← Chapters

ဝမ်ဟွန်းကွေ့ယီဂိုဏ်း

Vol. 25 Ch. 345

ဝမ်ဟွန်းကွေ့ယီဂိုဏ်း

Vol. 25 Ch. 345

" မင်းတို့ကောင်တွေက ဘာကြည့်နေကြတာလဲ "

လွေ့နန် ဒေါသတကြီး မေးလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးရှင် "

ရွှေယွဲ့ချီက ချက်ချင်း ခေါင်းလှည့်ကာ လောထျန်းအား ကြည့်၏။

" သခင်လေး လောထျန်း ၊ သခင်လေး လုပ်ပေးတာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။အခု ဒီကောင်ကြီးကို မြန်မြန်ရှင်းလိုက်ပါတော့  "

သူမ ဆိုလိုက်သည်။

လောထျန်းကလည်း စိတ်ပျက်နေဟန်ဖြင့် သက်ပြင်းချ၏။

" အေးဗျာ ၊ ကျုပ်လဲ အစကတော့ ဒီကောင်ကြီးက အများကြီး အစွမ်းထက်လာမယ်ထင်ပြီး ကျုပ် ကျင့်ကြံခြင်းအဆင့် တက်ပြီးတဲ့နောက် ရလာတဲ့အစွမ်းသစ်ကို စမ်းသပ်လို့ရပြီဆိုပြီး တွေးနေတာ ။ အခုတော့ စိတ်ပျက်စရာကြီးပါလား "

သူတို့နှစ်ယောက်မှာ ဘာကိုမှ ကွယ်ဝှက်မနေဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ကြခြင်း ဖြစ်သည့်အတွက် ဟွေ့နန်က သူတို့ စကားများအားလုံးကို ကြားလိုက်ရပါသည်။

သူ အံ့သြမှင်သက်သွားရ၏။

သူသည် သူ့ကိုယ်ပိုင် သွေးစွမ်းအင်နှင့် စိတ်ဝိဥာဥ်အစွမ်းတို့ကို လောင်မြိုက်ပြီး ပေးဆပ်ခဲ့ရသော်လည်း တဖက်လူက ၎င်းကို စိတ်ပျက်စရာဟု ပြောနေသတဲ့လား ။

" မိစ္ဆာကောင်လေး ..ဘာတွေလာပြီး ဟန်ဆောင်နေတာလဲ ။ ငရဲကို သွားစမ်းကွာ "

ထိုတခဏတွင် လွေ့နန်မှာ လုံးဝ စိတ်မထိန်းနိုင်တော့ဘဲ သူ့နဂါးလက်သည်ချွန်များကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လောထျန်းအား အားကုန်သုံး ရိုက်လိုက်တော့သည်။

သူ့စိတ်ထဲတွင် ရွှေယွဲ့ချီ၏ ယင် ၉ သွယ် ခန္ဓာကိုယ်အကြောင်းပင် မရှိတော့ပါချေ။

သို့သော် ...

ဝီ ..

ထိုအချိန်တွင် လောထျန်း ကိုယ်မှ အရှုပ်အထွေး စိတ်ဝိဥာဥ် အလင်းတန်းတစ်ခု  ရုတ်တရက် လင်းလက်လာ၏။

သူ့အရောင်အဝါကလည်း သိသိသာသာပင် တိုးသွားသည်။

" အရှုပ်အထွေး ခန္ဓာကိုယ် ၊ အသက်ဝင်စေ "

လောထျန်းက အေးအေးဆေးဆေးပင် ရေရွတ်လိုက်သည်။

လောထျန်း၏ ခန္ဓာကိုယ်အစွမ်းမှာ ယခင်ကတည်းကပင် အံ့သြစရာ ကောင်းနေခဲ့ပြီးသား ဖြစ်ပါသည်။

ယခု အရှုပ်အထွေး  ခန္ဓာကိုယ် အသက်ဝင်သွားခဲ့ရာ .. သူ့ အစွမ်းက ပြောမပြနိုင်သည့် အဆင့်သို့ပင် ရောက်သွားခဲ့ပါ၏။

" ယား ... "

လောထျန်း ညာသံပေးပြီး ပြန်ထိုးလိုက်တော့သည်။

ဘုန်း ..

