← Chapters

နိမိတ်ဆိုး

Vol. 25 Ch. 339

နိမိတ်ဆိုး

Vol. 25 Ch. 339

" ထျန်းလုံရတနာတိုက် .. အဲ့ဒါ ဘာလဲဗျ "

လောထျန်း နားမလည်နိုင် ဖြစ်သွား၏။

သူ့ဘေးနားမှ ရှောက်လုံကမူ အလွန်အံ့သြတုန်လှုပ်သွားဟန်တူကာ အသံတုန်တုန်ဖြင့် ဝင်ပြောသည်။

" ထျန်းလုံရတနာတိုက် ... က တကယ်ကြီး ရှိတာလား "

လောထျန်းက သူ့အား လှည့်ကြည့်လာ၏။

၎င်းကို မြင်သောအခါ ရှောက်လုံက ချက်ချင်း ရှင်းပြရှာသည်။

" ကျုပ် သတင်းကြားဖူးတာတော့ သခင်ကြီး ထျန်းလုံ အစွမ်းအထက်ဆုံး အချိန်တုန်းကဆိုရင် ဒီထျန်းယွမ်ကမ္ဘာမှာ အစွမ်းအထက်ဆုံး ဖြစ်ရုံမက ၊ တခြား ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုက ကမ္ဘာငယ်တွေကပါ  သခင်ကြီးကို လုံးဝ အထင်မသေးရဲကြဘူးတဲ့"

" သခင်ကြီး ထျန်းလုံက ကမ္ဘာတွေ အများကြီးကို နှစ်တွေအတော်ကြာ ခရီးဆန့်ခဲ့ပြီးတော့ အစွမ်းထက် ရန်သူတွေကိုလဲ မရေမတွက်နိုင်အောင် သတ်ပစ်ခဲ့တယ်။ အဲ့ကနေမှ အဖိုးတန် ရတနာတွေ အများကြီးကိုလဲ ရခဲ့တာပေါ့ဗျာ ။ အဲ့ရတနာတွေ အားလုံးကို ထျန်းလုံ ရတနာတိုက်ထဲမှာ ထည့်ထားခဲ့တယ်တဲ့ "

" ပြီးတော့ ကျုပ် ထပ်ကြားတာတော့ အဲ့ဒီ ထျန်းလုံ ရတနာတိုက်ထဲက ရတနာတွေရဲ့ တန်ဖိုးက ဒီ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးမှာ ရှိတဲ့ ရတနာတွေ အားလုံးထက်တောင် ပိုအဖိုးတန်တယ်တဲ့ ။ ဒါပေမယ့် သခင်ကြီး ထျန်းလုံ သေဆုံးသွားပြီးတဲ့နောက်မှာ ရတနာတိုက်ကလဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာပဲ "

" ကျုပ်တို့ နဂါးမျိုးနွယ်စုက အစွမ်းထက် ကျင့်ကြံသူတွေ အများကြီးကလဲ အဲ့ရတနာတိုက်ကို လိုက်ရှာဖို့ ကြိုးစားခဲ့ကြသေးတယ်ဗျ ။ ဒါပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး "

ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။

" ထျန်းယွမ် တစ်ကမ္ဘာလုံးနဲ့ ယှဥ်နိုင်လောက်အောင်ကို ချမ်းသာတာလား "

လောထျန်း တအံ့တသြ မေးလိုက်သည်။

သို့သော် .. ထိုစဥ် ထျန်းလုံက အိုးတို့အမ်းတမ်း ပြန်ပြော၏။

" ဒါ .. သူ ပြောတာတွေကို နားမထောင်ပါနဲ့ သခင်လေးရာ ။ ဒါတွေက ချဲ့ကားပြီး ပြောကြတာပါ ။ ရတနာတိုက်ထဲကဟာတွေက ကျုပ် စုဆောင်းထားတဲ့ ရတနာတွေ ဆိုတာတော့ မှန်ပါတယ် ။ ဒါပေမယ့် ထျန်းယွမ်တစ်ကမ္ဘာလုံးနဲ့ ယှဥ်နိုင်တဲ့အထိတော့ မဟုတ်ပါဘူး "

သူ့စကားကို ကြားသောအခါ လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" တစ်ကမ္ဘာလုံးထက် မသာရင်တောင် မြင့်မြတ်နယ်မြေ တချို့ ထက်တော့ သာတယ် မဟုတ်လားဗျ "

