နဂါးမျိုးဆက်
Vol. 25 Ch. 337
စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး၊ လွမ်ဟွမ်စွေ့ မှာ အလွန် စိတ်ဓာတ်ကျသွားတော့သည်။
သူသည် အစပိုင်းတွင် .. လောထျန်းက သန့်စင်နေသည့် အချိန်အတွင်း မျှော်လင့်မထားသော တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါက ထွက်ပြေးမည်ဟု တွေးထားခဲ့သေးပါ၏။
သို့သော် ..လောထျန်းက စက္ကန့်ပိုင်းလေးအတွင်း သန့်စင်၍ ပြီးသွားမည်ဟု သူ မည်သို့ ထင်မိပါမည်နည်း။
ယခုမူကား .. သန့်စင်ခြင်းက ပြီးသွားခဲ့ပြီဖြစ်ရာ လောထျန်း မသေမချင်း သူ အမိန့်နာခံပြီးသာ နေရတော့မည်ဖြစ်ပြီး ထွက်ပြေးရန်လည်း လုံးဝ မဖြစ်နိုင်တော့ပါချေ။
သို့သော် .. တစ်ချိန်တည်းမှာပင် လွမ်ဟွမ်စွေ့တစ်ယောက် အလွန်လည်း အံ့သြတုန်လှုပ်နေသည်။
သူ့အား အချိန်တိုလေးအတွင်း သန့်စင်၍ ပြီးသွားခြင်းက လောထျန်းသည် အလွန်ကြောက်စရာကောင်းသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဆိုသည့် အဓိပ္ပါယ်ပင် ။
ထိုသို့သော လူတစယောက်၏ လက်အောက်ခံ မှော်လက်နက်တစ်ခု ဖြစ်ရခြင်းမှာ အရှက်ရစရာ မဟုတ်တော့ပေ။
" တကယ်ကြီး အဲ့လို လုပ်လိုက်နိုင်တာလား ... "
ရှောက်လုံမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်နေ၏။
ထိုအချိန်မှာပင် ..
" မင်းရဲ့ အရောင်အဝါက .. မင်းက ငါတို့ နဂါးမျိုးနွယ်ရဲ့ မျိုးဆက်လား "
ရုတ်တရက် .. ချောက်နက်ထဲမှ နဂါးကြီး ထျန်းလုံ၏ အသံ ထွက်ပေါ်လာသည်။
" သခင်ကြီး ထျန်းလုံ "
ရှောက်လုံမှာ ထိုအချိန်မှသာ သူတို့ဘေးနားတွင် သခင်ကြီး ထျန်းလုံ ရှိနေသည်ကို သတိရသွားပြီး ချက်ချင်း ဦးညွှတ်အရိုအသေ ပေးလိုက်၏။
" သခင်ကြီး ထျန်းလုံ ၊ ကျုပ်က နဂါးတစ်ကောင်ပါဗျာ "
ရှောက်လုံက အသံတုန်တုန်ဖြင့် ပြန်ပြောလိုက်သည်။
အချိန်အတန်ငယ်ကြာ တိတ်နေပြီးမှသာ ချောက်နက်ထဲမှ သက်ပြင်းချသံကြီး ထွက်လာ၏။
" ဟူး ... မင်းက အကြွင်းအကျန် စိတ်ဝိဥာဥ်ပဲ ၊ ဒါတွေအားလံား ငါ့အမှားတွေပါကွာ "
" ဟင် .. သခင်ကြီးထျန်းလုံ ပြောတာကို ကျုပ် နားမရှင်းဘူးဗျ "
ရှောက်လုံ နားမလည်နိုင် ဖြစ်သွားသည်။
ထျန်းလုံက ပြန်မေး၏။
" ငါ မင်းကို တစ်ခု မေးဦးမယ် ။ အခု လက်ရှိ ငါတို့ နဂါးမျိုးနွယ်ရဲ့ အခြေအနေက ဘယ်လိုလဲ "
ရှောက်လုံက အနည်းငယ် ရှက်သွားဟန်ဖြင့် ပြန်ပြောသည်။
