အချိန်နဲ့နေရာ ဗိမာန်၏ အစွမ်း
Vol. 25 Ch. 338
" ဟင် .. "
လောထျန်း အနည်းငယ် စိတ်ရှုပ်သွားရသည်။
မိမိ၏ မျိုးဆက်တစ်ယောက်ကို အခြား သူစိမ်းတစ်ယောက်လက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးလိုက်မည်တဲ့လား။
ထိုမျှမက ထို ဥ မှ အရွယ်ရောက်ပြီး ကြီးလာသည်အထိလည်း သူကပင် ပြုစုပျိုးထောင်ရမည်တဲ့လား ။
လောထျန်း အနည်းငယ် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ထျန်းလုံက ထပ်ပြော၏။
" သခင်လေး ၊ ဒီကိစ္စက ကျုပ်တို့ နဂါးမျိုးနွယ် တစ်ခုလုံးရဲ့ အနာဂါတ်အတွက် အင်မတန် အရေးကြီးတယ်ဗျ ။ ကျုပ်ရဲ့ မျိုးဆက်တွေသာ အရွယ်ရောက်လာကြရင် နဂါးမျိုးဆက် တစ်ဆက်စာလောက် ဖြစ်သွားကြမှာ "
သူက သေချာရှင်းရှင်းလင်းလင်း မပြောသည့်တိုင် အဓိပ္ပါယ်က သိသာပါသည်။
အကယ်၍ လောထျန်းသာ ထိုနဂါးမျိူးဆက်ကို သေချာ မွေးပြီး ပြုစုပျိုးထောင်ပါက ၎င်းတို့မှာ သူ၏ တိုက်ခိုက်ရေး အဖွဲ့ဝင် ဖြစ်လာကြမည် ဆိုသည့် အဓိပ္ပါယ်ပင် ။
ထိုမျှမက .. ထျန်းလုံ၏ စကားအတိုင်း ဆိုလျှင် .. ဤထျန်းယွမ်ကမ္ဘာမှ နဂါးမျိုးနွယ် တစ်ခုလုံးမှာလည်း အနာဂါတ်တွင် လောထျန်း၏ လက်အောက်ခံ သားရဲများ ဖြစ်လာကြပါဦးမည်။
" သခင်ကြီး ထျန်းလုံ ... "
ရှောက်လုံက အကြံတစ်ခုခု ပေးမည့်ဟန်ဖြင့် စကားစရန် ပြင်လိုက်သေးသော်လည်း နောက်ဆုံးတွင် မည်သို့မှ ဆက်မပြောဘဲ တိတ်သွား၏။
အဘယ့်ကြောင့်ဆိုသော် သခင်ကြီး ထျန်းလုံ ပြောသွားခဲ့သည့် နည်းကသာ သူတို့ နဂါးမျိုးနွယ်စု အနာဂါတ်အတွက် တစ်ခုတည်းသော နည်း ဖြစ်သည်ကို သူ နားလည်လိုက်သောကြောင့်ပင် ။
သူတို့ နဂါးမျိုးနွယ်စုက တဖြည်းဖြည်း အင်အားနည်းလာကာ မျိုးတုန်းလုနီးပါးပင် ဖြစ်နေပြီး .. ယခု နဂါးသင်္ချိုင်းမြေသည်ပင် လူသားတို့ ကျင့်ကြံခြင်း တိုးတက်ရန်အတွက် လာလေ့ကျင့်ကြသည့် နေရာတစ်ခု ဖြၽနေခဲ့ပြီ မဟုတ်ပါလား ။
ဤထျန်းယွမ်ကမ္ဘာကြီးတွင် နဂါးအချို့ အသက်ရှင် ကျန်နေသေးသည့်တိုင် ထိုနဂါးများက နေရာအနှံ့ တစ်ကွဲတပြားစီ ဖြစ်နေကြပြီး အရေအတွက်မှာလည်း မပြောပလောက်အောင်ပင် နည်းပါသည်။
ထိုသို့သော အခြေအနေမျိုးတွင် နဂါးမျိုးနွယ်စု အနေဖြင့် နဂါးငယ်လေး တစ်ကောင်ကို မွေးမြူရန်မှာ မဖြစ်နိုင်ပါ။
