အခန်း (၁၂၈၆-၁၂၉၀)
Vol. 52 Ch. 1286-1290
အပိုင်း (၁၂၈၆)
ယင်စုတျယ်သည် ထိုမေးခွန်းကို မေးပြီးသည်နှင့် ခုခံမည့် အရိပ်အယောင် မပြုဘဲ ရပ်၍သာ ရန်ကိုင် ပြန်ဖြေမည်ကို စောင့်နေလိုက်သည်။
သို့သော် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး သူ့လက်ကို ဝှေ့ရမ်း၍ ပုံရိပ်ယောင်တောင်များကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ တောင်တစ်ရာ ပန်းချီကားချပ်ကိုပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
ယင်စုတျယ်ကို ကြည့်နေသည့် သူ့အကြည်ထဲ ခက်ထန်မှုတို့ ရှိမနေတော့ဘဲ ကြင်နာမှု၊ သိမ်မွေ့မှုတို့သာ ရှိနေတော့သည်။ နောက်ဆုံး တုန်တုန်ရီရီဖြင့် တိုးတိုးလေး ပြောလိုက်သည် “စုယန်”
လက်ရှိ ရန်ကိုင်၏ အမြင်တွင် ဟိုကျန်းရှေ့ ရပ်နေသော လူသည် ယင်စုတျယ် မဟုတ်တော့ဘဲ သူ မြတ်မြတ်နိုးနိုး ချစ်ရသည့်၊ ညတိုင်း သူ့အိမ်မက်ထဲတွင် ပေါ်လာလေ့ရှိသည့် စုယန် ဖြစ်နေခဲ့လေသည်။ အေးစက်နေသော နှစ်တစ်ထောင် ရေခဲတုံးကိုပင် အရည်ဖျော်ပစ်နိုင်သော ကြင်နာရိပ်တို့ဖြင့် ရစ်သိုင်းပြည့်နှက်နေသေည့် အဆုံးမဲ့ လွမ်းမောတမ်းတစိတ်တို့သည့် ရန်ကိုင်၏ အကြည့်ထဲ အထင်အရှား ထွက်ပေါ်လာရသည်။
သူ့ရှေ့တွင် ရှိနေသော စုယန်သည်လည်း သူ့အား ကြင်နာသိမ်မွေ့စွာဖြင့် ပြန်၍ စိုက်ကြည့်နေသည်။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်စွန်းမှာမူ အနည်းငယ် တွန့်ကွေးလျက်။
ရန်ကိုင် စိတ်ရှုပ်သွားပြီဟု သူမ ထင်နေစဉ်မှာပဲ လွန်စွာ သိမ်မွေ့စွာ ပြုမူနေသော ရန်ကိုင်၏ အမူအရာ ရုတ်တရက် ခက်ထန်သွားသည်။ သူ့မျက်နှာမှာလည်း ရေခဲတမျှ အေးစက်သွားခဲ့ပြီး သူ့အကြည့်သည်လည်း ဒေါသ၊ စက်ဆုပ်ရွံ့ရှာမှုတို့ဖြင့် ပြည့်နှက်သွားသည်။
ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသော် အခြေအနေ ပိုဆိုးပြီမှန်း ယင်စုတျယ် သိလိုက်သည်။ ထို့ကြောင့် သွေးသံတရဲရဲ ဖြစ်နေသော ဟိုကျန်းကို ဆွဲခေါ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် သူမ ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပဲ ရန်ကိုင် တစ်ခုခုအား ရေရွတ်လိုက်သည်ကို ရုတ်တရက် ကြားလိုက်ရသည် “အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း”
ရန်ကိုင်၏ မျက်လုံးထဲ ဝိုးတဝါးတား ကြာဖူးတစ်ဖူး ပွင့်လာသည်ကို မြင်လိုက်သည့် အခိုက် သူနှင့် မျက်နှာချင်းဆိုင်နေသော ယင်စုတျယ် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ ခုနှစ်ရောင်ခြယ် အလင်းတို့ ဖြာထွက်နေသော ထိုကြာဖူးသည် အလွန်ကိုမှ လှပလှသဖြင့် ထိုကြာဖူးဆီမှ ယင်စုတျယ် အကြည့်မခွာနိုင်အောင် ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလို ထိုကြာဖူးသည် ရန်ကိုင်၏ မျက်လုံးထဲမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ယင်စုတျယ်၏ အသိစိတ်ပင်လယ်ထဲ ပြန်ပေါ်လာခဲ့လေသည်။
ဝိဥာဉ်ပညာရပ်လား ဘာဖြစ်နေမှန်း သိလိုက်သည်နှင့် ယင်စုတျယ် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားပြီး ချက်ချင်း ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူမ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ သူမ၏ အသိစိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်တို့သည့် သူမ အစောပိုင်းက မြင်လိုက်သည်နှင့် ကြာဖူးထဲသို့ တရဟော စီးဝင်နေသည်ကို တွေ့လိုက်ရသည်။
ယင်စုတျယ် နာကျင်စွာ ညည်းတွားမိလိုက်ပြီး သူမ၏ အကြည့်တစ်ခုလုံးကို ကြာဖူး ပုံရိပ်တို့က ဖုံးလွှမ်းသွားလေသည်။ ကြာဖူးရှိ ပွင့်ချပ်တစ်ချပ် ပွင့်အာလာတိုင်း သူမ၏ အသိစိတ် ပင်လယ်ထဲရှိ စိတ်စွမ်းအင်များ လျော့ကျလာခဲ့ရသည်။ ထိုစိတ်စွမ်းအင်များသည် ကြာဖူး ပွင့်ဖို့ရာ လိုအပ်သည့် အာဟာရများလေလား။
ယင်စုတျယ် သွေးပျက်ခြောက်ခြားသွားခဲ့ပြီး သူမ၏ ဝိဥာဉ်ကို ကမန်းကတန်း ခုခံရန် ကြိုးစားတော့လေသည်။ သို့သော်လည်း သူမ မည်သို့ပင် ကြိုးစားစေကာမူ သူမ၏ စိတ်စွမ်းအင်များ စုပ်ယူခံနေရသည်ကို မတားဆီးနိုင် ဖြစ်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း သူမ၏ အသိစိတ်ပင်လယ်ထဲရှိ အစိတ်အပိုင်းအချို့ ခမ်းခြောက်သွားခဲ့လေပြီ။ သို့သော် ကြာဖူးသည် နည်းနည်းလေးသာ ပွင့်သေးသည်။
ကြာဖူး နည်းနည်းလေး ပွင့်ဖို့ရာပင် သူမ၏ အသိစိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်များစွာ ကုန်သွားခဲ့ရသည် ဆိုပါက ကြာဖူးတစ်ဖူးလုံး အပြည့်အဝ ပွင့်လန်းလာဖို့ဆိုလျှင် မူကား သူမ အသိစိတ်ပင်လယ်တစ်ခုလုံး ခမ်းခြောက်သွားပေရမည်နည်း။ ထိုသို့ ဖြစ်သွားလျှင် သူမ မသေလျှင်ပင် သူမ၏ ဝိဥာဉ်သည် ပြန်မကုန်နိုင်လောက်အောင် ထိခိုက်သွားရပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ယင်စုတျယ်မျက်နှာ သွေးဆုတ်ဖြူလျော်သွား၏။ ရန်ကိုင် သူမအား သတ်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူမ ရန်ကိုင်အား ရန်စမိသည်ကို နောင်တရနေလေပြီ။ သို့သော် နောင်တအတွက် ကုဖို့ရာ ဆေးမရှိချေ။
ဘုန်း…
ယင်စုတျယ် မြေပေါ်လဲ လဲကျသားခဲ့သည်။ သူမ တစ်ကိုယ်လုံးများ ဖုန်မှုန်များဖြင့် ပေကျံ ညစ်ပတ်နေလေပြီ။ မျက်နှာမှာလည်း လူသေကောင်နှယ် ဖြူလျော်နေသည်။ သူမခေါင်းကို တစ်ခုခုမှ တင်းတင်းကြပ်ကြပ် ညစ်ထားသည့်အလား မောကြီးပန်းကြီးနှင့် ပင့်သက်ရှိုက်နေ၏။ ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးလုံးများကြောင့် သူမ ဝတ်ထားသော အဝတ်များ တစ်ခဏအတွင်း စိုရွှဲသွားခဲ့ရသည်။
အသက်ချမ်းသာပေးရန်အတွက် တောင်းပင် မတောင်းပန်နိုင်တော့ချေ။ စကားပြောဖို့ရာသည် သူမအတွက် အလွန် ခက်ခဲနေလေပြီ။
သူမ ဝိဥာဉ်စွမ်းအင် အတင်းအကြပ် စုပ်ယူခံနေရသည့် နာကျင်မှုသည် သူမ ခံစားဖူးသည့် မည်သည့် နာကျင်မှုထက်မဆို ပိုမို နာကျင်ပေသည်။ သို့သော်လည်း ဘာမှမလုပ်နိုင်သဖြင့် အံကြိတ်ပြီး ခေါင်းမာမာဖြင့် တောင့်ခံရုံသာ တတ်နိုင်ခဲ့သည်။
သို့တိုင် ခုနှစ်ရောင်ခြယ်ကြာပန်း အပြည့်အဝ ပွင့်လာသည်နှင့် သူမ၏ သေမင်းနှင့် တွေ့ရမည်မှန်း သိထားသည်။
ရှပ်… ရှပ်…
တရိပ်ရိပ် နီးကပ်လာနေသော ခြေသံများကို ယင်စုတျယ် ကြားလိုက်ရသည်။ ခက်ခက်ခဲခဲနှင့် အသံကြားရာဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည့်အခါ သူမအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။
ယင်စုတျယ် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်လည်း မည်သည့် စကားမှ ထွက်မလာနိုင်ခဲ့။ ရန်ကိုင် လက်ဖျောက်တီးလိုက်သည်။
ယင်စုတျယ်၏ စိတ်ထဲ တဖြည်းဖြည်း ပွင့်လန်းလာနေသော ကြာပန်း ရုတ်တရက် ဆက်မပွင့်တော့ဘဲ အလင်းမှုန်လေးများ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားလေသည်။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ ယင်စုတျယ် စိတ်သက်သာရာ ရသွားပြီး သူမ၏ အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း အသိစိတ်ပင်လယ်ကို ကြည့်လိုက်မိသည့်အခိုက်၊ ထိတ်လန့်မှုတို့ သူမစိတ်ထဲ တစ်ဖန် ကြီးစိုးရသွားရပြန်သည်။ သူမ၏ အသိစိတ်ပင်လယ် တစ်ခုလုံး ခမ်းခြောက်လုမတတ် ဖြစ်နေပေပြီ။ ရန်ကိုင်သာ အချိန်မှီ မရပ်လိုက်လျှင် အကျိုးဆက်ကား မတွေးရဲစရာပင်။ ထိုသို့ဆိုလျှင်ပင် ယင်စုတျယ် အနေဖြင့် လုံးဝ ပြန်ကောင်းချင်သည် ဆိုပါက အချိန်နှင့် အရင်းအမြစ်များစွာ လိုအပ်ပေလိမ့်မည်။
ရန်ကိုင်သည် အဆုံးမဲ့ကြာပန်းပွင့်လန်းကို အသက်သုံးရှိုက်စာသာ သုံးသွားသော်ငြား ယင်စုတျယ်မှာ သေခါပေါင်းလည်း ဖြစ်သွားရသည်။ ထိုအသက်သုံးရှိုက်စာအတွင်း ဟိုကျန်းမှာမူ ဘာဖြစ်လို့ဖြစ်မှန်းမသိ ကြောင်တောင်တောင်သာ ဖြစ်နေရလေသည်။
ရန်ကိုင် သူ့အား အာရုံမစိုက်နေသည်ကို မြင်သော် ဟိုကျန်းသည် အသက်ငင်နေသည့် လူမမာလို ဖြစ်နေသော ယင်စုတျယ်အား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူတော်စင်ချီကို စုစည်း၍ ထွက်ပြေးရန် ပြင်သည်။
ယင်စုတျယ် ဒုက္ခရောက်နေသည်ကို စိုးရိမ်ပေးနေရန် အချိန်မရှိချေ။
သို့သော် သူလှုပ်ရှားရန် ပြင်လိုက်သည်နှင့် ရန်ကိုင် ရုတ်တရက် သူ့ရှေ့ပေါ်လာပြီး သူ့လမ်းကို ပိတ်လိုက်သည်။
သူ့ရှေ့ရှိလူကို စိုက်ကြည့်နေရင်း ဟိုကျန်း အာခြောက်လာသည်။ အလွန်ကိုမှ ကြောက်ရွံ့နေသဖြင့် တစ်ချက်ကလေးပင် မလှုပ်ရဲတော့ချေ။
ရန်ကိုင်သည် ဟိုကျန်းအား လက်ညိုးထိုး၍ နတ်ဆိုးမီးတောက်ဖြင့် ဟိုကျန်း၏ ရင်ဘတ်တွင် အပေါက်တစ်ပေါက် ဖောက်ပေးလိုက်လေသည်။ ဟိုကျန်း သွေးစိမ်းရျင်ရှင် လျှံထွက်နေသည့် သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားသည်။ မယုံကြည်နိုင်သည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေရင်း မြေကြီးပေါ်သို့ လဲကျ သေဆုံးသွားခဲ့လေသည်။ အနက်ရောင် နတ်ဆိုးမီးတောက်များသည် သူတစ်ကိုယ်လုံးအား လွှမ်းခြုံသွားပြီး ပြာအတိဖြစ်အောင် လောင်ကျွမ်းပစ်လိုက်လေသည်။
ဟိုကျန်းအား လက်စတုံးပြီးနောက် ယင်စုတျယ်ဆီ ပြန်သွားလိုက်သည်။
ယင်စုတျယ်သည် ခေါင်းကို လက်ဖြင့်ကိုင်လျက် မောကြီးပန်းကြီး အသက်ရှူနေသည်။
ရန်ကိုင် သုံးလိုက်သည့် အဆုံးမဲ့ကြာပွန်းပွင့်လန်းခြင်း ပညာရပ်ကြောင့် ယခုအချိန်ထိ မလှုပ်နိုင်သေးသည့်ပုံပင်။ သူမဘေးတွင် အဖြူရောင် အလုံးလေးတစ်လုံး ရှိနေခဲ့သည်။
