← Chapters

အစွမ်း တိုးခြင်း

Vol. 25 Ch. 344

အစွမ်း တိုးခြင်း

Vol. 25 Ch. 344

" အဲ့ဒါ ဘာကြီးလဲ .. "

ထိုမြင်ကွင်းကို ကြည့်နေသော ရွှေယွဲ့ချီ၏ မျက်လုံးထဲတွင် အံ့သြမှုဖြင့် ပြည့်နေတော့သည်။

ထိုအချိန်မှာပင် လောထျန်း ကိုယ်ပေါ်၌ စိတ်စွမ်းအင် အလင်းတန်းတစ်ခု လင်းလက်သွား၏။ ၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် ရွှေယွဲ့ချီ၏ ရင်ထဲ၌ ပြောပြရန်ခက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

တဖက်မှ လောထျန်းက လေ့ကျင့်ခြင်းကို ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး နေရာတွင် ငြိမ်ငြိမ်ရပ်နေ၏။

ထို့နောက် သူ့ ကိုယ်ပေါ်မှ အရောင်အဝါကို ငုံ့ကြည့်ကာ ခေတ္တမျှ စဥ်းစားနေဟန် တူသည်။

" သခင်လေး လောထျန်း ၊ ဘာတွေ ဖြစ်နေတာလဲ "

ရွှေယွဲ့ချီက နားမလည်နိုင်သော မျက်လုံးများဖြင့် မေးလိုက်သည်။

" ကျုပ်လား .. ဘာမှ မဖြစ်ဘူးလေ "

လောထျန်းက အေးအေးဆေးဆေး ပြန်ဖြေ၏။

" ကြည့်ရတာ .. အရှုပ်အထွေး ခန္ဓာကိုယ်ကို ကျင့်ကြံလိုက်နိုင်ပြီနဲ့ တူတယ် "

ရွှေယွဲ့ချီမှာ ကြားလိုက်ရသည့် စကားကြောင့် သွေးအန်လုမတတ်ပင် ဖြစ်သွားရသည်။

အစောက ဘာမှ မဟုတ်ဟု လောထျန်း ပြောခဲ့စဥ်တွင် အမှန်တကယ်လည်း ဘာမှ မဟုတ်နိုင်ဟု သူမ ထင်ခဲ့မိပါသည်။

သို့သော် .. မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် လောထျန်းက အရှုပ်အထွေး ခန္ဓာကိုယ်အား ကျင့်ကြံလိုက်နိုင်ပြီဟု ပြောလာပါ၏။

ထို့အပြင် .. သူက ၎င်းကို သာမာန် ထမင်းစား ရေသောက် ကိစ္စတစ်ခုလိုပင်  ပြောလိုက်ခြင်း ဖြစ်သည်။

" မင်း .. ဘာဖြစ်နေတာလဲ "

ထိုစဥ် လောထျန်းက ရွှေယွဲ့ချီ ဖြစ်သွားသည့် မျက်နှာကို ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလာ၏။

" ဖြစ်နေတာက ကျွန်မ မဟုတ်ဘူးရှင့် ၊ ရှင်က လွဲနေတာ ။ အဲ့ဒါ အရှုပ်အထွေး ခန္ဓာကိုယ်ရှင့် .. အရှုပ်အထွေး ခန္ဓာကိုယ် ။ ဒါကို ရှင်က ဘာမှ မထူးခြားတဲ့ ကိစ္စတစ်ခုလို ပြောနေတာ။ ပြီးတော့ ရှင့်ပုံကလဲ ဘာမှ စိတ်လှုပ်ရှားတဲ့ ပုံလေးတောင် မပြဘူး "

ရွှေယွဲ့ချီ ပြန်ရန်တွေ့လိုက်တော့သည်။

ဤထျန်းယွမ်ကမ္ဘာကြီးတွင် ထူးခြားသော ခန္ဓာကိုယ် ပိုင်ဆိုင်သူများမှာ အလွန်ရှားသည်ဟု ပြော၍ ရပါသည်။

ထိုသို့ ပိုင်ဆိုင်လျှင်လည်း အစွမ်းထက်ကာ ရာထူးဂုဏ်သတင်းလည်း ကြီးသွားမည်ဖြစ်၏။

ဥပမာအနေဖြင့် ပြောရလျှင် .. ယင် ၉ သွယ် ခန္ဓာကိုယ် ရှိသည့် သူမဆိုလျှင်လည်း ငယ်စဥ်ကတည်းကပင် ယောင်ချီ၏ နတ်ဘုရားမ တစ်ယောက်အဖြစ် သတ်မှတ်ခံထားခဲ့ရခြင်း ဖြစ်ပါသည်။

