← Chapters

အခန်း (၁၂၅၆-၁၂၆၀)

Vol. 51 Ch. 1256-1260

အခန်း (၁၂၅၆-၁၂၆၀)

Vol. 51 Ch. 1256-1260

အပိုင်း (၁၂၅၆)

နည်းနည်းပါးပါး စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားရသည်။ သွေးပေါင်းစပ်ခြင်း ဆေးလုံးထဲတွင် သူထင်ထားသကဲ့သို့ပင် အားကောင်းလှသော သွေးချီ၊ အသက်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့ ပါဝင်နေခဲ့သည်။

သာမန်ကျင့်ကြံသူ တစ်ယောက်သာ ထိုဆေးလုံးကို သွားစားပါက တစ်ခါတည်း စိတ်ရူး ဖောက်သွားနိုင်ပေသည်။ ထိုဆေးလုံးသည် သွေးနတ်ဆိုးကျောင်းတော်ကဲ့သို့သော ဂိုဏ်းများမှ တပည့်များအတွက်သာ အသုံးဝင်ပေသည်။

သို့သော်လည်း ရန်ကိုင်အတွက်မူ မိစ္ဆာချီသည် သူ့အား အန္တရာယ်ပေးနိုင်သည့် အရာ မဟုတ်ချေ။ သူ့တွင်လည်း မိစ္ဆာချီကဲ့သို့သော ချီမျိုး ရှိသည် မဟုတ်ပေလော။

သွေးပေါင်းစည်းခြင်း ဆေးလုံး၏ ဆေးအမယ်များကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ထိတ်လန့်သွားရသည်။ ထိုဆေးလုံးကို ဖော်စပ်ရာတွင် အသုံးပြုသော ဆေးအမယ် အများစုသည် ရှားပါးလှသော ဆေးပင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတော်စင်ဘုရင် တတိယအဆင့်များ ဖြစ်ကြသော တုန့်နင်နှင့် သူ့စီနီယာအစ်ကိုနှစ်ယောက်တို့ နှစ်ယောက် ထိုသွေးပေါင်းစည်းခြင်း ဆေးလုံးအတွက် အသည်းအသန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

သွေးနတ်ဆိုးကျောင်းတော်သည် ဤကဲ့သို့သော ဆေးလုံးမျိုး အများကြီး မထုတ်နိုင်လောက်။ ဂိုဏ်းအတွက် အထူး အကျိုးဆောင်ပေးသည့် တပည့်များကို ဆုချရန် အတွက်သာ ဖော်စပ်ထားခြင်း ဖြစ်လောက်သည်။ တုန့်နင်သည် သဲမီးတောက်နယ်မြေထဲတွင် အကျိုးအမြတ်များစွာ ရရှိပြီး ဂိုဏ်းဆီ ပြန်အပ်ခဲ့သော အကြီးအကဲများမှ သူ့အား ထိုဆေးလုံး ဆုချခဲ့ခြင်း ဖြစ်ရမည်။

တုန့်နင်အား ဂိုဏ်းမှ သွေးပေါင်းစည်းခြင်းဆေးလုံး ဆုချလိုက်သည့် သတင်းသည် ရဲ့ယန်ရုန်နှင့် အန်းဇီဆီ တစ်နည်းနည်းဖြင့် ရောက်သွားခဲ့သည်။

“ဟူး…” ရန်ကိုင် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားတော့ချေ။ ထို့အစား သွေးပေါင်းစည်းဆေးလုံးကိုသာ သောက်လိုက်လေသည်။

နတ်ဆိုးမီးတောက်ကို သန့်စင်သော ယန်စွမ်းအင်အဖြစ်သို့ ပြောင်းလဲ၍ သွေးပေါင်းစည်းခြင်း ဆေးလုံး၏ ဆေးအာနိသင်များကို အလျင်အမြန် သန့်စင်လိုက်သည်။ အအေးစွမ်းအင်များ သူ့သွေးကြောတစ်လျှောက် ပျံ့နှံ့လာခဲ့သော်လည်း နတ်ဆိုးမီးတောက်၏ အပူဓါတ်သည် ထိုအအေးစွမ်းအင်ကို အလျင်အမြန် ရှင်းထုတ်ပစ်လိုက်လေသည်။

နောက်ဆုံး ကျန်တော့သည်ကား သွေးပေါင်းစည်းဆေးလုံးထဲတွင် ပါဝင်သော အားကောင်းလှသည့် အသက်ဓါတ်စွမ်းအင်များသည်။ ထိုစွမ်းအင်များသည် သွေးကြောများ တစ်လျှောက် စီးဆင်းသွားပြီး ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။

သွေးပေါင်းစည်းဆေးလုံးကို သန့်စင်လိုက်ပြီးနောက် တုန့်နင် သူ့အား ပေးခဲ့သော နတ်ဆိုးသွေးမျှင် ပညာရပ်ကို စတင် စစ်ဆေးကြည့်လေသည်။

နတ်ဆိုးသွေးမျှင် ပညာရပ်ကို ကျင့်ကြံရန် မစဉ်းစားထားသော်လည်း ထိုပညာရပ် မည်ကဲ့သို့သော သိုင်းပညာရပ် ဖြစ်မလဲ ဆိုသည်ကို သိချင်မိသည်။ ထို့ပြင် နောင်အခါ သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ထားနိုင်ပေသည်။ အခြားသူများနှင့် တိုက်ခိုက်ရာတွင် တစ်ဖက်လူ၏ အားနည်းချက်၊ အားသာချက်များကို ကြိုသိထားခြင်းသည် ကိုယ့်အား အသာရစေနိုင်ပေသည်။

သို့သော် ထိုသိုင်းပညာရပ်ကို လေ့လာကြည့်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ မကြာမီ ထိုသိုင်းပညာရပ်ကို လေ့လာရာတွင် လုံးဝ စိတ်နစ်မြုပ်သွားခဲ့လေသည်။ ထိုပညာရပ်ကို လေ့လာရင်း လေ့လာရင်း ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ တစ်ခါတစ်ခါ အံ့အားသင့်သွားလိုက်၊ တစ်ခါတစ်ခါ မျက်မှောင်ကြုတ်သွားလိုက်၊ တစ်ခါတစ်ခါ အတွေးနက်သွားလိုက် ဖြစ်နေခဲ့သည်။

တစ်လကြာပြီးနောက်၊ ကောင်းကင်ကံကြမ္မာမြို့တော်အနီး အပြာရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နဂါးလိုဏ်ဂူတောင်ကြားဆီသို့ ဆက်သွားလေသည်။ မကြာမီ ထိုအပြာရောင် အလင်းတန်းနေရာ နဂါးလိုဏ်ဂူတောင်သို့ ရောက်ရှိလာပြီး ၎င်းနေရာတွင် ရန်ကိုင် ပေါ်လာခဲ့သည်။

နဂါးလိုဏ်ဂူတောင်ကြားအား လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်သည် ကြောင်ဆေး မိခံလိုက်ရသည့်အလား လုံးဝကို မှင်သက်ထိတ်လန့်သွားခဲ့လေသည်။

သဲမီးတောက်နယ်မြေဆီသို့ သူထွက်သွားခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း ထိုတစ်နှစ်အတွင်း နဂါးလိုဏ်ဂူတောင်သည် လုံးဝကို ပြောင်းလဲနေခဲ့လေပြီ။

အပေါ်မှ ငုံ့ကြည့်မည်ဆိုပါက ယခင်က တည်ရှိခဲ့သော တောင်ထွတ်များကို မြင်နိုင်တော့မည် မဟုတ်ဘဲ အလိပ်လိုက်အလိပ်လိုက် ဖြစ်နေသော တိမ်စိုင်တိမ်တိုက်များကိုသာ မြင်တွေ့ရပေလိမ့်မည်။ ထိုတိမ်တိုက်များသည် သိပ်သည်းလှသော မိုမြေစွမ်းအင်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုတိမ်တိုက်များကို ဖြတ်ကျော်ကြည့်လျှင် သူယခင် နေခဲ့သည့် လိုဏ်ဂူနှင့် ပြန့်ကျဲနေသော အဆောက်အဦးအချို့ကို တွေ့နိုင်သည်။

ထိုမြူခိုးထုများကြား ကူးကလန်ခတ် သွားလာနေသော ဝေဝါးဝါး ပုံရိပ်များလည်း ရှိနေခဲ့သည်။

ဒါတကယ်ကြီး နဂါးလိုဏ်ဂူတောင်ကြားလား သူများ နေရာမှာပြီး ရောက်လားသလားဟုပင် ရန်ကိုင် ပြန်တွေးမိသွားသည်။ သို့သော် စဉ်းစားကြည့်လိုက်သည့်အခါ သူနေရာမမှားချေ။ ဤနေရာသည် နဂါးလိုဏ်ဂူတောင်မှ မိုင်ငါးဆယ်အကွာတွင် ရှိနေသည်။ ပြီးလျှင် အစောကလေးတင်မှ ကောင်းကင်ကံကြမ္မာမြို့တော်ကို သူဖြတ်လာခဲ့ခြင်း ဖြစ်သည်။

သူ့ရှေ့ရှိမြင်ကွင်းသည် ကိန်းကြီးခန်းကြီး ဂိုဏ်းကြီးတစ်ခု၏ ဌာနချုပ်နှင့် မတူသော်ငြား နဂါးလိုဏ်ဂူတောင် တစ်နှစ်အတွင်း ဤမျှ ပြောင်းလဲသွားသည်ကို ရန်ကိုင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ပြောင်းလဲသွားရခြင်းသည် ယန်ယန်ကြောင့်သာ ဖြစ်ရပေမည်။ သူမ ခင်းကျင်းခဲ့သည့် မိုးမြေစွမ်းအင်စုစည်းခြင်း အစီအရင်သည် နဂါးလိုဏ်ဂူတောင် ဤကဲ့သို့ ပြောင်းလဲသွားရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင် နဂါးလိုဏ်ဂူတောင် တစ်ခုလုံးကို အားကောင်း‌သော စိတ်ဝိဥာဉ်အစီအရင်ဖြင့် ဝန်းရံထားလေသည်။ သူ့ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးနိုင်သည့် အချို့နေရာများပင် ရှိသေးသည်။

ရန်ကိုင်၏ လက်ရှိကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင်ဒုတိယအဆင့်အောက် မနိမ့်ကျချေ။ သို့တိုင် သူပင်လျှင် ထိုအရံအတားကို ထွင်းဖောက်၍ မမြင်နိုင်။ အရိပ်ကြယ်၏ အားအကောင်းဆုံးသော ပညာရှင်များပင်လျှင် သူ့ထက် ပိုကောင်းအာင် လုပ်နိုင်လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်သည်။

ဒီလိုဖြစ်အောင် ယန်ယန် တကယ်ကြီး လုပ်လိုက်တာပဲဟ ရန်ကိုင် ထိတ်လန့်နေမိသည်။ သဲမီးတောက်နယ်မြေသို့ သူမသွားခင် နဂါးလိုဏ်ဂူတောင်ပတ်လည်တွင် အားကောင်းသော စိတ်ဝိဥာဉ်အစီအရင်ကြီးတစ်ခု ခင်းကျင်းချင်သည်ဟု ယန်ယန် သူ့ကိုပြောခဲ့သည်။ သို့သော် တစ်နှစ်အတွင်း ထိုအစီအရင်ကို ပြီးမြောက်အောင် ခင်းကျင်းနိုင်လိမ့်မည်ဟု ရန်ကိုင် တကယ် ထင်မထားခဲ့ချေ။

ထိုခင်းကျင်းထားသော စိတ်ဝိဥာဉ်အစီအရင် ပြီးမပြီး ဆိုသည်ကို သူသေချာ မသိသေးချေ။ မပြီးသေးဘူး ဆိုလျှင်ကား ပို၍ ကြောက်ဖို့ကောင်းဖို့သာ ရှိတော့သည်။

သို့သော် သူချန်ထားခဲ့သည် သူတော်စင်သလင်းကျောက် သန်းတစ်ရာတွင် ဘယ်လောက်များ ကျန်ပါဦးမည်နည်း။ ထိုကဲ့သို့သော အစီအရင်တစ်ခုကို ခင်းကျင်းရန် အလွန်ကို များပြားလှသော အရင်းအမြစ်များ ကုန်ကျမည်မှာ မြေကြီးလတ်ခတ်မလွဲပင်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်မျက်နှာ မဲ့သွားခဲ့သည်။

ထိုအရံအတားကို ရန်ကိုင် စစ်ဆေးနေစဉ်မှာပင် အားနည်းသော ကောင်းကင်စိတ်အာရုံ အချို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရန်ကိုင်အား အာရုံခံမိပြီးနောက် အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။

ချက်ချင်းဆိုသလို နဂါးလိုဏ်ဂူတောင်အတွင်းမှ ရောင်စုံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ရှေ့တည့်တည့်၌ ဝင်ပေါက်တစ်ပေါက် ထွက်ပေါ်လာလေသည်။ ထိုဝင်ပေါက်တွင်းမှ နဂါးလိုဏ်ဂူတောင် အတွင်းပိုင်းကို လှမ်းမမြင်ရ။ သို့သော် ဤဝင်ပေါက်သည် နဂါးလိုဏ်ဂူတောင် အလယ်ဆီ ဦးတည်နေမည်မှာ သေချာသလောက် ရှိသည်။

အထဲတွင် ရှိနေသည့်လူများ သူ့အား ရှာတွေ့သွားပြီးမှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် နှောင့်နှေးမနေတော့ဘဲ ချက်ချင်း ထိုဝငပေါက်ထဲသို့ ထိုးဆင်သွားလေသည်။

ဝင်ပေါက်ထဲသို့ ဝင်သွားပြီး ခဏအကြာတွင် သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းအဖုံဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုမြင်ကွင်းများကို ကြည့်ရင်း ရန်ကိုင် ယန်ယန်ကို အလေးစားကြီး လေးစားနေမိသည်။ နဂါးလိုဏ်ဂူတောင် ပြောင်းလဲသွားသည်မှာ သူကိုယ်တိုင်ပင် မမှတ်နိုင်တော့သည်အထိ ဖြစ်ခဲ့၇သည်။

မကြာမီ သူ့ဆီသို့ လူရိပ်များဆီ ရောက်ရှိလာခဲ့သည်။ ဦးဆောင်လာသည့်လူကား ဝတ်နေဆဲ အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ထားသည့် ယန်ယန်ပင် ဖြစ်လေသည်။ ယန်ယန်သည် မြန်မြန် ပြေးလာနေသည့် အတွက်ကြောင့် သူမရင်ဘတ်နေရာရှိ စနေနှစ်ခိုင်မှာ နိမ့်သွားလိုက်၊ မြင့်သွားလိုက် ဖြစ်နေခဲ့လေသည်။ သူမ၏ မျက်နှာလေးဟာဆိုလျှင်လည်း အပြုံးကြီး ပြုံးနေလိုက်သည်။ ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်နိုင်သည့်နှယ် သက်ပြင်းအမောကြီး ချလိုက်လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်နောက်မှ ဝူရီနှင့် ယုဖုန်းတို့ ထွက်ပေါ်လာခဲ့သည်။

