← Chapters

အခန်း (၁၂၇၆-၁၂၈၀)

Vol. 52 Ch. 1276-1280

အခန်း (၁၂၇၆-၁၂၈၀)

Vol. 52 Ch. 1276-1280

အပိုင်း (၁၂၇၆)

ပုံရိပ်တစ်ထောင်ဖန်ကို ဓါတ်ကြီးငါးပါးဖြင့် ဖိနှိပ်၍မရဟု တိုက်ယွမ် ပြောခဲ့ဖူးသည်။ ယခု တိုက်ယွမ် ပြောသည်ကို ရန်ကိုင် ယုံသွားခဲ့လေပြီ။ တိုက်ယွမ်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော အလင်းသည် သူ့အသိစိတ်ပင်လယ်၏ အတားအဆီးကို ထိုးဖောက်နိုင်ခဲ့ပြီး တေဇောဓါတ်အသိစိတ် ပင်လယ်ကိုပင် အနည်းငယ် ဖိနှိပ်နိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် ရန်ကိုင်အား တိုက်ယွမ် တမင်သက်သက် ပစ်မှတ်ထားနေခြင်း မဟုတ်ခဲ့ချေ။ ရန်ကိုင် ကိုယ်တိုင်ကလည်း သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်သည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် အနည်းငယ် ထိတ်လန့်သွားရုံမှအပ ထိုအလင်းကို ချက်ချင်း ခုခံလိုက်နိုင်၏။ ခုခံပြီးသည်နှင့် တောဇောဓါတ်စိတ်စွမ်းအင်ကို ထုတ်လွှတ်၍ တိုက်ယွမ် တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။

သူမလက်ရှိ ခံစားနေရသော အလွန်အမင်း ပြင်းထန်သည့် နာကျင်မှုကြောင့် မျက်နှာ တစ်ပြင်လုံး ရှုံ့မဲ့နေခဲ့ရာ ယခင်ကတည်းက အရုပ်ဆိုးနေသော သူမ၏ မျက်နှာ ပို၍ အရုပ်ဆိုးသွားခဲ့ရသည်။ သိုသော်လည်း ရန်ကိုင် အံ့အားသင့်သွားရသည်ကား၊ ကျောက်ပေါက်မာများသည် တိုက်ယွမ်၏ မျက်နှာပေါ်တွင်သာ မဟုတ်ဘဲ တစ်ကိုယ်လုံး အနှံ့တွင် ပေါက်နေသည်ဆိုသော အချက်ပင်။

ဝတ်ရုံကို ချွတ်ထားသည့်တိုင် အနက်‌ရောင် အတွင်းခံများသည် တိုက်ယွမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကို ဖုံးကွယ်ထားသေးသည်။ သို့သော် ယင်ရေကန်ထဲသို့ ဝင်ပြီးနောက် ထိုအနက်ရောင် အတွင်းခံများ သူမအသားနှင့် ကပ်ကုန်လေသည်။ ရန်ကိုင်သည် သူမအား သူ၏ ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံပေးထားသည့် အတွက်ကြောင့် ထိုအချက်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။

ကြည့်ရသလောက် ကျောက်စိမ်းသဖွယ် ချောမွတ်ပျော့ပျောင်း လှသည့် သူမ၏ လက်သွယ်သွယ်လေး နှစ်ဖက်မှလွဲ၍ တစ်ကိုယ်လုံး ကျောက်ပေါက်မာများဖြင့် ပြည့်နေသည့်ပုံပင်။

ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးသည် ကြောက်စရာ ကောင်းလှပေသည်။ သူမ ကျင့်ကြံနေသည့် ကျင့်စဉ်ကြောင့် တိုက်ယွမ် ဤကဲ့သို့ ဖြစ်လာရခြင်းဖြစ်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။

“ဂျူနီယာမောင်လေးရန်…” ရန်ကိုင် အနည်းငယ် အာရုံ ပျံ့လွင့်နေစဉ် တိုက်ယွမ်က အံ့ကြိတ်၍ တုန်တုန်ရင်ရင်ဖြင့် လှမ်းအော်လိုက်သည်။

သူမ အသံကို ကြားလိုက်သည်နှင့် ရန်ကိုင် ချက်ချင်း အသိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည် “စကြတာပေါ့”

ထို့နောက် တိုက်ယွမ်သည် သူမရင်ဘတ်ရှိ စွမ်းအင်စုမှတ် နေရာကိုဖွင့်ကာ ယင်ရေကန်ထဲရှိ ရေများကို သူမကိုယ်ထဲသို့ စတင် စုပ်ယူတော့လေသည်။ အေးစက်လှသည့် ရေအေးများ သူမ ကိုယ်ထဲသို့ ရောက်လာချိန် တိုက်ယွမ် တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ခါသွားခဲ့သည်။ သို့သော်လည်း နှုတ်ခမ်းများ ပြာနှမ်းလာသည်အထိ အံ့ကြိတ်၍ တောင့်ခံရင်း ရန်ကိုင်အား သူမ၏ မျက်ဝန်းလှလှလေးများဖြင့် မမှိတ်မသုံ စိုက်ကြည့်လိုက်သည်။

ရန်ကိုင်သည် စကားတစ်ခွန်းမှ မပြောဘဲ သူ့ကောင်းကင် စိတ်အာရုံကို သူမ၏ စွမ်းအင်စုမှတ် နေရာထဲသို့ ပို့လွှတ်၍ သူမ ကိုယ်ထဲတွင် ဆေးဖော်စပ်ရာ၌ သုံးသော အစီအရင်များစွာ စတင် ခင်းကျင်းတော့သည်။

“တေဇောဓါတ်အသိစိတ်ပင်လယ်လား” တိုက်ယွမ် မျက်လုံး ပြူးသွားသည်။ ရန်ကိုင် တေဇောဓါတ်အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားလိမ့်မည်ဟု တိုက်ယွမ် မထင်ထားခဲ့ချေ။ သူမ၏ မူလ အစီအစဉ်အရ ရန်ကိုင်အနေဖြင့် သူမကိုယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းပေါင်းစပ်နိုင်ရန် အတွက် သူ့လက်သည် သူမ ရင်ဘတ်ရှိ စွမ်းအင်စုမှတ် နေရာနှင့် ထိကပ်ထားရန် လိုအပ်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို ဆေးမီးဖိုအဖြစ် အသုံးချ၍ ယင်ရေကန်ထဲရှိ ရေထဲတွင် ပါဝင်သော ဆေးအာနိသင်သင် အမျိုးမျိုးကို သန့်စင်ကာ ပုံရိပ်တစ်ထောင်ဖန်အဆိပ်ကို ဖယ်ရှားပစ်ပေမည်။

ထိုအကြောင်းကို ဆွေးနွေးစဉ်က သူ့တွင် တေဇောဓါတ် အသိစိတ်ပင်လယ် ရှိသည့်အကြောင်းကို ရန်ကိုင် တစ်ခွန်းပင် ထုတ်မပြောခဲ့ချေ။ သို့သော် တိုက်ယွမ် စိတ်ပျက်သွားခြင်း မရှိခဲ့။ ရန်ကိုင်တွင် တေဇောဓါတ်အသိစိတ်ပင်လယ် ရှိနေသဖြင့် သူတို့ နှစ်ယောက် အသားချင်း ထိကပ်စရာ မလိုတော့ချေ။

ရန်ကိုင် တေဇောဓါတ်အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည် ဆိုသော အချက်သည် သူမအား အတော့်ကိုမှ ထိတ်လန့်သွားစေခဲ့သလို အတော်လေးလည်း စိတ်သက်သာရာ ရမိသွားစေသည်။ တကယ်တော့ သူမသည် ယင်ဖိုပင် မသန်းဖူးသည့် အပျိုစင် မိန်းကလေးတစ်ဦးပင် မဟုတ်လေလော။ သူစိမ်းယောကျာ်း တစ်ယောက်မှ သူမ၏ ခန္ဓာကိုယ်အား ထိတွေ့ ပွတ်သပ်ကိုင်တွယ်မည်ကို တိုက်ယွမ် မည်ကဲ့သို့ ဆန္ဒရှိပါမည်နည်း။

သူမစိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးနေစဉ်မှာပဲ ရင်ဘတ်ရှိ စွမ်းအင်စုမှတ်နေရာတွင် ခြောက်စင်တီမီတာ အကျယ်ရှိသော ယင်ရေကန်ထဲရှိ ရေများဖြင့် ဖွဲ့စည်းထားသည့် ရေဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ယင်ရေကန်ထဲရှိ ရေများထဲတွင် ပါဝင်သော ဆေးအာနိသင်များကို သေသေချာချာ ထိန်းချုပ်လျက် တိုက်ယွမ်၏ အသွေးအသားနှင့် စတင် ပေါင်းစပ်လေရာ တိုက်ယွမ် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်လာခဲ့ရလေသည်။ သူမ၏ အသက်ရှူ လမ်းကြောင်းကို တစ်ခုခု ပိတ်သွားသည့်အလား အသက်ရှူရလည်း ခက်ခဲလာခဲ့သည်။

သို့သော် ရန်ကိုင် ခင်းကျင်းထားသည့် စိတ်ဝိဥာဉ် အစီအရင်များ၏ စွမ်းအားကြောင့် အချင်းချင်း ပဋိပက္ခ ဖြစ်နေသော ယင်ရေကန်ထဲမှ ရေများထဲရှိ ဆေးအာနိသင်များ အားလုံး အတူတူ ပေါင်းစည်းသွားခဲ့ကြသည်။ မကြာမီတွင် တိုက်ယွမ်၏ ရင်ဘတဆီမှ တလက်လက် တောက်ပနေသော ထူးဆန်းသော အမျှင်တန်းလေးတစ်မျှင် ထွက်လာခဲ့သည်။

ထိုတလက်လက် တောက်ပနေသော အပ်မျှင်ကဲ့သို့ အရာလေးသည် ယင်ရေကန်ထဲတွင် ပျောက်ကွယ်သွားခြင်း မရှိဘဲ အဆီးအတားမရှိ စတင် လည်ပတ်လာခဲ့သည်။

မကြာမီ ပထမအမျှင်နှင့် ဆင်တူသော နောက်ထပ် အမျှင် တစ်မျှင် တိုက်ယွမ်၏ ရင်ဘတ်မှ ထပ်ထွက်လာခဲ့သည်။ ဤနည်းအတိုင်း ဆက်သွားနေခဲ့ရာ တိုက်ယွမ်၏ ရင်ဘတ်မှ အပ်မျှင်ကဲ့သို့ အမျှင်များ တစ်မျှင်ပြီးတစ်မျှင် ထွက်လာနေခဲ့ပြီး ယင်ရေကန်တစ်ကန်လုံးသည်လည်း ထိုအမျှင်ဆီမှ ဖြာထွက်နေသော အလင်းရောင်ကြောင့် လင်းထိန်းလာခဲ့သည်။

နာရီဝက်လောက် ကြာပြီးနောက် သူမ ခံစားနေရသည့် အသက်ရှူရခက်သည့် ခံစားချက် ပျောက်ကွယ်သွားခဲ့သည်။ ပိတ်ဆို့ထားခံရသော သူတော်စင်ချီများသည်လည်း တစ်ဖန်ပြန်၍ လည်ပတ်လာခဲ့လေပြီ။ ယခင်က အလွန်ကိုမှ ခုခံရန် ခက်ခဲလှသော အအေးဓါတ်သည် ယခု သူမအား မည်သို့မှ မဖြစ်စေတော့ချေ။

တိုက်ယွမ် အလွန်အမင်း ပျော်သွားခဲ့ပြီး ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ချက်ချင်းပဲ သူမ၏ ရင်ဘတ်အား ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

သူမ၏ ရင်ဘတ်ရှိ စွမ်းအင်စုမှတ် နေရာတွင် မည်သည့် ပုံရိပ်တစ်ထောင်ဖန်အဆိပ်မှ ရှိမနေတော့ချေ။ ထိုနေရာရှိ အသားအရေသည်လည်း ယခင်အတိုင်း ပြန်ကောင်းနေလေပြီ။ မည်သည့် ကျောက်ပေါက်မာမှ ရှိမတော့ဘဲ ပန်းနုရောင် သန်းနေသော ကျောက်စိမ်းကဲ့သို့ ချောမွတ်လှသည့် အသားအရေက အစားထိုး နေရာယူနေခဲ့သည်။

တိုက်ယွမ်မှာ ပျော်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာသည်။ စိတ်ခံစားများကို မထိန်းချုပ်နိုင်သဖြင့် စိတ်မငြိမ်တော့ဘဲ ယင်ရေကန်ထဲရှိ ရေများကို သူမကိုယ်ထဲသို့ မစစ်ဆေးဘဲ စုပ်ယူခါနီး ဖြစ်သွားခဲ့ရသည်။

“နင့်စိတ်ကို ငြိမ်အောင်ထားဦး။ ငါတို့အခု ပြီးသေးတာ မဟုတ်သေးဘူး။ အားလုံးပြီးမှ စစ်ဆေးကြည့်လို့လည်း နောက်မကျသေးဘူး” ရန်ကိုင်က အော်သံကြောင့် ရန်ကိုင် အံ့အားသင့်နေရာမှ အသိပြန်ဝင်လာခဲ့သည်။ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် သူမကိုယ်ထဲသို့ တေဇောဓါတ်စွမ်းအင်များကို ပို့လွှတ်ရင် ဆေးအာနိသင်များအား ပေါင်းစပ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာသည် ကျောက်ရုပ်ကြီး တစ်ရုပ်နှယ် နည်းနည်းလေးမှပင် ပြောင်းလဲသွားခြင်း မရှိဘဲ ခပ်တည်တည်သာ ရှိနေသည်။

တိုက်ယွမ် ခေါင်းညိတ်လိုက်ပြီး စိတ်ငြိမ်အောင် လုပ်ပြီးနောက် နောက်ထပ် စွမ်းအင်စုမှတ် တစ်မှတ်ကို ထပ်ဖွင့်ကာ ယင်ရေကန်ထဲရှိ ရေများကို သူမကိုယ်ထဲသို့ ဆွဲယူပြန်သည်။

ရန်ကိုင်လည်း သူမနှင့် အလိုက်သင့် ပူးပေါင်း လုပ်ဆောင်သည်။

အားကောင်းလှသော သူ့ကောင်းကင်စိတ်အာရုံကြောင့် တိုက်ယွမ် တစ်ကိုယ်လုံး မိမွေးဖမွေးအတိုင်း မြင်နေရသော်လည်း ရန်ကိုင် နည်းနည်းလေးမှ စိတ်မပျံ့လွင့်သွားခဲ့။ ယင်ရေကန်ထဲရှိ ရေများထဲတွင် ရှိနေသော ဆေးအာနိသင်များအား ပေါင်းစပ်နိုင်ရေး တွင်သာ သေချာအာရုံစိုက်နေခဲ့သည်။

တိုက်ယွမ်သည် ယင်ရေကန်ထဲသို့ ဆေးပင်ပေါင်းများစွာကို နှစ်ပေါင်းများစွာကြာအောင် ပေါင်းစပ်ထားသဖြင့် ပုံရိပ်တစ်ထောင် ဖန်အဆိပ်ကို ဖြေဖို့ရာ သိပ်မခက်ချေ။ တကယ် စိတ်ရှုပ်ရသည့် အပိုင်းသည် တိုက်ယွမ် ကိုယ်ထဲတွင် ဆေးအာနိသင်များကို ပေါင်းစပ်ရသည့် အပိုင်းပင်။

သို့သော် တိုက်ယွမ် ကိုယ်တိုင်သည်လည်း ဆေးပညာရှင် တစ်ယောက် ဖြစ်သဖြင့် သူမကိုယ်ထဲတွင် ဆေးအာနိသင်များကို ပေါင်းစပ်ရသည်မှာ သိပ်မခက်ခဲလှပေ။ ထို့ကြောင့် ရန်ကိုင်မှ တေဇောဓါတ်စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည့်အခါ တိုက်ယွမ် ဘက်မှ နည်းနည်းပါးပါး ပူးပေါင်းလုပ်ဆောင်ရုံဖြင့် အဆင်ပြေပေသည်။

သို့သော်လည်း လက်ရှိ အမြန်နှုန်းနှင့် ပက်သက်၍ ရန်ကိုင် ဘာမှ မတတ်နိုင်ချေ။ လက်ရှိ အမြန်နှုန်းသည် တိုက်ယွမ် စိတ်စွမ်းအား မည်မျှ ကောင်းမကောင်းပေါ် လုံးဝဥဿုံ မူတည်နေသည်။