တစ်စုံတစ်ခုသာ မှားယွင်းသွားခဲ့ပါက သူတို့နဂါးမျိုးနွယ်၏ အနာဂါတ်မှာ အခြားသူ၏ ဟင်းရည်ခွက်ထဲသို့ ရောက်သွားနိုင်ပါ၏။
သို့ဖြစ်ရာ .. သူတို့ကို ကျောထောက်နောက်ခံ ပေးနိုင်မည့် အစွမ်းထက်သော အဖွဲ့တစ်ခု မဖြစ်မနေ လိုအပ်ပါသည်။
လောထျန်းက အချိန်အတန်ငယ်ကြာ စဥ်းစားနေပြီး နောက်မှသာ ခေါင်းအသာ ညိတ်လိုက်သည်။
" ကောင်းပါပြီ ၊ ကျုပ် သဘောတူပါတယ် "
သူ့စကားကို ကြားသည်နှင့် ထျန်းလုံ အလွန်ဝမ်းသာပျော်ရွှင်သွားတော့၏။
" ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး လောထျန်း "
ထျန်းလုံက စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆိုသည်။
" အင်း .. ဒါနဲ့ သခင်ကြီး ပြောခဲ့တဲ့ အကျိုးအမြတ်တွေ ဆိုတာကရော "
လောထျန်းက ချက်ချင်းပင် ပြန်မေးလိုက်သည်။
ထျန်းလုံမှာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသော်လည်း ချက်ချင်း အသိပြန်ဝင်လာကာ ပြော၏။
" ဒါပေါ့ဗျာ ၊ အကျိုးအမြတ်တွေ ရမှာပါ ။ ပထမဆုံး တစ်ခုကတော့ အခု သခင်လေးရှေ့က အချိန်နဲ့နေရာ ဗိမာန်ပဲဗျ "
လောထျန်းက ဗိမာန်အား မော့ကြည့်ကာ မေးလိုက်သည်။
" ကျုပ် ဒီကိစ္စကို မေးချင်နေတာ ကြာပြီ ။ ဒီဟာကြီးကို ဘယ်မှာ သုံးရတာလဲ "
ထျန်းလုံက ပြန်ပြော၏။
" သခင်လေး .. မသေမျိုးလက်နက် ဖန်ဆင်းရှင် ဆိုတာကို ကြားဖူးလား "
လောထျန်းက နားမလည်နိုင်ဟန်ဖြင့် ခေါင်းယမ်းသည်။
ထျန်းလုံက စကားဆက်၏။
" ဒီ မသေမျိုးလက်နက် ဖန်ဆင်းရှင် ဆိုတာက မသေမျိုးလက်နက်တွေထဲမှာ အကောင်းဆုံးပဲဗျ ။ ဒီလက်နက်က ထျန်းယွမ်ကမ္ဘာမှာတင် မကဘူး ၊ ပိုမြင့်တဲ့အဆင့်က ကမ္ဘာမှာတောင် ထိပ်ဆုံးနီးပါးရှိတဲ့ မသေမျိုးလက်နက်တစ်ခု ဖြစ်ပြီးတော့ စည်းမျဥ်းတွေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိတယ် "
" စည်းမျဥ်းတွေကို ပြောင်းပြန်လှန်ပစ်နိုင်တယ် ..ဟုတ်လား "
လောထျန်း အံ့အားသင့်သွားသည်။
ထျန်းလုံက ဆက်ပြော၏။
" ဟုတ်တယ်ဗျ ။ ဥပမာ အနေနဲ့ ပြောရရင် ဒီ အချိန်နဲ့နေရာ ဗိမာန်က စည်းမျဥ်း နှစ်ခုကို ပြောင်းပြန်လှန်နိုင်တယ် ။ ပထမတစ်ခုက အချိန် ၊ နောက်တစ်ခုက နေရာ ပေါ့ဗျာ "
အချိန် နှင့် နေရာ တဲ့လား ..
