အခန်း (၁၂၅၁-၁၂၅၅)
Vol. 51 Ch. 1251-1255
အပိုင်း (၁၂၅၁)
“သွေးပေါင်းစည်းဆေးလုံးက အကြီးအကဲတွေ ငါ့ကို ပေးထားတာ။ ဒီဆေးလုံးကို အဆင့်တစ်ဆို့အတားအဆီးတွေ ကြုံရရင် ချိုးဖျက်နိုင်ဖို့ အကြီးအကဲတွေ ပေးထားတာ။ အဲ့ဒါကို မင်းတို့က လိုချင်နေကြတယ်ပေါ့၊ ဟုတ်လား” တုန့်နန်က ကောက်ကျစ်ယုတ်မာတော့မည့် အပြုံးဖြင့် မေးလိုက်သည်။ ပြီးသည်နှင့် သွေးပေါင်းစပ်ဆေးလုံးကို သဲမီးတောက်နယ်မြေဘက်သို့ ပစ်ထည့်လိုက်ပြီး အရူးတစ်ယောက်နှယ် ရယ်မောရင်း “လိုချင်ရင် အဲ့မှာ သွားယူကြပေတော့။ ယူနိုင်၊ မယူနိုင်တာက မင်းတို့ကိစ္စဖြစ်သွားပြီ”
သွေးပေါင်းစည်းဆေးလုံးကို သူဆက်ယူမထားနိုင်တော့မှန်း သိသည်။ သူပစ္စည်းကို သူမပိုင်နိုင်မှတော့ ဖျက်စီးပစ်ရပေလိမ့်မည်။
“သူ့ကိုတား” ရဲ့ယန်ရုန်က အော်ဟစ်လိုက်သည်။ တုန့်နန်ကို တိုက်ခိုက်ဖို့ ပြင်နေသော်လည်း မတိုက်ခိုက်နိုင်တော့ဘဲ ချက်ချင်း သွေးပေါင်းစည်းဆေးလုံး နောက်သို့ ပြေးလိုက်သွားလေသည်။
အန်းဇီသည်လည်း ရဲ့ယန်ရုန်ကဲ့သို့ပင် သွေးပေါင်းစည်းဆေးလုံးနောက် ပြေးလိုက်သည်။
သို့သော်ငြား တုန့်နန်သည် ဘာမှပြောညာမပြောဖြင့် အားကုန်သုံးကာ ပစ်လိုက်ခြင်း ဖြစ်သည့်အပြင် သဲမီးတောက်နယ်မြေသည်လည်း အနီးအနားတွင် ရှိနေသောကြောင့် မျက်တောင် တစ်ခတ်အတွင်း သွေးပေါင်းစည်းဆေးလုံးသည် သဲမီးတောက်နယ်မြေထဲသို့ ရောက်သွားခဲ့သည်။ ရဲ့ယန်ရုန်နှင့် အန်ဇီတို့ စတင်ပြေးလိုက်သည့် အချိန်တွင် အရမ်း နောက်ကျနေခဲ့လေပြီ။
နှစ်ယောက်စလုံး မိဘများ အသတ်ခံလိုက်ရသည့် လူများနှယ် တုန့်နန်အား စားတော့ဝါးတော့မတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံးဆီမှ အားကောင်းသော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေပြီ။ နှစ်ယောက်စလုံး တုန့်နန်၏ အသားကိုစား၊ အရိုးကိုဝါးကာ သူ့သွေးကို သောက်ပစ်ချင်လောက်အောင် ဒေါသထွက်နေလေပြီ။
သွေးပေါင်းစပ်စည်းဆေးလုံးသည် သဲမီးတောက်နယ်မြေထဲ ပြန်ရောက်သွားပြီ ဖြစ်သဖြင့် လုံးဝ ပြန်ရနိုင်တော့မည် မဟုတ်ချေ။ သူတော်စင်ဘုရင် တတိယအဆင့်ပင် ဖြစ်လင့်ကစား တားမြစ်နယ်မြေထဲသို့ အသက်ရှင်လျက် ဝင်နိုင်လိမ့်မည်ဟု မထင်။ သဲမီးတောက်နယ်မြေသည် လောလောဆယ်တွင် သေမင်းထောင်ချောက် တစ်ခုနှင့် မခြားချေ။
တုန့်နန်သည် သွေးပေါင်းစည်းဆေးလုံးကို သဲမီးတောက်နယ်မြေထဲသို့ လွှင့်ပစ်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးရန် ပြင်သည်။ သို့သော်လည်း သူပြေးမလွတ်သေးခင်မှာပဲ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်သည် အနက်ရောင် သွေးတိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး တုန့်နန် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
သွေးတိမ်တိုက်ဆီမှ မိစ္ဆာချီတို့ မိုးထိမတတ် ပျံ့လွင့်လာပြီး သွေးနံ့တို့လည်း လှိုင်လှိုင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် တုန့်နန်၏ ထိတ်လန့်ခြောက်ခြားနေသည့် အော်သံ ထွက်ပေါ်လာခဲ့လေသည် “သွေးနတ်ဆိုးခန္ဓာကိုယ်၊ မင်းဘယ်တုန်းက ဒီပညာရပ်ကို ကျင့်ထားလိုက်တာလဲ”
ရဲ့ယန်ရုန် အသုံးပြုနေသည့် ပညာရပ်ကြောင့် သူအတော်လေး အံ့အားသင့်နေသည့်ပုံပင်။ တိုက်ခိုက်သံများ၊ တုန့်နန်၏ နှာခေါင်းရှုံ့သံများကိုလည်း သွေးတိမ်တိုက်တွင်းမှ ကြားနေရသည်။
မကြာမီ ရဲ့ယန်ရုန်၏ လှောင်ပြောင်သံ ထွက်ပေါ်လာခဲ့သည် “စီနီယာအစ်ကိုက သိပ်ပြီး ပါရမီမပါတော့ ဒီပညာရပ်ကို တတ်ဖို့ သုံးနှစ်လောက် လေ့ကျင့်လိုက်ရတယ်။ ဒါတောင် တတ်ထားတာ မကြာသေးဘူး။ ဘယ်သူမှ ငါ့ကို ဒီကျင့်စဉ်သုံးဖို့ ဖိအားမပေးဖူးသေးဘူး။ ဂျူနီယာညီလေးတုန့်က ပထမဆုံးပဲ။ ဂျူနီယာညီလေးတုန့်၊ မင်းအခု ဘယ်ပြေးမလဲ”
ပြောပြီးသည်နှင့် အန်းဇီအား လှမ်းအော်ပြောလိုက်လေသည် “ဂျူနီယာညီလေးအန်း၊ ဟိုသူတောင်းစားကို သတ်ပြီး ငါ့ကို လာကူပေးဦး။ သွေးပေါင်းစည်းဆေးလုံး မရှိတော့ပေမယ့် ဂျူနီယာညီလေးတုန့်မှာ နတ်ဆိုးသွေးမျှင် ပညာရပ်ရှိသေးတယ်။ မင်းလိုချင်တယ်ဆို မြန်မြန် ငါ့ကို လာကူပေး”
အစကမူ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်ကို သွေးတိမ်တိုက်သို့ ပြောင်းလဲသွားသည့်အခါ အန်းဇီ မျက်နှာ မှုန်ကုတ်သွားခဲ့သည်။ သူ့စီနီယာအစ်ကိုသည် ထိုကဲ့သို့သော ပညာရပ်အား တတ်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် အန်းဇီ ကြောက်လန့်မိသွားသည်။
ယခု သွေးပေါင်းစည်းဆေးလုံး မရှိတော့သဖြင့် ပြန်ဆုတ်ရန် ကြံနေခြင်းဖြစ်သည်။ တကယ်တော့ ရဲ့ယန်ရုန်နှင့် ပူပေါင်းပြီး တုန့်နန်ကို သတ်နိုင်လျှင်ပင် အကျိုးအမြတ် များများစားစား ရလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု တုန့်နန်တွင် နတ်ဆိုးသွေးမျှင် ပညာရပ် ရှိနေကြောင်း သူသိလိုက်သည်။ သူအတော်လေးကို စိတ်လှုပ်ရှားမိသွားသော်လည်း ဝင်ပါရန် တုန့်ဆိုင်းနေမိသည်။
အန်းဇီ ဘာအား စိတ်ပူနေသည်ကို ရဲ့ယန်ရုန် နားမလည်ဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် ချက်ချင်းပဲ အော်ပြောလိုက်လေသည် “ဂျူနီယာညီလေးအန်း၊ မင်းဘာမှ စိုးရိမ်နေစရာ မလိုဘူး။ ဒီပညာရပ်က အရမ်း သူတော်စင်ချီစားလို့ ဂျူနီယာညီလေးတုန့်နဲ့ ရင်ဆိုင်ဖို့လောက်ပဲ သုံးနိုင်မှာ၊ ဆက်ပြီး အသုံးပြုနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဂျူနီယာညီလေးအန်းရဲ့ ခွန်အားကို ငါသိပြီးသား။ ဒါကြောင့် ငါ့ကိုငါ ဒုက္ခရောက်စေမယ့် အလုပ်မျိုး လုပ်မှာမဟုတ်ဘူး”
အန်းဇီသည် ချက်ချင်း မလှုပ်ရှားသေး။ ခဏလောက် စဉ်းစားနေလိုက်သေးသည်။ ပြီးမှ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဂျူနီယာညီလေး ဝင်ကူပေးရတာပေါ့”
ပြောပြီးနောက် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လိုက်လေသည်။
ထိုစဉ် သဲမီးတောက်နယ်မြေထဲမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်၏ ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည့် အန်းဇီ မျက်မှောင်ကြုတ်သွားပြီး “အဲ့ဒါဘာလဲ”
“ဘာမှမဟုတ်ဘူး” ရန်ကိုင်က သက်ပြင်းတစ်ချက်ချ၍ မေးလိုက်သည် “မင်းဂျူနီယာညီလေးက ငါနဲ့ဘာမှမဆိုင်ဘူးလို့ ပြောရင် မင်းယုံမှာလား”
“မင်းဘယ်လိုထင်လဲ” အန်းဇီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ငါဆိုရင်တော့ မယုံဘူး” ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ အန်းဇီ သူ့အား မြင်စဉ် ပျော်သွားသည်ကို ထည့်မတွက်လျှင် ဤကဲ့သို့ အလွန်ပူပြင်းသော သဲမီးတောက်နယ်မြေ အပြင်ဘက်နားတွင် အကြောင်းအရင်းမရှိ ရန်ကိုင် ရုတ်တရက်ကြီး ပေါ်လာသည်မှာ တကယ်ကို သံသယဝင်စရာ ကောင်းပေသည်။ သူသာ တုန့်နန်၏ အကူမဟုတ်လျှင် ဤကဲ့သို့ နေရာမျိုးဆီသို့ ဘာကြောင့် ရောက်နေသနည်း။
သဲမီးတောက်နယ်မြေ ပွင့်သည့်အချိန်မှလွဲ၍ အခြားအချိန်များတွင် မည်သူမှ ဤနေရာသို့ မလာချင်ကြချေ။
တုန့်နန်အား လိုက်ဖမ်းနေသည့် အတွက်ကြောင့် မဟုတ်လျှင် ရဲ့ယန်ရုန်နှင့် အန်းဇီတို့ ဤနေရာသို့ လာလိမ့်မည် မဟုတ်ချေ။ တုန့်နန်သည်လည်း သူ့စီနီယာအစ်ကို နှစ်ယောက်အား မျက်ခြေဖျတ်ချင်သည့် အတွက်ကြောင့်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သွေးပေါင်းစည်းဆေးလုံးမှာ အလွန်ကိုမှ တပ်မက်ဖွယ် ကောင်းလှသဖြင့် သူ့စီနီယာအစ်ကို နှစ်ယောက်သည် သူ့အား မရမက လိုက်ဖမ်းခဲ့သည်။
ရန်ကိုင်သည် သူတို့ကိစ္စထဲ အဆစ်ပါသွားခြင်း ဖြစ်ပေသည်။
“မင်းဘာသာ လုပ်မှာလား။ ငါလုပ်ပေးရမှာလဲ” အန်းဇီသည် ရန်ကိုင်အား မျက်လုံးထဲပင် မထည့်။ အောင်နိုင်သူတစ်ယောက်နှယ် ရန်ကိုင်အား မေးလိုက်သည်။ ရန်ကိုင်အား အလျင်စလို လတ်စမသတ်ချင်ချေ။ ရန်ကိုင်နှင့်သာ အချိန်ဆွဲနေနိုင်လျှင် တုန့်နန်နှင့် ရဲ့ယန်ရုန်ကြားမှ တိုက်ပွဲသည် ပို၍ ပြင်းထန်လာပေလိမ့်မည်။ ထိုအခါ သူ့အတွက် ပိုအကျိုးရှိပေလိမ့်မည်။ နှစ်ယောက်သား တိုက်ခိုက်နေရင်း နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလျှင် သူ့အတွက် ပို၍ပင် ကောင်းပေသေးသည်။
“ဘာကွာလို့လဲ” ရန်ကိုင်က စပ်ဖြဲဖြဲပြုံးလျက် ပြန်မေးသည်။
“ကွာတာပေါ့။ မင်းဘာသာ လုပ်မယ်ဆိုရင် ပျော်ပျော်ကြီး သေလိုက်လို့ရတယ်။ ငါလုပ်ရမယ်ဆိုရင်တော့ ဟဲဟဲ…”
“ဘာမှကွာတယ်လို့တော့ ငါမထင်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် “ဘယ်လိုပဲလုပ်လုပ် သေရမယ့်လူက မင်းပဲ ဖြစ်နေမှာလေ”
ရန်ကိုင်စကားကြောင့် အန်းဇီ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ အသိပြန်ဝင်လာပြီး မှုတ်ကုတ်ကုတ် မျက်နှာထားဖြင့် “မင်းက တကယ် လေကြီးတဲ့ကောင်ပဲကွ။ တုန့်နန် မင်းဆီကနေ အကူအညီ တောင်းတာလည်း မထူးဆန်းတော့ပါဘူးလေ။ သေရမယ့်လူက ငါပဲလို့ ပြောတယ်နော်။ ကဲငါကို ဘယ်လိုသေအောင် လုပ်မလဲ ပြပါဦး”
ပြောပြီးသည်နှင့် သူ့ဆီမှ သွေးအရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့သည်။ သွေးနတ်ဆိုးကျောင်းမှ လူများနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသော်လည်း ရဲ့ယန်ရုန်နှင့် အန်းဇီတို့၏ အရှိန်အဝါအရ နှစ်ယောက်စလုံး မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံထားမှန်း သူပြောနိုင်သည် မဟုတ်လျှင် သူတို့၏ အရှိန်အဝါ ဤမျှ ကြမ်းကြုတ်နေလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော အရှိန်အဝါမျိုးအား အမြင့်ဆုံးအထိ ကျင့်ကြံနိုင်သည့်အခါ ရန်သူနှင့် ရင်ဆိုင်ရာတွင် အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံဖြင့် တစ်ဖက်ရန်သူကို ခြိမ်းခြောက်နိုင်ပေသည်။ စိတ်ဓါတ်အားနည်းသည့် လူများဆိုလျှင် ထိုမိစ္ဆာအရှိန်အဝါ၏ လွှမ်းမိုးခြင်းခံရပြီး ပြန်၍ပင် မတိုက်ခိုက်နိုင်တော့ဘဲ ချက်ချင်းပဲ အရှုံးပေးသွားနိုင်ပေသည်။
သို့သော် ထိုနည်းတူစွာပင် ထိုမိစ္ဆာချီကို အလွယ်တကူ ကန့်သတ်နိုင်ပေသည်။ အားကောင်းသော ယန်စွမ်းအင်ကိုသာ ပိုင်ဆိုင်ထားသရွေ့ မိစ္ဆာချီကို အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။