ထိုအဖြူရောင် အလုံးလေးကို သူ့ဆီ ရန်ကိုင် ဆွဲယူလိုက်သည်။ ထိုအလုံးလေးဖြင့် ယင်စုတျယ်သည် ရန်ကိုင်၏ အမြင်အာရုံကို လှည့်စားသွားခဲ့ခြင်း ဖြစ်သည်။
ခဏလောက် စဉ်းစားနေပြီးနောက် ထိုအဖြူရောင်အလုံးကို နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်း အရည်ဖျော်ချပစ်လိုက်လေသည်။
ထို့နောက် ယင်စုတျယ်အား ထူးမခြားနားဟန်ဖြင့် အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည် “နင့်ကိုငါ့ မသတ်ရဲဘူးလို့ ထင်နေတာလား”
ယင်စုတျယ် ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ ပြန်တော့မ ပြောရဲခဲ့ချေ။
ရန်ကိုင် ဟိုကျန်းအား သတ်လိုက်သည်ကို သူမ မျက်လုံးတပ်အပ်နှင့် မြင်ပြီးသွားပြီ ဖြစ်လေရာ ရန်ကိုင် သူမအား မသတ်ရဲဘူးဟု မည်ကဲ့သို့ ထင်ရဲတော့မည်နည်း။ ထို့အပြင် သူမ စည်းကျော်သွားခဲ့သည့်ပုံပင်။ မဟုတ်လျှင် ရန်ကိုင် ဤမျှ ရက်ရက်စက်စက် လုပ်လိမ့်မည် မဟုတ်ချေ။ သူ့ခွန်အားနှင့် ဆိုပါက သူသာ ဆန္ဒရှိလျှင် အစကတည်းက ဟိုကျန်းကို သတ်ပစ်နိုင်ပေသည်။
စုယန်ဆိုသော အမျိုးသမီးသည် သူ့အတွက် အလွန် အရေးပါသည့် လူတစ်ယောက် ဖြစ်ရပေလိမ့်မည်။ မဟုတ်လျှင် ရန်ကိုင်ထိုမျှ ရူးသွပ်သွားလိမ့်မည် မဟုတ်ချေ။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ယင်စုတျယ် နောင်တရသွားသည်။ ရန်ကိုင် ထိုမျှ အားကောင်းမှန်း ကြိုသိခဲ့ပါက မည်ကဲ့သို့ ကိုယ်သေတွင်း ကိုယ်လာတူမည်နည်း။
“ငါနင့်ကို မသတ်ရဲဘူးလို့ ထင်နေတာလား”
“နင်ငါ့ကို သတ်လို့ မရဘူး…” ယင်စုတျယ်က ကတုန်ကရင်ဖြင့် ပြောလိုက်သည် “ငါ့စီနီယအစ်ကိုက နင့်အဖော်ကို ဖမ်းထားပြီးသွားလောက်ပြီ။ နင့်အဖော်ရဲ့ လုံခြုံရေးကို စိတ်မပူဘူးလား”
“အောင်မြင်သွားတာလား” ရန်ကိုင်က လှောင်ပြောင်ဟန်ဖြင့် သူ့လက်ကို ဝှေ့ရမ်း၍ ရွှေရောင်ကြိုးမျှင်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
ခဏအကြာတွင် ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး လော့မင်၏ ပုံရိပ် ရန်ကိုင်ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သည်နှင့် ယင်စုတျယ် လုံးဝ စိတ်ဓါတ်ကျသွားသည်။ ဟိုကျန်း သေသွားသည့် အတွက်ကြောင့် လော့မင်လည်း အခြေအနေ မဟန်မှန်း နားလည်လိုက်ပြီး ထွက်ပြေးရန် လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူဝေးဝေးသို့ မရောက်သေးခင်မှာပဲ ရွှေရောင် ကြိုးမျှင်တစ်ချောင်း ထွက်ပေါ်လာပြီး သူ့နောက်သို့ လိုက်လာခဲ့သည်။ သူ မည်မျှပင် မြန်အောင် ပြေးပါစေ ထိုကြိုးလက်မှ မလွတ်ခဲ့ဘဲ နောက်ဆုံးတွင် အဖမ်းခံလိုက်ရသည်။
ထိုရွှေရောင်ကြိုးမျှင်သည် ရန်ကိုင် လေ့ကျင့်ထားသည် ရွှေရောင်သွေးမျှင် ဖြစ်ပေသည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ရွှေရောင်ပိုးမျှင် နောက်တစ်ချောင်း ထပ်ပေါ်လာပြီး လော့မင်အား ချုပ်နှောင်ကာ ရန်ကိုင်ဆီသို့ ဆွဲခေါ်လာခဲ့လေသည်။
ထိုအခြင်းအရာကိုမြင်သော် ယင်စုတျယ် မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်သွားသည်။
ရန်ကိုင်ကို သွားတိုက်လို့ နိုင်မည်မဟုတ်မှန်း သိနေသော်လည်း ယှဉ်ပြိုင် တိုက်ခိုက်နေရဲခြင်းသည် သူမ၏ စီနီယာအစ်ကိုလော့ ရန်ကိုင်၏ အဖော်အား ဖမ်းနိုင်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယန်ယန်တို့ အခြေအနေကို ဂရုမစိုက်ဘဲ ရန်ကိုင်နှင့် တိုက်ခိုက်ရာတွင်သာ အာရုံစိုက်ထားခဲ့သည်။
သို့သော် အထင်နှင့် လက်တွေ့သည် တခြားစီ ဖြစ်နေခဲ့သည်။
လော့မင် အဖမ်းခံထားရသည်ကို မြင်သည့်အခါ ရန်ကိုင် ယန်ယန်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ယန်ယန်သည် အနည်းငယ် ကြောက်လန့်နေရုံမှအပ မည်သည့် ဒဏ်ရာမှ မရထားချေ။ သူမ၏ အနက်ရောင်ဝတ်ရုံသည်ပင် အနည်းငယ် တွန့်ကြေနေသည် မှအပ အကောင်းအတိုင်း ရှိနေခဲ့သည်။ လော့မင်၏ တိုက်ခိုက်မှုကို ထိုမျှကြာအောင် မည်ကဲ့သို့ သူမ ခုခံခဲ့သလဲ ဆိုသည်မှာမူ ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့သည်။
“အောင်မြင်သွားတယ်၊ ဟုတ်လား။ အိမ်မက်ထဲက ထလိုက်တော့ရင် ကောင်းမယ်” ရန်ကိုင်က ယင်စုတျယ်၏ မျက်နှာတည့်တည့်ကို စိုက်ကြည့်၍ လှောင်ပြော်ငလိုက်သည်။
ယင်စုတျယ်၏မျက်နှာ ပြာရာမှ နီမြန်းသွားခဲ့လေသည်။ တွင်းတစ်တွင်း တူပြီးတော့သာ ပုန်းအောင်းလိုက်ချင်မိတော့သည်။ တစ်ချိန်တည်းတွင် လော့မင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။ သူမဘက်မှ ထိုမျှ အချိန်ဆွဲထားပေးသည့်တိုင် ပေးသည့်အလုပ်ကို ဖြစ်မြောက်အောင် မလုပ်နိုင်သည့် လော့မင်၏ သောက်သုံးမကျမှုအပေါ် အပြစ်တင်နေသည့်ပုံပင်။
ဤကိစ္စတွင် လော့မင်ကိုလည်း အပြစ်တင်၍ မရချေ။ ယန်ယန် တစ်ကိုယ်လုံးတွင် အဆင့်မြင့် မှော်ရတနာများဖြင့် ပြည့်နေလေရာ လော့မင်လည်း မည်ကဲ့သို့ တတ်နိုင်ပါမည်နည်း။ ယန်ယန်ကို ဖမ်းရန် ကြိုးစားခဲ့သော်လည်း သူမတွင် ရှိနေသည့် မှော်ရတနာများကြောင့် လုံးဝ လက်မှိုင်ချခဲ့ရသည်။ သူ့ဘက်မှ မည်သို့ပင်တိုက်ခိုက် ယန်ယန်၏ အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့။ ရန်ကိုင်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် ယင်စုတျယ်ကို အမှန်တကယ် မျက်နှာချင်း မဆိုင်ရဲတော့ချေ။
သို့သော်လည်း သူ့စိတ်ထဲ ‘ငါကံကောင်းသွားပါလား’ ဟု တွေးနေမိသည်။ အကြောင်းမှာ ရန်ကိုင်ဆီမှ မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ အာရုံမခံမိသောကြောင့် ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၇)
သူမ၏ စီနီယာအစ်ကိုနှစ်ယောက်နှင့်သာ ဆိုပါက ရန်ကိုင်ကို ဖမ်းရန်မှာ ထမင်းစား ရေသောက်သည့်နှယ် လွယ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ရလဒ်သည်မှား အထင်နှင့် တက်တက်စင်အောင် လွဲမှားနေခဲ့သည်။ ရန်ကိုင်အား မဖမ်းနိုင်ခဲ့ရုံမက လာခဲ့သည့် သုံးယောက် အနက် တစ်ယောက် သေသွားခဲ့ပြီး ကျန်နှစ်ယောက် ဒဏ်ရာ ရသွားခဲ့ရသည်။ ရန်ကိုင် သူမအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် သူမ အမှားကြီးတစ်ခု လုပ်လိုက်မိပြီမှန်း ယင်စုတျယ် သိလိုက်သည်။
“ဒီလောကကြီးတစ်ခုလုံးနဲ့ ငါရင်ဆိုင်နေရရင်တောင် သူငါ့ဘေးက ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး။ ငါ့လမ်းကိုလည်း ဘယ်တော့မှ လာတားမှာ မဟုတ်ဘူး။ ငါနောင်တ ရလား ဆိုတဲ့ စကားလုံးကိုလည်း ဘယ်တော့မှာ မေးမှာ မဟုတ်ဘူး” ရန်ကိုင်က ရုတ်တရက် ထူးထူးဆန်းဆန်း စကားများ ပြောလာသည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် နင့်လို မိန်းမပျက်တစ်ယောက်ကများ သူ့အယောင် ဆောင်ချင်သေးတယ်။ သေချင်နေတာပဲ”
ပြောပြီးသည်နှင့် ယင်စုတျယ်ဆီသို့ အနက်ရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
သေမင်းတံစဉ် သူမလည်းပင်နား ရောက်လာသလို ခံစားလိုက်ရသည့်အခိုက် ယင်စုတျယ် သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး စတင် ငိုယိုတော့လေသည်။
အနက်ရောင် နတ်ဆိုးမီးတောက်များသည် သူမ၏ စီနီယာအစ်ကို ဟိုကျန်း၏ ခန္ဓာကိုယ်ကို အလွယ်တကူ လောင်ကျွမ်းသွားခဲ့သည်။ ယခု ထိုအနက်ရောင်မီးတောက်များ သူမ ကိုယ်ထဲသို့ ရောက်သွားလေပြီဖြစ်ရာ မည်ကဲ့သို့ ဆက်အသက်ရှင်နိုင်တော့မည်နည်း။
သို့သော်လည်း ယင်စုတျယ် အံ့အားသင့်သွားရသည်ကား ထိုအနက်ရောင် နတ်ဆိုးမီးတောက်များသည် သူမထင်ထားသကဲ့သို့ ပူမနေဘဲ အလွန်တရာကိုမှ အေးစက်နေခဲ့သည်။ ထိုနတ်ဆိုးမီးတောက်များ သူမ ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ကိုယ်တွင်းရှိ သူတော်စင်ချီများ စတင် အေးခဲလာပြီး သူမကိုယ်ထက် ရေခဲစများ စတင် ထွက်ပေါ်လာခဲ့သည်။
“ဒီတစ်ကြိမ်တော့ နင့်ကို လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ဒါမျိုး လာလုပ်မယ် ဆိုရင်တော့ နင့်ကံကြမ္မာ သေတာထက် ဆိုးသွားရလိမ့်မယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရွှေရောင်ပိုးမျှင်ကို ပြန်သိမ်းလိုက်လေသည်။
ယင်စုတျယ်၏ ရှုပ်ထွေးသည့် အကြည့်အောက်မှာပဲ ရန်ကိုင်နှင့် ယန်ယန်နှင့်အတူ လှည့်ထွက်သွားလေသည်။
ရန်ကိုင်နှင့် ယန်ယန်တို့ သူမတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ ယင်စုတျယ်နှင့် လော့မင်တို့ လှုပ်ရဲတော့သည်။ နှစ်ယောက်စလုံး ဒဏ်ရာရထားသော်ငြား သေလောက်သည့် ဒဏ်ရာ မည်သူမှ ရမထားကြ။ လော့မင် အရိုးများစွာ ကျိုးထားသော်ငြား လှုပ်ရှားနိုင်ပေသေး၏။ ယင်စုတျယ်၏ ဒဏ်ရာများမှာမူ ပို၍ ပြင်းထန်ပေသည်။ သူမ ဝိဥာဉ်ဒဏ်ရာရထားပြီး ကိုယ်ထဲတွင် ရှိနေသော အအေးဓါတ်ကြောင့် အလွန်ကိုမှ မသက်မသာ ဖြစ်နေရသည်။
“ဂျူနီယာညီမလေးယင်… နင်အဆင်ပြေလား” လော့မင်က မတ်တပ်ရပ်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်ရင်း လက်လှမ်းလိုက်သည်။
“ငါအဆင်ပြေနေတာ နင်တွေ့လား” ယင်စုတျယ်၏ မျက်နှာလှလှလေး ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့သည်။ လော့မင်၏ ကမ်းလာသည့်လက်ကို ပုတ်ထုတ်လိုက်ပြီး သူမဘာသာ ကြိုးစား ရပ်သည်။ အဝတ်အစားများ ဖရိုဖရဲဖြစ်၊ ဆံပင်များမှာလည်း ပွေရှုပ်နေလေရာ သူမပုံစံသည် လမ်းဘေး သူတောင်းစား တစ်ယောက်နှင့်ပင် တူနေသေးသည်။
သူမ ပေးလိုက်သည့် တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်သည့် အတွက်ကြောင့် ယင်စုတျယ် သူ့အား အပြစ်တင်နေမှန်း လော့မင်သိသည်။ စိတ်ထဲ ဒေါသထွက်မိသော်ငြား ထုတ်တော့ မပြောရဲခဲ့ချေ။
