← Chapters

အခန်း (၁၂၃၁-၁၂၃၅)

Vol. 50 Ch. 1231-1235

အခန်း (၁၂၃၁-၁၂၃၅)

Vol. 50 Ch. 1231-1235

အပိုင်း (၁၂၃၁)

ပျံသန်း၍မရသော သဲမီးတောက်နယ်မြေကဲ့သို့သော နေရာမျိုးတွင် ငါးမိုင်ကို \မျက်စိတစ်မှိတ်အတွင်း သွားနိုင်ဖို့ဆိုသည်မှာ အလွန်ကိုမှ ခက်ခဲလှပေသည်။ သို့သော်လည်း လူရီက လုပ်ပြသွားခဲ့သည်။ သို့သော်လည်း ထိုသို့လုပ်ဖို့ရာ သူ့ခွန်အား အများကြီး မကုန်သွားသည့်ပုံပင်။ ရန်ကိုင် ကြည့်နေစဉ်မှာပဲ နောက်ထပ် သုံးမိုင်အကွာဆီသို့ ထပ်ရောက်သွားခဲ့ပြန်သည်။

လူရီ ပြသသွားသော နည်းလမ်းများကို မြင်ပြီး ရန်ကိုင် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သလို ထိတ်လည်းထိတ်လန့်မိသွားခဲ့သည်။

လေဟာနယ်ဓါးသွားကို အသုံးပြုခဲ့သော်လည်း သူ့ရန်သူကို အသေ မသတ်နိုင်ခဲ့ချေ။ ထို့အပြင် လူရီ အသုံးပြုသွားသည့် အနက်ရောင်တုတ်ချောင်းသည် မည်သို့သော ရတနာမျိုး ဖြစ်သလဲဆိုသည်ကို သူမသိ။ ထိုအနက်ရောင်တုတ်ချောင်း၏ သာမန်ကာလျှံကာ ဝှေ့ချက် တစ်ချက်ကို ခုခံရန်အတွက် ရွှေရောင်သွေးစက်နှစ်စက်ကို သူအသုံးပြုခဲ့ရသည်။

တန်ခိုးရှင်အဆင့် မှော်ရတနာများတွင် ထိုကဲ့သို့ စွမ်းအားမျိုးမရှိချေ။ ထို့ကြောင့် လူရီ အသုံးပြုသွားသည့် အနက်ရောင်တုတ်ချောင်းသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသာ ဖြစ်ရပေလိမ့်မည်။

တိမ်မီးတောက်တောင်ကြားတွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ ရှိလေရဲ့လား။ ရှိလျှင်ပင် လူရီလက်ထဲသို့ ထည့်ပေးလိုက်ဖို့ရာ ဖြစ်နိုင်ရဲ့လော။

ထိုမှော်ရတနာကို လူရီ မည်ကဲ့သို့ ယူလာမှန်း သူမသိသော်လည်း လူရီအားနည်းနေစဉ် သူ့အား သတ်ပစ်ရန် ဆုံးဖြတ်ပြီးသွားလေပြီ။ လူရီ ပြန်ကောင်းလာသည်အထိ စောင့်နေမည် ဆိုပါက သူ့ကိုသတ်ရန် ပိုခက်ခဲသွားပေလိမ့်မည်။

ဆုံးဖြတ်ပြီးသည်နှင့် လေမိုးကြိုးတောင်ပံကို ထုတ်ကာ လူရီနောက် လိုက်တော့မည်ပြု ထိတ်လန့်တုန်လှုပ်မှုတို့ ရောပြွမ်းနေသော အော်ဟစ်သံပေါင်းစုံကို ရုတ်တရက် ကြားလိုက်ရသည်။ ချူချန်ဖုန်း၏ လေသံထဲသို့ ဒေါသတို့ဖြင့် ပြည့်နေခဲ့ပြီး ဖန်ထျန်းဇုံ တစ်ယောက်ယောက်ကို မလုပ်ရန် တားနေသည့် လေသံမျိုးဖြစ်ပေသည်။ ဝေကုချန်းသည်လည်း အလန့်တကြား ထအော်နေသည်။ ယင်စုတျယ်၏ အော်သံလေးထဲတွင်လည်း ထိတ်လန့်မှုတို့ အပြည့်ပင်။

ထို့အော်သံများ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ဘုန်းဆိုသော မြည်သံ သဲ့သဲ့လေးကို ရန်ကိုင် ကြားလိုက်ရသည်။ ထို့နောက် တိုက်ပွဲဖြစ်နေရာအရပ်ဆီမှ အနီရောင်အလင်းတန်းလေး တစ်ခု သူရပ်နေသည့် တောင်ကြားထဲသို့ ပြုတ်ကျလာခဲ့လေသည်။

ရန်ကိုင်လည်း ထိုအနီရောင်အလင်းတန်းလေးကို လှမ်းဖမ်းကြည့်မိလိုက်သည်။ အနီရောင်အလင်းတန်းနှင့် သူ့လက် ထိသွားသည်နှင့် တစ်ပြိုင်နက် သူ့လက်ဖဝါးတစ်ဖက်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် သင်းပျံ့လှသော အသီးရနံ့ကိုပါ ရလိုက်လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ခေါင်းရှုပ်ရှုပ်ဖြင့် သူ့လက်ထဲတွင် ကိုင်ထားသော ငုံ့ကြည့်လိုက်ရာ၊ ချက်ချင်းဆိုသလို အလန့်တကြား ထအော်မိလိုက်လေသည် “ဖယောင်းနီသီးလား”

ဖယောင်းနီသီးအား ဝင်မပြိုင်တော့ဟု ဆုံးဖြတ်ထားသော်လည်း ထိုအသီးသည် ယှဉ်လုနေသည့် လူအားလုံးကြားမှ သူ့ဆီ တည့်တည့်သို့ ရောက်လာလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပါချေ။ သို့သော် သူ့လက်ထဲရှိ ဖယောင်းနီသီးသည် အသီးတစ်လုံးလုံးမဟုတ်၊ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေသည်။ သူ့လက်ထဲရှိ အရွယ်အစားသည် တကယ့်အသီး၏ ခြောက်ပုံတစ်ပုံလောက်သာ ရှိပေသည်။

ထိုအသီးကို မြင်မြင်ချင်း ရန်ကိုင် ကြောင်ပြီး ရပ်နေမိခဲ့သည်။ ခဏအကြာမှ အသိပြန်ဝင်လာပြီး အနီးတွင် အခြားသူများရှိမရှိ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အရင် စစ်ဆေးကြည့်လိုက်သည်။ အခြားသူများ မရှိသည်ကို သိလိုက်ရမှပဲ သက်ပြင်းချလိုက်နိုင်သည်။ အခြားလက်ရွေးစင်များသည် ဖယောင်းနီသီးအတွက် ယှဉ်ပြိုင် တိုက်ခိုက်နေကြတုန်းပင်။ သို့သော် ဖယောင်နီးသီးအတွက် မဟုတ်၊ အပိုင်းပိုင်း ဖြစ်နေသော ဖယောင်းနီသီး၏ အစိတ်အပိုင်းများအတွက်ပင်။

“မင်းလုပ်ရဲ…” ချူချန်ဖုန်းက ဒေါသတကြီး ထအော်မည် ပြုလိုက်သော်လည်း စကားမဆုံးသေးခင်မှာပင် မျက်ခွက်ဆီ တိုက်ခိုက်မှုတစ်ခု တိုးဝင်လာသဖြင့် ချက်ချင်း ပါးစပ်ပြန်ပိတ်လိုက်ရသည်။ ပြီးသည်နှင့် ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်သည်လည်း တိုက်ပွဲထဲမှ ထွက်သွားခဲ့ပြီး အားလုံး၏ ဒေါသတကြီး အကြည့်အောက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

သို့သော် မည်သူမှ သူ့အား မတားခဲ့ချေ။ ထိုသို့မလုပ်ရခြင်းမှာ သူတို့ ယှဉ်ပြိုင်ရမည့် ဖယောင်းနီသီး အစိတ်အပိုင်းများ ရှိနေသေးသည်က တစ်ကြောင်း၊ ထိုလူကိုယ်တိုင်ကကို အလွန် သန်မာသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူထွက်သွားသည်ကို မည်သူမှ မတားခြင်းဖြစ်သည်။ လက်ရှိတွင် အကုန်လုံး၏ အကြည့်သည့် အပိုင်းပိုင်း ဖြစ်နေသော ဖယောင်းနီသီး အစိတ်အပိုင်းများပေါ်တွင် ရှိနေခဲ့သည်။

ဤသို့ဖြင့် နောက်ထပ် ပရမ်းပတာတိုက်ပွဲတစ်ခု ထပ်မံ စတင်ခဲ့ပြန်လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါမှသာ ရန်ကိုင် စိတ်သက်သာရာ ရသွားသည်။ ဖယောင်းနီသီး၏ အာနိသင် အလျင်အမြန် လျော့ပါးလာနေသည်ကို သတိပြုမိသော် ရန်ကိုင် စိတ်ညစ်သွားခဲ့ပြီး သိုလှောင်လက်စွပ်တစ်ခုလုံးကို လှန်လှောရှာတော့လေသည်။

ဖယောင်းနီသီးကို သာမန် ကျောက်စိမ်သေတ္တာဖြင့် ထည့်သိမ်း၍မရချေ။ သစ်သားသေတ္တာဖြင့် ထည့်သိမ်းမှသာ ရပေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲတွင် သစ်သားအချို့ ရှိနေခဲ့သည်။ ခဏလောက် လှန်လှောရှာကြည့်လိုက်ပြီးနောက် မိုးပြာစိတ်ဝိဥာဉ်သစ်သားတစ်တုံးကို ရန်ကိုင် သွားတွေ့သွားသည်။ ထိုသစ်သားကို သူတော်စင်ချီဖြင့် သေတ္တာပုံစံ ဖန်တီးလိုက်ပြီးနောက် ဖယောင်းနီသီး အပိုင်းလေးကို ထိုသေတ္တာထဲ ထည့်သိမ်းထားလိုက်လေသည်။ ထိုအခါမှသာ ရန်ကိုင် သက်ပြင်းချနိုင်တော့သည်။

ထိုကဲ့သို့ ဖြစ်မည်မှန်းသာသိလျှင် အရည်အသွေးမြင့် သေတ္တာတစ်လုံးလောက် ကြိုပြင်လာခဲ့ပေသည်။ မိုးပြာစိတ်ဝိဥာဉ်သေတ္တာသည် မဆိုးလှသော်လည်း ဖယောင်းနီသီး အပိုင်းကို ထိုထဲတွင် အကြာကြီး ထည့်သိမ်းထားမည် ဆိုပါက ၎င်း၏ အာနိသင်များကို ဆုံးရှုံးသွားရပေလိမ့်မည်။ ထို့ကြောင့် ပို၍ အဆင့်မြင့်သည့် သစ်သားသေတ္တာ တစ်လုံးကို ရန်ကိုင် ထပ်ရှာရပေဦးမည်။

သို့သော် လက်ရှိတွင် သူ့တွင် ထိုသို့ လုပ်ဖို့ရာ အချိန်မရှိချေ။

ဖယောင်းနီသီး အပိုင်လေးနှင့် အချိန် ကြာနေသည့် အတွက်ကြောင့် လူရီကို လိုက်ဖမ်းမည့် သူ့အစီအစဉ်ကို လက်လျှော့လိုက်ရတော့သည်။ လူရီ သူ့ကောင်းကင်စိတ်အာရုံ ထောက်လှမ်းနိုင်သည့် အကွာအဝေးအတွင်းမှ ပျောက်ကွယ်သွားလေပြီ။

အချိန်အတော်ကြာအောင် တိုက်ပွဲဖြစ်နေပြီးနောက် ဖယောင်းနီသီး အပိုင်းလေးများ၏ ပိုင်ရှင် အသီးသီး ထွက်ပေါ်လာခဲ့လေသည်။

ဖယောင်းနီသီးကို ရသည့်လူများမှာ အလွန်ပျော်နေကြသော်လည်း မရသည့် လူများမှာမူ ရင်ထုမနာ ဖြစ်နေခဲ့ကြရသည်။ မရသည့်လူအားလုံးမှာ သက်ပြင်းကြီး တမောချလျက် တငေးငေး တငိုင်ငိုင် ဖြစ်နေကြသည်။ အချို့ကမူကား ရသွားသည့်လူများဆီမှ ပြန်လုရန် ကြံနေကြသည်။ သို့သော်လည်း ကံအဆိုးဆုံးလူများမှာ တိုက်ပွဲအတွင်း ရုပ်ပင် မမှတ်မိတော့လောက်အောင် ဆိုးဆိုးရွားရွား သေသွားခဲ့ရသည့် ကျင့်ကြံသူ ရှစ်ယောက်ပင် ဖြစ်လေသည်။ ထိုရှစ်ယောက်ကို မည်သည့် အင်အားစုမှလူများ သတ်သွားသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။

အစောပိုင်းက တိုက်ပွဲသည် အလွန်ကိုမှ ပရမ်းပတာ ဆန်လှသည်။ အကုန်လုံးသည် သိုင်းပညာရပ်၊ မှော်ရတနာ အမျိုးမျိုးကို ထုတ်သုံးလျက် ဖယောင်းနီသီးကို ရအောင် လုကြသည်။ ဖယောင်းနီသီးအား ရအောင်လုရေးတွင်သာ အာရုံစိုက်နေသဖြင့် အခြားသူများကို အာရုံစိုက်ရန် အချိန်မရှိ။ ထို့ကြောင့် သေသွားသည့်အချို့ ရှိသော်ငြား သူတို့၏ အပေါင်းအဖော်များကို မည်သည့် အင်အားစုမှ လူများ သတ်သွားလဲဆိုသည်ကိုမူ အဖြေမထုတ်နိုင် ဖြစ်နေကြသည်။ ထို့ကြောင့် နာကျင်မှုကို စိတ်ထဲ မြိုသိပ်ထားရုံသာ တတ်နိုင်ခဲ့ကြလေသည်။

ဖယောင်းနီသီး အပိုင်လေးအားလုံးကို ရပြီးနောက် အကုန်လုံးသည် ကြိုတင် သဘောတူထားကြသည့်အလား တောင်ကြားထဲသို့ အူးယားဖားယား ပြေးသွားကြလေသည်။

တောင်ကြားထဲသို့ ဖယောင်းနီသီးအပိုင်းတစ်ပိုင်း ပျံထွက်သွားသည်ကို သူတို့ မြင်လိုက်သည့်ပုံပင်။

သို့သော်လည်း အနီရောင်မြူခိုးများကြောင့် ခပ်ဝေးဝေးသို့ လှမ်းမမြင်နိုင် ဖြစ်နေသဖြင့် ကောင်းကင်စိတ်အာရုံများကို ဖြန့်ကျက်ပြီး ရှာကြရလေသည်။ ထိုသို့ လုပ်လိုက်သည့်အခါ ကောင်းကင်စိတ်အာရုံ အချင်းချင်း ထိပ်တိုက်တွေ့သည့် ပြဿနာများ ဖြစ်လာတော့လေသည်။ ထို့ကြောင့် နောက်ဆုံးတွင် အကုန်လုံးသည် အခြားသူများနှင့် ပြဿနာ မဖြစ်မိစေရန် သူတို့ ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်သည့် အကွာအဝေးကို လျော့ချပစ်လိုက်ကြလေသည်။

နေ့တစ်ဝက်လောက် ကြာပြီးသည့်နောက် တောင်ကြားထဲရှိ အနီရောင်မြူခိုးများ တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ သို့သော် မည်သူမှ ဖယောင်းနီသီးကို ရှာမတွေ့သေး။ အကုန်လုံးသည် တစ်ယောက်ကိုတစ်ယောက် သံသယ မျက်လုံးဖြင့် ကြည့်နေကြသည်။ ဤနေရာရှိ အင်အားစုများထဲမှ တစ်ယောက်ယောက်သည် တောင်ကြားထဲရှိ ဖယောင်းနီသီးအပိုင်းကို ရသွားပြီး အခြားသူများမသိအောင် တိတ်တိတ်လေး သိမ်းထားခြင်း ဖြစ်သည်ဟု အကုန်လုံး ထင်နေကြသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ကြိတ်ပျော်သွားခဲ့သည်။ အစကမူ တောင်ကြားထဲမှ မည်ကဲ့သို့ ထွက်သွားရမလဲ စဉ်းစားနေခြင်း ဖြစ်သည်။ သို့သော်လည်း အနီရောင်မြူခိုးများ တဖြည်းဖြည်း ရှင်းလင်းလာပြီးနောက်၊ အကုန်လုံး တောင်ကြားထဲဝင်ကာ ဖယောင်နီသီး အပိုင်းလေးကို ရှာလာသည့်အခိုက်၊ ထိုလူအုပ်ထဲ ရောယောင်ပြီး ပြန်ထွက်သွားဖို့ရာ လွယ်သွားလေပြီ။