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ နဂါးလက်သီးကြီးနှင့် လူသားလက်သီးတို့ ထိပ်တိုက် တွေ့သွား၏။ သို့သော် .. ထိုတိုက်ခိုက်မှုမှ ​​ကမ္ဘာမြေကြီး တုန်သွားလောက်သည့် အသံမျိုး လုံးဝ ထွက်မလာခဲ့ပါ ... ။

အဘယ့်ကြောင့်ဆိုသော် လွေ့နန်၏ နဂါးလက်သီးကြီးက ချက်ချင်းဆိုသလိုပင် လောထျန်း၏ လက်သီးချက်အစွမ်းကြောင့် သွေးမှုန်များအဖြစ် ပြောင်းသွားသောကြောင့် ဖြစ်ပါသည်။

" ဟင် ... "

လွေ့နန်မှာ တစ်ကိုယ်လုံး အေးခဲသွားသလိုပင် ရုတ်တရက် ခံစားလိုက်ရသည်။

သူ့တိုက်ခိုက်မှုက အလုပ်မဖြစ်သွားခဲ့သည့်အပြင် ... သူ့လက်သီးကပါ ဖျက်ဆီးခံလိုက်ရသတဲ့လား .. ။

သူ အံ့သြမှင်သက်ကာ အသိပြန် မဝင်လာခင်မှာပင် လောထျန်းက သု့ရှေ့မှ ပျောက်ကွယ်သွားပြီး သူ့ ဗိုက်နားလေးတွင် ပြန်ပေါ်လာ၏။

" ထစမ်းကွာ "

လောထျန်းက ဒေါသတကြီး အော်ကာ လွေ့နန်၏ နဂါးခန္ဓာကိုယ်ကြီးအား ကန်လိုက်တော့သည်။

" ဟင် ... "

ထိုကန်ချက်၏ ကြောက်မက်ဖွယ် အားကြောင့် လွေ့နန်၏ ခန္ဓာကိုယ်ကြီးမှာ လုံးဝ ထိန်းချုပ်မရ ဖြစ်သွားပြီး ကောင်းကင်ယံအမြင့်သို့ ထိုးတက်သွား၏။ သူမည်မျှ ကြိုးစားထိန်းချုပ်စေကာမူ မရတော့ပေ ။

အစောကပင် သူ လောထျန်းအား အမှီးနှင့် ရိုက်ပြီး မြေကြီးပေါ်ကျအောင် လုပ်နိုင်ခဲ့သေးပါသည်။

ယခူမူကား ... အလားတူ ခံစားချက်မျိုး သူ ပြန်ခံစားနေရလေပြီ ။

သို့သော် ဤမျှနှင့် မပြီးသေးပါ ..

သူ ထိုသို့ လွင့်နေစဥ် .. သူ့ခေါင်းပေါ်နားလေးသို့ လောထျန်းက ရုတ်တရက် တည်နေရာရွှေ့ပြောင်းလာပြန်၏။ လောထျန်းက သူ့အား ငုံ့ကြည့်ပြီး ထိုးမည့်ဟန် ရွယ်လိုက်ပြန်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ သူ ကြောက်ရွံ့တုန်လှုပ်သွားရတော့၏။

" ခဏ .. ခဏလေး နေပါဦးကွာ ။ အေးအေးဆေးဆေး စကားပြောကြရအောင်ပါ ။ အခု ငါက ထျန်းလုံရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းထားတာကွ ။ မင်းငါ့ကို သတ်လို့ မရဘူး ၊ မင်း သတ်လိုက်ရင် .. သူ ပြန်အသက်သွင်းလို့ ရတော့မှာ မဟုတ်ဘူး "

လွေ့နန်က ထိုအချက်ကို သုံး၍ လောထျန်းအား ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် .. လောထျန်းကမူ လုံးဝ တုန့်ဆိုင်းမသွားခဲ့ပါ ။

" သေစမ်းကွာ "

လက်သီးချက်ကြီးက ကောင်းကင်ပေါ်မှ တိုက်ရိုက်ပင် ကျလာ၏။

ဘုန်း ..

