← Chapters

အခန်း (၁၂၇၁-၁၂၇၅)

Vol. 51 Ch. 1271-1275

အခန်း (၁၂၇၁-၁၂၇၅)

Vol. 51 Ch. 1271-1275

အပိုင်း (၁၂၇၁)

ညို့ဓါတ်ကျင့်စဉ်လား ရန်ကိုင် မျက်ဝန်းထဲ အလင်းတစ်ချက် လက်သွားသည်။ ယင်စုတျယ် ညို့ဓါတ်ကျင့်စဉ် ကျင့်ထားမှန်းကို ယခုမှသာ သူသိတော့သည်။ ထို့အပြင် ယင်စုတျယ် ညို့ငင်ဖြာယောင်းရာတွင် အတော် ကျွမ်းကျင်သည့်ပုံပင်။ သူမကို မြင်လိုက်တိုင်း အရမ်းကိုမှ ဆွဲဆောင်မှုရှိလှသည်ဟု ခံစားနေရသည်မှာ အထူးအဆန်း မဟုတ်တော့ပါလေတကား။ ယင်စုတျယ်သည် ညို့ဓါတ်ကျင့်စဉ်အား လေ့ကျင့်ထားလေသည်ကိုး။

ယင်စုတျယ် ပြောသည်ကို ကြားပြီးနောက် တိုက်ယွမ် မျက်နှာပျက်သွားပြီး ပြန်အော်ပြောလေသည် “နင်ငါ့ကို စောင့်ကြည့်နေတာလား”

ယင်စုတျယ်က ဂရုမစိုက်ဟန်ဖြင့် သူမ၏ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ပြီး ဖွဖွလေး ရယ်သွမ်းသွေးလျက် “အစ်မ ဘယ်လိုပြောရက်ရတာလဲလို့။ ညီမလေးက အစ်မကို စိုးရိမ်လို့ဟာကို။ အရင်တစ်ခေါက်တုန်းကလည်း စီနီယာအစ်မက ဘယ်သူ့ကိုမှ မပြောမဆိုဘဲ ထွက်သွားတာလေ။ ဆရာ့ကိုတောင် ပြောသွားတာ မဟုတ်ဘူး။ ဒါကြောင့် ညီမလေးက အစ်မ ဘယ်တွေသွားနေလဲ ဆိုတာကို လူလေးလွှတ်ပြီး စုံစမ်းကြည့်ရတော့တာပေါ့။ အစ်မ လုံလုံခြုံခြုံနဲ့ ပြန်ရောက်လာတော့မှပဲ ညီမ စိတ်အေးရတော့တယ်။ အစ်မ အခုလို ဘာမှမဖြစ်ဘဲ ပြန်ရောက်လာတာ ညီမ တကယ် ဝမ်းသာတယ်သိလား။ ညီမတင် မဟုတ်ဘူး။ ဆရာပါ ပျော်နေတာ။ အစ်မကို မြန်နိုင်သမျှ မြန်မြန် တွေ့ချင်တယ်လို့တောင် ပြောလိုက်သေးတယ်”

“ဆရာ…” တိုက်ယွမ်၏ မျက်နှာထက် ရှုပ်ထွေးသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ ယင်စုတျယ်နှင့် ဆက်၍ ငြင်းခုံချင်စိတ် မရှိတော့သဖြင့် ပြန်၍သာ မေးလိုက်သည် “လိပ်ပြာတစ်ရာတောင်မှာ အေးအေးဆေးဆေး မနေဘဲ ဒီအထိ အလောတကြီး ပြေးလာတာ ဘာမဟုတ်တဲ့ စကားလေးတွေ ပြောဖို့ သက်သက်အတွက်ပဲလား”

“အခြားကိစ္စရှိမှ လာရမှာလား” ယင်စုတျယ်က ပြန်ပြောသည်။ ထို့နောက် တစ်ခုခုကို မှတ်မိသွားသည့်အလား သူမ၏ အကြည့်တို့ ရုတ်တရက် တောက်ပလာခဲ့ပြီး အလျင်အမြန် မေးလိုက်လေသည် “ပြီးတော့ အစ်မကို သတင်းကောင်းလေး ပြောချင်လို့။ ဆရာက ဆေးဆရာရှောင်ကို တန်ခိုးရှင်အခြေတည် ဆေးလုံး သန့်စင်ခိုင်းတာ ပထမဆုံးဆေးအိုး နှစ်အိုး မအောင်မြင်ခဲ့ပေမယ့် တတိယအိုးကတော့ အောင်မြင်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်တဲ့။ တတိယအိုးသာ အောင်မြင်သွားမယ်မဆိုရင် ညီမလေးက တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ဖို့ တံခါးပိတ်ကျင့်စဉ် ဝင်တော့မှာ။ အဲ့အခါကျ အစ်မကို စကားလာပြောနိုင်မှာ မဟုတ်တော့ဘူး။ အစ်မ အထီးကျန်တယ် ဆိုရင် အစ်မအတွက် အစေခံ တစ်ယောက်၊ နှစ်ယောက် စီစဉ်ထားပေးရမလား”

ရုပ်ကသာ သူ့အစ်မကို ဂရုစိုက်သည့် ပုံစံမျိုး လုပ်နေသော်ငြား သူမ၏ အကြည့်နှင့် လေသံထဲ ဖုံးဖိမရနိုင်သည့် ကျေနပ်မှု၊ မာန ထောင်လွှားမှုတို့ ပါဝင်နေခဲ့သည်။

“တန်ခိုးရှင် အခြေတည်ဆေးလုံးလား..” တိုက်ယွမ်က ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆို ညီမလေးကို ဂုဏ်ပြုရမှာပေါ့”

“အင်း။ မြစိမ်းရောင်ပိုးသား မြက်ပင်တွေကို ယူလာပေးခဲ့တဲ့ အစ်မကိုပဲ ကျေးဇူးတင်ရမှာ။ အစ်မကြောင့်သာ မဟုတ်ရင် တန်ခိုးရှင် အခြေတည် ဆေးလုံးတွေကို သန့်စင်နိုင်မှာ မဟုတ်ဘူး။ ကံမကောင်းစွာနဲ့ ညီမလေးကတော့ မြစိမ်းရောင်ပိုးသား မြက်ပင် တစ်ပင်တောင် ရှာမလာနိုင်ခဲ့ဘူး” ပြောပြီးသည်နှင့် စိတ်ဓါတ်ကျသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

တိုက်ယွမ် လှောင်ပြုံးပြုံးလိုက်သည်။ မြစိမ်းရောင်ပိုးသား မြက်ပင်များကို ကြိုးကြိုးစားစား ရှာဖွေခဲ့သူမှ သူမ ဖြစ်သော်ငြား အကျိုးအမြတ် ရသွားသည့်လူသည် ယင်စုတျယ် ဖြစ်နေခဲ့သည်။

တိုက်ယွမ်က “အင်း။ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်တော့မှာ ဆိုတော့ ညီမလေးပြန်ပြီး သေချာ ပြင်ဆင်ထားသင့်တယ်။ မဟုတ်လို့ အဆင့်ချိုးဖျက်ဖို့ ကျရှုံးသွားရင် ဆရာ စိတ်ပျက်သွားရလိမ့်မယ်”

ယင်စုတျယ် မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားပြီး အေးစက်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

သူမမှာ အဆင့်ပင် မချိုးဖျက်ရသေးသော်ငြား တိုက်ယွမ်သည် သူမ ကျရှုံးလိမ့်မည်ဟု စောင်းပြောလာခဲ့သည်။ မကြိုးစားရသေးခင် အတိတ်နိမိတ်မရှိသော စကားလုံးများကို ကြားလိုက်ရသည့် အတွက်ကြောင့် ယင်စုတျယ်ရင်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်သွားရသည်။

“အစ်မမှာ ဧည့်သည့်တွေ ရှိနေသေးတာဆိုတော့ ညီမလေးကို လိုက်မပို့တော့ဘူးနော်” တိုက်ယွမ်သည် ယင်စုတျယ်၏ အကြည့် စူးစူးကို လျစ်လျူရှု၍ တိုက်ရိုက် မောင်းထုတ်လိုက်လေသည်။

သို့သော်လည်း ယင်စုတျယ်က တိုက်ယွမ် မောင်းထုတ်တိုင်း ဘယ်သွားပါ့မလဲ။ တိုက်ယွမ်နှင့် စကားပြိုင် မလုပ်နိုင်သော် ရန်ကိုင်တို့ဘက် လှည့်လာခဲ့သည်။ ထို့နောက် ချိုသာစွာ ပြုံးလျက် မေးလိုက်လေသည် “ဒီမောင်လေးကို ရင်းနှီးနေသလိုပဲနော်။ အစ်မတို့ တွေ့ဖူးလား”

ထိုစကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သည်။ ဖန်သွေးရောင်ဂိုဏ်းသို့ ရောက်ရုံပင်ရှိသေး၊ ညီမအစ်နှစ်ယောက်၏ ပြဿနာ အရှုပ်ထုပ်ထဲ ဆွဲခေါ်ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ထိုအရာများကို ဂရုစိုက်မနေဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည် “တွေ့ဖူးတာတော့။ တစ်ကြိမ်တောင် မဟုတ်ဘူး။ တစ်ကြိမ်မကကို တွေ့ဖူးတာ။ ကျုပ် အစ်မယင်ကို လေးစားနေတာ ကြာပြီ ဆိုပေမယ့် ကျုပ်က လူမသိသူမသိ လူတစ်ယောက် ဖြစ်နေတာ ဆိုးတာပဲ။ အစ်မယင် ကျုပ်ကို ဂရုစိုက်မသင့်ပါဘူးလေ”

ရန်ကိုင် ထိုကဲ့သို့ ပြောသည်ကိုကြားသော် ယင်စုတျယ်၏ မျက်နှာထက် အပြုံးပန်းတို့ ပွင့်လန်းလာခဲ့သည်။ ရန်ကိုင်၏ ချီးကျူးစကားအပေါ် အလွန် ကျေနပ်သွားသည့်အလား ဆည်းလည်းသံနှယ် ချိုမြစွာ တခစ်ခစ် ရယ်မောတော့လေသည်။

တိုက်ယွမ်ကမူ မျက်မှောင်ကြုတ်လျက် ရန်ကိုင်အား နားမလည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်လေသည်။ ယန်ယန်ကမူ မည်သည့် စကားတစ်ခွန်းမှ မပြောဘဲ ရန်ကိုင် ဘေးတွင်သာ တိတ်တိတ်လေး ရပ်နေခဲ့သည်။

“အာ၊ ငါမှတ်မိပြီ။ နင်က ဝေကုချန်းတို့နဲ့ အတူရှိနေတဲ့ တစ်ယောက်မလား။ နင်ဘယ်တုန်းက ငါ့အစ်မကို သိသွားတာလဲ” ယင်စုတျယ်၏ အသံလေးသည် သာယာညိမ့်ညောင်းကာ ပျားသကာနှယ် နားဝင်ချိုလှသည်။ သို့သော်လည်း ထိုစကားကို ရန်ကိုင် ကြားလိုက်ချိန် သူ့သွေးကြောထဲရှိ သွေးများ ပို၍ မြန်မြန် စီးဆင်းလာသလို ခံစားလိုက်ရလေသည် ယင်စုတျယ်သည် သူ့နားနားကပ်၍ တိုးတိုးလေး ပြောနေပြီး မမြင်နိုင်သော သူမ၏ လက်ကလေးများသည် သူ့ပါးပြင်နှစ်ဖက်ကို အသာအယာ ပွတ်သပ်ပေးနေသည့်နှယ်။

“သဲမီးတောက်နယ်မြေမှာ တုန်းက သိသွားတာ” ရန်ကိုင်က ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။

“ငါသိပြီ။ ဒါပေမယ့် စီနီယာအစ်မက နင့်ကို ဖိတ်ခေါ်ခဲ့မှတော့ နင်တို့ကြားက ဆက်ဆံရေးက မရိုးရှင်းလောက်ဘူးမလား” ယင်စုတျယ် စတင် စစ်မေးလေပြီ။ သို့သော် ရန်ကိုင် ပြန်မဖြေရသေးခင်မှာပဲ သူမ၏ မျက်ဝန်းအထဲ ထူးဆန်းသော အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သစ်ခွပန်းနှယ် မွေးပျံ့သော ထွက်လေးကို ရှူထုတ်လိုက်ရင်း ယင်စုတျယ်က ဆက်မေးလိုက်သည် “မောင်လေး စိတ်မရှိဘူးဆိုရင် ငါ့နေတဲ့ လိပ်ပြာတစ်ရာတောင်ဆီ လာလည်ပါလား။ လိပ်ပြာတစ်ရာတောင်က ဒီနေရာနဲ့ နည်းနည်းဝေးတယ် ဆိုပေမယ့် အဲ့ကရှုခင်းတွေက တကယ် လှတာနော်”

ရန်ကိုင်၏ အကြည့်တို့ မီးတောက်လာခဲ့ပြီး သူ့ပါးပြင် နှစ်ဖက် ထူးထူးဆန်းဆန်း နီမြန်းလာခဲ့လေသည်။ ခေါင်းကို ကြက်အစာကောက်သည့်နှယ် တဆတ်ဆတ် ညိတ်လိုက်ပြီး “အစ်မယင်ဆီ လာလည်လို့ရတာလား။ လာမှာပေါ့၊ လာမှာ”

ထိုသို့ပြောရင်း ရန်ကိုင်၏ မျက်ဝန်းလဲ ရာဂမီးတောက်တို့ တောက်လောင်လာခဲ့လေသည်။ နှုတ်ခမ်းထောင့်မှလည်း သရေ အချို့ စီးကျလာခဲ့လေသည်။

“ယင်စုတျယ်” ယင်စုတျယ်၏ ညို့ဓါတ်ကျင့်စဉ်ကြောင့် ရန်ကိုင် ထိုကဲ့သို့ ဖြစ်သွားသည်ဟု ထင်ကာ တိုက်ယွမ် ရှူးရှူးရှဲရှဲ ဖြစ်သွားလေသည်။ ယင်စုတျယ်သာ သူမ၏ ကျင့်စဉ်ကို ပြန်မရုတ်သိမ်းလျှင် အချိန်မရွေး တိုက်ခိုက်တော့မည့်နှယ် သူတော်စင်ချီကို ချက်ချင်း လှည့်ပတ်လိုက်လေသည်။

“ဘာဖြစ်လို့လဲဟင်အစ်မ” ယင်စုတျယ်က ဖော်ရွေသော အပြုံး၊ ရိုးသားကင်းစင်သော အကြည့်ဖြင့် တိုက်ယွမ်အား ကြည့်လိုက်သည်။ သို့သော် သူမ၏ ကျင့်စဉ်ကို ပြန်မရုတ်သိမ်းသည့် အပြင် နှစ်လိုစွဲမက်ဖွယ်ကောင်းလှသည့် ထောင်ပေါင်းများစွာသော ညို့ငင်မှုတို့ဖြင့် ပြည့်နေသည့် အရှိန်အဝါများကို ရန်ကိုင်ဆီသို့ ဆက်လက် ဖြန့်ကျက်ထားသည်။

ထိုစဉ် ရန်ကိုင်၏ နှာခေါင်းနှစ်ဖက်ဆီမှ နွာသိုး နှာမှုတ်သည့်နှယ် ပူနွေးနွေးနှာငွေ့များ ထွက်ပေါ်လာခဲ့သည်။ ပြီးသည့်နောက် ယင်စုတျယ်ဆီ ပြေးထွက်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း ယင်စုတျယ်ရှေ့သို့ ရောက်လာပြီး ယင်စုတျယ်နှင့် တိုက်ယွမ်တို့၏ မှင်သက်နေသည့် အကြည့်အောက်၌ ယင်စုတျယ်၏ ကျောက်စိမ်းသားတမျှ ချောမွတ်နူးညံ့လှသော လက်နှစ်ဖက်ကို ဖမ်းကိုင်လိုက်သည်။

