← Chapters

ယင် ၉ သွယ် ခန္ဓာကိုယ်

Vol. 25 Ch. 340

ယင် ၉ သွယ် ခန္ဓာကိုယ်

Vol. 25 Ch. 340

" သခင်ကြီး ..ဘာဖြစ်လို့လဲ "

ရှောက်လုံ လန့်သွားပြီး တုန်လှုပ်စွာ မေးလိုက်သည်။

" ငါ့ ခန္ဓာကိုယ်ကို ... တစ်ယောက်ယောက် .. ယူသွားပြီ "

ထျန်းလုံက ခက်ခက်ခဲခဲ ပြန်ဖြေ၏။

" ဘယ်လို .. "

ရှောက်လုံ အံ့သြမှင်သက်သွားသည်။

ထိုစဥ် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး ၊ လွမ်ဟွမ်စွေ့က ရုတ်တရက် ဝင်ပြော၏။

" အဲ့ဒါ လွေ့နန်ရဲ့လက်ချက် ဖြစ်မယ်နဲ့တူတယ် "

" ဟင် .. လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန် လား ၊ သူ သေသွားပြီ မဟုတ်ဘူးလား "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

လွမ်ဟွမ်စွေ့က ပြန်ပြောသည်။

" အဲ့ဒါ .... သခင်လေး သတ်လိုက်တာက လွေ့နန်ရဲ့ ခန္ဓာကိုယ်ဗျ "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ၊ သူ့ရဲ့ ကိုယ်ပွားပုံရိပ် လား "

လောထျန်းက သူ့ဘက်လှည့်ကာ ထပ်မေးလိုက်သည်။

လွမ်ဟွမ်စွေ့က ခေါင်းယမ်းပြီး ပြော၏။

" မဟုတ်ဘူးဗျ ။ ကိုယ်ပွားပုံရိပ် နဲ့ကွဲတယ် ။ ကိုယ်ပွားပုံရိပ်လို စိတ်စွမ်းအင်အတုနဲ့ လုပ်ထားတာ မဟုတ်ဘဲ တကယ့် အသွေး အသား အစစ်နဲ့ ခန္ဓာကိုယ် ။ ဒီ လွေ့နန် ဆိုတဲ့သူက အရူးတစ်ယောက်ဗျ ။ သူက သူ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဥာဥ်ကို သုံးပိုင်း ဖြတ်ပြီး တစ်ပုံစံတည်းတူနဲ့ ခန္ဓာကိုယ် သုံးခု ဖန်တီးထားခဲ့တာ "

" သခင်လေး အစောက သတ်ခဲ့တာက သူ့ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ။ ကိုယ်ပွားပုံရိပ်ဆိုရင် လူ အစစ်ထက် အများကြီး ပိုအစွမ်းနိမ့်ပေမယ့် အခု ဒီဟာက အစစ်ရဲ့ အစွမ်းအတိုင်းပဲဗျ ။ အစစ်နဲ့ ကွဲတာ ဘာမှ မရှိဘူး "

အစွမ်းတစ်ခုတည်းမှ တစ်ထေရာတည်း တူသော အစွမ်းသုံးခုအဖြစ် ခွဲထားသတဲ့လား ..

လွေ့နန် လုပ်ထားခဲ့သည့် အရာမှာ ရူးသွပ်ချင်စရာပင် ..

" အခု သူ့ရဲ့ ခန္ဓာကိုယ်ဘယ်နှခုက နဂသင်္ချိုင်းမြေထဲကို လာခဲ့လဲ "

လောထျန်း မေးလိုက်သည်။

" နှစ်ခုဗျ ၊ တစ်ခုကတော့ အိပ်နေခဲ့တာ "

လွမ်ဟွမ်စွေ့က ပြန်ပြောသည်။

လောထျန်း ခေါင်းအသာ ညိတ်လိုက်၏။

ထိုစဥ် ထျန်းလုံက အံကြိတ်၍ ပြောလာသည်။

" သခင်လေး လောထျန်း ၊ ကျုပ် သခင်လေးကို အကူညီတောင်းချင်တာ တစ်ခု ရှိသေးတယ် "

" ဘာများလဲ .. ပြောပါ သခင်ကြီး "

လောထျန်း ပြန်မေးလိုက်သည်။

" ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ပေးပါ "

ထျန်းလုံက ပြန်ပြော၏။

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရသည်။

ထိုလူကြီးက ဤမျှအတိုင်းအတာအထိ လုပ်ရန် ဆန္ဒရှိနေသတဲ့လား ...