ချန်ချီနှင့် ဟောင်အန်းတို့လည်း ရှိနေခဲ့သည်။

အရိပ်လခန်းမ၏ တန်ခိုးရှင်ပထမအဆင့် ပညာရှင် လော့ချင်ပင် ရှိနေခဲ့သည်။

ရန်ကိုင်ကို မြင်လိုက်သည်နှင့် အကုန်လုံး အပြုံးကြီး ပြုံးလိုက်ပြီး သက်ပြင်းအသီးသီး ချလိုက်ကြသည်။

ရန်ကိုင် နှစ်ဝက်ကြာသည့်တိုင်အောင် ပြန်မလာသေးသဖြင့် သူတို့ အကုန်လုံး စိုးရိမ်နေကြ၇သည်။

“နင်ပြန်လာပြီ” ယန်ယန်သည် ရန်ကိုင်ဆီသို့ ခြေလှမ်းစိပ်စိမ်ဖြင့် ပြေးသွားလိုက်ပြီး သူမ၏ မျက်လုံးလှလှလေးများဖြင့် ခေါင်းအစခြေအဆုံး သေချာ စစ်ဆေးကြည့်သည်။ ရန်ကိုင် ဘာမှမဖြစ်မှန်း သိလိုက်ရပြီးနောက် ဝမ်းပန်းတသာဖြင့် သူ့ပခုံးကို ပုတ်လိုက်ပြီး ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။

ထို့နောက် ဝူရီ၊ ယုဖုန်းနှင့် အခြားသူများ ရောက်လာပြီး သူ့အား ပျော်ရွှင်စွာ လာရောက် နှုတ်ဆက်ကြလေသည်။

ထိုလူများ၏ အပြုအမူကြောင့် ရန်ကိုင်ရင်ထဲ နွေးထွေးသွားရသလို ယုံကြည်စိတ်၊ တွယ်တာစိတ်တို့လည်း ဖြစ်ပေါ်လာရသည်။ ကြယ်တာရာကောင်းကင်ထဲသို့ ဝင်လာကတည်းက သူရင်ထဲ ဗလာလိုလို ဖြစ်နေရသည်။ ဤကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲတွင် သူသည် တစ်ကောင်ကြွက်ဖြစ်သည်။ သူ့လုံခြုံရေးကို စိုးရိမ်ပေးမည့်လူ တစ်ယောက်မှမရှိ။ သူမည်သည့်နေရာသို့ ရောက်သနေလဲ ဆိုသည်ကို စိတ်ပူပေးမည်လူ တစ်ယောက်မှမရှိ။ သူသေသည်၊ ရှင်သည်ကိုပင် မည်သူမှ ဂရုမစိုက်ကြချေ။ သူမရှိလျှင် သူ့အကြောင်းတွေးမည့်လူ မည်သူမှမရှိသလို သူပြန်လာလျှင်လည်း သူအဆင်ပြေလား၊ ဘာညာမေးမည့်လူ တစ်ယောက်မှ မရှိ။ တုန်းရွှမ်လောကကြီး တုန်းကနှင့် လုံးဝ ကွာခြားပေသည်။

သို့သော်လည်း လက်ရှိတွင် ထိုကဲ့သို့သော ခံစားချက်မျိုးကို နောက်တစ်ကြိမ် ထပ်မံ ခံစားခဲ့ဖူးလေပြီ။ တစ်ခဏတာလောက် တုန်းရွှမ်လောကကြီးဆီသို့ ပြန်ရောက်သွားပြီး သူ့စီနီယာမမလေး၊ မန်ဝူရ၊ လင်းတိုင်ရှု၊ ချူလင်းရှောင်၊ သူ့မိတ်ဆွေများနှင့် သူမိသားစုဝင်များနှင့် ပြန်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

“အင်း၊ ငါပြန်ရောက်လာပြီ” ရန်ကိုင် ရိုးရိုးလေး ပြန်ပြောလိုက်သည်။ သို့သော် သူရင်ထဲ အလွန်ကိုမှ နှစ်သိမ့်ကြည်နူး၊ နွေးထွေးနေရလေသည်။

“နင်ပြန်လာတာကောင်းတယ်၊ အင်း။ တကယ်ကို ကောင်းတယ်။ လွန်ခဲ့တဲ့ လတွေတုန်းက အကုန်လုံး နင့်သတင်း မကြားရတော့ စိတ်ပူနေကြတာ။ နင်းများ တစ်ခုခု ဖြစ်သွားသလားပေါ့” ဝူရီက ရှေ့ထွက်ပြီး ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။ ထို့နောက် ဘေးနားရှိ လော့ချင်ကို ကြည့်၍ ရှင်းပြလိုက်လေသည် “နင်မသိလို့။ သဲမီးတောက်နယ်မြေ ပိတ်သွားပေမယ့် နင်ပြန်မရောက်လာသေးလို့ အကြီးအကဲချင်က နင့်ပြန်လာတာကိုစောင့်ဖို့ ဒီကို လူအချို့ စေလွှတ်ထားလိုက်သေးတယ်။ ဒါပေမယ့် အတော်ကြာတာတောင် နင်ပြန်မလာခဲ့ဖူးလေ။ နှစ်ဝက်လောက်ကြာအောင် သူတို့ စောင့်လိုက်သေးတယ်။ နင်ပြန်မလာတော့ သူတို့လည်း ပြန်သွားကုန်ကြရော”

နှစ်ဝက်လား ရန်ကိုင် မျက်ခုံးနှစ်ဖက် တွန့်ကွေးသွားသည်။ အရိပ်လခန်းမ တပည့်များသည် သူသဲမီးတောက်နယ်မြေထဲမှ မထွက်လာခင် ရက်အနည်းငယ်လောက်က ပြန်သွားခြင်း ဖြစ်လောက်သည်။

ထို့ကြောင့် ရန်ကိုင်က အလျင်အမြန် လက်သီးဆုပ်၍ လော့ချင်ကို ပြောလိုက်လေသည် “အစ်ကိုလော့ကို နှုတ်ဆက်ပါတယ်။ အကြီးအကဲချင်းကို ကျေးဇူးတင်ဖို့ အစ်ကိုလော့ကိုပဲ ကျုပ်ဒုက္ခပေးရတော့မယ်။ သဲမီးတောက်နယ်မြေ ပိတ်သွားတုန်းက ကျုပ်မလုပ်ရမဖြစ်တဲ့ အရေးကြီးကိစ္တစ်ခု တစ်ခုရှိနေလို့ ပြန်မလာဖြစ်လိုက်တာ။ ကျုပ်သတင်းမပို့လိုက်တော့ အကြီးအကဲချင်းတို့ကို စိတ်ပူအောင် လုပ်မိသွားတယ်နဲ့ တူတယ်”

လော့ချင်က ရယ်မောလိုက်ပြီး “ညီလေးရန် ဒီလိုကြီး လုပ်နေစရာ မလိုပါဘူးကွ။ မင်းသာ လုံလုံခြုံခြုံ ပြန်ရောက်လာသရွေ့ အကြီးအကဲချင်း ကျိန်းသေ ပျော်နေမှာ။ အခု မင်းလုံလုံခြုံခြုံနဲ့ ပြန်ရောက်လာပြီုဆိုတော့… အို၊ ညီလေးရန် သူတော်စင်ဘုရင် ဒုတိယအဆင့်ကို ချိုးဖျက်သွားတာလား၊ အံ့ဩစရာပဲ။ ဂုဏ်ယူပါတယ်ကွာ”

သဲမီးတောက်နယ်မြေထဲသို့ ဝင်နိုင်သော ရန်ကိုင်တို့ကို ကြည့်ရင်း လော့ချင် အတော်လေး အားကျနေမိသည်။ သူသည် တန်ခိုးရှင်အဆင့်တစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့် သဲမီးတောက်နယ်မြေထဲသို့ ဝင်လို့ မရတော့ချေ။ ထို့ကြောင့် သူအတော်လေး နောင်တရမိသည်။ ယခုတစ်ကြိမ် သဲမီးတောက်နယ်မြေထဲသို့ ခရီးတွင် ကျင့်ကြံသူများစွာ လုံလုံခြုံခြုံ ပြန်လာနိုင်ပြီး အကျိုးအမြတ်များစွာ ရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြားသိခဲ့ရသည်။ တော်တော်များများသည်လည်း နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်ဟုပင် ကြားခဲ့ရသည်။ ရန်ကိုင်ကို မြင်ပြီးနောက် ထိုကောလဟာလများ အမှန်ဖြစ်နေမှန်း သိလိုက်ရသည်။

လော့ချင် ပြောသည်ကိုကြားသော် အကုန်လုံး၏မျက်နှာ ဝင်းပသွားခဲ့သည်။

အမှန်အတိုင်း ပြောရသော် အကုန်လုံး ဤနေရာတွင် စုဝေးနေရခြင်းသည် ရန်ကိုင်ကြောင့် ဖြစ်သည်။ ရန်ကိုင်သည် ဤနေရာ၏ အစစ်အမှန်ခေါင်းဆောင် ဖြစ်သည်။ ယခု ရန်ကိုင်၏ ကျင့်ကြံခြင်း တိုးတက်လာသည် ဖြစ်လေရာ သူတို့လည်း စိတ်လှုပ်ရှားပျော်ရွှင်ပေသည်။

စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် လော့ချင် ထွက်ခွာသွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၅၇)

ရန်ကိုင်သတင်း သိရအောင် လော့ချင်အား အကြီးအကဲချင်းတုန်မှ ဤနေရာသို့ စေလွှတ်ထားခြင်း ဖြစ်သည်။ ယခု ရန်ကိုင် လုံလုံခြုံခြုံဖြင့် ပြန်ရောက်လာပြီ ဖြစ်သဖြင့် အကြီးအကဲချင်းတုန်ဆီ ခပ်မြန်မြန် ပြန်သတင်းပို့ရပေမည်။

ရန်ကိုင်လည်း‌ လော့ချင်အား တားမနေဘဲ သွားခွင့်ပေးလိုက်သည်။

လော့ချင် ထွက်သွားပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “သွားကြမယ်။ ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာ နင်တို့ငါ့ကို သေချာရှင်းပြဖို့လိုတယ်။ ဒါမှ နောက်နောင် အချို့ အစီအရင်တွေကို ငါမတော်တဆ သွားမထိမိမှာ”

ယန်ယန်က ပြုံးလျက် “ပြောပြရမှာပေါ့၊ ဒါပေမယ့် အဲ့ကိစ္စကိုတော့ နင်စိတ်ပူမနေနဲ့။ ဒီကအစီအရင်တွေ အကုန်လုံး နင့်ကို ဘာမှလုပ်မှာ မဟုတ်ဘူး”

ရန်ကိုင်တို့အဖွဲ့သည် ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောရင်း နဂါးလိုဏ်ဂူတောင်ထဲသို့ ပြန်ဝင်သွားကြလေသည်။

ယန်ယန်၊ ဝူရီ၊ ယုဖုန်း၊ ချန်ချီနှင့် ဟောင်အန်းတို့သည် ရန်ကိုင် ယခင် ကျင့်စဉ်ဝင်နေကျ လိုဏ်ဂူအပြင်ဘက်တွင် လုပ်ထားသော စားပွဲတစ်ခုပတ်ပတ်လည်တွင် ဝိုင်းလျက် ထိုင်နေကြသည်။ စားပွဲခုံပေါ်တွင်မူကား နဂါးလိုဏ်ဂူတောင် တစ်ခုလုံးကို အသေးစိတ် ဖော်ပြထားသည့် စက်ဝိုင်းပုံ ချပ်ပြားလေးတစ်ပြား ရှိနေခဲ့သည်။ သစ်ပင်တိုင်း၊ မြက်ပင်တိုင်းကို ချပ်ပြားပေါ်တွင် မြင်နေရသည်။ အလင်းစက်လေးများ၊ အနက်ရောင် အစက်လေးများလည်း ရှိနေကြပြီး အချို့သည် ရွေ့လျားနေကြကာ အချို့သည် ရပ်နေကြသည်။ ထိုအစက်လေးများသည် နဂါးလိုဏ်ဂူတောင်ထဲတွင် လှုပ်ရှားသွားလာနေကြသော လူများကို ကိုယ်စားပြုပေသည်။

ဤချပ်ပြားလေသည် ယန်ယန်၏ ပန်းပဲပညာနှင့် အစီအရင်ပညာရပ်ကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သည်။ ကောင်းကင်မျက်လုံးဆိုသော ဤချပ်ပြားလေးတွင် မည်သည့် အတိုက်အခိုက်စွမ်းရည်၊ အကာအကွယ်စွမ်းရည်မှ မရှိဘဲ ၎င်းကို နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် ရှိနေသော လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက်သာ အသုံးပြုနိုင်သည်။

ကောင်းကင်မျက်လုံးချပ်ပြားကို အသုံးပြုခြင်းဖြင့် ရန်ကိုင် ပြန်လာသည်ကို ယန်ယန် သိသွားခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်သည် တောသားမြို့ရောက်သည့်နှယ် ကောင်းကင်ချပ်ပြားပေါ်ရှိ အရာများကို လက်ညိုးတထိုးထိုးလုပ်ရင်း အဆက်မပြတ် မေးမြန်းနေခဲ့သည်။ ယန်ယန်နှင့် အခြားသူများသည် သူ့အား စိတ်ရှည်ရှည်ဖြင့် ရှင်းပြလေသည်။ တစ်နာရီလောက် ကြာပြီးနောက် လက်ရှိ နဂါးလိုဏ်ဂူတောင် အကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။

တစ်ချိန်တည်းတွင် တစ်နှစ်အတွင်းတွင် ဤမျှ ပြောင်းလဲသွားနိုင်သည့် အပေါ်တွင်လည်း အလွန်ကိုမှ အံ့ဩနေမိခဲ့သည်။

နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် မရေမတွက်နိုင်သော တိုက်ခိုက်ရေး အစီအရင်များ၊ ကာကွယ်ရေး အစီအရင်များကို ခင်းကျင်းထားပြီးသွားလေပြီ။ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ကျူးကျော်လာမည် ဆိုလျှင်ပင် အလွယ်တကူ ပြန်ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ ယန်ယန်ပြောပုံအရ တန်ခိုးရှင်တတိယအဆင့်သာ မပါသရွေ့ နဂါးလိုဏ်ဂူတောင်၏ အစီအရင်ကြီးကို ချိုးဖျက်ရန် လုံးဝ မဖြစ်နိုင်ပါချေ။

သို့သော်လည်း တန်ခိုးရှင်တတိယအဆင့်များသည် နဂါးလိုဏ်ဂူတောင်ကြားကို မည်ကဲ့သို့ ပြေးလာတိုက်ခိုက်မည်နည်း။ အများကြီး လာတိုက်ဖို့ဆိုလျှင်လည်း ပို၍ပင်ဝေးစွ။ လူတိုင်းသည် အကျိုးအမြတ်ကို လိုလား၍ လုပ်ကြသည့်လူများချည်းသာ။ အကျိုးအမြတ် နည်းနည်းလေး အတွက်နှင့် အားအရမ်းစိုက်ရမည့် အလုပ်ကို မည်သူက လုပ်မည်နည်း။ ထို့အပြင် နဂါးလိုဏ်ဂူတောင်၏ အစီအရင်သည် အပြည့်အဝ ပြီးစီးခြင်း မရှိသေးချေ။ လုံလောက်သည့် ငွေကြေးအင်အားသာ ရှိမည်ဆိုပါက ထိုအစီအရင်ကို ထပ်မံ အဆင့်မြှင့်နိုင်သေးသည်ဟု ယန်ယန် ယုံကြည်နေမိသည်။