ရွှေရောင်အရိုးခြောက်ထဲတွင် ပါဝင်သော စွမ်းအင်သည် မိစ္ဆာချီဖြစ်သည်။ ထို့ကြောင့် မိစ္ဆာချီနှင့် ရန်ကိုင် အတော်လေး ရင်းနှီးနေခြင်း ဖြစ်သည်။
အန်းဇီသည် သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီးနောက် ချက်ချင်း မတိုက်ခိုက်သေးဘဲ ရန်ကိုင်အား စိတ်ဝင်တစားဖြင့်သာ စိုက်ကြည့်လိုက်သည်။ သူ့အရှိန်အဝါအောက်တွင် ရန်ကိုင် ကြောက်လန့်သွားလေမလား သူမြင်ချင်နေမိသည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သူ့ထက် တစ်ဆင့်ပိုနိမ့်သည့် အတွက်ကြောင့် အရှိန်အဝါဖြင့် သူ့ရန်သူကို ဖိနှိပ်နိုင်လိမ့်မည်ဟု အန်းဇီ ယုံကြည်နေပေသည်။ တစ်ဖက်လူကို တိုက်ခိုက်ချင်သာ ပျောက်အောင် လုပ်နိုင်လျှင် ထိုကောင်သည် သူ့လက်ခုပ်ထဲရှိရေ ဖြစ်သွားပေလိမ့်မည်။ ထိုအခါ သူ့စိတ်ကြိုက် ထိုကောင်ကို ထိုင်နှိပ်စက်၍ ရပေပြီ။
သို့သော်လည်း သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်တိုင် တစ်ဖက်လူသည် ကြောက်လန့်သည့် အရိပ်အယောင် နည်းနည်းလေးမှ မပြဘဲ သူ့အား အထင်အမြင်သေးသည့် အကြည့်ဖြင့် ပြန်စိုက်ကြည့်နေသေးသည်။ သူ့တစ်ဘဝလုံး ထိုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးသဖြင့် အန်းဇီ အတော့်ကိုမှ ကြောင်သွားခဲ့ရသည်။ ခဏအကြာတွင် အသိပြန်ဝင်လာပြီး ခေါင်းတစ်ချက်ညိတ်၍ “ကောင်းတယ်၊ ကောင်းတယ်၊ မင်းကြည့်ရတာ အရည်အချင်း ရှိသားပဲ။ ငါမင်းကို အထင်မသေးတော့ဘူး”
ပြောပြီးသည့်နောက် ဆရာကြီးပုံစံကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှ စီးထွက်လာနေသော သွေးများကို သွေးမြူအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သွေးမြူများသည် ဧရာမလက်ကြီးတစ်ဖက် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား ရိုက်ချလာခဲ့လေသည်။
အသူရာသွေးလက်ဝါး…
ထိုပညာရပ်သည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များသာ ကျင့်ကြံနိုင်သော သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်သည် အရမ်းကြီး ကြောက်မက်ဖွယ်ကောင်း မရှိသော်ငြား လက်ဝါးထဲတွင် ပါဝင်နေသော မိစ္ဆာအရှိန်အဝါသည် ရန်သူ၏ သွေးကို အလိုလို ဆူပွက်လာအောင် လုပ်နိုင်ပေသည်။ ထိုသွေးမြူများနှင့် ထိမိလျှင် အလွန်ကိုမှ နာကျင်ရပေသည်။
သွေးနတ်ဆိုးကျောင်းတော်မှ သိုင်းပညာရပ် အားလုံးသည် ထိုကဲ့သို့ချည်းသာ။ ထို့ကြောင့် အရိပ်ကြယ်ပေါ်မှ ကျင့်ကြံသူများသည် သွေးနတ်ဆိုးကျောင်းတော်မှ ကျင့်ကြံသူများနှင့် ရင်ဆိုင် တိုက်ခိုက်ရလျှင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လေ့မရှိချေ။
အသူရာလက်ဝါးကို ထုတ်ဖော်လိုက်ပြီးသည်နှင့် အန်းဇီသည် နောက်ထပ် လှံတို ဆယ်ချောင်းကိုပါ ထပ်ပစ်လွှတ်လိုက်သည်။ ထိုလှံတိုဆယ်ချောင်းသည် အသူရာသွေးလက်ဝါး၏ နောက်မှ ထပ်ထပ်မခွာ လိုက်ပါသွားခဲ့လေသည်။
ရန်ကိုင်အား ထိုအသူရာသွေးလက်ဝါး တစ်ခုတည်းဖြင့် သတ်နိုင်လိမ့်မည်ဟု အန်းဇီ မထင်။ ရန်ကိုင် ပြသသွားသည့်ပုံစံအရ တစ်ဖက်လူသည် အားနည်းသည့်ပုံမပေါ်။ ထို့ကြောင့် ထိုနည်းဖြင့် ရန်ကိုင်၏ စွမ်းအား အတိမ်အနက်ကို စူးစမ်းရန် ကြံထားခြင်း ဖြစ်သည်။
အသူရာသွေးလက်ဝါး သူ့ဆီ ကျဆင်းလာနေသည်ကို မြင်သော်ငြား ကြောက်ရွံ့ခြင်း အရှင်းမရှိ ချစ်ချစ်တောက် ပူပြင်းလှသော နတ်ဆိုးမီးတောက် လက်သီးတစ်လုံးကို တန်ပြန် ပစ်လွှတ်လိုက်သလေသည်။
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ဆုံသွားသည့်အခိုက် အသူရာသွေးလက်ဝါးသည် နေရောင်အောက် ရောက်သွားသည့် နှင်းပမာ အရည်ပျော်ကျသွားရသည်။ သွေးလက်ဝါးသည် အနက်ရောင်မီးတောက်များ၏ ဖျက်စီးခြင်း ခံလိုက်ရပြီး ကြက်သွေးရောင်သည် အလင်းသည်ပင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အသူရာသွေးလက်ဝါးနောက်မှ လိုက်ပါလာသည့် လှံတိုများသည်လည်း ရန်ကိုင်အား မည်သည့် ထိခိုက်ဒဏ်ရာမှရအောင် မလုပ်နိုင်ချေ။ အကုန်လုံးသည် ရန်ကိုင် ပတ်လည်တွင် ကာရံထားသည့် မဟာကောင်းကင်ဒိုင်းများ၏ တားဆီးခြင်း ခံလိုက်ရလေသည်။
ထိုအခြင်းအရာကို မြင်သော် မှုတ်ကုတ်ကုတ် အန်းဇီ ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်၏ ခွန်အားသည် သူ့အောက် နည်းနည်းမျှပင် မနိမ့်ကျမှန်း ချက်ချင်း နားလည်သွားခဲ့သည်။ ရန်သူကို ထပ်အထင်မသေးရဲတော့သည့် အတွက်ကြောင့် ချက်ချင်းပဲ သူ့မှော်ရတနာကို ထုတ်လိုက်သည်။ သူ့လက်ထဲတွင် သွေးရောင်ပုဆိန်တစ်လက် ပေါ်လာခဲ့သည်။
ပြီးသည်နှင့် ပုဆိန်ကိုမြှောက်ကာ ရန်ကိုင်အား ရက်ရက်စက်စက် ခုတ်ချလေသည်။
ပုဆိန်ဆီမှ သွေးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လခြမ်းကွေးဓါးသွားအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။ တစ်ကြိမ် ခုတ်ပြီးသွားသည်နှင့် ရပ်တန့်ခြင်း မရှိသေးဘဲ အန်းဇီသည် အချက်ပေါင်းများစွာ ထပ်ခုတ်လိုက်ပြန်သည်။ ချက်ချင်း လခြမ်းကွေး ဓါးသွားပေါင်းများစွာ ထွက်ပေါ်လာပြီး ဓါးမုန်တိုင်းအဖြစ် ပြောင်းလဲကာ ရန်ကိုင်ပေါ်သို့ သက်ဆင်းလာခဲ့လေသည်။
တစ်ဖက်ရန်သူ အစွမ်းကုန် ထုတ်တိုက်နေပြီမှန်း သိလိုက်သည်နှင့် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ရန်သူက အစွမ်းကုန် တိုက်ခိုက်နေမှဖြင့် သူလည်း ပေါ့ပျက်ပျက် တိုက်နေ၍ မဖြစ်တော့ချေ။ ထို့ကြောင့် ခရမ်းရောင်ဒိုင်းကိုထုတ်ကာ သူ့ကိုယ်သူ ချက်ချင်း ကာကွယ်လိုက်သည်။
ခရမ်းရောင်ဒိုင်းသည် စိတ်စွမ်းအင်ပိုင်းသည် မှော်ရတနာစိတ်ဝိဥာဉ်နှင့် တိုက်ပွဲတွင် ထိခိုက်သွားသည့် အတွက်ကြောင့် ၎င်း၏ သဲမုန်တိုင်းစွမ်းအားကို ထုတ်မသုံးနိုင်တော့သော်ငြား အကာအကွယ် စွမ်းရည်မှာမူ အရမ်းကြီး ထိခိုက်သွားခဲ့ခြင်း မရှိချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၂)
သူ့ဒိုင်းကို ထုတ်ကာပြီးပြီးချင်းမှာပဲ မရေမတွက်နိုင်သော သွေးဓါးသွားများ မိုးသီးမိုးပေါက်များနှယ် သူ့ပေါ်သို့ ကျဆင်းလာခဲ့သည်။
ချွင်… ချွင်… ချွင်… ဓါးသွားများ၏ ရိုက်ခတ်အားကြောင့် ရန်ကိုင် နောက်သို့ ဆုတ်သွားခဲ့ရသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ အန်းဇီ ပျော်မသွားသည့်အပြင် သူ့အမူအရာ ပို၍ပင် လေးနက်သွားခဲ့လေသည်။ တစ်ဖက်လူ ထုတ်သုံးလိုက်သည့် ဒိုင်းကာသည် အရောင်မှိန်နေပြီး အဆင့်နိမ့်သည့်ဟန် ထင်ရသော်လည်း သူ့သွေးဓါးသွားများအား ကာနိုင်သည်ကို ကြည့်လျှင် အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်မည်မှာ သေချာသလောက် ရှိသည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် သူ့ပုဆိန်ကို နောက်တစ်ကြိမ် ဝေ့ရမ်းလိုက်သည်။
သူထိုသို့ ဝှေ့ရမ်းလိုက်သည့်အခါ ရန်ကိုင်၏ ဒိုင်းကာကို တိုက်ခိုက်နေကြသော သွေးဓါးများအားလုံး လေထဲသို့ ပျံတက်သွားခဲ့ပြီး အဆက်မပြတ် လှည့်ပတ်ရင်း ရန်ကိုင်အား ရှေ့တစ်ဖက်တည်းမှ မဟုတ်တော့ဘဲ အဘက်ဘက်မှ တိုက်ခိုက်လာကြတော့လေသည်။
“ယွမ်ချီထိန်းချုပ်ခြင်း ပညာရပ်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူ့အထင် မှားနေမှန်း ချက်ချင်း သိလိုက်သည်။ အန်းဇီ ထိုသွေးဓါးသွားများကို ထိန်းချုပ်နိုင်ရခြင်းသည် သူကိုင်ထားသည့် သွေးပုဆိန်ကြောင့်သာ ဖြစ်ပေသည်။ ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူခုပဲ ခုခံနေရခြင်းသည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များ မည်ကဲ့သို့သော အစွမ်းအစများ၊ ပညာရပ်များ ပိုင်ဆိုင်ထားသလဲ ဆိုသည်ကို သိချင်သည့် အတွက်ကြောင့် ဖြစ်သည်။ တကယ်တော့ သူသည် အရိပ်ကြယ်ပေါ်တွင် ဘယ်လောက်မှန်းမသိကြာအောင် ဆက်နေရပေဦးမည်။ ထို့ကြောင့် ဒေသခံအင်အားစုများမှ ကျင့်ကြံသူများအကြောင်းကို ထိုလူများကို ရင်ဆိုင်ရန်အတွက် ပို၍ ကောင်းကောင်း ပြင်ဆင်နိုင်လေပင်။
သို့သော်လည်း သူတော်စင်ဘုရင် တတိယအဆင့်သို့ပင် ရောက်နေသော အန်းဇီသည် အလွန်ကိုမှ အားနည်းပြီး သူ့သူတော်စင်ချီမှာလည်း မသန့်စင်ဘဲနေလိမ့်မည်ဟူ သူမည်ကဲ့သို့ ကြိုသိခဲံပါမည်နည်း။ သူသုံးသွားသည့် နည်းလမ်းများသည် အနည်းငယ် ထူးဆန်းသော်လည်း ရန်ကိုင်အား မည်သည့် အန္တရာယ်မှ မပေးနိုင်ချေ။
ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် အန်းဇီ မည်မျှ အားကောင်းသလဲ ဆိုသည်ကို စစ်ဆေးကြည့်ရန် စိတ်မဝင်စားတော့။ ထို့ကြောင့် ခရမ်းရောင်ဒိုင်းကို ပြန်သိမ်းလိုက်လေတော့သည်။
ထိုအခြင်းအရာကို မြင်သော် အန်းဇီ ပျော်သွားခဲ့သည်။ ရန်ကိုင် ဘာကြောင့် မခုခံတော့သလဲ ဆိုသည်ကို သူမသိ။ သို့သော် သူ့အတွက် လက်လွှတ်မခံသင့်သည့် အခွင့်အရေး တစ်ခု ဖြစ်သည့်အချက်ကိုမူ သိထားသည်။ ထို့ကြောင့် ပုဆိန်ကို အားပါးတရ ဝှေးရမ်းရင်း သွေးဓါးသွားများအား ရန်ကိုင်ကို တစ်ချိန်တည်း တိုက်ခိုက်စေလိုက်သည်။
ရန်ကိုင်သည် အန်းဇီအား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေသည်။ သွေးဓါးသွားများ သူ့အား ထိတော့မည့်ဆဲဆဲတွင် ရန်ကိုင်သည် သူ့တစ်ကိုယ်လုံးကို နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံပစ်လိုက်လေသည်။ နတ်ဆိုးမီးတောက်များသည် အလွန်ကိုမှ ပူပြင်းလှလေရာ ထိုမီးတောက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် အပူချိန်သည် ရုတ်ချည်း အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။
နတ်ဆိုးမီးတောက်နှင့် သွားထိသည့် သွေးဓါးသွားမှန်သမျှ ပြာဖြစ်ကုန်သည်။ နတ်ဆိုးမီးတောက် အလွှာကို လုံးဝ မဖြတ်ကျော်နိုင်ခဲ့ချေ။
ထိုမြင်ကွင်းကြောင့် အန်းဇီ လုံးဝ မှင်သက်သွားခဲ့သည်။ သို့သော် သူထပ်မလှုပ်ရှားရသေးခင်မှာဘဲ ရန်ကိုင် ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းဆိုသလို သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ရန်ကိုင် ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးမီးတောက်များသည် အန်းဇီ တစ်ကိုယ်လုံးအား ဝါးမြိုသွားခဲ့လေသည်။
