အစွမ်းကို စမ်းသပ်ခြင်း
Vol. 25 Ch. 342
ပုံပျက်ပန်းပျက် ဖြစ်နေသည့် သူ့လက်ချောင်းကို ကြည့်ကာ လွေ့နန်တစ်ယောက် အံ့သြမှင်သက်ပြီး ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားရသည်။
နဂါးခန္ဓာကိုယ်မှ လက်သည်းချွန်တစ်ခုက တစ်ချက် အကန်ခံလိုက်ရုံဖြင့် အလွယ်တကူ ကျိုးသွားရသတဲ့လား ။
လောထျန်းမှာလည်း ၎င်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်နေ၏။
" ဒီကောင်ရဲ့ အစွမ်းက ကြောက်စရာပါလား ။ ငါ့ကန်ချက်ကို ခံရတာတောင် လက်ချောင်းလေးပဲ ကျိုးသွားရတာပေါ့ ။ ငါက အစက တစ်ချက်တည်းကန်ပြီး လက်တစ်ဖက်လုံးကို ချိုးဖို့ စဥ်းစားထားတာ "
သူ တွေးမိလိုက်သည်။
ထိုအချိန် ဘေးနားတွင် ရှိနေသော ရွှေယွဲ့ချီဆီမှ အော်သံ ထွက်လာ၏။
" သခင်လေး လောထျန်း ၊ အဲ့လူက ကျွန်မတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး ၊ အဲ့ဒါ နဂါးကြီး ထျန်းလုံပဲ "
လောထျန်းမှာ ထိုအချိန်မှသာ သူမ ရှိနေသည်ကို သတိထားမိသွားပြီး အံ့အားသင့်သွားသည်။
သူမ ဘယ်အချိန်က ဤနေရာသို့ ရောက်နေသည်ကို မသိသော်လည်း ထိုကားကို ကြားပြီးနောက် သူ အေးအေးဆေးဆေးသာ ပြန်ပြောလိုက်သည်။
" ထျန်းလုံက ဘာဖြစ်လို့လဲ "
ရွှေယွဲ့ချီက စိုးရိမ်တကြီး ပြော၏။
" ထျန်းလုံဆိုတာ ဟိုးအရင်ခေတ်က အင်မတန် အစွမ်းထက်တဲ့ နဂါးကြီး တစ်ကောင်ပဲရှင့် ။ ကျွန်မတို့ သူ့ကို လုံးဝ အနိုင်ယူနိုင်မှာ မဟုတ်ဘူး ။ ဒီကနေ မြန်မြန်ထွက်ပြေးဖို့ပဲ နည်းလမ်းရှာရအောင် "
လောထျန်းက အေးစက်စက်သာ ပြန်ပြောလိုက်သည်။
" မင်း ထွက်ပြေးချင်တယ်ဆိုရင် ပြေးလေ ။ ငါက သူ့ကို ဒီနေ့ သတ်ရမှာကို ဖြစ်မှာ "
" ဘယ်လို ... "
ရွှေယွဲ့ချီမှာ နားကြားများ လွဲသွားလေသလားဟုပင် ထင်သွား၏။
နဂါးကြီး ထျန်းလုံကို သတ်မည်တဲ့လား ..
ဤထျန်းယွမ်ကမ္ဘာကြီးတွင် ထိုစကားမျိုး ပြောရဲသူ မည်သူ ရှိပါမည်နည်း ။
တဖက်မှ လွေ့နန်က ထိုစကားကို ကြားသောအခါ လှောင်ပြုံးဖြင့် ပြောလာသည်။
" လောထျန်း ၊ မင်းက တော်တော် ရယ်စရာ ကောင်းတာပဲကွ ။ ငါ့ကို သတ်မယ် ဟုတ်လား ၊ မင်းမှာ အဲ့လို လုပ်နိုင်တဲ့ အစွမ်း ရှိလို့လား "
လောထျန်းက အေးအေးဆေးဆေးသာ ပြန်ပြော၏။
" မင်းနဲ့ စကားတွေ ဆက်ပြောနေဖို့ ဘာအကြောင်းမှ မရှိတော့ဘူးကွ ။ တိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ "
သူ ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း တည်နေရာရွှေ့ပြောင်းကာ လွေ့နန်ဆီသို့ ဝှစ်ခနဲ တိုးဝင်သွားပြီး လက်သီးဖြင့် ထိုးလိုက်တော့သည်။
ဘုန်း ..