ထိုစဥ် ထျန်းလုံက စကားဆက်၏။

" ကျုပ်ရဲ့ ခန္ဓာကိုယ်က အရင်ဆုံး ကျိန်စာတိုက်ခံခဲ့ရတယ် ၊ ပြီးတော့ တိုက်စားခံခဲ့ရတယ် ။ အခုဆိုလဲ ပြဿနာတွေရဲ့ အရင်းအမြစ်တောင် ဖြစ်နေခဲ့ပြီဗျာ ။ တကယ်လို့ ကျုပ်ရဲ့ ခန္ဓာကိုယ်ကသာ ဒီကိုရောက်လာပြီး ကျုပ်ရဲ့ စိတ်ဝိဥာဥ်ကို ဝါးမြိုလိုက်ရင် ကျုပ် ကြိုးစားထားသမျှ အားလုံး အဆုံးသတ်သွားရလိမ့်မယ် "

" သခင်လေးသာ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင် ၊ ပြဿနာတွေအားလုံး ပြေလည်သွားမယ့်အပြင် ကျုပ်တို့ နဂါးမျိုးနွယ်စုရဲ့ ကံကောင်းမှုတွေလဲ ပြန်ရောက်လာမှာဗျ "

လောထျန်းက ချောက်နက်ထဲသို့ အချိန်အတန်ငယ်ကြာ စိုက်ကြည့်နေပြီးမှသာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ၊ ဖျက်ဆီးပစ်မယ်လ်ု့ ကျုပ် ကတိပေးပါတယ် "

ချောက်နက်ထဲမှ ထျန်းလုံမှာ ထိုအချိန်မှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ၏။

" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း ။ ဒါပေမယ့် သတိတော့ ထားနော် ၊ အဲ့ကောင်က ကျုပ်ရဲ့ ခန္ဓာကိုယ်ကို တိုက်စားနေခဲ့တာ ကြာပြီဗျ ။ ကျုပ်ရဲ့ အစွမ်းအပြည့်ကို ထုတ်ယူဖို့ မဖြစ်နိုင်ဘူး ဆိုပေမယ့် ကျုပ်ကိုယ်ထဲက ခန္ဓာကိုယ်အစွမ်းကိုတော့ အပြည့်ထုတ်သုံးနေနိုင်လောက်ပြီ။ သခင်လေး သတိထားမှ ဖြစ်မယ်  "

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

" ကျုပ် သဘောပေါက်ပါပြီ "

ထို့နောက် သူ နဂါးဥအား သေချာသိမ်းကာ ပြော၏။

" ဒီမှာပဲ စောင့်နေခဲ့ဗျာ ၊ ကျုပ် မကြာခင် ပြန်လာခဲ့မယ် "

စကားဆုံးသည်နှင့် လောထျန်း တည်နေရာရွှေ့ပြောင်းကာ နေရာမှ ပျောက်ကွယ်သွား၏။

ထိုစဥ် .. နဂါးသင်္ချိုင်းဂူ တစ်ခုရှေ့၌ ...

ဝုန်း ...

မိုထစ်ချုန်းသံကဲ့သို့ အော်သံကြီးနှင့်အတူ တောင်တစ်လုံးသဖွယ် ကြီးမားလှသော နဂါးကြီးတစ်ကောင် မြေကြီးထဲမှ ထွက်လာသည်။

နဂါးကြီး ထျန်းလုံ၏ စိတ်ရှုပ်ထွေးဟန် တူနေသော မျက်လုံးများက ရုတ်တရက် ခက်ထန်ကြမ်းတမ်းသွားပြီး ပြောလာ၏။

" ဟား ဟား .. ဒါ ထျန်းလုံရဲ့ အစွမ်းလား .. တော်တော်လေး အစွမ်းထက်တာပဲ "