အန်းဇီသည် ကြောက်လန့်တကြီး အော်ဟစ်နေရင်း သွေးရူးသွေးတန်း ပြန်တိုက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နတ်ဆိုးမီးတောက်သည် သူ့မိစ္ဆာချီအား လုံးဝကို ဖိနှိပ်ထားနိုင်သည်။ နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရသည့်အခိုက် သူ့ခွန်အား အများစုကို ထုတ်မသုံးနိုင်တော့ချေ။ သူဝတ်ထားသည့် အကာအကွယ် မှော်ရတနာနှစ်ခုကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆို သူသေသွားလောက်ပေပြီ။
ထိုလူငယ်လေးသည် သူတော်စင်ဘုရင် ဒုတိယအဆင့်ကော ဟုတ်မှ ဟုတ်ပါလေစ။ တန်ခိုးရှင်အဆင့် တစ်ယောက်ကများ ရုပ်ဖျက်ထားခြင်းပေလား။ အန်းဇီ အတွေးတို့ ယောက်ယတ်ခတ်နေခဲ့သည်။
ရန်ကိုင်နှင့် အန်းဇီတို့ တိုက်ခိုက်နေကြချိန် ရဲ့ယန်ရုန်နှင့် တုန့်နင်တို့လည်း အသီးသီး တိုက်ခိုက်နေကြသည်။ ယခုအချိန်ထိတိုင် တုန့်နင်သည် ရဲ့ယန်ရုန်၏ သွေးမြူထဲ ပိတ်မိနေဆဲ။ တတ်စွမ်းသမျှ နည်းလမ်းကုန်သုံး၍ တိုက်ခိုက်နေသော်ငြား သူ့ကိုယ်သူ ကာကွယ်နိုင်ရုံသာ တတ်နိုင်သည်။ အများဆုံး ခုခံနိုင်မှ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက်သာ တောင့်ခံနိုင်ပေလိမ့်မည်။ ထို့ထက် ကျော်သွားလျှင် သူဆက်တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
တုန့်နင်ရင်ထဲ ကြောက်လန့်လာနေမိသည့် အချိန်မှာပဲ ရဲ့ယန်ရုန်သည် သွေးမြူခိုးထဲမှ သူ့စွမ်းအင်အချို့ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ တုန့်နင် ပျော်သွားခဲ့ပြီး ချက်ချင်းပဲ အားကုန်သုံးကာ တန်ပြန် တိုက်ခိုက်တော့လေသည်။
ထိုစဉ် သွေးမြူခိုးထဲမှ ရဲ့ယန်ရုန်၏အသံ ရုတ်တရက် ပျံ့လွင့်လာခဲ့သည် “ဂျူနီယာညီလေးအန်း၊ မင်ဘာလုပ်နေတာလဲ။ ဟိုကောင်ကို မြန်မြန်သတ်ပြီး ငါ့ကို လာကူဦးဟ”
အန်းဇီ၏ အော်သံများကို ကြားသော်လည်း သူနှင့် တုန့်နင်တို့ အပြန်အလှန် တိုက်ခိုက်ရင်း နှစ်ယောက်စလုံး ဒဏ်ရာရသွားသည့် အချိန်ထိ စောင့်လိုသည့် အတွက်ကြောင့် တုန့်နင် တမင်သက်သက် အချိန်ဆွဲနေခြင်း ဖြစ်သည်ဟုသာ ရဲ့ယန်ရုန် ထင်နေခဲ့သည်။ သို့သော် သူမသိသည်ကား အန်းဇီ တကယ် ဒုက္ခရောက်နေခြင်းကိုပင်။ အန်းဇီသည် သူ့ဒုက္ခနှင့်သူ တိုင်ပတ်နေသဖြင့် ရဲ့ယန်ရုန်အား ပြန်၍ပင် မပြောနိုင်တော့ချေ။
အန်းဇီကို မသင်္ကာ ဖြစ်နေသည့်အတွက် ရဲ့ယန်ရုန်သည် တုန့်နင်နှင့် ရင်ဆိုင်ရာတွင် စွမ်းအားကုန် ထုတ်မသုံးခဲ့ချေ။ အန်းဇီ တစ်ခု ကြံစည်ထားသည်များရှိလျှင် တန်ပြန်နိုင်ရန် အတွက် သူ့ခွန်အားကို ထိန်ချန်ထားပေသေးသည်။
ရဲ့ယန်ရုန်သည် စွမ်းအားကုန် မသုံးဘဲ တိုက်ခိုက်နေသည့် အချိန်တွင် အန်းဇီမှာမူ စွမ်းအားကုန် သုံးနေသော်လည်း ခွေးဘဝ ရောက်နေခဲ့ရသည်။
သို့သော်လည်း မကြာမီ ထိုအခြေအနေ အဆုံးသတ်သွားခဲ့သည်။
ရန်ကိုင်နှင့် လက်ဖက်ရည်ခွက်တစ်ဝက်စာ ကြာအောင် တိုက်ခိုက်နေခဲ့သော အန်းဇီ ရုတ်တရက် သွေးပျက်ခြောက်ခြားစွာ ထအော်လေသည်။ ထိုစဉ် သူ့ခန္ဓာကိုယ် လေထဲသို့ လွင့်ထွက်သွားခဲ့လေသည်။ အဆက်မပြတ် သွေးအန်နေပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်နေကာ မျက်လုံးများဟာလည်း ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။
အန်းဇီ မြေကြီးပေါ် မပြုတ်ကျသေးခင်မှာပဲ ရန်ကိုင် သူ့ရှေ့တွင် ပေါ်လာပြီး သူ့ရင်ဘတ် တည့်တည့်ကို ထိုးချလိုက်သည်။
အန်းဇီ ရင်ဘတ် ချိုင့်ဝင်သွားပြီး သနားစဖွယ် အော်ဟစ်လေသည်။ ထို့နောက် သူ့မျက်ဝန်းများ တဖြည်းဖြည်း အသက်မဲ့လာခဲ့ပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားလေသည်။
တုန့်နင်နှင့် တိုက်ခိုက်နေသော ရဲ့ယန်ရုန်မှာမူ အန်းဇီ၏ အော်ဟစ်သံများကို ကြားလိုက်ချိန် ထိတ်လန့်တုန်လှုပ် သွားခဲ့လေသည်။ မသင်္ကာသဖြင့် လှည့်ကြည့်လိုက်ရာ အန်းဇီ တစ်ကိုယ်လုံး ပေါက်ကွဲသွားသည့် မြင်ကွင်းကို သွားမြင်လိုက်ရလေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အလန့်တကြား ရေရွတ်မိလိုက်သည် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
သူ့စိတ် မတည်မငြိမ် ဖြစ်သွားသည့်အတွက် သွေးမြူများလည်း မတည်မငြိမ် ဖြစ်သွားသည်။ တုန့်နင်သည် ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်ကာ သွေးမြူထဲမှ ချက်ချင်း ထွက်ပြေးလေသည်။ သွေးမြူခိုးဆီမှ လွတ်မြောက်လာပြီးနောက် ရန်ကိုင် ရှိနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ရာ တစ်စစီ ဖြစ်နေသော အသားစများကို တွေ့လိုက်ရသည်။
အန်းဇီသည် တစ်စစီဖြစ်အောင် အထိုးခံရပြီး သေသွားပြီ။ တုန့်နင်သည်လည်း သူ့သွေးတိမ်တိုက်မှ လွတ်မြောက်သွားခဲ့ပြီ။အခြေအနေ သူ့ဘက် လုံးဝ အလေးမသာတော့မှန်း ရဲ့ယန်ရုန် သိလိုက်သည်။ ထို့ကြောင့် သွေးတိမ်တိုက်ကို ပြန်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ် ပြန်ဖွဲ့စည်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ရန်ကိုင်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။
“မင်းလှုပ်ရဲလှုပ်ကြည့်၊ ငါမင်းကိုသတ်မယ်” ရန်ကိုင်က သူ့လက်မှ သွေးများကို ခါထုတ်လိုက်ပြီး ရဲ့ယန်ရုန်ကိုကြည့်ကာ ပြောလိုက်သည်။ သားကောင်ကို အမဲဖျက်တော့မည့် သားသတ်သမား တစ်ယောက်ကဲ့သို့သော ရန်ကိုင်၏ ပုံစံကြောင့် ရဲ့ယန်ရုန် တစ်ကိုယ်လုံး ရေခဲတွင်းထဲ ပစ်ချခံလိုက်ရသည့်နှယ် တဆတ်ဆတ် တုန်ရီသွားခဲ့သည်။
ရန်ကိုင်သည် စကားဖြင့် ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်သော်လည်း သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိနေသည်ဟု ရဲ့ယန်ရုန် အလိုလို ခံစားနေမိသည်။ သေရမည်ကို ကြောက်သဖြင့် ရဲ့ယန်ရုန်လည်း မလှုပ်ရဲတော့ချေ။
ပါးစပ်ဟပြီး တစ်ခုခု ပြောတော့မည်အပြု၊ သူဘာမှ မပြောရသေးခင်မှာပဲ တုန့်နင်က လက်သီးဆုပ်၍ ကြားဖြတ်ပြောလိုက်လေသည် “ငါ့အသက်ကို ကယ်ပေးလို့ ဒီကမိတ်ဆွေကို ကျေးဇူးအများကြီး တင်ပါတယ်”
သူရန်ကိုင် အမှန်တကယ် ကျေးဇူးတင်ခြင်း ဖြစ်သည်။ တကယ်တော့ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူကျိန်းသေ သေရပေလိမ့်မည်။ သူသည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့် တစ်ယောက် ဖြစ်လင့်ကစား သူ့အသက်အား ကယ်ခဲ့သူတစ်ယောက် ကျေးဇူးတင်ရမည်မှန်း သိပေသည်။
“မင်းနဲ့ဘာမှမဆိုင်ဘူး” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ ထိုတုန့်နင် ဆိုသောကောင်ကို သူအတော်လေး အမြင်မကြည် ဖြစ်နေသည်။ ထိုကောင်သည် သူ့စီနီယာ နှစ်ယောက်၏ လိုက်ဖမ်းခြင်း ခံနေရစဉ်က၊ ရန်ကိုင်ကို မြင်လိုက်သည့်အခါ ယခင်သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်မသွားဘဲ ရန်ကိုင်တည့်တည့်ဆီသို့ ပျံသန်းလာခဲ့လေသည်။ ရန်ကိုင်ကိုပါ သူ့အရှုပ်ထုပ်ထဲ ဆွဲသွင်းရန် ကြံခဲ့သည့်အတွက်ကြောင့် ရန်ကိုင် သူ့ကို အမြင်မကြည် ဖြစ်နေသည်မှာ သဘာဝသာ ဖြစ်သည်။
ရဲ့ယန်ရုန်နှင့် အန်းဇီတို့သည် ရန်ကိုင်အား တုန့်နင်၏ အကူဟု ပြောခဲ့သည်။ တုန့်နင်ကလည်း မဟုတ်ဘူးဟု ဝင်မပြောခဲ့။ နှုတ်ဆိတ်၍သာ နေခဲ့သည်။ သူ့နေရာတွင် အခြားသူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်သာဆိုပါက အန်းဇီ လက်ချက်ကြောင့် အသက်ပျောက်သွားလောက်ပေပြီ။ ယခု ဤနေရာတွင်ပင် ရပ်နေနိုင်တော့လိမ့်မည် မဟုတ်ချေ။
သို့သော် သူသာ တုန့်နင်နေရာတွင် ဆိုပါက ထိုနည်းတူသာ လုပ်မိပေလိမ့်မည်။ ထို့အတွက်ကြောင့် တုန့်နင်၏ လုပ်ပုံကို မကြိုက်သော်လည်း သူ့အား အပြစ်မတင်ခဲ့ချေ။ တစ်ဖက်လူသည် အသက်ဘေးမှ လွတ်မြောက်အောင် ကြိုးစားနေသည် ဖြစ်လေရာ မည်ကဲ့သို့ ကိုယ်ကျင့်သိက္ခာဆိုသော အရာမျိုးကို စဉ်းစားနိုင်တော့မည်နည်း။ သူ့အသက်ရှင်နိုင်ရန် အတွက် မရရသည့် နည်းလမ်းများကို ထုတ်သုံးပေိမ့်မည်။
ရန်ကိုင် စကားကြောင့် တုန့်နင် ရှက်သွားခဲ့သည်။ သို့သော်လည်း ပြန်ရှင်းပြရန် မကြိုးစားခဲ့ဘဲ အလေးအနက် အမူအရာဖြင့်သာ အော်ပြောလိုက်သည် “ရောင်းရင်း၊ လုပ်လက်စနဲ့ နည်းနည်းလောက် ထပ်သတ်သွားပေးပါဦးလား။ မင်းသာ ဒီကောင့်ကို ကူသတ်ပေးမယ်ဆိုရင် ငါမင်းကို ကောင်းကောင်း အလျော်ပြန်ပေးမယ်ကွာ”
တုန့်နင်ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ရဲ့ယန်ရုန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ယခုမှပဲ ထိုသူတော်စင်ဘုရင် ဒုတိယအဆင့် လူငယ်လေးသည် တုန့်နင်၏ အကူ မဟုတ်မှန်း သိလိုက်ရသည်။ တစ်ပတ်လှည့် ခံလိုက်ရပြီမှန်း သိလိုက်ရသည့်နောက် ရဲ့ယန်ရုန်၏မျက်နှာ မဲ့ရွဲ့သွားခဲ့လေသည်။
အစောကြီးကတည်းကသာ သိခဲ့လျှင် အန်းဇီအား ထိုကောင်လေးအား သွားပြဿနာ ရှာခိုင်းခဲ့လိမ့်မည် မဟုတ်ချေ။ သူ့အား ဘာမှမလွတ်ဘဲ လွှတ်ပေးလိုက်မည်သာ။ သို့သော်လည်း ယခုမှ နောင်တရနေတော့ကာ ဘာအသုံးဝင်တော့မည်နည်း။ ထိုလူငယ်လေးက အန်းဇီကို သတ်လိုက်ပေပြီ။ ထို့အပြင် သူသည် ဘာမဆိုင်ညာမဆိုင် သူတို့ အရှုပ်ထုပ်ထဲ ဆွဲသွင်းခံရသဖြင့် စိတ်ညစ်နေလောက်သည်။ အန်းဇီကို လက်ဖက်ရည် ခွက်တစ်ဝက်စာ အချိန်အတွင်း သတ်နိုင်သဖြင့် တုန့်နင်နှင်သာ လက်တွဲမည်ဆိုပါက သူ့အား ကျိန်းသေ သတ်နိုင်လောက်သည်။
ရဲ့ယန်ရုန် ရန်ကိုင်အား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေသည်။ ရန်ကိုင် သဘောတူလိုက်မည်ကို သူအတော်လေး ထိတ်လန်နေမိပေသည်။
သို့သော်လည်း ရန်ကိုင်က စိတ်မဝင်စားသည့်ဟန်ဖြင့် ခေါင်းခါ၍ ပြန်ပြောလိုက်သည် “မင်းတို့ ပြဿနာကို ငါစိတ်မဝင်စားဘူး”
ယခုမှပဲ ရဲ့ယန်ရုန် စိတ်သက်သာရာ ရတော့သည်။ သို့သော်လည်း သူစိတ်သက်သာရာရလို့ မပြီးသေးခင်မှာပဲ တုန့်နင်က အလျင်အမြန် ဆက်ပြောလိုက်သည် “ရောင်းရင်း၊ မင်းအခု ငါတို့ သွေးနတ်ဆိုးကျောင်းတော်က တပည့်တစ်ယောက်ကို သတ်လိုက်ပြီဆိုတော့ မင်းသာ ရဲ့ယန်ရုန်ကို လွှတ်ပေးလိုက်မယ်ဆိုရင် သူဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ဂိုဏ်းအကြီးအကဲတွေဆီ ကျိန်းသေ ပြန်ပြောလိမ့်မယ်။ အဲ့အခါ မင်းဒုက္ခရောက်ပြီပဲ”
“ဒီတော့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ မပေါက်ကြားအောင် မင်းတို့ နှစ်ယောက်စလုံးကို ငါသတ်ပစ်သင့်တယ်ပေါ့၊ ဟုတ်လား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလျက် ရဲ့ယန်ရုန်ကို တစ်လှည့်၊ တုန့်နင်ကိုတစ်လှည့် စိုက်ကြည့်လိုက်သည်။ ရန်ကိုင် အကြည့်ကြောင့် ရဲ့ယန်ရုန်နှင့် တုန့်နင်တို့ နှစ်ယောက်စလုံး ရင်ထိတ်သွားခဲ့ပြီး ချွေးစေးများပျံလာရလေသည်။