ထို လက်သီးချက်မှာ ကောင်းကင်ဘုံ သိုင်းကျမ်းမှ မဟုတ်ဘဲ ခန္ဓာကိုယ် အစွမ်းချည်း သက်သက်ကိုသာ သုံးထားသည့် လက်သီးဖြစ်ပါသည်။
ဒီတိုင်း ကြည့်ပါက ၎င်းမှာ သာမာန် မထူးခြားသည့် လက်သီးတစ်ခုဟုသာ ထင်စရာ ရှိပါ၏။
" ဟမ့် .. ကောင်းပြီလေ ၊ မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "
လွေ့နန်က ဒေါသတကြီး အော်ကာ ခေါင်းနှင့် အမြီးကို ခါယမ်းလိုက်သည်။ ထို့နောက် နဂါးလက်သည်းချွန်များအား လက်သီးအဖြစ် ဆုပ်၍ လောထျန်းဆီသို့ ပြန်ထိုးလိုက်၏။
" လောထျန်း .. "
၎င်းကို မြင်သည်နှင့် ရွှေယွဲ့ချီ၏ မျက်နှာထား ပြောင်းသွားကာ အသံစူးစူးဖြင့် အော်လိုက်သည်။
သူမ စိတ်ထဲတွင်လည်း ဤပွဲတွင် လောထျန်း သေရလိမ့်မည်ဟုသာ ထင်နေပါ၏။
သို့သော် ..
ဘုန်း ..
အသံကျယ်တစ်သံနှင့်အတူ လေထဲမှ လောထျန်းက နောက်သို့ ဆယ်ပေကျော်ခန့် ရောက်သွားသည်။
သို့သော် .. တဖက်မှ လွေ့နန်မှာကား အနောက်ဘက် ပေထောင်ချီ အကွာအဝေးသို့ပင် ရောက်သွား၏။
ဘုန်း ..
သူ့ ခန္ဓာကိုယ်ကြီးက တောင်တစ်လုံးနှင့် ရိုက်မိပြီးမှသာ နောက်ဆုံး ရပ်သွားသည်။
ဤ လက်သီးချင်း ရင်ဆိုင်တိုက်သည့် တိုက်ပွဲတွင် လောထျန်းက အမှန်တကယ် အနိုင်ရသွားခဲ့လေပြီ ။
" ဒါ ... "
ရွှေယွဲ့ချီမှာ ပါးစပ်ဟောင်းလောင်းဖြင့် ကြက်သေ သေသွား၏။
သူမ လုံးဝလည်း နားမလည်နိုင်တော့ပါ ..
နဂါးကြီး ထျန်းလုံက လောထျန်း၏ လက်သီး တစ်ချက်တည်းဖြင့် နောက်သို့ လွင့်ထွက်သွားရသတဲ့လား ။
သူမ အိမ်မက် မက်နေခြင်းပေလား ..
