← Chapters

အခန်း (၁၂၄၁-၁၂၄၅)

Vol. 50 Ch. 1241-1245

အခန်း (၁၂၄၁-၁၂၄၅)

Vol. 50 Ch. 1241-1245

အပိုင်း (၁၂၄၁)

ရန်ကိုင် လှုပ်မရ ဖြစ်နေသည်ကို မြင်သော် မီးငှက် တစ်ဖန်ပြန်လည် မော်ကြွားလာပြန်သည်။ အထင်တသေး အမူအရာဖြင့် ပါးစပ်ကိုငှကာ ရန်ကိုင်ဆီ မီးတောက် ဓါးသွား တစ်စင်း ပစ်လွှတ်လိုက်လေသည်။

ခရက်… ခရက်…

ရန်ကိုင် ဖန်တီးထားသည့် ကောင်းကင်ဒိုင်းကာ အခုတစ်ရာစလုံး ပျက်စီးသွားခဲ့သည်။ ခရမ်းရောင်ဒိုင်းကာပင်လျှင် မီးတောက်ဓါးသွားအား ခဏတာမျှသာ တားဆီးထားနိုင်ခဲ့သည်။ အပြည့်အဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ ခရမ်းရောင်ဒိုင်းကို ဖြတ်ကျော်ပြီးနောက် မီးတောက် ဓါးသွားသည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာခဲ့သည်။

ထိုစဉ် မည်းနက်နေသော ဓါးသွားကဲ့သို့သော တိုက်ခိုက်မှုတစ်ခု ရန်ကိုင်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအရာဆီမှ မည်သည့် စွမ်းအင်လှိုင်းမှ ဖြာထွက်နေခြင်း မရှိခဲ့။ ကောင်းကင်စိတ်အာရုံဖြင့်လည်း ထိုအရာကို အာရုံခံရန် မဖြစ်နိုင်ချေ။

လေဟာနယ်ဓါးသွား…

စိတ်စွမ်းအင်နှင့် သူတော်စင်ချီကို အသုံးမပြုဘဲနှင့် ပန်းပဲမီးဖိုအား အသုံးပြုနိုင်သော မှော်ရတနာစိတ်ဝိဥာဉ်ကို မည်သို့မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်မှန်း ရန်ကိုင် နားလည်ထားသည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် အစကတည်းကပင် ရင်ဆိုင်ရ ခက်လှသည်။ ယခု ပန်းပဲမီးဖိုကိုပါ အသုံးပြုနေသဖြင့် ပို၍ ရင်ဆိုင်ရ ခက်သွားပေသည်။

ထို့ကြောင့် ရန်ကိုင်လည်း သူ့ဝှက်ဖဲကို ထုတ်သုံးရတော့သည်။

လေဟာနယ်ဓါးသွားအပေါ်တွင် ရန်ကိုင် အတော်လေး ယုံကြည်ချက်ရှိသည်။ မှော်ရတနာ စိတ်ဝိဥာဉ်၏ နည်းလမ်းများသည် အလွန်ကိုမှ ထူးခြားပြီး ၎င်းသည် မီးဓါတ်အား အသုံးပြုရာတွင် ကျွမ်းကျင်သော်လည်း လေဟာနယ်စွမ်းအားသည် အလွန်ကိုမှ အားကောင်းလှပြီး မြင်ရခဲလှသည့် စွမ်းအားတစ်မျိုး ဖြစ်သည်။ လေဟာနယ်စွမ်းအားကို ရန်ကိုင် နက်နက်နဲနဲ နားလည်ထားခြင်း မရှိသေးသော်လည်း သူနားလည်ထားသလောက်ကို မှော်ရတနာစိတ်ဝိဥာဉ်နှင့် တိုက်ခိုက်ရာတွင် အသုံးပြုရန် ပြဿနာ မရှိချေ။

လေဟာနယ်ဓါးသွားနှင့် မီးတောက်ဓါးသွားတို့ ထိပ်တိုက်တွေ့သွားသည်နှင့် ဓါးသွားသည် မီးတောက်အရှိန်အဝါကြောင့် စတင် မတည်မငြိမ် ဖြစ်လာခဲ့သည်။ ထို့နောက် တွန့်လိမ်လာပြီး မကြာမီ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ပျောက်ကွယ်သွားခဲ့သော်လည်း မီးတောက်ဓါးသွားကိုပါ ၎င်းနှင့်အတူ တစ်ပါးတည်း ခေါ်သွားလိုက်နိုင်သည်။

ရန်ကိုင် သေခြင်းတရားမှ ကပ်သီလေး လွတ်သွားခဲ့သည်။

မှော်ရတနာစိတ်ဝိဥာဉ် ထပ်မံ တိုက်ခိုက်လာမည်ကိုပင် မစောင့်တော့ဘဲ လေဟာနယ်ဓါးသွား တစ်စင်းကို ပစ်လွှတ်ပြီးသည်နှင့် နောက်ထပ် လေဟာနယ်ဓါးသွားများစွာကို တစ်ချိန်တည်း ထပ်မံ ထုတ်ဖော်လိုက်သည်။ တစ်ဝက်သည် မှော်ရတနာစိတ်ဝိဥာဉ်ဆီသို့ တိုးဝင်သွားပြီး ကျန်တစ်ဝက်သည် သူ့ကိုယ်ပတ်လည်တွင် လည်ပတ်လျက် သူ့အား လှုပ်မရအောင် ချုပ်နှောင်ထားသော အတားအဆီးများကို စတင် ဖြတ်တောက်တော့သည်။ ဤနည်းဖြင့် ရန်ကိုင် ပြန်၍ လှုပ်ရှားလာနိုင်ခဲ့လေသည်။

သူတော်စင်ချီကို ပြန်အသုံးပြုနိုင်သည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်အား ပိတ်ဆို့ထားသော အရံအတားဆီ လေဟာနယ်ဓါးသွားတစ်စင်း ပစ်လွှတ်လိုက်သည်။ အရံအတားကို ဖျက်စီးပြီးသည်နှင့် တစ်ပြိုင်နက် မီတာထောင်ပေါင်းများစွာ ရှည်လျားသော လိုဏ်ခေါင်းထဲသို့ ပြေးထွက်သွားလေသည်။ နောက်ဘက်တွင်မူကား မီးငှက်၏ ဒေါသတကြီး အော်ဟစ်သံတို့ မြည်ဟည်းကျန်ရစ်နေခဲ့သည်။

မီးငှက်သည် လေဟာနယ်ဓါးသွားများနှင့် အလုပ်ရှုပ်နေသည့်အတွက် ရန်ကိုင် ထွက်ပြေးရန် ကြိုးစားသည်ကို မတားလိုက်နိုင်ချေ။

လေဟာနယ်ဓါးသွားဖြင့် မီးငှက်ကို သတ်နိုင်လိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားချေ။ မီးငှက်၏ မီးစွမ်းအားသည် အလွန်ကိုမှ သန့်စင်ပြီး သိပ်သည်းလှသည်။ ထိုမျှသာမကသေး မီးငှက်သည် မီးစွမ်းအင်သုံး ပညာရပ်များကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သည်။ ထို့ကြောင့် လေဟာနယ်ဓါသွားကို သုံးပြီး ကျောက်တုံးခန်းထဲမှ ထွက်ပြေးလာနိုင်ရုံနှင့်ပင် ရန်ကိုင် ကျေနပ်နေလေပြီ။

လောလောဆယ်အနေဖြင့် မြေအဆုတ်မီးတောက်ကန်ထဲမှ မြန်မြန် ထွက်ပြီး ယင်နေကြာရေစင်အား သွားသန့်စင်ရပေမည်။ သူ့ခွန်အား တိုးတက်လာသည့် အခါမှသာ ထိုငှက်စုတ်နှင့် အကြွေးလာရှင်းရမည်။ အချိန်ရှိသေးလျှင်ပေါ့…

သို့သော်လည်း မီးငှက်သည် ရန်ကိုင်၏ လေဟာနယ်ဓါးသွားများကို အချိန်တိုအတွင်း ဖျက်စီးပစ်လိုက်နိုင်ခဲ့သည်။ ပြီးသည်နှင့် ရန်ကိုင်နောက်သို့ ချက်ချင်း ပြေးလိုက်တော့လေသည်။ မီးငှက် ရန်ကိုင်နောက်သို့ ပြေးလိုက်သည့် အချိန်တွင် ရန်ကိုင်သည် လိုဏ်ဂူဆီမှ မီတာ တစ်ထောင်အကွာသို့ပင် မရောက်သေးချေ။ ရန်ကိုင်လည်း အရှိန်ကုန်တင်၍ ပြေးပေသည်။ သို့သော်လည်း နောက်ပြန်လှည့်ကြည့်လိုက်သည့်အခိုက် သူ့မျက်နှာ သွေးဆုတ် ဖြူလျော်သွားရသည်။

မီးငှက်သည် မီးဘောလုံးတစ်လုံး အသွင်သို့ပြောင်းကာ သူ့နောက်သို့ လိုက်လာနေခဲ့သည်။ မီးငှက်ဆီမှ ထွက်ပေါ်နေသော အပူချိန်ကြောင့် လိုဏ်ခေါင်းတစ်ခုလုံး ပူတက်လာခဲ့သည်။

ရန်ကိုင်လည်း အရှိန်ထပ်တင်သည်။ သို့သော်လည်း မီးငှက်၏ အမြန်နှုန်းကို မကျော်လွန်နိုင်ခဲ့။ မြေအဆုတ်မီးတောက်ကန်၏ အပေါက်ဝနှင့် သူတဖြည်းဖြည်း နီးလာနေပြီ။ သို့သော်လည်း သူနှင့် မီးငှက်ကြားမှ အကွာအဝေးသည် အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ကျဉ်းမြောင်းလာနေခဲ့သည်။ ရန်ကိုင်လည်း မထူးတော့မည့်အဆုံး ပြန်လည် တိုက်ခိုက်တော့မည်အပြု၊ သူ့နောက်ဘက်ဆီမှ ထူးဆန်းသော အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအော်သံထဲ မလိုလားမှု၊ ဒေါသတရားတို့ ပါဝင်နေသည်။ တစ်ချိန်တည်းတွင် လိုဏ်ခေါင်း တစ်ခုလုံး ပြည့်နေသော မီးငှက်၏ အရှိန်အဝါမှာလည်း ဒီရေကျသည့်နှယ် အလျင်အမြန် လျော့ပါး ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင် အံ့အားသင့်သွားပြီး‌ နောက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရလေသည်။ ငေးကြောင်ကြောင်ဖြင့် ထိုမြင်ကွင်းကို ရပ်ပြီး စိုက်ကြည့်နေမိလိုက်သည်။

ရန်ကိုင်နှင့် မီတာတစ်ရာအကွာတွင်၊ မီးငှက်ရှိနေခဲ့သည်။ သို့သော် လက်ရှိတွင် မီးငှက် တစ်ကိုယ်လုံးကို စွမ်းအင်ချိန်းကြိုးများက ရစ်ပတ်ထားခဲ့သည်။ မီးငှက် ရုန်းလေရုန်းလေ စွမ်းအင် ချိန်းကြိုးများသည် ၎င်း၏ ပို၍ တင်းတင်းကြပ်ကြပ် ချုပ်နှောင်လာလေပင်။

မီးငှက်သည် အကြိမ် အနည်းငယ်လောက်သာ ထပ်အော်လိုက်နိုင်ပြီး ချိန်းကြိုးများသည် ၎င်း၏ ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

မီးငှက် မျက်ဝန်းထဲရှိ လက်သင့်မခံနိုင်မှုတို့သည် ပိုပို၍ ပြင်းထန်လာခဲ့သည်။ သို့သော် ချိန်းကြိုးများ ၎င်း၏ ကိုယ်ထဲသို့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မီးငှက် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့ပြီး လိုဏ်ခေါင်းတစ်ခုလုံး ပြည့်နေသော အနီရောင်အလင်းတို့သည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ပျက်စီးသွားတာလား ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း ခဏလောက် စဉ်းစားပြီးနောက် ထိုကဲ့သို့ မဖြစ်နိုင်ဘူးဟု တွေးကာ ကျောက်တုံးခန်းကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည်လေသည်။

ဟုတ်ပေသည်။ မီးငှက် ပျက်စီးသွားခြင်းမဟုတ်။ ယခင်က လေထဲတွင် ဝဲနေခဲ့သော ပန်းပဲမီုးဖိုသည် ယခုအချိန်တွင် အခန်းအလယ်ရှိ ကြမ်းပြင်ပေါ်သို့ ပြန်ရောက်နေလေပြီ။ မီးဖိုပေါ်တွင် မီးငှက်ရုပ် ရှိနေသေးသည်။ သို့သော်လည်း ယခင်ကကဲ့သို့ ငြိမ်မနေတော့ဘဲ မီးဖိုမှ ရုန်းထွက်ရန် ကြိုးစားနေသည့်အလား မီးဖိုပေါ်တွင် အဆက်မပြတ် ကူးခတ်နေခဲ့သည်။

ရန်ကိုင် စိတ်သက်သာရာ ရသွားပြီး သွားပေါ်အောင် ပြုံးဖြီးလိုက်သည်။

မီးငှက်သည် ပန်းပဲမီးဖိုဆီမှ အဝေးကြီး မသွားနိုင်သည့်ပုံပင်။ ဟုတ်လည်း ဟုတ်ပေသည်။ မီးငှက်သည် ပန်းပဲမီးဖို၏ မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်လေရာ ပန်းပဲမီးဖိုရှိရာဆီမှ မည်ကဲ့သို့ အဝေးကြီး သွားနိုင်မည်နည်း။

မီးငှက် သူ့နောက် မလိုက်နိုင်တော့မှန်း သိလိုက်ပြီးနောက် သူ့နဖူးထက်မှ ချွေးသီးများကို သုတ်ချလိုက်သည်။

ယခုတိုက်ပွဲသည် ရန်ကိုင် ရင်ဆိုင်ခဲ့ရသည့် တိုက်များထဲမှ အန္တရာယ်အများဆုံး တိုက်ပွဲများထဲ တစ်ခုအပါအဝင် ဖြစ်သည်။ ရှဲ့ဟုန်ဝမ် ခေါ်လာသည့် တန်ခိုးရှင်အဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရစင်ကပင် ယခုကဲ့သို့ ခွေးပြေးဝက်ပြေးဘဝသို့ မရောက်ခဲ့ချေ။ ထိုတန်ခိုးရှင်အဆင့် ပညာရှင်များကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။ တကယ်တော့ ထိုစဉ်က သူ့တွင် ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင် အကူအညီ ရှိနေခဲ့သည် မဟုတ်ပေလော။

သို့သော်လည်း ယခုအကြိမ်တွင် မီးငှက်နှင့် ကျောက်တုံးခန်းထဲတွင် တိုက်ခိုက်ရခြင်း ဖြစ်သည်။ ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးမှအပ သူ့တွင်ရှိသော ဝှက်ဖဲအားလုံးကို အသုံးပြုခဲ့သည်။ သို့တိုင် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။

ထိုမှော်ရတနာဝိဥာဉ်ဆီမှ ကံကောင်း၍သာ အသက်နှင့်ကိုယ် အိုးစားမကွဲဘဲ ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့နေရာတွင် အခြားသူတော်စင်ဘုရင်အဆင့် တစ်ယောက်သာ ဆိုပါက ကျောက်တုံးခန်းထဲတွင်ပင် ပွဲချင်းပြီး သေသွားလောက်ပေပြီ။

