← Chapters

အခန်း (၁၂၂၁-၁၂၂၅)

Vol. 49 Ch. 1221-1225

အခန်း (၁၂၂၁-၁၂၂၅)

Vol. 49 Ch. 1221-1225

အပိုင်း (၁၂၂၁)

တိုက်ယွမ် ပြောသည်ကို ကြားလိုက်သည့်အခါ ကျန်သုံးယောက်သည်လည်း အရှိန် စတင်ကြတော့လေသည်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာသည် သွားနေရင်း နေသုံးစင်ဖြစ်ပေါ်လာသည့် အကြောင်းကို မေးမြန်းခဲ့သည်။ ရန်ကိုင်လည်း စိတ်ဝင်စားချင်ယောင်ဆောင်၍ နားထောင်နေလိုက်သည်။

တိုက်ယွမ်၏ ရှင်းပြချက်ကို ကြားပြီးနောက် နေသုံးစင်ပေါ်လာခြင်းသည် ဘာလဲဆိုသည်ကို ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ အကြမ်းဖျင်း နားလည်သွားခဲ့သည်။ သို့သော်လည်း ရန်ကိုင်၏ အမူအရာမှာမူ အနည်းငယ် ထူးဆန်းနေခဲ့သည်။

တိုက်ယွမ်သည် ဖယောင်းနီအသီးမှန်း သိပြီး နေသုံးစင်ဖြစ်စဉ်အကြောင်းကို သိသော်လည်း အလုံးစုံ မသိသေးသည်ကို သူသိလိုက်ရသည်။

အကုန်လုံးလည်း သူတို့လိုပဲလား ဆိုသည်ကို ရန်ကိုင် သေချာမသိသော်ငြား ဖယောင်းနီသီးမှန်း သိသည့်လူမှာ တိုက်ယွမ်တစ်ယောက်တည်း မဟုတ်သည်မှာတော့ သေချာပေသည်။ အရိပ်ကြယ်‌၏ လက်ရွေးစင်တပည့်အားလုံး ဤနေရာသို့ ရောက်နေခြင်း ဖြစ်သဖြင့် ထိုအသီးကို မှတ်မိသည့် အခြား လူများလည်း ရှိနေနိုင်ပေသည်။

နှစ်နာရီလောက် သွားပြီးနောက် သူတို့၏ ပန်းတိုင်ဖြစ်သော မီတာတစ်ထောင် အကျယ် မရှိတတ်ရှိတတ် ရှိသော တောင်ကြားလေးတစ်ခုဆီသို့ ရောက်လာခဲ့သည်။ တောင်ကြားထဲတွင် နီကြင့်ကြင့်ရောင် အက်ကြောင်းများစွာ ရှိနေခဲ့ပေသည်။ သို့သော်လည်း သေချာသတိထား၍ ကြည့်မည်ဆိုလျှင် ခြောက်ကပ်နေသော သစ်ပင်အချို့ကို မြင်တွေ့နိုင်ပေသည်။ ထိုသစ်ပင်များသည် သွေးနီရောင်ရဲတောက်နေပြီး မည်သည့် အသက်စွမ်းအင်မှ ရှိမနေချေ။ သို့သော်လည်း ထိုသစ်ပင်များ မသေသေးသည်မှာ သေချာပေသည်။

ဤတောင်းကြားကို အရွယ်အစား မတူသော တောင်ထွတ်ဆယ့်နှစ်ခုက ဝန်းရံထားသည်။

ရန်ကိုင်တို့အဖွဲ့ ရောက်လာသည့်အချိန်တွင် တောင်ထွတ်များ၏ တစ်ဝက်လောက်မှာ နေရာပြည့်နေခဲ့လေပြီ။ ဂိုဏ်းအမျိုးမျိုးမှ တပည့်များသည် အုပ်စုအသီးသီးဖွဲ့လျက် တောင်ထွတ် အသီးသီးပေါ်တွင် နေရာယူထားကြသည်။

ကျင့်ကြံသူ အများစုသည် လောဘတကြီး အမူအရာများဖြင့် တောင်ကြားထဲတွင် ရှိနေသော သစ်ပင်ခြောက်များကို စိုက်ကြည့်နေကြသည်။ သို့သော်လည်း အကုန်လုံးသည် သဘောတူညီချက် တစ်ခုခု လုပ်ထားကြသည့်နှယ် မည်သူမှ တောင်ကြားထဲသို့ အရင် ဆင်းမသွားကြချေ။

ရန်ကိုင်တို့ အဖွဲ့ရောက်လာသည့်အခါ မရေမတွက်နိုင်သော မျက်လုံးအစုံတို့ သူတို့အပေါ် ကျရောက်လာခဲ့သည်။ မည်သူမှ ဖော်ဖော်ရွေရွေ မရှိကြ။ အကုန်လုံးသည် သူတို့အား ရန်လိုသည့် အကြည့်ဖြင့်သာ ကြည့်နေကြသည်။ မဟာရတနာတစ်ပါး ဖြစ်ပေါ်လာတော့မည့် ဖြစ်သဖြင့် လူနည်းလေ ပိုကောင်းလေး ဖြစ်သည်။

သို့သော် ထိုကဲ့သို့ လုံးဝ မဖြစ်နိုင်ချေ။ ဖယောင်းနီအသီး မမှည့်ခင် နေမင်းကြီးတစ်စင်း အရင် စထွက်လာသည်။ ထိုနေမင်းကို တတိယအလွှာရှိ မည်သည့်နေရာမှမဆို လှမ်းမြင်နိုင်ပေသည်။ ထို့ကြောင့် တတိယအလွှာတွင် ရှိနေသူအားလုံး ဤနေရာသို့ အပြေးလာနေလောက်သည်။ ယှဉ်ပြိုင်သူများ ပိုမို များပြားလာမည့် အချက်ကို လက်မခံချင်ကြသော်လည်း သူတို့တွင် ရွေးချယ်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိချေ။ ထို့ကြောင့် ရန်ကိုင်တို့အဖွဲ့အား စူးရဲစွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း အကြည့် ပြန်လှည့်သွားကြသည်။

ရန်ကိုင်သည်လည်း လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

ဤနေရာတွင် ရောက်ရှိနေသည့် လူအားလုံးသည် ဂိုဏ်းအသီးသီး၏ လက်ရွေးစင်များ ဖြစ်ကြပေသည်။

ကောင်းကင်တိုက်ပွဲဂိုဏ်း၊ မိုးကြိုးမုန်တိုင်းဂိုဏ်း၊ မြက်သွေးရောင်ဂိုဏ်းနှင့် အခြား သူမသိသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကို ရန်ကိုင် တွေ့လိုက်ရသည်။ စုစုပေါင်း အယောက် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိနေပေသည်။

သူတို့ လေးယောက် ရောက်လာသည်မှာ အတော်လေး နောက်ကျနေခဲ့သည်။ သို့သော်လည်း ဤနေရာသို့ လာနေဆဲ လမ်းခုလတ်တွင် ရောက်နေသော အခြားသူများလည်း ရှိနေပေသေးသည်။ ထို့ကြောင့် နောက်ထပ် လူပိုများလာမည်မှာ မလွဲမသွေပင်။

ဝိဥာဉ်သန့်နတ်ရေစင်ကန်တွင် တွေ့ခဲ့သည် မျက်နှာ မာမာထန်ထန်နှင့် ကျင့်ကြံသူကိုလည်း ရန်ကိုင် တွေ့ပေသည်။ ထိုလူသည် တောင်ထွတ်လေးတစ်လုံးလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးထားခဲ့သည်။ ခန္ဓာကိုယ်သည် ဓါးတစ်စင်းနှယ် ဖြောင့်တန်းနေပြီး မျက်နှာမှာမူ ယခင်အတိုင်း သစ်သားတုံးကြီးကဲ့သို့ပင်။ မည်သူမှ သူ့အား သွားပြဿနာ မရှာရဲချေ။

ဤနေရာသို့ ရောက်လာသည့်လူအားလုံးသည် သူမည်သူဆိုသည်ကို အနည်းနှင့်အများ ခန့်မှန်းမိကြပေသည်။ ထို့ကြောင့် သူ့သဘောထားနှင့် အပြုအမူမှာ သောက်မြင်ကတ်စရာ ကောင်းနေသည့်တိုင် မည်သူမှ သူ့အား သွားပြဿနာ မရှာခဲ့ကြချေ။

တိုက်ယွမ်ကို မြင်ပြီးနောက် မြက်သွေးရောင်ဂိုဏ်းဘက်တွင် ရှိနေသော ယင်စုတျယ်၏ အမူအရာ ပြောင်းလဲသွားခဲ့ရသည်။ သူမ၏ စီနီယာလည်း အခြားသူများနှင့်အတူ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော် တုန်ရွှမ်းအာကို မြင်ပြီးနောက် သူမ၏ အမူအရာ ပြေလျော့သွားခဲ့ပြီး ချက်ချင်းပဲ အကြည့် လွှဲဖယ်သွားခဲ့တော့သည်။

တစ်ချက်လောက် လှည့်ပတ်ကြည့်ပြီးနောက် ဝေကုချန်းက နေရာလွတ်နေသော တောင်တစ်လုံးကို ညွှန်ပြကာ ပြောလိုက်သည် “အဲ့နေရာကို ယူကြတာပေါ့”

ခဏအကြာတွင် သူတို့လေးယောက် တောင်ထိပ်ပေါ်တွင် ရပ်လိုက်ကြသည်။ တောင်ထိပ် ရောက်သည်နှင့် တောင်ကြားအား စစ်ဆေးကြည့်တော့လေသည်။

“ဖယောင်းနီသီးက ဘယ်မှာလဲ” တောင်ကြားထဲကို စစ်ဆေးကြည့်သည့်တိုင် ဖယောင်းနီသီးကို မတွေ့သဖြင့် ဝေကုချန်းက မေးလိုက်လေသည်။ သူတွေ့ရသည့် အရာဆိ၍ အရိုးပြိုင်းပြိုင်းကျနေသော သစ်ပင်ခြောက်များသာ ဖြစ်ပေသည်။

“ဖယောင်နီးသီးက လုံးဝ မမှည့်သေးဘဲ ပေါ်လာမှာမဟုတ်ဘူး” တိုက်ယွမ်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည် “ဒါပေမယ့် ဒီတောင်ကြားထဲက တစ်နေရာရာ ရှိနေတာကတော့ လုံးဝ သေချာတယ်။ မှည့်လာပြီဆိုတာနဲ့ သူ့ဘာသာ အလိုလို ပေါ်လာလိမ့်မယ်”

“ငါသိပြီ” ဝေကုချန်း ခေါင်းညိတ်လိုက်သည်။

“အို” ဆေးလုံးတောင်ကြားက စီနီယာအစ်ကို လီရို့နန် ဒီဘက်ကို လာနေတယ်။ ဘာလုပ်မလို့လဲ မသိဘူး” တုန်ရွှမ်းအာက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရင်း ပြုံးလျက် သူတို့အား လက်ဝှေ့ရမ်းပြနေသော ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးကို ကြည့်ကာ ပြောလိုက်သည်။

ရန်ကိုင်လည်း ဆေးလုံးတောင်ကြားအကြောင်း ကြားဖူးလေသည်။

မည်သည့်နေရာတွင်မဆို၊ ဆေးပညာကို အထူးအလေးပေး လေ့လာကြသည့် အင်အားစုများ ရှိကြပေသည်။ ဟန်မင်းဆက်တွင် ဆေးဘုရင်တောင်ကြား ရှိသလို တုန်ရွှမ်းလောကကြီးတွင်လည်း ဆေးပညာရှင်အစည်းအရုံး ရှိပေသည်။ ယခု အရိပ်ကြယ်တွင်မူကား ဆေးလုံးတောင်ကြား ရှိပေသည်။

ထိုဆေးပညာအား အထူးအလေးပေး လေ့လာကြသည့် အင်အားစုများကို မည်သည့် အင်အားစုမှ သွားရန်မစချင်ကြချေ။ ထိုကဲ့သို့ သွားရန်စလိုက်ခြင်းလျှင် သူတို့ အကူအညီ လိုအပ်သည့်အခါ မည်သည့် ဆေးလုံးမှ ဖော်စပ်ပေးတော့လိမ့်မည် မဟုတ်ချေ။

ဆေးလုံးတောင်ကြားတွင် တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင် ငါးယောက်ပြီး အရိပ်ကြယ်ပေါ်ရှိ အခြားမည်သည့်အင်အားစုမဆို ပိုင်ဆိုင်ထားသည့် ဆေးပညာရှင် အရေအတွက်ထက် အများကြီး ပိုများပေသည်။ ထိုတန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင်တိုင်းသည် အရိပ်ကြယ်၏ နာမည်ကြီးများ ဖြစ်ကြပြီး သူတို့သွးသည့် နေရာတိုင်း လေးလေးစားစားဖြင့် ဆက်ဆံခံရသည့်လူများ ဖြစ်ကြသည်။

ထိုလီရို့နန်ဆိုသော လူသည် တတိယအလွှာသို့ ရောက်လာနိုင်သဖြင့် ဆေးလုံးတောင်ကြား၏ လက်ရွေးစင်တစ်ယောက် ဖြစ်မည်မှာ အသေအချာပင်။ သူ၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် သိနေကြသည့်ပုံပင်။ သို့သော် ရန်ကိုင် မြင်သလောက် သူတို့ အချင်းချင်း ရင်းနှီးခြင်းမရှိပေ။

မကြာမီ လီရို့နန် သူတို့လေးယောက် ရှိနေသည့် နေရာဆီ ရောက်လာသည်။ ရောက်သည်နှင့် လက်သီးဆုပ်၍ ပြောလိုက်သည် “ညီလေးဝေတို့လည်း ရောက်လာပြီပေါ့”

ဝေကုချန်းကလည်း ပြန်၍ လက်သီးဆုပ်လျက် ရယ်ရယ်မောမောဖြင့် “ကျုပ်မလာလို့ ဘယ်ဖြစ်ပါ့မလဲ၊ မဟုတ်ဘူးလား”

တုန်ရွှမ်းအာနှင့် တိုက်ယွမ်တို့လည်း လီရို့နန်အား နှုတ်ဆက်လိုက်ကြသည်။ လီရို့နန်ကလည်း ပြန်နှုတ်ဆက်လေသည်။ ထို့နောက် ရန်ကိုင် မည်သည့်နေရာက လာသလဲ၊ ဘယ်သူလဲ ဆိုသည်ကို မေးလိုက်သော်ငြား ဝေကုချန်းက သူဖိတ်ခေါ်ထားသော လူတစ်ယောက်ဟု ကြားဖြတ် ဝင်ပြောလိုက်သည်။

ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင် ပထမအဆင့်တစ်ယောက် တတိယအလွှာဆီသို့ ရောက်လာနိုင်သည့် အပေါ် လီရို့နန် အတော်လေး အံ့အားသင့်မိသော်လည်း ဝေကုချန်မှ ခေါ်လာခြင်း ဖြစ်သည့်အတွက် အခြားဘာမှ ဆက်မေးမနေခဲ့ချေ။

“အစ်ကိုလီ၊ ဒီကိုလာတာ ကိစ္စတစ်ခုခု ရှိမှာပေါ့ ဟုတ်တယ်မလား” ဝေကုချန်းက မျက်လုံး မှေးစဉ်း၍ လိုရင်းကို တန်းသွားလိုက်သည်။

လီရို့နန်က ယဲ့ယဲ့လေးပြုံး၍ ပြန်ပြောလိုက်သည် “ညီလေးဝေ ဒီကို ရောက်လာပြီးပြီ ဆိုတော့ အဲ့ဒါဘာလဲ သိပြီးပြီးလား”

“ဖယောင်းနီသီးလို့ ခေါ်တယ်လို့ ပြောတာပဲ” ဝေကုချန်းက ပြန်ပြောလိုက်သည်။

လီရို့နန် အံ့အားသင့်သွားခဲ့သည်။ သို့သော် တိုက်ယွမ်အား လှမ်းကြည့်လိုက်ပြီးနောက် နားလည်သွားသည့်ဟန်ဖြင့် သူ့နဖူးကိုပုတ်ကာ ပြောလိုက်လေသည် “မမေးသင်တဲ့ မေးခွန်းတွေ လျှောက်မေးနေမိပြန်ပြီ။ မိန်းကလေးတိုက်ယွမ် ရှိနေမှတော့ ညီလေးဝေ ကျိန်းသေ သိပြီးလောက်ပြီပေါ့။ ဒီလောကကြီးမှာ မိန်းကလေးတိုက်ယွမ် မသိတဲ့ ဆေးပင်မရှိလောက်တော့ဘူးလို့ ကျုပ်ထင်တာပဲ”