တိုက်ယွမ်သည် ရန်ကိုင်အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

အကုန်လုံး ဖယောင်းနီးသီးအတွက် ယှဉ်ပြိုင်နေစဉ် ရန်ကိုင် ကျင့်ကြံနေသေးသည်ကို တိုက်ယွမ် မှတ်မိပေသည်။ ထို့ကြောင့် ဖယောင်းနီးသီးအပိုင်းသာ ဤနေရာသို့ ရောက်လာပါက ထိုအပိုင်းကို ရသွားသည့်လူသည် ရန်ကိုင်သာ ဖြစ်လောက်သည်။

သို့သော်လည်း သူမတွင် သက်သေအထောက်အထား အခိုင်အမာမရှိချေ။ ရန်ကိုင်ကို သစ္စာဖောက်ဖို့လည်း မဖြစ်နိုင်သဖြင့် သူမ၏ အကြည့်ကို အမြန် ပြန်ရုတ်လိုက်ပြီး ဘာမှ မဖြစ်ချင်ယောင် ဆောင်နေလိုက်သည်။

တိုက်ယွမ်သည်သာ ရန်ကိုင်အား သံသယဝင်နေခြင်း မဟုတ်။ အခြားသူများလည်း သံသယဝင်နေပေသည်။ သို့သော် သူတို့တွင် သက်သေ အထောက်အထား အခိုင်အမာ မရှိသည်က တစ်ကြောင်း၊ ရန်ကိုင်သည် ဝေကုချန်းတို့ အဖွဲ့က ဖြစ်သည်က တစ်ကြောင်းတို့ကြောင့် မည်သူမှ သူ့အား သွားမမေးခဲ့ကြချေ။

“အဟမ်း၊ အားလုံး၊ တစ်ချက်လောက်…” ဆေးလုံးတောင်ကြားမှ လီရို့နန်က ရုတ်တရက် ချောင်းဟန့်လိုက်ပြီး အပြုံးကြီးပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည် “အားလုံး ငါပြောတာကို နားထောင်ပေးလို့ရမလား”

အကုန်လုံး သူ့ကို ကြည့်လိုက်သည်။ ဖယောင်းနီးသီးအပိုင်းကို ရထားသည့် အင်အားစုကြီး အားလုံး လီရို့နန်၏ အပြုအမူကို မြင်လိုက်သည်နှင့် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားကြသည်။ ဖယောင်းနီသီးကို ရမထားသည့် အင်အားစုများမှာမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြသည်။ သို့သော်လည်း အကုန်လုံး လီရို့နန် ဘာပြောမလဲ ဆိုသည်ကို သိချင်နေကြသည်။

“ဖယောင်းနီသီးက အခြားစိတ်ဝိဥာဉ် အသီးတွေလို ကျောက်စိမ်းသေတ္တာတွေထဲမှာ ထည့်သိမ်းလို့ မရဘူး။ မဟုတ်ရင် အသီးရဲ့ အာနိသင် လျော့သွားလိမ့်မယ်။ ကြာကြာထားရင် နောက်ဆုံး အသီးတစ်ခုလုံး ဘာမှ အဖိုးမတန်တော့တဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မင်းတို့သာ ရထားတဲ့ ဖယောင်းနီသီးအပိုင်းတွေကို ကျောက်စိမ်းသေတ္တာထဲ ထည့်သိမ်းထားမယ် ဆိုရင် သဲမီးတောက်နယ်မြေထဲကနေ မထွက်ရသေးခင်မှာပဲ မင်းတို့ ရထားတဲ့ အသီးပိုင်းတွေ အကုန်လုံး ဘာမှအဖိုးမတန် ဖြစ်သွားလိမ့်မယ်”

“ကျောက်စိမ်းသေတ္တာနဲ့ သိမ်းလို့ မရဘူးလား” ချူချန်ဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်လေသည်။

ထိုကျောက်စိမ်းသေတ္တာ ပေါ်လာသည်နှင့် အကုန်လုံး ထိုကျောက်စိမ်းသေတ္တာအား လောဘတကြီး အမူအရာဖြင့် လှည့်ကြည့်လိုက်ကြလေသည်။

ဖန်ထျန်းဇုံ၊ ယင်စုတျယ်နှင့် ခပ်ထွားထွားလူကြီးသည်လည်း လီရို့နန်အား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်ကြသည်။

“ကျောက်စိမ်းသေတ္တာထဲမှာ ထည့်သိမ်းထားလို့ မရဘူးဆိုရင် ထည့်သိမ်းလို့ရတဲ့ ပစ္စည်းကို အစ်ကိုလီ သိမှာပေါ့၊ ဟုတ်တယ်မလား” ချူချန်ဖုန်းက ယဉ်ကျေးစွာ မေးလိုက်သည်။

လီရို့နန်က ကျေနပ်သွားသည့် အမူအရာဖြင့် အသာအယာ ခေါင်းညိတ်၍ “ငါသိတယ်”

“အဲ့လိုဆို ကျုပ်တို့ အလင်းပြပေးလို့ ရမလား အစ်ကိုလီ” ဖန်ထျန်းဇုံကလည်း လက်သီးဆုပ်၍ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

လီရို့နန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောလိုက်လေသည် “အဲ့ဒါကို အလင်းပြတယ်လို့ ဘယ်လိုလုပ်ပြီး ခေါ်လို့ရမှာလဲ။ ဆေးစာအုပ် နည်းနည်းပါးပါး ဖတ်ထားလို့ အဲ့ကြောင်းကို သိထားရုံလေးပဲရှိတာ။ အင်း။ အားလုံးကို အဲ့အကြောင်း ငါပြောပြလို့ ရတယ်။ ခုဏတုန်းက တိုက်ပွဲမှာ ဒီလီရဲ့ဂျူနီယာညီလေးတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ အချို့ဆို သေခါနီးပဲ။ ငါ့ဂျူနီယာညီလေးတွေကို အဲ့လောက် ဒဏ်ရာ ရသွားအောင် ဘယ်ကောင်တွေ လုပ်သွားလဲ ဆိုတာ ငါသိတယ်။ ဒါပေမယ့် အခု လောလောဆယ် အဲ့အကြောင်းတွေ မပြောဘဲ ထားလိုက်ကြရအောင်…”

ပြောပြီးသည်နှင့် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။

လီရို့နန် ဘာကြံနေလဲ ဆိုသည်ကို အကုန်လုံး သိပေသည်။ ဆေလုံးတောင်ကြား အဖွဲ့သည့် ဖယောင်းနီသီးအပိုင်း တစ်ပိုင်းပင် ရမသွားခဲ့ချေ။ ထို့ကြောင့် ဤအခွင့်အရေးအပေါ် အမြတ်ထုတ်ရန် ကြံနေခြင်းဖြစ်သည်။ မဟုတ်လျှင် သူ့ဂျူနီယာညီလေးတွေ ဒဏ်ရာရသွားပါတယ် ဆိုပြီး စကားစနေလိမ့်မည် မဟုတ်ချေ။

ပုံမှန်ဆိုလျှင် ဆေးလုံးတောင်ကြားမှ တပည့်များကို မည်သူမှ တိုက်ခိုက်ရဲကြလိမ့်မည် မဟုတ်သော်လည်း ဖယောင်းနီသီး ယှဉ်လုသည့် တိုက်ပွဲတွင် အကုန်လုံးသည် မည်သူသည် မည်သည့် အင်အားစုမှ ဖြစ်သည်ကို ဂရုမစိုက်တော့ဘဲ သူတို့ဆီမှ ဖယောင်းနီသီး လာလုရန် ကြိုးစားသည့် လူတိုင်းကို တိုက်ခိုက်ကြသည်။ ဆေးလုံးတောင်ကြားမှ တပည့်များသည်လည်း ချွင်းချက်မဟုတ်။ သို့သော် ဆေးလုံးတောင်ကြားမှ သေသွားသူ တစ်ယောက်မှမရှိ၊ ဒဏ်ရာ နည်းနည်းပါးပါး ရသွားသည့်လူသာ ရှိသည်။

သေသွားသည့် လက်ရွေးစင်တပည့် ရှစ်ယောက်နှင့်ယှဉ်လျှင် ဆေးလုံးတောင်ကြားမှ တပည့်များ၏ အခြေအနေမှာ အများကြီး ပိုသာသည်ဟု ပြော၍ရပေသည်။ သို့သော် အကုန်လုံးသည် စိတ်ထဲတွင်သာ ပြောနေခြင်း ဖြစ်ပြီး မည်သူမှ အပြင်သို့ ထုတ်မပြောချေ။

ဖန်ထျန်းဇုံ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း သူ့စရိုက်အတိုင်း ပွင့်ပွင့်လင်းလင်းပဲ တန်းမေးလိုက်လေသည် “အစ်ကိုလီသာ ဖယောင်နီသီးကို ဘယ်လို သိမ်းရမလဲ ပြောပြပေးမယ်ဆိုရင် သဲမီးတောက်နယ်မြေ ပိတ်သွားတာနဲ့ မိုးကြိုးမုန်တိုင်းက အစ်ကိုလီကို သူတော်စင်သလင်းကျောက် တစ်သန်းပေးမယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၂)

“တစ်သန်းလား… ဟားဟားဟား” လီရို့နန်က ဖန်ထျန်းဇုံးအား ကြည့်လျက် ရယ်သွမ်းသွေးကာ ပြောလိုက်သည် “ဒီဖယောင်းနီးသီးအပိုင်းက တစ်သန်းတောင် မတန်ဘူးလို့ ညီလေးဖန် ထင်နေတာလား။ အဲ့လိုဆိုရင် ဒီလီ ဒီအတိုင်းပဲ ထွက်သွားရလိမ့်မယ်”

“ငါသန်း” ဖန်ထျန်းဇုံသည် တစ်ချက်ကလေးပင် မျက်နှာ ပျက်မသွားဘဲ ရုပ်တည်ဖြင့်သာ ဈေးထပ်မြှင့်ပေးလိုက်သည်။

လီရို့နန်၏ ခြေလှမ်းတို့ ရပ်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် သူတို့ ဆေးလုံးတောင်ကြား ဖယောင်းနီးသီးအား မရနိုင်ခဲ့ချေ။ သို့သော် ဖယောင်းနီးသီးအပိုင်းအား ရသွားသည့် အင်အားစုများဆီ ငါးသန်းစီ ရနိုင်မည်ဆိုပါက မဆိုးလောက်ဟု ဆိုနိုင်ပေသည်။

ထို့အပြင် ဖယောင်းနီသီးအပိုင်းများသည် အကောင်းအတိုင်း ရှိနေသော ဖယောင်းနီသီး ကဲ့သို့ အဖိုးမတန်တော့ချေ။ ထို့ကြောင့် ဈေးဆက်မြှင့်လျှင် ကောင်းမလား၊ မမြှင့်ပဲဤဈေးနှင့်ပဲ ဈေးဖြတ်လိုက်လျှင် ကောင်းမလား ချင့်ချိန်ကြည့်လိုက်သည်။

သူထိုသို့ ချင့်ချိန်နေစဉ်မှာပဲ မြက်သွေးရောင်ဂိုဏ်းမှ ယင်စုတျယ်က တိုက်ယွမ်ဆီ လှမ်းကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းလေးကို မသိမသာလေး လှုပ်လိုက်သည်။ တိုက်ယွမ်အား တစ်ခုခု လှမ်းပေပြာလိုက်သည့်ပုံပင်။

တိုက်ယွမ် မျက်မှောင်ကြုတ်သွားခဲ့သည်။ မျက်နှာကြီးကလည်း မဲ့လို့။ သူမရုပ်ကို ကြည့်ရသည်မှာ ယင်စုတျယ်မှ သူမအား တစ်ခုခုလုပ်ပေးရန် တောင်းဆိုသည်ကို သူမက မလုပ်ပေးချင်သည့်ပုံပင်။ သို့သော်လည်း ခေါင်းညိတ်လိုက်ပေသေးသည်။

သူမ ခေါင်းညိတ်လိုက်သည်နှင့် ယင်စုတျယ်က ပျော်ရွှင်စွာပြုံးပြီး တခစ်ခစ် ရယ်သွမ်းသွေးလျက် အားလုံးကို ပြောလိုက်သည် “စီနီယာအစ်ကိုတို့ ဆွေးနွေးကြတာ အဆင်ပြေပါစေနော်။ ညီမလေးကတော့ အရင်သွားပါတော့မယ်”

ပြောပြီးသည်နှင့် မြက်သွေးရောင်ဂိုဏ်းမှ အခြား လက်ရွေးစင်များအနှင့်အတူ အလျင်အမြန် ထွက်သွားလေသည်။

လူအုပ်ကြီး ကြောင်သွားခဲ့သည်။ ယင်စုတျယ်လည်း သူမ၏ ဖဲကြိုးအကူအညီဖြင့် ဖယောင်းနီသီးအပိုင်း တစ်ခုရထားမှန်း သူတို့ သိကြပေသည်။ သို့တိုင် ထိုဖယောင်နီးသီးအား မည်ကဲ့သို့ သိမ်းရမလဲဆိုသည့်ကို နည်းလမ်းကို မသိရသေးခင်မှာပဲ ထွက်သွားခဲ့သည်။ သူမ၏ အပြုအမူနှင့် ပက်သက်၍ လူအုပ်ကြီး နားမလည်နိုင် ဖြစ်နေခဲ့သည်။

သို့သော်လည်း မကြာခင်မှာပဲ အကုန်လုံး နားလည်သွားခဲ့လေသည်။

လီရို့နန်အပြင် ဆေးပင်အကြောင်း အတော်လေး သိထားသည့် အခြားတစ်ယောက်လည်း ရှိပေသေးသည်။ တိုက်ယွမ်ပင်။ ယင်စုတျယ်သည် တိုက်ယွမ်ဆီမှ ဖယောင်းနီသီးအား မည်ကဲ့သို့ သိမ်းရမလဲ ဆိုသည်ကို သိသွားသည့် အတွက်ကြောင့် အားလုံးထက် အရင် ထွက်သွားခြင်း ဖြစ်ရပေမည်။

ဖယောင်းနီသီးအပိုင်း ကဲ့သို့သော ရတနာတစ်မျိုးကို ရထားသဖြင့် ဤနေရာတွင် ကြာကြာ ဆက်မနေချင်တော့ချေ။ ကြာကြာ ဆက်နေလျှင် အန္တရာယ်များပေသည်။ ထို့ကြောင့် ထိုအသီးအား မည်ကဲ့သို့ သိမ်းထားရမလဲ ဆိုသည့် နည်းလမ်းကို သိပြီးသည်နှင့် ချက်ချင်း ထွက်သွားခြင်းဖြစ်သည်။

ချက်ချင်းဆိုသလို လူပေါင်းများစွာ၏ အကြည့်သည် တိုက်ယွမ်ဆီသို့ ရောက်လာခဲ့သည်။

ထိုအခြင်အရာကို မြင်လိုက်သည်နှင့် သူသာ ဆက်ဈေးတင်နေလျှင် ငါးသန်းကိုပါ ဆုံးရှုံးရတော့မည်မှန်း လီရို့နန် သိလိုက်သည်။ ထို့ကြောင့် ငါးသန်းလောက်နှင့် မကျေနပ်နိုင်သေးသော်လည်း ကျေနပ်ရပ်တော့မည် ဖြစ်သည်။ တိုက်ယွမ်လည်း ဖယောင်းနီသီး အကြောင်း သိသည်ကို သူလုံးလုံး မေ့နေခဲ့သည်။