နဂါးလိုဏ်ဂူတောင်၏ ပြောင်းလဲမှုများကို နးလည်သွားပြီးနောက် ရန်ကိုင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ ယန်ယန်အား ကောင်းကင်ကံကြမ္မာမြို့တော်မှ ခေါ်လာခဲ့ခြင်းသည် သူလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များအနက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့သည်။

ယန်ယန်သည် နဂါးလိုဏ်ဂူတောင်လေး တစ်လုံးကို ချိုးဖျက်မရနိုင်သည့် ခံတပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင်သာ ထုန်းရွှမ်လောကကြီးဆီမှ သူ့မိတ်ဆွေများနှင့် မိသားစုဝင်များကို ခေါ်လာခဲ့မည်ဆိုလျှင် သူမ၏ ကဏ္ဍသည် ပို၍ပင် အရေးပါလိမ့်ဦးမည် မဟုတ်ပေလော။

“ဒါပေမယ့် ဒါတွေအားလုံးကို ပြုလုပ်ဖို့ သူတော်စင်သလင်းကျောက် တော်တော်လေး ကုန်သွားတယ်” ဝူရီက မျက်မှောင်ကြုတ်ရင်း ရန်ကိုင်အား ပြောလိုက်လေသည် “နင်ပေးခဲ့တဲ့ သူတော်စင်သလင်းကျောက် သန်းတစ်ရာလုံး အကုန်ကုန်သွားပြီ။ ဧည့်အကြီးအကဲချန် ပြန်ယူလာတဲ့ သူတော်စင်သလင်းကျောက် သုံးသုံးဆယ်တောင် မရှိတော့ဘူး။ ဒါပေမယ့် ဒီလောက် ပစ္စည်းတွေအများကြီး ဝယ်နေပေးလို့ ငါတို့ နဂါးလိုဏ်ဂူတောင်က အရိပ်လခန်းမရဲ့ အရေးအပါဆုံး ဖောက်သည်တွေထဲက တစ်ဦး ဖြစ်သွားပြီ”

“ဧည့်အကြီးအကဲချန် သူတော်စင်သလင်းကျောက် သန်းသုံးဆယ် ယူလာတာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ချန်ချန်ဆီ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သဲမီးတောက်နယ်မြေထဲရှိ မြေအောက်လိုဏ်ဂူတွင်းထဲရှိ သလင်းကျောက်အားလုံးကို ချန်ချီ တူးထုတ်ခဲ့ရခြင်း ဖြစ်မည်မှန်း အလျင်အမြန် သိလိုက်သည်။

ရန်ကိုင် ထွက်သွားသည့်နောက်ပိုင်း ချန်ချီသည် သဲမီးတောက်နယ်မြေ ပိတ်သည်အထိ မရပ်မနား သလင်းကျောက် ထိုင်တူးနေခဲ့သည့်ပုံပင်။ မဟုတ်လျှင် ထိုမျှ များပြားလှသော သလင်းကျောက်များကို ရခဲ့လိမ့်မည် မဟုတ်ချေ။

“ဧည့်အကြီးအကဲချန်၊ အဲ့သလင်းကျောက်တွေကို ခဏလောက် ချေးထားဦးနော်။ ကျုပ်နောက်မှ ပြန်ဆပ်မယ်”

ချန်ချီက မျက်မှောင်ကြုတ်လိုက်ပြီး “ရန်ကိုင်၊ မင်းအဲ့လိုပြောတော့ ငါက အပြင်လူကြီးကို ဖြစ်လို့။ မင်းသာ ငါ့ကို သလင်းကျောက်တွင်းဆီ ခေါ်မသွားခဲ့ရင် အဲ့သလင်းကျောက်တွေကို ငါဘယ်က ရနိုင်မှာလဲ။ အစကတည်းက တစ်ဝက်လောက်ကို မင်းပိုင်ပြီးသား။ ပြီးတော့ မင်းသာ မရှိရင် ငါတို့ လူအိုကြီးနှစ်ယောက်စလုံး အိုးမဲ့အိမ်မဲ့ ဖြစ်နေမှာ။ ငါ့မှာ သလင်းကျောက်တွေ အများကြီး ရှိတော့ကော ဘာအရေးလည်း။ ငါ့ခွန်အားနဲ့သာဆိုရင် ကောင်းကျိုးမရှိတဲ့အပြင် ပြဿနာတွေ တစ်ပြုံတစ်ခေါင်းနဲ့တောင် ရင်ဆိုင်ရဦးမယ်။ အဆုံးကျရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့ အခြားအင်အားစု တစ်ခုကို ပေါင်းရတော့မှာ။ အဲ့လိုဖြစ်သွားရင် ငါ့မှာ ရှိတဲ့ သူတော်စင်သလင်းကျောက်တွေကို သူ့တို့ဆီ ပေးလိုက်ရဦးမှာပဲလေ”

ဟောင်အန်းကလည်း ဝင်ပြောလိုက်သည် “ဟုတ်တယ်၊ ရန်ကိုင်၊ သဲမီးတောက်နယ်မြေ မဖွင့်ခင်မှာ ငါတို့ကို လက်ခံပေးလိုက်တဲ့အတွက် ငါတို့မှာ အိမ်လို့ခေါ်လို့ရမယ့် အရာတစ်ခု ရှိလာခဲ့တာ။ ငါတို့ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီပေးခဲ့တဲ့အတွက် ငါတို့ မင်းကို အမြဲတမ်း ကျေးဇူးတင်နေတာ။ ဒီသူတော်စင်သလင်းကျောက်တွေကို ငါတို့ရဲ့ ကျေးဇူးတင်လက်ဆောင် လို့သာ သဘောထားလိုက်။ ပြီးတော့ ငါတို့က နောက်ထပ် အကြာကြီး နေနိုင်တော့မှာမှ မဟုတ်တာ။ ငါတို့မှာ ကလေးတွေလည်း ရှိတာမဟုတ်ဘူး။ ဒီလောက် သလင်းကျောက်တွေ အများကြီး ရှိနေပြီး သုံးမကုန်ရင် ဘာလုပ်မှာလဲ။ အခုဆို နဂါးလိုဏ်ဂူတောင်က တစ်ကိုယ်တော် ကျင့်ကြံသူတွေ ဝင်ချင်နေတဲ့ နေရာတစ်ခုဖြစ်လာပြီ။ အဲ့လိုနေရာမျိုးကို ငါတို့က ဘာမှ မလုပ်ရဘဲ အလွယ်တကူ ဝင်နိုင်လိုက်တာ၊ ဘယ်လိုလုပ်ပြီး မကျေနပ်ဘဲ နေနိုင်မှာလဲ။ ဒါကြောင့် မင်းဘာမှ ထပ်ပြောမနေနဲ့တော့”

ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်သည်။ သူသာ ဆက်ငြင်းနေလျှင် အခြားသဘော သက်ရောက်တော့မည်ကို သိလိုက်သဖြင့် ငြင်းမနေတော့ဘဲ လက်သီးဆုပ်၍ ခေါင်းညိတ်ကာ “အဲ့လိုဆိုမှတော့ ဧည့်အကြီးအကဲတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဗျာ”

ချန်ချီက ရယ်မောလိုက်ပြီး “ကျေးဇူးတင်နေစရာ မလိုပါဘူးကွာ။ ငါတို့ရဲ့ လက်ကျန် နှစ်တွေကို ဒီမှာ အေးအေးဆေးဆေး နေနိုင်တာနဲ့တင် သေပျော်ပြီ”

သို့သော်လည်း ရန်ကိုင်က ခေါင်းခါ၍ “ဒါပေမယ့် ဧည့်အကြီးအကဲတို့သာ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်နိုင်မယ်ဆိုရင် ပိုပြီး အသက်ရှင်လာနိုင်မယ်မလား”

“တန်ခိုးရှင်ဆအင့်…” ချန်ချီ၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။ ရုတ်တရက် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို ပြန်သတိရလိုက်သည်။ သို့သော်လည်း မကြာမီ သက်ပြင်းပြန်ချလျက် “အဲ့ဒါရှိရင်တောင် မဖြစ်နိုင်လောက်ဘူး”

“အဲ့ကိစ္စကို စိတ်ပူမနေနဲ့။ ဂျူနီယာတာဝန်သာ ထားလိုက်။ အကြီးအကဲတို့ စိတ်ငြိမ်သွားအောင်သာ အရင် ပြင်ဆင်ထားလိုက်”

ချန်ချီနှင့် ဟောင်အန်းတို့ အချင်းချင်း ကြည့်လိုက်သည်။ သူတို့ အလွန်ကိုမှ စိတ်လှုပ်ရှား ရင်ခုန်နေလေပြီ။ သို့သော်လည်း ဘာမှမပြောဘဲ တိတ်တိတ်လေး စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

နဂါးလိုဏ်ဂူတောင် အလွန်ကိုမှ ငွေလိုအပ်နေသဖြင့် ရန်ကိုင်သည် သဲမီးတောက်နယ်မြေ အတွင်းမှ သူတူးယူရရှိလာခဲ့သော သူတော်စင်သလင်းကျောက်များကို ဝူရီဆီသို့ ပေးလိုက်လေသည်။

မြေအဆုတ်မီးတောက်ကန်၏ ကျောက်တုံးခန်းများထဲတွင် တွေ့ခဲ့သော ပန်းပဲထုရာတွင် သုံးသည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ယန်ယန် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ထိုပစ္စည်းများကို မြင်လိုက်လျှင် ယန်ယန် ပျော်သွားခဲ့ပြီး ပစ္စည်းအားလုံးကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်လေသည်။

ရန်ကိုင် ပေးသည့် သူတော်စင်သလင်းကျောက်များကြောင့် နဂါးလိုဏ်ဂူတောင်၏ ဘဏ္ဏာရေး ကိစ္စကို ရေတိုအတွက် ဖြေရှင်းသွားလိုက်နိုင်လေပြီ။ ယန်ယန်သည် ဆက်ပြီးတော့ ဖြုန်းပစ်မနေလျှင် သူတို့အားလုံးကို အချိန်အတော်ကြာအောင် ထောက်ပံ့ပေးရန်အတွက် လုံလောက်ပေသည်။

ရန်ကိုင်သည် သဲမီးတောက်နယ်မြေမှ ပြန်လာလာချင်း ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးသည် သူနှင့် စကားစမည် ပြောချင်နေသော်လည်း သူ့အား အကြာကြီး မနှောင့်ယှတ်ချင်သည့် အတွက်ကြောင့် နည်းနည်းပါးပါးလောက် ပြောပြီးသွားသည်နှင့် အသီးသီး ပြန်ထွက်သွားကြကုန်လေသည်။

ရန်ကိုင်သည် သူနေသည့် ကျောက်တုံးခန်းဆီသို့ ပြန်လာခဲ့သည်။

နဂါးလိုဏ်ဂူတောင်၏ မူလလိုဏ်ဂူသည် တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့လေပြီ။ ယခု ယန်ယန်နှင့် ကျောက်တုံးရုပ်သေးရုပ်၏ ပြုပြင်ပေးမှုကြောင့် ထိုနေရာသည် ကြီးမားလှသော လိုဏ်ဂူစံအိမ်ကြီးတစ်လုံး ဖြစ်လာခဲ့လေပြီ။

ရန်ကိုင် အသုံးပြုရန်အတွက် အထူးသီးသန့် တည်ဆောက်ပေးထားသည့် ကျောက်တုံးခန်း များစွာလည်း ရှိပေသည်။ ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများသည် အသစ်ဆောက်လုပ်ထားသည့် အပြင်ဘက်ရှိ အဆောက်အဦးများတွင် နေနေကြသည်။

မိုးမြေစွမ်းအင်သည် လိုဏ်ဂူစံအိမ်ကြီးထဲတွင် အသိပ်သည်းဆုံး ဖြစ်သည်။

ရန်ကိုင် တင်ပင်လင်ခွေ ထိုင်လိုက်ပြီး မကြာခင်မှာပဲ မြေအောက်ထဲမှ ခေါင်းတစ်ခေါင်း ပြူထွက်လာသည်။

“ကျောက်တုံးရုပ်သေးရုပ်” ရန်ကိုင်က ထိုအရဘာမှန်း တန်းသိလိုက်သည်။ လှမ်းခေါ်လိုက်ရာ ကျောက်တုံးရုပ်သေးရုပ်သည် တူးထားသည့် တွင်းထဲမှ ထွက်လာပြီး ရန်ကိုင် ပခုံးပေါ်သို့ ကုန်းရုန်းတက်သွားလိုက်သည်။

ရန်ကိုင် ကျောက်တုံးရုပ်သေးရုပ်ကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ အတော်လေး ကြာအောင် မမြင်တွေ့လိုက်ရသည့်နောက် ကျောက်တုံးရုပ်သေးရုပ်လည်း အများကြီး ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ကျောက်တုံးရုပ်သေးရုပ် မွေးဖွားလာစဉ်က ၎င်း၏ ခန္ဓာကိုယ်သည် သာမန် ကျောက်တုံး တစ်တုံးကဲ့သို့ မွဲညစ်ညစ်ဖြစ်သည်။ သို့သော်လည်း ယခုမူ ကျောက်တုံးသားများသည် အကာအကွယ် အလွှာတစ်ခုကို အပေါ်မိုးအုပ်၍ ဆင်မြန်းထားသည့်အလား သလင်းကျောက် ကဲ့သို့ ဖြစ်နေလေပြီ။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ကျောက်တုံးရုပ်သေးရုပ်၏ အပေါ်ယံအလွှာသည် အလွန်ကိုမှ မာကျောကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ ရန်ကိုင် အားကုန်သုံး၍ ထိုမည်ဆိုလျှင်ပင် ထိုအလွှာကို ကွဲအောင် ထိုးနိုင်လိမ့်မည် မဟုတ်ချေ။

ကျောက်တုံးရုပ် သူ့ဘာသာ ပြောင်းလဲသွားခြင်းလား၊ ယန်ယန်ကြောင့်ပဲ ပြောင်းလဲသွားခြင်းပေလား၊ ရန်ကိုင် မစဉ်းစားတတ်။

ရန်ကိုင် ထိုအကြောင်းကို စည်းစားနေစဉ်မှာပဲ ကျောက်တုံးရုပ်သေးရုပ်သည် တစ်ခုခုကို သတိရသွားသည့်နှယ် ခေါင်းကိုကုတ်လိုက်ပြီး ပါးစပ်ကိုဟကာ တူးထားသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အန်ထုတ်ပေးလိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ထောင်ပေါင်းများစွာသော လေဟာနယ်ဝိဥာဉ် သလင်းကျောက်များ ရန်ကိုင်ရှေ့တွင် တောင်သဖွယ် စုပြုံလာခဲ့သည်။