ယင်စုတျယ် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး တိုက်ယွမ်လည်း ပါးစပ်အဟောင်းသား ဖြစ်သွဦးခဲ့သည်။

ရန်ကိုင် ပြေးလာစဉ်တွင် ယင်စုတျယ်နှင့် တိုက်ယွမ်သည် သူ့အား တားဆီးချင်ခဲ့သော်လည်း သူတို့ လှုပ်ရှားမည်ဟု ကြံလိုက်သည့် အချိန်တွင် ရန်ကိုင်သည် ယင်စုတျယ်၏လက်ကို ကိုက်ပြီးနေလေပြီ။

လက်နာလာသောကြောင့် ယင်စုတျယ် ဒေါသထွက်လာပြီး သူတော်စင်ချီကို စတင် စုစည်းတော့လေသည်။ သို့သော်လည်း ချက်ချင်းဆိုသလို သူမစိတ် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး အရည်လဲ့နေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို စိုက်ကြည့်၍ တိုးတိုးလေး ပြောလိုက်လေသည် “မောင်လေး၊ ငါ့လက် နာနေပြီ…”

“အာ” ရန်ကိုင် ထိတ်လန့်ပြီး အားနာသွားသည်။ သို့သော် ယင်စုတျယ်လက်အား ကိုင်ထားသည့် သူ့လက်ကိုမူ လွှတ်မပေးသေးချေ။ ယင်စုတျယ်မှာမူ မည်မျှပင် ရုန်းစေကာမူ ညှပ်တူကဲ့သို့ ခိုင်မြဲလှသော ရန်ကိုင်၏ လက်ထဲမှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့သည်။ အရိုးမရှိသည့်နှယ် ပျော့ပျောင်း နူးညံ့လှသည့် သူမ၏ လက်ကလေးကို ပွတ်ပေးရင်း ရန်ကိုင်က ပြောလိုက်သည် “အခု မနာတော့ဘူးမလား။ ငါ့မှာ အချိန်ရှိတိုင်း အစ်မယင်ရဲ့ လိပ်ပြာတစ်ရာတောင်ဆီ သွားကြမလား။ အစ်မယင်ရဲ့ စီနီယာအစ်မက အဆင်ပြေနေတာဆိုတော့ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး”

“ဟဲဟဲ” ယင်စုတျယ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ရန်ကိုင် မျက်နှာကို ဖြတ်ရိုက်ပစ်ချင်သော်လည်း ထိုသို့ မလုပ်မိလေအောင် ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းထားသည်။ သူမ မျက်လုံးထဲရှိ ထူးအဆန်းသော အလင်းရောင်တို့သည် တဖြည်းဖြည်း အားကောင်းသည်ထက် အားကောင်းလားပြီး ရန်ကိုင်၏ အကြည့်ဆီမှ ရုတ်းထွက်ရန် တတ်နိုင်သမျှ ကြိုးစားလိုက်သည်။

“အစ်မယင်ပဲ အခုငါ့ကို ဖိတ်ခေါ်ထားတာ မလား။ အခု ချက်ချင်း သွားကြမယ်လေ” သို့သော် ရန်ကိုင်သည် ထိုမျှနှင့်ပင် မရပ်သေးဘဲ ယင်စုတျယ်အား ဆက်၍ တွန်းအားပေးလိုက်သည်။ ယင်စုတျယ်နှင့်အတူ လိပ်ပြာတစ်ရာတောင်ဆီ သွားဖို့ကို မစောင့်နိုင်တော့သည့်နှယ်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ယင်စုတျယ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဆက်သည်းခံမနေတော့ဘဲ သူတော်စင်ချီကို လှည့်ပတ်၍ ရန်ကိုင်လက်ထဲ အတင်း ရုန်းထွက်လိုက်သည်။ ရုန်းထွက်ပြီးသည်နှင့် ချက်ချင်းပဲ ရန်ကိုင်နှင့် မီတာဒါဇင်ကျော် အကွာသို့ ဆုတ်သွားလိုက်ပြီး သူမ၏ လက်ကလေးနှစ်ဖက်ကို အင်္ကျီလက်စဖြင့် ဖုံးအုပ်ထားလိုက်သည်။ ရန်ကိုင်၏ အားဖြင့် ဖျစ်ညစ်ထားသည့် အတွက် သူမ လက်နှစ်ဖက်စလုံး နီရဲနေလေပြီ။

ညို့ဓါတ်ကျင့်စဉ်ထဲ နစ်မွန်းနေဟန်ရသော ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်နေရင်း ယင်စုတျယ်၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည်။

သို့သော်လည်း ထိုစဉ် တိုက်ယွမ်က သူမနှင့် ရန်ကိုင်ကြား ဖြတ်ဝင်လာပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ဂျူနီယာညီမလေး၊ ကျေးဇူးပြုပြီး ထွက်သွားပါတော့”

ယင်စုတျယ်က အံကြိတ်၍ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ည်။ သူမ၏ ရင်အစုံသည်လည်း အသက်ရှူသံနှင့် အတူ နိမ့်ချည်မြင့်ချည် ဖြစ်သွားလေသည်။ ထို့နောက် နှာခေါင်းရှုံ့လျက် “စီနီယာအစ်မ၊ ဆရာ့ဆီ လာလည်ဖို့ မမေ့နဲ့ဦးနော်။ ဆရာက နင်ထွက်သွားကတည်းက နင့်ကို သတိရနေတာ။ ညီမလေး သွားတော့မယ်”

ပြောပြီးသည်နှင့် သူမ၏ မျက်ဝန်လေးများကို မှေးစဉ်းလျက် ရန်ကိုင် မျက်နှာအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ရန်ကိုင်၏ မျက်နှာကို တစ်သက်မမေ့ရလေအောင် သေချာ မှတ်ထားလိုက်ပြီးနောက် ခြေဆောင့်၍ ကြယ်လွန်းပျံပေါ် ခုန်တက်ကာ ထွက်သွားလေသည်။

ပုံရိပ်တစ်ထောင်တောင်နှင့် ခပ်ဝေးဝေးသို့ ရောက်သည့်အခါ ယင်စုတျယ်သည် အင်္ကျီလက်စထဲ လျှို့ထည့်ထားသော သူမလက်ကို ထုတ်စစ်ဆေးကြည့်လိုက်သည်။

အစောပိုင်းကလေး ပြစ်ချက်ကင်းလှသည် ဆိုနိုင်သော သူမ၏ လက်ကလေးသည် ယခုတွင်မူ ရန်ကိုင်ကြောင့် အညိုအမည်း စွဲနေလေပြီ။ ထိုကောင်စုတ် မည်သည့် နေရာကလာလဲ သူမမသိ။ သို့သော် သူမအပေါ် နည်းနည်းလေးမှ ကြင်နာမှု မပြခဲ့သည်မှာ သေချာပေသည်။ သူမ၏ နုနုဖတ်ဖတ် လက်လေးကိုပင် အားအလွန်အကျွံသုံး၍ ဖျစ်ညစ်ခဲ့သည်။

ယခုတစ်ကြိမ် သူမအဖို့ ဖွတ်လည်းမရ၊ ဓါးမလည်းဆုံး အဖြစ်နှင့် ကြုံခဲ့ရပေသည်။ ယင်စုတျယ်မှာ ထိုအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ဒေါသထွက်လွန်းသဖြင့် အကျယ်ကြီး အော်ပစ်လိုက်ချင်မိသည်။ သူမအား ယခုကဲ့သို့ အရှက်ရအောင် လုပ်ခဲ့သော ထိုကောင်အား မည်ကဲ့သို့ လက်စားချေရမလဲ ဆိုသည်ကို ယင်စုတျယ် တွေးပင်တွေးပြီးနေလေပြီ။

ပုံရိပ်တစ်ထောင်တောင်ပေါ်ရှိ ကျောက်စင်မြင့်ပေါ်တွင် လူသုံးယောက် ရပ်နေခဲ့သည်။ ယန်ယန်နှင့် တိုက်ယွမ်သည် ရန်ကိုင်အား စိုက်ကြည့်နေစဉ်တွင် ရန်ကိုင်သည် ယင်စုတျယ် ထွက်သွားသည့် အရပ်အား အနည်းငယ် နောင်တရနေဟန်ဖြင့် ငေးကြည့်နေခဲ့သည်။

ခဏအကြာ၌ ရန်ကိုင်က ခေါင်းတရမ်းရမ်းဖြင့် သက်ပြငးချလိုက်သည်။ ပြန်လှည့်လိုက်သည့်အခိုက်၊ အမျိုးသမီး နှစ်ဦးမှ သူ့အား မမှိတ်မသုံ စိုက်ကြည့်နေသည်ကို မြင်လိုက်သဖြင့် “ဘာလဲ၊ ငါ့မျက်နှာမှာ ပန်းတွေပွင့်နေလို့လား”

“သူ့ညို့ဓါတ်ကျင့်စဉ်ကြောင့် နင်ဘာမှ ဖြစ်မသွားဘူးလား” ယခု ဘာတွေဖြစ်ပျက်သွာ့ခဲ့သလဲ ဆိုသည်ကိုပင် မသိလျှင် တိုက်ယွမ် လူမလုပ်သင့်တော့ပေ။ ရန်ကိုင်၏ အမူအရာသည် ရာဂမီးတောက်လောက်နောင်နေသည့် ပုံစံမျိုး ဖြစ်နေသော်ငြား သူ့မျက်လုံးများသည် ကြည်လင်နေသည်။

“ညို့ဓါတ်ကျင့်စဉ်လား” ရန်ကိုင် နှုတ်ခမ်းကွေးတက်သွားပြီး “သူလူရွေးများသွားပြီ”

“အဲ့လိုဆိုနင်…” တိုက်ယွမ်၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လက်သွားပြီး ပြုံးလျက်ခေါင်းခါ၍ “ဒီအခွင့်အရေးကိုသုံးပြီး သူ့အပေါ်တောင် အသားယူရဲတယ်ဆိုတော့ နင့်သတ္တိက မသေးပါလား။ သူသာ နင်တမင်သက်သက် လုပ်နေမှန်း သိသွားရင် နင့်ကို ကျိန်းသေ အလွတ်ပေးမှာ မဟုတ်ဘူး”

“ငါတမင်သက်သက် လုပ်နေမှန်း သူသိသွားတာလား” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်သည်။

“ကျေးဇူးပဲ” တိုက်ယွမ်က ရုတ်တရက် ကျေးဇူးတင်စကား ပြောလိုက်သည်။

ရန်ကိုင်က လက်ဝှေ့ရမ်း၍ နှာခေါင်းရှုံ့လျက် “ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး။ သူအရင်လာလုပ်လို့ ငါပြန်လုပ်ပေးလိုက်တာ”

ထိုနှစ်ယောက်၏ အရှုပ်အရင်းထဲ ဝင်ပါဖို့ သူစိတ်မဝင်စားပေ။ ယခုတစ်ကြိမ် ဤနေရာသို့ လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပုံရိပ်တစ်ထောင်ဖန်တောင် ဖြစ်သည်။ တိုက်ယွမ်အား ကူညီခဲ့ခြင်းမှာ ယင်စုတျယ်မှ သူမ၏ ညို့ဓါတ်ကျင့်စဉ်ကို သူ့အပေါ်တွင် လာသုံးသောကြောင့် ဖြစ်သည်။ သူတို့သာ ဖန်သွေးရောင်ဂိုဏ်းထဲတွင် ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ယင်စုတျယ်အား ထိုမျှ အလွယ်တကူ လွှတ်ပေးလိုက်မည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၂)

တိုက်ယွမ်က အဓိပ္ပါယ်ပါပါ ပြုံးလျက် မေးလိုက်သည် “ကိုက်လိုက်ရတာ ဘယ်လိုနေလဲ”

တိုက်ယွမ် မေးခွန်းကိုကြားသော် ရန်ကိုင် ပြုံးစိပြုံးစိ ဖြစ်သွားသည်။ သို့သော် မဖုံးမကွယ်ဘဲ ရယ်ရယ်မောမောဖြင့် အမှန်အတိုင်း ပြန်ပြောလိုက်လေသည် “မဆိုးပါဘူး။ အရိပ်ကြယ်ရဲ့ နာမည်ကျော် အလှရှင်မလေး ဆိုတဲ့ကလေး လက်ကလေးက ပျော့အိအိလေးနဲ့ အရမ်း ကိုင်လို့ကောင်းတာပဲ”

ရန်ကိုင် အမှန်အတိုင်းကြီး ပြောလာသည်ကို မြင်သော် တိုက်ယွမ် အကြာကြီး နားမထောင်နိုင်ခဲ့။ နှာခေါင်းတစ်ချက်ရှုံ့၍ သူနှင့်ယန်ယန်တို့က လိုဏ်ခေါင်းထဲသို့ ခေါ်သွားလေသည်။

အထဲသို့ ရောက်သည်နှင့် တိုက်ယွမ်သည် နံရံပေါ်တွင် ရှိနေသော ဘောင်ကွက်ပေါ်သို့ လက်တင်၍ သူတော်စင်ချီ ပို့လွှတ်လိုက်ရာ နံရံထဲ ပျောက်ကွယ်သွားသော ကျောက်စိမ်း တံဆိပ်ပြား ပြန်ပေါ်လာလေသည်။ တစ်ချိန်တည်းတွင် ပွင့်နေသော ကျောက်တံခါးသည်လည်း ပြန်ပိတ်သွားခဲ့သည်။

“အထဲသွားကြမယ်” တိုက်ယွမ်က ရန်ကိုင်နှင့် ယန်ယန်အား တောင်အတွင်းပိုင်းထဲသို့ ဦးဆောင် ခေါ်သွားသည်။

မီတာတစ်ထောင်လောက် လျှောက်ပြီးနောက် သူတို့ရှေ့ မီတာထောင်ပေါင်းများစွာ အချင်းရှိသော လိုဏ်ဂူကျယ်ကြီး တစ်ဂူ ပေါ်လာခဲ့သည်။ တောင်အတွင်းပိုင်း တစ်ခုလုံးကို တူးထုတ်ထားသည့်ပုံ ပေါ်သော်လည်း လူတူးထားသည့် အရိပ်အယောင် နည်းနည်းလေးမျှ မတွေ့ရ။

သေချာလှည့်ပတ် စစ်ဆေးကြည့်လိုက်ပြီးနောက် လိုဏ်ဂူသည် သဘာဝအတိုင်း ဖြစ်လာသည့် လိုဏ်ဂူတစ်ဂူ ဖြစ်ကြောင်း သိလိုက်ရသည်။ မျက်နှာကြက်ပေါ်တွင် နီကြင့်ကြင့်ရောင် ကျောက်စက်ပန်းဆွဲကဲသို့ ကျောက်ဆူးများ ရှိနေခဲ့လေသည်။ ကြမ်းပြင်ပေါ်တွင်လည်း မျက်နှာကြက်မှာကဲ့သို့ နီကြင့်ကြင့်အရောင် ကျောက်ဆူးများ ရှိနေခဲ့သည်။

“သဘာဝအတိုင်း ဖြစ်နေတဲ့ ဟင်းလင်းပြင် အစီအရင်လား” အနီရောင်ကျောက်ဆူးချွန်များကို မြင်ပြီးနောက် ယန်ယန်က ရုတ်တရက် အလန့်တကြား ထအော်လေသည်။ သူမ၏ မျက်လုံးများသည်လည်း တဖျက်ဖျက် လင်းလက်နေခဲ့သည်။