သို့သော် ထိုမျိုးရိုးနာမည်ရန်နှင့်လူသာ အလွန်အားကောင်းမှန်း ကြိုသိခဲ့ပါက ယင်စုတျယ်နောက်သို့ လုံးဝ လိုက်ခဲ့မည် မဟုတ်ပေ။ သူမနောက်သို့ လိုက်လာခြင်းသည် ကိုယ်သေလမ်း ကိုယ်ရှာခြင်းနှင့် အတူတူပင် ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုမျိုးရိုးနာမည် ရန်နှင့်လူသည် သူ့အား သတ်မသွားခဲ့။ စီနီယာအစ်ကိုဟိုကျန်း တစ်ယောက်ကိုသာ သတ်သွားခဲ့သည်။
ဟိုကျန်း တစ်ယောက်တည်းကိုပဲ ရန်ကိုင် ဘာကြောင့် သတ်သွားမှန်း လော့မင် နားမလည်နိုင် ဖြစ်နေခဲ့သည်။ အခြားသူများကို သတိပေးရန်အတွက် နမူနာ သတ်ပြခြင်းပေလော ဟိုကျန်းမသိ။
“ဂျူနီယာညီမ၊ နေရာတစ်ခုလောက်ရှာပြီး အရင် နားကြမလား။ ဒီနေရာက ဖန်သွေးရောင်ဂိုဏ်းနဲ့ သိမ်ဝေးတာ မဟုတ်ဘူး။ ဂိုဏ်းက တပည့်တွေက ဒီနေရာကို မကြာခဏ ဖြတ်သွားဖြတ်လာ လုပ်နေကြတာ။ သူတို့သာ ငါတို့ကို ဒီပုံစံနဲ့ မြင်သွားရင် ပြဿနာ များနိုင်တယ်” လော့မင်က မေးလိုက်သည်။ ယင်စုတျယ် သူ့အား ဒေါသထွက်နေမှန်း သိသော်လည်း သူမနားမှ ထွက်မသွားရဲချေ။ သူမကိုသာ ချန်ခဲ့ပြီး တစ်ယောက်တည်း ထွက်သွားမည် ဆိုပါက ဂိုဏ်းသို့ ပြန်ရောက်လျှင် ဒုက္ခရောက်နိုင်ပေသည်။
ထိုစကားကို ကြားလိုက်သည့်အခါ ယင်စုတျယ်၏ အမူအရာ အနည်းငယ် ပြန်လည် ဝင်းပလာပြီး ခေါင်းညိတ်၍ “အင်း။ နေရာတစ်ခုရှာပြီး အရင်နားမယ်။ ပြီးတော့ မပြန်ခင် အခု ဖြစ်ပျက်သွားတဲ့ အကြောင်းတွေကို ဂိုဏ်းအကြီးအကဲတွေဆီ ဘယ်လို ပြန်တင်ပြမလဲ ဆွေးနွေးဖို့လိုသေးတယ်”
ယင်စုတျယ်၏ စကားကို ကြားကြားချင်း လော့မင် ကြောင်နေခဲ့သည်။ သို့သော် ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပြီး “ဂျူနီယာညီမလေး ပြောသလိုပဲပေါ့”
ထို့နောက် တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း လုံခြုံသော နေရာတစ်ခုဆီသို့ ထွက်သွားကြလေသည်။
မိုင်ပေါင်း ထောင်ပေါင်းများစွာ အကွာ၌
ယန်ယန်သည် စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ ကြယ်လွန်းပျံကို စီးရင်း ရန်ကိုင်၏ နောက်မှ လိုက်လာနေခဲ့သည်။ နှစ်ယောက်စလုံးသည် ကိုယ်ပိုင်ကြယ်လွန်းပျံ အသီးသီးကိုသုံး၍ နဂါးလိုဏ်ဂူတောင်ဆီသို့ သွားနေကြသည်။ ရန်ကိုင်ကျောပြင်ကို ကြည့်နေရင်း အထီးကျန် အဖော်မဲ့နေသူ တစ်ယောက်ကို ကြည့်နေရသလို ယန်ယန် ခံစားလာရသည်။ ယင်စုတျယ်တို့နှင့် ခွဲလာပြီးနောက် ရန်ကိုင် ငိုင်တေတေ ဖြစ်နေသည်ကို ယန်ယန် သတိထားမိလိုက်သည်။
ထို့ကြောင့် ယန်ယန်လည်း သူ့အား သွားမနှောင့်ယှတ်ဘဲ သူ့နောက်ကနေသာ တိတ်တိတ်လေး လိုက်သွားလေသည်။
ရန်ကိုင် ယခုကဲ့သို့ ဖြစ်နေရသည်မှာ ယင်စုတျယ် နောက်ဆုံး သုံးသွားသည်နှင့် ပညာရပ်ကြောင့် ရန်ကိုင် အမြင်အာရုံဝေဝါး၍ အော်ခေါ်မိလိုက်သော မိန်းကလေးနှင့် ပက်သက်နေရမည်မှန်း ယန်ယန် သိသည်။
တစ်ရက်နှင့်တစ်ည ခရီးနှင်လာပြီးနောက် အနားအနားရှိ တောင်တစ်ခုတွင် ရုတ်တရက် နားလိုက်သည်။ ထိုစဉ် ရန်ကိုင်ကျောပြင်ဆီမှ သူမ ခံစားနေရသည့် ခံစားချက်လည်း ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ယန်ယန်လည်း ရန်ကိုင်ဘေးနားတွင် ဆင်းလိုက်ပြီး သူ့စိတ်အခြေအနေကို တစ်ချက် အကဲခတ်လိုက်သည်။ ရန်ကိုင် ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီမှန်း သိလိုက်သည့်နောက် သက်ပြင်း တစ်ချက်ချလိုက်ပြီး မျက်လုံးလေးစောင်းလျက် မေးလိုက်သည် “စုယန်က ဘယ်သူလဲ”
“ဘာလို့မေးတာလဲ” ရန်ကိုင်က ပြန်လှည့်မေးသည်။
“ဘာမှမဟုတ်ဘူး။ သိချင်လို့” ယန်ယန်က ပြုံး၍ ပြန်ပြောသည်။ ရန်ကိုင် ပုံစံအရ ထိုအကြောင်းကို မပြောချင်နေမှန်း သိသာသည်။ ထို့ကြောင့် ယန်ယန်လည်း ထပ်မေးမနေတော့ပေ။
ယန်ယန်က ထပ်မမေးတော့သော်လည်း ရန်ကိုင်က ပြုံး၍ စပြောပြလိုက်သည် “သူက ငါ့စီနီယာအစ်မပဲ။ နင့်လိုမျိုး စီနီယာအစ်မအတု မဟုတ်ဘူး”
“အဲ့လိုဆို နင်တို့က…” ယန်ယန် မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားသည်။ အရေးကြီးသည့် တစ်ခုခုကို သိလိုက်ရသည့်အလား စပ်စုလိုသည့် အမူအရာ သူမမျက်နှာထက် ပေါ်လာခဲ့သည်။
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် သူအခု ဘယ်မှာမှန်း ငါမသိဘူး”
“သူက အရိပ်ကြယ်ပေါ်မှာ မဟုတ်ဘူးလား” ယန်ယန်က ကြောင်သွားခဲ့သည်။
“မဟုတ်ဘူး။ ငါဒီကိုရောက်လာတာ မတော်တဆပဲ။ သူက ကြယ်စီရင်စုထဲကို ငါ့ထဲစောပြီး ဝင်သွားတာ။ ဒါပေမယ့် သူဘယ်သွားမှန်း ငါမသိဘူး”
“အဲ့လိုကိုး… နင်သူ့ကို စိတ်မပူဘူးလား” ယန်ယန်က မေးလိုက်သည်။
“ပူတာပေါ့၊ မပူဘဲနေမလဲ။ ဒါကြောင့်ပဲ အရိပ်ကြယ်ပေါ်ကနေ မြန်မြန်ထွက်ပြီး သူ့ကို သွားရှာချင်နေတာ။ ဒါပေမယ့် ဘယ်အချိန်မှ အရိပ်ကြယ်ပေါ်ကနေ ထွက်နိုင်မလဲ မသိဘူး” ရန်ကိုင်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး “အခုလောလောဆယ်တော့ မြန်နိုင်သမျှ မြန်မြန် ကျင့်ကြံဖို့ပဲရှိတယ်။ ထိုင်တွေးပူနေလို့လည်း ဘာမှ ထူးလာမှာမှ မဟုတ်တာ။ ငါအားကောင်းလာတော့မှပဲ အရိပ်ကြယ်ကနေ ထွက်ပြီး သူ့ကို သွားရှာနိုင်မှာ”
ယန်ယန်သည် တစ်ခုခုကို ပြောရန် လုပ်လိုက်သော်ငြား မပြောတော့ဘဲ ပြောမည့် စကားလုံးများကို ပြန်မျိုချလိုက်လေသည်။ ထို့နောက် သူမလက်ကို ဝှေ့ရမ်း၍ “ဒီအကြောင်းကို ထပ်မပြောနေတော့။ နင်ပြောနေတဲ့ပုံစံကို ကြည့်ရင် ငါတောင် ဝမ်းနည်းချင်လာပြီ။ အင်း၊ ငါမေးချင်နေတာ တစ်ခုရှိတယ်။ ဟိုနှစ်ယောက်ကို နင်ဘာလို့ သတ်လိုက်တာလဲ။ မိန်းမ တစ်ယောက် ဖြစ်နေလို့ မသတ်ရက်လို့လား”
ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ငါသာ သတ်နိုင်ရင် အဲ့နှစ်ယောက်ကို သတ်လိုက်တာ ကြာပြီ။ ဒါပေမယ့် ယင်စုတျယ်ရဲ့ အဆင့်အတန်းက ပေါ့သေးသေး မဟုတ်ဘူး။ ငါသာ သူ့ကို သတ်လိုက်ရင် ဖန်သွေးရောင်ဂိုဏ်းက ငါ့နောက် ရေကုန်ရေခမ်းလိုက်မှာ။ ပြီးတော့ အဲ့သုံးယောက် ဒီကို မလာခင် သူတို့ အကြီးအကဲတွေကို ကျိန်းသေ အသိပေးခဲ့လိမ့်မယ်။ အဲ့ဒါကို ငါသူ့တို့ကို သွားသတ်လိုက်ရင် ပြဿနာ အကြီးကြီး တက်သွားမှာပေါ့။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်တာ”
“အဲ့လိုဆိုရင် တစ်ယောက်မှ မသတ်ဘဲ လွှတ်ပေးလိုက်သင့်တယ်” ယန်ယန် မျက်မှောင် ကြုတ်လိုက်သည်။ ရန်ကိုင် အနေဖြင့် သုံးယောက်စလုံးကို သတ်လျှင်သတ်၊ မသတ်လျှင် သုံးယောက်စလုံးကို လွှတ်ပေးသင့်ပေသည်။ တစ်ယောက်တည်းကို သတ်လိုက်၍ သူ့အတွက် ဘာအကျိုးမှ မရှိချေ။
ရန်ကိုင်က ပြုံး၍ “သူက ငါ့ကို သတ်ချင်နေတာကိုး၊ ဒါကြောင့် ငါသူ့ကို ပြန်သတ်လိုက်တာ”
ဖန်သွေးရောင်ဂိုဏ်း မည်ကဲ့သို့ တုန့်ပြန်မလဲ ဆိုသည်ကိုမှ ရန်ကိုင် ဂရုမစိုက်။ အဆိုးဆုံးမှ ထိုဂိုဏ်းနှင့် ရန်သူ ဖြစ်လာရုံသာရှိသည်။ သို့သော်လည်း ဟိုကျန်း၏ အဆင့်အတန်းသည် ယင်စုတျယ်လောက် မမြင့်သည့် အတွက်ကြောင့် ယခုကိစ္စသည် ရန်ကိုင်အား ပြဿနာ ဖြစ်စေမည် ဆိုလျှင်ပင် ဖန်သွေးရောင်ဂိုဏ်း၏ အကြီးအကဲများကိုယ်တိုင် သူ့ကို လိုက်သတ်သည့် အဆင့်ထိ ရောက်လိမ့်မည် မဟုတ်ချေ။
ဖန်သွေးရောင်ဂိုဏ်းသာ လက်စားချေချင်သည် ဆိုပါက လူအနည်းငယ်လောက်သာ လွှတ်ပေလိမ့်မည်။ လက်ရှိ နဂါးလိုဏ်ဂူတောင်၏ အကာအကွယ် စွမ်းအားအရ ရောက်လာမည့် လူများကို ရန်ကိုင် မကြောက်ပါချေ။
ထို့အပြင် မည်သည့်တပည့်မှ မသေးဖူးသည့်ဂိုဏ်း ဤလောကကြီးတွင် ရှိလေရဲ့လား။ တစ်ခုမဟုတ်တစ်ခုသော အကြောင်းပြချက်ကြောင့် နှစ်တိုင်း ဂိုဏ်းအသီးသီးမှ တပည့်များစွာ သေကြေနေကြချည်းသာ။ အလွန် အရေးပါသည့် တပည့်တစ်ယောက် မဟုတ်လျှင် အကုန်လုံး ဆိတ်ဆိတ်နေလေ့သာ ရှိသည်။
ထို့ကြောင့် ဟိုကျန်းအား သတ်လိုက်သည့် ကိစ္စကို ရန်ကိုင် စိတ်မပူခြင်း ဖြစ်သည်။
ထိုတိုက်ပွဲအတွင်း ရန်ကိုင်သည် ရွှေရောင်သွေးမျှင်၏ စွမ်းအားကို စမ်းသပ်နိုင်ခဲ့ရုံမက ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းမှ ရရှိထားသော ဝိဥာဉ်ပညာရပ်၏ စွမ်းအားကိုလည်း စမ်းသပ်နိုင်ခဲ့သည်။
အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း ပညာရပ်သည် ခုနှစ်ရောင်ခြယ်ကြာပန်း ဆင့်ကဲ ပြောင်းလဲရာမှ ရန်ကိုင် နားလည်သဘောပေါက်ခဲ့သော ဝိဥာဉ်ပညာရပ်တစ်ခု ဖြစ်သည်။
အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်သည် အလွန်ကိုမှ အားကောင်းသော်လည်း သူ့အတွက်လည်း အတော့်ကိုမှ ဝန်ကြီးလှသည်။ ထိုပညာရပ်ကို အသုံးပြုရန်အတွက် စိတ်စွမ်းအင် များစွာ လိုအပ်ပေသည်။ ထို့ကြောင့် ထိုဝိဥာဉ်ပညာရပ်ကို မဖြစ်မနေ အသုံးပြုရတော့မည့် အခြေအနေမျိုးတွင်သာ သုံးသင့်ပေသည်။
လက်ရှိ ရန်ကိုင်တွင် လေဟာနယ်ဓါးသွား၊ အဆုံးမဲ့ပွင့်လန်းခြင်းကြာပန်း၊ ရွှေရောင်သွေးမျှင်၊ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးနှင့် နတ်ဆိုးမီးတောက်တို့ ရှိပေသည်။ မှော်ရတနာများအဖြစ် တောင်တစ်ရာ ပန်းချီကားချပ်၊ ခရမ်းရောင်ဒိုင်း၊ တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုနှင့် မှော်ရတနာစိတ်ဝိဥာဉ်တို့ ရှိသည်။ ထို့ကြောင့် လက်ရှိသူသည် သူတော်စင်ဘုရင် ဒုတိယအဆင့် ဖြစ်နေလျှင်ပင် သာမန် တန်ခိုးရှင်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။
နိုင်မလား၊ မနိုင်ဘူးလား ဆိုသည့် ကိစ္စမှာမူ ပြိုင်ဘက်၏ ကျင့်ကြံခြင်း အပေါ်တွင်သာ မူတည်ပေသည်။