“ဒါတွေက လေဟာနယ်သလင်းကျောက် မိုင်းတွင်းက ထုတ်ပေးလိုက်တဲ့ နောက်ဆုံး လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေပဲ” ချိုသာသော အသံတစ်သံ ရန်ကိုင် ဘေးဘက်မှ ထွက်ပေါ်လာခဲ့သည်။ ဘယ်အချိန်ကတည်းကမှန်းမသိ ယန်ယန်သည် အခန်းထဲသို့ ရောက်နေခဲ့သည်။

ရန်ကိုင်သည် ယန်ယန် ရောက်နေသည့် အတွက်ကြောင့် အံ့အားသင့်နေခြင်းမျိုး မဖြစ်ခဲ့။ ခေါင်းသာညိတ်ပြလိုက်ပြီး ထိုလေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အနက်ရောင် စာအုပ်ထဲသို့ ထည့်သိမ်းထားလိုက်လေသည်။

“သုံးပုံတစ်ပုံကို ငါ့အတွက် ယူထားလိုက်ပြီ၊ ဟဲဟဲ” ယန်ယန်က စပ်ဖြဲဖြဲပြုံးလျက် ရန်ကိုင်ရှေ့တွင် ထိုင်ချလိုက်သည်။

“နင်လည်း လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေကို သုံးဖို့ လိုတယ်ပေါ့”

“လိုတာပေါ့” ယန်ယန်က ချိုသာစွာ ပြုံးလိုက်သည်။ မည်သည့်အတွက် သုံးမလဲ ဆိုသည်ကိုမူ ပြောမပြချေ။

ရန်ကိုင်လည်း မေးမနေခဲ့။ မည်သို့ပင်ဖြစ်စေ ထိုလေဟာနယ်ဝိဥာဉ် သလင်းကျောက်များသည် သူလေ့ကျင့်ရန်အတွက် အချိန် အတိုင်းအတာ တစ်ခုလောက်အထိ လုံလောက်ပေလိမ့်မည်။

“နင်ဘာလို့ ငါ့ကို ခေါ်လိုက်တာလဲ။ အခြားသူတွေ မြင်လို့မဖြစ်တဲ့ ပစ္စည်းကောင်းလေးတွေ ငါ့ကို ပြချင်လို့လား” ယန်ယန်၏ မျက်ဝန်းထဲ ညစ်ကျယ်ကျယ် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။

“ဟုတ်တယ်။ အခြားသူတွေကို မမြင်စေချင်တဲ့ ပစ္စည်းအချို့ရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုပစ္စည်းများကို အရင် ထုတ်မပြသေးဘဲ ယန်ယန်ကို အသေအချာ စိုက်ကြည့်နေရင်း ရုတ်တရက် ကောက်မေးလိုက်လေသည် “ယန်ယန်၊ ငါ့မှာ မေးစရာတစ်ခုရှိတယ်။ နင်ရိုးရိုးသားသား ဖြေပေးနော်”

ရန်ကိုင် ဤမျှ အလေးအနက် ဖြစ်သည်ကို ယခုမှသာ ယန်ယန် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်ယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်လေသည် “ကောင်းပြီလေ”

“နင်ဒီခန္ဓာကိုယ်ရဲ့ တကယ့် ပိုင်ရှင်လား” ရန်ကိုင်က မျက်လုံးမှေးစဉ်၍ ယန်ယန်အား မမှိတ်မသုံ စိုက်ကြည့်ရင်း မေးလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၅၈)

ရန်ကိုင်ကို မေးခွန်းကို ကြားကြားချင်း ယန်ယန် ကြောင်သွားခဲ့သည်။ သို့သော် ရုတ်တရက် ဆိုသလို သည်းလှိုက်အူလှိုက် ထရယ်တော့လေသည်။

“ဘာတွေရယ်စရာ ပါနေလို့လဲ” ရန်ကိုင်က စိတ်ပျက်ပျက်ဖြင့် ပြန်မေးသည်။

ယန်ယန် သူမလက်ကို ဝှေ့ရမ်း၍ ဘာမှမဟုတ်ကြောင်း ပြောချင်နေသော်လည်း ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်နေခဲ့သည်။ ရယ်ရလွန်းသဖြင့် မျက်ရည်များပျင် ထွက်ကျလာခဲ့ရသည်။

ရန်ကိုင် မျက်ဖြူလှန်ပြလိုက်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်သည် “အဲ့လိုဆို နင်က ရုပ်ရည်နုပျိုအောင် လုပ်ထားတဲ့ ဘွားတော်ကြီး တစ်ယောက်လား”

ယခုတစ်ကြိမ်တွင်တော့ ယန်ယန် မရတော့ချေ။ အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ရန်ကိုင်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အံကြိတ်၍ ပြောလိုက်သည် “ဘာရုပ်ရည်နုပျိုအောင် လုပ်ထားတဲ့ ဘွားတော်ကြီးလဲ။ ငါအဲ့လိုလူတစ်ယောက် မဟုတ်ဘူး”

“ဟုတ်တယ်နော်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယန်ယန်သာ နှစ်ပေါင်းထောင်နှင့်ချီ အသက်ရှင်ခဲ့သည့် ဘွားတော်ကြီး တစ်ယောက် ဖြစ်မည်ဆိုပါက ယခုကဲ့သို့ ကလေးဆန်၊ အတွေ့အကြုံ မရင့်ကျက်ဘဲ နေလိမ့်မည် မဟုတ်ချေ။ ယန်ယန်သည် အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ယောက်နှင့် မတူဘဲ လောကကြီးအကြောင်း နားမလည်သေးသည့် ကလေးတစ်ယောက်နှင့် ပိုတူပေသည်။

ယန်ယန်၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့သည်။ သူမ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်သွားဟန်ရသည်။ အချိန်အတော်ကြာပြီး နောက်ဆုံးတွင် ယန်ယန်က မေးလိုက်သည် “ငါဒီခန္ဓာကိုယ်ကို အပိုင်စီးထားမထား ဆိုတာကို နင်သိချင်နေတာမလား”

“အင်း” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရသည်။ နှစ်ပေါင်းများစွာ အသက်ရှည်သည့် ဘွားတော်ကြီး မဟုတ်လျှင် ခန္ဓာကိုယ် အပိုင်စီးထားသည့် လူတစ်ယောက် ဖြစ်သည်ဟူသော ရှင်းပြချက်သာ ယန်ယန်သည် အသက်ငယ်ငယ်လေးသည် အစီအရင် ပညာတွင် ဘာကြောင့် ထိုမျှကျွမ်းကျင်နေသလဲ ဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။

လူတစ်ယောက်၏ အသက်နှင့် လုပ်နိုင်စွမ်းသည် အကန့်အသတ် ရှိသည်။ ရန်ကိုင်သည် ဆေးပညာအရာတွင် အတော်လေး ကျွမ်းကျင်သော်လည်း ကျင့်ကြံခြင်းတွင် လက်မလျှော့သ‌ရွေ့ အခြားတစ်ဖက်တွင် အာရုံစိုက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယန်ယန်ကမူ ပန်းပဲထုခြင်းနှင့် အစီအရင်ပညာ နှစ်ခုစလုံးတွင် အလွန်ကိုမှ မြင့်မားသော အဆင့်သို့ ရောက်နေခဲ့သည်။ သူမ၏ ပန်းပဲစွမ်းရည်ဆိုလျှင် အရိပ်ကြယ်ပေါ်ရှိ ပန်းပဲပညာရှင်ထက်ပင် ပိုမို သာလွန်ပေသေးသည်။ သူမ ထိုကဲ့သို့ ဖြစ်လာအောင် မည်ကဲ့သို့ လုပ်ခဲ့သနည်း။

ဤလောကကြီးတွင် ပါရမီရှင်များ မရှားပါးချေ။ ယန်ယန်သည် အလွန်ကိုမှ ထူးခြားသည့် ပါရမီရှင် တစ်ယောက်ဆိုလျှင် သူမ၏ အသက်နှင့် ကျွမ်းကျင်မှုသည် တစ်ခြားစီ ဖြစ်နေသည်။ ထို့ကြောင့် ရန်ကိုင် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။

“နင်ငါ့ကို သင်္ကာမကင်း ဖြစ်နေတာ ကြာပြီလား” ယန်ယန်က ပြန်မေးသည်။

“နင်အစီအရင် ပညာကိုပါ ကျွမ်းကျင်ထားတယ်လို့ သိလိုက်တဲ့ အချိန်က စပြီးတော့ပဲ။ ဒါပေမယ့် နင့်ဘာသာ ဒီခန္ဓာကိုယ်ကို အပိုင်စီးထားထား၊ မထားထား၊ ငါဂရုမစိုက်ဘူး။ ငါသိတာက နင်ပဲ။ အရင်ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ဘူး။ အဲ့ဒါကိုတော့ နင်စိတ်ချထားလို့ ရတယ်” ရန်ကိုင်က ပြောလိုက်သည်။

ယန်ယန် ခါးသက်စွာ ရယ်လိုက်သည်။ ခဏလောက် တိတ်နေစပြီးနောက် စပြောလေသည် “သင်္ကာမကင်း ဖြစ်နေတာ နင်တစ်ယောက်တည်း မဟုတ်ဘူး။ တစ်ခါတစ်လေဆို ငါကိုယ်ငါ ဘယ်သူလဲတောင် မသိဘူး… ဒါပေမယ့် ဒီခန္ဓာကိုယ်ကို အပိုင်စီးထားတယ်လို့တော့ ငါမထင်ဘူး။ ငါ့ငယ်ငယ်က မှတ်ဥာဏ်တွေ အကုန်လုံးကို သေချာ မှတ်မိနေတုန်းပဲ။ မှတ်ဥာဏ် ပြတ်တောက်နေတာမျိုးလည်း မရှိဘူး”

“ဒါဆို ဆရာ့ဆရာကြီး တစ်ယောက်ယောက်က နင့်ကို ပန်းပဲပညာတွေ၊ အစီအရင် ပညာတွေ သင်ပေးသွားတာလား” ရန်ကိုင် ဆက်မေးလိုက်သည်။

ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး နှုတ်ခမ်းလေးကိုကိုက်ရင်း သူမ၏ အဝတ်စလေးကို လက်နှစ်ဖက်ဖြင့် ကြိတ်ချေနေလိုက်သည်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် မျက်လုံးဖွင့်ကာ တိုးတိုးလေး ပြောလိုက်သည် “ငါအခုလို လုပ်နေနိုင်ရတဲ့ အကြောင်းအရင်းက ငါမွေးလာကတည်းက အစီအရင်တွေကို ဘယ်လိုခင်းကျင်းရမယ်၊ မှော်ရတနာတွေကို ဘယ်လို ဖန်တီးရမလဲဆိုတာ သိနေလို့လို့ ပြောရင် နင်ယုံမှာလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နေမှာလဲ” ရန်ကိုင် လုံးဝကို ထိတ်လန့်သွားခဲ့သည်။

ယန်ယန်က ခါးသက်စွာ ပြုံးလိုက်ပြီး “ယုတ္တိမရှိမှန်း ငါသိတယ်။ ဒါပေမယ့် အဲ့ဒါ အမှန်ပဲ။ ငါသိထားတာတွေ အကုန်လုံးက မွေးကတည်းက ပါလာတဲ့ ငါ့မှတ်ဥာဏ်တွေပဲ။ အစီအရင်တွေကို ဘယ်လို ခင်းကျင်းရမလဲ၊ မှော်ရတနာတွေကို ဘယ်လို ဖန်တီးရမလဲ ဆိုတာတွေ အကုန်လုံးကို ငါ့မှတ်ဥာဏ်တွေထဲမှ ချိတ်ပိတ်ထားသလိုပဲ။ ငါမှော်ရတနာတွေ ဖန်တီး၊ အစီအရင်းခင်းကျင်း၊ အဲ့လိုလုပ်ရင်းလုပ်ရင်းနဲ့ အဲ့မှတ်ဥာဏ်တွေက တဖြည်းဖြည်း ပွင့်လာတာ။ ဒါကြောင့် ငါ့အရည်အချင်းကလည်း ပိုပိုပြီး မြင့်လာရတာ။ ပြီးတော့၊ ငါတစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ရှားပါးရတနာတွေကို မြင်တာတောင် သိနေတာမျိုးကိုရော ထူးဆန်းတယ်လို့ နင်မထင်ဘူးလား”

ရန်ကိုင် မှင်သက်သွားခဲ့သည်။

ဤအရာသည် ထူးဆန်းသည်ဟု ပြော၍ရသည့် အဆင့်မျိုး မဟုတ်တော့ချေ။ မည်သူမှ အကြောင်းအရင်းမရှိ မွေးကတည်းက ပန်းပဲထုတတ်၊ အစီအရင် ခင်းကျင်းတတ်လိမ့်မည် မဟုတ်ချေ။ အကြောင်းတစ်ခုခုတော့ ရှိကိုရရပေမည်။ သို့သော်လည်း ထိုအကြောင်းအရင်းကို ကာယကံရှင်ဖြစ်သော ယန်ယန် ကိုယ်တိုင်ပင် မသိချေ။

ထို့အကြောင်းများကြောင့်ပဲ ယန်ယန်သည် တစ်ခါတစ်ခါ သူမကိုယ်သူမ ပြန်ကြောက်မိနေခြင်း ဖြစ်သည်။

ယန်ယန်တွင် သူမကိုယ်သူမ လိမ်စရာအကြောင်း မရှိချေ။ ထို့ကြောင့် အမှတ်ကို ပြောနေခြင်း ဖြစ်လောက်ပေသည်။

တစ်ခါတစ်ခါ ယန်ယန်သည် အတော်လေးကိုမှ ထူးဆန်းလှပါလားဟု သူ့စိတ်ထဲ ခံစားမိသော်ငြား ဤမျှ ထူးဆန်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ရန်ကိုင် ထိုအကြောင်းကို ထပ်မမေးတော့ချေ။ ယန်ယန်သည် အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးထားသည့် လူပဲဖြစ်ဖြစ်၊ သူ့ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ရန်ကိုင် ဂရုမစိုက်၊ လက်ရှိ ယန်ယန်သည် သူ့အတွက် လုံလောက်ပေပြီ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က မေးလိုက်သည် “နင်အခု ဘယ်အဆင့် မှော်ရတနာတွေကို လုပ်နိုင်ပြီလဲ”

“တန်ခိုးရှင် အထွဋ်အထိပ်အဆင့်လောက်ကတော့ ပြဿနာမရှိဘူး။ ငါ့မှာ လေ့ကျင့်စရာ ပစ္စည်းတွေသာဆိုရင် အနှေးနဲ့အမြန် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတွေကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်” ထိုအကြောင်း ပြောလိုက်စဉ် ယန်ယန်၏ မျက်နှာထက် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင် ပြန်ပေါ်လာခဲ့သည်။

“ကောင်းပြီ။ ငါ့ကို ဒါပြန်ပြင်ပေးပါဦး” ရန်ကိုင်သည် ကသိကအောက် အမူအရာဖြင့် ခရမ်းရောင်ဒိုင်းကို ထုတ်လိုက်လေသည်။