ပုံရိပ်တစ်ထောင်ဖန်သည် တိုက်ယွမ်၏ အသွေးအသားထဲကို စိမ့်ဝင်နေသည်။ ထို့ကြောင့် ဖန်အစိတ် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားလိုက်တိုင်း သူမ၏ အသက်စွမ်းအင်အချို့ပါ ယုတ်လျော့ သွားရသည်။ ထိုကဲ့သို့ တစ်ကြိမ်၊ နှစ်ကြိမ်လောက် လုပ်လျှင် ပြသနာ မရှိသော်လည်း လုပ်ဖန်ပေါင်း များလတ်သော် တိုက်ယွမ် အသက် အန္တရာယ် ရှိလာနိုင်ပေသည်။

ကံမကောင်းစွာဖြင့် အမှန်တရားသည် သူတို့ ထင်ထား သကဲ့သို့ အမှန်တကယ်ကို ရက်စက်လှဿည်။ ဖန်အဆိပ် တစ်စိတ်တစ်ပိုင်းကို တိုက်ယွမ်၏ ခန္ဓာကိုယ်ထဲမှ ထုတ်ဖို့ရာ အမွှေးတိုင်တစ်ချောင်းစာလောက် အချိန်ယူရသည်။ နေ့တစ်ဝက် ကြာပြီးသည့်နောက် အဆိပ်၏ ငါးပုံးတစ်ပုံကို ထုတ်ပြီးသွားလေပြီ။ သို့သော်လည်း တိုက်ယွမ်၏ အရှိန်အဝါမှာ ယခင်ကကဲ့သို့ အားကောင်းခြင်း မရှိတော့ဘဲ အတော်ကိုမှ အားလျော့နေခဲ့သည်။

တိုက်ယွမ် ထိုအတွက် ကြိုပြင်လာသည်မှာ ကံကောင်းသွားသည်။ အခြေအနေ မဟန်တော့မှန်း သိလိုက်သည် ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲမှ ဆေးအချို့ကို ထုတ်သောက်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင်လည်း တိုက်ယွမ် ဆေးစွမ်းအင်ကို ချေဖျက်ဖို့ရာ အဆင်ပြေစေရန် သူ့လက် အရှိန်ကို နည်းနည်း လျှော့ချလိုက်လေသည်။

သို့သော်လည်း ရန်ကိုင်နှင့် တိုက်ယွမ်တို့ နှစ်ယောက်စလုံး အချိန်အများကြီး မဖြုန်းရဲခဲ့ချေ။ ယင်ရေကန်ထဲတွင် တိုက်ယွမ် နေနေသမျှ ကာလပတ်လုံး တောက်လျှောက် အားကုန်နေပေမည်။ ထို့ကြောင့် ထိုထဲတွင် ကြာကြာနေခြင်းသည် သူမအတွက် မကောင်း၊ အနားယူမည် ဆိုလျှင်ပင် ခဏတစ်ဖြုတ် နားရုံသာ ကောင်းသည်။

အချိန်ကြာလာသည်နှင့် ပုံရိပ်တစ်ထောင်ဖန် အဆိပ်များ တိုက်ယွမ်၏ ကိုယ်ထဲမှ ပိုပို၍ ထွက်လာနေခဲ့သော်လည်း ရန်ကိုင် မှာမူ ပို၍ စိုးရိမ်လာနေခဲ့ရသည်။

ဤအဆိပ်ဖြေခြင်းဖြစ်စဉ်ကို တိုက်ယွမ် ကျော်လွှားနိုင်၊ မကျော်လွှားနိုင် ရန်ကိုင် မပြောတတ်တော့။ သူမ အသက်စွမ်းအင် ထုတ်ယူခံရပါ များလာသဖြင့် တိုက်ယွမ် အတော့်ကို အားနည်းလာပြီး ရန်ကိုင်နှင့်အတူ မနည်း လိုက်ပါ ပူးပေါင်းနေရ၏။ ဤနည်းအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် သိပ်အခြေအနေဟန်မည့်ပုံ မပေါ်။ တိုက်ယွမ်သာ ဆက်လက်၍ မတောင့်ခံနိုင်တော့ပါ သူမ ကျိန်းသေ သေရပေလိမ့်မည်။

ခုခံနိုင်မည် ဆိုလျှင်ပင် နာလန်ပြန်ယူဖို့ အရေး အချိန် အကြာကြီး ယူရပေလိမ့်မည်။

သို့သော်လည်း သူတို့တွင် နောက်ဆုတ်စရာ လမ်းမရှိ။ ရန်ကိုင် ဖြစ်စေ၊ တိုက်ယွမ် ဖြစ်စေ၊ အဆိပ်ဖြေခြင်း ဖြစ်စဉ်ကို တစ်နည်းမဟုတ်၊ တစ်နည်းဖြင့် အပြီးသတ်ရပေလိမ့်မည်။

ရန်ကိုင် စိုးရိမ်နေသည်ကို သတိပြုမိသည့်အလား ကိုယ့်ကိုယ်ပင် အနိုင်နိုင် ဖြစ်နေသော တိုက်ယွမ်က ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီး ဘီလူးမ အရှုံးပေးရလောက်သည့် အပြုံးကို ပြုံးလျက် “ငါ့တာင်ခံနိုင်တယ်၊ ဘာမှမဖြစ်ဘူး၊ နင်လုပ်စရာရှိတာသာလုပ်”

တိုက်ယွမ် ယတိပြတ်ဆုံးဖြတ်ပြီးသည်ကို သတိပြုမိသော် ရန်ကိုင် အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ ခေါင်းညိတ်လိုက်ပြီး တေဇောဓါတ်အသိစိတ်ပင်လယ်ကို သုံးကာ တိုက်ယွမ် ကိုယ်ထဲတွင် အသစ်အသစ်သော အစီအရင်အသစ်များ ခင်းကျင်းလေသည်။ ထို့နောက် ယင်ရေကန်ထဲရှိ ရေများကို စုပ်ယူ၍ တိုက်ယွမ်၏ ခန္ဓာကိုယ်အား ထိုရေများဖြင့် စတင် ဆေးကြော သန့်စင်တော့သည်။

တိုက်ယွမ် စူးစူးရှရှ ထအော်တော့လေသည်။ သူမ၏ အော်သံမှာ အကျဉ်းခန်းထဲ လူမဆန်လောက်အောင် အနှိပ်စက် ခံနေရသော အကျဉ်းသားတစ်ဦး၏ အော်သံနှယ်… ကြားလိုက်သူတိုင်း ကျောချမ်းသွားနိုင်ပေသည်။

နောက်တစ်နေ့ ကုန်ဆုံးသွားခဲ့သည်။ တိုက်ယွမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုသည် အကောင်းအတိုင်း ပြန်ဖြစ်နေလေပြီ။ တိုက်ယွမ်သည် သာမန် မိန်းမသားများ အိမ်မက်သာ မက်ရလောက်သော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသည်။ သူမ၏ အသားအရေသည် ကျောက်စိမ်းသားနှယ် ချောမွတ်၍ နူးညံ့ ပျော့ပျောင်းလှသည်။ ခန္ဓာကိုယ် အချိုးအစားများမှာလည်း မို့သင့်သည့်နေရာမို့၊ သွယ်သင့်သည့် နေရာသွယ်လျက် လုံးဝကို အချိုးကျကာ ကောက်ကြောင်း အဖြာဖြာနှင့် ပြည့်စုံသည်။ ကျောက်ပေါက်မာများ မရှိတော့သည် သူမ၏ မျက်နှာမူ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှပေသည်။ အနည်းငယ် အပြာရောင် သန်းနေသည့် အချက်မှလွဲ၍ ယခင်ကကဲ့သို့ ရုပ်ဆိုးခြင်း မရှိတော့ချေ။ ကျန်ရစ်ခဲ့သည်ကား ယောကျာ်းသား တိုင်း၏ နှလုံးသားကို ဆွဲခါပစ်နိုင်သော မှင်သက်ဖွယ်ရာ အလှတရားတို့သာ ဖြစ်လေသည်။

သူမ၏ အားနည်းနေသော အမူအရာလေးကြောင့် လက်ရှိ တိုက်ယွမ်သည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းနေခဲ့သည်။

ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် ယခင်ကတည်းက ကြိုတင် မျှော်လင့်ထားခဲ့ပြီး ဖြစ်သဖြင့် အံ့အားသင့်နေမဘဲ လုပ်စရာ ရှိသည်ကိုသာ ဆက်လုပ်နေခဲ့သည်။

ခဏအကြာတွင် ရန်ကိုင်က တေဇောဓါတ်အသိစိတ်ပင်လယ် ကို ပြန်ရုတ်သိမ်း၍ အမြန် အော်ပြောလိုက်သည် “သွေးကြက်မှိုကို မြန်မြန် စားလိုက်”

တိုက်ယွမ် သတိလစ်ချင်လုလု ဖြစ်နေလေပြီ။ မျက်ဝန်းများသည် ယခင်ကကဲ့သို့ တောက်ပနေခြင်း မရှိတော့၊ ဖျော့တော့နေခဲ့ပြီ။ လက်ရှိသူမ မည်မျှ အားနည်းနေသည်ကို သူမသာ သိသည်။ ရန်ကိုင်နှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင် နိုင်ခြင်းသည် သူမ၏ စိတ်စွမ်းအားကြောင့်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ရန်ကိုင်၏ အော်သံကို ကြာပြီးနောက် တိုက်ယွမ်၏ အကြည့် အနည်းငယ် ပြန်ကြည်လင်လာခဲ့သည်။ ချက်ချင်းပဲ သွေးကြက်မှိုရှိနေသည့် သေတ္တာလေးကို သိုလှောင် လက်စွပ်ထဲမှ အမြန်ထုတ်လိုက်သည်။ ပြီးသည်နှင့် သွေးကြက်မှိုကို ထုတ်ကာ မြိုချပစ်လိုက်သည်။ သွေးကြက်မှိုကို စားပြီးသည်နှင့် ရန်ကိုင် ပေးထားသော ကျောက်စိမ်းပုလင်းကိုပါ ချက်ချင်း ထုတ်သောက်လိုက်သည်။

ထိုအဖိုးတန်ဆေးများ သူမကိုယ်ထဲ ဝင်သွားချိန် တိုက်ယွမ်၏ အခြေအနေ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ဖြူလျော်နေသော သူမ၏ မျက်နှာ တဖြည်းဖြည်း သွေးရောင် ပြန်လွှမ်းလာသည်။ သွေးကြက်မှိုထဲတွင် ပါဝင်သော မြောက်မြားစွာသော အသက်စွမ်းအင်တို့သည် သူမ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းပြီး ကုန်ဆုံးသွားသော အသက်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးနေလေသည်။

ရန်ကိုင်သည် တိုက်ယွမ် သွေးကြက်မှိုအား ချေဖျက်ပြီးသည် အထိပင် မစောင့်တော့ဘဲ သူမ တစ်ကိုယ်လုံး တေဇောဓါတ် စိတ်စွမ်းအင်ဖြင့် တစ်ဖန် ပြန်လွှမ်းခြုံလိုက်သည်။

အောင်မြင်မည်လား၊ ရှုံးနိမ့်မည်လား ဆိုသည့် အချက်သည် လက်ရှိနောက်ဆုံး အခိုက်အတန့်များပေါ်တွင် မူတည်နေသည်။ တိုက်ယွမ်သာ မလျော့သော ဇွဲလုံ့လဖြင့် ကြံကြံခံသွားမည် ဆိုပါက သူမတွင် အောင်မြင်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်း ရှိပေသည်။ မဟုတ်လျှင်တော့ သေရပေလိမ့်မည်။

တိုက်ယွမ် ထိုအချက်ကို မည်သူ့ထက်မဆို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် ရန်ကိုင်နှင့်အတူ ချက်ချင်းပဲ ပြန်လည် ပူးပေါင်း လုပ်ဆောင်လေသည်။

ယင်ရေကန်တစ်ခုလုံး တစ်မုဟုတ်ချည်း လှိုင်းထန်လာပြီး ရေများသည် တိုက်ယွမ်၏ ကိုယ်ထဲသို့ တရဟော စီးဝင်လာရာ တိုက်ယွမ် ကိုယ်ထက် ရေခဲစလေးများ စတင် ဖြစ်ပေါ်လာရသည်။ တစ်ချိန်တည်းတွင် တလက်လက် တောက်ပနေသော အပ်မျှင် ကဲ့သို့သော အရာလေးများသည် တိုက်ယွမ်၏ ကိုယ်ထဲမှ အပြင်သို့ အဆက်မပြတ် ထွက်လာနေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၇)

ပုံရိပ်တစ်ထောင်တောင်၏ အောက်ဘက် မီတာတစ်ထောင် အနက်တွင်ရှိသော ဆယ်မီတာအကျယ်ရှိသည့် ယင်ရေကန်ထဲ၌ ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် မျက်မှောင်ကြုတ်ရင်း သူ့လက်ထဲရှိ မီးခိုးရောင်အလုံးလေးကို စိုက်ကြည့်နေခဲ့သည်။

တိုက်ယွမ်အား အဆိပ်ဖြေပေးပြီးသွားပေပြီ။ ကံကောင်းစွာဖြင့် သူမ အသက်ရှင်နိုင်ခဲ့သော်လည်း အလွန်အမင်း အားအင်ကုန်ခမ်းမှုကြောင့် အဆိပ်ဖြေပြီးသွားသည်နှင့် တစ်ခါတည်း တန်းသတိလစ်သွားသည်။ သို့ရာတွင် သတိမလစ်ခင် အလုံးလေးတစ်လုံးကို ရုတ်တရက် ထွေးထုတ်လိုက်ပြီး ‘အဲ့ဒါ ပုံရိပ်တစ်ထောင်ဖန်လုံးပဲ’ ဟုပြောသွားပြီးနောက် မေ့မြောသွား၏။

ရန်ကိုင်သည် တိုက်ယွမ်အား ယင်ရေကန်ထဲ ခေါ်ထုတ်လာပြီး သူတော်စင်ချီဖြင့် သူမ ကိုယ်ပေါ်ရှိ ရေအေးများကို ခြောက်အောင် လုပ်ပြီးနောက် သူ့ဝတ်ရုံကို သူမပေါ်တွင် ခြုံထားပေးလိုက်သည်။

ဖြစ်နိုင်လျှင် သူမအား သူမနေသည့် အခန်းဆီ ပြန်ခေါ်သွားပေးချင်မိသည်။ သို့သော် လောလောဆယ်တွင် တိုက်ယွမ်သည် အနက်ရောင် အတွင်းခံများကို ဝတ်ထားသဖြင့် ဤပုံစံနှင့် သူမအား ပြန်ခေါ်သွားဖို့ရာ သိပ်အဆင်မပြေလှချေ။

တိုက်ယွမ် သတိမလစ်ခင် ထွေးထုတ်သွားသည့် မီးခိုးရောင် အလုံးသည် ကြည့်လိုက်လျှင် ဘာမှမထူးခြားသော်ငြား သေချာ အနီးကပ် စစ်ဆေးကြည့်မည်ဆိုပါက အတွင်းပိုင်းထဲ ထောင်ပေါင်းများစွာသော ရောင်စုံအလင်းတန်းများ ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ထိုအလင်းများသည် ရန်ကိုင် မြင်ခဲ့ဖူးသည့် ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် တူပေသည်။

ပုံရိပ်တစ်ထောင်ဖန်ကို တစ်ခါမှ မမြင်ဖူးသော်ငြား ဤအလုံးလေးသည် ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို ကျင့်ကြံရန် အတွက် တိုက်ယွမ် မျိုချနေသည့် ပုံရိပ်တစ်ထောင်ဖန်နှင့် ဆက်စပ်နေရမည်မှန်း ရန်ကိုင် သိသည်။

သို‌သော် သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် တစ်ခုခု ထူးဆန်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ဤအလုံးသည် ဆေးလုံးတစ်လုံးနှင့် တူသော်လည်း ၎င်းသည် ပန်းပဲထုရာတွင် အသုံးဝင်သည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည်။ ပြောရလျှင် ဤအလုံးလေးသည် ပန်းပဲထုရာတွင်ကော၊ ဆေးဖော်စပ်ရာတွင်ပါ အသုံးဝင်နေပေသည်။

အလုံးလေးကို ကိုင်၍ သေချာစဉ်စစ်ဆေးကြည့်နေစဉ် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး အနားတွင် လဲလျောင်းနေသော တိုက်ယွမ်ဆီ လှည့်ကြည့်လိုက်သည်။