ရန်ကိုင်သည် လိုဏ်ခေါင်းထဲတွင်ရပ်လျက် အတော်ကြာအောင် စဉ်းစားနေခဲ့သည်။ မီးငှက် သူ့နောက် မလိုက်နိုင်တော့မှန်း သိလိုက်ပြီ ဖြစ်သဖြင့် မီးငှက်ကို စိုးရိမ်နေစရာ မလိုတော့ချေ။ ထို့ကြောင့် မြေအဆုတ်မီးတောက်ကန်ထဲမှ ထွက်သွားစရာ မလိုတော့ချေ။ ငါးလွှာမြောက်သည် ယင်နေကြာရေစင်ကို သန့်စင်ရန် နေရာကောင်းတစ်ခု ဖြစ်သော်လည်း ဤနေရာနှင့် လုံးဝ မယှဉ်နိုင်ချေ။

သို့သော်လည်း မီးငှက်ရှိနေသည့် ကျောက်တုံးခန်းကို အသုံးမပြုနိုင်သဖြင့် အခြား ကျောက်တုံးခန်းများကိုသာ သွားကံစမ်းရပေတော့မည်။

အခြားကျောက်တုံးခန်းထဲတွင်လည်း နောက်ထပ် မှော်ရတနာစိတ်ဝိဥာဉ်တစ်ခု ရှိနေလိမ့်မည်ဟု ရန်ကိုင် မယုံပါချေ။ အစောပိုင်းက မီးငှက် မွေးဖွားလာနိုင်ခဲ့သည်မှာ အလွန် ကံကောင်း၍ ဖြစ်သည်။ ဒုတိယ မှော်ရတနာစိတ်ဝိဥာဉ်တစ်ခု ထပ်ရှိနေရန် လုံးဝ မဖြစ်နိုင်ချေ။

ဒုတိယ မှော်ရတနာစိတ်ဝိဥာဉ် ထပ်ရှိနေမည်ဆိုပါလျှင်မူ ထိုကျောက်တုံးခန်း နှစ်ခန်းကို လက်လျှော့ပြီး အပေါ်ဘက်တွင် ရှိနေသော အခြားကျောက်တုံးခန်းများကိုသာ အသုံးပြုရပေလိမ့်မည်။

ထိုစဉ်းစားပြီးနောက် ဒုတိယကျောက်တုံးခန်းဆီသို့ ရန်ကိုင် လျှောက်သွားလိုက်သည်။

ယခင်လမ်းအတိုင်း ဤကျောက်တုံးခန်းတွင်ရှိ လိုဏ်ခေါင်းသည်လည်း မီတာ ထောင်နှင့်ချီ ရှည်လျားနေခဲ့သည်။

ဤအခန်းထဲတွင် ဒုတိယမှော်ရတနာစိတ်ဝိဥာဉ် ရှိနေလိမ့်မည်ဟု မထင်သော်လည်း မဆင်မခြင် ဝင်မသွားရဲချေ။ ကျောက်တုံးခန်း၏ ဝင်ပေါက်ကို စိုက်ကြည့်နေရင်း ကောင်းကင် စိတ်အာရုံဖြင့် အတွင်းပိုင်းကို အရင် စစ်ဆေးကြည့်လိုက်သည်။ အခန်းအလယ်ဗဟိုတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖို ပျက်စီးနေကြောင်း တွေ့ရှိလိုက်ရသည့် အခါမှသာ သက်ပြင်းချလိုက်နိုင်လေသည်။

ဤအခန်းထဲရှိ ပန်းပဲမီးဖိုသည် ပျက်စီးနေပြီဖြစ်သဖြင့် ၎င်းတွင် မှော်ရတနာစိတ်ဝိဥာဉ် ရှိနေစရာ အကြောင်း မရှိတော့ချေ။

အခန်းထောင့် တစ်နေရာတွင် စုပြုံနေသော ပစ္စည်းပုံကြီးတစ်ခုကို မြင်လိုက်သည့်နောက် ရန်ကိုင်၏ အကြည့် တောက်ပသွားခဲ့ပြီး ထိုပစ္စည်းများကို ချက်ချင်း ပြေးကောက်လေသည်။ မုန်တိုင်းပြီးလျှင် လေပြေလာသလို အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရပြီးနောက် ရွှေတွင်းထဲ သူခုန်ဆင်းမိခဲ့လေပြီ။

ဤအခန်းထဲတွင် ပန်းပဲထုသည့် ကုန်ကြမ်းပစ္စည်းများစွာ ရှိနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ထိုပစ္စည်းများသည် အတော့်ကိုမှ အဆင့်မြင့်ကြပြီး အဆင့်အနိမ့်ဆုံးသည် တန်ခိုးရှင်အဆင့် ဖြစ်ကာ အများစုသည် တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြသည်။ ထိုနေရာတွင် ပစ္စည်းများစွာ ရှိနေသော်လည်း အချို့မှာ ပျက်စီးနေခဲ့လေပြီ။

ရန်ကိုင်သည် အသုံးဝင်သေးသည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ကျေကျေနပ်နပ်ဖြင့် ပြုံးလျက် ကျောက်တုံးခန်ကို သေချာ စတင် စစ်ဆေးတော့လေသည်။

ဤအခန်း အပြင်အဆင်သည် ယခင်အခန်းနှင့် တော်တော်လေး တူသည်။ အခန်း အလယ်ဗဟိုတွင် မီတာများစွာ မြင့်မားသည့် ပန်းပဲမီးဖိုတစ်လုံး ရှိနေပြီး ပတ်ပတ်လည်တွင် အဖြူရောင်အလင်းလုံးလေးများ ရှိနေခဲ့သည်။ သို့သော်လည်း ဤအခန်းထဲတွင် အလင်းလုံး ရှစ်လုံးရှိမနေဘဲ လေးလုံးသာ ရှိနေခဲ့သည်။ ကြည့်ရသည်မှာ ဤအခန်းပိုင်ရှင်သည် အစောပိုင်းက အခန်းပိုင်ရှင်လောက် အဆင့် မမြင့်သည့်ပုံပင်။

ရန်ကိုင်သည် ထိုအကြောင်းကို အချိန်ကုန်ခံ စဉ်းစားမနေဘဲ ကျောက်တုံးစားပွဲ လေးလုံးဆီ အမြန်လျှောက်သွားလိုက်ကာ အခန်းထဲရှိ အစီအရင်ကို ပိတ်ချလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ပျက်စီးနေသော ပန်းပဲမီးဖို အပူချိန်လျော့သွားခဲ့သည်။ မီးဖို အပူချိန် လျော့သွားသည်နှင့် ရန်ကိုင်သည် ထိုမီးဖိုကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်လေသည်။

ပန်းပဲမီးဖို ပျက်စီးနေပြီ ဖြစ်သော်လည်း ၎င်းသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ တစ်ခု ဖြစ်သည်။ သူသာ ထိုမီးဖိုကို ယန်ယန်ဆီ ပြန်ယူသွားလျှင် ယန်ယန် ထိုမီးဖိုကို ပြန်ပြင်ပြီး သုံးကောင်းသုံးနိုင်ပေလိမ့်မည်။ ပြန်မပြင်လျှင် သူအရမ်းကြီး အားစိုက်လိုက်ရသည်မှ မဟုတ်ပေလော။

ရန်ကိုင်သည် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုများကိုလည်း သိမ်းဆည်းခဲ့သည်။

ပန်းပဲမီးဖိုကို သိမ်းလိုက်သည့်နောက် အခန်းအလယ်တွင် နေရာလပ်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုနေရာလပ်လေးတွင် အစီအရင်တစ်မျိုး ရှိနေခဲ့သည်။ ထိုအစီအရင်သည် သေးသာသေးသော်လည်း အလွန်ကိုမှ ရှုပ်ထွေးပေသည်။ ရန်ကိုင်သည် အစီအရင်ပိုင်းတွင် မကျွမ်းကျင်သော်လည်း ကျောက်တုံးခန်းပေါင်းများစွာထဲရှိ အစီအရင်များကို ပိတ်လာပြီးနောက် ထိုအစီအရင်များအကြောင်း အတော်လေး နားလည်နေခဲ့လေပြီ။

ကျောက်တုံးစားပွဲများသည် အစီအရင်များအား အပိတ်အဖွင့် လုပ်လိုက်သည့်အပြင် အဖွင့်အပိတ် လုပ်လိုက်သည့် ကျောက်တုံးစားပွဲ အရေအတွက်ပေါ် မူတည်၍ အစီအရင်၏ စွမ်းအားကို အတိုး၊ အလျှော့ လုပ်နိုင်ပေသည်။

တစ်နည်းဆိုရသော် ကျောက်တုံးစားပွဲ လေးလုံးစလုံးကို အသက်သွင်းလိုက်ခြင်းသည် ကျောက်တုံးစားပွဲ တစ်လုံးကို အသက်သွင်းလိုက်ခြင်းနှင့် မတူညီချေ။ အတော်လေးကြာအောင် အချိန်များကို ဖြုန်းတီးမိလိုက်ပြီးနောက် ရန်ကိုင် ဆက်ပြီး အချိန်မဖြုန်းချင်တော့ချေ။ ထို့ကြောင့် ပန်းပဲမီးဖို ယခင်ရှိနေသည့် နေရာဆီ အလျင်အမြန် လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၄၂)

ရန်ကိုင်သည် လိုဏ်ဂူထဲမှ ထွက်လာပြီးပြီးချင်း ယင်နေကြာရေစင်ကို ချက်ချင်း မသန့်စင်ခဲ့ချေ။ စိမ်ငြိမ်သွားအောင် အရင် တရားထိုင်လိုက်သည်။ တစ်နေကုန် တရားထိုင်ပြီး စိတ်ငြိမ်သွားလောက်ပြီဆိုမှ ဆေးပုလင်းများ ရှားပါးဆေးပင်များကို ထုတ်ယူလိုက်သည်။

ထိုအရာများသည် ယင်နေကြာရေစင်ကို သန့်စင်ရာတွင် လိုအပ်သော အကူပစ္စည်းများ ဖြစ်ပေသည်။ ဇုန်းအောင်နှင့် မိုးရေစင်ကြယ်ပေါ်တွင် ရှိစဉ်က ဇုန်းအောင်သည် သူ့အား ထိုအကြောင်းကို ပြောပြထားခဲ့သဖြင့် ရန်ကိုင်လည်း ထိုစဉ်ကတည်းက လိုအပ်မည့် အရာများကို ကြိုတင် စုဆောင်းထားနိုင်ခဲ့သည်။

တကယ်တော့ ထိုပစ္စည်းများသည် ရှားပါးပြီး အဖိုးတန်ကြသော်လည်း လွင့်မျောတိုက်ကြီးပေါ်သို့ ရောက်သွားစဉ်က အဖိုးတန်ဆေးပင်များစွာကို ရခဲ့သည်က တစ်ကြောင်း၊ မိုးရေစင်ကြယ် ကုန်သွယ်ရေးအဖွဲ့အစည်းအခွဲ၏ ရတနာဂိုဒေါင်ကို ဝင်မွှေစဉ်က လိုအပ်မည့် ဆေးပင်များကို ရှာခဲ့သည်က တစ်ကြောင်းတို့ကြောင့် ထိုဆေးပင်များကို ရှာဖို့ရာ ရန်ကိုင်အတွက် အရမ်းကြီး မခက်ခဲခဲ့ချေ။

တန်ခိုးရှင်အဆင့်သို့ ရောက်ပြီးမှသာ ယင်နေကြာရေစင်ကို သန့်စင်သင့်သည်ဟု ဇုန်းအောင်က သူ့အား ပြောခဲ့သည်။ သို့မှသာလျှင် ယင်နေကြာရေစင်ကို သန့်စင်ရင်း ခံစားရသည့် နာကျင်မှုကိုဒဏ်ကို တောင့်ခံနိုင်ပေလိမ့်မည်။

ရန်ကိုင်သည် သူတော်စင်ဘုရင်အဆင့်ဖြင့် ယင်နေကြာရေစင်ကို သန့်စင်ရန် ရွေးချယ်လိုက်ရခြင်းမှာ သူ့ကိုယ်ပိုင် ယုံကြည်ချက်ကြောင့် ဖြစ်သည်။

ခန္ဓာကိုယ်ချင်းယှဉ်ယှဉ်၊ စိတ်စွမ်းအင်ချင်းယှဉ်ယှဉ်၊ သူတော်စင်ချီချင်း ယှဉ်ယှဉ်၊ မည်သည့်ဘက်ကပဲ ယှဉ်ယှဉ် တန်ခိုးရှင်အဆင့်တစ်ယောက်အောက် သူမနိမ့်ကျဟု ထင်သည်။ တန်ခိုးရှင်အဆင့်များနှင့် မယှဉ်နိုင်သည့် တစ်ခုတည်းသော အချက်သည်ဆို၍ ရှီအား နားမလည်သေးခြင်း။ ထို့အပြင် ရန်ကိုင်သည် အလွန်ကို ဇွဲကောင်းသည်။ မဟုတ်လျှင် မဟာနတ်ဆိုးနတ်ဘုရား၏ အသိအမှတ်ပြုမှုကို ရရှိခဲ့လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ့ကျင့်ကြံခြင်း နိမ့်နေသည်ကို ရန်ကိုင် စိတ်မပူခြင်းပင်။ သူတွေးနေသည်ကား ယင်နေကြာရေစင်ကို မည်ကဲ့သို့ သန့်စင်လျှင် အကျိုးအမြတ် အများဆုံး ရနိုင်မလဲ ဆိုသည်ကိုပင်။

ထိုအရာသည် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းကို မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိဘဲ တိုးတက်အောင် လုပ်ပေးနိုင်သည်ဟု ဇုန်းအောင် ပြောခဲ့သည်။ သူ့လက်ရှိ သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံခြင်းသည် အလွန်နိမ့်ကျနေသည်ဟု ရန်ကိုင် ခံစားမိနေသည်။ သူကျင့်ကြံခြင်းကို မြန်မြန် မြှင့်တင်နိုင်လေ သူ့လုံခြုံရေး ပိုစိတ်ချရလေပင်။

သူ့အုတ်မြစ်၊ စိတ်အခြေအနေ ထိခိုက်သွားမည်ကို မစိုးရိမ်သလို ထိုးထွင်းနားမလည်မှု မလုံလောက်မည်ကိုလည်း ရန်ကိုင် စိတ်မပူချေ။

သူ့ခန္ဓာကိုယ်သည် ထူးထူးခြားခြားကို အားကောင်းလှသည်။ ထို့ကြောင့် သူ့ကျင့်ကြံခြင်း တစ်ဟုန်ထိုး မြင့်တက်သွားလျှင်ပင် သူ့အား မည်သည့် အန္တရာယ်မှ ဖြစ်စေလိမ့်မည် မဟုတ်သလို သူ့အုတ်မြစ်ကိုလည်း ထိခိုက်စေလိမ့်မည် မဟုတ်ချေ။ သူ့စိတ်ခွန်အားမှာလည်း အတော်လေးကိုမှ အားကောင်းသလို တည်ငြိမ်လှသည်။ သေဆုံးသွားသော ကျင့်ကြံသူများစွာ၏ နာမ်ဝိဥာဉ်များကို စုပ်ယူပြီးသည့်နောက် ရန်ကိုင်၏ စိတ်အခြေအနေသည် သူတော်စင်ဘုရင်အဆင့်တစ်ယောက် ရှိသင့်သည့် စိတ်အခြေအနေကို ကျော်လွန်သွားခဲ့လေပြီ။ ထိုနည်းတူစွာ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူ၏ နားလည်မှုသည် အဆင့်တူ ကျင့်ကြံသူများထက် ပိုမို သာလွန်ပေသည်။

ယခု အကုန်လုံး ပြင်ဆင်ပြီးသွားပြီ ဖြစ်သဖြင့် ရန်ကိုင် ဆက်ပြီး အချိန်မဖြုန်းချင်တော့။