ခရမ်းရောင်ဒိုင်းသည် ယခင်ကဲ့သို့ တောက်ပခြင်း မရှိတော့ချေ။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ယန်ယန်၏ မျက်နှာထက် စိုးရိမ်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ ဒိုင်းကို ကောက်ယူလိုက်ပြီး အသာအယာ ပွတ်သပ်ရင်း အလျင်အမြန် မေးလိုက်သည် “မီးစွမ်းအင် အစီအရင် တစ်ခုခုထဲ နင်ရောက်သွားတာလား။ တစ်ချက်တည်းနဲ့တောင် တန်ခိုးရှင် အလယ်အလတ်အဆင့် အကာအကွယ် ရတနာကို ဒီလိုမျိုး ဖြစ်သွားအောင် လုပ်နိုင်တယ် ဆိုတော့”

“ဟုတ်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ လုံလုံခြုံခြုံ ပြန်ထွက်လာနိုင်လိုက်တယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်သည်။

“ကောင်းပြီလေ။ နင်ပေးတဲ့ ပစ္စည်းတွေနဲ့ဆို ဒါကို တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ရောက်အောင် ပြန်ပြင်ပေးလို့ ရလောက်တယ်” ပြောပြီးနောက် ခရမ်းရောင်ဒိုင်းကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည်သိမ်းလိုက်လေသည်။ ထို့နောက် ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ပြီး ဝမ်းသာအားရနေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ မေးလိုက်လေသည် “အခြား ဘာပစ္စည်းတွေ နင်ရလာသေးလဲ။ ငါ့ကို တစ်ချက် ပြကြည့်ပါလား”

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲ မွှေနှောက် ရှာတော့သည်။ ပစ္စည်းကောင်းများစွာ သူရလာခဲ့သည်။ အချို့ပစ္စည်းများဆိုလျှင် သူပင် မသိချေ။ ထို့ကြောင့် ယန်ယန်ကိုပြပြီး မေးမြန်းရန်အတွက် သူမကို ခေါ်လိုက်ခြင်း ဖြစ်သည်။

မကြာမီ ပန်းကန်ပြား အရွယ်အစားလောက်ရှိသော မီးနီရောင် တောက်နေသည့် သလင်းကျောက်ကြီးတစ်တုံးကို ရန်ကိုင် ထုတ်လိုက်သည်။

“ဒါ…” ထိုအနီရောင် သလင်းကျောက်ကြီးကို မြင်သည်နှင့် ယန်ယန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လင်းလက်တောက်ပသွားသည်။

“မီးတောက်သလင်းကျောက်လို့ ပြောကြတာပဲ” ရန်ကိုင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း “အဲ့ဒါဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း ကြီးနေရတာလဲ ဆိုတာကိုပဲ ငါနားမလည်တာ။ အခြား မီးတောက်သလင်းကျောက်တွေဆို သေးသေးလေးတွေပဲ။ ပြီးတော့ ဒါကို ရဖို့က တော်တော်လေး ထူးဆန်းသေးတယ်။ အခြား မီးတောက်သလင်းကျောက်တွေက မီးတောက်ဝိဥာဉ်သားရဲတွေက ရတာဆိုပေမယ့် ဒါက…”

ရန်ကိုင်သည် ထူးဆန်းသော တောင်ကြားထဲတွင် ကြုံတွေ့ခဲ့ရသည့် သူ့အတွေ့အကြုံကို အကျဉ်းချုံး ပြန်ရှင်းပြလိုက်လေသည်။ ရန်ကိုင်က သူ့အတွေ့အကြုံအကြောင်း ရှင်းပြနေစဉ် ယန်ယန်သည် မီးတောက်သလင်းကျောက်ကို သေချာစိုက်ကြည့်ရင်း သူမ လက်ကလေးဖြင့် အသာအယာ ပွတ်သပ်နေခဲ့သည်။

ရန်ကိုင် ရှင်းပြပြီးနောက် ယန်ယန်က ခေါင်းညိတ်၍ “နင်ပြောသလိုပဲ ဒါက မီးတောက်သလင်းကျောက်တတုံးပဲ။ ဒါပေမယ့် အခြား မီးတောက်သလင်းကျောက်တွေနဲ့ မတူတာက ဒီမီးတောက်သလင်းကျောက်ထဲမှ သဘာဝအတိုင်း ဖြစ်လာတဲ့ အစီအရင်တစ်ခု ရှိနေတာပဲ။ ဒါကြောင့် နင့်လမ်းကို ပိတ်ဖို့ မီးတောက်ဝိဥာဉ်သားတွေ အများကြီး ဖန်တီးနိုင်ခဲ့တာ”

“သဘာဝအတိုင်း ဖြစ်လာတဲ့ အစီအရင်လား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က ထိုအချက်ကို သူမစစ်ဆေးမိခဲ့ချေ။

“ဟုတ်တယ်။ သဘာအတိုင်း ဖြစ်လာတဲ့ အရမ်းကို နက်နဲတဲ့ အစီအရင်တစ်ခုပေါ့” ယန်ယန်က ပြုံးလိုက်ပြီး “ဒီပစ္စည်းကို မှော်ရတနာလုပ်တဲ့နေရာမှာ သုံးလို့ရတယ် ဆိုပေမယ့် အဲ့လိုသုံးလိုက်ရင် ကောင်းကင်ပေးတဲ့ လက်ဆောင်ကို ဖြုန်းတီးလိုက်သလို ဖြစ်သွားလိမ့်မယ်။ မှော်ရတနာလုပ်တဲ့ နေရာထက်စာရင် အစီအရင်တစ်ခုရဲ့ အမြူတေအဖြစ် သုံးရင် ပိုပြီး အသုံးဝင်လိမ့်မယ်”

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ယန်ယန်သည် လုပ်ပေးမည့် အစီအရင်သည် နဂါးလိုဏ်ဂူတောင်အတွက် ဖြစ်လေရာ အဆုံးတွင် အကျိုးရှိမည့် လူသည် သူသာ ဖြစ်နေပေသေးသည်။

“အခြား ဘာရှိသေးလဲ” ယန်ယန်သည် မီးတောက်သလင်းကျောက်ကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်လေသည်။

“ဒါရှိသေးတယ်” မြက်စေ့နှင့်ဆင်တူသော သွေးနီရောင် ပုတီးစေ့တစ်စေ့ကို ရန်ကိုင် ထပ်ထုတ်ပြလိုက်သည်။

“သွေးဓါးမြက်အစေ့လား” ထိုအရာလေးကို မြင်လိုက်သည်နှင့် ယန်ယန်၏ မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည်။

“လိုက်လိုက်တဲ့နာမည်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သဲမီးတောက်နယ်မြေထဲတွင် သွားလာနေစဉ် စိတ်ရှုပ်ထွေး အစီအရင်ထဲသို့ ရောက်သွားခဲ့သည်။ ထိုအစီအရင်ကို ချိုးဖျက်ပြီးနောက် လမ်းကျဉ်းလေး တစ်ခုကို မြင်လိုက်ရသည်။ ထိုလမ်းကျဉ်းလေး၏ ဘေးနှစ်ဖက်နှစ်ချပ်တွင် သွေးနီးဓါးသွားကဲ့သို့ မြက်ပင်များ ပေါက်ရောက်နေကြပေသည်။

ထိုသွေးနီရောင်ဓါးသွားမြက်ပင်များသည် အလွန်ကိုမှ မာကျောသလို ထက်ရှပေသည်။ သူ့ခန္ဓာကိုယ်ပင်လည်း ထိုအရာများ၏ တိုက်ခိုက်မှုကို မခုခံနိုင်ချေ။

“သဲမီးတောက်နယ်မြေထဲမှာ ဒါတွေ ရှိနေတာလား” ယန်ယန် မျက်နှာ ဖြူလျော်နေသည်။

“ဒါတွေက အဲ့လောက်တောင် ကျော်ကြားလို့လား” ယန်ယန်၏ ကြောက်လန့်နေသည့် အမူအရာကိုမြင်သော် ရန်ကိုင် သိချင်မိသွားသည်။

“ကျော်ကြားလား မကျော်ကြားလားတော့ မသိဘူး။ အဲ့ဒါ ဘယ်လောက် ကြောက်ဖို့ ကောင်းလဲ ဆိုတာကိုတော့ ငါသိတယ်။ အသားနဲ့သွေးသာ လုံလောက်ရင် ဒါတွေ အဆုံးမရှိ ကြီးထွားနိုင်တယ်။ အမြင့်အဆင့်ထိ ရောက်သွားပြီဆိုရင် တန်ခိုးရှင်ဘုရင်အဆင့်ရဲ့ ခန္ဓာကိုယ်ကိုတောင် ဖြတ်တောက်ပစ်နိုင်တယ်”

“အဲ့လောက်တောင် ကြောက်ဖို့ကောင်းတယ်” ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်တစ်ကိုယ်လုံး ရေအေးတစ်ခွက်ဖြင့် လောင်ချခံလိုက်ရသလို ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။

ယန်ယန်ပြောသည်သာ အမှန်ဖြစ်မည်ဆိုလျှင် သူကြုံတွေ့ခဲ့သည့် သွေးဓါးမြက်ပင်များ အပြည့်အဝ မကြီးထွားသေးလောက်ချေ။ မဟုတ်လျှင် သူတစ်ခါတည်း သေသွားလောက်ပေပြီ။

“ဒါက တကယ့်ကို နာမည်ဆိုးနဲ့ ကျော်ကြာတား။ အရင်းတုန်က ဂိုဏ်းကြီးတွေကို သူတို့ရဲ့ တားမြစ်နယ်မြေကို ကာကွယ်ဖို့ဆိုပြီး ဒါတွေကို အဲ့တားမြစ်နယ်မြေတွေဲ့ ပတ်လည်မှာ စိုက်ထားတတ်တယ်” ယန်ယန်က သွေးဓါးမြက်အစေ့ကို စစ်ဆေးရင်း ပြောလိုက်သည်။

“တစ်စေ့ရှိတာ ဆိုးတာပဲ။ အများကြီးသာရှိရင်…”

“တစ်စေ့တည်းရှိလည်း ဘာမှမဖြစ်ဘူး” ယန်ယန်က ပြန်ပြောလိုက်သည် “ဒါတွေ သူ့ဘာသာ မျိုးပွားနိုင်တယ်။ အဓိကက အသားနဲ့သွေးနဲ့။ အသားနဲ့သွေးသာ လုံလောက်ရင် အစေ့တစ်စေ့တည်း ရှိရင်တောင် အဆုံးမရှိ ကြီးထွားနိုင်တယ်”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။

“နင်ဘာလုပ်ချင်နေတာလဲ” ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လက်သွားသည်ကို မြင်သော် ယန်ယန် အလျင်စလို မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး” ရန်ကိုင် အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး သွေးဓါးမြက်အစေ့ကို ယန်ယန် လက်ထဲမှယူ၍ သေချာ ပြန်သိမ်းထားလိုက်လေသည်။

“ငါနင့်ကို အရင်ပြောထားဦးမယ်။ နင်ဒါကို စိုက်မယ်ဆိုရင် ငါ့ကို အရင်ပြောပြီးမှ စိုက်နော်။ ဒါပေမယ့် ဘာမှစိတ်ပူစရာမရှိပါဘူးလေ။ ဒါတွေက အသားနဲ့သွေးမရှိရင် ကြီးမှာမှ မဟုတ်တာ”

“ငါသိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် ပစ္စည်းနှစ်ခုကို ထပ်ထုတ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၅၉)

ရန်ကိုင် ထုတ်လိုက်သည့် ပစ္စည်းတစ်ခုသည် တစ်မီတာအရှည်ရှိပြီး ကလေးလက်မောင်း တစ်ချောင်းစာထူသော ကြည်လင်နေသည့် အရိုးတစ်ချောင်းပင်။ ဒုတိယတစ်ခုသည် ခိုဥအရွယ် အလုံးလေးတစ်လုံး ဖြစ်ပြီး ထိုအလုံးလေးထဲတွင် ကူးခတ်သွားလာနေသော အစိမ်းရောင် မြွေလေးတစ်ကောင် ရှိနေခဲ့သည်။

ထိုမြွေသေးသေးလေးဆီမှ အားနည်းသော်လည်း ဖိနှိပ်အား ပြင်းထန်သည့် အရှိန်အဝါတို့ ဖြာထွက်နေခဲ့သည်။

ထိုအလုံးလေး ပေါ်လာသည်နှင့် ရန်ကိုင်ကိုယ်တွင်းမှ နဂါးဟိန်းသံ ပဲ့တင်ထပ်လာခဲ့ပြီး တစ်ချိန်တည်းတွင် ထူးဆန်းသော ဖိအားတစ်မျိုး ရန်ကိုင်ဆီမှ ဖြာထွက်လာခဲ့သည်။

ယန်ယန် အံ့အားသင့်သွားပြီး ရန်ကိုင်အား တစ်ချက်‌ မော့ကြည့်မိလိုက်သည်။ သို့သော် မကြာမီ အရိုးနှင့် အလုံးလေးကိုသာ ပြန်အာရုံစိုက်နေတော့သည်။

ထိုအရာနှစ်ခုကို လေ့လာနေရင်း ယန်ယန် ပို၍ အံ့အားသင့်လာခဲ့ရသည်။ လေ့လာနေရင်း ယန်ယန်၏ အမူအရာသည် အတွေးနက်သွားလိုက်၊ အံ့ဩသွားလိုက်၊ သင်္ကာမကင်းဖြစ်လိုက် စသဖြင့် အမျိုးမျိုး ပြောင်းလဲနေသည်။

အချိန်အတော်ကြာပြီးနောက် ရန်ကိုင်အား မော့ကြည့်လိုက်လေသည်။

“အဲ့ဒါဘာတွေလဲ နင်သိလား” သူ့နှုတ်ခမ်းများ ခြောက်သွေ့လာသလို ရန်ကိုင် ခံစားလိုက်ရသည်။ ထိုပစ္စည်းများ သူ့သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည် အချိန် အတော် ကြာနေပြီ ဖြစ်သော်လည်း ပြန်မြင်လိုက်ရသည့်အခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

“နင့်ကံ အရမ်းကောင်းတာပဲ။ ဒီနဂါးအရိုးနဲ့ နဂါးပုတီးစေ့ကို နင်ဘယ်ကနေ ရလာလဲ ငါတကယ်ကို မသိဘူး” ယန်ယန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် ပြောလိုက်သည်။ သူမသည်လည်း ထိုပစ္စည်းနှစ်ခုကို မြင်လိုက်သည့်အခိုက် အတော်လေး စိတ်လှုပ်ရှားနေသည့်ပုံပင်။

“တကယ်ကြီး နဂါးအရိုးနဲ့ နဂါးပုတီးစေ့လား” ရန်ကိုင် အလွန် ပျော်သွားလေသည်။ ထိုနှစ်ခုသည် နဂါးနှင့် ပက်သက်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း သိပ်တော့ မသေချာခဲ့။

“ဟုတ်တယ်။ နဂါးအရိုးနဲ့ နဂါးပုတီးစေ့ပဲ”