တိုက်ယွမ် မျက်ခမ်းလေးများ လှုပ်ခါလာသည်။ လက်ချောင်းများသည်လည်း လှုပ်တစ်ချက် မလှုပ်တစ်ချက် ဖြစ်လာသည်။ သူမ နိုးလာတော့မည့်ပုံပင်။

တိုက်ယွမ်၏ မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားသော မျက်နှာကိုကြည့်ရင်း ရန်ကိုင် လေးစားတကြီး သက်ပြင်းတစ်ချက် ချမိလိုက်သည်။ ပုံရိပ်တစ်ထောင်ဖန် အဆိပ်ကို မထုတ်ပယ်စဉ်က တိုက်ယွမ်၏ မျက်နှာသည် အလွန်တရာကိုမှ ကြည့်ရဆိုးလှသည်။ သို့သော် ပုံရိပ်တစ်ထောင်ဖန်အဆိပ်ကို ထုတ်ပယ်ပြီးနောက်ပိုင်း၊ တိုက်ယွမ်သည် ပြစ်မျိုးမှဲ့မထင် လှပသော အလှနတ်သမီးတစ်ပါးအဖြစ်သို့ မှော်ဆန်ဆန် ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိသူမသည် ယင်စုတျယ်ထက်ပင် ပိုမို သာလွန်ဟန်ရသည်။

ယင်ရေကန်ထဲသို့ မဝင်စဉ်က တိုက်ယွမ်သာ လက်ရှိ ပုံစံမျိုး ဖြစ်နေခဲ့မည်ဆိုလျှင် သူ့စိတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မည်ဟု ရန်ကိုင် အာမမခံရဲချေ။ သေချာ ပြန်စဉ်းစားကြည့်လိုက်သည့် အခါ ထိုကဲ့သို့သာ ဖြစ်သွားလျှင် သူတို့ အစီအစဉ် တကယ်ကို ကမောက်ကမ ဖြစ်ကုန်မည်မှန်း ရန်ကိုင်သိလိုက်သည်။ မည်သည့် ယောကျာ်းသားကများ ဝတ်လစ်စလစ် ဖြစ်နေသော လွန်စွာကိုမှ စွဲမက်ဖွယ် ကောင်းလှသည့် မိန်းမသားတစ်ယောက်၏ ညို့ငင်ဆွဲဆောင်မှုကို တောင့်ခံနိုင်မည်နည်း။

ခဏအကြာတွင် တိုက်ယွမ် နိုးလာခဲ့ပြီး ထရန် ပြင်လိုက်သည်။ သို့သော် သူမ ခန္ဓာကိုယ် အလွန် အားနည်းနေမှန်း တွေ့ရှိလိုက်ရသည်။

“မထနဲ့ဦး။ အရင် အားပြန်ဖြည့်နှင့်။ နင့်ခန္ဓာကိုယ်က အခြေအနေ သိပ်အခြေအနေကောင်းတာ မဟုတ်ဘူး” ရန်ကိုင်က ပြောလိုက်သည်။

ရန်ကိုင် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ရန်ကိုင် သူမအနီးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင်ကို မြင်သော် တစ်ခုခု ပြောမည် လုပ်လိုက်သော်လည်း မည်သည့် စကားမှ ထွက်မလာနိုင်ခဲ့ချေ။ စကားပြောရန်ကိုပင် အလွန် အားနည်းလွန်းနေခဲ့သည့် သူမပါလေတကား။

သူမ ကိုယ်ပေါ်တွင် ရှိနေသော ရန်ကိုင် အဝတ်များကို မြင်သော် သူမ မျက်ဝန်းထဲ ကျေးဇူးတင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ မျက်လုံးပိတ်၍ ကျင့်စဉ်ကို စတင် လှည့်ပတ်တော့လေသည်။

နှစ်နာရီကြာပြီးနောက် တိုက်ယွမ် ဖြည်းဖြည်းချင်း ထထိုင်သည်။ သေသေချာချာ ပြန်လည် ဝတ်စားလိုက်ပြီးနောက် အဆင့်သင့် ပြင်ထားသော သိုလှောင်လက်စွပ်ထဲရှိ ကုသရေး ဆေးလုံးများကို ထုတ်သောက်ကာ တင်ပလင်ခွေထိုင်၍ ပြန်လည် အားဖြည့်လေသည်။

တစ်ရက်ကြာပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး မျက်လုံး ဖွင့်လိုက်သည်။ ယခု သူမ၏ မျက်လုံးများ သည်ယခင်ကကဲ့သို့ ပြန်လည် တောက်ပနေခဲ့လေပြီ။ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေသေးသော်လည်း ယခင်က ကဲ့သို့ သေငယ်ဇောဆိုက်နေသည့် အမူအရာမျိုး မဟုတ်တော့။ သူမ လုံးဝဥဿုံ ပြန်ကောင်းရန် အချိန်တစ်ခုသာ လိုတော့ပေသည်။

ထိုင်နေရာမှ မတ်တပ်ထရပ်၍ ရန်ကိုင်ဆီသို့ လျှောက်သွားကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။ ထို့နောက် “ဂျူနီယာမောင်လေးရန်ကို တိုက်ယွမ် အရမ်း ကျေးဇူးတင်တာပဲ။ ဂျူနီယာမောင်လေးရန် ကြောင့်သာ မဟုတ်ရင် ဒီတစ်ကြိမ် အစ်မတိုက်ယွမ် သွားပြီ။ အခုလိ ကူညီပေးခဲ့တဲ့ ကျေးဇူးကို ဒီတိုက်ယွမ် တစ်သက် မမေ့ဘူး”

ရန်ကိုင်လည်း မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါ၍ “ကျုပ်ဘာမှ အဲ့လောက်ကြီး မကူညီခဲ့ရပါဘူးဗျာ။ အစ်မတိုက်ယွမ် ကိုယ်တိုင် ကြိုးစားခဲ့လို့ ရတာပါ။ အစ်မတိုက်ယွမ်သာ ကြံ့ကြံ့မခံခဲ့ရင် ကျုပ်ဘယ်လောက်ပဲ ကူညီကူညီ ဘာမှ ထူးမှာ မဟုတ်ဘူး”

တိုက်ယွမ်က ခေါင်းခါရမ်းလိုက်ပြီး “ဂျူနီယာမောင်လေး ငါ့ကို အရမ်း အထင်ကြီးနေတာပဲ။ ငါသာ ဂျူနီယာမောင်လေးရန်ဆီက အကူအညီ မတောင်းခဲ့ဘဲ အခြား ဆေးဆရာတစ်ယောက်ကိုသာ သွားအကူအညီ တောင်းခဲ့မယ်ဆိုရင် ငါအခု ဒီမှာ ရပ်နေနိုင်တော့မှာ မဟုတ်ဘူး။ အခြား ဘာမှမဟုတ်ရင်တောင် ဂျူနီယာမောင်လေးရန် ပေးခဲ့တဲ့ ဆေးအရည်က ငါ့ကို အတော်လေး အကူအညီ ဖြစ်စေခဲ့တယ်လို့ ပြောလို့ရတယ်။ အဲ့ဆေးအရည်ကြောင့် နောက်ဆုံး နာရီအနည်းငယ်ကို ငါ့ကြံ့ကြံ့ ခံနိုင်ခဲ့တာ”

သွေးကြက်မှိုနှင့် ရန်ကိုင် ပေးသော ဆေးအရည်ကို သောက်ပြီးနောက် ကုန်ဆုံးသွားသော အသက်စွမ်းအင်များ အလျင်အမြန် ပြန်လည့် ပြည့်ဝလာသည်ကို တိုက်ယွမ် ခံစားမိ၏။

ထိုအကြောင်းကြောင့်သာ နောက်ဆုံး အခိုက်အတန့်အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် လမ်းတစ်ဝက်လောက်ကတည်းက လက်လျှော့လိုက်ရပေပြီ။

သွေးကြက်မှိုကို စားလိုက်ရုံဖြင့် ထိုမျှ မစွမ်းနိုင်။ သွေးမှိုဆေးလုံးကို သောက်ခဲ့လျှင်တော့ ထိုကဲ့သို့ ရလဒ်မျိုးကို မလွဲမသွေ မျှော်လင့်ထားနိုင်သော်လည်း သူမ စားလိုက်သည်မှာ လုံးဝ မသန့်စင်ထားရသည့် သွေးကြက်မှို အစိမ်းသက်သက် ဖြစ်သည်။ ထို့ကြောင့် သွေးကြက်မှို အရမ်း အစွမ်းထက်ခဲ့ရခြင်းမှာ ရန်ကိုင် ပေးခဲ့သည့် ဆေးရည်ကြောင့်သာ ဖြစ်ရပေမည်။

ရန်ကိုင် ပေးခဲ့သော ဆေးရည်သည် မည်ကဲ့သို့သော ဆေးရည်မျိုး ဖြစ်သည်၊ မည်မျှ အဖိုးတန်သည်ကို တိုက်ယွမ် မသိသော်လည်း အတော်လေး အဖိုးတန်မှန်းတော့ သိသည်။ သို့သော်လည်း ရန်ကိုင်သည် ထိုဆေးရည်အကြောင်း တစ်ခွန်းပင် မဟခဲ့ချေ။ သူမအား အလကား ပေးပစ်ခဲ့သည်။

တိုက်ယွမ် ပြောသည်ကို ကြားသည့်အခါ၊ ရန်ကိုင် ငြင်းလည်း မငြင်းသလို ခေါင်းလည်း မညိတ်ခဲ့ချေ။

တိုက်ယွမ် မသိသည်ကား ထိုဆေးရည်ကို ဖော်စပ်ရန်အတွက် အဖိုးတန်ဆေးပင်များစွာကို ရန်ကိုင် အသုံးပြုခဲ့ရသော်လည်း တကယ့် အဖိုးအတန်ဆုံး ပစ္စည်းသည် ဆေးပင်များ မဟုတ်ဘဲ မြောက်မြားလှစွာသော အသက်စွမ်းအင်တို့ ကိန်းအောင်းနေသော ရန်ကိုင်၏ ရွှေရောင်သွေးစက်ပင် ဖြစ်သည်ဆိုသည်ကိုပင်။ ရန်ကိုင်၏ ရွှေရောင်သွေးစက်သည် အသက်စွမ်းအင် ယုတ်လျော့နေသော တိုက်ယွမ်သည် အကောင်းဆုံး အားဆေး တစ်မျိုး ဖြစ်ပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ အခုလို အောင်မြင်သွားတဲ့ အတွက် အစ်မတိုက်ယွမ်ကို ဂုဏ်ပြုပါတယ်နော်” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ခေါင်းစဉ် ပြောင်းလိုက်သည်။

တိုက်ယွမ်၏ မျက်နှာထက် မြင်သူတိုင်း မှင်သက်သွားနိုင်သည့် ညို့ချက်ပြင်းလှသော အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့သည်။ ထို့နောက် ပြောင်းလဲသွားသော သူမ၏ မျက်နှာကို ယင်ရေကန်ထဲ ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်နှာကို မြင်ပြီးနောက် တိုက်ယွမ်၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလာလာတော့သည်။

ရန်ကိုင်သည် တိုက်ယွမ် ပျော်နေသည်ကို သွားမနှောင့်ယှတ်ဘဲ သူမအား စိတ်ကြိုက် ပျော်ခွင့်ပေးထားကာ ဘေးနားတွင်သာ တိတ်တိတ်လေး ရပ်နေခဲ့သည်။

ခဏကြာပြီးနောက် တိုက်ယွမ်က ကန်ရေပြင်ကို လက်ဖြင့် ပုတ်လိုက်ရာ သူမ၏ မှင်သက်ဖွယ် အမူအရာလေး ရေမျက်နှာပြင်မှ ပျောက်ကွယ်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို တိုက်ယွမ်သည် သူတောစင်ချီကို လှည့်ပတ်၍ ရန်ကိုင်၏ မှင်သက်နေသည့် အကြည့်အောက်မှာပဲ သူမ၏ လှပသော ရုပ်သွင်အား ယခင် ကျောက်ပေါက်မာများဖြင့် ပြည့်နေသော မျက်နှာအဖြစ်သို့ ပြန်ပြောင်းပစ်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်မိသွား၏။

မိန်းမဆို၍ ဖြစ်လာသည်နှင့် လှချင်သည်မှာ သဘာဝသာ ဖြစ်သည်။ တိုက်ယွမ်သည်လည်း ချွင်းချက်မဟုတ်။ ထို့ကြောင့်သာ မဟုတ်လျှင် ကောင်းကင်တိုက်ပွဲ အစည်းအရုံမှ တပည့် သူမ၏ မျက်နှာကို လှောင်ပြောင်စဉ်က အလွန် ဒေါသထွက်ခဲ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခု ဤကဲ့သို့ လုပ်ခဲ့သဖြင့် သူမတွင် ကိုယ်ပိုင် အကြောင်းပြချက် ရှိရပေလိမ့်မည်။ သူနှင့် မဆိုင်သည့် ကိစ္စ ဖြစ်သဖြင့် ရန်ကိုင်လည်း သွားမေးမနေခဲ့။ သို့သော် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ ပုံစံပြောင်းလဲထားသော တိုက်ယွမ်၏ မျက်နှာကို စစ်ဆေးကြည့်သည်။ သို့သော် တိုက်ယွမ်၏ မျက်နှာမှ သူမ ရုပ်ဖျက်ထားကြောင်း ခန့်မှန်းမိစေမည့် မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့သဖြင့် ရန်ကိုင် အံ့ဩသွားခဲ့ရသည်။

တိုက်ယွမ်၏ ရုပ်ပြောင်းလဲလိုက်သည်ကို ကိုယ်တိုင် မြင်လိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုကျောက်ပေါက်မာများဖြင့် ပြည့်နေသည့် မျက်နှာသည် တိုက်ယွမ်၏ မျက်နှာ အစစ် ဖြစ်သည်ဟု သူထင်မိနေဦးမည်မှာ ဧကန်အမှန်ပင်။

ရန်ကိုင်က မမေးသော်လည်း တိုက်ယွမ်က ရှင်းပြလိုက်သည် “ဂျူနီယာမောင်လေးရန် ရယ်ချင်ရင် ရယ်လို့ရတယ်နော်။ ငါအခုလို လုပ်တာက ဒီအကြောင်းကို အခြားသူတွေ သိသွားအောင် ပြောပြဖို့ အချိန်ကောင်း မဟုတ်သေးလို့ပဲ။ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ပြီးမှ ငါ့ဆရာကို သွားပြောပြလည်း နောက်မကျသေးလို့ ငါထင်တယ်”

“အစ်မတိုက်ယွမ်က တကယ် စေ့စပ်သေချာတာပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ကောက်မေး၏ “ဒီအလုံးလေး အစ်မတိုက်ယွမ် အတွက် အသုံးလိုလားဆိုတာ ကျုပ်သိလို့ ရမလား”

ပြောပြီးသည်နှင့် ပုံရိပ်တစ်ထောင်ဖန်းလုံးကို ထုတ်လိုက်သည်။

တိုက်ယွမ်က ပုံရိပ်တစ်ထောင်ဖန်လုံးကို ကြည့်၍ ပြံဒးလျက် “ငါဒီအလုံးလေးကို ထုတ်ပဲထုတ်လိုက်ပြီး အဲ့ဒါအကြောင်း ဂျူနီယာ မောင်လေးရန်ကို မပြောပြဖြစ်လိုက်ဘူး။ အင်း ပြောရရင်တော့ ဒီအလုံးလေးက ငါ့အတွက်တော့ မွန်းစတားသားရဲတွေရဲ့ သားရဲ အမြူတေလိုပဲ”

“သားရဲအမြူတေ” ရန်ကိုင် ကြောင်သွားသည်။

“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ပုံရိပ်တစ်ထောင်ဖန် ကျင့်စဉ်က မွန်းစတားသားရဲတွေ ကျင့်ကြံတဲ့ပုံစံကို အခြေခံပြီး ဖန်တီးထားတာ မို့လို့ပဲ။ အချို့မွန်းစတားသားရဲတွေ သဘာဝ တွင်းထွက် သတ္တုတွေကို ဝါးမြိုနိုင်စွမ်းရှိတာ ဂျူနီယာမောင်လေးရန် သိတယ်မလား။ သူတို့တွေက သတ္တု အဆီအနှစ်တွေကို ဝါးမြိုပြီးတာနဲ့ အမြူတေထဲမှ သိမ်းထားကြတာ။ ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကလည်း အဲ့အတိုင်းပဲ။ ဒီအလုံးလေးဆိုတာ ငါစားလိုက်တဲ့ ပုံရိပ်တစ်ထောင် ဖန်တွေကနေ ဖန်တီးထားတာ”