ရဲ့ယန်ရုန် ထိုသောက်ပါးစပ် ပိတ်မထားနိုင်သည့် တုန့်နင်ကို စိတ်ထဲမှနေ၍ ကြိတ်ကျိန်ဆဲနေလိုက်သည်။ သို့သော်လည်း ထိုလူငယ်လေး ပြောသည်ကို ကြားပြီးနောက် သူ့စိတ်ထဲ အကြံတစ်ခု စဉ်းစားမိသွားသည်။ ထို့ကြောင့် ချက်ချင်းပဲ တုန့်နင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “ဂျူနီယာညီလေးတုန့်၊ ဒီကောင်က ပြောရဆိုရကောင်းတဲ့ပုံ မပေါက်ဘူး။ ငါတို့ ရန်ငြိုးတွေကို ခဏဘေးဖယ်ထားပြီး အဲ့ကောင်ကို အရင်ပေါင်းသတ်ကြမလား”
သို့သော်လည်း တုန့်နင်က တစ်ချက်ကလေးပင် မစဉ်းစားပဲ သူ့ကမ်းလှမ်းချက်ကို ချက်ချင်း ငြင်းပယ်လိုက်လေသည် “အားတော့နာပါရဲ့ကွာ။ မင်းလို လူမျိုးနဲ့ ပူးပေါင်းဖို့ ငါတကယ်ကို စိတ်မဝင်လို့”
ရဲ့ယန်ရုန်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်သည် “သတင်းမပေါက်ကြားအောင် မျက်မြင်သက်သေတွေကို နှုတ်ပိတ်တာ မဆိုဘူး။ မိတ်ဆွေ ငါ့ကို နှုတ်ပိတ်ချင်တယ်ဆိုလည်း နှုတ်ပိတ်လိုက်။ ငါဘာမှပြောမှာ မဟုတ်ဘူး။ တကယ်တော့ မင်းဝင်ပါလိုက်တာကြောင့်သာ မဟုတ်ရင် ငါသေနေလောက်ပြီ။ ဒါပေမယ့် ငါသေရမယ်ဆိုရင်တောင် ဒီသူတောင်းစားကိုတော့ လုံးဝ အလွတ်မပေးနိုင်ဘူး
ပြောပြီးသည်နှင့် ရဲ့ယန်ရုန်အား ကြည့်ကာ ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သွေးပေါင်းစည်းဆေးလုံးကို လက်မလွှတ်လွှတ်ရအောင် တွန်းအားပေးခံရသဖြင့် တုန့်နင် ရဲ့ယန်ရုန်ကို သေလောက်အောင် မုန်းနေပေသည်။
“မင်းရူးနေပြီ” ရဲ့ယန်ရုတ် ထိတ်လန့်သွားခဲ့ပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည် သူနောက်သို့ တစ်လှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ကိုမှ အားကောင်းလှသော ကောင်းကင်စိတ်အာရံဒ သူ့အပေါ်သို့ ကျရောက်လာခဲ့လေသည်။ ထိုကောင်းကင်စိတ်အာရုံသည် သူ့အသိစိတ်ပင်လယ် အတားအဆီးကို တစ်မုဟုတ်ချည်း ချိုးဖျက်သွားခဲ့သည်။ သို့သော်လည်း သူ့အား မည်သည့် အန္တရာယ်မှ ဆက်မပေးတော့ဘဲ ထိုနေရာတွင် ရပ်တန့်သွားသည်။
ရဲ့ယန်ရုန် နဖူးပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေလေပြီ။ သူသာ နောက်တစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့အသိစိတ်ပင်လယ် တိုက်ခိုက်ခံရမယ်မှန်း သိလိုက်သည်။ ထိုလူငယ်လေး၏ ကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်အောက် လုံးဝ နိမ့်ကျခြင်းမရှိချေ။ ထိုကဲ့သို့သော ကောင်းကင်စိတ်အာရုံမျိုးသည် သူခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
ထို့ကြောင့် ရဲ့ယန်ရုန် တစ်ချက်ကလေးပင် မလှုပ်ရဲတော့ဘဲ ရန်ကိုင်အား ကြောက်လန့်မှု အပြည့်ဖြင့်သာ ကြည့်နေလိုက်သည်။ ထိုလူငယ်လေးသည် ထိုမျှ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ချေ။
သူ့အသိစိတ်ပင်လယ် အတားအဆီးကို ဖျက်စီးလိုက်ခြင်းသည် သတိပေးချက် တစ်ခုသာ ဖြစ်သည်။ ရန်ကိုင်သည် ရဲ့ယန်ရုန်အားသတ်ရန် အလျင်မလိုသေးဘဲ တုန့်နင်ဘက်သို့ လှည့်၍ မေးလိုက်သည် “ငါမင်းကို မကူညီနိုင်တာတော့ မဟုတ်ဘူး။ မင်းဘယ်က ဘယ်လို အကျိုးအမြတ် ပေးနိုင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၃)
ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသော စကားကို ရန်ကိုင် ကောင်းကောင်း နားလည်သည်။ အစကမူ တုန့်နင်ကိုပါ သတ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ သို့သော် တုန်နင်၏ သူသေလျှင် သေပါစေ၊ ရဲ့ယန်ရုန်သေလျှင် ပြီးရောဆိုသော စကားကို ကြားလိုက်ရပြီးနောက် တုန့်နင်အား အမြင်တစ်မျိုးဖြင့် ကြည့်လိုက်မိသည်။
သေသေ၊ ရှင်ရှင် ဂရုမစိုက်တတ်သော ယောကျာ်းတစ်ယောက်၏ စကားကို ယုံကြည်ကောင်း ယုံကြည်နိုင်ပေသည်။
တုန့်နင်အား အကျိုးအမြတ် တောင်းလိုက်ရခြင်းမှာလည်း အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။ ရန်ကိုင်သည် သူများကိစ္စတွင် အကြောင်းအရင်းမရှိ ဝင်မပါချင်ချေ။ အန်းဇီအား သတ်လိုက်ရခြင်းမှာလည် ထိုကောင်က သူ့အား အရင်လာတိုက်ခိုက်သောကြောင့် ဖြစ်သည်။
တုန့်နင် သူ့အား ဘာပေးနိုင်သလဲ ဆိုသည့် ကိစ္စနှင့် ပက်သက်လျှင်ပင်၊ တုန့်နင်ပေးသည့် အရာ သူ့အတွက် အဖိုးတန်တန်၊ မတန်တန် ဂရုမစိုက်ချေ။
သိုသော် ရန်ကိုင်က ထိုကဲ့သို့ ပြောလိုက်သည်နှင့် တုန်နင်က ပြုံး၍ ပြန်ပြောလာသည် “နတ်ဆိုးသွေးမျှင်ပညာရပ်ကို မိတ်ဆွေ စိတ်ဝင်စားမလား မသိဘူး”
“တုန့်နင်” ရန်ကိုင် ပြန်မဖြေရသေးခင်မှာပဲ ရဲ့ယန်ရုန်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ ရဲ့ယန်ရုန်သည် တုန့်နန်အား မယုံကြည်နိုင်စွာ ထိတ်လန့်တကြား စိုက်ကြည့်၍ “မင်း အပြင်လူကို ဂိုဏ်းရဲ့ ပညာရပ် သင်ပေးရဲတယ်လား။ ဂိုဏ်းအကြီးအကဲတွေသာ ဒီအကြောင်းကို သိသွားရင် ဘာဖြစ်သွားနိုင်လဲ မင်းသိလား”
တုန့်နင်က အမှုမထားဟန်ဖြင့် ရဲ့ယန်ရုန်ဘက်သို့လှည့်၍ အေးစက်စက်ပြုံးကာ ပြန်ပြောလိုက်သည် “ငါ့ဝိဥာဉ် ဆွဲထုတ်ခံရပြီး နှိပ်စက်ခံရမယ်။ ခန္ဓာကိုယ်ကလည်း နုတ်နုတ်စင်းပစ်ခံရမယ်မလား”
တုန့်နင်၏ လုံးဝ ဂရုမစိုက်သည့်ပုံစံကြောင့် ရဲ့ယန်ရုန် ဆွံ့အသွားခဲ့ရသည်။
တုန့်နင်က ခေါင်းထပ်ခါလိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည် “ပြီးတော့ စီနီယာအစ်ကိုရီ၊ မင်းမေ့နေတာလား။ မင်သာ သေသွားခဲ့ရင် ဒီနေ့အကြောင်းတွေကို ဘယ်သူ ပြန်ဖွနိုင်တော့မှာလဲ”
ရဲ့ယန်ရုန်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ ယခုမှပဲ တုန့်နင် သူ့အား မည်မျှ မုန်းတီးနေမှန်း သိရတော့သည်။ တုန့်နင်သည် သူ့အား သတ်နိုင်ရန်အတွက် ဂိုဏ်းမှ ချမှတ်ထားသော ဂိုဏ်းပညာရပ်အား အပြင်လူဆီ မသင်ပေးရ ဟူသော စည်းမျဉ်းကိုပင် ဖောက်ဖျက်ခဲ့သည်။ တစ်ဖက်လူသာ သဘောတူလိုက်လျှင် သူသေရတောမည်မှန်း ရဲ့ယန်ရုန် သိသည်။ ထို့ကြောင့် ချက်ချင်းပဲ ရန်ကိုင်အား အလျင်စလို လှမ်းပြောလိုက်သည် “ရောင်းရင်း၊ အဲ့တုန်နင် ပြောတာကို မယုံနဲ့။ နတ်ဆိုးသွေးမျှင်ပညာရပ်က ဂိုဏ်းရဲ့ အဓိကတပည့်တွေပဲ လေ့ကျင့်လို့ရတဲ့ တကယ်ကို အားကောင်းတဲ့ ပညာရပ်ဆိုတာ မှန်ပေမယ့် မင်းက ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်ကို မလေ့ကျင့်ထားလို့ အဲ့ပညာရပ်ကို လေ့ကျင့်လို့ ရမှာမဟုတ်ဘူး။ ပြီးတော့ မင်းသာ ဒီထိပ်တန်းအဆင့် ပညာရပ်ကို ရသွားရင် ဂိုဏ်းက အကြီးအကဲတွေ ငြိမ်နေမှာမဟုတ်ဘူး။ မင်းအဲ့ပညာရပ်ကို သင်ထားတဲ့အကြောင်းသာ ဂိုဏ်းက အကြီးအကဲတွေ သိသွားတာနဲ့ မင်းကို ကျိန်းသေလိုက်ဖမ်းကြမှာ”
ပြောပြီးသည်နှင့် ရဲ့ယန်ရုန် တစ်ခုခုကို စဉ်းစားမိသွားသည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်သည်နောက် သူ့မျက်နှာ ဖြူလျော်သွားခဲ့ပြီး တုန့်နင်အား စိုက်ကြည့်၍ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည် “ဒီတော့ ဒါက မင်းရဲ့အစီအစဉ်ပေါ့”
ရဲ့ယန်ရုန် နားလည်သွားသည်ကို မြင်သော် တုန့်နင် အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ ဆက်လက်ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍သာ ပြောလိုက်သည် “ရောင်းရင်း၊ မင်းဘယ်သူ၊ ဘယ်ကလာလဲ ဆိုတာ ငါမသိဘူး။ အခုလောလောဆယ်လည်း အဲ့ဒါတွေကို ငါစိတ်မဝင်စားဘူး။ ဒီခွေးသူတောင်းစားကို သတ်ချင်နေတာပဲ ငါသိတယ်။ နတ်ဆိုးသွေးမျှင် ပညာရပ်ကို ပေးလိုက်လို့ မင်းအတွက် နည်းနည်းပါးပါး အန္တရာယ်ရှိတယ် ဆိုပေမယ့် ငါ့အတွက်လည်း အတူတူပဲ။ ဒီအကြောင်းသာ ပေါက်ကြာသွားရင် ငါဆိုးဆိုးရွားရွား အနှိပ်စက်ခံရမှာ။ ဒါကြောင့် ငါမင်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲ့ကိစ္စနဲ့ ပက်သက်ပြီး မင်းစိတ်ချထားလို့ရတယ်”
တုန်နင်သည် တကယ်ကို အကင်းပါးသည့်ကောင်ပင်။ ရန်ကိုင် သူတို့ နှစ်ယောက်စလုံးအား သတ်ချင်နေသည်ကို အစကတည်းက သတိပြုမိသည့်ပုံပင်။ ထို့ကြောင့် နတ်ဆိုးသွေးမျှင် ပညာရပ်ကို သုံး၍ ရန်ကိုင်အား သူသစ္စာမဖောက်နိုင်အောင် လုပ်လိုက်သည်။
ရန်ကိုင်သာ သဘောတူလိုက်သည် ဆိုပါက တုန့်နင်အနေဖြင့် သူ့အား ဘယ်တော့မှ သစ္စာဖောက်လို့ ရလိမ့်မည် မဟုတ်ချေ။ သူသာ သစ္စာဖောက်ရဲလျှင် သူကိုယ်တိုင်လည်း ဒုက္ခကြီးကြီး ရောက်ပေလိမ့်မည်။ သို့သော်လည်း သူ့နည်းလမ်း အလုပ် ဖြစ်မဖြစ် မသေချာသေး။ ရန်ကိုင် မည်ကဲ့သို့ ဆုံးဖြတ်မလဲ ဆိုသည့်အပေါ်တွင် မူတည်နေပေသည်။
ရန်ကိုင်၏ တုန့်ဆိုင်းတွေဝေနေသည့် အမူအရာကို မြင်သော် တုန့်နင်က အခြားအကျိုးအမြတ်တစ်ခုပါ ထပ်ပေါင်း၍ ကမ်းလှမ်းလိုက်ရင် ပြင်လိုက်သည် “ရောင်းရင်း မကျေနပ်သေးဘူးဆိုရင် ငါ…”
“ရတယ်။ မလိုတော့ဘူး။ နတ်ဆိုးသွေးမျှင် ပညာရပ်နဲ့တင် လုံလောက်ပြီ” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ တုန့်နင် ဘာလုပ်ချင်နေလဲ သူသိပေသည်။ သို့သော်လည်း ထိုအရာလေးတွေ သူဂရုမစိုက်ချေ။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်ကို မြင်သော် ရဲ့ယန်ရုန်မျက်နှာ ဖြူလျော်သွားခဲ့သည်။ သူနှင့်ဆန့်ကျင်ဘက်၊ တုန့်နင်ကမူ အလွန်ကိုမှ ပျော်သွားခဲ့လေသည်။
“မင်းအရင်စလိုက်” ရန်ကိုင်က ရုတ်တရက် တုန့်နင်ကို ပြောလိုက်သည်။
တုန့်နင် ကြောင်သွားခဲ့သည်။ သို့သော်လည်း ရန်ကိုင် သူ့အား ကူညီလိမ့်မည်ဟု တွေးလျက် ဘာမေးခွန်းမှ ထပ်မေးမနေတော့ဘဲ သွေးချီကို ရူးသွပ်စွာ လှည့်ပတ်လိုက်သည်။ ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ လျှာကိုကိုက်ကာ သွေးမြူများကို ထွေးထုတ်လိုက်သည်။ ထိုသွေးမြူသည် အလျင်အမြန်ပဲ လှံတိုတစ်ချောင်းအဖြစ်သို့ သိပ်သည်းသွားလေသည်။ တုန့်နင်သည် ထိုလှံတိုကို ကိုင်၍ ရဲ့ယန်ရုန်ဆီ ပြေးဝင်သွားလေသည်။
သို့သော်လည်း နောက်ဖြစ်ပျက်သွားသည့် အရာကြောင့် တုန့်နင် ထိတ်လန့်သွားရသည်။ ရဲ့ယန်ရုန်သည် သူ့တိုက်ခိုက်မှုကို ရှောင်ရန် ကြိုးစားလိုက်သော်လည်း ရှောင်ဖို့ လုပ်လိုက်သည်နှင့် သူ့မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွဦးလေသည်။
တုန့်နင်၏ လှံတိုသည် ရဲ့ယန်ရုန်၏ ရင်ဘတ်ကို အလွယ်တကူပဲ ဖောက်ထွက်သွားခဲ့လေသည်။