ထျန်းလုံက ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ဖြေ၏။

" အခုလက်ရှိ ထျန်းယွမ်ကမ္ဘာက မြင့်မြတ်နယ်မြေတွေက ဘယ်လောက်အစွမ်းထက်ပြီး ချမ်းသာကြွယ်ဝနေကြပြီလဲ ဆိုတာတော့ ကျုပ် မသိဘူးဗျ ။ ဒါပေမယ့် .. အတူတူလောက်တော့ သွားကျလိမ့်မယ် ထင်တယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါဆို အဲ့ရတနာတိုက်က အခု ဘယ်မှာလဲဗျ "

သူ့စကား ဆုံးသည်နှင့် ချောက်နက်ထဲမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး ခြေသုံးချောင်းထောက် အရာတစ်ခု လောထျန်းရှေ့သို့ မျောလွင့်လာ၏။

" ဒါ ... "

လောထျန်း အံ့အားသင့်သွားရသည်။

" အဲ့ဟာက ကျုပ်ရဲ့ မှော်လက်နက် တစ်ခုပဲဗျ ။ နာမည်ကို ထျန်းလုံမီးတောက် လို့ ပေးထားတယ် ။ ပြီးတော့ အဲ့ဒါက မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပဲ ။ အဲ့လက်နက်ထဲမှာ ဖွက်ထားတဲ့ နေရာတစ်ခုရှိတယ်ဗျ ၊ ရတနာတိုက်ကတော့ အဲ့ထဲမှာ ရှိတယ် "

ထျန်းလုံက ပြောလိုက်သည်။

သို့သော် .. လောထျန်းက တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့်  တအံ့တသြ မေးလာ၏။

" ဒါ .. သဘာဝ မသေမျိုးလက်နက်တစ်ခု မဟုတ်လား ။ သခင်ကြီးရဲ့ သဘာဝ မသေမျိုးလက်နက်က အချိန်နဲ့နေရာ ဗိမာန် မဟုတ်ဘူးလားဗျ ။ မဟုတ်မှလွဲရော .. ဒီ ထျန်းလုံမီးတောက် က အချိန်နဲ့နေရာ ဗိမာန်ထက် ပိုအစွမ်းထက်တယ် ဆိုတဲ့ အဓိပ္ပါယ်လား "

ရှောက်လုံမှာလည်း သူ့နည်းတူပင် အံ့သြတုန်လှုပ်နေသည်။

ထျန်းလုံက သက်ပြင်းချကာ ပြန်ဖြေသည်။

" ဘယ်ဟုတ်ပါ့မလဲဗျာ ။ ကျုပ်ရဲ့ ဒီ ထျန်းလုံမီးတောက် က သာမာန် မသေမျိုးလက်နက် တစ်ခုပဲဗျ ။ ဟို မသေမျိုးလက်နက် ဖန်ဆင်းရှင်နဲ့ ယှဥ်လိုက်ရင် ဒါက တော်တော်လေးကို အစွမ်းနိမ့်တယ်လို့ ပြောလို့ရတယ်။ ယှဥ်တောင် ယှဥ်လို့ မရဘူး "

" ဒါဆို .. ဘာဖြစ်လို့ .. "

လောထျန်း ပိုပို၍ နားမလည်နိုင် ဖြစ်သွားဟန် တူသည်။

ထျန်းလုံက ကူကယ်ရာမဲ့ဟန်ဖြင့် ပြော၏။

" ဒါကတော့ ရှင်းပါတယ်ဗျာ ။ ကျုပ်က သေသွားတဲ့အထိတောင် အချိန်နဲ့နေရာဗိမာန်ကို ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်လိုက်နိုင်ဘူးဗျ။ ကျုပ်တောင် အပြည့်အဝ မထိန်းချုပ်နိုင်ဘဲနဲ့ ကျုပ်ရဲ့ သဘာဝ မသေမျိုးလက်နက်လို့ ပြောလို့ ဘယ်ဖြစ်မှာလဲဗျာ "

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။

" အဲ့လိုလား .. ကျုပ်က အချိန်နဲ့နေရာ ဗိမာန်ကို သခင်ကြီးကိုယ်တိုင် ဖန်တီးခဲ့တယ်လို့ ထင်နေတာ "

ထျန်းလုံက အောင့်သက်သက်ပြုံး၍ တုန့်ပြန်၏။

" အဲ့လို မှော်လက်နက်မျိုးကို ကျုပ် ဘယ်လုပ်နိုင်မှာလဲဗျာ ။ သခင်လေးက ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ ။ ကျုပ်မှာ အဲ့လို လုပ်နိုင်တဲ့ အစွမ်းမျိုး မရှိပါဘူး ။ ကျုပ်မပြောနဲ့ .. ပိုမြင့်တဲ့အဆင့်က ကမ္ဘာမှာတောင် အဲ့လိုလုပ်နိုင်တဲ့ အစွမ်းမျိုး ရှိမယ် မထင်ဘူး "