သူ့စကားကို ကြားသည်နှင့် လောထျန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
ထိုစည်းမျဥ်း နှစ်ခုနှင့် ပတ်သက်သည့် အရာများက အလွန်အစွမ်းထက်မည်ကို သူ ခန့်မှန်းနိုင်သည် မဟုတ်ပါလား ။
ထျန်းလုံက စကားဆက်သည်။
" အရင်ဆုံး အချိန်အကြောင်းကို ပြောကြမယ်ဗျာ ။ ဒီ အချိန်နဲ့ နေရာ ဗိမာန်က အချိန်သွားတဲ့နှုန်းကို ထိန်းချုပ်နိုင်တယ်ဗျ ။ စိတ်စွမ်းအင်တွေ လုံလောက်အောင် ရှိတာနဲ့ အပြင်မှာ တစ်ရက်လောက်ကို ဒီ ဗိမာန်ထဲမှာ နှစ် ရာပေါင်းများစွာ ကြာအောင် အချိန်ဆွဲထားလို့ရတယ် "
ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွား၏။
၎င်းက အလွန်အသုံးဝင်လှပါသည်။
၎င်းကို ကျင့်ကြံရန်အတွက် လျှို့ ဝှက် နေရာတစ်ခုအဖြစ် သုံးပြီး ပျောင်ပိုင်မြို့မှ အစွမ်းထက် ကျင့်ကြံသူတစ်စုကို ဗိမာန်ထဲ ထည့်ထားလိုက်ပါက မည်သို့သော ရလဒ် ဖြစ်သွားပါမည်နည်း ။
လက်ရှိတွင် ပျောင်ပိုင်မြို့သည် မြင့်မြတ်နယ်မြေ တစ်ခုအဖြစ် နာမည်ကျော်လာပြီ ဖြစ်ပါသည်။ သို့သော် သူ့ကိုယ်ပိုင် တိုက်ခိုက်အစွမ်းနှင့် သူ အားကိုးရသည့် ထိပ်ပိုင်းလူအချို့မှ လွဲ၍ ကျန်သူများ၏ တိုက်ခိုက်အစွမ်းကမူ အခြား မြင့်မြတ်နယ်မြေများနှင့် မယှဥ်နိုင်သေးပါချေ ။
ကျုံ့ကျိုးနှင့် တောင်ပိုင်ဒေသမှ မြင့်မြတ်နယ်မြေများကို မဆိုထားဘိ ၊ သူတို့ မြောက်ပိုင်းဒေသမှ တစ်ဝက်တပျက် ပျက်စီးနေသော နတ်ဘုရားမြို့တော်လောက်ပင် မကောင်းသေးပါ ။
လောထျန်းမှာ ထိုအချက်ကို သိထားပြီး ဖြစ်သော်လည်း မည်သို့မှ မလုပ်နိုင်ဘဲ ဖြစ်နေခဲ့ရပါသည်။
ပျောင်ပိုင်မြို့၏ အခြေခံက အားနည်းလွန်းသည့်အပြင် စပြီး တိုးတက်လာသည့် အချိန်မှစ၍ ယခုလို အခြေအနေသို့ တစ်နှစ်ပင် မပြည့်သော အချိန်အတွင်း တိုးတက်လာခဲ့သည် မဟုတ်ပါလား ။
သို့ဖြစ်ရာ .. သူ့ဘက်မှ မည်မျှကောင်းမွန်သော အရာများကို ပေးသည်ဖြစ်ပါစေ ၊ လုံလောက်မှု မရှိခဲ့ပေ။
သူ ယခင်က ခန့်မှန်းတွက်ချက်ထားသည့် အတိုင်းဆိုလျှင် ပျောင်ပိုင်မြို့အနေဖြင့် အခြား မြင့်မြတ်နယ်မြေများနှင့် ယှဥ်နိုင်ရန် နောက်နှစ်ပေါင်း မည်မျှကြာမည်ကိုပင် ခန့်မှန်းရန် ခက်ပါ၏။
ပုံမှန်ဆိုလျှင်လည်း စစ်မှန်သော မြင့်မြတ်နယ်မြေတစ်ခု အခြေကျရန် နှစ်ပေါင်းများစွာကြာ အချိန်ယူရစမြဲပင် ။
သို့သော် .. ယခု အချိန်နဲ့နေရာ ဗိမာန် ပေါ်လာခြင်းက ထိုကိစ္စကို နှစ်ပေါင်းများစွာ လျှော့ချပေးနိုင်မည် ဖြစ်၏။