ဟုတ်ပါသည် ၊ သူမ အိမ်မက် မက်နေခြင်းသာ ဖြစ်ရပါမည် ။ သို့မဟုတ်ပါက ယခုလို အဖြစ်မျိုး ဖြစ်လာစရာ အကြောင်းမရှိပါချေ။
ရွှေယွဲ့ချီ ထိုသို့တွေးကာ သူမပေါင်ကို အားကုန်သုံးပြီး ဆွဲဆိတ်လိုက်သည်။
" အား .. "
သူမ သုံးလိုက်သည့်အားက များသွားသဖြင့် နာကျင်လွန်း၍ အသံထွက် အော်မိသွား၏။
" ဟင် .. ဘာဖြစ်လို့လဲ "
ထိုစဥ် မနီးမဝေးတွင် ရပ်နေသော လောထျန်းက သူမဘက် လှည့်လာကာ တအံ့တသြ မေးလိုက်သည်။
" ဘာမှ မဖြစ်ပါဘူး .. ကျွန်မ အဆင်ပြေပါတယ် "
ရွှေယွဲ့ချီက မျက်နှာနီနီဖြင့် ပြန်ဖြေလိုက်သည်။
သူမ အမှန်တကယ် လုပ်ခဲ့သည့် အရာကို ပြောဖို့ရန်မှာ ရှက်စရာ ကောင်းလွန်းလှသဖြင့် ထိုသို့ အပေါ်ယံသာ ပြန်ဖြေလိုက်ခြင်းပင် ။
သို့သော် .. တစ်ချိန်တည်းမှာပင် သူမ အလွန်လည်း အံ့သြတုန်လှုပ်သွားရ၏။
ထို နာကျင်မှုက သူမ အိမ်မက် မက်နေခြင်း မဟုတ် ဆိုသည်ကို သက်သေပြလိုက်ပြီ မဟုတ်ပါလား ။
ယခု ဖြစ်နေသည့် အရာများ အားလုံးက လက်တွေ့ အမှန်တကယ် ဖြစ်နေခြင်းပင် ။
လောထျန်းက နဂါးကြီး ထျန်းလုံအား အမှန်တကယ် လက်သီးတစ်ချက်တည်းဖြင့် နောက်သို့ လွင့်ထွက်သွားအောင် လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင် သူမ လောထျန်းကို ကြည့်သည့်အကြည့်မှာလည်း ယခင်ကနှင့် လုံးဝ ကွဲသွားခဲ့လေပြီ ။
ဘီလူး ..
ထိုလူက အမှန်တကယ် ဘီလူးတစ်ကောင်ပင် ..
ထိုစဥ် လောထျန်းက ခေါင်းငုံ့ပြီး သူ့လက်သီးသူ ပြန်ကြည့်၏။
" အင်း .. ငါ့ရဲ့ ခန္ဓာကိုယ်အစွမ်းက တကယ်လဲ ထျန်းလုံရဲ့ အစွမ်းထက် ပိုသာတာပဲ "
တဖက်တွင်ကား ..
" မဖြစ်နိုင်ဘူး .. လုံးဝ မဖြစ်နိုင်ဘူး "
လွေ့နန်က မယုံကြည်နိုင် ဖြစ်နေသည့် မျက်နှာကြီးဖြင့် မြေကြီးပုံထဲမှ ပျံထွက်လာသည်။
ယခု သူ နဂါးကြီး ထျန်းလုံ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းထားသည့်တိုင် ခန္ဓာကိုယ် အစွမ်းချင်း ထိပ်တိုက် ရင်ဆိုင်ရသည့် တိုက်ပွဲတွင် သူ ရှုံ့နိမ့်သွားခဲ့ရသတဲ့လား ။
ထျန်းလုံ ကဲ့သို့သော ကောင်းကင်ဘုံ နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်မှာ ခေတ်အဆက်ဆက်က ထျန်းယွမ်ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ခန္ဓာကိုယ်အဖြစ် သတ်မှတ်ခံခဲ့ရပါ၏။
သူ မည်သို့ ရှုံ့နိမ့်သွားခဲ့ရပါသနည်း ။
" ခွေးကောင် .. ထပ်လာစမ်းကွာ "
သူ မယုံနိုင်သဖြင့် ဒေါသတကြီး အော်ကာ လောထျန်းဆီသို့ ထပ်တိုးဝင်သွားလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ လက်သီးချင်း ယှဥ်ထိုးရန် မရွေးတော့ဘဲ နဂါးအမြီးကြီးဖြင့်သာ လောထျန်းကို ရိုက်ရန် ကြုးစားလိုက်၏။
ထျန်းလုံ၏ ခန္ဓာကိုယ်က အလွန်ကြီးမားလှသည်ဖြစ်ရာ ၎င်း၏ အမြီးဖြင့် တစ်ချက် ရိုက်လိုက်ခြင်းက လောထျန်းအပေါ်သို့ တောင်တစ်လုံးဖြင့် ဖိနှိပ်လိုက်သည်နှင့် မခြားပါချေ။
" သခင်လေး လောထျန်း .. "
နံဘေးတွင် ကြည့်နေသော ရွှေယွဲ့ချီတစ်ယောက် အလွန် ကြောက်လန့်တုန်လှုပ်သွားရပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူမ သင်ခန်းစာ ရလိုက်ပြီ ဖြစ်သဖြင့် အသံကျယ်ကျယ် မအာ်လိုက်ပါချေ။
တဖက်မှ လောထျန်းမှာမူ လုံးဝ မတိမ်းရှောင်ဘဲ နေရာတွင်သာ ရပ်မြဲအတိုင်း ရပ်နေ၏။
" ကဲ .. အစွမ်းကို စမ်းသပ်ပြီးသွားပြီဆိုတော့ သိုင်းကွက်ကို ဘယ်လောက်ခံနိုင်မလဲ စမ်းသပ်ကြည့်ရမယ် "
သူ ထိုသို့ တွေးကာ ခပ်တောင့်တောင့်သာ ရပ်နေလိုက်သည်။
ထို့နောက်တွင်မူ နဂါးအမြီးကြီးက သူ့ကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျလာ၏။
ဘုန်း ..