တိုက်ယွမ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ သို့သော် အချက်တစ်ချက်ကို အလျင်အမြန်ပဲ နားလည်သွားပြီး ချက်ချင်းပဲ ပြန်မေးလေသည် “ဒါဆို အခု ဒီအလုံးမရှိတော့ အစ်မတိုက်ယွမ် အားနည်းသွားမှာပေါ့”

“အင်း၊ ဟုတ်တယ်။ ဒါပေမယ့် အဲ့လောက်ကြီးတော့ မဟုတ်ဘူး။ အဲ့ဒါက မွန်းစတားသားရဲ အမြူတေနဲ့ တူတယ် ဆိုပေမယ့် မွန်းစတားသားရဲ အမြူတေလောက်တော့ အရေးမကြီးဘူး။ ငါ့မှာ အချိန်နဲ့ ပုံရိပ်တစ်ထောင်ဖန်တွေသာ အလုံအလောက် ရှိမယ်ဆိုရင် ဒီလိုအလုံးလေးတွေ တောက်လျှောက် ထုတ်လို့ရတယ်”

ထိုစကားကို ကြားလိုက်သည့်အခါမှ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ဤပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို တီထွင်ခဲ့သည့် လူသည် တကယ့်ကို တော်သည့်လူပင်။ မွန်းစတားသားရဲများ ကျင့်ကြံသည့် ပုံစံအတိုင်း ကျင့်စဉ်တစ်ခု ထွင်နိုင်သည်မှာ သာမန် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

တိုက်ယွမ်က ပြုံးလျက် ရန်ကိုင်အားကြည့်ကာ ပြောလိုက်သည် “ဒီအလုံးလေးက ငါ့အတွက် အရေးကြီးတယ် ဆိုပေမယ့် အရမ်းကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဂျူနီယာ မောင်လေးရန် အတွက်တော့ အရမ်း အသုံးဝင်လိမ့်မယ်”

“အို၊ အစ်မတိုက်ယွမ် သေချာ ရှင်းပြပေးလို့ ရမလား” ရန်ကိုင်က ပြန်မေးလိုက်သည်။ ဤအလုံးလေးကို အတော်ကြာအောင် စူးစမ်းကြည့်နေခဲ့သော်လည်း ၎င်း၏ အသုံးဝင်ပုံကို ယခုထိချိန် ရှာမတွေ့သေးချေ။ အစကမူ ယန်ယန်ကို မေးမလို့ပင်။ ယခု တိုက်ယွမ်က ထိုအကြောင်း စကားစလာသဖြင့် တိုက်ယွမ်ကိုသာ မေးရန် ဆုံးဖြတ်လိုက်သည်။

“ဂျူနီယာမောင်လေးရန်သာ ဒီအလုံးလေးကို သန့်စင်လိုက်မယ် ဆိုရင် ပုံရိပ်တစ်ထောင်ဖန်အလင်းနဲ့ ပက်သက်နဲ့ ဆန်းကြယ်မှုတွေကို နားလည်လာလိမ့်မယ်။ ပုံရိပ်တစ်ထောင် ဖန်အလင်းနဲ့ ပက်သက်တာတွေကိုသာ နားလည်နိုင်မယ်ဆိုရင် တိုက်ပွဲတွေမှာ အသုံးဝင်တဲ့ ပညာရပ်တစ်ခုကို ရလာနိုင်တယ်။ ဂျူနီယာမောင်လေးရဲ့ အရည်အချင်းနဲ့ဆို အဲ့လို ပညာရပ်မျိုး ရနိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိတယ်”

“ပုံရိပ်တစ်ထောင်ဖန်အလင်း” ရန်ကိုင်၏ အမူအရာ ဝင်းပသွားခဲ့သည်။ တိုက်ယွမ်၏ အဆိပ်ဖြေပေးရန် လုပ်စဉ်က တိုက်ယွမ်ကိုယ်မှ ထုတ်လွှတ်သည် ပုံရိပ်တစ်ထောင်ဖန်အလင်း၏ စွမ်းအားကို မြည်းစမ်းခဲ့ရသည်။ ထို့ကြောင့် ထိုပုံရိပ်တစ်ထောင် ဖန်အလင်း မည်မျှ အစွမ်းထက်သည်ကို ရန်ကိုင် ရှင်းရှင်းလင်းလင်း သိထားသည်။

ပုံမှန်အားဖြင့် ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကိုသာ မကျင့်ကြံထားလျှင် ပုံရိပ်တစ်ထောင်ဖန်အလင်းကို မည်သို့မှ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဤအလုံးလေး၏ အကူအညီဖြင့် ဆိုပါက ပုံရိပ်တစ်ထောင် ဖန်အလင်းအား အသုံးပြုဖို့ရာ လုံးဝ မဖြစ်နိုင်သည်မှာ မဟုတ်တော့ချေ။ ထို့ကြောင့် ရန်ကိုင် အလွန် ပျော်သွားခဲ့ခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၈)

ထိုသို့ဆိုလျှင် တိုက်ယွမ် ပေးသည့် လက်ဆောင်သည် အလွန်ကိုမှ တန်ဖိုးကြီးသည်ဟု ပြော၍ရပေသည်။

“ဂျူနီယာမောင်လေးရန် စိုးရိမ်နေစရာ မလိုဘူး။ ဒီပုံရိပ်တစ်ထောင်ဖန်က ငါစားခဲ့တဲ့ ပုံရိပ်တစ်ထောင်ဖန်တွေနဲ့ မတူဘူး။ ဒီထဲမှာ ဘာအဆိပ်မှ မရှိဘူး။ ဂျူနီယာရန်သာ ဒါကို သေချာသန့်စင်မယ်ဆိုရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ဒါက ဂျူနီယာမောင်လေးရန်ကို ငါပေးမယ့် လက်ဆောင်ပဲ။ အခြားအဖိုးတန် ပစ္စည်းတွေ အကုန်လုံးကို အဆိပ်ဖြေဖို့အတွက် သုံးလိုက်တော့ ငါ့မှာ ဂျူနီယာမောင်လေးရန်ကို ပေးစရာဆိုလို့ ဒါပဲ ရှိတော့တယ်”

တိုက်ယွမ် ရန်ကိုင်အား မပြောခဲ့သည်ကား ထိုပုံရိပ်တစ်ထောင် ဖန်လုံးလေးသည် သူမ နှစ်နှစ်ဆယ်မက ကြိုးစားပမ်းစား အားစိုက်ထုတ် ကျင့်ကြံပြီးမှ ရရှိလာခဲ့သည့် အသီးအပွင့် ဆိုသည်ကိုပင်။ ပုံရိပ်တစ်ထောင်ဖန် ကျင့်စဉ်တွင် အသေးစား ပြီးမြောက်ခြင်း အဆင့်ကို ရောက်ရှိသွားသဖြင့် နောက်ထပ် ပုံရိပ်တစ်ထောင်ဖန်လုံး တစ်လုံးကို ထပ်ထုတ်နိုင်သော်ငြား ထိုကဲ့သို့ ထုတ်လုပ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန် ယူရပေလိမ့်မည်။

ရန်ကိုင်က ပြုံးလိုက်ပြီး “ဒီလက်ဆောင်က ကျုပ်အတွက် အရမ်းကို တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခုပဲ။ အစ်မတိုက်ယွမ်ကို ကျေးဇူးအများကြီး တင်ပါတယ်”

ပြောပြီးသည့်နောက် ပုံရိပ်တစ်ထောင်ဖန်လုံးလေးကို သိမ်းလိုက်ပြီး ကုန်ခါနီးဖြစ်နေသော ယင်ရေကန်ကို ကြည့်၍ “ပြီးသွားပြီဆိုတော့ အပေါ် ပြန်တက်ကြတော့မလား”

“အင်း။ အတော်လေး ကြာနေပြီဆိုတော့ အစ်ယန်ယန် အတော်လေး စိတ်ပူနေလောက်တယ်” တိုက်ယွမ်က ပြုံး၍ ရန်ကိုင်နှင့်အတူ အပေါ်သို့ ပြန်တက်လာခဲ့လေသည်။ မကြာမီ သူတို့နှစ်ယောက် အပေါ်သို့ ပြန်ရောက်လာခဲ့လေသည်။

တိုက်ယွမ်သည် သူ့အခန်းဆီသို့ ပြန်သွားလိုက်ပြီး ရန်ကိုင်သည်လည်း သူနားနေသည့် အခန်းဆီသို့ ပြန်လာခဲ့သည်။

ပုံရိပ်တစ်ထောင်ဖန်လုံးကို ထုတ်ကစားနေရင်း တစ်ခုခုကို စဉ်းစားမိလိုက်သည့် အလား ရန်ကိုင် မျက်နှာက်ထက် အပြုံး တစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ထိုစဉ် အခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့ပြီး အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် ယန်ယန် အထဲသို့ လမ်းလျှောက်ဝင်လာလေသည်။

“ပြီးသွားပြီလား” ယန်ယန်က မေးလိုက်သည်။

“အင်း”

“အဲ့ဒါဆို ငါတို့ပြန်သင့်ပြီ” ယန်ယန် ကြည့်ရသည်မှာ နည်းနည်း စိတ်ပူနေသည့်ပုံ ပေါက်နေခဲ့သည်။ သို့သော် တိုက်ယွမ် ရန်ကိုင်ဆီမှ မည်သို့သော အကူအညီ တောင်းခဲ့သလဲ ဆိုသည်ကို မမေးခဲ့ချေ။

“ဘာဖြစ်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

“ဘာမှမဖြစ်ဘူး။ ဒါပေမယ့် အရမ်း အကြာကြီး ဆက်နေတာ ကောင်းတယ်လို့တော့ ငါမထင်ဘူး။ ရှောင်ရှောင်သွားတာ ခုနှစ်ရက်၊ ရှစ်ရက်လောက် ရှိနေပြီ။ အခုထိ ပြန်မလာသေးဘူး။ အခုအချိန်လောက်ဆို သူပြန်လာသင့်နေတာ။ အရမ်းကြီး လောဘကြီးလွန်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”

ယန်ယန် ပြောသည်မှာ ဟုတ်ပေသည်။ ထို့ကြောင့် ရန်ကိုင်လည်း ခေါင်းညိတ်င “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ မနက်ကျရင် ပြန်ကြတာပေါ့”

လက်ရှိတွင် သူတို့သည် ပုံရိပ်တစ်ထောင်တောင် အတွင်းပိုင်းထဲ၌ ရှိနေသော်လည်း အပြင်ဘက်ရှိ အခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်နိုင်ပေသည်။ ထို့ကြောင့် ညအချိန်သာ ရှိသေးမှန်း ရန်ကိုင် သိလိုက်ခြင်း ဖြစ်သည်။ ညသန်းခေါင်ကြီး ထွက်သွားဖို့ရာ သိပ်မသင့်တော်လှ။ ထို့ကြောင့် မနက်ရောက်သည် အထိ စောင့်ပြီး မနက်ရောက်မှ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ယန်ယန်လည်း သူ့အခန်းဆီသို့ ပြန်သွားလေသည်။

ငြိမ်းချမ်းသော တစ်ညတာ ကုန်ဆုံးသွားပြီးနောက် သူပြန်တော့မည့် အကြောင်းကို တိုက်ယွမ်အား ရန်ကိုင် အကြောင်းကြားလိုက်သည်။ တိုက်ယွမ်သည် ရန်ကိုင်အား ရက်နည်းနည်းလောက် ထပ်နေခိုင်းသော်လည်း ရန်ကိုင်သည် သူ့စိတ်ထဲ အပြစ်မကင်း ခံစားနေရသည် ဖြစ်လေရာ မည်ကဲ့သို့ ဆက်နေနိုင်တော့မည်နည်း။

ရန်ကိုင်အား ပြောမရတော့သည့်အဆုံး တိုက်ယွမ်လည်း သဘောမတူချင် တူချင်ဖြင့် သဘောတူလိုက်ရသည်။ ထို့နောက် ရန်ကိုင်နှင့် ယန်ယန်က ဂိုဏ်းအပြင်ဘက်သို့ ရောက်သည်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလေသည်။

အပြန်လမ်းတွင် နောက်ထပ် လအနည်းငယ်လောက် အနားယူပြီးနောက် အားပြန်ပြည့်ပြီ ဆိုသည်နှင့် တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်မည်ဖြစ်ကြောင်းကို တိုက်ယွမ်က ရန်ကိုင်အား ပြောပြခဲ့သည်။ တန်ခိုးရှင်အဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့ပြီ ဆိုပါက နဂါးလိုဏ်ဂူတောင်ဆီ လူကိုယ်တိုင် လာပြီး သူ့အား ကျေးဇူးတင်ဦးမည်ဟု ပြောသွားသေးသည်။

ရန်ကိုင်လည်း သဘောတူလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် မိုးချိန်းသံတမျှ ကျယ်လောင်သော အသံတစ်သံ သလင်းကျောက်တောင်တန်းမှ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ရောင်စုံအလင်းတန်းတစ်ခု ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။ မီတာထောင်ပေါင်း များစွာ ဝေးကွာသော နေရာတွင် ရှိနေသော်လည်း သုံးယောက် စလုံး ထိုအလင်းတန်းကို သေသေချာချာ မြင်လိုက်ရသည်။

“ပုံရိပ်တစ်ထောင်ဖန်တောင်” ရောင်စုံအလင်းတန်းကို လှမ်းကြည့်နေရင်း တိုက်ယွမ်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အလန့်တကြား ဆိုလိုက်သည်။ အလင်းတန်း ထွက်ပေါ်လာသည့် နေရာသည် ပုံရိပ်တစ်ထောင်တောင် ရှိနေသည့် နေရာ ဖြစ်သည်။ တောင်ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင် မတည်မငြိမ် ဖြစ်လာသဖြင့် ပုံရိပ်တစ်ထောင်ဖန် အလင်း လွတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင် အမူအရာလည်း ပြောင်းလဲသွားပြီး ယန်ယန်နှင့် မသိမသာ အကြည့်ချင်း ဖလှယ်လိုက်သည်။ နှစ်ယောက်စလုံး၏ စိတ်ထဲ ခန့်မှန်းချက်ကိုယ်စီ ရှိနေခဲ့ပြီးလေပြီ။ သို့သော်လည်း မကြာမီ ရန်ကိုင်၏ အမူအရာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး တိုက်ယွမ်အား မေးလိုက်သည် “ပုံရိပ်တစ်ထောင်ဖန်တောင် တစ်ခုခု ဖြစ်သွားတာလား”

“အင်း။ ဘာဖြစ်သွားလဲတော့ ငါလဲ သေချာမသိဘူး။ ဒါပေမယ့် တောင်ပတ်လည်မှာ ခင်းကျင်းထားတဲ့ အစီအရင် အသက်ဝင်သွားတဲ့ပုံပဲ။ ဂျူနီယာမောင်လေးရန်ရေ၊ နင်တို့ကို အားနားလိုက်တာ။ ဒီလောက်အထိပဲ ငါလိုက်ပို့နိုင်တော့မယ်နဲ့ တူတယ်။ ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို ငါကျင့်ကြံထားတာ ဆိုတော့ ငါချက်ချင်းသွားမှ ရတော့မယ်။ မောင်လေးရန်နဲ့ ညီမလေးယန်ယန်ကို ဒီကနေပဲ နှုတ်ဆက်တယ်နော်”

“ဘာမှမဖြစ်ဘူး။ သွားလေ။ ဒီလို ကိစ္စကြီး ဖြစ်သွားတာ အစ်မတိုက်ယွမ် မသွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျုပ်တို့လည်း ဂိုဏ်းအပြင်ဘက် ရောက်တော့မှာပဲကို။ ဒီလမ်းအတိုင်း ဆက်သွားလိုက်ရင် ရောက်နေပြီပဲဟာ။ အစ်မတိုက်ယွမ် စိတ်ပူမနေနဲ့။ သွားစရာ ရှိတာသာသွား” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို ကျေးဇူးပဲနော်။ ငါအဆင့်ချိုးဖျက်ပြီးတာနဲ့ နဂါးလိုဏ်ဂူတောင်ဆီ ကျန်းသေ လာခဲ့မယ်။ အဲ့အခါကျမှ စကားကောင်းကောင်း ပြောကြတာပေါ့” တိုက်ယွမ်က တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်ပြီးနောက် ချက်ချင်းပဲ အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းကာ ရောင်အစုံ အလင်းတန်း ထွက်ပေါ်ရာ အရပ်ဆီ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။

သူမပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ရန်ကိုင်က ယန်ယန်၏ လက်ကို ဆွဲ၍ “သွားကြမယ်”

ပြီးနောက် ကြယ်လွန်းပျံများကို ထုတ်ကာ အလျင်အမြန် ခရီးနှင်ကြလေသည်။ ရောင်စုံအလင်းတန်းများ ဘာကြောင့် ထွက်ပေါ်လာရသလဲ ဆိုသည်ကို သူတို့ မသိသော်လည်း ကျောက်တုံး ရုပ်သေးရုပ်နှင့် တစ်မျိုးတစ်ဖုံ ပက်သက်နေလိမ့်မည် မှန်း ခန့်မှန်းမိသည်။

ကံကောင်းစွာဖြင့် ယနေ့ ပြန်ရန် ဆုံဖြတ်မိလိုက်သည်။ မဟုတ်သာ မဟုတ်လျှင် ဖန်သွေးရောင်ဂိုဏ်းမှ ထွက်လာရန် လွယ်တော့မည် မဟုတ်ချေ။ တိုက်ယွမ်က အာမခံပေးမည် ဖြစ်သဖြင့် သူတို့အတွက် ဘာပြဿနာမှ မရှိနိုင်သော်လည်း သဲလွန်စ တစ်စုံတစ်ရာကိုသာ ဖန်သွေးရောင်ဂိုဏ်းမှ ရှာတွေ့သွားခဲ့လျှင် သူတို့အား လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထိုအခါကျ တိုက်ယွမ်လည်း ဘာမှ တတ်နိုင်တော့မည် မဟုတ်။

တစ်ချိန်တည်းတွင် ပုံရိပ်တစ်ထောင်ဖန်တောင် ဘေး၌ တန်ခိုးရှင်အဆင့် ပညာရှင်များစွာ စုဝေးနေကြသည်။ ထိုထဲတွင် အနည်းဆုံး တန်ခိုးရှင် တတိယအဆင့် ပညာရှင် ဆယ်ယောက် ရှိပေသည်။

ထိုထဲမှ ပညာရှင်တစ်ဝက်သည် ပုံရိပ်တစ်ထောင်ဖန်တောင် ဘေးတွင် ခေါက်တုန့်ခေါက်ပြန် သွားလာနေရင်း ထွင်းဖောက် မြင်နေရသော အကြည်ရောင် အရံအတားထဲသို့ သူတော်စင်ချီများ ပို့လွှတ်နေကြသည်။ သူတော်စင်ချီများစွာ ရရှိလိုက်သည့် အတွက်ကြောင့် မငြိမ်မသက် ဖြစ်နေသော အရံအတားသည် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့ပြီး ၎င်းဆီမှ အားကောင်းသော ဖိနှိပ်အားတို့ ထွက်ပေါ်လာခဲ့သည်။ ထိုဖိနှိပ်အားသည် ကောင်းကင်ပေါ်သို့ ထိုးထွက်နေသော ရောင်စုံ အလင်းတန်းများကို အရံအတားထဲသို့ တဖြည်းဖြည်း ပြန်လည် ဖိနှိပ်ပစ်လိုက်လေသည်။

ကျန်သည့် တန်ခိုးရှင်အဆင့် တစ်ဝက်သည်လည်း အရေးကြုံလျှင် ဝင်ကူနိုင်ရန် သူတို့၏ သူတော်စင်ချီကို ကြိုတင် စုစည်းထားကြသည်။

“ဘာဖြစ်တာလဲ” နားပင်မတတ် ကျယ်လောင်သည့် အသံနှင့် အတူ မုတ်ဆိတ်ဖြူရှည်ကြီးနှင့် ဆံပင်အားလုံး ဖြူစွတ်နေသည့် ခပ်ပိန်ပိန် လူအိုကြီးတစ်ယောက် ပေါ်လာခဲ့သည်။

ထိုလူအိုကြီးကို မြင်လိုက်သည့်အခါ တန်ခိုးရှင်အဆင့် ပညာရှင် အားလုံး ချက်ချင်း လက်သီးဆုပ် နှုတ်ဆက်လိုက်သည် “ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

ထိုလူအိုကြီးသည် ဖန်သွေးရောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကုန်းရှင်းဟယ်ပဲ ဖြစ်လေသည်။

ကုန်းရှင်းဟယ်က သူ့လက်ကို ဝှေ့ရမ်း၍ ထိုကဲ့သို့ လုပ်စရာ မလိုကြောင်း ပြောလိုက်ပြီးနောက် အလျင်အမြန် ပျံသန်းလာနေသော တန်ခိုးရှင်တတိယအဆင့် ပညာရှင် နှစ်ယောက်ဆီ လှမ်းကြည့်လိုက်သည်။

တစ်ယောက်သည် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဖြစ်သည်။ သူ့အသက်အတိအကျကို ပြောဖို့ ခက်သော်လည်း လောကဓံတရားကို ခံခဲ့ဖူးရသော လူတစ်ယောက်၏ မျက်လုံးများနှယ် ထင်မှတ်ရသော သူ့မျက်လုံးများအရ ထိုလူ အသက်မငယ်ကြောင်း သိနိုင်ပေသည်။

အမျိုးသမီးကမူ လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦး ဖြစ်သည်။ အနည်းငယ် အသက်ကြီးသော်လည်း စွဲမက်ဖွယ် ကောင်းသော အလှတရားကို ပိုင်ဆိုင်ထားဆဲပင်။

ထိုနှစ်ယောက် ကုန်းရှင်းဟယ်ရှေ့သို့ ရောက်လာပြီးနောက် သူ့အား လေးလေးစားစား နှုတ်ဆက်လိုက်သည်။

“အကြီးအကဲမာ၊ အကြီးအကဲတု၊ မင်းတို့ နှစ်ယောက် ဒီနေရာကို စောင့်ရှောက်နေတာ ကြာပြီမလား၊ အခု ဘာတွေ ဖြစ်‌သွားတာလဲ” ကုန်းရှင်းဟယ်က ထိုနှစ်ယောက်ကို အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။

အကြီးအကဲမာဆိုသော သက်လတ်ပိုင်းလူကြီးသည် အကြီးအကဲတု ဆိုသော သက်လတ်ပိုင်း အမျိုးသမီးနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် အကြီးအကဲမာ ဆိုသူက လက်သီးလက်ဖဝါး ပူးကပ်လျက် “ဒီလိုပါ ဂိုဏ်းချုပ်၊ မနေ့ညတုန်းက ဘာကြောင့်မှန်းမသိဘူး၊ ပုံရိပ်တစ်ထောင်ဖန် တောင် ဘေးပတ်လည်မှာ ခင်းထားတဲ့ အစီအရင် အားပျော့လာတယ်လို့ အကြီးအကဲတုက ပြောလာလို့ ကျုပ်လည်း တောင်ပြိုသားရဲကို ချက်ချင်း သွားစစ်းခိုင်းလိုက်ပါတယ်။ ဒါပေမယ့် တောင်ပြိုသားရဲကို လွှတ်လိုက်ပြီး ခဏပဲကြာတယ်၊ တောင်းပြိုသားရဲကို ဆက်သွယ်လို့ မရတော့ပါဘူး။ ကျုပ်ဘယ်လောက်ပဲ ကြိုးစားဆက်သွယ်ဆက်သွယ် မရခဲ့တာ အခုထိပါပဲ။ တောင်ပြိုသားရဲကို ကြိုးစားဆက်သွယ် ကြည့်နေရင်း ဒီနေရာကနေ ရောင်စုံအလင်းတန်းတွေ ရုတ်တရက် ထွက်ပေါ်လာတာကို မြင်လိုက်လို့ အစီအရင် ထိခိုက်သွားပြီမှန်း သိလိုက်တာနဲ့ ချက်ချင်း အပြေးလာခဲ့တာပါ”

“အစီအရင် ထိခိုက်သွားတာ ဟုတ်လား” ကုန်းရှင်းဟယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်မေးလိုက်လေသည် “ငါတို့ နှစ်တိုင်း အစီအရင်ကို အားဖြည့်ပေးနေတာပဲ။ နှစ်ပေါင်း တစ်ရာအတွင်း ဒါမျိုး တစ်ခါမှ မဖြစ်ဖူးတာကို အခုကျမှ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလို ထဖြစ်ရတာလဲ”

“အဲ့ဒါက…” အကြီးအကဲမာ မည်ကဲ့သို့ ပြန်ဖြေလို့ ပြန်ဖြေရမှန်း မသိတော့ပေ။

အကြီးအကဲမာ၏ အမူအရာကို မြင်သော် သူဆက်မေးနေ၍လည်း ဘာမှ ထူးလာမည်မှန်း မဟုတ်မှန်း ကုန်းရှင်းဟယ် သိလိုက်သည်။ ထို့ကြောင့် အကြီးအကဲတု ဆိုသူဘက်သို့ လှည့်၍ မေးလိုက်လေသည် “အကြီးအကဲတုန်၊ ကျုပ်တို့မှာ တောင်ပြိုသားရဲ တစ်ကောင်ပဲ ရှိတာလား”

အကြီးအကဲတုဆိုသူက ခါးသက်စွာပြုံးလျက် “ဟုတ်တယ်၊ ဂိုဏ်းချုပ်။ အများကြီး ရှိတယ်ဆိုပေမယ့် တစ်ကောင်ပဲ ပုံရိပ်တစ်ထောင်ဖန်အလင်းကို ခုခံနိုင်တယ်။ ကျန်တဲ့ ကောင်တွေက အရွယ်မရောက်ကြသေးဘူး။ အဲ့သားရဲတွေကို ပုံရိပ်တစ်ထောင်ဖန်တောင်ကို စောင့်ရှောက်ဖို့အတွက် ဆိုပြီး သားရဲဂိုဏ်းကနေ သီးသန့် ဝယ်လာခဲ့တာ။ ဒါပေမယ့် အဲ့ကောင်တွေက အဲ့သားရဲတွေကို ဘယ်လို ပျိုးထောင်ရမယ်၊ ထိန်းချုပ်ရမလဲ ဆိုတာ အတိအကျ မပြောပြဘူး”

“ဒီတော့ တောင်အောက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ ငါတို့ မသိနိုင်ဘူးပေါ့” ကုန်းရှင်းဟယ် မကျေမနပ် ဖြစ်သွားသည်။

အကြီးအကဲမာနှင့် အကြီးအကဲတုတို့ ဘာမှ ထပ်မပြောဘဲ ခေါင်းသာ ငုံ့လိုက်ကြသည်။

“ဘာလို့ အခုလို ဖြစ်ရတာလဲ ဆိုတာကိုကော သိလား” ကုန်းရှင်းဟယ်က ထပ်မေးလိုက်သည်။

ယခုမေးခွန်းကိုလည်း အကြီးအကဲနှစ်ယောက် မဖြေနိုင်ချေ။

ထိုအခြင်းအရာကို မြင်သော် အခြား အကြီးအကဲ တစ်ယောက်က “အရံအတား ဘာလို့ အခုလို ဖြစ်သွားရလဲ ကျုပ်တို့ မသိပေမယ့် အခုလောလောဆယ် အရေးအကြီးအဆုံးက ပုံရိပ်တစ်ထောင်ဖန်အလင်းကို ဖိနှိပ်ထားနိုင်ဖို့ပဲ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အစီအရင်တစ်ခုလုံး ပြိုကျသွားလိမ့်မယ်။ အဲ့အခါကျ တောင်ကိုလည်း ဆုံးရှုံးရပြီပဲ။ ပုံရိပ်တစ်ထောင် ဖန်အလင်းကို ဖိနှိပ်နေတဲ့အချိန် ဂိုဏ်းထဲကို ဝင်လာတဲ့ အပြင်လူတွေ အကုန်လုံးကို စစ်ဆေးကြည့်ရမယ်။ ဒီကိစ္စသာ မတော်တဆ တစ်ခုခု မဟုတ်လို့ကတော့ အဲ့အပြင်လူတွေထဲက တစ်ယောက်နဲ့ ပက်သက်နေမှာ သေချာသလောက် ရှိတယ်”

“ဟုတ်တယ်” နောက်တစ်ယောက်က ဝင်ထောက်ခံလိုက်သည်။

ကုန်းရှင်းဟယ်က ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် ပထမဆုံး စကားဝင်ပြောလိုက်သည့် အကြီးအကဲကို ကြည့်၍ ခေါင်းညိတ်ကာ “ဒါဆို အပြင်လူတွေ စုံစမ်းဖို့ ကိစ္စကို မင်းဆီပဲ လွှဲထားလိုက်မယ်။ ဂိုဏ်းထဲဝင်လာတဲ့ ဘယ်အပြင်လူကိုမှ ပြန်သွားခွင့် မပေးနဲ့ဦး။ ဒါပေမယ့် သူတို့ကိုလည်း ဒုက္ခရောက်အောင် မလုပ်နဲ့။ သူတို့ထဲက တစ်ယောက်ယောက် လက်ချက် ဆိုရင်တော့ ဘယ်သူကများ ကျားအသည်းစားထားလဲ ငါသိချင်မိတယ်”

“ဟုတ်ကဲ့ပါ” ထိုအကြီးအကဲ ချက်ချင်းပဲ ထွက်သွားလေသည်။

ထိုစကားကို ကြားသော် မနီးမဝေးတွင် ရှိနေ‌သော ယင်စုတျယ် ပြုံးသွားခဲ့ပြီး တစ်ခုခုကို တင်ပြချင်နေသည့် အလား ထိုအကြီးအကဲနောက်သို့ ချက်ချင်း ပြေးလိုက်သွားလေသည်။

တစ်ချိန်တည်းတွင် နောက်ထပ် ကျော့ရှင်းငယ်ရွယ်ဟန် ထင်ရသော အမျိုးသမီးတစ်ယောက် ထွက်လာပြီး ကုန်းရှင်းဟယ်ဆီ လျှောက်သွားကာ ပြောလိုက်သည် “ဂိုဏ်းချုပ်၊ ဒေါသထိန်းပါဦး။ တကယ်တော့ တောင်ပြိုသားရဲအပြင်၊ အောက်မှာ ဘာတွေ ဖြစ်သွားလဲ ဆိုတာကို စစ်ဆေးနိုင်တဲ့ အခြား နည်းလမ်းတစ်ခု ရှိပါသေးတယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၇၉)

ကုန်းရှင်းဟယ်က ထိုအမျိုးသမီးကို စောင်းကြည့်၍ ခေါင်းညိတ်ကာ မေးလိုက်သည် “ဖူအာ၊ သမီး ဘယ်နည်းလမ်းကို ပြောချင်နေတာလဲ”

အမျိုးသမီးက ပြုံး၍ “ကျွန်မ တပည့်တွေထဲမှာ ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို ကျင့်ကြံထားတဲ့ တပည့် တစ်ယောက် ရှိတယ် ဆိုတာကို အဖေ မေ့နေတာလား”

အမျိုးသမီးသည် ကုန်းရှင်းဟယ်၏ သမီး ဖြစ်ပေသည်။ သိုသော် နှစ်ယောက်စလုံးသည် တန်ခိုရှင်းတတိယအဆင့်များ ဖြစ်ကြသည်။ ဤသည်မှာ အရိပ်ကြယ်ပေါ်တွင် သဘာဝသာ ဖြစ်သည်။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ပြီးသည်နှင့် နောက်တစ်ဆင့်သို့ ဆက်မတက်နိုင်တော့ပေ။ ထို့ကြောင့် အချိန် ကြာလာပြီးသည့်နောက် လူငယ်မျိုးဆက်များသည် လူကြီး မျိုးဆက်များနှင့် ကျင့်ကြံခြင်း အဆင့် တူလာကြသည်။

အမျိုးသမီးသည် တိုက်ယွမ် ရန်ကိုင်အား ပြောခဲ့သည့် သူမ၏ ဆရာဆိုသူ ကုန်းအောင်ဖူ ဖြစ်ပေသည်။

“ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်…” ထိုကျင့်စဉ်ကို ကြားလိုက်ချိန် ကုန်းရှင်းဟယ်၏ မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ အခြား အကြီးအကဲများသည်လည်း အတူတူပင်။ အားလုံးသည် တစ်ခုခုကို သတိရလိုက်သည့်နှယ် သူ့တို့၏ အကြည့်တို့ ရှုပ်ထွေးသွားခဲ့ကြသည်။

