← Chapters

အခန်း (၁၂၂၆-၁၂၃၀)

Vol. 50 Ch. 1226-1230

အခန်း (၁၂၂၆-၁၂၃၀)

Vol. 50 Ch. 1226-1230

အပိုင်း (၁၂၂၆)

ထိုစိတ်စွမ်းအင်သည် အလွန်ကိုမှ အပုန်းအကွယ်ကောင်းသဖြင့် ရန်ကိုင်၏ အားကောင်းလှသော ကောင်းကင်စိတ်အာရုံပင်လျှင် ၎င်းကို အာရုံမခံမိခဲ့ချေ။ အရိပ်ဖမ်းဓါတ်လုံးအား မြင်ချင်သည့်အတွက်ကြောင့်သာ မဟုတ်ပါက ထိုတိုက်ခိုက်မှု သူ့အား ကျိန်းသေ ထိမှန်ပြီးသွားပြီးလောက်ပေပြီ။

ထိုစိတ်စွမ်းအင်ကို အာရုံခံမိလိုက်သည်နှင့် ရန်ကိုင်လည်း ချက်ချင်းပဲ တန်ပြန် တိုက်ခိုက်လိုက်သည်။

သို့သော် တစ်ဖက်လူ၏ ကောင်းကင်စိတ်အာရုံသည် သူ့အောက် အားမနည်းသည့် အတွက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ ထိုထိပ်တိုက်တွေ့မှုအပြီး ရန်ကိုင် အနည်းငယ် ဒဏ်ရာရသွားခဲ့ရသည်။

ထိပ်တိုက်တွေ့ပြီးပြီးချင်း လူရီသည် သူ့ကောင်းကင်စိတ်အာရုံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ဘာမှမဖြစ်ချင်ယောင် ဆောင်နေလိုက်သည်။ ရန်ကိုင်ကမူ ချောင်းတစ်ချက် ဆိုးလိုက်ရသဖြင့် အကုန်လုံး၏ အာရုံစိုက်ရာ ဖြစ်သွားခဲ့သည်။

ချူချန်ဖုန်းမှ လူများအား တစ်ယောက်ပြီးတစ်ယောက် မောင်းထုတ်နေသည်ကို မြင်သော် လူရီ၏ အမူအရာ သုန်မှုန်လာခဲ့ရသည်။ ကျင့်ကြံသူများစွာ မောင်းထုတ်ခံလိုက်ရသဖြင့် သူလည်း ထွက်သွားဖို့သာ ရွေးချယ်ရတော့သည်။ တကယ်တော့ သူသည် တစ်ကိုယ်တည်း မဟုတ်ပါလော။ သူတစ်ယောက်တည်းသာ ရှိသဖြင့် ချူချန်ဖုန်း သူ့အား ဤနေရာတွင် ကျိန်းသေ နေခွင့်ပေးလိမ့်မည် မဟုတ်ချေ။ သူသာ မထွက်သွားလျှင် သူ့ကိုယ်သူ ပြဿနာတွင်းထဲ ဆွဲသွင်းလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဒီကောင် တစ်ခုခုတော့ တစ်ခုခုပဲ

ဟိုးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဝိဥာဉ်ကြာပန်းကို ကံကောင်းပြီး မတော်တဆ ရလိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့ဝိဥာဉ် ဤမျှ အားကောင်းနေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဤလောကကြီးတွင် ဝိဥာဉ်ကြာပန်း မည်မျှ ရှိပါမည်နည်း။ နောက်ဝိဥာဉ်ကြာပန်းတစ်ခု ရှိနေလျှင်ပင် လူရီလက်ထဲတွင် ရှိနေစရာ အကြောင်းမရှိချေ။

သို့တိုင် ထိုလူရီ၏ စိတ်စွမ်းအင်သည် သူ့အောက် နိမ့်ကျခြင်းမရှိချေ။ ထို့ကြောင့် ရန်ကိုင် အတော်လေး အံ့အားသင့်နေရခြင်း ဖြစ်သည်။

တိမ်မီးတောက်တောင်ကြားသည် အားကောင်းသည့် အင်အားစုတစ်ခုမဟုတ်။ ဒုတိယအဆင့် အင်အားစု တစ်ခုသာသာဖြစ်သည်။ ထို့ကြောင့် ထိုဂိုဏ်းတွင် လူတစ်ယောက်၏ ဝိဥာဉ်ကို ထိုမျှ အားကောင်းအောင် ကျင့်ကြံပေးနိုင်သည့် ကျင့်စဉ်တစ်ခု ရှိစရာ အကြောင်းမရှိချေ။ ထိုသို့ဆိုလျှင် ထိုလူရီ၏ ဝိဥာဉ်သည် ဘာကြောင့် ထိုမျှ အားကောင်းနေရသနည်း။

ကျောက်စိမ်းပန်းဆွဲလိုဏ်ဂူတွင် ရှိစဉ်က၊ လူရီနှင့်ပက်သက်သည့် မည်သည့် ထူးခြားမှုကိုမှ သူရှာမတွေ့ခဲ့ချေ။ လူရီသည် သာမန် သူတော်စင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ ဝိဥာဉ်သန့်နတ်ရေစင်ကန်ထဲတွင် ဝင်စိမ်စဉ်ကလည်း ယခုကဲ့သို့ ပြောင်းလဲသွားရလောက်အောင် သူရခဲ့သည့် အကျိုးအမြတ်သည် နည်းနည်းလေးသာ ရှိသည်။ ထိုသိုဆိုလျှင် တစ်ခဏအတွင်း ဤကဲ့သို့ ပြောင်းလဲသွားရအောင် သူဘာများ ကြုံတွေ့ခဲ့သနည်း။

ထိုကဲ့သို့ အားကောင်းသည့် ရန်သူတစ်ယောက် အကြောင်းမရှိ ရလိုက်သည့် အတွက်ကြောင့် ရန်ကိုင်အတော်လေး စိတ်ညစ်သွားရသည်။ သို့သော်လည်း သူမည်သို့ပင် တွေးတွေး လူရီ သူ့အား သတ်ချင်နေသည့် အကြောင်းပြချက်ကို ရှာမရ ဖြစ်နေခဲ့သည်။

ထိုလူရီကို မြန်မြန် သတ်ပစ်ရမည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ လူရီနှင့် သူ့ကြား နားလည်မှုလွဲနေသည်ဖြစ်စေ၊ သူ့အပေါ် မကျေနပ်သည် ဖြစ်စေ၊ ရန်ကိုင် ဂရုမစိုက်တော့။ အချိန်မရွေး ကျားချောင်းချောင်းနေသည့် ရန်သူတစ်ယောက် ရှိရသည့် ခံစားချက်မှာ တကယ်ကို မကောင်းလှပါချေ။

ခဏလောက် စဉ်းစားပြီးနောက် လောလောဆယ် လူရီအကြောင်းကို ခဏ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဘာအကြောင်းမှ တွေးမနေတော့ဘဲ ကျင့်ကြံခြင်းပေါ်တွင်သာ ပြန်အာရုံစိုက်လိုက်သည်။ ဒုတိယနေမင်း ထွက်လာပြီးနောက် လေထဲရှိသင်းရနံ့သည် ယခင်ထက် ပို၍ အားကောင်းလာခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသည့် ကျင့်ကြံသူများသည်လည်း ရခဲလှသည့် အခွင့်အရေးကို မဖြုန်းတီးဘဲ အကျိုးကျိုးရှိရှိ အသုံးချနိုင်ရန် အလို့ငှာ အားထုတ် ကျင့်ကြံကြတော့လေသည်။

ရန်ကိုင်သည် သူတော်စင်ချီအား မည်ကဲ့သို့ ပိုမိုကောင်းမွန်းအောင် ထိန်းချုပ်ရမလဲ ဆိုသည်နှင့် ပက်သက်၍ ဆက်လက် လေ့လာနေခဲ့သည်။ ဖယောင်းနီသီး၏ အနံ့သည် အသီး မမှည့်ခင်အထိသာ အကျိုးသက်ရောက်မှု ရှိမည်မှန်း သူသိသည်။ ထို့ကြောင့် ထိုအချိန်အတွင်း သူ့ရည်ရွယ်ချက် ပြည့်မြောက်အောင် လုပ်ရပေမည်။ ဤအခွင့်အရေးကို အသုံးချ၍ လေဟာနယ်တာအိုကို နားလည်ရန် မကြိုးစားခဲ့ချေ။ ယခု သူကျင့်ကြံနေသည့် အရာကိုသာ ထိုးထွင်းနားလည်သွားမည် ဆိုပါက နောက်နှစ်နှစ်၊ သုံးနှစ်အတွင်း သိသိသာသာ အကျိုး ထူးလာပေလိမ့်မည်။

အခြားသူများ မည်သည့် သဘောတရားကို ဆင်ခြင်ရန် ကြိုးစားနေသလဲ ဆိုသည်ကို သူမသိသော်လည်း သူ့ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။

ဒုတိယနေမင်း ဆက်မတက်တော့ဘဲ ရပ်သွားသည့်အခါ တောင်ကြားထဲ နောက်ထပ် အနီရောင်မြူခိုးတစ်လွှာ ထပ်ပေါ်လာခဲ့သည်။ ပထမတစ်ကြိမ် ကြုံပြီးသွားပြီ ဖြစ်သဖြင့် ကျင့်ကြံသူများလည်း ထိတ်လန့်တုန်လှုပ်ခြင်းမျိုး မရှိတော့။ သို့သော် အကုန်လုံး စိတ်လှုပ်ရှားနေမိကြသည်။

ထိုအနီရောင်မြူခိုးများ ထွက်ပေါ်လာခြင်းသည် တတိယနေမင်း ထွက်လာတော့မည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ တတိယနေ ထွက်လာပြီးသည်နှင့် နေသုံးစင်ပေါ်လာခြင်း ဖြစ်စဉ် ပြီးဆုံးသွားမည်ဖြစ်ကာ ဖယောင်းနီသီးလည်း မှည့်လာပေလိမ့်မည်။

အတော်များများမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသဖြင့် ကျင့်ကြံရာတွင်ပင် ကောင်းကောင်း အာရုံမစိုက်နိုင်ကြတော့ချေ။ မျက်လုံး ဖွင့်၍သာ တောင်ကြားထဲရှိ အရာမှန်သမျှကို သေချာ အာရုံစိုက်နေတော့သည်။

အနက်နီရောင်စွမ်းအင်များ စုဝေးလာပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ မကြာမီ စွမ်းအင်လှိုင်းတစ်လှိုင်း ပေါက်ကွဲထွက်လာခဲ့ပြီး အသီးရနံ့မှာလည်း ပို၍ အားကောင်းလာသည်။

အားလုံးရှေ့တွင်မှာ တတိယနေ ပေါ်လာပြီး အထက်ကောင်းကင်ယံဆီသို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။

သူတော်စင်ချီလှိုင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး လူအချို့သည် တောင်ကြားထဲသို့ ပြေးဝင်ရန် လုပ်ကြတော့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သော် လီရို့နန်က စိတ်ပေါက်ပေါက်ဖြင့် နဖူးကိုပွတ်၍ အသံအကျယ်ကြီး အော်ပြောလိုက်သည် “ဟျောင့်တွေ၊ နေသုံးစင်းဖြစ်စဉ်က ပြီးသေးတာ မဟုတ်ဘူးကွ။ အသီးလည်း မမှည့်သေးဘူးကွ။ မင်းတို့ တစ်ခုခုလုပ်လိုက်လို့ အသီးတစ်ခုခု ဖြစ်သွားမယ်ဆိုရင် မင်းတို့ အခါတစ်ထောင်ပြန် သေတာတောင် လုံလောက်မှာ မဟုတ်ဘူး”

ဖယောင်းနီသီးအကြောင်းကို ရေရေရာရာ သိထားသည့်လူမှာ သူသာရှိသည်။ ထို့ကြောင့် အကုန်လုံးကို သတိပေးရမည့်တာဝန်မှာ သူ့တာဝန်ဖြစ်သည်။

တစ်ချိန်တည်းတွင် လီရို့နန် စိတ်ထဲကြိတ်၍ ကျိန်ဆဲနေလေသည်။ ထိုလူများ အချင်းချင်း ထတိုက်ခိုက်ရင်း ဖယောင်းနီသီးအား ထိခိုက်သွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူဘာမှပြောမည် မဟုတ်ချေ။ သူတို့ အချင်းချင်းသတ်ပြီး သေသွားလျှင် ပိုတောင် ကောင်းပေသေးသည်။ သူတို့အကုန်လုံး သေသွားလျှင် ဖယောင်းနီသီးကို ဆေးလုံးတောင်ကြား တစ်ခုတည်း လက်ဝါးကြီးအုပ်၍ ရပေပြီ။

လီရို့နန် ပြောသည်ကို ကြားပြီးနောက် လူတော်တော်များများ သူ့အား အေးစက်စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သို့သော် အကုန်လုံးသည် အဆင်သင့်ဖြစ်နေစေရန် သူတို့၏ သူတော်စင်ချီကို ကြိုတင် စုစည်းထားလိုက်ကြသည်။ တောင်ကြားထဲကိုမူ ပြေးဝင်သွားရန် မကြိုးစားတော့။

ဝေကုချန်းသည်လည်း မျက်လုံးဖွင့်၍ အခြေအနေကို တစ်ချက် အကဲခတ်လိုက်သည်။ အသီးမှည့်ရန် အချိန်အနည်းငယ် လိုသေးမှန်း သိလိုက်ရပြီးနောက် မျက်လုံးပြန်ပိတ်ကာ ဆက်၍ ကျင့်ကြံနေလိုက်လေသည်။

အချိန်ကြာလာသည်နှင့် တောင်ပေါ်ရှိ အခြေအနေမှာ တင်းမာသည်ထက် တင်းမာလာခဲ့သည်။ တတိယနေ လမ်းတစ်ဝက်လောက် ရောက်သည့်အခါ အကုန်လုံး စိတ်ငြိမ်ငြိမ်ဖြင့် ဆက်မကျင့်ကြံနိုင်ကြတော့ဘဲ တောင်ကြားကိုသာ အာရုံစိုက်ကြတော့သည်။ သာန်ကျင့်ကြံသူများသာ ထိုကဲ့သို့ ဖြစ်နေခြင်းမဟုတ်။ နာမည်ကျော် ဝေကုချန်း၊ ချူချန်ဖုန်း၊ ဖန်ထျန်းဇုံ၊ ယင်စုတျယ်၊ ထန်ယုန်နှင့် ချူမင်ဟိုင်တို့လည်း အတူတူပင်။

မည်သူမှ ယခင်ကကဲ့သို့ တည်ငြိမ်မနေနိုင်ကြတော့ချေ။ အကုန်လုံးသည် သူတို့ အဖွဲ့အသားများကို တိုးတိုးလေး ကြိတ်ပြောနေရင်း နေမင်း လက်ရှိရောက်နေသည့် အမြင့်ကို သေချာတွက်ချက်နေသည်။

“ဂျူနီယာမောင်လေးရန် ကျင့်ကြံနေတုန်းပါလား” တိုက်ယွမ် အံ့အားသင့်နေခဲ့သည်။ လက်ရှိ ရန်ကိုင်၏ သူတော်စင်ချီလှိုင်းများသည် သိမ်မွေ့နေခြင်း မရှိဘဲ လှိုင်းထန်နေသည့်နှယ် ကြမ်းတမ်းနေခဲ့သည်။

ထိုကဲ့သို့ ဖြစ်နေခြင်းသည် ကျင့်ကြံရာတွင် အရေးကြီးသည့် အခြေအနေသို့ ရောက်နေပြီဟု ဆိုလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဖယောင်းနီသည့် မှည့်တော့မည်ကိုပင် အာရုံ မစိုက်နိုင်တော့ခြင်း ဖြစ်သည်။