“အစ်မယန်ယန်က အမြင်စူးရှတာပဲ” တိုက်ယွမ်လည်း ရပ်လိုက်ပြီး ယန်ယန်အား လေးစားစွာဖြင့် ပြန်လှည့်ကြည့်သည်။ ထို့နောက် ရှင်းပြလိုက်လေသည် “ဒီပုံရိပ်တစ်ထောင်တောင် လိုဏ်ဂူထဲမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အစီအရင်တစ်ခု ရှိနေတယ် ဆိုပေမယ့် အစီအရင်က အတော်လေး အားနည်းတယ်။ ပြီးတော့ ဘာတိုက်ခိုက်စွမ်းမှ မရှိဘူး။ စိတ်ရှုပ်ထွေးအောင်ပဲ လုပ်နိုင်တာ”

ယန်ယန်က ခဏလောက် လှည့်ပတ်ကြည့်နေပြီးနောက် မေးလိုက်လေသည် “ဒီအစီအရင်ကို အခြား တစ်ယောက်ယောက် ပြုပြင်ထားသေးလား”

“အင်း။ ဒီပုံရိပ်တစ်ထောင်တောင်မှာ နေခဲ့တဲ့ အရင်လူ ပြုပြင်ထားခဲ့ဖူးတယ်” ထိုအကြောင်း ပြောလိုက်သည်နှင့် တိုက်ယွမ်၏ မျက်ဝန်းများ မှိန်ဖျော့သွဦးခဲ့သည်။ သို့သော်လည်း သူမအမူအရာကို ချက်ချင်းပဲ ဖုံးကွယ်လိုက်ပြီး ဆက်ပြောလိုက်သည် “အဲ့လူက အစီအရင်ဘက်မှ နည်းနည်းပါးပါး ကျွမ်းကျင်တာဆိုတော့ ဒီအစီအရင်ကို ကျူးကျော်လာတဲ့ ရန်သူတွေကိုပါ ခုခံနိုင်အောင် လုပ်နိုင်ခဲ့တယ်”

“ငါတစ်ချက်လောက် စစ်ဆေးကြည့်လို့ရမလား” ယန်ယန်က မေးလိုက်သည်။

“ဘာစစ်ဆေးမှာလဲ” ရန်ကိုင်က ရုတ်တရက် ထအော်သည်။

ဤနေရာသည် တိုက်ယွမ်နေသည့် နေရာဖြစ်သည်။ သို့ဖြစ်ရာ အပြင်လူဖြစ်သည့် သူတို့က ဤအစီအရင်ကို အဘယ်ကြောင့် သွားစစ်ဆေး၍ သင့်မည်နည်း။ ထိုအရာသည် မလုပ်သင့်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။

သို့သော်လည်း တိုက်ယွမ်က ပြုံး၍ ပြန်ပြောလိုက်သည် “ဂျူနီယာမောင်လေးရန် စိုးရိမ်နေစရာ မလိုဘူး။ ညီမယန်ယန်က အစီအရင်တွေကို ကျွမ်းကျင်တာဆိုတော့ ဒီလို အရာမျိုးကို စိတ်ဝင်စားတာ သဘာဝပဲလေ။ ပြီးတော့ သဘာဝအတိုင်း ဖြစ်နေတဲ့ အစီအရင်ဆိုတာ တွေ့ဖို့လွယ်တာမှ မဟုတ်တာ။ ညီမယန်ယန်၊ ကြိုက်သလောက် စစ်ဆေးကြည့်လို့ ရတယ်။ ဘာမှမဖြစ်ဘူး။ ပြီးတော့ ငါကလည်း အစီအရင်တွေကို မကျွမ်းကျင်ဘူး။ အဲ့ဒါကြောင့် ဒီမှာ အရင်နေခဲ့တဲ့လူ သေသွားတဲ့ နောက်ပိုင်း ဒီအစီအရင်က အလဟဿ ဖြစ်သွားရော။ ငါမှ ဒီအစီအရင်ကို မထိန်းချုပ်နိုင်တာ။ ဒီအစီအရင်ကို ဘယ်လို ကွေ့ပတ်သွားရမလဲပဲ သိတယ်။ ညီမယန်ယန်သည် ဒီအစီအရင် ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို လေ့လာပြီး ငါ့ကို ပြန်ပြောပေးနိုင်မယ်ဆိုရင် ငါတကယ် ကျေးဇူးတင်မိမှာ”

“အဲ့လိုကိုး” ရန်ကိုင် နားလည်သွားခဲ့သည်။ တိုက်ယွမ်သည် ယန်ယန်ဆီမှ အကူအညီ လိုချင်နေသဖြင့် ရန်ကိုင်လည်း သူမအား မတေတားတော့ချေ။ ယန်ယန်ဘက် လှည့်၍သာ မေးလိုက်သည် “အဲ့လို ဖြစ်နိုင်ပါ့မလား”

ယန်ယန်ကမူ ရန်ကိုင် မေးခွန်ကို ပြန်မဖြေဘဲ အထင်အမြင် တသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ အနက်ရောင်ဝတ်ရုံကို လက်ဖြင့်မလျက် ကျောက်ဆူးချွန်များဆီ ထွက်သွားလေသည်။ မကြာမီ သူမ၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင် မဲ့ပြုံးပြုံးရုံသာ တတ်နိုင်လေသည်။ သူမ၏ အရည်အချင်းကို သွားမေးခွန်းထုတ်သဖြင့် ယန်ယန် ဒေါသ ထွက်သွားမှန်း ရန်ကိုင် သိလိုက်သည်။

တစ်ဖက်တွင်မူ၊ ယန်ယန် ယုံကြည်ချက်အပြည့်ဖြင့် ပြေးထွက်သွားသည်ကို မြင်သော် တိုက်ယွမ်ရင်ထဲ မျှော်လင့်ချက်တို့ဖြင့် ပြည့်လာခဲ့သည်။

“သွားကြရအောင်၊ သူ့ကို ဂရုစိုက်မနေတော့နဲ့။ သူပြီးရင် သူ့ဘာသာသူ ထွဥ◌်လာလိမ့်မယ်” ရန်ကိုင်က တိုက်ယွမ်အား ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။

“ကောင်းပြီလေ” တိုက်ယွမ်လည်း ငြင်းမနေဘဲ ရန်ကိုင်အား ဦးဆောင် ခေါ်သွားလေသည်။

မကြာမီ လိုဏ်ဂူကြီးကို သူတို့ ဖြတ်ကျော်လာခဲ့သည်။ လိုဏ်ဂူကြီးကို ဖြတ်ကျော်လာပြီးနောက် နောက်ထပ် လမ်းကြောင်း တစ်ခုကို ထပ်တွေ့သည်။ နည်းနည်းလောက် ထပ်လျှောက်လိုက်ပြီးနောက် ကျောက်တုံးခန်း တစ်ခန်းရှေ့သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် နှာခေါင်းထဲ ရုတ်တရက် တိုးဝင်လာသော ဆေးနံ့များကြောင့် ရန်ကိုင် ထိတ်လန့်သွားရ၏။ ထို့အပြင် အခန်းထဲ၌ အရွယ်အစား မတူညီသည့် ဆေးမီးဖို ခြောက်လုံးလည်း ရှိနေပေသေးသည်။

ထိုဆေးမီးဖိုများကို မြင်လိုက်သည်နှင့် တိုက်ယွမ်လည်း ဆေးပညာရှင်တစ်ယောက် ဖြစ်သည်ကို ရန်ကိုင် ရုတ်တရက် ပြန်သတိရလိုက်သည်။

သဲမီးတောက်နယ်မြေထဲတွင် ရှိစဉ်က၊ တိုက်ယွမ်သည် ဆေးပညာရှင် တစ်ယောက် ဖြစ်သည့် အတွက်ကြောင့် ဖယောင်းနီသီးကို မှတ်မိခြင်း ဖြစ်သည်ဟု ဝေကုချန်း သူ့အား ပြောခဲ့သည်။

သို့သော်လည်း ရန်ကိုင်ဆီမှ လာအကူအညီ တောင်းရသဖြင့် သူမ၏ ဆေးပညာရှင်အဆင့်မှာ သိပ်မမြင့်လောက်ချေ။ ရန်ကိုင် ထိုအချက်ကို သတိပြုမိလိုက်သော်လည်း ထုတ်မပြောခဲ့ပေ။

“အာနာဖို့တွေ ကောင်းကုန်ပါပြီ။ ဂျူနီယာမောင်လေး မမြင်သင့်တာတွေကို လျှောက်ပြမိကုန်ပြီ။ ဒီနေရာက အရာတွေက ဂျူနီယာမောင်လေးတွေတော့ ဘာမှမဟုတ်ဘူးမလား” တိုက်ယွမ်က ပြုံး၍ မေးလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ အစ်မတိုက်ယွမ်ရဲ့၊ ဒီနေရာက ကျုပ်နေတဲ့ နဂါးလိုဏ်ဂူတောင်နဲ့ ယှဉ်လိုက်တောင် အများကြီးတောင် ပိုသာသေးတယ်” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“ဂျူနီယာမောင်လေးရန်…” တိုက်ယွမ်က ရုတ်တရက် သူ့ကို စိုက်ကြည့်၍ မေးလိုက်သည် “အပြင်လောကကြီးမှာ တကယ်ပဲ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ ရှိတာလား”

ရန်ကိုင်က တိုက်ယွမ်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ အရိပ်ကြယ်ပေါ်ရှိ လူတော်တော်များများသည် အပြင်လောကကို အတော်လေး စိတ်ဝင်စားနေကြသည်။ သူ့အား ယခုကဲ့သို့မေးခွန်း မေးခဲ့သူ တစ်ယောက်မကတော့ချေ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ရှိတယ်။ ငါကိုယ်တိုင်တော့ တစ်ခါမှ မတွေ့ဖူးပေမယ့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ၊ တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင်တွေ၊ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ ရှိတယ်လို့ ကြားဖူးတယ်၊ သူတို့တင် မဟုတ်သေးဘူး ကြယ်သခင်တွေပါ ရှိတာ အပြင်မှာ”

“ကြယ်သခင်တွေလား” တိုက်ယွမ်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လင်းလက်သွားပြီး “ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်တစ်စင်းလုံးရဲ့ သခင်ဖြစ်လာတဲ့ ဒဏ္ဏာရီလာ လူတွေကို ပြောတာလား”

“ဟုတ်တယ်။ ဒါပေမယ့် အပြင်မှာတောင် အဲ့လိုလူတွေ အများကြီး မရှိဘူး။ ကြယ်အမြူတေကို သန့်စင်ဖို့က အရမ်း ခက်တယ်တဲ့။ ကြယ်အမြူတေကို သန့်စင်နေရင်း ကိုယ်ပါ သေသွားနိုင်တာမို့ တန်ခိုးရှင်ဘုရင်အဆင့်များစု အလွယ်တကူ မလုပ်ရဲကြဘူး”

“အဲ့လိုကိုး…” တိုက်ယွမ် ပြုံးလိုက်ပြီး ရုတ်တရက် ပျော်ရွှင်စွာဖြင့် ပြောလေသည် “အခွင့်အရေးသာ ရရင် အပြင် လောကကြီးအကြောင်း ဂျူနီယာမောင်လေးကို အစ်မ မေးချင်သေးတယ်။ အဲ့အချိန်ကျ ဂျူနီယာင်မောင်လေးရန် ဖြေပေးမယ်မလား”

“ဖြေပေးမှာပေါ့။ ကျုပ်ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး” ရန်ကိုင်က သဘောတူလိုက်သည်။

ကြယ်စီရင်စုအကြောင်း သူသိပ်မသိသော်လည်း ကြယ်စီရင်စုတွင် အတော်အတန်ကြာအောင် အချိန်ဖြုန်းခဲ့သူ တစ်ယောက် ဖြစ်သဖြင့် အရိပ်ကြယ်ပေါ်ရှိ လူများနှင့်စာလျှင် အများကြီး ပိုသိပေသည်။ ထို့ကြောင့် သူသိသလောက် ပြောပြရမည်မှာ ဘာမှအပန်းမကြီးချေ။

တိုက်ယွမ်သည် ဘာမေးခွန်းမှ ထပ်မေးမနေတော့ဘဲ ရန်ကိုင်အတွက် နေစရာအခန်းတစ်ခန်း ချက်ချင်း ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် ခဏလောက် အနားယူရန်၊ သူမဆရာကို သွားတွေ့လိုက်ဦးမည့် အကြောင်းနှင့် နောက်ရက် အနည်းငယ်ကြာလျှင် သူ့အား လာပြန်တွေ့မည့် အကြောင်း ပြောသွဦးခဲ့သည်။

ယခင်တစ်ကြိမ် တိုက်ယွမ် ဖန်သွေးရောင်ဂိုဏ်းမှ ထွက်လာစဉ်က မည်သူ့ကိုမှ ပြောမသွားခဲ့ချေ။ တိုက်ယွမ်ကို သူမ၏ဆရာ တွေ့ချင်နေကြောင်း ယင်စုတျယ်က လာပြောသွားခဲ့သည်။ ထို့ကြောင့် တိုက်ယွမ်သည် သူမဆရာကို သွားတွေ့ရပေတော့မည်။

ခဏအကြာတွင် တိုက်ယွမ်သည် ပုံရိပ်တစ်ထောင်တောင်မှ ထွက်၍ ရှည်လျားလှသော သလင်းကျောက်တောင်တန်းထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

တိုက်ယွမ် ထွက်သွားပြီမှန်း သေချာသည်နှင့် ကျောက်တုံး ရုပ်သေးရုပ်ကို ချက်ချင်း ထုတ်လိုက်သည်။

ကျောက်တုံးရုပ်သေးရုပ် အပြင်သို့ ရောက်လာသည်နှင့် ရန်ကိုင်က မေးလိုက်သည် “မင်းဘာလုပ်ရမလဲ သိတယ်မလား”

ကျောက်တုံးရုပ်သေးရုပ်က ရန်ကိုင် မေးခွန်းကို ကြားကြားချင်း ဘာမှပြန်မပြော။ ခေါင်းလေးသာ စောင်းလိုက်၏။ ခဏကြာမှာသာ ခေါင်းညိတ်လိုက်လေသည်။

“ကောင်းတယ်။ ငါအခု မင်းကို နေရာ ပြောပြမယ်။ ဒါပေမယ့် အန္တရာယ်ရှိတယ် ထင်ရင် ဒါမှမဟုတ် မင်းကို တွေ့သွားနိုင်တယ် ထင်ရင်၊ ဆက်မသွားတော့နဲ့၊ ချက်ချင်းသာ ပြန်လာခဲ့။ ကြားတယ်နော်။ မင်းအဲ့ကို ရောက်နေတာကို အခြား ဘယ်သူ့ကိုမှ သိသွားစေလို့ မဖြစ်ဘူး” ရန်ကိုင်က ကျောက်တုံးရုပ်သေးရုပ်ကို သေချာ သတိပေးလိုက်ပြီးနောက် သူ့လက်ညိုးဖြင့် ကျောက်တုံး ရုပ်သေးရုပ်၏ နဖူးကို ထိလိုက်သည်။

ကျောက်တုံးရုပ်သေးရုပ်နှင့် ရန်ကိုင်၏ လက်ချောင်း ထိကပ်ထားသည့် နေရာမှ အစိမ်းရောင်အလင်းတို့ ထွက်ပေါ်လာခဲ့သည်။ ထိုအစိမ်းရောင်အလင်းထဲတွင် ပုံရိပ်တစ်ထောင်ဖန်တောင် တည်နေရာ အတိအကျကို ပြောပြထားပေသည်။

ပုံရိပ်တစ်ထောင်ဖန်တောင်သည် ဖန်သွေးရောင်ဂိုဏ်း၏ အဖိုးအတန်ဆုံး ရတနာဖြစ်သဖြင့် ထိုရတနာနားတွင် ခင်းကျင်းထားသော အစီအရင်များသည် အလွန်ကိုမှ အားကောင်းပေလိမ့်မည်။ ထို့အတွက်ကြောင့် အစီအရင်များကို ဖြတ်ကျော်ဝင်နိုင်သော ကျောက်တုံးရုပ်သေးရုပ်၏ စွမ်းရည် အပေါ် ရန်ကိုင် အတော်လေး ယုံကြည်ချက်ရှိသော်ငြား တစ်ခုခု အမှားအယွင်း မဖြစ်စေရန်အလို့ငှာ ကြို၍ သတိပေးထားရပေမည်။

