အခန်း (၁၂၁၁-၁၂၁၅)
Vol. 49 Ch. 1211-1215
အပိုင်း (၁၂၁၁)
လျှိုမြောင်ထဲတွင် ရန်ကိုင်နှင့် သက်လတ်ပိုင်းလူကြီးတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ ရန်ကိုင်၏ အကြည့်သည် အေးစက်နေပြီး သက်လတ်ပိုင်းလူကြီး၏ အကြည့်မှာမူ တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေသည်။
“ဟားဟားဟား…” ပြေးပေါက်ပိတ်သွားပြီ ဖြစ်သော သက်လတ်ပိုင်းလူကြီး ခါးသက်စွာ ပြုံးလိုက်သည်။ သူ့အပြုံးထဲဝယ် ခါးသက်မှု၊ မလိုလားမှုတို့ ပြည့်နေခဲ့သည်။ ယခုတစ်ကြိမ် သူလွတ်မြောက်တော့မည် မဟုတ်မှန်း သိထားပြီးလေပြီ။ ရင်ထဲတွင်လည်း နောင်တရမိနေသည်။
သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ ကျယ်ပြောသည်။ ထိုမျှ ကျယ်ပြောလှသော နေရာများအနက်မှ သူတို့ လေးယောက်အဖွဲ့သည် ဘာကြောင့် ဤလျှိုမြောင်ကျဉ်းကျဉ်းလေးထဲသို့ လာခဲ့ရသနည်း။ ထို့အပြင် သူ့ဘာသာ အေးအေးဆေးဆေး နေနေသော ကပ်ဆိုးကြီးကိုပင် သွားရန်စလိုက်သေးသည်။ သူတို့သာ ထိုကဲ့သို့ မလုပ်ခဲ့လျှင် ယခု အသက်ရှင်ကောင်း ရှင်နေပေဦးမည်။ မီးစုန်းကို မရလျှင်ပင် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါက သူတို့ ရှာဖွေထားသည့် ပမာဏအရ ဂိုဏ်းမှ သူတို့အား အကျိုးအမြတ်များစွာ ချီးမြှင့်ပေလိမ့်မည်။
ယခုမှတော့ ပြောနေရန် နောက်ကျလွန်းသွားပေပြီ။ လေးယောက် ရှိသည့်အနက်တွင် သုံးယောက် သေသွားခဲ့သည်။ နောက်ဆုံးလက်ကျန်ဖြစ်သော သူသည်လည်း လက်နှစ်ဖက်စလုံး အဖြတ်ခံထားရသည်။ မကြာခင် သူလည်း အရှေ့သုံးယောက်နောက်သို့ လိုက်ရပေတော့မည်။ သူတို့ ဤနေရာသို့ ရောက်စဉ်က ထိုလူငယ်လေး လုပ်ပြသည့် အပြုအမူကို ပြန်စဉ်းစားလိုက်မှပဲ ထိုစဉ်က သူတို့ မည်မျှ တုံးအခဲ့ကြောင်းကို သက်လတ်ပိုင်းလူကြီး နားလည်လိုက်တော့သည်။
တစ်ဖက်လူတွင်သာ ဝှက်ဖဲတစ်ခုခု မရှိလျှင် သူတို့ လေးယောက်ကို မြင်သည့်တိုင် ဘာကြောင့် အကြောက်အလန့် ကင်းကင်းဖြင့် ရပ်နေရဲမည်နည်း။ ထို့အပြင် သူ့ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ပြကာ သူတို့အား မတိုက်ခိုက်ဘဲ မနေနိုင်အောင် လုပ်ခဲ့သည်။
သေချာ ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က ထိုလူငယ်လေး၏ အပြုအမူသည် အလွန်ကိုမှ သံသယဝင်ဖွယ် ကောင်းလှသည်။ သို့တိုင် ရန်ကိုင် ထုတ်ပြခဲ့သော ရတနာများကြောင့် ထိုအချက်များကိုပင် မမြင်နိုင် ဖြစ်ခဲ့ရသည်။ ငှက်များသည် အစာကြောင့်သေ၊ လူများသည် လောဘကြောင့်သေ ဆိုသော စကားမှာ တကယ်ကို မှန်ပေသည်။
“ရောင်းရင်း…” သက်လတ်ပိုင်းလူကြီးက တံတွေးတစ်လုတ် မျိုချ၍ ရုတ်တရက် ပြောလိုက်သည် “ငါမသေခင်လေး ငါ့လက်နှစ်ဖက်ကို ပြတ်သွားအောင် မင်းဘယ်လို လုပ်လိုက်လဲ ဆိုတာ သိလို့ရမလား”
ရန်ကိုင်က သက်လတ်ပိုင်းလူကြီးကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ ခေါင်းခါကာ ပြောလိုက်သည် “လူသေတွေက ဘာသိစရာလိုသေးလို့လဲ”
“ဟုတ်တာပဲနော်” သက်လတ်ပိုင်းလူကြီးက မဲ့ပြုံးပြုံးလိုက်ပြီး ရုတ်တရက် ခါးကိုမော့ ခေါင်းကိုပင့်ကာ ပြောလိုက်သည် “လုပ်လိုက်တော့။ မင်းကိုမှ မနိုင်တာ၊ ပြန်ခုခံနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ငါ့ကို မြန်မြန်နဲ့ မနာကျင်ဘဲ သေသွားရအောင် လုပ်ပေးဖို့ပဲ တောင်းဆိုပါတယ်ကွာ”
ပြောပြီးသည့်နောက် ရန်ကိုင်လည်း သက်လတ်ပိုင်းလူကြီးဆီ အနက်ရောင်ဓါးတစ်ချောင်း ပစ်လွှတ်လိုက်လေသည်။
အနက်ရောင်ဓါး ထွက်ပေါ်လာသည်နှင့် သက်လတ်ပိုင်းလူကြီး၏ အားမရှိတော့သည့်နှယ် မှေးမှိန်နေသော မျက်ဝန်းအစုံ ရုတ်တရက် တောက်ပလာပြေီး သွေးနီရောင်မြူများကို ရုတ်တရက် ထွေးထုတ်လိုက်လေသည်။ ထိုသွေးမြူများသည် အလွန်ကိုမှ သိပ်သည်းလှရာ ၎င်းဆီမှ စူးရှလှသော သွေးနံ့များကိုပင် ရနေခဲ့သည်။ ထိုအရာသည် သက်လတ်ပိုင်းလူကြီး၏ သွေးအဆီအနှစ် ဖြစ်ပေသည်။
ထိုသွေးမြူထဲတွင် အဝါရောင်တောက်နေသော ဆူးချွန်လေးတစ်ခု ရှိနေခဲ့သည်။ ဆူးချွန်သည် မြေဖောက်စက်ပမာ တရစပ်လည်ပတ်ရင်း ရန်ကိုင်ဆီ တိုးဝင်သွားခဲ့သည်။ ၎င်းဆူးချွန် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော လေဟာနယ်တစ်ခုလုံး တွန့်လိမ်သွားခဲ့ပြီး ရန်ကိုင်၏ နတ်ဆိုးမီးတောက်ဓါးလည်း တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့ရသည်။
ထိုဆူးချွန်ကို ပစ်လွှတ်လိုက်ပြီးသည်နှင့် သက်လတ်ပိုင်းလူကြီး၏ မျက်နှာ ဖြူလျော်သွားပြီး ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ရသည်။
သူဘာကြောင့် အလွယ်တကူ အသေခံရမည်နည်း။ သူသည် အလွန်အသက်ရှင်ချင်သည့် လူစားမျိုးဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် သူသေချာ ပြင်ဆင်ထားသည့် အလစ်ချောင်း တိုက်ခိုက်မှု အလုပ်ဖြစ်မဖြစ်ကို သူပင် သေချာမသိချေ။
သူ့မျှော်လင့်ချက်အားလုံးကို ထိုတိုက်ခိုက်မှုအပေါ်တွင် စုပုံထားခဲ့သည်။ ထိုချောင်းမြောင်း တိုက်ခိုက်မှု အလုပ်ဖြစ်စေရန်အတွက် ရန်ကိုင် သတိပေါ့လျော့သွားအောင် သူ့ကံကြမ္မာကို လက်ခံလိုက်သည့် ပုံစံမျိုး လိုက်ပြလိုက်သည်။ ရန်ကိုင်ဘက်မှ သတိလျော့ပေါ့သွားသည်နှင့် တစ်ပြိုင်နက် သူလည်း အလစ်ချောင်း တိုက်ခိုက်ပေမည်။ သို့သော်လည်း ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့်သာ ရှိနေပြီး မည်သည့် အပိုစကားမှ ပြောမနေဘဲ သူ့အား သတ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူထင်ထားသလို ဖြစ်မသလို ရန်ကိုင်ကလည်း တိုက်ခိုက်လာသဖြင့် မတတ်နိုင်သည့် အဆုံး သက်လတ်ပိုင်းလူကြီးလည်း သူ့နောက်ဆုံး ဝှက်ဖဲကို ထုတ်သုံးလိုက်ရသည်။
သက်လတ်ပိုင်းလူကြီး၏ ရင်တုန်ပန်းတုန် အကြည့်အောက်တွင် ဆူးချွန်လေးသည် ရန်ကိုင်၏ နတ်ဆိုးမီးတောက်ဓါးကို ချိုးဖျက်၍ သူ့ဆီသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။ ထို့အပြင် ရန်ကိုင်သည် သူ့အလစ်ချောင်း တိုက်ခိုက်မှုကြောင့် အငိုက်မိသွားသလား မသိရာ၊ နေရာတွင် ကြောင်ကြောင်ကြီး ရပ်နေခဲ့သည်။
သက်လတ်ပိုင်းလူကြီး အလွန် ပျော်သွားခဲ့သည်။ သို့သော်ငြား သူ့မျက်နှာထက်ရှိ အပြုံး ရုတ်ချည်း တောင့်တင်းသွားခဲ့ရသည်။
အကြောင်းမှာ ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်း၍ သူနှစ်ကြိမ်တိုင်တိုင် မြင်တွေ့ခဲ့သော အနက်ရောင်အက်ကွဲကြောင်းတစ်ခုကို ပစ်လွှတ်လိုက်သောကြောင့်ပင်။ ထိုအက်ကွဲကြောင်းသည် ဆူးချွန်၏ တစ်စိတ်တစ်ပိုင်းကို ဝါးမြိုပစ်သွားရုံမက အနားတွင် ရှိနေသော မိုးမြေစွမ်းအင်များကိုပါ ဝါးမြိုပစ်သွားခဲ့သည်။ ပျက်စီးသွားပြီ ဖြစ်သောကြောင့် ဆူးချွန်၏ ကျန်တစ်ပိုင်းသည်ရှေ့သို့ ဆက်မသွားနိုင်တော့ဘဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီး မျက်လုံးပြူသွားပြီး ရန်ကိုင်အား ကြောက်လန့်တကြား အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် တုန်တုန်ရင်ရင်ဖြင့် အလန့်တကြား ထအော်လေသ်ည “တကယ်ကြီး ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးဟ”
အစပိုင်းမြင်စဉ်က သိပ်မသေချာခဲ့။ ယခုတစ်ကြိမ် မြင်ပြီးနောက် ထိုလူငယ်လေးသည် ဟင်းလင်းပြင်အက်ကွဲကြောင်းကို ပစ်လွှတ်လိုက်ခြင်းဖြစ်မှန်း သက်လတ်ပိုင်းလူကြီး သေချာ သွားခဲ့လေပြီ။ မဟုတ်လျှင် သူ့ဆူးချွန် မည်ကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားမည်နည်း။
သူ့ဆူးချွန်သည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။
“ဒါခင်ဗျားရဲ့ နောက်ဆုံးဝှက်ဖဲပေါ့” ရန်ကိုင်က သက်လတ်ပိုင်းလူကြီးအား လှောင်ကြည့် ကြည့်လိုက်သည်။
သက်လတ်ပိုင်းလူကြီးသည် အလွန်သတိကြီးသည့် လူတစ်ယောက်ဖြစ်မှန်း အစောကြီး ကတည်းက ရန်ကိုင် သိပြီးသားပင်။ ထို့ကြောင့် သူပြောသွားသမျှ အရာတိုင်းကို မသိသလိုသာ နေလိုက်သည်။ သက်လတ်ပိုင်းလူကြီးကို သတ်ရန် ဆုံးဖြတ်ထားပြီးမှဖြင့် ထိုကဲ့သို့ မဖြစ်စလောက် လှည့်ကွက်လေးများဖြင့် အလိမ်ခံလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်သည် သူ့ရန်သူများကို အထင်သေးရိုးထုံးစံ မရှိချေ။
“မဟုတ်ဘူး။ မင်းခွန်အားက ဒီလောက် နိမ့်နေတာ လေဟာနယ်စွမ်းအားကို ဘယ်လိုလုပ်ပြီး အသုံးပြုနေနိုင်တာလဲ။ အကြီးအကဲမိုတောင် ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဖန်တီးနိုင်တာ မဟုတ်ဘူး” သက်လတ်ပိုင်းလူကြီးက သွေးရူးသွေးတန်းဖြင့် အော်ဟစ်သည်။
“အကြီးအကဲမို၊ သူလည်း လေဟာနယ်တာအိုကို နားလည်တာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခုအချိန်အထိ သူမှအပ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အခြား မည်သူ့ကိုမှ မတွေ့ရဖူးသေးချေ။ ကွေ့ဇူကဲ့သို့သော ပညာရှင်ပင်လျှင် လေဟာနယ်စွမ်းအားကို အသုံးမပြုနိုင်။ သို့သော်လည်း သက်လတ်ပိုင်းလူကြီး ပြောသည့်ပုံအရ အကြီးအကဲမိုဆိုသော လူသည် လေဟာနယ်စွမ်းအင်ကို အသုံးပြုနိုင်သည့်ပုံရသည်။
ထို့ကြောင့် ရန်ကိုင် အံ့အားသင့်သွဦးခဲ့ရသည်။
“အကြီးအကဲမိုက အကြီးအကဲခန်းရဲ့ အကြီးအကဲချုပ်။ သူတန်ခိုးရှင်တတိယအဆင့်ကို ဟိုးနှစ်တစ်ထောင်ကတည်းက ရောက်နေတာ။ ငါက သူ့ရဲ့…” ရန်ကိုင် ကြောက်သွားသည်ဟု ထင်ကာ သက်လတ်ပိုင်းလူကြီးသည် သူနှင့် အကြီးအကဲမိုကြားမှ ဆက်ဆံရေးကို ထုတ်ပြောကာ ရန်ကိုင်အား ခြိမ်းခြောက်ရန် လုပ်လိုက်လေသည်။
“အခွင့်အရေးရရင် ကျုပ်ကိုယ်တိုင် အကြီးအကဲမိုဆိုတဲ့လူဆီ သွားပြီး နည်းနည်းပါးပါး နည်းသွားနာလိုက်ဦးမယ်။ ဒါပေမယ့် အဲ့အချိန် ခင်ဗျားတော့ ရှိတော့မှာ မဟုတ်ဘူး” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား ပြီးအောင်ပြောခွင့်ပင် မပေးဘဲ နောက်ထပ် လေဟာနယ်ဓါးသွား တစ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။
လေဟာနယ်ဓါးသွားသည် လေထုကို ဖြတ်သန်းလျက် သက်လတ်ပိုင်းလူကြီး၏ တုန်လှုပ်ခြောက်ခြားနေသည့် အကြည့်အောက်တွင် သူ့ခန္ဓာကိုယ်ကို တိုဖူးတစ်တုံးနှယ် ပိုင်းဖြတ်သွားခဲ့လေသည်။ သူပြင်ဆင်ထားသည့် အကာအကွယ် မှော်ရတနာ၊ သူတော်စင်ချီ အကာအကွယ်တို့သည့် လေဟာနယ်ဓါးသွားအား နည်းနည်းမျှပင် မခုခံနိုင်ခဲ့ချေ။