ထိပ်တိုက်ရင်ဆိုင်မည် ဆိုလျှင်ပင် သတ်နိုင်မည် မသေချာသော ကြယ်ဧကရာဇ်တောင်မှ လန်ချင်းနှင့် မီးတိမ်တိုက်တောင်ကြားမှ လူရီတို့ ရှိပေသေးသည်။ အထူးသဖြင့် လန်ချင်းဆီမှ အတော့်ကို အန္တရာယ်များသော ခံစားချက်ကို သူရခဲ့သည်။
သို့သော် ထိုအရာသည် ခံစားချက် သက်သက်သာ ဖြစ်သည်။ တစ်ကြိမ်တစ်ခါမှ မတိုက်ခိုက်ဖူးသည့် အတွက် လန်ချင်း မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူမသိချေ။
တွေးမိတွေးရာ တွေးနေပြီးနောက် ရန်ကိုင်က ရုတ်တရက် မေးလိုက်သည် “ငါတို့အခု ဘယ်ရောက်နေပြီလဲ”
“အခုမှမေးတာလား” ယန်ယန်က နှာခေါင်းရှုံ့၍ “နင်စိတ်ဓါတ်ကျကျနဲ့ သွားချင်တဲ့ သွားနေတဲ့ အချိန်တုန်းက ဘာလို့ မမေးတာလဲ”
ယန်ယန် စကားကြောင့် ရန်ကိုင် ရှက်သွားခဲ့သည်။ ယင်စုတျယ်၏ ကျင့်စဉ်ကြောင့် စုယန်ကို ပြန်သတိရသွားခဲ့ပြီး ငိုင်ငိုင်တွေတွေဖြင့် ခြေဦးတည့်ရာ လျှောက်သွားခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် ယန်ယန်က ရယ်မောလျက် “ဒါပေမယ့် သွားရမယ့် လမ်းကနေ သိပ်မလွဲသေးဘူး။ နောက်ထပ် သုံးလေးနာရီလောက်သွားရင် ရောက်ပြီ”
“ကောင်းတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် အရင်ဆုံး ရှောင်ရှောင်ထုတ်ပြီး ပုံရိပ်တစ်ထောင်ဖန်တွေ သူဘယ်လောက် တူးထုတ်လာလဲ ကြည့်ကြည့်ပါလား” ယန်ယန်က ရုတ်တရက် စိတ်လှုပ်ရှားတကြီး ပြောလိုက်သည်။
ယမန်နေ့ညက ကျောက်တုံးရုပ်သေးရုပ်ကို ခေါ်ထုတ်ခဲ့သော်လည်း လုံခြုံရေးအရ သူတို့ မည်မျှ ခိုးလာနိုင်ခဲ့သလဲ ဆိုသည်ကို မစစ်ဆေးမိခဲ့ချေ။ ယခုမူ ဘာကိုမှ စိုးရိမ်စရာ မရှိတော့သည့် အတွက်ကြောင့် စစ်ဆေးလို့ ရပေပြီ။
ယန်ယန်စကားကို ကြားသော် ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အရင် စစ်ဆေးကြည့်လိုက်သည်။ အနီးအနားတွင် မည်သူမှ မရှိမှန်း အတည်ပြုလိုက်ပြီးနောက် ကျောက်တုံးရုပ်သေးရုပ်ကို ဆင့်ခေါ်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၈)
ရန်ကိုင်နှင့် ယန်ယန်သည် မိုင်ပေါင်းသိန်းနှင့်ချီ ကျယ်ပြန့်သော တောင်ကြားတစ်ခု၏ ကောင်းကင်ပေါ်တွင် ဝဲလျက် အောက်ဘက်ရှိ အလိပ်လိုက် အလိပ်လိုက် ထနေသော သိပ်သည်းထူပြစ်လှသည့် တိမ်စိုင်တိမ်စိုက်များကို မျက်မှောင် ကြုတ်လျက် စူးစမ်းလေ့လာနေကြသည်။ ဤနေရာရှိ လေထုသည် ထူးထူးခြားခြားကို အေးစက်လွန်းနေပေသည်။
အထဲသို့ မဝင်ကြည့်ရသေးသော်ငြား ဤအအေးဓါတ်ကို ခုခံရန် လွယ်ကူမည် မဟုတ်မှန်း ရန်ကိုင် သိသည်။ ထို့အပြင် တောင်ကြားထဲမှ တစ္ဆေ၊ သရဲများ၏ အော်သံများကဲ့သို့ စူးရှရှ ခြောက်ခြားဖွယ်ရာ အသံများကို ကြားနေရသည်။ ထိုအသံများသည် လေတိုးသံများ မဟုတ်ကြပါချေ။ အသံနှင့်ပင် လူကို တုန်ရီသွားစေနိုင်ပြီး တောင်ကြားထဲသို့ ဝင်ချင်သည့် ခြေလှမ်းများကို ရပ်တန့်သွားစေနိုင်သည်။
“ဒီနေရာဆိုတာ သေချာလား” ရန်ကိုင်သည် တောင်ကြားကို ခဏကြာအောင် စိုက်ကြည့်လေ့လာနေပြီးသည့်နောက် ယန်ယန် ဘက်သို့လှည့်၍ မေးလိုက်သည်။
“ဟုတ်တယ်။ နေရာ အတိအကျတော့ မသိဘူး။ ဒါပေမယ့် မြေပုံနှစ်ခုကို ပေါင်းလိုက်ရင် ပေါ်လာတဲ့ လမ်းကြောင်းက ဒီနေရာကို လုံးဝ ဦးတည်နေတယ်” ယန်ယန်က သူမလက်ထဲတွင် ကိုင်ထားသော မြေပုံအပိုင်းအစ နှစ်ခုကို တစ်ချက် ကြည့်လိုက်ပြီး ပတ်ဝန်းကျင်အား နောက်တစ်ဖန် ပြန်စစ်ဆေးကြည့်လိုက်သည်။
“ဒါဆိုရင်တော့ နည်းနည်းတော့ ပြဿနာ များပြီ” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
ယန်ယန်အား အတူ ခေါ်လာခဲ့ရခြင်းသည် ထိုမြေပုံအပိုင်းအစ နှစ်ခုကြောင့် ဖြစ်ပေသည်။ မြေပုံအပိုင်းအစ နှစ်ခုကို ပေါင်းလိုက်လျှင် တည်နေရာ အတိအကျကို မသိနိုင်သော်လည်း သဲလွန်စအချို့ ကောက်ချက်ချ ဆွဲထုတ်နိုင်ပေသည်။
ထိုမြေပုံအပိုင်းအစနှစ်ခု ရှိနေသည်မှာ အတော့်ကိုမှ ကြာနေလောက်ပေပြီ။ ထို့ကြောင့် ထိုမြေပုံ အပိုင်းအစ နှစ်ခုသည် အဖိုးတန် လျှို့ဝှက်ချက် တစ်ခုခုအား ဖုံးကွယ်ထားသည်မှာ ဖြစ်နိုင်လောက်သည်။ ထို့ကြောင့် မြေပုံ မည်သည့်နေရာသို့ ဦးတည်နေသလဲ ဆိုသည်ကို အဖြေရှာထုတ်နိုင်မည် ဆိုပါက အကျိုးအမြတ်များစွာ ရနိုင်မည်မှာ သေချာသလောက် ရှိသည်။
နဂါးလိုဏ်ဂူတောင်၏ ဘဏ္ဏာရေး သိပ်အခြေအနေ မကောင်းတော့ချေ။ သူမကိုလည်း မှော်ရတနာများ လေလံတင်ခွင့် မပေးသဖြင့် ယန်ယန်သည် ဖန်သွေးရောင်ဂိုဏ်းသို့ လာရင် မြေပုံပေါ်ရှိ နေရာကို စစ်ဆေးလိုခဲ့ခြင်း ဖြစ်သည်။
ကျောက်တုံးရုပ်သေးရုပ်မှ တူးထုတ်လာသည့် ပုံရိပ်တစ်ထောင်ဖန် ပမာဏကို စစ်ဆေးပြီးနောက် နှစ်ယောက်စလုံး ဤနေရာသို့ အပြေးလာခဲ့သည်။ ဆယ်ရက်တိတိ ခရီးနှင်ပြီးမှသာ ဤနေရာသို့ ရောက်လာခဲ့သည်။ ဤနေရာကို တောင်ကြားကြီးဟု ခေါ်ရခြင်းမှာ အစွန်းဘက်တွင် တောင်များကို မြင်နေရသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ဤကဲ့သို့ ကြီးမားလှသည့် တောင်ကြားမျိုး ရန်ကိုင် တစ်သက်တွင် တစ်ကြိမ် တစ်ခါမှပင် မမြင်ဖူးခဲ့ချေ။
တောင်ကြားပုံစံသည် အားကောင်းသည့် ပညာရှင် တစ်ယောက်မှ မြေပြင်ကို နှစ်ပိုင်းခွဲထားသည့် ပုံစံနှင့် ဆင်တူသည်။ တောင်ကြား အပြင်ဘက်ဘက်ရှိ အအေးဓါတ်သည် လူကို အလွန်ကိုမှ မသက်မသာ ဖြစ်စေသည်။ အပြင်ဘက်၌ပင် ဤကဲ့သို့ ဖြစ်နေလေရာ အတွင်းပိုင်းတွင်မူကား ဆိုဖွယ်ရာ မရှိတော့။
“ဒီနေရာ ဘယ်နေရာလဲ မင်းသိလား” ရန်ကိုင်က မေးလိုက်သည်။ သူတစ်ယောက်တည်းသာ ဆိုလျှင် ကိစ္စ မရှိသော်ငြား ယခု ယန်ယန်ပါ ပါလာခဲ့သည်။ ယန်ယန်တွင် အဆင့်မြင့် အကာအကွယ် မှော်ရတနာများစွာ ရှိနေသော်ငြား အန္တရာယ်ကြီး တစ်ခုခုနှင့် ရင်ဆိုင်ရမည် ဆိုပါက သူမအား လုံခြုံအောင် ထားနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။ ထို့ကြောင့် ရန်ကိုင် တုန့်ဆိုင်းမိနေခြင်း ဖြစ်သည်။
“မသိဘူး။ အရိပ်ကြယ်က ဒီလောက်ကြီးတာ ဘယ်လိုလုပ်ပြီး နေရာတိုင်းကို ငါသိမှာလဲ။ ဒါပေမယ့် ဒီအနားအနား ဝန်းကျင်မှာ လူနေတဲ့ပုံ မပေါ်ဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် စိတ်တိုချင်သွား၏။ ဤနေရာတွင် လူမနေမှန်းကို သူလည်း သိပါသည်။ ဘာကြောင့် ထိုအရေးမပါသည့် အချက်ကို ယန်ယန် လာပြောနေရသနည်း။
တစ်ယောက်ယောက်ရှာပြီး ဤနေရာအကြောင်းကို မေးချင်သော်ငြား မဖြစ်နိုင်လောက်ပေ။ အခြားသူတစ်ယောက်နှင့် သူတို့ တွေ့ခဲ့သည်မှာ မြို့လေးတစ်မြို့ကို ဖြတ်သန်းသွားစဉ် လွန်ခဲ့သော ခြောက်ရက်ခန့်က ဖြစ်သည်။
“ရောက်မှတော့ ရောက်လက်စနဲ့ တစ်ခါတည်း ဆက်ဝင်ကြည့်ကြတာပေါ့။ မြေပုံပေါ်မှာ ပြထားတဲ့ နောက်ဆုံး အမှတ်အသားက ဝိုးတဝါးတားပဲ။ ဒါပေမယ့် ဒီအတိုင်းကြီးလည်း လွှတ်မပေးလိုက်ချင်ဘူး” ရန်ကိုင် တုန့်ဆိုင်းနေသည်ကို မြင်သော် ယန်ယန်က ပြောလိုက်သည်။
ရန်ကိုင် ယန်ယန်အား တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားလိုက်၏။ ထို့နောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ ဒါပေမယ့် နင်ငါနဲ့ အနီးကပ် လိုက်လာမှ ရမှာနော်။ ငါနဲ့ ဆယ်မီတာထက် ပိုမသွားနဲ့”
“ငါသိတယ်” ယန်ယန်က လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် သူမ၏ အနက်ရောင်ဝတ်ရုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
ဤသို့ဖြင့် နှစ်ယောက်စလုံး တုန့်ဆိုင်းမနေတော့ဘဲ တောင်ကြားထဲသို့ ဝင်သွားကြလေသည်။
တောင်ကြားထဲသို့ ဝင်လိုက်သည်နှင့် လေအေးတို့သည် သူတို့အား အဘက်ဘက်မှ ပွတ်သပ်ကျီစယ် တိုက်ခတ်လာကြရာ ယန်ယန် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရလေသည်။ သို့သော်လည်း ယန်ယန်သည် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သဖြင့် မီးဓါတ် ကျင့်စဉ်ကို ကျင့်ကြံထားရာ သူမကိုယ်ပေါ်မှ ထွက်ပေါ်လာသော မီးစွမ်းအင်များသည် ထိုအအေးဓါတ်ကို အလွယ်တကူ ချေဖျက်ပစ်လိုက်လေသည်။
ရန်ကိုင်ကမူ ထိုအအေးလောက်ကို ဂရုမစိုက်ချေ။ သူ့ခန္ဓာကိုယ် သက်သက်ဖြင့်သာ ခုခံလိုက်သည်။
တောင်ကြားသည် တစ်ခုလုံးသည် ခြောက်သွေးမွဲခြောက် နေသည်။ ဖုန်းဆိုးမြေကြီးတစ်ခုနှယ် ဖြစ်သဖြင့် သစ်ပင်များကို မြင်တွေ့ရခဲသည်။ ကွက်တိကွက်ကြား ပေါက်ရောက်နေသော မြက်ပင်အချို့ကိုသာ တွေ့ရသည်။
ထို့အပြင် လေထုသည် အလွန်ကိုမှ အေးစက်၍ ခြောက်ခြားဖွယ် ကောင်းလှသည်။ တစ္ဆေ၊ သရဲ အော်သံကဲ့သို့ အသံများကိုလည်း အဆက်မပြတ် ကြားနေရသည်။ ကြက်သီးမွှေးညင်းထဖွယ် လေအေးတို့မှာလည်း တုန့်ပြန်လူးလာ တိုက်ခတ်နေသည်။
“သွားကြရအောင်” ပြောပြီးနောက် ရန်ကိုင်က ဦးဆောင်၍ ရှေ့သို့ ဆက်သွားသည်။ သို့သော် ခြောက်ခြားဖွယ်ရာ ကောင်းသည့် ပတ်ဝန်းကျင်နှင့် ရံဖန်ရံခါ တိုက်ခတ်လာသော လေပြင်းမှလွဲ၍ မည်သည့် အန္တရာယ်မှ မရှိသည့်ပုံပင်။
တစ်ရက်ကြာပြီးနောက် ရန်ကိုင်နှင့် ယန်ယန်တို့ မိုင်သုံးထောင် အကွာသို့ ရောက်လာခဲ့သည်။ လက်ရှိတွင် သူတို့ နှစ်ယောက်စလုံး ပြန့်ကြဲနေသော အပျက်အစီးနယ်မြေတစ်ခု ရှေ့တွင် ရပ်နေကြသည်။
ဤနေရာတွင် အပျက်အစီးနယ်မြေတစ်ခု ရှိနေပုံထောက်လျှင် ယခင်က ဤနေရာတွင် လူနေခဲ့ရပေလိမ့်မည်။ မည်သည့် အရာမှ အချိန်၏ တိုက်စားမှုဒဏ်ကို မခံနိုင်။ အပျက်အစီးနယ်မြေသည် လုံးဝကို ကုန်းကောက်စရာ မရှိအောင် စုတ်ပြတ်ပျက်စီးနေလေပြီ။ အချို့ ကျောက်တုံးသားများသည် လေပြင်များ၏ အဆက်မပြတ် ပွတ်တိုက်စားမှုကြောင့် ကြေးမုံမှန်နှယ် ချောမွတ်နေကြသည်။
“အို” ယန်ယန်သည် တစ်ခုခုကို သတိပြုမိလိုက်သည့်နှယ် အနီးအနားရှိ ပျက်စီးနေသော နံရံဆီသို့ ရုတ်တရက် ပြေးသွားပြီး သေသေချာချာ စစ်ဆေးကြည့်သည်။
သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနေက် မည်သည့် အန္တရာယ်ကိုမှ ရှာမတွေ့မသည့်အတွက် ရန်ကိုင်လည်း ယန်ယန်ကို မတားခဲ့ချေ။
ခဏအကြာတွင် အတွေးနက်နေသည့် အမူအရာဖြင့် ယန်ယန် ပြန်ရောက်လာခဲ့သည်။
“ဘာတွေ့လို့လဲ”
“အရံအတားတစ်ခု” ယန်ယန်က အလျင်အမြန်ပဲ ပြန်ပြောသည် “ဒီနေရာမှာ အရင်တုန်းက ဂိုဏ်းတစ်ဂိုဏ်း ရှိနေခဲ့လောက်တယ်။ မဟုတ်ရင် စိတ်ဝိဥာဉ် အစီအရင်တွေ၊ အရံအတားတွေ ရှိနေစရာ အကြောင်းမရှိဘူး။ ကြည့်ရတာ ငါတို့ ပိုသတိထားဖို့ လိုလာပြီနဲ့တူတယ်။ ဂိုဏ်းတွေရဲ့ အရံအတားက အတွင်းပိုင်းကို ရောက်လေ ပိုပြီး အားကောင်းလာလေ ဆိုတော့ အခု ငါတို့ အပြင်ပိုင်းကို ရောက်နေတာ ဖြစ်လောက်တယ်”
ယန်ယန် ပြောသည်ကို ကြားပြီးနောက် ရန်ကိုင် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြန်မေးလိုက်သည် “အခု ငါတို့ ဘယ်သွားကြမလဲ”
ယန်ယန် မြေပုံအပိုင်းအစနှစ်ခုကို ပြန်ထုတ်ကြည့်သည်။ ထို့နောက် တစ်ဖက်သို့ လက်ညိုးထိုး၍ ပြောလိုက်သည် “အဲ့ဘက်”
ရန်ကိုင်သည် ယန်ယန် ညွှန်ပြသည့် လမ်းအတိုင်း ချက်ချင်း ထွက်လာခဲ့သည်။ လမ်းတွင် အကြွင်းအကျန် အစီအရင်နှင့် အရံအတားအချို့ကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုအရာများသည် ယန်ယန်အတွင့် စာပင် မဖွဲ့လောက်သဖြင့် ရန်ကိုင်တို့ အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။ မရှောင်နိုင်သည့် အရာများကိုမူ ယန်ယန်မှ ဖျက်စီးပစ်လေသည်။
ယန်ယန် ရှေ့မှောက်တွင် မည်သည့် အစီအရင်မှ အသက် သုံးရှိုက်စာထက် ပိုမခံချေ။
သိုသော်လည်း ရန်ကိုင် ပျော်မနေသည့် အပြင် သူ့အမူအရာသည် ပို၍ လေးနက်လာနေခဲ့သည်။ ဤနေရာသည် ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ ပိုက်နက် ဖြစ်ခဲ့သည်မှာ သံသယ ရှိစရာ မလိုချေ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် အစီအရင်နှင့် အရံအတားများသည် အလုပ်လုပ်နေဆဲ။ ထိုဂိုဏ်း မပျက်စီးခင်က မည်မျှ အားကောင်းခဲ့မည်ကို ခန့်မှန်းကြည့်နိုင်သည်။ ထိုကဲ့သို့သော ဂိုဏ်းမျိုးသည် အဆင့်နိမ့် စိတ်ဝိဥာဉ် အစီအရင်ကို ခင်းကျင်းထားခဲ့လိမ့်မည် မဟုတ်ချေ။
ယန်ယန်မှ အစီအရင်များကို ဖျက်စီးနေစဉ် ရန်ကိုင်က သူမအား ဘေးမှ ကာကွယ်ပေးထားသည်။ အစီအရင်များကို ဖျက်စီးပြီးနောက် ရန်ကိုင်က ပြန်ဦးဆောင်၍ သွားသည်။ နှစ်ယောက်သား လုံးဝကို အတိုင်အဖောက် ညီညီဖြင့် ခရီးဆက်နေခဲ့ကြသည်။
ယန်ယန်မှ ပုံရိပ်ယောင်အစီအရင်တစ်ခုကို ဖြေရှင်းပြီး အားရစွာဖြင့် လက်ခုပ်တီး၍ တစ်ခုခု ပြောရန် လုပ်လိုက်သည့် တစ်ခုသော အခိုက်အတန့်၌၊ ရန်ကိုင်၏ မျက်နှာ အေးစက်သွားပြီး သူမဘေးသို့ ချက်ချင်း ပြေးလာခဲ့သည်။ ယန်ယန်နား ရောက်သည်နှင့် သူမအား သူ့နောက်သို့ ချက်ချင်း ဆွဲလိုက်ပြီး ယခင် ယန်ယန် ရှိနေသည့် ဘက်ဆီသို့ နတ်ဆိုးမီးတောက်များ ပစ်လွှတ်လိုက်သည်။
ထိုမီးတောက်များသည် ဗလာနယ်ကိုသာ ထိမှန်သွားသော်ငြား ထူးထူးဆန်းဆန်း အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် ဝိဥာဉ်ပညာရပ် ထုတ်ဖော်ရာတွင် ထွက်ပေါ်လာသည့် စွမ်းအားနှင့် တူညီသော စွမ်းအားတစ်ရပ် ရန်ကိုင်နှင့် ယန်ယန်တို့၏ အသိစိတ်ပင်ယ်ထဲသို့ တိုးဝင်လာခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုသည် အတော့်ကိုမှ အားနည်းလှရာ ရန်ကိုင်နှင့် ယန်ယန်တို့ နှစ်ယောက်စလုံး၏ အသိစိတ်ပင်လယ် အတားဆီးအား ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ချေ။
သို့တိုင် ယန်ယန်၏ အမူအရာ ဖြူလျော်သွားခဲ့သည်။ မတိုက်ခိုက်ခံရခင် အချိန်အထိ အန္တရာယ် သူမနား ဝဲနေသည်ကို ယန်ယန် သတိမပြုမိခဲ့ချေ။ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည့် အတွက်ကြောင့် အတော်လေး ကြောက်ရွံ့သွားခဲ့ခြင်း ဖြစ်သည်။
ဘာဖြစ်သွားလဲ သိချင်သည့်အတွက် ရန်ကိုင် နောက်ဘက်မှ ခေါင်းပြူကြည့်လိုက်ရာ ပုံရိပ်ယောင် ပုံရိပ်တစ်ခုအား ရန်ကိုင် ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင်၏ နတ်ဆိုး မီးတောက်မှ ထွက်ပေါ်လာသော မီးရောင်ကြောင့် ထိုပုံရိပ်၏ အသွင်အပြင်ကို ယန်ယန် မြင်လိုက်ရသည်။
“ယင်ဝိဥာဉ်” ရန်ကိုင်နှင့် ယန်ယန်တို့ နှစ်ယောက်စလုံး၏ ပါးစပ်ထဲမှ တစ်ချိန်တည်း လွှတ်ခနဲ ထွက်သွားခဲ့သည်။ သူတို့ ဘေးပတ်ဝန်းကျင်ရှိ အပူချိန် မသိမသာ လျော့ကျလာသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်နှင့် ယန်ယန် အကြည့်ချင်း ဖလှယ်လိုက်သည်။
ယင်ဝိဥာဉ်များသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်များမှ ဖြစ်လာကြသည့် ထူးခြားသော တည်ရှိမှုများ ဖြစ်ကြသည်။
ယေဘုယျကအားဖြင့် ထိုကဲ့သို့သော ဝိဥာဉ်များသည် နေစရာ ခန္ဓာကိုယ်မရှိသဖြင့် အချိန်အကြာကြီး အသက်မရှင်နိုင်ကြချေ။ ဖြစ်ပေါ်လာပြီး မကြာမီ ပျောက်ကွယ်သွားလေ့ ရှိကြသည်။ ထိုကဲ့သိုသော ဝိဥာဉ်များသည် သင့်လျော်သော မှော်ရတနာတစ်ခုထဲ ထည့်သိမ်းထားလျှင်ထား၊ မဟုတ်ပါက သင့်လျော်သော ခန္ဓာကိုယ်တစ်ခု ရှာတွေ့မှသာလျှင် ဆက်လက် အသက်ရှင်နိုင်ပေလိမ့်မည်။
သို့သော် ဝိဥာဉ်မှော်ရတနာတစ်ခုကို သန့်စင်ဖို့ရာ မည်ကဲ့သို့ လွယ်ကူမည်နည်း။ အခြားသူများ၏ ခန္ဓာကိုယ်ကို အပိုင်စီးခြင်း သည်လည်း အလွန်ကိုမှ အန္တရာယ်များလှသည်။ သတိမထားလျှင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဝါးမြိုခြင်းပင် ခံရနိုင်သည်။ ဥပမာ ဆိုရသော် ရန်ကိုင်၏ ခန္ဓာကိုယ်ကို နတ်ဆိုးအိုကြီးမှ အပိုင်စီးရန် ကြိုးစားစဉ်အခါက ရန်ကိုင်ကြောင့် ပြန်ဒဏ်ရာရသွားပြီး ရန်ကိုင် စေခိုင်းသမျှ လုပ်ခဲ့ရသည့် သူ့အစေခံတစ်ယောက် ဖြစ်လာခဲ့ရသည်။
သို့သော် သေသွားသည့် လူများ၏ ဝိဥာဉ်တိုင်း အလျင်အမြန် ပျောက်ကွယ်သွားကြသည် မဟုတ်။ ထူးခြားသော ပတ်ဝန်းကျင်၌ သေသွားသည့် လူများ၏ ဝိဥာဉ်များသည် အလျင်အမြန် ပျောက်ကွယ်သွားခြင်း မရှိကြချေ။
ဤတောင်ကြားသည် ထိုထူခြားသော နေရာများအနက်မှ တစ်ခု ဖြစ်သည်။ ဤနေရာသည် အလွန်ကိုမှ အေးလှသလို ယင်ချီလည်း အလွန်သိပ်သည်း ပေါကြွယ်ဝသည်။ ထို့ကြောင့် ဤနေရာတွင် သေသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်များသည် အချိန်တိုအတွင်း ပျောက်ကွယ်သါားခြင်း မရှိကြချေ။ အခပ်မသင့်လျှင် ယင်ဝိဥာဉ်သို့ အသွင်ပြောင်းနိုင်မည့် အခွင့်အရေးကိုပင် ရနိုင်ပေသည်။
သို့သော် ယင်ဝိဥာဉ်သို့ ပြောင်းလဲသွားပါက ထိုဝိဥာဉ်သည် အသိစိတ် ရှိတော့မည် မဟုတ်ဘဲ ရှင်သန်ရန်အတွက် မသိစိတ် အရသာ ပြုမူလှုပ်ရှားတတ်သော တစ္ဆေတစ်ကောင် ဖြစ်လာပေလိမ့်မည်။
ယင်ဝိဥာဉ်များသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ် ရန်လိုလှပြီး မြင်သမျှ သက်ရှိတိုင်းကို ရန်သူအဖြစ် မှတ်ယူကြ၏။ ထို့အပြင် ထိုကောင်များကို ခန္ဓာကိုယ်ရှိသည်ဟု ပြော၍ရသလို မရှိဘူးဟုလည်း ပြော၍ရသည်။ ထို့ကြောင့် သင့်လျော်သော ကျင့်စဉ် သို့မဟုတ် မှော်ရတနာသာ မပိုင်ဆိုင်ထားလျှင် ယင်ဝိဥာဉ်များကို သုတ်သင်ရန် အလွန်ကိုမှ ခက်ခဲလှပေသည်။
ရန်ကိုင်၏ နတ်ဆိုးမီးတောက်သည် သန့်စင်သော မီးစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ယင်ဝိဥာဉ်များအတွက် အိမ်မက်ဆိုး ဖြစ်လာခဲ့ရသည်။ ထို့ကြောင့် သူတို့အား တိုက်ခိုက်လာသော ယင်ဝိဥာဉ်ကို ရန်ကိုင် လွယ်လင့်တကူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့နေရာတွင် အခြား ကျင့်ကြံသူ တစ်ယောက်သာ ဆိုပါက ဤကဲ့သို့ အေးအေးသက်သာဖြင့် ရှိနေနိုင်လိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၉)
ယင်ဝိဥာဉ်ကဲ့သို့သော သက်ရှိများကို ရန်ကိုင် တွေ့ဖူးသည်။ ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က တိမ်မိစ္ဆာနယ်မြေထဲရှိ မိစ္ဆာလိုဏ်ဂူထဲသို့ ဝင်သွားခဲ့ဖူးသည်။ ထိုလိုဏ်ဂူထဲတွင် တွေ့ရသော မိစ္ဆာစိတ်ဝိဥာဉ်များသည် ယင်ဝိဥာဉ် ကဲ့သို့သော သက်ရှိများ ဖြစ်ပေသည်။ ထိုစဉ်က မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ပြီးနောက် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်များကို စုဆောင်း နိုင်ခဲ့သော်လည်း ယင်ဝိဥာဉ်များကို ဖျက်စီးပြီးနောက် ထိုကဲ့သို့သော အရာများကို မတွေ့ခဲ့ရချေ။
တောင်ကြားထဲသို့ ဝင်လာပြီးသည့်နောက် ဤနေရာတွင် ယင်ဝိဥာဉ်များ ရှိလေမလားဟု တွေးကြည့်မိခဲ့ဖူးသည်။ သို့သော် တစ်ကောင်တွေ့ပြီးသည့် နောက်ပိုင်း နောက်ထပ် တစ်ကောင်မှ ထပ်မတွေ့ရတော့ချေ။
သို့သော် တစ်ကောင်ပင် ဖြစ်လင့်ကစား ထိုအချက်သည် ဤနေရာတွင် ယင်ဝိဥာဉ်များ ရှိနေသည် ဆိုသော အချက်ကို မီးမောင်း ထိုးပြနေခဲ့သည်။ ဆိုလိုသည်ကား ဤနေရာတွင် နောက်ထပ် ယင်ဝိဥာဉ်များ ထပ်ရှိနေရပေလိမ့်မည်။
ယန်ယန်လည်း ထိုကဲ့သို့ ထင်ပေသည်။ သို့သော် သိပ်တော့ မသေချာပေ။
ရန်ကိုင်တို့၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုသည့်အလား၊ ရန်ကိုင်က ပထမယင်ဝိဥာဉ်က သတ်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်အောက်ခြေမှ အေးစက်စက် အရှိန်အဝါ အခိုးအငွေ့များ စတင် ထွက်ပေါ်လာခဲ့လေသည်။