ရဲ့ယန်ရုန်၏ တုန်လှုပ်ခြောက်ခြားနေသည့် အမူအရာနှင့်အတူ သွေးစိမ်းရှင်ရှင်တို့ ဖြာထွက်လာခဲ့သည်။ ရဲ့ယန်ရုန်သည် လက်နှစ်ဖက်သည် လှံတိုကိုကိုင်ထားခဲ့သည်။ လှံကို သူ့ရင်ဘတ်မှ ဆွဲထုတ်ချင်သော်လည်း သူ့လက်တွင် အားမရှိတော့သည့်ပုံပင်။ မျက်တောင် တစ်ခတ်အတွင်း ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်မှ အသက်ဓါတ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် တုန်နင် မှင်သက်မိနေသည်။ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ် မြေပြင်နှင့် သွားရိုက်သည့်အသံ ထွက်ပေါ်လာမှသာ အသိပြန်ဝင်လာခဲ့သည်။
သူ့စီနီယာအစ်ကို နည်းနည်းလေးမှ မလှုပ်နိုင်ရခြင်းသည် ထိုသူတော်စင်ဘုရင် ဒုတိယ အဆင့်သာ ရှိသေးသည့် လူငယ်လေးကြောင့် ဖြစ်မှန်း တုန့်နင် သေချာသိနေသည်။
ထိုလူငယ်လေး ထိုမျှ အားကောင်းသည်လား။
သူ့ကိုယ်သူ အားနည်းသည်ဟု တုန့်နင်မထင်။ သို့သော်လည်း ယခုဘာတွေ ဖြစ်ပျက်သွားခဲ့သလဲ သူဘာကြောင့် အလွယ်တကူ အနိုင်ရသွားလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူသိသည်ကား ထိုလူငယ်လေးသည် သူ့စီနီယာအစ်ကိုကို အလွယ်တကူ သတ်နိုင်အောင် ကူညီပေးနိုင်မျှဖြင့် သူ့ကိုလည်း အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် တုန့်နင် တစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲလာသည်။
ရန်ကိုင် အန်းဇီအား သတ်လိုက်သည်ကို မြင်လိုက်စဉ်က ရန်ကိုင်သည် အင်အားစုကြီး တစ်ခုမှ လက်ရွေးစင်တစ်ယောက် ဖြစ်မည်မှန်း သိလိုက်သည်။ သို့သော်လည်း ထိုလူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ယခုမှသာ နားလည်သွားတော့သည်။
သူ့စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးနေပြီး ခဏကြာမှသာ ရန်ကိုင်အား လှည့်ကြည့်လိုက်သည်။ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားသော်လည်း ရန်ကိုင်ကို မကြောက်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။ တတ်နိုင်သမျှ အားတင်းပြုံးရင်း လက်သီးဆုပ်၍ “အခုလို ကူညီပေးတဲ့အတွက် ရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ရောင်းရင်းကို သဲမီးတောက်နယ်မြေမှာ မြင်လိုက်တုန်းက ရောင်းရင်းနဲ့ ပက်သက်ပြီး တစ်ခုခု ထူးခြားတယ်လို့ ထင်နေခဲ့တာ။ အခုမှပဲ ငါထင်တာ မမှားနေမှန်း သိတော့တယ်”
ရန်ကိုင်ကမူ ခေါင်းသာညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။
ရန်ကိုင်၏ ပြောင်းလဲခြင်း မရှိသည့် ရုပ်တည်ကြီးကြောင့် တုန့်နင် ရင်ထိတ်သွားခဲ့သည်။ တကယ်တော့ ရန်ကိုင် မည်ကဲ့သို့သော လူစားမျိုးလဲ ဆိုသည်ကို သူမသိသေးချေဘူးလေ။ သူစကားမှားသွား၍ ရန်ကိုင် ဒေါသထွက်မည်ကို ကြောက်လန့်နေမိသည်။ ယခုမှပဲ ခုဏတုန်းက လုပ်ထားသည့် သဘောတူညီချက်ကို ပြန်သတိရလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ သားရဲသားရေ တစ်မျိုးမျိုးဖြင့် လုပ်ထားသည် စာလိပ်တစ်ခုကို ထုတ်ကာ ရန်ကိုင်လက်ထဲသို့ ယဉ်ယဉ်ကျေးကျေး ထည့်ပေး၍ ပြောလိုက်လေသည် “ဒီမှာ နတ်ဆိုးသွေးမျှင်ကျင့်စဉ်၊ အမှတ်မလောက်လို့ ကျင့်စဉ်ရဲ့ ပထမပိုင်းပဲ ရလာတယ်။ ပြီးတော့ ဒါက မူရင်းမိတ္တုတစ်ခုပဲ။ မိတ္တူဆိုပေမယ့် မူရင်နဲ့ ဘာမှ မကွာဘူးဆိုတာ ငါလုံးဝ အားမခံတယ်”
ပြောနေရင်း ရန်ကိုင်၏ အမူအရာကို သေချာ စောင့်ကြည့်လေ့လာနေသည်။
တကယ်တော့ သူလက်ရှိ ပေးနေသည့်အရာသည် သဘောတူထားသည်နှင့် အနည်းငယ် ကွဲလွဲနေခဲ့သည်။ ထို့ကြောင့် တုန့်နင် အနည်းငယ် စိတ်ပူနေမိသည်။
ရန်ကိုင်သည် တုန့်နင်ကို ခဏလောက် စိုက်ကြည့်နေပြီးနောက် စာလိပ်ကို ယူလိုက်သည်။ ထို့နောက် စာလိပ်ကို တစ်ချက်ကလေးပင် မကြည့်ဘဲ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ရန်ကိုင်အတွက် နတ်ဆိုးသွေးမျှင် ကျင့်စဉ်တစ်ဝက်သည် ကျင့်စဉ် တစ်ခုလုံးနှင့် အတူတူပင် ဖြစ်သည်။ မကျင့်မည့် ကျင့်စဉ်တစ်ခုကို အပြည့်အစုံ ဖြစ်သည်၊ မဖြစ်သည်ကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။
ရန်ကိုင် စာလိပ်အား သိမ်းလိုက်ပြီး သူ့အား မေးခွန်းမထုတ်သည်ကို မြင်လိုက်မှပဲ တုန့်နင် သက်ပြင်းချနိုင်တော့သည်။
“မင်းတို့ သွေးနတ်ဆိုးကျောင်းတော်က တပည့်တွေကို ကျင့်စဉ်တွေ မိတ္တုကူးခွင့် ပေးတာလား” ရန်ကိုင်က တုန့်နင်အား အပြည့်ဖြင့် မေးလိုက်သည်။
တုန့်နင်က ရယ်သွမ်းသွေးလိုက်ပြီး “ဒါပေမယ့် ငါက မှတ်ဥာဏ်က အရမ်း ကောင်းတယ်လေ။ မိတ်ဆွေ နားလည်တယ်မလား”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား” တုန့်နင်က မေးလိုက်သည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း သူ့နာမည်ကို ပြောပြလိုက်ပေသည်။
တုန့်နင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ငါ့က သွေးနတ်ဆိုးကျောင်းတော်က တုန့်နင်ပဲ။ ငါ့နာမည်ကို ရောင်းရင်းရန် သိပြီးလောက်ပြီပေါ့။ ရောင်းရင်း စိတ်ချထားလိုက်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါဘယ်သူ့ကိုမှ ပြန်ပြောမှာမဟုတ်ဘူး”
“ငါအဲ့ဒါကို မစိုးရိမ်ဘူး။ ဒါပေမယ့်… မင်းစီနီယာအစ်ကိုနှစ်ယောက် ဒီမှာ သေသွားတော့ မင်းပြဿနာ မတက်ဘူးလား” ရန်ကိုင်က အနားရှိ အလောင်းများကို ကြည့်ရင်း မေးလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခိုက် တုန့်နင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။ ထို့နောက် ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်၍ ပြန်မေးလိုက်သည် “ရောင်းရင်း ငါတို့ သွေးနတ်ဆိုးကျောင်းတော်အကြောင်း တစ်ခါမှ မကြားဖူးဘူးလား”
“မင်းဘာပြောချင်တာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
တုန့်နင်သည် ဝေ့လည်ကြောင်ပတ် လုပ်မနေရဲဘဲ ချက်ချင်း လိုရင်းကို တန်းပြောလိုက်လေသည် “ကြည့်ရတာ ရောင်းရင်း အခုမှ ငါတို့ သွေးနတ်ဆိုးကျောင်းတော် အကြောင်း ကြားဖူးတာနဲ့တူတယ်။ အံ့ဩစရာမဟုတ်တော့ပါဘူးလေ။ ဒီနှစ်ယောက် သေသွားတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ရောင်းရင်း ဘာမှစိတ်ပူနေစရာ မလိုဘူး။ သွေးနတ်ဆိုးကျောင်းတော်မှာ ဂိုဏ်းသားအချင်းချင်း သတ်တာကို မတားမြစ်ထားဘူး။ မတားမြစ်ထားတဲ့အပြင် သူတို့က အားတောင် ပေးသေးတယ်။ ပြီးတော့ ဂိုဏ်းထဲမှာ ဂိုဏ်းသားအများကြီးပဲရှိတာ။ တစ်ယောက်၊ နှစ်ယောက်လောက် သေသွားတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မျက်လုံးပြူးသွားရသည်။
လောကကြီးသည် တကယ်ကို ကျယ်ပြောလွန်းလှပေသည်။ ဂိုဏ်းသား အချင်းချင်း ပြန်သတ်သည်ကို အားပေးသည့် ဂိုဏ်းမျိုးပင် ဤလောကကြီးတွင် ရှိနေသည်။ ပို၍ အံ့ဩစရာ ကောင်းသည်ကား ထိုဂိုဏ်းသည် ထိုကဲ့သို့ လုပ်နေသည့်တိုင် ယခုအချိန်အထိ တည်ရှိနေနိုင်ခြင်း ဖြစ်ပေသည်။
တုန့်နင်သည် စကားများသည့် အမျိုးအစားထဲ ပါပေသည်။ ထို့ကြောင့် ရန်ကိုင်က ဘာမှမမေးရသေးသည့်တိုင် သူ့ဘာသာ ဆက်ပြောလေသည် “ငါတို့ကျောင်းတော်က ငါးနှစ်တစ်ကြိမ် ဂိုဏ်းတွင်းစစ်ပွဲလေးတစ်ပွဲ ဖြစ်လေ့ရှိတယ်။ ဆယ်စုနှစ်တိုင်းတော့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်တယ်။ အဲ့လိုဖြစ်တိုင်း ဂိုဏ်းတစ်ဂိုဏ်းလုံး သွေးချောင်းစီတာပဲ။ အဲ့ဒါကြောင့် ငါတို့ဂိုဏ်းက အရိပ်လပေါ်မှာ တော်တော်လေး ကျော်ကြာတယ်”
“အဲ့ဒါဆို မင်းတို့ဂိုဏ်း ဘာလို့ အဖျက်စီးမခံရသေးတာလဲ” ရန်ကိုင်က ပြန်၍ မေးလိုက်သည်။
“ရောင်းရင်းရန် အဲ့လိုမပြောကောင်းဘူးလေ…” တုန့်နင် ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး “ဂိုဏ်းက အချင်းချင်း သတ်ဖြတ်တာကို အားပေးလို့ ဂိုဏ်းသားအရေအတွက်ပဲ လျော့သွားတာ မဟုတ်ဘူးလေ။ ဂိုဏ်းသားတွေရဲ့ ခွန်အားလည်း တိုးလာသေးတယ်။ တိုက်ပွဲတစ်ပွဲပြီးတိုင်း တပည့်တွေအများကြီး နောက်တစ်ဆင့် ချိုးဖျက်ကုန်ရော။ ဒါကြောင့် ဂိုဏ်းလုံးပြတ် အသတ်ခံလိုက်ရတယ်ဆိုတာ ဘယ်တော့မှမဖြစ်တာ”
တုန့်နင်သည် စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေလေသည်။
ရန်ကိုင်မှာ ကြားလေကြားလေ၊ ပို၍ မယုံကြည်လာနိုင်လေ ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ထပ်မေးမနေတော့ဘဲ အခြားခေါင်းစဉ်တစ်ခု ပြောင်းမေးလိုက်လေသည် “မင်းတို့ သွေးနတ်ဆိုးကျောင်းတော်က ဒီနားမှာမလား”
“ဟုတ်တယ်”
“ကောင်းကင်ကံကြမ္မာမြို့တော်ကဆို ဘယ်လောက်လောက် ဝေးလဲ”
“ကောင်းကင်ကံကြမ္မာမြို့တော်” ထိုနာမည်ကို ကြားလိုက်သည့် အချိန်တွင် တုန့်နင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်ကာ “လတ်စသတ်တော့ ရောင်းရင်းရန်က လအရိပ်ခန်းမက ဖြစ်နေတာကိုး။ ရောင်းရင်းရန် ဒီလောက် အားကောင်းနေတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ဒီတုန့် ရောင်းရင်းရန်ကို တကယ် အထင်ကြီးသွားပြီ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၄)
ရန်ကိုင်မှ ကောင်းကင်ကံကြမ္မာမြို့တော် အကြောင်း မေးလိုက်သည့် အတွက်ကြောင့် တုန့်နင်သည် ရန်ကိုင်အား အရိပ်လခန်းမ၏ တပည့်တစ်ယောက် ဖြစ်သည်ဟု အထင်လွဲသွားခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်လည်း အလုပ်ရှုပ်ခံပြီး မဟုတ်ဘူးဟု ပြန်ပြောမနေချေ။
နည်းနည်းပါးပါး ချီးမွမ်းပြီးနောက် တုန့်နင်က ပြောလိုက်သည် “ကောင်းကင်ကံကြမ္မာ မြို့တော်က ဒီနေရာနဲ့ တော်တော်လေး ဝေးတယ်။ ကြယ်လွန်းပျံနဲ့ သွားမယ်ဆိုရင် အနည်းဆုံး ခြောက်လလောက် ကြာလိမ့်မယ်”
“အဲ့လောက်တောင် ဝေးတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ အရိပ်ကြယ်သည် အလွန်ကိုမှ ကြီးမားသည့်ကြယ်တစ်လုံး ဖြစ်မှန်း သူသိသည်။ ရွှေရောင်သွေးစက်ဖြင့် အရိပ်ကြယ်အား လှည့်ပတ်ကြည့်စဉ်က ၎င်း၏ ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့်ပင် အတော်လေး အချိန်ယူခဲ့ရပေသည်။ သို့သော်လည်း ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ ပြန်ရန် ခြောက်လလောက် ကြာခြင်းသည် အတော်လေးကို များလှသည်။ အဲ့လောက်လည်း သူစိတ်မရှည်ချေ။
ခြောက်လအတွင်း သူလုပ်ချင်သည့်အရာ အများကြီး လုပ်လို့ရပေသည်။