သို့သော် .. ထိုအသံမှာ လွေ့နန်၏ အသံနှင့် တစ်ထပ်တည်း တူနေပါသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဒီ နဂါးခန္ဓာကိုယ်ထဲကနေ မြန်နိုင်သမျှ အမြန်ဆုံးထွက်ဖို့ ကျုပ် အကြံပေးချင်တယ်ဗျာ ။ မဟုတ်ရင် သခင်ကြီးရဲ့ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့တောင် ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး "

ခပ်လှမ်းလှမ်းတွင် လက်နောက်ပစ်လျက် ရပ်နေသော စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့မှ လူကြီးက ပြောလာ၏။

လွေ့နန်က အေးစက်စက် ပြန်ပြောလိုက်သည်။

" အဲ့ဒါကို ကျုပ် သိပြီးသားပါဗျာ ။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကို သုံးပြီး ဟိုကောင်လေးကို မသတ်ရမချင်း ကျုပ် ကျေနပ်နိုင်မှာ မဟုတ်ဘူး "

အစောက သူ့ခန္ဓာကိုယ်တစ်ခု ဖျက်ဆီးခံလိုက်ရသည်ကို လွေ့နန် သတိထားမိပြီး ဖြစ်ပါသည်။

ထို့ကြောင့်လည်း သူ လောထျန်းအား အရိုးထဲထိတိုင် မုန်းနေပါ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့ ၊  အခု ကျုပ်တို့ နဂါးကြီး ထျန်းလုံရဲ့ ခန္ဓာကိုယ်ကိုလဲ ရထားပြီးပြီ ၊ ကျုပ်တို့ရဲ့ ပန်းတိုင်တစ်ဝက်ကိုလဲ ရောက်နေပြီလေ ။ ထျန်းလုံရဲ့ စိတ်ဝိဥာဥ်ကလဲ ချောက်နက်ထဲကနေ ဘယ်မှ မပြေးနိုင်ဘူးဆိုတော့ ဘာလို့ အလောတကြီး လုပ်နေဦးမှာလဲဗျာ "

" ဒီတော့ လောလောဆယိ ကျုပ်တို့တွေ ဒီက အရင်ထွက်သွားပြီး ထျန်းလုံရဲ့ ခန္ဓာကိုယ်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ် နိုင်သွားအောင် လုပ်ဖို့ ကျုပ် အကြံပေးချင်တယ် ။ ပြီးသွားမှပဲ ထျန်းလုံရဲ့ စိတ်ဝိဥာဥ်ကို သွားပြီး ကိုင်တွယ်ကြတာပေါ့ဗျာ ။ အဲ့လိုဆို ပိုပြီး ဘေးကင်းတာပေါ့ "

တဖက် အဘိုးအိုက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

" ဟမ့် .. ဘေးကင်းဖို့ .. ဟုတ်လား ။ အခုကရော ဘေးမကင်းလို့လား ။ ဒုတိယ အဖွဲ့ချုပ်ကြီး ၊ ကျုပ်တို့တွေ ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အကြာတည်းက စီစဥ်နေခဲ့ကြတာဗျ ။ အခု ဒီအဆင့် အထိတောင် ရောက်လာပြီးမှတော့  ကျုပ် ထပ်ပြီး နောက်မဆုတ်ချင်တော့ဘူး ။ ဒီနေ့တော့ နဂါး ခန္ဓာကိုယ်ကိုရော ၊ နဂါး စိတ်ဝိဥာဥ်ကိုရော ရမှ ဖြစ်မယ် ။ ပြီးတော့ ဟို လောထျန်း ဆိုတဲ့ မျိုးမစစ်ကောင်လဲ သေကို သေရမယ် "

လွေ့နန်၏ မျက်လုံးထဲတွင် ဒေါသမီးတောက်များ လောင်မြိုက်နေပါသည်။

၎င်းကို မြင်သောအခါ လွေ့နန်အား ဆက်နားချရန် မဖြစ်နိုင်ကြောင်း ဒုတိယ အဖွဲ့ချုပ်ကြီး နားလည်လိုက်တော့၏။

" ဒါဆိုလဲ သဘောအတိုင်းသာ လုပ်ပါဗျာ "

သူ သက်ပြင်းချ၍ ဆိုလိုက်သည်။

ဝုန်း ..