ကြောက်မက်ဖွယ် လက်သီးအစွမ်းကြီးက လွေ့နန် ထိန်းချုပ်ထားသော ထျန်းလုံ၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် ရောက်လာတော့သည်။

ထိုကြောက်မက်ဖွယ် အားကြီးက ဧရာမ နဂါးခန္ဓာကိုယ်ကြီးအား အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်လိုက်တော့၏။

" မလုပ်နဲ့ .... "

လွေ့နန်၏ ကြောက်လန့်တကြား အော်သံမှာလည်း ဘာမှ ထူးမလာတော့ပါချေ။

ဤသို့ဖြင့် ထျန်းလုံ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရတော့သည်။

ထိုစဥ် လေထဲတွင် ရှိနေသော လောထျန်းက ပြန့်ကျဲနေသည့် သွေးများကို ကြည့်ပြီး လက်တစ်ဖက်ကို ဝေ့ယမ်းကာ  စိတ်ဝိဥာဥ်အစွမ်းများ စုစည်းလိုက်သည်။

ချက်ချင်းမှာပင် .. ကောင်းကင်ယံ၌ သွေးမှုန်များ စတင်စုစည်းလာ၏။

နောက်ဆုံးတွင်မူ သွေးစက်ပေါင်း တစ်ဒါဇင်ကျော်ခန့် စုမိသွားတော့သည်။

၎င်းမှာ နဂါးကြီး ထျန်းလုံ၏ အသက် သွေးအစစ်ဖြစ်ရာ အလွန်အဖိုးတန်လှပါသည်။

အမှန်တွင်ကား နဂါးကိုယ်ထဲမှ သွေးတိုင်းကို နဂါးသွေးဟု မခေါ်ပါချေ။

နဂါး၏ အသက်သွေးများ စုစည်းရာမှ ရလာသည့် ထိုသို့သော သွေးမျိုးကိုသာ နဂါးသွေးဟု ခေါ်ဆိုပါ၏။

" လောထျန်း ၊ ငါ့ကို စောင့်နေလိုက်စမ်းပါ ။ ငါက ဝမ်ဟွန်းကွေ့ယီဂိုဏ်းကကွ ။ မင်းကိုငါ မရရအောင်ကို သတ်မှာ "

ထိုစဥ် မနီးမဝေးမှ စူးစူးဝါးဝါး အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လောထျန်း မျက်မှောင်ကြုံ့သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ..

လွေ့နန်၏ အကြွင်းအကျန် စိတ်ဝိဥာဥ်က သူ့အား ဒေါသတကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။

" သေစမ်း "

လောထျန်းက ထိုတစ်ခွန်းသာ ပြောပြီး သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ၎င်းအား တိုက်ခိုက်လိုက်သည်။

ဝှစ် ...

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် လွေ့နန်၏ စိတ်ဝိဥာဥ် ပျောက်ကွယ်သွားရ၏။

" ကောင်လေး ၊ မင်း ငါ့ကို မသတ်နိုင်ပါဘူးကွာ ။ နောက်တစ်ခါ ပြန်တွေ့ရင် မင်းကို ငါ အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မှာကွ "

လွေ့နန်၏ အကြွင်းအကျန် စိတ်ဝိဥာဥ်က နောက်ဆုံးအချိန်ထိတိုင် ကျိန်ဆဲလိုက်ပြီးမှ ပျောက်ကွယ်သွားတော့သည်။

လောထျန်းက မျက်မှောင်သာ ကြုံ့လိုက်ပြီး ၎င်းကို လျှစ်လျူရှုလိုက်သည်။

သူသည် ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် တိုက်ပွဲ ဖြစ်နေပြီ ဖြစ်ရာ ထိုသို့ တစ်ကွေ့မဟုတ် တစ်ကွေ့ ကြုံရမည်ပင် ။

သို့သော် ထိုမတိုင်ခင် သူကိုယ်တိုင်၏ အစွမ်းကို တိုးတက်အောင် လုပ်ရန် လိုသလို သူ့ဘေးမှ လူများကိုလည်း အစွမ်းတိုးလာအောင် လုပ်ရန် လိုပါသေး၏။

လောထျန်း ထိုသို့တွေးကာ မြေပေါ်သို့ ဆင်းသက်ရန် ပြင်လိုက်စဥ်မှာပင် ..

