အိမ်တွင် မွေးမည့် နဂါး
Vol. 25 Ch. 348
" သခင်ကြီး ထျန်းလုံ ... ဘာတွေ လုပ်နေတာလဲ "
ရှောက်လုံက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
" ပါးစပ်ပိတ်ပြီး ငါပေးတဲ့ အစွမ်းကို စုပ်ယူလိုက် "
ထျန်းလုံက လေသံမာမာဖြင့်သာ ပြန်ပြော၏။
ရှောက်လုံမှာ သခင်ကြီး ထျန်းလုံ ဘာလုပ်နေသည်ကို ရုတ်တရက် ရိပ်မိသွားဟန်ဖြင့် လန့်သွားသည်။ သို့သော် သူ မည်သည့်စကားမှ ဆက်မဆိုဘဲ တိတ်တဆိတ်သာ နေပြီး အစွမ်းများကို စတင်သန့်စင်လိုက်၏။
ဤသိူဖြင့် ဆယ့်ငါးမိနစ်ကြာ သန့်စင်ပြီးနောက်မှသာ ရှောက်လုံ ရပ်သွားသည်။
ထိုအချိန်တွင် သခင်ကြီး ထျန်းလုံ၏ စိတ်ဝိဥာဥ်မှာလည်း ရုတ်တရက် များစွာ အားနည်းသွားဟန် တူသည်။
ရှောက်လုံ၏ နဂါးစိတ်ဝိဥာဥ် အရိပ်ကမူ များစွာ ပို သန်မာကာ အစွမ်းထက်လာပါ၏။
" ကောင်လေး ၊ အခု အကောင်းတိုင်း ကျန်သေးတဲ့ ငါ့ စိတ်ဝိဥာဥ် တစ်ဝက်ကို မင်းကို ပေးလိုက်တာပဲ ။ ပြီးတော့ မသေမျိုးအစွမ်းကိုလဲ မင်းရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ထဲ ထည့်ပေးလိုက်တယ် ။ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့သာ ဆိုရင် ခန္ဓာကိုယ်အသစ်ဖြစ်အောင် တဖြည်းဖြည်း ကျင့်ယူပြီး ပြန်အသက်သွင်းလို့ ရနိုင်တယ်ကွ ။ ဒါတင်မကသေးဘူး ၊ မင်း ပြန်အသက်သွင်းပြီးသွားရင်လဲ မသေမျိုးအဆင့် ရောက်နေမှာ "
ရှောက်လုံမှာ ထိုစကားကို ကြားသည့်အချိန် ဝမ်းသာဟန် မရှိဘဲ စိုးရိမ်စွာဖြင့်သာ ပြန်မေးသည်။
" ဒါဆို .. သခင်ကြီးကရော .. "
ထျန်းလုံက သက်ပြင်းချ၏။
" ငါ့ရဲ့ စိတ်ဝိဥာဥ် တစ်ဝက်လောက်က တိုက်စားခံထားရပြီကွ ။ပြီးတော့ ငါ့က ငါ့ကိုယ်ကျိုးတစ်ခုတည်းကိုပဲ ကြည့်ပြီး နဂါးမျိုးနွယ်ရဲ့ ကံကောင်းမှူတွေကို အသုံးချခဲ့လို့ ငါတို့ နဂါးမျိုးနွယ်က ခုလို မျိုးတုန်းလုနီးပါး ဖြစ်နေရတာ ။ ဒါ တကယ့်ကို ကြီးလေးတဲ့ အပြစ်ကြီးပဲ ။ အခုတော့ ငါ့အပြစ်တွေအတွက် ပြန်ပေးဆပ်ဖို့အချိန် ကျပြီ "
ရှောက်လုံ၏ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ချက်ချင်း ပြည့်သွားတော့သည်။
" သခင်ကြီး ထျန်းလုံ .. အဲ့လို မပြောပါနဲ့ဗျာ ... "
ထျန်းလုံက လက်ကာပြကာ ပြော၏။
" ကဲပါ .. ငါ့ကို နားချဖို့လဲ ကြိုးစားမနေပါနဲ့တော့ ။ ငါ မင်းကို တစ်ခုတော့ တောင်းဆိုချင်တယ်။ မင်း ခန္ဓာကိုယ် ပြန်အသက်သွင်းပြီးတဲ့ အခါကျရင် ငါ့ရဲ့မျိုးဆက်၊ အနာဂါတ် ဘုရင်လောင်းကို ကူညီပေးပြီးတော့ နဂါးမျိုးနွယ်ရဲ့ ပုလ္လင်ပေါ်ကို အောင်အောင်မြင်မြင် တင်ပေးပါ ။ ပြီးရင် ငါတို့ နဂါးမျိုးနွယ်အတွက် တောက်ပတဲ့ အနာဂါတ်ကို ပြန်ဖန်တီးပေးပါ ။ အဲ့အချက်ကို လုပ်ပေးနိုင်မလား "
ရှောက်လုံက အံကြိတ်ကာ ပြန်ပြောလိုက်သည်။
" ကျုပ် သေချာပေါက် လုပ်ပေးပါ့မယ် ။ ကျုပ် သေသွားရမယ် ဆိုရင်တောင် မဖြစ်ဖြစ်အောင် လုပ်ပေးမှာ "
ထျန်းလုံက သူ့ကို ကြည့်ကာ သဘောကျနေဟန်ဖြင့် ရယ်သည်။
" ကောင်းပါပြီကွာ "
ထို့နောက်တွင် သူ လောထျန်းဘက် လှည့်ကြည့်ကာ ဆို၏။
" ကျုပ် သခင်လေး လောထျန်းကိုလဲ တစ်ခုလောက် ပြောစရာ ရှိသေးတယ် "