“ဒီတစ်ကြိမ် ညီလေးရန် တော်တော် အမြတ်ထွက်သွားတယ်နဲ့တူတယ်” ဝေကုချန်း ခါးသက်သက်ပြုံးလျက် ရန်ကိုင်အား အားကျစွာ ကြည့်လိုက်ကြသည်။ သူသည်လည်း ရန်ကိုင်ကဲ့သို့ ကျင့်ကြံပေသည်။ သို့သော်လည်း ဖယောင်းနီသီးကိုလည်း အာရုံစိုက်နေရသည့် အတွက် သေချာအာရုံမစိုက်နိုင်ဖြစ်ကာ အကျိုးအမြတ် နည်းနည်းပါးပါး ရခဲ့သည်။

“အဲ့လူလည်း ကျင့်ကြံနေတုန်းပဲ” တုန်ရွှမ်းအာက အခြားတောင်တစ်လုံးပေါ်ရှိ လူတစ်ယောက်ကို လှမ်းညွှန်ပြလိုက်သည်။ သူမ ညွှန်ပြနေသည့်လူသည် ကြယ်ဧကရာဇ်ဂိုဏ်းမှ မျက်နှာ မာမာထန်ထန်နှင့်လူ ဖြစ်ပေသည်။ ရန်ကိုင်ကဲ့သို့ပင် သူလည်း တင်ပလင်ခွေထိုင် ကျင့်ကြံနေဆဲ။ သူ့အသွင်အပြင်သည် ရှေးဟောင်းရေတွင်းတစ်တွင်းနှယ် တည်ငြိမ်နေပြီး သူ့သူတော်စင်ချီသာ အကြမ်းပတမ်း လှုပ်ခတ်နေခြင်း ဖြစ်သည်။

“ဒါငါတို့နဲ့ သူတို့ကြားက ကွာခြားချက်နဲ့ တူပါတယ်” ဝေကုချန်း ရေရွတ်လိုက်သည်။ သူသည် မဟာပါရမီရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ အရိပ်လခန်းမ၏ အတောက်ပဆုံး ကြယ်တစ်ပွင့်၊ ဖန်ထျန်းဇုံ၊ ချူချန်ဖုန်းတို့နှင့် ယှဉ်ပြိုင်နိုင်သော လူငယ်မျိုးဆက်၏ ခေါင်းဆောင်တစ်ယောက်၊ စသဖြင့် အမျိုးမျိုး ချီးကျူးခံခဲ့ရသည်။ ထို့ကြောင့် သူ့တစ်သက် အခြားသူတစ်ယောက်ထက် နိမ့်ကျသည်ဟု တစ်ခါမှ မခံစားခဲ့ရချေ။

သို့သော်လည်း ရန်ကိုင် ပြသသွားသည့် အံ့မခန်း နည်းလမ်းများကို မြင်ပြီးနောက် သူလိုအပ်နေသေးမှန်း သိလိုက်သည်။ ယခု ရန်ကိုင်အပြင်၊ ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့် တစ်ယောက်ပါ ပေါ်လာခဲ့သည်။ သူ့စိတ်ထဲ အတော်လေး နိမ့်ကျသွားသလို ခံစားနေရသည်။ သူသာ မကြိုးစားလျှင် အနာဂတ်အရိပ်ကြယ်ပေါ်တွင် သူ့အတွက် တစ်နေရာ ရှိတော့မည် မဟုတ်မှန်းကိုလည်း သိလိုက်သည်။

ကျင့်ကြံသူအားလုံးသည် မတ်တပ်ရပ်လျက် တတိယနေကို အာရုံစိုက်နေကြသည် ဖြစ်လေသဖြင့် ရန်ကိုင်နှင့် ကြယ်ဧကရာဇ်ဂိုဏ်းမှလူ၏ အပြုအမူသည် အားလုံးအတွက် အာရုံစိုက်စရာ ဖြစ်နေခဲ့သည်။

မည်သူမှ ရန်ကိုင်အား ဂရုမစိုက်ကြ။ သူမည်သူလဲ ဘယ်သူမှမသိ။ သူတို့ သိသည်ကား ရန်ကိုင်သည် ဘာမဟုတ်သည့် သူတော်စင်ဘုရင်ပထမအဆင့်သာ ဖြစ်သည်။

သို့သော်လည်း ကြယ်ဧကရာဇ်ဂိုဏ်းမှ မျက်နှာမာမာထန်ထန်နှင့်လူကြီး ဆက်လက် ကျင့်ကြံနေသဖြင့် အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့သည်။ ဖယောင်းနီသီး မှည့်သည်အထိ သူထိုကဲ့သို့ ဆက်ကျင့်ကြံနေလျှင် ပိုကောင်းပေသည်။

ယခုဆိုလျှင် အကုန်လုံး ‘တစ်နှစ်ကဲ့သို့ကြာညောင်းသောတစ်ရက်’ ဆိုသည့် အဓိပ္ပါယ်ကို နားလည်သွားကြလေပြီ။

အားလုံးအမြင်တွင် တတိယနေသည် ပေါ်လာသည့်အချိန်မှစ၍ သွားနေသည်မှာ လိပ်ထက်တောင် နှေးပေသည်။ ထို့ကြောင့် သူတို့စိတ်ထဲ ထိုတတိယနေကို ပြေးမပြီး အပေါ်သို့ ပစ်တင်ပေးချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

တတိယနေသည် ထိုကဲ့သို့ တဖြည်းဖြည်း မြင့်တက်သွားနေခဲ့ပြီး… နောက်ဆုံးတွင် အခြားနေနှစ်စင်း ရှိနေသည့် နေရာသို့ ရောက်လာခဲ့သည်။ နေသုံးစင်းဖြစ်စဉ် ပြီးသွားလေပြီ။ နေသုံးစင် တစ်တန်းတည်း ဖြစ်သွားသည်နှင့် အချင်းချင်း ပဲ့တင်ထပ်သွားသည့်အလား နေသုံးစင်းစလုံး အရှိန်ညီးညီး တောက်ပလာတော့လေသည်။ ထိုအဖြစ်အပျက်ကြောင့် တတိယအလွှာတစ်ခုလုံး လင်းထိန်သွားခဲ့ရပြီး တတိယအလွှာထဲတွင် ရှိနေသည့် ကျင့်ကြံသူများလည်း မျက်စိကျိန်းလွန်းလှသဖြင့် သူတို့၏ မျက်လုံးများကို ပိတ်လိုက်ရသည်။

အထက်ကောင်းကင်ယံဆီမှ စွမ်းအင်လှိုင်းတစ်လှိုင်း ဖြာထွက်လာခဲ့သည်။ အလင်းရောင် မှိန်သွားချိန် အကုန်လုံး မျက်လုံး ပြန်ဖွင့်လာခဲ့သည်။ သို့သော် မြင်လိုက်ရသည့် အရာကြောင့် အကုန်လုံး ထိတ်လန့်သွားခဲ့ရသည်။ အကြောင်းမှာ နေသုံးစင်သည် နေတစ်လုံးတည်း အဖြစ်သို့ ပေါင်းစည်းသွားသောကြောင့်ပင် ဖြစ်လေသည်။ ထိုနေသည် လျင်မြန်စွာ လှည့်ပတ်နေပြီး ထိုကဲ့သို့ လှည့်ပတ်နေရင်း များပြားလှစွာသော စွမ်းအင်များကို ဆွဲယူဝါးမြိုနေခဲ့သည်။

အရပ်ရပ်ဆီမှ မိုးမြေစွမ်းအင်များကို စုပ်ယူနေခြင်း ဖြစ်သည့်အတွက်ကြောင့် တောင်ကြားထဲရှိ မိုးမြေစွမ်းအင်တို့မှာ အတော့်ကိုမှ သိပ်သည်းလာခဲ့ရသည်။ မိုးမြေစွမ်းအင်များ စုဝေးလာပြီး နေမင်းကြီးထဲသို့ တရဟော စီးဝင်နေကြသည်။

ဆေးလုံးတောင်ကြားမှ လီရို့နန်သည် အလွန် စိတ်လှုပ်ရှားစွာဖြင့် ထိုမြင်ကွင်းကို မျက်လုံးကြီးပြူးလျက် စိုက်ကြည့်နေခဲ့သည်။ ရှေးဟောင်းမှတ်တမ်းများထဲ ဖော်ပြထားသည်နှင့် ကွက်တိပင်၊ နည်းနည်းလေးမှ ပြောင်းလဲမသွားချေ။ တကယ်ကို မှည့်တော့မည့် ဖယောင်းနီသီးပင်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် တတိယအလွှာထဲတွင် ရှိနေသော မိုးမြေစွမ်းအင်များ ခြောက်ကပ်သွားခဲ့သဖြင့် ပတ်ပတ်လည် မိုင်ရာနှင့်ချီသော အကွာအဝေးသည် ဖုန်းဆိုးနယ်မြေတစ်ခု ဖြစ်သွားခဲ့ရသည်။

ထိုနေမင်းသည် တကယ့် နေမင်းအစစ်တစ်စင်းနှယ် ကောင်းကင်ထက်တွင် ရှိနေခဲ့သည်။

ရုတ်တရက် နေမင်း ဆက်မလည်တော့ဘဲ ရပ်တန့်သွားခဲ့သည်။

“မကောင်းတော့ဘူး” ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ လီရို့နန် ကျောပြင်တစ်လျှောက် စိမ့်တက်သွားခဲ့သည်။ ချက်ချင်းပဲ ဒိုင်းမှော်ရတနာတစ်ခုကို ထုတ်လိုက်ပြီး သူနေနေသည့် တောင်တစ်ခုလုံးကို ကာပစ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၇)

လီရို့နန် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဆေးလုံးတောင်ကြားမှ အခြားသူများလည်း သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြသည်။ သူတို့ အကုန်လုံး အစကတည်းက ကြိုပြင်ထားသည်မှာ သိသာထင်ရှားသည်။ မဟုတ်လျှင် ဤမျှ မြန်မြန်လှုပ်ရှားနိုင်ကြလိမ့်မည် မဟုတ်ချေ။

ဆေးလုံးတောင်ကြား၏ အပြုအမူသည် အများအာရုံစိုက်စရာ ဖြစ်နေခဲ့သည်။ သူတို့ ဘာကြောင့် ထိုကဲ့သို့ လုပ်နေကြသလဲ ကျင့်ကြံသူများစွာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ဆေးလုံးတောင်ကြား ဘာကြောင့် ထိုကဲ့သို့ လုပ်နေမှန်း သူတို့ နားမလည်ကြသော်လည်း အခြေအနေမကောင်းမှန်းကိုမူ နားလ်ကြသည်။ လီရို့နန်သည် ဖယောင်းနီသီး မှည့်သည့်ဖြစ်စဉ်နှင့် ပက်သက်၍ သူတို့အား အကြောင်းစုံ မပြောပြခဲ့သည်မှာ ထင်ရှားသည်။ ယခု ဘာဖြစ်တော့မလဲ သူတို့မသိသော်လည်း သူတို့အတွက် အန္တရာယ်များသည် ဆိုသည်ကိုမူ သိလိုက်ကြသည်။ မဟုတ်လျှင် ဆေးလုံတောင်ကြား ဘာကြောင့် ထိုကဲ့သို့ လုပ်ရမည်နည်း။

လီရို့နန်၏ အပြုအမူကို မြင်လိုက်သည်နှင့် အခြားကျင့်ကြံသူများလည်း အကာအကွယ် မှော်ရတနာအသီးသီးကိုထုတ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြသည်။

လအရိပ်ခန်းမမှ ဝေကုချန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူတော်စင်ချီဖြင့် သူ့တောင်ပတ်ပတ်လည်ကို ကာရံလိုက်သည်။ အနီရောင်လျှပ်စီးကြောင်းများ ထနေသော အနက်ရောင်အရံအတားတစ်ခု သူ့တောင်ပတ်လည်တွင် ပေါ်လာခဲ့လေသည်။

တုန်ရွှမ်းအာသည်လည်း တိုကင်ပြားနှင့် ဆင်တူသော မှော်ရတနာတစ်ခုကို ထုတ်ကာ ထိုထဲသို့ သူတော်စင်ချီ ဖြည့်သွင်းလိုက်သည်။ တိုကင်ပြားသည် ချက်ချင်းဆိုသလို အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့အဖွဲ့အား လွှမ်းခြုံသွားခဲ့လေသည်။

တိုက်ယွမ်သည်လည်း သူမ၏ အဝတ်စနှင့်ဆင်တူသော မှော်ရတနာကို ထုတ်ကာ အသက်သွင်းလိုက်ရာ တောင်တစ်ခုလုံး ပန်းရောင်တိမ်တိုက်တို့ဖြင့် လွှမ်းခြုံသွားခဲ့လေသည်။

ရန်ကိုင်သည် ကျင့်ကြံနေတုန်းသာ ဖြစ်သဖြင့် မလှုပ်ရှားနိုင် ဖြစ်နေခဲ့သည်။ သို့သော် လှုပ်ရှားစရာမလိုချေ။ သူ့အား ကာကွယ်ပေးမည် ဝေကုချန်းနှင့် အခြားသူများ ရှိနေပေသည်။

ဘာမှမလုပ်ဘဲ နေသည်ကား ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်ပင်။ သူ့သည် တောင်ပေါ်တွင် တစ်ယောက်တည်း ရှိနေခြင်းဖြစ်သည်။ အခြားသူများ၏ ထူးထူးဆန်းဆန် အပြုအမူကို သတိပြုမိသော် မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ပေါ်ရှိ နေမင်းတည့်တည့်ကို စိုက်ကြည့်လိုက်သည်။

ထိုစဉ် နေမင်းဆီမှ ထောင်ပေါင်းများစွာသော အနီရောင်အလင်းတန်းတို့ ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်ကျဲလွင့်စင်လာလေသည်။

ထိုအနီရောင်အလင်းတန်းများသည် အားကောင်းလှပြီ အလွန်ကိုမှ မြန်ဆန်လှသည်။ မျက်တောင်တစ်ခတ်အတွင်း အကုန်လုံး၏ အရံအတားရှေ့ ရောက်လာပြီး သူတို့ ဖန်တီးထားသည့် အကာအရံများကို အဆက်မပြတ် တိုက်ခိုက်ကြတော့လေသည်။

ဆေးလုံးတောင်ကြား ဘာကြောင့် ဤကဲ့သို့ လုပ်ရသလဲ ဆိုသည်ကို အကုန်လုံး ချက်ချင်း နားလည်သွားကြသည်။

ထိုအခြင်းအရာကို မြင်လိုက်သော် ကြယ်ဧကရာဇ်ဂိုဏ်းမှ မျက်နှာမာမာထန်ထန်နှင့် လူကြီး၏ အမူအရာ လေးနက်တည်ကြည်သွားပြီး ချက်ချင်းပဲ လက်သီးတစ်လုံးပြီးတစ်လုံး တိုးဝင်လာနေသော အလင်းတန်းများဆီ ပစ်လွှတ်လိုက်သည်။ သူ့လက်သီးချက်ထဲတွင် ကောင်းကင်နှင့်မြေပြင်အား လှုပ်ခါသွားအောင် လုပ်ဆောင်နိုင်သော နိယာမတစ်မျိုးမျိုး ပါဝင်လာနေသည့်အလား တိုးဝင်လာနေသော အနီရောင်အလင်းတန်းအားလုံးကို ဖျက်စီး ချေဖျက်သွားခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ မျက်နှာမာမာထန်ထန်နှင့် လူကြီးအား တိတ်တဆိတ် အာရုံစိုက်နေသော ဝေကုချန်း အနည်းငယ် ဖြူလျော်သွားခဲ့သည်။