ကျုံ့ကျိုးဒေသရှိ အစွမ်းအထက်ဆုံးသော လူငယ်များ နှင့် တောင်ပိုင်းဒေသမှ အစွမ်းအထက်ဆုံး သူများမှာလည်း ထူးခြားသော ခန္ဓာကိုယ်များ ကိုယ်စီ ရှိထားကြပါသည်။

အထူးသဖြင့် ပြီးခဲ့သော နှစ်များအတွင်း အလယ်ပိုင်းဒေသကို ဖိနှိပ်လာခဲ့ကြသည့် တောင်ပိုင်းမှ ထိပ်ဆုံးအဆင့် အစွမ်းအထက်ဆုံး သူ သုံးယောက်ပင် ။

ထို သုံးယောက်မှာ သူတို့ ပိုင်ဆိုင်သည့် ထူးခြားသော ခန္ဓာကိုယ်များကြောင့်လည်း ဤမျှ အစွမ်းထက်နေကြခြင်း ဖြစ်၏။

သို့သော် .. သူတို့ သုံးယောက်၏ ခန္ဓာကိုယ် သုံးခုလုံး ပါင်းစပ်လိုက်လျှင်ပင် .. လောထျန်း၏ အရှုပ်အထွေး ခန္ဓာကိုယ်လောက် မကောင်းပါချေ။

များစွာ အဆင့်နိမ့်နေသေးသည်ဟုပင် ပြော၍ ရပါသည်။

သို့သော် .. ယခု လောထျန်းမှာကား ..

အရှုပ်အထွေး ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ခဲ့သည့်အပြင် ... သူ့အသွင်က ၎င်းကို ဂရုပင် စိုက်ဟန် မတူပါ ။

မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း ။

ရွှေယွဲ့ချီမှာ စိတ်ပြန်ငြိမ်သွားအောင် အသက်ပြင်းပြင်း ၄ ၊ ၅ ကြိမ် ရှိုက်လိုက်ရပြီးမှ ပြော၏။

" သခင်လေး လောထျန်း ၊ ရှင့်ရဲ့ အရှုပ်အထွေး ခန္ဓာကိုယ်က ဘာတွေ ထူးခြားလဲ "

သူမ အမေးကို ကြားသောအခါ လောထျန်းက မျက်လုံးမှိတ်ပြီး ခေတ္တမျှ စစ်ဆေးကြည့်သည်။

" အင်း .. ကြည့်ရတာ ဒီ အရှုပ်အထွေး ခန္ဓာကိုယ်က လုံးဝကြီး မပြည့်စုံသေးတဲ့ပုံပဲ "

သူ မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ဟင် .. မပြည့်စုံသေးဘူး .. ဟုတ်လား "

ရွှေယွဲ့ချီ အံ့အားသင့်သွားသည်။

လောထျန်းက ခေါင်းညိတ်ပြီး ပြန်ပြော၏။

" ဟုတ်တယ် ၊ အရှုပ်အထွေး ခန္ဓာကိုယ်က အစွမ်းနဲ့ အားနည်းချက်တွေ အမျိုးမျိုး ရှိသင့်တာ ။ ကြည့်ရတာ ကျုပ်က အခုမှ အရှုပ်အထွေး ခန္ဓာကိုယ်ရဲ့ အစလေးပဲ ရှိသေးတယ်နဲ့တူတယ် ။ အင်း .. ပထမ အဆင့်လို့တောင် ပြောလို့ရတယ် ၊ အဲ့တော့ ဘာမှ ထူးခြားတာ မရှိသေးဘူး "

ရွှေယွဲ့ချီမှာ သူ့စကားကို ကြားမှသာ အရှုပ်အထွေး ခန္ဓာကိုယ်တွင် မတူညီသော အဆင့်များ များစွာရှိကြောင်း သိလိုက်ရတော့သည်။

မသိသည်မှာလည်း သူမအပြစ်ဟု မဆိုသာပါ ။ ယောင်ချီတွင် ထိုသို့သော အရှုပ်အထွေး ခန္ဓာကိုယ်မျိုး တစ်ကြိမ်မှ ပေါ်မလာခဲ့ဖူးပေရာ သူမ မသိခြင်းက မထူးဆန်းပေ ။

အမှန်တွင်မူ .. ထျန်းယွမ် တစ်ကမ္ဘာလုံးတွင်ပင် အရှုပ်အထွေး ခန္ဓာကိုယ် လုံးဝ မရှိခဲ့ဖူးပါချေ။