“စီနီယာအစ်ကိုလီ အရမ်း မြှောက်နေပြန်ပြီ။ တိုက်ယွမ်က နည်းနည်လေးပဲ သိထားတာပါ” တိုက်ယွမ်က ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။

“ဟားဟား၊ မိန်းကလေးတိုက်ယွမ် နှိမ့်ချနေစရာ မလိုပါဘူး။ ကောင်းကင်တိုက်ပွဲ အစည်းအရုံး ချူချန်ဖုန်း၊ မိုးကြိုးမုန်တိုင်းဂိုဏ်းက ဖန်ထျန်းဇုံနဲ့ မြက်သွေးရောင်ဂိုဏ်းက ယင်စုတျယ်တို့တောင် ဒီအကြောင်းကို ငါပြောမှ သိကြတာ။ မဟုတ်ရင် အစ်ကိုလုံး အခုလို ငြိမ်ငြိမ်စောင့်နေကြမှာ မဟုတ်ဘူး။ တောင်ကြားထဲဆင်းပြီး အသီးကို လိုက်ရှာနေလောက်ပြီ”

လီရို့နန် ပြောသည်ကို ကြားလိုက်မှပဲ အကုန်လုံး တောင်ထွတ်ပေါ်တွင် ဘာကြောင့် ငြိမ်ငြိမ်လေး ထိုင်စောင့်နေကြသလဲ ဆိုသည်ကို ဝေကုချန်း နားလည်သွားခဲ့သည်။

လီရို့နန်သည် ထိုအကြာင်းကို စေတနာဖြင့် ပြောပြခြင်း မဟုတ်လောက်။ ထိုကဲ့သို့ အဖိုးတန်သော ရတနာတစ်ခုကို မလိုချင်သည့်လူ မည်သူမှ မရှိကြချေ။

အခြားသူများကို အသိပေးထားရခြင်းမှာ အခြားသူများ မဆင်မခြင် လှုပ်ရှားပြီး ဖယောင်းနီသီး ရင့်မှည့်နေသည့် ဖြစ်စဉ် အနှောင့်အယှတ်ဖြစ်အောင် လုပ်မိမည် စိုးသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် လီရို့နန်အနေဖြင့် မပြောချင်သည့်တိုင်၊ ရောက်လာသည့် အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းကို ဖယောင်းနီသီးအကြောင်း လိုက်အသိပေးထားလေသည။

“အစ်ကိုလီက အရမ်းကို သဘောထားကြီးတာပဲ။ ဒီလောကကြီးအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးနေတာ ကျုပ်တကယ်ကို လေးစားသွားပြီ” ဝေကုချန်းက စိတ်ရင်းအတိုင်း ပြောသည့် ပုံစံမျိုးဖြင့် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။

သို့သော်လည်း လီရို့နန်မှာ ဝေကုချန်း၏ ချီးကျူးစကားကြောင့် မြောက်သွားခြင်းမျိုး မရှိဘဲ အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည် “ကျုပ်တို့ ဆေးလုံးတောင်ကြားနဲ့ ပူပေါင်းဖို့ ညီလေးဝေ စိတ်ဝင်စားလား မသိဘူး”

“ပူးပေါင်းဖို့လား” ဝေကုချန်း၏ မျက်လုံးမှေးစဉ်းသွားပြီး သူ့မျက်နှာထက် အဓိပ္ပါယ်သည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာဲ့သည်။ “အစ်ကိုလီ၊ ဆေးပင်တွေ၊ အသီးတွေအကြောင်း ကျုပ်သိပ်မသိဘူး ဆိုပေမယ့် အခုသီးတဲ့ ဖယောင်းနီသီးက တစ်လုံးပဲသီးမှာဆိုတာ ကျုပ်သိတယ်။ အဲ့တစ်လုံးတည်းကို ဘယ်လိုဝေစုခွဲမှာလဲ”

“ငါ့ကို ပြီးအောင် ပြောခွင့်ပေးဦးလေ၊ ညီလေးဝေရလည်း” လီရို့နန်သည် ဝေကုချန်း ဤကဲ့သို့ ပြောလာမည်ကို ကြိုတင်မျှော်လင့်ထားသည့်ပုံပင်။ ထို့ကြောင့် နည်းနည်းလေးမှ စိုးရိမ်သွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်သည်။

“အဲ့ဒါကိုပြောလေ အစ်ကိုလီ၊ ကျုပ်နားထောင်နေမယ်” လီရို့နန် ဘာကြံနေလဲ ဆိုသည်ကို ဝေကုချန်း နားလည်ပေသည်။ သို့သော်လည်း ချက်ချင်းကြီး ငြင်းလိုက်၍ မဖြစ်။ တကယ်တော့ ဆေးလုံးတောင်ကြားကို ရန်စခြင်းသည် ကောင်းသည့်လုပ်ရပ်တစ်ခု မဟုတ်ချေ။

“ငါပြောချင်တာက ရှင်းပါတယ်။ ဖယောင်းနီသီးကို ငါအရင်ယူလိုက်မယ်။ ဖယောင်းနီသီးက တစ်လုံးတည်း ရှိတာဆိုပေမယ့် ဆေးပြန်ဖော်လိုက်မယ် ဆိုရင်တော့ ဆေးလုံး တစ်လုံးထက်မက ရမှာ သေချာတယ်” လီရို့နန်က ဝေကုချန်းကို ကြည့်ကာ ပြောလိုက်သည်။ ဝေကုချန်း၏ အမူအရာ ပြောင်းလဲသွားခြင်း မရှိသည်ကိုမြင်သော် ဆက်ရှင်းပြလိုက်လေသည် “ငါသိသလောက်ဆို၊ မင်းတို့ လအရိပ်ခန်းမမှာ တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်ပဲ ရှိတာမလား။ ပြီးတော့ အဲ့ဆေးပညာရှင်က တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ထားတာ သိပ်ကြားသေးတာ မဟုတ်သေးဘူး။ ဒါကြောင့် တန်ခိုးရှင်အဆင့် ဆေးလုံးတွေကို ဖော်စပ်ရင် အောင်မြင်နိုင်ချေ သိပ်မြင့်ဦးမည် မဟုတ်သေးဘူး။ ညီလေးဝေသာ ဖယောင်းနီသီးကို ရသွားရင် ဂိုဏ်းအကြီးကြီးတစ်ယောက်ယောက်ကို ဒီအတိုင်း အစိမ်းလိုက် စားခိုင်းဖို့ပဲရှိတယ်။ ဒါပေမယ့် အဲ့လိုသာ လုပ်လိုက်မယ်ဆိုရင် ဆေးအာနိသင်အများကြီး အလဟဿဖြစ်ကုန်မှာ”

ခဏလောက် ရပ်လိုက်ပြီးနောက် လီရို့နန်က ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် ဆက်ပြောလေသည် “အဲ့ဒါက မင်းတို့ အရိပ်လခန်းမတင် မဟုတ်ဘူး။ အခြားဂိုဏ်းတွေလည်း အဲ့အတိုင်း ဖြစ်နေတာ။ ဒါပေမယ့် ငါတို့ဆေးလုံးတောင်ကြားကတော့ မတူတော့ဘူး။ ငါတို့ ဆေးလုံးတောင်ကြားမှာ တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင် ငါးယောက်ရှိတယ်။ သူတို့ ငါးယောက်သာ အတူပူပေါင်းပြီး ဆေးဖော်စပ်လိုက်မယ်ဆိုရင် အနည်းဆုံး ဆေးလုံးဆယ်လုံးကျော်လောက် ဖော်စပ်နိုင်လိမ့်မယ်”

လီရို့နန် ဘာပြောချင်နေလဲ ဆိုသည်ကို ဝေကုချန်း အပြည့်အဝ နားလည်သွားလေပြီ။ ထို့ကြောင့် မျက်လုံးထပ်မံ မှေးစဉ်းလျက် လီရို့နန်ကို မေးလိုက်လေသည် “အစ်ကိုလီ ပြောချင်နေတာက ကျုပ်တို့သာ ဆေးလုံးတောင်ကြား ဖယောင်းနီသီးရအောင် ကူညီပေးမယ်ဆိုရင် ဆေးဖော်စပ်လို့ ရလာတဲ့ ဆေးလုံးတွေထဲက တစ်စိတ်တစ်ပိုင်းကို ကျုပ်တို့ကို ပေးမယ်ပေါ့၊ ဟုတ်လား”

“ဟုတ်တယ်။ ငါပြောချင်နေတာ အဲ့ဒါပဲ” လီရို့နန်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “ငါညီလေးဝေ တစ်ယောက်ကို အခုလို လာပြောတာ မဟုတ်ဘူး။ ကောင်းကင်တိုက်ပွဲအစည်းအရုံးက ညီလေးချူ၊ မိုးကြိုးမုန်းတိုင်းဂိုဏ်းက ညီလေးဖန်၊ မြက်သွေးရောင်ဂိုဏ်းက ညီမလေးယင်စုတျယ်၊ အမွှာနှလုံးသားတောင်ကြားက ညီလေးချူနဲ့ မြူနှင်းမှုန်နန်းတော်က ညီလေးတန်တို့ကိုလည်း ပြောထားသေးတယ်”

“သူတို့ ဘာပြန်ပြောလဲ” ဝေကုချန်း မျက်ခုံးပင့်လိုက်သည်။

“ဟားဟား။ သူတို့ကတော့ ဘာမှပြန်မပြောသေးဘူး။ ဒါပေမယ့် ငါ့ကမ်းလှမ်းချက်ကို သူတို့ လက်ခံမယ်လို့ ငါယုံကြည်တယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၂)

လီရို့နန် ပါးစပ်ထဲရှိရာ လျှောက်ပြောနေမှန်း လူတိုင်း သိပေသည်။ သူသာ လူတိုင်းသာ ဖယောင်းနီသီးအား လက်လျှော့ရန် စည်းရုံးနိုင်မည်ဆိုမှသာလျှင် အမှန်တကယ် ထူးဆန်းနေမည်မှာ ဖြစ်ပေသည်။

ကိုယ့်လက်ထဲတွင် ရှိသည့်အရာကိုသာ ကိုယ်ပိုင်သည်။ လီရို့နန်၏ စကားသည် လုံးဝကို မယုံကြည်ရချေ။ ထို့အပြင် ဤမျှ အရေးကြီးသည့် ကိစ္စတစ်ရပ်ကို သူတို့ကဲ့သို့ ဂျူနီယာများက မည်ကဲ့သို့ ဆုံးဖြတ်နိုင်မည်လည်း။ လီရို့နန်သာ ဖယောင်းနီသီးအား ပြန်ယူသွားမည်ဆိုပါက သူ့ဂိုဏ်းမှ အကြီးအကဲများသည် သဘောတူညီချက်အတိုင်း လုပ်မည့်အစား ဖယောင်းနီသီးအား ရင်ဝယ်ပိုက်ပြီး အသေသာ ခံသွားပေလိမ့်မည်။ အခြားဂိုဏ်းများ စုပေါင်းပြီး သူတို့ဂိုဏ်းအား တိုက်ခိုက်မည်ဆိုလျှင်ပင် ဖယောင်းနီသီးမှာ ရှိပါလိမ့်ဦးမည်လား။

ထိုအချက်ကို ဝေကုချန်း ကောင်းကောင်း နားလည်ထားပေသည်။ သူသာ သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံး၏ ပစ်မှတ်ဖြစ်လာမည်မှန်း သိသည်။ ထို့ကြောင့် ချူချန်ဖုန်း၊ ဖန်ထျန်းဇုံ၊ ယင်စုတျယ်၊ ချူမင်ဟိုင်နှင့် ထန်ရုန်တို့ ထိုယုတ္တိမရှိသည့် ကမ်းလှမ်းချက်ကို သဘောမတူကြသေးခြင်း ဖြစ်သည်။

သို့သော်လည်း ဝေကုချန်းသည် ဆေးလုံးတောင်ကြားအား ပြောင်ပြောင်တင်းတင်း ငြင်းဆိုရလောက်သည်အထိ မရူးမိုက်သေးချေ။ ထို့ကြောင့် ခဏလောက် သေချာတွေးချင်ယောင် ဆောင်နေလိုက်သည်။ ခဏကြာမှသာ ယဲ့ယဲ့လေး ခေါင်းညိတ်၍ ပြန်မေးလိုက်သည် “ချူချန်ဖုန်း၊ ဖန်ထျန်းဇုံနဲ့ အခြားသူတွေသာ သဘောတူတယ်ဆိုရင် ကျုပ်တို့ လအရိပ်ခန်းမလည်း သဘောတူဖို့ အဆင့်သင့်ပဲ အစ်ကိုလီ။ ဒါပေမယ့် အစ်ကိုလီ…. ဟိုကောင်ကို သွားမေးပြီးသွားပြီလား”

ပြောပြီးသည်နှင့် အနားတွင်ရှိနေသော တောင်ကို မသိမသာ ညွှန်ပြလိုက်လေသည်။

လီရို့နန်မျက်နှာ ချက်ချင်းကို မဲ့သွားခဲ့သည်။ ဝေကုချန် မည်သူ့ကို ပြောနေမှန်း သူမသိဘဲ နေမည်လား။ ထို့ကြောင့် အရှက်မရှိပြုံးလျက် ပြန်ပြောလိုက်သည် “အခြားသူတွေ အားလုံးနဲ့ ပြောပြီးတော့မှ သူနဲ့ပြောမလားလို့တော့ လုပ်ထားတာပဲ”

ဝေကုချန်း ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ခေါင်းခါလျက် “ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူးနော် အစ်ကိုလီ။ လူနည်းနည်းလေးပဲ ဆိုရင်တော့ ပူးပေါင်းလိုက်လို့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် လူတွေက အများကြီး ရှိနေတာ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ အစ်ကိုလီလည်း သိတယ်မလား။ ကျုပ်အထင်တော့ သူနဲ့ အရင်ဆုံး သွားပြောလိုက်တာ ကောင်းလိမ့်မယ်။ သူနဲ့ သဘောတူညီချက် ရပြီးသွားမှ အခြားသူတွေနဲ့ ဆွေးနွေးလို့လည်း နောက်မကျသေးဘူးလေ၊ ဟုတ်တယ်မလား”

လီရို့နန် သူ့မျက်နှာ အမူအရာကို ပြန်ထိန်းလိုက်ပြီး လက်သီးဆုပ်၍ ခေါင်းညိတ်ကာ “ညီလေးဝေပြောတာ မဆိုးဘူး။ ဒီလီ သေချာ စဉ်းစားကြည့်လိုက်မယ်”

ပြောပြီးသည်နှင့် သူနေသည့် တောင်ဆီသို့ ချက်ချင်း ပြန်လှည့်ထွက်သွားလေသည်။

သူထွက်သွားပြီးနောက် ဝေကုချန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ရေရွတ်လိုက်သည် “ငါ့ကို ကျုပ်မပြည့်တဲ့ ငတုံးများ မှတ်နေလား မသိဘူး”

ဝေကုချန်း ပြောသည်ကို ကြားသော် ဘေးနားတွင် ရှိနေသော တိုက်ယွမ်က တခစ်ခစ် ရယ်မောလျက် ဝင်ပြောလိုက်လေသည် “ဆေးလုံးဂိုဏ်းက ငတုံးတွေမဟုတ်ဘူး။ သူတို့ ပြောတာကို စီနီယာအစ်ကို စိတ်ထဲ ထားမနေနဲ့။ အခု သူနဲ့ မပူးပေါင်းလိုက်တာ မှန်သွားတယ်။ မဟုတ်ရင် စီနီယာအစ်ကို ကောင်းကောင်း ဒုက္ခရောက်မှာ”

“ငါသိတယ်” ဝေကုချန်းက အလေးအနက် ခေါင်းညိတ်လိုက်ပြီး “အဲ့ကိစ္စ ထားလိုက်တော့။ ဒီဖယောင်းနီသီး မှည့်လာတာ ကံကောင်းတာလား ကံဆိုးတာလားတောင် မသိတော့ဘူး”

ပြောပြီးသည်နှင့် အနီးပတ်ပတ်လည်ရှိ တောင်းများကို ဝေ့ကြည့်လိုက်သည်။ ဖယောင်းနီသီးအား အလုအယက် လုယူကြမည့် တိုက်ပွဲတွင် လူပေါင်းမည်မျှ သေကျေကြဦးမည်နည်း။