သို့သော် အခိုးအငွေ့အားလုံးသည် မတူညီကြချေ။ အချို့သည် မြူခိုးနှယ် သိပ်သည်းကြပြီး အချို့သည် ရေနွေးငွေ့ကဲ့သို့ ပါးလျ၏။ ပေါ်လာသည်ပြီးသည်နှင့် အခိုးအငွေ့အားလုံးသည် ယင်ဝိဥာဉ်များ အဖြစ်သို့ စုစည်းပြောင်းလဲကုန်ကြလေသည်။ ဖြစ်ပေါ်လာသည့် ယင်ဝိဥာဉ်များသည် ချွင်းချက်မရှိဘဲ ပုံမှန် ယင်ဝိဥာဉ်များအတိုင်း ပြီးပြည့်စုံခြင်း မရှိကြချေ။ မျက်နှာ အသွင်အပြင်သည် ဝိုးတဝါးတား ဖြစ်နေပြီး ခြေလက်များလည်း မစုံကြပေ။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ယန်ယန်သည် သူမ၏ ချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို အနီရောင်အလင်းတို့ ထွက်ပေါ်လာပြီး သူမအား လွှမ်းခြုံသွး၏။ ရန်ကိုင်ကမူ မည်သည့် အကာအရံမှ ထုတ်ဖော်ခြင်း မရှိဘဲ နတ်ဆိုးမီးတောက်များကိုသာ ထိုယင်ဝိဥာဉ်များဆီသို့ ပစ်လွှတ်လိုက်လေသည်။
ယင်ဝိဥာဉ်များသည် အရေအတွက် များသော်လည်း အကုန်လုံးသည် အတော့်ကိုမှ အားနည်းကြသည်။ ရန်ကိုင်၏ နတ်ဆိုးမီးတောက်ဖြင့် ထိသွားသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် အငွေ့ပျံကုန်ကြလေသည်။
ထိုအခြင်းအရာကို မြင်မှပဲ ယန်ယန် စိတ်သက်သာရာ ရသွားသည်။ သူမပုံစံကို ပြန်ထိန်းလိုက်ပြီးနောက် ချပ်ပြား တစ်ပြားကို ထုတ်၍ အသက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလို ချပ်ပြား အလယ်ဗဟိုမှ အနီရောင် အလင်းစက်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်း စက်ကွင်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ယင်ဝိဥာဉ်များကို ဖုံးလွှမ်းသွားခဲ့သည်။ အလင်းစက်ကွင်းတွင်း၌ ရှိနေသော အအေးဓါတ်များအားလုံး ဖယ်ရှားခံလိုက်ရပြီး ယင်ဝိဥာဉ်များမှာမူ အရည်ပျော်ကျကြကုန်ရလေသည်။
အလင်းစက်ကွင်းသည် မီတာတစ်ထောင် ပတ်လည်အထိ ဆက်လက် ပြန့်ကားသွားပြီးနောက် စွမ်းအင်ကုန်ကာ ပျောက်ကွယ်သွားလေသည်။ သို့သော်လည်း ထိုမီတာတစ်ထောင် ပတ်လည်အတွင်း ရှိနေသော ယင်ဝိဥာဉ် အားလုံးမှာမူ အစအန မကျန် ပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုအခြင်းအရာကြောင့် ရန်ကိုင် မှင်သက်သွားပြီး ယန်ယန်အား အံ့ဩတကြီး ကြည့်လိုက်သည်။
ယန်ယန်က ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် “ဒါငါအသစ် ဖန်တီးထားတဲ့ မှော်ရတနာလေ၊ လန်းတယ်မလား”
“အင်း။ အခုလို အခြေအနေမျိုးမှာ အရမ်း အသုံးဝင်တယ်။ ပိုအားကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရင်တော့ အလုပ် ဖြစ်လောက်မှာ မဟုတ်ဘူး” ရန်ကိုင်က ထိုချပ်ပြား၏ အားနည်းချက်ကို ချက်ချင်း ထောက်ပြလိုက်သည်။
ယန်ယန် ပြောသည်ကို ကြားသည့်အခါ ယန်ယန်က နှုတ်ခမ်းလေးဆူ၍ “ငါ့မှာလည်း တစ်ယောက်ချင်း တိုက်ခိုက်ရင် သုံးတဲ့ မှော်ရတနာတွေ ရှိပါတယ်နော်။ ငါကိုယ်တိုင်က တိုက်ဖို့ကို စိတ်မဝင်စားလို့သာ၊ ဟွန့်”
သူမ မှော်ရတနာ၏ အားနည်းချက် ထောက်ပြခံလိုက်ရသဖြင့် ယန်ယန် မပျော်မရွှင် ဖြစ်သွားရသည်။
ထိုအခါက ရန်ကိုင်က သူပါးကိုကုတ်၍ ပြောလိုက်သည် “သွားကြရအောင်၊ ဒီယင်ဝိဥာဉ်က အားနည်းတယ် ဆိုပေမယ့် ငါတို့သာ ဆက်ဝင်သွားရင် ပိုပြီး အားကောင်းတဲ့ ကောင်တွေကို တွေ့လာရလိမ့်မယ်။ သတိပေါ့လို့ မဖြစ်ဘူး”
ပြောပြီးသည်နှင့် ရှေ့ဆက်သွဦးကြလေသည်။
ဤဂိုဏ်းပျက်ကြီးသည် အတော့်ကိုမှ ထူးဆန်းလှသည်။ ဆက်အလုပ်လုပ်နေသော အစီအရင်များ ရှိနေသေးသလို ယင်ဝိဥာဉ်များစွာလည်း ရှိနေသည်။ လမ်းတစ်လျှောက်တွင် အစီအရင်နှင့် အရံအတားများစွာကို သာမက ယင်ဝိဥာဉ်များဆီမှ တိုက်ခိုက်မှုများစွာကိုပါ ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုပြဿနာ အားလုံးကို ရန်ကိုင်နှင့် ယန်ယန်မှ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့၏။
ရန်ကိုင်နှင့် ယန်ယန်သည် တောင်ကြားကို ရက်ပေါင်းများစွာ ကြာအောင် စူးစမ်းလေ့လာနေခဲ့ကြသည်။ ယန်ယန်သည် သွားနေရင်း မြေပုံအပိုင်းအစ နှစ်ခုကို ထုတ်ထုတ်ကြည့်သည်။ သူတို့ ပန်းတိုင်နှင့် နီးကပ်လာသည်နှင့် အမျှ၊ တည်နေရာ အတိအကျကို သတ်မှတ်ရန် ပိုခက်ခဲလာခဲ့ရသည်။
တစ်နေ့၊ ယန်ယန်မှ မြေပုံအပိုင်းအစကို စစ်ဆေးနေစဉ် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ကောင်ကင် စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ထို့နောက် အံ့အားသင့်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်လေသည် “ဒီမှာ အခြားလူတွေ ရှိနေတယ်”
“အခြားလူတွေ၊ ဘယ်သူတွေလဲ” ယန်ယန် အံ့ဩတကြီး ပြန်မေးသည်။
“ငါလည်းမသိဘူး။ ဒါပေမယ့် စုစုပေါင်း လေးယောက်ရှိတယ်။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် နှစ်ယောက်နဲ့ ဒုတိယအဆင့် နှစ်ယောက်။ သူတို့ အစီအရင်တစ်ခုထဲမှာ ပိတ်မိနေတာနဲ့တူတယ်”
“နင်သွားစစ်ဆေးကြည့်ချင်လား။ ကံကောင်းရင် ဒီနေရာ ဘယ်နေရာလဲ ဆိုတာ သူတို့ ငါတို့ကို ပြောပြနိုင်လောက်တယ်” ယန်ယန်က အကြံပေးလိုက်သည်။
ပုံမှန်အားဖြင့် ရန်ကိုင်သည် ဤနေရာသို့ ရတနာရှာရန် လာခြင်း ဖြစ်သည့်အတွက် အခြားသူများနှင့် မပက်သက်ချင်ပေ။ ထိုလူများ မည်သူပင် ဖြစ်စေ၊ သူတို့ မည်သို့သော အန္တရာယ်နှင့် ကြုံနေရသည် ဖြစ်စေ သူဂရုမစိုက်။ သို့သော် သူ့ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုလူလေးယောက် အနက် နှစ်ယောက်၏ အရှိန်အဝါကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ထို့ကြောင့် ထိုလူလေးယောက် ဘယ်သူများ ဖြစ်လေမလဲ ရန်ကိုင် စိတ်ဝင်စားမိသွားသည်။ ယန်ယန်ကလည်း ထိုနေရာသို့ သွားစစ်ဆေးမလားဟု တိုက်တိုက်ဆိုင်ဆိုင် အကြံပေးလာသဖြင့် ရန်ကိုင်လည်း ယန်ယန်၏ အကြံပေးချက်ကို သဘောတူလိုက်၏ “အင်း။ ပုန်းပြီး သွားစစ်ဆေးကြည့်မယ်။ ငါတို့ ရှိနေတာ သိမသွားစေနဲ့”
“အင်း” ယန်ယန် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ထိုလေးယောက်ထက် အဆများစွာ ပိုမိုအားကောင်းသဖြင့် သူ့ကောင်းကင်စိတ်အာရုံဖြင့် သူ့ကိုယ်သူ လွှမ်းခြုံ၍ အရှိန်အဝါကို ဖိနှိပ်ထားလိုက်မည် ဆိုပါက ထိုလူများ သူအား သတိပြုမိသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ယန်ယန်ကမူ သူမ ဝတ်ထားသည့် လည်ဆွဲကို အသက်သွင်းလိုက်သည်။ လည်ဆွဲဆီမှ ပါးလျလျ အကာအရံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ မျက်တောင်တစ်ခတ်အတွင်း ယန်ယန်သည် ကိုယ်ပျောက်လူသား တစ်ယောက်နှယ် ဖြစ်သွားသည်။ သို့သော် ကြည်လင်နေသော ပစ္စည်းတစ်ကို မြင်နေရသည့်နှယ် သူမအား မြင်နေရသေးသည်။ သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်သည့်အခါ ယန်ယန်အား မည်သို့မှ အာရုံခံမရသည်ကို သတိပြုမိလိုက်သည်။ ယန်ယန်နှင့် အနီးကပ်တွင် ရှိနေပြီး သူမ ကိုယ်ပျောက်သွားသည်ကို မျက်စိတပ်အပ်ဖြင့် ကိုယ်တိုင် မြင်လိုက်ရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်လည်း ယန်ယန်ကို သတိထားမိလိမ့်မည် မဟုတ်ချေ။
အမည်မသိရသော လူလေးယောက် အဖွဲ့သည် ရန်ကိုင်တို့ ရှိနေသည့် နေရာနှင့် မိုင်သုံးဆယ် အကွာခန့်တွင် ရှိနေသည်။
အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးသည့်နောက် တောင်ကုန်းလေးတစ်လုံး ပေါ်သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။
တောင်ကုန်းပေါ်မှ ငုံ့ကြည့်လိုက်ရာ မီတာသုံးရာ ပတ်လည်ကို လွှမ်းခြုံထားသည့် အမိုးခုံးကဲ့သို့ အရာတစ်ခုကို မြင်လိုက်ရသည်။ အထဲတွင်မူ ရန်ကိုင် သတိပြုမိခဲ့သည့် လူလေးယောက် ရှိနေသည်။ လက်ရှိတွင် လေးယောက်သည် ကျောချင်းကပ်လျက် ရပ်နေသည်။ နှစ်ယောက်သည် အရံအတားကို တိုက်ခိုက်နေခဲ့ကြသည်။
သူတို့၏ တိုက်ချက်တစ်ချက်စီတိုင်းသည် အကာအရံကို လှုပ်ခါသွားစေနိုင်သော်ငြား သူတို့ ထုတ်လွှတ်လိုက်သမျှ တိုက်ခိုက်မှုတိုင်းသည် သူတို့ဆီသို့ ပြန်ကန်ထွက်လာသည်။
ကျန်နှစ်ယောက်သည် သူတို့၏ အကာအကွယ် မှော်ရတနာကို အသုံးပြု၍ ပြန်ကန်ထွက်လာသည့် စွမ်းအင်ကို တားဆီးလိုက်၏။။
သူတို့ မည်မျှပင် တိုက်ခိုက်နေစေကာမူ အချိန်တိုအတွင်း ထိုအကာအရံကို ဖျက်စီးပစ်နိုင်မည့်ပုံမပေါ်။ သူတို့ ထိုထဲတွင် မည်မျှကြာအောင် ပိတ်မိနေသလဲ မည်သူမှမသိ။ သို့သော် အကုန်လုံး အားကုန်ချင်လုလု ဖြစ်နေသည့် အတွက်ကြောင့် သူတို့ ပိတ်မိနေသည်မှာ အတော်လေး ကြာနေလောက်ပေပြီ။
“အို။ တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်တဲ့ အကာအရံပါလား စိတ်ဝင်စားစရာပဲ” ယန်ယန် ထိုအကာအရံကို စိတ်ဝင်တစား ကြည့်လိုက်သည်။
ရန်ကိုင်ကမူ အဖွဲ့ထဲတွင် ရှိနေသော ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးကို မျက်မှောင်ကြုတ်ကြည့်နေရင်း ရေရွတ်လိုက်သည် “သူမပဲ”
ထိုအမျိုးသမီးသည် ကြည်လင်ကောင်းကင်ဂိုဏ်းမှ ချန်ရှီတောင်းမှ လွဲ၍ အခြားမဟုတ်ချေ။ ရှင်းရှင်းပြောရလျှင် ထိုအမျိုးသမီးနှင့် သူသိပ်မရင်းနှီးချေ။ အသိအကျွမ်းဟုသော ပြောနိုင်ပေသည်။ သို့သော် ထိုအမျိုးသမီးသည် သူ့အား ကံကြမ္မာ သားတော်အဖြစ် မှတ်ယူဆခဲ့သည်။
သူ့ကို သူမတို့နှင့် အတူသွားမလားဟုပင် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ရန်ကိုင်က မငြင်းရသေးခင်မှာပဲ နဂါးဝိဥာဉ်နောက်သို့ လိုက်နေသော ချန်ချီနှင့် သွားတိုးခဲ့သည်။ အကျိုးဆက်အနေဖြင့် သူမပါ ကံကောင်းပြီး ရန်ကိုင်နောက်သို့ လိုက်ရင် သူတော်စင် သလင်းကျောက် မိုင်းတွင်းကို တွေ့သွားခဲ့သည်။
နောက်ပိုင်း သူ့တွင် လုပ်စရာ ရှိသေးသဖြင့် သလင်းကျောက် နည်းနည်းပါးပါး တူပြီးနောက် မိုင်းတွင်းမှာ ထွက်ခွာလာခဲ့သည်။ ချန်ရှီတောင်းတို့ အဖွဲ့မှာမူ သလင်းကျောက်များကို ဆက်တူးရင်း နေရစ်ခဲ့သည်။