သူ့ခန္ဓာကိုယ် အနည်းငယ်ပုသွားပြီး ပေါ့ပါးသွားသလို သက်လတ်ပိုင်းလူကြီး ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ့ရင်ဘတ်မှနေ၍ ရေပြင်ညီအတိုင်း သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရသည်။ သူထအော်လိုက်သည့် အချိန်မှာပဲ နတ်ဆိုးမီးတောက်တို့ ထတောက်လာပြီး သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းပစ်သွားခဲ့လေသည်။ အသက်သုံးရှိုက်စာ ကြာပြီးနောက် သက်လတ်ပိုင်းလူကြီး မရှိတော့ဘဲ သူ့နေရာတွင် ပြာမှုန်များသာ ကျန်ရစ်တော့လေသည်။
သက်လတ်ပိုင်းလူကြီး ပျောက်ကွယ်သွားသည့် နေရာဆီကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်လိုက်သည်။ သူပျော်လည်းပျော်သလို စိုးလည်း စိုးရိမ်နေမိသည်။
တစ်လကျော်ကြာအောင် လေ့ကျင့်ပြီးနောက် သူ့လေဟာနယ်ဓါးသွားသည် ရန်သူနှင့် တိုက်ခိုက်ရာတွင် အသုံးပြုလာနိုင်သည်အထိ အားကောင်းလာခဲ့သည်။ စွမ်းအားမှာလည်း အလွန်ပြင်းပေသည်။ လေဟာနယ်ဓါးသွားကို သူတော်ချီဖြင့် အာရုံခံရန်လည်း အလွန်ကိုမှ ခက်ခဲလှပေသည်။ သို့သော်လည်း အားနည်းချက်သည်ကား လေဟာနယ်ဓါးသွားကို အလွယ်တကူ ရှောင်နိုင်ခြင်းဖြစ်သလို ပစ်မှတ်ကို ချိန်ရခက်ခြင်းပင်။ ရန်ကိုင်မှာ သေသေချာချာ အာရုံစိုက်ထားသည့်တိုင် လေဟာနယ်ဓါးသွား ဖြတ်သွားသည့် လမ်းကြောင်းကို တိကျစွာ မထိန်းချုပ်နိုင်ခဲ့ချေ။
သက်လတ်ပိုင်းလူကြီး ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူလိုက်သည့်အခိုက် သူ့အပေါင်းအပါများကို လှမ်းအကြောင်းကြားတော့မည်မှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီးအား တစ်ချက်တည်း သတ်နိုင်ရန်အတွက် လေဟာနယ်ဓါးသွားကို ပစ်လွှတ်လိုက်သည်။ သို့သော်လည်း လေဟာနယ်ဓါးသွားသည် သူပစ်လွှတ်လိုက်သည့် လမ်းကြောင်းမှာ ချော်ထွက်သွားသဖြင့် သက်လတ်ပိုင်းလူကြီး၏ လက်တစ်ဖက်ကိုသာ ဖြတ်ပစ်လိုက်နိုင်ခဲ့သည်။ ကံကောင်းစွာဖြင့် လေဟာနယ်ဓါးသွား ထိမှန်သွားသည့်လက်သည် ဆက်သွယ်ရေးမှော်ရတနာကို ကိုင်ထားသည့်လက် ဖြစ်နေခဲ့သည်။ မဟုတ်လျှင် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ အခြား တပည့်များ သိသွားပေရော့မည်။
ဒုတိယတစ်ကြိမ်တွင်လည်း အတူတူပင်။ လူကိုမထိဘဲ လက်ကိုသာ သွားထိသည်။
သူ့ရည်ရွယ်ချက်သည် သက်လတ်ပိုင်းလူကြီးကို တစ်ခါတည်း သတ်ပစ်ရန်ပင်၊ သို့သော် တစ်ချက်တည်း မသတ်နိုင်ဘဲ လက်နှစ်ဖက်သာ ဖြတ်ပစ်လိုက်နိုင်ခဲ့သည်။ တတိယအကြိမ်ကမူ ပို၍ ကောင်းလာခဲသည်။ သို့သော် ရန်ကိုင် ထိစေချင်သည့်နေရာသို့ တိတိကျကျ ထိမှန်သွားခြင်း မရှိခဲ့ချေ။
သို့တိုင် လေဟာနယ်ဓါးသွား၏ စွမ်းအားမှ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းသည် လမ်းတစ်လျှောက်တွင် ရှိနေသော အရာအားလုံးကို ဝါးမြိုပစ်နိုင်သည်။ ထိုလေဟာနယ် ဓါးသွားသာ တည်ငြိမ်နေသရွေ့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်ကိုပင် ပိုင်းဖြတ်နိုင်လောက်ပေသည်။
လေဟာနယ်ဓါးသွား၏ စွမ်းအားကို အစစ်အမှန်တိုက်ပွဲဖြင့် စမ်းသပ်ပြီးသည့်နောက် ရန်ကိုင် အတော်လေး ကျေနပ်သွားခဲ့သည်။ အားနည်းချက်ဖြစ်သော တည်ငြိမ်မှုနှင့် တိကျမှုတို့မှာ မူကား သူ့ခွန်အား မြင့်တက်လာသည်နှင့်အမျှ ထိုအရာများကို တဖြည်းဖြည်း ပြင်ဆင် လာနိုင်ပေလိမ့်မည်။ ထိုတိုက်ကွက်သည် သူ၏ အကောင်းဆုံး ဝှက်ဖဲများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။
ပြဿနာကို ရှင်းထုတ်ပြီးနောက် သက်လတ်ပိုင်းလူကြီး ကျကျန်ခဲ့သည့် သိုလှောင်လက်စွပ်ကို ကုန်းကောက်လိုက်သည်။ ထို့နောက် ယခင်နေရာသို့ ပြန်သွားပြီး အကြွင်းအကျန်များကို ရှင်းလိုက်သည်။ အလောင်းများကို မီးရှို့ပြာချပစ်လိုက်ပြီးနောက် ထူးဆန်းသော လေဟာနယ်ကို စိုက်ကြည့်နေလိုက်သည်။ ခဏကြာပြီးသည့်နောက် သက်ပြင်းတစ်ချက်ချလျက် ထူးဆန်းသော လေဟာနယ်ကို ဖြတ်ကာ လျှိုမြောင်၏ အခြားတစ်ဖက်ဆီသို့ လမ်းလျှောက် သွားလိုက်လေသည်။
ဤနေရာတွင် ဆက်နေစရာ မလိုတော့ချေ။ အစကမူ ဤနေရာတွင် နောက်ထပ် နှစ်ရက်၊ သုံးရက်လောက် ဆက်နေဦးမလို့ပင်။ သို့သော်လည်း ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ တပည့် လေးယောက်၏ နှောင့်ယှတ်ခြင်း ခံရပြီးနောက် ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။
နေ့တစ်ဝက်ကြာပြီးနောက် ဧရာမကျောက်တုံးကြီး တစ်တုံးအောက်တွင် ရန်ကိုင် ရပ်လိုက်သည်။ ဤကျောက်တုံးသည် သဲမီးတောက်နယ်မြေ၏ အပူဓါတ်ဖြင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် မီးဖုတ်ခြင်း ခံထားရသည့်အတွက် ကျောက်တုံး တစ်တုံးလုံး ရဲရဲတောက်နီနေခဲ့သည်။ ကျောက်တုံးအတွင်းပိုင်းတွင် မည်သည့် အညစ်အကြေးမှ မရှိတော့ဘူးဟု ဆိုလျှင်ပင် မမှားချေ။ ဆိုရလျှင်မူကား ဤကျောက်တုံးကို ပန်းပဲထုရာတွင်ပင် အသုံးပြုနိုင်ပေသည်။ ဤကျောက်တုံးကို ပန်းပဲပညာရှင်တစ်ယောက်ဆီ ယူသွားပါက သူတော်စင် မှော်ရတနာအချို့ ပြုလုပ်နိုင်ပေလိမ့်မည်။
သို့သော် သူတော်စင်အဆင့် လက်နက်များသည် ရန်ကိုင်အတွက် အသုံးမဝင်တော့ချေ။ ကျောက်တုံးအောက်တွင် လူတစ်ယောက်ထိုင်စာ အပေါက်ကလေးတစ်ပေါက် ရှိနေခဲ့သည်။ ရန်ကိုင်သည် ထိုအပေါက်ထဲတွင် ထိုင်ချလိုက်ပြီးနောက် ကောင်းကင်တိုက်ပွဲအစည်းအရုံး တပည့်လေးယောက်၏ သိုလှောင်လက်စွပ်များကို စတင် စစ်ဆေးကြည့်လေသည်။
သိုလှောင်လက်စွပ်များကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ထိတ်လန့်သွားခဲ့ရသည်။
ထိုလေးယောက်တွင် မည်သည့် ထူးထူးခြားခြား အဖိုးတန်ရတနာမျှ မရှိသော်လည်း သူတို့ ရှာဖွေထားသည့် ဆေးပင်များ၊ မီးတောက်သလင်းကျောက်များနှင့် ရှားပါသတ္တပမာဏမှာ အလွန်ကိုမှ များပြားနေခဲ့သည်။ သိုလှောင်လက်စွပ် တစ်ကွင်းချင်းစီတိုင်းသည် လူခုနှစ်ယောက်၊ ရှစ်ယောက် ရှာစာနှင့် ညီမျှနေခဲ့သည်။
ထိုလေးယောက် ထိုမျှ ကံမကောင်းနိုင်။ လူသတ်၊ ဓါးပြတိုက်ပြီး ရှာခဲ့ခြင်းသာ ဖြစ်ရမည်။ ယခု သူတို့ရှာထားခဲ့သမျှ အရားအားလုံး ရန်ကိုင် လက်ထဲသို့ ရောက်လာခဲ့လေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၁၂)
အကုန်လုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းပြီးနောက် ကျောက်တုံးအောက် တင်ပလင်ခွေထိုင်ကာ အနားယူလိုက်သည်။
လျှိုမြောင်ထဲတွင် တစ်လကျော်ကြာအောင် လေ့ကျင့်ခဲ့ပြီး တိုက်ပွဲတစ်ပွဲလည်း တိုက်ခိုက်ခဲ့ရသည်။ ထိုတိုက်ပွဲတွင် အားများများစားစား မသုံးလိုက်ရသော်လည်း ရုတ်တရက် ထွက်ပေါ်လာနိုင်သော မမျှော်လင့်ထားသည့် အန္တရာယ်များအတွက် အမြဲတမ်း အဆင့်သင့် ဖြစ်နေချင်ပေသည်။
နာရီဝက်ကြာပြီးနောက် ရန်ကိုင် မျက်လုံး ပြန်ပွ၍့်လာခဲ့သည်။
ကျောက်တုံးအောက်ရှိ တွင်းပေါက်ထဲမှ ထွက်တော့မည်အပြု မီးခိုပုံရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုမီးခိုးရောင်အရာလေးသည် သေးသေးနှင့် အလွန်ကိုမှ မြန်ဆန်လှပေသည်။ မီးစုန်းလောက် မမြန်သော်လည်း အတော်လေးကို မြန်သည်ဟု ပြော၍ရသည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုမီးခိုရောင်သည် မြေခွေးလေး တစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မြေခွေး၏ အကြည့်သည် ထက်ရှ၍ ကောက်ကျစ် ဥာဏ်များသော အသွင်အပြင်ကို ပေးစွမ်းနေသည်။ ကိုယ်ခန္ဓာတစ်ဝိုက် လှည့်ပတ်နေသော လေဓါတ် အရှိန်အဝါကြောင့် လျင်လျင်မြန်မြန် ရွေ့လျားနေနိုင်ခဲ့သည်။
ရန်ကိုင် အာရုံစိုက်နေသည့် အရာသည်ကား မြေခွေလေး ကိုက်ချီထားသည့် အသီးပင်။ အသီးသည် အနီရောင်တောက်နေပြီး သိပ်သည်းလှသော အပူဓါတ်ကို ထုတ်လွှတ်နေသည်။ နေမီးလျှံအသီးပင်လော။ ရန်ကိုင် မြေခွေးလေးနောက် ချက်ချင်း ပြေးလိုက်တော့လေသည်။
နေမီးလျှံအသီးသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အသီးတစ်လုံးဖြစ်ပြီး တန်ခိုးရှင်အဆင့် ဆေးတော်တော်များများ၏ အဓိကပါဝင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ဝူရီနှင့် အခြားသူများ၏ ကျင့်ကြံခြင်းကို တိုးတက်အောင် ကူညီပေးရန် စဉ်းစားထားသဖြင့် တန်ခိုးရှင်အဆင့် ဆေးအချို့ ဖော်စပ်ရန် ရန်ကိုင် ဆုံးဖြတ်ထားသည်။ ယခု ဆေးအမယ် တစ်ခုဖြစ်သော နေမီးလျှံအသီးကို တွေ့လိုက်ရသည် ဖြစ်လေရာ အလွယ်တကူ လက်မလွှတ်နိုင်ပါချေ။
ထို့အပြင် ထိုမြေခွေးလေးသည် အဆင့်(၆) မွန်းစတားသားရဲ တစ်ကောင်သာဖြစ်သည်။ မြေခွေး မည်မျှ မြန်ပါစေ၊ သူမှီအောင် လိုက်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့် ရှိသည်။
မွန်းစတားသားရဲ၏ ပါးစပ်မှ အသီးကို လုယူခြင်းသည် အနည်းငယ် ရယ်စရာ ကောင်းနေသည်။ သို့သော် ရန်ကိုင် ဂရုမစိုက်။ သူဂရုစိုက်သည်ကား နေမီးလျှံအသီးပင်။ နေမီးလျှံအသီး ဤနေရာတွင် ပေါ်လာသဖြင့် အနီးအနားတစ်နေရာတွင် နေမီးလျှံအသီးများ ပေါက်ရောက်နေသည့် နေရာတစ်နေရာ ရှိကိုရှိရပေမည်။ မြေခွေးလေးကို ဖမ်းမိလျှင် ထိုမွန်းစတားသားရဲကို နေမီးလျှံအသီးများ ရှိနေသည့် နေရာဆီ ဦးဆောင်သွားခိုင်းနိုင်သည်။
နေမီးလျှံအသီးသီးသည့် အပင်ကို နဂါးလိုဏ်ဂူတောင်ကြားတွင် ပြန်စိုက်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ရွှေရောင်သွေးစက် အကူအညီဖြင့် ဆိုပါက နေမီးလျှံအသီးပင်ကို ပြန်စိုက်ရန် ပြဿနာ မရှိလောက်ချေ။
ဤနေရာသည် သဲမီးတောက်နယ်မြေ၏ တတိယအလွှာဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ရှိနေသော အပင်အားလုံးသည် အလွန်ကိုမှ သက်တမ်းရင်နေကြပြီ ဖြစ်လေရာ ၎င်းတို့၏ တန်ဖိုးမှာလည်း ပြင်ပဈေးကွက်ထဲတွင် ရှိနေသည့် မည်သည့်အရာထက်မဆို ပိုမြင့်မည်မှန် သံသယရှိစရာ မလိုချေ။