“အခုတော့ အဲ့လောက်ပဲနဲ့ ရပ်ထားလိုက်ကြရအောင်။ အခု ကျွန်မတို့ အရင်ဆုံး ကျင့်ကြံသင့်တယ်။ အခုလို အခွင့်အရေးမျိုးက လွယ်လွယ်ရနိုင်တာ မဟုတ်ဘူး။ ပြီးတော့ အစ်မတိုက်ယွမ်ပြောတဲ့ နေသုံးစင်ပေါ်လာမယ့် ဖြစ်စဉ်ကလည်း ပြီးဖို့ နည်းနည်း ကြာဦးမှာ။ ဒါကြောင့် အချိန်ရှိတုန်း လုံလစိုက်သင့်တယ်” တုန်ရွှမ်းအာက ဝင်ပြောလိုက်သည်။

ကျန်သုံးယောက်စလုံး ခေါင်းညိတ်လိုက်ပြီး နေရာအသီးသီးရှာကာ တင်ပလင်ခွေ ထိုင်လိုက်ကြပြီး လေထဲတွင် ပျံ့လွင့်နေသော ရစ်မူးအံ့ဩဖွယ်ရာ သင်းရနံ့ထဲ သူတို့ကိုယ်သူတို့ နစ်မြောစေလိုက်ကြလေသည်။

ဖယောင်းနီသီး မည်မျှ အဖိုးတန်မှန်း ရန်ကိုင် ချက်ချင်း နားလည်သွားလိုက်သည်။ ဖယောင်းနီသီးသည် ရှေးဟောင်းမှတ်တမ်းများထဲတွင် ရေထားသကဲ့သို့ အမှန်တကယ် အစွမ်း ထက်ပေသည်။ ဖယောင်းနီသီး မရင့်မှည့်ခင် လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်သွားစေနိုင်သော မွှေးရနံ့တစ်မျိုးကို ထုတ်လွှတ်ပေးသည်။ ထိုမွှေးရနံ့သည် လူ၏ စိတ်ကို တည်ငြိမ်သွားအောင် လုပ်ဆောင်နိုင်ရုံမက ထိုထွင်းသိမြင်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးပေသည်။

လက်ရှိတွင် နေတစ်စင်းသာ ပေါ်လာသေးသည်။ သို့တိုင် ဤမျှ အံ့ဩဖွယ် ကောင်းနေပါက နေသုံးစင်းသာ ထွက်ပေါ်လာခဲ့လျှင် မည်မျှ အံ့ဩဖွယ်ကောင်းလိုက်လေမည်နည်း။

ဝေကုချန်းနှင့် အခြားသူများဖြင့် အတူရှိနေသည့် အတွက်ကြောင့် ချောင်းမြောင်း တိုက်ခိုက်ခံရမည်ကို ရန်ကိုင် စိတ်မပူချေ။ ထို့ကြောင့် ပတ်ဝန်းကျင်ကို အရမ်းကြီး သတိထားမနေတော့ဘဲ ထိုရစ်မူးဖွယ်ရာ ခံစားချက်ထဲတွင်သာ စိတ်လွတ်ကိုယ်လွတ် စီးမျောနေလိုက်တော့သည်။

ရန်ကိုင်ကိုယ်တိုင်သည် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်။ ဆေးပညာရှင် တစ်ယောက် အနေဖြင့် သူ၏ သူတော်စင်ချီကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်တတ်ရန် လိုအပ်သည်။ ထို့ကြောင့် သူ့စမှတ်သည် အခြားကျင့်ကြံသူ အများစုထက် ပိုကောင်းနေခဲ့သည်။ ယခု ဖယောင်းနီသီး ရနံ့၏ လွှမ်းမိုးမှုအောက်တွင် သူတော်စင်ချီအား မည်ကဲ့သို့ ပိုမိုကောင်းမွန်အောင် ထိန်းချုပ်ရမည်လဲ ဆိုသော အသစ်အသစ်သော အကြံဥာဏ်အသစ်များ ထပ်ရလာခဲ့သည်။

ရန်ကိုင်သည် သူတော်စင်ချီ ထိန်းချုပ်ခြင်း နည်းလမ်းသစ်ရား စူးစမ်းရာတွင် နစ်မြောနေစဉ် ဝေကုချန်း၊ တုန်ရွှမ်းအာနှင့် တိုက်ယွမ်တို့သည်လည်း အသီးသီး ဥာဏ်အလင်းပွင့်နေကြသည်။

သူတို့သာမဟုတ် အခြားတောင်ပေါ်များရှိ ကျင့်ကြံသူများမှာလည်း အချိန်မဖြုန်းကြဘဲ ဖယောင်းနီသး၏ မွှေးရနံ့ အသက်ဝင်နေတုန်း တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေကြလေသည်။

ရန်ကိုင်တို့အဖွဲ့ ရောက်ပြီး နေ့တစ်ဝက်ကြာပြီးနောက် ငြိမ်းချမ်းတင်းမာနေသော အခြေအနေတစ်ရပ်သည် အားလုံးကြား ပေါက်ဖွားလာခဲ့သည်။ အကုန်လုံးသည် အချင်းချင်း မျက်ခြေမပြတ် စောင့်ကြည့်နေရင်း ဖယောင်းနီသီး၏ မွှေးရနံ့များ ပေးစွမ်းသော အကျိုးအမြတ်များကို ရနိုင်သလောက် ယူနေကြသည်။

အချိန်ကြာလာသည်နှင့် လူများ ထပ်ထပ်၍ ရောက်လာခဲ့သည်။ သို့သော်လည်း အကုန်လုံး တင်ပလင်ခွေထိုင် ကျင့်ကြံနေသည်ကို မြင်သော် ထိုလူသစ်များ စိတ်ရှုပ်သွားခဲ့သည်။ သို့သော်လည်း မည်သူမှ မဆင်မခြင် မလှုပ်ရှားဘဲ နေရာတစ်ခုရှာကာ အလျင်အမြန်ပဲ ထိုင်ချလိုက်လေသည်။ သိပ်သည်းမက်မောဖွယ်ကောင်းသော သင်းရနံ့ကို ရှုရှိုက်ပြီးနောက် အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အံ့အားသင့်နေရာမှ တဖြည်းဖြည်း တည်ငြိမ်ကုန်ကြလေသည်။

အချိန်တစ်ခုသို့ရောက်သော် မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသည့် ငယ်ရွယ်ပုံပေါက်သော လူတစ်ယောက် တစ်ယောက်တည်း ရောက်လာခဲ့သည်။ ထိုလူသည် တတိယအလွှာ၏ အတွင်းပိုင်းထဲသို့ သွားရန် ကြိုးစားနေသော လူဖြစ်ပေသည်။ သို့သော်လည်း သူရောက်သည်မှာ အနည်းငယ် နောက်ကျသွားသဖြင့် တောင်ထွတ်အားလုံး လူပြည့်နေခဲ့လေပြီ။ ပတ်ပတ်လည်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး နေရာလုလျှင် ကောင်းမလား တွေးလိုက်သည်။ သို့သော်လည်း ထိုအကြံအား အလျင်အမြန်ပဲ ပယ်ချလိုက်လေသည်။

သူဤခန္ဓာကိုယ်အား အပိုင်စီးထားသည်မှာ သိပ်မကြာသေးချေ။ အပြာရောင် မိုးကောင်ကြီးကိုလည်း မြင်ပင် ပြန်မမြင်ရသေးချေ။ ထို့အတွက်ကြောင့် လောလောဆယ် အာလုံး အာရုံစိုက်စရာ မဖြစ်အောင် နေသည်မှာ ပိုကောင်းပေသည်။

သို့သော်လည်း မနီးမဝေးတွင် တင်ပလင်ခွေထိုင်နေသော ရန်ကိုင်ကို မြင်လိုက်ချိန် ထိုလူ၏ အကြည့်ထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ရန်ကိုင်အား ဤနေရာတွင် လာတွေ့ရမည်ဟု မထင်ထားခဲ့ချေ။

သို့သော်လည်း ချက်ချင်းဆိုသလို သူ့အမူအရာ အေးစက်မှုန်ကုတ်လာခဲ့သည်။

သူ၏ အဖိုးအတန်ဆုံး ရတနာကို ယူသွားသည့်လူမှာ ထိုလူငယ်လေးမှန်း သူသေချာ သိပေသည်။ သို့သော်လည်း ထိုလူငယ်လေး၏ အနီးသို့ ရောက်လာပြီးသည့်တိုင် သူ့ရတနာ၏ တည်ရှိမှုကို မခံစားမိခဲ့ချေ။

ထိုကောင်လေး သူ့ရတနာကို တကယ်ကြီး စုပ်ယူလိုက်နိုင်သည်လား။ သူ့အမြင်တွင် ထိုကဲ့သို့ လုံးဝ မဖြစ်နိုင်ချေ။ ထိုရတနာထဲတွင် ကိန်းအောင်နေသော စွမ်းအင်ကို အခြား မည်သူ့ထက်မဆို သူပိုသိပေသည်။ သူတော်စင်ဘုရင် ပထမအဆင့် မဆိုထားနှင့် တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်ပင်လျှင် ထိုရတနာထဲတွင် ရှိနေသော စွမ်းအင်ကို တစ်ရက်နှစ်ရက်အတွင်း အပြီးသန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုကဲ့သို့ စုပ်ယူရင်း အတွင်းဒဏ်ရာပင် ရသွားနိုင်သေးသည်။

သို့သော်လည်း ထိုမဖြစ်နိုင်ဟု ထင်ရသော ထူးဆန်းလွန်းလှသည့် အမှန်တရားသည် သူ့ရှေ့တည့်တည့်တွင် ရှိနေသည်။ ထိုသူတော်စင်ဘုရင် ပထမအဆင့်သည် သူ့ရတနာကို ရသွားသည်။ ထို့နောက် ကျောက်စက်ပန်းဆွဲ လိုဏ်ဂူမှ ထွက်သွားသည်။ သူထိုသို့ ထွက်သွားပြီး တစ်နာရီပင် မပြည့်တတ်သေးခင်မှာပဲ သူ့ရတနာ၏ အရှိန်အဝါလည်း‌ ပျောက်ကွယ်သွားခဲ့သည်။ သူမည်သို့ပင် ကြိုးစားအာရုံခံစေကာမူ သူ့ရတနာကို အာရုံခံမရတော့ချေ။

သို့သော်လည်း ထိုကောင်လေးသာ သူ့ရတနာကို အမှန်တကယ် စုပ်ယူလိုက်မည် ဆိုပါက ယခုအချိန်အထိ အသက်ရှင်နေစရာ အကြောင်းမရှိချေ။

ထိုနားမလည်နိုင်သော အဖြစ်အပျက်ကြောင့် ထိုလူအတော်လေး စိတ်ညစ်နေခဲ့သည်။ သို့သော်လည်း သူမသိသည့်အချက်သည်ကား သူ့ရတနာကို စုပ်ယူသွားသူမှာ ရန်ကိုင် မဟုတ်ဘဲ ဝိဥာဉ်ကြာပန်း ဖြစ်နေသည်ဆိုသော အချက်ကိုပင် ဖြစ်လေသည်။ ဝိဥာဉ်ကြာပန်းသည် သူ့အဖိုးတန် ရတနာကို စုပ်ယူပြီး ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဖြစ်သို့ ပြောင်းလဲနေလေပြီ။

သူစိတ်ရှုပ်နားမလည်နိုင် ဖြစ်နေစဉ်မှာပဲ သူတော်စင်ဘုရင် ပထမအဆင့် လူငယ်လေး ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့တည့်တည့်သို့ စိုက်ကြည့်လာခဲ့သည်။ အကြည့်ချင်း တစ်ချက် ဆုံးသွားပြီးနောက် ထိုလူသည် ပုံမှန်အတိုင်း အကြည့်လွှဲဖွယ်လိုက်ပြီး မနီးမဝေးတစ်နေရာတွင် နေရာတစ်ခုရှာလျက် အားလုံးကဲ့သို့ ထိုင်ချလိုက်သည်။

အနီးနားတွင် ရှိနေသော ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့သည်။

သူ့ဘာသာ တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် တစ်ယောက်ယောက်မှ သူ့အား သတ်ဖြတ်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို ခံစားမိသဖြင့် မျက်လုံးဖွင့်ကာ သူ့အား စိုက်ကြည့်နေသည့်လူအား လှမ်းကြည့်မိလိုက်သည်။ ချူချန်ဖုန်း ဖြစ်မည်ဟု ထင်ထားသော်ငြား ချူချန်ဖုန်း မဟုတ်ဘဲ အခြားလူတစ်ယောက် ဖြစ်နေခဲ့သည်။

ထိုလူမှာလည်း အခြားလူမဟုတ်၊ ဝိဥာဉ်သန့်နတ်ရေစင်ကန်ထဲသို့ ဝင်သွားသည့် လူများအနက် တစ်ယောက် ဖြစ်ပေသည်။

ကျင့်ကြံနေရင်း နှောင့်ယှတ်ခံလိုက်ရသဖြင့် ရန်ကိုင် စိတ်ညစ်သွားသည်မှာ သဘာဝသာ ဖြစ်ပေသည်။

ထိုလူသည် အရမ်းကြီး အားမကောင်းလှ။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင်သာ ဖြစ်သည်။ ရန်ကိုင် မှတ်မိသလောက်ဆို ထိုလူ၏ဂိုဏ်းကို တိမ်မီးတောက်တောင်ကြားဟု ခေါ်ပေသည်။

ဝိဥာဉ်သန့်နတ်ရေစင်ထဲသို့ ဝင်စဉ်က သူနှင့်အတူ လူအိုကြီးတစ်ယောက်၊ လူငယ်လေးတစ်ယောက် ပါခဲ့ပေသည်။ သို့သော်လည်း လက်ရှိတွင် သူတစ်ယောက်တည်းသာ ရောက်လာခဲ့သည်။ အခြားနှစ်ယောက် ဘာဖြစ်သွားသလဲ ဆိုသည်ကို သူမသိ။

ထိုလူ ဘာကြောင့် သူ့အား သတ်ချင်နေရသနည်း။ သဲမီးတောက်နယ်မြေထဲသို့ ရောက်သည့် အချိန်မှစ၍ ချူချန်ဖုန်းမှတပါး အခြားမည်သူနှင့်မှ ကတောက်ကဆ မဖြစ်ခဲ့သလို မည်သူ့ကိုမှလည်း ရန်မစခဲ့ချေ။ သူ့လျှို့ဝှက်ချက်များကိုလည်း မည်သူ့ကိုမှ ထုတ်မပြခဲ့ချေ။ သူ့လျှို့ဝှက်ချက်များကို မြင်ခဲ့သူများနှင့် သူအား တိုက်ခိုက်ခဲ့သူအားလုံး အသက်ပျောက်ကုန်ကြလေပြီ။ အကြောင်းမရှိဘဲ သတ်ဖြတ်ချင်စိတ်ဖြင့် စိုက်ကြည့်ခြင်း ခံရသည့်အတွက် ရန်ကိုင် စိတ်ညစ်နေခဲ့သည်။

“ဂျူနီယာမောင်လေးရန် တစ်ခုခု ရှာတွေ့လို့လား” ရန်ကိုင်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သော် တိုက်ယွမ်က မျက်လုံးဖွင့်ကာ မေးလိုက်သည်။ ရန်ကိုင် အတွေးနက်နေသည်ကို မြင်သော် တိုက်ယွမ်လည်း မနေနိုင်ဘဲ မေးလိုက်မိသည်။

“မတွေ့ပါဘူး” ရန်ကိုင် ခေါင်းခါလိုက်ပြီး အစောပိုင်းက သူ့အား စိုက်ကြည့်သွားသည့် လူအား ကြည့်ကာ မေးလိုက်သည် “အဲ့လူဘယ်သူလဲ ခင်ဗျားသိလား”

တိုက်ယွမ်လည်း ရန်ကိုင် ကြည့်နေသည့်လူအား လှမ်းကြည့်လိုက်သည်။ ထိုလူကို မြင်ပြီးနောက် ရှင်းပြလိုက်လေသည် “သူက တိမ်မီးတောက်တောင်ကြားရဲ့ အဓိကတပည့် လူရီပဲ။ ဘာလို့လဲ။ ဂျူနီယာမောင်လေးရန် သူနဲ့ ပြဿနာ ဖြစ်ထားလို့လား”

လူရီလား ရန်ကိုင် ထိုနာမည်ကို သေချာ မှတ်ထားလိုက်ပြီး ခေါင်းခါ၍ “မဟုတ်ပါဘူး။ ကျုပ်နဲ့ ဟိုတစ်ခါလောက်က တွေ့ဖူးခဲ့တာ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဒီကောင် ကျုပ်ကို ရန်လိုနေတယ်။ ဒါကြောင့် မေးကြည့်လိုက်တာ”