“ပုံရိပ်တစ်ထောင်တောင်မှာ အခုနေနေတဲ့ ဂျူနီယာကို ပြောတာလား” ကုန်းရှင်းဟယ်၏ အကြည့် အလျင်အမြန်ပဲ ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီး အမျိုးသမီးကို ပြန်မေးလိုက်သည်။

“ဟုတ်တယ်” ကုန်းအောင်ဖူ ခေါင်းညိတ်လိုက်သည်။

“သူအခု ဘယ်မှာလဲ”

“ကြည့်ရတာ သူဒီကိုလာနေပြီနဲ့ တူတယ်” ကုန်းအောင်ဖူက အလျင်အမြန် ချဉ်းကပ်လာနေသော မိုးပြာရောင် အလင်းတန်းဆီ လှမ်းကြည့်လိုက်သည်။

ခဏကြာပြီးသည့်နောက် မိုးပြာရောင်အလင်းတန်း အားလုံးရှေ့ ရပ်တန့်သွားခဲ့ပြီး လူတစ်ယောက် ပေါ်လာခဲ့သည်။

ထိလူမျက်နှာကို မြင်လိုက်သည့် အချိန်တွင် အကုန်လုံး၏ မျက်နှာ အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားလေသည်။

ယခု ရောက်လာသည့်လူသည် အခြားမဟုတ်၊ တိုက်ယွမ်သာ ဖြစ်သည်။ သို့သော် ဂိုဏ်းအကြီးအကဲများ‌ရှေ့ ရောက်နေသည့်တိုင် ထိတ်လန့်စိုးရိမ်ဟန် မပြဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ “ပုံရိပ်တစ်ထောင်တောင်က တပည့်တိုက်ယွမ် ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

ကုန်းရှင်းဟယ်က အသာအယာသာ‌ ခေါင်းညိတ်လိုက်ပြီး မည်သည့် စကားမှ မပြောခဲ့ချေ။

ထို့နောက် တိုက်ယွမ်သည် ကုန်းအောင်ဖူနှင့် အခြားသော အကြီးအကဲများကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

တိုက်ယွမ်၏ ခန္ဓာကိုယ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်မိသည့် အခိုက် ကုန်းအောင်ဖူ မျက်မှောင် ကြုတ်သွားပြီး သင်္ကာမကင်း အမူအရာဖြင့် “ယွမ်အာ၊ ဒီရက်ပိုင်း သမီး ဘာတွေ လုပ်နေတာလဲ။ ဘာလို့ သမီး ခန္ဓာကိုယ် အားနည်းနေတာလဲ”

တိုက်ယွမ်က ဦးညွှတ်၍ ပြန်ပြောသည် “တပည့် ကျင့်ကြံနေရင်း မတော်တဆ တစ်ခုခု ဖြစ်သွားတာပါ။ ဒါပေမယ့် အဲ့လောက်ကြီး မဟုတ်ပါဘူး။ အခုလို စိုးရိမ်ပေးတဲ့ အတွက် ဆရာကို ကျေးဇူးအများကြီး တင်ပါတယ်”

သူမ စကားလုံးများသည် ယဉ်ကျေးဟန် ရသော်လည်း မည်သူမဆို သူမ ဝတ်ကျေတန်းကျေ ပြန်ပြောနေမှန်း သိနိုင်သည်။

ထိုကြောင့် ကုန်းရှင်းဟယ် မျက်မှောင် ကြုတ်မိသွားသည်။ သို့သော် ထိုအရာကို ဂရုစိုက်မနေဘဲ လျင်အမြန်ပဲ မေးလိုက်သည် “ဒီတောင်အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာကို နင်စစ်ဆေးနိုင်တယ်လို့ နင့်ဆရာက ပြောတယ်။ အဲ့ဒါ အမှန်ပဲလား”

“ပုံရိပ်တစ်ထောင်ဖန်တောင်အောက်ကို စစ်ဆေးရဖို့”

“ဟုတ်တယ်။ ငါတို့အားလုံးက ဒီအောက်က အစီအရင် ထိခိုက်သွားတယ်လို့ ထင်နေကြတာ။ ဒါပေမယ့် မတော်တဆ ထိခိက်သွားတာလား၊ တစ်ယောက်ယောက်က တမင်တကာ လုပ်လိုက်လို့ ထိခိုက်သွားတာလား မပြောနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် နင့်ကို တောင်အောက်ဘက်ကို စစ်ဆေးခိုင်းချင်တာ၊ အဆင်မပြေတာရှိလား”

“ဂိုဏ်းက ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ အခု ဂိုဏ်းက အကူအညီ လိုနေပြီဆိုမှတော့ ဒီတိုက်ယွမ်ဘက်က မကူညီပေးလို့ ဘယ်ဖြစ်ပါ့မလဲ” တိုက်ယွမ်က ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့် အခိုက် ကုန်းအောင်ဖူ တစ်ခုခု ပြောရန် လိုက်လုပ်သော်ငြား၊ သေချာ ပြန်စဉ်းစားကြည့်ပြီးနောက် မပြောတော့ဘဲ အခြားတစ်ခုသာ ပြောလိုက်သည် “အဲ့လိုဆိုမှတော့ အောက်ဘက်ကို စစ်ဆေးကြည့်ပြီး ဘာတွေ ဖြစ်နေလဲ ငါတို့ကို ပြန်ပြောပေး”

“တပည့် နားလည်ပါတယ်” ပြီးသည်နှင့် တိုက်ယွမ် ချက်ချင်း မျကလုံးပိတ်၍ သူမ၏ ကျင့်စဉ်ကို လှည့်ပတ်လိုက်လေသည်။ မကြာမီ ပုံရိပ်တစ်ထောင်ဖန်တောင်မှ လွတ်ထွက်လာသော ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် တူညီသော အလင်းတို့ တိုက်ယွမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေသည်။ မတူသည်ကား တိုက်ယွမ်ကိုယ်မှ ထွက်လာသည့် အလင်းသည် ပုံရိပ်တစ်ထောင်ဖန်တောင်မှ ထွက်လာသည်နှင့် အလင်းနှင့် ယှဉ်လျှင် လွန်စွာကိုမှ အားပျော့နေခြင်း ဖြစ်သည်။

ထိုအလင်းသည် တိုက်ယွမ်၏ ခန္ဓာကိုယ်ကို ဝန်းရံနေပြီးနောက် ရုတ်တရက် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းကာ ပုံရိပ်တစ်ထောင်ဖန်တောင်ထဲသို့ တိုးဝင်သွားသည်။

အကြီးအကဲများစွာတို့သည် ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို တစ်ခါမှ မမြင်ဖူးသဖြင့် စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။ ပုံရိပ်တစ်ထောင်ဖန်အလင်းသည် စိတ်စွမ်းအင်ကို ကန့်သတ် ချုပ်နှောင်နိုင်သလို ဓါတ်ကြီးငါးပါးဖြင့်လည်း ဖိနှိပ်၍ မရသဖြင့် သူတို့အားလုံး၏ ကျင့်ကြံခြင်းသည် တိုက်ယွမ်ထက် ပိုမြင့်နေလျှင်ပင် တောက်အောက်ခြေအား မစစ်ဆေးနိုင်ချေ။

သို့သော်လည်း တိုက်ယွမ်သည် သူတောစင်ဘုရင် တတိယ အဆင့်သာ ရှိသေးသည့်တိုင် ထိုအလုပ်ကို အလွယ်တကူ လုပ်နိုင်၏။

ထိုကျင့်စဉ်ကို သူတို့ မည်မျှပင် စိတ်ဝင်စားနေကာမူ ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို ကျင့်ကြံလျှင် ရင်ဆိုင်ရမည့် ဘေးထွက်ဆိုးကျိုးများ၊ အန္တရာယ်များကို သိထားသည့်အတွက် မည်သူမှ ထိုကျင့်စဉ်ကို အရဲစွန့်၍ မကျင့်ကြံရဲကြပေ။

ခဏအကြာတွင် တောင်အတွင်းပိုင်းထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တိုက်ယွမ် ကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သော် အကြီးအကဲအားလုံး၏ အကြည့် တိုက်ယွမ်ပေါ် စုပြုံလာပြီး သူမ ဘာပြောမည်လဲကို စောင့်နေလိုက်ကြသည်။

သို့သော်လည်း တိုက်ယွမ်သည် ချက်ချင်း မျက်လုံး ပြန်မဖွင့်ခဲ့။ ခဏကြာမျှသာ မျက်လုံးဖွင့်၍ ဦးညွှတ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်နဲ့ ဆရာ့ကို တင်ပြပါတယ်။ ပုံရိပ်တစ်ထောင်ဖန်တောင်အောက်မှာ ရှိနေတဲ့ အရံအတားက တကယ်ပဲ ထိခိုက်သွားတာပါ။ အရံအတား ထိခိုက်နေတဲ့ နေရာမှာ မွန်းစတားသားရဲတစ်ကောင် ရှိနေပါတယ်။ အဲ့မွန်းစတားသားရဲက အရံအတားကို သွားထိမိလို့ အရံအတားသတ်တာ ခံလိုက်ရပြီး အရံအတားလည်း ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်”

“မွန်းစတားသားရဲ” မျိုးရိုးနာမည်တုနှင့် အမျိုးသမီး ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်မေးလိုက်သည် “တောင်သယ်သားရဲများ ဖြစ်နေမလား”

“မဖြစ်နိုင်ဘူး” အကြီးအကဲမာက ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် “တောင်သယ်သားရဲကြောင့် အရံအတား ထိခိုက်သွားတာ မဖြစ်လောက်ဘူး။ တောင်သယ်သားရဲ အဲ့အောက်ဘက်ကို စစ်ဆေးနေတာ တစ်ကြိမ်၊ နှစ်ကြိမ်မှ မကတော့တာ။ အမြဲတမ်း ဘာမှ ဖြစ်ခဲ့တာလည်း မဟုတ်ဘူး။ အခုကျမှ ဘယ်လိုလုပ်ပြီး အဲ့လို ထဖြစ်ရမှာလဲ”

အကြီးအကဲတုက တိုက်ယွမ်ကို ကြည့်၍ ယဲ့ယဲ့လေး ပြုံးလျက် “ဂိုဏ်းတူတူမလေး၊ နင်မှားနေတာများလား။ တောင်သယ်သားရဲက ဒီနေရာမှာ သုံးဖို့အတွက်ကို သားရဲများဂိုဏ်းကနေ သီးသန့် ဝယ်လာခဲ့တာ။ အဲ့သားရဲကြောင့် အရံအတား ပျက်စီးသွားတယ် ဆိုတာ မဟုတ်နိုင်လောက်ဘူးလားလို့”

“ဘာဖြစ်သွားလဲ ဆိုတာကို ကျွန်မလည်း သေချာ မသိဘူး။ ကျွန်မ မြင်တာကိုပဲ ပြန်တင်ပြတာ။ အကြီးအကဲတု မယုံဘူးဆိုရင် အခြားနည်းလမ်းနဲ့ စစ်ဆေးကြည့်ပေါ့” ပြောပြီးသည့်နောက် တိုက်ယွမ်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ပုံရိပ်တစ်ထောင် ဖန်အလင်းကို အသုံးပြုလိုက်သည့် အတွက်ကြောင့် သူမ အတော်လေး အားကုန်သွားခဲ့ရသည်။

အကြီးအကဲတု ရှက်ရှက်နှင့်သာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ သူတို့သာ တောင်အောက်ဘက်ရှိ အခြေအနေကို စစ်ဆေးကြည့်နိုင်မည် ဆိုပါက ဘာကြောင့် တိုက်ယွမ် ဆီကများ အကူအညီ တောင်းနေဦးမည်နည်း။

သူမနှင့် အကြီးအကဲမာသည် ဤတောင်ကို စောင့်ကြပ်နေသူများ ဖြစ်သဖြင့် တောင်တစ်ခုခု ဖြစ်သွားလျှင် သူတို့ တာဝန်ခံရမည်မှန်း သိထားသည့် အတွက်ကြောင့် စိုးရိမ်နေကြခြင်း ဖြစ်သည်။

“တောင်သယ်သားရဲ အမှားကြောင့် ဖြစ်တာဆိုတော့ ဒီကိစ္စက ရှင်းသွားပြီ။ အခုလုပ်ဖို့လိုတာက အစီအရင်ကို ပြန်ပြင်ဖို့ပဲ။ အရံအတားက ထိခိုက်သွားတာ ဆိုတော့ ပြန်ပြင်နိုင်မည့် နည်းလမ်း ဒါမှမဟုတ် အစားထိုးနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာရမယ်” ကုန်းရှင်းဟယ်၏ မျက်နှာထက် အတွေးနက်နေသည့် အမူအရာတစ်မျိုး ဖြတ်ပြေးသွားသည်။ သို‌သော် တိုက်ယွမ်အား ဘာမှ ထပ်မမေးခဲ့ချေ။

“အဖေ… ဒီကိစ္စက တောင်ပြိုသားရဲကြောင့် ဖြစ်တာဆိုတော့ အပြင်လူတွေကိုကော ဆက်စစ်ဆေးသင့်သေးလား” ကုန်းအောင်ဖူက တိုက်ယွမ်ကို လှမ်းကြည့်ရင်း‌ မေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တိုက်ယွမ် ဂိုဏ်းထဲသို့ ဧည့်သည် အချို့ ခေါ်လာကြောင်း ယင်စုတျယ်ဆီမှ သိခဲ့ရသည်။

“အဲ့ကိစ္စကို နင်ပဲ တာဝန်ယူလိုက်” ကုန်းရှင်းဟယ်က လက်ဝှေ့ရမ်းလိုက်ပြီး ချက်ချင်း ထွက်သွားလေသည်။ မကြာမီ သူ့ပုံရိပ် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဂိုဏ်းချုပ် ထွက်သွားပြီးနောက် အကြီးအကဲများစွာ တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ အကြီးအကဲမာနှင့် အကြီးအကဲတုက အကြည့်ချင်း ဖလှယ်လိုက်ပြီး အကြီးအကဲမာက ပြောလိုက်သည် “ဂိုဏ်းတူတူမလေး တိုက်ယွမ် စစ်ဆေးရသလောက် အစီအရင်က တောင်သယ်သားရဲကြောင့် ထိခိုက်သွားတာ ဆိုပေမယ့် တစ်ခုခုတော့ သိပ်မဟုတ်သလိုပဲ။ အကြီးအကဲတုနဲ့ ငါ ဒီတောင်ကို စောင့်ကြပ်လာတာ နှစ်သုံးဆယ် ကျော်နေပြီ။ တစ်ခါမှ ဒီလိုမျိုး မဖြစ်ဖူးဘူး။ အခု ရုတ်တရက်ကြီး ဒီလို ထဖြစ်တယ်ဆိုတော့ ဒီကိစ္စမှာ ငါတို့ မသိသေးတဲ့ အကြောင်းအရင်း တစ်ခုခု ရှိနေရလိမ့်မယ်”

အကြီးအကဲမာ၏ စကားကို ကြားလိုက်သည့်အခိုက် ထိုနှစ်ယောက် သူတို့ အပြစ် လျော့ပေါ့အောင် လုပ်နေမှန်း အကုန်လုံး နားလည်လိုက်ကြသည်။ ယခုကိစ္စသာ အပြင်လူကြောင့် ဖြစ်သည်ဆိုပါက အကြီးအကဲမာနှင့် အကြီးအကဲတို့ ခံရမည့် ပြစ်ဒဏ် လျော့ပေါ့သွားပေလိမ့်မည်။ ထို့ကြောင့် အကြီးအကဲမာက ယခုကိစ္စသည် အပြင်လူများ၏ ပယောဂလည်း မကင်းဘူးဟု စောင်းချိတ်ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

အကြီးအကဲမာသည် ရေသာခိုမနေရဲဘဲ အကြီးအကဲတုနှင့် အတူပူးပေါင်းလျက် မကြာသေးမီ ဂိုဏ်းထဲသို့ ရောက်လာခဲ့သော အပြင်လူများကို သေချာ စစ်ဆေးတော့လေသည်။

တစ်ဖက်တွင်မူ တိုက်ယွမ်က ကုန်းအောင်ဖူဆီ သွားလိုက်ပြီး ရိုရိုသေသေ ဦးညွှတ်လျက် “ဆရာ တပည့် ပြန်ပါတော့မယ်”