ရန်ကိုင်လည်း မနှေးပါချေ။ မြေခွေးလေးကို သတိပြုမိသည်နှင့် ချက်ချင်း ထလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း မြေခွေးလေး၏ စွမ်းရည်ကို အထင်သေးမိသွားသည်။ သူထလိုက်သည့် အချိန်တွင် မြေခွေးလေးသည် သုံးကီလိုမီတာအကွာသို့ ရောက်နေခဲ့ပေပြီ။
ရန်ကိုင်လည်း ချက်ချင်းပဲ နေမီးတောက်တောင်ပံကိုထုတ်ကာ မြေခွေးလေးနောက် ပြေးလိုက်တော့သည်။ ဤသို့ဖြင့် ပြေးလိုက်နေခဲ့ရာ သူနှင့် မြေခွေးလေးကြားမှ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။
မြေခွေးလေးကို မှီခါနီးနေသည့် အချိန်မှပဲ ရုတ်တရက် တိုက်ခိုက်သံများကို ရန်ကိုင် ကြားလိုက်ရသည်။ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများအရ တိုက်ပွဲမှာ အတော်လေးကိုမှ ပြင်းထန်သည့်ပုံပင်။
ရန်ကိုင်သည် ပြဿနာရှာရသည်ကို မကြိုက်သဖြင့် ထိုတိုက်ပွဲ ဖြစ်နေသည့် နေရာကို ရှောင်ကွင်းသွားချင်သော်လည်း မြေခွေးလေးသည် တိုက်ပွဲတည့်တည့်ဆီသို့ ပြေးနေခဲ့သည်။ ဤမျှ ကြာအောင် လိုက်ဖမ်းခဲ့ရသည်ဖြစ်ရာ တစ်ဝက်တစ်ပျက်နှင့် လက်မလျှော့လိုက်ချင်သည့်အတွက် ရန်ကိုင်လည်း မြေခွေးလေးနောက်သို့ ဆက်လိုက်လေသည်။
သို့သော်လည် ခဏအကြာတွင် ရန်ကိုင် ကြောင်အသွားခဲ့ရသည်။ သူလိုက်ဖမ်းနေခဲ့သော မြေခွေးလေးသည် တိုက်ခိုက်နေကြသည့် လူနှစ်ယောက်ဆီသို့ ပြေးသွားပြီး မိန်းမငယ်လေး၏ ရင်ဘတ်ပေါ်သို့ ခုန်တက်သွားခဲ့လေသည်။
ထိုမြေခွေးလေးတွင် ပိုင်ရှင် ရှိနေခဲ့သည်။ ရန်ကိုင်မျက်နှာ ဆေးခါးကြီး စားလိုက်ရသည့်နှယ် မဲ့သွားခဲ့လေသည်။
အစောကြီးကတည်းကသာ သိခဲ့လျှင် ယခုကဲ့သို့ ခြေအညောင်းခံပြီး လိုက်ခဲ့မည်မဟုတ်။ ထိုမြေခွေးလေးတွင် ပိုင်ရှင်ရှိနေခဲ့သည်။ သူ့ပိုင်ရှင်သည် မြေခွေးလေးကိုလွှတ်ကာ ဆေးပင်များ လိုက်ရှာခိုင်းခြင်း ဖြစ်ရပေမည်။ ရန်ကိုင်သည် မြေခွေးလေးကို မတော်တဆတွေ့ပြီး မြေခွေးလေး ကိုက်ထားသော အသီးကို စိတ်ဝင်စားသဖြင့် ၎င်းနောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူ့လုပ်ရပ်သည် အလွယ်တကူ အထင်လွဲနိုင်သည့် လုပ်ရပ် ဖြစ်ပေသည်။
မြေခွေးလေးကိုယ်တိုင်ကလည်း တကယ်ကို အထင်ကြီးစရာ ကောင်းပေသည်။ ပိုင်ရှင်အတွက် နေမီးလျှံအသီးကိုပင် ရှာပေးနိုင်ခဲ့သည်။ ထို့အပြင် ၎င်း၏ ပုံစံအရ ယခု အကြိမ်သည် မြေခွေးလေးအတွက် ပထမဆုံးအကြိမ် မဟုတ်တော့သည့်ပုံပင်။
မြေခွေးလေး၏ ပိုင်ရှင်နှင့် တိုက်ခိုက်နေသည့်လူကား ရွှန်းစိုတောက်ပသော အဝတ်အစားကို ဝတ်ဆင်ထားသည့်လူ ဖြစ်ပေသည်။ ထိုလူကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ မဲ့နေသောမျက်နှာ ပိုမဲ့သွားခဲ့သည်။
သဲမီးတောက်နယ်မြေထဲသို့ ဝင်လာသော ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ အရေအတွက်မှာ အတော်လေး များသည့်ပုံပင်။ သူသွားသည့်နေရာတိုင်းတွင် ထိုကောင်များကို တွေ့နေရသည်။ မြစိမ်းရောင်ပိုးသား မြက်ပင်များကို ခူရန်လုပ်စဉ်ကလည်း ထိုကော်ငများနှင့် တွေ့သည်။ ကျောက်တုံးလိုဏ်ဂူတွင်လည်း ထိုဂိုဏ်းမှလူများနှင့် တွေ့သည်။ လျှိုမြောင်ထဲတွင် လေ့ကျင့်နေစဉ်ကလည်း ထိုဂိုဏ်းမှလူများနှင့် ထပ်တွေ့ခဲ့သည်။
မြေခွေးလေး ကိုက်ထားသော အသီးကို ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူလည်း မြင်သွားခဲ့သည်။ မြင်သွားသည်နှင့် ချက်ချင်းပဲ အလန့်တကြား ဆိုလိုက်လေသည် “နေမီးလျှံအသီးလား”
ပြောလိုက်ပြီးသည့်နောက် သူ့မျက်လုံးထဲ လောဘရိပ်တို့ တလက်လက် ထလာပြီး သူ့တိုက်ခိုက်မှုများမှာလည်း ပို၍ ခက်ထန်ကြမ်းတမ်းလာခဲ့သည်။
ရန်ကိုင် ရောက်လာသည့်အခါ အမျိုးသမး နိုးနိုးကြးကြား ဖြစ်သွားခဲ့သည်။ တိုက်ခိုက်နေရင်း ရန်ကိုင်ကိုပါ စောင့်ကြည့်နေရသည့်အတွက် တိုက်ပွဲအပေါ် အာရုံ အပြည့်အဝ မစိုက်နိုင်တော့ချေ။ တိုက်ခိုက်နေရင်း သေချာအာရုံမစိုက်နိုင်တော့သည့် အတွက် ချက်ချင်း အောက်စည်းသို့ ရောက်သွားခဲ့ရလေသည်။
ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်မူကား ရန်ကိုင်ကို မျက်လုံးထဲပင် မထည့်ချေ။ သူ့ပြိုင်ဘက် စိတ်အနှောင့်အယှတ် စိတ်ဓါတ် စစ်ဆင်ရေး လုပ်နေခဲ့သည် “ရုပ်ဆိုးမ၊ နင်ဘာလို့ ထွက်လာတာလဲ။ နင့်ရဲ့ အရုပ်ဆိုးဆိုးမျက်နှာကြီးကို သူများတွေမြင်အောင် အရမ်း ပြချင်နေတာလား။ အရုပ်ဆိုးနေရင်လည်း ကိုယ်ဘာသာ အိမ်တွင်းအောင်းနေပါလားလို့။ နင့်မျက်နှာကြီးကို လူတွေမြင်အောင် လုပ်ပြနေတာ သူများတွေအန်မှာ မကြောက်ဘူးလား။ ဘာလဲ၊ ငါပြောတာ မကြိုက်လို့လား။ မကြိုက်လည်း ဂရုမစိုက်နိုင်ဘူး။ ငါက အမှန်ကို ပြောနေတာ”
သူ့စိတ်ဓါတ်စစ်ဆင်ရေး အောင်မြင်သွားခဲ့သည်။ အမျိုးသမီးသည် သူပြောသည်ကို ကြားပြီးသည့်နောက် ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားခဲ့လေသည်။ ဒေါသရှေ့ထား ဒုက္ခများဆိုသလို စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်တော့သည့်အတွက် ဟာပေါက်များ ထွက်ပေါ်လာခဲ့ရကာ ပို၍ အောက်စည်းသို့ ရောက်သွားခဲ့ရသည်။
ရန်ကိုင်လည်း အမျိုးသမီး မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူမ မျက်နှာကို မြင်ပြီးနောက် သနားစိတ် ပေါက်သွားခဲ့သည်။
ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူပြောသည့် စကားမှ ယုတ်ရင့်ကြမ်းတမ်းသော်ငြား သူပြောသည်မှာ မမှားချေ။ အမျိုးသမီးသည် အမှန်တကယ်ကို ဆွဲဆောင်မှုမရှိချေ။
သူမအား ဆွဲဆောင်မှုမရှိဟု ဆိုခြင်းမှာ အတော်လေး လျော့ပေါ့ပြောပေးရာ ရောက်နေပေပြီ။ သူမ၏ ခန္ဓာကိုယ်ယ် တကယ်ကို အမိုက်စားပင်။ မြင်လိုက်သူတိုင်း သားရေကျချင်စရာ ခန္ဓာကိုယ်မျိုးပင်။ သို့သော်လည်း မျက်နှာမှာမူကား ကျောက်ပေါက်၊ အမာရွတ်၊ ဝက်ခြံများဖြင့် ပြည့်နေခဲ့သည်။ ထိုမျှသာမကသေး မျက်နှာ အသားအရောင်မှာလည်း ဝါကြင့်ကြင့် ဖြစ်နေခဲ့လေသည်။ သူမ၏ ပန်းနုရောင်အသားအရေလေးနှင့် မိုးနှင့်မြေပမာ ကွာခြားလှသည်။
နှလုံအားနည်းသည့် လူများသာ သူမ မျက်နှာကိုမြင်လျှင် လန့်ဖြန့်ပြီး တစ်ခါတည်း တန်းသတိလစ်သွားနိုင်ပေသည်။
သူမ မျက်နှာကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီးသည် အလှထိပ်ခေါင်တစ်ဦး ဖြစ်မည်မှာ မလွဲမသွေပင်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအမျိုးသမီးသည် မွေးကတည်းကများ ထိုကဲ့သို့ မွေးလာခြင်းလား၊ မွေးပြီးမှ တစ်ခုခုဖြစ်ပြီး ထိုကဲ့သို့ ဖြစ်သွားခြင်းလား ရန်ကိုင် ခွဲမရ ဖြစ်နေခဲ့သည်။ သို့သော် မည်သို့ပင် ဖြစ်ပါစေ ထိုရုပ်ရည်မှ သူမ အထိမခံနိုင်သည့်အရာတစ်ခု ဖြစ်နေသည်မှာ ထင်ရှားသည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူသည် သူမ၏ ရုပ်ရည်ကို အဆက်မပြတ် ပုတ်ခတ်ရင်း အမျိုးသမီး ဒေါသထွက်အောင် လုပ်နေခဲ့သည်။
ထို့ကြောင့်သာ မဟုတ်လျှင် ထိုကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူကို သူမ ပြန်သတ်ကောင်း ပြန်သတ်နိုင်လောက်သည်။
အမျိုးသမီးသည် အဖြူရောင်ပိုးသားမျှင် ကဲ့သို့သော မှော်ရတနာတစ်ခုကို အသုံးပြုနေခဲ့သည်။ နှစ်ယောက်သား တိုက်ပွဲကြား အဖြူရောင် အလင်းတန်းများ တဖျက်ဖျက် လက်နေပြီး တရွှီရွှီ မြည်သံများလည်း ထွက်ပေါ်နေခဲ့သည်။ သို့တိုင် အမျိုးသမီးသည် မရှုံးရုံတမယ် မနည်းတိုက်ခိုက်နေခဲ့ရသည်။
ထိုနှစ်ယောက် မည်သည့်အကြောင်းကြောင့် တိုက်ခိုက်နေသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ထိုတိုက်ပွဲတွင် ဝင်မပါချေ။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူများကို ကြည့်မရသော်လည်း တစ်ဖက်လူသာ သူ့အား အရင်လာရန်မစပါက ရန်ကိုင်ကလည်း သွား၍ ရန်စလိမ့်မည် မဟုတ်ချေ။ သူ့အား ရန်လာစသည့်လူတိုင်း သေရပေမည်။
ထို့အပြင် နေမီးလျှံအသီးကို ရှာတွေ့သွားသည့် မြေခွေးလေးသည် အမျိုးသမီး၏ မွန်းစတားသားရဲ ဖြစ်နေသည့်အတွက် ထိုသားရဲကို ဖမ်းမည့်အတွးကို ရန်ကိုင် လက်လွတ်လိုက်လေပြီ။
သူ့ဘက်က ဝင်မပါချင်သော်လည်း ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူသည် အမျိုးသမီးနှင့် တိုက်ခိုက်နေရင်း ရန်ကိုင်အား လှမ်းအော်ပြောလိုက်သည် “ကောင်လေး၊ ဒီမိန်းမရုပ်ကို မင်းဘယ်လိုထင်လဲ။ သူ့ကို ရုပ်ဆိုးတယ်လို့ ပြောတာတောင် တော်တော်လေး မျက်နှာသာပေးရာ ရောက်နေပြီ၊ ဟုတ်တယ်မလား။ မင်းလည်း နည်းနည်းပါးပါး ဝင်ပြောစမ်း၊ ဒီဦးလေး မင်းကို ဆုပေးမယ်”
ရန်ကိုင်ကိုသုံးပြီး အမျိုးသမီးကို ပိုဒေါသထွက်အောင် လုပ်ချင်သည့်ပုံပင်။ ထိုလူပြောသည်ကို ကြားပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဝင်မပါမည့် အတွေးကို လက်လျှော့လိုက်ပြီး ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူကို စိုက်ကြည့်လိုက်သည်။
အမျိုးသမီး၏ အကြည့်သည့် ရန်ကိုင်ဆီ အလိုလို ရောက်လာခဲ့သည်။ သူမ၏ နှုတ်ခမ်းများကို ကိုက်ထားလွန်းသဖြင့် နှုတ်ခမ်းများပင် ဖြူဖတ်ဖြူလျော် ဖြစ်နေလေပြီ။ သူမ ကြည့်ရသည်မှာ ရန်ကိုင် သူမအား လာလှောင်မည်ကို စိုးရိမ်နေသည့်ပုံပင်။
သူမ၏ ရုပ်ရည်ကို ထိုမျှပင် ဂရုစိုက်လေသလော။ ရန်ကိုင် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူနှင့် ပေါင်းကာ သူမအား လှောင်ပြောင်မည်ကို အမျိုးသမီး ကြောက်နေခြင်းပင်။
အမျိုးသမီး ဘာတွေးနေလဲ သူမသိ။ သို့သော် သူ့အတွက်မူ အမျိုးသမီး မည်မျှ ရုပ်ဆိုးပါစေ၊ ယခုထက် အဆပေါင်းများစွာ ပိုအရုပ်ဆိုးနေပါစေ သူ့ကိစ္စမဟုတ်။
သို့သော်လည်း ရန်ကိုင် ဘာမှမပြောသည်ကို မြင်လိုက်ရမှပဲ အမျိုးသမီး သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ သူမ၏ တိုက်ခိုက်မှုများသည် ပိုပို၍ ကြမ်းတမ်းပြင်းထန်လာခဲ့ပြီး မကြာမီ သူ့ပြိုင်ဘက်၏ တိုက်ပွဲဝင်ပုဆိန်ကို ရစ်ပတ်သွားနိုင်ခဲ့သည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူသည် သူ့ပုဆိန် ရစ်ပတ်သွားခံရသည်ကို မြင်သော် သူ့လက်နက်ကို အလျင်အမြန် ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အချည်းနှီးသာ။ သူ့လက်နက် ပါသွားတော့မည်ကို မြင်သော် ချက်ချင်းပဲ သူတော်စင်ချီကို အသည်းအသန် ရစ်ပတ်ကာ လက်နက်ကို ပြန်ဆွဲယူလိုက်သည်။
