ပိုင်းပိုင်းထားသလားဟုပင် ထင်မှတ်ရသည်။

အချိန်အတော်ကြာ တုန့်ဆိုင်းတွေဝေနေပြီးသည့်နောက် လျှိုမြောင်ထဲသို့ သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။

လျှိုမြောင်သည် အနည်းငယ် လန့်စရာကောင်းသော်လည်း လျှို့မြောင်ကို ကွေ့ပတ်သွားမည် ဆိုလျှင် အနည်းဆုံး ရက်အနည်းငယ် ထပ်ကြာသွားနိုင်သည်။ လျှောက်ပတ်သွားနေရင်း အချိန်မဖြုန်းချင်သည့် အတွက်ကြောင့် လျှိုမြောင်အား ဖြတ်သွားရန်သာ ရှိတော့သည်။ သို့သော်လည်း အချိန်မဖြုန်းချင်သည့် အတွက်ကြောင့်သက်သက်မဟုတ်၊ သူ့အရည်အချင်းအပေါ် ယုံကြည်ချက် ရှိသည့်အတွက်ကြောင့်လည်း ပါပေသည်။ မဟုတ်လျှင် လျှိုမြောင်ထဲသို့ ဝင်ရဲခဲ့လိမ့်မည် မဟုတ်ချေ။

ပျံသန်းဖို့ရာ မဖြစ်နိုင်သော သဲမီးတောက်နယ်မြေထဲတွင် ဤကဲ့သို့သော နေရာမျိုးသည် ချုံခိုတိုက်ခိုက်ရန်အတွက် အလွန်ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်ပေသည်။ ဝင်ပေါက်နှစ်ဖက်ကို ပိတ်ထားလိုက်သရွေ့ ချုံခိုတိုက်ခိုက်ခံရမည့်လူသည် အတော့်ကို အားကောင်းလျှင်ပင် အတော်လေးကို ဒုက္ခရောက်ရပေလိမ့်မည်။

သို့သော်လည်း ကျင့်ကြံသူများသည် သဲမီးတောက်နယ်မြေထဲသို့ အကျိုးအမြတ်ကို လိုချင်သည့်အတွက်ကြောင့် ဖြစ်သည်။ သတ်ဖြတ်မှု၊ လုယက်မှုတို့ ဖြစ်လေ့ဖြစ်ထ ရှိသော်ငြား မည်သူကများ အချိန်ကုန်ခံပြီး ဘယ်သူလာမှန်း၊ မလာမှန်း မသိသည့်နေရာတွင် ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေမည်နည်း။

သူမှလွဲ၍ အခြားမည်သူမှ ဤလမ်းအတိုင်း မလာလောက်ဟု ရန်ကိုင် တွေးလိုက်သည်။ ထို့ကြောင့် ရဲရဲနှင့်ပင် တောင်ကြားထဲသို့ ဝင်သွားလိုက်လေသည်။

လျှိုမြောင်သည် အလွန်ကိုမှ ရှည်လျားသည်။ ဝင်ပေါက်နှင့် ထွက်ပေါက် အကွာအဝေးသည် အနည်းဆုံး မိုင်ဒါဇင်ခန့် ရှိလောက်သည်။ အစပိုင်းတွင် ဘာမှမတွေ့ရသေး။ သို့သော်လည်း နည်းနည်း ကြာသွားသည့်အခါ အက်ကြောင်းများကြာမှ မီးတောက်မီးလျှံများ ရုတ်တရက် ခုန်ထွက်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထိုမီးတောက်မီးလျှံများသည် ပုံစံအမျိုးမျိုး ရှိသော မီးတောက်ဝိဥာဉ်သားရဲများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား တိုက်ခိုက်ကြလေသည်။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ နတ်ဆိုးမီးတောက်ဖြင့် ဓါးတစ်ချောင်း ဖန်တီးလိုက်သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကျောဘက်ဆီမှ ခရမ်းရောင် အကာအရံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် သူ့နောက်ကျောကို လုံးဝ ဂရုမစိုက်ဘဲ နတ်ဆိုးမီးတောက်ဓါးကို ဝှေ့ရမ်းရင်းဖြင့်သာ အဆက်မပြတ် ရှေ့တိုးသွားနေခဲ့သည်။

ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်ထားပြီးသားပင်။ ထို့ကြောင့် လျှိုမြောင်ထဲ ဝင်ရမလား၊ မဝင်ရဘူးလား တုန့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူ့ကို ချုံခိုပုန်းအောင်း တိုက်ခိုက်မည့်လူ မရှိလောက်ဟု ရန်ကိုင် ထင်ပြီးသားပင်။ သို့သော် မီးတောက်ဝိဥာဉ်သားရဲများ ရှိမည်ဆိုသည်မှာ သေချာပေသည်။ ထိုမီးတောက်ဝိဥာဉ်သားရဲ အားလုံးကို သတ်ပြီးသွားမှသာ လျှိုမြောင်ထဲမှ ထွက်နိုင်ပေလိမ့်မည်။

သူ့ကျောဘက်မှာ တိုက်ခိုက်လာကြသော မီးတောက်ဝိဥာဉ်သားရဲအားလုံး၏ တိုက်ခိုက်မှုများကို ခရမ်းရောင်ဒိုင်းမှ တားဆီးသွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင် လက်ထဲရှိ နတ်ဆိုးမီးတောက်ဓါးသည် ခြင်္သေ့ပုံစံ မီးတောက်ဝိဥာဉ်သားရဲတစ်ကောင်၏ မျက်လုံးကို ထိုးဖောက်သွားလေသည်။ ဓါးမှတစ်ဆင့် နတ်ဆိုးမီးတောက်များ ထိုမီးတောက်ဝိဥာဉ်သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့ရာ သားရဲတစ်ကိုယ်လုံး အနက်ရောင် ပြောင်သွားခဲ့ရလေသည်။

အဆင့်ခုနှစ် မီးတောက်ဝိဥာဉ်သားရဲများကို အားကုန်သုံး တိုက်ခိုက်မည်ဆိုပါက တစ်ချက်တည်း တန်းသတ်ပစ်နိုင်သည်။ သို့သော် သူသတ်ရမည့် မီးတောက်ဝိဥာဉ်သားရဲ အရေအတွက်မှာ အလွန်ကိုမှ များပြားလှသဖြင့် အားကုန်သုံး မတိုက်ခိုက်ဘဲ နတ်ဆိုးမီးတောက်၏ ဓါတ်သဘာဝကို အသုံးပြုလျက် ထိုပုံရိပ်ယောင်သားရဲများကို လောင်ကျွမ်းပစ်လေသည်။

ဓါးကို ခြင်္သေ့ပုံစံ မီးတောက်ဝိဥာဉ်သားရဲ မျက်လုံးထဲမှ ပြန်နှုတ်ပြီးနောက် အခြားတစ်ကောင်ကို ပြောင်းတိုက်ခိုက်သည်။ ထိုခြင်္သေပုံစံသားရဲ သေမသေကိုပင် စစ်ဆေးမနေတော့ချေ။

နတ်ဆိုးမီးတောက်သည် တိုက်ခိုက်ခံလိုက်ရသော သားရဲ၏ ခန္ဓာကိုယ်သာမက အနီးအနားတွင် ရှိနေသော သားရဲများ၏ ခန္ဓာကိုယ်ကိုပါ ကူးစက် လောင်ကျွမ်းလေသည်။

ဤလျှိုမြောင် အနေအထားသည် ရန်ကိုင်အနေဖြင့် အချို့သော သိုင်းပညာရပ်များကို အသုံးမပြုနိုင် ဖြစ်ရသည်။ ထိုနည်းတူစွာ မီးတောက်ဝိဥာဉ်သားရဲများအတွက်လည်း အတူတူပင်။ ရန်ကိုင်အား တစ်ကြိမ်လျှင် တစ်ပြိုင်တည်း တိုက်ခိုက်နိုင်သည့် မီးတောက်ဝိဥာဉ်သားရဲ အရေအတွက်မှာ ငါးကောင်၊ ခြောက်ကောင်လောက်သာ ရှိသည်။