“အင်း။ အားနည်းနေတာဆိုတော့ ပြန်နားလိုက်ပေါ့။ ကျင့်စဉ်မှာ အသေးစားပြီးမြောက်ခြင်းအဆင့်ကို မရောက်ခင် အထိ ပုံရိပ်တစ်ထောင်ဖန်အလင်းကို တတ်နိုင်သမျှ မသုံးမိအောင်ရှောင်။ ပုံရိပ်တစ်ထောင်တောင်ဆီ ပြန်ပြီး လေးငါးလလောက် အနားယူလိုက်။ ရော့၊ ဒီဆေးပုလင်းကိုပါ ယူသွား။ အဲ့ဒါက ကုန်သွားတဲ့ နင့်ခွန်အားတွေကို ပြန်ပြည့်အောင် ကူညီပေးလိမ့်မယ်” ကုန်းအောင်ဖူက တိုက်ယွမ်ဆီ ဆေးပုလင်း တစ်ပုလင်း ပစ်ပေးလိုက်သည်။

တိုက်ယွမ်က ဆေးပုလင်းကိုယူပြီး ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လေးလေးစားစား ပြန်ထွက်သွားလေသည်။ တိုက်ယွမ်လည်း လေးငါးလလောက် အနားယူလိုပြီး တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်လိုနေခြင်း ဖြစ်သည်။

ဖန်သွေးရောင်ဂိုဏ်းရှိ အကြီးအကဲများ အစီအရင်ကို ပြန်ပြင်ရင်း အလုပ်ရှုပ်နေကြစဉ် တိုက်ယွမ် ပုံရိပ်တစ်ထောင် တောင်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ရောက်သည်နှင့် ရန်ကိုင် နေခဲ့သည့် အခန်းဆီသို့ တန်းသွားလိုက်လေသည်။

အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သင်္ကာမကင်း အမူအရာဖြင့် တစ်ခန်းလုံးကို လှည့်ပတ်စူးစမ်းကြည့်သည်။

သူတော်စင်ချီကို လှည့်ပတ်၍ ပုံရိပ်တစ်ထောင်ဖန်အလင်းကို အလင်းလုံး အဖြစ်သို့ပြောင်းကာ မြေအောက်ထဲ ပို့လိုက်သည်။ မကြာမီ သူမ၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး သူမမျက်နှာထက် ထိတ်လန့်အံ့ဩရိပ်တို့ ထွက်ပေါ်လကာ တိုးတိုးလေး ရေရွတ်လိုက်၏ “တကယ်ပဲနင်ကိုး”

ပုံရိပ်တစ်ထောင်ဖန်တောင် အောက်ခြေကို စစ်ဆေးကြည့်စဉ် ကတည်းက တောင်အောက်ခြေတွင် တွင်းလေးတစ်တွင်း ရှိနေသည်ကို သတိပြုမိခဲ့သည်။ ထို့အပြင် ထိုတွင်းလမ်းကြောင်း တစ်လျှောက်တွင် ရှိနေသော ပုံရိပ်တစ်ထောင်ဖန်များအားလုံး ပျောက်နေခဲ့သည်။

သို့သော်လည်း ထိုလိုဏ်ခေါင်းလေးအတိုင်း လိုက်လံ စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုလိုဏ်ခေါင်းသည် ပုံရိပ်တစ်ထောင်တောင်ဆီသို့ ဦးတည်နေသည်ကို တိုက်ယွမ် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

လိုဏ်ခေါင်းလမ်းကြောင်းကို မည်သူမှ မသိအောင် ဖျက်ပစ် ထားခဲ့သော်ငြား သဲလွန်စအချို့ ကျန်ရစ်ခဲ့ပေသည်။ ပုံရိပ်တစ်ထောင်ဖန်အလင်းဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါ ထိုသဲလွန်စအားလုံး ထွက်ပေါ်လာခဲ့ရသည်။

ထိုအကြောင်းကို သိသိချင်း တိုက်ယွမ် အလွန် ထိတ်လန့်သွားမိသည်။ ထိုကိစ္စသည် ရန်ကိုင်နှင့် ဆက်စပ်နေမှန်း သိလိုက်သဖြင့် မြင်သမျှ အကြောင်းစုံကို ပြန်မတင်ပြရဲခဲ့ချေ။ သို့သော်လည်း အများသူငှာ မသင်္ကာ မဖြစ်စေရန်အတွက် အပြစ်အားလုံးကို တောင်သယ်သားရဲပေါ် ပုံချခဲ့သည်။

တကယ်တော့ တောင်သယ်သားရဲသည် အစီအရင်ကြောင့် သေသွားခြင်း မဟုတ်ဘဲ တစ်ခုခုဖြင့် မသေမချင်း ရိုက်သတ်ခြင်း ခံရပြီး သေသွားခဲ့ခြင်းသာ ဖြစ်သည်။

ယခု ပုံရိပ်တစ်ထောင်တောင်ဆီသို့ ပြန်ရောက်လာပြီး စစ်ဆေးကြည့်လိုက်သည့်အခါ သူမ ခန့်မှန်းချက်နေသည် မှန်ကန်နေသည်ကို တွေ့ရှိလိုက်ရသည်။

ရန်ကိုင် နေနေသည့် အခန်း၏ အောက်တွင် ပုံရိပ်တစ်ထောင် ဖန်တောင်ဆီသို့ ဦးတည်နေသော လမ်းကြောင်းလေးတစ်ခု ရှိနေခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင် သူမတောင်ဆီသို့ ဧည့်သည့် နှစ်ဦးကိုသာ ဖိတ်ခေါ်ခဲ့သည်။ တစ်ဦးသည် ရန်ကိုင် ဖြစ်ပြီး နောက်တစ်ဦးမှာ ယန်ယန် ဖြစ်သည်။ ထို့ကြောင့် ယခုကိစ္စသည် ထိုနှစ်ယောက်၏ လက်ချက် ဖြစ်ရပေမည်။

ဤနေရာမှ ပုံရိပ်တစ်ထောင်ဖန်တောင်ဆီသို့ ဥမင်လိုဏ်ခေါင်း တူးပြီး ပုံရိပ်တစ်ထောင်ဖန်အများကြီးကို တူးထုတ်နိုင်ဖို့ရာအတွက် မည်ကဲ့သို့သော နည်းလမ်းမျိုးအား ရန်ကိုင် သုံးသွားသလဲ ဆိုသည်ကို တိုက်ယွမ်မသိ။

သို့သော် ဤအကြောင်းသာ ပေါက်ကြားသွားလျှင် ရန်ကိုင် ကျိန်းသေ အမဲလိုက်ခံရမည်မှန်း တိုက်ယွမ် သိသည်။ ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို အသုံးပြုမဘဲ ပုံရိပ်တစ်ထောင်ဖန် အား စုဆောင်းနိုင်သည့် နည်းလမ်းကို ဖန်သွေးရောင်ဂိုဏ်းမှ အကြီးအကဲများ မည်သို့မှ လက်လွှတ်လိမ့်မည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၈၀)

ကံကောင်းစွာဖြင့် ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်အား တိုက်ယွမ် တစ်ယောက်သာ ကျင့်ကြံထားခဲ့သည်။ ထို့ကြောင့် ပုံရိပ်တစ်ထောင်ဖန်တောင် တစ်တောင်လုံး မပြိုကျသရွေ့ ဂိုဏ်းချုပ်ပင် ဘာမှ ရှာတွေ့လိမ့်မည် မဟုတ်ချေ။ တောင်သယ်သားရဲအပေါ် အပြစ်ပုံချပြီးသွားပြီ ဖြစ်သဖြင့် ရန်ကိုင်အား မည်သူမှ သံသယဝင်မည် မဟုတ်မှန်း တိုက်ယွမ် ပြောနိုင်ပေသည်။

လက်ရှိတွင် တိုက်ယွမ်၏ စိတ်သည် ထူးထူးဆန်းဆန်းကို တည်ငြိမ်နေခဲ့သည်။ ဤကိစ္စကို ဤနေရာတွင် အပြီးသတ် သွားစေပြီး အခြား မည်သူ့ကိုမှ မပြောရန် ဆုံးဖြတ်လိုက်သည်။ လက်ကျန် သဲလွန်းစများကိုလည်း အချိန်ယူ၍ ဖျောက်ဖျက် ပစ်လိုက်သည်။

သူတို့ သူခိုးလုပ်ရပ်ကို တိုက်ယွမ် သိသွားလိမ့်မည်ဟု တွေးမိလိမ့်မည် မဟုတ်ချေ။ သူ့လုပ်ရပ်တွင် မည်သည့် သဲလွန်စမှ မကျန်ခဲ့ဟု ထင်ကောင်း ထင်နေပေလိမ့်မည်။

ယန်ယန်နှင့်အတူ ပုံရိပ်တစ်ထောင်ဖန်တောင်မှ မထွက်လာခင် ကျေက်တုံးရုပ်သေးရုပ်အား ဥမင်းလိုဏ်ခေါင်းကို ဖျက်စီးပစ်စေခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်နှင့် ပုံရိပ်တစ်ထောင်ဖန်အလင်း၏ စွမ်းအားကို လျှော့တွက်မိလိုက်သည်။

လောလောဆယ်တွင်၊ ရန်ကိုင်နှင့် ယန်ယန်သည် ဖန်သွေးရောင်ဂိုဏ်းနှင့် မီတာတစ်သိန်းအကွာသို့ ရောက်နေပေပြီ။

သို့သော်လည်း ရန်ကိုင်သည် သူ့စိတ်ထဲ မသက်မသာ ခံစားနေရသဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

“နင်ဘာဖြစ်နေတာလဲ” ယန်ယန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“အင်း။ ကျောက်တုံးရုပ်သေးရုပ် ပြန်လာတုန်းက ထူးဆန်းတဲ့ မွန်းစတားသားရဲ တစ်ကောင်ကို တွေ့ခဲ့တယ်လို့ ပြောတယ်။ မွန်းစတားသားရဲက အဆင့်ခြောက်ပဲ ရှိတာမို့က သေတဲ့အထိ ရိုက်သတ်ပစ်ခဲ့တယ်တဲ့။ အခု ပုံရိပ်တစ်ထောင်ဖန်တောင် အခုလို ဖြစ်တာ အဲ့ကိစ္စနဲ့ ပက်သက်နေရလိမ့်မယ်။ အဲ့မွန်းစတားသားရဲ သူ့သခင်ဆီ ပြန်သတင်းပို့နိုင်လား ငါသိပ်မသေချာဘူး။ ပို့နိုင်တယ် ဆိုရင်တော့ ငါတို့တော့ ဒုက္ခကောင်းကောင်း ရောက်ပြီပဲ”

“ရှောင်ရှောင် မွန်းစတားသားရဲတစ်ကောင်ကို သတ်လိုက်တာလား” ယန်ယန် အလန့်တကြား ဆိုလိုက်သည်။ သူမ ယခုမှပဲ ထိုအကြောင်းကို သိပေသည်။

“ဟုတ်တယ်။ အဲ့သားရဲကို ဖန်သွေးရောင်ဂိုဏ်းက အထူး မွေးမြူတာတာ။ အဲ့သားရဲ ဘယ်သားရဲအမျိုးအစားထဲကလဲ ဆိုတာကို မသိပေမယ့် ပုံရိပ်တစ်ထောင်ဖန်တောင် အောက်က အရံအတားတွေကို ဖြတ်သွားနိုင်တယ်။ ကျောက်တုံးရုပ်သေးရုပ် အဲ့ကောင်ကို အမြန်သတ်လိုက်နိုင်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် တကယ့် ဒုက္ခကြီးမှာ…” စကား ထပ်ပြောတော့မည်အပြု ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး မျက်လုံးမှေးစဉ်းလျက် ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“တစ်ယောက်ယောက် ငါတို့ဆီ လာနေတယ်” ရန်ကိုင်က ထိုအရပ်ဆီ စိုက်ကြည့်နေရင်း ပြောလိုက်သည်။

ယန်ယန်သည်လည်း ရန်ကိုင် ကြည့်နေသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ဘာကိုမှ မတွေ့ရ။ သို့သော် ရန်ကိုင်၏ တစ်မူထူးခြား အားကောင်းလှသော ကောင်းကင် စိတ်အာရုံအကြောင်း ကြိုသိထားသဖြင့် သံသယဝင်မနေဘဲ ပြန်၍သာ မေးလိုက်သည် “အဲ့လူတွေ ငါတို့နောက် လိုက်လာတာလား”

ဖန်သွေးရောင်ဂိုဏ်းမှ စေလွှတ်လိုက်သည့်လူသာ ဆိုပါက သူတို့နောက်က လိုက်လာရမည် မဟုတ်‌လော။ ဘာကြောင့် သူတို့ ရှေ့မှ ရောက်လာရသနည်း။

“ယင်စုတျယ်ပဲ။ ကြည့်ရတာ ငါတို့နောက် လိုက်လာတာနဲ့ တူတယ်” ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်သည်။

ယန်ယန်က ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်သည် “ဖန်သွေးရောင်ဂိုဏ်းမှာ ဒီအရှေ့က မြို့နဲ့ ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိရလိမ့်မယ်။ မဟုတ်ရင် ငါတို့ရှေ့ ကြိုရောက်နေမှာ မဟုတ်ဘူး။ အခုငါတို့ ဘာလုပ်ကြမလဲ”

“ဘာလုပ်နိုင်မှာလဲ။ ထိပ်တိုက်တွေ့ရမှာပေါ့၊ ငါတို့သာ ရှောင်သွားမယ်ဆိုရင် အပြစ်ရှိတယ်လို့ ဝန်ခံသလို ဖြစ်နေလိမ့်မယ်” ရန်ကိုင်က ခေါင်းခါရမ်းရင်း ပြန်ပြောလိုက်သည်။

ယင်စုတျယ် တစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ချေ။ သို့သော် တန်ခိုးရှင်အဆင့်သာ ပါမလာသရွေ့ မည်သူ့ကိုမှ ရန်ကိုင် မကြောက်ချေ။

ယင်စုတျယ်သည် သူတော်စင်ဘုရင် တတိယအဆင့် ပညာရှင် နှစ်ယောက်နှင့်အတူ နှစ်ထောင်းအားရစွာဖြင့် ရန်ကိုင်ဆီသို့ ပျံသန်းသွားနေခဲ့သည်။ အပြင်လူများကို စစ်ဆေးရန် ဂိုဏ်းချုပ်မှ အမိန့်ပေးခဲ့စဉ်က ယင်စုတျယ် အရမ်း ပျော်သွားခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင်လက်တွင် ကောင်းကောင်း ခံစားလိုက်ရသဖြင့် ထိုကိစ္စကို ယနေ့တိုင် မမေ့နိုင် ဖြစ်နေခဲ့သည်။

ထိုအကြောင်းကို မပြောလျှင်ပင် ရန်ကိုင်သည် တိုက်ယွမ်၏ ဧည့်သည် ဖြစ်နေခဲ့သည်။ ရန်ကိုင်အား ပြဿနာ ရှာနိုင်မည့် အခွင့်အရေး ရှာမတွေ့မည်ကို စိတ်ပူနေခဲ့သော်လည်း ယခုကဲ့သို့ အခွင့်အရေးသည် သူမရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ယင်စုတျယ် မည်ကဲ့သို့ ငြိမ်နေနိုင်မည်နည်း။

တိုက်ယွမ်နှင့် ရန်ကိုင်တို့ မည်ကဲ့သို့ ပက်သက်သလဲ ဆိုသည်ကို သူမ အတော်လေး သိချင်နေမိသလို တိုက်ယွမ် ရန်ကိုင်အား ပုံရိပ်တစ်ထောင်တောင်ဆီသို့ ဘာကြောင့် ဖိတ်ခေါ်ခဲ့သလဲ ဆိုသည်ကိုလည်း သိချင်နေမိသည်။

သို့သော်လည်း ထိုစစ်ဆေးခြင်းဆိုသည်မှာ အပေါ်ယံသာ ဖြစ်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။ စစ်ဆေးနေသော အကြီးအကဲအား ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု တင်ပြလိုက်ချိန် အကြီးအကဲ ရန်ကိုင်အား လုံး စိတ်မဝင်စားတော့ဘဲ သူ့နောက်သို့ လိုက်ဖမ်းမည့် အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ကိုလည်း ငြင်းပယ်ခဲ့သည်။

သို့သော်လည်း ယင်စုတျယ်တွင် အခြား ရည်ရွယ်ချက် တစ်ခု ရှိနေသည်ကို သတိပြုမိခဲ့သည့်အတွက် အကြီးအကဲသည် ယင်စုတျယ်အား လူအနည်းငယ် ခေါ်စေ၍ ရန်ကိုင် နောက်သို့ လိုက်သွားစေခဲ့လေသည်။