ကံကောင်းပြီး သူ့လက်နက်ကို ပြန်ရလိုက်နိုင်သည်။ ဤသို့ဖြင့် ဆက်လက် တိုက်ခိုက်နေရာ တိုက်ပွဲသည် သူမသာ ကိုယ်မသာ ဖြစ်နေခဲ့သည်။ တိုက်ပွဲအရှိန် မြင့်လာခဲ့ပြီး နှစ်ဖက်စလုံး အသည်းအသန် ရေကုန်ရေခမ်း တိုက်ကြလေသည်။
“ကောင်လေး၊ မင်းအနေတာလား။ ဒီဦးလေး မင်းကို မေးခွန်း မေနေတာ ဘာလို့ ပြန်မဖြေတာလဲ” ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ။
ထိုအမျိုးသမီးကို အနိုင်မယူနိုင်သေးသည့်အတွက် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူသည် ရှက်ရှက်ဖြင့် ရန်ကိုင်အား လှမ်းအော်လေသည်။
ရန်ကိုင်က အပြုံးယဲ့ယဲ့လေးပြုံးလျက် တိုက်ပွဲဆီ လမ်းလျှောက်သွားလိုက်သည်။
ရန်ကိုင် ဘာလုပ်ချင်နေမှန်း မသိရာ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူနှင့် အမျိုးသမီးသည် သူတို့ဆီ လမ်းလျှောက်လာနေသော ရန်ကိုင်အား ငေးကြောင်ကြောင့်ဖြင့် စိုက်ကြည့်နေလိုက်သည်။
သို့သော်လည်း မကြာမီ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူက ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်မံ အော်ပြောလိုက်သည် “ကောင်လေး၊ မင်းအအ၊ မအအ ငါဂရုမစိုက်ဘူး။ ဒီမိန်းမကို ကူသတ်ပေးမယ်ဆိုရင် ငါမင်းကို ဆုကောင်းကောင်းချမယ်”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူမနှင့် ထိုလူသည် လက်ရည်တူနေခဲ့သည်။ သို့သော် အပြင်လူ တစ်ယောက်သာ ဝင်ပါမည်ဆိုပါက ထိုမျှခြေ ကျိန်းသေ ကျိုးပျက်သွားပေလိမ့်မည်။
ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည့်အတွက် သူတိုက်ခိုက်မည်ကို သူမ မကြောက်။ အမျိုးသမီး ကြောက်နေသည်ကား ရန်ကိုင်ကြောင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ သူ့ပုဆိန်အား ပြန်ယူသွားနိုင်မည်ကိုပင်။ ထိုသို့ဆိုလျှင် သူမ အားစိုက်ထားခဲ့ရသမျှအားလုံး ရေစုန်မျောရပေလိမ့်မည်။
ထို့ကြောင့် သူမ အတော်လေး စိုးရိမ်နေမိသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် သူတို့ကြား တိုက်ပွဲတွင် ဝင်ပါမည့်ပုံမပေါ်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ၏ စကားကို ခေါင်းခါပြလိုက်သည်။ သူမစိတ်ထဲ ရန်ကိုင်အား ကျေးဇူးတင်မိသွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၁၃)
ရန်ကိုင်က သူ့ကမ်းလှမ်းချက်အား ငြင်းလိုက်သော် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူက အေးစက်စက် အမူအရာဖြင့် လှောင်ပြောင်ပြောဆိုလိုက်လေသည် “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ငအနဲ့ ရုပ်ဆိုးမ၊ တကယ်ကို လိုက်လည်းလိုက်တဲ့စုံတွဲ။ မင်းတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးလို့ရအောင် ငါကြားဝင်ပြီး အောင်သွယ်တော် လုပ်ပေးရမလား”
အမျိုးသမီး၏ မျက်နှာ နီမြန်းသွားခဲ့သည်။ ပြီးသည်နှင့် ချက်ချင်းဆိုသလို ဖြူလျော်သွားခဲ့ပြီး ဒေါသထလာခဲ့လေသည်။ ‘ရုပ်ဆိုးမ’ဆိုသော စကားကို ကြားလိုက်ချိန် တဖြည်းဖြည်း တည်ငြိမ်သွားပြီ ဖြစ်သော သူမ၏စိတ် တစ်ဖန်ပြန်လည် မတည်မငြိမ် ဖြစ်လာခဲ့ရသည်။
“ကျုပ်မှာ မိန်းမရှိပြီးဘူး။ ကျုပ်ကိစ္စကို ခင်ဗျား စိတ်ပူစရာ ဘာသောက်ကြောင်းမှ မရှိဘူး” ရန်ကိုင်က ရုတ်တရက် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားကြားချင်း ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ ကြောင်သွားသည်။ ထို့နောက် ဝါးလုံးကွဲအော်ဟစ်ရယ်မောလျက် “လတ်စသတ်တော့ မင်းက ငအမဟုတ်ဘူးပဲ။ ကဲကဲ၊ ငါဘာမှမပြောဘူးလို့ပဲ ထားလိုက်ပါလေ။ မင်းသောက်ကြောင်းမရှိရင် အခု ထွက်သွားလို့ရပြီ”
ရန်ကိုင် သူ့အပေါ် ရန်လိုနေသည်ကို ခံစားမိပေသည်။ ရန်ကိုင်ကို မကြောက်သော်လည်း သတိတော့ ပေးလိုက်ပေသေးသည်။
သို့သော်လည်း ရန်ကိုင်က မထွက်သွားသည့်အပြင် သူ့ကိုပါ တိုက်ခိုက်ရန် လုပ်လာလိမ့်မည်ဟု ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ မည်သို့ ထင်ထားမည်နည်း။ ရန်ကိုင်က နတ်ဆိုးမီးတောက်ဖြင့် ဓါးတစ်ချောင်း ဖန်တီးလိုက်သည်ကိုမြင်သော် ထိုကျင့်ကြံသူက အလန့်တကြား ထအော်ပြောလေသည် “ဘာလဲ။ မင်းငါ့ကို လာတိုက်ချင်နေတာလား။ မလုပ်ချင် သေချာပြန်စဉ်းစားနော်။ ငါ့ကို လာတိုက်ရင်တော့ မင်းသေပြီပဲ”
“ငါတကယ် မသေချင်ဘူး။ ဒါပေမယ့် မင်းကတော့ သေရတော့မယ်။ မင်းပါးစပ်ပုပ်ကြီးက ထွက်တဲ့အနံ့ကို ဟိုးဆယ်မိုင်အကွာကနေတောင် ငါရနေတာ။ ဒါကြောင့် ဒီအပုပ်ဆိုးကြီးကို အပြီးတိုင် ဖယ်ရှားဖို့အတွက် မင်းကို သတ်ရတော့မယ်” ရန်ကိုင်က နတ်ဆိုးမီးတောက်ဓါးဖြင့် ခုတ်ပိုင်းလိုက်ရင်း ပြောလိုက်လေသည်။
ရန်ကိုင်သည် နတ်ဆိုးမီးတောက်ဖြင့် ဖွဲ့စည်းထားသော မဟာကောင်းကင်ဓါးဖြင့် ဓါးချက်ပေါင်းများစွာကို ထုတ်လွှတ်ကာ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ၏ ပြေးပေါက်အားလုံးကို ပိတ်ဆို့လိုက်လေသည်။
ရန်ကိုင် သူ့တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။ ရန်ကိုင် တိုက်ကွက်တွင် ပါဝင်သော စွမ်းအင်ကို သူသေချာ ခံစားမိပေသည်။ ထိုစွမ်းအားသည် သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်သော စွမ်းအားမျိုး မဟုတ်ချေ။ ရုပ်ဆိုးမနှင့် အေးအေးဆေးဆေး မတိုက်ခိုက်နိုင်တော့သဖြင့် သူ့ကောင်းကင်ပုဆိန်ဆီမှ သူတော်စင်ချီကို ပြန်ရုတ်သိမ်းလျက် သူ့ရှေ့တည့်တည့်တွင် ဒိုင်းကာတစ်ခု ဖန်တီးလိုက်လေသည်။
ဘုန်း… ဘုန်း… ဘုန်း…
ဓါးလှိုင်းနှစ်ချက်နှင့်ပင် ထိုကျင့်ကြံသူ ဖန်တီးထားသည့် သူတော်စင်ချီ အကာအကွယ် ပျက်စီးသွားသည်။ အကာအကွယ် ပျက်စီးသွားပြီးနောက် ကျန်ဓါးလှိုင်းများသည် ကောင်းကင် တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူဆီသို့ ဆက်လက် တိုးဝင်သွားခဲ့လေသည်။
ဓါးချက်များ သူ့ဆီ တိုးဝင်လာသည်ကို မြင်သော် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ ကမန်းကတန်း ရှောင်တိမ်းရန် လုပ်လိုက်သည်။ သို့သော်လည်း သူနှင့် တိုက်ခိုက်နေသော အမျိုးသမီးက ပိုးမျှင် မှော်ရတနာထဲသို့ သူတော်စင်ချီ ထပ်မံ ထည့်သွင်း၍ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူကို ပိုးမျှင်ဖြင့် ချုပ်နှောင်လိုက်လေသည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူလည်း သူတော်စင်ချီကို အဆုံးစွန်ထိ ပို့လွှတ်၍ အကာအကွယ် မှော်ရတနာကို အဆင့်မြှင့်တင်လိုက်သည်။ သို့တိုင် ပိုးမျှင်များသည် သူ့အား ဖြတ်တောက်သွားဆဲ။ ရွှစ်… ရွှစ်… မြည်သံများနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထက် သွေးစင်းရာများစွာ ထွက်ပေါ်လာခဲ့လေသည်။
“မဟုတ်ဘူး…” ထိုလူ သွေးရူးသွေးတန်း အော်ဟစ်လိုက်လေသည်။ ပြီးသည့်နောက် သူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားခဲ့သည်။ အပိုင်းပိုင်း ဖြစ်နေသော သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ မြေပေါ်သို့ မကျသေးခင်မှာပဲ ရနက်ိုင်၏ နတ်ဆိုးမီးတောက်ဓါးသည် ထိုအသားများကို လောင်ကျွမ်းပစ်သွားခဲ့လေသည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူသည် ရန်ကိုင်နှင့် အမျိုးသမီးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အသက်တစ်ရှိုက်စာပင် မတောင့်ခံနိုင်ခဲ့ချေ။ ထိုရလဒ်နှင့် ပက်သက်၍ ရန်ကိုင် အံ့အားသင့်မနေခဲ့။ ထိုအမျိုးသမီး၏ အကူအညီ မပါလျှင်ပင် ထိုကောင်ကို သူတစ်ယောက်တည်း သတ်နိုင်ပေသည်။
သို့သော်လည်း အမျိုးသမီး အသုံးပြုနေသည့် ပိုးမျှင် မှော်ရတနာ၏ စွမ်းအားမှာ သူထင်ထားသည်ထက်ကို ကျော်လွန်နေသည်။ ထိုပိုးမျှင် ထိုမျှ အားကောင်းမှန်း သိခဲ့လျှင် ဓါးချက်များစွာ ခုတ်ပိုင်းခဲ့လိုက်မည် မဟုတ်ချေ။
အမျိုးသမီးသည်လည်း ရန်ကိုင် ပြသခဲ့သည့် စွမ်းအားအပေါ် အတော်လေး အံ့ဩမှင်သက်နေမိသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူကို သတ်ပြီးနောက် ရန်ကိုင်အား အလန့်တကြား လှမ်းကြည့်လိုက်သည်။
အမျိုးသမီး၏ ခန္ဓာကိုယ်သာလျှင် မဟုတ်ဘဲ သူမ၏ မျက်လုံးများသည်လည်း အလွန်ကိုမှ ဆွဲဆောင်မှုရှိကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ သူမ၏ မျကနှာကိုအုပ်ပြီး မျက်လုံးကိုသာ ဖော်ထားလျှင် အမျိုးသမီးသည် ယောကျာ်းသားများကို ရူးသွပ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူမ၏ ရုပ်ရည်သည်ကား… ဟူး။ ဆိုးလိုက်သည့် ကံပေတည်း။ ရန်ကိုင် တွေဂလိုက်သည်။ သို့သော်လည်း ထုတ်တော့မပြောချေ။
“ကျေးဇူးအများကြီး တင်ပါတယ်” ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူကို သတ်ပြီးနောက် အမျိုးသမီး သက်ပြင်းအမောကြီး ချလိုက်သည်။ ထိုသို့ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည့်အခိုက် မို့မောက်ဖွံ့ထွားသော သူမ၏ ရင်အစုံ နှိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့သည်။ သွားရေယိုစရာ မြင်ကွင်းပင်တည်း။ ရန်ကိုင်အား အသာအယာ ဦးညွှတ်လိုက်ပြီးနောက် အားတင်း၍ ပြုံးလိုက်သည်။ သူမ၏ အပြုံးသည် ရင်ထဲမှ နှစ်နှစ်ကာကာ ကျေးဇူးတင်သည့် အတွက်ကြောင့် ပြုံးလိုက်သည့်အပြုံး ဖြစ်သော်လည်း မြင်ရသူဖို့အကား အတော်လေးကို ခံစားရခက်လှပေသည်။
သူမ၏ မျက်နှာနှင့်မတူညီစွာ၊ အသံကလေးမှာ အလွန်ကိုမှ နာဝင်ချိုလှပေသည်။
“ဘာမှမဟုတ်ပါဘူး။ ဒီကောင့်ကို ကြည့်မရလို့ ဝင်တိုက်လိုက်တာ” ရန်ကိုင်က အသာအယာ ပြန်ပြောလိုက်သည်။
“ဒီကိစ္စက ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့သာ မှတ်ထားလိုက်။ ဒီအကြောင်းကို အခြား ဘယ်သူ့ကိုမှလည်း ကျွန်မ ပြန်ပြောမှာမဟုတ်ဘူး။ သူ့ကို သတ်လိုက်တဲ့လူက ကျွန်မပဲ။ ရှင်နဲ့ ဘာမှမဆိုင်ဘူး။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးက လက်သည်ကို လိုက်ရှာမယ် ဆိုရင်တောင် ရှင်နဲ့ဘာမှမဆိုင်သလိုသာနေ” အမျိုးသမီးက ပြောလိုက်သည်။ သူမပဲ ဤကိစ္စတစ်ခုလုံးကို တာဝန်ခံလိုက်လေသည်။ ထို့ကြောင့် ရန်ကိုင်လည်း သူဝင်ပါလိုက်သည်မှာ မှန်သွားသည်ဟု တွေးထင်သွားခဲ့ရသည်။