လောထျန်း အံ့အားသင့်သွားရပြန်သည်။

" ပိုမြင့်တဲ့အဆင့်က ကမ္ဘာမှာတောင် အဲ့လိုအစွမ်းမျိုး မရှိကြဘူး ... ဟုတ်လား ။ ဒါဆို အဲ့လို ဖန်ဆင်းရှင် လက်နက်တွေကို ဘယ်သူတွေက လုပ်ခဲ့ကြတာလဲ "

ထျန်းလုံက ပြန်ပြော၏။

" ကျုပ်လဲ အဲ့ကိစ္စကို သေချာ ရှင်းရှင်းလင်းလင်း မသိဘူးဗျ။ အဲ့မှော်လက်နက်တွေနဲ့ ပတ်သက်လို့ အများပြောကြတဲ့ အဆို ၃ ခုတော့ ရှိတယ် "

" ပထမ တစ်ခုကတော့ ဒီလို မသေမျိုးလက်နက်တွေကို ကောင်းကင်ဘုံနဲ့ မြေကြီးက ဖန်တီးပြီး သဘာဝအတိုင်း ဖြစ်လာတာတဲ့ "

ထိုစကားကို ကြားသောအခါ လောထျန်း အံ့သြမှင်သက်သွားပြီး မနေနိုင်ဘဲ အချိန်နဲ့နေရာ ဗိမာန်ကို ထပ်ထုတ်ကြည့်လိုက်သည်။

အချိိန်နှင့်နေရာ ဗိမာန်မှာ အလွန်အသေးစိတ်ကျကာ လှပပြီး အပြောင်မြောက်ဆုံး အနုပညာလက်ရာတစ်ခုဟု ပြော၍ ရပါသည်။

အကယ်၍ အချိန်နဲ့နေရာ စည်းမျဥ်းများက ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများမှ တိုးတက်ပြောင်းလဲပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာသည်ဟု ပြောလျှင်ပင် သူ ယုံမည်ဖြစ်၏။

သို့သော် .. ဤမျှ အသေးစိတ်ကျကာ လှပသည့် လက်ရာတစ်ခုက သဘာဝအတိုင်း တိုးတက်ပြောင်းလဲပြီး ဖြစ်ပေါ်လာသည် ဆိုသည့်အချက်ကိုမူ သူ မယုံပါချေ။

ထိုစဥ်  ထျန်းလုံက စကားဆက်သည်။

" ကြည့်ရတာ သခင်လေးလဲ ဒီအဆိုကို မယုံဘူးနဲ့တူတယ် ။ အမှန်တိုင်းပြောရင် ကျုပ်လဲ မယုံဘူးဗျ ။  ကျုပ်က ဒုတိယတစ်ခုကိုပဲ ပိုယုံတာ "

" ဒုတိယ အဆိုက ဘာလဲဗျ "

လောထျန်း မေးလိုက်သည်။

" ပိုမြင့်တဲ့အဆင့်ရဲ့ အပေါ်မှာ အဲ့ထက် ပိုမြင့်တဲ့အဆင့် ရှိသေးတယ် .. တဲ့ "

ထျန်းလုံက ပြန်ဖြေ၏။

ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

၎င်းမှာ သူ့အတွက် အံ့သြစရာကောင်းသည့် အရာတစ်ခုဟုတ်မနေပါချေ။

သူတို့ကမ္ဘာထက် ပိုမြင့်သည့်အဆင့်က ကမ္ဘာ၏ အဆုံးသတ်ဟု ပြောရမည်မှာ လက်တွေ့တွင်လည်း သဘာသိပ်မကျကြောင်း သူ တွေးထားပြီး မဟုတ်ပါလား ။

" ဒါပေမယ့် .. အဲ့ဒီ ပိုမြင့်တဲ့အဆင့်တွေကို တက်ဖူးတဲ့သူ ဘယ်သူမှ မရှိတော့ ဒီအဆိုကို ယုံတဲ့သူ သိပ်မရှိဘူးဗျ  ။ ဒီကမ္ဘာက လူတွေက တတိယအဆိုကို ပိုပြီး ယုံကြတာ များတယ် "