တိုက်ယွမ်၏ မျက်လုံးထဲ အလျင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး အနည်းငယ် ထူးဆန်းဟန်ဖြင့် ပြောလိုက်လေသည် “ဒီလူရီက ပုံမှန်ဆို အခြားလူတွေကို ရန်လိုက်စတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ငါသူနဲ့ မရင်းနှီပေမယ့် သူနဲ့ စကားနည်းနည်းတော့‌ ပြောဖူးတယ်။ တိမ်မီးတောက်ဂိုဏ်းမှာဆိုရင်လည်း သူက အတော် ကျော်ကြားတာ။ သူဘာလို့ မောင်လေးရန်ကို ရန်လိုနေတာလဲ”

“ကျုပ်လည်း အဲ့ဒါကိုပဲ သိချင်နေတာ” ရန်ကိုင် သွားပေါ်အောင် ပြုံးဖြီးလိုက်သည်။

တိုက်ယွမ်သည် ရန်ကိုင်နှင့် လူရီကြားတွင် ပြဿနာ တစ်ခုခု ဖြစ်ထားသည်ဟု ထင်မှတ်သွားခဲ့ပြီး မျက်မှောင်လေးကြုတ်လျက် ပြောလိုက်လေသည် “လူရီက တိမ်မီးတောက် ဂိုဏ်းချုပ် လူရှန်းတုန်ရဲ့ သားပဲ။ တိမ်မီးတောက်ဂိုဏ်းက ထိပ်တန်းအင်အားစုတစ်ခု မဟုတ်ပေမယ့် အဆင့်နိမ့်တဲ့ အထဲတော့မပါဘူး။ ပြဿနာသေးသေးလေ ဆိုရင်တော့ ငါဝင်ဖြေရှင်းပေးလို့ ရလောက်တယ်။ လူရီရဲ့ စိတ်နေစိတ်ထားနဲ့ဆို ပြဿနာကို အလွယ်လေး ဖြေရှင်းလို့ရလောက်တယ်”

“မလိုဘူး” ရန်ကိုင် ခေါင်းခါလိုက်သည်။ သူနှင့်လူရီကြား မည်သည့် ပြဿနာများ မရှိသည့် အချက်ကို ဘေးဖယ်ထားလျှင်ပင် သူနှင့်လူရီကြား ပြဿနာရှိလျှင်ပင် သူ့ပြဿနာကို ဖြေရှင်းရန် အတွက် အခြားသူများ၏ အကူအညီကို မလိုချေ။ အခြားသူသာ သူ့အား အရင်ပြဿနာ လာမရှာလျှင် ရန်ကိုင်ကလည်း ပြဿနာ အရင်သွားရှာတတ်သည့် လူစားမျိုးမဟုတ်ချေ။ သို့သော် သူ့အား လာပြဿနာရှာမည် ဆိုပါက တစ်ခါတည်း အမြစ်ပါမကျန် ရှင်းပစ်လိုက်ပေမည်။

ရန်ကိုင် သူမ အကူအညီအား ငြင်းလိုက်သည်ကို မြင်သော် တိုက်ယွမ်လည်း ဘာမှ ထပ်ပြောမနေတော့ဘဲ သူမဘာသာ ပြန်ကျင့်ကြံတော့မည် အပြု ရုတ်တရက် ရန်ကိုင်၏ အကြည့် တစ်နေရာဆီသို့ ရောက်သွားပြီး မေးလိုက်သည် “အဲ့လူကကော ဘယ်သူလဲ”

တိုက်ယွမ်လည်း ရန်ကိုင် အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ မျက်နှာမာမာထန်ထန်နှင့် လူကြီးကို သွားတွေ့လေသည်။ ထိုလူကိုမြင်လိုက်သည့်နောက် တိုက်ယွမ်၏ ခန္ဓာကိုယ် မဆိုသလောက်ကလေး တုန်တက်သွားခဲ့ပြီး ချက်ချင်းပဲ သူမအကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် အလေးအနက် လေသံဖြင့် တိုးတိုးလေး သတိပေးလိုက်လေသည် “ဂျူနီယာမောင်လေးရန်၊ နင်သူ့အကြောင်း သိပ်မစပ်စုမိစေနဲ့။ သူကြယ်ဧကရာဇ်ဂိုဏ်းက လာတယ်ဆိုတာကိုတော့ ငါသိတယ်။ အခြားအရာတွေကိုတော့ မသိဘူး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၃)

ကြယ်ဧကရာဇ်ဂိုဏ်းပေကိုး။ ချူချန်ဖုန်း ထိုလူအား ခခယယဖြင့် ဆက်ဆံနေသည်ကို မြင်ပြီးနောက် သူ့စိတ်ထဲ မသင်္ကာ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်သည်သာ ချူချန်ဖုန်းအား ထိုကဲ့သို့ သူ့ကိုသူ နှိမ့်ချအောင် လုပ်နိုင်ပေသည်။ သူ့ဘက်မှ ကြီးကြီးမားမား နစ်နာသွားရသည့်တိုင် ချူချန်ဖုန်းအနေဖြင့် ဒေါသကိုမြိုသိပ်ပြီး ငြိမ်ခံနေရုံမှတစ်ပါး အခြားဘာမှ မလုပ်နိုင်ခဲ့ချေ။

တိုက်ယွမ်သည် ရန်ကိုင် ကြယ်ဧကရာဇ်ဂိုဏ်း မည်မျှ အာကောင်းသည်အား မသိမည်ကို ကြောက်နေသည့်အလား အလေးအနက်ဖြင့် ဆက်ရှင်းပြလိုက်သည် “အရိပ်ကြယ်ပေါ်မှာ အားအကောင်းဆုံးဂိုဏ်းတွေက ကြယ်ဧကရာဇ်ဂိုဏ်း၊ ကောင်းကင်တိုက်ပွဲဂိုဏ်း၊ မိုးကြိုးမုန်တိုင်းဂိုဏ်းတွေလို့ ပြောနေကြပေမယ့် ကြယ်ဂိုဏ်းဧကရာဇ်ဂိုဏ်း၊ ကောင်းကင်တိုက်ပွဲဂိုဏ်းနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းကြား ဘယ်လောက် ခွန်အား ကွာခြားချက် ကြီးမားလဲဆိုတာကို အင်အားစုကြီးတိုင်းသိတယ်။ ငါကြားသလောက်ဆို ကြယ်ဧကရာဇ်ဂိုဏ်းမှာ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အယောက်တစ်ရာကျော်တောင် ရှိတယ်တဲ့။ အဲ့လောက်များတဲ့ အရေအတွက်ကို ကောင်းကင်တိုက်ပွဲဂိုဏ်းနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့က ဘယ်လိုလုပ်ပြီး သွားယှဉ်နိုင်မှာလဲ။ အဲ့ဒါတင်မကသေးဘူး။ သူတို့မှာ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတွေလည်း အများကြီး ရှိသေးတယ်တဲ့”

“အဲ့လောက်တောင် အားကောင်းတာလား” ရန်ကိုင် လုံးဝကို ထိတ်လန့်သွားခဲ့လေပြီ။ တန်ခိုးရှင်အထွဋ်အထိပ်အဆင့် အယောက်တစ်ရာကျော်ရှိသော အင်အားစုတစ်ခုသည် မည်မျှ အကောင်းလိုက်မည်နည်း။

“ဟုတ်တယ်။ သူတို့တွေက တစ်ခါမှ လူသိရှင်ကြား တပည့်လက်မခံတော့ ဂိုဏ်းသား စုစုပေါင်း အရေအတွက်က အတော်တော်လေး နည်းတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ဂိုဏ်း သိပ်မကျော်ကြားတာ ပါတယ်”

“ဒါဆို သူတို့မှာ တန်ခိုးရှင်အဆင့် တစ်ရာကျော်ရှိမှန်း ခင်‌ဗျားတို့ ဘယ်လိုသိတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ငါလည်း သေချာမသိဘူး။ ဒါပေမယ့် အရိပ်ကြယ်ရဲ့ သမိုင်းမှတ်တမ်းတွေအရ ကောင်းချီးကံတရားတွေနဲ့ ပြည့်စုံပြီး ကြယ်ဧကရာဇ်တောင်က ပညာရှင်တွေနဲ့ တွေ့ခဲ့တဲ့ လူတွေအကုန်လုံးကို ကျင့်ကြံဖို့ ကြယ်ဧကရာဇ်တောင်ဆီ ခေါ်သွားကြတယ်တဲ့။ ဒါပေမယ့် အဲ့လိုဖြစ်တာ အရမ်း နည်းလွန်းတယ်” တိုက်ယွမ်က ရှင်းပြလိုက်တယ် “ကြယ်ဧရာဇ်တောင်က လူတွေက အဲ့ကြယ်ဧကရာဇ်တောင်ကနေ ခွာခဲတယ်။ ဒါကြောင့် သူတို့မှာ လူအရေအတွက် နည်းတယ်ဆိုပေမယ့် အခြားသူတွေသာ သူတို့ကို လာရန်မစသရွေ့ သူတို့လည်း အလကားသက်သက် သွားရန်မစဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က သူတို့ကို သွားရန်စရင်တော့…”

ထိုနားသို့ ရောက်သည့်အခိုက် တိုက်ယွမ်၏ ခန္ဓာကိုယ် တုန်တက်သွားသည်ကို မြင်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။

သူ့စိတ်ထဲ ထိတ်လည်း ထိတ်လန့်မိသွားခဲ့သည်။ မိုးမြေဘယ်လောက် ကျယ်သည်ကိုမှ မသိဘဲ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခုကို သွားရန်စမိလိုက်သည့်လူ တစ်ယောက် ကံသည် မည်မျှ ဆိုးလိုက်မည်နည်းဟုလည်း တွေးလိုက်မိသည်။

တိုက်ယွမ်က သူမ၏ အသံကို ပိုတိုးလျက် ပြောလိုက်သည် “ပြောရရင် ဆယ်စုနှစ်တိုင်း၊ ဆယ်စုနှစ်တိုင်းမှာ ကြယ်ဧကရာဇ်ဂိုဏ်းက သူတို့ရဲ့ လူငယ်မျိုးဆက် တပည့်တွေကို အတွေ့အကြုံ ထွက်ရှာခိုင်းလေ့ရှိတယ်။ အဲ့တပည့်တွေ အကုန်လုံးက အမြဲတမ်း နှိမ့်နှိမ့်ချချပဲ နေပြီး သူတို့ရဲ့ အဆင့်အတန်းကို ဘယ်တော့မှ ထုတ်မပြောဘူး။ ဒါကြောင့် သူတို့ ကြယ်ဧကရာဇ်ဂိုဏ်းဆီ ပြန်မရောက်မချင်း သူတို့ ကြယ်ဧကရာဇ်ဂိုဏ်းက လာတယ်ဆိုတာကို မသိသွားကြတာတွေတောင် ရှိတယ်။ ဒါပေမယ့် မြက်သွေးရောင်ဂိုဏ်း ရှေးဟောင်းမှတ်တမ်းထဲမှာ ငါဖတ်ဖူးတာကို ပြောတာနော်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်တုန်းက ရှေးဟောင်းယန်ဂိုဏ်းလို့ ခေါ်တဲ့ ကောင်းကင်တိုက်ပွဲအစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့နဲ့ ယှဉ်နိုင်ခဲ့ အင်အားစုတစ်ခု ရှိခဲ့တယ်တဲ့။ အဲ့တုန်းက ကြယ်ဧကရာဇ်ဂိုဏ်းက တပည့်တစ်ယောက် အတွေ့အကြုံ ထွက်ရှာရင်း ရှားပါးအဖိုးတန်တဲ့ ရတနာတစ်ခုကို ရလိုက်တာပေါ့။ အဲ့ဒါကို ရှေးဟောင်းယန်ဂိုဏ်းကလူတွေ မြင်သွားတော့ အဲ့လူငယ်လေးကို ချောင်းသတ်ပြီး သူ့ရတနာကို လုသွားပါရော။ အဲ့လိုဖြစ်ပြီး တစ်လလောက်လည်း ကြာရော.. ရှေးဟောင်းယန်ဂိုဏ်း တစ်ဂိုဏ်းလုံး သုတ်သင်ခံလိုက်ရတယ်။ တစ်ဂိုဏ်းလုံး အမြစ်ဖြတ်ခံလိုက်ရတာ ရိုးရိုမဟုတ်ဘူး။ ညတွင်းချင်း အမြစ်ဖြတ်ခံလိုက်ရတာ”

ရန်ကိုင် မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။

ရှေးဟောင်းယန်ဂိုဏ်း ဖျက်စီးခံရသည့် လက်သည်တရားခံမှာ ကြယ်ဧကရာဇ်ဂိုဏ်း ဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ ကောင်းကင်တိုက်ပွဲအစည်းအရုံး၊ မိုးကြိုးမုန်တိုင်ဂိုဏ်း တို့နှင့် အဆင့်တူ အင်အားစုတစ်ခုကို ညတွင်းချင်း အမြစ်ဖြတ်ပစ်နိုင်သည့် အင်အားမှာ ကြယ်ဧကရာဇ်ဂိုဏ်း မည်မျှ အားကောင်းသလဲ ဆိုသည့် အချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြနေသည်။

တိုက်ယွမ်က ယဲ့ယဲ့လေးပြုံးလျက် ဆံပင်ကို နားသယ်နောက်သပ်တင်ရင်း ပြောလိုက်သည် “ဒါပေမယ့် အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ဖြစ်သွားတာဆိုတော့ အမှန်လား အမှားလား ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဂိုဏ်းက အကြီးအကဲတွေကတော့ ဒီအကြောင်းကို ဘယ်တော့မှ ဘယ်တော့မှ ထုတ်မပြောဖို့ တားမြစ်ထားကြတယ်။ ဒါပေမယ့် အရိပ်ကြယ်ပေါ်မှာ မီတာတစ်ထောင် ပတ်ပတ်လည် ဘာမြက်ပင်၊ ဆေးပင်မှ မပေါက်တဲ့ မဟာတောင်ကြားဆိုတဲ့ နေရာတစ်နေရာ ရှိတယ်။ အဲ့နေရာတစ်ခုလုံးက သိပ်သည်းလွန်းတဲ့ ယင်ချီတွေနဲ့ ပြည့်နေတာ။ ရှင်းရှင်းပြောရရင် အဲ့နေရာက အရင်တုန်းက ရှေးဟောင်းယန်ဂိုဏ်း တည်ရှိခဲ့တဲ့ နေရာပဲ။ ကျင့်ကြံသူတွေကတော့ အဲ့မဟာတောင်ကြားကို ရတနာရှာဖို့ သွားလေ့ရှိတယ်။ အဲ့မှာ ရှားပါးအဖိုးတန်တဲ့ ရတနာတွေ အများကြီးပဲတဲ့။ ဒါပေမယ့် ဘယ်သူမှတော့ အဲ့လိုရတနာတွေကို ရှာမတွေ့ခဲ့ဘူး။ အဲ့အစား သေပဲသေကုန်ကြတယ်”

“ခင်ဗျား ရောက်ဖူးလား” ရန်ကိုင်က တိုက်ယွမ်အား အပြုံးဖြင့် မေးလိုက်သည်။ တိုက်ယွမ်သည် ကောလဟာလများဟုသာ ပြောနေသော်လည်း သူမလေသံအရ အတော်လေး သူမပြောနေသည့်အပေါ် အတော်လေး ယုံကြည်နေသည့်ပုံပေါက်သည်။ ထို့ကြောင့် မဟာတောင်ကြားဆီသို့ သူမကိုယ်တိုင် ရောက်ဖူးခြင်း ဖြစ်လောက်ပေသည်။

“ရောက်ဖူးတယ်” တိုက်ယွမ်က ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ဘာမှမရလိုက်ဘူး။ ဘာမှမရလိုက်တဲ့အပြင်ကို ယင်ချီတွေ ငါ့ကိုယ်ထဲ ကျူးကျော်တာတောင် ခံလိုက်ရသေးတယ်။ ဂိုဏ်းဆီ ပြန်ရောက်ပြီး အတော်လေး အချိန်ယူ ကုသပြီးတော့မှပဲ အဲ့ယင်ချီတွေကို ခန္ဓာကိုယ်ထဲကနေ ပြန်ထုတ်လိုက်နိုင်တယ်။ ဂျူနီယာမောင်လေးရန် စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တိုင် သွားကြည့်လို့ရတယ်နော်။ ဒါပေမယ့် သေချာတော့ သတိထားပေါ့”