ထိုလက်သီးချက်သည် တည်ငြိမ်ပြီး ရိုးရှင်းဟန်ရသော်ငြား လက်သီးချက်ကို မြင်လိုက်သူတိုင်း ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့် မည်မျှအားကောင်းကြောင်းကို ပြောနိုင်ပေသည်။

ထောင်နှင့်ချီသော အနီရောင်အလင်းတန်းများသည် အလျင်အမြန် ပေါ်လာပြီး အလျင်အမြန်ပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ အကုန်လုံးသည် ကြိုတင်ပြင်ဆင်ထားသည့် အတွက်ကြောင့် မည်သည့် ဒဏ်ရာမှ ရမသွားခဲ့ကြချေ။ အချိန်မှီ မပြင်လိုက်နိုင်သော လူအချို့သာ ဒဏ်ရာအနည်းအကျဉ်း ရသွားခဲ့ခြင်း ဖြစ်သည်။

ထိုအခြင်းအရာကို မြင်လိုက်သော် လီရို့နန် စိတ်ပျက်သွားခဲ့သည်။ သူအပြုအမူသည် အတော်လေးကို လွန်လွန်ကဲကဲ ဖြစ်သွားမှန်း နားလည်လိုက်သည်။ ထို့ကြောင့် အခြားသူများလည်း ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်တော့မည် အထင်ဖြင့် သူ့အတိုင်း လိုက်လုပ်ကြတော့သည်။ သူသာ တိုးတိုးတိတ်တိတ်ဖြင့် လုပ်မည်ဆိုပါက ဒဏ်ရာရသူ နည်းနည်းလေးပဲ ရှိနေလိမ့်မည် မဟုတ်ချေ။

သို့သော် မကြာမီ လီရို့နန် ခါးသက်သက် ရယ်မောလိုက်သည်။ အကြောင်းမှာ ရှိနေသည့် ကျင့်ကြံသူအားလုံး သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ လီရို့နန်သည် ဖယောင်းနီသီး ရင့်မှည့်သည့် ဖြစ်စဉ်အကြောင်း၊ နေသုံးစင်ပေါ်လာမည့် ဖြစ်စဉ် အကြောင်း သူတို့အား ပြောပြခဲ့သည်။ သို့သော် ဤကဲ့သို့ အန္တရာယ်များသည့် ဖြစ်စဉ်လည်း တစ်ပါတည်း လိုက်ပါဖြစ်ပျက်လိမ့်မည်ဟု ပြောမသွားခဲ့ချေ။

သို့သော် သူတို့၏ အကြည့်များကို လီရို့နန် ဂရုမစိုက်။ ဖယောင်းနီသီး ရင့်မှည့်သည့် ဖြစ်စဉ်အကြောင်း အကုန်လုံးနီးပါး သူပြောပြပြီးသွားခဲ့လေပြီ။ ထို့ကြောင့် အကြောင်းအရာ အချို့ကို ဖုံးကွယ်၍ သူ့အတွက် အကျိုးရှိအောင် လုပ်သည်မှာ သဘာဝသာ ဖြစ်သည်။

ဤကဲ့သို့ ကိစ္စလေးအတွက်နှင့် ထိုလူများ သူ့အား လာအပြစ်တင်နေလိမ့်မည် မဟုတ်ဟုလည်း လီရို့နန် ယုံကြည်နေပေသည်။

လီရို့နန် ထင်သည့်အတိုင်းသည် အကုန်လုံးသည် သူ့အား စိုက်သာ စိုက်ကြည့်ခဲ့ကြပြီး ဘာမှ မပြောခဲ့ကြချေ။ တကယ်တော့ အကုန်လုံးတွင် သူ့အား မေးချိန် မရှိတော့သောကြောင့် ဖြစ်သည်။ အကြောင်းမှာ ထောင်ပေါင်းများစွာသော အနီရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ပေါ်တွင် ရှိနေသော နေမင်းသည် တောင်ကြားထဲသို့ ရုတ်တရက် ထိုးဆင်းလာသောကြောင့်ပင် ဖြစ်လေသည်။

အသက်ဆယ်ရှိုက်စာ အတွင်းတွင် နေမင်းသည် တောင်ကြားထဲသို့ ကျသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

“အဆင်သင့်ပြင်ထားတော့” တိုက်ယွမ်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူမ၏ ပန်းရောင်တိမ်တိုက်လေးကို ပြန်ယူလိုက်ပြီး တောင်ကြားထဲသို့ သေချာ စိုက်ကြည့်နေလေသည်။

“အစ်ကိုရန်ကို နှိုးလိုက်သင့်လား” တိုက်ယွမ်က ရန်ကိုင်အား ကြည့်ရင်း တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။

ရန်ကိုင်၏ သူတော်စင်ချီသည် မုန်တိုင်းထန်နေသည့် ပင်လယ်ပြင်ပမာ လှိုင်းထန်နေသည်။ ထို့ကြောင့် သူ့အား နှောင့်ယှတ်မိမည် စိုးသည့်အတွက်ကြောင့် မည်သူမှ သွားမနှိုးခဲ့ကြ။ ယခု ဖယောင်းနီသီး ပေါ်လာတော့မည် ဖြစ်သဖြင့် ရန်ကိုင်အား သွားနှိုးလျှင် ကောင်းမလား၊ မနှိုးဘဲ ထားလိုက်လျှင် ကောင်းမလား တုန်ရွှမ်းအာ သေချာမသိတော့။

ဝေကုချန်းလည်း မျက်မှောင် ကြုတ်သွားခဲ့သည်။ သို့သော် ခဏအကြာ၌ ခေါင်းခါလိုက်ပြီး “မလိုဘူး။ အပြင်မှာ ဘာဖြစ်နေလဲ ညီလေးရန်သိတယ်။ သူဝင်ပါချင်ရင် ကျိန်းသေ လှုပ်ရှားလိမ့်မယ်။ သူ့ကို သွားနှောင့်ယှတ်နေစရာ မလိုဘူး”

တုန်ရွှမ်းအား ခေါင်းညိတ်လိုက်သည်။

ဝေကုချန်း၏ စကား ဆုံးသွားသည်နှင့် မြေပြင်တစ်ခုလုံး အက်ကွဲလာသည့်အလား တောင်ကြားထဲမှ အက်သံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ သူတို့ ရပ်နေသည့် မြေပြင် တုန်ခါလာသည်ကို တောင်ပေါ်တွင် ရပ်နေသူတိုင်း ခံစားမိလိုက်သည်။

အလွန်ကိုမှ ပြင်းထန်လင်းထိန်းလွန်းလှသည့် အနီရောင်စွမ်းအင်များ တောင်ကြားထဲရှိ အက်ကြောင်းမှတစ်ဆင့် ရုတ်တရက် ပေါ်လာခဲ့သည်။ အလင်းရောင်မျာ အလွန် စူးလှသဖြင့် တောင်ပေါ်ရှိလူများအဖို့ တောင်ကြားထဲတွင် ဘာဖြစ်နေသလဲ ဆိုသည်ကို မမြင်နိုင် ဖြစ်နေခဲ့သည်။

သို့သော်လည်း နေမင်း ပြုတ်ကျသွားသည့် နေရာဆီမှ နီကြင့်ကြင့် အလင်းရောင်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို အကုန်လုံး ရေးတေးတေးလေး ခံစားမိနေသည်။

ထိုအလင်းသည် လေပြင်းမုန်တိုင်းထဲတွင် ရှိနေသော အချိန်မရွေး ငြိမ်းသွားနိုင်သည့် ဆီမီးတိုင်နှင့်တူသည်။ သို့သော်လည်း လေမည်မျှပင် ပြင်းပါစေ၊ မိုးမည်မျှပင် ရွာပါစေ ဆီမီးသည် လင်းမြဲလင်းနေခဲ့သည်။

ခဏအကြာတွင် အားလုံးရှေ့မှောက်သို့ ဖယောင်းတိုင်နှင့် ဆင်တူသော အလင်းရောင် ရောက်လာခဲ့သည်။ ထိုအလင်းရောင်သည် လက်သီးဆုပ်အရွယ် ဆီမီးတိုင်တစ်တိုင်၏ မီးတောက် ပုံစံရှိသော နီကြင့်ကြင့်ရောင် အသီးတစ်လုံးပင် ဖြစ်လေသည်။

“ဖယောင်းနီသီး” ထိုအသီးကို မြင်လိုက်သည့်အခါ လီရို့နန် စိတ်လှုပ်ရှားတကြီး ထအော်လိုက်သည်။

သူ့စကားမဆုံးသေးခင်မှာပဲ တောင်တစ်ဆီမှ ဖဲကြိုးတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ထိုဖဲကြိုးသည် အမျိုးသမီးတစ်ယောက်၏ လက်တစ်ချောင်းနှယ် သေသွားပြီး ပျော့ပျောင်းသည်။ ချက်ချင်းဆိုသလို ဆယ်မီတာအထိ ရှည်ထွက်သွားပြီး ဖယောင်းနီသီးဆီသို့ အလျင်အမြန် တိုးဝင်သွားလေသည်။

ယင်စုတျယ် လှုပ်ရှားလိုက်လေပြီ။ ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရပြီးနောက် နည်းနည်းလေးမှ ထပ်မစောင့်နိုင်တော့ဘဲ ဖယောင်းနီသီး ပေါ်လာသည်နှင့် အားလုံးအရင် ဦးစွာ လှုပ်ရှားလိုက်သည်။

တစ်ချိန်တည်းတွင် အခြားတောင်တစ်လုံးဆီမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး ဖဲကြိုးအား ထိမှန်းသွားသဖြင့် ဖဲကြိုးလည်း လမ်းလွဲသွားပြီး ဖယောင်းနီးသီးဆီ မရောက် ဖြစ်သွားခဲ့သည်။

ယင်စုတျယ် ထအော်မိလိုက်သည်။ ထို့နောက် နှုတ်ခမ်းလေးကိုကိုက်၍ ဖန်ထျန်းဇုံအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ခြေဆောင့်ကာ အော်လိုက်လေသည် “စီနီယာအစ်ကိုဖန်”

သို့သော်လည်း ဖန်ထျန်းဇုံ၏ အမူအရာမှာမူ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့။ ထူးမခြားနားဟန်ဖြင့်သာ ဖယောင်းနီသီးအား လုယူရန် ကြိုးစားနေသော အခြား ကျင့်ကြံသူများ၏ လုပ်ဆောင်မှုများကို တားဆီးနေခဲ့သည်။ ယင်စုတျယ်၏ အော်ဟစ်သံကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

သူမ၏ အော်သံကို ဖန်ထျန်းဇုံမှ အဖတ်မလုပ်သည့် အတွက်ကြောင့် ယင်စုတျယ်စိတ်ထဲ အတော်လေး နာကျည်းသွားရသည်။ သို့သော် လက်ရှိအချိန်သည် ဖန်ထန်းဇုံအပေါ် ဒေါသ ထွက်နေရမည့် အချိန်မဟုတ်။ ဖယောင်းနီသီးကို ရယူနိုင်ရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် ဖန်ထျန်းဇုံးအာ ဆက်အာရုံမစိုက်တော့ဘဲ ဖဲကြိုးကို သေချာအာရုံစိုက် ထိန်းချုပ်၍ ဖယောင်းနီသီးအား ရအောင်သာ ကြိုးစားတော့သည်။

ဖယောင်းနီသီး ထွက်ပေါ်လာသည်နှင့် ထိုအသီးကို ရရန်အတွက် အကုန်လုံး အင်တိုက်အားတိုက် ပြိုင်ဆိုင်ကြတော့သည်။ လက်ရှိတွင် အရိပ်ကြယ်၏ တက်သစ်စ လူငယ် ကြယ်ပွင့်အားလုံးသည် ဖယောင်းနီသီးအား အရယူရေးတွင် ရေကုန်ရေခမ်း ပြိုင်ဆိုင်နေကြသည်။ အမျိုးမျိုးသော သိုင်းပညာရပ်များ၊ မှော်ရတနာများ ထွက်ပေါ်လာခဲ့လေရာ သူ့ဘာသာ အေးအေးချမ်းချမ်းဖြင့် တည်ရှိနေသော တောင်ကြားတစ်ခုလုံး မုန်တိုင်းထန်နေသော တိုက်ပွဲကွင်းပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သို့သော်လည်း ဖယောင်းနီသီးအား ရယူရန် ကြိုးစားနေသည့် မည်သူမဆို၊ သိုင်းပညာရပ် အမျိုးမျိုး၊ မှော်ရတနာအမျိုးမျိုးကို ထုတ်သုံးနေကြသော်လည်း ဖယောင်းနီသီးအား မထိခိုက်မိအောင် အထူး သတိထားနေခဲ့သည်။

ကျင့်ကြံသူအားလုံး အလုပ်နှစ်ခွလုပ်နေသည်ဟု ဆိုနိုင်သည်။ အကုန်လုံးသည် ဖယောင်းနီသီးအား ရယူရန် ကြိုးစားနေသည့် အခြားသူများကို တားဆီးရသလို သူတို့ ကိုယ်တိုင်လည်း ဖယောင်းနီသီးအား ရယူနိုင်ရန် ကြိုးစားကြရသည်။ ထိုပြိုင်ဆိုင်မှုတွင် လူအင်အားစုနည်းသော အင်အားစုများ အတော်လေး ဒုက္ခရောက်ကြရသည်။ အထူးသဖြင့် အရိပ်လခန်းမကဲ့သို့ အင်အားစုများပင်။

တိုက်ယွမ်သည် ဝေကုချန်းတို့နှင့်အတူ ရောက်လာသော်ငြား သူတို့နှင့်အတူ မပူးပေါင်းဘဲ သူမဘာသာ တစ်ယောက်တည်း လှုပ်ရှားနေသည်။ အကြောင်းမှာ ထိုအသီးသည် သူတို့ဘာသာ သိမ်းထားလို့ရမည့် အသီးမဟုတ်သည်ကို သိထားကြသောကြောင့် ဖြစ်သည်။ အသီးကို ရလိုက်လျှင်ပင် ကိုယ့်ဘာသာ သိမ်းထား၍ ရမည်မဟုတ်ဘဲ ဂိုဏ်းဆီသို့သာ ပြန်ပေးရပေမည်။ ထို့နောက်မှသာ ဂိုဏ်းမှ အသီးအား မည်သူ ပိုင်ဆိုင်ခွင့်ရမည်ကို ဆုံးဖြတ်ပေလိမ့်မည်။

တိုက်ယွမ်နှင့် တုန်ရွှမ်းအာတို့သည် အတော်လေး ရင်းနှီးကြသော်ငြား ဂိုဏ်းအရေးနှင့် ယှဉ်ရလာသည့်အခါ သူမတို့နှစ်ယောက်သည် ပြိုင်ဘက်များ ဖြစ်လာကြရသည်။ တစ်ယောက်ကို တစ်ယောက် မကူညီကြသလို တစ်ယောက်ကို တစ်ယောက် မနှောင့်ယှတ်မိအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။

တိုက်ယွမ်ကို ဖယ်လိုက်သည့်အခါ အရိပ်လခန်းမတွင် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သာ ကျန်တော့သည်။ တစ်ယောက်သည် ဖယောင်းနီသီးအား ယူမည့် တစ်ယောက်ကို ကာကွယ်ပေးရင်း အသီးအားရအောင် ကြိုးစားနေခဲသည်။

ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်မှာမူ မည်သူနှင့်မှ လက်မတွဲ။ သူတစ်ယောက်တည်းသာ လှုပ်ရှားသည်။ သူ့တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ အားကောင်းလှသဖြင့် အကုန်လုံး သူ့အား သေချာအာရုံစိုက်နေခဲ့ရသည်။

ထိုကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်သည် ယခုမှ ဂိုဏ်းမှစထွက်ပြီး အတွေ့အကြုံရှာခြင်း ဖြစ်သည့်အတွက် အပင်မြင့်လေ လေတိုက်ခံရလေ ဆိုသော ဆိုရိုးစကားကို မသိခဲ့ချေ။ မကြာမီ သူမျက်မှောင်ကြုတ်သွားခဲ့ရသည်။ အကြောင်းမှာ သူလှုပ်ရှားလိုက်တိုင်း သူ့အား တားဆီးရန် ကြိုးစားသည့်လူ အနည်းဆုံး ဆယ်ယောက်လောက် ရှိနေသည့် အတွက်ကြောင့် ဖြစ်သည်။ အခြားမည်သူမှ သူ့ကဲ့သို့ မဖြစ်ချေ။ သူတစ်ယောက်တည်းကိုသာ လူအများကြီးက ဝိုင်းတားနေခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်အဖို့ အခြား လက်ရွေးစင်များစွာနှင့် ရင်ဆိုင်ရတော့သည်။ သူမည်မျှ အားကောင်းစေကာမူ သူသည် တစ်ယောက်တည်း ဖြစ်သည်။ ထို့အပြင် သူ့အား ဝိုင်းတားနေသည့် လူများမှာလည်း အညတရများမဟုတ်ကြ။ သူတို့ ဂိုဏ်းအသီးသီး၏ လက်ရွေးစင်များ ဖြစ်ကြသည်။

သူ့အဖို့ ရှေ့တိုးချင်သော်လည်း လူအများကြီးက ဝိုင်းတားနေသဖြင့် ရှေ့တိုးမရ ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပါများလာသော် ကြယ်ဧကရာဇ်ဂိုဏ်းတည်းတပည့် ဒေါသလည်းထွက်၊ ရှက်လည်း ရှက်လာခဲ့ရသည်။ ထို့ကြောင့် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ခြေဆောင့်ချလိုက်ရာ သူရပ်နေသည့် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာကုန်လေသည်။

ဖယောင်းနီသီးအတွက် ပြိုင်ဆိုင်နေကြသော ကျင့်ကြံသူများလည်း ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်ဆီ လှမ်းကြည့်မိလိုက်ကြသည်။ သူတို့ လှည့်ကြည့်လိုက်သည့်အခိုက် မျက်နှာ မာမာထန်ထန်နှင့် လူသည် စွမ်းအားကို ဖြည်းဖြည်းချင်း စုစည်းလျက် အားကောင်းလှသော အလင်းတန်းတစ်ခုအား ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။

“မကောင်းတော့ဘူး။ သူ့ကိုတား။ အဲ့ကောင် ရူးနေပြီ” လီရို့နန်က ကြောက်လန့်တကြား ထအော်လေသည်။ သူ့တစ်ကိုယ်လုံး ချွေးစေများဖြင့် စိုရွှဲသွားပြီး မျက်နှာသည်လည်း သွေးဆုတ် ဖြူလျော်သွားခဲ့လေသည်။

မျက်နှာမာမာထန်ထန်နှင့် လူ၏ လက်သီးချက်သည် ဖယောင်းနီသီး တည့်တည့်ဆီသို့ ဦးတည်နေခဲ့သည်။ ထိုတိုက်ခိုက်မှုသည် အသီးအား ထိသွားပါက အသီးတစ်ခုလုံး ဗလာနတ္ထိ အဖြစ်သို့ ရောက်သွားရပေလိမ့်မည်။

ထိုသို့ ဖြစ်သွားမည်ဖြစ်လေရာ လီရို့နန် မထိန့်လန့်ဘဲ ဘယ်နေမည်နည်း။ ချက်ချင်းပဲ လက်သီးချက်ပေါင်းများစွာ ထုတ်လွှတ်လျက် ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။

အခြားသူများသည်လည်း ချက်ချင်းပဲ အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။

ဘုန်း… ဘုန်း… ဘုန်း…

နားပင်းမတတ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ အကုန်လုံး၏ တိုက်ခိုက်မှုကြောင့် ကြယ်ဧကရာဇ်ဂိုဏ်းတပည့် ပစ်လွှတ်လိုက်သော စွမ်းအင်းအလင်းတန်း အတော်လေး အားနည်းသွားခဲ့ရသည်။ သို့သော် အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။ လက်ကျန်စွမ်းအင်သည် ဖယောင်းနီသီး တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၈)

ဖယောင်းနီသီး ဖျက်စီးခံလိုက်ရပြီဟု တွေးထင်လျက် လီရို့နန် သွေးပျက်ခြောက်ခြားစွာ ထအော်လိုက်သည်။ သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး မြေကြီးပေါ်သို့ လဲပြိုကျလုမတတ် ဖြစ်သွားခဲ့သည်။

စွမ်းအင်အလင်းတန်းမှာ တိုက်ခိုက်မှုပေါင်းစုံကြောင့် အားနည်းသွားသော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ အားလုံး၏ တုန်လှုပ်ခြောက်ခြားနေသည့် အကြည့်အောက်ဝယ် ဖယောင်းနီသီးကို တည့်တည့် သွားမှန်လေသည်။

တိုက်ပွဲကြီးဖြစ်နေခဲ့သော်လည်း ယခုအချိန်အထိ အထိအခိုက် မရှိသေးသော ဖယောင်းနီသီးသည် စွမ်းအင်အလင်းတန်းကြောင့် တောင်ကြားထဲမှ လွင့်ထွက်သွားလေသည်။ သို့သော် ပျော့ပျောင်းပြီး အထိမခံနိုင်ဟန် ထင်ရသော ဖယောင်းနီသီးသည် စွမ်းအင်အလင်းတန်းနှင့် ထိသွားသည့်တိုင် ဘာမှမဖြစ်သည့်အတွက် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

အကုန်လုံး ပျော်သွားပြီး ချက်ချင်းပဲ လှုပ်ရှားမှုပညာရပ် အသီးသီးကို အသက်သွင်းကာ တောင်ကြားထဲမှ ပြေးထွက်သွားကြလေသည်။ တိုက်ပွဲကြီး အစပြုလေပြီ။

ဝေကုချန်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်သည်။ ရန်ကိုင် နိုးလာမည့် အရိပ်အယောင် မပြသေးသည်ကို မြင်သော် သူအတော်လေး စိတ်ဓါတ်ကျသွားသည်။ ရန်ကိုင်ကို ကာကွယ်ရန် တုန်ရွှမ်းအာကိုပဲ ထားခဲ့လျှင်ကောင်းမလား တွေးနေစဉ်မှာပဲ ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည် “မင်းတို့သွားချင် သွားလို့ရတယ်။ ငါ့ကို စိတ်ပူနေစရာမလိုဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ ဝေကုချန်း ပျော်သွားပြီး ခေါင်းညိတ်၍ တုန်ရွှမ်းအာ၊ တိုက်ယွမ်တို့နှင့်အတူ ချက်ချင်း ပြေးထွက်သွားလေသည်။ ရန်ကိုင်သာ ကျင့်ကြံခြင်းတွင် လုံးလုံး နစ်မြောနေခြင်းမရှိသရွေ့ သူချောင်းမြောင်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုချေ။

ဝေကုချန်းနှင့် အခြားသူများ ထွက်သွားပြီးနောက် ရန်ကိုင် ရွှင်မြူးစွာ မျက်လုံး ဖွင့်လိုက်သည်။ သူ့မျက်ဝန်းနက်များထဲ ဝမ်းသာရိပ်တို့ တလက်လက် ထနေခဲ့သည်။

ဖယောင်းနီသီး မမှည့်ခင် နောက်ဆုံးအခိုက်အတန့်၌ ယခင်က မဖမ်းဆုပ်နိုင်ခဲ့သော ဥာဏ်အလင်းများကို သူဖမ်းဆုပ်လိုက်နိုင်ခဲ့သည်။ သူတော်စင်ချီအပေါ် ထိန်းချုပ်နိုင်စွမ်းသည် သိသိသာသာ တိုးတက်လာခြင်း မရှိဟု ခံစားနေရသော်လည်း လက်ရှိအချိန်သည် လက်တွေ့ စမ်းသပ်လို့ကောင်းသည့် အချိန်မဟုတ်။

မီတာရာချီ အကွာသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ မုန်တိုင်းအသွယ်သွယ်ကို ကျော်ဖြတ် ရင်ဆိုင်လာခဲ့သော ရန်ကိုင်ပင်လျှင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

သူတော်စင်ဘုရင် တတိယအဆင့် လက်ရွေးစင်တပည့်များစွာတို့သည် မှော်ရတနာ အမျိုးမျိုး၊ သိုင်းပညာရပ် အမျိုးမျိုးကို ထုတ်သုံးလျက် အဖွဲ့လိုက် အဖွဲ့လိုက် မီးကုန်ယမ်းကုန် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုတိုင်းသည် ရက်စက်ပြီး အားပြင်းလှသည်။ မည်သူမှ ညှာတာနေခြင်းမရှိ။

သို့သော်လည်း ထူးဆန်းသည့်အချက်သည်ကား ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်ကြောင့် တောင်ကြားထဲမှ လွင့်ထွက်သွားသော ဖယောင်းနီးသီးသည် မြေပြင်ပေါ်သို့ မကျသွားခြင်းပင်။ ထိုအသီး ကျင့်ကြံသူတစ်ယောက်၏ လက်ထဲသို့ ရောက်တော့မည့် အခါတိုင်း သိမ်မွေ့သော စွမ်းအင်အချို့ ထွက်ပေါ်လာပြီး လမ်းကြောင်းသွေဖီကာ ဆက်လက် ပျံသန်းသွားနေသည်။

ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်၏ စွမ်းဆောင်ရည်သည် တိုက်ပွဲအတွင်း မျက်စိဖမ်းစားစရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။ ဖန်ထျန်းဇုံ၊ ဝေကုချန်းနှင့် ချူချန်ဖုန်းတိုသည် ယာယီမဟာမိတ် ဖွဲ့လျက် မျက်နှာမာမာထန်ထန်နှင့် လူကြီးကို တားဆီးထားခဲ့ကြသည်။ သို့သော်လည်း မျက်နှာ မာမာထန်ထန်နှင့်လူမှာ မခေလှ။ အံ့မခန်းဖွယ်ရာ စွမ်းအားကို ထုတ်ပြလျက် သုံးယောက်စလုံးကို လက်ရည်တူ ပြန်တိုက်ခိုက်နေခဲ့သည်။ ထိုတိုက်ပွဲသည် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု မဟုတ်သော်ငြား လူငယ်မျိုးဆက်ခေါင်းဆောင် သုံးယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်သည့် အချက်နှင့်ပင် အတော်လေး အံ့အားသင့်စရာ ကောင်းနေပေပြီ။

တိုက်ပွဲသာ ဤအတိုင်း ဆက်သွားနေမည်ဆိုပါက မမျှော်လင့်ထားသည့်ကိစ္စ တစ်ခုခုသာ မဖြစ်ပျက်ခဲ့လျှင် ဖယောင်းနီသီး၏ ပိုင်ရှင် အချိန်တိုအတွင်း ပေါ်လာလိမ့်မည် မဟုတ်ချေ။ ဖယောင်းနီသီး ပိုင်ရှင် မထွက်ပေါ်လာခင် လူနည်းနည်းတော့ ကျိန်းသေ သေရပေလိမ့်မည်။

သို့သော်လည်း ဖယောင်းနီသီးအား နောက်ဆုံး မည်သူ ရသွားမလဲ ဆိုသည်မှာမူ ပြောရခက်လှသည့် ပဟေဋိပုစ္ဆာတစ်ခု ဖြစ်သည်။

ဖယောင်းနီသီးကို ရန်ကိုင် စိတ်မဝင်စားသည်မဟုတ်၊ စိတ်ဝင်စားပေသည်။ ထိုအသီးသည် သူ့တစ်သက် တစ်ခါမှ မမြင်ဖူးသည့် တန်ခိုးရှင်ဘုရင်အဆင့် အသီး မဟုတ်ပေလော။ ဘာကြောင့် စိတ်မဝင်စားဘဲ နေရမည်နည်း။ ထို့အပြင် ထိုအသီးကီု အသုံးပြု၍ ဆေးဖော်စပ်လိုက်မည် ဆိုပါက သူ့ဆေးပညာရပ်စွမ်းရည်ကို သိသိသာသာ တိုးတက်လာစေနိုင်ပေသည်။ ထိုအသီးကီု ဆေးလုံး အဖြစ် ဖော်စပ်နိုင်လျှင်လည်း တန်ခိုးရှင်တတိယအဆင့် တစ်ယောက်ကို တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်ပေသေးသည်။

သို့သော် တိုက်ပွဲသည် အလွန်ကိုမှ ပရမ်းပတာ ဖြစ်နေသည်။

သူဝင်ပြိုင်မည်ဆိုလျှင်ပင် ဖယောင်းနီသီးအား ရနိုင်ချေ ဆယ်ပုံတစ်ပုံပင် မရှိချေ။ ထိုကဲ့သို့ မသေချာမရေရာသော အကျိုးအမြတ်အတွက် ဝင်ပါဖို့ရာ မထိုက်တန်။

နောက်ထပ်ရှိသေးသည်ကား ထိုအရာသည် အစစ်အမှန် လက်ရွေးစင် အနည်းငယ်ထဲမှ တစ်ယောက်သာ ယူနိုင်သော အာလူးပူပူတစ်လုံး ဖြစ်သည်။ ဖယောင်းနီသီးသာ အားကောင်းသည့် နောက်ခံမရှိသော သူ့ကဲ့သို့ လူတစ်ယောက်၏ လက်ထဲသို့ ရောက်လာမည် ဆိုပါက ပြဿနာကို လက်ယပ်ခေါ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ဖယောင်းနီသီးအတွက် ဝင်မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပဲ ဖယောင်းနီသီး မှည့်မှည့်၊ မမှည့်မှည့် ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား… တိုက်ပွဲတွင် ဝင်မပါသော်လည်း သူ့တွင် အခြားအစီအစဉ်မရှိဟု မဆိုလို။ အနီရောင်မြူခိုးများဖြင့် ပြည့်နေသော တောင်ကြားထဲသို့ လှည့်ကြည့်ရင်း ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်သည်။ အကုန်လုံး ဖယောင်းနီသီးအပေါ် အာရုံစိုက်နေစဉ် ရန်ကိုင်သည် တောင်ကြားထဲသို့ မည်သူမှ မသိအောင် ခိုးဝင်လာခဲ့လေသည်။

ဖယောင်းနီသီးသည် ရှားပါးပြီ အဖိုးတန်သည်။ သို့သော် ဖယောင်းနီသီး သီးခဲ့သည့် အပင်သည်လည်း ရတနာတစ်ပါး ဖြစ်သည်။

ဖယောင်းနီသီး၏ အမြစ်ကို ဖယောင်းနီရိုးတံဟုခေါ်ပြီး ထိုအမြစ်ကိုသာ မိုးမြေစွမ်းအင် သိပ်သည်းသော နေရာတစ်နေရာတွင် စိုက်မည်ဆိုပါက နောက်ထပ် ဖယောင်းနီသီးများကို ပြန်သီးပေးနိုင်ပေသည်။

သို့သော်လည်း ထိုနည်းဖြင့် သီးလာသည့် ဖယောင်းနီသီးသည် အစစ်အမှန် ဖယောင်းနီသီး၏ စွမ်းရည်ဖြစ်သော တန်ခိုးရှင်အဆင့်အား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်စေနိုင်သော အာနိသင်ကို မပိုင်ဆိုင်ထားချေ။ ကျင်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုမိုကြံခိုင်အောင် လုပ်ဆောင်ပေးနိုင်သည့် အာနိသင်ကိုသာ ပိုင်ဆိုင်ထားသည်။