" တတိယအဆိုကတော့ ..  ဟိုးရှေးခေတ် မတိုင်ခင်မှာ ပျောက်ဆုံးနေတဲ့ ခေတ်တစ်ခု ရှိတယ်တဲ့ ။ ခုလို ဖန်ဆင်းရှင် မသေမျိုးလက်နက်က အဲ့ခေတ်ကနေ ပေါ်လာတာလို့ ပြောကြတယ် ။အဲ့ခေတ်က လူတွေက ခုထက် အများကြီး ပိုပြီး အစွမ်းထက်ကြတဲ့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို စိတ်ရှိတိုင်း အသုံးချနိုင်ပြီးတော့ ခုလို မသေမျိုးလက်နက်တွေကို ဖန်တီးနိုင်ကြတယ် တဲ့ "

လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးနောက် ခေါင်းညိတ်သည်။

" ဒီ ဖြစ်နိုင်ချေကိုလည်း ဖယ်ထားလို့ မရဘူး "

ထိုစဥ် သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြော၏။

" ဒါနဲ့ .. သခင်ကြီး ၊ ကျုပ်ကို ဒီဟာလေး ကြည့်ပေးလို့ရမလား "

လောထျန်းက ပြောပြောဆိုဆိုပင် ဆုမီတောင် အဝါရောင်ရေပူစမ်းပင်လယ်မှ ရခဲ့သော ဓားမြှောင်အား သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ ထုတ်လိုက်သည်။

ထို ​ဓားမြှောင်မှာ အပြင်မှ ကြည့်လျှင် သာမာန်ဟုသာ ထင်ရသော်လည်း သူ့ကိုပင် ဒုက္ခပေးနိုင်ခဲ့သည့် အရာတစ်ခုဖြစ်ရာ .. သူ နားမလည်နိုင် ဖြစ်နေခဲ့ရပါသည်။

" ဟင် ... ဒီဟာက ဘာကြီးလဲ ၊ ကျုပ် တွေ့ဖူးတာတွေနဲ့လဲ တစ်ခုမှ မတူဘူး "

နံဘေးမှ ရှောက်လုံမှာလည်း ဓားမြှောင်အား တစ်ချက်ကြည့်ပြီး နားမလည်နိုင်ဟန် ရှိ၏။

သို့သော် ... ထို ဓားမြှောင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ...

ဝုန်း ..

ဂလောက် ...

အချိန်နှင့်နေရာ ဗိမာန် နှင့် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး တို့ ဟန်ချက် ပျက်ကုန်ကြသည်။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး မှာ ချက်ချင်းပင် အနောက်ဘက် ပေ ရာပေါင်းများစွာ အကွာအဝေးသို့ ပြေးဆုတ်သွားပြီး အနားသို့ မကပ်ရဲဟန် ရှိနေ၏။

အချိန်နှင့်နေရာ ဗိမာန်မှာလည်း ကြောက်မက်ဖွယ် ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား တောက်ပသော အရောင်အဝါတစ်ခု ထုတ်လွှတ်နေသည်။

" ဟင် .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

၎င်းကို ကြည့်ကာ ရှောက်လုံ ပို၍ နားမလည်နိုင် ဖြစ်သွားရသည်။

သခင်ကြီး ထျန်းလုံသည်ပင် အံ့သြတုန်လှုပ်ဟန် တူနေပါ၏။

" ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ အချိန်နဲ့နေရာ ဗိမာန်က ခုလို တုန့်ပြန်တာမျိုးကို ကျုပ် ပထမဆုံး မြင်ဖူးတာပဲဗျ "

ထျန်းလုံက တအံ့တသြ ပြောလာသည်။

သူ့စကားကို ကြားသည်နှင့် လောထျန်း အံ့အားသင့်သွားပြီး မေး၏။

" သခင်ကြီးကတောင် ဒါကို မသိဘူးလား .. "

ထျန်းလုံက မြန်မြန်ပင် ပြန်ဖြေသည်။

" ကျုပ် ဒီ ဓားမြှောင်ကို လုံးဝ မမြင်ဖူးဘူးဗျ ။ ကျုပ်က အဲ့ဒါကို သာမာန် ဓားမြှောင်တစ်ခုလို့ပဲ ထင်နေခဲ့တာ ... "

လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးမှ နောက်လှည့်၍ စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးကို ကြည့်ကာ ပြောလိုက်သည်။

" ဒီကို လာခဲ့ "

တစ်ချိန်တည်းမှာပင် အချိန်နှင့်နေရာ ဗိမာန်မှ အလင်းတန်းများ ပြန်ပျောက်သွားပြီး ငြိမ်သက်သွား၏။

တဖက်မှ စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးကလည်း တုန်ယင်နေဟန်ဖြင့် ပျံသန်းလာသည်။

" ငါ မင်းကို မေးမယ် ၊ ဒီ ဓားမြှောင်ကို အရင်က မြင်ဖူးလား "