“အားတဲ့တစ်နေ့ သွားကြည့်လိုက်မယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သို့သော် အမှန်တကယ်သွားရန် မစီစဉ်ထားချေ။ ရှေးဟောင်းယန်ဂိုဏ်း ပျက်စီးသွားခဲ့သည်မှာ နှစ်ပေါင်း နှစ်ထောင်လောက် ကြာနေပေပြီ။ ထိုနေရာတွင် ရတနာများစွာ ရှိနေပြီး မည်သူမှ အဖိုးတန် ရတနာ များများစားစား မရခဲ့ဟု ဆိုသော်ငြား နှစ်ပေါင်းနှစ်ထောင်ကြာပြီးမှ ထိုနေရာသို့ အပြေးအလွှားသွား ရတနာရှာခြင်းသည် စကာပေါက်ဖြင့် ရေခံခြင်းနှင့် တူပေသည်။ ထို့ကဲ့သို့ အချိန်ကုန်၊ လူပင်ပန်းခြင်းသာ အဖတ်တင်မည်ဖြစ်သော အလုပ်ကို ရန်ကိုင် စိတ်မဝင်စားချေ။

“ဟဲဟဲ” ရန်ကိုင် အမူအရာကိုမြင်သော် တိုက်ယွမ်လည်း ထိုအကြောင်း ဆက်မပြောတော့ဘဲ ခေါင်စဉ် ပြောင်းလိုက်လေသည် “ပုံမှန်အားဖြင့် ကြယ်ဧကရာဇ်ဂိုဏ်းက လူတွေကို သတိပြုမိဖို့ မလွယ်ဘူး။ ဒါပေမယ့် အခုတစ်ကြိမ်တော့ သဲမီးတောက်နယ်မြေ ကျေးဇူးကြောင့် သူတို့ ဘယ်သူလဲ သတိပြုမိဖို့ လွယ်သွားတယ်။ ငါဒီကို မလာခင်တုန်းက ဆရာကငါ့ကို တစ်ကိုယ်တော် လှုပ်ရှားနေတဲ့ လူတွေ၊ မျက်နှာစိမ်းတွေကို သေချာသတိထားဖို့ ပြောလိုက်တယ်။ ဒါကြောင့် ဂျူနီယာမောင်လေးရန်ကို စစတွေ့ချင်တုန်းက နင့်ကို ကြယ်ဧကရာဇ်ဂိုဏ်းက လူလို့တောင် ထင်မိသွားသေးတယ်…”

ရန်ကိုင် ကြောင်သွားခဲ့သည်။ တိုက်ယွမ် သူ့အား ထိုကဲ့သို့ ထင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း သူမ ထင်ချင်လည်း ထင်လောက်စရာပင်။ ရန်ကိုင်သည် အရိပ်ကြယ်ပေါ်မှ မဟုတ်ချေ။ ထို့ကြောင့် လူတော်တော်များများအတွက် သူသည် မျက်နှာစိမ်းတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူတော်စင်ဘုရင် ပထမအဆင့်လေးဖြင့် သဲမီးတောက်နယ်မြေ၏ တတိယအလွှာသို့ ရောက်နိုင်သည့်အတွက်ကြောင့် သူ့ပင်ကိုယ် အရည်အချင်းသည် အတော့်ကို မြင့်ရပေမည်။ ထိုအချက်အားလုံး ပေါင်းစုံပြီး တိုက်ယွမ်သည် သူ့အား ကြယ်ဧကရာဇ်ဂိုဏ်းမှ လူတစ်ယောက်ဟု အထင်လွဲသွားခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကို ကြားပြီးနောက် အင်ပါယာမြို့တော်ဂိုဏ်းမှ မန်ဟုန်လျန်နှင့် အစွန်းရောက်ဂိုဏ်းတို့မှ ဟွမ်ရှီတို့သည်လည်း သူ့စွမ်းရည်ကို မြင်ပြီးနောက် သူ့အား ကြယ်ဧကရာဇ်ဂိုဏ်းမှ လူတစ်ယောက်ဟု အထင်လွဲသွားခဲ့ခြင်း ဖြစ်လောက်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။ သူ့အား ကြယ်ဧကရာဇ်ဂိုဏ်းမှ လူဟု ထင်သွားသည့် အတွက်ကြောင့် မန်ဟုန်လျန် ချက်ချင်း ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

တိုက်ယွမ်သည်လည်း ထိုကဲ့သို့ ထင်ခဲ့ဖူးသည်။ သို့သော်လည်း ရန်ကိုင်နှင့် ဝေကုချန်း ရင်းနှီးနေသည်ကို သိပြီးနောက် ထိုခန့်မှန်းချက်ကို ချက်ချင်း ပယ်ချလိုက်သည်။ အကြောင်းမှာ ကြယ်ဧကရာဇ်ဂိုဏ်းမှ လူများသည် မည်သူနှင့်မှ အဆက်အဆံ မလုပ်ဘဲ တစ်ကိုယ်တည်းသာ နေတတ်ကြသောကြောင့် ဖြစ်ပေသည်။

ဤနေရာသို့ ရောက်ပြီး မျက်နှာ မာမာထန်ထန်နှင့် လူကြီးကို မြင်ပြီးနောက် ထိုလူသည်သာ ကြယ်ဧကရာဇ်ဂိုဏ်းမှ လူဖြစ်ကြောင်းကို ချက်ချင်း တန်းသိလိုက်လေသည်။

စကားနည်းနည်းပါးပါး ပြောပြီးနောက် ဘာမှ ထပ်ပြောစရာ မရှိတော့သည့်အခါ မျက်လုံးပြန်ပိတ်ပြီး ကိုယ့်ဘာသာ ပြန်ကျင့်ကြံနေလိုက်ကြသည်။

ရဲရဲတောက်နီမြန်းနေသော နေလုံးသည် မြင့်တက်သထက် မြင့်လာနေခဲ့သည်။

လေထဲရှိ အသီးရနံ့မှာလည်း ပိုပို၍ အားကောင်းလာနေခဲ့သည်။ ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါလာပြီး အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် တင်ပလင်ခွေထိုင် ကျင့်ကြံနေသည့် ကျင့်ကြံသူများ ဖြူလျော်သွားကြပြီး အကုန်လုံး မျက်လုံးပွင့်လာခဲ့ကြလေသည်။ မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး တောင်ကြားထဲသို့ အလန့်တကြား စိုက်ကြည့်လိုက်ကြသည်။

တောင်ကြားတစ်ခုလုံး ကြောက်မက်ဖွယ်စွမ်းအားတို့ ကိန်းအောင်နေသော အနီရောင် မြူခိုးထုကြီးဖြင့် ပြည့်လာနေခဲ့သည်။

အနီရောင်မြူခိုးထုသည် ရုတ်တရက်ကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစောပိုင်းက ရှိမနေခဲ့ချေ။ ကျင့်ကြံသူများ ကြည့်လိုက်ချိန် မြူခိုးများ တရိပ်ရိပ် တက်လာနေခဲ့ကာ မျက်တောင် တစ်ခတ်အတွင်း တောင်ကြားတစ်ခုလုံး ပြည့်သွားခဲ့လေသည်။

ရုတ်တရက် အားကောင်းလှသည့် အပူစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ရာ လေပူပြင်းများသည်လည်း သဲမီးတောက်နယ်မြေ တတိယအလွှာ၏ နေရာလပ်မကျန် စတင် တိုက်ခတ်လာကြလေသည်။

ထိုကဲ့သို့ တစ်ကြိမ် ဖြစ်ပြီးသွားသဖြင့် ဒုတိယတစ်ကြိမ် ဖြစ်လာသည့်အခါ ကျင့်ကြံသူများ အရမ်းကြီး အံ့အားသင့်မနေကြတော့ချေ။ အပူလှိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော်ငြား သူတို့အား မည်သည့် အန္တရာယ်မှ မဖြစ်စေချေ။

လေပူပြင်းများသည် အားလုံးကို ဖြတ်ကျော် တိုက်ခတ်သွားခဲ့သည်။ သို့သော် မည်သူမှ ဒဏ်ရာရခြင်းမရှိခဲ့။

တောင်ကြားအလယ်ဗဟိုမှ နောက်တစ်နေတစ်စင်း ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း ထပ်တက်လာခဲ့သည်။

ထိုနေသည် အရမ်းကြီးမကြီးလှ၊ ပန်းကန်ပြား တစ်ချပ်စာလောက်သာ ရှိသည်။ သို့သော် ထိုနေကို သာမန် မျက်စိဖြင့် မြင်နေရသည့်တိုင် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍ မရချေ။ အကြာကြီး စိုက်ကြည့်နေလျှင်လည်း ခေါင်းကိုက်လာနိုင်ပေသည်။

ပိုမိုအားကောင်းသော အသီးရနံ့တို့ ထပ်မံ ထွက်ပေါ်လာခဲ့ရာ ကျင့်ကြံသူများ ထပ်မံ ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့ကြရသည်။

ဒုတိယနေမင်း ထွက်ပေါ်လာပေပြီ။

ဆိုလိုသည်ကား ဖယောင်းနီသီး ရင့်မှည့်ရန် နီးကပ်လာနေခဲ့လေပြီ။ ချက်ချင်းဆိုသလို တည်ငြိမ်အေးချမ်နေသော အခြေအနေသည် ရုတ်ချည်း တင်းမာလာခဲ့သည်။ အကုန်လုံး တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးကာ စိုက်ကြည့်နေကြလေပြီ။

ဖယောင်းနီသီး အကြောင်းကို မသိသော လူများမှာမူ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့နှင့် ရင်းနှီးသော အင်အားစုဆီ လူအချို့လွှတ်၍ ဘာတွေဖြစ်နေသလဲ ဆိုသည့်အကြောင်း မေးကြည့်လိုက်သည်။

မကြာမီ သူတို့လည်း အကြောင်းစုံ သိလိုက်ရလေသည်။ ဖယောင်းနီသီးနှင့် ပက်သက်သည့် အကြောင်းစုံ ထွက်ပေါ်လာပြီးနောက် တင်းမာနေသော အခြေအနေမှာ ရုတ်ချည်း ထတောက်သော ကောက်ရိုးမီးနှယ် ပြန်လည် ငြိမ်သက်သွားခဲ့လေသည်။

ဖယောင်းနီသီး မရင့်မှည့်မှီ နေသုံးစင်း အရင်ပေါ်လာပေလိမ့်မည်။ ယခုမှ နေနှစ်စင်းသာ ရှိသေးသဖြင့် အလျင်လိုနေစရာ မလိုချေ။ ထို့အပြင် ဖယောင်းနီသီး မှည့်သွားသည့်အခါ သူတို့ရှေ့ ပေါ်လာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဖယောင်းနီသီးအား အခြားတစ်ယောက် ခိုးယူသွားမည်ကို စိုးရိမ်နေစရာ မလိုချေ။

ဒုတိယနေမင်း ထွက်ပေါ်လာပြီး ရုတ်တရက် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားခဲ့သော်ငြား ချက်ချင်းပဲ ပြန်လည် ငြိမ်သက်သွားခဲ့သည်။ အကုန်လုံးသည် ငြိမ်သက်စွာဖြင့် သူတို့ဘာသာ ပြန်လည် ကျင့်ကြံနေကြတော့လေသည်။

ရန်ကိုင်သည်လည်း ကျင့်ကြံနေခဲ့သည်။ သူတော်စင်ချီကို သူအတော်လေး ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်လာနိုင်သည်ဟု ခံစားမိလာသည်။ ထိုအသီးရံနံ့ကြောင့် ဝိုးတဝါးတား နိယာမများနှင့် အကြံဥာဏ်အချို့ကို ရလိုက်သည်။ သို့သော်လည်း ထိုဥာဏ်အလင်းအချို့ကို မြင်ရုံလေး မြင်လိုက်ခြင်းသာ ဖြစ်သည့်အတွက် အပြည့်အဝ ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိချေ။

ထိုဥာဏ်အလင်းများကို နားလည်ချင်သော်လည်း နားမလည်နိုင်၊ ဖမ်းဆုပ်၍ မရနိုင် ဖြစ်နေသဖြင့် ရန်ကိုင်စိတ်ထဲ အတော်လေး မရိုးမရွ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဖယောင်းနီသီး မရင့်မှည့်ခင် အချိန်အတွင်း ထိုဥာဏ်အလင်းကို ဖမ်းဆုပ်နိုင်ရန် အလို့ငှာ သေသေချာချာ အာရုံစိုက်ထားလိုက်လေသည်။ သူသာ ထိုဥာဏ်အလင်းသစ်များကို သိမြင်သွားနိုင်မည်ဆိုပါက သူ့တိုက်ပွဲစွမ်းရည် သိသိသာသာ တိုးတက်လာပေလိမ့်မည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေသည်။ သို့သော်လည်း အကုန်လုံးသည် တင်ပလင်ခွေထိုင်ရင်းဖြင့်သာ ကျင့်ကြံနေကြသည်ချည်းသာ။ ထိုတိတ်ဆိတ်ငြိမ်းချမ်းနေသော အခြေအနေသည် ရုတ်တရက် ထွက်ပေါ်လာသော ဒေါသတကြီး အော်ဟစ်သံတစ်သံကြောင့် ပျက်စီးသွားခဲ့ရသည် “ခွေးသူတောင်းစားကောင်၊ မင်းအစီအရင် ခိုးခင်းကျင်ထားရဲတယ်ပေါ့”

ထိုအော်သံသည် တင်ပလင်ခွေထိုင် ကျင့်ကြံနေကြသော ကျင့်ကြံသူများစွာတို့ကို နိုးသွားစေခဲ့သည်။ အကုန်လုံး အသံထွက်ပေါ်ရာဆီသို့ ကြည့်လိုက်ရာ ယပ်တောင်တစ်ချောင်းကို ဒေါသတကြီး ဝှေ့ရမ်းနေသော ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၄)

ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူက သူ့လက်ထဲရှိ ယပ်တောင်ကို ဝှေ့ရမ်းလိုက်ရာ နဂါးတစ်ကောင် ထွက်ပေါ်လာပြီး မီတာအနည်းငယ် အကွာတွင် ရှိသော တောင်ထိပ်ပေါ်ရှိ ပျာယာခတ်နေသော ကျင့်ကြံသူဆီသို့ တိုးဝင်သွားခဲ့လေသည်။

ထိုကျင့်ကြံသူ မည်သူမည်ဝါ၊ မည်သည့် အင်အားစုမှ လာသည် ဆိုသော အချက်မှာ အရေးမကြီးတော့ချေ။ အရေးအကြီးသည်ကား ထိုကောင် ခိုးကြောင်ခိုးဝှက်ဖြင့် တစ်ခုခု လုပ်နေခြင်းပင်။ ထိုကျင့်ကြံသူသည် အကုန်လုံး တင်ပလင်ခွေ ထိုင်ကျင့်ကြံနေကြသဖြင့် မည်သူမှ သတိမပြုမိခင် အစီအရင်တစ်ခု ခင်းကျင်းထားရန် ကြံနေခြင်း ဖြစ်သည်။ ထိုအခါမှသာ ဖယောင်းနီသီးအား ယှဉ်ပြိုင်လုကြသည့် အားပြိုင်ပွဲတွင် သူအသာရနိုင်ပေလိမ့်မည်။

သို့သော်လည်း အကုန်လုံးသည် သူတို့ဘာသာ ကျင့်ကြံရင်း အာရုံများနေသော်လည်း တစ်ယောက်သောသူသည် သေချာအာရုံစိုက် မကျင့်ကြံဘဲ ပတ်ဝန်းကျင်ကို သတိကြီးကြီးထားလျက် စောင့်ကြည့်နေလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ပါမည်နည်း။ ထိုလူသည် အစီအရင်ကို စခင်းကျင်းရုံသာ ရှိသေးသော်လည်း ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ တစ်ယောက်သည် သူ့အား သတိပြုမိသွားခဲ့သည်။

ထိုကျင့်ကြံသူဘက်မှ ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ ထက်ရှသော လေဓါးသွားတို့ဖြင့် ဖွဲ့စည်းထားသော နဂါးကြီးသည် သူ့အပေါ်သို့ ခုန်အုပ်လာခဲ့သည်။

တတိယအလွှာသို့ ရောက်လာသူတိုင်းသည် သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ချက်ချင်းပဲ အလျင်အမြန် လက်မြှောက်ကာ အနီရောင်အလင်းတန်းတစ်ခုကို ခုန်ဝင်လာနေသော နဂါးပါးစပ်ထဲသို့ ပစ်လွှတ်လိုက်လေသည်။ သို့သော်လည်း သူ့မျက်နှာထက် ထိတ်လန့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့သည်။

ဘုန်းဆိုသော မြည်သံနှင့်အတူ အနီရောင်အလင်း နဂါးဝမ်းဗိုက်ထဲတွင် ပေါက်ကွဲသွားခဲ့သည်။ နဂါးတစ်ကိုယ်လုံး အနီရောင်အလင်းလက်လာပြီး ချက်ချင်းဆိုသလို လေဓါးသွားများဖြင့် ဖွဲ့စည်းထားသော နဂါးတစ်ကိုယ်လုံး ပေါက်ကွဲသွားလေသည်။