တိုက်ယွမ်သည် မြက်သွေးရောင်ဂိုဏ်းမှ ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ ဆေးပညာပိုင်းတွင် အတော်လေး ထူးချွန်လှသည်။ ထို့ကြောင့် ဖယောင်းနီသီးအား မည်ကဲ့သို့ သိမ်းထားရမလဲ ဆိုသည့် နည်းလမ်းကို သူမ ကျိန်းသေ သိထားရပေမည်။ ဆက်၍ အမြတ်ထုတ်မရတော့သဖြင့် လီရို့နန်လည်း ဤမျှဤဈေးနှင့်သာ ကျေနပ်ရတော့သည်။ ထို့ကြောင့် အလျင်အမြန်ပဲ ပြောလိုက်လေသည် “ကောင်းပြီလေ၊ ငါးသန်းပေါ့။ ညီလေးဖုန်း ကိုယ့်စကားကိုယ် မှတ်ထားနော်”

ဖန်ထျန်းဇုံ ခေါင်းညိတ်ပြလိုက်သည်။ သူ့စကားကို ပြန်ရုတ်သိမ်းမည့် အရိပ်အယောင်မပြ။ အပေးအယူ ဖြစ်သွားသဖြင့် လီရို့နန်လည်း ဖန်ထျန်းဇုံအား ဖယောင်းနီသီးအား မည်ကဲ့သို့ သိမ်းထားရမလဲ ဆိုသည့်ကို နည်းလမ်းကို ပြောပြလိုက်သည်။ နည်းလမ်း သိသွားပြီးနောက် ဖန်ထျန်းဇုံသည် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ သူ့အဖွဲ့အသားများကို ဦးဆောင်လျက် ထိုနေရာမှာ တိတ်တဆိတ် ထွက်သွားတော့လေသည်။

ချူချန်ဖုန်းနှင့် လူထွားကြီးသည် အစပိုင်းတွင် တုန့်ဆိုင်းနေသည်။ သို့သော်လည်း မကြာခင်မှာဘဲ လီရို့နန်ဆီ သွားအကူအညီ တောင်းလေးသည်။ ထို့နောက် နှစ်ယောက်စလုံး ကျေနပ်စွာဖြင့် ထွက်ခွာသွားကြလေသည်။

“သွားကြမယ်” ဝေကုချန်း ပြုံးလိုက်သည်။ သူသည်လည်း ဖယောင်းနီသီးအပိုင်းတစ်ခု ရထားပေသည်။ လအရိပ်ခန်းမတွင် သူနှင့်တုန်ရွှမ်းအာတို့ နှစ်ယောက်သာ ရှိသော်လည်း သူတို့၏ ကံသည် အတော်လေး ကောင်းသည်ဟု ဆိုနိုင်ပေသည်။ သူတို့ လူအင်းအားမှာ အရမ်းကို နည်းနေသည့် အတွက်ကြောင့် ဖယောင်းနီသီးကို ရဖို့ရာ ဝေကုချန်း မျှော်လင့်မထားချေ။ သို့သော် ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့် ဖယောင်းနီသီးအား အပိုင်းပိုင်းဖြစ်အောင် ခုတ်လိုက်သည် ကံကောင်းထောက်မ၍ သူသည် အနီးအနားတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ချက်ချင်းပဲ အပိုင်းတစ်ပိုင်းကို လှမ်းဖမ်းထားလိုက်လေသည်။ ဖယောင်းနီသီးအပိုင်းတစ်ပိုင်းကို ရဖို့ရာ ဝေကုချန်းအတွက် အတော်လေး လွယ်သွားခဲ့သည်။ အခြားသူများသည် ပြိုင်ဘက်များကို သတ်ဖြတ်ပြီးမှာသာ ရနိုင်ခဲ့ခြင်း ဖြစ်သည်။

သဲမီးတောက်နယ်မြေ၏ တတိယအလွှာသို့ ရောက်ကတည်းက သူတို့ပေါ် စိုးမိုးနေသည့် ကံကြမ္မာဆိုးတို့များ ပျောက်ကွယ်သွားကုန်ကြလေလားမသိ။

တိုက်ယွမ်နှင့် တုန်ရွှမ်းအာတို့သည် အလွန်ရင်းနှီးကြသော မိတ်ဆွေများ ဖြစ်ကြသဖြင့် ဖယောင်နီးသီးအား မည်ကဲ့သို့ သိမ်းထားရမလဲ ဆိုသည့်နည်းလမ်းကို သူမဆီမှ သိနိုင်မည်မှာ သံသယရှိစရာ ရှိစရာမလိုချေ။ ထို့ကြောင့် လီရို့နန်ဆီ ပိုက်ဆံအကုန်ခံ သွားမေးနေစရာ မလိုတော့ချေ။

“ညီလေးဝေ၊ ခဏလောက်စောင့်ပါဦး” ဝေကုချန်းတို့ ထွက်သွားတော့မည်ကို မြင်သော် လီရို့နန်က အလျင်စလို လှမ်းတားလိုက်သည်။

“ဘာဖြစ်လို့လဲ။ အစ်ကိုလီ ပြောစရာတစ်ခုခု ရှိလို့လား” ဝေကုချန်းက အေးစက်စက် အမူအရာဖြင့် နောက်ပြန်လှည့်ကာ မေးလိုက်သည်။ တစ်ချိန်တည်းတွင် အချိန်မရွေး တိုက်ခိုက်နိုင်ရန် သူတော်စင်ချီကို စတင် စုစည်းထားလိုက်လေသည်။

ဝေကုချန်း တိုက်ခိုက်ဟန် ပြင်လိုက်သည်ကိုမြင်သော် တစ်ဖက်လူ သူ့အား အထင်လွဲသွားပြီမှန်း လီရို့နန် သိလိုက်သည်။ ထို့ကြောင့် ကမန်းကတန်း သူ့လက်ကို ဝှေ့ရမ်း၍ ပြန်ပြောလိုက်လေသည် “ညီလေးဝေ စိုးရိမ်နေစရာမလိုဘူး။ ငါတို့နှစ်ယောက် သိပ်ပြီး မသိကြဘူး ဆိုပေမယ့် ဒီလီက အောက်တန်းကျတဲ့ လူတစ်ယောက် မဟုတ်ဘူး ဆိုတာကိုတော့ ညီလေးလီ သိလောက်မှာပေါ့၊ ဟုတ်တယ်မလား”

ထိုစကားကို ကြားလိုက်သည့်အခါ ဝေကုချန်း၏ အမူအရာ အနည်းငယ် ပြေလျော့သွားပြီး အသာအယာ ခေါင်းညိတ်လိုက်လေသည် “အစ်ကိုလီအကြောင်း ဒီဝေ သိတာပေါ့၊ ဒါပေမယ့်… ဟဲဟဲ၊ ဒီနေရာက အကြာကြီးနေလို့ကောင်းတဲ့ နေရာတစ်ခု မဟုတ်ဘူးလေ”

ပြောပြီးသည်နှင့် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ဤတစ်ဝိုက်တွင် ဖယောင်းနီသီး ယှဉ်လုပွဲ၌ လာရောက်ယှဉ်ပြိုင်ကြသော်လည်း ဘာမှမရလိုက်သော လူပေါင်းများစွာ ရှိနေသည်။ အတော်များများသည် ဝေကုချန်းတို့ အဖွဲ့အား စိုက်ကြည့်နေကြသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ လီရို့နန်က အကျယ်ကြီး အော်ပြောလိုက်လေသည် “အကုန်လုံး မဆင်မခြင် မလုပ်ကြနဲ့နော်။ ဖယောင်နီသီးက အလုံးလိုက် ရှိတယ်ဆိုရင် စွန့်စားရထိုက်တန်တယ် ဆိုပေမယ့် အပိုင်းလေးကတော့ အဲ့လောက် မတန်တော့ဘူး။ ပြီးတော့ ညီလေးဝေ အပိုင်းတွေ အများကြီးထဲမှာမှ တစ်ပိုင်းပဲ ရထားတာ။ အရမ်းလည်း အဖိုးတန်တာ မဟုတ်ဘူး။ ရဖို့ကလည်း မသေချာတဲ့ အပိုင်းလေးအတွက်နဲ့ အားကောင်းတဲ့ လူတစ်ယောက်ကို သွားရန်စတာက သိပ်မတန်ဘူးနော်”

သူ့အတွက် ပြောပေးနေသည့် လီရို့နန်ကိုကြည့်ရင်း ဝေကုချန်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

“အစ်ကိုလီ၊ ကျုပ်မေးချင်တာ တစ်ခုရှိတယ်။ အဲ့ဖယောင်းနီသီးအပိုင်းက တန်ခိုးရှင်အဆင့် တစ်ယောက်ကို တန်ခိုးရှင်ဘုရင်အဆင့် ရောက်အောင် လုပ်ပေးနိုင်လား” အဖြူရောင်ဝတ်ရုံကို ဝတ်ထားသည့် လူငယ်လေးတစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထိုလူငယ်လေး ဝတ်ထားသည့် ဝတ်ရုံ၏ ရင်ဘတ်နေရာတွင် အဖြူရောင်တိမ်တိုက် အမှတ်အသားကို ရေးထိုးထားပေသည်။

ထိုအမှတ်အသားသည် မြူနှင်းမှုန်နန်းတော်၏ အမှတ်အသား ဖြစ်ပေသည်။

“ညီလေးတန် မေးတာ မေးခွန်းကောင်းပဲ” လီရို့နန်က ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ငါလည်း သေချာ မဖြေတတ်တာ ဆိုးတာပဲ။ ဖယောင်းနီသီး အကြောင်းကို စာအုပ်တွေထဲမှာပဲ ငါဖတ်ဖူးတာ။ တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး။ အခုမှပဲ ပထမဆုံး မြင်ဖူးတာ။ ငါမပြောနဲ့ဦး၊ ဂိုဏ်းက အကြီးအကဲတွေတောင် အတိအကျ ပြောနိုင်မှာ မဟုတ်ဘူး။ ဖယောင်းနီးသီးက အကောင်းအတိုင်း ရှိနေသေးရင်တောင် တန်ခိုးရှင်အဆင့် တစ်ယောက်ကို တန်ခိုးရှင်ဘုရင်အဆင့် ရောက်အောင် လုပ်ပေးနိုင်မယ်လို့ အပြည့်အဝ အာမမခံနိုင်ဘူး။ အဲ့အသီးက တန်ခိုးရှင်ဘုရင်အဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ချေကိုပဲ တိုးသွားအောင် လုပ်ပေးနိုင်တာ။ အခု အသီးက အပိုင်းပိုင်း ဖြစ်သွားပြီ ဆိုတော့ ငါပြောစရာ လိုတော့မယ် မထင်ဘူး။ ညီလေးတန် ကိုယ့်ဘာသာ စဉ်းစားကြည့်တတ်ရောပေါ့၊ ဟုတ်တယ်မလား”

မြူနှင်းမှုန်နန်းတော်မှ လူငယ်လေး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် ခေါင်းညိတ်၍ “ကျုပ်သိပြီး၊ နှုတ်ဆက်ပါတယ် အစ်ကိုလီ”

ပြောပြီးသည်နှင့် မြူနှင်းမှုန်နန်းတော်မှ တပည့်များနှင့်အတူ ထွက်သွားလေသည်။

မြူနှင်းမှုန်နန်းတော်မှ ဖယောင်းနီသီးအပိုင်းအား လက်လျှော့လိုက်သည်ကို မြင်သော် အခြားအင်အားစုများလည်း သက်ပြင်းချကာ အသီးသီး ထွက်သွားကြလေသည်။

မကြာမီ ဆေးလုံးတောင်ကြားနှင့် အရိပ်လခန်းမတို့သာ ကျန်တော့လေသည်။

ဝေကုချန်းက လီရို့နန်းအား အပြုံးဖြင့် ကြည့်လိုက်သည်။ အစမှအဆုံးထိ သူစကား တစ်ခွန်းပင် မပြောခဲ့။ သူ့အမူအရာနှင့် လုံးလောက်နေလေပြီ။ အကြောင်းအရင်းမရှီ လီရို့နန်မှာ သူ့အား အလကားသက်သက် ကူညီလိမ့်မည်ဟု ဝေကုချန်း မယုံပါချေ။ လီရို့နန်တွင် အခြား ရည်ရွယ်ချက်တစ်ခု ရှိကိုရှိရပေမည်။ သို့သော် သူကိုယ်တိုင်က မပြောသေးသဖြင့် ဝေကုချန်းကလည်း ကိုယ်တိုင် သွားအစဖော်ရလောက်သည်အထိ မရူးမိုက်ပါချေ။

“အခု ငါတို့ စကားကောင်းကောင်း ပြောလို့ရပြီပေါ့၊ ညီလေးဝေ” လီရို့နန်က ဝေကုချန်းအား ကျေနပ်အားရနေသည့် အကြည့်ဖြင့် ကြည့်လိက်သည်။ အကုန်လုံးအား စကားနည်းနည်း ပြောရုံဖြင့် ဤနေရာမှ မောင်းထုတ်လိုက်သည်နှင့် သူ့စွမ်းရည်အပေါ် အတော်လေး ကျေနပ်နေသည့်ပုံပင်။

“အစ်ကိုလီ ပြောစရာရှိရင် ပြောလေ” ဝေကုချန်းက ပြန်ပြောလိုက်သည်။

“အဲ့ဖယောင်းနီသီးအပိုင်းကို ညီလေးဝေ ရောင်းဖို့စိတ်ကူးရှိလား” လီရို့နန်က လိုရင်းကို တန်းသွားလိုက်သည်။

“ရောင်းဖို့လား” ဝေကုချန်း မျက်လုံး မှေးစဉ်းသွားပြီး “အစ်ကိုလီ ဝယ်ချင်တာလား”

“အသေအချာပဲ” လီရီု့နန် အမှန်အတိုင်း ဝန်ခံလိုက်သည်။

ဝေကုချန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဒီဖယောင်းနီးသီးအပိုင်း သူ့အသီးလောက် အဖိုးမတန်တော့ဘူးလို့ အစ်ကိုလီပဲ အခုလေးတင် ပြောလိုက်တာ မဟုတ်ဘူး။ အဲ့ဒါကို ဘာလို့ ဝယ်ချင်နေသေးတာလဲ”

လီရို့နန်က ခေါင်းခါလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “အဲ့အပိုင်းလေးက အရင်ကလောက် အဖိုးမတန်တော့ဘူး ဆိုပေမယ့် နှစ်ပေါင်း သောင်းနှင့် ချီသွားရင်တောင် ကံကောင်းမှ တွေ့နိုင်တဲ့ ဖယောင်းနီသီးဆိုတဲ့ အသီးတစ်လုံးရဲ့ အစိတ်အပိုင်း ဖြစ်နေတုန်းပဲလေ။ ငါတို့ ဆေးလုံးတောင်ကြား ဆေးပင်တွေ၊ အသီးတွေ အမျိုးမျိုးကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့တာ။ အခု ဒီလိုရှားပါးလွန်းတဲ့ အသီးတစ်လုံးကို လေ့လာဖို့ အခွင့်အရေးရမှာကို ငါတို့က ဘယ်လိုလုပ်ပြီး လက်လွှတ်ခံလို့ ဖြစ်ပါ့မလဲ။ ဒီအသီးပေါ်လာပေမယ့် ငါက အသီးကိုရအောင် မကြိုးစားဘဲ ဂိုဏ်းဆီ ပြန်သွားရင် အကြီးအကဲတွေက ငါ့ကို အပြစ်ပေးမှာပေါ့။ ဒီအသီးကိုသာ ပြန်ယူသွားနိုင်မယ် ဆိုရင်တော့ ငါတို့ ဆေးပညာကို အဆင့်မြှင့်တင်နိုင်မှာ သေချာသလောက်ပဲ။ အစ်ကိုလီသာ အဲ့အပိုင်းကို ငါ့ဆီ ရောင်းမယ်ဆိုရင် ငါတို့ ဆေးလုံးတောင်ကြား အရိပ်လခန်းမ ကျေနပ်လောက်မယ့် သူတော်စင်သလင်းကျောက်ကို ပေးမယ်လို့ ငါရဲရဲကြီး အာမခံတယ်။ ပြီးတော့ ဆေးလုံးတောင်ကြား အကြီးအကဲတွေက အစ်ကိုဝေအတွက် ဆေးလုံးငါးလုံး အလကား ဖော်စပ်ပေးဦးမယ်။ အဲ့အတွက် ဒီလီ အာမခံတယ်”