ရန်ကိုင် အလွန်ကိုမှ ကျေနပ်အားရ ဝမ်းသာနေလေပြီ။ ယန်ယန်သည်လည်း‌ ပျော်နေသည့်ပုံပင်။ နှစ်ယောက်စလုံး တစ်ခဏကြာ အားရပါးရ ထရယ်နေလိုက်ကြသည်။

ခဏကြာတော့မှပဲ ရန်ကိုင်နှင့် ယန်ယန်တို့နှစ်ယောက် အရယ်ရပ်သွားခဲ့ပြီး ယန်ယန်က မေးလိုက်သည် “နင်ဒါတွေနဲ့ ဘာလုပ်မှာလဲ”

“နင်အဲ့ဒါတွေနဲ့ မှော်ရတနာတစ်ခုလောက် လုပ်ပေးလို့ရလား။ ငါ့မှာ တိုက်ခိုက်ရေး မှော်ရတနာမရှိလို့” ရန်ကိုင်က ပြောလိုက်သည်။ တိုက်ခိုက်ရေး မှော်ရတနာများကို ရန်ကိုင် ဂရုမစိုက်ချေ။ တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုပင် သူ့ကိုယ်ပိုင်စွမ်းအင်ထက် ပိုမိုအားကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူမယုံ။ တန်ခိုးရှင်ဘုရင် အဆင့်ဆိုပြန်လျှင်လည်း သူ့လက်ရှိကျင့်ကြံခြင်းဖြင့် အပြည့်အဝ အသက်သွင်းနိုင်မည် မဟုတ်။ ယခု နဂါးအရိုးတစ်ချောင်းနှင့် နဂါးပုတီးစေ့တစ်လုံးကို ရလာခဲ့လေပြီ။ သူသာ ထိုပစ္စည်းနှစ်ခုကို သုံး၍ မှော်ရတနာတစ်ခု သန့်စင်လိုက်ပါက သူ့တိုက်ပွဲစွမ်းရည် သိသိသာသာ မြင့်တက်လာပေလိမ့်မည်။

သူ့တွင်ရှိသော တောင်တစ်ရာ ပန်းချီကားချပ်သည် မဆိုးလှသော်လည်း ထိုအရာကို ရန်ကိုင် သိပ်၍ မကြိုက်လှ။

“အဲ့… ဒါ… တော်တော်လေး… ခက်လိမ့်မယ်” မှော်ရတနာပြုလုပ်ခြင်းနှင့် ပက်သက်လျှင် အမြဲဂုဏ်ယူဝံ့ကြွားတတ်သော ယန်ယန်သည် ထူးခြားစွာပင် ယခုတစ်ကြိမ်၌ သူမကိုယ်သူမ နှိမ့်ချလာခဲ့သည်။

ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေသော ရန်ကိုင် စိတ်ပျက်သွားခဲ့ရသည်။

“အဲ့ဒါတွေကိုသုံးပြီး မှော်ရတနာတစ်ခု ငါမလုပ်နိုင်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ ငါလုပ်နိုင်တယ်။ ဒါပေမယ့် ငါလုပ်လိုက်မယ်ဆိုရင် အဲ့ဒါတွေရဲ့ စွမ်းအား သိသိသာသာ လျော့ကျသွားလိမ့်မယ်”

“နင်ဘာပြောချင်တာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။

“ဒီနဂါးအရိုးက နဂါးအစစ်တစ်ကောင်ရဲ့ အရိုးပဲ။ အရိုးထဲမှ အရမ်းအားကောင်းတဲ့ စွမ်းအားတွေ ရှိနှင့်နေပြီးသား။ ဒီနဂါးပုတီးစေ့ကျတော့၊ သူ့ထဲမှ ဝိဥာဉ်ရဲ့ အရောင်က အစိမ်းရောင်ဆိုသော နဂါးက သစ်သားစွမ်းအင်သုံးတဲ့ နဂါးပဲ ဖြစ်လိမ့်မယ်။ ဒီပစ္စည်းနှစ်ခုရဲ့ မွေးရာပါ စွမ်းအားတွေ ဘယ်လိုစွမ်းအားတွေမျိုးလဲ ဆိုတာ ငါမသိဘူး။ ဒါပေမယ့် ဒီပစ္စည်း နှစ်ခုစလုံးက သူ့ဘာသာ အဆင့်မြင့် မှော်ရတနာတွေ ဖြစ်နေပြီ။ နင်သာ သူတို့ကို သန့်စင်လိုက်ရင် အဲ့ပစ္စည်းနှစ်ခုထဲမှာ ရှိနေတဲ့ စွမ်းအင်တွေကိုတောင် လျော့သွားစေဦးမယ်။ ငါတန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင် ဖြစ်နေရင်တော့ အဲ့ပြဿနာမျိုး ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့လက်ရှိ အဆင့်နဲ့တော့ အဲ့လိုမျိုးဖြစ်အောင် မလုပ်နိုင်သေးဘူး။ ဒီပစ္စည်းနှစ်ခုကို ပြီးပြည့်စုံအောင် သန့်စင်ဖို့က အရမ်းခက်တယ်”

“ဒီတော့ ငါဘာလုပ်သင့်လဲ” ရန်ကိုင် သူ့ပေါ် ရေအေးတစ်ခွက် လောင်းချလိုက်သလို ခံစားလိုက်ရသည်။ အလွန်ကိုမှ လှုပ်ရှားနေသော သူ့စိတ်လေး ယန်ယန် စကားကြောင့် တစ်ခါတည်း ငြိမ်သက်သွားခဲ့ရသည် “နင်တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာတဲ့အထိ ငါစောင့်ရမှာလား”

ယန်ယန် မျက်မှောင်ကြုတ်သွားပြီး တိတ်သွားလေသည်။

ခဏအကြာတွင် ရန်ကိုင်ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည် “နင့်ကိုယ်ထဲက သူတော်စင်ချီက ယန်ဓါတ်မလား”

“သိပ်တော့မသေချားဘူး။ အရင်တုန်းကတော့ ယန်ဓါတ်ဟုတ်တယ်” ရန်ကိုင် ခေါင်းခါလိုက်သည်။ ယခု သူ့သူတော်စင်ချီသည် အနက်ရောင် နတ်ဆိုးမီးတောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ထို့ကြောင့် သူ့သူတော်စင်ချီသည် ယန်ဓါတ် ဖြစ်မဖြစ် ဆိုသည်ကို သေချာမပြောနိုင်တော့ခြင်း ဖြစ်သည်။

“နင့်သူတော်စင်ချီကို တစ်ချက်ပြကြည့်” ယန်ယန်က ပြောလိုက်သည်။

ရန်ကိုင်လည်း နတ်ဆိုးမီးတောက်ကို အလျင်အမြန် ထုတ်ပြလိုက်သည်။

နတ်ဆိုးမီးတောက်ကို မြင်သည့်အခါ ယန်ယန်၏ မျက်လုံး ဝင်ပသွားခဲ့ပြီး ပြုံးလျက် ပြန်ပြောလေသည် “အဲ့လိုဆိုရင်တော့ ကိစ္စမရှိဘူး။ နင်တကယ် ကံကောင်းတယ်။ ဒီနဂါးအရိုးနဲ့ နဂါးပုတီးစေ့ကိုသာ အခြားတစ်ယောက် ရသွားမယ်ဆိုရင် ငါတန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင် ဖြစ်လာတဲ့အထိ စောင့်နေရမှာ။ နင်ကတော့ စောင့်နေစရာမလိုဘူး။ နင့်သူတော်စင်ချီနဲ့ နင့်ဘာသာ သန့်စင်လိုက်လို့ ရတယ်”

“ငါ့ဘာသာ သန့်စင်ရမှာ” ရန်ကိုင် ကြောင်သွားသည်။

“ဟုတ်တယ်၊ နင့်ဘာသာ သန့်စင်ရမှာ။ အဲ့လိုဆို ပိုပြီး အကျိုးရှိတယ်။ နင်လက်ရှိ ကျင့်ကြံခြင်းနဲ့တော့ ဒါကို အပြည့်အဝ သန့်စင်နိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါရဲ့ စွမ်းအား အပြည့်အဝကိုလည်း ထုတ်ဖော်နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် အချိန်ကြာလို့ နင့်ကျင့်ကြံခြင်း မြင့်တက်လာတာနဲ့ နဂါးအရိုးက ထုတ်ဖော်နိုင်တဲ့ စွမ်းအားကလည်း မြင့်တက်လာလိမ့်မယ်။ အချိန်တွေ ကြာလာလို့ရှိရင် ဒါက နင့်ဝိဥာဉ်နှင့် ချိန်ဆက်နေတဲ့ မှော်ရတနာတစ်ခုတောင် ဖြစ်လာနိုင်တယ်” ယန်ယန်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။

“ဒါပေမယ့် ငါက ပန်းပဲပညာရှင် မဟုတ်ဘူးလေ။ ဒါကို ဘယ်လိုလုပ်ပြီး သန့်စင်ရမှာလဲ” ရန်ကိုင် စိတ်ရှုပ်နေဆဲပင်။

“ပန်းပဲပညာရှင်ဖြစ်ဖို့ မလိုဘူး။ ဒါက မှော်ရတနာတစ်ခု ဖြစ်နေပြီ။ ဘာမှ ထပ်လုပ်နေစရာ မလိုတော့ဘူး။ နင့်သူတော်စင်ချီနဲ့ အားဖြည့်ပေးဖို့ပဲ လိုတော့တာ။ ရော့၊ ဒါ ဘယ်လိုသုံးရမလဲ ဆိုတဲ့ ကျင့်စဉ်ပဲ”

“အဲ့လိုလား” ရန်ကိုင် အလွန် ပျော်သွားခဲ့လေသည်။

“ဟုတ်တယ်။ ပြီးတော့ နင့်မှာ နဂါးဝိဥာဉ် ရှိနေတဲ့ နဂါးပုတီးစေ့လည်း ရှိသေးတယ်။ နင်သာ ဒီနဂါးပုတီးစေ့ကို နဂါးအရိုးထဲ ပေါင်းထည့်လိုက်နိုင်မယ်ဆိုရင်… နဂါးအရိုး ဘယ်လို ဖြစ်လာမလဲ ငါတကယ် မတွေးတတ်တော့ဘူး” ယန်ယန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လင်းလက် တောက်ပလာခဲ့သည်။

ရှင်းပြပြီးသွားသည်နှင့် ယန်ယန်သည် ရန်ကိုင်အား မည်ကဲ့သို့ သန့်စင်ရမလဲ ဆိုသည့် နည်းလမ်းကို ခပ်မြန်မြန်ပဲ ပြောပြလိုက်လေသည်။

ရန်ကိုင်လည်း ယန်ယန် ပြောသည်ကို သေချာနားထောင်နေခဲ့သည်။ နားမလည်လျှင် ချက်ချင်း ပြန်မေးသည်။ ယန်ယန်ကလည်း စိတ်ရှည်ရှည်နှင့် ပြန်ရှင်းပြသည်။

သန့်စင်သည့် နည်းလမ်းသည် သိပ်မခက်ချေ။ ထို့ကြောင့် ရန်ကိုင်အဖို့ ထိုနည်းလမ်းကို မှတ်သားရန် နှစ်နာရီသာ အချိန်ယူလိုက်ရသည်။ ယန်ယန်က ခဏလောက် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည် “မြန်ချင်တယ်ဆိုရင်တော့ ငါ့ပန်းပဲမီးဖို နင့်ကို ငှားလို့ရတယ်။ ငါ့ပန်းပဲမီးဖိုက သိပ်မကောင်းဘူးဆိုပေမယ့် သန့်စင်တာကို ပိုမြန်အောင်တော့ လုပ်ပေးနိုင်တယ်”

“ပန်းပဲမီးဖိုလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ထူးဆန်းသည့် အမူအရာဖြင့် “ငါ့မှာ တစ်လုံးရှိတယ်”

“နင့်မှာ ပန်းပဲမီးဖိုတစ်လုံး ရှိတာလား” ယန်ယန် ကြောင်သွားပြီး အလျင်အမြန်ပဲ ပြန်မေးလိုက်လေသည် “နင်က ပန်းပဲပညာရှင်မှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး နင့်မှာ ပန်းပဲမီးဖို ရှိနေရတာလဲ”

“သဲမီးတောက်နယ်မြေ သွားတုန်းက ရလာတာလေ။ ပြီးတော့ အဲ့ပန်းပဲမီးဖိုက သာမန် ပန်းပဲမီးဖိုတောင် မဟုတ်ဘူး” ပြောပြီးသည်နှင့် ပန်းပြမီးဖို သေးသေးလေးကို ထုတ်ပြလိုက်သည်။

ထိုပန်းပဲမီးဖိုကို မြင်လိုက်စဉ် ဘာမှသိပ်မထူးခြားသလို ယန်ယန် ခံစားလိုက်ရသည်။ ထူးခြားသည့်အရာဆို၍ ပန်းပဲမီးဖိုပေါ်ရှိ ငှက်ရုပ်လေးသာ ဖြစ်သည်။ သို့သော်လည်း ထိုငှက်ရုပ်ကို စူးစမ်းနေသည် ငှက်ရုပ်သည် အသက်ဝင်လာပြီး ပန်းပဲမီးဖို မျက်နှာပြင်တွင် စတင် ကူးခတ်လေသည်။ ထိုသို့ ကူးခတ်နေရင်းမှတစ်ဆင့် မီးဖိုထဲမှ ခုန်ထွက်လာပြီး မီးငှက် တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလို အခန်းတွင်းရှိ အပူချိန်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမို မြင့်တက်လာခဲ့လေသည်။

“မှော်ရတနာစိတ်ဝိဥာဉ်လား” ယန်ယန် သူမပါးစပ်လေးကို လက်ဖြင့်အုပ်၍ အလန့်တကြား ထအော်လိုက်သည်။ ထိတ်လန့်သွားသော်လည်း သူမ၏ အကြည့်ထဲ အလွန်ကိုမှ စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

ယန်ယန်၏ မီးတောက်မတတ် အကြည့်ကို သတိပြုမိသော် မှော်ရတနာစိတ်ဝိဥာဉ်သည် လေထဲတွင် တစ်ပတ်ပျံသန်းပြီးနောက် အလျင်အမြန်ပဲ ရန်ကိုင် ပခုံးပေါ်သို့ ဆင်းလိုက်သည်။ ရန်ကိုင် ပခုံးပေါ်‌ ရောက်သည်နှင့် တောင်ပံများကို သိမ်းလိုက်ပြီး နှုတ်သီးဖြင့် မွှေးတောင်များကို ထိုးဆိတ်နေသည်။ ထိုသို့လုပ်နေရင်း ရံဖန်ရံခါ ၎င်း၏ မျက်လုံးသေးသေးလေးများဖြင့် ယန်ယန်အား လှမ်းလှမ်းကြည့်နေတတ်သည်။ ယန်ယန်အား အတော်လေး သတိထားနေသည့် ပုံပင်။

ရန်ကိုင် ဆွံ့အသွားခဲ့သည်။ ရန်ကိုင် ပန်းပဲပညာရှင် မဖြစ်သည်မှာ အလွန်ကိုမှ နှမြောဖို့ ကောင်းလေစွဟုလည်း တွေးလိုက်မိသည်။