ပုံရိပ်တစ်ထောင်ဖန်ကို ခိုးယူဖို့အတွက်‌နှင့် ကျောက်တုံး ရုပ်သေးရုပ်ကဲ့သို့ အဖော်တစ်ယောက်ကို မဆုံးရှုံးချင်ချေ။

ကျောက်တုံးရုပ်သေးရုပ်သည် မွေးလာသည့်အချိန်မှစ၍ ရန်ကိုင်အား အကူအညီ ကြီးကြီဂမားမား ပေးခဲ့သည်။

အစိမ်းရောင် အလင်းတို့ ပျောက်ကွယ်သွားသည့်တိုင် ကျောက်တုံး ရုပ်သေးရုပ်သည် နေရာတွင် မှင်သေသေဖြင့် ရပ်နေသေးသည်။ အစိမ်းရောင် အလင်းထဲတွင် ပါဝင်သော အကြောင်းအရာများကို သေချာမှတ်မိအောင် လုပ်ပြီးမှသာ မြေကြီးထဲ လျှိုဝင်သွားလေသည်။

ရန်ကိုင် သတိပြုမိလိုက်သည့် အချိန်တွင် ကျောက်တုံး ရုပ်သေးရုပ်သည် မြေအောက် မီတာတစ်ထောင် အနက်သို့ ရောက်နေလေပြီ။

ကျောက်တုံးရုပ်သေးရုပ်သေည် မြေကြီးထဲတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မြေကြီးသည် ကျောက်တုံးရုပ်သေးရုပ်၏ လှုပ်ရှားမှုများကို မကန့်သတ်နိုင်ချေ။

ကျောက်တုံးရုပ်သေးရုပ်ကို လွှတ်ပေးလိုက်ပြီးနောက် အခန်းထဲတွင် ရှိနေသော အပေါက်ကို ချက်ချင်း ပိတ်လိုက်သည်။

ထို့နောက် သူ့ဘာသာ ပြန်ထိုင်ကာ စဉ်းစားနေလိုက်သည်။

ခဏကြာအောင် စဉ်းစားနေသည့်တိုင် တိုက်ယွမ် သူ့အား ဘာလုပ်စေချင်သည်ကို နားမလည်နိုင်သေး။ သို့သော သူမ၏ စရိုက်အရ၊ သူ့အား အကူအညီ တောင်းထားသည့် ကိစ္စသည် အရမ်းကြီး မခက်ခဲလောက်ချေ။

အရမ်းကြီး ခက်ခဲမည် ဆိုလျှင်တော့ ငြင်းလိုက်ရုံပင်။ ရန်ကိုင် ဤနေရာသို့ လာရခြင်းသည် အဓိက အကြောင်းအရင်းသည် ပုံရိပ်တစ်ထောင်ဖန်ကို ခိုးရန်ပင်။ ယခု ပထမဆုံးအဆင့် ပြီးမြောက်သွားလေပြီ။ ကျန်တော့သည်ကား ကျောက်တုံးရုပ်သေးရုပ် ပြန်လည်မည်ကို စောင့်နေရုံသာ ရှိတော့သည်။

ဤသို့ဖြင့် သုံးရက် ကုန်ဆုံးသွားခဲ့လေသည်။ သို့တိုင် တိုက်ယွမ်၏ အရိပ်အယောင်ကို ရန်ကိုင် မတွေ့ရသေးချေ။

ယန်ယန်ကအမူ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပေါ်လာခဲ့သည်။ လိုဏ်ဂူထဲတွင် ရှိနေသော သဘာဝအတိုင်း ဖြစ်နေသည့် အစီအရင်ကို လေ့လာရင်းမှ အကျိုးအမြတ်များစွာ ရခဲ့သည့်ပုံပင်။

တိုက်ယွမ် ပြန်မလာသေးသည့် အတွက်ကြောင့် ယန်ယန်သည် ရန်ကိုင်နှင့် ဘေးကပ်လျက် အခန်းတစ်ခန်းတွင် ဝင်နားနေလိုက်သည်။

နောက်ထပ် နှစ်ရက်လောက် စောင့်ပြီးနောက် တိုက်ယွမ် ပြန်ရောက်လာခဲ့သည်။

သို့သော် တိုက်ယွမ်၏ ပုံစံသည် တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း မရှိ။ နုံးချိပင်ပင်းနေပုံရပြီး အတော်လေး စိတ်ဓါတ်ကျနေသည့်ပုံပင်။ မျက်လုံးများမှာလည်း နီရဲပြီး မို့အစ်နေသည်။ သူမ ငိုထားကြောင်း သိသာလှသည်။ သူမကိုယ်သူ ပျော်ရွှင်ချင်ယောင် ဆောင်နေသော်လည်း ထိုအချက်များကို မည်သို့မှ ဖုံးကွယ်မထားနိုင်ခဲ့ချေ။

တိုက်ယွမ် ဘာတွေ ဖြစ်ခဲ့မှန်း ရန်ကိုင်မသိ၊ သို့သော် သူမ၏ ဆရာဆိုသူနှင့် တစ်နည်းနည်း ဆက်စပ်နေလိမ့်မည်ဟု ရန်ကိုင် ထင်သည်။ တကယ်တော့ သူမ ဆရာကို သွားမတွေ့ခင် တိုက်ယွမ် အကောင်းကြီး ရှိနေပြီး သူမဆရာကို သွားတွေ့ပြီးမှ ယခုကဲ့သို့ ဖြစ်လာခြင်း မဟုတ်ပေလော။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၃)

တိုက်ယွမ် ပြန်ရောက်လာပြီးနောက် ယန်ယန်နှင့် အရင် စကားသွားပြောပြီးနောက်။ ယန်ယန်ဆီမှ တိုကင်ပြားတစ်ပြား ရလိုက်ပြီးနောက် သူမ စိတ်အခြေအနေ အတော်အတန် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ယန်ယန်သည် လိုဏ်ဂူထဲတွင် ရှိနေသော အစီအရင်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ရုံမက အစီအရင်၏ စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းလောက် ပိုတိုးတက်လာအောင်လည်း လုပ်ဆောင်နိုင်ခဲ့သည်။ ထိုမျှသာမကသေး အစီအရင်ကို ထိန်းချုပ်နိုင်အောင်လည်း ပြုပြင်ခဲ့သေးသည်။

ထို့ကြောင့် တိုက်ယွမ် ပျော်သွားခဲ့သလို ယန်ယန်၏ အစီအရင် စွမ်းရည်နှင့် ပက်သက်၍လည်း အလွန် ထိတ်လန့်သွားခဲ့ရသည်။ ထိုအဖြစ်အပျက်ပြီးနောက်ပိုင်း တိုက်ယွမ်နှင့် ယန်ယန် ပို၍ ရင်းနှီးလာခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် မိန်းမများ၏ အတွေးများကို နားလည်ရန် အလွန်ကိုမှခက်ကြောင်း ရန်ကိုင် သိလိုက်သည်။ ဤနေရာသို့ လာစဉ်က နှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် စကားတစ်ခွန်းပင် မပြောကြ။ သို့သော်လည်း ယခုမူ အစီအရင်လေးတစ်ခုကြောင့် နှစ်ယောက်စလုံးသည် ငယ်ပေါင်း ကြီးဖော် မိတ်ဆွေများလို ဖြစ်သွားကြသည်။

ယောကျာ်းသားများ ဆိုပါက ထိုကဲ့သို့ လုပ်လိမ့်မည်မဟုတ်။

တိုက်ယွမ် ပြန်ရောက်လာပြီးနောက် သူဘာလုပ်ရမလဲ ရန်ကိုင် မေးခဲ့သည်။ သို့သော် တိုက်ယွမ်သည် ပြောဖို့ တုန့်ဆိုင်းနေဆဲပင်။ ပြင်ဆင်စရာ ရှိသေးသည့် အတွက်ကြောင့် ရန်ကိုင်အား ရက်နည်းနည်းလောက် ထပ်စောင့်ရန် ပြောသည်။ အားလုံး ပြင်ဆင်ပြီးသွားသည်နှင့် သူ့ကို ပြောမည်ဟု ပြော၏။

ရန်ကိုင်လည်း တိုက်ယွမ်အား တွန်းအား ပေးမနေဘဲ သူမ ပြောသည့်အတိုင်း စောင့်နေရန် ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ် ကြာပြီးသည့်နောက် ရွှေရောင်ပိုးမျှင် ပညာရပ်ကို ကျင့်ကြံရင်း မီးငှက်အား နဂါးအရိုးနှင့် နဂါး ပုတီးစေ့အား သန့်စင်ခိုင်းနေစဉ်၊ တံခါးခေါက်သံကို ရန်ကိုင် ကြားလိုက်ရသည်။ အသက်ပြင်းပြင်းတစ်ချက် အရင် ရှုသွင်းလိုက်ပြီးနောက် တံခါး သွားဖွင့်ပေးလိုက်သည်။

တိုက်ယွမ်သည် စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် တံခါး အပြင်ဘက်တွင် ရပ်နေသည်။

အခန်းထဲရှိ အပူချိန်ကို ခံစားမိသော် ရန်ကိုင် ဆေးဖော်စပ်နေသည် အထင်ဖြင့် ရန်ကိုင်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ အပူချိန်ကိုသာ ခံစားမိပြီး မည်သည့် ဆေးနံ့မှ မရသဖြင့် တိုက်ယွမ် အနည်းငယ် ခေါင်းရှုပ်သွားခဲ့ရသည်။

သို့သော်လည်း ချက်ချင်းပဲ ထိုရှုပ်နေသည့် အတွေးများကို ခေါင်းခါ၍ ဖယ်ထုတ်လိုက်ပြီး မေးလိုက်သည် “ငါအထဲဝင်လာလို့ ရမလား”

ရန်ကိုင်က ခေါင်းညိတ်၍ လမ်းဖေယ်ပေးလိုက်သည်။ တိုက်ယွမ် အထဲသို့ ဝင်လာပြီးနောက် ကျောက်တုံးတံခါးကို ပြန်ပိတ်လိုက်ပြီး တိုက်ယွမ်နှင့် မျက်နှာချင်းဆိုင် သွားထိုင်၍ မေးလိုက်သည် “ပြင်ဆင်တာတွေ ပြီးသွားပြီလား”

“အင်း” တိုက်ယွမ်က အောက်နှုတ်ခမ်းလေးကို ကိုက်လျက် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆို စကြတာပေါ့” ရန်ကိုင်က ပြုံးလျက် ပြောသည် “စတော့မှာ ဆိုတော့ ငါဘာလုပ်ရမယ်ဆိုတာ အစ်မတိုက်ယွမ် ပြောဖို့ သင့်ပြီပေါ့နော်”

“ငါလည်း အဲ့အကြောင်းပြောဖို့ နင့်ဆီ လာခဲ့တာ” တိုက်ယွမ်က ရန်ကိုင်အား ကြည်လင် တောက်ပသည့် မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။ သိုသော် သူမ၏ ပါးပြင် နှစ်ဖက်မှာမူ အနည်းငယ် နီမြန်းနေခဲ့လေသည်။

တိုက်ယွမ်၏ အမူအရာကြောင့် ရန်ကိုင် အံ့ဩသွားသည်။ မည်သည့် အရာဖြစ်၍များ သူ့အား တစ်ခါပြောရန် တိုက်ယွမ် ဤကဲ့သို့ ဖြစ်နေရသနည်းဟု ရန်ကိုင် တွေးမိလို်ကသည်။

တိုက်ယွမ် စိတ်လှုပ်ရှား၊ ပူပန်နေသည်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေသော သူမ၏ လက်နှစ်ဖက်ကို ကြည့်ရုံနှင့်ပင် သိနိုင်သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် အံကြိတ်၍ ပြောလိုက်လေသည် “တကယ်တော့ ဂျူနီယာမောင်လေးရန်ဆီ အကူအညီတောင်းတာ ငါ့ကို အဆိပ်ဖြေခိုင်းဖို့ပဲ”

“အဆိပ်ဖြေဖို့” ရန်ကိုင် မျက်ခုံးပင့်လိုက်သည် အံ့ဩသွားသည့် အမူအရာဖြင့် “အစ်မတိုက်ယွမ် အဆိပ်မိနေတာလား။ ငါတကယ်ကို သတိမထားမိလိုက်ဘူး။ အစ်မတိုက်ယွမ် ဘယ်လိုအဆိပ်မျိုး မိနေတာလဲဆိုတာ ငါ့ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား။ အဲ့ဒါမှ အဆိပ်ဖြေဆေး ငါဖော်စပ်တတ်မှာ”

“ငါမိနေတဲ့အဆိပ်ကို ဖြေဖို့ဆေးမရှိဘူး” တိုက်ယွမ်က ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်သည်။

“အို” ရန်ကိုင် စိတ်ဝင်စားသွားလေပြီ။ တိုက်ယွမ် နဂါးလိုဏ်ဂူတောင်ဆီ လာပြီး အကူအညီတောင်းစဉ် သူမ၏ တောင်းဆိုမှုသည် ဆေးပညာနှင့် ပက်သက်နေသည်ဟု ပြောခဲ့သည်။ အမှန်အတိုင်းပဲ၊ အဆိပ်ဖြေရှင်းသည် ဆေးပညာနှင့် ပက်သက်ပေသည်။ သို့သော်လည်း သူမ၏ အဆိပ်ဖြေကို ဖြေနိုင်သည့် အဆိပ်ဖြေဆေးမရှိဟု ပြောလာသဖြင့် သူမ မိထားသည့် အဆိပ်သည် အတော့်ကို ထူးခြားဆန်းကြယ်ရပေမည်။ ထို့ကြောင့် ရန်ကိုင် စိတ်ဝင်စားမိသွားခြင်း ဖြစ်သည်။

ဆေးပညာရှင် ဖြစ်သည့် အတွက်ကြောင့်များလားမသိ၊ ရန်ကိုင်သည် ဆေးပင်များ၊ ဆေးလုံးများ အကြောင်းအား လေ့လာခြင်းကို စိတ်ဝင်စားပေသည်။

“ငါမိထားတဲ့အဆိပ်က ပုံရိပ်တစ်ထောင်ဖန်အဆိပ်ပဲ” တိုက်ယွမ်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“ပုံရိပ်တစ်ထောင်ဖန်အဆိပ်…” ရန်ကိုင် ကြောင်သွားသည် “ပုံရိပ်တစ်ထောင်ဖန်တောင်က အစ်မတိုက်ယွမ်တို့ ဂိုဏ်းရဲ့ အဖိုးအတန်ဆုံး ရတနာ မဟုတ်ဘူးလား။ အဲ့ဒါကို မှော်ရတနာ လုပ်တဲ့နေရာမှ သုံးရင် အရမ်း အသုံးဝင်တယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် အဲ့ဒါ အဆိပ်ရှိတယ်လိုတော့ တစ်ခါမှ မကြားဖူးဘူး။ အစ်မတိုက်ယွမ် ဘယ်လိုလုပ်ပြီး အဲ့လို အဆိပ်မိသွားတာလဲ”

တိုက်ယွမ် မိနေသည့် အဆိပ်သည် အလွန်ကို မယုံကြည်နိုင်ဖွယ် ကောင်းလှသဖြင့် ရန်ကိုင် အရမ်းကိုမှ သိချင်နေမိလေသည်။

ပုံရိပ်တစ်ထောင်ဖန်အကြောင်း သိပ်မသိသော်လည်း ထိုမှော်ရတနာ ပြုလုပ်သည့် ပစ္စည်း အဆိပ်မရှိမှန်း ရန်ကိုင် သိသည်။