အစကမူ အသီးကို မရောင်းရန် စဉ်းစားထားသော်လည်း လီရို့နန်ပေးသည့် မက်လုံးကို ကြားပြီးနောက် ဝေကုချန်း၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း ပြန်မငြင်းနိုင် ဖြစ်သွားခဲ့သည်။

တကယ်တော့ ဖယောင်းနီသီး၏ အာနိသင်သည် ကောလဟာလများသာ ဖြစ်သည်။ ထိုအသီးတွင် ထိုကဲ့သို့အာနိသင် တကယ် ရှိမရှိကို မည်သူမှ သေချာမသိကြချေ။ ထို့အပြင် ယခု လက်ရှိအချိန်၌ အသီးသည် အပိုင်းပိုင်း ဖြစ်သွားလေပြီ။ ထို့ကြောင့် ဖယောင်းနီသီးတွင် ယခင်ကကဲ့သို့ အာနိသင်မရှိတော့သည်မှာ သေချာသလောက်ရှိသည်။ အဖိုးတန်သေးလား၊ အဖိုးမတန်တော့ဘူးလား ဆိုသည့်အချက်သာ မသေချာခြင်းဖြစ်သည်။ ထိုမသေချာသည့် အာနိသင်နှင့် ယှဉ်လိုက်လျှင် ဆေးလုံးတောင်ကြားမှ အကြီးအကဲများဆီမှ ဆေးလုံးငါးလုံး အလကား ရနိုင်မည့် အခွင့်အရေးကို တကယ်ကို မက်မောဖွယ် ကောင်းလှသည်။

ထိုဆေးလုံးတောင်ကြားမှ အကြီးအကဲများသည် ဆေးဖော်စပ်ခဲလှသည်။ သူတို့ ဖော်စပ်ပြီးဆိုလျှင် သူတို့ ဖော်စပ်လိုက်သည့် ဆေးလုံးတိုင်းသည် အလွန်ကိုမှ ဈေးကြီးလှသည်။

ထို့အတွက်ကြောင့် ဝေကုချန်း ဝေခွဲရ ခက်သွားခဲ့သည်။

သို့သော် ခဏအကြာ၌ ပြန်ပြောလိုက်သည် “အစ်ကိုလီ၊ ငါမပြောရင်တောင် ဒီကိစ္စက ငါဆုံးဖြတ်နိုင်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာကိုတော့ မင်းသိလောက်မှာပေါ့၊ ဟုတ်တယ်မလား။ ဒီအပိုင်းကို အစ်ကိုလီ တကယ် ဝယ်ချင်တယ်ဆိုရင် သဲမီးတောက်နယ်မြေ ပိတ်ထဲ့အထိစောင့်၊ အဲ့ကျမှ ငါတို့ အရိပ်လခန်းမဆီလာပြီး လူကြီးချင်း ညှိကြပေါ့။ အခု ငါတို့ သဘောတူလိုက်ပေမယ့် သူတို့က သဘောတူချင်မှ တူမှာလေ၊ မဟုတ်ဘူးလား”

“အဲ့ဒါတော့ ဟုတ်တယ်” ဝေကုချန်း သူ့အား ချက်ချင်းကြီး မငြင်းလိုက်သည်ကို မြင်သော် သူ့တွင် အခွင့်အရေး ရှိသေးမှန်း လီရို့နန် သိလိုက်သည်။ ထို့နောက် ပျော်ရွှင်စွာပြုံးလျက် ပြောလိုက်သည် “အဲ့လိုဆိုမှတော့ သဲမီးတောက်နယ်မြေ ပိတ်သွားရင် ဂိုဏ်းအကြီးအကဲတွေကို မင်းတို့ဂိုဏ်းဆီ သွားဆွေးနွေးခိုင်းဖို့ သေချာပေါက် ပြောလိုက်မယ်”

“အဲ့လိုဆို အကောင်းဆုံးပဲ” ဝေကုချန်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည် “အစ်ကိုလီမှာ ဘာမှပြောစရာ မရှိတော့ရင် ဒီဝေ သွားတော့မယ်နော်”

“အင်း” လီရို့နန် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

အားလုံး ထွက်သွားပြီးနောက် လီရို့နန် မျက်နှာထက်ရှိ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောင်ကြားထဲရှိ တစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေထားသည့်အလား ခြောက်သွေ့နေသည့် အလောင်း တစ်လောင်း ရှိနေခဲ့သည်။

ထိုအလောင်းသည် ဖယောင်းနီရိုးတံကို ခူးရန် သူလွှတ်လိုက်သည့် ဂျူနီယာညီလေး ဖြစ်ပေသည်။ သို့သော်လည်း သူ့ဂျူနီယာညီလေးမှာ ဆိုးဆိုးရွားရွား သေနေခဲ့သည်။ ပိုဆိုသည်ကား သူ့သိုလှောင်လက်စွပ်ပင် မရှိတော့ခြင်း ဖြစ်သည်။

လီရို့နန် အမူအရာ သုန်မှုန်သွားသည်။ သို့သော်လည်း သူ့ဂျူနီယာညီလေး အကြောင်းကို ထုတ်မပြောခဲ့ဘဲ ပြန်ရန်သာ ပြောလိုက်သည် “ဂိုဏ်းဆီ ပြန်ကြမယ်”

“အန်၊ စီနီယာအစ်ကိုလီ၊ ကျွန်မတို့ အခုပြန်တော့ဖို့လား။ သဲမီးတောက်နယ်မြေ ပိတ်ဖို့ နှစ်လ၊ သုံးလလောက် ကျန်သေးတယ်လေ” မိန်းကလေးတပည့် တစ်ယောက် လီရို့နန်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“ဒီမှာ ဆက်နေစရာမလိုတော့ဘူး။ ဒုတိယအလွှာတစ်ခုလုံး ပြောင်နေပြီ။ ဘာအဖိုးတန် ရတနာမှာ မကျန်တော့ဘူး။ တတိယအလွှာ တစ်ခုလုံးကလည်း အန္တရာယ်တွေအပြည်ပဲ။ ပစ္စည်းကောင်းတွေ ရှိရင်တောင် အခြားသူတွေ ယူသွားလို့ ကုန်လောက်ပြီ။ ဒါကြောင့် ဂိုဏ်းဆီ ပြန်ပြီး အကြီးအကဲတွေကို ဖယောင်းနီသီးအကြောင်း ပြန်ပြောရမယ်။ အဲ့လိုမှ အဲ့ဖယောင်းနီသီး အပိုင်းတွေကို ဝယ်ဖို့ ပြင်ဆင်နိုင်မှာ”

“အင်း”

လီရို့နန်က နှာခေါင်းရှုံ့လျက် “သူတို့တွေ အဲ့ဖယောင်းနီသီးအပိုင်းတွေကို ရသွားရင်တောင် နောက်ဆုံးကျရင် ငါတို့ဆီပဲ လာပြန်အကူအညီ တောင်းရမှာ။ အဲ့ဖယောင်းနသီးအကြောင်းကို ငါတို့ ဆေးလုံးတောင်ကြားကလွဲပြီး အခြား ဘယ်အင်အားစုမှ ဒီလောက်သိတာ မဟုတ်ဘူး။ ဒါကြောင့် အဲ့အသီးကို သူတို့ ရသွားရင်တောင် အလျင်စလို သုံးဦးမှာ မဟုတ်သေးဘူး။ ဒါငါတို့အတွက် အခွင့်အရေး ရှိသေးတယ်လို့ ဆိုလိုက်တာပဲ”

လီရို့နန် ပြောသည်ကို ကြားပြီးနောက် ဖယောင်းနီသီးတိုက်ပွဲတွင် ဘာမှမရခဲ့သည့် အတွက်ကြောင့် စိတ်ညစ်နေကြသော် ဆေးလုံးတောင်ကြား တပည့်များ၏ အမူအရာ ပြန်လည် ဝင်းပလာခဲ့ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၃)

တောင်ကြားနှင့် မိုင်တစ်ရာဝေးကွာသော လူသူကင်းမဲ့သည့် အရပ်တစ်ခုတွင်…

အဖွဲ့တစ်ဖွဲ့ ရပ်လိုက်ကြသည်။ ထိုအဖွဲ့သည် အခြားအဖွဲ့မဟုတ်၊ ရန်ကိုင်တို့ အဖွဲ့ပင် ဖြစ်သည်။ တောင်ကြားထဲမှ ထွက်လာပြီးနောက် ဝေကုချန်းသည် သူ့ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးလာခဲ့သည်။ ဤနေရာသို့ ရောက်သည့်တိုင် သူ့ကောင်းကင်စိတ်အာရုံကို တစ်ချက်ကလေးပင် ပြန်ရုတ်မသိမ်းခဲ့။ မိုင်းတစ်ရာလောက် ရောက်သည်အထိ သူ့နောက်သို့ မည်သူမှ လိုက်မလာသည်ကို သိလိုက်ရမှသာ သက်ပြင်းချလိုက်နိုင်သည်။

ရန်ကိုင်၊ တိုက်ယွမ်၊ တုန်ရွှမ်းအာတို့သည်လည်း တစ်လမ်းလုံး စကားတစ်ခွန်းပင် မပြောဘဲ တောက်လျှောက် ခရီးနှင်လာခဲ့သည်။

ဤနေရာသို့ ရောက်မှသာ ဝေကုချန်း ရပ်လိုက်သည်။ ထို့နောက် သူ့သိုလှောင်လက်စွပ်ကို ပွတ်ရင်း ရန်ကိုင်ဘက်သို့ လှည့်မေးလိုက်သည် “ညီလေးရန်၊ မင်းဘာလုပ်ဖို့ စဉ်းစားထားလဲ”

တိုက်ယွမ်အား မေးမည့်အစား၊ ဝေကုချန်းသည် သူ့အား လာမေးခဲ့သည်။ သူလည်း ဖယောင်းနီးအပိုင်းတစ်ခုအား ရထားသည်ဟု ဝေကုချန်း သံသယဝင်နေမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။ တစ်လှေတည်း စီးနေသည့် လူများဖြစ်သောကြောင့် သူ့အား မေးခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကိုင်ကမူ ဖယောင်နီးသီးအစိတ်တစ်စိတ် ရထားသည့်အကြောင်း တစ်ခွန်းပင် ထုတ်မပြောချေ။ ဝေကုချန်းကို ခင်သော်လည်း ဖယောင်းနီသီး ကိစ္စသည် အလွန်ကို သတိကြီးကြီးထားလျက် ဆောင်ရွက်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်သည် “ဘာမှတော့ မစဉ်းစားထားရသေးဘူး။ အတွင်းပိုင်းကို ဆက်သွားပြီး ရတနာရှာရင် ကောင်းမလားလို့ စဉ်းစားနေတာ”

“ညီလေးရန်က အတွင်းပိုင်းဆီ ဆက်သွားချင်နေတာလား” ဝေကုချန်း၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားသည်။ သူ့စိတ်ထဲ အတော်လေး ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ရန်ကိုင်၊ ဖယောင်းနီသီးအစိတ်လေးကို ရသွားပြီးနောက် တတိယအလွှာထဲသို့ ဆက်သွားမည့် အန္တရာယ်များသည့် စွန့်စားမှုမျိုး လုပ်တော့လိမ့်မည် မဟုတ်ဟု ဝေကုချန်း ထင်နေခဲ့သည်။ သို့သော်လည်း သူ့ထင်ထားသလို ဖြစ်မနေခဲ့ချေ။

ဝေကုချန်းသာမဟုတ်၊ တုန်ရွှမ်းအာနှင့် တိုက်ယွမ်တို့လည်း ရန်ကိုင်၏ အစီအစဉ်နှင့် ပက်သက်၍ အတော်လေး အံ့ဩနေခဲ့ကြသည်။

ထိုလူများ၏ အမူအရာများကို မြင်သော် သူတို့ဘာတွေနေမှန်း ရန်ကိုင် ချက်ချင်း သိလိုက်သည်။ ထို့နောက် ဟန်မပျက် အမူအရာဖြင့် ဆက်ပြောလိုက်လေသည် “ဒီမှာတောင် ဖယောင်နီသီးလို အသီးမျိုးတွေ ပေါ်လာနေတာ။ အတွင်းပိုင်းထဲမှာဆို ပိုကောင်းတဲ့ ဟာတွေတောင် ပေါ်လာနိုင်လောက်တယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ဝေကုချန်း ရန်ကိုင်အား သိပ်သံသယမဝင်တော့။ ဖယောင်းနီသီးအစိတ်လေးကို ရန်ကိုင် မရထားသည့် အတွက်ကြောင့် တတိယအလွှာ၏ အတွင်းပိုင်းထဲသို့ ဝင်ပြီး ရတနာရှာချင်လိုခြင်း ဖြစ်သည်ဟု ထင်သွားခဲ့သည်။ ထို့ကြောင့် အသာအယာ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “ညီလေးရန်က အဲ့လို ဆုံးဖြတ်မှတော့ ဒီဝေလည်း ဘာမှမပြောတော့ပါဘူးလေ။ မင်းခရီး ကံကောင်းပါစေကွာ။ ငါနဲ့ ရွှမ်းအာကတော့ ဒီကနေ မြန်မြန် ထွက်သွားတော့မယ်”

ဝေကုချန်း၏ လုပ်ရပ်နှင့် ပက်သက်၍ ရန်ကိုင် မအံ့ဩခဲ့။ ဖယောင်းနီသီး ပေါ်လာမှုသည် သဲမီးတောက်နယ်မြေ တစ်ခုလုံးကို အတော်လေး ဂယက်ရိုက်သွားခဲ့သည်။ ထိုအသီးကို ရထားသည့် လူတိုင်း မည်သူမှ မလုံခြုံကြချေ။ ထို့ကြောင့် ဝေကုချန်း ထိုအသီးစိတ်လေးကို ဤနေရာမှ အပြင်သို့ မြန်မြန် ပြန်ယူသွားလိုနေခြင်း ဖြစ်သည်။ အပြင်သို့ ယူသွားပြီး လအရိပ်ခန်းမ၏ အကြီးအကဲများဆီ ပေးလိုက်ပြီးသည့် အခါမှသာ သူစိတ်သက်သာရာ ရနိုင်ပေလိမ့်မည်။ ဖန်ထျန်းဇုံတို့လည်း ထိုကဲ့သို့ လုပ်လိမ့်ပေလိမ့်မည်။ ဖယောင်နီးသီးအား လူစားဖြင့် ဂိုဏ်းဆီ သွားပို့ခိုင်းသည့် အလုပ်မျိုး ဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်။ သူတို့ကိုယ်တိုင်သာ ပြန်သယ်သွားကြပေလိမ့်မည်။

ထိုအရာသည် ရန်ကိုင်အတွက် သတင်းကောင် ဖြစ်ပေသည်။ သဲမီးတောက်နယ်မြေ ထဲတွင် လက်ရွေးစင်တပည့်များ နည်းသွားသဖြင့် သူပြိုင်ဆိုင်ရမည့် ပြိုင်ဘက်များလည်း လျော့နည်းသွားပေလိမ့်မည်။

“အင်း၊ အဲ့လိုဆို အစ်ကိုဝေတို့၊ ညီမရွှမ်းအာတို့ ဘေးကင်းပါစေလို့ ကျုပ် ဆုတောင်းပေးလိုက်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ဝေကုချန်းက ခေါင်းညိတ်လိုက်ပြီး တုန်ရွှမ်းအာဘက်သို့ လှည့်၍ မေးလိုက်သည် “ဂျူနီယာညီမ တိုက်ယွမ်ကော ဘာလုပ်ဖို့ စဉ်းစားထားလဲ”

“ငါလား” တိုက်ယွမ်က ပြုံးလိုက်ပြီး “ငါဒီကို ဝင်လာကတည်းက ဘာပစ္စည်းကောင်းကောင်းမှ ရသေးတာ မဟုတ်ဘူး။ ဒါကြောင့် နည်းနည်း ထပ်ကံစမ်းကြည့်ဦးမယ်”