လိုအပ်မည့် ပစ္စည်းအမယ်အားလုံးကို သေချာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း တကယ် မစသေးခင် မေ့ကျန်ပစ္စည်းရှိမရှိ နောက်ဆုံးတစ်ကြိမ် စစ်ဆေးကြည့်လိုက်လေသည်။ အကုန်လုံး အဆင့်သင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ အသာအယာ ခေါင်းညိတ်လိုက်ပြီး နေမီးလျှံအသီးများကို ထုတ်လိုက်ပြီး သူ့နားတွင် ချထားလိုက်သည်။

ထိုနေမီးလျှံအသီးများကို သဲမီးတောက်နယ်မြေထဲတွင် တိုက်ယွမ်နှင့်အတူ ရခဲ့ခြင်း ဖြစ်သည်။ နေမီးလျှံအသီးများထဲတွင် သိပ်သည်းလှသော ယန်ဓါတ်စွမ်းအင်များ ပါဝင်သဖြင့် ယခုအချိန်သည် ထိုအသီးများကို အသုံးပြုရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။

အကုန်လုံး အဆင်သင့်ဖြစ်ပြီ ဆိုသည်နှင့် ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး အနားရှိ ကျောက်တုံးစားပွဲဆီသို့ သူတော်စင်ချီ ပို့လွှတ်လိုက်သည်။ ကျောက်တုံးစားပွဲမှ သူ၏ သူတော်စင်ချီကို စုပ်ယူလိုက်သည်နှင့် စားပွဲတစ်ခုလုံး လင်းသွားခဲ့ပြီး အချိန်အတော်ကြာက ရပ်တန့်သွားခဲ့ပြီး အခန်းထဲရှိ အစီအရင် ပြန်လည် စတင်လည်ပတ်လာခဲ့လေသည်။

ခဏအကြာတွင် သိပ်သည်းသန့်စင်လှသော မီးစွမ်းအင်များသည် မြေအဆုတ်မီးတောက်ကန်ထဲမှ ရန်ကိုင် ထိုင်နေသည့် နေရာဆီသို့ စီးဝင်လာကြလေသည်။

ထိုမီးတောက်စွမ်းအင်များသည် ကိုင်တွယ်ထိတွေ့နိုင်သည့် အစိုင်အခဲများ အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်အား သားရဲတစ်ကောင်နှယ် ချက်ချင်း ရစ်ပတ်တော့လေသည်။ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ။ တည်တည်ငြိမ်ငြိမ်ဖြင့်သာ မွှေးညင်းပေါက် အားလုံးကို ဖွင့်လျက် ထိုစွမ်းအင်များကို သူ့ကိုယ်ထဲသို့ စီးဝင်စေလိုက်သည်။

မကြာမီ ရန်ကိုင် ဝတ်ထားသည့် အဝတ်အစားများ ပြာဖြစ်သွားကြပြီး သိပ်သည်း ကျစ်လစ်တောင့်တင်းသော ကြွက်သားများ ပေါ်လာခဲ့သည်။ ရွှေရောင်တောက်နေသော သူ့အရေပြား စတင် အက်ကွဲလာပြီး ရွှေရောင်သွေးများ စီးကျလာခဲံသည်။ သို့သော်လည်း ရွှေရောင်သွေးစက်၏ ပြန်လည်ကောင်းမွန်းနိုင်စွမ်းကြောင့် ထိုအက်ရာများ အလျင်အမြန် ပြန်ကောင်းသွားသည်။ သို့သော် မီးစွမ်းအားကြောင့် ပြန်အက်ကွဲကုန်ကြသည်။ဤနည်းဖြင့် ရန်ကိုင်၏ အရေပြားသည် ပြန်ကောင်းသွားလိုက်၊ ပျက်စီးသွားလိုက်ပြီး မပြီးဆုံးနိုင်သော ဖြစ်စဉ်အတိုင်း လည်ပတ်နေခဲ့သည်။

ထို့နောက် မြေပြီးပေါ်တွင် ချထားသော ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။ ထို့နောက် ဆေးပုလင်းကိုဖွင့်ကာ အထဲတွင်ရှိနေသော ကြက်သွေးရောင်ဆေးလုံးကို မော့သောက်လိုက်ပြီး မျက်လုံးပိတ်ကာ ဆေးအာနိသင်ကို စတင် သန်စင်တော့လေသည်။

တစ်နာရီကြာပြီးနောက် ဆေးအာနိသင်ကို သန့်စင်လို့ ပြီးသွားခဲ့သည်။ ထို့နောက် နီကြင့်ကြင့် မြက်ပင်တစ်ပင်ကို ထုတ်ကာ ဝါးစားလိုက်ပြန်သည်။

အမျိုးမျိုးသော ဆေးပင်များ၊ ဆေးလုံးများနှင့် နေမီးလျှံအသီးကိုပင် ရန်ကိုင် စားခဲ့သည်။

ထိုဖြစ်စဉ်တစ်ခုလုံးသည် သုံးရက်၊ သုံးညတိတိ ကြာသွားခဲ့သည်။

ထိုပစ္စည်းတစ်ခုကို ရန်ကိုင် စားလိုက်တိုင်း သူ့နှလုံးခုန်နှုန်းသည် တစ်စထက်တစ်စ ပိုမို မြန်ဆန်လာခဲ့သည်။ ကြွက်သားများသည်လည်း အကြောဆွဲသလို ဖြစ်နေပြီး မျက်လုံးများဟာ ဆိုလျှင်လည်း တစ်ယောက်ယောက်ကို ကိုက်သတ်ပစ်ချင်နေသည့်အလား ရဲရဲနီနေသည်။ သူ့ပုံစံသည် အတော်လေးကို ကြောက်မက်ဖွယ်ကောင်းနေသော်လည်း အားကောင်းသော သူ့ဝိဥာဉ်ကြောင့် အသိစိတ်ကို ထိန်းထားနိုင်သေးသည်။

သူစားလိုက်သော ဆေးလုံးများနှင့် ဆေးပင်များ၏ အာနိသင်များသည် သူ့သွေးကြာများ တစ်လျှောက် အချင်းချင်းတိုက်ခိုက် ရောယှတ်နေကြသည်ကို ရန်ကိုင် အသေအချာ ခံစားမိသည်။ သန်းပေါင်းများစွာသော ပုရွတ်ဆိတ်လေးများ သူကိုယ်ထဲ သွားနေသလို ခံစားရသည်။ သူနေ့ရာ၌ အခြားသူတော်စင်ဘုရင် ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ရူးသွားလောက်ပေလိမ့်မည်။

တန်ခိုးရှင်အဆင့်ကို မရောက်သေးဘဲ ယင်နေကြာရေစင်အား မသန့်စင်ရန် ဇုန်းအောင် သူ့အား ထပ်တလဲလဲ သတိပေးခဲ့သည်မှာ အထူးအဆန်း မဟုတ်တော့ပါလား… အဲ့သက်ကြားအိုကြီး မဟုတ်တုတ်ကတွေ လျှောက်ပြောနေတာ မဟုတ်ဘူးပဲ

သူလက်ရှိ ခံစားနေရသည့် နာကျင်မှုသည် တန်ခိုးရှင်အဆင့် တစ်ယောက်အတွက်ပင် အတော့်ကိုမှ ပြင်းထန်လှသည်။ ထို့အပြင် ဤနာကျင်မှုသည် အစသာ ရှိသေးသည်။ ရွှေရောင် သွေးစက်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် မဟုတ်လျှင် လက်လျှော့လိုက်မိလောက်၏။ ထိုသို့မှမလုပ်လျှင် သူ့ခန္ဓာကိုယ်‌ ပေါက်ကွဲထွက်သွားပေလိမ့်မည်။

သူသောက်စားလိုက်သည့် ဆေးလုံးများနှင့် ဆေးပင်များသည် ယန်ဓါတ်၊ သို့မဟုတ် မီးဓါတ် အမျိုးအစားများချည်း ဖြစ်သည်။ ဤနေရာတွင် ရှိနေသော မီးဓါတ်စွမ်းအင်နှင့်ပါ ပေါင်းလိုက်သော် ရန်ကိုင်တစ်ကိုယ်လုံး မခန့်မှန်းနိုင်လောက်အောင် များပြားလှသော အပူစွမ်းအားတို့ ကိန်းအောင်နေခဲ့လေပြီ။

ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့ပြီး ဒုတိယ ကျောက်တုံးစားပွဲဆီ သူတော်စင်ချီ ပစ်လွှတ်လိုက်သည်။

ဝုန်း…

စိတ်ဝိဥာဉ်အစီအရင် ပို၍ မြန်မြန် လည်ပတ်လာပြီး မြေအဆုတ်မီးတောက်ကန်ဆီမှ အပူဓါတ်ကို ထုတ်ယူနေသည့်နှုန်းမှာလည်း ပို၍ မြန်ဆန်လာခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ရန်ကိုင် အောင့်အည်းမခံနိုင်တော့။ နာကျင်လွန်းသဖြင့် နာနာကျင်ကျင် အော်ဟစ်ရတော့လေသည်။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့သည်နှင့် သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်၍ ကိုယ်ထဲတွင် ရှိနေသည့် အမျိုးမျိုးသော ဆေးစွမ်းအင်များကို အတင်းအကြပ် သန့်စင်ကာ သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားအောင် ကြိုးစားရတော့သည်။

သုံးရက်ကြာပြီးသည့် နောက်မှသာလျှင် ဆေးစွမ်းအင်များကို ပေါင်းစပ်ပြီး သူ့သွေးကြောများထဲ ဖိနှိပ်ထားလိုက်နိုင်သည်။

ထို့နောက် အလေးအနက် အမူအရာဖြင့် ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထိုပုလင်းလေးကို အတော်အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် အဖုံးကိုဖွင့်ကာ သလင်းကျောက်ပမာ ကြည်လင်လှသော အရည်စက်လေးတစ်စက် ထုတ်ယူလိုက်သည်။

ထိုအရည်စက်လေး ထွက်ပေါ်လာသည်နှင့် အလွန်ကိုမင်းကို ပူပြင်းနေသော ကျောက်တုံးခန်းတစ်ခန်းလုံး ရုတ်ချည်း အေးစက်သွားခဲ့သည်။

ရေစက်အနီးတွင် ရှိနေသော လေဟာနယ် ပတ်ပတ်လည်တစ်ခုလုံး အပူဓါတ်တို့ ကင်းစင်နေခဲ့သည်။ အပူဓါတ်များသည် ထိုအရည်စက်လေ၏ တစ်မီတာအနီးသို့ မည်သို့မှ မချဉ်းကပ်လာနိုင်ခဲ့ချေ။ ပို၍ ထူးဆန်းသည်ကား ရန်ကိုင်မှ ထုတ်ယူလိုက်ပြီးနောက် ထိုအရည်စက်လေးသည် အောက်သို့ ပြုတ်ကျသွားခြင်း မရှိဘဲ လေထဲတွင် ထူးထူးဆန်းဆန်း ဝဲနေခဲ့သည်။

ယင်နေကြာရေစင်…

ဤအရာသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် လိုချင်တပ်မက်သည့် ရတနာတစ်ပါး ဖြစ်ပေသည်။ ရန်ကိုင်တွင် ယင်နေကြာရေစင် စုစုပေါင်း အစက်နှစ်ဆယ် ရှိနေခဲ့သည်။

ယင်နေကြာရေစင်ကို မြင်လိုက်သည်နှင့် စုန်းမလေး ရွှယ့်ယွယ်ကို အလိုလို တွေးမိလိုက်သည်။ ထိုစဉ်က ယောကျာ်းရော၊ မိန်းမသားများကိုပါ ဆွဲဆောင်နိုင်စွမ်းရှိသော ထိုအမျိုးသမီးသည် ယင်နေကြာရေစင်များ‌ ပေါက်ကွဲထွက်လာသည့်ဒဏ်ကို ခံရကာ သတိလစ်အိပ်စက်သွားခဲ့သည်။ သူမအား ပြန်နိုးရန် ရန်ကိုင် အတောလေး ကြိုးစားလိုက်ရသည်။

သို့သော်လည်း ဝိဥာဉ်ချိန်းကြိုးများကြောင့်သာ မဟုတ်လျှင် သူမ၏ သေခြင်းရှင်ခြင်းကို ရန်ကိုင် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ တကယ်တော့ သူတို့နှစ်ယောက်သာ မိတ်ဆွေဖြစ်ဖို့ပင် မဆိုထားနှင့်၊ ရန်သူများပင် ဖြစ်နေလိုက်သေးသည်။

မိုးရေစင်ကြယ်မှ ရန်ကိုင် ထွက်လာစဉ် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများ၏ လိုက်ဖမ်းခြင်း ခံခဲ့ရသည်။

ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ရင်း ထိုအတွေးများကို ရှင်းထုတ်လိုက်သည်။ အခြားဘာမှ တွေးမနေတော့ဘဲ ယင်နေကြာရေစင်ကို တိုက်ရိုက် မျိုချလိုက်လေသည်။

သူ့လည်ချောင်းတစ်လျှောက် အေးစိမ့်သွားခဲ့သည်။ သို့သော်လည်း ရန်ကိုင်၏ ခန္ဓာကိုယ်သည် အေးစက်သွားခြင်းမရှိဘဲ အလွန်ကိုမှ အားကောင်းလှသော အပူဓါတ်တို့ သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာကာ ထိုအအေးဓါတ်ကို အလျင်အမြန် ချေဖျက်လိုက်လေသည်။

သို့သော်လည်း ယင်နေကြာရေစင် အရည်စက်ထဲတွင် ကိန်းအောင်နေသော စွမ်းအင်သည် လွန်စွာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ပထမအအေးလှိုင်း ချေဖျက်ခံလိုက်ရပြီး မကြာခင်မှာပဲ ပိုမိုအားကောင်းသော အအေးလှိုင်းတို့ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ထိုအပူဓါတ်နှင့် အအေးဓါတ် စွမ်းအားနှစ်မျိုးသည် ရန်ကိုင်၏ ခန္ဓာကိုယ်ကို တိုက်ပွဲကွင်းပြင် တစ်ခုသဖွယ် အသုံးချကာ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်။ စွမ်းအားနှစ်မျိုးစလုံးသည် ပျောက်ကွယ်သွားရမည့်အစား ပျောက်ကွယ်သွားခြင်း မရှိဘဲ ထူးထူးဆန်းဆန်း ပြောင်းလဲမှုအချို့ စတင်ဖြစ်ပေါ်လာခဲ့သည်။

ရန်ကိုင် ပါးစပ်မှ ခပ်အုတ်အုတ် အော်ညည်းသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ နဖူးကြောကြီးများလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထောင်တက်လာလေ၏။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအခွဲ၏ ခေါင်းဆောင်ဖြစ်သော တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဟလီခသည် ယင်နေကြာရေစင်ကြောင့် ဒဏ်ရာရသွားခဲ့ပြီး အသက်မသေစေရန်အတွက် သူ့လက်တစ်ဖက်ကို ဖြတ်ထုတ်လိုက်ရသည်။ ရန်ကိုင်သာ သူ့ကိုယ်ထဲ အပူစွမ်းအင်များစွာကို ကြိုတင် မစုဆောင်းထားခဲ့လျှင် ယင်နေကြာရေစင်ကို သောက်လိုက်သည်နှင့်ချက်ချင်း သူသေသွားပေလိမ့်မည်။