ပူတစ်လှည့်၊ အေးတစ်လှည့် ဖြစ်နေသော ထူးဆန်းသည့် နတ်ဆိုးမီးတောက်ကို မီးတောက်ဝိဥာဉ်သားရဲများ မခုခံနိုင်ကြချေ။ နတ်ဆိုးမီးတောက်၏ လောင်ကျွမ်းခြင်း ခံလိုက်ရသည့် မီးတောက်ဝိဥာဉ်သားရဲအားလုံး နာနာကျင်ကျင် အော်ဟစ်မြည်တမ်းရင်း သေပွဲဝင်သွားခဲ့ကြရပြီး အရွယ်အစာ အမျိုးမျိုးရှိသော မီးတောက်သလင်းကျောက်များ ကျကျန်ရစ်ခဲ့လေသည်။

ရန်ကိုင်သည် မီးတောက်ဝိဥာဉ်သားရဲများကို သတ်ရင်း မီးတောက်သလင်းကျောက်များကို ကောက်ယူနေခဲ့သည့် အတွက်ကြောင့် ခရီးလည်းတွင် အကျိုးအမြတ်လည်းရ ဖြစ်နေခဲ့သည်။

လျှို့မြောင်ထဲတွင် မီးတောက်ဝိဥာဉ်သားရဲ အနည်းဆုံး အကောင်တစ်ရာလောက် ရှိသည်။ သို့သော် ထိုကောင်များ သေသွားကြသည့်အခါ အကောင်တိုင်း မီးတောက်သလင်းကျောက်များ ပြုတ်ကျကျန်ရစ်ခဲ့လေသည်။

ထိုမီးတောက်ဝိဥာဉ်သားရဲများသည် ထူးဆန်းသော တောင်ကြားထဲ တွေ့ခဲ့ရသော မီးတောက်ဝိဥာဉ်သားရဲများကဲ့သို့ မဟုတ်ဘဲ အကောင်တိုင်းတွင် မီးတောက်သလင်းကျောက်များ ရှိကြသည်။ ထို့ကြောင့် ရန်ကိုင်၏ အားစိုက်ထုတ်မှုအားလုံး အလဟဿ ဖြစ်မသွားဘူးဟု ဆိုနိုင်ပေသည်။

အချိန်ကြာလာသည်နှင့် မျက်စိတစ်ဆုံး မမြင်နိုင်လောက်အောင် များပြားလှသော မီးတောက်ဝိဥာဉ်သားရဲ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

သူ့ဓါးချက်အောက်၌ နောက်ထပ် မီးတောက်ဝိဥာဉ်သားရဲတစ်ကောင် သေသွားခဲ့သည်။ ရန်ကိုင်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အခြားမီးတောက်ဝိဥာဉ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို လက်ဝှေ့ရမ်းကာ ခုခံလိုက်ရင်း ယခုလေးတင် ကျကျန်ခဲ့ထားသော မီးတောက်သလင်းကျောက်ကို ကောက်လိုက်သည်။

ရန်ကိုင် ထိုကဲ့သို့ လုပ်နေသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်သဖြင့် ထိုလုပ်ပုံလုပ်နည်းနှင့် အတော်လေး ရင်းနှီးနေပြီဟု ပြော၍ရသည်။

သို့သော်လည်း သူရှေ့တိုးလိုက်သည်နှင့် ထူးဆန်းဖွယ်ရာ တစ်ခုခု ကြုံလိုက်ရမည်ဟု မည်ကဲ့သို့ ထင်ပါမည်နည်း။ ရှင်းပြမရနိုင်သော ဖိအားတစ်ချက် ရုတ်တရက်ဆိုသလို သူ့အပေါ် ကျရောက်လာခဲ့သဖြင့် ရန်ကိုင်တစ်ကိုယ်လုံး တုတ်တုတ်မျှ လှုပ်မရအောင် ဖြစ်သွားခဲ့ရသည်။

မီးတောက်သလင်းကျောက်ကို ကောက်ရန်ပြင်နေသော သူ့လက်ပင်လျှင် လေထဲတွင် တန့်တန့်ကြီး ဖြစ်သွားခဲ့သည်။ နတ်ဆိုးမီးတောက်ဓါးသည်လည်း လေဟာနယ်ထဲတွင် အေးခဲနေခဲ့လေပြီ။

ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့လည်ပင်းကို ကိုက်ရန် ခုန်ဝင်လာနေသော မီးတောက်ဝိဥာဉ်သားရဲကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ သားရဲ၏ အစွယ် သူ့အသားထဲသို့ စိုက်ဝင်သွားသည်နှင့် ရန်ကိုင်လည်ပင်း စူးအောင့်သွားခဲ့သည်။ အစွယ်မှတစ်ဆင့် သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာသော မီးတောက်အဆိပ်များကြောင့် တစ်ကိုယ်လုံး မီးတောက်နေသလို ခံစားလိုက်ရပြီး ရီဝေဝေ ဖြစ်ချင်လာခဲ့သည်။