“ပြန်တိုက်ရဲတယ်လား” ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ချူချန်ဖုန်းက အော်ဟစ်လိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် သွားပေါ်အောင်ပြုံးရင် တောင်ထိပ်ပေါ်တွင် ရပ်နေသော လူကို လှမ်းဖမ်းဆုပ်လိုက်သည်။

မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူကို လှုပ်မရအောင် ချုပ်နှောင်လိုက်သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ လေးနဂါးကို ပစ်လွှတ်လိုက်သည့် ကျင့်ကြံသူက အဓိပ္ပါယ်ပါပါ ပြုံးလျက် နောက်ထပ် လေနဂါးတစ်ကောင်ကို ထပ်မံ ပစ်လွှတ်လိုက်လေသည်။ ယခုတစ်ကြိမ်တွင်မူ လေနဂါးသည် ထိုကျင့်ကြံသူကို အောင်မြင်စွာ ဝါးမြိုပစ်နိုင်သွားသည်။

နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုလူသည် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ လက်ရွေးစင်တစ်ယောက်ကို သာမက ချူချန်ဖုန်းကိုပါ ယှဉ်တိုက်ရခြင်း ဖြစ်သည့်အတွက် ပြန်မခုခံနိုင်တော့ချေ။ ခဏလောက် ရုန်းကန်နေပြီးနောက် နဂါးကိုယ်ထဲရှိ လေဓါးသွားများကြောင့် တစ်ကိုယ်လုံး တစ်စစီ ဖြစ်သွား ခဲ့ရလေသည်။

သွေးနံ့မွှန်ထွက်လာပြီး အတုံးလိုက် အတုံးလိုက် ပြတ်ထွက်နေသော အသားတုံးများ ပြန့်ကျဲထွက်ပေါ်လာခဲ့သည်။

ထိုလူကို သတ်ပြီးနောက် ချူချန်ဖုန်းနှင့် သူ့အဖွဲ့သားများသည် ချက်ချင်းပဲ အနီးတောင်တစ်လုံးပေါ်ဆီ အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

တောင်ပေါ်တွင် ဒေါသထွက်၊ မျက်နှာမှုန်ကုတ်နေသော သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူသုံးယောက် ရှိနေခဲ့သည်။ အဖွဲ့ခေါင်းဆောင်ဖြစ်မည် ထင်ရသော လူက ချူချန်ဖုန်းအား လှမ်းအော်ပြောလိုက်သည် “ချူချန်ဖုန်း၊ မင်းဘာလုပ်လိုက်တာလဲ။ ငါတို့ မီးတောက်ဒိုင်း အဖွဲ့အစည်းက တပည့်တစ်ယောက် နည်းနည်းလေး အလွန်အကျွံ ဖြစ်သွားတယ် ဆိုရင်တောင် မင်းသူ့ကို သတ်စရာမလိုဘူး။ မီးတောက်ဒိုင်းအဖွဲ့အစည်းနဲ့ ကောင်းကင်တိုက်ပွဲအစည်းအရုံးကို ပြဿနာဖြစ်အောင် မင်းလုပ်နေတာလား”

“ဟားဟား၊ ပြဿနာဖြစ်အောင် လုပ်တာ၊ ဟုတ်လား” ချူချူန်ဖုန်းက လှောင်ရယ်ရယ်လျက် ပြန်ပြောလိုက်သည် “ဒီသခင်လေးကို အဲ့လို လာခြိမ်းခြောက်လို့ ငါကြောက်သွားမယ် ထင်နေလား။ အဲ့လိုဆိုရင်တော့ မင်းမှားသွားပြီ။ ပြီးတော့ မင်းဂျူနီယာညီလေး အားလုံးမသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ စိတ်ဝိဥာဉ်အစီအရင်တစ်ခု ခင်းကျင်တာ သင့်တော်လား၊ မသင့်တော်လား အားလုံးကို မင်းကိုယ်တိုင် မေးကြည့်လိုက်ပါလား”

ထိုစကားကို ကြားလိုက်သည့်အခါ မီးတောက်ဒိုင်းအဖွဲ့အစည်း ခေါင်းဆောင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ အကုန်လုံး သူ့အား ဒေါသတကြီး စူးရဲစွာ စိုက်ကြည့် နေသည်ကို သတိပြုမိလိုက်လေရာ ချက်ချင်းပဲ ရင်ထိတ်သွားခဲ့ရသည်။ အကုန်လုံး ဒေါသထွက်အောင် လုပ်မိလိုက်ပြီမှန်း သူသိလိုက်သည်။

မီးတောက်နီသီး မှည့်တော့ပေမည်။ သို့သော် အသီးမမှည့်ခင် တစ်ယောက်ယောက်သည် အများမသိအောင် အစီအရင်တစ်ခု ခိုးခင်းကျင်းရန် ကြိုးစားခဲ့သည်။ အခြားသူများ မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

ထို့ကြောင့် ချူချန်ဖုန်းသည် နာမည်ဆိုးနှင့် ကျော်ကြာပြီး ဤနေရာတွင် ရှိနေသူ တော်တော်များများ သူ့အား ကြည့်မရသည့်တိုင်၊ ယခုကိစ္စတွင် အကုန်လုံး သူ့ဘက်၌ ရှိနေသည်။ ရှင်းရှင်းပြောရလျှင် အကုန်လုံးသည် သူတို့ အကျိုးအမြတ်အတွက်သာ ချူချန်ဖုန်းဘက် ပါနေခြင်း ဖြစ်သည်။

ချူချန်ဖုန်းမှာ အော်ပြောလိုက်ပြီးနောက် အနီးအနားရှိ တောင်ပေါ်တွင် ရှိနေကြသော ကျင့်ကြံသူများသည် တိုက်ခိုက်ဖို့ ပြင်နေသည့်နှယ် သူတို့၏ သူတော်စင်ချီကို စတင် စုစည်းလိုက်ကြသည်။

မီးတောက်ဒိုင်းအဖွဲ့အစည်းမှ ကျင့်ကြံသူ သုံးယောက်စလုံး ထိတ်လန့်သွားခဲ့ပြီး ဘာမှ ထပ်မပြောရဲကြတော့ချေ။ သူတို့ ဤနေရာတွင် ဆက်နေ၍ မရတော့မည်မှန်း သိလိုက်သည်။

သူတို့အဖော်သည် သူတို့အားလုံးသည် ဆွေးနွေးတိုင်ပင်ပြီးမှသာ စိတ်ဝိဥာဉ်အစီအရင်ကို သွားခင်းကျင်းခြင်း ဖြစ်သည်။ အကုန်လုံး ကျင့်ကြံရာတွင် အာရုံစိုက်နေသဖြင့် သူတို့သာ အစီအရင်တစ်ခု တိတ်တဆိတ် ခင်းကျင်းထားလိုက်လျှင် မည်သူမှ မသိဟု ထင်မိသည်။ သို့သော် သူတို့၏ အကြံအစည်ကို အခြားသူများ သိသွားရုံမက ဖယောင်းနီသီး ပြိုင်ပွဲမှပါ ထွက်သွားရတော့ပေမည်။

သူတို့သာ ထွက်မသွားလျှင် အားလုံး၏ ပစ်မှတ်ထားခြင်း ခံရပြီး အသတ်ခံရနိုင်သည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် မီးတောက်ဒိုင်းအစည်းအရုံး ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်၊ ချူချန်ဖုန်း။ ငါမင်းကို မှတ်ထားမယ်။ ငါ့ဂျူနီယာညီလေး အသတ်ခံလိုက်ရတဲ့အကြွေးကို ငါမင်းဆီကနေ ကျိန်းသေ ပြန်ယူမယ်။ ပြီးတော့ မင်းတို့ အားလုံး ဒီအယုတ်တမာကောင်ကို ကူညီပေးနေတာ၊ မင်းတို့လည်း အနှေးနဲ့အမြန် ပြန်ဒုက္ခရောက်မယ် ဆိုတာကို မှတ်ထားလိုက်။ ဟားဟား။ အဲ့အခါကျလည်း မင်းတို့ အခုလို ပုံစံမျိုး လုပ်နိုင်ဖို့ ငါမျှော်လင့်တယ်။ သွားကြစို့”

ပြောပြီးသည်နှင့် သူ့အဖော်နှစ်ယောက်နှင့်အတူ တောင်ထိပ်ပေါ်မှ အလျင်အမြန် ထွက်သွားကြလေသည်။

ထိုအဖွဲ့၏ ပြတ်သားသော လုပ်ရပ်ကိုမြင်သော် ချူချန်ဖုန်း အံ့အားသင့်သွားသည်။ သို့သော်လည်း ထိုလူများနောက် လိုက်ရလောက်သည်အထိ မရူးမိုက်ချေ။ မီးတောက်နီသီး မှည့်ဖို့ရာ သိပ်လိုတော့သည်မဟုတ်။ ထို့အပြင် ထိုလူများ၏ ဂျူနီယာညီလေးကို အလွယ်တကူ သတ်လိုက်နိုင်ခြင်းသည် တစ်ဖက်လူ သတိလက်လွတ်ဖြစ်နေစဉ်က သူက ဝင်ကူ၍ တိုက်ခိုက်လိုက်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုလူသုံးယောက်ကို အားမစိုက်ရဘဲ အလွယ်တကူ သတ်နိုင်ဖို့ရာ ဆိုသည်မှာ အနည်းငယ် ယုတ္တိကင်းမဲ့နေသည်။

သူတို့ကြားခွန်အား ကွာခြားချက် ရှိလျှင်ပင် သူတော်စင်ဘုရင် တတိယအဆင့်များသည် အလွယ်တကူ ဖျစ်ညစ်ပစ်၍ရသည့် တည်သီးများမဟုတ်ကြ။

ထို့ကြောင့် သုန်သုန်မှုန်မှုန်ဖြင့် လူအုပ်ကြီးဘက်သို့လှည့်၍ အော်ပြောလိုက်လေသည် “နောက်ထပ် ခိုးကြောင်ခိုးဝက်နဲ့ လုပ်နေတာတွေ့ရင်တော့ ငါ့ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့။ ငါတို့ အားလုံး စောင့်နေတဲ့ ရတနာက မှည့်တော့မှာ။ ဒါကြောင့် အကုန်လုံး စည်းကမ်းတွေအတိုင်း အသီးမှည့်တဲ့အထိ စောင့်ပေးဖို့ မျှော်လင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ငါ့ဒေါသနဲ့ ရင်ဆိုင်ဖို့ ကြိုပြင်ထားသင့်တယ်”

ထိုစကား ထွက်လာသည်နှင့် တစ်ယောက်ယောက်က အော်ပြောလိုက်သည် “သခင်လေး၊ အဲ့ကောင် တစ်ခုခု လုပ်ဖို့ ကြံနေတာကို ကျုပ်တွေ့လိုက်တယ်။ ကြည့်ကြည့်၊ အဲ့ကောင် ဂနာမငြိမ် ဖြစ်နေပြီ”

“ဘယ်သူလဲ” ချူချန်ဖုန်းက ပြောလိုက်သည့်လူအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“သားရဲများတောင်တန်းက လူတွေပါ သခင်လေးချူ” ထိုလူသည် ချက်ချင်းပဲ ကျင့်ကြံသူငါးယောက် ရှိနေသည့် တောင်တစ်တောင်ဆီ လှမ်းညွှန်ပြလိုက်သည်။

ထိုလူငါးယောက်စလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ စကားပြောလိုက်သည့်လူအား စူးရဲစွာ စိုက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ထိုလူသည် ချူချန်ဖုန်းကိုသာ ဖားယားချင်နေသည့်အတွက် ထိုလူများကို ဂရုမစိုက်ဘဲ ဆက်၍သာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “သူဘာထုတ်လိုက်လဲဆိုတာကို ကျုပ်မသိပေမယ့် ပုန်းတာတော်တဲ့ မွန်းစတားတစ်ကောင်ကောင်တော့ ဖြစ်လောက်တယ်။ သားရဲများတောင်တန်းက မွန်းစတားသားရဲတွေကို ထိန်းချုပ်တဲ့နေရာမှာ တော်တယ်ဆိုတာကို လူတိုင်း သိထားကြပြီးသားမလား”

“လတ်စသတ်တော့ အဲ့လိုကိုး” ချူချန်ဖုန်းက ခေါင်းတညိတ်ညိတ်ဖြင့် သားရဲများတောင်တန်းမှ တပည့်များဘက်သို့လှည့်၍ အေးစက်စက်လေသံဖြင့် မေးလိုက်လေသည် “မင်းတို့ ဘာပြောချင်လဲ”

အဖွဲ့ခေါင်းဆောင် ထင်ရသော ထွားထွားနှင့်လူကြီးက မျက်မှောင်ကြုတ်လျက် မကျေမနပ်ဖြင့် သူ့ဘာသာ တတွတ်တွတ် ရေရွတ်နေလိုက်ပြီးနောက် ရုတ်တရက် ဝါးလုံးကွဲ အော်ဟစ်ရယ်မောလျက် “သခင်လေးချူ၊ စွပ်စွဲတယ်ဆိုတာ သက်သေရှိမှ စွပ်စွဲလို့ ရတာလေ။ ဘာသက်သေမှ မရှိတာကို သူပါးစပ်နဲ့ ပြောလိုက်လို့ဆိုပြီး အမှန်လို့တော့ သခင်လေးချူ မယူဆလောက်ဘူးမလား”

သူတို့လုပ်လိုက်သည့်အရာကို အခြားသူများ မြင်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေသည့်ပုံပင်။ မဟုတ်လျှင် ထိုကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့် ပြောရဲလိမ့်မည် မဟုတ်ချေ။ သက်သေသာမရှိသရွေ့ ချူချန်ဖုန်း သူတို့အား မောင်းထုတ်၍ မရချေ။

လက်ရှိအခြေအနေထိ ရောက်လာပြီးနောက် ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် ဤနေရာမှ လူများစွာတို့အား မောင်းထုတ်ရန် ကြိုးစားနေသည်ကို အကုန်လုံး သတိပြုမိပြီးနေပြီ။

သူတို့ အနေဖြင့် အကြောင်းပြချက်မရှိဘဲ အခြားသူများကို လိုက်သတ်၍ မရသလို မောင်းထုတ်၍လည်း မရချေ။ ထိုသို့ လုပ်ချင်သည်ဆိုပါက သက်သေ အရင်ပြရန် လိုအပ်သည်။ မီးတောက်ဒိုင်းအစည်းအရုံးမှ တပည့် သေသွားသည်မှာ နည်းပင်နည်းသေးသည်။ အားလုံး ရှေ့တည့်တည့်တွင် မည်သူက သူတို့ကို အစီအရင် သွားခင်းကျင်းခိုင်းသနည်း။ အစီအရင် ခင်းကျင်းရန် ကြိုးစားသည့်လူ သေသွားသည့်တိုင် သူ့ဂိုဏ်းမှ လူများသည်လည်း ဤနေရာမှ မောင်းထုတ်ခြင်း ခံလိုက်ရပေသေးသည်။

ယခု သားရဲများတောင်တန်းမှ တပည့်များ တစ်ခုခု ကြံနေသလား၊ မကြံဘူးလား ဆိုသည်ကို မည်သူမှ မသိချေ။ ထို့ကြောင့် မည်သူမှ ချူချန်ဖုန်းဘက်မှ ဝင်မပြောခဲ့။

ဖယောင်းနီသီး မှည့်တော့မည် ဖြစ်လေရာ လူနည်းလေ ပိုကောင်းလေပင်။ အများစုသည် ရပ်ကြည့်မည့်လူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ချူချန်ဖုန်းအနေဖြင့် သူ့စိတ်ကြိုက် အာဏာ ပြချင်သလောက် ပြနေနိုင်သည်။ အကုန်လုံးသည် ချူချန်ဖုန်း နောက်ထပ် လူများစွာတို့ကို ထပ်နှင်ထုတ်ပါစေဟုလည်း တိတ်တဆိတ် ကြိတ်ဆုတောင်းနေကြသေးသည်။

လူနည်းသွားလေ ဖယောင်းနီသီးအား ရမည့်အခွင့်အရေး ပိုများလေပင်။

ထိုလူထွားကြီး ပြောသည်ကို ကြားသည့်အခါ ချူချန်ဖုန်း မျက်မှောင်ကြုတ်သွားသည်။ သားရဲများတောင်တန်းမှ လူများကို နှင်ထုတ်ချင်သော်လည်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သက်သေမရှိသည့် အတွက်ကြောင့် လုပ်ချင်သလို လုပ်မရ ဖြစ်နေသည်။