ယင်နေကြာရေစင်ကို သန့်စင်ရာတွင် ကြုံတွေ့ရမည့် ပထမဆုံး အခက်အခဲသည် မိမိကိုယ်ထဲတွင် ရှိနေသော အပူစွမ်းအင်များကို ဖိနှိပ်ထားနိုင်ဖို့ပင်။ အားကောင်းသော ခန္ဓာကိုယ်၊ ဝိဥာဉ် မရှိဘဲနှင့် မည်သို့မှ ထိုဖြစ်စဉ်ကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဒုတိယအခက်အခဲသည် လက်ရှိ ရန်ကိုင် ကြုံနေရသည့် အခက်အခဲပင်။ သူ့ကိုယ်ထဲတွင် တစ်ခုခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်နေကြသော အပူစွမ်းအင်နှင့် အအေးစွမ်းအင်များ အချင်းချင်း ပေါင်းစပ်သွားမည်ကို ရန်ကိုင် ကြံ့ကြံ့ခံနိုင်ရန် လိုအပ်သည်။

သူသာ ဤအခက်အခဲကို မဖြတ်ကျော်နိုင်လျှင် အသက်သာဆုံးအနေဖြင့် ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။ အဆိုးဆုံးမှာမူကား သူ့ခန္ဓာကိုယ် အပြီးတိုင် ပျက်စီးသွားခြင်းပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၄၃)

သဲမီးတောက်နယ်မြေ၏ ငါးလွှာမြောက်တွင် ရှိနေသော ပိုင်ရှင်မဲ့ မြေအဆုတ်မီးတောက်ကန်၏ အတွင်းဘက်ဆုံး ကျောက်တုံးခန်း တစ်ခန်းထဲတွင် ရန်ကိုင် ဖြူဖပ်ဖြူလျော် အမူအရာဖြင့် ငြိမ်ငြိမ်လေး ထိုင်နေခဲ့သည်။

တစ်ကိုယ်လုံး နွမ်းနယ်ပင်ပန်းနေပြီး လှဲအိပ်ပစ်လိုက်ချင်စိတ် ပေါက်နေသော်လည်း သူ့မျက်လုံးများမှာမူ အပျော်များဖြင့် ပြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအင်လှိုင်းများအရ ရန်ကိုင်၏ ကျင့်ကြံခြင်း တိုးတက်လာကြောင်း သိမြင်နိုင်သည်။

ယင်နေကြာရေစင်ကို သန့်စင်ခဲ့သည့် အချိန်မှစ၍ ရေတွက်ကြည့်မည်ဆိုပါက ယနေ့တွင် တစ်လတင်းတင်း ပြည့်သွားခဲ့လေပြီ။ ယနေ့မှသာလည်း ယင်နေကြာရေစင်ကို သန့်စင်လို့ ပြီးသွားခဲ့ခြင်း ဖြစ်သည်။

ယင်နေကြာရေစင်ကို သန့်စင်ရန် ဤမျှ အချိန်ယူရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ယင်နေကြာရေစင်ကို သန့်စင်နေစဉ် အတောအတွင်း မမျှော်လင့်ထားသည့် အဖြစ်အပျက်များစွာ နှင့်လည်း ကြုံတွေ့ခဲ့ရသည်။

ယင်နေကြာရေစင်ထဲတွင် ပါဝင်နေသော အအေးစွမ်းအင်သည် အလွန်တရာကိုမှ အားကောင်းလွန်လှသည်။ သူစားသုံး၊ သောက်သုံးထားသော ယန်စွမ်းအင်း၊ မီးစွမ်းအင် ဆေးပင်၊ ဆေးလုံးများထဲတွင် ပါဝင်သော အပူစွမ်းအင်များနှင့် ကျောက်တုံးစားပွဲ နှစ်လုံးကို အသက်သွင်း၍ ထုတ်ယူထားသော အပူစွမ်းအင်တို့ပင်လျှင် ယင်နေကြာရေစင်၏ အအေးဓါတ်ကို မထိန်းချုပ်နိုင်ခဲ့။ စွမ်းအင်နှစ်ခု မညီမမျှ ဖြစ်လာသည့်အတွက်ကြောင့် နောက်ဆုံး ရန်ကိုင် တတိယ ကျောက်တုံးစားပွဲကို အသက်သွင်းလိုက်ရလေသည်။

တတိယကျောက်တုံးစားပွဲကို အသက်သွင်းလိုက်သည့်အခါ ယင်နေကြာရေစင်ကို ဖိနှိပ်လိုက်နိုင်သည်။ သို့သော် အပူစွမ်းအင်သည် အအေးစွမ်းအင်ထက် ပိုများသွားသဖြင့် စွမ်းအင် မညီမမျှ ထပ်ဖြစ်ကာ သူ့ကိုယ်ထဲ အပူစွမ်းအင်များ ထကြွသောင်းကျန်းလာလေသည်။

ထိုအဖြစ်အပျက်ကို ဖြေရှင်းရန်အတွက် နောက်ထပ် ယင်နေကြာရေစင်တစ်စက်ကို ရန်ကိုင် ထပ်သောက်လိုက်ရသည်။ သို့သော်လည် အထိုအခါက အအေးဓါတ်က ပိုများသွားပြန်၏။

နောက်ဆုံး မတတ်နိုင်တော့သည့်အဆုံး ကျောက်တုံးစားပွဲ လေးခုစလုံးကို ရန်ကိုင် အသက်သွင်းလိုက်လေသည်။ ကံကောင်းစွာဖြင့် ထိုအကြိမ်တွင် အအေးစွမ်းအင်နှင့် အပူစွမ်းအင် မျှခြေဖြစ်သွားခဲ့သည်။ သို့သော်လည်း မျှခြေဖြစ်ရုံလေးသာ။ လုံးဝ ညီမျှနေခြင်းမဟုတ်။

ထိုကဲ့သို့ လုပ်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်အတွက်လည်း သေနိုင်ချေ ပိုများသွားသည်။ လွန်ခဲ့သော လအတွင်းတွင် ရန်ကိုင်သည် သေခြင်းရှင်ခြင်းကြိုးတန်းပေါ် တောက်လျှောက် ဖြတ်လျှောက်နေခဲ့ရသည်။

တကယ့် အရေးကြီးသည့် အခိုက်အတန့်များတွင် အားကောင်းသော သူ့ခန္ဓာကိုယ်နှင့် ဝိဥာဉ်က အရေးပါလာခဲ့သည်။ ရွှေရောင်သွေးစက်များကိုသုံး၍ ဒဏ်ရာများကို ထပ်တလဲလဲ ကုသခဲ့ရသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ယခု ရန်ကိုင် ရှိတော့လိမ့်မည် မဟုတ်ချေ။

အလွန်ကိုမှ အန္တရာယ်များ၍ နာကျင်လှသည့် ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း နောက်ဆုံး ရလဒ်သည် ရန်ကိုင် မျှော်လင့်ထားသည်နှင့် အတော်လေး ကွဲပြားနေခဲ့သည်။

ဇုန်းအောင်သည် ယင်နေကြာရေစင်ကို ထပ်တလဲလဲ ချီးကျူးခဲ့သဖြင့် ရန်ကိုင်လည်း ယင်နေကြာရေစင်အပေါ် အတော်လေး မျှော်လင့်ထားခဲ့သည်။ ယင်နေကြာရေစင်ဖြင့် သူတော်စင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်နိုင်ပြီး တန်ခိုးရှင်အဆင့် အဖျားနားပိုင်းကိုပါ ထိတွေ့မိနိုင်ရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း လက်တွေ့သည် သူမျှော်လင့်ချက်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ တန်ခိုးရှင်အဆင့်ကို ထိတွေ့မိနိုင်ရန် မဆိုထားနှင့်၊ သူတော်စင်ဘုရင် တတိယအဆင့်သို့ပင် မရောက်လိုက်ပဲ သူတော်စင်ဘုရင် ဒုတိယအဆင့်သို့သာ ရောက်နိုင်ခဲ့သည်။

ယင်နေကြာရေစင် နှစ်စက်အပြင်၊ ဆေးပင်၊ ဆေးလုံးများစွာကို စားသုံး၊ သောက်သုံးခဲ့သော်လည်း အဆင့်သေးတစ်ဆင့်သာ တက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ့ကျင့်ကြံခြင်း တိုးတက်လာသဖြင့် နည်းနည်းပါးပါးတော့ အကျိုးရှိလိုက်သည်ဟု ဆိုနိုင်ပေသည်။

ခဏလောက် စဉ်းစားလိုက်ပြီးနောက် နတ်ဆိုးမီးတောက်ကို သူ့လက်ဝါးပေါ်တွင် ထုတ်ဖော်လိုက်သည်။ နတ်ဆိုးမီးတောက်သည် ယခင်နှင့်အတူတူပင်။ သို့သော်လည်း တစ်ခု မတူတော့သည်ကား ယခင်ကကဲ့သို့ ပူလိုက်အေးလိုက် ဖြစ်မနေတော့ခြင်းပင်။ ရန်ကိုင်၏ နတ်ဆိုးမီးတောက်တွင် ထူးထူးဆန်းဆန်း မည်သည့် အပူချိန်မှ ရှိမနေတော့ချေ။

သို့သော် အတွေးတစ်ချက်သည် ရန်ကိုင်သည် နတ်ဆိုးမီးတောက်အား လုံးဝကို အေးစက်သော မီးတောက်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ချက်ချင်းဆိုသလို အခန်း တစ်ခန်းလုံးတွင် ရေခဲစများ စတင် ကပ်တွယ်လာခဲ့သည်။ အခန်း နံရံများသည်လည်း စတင် အေးခဲလာခဲ့လေသဖြင့် အကာအကွယ် အစီအရင် အလိုလို အသက်ဝင်လာပြီး ပျံ့နှံ့လာသော အအေးဓါတ်ကို ခုခံတော့သည်။

သို့သော်လည်း အလွန်တရာကိုမှ အေးစက်လှသော မီးတောက်သည် ချက်ချင်းဆိုသလို ချစ်ချစ်တောက် ပူပြင်းလှသော မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ ယခုလေးတင် စပေါ်လာသော ရေခဲစများ ချက်ချင်း အရည်ပျော်သွားခဲ့ပြီး အခန်းတစ်ခန်းလုံး ငရဲခန်းမတစ်ခုနှယ် ပူပြင်းလောင်မြိုက်လာခဲ့သည်။ အကာအကွယ်အစီအရင်သည်လည်း ထိုပြောင်းလဲမှုကို အမှီ မလိုက်နိုင်ဖြစ်ကာ စတင် ယိုယွင်းအက်ကွဲလာခဲ့လေသည်။

ထို့နောက် ရန်ကိုင် နတ်ဆိုးမီးတောက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ဤရလဒ်နှင့် ပက်သက်၍ သူအတော်လေး ကျေနပ်မိသွားသည်။

ယင်နေကြာရေစင် နှစ်စက်ကို သန့်စင်ပြီးနောက် သူ့ကျင့်ကြံခြင်း များများစားစား မတိုးတက်သွားရခြင်းမှာ စွမ်းအင်အများစုကို နတ်ဆိုးမီးတောက်မှ စုပ်ယူသွားသောကြောင့် ဖြစ်ပေသည်။

ယင်နေကြာရေစင်၏ အအေးစွမ်းအင်နှင့် ရန်ကိုင် စုဆောင်းထားသည့် အပူစွမ်းအင်သည် သူ့ကျင့်ကြံခြင်းကို အဆင့်တစ်ခုကို မြင့်တက်သွားအောင် လုပ်နိုင်သင့်သည်။ သို့သော်လည်း အပူ စွမ်းအင်ကော အအေးစွမ်းအင်ကိုပါ ပိုင်ဆိုင်ထားသည့် နတ်ဆိုးမီးတောက်သည် ထိုစွမ်းအင် အများစုကို စုပ်ယူသွားခဲ့သည်။

နတ်ဆိုးမီးတောက်သည် အပူစွမ်းအင်ကိုရော၊ အအေးစွမ်းအင်ကိုပါ ပိုင်ဆိုင်ထားသည်။ သို့သော် ပိုင်ရှင်ဖြစ်သည့် ရန်ကိုင်သည် ထိုစွမ်းအင်နှစ်မျိုးကို သူ့စိတ်ရှိသလို မထိန်းချုပ်နိုင်ချေ။ ယခုမှသာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ယခု ထိုစွမ်းအင်နှစ်မျိုးကို စိတ်ရှိသလို ထိန်းချုပ်နိုင်ရုံ သာမက နတ်ဆိုးမီးတောက်၏ စွမ်းအားမှာလည်း သိသိသာသာကို တိုးတက်လာခဲ့သည်။

နောက်နောင် ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ နတ်ဆိုးမီတောက်အား အေးစေချင်လျှင် အေးစက်နိုင်သလို ပူစေချင်လျှင် ပူစေနိုင်ပေတော့မည်။ ထိုကဲ့သို့ အပူနှင့်အအေးစွမ်းအင် နှစ်မျိုးအား စိတ်ရှိသလို ပြောင်းလဲနိုင်ခြင်းသည် ရန်သူများနှင့် တိုက်ခိုက်ရာတွင် အလွန်ကိုမှ အသုံးဝင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်း အဆင့်သေး တစ်ဆင့်သာ တက်သွားသည့်တိုင် ရလဒ်နှင့် ပက်သက်၍ ရန်ကိုင် အတော်လေ ကျေနပ်မိသည်။ နတ်ဆိုးမီးတောက်ကို စရစဉ်က ရန်ကိုင် အတော်လေး ပျော်မိသည်။ နတ်ဆိုးမီးတောက်ကြောင့် သူ့တိုက်ပွဲဝင်စွမ်းရည်သည် သိသိသာသာကို တိုးတက်လာခဲ့ရသည်။ သို့သော်လည်း သူ့ဒုက္ခရောက်နေသည့် ကိစ္စတစ်ခု ရှိသည်။ ထိုအရာသည်ကား နတ်ဆိုးမီးတောက်အား ပို၍ အားကောင်းလာအောင် မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်ကို မသိခြင်းပင်။ သူ့အား လမ်းညွှန်ပေးမည့်လူ တစ်ယောက်မှ မရှိသဖြင့် ရန်ကိုင်လည်း နတ်ဆိုးမီးတောက်အား မည်ကဲ့သို့ ပိုအားကောင်းလာအောင် လုပ်ရမလဲ ဆိုသည့် ကိစ္စနှင့် ပက်သက်၍ လမ်းပျောက်နေခဲ့သည်။

သို့သော်လည်း ယင်နေကြာရေစင်ကို သန့်စင်နေရင်း နတ်ဆိုးမီးတောက်အား ပို၍ အားကောင်းလာအောင် လုပ်နိုင်မည့် နည်းလမ်းတစ်ခုကို ရန်ကိုင် မတော်တဆ ရှာတွေ့သွားခဲ့သည်။ အပူစွမ်းအင်နှင့် အအေးစွမ်းအင်နှစ်မျိုးကို မျှခြေအခြေအနေတွင် ရှိအောင် ထားနိုင်လျှင် ထိုစွမ်းအင်ကို နတ်ဆိုးမီးတောက် စုပ်ယူနိုင်ပေလိမ့်မည်။ ထိုနည်းဖြင့် နတ်ဆိုးမီးတောက်ကို ပိုမို အားကောင်းလာအောင် လုပ်နိုင်ပေသည်။

သူ့တွင် ကျန်နေသော ယင်နေကြာရေစင်များသည် အသုံးမဝင်တော့သည့် မဟုတ်။ အသုံးဝင်နေပေသေးသည်။

အစကမူ ယင်နေကြာရေစင် အများကြီးနှင့် ဘာလုပ်ရမလဲ တိုင်ပတ်နေခြင်း ဖြစ်သည်။ ယင်နေကြာရေစင်သည် ရောင်းလို့ကောင်းသည့် ရတနာတစ်ခုမဟုတ်။ ရောင်းလိုက်လျှင် သူ့အတွက် အကျိုးမရှိသည့်အပြင် ပို၍ပင် ပြဿနာများလာနိုင်ပေသည်။ သို့သော် ယင်နေကြာရေစင်ကို မသုံးဘဲ ဤအတိုင်းထားလိုက်ခြင်း ကောင်းကင်ပေးသည့် လက်ဆောင်ကို ဖြုန်းတီးသလို ဖြစ်နေသည်။