" ပြောပါ သခင်ကြီး "
လောထျန်း ပြန်ပြောလိုက်သည်။
ထျန်းလုံက စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး ကို တစ်ချက်ကြည့်၍ ပြော၏။
" အဲ့ဒီ စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက တားမြစ် မှော်လက်နက်တစ်ခုပဲဗျ ။ အစွမ်းအနေနဲ့ ပြောရရင်လဲ ဒါက ဖန်ဆင်းရှင် မသေမျိုးလက်နက်ထက် တစ်ဆင့်လောက်ပဲ ပိုနိမ့်တာ ။ ပြီးတော့ ဒီကြိုးရဲ့ ဇစ်မြစ်က ကျုပ်တို့ခေတ်က နတ်ဆိုးတစ်ယောက်နဲ့လဲ ပတ်သက်ဆက်နွယ်နေတယ်ဗျ ။ အဲ့တော့ ဒီလက်နက်ကို သခင်လေး ယူထားမယ်ဆိုရင် သတိတော့ ထားပါ "
လောထျန်းက စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး အား တစ်ချက်လှမ်းကြည့်ပြီးနောက် ထျန်းလုံဘက် လှည့်ကြည့်ကာ ပြောသည်။
" စိတ်ချပါ သခင်ကြီး ထျန်းလုံ ။ အဲ့ကောင်က နည်းနည်းလေး ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု တစ်ခု လုပ်တာနဲ့ သူ့ကို ကျုပ်ကိုယ်တိုင် တစ်စစီ ဖြစ်အောင် လုပ်ပစ်မှာ "
စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး လွမ်ဟွမ်စွေ့မှာ ထိုစကား တစ်ခွန်းတည်းဖြင့်ပင် အလွန်ကြောက်ရွံ့ပြီး တုန်သွား၏။ သူ စကားတစ်ခွန်းမှလည်း ပြန်မပြောရဲပေ။
ထျန်းလုံက ၎င်းကို ကြည့်ကာ ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
" ကောင်းပါပြီ ။ ဒါဆို သခင်လေး လောထျန်းတို့ ဒီ နဂါးသင်္ချိုင်းမြေ ကနေ ထွက်ဖို့ ပြင်ကြတော့လေ ။ ကျုပ် ဒီနေရာကို ခဏသုံးပြီး ကျုပ်ရဲ့ ကံကောင်းမှူတွေကို ဖြန့်ကျက်ထားဖို့ လုပ်ရဦးမယ်ဗျ ။ နဂါးသင်္ချိုင်းမြေက အချိန်တိုအတွင်းတော့ ပြန်ဖွင့်နိုင်ဦးမှာ မဟုတ်ဘူး "
သူ့စကားကို ကြားသောအခါ လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ။ဒါဆို ကျုပ် သွားလိုက်ဦးမယ်နော် "
" ဂရုစိုက်သွားပါ သခင်လေး "
ထျန်းလုံက ပြန်နှုတ်ဆက်၏။
ထို့နောက်တွင်မူ လောထျန်းက လက်တစ်ဖက် ဝေ့ယမ်းပြီး သူ ရခဲ့သော ရတနာများ အားလုံးကို ဟင်းလင်းပြင်လက်စွပ်ထဲ ပြန်သိမ်းလိုက်သည်။ စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး နှင့် အချိန်နှင့်နေရာ ဗိမာန်ကမူ ဟင်းလင်းပြင် လက်စွပ်ထဲ မဝင်လိုကြသဖြင့် လောထျန်းနောက်မှ မျောလွင့်ကာ လိုက်ပါလာကြသည်။
လောထျန်းက မည်သို့မှ ပြောမနေဘဲ နဂါးဥကို လက်တစ်ဖက်တွင် ကိုင်ပြီး ရှောက်လုံအား ပုခုံးပေါ်တင်ကာ နဂါးအသွင်ပြောင်းရေအိုင်ဆီသို့ ထွက်သွားလိုက်၏။
မကြာမီမှာပင် သူတို့ အုပ်စု ရေအိုင်ရှေ့ ရောက်လာသည်။
လောထျန်းမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွား၏။
ထိုအချိန်တွင် နဂါးအသွင်ပြောင်း ရေအိုင်က ရေများ ခမ်းလုနီးပါး ဖြစ်နေခဲ့လေပြီ ။
နျိုထျဲ့ချူတို့ သားရဲ သုံးယောက်၏ အရောင်အဝါများမှာလည်း ယခင်ကလို လုံးဝ မဟုတ်တော့ပေ။
လောထျန်းက မည်သို့မှ မပြောဘဲ နံဘေးမှ အသာရပ်ကြည့်နေစဥ်မှာပင် နျိုထျဲ့ချူ၏ မျက်လုံးများ ဦးစွာ ပွင့်လာကြသည်။
" ဟား .. နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ ။ ဟင် .. ကျန်တဲ့သူတွေရော ဘယ်ရောက်သွားပြီလဲ "