“ပုံရိပ်တစ်ထောင်ဖန်က တကယ် အဆိပ်မရှိဘူး” တိုက်ယွမ်က ခါးသက်စွာပြုံးလိုက်ပြီး ဆံပင်ကို နားသယ်နောက် သပ်တင်လျက် အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည် “ဒါပေမယ့် တစ်ယောက်ယောက်က အဲ့ဒါကို မြိုချလိုက်မယ် ဆိုရင်ကော”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး တိုက်ယွမ်အား မျက်လုံး မှေးစဉ်းလျက် အသေအချာ စိုက်ကြည့်လိုက်သည်။

“ဂျူနီယာမောင်လေးရန် မယုံသင်္ကာ ဖြစ်နေစရာ မလိုဘူး။ ငါပုံရိပ်တစ်ထောင်ဖန်ကို တကယ် မျိုချထားတာ။ သူတော်စင် အဆင့်ကို ရောက်ကတည်းက နည်းနည်းချင်းစီ ငါစားနေတာ” တိုက်ယွမ်က ပြုံးလျက် ပြောသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရလေပြီ။ ဤမိန်းမသည် မှော်ရတနာ ပြုလုပ်သည့် ပစ္စည်းကို နှစ်ပေါင်းများစွာကြာအောင် စားနေခဲ့သည်။ ကိုယ့်သေလမ်း ကိုယ်ရှာချင်နေလော။ မည်သူကများ ဤကဲ့သို့ ရူးရူးမိုက်မိုက် လုပ်မည်နည်း။ ထို့အပြင် အချိန်တိုတိုလေးပင် မဟုတ်၊ အကြာကြီးပင်။

“ငါ့မှာလည်း ငါ့အကြောင်းနဲ့ငါ့ပေါ့” ရန်ကိုင် ထိုကဲ့သို့ တုန့်ပြန်လာမည်ကို ကြိုတင်မျှော်လင့်ထားသည့်အလား တိုက်ယွမ်သည် နည်းနည်းလေးမျှ အံ့အားသင့်မသွားဘဲ ဆက်၍ ရှင်းပြလိုက်လေသည် “ငါအဲ့ဒါတွေကို စားနေရတာ ငါကျင့်ထားတဲ့ ပုံရိပ်တစ်ထောင်ဖန် ကျင့်စဉ်ကြောင့်ပဲ။ ဒီကျင်စဉ်ကို ဖန်သွေးရောင်ဂိုဏ်းရဲ့ တည်ထောင်သူက ဤပုံရိပ်တစ်ထောင်ဖန် တောင်ကြောင့် ဖန်တီးခဲ့တာ။ ဖန်သွေးရောင်ဂိုဏ်းရဲ့ မျိုးဆက်တိုင်းမှာ ဒီကျင့်စဉ်ကို မဖြစ်မနေ တစ်ယောက်က အမြဲ ကျင့်ကြံရတယ်။ အခုမျိုးဆက်မှာ ကျင့်ကြံရတဲ့လူက ငါပဲ။ ဒီကျင့်စဉ်ကို ကျင့်ဖို့ဆို့ရင် ပုံရိပ်တစ်ထောင်ဖန်ကို ပုံမှန် စားပေးဖို့ လိုတယ်”

“ဟတ်၊ ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ ကျင့်စဉ်လဲ။ ဒါပေမယ့် ဒီကျင့်စဉ်က ကောင်းတဲ့ပုံတော့ မပေါ်ဘူးနော်” ရန်ကိုင်က ဟန်ဆောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

“အင်း၊ ဒါပေမယ့် ဒီကျင့်စဉ်က ဂိုဏ်းအတွက် မရှိမဖြစ် လိုအပ်တယ်။ ဒီပုံရိပ်တစ်ထောင်တောင်ဆိုတာ ဒီကျင့်စဉ်ကို ကျင့်ထားတဲ့လူတွေ နေတဲ့နေရာပဲ။ ဒါကြောင့်ပဲ တောင်နာမည်ကို ဒီလို ပေးထားတာ”

“ဒီမှာ အရင်နေသွားတဲ့လူလည်း အဲ့ကျင့်စဉ်ကို ကျင့်ထားတယ်ပေါ့” ရန်ကိုင် အံ့အားသင့်သွားသည်။

“ဟုတ်တယ်။ ငါငယ်ငယ်လေးကတည်း သူဘေးမှာ ကြီးပြင်းလာခဲ့တာ။ ဒီကျင့်စဉ်ကိုလည်း သူပဲ သင်ပေးခဲ့တာ။ သူကမှ ငါ့ရဲ့ ဆရာအစစ်ပဲ”

“ပြီးတော့ သူဘာပဲဖြစ်သွားလဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ငါတော့ အဆုံးသတ် မကောင်းဘူးလို့ ထင်တာပဲ”

ရန်ကိုင် မေးခွန်းကြောင့် တစ်ခုခုကို ပြန်သတိရလိုက်သည့် အလား တိုက်ယွမ်၏ အမူအရာ ညိုးကျသွားခဲ့ရသည်။

သူစကားပြောမှားသွားပြီမှန်း နားလည်လိုက်သည်နှင့် ရန်ကိုင် တောင်းပန်ရန် ပြင်လိုက်သည်။ သို့သော် သူဘာမှ မပြောရသေး ခင်မှာပဲ တိုက်ယွမ်က ပြုံး၍ ပြောလိုက်လေသည် “အဲ့ဒါ သူကံကြမ္မာပဲလေ။ ဒီလမ်းကို ရွေးခဲ့မှတော့ ဒီလိုဖြစ်ဖို့ ကြိုပြီး ပြင်ဆင်ထားသင့်တာပေါ့။ ဒီကျင့်စဉ်ကို ကျင့်ထားရင် အသေးစား ပြီးမြောက်ခြင်း အဆင့် မရောက်ခင်ထိ ကျင့်စဉ်ရဲ့ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အချိန် ကြာလာတာနဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေစုပြုံလာလိမ့်မယ်။ အဆိပ်တွေ လုံးဝ တောင့်မခံနိုင်လောက်တဲ့အထိ များလာပြီ ဆိုရင်တော့ သေပြီလို့သာ မှတ်ထားလိုက်ပေတော့။ အဲ့ဒါ ငါ့ဆရာ ငါ့ကို ပြောပြခဲ့တာပဲ။ ပြီးတော့ ငါကိုယ်ပိုင် အတွေ့အကြုံဆိုလည်း မမှားဘူး။ ငါအနေနဲ့ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ချင်တယ် ဆိုရင် ငါ့ကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်တွေကို အရင်ဖြေမှ ရလိမ့်မယ်။ မဟုတ်ရင် သေသွားရလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ တိုက်ယွမ် သူ့ဆီ ဘာကြောင့် တကူးတက အကူအညီ လာတောင်းလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွဦးခဲ့လေပြီ။

သို့သော်လည်း ကျင့်စဉ်အား အသေစားပြီးမြောက်ခြင်း အဆင့်သို့ ရောက်သည်အထိ မကျင့်ကြံနိုင်သေးလျှင် ကျင့်စဉ် စွမ်းအား အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ဟု တိုက်ယွမ် ပြောခဲ့သည်။ ထိုသို့ဆိုလျှင် သဲမီးတောက်နယ်မြေထဲ၌ တိုက်ယွမ် ပြသခဲ့သော စွမ်းအားသည် သူမ၏ ခွန်အားပြည့် မဟုတ်ဘူးဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ရန်ကိုင် အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့ပြီး ရုတ်တရက် တစ်ခုခုကို နားလည်သွားကာ တိုက်ယွမ်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်၍ မေးလိုက်သည် “အစ်မတိုက်ယွမ်ရဲ့ ကျင့်စဉ်က ဒီပုံရိပ်တစ်ထောင်ဖန်ကို ထုတ်ယူတာနဲ့ ပက်သက်နေတာလား”

ဖန်သွေးရောင်ဂိုဏ်းအနေဖြင့် သူတို့ ဂိုဏ်းသား တစ်ယောက်အား ဤကျင့်စဉ်ကို မဖြစ်မနေ ကျင့်ခိုင်းရခြင်း၏ နောက်ကွယ်တွင် အလွန်အရေးကြီးသည့် အကြောင်းပြချက် တစ်ခု ကျိန်းသေ ရှိကိုရှိရပေမည်။

ဖန်သွေးရောင်ဂိုဏ်းအတွက် အရေးအကြီးဆုံးကိစ္စ အတွက်မူ ပုံရိပ်တစ်ထောင်ဖန် ထုတ်ယူခြင်းဟုသာ ရန်ကိုင် ထင်သည်။

ရန်ကိုင် မေးခွန်းကိုကြားသော် တိုက်ယွမ်၏ အမူအရာ ပြောင်းလဲသွားပြီး သူမလက်ကို ကပျာကယာ ဝှေ့ရမ်း၍ “ဂျူနီယာမောင်လေးရန်၊ ဒီလို အကြောင်းတွေကို လက်လွတ်စပယ် မပြောသင့်ဘူး”

“ကျုပ်မှန်တယ်လား” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားသည်။

တိုက်ယွမ် ခါးသက်စွာ ပြုံးမိလိုက်သည်။ ဆက်ငြင်းမနေတော့ဘဲ စိတ်ဓါတ်ကျကျဖြင့် ခေါင်းညိတ်၍ ပြောလိုက်လေသည် “ငါပုံရိပ်တစ်ထောင်ဖန် ကျင့်စဉ်ကို ကျင့်ကြံနေတယ်ဆိုတာက ပုံရိပ်တစ်ထောင်ဖန်ကို ထုတ်ယူဖို့ အတွက် ဒီကျင့်စဉ်ကို မရှိမဖြစ် လိုအပ်လို့ပဲ။ အမှန်အတိုင်း ပြောရရင် ဒီတောင်ပေါ်မှာ နေခဲ့တဲ့ အရင် စီနီယာ သေသွားပြီး ကတည်းက ဖန်သွေးရောင်ဂိုဏ်းထဲမှ ပုံရိပ်တစ်ထောင်ဖန်ကို ထုတ်ယူနိုင်တဲ့လူ တစ်ယောက်မှ မရှိသေးဘူး။ ငါတန်ခိုးရှင် အဆင့်ကို ရောက်တော့မှပဲ ပုံရိပ်တစ်ထောင်ဖန်ကို ထုတ်ယူနိုင်လိမ့်မယ်။ ငါတို့ အခု ပြောနေတာကို အခြား ဘယ်သူ့ကိုမှ လျှောက်ပြောလို့ မဖြစ်ဘူးနော်။ မဟုတ်ရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်”

“ငါနားလည်ပါတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူမရည်ရွယ်ဘဲ ပြောလိုက်သော စကားအချို့သည် ဖန်သွေးရောင်ဂိုဏ်းရဲ့ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲလာခဲ့ရလေသည်။

သို့သော်… တိုက်ယွမ်သည် ဖန်သွေးရောင်ဂိုဏ်းအတွက် အလွန် အရေးအကြီးလျှင် သူမအား ဘာကြောင့် တစ်ဦးတည်း ခွဲခြားထားရသနည်း။ သူမအား အကောင်းဆုံး အရင်းအမြစ် ပတ်ဝန်းကျင်များ ပေးထားသင့်သည် မဟုတ်ပေလော။ ဂိုဏ်းရှိ အကြီးအကဲများသည်လည်း သူအား လမ်းညွှန်ပြသပေးသင့်သည် မဟုတ်ပေလော။

ကြည့်ရသည်မှာ မြင်နေရသည်ထက် ပိုနက်နက်သည့် အရှုပ်အထွေးများ ရှိနေသည့်ပုံပင်။

“ဒီမှာ အရင်နေတဲ့ စီနီယာက တကယ့် ပါရမီရှင်ပဲ။ ပုံရိပ်တစ်ထောင်ဖန် ကျင့်စဉ်ကို အဆိပ်ဖြေနိုင်မယ့် နည်းလမ်းကိုလည်း သူပဲ တီထွင်ခဲ့တာ။ အောင်မြင်သွားပြီ ဆိုတာနဲ့ ပုံရိပ်တစ်ထောင်ဖန် အဆိပ်ကို ကြောက်နေစရာ မလိုတော့ဘူး။ သူ့ကြောင့်ပဲ ငါလည်း ဒီနည်းလမ်းကို သိခဲ့တာ။ ဒါပေမယ့် အဆိပ်ဖြေနိုင်တဲ့ နည်းလမ်းကို သူဖန်တီးပြီးတဲ့အချိန်မှာ အဆိပ်တွေက သူ့တစ်ကိုယ်လုံး ပြန့်နေပြီ။ ဘယ်လိုမှ ကုလို့ မရတော့ဘူး”

“ဒီတော့ အဆိပ်ဖြေဖို့အတွက် ငါ့လို တစ်ယောက်ယောက်ကို လိုအပ်တယ်ပေါ့”

“ဟုတ်တယ်။ အဆိပ်ဖြေပေးမယ့် လူက တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ဖို့လိုတယ်။ အဲ့ဆေးပညာရှင်က ဆေးအာနိသင်တွေကို ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်ပြီး ထိန်းချုပ်တတ်ဖို့လည်း လိုတယ်။ ဂျူနီယာမောင်လေးရန်ဆီက ငါအကူအညီ တောင်းရတဲ့ အကြောင်းအရင်း တစ်ချက်က ဂျူနီယာမောင်လေးရန် ဖော်စပ်ထားတဲ့ ဆေးလုံးတွေ အကုန်လုံးက အဆင့်မြင့် ဆေးလုံးတွေ ဖြစ်နေလို့ပဲ။ အတော်များများက ဆေးသွေးကြော ဖြစ်ပေါ်လာခါနီးလေးတွေပဲ။ ဒါကြောင့် အခု ငါပြောလိုက်တဲ့ အချက်ကို ဂျူနီယာင်မောင်လေးရန် အလွယ်လေး လုပ်နိုင်လိမ့်မယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၄)

တိုက်ယွမ်စကားကြောင့် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားရသည်။ ဆေးအာနိသင်များကို ထိန်းချုပ်ရာတွင် သူတော်သည်မှာ မှန်သော်ငြား ဆေးလုံးတောင်ကြားရှိ တန်ခိုးရှင်အဆင့် ဆေးပညာရှင် ငါးယောက်မှာလည်း သူ့အောက် မနိမ့်ကျချေ။ ထိုငါးယောက်စလုံးသည် ဆေးပညာကို အနည်းဆုံး နှစ်ပေါင်း ရာဂဏန်းမျှ လေ့လာခဲ့ကြသူများ မဟုတ်ပေလော။ ထို့ကြောင့် တိုက်ယွမ် သူ့ဆီမှ လာအကူအညီ တောင်းရခြင်း၏ နောက်ကွယ်၌ အခြား အကြောင်းအရင်းတစ်ခု ရှိရပေလိမ့်မည်။

သို့သော် ထိုအကြောင်းအရင်းကို တိုက်ယွမ် ရှင်းပြမည်မှန်း သိထားသဖြင့် သွားမေးမနေခဲ့ချေ။

ရန်ကိုင်၏ အသေအချာ နားစိုက်ထောင်နေသည့် ပုံစံကို မြင်သော် တိုက်ယွမ်က ပြုံး၍ ဆက်ပြောလိုက်သည် “သင့်တော်တဲ့ ဆေးပညာရှင်တစ်ယောက် ရှာဖို့က သိပ်မခက်ဘူး။ တကယ် ခက်တာပဲ အဆိပ်ဖြေဖို့အတွက် လိုအပ်တဲ့ ဆေးအမယ်တွေကို ရှာတာပဲ”