လောထျန်းတစ်ယောက် မြေကြီးပေါ်သို့ လွင့်စင်ကျသွားပြီး ဖုန်လုံးကြီး လိမ့်တက်လာသည်။
" ဟား ဟား .. ငါ ပြောသားပဲကွ ၊ ငါ ပြောသားပဲ ။ ထျန်းလုံက ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းပဲဟာကို ငါ ရှုံးစရာ ဘာအကြောင်းမှ မရှိဘူး ။ လောထျန်း .. ငရဲကိုပဲ သွားလိုက်တော့ "
အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်လိုက်သည့်အတွက် လွေ့နန်ဆီမှ ရယ်သံကျယ်ကြီး ထွက်လာတော့သည်။
" လောထျန်း .. "
ရွှေယွဲ့ချီထံမှ အံသြတုန်လှုပ်နေသည့် အသံလည်း ထွက်ပေါ်လာ၏။
လောထျန်းက အဘယ့်ကြောင့် မတိမ်းရှောင်ဘဲ တဖက်လူ၏ တိုက်ခိုက်မှုကို ငြိမ်ငြိမ် ခံနေခဲ့မှန်း သူမ နားမလည်နိုင် ဖြစ်သွားရသည်။
လောထျန်း၏ ခန္ဓာကိုယ် ရွှေ့ကွက်ဖြင့် ဆိုပါက တိမ်းရှောင်ရန် အခွင့်အရေး ရှိပါ၏။
ထိုအချိန်မှာပင် ..
ဖောက် .. ဖောက် .. ဖောက် ..
ကောင်းကင်ယံမှ သွေးစက်များ ကျလာသည်။
" ဟင် .. သွေးတွေပါလား ။ ခုနက ငါ့လက်ချက်ကြောင့် ဟိုကောင်လေး အပိုင်းပိုင်း ဖြစ်သွားပြီး သွေးတွေပဲ ကျန်တော့တာလား "
လွေ့နန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သို့သော် .. ရွှေယွဲ့ချီက ခေါင်းမော့ပြီး လွေ့နန်၏ ဧရာမ နဂါးခန္ဓာကိုယ်ကြီးကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။
" ရှင့် .. ရှင့် အမြီး ... "
သူမ အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။
" ငါ့အမြီးက ဘာဖြစ်လို့လဲ "
လွေ့နန် မျက်မှောင်ကြုံ့သွား၏။
သို့သော် ထိုအချိန်မှာပင် သူ့ အမြီးဘက်မှ စူးစူးရှရှ နာကျင်မှုကို သူ ရုတ်တရက် ခံစားလိုက်ရတော့သည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
သူ ခေါင်းကို ခက်ခက်ခဲခဲ လှည့်ပြီး အမြီးရှိရာဘက် လှမ်းကြည့်လိုက်၏။
ထို့နောက်တွင်မူ .. သူ့ အမြီးကို တစ်စွန်းတစ မြင်လိုက်ရကာ သူ အံ့သြတုန်လှုပ်သွားတော့သည်။
သူ့ အမြီးမှ နဂါးကြေးခွံတစ်ခုက ပျက်စီးနေပြီး အသားတွင်လည်း အပေါက်တစ်ခု ဖြစ်နေလေပြီ ။
ထို ခံစားချက်မှာ သံချောင်းတစ်ခုကို လက်ဝါးဖြင့် ပြင်းပြင်းရိုက်ပြီး ကျန်နေခဲ့သည့် ဒဏ်ရာနှင့် ဆင်တူပါ၏။
ထို သံချောင်းမှာကား ... လောထျန်းပင် ..