“အဲ့လိုဆိုရင် အန္တရာယ်တွေကိုလည်း သတိထားဦးနော်” ဝေကုချန်းက သတိပေးလိုက်သည်။ တိုက်ယွမ်အား သူတို့နှင့် ပြန်လိုက်မည်လားဟု မေးမနေခဲ့ချေ။

တုန်ရွှမ်းအားက တိုက်ယွမ်အား စကားအချို့ ပြောပြီးနောက် ဝေကုချန်းနှင့်အတူ ထွက်သွားကြလေသည်။

သဲမီးတောက်နယ်မြေထဲ ဝင်လာပြီးနောက် လူတိုင်း ကိုယ်ကြိုက်သည့်အချိန် ပြန်ထွက်သွား၍ ရသည်။ သို့သော်လည်း ပုံမှန်အားဖြင့် မည်သူမှ ထိုကဲ့သို့ မလုပ်ကြချေ။ မိမိခွန်အား နိမ့်ကျနေသဖြင့် အခြား လက်ရွေးစင်များနှင့် ရတနာ ယှဉ်မလုနိုင်သည့်တိုင် မီးတောက်သားရဲအချို့ ရှာပြီး သတ်ဖြတ်နိုင်မည် ဆိုပါက အကျိုးအမြတ် နည်းနည်းပါးပါး ရိတ်သိမ်းနိုင်ပေလိမ့်မည်။

သို့သော်လည်း ဖယောင်းနီသီး ပေါ်လာသည့် ကိစ္စကြောင့် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများမှ လူငယ်လက်ရွေးစင်များစွာတို့ စောစော ပြန်ထွက်ခဲ့ကြရသည်။ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်နောက် တိုက်ယွမ်က ရန်ကိုင်ဘက်သို့ လှည့်လိုက်သည်။

ဝေကုချန်းကဲ့သို့ပင် ရန်ကိုင်သည် ဖယောင်းနီသီးတစ်စိတ်ကို ရထားလိမ့်မည်ဟု တိုက်ယွမ် သံသယရှိနေခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် သဲမီးတောက်နယ်မြေ၏ အတွင်းပိုင်းအား ဆက်လက် စူးစမ်းရန် ကြံနေသဖြင့် သူမ၏ သံသယပင် မသေချာ ဖြစ်လာခဲ့ရလေပြီ။

ထိုအကြောင်း တွေးနေစဉ်မှာပဲ ရန်ကိုင်က သူမဘက်သို့ ရုတ်တရက် လှည့်လာပြီး ပြောလိုက်သည် “ဒီကကိစ္စတွေ ပြီးသွားပြီ ဆိုမှတော့ ကျုပ်သွားလိုက်ပါဦးမယ်။ မိန်းကလေးတိုက်ယွမ် ကံကောင်းပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ပါတယ်”

“နေပါဦး” တိုက်ယွမ်က အလျင်စလို လှမ်းခေါ်လိုက်သည်။ ရန်ကိုင် ချက်ချင်းကြီး ထွက်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

“ဘာလို့လဲ” တိုက်ယွမ်အပေါ် ရန်ကိုင်၏ အမြင်ကို ပြောရသော် မဆိုးလှဟု ပြောနိုင်သည်။ ထိုအမျိုးသမီးသည် အလွန်ရုပ်ဆိုးလှသော်လည်း ဥာဏ်ကောင်းပြီး စိတ်ထားကောင်းသည်။ ထို့ကြောင့် ရုပ်ဆိုးနေသည့်တိုင် သူမအား ရွံ့ရှာစက်ဆုပ်ခြင်းမရှိ။ သို့သော်လည်း သူထွက်သွားတော့မည် အခါမှ သူ့အား လှမ်းတားလာသည့် အတွက်ကြောင့် ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။

တိုက်ယွမ်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် ခဏ တုန်ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ဂျူနီယာမောင်လေးရန်၊ ငါလည်း အတွင်းပိုင်းထဲ ဆက်သွားချင်လို့၊ နင်နဲ့ အတူတူ သွားလို့ရမလား”

“ခင်ဗျားလည်း အတွင်းပိုင်းထဲ ဆက်သွားချင်တာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

တိုက်ယွမ်အကြောင်း သူသိပ်မသိသော်လည်း သူမအား စတွေ့သည့် အချိန်ကတည်းက ထိုအမျိုးသမီးသည် တစ်ယောက်တည်း လှုပ်ရှားရသည်ကို ကြိုက်သည့် အမျိုးသမီးတစ်ဦးမှန်း ရန်ကိုင် ပြောနိုင်သည်။ သူမ ရုပ်ရည်ကြောင့် ထိုကဲ့သို့ တစ်ယောက်တည်း လှုပ်ရှားသည်ကို နှစ်သက်ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် သူမဘက်မှ သူနှင့်အတူ သွား၍ ရမလားဟု မေးလာလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်ထားခဲ့ဖူးချေ။

တိုက်ယွမ်၏ မေးခွန်းကြောင့် ရန်ကိုင် အကြပ်ရိုက်သွားခဲ့သည်။

သူအတွင်းပိုင်းသို့ ဆက်သွားချင်ရခြင်းမှာ ယင်နေကြာရေစင်ကို သန့်စင်နိုင်မည့် သင်တော်သော နေရာတစ်ခု ရှာလို့သည့် အတွက်ကြောင့် ဖြစ်သည်။ တိုက်ယွမ်နှင့် အတူ သွားခြင်းသည် သူ့အစီအစဉ်ကို နှောင့်နှေးကြန့်ကြာ စေနိုင်ပေသည်။

ရန်ကိုင် တုန့်ဆိုင်းနေသည်ကို မြင်သော် တိုက်ယွမ် နည်းနည်း ရှက်သွားသည်။ သူမ မေးခွန်းကြောင့် ရန်ကိုင် အကြပ်ရိုက်နေပြီမှန်း နားလည်လိုက်သည်။ သို့တိုင် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် သူမ၏ မသိစိတ်က တိုက်တွန်းနေသည်။

ထို့အပြင် သူမကိုယ်တိုင်ကလည်း အတွင်းပိုင်းထဲသို့ ဆက်သွားလိုခြင်းဖြစ်သည်။ တတိယအလွှာသည် ပထမနှစ်လွှာနှင့် မတူဘဲ အလွန်ကိုမှ အန္တရာယ်များလှသည်။ သူမဘာသာ တစ်ယောက်တည်း သွားမည်ဆိုလျှင် လုံခြုံမည်ဟု အာမမခံနိုင်။ ရန်ကိုင်နှင့် အတူသွားမည် ဆိုပါက လုံးဝ လုံခြုံဘေးကင်းလိမ့်မည်ဟု အာမမခံနိုင်သည့်တိုင် အန္တရာယ်တစ်ခုခုနှင့် တွေ့သည့်အခါ နှစ်ယောက်အတူ ပူးပေါင်းပြီး ဖြေရှင်းနိုင်ပေသည်။

ထို့ကြောင့် ရှက်နေသည့်တိုင် ရန်ကိုင် မငြင်းလိုက်ပါစေနှင့်ဟု စိတ်ထဲကြိတ်၍ ဆုတောင်းနေရင်း ရန်ကိုင်အား ရိုးသားဖြူစင်သည့် အကြည့်လေးဖြင့် ကြည့်လိုက်သည်။

အခြား တစ်ယောက်ယောက်ဆီမှ အကူအညီ မတောင်းခဲ့ရသည်မှာ အတော်လေးပင် ကြာနေခဲ့လေပြီ။ တစ်ခုခု လုပ်တော့မည်ဆိုလျှင် သူမဘာသာ ဆုံးဖြတ်ချက်ချသည်။ အခြားသူ အပေါ် အားမကိုး။ ကိုယ့်ကိုယ်ကိုသာ မှီခိုအားကိုးရန်လည်း ဆုံးဖြတ်ထားခဲ့သည်။ သို့သော် ယခုမှ သူမကိုယ်တိုင် ချမှတ်ထားသည့် စည်းမျဉ်းကို ပြန်ချိုးဖျက်ရပေတော့မည်။

ခဏကြာပြီးနောက် ရန်ကိုင်၏ မျက်ခုံးကြောတို့ ပြေလျော့သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ရတယ်လေ”

ထိုစကားကို ကြားလိုက်သည့်အခါမှ တိုက်ယွမ် စိတ်သက်သာရာ ရနိုင်တော့သည်။ စိတ်ထဲ ပျော်လည်း ပျော်မိသွားခဲ့သည်။ သူမ၏ ကမ်းလှမ်းချက်ကို မငြင်းလိုက်သည့် ရန်ကိုင်ကိုလည်း ကျေးဇူးတင်မိသွားသည်။

“ဒါပေမယ့် ကျုပ်ကြိုပြောထားစရာရှိတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “ဒီတတိယအလွှာက အရင်နှစ်လွှာထက် အများကြီး ပိုအန္တရာယ်များတာကို မိန်းကလေး သိမယ်လို့ ကျုပ်ထင်တယ်။ ကျုပ်သွား အတူတူ သွားနေရင်း နှစ်ယောက်စလုံး ရင်မဆိုင်နိုင်တဲ့ အန္တရာယ် တစ်ခုခုနဲ့ ရင်ဆိုင်နိုင်တဲ့ အခါကျရင် ကိုယ့်အားကိုယ်ကိုးဖို့ပဲ ရှိတော့လိမ့်မယ်။ အဲ့အခါကျ ကံဆိုးပြီး မိန်းကလေး တစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် ကျုပ်ကို မကူညီလို့ဆိုပြီး လာအပြစ်တင်လို့ မရဘူးနော်”

“ကျွန်မသိတယ်” တိုက်ယွမ်က ခေါင်းညိတ်လိုက်ပြီး “ကံမကောင်းဘဲ ကျွန်မ သေသွားခဲ့ရမယ် ဆိုရင် မကောင်းတဲ့ ကျွန်မကံကိုပဲ အပြစ်တင်ရမှာပေါ့”

“အင်း” တိုက်ယွမ် သဘောတူလိုက်သည်ကို မြင်သော် ရန်ကိုင် ကျေနပ်သွားပြီး ဆက်ပြောလိုက်သည် “နောက်တစ်ချက် ရှိသေးတယ်။ ကျုပ်တတိယအလွှာ အတွင်းပိုင်းထဲကို လုပ်စရာတစ်ခုခုရှိလို့ သွားတာ။ ဒါကြောင့် အချိန်တန်ရင် ကျုပ်တို့နှစ်ယောက် လမ်းခွဲရလိမ့်မယ်။ အဲ့အခါကျ သဲမီးတောက်နယ်မြေပိတ်ထဲအထိ ကျုပ်တို့ အတူတူ သွားလို့ ရတော့မှာ မဟုတ်ဘူး”

တိုက်ယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော် အလျင်အမြန်ပဲ ပြန်ဖြေလိုက်လေသည် “ဂျူနီယာမောင်လေးရန်က ဒီပတ်ဝန်းကျင်ကို သုံးပြီး ကျင့်စဉ် တစ်မျိုးမျိုးကို ကျင့်ကြံချင်နေတာလား”

တိုက်ယွမ် ထိုကဲ့သို့ တွေးသည်မှာ တွေးချင်စရာပင်။ သဲမီးတောက်နယ်မြေကဲ့သို့ ထူးခြားလှသည့် နေရာဒေသမျိုးကို အပြင်တွင် သွားရှာ၍မရချေ။ ဤနေရာတွင် တစ်ခုခု လုပ်စရာ ရှိနေသည်မှာလည်း သူ့ကျင့်ကြံခြင်းနှင့် ပက်သက်သည့် ကိစ္စသာ ဖြစ်ရပေလိမ့်မည်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ခင်ဗျား မကန့်ကွက်ဘူးဆိုရင် ကျုပ်တို့ အတူတူ သွားကြတာပေါ့”

“ဘာလို့ ကန့်ကွက်ရမှာလဲ” တိုက်ယွမ် သဘောတူလိုက်သည်။ ရန်ကိုင် ပြောသွားသည့် အချက်နှစ်ချက်သည် ယုတ္တိမတန်သည့် အကြောင်းအရာမျိုး မဟုတ်လေနေရာ သူမဘာကြောင့် သမဘောတူရမည်နည်း။

ဆုံးဖြတ်ပြီးနောက် ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်ကာ သွားမည့်နေရာကို သတ်မှတ်လိုက်သည်။ ထို့နောက် ခရီးစထွက်လေသည်။

တတိယအလွှာ၏ အပူဓါတ်သည် ပြင်းထန်လှသဖြင့် ရန်ကိုင်သည် သူတော်စင်ချီကို အဆက်မပြတ် လှည့်ပတ်ကာ ခုခံနေရသည်။ သို့သော်လည်း တိုက်ယွမ်ကမူ အတော်လေး အဆင်ပြေနေသည်။ သူမ ဝတ်ထားသည့် အဝတ်အစားသည် မှော်ရတနာတစ်ခု ဖြစ်သည့်ပုံပင်။ သူမ ပတ်လည်တွင် အပြာရောင်အလင်းစက်ကွင်းလေး တစ်ခုရှိနေပြီး ထိုစက်ကွင်းသည် အပူဓါတ်နှင့် မီးအဆိပ်များဒဏ်မှ သူမအား ကာကွယ်‌ပေးနေခဲ့သည်။

လမ်းတွင် တိုက်ယွမ် တောက်လျှောက် ခုခံနေခဲ့ရသည်။ ရန်ကိုင်သည် အပူဓါတ်ကို သူတော်စင်ချီ သက်သက်ဖြင့် တောက်လျှောက် ခုခံနေခြင်း ဖြစ်သည်။ မည်သည့် မှော်ရတနာကို အသုံးမပြုထား။ ထို့ကြောင့် တိုက်ယွမ် အံ့အားသင့်နေရခြင်း ဖြစ်သည်။

သူတော်စင်ချီကို အဆက်မပြတ် အသုံးပြုနေသည့်တိုင် ရန်ကိုင်သည် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းမျိုး ဖြစ်မလာသဖြင့် ရန်ကိုင် ကိုယ်ထဲတွင် သူတော်စင်ချီ မည်မျှ ရှိသလဲ ဆိုသည်ကိုပင် တိုက်ယွမ် သိချင်မိသွားခဲ့သည်။

ကံကောင်းစွာဖြင့် တစ်ရက်လောက် လမ်းလျှောက်ပြီးနောက် နားမည်ဟု ရန်ကိုင်က ပြောလာသည်။ မဟုတ်လျှင် တိုက်ယွမ် အလွန်ကိုမှ အံ့အားသ့င်နေရဦးပေလိမ့်မည်။ ရန်ကိုင်၏ သူတော်စင်ချီလည်း ကုန်တတ်သည် ဆိုသော အတွေးမျိုး သူမအား ရသွားစေနိုင်ခဲ့သည်။

သူတော်စင်ချီကို ပြန်မဖြည့်ဘဲ တောက်လျှောက် အသုံးပြုနေနိုင်မည် ဆိုလျှင် တကယ်ကို ထူးဆန်းပေလိမ့်မည်။ ရန်ကိုင် မဆိုထားနှင့်၊ မှော်ရတနာကို အသုံးပြုထားသည့် သူမပင်လျှင် အတော်လေးကို အားကုန်ပေသည်။ ထို့ကြောင့် ရန်ကိုင်က နားဖို့ ပြောမလာလျှင် သူမက ပြောမည်သာ။

ဤသို့ဖြင့် ရန်ကိုင်နှင့် တိုက်ယွမ်သည် တိတ်ဆိတ်သည့် နေရာတစ်ခု ရှာပြီး အနားယူလိုက်ကြသည်။

ရန်ကိုင် အနေဖြင့် အနားယူပြီး အားပြန်ဖြည့်နေစရာ မလိုချေ။ သူအသုံးပြုလိုက်သည့် သူတော်စင်ချီပမာဏသည် ရေပုံးထဲရှိ ရေတစ်စက်စာမျှလောက်သာ ရှိသည်။ အနားယူရန်အတွက် ပြောလိုက်ရခြင်းသည်ကား ဖယောင်းနီသီးအား ထည့်ထားသည့် သေတ္တာကို သေချာပြင်ဆင်ရန် ဖြစ်ပေသည်။