ချန်ချီပင် သူတော်စင် သလင်းကျောက်တွင်းမှူ အကျိုးအမြတ် များစွာ ရလာသဖြင့် ချန်ရှီတောင်းတို့ အဖွဲ့လည်း အတော်လေးကို များများစားစား ရခဲ့ပေလိမ့်မည်။
ထို့အပြင် ရန်ကိုင်သည် သူတော်စင် သလင်းကျောက်တွင်းမှ နဂါးအရိုး နဂါးပုတီးစေ့နှင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို ရခဲ့လေရာ ချန်ရှီတောင်းတို့လည်း အခြား အဖိုးတန်ရတနာများ မရခဲ့ဘူးဟု မည်သူ ပြောနိုင်မည်နည်း။
ချန်ရှီတောင်ကို ဤနေရာတွင် လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူရင်းနှီးနေသည့် အရှိန်အဝါနှစ်ခုမှ ချန်ရှီတောင်းနှင့် သူမတို့ အဖွဲ့ထဲမှ အမျိုးသမီး တစ်ယောက်ဆီမှ လာခြင်း ဖြစ်သည်။ ထိုအမျိုးသမီးသည် သူတော်စင်ဘုရင် ဒုတိယအဆင့် ဖြစ်ပြီး လက်ရှိတွင် အကာအရံအား တိုက်ခိုက်နေသည့် လူတစ်ယောက်အား ကာကွယ်ပေးရသည့် တာဝန်ကို ယူထားသည်။
“သူတို့ကို နင်သိလား” ယန်ယန်က ခေါင်းလေးစောင်းပြီး မေးလိုက်သည်။
“အင်း၊ သိရုံလေးပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“သွားကူချင်လား”
“ဟင့်အင်း” ရန်ကိုင် ပြတ်ပြတ်သားသား ငြင်းလိုက်သည် “အဲ့မိန်းမက အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ သူတို့နဲ့ သွားမပက်သက်ချင်ဘူး။ ပြီးတော့ အခု သူတို့ အန္တရာယ်ရှိနေတာမှ မဟုတ်တာ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောက်တစ်ရက်၊ နှစ်ရက်အတွင်း အရံအတားကို သူတို့ ချိုးဖျက်နိုင်လိမ့်မယ်”
“ဒါပေမယ့် ငါဒီဟာကို…” ယန်ယန် ပြောလို့ မပြီးသေးခင်မှာပဲ သူမ၏ မျက်ဝန်းလေးများ မှေးစဉ်းသွားပြီး တစ်ဖက်သော ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ကူကယ်ရာ မဲ့သွားခဲ့သည်။
အကြောင်းမှာ ယင်ဝိဥာဉ်များ သူတို့ဆီသို့ ပျံသန်း လာနေသည်ကို မြင်တွေ့လိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်၏။ ပိုဆိုးသည်ကား သူတို့သာ ဤအတိုင်း ဆက်သွားနေမည် ဆိုပါက ရန်ကိုင်နှင့် ယန်ယန်တို့ ရှိနေသည့် တောင်ကုန်းလေးကို ကျိန်းသေ ဖြတ်လာပေလိမ့်မည်။
ရန်ကိုင် စိတ်ညစ်သွားခဲ့ပြီး ယန်ယန်လက်ကို ဆွဲ၍ ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ရန်ကိုင် ပြန်ဆုတ်ရန် ကြံလိုက်သည်နှင့် ယင်ဝိဥာဉ်များသည် သူရှိနေသည်ကို သတိပြုမိသွားသည့်အလား သူ့ဘက်သို့ လှည့်လာ၍ စူးစူးရှရှ အော်မည်နှင့် သူနှင့်ယန်ယန်ဆီ တစ်ဟုန်ထိုး ပြေးဝင်လာကြလေသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်၏ မျက်လုံးများ သတ်ဖြတ်ချင်စိတ်ဖြင့် တလက်လက် တောက်ပလာခဲ့သည်။ အနီးတွင် ရှိနေသော ယင်ဝိဥာဉ်တစ်ကောင်ကို လှမ်းဖမ်း၍ နတ်ဆိုးမီးတောက်ဖြင့် ပြာချပစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၀)
ယင်ဝိဥာဉ်များသည် သိပ်အစွမ်းမထက်သဖြင့် ရန်ကိုင်တို့ အလွယ်တကူ ရှင်းပြနိုင်ခဲ့သည်။ အကျိုးဆက်သည်ကား သူတို့ ရှိနေသည်ကို အစီအရင်ထဲတွင် ပိတ်မိနေသည့် လူလေးယောက် သတိပြုမိသွားခြင်း ဖြစ်သည်။
အသံဗလံများ ကြားသော် အစီအရင်ထဲတွင် ရှိနေသော လူများ နိုးနိုးကြားကြား ဖြစ်သွားပြီး ချက်ချင်းပဲ သတိအပြည့်ဖြင့် ရန်ကိုင်တို့ ဘက်သို့ လှမ်းကြည့်လိုက်ရာ ကူကယ်မဲ့နေသည့် အမူအရာဖြင့် ရပ်နေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။
ရန်ကိုင်ကို မသိသော ထိုအဖွဲ့ထဲရှိ လူနှစ်ယောက် ရန်ကိုင်ကို သတိပြုမိသည်နှင့် ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။ ရန်ကိုင်တို့၏ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကို သူတို့ သံသယ ဝင်နေခြင်း ဖြစ်သည်။ ရန်ကိုင်သည် မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခုဖြင့် ပုန်းအောင်းနေခြင်း ဖြစ်သည်ဟု ထိုနှစ်ယောက် ထင်နေကြလေပြီ။ ထင်ချင်လည်း ထင်ချင်စရာပင်။ သူတို့ နေရာတွင် ရောက်နေသော မည်သူမဆို ထိုကဲ့သို့ ထင်မည်သာ။
အခြားတစ်ဖက်တွင်မူ၊ အမျိုးသမီး နှစ်ယောက်မှာမူ ရန်ကိုင်ကို မြင်သည်နှင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ မကြာမီ ရန်ကိုင် ဘယ်သူမှန်း ချန်ရှီတောင်းနှင့် ထိုအမျိုးသမီး ပြန်မှတ်မိသွားကြသည်။
ရန်ကိုင်နှင့် မတွေ့သည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း သူမအား အကျိုးအမြတ်များစွာ ရအောင် လုပ်ပေးခဲ့သော ထိုလူကို ချန်ရှီတောင်း မည်ကဲ့သို့ မေ့နိုင်မည်နည်း။ ချက်ချင်းပဲ ပျော်သွားပြီး သူမ၏ လက်ကလေးကို ဝှေ့ရမ်းရင်း အော်ပြောလိုက်လေသည် “လတ်စသတ်တော့ ရှင်ကိုး”
သူမဘေးတွင် ရှိနေသော အမျိုးသမီးသည်လည်း ရန်ကိုင်အား ပြုံးပြလိုက်သည်။
ရန်ကိုင် ခေါင်းကိုက်ချင်လာလေပြီ။ ထို့ကြောင့် မသိချင်ယောင်သာ ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ချက်ချင်းပဲ အံ့အားသင့်နေသည့် အမူအရာဖြင့် “ခင်ဗျားက…”
ချန်ရှီတောင်းက သူမ၏ ပါးစပ်လေးကို အုပ်၍ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လပ်ရင်း ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည် “ဘာလဲ၊ မောင်လေး ဒီအစ်မကို မမှတ်မိတော့တာလား။ အစ်မက ကြည်လင်းကောင်းကင်ဂိုဏ်းက ချန်ရှီတောင်းလေ။ အစ်မတို့ သဲမီးတောက်နယ်မြေမှာ တွေ့ဖူးတယ်လေ”
“သဲမီးတောက်နယ်မြေ” ချန်ရှီတောင်း ဘေးတွင် ရှိနေသော လူနှစ်ယောက် သူမ ပြောသည်ကို ကြားသည့်အခါ ရန်ကိုင်အား နောက်တစ်ကြိမ် သေချာ ပြန်စစ်ဆေးကြည့်လိုက်သည်။
သဲမီးတောက်နယ်မြေမှ အသက်ရှင်လျက် ထွက်လာနိုင်သည့် မည်သူ့ကိုမဆို ပေါ့သေးသေး မမှတ်သင့်ချေ။ သူတို့ နှစ်ယောက်သည် အကြောင်း အမျိုးမျိုးကြောင့် သဲမီးတောက် နယ်မြေထဲသို့ မဝင်နိုင်ခဲ့ချေ။ ချန်ရှီတောင်းတို့ ပြန်သယ်လာသည့် အကျိုးအမြတ် များစွာကို မြင်ပြီးနောက် သူတို့ အလွန်တရာကိုမှ နောင်တရခဲ့ကြသည်။ သဲမီးတောက်နယ်မြေ၏ အန္တရာယ်များကို ချန်ရှီတောင်းမှ ပြောပြထားသဖြင့် သူတို့ သိထားကြသည်။ ထို့ကြောင့် သဲမီးတောက်နယ်မြေမှ အသက်ရှင်လျင် ဘေးရန် ကင်းကင်းဖြင့် ထွက်လာနိုင်သည့် မည်သူကိုမဆို သေချာ အာရုံစိုက်ရန် လိုအပ်သည်။
သို့သော်လည်း ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယ အဆင့်သာ ရှိသေးမှန်း သိလိုက်ရပြီးနောက် နှစ်ယောက်ထဲမှ တစ်ယောက်က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း အကြည့်လြွှသွားလေသည်။ ရန်ကိုင် အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာ ရန်ကိုင်သည် ပထမ အလွှာထဲတွင်သာ လှည့်ပတ်သွားနေသူ ဖြစ်သည့် အတွက်ကြောင့်သာ ဖြစ်သည် ဟူ၍ ယူဆလိုက်ပေသည်။
အခြား တစ်ယောက်၏ ကျင့်ကြံခြင်းမှာ ပထမတစ်ယောက် ထက် နိမ့်ကျသော်လည်း ရန်ကိုင်အား စိတ်ဝင်တစားဖြင့် သေချာ စိုက်ကြည့်နေခဲ့သည်။ သူသည်လည်း ရန်ကိုင်ကဲ့သို့ သူတော်စင် ဘုရင် ဒုတိယအဆင့် တစ်ယောက် ဖြစ်ပေသည်။
ချန်ရှီတောင်း ထိုမျှ တရင်းတနှီး ပြုမူနေသည်ကို မြင်သော် ရန်ကိုင် ပို၍ ခေါင်းကိုက်ချင်သွားသည်။ ထိုအမျိုးသမီးနှင့် တွေ့ပြီးနောက် သူမသည် သူအား စိတ်ဒုက္ခပေးနိုင်သည့် လူတစ်ယောက် ဖြစ်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ သို့သော် ချန်ရှီတောင်း ထိုမျှ တရင်းတနှီး ပြုမူလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမက ထိုကဲ့သို့ ဖော်ရွေရင်းနှီးစွာ နှုတ်ဆက်နေသဖြင့် ရန်ကိုင်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ပြန်၍ နှုတ်ဆက်ရတောသည် “အော်၊ ခင်ဗျားကိုး၊ ကျုပ်မှတ်မိပြီ”
“နောက်ဆုံးတော့ ငါ့ကို မှတ်မိသွားပြီပေါ့။ မောင်ငယ်လေး ငါ့ကို လုံးဝ မေ့သွားပြီလို့ ငါထင်နေတာ ခစ်ခစ်ခစ်…” ချန်ရှီတောင်း အလွန် ပျော်နေသည့်ပုံပင်။ အကာအရံထဲတွင် ပိတ်မိနေလင့်ကစား ရယ်မောပြုံးရွှင်းနိုင်သေးသည်။ သူမ၏ ပျော်ရွှင်စွာ ရယ်မောနေပုံကို ကြည့်ရင်း အဖွဲ့ထဲတွင် ရှိနေသော ကျန်သုံးယောက် ကြောင်နေခဲ့သည်။
ချန်ရှီတောင်း ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်လည်း မရယ်ချင် ရယ်ချင်ဖြင့် လိုက်ရယ်ရတော့သည်။
ခဏလောက် ရယ်မောနေပြီးနောက် ချန်ရှီတောင်းက ရုတ်တရက် ရန်ကိုင်အား စိုက်ကြည့်၍ မေးလိုက်သည် “မောင်လေး၊ ဘာလို့ ဒီကို လာတာလဲ”
“လမ်းကြုံရင်း ဒီနေရာက ထူးဆန်းတယ် ထင်လို့ အထဲဝင် စစ်ဆေးကြည့်တာ။ အထဲရောက်တော့ ဒီဘက်ကနေ အသံတွေ ကြားနေရလို့ လာစစ်ဆေးကြည့်တာ။ ဒါပေမယ့် ဘာတွေဖြစ်နေလဲ မသိတော့ ပုန်းလျှိုးကွယ်လျှိုးပဲ လုပ်ရတယ်။ အဲ့အတွက် ကျုပ်တို့ကို အပြစ်မတင်ပါနဲ့ဗျာ” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။
“လမ်းကြုံတာလား…” ချန်ရှီတောင်းက ပြံး၍ ရန်ကိုင်အား သေချာ စိုက်ကြည့်လိုက်သည်။ ရန်ကိုင် ပြောသည်ကို မယုံသော်ငြား ထပ်မေးမနေခဲ့ချေ။ မျက်လုံးလေး ကလည်ကလည် လုပ်နေပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်လေသည် “ရောက်လာရင်း တစ်လက်စတည်းနဲ့ အစ်မတို့ကို တစ်ခါတည်း ကူညီပေးလို့ ရမလားဟင်”
“ဘာကူညီပေးရမှာလဲ” ပြဿနာ သူ့ရှေ့ တည့်တည့် ရောက်လာနေသည်ကို ရှောင်လွဲနိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်နှင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