" စိတ်မကောင်းပါဘူး သခင်ကြီးရယ် ။ ကျုပ်က သေဆုံးသွားခဲ့တာ ကြာပြီမို့ လက်ရှိ ဒီခေတ်မှာ နဂါးမျိုးနွယ်က ဘယ်လိုတွေ ဖြစ်နေပြီလဲ မသိဘူးဗျ ။ ဒါပေမယ့် ကျုပ် အသက်ရှင်နေတုန်းကတော့ ကျုပ်တို့ နဂါးမျိုးနွယ်က တော်တော်လေး အကျဘက် ရောက်နေပြီ ။ မသေမျိုးအဆင့်ကို ရောက်သွားကြတဲ့ နဂါးတွေအများစုကလဲ ထူးထူးဆန်းဆန်းပဲ သေသွားကြတယ် "
" ထူးထူးဆန်းဆန်း သေကုန်ကြတယ် .. ဟုတ်လား "
လောထျန်းက ရှောက်လုံကို ကြည့်ကာ ဝင်မေးလိုက်သည်။
ရှောက်လုံက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ် သခင်လေးရဲ့ ။ ဘာအကြောင်းကြောင့်မှန်း မသိရဘဲ သေကုန်ကြတာ ။ တချို့ဆို ရူးပြီး သေသွားကြတယ် ၊ တချို့ကျတော့လဲ ထူးဆန်းတဲ့ ကောင်းကင်ဘုံ ပျက်စီးခြင်းတွေကို ခံရပြီး သေသွားကြတာပဲ "
သူ့စကားကို ကြားသောအခါ ထျန်းလုံက သက်ပြင်းချ၍ ပြောလာသည်။
" ဒါတွေအားလုံးက ငါ့အမှားတွေပါကွာ ။ ငါ့ရဲ့ သက်တမ်း ကုန်ခါနီးမှာ ငါ ကျင့်ကြံခြင်းအဆင့် တက်ချင်လို့ မပတ်သက်သင့်တဲ့ အရာတစ်ခုနဲ့ ပတ်သက်မိသွားခဲ့တယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ .. ငါ သေသွားခဲ့ရတဲ့အပြင် ၊ ငါတို့ နဂါးမျိုးနွယ်ရဲ့ ကံကာင်းမှု အချိန်တွေကိုလဲ နှစ်ပေါင်း သောင်းချီလောက်အထိ သုံးခဲ့မိတယ်ကွ ။ ဒါ့ကြောင့်လဲ ငါတို့ နဂါးမျိုးနွယ်စုက မျိုးတုန်းလုနီးပါး ဖြစ်သွားခဲ့ရတာ "
ရှောက်လုံမှာ ထိုစကားကို ကြားမှသာ ဤသို့သော လျှို့ဝှက်ချက်ကြီး ရှိနေခဲ့မှန်း သိလိုက်ရသဖြင့် အလွန်အံ့သြတုန်လှုပ်သွားသည်။
" သခင်ကြီးထျန်းလုံ ၊ သခင်ကြီး ပြောတဲ့ မပတ်သက်သင့်တဲ့ အရာနဲ့ ပတ်သက်မိခဲ့တယ် ဆိုတာလေ .. အဲ့ဒါ ဘာကို ပြောတာလဲဗျ "
ရှောက်လုံက အသံတုန်တုန်ဖြင့် မေးလိုက်သည်။
ထိုစဥ်က သခင်ကြီး ထျန်းလုံ၏ သေဆုံးမှုနှင့် ပတ်သက်၍ အထင်အမျိုးမျိုး ၊ အတွေးအမျိုးမျိုး ကွဲလွဲခဲ့ပါသည်။
သူတို့ နဂါးမျိုနွယ်စုသည်ပင် ထိုသေဆုံးမှု၏ အကြောင်းရင်း အမှန်ကို မသိခဲ့ကြပါ။
ယခု သခင်ကြီး ထျန်းလုံနှင့် လူချင်း တွေ့နေပြီဖြစ်ရာ ရှင်းရှင်းလင်းလင်း သိရအောင် မေးလိုက်ခြင်းက သဘာဝ ကျပါ၏။
ထျန်းလုံက အချိန်အတန်ကြာ တိတ်နေပြီးမှသာ သက်ပြင်းချ၍ ပြန်ပြောသည်။
" အင်းလေ .. ခုလို အခြေအနေတောင် ဖြစ်လာမှတော့ ငါ မင်းတို့ကို ပြောပြလဲ ကိစ္စမရှိတော့ပါဘူး ။ ငါက ပြန်အသက်သွင်းဖို့ စဥ်းစားခဲ့တာကွ "
" ပြန်အသက်သွင်းဖို့ ..ဟုတ်လား "
လောထျန်းနှင့် ရှောက်လုံတို့ နှစ်ဦးလုံး အံ့သြမှင်သက်သွားကြသည်။
ထျန်းလုံက စကားဆက်၏။