ထို့ကြောင့် ယင်စုတျယ်သည် အားကောင်းသော လူနှစ်ယောက်ကို ခေါ်၍ ဖန်သွေးရောင်ဂိုဏ်း၏ ဟင်းလင်းပြင် အစီအရင်ကို သုံးကာ ဂိုဏ်းမှ မီတာတစ်သိန်းခန့် အကွာတွင် ရှိနေသော မြို့ဆီသို့ တိုက်ရိုက် သွားလိုက်လေသည်။

ယင်စုတျယ် ခေါ်လာသည့် လူနှစ်ယောက်အနက် တစ်ယောက်သည် ကြွက်သား အမြောင်းမြောင်း ထနေသော တုတ်ခိုင်ထွားကြိုင်းသည့် ဟိုကျန်း အမည်ရသော လူတစ်ယောက် ဖြစ်သည်။ ထိုလူသည် ကြောက်မက်ဖွယ် ခန္ဓာကိုယ်ခွန်အားကို ပိုင်ဆိုင်ထားသည့် ဝက်ဝံကြီး တစ်ကောင်နှင့်ပင် တူသေးသည်။ မျက်နှာမှာလည်း သားကောင်ကို အမဲဖျက်တော့မည့် အမူအရာမျိုးနှင့်ပင်။

သို့သော်လည်း ထိုလူကြီး ယင်စုတျယ်ကို ကြည့်လိုက်သည့် အချိန်တွင် သူ့မျက်ဝန်းထဲ ကြည်နာရိပ်တို့ လွှမ်းသွားခဲ့သည်။ သူမအား စကားပြောသည့် အခါတွင်လည်း သူ့အသံကို နှိမ့်၍ ပြောလေသည်။

ယင်စုတျယ် ခေါ်လာသည့် အခြား တစ်ယောက်သည် သားနားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရုပ်ချောဥာဏ်ကောင်းပုံ ရသည့် လော့မင်ဆိုသော လူငယ်လေးတစ်ယောက် ဖြစ်သည်။ ထိုစဉ် လူငယ်လေးသည် ပတ်ဝန်းကျင်ကို တော်လျှောက် စူးစမ်းကြည့်နေခဲ့သည်။ ရုတ်တရက် သူ့အကြည့်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

“ဂျူနီယာညီလေးလော့၊ မင်းသူတို့ကို တွေ့ပြီလား” လူထွားကြီးက လှမ်းမေးလိုက်သည် “ရှာနေတာ ဒီလောက် ကြာနေပြီ။ အခုထိ မတွေ့သေးတာ မင်းရှာနေတာကော ဟုတ်ရဲ့လား”

“မင်းဘာပြောချင်တာလဲ” ထိုစကားကို ကြားသည့်အခါ လော့မင် မကျေမနပ် ဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောသည် “သူတို့ ငါတို့ရှေ့ကနေ ထွက်သွားတာ အတော်ကြာနေပြီ။ ငါတို့ သူတို့ရှေ့ ကြိုရောက်နေတယ် ဆိုရင်တောင် သူတို့ ဘယ်ဘက် သွားတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိမှာလဲ။ မင်းအဲ့လောက် သိနေတယ်ထင်ရင် မင်းကိုယ်တိုင် လာရှာလိုက်။ စီနီယာအစ်ကို အခုနောက်ပိုင်း ကောင်းကင်စိတ်အာရုံကို ကျင့်ကြံတဲ့နေရာမှာ အတော်လေး အားစိုက်လာတယ်လို့ ကျုပ်သတင်းတွေ ကြားနေရတယ်။ စီနီယာအစ်ကို အခု စမ်းကြည့်မလား။ ဆရာကလည်း စီနီယာအစ်ကိုကို စိတ်ကြည်ဆေးလုံးတွေ ပေးထားတာဆိုတော့ စီနီယာအစ်ကိုရဲ့ ကောင်းကင်စိတ်အာရုံ အရင်ကထက် အများကြီး ပိုအားကောင်းလာမှာပေါ့၊ ဟုတ်တယ်မလား”

ဂျူနီယာညီလေးလော့၏ လေသံထဲရှိ လှောင်ပြောင်စကားကို သတိပြုမိသော် ဟိုကျန်းမျက်နှာ သုန်မှုန်သွားခဲ့သည်။ သူ့ကျင့်စဉ်သည် ဝိဥာဉ်ကို တိုးတက်အောင် လုပ်သည့်အပိုင်းတွင် သိပ်အာရုံစိုက်မထားချေ။ ထိုအရာသည် သူ၏ အကြီးမားဆုံး အားနည်းချက်ဟု ပြောလျှင်ပင် မမှားချေ။ သူ့ခွန်အား တိုးတက်လာသည်နှင့် အမျှ ထိုချို့ယွင်းချက်သည် ပိုပို၍ သိသာလာခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သော လအနည်းငယ်ခန့်က ကောင်းကင်စိတ်ဝိဥာဉ်ကို သီးသန့် ကျင့်ကြံရသည်အထိ ဖြစ်လာခဲ့သည်။

လော့မင် ပြောလိုက်သည့် စကားကြောင့် ဟိုကျန်း အနာပေါ် တုတ်ကျသလို ခံစားလိုက်ရသည်။ သူလိုက်ပိုးပန်းနေသည့် မိန်းကလေး၏ရှေ့တွင် မည်ကဲ့သို့ မျက်နှာ အပျက်ခံနိုင်မည်နည်း။ ပုံမှန်အားဖြင့် သူတို့နှစ်ယောက်ကြားတွင် မည်သည့် ပြဿနာမှ မရှိသော်လည်း အချစ်နှင့် ပက်သက်လာလျှင် ပြဿနာဆိုသည်မှာ ရှိလာစမြဲပင်။

ဟိုကျန်း ဒေါသပုန်ထသွားသည်ကို မြင်သော် ယင်စုတျယ်က အလျင်အမြန် ဝင်ရောက် ဖြန်ဖြေရလေသည် “စီနီယာအစ်ကိုတို့ ရန်မဖြစ်ကြပါနဲ့နော်။ အခုတစ်ကြိမ် စီနီယာတို့ နှစ်ယောက်ကို ခေါ်လာရတာက စီနီယာတို့ နှစ်ယောက်စလုံးရဲ့ အကူအညီကို လိုအပ်လို့ပဲ။ ကျွန်မတို့ ရှာနေတဲ့ လူတွေကို ရှာတွေ့ဖို့ စီနီယာအစ်ကိုလော့ရဲ့ အဝေးမြင်စိတ်ဝိဥာဉ်မျက်လုံးကို လိုအပ်သလို အဲ့လူတွေကို ရှာတွေ့ရင် သူတို့ကို ဖမ်းဖို့ စီနီယာအစ်ကိုဟိုရဲ့ ခွန်အားကိုလည်း လိုအပ်တယ်လေ။ အခုကိစ္စက ဂိုဏ်းရဲ့ အဖိုးတန်ရတနာ ပုံရိပ်တစ်ထောင်ဖန်တောင်နဲ့ ဆက်စပ်နေတယ် ဆိုတာ စီနီယာအစ်ကိုနှစ်ယောက် သိတယ်မလား။ အခု အကြီးအကဲတွေက အပြင်လူတွေကို သံသယ ဝင်နေတယ်။ အဲ့မျိုးရိုးနာမည်ရန်နဲ့လူက အခုအချိန်ကြီး ထွက်သွားတာ အရမ်း သံသယဝင်ဖို့ ကောင်းတယ်။ ကျွန်မတို့ သူတို့ကို လွတ်သွားစေလို့ မဖြစ်ဘူး”

ယင်စုတျယ်သည် ထိုနှစ်ယောက် အငြင်းအခုံ ဖြစ်နေသည့် အတွက်ကြောင့် စိတ်ပျက်သွားခြင်းမရှိ။ နှစ်ယောက်သား၏ အာရုံစိုက်ခံရာ ဖြစ်နေသည့် အတွက်ကြောင့် ပျော်ပင် ပျော်နေသေးသည်။ သို့သော်လည်း လောလောဆယ်တွင် ရန်ကိုင်အား လိုက်ဖမ်းဖို့သည် အဓိက ဖြစ်သဖြင့် ထိုနှစ်ယောက်အား ငြင်းခုံခိုင်းနေ၍ မဖြစ်ချေ။

ထိုစကားကို ကြားလိုက်သည့်အခါ ဟိုကျန်း၏ အမူအရာ လေးနက်သွားခဲ့ရသည်။ ယင်စုတျယ်၏ စကားကို အလေးအနက် မှတ်ယူလျက် ပြန်မေးလိုက်လေသည် “ဒါဆို ဒီမတော်တဆက အဲ့ကောင် ဆင်ထားတဲ့ အကွက်လား”

“ငါမသိဘူး” ယင်စုတျယ်က ပြုံး၍ ခေါင်းခါရမ်းလျက် “ဒါပေမယ့် ဒီကိစ္စက အရမ်း အရေးကြီးတယ်။ နည်းနည်း သံသယ ဝင်စရာ ကောင်းတယ်ဆိုရင်တောင် စစ်ဆေးရလိမ့်မယ်။ ငါတို့ သူတို့ကို အရင် ဖမ်းပြီး ဂိုဏ်းကို ပြန်ခေါ်သွားရမယ်။ သူတို့ အပြစ်ရှိမရှိ ဆိုတာကိုတော့ ဂိုဏ်းအကြီးအကဲတွေ စစ်ဆေးလိမ့်မယ်”

အကြီးအကဲများ ပါလာသည့်အခါ ထိုနှစ်ယောက် မည်ကဲ့သို့ ငြင်းဆန်ရဲတော့မည်နည်း။ သိုသော် ယင်စုတျယ်၏ စကားကြောင့် ကြွက်သားခေါင်း ဟိုကျန်း ပို၍ ခေါင်းရှုပ်သွားခဲ့ရသည်။ လော့မင်မှာ ထိုကိစ္စသည် မြင်သလောက် မရိုးရှင်းမှန်း သိသည်။ သို့‌သော် အပြင်တော့ ထုတ်မပြောခဲ့ချေ။

သူ့အတွက် အခြားတစ်ယောက်အား ရှာရသည့် ကိစ္စမှာ ဘာမှ မဟုတ်ချေ။ အရေးအကြီးဆုံးသည် ယင်စုတျယ် စိတ်ကျေနပ်စေရန် ဖြစ်ပေသည်။

“ကောင်းတယ်၊ ကောင်းတယ်။ ဂျူနီယာညီလေးလော့၊ သေချာရှာထား။ အဲ့ကောင်တွေကို တွေ့တာနဲ့ ဒီစီနီယာအစ်ကို အဲ့ကောင်တွေကို ကိုယ်တိုင်သွားဖမ်းမယ်။ ငါတို့ ဂိုဏ်းရဲ့ ပုံရိပ်တစ်ထောင်ဖန်တောင်ကိုတောင် ကြံရဲတယ်။ အဲ့ကောင် ဘာအသည်းများ စားထားလဲ ငါသိချင်မိသေးတယ်” ပြောပြီးသည်နှင့် ဟိုကျန်း၏ မျက်နှာထက်‌ ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

လော့မင်က ပြန်ပြောတော့မည်အပြု၊ ရုတ်တရက် တစ်ဖက်သို့ လှမ်းကြည့်၍ အော်ပြောလိုက်လေသည် “ငါသူတို့ကိုတွေ့ပြီ”

“ဘယ်မှာလဲ” ယင်စုတျယက် ပျော်ရွှင်စွာဖြင့် အလျင်စလို မေးလိုက်လေသည်။

“အဲ့ဘက်မှာ။ အခု သူတို့ ငါတို့ဆီ လာနေပြီ” လော့မင်က လက်ညိုးထိုး၍ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည် “ဟုတ်တယ်၊ ဂျူနီယာညီမလေး ယင်စုတျယ် ပြောသလိုပဲ၊ ယောကျာ်းတစ်ယောက်နဲ့ အနက်ရောင်ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦးပဲ”

“သူတို့ကို တွေ့ပြီပေါ့” ယင်စုတျယ် ပြုံးလိုက်သည်။

“စိတ်ဝင်စားစရာပဲ။ ငါတို့ဆီကိုတောင် သူတို့ဘာသာ လာတယ်ပေါ့” ဟိုကျန်းက သူ့ရင်ဘတ်ကို ပုတ်၍ အော်ပြောလိုက်သည် “စီနီယာအစ်ကို အရင်သွားနှင့်မယ်။ ဂျူနီယာညီလေးလော့ မင်းဂျူနီယာညီငယ်ကို ကာကွယ်ထား”

ဟိုကျန်း ပြောသည်ကို ကြားလိုက်သည့်အခါ သူ့စီနီယာအစ်ကို တစ်ယောက် ယင်စုတျယ်ဆီမှ အမှတ်ရအောင် ကြိုးစားနေပြီမှန်း သိလိုက်သည်။ တကယ်တော့ ထိုနှစ်ယောက်ကို ရှာခဲ့သည့်လူသည် သူဖြစ်သည်။ တွေ့သည့်အခါတွင်လည်း သူသာ သွားဖမ်းမည်ဆိုပါက ဟိုကျန်း လိုက်လာသည်မှာ အလကား သက်သက် ဖြစ်သွားပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေကာမူ ဤအခိုက်အတန်းသည် ယင်စုတျယ်နှင့် နှစ်ယောက်တည်း အတူရှိနိုင်မည့် အခွင့်အရေး တစ်ခု ဖြစ်သည့် အတွက်ကြောင့် ငြင်းမနေတော့ဘဲ ပြုံး၍ ပြန်ပြောလိုက်သည် “စီနီယာအစ်ကိုက အတော်လေး စိတ်မရှည် ဖြစ်နေတာပဲ။ ကောင်းပြီလေ။ ဂျူနီယာညီမ ငါတို့ ဖြေးဖြေး သွားကြတာပေါ့။ ငါတို့ ရောက်ရင် စီနီယာအစ်ကိုဟိုလည်း အဲ့နှစ်ယောက်ကို ဖမ်းပြီးနေလောက်ပြီ။ သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်က ဘာလုပ်နိုင်မှာ မို့လို့လဲ”

ယင်စုတျယ်၏ မျက်ဝန်းထဲ အလင်းတစ်ချက် လက်သွား၏။ သို့‌သော် ကန့်ကွက်မနေဘဲ ခေါင်းညိတ်၍သာ “အင်း။ စီနီယာအစ်ကိုလော့ကို ခေါ်လာတာ မှန်သွားတယ်။ မဟုတ်ရင် အဲ့နှစ်ယောက်ကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး”

“ဂျူနီယာညီမက အရမ်း ယဉ်ကျေးနေတာပဲ။ နောက်ပိုင်း ဂျူနီယာညီမ အကူအညီလိုရင် ပြောသာပြောလိုက်၊ ဒီစီနီယာ အစ်ကို ကျိန်းသေ ကူညီပေးမယ်။ ပြီးတော့ ဂျူနီယာညီမရဲ့ တောင်နဲ့ စီနီယာအစ်ကိုရဲ့ ငှက်ပျံတောင်က သိပ်မဝေးတော့ နောက်ပိုင်း ဂျူနီယာညီမ အားတယ်ဆိုရင် စီနီယာအစ်ကိုဆီ လာလည်လို့ရတယ်နော်။ စီနီယာအစ်ကို ကောင်းကောင်း ဧည့်ခံပေးမယ်” လော့မင်က ဤအခိုက်အတန့်ကို အခွင့်ကောင်း ယူ၍ ယင်စုတျယ်အား ဖိတ်ခေါ်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ယင်စုတျယ် တခစ်ခစ် ရယ်မောလိုက်ပြီး ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။ ယင်စုတျယ် ဘာကို ဆိုလိုချင်လဲ ဆိုသည်ကို လော့မင် နားလည်သော်ငြား သူမ၏ အပြုံလေးကို မြင်ပြီး ဆည်းလည်းသံကဲ့သို့ ချိုသာသော အသံလေးအား နားထောင်ရသည်နှင့်ပင် စိတ်လွတ်သလို ဖြစ်သွားခဲ့ရသည်။

ချက်ချင်းပဲ ခေါင်းခါ၍ စိတ်ငြိမ်သွားအောင် မနည်း ပြန်ထိန်းလိုက်ရသည်။ ကျောရိုးတစ်လျှောက်လည်း စိမ့်တက်သွားမိသည်။ သူ့ဂျူနီယာညီမလေး ကျင့်ကြံခြင်းတွင် ထပ်မံ တိုးတက်လာခဲ့ပြီမှန်းလည်း နားလည်လိုက်လေသည်။

All Chapters