“အို၊ ဘယ်လို ဆေးအမယ်တွေကို လိုတာလဲ” ရန်ကိုင်က မေးလိုက်သည်။

“အများကြီးပဲ။ ဒါပေမယ့် ဒီမှာ အရင်နေသွားတဲ့ စီနီယာက ရှာဖို့အခက်ဆုံး ဖြစ်တဲ့ ယင်ရေကန်အပြင် အခြား ဆေးအမယ် (၉၀) ရာခိုင်းနှုန်း လောက်ကို ရှာပေးသွားတယ်။ စီနီယာက ယင်ရေကန်ကို ရှာတွေ့တဲ့နေရာကနေ ဒီကိုရွှေ့ဖို့ တော်တော်လေး ကြိုစားထားရတာ။ ငါ့အနေနဲ့ အဲ့ယင်ရေကန်ကို ထပ်ရွှေ့ဖို ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဂျူနီယာမောင်လေးရန်ကို ဒီနေရာဆီ လာဖို့ ပြောခဲ့တာ”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် တိုက်ယွမ် သူ့အား ဘာကြောင့် ဖန်သွေးရောင်ဂိုဏ်းဆီ လာခိုင်းခဲ့မှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ယင်ရေကန်များသည် အလွန်ကိုမှ ရှားပါးသည့် ရတနာများ ဖြစ်ကြပြီး ယင်ချီ သိပ်သည်းစွာ စုဝေးနေသည့် နေရာများတွင်သာ ဖြစ်ပေါ်လေ့ ရှိကြသည်။

ယင်ရေကန်သည် အဖိုးတန်ရတနာတစ်ခု ဖြစ်သည့်တိုင် အအေးဓါတ်နှင့် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသူများ အတွက်သာ အသုံးဝင်သည့် ရတနာတစ်မျိုး ဖြစ်သည်။ အကြောင်းမှာ ယင်ရေကန်ထဲတွင် ရှိနေသော သန့်စင်သည့် ယင်ချီများသည် ထိုကျင့်ကြံသူများ၏ ခွန်အားကို လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သောကြောင့် ဖြစ်သည်။

ရန်ကိုင်သည် ယင်ရေကန်များ အကြောင်းကို ကြားဖူးသော်ငြား တစ်ခါမှတော့ မမြင်ဖူးချေ။

“ပုံရိပ်တစ်ထောင်ဖန်ကို ဘယ်ဓါတ်ကြီးငါးပါးနဲ့မှ မဖိနှိပ်နိုင်လို့ ငါ့ကိုယ်ထဲမှာ ရှိနေတဲ့ ဖန်အဆိပ်တွေကို ထုတ်ပစ်ချင်တယ်ဆိုရင် ယင်ရေကန်ကို ကြားခံအဖြစ် အသုံးပြုမှ ရလိမ့်မယ်။ လိုအပ်တဲ့ ဆေးအမယ်တွေကို ယင်ရေကန်ထဲ ရောထည့်ပြီး ဖြစ်ပေါ်လာတဲ့ ဆေးအရည်ကို ငါ့ကိုယ်ထဲ စီးဆင်းစေလိုက်မယ် ဆိုရင် အဆိပ်ဖြေနိုင်မယ်လို့တော့ ပြောတာပဲ”

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က မေးလိုက်သည် “အဲ့စီနီယာက လိုအပ်တဲ့ ဆေးအမယ်တွေကို စုပြီးသွားပြီ ဆိုမှတော့ ဘာလို့ သူ့ဘာသာ အဆိပ်ဖြေဖို့ မလုပ်တာလဲ”

“ဘာလို့လဲဆိုတော့ အဓိကပစ္စည်း တစ်ခု လိုနေလို့လေ” တိုက်ယွမ်က ပြုံးလျက် “အတော်များများကို စုပြီးသွားပြီ ဆိုပေမယ့် သွေးကြက်မှိုဆိုတဲ့ ပစ္စည်းတစ်မျိုး လိုနေတယ်လေ”

“သွေးကြက်မှို” ရန်ကိုင် ထိတ်လန့်သွားလေပြီ “သွေးကြက်မှုကို သေတဲ့လူကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်လို့ ပြောတဲ့ သွေးမှိုဆေးလုံးကို သန့်စင်တဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းမလား”

“ဟုတ်တယ်။ သွေးကြက်မှုကို သွေးမှိုဆေးလုံး ဖော်စပ်တဲ့ နေရာမှာ သုံးတာ” တိုက်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူမလက်ကို ဆန့်ထုတ်၍ သေတ္တာလေး တစ်လုံးကို ထုတ်လိုက်သည်။ သေတ္တာ အဖုံးကို ဖွင့်လိုက်သည့်အခါ ကလေးလက်သီးအရွယ် မှိုတစ်ပွင့် ရန်ကိုင်ရှေ့ ပေါ်လာခဲ့လေသည်။ မှိုမျက်နှာပြင်တွင် သွေးကြောများ ကဲ့သို့ နီကြင့်ကြင့် အကြောမျှင်များ ရှိနေခဲ့ပြီး မှို၏ အနံ့မှာ ချဉ်စုပ်စုပ်အနံ့မျိုး ဖြစ်သည်။

ရန်ကိုင်သည် မှိုကို လှမ်းယူလိုက်ပြီး သူ့လက်ဖြင့် ပွတ်သပ်ကြည်သည်။ ခဏလောက် စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်၍ “ဟုတ်တယ်။ ဒါသွေးကြက်မှိုပဲ။ သက်တမ်းက အနည်းဆုံး နှစ်သုံးထောင်လောက် ရှိလိမ့်မယ်။ ပြီးတော့… ဒီမှိုက ခူးထားတာ မကြာသေးတဲ့ပုံပဲ။ သဲမီးတောက်နယ်မြေဆီ သွားတုန်းက ရလာတာလား”

“ဟုတ်တယ်။ ဂျူနီယာမောင်လေးရန်က ဘယ်ဆိုးလို့လဲ။ ငါတောင် မပြောရသေးဘူး တန်းသိနေပြီ” တိုက်ယွမ်က ပြုံးလျက် “တကယ်တော့ ဒီသွေးကြက်မှိုကို ငါရနိုင်တာက ဂျူနီယာ မောင်လေးရန်ရဲ့ ကျေးဇူးလည်း မကင်ဘူး။ ဘာလို့လဲဆိုတော့ ဒီမှိုကို သဲမီးတောက်နယ်မြေရဲ့ လေးလွှာမြောက်ကနေ ရလာတာကိုး”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး တိုက်ယွမ် အတော့်ကိုမှ ကံကောင်းပါလားဟု တွေးမိလိုက်သည်။ လေးလွှာမြောက်တွင် အဖိုးတန် ရတနာများ အလွန် ရှားပါးပေသည်။ ရန်ကိုင်သည် လေးလွှာမြောက်ကို နှစ်ကြိမ်တိုင်တိုင် ဖြတ်သွားခဲ့သော်လည်း ကျောက်ခရမ်းသီး အချို့သာ ရခဲ့သည်။

သို့သော်လည်း တိုက်ယွမ်ကမူ သူမ အသည်းအသန် လိုအပ်နေသော သွေးကြက်မှိုကို ရခဲ့လေသည်။ တိုက်ယွမ် သူနှင့် လေးလွှာမြောက်ကို သွားလိုခြင်းမှာ ဤသွေးကြက်မှုကို ရှာလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

“အခု ဒီသွေးကြက်မှိုနဲ့ ဘာလုပ်မျာလဲ” ရန်ကိုင်က သေတ္တာ အဖုံးကိုပိတ်၍ တိုက်ယွမ်ဆီ ပြန်ပေးလိုက်သည်။

တိုက်ယွမ်က သေတ္တာကို အသာအယာ ပွတ်သပ်ရင်း သက်ပြငးချလျက် “အမှန်အတိုင်း ပြောရရင် ဒီအဆိပ်ဖြေတဲ့ နည်းလမ်းကို ငါ့စီနီယာ ဖန်တီးခဲ့တာ ဆိုပေမယ့် သူကိုယ်တိုင်တောင် အလုပ်ဖြစ်မဖြစ် မသေချာဘူး။ ပြီးတော့ အခု အဆိပ်က ငါ့ကိုယ်ထဲကို စိမ့်ဝင်နေပြီ။ အဆိပ်တွေ အားလုံးကို ဖယ်လိုက်မယ်ဆိုရင် ငါ့အုတ်မြစ် ထိခိုက်သွားနိုင်တယ်။ အခပ် မသင့်ရင် သေပါ သေသွားနိုင်တယ်။ ဒီသွေးကြက်မှိုကို လိုအပ်တယ် ဆိုတာက မသေအောင် လုပ်ဖို့ပဲ”

“ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး “အဲ့လိုဆိုရင် သွေးကြက်မှိုကိုပါ တစ်ခါတည်း ထည့်သန့်စင်လိုက်တာ ပိုမကောင်းဘူးလား”

“သွေးကြက်မှို…” တိုက်ယွမ်က ခါးသက်စွာ ရယ်မောလျက် “ဂျူနီယာမောင်လေးရန်၊ သွေးကြက်မှိုဆိုတာ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးအမယ်တစ်ခု ဆိုတာ မေ့မထားနဲ့ဦးလေ။ အရိပ်ကြယ်ပေါ်က ဘယ်ဆေးပညာရှင်ကများ သွေးကြက်မှိုကို သန့်စင်နိုင်မှာ မို့လို့လဲ။ အပြင်လောကကြီးမှာ ဆိုရင်တော့ ဂျူနီယာမောင်လေးရန် ပြောတာ ဖြစ်နိုင်တာပေါ့၊ ဒါပေမယ့် ဒီနေရာမှာတော့ မဖြစ်နိုင်ဘူး။ ဂျူနီယာမောင်လေးရန်က တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်လား”

“မဟုတ်ဘူး” ရန်ကိုင် ခေါင်းခါလိုက်သည်။ သူသည် ယခုမှ တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်သာ ဖြစ်သေးသည်။ ဆေးပင် ဆုံးရှုံးမည်ကို မစိုးရိမ်ဘဲ ရှိရှိသမျှ ပညာရပ် အကုန်အစင် ထုတ်သုံးမည်ဆိုလျှင် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချေ ရှိသည်။

သို့သော် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးအား ဖော်စပ်ရန်မှာမူ မဖြစနိုင်သေးချေ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်သည် “ငါပြောချင်တာက အစ်မတိုက်ယွမ်က အလျင်မလိုသေးဘူး ဆိုရင် နည်းနည်းလောက် စောင့်လိုက်ဖို့ ပြောချင်တာ။ အလျင်လုပ်တာက ကောင်းတာ မဟုတ်ဘူး။ စောင့်လိုက်မယ်ဆိုရင် နောက်ပိုင်း ပိုကောင်းတဲ့ နည်းလမ်းတစ်ခု တွေ့ချင် တွေ့လာနိုင်တာပဲလေ။ မတွေ့ရင်တောင် သွေးကြက်မှိုကို သန့်စင်နိုင်တဲ့ တစ်ယောက်ယောက်ကို တွေ့ရင်တွေ့နိုင်မှာပေါ့”

သွေးကြက်မှုကို သူကိုယ်တိုင် သန့်စင်ပေးမည်ဟု မပြောရဲပေ။ နှစ်အနည်းငယ်အတွင်း တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာနိုင်လောက်သည်ဟု ခံစားမိနေသော်ငြား လျှာရှည်ပြီး အာမမခံရဲ။

“ငါမစောင့်နိုင်တော့ဘူး” တိုက်ယွမ်က ခါးသက်စွာ ပြုံး၍ “ငါသာစောင့်နိုင်ဦးမယ် ဆိုရင် ဂျူနီယာမောင်လေးဆီ အလောတကြီး ပြေးလာခဲ့မှာ မဟုတ်ဘူး။ ပုံရိပ်တစ်ထောင်ဖန် ကျင့်စဉ်ကို ကျင့်ပြီဆိုတာနဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ ဖန်ရဲ့ သိပ်သည်းဆက ကျင့်စဉ်နဲ့ တိုက်ရိုက် အချိုးကျနေရမယ်။ ငါ့ကိုယ်ထဲမှာ ပုံရိပ်တစ်ထောင်ဖန်တွေ ပိုများလာမယ်ဆိုရင် ငါ့ကျင့်ကြံခြင်းလည်း လိုက်ပြီး မြင့်တက်ရလိမ့်မယ်။ အများဆုံး စောင့်နိုင်မယ် ဆိုရင်တောင် နောက်ထပ် ခြောက်လလောက်ပဲ ရတော့လိမ့်မယ်။ ခြောက်လပြည့်တာနဲ့ ငါတန်ခိုးရှင်အဆင့်ကို ချိုးဖျက်ရမယ်။ အောင်မြင်ရင် အသက်ရှင်မယ်။ မအောင်မြင်ရင် အဆိပ်ပြန့်ပြီး သေမယ်။ သွေးကြက်မှုကို ဒီအတိုင်းကြီး စားလိုက်တာက ဖြုန်းတီးရာ ရောက်တယ် ဆိုပေမယ့် ငါ့မှာ အခြား ရွေးစရာမှ မရှိတော့တာ”

“အခြားနည်းလမ်း တကယ် မရှိတော့ဘူးပေါ့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မရှိတော့ဘူး” တိုက်ယွမ်က ပြုံးလျက် “အခုလို စိုးရိမ်ပေးတဲ့ အတွက် ဂျူနီယာမောင်လေးရန်ကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမယ့် ငါဆုံးဖြတ်ပြီးသွားပြီ ဆိုမှတော့ အကျိုးဆက်ကိုလည်း ပြင်ဆင်ထားရမှာပေါ့၊ ဟုတ်တယ်မလား။ အရင်စီနီယာနဲ့ယှဉ်ရင် ငါကတောင် ကံကောင်းတယ်လို့ ပြောလို့ ရသေးတယ်။ အရင်စီနီယာတုန်းက အဆိပ်ဖြေဖို့ ကြိုးစားခွင့်တောင် မရလိုက်ဘူး။ ဒါကြောင့် အဆိပ်ဖြေတာ အောင်မြင်မြင်၊ မအောင်မြင်မြင်၊ ငါအထွန့်တက်မှာ မဟုတ်ဘူး”

ရန်ကိုင် သက်ပြင်းချလိုက်သည်။ သူမအား ဆက်၍ တိုက်တွန်းမနေတော့ဘဲ ခေါင်းညိတ်၍သာ “ဆုံးဖြတ်ပြီးမှတော့ အဲ့အတိုင်းပဲ ထားလိုက်တာပေါ့။ အခု ငါဘာလုပ်ပေးရမလဲပြော၊ ငါအတတ်နိုင်ဆုံး ကြိုးစားပေးမယ်”

တိုက်ယွမ်က ပြုံးပျော်ရွှင်စွာဖြင့် “အဲ့လိုဆိုရင် ဂျူနီယာ မောင်လေးရန်ကို ကြိုပြီး ကျေးဇူးတင်ထား လိုက်မယ်နော်။ အခု ဘယ်လို အဆိပ်ဖြေမလဲ ဆိုတာကို ဂျူနီယာမောင်လေးရန်ကို ပြောပြမယ်။ သေချာနားထောင်နော်။ အဆိပ်ဖြေပြီ ဆိုတာနဲ့ မေးခွန်းမေးချိန်တွေ ဘာတွေ ရတော့မှာ မဟုတ်ဘူး”

“အင်း”

ထို့နောက် တိုက်ယွမ်သည် ရန်ကိုင်အား အဆိပ်ဖြေရမည့် နည်းလမ်းကို စတင် ပြောပြတော့လေသည်။ တိုက်ယွမ် ပြောပြသည့် နည်းလမ်းကို ကြားပြီးနောက် ဤတောင်ပေါ်တွင် နေခဲ့သည့် အရင် စီနီယာကို ရန်ကိုင် လေးစားမိသွားသည်။