သတိမလစ်သွားအောင် ကြိုးစားနေစဉ်မှာပဲ သူ့ရှေ့တွင် ရှိနေသော နောက်ထပ် မီးတောက်ဝိဥာဉ်သားရဲတစ်ကောင်က သူ့ဆီ မီးဘောလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။

ရန်ကိုင်မျက်နှာ ထပ်မံ ဖြူလျော်သွားခဲ့ရပြန်သည်။ ဘာတွေဖြစ်ပျက်နေမှန်း သူမသိသော်ငြား ယခုနေမှ ပြန်ဆုတ်ရန် အရမ်း နောက်ကျလွန်းနေပြီ။ ထို့နောက် သူတော်စင်ချီကို တစ်ဟုန်ထိုး လှည့်ပတ်၍ သူ့ခန္ဓာကိုယ်ကို အေးခဲနေသော လေဟာပြင်ဆီမှ ရုန်းထွက်သွားစေလိုက်သည်။ ထိုကဲ့သို့ သူတော်စင်ချီကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးမီးတောက်တို့ ပေါက်ကွဲထွက်လာခဲ့လေရာ ရန်ကိုင်တစ်ကိုယ်လုံး မီးလူသား တစ်ယောက်နှယ် ဖြစ်သွားခဲ့လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

တဘုန်းဘုန်း မြည်သံများနှင့်အတူ ရန်ကိုင်အား ဝိုင်းထားကြသော မီးတောက်ဝိဥာဉ်သားရဲများ နားနာကျင်ကျင် အော်ဟစ်မြည်တည်းရင်း ပြာပုံဘဝအဖြစ်သို့ ရောက်ရှိသွားခဲ့ရလေသည်။

မီးတောက်များ ပျောက်ကွယ်သွားသည့်အခါ စုတ်ပြတ်သတ်နေသော ရန်ကိုင် ပေါ်လာခဲ့သည်။ သူ့မျက်နှာတစ်ပြင်လုံး မည်းမှောင်နေပြီး အဝတ်အစားများဟာလည်း စုတ်ပြတ်သတ်နေခဲ့သည်။ လည်ပင်း၊ မျက်နှာ၊ ရင်အုပ်ပိုင်းနှင့် လက်မောင်းတို့တွင်လည်း ခြစ်ရာ၊ ကုတ်ရာ ကိုက်ရာများဖြင့် ပြည့်နေသည်။ ထိုအမာရွတ်များကြား အနက်ရောင်မီးတောက် တစစလောင်ကျွမ်းနေသော မီးအဆိပ်များလည်း ရှိနေခဲ့သည်။

နတ်ဆိုးမီးတောက်အား အပြင်းအထန် လှည့်ပတ်လိုက်သည့် အတွက်ကြောင့် သူ့ကိုယ်ထဲသို့ ဝင်လာသော မီးတောက်အဆိပ်အားလုံး အပြင်သို့ ပြန်ထုတ်ပစ်နိုင်ခဲ့သည်။ အားကောင်းလှသော ရွှေရောင်သွေးစက်၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းကြောင့် သူ့ဒဏ်ရာများ တစ်စတစ်စ ပြန်လည်ကောင်းမွန်လာခဲ့သေည်။

ရန်ကိုင်သည် အလွန်ကိုမှ လေးနက်တည်ကြည်သည့် အမူအရာဖြင့် သူ့ရှေ့ရှိ လဟာပြင်ကို စိုက်ကြည့်လိုက်သည်။

ထိုနေရာဆီ ခြေတစ်လှမ်း လှမ်းလိုက်သည့်အတွက်ကြောင့် မသာပေါ်ခါနီး ဖြစ်သွားခဲ့ရသည်။ အချိန်မှီ ရုန်းထွက်နိုင်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက မသေလျှင်ပင် အနည်းဆုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရပေလိမ့်မည်။

သို့သော်လည်း နောက်သို့ တစ်လှမ်း ပြန်ဆုတ်လိုက်သည့်အခါ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