ရန်ကိုင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သော် တုန့်နင် တစ်ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ခဏလောက် တုန့်ဆိုင်းနေပြီးနောက် အံကြိတ်၍ ပြောလိုက်သည် “ဒီကနေ ဆယ်မိုင်လောက်ဝေးတဲ့ သွေးနတ်ဆိုးမြို့တော်က ဟင်းလင်းပြင်အစီအရင်ကို သုံးမယ်ဆိုရင်တော့ အတော်လေး အချိန်ကုန်သက်သာလိမ့်မယ်။ သွေးနတ်ဆိုးမြို့တော်ရဲ့ အစီအရင်က ကောင်းကင်ကံကြမ္မာမြို့တော်ဆီ တိုက်ရိုက် မရောက်ပေမယ့် ကျောက်တုံးပြာ မြို့တော်ဆီ အရင်ပို့ပေးလိမ့်မယ်။ အဲ့ကနေ ဆက်သွားမယ်ဆိုရင် ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ ရောက်ဖို့ တစ်လလောက်ပဲ လိုလိမ့်မယ်။ ကျောက်တုံးပြာမြို့တော်က မီးတောက်ကျောင်းတော်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာ။ ရောင်းရင်းရန်သာ မီးတောက်ကျောင်းတော်က အဓိကတပည့် တစ်ယောက်ယောက်နဲ့ သိတယ်ဆိုရင် ကျောက်တုံးပြာမြို့တော်က ဟင်းလင်းပြင် အစီအရင်ကိုသုံပြီး ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ တိုက်ရိုက်သွားနိုင်လိမ့်မယ်”
“သွေးနတ်ဆိုးမြို့တော်ရဲ့ ဟင်းလင်းပြင်အစီအရင်က ကျောက်တုံးပြာမြို့တော်ရဲ့ ဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်ထားတာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။
“ဟုတ်တယ်။ သွေးနတ်ဆိုးကျောင်းတော်နဲ့ မီးတောက်ကျောင်းတော်နဲ့ မကြာခဏ ကုန်ရောင်း၊ ကုန်ဝယ် လုပ်လေ့ရှိတယ်လေ။ ပြီးတော့ တပည့်အချင်းချင်းကလည်း အတော်လေး ရင်းနှီးတယ်လို့ ပြောလို့ရတယ်။ ဂိုဏ်းနှစ်ဂိုဏ်းက တပည့်တွေပေါင်းပြီး တာဝန်တွေ ထမ်းဆောင်တာတောင် ရှိသေးတယ်” တုန့်တင်က အပြုံးဖြင့် ရှင်းပြလိုက်သည်။ ထို့နောက် ဆက်မေးလိုက်သည် “ရောင်းရင်းရန် သွားချင်သမဆိုရင် ငါနဲ့အတူ သွေးနတ်ဆိုးမြို့တော်ဆီ လိုက်ခဲ့လို့ရတယ်။ ငါက သွေးနတ်ဆိုးကျောင်းတော်ရဲ့ အဓိကတပည့်တစ်ယောက် ဆိုတော့ ရောင်းရင်းရန်ကို ဟင်းလင်းပြင်အစီအရင် သုံးနိုင်အောင် ကူညီပေးလို့ ရနိုင်လောက်တယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ တုန့်နင်အား အသက်ရှင်ခွင့်ပေးလိုက်သည်မှာ အတော်လေး အသုံးဝင်သားပဲဟုလည်း တွေးလိုက်မိသည်။ သို့သော်လည်း မျက်နှာ အမူအရာကိုသာ နည်းနည်းလေးမှ ပြောင်းလဲမသွားစေဘဲ ရုပ်တည်ဖြင့်သာ ပြန်မေးလိုက်သည် “မင်းတို့ ဟင်းလင်းပြင်အစီအရင်ကို သုံးမယ်ဆို ဘာပေးရမှာလဲ”
တုန့်နင်က သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ပြီး “အဲ့ကိစ္စနဲ့ ပက်သက်ပြီး ရောင်းရင်းရန် စိတ်ပူနေစရာ မလိုဘူး။ ရောင်းရင်းရန်ကြောင့်သာ ဒီတုန့် အသက်ရှင်ခွင့် ရခဲ့တာ။ အဲ့အသက်ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲ စဉ်းစားနေတာ။ အခွင့်အရေး မရသေးလို့သာ။ အခု အခွင့်အရေး ရလာပြီဆိုတော့ ဒီတုန့်ကပဲ ကူညီပေးရမှာပေါ့။ ပြီးတော့ ဟင်းလင်းပြင်အစီအရင်ကို သုံးခက သူတော်စင်သလင်းကျောက်တွေပဲ ပေးရတာလေ။ အဲ့လောက်လေးကို ဒီတုန့်ပဲ အကုန်အကျ ခံလိုက်မှာပေါ့။ ဘာလို့ ရောင်းရင်းရန်ကို အကုန်အကျ ခံခိုင်းရမှာလဲ”
တုန့်နင်က သူ့ရင်ဘတ်ကိုပုတ်၍ ပြောလိုက်သည်။
ရန်ကိုင် ခဏလောက် စဉ်းစားလိုက်သည်။ ဂိုဏ်းအကြီးအကဲ တစ်ယောက်ဆီမှ အမိန့်မရလျှင်၊ သို့မဟုတ် တာဝန်တစ်ခုခုကြောင့်သာ မဟုတ်လျှင်၊ ဂိုဏ်းတပည့်များသည် သူတို့၏ ဟင်းလင်းပြင်အစီအရင်ကို သူတော်စင်သလင်းကျောက် သက်သက်ဖြင့် သုံးခွင့်ရလိမ့်မည် မဟုတ်ချေ။ အခြား အဖိုးတန်ပစ္စည်းများလည်း ပေးချေရပေသေးသည်။ သို့သော် တုန့်နင်က ထိုကဲ့သို့ ပြောလာမှဖြင့် ရန်ကိုင်ကကော ဘာကြောင့် ငြင်းနေရဦးမည်နည်း။ ထို့ကြောင့် ပြုံး၍ ခေါင်းညိတ်လက်ခံလိုက်လေသည် “အဲ့လိုဆိုရင် ရောင်းရင်းရန်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့”
“ဟားဟား၊ ဒီလောက်ကတော့ ဒီတုန့် လုပ်သင့်တာပဲလေ” သူ့အပေါ် ရန်ကိုင်၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သော် တုန့်နင် အတော်လေးကို ပျော်သွားခဲ့သည်။ ဤအပေးအယူတွင် သူအရှုံးမရှိချေ။ အသက်ကယ်ကြွေးကို ပြန်ဆပ်နိုင်သည့် အပြင် အမြတ်ပင် ထွက်သွားသေးသည်။
“ရောင်းရင်ရန်၊ ခဏလောက်စောင့်နော်။ ငါဟိုသူတော်စားကောင်းရဲ့ ခန္ဓာကိုယ်ကို သွားလတ်စသတ်လိုက်ဦးမယ်” ပြောပြီးသည်နှင့် တုန့်နင် အလျင်အမြန် ပြေးထွက်သွားသည်။
လူကိုသတ်ပြီးလျှင် အလောင်းကိုပါ ဖျောက်ပစ်ရပေမည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို ရန်ကိုင် လုပ်နေကျအရာတစ်မျိုး ဖြစ်သည်။ သို့သော်လည်း တုန့်နင် ထွက်သွားပြီးနောက် သူ့ရင်ဘတ်ဆီသို့ ရန်ကိုင် လက်လှမ်းလိုက်သည်။
သူ့ရင်ဘတ်ထဲတွင် ရှိနေသည်ကား ပန်းပဲမီးဖို သေးသသေးလေပင်။ သို့သော် လက်ရှိတွင် ပန်းပဲမီးဖိုအတွင်း၌ သိပ်သည်းလှသော သွေးချီတို့ ဖြာထွက်နေသည့် အနီရောင် ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။
ထိုဆေးလုံးသည် တုန့်နင် သဲမီးတောက်နယ်မြေထဲသို့ လွှင့်ပစ်လိုက်သည့် သွေးပေါင်းစည်း ဆေးလုံး ဖြစ်ပေသည်။
သူတော်စင်ဘုရင်အဆင့် မိတ်ဆွေသုံးယောက် အချင်းချင်း ပြန်သစ္စာဖောက်ရအောင် လုပ်နိုင်သည့် ဆေးလုံးသည် မည်ကဲ့သို့သော ဆေးလုံးမျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် သိချင်မိသည်။ ထို့ကြောင့် တုန့်နင် ထိုဆေးလုံးကို သဲမီးတောက်နယ်မြေထဲသို့ လွှင့်ပစ်လိုက်သည့် အချိန်တွင် ရန်ကိုင်သည် ထိုလူများမသိအောင် ပန်းပဲမီးဖိုအား ထိုဆေးလုံးကို တိတ်တိတ်လေး သွားယူခိုင်းခဲ့သည်။
သဲမီးတောက်နယ်မြေ ပိတ်သွားလျှင် ထိုထဲသို့ မည်သူမှ မဝင်နိုင်သော်ငြား မှော်ရတနာ စိတ်ဝိဥာဉ် မဝင်နိုင်ဟု မဆိုလိုချေ။ မှော်ရတနာစိတ်ဝိဥာဉ်သည် မြေအဆုတ်မီးတောက်ကန်၏ သန့်စင်သော မီးစွမ်းများမှ ဖြစ်ပေါ်လာပြီး ထိုနေရာရှိ မီးစွမ်းအင်များကို နှစ်ပေါင်းသောင်းနှင့် ချီအောင် စုပ်ယူနေခဲ့သည်။ ထို့ကြောင့် သဲမီးတောက်နယ်မြေ၏ အပူဓါတ်လေးကို မည်ကဲ့သို့ ဂရုစိုက်မည်နည်း။
ရန်ကိုင် ရင်ဘတ်ထဲသို့ ပြန်ဝင်လာသည့် အန်းဇီ မြင်လိုက်ရသော အနီရောင် အလင်းတန်းသည် မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်ပေသည်။
သေချာ မစစ်ဆေးရသေးသော်ငြား ၎င်းမှ ထုတ်လွှတ်နေသော သွေးချီအရ ထိုဆေးလုံးကို ဖော်စပ်ရန် သွေးစတေးနှင့် ဆင်တူသော အရာတစ်ခုခု ပါဝင်ရလိမ့်မည် ဖြစ်ကြောင်း ရန်ကိုင် ခန့်မှန်း ပြောဆိုနိုင်သည်။ ထိုကဲ့သို့ ပြောရခြင်းမှာ ထိုဆေးလုံး၏ အားကောင်းလှသော မိစ္ဆာ အရှိန်အဝါကြောင့် ဖြစ်သည်။ ထို့အပြင် ထိုဆေးလုံးသည် သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်များအတွက် အရမ်းကိုမှ အသုံးဝင်ပေသည်။ ဆေးလုံး၏ မိစ္ဆာအရှိန်အဝါသည် သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်များကို မည်သည့် ဒုက္ခမှ မဖြစ်စေသည့်အပြင် သူတို့၏ ကျင့်ကြံခြင်းကို ပို၍ တိုးတက်အောင်ပင် ကူညီပေးနိုင်သည်။
မှော်ရတနာစိတ်ဝိဥာဉ်အား ထိုဆေးလုံးကို ယူခိုင်းလိုက်ရခြင်းမှာ ဆေးလုံးသည် မည်ကဲ့သို့သော ဆေးလုံးမျိုး ဖြစ်သည်ကို သိချင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။ အခြား အတွေးမရှိချေ။
ထိုဆေးလုံးအကြောင်း ပြန်စဉ်းစားနေစဉ်မှာပဲ တုန့်နင် ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်ဆီ ရောက်သွားခဲ့သည်။ သို့သော် ရန်ကိုင် တွေးထားသကဲ့သို့ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်ကို ဖျက်စီးပစ်ခြင်းမျိုး မလုပ်ဘဲ တုန့်နင်သည် ကျေနပ်အားရနေသည့် အမူအရာဖြင့် အလောင်းနားတွင် ထိုင်ချလိုက်သည်။ ထို့နောက် အမျိုးမျိုးသော လက်ကွက်များစွာ ထုတ်ဖော်လိုက်ရာ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်မှ ခြောက်ခြားဖွယ် အော်ဟစ်သံများနှင့်အတူ သွေးချီတို့ ထွက်ပေါ်လာခဲ့သည်။
တစ်နာရီလောက် ကြာပြီးသည့်နောက်တွင် ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်တစ်ခုလုံး မည်သည့် အသားမှမကျန်တော့ဘဲ အရိုးဖြူဖြူကြီးများသာ ကျန်ရစ်တော့သည်။ တုန့်နင်၏ လက်ထဲတွင်မူ သွေးပေါင်းစည်းဆေးလုံးနှင့် ဆင်တူသော ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။ တုန့်နင်သည် ထိုဆေးလုံးကို ကျေနပ်အားရစွာဖြင့် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် အရိုးဖြူးများကို ထိုးချေပစ်လိုက်လေသည်။
ထို့နောက် ရဲ့ယန်ရုန်နှင့် အန်းဇီတို့၏ သိုလှောင်လက်စွပ်များကို ကောက်သိမ်း၍ ရန်ကိုင်ဆီသို့ ပြန်လာခဲ့လေသည်။
ရန်ကိုင် မျက်နှာထက်ရှိ ထူးဆန်းသည့် အမူအရာကို မြင်လိုက်သည့်အခါ တုန့်နင်က ပြုံး၍ ရှင်းပြလိုက်လေသည် “ရောင်းရင်းရန်ကို မမြင်သင့်တာတွေ မြင်စေမိလိုက်ပြီနဲ့တူတယ်။ ကျုပ်လိမ်နေတာတော့ မဟုတ်ဘူး။ သွေးနတ်ဆိုးကျောင်းတော်အတွက်၊ ဂိုဏ်းတူဂိုဏ်းသားတွေ ဆိုတာ အသက်ရှင်နေတဲ့ ကျင့်ကြံရေး ဆေးလုံးတွေပဲ။ ဒါကြောင့် ဂိုဏ်းတွင်း စစ်ပွဲတွေ ဘယ်တော့မှ မရပ်တန့်သွားတာ”
ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ ပြန်ပြောလိုက်သည် “ဒီတော့ ငါက ဆေးလုံးတစ်လံးကို ဖျက်စီးမိလိုက်တာပေါ့”
အန်းဇီ၏ ခန္ဓာကိုယ်ကို သူဖျက်စီးလိုက်သည့် အတွက်ကြောင့် တုန့်နင် အနေဖြင့် အန်းဇီ၏ အလောင်းကို ဆေးလုံးအဖြစ် သန့်စင်၍ မရတော့ချေ။
“ဘာမှမဖြစ်ဘူး။ ဒီလောက်နဲ့တင် ကျေနပ်တယ်။ ဂိုဏ်းက တပည့်တွေ အချင်းချင်း ပြန်တိုက်ခိုက်ဖို့ အားပေးတယ်ဆိုပေမယ့် အဆင့်တူ တပည့်တစ်ယောက်ကို သတ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ အခြားတစ်ယောက်ကို သတ်ဖို့ကြံရင် ပြန်သေးသွားတဲ့ တပည့်တွေလည်း အများကြီးပဲ။ ဒါကြောင့် ဂိုဏ်းက အချင်းချင်း ပြန်သတ်တာကို အားပေးတယ် ဆိုရင်တောင် ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ ပြဿနာ ရှာလေ့မရှိကြဘူး”
တုန့်နင်သည် ရန်ကိုင်အား အသေးစိတ် ရှင်းပြမနေရဲတော့သဖြင့် အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဒါတွေက ငါ့စီနီယာအစ်ကို နှစ်ယောက်ရဲ့ သိုလှောင်လက်စွပ်တွေပဲ။ အထဲမှာရှိတဲ့ ပစ္စည်းအများစုက ရောင်းရင်းရန်အတွက် အသုံး မဝင်လောက်ဘူး။ ဒါပေမယ့် သူတော်စင်သလင်းကျောက်တွေကတော့ ရောင်းရင်းရန် အတွက် အသုံးဝင်လိမ့်မယ်”