ရှေးယခင်က အရှုပ်အထွေး အရောင်အဝါကို ကျင့်ကြံသူများ ရှိခဲ့ဖူးကြောင်းကိုသာ သူမ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားဖူးရုံ ဖြစ်ပါသည်။

ထိုသို့ ကျင့်ကြံသူများသည်ပင်လျှင် ထိုစဥ်က သူတို့နှင့် အဆင့်တူ ကျင့်ကြံသူများ အားလုံးကို ဖိနှိပ်ရန် လုံလာက်ခဲ့ပါ၏။

သို့သော် .. အရှုပ်အထွေး အရောင်အဝါကို ကျင့်ကြံသူနှင့် အရှုပ်အထွေး ခန္ဓာကိုယ် အစစ်ကို ကျင့်ကြံသူများ ကြားတွင်ကား ကြီးမားသော ကွာဟချက် ရှိနေဆဲပင်။

သို့ဖြစ်ရာ အရှုပ်အထွေး ခန္ဓာကိုယ်အကြောင်းကို သူမ များစွာ မသိလှပေ။

" နှမျောစကြီး .. အရှုပ်အထွေး ခန္ဓာကိုယ် ရနေတာတောင် ဘာမှ ထူးခြားတာ မရှိဘူးပေါ့ "

ရွှေယွဲ့ချီ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

ထိုစဥ် လောထျန်းက စကားဆက်၏။

" အရှုပ်အထွေး ခန္ဓာကိုယ် ရပြီးတဲ့နောက်ပိုင်း ထူးခြားတာဆိုလို့  အစွမ်းနဲ့ အမြန်နှုန်းက နည်းနည်း တိုးလာတာပဲ ရှိတယ် "

သူ့စကားကို ကြားသောအခါ တစ်ခုခု လွဲနေပြီမှန်း ရွှေယွဲ့ချီ ရိပ်မိသွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" နည်းနည်းတိုးလာတာ ဆိုတော့ ဘယ်လောက် တိုးလာတာလဲ "

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေ၏။

" အင်း .. အဆ ၁၀၀ လောက် ရှိမယ်ထင်တယ် ။ ဒါပေမယ့် ဒါက ဂိတ်ဆုံးတော့ မဟုတ်သေးဘူး ထင်တာပဲ ၊ ကျုပ် သေချာ ကျင့်ကြံပြီးတဲ့အခါ နည်းနည်းပို တိုးတက်လာမယ်နဲ့တူတယ် "

ရွှေယွဲ့ချီ မျက်နှာညိုသွားပြီး နဖူးကို လက်ဖြင့်ကိုင်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" ထင်ထားတဲ့ အတိုင်းပါပဲလား "

အဆ တစ်ရာ တဲ့လား ..

ယခု လက်ရှိ ထိပ်ဆုံးအဆင့် ဘီလူးများဟု အများပြောကြသည့် အစွမ်းထက် ကျင့်ကြံသူ လူငယ်များသည်ပင် ထူးခြားသော ခန္ဓာကိုယ်ကို အပြည့်အဝ လှုပ်နှိုးချိန်၌ အစွမ်းနှင့် အမြန်နှုန်းက အလွန်ဆုံး ဆယ်ဆအထိသာ တိုးနိုင်ကြပါသည်။ သို့တိုင် အများက သူတို့အား ကောင်းကင်ဘုံကို အာခံနိုင်သည့်  ဘီလူးများအဖြစ် သတ်မှတ်နေကြလေပြီ ။

သို့သော် .. ယခု လောထျန်းက အစွမ်း အဆ ၁၀၀ တက်သွားသည့်တိုင် မကျေနပ်သေးဘူးတဲ့လား ။

" မင်း .. ဘာဖြစ်သွားတာလဲ "

လောထျန်းက ရွှေယွဲ့ချီကို ကြည့်ကာ တအံ့တသြ မေးလာ၏။

" ဘာမှ မဟုတ်ပါဘူးရှင် ၊ ကျွန်မ စကားမပြောချင်တော့လို့ပါ "

ရွှေယွဲ့ချီက ထိုသို့သာ ပြောပြီး မြေပြင်တွင် ထိုင်ချကာ စက်ဝိုင်း များ ဆွဲနေလိုက်တော့သည်။

လာထျန်းကမူ မည်သို့မှ သံသယမဝင်ဘဲ မြေပြင်တွင် တင်ပျဥ်ခွေထိုင်၍ လွေ့နန် ပြန်အလာကို ထိုင်စောင့်နေ၏။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့တော့သည်။