ထို့နောက်တွင်မူ နဂါးကြီး ထျန်းလုံ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းထားသော လွေ့နန်က ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားတော့၏။

ဝုန်း ..

သူ ပျံသန်းနေစဥ်မှာပင် နဂါးသင်္ချိုင်းမြေတစ်ခုလုံး စတင်တုန်ခါလာပြီး သူ့ကြောင့် တောင်များစွာလည်း ပေါက်ကွဲထွက်ကုန်ကြသည်။

" ဘာကြီးလဲဟ ... "

ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသော လူတစ်ယောက်က ၎င်းကို တွေ့သွားကာ တအံ့တသြ ရေရွတ်လိုက်သည်။

" အဲ့ဒါ .. နဂါးကြီး ထျန်းလုံလား ၊ ထျန်းလုံ မသေသေးဘူးကွ "

" ဟင် .. ဘာတွေ ပြောနေတာလဲ ၊ ထျန်းလုံ သေသွားတာဖြင့် နှစ်ပေါင်း သောင်းချီပြီးတော့တောင် ကြာနေပြီ မဟုတ်ဘူးလား ။ သူက ဘယ်လိုလုပ် မသေတာ ဖြစ်နိုင်မှာလဲ "

လူအချို့က မယုံဟန်ဖြင့် ပြန်ပြောကြသည်။

" ငါလဲ မယုံဘူးကွ ၊ ဒါပေမယ့် ဟိုမှာ ကြည့်လိုက်ဦး ။ အဲ့နဂါးကြီးက ထျန်းလုံပဲ "

" ဟာ .. မဖြစ်ဘူး ၊ ငါတို့ ထျန်းယွမ်ကမ္ဘာက အခြေအနေတွေ ပြောင်းကုန်တော့မယ် ။ အခု နဂါးသင်္ချိုင်းမြေကနေ မြန်မြန်ထွက်ကြဟေ့ ။ ပြီးတော့ ဂိုဏ်းကိုလဲ ဒီကိစ္စကို သတင်းပို့လိုက် "

အားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြ၏။ ထိုစဥ် ရွှေယွဲ့ချီနှင့် သူမကို ကာကွယ်သည့် အဘွားဘိုတစ်ယောက်မှာလည်း စမ်းချောင်းတစ်ခုဘေးတွင် ရပ်ကာ ထိုမြင်ကွင်းအား တအံ့တသြ ကြည့်နေကြသည်။

" နတ်ဘုရာမလေး ၊ ဒီကိစ္စက ကျွန်မတို့ မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်နေပြီ ။ ဒီ နဂါးသင်္ချိုင်းမြေမှာ ဆက်နေလို့ မဖြစ်တော့ဘူး ။ သွားကြစို့ "

အဘွားအို၏ မျက်နှာတစ်ပြင်လုံး ဖြူရော်သွားကာ တစ်ကိုယ်လုံးလည်း တုန်ယင်လာသည်။

၎င်းမှာ ဒဏ္ဍာရီကျော် နဂါးကြီးတစ်ကောင်ဖြစ်ရာ သူမ မကြောက်လန့်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။

နဂါးကြီး ထျန်းလုံသာ အပြင်ကမ္ဘာသို့ ထွက်လာခဲ့ပါက သူမတို့ ယောင်ချီဂိုဏ်း တစ်ခုလုံးပေါင်းလိုက်လျှင်ပင် သူ့ပြိုင်ဘက် မဖြစ်နိုင်ပါချေ။

ယခုလက်ရှိတွင် သူမတို့နှစ်ယောက်တည်း ဖြစ်နေရာ အခြေအနေက ပိုဆိုးပါ၏။

ထိုစကားကို ကြားသောအခါ ရွှေယွဲ့ချီက ထွက်မသွားလိုသေးဟန်ဖြင့် အံကြိတ်လိုက်သည်။ သို့သော် သူမ မည်သို့မှလဲ မတတ်နိုင်သည့်အတွက် သက်ပြင်းချ၍သာ ပြန်ပြောလိုက်၏။

" ဘယ်တတ်နိုင်မလဲလေ .. သွားကြတာပေါ့ "

သို့သော် .. ထိုအချိန်မှာပင် ..