သို့သော် အဆိပ်ဖြေသည့် နည်းလမ်းအတွင်း ပါဝင်သော အဆင့်များကို ရှင်းပြနေရင်း တိုက်ယွမ်၏ မျက်နှာ တဖြည်းဖြည်း နီမြန်းလာခဲ့သည်။ ရန်ကိုင်နှင့် အကြည့် မဆိုင်မိအောင်လည်း ခေါင်းကို တောက်လျှောက် ငုံ့ထားကာ သူမ၏ အသံမှာလည်း တဖြည်းဖြည်း တိုးညင်းလာခဲ့သည်။ ရှက်နေဖို့ အချိန်မရှိလျှင်ပင် မရှက်ဘဲ မနေနိုင်ခဲ့ချေ။ ရိုးသားအပြစ်ကင်းစင်၍ ရှက်သွေး ဖြာနေသော သူမ၏ မျက်ဝန်းလေးများသည် တစ်မူထူးခြားစွာ နှစ်လိုဖွယ်ကောင်းနေခဲ့သည်။

ယခင်က တိုက်ယွမ် သူ့အား ပြောပြရန် ဘာကြောင့် တုန့်ဆိုင်းနေလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ လတ်စသတ်တော့ အဆိပ်ဖြေသည့် ဖြစ်စဉ်တွင် ခန္ဓာကိုယ်ချင်း ထိတွေ့ရန် လိုအပ်နေသည်ကိုး။

တိုက်ယွမ် ရှက်နေသည်မှာလည်း ထိုအကြောင်းကြောင့် ဖြစ်သည်။ တိုက်ယွမ် ပြောသည့်နည်းလမ်းအတိုင်း လုပ်ရမည် ဆိုပါက အနည်းငယ် ကသိကအောက် ဖြစ်ရာ အခိုက်အတန့်များ နှင့် ကြုံတွေ့ရမည်မှာ မလွဲမသွေပင်။

ဖန်သွေးရောင်ဂိုဏ်းရဲ့ ဆေးဆရာရှောင်ကို မတွေ့ဖူးသော်ငြား ထိုဆေးဆရာသည် လူအိုကြီးတစ်ယောက်ဖြစ်မှန်း ရန်ကိုင် သိသည်။ ထို့ကြောင့် ထိုလူအိုကြီးကို ဖိတ်ခေါ်ဖို့ရာ သူမအတွက် သိပ်အဆင်မပြေလှဟု တိုက်ယွမ် ပြောခဲ့ခြင်း ဖြစ်သည်။

ဆေးလုံးတောင်ကြားတွင် ရှိသော ဆေးဆရာကြီး ငါးယောက် အနက် လေးယောက်သည် လူအိုကြီးများ ဖြစ်ကြီးပြီး တစ်ယောက်သာ ဘွားတော်ကြီး ဖြစ်သည်။

ထိုလူအိုကြီးများဆီမှ အကူအညီ တောင်းမည့်အစား ရန်ကိုင်ဆီမှ အကူအညီ တောင်းလိုက်ခြင်းသည် ပို၍ မကောင်းပေလော။ ထို့ကြောင့် တိုက်ယွမ် ရန်ကိုင်ဆီမှ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့်သည် ရန်ကိုင်သည် ရဲ့ရင့်ပြီး သူရဲကောင်း ဆန်သော ပါရမီရှင်တစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် တိုက်ယွမ်ရင်ထဲ ကသိကအောက် ဖြစ်ရသော်ငြား အရမ်းကြီးတော့ မဖြစ်ချေ။ သို့သော် တကယ်သာ ဖြစ်နိုင်မည် ဆိုလျှင် အမျိုးသမီး ဆေးဆရာတစ်ယောက်ကိုသာ အကူအညီ တောင်းပေမယ့်။ တကယ့်တော့ အမျိုးသမီး အချင်းချင်း ဆိုပါက ပို၍ ပြဿနာ နည်းနိုင်မည် မဟုတ်ပေလော။

ကံမကောင်းစွာဖြင့် သူမတွင် ဆေးလုံးတောင်ကြားမှ အမျိုးသမီး ဆေးဆရာတောင်းသည့် လုံလောက်သော အခကြေးငွေ ရှိမနေခဲ့ချေ။

တိုက်ယွမ် ဆေးဆရာတစ်ယောက် ဖြစ်နေရခြင်းမှာ သူမ ကိုယ်ထဲရှိ အဆိပ်ကို ကိုယ့်ဘာသာ ဖြေချင်သည့် အတွက်ကြောင့် ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမသည် ယခုမှ သူတော်စင်ဘုရင် အဆင့် ဆေပညာရှင် တစ်ယောက်သာ ဖြစ်သေးသဖြင့် သူမကိုယ်သူမ အားကိုး၍ မရတော့ချေ။

တိုက်ယွမ်က ရှက်သွေးဖြာနေသော်ငြား ရန်ကိုင်ကမူ ထူးမခြားနားပင်။ တိုက်ယွမ် ရှင်းပြနေသည်ကို မည်သည့် အမူအရာမှ မပြဘဲ သေသေချာချာ နားစိုက်ထောင်နေသည်။ ရန်ကိုင်၏ အမူအရာကို မြင်သည့်အခါ တိုက်ယွမ်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး သေချာ ရှင်းပြတော့လေသည်။

အဆိပ်ဖြေသည့် ဖြစ်စဉ်အကြောင်းကို ရှင်းပြရန် တိုက်ယွမ် တစ်ညတိတိ အချိန်ယူလိုက်ရသည်။ ရန်ကိုင်လည်း ထိုတစ်ည အတွင်း အဆိပ်ဖြေသည့် ဖြစ်စဉ်တစ်ခုလုံးကို လုံးစေ့ပတ်စေ့ သေချာ မှတ်သားပြီးသွားလေပြီ။

“ဂျူနီယာမောင်လေးရန် အကုန်လုံးကို မှတ်မိလား” ညလုံးပေါက် ထိုင်ရှင်းပြခဲ့သော်လည်း တိုက်ယွမ်သည် နည်းနည်းလေမှ ပင်ပန်းနွမ်းနယ်ဟန် မရဘဲ တက်တက်ကြွကြွ ရှိနေပေသေးသည်။ နောက်ဖြစ်လာတော့မည့် အရာသည် သူမ ဘဝ၏ အရေးအကြီးဆုံး အခိုက်အတန့်တစ်ခု ဖြစ်မည် ဖြစ်သည့် အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်နေခြင်း ဖြစ်လောက်သည်။

oMartial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၅)

“ငါအကုန် မှတ်မိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး တိုက်ယွမ်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ခဏလောက် စဉ်းစား၍ ပြန်ပြောလိုက်သည် “အစ်မတိုက်ယွမ်၊ နင့်ကြည့်ရတာ စိတ်သိမ်မငြိမ်သေးသလိုပဲ။ စိတ်ငြိမ်သွားအောင် ခဏလောက် နားလိုက်ပါလား။ နောက်နှစ်ရက်ကြာမှ စကြရအောင်လေ”

တိုက်ယွမ်သည် ချက်ချင်း လက်ငင်းကို စချင်နေသော်လည်း ရန်ကိုင်က ထိုကဲ့သို့ ပြောလာသဖြင့် သူမအဖို့ ခေါင်းညိတ်ရုံမှ တစ်ပါး အခြားရွေးစရာ မရှိတော့ချေ။ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်အား အဆိပ်ဖြေခြင်းလုပ်ငန်း၏ အဓိကအချက်များကို နောက်တစ်ကြိမ် ထပ်ပြောပြီဂနောက် သူမ အခန်းဆီသို့ ပြန်သွားလေသည်။

တိုက်ယွမ် ထွက်သွားပြီးနောက် ရန်ကိုင်သည် အခန်းထဲရှိ ကျောက်တုံးကုတင်ပေါ်တွင် ထိုင်လျက် မေးလေးကို ပွတ်ရင်း စဉ်းစားခန်းဝင်လိုက်သည်။ ခဏကြာပြီးနောက် လက်ကိုဝှေ့ရမ်း၍ သိုလှောင်လက်စွပ်ထဲမှ ဆေးပင်များစွာကို ထုတ်ယူလိုက်သည်။

ပြီးသည်နှင့် ဆေးမီးကို ထုတ်ယူလိုက်ပြီး တေဇောဓါတ် အသိစိတ်ပင်လယ်ကို အသုံးပြု၍ ဆေးပင်များကို ဆေးအရည် အဖြစ်သို့ စတင် သိပ်သည်းလေသည်။

ဤသို့ဖြင့် နှစ်ရက်ဆိုသော ပမာဏသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ ရန်ကိုင် မျက်လုံးပွင့်လာပြီး ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ တိုက်ယွမ် အခန်းအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ရက်တိတိ အချိန်ယူပြင်ဆင်ပြီးနောက် တိုက်ယွမ် အတော်လေး စိတ်ငြိမ်သွားသည်ကို တွေ့ရသည်။ သူမ မျက်နှာထက် အလျင်လိုဟန်၊ စိုးရိမ်ပူပန်ဟန်တို့ကို မတွ့ရတော့။ အရှိန်အဝါသည်လည်း လှိုင်းထန်ခြင်း မရှိသည့် ကန်ရေပြင်နှယ် ငြိမ်သက်နေခဲ့သည်။

တိုက်ယွမ် အဆင်ပြေနေသည်ကို မြင်လိုက်ရသည့်အခါ ရန်ကိုင် ပြုံးလိုက်ပြီး အခန်းတံခါးကို သွားဖွင့်ပေးလိုက်သည်။

အခန်းတံခါး ပွင့်လာပြီး ရန်ကိုင် ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ တိုက်ယွမ် ပြုံးလိုက်သည်။

“စရအောင်” ရန်ကိုင်က ပြောလိုက်ရာ တိုက်ယွမ်က ခေါင်းညိတ်၍ ရှေ့မှ ဦးဆောင်ထွက်သွားလေသည်။

သဘာဝအစီအရင် ရှိနေသော ကျောက်တုံးလိုဏ်ဂူကို ဖြတ်ကျော်၍ သီးခြား တည်ရှိနေသော လိုဏ်ခေါင်းတစ်ခုဆီသို့ ရန်ကိုင်ကို ခေါ်သွားခဲ့သည်။ လိုဏ်ခေါင်းလမ်းသည် မြွေလိမ် မြွေကောက်နှယ် ကွေးကောက်နေပြီ လိုဏ်ခေါင်းနံရံပေါ်တွင် တောက်ပသော အလင်းရောင်တို့ကို ထုတ်လွှတ်နေသော ညလင်း ကျောက်တုံးများ ရှိနေခဲ့သည်။

တိုက်ယွမ်နှင့်အတူ လိုက်သွားစဉ် မည်သည့် စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အောက်ဘက်အား အရင် စစ်ဆေးကြည့်လိုက်သည်။

အနက်တစ်ခုအထိသို့ ဆင်းလာပြီးနောက် ပတ်ဝန်းကျင် လေထုသည် စတင် အေးစက်လာခဲ့သည်။ ထိုအအေးဓါတ်သည် အပူချိန် ကျသွားသည့် အတွက်ကြောင့် အေးခြင်း သက်သက် မဟုတ်ဘဲ စိတ်ဝိဥာဉ်ကိုပါ အေးစက်စေသည့် အအေးမျိုး ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အောက်ဘက်တွင် ယင်ချီ အလွန် သိပ်သည်းနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

တိုက်ယွမ် ပြောသော ယင်ရေကန်သည် လိုဏ်ခေါင်း၏ အဆုံးတွင် ရှိနေသည့်ပုံပင်။

သို့သော်လည်း ထိုအအေးဓါတ်သည် ရန်ကိုင်အား ဘာမှ မလုပ်နိုင်ချေ။ သူတော်စင်ချီကို မလှည့်ပတ်ဘဲနှင့်ပင် အအေးဓါတ်ကို သူ့ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံနိုင်ပေသည်။ တိုက်ယွမ် အတွက်လည်း အတူတူပင်။ သူမ၏ ခန္ဓာကိုယ်သည် ရန်ကိုင်လောက် အားမကောင်းသော်လည်း သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းသည် အလှသက်သက် မဟုတ်။

ထို့အပြင် တိုက်ယွမ်သည် ဤယင်ရေကန်ဆီသို့ အကြိမ် များစွာ လာဖူးသဖြင့် ဤနေရာနှင့် အတော်လေး အသား ကျနေလေပြီ။

အောက်သို့ ဆင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင် လေုထသည် ပိုပို၍ အေးစက်လာခဲ့သည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် တိုက်ယွမ်သည် အအေးဓါတ်ကို ခုခံရန်အတွက် သူမ၏ သူတော်စင်ချီကို စတင် လှည်ပတ်လာရတော့သည်။

မကြာမီ ရန်ကိုင်နှင့် တိုက်ယွမ်တို့သော တောက်ပသော အလင်းရောင်တို့ ထွက်ပေါ်လာပြီး ကျောက်တုံးခန်းကျယ်ကြီး တစ်ခန်းဆီသို့ သူတို့နှစ်ယောက် ရောက်လာခဲ့သည်။

ကျောက်တုံးခန်းတစ်ခန်းလုံး ဗလာဖြစ်နေပြီး ဤနေရာရှိ လေထုသည် အလွန်ကိုမှ အေးစက်လှသလို ခြောက်ခြားဖွယ်လည်း ကောင်းလှသည်။ အေးလွန်းသဖြင့် ကျောက်နံ့ရံများပင် ရေခဲနေခဲ့သည်။

ကျောက်တုံးခန်း အခယ်တွင် ဆယ်မီတာအကျယ်ပင် မရှိတတ်သော ရေကန်လေးတစ်ကန် ရှိနေခဲ့သည်။

ထိုယင်ရေကန်ကို မြင်လိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “အစ်မတိုက်ယွမ်၊ ဒီယင်ရေကန်က နှစ်တစ်ထောင် သက်တမ်းရှိတဲ့ကန်လား၊ နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ကန်လား”

ရန်ကိုင်၏ ဆိုလိုရင်းကို သိသည့်အလား တိုက်ယွမ်က ပြုံး၍ ပြန်ပြောလိုက်သည် “အရင် စီနီယာ ပြောခဲ့တာတော့ ဒီကန်ရဲ့ သက်တမ်းက ငါးထောင်နဲ့ ခြောက်ထောင်ကြားမှာ ရှိတယ်တဲ့”

ရန်ကိုင် မျက်မျောင်ကြုတ်သွားခဲ့ပြီး “ဒီလောက်သက်တမ်း ရှိနေတဲ့ ယင်ရေကန်ရဲ့ အအေးဓါတ်က အစ်မတိုက်ယွမ် ခုခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူးနော်။ အစ်မတိုက်ယွမ် တကယ် ဆက်လုပ်ချင်တာ သေချာလား”

ယင်ရေကန်များကို ၎င်းတို့၏ သက်တမ်းဖြင့် အမျိုးအစား ခွဲကြသည်။ တိုက်ယွမ်သည် ယင်ရေကန်အကြောင်း အသေးစိတ် မပြောခဲ့ချေ။ သို့သော် သူမအတွက် အန္တရာယ်မရှိလောက်ဟု ထင်သည့်အတွက်ကြောင့် ဘာမှ မမေးခဲ့ချေ။ သို့သော်လည်း လက်ရှိ ယင်ရေကန်ကို မြင်ပြီးနောက် ထိုရေကန်ထဲသာ တိုက်ယွမ် ဆင်းသွားလိုက်ပါက ချက်ချင်း ရေခဲရုပ်ထု ဖြစ်သွားမည်မှန်း ရန်ကိုင် သိလိုက်သည်။