လောထျန်းကား နေရာတွင်သာ မလှုပ်မယှက် ထိုင်စောင့်နေ၏။

ရွှေယွဲ့ချီကမူ ထသွားပြီး သူမ၏ အစောင့်အကြပ် အဘွားအိုကို လိုက်ရှာလိုက်သေးသည်။

ခဏအကြာမှာပင် အဘွားအိုအား သူမ တွေ့သွား၏။ အဘွားအိုမှာ ထိုအချိန်တွင် သတိမေ့နေဆဲ ဖြစ်သည့်တိုင် အသက် မသေသေးပါချေ။

ရွှေယွဲ့ချီက သုမ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ချက်ချင်း ထုတ်ပြီး အဘွားအိုပါးစပ်ထဲ ထည့်လိုက်သည်။

ထို့နောက်တွင်မူ သူမက အဘွားအိုနှင့်အတူ လောထျန်းဘေးသို့ ပြန်လာကာ လွေ့နန်ပြန်အလာကို စောင့်ရင်း ဒဏ်ရာများ ကုသနေ၏။

ဤသို့ဖြင့် နာရီဝက် ကုန်ဆုံးလာခဲ့သည်။

လောထျန်းတစ်ယောက် စိတ်မရှည်နိုင်တော့ဘဲ ဒေါသပေါက်ကွဲလုနီး ဖြစ်နေချိန်မှာပင် ..

ဘုန်း ..

သူတို့ ခေါင်းပေါ်နားလေးမှ လေထုက ပြင်းထန်စွာ တုန်ခါလာ၏။

" သူ ပြန်လာပြီလား "

လောထျန်း ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ရွှေယွဲ့ချီကလည်း ချက်ချင်း ထရပ်၏။

ဘုန်း .

ထို့နောက်တွင်မူ လေထု ပြိုကွဲသွားကာ အက်ကွဲရာထဲမှ ဧရာမ အရိပ်ကြီးတစ်ခု ထွက်လာသည်။

၎င်းမှာ လွေ့နန်၏ ခန္ဓာကိုယ် အပိုင်သိမ်းခြင်းကို ခံထားရသည့် ထျန်လုံပင် ။

သို့သော် ထိုအချိန်တွင် ၎င်းမှာ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့်  ပြည့်နေကာ သွေးများလည်း အလိမ်းလိမ်း ပေကျံနေပြီး အလွန်အခြေအနေ ဆိုးနေဟန် တူပါ၏။

၎င်း၏ ဧရာမ နဂါးခေါင်းကြီးမှာလည်း သွေးအလိမ်းလိမ်း ဖြစ်နေသည်။

" ဒီကောင်ကြီးက ဘာဖြစ်လာတာလဲ "

ထိုမြင်ကွင်းကို ကြည့်ကာ လောထျန်း အံ့အားသင့်သွား၏။

ထိုအချိန်မှာပင် လေထဲမှ လွေ့နန်ကလည်း လောထျန်းအား သတိထားမိသွားသည်။

" လောထျန်း ၊ မင်းက တကယ်လဲ ထွက်မပြေးခဲ့ဘူးကိုး ။ ယင် ၉ သွယ် ခန္ဓာကိုယ်လဲ ရှိနေသေးတာပါလား ။ ကောင်းတယ်ကွာ .. သိပ်ကောင်းတယ် "

လွေ့နန်က ထိုသို့ပြောပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

လောထျန်းက မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပြန်ပြော၏။

" ထွက်ပြေးရမယ် .. ဟုတ်လား ။ မင်းမှာ ငါ့ကို ထွက်ပြေးခိုင်းနိုင်လောက်တဲ့ အစွမ်းရှိတယ်ပေါ့ "

လွေ့နန်က လှောင်ပြုံးဖြင့် ပြန်ပြောလာသည်။

" လောထျန်း ၊ မင်းက တော်တော်လေး တုံးတာပါလားကွ ။ ငါက ခုနကနဲ့ အတူတူပဲလို့ ထင်နေတယ်ပေါ့ "

လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။

ထိုစဥ် လွေ့နန်က စကားဆက်၏။

" ခုနတုန်းကတော့ မင်းက ငါ့ထက်ပို အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် .. ပြီးခဲ့တဲ့ နာရီဝက်အတွင်းမှာ ငါ့ရဲ့ စိတ်ဝိဥာဥ်နဲ့ ဒီ နဂါးခန္ဓာကိုယ်က လုံးဝ ပေါင်းစပ်သွားခဲ့ပြီကွ "