လောထျန်းက ၎င်းကို ကြည့်ကာ မေးလိုက်သည်။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက ခေါင်းယမ်းပြီး ပြန်ပြော၏။

" ကျုပ် မမြင်ဖူးပါဘူးဗျာ "

" မမြင်ဖူးဘဲနဲ့ ဘာလို့ ထွက်ပြေးသွားရတာလဲ "

လောထျန်း အံ့အားသင့်သွားကာ ထပ်မေးလိုက်သည်။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက အိုးတို့အမ်းတမ်း ပြန်ပြော၏။

" ကျုပ် အရင်က မမြင်ဖူးပေမယ့် အဲ့ကနေ အန္တရာယ် အငွေ့အသက်ကို အာရုံခံလို့ ရနေတယ်ဗျ ။ သခင်လေး ၊ အဲ့ ဓားကို လွှင့်ပစ်လိုက်ဖို့ ကျုပ် အကြံပေးချင်တယ် ။ ကြည့်ရတာ ... နိမိတ်ဆိုးနဲ့ တူတယ်ဗျ "

သူ့စကားကို ကြားသောအခါ ရှောက်လုံက နှုတ်ခမ်းမဲ့ပြီး ပြန်ပြောသည်။

" နိမိတ်ဆိုး .. ဟုတ်လား ၊ မင်းထက်ပဲ ပိုပြီး နိမိတ်ဆိုးနိုင်ဦးမလား .. "

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးသည် မိစ္ဆာဝိဥာဥ်များကိုသာမက လူသားများ၏ စိတ်ဝိဥာဥ်များနှင့် ကျန် စိတ်ဝိဥာဥ် အမျိုးမျိုးကိုပါ ချုပ်နှောင်နိုင်သည်ဖြစ်ရာ ၎င်းကပင် နိမိတ်ဆိုးသော အရာတစ်ခု ဖြစ်ပါသည်။

ယခု ထိုသို့သော အရာတစ်ခုကပင် ဓားမြှောင်အား နိမိတ်ဆိုးဟု ခေါ်နေသည်ဖြစ်ရာ . .. အနည်းငယ် ထူးဆန်းပါ၏။

" ဘယ်လောက်ထိ နိမိတ်ဆိုးတာလဲ '

လောထျန်းက မေးလိုက်သည်။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက စိတ်ရှုပ်နေဟန်ဖြင့် ပြန်ပြော၏။

" ကျုပ်လဲ သေချာတော့ မရှင်းပြတတ်ဘူးဗျ ။ ဒီတိုင်း တစ်ချက် ကြည့်လိုက်ရုံနဲ့တောင် ကြောက်ပြီး သေရတော့မလို ခံစားလိုက်ရတာ ။ အဲ့ဓားမြှောင်က အင်မတန် ကြောက်စရာကောင်းတယ်ဗျ ။ သခင်လေးလောက်ကို ကြောက်စရာ ကောင်းတယ် "

သူ့စကားကို ကြားသည်နှင့် လောထျန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင်မူ သူ ချက်ချင်း ဒေါသူပုန် ထသွားပြီး အော်ပြော၏။

" မင်း ဘာစကား ပြောနေတာလဲ ။ ငါကလဲ နိမိတ်ဆိုး ဆိုတဲ့ အဓိပ္ပါယ်လား "

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး ၊ လွမ်ဟွမ်စွေ့ အလွန် ကြောက်ရွံ့တုန်လှုပ်သွားကာ  အသည်းအသန် ရှင်းပြရန် ကြိုးစားလိုက်သည်။

" ကျုပ် အဲ့လိုပြောတာ မဟုတ်ပါဘူးဗျာ "

" ဒါဆို မင်းပြောတာ ဘာအဓိပ္ပါယ်လဲ "

လောထျန်းက မျက်နှာထား တင်းတင်းဖြင့် ထပ်မေး၏။

" ကျုပ် က .... "

လွမ်ဟွမ်စွေ့မှာ နေရာတွင်ပင် ချက်ချင်း မေ့လဲပစ်ချင်စိတ် ပေါက်သွားရသည်။

သို့သော် သူ မည်သို့ မေ့လဲရမည်ကိုလည်း မသိပါချေ။

ထိုအချိန်မှာပင် ..

ဝုန်း ..

နဂါးသင်္ချိုင်းမြေ တစ်နေရာမှ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။

အား ..

တစ်ချိန်တည်းမှာပင် ချောက်နက်ထဲရှိ သခင်ကြီး ထျန်းလုံထံမှ နာကျင်စွာ အော်ဟစ်ညည်းညူသံကိုလည်း ကြားလိုက်ကြရသည်။

All Chapters