ယခု ရန်ကိုင်တွင် လက်ကျန် ယင်နေကြာရေစင်များအား မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်နှင့် ပက်သက်၍ အစီအစဉ် ရှိသွားလေပြီ။

သူသာ ယန်ဓါတ်၊ သို့မဟုတ် မီးဓါတ် ဆေးပင်များကိုသာ အလုံးအလောက် စုဆောင်းနိုင်ပါက လက်ကျန် ယင်နေကြာရေစင်များကို သန့်စင်နိုင်ပေလိမ့်မည်။ ထိုနည်းဖြင့် နတ်ုဆိးမီးတောက်ကို ပို၍ အားကောင်းအောင် လုပ်နိုင်ပေလိမ့်မည်။

အချိန်မရှိတော့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် နောက်ထပ် ယင်နေကြာရေစင် နှစ်စက်၊ သုံးစက်လောက်ကို ရန်ကိုင် ထပ်သန့်စင်ပေသည်။ ကံမကောင်းစွာဖြင့် သဲမီးတောက်နယ်မြေထဲသို့ သူဝင်လာခဲ့သည်မှာ ငါးလကျော်နေလေပြီ။ ထို့ကြောင့် ခြောက်လ ဆိုသော သတ်မှတ်ထားသည့် ကာလကုန်ဆုံးရန် အချိန် သိပ်မလိုတော့ချေ။ ထို့ကြောင့် ယင်နေကြာရေစင်အား ထပ်သန့်စင်မည့်အတွေးကို ခဏ ဘေးဖယ်ထားရုံသာ ရှိတော့သည်။

သို့သော်လည်း ယင်နေကြာရေစင်အား သန့်စင်လို့ကောင်းသည့် ဤကဲ့သို့သော နေရာမျိုးကို ထပ်ရှာတွေ့ဖို့ အလွန် ခဲယဉ်းသွားပေပြီ။ မြေအဆုတ်မီးတောက်ကန်သည် တွေ့ချင်တိုင်း တွေ့နိုင်သည့် နေရာမှ မဟုတ်ပေလော။ နောက်တစ်ကြိမ် သဲမီးတောက်နယ်မြေ ပြန်ဖွင့်မှ ဝင်လာဖို့ဆိုလျှင်လည်း နောက်တစ်ကြိမ် သဲမီးတောက်ဖွင့်ဖို့ အနည်းဆုံး နှစ်ပေါင်း ရာနှင့်ချီအောင် စောင့်ရပေဦးမည်။

တစ်ရက်လောက် အားပြန်ဖြည့်ပြီးနောက် ထိုင်ရာမှထကာ အခန်းထောင့်တွင် ရှိနေသော အလင်းလုံးလေးကို သွားသိမ်းကာ သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။

ထိုအလင်းလုံးလေးများသည် သာမန် ပစ္စည်းများ မဟုတ်ကြချေ။ ထို့ကြောင့် သူထွက်သွားသည်နှင့် တစ်ခါတည် ယူသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုအလင်းလုံးများသည် အလင်းရောင်ပေးနိုင်ရုံမက လူတစ်ယောက်၏ စိတ်ကိုပါ တည်ငြိမ်အောင် လုပ်ပေးနိုင်သည်။

အခန်းတစ်ခန်းလုံးတွင် ယူစရာဘာမှ မကျန်တော့မှန်း အတည်ပြုလိုက်ပြီးနောက် လိုဏ်ခေါင်းရှည်ကြီးအတိုင်း ပြန်ထွက်လာလိုက်သည်။

မကြာမီ လိုဏ်ခေါင်းထဲမှ ထွက်လာနိုင်ခဲ့ပြီး လိုဏ်ဂူဝင်ပေါက်ကို ကြည့်လိုက်သည်။ ဝင်ပေါက်ကိုကြည့်ရင်း ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။

ယခင်တစ်လက မှော်ရတနာစိတ်ဝိဥာဉ်ဆီမှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။ လေဟာနယ်ဓါးသွားကြောင့်သာ မဟုတ်လျှင် သူ့မရှိမဲ့ရှိမဲ့ အသက်လေး ပျောက်သွားလောက်ပေပြီ။ ယခု သူ့ကျင့်ကြံခြင်းအဆင့် တစ်ဆင့် ပိုမြင့်လာပြီ ဖြစ်သလို နတ်ဆိုးမီးတောက်၏ အပူစွမ်းအင်နှင့် အအေးစွမ်းအင်ကိုလည်း စိတ်ရှိသိလို ထိန်းချုပ်လာနိုင်ခဲ့လေပြီ။ အကြွေးဟောင်း တောင်းရမည့် အချိန်ရောက်လာလေပြီ။

မှော်ရတနာစိတ်ဝိဥာဉ် ပိုင်ဆိုင်ထားသည့် မှော်ရတနာတစ်ခုကို ရန်ကိုင် မလိုချင်ဘူးဟု ဆိုလျှင် ရူးနေမှသာ ယုံပေလိမ့်မည်။ သူမည်ကဲ့သို့ မလိုချင်ဘဲ နေမည်နည်း။

သို့သော်လည်း ထိုမှော်ရတနာစိတ်ဝိဥာဉ်သည် ပေါ့သေးသေး မမှတ်သင့်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ တိုးတက်လာသော သူ့ခွန်အားကြောင့် ပို၍ ယုံကြည်ချက် ရှိလာသော်လည်း ထိုမှော်ရတနာစိတ်ဝိဥာဉ်ကို အနိုင်ယူဖို့ရာ လွယ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သဲမီးတောက်နယ်မြေ မည်သည့်အချိန် ပိတ်မလဲ မသိသည့်အတွက် ထိုမှော်ရတနာ စိတ်ဝိဥာဉ်ကို လျင်လျင်မြန်မြန် အနိုင်ယူနိုင်ရန် လိုအပ်ပေသည်။

ခဏလောက် တုန့်ဆိုင်းနေပြီးနောက် မီးတောက်ငှက်ရှိနေသည့် ကျောက်တုံးခန်းဆီ ပြေးဝင်သွားလေသည်။

လေထဲတွင် ရှိနေသည့် အလွန်ပြင်းထန်သော အပူဓါတ်သည် ရန်ကိုင်အပေါ် သို့သက်ရောက်လာသည်။ သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ရန် ကြိုးစားလာသည်။ သို့သော်လည်း လက်ရှိရန်ကိုင်သည် ယခင်ရန်ကိုင်မှ မဟုတ်တော့လေရာ…. ချက်ချင်းပဲ သူ့ကိုယ်ပတ်လည်ကို နတ်ဆိုးမီးတောက်ဖြင့် ကာရံထားလိုက်သည်။ ယခု နတ်ဆိုးမီးတောက်သည် အပူဓါတ်ကို မထုတ်လွှတ်၊ အအေးဓါတ်ကို ထုတ်လွှတ်ကာ တိုးဝင်လာနေသော အပူဓါတ်များကို ရှင်းထုတ်ပစ်သည်။

နတ်ဆိုးမီးတောက် အမှန်တကယ် ပို၍ အားကောင်းလာမှန်း နားလည်လိုက်သည်နှင့် ရန်ကိုင် ပြုံးမိသွားသည်။ ယခင်အကြိမ် မြေအဆုတ်မီးတောက်ကန်ထဲသို့ ဝင်လာစဉ်က အတော်လေးကို သတိထားခဲ့ရသည်။ သို့သော်လည်း ယခုမူ အေးအေးဆေးဆေး ဖြစ်သွားပေပြီ။ အရမ်းကြီး အားစိုက်ထုတ်စရာ မလိုတော့ဘဲ အပူဓါတ်ကို အသာအယာ ခုခံနိုင်လေပြီ။

မျက်တောင်တစ်ခတ်အတွင်း လိုဏ်ခေါင်းရှေ့သို့ ရောက်လာပြီး အထဲသို့ ဝင်လိုက်သည်။

မီတာထောင်ပေါင်းများစွာ ရှည်လျားသော အကွာအဝေးကို တစ်ခဏအတွင်း ဖြတ်ကျော်လာခဲ့သည်။ လိုဏ်ခေါင်းထဲတွင် သွားနေစဉ်အတောအတွင်း မီးငှက်ဆီမှ မည်သည့် တုန့်ပြန်မှုကိုမှ မမြင်ရ။ သို့သော် အခန်းရှေ့သို့ ရန်ကိုင် ရောက်လာသည်နှင့် တစ်ပြိုင်နက် အခန်းအလယ်တွင် ရှိနေသော ပန်းပဲမီးဖို အသံထမြည်လာသည်။ မီးဖို မျက်နှာပြင် နီရဲတောက်လာပြီး ချက်ချင်းဆိုသလို ငှက်အော်သံတစ်သံနှင့်အတူ မီးငှက်တစ်ကောင် မီးဖို မျက်နှာပြင်ဆီမှ လေထဲသို့ ခုန်ထွက်လာခဲ့လေသည်။

ကျောက်တုံးခန်းတွင်းရှိ အပူချိန် ရုတ်ချည်း မြင့်တက်သွားခဲ့သည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင်အား အတော့်ကိုမှ မကျေမနပ် ဖြစ်နေသည့်ပုံပင်။ ယခင်အကြိမ်က ရန်ကိုင် သူ့လက်မှ ပွတ်ကာသီကာလေး လွတ်မြောက်သဖြင့် အတော်လေး အစာမကြေ ဖြစ်နေခဲ့သည်။ ယခု ရန်ကိုင်သည် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်ကို မမှတ်ဘဲ ပြန်လာခဲ့သည်။ ရန်ကိုင်၏ လုပ်ရပ်သည် မီးငှက်အား ရန်စသည့်ပုံစံနှင့် တူသွားသည်။ ဒေသပုန် ထသွားပြီး ရန်ကိုင်အား တိုက်ခိုက်ရန် ချက်ချင်း လုပ်တော့လေသည်။

ရန်ကိုင်၏ နတ်ဆိုးမီးတောက်၏ အအေးဓါတ်ကို မြှင့်တင်၍ ပြိုင်ဘက်၏ အပူရှိန်ကို ခုခံလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ ကောင်းကင်အပြစ်ပေး လှံတံကို ဖန်တီးကာ မီးငှက်ဆီ ပစ်လိုက်လေသည်။

မီးငှက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့လက်မှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသော ဘာမဟုတ်သည့် လူသားပေါက်စသည် သူ့အား အရင်လာတိုက်ခိုက်နေသည်။ သူ့အား အထင်သေးနေခြင်းပေလော… ဒေါသထွက်ထွက်ဖြင့် ရန်ကိုင်ဆီ မီးတောက်မီးလျှံများ ပြန်ပစ်လွှတ်လိုက်လေသည်။

ရန်ကိုင်သည် ရှောင်မည့် အရိပ်အယောင်မပြ၊ သူပစ်လွှတ်လိုက်လေသာ ကောင်းကင် အပြစ်ပေးလှံတံသည် မီးတောက်လှိုင်းများကို ချိုးဖျက်၍ အနက်ရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် နဂါးနက်သည် အေးစက်နေသော အနက်ရောင်မီးတောက်ကို မှုတ်ထုတ်လိုက်လေသည်။

တိုက်ပွဲများစွာ တိုက်ခိုက်လာခဲ့ရပြီးနောက် ချီစွမ်းအင်ထိန်းချုပ်ခြင်း ပညာရပ်ကို ရန်ကိုင် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလာနိုင်ခဲ့လေပြီ။

ချီစွမ်းအင်ထိန်းချုပ်ခြင်း ပညာရပ်ကို ကျွမ်းကျင်လိုက်ခြင်းသည် ရန်ကိုင်အား အတော့်ကိုမှ အထောက်အကူ ဖြစ်စေသည်။ ချီစွမ်းအင်ထိန်းချုပ်ခြင်း ပညာရပ်ကြောင့် သူ့တိုက်ပွဲစွမ်းရည်သည် ယခင်ထက် အနည်းဆုံး နှစ်ဆယ်ရာခိုင်းနှုန်း ပိုအားကောင်းလာရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၄၄)

ချီစွမ်းအင်ထိန်းချုပ်ခြင်း ပညာရပ်သည် အလွန်ကိုမှ အသုံးဝင်လှသည့် ပညာရပ်တစ်ခု ဖြစ်သည်။ သို့သော် ကောင်းကင်စိတ်အာရုံ အတွက်လည်း အလွန်ကိုမှ ဖိအားများလှသည်။ ထို့ကြောင့် ကျင့်ကြံသူတိုင်း ထိုပညာရပ်ကို အသုံးမပြုနိုင်သလို နားမလည်နိုင်ကြချေ။ အားကောင်းသော ဝိဥာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် လူများသာ ထိုပညာရပ်အား နားလည်နိုင်ကြသည်။

ကောင်းကင်အပြစ်ပေးလှံတံ၏ ပြောင်းလဲသွားမှုကြောင့် မီးငှက် အနည်းငယ် အံ့အားသင့်သွားသည်။ အနက်ရောင်နဂါး၏ အအေးဓါတ်သည် သူ့မီးတောက်စွမ်းအင်အား ခုခံနိုင်နေသည်ကို မြင်သော် မီးငှက်ဒေါသထွက်သွားပြီး ချက်ချင်း ၎င်း၏တောင်ပံများကို ခတ်ကာ ရန်ကိုင်ဆီသို့ မီးတောက်မီးလျှံများစွာ ပစ်လွှတ်လိုက်လေသည်။

ရန်ကိုင်ကျောဘက်ဆီမှ လေမိုးကြိုးစွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီးနောက် တောင်ပံတစ်စုံ ရန်ကိုင်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။ တောင်ပံတစ်ချက် ခတ်လျက် ရန်ကိုင်သည် မီးငှက်၏ တိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းသွားလိုက်လေသည်။

ရှောင်ပြီးသည်နှင့် မီးငှက်အား တုန့်ပြန်ချိန်ပင် မပေးတော့ဘဲ လေဟာနယ်ဓါးသွားများကို ပစ်လွှတ်လိုက်လေသည်။ တိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ရန် စီစဉ်ထားသဖြင့် ရန်သူခွန်အားကို စမ်းသပ်သည်မျိုး လုပ်တော့မည်မဟုတ်ဘဲ သူ့ဝှက်ဖဲများကို တိုက်ရိုက် ထုတ်သုံးတော့သည်။

လေဟာနယ်ဓါးသွားသည် အရာအားလုံးကို ဝါးမြိုနိုင်သယောင် ထင်ရသည်။ ထိုလေဟာနယ်ဓါးသွားကို မြင်လိုက်သည်နှင့် မီးငှက်၏ မျက်လုံးထဲ ကြောက်လန့်မှုတို့ ဖြတ်ပြေးသွားခဲ့သည်။ လေဟာနယ်ဓါးသွား စွမ်းအားကို တစ်ခါ မြည်းစမ်းဖူးထားသဖြင့် ထိုတိုက်ခိုက်မှု မည်မျှအစွမ်းထက်ကြောင်း မီးငှက် ကောင်းကောင်း နားလည်းထားသည်။ ထို့ကြောင့် ထိပ်တိုက်တန်ပြန်တိုက်ခိုက်ရန် မကြိုးစားဘဲ တောင်ပျံများကိုခတ်လျက် အနီရောင် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ရှောင်တိမ်းလိုက်သည်။