" ဘာတွေ ဖြစ်နေတာလဲ .. ဘာတွေလဲ "
လွေ့နန်တစ်ယောက် အမှန်တကယ်ပင် ထိတ်လန့်သွားရတော့သည်။
ထိုအချိန်မှာပင် ..
ဝုန်း ..
လောထျန်း ကျသွားခဲ့သည့် နေရာမှ မြေကြီးက ပေါက်ကွဲထွက်သွားကာ အဝတ်စားများ စုတ်ပြဲနေသည့် လောထျန်းတစ်ယောက် လေပေါ်သို့ တဖြည်းဖြည်း ပျံတက်လာသည်။
" မင်း.. အသက်ရှင်နေသေးတာလား "
လောထျန်းကို မြင်လိုက်ရသည့် အချိန်တွင်မူ လွေ့နန်၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပထမဆုံးအကြိမ် ပေါ်လာတော့၏။
" သခင်လေး လောထျန်း .. အဆင်ပြေရဲ့လား "
လောထျန်း၏ အနည်းငယ် ရှက်နေပုံရသည့် မျက်နှာကို တွေ့သောအခါ ရွှေယွဲ့ချီ မနေနိုင်ဘဲ စိတ်ပူမိသွားသည်။
" ကျုပ် အဆင်ပြေပါတယ် "
လောထျန်းက သာမာန်ကာ လျှံကာသာ ပြန်ဖြေပြီး သူ့ကိုယ်သူ မျက်မှောင်ကြီး ကြုံ့၍ ငုံ့ကြည့်၏။
" အင်း .. ဒီ စမ်းသပ်မှုက တော်တော်လဲ ကောင်းတာပဲ ။ ကောက်ချက်နှစ်ခု ဆွဲလို့ ရသွားပြီ "
" ပထမတစ်ခုက ငါ့ရဲ့ ခန္ဓာကိုယ်အစွမ်းက သူ့ထက် အများကြီး ပိုသာတယ် ဆိုတာပဲ ။ သူ့ တိုက်ခိုက်မှုက ငါ့ကို ဘာမှ သိပ်မလုပ်နိုင်ဘူး ။ ဒါပေမယ့် .. ငါ့ကို လွင့်ထွက်သွားအောင်တော့ လုပ်နိုင်သေးတာ ဆိုတော့ .. နောက်ကျရင် သူများ တိုက်ခိုက်လာတဲ့အခါ ဘာမှ ပြန်မလုပ်ဘဲ ဒီတိုင်းကြီး ရပ်နေလို့ မဖြစ်တော့ဘူး "
" ဒုတိယ တစ်ခုကတော့ .. ဒီ အဝတ်အစားက တော်တော် ပျက်စီးလွယ်တာပဲ။ တော်ရုံ တန်ရုံနဲ့ မပြဲတဲ့ အဝတ်စားမျိုး ရှာမှ ရမယ် "
လောထျန်း စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
ထို့နောက်တွင်မူ သူ ခေါင်းကို ဖြည်းဖြည်းချင်း မော့၍ လွေ့နန်အား ကြည့်လိုက်သည်။
ဝှစ် ..
သူ ခေါင်းမော့လာသည်နှင့် တစ်ပြိုင်နက် .. လွေ့နန်က အနောက်ဘက် ပေ တစ်ထောင်ခန့် အကွာအဝေးသို့ ချက်ချင်း ဆုတ်သွား၏။
" မင်း .. မင်း ဘာလုပ်မလို့လဲ "
လွေ့နန်က အလန့်တကြား ပြောလာသည်။