တိုက်ယွမ်က အသာအယာ ပြုံးလျက် “အရမ်းကြီး စိတ်ပူမနေပါနဲ့ ဂျူနီယာမောင်လေးရန်၊ ဒီယင်ရေကန်က အရမ်း အေးတယ် ဆိုပေမယ့် အဲ့အတွက် ငါကြိုပြင်ထားပြီးသွားပြီ။ မီးဓါတ်နဲ့ ယန်ဓါတ် အဆီအနှစ်တွေကို ကန်ရဲ့ အအေးဓါတ် လျော့သွားအောင် ယင်ရေကန်ထဲ ထည့်ထားလိုက်တယ်။ ပြီးတော့ ငါကိုယ်တိုင်လည်း ဆေးပညာရှင် တစ်ယောက်လေ။ ငါကျင့်ကြံတာက မီးဓါတ်ကျင့်စဉ်ဆိုတော့ ငါသာ သတိစိုက်မယ် ဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့… ငါမလုပ်နိုင်ဘူး ဆိုရင်တောင် လုပ်ရမှာပဲလေ။ မဟုတ်ရင် သေမှာကို ထိုင်စောင့်နေရတော့မှာပဲ။ သေမှာကို ထိုင်စောင့်မယ့် အတူတူ ကြိုးစားကြည့်လိုက်တာ ပိုမကောင်းဘူးလား။ ဂျူနီယာ မောင်လေးရန်၊ ငါ့နေရာ နင်ဆိုရင်ကော ဘယ်လိုလုပ်မှာလဲ”

ရန်ကိုင် တိတ်သွားသည်။ တိုက်ယွမ်တွင် ရွေးချယ်စရာ မရှိတော့သည့် အတွက်ကြောင့် ဤကဲ့သို့ လုပ်ရသည်မှန်း သိလိုက်သဖြင့် သူမအား ဘာမှ ထပ်ပြောမနေတော့ချေ။

“ပြီးတော့ ငါ့တစ်ခုခု ဖြစ်သွားရင်လည်း ဂျူနီယာ မောင်လေးရန် ဘာမှ စိတ်ပူနေစရာ မလိုဘူး။ ငါ့နေနေတဲ့ အခန်းထဲမှာ စာတစ်စောင် ထားထားတယ်။ အဲ့စာထဲမှာ ငါအခု လုပ်ဖို့ပြင်နေတာအကြောင်း ရေးထားတယ်။ ငါတစ်ခုခု ဖြစ်သွားပြီ ဆိုတာနဲ့ အဲ့စာကို ယူပြီး ငါ့ဆရာဆီ သွားလိုက်။ ငါရေးထားတဲ့ စာကိုမြင်ရင် ငါ့ဆရာ နင့်ကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ငါ့ဆရာက အကြီးအကဲချုပ် ကုန်းအောင်ဖုပဲ။ သူ့ကို သလင်းပေါင်းစုံ တောင်မှာ သွားရှာလို့ရတယ်”

တိုက်ယွမ် ပြောပုံသည် မသေခင် နောက်ဆုံးစကားကို ပြောနေသလို ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်သွားရသည်။ သို့သော် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ငါသိပြီ”

တိုက်ယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ အချက်ပြလိုက်သည် “ငါ့နောက်လိုက်ခဲ့”

ခဏအကြာတွင် ရန်ကိုင်နှင့် တိုက်ယွမ် ယင်ရေကန်ရှေ့သို့ ရောက်လာခဲ့သည်။ ကန်ကို မြင်ပြီးနောက်မှပဲ ယင်ရေကန် သိပ်မနက်မှန်း ရန်ကိုင် သိလိုက်ရသည်။ ကန်အနက်သည် အများဆုံးမှ တစ်မီတာလောက်သာ ရှိသည်။ ကန်ရေသည် သလင်းကျောက်နှယ် ကြည်လင်ရှင်းသန့်နေသဖြင့် ကန်အောက်ခြေ အထိကိုပင် လှမ်းမြင်နေရလေသည်။

အနီးကပ် ကြည့်ပြီးနောက် ယင်ကရေန်က ပတ်လည်တွင် အစီအရင် အရိပ်အယောင်အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤရေယန်ကို ဤနေရာတွင် ချုပ်နှောင်ထားရန် အတွက် အရင် စီနီယာ ခင်းကျင်းခဲ့ခြင်း ဖြစ်ရပေမည်။

တိုက်ယွမ်က အနားတွင် ရှိနေသော နေရာကို လက်ညိုးထိုး၍ ပြောလိုက်သည် “ဒီမှာထိုင်ကြမယ်။ ဒီနေရာက အကောင်းဆုံး နေရာပဲ”

“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး တိုက်ယွမ် ညွှန်ပြသည့် နေရာတွင် ချက်ချင်း ထိုင်ချလိုက်လေသည်။

“အခြား ပြင်ဆင်စရာတွေ ရှိသေးလး၊ မရှိတော့ပါဘူးနော်” တိုက်ယွမ် သူမဘာသာ ရေရွတ်နေလိုက်သည်။ ထို့နောက် ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာဖြင့် လှည့်လိုက်သည်။ ခဏအကြာ၌ ပြုံး၍ ပြောလိုက်သည် “ဂျူနီယာမောင်လေးရန်၊ ရလဒ်က ဘယ်လိုပဲပဲဖြစ်ဖြစ် ငါ့နင့်ကို ကြိုပြီး ကျေးဇူးတင်တယ် သိလား။ ဒီဆယ်စုနှစ် နှစ်ခုအတွင်း နင်တစ်ယောက်ပဲ လိုလိုလားလားနဲ့ ငါ့ကို ကူညီပေးခဲ့တာ။ အဲ့အတောအတွင်း နင်က အသစ်သိလာတဲ့ တစ်ဦးတည်းသော မိတ်ဆွေဆိုလည်း မမှားဘူး”

ပြောပြီးသည့်နောက် အလေးအနက် အမူအရာဖြင့် လက်သီး ဆုပ်၍ ရန်ကိုင်အား ကျော့ရှင်းစွာဖြင့် ဦးညွှတ်လိုက်သည်။

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သည်။ တိုက်ယွမ် ပြောပုံအရ ဖန်သွေးရောင်ဂိုဏ်းရှိ တိုက်ယွမ် အခြေအနေသည် ဝူရီ စုံစမ်းပြီး သိရလာသည့် အကြောင်းအရာနှင့် အနည်းငယ် ကွဲပြားနေသည့်ပုံပင်။ ဝူရီသည် လွန်ခဲ့သော ဆယ်နှစ်က တိုက်ယွမ်၏ အဆင့်အတန်း ပြောင်းလဲသွားခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော်လည်း ယခု တိုက်ယွမ် ပြောပုံအရ လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက ဖြစ်သွားခဲ့ခြင်း ဖြစ်သည့်ပုံပင်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် ဟိုယခင်ကတည်းက တိုက်ယွမ်နှင့် မိတ်ဆွေ ဖြစ်နေသည့် အတွက်ကြောင့် သူတို့အား ထည့်မတွက်ခြင်း ဖြစ်သည်။

ရန်ကိုင်က သူ့လက်ကို အသာအယာ ဝှေ့ရမ်း၍ “အဲ့လိုတွေ လုပ်နေစရာ မလိုပါဘူး အစ်မတိုက်ယွမ်ရာ။ ငါဘယ်လောက်မှ အားစိုက်ထုတ်လိုက်ရတာမှ မဟုတ်တာ။ ရော့။ ဒီဆေးအရည်ကို အရင် သောက်လိုက်”

ပြောပြီးနောက် သူမအား ကျောက်စိမ်းပုလင်း တစ်ပုလင်း ပေးလိုက်လေသည်။

“ဒါက…” တိုက်ယွမ်က ကျောက်စိမ်းပုလင်းကို ကိုင်ရင်း ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

“ဒါက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးအရည်ပဲ။ သွေးကြက်မှုကို ငါမသန့်စင်နိုင်ဘူး ဆိုပေမယ့် အစ်မတိုက်ယွမ်သာ သေးကြက်မှိုနဲ့ ဒီဆေးရည်ကို အတူတူ စားသုံးလိုက်မယ်ဆိုရင် သွေးကြက်မှိုရဲ့ ဆေးအာနိသင်ကို ပုံမှန်ထက် နှစ်ဆယ်၊ သုံးဆယ် ရာခိုင်နှုန်းလောက် ပိုတိုးတက်လာအောင် လုပ်နိုင်လိမ့်မယ်။ ကျုပ်ရဲ့ အခုလက်ရှိ အရည်အချင်းနဲ့ ကျုပ်အများဆုံး ဒီလောက်ပဲ တတ်နိုင်သေးတယ်” ရန်ကိုင်က အနည်းငယ် နောင်တရနေသည့် ပုံစံဖြင့် ပြောလိုက်သည်။

သွေးကြက်မှိုသည် အလွန်ကိုမှ ရှားပါးသလို အလွန်ကိုမှလည်း သန့်စင်ရ ခက်သည်။ သွေးကြက်မှိုတစ်ပွင့်၏ တန်ဖိုးသည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးအောက် မနိမ့်ကျချေ။ ထို့ထက် ပိုများလျှင်ပင် ပိုများနိုင်သေးသည်။ အကြောင်းမှာ သွေးကြက်မှိုသည် သေခါနီး ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း ပြန်ရှင်လာအောင် လုပ်နိုင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော အသက်ကယ် ဆေးလုံးသည် သေခြင်းရှင်ခြင်း မျဉ်ကြောင်းပေါ်၌ လျှောက်လှမ်း နေကြရသော ကျင့်ကြံသူများအတွက် အဖိုးအတန်ဆုံး ရတနာတစ်မျိုး ဖြစ်ပေသည်။

သူ့လက်ရှိအဆင့် ထိုကဲ့သို့သော ဆေးလုံးမျိုးအား မဖော်စပ်နိုငသ်ည်မှာ ဆိုးပေသည်။ ထို့ကြောင့် ဤနည်းလမ်းကို သုံး၍သာ သွေးကြက်မှို၏ ဆေးအာနိသင် တိုးလာအောင် လုပ်ရတော့သည်။

ယခင် နှစ်ရက်အတွင်းတွင် ရန်ကိုင်သည် ဤဆေးရည်ကို ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် တိုက်ယွမ်၏ မျက်နှာထက် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာပြီး ကျောက်စိမ်း ပုလင်းလင်းလေးကို အလိုလို ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ ကျောက်စိမ်းပုလင်းထဲရှိ ဆေးအရည်ကို မစစ်ဆေးတော့ဘဲ ရန်ကိုင်ကိုသာ အရင် ကျေးဇူးတင်စကား ဆိုလိုက်သည် “အခုလို ကူညီပေးတဲ့အတွက် ဂျူနီယာမောင်လေးရန်ကို ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ကိုင်ဆီမှ အကူအညီ တောင်းခဲ့ခြင်းသည် သူမလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များအနက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါလားဟု တိုက်ယွမ် တွေးနေမိလေပြီ။ အကြောင်းမှာ ဂိုဏ်းရှိ ဆေးဆရာရှောင်ကို သွားအကူအညီတောင်းမည် ဆိုလျှင်ပင် သူမအတွက် ဤကဲ့သို့ ဆေးအရည် ဖော်စပ်ပေးမည် မဟုတ်သည့် အတွက်ကြောင့် ဖြစ်သည်။

ဤဆေးပုလင်း အကူအညီနှင့် ဆိုပါက အောင်မြင်နိုင်ချေ ပိုများလာမည်မှာ မလွဲမသွေပင်။ ထို့ကြောင့် တိုက်ယွမ် မည်ကဲ့သို့ မပျော်ဘဲ နေမည်နည်း။

“ဂျူနီယာမောင်လေးရန်ကို ဒုက္ခပေးရဦးမယ်” တိုက်ယွမ်က ဆေးပုလင်းကို သိမ်းလိုက်ပြီး ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူမ၏ အပေါ်ဝတ်ရုံကို ချွတ်ချလိုက်သည်။

ယခုအခိုက်အတန့်အတွက် ကြိုပြင်ထားသည့်အလား တိုက်ယွမ်၏ အတွင်းခံများ အကုန်လုံးသည် အနက်ရောင်များ ဖြစ်နေကြသည်။

သို့တိုင် သူမ မျက်နှာတစ်ပြင်လုံး ပန်းဆီရောင် သန်းနေလေသည်။ မိန်းမသား တစ်ယောက် ဖြစ်လေရာ ဤကဲ့သို့ ပုံစံဖြင့် သူစိမ်း ယောကျာ်းတစ်ယောက်ရှေ့တွင် နေရသည်ကို တိုက်ယွမ် မရှက်ဘဲ ဘယ်နေနိုင်မည်နည်း။ သူမ မည်သို့ပင် ပြင်ဆင်ထားပါစေ တစ်ကိုယ်လုံးကို အပြည့် မဖုံးနိုင်သည် မဟုတ်ပေလော။

ရှက်လာသည့် အတွက်ကြောင့် တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်းပဲ ယင်ရေကန်ထဲသို့ ခုန်ဆင်းသွားလေသည်။

ရေကန်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တိုက်ယွမ် ညည်းမိလိုက်သည်။ ယင်ရေကန်အား သိပ်မအေးတော့အောင် လုပ်ထားခဲ့သော်လည်း လက်ရှိ အအေးဓါတ်သည် သူမအတွက် အတော်လေး ပြင်းထန်နေသေးသည်။ အအေးဓါတ်တို့ သူမ ကိုယ်ထဲ စိမ့်ဝင်လာသည့် အတွက်ကြောင့် တစ်ခဏအတွင်း တိုက်ယွယ် ကိုယ်အနှံ့ ရေခဲစများ ထွက်ပေါ်လာခဲ့ရသည်။

သို့သော်လည်း တိုက်ယွမ်သည် ကျင်စဉ်ကို အလျင်စလို လှည့်ပတ်၍ ထိုရေခဲလွှာကို ဖယ်ရှားပစ်လိုက်လေသည်။

သို့သော်လည်း အအေးဓါတ်များသည် ပျောက်ကွယ်သွားခြင်း မရှိဘဲ သူမကိုယ်ထဲသို့ ဆက်လက် တိုးဝင်လာနေခဲ့သည်။ နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံးတွင် တိုက်ယွမ် နာကျင်စွာ အော်ဟစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူမ၏ ခန္ဓာကိုယ်မှ ရောင်စုံအလင်းတို့ ဖြာထွက်လာခဲ့သည်။

ထိုအလင်းသည် အလွန်ကိုမှ ထူးဆန်းသည်။ အလင်းသည် အရောင်တစ်မျိုးတည် မဟုတ်ဘဲ အရောင်ပေါင်းများစွာ ပေါင်းစပ်နေသည့် အလင်းဖြစ်သည်။ ထိုအလင်းရောင်ကို မြင်လိုက်သည့်အခိုက် ရန်ကိုင် ခေါင်းတဆစ်ဆစ် ကိုက်လာပြီး သူ့ဝိဥာဉ်သည်လည်း မတည်မငြိမ် ဖြစ်လာခဲ့သည်။ မမြင်နိုင်သော ဖိအားတစ်ရပ် သူ့အပေါ် သက်ရောက်လာသည့်နှယ် သူ့အသိစိတ်ပင် လယ်သည်လည်း မငြိမ်မသက် ဖြစ်လာသည်။

ဖန်သွေးရောင်အလင်း…

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ထိတ်လန့်သွားခဲ့သော်ငြား ချက်ချင်း သူ့စိတ်ကိုငြိမ်အောင်ထိန်း၍ တိုက်ယွမ်၏ ခန္ဓာကိုယ်ကို အာရုံ စိုက်လိုက်သည်။

ပုံရိပ်တစ်ထောင်ဖန်တောင်၏ ဖန်သွေးရောင်အလင်းသည် ဝိဥာဉ်များကို ဖိနှိပ်နိုင်စွမ်း ရှိသည်ဟု ယန်ယန် ပြောသည်ကို ကြားဖူးသော်လည်း ဤမျှ ထူးခြားလိမ့်မည်ဟုတော့ မထင်ထားခဲ့။ ကိုယ်တွေ့ကြုံပြီးမှပဲ ထိုဖန်သွေးရောင်အလင်း မည်မျှ ထူးခြားသလဲ ဆိုသည်ကို နားလည်သွားခဲ့သည်။

All Chapters