ရန်ကိုင်တွင် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်ရန် သင့်လျော်သော သူတော်စင်ချီ ရှိသလို အားကောင်းလည်း ဝိဥာဉ်လည်းရှိသည်။ ထို့အပြင် သူ့တွင် ကျောက်တုံးရုပ်သေးရုပ် ရှိသေးသလို ယခု မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်တည်နေသော ပန်းပဲမီးဖိုတစ်လုံးပါ ရှိနေခဲ့သည်။ ထိုပန်းပဲမီးဖိုသည် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖို ဖြစ်ပေသည်။

မတရားလိုက်လေခြင်း…

သူမကံနှင့် ရန်ကိုင်ကံကို ယှဉ်ကြည့်လိုက်သည့်အခါ ယန်ယန် အလွန်ကိုမှ စိတ်ဓါတ်ကျသွားခဲ့ရသည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင် အပိုင် ဖြစ်နေခဲ့လေပြီ။ သူမ လိုချင်လျှင်ပင် ယူ၍ မရတော့ချေပြီ။ မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင်ကို အညံ့ခံထားသဖြင့် ရန်ကိုင် မသေသရွေ့ အခြားတစ်ယောက်ကို အညံ့ခံဖို့ရာ မဖြစ်နိုင်ချေ။

“ဒီလို ပန်းပဲမီးဖို ရှိနေမှတော့ အချိန်နှစ်ဆမက သက်သာသွားလိမ့်မယ်” ယန်ယန်က ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေရင်း ပြောလိုက်သည်။

“အဟမ်း… ငါ အခြားမီးဖိုတွေလည်း ယူလာသေးတယ်။ အဲ့မီးဖိုတွေ တော်တော်များများက တန်ခိုးရှင်ဘုရင်အဆင့်တွေပဲ”

“တကယ်လား” ယန်ယန်၏ မျက်ဝန်းများ တဖျက်ဖျက် ဝင်းပကုန်လေသည်။

“ဒါပေမယ့် အကုန်လုံး နည်းနည်းပါးပါး ထိခိုက်ထားကြတယ်” ရန်ကိုင်က ပန်းပဲမီးဖိုများကို ထုတ်ရင်း ပြောလိုက်သည်။

ထိုမီးဖိုများကို မြင်ပြီးနောက် ယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်. သို့သော်လည်း မီးဖိုများကို စစ်ဆေးကြည့်လိုက်ပြီးနောက် စိတ်ညစ်ညစ်ဖြင့် ပြန်အော်ပြောလေသည် “ဒါက ဘယ်လိုလုပ်ပြီး နည်းနည်းလေး ထိခိုက်ထားတာ ဖြစ်ရမှာတုန်းဟဲ့။ ဒီလောက် စုတ်ပြတ်သတ်နေတာကို”

“သုံးလို့ရသေးလား”

“မသိဘူး။ ဒါပေမယ့် ငါအတတ်နိုင်ဆုံး ပြန်ပြင်ကြည့်မယ်” ယန်ယန်က သူမလက်ကို ဝှေ့ရမ်း၍ ပန်းပဲမီးဖိုအားလုံးကို သိမ်းလိုက်လေသည်။

ထို့နောက် ရန်ကိုင်သည် သဲမီးတောက်နယ်မြေအတွင်းမှ ရလာသော အခြားပစ္စည်းများကို တစ်ခုချင်းထုတ်၍ ယန်ယန်ဆီ အပ်လိုက်သည်။

မီးတောက်သလင်းကျောက်တုံးများ၊ မီးတောက်သလင်းကျောက် အဆီအနှစ်၊ မီးစုန်း…

ရန်ကိုင် မီးစုန်း စုစုပေါင်း ရှစ်ကောင် ဖမ်းမိခဲ့သည်။ ထို့ကြောင့် ယန်ယန်အား တစ်ကောင် ပေးလိုက်ပြီးနောက် သူ့တွင် ရှစ်ကောင် ကျန်နေပေသေးသည်။ မီးစုန်းကို သန့်စင်ခြင်းဖြင့် သူ့အသိစိတ်ပင်လယ်အား ပိုအားကောင်းလာအောင် လုပ်နိုင်မလား ရန်ကိုင် သိချင်နေမိသည်။

မန်ဟုန်လျန်ကို သတ်ပြီး ရရှိလာသော ရှေးဟောင်း မြေပုံအပိုင်းအစကိုလည်း ယန်ယန် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ယခု ယန်ယန်တွင် မြေပုံအပိုင်းအစ နှစ်ခု ရှိနေလေပြီ။ ထိုနှစ်ခုဖြင့် မြေပုံတစ်ခု မဖြစ်သေးသော်လည်း ယခင်ထက်စာလျှင် ပိုမို ကောင်းမွန်လာခဲ့သည်။

ခြောက်လွှာမြောက်တွင် အစီအရင်ကို ဖျက်စီးပြီး မီးငှက် ယူလာခဲ့သော ခြောက်ထောင့်ပုံ သလင်းကျောက်ကိုလည်း ယန်ယန်ဆီ ပေးလိုက်သည်။ ထိုအရာသည် ပုံရိပ်ယောင်ကျောက်တုံး ဖြစ်သည်ဟု ယန်ယန်က ပြောသည်။ ထိုကျောက်တုံးသည် ပုံရိပ်ယောင် အစီအရင်များကို ခင်းကျင်ထားရာတွင် အလွန်အသုံးဝင်သဖြင့် ယန်ယန်ကပဲ ယူထားလိုက်လေသည်။

ခြောက်လလောက် ကြာအောင် ထိုင်ခုတ်လာခဲ့ပြီးမှ ရလာသော ဝါးအချောင်း နှစ်ဆယ်ကိုလည်း ယန်ယန်ဆီ ပေးလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၆၀)

သဲမီးတောက်နယ်မြေထဲတွင် ရခဲ့သည့် ဆေးဖက်ဝင် အသီး၊ အပင်များဖြစ်သော နေမီးတောက်အသီး၊ မြစိမ်းရောင်ပိုးသားမြက်ပင်… စသည့် ဆေးပင်များကိုမူ ယန်ယန်အား မပေးဘဲ သူကိုယ်တိုင်သာ သိမ်းထားလိုက်သည်။

ဖယောင်းနီးသီး၊ ဖယောင်းနီရိုးတံ၊ အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်၊ နေမီးတောက်အသီးပင်၊ နှစ်တစ်ထောင် အမွေးနံ့သာနှင့် အခြားရှားပါးသော ပစ္စည်းအချို့ကိုလည်း သူကိုယ်တိုင်သာ သိမ်းထားလိုက်သည်။

ပစ္စည်းကောင်းများစွာ ရရှိပြီးနောက် ယန်ယန် ပျော်ရွှင်စွာ ပြန်လည် ထွက်ခွာသွားသည်။ ထိုပစ္စည်းများစွာဖြင့် ဆိုပါက သူမဖန်တီးချင်သည့် အရာမှန်သမျှကို ဖန်တီး၍ရချေပြီ။ သူမ မသွားခင် ရန်ကိုင်အား တံဆိပ်ပြားကြီးတစ်ခု ပေးခဲ့သည်။

ထိုတံဆိပ်ပြားပေါ်တွ၍် နက်နဲဆန်းကြယ်သော စည်းတံဆိပ်များ၊ အင်းကွက်ကဲ့သို့ အရာများစွာ ရှိနေခဲ့သည်။

ထိုတံဆိပ်ပြားနှင့်ဆိုလျှင် သူ့လိုဏ်ဂူစံအိမ်ကို သူ့စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်လေပြီ။ ထိုမျှသာမကသေး၊ လိုဏ်ဂူပတ်လည်ရှိ အရံအတားကိုလည်း အသက်သွင်းနိုင်သေးသည်။ ထိုအရံအတားကို အသက်သွင်းလိုက်မည် ဆိုပါက ရန်ကိုင်မှအပ အခြားမည်သူမှ သူ့လိုဏ်ဂူထဲသို့ ဝင်၍ ရတော့မည်မဟုတ်ချေ။ ယန်ယန်ပင်လျှင် အစီအရင်ကို မဖျက်စီးသရွေ့ ဝင်လို့ရလိမ့်မည် မဟုတ်ချေ။

ထိုအခြင်းအရာနှင့် ပက်သက်၍ ရန်ကိုင် အလွန် ကျေနပ်မိသွားသည်။ အပြင်ဘက်ရှိ အသစ်ဆောက်ထားသော အိမ်များတွင် ရန်ကိုင် သွားမနေချင်ချေ။ ကျောက်တုံးလိုဏ်ဂူကို သူပို၍ နှစ်သက်ပေသည်။ ကောင်းကင်စံအိမ်တွင် ရှိစဉ်က ရစ်ခွေနဂါးစမ်းချောင်း ဘေးနားတွင် ကိုယ်တိုင် ကျောက်တုံးလိုဏ်ဂူတစ်ခု တူးပြီး နေခဲ့သည့် အတွက်ကြောင့် ကျောက်တုံးလိုဏ်ဂူများတွင် နေရသည်ကို နှစ်သက်ခြင်းလည်း ဖြစ်နိုင်သည်။ ဤကဲ့သို့ ကျောက်တုံးလိုဏ်ဂူများတွင် နေရသည်မှာ တိတ်ဆိတ်ပြီး အထီးကျန်စရာ ကောင်းသည်။ သို့သော်လည်း ကျင့်ကြံရန်အတွက် လုံးဝကို သင့်တော်ပေသည်။

ယန်ယန်သည် လိုဏ်ဂူစံအိမ်ပုံစံကို သေချာ ပြင်ဆင်ပေးထားသည်။ နဂါးလိုဏ်ဂူတောင် တစ်ခုလုံးတွင် ဤနေရာသည် အစီအရင်၊ အရံအတား အများဆုံးနေရာတစ်ခု ဖြစ်သည်။ မိုးမြေစွမ်းအင် အသိပ်သည်းဆုံး နေရာလည်း ဖြစ်သည်။ နဂါးလိုဏ်ဂူတောင်ကို ပြန်ရောက်လာပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်စဉ်က ဤလိုဏ်ဂူစံအိမ်သည် သူ့ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးနိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်ပေသည်။

ယန်ယန် ထွက်သွားပြီးနောက် ရန်ကိုင်သည် တင်ပလင်ခွေထိုင်ရင်း သူ့ဘာသာ အတွေးရေယာဉ်ကြောထဲ နစ်မြောနေခဲ့သည်။ ယန်ယန်သာမဟုတ်၊ ဝူရီ၊ ယုဖုန်း၊ ချန်ချီ၊ ဟောင်းအန်းနှင့် ဟိုင်ခဲမိသားစုမှ အခြား တပည့်များစွာတို့သည်လည်း ဤနေရာကို သူတို့၏ အိမ်အဖြစ် သတ်မှတ်ထားပြီမှန်း ရန်ကိုင် သတိပြုမိသည်။ ထို့ကြောင့် ဤနေရာကို သေသေချာချာ ဂရုတစိုက် ပြုပြင်တည်ဆောက်ကြလေသည်။

ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး ကျေနပ်မိသည်။

ခဏလောက် အတွေးကမ္ဘာထဲ နစ်မြောနေပြီးနောက် ဆေးမီးဖို၊ မြစိမ်းရောင်ပိုးသား မြက်ပင်နှင့် တန်ခိုးရှင်အခြေတည်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော အခြား ဆေးအမယ်များကို ထုတ်လိုက်သည်။ သဲမီးတောက်နယ်မြေထဲသို့ ခရီးကြောင့် သူအတော်လေး တိုးတက်လာခဲ့ရာ တန်ခိုးရှင်အခြေတည် ဆေးလုံးကို ဖော်စပ်ရန်မှာလည်း သူ့အတွက် ပိုလွယ်ကူလာခဲ့ရသည်။ သူဖော်စပ်လိုက်သည့် ဆေးလုံးများအနက် တစ်ဝက်ကျော်လောက်သည် ဆေးသွေးကြောပါသည့် ဆေးလုံးများ ဖြစ်ကြသည်။

ထိုတန်ခိုးရှင်အဆင့် ဆေးလုံးများသည် ချန်ချီနှင့် ဟောင်အန်းတို့အတွက် ဖြစ်ကြပေသည်။ နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင် တတိယအဆင့်တွင် တစ်ဆို့နေသည်မှာ အချိန် အတော် ကြာနေခဲ့လေပြီ။ ထို့ကြောင့် တန်ခိုးရှင်အခြေတည်ဆေးလုံး၏ အကူအညီဖြင့်သာ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်နိုင်လောက်ပေလိမ့်မည်။

သို့သော်လည်း ဆေးလုံးများကို ဖော်စပ်ပြီးသည်နှင့် သွားမပို့သေးဘဲ သူ့လိုဏ်ဂူကို အရင် ပြင်ဆင်နေလိုက်သည်။

ကျောက်တုံးခန်းတစ်ခန်းထဲတွင် ရန်ကိုင်သည် သူတော်စင်သလင်းကျောက်များနှင့် ဆေးပေါင်းရည်ကို သုံး၍ မိုမြေစွမ်းအင်သိပ်သည်းသည့် နေရာတစ်ခု ဖန်တီးလိုက်သည်။ ယခင်ကတည်းက မိုးမြေစွမ်းအင် သိပ်သည်းလှသော လိုဏ်ဂူစံအိမ်သည် သူတော်စင် သလင်းကျောက်၊ ဆေးပေါင်းရည်တို့ကြောင့် ပို၍ မိုးမြေစွမ်းအင် သိပ်သည်းလာခဲ့ရလေသည်။

ထိုကျောက်တုံးခန်းလေးထဲတွင် ဥယျာဉ်တစ်ခု ထပ်မံ ဖန်တီးလိုက်ပြီး ဖယောင်းနီရိုးတံများကို ဆေးပေါင်းရည်ဖြင့် ရောစပ်၍ စိုက်ပျိုးလိုက်သည်။ဤမိုးမြေစွမ်းအင် သိပ်သည်းနှုန်းနှင့် ဆိုပါက ဖယောင်းနီရိုးတံ ညိုးမခြောက်သွားလောက်ဟု ရန်ကိုင် ထင်သည်။

ထိုကိစ္စပြီးသွားလျှင် ဖယောင်းသီအပိုင်းလေးကို ထုတ်လိုက်သည်။ ထိုအပိုင်းလေးသည် အသီးတစ်လုံးလုံးနှင့်စာလျှင် အတော်လေး တန်ဖိုး နိမ့်ကျသွားသော်လည်း ထိုအရာလေးကို ဖယောင်းနီရိုးတံပေါ်တွင် သေသေချာချာလေး တင်ထားလိုက်သည်။ ထိုကဲ့သို့ လုပ်ထားလိုက်လျှင် ဖယောင်းနီသီး၏ ဆေးအာနိသင်များကို ထိန်းသိမ်းထားနိုင်မည့်အပြင် ပို၍ အားကောင်းလာအောင်ပင် လုပ်နိုင်လောက်ပေသည်။

လက်ရှိတွင် ဖယောင်းနီးသီးအား မသုံးနိုင်၊ သုံးစရာ မလိုသေးသော်လည်း နောင်အနာဂတ်တွင် သုံးစရာမလိုဘူးဟု မည်သူ ပြောနိုင်မည်နည်း။