“ဒီအကာအရံကို မောင်လေးရဲ့ အဖော်နဲ့ အပြင်ဘက်ကနေ တိုက်ခိုက်ပေးလို့ရမလားဟင်။ ဒီအကာအရံက တိုက်လိုက်တဲ့ တိုက်ခိုက်မှုတိုင်းကို တန်ပြန်နိုင်တာဆိုတော့ အစ်မတို့ အထဲကနေ တိုက်လို့ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် မောင်လေးတို့ အပြင် ကနေ တိုက်ခိုက်မယ်ဆိုရင်တော့ ပြဿနာ မရှိလောက်ဘူး”
ရန်ကိုင် တုန့်ဆိုင်းနေမိသည်။ ထို့နောက် သူ့ဘေးရှိ ယန်ယန်အား လှည့်ကြည့်လိုက်ရာ ယန်ယန် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်သည် “ရတာပေါ့”
ချန်ရှီတောင်း ပျော်သွားပြီး ချက်ချင်းပဲ ပြန်ပြောလေသည် “မောင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီကနေ လွတ်လာနဲ့ မောင်လေးကို ကျိန်းသေ ကျေးဇူး ပြန်ဆပ်ပါ့မယ်”
“ဘာမဟုတ်တဲ့ ကိစ္စလေးကို အစ်မချန် အဲ့လိုတွေ လုပ်စရာ မလိုပါဘူး” ရန်ကိုင်က လက်ဝှေ့ရမ်း၍ သူမတို့ လေးယောက် အဖွဲ့ကို နောက်ဆုတ်နေရန် ပြောလိုက်သည်။ ထို့နောက် တောင်တစ်ရာ ပန်းချီကားချပ်ကို ထုတ်၍ တောင်များစွာဖြင့် အကာအရံကို ထုချတော့လေသည်။
သူ့ခွန်အား အမှန်ကို အပြင်လူများ မြင်သွားမည် စိုးသည့် အတွက်ကြောင့် သူတော်စင်ချီကို အသုံးမပြုခဲ့ချေ။ တောင်တစ်ရာ ပန်းချီကားချပ်သည် မှော်ရတနာတစ်ခုသာ ဖြစ်သည့်အတွက် ပန်းချီကားချပ်ကို သူအသုံးပြုလိုက်သည့်တိုင် သူ့ခွန်အား အမှန်ကို ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
ပုံရိပ်ယောင်တောင်များ အရံအတားပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။ ချန်ရှီတောင်း ပြောသကဲ့သို့ပင် ရန်ကိုင်၏ တိုက်ခိုက်မှုသည် ပြန်ကွက်ထွက်လာခြင်း မရှိခဲ့ချေ။ အတွင်းဘက်မှ တိုက်ခိုက်လျှင်သာ တန်ပြန်သည့်ပုံပင်။
ရန်ကိုင်၏ တဗုန်းဗုန်းမြည်အောင် တိုက်ခိုက်မှုအောက်၌ အကာအရံ စတင် မှေးမှိန်လာခဲ့သည်။ ဤနည်းအတိုင်းသာ ဆက်သွားမည် ဆိုပါက လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်း အကာအရံ ပျက်စီးသွားပေလိမ့်မည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ချန်ရှီတောင်းတို့အဖွဲ့ ပျော်သွားခဲ့သည်။ သူမတို့အဖွဲ့ ဤထဲတွင် ပိတ်မိနေသည်မှာ နှစ်ရက်တိုင်တိုင် ရှိနေခဲ့လေပြီ။ နောက်ထပ် တစ်ရက်၊ နှစ်ရက်မျှ ထပ်ကြိုးစားလျှင် အကာအရံထဲမှ ထိုးဖောက်နိုင်မည် ဖြစ်သော်ငြား အပြင်ဘက်ရှိ တစ်ယောက်ယောက်မှ ကူညီပေးခြင်းသည် ပို၍ လွယ်ကူသလို ပို၍လည်း မြန်ဆန်ပေသည်။
ထိုစဉ် သူတော်စင်ဘုရင် တတိယအဆင့် ရှိသော အမျိုးသား ကျင့်ကြံသူက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “အစ်ချန်၊ အဲ့လူနဲ့ ရင်းနှီးတာလား”
ထိုမေးခွန်းကို ကြားသော် ချန်ရှီတောင်း တွေဝေသွားသည်။ သို့သော် လှည့်ပတ်ဖြေမနေဘဲ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည် “ငါသူနဲ့ သိပ်မရင်းနှီးဘူး။ ရှင်းရှင်းပြောရင် သဲမီးတောက် နယ်မြေထဲမှာ ငါသူနဲ့ နှစ်ကြိမ်ပဲ တွေ့ဖူးတာ။ ဒါပေမယ့် သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်”
“စိတ်ဝင်စားဖို့ကောင်းတာလား” အမျိုးသား ကျင့်ကြံသူ ထိတ်လန့်သွားသည်။ သေချာထပ်မေးဖို့ လုပ်နေစဉ်မှာပဲ အခြား အမျိုးသား ကျင့်ကြံသူက စိတ်အားတက်ကြွစွာဖြင့် ဝင်းမေသည် “အစ်မတောင်၊ သူနဲ့ သဲမီးတောက်နယ်မြေထဲမှာ တွေ့ခဲ့တာလို့ အစ်မတောင် ပြောလိုက်တယ်မလား”
“ဟုတ်တယ်။ ငါသူနဲ့ သဲမီးတောက်နယ်မြေထဲမှာ တွေ့ခဲ့တာ။ အို… သူ သူတော်စင်ဘုရင် ဒုတိယအဆင့်တောင် ရောက်နေပြီပဲ။ ငါသူနဲ့ စတွေ့တုန်းက သူ သူတော်စင်ဘုရင် ပထမအဆင့်ပဲ ရှိသေးတာ ငါသေချာမှတ်မိတယ်။ ကြည့်ရတနာ သူလည်း အခွင့်အလမ်းအချို့နဲ့ ကြုံခဲ့ရတယ်နဲ့တူတယ်” ချန်ရှီတောင်း၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
“သူတော်စင်ဘုရင် ပထမအဆင့်လေးနဲ့ သဲမီးတောက် နယ်မြေထဲ ဝင်ရဲတာ ကိုယ်ကိုယ့်ကို သွေးနားထင်ရောက်နေတာပဲ” ပထမဆုံး စကားစပြောခဲ့သည့် အမျိုးသား ကျင့်ကြံသူက နှာခေါင်းရှုံ့၍ အထင်အမြင်သေးသေးဖြင့် “သူအခုလို အသက် ရှင်နေနိုင်တာ ကံကောင်းလို့ပဲ ဖြစ်ရမယ်။ သူပထမအလွှာမှာပဲ လျှောက်သွားနေမှန်း ကျုပ်လောင်းရဲတယ်”
ဘာကြောင့်မှန်းမသိ ထိုလူသည် ရန်ကိုင်အား အတော့်ကိုမှ အထင်သေးနေခဲ့သည်။ ပထမအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်ငြား ရန်ကိုင်အား အဆက်မပြတ် နှိမ်ချပြောဆိုနေခဲ့သည်။
သို့သော် ချန်ရှီတောင်းက ပြုံး၍ ခေါင်းခါလျက် “မဟုတ်ဘူး။ သူအနည်းဆုံး ဒုတိယအလွှာထိရောက်တယ်။ ငါသူနဲ့ အဲ့မှာ တွေ့ခဲ့တာ”
“ပထမအလွှာ မဟုတ်ဘူးလား” အမျိုးသား ကျင့်ကြံသူ အံ့အားသင့်သွားခဲ့သည်။ ပထမအလွှာကို ဖြတ်သွားဖို့ရာ သိပ်မခက်ဟု အခြာသူများ ပြောနေသည်ကို သူကြားခဲ့သည်။ သို့တိုင် ပထမအလွှာထဲတွင် အန္တရာယ်များစွာ ရှိနေပေသည်။ အားနည်းသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ ဆိုလျှင် ပထမအလွှာကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးခဲ့သသော ထိုကောင်သည် ပထမအလွှာကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ပေသည်။
သူမယုံပါချေ။
“ငါပြောတာမယုံရင် ဂျူနီယာညီမလုယင်ကို မေးကြည့်လို့ ရတယ်။ အဲ့တုန်းက သူလည်းရှိတယ်” ချန်ရှီးတောင်းက သူမ ဘေးတွင် ရပ်နေသော အမျိုးသမီးကို ညွှန်ပြလိုက်သည်။
လုယင်ဆိုသော အမျိုးသမီးက ချန်ရှီတောင်း ပြောသည်မှာ မှန်ကြောင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဒါပေမယ့်… စီနီယာအစ်ကိုဝမ် ပြောသွားတဲ့အထဲမှာ တစ်ချက် မှန်တယ်။ သူ့ကံက တကယ်ကောင်းတယ်” ချန်ရှီတောင်းက ပြုံး၍ ပြောလိုက်သည်။
“ကံလား” ထိုစကားကို ကြားလိုက်သည့်အခါ မျိုးရိုးနာမည်ဝမ် နှင့် ကျင့်ကြံသူက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ကံက ခွန်အား မဟုတ်ဘူး ဂျူနီယာညီမချန်၊ ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ ဆိုတဲ့ စကားကို နင်မကြားဖူးဘူးလား။ ကိုယ့်ဘဝကို ကံကပဲ ဆုံးဖြတ်တာဆိုရင် ဘာလို့ အချိန်ကုန်ခံပြီး ကျင့်ကြံနေဦးမှာလဲ”
ချန်ရှီတောင် မျက်နှာ မဲ့တဲ့တဲ့ ဖြစ်သွားသည်။ ထိုအခြင်းအရာကို မြင်သော် မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူက သူ့ဘေးတွင် ရှိနေသော အမျိုးသား ကျင့်ကြံသူဘက်သို့ လှည့်၍ မေးလိုက်သည် “ဂျူနီယာညီလေးချန်၊ ငါပြောတာ အဓိပ္ပါယ် မရှိဘူးလို့ မင်းထင်လား”
“မဟုတ်ဘူး။ စီနီယာအစ်ကိုပြောတာ အဓိပ္ပါယ်ရှိတယ်” မျိုးရိုးနာမည်ချန်နှင့် ကျင့်ကြံသူက တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း ပြန်ပြောလိုက်သည်။ သို့သော် ရန်ကိုင်အား အပြုံးဖြင့် ကြည့်၍ ချန်ရှီတောင်းအား လှမ်းမေးလိုက်သည် “အစ်မတောင်၊ သူက အစ်မပြောခဲ့တဲ့ လူလား”
“ဟုတ်တယ်” ချန်ရှီတောင်း ခေါင်းညိတ်လိုက်သည်။
“လတ်စသတ်တော့ သူကိုး။ အဲ့လိုဆို သူနဲ့ ကျိန်းသေ မိတ်ဆွေဖွဲ့ရလိမ့်မယ်”
ရန်ကိုင် အကြောင်းကို ချန်ရှီတောင်းဆီမှ ကြားပြီးနောက် သူမကဲ့သို့ပင် ရန်ကိုင်အား စိတ်ဝင်စားမိသွားသည်။
ထိုနှစ်ယောက်၏ အမူအရာကို မြင်သော် မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ နှာခေါင်းသာ ရှုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
အပြင်ဘက်တွင် ရှိနေသော ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့သည်။
အထဲတွင် ရှိနေသော လူများသည် တိုးတိုးတိုးတိုးဖြင့် ပြောနေသော်ငြား သူ့ကောင်းကင်စိတ်အာရုံကြောင့် ထိုလူများ ပြောနေသည်ကို ကြားနေခဲ့ရသည်။ ထိုလေးယောက် သူ့အကြောင်း စကားဖောင်ဖွဲ့ ပြောနေသည်ကို ကြားပြီးနောက် ရန်ကိုင်စိတ်ထဲ ကသိကအောက် ဖြစ်လာရသည်။ သူသည် ဤနေရာအား စစ်ဆေးရန် ရောက်လာခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ အခြားသူကို ကူညီပေးလိုက်ရသဖြင့် အပြင် သူတို့ စကားပြောစရာ ခေါင်းစဉ်တစ်ခုပင် ဖြစ်သွဦးခဲ့ရသည်။
သို့သော် ထိုလေးယောက် ဤနေရာသို့ ရောက်နေသဖြင့် သူတို့တွင် အရေးကြီးကိစ္စတစ်ခု ရှိနေရပေလိမ့်မည်။ မဟုတ်လျှင် ဤကဲ့သို့ ထူးဆန်းသော နေရာသို့ လာလိမ့်မည် မဟုတ်ချေ။ ဤအကာအရံထဲမှ လွတ်မြောက်ပြီးနှင့် ထိုလူများ အနေဖြင့် သူနှင့် ဤနေရာတွင် လမ်းခွဲသွားလောက်ပေသည်။
ရန်ကိုင်စိတ်ထဲ ထိုကဲ့သို့ ဖြစ်ရန်သာ မျှော်လင့်မိသည်။ လက်ဖက်ရည် တစ်ခွက်စာ ဆူချိန်လောက် ကြာပြီးနောက် ပုံရိပ်ယောင် တောင်များ၏ တဒုန်းဒုန်း ရိုက်နှက်မှုကြောင့် အကာအရံထက် အက်ရာများ စတင် ထွက်ပေါ်လာခဲ့သည်။ မကြာမီ အကာအရ့တစ်ခုလုံး ပြိုကျသွားလေသည်။
ထိုအခြင်းအရာကို မြင်သော် တောင်တစ်ရာ ပန်းချီးကာချပ်ကို ရန်ကိုင် ပြန်သိမ်းလိုက်ပြီး ချန်ရှီတောင်းတို့အဖွဲ့ ထွက်လာမည်ကို ရပ်၍ စောင့်နေလိုက်သည်။
ခဏအကြာတွင် ချန်ရှီတောင်းတို့ အဖွဲ့ အပြင်ဘက်သို့ ထွက်လာနိုင်ခဲ့သည်။ အပြင်ရောက်သည်နှင့် အပြုံးကြီးပြုံးလျက် ရန်ကိုင်ဆီသို့ လျှောက်လာခဲ့လေသည်။
သူ့ရှေ့သို့ ရောက်သည်နှင့် ပြုံး၍ ပျော်ရွှင်စွာ ပြောလိုက်သည် “အခုလို ကူညီပေးတဲ့အတွက် ဂျူနီယာမောင်လေးရန်ကို ဒီအစ်မ ကျေးဇူးအများကြီး တင်ပါတယ်နော်”
“ဘာမဟုတ်တဲ့ကိစ္စကို ပါးစပ် ထည့်ပြောနေစရာ မလိုပါဘူးဗျာ” ရန်ကိုင်က အလျင်အမြန်ပဲ လက်ဝှေ့ရမ်းလိုက်၏။ ချက်ချင်းပဲ ထွက်သွားတော့မည် အပြု ယန်ယန်သည် တစ်ခုခုကို ရှာတွေ့လိုက်သည့်အလား ပျက်စီးသွားသော အကာအရံကို စစ်ဆေးရန် တိတ်တဆိတ် ပြေးထွက်သွားသည်ကို မြင်လိုက်ရ၏။