ထိုအချိန်မှသာ ယခင်က လူများဖြင့် ပြည့်နေခဲ့သည့် နဂါးအသွင်ပြောင်းရေအိုင်က လူသူကင်းမဲ့နေသည်ကို သူမ သတိထားမိသွား၏။
" ဘယ်လိုလဲ .. အဆင်ပြေရဲ့လား "
လောထျန်းက သူမကို ကြည့်ကာ မေးလိုက်သည်။
" အကိုကြီး .. တအားကို အဆင်ပြေတယ်ရှင့် ။ အခုဆို ကျွန်မရဲ့အစွမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အပြင် ထူးခြားတဲ့ စွမ်းရည်အချို့လဲ ရခဲ့သေးတယ် "
နျိုထျဲ့ချူက ဝမ်းသာအားရ ပြန်ဖြေသည်။
" ထူးခြားတဲ့ စွမ်းရည်တွေ ဟုတ်လား .. "
လောထျန်း အံ့အားသင့်သွားကာ သူမကို တအံ့တသြ ကြည့်လိုက်သည်။
နျိုထျဲ့ချူက နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြ၏။
ဝုန်း ..
ရုတ်တရက် .. သူမကိုယ်ပေါ်၌ နဂါးမျိုးနွယ်၏ လျှို့ဝှက် အကွက်များ ပေါ်လာသည်။
သူမ၏ ရုပ်သွင်မှာလည်း ပြောင်းလဲသွား၏။
သူမ ခေါင်းထက်တွင် ရှိနေသည့် ချိုနှစ်ချောင်းက နွားဦးချိုများနှင့် ပိုတူလာကာ သူမတစ်ကိုယ်လုံးတွင်လည်း မှိန်ဖျော့ဖျော့ နဂါးကြေးခွံများ ဖုံးလွှမ်းလာသည်။
သူမ၏ အရောင်အဝါကလည်း အဆပေါင်းများစွာပင် တိုးသွား၏။
" နဂါအသွင်ပြောင်းခြင်းလား .... "
၎င်းကို ကြည့်နေသော ရှောက်လုံဆီမှ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာသည်။
" နဂါးအသွင်ပြောင်းခြင်း .. ဟုတ်လား ။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း သူ့ကို လှည့်ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
ရှောက်လုံက အံ့သြမှု ပြယ်သေးဟန် မတူဘဲ ပြန်ဖြေ၏။
" အဲ့ဒါက နဂါးသွေး ရှိထားတဲ့ သတ္တဝါတွေကသာ လုပ်နိုင်တဲ့ အစွမ်းမျိုးပဲဗျ ။ အဲ့ဒါကို အသက်သွင်းလိုက်တာနဲ့ နဂါးမျိုးနွယ်ရဲ့ လက္ခဏာတချို့ ပေါ်လာပြီးတော့ အစွမ်းလဲ အများကြီး တိုးသွာတယ် ။ အင်မတန်အစွမ်းထက်ပြီး ထူးခြားတဲ့ ခန္ဓာကိုယ်လို့လဲ သတ်မှတ်လို့ ရတယ်ဗျ ။ အခု .. နဂါးအသွင်ပြောင်းရေအိုင်ထဲက အစွမ်းကို စုပ်ယူလိုက်ရုံနဲ့ အဲ့လို စွမ်းရည်မျိုး ရှိသွားမယ်လို့ ကျုပ် ထင်တောင် မထင်ထားခဲ့ဘူး "
သူ့စကားကို နားထောင်ကာ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
ကြည့်ရသည်မှာ ဤခရီးက နျိုထျဲ့ချူအတွက် အလွန်အကျိုးအမြတ် များဟန်ပင် ။
ထိုအချိန်တွင် ရေအိုင်ထဲ ရှိနေကြသော နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့လည်း တစ်ပြိုင်တည်းနီးပါး မျက်လုံးများ ဖွင့်လာကြသည်။
ထိုနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ရှောက်လုံ အံ့အားသင့်သွားရပြန်၏။
" ဒီ နှစ်ယောက်ကရော နဂါးအသွင်ပြောင်းနိုင်ကြတာပဲလား .. "
နျိုဝူဖုန်းက ကျေနပ်ပြုံးကြီးဖြင့် ပြောလာသည်။
" ဟား ဟား .. ကောင်းလိုက်တာကွာ ။ ကျုပ်အစွမ်းတွေ ဒီလောက်ထိတိုးလာတာ .. ယုံတောင် မယုံနိုင်စရာပဲ "
ဘုရင်ကျင်းဖန်ကလည်း ဝမ်းသာအားရ ရယ်ပြီး ပြောသည်။
" ဟား .. ကျုပ်အမြန်နှုန်းလဲ အများကြီး တိုးလာသလို ခံစားရတယ် "
သူတို့လူစု ဝမ်းသာအားရ ပြောနေကြစဥ်မှာပင် လောထျန်းလက်ထဲမှ ဥက ရုတ်တရက် ခုန်လာ၏။
ဝီ ..