လေဟာနယ်ဓါးသွားများကို ရှောင်တိမ်းပြီး အလင်းတန်းမှ မီးငှက်အဖြစ်သို့ အပြည့်အဝ ပြန်မပြောင်းနိုင်သေးခင်မှာပဲ ရန်ကိုင် သူ့နားသို့ ချဉ်းကပ်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

အအေးမီးတောက်များ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသဖြင့် မှော်ရတနာစိတ်ဝိဥာဉ်၏ အပူဓါတ်ကို မကြောက်တော့ချေ။ ထို့ကြောင့် စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နိုင်လေပြီ။

မီးငှက်သည်လည်း ပေါ့သေးသေးမဟုတ်၊ အလွန်ကိုမှ မြန်လှသည်။ အခြေအနေ မဟန်မှန်း သိလိုက်သည်နှင့် ချက်ချင်းပဲ လေဟာနယ်ကို အေးခဲပစ်လိုက်ရာ ရန်ကိုင်၏ လက်သီးသည် မီးငှက်နှင့် မီတာဝက်အကွာတွင် ရပ်တန့်သွားခဲ့ရလေသည်။

မီးငှက်သည် မီးဓါတ်နိယာမများကို အသုံးချ၍ ရှီနှင့်ဆင်တူသော စွမ်းအားကို ထပ်မံ အသုံးပြုလာခဲ့သည်။

ဘုန်း… ဘုန်း… ဘုန်း…

လေထဲတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ အခန်း အပူအချိန်သည်လည်း ရုတ်ချည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ လှုပ်မရတော့မှန်း သိလိုက်သည်နှင့် ရန်ကိုင်သည် သူတော်စင်ချီကို အကန့်အသတ်ထိ မြှင့်တင်ကာ မီးငှက်၏ ချုပ်နှောင်မှုမှ အတင်းအကြပ် ရုန်းထွက်လေသည်။ နတ်ဆိုးမီးတောက်၏ အအေးဓါတ်ကြောင့် မီးငှက်ဖန်တီးထားသည့် အချုပ်အနှောင်ကို ဖျက်စီးလိုက်နိုင်ခဲ့သည်။

ယခင်အခါ တိုက်ပွဲတုန်းကလည်း ယခုကဲ့သို့ စွမ်းအားမျိုးကို မီးငှက် အသုံးပြုခဲ့သည်။ ထိုအခါက ရန်ကိုင်အနေဖြင့် လေဟာနယ်စွမ်းအားကို အသုံးပြုမှသာ ရုန်းထွက်နိုင်ခဲ့သည်။ သို့သော်လည်း ယခုမူ အအေးမီးတောက်များဖြင့် လုံလောက်နေပေပြီ။ အကြောင်းမှာ အအေးဓါတ်သည် မီးဓါတ်တိုက်ခိုက်မှုများကို တန်ပြန်ရန် အကောင်းဆုံး ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပေသည်။

ရန်ကိုင် စပ်ဖြဲဖြဲပြုံးလိုက်ပြီး မီးငှက်ခန္ဓာကိုယ် အပြည့်အဝ ပြန်မဖြစ်ပေါ်သေးခင်မှာပဲ ထိုကောင်ဆီ လှံတစ်ချောင်း ပစ်ထည့်လိုက်သည်။

မှော်ရတနာစိတ်ဝိဥာဉ်၏ ခန္ဓာကိုယ် အပြည့်အဝ ပြန်လည် ဖြစ်ပေါ်လာသည့်နှင့် တစ်ပြိုင်နက် ရန်ကိုင် ပစ်လွှတ်လိုက်သော လှံတံသည် ၎င်းကို ဖောက်ထွက်သွားခဲ့သည်။ မီးငှက်ဆီမှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လပြီး ၎င်း၏ မျက်လုံးလေးများထဲ ဒေါသ၊ ထိတ်လန့်မှုတို့ ပြည့်နှက်သွားခဲ့သည်။ တစ်လလောက် ပျောက်သွားပြီးနောက် ထိုလူလားသည် သူနှင့် လက်ရည်တူ ယှဉ်တိုက်လာနိုင်ခဲ့သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို မီးငှက် တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

မှော်ရတနာစိတ်ဝိဥာဉ်တွင် ရုပ်ခန္ဓာမရှိချေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို လှံဖောက်ထွက်သွားသည့်တိုင် မည်သည့် အသက်အန္တရာယ်မှ မရှိချေ။ သို့သော်လည်း လှံထဲတွင် ပါဝင်နေသော အအေးဓါတ် သူ့အား အတော်လေးကိုမှ မသက်မသာဖြစ်စေသည်။ ထိုအအေးဓါတ်ကြောင့် မီးငှက်၏ ခန္ဓာကိုယ် မတည်မငြိမ် ဖြစ်လာသည်။ အတော်လေး ကြိုးစားပြီးသည့် အခါမှသာ အအေးဓါတ်ကို ရှင်းထုတ်လိုက်နိုင်သည်။

ရန်ကိုင်ကြောင့် မီးငှက် ဒေါသထွက်သွားခဲ့လေသည်။ တစ်ကိုယ်လုံးကို လှုပ်ခါလိုက်ပြီး သန့်စင်လှသည့် စွမ်းအင်များ ကိန်းအောင်နေသော ငှက်မွှေးတောင်များကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ထိုငှက်တောင်များ၏ နောက်ကွယ်ရှိ စွမ်းအားကို ခံစားမိလိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ ချက်ချင်း လေးနက်သွားခဲ့သည်။ နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲဘဲ မဟာကောင်းကင်ဒိုင်းများကို ဖန်တီးလိုက်သည်။ တစ်ချိန်တည်းတွင် တောင်တစ်ရာ ပန်းချီကားချပ်ထဲမှာ တောင်များစွာကိုထုတ်ကာ သူ့ရှေ့တွင် ပိတ်ကာထားလိုက်သည်။

မိုးချိန်းသံတမျှ ကျယ်လောင်သော အသံတို့နှင့်အတူ ရန်ကိုင် ဖန်တီးထားသည့် မဟာကောင်းကင်ဒိုင်းများအားလုံး ပျက်စီးသွားခဲ့သည်။ ပုံရိပ်ယောင် တောင်များသည်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ရလေသည်။ အခြေအနေ မကောင်းသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်သည် တောင်တစ်ရာ ပန်းချီကားချပ်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် လေမိုးကြိုးတောင်ပံများကို ခတ်လျက် အရှိန်ကုန်မြှင့်ကာ ရှောင်တော့သည်။

ထိုတိုက်ခိုက်မှုကြောင့် ကျောက်တုံးခန်းတစ်ခန်းလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ကျောက်တုံးခန်းကို မပျက်စီးကောင် ကာကွယ်ထားသည့် အစီအရင်များလည်း အသက်ဝင်လာ၏။ သို့တိုင် ထိုအစီအရင်များပင် ငှက်မွှေးတောင်များ၏ တိုက်ခိုက်မှုကို အပြည့်အဝ မကာကွယ်နိုင်ခဲ့ပေ။

ငှက်မွှေးတောင်များကို ပစ်လွှတ်လိုက်ပြီးနောက် မီးငှက်၏ ခန္ဓာကိုယ် ကျုံ့သွားခဲ့ပြီး အတော်လေး ပင်ပန်းသွားပုံ ပေါက်သွားသည်။

ထိုငှက်မွှေးတောင်များကို ပစ်လွှတ်ပြီးနော် မီးငှက် အတော်လေး အားကုန်သွားပေပြီ။ ပစ်မှတ်လွှဲသွားသော ငှက်မွှေးတောင်များသည် ပျောက်ကွယ်သွားခြင်း မရှိဘဲ ရန်ကိုင် ထွက်ပြေးသွားသည့်နောက်သို့ မီးတောက်ဓါးမြောင်များနှယ် ပြေးလိုက်သွားခဲ့သည်။

ပြေးမလွတ်တော့မှန်း နားလည်လိုက်သည်နှင့် ရန်ကိုင်လည်း ဆက်မပြေးတော့။ သူ့ဆီ တိုးဝင်လာနေသော ငှက်မွှေးတောင်များကိုသာ အသေအချာ စိုက်ကြည့်နေသည်။

ငှက်မွှေးတောင်များ သူနှင့် ဆယ်မီတာအတွင်းသို့ ရောက်သော် ရန်ကိုင် သူ့လက်နှစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ ထို့နောက် တစ်ခုခုကို ဆွဲခွဲသည့် ပုံစံဖြင့် ခွဲချလိုက်ရာ သူ့ရှေ့တည့်တည့်တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။

ထိုလေဟာနယ်အက်ကွဲကြောင်းကြီးသည် ဆာလောင်နေသော သားရဲတစ်ကောင်နှယ် တိုးဝင်လာနေသော ငှက်မွှေးတောင်များအားလုံးကို လက်ကမ်းကြိုဆိုနေခဲ့သည်။

လေဟာနယ်အက်ကွဲကြောင်းကြီးကို မြင်လိုက်သည်နှင့် မီးငှက် ထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့ငှက်မွှေးတောင်များကို ပြန်ဆင့်ခေါ်လိုက်လေသည်။

လေဟာနယ်အက်ကွဲကြောင်းထဲ ရောက်သွားလျှင် မီးတောက်ငှက်မွှေးတောင် အားလုံးကို အပြီးအပိုင် ဆုံးရှုံးလိုက်ရမည်မှန်း မီးငှက်သိထားသည့်ပုံပင်။ ထို့ကြောင့် ချက်ချင်းပဲ ပြန်ခေါ်လိုက်ခြင်းဖြစ်သည်။ ရန်ကိုင်နောက်သို့ လိုက်နေသော ငှက်မွှေးတောင်များသည် ချက်ချင်းပဲ သူတို့ဆီ ပိုင်ရှင်ဆီ လှည့်ပြန်သွားကာ မီးငှက်၏ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ မီးငှက်သည်လည်း ယခင်အရွယ်အစားအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ငှက်မွှေးတောင်များ မရှိတော့သည်နှင့် ရန်ကိုင်သည် မီးငှက်အား အနားယူချိန်ပင် မပေးဘဲ ချက်ချင်း ပြေးဝင်တိုက်ခိုက်သည်။ မီးငှက်အနားတွင် ရန်ကိုင် ရုတ်တရက် ပြန်ပေါ်လာပြီး အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။ တစ်ချိန်တည်းတွင် လေထဲ၌ ဧရာမအနက်ရောင်လက်ဝါးကြီး တစ်ဖက် ထွက်ပေါ်လာခဲ့လေသည်။

ကောင်းကင်ဖုံးလက်ဝါးပင်…

ထိုတိုက်ခိုက်မှုကို မီးငှက် မရှောင်နိုင်ခဲ့။ ထို့ကြောင့် တန်ပြန် ခုခံဖို့သာ လုပ်ရတော့သည်။ ချက်ချင်းပဲ သူ့ကိုယ်ထဲရှိ မီးစွမ်းအင်များကို အဆုံးစွန်ထိ မြှင့်တင်လိုက်ပြီး လက်ဝါးချက်ကြီးကို ခုခံရန်ပြင်လိုက်သည်။ ထို့နောက် လက်ဝါးချက်ကြီး မီးငှက်ပေါ်သို့ ကျလာခဲ့လေသည်။

ဘုန်း…

နားပင်းမတတ် ကျယ်လောင်လှသော မြည်ဟည်းသံကြီးနှင့်အတူ အပူနှင့် အအေး စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုစွမ်းအင်နှစ်မျိုး ထိပ်တိုက်တွေ့ရာမှ ဖြစ်ပေါ်လာသော အားလှိုင်းများကြောင့် ကျောက်တုံးခန်းတစ်ခန်းလုံး ငလျင်လှုပ်နေသည့်နှယ် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ အဝေးတွင် ယခုအချိန်ထိ တိုက်ပွဲမပြတ်သေးသော အပူစွမ်းအင်လှိုင်းများနှင့် အနက်ရောင်နဂါးသည် ထိုအားလှိုင်းများ၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်နှင့် အလင်းစက်လေးများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားခဲ့ရသည်။

စွမ်းအင်အားလှိုင်းတို့ ပျောက်ကွယ်သွားပြီးနောက် ကျောက်တုံးခန်း တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ယခု မီးငှက်သည် လေထဲတွင်ဝဲလျက် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ရန်ကိုင်ကလည်း မီးငှက်ဆယ် ဆယ်မီတာကျော်အကွာတွင် ရပ်လျက် အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။

မီးငှက် အရွယ်အစား ဘာမှ ပြောင်းလဲသွားခြင်းမရှိ။ သို့သော် ၎င်း၏ အရောင်မှာမူ ယခင်ကကဲ့သို့ မတောက်နိုင်တော့ချေ။ ယခင်ကနှင့်စာလျှင် အများကြီး ပိုမှိန်သွားခဲ့လေပြီ။

“မင်းငါပြောတာ နားလည်လား မသိပေမယ့် မင်းသာ မတိုက်ခိုက်ဘဲ လက်လျှော့မယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးနိုင်တယ်။ မဟုတ်ဘူးဆိုရင်တော့ ငါအကြမ်းနည်းသုံးမှာ။ ငါအကြမ်းနည်း သုံးပြီဆိုရင်တော့ မင်းလုံးဝ သက်သာမှာမဟုတ်ဘူး။ အခပ်မသင့်ရင် မင်းအုတ်မြစ်တောင် ထိခိုက်သွားနိုင်တယ်” ရန်ကိုင်က စပြောလိုက်သည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် အတော်လေး ဥာဏ်ရည်မြင့်မားသည်။ သို့သော် သူပြောသည်ကို နားလည်နိုင်၊ မလည်နိုင် ဆိုသည်ကိုမူ ရန်ကိုင်မသိ။ တကယ်တော့ မှော်ရတနာ စိတ်ဝိဥာဉ် ဤနေရာတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး ထိုနှစ်ပေါင်း များစွာ အတောအတွင်း အခြား မည်သည့် သက်ရှိနှင့်မှ အဆက်အဆံ မလုပ်ဖူးချေ။ သူ့ဘာသာ တစ်ကိုယ်တည်း ဤနေရာတွင် တည်ရှိနေခြင်းဖြစ်သည်။

သို့သော်လည်း ရန်ကိုင် ပြောသည်ကို မီးငှက် အမှန်တကယ် နားလည်နေခဲ့သည်။ ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် မီးငှက်၏ မျက်လုံးထဲ ဒေါသရိပ်တို့ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် မီးငှက် စူးစူးရှရှ အော်ဟစ်ကြွေးလိုက်ပြီး အခန်းအလယ်တွင် ရှိနေသော ပန်းပဲမီးဖိုသည်လည်း စတင် လှုပ်ခါလာခဲ့သည်။ ပန်းပဲမီးဖိုတစ်ခုလုံး နီရဲတောက်လာပြီး ချက်ချင်းဆိုသလို ၎င်းဆီမှ မီးလှိုင်းတစ်ခုထွက်ပေါ်လာပြီး မီးငှက်၏ ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ထိုမီးလှိုင်းကို ရရှိပြီးနောက် ယခင်က ဒဏ်ရာရရှိထားခဲ့သော မီးငှက်သည် ရုတ်ချည်း အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။ ထိုမျှသာမကသေး၊ ၎င်း၏ ခန္ဓာကိုယ် အရောင်အဝါမှာလည်း ပို၍ တောက်ပြောင်ရွှန်းစိုလာရုံမက ခန္ဓာကိုယ်ပါ ပိုကြီးလာခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် ထိတ်လန့်တုန်လှုပ်သွားခြင်း အရှင်းမရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့်သာ စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းထဲ သနားရိပ်တို့ပင် ရှိနေခဲ့သည်။