စကားပြောနေစဉ် အမျိုးသမီးက ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီး ရန်ကိုင်ဆီ ပစ်ပေးကာ ပြောလိုက်သည် “ရှင်ယူလိုက်”
ရန်ကိုင်လည်း ယဉ်ကျေးမနေဘဲ ချက်ချင်း သိမ်းယူထားလိုက်လေသည်။
အမျိုးသမီးက တစ်ချက် စဉ်းစားလိုက်ပြီး ရင်ဘတ်ဆီမှ အသီးကိုယူကာ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည် “ရှင်ဒါနောက် လိုက်လာတာမလား”
ရန်ကိုင်က အသီးကို ဖမ်းလိုက်ပြီး ရှက်ရှက်ဖြင့် ပြုံးကာ “အဲ့ကောင်ကို ခင်ဗျား မွေးထားမှန်း ကျုပ်မသိလိုက်ဘူး”
အသီလေးမှာ နွေးနေသည်။ အသီး၏ ပင်ကိုယ်ကပဲ နွေးနေသလား။ အမျိုးသမီးမှ သိမ်းထားလိုက်သည့် အတွက်ကြောင့်ပဲ နွေးနေရခြင်းလား ရန်ကို်မသိ။ သို့သော်လည်း အသီးဆီမှ ထွက်ပေါ်နေသော သင်းပျံ့သည့် ရနံ့လေးသည် ရှူရှိုက်မိသူတိုင်း၏ စိတ်ကို လန်းဆန်းသွားစေနိုင်ပေသည်။
“ကျွန်မ သိတယ်” အမျိုးသမီးက ခေါင်းညိတ်လိုက်သည် “စိတ်ဝိဥာဉ်မြေခွေးတွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးမပြုနိုင်ပေမယ့် သူတို့တွေက အဖိုးတန် စိတ်ဝိဥာဉ်ဆေးပင်တွေကို ရှာနိုင်တဲ့ မွေးရာပါ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်။ ရှင်သူ့ကိုတွေ့ပြီး သူ့နောက်လိုက်တလာတာ အထူးအဆန်း မဟုတ်ပါဘူးလေ”
ပြောပြီးသည်နှင့် အမျိုးသမီး မျက်မှောင်ကြုတ်သွားသည်။ စိတ်ဝိဥာဉ်မြေခွေးများသည် အတော်ကိုမှ မြန်သည့် သားရဲများဖြစ်မှန်း ယခုမှ သူမ သတိရလိုက်သည်။ အပြင်ဘက်တွင် ကျင့်ကြံသူများအနေဖြင့် စိတ်ဝိဥာဉ်မြေခွေးကို အမှီလိုက်နိုင်လောက်မည် ဖြစ်သော်လည် ပျံသန်း၍ မရသော ဤနေရာတွင်မူ လိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဤစိတ်ဝိဥာဉ်မြေခွေး နောက်ကို ရန်ကိုင် မည်ကဲ့သို့ လိုက်လာခဲ့သနည်း။
စိတ်ထဲ သံသယအချို့ ရှိနေသော်လည်း မမေးရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုလူငယ်လေးသည် စိတ်ဝိဥာဉ်မြေခွေးကို အမှီလိုက်နိုင်သဖြင့် သူ့တွင်လည်း ကိုယ်ပိုင် နည်းလမ်း အချို့ ရှိရပေမည်။ အခြားသူများ၏ လျှို့ဝှက်ချက်ကို သွားမေးခြင်းသည်မကောင်းမှန်း သူမ သိသည်။
“စိတ်ဝိဥာဉ်မြေခွေးလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုကဲ့သို့သော သားရဲ အကြောင်းကို ယခုမှသာ ရန်ကိုင် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ စိတ်ဝိဥာဉ်ဆေးပင်များကို ရှာဖွေရာတွင် အထူးကျွမ်းကျင်သည့် မွန်းစတားသားရဲများ အကြောင်းကို သူကြားဖူးပေသည်။ ထိုသားရဲများသည် အလွန်ကိုမှ အဖိုးတန်ပြီး အများအားဖြင့် ဂိုဏ်းများက ရတနာရှာရန် အထူးတလည် မွေးမြူထားလေ့ရှိသည်။
“ဟုတ်တယ်။ ဒိကောင်လေးက ကျွန်မ ငယ်ငယ်လေးကတည်းက ကျွန်မနဲ့အတူ ကြီးပြင်းလာတာ” အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။ ယခုအပြုံးသည် အစောပိုင်းက ပြုံးလိုက်သော အပြုံးနှင့်ယှဉ်လျှင် ပို၍ သဘာဝကျပေသည်။ လက်ကလေးဖြင့် ပုတ်လိုက်ရာ သူမ၏ ဝတ်ရုံကြားမှ ခေါင်းသေးသေးလေးတစ်ခေါင်း ပြူထွက်လာပြီး ရန်ကိုင်အား သတိထား ကြည့်လိုက်သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားသဖြင့် အမျိုးသမီးက မေးလိုက်သည် “ကျွန်မနဲ့ နေမီးအလျှံအသီး အတူသွားရှာချင်လား။ ဒီကောင်လေးက နေမီးလျှံအသီးကို တွေ့လာတော့ အဲ့နားမှာ နေမီးလျှံအသီးပင် ကျိန်းသေ ရှိကိုရှိလိမ့်မယ်။ ရှင်စိတ်မကွက်ဘူး ဆိုရင် ကျွန်မတို့ တစ်ယောက်တစ်ဝက် ခွဲယူလို့ရတယ်”
ကြည့်ရသည်မှာ အမျိုးသမီးသည် အခြားသူများအပေါ် အကြွေးတင်ရသည်ကို မကြိုက်သည့်ပုံပင်။ ရန်ကိုင်သည် ယခု သူမအား ကူညီခဲ့သည်။ ထို့အတွက် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်နှင့် နေမီးလျှံအသီးကို ရန်ကိုင်ဆီ ပေးလိုက်ပြီးပေပြီ။ သို့တိုင် ထိုမျှနှင့်ပင် မလုံလောက်သေးဟု ထင်နေသေးသည်။
ရန်ကိုင်လည်း ထိုကဲ့သို့ ဖြစ်စေချင်နေခြင်းပင်။ နေမီးလျှံအသီးပင်ကို ရှာချင်သော်လည်း မည်သည့်နေရာတွင် သွားရှာရမှန်းမသိ။ ယခု အမျိုးသမီးဘက်က ကမ်းလှမ်းလာသဖြင့် သူငြင်းလိုက်လျှင် မိုက်မဲရာကျသွားပေလိမ့်မည်။ ထို့ကြောင့် အလျင်အမြန်ပဲ ခေါင်းညိတ် သဘောတူလက်ခံလိုက်လေသည် “ရှာချင်တာပေါ့”
အမျိုးသမီးသည် လူဆိုးတစ်ယောက် မဟုတ်မှန်း ရန်ကိုင် ပြောနိုင်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဘာကြောင့် အလျင်စလို လက်ခံလိုက်ရမည်နည်း။ ထို့ကြောင့်သာ မဟုတ်လျှင်လည်း ဘာကြောင့် တစ်ယောက်တစ်ဝက် ခွဲယူမည်ဟု ပြောမည်နည်း။
သဘောတူညီချက် ရသွားသည်နှင့် အမျိုးသမီးက စိတ်ဝိဥာဉ်မြေခွေး၏ နားနား တိုးတိုးလေး ကပ်ပြောပြီး လွှတ်ပေးလိုက်လေသည်။ ထို့နောက် ရန်ကိုင်နှင့် အမျိုးသမီးသည် စိတ်ဝိဥာဉ်မြေခွေး နောက်မှ ပြေးလိုက်သွဦးခဲ့သည်။
အစောပိုင်းက စိတ်ဝိဥာဉ်မြေခွေးနောက်သို့ နာရီဝက်လောက်ကြာအောင် ရန်ကိုင် လိုက်ခဲ့သည်။ ယခုမှ နေမီးလျှံအသီးပင် ရှိရာဆီသို့ရောက်ရန် တစ်နာရီလောက် ခရီးနှင်ရသည်။ အကြောင်းမှာ အမျိုးသမီး၏ အမြန်နှုန်းကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင် အနားယူခဲ့သည့် နေရာနားတွင် နေမီးလျှံအသီးပင်တစ်ပင် ရှိနေပေသည်။ ရှိနေသည့် နေရာမှာလည်း တကယ်ကို သတိမပြုမိနိုင်သည့် နေရာမျိုးတွင်ပင်။ မတ်စောက်သော ချောက်ကမ်းပါးတို့ ဝန်းရံနေသည့် တောင်ကြားလေးတစ်ခုထဲရှိ ကျောက်တုံးကြီးတစ်တုံး၏ နောက်တွင် ဆယ်မီတာမြင့်သော နေမီးလျှံအသီးပင်တစ်ပင် ရှိနေခဲ့သည်။
ရတနာရှာရာတွင် အထူးကျွမ်းကျင်သော စိတ်ဝိဥာဉ်မြေခွေးကဲ့သို့သော မွန်းစတားသားရဲသာ ဤအပင်ကို ရှာနိုင်ပေလိမ့်မည်။ ကျင့်ကြံသူတစ်ယောက် ဤနားမှ ဖြတ်သွားမည်ဆိုလျှင် ချောက်ထဲဆင်းပြီး မရှာကြည့်သရွေ့ ထိုအပင်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်နှင့် အမျိုးသမီးသည် တောင်ကြားထဲသို့ လျှောက်သွားခဲ့သည်။ နှစ်ယောက်စလုံး တစ်ယောက်နာမည်ကို တစ်ယောက် မမေးခဲ့ကြ။ သူတို့နှစ်ယောက်သည် မကြာခင် ကိုယ့်လမ်း ကိုယ်သွားကြတော့မည်မှန်း နှစ်ယောက်စလုံး သိထားကြသည်။ ထို့ကြောင့် တစ်ယောက်နာမည် တစ်ယောက် သိစရာမလိုချေ။
ခဏအကြာ၌ ရန်ကိုင်တို့နှစ်ယောက် နေမီးလျှံအသီးပင်အောက်သို့ ရောက်လာခဲ့သည်။ အကိုင်းများဆီမှ တွဲလောင်းကျနေသော အသီးများကိုကြည့်ရင်း နှစ်ယောက်စလုံး ထိတ်လန့် အံ့ဩနေခဲ့ကြသည်။
သစ်ပင်ထက်တွင် အနည်းဆုံး အသီးအလုံး သုံးဆယ်လောက် ရှိပေသည်။ အသီးတိုင်းသည် ရဲတောက်နေသည်။ ထိုမျှသာမကသေး ရင့်မှည့်ပြီး မြေကြီးပေါ်သို့ ကြွေကျနေသေည့် အသီးများလည်း ရှိပေးသည်။ မြေပြင်ပေါ်ရှိ အသီးများမှာ ဆယ်လုံးမကချေ။
ဤနေမီးလျှံအသီးပင် ရှိနေသည်မှာ မည်မျှ ကြာခဲ့ပြီနည်း။ အသီးပေါင်း မည်မျှသည်လည်း အလကား ဖြစ်သွားခဲ့ပြီနည်း။
ခဏကြာအောင် အပင်ကို စိုက်ကြည့်နေပြီးနောက် အမျိုးသမီးက ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်သည် “ကျွန်မကောင်လေးကို သွားခူးခိုင်းလိုက်မယ်။ ပြီးမှ ဝေစုပြန်ခွဲမယ်”
“လုပ်လေ” ရန်ကိုင် မကန့်ကွက်ခဲ့။
အမျိုးသမီးက အမိန့်ပေးလိုက်သည့်အခါ မြေခွေးလေးက သစ်ပင်ပေါ်သို့ ခုန်တက်သွားပြီး အသီးများကို တစ်လုံးပြီးတစ်လုံး ချွေချလေသည်။
ပြုတ်ကျလာသည့် အသီးများကို ဖမ်းနေရင်း အမျိုးသမီး၏မျက်နှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာခဲ့သည်။
သစ်ပင်ပေါ်တွင် အသီးများ မရှိတော့သည့်အခါ အမျိုးသမီးက မြေပေါ်တွင် ကြွေကျပြီးသား အသီးများကို ကောက်ယူလိုက်ပြီး အကုန်ပေါင်းလိုက်သည်။ ထိုနောက် နှစ်ပုံခွဲကာ တစ်ပုံကို ရန်ကိုင်ဆီ ပေးလိုက်လေသည် “စုစုပေါင်း လေးယ့်လေးလုံးရှိတယ်။ တစ်ယောက်ကို နှစ်ဆယ့် နှစ်လုံးဆီ”
ရန်ကိုင်က ခေါင်းညိတ်ပြီး အသီးများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
အသီးများကို ဝေစုခွဲပြီးနောက် အမျိုးသမီးက ပြောလိုက်သည် “ဒီတစ်ကြိမ်အတွက် ကျွန်မရှင့်ကို တကယ် ကျေးဇူးတင်တယ်။ နောက်နောင် အခွင့်အရေးရှိရင် ဒီအတွက် ရှင့်ကို ကျိန်းသေ ပြန်ကျေးဇူးဆပ်မယ်”
“မလိုတော့ဘူး။ နေမီးလျှံအသီးနဲ့တင် လုံလောက်နေပြီ” ရန်ကိုင်က ပြုံးကာ ခေါင်းခါလိုက်သည်။ သူဝင်ပါလိုက်သည်မှာ တစ်ဖက်လူကို ကြည့်မရသည့် အတွက်ကြောင့်သာ။ သို့သော်လည်း အမျိုးသမီးသည် သူ့အား အလွန်ကို ကျေးဇူးတင်နေသဖြင့် လက်ဆောင်များစွာ ပေးနေသဖြင့် ရန်ကိုင် မျက်နှာပူလာရသည်။
အမျိုးသမီးလည်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဆက်ပြောမနေတော့ဘဲ ခေါင်းညိတ်၍ဿာ “အဲ့လိုဆိုရင် ကျွန်မ အရင် သွားလိုက်တော့မယ်”
“သွားလေ။ ကျုပ်ကတော့ အပင်ကိုယူပြီးမှ သွားတော့မယ်” ရန်ကိုင်က သူ့အစီအစဉ်ကို ပြောလိုက်သည်။ ဤအပင်သည် အတော်လေး သက်တမ်းရင့်နေသဖြင့် နဂါးလိုဏ်ဂူတောင်ဆီသို့ ယူသွားပြီး ပြန်စိုက်မည်ဆိုပါက နောက်တစ်ကြိမ် ပြန်အသီးသီးလောက်သည်။ နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် မည်သည့် အဖိုးတန် စိတ်ဝိဥာဉ်ဆေးပင်များ၊ အပင်များ မရှိသဖြင့် ဤအပင်သည် တန်ဆာဆင်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၁၄)
ထို့အပြင် နတ်ဘုရားသစ်ပင် အနက်ရောင်စာအုပ်ထဲတွင် အိပ်စက်နေသဖြင့် ၎င်း၏ အရှိန်အဝါဖြင့် နေမီးလျှံအသီးပင်ကို အားဖြည့်ပေးနိုင်ပေလိမ့်မည်။ သူ့ကြိုးစားမှု မအောင်မြင်လျှင်ပင် ဘာမှ ဆုံးရှုံးစရာမရှိချေ။
“ဒီနေမီးလျှံအသီးပင်ကြီးကို ရှင်ဘာလုပ်မလို့လဲ” ထွက်သွားရန် ပြင်နေသော အမျိုးသမီးက ရန်ကိုင်စကားကို ကြားပြီးနောက် နောက်ပြန်လှည့်ကာ မေးလိုက်လေသည် “ဒီအပင်ကို နေရာတိုင်းမှာ စိုက်လို့ရတာ မဟုတ်ဘူးနော်။ ရှင်သာ ဒီအပင်ကို နုတ်ယူသွားမယ်ဆိုရင် အပင် သေသွားနိုင်တယ်။ ပြီးတော့ ဒီအပင်က သိုလှောင်လက်စွပ်ထဲ ထည့်ထားလို့ရတဲ့ အပင်မျိုး မဟုတ်ဘူး”