ရန်ကိုင်က တုန့်နင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ရမ်း၍ “မလိုဘူး။ မင်းပဲ သိမ်းထားလိုက်။ သွေးနတ်ဆိုးမြို့တော်က ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုခလို့သာ မှတ်ထားလိုက်”
ထိုသိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် သူ့အတွက် အသုံးမဝင်ဘူးဟု တုန့်နင်က အရိပ်အခြေ ပေးနေလေပြီ။ တုန့်နင် ဘာပြောချင်နေလဲ ဆိုသည်ကို ရန်ကိုင် မသိဘဲ ဘယ်နေမည်နည်း။ သူတော်စင် သလင်းကျောက် နည်းနည်းပါးပါးသည် သူ့အတွက် ဘာမှမျှ မဟုတ်လေရာ ထိုသိုလှောင်လက်စွပ် နှစ်ကွင်းကို တုန့်နင်ဆီ ပေးလိုက်၍ ဘာမှ မဖြစ်ချေ။
တုန့်နင်သည် ထိုစကားကို ကြားကြားချင် ပျော်သွားခဲ့သည်။ သို့သော် တာဝန်တ္တရားအရ အိုင်တင်ခံကာ ငြင်းနေပေသေးသည်။ သို့သော် နောက်ဆုံးတွင်တော့ သဘောတူသွားခဲ့လေသည်။
ထိုကိစ္စပြီးသွားသည်နှင့် တုန့်နင်နှင့် ရန်ကိုင်သည် ကြယ်လွန်းပျံ အသီးသီးကို ထုတ်၍ နတ်ဆိုးမြို့တော်ဆီသို့ စတင် ထွက်ခွာလေသည်။
လမ်းတွင် တုန့်နင်သည် ရန်ကိုင်အား စကားလာပြောရင်း အရိပ်လခန်းမရှိ သူ့အဆင့်အတန်းကို သိနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အချည်းနှီးသည်သာ။
စကားနည်းနည်းပါးပါး ပြောပြီးနောက် သဲမီးတောက်နယ်မြေထဲတွင် တုန့်နင်တွေကို တွေ့စဉ်က သူ့အသံအား ဘာကြောင့် ရင်းနှီးနေသလဲဟု ခံစားခဲ့ရသည်ကို နောက်ဆုံးတွင် ရန်ကိုင် နားလည်သွားခဲ့သည်။
တုန့်နင်သည် ရတနာစံအိမ် လေလံပွဲသို့ တက်ဖူးပေသည်။ ထိုစဉ်က သူသည် သွေးနတ်ဆိုးကျောင်းတော်ကိုယ်စား လေလံဈေး ဝင်ခေါ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပဲ တုန့်နင်အသံကို ရန်ကိုင် ရင်းနှီးနေသလို ခံစားရခြင်း ဖြစ်သည်။ လေလံပွဲအကြောင်း စကားရောက်သွားသည်နှင့် တုန့်နင်သည် ထိုစဉ်က ပေါ်လာခဲ့သော ရတနာများအကြောင်း စကားတစ်ဖန် စလေသည်။ သို့သော်လည်း သူမသိသည်ကား ထိုစဉ်က ပေါ်လာခဲ့သော အဖိုးတန်ရတနာများသည် ရန်ကိုင်၏ ပစ္စည်းများ ဖြစ်သည်ကိုပင်။
စကားတပြောပြောနှင့် ရှေ့ဆက်သွားနေလိုက်ရာ မကြာမီ ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ရှေ့သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။
သွေးနတ်ဆိုးမြို့တော်သည် သွေးနတ်ဆိုးကျောင်းတော်နှင့် မိုင်တစ်ထောင်ခန့် ကွာဝေးသော နေရာတွင် တည်ရှိသည်။ သွေးနတ်ဆိုးကျောင်းတော်သည် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း အရိပ်ကြယ်တစ်ခုလုံးမှ ကျင့်ကြံသူများသည် သွေးနတ်ဆိုးမြို့တော်သို့ လာရောက်ကြလေသည်။ ထို့ကြောင့် သွေးနတ်ဆိုးမြို့တော်သည် အခြားမြို့ကြီးများနှင့် ဘာမှသိပ်မခြားနားခြင်း ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်သည်ကား မြို့ထဲသို့ လာရောက်ကြသူများသည်လည်း မိစ္ဆာကျင့်ကြံသူများ ဖြစ်နေခြင်းပင်။
ဟုတ်ပေသည်။ သွေးနတ်ဆိုးမြို့တော်ထဲသို့ ဝင်လာပြီးနောက် ရန်ကိုင် တွေ့လိုက်ရသည့် လူအများစုသည် အေးစက်စက် အမူအရာများကို ဆင်မြန်းထားကြပြီး မှုန်ထိုင်းထိုင်း အရှိန်အဝါ၊ အငွေ့အသက်တို့ဟာလည်း သူတို့ ခန္ဓာကိုယ်မှ ဖြာထွက်နေကြသည်။
သွေးနတ်ဆိုးမြို့တော်ထဲတွင် အခြားအင်အားစုများမှ ဖွင့်ထားသည့် ဆိုင်များစွာ ရှိပေသည်။ ထိုကဲ့သို့ ဆိုင်ဖွင့်ထားရခြင်းမှာ သွေးနတ်ဆိုးကျောင်းတော်နှင့် အသက်အသွယ် လုပ်လိုသည်က တစ်ကြောင်း၊ ဤဒေသ၏ သတင်းများကို သိလိုက်သည့် အတွက်က တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။
တုန့်နင်သည် ရန်ကိုင်အား သွေးနတ်ဆိုးမြို့တော်ထဲသို့ လမ်းပြခေါ်သွားပြီး မြို့တော်၏ ရိုးရာဓလေ့၊ အခြား အကြောင်းအရာများကို ရှင်းပြလိုက်သည်။ နေ့တစ်ဝက်လောက် လျှောက်လာပြီးနောက် နန်းတော်ကြီးတစ်လုံးရှေ့သို့ ရောက်လာကြလေသည်။
“ရောက်ပြီ။ သွေးနတ်ဆိုးမြို့တော်ရဲ့ ဟင်းလင်းပြင်အစီအရင်က အထဲမှာပဲ” တုန့်နင်က ရပ်လိုက်ပြီး ရှေ့တည့်တည့်ကို ညွှန်ပြလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၅)
ရန်ကိုင် မြင်သလောက် ခန်းမသည် အတော်လေး အစောင့်အကြပ် ထူထပ်ပေသည်။ ခန်းမပတ်လည်တွင် သူတော်စင်ဘုရင် ဒုတိယ၊ တတိယအဆင့် ရှိမည့် မိုးပြာရောင်သံကြပ်ကာ အင်္ကျီကို ဝတ်ဆင်ထားကြသည့် သွေးနတ်ဆိုးကျောင်းတော်မှ တပည့် ခုနှစ်ယောက်၊ ရှစ်ယောက် ရှိနေကြသည်။ အတွင်းထဲတွင်လည်း တန်ခိုးရှင်အဆင့်တစ်ယောက်၏ အရှိန်အဝါကို အာရုံခံနေမိသည်။
“ရောင်းရင်းရန် ခဏလေးစောင့်နော်၊ တာဝန်ကျနေတဲ့ အကြီးအကဲကို သွားအသိပေးလိုက်ဦးမယ်။ စီစဉ်စရာတွေ စီစဉ်ပြီးသွားပြီး ရောင်းရင်းရန်ကို လာပြန်ခေါ်မယ်” တုန့်နင်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး စောင့်ကြည့်နေသည့် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များ၏ အကြည့်အောက်၌ နန်းတော်၏ အဓိကခန်းမထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။
ရန်ကိုင်သည် တုန့်နင်နှင့် အတူလာခြင်း ဖြစ်သည့်အတွက်ကြောင့် မည်သည့် တပည့်ကမှ သူ့အား လာမတားဆီးခဲ့ကြချေ။
နာရီဝက်လောက် ကြာပြီးနောက် တုန့်နင် ပြန်ပေါ်လာခဲ့သည်။ သို့သော်လည်း သူ့မျက်နှာသည် ဆေးခါးကြီး စားထားရသည့်နှယ် ခါးသက်သက် ပုံစံမျိုး ဖြစ်နေသည်။
တုန့်နင်၏ အမူအရာကို မြင်လိုက်သည်နှင့် သူ့ခန့်မှန်းချက် မှန်နေမှန်း ရန်ကိုင် ချက်ချင်း သိလိုက်သည်။ ဂိုဏ်း၏ ဟင်းလင်းပြင်အစီအရင်အား အပြင်လူတစ်ယောက်ကို မည်သို့မှ အလွယ်တကူ သုံးခွင့်ပေးလိမ့်မည် မဟုတ်ချေ။ တုန့်နင် အနေဖြင့် ရန်ကိုင် အသုံးပြုနိုင်ရန် အတွက် တန်ဖိုးကြီးကြီးတစ်ခု ပေးချေခဲ့ရပေမည်။
တုန့်နင်သည် သူ့အတွက် ထိုမျှ လုပ်ပေးခဲ့သည့် အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ သိပ်အပြစ်မကင်းသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော ရက်ပိုင်းခန့်က သူသည် တုန့်နင်ကို သတ်လျှင် စဉ်းစားနေခဲ့သည်။ ယခု တုန့်နင်သည် ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို သူအသုံးပြုနိုင်အောင် ကူညီပေးခဲ့သည်။ တုန့်နင်နှင့် မိတ်ဆွေဖွဲ့ရသည်မှာလည်း မဆိုးသည့်ပုံပင်။
ရန်ကိုင်စိတ်ထဲ ကြိတ်တွေးနေခဲ့သည်။
ခန်းမအတွင်းပိုင်းထဲမှ လမ်းလျှောက်ထွက်လာပြီးနောက် တုန့်နင်၏ အမူအရာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး ရယ်မောလျက် အော်ပြောလိုက်သည် “ရောင်းရင်းရန် စောင့်ရတာ ကြာသွားလား။ အခု အားလုံး စီစဉ်ပြီးသွားပြီး။ ကျုပ်နောက် လိုက်ခဲ့ပေတော့”
“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့သဘောထားသည် ယခင်နှင့်စာလျှင် ပိုမို ကောင်းမွန်လာခဲ့သည်။ တစ်ဖက်လူသည် သူ့အား ဤမျှ ကူညီပေးခဲ့သဖြင့် နောက်ပိုင်း တုန့်နင်အား ပြန်တွေ့လျှင် ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်လေသည်။
တုန့်နင်၏ ဦးဆောင်ဖြင့် သူတို့ နှစ်ယောက်သည် အတွင်းခန်းမထဲသို့ အတားအဆီးမရှိ ဝင်ရောက်လာနိုင်ခဲ့သည်။ ကောင်းကင်ကံကြမ္မာမြို့တော်တွင် ဟင်းလင်းပြင်အစီအရင်ကဲ့သို့ အစီအရင်တစ်ခု အတွင်းခန်းမ အလယ်ဗဟိုတွင် ခင်းကျင်းထားခဲ့သည်။ ထိုစက်ဝိုင်းပုံ စင်မြင့်၏ အောက်ဘက်ရှိ မြောင်းငယ်လေးများအားလုံး သူတော်စင်သလင်းကျောက်များ ပြည့်နေခဲ့သည်။ တုန့်နင် ပြောသည့်အတိုင်း အကုန်လုံး အဆင်သင့် ဖြစ်နေလေပြီ။
ထို့အပြင် အတွင်းခန်းမထဲကို စောင့်ကြပ်နေသော တန်ခိုးရှင်အဆင့် ပညာရှင် သုံးယောက်နှင့် သူတော်စင်ဘုရင်အဆင့် ဒါဇင်ကျော် ရှိနေပေသေးသည်။ တန်ခိုးရှင်အဆင့် နှစ်ယောက်သည် ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် ရန်ကိုင်နှင့် တုန်နင်တို့ ရောက်လာသည်ကို လုံးဝ သတိမမူမိသည့်ပုံဖြင့် ထိုင်နေကြသည်။
အခြား တန်ခိုးရှင်အဆင့် ပညာရှင်မှာမူကား စင်မြင့်အလယ်ဗဟိုတွင် ထိုင်နေသော ဆံဖြူလူအိုကြီး ဖြစ်ပေသည်။ ထိုလူအိုကြီးသည် သူ၏ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်ဝန်း အစုံဖြင့် ရန်ကိုင်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် တုန့်နင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “တူလေးရန်၊ မင်းပြောတဲ့လူကသူလား”
“ဟုတ်ပါတယ်၊ ဂိုဏ်းတူဦးလေးလျူ၊ သူက ကျုပ်မကြာသေးခင်က သိထားတဲ့ မိတ်ဆွေ တစ်ယောက်ပါ” တုန့်နင်က အလျင်အမြန်ပဲ လေးလေးစားစား ပြန်ဖြေလိုက်သည်။
“မိတ်ဆွေ…ဟတ်” မျိုးရိုးနာမည်လျူဆိုသော လူအိုကြီးက သွားပေါ်အောင် ပြုံးလိုက်သည်။ မိတ်ဆွေဆိုသော စကားကို လှောင်ရယ်ချင်နေသည့်ပုံပင် “မင်းက အရိပ်လခန်းမကဆို”
ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။ သူ့အကြောင်းကို ထိုလူအိုကြီး မေးထားပြီးသွားပြီမှန်း ရန်ကိုင်သိသည်။ ထို့ကြောင့် ငြင်းပယ်ရန် မကြိုးစားဘဲ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည် “စီနီယာလျူကို နှုတ်ဆက်ပါတယ်”
ရန်ကိုင်၏ အပြုအမူကို မြင်ပြီးနောက် လူအိုကြီးလျူ အသာအယာ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ငါတို့ သွေးနတ်ဆိုးကျောင်းတော်က အရိပ်လခန်းမနဲ့ အဆက်အသွယ် မရှိပေမယ့် ဂိုဏ်းတူတူလေးတုန့်က မင်းအတွက် အာမခံပေးထားလို့ မင်းကို အစီအရင် သုံးခွင့် ပေးလိုက်မယ်။ ဒါပေမယ့် မင်းနဲ့ ဂိုဏ်းတူတူလေးရန် ဘယ်လောက်တောင် ခင်နေလို့ မင်းအစီအရင်ကို အသုံးပြုနိုင်ဖို့အတွက် သူ့အမှတ်သုံးဆယ်ကိုတောင် သုံးလိုက်တာလဲ။ အဲ့အမှတ်သုံးဆယ်ဆိုတာ အကြိမ်ကြိမ် သက်စွန့်ဆံဖျား ကြိုးစားပြီးမှ ရနိုင်တဲ့ အမှတ်မျိုးတွေ”
တုန့်နင်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရန်ကိုင်သည် ရုပ်တည်ကြီးဖြင့်သာ ရပ်နေသည်ကိုမြင်သော် တုန့်နင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည် “အဲ့ဒါက ရှင်းပါတယ်။ ဂိုဏ်းတူတူလေးတုန့်က ရောင်းရင်းရန်ကို အသက်ကြွေးတင်နေတာလေ။ အဲ့အသက်ကြွေးနဲ့ ယှဉ်လိုက်ရင် ဒီအမှတ်သုံးဆယ်က ဘာပြောပလောက်တော့မလဲ”