“ကောင်းကင်တိုက်ပွဲအစည်းအရုံးက အားကောင်းလွန်းလို့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ဘူးလို့ သခင်လေးချူ ထင်နေတာလား။ အဲ့လိုဆိုရင်တော့ သခင်လေးချူ မှားသွားပြီ။ ကျုပ်တို့သားရဲများတောင်တန်းက အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ အင်အားစုတစ်ခု မဟုတ်ဘူး” ပြောပြီးသည်နှင့် သူ့အမူအရာ မှုတ်ကုတ်သွားပြီး ချက်ချင်းပဲ လက်သီးဆုပ်အရွယ် ပျားကောင်များစွာကို သူ့ကိုယ်ထဲမှ ဆင့်ခေါ်လိုက်လေသည်။

ထိုပျားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေထုတစ်ခုလုံး တဝီဝီ မြည်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။ စုစုပေါင်း ပျားအကောင်သုံးဆယ်ကျော်ရှိပြီး အကုန်လုံးတွင် တလက်လက် ထနေသည့် ဆူးချွန်များ ပါရှိသည်။ ထို့အပြင် ဆူးချွန်ထိပ်ပြားတွင် မြင်သူတိုင်းကို တုန်ရီသွားစေနိုင်သော အလွန်ကိုမှ အားကောင်းလှသည့် အနက်ရောင် အဆိပ်ရည်များ ရှိနေခဲ့သည်။

ဟိုင်ရှင်သာမဟုတ်၊ သားရဲများတောင်တန်းမှ အခြား ကျင့်ကြံသူများသည်လည်း သူတို့၏ မွန်းစတားသားရဲး အသီးသီးကို ဆင့်ခေါ်လိုက်ကြလေသည်။

ထိုမွန်းစတားသားရဲအားလုံးသည် ရှားပါးမျိုးစိတ်များ ဖြစ်ကြပြီး အကုန်လုံးသည် မွေးရာပါ အသေကွက်တိုက်ကွက်များကို ပိုင်ဆိုင်ထားကြသည့် အဆင့်ရှစ် မွန်းစတားသားရဲများ ဖြစ်ကြသည်။ လေထဲတွင်ဝဲသည့်အကောင်ကဝဲ၊ မြေပေါ်တွင် သွားသည့်အကောင်ကသွားဖြင့် အကုန်လုံးသည် သားရဲများတောင်တန်းမှ ကျင့်ကြံသူငါးယောက်နားတွင် စုဝေးလျက် ပတ်ပတ်လည်ရှိ ကျင့်ကြံသူများကို မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်နေကြသည်။ အကုန်လုံးသည် သူတို့သခင်မှ အမိန့်ပေးလိုက်သည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပေပြီ။

“ပျားသခင်တွေ” ဟိုင်ရှင်ဆင့်ခေါ်လိုက်သည့် ပျားအကောင်သုံးဆယ်ကျော်ကို မြင်ပြီးနောက် ချူချန်ဖုန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ကြောက်ရွံ့ရိပ်တို့ သူ့မျက်နှာထက် ဖြတ်ပြေးသွားပြီး အံကြိတ်ကာ ပြောလိုက်သည် “မင်းဘာလို့ ဒီလောက် သတ္တိကောင်းနေလဲ မှတ်နေတာ လတ်စသတ်တော့ သားရဲများတောင်တန်းက ကာကွယ်သူတွေ အများကြီးကို ခေါ်လာလို့ကိုး။ ကြည့်ရတနာ မင်းတို့ သားရဲများတောင်တန်းက ဒီတစ်ခါ သဲမီးတောက်နယ်မြေ ခရီးအပေါ် အတော်လေး ရင်းနှီးလိုက်တဲ့ပုံပဲ”

လူထွားကြီးဟိုင်ရှင်က သွားပေါ်အောင်ပြုံးလျက် ပြန်ပြောလိုက်သည် “သခင်လေးချူကို ရှက်စရာကောင်းတာတွေ ပြမိကုန်ပြီ။ ကျုပ်တို့ သားရဲများတောင်တန်းက မွန်းစတားသားရဲတွေကိုပဲ ထိန်းချုပ်တတ်တာဆိုတော့ အသက်ကယ်ဝှက်ဖဲတွေ မပါဘဲ ဒီကိုထဲ ဘယ်ဝင်လာရဲပါ့မလဲ။ ကျုပ်သခင်လေးချူကိုလည်း ခက်ခဲအောင် မလုပ်ချင်ဘူး။ ဒါကြောင့် သက်သေမရှိဘူးဆိုရင် ကျုပ်တို့ကိုလည်း ခက်ခဲအောင် မလုပ်ဘဲ နေလို့ရမလား။ အဲ့လိုဆို ဒီဟိုင် သခင်လေးချူကို အရမ်း ကျေးဇူးတင်မိမှာ”

ပျားသခင် အကောင်သုံးဆယ်ကြောင့် ဟိုင်ရှန် ယုံကြည်ချက် မြင့်မားနေသော်ငြား ဤနေရာတွင် ချူချန်ဖုန်းနှင့် မတိုက်ခိုက်ချင်ချေ။ ထို့ကြောင့် ချူချန်ဖုန်းအတွက် နောက်ပြန်ဆုတ်လို့ရအောင် လမ်းပေါက်ဖွင့်ပေးလိုက်သည်။ ကြီးသည့်ကိစ္စ ငယ်သွားပြီး ငယ်သည့်ကိစ္စ ပပျောက်သွားလျှင် အကောင်းဆုံး ဖြစ်သည်။

ချူချန်ဖုန်း အလျှော့ပေးလိုက်ရင် ကောင်းမလား၊ အလျှော့မပေးဘဲ ဆက်၍ ပြဿနာ ရှာလျှင် ကောင်းမလား စဉ်းစားရကြပ်သွားသည်။ တစ်ဖက်လူဘက်တွင် ပျားသခင် အကောင် သုံးဆယ်ကျော် ရှိနေသည်။ တကယ်တမ်း တိုက်ပွဲဖြစ်မည်ဆိုပါက သူ့ဘက်လည်း အတော်လေး အထိနာနိုင်ပေသည်။

သို့သော် သူဘာမှပြန်မပြောရသေးခင်မှာပဲ ချိုသာသော ရယ်သံလေးတစ်သံ ရုတ်တရက် ပျံ့လွင့်လာခဲ့သည် “သက်သေလိုချင်ရင် ပြရသေးတာပေါ့၊ ဘာခက်တာမှတ်လို့”

အသံကြားရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မြက်သွေးရောင်ဂိုဏ်းသားများဘက်မှ ယင်စုတျယ် ဖြစ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။ ယင်စုတျယ်သည် ချိုမြိန်စွာပြုံးလျက် မီးခိုရောင်သန်းနေသော ခိုဥအရွယ် အလုံးလေးတစ်လုံးကို ကိုင်ထားခဲ့သည်။

ထိုအလုံးလေးသည် မှုန်ထိုင်းထိုင်း၊ မွဲညစ်ညစ် ဖြစ်နေကာ ဘာမှ အဖိုးမတန်သည့်ပုံ ထင်ရသည်။

သို့သော်လည်း ထိုအလုံးလေးကို မြင်လိုက်သည့်အခါ ချူချန်ဖုန်း၏ အကြည့် တောက်ပသွားခဲ့ပြီး အကျယ်ကြီး အော်ဟစ်ရယ်မောမိလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၅)

ယင်စုတျယ်လက်ထဲရှိ အလုံးလေးကို မြင်သည့်အခါ ဟိုင်ရှင်း အလန့်တကြား ထအော်လေသည် “အရိပ်ဖော်ဓါတ်လုံးလား။ အရူးမယင်စုတျယ်၊ နင်ဒါကြီးကို တကယ်ကြီး ယူလာတာလား။ နင်ငါတို့ သားရဲများတောင်တန်းကို သီးသန့် ပစ်မှတ်ထားနေတာလား”

ယင်စုတျယ်က တခစ်ခစ် ရယ်သွမ်းသွေးလျက် “အစ်ကိုဟိုင်က ဘယ်လိုတောင် ပြောရက်တာလဲလို့။ ကျွန်မတို့ မြက်သွေးရောင်ဂိုဏ်းနဲ့ အစ်ကိုဟိုင်ရဲ့ သားရဲများတောင်တန်းက အမြဲတမ်း ခင်ခင်မင်မင်ရှိတဲ့ အိမ်နီးချင်းတွေပဲဟာကို ဘယ်လိုလုပ်ပြီး ကျွန်မက အစ်ကိုဟိုင်ကို ပစ်မှတ်ထားရမှာလဲ။ သဲမီးတောက်နယ်မြေထဲမှာ လျှို့ဝှက် အစီအရင်တွေနဲ့ အရံအတားတွေ အများကြီး ရှိတယ်မလား။ ဒီအရိပ်ဖမ်းဓါတ်လုံးကို ယူလာတယ်ဆိုတာ အဲ့ဒါတွေအတွက်ပဲ။ အစ်ကိုဟိုင်ဘာလို့ ဒီလောက်တောင် ချွေးတွေထွက်နေတာလဲ။ ဧကန္တ၊ အစ်ကိုဟိုင် အများ မမြင်စေချင်တဲ့ဟာ တစ်ခုခု လုပ်ထားလို့လား”

သူမ၏ အသံသည် ကြည်လင်ပြီး ချိုမြလှသည်။ သို့သော်လည်း ဟိုင်ရှင်းအတွက်မူ ထိုစကားလုံးများသည် ငှက်ဆိုးထိုးသံနှင့် တူပေသည်။

ယင်စုတျယ်သည် ဟိုင်ရှင်း ပြန်ပြောနေမည်ကိုပင် မစောင့်တော့ဘဲ အရိပ်ဖမ်းဓါတ်လုံးကို ချက်ချင်းပဲ အသက်သွင်းလိုက်ရာ ချက်ချင်းဆိုသလို ဓါတ်လုံးဆီမှ အလင်းရောင်များ စတင် ထွက်ပေါ်လာခဲ့သည်။

တောင်ကြားထဲရှိ အရိုးပြိုင်းပြိုင်းကျနေသော သစ်ပင်များကြား တစ်မီတာအရှည်ရှိသည့် ကင်းခြေများတစ်ကောင် သွားနေသည်ကို အကုန်လုံး ရုတ်တရက် မြင်တွေ့လိုက်ရသည်။ မြေကြီးထဲ ရွစိရွစိဖြင့် သွားနေသာ ထိုကင်းခြေများကို ကြည့်ရင်း အားလုံး ကြက်သီးမွှေးညင်း ထသွားကြသည်။

ဓါတ်လုံးဆီမှ အလင်းရောင်တို့ တောက်ပလာချိန် အစောပိုင်းက လုံးဝ လုံလုံခြုံခြုံ ပုန်းအောင်းနေသော ကြက်သီးမွှေးညင်းထစရာကောင်းသည့် ကင်းခြေများပင် ပေါ်လာခဲ့ရသည်။

ထိုကင်းခြေများကို မြင်လိုက်သည်နှင့် ချူချန်ဖုန်းက ချကက်ချင်း ထပြောတော့သည်“အစင်းနီသံမဏိကင်းခြေများပဲ။ အခု မင်းဘာပြောချင်သေးလဲ”

ယင်စုတျယ် လက်ထဲတွင် မီးခိုးရောင်ဓါတ်လုံး ပေါ်လာသည့် အချိန်မှစ၍ သူတို့ ဒုက္ခရောက်ပြီမှန်း ဟိုင်ရှင်း သိလိုက်သည်။ ယင်စုတျယ်လက်ထဲရှိ ဓါတ်လုံးကို မြင်မြင်ချင်း ကင်းခြေများကို ပြန်ဆင့်ခေါ်ရန် ကြိုးစားခဲ့သော်လည်း အချိန်မမှီသွားခဲ့ချေ။ လျှို့ဝှက်ချက် ပေါ်သွားသဖြင့် ချူချန်ဖုန်းကို မည်ကဲ့သို့ ပြန်ပြောရမလဲ မသိတော့ချေ။ ထို့ကြောင့် ဘာမှ ပြန်ပြောမနေဘဲ ယင်စုတျယ်ကိုသာ မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

ဟိုင်ရှင်းတို့အဖွဲ့နှင့် အခြားသူများကြားရှိ အခြေအနေသည် တိုက်ပွဲ ထဖြစ်တော့မည့်နှယ် ရုတ်ချည်း တင်းမာလာခဲ့သည်။

ခရက်…

ရုတ်တရက် ထွက်ပေါ်လာသော လျှပ်စီးတန်းတစ်ခုကြောင့် တင်းမာနေသော အခြေအနေ ပြိုကွဲသွားခဲ့ရသည်။

လျှပ်စီးတန်း ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ဟိုင်ရှင်း တစ်ကိုယ်လုံး အေးစက်သွားခဲ့ရသည်။ သူခေါ်လာသည့် အားကောင်းသော မွန်းစတားသားရဲများ အပေါ် အားကိုး၍ ဤနေရာတွင် ပေတေ၍ နေမည့်အကြံအစည်ကို စွန့်ပယ်လိုက်တော့သည်။

အကြောင်းမှာ လျှပ်စီးတန်း ပစ်လိုက်သည့်လူသည် အခြားမဟုတ်ဘဲ ဖန်ထျန်းဇုံ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဖန်ထျန်းဇုံသည် ထိုင်ရာမှ ဖြည်းဖြည်းချင်းထ၍ သူ့အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ဘာမှထုတ်မပြောသော်လည်း သူရည်ရွယ်ရင်းမှာ ရှင်းလင်းနေလေပြီ။

ဖန်ထျန်းဇုံသည် ဟိုင်ရှင်း၏ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကို မကြိုက်သည့်အတွက် ချူချန်ဖုန်းနှင့် တစ်ဖက်တည်းတွင် ရပ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ယင်စုတျယ်သည်လည်း သူမ၏ သဘောထားကို ထုတ်ဖော်ပြီးသွားလေပြီ။ ထို့ကြောင့် သူဤနေရာတွင် ဆက်နေ၍ ရတော့မည် မဟုတ်မှန်း ဟိုင်ရှင်း သိလိုက်သည်။ မဟုတ်လျှင် ထိုဂိုဏ်းသုံးဂိုဏ်းမှ လက်ရွေးစင်တပည့်များကို ရင်ဆိုင်ရပေလိမ့်မည်။ သူခေါ်လာသည့် မွန်းစတားသားရဲများနှင့်ပင် ထိုလူအင်အားကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဟိုင်ရှင်းမျက်နှာ မှုန်ကုတ်သွားခဲ့သည်။ ဟိုင်ရှင်း ဘာမှ ထပ်မပြောတော့။ သက်ပြင်း အရှည်ကြီးတစ်ချက်သာ ချလိုက်ပြီး ဆင့်ခေါ်ထားသည့် မွန်းစတားသားရဲများကို ပြန်သိမ်းလိုက်ကာ သူ့အဖွဲ့သားများကို ဦးဆောင်၍ ထိုနေရာမှ ထွက်သွားတော့သည်။

မီးတောက်ဒိုင်းအဖွဲ့အစည်းမှ လူအားလုံး ထုတ်ပယ်ခံလိုက်ရသည်။ သားရဲများတောင်တန်းမှ လူများလည်း အတူတူပင်။

ထိုအင်အားစုနှစ်ခုစလုံးသည် အားနည်းကြသည့် အင်အားစုများမဟုတ်။ သို့သော်လည်း လူထုကို ဒေါသထွက်အောင် လုပ်ထားသည့်အတွက် ဤနေရာတွင် ဆက်မနေရဲကြတော့ချေ။ ဖယောင်းနီသီးသည် ရှားပါးပြီး အဖိုးတန်သည့် အသီးဖြစ်သည်မှာ မှန်သည်။ သို့သော် သူတို့အတွက် သူတို့၏ အသက်မှာ ပိုတန်ဖိုးကြီးသည်။

သားရဲများတောင်တန်းအဖွဲ့ကို မောင်းထုတ်လိုက်နိုင်သဖြင့် ယင်စုတျယ် အတော်လေး စိတ်လက်ရွှင်ပြနေသည်။ သူမ မျက်နှာထက်ရှိ အပြုံးမှာလည်း ပုံမှန်ထက် ပို၍ တောက်ပနေရာ အနီးအနားတွင် ရှိနေသော ကျင့်ကြံသူအားလုံး သူမအပြုံးကြောင့် မှင်သက်ကြရကုန်သည်။