ပြောပြီးသည့်နောက်မှသာ ရန်ကိုင်ကိစ္စထဲ ဝင်ပါမိနေမှန်း သိလိုက်သည်။ ထို့ကြောင့် ကသိကအောက် အမူအရာဖြင့် ပြုံးလျက် မေးလိုက်လေသည် “ကျွန်မ ကူညီပေးရဦးမလား”
“မလိုပါဘူး ရပါတယ်။ အခုလို ပြောပေးတာနဲ့တင် လုံလောက်နေပြီ။ ကျုပ်ဘာသာကျုပ် ဆက်လုပ်လိုက်လို့ရတယ်” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်ပြီးနောက် သူတော်စင်ချီဖြင့် ဓါးတစ်ချောင်း ဖန်တီးလျက် နေမီးလျှံအသီးပင် ပတ်ပတ်လည်ကို စက်ဝိုင်းပုံစံ စတူးတော့သည်။
နေမီးလျှံအသီးပင် ပေါက်နေသော မြေသည် ဘာမှ ထူးခြားမှုမရှိသဖြင့် ရန်ကိုင် အသာလေး တူးနိုင်ခဲ့သည်။ နေမီးလျှံအသီးပင်၏ အမြစ်ကို မထိခိုက်စေရန် အလို့ငှာ ကောင်းကင်စိတ်အာရုံနှင့် သူတော်စင်ချီကို သေချာပူးတွဲ အသုံးပြုခဲ့သည်။
နေမီးလျှံအသီးပင် ပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံ တူးပြီးသော် ကောင်းကင်စိတ်အာရုံအား ပိုက်ကွန်သဖွယ် ဖြန့်ကျက်၍ အပင်ကို အုပ်လိုက်သည်။
ထို့နောက် လျှပ်ပြက်သလို နေမီးလျှံအသီးပင်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ယခု ထိုအပင်သည် အနက်ရောင်စာအုပ်ထဲရှိ နတ်ဘုရားသစ်ပင်ဘေးတွင် ရောက်နေလေပြီ။
အမျိုးသမီး၏ မျက်ဝန်းများ တဖျက်ဖျက် လက်သွားလိုက်သည်။ ထိုကဲ့သို့သော သစ်ပင် တစ်ပင်ကို သိုလှောင်လက်စွပ်ထဲ အလွယ်တကူ ထည့်နိုင်သော စွမ်းရည်သည် သာမန် သူတော်စင် ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သော အရာမျိုးမဟုတ်ချေ။ ရန်ကိုင်က ထိုအရာကို ချွေးတစ်ပေါက်ပင် မထွက်ဘဲ လုပ်ပြသွားခြင်း ဖြစ်သည်။
တကယ်တော့ ထိုကဲ့သို့ လုပ်ဖို့ရာ ကောင်းကင်စိတ်အာရုံ အတော့်ကိုမှ အားကောင်းရန် လိုအပ်သည် မဟုတ်ပေလော။
နေမီးလျှံအသီးပင်ကို အနက်ရောင်စာအုပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် အမျိုးသမီးဘက်သို့ လှည့်၍ နှုတ်ဆက်တော့မည်အပြု ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူ စစ်ဆေးကြည့်လိုက်လေသည်။
ယခုလေးတင် သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် မတော်တဆ ဝေ့ကြည့်လိုက်မိစဉ်က သူ့ဆီ တစ်ယောက်ယောက် သတင်း ပို့ထားသည်ကို တွေ့လိုက်ရသည်။
ထိုဆက်သွယ်ရေးမှော်ရတနာကို ဝေကုချန်းမှ သူ့အား ပို့ထားခြင်းဖြစ်သည်။ သဲမီးတောက်နယ်မြေ၏ တတိယအလွှာသို့ စရောက်စဉ်က လအရိပ်ခန်းမတပည့်နှစ်ယောက်၏ အလောင်းကို တွေ့ခဲ့ရသည်။ ထိုစဉ်က ဝေကုချန်းတို့အား ဆက်သွယ်ရန် ကြိုးစားကြည့်သည်။ သို့သော် မည်သို့မှ ဆက်သွယ်၍ မရခဲ့။ ယခု တစ်လကြာပြီးသည့်နောက် ရုတ်တရက် သူတို့ဆီမှ သတင်းတစ်ခု ရလိုက်သဖြင့် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။
ရန်ကိုင်က သူ့ဆီ ပို့ထားသည့် သတင်းကို မစစ်ဆေးရသေးခင်မှာပဲ အနားတွင် ရပ်နေသော အမျိုးသမီးက အလန့်တကြား ထပြောလေသည် “ရှင်က လအရိပ်ခန်းမက တပည့်လား”
ရန်ကိုင် အမျိုးသမီးကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြန်မေးလိုက်သည် “ကျုပ်လအရိပ်ခန်းမက တပည့်လို့ ဘာလို့ ထင်တာလဲ”
သူနှင့် လအရိပ်ခန်းမ၏ လူအချို့နှင့် အနည်းငယ် ရင်းနှီးသော်လည်း သူသည် လအရိပ်ခန်းမ၏ အဖွဲ့ဝင်မဟုတ်ချေ။ ဆက်သွယ်ရေးမှော်ရတနာကို သူထုတ်လိုက်သည်နှင့် အမျိုးသမီးက ထိုကဲ့သို့ မေးခွန်းကို ဘာကြောင့် ရုတ်တရက် မေးလာရသနည်း။
အမျိုးသမီးက အသာအယာပြုံးလျက် ရန်ကိုင်လက်ထဲရှိ ဆက်သွယ်ရေးမှော်ရတနာကို လက်ညိုးထိုးကား ပြောလိုက်လေသည် “ရှင့်လက်ထဲက မှော်ရတနာကို လအရိပ်ခန်းမရဲ့ ပန်းပဲဆရာကြီး ကဲလင် လု်ပထားတာလေ။ မှော်ရတနာပေါ်မှာ ဆရာကြီးကဲလင်ရဲ့ ကိုယ်ပိုင် အမှတ်အသားရှိတယ်။ ကျွန်မမှာလည်း ဆရာကြီးကဲလင် လုပ်ပေးထားတဲ့ မှော်ရတနာတစ်ခု ရှိတာဆိုတော့ အဲ့အကြောင်းကို သေချာသိပြီးသား။ ရှင့်မှာ သူလုပ်ပေးထားတဲ့ ဆက်သွယ်ရေး မှော်ရတနာတစ်ခု ရှိနေလို့ ရှင်က လအရိပ်ခန်းမက တပည့်ဆိုပြီး ကျွန်မ ခန့်မှန်းလိုက်တာ။ ပြီးတော့ လအရိပ်ခန်းမရဲ့ အဓိကတပည့်တွေက ဒီဆက်သွယ်ရေး မှော်ရတနာကို ရနိုင်တာ”
ရန်ကိုင်အား လအရိပ်ခန်းမမှ တပည့်တစ်ယောက်ဟု စတင် ထင်လိုက်သည့် အချိန်မှစ၍ သူမ၏ စကားပြောဆိုပုံမှာ ယခင်ကနှင့်စာလျှင် ပို၍ ပေါ့ပါးသဘာဝဆန်လာသည်။ ရန်ကိုင်လည်း သူမပြောသည်ကို ကြားကြားချင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ငုံကြည့်လိုက်သည့်အခါမှ ဆက်သွယ်ရေး မှော်ရတနာပေါ်တွင် သုံးမြောင့်ပုံ အမှတ်အသားတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
အကြီးအကဲကဲလင်ဆိုသော နာမည်ကို ရန်ကိုင် ကြားဖူးပေသည်။ ထိုလူသည် အရိပ်လခန်းမ၏ တစ်ဦးတည်းသော အဆင့်နိမ့် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်ပြီး အရိပ်ကြယ်ပေါ်ရှိ ပန်းပဲဆရာကြီးများအနက်မှ တစ်ဦးလည်း ဖြစ်သည်။ ဤသုံးမြှောင့်ပုံ အမှတ်အသည် အကြီးအကဲကဲလင်၏ ကိုယ်အမှတ်အသား ဖြစ်သည့်ပုံပင်။
ဤသည်မှာ သဘာဝသာဖြစ်သည်။ ကျော်ကြားသော လက်နက်ပညာရှင်များတွင် ကိုယ်ပိုင် အမှတ်တံဆိပ်များ ရှိကြသည်။ မှော်ရတနာတစ်ခု ဖန်တီးပြီးနောက် ထိုမှော်ရတနာ၏ တန်ဖိုးကို ပိုတိုးသွားစေရန် သူတို့၏ တံဆိပ် ကပ်ပေမည်။ ကျော်ကြားသော ပန်းပဲဆရာကြီးတစ်ယောက်၏ မှော်ရတနာကို ကိုင်ဆိုင်ထားနိုင်ခြင်းသည် ကိုင်ဆောင်နိုင်သည့်သူကို မျက်နှာပွင့်စေသည်။ လူတင့်တယ်စေသည်။
ဆေးပညာရှင်များမျာမူ ထိုကဲ့သို့ မလုပ်ကြချေ။ မည်သည့် ဆေးပညာရှင်ကများ သူတို့ ဖော်စပ်လိုက်သည့် ဆေးလုံးအပေါ် တံဆိပ်ကပ်ရလောက်သည်အထိ အားယားနေမည်နည်း။ ထို့အပြင်း ဆေးလုံးသည် တစ်ခါသုံးဖြစ်သည်။ သောက်လိုက်သည်နှင့် ကုန်သွားမည့် ဆေးလုံး ဖြစ်သည်။ မည်သူကများ သူသောက်မည့် ဆေးလုံးကို ဤဆေးလုံးသည် မည်သူဖော်စပ်ထားသည့် ဆေးလုံး ဖြစ်ပါသည်ဟု လျှောက်ပြောနေမည်နည်း။
ဤမိန်းမသည် တကယ်ကို မျက်စိ လျင်ပေသည်။ ဆက်သွယ်ရေးမှော်ရတနာကို ဟိုးကတည်းက ရထားသောသူသည် ဆက်သွယ်ရေးမှော်ရပေါ်တွင် တံဆိပ်တစ်ခု ရှိနေသည်ကို သတိမပြုမိ။ သို့သော်လည်း အမျိုးသမီးသည် ယခုမှ သူမရှေ့တွင် ဆက်သွယ်ရေး မှော်ရတနာကို ပထမဆုံးအကြိမ် ထုတ်ပြလိုက်ခြင်း ဖြစ်သော်လည်း တစ်ခါတည်း တန်းမြင်သွားခဲ့သည်။
ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်သည် “ဒါကို ဆရာကြီးကဲလင် လုပ်ထားတာ ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျုပ်က လအရိပ်ခန်းမရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး။ ဒါကို ဝေကုချန်းပေးထားတာ”
“စီနီယာအစ်ကိုဝေ ရှင့်ကို ပေးထားတာလား” အမျိုးသမီးက သူမ၏ ပါးစပ်လေးကို အလန့်တကြား အုပ်လိုက်သည်။ ဝေကုချန်းအကြောင်း သူမ ကောင်းကောင်း သိထားသည်။ ဝေကုချန်းသည် လအရိပ်ခန်းမ၏ အဓိကတပည့်အများစုကိုပင် မျက်လုံးထဲ မထည့်သူ ဖြစ်သည်။ တုန်ရွှမ်းအာမှလွဲ၍ အခြားမည်သူ့ကိုမှ ဂရုမစိုက်သူလည်း ဖြစ်သည်။ သို့တိုင် ဝေကုချန်းသည် အရိပ်လခန်းမ တပည့်တစ်ယောက် မဟုတ်သော ရန်ကိုင်အား ဆက်သွယ်ရေးမှော်ရတနာကို ပေးခဲ့သည်။ သူဘာလုပ်ချင်နေသနည်း။
“အစ်ကိုဝေကို ခင်ဗျား သိတာလား” ယခုတစ်ကြိမ်တော့ ရန်ကိုင်လည်း အံ့ဩရပေပြီ။ လမ်းတွေ မတော်တဆ တွေ့ခဲ့သော အမျိုးသမီးသည် ဝေကုချန်းနှင့် အသိဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“အင်း။ သူ့ကို သိတာကလည်း ရွှမ်းအာကြောင့်ပါ…” အမျိုးသမီးက ချိုသာစွာပြုံး၍ ပြောလိုက်သည်။ သို့သော် ရုတ်တရက် တစ်ခုခုကို သတိရလိုက်ကာ မျက်နှာပျက်သွားခဲ့ပြီး အလျင်စလို မေးလိုက်လေသည် “စီနီယာအစ်ကို ရှင့်ဆီ သတင်းပို့လိုက်တာလား။ သူဘာပို့လိုက်တာလဲ။ မြန်မြန် ကြည့်ကြည့်ပါလား”
အရိပ်လခန်းမမှ ဤနေရာသို့ ရောက်နိုင်သော လူများသည် အဓိကတပည့်များသာ ဖြစ်သည်။ ထို့ကြောင့် ယခု သတင်း လှမ်းပို့လိုက်သောလူမှာ ဝေကုချန်း ဖြစ်နိုင်ပေသည်။ သတင်း ပို့လိုက်ရသည့် အကြောင်းအရင်းမှာလည်း အန္တရာယ်တစ်ခုခုနှင့် သူကြုံတွေ့နေရသောကြောင့် ဖြစ်နိုင်သည်။
ဝေကုန်ချန်းနှင့် တုန်ရွှမ်းအာသည် သွားအတူ၊ လာအတူ ဖြစ်သည်။ ဝေကုချန်း အန္တရာယ်ရှိနေမည် ဆိုပါက တုန်ရွှမ်းအာလည်း အတူတူပင်။ ထို့ကြောင့် အမျိုးသမီး စိတ်ပူသွားပြီး ရန်ကိုင်အား အလျင်စလို တိုက်တွန်းတော့လေသည်။
အလွန်ကိုမှ စိုးရိပ်ပူပန်နေသော သူ့ရှေ့ရှိ အမျိုးသမီးကိုကြည့်ရင်း ရန်ကိုင် အံ့အားသင့်သွားရသည်။ သူမ၏ အပြုအမူအရာ တုန်ရွှမ်းအာနှင့် သူမ အတော်ရင်းနှီးမှန်း သိသာသည်။
ရန်ကိုင်လည်း အချိန်မဖြုန်းတော့ဘဲ ဆက်သွယ်ရေးမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်ကာ ပို့ထားသည့် သတင်းကို စစ်ဆေးကြည့်လိုက်သည်။
ခဏအကြာ၌ ရန်ကိုင် မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည် “အစ်ကိုဝေ သတင်းပို့ထားတာ။ ကြည့်ရတာ သူပြဿနာတစ်ခုခုနဲ့ ကြုံနေရတယ်နဲ့တူတယ်”
“ဘာဖြစ်နေလို့လဲ” အမျိုးသမီးက အလျင်စလို ပြန်မေးသည်။
“ရှေးဟောင်းအစီအရင် တစ်ခုခုထဲ ရောက်သွားပြီး ပြန်ထွက်မရတာနဲ့ တူတယ်။ သူတို့ ရောက်နေတဲ့ အစီအရင်ကလည်း အထဲကနေပဲ အပြင်ကို သတင်း ပို့လို့ရပြီး အပြင်ကနေ အထဲကို ပို့လို့ မရဘူးထင်တယ်။ ကျုပ်သူ့ကို အကြောင်းပြန်လိုက်သေးတယ်။ ဒါပေမယ့် သူတို့ဘက်က ဘာမှ ပြန်မပြောဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“ရှေးဟောင်းအစီအရင်လား” အမျိုးသမီး၏ မျက်နှာ ဖြူလျော်သွားပြီး “ညီမလေးရွှမ်းအာကော အဆင်ပြေရဲ့လား”
“မသိဘူး” ရန်ကိုင်က ခေါင်းခါ၍ “အစ်ကိုဝေတစ်ယောက်ပဲ သတင်းပို့ထားတာ။ အခြား ဘယ်သူ့ဆီမှ ဘာမှ မကြားရသေးဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ အမျိုးသမီး၏ အမူအရာ အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် အမျိုးသမီးက သူမဘာသာ ရေရွတ်ရင်း ရန်ကိုင်အား ဆက်မေးလိုက်သည် “ညီမလေးရွှမ်းအာက စီနီယာအစ်ကိုဝေနဲ့ အမြဲအတူတူ ရှိနေတာ။ ဒါကြောင့် စီနီယာအစ်ကိုဝေပဲ သတင်းပို့လိုက်တာ ဖြစ်ရမယ်။ သူတို့ အခုဘယ်မှာရှိလဲ ရှင်သိလား”