ဖယောင်းနီသီးကို ရစဉ်က သစ်သားသေတ္တာတစ်ခု အလျင်စလို လုပ်လိုက်ရသည့်အတွက် သေချာ မပြင်ဆင်လိုက်နိုင်ခဲ့။ သေတ္တာကို ဖြစ်သလိုသာ ကောက်ထွင်းလိုက်ရသည်။ ထို့ကြောင့် သေတ္တာမှာ အတော်လေး အဆင့်နိမ့်သွားပြီး ဖယောင်းနီသီး၏ အာနိသင်ကို ကောင်းကောင်း မထိန်းနိုင် ဖြစ်သွားသည်။ ထို့ကြောင့် ခဏအနားယူရန် ပြောလျက် သေတ္တာကို ပြန်ပြင်လိုခြင်း ဖြစ်သည်။

နှစ်နာရီကြာပြီးနောက်၊ သေတ္တာကို ပြန်ပြင်လို့ ပြီးသွားခဲ့သည်။ ထို့နောက် ထရပ်၍ တိုက်ယွမ် အနားယူနေသည့် နေရာဆီ လျှောက်သွားလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၄)

ရန်ကိုင် တိုက်ယွမ် ရှေ့သို့ ရောက်လာသည်နှင့် တိုက်ယွမ်လည်း မျက်လုံးပွင့်လာခဲ့သည်။ သို့သော်လည်း တိုက်ယွမ် ပုံစံသည် တစ်ခုခုကို ပြောချင်နေသော်လည်း ပြောရမည်ကို တုန့်ဆိုင်းနေသည့် ပုံစံမျိုး ဖြစ်သဖြင့် ရန်ကိုင်လည်း သိချင်မိသွားသည်။

“ဂျူနီယာမောင်လေး၊ ငါ့ချီအားဖြည့်ဆေးတွေ ကုန်သွားပြီ။ နင့်မှာ အပို နည်းနည်းလောက် ရှိလားဟင်။ သူတော်စင်သလင်းကျောက်နဲ့ ပြန်ဝယ်မယ်လေ” တိုက်ယွမ်က နောက်ဆုံးတွင် မေးလိုက်သည်။

တိုက်ယွမ် ပြောသည်ကိုကြားသော် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်း တစ်ပုလင်းကို ချက်ချင်း ထုတ်လိုက်ပြီး တိုက်ယွမ်ဆီသို့ ပစ်ပေးလိုက်ကာ ပြုံးလျက် ပြန်ပြောလိုက်သည် “သူတော်စင်သလင်းကျောက်နဲ့ ဘာလို့ ဝယ်နေမှာလဲ။ ဆေးပုလင်း တစ်ပုလင်းတည်းဟာကို”

တိုက်ယွမ်က ဆေးပုလင်းကို လှမ်းဖမ်းလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည် “ကျေးဇူးပဲနော် ဂျူနီယာမောင်လေးရန်”

“အင်း၊ အခု အဆင်ပြေရင် ဆက်သွားကြရအောင်” ပြောပြီးနောက် ရန်ကိုင်သည် ရှေ့မှ ဦးဆောင်ထွက်သွားလေသည်။

ရန်ကိုင် လှည့်ထွက်သွားသည်နှင့် တိုက်ယွမ်သည် ဆေးပုလင်းအဖုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး အနံ့တစ်ချက် ရှူလိုက်သည်။ ချက်ချင်းကို သူမ၏ ခန္ဓာကိုယ်လေး တုန်တက်သွားပြီး ဝမ်းသာရိပ်တို့ သူမမျက်နှာထက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် လမ်းလျှောက်ထွက်သွားသည့် ရန်ကိုင်၏ ကျောပြင်အား စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုအစုံဖြင့် လှမ်းကြည့်လိုက်သည်။ ချက်ချင်းပဲ ဆေးပုလင်းကို သိမ်းလိုက်ပြီး ရန်ကိုင်နောက်သို့ အမြန် ပြေးလိုက်သွားလေသည်။

တတိယအလွှာသည် ပထမအလွှာထက် ပိုအန္တရာယ်များပေသည်။ အလွှာနှစ်ခုစလုံးသည် အလွန်ကိုမှ ပူလှသော်လည်း ပုန်းအောင်းနေသော အန္တရာယ်များမှာမူ မတူတော့ချေ။

ပထမအလွှာတွင် ရှိနေစဉ်က အဆုံးမသတ်နိုင်အောင် များပြားလွန်းလှသော မီးတောက်ဝိဥာဉ်သားများ၏ ဝိုင်းရံတိုက်ခိုက်ခြင်း ခံရသည့်တစ်ခါမှလွဲ၍ အခြား မည်သည့် အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရချေ။ ပထမအလွှာတစ်ခုလုံးတွင် လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး သွားလာနိုင်ခဲ့သည်။ သူခန္ဓာကိုယ်ကိုလည်း သူတော်စင်ချီဖြင့် ကာကွယ်ထားစရာ မလိုခဲ့ချေ။

သို့သော်လည်း တတိယအလွှာသို့ ရောက်သည့်အခါ သူခန္ဓာကိုယ်ကို သူတော်စင်ချီဖြင့် စတင် ကာကွယ်ထားရတော့သည်။ ထို့အပြင် ရင်ဆိုင်ရသည့် မီးတောက်ဝိဥာဉ်သားရဲများမှာလည်း ပထမအလွှာနှင့် ယှဉ်လျှင် အများကြီး ပိုအားကောင်းလာနေခဲ့ကာ အနိမ့်ဆုံးအဆင့်သည့် အဆင့်ခုနှစ်၊ အဆင့်ရှစ်များ ဖြစ်ကြလေသည်။ ထို့အပြင် အမျိုးမျိုးသော အရံအတားများနှင့် စိတ်ဝိဥာဉ်အစီအရင်များလည်း ရှိနေပေသေးသည်။

မီးတောက်ဝိဥာဉ်သားရဲများသည် သူတို့အတွက် သိပ်အန္တရာယ် မရှိချေ။ အရေအတွက်သာ မများသရွေ့ နှစ်ယောက်ပေါင်းကာ ထိုမီးတောက်ဝိဥာဉ်သားရဲများကို အလွယ်တကူ သတ်နိုင်သည်။

သို့သော်လည်း ဝေကုချန်းတို့အဖွဲ့ ကြုံခဲ့ရသော အစီအရင်ကို မြင်ခဲ့ပြီးနောက် သူ့ပတ်ဝန်းကျင်ကို ရန်ကိုင် ကြပ်ကြပ် သတိထားနေခဲ့သည်။ သူတို့သာ သတိမထားလိုက်လျှင် ထိုကဲ့သို့ အစီအရင်တွင်းသို့ အလွယ်တကူ ကျရောက်သွားနိုင်ပေသည်။ ထို့ကြောင့် အန္တရာယ်များမည် ထင်ရသော နေရာများကို တွေ့လျှင် ရှောင်သွားသည်။ ရှောင်သွား၍ မရလျှင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ထုတ်သုံးကြည့်သည်။

ရန်ကိုင်သည် တစ်လမ်းလုံး တောက်လျှောက် သတိထားနေခဲ့သည်။

ပုံရိပ်ယောင်များကို ဖောက်မြင်နိုင်သော သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကြောင့်သာ မဟုတ်လျှင် လွန်ခဲ့သော ရက်များအတွင်း ရန်ကိုင်နှင့် တိုက်ယွမ်တို့ အစီအရင်အချို့ထဲ ရောက်သွားပြီးလောက်ပေပြီ။ ထိုအစီအရင်များသည် ပိပိရိရိ ပုန်းကွယ်နေသည့် အတွက်ကြောင့် ကောင်းကင်စိတ်အာရုံဖြင့်ပင် အာရုံခံ၍မရချေ။ သူတို့သာ ထိုအစီအရင်များထဲ ရောက်သွားပါက ဒုက္ခလှလှနှင့် တွေ့ရပေလိမ့်မည်။

ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို တိုက်ယွမ် မသိအောင် အသုံးပြုနေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် မြက်သွေးရောင်ဂိုဏ်းမှ မိန်းကလေးမှာ တတိယအလွှာသည် ထင်သလောက်လည်း မဟုတ်ပါလားဟု စတင် တွေးတောမိစ ပြုလာခဲ့သည်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များအား ကပ်သီးလေး လွတ်မြောက်နိုင်ခဲ့လဲ ဆိုသည်ကို သတိမပြုမိဘဲ တိုက်ယွမ်သည် ရန်ကိုင်နောက်ကနေသာ လိုက်နေခဲ့သည်။

ထိုသို့ဖြင့် သွားနေရင်း ရန်ကိုင်ပင် သတိမပြုမိနိုင်သော အစီအရင်တစ်ခုထဲသို့ သူတို့ နှစ်ယောက်စလုံး ရောက်သွားခဲ့သည်။ ထိုအစီအရင် အသက်ဝင်လာသည်နှင့် ပူပြင်းလှသော ပတ်ဝန်းကျင် ရုတ်ချည်း အေးစက်လာခဲ့သည်။ လေတိုက်သံများလည်း တဝှီဝှီ မြည်လာပြီး နှင်းများလည်း စကျလာခဲ့သည်။

သဲမီးတောက်နယ်မြေ၏ ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ဘက်ပင်။

ရေခဲစူးချွန်များသည် အဘက်ဘက်ဆီသို့ သူတို့ဆီသို့ ထိုးစိုက်လာခဲ့သည်။ လေပြင်းများမှ ဖြစ်ပေါ်လာသော လေနဂါးများသည် လေဓါးသွားများ ပါဝင်နေသော အေးစက်စက် လေပြင်းများကို မှုတ်ထုတ်လျက် သူတို့အား တိုက်ခိုက်လာခဲ့သည်။

ကံကောင်းစွာဖြင့် ရန်ကိုင်နှင့် တိုက်ယွမ်တို့ နှစ်ယောက်စလုံးသည် ဆေးပညာရှင်များ ဖြစ်နေခဲ့ကြသည်။ ရန်ကိုင်သည် ယန်ဓါတ်ကို ကျင့်ကြံထားပြီး တိုက်ယွမ်သည် မီးဓါတ်ကို ကျင့်ကြံထားသည်။ နှစ်ယောက်စလုံး၏ သူတော်စင်ချီသည် ထိုကဲ့သို့သော အအေးဓါတ် တိုက်ခိုက်မှုများကို ခုခံရာတွင် အလွန်အားကောင်းပေသည်။

ထိုသို့ဆိုလျှင်ပင် ထိုအစီအရင်ထဲမှ လွတ်မြောက်ရန်အတွက် ရန်ကိုင်တို့ နှစ်ယောက်စလုံး သုံးရက်တိတိ အချိန်ယူခဲ့ရသည်။

အစီအရင်ထဲတွင် ရှိစဉ် တိုက်ယွမ် ဒဏ်ရာအချို့ ရခဲ့သည်။ ရန်ကိုင် အချိန်မှီ ကယ်တင်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမဒဏ်ရာ ထို့ထက် ပြင်းပေလိမ့်မည်။ လှုပ်ရှားဖို့ရာပင် ခက်ခဲပြီး အန္တရာယ်မျိုးစုံဖြင့် ပြည့်နှက်နေသည့် ဤကဲ့သို့သော နေရာမျိုးတွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရလိုက်ခြင်းသည် သေမိန့်ကျလိုက်ခြင်း မည်ပေသည်။

ထိုအဖြစ်အပျက်ပြီးနောက် တတိယအလွှာကို တိုက်ယွမ် အထင်မသေးရဲတော့ချေ။ ထို့ကြောင့် သွားနေစဉ် အတောအတွင်း ပတ်ဝန်းကျင်ကို သေချာ သတိစထားလာလေသည်။

ရန်ကိုင်သည်လည်း ဒဏ်ရာရခဲ့သည်။ သို့သော်လည်း ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် ထိုဒဏ်ရာ အသေးစားလေးများကို သူမမှုချေ။ ထိုအစီအရင် လွတ်မြောက်လာပြီးနောက် အနားယူလို့ရမည့် နေရာတစ်ခုကို ချက်ချင်း ရှာသည်။ တောင်လေးတစ်လုံးကို တွေ့ပြီး ထိုတောင်ထဲတွင် လိုဏ်ဂူတစ်လုံးဖောက်ကာ နှစ်ယောက်စလုံး ထိုထဲတွင် ဝင်နားလိုက်သည်။

သုံးရက်ကြာပြီးနောက် တိုက်ယွမ် ဒဏ်ရာများ ပြန်ကောင်းသွားခဲ့သည်။ ထိုအခါ သူတို့ ခရီးဆက်ထွက်ကြလေသည်။

လမ်းတစ်လျှောက် ရန်ကိုင် ပြသသွားသည့် နည်းလမ်းအမျိုးမျိုးကြောင့် တိုက်ယွမ် လုံးဝကို မှင်သက်အံ့ဩနေရသည်။ ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်ပင် ဟုတ်မှဟုတ်ပါလေစွဟု တွေးထင်မိသည်အထိ ဖြစ်ခဲ့ရသည်။ ရန်ကိုင်၏ ခွန်အားသည် သူမအောက် နည်းနည်းလေးမှ မလျော့ချေ။ ထို့အပြင် သူသည် သူမပင် မှင်သက်အံ့ဩရလောက်သည့် နည်းလမ်း မျိုးစုံကို ပိုင်ဆိုင်ထားသေးသည်။

ဝေကုချန်း သူ့အပေါ် ထိုမျှ ယဉ်ကျေးနေသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပါချေ။ ရန်ကိုင် မည်မျှ ထူးခြားလဲဆိုသည်ကို သူကောင်းကောင်း သိထားသည့်ပုံပင်။

ရန်ကိုင်တို့ အဖွဲ့သည် အန္တရာယ်များနှင့်သာ ကြုံခဲ့ရခြင်းမဟုတ်၊ အလွန်ကိုမှ ရှားပါးလှသော မီးဓါတ်ဆေးပင် အမျိုးမျိုးကိုလည်း တွေ့ခဲ့ရပေသည်။

ဆေးပင်တစ်ပင်တွေ့တိုင်း တိုက်ယွမ်ပါ ဝင်ခူးသည်။ သူမ၏ အခူးစကေးမှာလည်း ကောင်းလှသည်။

ဘာကြောင့်မှန်းမသိ၊ တိုက်ယွမ်သည် ထိုဆေးပင်များကို အလွန်စိတ်ဝင်စားသည်ဟု ရန်ကိုင် ထင်မိသည်။ ဆေးပင်တစ်ပင်ကို ခူးပြီးတိုင်း ထိုဆေးပင်များ၏ ဂုဏ်သတ္တိ၊ ပေါက်ရောက်ရန် လိုအပ်ချက်များနှင့် အသုံးဝင်ပုံများကို တတွတ်တွတ် ရွတ်တော့သည်။ ဆေးပင်အရည်ဖွဲ့ပုံဖွဲ့နည်း၊ ဆေးပညာဆိုင်ရာ ပညာရပ်များနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုသော အကူ စိတ်ဝိဥာဉ်အစီအရင်များ အကြောင်းကိုလည်း ပြောသေးသည်။ ထိုအကြောင်းများကို မပြောရလျှင် နေမထိထိုင်မထိ ဖြစ်နေလားမှမသိ။

သူမ ပြောနေစဉ်အတွင်း ရန်ကိုင်သည် တိတ်တိတ်လေး နားထောင်နေလိုက်သည်။

ရန်ကိုင်လည်း တိုက်ယွမ်နှင့် ဆေးပညာအကြောင်း ဆွေးနွေးရသည်ကို အတော်လေး စိတ်ဝင်စားပေသည်။ တိုက်ယွမ်သည် ဆေးပညာနှင့် ပက်သက်လာလျှင် အတော်လေး ဗဟုသုတ ကြွယ်ဝသည်။ သူ့အဆင့်ထိ မရောက်သေးသော်လည်း သူမနှင့် ဆွေးနွေးလိုက်၍ သူ့အတွက် အကျိုးယုတ်မသွားချေ။

သို့သော်လည်း လက်ရှိတွင် ရန်ကိုင်သည် ယင်နေကြာရေစင်အား သန့်စင်ရေးတွင်သာ လုံးလုံး အာရုံရောက်နေသဖြင့် တိုက်ယွမ်သည် စကားစမြည် ပြောချင်စိတ်မရှိချေ။