ဥအမာအနေဖြင့် .. လောရုံ ဆိုလျှင် သူ ပေးထားသည့် ကောင်းကင်ဘုံ သိုင်းကျမ်းထဲမှ သိုင်းပညာရပ်အချို့ကို လေ့ကျင့်နိုင်ခဲ့ပြီး လက်ရှိတွင် ရွယ်တူလူများထဲ၌ သူနှင့် ယှဥ်နိုင်သည့်သူ အလွန်နည်းပါသည်။ သို့သော် ပြဿနာမှာ သူ့ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေသေးခြင်း ဖြစ်၏။
အကယ်၍ လောရုံကိုသာ အချိန်နဲ့ နေရာ ဗိမာန်ထဲထည့်ပြီး နှစ်ပေါင်းတစ်ရာ ကျင့်ကြံခိုင်းလိုက်ပါက မည်သို့ ဖြစ်သွားပါမည်နည်း ။
လောရုံ၏ ကြိုးစားအားထုတ်မှုနှင့် ပျောင်ပိုင်မြို့တွင် ရှိထားပြီးဖြစ်သော အရင်းအမြစ်များကိုသာ ပေါင်းစပ်လိုက်ပါက .. သူ အဆုံးအစမဲ့အဆင့်သို့ ရောက်သွားနိုင်ပါသည်။ ကောင်းကင်ဘုံ တံခါးဝအဆင့်သို့ပင် ရောက်သွားမည်လား မပြောနိုင်ပါချေ။
ထို့အပြင် ... သူ့အဖေ လောဖုန်း၊ အခြား အကြီးအကဲများ နှင့် လောမိသားစုဝင်များ အားလုံးကိုပါ ထိုသို့ ကျင့်ကြံခိုင်းလိူက်ပါက.. မည်သို့ ဖြစ်သွားပါမည်နည်း။
သူတို့သည်လည်း ကောင်းကင်ဘုံ တံခါးဝအဆင့်သို့ ရောက်နိုင်ကြမည်လား ။
အကယ်၍ သူတို့သာ လုပ်နိုင်ကြမည် ဆိုပါက .. သူတို့ ပျောင်ပိုင်မြို့သည် ထျန်းယွမ်ကမ္ဘာကြီးတွင် နံပါတ် ၁ အဆင့် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သွားနိုင်ပါသည်။
ထို့နောက်တွင်ကား .. သူ့အနေဖြင့် အားလုံးကို ဦးဆောင်ပြီး ပိုမြင့်သည့်အဆင့်မှ ကမ္ဘာကို လွှမ်းမိုးရန် ဖြစ်နိုင်ချေ ရှိသွားမည် ဖြစ်၏။
ထိုသို့ တွေးကာ လောထျန်း အလွန်စိတ်လှုပ်ရှားသွားတော့သည်။
ထိုစဥ် ထျန်းလုံကလည်း လောထျန်း၏ အတွေးကို သိနေသည့်အလား မြန်မြန်ဝင်ပြော၏။
" သခင်လေး လောထျန်း ၊ ကျုပ် ကြိုပြီး ပြောထားချင်တာ တစ်ခုတော့ ရှိတယ်ဗျ ။ အချိန်နဲ့နေရာ ဗိမာန်က အစွမ်းထက်တယ် ဆိုပေမယ့် အဲ့အတွက်ကို သုံးရတဲ့ စိတ်စွမ်းအင် ပမာဏကလဲ အင်မတန်ကို များတယ် ။ ကျုပ်တို့ နဂါးမျိုးနွယ် ထိပ်ဆုံးရောက်နေခဲ့တဲ့ အချိန်တုန်းကတောင် ဒီဗိမာန်ရဲ့ အချိန်စည်းမျဥ်းကို လက်လွတ်စပယ် မသုံးရဲခဲ့ဘူး "
လောထျန်းက ထိုစကားကို ကြားမှသာ ပြန်တည်ငြိမ်သွားပြီး ပြောသည်။
" ကောင်းပါပြီဗျာ ၊ ကျုပ် နားလည်ပါပြီ "
ထျန်းလုံက စကားဆက်၏။
" ဒါကတော့ အချိန်နဲ့နေရာ ဗိမာန်ရဲ့ အချိန်စည်းမျဥ်းကို အသုံးချပုံပေါ့ဗျာ။ နောက်ထပ် နေရာ စည်းမျဥ်းလဲ ရှိသေးတယ်ဗျ "
" ဒီ ဗိမာန်ရဲ့ နေရာစည်းမျဥ်းကတော့ လေထုကို ဖြိုခွင်းပြီး တည်နေရာ ရွှေ့ပြောင်းနိုင်တာပဲ "
တည်နေရာ ရွှေ့ပြောင်းခြင်း တဲ့လား ..