ရန်ကိုင်က ခေါင်းခါလိုက်ပြီး “အဲ့ဒါတော့ ပြောမထားဘူး။ ဒါပေမယ့် မကြာခင် သိရမယ်လို့တော့ ထင်တာပဲ။ သူတို့သာ အကူအညီ လှမ်းတောင်းတာဆို သူတို့ ရှိနေတဲ့ နေရာကို ကျိန်းသေ ပြောလိမ့်မယ်။ ပြီးတော့ သူ့ဆီက သတင်း ရနိုင်တယ်ဆိုတော့ သူတို့ ရှိနေတဲ့ နေရာက ဒီနေရာနဲ့ သိပ်မဝေးလောက်ဘူး”
အရမ်းကြီးသာ ဝေးနေမယ်ဆိုရင် ဝေကုချန်း ပို့လိုက်သည့် သတင်းကို ရန်ကိုင် ရလိမ့်မည် မဟုတ်ချေ။
“ဟုတ်တယ်” အမျိုးသမီးက ခေါင်းလိုက်သည်။ ရန်ကိုင် ပြောသည်ကို နားလည်သော်ငြား ရန်ကိုင်လက်ထဲရှိ ဆက်သွယ်ရေးမှော်ရတနာကို စိုးရိမ်တကြီးဖြင့် လက်သီးတင်းတင်းဆုပ်လျက် ကြည့်နေခဲ့သည်။
ထိုအမျိုးသမီးနှင့် တုန်ရွှမ်းအာသည် အတော်လေး ခင်မင်ရင်းနှီးရလိမ်မည်မှန်း ရန်ကိုင် လုံးဝ သေချာသွားခဲ့လေပြီ။ မဟုတ်လျှင် သူမ ယခုကဲ့သို့ ပြုမူနေလိမ့်မည် မဟုတ်ချေ။ ရန်ကိုင် သူမကို ကြည့်လိုက်သည့် အချိန်တွင် အမျိုးသမီးကလည်း သူ့ကို ကြည့်လာခဲ့သည်။ နှစ်ယောက်သား အကြည့်ချင်း ဆုံးသွားခဲ့သည်။ ယခုမှပဲ သူမ၏ အပြုအမူကို သတိထားမိလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်လေသည်။
“ဒီမှာပဲ” ရန်ကိုင်က ရုတ်တရက် အလန့်တကြား ထပြောလိုက်သည်။ မျှော်လင့်ထားသည့် အတိုင်း ဝေကုချန်း သူရှိနေသည့်နေရာကို ပြောပြလာခဲ့လေပြီ။ ဝေကုချန်း ပို့လိုက်သည့် တည်နေရာကို သေချာ မှတ်ထားလိုက်ပြီးနောက် အမျိုးသမီးဘက်သို့ လှည့်၍ မေးလိုက်သည် “သူတို့က ငွေကြယ်သတ္တုတုံးကြီးရဲ့ အနောက်ဘက် မိုင်တစ်ရာ အကွာလောက်မှာ ရှိနေတာတဲ့… အဲ့နေရာ ဘယ်နေရာမှာလဲ ဆိုတာ ခင်ဗျားသိလား”
“ငွေကြယ်သတ္တုလား” အမျိုးသမီးက ပြုံးလိုက်ပြီး “ငါသိတာပေါ့။ အဲ့နားကနေတောင် တစ်ခါ ဖြတ်သွားဖူးသေးတယ်”
“အဲ့ဒါကို မြန်မြန်သွားကြရအောင်” ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ချက်ချင်း သိမ်းလိုက်ပြီး ပြောလိုက်သည်။
အမျိုးသီး ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပဲ ရှေ့မှ ဦးဆောင် သွားလေသည်။
လမ်းတစ်လျှောက်လုံး နှစ်ယောက်စလုံး စကားမပြောခဲ့ကြသလို မည်သည့် အန္တရာယ်၊ ကျင့်ကြံသူနှင့်မှလည်း မကြုံတွေ့ခဲ့ရချေ။ နေ့တစ်ဝက်ကြာပြီးနောက် သူတို့နှစ်ယောက်ရှေ့ ဧရာမ သတ္တုတုံးကြီးတစ်တုံး ပေါ်လာခဲ့သည်။ ထိုသတ္တုတုံးကြီးကို မြင်လိုက်သည့်အခိုက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ငွေကြယ်သတ္တုအကြောင်း သူကြားဖူးပေသည်။ ငွေကြယ်သတ္တုသည် ပန်းပဲထုရာတွင် အလွန်အသုံးဝင်သော သတ္တုတစ်မျိုးဖြစ်သည်။ ငွေကြယ်သတ္တုအား ပြုလုပ်မည့် မှော်ရတနာထဲ ထည့်သွင်းမည်ဆိုပါက မှော်ရတနာ၏ ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ဆိုလိုသည်ကား မှော်ရတနာသည် တိုက်ပွဲအတွင်း ပျက်စီးနိုင်ချေ ပိုနည်းသွားပေလိမ့်မည်။ လက်သီးဆုပ်အရွယ် ငွေကြယ်သတ္တုအား သူတော်စင်သလင်းကျောက် သောင်းဂဏန်းဖြင့် ရောင်းနိုင်သည့် သတ္တုတစ်မျိုး ဖြစ်သလို ငွေရှိတိုင်း အလွယ်တကူ ဝယ်မရနိုင်သည့် သတ္တုတစ်မျိုးလည်း ဖြစ်သည်။
ယခု ထိုကဲ့သို့ အဖိုးတန်သော သတ္တုတုံးကြီး အကြီးကြီးတစ်တုံးကို မြင်လိုက်ရသည့် အခိုက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ ဤကဲ့သို့ အရာမျိုးကို အနက်ရောင်စာအုပ်ထဲသို့ ထည့်၍ မရချေ။
အခြားသတ္တုတစ်မျိုးဆိုပါက တစ်စစီဖျက်စီးပြီး ယူသွားလိုက်ပေမည်။ သို့သော် ငွေကြယ်သတ္တုသည် အလွန်ကိုမှ မာပေသည်။ ယူချင်သည်ဆိုလျှင် သူတော်စင်ချီဖြင့် အရင်ဆုံး အရည်ဖျော်ချရမည်ဖြစ်ကာ ထိုကဲ့သို့လုပ်ရန်အတွက် အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက် ကြာနိုင်ပေသည်။
ကျောက်တုံးရုပ်သေးရုပ်သာ သူနှင့်အတူ ပါလာလျှင် မည်မျှ ကောင်းလိုက်မည်နည်း။ ရန်ကိုင်လည်း ထိုငွေကြယ်သတ္တုအား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် မခွာချင်ခွာချင်ဖြင့် အကြည့်ခွာလိုက်ရသည်။
“ဒါပဲ” အမျိုးသမီးက ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “အနောက်ဘက်ကို မိုင်တစ်ရာတဲ့”
ပြောပြီးသည့်နောက် ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်ကာ ဦးတည်ရာလမ်းကြောင်းကို ရှာလိုက်သည်။ လမ်းကြောင်းရှာပြီးနောက် ထိုဘက်သို့ ထွက်သွားကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၁၅)
တုန်းရွှမ်အာ ဒုက္ခရောက်နေမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အမျိုးသမီးသည် အရှိန်ကုန်တင်ကာ ပြေးနေခဲ့သည်။ ထိုကဲ့သို့ လုပ်လိုက်သဖြင့် ရန်ကိုင် သူမအား လိုက်မမှီမည်ကို စိုးရိမ်ကာ အရှိန်ကို လျော့ချရန် စဉ်းစားလိုက်သော်လည်း ရန်ကိုင်က သူမအား အလွယ်တကူ လိုက်မှီနေသည်ကို တွေ့လိုက်ရသဖြင့် တဖြည်းဖြည်းချင်း အရှိန်မြှင့်လိုက်လေသည်။
ယခု ရန်ကိုင်သည် ရှေ့မှ ဦးဆောင်သွားနေခဲ့လေသည်။
ထို့ကြောင့် အမျိုးသမီး အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သို့သော်လည်း ရန်ကိုင်သည် သူမ၏ စိတ်ဝိဥာဉ်မြေခွေနောက်ကိုပင် မှီအောင် လိုက်နိုင်သည်ဆိုသော အချက်ကို ပြန်သတိရလိုက်သည့်အခါ ရန်ကိုင်၏ အမြန်နှုန်းသည် သူ့အကန်အသတ် မဟုတ်သေးမှန်း အမျိုးသမီး သိလိုက်သည်။ ရန်ကိုင် အရှိန်ကုန်မတင်သေးချေ။
ခဏလောက် တုန့်ဆိုင်းနေပြီးနောက် အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည် “ဂျူနီယာမောင်လေး”
“ဟန်” ရန်ကိုင် အမျိုးသမီးအား လှည့်ကြည့်လိုက်သည်။ သူမ ဘာလုပ်ချင်နေမှန်း ရန်ကိုင် နားမလည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ထက် နှစ်ဆင့် ပိုမြင့်သဖြင့် သူ့အား ဂျူနီယာ မောင်လေးဟု ခေါ်သည်မှာ သဘာဝသာဖြစ်သည်။
“နင်ဒီထက် မြန်နိုင်သေးတယ်ဆိုရင် မြန်မြန်သာ သွားလိုက်နော်။ ငါ့ကို စောင့်မနေနဲ့။ ငါလိုက်လာခဲ့မယ်”
ရန်ကိုင်၏ မျက်လုံးထဲ အကြည့်တစ်ချက် လက်သွားခဲ့သည်။ ထိုအမျိုးသမီးသည် သူမ၏ ခွန်အားအကုန်အစင်ကို အသုံးမပြုသေးသည့်ပုံပင်။ သူတော်စင်တတိယအဆင့်သို့ ရောက်ထားသည့် လူတိုင်းတွင် ကိုယ်ပိုင် ဝှက်ဖဲများ ရှိကြသည့်ပုံပင်။
ရန်ကိုင်လည်း ဘမှပြောမနေတော့ဘဲ ခေါင်းတစ်ချက်ညိတ်၍သာ အရှိန်ကုန် တင်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ပုံရိပ် ဝါးခနဲဖြစ်သွားပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
လေမိုးကြိုးတောင်ပံကိုမူ အသုံးမပြုခဲ့ချေ။ အကြောင်းကား လေမိုးကြိုးတောင်ပံကို အသုံးပြုလိုက်သည်နှင့် ထိုအမျိုးသမီး မည်မျှပင် မြန်ပါစေ အပြတ်အသတ် နောက်ကောက် ကျန်ခဲ့လိမ့်မည် ဖြစ်သောကြောင့်ပင်။
သူ့နောက်ဘက်ဆီမှ သူတော်စင်ချီစွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးသည် ပညာရပ်တစ်ခုခုကို အသုံးပြုလိုက်သည့်ပုံပင်။ အမျိုးသမီး၏ ခွန်အားသည်လည်း အကြီးအကျယ် မြင့်တက်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
သို့သော်လည်း ထိုကဲ့သို့ အရှိန်တင်လိုက်ပြီးနောက် သူမ အသက်မရှုတော့ချေ။
ငွေကြယ်သတ္တုနှင့် မိုင်တစ်ရာအကွာတွင် ချော်ရည်ကန်ကြီးတစ်ကန် ရှိနေခဲ့သည်။ ချော်ရည်ကန်သည် အလွန်တရာကိုမှ ပူလောင်လှပြီး ၎င်းနှင့် ထိလိုက်သည့် အရာမှန်သမျှကို အရည်ဖျော်ပစ်နိုင်သည့်ပုံပင်။ ချော်ရည်သည် မဲညစ်နေပြီး တပွက်ပွက် ဆူပွက်နေသည်။ ပူစိပေါင်းများမှာလည်း ကန်မျက်နှာပြင်ပေါ်သို့ အဆက်မပြတ် တက်လာနေပြီး ခဏအကြာ၌ ပေါက်ကွဲသွားကုန်ကာ အလွန်ကိုမှ သိပ်သည်းလှသော မီးဓါတ်အဆိပ်များကို ဖြစ်ပေါ်လာစေနေခဲ့သည်။
ထိုချော်ရည်ကန်သည် ကြည့်လိုက်သည့်လူတိုင်းအား ကပ်ဆိုးမုန်တိုင်းကြီး တစ်ခုအား မြင်လိုက်ရသည့် ခံစားမျိုးကို ပေးစွမ်းနေခဲ့သည်။
ချော်ရည်ကန်အလယ်တွင် လိပ်ခွံလေးတစ်ခွံ ရှိနေခဲ့သည်။ လိပ်ခွံသည် အချင်း ဆယ်မီတာကျယ်ပြီး ယခင်က ဝါကြင့်ကြင့်အရောင် ဖြစ်သည်။ သို့သော်လည်း ချော်ရည်ကန်၏ အဆက်မပြတ် မီးဖုတ်ခြင်းခံထားရသောကြောင့် အနက်နီရောင်သို့ ပြောင်းနေပြီး အလွန်ကိုမှ ပူလောင်နေခဲ့သည်။ ၎င်းအပေါ်တွင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်နေပေပြီ။
အလွန်ကိုမှ ပူပြင်းလှသော အပူဓါတ်တို့သည် ထိုအက်ကွဲကြောင်းမျာတစ်ဆင့် စိမ့်ဝင်၍ လိပ်ခွံပေါ်တွင် ရှိနေသော လူငယ်အမျိုးသမီး တစ်သိုက်အား နှိပ်စက်နေခဲ့သည်။
ထိုအဖွဲ့သည် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ဦးဆောင်သော လအရိပ်ခန်းမ၏ တပည့်အုပ်စု ဖြစ်ပေသည်။ သူတို့နှစ်ယောက်အပြင် အခြားအမျိုးသား နှစ်ယောက်နှင့် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။
လိပ်ခွံသည် သိပ်မကျယ်လှဘဲ လူငါးယောက် မတ်တပ်ရပ်နေနိုင်ရုံလောက်သာ ကျယ်သည်။
လက်ရှိတွင် ငါးယောက်စလုံး၏ မျက်နှာများ ဖြူလျော်နေပြီး သူတို့ဆီမှ ထွက်ပေါ်နေသည့် သူတော်စင်ချီ အရှိန်အဝါမှာလည်း အတော်လေးကို အားနည်းနေခဲ့သည်။
ဝေကုချန်းသည် ငါးယောက်ထဲတွင် အခြေအနေအကောင်းဆုံး ဖြစ်သော်ငြား သူလည်း အတော်လေး ဒုက္ခရောက်နေခဲ့သည်။ သူ့မျက်နှာဟာလည်း မစားချင်သည့် အရာကို စားရသလို စိတ်ညစ်၊ စိတ်ပျက်မှု၊ ခါးသီးမှုတို့ဖြင် ပြည့်နေခဲ့သည်။ တုန်ရွှမ်းအာကို ကြည့်လိုက်သည့် အခါမှသာ သူ့မျက်နှာထက် ကြင်နာရိပ်၊ တည်ငြိမ်ရိပ်တို့ ပြန်လွှမ်းလာသည်။ သူချစ်ရသူ အမျိုးသမီးကို ကာကွယ်ပေးရမည် ဆိုသော အသိကြောင့် ကုန်ဆုံးလုလု အားအင်တို့ ပြန်လည် ပြည့်တင်းလာခဲ့ရသည်။ ထိုစိတ်ဓါတ်ခွန်အားကြောင့်သာ မဟုတ်ပါက သူအနေဖြင့် ဤနှိပ်စက်မှုကို အချိန်အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သူသာ လဲကျသွားသည်နှင့် အရိပ်လခန်းမမှ အခြားတပည့်အားလုံး ကျိန်းသေ သေရပေလိမ့်မည်။