ပြီးသွားသည့်နောက် ယန်ယန် ပေးခဲ့သော တိုကင်ပြားကိုထုတ်ကာ လက်ရှိ ကျောက်တုံးခန်းတွင်းရှိ အရံအတားကို အသက်သွင်းလိုက်လေသည်။ အလင်းအရံအတား တစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးခန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မကြာမီ ကျောက်တုံးခန်း သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုလျှင်ပင် ထိုအရာများ၏ တည်ရှိမှုကို အာရုံခံနိုင်တော့မည် မဟုတ်ချေ။

ဤနေရာနှင့် ပက်သက်၍ ဘာမှထူးဆန်းမနေခဲ့။ မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းနေသည့် အချက်သည်သာ အနည်းငယ် ထူးဆန်းနေပေလိမ့်မည်။

ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျောက်တုံးခန်းအတွက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီးနောက် အခြားကျောက်တုံးခန်းတစ်ခန်းဆီ ပြောင်းလိုက်လေသည်။

ထိုကျောက်တုံးခန်းတွင် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်မှ ရလာသော အမွှေးတိုင်အိုးနှင့် နှစ်တစ်ထောင် အမွှေးနံ့သာကို ထားလိုက်သည်။ ချက်ချင်းဆိုသလို အခန်း တစ်ခန်းလုံး သင်းပျံ့သော ရနံ့တို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။ ထိုအနံ့ကို ရလိုက်သည်နှင့် ရန်ကိုင်၏စိတ် ရုတ်တရက် ငြိမ်းချမ်းသွားခဲ့သည်။ ပြဿနာများ၊ စိုးရိမ်စရာများအားလုံး အရှင်းပျောက်ကွယ်သွားသည့်နှယ်။ သူ့အသိစိတ်ပင်လယ်ပင်လျှင် တည်ငြိမ်လာခဲ့သည်။

နှစ်တစ်သောင်းအမွှေ့နံ့သာ ဆိုသည့်အတိုင်းပင်။ ဤအနံ့ကို ရှူရှိုက်ရင်း ကျင့်ကြံမည် ဆိုပါက ကျင့်ကြံခြင်းအတွက် အလွန်ကိုမှ အထောက်အကူ ဖြစ်ပေလိမ့်မည်။

လောလောဆယ်တွင် နှစ်တစ်သောင်းအမွှေ့နံ့သာ၏ အနံ့ကို ဤအခန်းထဲတွင်သာ ရနိုင်သေးသည်။ သို့သော် ထိုအနံ့ကို နဂါးလိုဏ်ဂူတောင် တစ်ခုလုံးသို့ပျံ့အောင် လုပ်နိုင်မည့် နည်းလမ်း တစ်ခုခုကို ယန်ယန် စဉ်းစားနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ထိုကိစ္စပြီးသော် နောက်ထပ် ကျောက်တုံးခန်းတစ်ခန်းဆီ ပြောင်းလိုက်သည်။

ထို့နောက် အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်ကို ထိုကျောက်တုံးခန်းထဲတွင် ထည့်ထားလိုက်သည်။ တစ်ယောက်ယောက်သာ ဤအခန်းထဲတွင် တံခါးပိတ်ကျင့်စဉ် ဝင်မည်ဆိုပါက အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်မှ ထုတ်လွှတ်သော ထူးဆန်သည့် အရှိန်အဝါ၏ အကူအညီဖြင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပို၍ လွယ်ကူစွာ ထိုးထွင်းဆင်ခြင် နိုင်ပေလိမ့်မည်။

တန်ခိုးရှင် အခြေတည်ဆေးလုံးနှင့်၊ နှစ်တစ်သောင်း အမွှေ့နံ့သာတို့နှင့်ပင် ချန်ချီနှင့် ဟောင်အန်းတို့ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်၏ အကူအညီကိုပင် မယူရလောက်ချေ။

အားလုံး ပြင်ဆင်ပြီးသွားသည်နှင့် အပေါက်များဖြင့် ပြည့်နေသော ထူးဆန်းသည့် ကျောက်တုံးတစ်တုံးရှိသည့် အခန်းဆီ သွားလိုက်သည်။

ထိုကျောက်တုံးသည် နောက်ဆုံးလေလံပွဲတွင် သူတော်စင်သလင်းကျောက် အများကြီး သုံးပြီး သူဝယ်ခဲ့သည့် အင်းဆက်ကျောက်တုံး ဖြစ်ပေသည်။

ထိုကျောက်တုံးကို ဝယ်ပြီးနောက် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ထိုကျောက်တုံးထဲ ထည့်ထားလိုက်သည်။ အင်းဆက်ကျောက်တုံးသည် ရှေးဟောင်းအင်းဆက်များ ကြီးထွားရန် အတွက် အလွန်ကိုမှ သင့်တော်သည့် နေရာတစ်ခုဟု ယန်ယန် ပြောခဲ့သည်။ သဲမီးတောက်နယ်မြေသို့ မသွားခင် ဤအခန်းနားသို့ မည်သူ့ကိုမှ မလာခိုင်းရန် ယန်ယန်အား မပြောခဲ့သည်။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ကျောက်တုံးထဲတွင် သောင်းနှင့်ချီသော ဝိဥာဉ်ဝါးမြိုအင်းဆက်လေးများ ငြိမ်းချမ်းစွာ အိပ်စက်နေသည်ကို တွေ့လိုက်ရသည်။ အင်းဆက် ကျောက်တုံးတွင်းရှိ အပေါက်များသည်လည်း တဖြည်းဖြည်း ကျယ်လာနေခဲ့သည်။

ဝိဥာဉ်ဝါးမြို အင်းဆက်များသည် ဆင့်ကဲပြောင်းလဲနေဆဲ ဖြစ်သောကြောင့် ရန်ကိုင်အတွက် ဘာမှလုပ်ပေးနိုင်ဦးမည် မဟုတ်သေးချေ။ အင်းဆက်ကျောက်တုံး လုံးဝ ပျောက်ကွယ်သွားမှသာ ထိုကောင်များ ပြန်နိုးလာပေလိမ့်မည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်းသည်လည်း ဆင့်ကဲပြောင်းလဲနေသေးသည်။ ထို့ကြောင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များတွင် လောလောဆယ် နေစရာနေရာ မရှိသေးချေ။ ထိုအကြောင်းကြောင့်ပဲ ရန်ကိုင်သည် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သွားမနှိုးခဲ့ချေ။

ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ ဆင့်ကဲပြောင်းလဲမှုနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး မျှော်လင့်မိနေသည်။ ယခုတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ပြီးနောက်တွင် ထိုကောင်များ မည်ကဲ့သို့ ပြောင်းလဲလာမည်လဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။ ခဏလောက် စဉ်းစားပြီးနောက် အင်းဆက်ကျောက်တုံးကို ကောက်ယူ၍ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင် ရှိနေသည့် အခန်းထဲတွင် ထားလိုက်လေသည်။

လိုဏ်ဂူစံအိမ်ထဲမှ ထွက်လာပြီးနောက် ချန်ချီနှင့် ဟောင်အန်းတို့ဆီ သွားလိုက်ပြီး တန်ခိုးရှင်အခြေတည်ဆေးလုံး တစ်လုံးဆီ ပေးလိုက်သည်။ ထို့နောက် စိတ်ကြိုက်အခန်းတစ်ခန်း ရွေးကာ ကျင့်စဉ်ဝင်ရန် ပြောလိုက်လေသည်။

နဂါးလိုဏ်ဂူတောင်တွင် မကြာမီ တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက် ရှိလာတော့မည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။

ပထမအဆင့်သာ ဖြစ်သော်လည်း တန်ခိုးရှင်အဆင့် ပညာရှင် ဖြစ်နေဆဲ မဟုတ်လော။ နောက်ပိုင်း နဂါးလိုဏ်ဂူတောင်တွင် ရန်ကိုင် မရှိသည့်အခါ သူတို့အပေါ် အားကိုး၍ ရပေသည်။ တန်ခိုးရှင်အဆင့်နှစ်ယောက်၏ အကူအညီ ရှိနေသည့်အတွက်ကြောင့် နဂါးလိုဏ်ဂူတောင် ပို၍ လုံခြုံမည်မှာ ပြောနေစရာပင် မလိုချေ။

နောက်ရက်ပိုင်းအတွင်း ရန်ကိုင် တောက်လျှောက် အလုပ်ရှုပ်နေခဲ့သည်။ သူဘာတွေ လုပ်နေလဲ မည်သူမှမသိ။ သို့သော် မကြာမီ နဂါးလိုဏ်ဂူတောင်တွင် နေမီးတောက်အပင် တစ်ပင် ပေါက်နေသည်ကို အကုန်လုံး အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ အပင်ပေါ်တွင် အသီးမရှိသေးသော်လည်း ထိုအပင်သည် အဆင့်မြင့် အသီးပင်တစ်ပင် ဖြစ်သည်မှာ ပြောနေစရာ မလိုချေ။ ထိုအပင်ကြောင့် နဂါးလိုဏ်ဂူတောင်မှာ ပို၍ ကြည့်ကောင်းသွားသည်။

နေမီးတောက်အသီးပင်ကို စိုက်ခြင်းနှင့် ပက်သက်၍ ယန်ယန်မှ သူ့အား မပြီးနိုင် မဆုံးနိုင်လှသော သင်ခန်းစာရှည်ကြီး ကောင်းကောင်း ပို့ချခဲ့ပေသည်။ ယန်ယန်၏ ဆူပူ အော်ငေါက်ခြင်း ခံခဲ့ရပြီးမှပဲ သူအရမ်းအခဲ့ပါလား ဆိုသည်ကို နားလည်သွားခဲ့သည်။

နေမီးတောက်အသီးပင်ကို သာမန် ပတ်ဝန်းကျင်တွင် သွားစိုက်၍ မရချေ။ ရန်ကိုင်တွင် အနက်ရောင်စာအုပ်ကဲ့သို့သော ရတနာမျိုးသာ မရှိပါက နေမီးတောက်အပင်ကို သဲမီးတောက် နယ်မြေထဲမှ အပြင်သို့ပင် ယူလာနိုင်လိမ့်မည် မဟုတ်ချေ။ နေမီးတောက်အသီးပင်ကို သိုလှောင် လက်စွပ်တစ်ခုထဲတွင် ထည့်သယ်လာခဲ့ပါက ယခုအချိန်လောက်ဆို ညိုးခြောက်နေလောက်ပေပြီ။ ဤနေရာတွင် ပြန်စိုက်ခဲ့သော်လည်း နေမီးတောက်အပင် ရှင်နိုင်ချေမှာ သုံးဆယ်ရာခိုင်နှုန်းသာ ရှိသည်။ ယန်ယန်မှာ နေမီးတောက်အပင် ရှင်သန်နိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင်ဖြစ်အောင် အစီအရင်များစွာကို ခင်းကျင်းခဲ့ရပေသည်။ သို့တိုင် အပင်ရှင်မရှင်ကို တပ်အပ်မပြောနိုင်ချေ။

သို့သော်လည်း သွေးဓါးသွားမြက်အစေ့၏ ပြောင်းလဲမှုသည် ရန်ကိုင်နှင့် ယန်ယန်အား လုံးဝကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့သည်။

ယန်ယန်သည် သွေးဓါးသွားမြက်အစေ့ကို ယူပြီး သင့်လျော်သည့် တစ်နေရာတွင် ကောက်စိုက်ထားလိုက်သည်။ အသွေးအသားသာ မကျွေးလျှင် ထိုအပင် ချက်ချင်းကြီး ကြီးထွားလာလိမ့်မည် မဟုတ်သည့် အတွက်ကြောင့် သွေးဓါးသွားမြက်ပင်အား သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ သို့သော်လည်း ရန်ကိုင်က သွေးဓါးသွားမြက်ပင်အား စိုက်ထားသည့် နေရာတွင် ရွှေရောင်သွေးစက်တစ်ချက် ချလိုက်သည်။

ဖြစ်ပျက်သွားသည်ကား မျက်တောင်တစ်ခတ်အတွင်း သွေးဓါးသွားမြက်ပင်သည် အလွန်အမင်း လျင်မြန်စွာ ကြီးထွားလာခြင်းပင်။ တစ်ခဏအတွင်း မီတာသုံးဆယ်အထိ ရှည်ထွက်လာပြီး ဆက်ကြီးထွားနေသေးသည်။ ထိုမျှနှင့်ပင် အဆုံးမသတ်သေး။ သွေးဓါးမြက်ပင် တစ်ပင်သာ ပေါက်သင့်သည့် နေရာတွင်လည်း အခြားသွေးဓါးမြက်ပင်များစွာ စတင် ပေါက်လာခဲ့လေသည်။ ထိုအပင်များသည် မိခင်အပင်ကြီးထက် မရှည်သော်လည်း တစ်ပင်လျှင် ဆယ်မီတာလောက်တော့ ရှည်ပေသည်။

နာရီဝက်အတွင်း သွေးဓါးမြက်အစေ့ စိုက်လိုက်သည့် မီတာတစ်ထောင် ပတ်လည် တစ်ခုလုံး သွေးဓါးမြက်ပင်လေးများဖြင့် ပြည့်သွားခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည့် အခိုက် ယန်ယန်မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည်။

ထို့အပြင် ထိုသွေးဓါးမြက်ပင်များသည် သူမ မြင်ခဲ့ဖူးသည့် သွေးဓါးမြက်ပင်များနှင့် မတူချေ။ လက်ရှိ သွေးဓါးမြက်ပင်များသည် အနီရောင်မဟုတ်ဘဲ နီရွှေရောင် ဖြစ်နေခဲ့သည်။

ထိုပြောင်းလဲမှုကြောင့် ယန်ယန်သာမဟုတ်၊ ရန်ကိုင်ပါ မှင်သက်ခဲ့ရသည်။

ရွှေရောင်သွေးစက်တစ်စက်သည် သွေးဓါးမြက်ပင်အား ဤမျှ ပြောင်းလဲသွားစေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ရွှေရောင်သွေးစက်သည် သွေးဓါးမြက်ပင်အား နည်းနည်းပါးပါး ကူညီပေးနိုင်လိမ့်မည်ဟုသာ ထင်သည့်အတွက်ကြောင့် ထိုမြက်ပင်များကို ရွှေရောင်သွေးစက်တစ်စက် ကျွေးလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ရွှေရောင်သွေးစက်သည် သွေးဓါးမြက်ပင်များအား နည်းနည်းလေးသာ မဟုတ်ဘဲ ကြီးကြီမားမား ကူညီပေးနိုင်ခဲ့လေသည်။ အကျိုးဆက်အနေဖြင့် ဤနေရာသို့ ရောက်လာသော ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများ ဒုက္ခရောက်ကြရလေတော့သည်။ ရန်ကိုင် ထိုလူများအား အချိန်မှီ ကယ်တင်လိုက်နိုင်သည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် သူဖော်စပ်လိုက်သည့် ဆေးကြောင့် သူ့လူများ ပြန်သေရသည့် အဖြစ် ရောက်သွားရပေလိမ့်မည်။

All Chapters