ရုတ်တရက် .. သူ့ဘေးနားလေးတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာ၏။

" ဟင် .. အဲ့ဒါ ဘာလဲ .. ထွင်းစာလား "

သူ သေချာကြည့်လိုက်သောအခါ ထျန်းလုံ၏ ခန္ဓာကိုယ် ပျက်စီးသွားခဲ့သော နေရာ၌ ရှေးကျသည့် ထွင်းစာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်းကို တွေ့ဖူးသလိုလည်း လောထျန်း ခံစားလိုက်ရ၏။

ထို့နောက်တွင်မူ .. သူ ရုတ်တရက် ပြန်သတိရသွားသည်။

" ဒါ .. ပြန်အသက်သွင်းခြင်း ထွင်းစာလား။ ဆုမီတောင်က ခေါင်းတလားထဲမှာ တွေ့ခဲ့ရတဲ့ ထွင်းစာနဲ့ အတူတူပဲ "

သူ တအံဘတသြ ရေရွတ်လိုက်သည်။

သို့သော် .. သူ သေချာ ကြည့်ရန် ပြင်လိုက်သည့် အချိန်တွင်မူ ထွင်းစာက ရုတ်တရက် အရောင်လက်လာပြီး ပျောက်ကွယ်သွား၏။

၎င်းမှာ .. လေထုကို ဖြတ်ကာ ပျံသန်းသွားခြင်း မဟုတ်သလို ၊ တည်နေရာရွှေ့ပြောင်းသွားခြင်းလည်း မဟုတ်ဘဲ  .. လုံးလုံး ပျောက်ကွယ်သွားခြင်းဖြစ်သည်။

" ဒါ .. ပြန်အသက်သွင်းခြင်း အစွမ်းလား .. "

လောထျန်း အံ့သြမှင်သက်သွားတော့၏။

" သခင်ကြီး ထျန်းလုံကို အကွက်ချပြီး လှည့်စားခဲ့တဲ့သူက ဟို ခေါင်းတလားထဲက လူများ ဖြစ်နေမလား ။ ဒါမှမဟုတ် .. ရှေးခေတ်က လူတွေအားလုံးက အဲ့လိုပုံစံ ထွင်းစာမျိုးကိုပဲ သုံးကြတာလား  .. "

သူ နားမလည်နိုင် ဖြစ်ကာ မျက်မှောင်လည်း ကြုံ့သွားသည်။

" ထားလိုက်ပါလေ .. ခုချက်ချင်းလဲ သိမှာ မဟုတ်ပါဘူး ။ နောက်မှ ဖြည်းဖြည်းချင်းပဲ စုံစမ်းကြည့်ရမှာပေါ့ "

သူ ထိုသို့တွေးကာ မြေပြင်သို့ ဆင်းသက်လိုက်တော့သည်။

ထိုအချိန်တွင် ရွှေယွဲ့ချီက သူ့အား စောင့်နေဆဲ ဖြစ်ပါ၏။

မြေပေါ်သို့ ရောက်လာသော သူ့ကို တွေ့သည်နှင့် သူမက တအံ့တသြ မေးသည်။

" သခင်လေး လောထျန်း ပြန်လာပြီလား ၊ ထျန်းလုံရော ဘယ်ရောက်သွားပြီလဲ "

အစောက လွေ့နန်မှာ လောထျန်း၏ ကန်ချက်ကြောင့် ကောင်းကင်ယံ အမြင့်သို့ တက်သွားသဖြင့် တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို သူမ မမြင်ခဲ့ရပါချေ။