နောက်ဆုံးတော့သည် မှော်ရတနာစိတ်ဝိဥာဉ်သည် မှော်ရတနာစိတ်ဝိဥာဉ်သာ ဖြစ်သည်။ အသိဥာဏ်ရှိသော်လည်း ရန်ကိုင်နှင့် ယှဉ်လိုက်လျှင် အတော့်ကိုမှ ဝါနုနေသေးသည်။

ရန်ကိုင်သည် လက်ရှိ အခိုက်အတန့်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။

ယခင်တစ်ကြိမ် မီးငှက်နှင့် တိုက်ခိုက်စဉ်က ပန်းပဲမီးဖို၏ ထူးခြားမှုကို ရန်ကိုင် သတိပြုမိခဲ့သည်။ မီးငှက်သည် ပန်းပဲမီးဖိုမှ စွမ်းအားကို အသုံးချ၍ ဒဏ်ရာများကို ချက်ချင်း ပျောက်ကင်းသွားအောင် ကုသနိုင်သလို ၎င်းကိုယ်၎င်း ပို၍ အားကောင်းလာအောင်လည်း လုပ်နိုင်သည်။ သို့သော်လည်း ပန်းပဲမီးဖိုမှ ထောက်ပံ့ပေးနိုင်သည့် စွမ်းအင် ပမာဏသည် အကန့်အသတ် ရှိရပေမည်။ ပန်းပဲမီးဖိုအနေဖြင့် မီးငှက် အကန့်အသတ်မရှိ စွမ်းအင် ထောက်ပံ့ပေးနိုင်သည်မှာ ဖြစ်နိုင်ချေ သိပ်မရှိလှ။

ထို့ကြောင့် ရန်ကိုင်သည် မီးငှက် ပန်းပဲမီးဖိုအား မြန်မြန် အသုံးပြုလာအောင် တိုက်ပွဲစကတည်းက သူ့ဝှက်ဖဲများကို ထုတ်သုံးကာ တိုက်ခိုက်ခဲ့သည်။ မီးငှက်သာ ပန်းပဲမီးဖိုကို အသုံးမပြုလျှင် ရန်ကိုင်၏ ဒုတိယအစီအစဉ် မည်သို့မှ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

ယခု မီးငှက်သည် ပန်းပဲမီးဖိုကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြန်သည်။ ပန်းပဲမီးဖိုထဲတွင် စွမ်းအင် ဘယ်လောက်များများ ကျန်တော့မည်နည်း။ ရန်ကိုင် ထိုတန်းခိုရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။

၎င်း၏ ခန္ဓာကိုယ် ပိုကြီးလာပြီးနောက် မီးငှက် ပို၍ မောက်မာလာသည်။ ရန်ကိုင်အား နည်းနည်းလေးမျှပင် အလေးမထားဘဲ အထင်တသေး အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

သို့သော် ၎င်း၏ အစွမ်းအစကို ထုတ်မပြောရသေးခင်မှာဘဲ ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပန်းပဲမီးဖို၏ ဘေးတွင် ပြန်ပေါ်လာခဲ့သည်။ မီးငှက်၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြောက်၌ ရန်ကိုင်သည် ပန်းပဲမီးဖိုဆီ နတ်ဆိုးမီးတောက်များ ပစ်လွှတ်လိုက်လေသည်။

ချက်ချင်းဆိုသလို ပန်းပဲမီးဖိုတစ်ခုလုံး မီးဟုန်းဟုန်း တောက်သွားသည်။ ရန်ကိုင်သည် နတ်ဆိုးမီးတောက်ထဲသို့ သူတော်စင်ချီ အဆက်မပြတ် ဖြည့်သွင်း၍ ပန်းပဲမီးဖိုအား မီးရှို့ပစ်နေသည်။

မီးစွမ်းအင်များကို မီးငှက်ဆီ ပေးလိုက်သည်ကတစ်ကြောင်း၊ ရန်ကိုင်၏ စွမ်းအားသည် အအေးဓါတ် ဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် ပန်းပဲမီးဖို ဒုက္ခရောက်ရတော့သည်။ တစ်ခဏအတွင်း မီးဖို မျက်နှာပြင်ထက် ရေခဲစများ ထွက်ပေါ်လာလေသည်။

ပန်းပဲမီးဖို၏ မှော်ရတနာစိတ်ဝိဥာဉ်ဖြစ်သော မီးငှက်သည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့်အလား ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ အေးစက်စက် အနက်ရောင်အလင်းတို့သည်လည်း ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို သူသိသွားလေပြီ။

ပန်းပဲမီးဖိုသည် မီးငှက်အား မွှေးဖွားပေးလိုက်သည့်အရာ ဖြစ်သည်။ ပန်းပဲမီးဖိုနှင့် မီးငှက်သည် ချိတ်ဆက်နေသည်။ ထို့ကြောင့် ပန်းပဲမီးဖိုသာ တိုက်ခိုက်ခံရမည်ဆိုပါက မီးငှက်လည်း တိုက်ခိုက်ခံရပေလိမ့်မည်။

ရန်ကိုင်အနေဖြင့် မီးငှက်အား တိုက်ခိုက်နေစရာ မလိုချေ။ ပန်းပဲမီးဖိုကို တိုက်ခိုက်ဖို့သာ လိုအပ်သည်။ ဤအရာသည် မီးငှက်၏ မှော်ရတနာစိတ်ဝိဥာဉ်၏ အားနည်းချက်ကြီးတစ်ခု ဖြစ်သည်။ မှော်ရတနာစိတ်ဝိဥာဉ် မည်မျှပင် အားကောင်းပါစေ သူ့ကိုယ်ပိုင်ခွန်အားကို အပြည့်အဝ ထုတ်ဖော်အသုံးမချနိုင်ပေ။

မှော်ရတနာစိတ်ဝိဥာဉ်၏ မျက်နှာကြီး မဲ့ရွဲ့သွားသည်။ ရန်ကိုင်၏ လုပ်ရပ်ကြောင့် မီးငှက် အလွန်အမင်း ဒေါသထွက်နေသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ပေါ်လာသော အအေးဓါတ်ကြောင့်လည်း အလွန်အမင်း ထိတ်လန့်နေမိသည်။

တုန့်ဆိုင်းမနေရဲတော့သည်နှင့် မီးငှက်သည် ရန်ကိုင်ဆီသို့ မီးတောက်မီးလျှံများ ပစ်လွှတ်လိုက်လေသည်။ မီးငှက် ရန်ကိုင်အားသတ်ရန် ကြံနေခြင်းမဟုတ်။ ရန်ကိုင် ပန်းပဲမီးဖိုအား ထပ်မတိုက်ခိုက်နိုင်စေရန် သူ့အား ပန်းပဲမီးဖိုဆီမှ မောင်းထုတ်ရန်သာ လုပ်နေခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၄၅)

ရန်ကိုင်လည်း ပန်းပဲမီးဖို၏ အပူဓါတ်ကို အတော်လေး အံ့အားသင့်နေခဲ့သည်။ ပန်းပဲမီးဖိုထဲတွင် အလွန်ကိုမှ ပြင်းထန်လှသော အပူဓါတ်များ ရှိနေသေးသည့် အတွက်ကြောင့် ပန်းပဲမီးဖိုကို အချိန်တိုအတွင်း မအေးခဲပစ်နိုင် ဖြစ်နေခဲ့သည်။

မီးငှက်ပစ်လွှတ်လိုက်သော မီးအလင်းတန်း သူ့ဆီ တိုးဝင်လာနေသည့်တိုင် ရန်ကိုင် မရှောင်ရဲခဲ့။ သူဘာလုပ်ချင်နေလဲ မီးငှက် သိသွားခဲ့လေပြီ။ သူသာ ပန်းပဲမီးဖိုနားမှ ထွက်သွားလိုက်သည်နှင့် တစ်ပြိုင်နက် မီးဖိုနားဆီ နောက်တစ်ကြိမ် ပြန်ကပ်ရန် အလွန်ကို ခဲယဉ်းသွားပေလိမ့်မည်။ ထို့ကြောင့် ပေကပ်ပြီးတော့သာ ပန်းပဲမီးဖိုဘေးတွင် နေရပေမည်။

မီးအလင်းတန်း သူ့နားသို့ ရောက်လာခါနီးတွင် ရန်ကိုင်သည် လက်တစ်ဖြင့် ပန်းပဲမီးဖိုကို အေးခဲနေရင်း ကျန်လက်တစ်ဖက်ဖြင့် လေဟာနယ်ကို ဆွဲခွဲလိုက်သည်။

ယခု သူဆွဲခွဲလိုက်သည့် လေဟာနယ်အက်ကွဲကြောင်း ပထမတစ်ကြိမ်က လေဟာနယ် အက်ကွဲကြောင်းထက် နှစ်ဆမျှ ပိုကြီးပေသည်။ မီးငှက် ပစ်လွှတ်လိုက်သော မီးအလင်းတန်းသည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း ရန်ကိုင် ဖန်တီးလိုက်သည့် လေဟာနယ်အက်ကွဲကြောင်းသည် ချက်ချင်း ဆိုသလို မတည်မငြိမ် ဖြစ်လာခဲ့သည်။ ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို အသုံးပြုရာတွင် အရမ်းကြီး မကျွမ်းကျင်သေးချေ။ ဆိုလိုသည်ကား သူ့လက်ရှိအဆင့်ဖြင့် ရန်သူ၏ တိုက်ခိုက်မှုကို ဝါးမြိုပစ်နိုင်သည့် လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို လွယ်လင့်တကူ မဖန်တီးနိုင်သေးချေ။ ဖန်တီးနိုင်လျှင်ပင် ရန်သူ၏ တိုက်ခိုက်မှု ခံရသည်နှင့် သူဖန်တီးလိုက်သည့် လေဟာနယ် အက်ကွဲကြောင်းသည် ရန်သူ့စွမ်းအားအပေါ် မူတည်၍ မတည်မငြိမ် ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ပျက်စီးသွားရပေလိမ့်မည်။

ယခု ထိုကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ မီးငှက်၏ မီးအလင်းတန်းကို ဝါးမြိုပစ်နိုင်သည့် လေဟာနယ်အက်ကွဲကြောင်းကို ဖန်တီးလိုက်နိုင်သည်။ သို့သော် သူဖန်တီးလိုက်သည့် အက်ကွဲကြောင်းသည် မီးအလင်းတန်းထဲတွင် ပါဝင်သော စွမ်းအားကို မတောင်ခံနိုင်သဖြင့် ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာ ပျက်သွားပြီး အက်ကွဲကြောင်းကို မပျက်စီးအောင် ထိန်းထားရင်း မီးဖိုအား မြန်မြန် အေးခဲသွားအောင် ကြိုးစားလိုက်သည်။

ရန်ကိုင်မှ သူတော်စင်ချီများကို မီးကုန်ယမ်းကုန် ပို့လွှတ်နေသည့် အတွက်ကြောင့် ပန်းပဲမီးဖိုမျက်နှာပြင် တစ်ခုလုံး အလျင်အမြန် အေးခဲလာခဲ့လေသည်။

ရန်ကိုင် ဖန်တီးလိုက်သည့် အက်ကွဲကြောင်း ပျက်စီးတော့မလို ဖြစ်နေသည်ကို မြင်လိုက်သော် မီးငှက်ပျော်သွားခဲ့သည်။ သို့သော်လည်း အလျင်အမြန် အေးခဲလာနေသော ပန်းပဲမီးဖိုကို မြင်လိုက်သည့်အခိုက် မီးငှက် ထိတ်လန့်သွားခဲ့ရလေသည်။ ထို့ကြောင့် ချက်ချင်းပဲ ရန်ကိုင်ဆီ ပစ်လွှတ်နေသော မီးအလင်းတန်းထဲ ပို၍ စွမ်းအင်ပို့လွှတ်တော့လေသည်။

ယခုတိုက်ပွဲပြီးနောက် ပန်းပဲမီးဖို အေးခဲသွားလျှင်အေးခဲ၊ မအေးခဲလျှင် ရန်ကိုင် ပြာဖြစ်သွားရပေလိမ့်မည်။ တိုက်ပွဲရလဒ် တစ်ခုသာရှိသည်။ ထို့ကြောင့် မီးငှက်လည်း နည်းနည်းလေးမှ ခွန်အား ထိန်ချန်မထားတော့။

ဤကဲသို့ တိုက်ခိုက်နေကြလေရာ မကြာမီ တိုက်ပွဲသည် မျှခြေအခြေအနေသို့ ရောက်သွားခဲ့သည်။ မီးငှက်သည် မီးအလင်းတန်းကို အဆက်မပြတ် ပစ်လွှတ်ထားသည့် အတွက်ကြောင့် ပတ်ဝန်းကျင် လေဟာနယ်သည် အလွန်ကိုမှ ပူပြင်းလာခဲ့သည်။ ရန်ကိုင် ရပ်နေသည့် လေဟာနယ်သည်လည်း မတည်မငြိမ် ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ပန်းပဲမီးဖိုဆီမှ အက်သံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ပန်းပဲမီးဖိုသည် အလျင်အမြန် အေးခဲလာနေခဲ့လေသည်။ အအေးဓါတ်များသည် မျက်နှာပြင်ပေါ်မှာတစ်ဆင့် ပန်းပဲမီးဖို အတွင်းသို့ စိမ့်ဝင်လာနေခဲ့သည်။

လေဟာနယ် အက်ကွဲကြောင်းသည်လည်း တစ်စနှင့်တစ ပိုပို၍ မတည်မငြိမ် ဖြစ်လာနေခဲ့သည်။ မီးငှက် ပစ်လွှတ်နေသည့် မီးအလင်းတန်းဒဏ်ကို မခံနိုင်တော့သည့်အဆုံး လေဟာနယ်အက်ကွဲကြောင်း ပျက်စီးသွားခဲ့သည်။

လေဟာနယ်အက်ကွဲကြောင်း ပျက်စီးသွားသည့်အခါ မီးငှက် အတော့်ကို အံ့ဩသွားရသည်။ လေဟာနယ်အက်ကွဲကြောင်းသာ မရှိလျှင် ရန်ကိုင်အား တစ်ခါတည်း ပြာကျသွားအောင် လုပ်နိုင်မှန်း သူကိုယ့်သူ ယုံကြည်ချက်အပြည့်ရှိသည်။

ထို့ကြောင့် ချက်ချင်းပဲ ပါးစပ်ကို ယခင်ထက်ပို၍ ကျယ်ကျယ်ဟလိုက်ပြီး ရန်ကိုင်အား တစ်ခါတည်း ပြာချသတ်ပစ်ရန် ပြင်တော့သည်။

မီးငှက် နောက်တစ်ကြိမ် ထပ်ပစ်တော့မည့်ကို မြင်သော် တည်ကြည်လေးနက်နေသည့် ရန်ကိုင်၏ မျက်နှာထက် လှောင်ပြုံးယဲ့ယဲ့လေးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ သည်းလှိုက်အူလှိုက် ထရယ်တော့သည်။

သူ့ရယ်သံနှင့်အတူ ပန်းပဲမီးဖိုဆီမှ ထွက်ပေါ်နေသော အက်သံတို့ ရပ်တန့်သွားခဲ့ပြီး ပန်းပဲမီးဖိုတစ်ခုလုံး ရေခဲလွှာအောက် ရောက်ရှိသွားခဲ့ရသည်။

ပန်းပဲမီးဖိုတစ်ခုလုံးကို ရေခဲဖုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား အစွမ်းကုန် တိုက်ခိုက်ရန် ပြင်နေသော မီးငှက်တစ်ကိုယ်လုံး တုန်ခါလာပြီး ကောင်းကင်မှ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ ပါးစပ်ဝတွင် စုထားသည့် စွမ်းအားများမှာလည်း သူ့ထိန်းချုပ်မှုမှ လွတ်ထွက်သွားပြီး ပေါက်ကွဲထွက်ကုန်သည်။