ရန်ကိုင်လည်း ထိုအာနိသင်ကို လိုချင်နေခြင်း ဖြစ်သည်။

အားကောင်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားရခြင်းမှာ အလွန်ကိုမှ အကျိုးများလှသည်။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် သာမန်အဆင့်တူ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထက် အဆများစွာ ပိုမို အားကောင်းပေသည်။ တန်ခိုးရှင်အဆင့်နိမ့် ပညာရှင်များ၏ ခန္ဓာကိုယ်ပင် သူ့ခန္ဓာကိုယ်လောက် အားမကောင်းချေ။

သူ့ခွန်အား မြင့်မားလာသည်နှင့်အမျှ ပိုမိုသန်မာလာသည့် ရန်သူများနှင့် ရင်ဆိုင်လာရသည်။ လက်ရှိ သူ့ခန္ဓာကိုယ်၏ ခွန်အားသည် သူ့အား တစ်မျိုးတစ်ဖုံ နှောင့်နှေးအောင် လုပ်နေသည်။ ယခင် ရက်ပိုင်းအတွင်း သူဒဏ်ရာများစွာ ရခဲ့သည်။ ထိုအချက်ကြောင့်ပဲ သူ့စိတ်ထဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့ရသည်။

ထို့အပြင် လေဟာနယ်ကို ဆုတ်ဖြဲလျှင်လည်း အားကောင်းသော ခန္ဓာကိုယ်ကို လိုပေသည်။ မဟုတ်လျှင် ဟင်းလင်းပြင်မှ သက်ရောက်သော ဖိအားကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

သူသာ ဖယောင်းနီရိုးတံကို ရလိုက်ပြီး ၎င်းမှ သီးလာသည့် အသီးများကို စားလိုက်မည် ဆိုပါက သူ့ခန္ဓာကိုယ်ကို ပိုမို အားကောင်းလာအောင် လုပ်နိုင်ပေလိမ့်မည်။ အချိန်သာရသရွေ့ သူ့ခန္ဓာကိုယ်ခွန်အားကို အဆင့်တစ်ခုအထိ မြှင့်တင်နိုင်ပေလိမ့်မည်။

ထိုအခါ အခြားသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခါမျိုး၊ လေဟာနယ်ကို ဆုတ်ဖြဲရသည့် အခါမျိုးတွင် ပိုပြီး စိတ်ချနိုင်ပေပြီ။

သူ့အနေဖြင့် လောလောဆယ်တွင် ဖယောင်းနီသီးကို အသုံးပြုနိုင်ဦးမည် မဟုတ်။ ထို့အပြင် သူ့အရည်အချင်းဖြင့် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ရာ ပြဿနာမရှိဟု ရန်ကိုင် ယုံကြည်ထားသည်။ သူလိုအပ်နေသည်ကား အချိန်ပင်ဖြစ်သည်။ သို့သော်လည်း ဖယောင်းနီရိုးတံသည် လက်ရှိ သူလိုအပ်နေသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဖယောင်နီးသီးအား ယှဉ်လုသည့် ပြိုင်ပွဲတွင် ဝင်မပါဘဲ ဖယောင်းနီရိုးတံကိုသာ ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်၏ အကြံမှာ ကောင်းလှသည်။ သို့သော်လည်း မောင်ဥာဏ်ကောင်းသည် သူတစ်ယောက်တည်း မဟုတ်။ သူ့ထက်စော၍ ဖယောင်းနီရိုးတံဆီ ရောက်နေသည့် အခြား တစ်ယောက်လည်း ရှိနေခဲ့သည်။

တောင်ကြားထဲသို့ အခြားလူများမသိအောင် ခိုးဝင်လာပြီးနောက် ဖယောင်းနီရိုးတံကို ရှာတော့မည်အပြု အနီရောင်မြူခိုးများကြား တစ်ခုခုကို သူ့သိုလှောင်လက်စွပ်ထဲသို့ အားပါတရ ထိုးထည့်နေသော ဝေဝါးဝါး ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုလူ မည်သူလဲ ဆိုသည်ကို သေချာ မသိသော်လည်း သူယူနေသည်မှာ ဖယောင်းနီရိုးတံများ ဖြစ်ကြောင်းကိုမူ ရန်ကိုင် သေချာသိသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် ဖယောင်နီးရိုးတံအား လာခူးနေသည့်ပုံထောက်လျှင် ထိုလူသည် ဖယောင်းနီသီးအကြောင်း အတော်လေး သိကျွမ်းထားသူ ဖြစ်ရမည်။ တိုက်ယွမ်သည် အပြင်တွင် တိုက်ခိုက်နေသည်။ လီရို့နန်လည်း အတူတူပင်။ ထို့ကြောင့် ဖယောင်းနီရိုးတံအား ခူးနေသည့် လူသည် ထိုနှစ်ယောက်ထဲမှ မဖြစ်တန်ရာ။ အခြားတစ်ယောက်သာ ဖြစ်ရမည်။

သို့သော်လည်း ဖယောင်းနီသီးအကြောင်း များများစားစား သိထားသည့်လူမရှိ။ ဆေးလုံးတောင်ကြားမှ လီရို့နန်၊ တိုက်ယွမ်နှင့် သူသာရှိသည်။ ထို့ကြောင့် ထိုလူသည် ဆေးလုံး တောင်ကြားမှ လီရို့နန် စေလွှတ်ထားသည့် လူတစ်ယောက် ဖြစ်နိုင်ပေသည်။

ရန်ကိုင် ထိုလူကို တွေ့သွားသည့်အခိုက် ထိုလူလည်း ရန်ကိုင်ကို တွေ့သွားသည်။ ချက်ချင်းပဲ ကမန်းကတန်းဖြင့် သူတော်စင်ချီကို ကောက်လည်ပတ်ပြီး ရန်ကိုင်ကို တိုက်ခိုက်တော့မည့်အပြု၊ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ခဏအကြာ၌ နာနာကျင်ကျင်၊ စူးစူးရှရှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တောင်ကြား တစ်ခုလုံး သုဿန်တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

သွေးနံ့တို့ လေထဲပျံ့လွင့်လာသည်။ ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ချက်ချင်းပဲ လေမိုးကြိုးတောင်ပံကိုဖွင့်ကာ ဖယောင်းနီရိုးတံအား ယူသွားသည့်လူဆီ ပြေးဝင်သွား၍ သူ့သိုလှောင်လက်စွပ်ကို လုယူပြီး ချက်ချင်း ပြန်ဆုတ်လာလိုက်လေသည်။

သို့သော်လည်း ထိုသို့လုပ်လိုက်သည့်အခိုက် ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။

ဖယောင်းနီရိုးတံအား ခူးနေသည့်လူသည် အမှန်တကယ် ဆေးလုံးတောင်ကြားမှ တပည့် တစ်ယောက် ဖြစ်သည်။ သို့သော် လက်ရှိတွင် လက်တစ်ဖက်သည် သူ့ရင်ဘတ်ကို ဖောက်၍ သူ့နှလုံးကို ဆုပ်ကိုင်ထားခဲ့သည်။

ထို့အပြင် ထိုလက်သည် သာမန်လူတစ်ယောက်၏ လက်မျိုးမဟုတ်ဘဲ သစ်ဆွေးတုံး တစ်တုံးနှယ် ခြောက်သွေ့နေကာ ဆေးလုံးတောင်ကြား တပည့်၏ သွေးအဆီအနှစ်များကို စုပ်ယူနေခဲ့သည်။ ရန်ကိုင် ပြန်မဆုတ်ခင် အချိန်လေးအတွင်း၌ ဆေးလုံးတောင်ကြားတပည့်၏ ခန္ဓာကိုယ်ကို ညိုးခြောက်သွားပြီး အလောင်းခြောက်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤနေရာတွင် တတိယလူတစ်ယောက် ရှိနေခဲ့သည်။

ထိုတတိယလူ မည်သူဖြစ်စေကာမူ။ သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ကို တုန့်ပြန်ချိန်ပင် မပေးဘဲ တစ်ချက်တည်း သတ်ဖြတ်နိုင်သည် ဆိုကတည်းက သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်သည်မှာ သေချာသွားလေပြီ။

ရန်ကိုင်မှ သိုလှောင်လက်စွပ်ကို လုယူလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူ၏ လက်လည်း သိုလှောင်လက်စွပ်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ သို့သော် ရန်ကိုင်က ပိုမြန်နေလေရာ ထိုလူ၏ လက်သည် သိုလှောင်လက်စွပ်ကို မမိဘဲ လေကိုသာ ဖမ်းဆုပ်မိသွားခဲ့လေသည်။

ဘုန်း…

ဆေးလုံးတောင်ကြားတပည့်၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားခဲ့သည်။ သို့သော် သူ့အား သတ်သွားသည့်လူကိုမူ မတွေ့ရတော့။ ထိုလူသည် ပတ်ဝန်းကျင်နှင့် တစ်သားအဖြစ်သို့ ပေါင်းစပ်သွားသည့်အလား ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

တောင်ကြားတစ်ခုလုံးသည် အနီရောင်မြူခိုးများဖြင့် ပြည့်နေသည့်အတွက်ကြောင့် ရှေ့သို့ ကောင်းစွာမမြင်နိုင်ဘဲ မိမိပတ်ပတ်လည် တစ်မီတာအကွာလောက်ကိုသာ မြင်ရုံမြင်နိုင်သည်။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ပိုက်ကွန်သဖွယ် ဖြန့်ကျက်၍ အနီးအနား ပတ်လည်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဆေးလုံးတောင်ကြားတပည့်အား သတ်သွားသည့်လူကို ရှာမတွေ့ခဲ့ချေ။ သူ့ကောင်းကင်စိတ်အာရုံနှင့်ပင်လျှင် တစ်ဖက်လူကို မရှာနိုင်ခဲ့ချေ။

သို့သော်လည်း ထိုလူ ထွက်မသွားသေးမှန်း ရန်ကိုင် သိသည်။ ထိုလူသည် ဤနေရာသို့ ဖယောင်းနီရိုးတံအတွက် လာခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဖယောင်းနီရိုးတံ အားလုံးသည် ရန်ကိုင် လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် ထိုလူသာ ဖယောင်းနီရိုးတံကို လိုချင်သည်ဆိုပါက ရန်ကိုင်နှင့် ထိပ်တိုက်တွေ့ရပေလိမ့်မည်။

ရုတ်တရက် သူဖြန့်ကျက်ထားသည့် ကောင်းကင်စိတ်အာရုံ အမျှင်တန်းတစ်မျှင်ဆီမှ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုလေးကို အာရုံခံမိလိုက်သည်။ ပုံမှန်ဆိုလျှင် ထိုကဲ့သို့အရာမျိုးကို ဂရုစိုက်မည် မဟုတ်သော်ငြား လောလောဆယ်တွင်မူ၊ ထိုအချက်ပြမှုကို ရလိုက်သည်နှင့် ရန်ကိုင် ခေါင်းမွှေးထောင်သွားခဲ့သည်။ ချက်ချင်းပဲ နောက်သို့လှည့်ကာ နတ်ဆိုးမီးတောက်ကို သူ့လက်သီးထိပ်တွင် သိပ်သည်းစေလျက် ဘာမှမရှိဟန် ထင်ရသော ဟင်းလင်းပြင် တည့်တည့်ဆီ ထိုးချလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၉)

ဘုန်း… ဆိုသော မြည်သံနှင့်အတူ ရန်ကိုင်၏ နတ်ဆိုးမီးတောက်လက်သီး တစ်ခုခုကို သွားထိုးမိလိုက်ကာ ရန်ကိုင်လည်း နောက်ပြန်လွင့်သွားခဲ့ရသည်။

တစ်ချိန်တည်းတွင် ယခင်က လဟာပြင်ကြီး ဖြစ်နေခဲ့သော နေရာဤ ဝေဝါးဝါးပုံရိပ်တစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။ အရိုးကျိုးသံတို့ ထွက်ပေါ်လာပြီး ပုန်းကွယ်ရာမှ ပေါ်လာသော ပုံရိပ်သည်လည်း တစ်ချက် ညည်းတွားလိုက်သည်။

“ခင်ဗျားပဲ” သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ပေါ်လာသော လူကို လှမ်းကြည့်လိုက်ရာ သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် လုံးဝ အံ့အားသင့်သွားခဲ့သည်။

ထိုလူသည် အခြားလူမဟုတ်ဘဲ တိမ်မီးတောက်တောင်ကြားမှ လူရီ ဖြစ်နေခဲ့သည်။

လူရီ တောင်ကြားထဲမှ ထွက်သွားသည်ကို သူသေချာ မြင်လိုက်ပေသည်။ သို့သော်လည်း ဤနေရာသို့ သူပြန်လာသည်ကို မည်သူမှ သတိမပြုမိခဲ့ချေ။ ရန်ကိုင်ပင်လျှင် မသိခဲ့။ အကုန်လုံး ဖယောင်းနီသီးပေါ် အာရုံစိုက်နေစဉ် တောင်ကြားထဲသို့ သူခိုးဝင်လာခြင်း ဖြစ်လောက်သည်။

ဆေးလုံးတောင်ကြားတပည့်ကို သတ်သွားသူမှာလည်း သူသာလျှင် ဖြစ်ရပေမည်။

လူရီ၏ စွမ်းအားကြောင့် ရန်ကိုင် အံ့အားသင့်သွားချိန် လူရီသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ လူရီသည် မြူခိုးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခြင်း မရှိတော့ဘဲ အနီရောင်မြူခိုးများထဲရပ်လျက် ရန်ကိုင်ကို သေချာ စိုက်ကြည့်နေလိုက်သည်။ ထိုသို့ စိုက်ကြည့်နေပြီး ခဏအကြာတွင် ပြောလိုက်သည် “မင်းက တကယ်ထူးဆန်းတာပဲ”

ရန်ကိုင်ကလည်း လှောင်ပြုံးပြုံးလျက် “ခင်ဗျားလည်း ပုံမှန်မဟုတ်ဘူးလေ”

သူ၏ အလစ်ချောင်းတိုက်ခိုက်မှုမှ ရန်ကိုင် အသက်ရှင်နိုင်ရုံမက သူ့ကိုပင် လက်ရည်တူ ပြန်တိုက်နိုင်လိမ့်မည်ဟု လူရီ မထင်ထားခဲ့ချေ။ ရန်ကိုင်သည်လည်း လူရီတွင် ထိုမျှ အံ့ဩဖွယ် ကောင်းလှသော ကိုယ်ယောင်ဖျောက်စွမ်းရည် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အလွန် အားကောင်းလှသော ကောင်းကင်စိတ်အာရုံကြောင့်သာ မဟုတ်လျှင် သူလည်း ဆေးလုံးတောင်ကြား တပည့် လမ်းအတိုင်း လိုက်သွားရပေလိမ့်မည်။

ယခု နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် သတိကြီးကြီး ထားနေကြလေပြီ။ အချင်းချင်းလည်း ပို၍ သတ်ချင်လာနေခဲ့လေပြီ။

“ကျုပ်ခင်ဗျားတို့ တိမ်မီးတောက်တောင်ကြားကို တစ်ခါမှ ရန်စခဲ့တာ မဟုတ်ဘူး။ အဲ့ဒါကို ခင်ဗျားဘာလို့ ကျုပ်ကို လိုက်ပစ်မှတ်ထားနေတာလဲ” ရန်ကိုင်က သူ့မေးချင်နေသည့် မေးခွန်းကို ချက်ချင်းပဲ ကောက်မေးလိုက်သည်။ လူရီကို မကြောက်သော်လည်း အကြောင်းအရင်းမရှိ ထိုကဲ့သို့ အားကောင်းလှသော ရန်သူတစ်ယောက်ကို ရလိုက်ရသည့် အတွက်ကြောင့် ရန်ကိုင် အတော်လေး စိတ်ရှုပ်နေခဲ့သည်။