" သူ သေသွားပြီ "

လောထျန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

" ဘယ်လို .. သူ သေသွားပြီလား .. "

ရွှေယွဲ့ချီမှာ စိတ်ထဲ ကြိုပြင်ဆင်ထားသည့်တိုင် အမှန်တကယ် ကြားလိုက်ရချိန်တွင် အံ့သြတုန်လှုပ်သွားသေးဆဲပင် ။

လောထျန်းက ဆက်ပြော၏။

" အခုက သေသွားတာက  ထျန်းလုံ မဟုတ်ဘူး ၊ လွေ့နန် "

" လွေ့နန် .. ဟုတ်လား .. "

ရွှေယွဲ့ချီ နားမလည်နိုင် ဖြစ်သွားသည်။

လောထျန်းက သက်ပြင်းချပြီး ဝမ်ဟွန်းကွေ့ယီဂိုဏ်းအကြောင်း သူ သိထားသမျှကို အတိုချုံ့ ရှင်းပြ၏။

သူ့စကားဆုံးသည့် အချိန်တွင်မူ ရွှေယွဲ့ချီ၏ မျက်နှာထား ရုတ်တရက် ပြောင်းသွားတော့သည်။

" ဝမ်ဟွန်းကွေ့ယီဂိုဏ်းပဲ ထပ်လာပြန်ပြီလား "

သူမ တအံ့တသြ ဆိုသည်။

" ဟင် .. မင်းက သူတို့ကို သိတယ်လား "

လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

သူသည် ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှ လူများနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ဖူးခဲ့သည့်တိုင် ထိုသူများ၏ နောက်ကြောင်းကို လုံးဝ မသိပေ။

ရွှေယွဲ့ချီက သက်ပြင်းချုပြီး ပြောပြသည်။

" ကျွန်မလဲ အများကြီးတော့ မသိဘူး ။ ဒီလူတွေက ကျုံ့ကျိုးက ဆိုပေမယ့် သူတို့ဂိုဏ်း လည်ပတ်ပုံက အင်မတန် ထူးဆန်းပြီး လျှို့ဝှက်တယ် ။ သူတို့က ကိုယ်တိုင် မတိုက်ခိုက်ကြဘဲနဲ့ တခြားသူတွေကိုပဲ နောက်ကွယ်ကနေ သွေးထိုးပေးပြီး အချင်းချင်း တိုက်ပွဲတွေ ဖြစ်လာအောင် လုပ်ကြတာ ။ နောက်ဆုံးမှာတော့ အများကြီး သေကြေကြရတာပေါ့ရှင် ။ ပြီးတော့ သူတို့က ထူးခြားတဲ့ နည်းတွေနဲ့ တခြားသူတွေရဲ့ စိတ်ဝိဥာဥ်ကိုလဲ စုပ်ယူတတ်ကြသေးတယ် ။ သူတို့တွေ ဘာလုပ်တယ်ဆိုတာတော့ ကျွန်မလဲ သေချာကြီး မသိဘူးရှင့် "

" ကျွန်မတို့ ကျုံ့ကျိုးမှာ သူတို့အဖွဲ့ကို ဖိနှိပ်တာတွေ ၊ ဝိုင်းပြီး တိုက်ခိုက်တာတွေ ကြိမ်ဖန်များစွာ လုပ်ဖူးပေမယ့် နောက်ဆုံးမှာတော့ သူတို့က လွတ်အောင် ထွက်ပြေးသွားနိုင်တာချည်းပဲရှင် ။ သူတို့က ဒီ နဂါးသင်္ချိုင်းမြေကို မျက်စိကျနေလိမ့်မယ်လို့ ကျွန်မ တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး ။ အခု ရှင်နဲ့ တွေ့သွားလို့ တော်သေးတာပေါ့ ၊ မဟုတ်ရင် အခြေအနေတွေက အများကြီး ပိုဆိုးကုန်မှာ "

All Chapters