သို့သော်လည်း ထိုမီးတောက်ပေါက်ကွဲမှုသည် မီးငှက်အား မသတ်ပစ်နိုင်ခဲ့ချေ။ မီးငှက်သည် ရုပ်ခန္ဓာမရှိသည့် မှော်ရတနာစိတ်ဝိဥာဉ်ဖြစ်သည်။ ထို့အပြင် ၎င်းသည် မီးစွမ်းအင်ကို အထူးနိုင်နင်း ကျွမ်းကျင်သည်။ ထို့ကြောင့် ထိုမျှလောက်သာ ပေါက်ကွဲမှုလောက်ဖြင့် မီးငှက် သေသွားရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ မသေသွားခဲ့သော်လည်း မီးငှက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သေးသည်။ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီးနောက် မီးငှက် ခန္ဓာကိုယ် နဂို အရွယ်အစားသို့ ပြန်ကျုံ့သွားခဲ့သည်။ ထိုမျှသာမကသေး၊ မီးငှက် တစ်ကိုယ်လုံးမှာလည်း ယခင်ကထက် ပို၍ အရောင်မှိန်လာခဲ့သည့်အပြင် မတ်တပ်ရပ်ဖို့ရာပင် အနိုင်နိုင် ဖြစ်နေခဲ့သည်။

မတ်တပ်ရပ်လာပြီးနောက် ရန်ကိုင်အား မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်လိုက်သည်။ ရုတ်တရက် တောင်ပံနှစ်ဖက်ကိုဖြန့်ကာ ပန်းပဲမီးဖိုဆီ ရုတ်တရက် ပြေးဝင်သွားလေသည်။ ပန်းပဲမီးဖိုဆီသို့ မီးငှက် ပြန်သွားချင်နေလေပြီ။

သို့သော် ရန်ကိုင်က မည်ကဲ့သို့ မီးငှက်အား ပန်းပဲမီးဖိုဆီသို့ ပြန်သွားခွင့် ပြုနိုင်မည်နည်း။ ဤမျှ အသေးစိတ် စီစဉ်လာခဲ့ရပြီးနောက် မီးငှက်အား ပန်းပဲမီးဖိုဆီသို့သာ ပြန်သွားခွင့် ပြုလိုက်ရလျှင် သူ့ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။

ချက်ချင်းပဲ နတ်ဆိုးမီးတောက်ဘောလုံးများကို ဖန်တီးကာ မီးငှက်ဆီ ပစ်လွှတ်လိုက်လေသည်။ မီးငှက်၏ ခွန်အား သိသိသာသာ လျော့ကျသွားသည်က တစ်ကြောင်း၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်က တစ်ကြောင်းတို့ကြောင့် ရန်ကိုင်၏ မီးဘောလုံးများကို မီးငှက် မရှောင်တိမ်းနိုင်တော့ချေ။

ဘုန်းဆိုသော မြည်သံနှင့်အတူ မီးဘောလုံးများ ပေါက်ကွဲထွက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် မီးငှက်လည်း လေထဲ ကျွမ်းပစ်သွားလေသည်။ လေထဲ ကျွမ်းလေးငါးပတ်လောက် ထိုးပြီးနောက် ကျောက်နံရံနှင့် သွားဝင်ဆောင့်ကာ ကြမ်းပြင်ပေါ်သို့ ထပ်ပြုတ်ကျသွားခဲ့သည်။ မီးငှက်ကိုယ်ပေါ်ရှိ အလင်းရောင်မှာလည်း သိသိသာသာကို မှိန်ကျလာခဲ့သည်။

သို့သော်လည်း မီးငှက်သည် လက်မလျော့သေးဘဲ ကြိုးစားပြန်စား ပြန်ရုန်းထပြီး ပန်းပဲမီးဖိုဆီ ထပ်မံ ပြေးဝင်သွားပြန်သည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး နောက်ထပ် မီးဘောလုံးများ ထပ်ပစ်လွှတ်လိုက်သည်။

ဘုန်း..ဘုန်း…ဘုန်း…

ထိုသို့ဖြင့် ပန်းပဲမီးဖိုဆီသို့ မီးငှက် ပြန်ရန် ကြိုးစားလိုက်တိုင်း ရန်ကိုင်က မီးဘောလုံးများ ပစ်လွှတ်ပြီး ၎င်းအား ဟန့်တားသည်။ အကြိမ်ပေါင်းများစွာ မီးဘောလုံးများ၏ ထိမှန်းခြင်း ခံရပြီးသည့်နောက် မီးငှက်၏ ကိုယ်ရောင်ကိုယ်ဝါမှာ သိသိသာသာကို မှိန်ကျသွားရုံမက ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးတော့မည့် အရိပ်အယောင်များပင် ပြလာခဲ့သည်။ သို့သော် အမှန်တကယ် ပျက်စီးသွားခြင်းတော့ မရှိသေးချေ။ ၎င်း၏ အမှတ်သညာဖြစ်သော အမြီးရှည် သုံးချောင်းမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ပန်းပဲမီးဖို ချိတ်ပိတ်ခံရ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား၊ ထိုအဖြစ်အပျက် နှစ်ခုကြောင့် အားကောင်းလှပါချည်ဆိုသော မီးငှက် ရန်ကိုင် လက်စာချည်း မြည်းနေရတော့လေသည်။

သို့သော်လည်း မီးငှက်သည် အတော်လေး မာသည်ဟု ပြော၍ရသည်။ အကြိမ်များစွာ တိုက်ခိုက်ခြင်း ခံနေရသည့်တိုင် အပြီးအတိုင် ပျောက်ကွယ်မသွားသေးချေ။ ထို့ကြောင့် ရန်ကိုင် ထိုမှော်ရတနာစိတ်ဝိဥာဉ်ကို ပိုလိုချင်လာခဲ့သည်။

ပုံမှန်သာဆိုလျှင် မီးငှက်အား အညံ့ခံအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုမူ မီးငှက်၏ စွမ်းအင်အရင်းအမြစ်ဖြစ်သော ပန်းပဲမီးဖိုသည် သူ့လက်ထဲ ရောက်နေသည်။ ပန်းပဲမီးဖို သူ့လက်ထဲသို့ ရောက်နေသည့်တိုင် မီးငှက်အား အညံ့ခံအောင် မလုပ်နိုင်သေးလျှင် သူကြိုးစားထားခဲ့ရသမျှ ရေစုန်မျောပေလိမ့်မည်။

အကြိမ်ပေါင်းများစွာ စုတ်ပြတ်သတ်အောင် အထုအထောင်း ခံရပြီး၊ ခက်ခက်ခဲခဲ ပြန်ကုန်းရုန်းထလာပြီးနောက် မီးငှက် အားနည်းဖျော့တော့စွာ အော်ဟစ်လိုက်သည်။

သို့သော်လည်း ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည် “ငါပြောတာကို မင်းနားလည်မှန်း ငါသိတယ်။ ငါမင်းကို မဖျက်စီးပစ်ချင်ဘူး။ ဒါကြောင့် မင်းငါ့ကို အညံ့ခံမယ် ဆိုရင် ငါမင်းကို လွှတ်ပေးမယ်”

မီးငှက်သည် ရန်ကိုင်အား စူးစူးဝါးဝါး စိုက်ကြည့်ရင်း ထပ်တလဲလဲ အော်ဟစ်နေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး “သေချာစဉ်းစားနော်။ မင်းငါ့ကို အညံ့မခံဘူးဆိုရင် ငါမင်းကို ဒီလောကကြီးကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်ပစ်လိုက်မှာ။ ငါ့အတွက် အဲ့လိုလုပ်ဖို့ဆိုတာ အလွယ်လေးပဲ။ ဒါပေမယ့် မင်းဆိုတဲ့ မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရမလဲ ဆိုတာ မင်းအသိဆုံးပဲ”

“ပြီးတော့ ငါ့ကို အညံ့ခံလိုက်လို့လည်း အရမ်းကြီး ဆိုတာမှမဟုတ်တာ။ ပိုကောင်းသွားတာတွေတောင် ရှိသေးတယ်။ ငါသိသလောက်ဆို မင်းဒီထက် ပိုပြီး အားကောင်းလာနိုင်ချေ ရှိတယ်။ ငါသာ မင်းကို အပြင်ခေါ်ထုတ်သွားပေးမယ်ဆို မင်းကိုယ်မင်း ပိုပြီး သန်မာလာအောင် လုပ်နိုင်မှာ အသေအချာပဲ” ရန်ကိုင်က အကြမ်းနည်းရော၊ အနုနည်းကိုပါ အသုံးပြုနေခဲ့သည်။ အသိဥာဏ်မြင့်မားသည့် သက်ရှိများကို ကိုင်တွယ်ရာတွင်ပင် ချော့လိုက်၊ ခြောက်လိုက် နည်းလမ်းသည် အလွန်ကိုမှ အသုံးဝင်သည်။ မှော်ရတနာစိတ်ဝိဥာဉ်ကဲ့သို့သော သက်ရှိမျိုးနှင့် ရင်ဆိုင်ရာတွင်မူကား ပြောစရာပင် မလိုတော့ချေ။

အစကမူ မှော်တနာစိတ်ဝိဥာဉ် ရန်ကိုင်အား ထပ်ငြင်းတော့ဦးမလို့ပင်။ သို့သော်လည်း ရန်ကိုင်၏ နောက်ဆုံးစကားကို ကြားသည့်အခါ မှော်ရတနာစိတ်ဝိဥာဉ်၏ မျက်လုံးထဲ တွေဝေ တုန့်ဆိုင်းသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။

မီးငှက် တွေဝေနေသည်ကို မြင်သော် သံပူတုန်း မြန်မြန် ထုရမည်မှန်း သိလိုက်သည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ အလျင်အမြန် ဆက်ပြောလိုက်လေသည် “မင်းဒီမှာ ပိတ်မိနေတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီနော်။ မြေအဆုတ်မီးတောက်ကန်က မင်းမွေးဖွားပေးခဲ့လာခဲ့ရတဲ့ အဓိကအကြောင်းအရင်းမို့လို့ ဒါက မင်းကို ဆက်ပြီး တိုးတက်အောင် ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး။ မင်းသာ ငါ့နောက်မလိုက်ဘူးဆိုရင် ဒီမှာ တောက်လျှောက် ပိတ်မိနေတော့မှာ။ နောက်တစ်ကြိမ် အခြားတစ်ယောက် ဒီကို ရောက်လာခဲ့မယ် ဆိုရင်တောင် အဲ့လူက ငါ့လောက် သဘောကောင်းနေမှာ မဟုတ်လောက်ဘူး”

ပြောပြီးသည်နှင့် ရန်ကိုင်၏ အသံ တင်းမာခက်ထန်သွားခဲ့ပြီး “ငါ့ဘက်ကတော့ ပြောစရာရှိတာ ပြောပြီးသွားပြီ။ အညံ့ခံမလား၊ အသေခံမလား ဆိုတာကတော့ မင်းသဘောပဲ။ ငါက အရမ်းကြီး စိတ်ရှည်တာမဟုတ်ဘူးနော်။ ငါဒီကနေ ထွက်သွားတော့မယ့်အချိန်ထိ မဆုံးဖြတ်ရသေးဘူး ဆိုရင်တော့ နောက်ထပ် အခွင့်အရေး ထပ်ရတော့မှာမဟုတ်ဘူး”

ပြောပြီးနောက် ပန်းပဲမီးဖိုနား တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ ရာဇသံ ပေးပြီးသွားခဲ့ပြီ ဖြစ်သဖြင့် စောင့်ရန်သာ လိုတော့သည်။ မှော်ရတနာစိတ်ဝိဥာဉ် ဥာဏ်ရှိရှိနှင့် ရွေးချယ်ပါစေဟု သူမျှော်လင့်နေမိသည်။

မီးငှက်သည် အခန်းထောင့်တွင်ရပ်လျက် ရန်ကိုင်အား ကြည့်လိုက်၊ ပန်းပဲမီးဖိုအား ကြည့်လိုက် လုပ်နေခဲ့သည်။ မီးငှက်အဖို့ အတော်လေး ဝေခွဲရခက်နေခဲ့ချေပြီ။

ထို့အတွက်ကြောင့် ကျောက်တုံးခန်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ရန်ကိုင် မီးငှက်အား သွားတွန်းအားမပေးချေ။ အကြိမ်ကြိမ်အခါခါ အထုအထောင်း ခံခဲ့ရပြီးနောက် မီးငှက်လည်း မှတ်သွားလောက်ပြီဟု ရန်ကိုင် ယုံကြည်နေမိသည်။

နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင် မျက်လုံးပွင့်လာခဲ့သည်။ မှော်ရတနာဝိဥာဉ်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။

ယခုတစ်ကြိမ်တွင်မူကား ရန်ကိုင် ဘာမှမပြောရသေးခင်မှာပဲ မှော်ရတနာစိတ်ဝိဥာဉ်က ဦးစွာ အော်ဟစ်လိုက်သည်။

မှော်ရတနာစိတ်ဝိဥာဉ် ဘာပြောချင်နေမှန်းကို ရန်ကိုင် အတိကအကျ နားမလည်သော်ငြား အကြမ်းဖျင်းကိုတော့ နားလည်သည်။ ထို့ကြောင့် ခေါင်းညိတ်၍ “ငါပြောပြီးသားစကားကို ပြန်ရုတ်သိမ်းလေ့မရှိဘူး။ မင်းသာ ငါ့နောက်လိုက်မယ်ဆိုရင် မင်းအားကောင်းလာအောင် ငါကျိန်းသေ ကူညီပေးမယ်။ အင်း၊ ငါပြောဖို့မေ့နေတာ၊ ငါ့မှာ မင်းလိုအဖော် နောက်တစ်ယောက် ရှိသေးတယ်။ သူလည်း မင်းလိုပဲ၊ နှစ်တွေအများကြီး အသက်ရှင်လာပြီးမှ အသိစိတ်ရလာတာ။ သူအခု ဆင့်ကဲပြောင်းလဲနေတုန်းဆိုတော့ မင်းသူနဲ့ စကားပြောလို့ရဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျ မင်းကို သူနဲ့တွေ့ပေးမယ်။ စကားပြောကြည့်။ အဲ့အခါကျ ငါဘယ်လိုလူမျိုးလဲ ဆိုတာ မင်းသိလာလိမ့်မယ်”

မှော်ရတနာစိတ်ဝိဥာဉ် နောက်တစ်ကြိမ် ထပ်အော်ဟစ်လိုက်သည်။

ရန်ကိုင်က ပြုံးလိုက်ပြီး “မင်းဘက်က လက်ခံလိုက်ပြီ ဆိုမှတော့ ငါအမှတ်အသား လုပ်လို့ရအောင် မင်းအသိစိတ်အတားအဆီးကို ဖွင့်ပေး။ စိတ်မပူနဲ့။ ဒါလုပ်လိုက်လို့ မင်းဒဏ်ရာမှ ရသွားမှာမဟုတ်ဘူး။ ဒါက ကလိန်ကျမှာကို ကာကွယ်တဲ့နည်းလမ်းတစ်ခု သက်သက်ပဲ”

မှော်ရတနာစိတ်ဝိဥာဉ်သည် တစ်ခဏတာ တုန့်ဆိုင်းနေသော်လည်း ခဏအကြာ၌ သူ့အသိစိတ်ပင်လယ် အတားအဆီးကို ဖွင့်ပေးလိုက်လေသည်။

ရန်ကိုင် ချက်ချင်းပဲ သူ့စိတ်စွမ်းအင်ကို ပို့လိုက်လေသည်။

All Chapters