“ဟုတ်တယ်။ တိမ်မီးတောာက်တောင်ကြားကို မင်းရန်မစဘူး” လူရီက အထင်အမြင်သေးသည့် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသဖြင့် ရန်ကိုင်ပို၍ စိတ်ရှုပ်သွားရသည်။ သို့သော် သူဘာမှမပြောရသေးခင် လူရီက ဆက်ပြောလိုက်သည် “မင်းမပိုင်တဲ့ ပစ္စည်းတစ်ခုကို ယူလိုက်မိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ရမှာ။ မဟုတ်ရင် ငါမင်းကိုတောင် ယူလိုက်ဦးမှာ။ အပြင်ဘက်က အမှိုက်တွေနဲ့ယှဉ်ရင် မင်းက အများကြီးပိုကောင်းသေးတယ်”

ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုလူရီသည် တကယ်ကို စကားကြီးစကားကျယ် ပြောသည့် လူတစ်ယောက်ပင်။ လက်ရှိလူရီသည် တိုက်ယွမ် ပြောပြခဲ့သည့် လူရီနှင့် လုံးဝကို ကွာခြားနေခဲ့သည်။ ထိုနှစ်ယောက်ကြား တူညီသည့်အရာ နည်းနည်းလေးမျှပင် မရှိချေ။

ထို့အပြင် ထိုလူရီဆိုသည့်လူ ဘာကြောင့် သူ့ကိုမှ မရမက လိုက်ပစ်မှတ်ထားနေသလဲ ဆိုသည်ကိုလည်း နားမလည်နိုင် ဖြစ်နေခဲ့ရသည်။ သဲမီးတောက်နယ်မြေထဲတွင် အဖိုးတန်ရတနာ များစွာကို ရန်ကိုင် ရရှိခဲ့သည်။ သူရရှိခဲ့သည့် ရတနာများအနက် အချို့သည် ဖယောင်းနီသီးအောက် တန်ဖိုးမနိမ့်ကျသလို အချို့ဆိုလျှင် ပို၍ပင် အဖိုးတန်သေးသည်။ သို့သော်လည်း ထိုလူရီဆိုသည့် လူသည် ဖယောင်းနီသီးကို လုံးဝ စိတ်မဝင်စား။ ထိုသို့ဆိုလျှင် ရန်ကိုင် ရထားသည့် မည်သည့် ရတနာကိုများ သူလိုချင်နေလေသနည်း။

အမှန်တရား မည်သို့ပင် ဖြစ်ပါစေ ရန်ကိုင် ထပ်မမေးလိုတော့။ အကြောင်းမှာ သူမေးလျှင်ပင် တစ်ဖက်လူ ဖြေမည်မဟုတ်သည်ကို သိသောကြောင့် ဖြစ်သည်။ ယခု သူတို့ နှစ်ယောက် တိုက်ခိုက်ကြဖို့သာ ရှိတော့သည်။

ရှဲ… ရှဲ…

သူ့နောက်ဘက်မှ တိုးလျလျ အသံတစ်သံ ထွက်ပေါ်လာသည့်အခိုက် ရန်ကိုင် ခေါင်းမွှေးထောင်သွားရသည်။ တစ်ချိန်တည်း သတိအပြည့်ထားနေခဲ့သော်လည်း သူ့ကိုယ် ပတ်လည်တွင် ကာရံထားသည့် နတ်ဆိုးမီးတောက်အလွှာ အချက်ပြလာသည့် အခါမှသာ သူတိုက်ခိုက်ခံနေရမှန်း သိလိုက်သည်။ တိုက်ခိုက်ခံနေရမှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ အသံလာရာဆီ လှည့်ကြည့်လိုက်သည်။

သို့သော်လည်း သူမြင်လိုက်ရသည်ကား ထူးခြားဆန်းပြားစွာ သူ့နောက်ဘက်တွင် ပေါ်လာသော ဝေဝါးဝါးပုံရိပ် တစ်ခုနှင့် သူ့ဆီသို့ ထိုးစိုက်ဝင်လာနေသော ဓါးတစ်ချောင်းနှင့် ဆင်တူသည့် ညိုးခြောက်နေသော လက်မောင်းတစ်ဖက်ပင်။

ရန်ကိုင်လည်း ချက်ချင်းပဲ နတ်ဆိုးမီးတောက်ဖြင့် မဟာကောင်းကင်ဓါးကို ဖန်တီးလိုက်ပြီး ထိုလက်ခြောက်ခြောက်ကြီးကို ပိုင်းချလိုက်သည်။ အားနှစ်ခု ထိသွားသည်နှင့် တစ်ပြိုင်နက် ခြောက်ကပ်နေသောလက်နှင့် ဝေဝါးဝါးပုံရိပ် နှစ်ခုစလုံး ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်၏ နတ်ဆိုးမီးတောက်ဓါးသည်လည်း ပျက်စီးသွားခဲ့ရသည်။

“မင်းသူတော်စင်ချီက စိတ်ဝင်စားစရာပဲ။ ဒီလို စွမ်းအားမျိုးကို မင်းလို သူတော်စင်ဘုရင် ပထမအဆင့်လေး တစ်ယောက်က ပိုင်ဆိုင်ထားနိုင်တယ်ဆိုတာ တကယ် အံ့အားသင့်စရာပဲ” လှောင်ပြောင်ရိပ်တို့ ယှတ်သန်းနေသည့် လူရီ၏အသံ သူ့နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ လှည့်ကြည့်လိုက်ရာ အစောပိုင်းက တွေ့လိုက်သည့် ဝေဝါးဝါးပုံရိပ်ကို တွေ့လိုက်ရသည်။ သို့သော် ရန်ကိုင် နတ်ဆိုးမီးတောက်ဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရသော ခြောက်သွေ့နေသည့် သူ့လက်သည် အကောင်းအတိုင်း ရှိနေသေးသည်။ မည်သည့် ဒဏ်ရာမှရထားခြင်း မရှိခဲ့။

ဘယ်လိုတောင်လဲဟ

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး နည်းနည်းလေးမှ မဆင်မခြင် မလုပ်ရဲတော့ချေ။ ချက်ချင်းပဲ ထပ်မံတိုက်ခိုက်တော့မည်အပြု အရပ်မျက်နှာပေါင်းစုံမှ ဝေဝါးဝါးပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်အားလုံးသည် တစ်ပုံစံတည်းပင်။ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အကုန်လုံး ရန်ကိုင်အား တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။

တိုက်ခိုက်မှု အားလုံးသည် အစစ်အမှန် တိုက်ခိုက်မှုများနှယ် ထင်ရသည်။ ပုံရိပ်ယောင်ဟု မထင်ရ။

ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ ခရမ်းရောင်ဒိုင်းကို ထုတ်ကာလိုက်သည်။ တစ်ချိန်တည်းတွင် နတ်ဆိုးမီးတောက်ဓါးကို ဖန်တီးလျက် ထိုပုံရိပ်များကို လိုက်ခုတ်တော့သည်။

ရှဲ… ရှဲ… ရှဲ…

ရန်ကိုင်၏ နတ်ဆိုးမီးတောက်ဓါးဖြင့် ထိမှန်ခြင်းခံလိုက်ရသည့် ပုံရိပ်အားလုံး ပျောက်ကွယ်သွားကုန်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည်လည်း သူတို့နှင့်အတူ တစ်ပါးတည်း ပျောက်ကွယ်သွားကြသည်။ သို့သော်လည်း ပုံရိပ် အရေအတွက်မှာ နည်းနည်လေးမှပင် လျော့ကျသွားခြင်းမရှိဘဲ အဆုံးမရှိသည့်နှယ် ရန်ကိုင်ဆီ တရစပ် တိုးဝင်လာနေသဖြင့် ရန်ကိုင် အတော်လေး စိတ်ညစ်လာခဲ့ရသည်။

ထိုကဲ့သို့ ထူးဆန်းသည့် ပညာရပ်မျိုး ရန်ကိုင် တစ်ခါမှ မမြင်ဖူးချေ။ ထိုပုံရိပ်အုပ်ကြီးကို အချိန်တိုအတွင်း ဖောက်ထွက်နိုင်မည့်ပုံလည်းမပေါ်။ သို့သော်လည်း ခဏကြာအောင် တိုက်ခိုက်နေပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိပြုမိသွားသည်။

ထိုဝေဝါးဝါးပုံရိပ် တစ်ခုချင်းစီတိုင်းသည် လူရီ၏ အရှိန်အဝါမှအပ အခြားဘာကိုမှ ပိုင်ဆိုင်ထားခြင်း မရှိချေ။ အစစ်အမှန်စွမ်းရည် မရှိသည့် အရိပ်တစ်ခုခု သို့မဟုတ် ကိုယ်ပွာများနှင့် ဆင်တူသည်။

တိုးဝင်လာနေသော ပုံရိပ်များကို တရစပ်သတ်ဖြတ်လိုက်ပြီး ထိုပုံရိပ်များနှင့် သူ့ကြား အကွာအဝေးတစ်ခု ခြားလိုက်သည်။ ပြီးသည်နှင့် လက်ချောင်းကိုကိုက်ကာ သူ့ဘယ်ဘက် မျက်လုံးပေါ် ရေပြင်ညီအတိုင်း ဖြတ်ဆွဲချလိုက်လေသည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်လေပြီ။ ထိုသို့ အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဘယ်ဘက်မျက်လုံးတွင်းရှိ အမြင်အာရုံသည် နေ့အချိန်ပမာ ကြည်လင်လာသည်။ အနီရောင်မြူခိုးများသည် သူ့အမြင်အာရုံကို တားဆီးနိုင်ခြင်း မရှိတော့။ မြူခိုးအတွင်းရှိ အရာမှန်သမျှကို ပြတ်ပြတ်သားသား မြင်လာရလေပြီ။

ထိုပုံရိပ်များသည် လူရီပင်ဖြစ်သည်။ သို့သော်လည်း သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ ထိုပုံရိပ်အားလုံး အနီရောင်တောက်နေသည်ကို တွေ့လိုက်ရသည်။ အဝေးရှိ ပုံရိပ်တစ်ခုသည်သာ မပြောင်းလဲဘဲ တည်ရှိနေခြင်း ဖြစ်သည်။

ရန်ကိုင်၏ အကြည့်သည် ချက်ချင်းပဲ ထိုပုံရိပ်ဆီ ရောက်သွားခဲ့သည်။ သူ့အထင်သာ မမှားလျှင် ထိုပုံရိပ်သည် လူရီ၏ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်ပြီး သူ့ဆီ တိုးဝင်လာနေသည့် ပုံရိပ် အားလုံးသည် လူရီ ဖန်တီးထားသည့် ပုံရိပ်ယောင်များ သက်သက်သာ ဖြစ်သည်။

“အို၊ မွေးရာပါစွမ်းရည်ပါလား” ရန်ကိုင်၏ ပြောင်းလဲသွားသော ဘယ်ဘက်မျက်လုံးကို မြင်ပြီးနောက် လူရီ အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့မျက်လုံးထဲ လိုချင်တပ်မက်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

သူ့အတွေ့အကြုံအရ ရန်ကိုင်၏ မျက်လုံး ပြောင်းလဲသွားခြင်းသည် သိုင်းပညာရပ် သို့ ကျင့်စဉ် တစ်ခုခုကြောင့် မဟုတ်ဘဲ မွေးရာပါစွမ်းရည် တစ်မျိုးမျိုးကို အသက်သွင်းလိုက်သည့် အတွက်ကြောင့်သာ ဖြစ်သည်။ ထိုကဲ့သို့ မွေးရာပါနတ်ဘုရား စွမ်းရည်များသည် အလွန်ကိုမှ ရှားပါးလှပြီး သူပင်လျှင် တစ်ခါမှ မပိုင်ဆိုင်ဖူးချေ။

ထိုရွှေရောင်မျက်လုံးသည် ခဏလောက် စိုက်ကြည့်နေသည့်နောက် သူ့အသိစိတ်ပင်လယ် လှိုင်းထန်လာသည်ကို သတိပြုမိလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ဝိဥာဉ်သည်လည်း ခန္ဓာကိုယ်မှ ဆွဲထုတ်ခံနေရသလို ခံလိုက်ရသည်။ ထိတ်လန့်သွားသည်နှင့် ချက်ချင်းပဲ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး လှိုင်းထန်နေသော အသိစိတ်ပင်လယ်ကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။

ထိုအဖြစ်အပျက်ကြောင့် ရွှေရောင်မျက်လုံးကို လူရီ ကြောက်လန့်မိသွားသလို ပို၍လည်း လိုချင်မိသွားသည်။ သူသာ ရန်ကိုင်၏ ဘယ်မျက်လုံးကို ရနိုင်မည်ဆိုပါက သူ့ခွန်အား သိသိသာသာ တိုးတက်လာပေလိမ့်မည်။ ထိုသူတော်စင်ဘုရင် ပထမအဆင့်လေးဆီမှ ထိုမျှ များပြားလှသည့် အံ့ဩဖွယ်ရာများကို မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထိုကောင်လေး၏ ဘယ်မျက်လုံးသည် ပုံရိပ်ယောင်အားလုံးကို ဖောက်မြင်နိုင်သည့်ပုံပင်။ ထို့ကြောင့် ပုံရိပ်ယောင်များသုံးပြီး တိုက်ခိုက်မည့် သူ့အစီအစဉ်မှာ အလုပ် မဖြစ်နိုင်လောက်တော့။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ထုတ်လွှတ်ထားသည့် ပုံရိပ်အားလုံးကို သူ့ကိုယ်ထဲသို့ ပြန်ဆင့်ခေါ်လိုက်လေသည်။

ထို့နောက် လူရီဆီမှ အားကောင်းသော စိတ်စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာပြီး ထက်ရှချွန်ထက်သော ဆူးတစ်ချောင်းအဖြစ်သို့ အသွင်ပြောင်းလျက် ရန်ကိုင်၏ အသိစိတ်ပင်လယ် တည့်တည့်ဆီ တိုးဝင်သွားလေသည်။

ရန်ကိုင်ခေါင်း စူးကိုက်လာခဲ့သည်။ သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ပြိုကျတော့မည့်နှယ် ဖြစ်လာခဲ့သည်။ အခြေအနေ မဟန်တော့သည့် အတွက်ကြောင့် သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်ချန်မထားရဲတော့ဘဲ စိတ်စွမ်းအင်ကို အစွမ်းကုန် မြှင့်တင်၍ လူရီ၏ တိုက်ခိုက်မှုကို တားဆီးလိုက်လေသည်။

လူရီ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်သော်လည်း သူ့ဝိဥာဉ် ဒဏ်ရာအသေးစားအချို့ ရသွားသည့် အတွက်ကြောင့်လားမသိ ခေါင်းတစ်ခုလုံး ရီဝေဝေ ဖြစ်နေခဲ့သည်။

ဖယောင်းနီသီး မှည့်နေစဉ်က လူရီသူ့အား ချောင်းတိုက်ခိုက်ခဲ့သေးသည်။ ထိုစဉ်က အစွမ်းကုန်သုံး၍ သူ့အား မတိုက်ခိုက်ခဲ့ပုံပင်။ ထို့ပြင် လူရီဆိုသည့်လူ၏ ဝိဥာဉ်သည် သူ့ထက်ပင် ပိုကောင်းနေသေးသည်။

ခေါင်းမူးနေသော်လည်း အနားယူချိန်မရှိ၊ အချိန်သည် အသက်တမျှ အရေးကြီးနေသည်။ နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ နတ်ဆိုးမီးတောက်ဓါးဖြင့် အနီရောင်မြူခိုးထဲသို့ ပိုင်းချလိုက်သည်။