" ဟုတ်တယ်ကွ ၊ ပြန်အသက်သွင်းဖို့ .. ။ အဲ့တုန်းက ငါ့ဘဝသက်တမ်း ကုန်ခါနီးနေပြီမို့ ငါ အသက်ဆုံးရတော့မယ့် အချိန်ပဲကွ ။ ဒါ့ကြောင့်မို့လို့ ငါက ငါတို့ နဂါးမျိုးနွယ်စုရဲ့ နှစ်တစ်သောင်းစာ ကံကောင်းမှုကို သုံးပြီး ငါ့ရဲ့ အရင် မှတ်ဉာဏ်တွေ ၊ ကျင့်ကြံခြင်းတွေနဲ့အတူ ပြန် အသက်သွင်းပြီး နောက်တစ်ဘဝ ထပ်နေဖို့ လုပ်ခဲ့တာ "
" ငါက အစကတော့ .. အသက်ပြန်ရှင်လာတဲ့အခါ နဂါးမျိုးနွယ်ရဲ့ ကုန်ဆုံးသွားတဲ့ ကံကောင်းမှုကို ပြန်ဖြည့်တင်းပေးမယ်လို့ပဲ တွေးထားခဲ့တာပေါ့ကွာ ။ ဒါပေမယ့် . မမျှော်လင့်ဘဲ .... "
ထိုအချိန်တွင် ထျန်းလုံ၏ အသံထဲ၌ ဒေါသအငွေ့အသက်များ ပါလာသည်။
" အားလုံး က အလိမ်အညာတွေ ဖြစ်နေခဲ့တာကွ ၊ အလိမ်အညာတွေ ။ ချီး ....ပြန်အသက်သွင်းခြင်း .. တကယ်တော့ တစ်ယောက်ယောက်ကပဲ အဲ့ကရတဲ့ အကျိုးအမြတ်တွေကို ထိုင်ယူနေတာ "
" အဲ့တာ ဘယ်လို အဓိပ္ပါယ်လဲဗျ "
ရှောက်လုံက နားမလည်နိုင်ဟန်ဖြင့် ထပ်မေး၏။
ထျန်းလုံက ဒေါသတကြီး ပြန်ပြောသည်။
" ပြန်အသက်သွင်းခြင်း လမ်းကို တစ်ယောက်ယောက်က ဖြတ်ပစ်ထားခဲ့တာကွ ။ အဲ့လမ်းက လမ်းဆုံးကြီး ဖြစ်နေတာ ။ တကယ်လို့ ငါ အဲ့လမ်းကို ဆက်လျှောက်ရင် နောက်ဘဝသစ်တစ်ခု ရနိုင်သေးတယ် ဆိုပေမယ့် ငါ့ရဲ့ အသိဉာဏ်တွေ အကုန် ဖျက်ဆီးခံရပြီးတော့ တခြားသူတွေရဲ့ ခွေးတွေလို ခိုင်းတိုင်းလုပ်တဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်ကြီး ဖြစ်သွားရမှာ "
" ဒါတင် မကသေးဘူး ၊ အဲ့ကျရင် ငါ့ရဲ့ သွေးမျိုးဆက်တွေ အကုန်လုံးကလဲ မျိုးရိုးစဥ်ဆက်အလိုက် တခြားသူရဲ့ ကျွန်တွေ ဖြစ်သွားကြရမှာကွ "
စကားဆုံးသွားသည့်တိုင် သူ အလွန်ဒေါသထွက်နေဆဲ ဖြစ်သည်မှာ သိသာပါသည်။
ရှောက်လုံမှာလည်း စကားပင် မဆိုနိုင်လောက်အောင် အံ့အားသင့်နေ၏။
သူ့စိတ်ထဲတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည့် သခင်ကြီးထျန်းလုံက ထိုသို့ လှည့်စားခံလိုက်ရသည့်အတွက်လည်း မယုံနိုင် ဖြစ်နေသည်။
" သခင်ကြီးကို အဲ့လို လှည့်စားခဲ့တာ ဘယ်သူလဲဗျ "
ရှောက်လုံ မေးလိုက်သဘ်။
ထျန်းလုံက အချိိန်အတန်ကြာ တိတ်နေပြီးမှသာ ပြန်ပြော၏။
" ငါ မသိဘူးကွ ။ ရယ်စရာလဲ ကောင်းတယ်ကွာ .. ငါ့ကို အဲ့လောက်အတိုင်းအတာအထိ လှည့်စားခဲ့တာတောင် အဲ့လို လုပ်ခဲ့တဲ့သူက ဘယ်သူမှန်း ငါ မသိလိုက်ရဘူး "
" ဒါပေမယ့် .. တစ်ခုခု လွဲနေမှန်း ငါ သိလိုက်တာနဲ့ ချက်ချင်း ငါ့ကိုယ်ထဲကနေ စိတ်ဝိဥာဥ်ကို ခွဲထုတ်ပြီး ဒီနေရာမှာ လာချုပ်နှောင်ထားခဲ့တာပဲ ။ တစ်ချိန်တည်းမှာ ငါ့ရဲ့ ခန္ဓာကိုယ်ကိုလဲ တခြားတစ်နေရာမှာ မြှုပ်နှံပြီးတော့ နဂါး သင်္ချိုင်းဂူနဲ့ ဖိနှိပ်ထားခဲ့တာပေါ့ကွာ "
" ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိာဥာဥ်က လုံးဝ မဆုံမချင်း ပြန်အသက်သွင်းခြင်းရဲ့ နောက်ဆုံးအဆင့်က မပြီးမြောက်နိုင်ဘူးကွ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ထျန်းယွမ်ကမ္ဘာသားတစ်ယောက်က ငါ့ကို ပစ်မှတ်ထားလာလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားခဲ့ဘူး ။ တကယ်လို့ မင်းတို့သာ ရောက်မလာခဲ့ရင် ဒီကိစ္စကြီးက လုံးဝ ပြန်နောက်ဆုတ်လို့ မရဘဲ ဖြစ်သွားတော့မှာ "
ရှောက်လုံက ဒေါသတကြီး အံကြိတ်ကာ ပြောသည်။
" ဒီ ဝမ်ဟွန်းကွေ့ယီ ဂိုဏ်း တော့လား .. သူတို့တွေ အားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင်ကို လုပ်ဦးမယ် "
သို့သော် .. ထိုသို့ ကြုံးဝါးနေစဥ်မှာပင် သူသည် ခန္ဓာကိုယ်ပင် မရှိတော့သည့် အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခုသာ ဖြစ်သည်ကို ရှောက်လုံ ရုတ်တရက် ပြန်သတိရသွား၏။ ခန္ဓာကိုယ်ပင် ရှိမနေတော့သည့် သူက မည်သို့ လက်တုန့်ပြန်နိုင်ပါမည်နည်း။
ထိုသို့တွေးကာ သူ ဝမ်းနည်းပြီး မျက်နှာမှိုင်သွားသည်။
ထိုစဥ်မှာပင် ထျန်းလုံက လောထျန်းအား ရုတ်တရက် ပြောလာ၏။
" သခင်လေး ၊ သခင်လေးဆီမှာ အချိန်နဲ့နေရာ ဗိမာန်ရဲ့ သော့ဆီက အရောင်အဝါကို ကျုပ် အာရုံခံမိနေတယ်။ ကျုပ် ပြောတာ မှန်ရဲ့လား "
လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။
" ဟုတ်တယ်ဗျ "
သူသည် နဂါးသင်္ချိုင်းမြေသို့ မဝင်ခင်က အချိန်နှင့်နေရာ ဗိမာန်၏ သော့ကို လျှို့ဝှက်နဂါးကျောက်ပြားမှ ရခဲ့သည် မဟုတ်ပါလား ။
ထျန်းလုံက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချပြီမှ ပြောလာသည်။
" တော်သေးတာပေါ့ဗျာ ။ ဒီတိုင်းဆို .. ကျုပ်တို့ နဂါးမျိုးနွယ်က မျိုးတုန်းပျောက်ကွယ်သွားဖို့ ကံကြမ္မာ မပါဘူးနဲ့တူတယ် "
သူ့စကားဆုံးသည်နှင့် ချောက်နက်ထဲမှ ဆူညံသံများ ထွက်လာ၏။
ရုတ်တရက် .. ရှေးဟောင်း အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာသည်။
လောထျန်း ခေါင်းမော့ကြည့်လိုက်ရာ သု့ခေါင်းအပေါ်နားလေးတွင် နန်းတော်တစ်ခု ရှိနေပြီး နန်းတော်အနီးမှ လေထုက ပုံမှန်မဟုတ်သည်ကို မြင်လိုက်ရ၏။
" အဲ့ဒါ အချိန်နဲ့ နေရာ ဗိမာန်လား "
လောထျန်း တအံ့တသြ မေးလိုက်သည်။