ထိုစကားကို ကြားသောအခါ လောထျန်း မနေနိုင်ဘဲ မျက်မှောင်ကြုံ့သွားသည်။
၎င်းမှာ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအမံကို သုံးခြင်းနှင့် ဘာများ ကွာပါသနည်း။
နေရာစည်းမျဥ်းများက အချိန်စည်းမျဥ်းထက် များစွာ ပိုအစွမ်းနိမ့်ပေသည်။
သို့သော် ထျန်းလုံက စကားဆက်လာ၏။
" သခင်လေးက ဒီစည်းမျဥ်းကို အသုံးမဝင်ဘူးလို့ ထင်နေမှာပဲ "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ထျန်းလုံက တစ်ချက်ရယ်ကာ ဆက်ပြော၏။
" ဟုတ်တယ်ဗျ ၊ ဒီစည်းမျဥ်းအကြောင်းကို ကြားရရယ်တော့ အဲ့လို ထင်စရာကြီးပဲ ။ ဒါပေမယ့် .. ဒီ အချိန်နဲ့နေရာ ဗိမာန်က ထျန်းယွမ်ကမ္ဘာရဲ့ အပြင်ဘက်ကို တည်နေရာရွှေ့ပြောင်းနိုင်တယ် ဆိုရင်ရော .. "
" ဟင် .. "
ထိုစကားကို ကြားမှသာ လောထျန်း ပြန်စိတ်ဝင်စားသွားသည်။
" ထျန်းယွမ်ကမ္ဘာရဲ့ အပြင်ဘက်ကို တည်နေရာရွှေ့ပြောင်းလို့ ရတယ် ..ဟုတ်လား ၊ အဲ့လို လုပ်လို့ တကယ်ကြိး ရတာလား ။ ဒါဆို ပိုမြင့်တဲ့အဆင့်က ကမ္ဘာကို တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလို့ရော ရလား "
လောထျန်း မေးလိုက်သည်။
ထျန်းလုံက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ပြန်ပြော၏။
" အင်း .. အဲ့ဒါတော့ မသိဘူးဗျ ။ ကျုပ်အစွမ်းနဲ့တော့ အဲ့လို လုပ်လို့ မရဘူး ။ ဒါပေမယ့် ပိုမြင့်တဲ့အဆင့် မဟုတ်ဘဲ တခြား ကမ္ဘာငယ်တွေကိုတော့ ကျုပ် တည်နေရာရွှေ့ပြောင်းလို့ ရခဲ့တယ် "
" ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို ဖြစ်စေတဲ့ ကမ္ဘာငယ်တွေကိုလား "
လောထျန်း ချက်ချင်း ရိပ်မိသွားဟန်ဖြင့် ပြန်မေးလိုက်သည်။
ထျန်းလုံက သက်ပြင်းချကာ ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြစ်စေတဲ့ ကမ္ဘာတွေဆီ သွားလို့ရတယ် ။ ဒါပေမယ့် .. အဲ့လို တည်နေရာရွှေ့ပြောင်းတဲ့အခါ သုံးရတဲ့ စိတ်စွမ်းအင်ကလဲ တော်တော်များတာမို့ သခင်လေးအနေနဲ့ ဒါကို ပေါ့ပေါ့လေး တွေးပြီး မစမ်းကြည့်ဖို့ ကျုပ် အကြံပေးချင်တယ် "
၎င်းကို ကြားသောအခါ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
" ကဲ .. ဒါတွေကတော့ ကျုပ် တုန်းက သိခဲ့ရတဲ့ အချိန်နဲ့နေရာ ဗိမာန်ရဲ့ အသုံးဝင်ပုံတွေပဲဗျ ။ တခြား ဘယ်လို အစွမ်းမျိုးတွေ ထပ်ရှိသေးတယ် ဆိုတာကတော့ သခင်လေး လောထျန်း အပေါ်မှာပဲ လုံးလုံး မူတည်သွားပြီ။ သခင်လေးအနေနဲ့ ဖြည်းဖြည်းချင်း လေ့လာပြီး စမ်းသပ်ကြည့်ပေါ့ဗျာ "
ထျန်းလုံက ပြော၏။
လောထျန်းက ခေါင်းညိတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
" ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီး ထျန်းလုံ "
ဝီ ..
ထို့နောက်တွင်မူ အချိန်နဲ့နေရာ ဗိမာန်က တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး လက်တစ်ဖဝါးစာ အရွယ်ဖြစ်သွားကာ လောထျန်းလက်ထဲသို့ ကျလာ၏။
လောထျန်းက ၎င်းကို ကြည့်ပင်မကြည့်ဘဲ လက်တစ်ဖက်ယမ်း၍ သူ့ဟင်းလင်းပြင် လက်စွပ်ထဲသို့ ထည့်လိုက်သည်။
" သခင်ကြီး ထျန်းလုံ ၊ တခြား အကျိုးအမြတ်တွေကရော ဘာတွေလဲဗျ "
သူ ဆက်မေးလိုက်သည်။
ထျန်းလုံမှာ လောထျန်းက ထိုသို့ တိုက်ရိုက် မေးလာမည်ဟု ထင်မထားသဖြင့် တံတွေးသိီးသွားဟန်တူကာ ချောင်းဆိုးသွား၏။ ထို့နောက်မှ သူ ပြန်ပြောသည်။
" ဒုတိယ တစ်ခုကတော့ ကျုပ်ကိုယ်ပိုင် စုဆောင်းထားတဲ့ အရာဖြစ်တဲ့ ထျန်းလုံ ရတနာတိုက် ပဲဗျ "