“အသက်ကြွေးလား” လူအိုကြီးလျူ၏ မျက်လုံးထဲ အေးစက်စက် အလင်းတန်းတို့ ဖြတ်ပြေးသွားခဲ့ပြီး “သူတော်စင်ဘုရင် ဒုတိယအဆင့်လေးက မင်းအသက်ကို ကယ်ခဲ့တယ်၊ ဟုတ်လား။ မင်းရဲ့ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းက ဘယ်ရောက်သွားတာလဲ”
တုန့်နင်၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး ချွေးသီးတို့ သူ့နဖူးပေါ်မှ စီးျကလာခဲ့လေသည်။
“ပြီးတော့ငါသိသလောက်ဆို အရိပ်လခန်းမမှာ မင်းနဲ့ခင်တဲ့လူ တစ်ယောက်မှမရှိပါဘူး။ ဘာလဲ ကောင်းကင်ကံကြမ္မာမြို့တော်ဆီ သွားတုန်းက အဲ့က တပည့်တစ်ယောက် တစ်ယောက်နဲ့ မိတ်ဆွေ ကောက်ဖွဲ့လိုက်တာလား” လူအိုကြီးလျူက သင်္ကာမကင်း အမူအရာဖြင့် ထပ်မေးလိုက်သည်။
လူအိုကြီးလျူ၏ မေးခွန်းကြောင့် တုန့်နင် အကြပ်ရိုက်ရချေပြီ။ မည်ကဲ့သို့ ပြန်ဖြေရမလဲ သူမသိတော့။
တုန့်နင် အကြပ်ရိုက်နေသည်ကိုမြင်သော် ရန်ကိုင်က ဝင်ဖြေပေးလိုက်လေသည် “စီနီယာအထင်လွဲနေပြီတဲ့တူတယ်။ ကျုပ်နဲ့ တုန့်နင်က ကောင်းကင်ကံကြမ္မာမြို့တော်မှာ သိခဲ့တာမဟုတ်ဘူး။ သဲမီးတောက်နယ်မြေထဲကို ဝင်ရင်းနဲ့ သိကြတာ။ အဲ့တုန်က ရောင်းရင်းတုန့် ဒုက္ခရောက်နေတာကို တွေ့လို့ ဝင်ကယ်ပေးလိုက်တာ။ အဲ့လို ကယ်ပေးလိုက်နိုင်တယ် ဆိုတာကလည်း ကျင့်ကြံခြင်းနဲ့ ဘာမှမဆိုင်ဘူး။ ရောင်းရင်းတုန့်ရဲ့ ခွန်အားက ကျုပ်ထက် အများကြီး ပိုမြင့်တယ်”
“သဲမီးတောက်နယ်မြေ။ မင်းလည်း သဲမီးတောက်နယ်မြေထဲ ဝင်ခဲ့တာလား။ အဲ့ဒါဆို ချင်းတုန်တို့နဲ့အတူ ပြန်မသွားဘဲ ဘာလို့ ဒီမှာ အကြာကြီး ကပ်ကျန်နေတာလဲ” လူအိုကြီးလျူ အံ့အားသင့်သွားလေသည်။
“အကြီးအကဲချင်းနဲ့ အစောကြီး ပြန်မလိုက်သွားနိုင်တဲ့ အခြား အကြောင်းအရင်းအချို့ ရှိနေတာကိုး” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“အို” လူအိုကြီးလျူ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ကြည့်ရတနာ သဲမီးတောက်နယ်မြေ ထဲမှာ မင်းအတော်လေး မြတ်ခဲ့တယ်နဲ့တူတယ်”
ရန်ကိုင် မျက်ခုံး ပင့်သွားခဲ့သည်။ သူ့စိတ်ထဲ သတိထားနေသော်ငြား ထိတ်လန့်နေခြင်း မရှိ။ ခဏလောက် စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်သည် “ဂျူနီယာ နည်းနည်းပါးပါတော့ ရလိုက်တယ်။ ဒါပေမယ့် အကြီးအကဲရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်မှာ စိုးရတယ်”
ပြောပြီးသည်နှင့် ခိုဥအရွယ် မီးတောက်သလင်းကျောက် ငါးတုံးကိုထုတ်ကြီး လူအိုကြီးလျူဆီ တိတ်တဆိတ် ပေးကာ “စီနီယာနဲ့ ပထမဆုံးအကြိမ် တွေ့တာ ဖြစ်ပေမယ့် ဘာလက်ဆောင်မှ ပြင်မလာမိခဲ့လို့ ဒီလက်ဆောင်လေးတွေကိုပဲ လက်ခံပေးဖို့ ဂျူနီယာ မျှော်လင့်ပါတယ်”
ထိုမီးတောက်သလင်းကျောက် ငါးတုံးကိုမြင်သော် လူအိုကြီးလျူ၏ အကြည့် ဝင်းလက်သွားခဲ့သည်။ ရန်ကိုင်သည် တကယ်ကို အလိုက်သိသည့် လူငယ်လေးဖြစ်သည် ဟူ၍လည်း စိတ်ထဲတွင် တွေးလိုက်သည်။ ရန်ကိုင်ဆီမှ နည်းနည်းပါးပါး အရည်ညစ် အမြတ်ထုတ်လိုသည့် အတွက်ကြောင့် သူ့အား ရစ်နေခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်သည် ငတုံးတစ်ယောက်မဟုတ်၊ သူရည်ရွယ်ရင်းကို အလျင်အမြန်ပဲ နားလည်သွားလေသည်။
ထို့ကြောင့် သူ့အတွက်လည်း ခက်ခဲမနေတော့။ မီးတောက်သလင်းကျောက် ငါတုံးကို သိမ်းလိုက်ပြီးနောက် လူအိုကြီးလျူက အပြုံးကြီးပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ မင်း ဂိုဏ်းတူတူလေးရန် မိတ်ဆွေဖြစ်လာနိုင်တာ အံ့ဩစရာမဟုတ်ဘူး။ မင်းက တကယ်ကို အကင်းပါးပြီး ရက်ရောတဲ့ကောင် ဖြစ်နေတာကိုး။ ကောင်းပြီ။ မင်းက အရိပ်လခန်းမက တပည့်တစ်ယောက် ဆိုမှတော့ ငါမင်းကို ဘာမှမပြောတော့ဘူး။ မင်းကို အခုလို မေးနေရတယ် ဆိုတာကလည်း အရိပ်လခန်းမက တပည့်အယောင်ဆောင်ပြီး ပြဿနာရှာမှာ စိုးရိမ်လို့။ အခု မင်းတို့ သွားလို့ရပြီ”
မီးတောက်သလင်းကျောက် ငါတုံးကို ရပြီးနောက် လူအိုကြီးလျူ၏ အပြုအမူ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ယဉ်ယဉ်ကျေးကျေး လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။
တုန့်နင်က လူအိုကြီးလျူ သူတို့အား လွှတ်ပေးလိုက်သည်ကို မြင်လိုက်တော့မှပဲ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် လူအိုကြီးလျူကို လှမ်းသတိပေးလိုက်လေသည် “ဂိုဏ်းတူဦးလေးလျူ၊ ရောင်းရင်းရန်ကို ယာယီတံဆိပ်ပြား ပေးရဦးမယ်နော်။ မဟုတ်လို့ ကျောက်တုံးပြာမြို့တော်ရောက်ရင် မီးတောက်ကျောင်းတော်က တပည့်တွေက သူ့ကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးမှာ မဟုတ်ဘူး”
“မင်းငါ့ကိ သတိပေးနေစရာ မလိုဘူး။ ငါသိတယ်”လူအိုကြီးလျူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရန်ကိုင် လက်ထဲသို့ ကြက်သွေးရောင် တံဆိပ်ပြားတစ်ခု ထည့်ပေးလိုက်လေသည်။
ရန်ကိုင်လည်း တံဆိပ်ပြားကို လှမ်းဖမ်းလိုက်ကြပြီး ကြည့်လိုက်ရာ ခြောက်ခြားဖွယ် ကောင်းသည့် ခေါင်းတစ်ခေါင်း တံဆိပ်ပြားပေါ်တွင် ထိုးထွင်းထားသည်ကို တွေ့လိုက်ရသည်။
လူအိုကြီးလျူက ရှင်းပြလိုက်သည် “ဒါက ငါတို့ သွေးနတ်ဆိုးကျောင်းတော်ရဲ့ ယာယီတံဆိပ်ပြားပဲ။ ဒီတံဆိပ်ပြားနဲ့ဆို့ ဟင်းလင်းပြင်အစီအရင်ကို ဖြတ်သွားလို့ ရလိမ့်မယ်။ မီးတောက်ကျောင်းတော်က တပည့်တွေ မေးခွန်းထုတ်တာ မခံရတော့ဘူး။ ဒါပေမယ့် ဒါက သုံးရက်ပဲခံမှာ။ သုံးရက်ဆိုပေမယ့် သုံးရက်က ကောင်းကင်ကံကြမ္မာမြို့တော်ဆီ သွားဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်”
“ဂျူနီယာနားလည်ပါတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အထဲတင်လိုက်၊တော့။ ငါအစီအရင်ကို ဖွင့်ပေးမယ်” လူအိုကြီးလျူက ရန်ကိုင်ကို လက်ဝှေ့ရမ်းပြလိုက်သည်။ ရန်ကိုင်လည်း စက်ဝိုင်းပုံပေါ် စင်မြင့်ပေါ် ချက်ချင်း တက်သွဦးလိုက်လေသည်။
တုန့်နင်သည် ဘေးတွင်ရပ်၍ လက်သီးဆုပ်ကာ ပြုံးလျက် ပြောလိုက်သည် “ရောင်းရင်းရန်ရဲ့ ခရီး ဖြောင့်ဖြူးပါစေလို့ ဒီတုန့် ဆုတောင်းပေးလိုက်ပါတယ်။ နောက်ပိုင်း သွေးနတ်ဆိုးမြို့တော်ဆီ လာဖြစ်ခဲ့ရင် ဒီတုန့်ကို အားနာမနေဘဲ လာရှာလိုက်နဲ့။ အဲ့ကျ တစ်ခွက်တစ်ဖလားလောက် သောက်ကြတာပေါ့”
“ရောင်းရင်းတုန့် ကောင်းကင်ကံကြမ္မာမြို့တော်ဆီ လာဖြစ်ခဲ့ရင်လည်း ဒီရန်ဆီ လာခဲ့လိုက်။ ဒီရန် ကောင်းကောင်း ဧည့်ခံပေးမယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ တုန့်နင် ပျော်ရွှင်သွားသည်။ သူ့အားစိုက်မှု အချည်းနှီး ဖြစ်မသွားမှန်း သိလိုက်သည်။ အမှတ်သုံးဆယ်သည် သူ့အတွက် နှလုံးသွေးယိုစရာ အမှတ်ပင်။ သိုသော် အမှတ်သုံးဆယ်စတေးပြီး ရန်ကိုင်ကဲ့သို့ လူတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခွင့် ရသည်မှာ တန်ပေသည်။
သူတို့နှစ်ယောက် စကားပြောလို့ ပြီးသွားသည်နှင့် ဟင်းလင်းပြင် အစီအရင် အသက်ဝင်လာပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ဟင်းလင်းပြင်စွမ်းအားတို့ လွှမ်းခြုံလာသည်။
ရန်ကိုင်၏ မြင်ကွင်းတစ်ခုလုံး အဖြူရောင်အလင်းတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီးနောက် သူ့ကိုယ်သူ နောက်ထပ် ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုထဲ ရောက်နေမှန်း တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလို အားကောင်းလှသော ကောင်းကင်စိတ်အာရုံများစွာ သူ့အပေါ် စုပြုံ ရောက်ရှိလာခဲ့လေသည်။ တစ်ချိန်တည်းတွင် လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများစွာ သူ့အား ဝိုင်းလိုက်ကြသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ထိတ်လန့်သွားခြင်း မရှိဘဲ အကြီးအကဲလျူ ပေးလိုက်သည့် တံဆိပ်ပြားကိုသာ အားအကောင်းဆုံးဖြစ်သော တန်ခိုးရှင်အဆင့် ပညာရှင်ဆီ ပစ်ပေးလိုက်လေသည်။
တန်ခိုးရှင်အဆင့် ပညာရှင်သည် တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ “သွေးနတ်ဆိုးကျောင်းတော်ကလူလား”
ပြောပြီးသည်နှင့် တံဆိပ်ပြားကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည် “ဒီတံဆိပ်ပြားက သုံးရက်ပဲခံတယ်။ သုံးရက်အတွင်းမှ ပြန်မလာလို့ရျိရင် ဒီဟင်းလင်းပြင်အစီအရင်ကို မင်းအတွက် ဖွင့်တော့မှာမဟုတ်ဘူး”
“ဂျူနီယာနားလည်ပါတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ထို့နောက် တန်ခိုးရှင်အဆင့် ပညာရှင်သည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် အတူ ပြန်ထွက်သွားလေသည်။ ရန်ကိုင်အား မည်သူမှ ဂရုမစိုက်ကြတော့။
ထိုနေရာမှ ထွက်လာပြီးနောက် ရန်ကိုင်သည် ကျောက်တုံးပြာမြို့တော်ရှိ လူအုပ်ကြီးထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ ဤနေရာတွင် နေရန် သူမစဉ်းစား။ တစ်နာရီလောက် ကြာပြီးနောက် ကျောက်တုံးပြာမြို့တော်ဆီမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ကျောက်တုံးပြာမြို့တော်ဆီမှ ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ မည်ကဲ့သို့ သွားရမလဲ လမ်းသိပြီးနောက် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ မီးတောက်ကျောင်းတော်တွင် သူ့အသိမရှိသဖြင့် ကျောက်တုံးပြာမြို့တော်ရှိ ဟင်းလင်းပြင်အစီအရင်ကို အသုံးမပြုနိုင်ချေ။
ကံကောင်းစွာဖြင့် ကျောက်တုံးမြို့တော်မှ ကောင်းကင်ကံကြမ္မာမြို့တော်သို့ ခရီးသည် တစ်လလောက်သာကြာသည်။ သွေးနတ်ဆိုးမြို့တော်နှင့် ယှဉ်လျှင် အများကြီး ပိုနီးလေရာ ထိုမျှလောက်ကို ရန်ကိုင် လက်ခံနိုင်ပေသည်။
ရန်ကိုင်သည် ကြယ်လွန်းပျံပေါ်တွင် ထိုင်ရင်း သဲမီးတောက်နယ်မြေအတွင်း ရခဲ့သည့် ပစ္စည်များကို စတင် ထုတ်ယူ စစ်ဆေးလေတော့သည်။
သဲမီးတောက်နယ်မြေသို့ ဝင်ပြီးနောက်ပိုင်း အခွင့်အလမ်းများစွာနှင့် ကြုံတွေ့ခဲ့ရသလို အကျိုးအမြတ်များစွာလည်း ရခဲ့သည်။ သို့သော်လည်း ထိုပစ္စည်းများအား မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုသည်ကိုမူ မစဉ်းစားရသေးချေ။
နည်းနည်းလောက် စစ်ဆေးကြည့်လိုက်ပြီးနောက် သူရရှိလာသည့် ပစ္စည်းများကြောင့် သူကိုယ်တိုင်ပင် ပြန်အံ့အားသွားခဲ့ရသည်။ သဲမီးတောက်နယ်မြေမှ ရခဲ့သည့် ပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် သွေးပေါင်းစပ်ခြင်းဆေးလုံးကို စတင် စစ်ဆေးတော့သည်။