တုန်ရွှမ်းအာမှာမူ ကြင်နာသိမ်မွေ့သော အမူအရာကို ဆင်မြန်ထားသည်။ ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော အခြေအနေထဲ ရောက်နေသော်ငြား စောဒကတစ်ချက်ပင် မတက်။ ဂိုဏ်းမှ မောင်နှမတပည့်များကိုသာ လက်မလျှော့ရန် အားပေးနေခဲ့သည်။ တုန်ရွှမ်းအာသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်ငြား သူမသည်လည်း မီးစာကုန်ရေခမ်း ဖြစ်နေပေပြီ။
သူမ၏ တည်ငြိမ်သော အသွင်အပြင်မှာ စိတ်ဓါတ်ခွန်အားကြောင့် ဖြစ်သည်။ သူမတွင် ဝေကုချန်းကဲ့သို့ စိတ်ဓါတ်မျိုးရှိနေသည်။ သူမ၏ အားနည်းသောပုံစံကြောင့် သူမ၏ ဂျူနီယာမောင်၊ ညီမလေးများ စိတ်ဓါတ်ကျသွားမည်ကို မလိုချင်ချေ။ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်သာ မျှော်လင့်ချက် မဲ့သွားလျှင် အခြေအနေ ပိုဆိုးသွားနိုင်ပေသည်။
လအရိပ်ခန်းမမှ တပည့်သုံးယောက်မှာမူ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေကြသည်။ ယောက်ကျ်ားလေးတပည့် နှစ်ယောက်စလုံး၏ အမူအရာများမှာ ပြိုတော့မည့် မိုးနှယ် သုန်မှုန်နေကြသည်။ နီးကပ်လာသော သေခြင်းတရားကြောင့် ဂယောင်ခြောက်ခြား ဖြစ်သွားလေလားမသိ၊ ဘာမှန်းမသိသော အရာများကို တရွတ်ရွတ်နှင့် ရွတ်နေကြလေသည်။
နောက်ထပ် အရပ်ရှည်ရှည်နှင့် မိန်းမမှာမူကား သူတော်စင်ချီကို အဆက်မပြတ် ထုတ်လွှတ်လျက် လိပ်ခွံထဲသို့ ပို့လွှတ်နေခဲ့သည်။ ချွေးသီးလုံးများမှာလည်း နဖူးတစ်လျှောက် တတောက်တောက် စီးကျလျက်။
သို့သော်လည်း ဝေကုချန်း၊ တုန်းရွှမ်းအာနှင့် ကျန်သုံးယောက်စလုံးသည် သူတို့အား နောက်တစ်ရက်၊ နှစ်ရက်အတွင်း အခြားတစ်ယောက်သာ လာမကယ်ပါက သူတို့ သေရမည်မှန်း သိထားကြသည်။
သူတို့ ဤနေရာတွင် ပိတ်မိနေသည်မှာ အတော်လေး ကြာနေပေပြီ။ ဤနေရာတွင် ကျင့်စဉ်ကို အသုံးပြု၍ သူတော်စင်ချီကို မစုပ်ယူနိုင်သည့်အတွက် သူတော်စင်သလင်းကျောက်များ၊ ဆေးလုံးများကိုသာ အားကိုးရသည်။ ယခု သူတို့စုထားသမျှ ဆေးလုံးများ ကုန်သွားလေပြီ။
သူတို့တွင် ဆေးလုံးများ ရှိသေးလျှင် နည်းနည်း ဆက်တောင့်ခံနိုင်လောက်သေးသည်။ သို့သော်လည်း မရှိတော့လေရာ သူတော်စင်သလင်းကျောက်မှ မည်သို့ပင် စုပ်ယူပါစေ စွမ်းအင် ကုန်နေသည့်နှုန်းကို မည်သို့မှ လိုက်မမှီအောင် ဖြစ်နေခဲ့သည်။
သူတို့ ဝတ်ထားကြသည့် မှော်ရတနာများဆိုလျှင်လည်း မှိန်ကုန်ကြနေလေပြီ။ ချော်ရည်ကန်အလယ်ရှိ လိပ်ခွံလေးပေါ်တွင် မတ်တပ်ရပ်ဖို့ရာပင် အနိုင်နိုင် ဖြစ်နေလေရာ ထွက်ပြေးဖို့မူကား မည်သို့ပင် တတ်နိုင်မည်နည်း။
သူတို့ ကူကယ်ရာမဲ့နေသည့်ကား သူတို့ ရပ်နေသည့် လိပ်ခွံလေးအား မည်သို့ပင် ရွေ့အောင် လုပ်ပါစေ၊ ၎င်းမှာ တုတ်တုတ်မျှပင် မလှုပ်ခြင်းဖြစ်သည်။ ချော်ရည်ကန်ထဲမှ ဖော်ပြမရသော စွမ်းအားတစ်ခုသည် လိပ်ခွံအား ရွေ့မအောင် လုပ်နေလားပင်မသိ။ ထိုအပြင် ချော်ရည်ကန်ထဲရှိ ချော်ရည်များမှာလည်း မကြာမကြာ ထထပေါက်နေသဖြင့် ကန်ထဲမှ ချော်ရည်များ ပန်းပန်းထွက်လာနေလေရာ သူတို့အတွက် အတော်လေးကိုမှ အန္တရာယ်များလှပေသည်။ ဝေကုချန်း ရှိနေသည့်အတွက် ကံကောင်းသွားသည်။ ဝေကုချန်းသည် သူတို့အားလုံးအား ထိုအန္တရာယ်ဆိုးကြီးမှ ကျော်ဖြတ်ပေးနိုင်အောင် ကူညီပေးခဲ့သဖြင့် အကုန်လုံး ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ လုပ်ပေးလိုက်ရသဖြင့် ဝေကုချန်းတစ်ကိုယ်လုံး မီးလောင်ရာများဖြင့် ပြည့်နေခဲ့ရလေပြီ။ မီးအဆိပ်များသည်လည်း သူ့ကိုယ်ထဲသို့ ကျူးကျော် ဝင်ရောက်နေလေပြီ။ မီးအဆိပ်များကို သူ့ကိုယ်ထဲမှ ထုတ်ပယ်နိရန် ခွန်အားမရှိသဖြင့် လျစ်လျူရှုထားရုံသာ တတ်နိုင်ပေသည်။ ထိုမီးအဆိပ်များသည် သူ့ခွန်အားနှင့် အသက်စွမ်းအင်ကို တတိတိလှိုက်စားနေခဲ့သည်။
တဖြည်းဖြည်းနှင့် ဝေကုချန်း၏ မျက်နှာထက် အနက်ရောင် သေခြင်း အငွေ့အသက်များ စတင် ထွက်ပေါ်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သော် တုန်ရွှမ်းအား ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ထအော်မငိုမတတ် ဖြစ်သွားခဲ့ပြီး ဝမ်းနည်းကြေကွဲစွာဖြင့် တောင်းပန်လိုက်လေသည် “ကျွန်မ တောင်းပန်ပါတယ်”
ဝေကုချန်းက ပြုံးဖြီးလိုက်ပြီး အခိုင်အမာ ပြန်ပြောလိုက်လေသည် “ငါတို့နှစ်ယောက်ထဲမှ ဘယ်သူမှ တောင်းပန်စရာမလိုဘူး။ နောက်နောင် ဒီလို စကားမျိုး ဘယ်တော့မှ မပြောနဲ့”
“ဒါပေမယ့် ကျွန်မဒီနေရာကို စူးစမ်းချင်လို့သာ မဟုတ်ဘူးဆိုရင် အားလုံး ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလေ” တုန်ရွှမ်းအာက မျက်ရည်ဝဲလဲဖြင့် ပြောလိုက်သည်။
ဤနေရာနှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေမှန်းသတိပြုမိလိုက်သဖြင့် ဤနေရာကို လာစူးစမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ငါးယောက် ဤနေရာသို့ ခြေချလိုက်သည်နှင့် မြေပြင်ရုတ်တရက် အက်ကွဲသွားပြီး သူတို့အားလုံး ချော်ရည်ကန်ထဲသို့ ပြုတ်ကျသွားလေသည်။
သဲမီးတောက်နယ်မြေတွင် ပျံသန်း၍မရသဖြင့် အသက်ရှင်နိုင်ရန်အတွက် လိပ်ခွံပေါ်သာ အားကိုးရတော့သည်။ သို့တိုင် ဤနေရာမှ မထွက်သွားနိုင်ခဲ့ချေ။
လိပ်ခွံကို အမည်မသိ အဆင့်တစ်ဆယ် သားရဲတစ်ကောင်မှ ကျန်ရစ်သော အကြွင်းအကျန်ဖြင့် လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ချော်ရည်ကန်ထဲတွင် တစ်လလောက် ကြာအောင် မီးဖုတ်ထားခံခဲ့ရသည့်တိုင် မပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် အက်ရာများစွာ ဖြစ်ပေါ်နေခဲ့လေပြီ။
အချိန်အတော်ကြာသွားပြီးနောက် လိပ်ခွံလည်း ပျက်စီးတော့မည့် အရိပ်အယောင် စတင် ပြသလာခဲ့လေပြီ။
“အဲ့လိုမပြောနဲ့။ အကျိုးအမြတ်နဲ့ အန္တရာယ်တွေက ဒွန်တွဲပြီး တည်ရှိနေတာ။ ပြီးတော့ ငါတို့ငါးယောက်စလုံး သဘောတူညီပြီးတော့မှပဲ ဒီနေရာကို စူးစမ်းတာ” ဝေကုချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “အဲ့ဒါကြောင့်သာ မဟုတ်ရင် ငါတို့လည်း အဲ့ရတနာကို ရလိုက်မှာ မဟုတ်ဘူး။ ဒီကနေ ပြန်ထွက်သွားပြီး အဲ့ရတနာကို အကုန်လုံး ညီတူမျှတူ ခွဲဝေယူတာပေါ့”
“ကျွန်မတို့ ဒီနေရာကနေ ထွက်သွားနိုင်မှာလား” အနီရောင်ဝတ်စုံ ဝတ်ထားသည့် အရပ်ရှည်ရှည် အမျိုးသမီးက ဝေကုချန်းအား မေးလိုက်သည်။ ထို့နောက် ရုတ်တရက် မျက်ရည် ပိုးပိုးပေါက်ပေါက်ကျလျက် ပြောလိုက်လေသည် “စီနီယာအစ်ကိုကုနဲ့ ဂျူနီယာညီမလျိုတို့က တတိယအလွှာကို ဝင်ပြီးပြီးချင်းမှာပဲ သေသွားခဲ့တာ… သူတို့ကို မကယ်ခဲ့လို့များ ကျွန်မတို့ကို သေသွားတာတောင် မကျေမနပ် ဖြစ်နေတာလား မသိဘူး”
အမျိုးသမီး၏ စကားကို ကြားလိုက်သည့်အခါ ကျန်အမျိုးသား တပည့်နှစ်ယောက်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သော တစ်လခန့်က အဖြစ်အပျက်ကို ပြန်သတိရမိသော် နှစ်ယောက်စလုံး မျက်နှာ ဖြူလျော်သည်ထက် ပိုမို ဖြူလျော်သွားခဲ့ကြသည်။
ဝေကုချန်းက ထိုအမျိုးသမီးအား အေးစက်စူးရဲစွာ စိုက်ကြည့်၍ ပြန်ပြောလိုက်သည် “ဂျူနီယာညီလေးကုနဲ့ ဂျူနီယာညီမလေးကုတို့ကို မီးတောက်သားရဲတွေက သတ်သွားတာ။ ငါတို့ သူတို့ကို မကယ်တာ မဟုတ်ဘူး၊ မကယ်နိုင်ခဲ့တာ။ ကောင်းကင်က ဖြစ်စေချင်တာကို ဘယ်သူမှ တားဆီးလို့ မရဘူး။ ဒါပေမယ့် အခုငါတို့ ဖြစ်နေတဲ့ကိစ္စက သူတို့နဲ့ ဘာမှမဆိုင်ဘူး။ နောက်အဲ့လို ပေါက်တတ်ကရတွေ မပြောနဲ့”
သူတို့ဂျူနီယာညီလေးနှင့် ဂျူနီယာညီမလေးတို့၏ သေဆုံးမှုသည် အခြားသူများ၏ စိတ်ဓါတ်ပိုင်းကို ကြီးကြီးမားမား ထိခိုက်သွားခဲ့သည်။ သဲမီးတောက်နယ်မြေထဲသို့ မဝင်ခင်က သူတို့သည် လအရိပ်ခန်းမ၏ အဓိကတပည့်များ ဖြစ်ကြသည့်အတွက် သူတို့ အရည်အချင်း အပေါ် အလွန်ကိုမှ ယုံကြည်ချက်ကြီးမားလွန်းခဲ့သည်။ တစ်နည်းဆိုရသော် သဲမီးတောက်နယ်မြေ၏ အန္တရာယ်များကို အထင်သေးကြသည်။ သူတို့၏ အရည်အချင်းဖြင့် ဆိုပါက ဤနေရာရှိ ရတနာများကို ရယူနိုင်ပြီး ရွယ်တူများနှင့် အကြီးအကဲများကို အံ့ဩအောင် လုပ်နိုင်မည်ဟု ထင်နေကြသည်။
ပထမအလွှာနှင့် ဒုတိယအလွှာသည် သူတို့အတွက် သိပ်ပြီး အန္တရာယ်မများခဲ့ချေ။ ဘာမှအန္တရာယ်မှ မရှိဟုပင် ပြောနိုင်ပေသည်။ သို့သော်လည်း တတိယအလွှာထဲသို့ ဝင်လာသည်နှင့် သူတို့ငါးယောက်ထဲမှ နှစ်ယောက် သေသွားခဲ့သည်။
သူတို့နှင့်အတူ နှစ်ပေါင်းများစွာ ပခုံးဖက်ကြီးပြင်းလာကြသော ကျင့်ကြံသူနှစ်ယောက် သူတို့ရှေ့ ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရခြင်းကို ရပ်ကြည့်နေခဲ့ရသည့် သူတို့၏ရင်ထဲ မည်သို့ ဖြစ်နေမည်ကို ဝင်ခံစားကြည့်နိုင်ပေသည်။
ဝေကုချန်းသည် ထိုကဲ့သို့ အတွေးများ မထားသင့်ကြောင့် ပြောလိုက်သော်လည်ငြား သူ့ဂျူနီယာများ မည်ကဲ့သို့ ခံစားနေရသလဲ ဆိုသည်ကို နားလည်သဖြင့် သူတို့အား အရမ်းကြီး ပြစ်တင်ခြင်းမျိုး မပြုလုပ်ခဲ့ချေ။
ဝေကုချန်းသည် ဤအရိပ်ကြယ်ပေါ်တွင် လျှောက်သွားစူးစမ်းခြင်းမျိုး မလုပ်ဘဲ အခြားသူများကဲ့သို့ ဂိုဏ်းထဲတွင်သာ တစ်ချိန်လုံး ကျင့်ကြံနေမည်ဆိုပါက သူ့စိတ်ခွန်အားသည် ဤမျှအားကောင်းနေလိမ့်မည် မဟုတ်ချေ။ ဖန်လှောင်အိမ်ထဲ ပျိုးထောင်ခံရပြီး လေဒဏ် မိုးဒဏ်ကို မခံခဲ့ရသော ပန်းပင်များသည် ပန်းပင်ရိုင်းများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
လက်ရွေးစင် အဓိကတပည့်များ ဆိုသူအားလုံးသည် ဂိုဏ်းထဲတွင်သာ အနေများကြသူများ ဖြစ်ကြသည်။ အကုန်လုံးသည် ကောင်းကင်သားတော်များ၊ ကောင်းကင်သမီးတော်များ အဖြစ် ချီးကျူးခြင်းခံခဲ့ရပြီး မရေမတွက်နိုင်သော ဂျူနီယာညီလေး၊ ညီမလေးတို့၏ လေးစားကြည်ညိုခြင်း ခံခဲ့ရသူများ ဖြစ်ကြသည်။ အချင်းချင်း လက်ရည်ဖလှယ်ကြစဉ် လျင်လျင်မြန်မြန်ဖြင့် စွမ်းအင် အကုန်ထုတ်သုံးလျက် တိုက်ခိုက်နိုင်သော်လည်း အစစ်အမှန်လောကထဲသို့ ရောက်လာသည့်အခါ ပြဿနာမျိုးစုံနှင့် ရင်ဆိုင်ရတော့လေသည်။
သူတို့သာ ဤနေရာမှ အပြင်ပြန်ထွက်နိုင်ခဲ့လျှင် သူ့ဆရာနှင့် အကြီးအကဲချင်ဆီသွားပြီး ဤအကြောင်းကို ဆွေးနွေးရမည်ဟု ဝေကုချန်း ဆုံးဖြတ်လိုက်သည်။ အရိပ်လခန်းမ၏ တပည့် အားလုံးသည် ယခုကဲ့သို့ဆိုပါက သူတို့ဂိုဏ်းသည် မနှောင်းသောအချိန်အတွင်း ကျိန်းသေ ဖျက်စီးခံရပေလိမ့်မည်။