ရန်ကိုင် တိတ်နေသည့်အတွက် တိုက်ယွမ် စိတ်ပျက်သွားခဲ့ရသည်။ သူမများ အထင် မှားနေသလားဟုပင် တွေးမိလာသည်။ မဟုတ်လျှင် သူမဘက်မှ ထိုမျှ ပြောနေသည့်တိုင် ရန်ကိုင်သည် တစ်ချက်ကလေးပင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်မပြဘဲ ဘာကြောင့် တောက်လျှောက် တိတ်နေမည်နည်း။

ဆေးပင်အကြောင်း ပြောရာတွင် တမင်သက်သက် အမှားများကို ထည့်ပြောခဲ့သည်။ သို့သော် ရန်ကိုင် ဘာမှမပြောခဲ့။ ထို့ကြောင့် တိုက်ယွမ် ပို၍ စိတ်ဓါတ်ကျမိသွားသည်။

တိုက်ယွမ်သည် ခူးရသမျှ ဆေးပင်အားလုံးကို သူမ တစ်ယောက်တည်း မောင်ပိုင်မစီးချေ။ ရန်ကိုင်၏ အကူအညီ မပါဘဲ ဤနေရာသို့‌ ရောက်လာနိုင်မည် မဟုတ်မှန်း သူမ သိသည်။ ထို့ကြောင့် ခူးရသမျှ ဆေးပင်များထဲမှ အနည်းငယ်ကို သူမယူလိုက်ပြီး ကျန်ဆေးပင်များကို ရန်ကိုင်ဆီ ပေးလိုက်သည်။

ရန်ကိုင်ကလည်း ငြင်းမနေခဲ့။ တိုက်ယွမ်နှင့် သူ သိပ်ခင်သည်မဟုတ်။ တတိယအလွှာ အတွင်းပိုင်းထဲသို့ သွားရေးတွင်သာ အတူတူ ပူးပေါင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အား ပေးလာသည့် အကျိုးအမြတ်များကို ငြင်းမနေခဲ့။

ဆယ်ရက်လောက်ကြာအောင် သွားပြီးနောက် တိုက်ယွမ်အတွက် ရှေ့ဆက်သွားဖို့ရာ ခက်ခဲလာခဲံသည်။

ပြင်းထန်လှသော အပူဓါတ်သည် တစ်ယောက်ယောက်မှ သူတို့အား မီးဓါတ် တိုက်ခိုက်မှုများဖြင့် အဆက်မပြတ် တိုက်ခိုက်နေသလားဟုပင် ထင်မှတ်ရသည်။ ထို့ကြောင့် အကာအကွယ် မှော်ရတနာနှင့် ပန်းရောင်တိမ်တိုက် မှော်ရတနာ၏ အကူအညီ ရှိနေသည့်တိုင် တိုက်ယွမ် တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲလာခဲ့ရပြီး အသားနှင့်အဝတ် ကပ်ကုန်ကာ ရှိုက်မောဖွယ်ရာ ကောက်ကြောင်းများ ထွက်ပေါ်လာကုန်လေသည်။

ပန်းရောင်တိမ်တိုက်ကြောင့်သာ မဟုတ်လျှင် သူမ၏ ကောက်ကြောင်းတို့ကို သေချာ ထင်ထင်ရှားရှား မြင်နိုင်ပေလိမ့်မည်။ ကံကောင်းစွာဖြင့် ဤနေရာတွင် သူမနှင့် ရန်ကိုင်သာ ရှိနေခဲ့သည်။ ရန်ကိုင်သည် ရှေ့မှ သွားနေပြီး တစ်ချက်ပင် နောက်သို့ လှည့်မကြည့်။

ခြေတစ်လှမ်း လှမ်းဖို့ရာ အားတော်တော် သုံးရသည်။ ထို့အတွက်ကြောင့် တိုက်ယွမ် ကိုယ်လုံးလည်း တုန်ပါ တုန်လာခဲ့လေသည်။ အနက်ရောင်ချီတို့သည်လည်း သူမ ခန္ဓာကိုယ်တစ်ဝိုက် စတင် ရစ်သိုင်းလာခဲ့သည်။

ထိုအနက်ရောင်ချီသည် သဲမီးတောက်နယ်မြေ၏ မီးအဆိပ်များ ဖြစ်သည်။ အစပိုင်းတွင် မီးအဆိပ်များကို ခုခံနိုင်သော်လည်း အတွင်းပိုင်းသို့ ရောက်လာသည်နှင့် မီးအဆိပ်များကို အပြည့်အဝ မခုခံနိုင်တော့ချေ။ ထို့ကြောင့် မီးအဆိပ်အချို့ကို သူမခန္ဓာကိုယ်ထဲ ဝင်ရောက်ခွင့် ပြုလိုက်ရသည်။ အကျိုးအဆက်အနေဖြင့် သူမ အခြေအနေမှာ ဆိုးသည်ထက် ဆိုးရွားလာခဲ့သည်။

ထို့သို့ ဖြစ်လာသည့်အခိုက် ပြန်ဆုတ်လျှင် ကောင်းမလားဟူသော အတွေးတို့ တိုက်ယွမ်၏ စိတ်ထဲ စတင် ထွက်ပေါ်လာလေသည်။ တတိယအလွှာ အနက်ပိုင်းထဲသို့ ဝင်လာမိသည်ကိုလည်း စတင် နောင်တရလာခဲ့သည်။

သို့သော်လည်း ဘာမှ ပြောမထွက်နိုင်ခဲ့ချေ။ ရန်ကိုင်နှင့် သူမတို့ တတိယအလွှာထဲ ဝင်လာသည်မှာ ဆယ်ရက်ကျော်နေခဲ့လေပြီ။ သူမဘာသာ ပြန်ဆုတ်သွားမည် ဆိုလျှင်ပင် ရန်ကိုင်မပါဘဲ လုံလုံခြုံခြုံနှင့် ပြန်ဆုတ်သွားနိုင်၊ မသွားနိုင် မသေချာချေ။ သူမအခြေအနေသည် ဆုပ်လည်းစူး၊ စားလည်းစူး အခြေအနေမျိုး ဖြစ်နေခဲ့သည်။

ထို့ကြောင့် အပူဒဏ်ကို တောင့်ခံရင်း ရှေ့ဆက်ပြီးတော့သာ သွားရလေသည်။

ရန်ကိုင်သည် တိုက်ယွမ်လောက် အခြေအနေ မဆိုးသော်ငြား သူလည်း အဆင်ပြေနေသည်တော့မ ဟုတ်။ သူ့တစ်ကိုယ်လုံး မီးဖုတ်ခံနေရသည်။ အဆက်မပြတ် တိုးဝင်လာနေသော အပူဓါတ်နှင့် မီးအဆိပ်များကြောင့် မီးလှိုင်များ၏ တိုက်ခိုက်ခြင်း ခံနေရသားဟုပင် ခံစားလာရသည်။

များပြားလှသော သူတော်စင်ချီကြောင့်သာ မဟုတ်ပါက ခဏခဏ အနားယူ အားပြန်ဖြည့်နေရပေလိမ့်မည်။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကိုအ ဆက်မပြတ် ဖြန့်ကျက်၍ သွားနေသဖြင့် တိုက်ယွမ်၏ အခြေအနေကိုလည်း သတိပြုမိသည်။ သို့သော်လည်း သူမအား သွားမကူညီခဲ့ချေ။

ဤပတ်ဝန်းကျင် အလွန်အမင်း ဆိုးရွားလှသည်မှာ မှန်သည်။ သိုသော် အသုံးချတတ်လျှင် ဤပတ်ဝန်းကျင်ကို အသုံးပြုကာ မိမိ၏ သူတော်စင်ချီအား သန့်စင်နိုင်ပေသည်။

တိုက်ယွမ်အား ကူညီပေးလိုက်ဖို့ရာ သူ့အတွက် ဘာမှ မခက်ခဲလှ။ သို့သော် သူကူညီပေးလိုက်လျှင် သူမအဖို့ ပိုမိုအားကောင်းလာနိုင်မည့် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရပေလိမ့်မည်။

အတွင်းပိုင်းသို့ ဆက်သွားနေသည်နှင့်အမျှ သူတို့၏ အရှိန်မှာ တဖြည်းဖြည်း လျော့လာခဲ့သည်။ အပူဒဏ်မှာလည်း တစနှင့်တစ ပိုမို ပြင်းထန်လာနေခဲ့သည်။

ရန်ကိုင် တဖြည်းဖြည်း စိတ်လှုပ်ရှားစ ပြုလာခဲ့သည်။ အပူချိန်သည် ပြင်းသည်ထက် ပြင်းထန်လာနေခဲ့သည်။ သို့သော် သူသည်လည်း အလွန်ကိုမှ ပူပြင်းသော ပတ်ဝန်းကျင်ကို ရှာလိုနေခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် နောက်ငါးရက်လောက်သာ ဆက်သွားမည် ဆိုလျှင် ယင်နေကြာရေစင်အား သန့်စင်နိုင်မည့် နေရာတစ်ခုကို ရှာတွေ့နိုင်မည်ဟု ရန်ကိုင် တွေးမိလိုက်သည်။

တစ်ခုတည်း‌သော ပြဿနာသည်ကား သူနှင့်အတူ လိုက်လာသော တိုက်ယွမ်နှင့် ပက်သက်၍ မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်ပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၅)

ဤမျှ အဝေးကြီးထိ လာပြီးသည့်တိုင် တိုက်ယွမ်နှင့် လမ်းခွဲလို့ရမည့် နေရာတစ်ခု ရှာမတွေ့သေးချေ။ သူမအား ဤအခြေအနေနှင့် ပစ်ထားခဲ့ဖို့ဆိုသည်မှာလည်း အတော်လေးကို ရက်စက်လွန်းရာ ကျနေသည်။

ထို့ကြောင့် သူယင်နေကြာရေစင်ကို သန့်စင်နေစဉ် အတောအတွင်း တိုက်ယွမ်အတွက် နေရာစ်တစ်ခု ရှာပေးရတော့မည့်ကိန်းပင်။ လုံခြုံသည့်နေရာတစ်ခုသာ ရှာနိုင်သရွေ့ တိုက်ယွမ် အနေဖြင့် သဲမီးတောက်နယ်မြေ ပိတ်သည်အထိ ထိုနေရာတွင် နေနိုင်ပေလိမ့်မည်။ သဲမီးတောက် နယ်မြေ ပိတ်သည့်အခါ ဤနေရာထဲရှိ လောကနိယာမများသည် သူမအား အပြင်ဘက်သို့ အလိုလို ပြန်ပို့ပေလိမ့်မည်။

ရန်ကိုင် ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပဲ သူ့နောက်ဘက်မှ တိုက်ယွမ်၏ ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခိုက် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူမအား ချက်ချင်း ပြေးသွားကူလေသည်။

တိုက်ယွမ် မီးစားကုန်ရေခမ်း ဖြစ်နေလေပြီ။ သူမတွင် အကာအကွယ် မှော်ရတနာကို အသက်သွင်းရန်အတွက် သူတော်စင်ချီ မရှိတော့။ အကာအကွယ်ချီ ပျောက်ကွယ်သွားသည်နှင့် လေထဲရှိ အပူစွမ်းအင်များ သူမကိုယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာကြလေသည်။

ရန်ကိုင်သာ နည်းနည်းလေး နောက်ကျသွားလျှင် တိုက်ယွမ် ပြာဖြစ်သွားလောက်ပေပြီ။

တိုက်ယွမ် ဆက်ပြီး မတောင့်ခံနိုင်တော့ချေ။ ရန်ကိုင် သူမအား ကူထူပေးလိုက်ပြီးနောက် မျက်တောင်လေး အနည်းငယ်ခတ်ပြီး သတိလစ်သွားလေသည်။

အားအလွန်အကျွံ သုံးလွန်းသဖြင့် ဤကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်လေသည်။

ရန်ကိုင် မဲ့ရယ်ရယ်လိုက်သည်။ တိုက်ယွမ်၏ အခြေအနေကို သူသေသေချာချာ မစစ်ဆေးမိလိုက်ချေ။ တိုက်ယွမ် တောင့်ခံနိုင်သေးသည် အထင်ဖြင့် ရှေ့ဆက်လျှောက်နေခြင်း ဖြစ်သည်။ သူမ အခြေအနေ ဤမျှ ဆိုးရွားနေမှန်း သိပါက အစောကြီးကတည်းက ကူညီပေးလိုက်ပေပြီ။

တိုက်ယွမ်၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ ပျော့ပျောင်းနူးညံ့လှသည်။ အလွန်ကိုမှလည်း ပျော့အိလှသည်။ သူမ၏ ခန္ဓာကိုယ်ဆီမှ စွဲမက်ဖွယ်ကောင်းသော သင်းရနံ့တို့ ထွက်ပေါ်နေသည်။ သတိလစ်သွားပြီ ဖြစ်သဖြင့် ပန်းရောင်တိမ်တိုက် မှော်ရတနာလည်း ပျောက်ကွယ်သွားလေပြီ။ ထို့ကြောင့် ချွေးစိုရွှဲနေသော သူမ၏ လုံးကြီးပေါက်လှ ခန္ဓာကိုယ် ထွက်ပေါ်လာခဲ့ရာ မသိလိုက် မသိဘာနှင့် ရန်ကိုင်၏ အပူချိန် ထပ်မံ မြင့်တက်လာခဲ့ရသည်။

တိုက်ယွမ်၏ မျက်နှာသည်သာ ဤကဲ့သို့ အရုပ်ဆိုးမနေလျှင် သူမသည် တိုင်းပျက်ပြည်ပျက် အလှနတ်သမီးတစ်ပါး ဖြစ်မည်မှာ မလွဲမသွေပင်။

ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး တိုက်ယွမ် ခန္ဓာကိုယ်အား သူတော်စင်ချီဖြင့် ကာကွယ်ပေးထားလိုက်ပြီး သူမအားမကာ တတိယနယ်မြေ အတွင်းပိုင်းထဲ ဆက်ဝင်သွားလေသည်။

……

တိုက်ယွမ် ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။ သို့သော်လည်း မျက်လုံး မဖွင့်ရသေးခင်မှာပဲ အံ့ဩဖွယ်ရာ မိုးမြေစွမ်းအင်များ သူမအား ဝိုင်းရံထားသည်ကို ခံစားိလိုက်သည်။ လုံးဝကို ခြောက်သွေ့သွားပြီဖြစ်သော သူမကိုယ်ထဲရှိ မိုးမြေစွမ်းအင်များသည် အတော်များများ ပြန်ပြည့်နေခဲ့လေပြီ။ ထို့အပြင် သင်းပျံ့မွှေးကြူသော ဆေးသင်းရနံ့များကိုလည်း ရနေသည်။

“ကျောက်စိမ်းခရမ်းသီး” တိုက်ယွမ် ရင်ခုန်သွားသည်။ အနံ့ကို ရလိုက်ရုံဖြင့် ထိုအနံ့ ဘယ်က လာသလဲဆိုသည်ကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။ တိုက်ယွမ်သည် အလျင်အမြန် မျက်လုံး ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။

သူမ၏ မျက်ဝန်းလှလှလေးများသည် အနီးရှိ သစ်ပင်တစ်ပင်တွင် တွယ်တက်နေသော နွယ်ပင်တစ်ပင်ပေါ်မှ တွဲချောင်းချိတ်ဆွဲနေသော စပျစ်သီးကဲ့သို့ ခရမ်းရောင် အသီးများပေါ်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့သည်။

“မမှည့်သေးဘူးပဲ…” တိုက်ယွမ် စိတ်ပျက်သွားခဲ့သည်။ ကျောက်စိမ်းခရမ်းသီးများသည် တန်ခိုးရှင်ဘုရင်အဆင့်နိမ့် အသီးများ ဖြစ်ကြသည်။ ထိုအသီးများသာ မှည့်နေပြီ ဆိုပါက ခရမ်းရောင် သန်းနေပေလိမ့်မည်။ ထိုအသီးများကို ဆေးဖော်စပ်ပြီး အသုံးပြုနိုင်သလို အသီးလိုက် ကိုက်စား၍လည်း အသုံးပြု၍ ရပေသည်။