မီးတောက်ဝိဥာဉ်သားရဲများအား သတ်ဖြတ်ရေးတွင်သာ အာရုံစိုက်နေသဖြင့် သူ့ရှေ့ရှိ လေဟာနယ် ဘာကြောင့် ထိုကဲ့သို့ ထူးဆန်းနေရသလဲ ဆိုသည်ကို တွေးနေရန် အချိန်မရှိခဲ့ပေ။

ထိုအကြောင်းကို သိချင်နေသော်လည်း မီးတောက်ဝိဥာဉ်သားရဲများ ရှိနေသည့် အတွက်ကြောင့် ထိုသားရဲများကို အရင် ရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့သို့ဖြင့် ရန်ကိုင်လည်း တိုက်ခိုက်အား တင်လိုက်လေရာ တစ်ရက်ကြာပြီးနောက် လျှိုမြောင်ထဲတွင် ရှိနေသော မီးတောက်ဝိဥာဉ်သားရဲအားလုံး အသတ်ခံလိုက်ရသည်။ ထိုသားရဲအားလုံးကို သတ်ဖြတ်လိုက်နိုင်သည့် အတွက်ကြောင့်လည်း မီးတောက်သလင်းကျောက် လေးငါးရာလောက် ရသွားခဲ့ရလေသည်။

ထိုပမာဏသည် ပထမအလွှာတွင်နေ၍ မီးတောက်ဝိဥာဉ်သားများကို သီးသန့် အမဲလိုက်နေသူ အများစု ရထားသည်ထက် ပိုမိုများပြားသော ပမာဏဖြစ်သည်။

ပထမအလွှာတွင် မီးတောက်ဝိဥာဉ်သားရဲ ထိုမျှ မများသည်ကတစ်ကြောင်း၊ မီးတောက်ဝိဥာဉ်သားရဲများ၏ အဆင့် သိပ်မမြင့်သည်က တစ်ကြောင်းထို့ကြောင့် ထိုအလွှာတွင် ရှိနေသော မီးတောက်သလင်းကျောက်များ၏ တန်ဖိုးသည် သိပ်မမြင့်လှချေ။

ခဏလောက် အနားယူလိုက်ပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကျက်၍ ပတ်ဝန်းကျင်တစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့် အန္တရာယ်မှ မရှိကြောင်း သေချာသွားသည့်နောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်လေသည်။

သူရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် တစ်ပြိုင်နက် အစောပိုင်းကကဲ့သို့ ဖြစ်သွားခဲ့သည်။ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီးနောက်သည် အလွန်တရာကိုမှ လေးလံလွန်းလှသော တောင်တစ်လုံးကို ထမ်းပိုးလိုက်ရသည့်အလား ရန်ကိုင်ခါး ကုန်းသွားခဲ့သည်။

လက်ရှိ သူ့ပတ်ပတ်လည် လေဟာနယ်သည် အလွန်တရာကိုမှ စေကပ်လွန်းလှသည်။ အခဲဖြစ်လုနီးပါးဟုပင် ပြော၍ရသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျင့်ကြံသည်။ အစောပိုင်းအခါက မီးတောက်ဝိဥာဉ်သားရဲများကို သတ်ဖြတ်ရင်း အလုပ်ရှုပ်နေသည့် အတွက်ကြောင့် စစ်ဆေးချိန်မရှိခဲ့။ ယခု အား၍ စစ်ဆေးကြည့်လိုက်သည့်အခါ ဤနေရာရှိ လေဟာနယ်နှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေမှန်း သတိပြုမိလိုက်သည်။

ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား သူ့ရှေ့တည့်တည့်ရှိ လျှိုမြောင်ထဲရှိ လေဟာနယ်သည် ထူးဆန်းသည့် ပုံစံတစ်မျိုးသို့ ပြောင်းလဲနေခဲ့သည်။ ယခင်က ရေထဲတွင် ရေကူးနေရသည်ဟု ခံစားရလျှင် ဤနေရာသို့ ရောက်ပြီးနောက် ရေခဲပြင်ထဲ ရေကူးနေရသည်ဟု ခံစားသွားရသည်။