ရုတ်တရက် အနီရောင်မြူခိုးထဲမှ သိပ်သည်းကြမ်းကြုတ်လှသော မိစ္ဆာချီများနှင့်အတူ လူရီ၏ ခြောက်ခြားဖွယ်ရာ ရယ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် ဟန်ချက်ပျက်နေသည်ကို အခွင့်ကောင်းယူကာ သူ့အားဖမ်းရန် လူရီ ကြံနေခြင်းဖြစ်သည်။

သို့သော်လည်း ရန်ကိုင်က မည်ကဲ့သို့ ငြိမ်ခံနေမည်နည်း။ အဖမ်းခံဖို့ဆိုလျှင် ဝေလာဝေး။ ထို့ကြောင့် နတ်ဆိုးမီးတောက်များကို အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလျက် အနီရောင်မြူခိုးထဲရှိ တစ်နေရာဆီသို့ ပစ်လွှတ်လိုက်လေသည်။

“ယွမ်ထိန်းချုပ်ခြင်း” လူရီ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားသည်။

ရန်ကိုင်၏ စွမ်းဆောင်ရည်သည် သူ့အား ထပ်တလဲလဲ အံ့အားသင့်စေခဲ့သည်။ ထိုကောင်လေး၏ မွေးရာပါအရည်အချင်းနှင့် ပါရမီသည် လွန်စွာကိုမှ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ထိုကောင်သည် မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏ သူတော်စင်ချီနှင့် စိတ်စွမ်းအင်မှာလည်း အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။ ယခု ထိုမျှသာမကသေး၊ ယွမ်ထိန်းချုပ်ခြင်းကိုပါ အသုံးပြုပြနေသည်။

ရန်ကိုင်၏ ယွမ်ထိန်းချုပ်ခြင်းနည်းလမ်းသည် အကြမ်းထည် အဆင့်သာ ရှိသေးသော်ငြား ထိုပညာရပ်သည် သူတော်စင်ဘုရင်အဆင့်များ ပိုင်နိုင်ဆိုင်သည် ပညာရပ်တစ်ခု မဟုတ်ချေ။ ကျင့်ကြံခြင်း တန်ခိုးရှင်အဆင့်သို့ ရောက်ရှိပြီး ရှီကို နားလည်နိုင်သည့် အခါမှသာလျှင် နားလည်သဘောပေါက်နိုင်သည့် ပညာရပ်တစ်ခု ဖြစ်သည်။

ထိုသို့ဆိုလျှင်ပင် သူတော်စင်ချီကို ယွမ်ထိန်းချုပ်ခြင်းနည်းလမ်းဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် တန်ခိုးရှင်အဆင့် အရေအတွက်မှာ အလွန်ကိုမှ ရှားပါးလှသည်။ ထိုသို့ လုပ်နိုင်သည့် လူတိုင်းဟာလည်း အကန့်အသတ်မရှိ အလားအလာကို ပိုင်ဆိုင်ထားသည့် လူများ ဖြစ်ကြပေသည်။

လူရီ ပြောနေသော ယွမ်ထိန်းချုပ်ခြင်း ဆိုသည်မှာ ရန်ကိုင် ဖယောင်နီးသီးအနံ့၏ အကူအညီဖြင့် ရန်ကိုင် ကျားကုတ်ကျားခဲ ကျင့်ကြံပြီးမှ ရရှိလာသည့်အရာ ဖြစ်သည်။

ယခင်က ရန်ကိုင်သည် သူတော်စင်ချီကို အများအားဖြင့် သိုင်းပညာရပ်များဖြင့် တွဲသုံးလေ့ရှိသည်။ သူ့လက်သီးကို သူတော်စင်ချီဖြင့် အုပ်၍ တိုက်ခိုက်သည့်အခါမျိုး စသည့် နည်းလမ်းများဖြင့်လည်း အသုံးပြုလေ့ရှိသည်။

သို့သော်လည်း ဖယောင်းနီသီး မှည့်နေစဉ်အတောအတွင်း ရန်ကိုင်သည် သူတော်စင်ချီအား ထိန်းချုပ်နိုင်သည့် နည်းလမ်းအသစ်ကို ရှာတွေ့သွားခဲ့သည်။ ထိုနည်းလမ်းကို အသုံးပြုနိုင်ရန် သူတော်စင်ချီအား ကောင်းစွာထိန်းချုပ်တတ်ဖို့ လိုအပ်ရုံမက ထည့်သွင်း အသုံးပြုရန်အတွက် အားကောင်းသော စိတ်စွမ်းအင်ကိုလည်း လိုအပ်ပေသည်။ ထိုအချက်များ မပြည့်စုံလျှင် ယွမ်ထိန်းချုပ်ခြင်းကို အသုံးပြုနိုင်မည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၀)

အားကောင်းသော စိတ်စွမ်းအင်သည် ယွမ်ထိန်းချုပ်ခြင်း နည်းလမ်းကို အသုံးပြုဖို့ရာ အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယွမ်ထိန်းချုပ်ခြင်း နည်းလမ်းကို ရန်ကိုင် နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ လူရီနှင့် တိုက်ပွဲတွင် သူနားလည်ထားသည့် နည်းလမ်းအသစ် မည်မျှ အစွမ်းထက်မလဲ သိချင်သည့်အတွက်ကြောင့် စမ်းသုံးကြည့်ခဲ့သည်။ သို့သော်လည်း ရလဒ်ကြောင့် ရန်ကိုင်အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

အနက်ရောင် မီးတောက်ဘောလုံးများသည် ရန်ကိုင်၏ ထိန်းချုပ်မှုအောက်တွင် ထက်ရှသော မြှားများအဖြစ်သို့ ပြောင်းလဲသွားပြီး အနီရောင်မြူခိုးထုကို ဖြတ်ကျော်ကာ သူရောက်စေချင်သည့် နေရာဆီသို့ တည့်တည့် ရောက်သွားခဲ့သည်။ ထိုမြှားများကြောင့် အနီးအနားတစ်ခွင် အုံ့ဆိုင်းနေသည့် အနီရောင်မြူခိုးနှင့် လူရီ၏ မိစ္ဆာအရှိန်အဝါအားလုံး ပျက်စီးပျောက်ကွယ်သွားကုန်ကြရသည်။

ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်ပြီး လေမိုးကြိုးတောင်ပံကို ထုတ်သုံးလိုက်သည်။ လူရီ မတုန့်ပြန်နိုင်သေးခင်မှာပဲ သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး နတ်ဆိုးမီးတောက်ဓါးဖြင့် ခုတ်ချလိုက်သည်။

ထိုနတ်ဆိုးမီးတောက်များ မည်မျှ အစွမ်းထက်ကြောင်းကို လူရီ မြင်ဖူးပြီးသွားလေပြီ။ နတ်ဆိုးမီးတောက်များနှင့် ထိတွေ့မိလျှင် သေသည်အထိ လောင်ကျွမ်းခံလိမ့်မည် မဟုတ်ကြောင်း ရဲရဲကြီး အာမခံရဲသော်လည်း ထိုမီးတောက်များနှင့် မထိသည်မှာ အကောင်းဆုံးဖြစ်သည်။ အလျင်အမြန် ပြန်ဆုတ်ရတော့မည် ဖြစ်သဖြင့် ခြောက်ခြားဖွယ်ကောင်းစွာ ရယ်မောလျက် ရန်ကိုင်အား စိတ်ဓါတ်ဖိအား မပေးနိုင်တော့ချေ။ သူ့ရယ်သံလည်း ရပ်တန့်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် လက်ကွက်များစွာ ဖန်တီး၍ အနီရောင်လက်ဝါးကြီးတစ်ခုကို ဖန်တီးကာ ရန်ကိုင်အား ရိုက်ချလိုက်သည်။

လူရီသည်လည်း ယွမ်ထိန်းချုပ်ခြင်း နည်းလမ်းကို အသုံးပြုနိုင်နေသည်။ သုံးနိုင်ရုံတင် မဟုတ်၊ ရန်ကိုင်ထက်ပင် ပိုကျွမ်းနေခြင်း ဖြစ်သည်။

အနီရောင်လက်ဝါး ထွက်ပေါ်လာသည်နှင့် ပတ်ပတ်လည် လေဟာနယ်တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရသည့်အလား ရန်ကိုင်၏ လှုပ်ရှားမှုများ သိသိသာသာ နှေးကွေးလာပြီး အသက်ရှူရလည်း ခက်ခဲလာခဲ့သည်။

ရန်ကိုင် အံတင်းလိုက်ပြီး သူတော်စင်ချီကို အစွမ်းကုန် လည်ပတ်လျက် ထိုအချုပ်အနှောင်အောက်မှ ရုန်းထွက်ကာ တန်ပြန်လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်သည်။

နောက်ထပ် လက်ဝါးကြီးတစ်ခု ထပ်ပေါ်လာလေသည်။ ကောင်းကင်ဖုံးလက်နှင့် လူရီ၏ အနီရောင်လက်ဝါးတို့ ထိပ်တိုက်တွေ့ရာမှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြောင့် တောင်ကြား တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်သည် နတ်ဆိုးမီးတောက်ဓါးကို ဝှေ့ရမ်းရင်း လူရီဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ တစ်ချိန်တည်းတွင် နတ်ဆိုးမီးတောက်အား ပုံစံ အမျိုးမျိုးပြောင်းလျက် လူရီဆီ ပစ်လွှတ်လိုက်သည်။

လူရီ၏ စိတ်စွမ်းအင်သည် သူ့ထက်ပိုအားကောင်းကြောင်း ရန်ကိုင် နားလည်ထားသည်။ သို့သော်လည်း သူ့ခွန်အားသည် အကန့်အသတ်နှင့် ရှိသေးသည်။ ရန်ကိုင်သာ သေသေချာချာ သတိထားနေသရွေ့ လူရီ၏ ကောင်းကင်စိတ်အာရုံသည် သူ့အား ကြီးကြီးမားမား ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် လူရီ၏ သူတော်စင်ချီသည် သူ့သူတော်စင်ချီကဲ့သို့ မသန့်စင်သလို အားလည်းမကောင်းလှ။ ခန္ဓာကိုယ်ခွန်အား ကွားခြားချက်လည်း ရှိပေသေးသည်။

ထို့ကြောင့် အသာစီး ပိုရနိုင်ချေရှိသော အနီးကပ်တိုက်ခိုက်သည့် နည်းလမ်းကို ရန်ကိုင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထိုနည်းလမ်းကို ရွေးရသည့် နောက်တစ်ချက်သည်ကား လူရီ ထွက်ပြေးသွားမည်ကို တားဆီးလိုသည့် အတွက်ကြောင့်ဖြစ်သည်။ ခရမ်းရောင်ဒိုင်းထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ဒိုင်းတစ်ခုလုံး အညိုရောင်တောက်လာပြီး ခဏအကြာ၌ တောင်ကြား တစ်ခုလုံးကို ဖုံးအုပ်နိုင်သည့် သဲမုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသဲမုန်တိုင်းသည်ကား ခရမ်းရောင်ဒိုင်း၏ စွမ်းရည်တစ်ခုပင် ဖြစ်လေသည်။

ခရမ်းရောင်ဒိုင်းကို မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ ကျောခွံနှင့် အမြူတေကို ပေါင်းစပ် ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုမှော်ရတနာသည် မြီးနီကိုယ်ခရမ်းကင်းမြီးကောက်၏ မွေးရာပါစွမ်းရည်အချို့ကို အသုံးပြုနိုင်ပေသည်။

တဝုန်းဝုန်း တိုက်ခတ်နေသော သဲမုန်းတိုင်းထဲဝယ် ရန်ကိုင်၏ ပုံရိပ်သည် ခန့်မှန်းမရသော ပုံစံဖြင့် ဟိုမှသည်သို့ ရွေ့လျားနေခဲ့သည်။ လူရီသည် သဲမုန်တိုင်းကိုလည်း ခုခံနေရသလို ရန်ကိုင်၏ တည်နေရာကိုလည်း ရှာနေရခဲ့သည်။ ထို့ကြောင့် ရုတ်ချည်းဆိုသလို လူရီသည် ခုခံနေရသည့် ဘက်သို့ ရောက်သွားခဲ့သည်။

လူရီ စိတ်ညစ်လာခဲ့လေပြီ။ နှစ်ထောင်ပေါင်းများစွာ အချုပ်ခံထားရခြင်းမှ လွတ်မြောက်လာသည့် သကာလ သူပထမဆုံး ရင်ဆိုင်ရသည့် ရန်သူသည် ဤမျှ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်သော်ငြား သူ့ထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်ပိုနိမ့်သော ထိုကောင်လေးကို မသတ်နိုင် ဖြစ်နေခဲ့သည်။ ကလေး တစ်ယောက်ကိုပင် မသတ်နိုင်သည့်အတွက်ကြောင့် သူ့ဂုဏ်သိက္ခာ စော်ကားခံလိုက်ရသလို ခံစားလိုက်ရပြီး ဒေါသလည်းထွက်၊ ရှက်လည်း ရှက်လာခဲ့ရသည်။

နှစ်ယောက်စလုံးသည် ယွမ်ထိန်းချုပ်ခြင်း နည်းလမ်းကို သိထားကြသည်။ ရန်ကိုင်သည် ယွမ်ထိန်းချုပ်ခြင်းနည်းလမ်းကို အစောလေးကတင်မှ နားလည်ထားခြင်း ဖြစ်သည့်အတွက် သူ့နည်းလမ်းသည် သိပ်ပြေပြစ်မှုမရှိသေး။ ထိုနည်းတူစွာ လူရီ၏ သူတော်စင်ချီသည် သိပ်သည်း သန့်စင်ခြင်း မရှိသည့်အတွက်ကြောင့် သူအသုံးပြုနေသည့် ယွမ်းထိန်းချုပ်ခြင်းနည်းလမ်းသည် မတည်ငြိမ် ဖြစ်နေခဲ့သည်။ သို့သော်လည်း နှစ်ယောက်သာ ယှဉ်တိုက်ကြသည့်အခါ ရန်ကိုင်၏ သူတော်စင်ချီသည် သူ့အား အပြတ်အသတ် ဖိအားပေးနေခဲ့သည်။

သူတော်စင်ချီပိုင်းတွင် မယှဉ်နိုင်၊ စိတ်စွမ်းအင်ဖြင့်လည်း မဖိနှိပ်နိုင်၊ ထို့အပြင် ခန္ဓာကိုယ်ကပါ ပြိုင်ဘက်ထက် အများကြီး ပိုအားနည်းနေသည့် အတွက်ကြောင့် ထိပ်တိုက် ရင်ဆိုင်ရသည့်အခါ လူရီ ချက်ချင်း အောက်စည်းသို့ ရောက်သွားခဲ့ရလေသည်။

ရန်ကိုင်သည် အပိုစကားတစ်ခွန်းမှ မပြောဘဲ သူ့ပြိုင်ဘက်အား တိုက်ခိုက်နေသည့် အပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။ ရန်ကိုင်၏ နတ်ဆိုးမီးတောက်သည် အချိန်နှင့်အမျှ လူရီကို ထိခိုက်အောင် လုပ်နေနိုင်သည်။ သို့သော် အပြီးတိုင် လောင်ကျွမ်းပစ်နိုင်ခြင်း မရှိခဲ့။ ရန်ကိုင် နားမလည်သော ထူးဆန်သည့် အပြာရောင်အလင်းတန်းတို့ လူရီ၏ ခန္ဓာကိုယ်ပေါ် ပေါ်ပေါ်လာပြီး သူ့နတ်ဆိုးမီးတောက်ကို ငြိမ်းသတ်သွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ တိုက်ခိုက်မှုများသည် လူရီအား ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်ခြင်း ဖြစ်သည်။