အနီးကပ် ကြည့်လိုက်သည့်အခါ အသီးအချို့ မကြာသေးခင်ကမှ ခူးသွားခံရသည့် အရိပ်အယောင်အချို့ကို မြင်လိုက်ရလေသည်။ စဉ်းစားကြည့်လိုက်သည့်နောက် ထိုအသီးများကို ရန်ကိုင် ခူသွားခြင်းဖြစ်မှဣ်း တိုက်ယမ် သိလိုက်သည်။ ထို့နောက် သူမ မည်ကဲ့သို့ သတိလစ်သွားသည်ကိုလည်း ပြန်သတိရလိုက်သည်။

လှည့်ကြည့်လိုက်သည့်အခါ ရန်ကိုင် သူမနှင့် မလှမ်းမကမ်းတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိ၊ ရန်ကိုင် မျက်နှာကြီး မှုန်ကုတ်နေခဲ့သည်။ မျက်မှောင်ကြီးကြုတ်လျက် အတွေးနစ်နေရာ သူမ နိုးလာမှန်းကိုပင် မသတိပြုမိသည့်ပုံပင်။

“ဂျူနီမောင်လေးရန်” တိုက်ယွမ်က ဖြည်းဖြည်းချင်း ထလိုက်ပြီး လှမ်းခေါ်လိုက်သည်။

“ခင်ဗျား နိုးလာပြီလား” ရန်ကိုင်က တိုက်ယွမ်ဆီ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာထက်ရှိ အမူအရာ တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ သို့သော် အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

“ဒါဘယ်နေရာလဲ…” တိုက်ယွမ်သည် နွေဦးလေကဲ့သို့ သန့်ရှင်းလတ်ဆတ်လှသော လေကို ရှူရှိုက်ရင်း စိမ်းလန်စိုပြည်လှသော ပတ်ဝန်းကျင်ကို သေချာ ငေးမောကြည့်နေခဲ့သည်။ အဝေသို့ လှမ်းကြည့်လိုက်သည့် အခါတွင်လည်း မိုးတိမ်ယံထိတိုင် မြင့်မားလှသော နိမ့်ချည်မြည့်ချည် ဖြစ်နေသော တောင်စဉ်တောင်တန်းများကို မြင်တွေ့နေရသည်။ ထိုတိမ်တိုက်များသည် သာမန် တိမ်တိုက်များ မဟုတ်ကြ။ မိုးမြေစွမ်းအင်များ အလွန်အမင်း သိပ်သည်းလာပြီး အစိုင်အခဲ အဖြစ်သို့ ပြောင်းလဲရာမှ ဖြစ်ပေါ်လာကြသော တိမ်တိုက်များ ဖြစ်ကြပေသည်။

တိုက်ယွမ် လုံးဝကို ထိတ်လန့်တုန်လှုပ်နေသည်။ သူမ နေသည့် မြက်သွေးရောင်ဂိုဏ်းသည် အလွန်ကိုမှ လှပသော နေရာတစ်ခုဖြစ်သည်။ သို့သော် ဤနေရာနှင့် ယှဉ်လိုက်လျှင် လုံးဝကို နိမ့်ကျနေခဲ့သည်။ ဤနေရာသည် အမှန်တကယ်ကို ဂိုဏ်းထောင်လို့ ကောင်းသည့် နေရာတစ်ခု ဖြစ်ပေသည်။

ဤလောကကြီးတွင် ဤကဲ့သို့သော နေရာမျိုး အမှန်တကယ် တည်ရှိသည်လား။ တောင်တန်းများကို ကြည့်ပြီးသည့်အခါမှသာ ကောင်းကင်ပေါ်ကို တိုက်ယွမ် မော့ကြည့်မိလိုက်သည်။ ထိုအခါမှပဲ ကောင်းကင်သည် နေ၊လ၊ကြယ် မရှိသော အနီရောင် လဟာပြင်ကြီး ဖြစ်နေသေးမှန်း သိလိုက်ရသည်။

“ဘာမှ သံသယဝင်မနေနဲ့။ ကျုပ်တို့ သဲမီးတောက်နယ်မြေထဲမှာပဲ ရှိနေသေးတယ်” ရန်ကိုင်က ပြောလိုက်သည်။

တိုက်ယွမ် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုကို နားလည်သွားဟန်ဖြင့် မေးလိုက်သည် “ကျွန်မတို့ ဒုတိယအလွှာကို ပြန်ရောက်လာတာလား”

“ဒုတိယအလွှာ” ရန်ကိုင် တိုက်ယွမ်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးကာ ခေါင်းခါလျက် ပြန်ပြောလိုက်လေသည် “မဟုတ်ဘူး။ ဒါက လေးလွှာမြောက်ပဲ”

“ဘယ်လို” တိုက်ယွမ် အလန့်တကြား ထအော်လေသည် “လေးလွှာမြောက်”

“ဟုတ်တယ်။ လေးလွှာမြောက်ပဲ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“အာ…” တိုက်ယွမ် သူမပါးစပ်လေးကို အလန့်တကြား အုပ်မိလိုက်သည်။ ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးနောက် တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်လေသည် “လေးလွှာမြောက်ကြီး တကယ် ရှိနေတာပဲ…”

ရန်ကိုင်က ခေါင်းလေးစောင်းလျက် မေးလိုက်သည် “ခင်ဗျား ဒီနေရာအကြောင်း သိလား”

တိုက်ယွမ်က ခေါင်းခါလိုက်ပြီး “မသိဘူး။ ဒါပေမယ့် ထင်တော့ထင်ဖူးတယ်။ ပထမ မီးတောက်အလွှာပြီးရင် ဒုတိယ ရတနာနယ်မြေ အလွှာလာတယ်။ ပြီးတော့ တတိယ မီးတောက် အလွှာ ထပ်ရှိနေတယ်။ ဒါကြောင့် လေလွှာမြောက် ရတနာနယ်မြေ ရှိမယ်လို့ ထင်ခဲ့ဖူးတယ်။ တကယ်ကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

တိုက်ယွမ်သာ ထိုကဲ့သို့ ထင်သည်မဟုတ်။ သူလည်း ထင်ပေသည်။ သို့သော်လည်း ဤနေရာသို့ ခြေချလိုက်သည်နှင့် ရန်ကိုင် အလွန်ကိုမှ စိတ်ရှုပ်ထွေးသွားရသည်။

လေးလွှာမြောက်ကို တွေ့လိုက်ရသဖြင့် တိုက်ယွမ် ပျော်သလို သူမပျော်နိုင်။ မပျော်နိုင်သည့်အပြင် စိတ်ပင် ညစ်သွားရသည်။ အကြောင်းမှာ ဤနေရာသည် သူလိုချင်နေသည့် ပတ်ဝန်းကျင်မျိုး မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

တိုက်ယွမ် သတိလစ်သွားပြီးနောက် သူမအား မကာ ဆက်လျှောက်လာခဲ့သည်။ သူ့လိုအပ်ချက်နှင့် ကိုက်မှီသည့် ပတ်ဝန်းကျင်ကို ရှာတွေ့ခါနီးမှာပဲ၊ ရှေ့သို့ ဆက်လျှောက်လာသည့် အခိုက် ပိုမိုပူပြင်းသည့် ပတ်ဝန်းကျင်ကို မတွေ့ရဘဲ ဤနေရာသို့ ရောက်လာခဲ့သည်။

ရောက်စဉ်က ဤနေရာသို့ ရောက်လာသည်မှာလည်း မဆိုးလောက်ပါဘူးဟု တွေးလျက် ရတနာများကို စတင် ရှာဖွေသည်။ တကယ်တော့ ယင်နေကြာရေစင်ကို သန့်စင်ရန် အရမ်းကြီး လောနေစရာမှ မလိုသေးသည် မဟုတ်ပေလော။

သို့သော်လည်း မကြာမီ သူစိတ်ပျက်သွားခဲ့ရသည်။ အကြောင်းမှာ လေးလွှာမြောက်တွင် ရတနာ အလွန်ရှားပါးသေားကြောင့်ပင် ဖြစ်သည်။ ရက်ပေါင်းများစွာ ရှာဖွေနေသည့်တိုင် ခရမ်းကျောက်စိမ်း အသီးတစ်မျိုးတည်းကိုသာ တွေ့ခဲ့သည်။

ထို့ကြောင့် အလိမ်ခံလိုက်ရသည့်ဟု ခံစားရကာ ရန်ကိုင် ဒေါသထွက်လာခဲ့ရသည်။

သူလိုချင်နေသည့် ပတ်ဝန်းကျင်နှင့်လည်း မကိုက်ညီ၊ အဖိုးတန်ရတနာကလည်း မရှိသည့် နေရာမျိုးသို့ ရောက်လာခဲ့သည့် ရန်ကိုင်အဖို့၊ မည်ကဲ့သို့ ပျော်နိုင်မည်နည်း။

သို့သော် တိုက်ယွမ်နှင့် လမ်းခွဲနိုင်တော့မည့် အတွက် သူအတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ စိတ်ပိုင်းဖြတ်ပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “မိန်းကလေးတိုက်ယွမ်၊ ဒီပတ်ဝန်းကျင်ကို ကျုပ်စစ်ဆေးပြီးသွားပြီ။ ဒီနေရာမှာ ဘာမွန်းစတားသားရဲ၊ စိတ်ဝိဥာဉ်အစီအရင်မှ မရှိဘူး။ တော်တော်လေး လုံခြုံတယ်”

တိုက်ယွမ်က ခဏလောက် စဉ်းစားပြီးနောက် အသာအယာ ပြုံးလျက် ပြန်ပြောလေသည် “ဂျူနီယာမောင်လေး တစ်ယောက်တည်း လှုပ်ရှားချင်လို့လား”

“အင်း” ရန်ကိုင်က အမှန်အတိုင်းပဲ ပြောလိုက်သည်။

“အဲ့လိုကိုး…” တိုက်ယွမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ။ ငါဒီမှာနေပြီး ဆေးပင်တွေ လိုက်ရှာတော့မယ်။ ဒီနေရာက လုံခြုံမှတော့ တိုက်ယွမ် ဂျူနီယာမောင်လေးကို ဆက်ပြီး ဒုက္ခပေးမနေတော့ပါဘူး”

“အဲ့လို မပြောပါနဲ့။ ကျုပ်တို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့။ မိန်းကလေးတိုက်ယွမ် ရှာနေတာ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ပြောပြီးနောက် ထွက်သွားလေသည်။

သဲမီးတောက်နယ်မြေ ပိတ်တော့မည်မှာ ကြာတော့မည် မဟုတ်သဖြင့် အရှိန် တင်ရတော့ပေမည်။

သူထွက်သွားပြီးနောက် တိုက်ယွမ်က ရုတ်တရက် အော်ဟစ်လိုက်သည် “ဂျူနီယာမောင်လေးရန်”

“ဘာပြောချင်လို့လဲ” ရန်ကိုင်က ပြန်လှည့်မေးသည်။

တိုက်ယွမ်က သူမ၏ နှုတ်ခမ်းလေးကို တစ်ချက် ကိုက်လိုက်ပြီးနောက် ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်လေသည် “နောက်ပိုင်းကျရင် ဂျူနီယာမောင်လေးရန်ဆီ လာပြီး သေချာ ကျေးဇူးတင်စကား ပြောချင်လို့၊ ဂျူနီယာမောင်လေးရန် ကျွန်မကို ကြိုဆိုမယ်မလား”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ သူ့အမူအရာ ပြေလျော့သွားပြီး ခေါင်းညိတ်လိုက်လေသည် “ကျုပ်နေတဲ့နေရာကို ဝေကုချန်းကို မေးကြည့်လိုက်၊ သူသိတယ်”

“ကောင်းပြီ” ရန်ကိုင် သဘောတူသည်ကို မြင်သော် တိုက်ယွမ် ပြုံးလိုက်လေသည်။

“ဟုတ်သားပဲ” ရန်ကိုင် ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်နှယ် ထပ်ပေါင်း ပြောလိုက်သည် “အခြားဂိုဏ်းက တပည့်တွေ ထွက်သွားပြီဆိုတော့ ဘယ်သူမှ ဒီနေရာကို မလာလောက်တော့ဘူး။ ဒါပေမယ့် ဟိုကြယ်ဧကရာဇ်ဂိုဏ်းက ကောင်ကိုတော့ ခင်ဗျား သတိထားသင့်တယ်။ သူလည်း ဒီနေရာဆီ လာလောက်တယ်”

“အဲ့လူလား…” မျက်နှာ မာမာထန်ထန်နှင့် လူကြီးကို တိုက်ယွမ် ပြန်စဉ်းစားမိလိုက်သည်။ ထို့နောက် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “အဲ့လူဆိုရင်တော့ ကိစ္စမရှိဘူး။ ကြယ်ဧကရာဇ်ဂိုဏ်းက လူတွေက သူတို့ဘက်ကစပြီး အခြားသူတွေကို ပြဿနာရှာလေ့ မရှိဘူး။ ကျွန်မသာ သူ့ကို သွားမနှောင့်ယှတ်သရွေ့ သူကျွန်မကို ဘာမှ လုပ်မှာ မဟုတ်ဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ချေ။ ထို့နောက် သူ့ပုံရိပ်သည် တိုက်ယွမ်၏ ရှေ့မှ တောင်စဉ်တောင်တန်းများကြားဆီ တိုးဝင် ပျောက်ကွယ်သွားလေသည်။

“ဘာလို့ အထဲဆက်သွားချင်နေတာလဲ မသိဘူး” တိုက်ယွမ်သည် ရန်ကိုင် ပျောက်သွားသည်အထိ စောင့်ပြီးမှ သူမဘာသာသူမ ရေရွတ်လိုက်သည် “ကြည့်ရတနာ ဂျူနီယာမောင်လေးရန် ကျင့်နေတဲ့ ကျင့်စဉ်က တော်တော်လေး ထူးခြားတဲ့ပုံပဲ”

ရန်ကိုင် ငါးလွှာမြောက်များ ရှိလေမလားဆိုပြီး သွားကြည့်ချင်နေမှန်း တိုက်ယွမ် သတိထားမိပေသည်။ တတိယအလွှာသည် သူ့လိုအပ်ချက်နှင့် မပြည့်မှီသည့် အတွက်ကြောင့် ငါးလွှာမြောက်ဆီ ဆက်သွားဖို့သာ ရှိတော့သည်။

ထိုနေရာတွင် ရပ်စဉ်းစားနေပြီးနောက် တိုက်ယွမ် ခါးသက်သက် ပြုံးမိလိုက်သည်။

သူမသည် အတော်လေးကို ပါရမီပါသည့် မိန်းကလေးဖြစ်ကာ ချူချန်ဖုန်း၊ ဖန်ထျန်းဇုန်၊ အခြားလူငယ် တက်သစ်စ ကြယ်ပွင့်များနှင့်ပင်လျှင် ယှဉ်နိုင်သည်။ သူမခွန်အားသည် သာမန် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ထက် အမျာကြီး ပိုမြင့်ပေသည်။ သို့သော် ရန်ကိုင်နှင့် ယှဉ်လိုက်လျှင် သူမသည် ရေတွင်းထဲမှ ဖားသူငယ်သာ ဖြစ်ကြောင်း သိလိုက်ရသည်။

ဤကျယ်ပြောလှသော လောကကြီးထဲတွင် ပါရမီရှင်များ မရှားချေ။

ကြယ်ဧကရာဇ်ဂိုဏ်းမှ လူလည်း ရှိပေသေးသည်။ ဖယောင်နီသီး ယှဉ်လုကြသည့် တိုက်ပွဲတွင် ကြယ်ဧကရာဇ်ဂိုဏ်းမှလူ ပြသသွားသည့် ခွန်အားကြောင့် တိုက်ယွမ် ထိတ်လန့်မိသည်။ ရန်ကိုင်နှင့် ကြယ်ဧကရာဇ်ဂိုဏ်းမှတပည့်တို့ ယှဉ်တိုက်ကြလျှင် မည်သူ အနိုင်ရမလဲဟုလည်း တိုက်ယွမ် ဆက်စပ်တွေးမိလိုက်သည်။

All Chapters