" ဟုတ်တယ်ဗျ ၊ အဲ့ဒါ အချိန်နဲ့နေရာ ဗိမာန်ပဲ ။ သခင်လေးမှာ ရှိတဲ့ သော့ကို ထုတ်လိုက်ပါ ။ ကျုပ် ဒီ ဗိမာန်ထဲ ဝင်တဲ့တံခါးကို ဖွင့်ပေးပါမယ် "
ထျန်းလုံက ပြန်ပြောလာသည်။
လောထျန်း ခေါင်းညိတ်လိုက်ပြီး သူ သိမ်းထားသည့် ရှေးဟောင်းဓားကို ထုတ်လိုက်၏။ ထို့နောက် အချိန်နဲ့နေရာ ဗိမာန်ဆီသို့ ပျံသန်းလိုက်သည်။
ရုတ်တရက် .. ဗိမာန်ဝင်ပေါက် အပေါ်၌ အပေါက်တစ်ခု ထွက်ပေါ်လာ၏။
လောထျန်းက သူ့လက်ထဲမှ ရှေးဟောင်းဓားအား ထိုအပေါက်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အချိန်နှင့်နေရာ ဗိမာန်၏ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။
" သခင်လေး ၊ ဗိမာန်ထဲက ကျောက်ခုံပေါ်မှာ ရှိနေတဲ့အရာကို ယူထုတ်လာပေးလို့ ရမလားဗျာ "
ထျန်းလုံ၏ အသံမှာ ရုတ်တရက် အားနည်းလာဟန် တူနေပါ၏။
၎င်းကို ကြားသည်နှင့် လောထျန်းက ခေါင်းညိတ်ပြီး ဗိမာန်ထဲသို့ ချက်ချင်း ဝင်လိုက်သည်။
သူ ဗိမာန်ထဲ ခြေချလိုက်သည်နှင့် တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားလိုက်ရ၏။
အထဲတွင် ရှိနေသော အရာများ အားလုံးက အပြင်နှင့် လုံးဝ ကွဲပြားနေပါသည်။
သို့သော် လောထျန်းမှာ ထိုအရာများကို လုံးဝ ဂရုမစိုက်နိုင်ဘဲ ဗိမာန် အလယ်တည့်တည့်တွင် ရှိနေသည့် ကျောက်ခုံကိုသာ ကြည့်လိုက်သည်။
ထို ကျောက်ခုံပေါ်တွင်ကား လူခေါင်းတစ်ခုစာ အရွယ်အစားရှိသည့် ဥတစ်လုံး ရှိနေ၏။
" အဲ့ဒါပဲနဲ့ တူတယ် "
လောထျန်းတွေးကာ ဥ ကို ကောက်ယူလိုက်ပြီး ဗိမာန်အပြင်သို့ ပြန်ထွက်ခဲ့လိုက်သည်။
" သခင်ကြီးထျန်းလုံ ၊ ဒါကို ပြောတာလားဗျ "
လောထျန်းက ဥ ကို ကိုင်၍ ကျယ်လောင်စွာ အော်မေးလိုက်သည်။
" သေချာတာပေါ့ဗျာ "
ထျန်းလုံ၏ အသံက ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားဟန် တူ၏။
" ဟင် .. ဒါ .. မဟုတ်မှလွဲရော "
ဘေးနားတွင် ရှိနေသည့် ရှောက်လုံတစ်ယောက် အံ့အားသင့်သွားသည်။
ထျန်းလုံက ပြန်ပြောလာ၏။
" အမှန်ပဲ ၊ အဲ့ဒါ ငါ့ရဲ့ မျိုးဆက်ပဲကွ ။ ငါတို့ နဂါးမျိုးနွယ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပေါ့ "
ထို့နောက် သူက လောထျန်းကို ကြည့်ကာ ဆက်ပြောသည်။
" သခင်လေး လောထျန်း ၊ ကျုပ် တောင်းဆိုတာ လွန်နေလဲ တောင်းပန်ပါတယ်ဗျာ ။ သခင်လေး အနေနဲ့ ကျုပ်ရဲ့ မျိုးဆက်ကို ကျုပ်ကိုယ်စား ပြုစုပျိုးထောင်ပေးနိုင်မလား ။ တကယ်လို့ သခင်လေးသာ အဲ့လို လုပ်ပေးမယ်ဆိုရင် ဒီ အချိန်နဲ့နေရာ ဗိမာန် အပါအဝင် ကျုပ်မှာရှိတဲ့ အရာတွေ အားလုံးကို ပေးပါ့မယ် "