သားရဲများတောင်တန်းနှင့် မြက်သွေးရောင်ဂိုဏ်းသည် အိမ်နီးချင်ဂိုဏ်းများ ဖြစ်ကြသည့်အတွက် ထိုဂိုဏ်းနှစ်ဂိုဏ်းကြား ပဋိပက္ခများ၊ တိုက်ပွဲများ ရှိသည်မှာ သဘာဝသာ ဖြစ်သည်။ ထို့ကြောင့် အရိပ်ဖော်ဓါတ်လုံးကို ယင်စုတျယ် ယူလာရခြင်းသည် သားရဲများဂိုဏ်းမှ လူများ၏ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်တတ်သော မွန်းစတားသားရဲများကို စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်လည်း အရိပ်ဖော်ဓါတ်လုံးသည် ယခုကဲ့သို့ အခြေအနေမျိုး၌ ဤမျှ အရေးပါလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယခုတစ်ခါ သဲမီးတောက်နယ်မြေ ပြန်ထွက်သွားနိုင်သည့်အခါကျ ဂိုဏ်းခေါင်းဆောင်ကို ဤအကြောင်း ပြန်ပြောလိုက်လျှင် ချီးကျူးခံရမည်မှာ မလွဲမသွေပင်။ ထိုကဲ့သို့ တွေးမိလိုက်သည့် အခိုက် တိုက်ယွမ်ရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် တိုက်ယွမ်သည် မည်သူ့ကိုမှ အာရုံမစိုက်ဘဲ သူမဘာသာ ကျင့်ကြံခြင်းတွင် အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည့်အခါ ယင်စုတျယ် စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။

ထိုစဉ်မှာပင် ရန်ကိုင်သည် အတွင်းဒဏ်ရာ တစ်ခုခု ရသွားသည့်နှယ် ရုတ်တရက် သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး ချောင်းထဆိုးလိုက်သည်။

တောင်ကြားသည် တိတ်ဆိတ်နေသည်။ အကုန်လုံးသည် သူတို့ ပတ်ပတ်လည်ကို သတိကြီးကြီးထားလျက် စောင့်ကြည့်နေသည်။ မည်သူမှ စကားမပြောကြ။ အသက်ပင် ကျယ်ကျယ် မရှူ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရန်ကိုင်၏ ချောင်းဆိုးသံသည် အတော်လေးကိုမှ ကျယ်သလို ဖြစ်နေသည်။ ထို့ကြောင့် ရန်ကိုင်သည် ချက်ချင်းဆိုသလို အားလုံး၏ အာရုံစိုက်စရာ ဖြစ်သွားခဲ့သည်။

ဝေကုချန်းက စိုးရိမ်တကြီးဖြင့် ချက်ချင်း မေးလိုက်သည် “ညီလေးရန် ဘာဖြစ်လို့လဲ”

ရန်ကိုင်မျက်နှာ တဖြည်းဖြည်း သွေးရောင်ပြန်လွှမ်းလာသည်။ ထိုအခါမှ ယဲ့ယဲ့လေး ပြုံးလျက် “ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းလေးပဲ နည်းနည်းလေး မှားသွားတာ။ ကံကောင်းလို့ အတွင်းဒဏ်ရာ ရမသွားတယ်”

“အို” ရန်ကိုင်၏ အကြောင်းပြချက်မှာ အနည်းငယ် ထူးဆန်းသည်ဟု ထင်ရသော်ငြား ဝေကုချန်း ဘာမှ ထပ်မေးမနေတော့ချေ။

နက်နက်နဲနဲ ထိုးထွင်းသိမြင်နားလည်နေသည့် အချိန်တွင် အမှားလေးတစ်ခုကြောင့် ဒဏ်ရာရဖို့မှာ မဖြစ်နိုင်ချေ။ ရန်ကိုင်၏ အကြောင်းပြချက်ကို ဝေကုချန်းသာ မဟုတ်။ တုန်ရွှမ်းအာနှင့် တိုက်ယွမ်တို့ပင် သံသယဝင်နေကြသည်။ နှစ်ယောက်စလုံး မျက်လုံးကြီး ဖွင့်လျက် သူ့အား စိုက်ကြည့်နေကြသည်။

“ရောင်းရင်းဝေ၊ မင်းတို့ဘက်မှာ တစ်ခုခု ဖြစ်လို့လား” ချူချန်ဖုန်းက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။ သူ့ဘာသာ အာဏာပြရှိုးထုတ်လို့ ကောင်းနေစဉ် ရန်ကိုင်၏ ချောင်းဆိုးသံကြောင့် နှောင့်ယှတ်ခြင်း ခံလိုက်ရသည့်အတွက် စိတ်ပျက်သွားသည်မှာ သဘာဝသာ ဖြစ်သည်။ ထိုသူတော်စင်ဘုရင်ပထမအဆင့် မတော်တဆ လုပ်လိုက်မိသည် ဖြစ်စေ၊ တမင်တကာ လုပ်လိုက်သည်ဖြစ်စေ၊ သူ့ကိုတော့ မကျေမနပ် ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် သူ့လေသံလည်း ဖော်ဖော်ရွေရွေ မဟုတ်။

ပိုဆိုးသည်ကား သူသည် အစကတည်းက ရန်ကိုင်ကို ကြည့်မရခြင်း ဖြစ်သည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုကောင်ကို မြင်လိုက်တိုင်း အလိုလို ဒေါသထွက်မိသည်။ ထိုကောင်ကို သူခဏခဏ တွေ့ဖူးသည်။ ယခု ချူချန်ဖုန်း တွေးမိနေသည်ကား ထိုကောင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော်လည်း တတိယအလွှာဆီ မည်ကဲ့သို့ ရောက်အောင် လာခဲ့သလဲ ဆိုသည့်အချက်ပင်။

“ဘာမှမဟုတ်ဘူး။ ရောင်းရင်းချူ လုပ်လက်စသာ ဆက်လုပ်” ဝေကုချန်းက ပြုံးဖြီးလိုက်ပြီး ဝေကုချန်းအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။

ချူချန်ဖုန်းမျက်နှာ မှုတ်ကုတ်သွားပြီး ဝေကုချန်းအား သေသေချာချာ စိုက်ကြည့်လိုက်သည်။ သို့သော် သူ့အား သွားပြဿနာ မရှာခဲ့။ ထို့အစား တောင်ထိပ်ပေါ်တွင် ရပ်လျက် အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “မီးတောက်ဒိုင်း အဖွဲ့အစည်းနဲ့ သားရဲများတောင်တန်းကတော့ သူတို့ကံနဲ့ သူတို့ သွားလိုက်ရပြီ။ ဒီချူ ပြောခဲ့သလိုပဲ အကုန်လုံး စည်းကမ်းကိုလိုက်နာကြ။ ဖယောင်းနီသီး မှည့်တဲ့အချိန်ထိ စောင့်ပြီး ကိုယ့်အရည်အချင်းသုံးပြီး ပြိုင်ကြမယ်။ အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးလိုမရဘူး။ အဲ့လိုသုံးမယ်ဆိုရင်တော့ ခုဏတုန်းက နှစ်ဖွဲ့ကို ကြည့်ထား။ ဒါပေမယ့် သောက်ကျင့်မကောင်းတဲ့ နည်းလမ်းတွေသုံးဖို့ ကြိုးစားနေတာ အဲ့နှစ်ဖွဲ့တည်း မဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒါကြောင့် ငါကောင်းကောင်း ပြောနေတုန်း ကိုယ့်အသိနဲ့ကိုယ် ထွက်သွားလိုက်ရင် ကောင်းမယ်။ ငါရှာတွေ့ပြီ ဆိုရင်တော့ ထွက်သွားမယ်ဆိုရင်တောင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူးနော်”

ထိုစကားကို ကြားလိုက်သည့်အခါ လူပေါင်းများစွာ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ချူချန်ဖုန်း မည်မျှ လောဘကြီးလဲ ဆိုသည်ကို လျှော့တွက်မိလိုက်မှန်း အကုန်လုံး နားလည်သွားခဲ့ကြသည်။

ချူချန်ဖုန်းသည် ယခုလေးတင် မီးတောက်ဒိုင်းအဖွဲ့အစည်းနှင့် သားရဲများတောင်တန်းကို မောင်းထုတ်ခဲ့သည်။ သူ့တွင် ထိုကဲ့သို့ လုပ်ရသည့် အကြောင်းအရင်း ရှိသော်လည်း အကုန်လုံးသည် သူတို့ အကျိုးအမြတ်တွက် ချူချန်ဖုန်းနှင့် တစ်ဖက်တည်းတွင် ရပ်တည်ခဲ့သည်။ သို့သော်လည်း ယခု ချူချန်ဖုန်း၏ လုပ်ရပ်မှာ အတော်လေး လွန်သည်ဟု ပြော၍ရနေပြီ။

ထို့ကြောင့် အားနည်းသည့် အင်အားစုများသည် မိုးကြိုးမုန်တိုင်းဂိုဏ်းရှိရာ တောင်ဆီ လှမ်းကြည့်လိုက်သည်။

ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုံတို့ မတည့်သည်ကို အကုန်းလုံး သိကြသည်။ သူတို့နှစ်ယောက် တွေ့လိုက်တိုင်း ပြဿနာ ဖြစ်သည်ချည်းသာ။ အစောပိုင်းက ဖန်ထျန်းဇုံသည် ချူချန်ဖုန်းဘက်တွင် ရပ်တည်ခဲ့သော်ငြား ယခုလည်း အစောပိုင်းကလို လုပ်လိမ့်မည်ဟု မည်သူမှ တပ်အပ် မပြောနိုင်ချေ။

ဖန်ထျန်းဇုံ ချူချန်ဖုန်းက ကန့်လန့်တိုက်သည်မှာလည်း ဖြစ်နိုင်သည်။ သို့သော်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် အကုန်လုံး မျက်စိပျက်မျက်နှာပျက် ဖြစ်သွားကြသည်။

ဖန်ထျန်းဇုံသည် သူ့နေရာတွင်သာ မျက်လုံးပိတ်လျက် ထိုင်နေကာ ချူချန်ဖုန်း၏ လုပ်ရပ်ကို လုံးဝ မသိကျေးကျွန်ပြုထားသည်။

ထိုအရာ ဘာကိုဆိုလိုသနည်း။ ဖန်ထျန်းဇုံသည်လည်း သူတို့အား ဤနေရာမှ ထွက်သွားစေလိုခြင်းပင်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် လူများစွာ ခါးသက်သက် ရယ်မောလိုက်ပြီး ခေါင်းရမ်းလိုက်ကြသည်။ ဤလောကကြီးတွင် ထာဝရရန်သူဆိုသည်မှာ မရှိချေ။ ထာဝရ အကျိုးအမြတ်သာ ရှိပေသည်။

အခြေအနေသည် ဤကဲ့သို့ ဖြစ်လာသဖြင့် ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်သာ ပါသော အင်အားစုငယ်လေးမှ ကျင့်ကြံသူများ တောင်ပေါ်မှ ထွက်သွားကြလေသည်။ သူတို့ ခေါင်းမာမာနှင့် ဆက်နေမည်ဆိုပါက ချူချန်ဖုန်းသည် အကြောင်းပြချက်တစ်ခုရှာပြီး သူတို့အား မောင်းထုတ်ပေလိမ့်မည်။ ဆက်နေလည်း ထူးမည်မဟုတ်သဖြင့် ဘာအထိအခိုက်မှ မရှိဘဲ ထွက်သွားခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။

အချို့ ခေါင်းမာမာနှင့် ဆက်နေသည့် အင်အားစုများလည်း ရှိနေခဲ့သည်။ သို့သော် ချူချန်ဖုန်းသည် မည်သည့် သက်သေမှမပြဘဲ ထိုအင်အားစုလေးများအား အပြစ်ရှိသည်ဟု စွပ်စွဲကာ တိုက်ခိုက်တော့လေသည်။ ဤသို့ဖြင့် အင်အားစုများ ထပ်လျော့သွားရပြန်သည်။

သားရဲများတောင်တန်းနှင့် ရင်ဆိုင်ရာတွင် သက်သေပြခဲ့ရခြင်းမှာ ပျားသခင်များကို ကြောက်သည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် ထိုလူများကိုမူ ကြောက်စရာမလိုချေ။ အမှန်တရားသည် လက်သီးတွင်သာ ရှိသည်။ လက်သီးကြီးသည့်လူ ပြောသည့်စကားသည် အမှန်တရား ဖြစ်သည်။

ချူချန်ဖုန်း အာဏာပြကောင်းနေစဉ် အင်အားစု ဆယ်ခုကျော်လောက်သာ စိတ်အေးလက်အေးဖြင့် နေနိုင်ကြသည်။ ထိုအင်အားစုများသည် ဘာမှမလုပ်ဘဲ ချူချန်ဖုန်း ရှိုးပြနေသည်ကိုသာ စောင့်ကြည့်နေကြသည်။ ဝင်ပါရန်လည်း မစဉ်းစားချေ။

ချူချန်ဖုန်း ထိုကဲ့သို့ လုပ်လိုက်သဖြင့် သူတို့အတွက် ပိုအကျိုးရှိမည်မည်း အကုန်လုံး သိထားသည်။ သူတို့ကိုသာ လာပြဿနာမရှာသရွေ့ အဆင်ပြေပေသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို မကျေနပ်သည့် အင်အားစုများစွာရှိသည်။ ထို့ကြောင့် သူတို့အား မကျေနပ်သည့် အင်အားစု နည်းနည်း ထပ်တိုးလာ၍လည်း ဘာပြဿနာမှ မရှိချေ။

ချူချန်ဖုန်းသည် စိတ်မြန်ပြီး ရက်စက်သည်။ ထိုလုပ်ရပ်ကြောင့် စုဝေးနေသည့် အင်အားစုများ၏ အနည်းဆုံး ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်ကို မောင်းထုတ်ပစ်လိုက်နိုင်သည်။ ထို့ကြောင့် ယခင်က လူများဖြင့် ပြည့်ကျပ်နေသည့် တောင်ကြားသည် ယခုအခါ အတော်လေး လူကျိုးတိုးကျဲတဲ ဖြစ်သွားသည်။

ကျန်ရှိနေသည့် အင်အားစုဆယ်ခုကျော်သည် သူတို့ ကိုယ်ပိုင် တောင်များပေါ်တွင် ရှိနေကြသည်။ ချူချန်ဖုန်း ထိုအင်အားစုများကို မနှင်ထုတ်ချင်ခြင်းမဟုတ်၊ နှင်ထုတ်ချင်သည်။ သို့သော် သူ့တွင် ထိုကဲ့သို့ လုပ်နိုင်သည့်စွမ်းရည် မရှိချေ။ ထို့အင်အားစုများသည် အတော်လေး အားကောင်းလှသဖြင့် တိကျသေချာသည့် သက်သေမရှိဘဲ သွားပြဿနာရှာ၍ မဖြစ်ချေ။

ထိုအဖြစ်အပျက်ပြီးနောက် တောင်ကြားတစ်ခုလုံး တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြီး ဒုတိယနေမင်းသည်လည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့သည်။

တောင်ကြားတစ်ခုလုံး ပြန်လည်ငြိမ်သက်သွားပြီးနောက် ရန်ကိုင်သည် အေးစက်စက် အကြည့်ဖြင့် အဝေးတစ်နေရာဆီသို့ ကြည့်လိုက်သည်။ ရန်ကိုင်သည် တိုက်ယွမ် သူ့အား ပြောပြခဲ့သည့် မီးတောက်တောင်ကြားမှ လူရီအား ကြည့်နေခြင်း ဖြစ်သည်။

ထိုကောင်ဆီမှ သတ်ဖြတ်လိုစိတ်ကို အစောကြီးကတည်း ခံစားမိနေခြင်း ဖြစ်သည်။ သို့သော် ထိုကောင်သည် လူအများကြီးရှေ့တွင်ပင် သူ့အား ချောင်းမြောင်းတိုက်ခိုက်ရဲလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ထို့အပြင် သူသုံးသွားသည့် နည်းလမ်းသည် အလွန်ကိုမှ သပ်ရပ်လှသဖြင့် ရန်ကိုင်ပင်လျှင် အာရုံခံမိရုံသာ အာရုံခံမိလိုက်သည်။

ယင်စုတျယ် အရိပ်ဖမ်းဓါတ်လုံးကို အသက်သွင်းမည် လုပ်သည့်အခါ၊ ရန်ကိုင်လည်း အရိပ်ဖမ်းဓါတ်လုံး၏ ထူးခြားစွမ်းရည်ကို မြင်ချင်သည့်အတွက် မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။ သို့သော်လည်း အရိပ်ဖမ်းဓါတ်လုံးမှ အလင်းရောင်ဖြာထွက်လာချိန် ပုံမှန်မဟုတ်သည့် စွမ်းအင်တစ်မျိုး ခပ်လှမ်းလှမ်းဆီမှ သူ့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို သတိပြုမိလိုက်သည်။ ထိုစွမ်းအင်သည် လူရီဆီမှ လာခြင်းဖြစ်သည်။

All Chapters