လေဟာနယ်သည် ဝင်လာသူတိုင်းအား လှုပ်မရနိုင်အောင် လုပ်နိုင်သည်အထိပင် မာကျောကျစ်လစ်နေခဲ့လေသည်။ ရန်ကိုင်သာ လေဟာနယ်တာအိုကို မကျွမ်းကျင်ထားလျှင် ထိုအချက်ကို လုံးဝ အဖြေရှာတွေ့နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ဤအရာသည် အရံအတားတစ်မျိုးမျိုး မဟုတ်သလို စိတ်ဝိဥာဉ်အစီအရင် တစ်မျိုးမျိုးလည်း မဟုတ်ဘဲ လေဟာနယ်စွမ်းအားမှ အသွင်တစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်ပေသည်။

လေဟာနယ်သာမဟုတ်၊ လေသည်ပင် ခဲတောင့်နေခဲ့လေသဖြင့် ရန်ကိုင်အဖို့ အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့ရသည်။ သို့သော်လည်း မီးတောက်ဝိဥာဉ်သားရဲများသည် ဤထူးဆန်းသော လေဟာနယ်ထဲတွင် ဘာကြောင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရသနည်း။

ရန်ကိုင် နားမလည်ချေ။

အလွန်တရာကိုမှ ပြင်းထန်လှသော ဖိအားကြောင့် ရန်ကိုင်နဖူးထက် ချွေးသီးများ တောက်လျှောက်စီးကျလာပြီး သူ့ကြွက်သားများပင် တုန်ရီလာခဲ့ရသည်။ အားကုန်သုံး၍ ကြိုးစားလိုက်သော်လည်း ရှေ့သို့ နောက်တစ်လှမ်း ထပ်မတိုးနိုင်ခဲ့ချေ။

ရန်ကိုင်နဖူးထက်ရှိ ချွေးစက်သည် မြေကြီးပေါ်သို့ ကျမသွားခဲ့ဘဲ ထူးဆန်းသော လေဟာနယ်စွမ်းအားကြောင့် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

ရန်ကိုင်သည် သူတော်စင်ချီကို အရှိန်အဟုန်မြှင့် လှည့်ပတ်၍ ကြိုးစားနေခဲ့သော်လည်း မည်သို့မှ ရှေ့သို့ နောက်တစ်လှမ်း ထပ်မတိုးနိုင်ခဲ့ချေ။ နတ်ဆိုးမီးတောက်များ ဆိုလျှင်လည်း သူ့ခန္ဓာကိုယ်ထဲမှ အပြင်သို့ပင် မထွက်နိုင် ဖြစ်နေခဲ့ရလေသည်။ သူတော်စင်ချီကို အားကိုးရုံ သက်သက်ဖြင့် ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ချေ။

ရန်ကိုင် အကြံတစ်ခု ရသွားခဲ့သည်။ ထို့ကြောင့် သူတော်စင်ချီကို မသုံးတော့ဘဲ လေဟာနယ်စွမ်းအားကို အသုံးပြုလိုက်သည်။

သူ့အပေါ် သက်ရောက်နေသော ဖိအားကြီး အတော်လေး ပြေလျော့သွားခဲ့သည်။ ပုံမှန်ကဲ့သို့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သေးသော်ငြား ဖြည်းဖြည်းချင်း လှုပ်ရှားနိုင်နေခဲ့လေပြီ။

အချို့သော ပြဿနာများကို ဖြေရှင်းရန်အတွက် အချို့သော အဖြေများကို လိုအပ်သည်။ ဤကဲ့သို့သော နေရာမျိုးတွင် လေဟာနယ်စွမ်းအားကို သုံးမှသာ ပြဿနာကို ဖြေရှင်းနိုင်ပေမည်။

ထို့အပြင် လေဟာနယ်စွမ်းအားကို ထုတ်သုံးလိုက်သည့်အခါ သူထုတ်သုံးလိုက်သော လေဟာနယ်စွမ်းအားသည် ဤနေရာရှိ လေဟာနယ်နှင့် ပဲ့တင်ထပ်သွားသလို ခံစားလိုက်ရပြီး အံ့ဩဖွယ်ရာ ဥာဏ်အလင်းအချို့ကို ရနက်ိုင် သိမြင်လိုက်ရသည်။ လေဟာနယ်တာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုသည်လည်း အလျင်အမြန် တိုးတက်လာခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အရမ်းပျော်သွားခဲ့သည်။

All Chapters