" ဒါတင်မကသေးဘူး ၊ လျှို့ဝှက်နည်းစနစ် နှစ်ခုဖြစ်တဲ့ သွေးလောင်ကျွမ်းခြင်းနည်းနဲ့ စိတ်ဝိဥာဥ် လောင်ကျွမ်းခြင်း နည်း ကို ပေါင်းစပ်ပြီးတော့လဲ ငါ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို တိုးတက်လာအောင် လုပ်ခဲ့သေးတယ် "

" မင်းသာ ထွက်ပြေးသွားရင် ငါ သုံးထားတဲ့ အစွမ်းနဲ့ စိတ်စွမ်းအင်တွေ အလကား ဖြစ်ရတော့မယ်လို့တောင် တွေးပြီး စိတ်ပူနေခဲ့တာကွာ "

" အခုတော့ မင်းက ထွက်မပြေးဘဲ ထိုင်စောင့်နေတာပါလား ။ လောထျန်း ၊ ခုနက မင်းကြာင့် ဖြစ်ခဲ့ရတဲ့ အရှက်ကွဲမှုတွေအတွက် အားလုံးကို မင်း ပြန်ပေးဆပ်ရမယ် "

လွေ့နန်က ထိုသို့ ပြောကာ နဂါးလက်သည်းချွန်ကြီးတစ်ခုကို မြှောက်လိုက်သည်။

ဝုန်း ..

ချက်ချင်းပင် ကြောက်မက်ဖွယ် ဖိအားလေပြင်းကြီး တစ်ခု တိုက်ခတ်လာကာ ဧရာမ ဓားသွားကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး လေထုကို ခွင်းလာ၏။

မြောက်များစွာသော တောင်တန်းများလည်း ချက်ချင်း ပြားချပ်ကုန်ကြသည်။

လွေ့နန်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ကျေနပ်နေသည် ။

" ဟား ဟား .. တွေ့ပြီလား .. ခုနကနဲ့ ဘယ်လောက်ကွာသွားပြီလဲဆိုတာ ။ ငါ့အစွမ်းက ဘယ်လောက်တိုးသွားလဲ  မင်း သိရဲ့လား "

သူက ထိုသို့ပြောပြီး လောထျန်းတို့ နှစ်ယောက်အား လှောင်ပြောင်လိုသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သို့သော် လောထျန်းတို့က မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် လွေ့နန်က သူမေး ၊ သူ ဖြေ လုပ်၏။

" ဆယ့်ငါးဆ တောင်ကွ ၊ ဆယ့်ငါးဆ တောင် ။ ဒီလို တိုးတက်မှုမျိုးက ဟို ဘာမဟုတ်တဲ့ ထူးခြားပါတယ်ဆိုတဲ့ အလကား ခန္ဓာကိုယ်တွေ အားလုံးထက် သာတယ် ။ အစွမ်းကို တိုးတက်အောင် လုပ်တဲ့နေရာမှာတော့ ထျန်းယွမ်တစ်ကမ္ဘာလုံးမှာ ငါက နံပါတ် ၁ ပဲ "

စကားဆုံးသည်နှင့် သူ အော်ရယ်လိုက်ပြန်သည်။

သို့သော် တဖက်မှ လောထျန်းနှင့် ရွှေယွဲ့ချီတို့ နှစ်ယောက်မှာမူ တည်တည်ငြိမ်ငြိမ် မျက်နှာထားများဖြင့်သာ ရှိနေကြ၏။

သူတို့က ဟွေ့နန်အား ရှက်နေပုံဖြင့်ပင် လှမ်းကြည့်နေကြသေးသည်။

လွေ့နန်၏ ရယ်သံကြီးမှာ ကောင်းကင်နှင့် မြေကြီးသို့တိုင် ပဲ့တင် ထပ်နေပါသည်။

သို့သော် .. အချိန်အတန်ငယ်ကြာ ရယ်နေပြီး နောက်တွင်ကား .. အခြေအနေက ပုံမှန် မဟုတ်သည်ကို လွေ့နန် သတိထားမိသွားတော့၏။

ပုံမှန်ဆိုလျှင် သူ့အစွမ်း တိုးလာသည်ကို ကြားပါက လောထျန်းတို့မှာ ကြောက်ရွံ့တုန်လှုပ်သွားသင့်ပေသည်။

သို့သော် .. သူတို့က သူ့အား အဘယ့်ကြောင့် ယခုကဲ့သို့ ကြည့်နေရပါသနည်း။

သူတို့၏ အကြည့်မှာ ...

သနားစရာကောင်းသည့် အရူးတစ်ယောက်ကို ကြည့်နေပုံနှင့်ပင် တူနေသေးတော့သည်။

All Chapters