သို့သော် ရန်ကိုင်သည် သူ့ဝှက်ဖဲတစ်ခု ဖြစ်သော လေဟာနယ်ဓါးသွားကို မသုံးရသေးချေ။

သူကိုယ်တိုင် ဖန်တီးထားသည့် လေဟာနယ်ဓါးသွားသည် အပိုင် အခွင့်အရေး ရမှသာလျှင် သုံးလို့ကောင်းသည်။ မဟုတ်လျှင် အန္တရာယ်က အလွယ်တကူ ရှောင်သွားနိုင်သည်။ အကျိုးဆက် အနေဖြင့် တစ်ဖက်ရန်သူ ပိုသတိကြီးသွားနိုင်ပြီး လေဟာနယ်ဓါးသွား၏ အသုံးဝင်မှုမှာလည်း သိသိသာသာ လျော့ကျသွားနိုင်ပေသည်။

ရန်ကိုင်သည် လေဟာနယ်ဓါးသွားအား အသုံးပြုနိုင်မည့် အခွင့်အရေး တစ်ခုခုကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။ သူသာ လူရီအား လေဟာနယ်ဓါးသွားဖြင့် ထိအောင် တိုက်ခိုက်နိုင်မည်ဆိုပါက သူ့အား မသတ်နိုင်လျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ပေလိမ့်မည်။

ဂျူနီယာလေး တစ်ယောက်၏ တောက်လျှောက် ဖိနှိပ်ခြင်း ခံနေရသဖြင့် သည်းမခံနိုင်တော့သည့် အဆုံး လူရီ ထအော်လေသည် “ခွေးကောင်လေး၊ မင်းသေချင်နေတာပဲ”

ပြောပြီးသည်နှင့် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ထိုသွေးပွက်သည် အနံ့တင်ပင် အန်ချင်စရာကောင်းလှအောက် ရွံ့စရာကောင်းလှသည်။ သို့သော်လည်း သွေးထဲတွင် ပါဝင်သော စွမ်းအားမှာမူ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအရာသည် လူရီ၏ သွေးအဆီအနှစ်ပင် ဖြစ်လေသည်။

ထိုသွေးအဆီအနှစ်သည် သွေးအမြူအဖြစ်သို့ အရင် ပြောင်းလဲသွားခဲ့ပြီး ထိုမှတစ်ဆင့် ခပ်တိုတို တုတ်ချောင်းတစ်ချောင်းအဖြစ် သိပ်သည်းသွားခဲ့သည်။

ထိုတုန်ချောင်းသည် လက်ဝါးနှစ်ဖက်စာသာ ရှည်ပြီး လက်ဖြင့် အလွယ်တကူ ဆုပ်ကိုင်နိုင်ပေသည်။ တုတ်ချောင်းသည် ဘာမှ ထူးခြားသည့်ပုံ မပေါက်သော်လည်း ထိုတုတ်ချောင်း ပေါ်လာသည်နှင့် ရန်ကိုင်စိတ်ထဲ ရှင်းပြမရနိုင်သော အန္တရာယ်အငွေ့အသက်ကို ရလိုက်သည်။

သူ့စိတ်ထဲ ထိုသို့ ခံစားရခဲသည်။ သို့သော် ထိုသို့ ခံစားရလိုက်သည်နှင့် အလွန်အမင်း ကြီးမားသော အန္တရာယ်ကို သူရင်ဆိုင်နေရပြီဟု ဆိုလိုပေသည်။

လူရီမျက်နှာထက် ကြမ်းကြုတ်သည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး ထိုအနက်ရောင် တုတ်ချောင်းထဲသို့ သူတော်စင်ချီ အဆက်မပြတ် ထည့်သွင်းလိုက်သည်။ ခဏအကြာတွင် ဘာကြောင့်မှန်းမသိ လောကကြီးတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။

ဘေးပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို ထိုအနက်ရောင်တုတ်ချောင်းမှ စုပ်ယူသွားသည့်အလား ဘေးပတ်ဝန်းကျင်တစ်ခုလည်း မည်းမှောင်သွားသည်။ ရန်ကိုင် ဘာကိုမှ မမြင်ရတော့။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင်လျှင် လက်ရှိအချိန်၌ သူ့အား မည်သည့် အကူအညီမှ မပေးနိုင်တော့ချေ။

တောင်ကြားတစ်ခုလုံး တဝုန်းဝုန်း မြည်အောင် တိုက်ခတ်နေသော သဲမုန်တိုင်းသည်လည်း ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

သူမည်မျှ ကြိုးစားလှည့်ပတ်နေပါစေ သူ့ကိုယ်ထဲရှိ သူတော်စင်ချီကို လှည့်ပတ်ရုံလေးသာ လှည့်ပတ်တော့နိုင်မှန်း သိလိုက်သည့်အခိုက် ရန်ကိုင် တုန်လှုပ်ခြောက်ခြားသွားသည်။ သူ့အသိစိတ်ပင်လယ်သည်လည်း ချိတ်ပိတ်ခံလိုက်ရသည့်အလား သူ့အသိစိတ်ပင်လယ်ထဲမှ မည်သည့် စိတ်စွမ်းအင်ကိုမှ ထုတ်ယူ၍ မရတော့ချေ။

အမှောင်ထုအတွင်းတွင် တစ်စုံတစ်ခု သူ့ဆီ ချဉ်းကပ်လာနေသည်ဟု မသိစိတ်က သူ့ကို ပြောနေသည်။ ထိုအရာသည် အရာမှန်သမျှကို ရှင်းပစ်နိုင်သည့် သေမင်း၏ အရှိန်အဝါနှယ်၊ ခံစားမိသူတိုင်းကို ကျောချမ်းသွားစေနိုင်သည့် အရှိန်အဝါမျိုးပင်။

ခုခံလို့မရတော့ဘူး… ငါတားလို့ မရတော့ဘူး

ထိုအခိုက်အတန့်တွင် ရန်ကိုင်စိတ်ထဲ အတွေးမျိုးစုံ ဖြတ်ပြေးသွားခဲ့သည်။ ထိုတိုက်ခိုက်မှုကို သူတော်စင်ချီဖြင့်ရော၊ စိတ်စွမ်းအင်ဖြင့်ပါ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့ခွန်အား အများစုမှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက် လေဟာနယ်ကို ဆုတ်ဖြဲဖို့ရာ မဆိုထားနှင့် ထွက်ပင် မပြေးနိုင်တော့ချေ။

သုံးစရာနည်းလမ်း တစ်ခုမှမရှိတော့သည့်ဆုံး နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးရတော့သည်။ လက်ချောင်းထိပ်တွင် ရွှေရောင်သွေးစက်ကို တစ်စက်ကို စုစည်းစေလျက် အမှောင်ထု၏ အနက်ဆုံး အပိုင်းထဲသို့ ပစ်လွှတ်လိုက်လေသည်။

ရွှေရောင်သွေးစက်၏ သိပ်သည်းလှသော အသက်စွမ်းအင်နှင့် အနက်ရောင်သေခြင်း အရှိန်အဝါတို့ ထိပ်တိုက်တွေ့သွားသည့်အခါ၊ မည်သည့် အသံမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ ရွှေရောင် အနက်ရောင်အလင်းတန်းတို့သာ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအလင်းတန်း နှစ်ခုသည် ချက်ချင်း ပျောက်ကွယ်သွားခြင်းမရှိဘဲ အတော်အချိန်ကြာအောင် တစ်ခုနှင့်တစ်ခု မျှခြေ အခြေအနေတွင် တည်ရှိနေခဲ့သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” နောက်ဆုံး လူရီ လုံးဝကို ထိတ်လန့်သွားရလေပြီ။ အစောပိုင်းက ရန်ကိုင်၏ ဖိနှိပ်ထားခြင်းခံရသော်ငြား သူ့ခွန်အား အကုန်ကို မထုတ်သုံးရသေးသည့် အတွက် တုန်လှုပ်ခြောက်ခြားနေခြင်း မရှိခဲ့။ သို့သော်လည်း ယခုမူ ရန်ကိုင်အား တစ်ခါတည်း သတ်ပစ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် သူ့ဝှက်ဖဲ မှော်ရတနာကို ထုတ်သုံးခဲ့သည်။ ရန်ကိုင် လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ဟုလည်း ကြိုတွက်ထားသည်။

သို့သော်လည်း သူ့ဝှက်ဖဲကို ထုတ်သုံးလိုက်ချိန် သူမျှော်လင့်ထားသည့် အသားများ၊ သွေးများ ပေါက်ကွဲပန်းထွက်လာသည့် မြင်ကွင်းကို မမြင်လိုက်ရဘဲ အလွန်ကိုမှ အံ့အားသင့်ဖွယ် ကောင်းလှသည့် အသက်စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ သူ့ဝှက်ဖဲအား တားဆီးသွားသည်ကိုသာ မြင်လိုက်ရသည်။

ဒီကောင်ကို မြန်မြတ် သတ်ပစ်မှ ဖြစ်တော့မယ် လူရီစိတ်ထဲ ထိုသို့ တွေးလိုက်ပြီးနောက် သူ့အမူအရာ ခက်ထန်းသွားခဲ့သည်။

သူတော်စင်ဘုရင် ပထမအဆင့်လေးသာ ဖြစ်လင့်ကစား သူနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်သည်။ ထိုကောင်ကိုသာ ကြီးထွားခွင့်ပေးလိုက်လျှင် ပြိုင်ဘက်ကင်း တည်ရှိမှုကြီးတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော အတွေ့အကြုံသည် သူ့အား ထိုကဲ့သို့သော အန္တရာယ်များကို အခွင့်အရေးရစဉ်ရခိုက် အမြစ်မှနှုတ်၍ အပြီးတိုင် ရှင်းပစ်ရမည်ဟု သင်ပေးထားခဲ့သည်။

ယခု လူရီသည် ရန်ကိုင်အား မြန်နိုင်သမျှ မြန်မြန် ရှင်းထုတ်ပစ်ရမည့် ဆူးညှောင့်ခလုတ် တစ်ခုအဖြစ် သတ်မှတ်လိုက်လေပြီ။

လူရီအကြည့် ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး နောက်ထပ် သွေးအဆီအနှစ်တစ်ပွက် ထပ်အန်ထုတ်ကာ အနက်ရောင်အလင်းကို အားဖြည့်ပေးလိုက်သည့် အတွက်ကြောင့် ရွှေရောင်အလင်း ချက်ချင်း အောက်စည်းရောက်သွားသည်။ ရုတ်ချည်း အားကောင်းလာသော အနက်ရောင်အလင်းကြောင့် ရွှေရောင်အလင်း ပျက်စီးတော့မလို ဖြစ်လာပြီး ရန်ကိုင်လည်း သေခြင်းတရား အငွေ့အသက်တို့ကို စရလာခဲ့သည်။

အခြေအနေမဟန်မှန်း သိလိုက်သည်နှင့် ရွှေရောင်သွေးစက် နောက်တစ်စက် ထပ်ထုတ်ကာ အနက်ရောင်အလင်းဆီ ပစ်လွှတ်လိုက်လေသည်။ ထို့ကြောင့် ရွှေရောင်းအလင်းမှ ထွက်ပေါ်နေသော အသက်စွမ်းအင် ရုတ်ချည်း အဆပေါင်းများစွာ ပိုမိုအားကောင်းလာပြီး အမှောင်ထုကို ထိုးဖောက်သွားနိုင်ခဲ့သည်။

“အား….” သူဖန်တီးထားသည့် အမှောင်ထု ပျက်စီးသွားခဲ့ပြီး နေ့အလင်းရောင် ပြန်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ လူရီ အလန့်တကြား ထအော်မိလိုက်သည်။

တောင်ကြားထဲတွင် လူရီနှင့် ရန်ကိုင်တို့ မျက်နှာချင်းဆိုင် ရပ်နေသည်။ သို့သော် လက်ရှိ လူရီ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ရီနေပြီး သူ့မျက်နှာမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူဖွေးစွတ်နေခဲ့သည်။ အစောပိုင်းက တိုက်ပွဲကြောင့် သူပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလေပြီ။

ရန်ကိုင်ကမူ လူရီကဲ့သို့ ဒဏ်ရာရထားခြင်းမရှိ။ အကောင်းအတိုင်းသာ ရှိနေသေးသည်။ သို့သော်လည်း သူ့မျက်နှာမှာမူ ဆေးခါးကြီး စားထားရသည့်နှယ် ရှစ်ခေါက်ချိုး ရှုံ့မဲ့နေသည်။

ရန်ကိုင်သည် အနီရောင်မြူခိုး၏ တစ်ဖက်တွင် ရပ်နေသော လူရီအား နှစ်တစ်ထောင် ရေခဲတုံးပမာ အေးစက်လှသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

လူရီ မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ပိန်းပိန်းပိတ် မည်းမှောင်နေသော တိုက်ခိုက်မှုတစ်ခု ရုတ်တရက် သူ့ဆီ ပျံသန်းလာသည်။ သူဘာမှ မလုပ်နိုင်သေးခင်မှာပဲ ထိုအရာ သူ့ဆီ ရောက်နှင့်နေခဲ့လေပြီ။

လူရီ ထိတ်လန့်သွားခဲ့ပြီး သူ့သွေးကွင်းသေကွက် နေရာမထိအောင် ကမန်းကတန်း ကွေ့ရှောင်လိုက်သည်။ ထို့သို့ရှောင်လိုက်သည့်အတွက် ထိုတိုက်ခိုက်မှုသည် သေကွင်းသွေကွက် နေရာကို ထိမသွားတော့သော်လည်း သူ့လက်ကို ထိသွားခဲ့လေသည်။

သူ့လက် တဆစ်ဆစ် ကိုက်လာသဖြင့် ငုံကြည့်လိုက်ရာ လူရီ လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့ရသည်။ အကြောင်းမှာ သူ့လက်တစ်ဖက် မရှိတော့သောကြောင့်ပင် ဖြစ်သည်။

မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုးပေနည်း။ အစောကြီးကတည်းက သူဘာကြောင့် သတိမပြုမိခဲ့သနည်း။ ထိုတိုက်ခိုက်မှုဆီမှ မည်သည့် စွမ်းအင်လှိုင်းကိုမှ မခံစားမိသည့်တိုင် ထိုအရာ၏ စွမ်းအားမှ ဘာကြောင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေရသနည်း။

လူရီ ပို၍ သွေးပျက်သွားရသည့် အချက်သည်ကား သူ့လက်မောင်းထက်ရှိ ဒဏ်ရာနှင့် ပြတ်သွားသောလက် မကိုက်ခြင်းပင်။ သူ့လက်နှစ်ဖက်ကို ပြန်ဆက်ကြည့်မည်ဆိုပါက အသားစ အချို့ ပျောက်နေသည်ကို သတိပြုမိနိုင်ပေသည်။ ဘာကြောင့် ထိုသို့ ဖြစ်သွားမှန်း လူရီ လုံးဝ နားမလည်။

လူရီ ထိတ်လန့်တုန်လှုပ်နေစဉ်တွင် ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်မှာ မိုးထိမတတ် မြင့်မားနေခဲ့လေပြီ။ လူရီ ခြေမကိုက်မိလက်မကိုင် ဖြစ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ထိုကောင့်ကို တစ်ခါတည်း လက်စတုံးတော့မည်အပြု ရုတ်တရက် လူရီသည် အနီရောင်အလင်းတန်း အသွင်သို့ ပြောင်းလဲသွားပြီး သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

လူရီ မည်သို့သော ပညာရပ်အား သုံးသွားသလဲ သူမသိ။ သို့သော် သူ့ကောင်းကင်စိတ်အာရုံဖြင့် လူရီကို ပြန်အာရုံခံမိလိုက်သည့် အချိန်တွင် လူရီသည် သူနှင့် ငါးမိုင်အကွာသို့ ရောက်နှင့်နေလေပြီ။

All Chapters