" ဟင် .. "

လေထဲတွင် ပျံသန်းနေသော လွေ့နန်က အရောင်အဝါတစ်ခုကို အာရုံခံမိသွားပြီး ကိုယ်ကို ခါရမ်းကာ ထိုနှစ်ယောက် ရှိနေသည့်ဘက် လှည့်ကြည့်လာသည်။

" ဟင် .. "

အဘွားအိုမှာ နဂါးကြီး ထျန်းလုံက သူမတို့ဆီ ရောက်လာမည်ဟု ထင်မထားသဖြင့် အလွန်ကြောက်လန့် တုန်လှုပ်သွား၏။

သူမ ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်မှာပင် လွေ့နန်၏ အရောင်အဝါက သူမတို့ နှစ်ယောက်လုံးကို မလှုပ်နိုင်အောင် ချုပ်နှောင်လာ၏။

ဝုန်း ..

ထို့နောက်တွင် နဂါးကြီး ထျန်းလုံ၏ ခန္ဓာကိုယ်က သူမတို့ ခေါင်း အပေါ်ဘက်နားလေးသို့ ရောက်လာသည်။

လွေ့နန်က လေထဲမှနေ၍ အမျိုးသမီးနှစ်ယောက်အား ပုရွက်ဆိတ်များသဖွယ် ငုံ့ကြည့်၏။

" သခင်ကြီး ထျန်းလုံကို အရိုအသေပေးပါတယ် ။ ကျွန်မတို့က သခင်ကြီး ထျန်းလုံရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး ။ ကျွန်မတို့ အခုချက်ချင်းပဲ ထွက်သွားပါ့မယ် "

အဘွားအိုက ကြောက်လန့်တကြား ပြောလိုက်သည်။

သို့သော် လွေ့နန်က သူမကို လုံးဝ ဂရုမစိုက်ဘဲ ရွှေယွဲ့ချီ တစ်ယောက်တည်းကိုသာ စုးစူးရဲရဲ မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

" ယင် ၉ သွယ် ခန္ဓာကိုယ်ပါလား .. ၊ မင်းမှာ အဲ့လိုခန္ဓာကိုယ်မျိုး တကယ်ကြီး ရှိနေတာပဲ .. "

လွေ့နန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သူ့စကားကြောင့် ရွှေယွဲ့ချီတို့ နှစ်ယောက်လုံး ထိတ်လန့် တုန်လှုပ်သွားကုန်၏။

ယင် ၉ သွယ် ခန္ဓာကိုယ်မှာ ရွှေယွဲ့ချီ၏ ထူးခြားသော ခန္ဓာကိုယ်တစ်ခု ဖြစ်ပြီး အလွန်ရှားပါးသော ခန္ဓာကိုယ် အမျိုးအစားထဲတွင် ပါဝင်ပါသည်။

သို့သော် .. ၎င်းမှာ ယောင်ချီ၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်ကာ ယောင်ချီရှိ အကြီးအကဲ အချို့သည်ပင် ထိုအကြောင်းကို မသိကြပါချေ။

သို့သော် .. ယခု ထျန်းလုံက တစ်ချက်တည်း ကြည့်ရုံဖြင့် ရိပ်မိသွားသတဲ့လား ။

" သခင်ကြီး ထျန်းလုံ ၊ ကျွန်မက ယောင်ချီရဲ့ နတ်ဘုရားမတစ်ယောက်ပါ ။ အရင်က ကျွန်မတို့ ယောင်ချီရဲ့ ဘိုးဘေးက နဂါးမျိုးနွယ်နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးပါတယ် ... "

ရွှေယွဲ့ချီက တဖက်လူ အလွတ်ပေးမည်လား ဆိုသည့် မျှော်လင့်ချက်ဖြင့် ကြောက်လန့်တကြား ပြောလိုက်သည်။

သို့သော် .. သူမရှေ့တွင် ရှိနေသည့် နဂါးကြီးက ထျန်းလုံ မဟုတ်ဘဲ ၊ ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှ လွေ့နန်သာ ဖြစ်ကြောင်းကို သူမ မည်သို့ သိပါမည်နည်း ။

All Chapters