ချက်ချင်း ဆိုသလိုပင် မှိန်ဖျော့ဖျော့ အရောင်အဝါတစ်ခုလည်း ထွက်လာသည်။
" ဟင် .. "
ထိုတခဏတွင် နျိုထျဲ့ချူတို့ သားရဲသုံးယောက်၏ မျက်နှာထားများ ချက်ချင်း ပြောင်းသွားကာ အင်အားကြီးလွန်းလှသော ရန်သူနှင့် ရင်ဆိုင်နေရသည့်အသွင် ဖြစ်သွား၏။
" အကိုကြီး .. အဲ့ဒါ ဘာကြီးလဲ "
နျိုထျဲ့ချူက လောထျန်းလက်ထဲမှ ဥကို ကြည့်ပြီး မျက်နှာတည်ကြီးဖြင့် မေးလိုက်သည်။
" အင် .. အဲ့ဒါ ဥလေ .. ဘာဖြစ်လို့လဲ "
လောထျန်းမှာ သူတို့ကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေ၏။
" အကိုကြီး မခံစားမိလိုက်ဘူးလား .. "
နျိုထျဲ့ချူက လောထျန်းကို ကြည့်ကာ တအံ့တသြ ပြန်မေးလာသည်။
" ဘာကို ခံစားမိရမှာလဲ "
လောထျန်းမှာ နားမလည်နိုင် ဖြစ်နေဆဲပင် ။
" ဒါ ...အန္တရာယ်ရဲ့ အငွေ့အသက်လို ကျွန်မ ခံစားလိုက်ရတယ် "
နျိုထျဲ့ချူက လောထျန်းလက်ထဲမှ ဥကို စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြန်ပြော၏။
" အန္တရာယ် .. ဟုတ်လား .. "
လောထျန်း အံ့အားသင့်သွားပြီး နဂါးဥအား ငြင်ငြင်သာသာ ထိကြည့်လိုက်သည်။
ဝီ ..
ထိုတခဏတွင် ဥမှ အရောင်လက် လာပြန်၏။
နျိုထျဲ့ချူတို့ သုံးယောက်လုံးပင် အနောက်ဘက် ပေ ၄၀ ၊ ၅၀ အကွာသို့ တစ်ပြိုင်နက်တည်း ဆုတ်သွားလိုက်ကြသည်။
" မင်းတို့ ဘာတွေ လုပ်နေကြတာလဲ ။ ဘာလို့ လန့်သွားကြတာလဲ "
လောထျန်း မျက်မှောင်ကြုံ့သွားရ၏။
" အကိုကြီး .. အဲ့ဟာက အန္တရာယ်များလွန်းတယ်ရှင့် ။ အဝေးကိုသာ လွင့်ပစ်လိုက်ပါရှင် "
နျိုထျဲ့ချူက ပြန်ပြောလာသည်။
ကျန်နှစ်ယောက်ကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြ၏။
လောထျန်းက သူတို့ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။
" လွင့်ပစ်လို့ မဖြစ်ဘူး ။ ဒီကောင့်ကို ကြီးတဲ့အထိ ပြုစုပျိုးထောင်ပေးမယ်လို့ ငါ ကတိပေးထားခဲ့တာ "
" ပြုစုပျိုးထောင်မယ် .. ၊ အကိုကြီး .. ဒါ မဟုတ်မှလွဲရော .. နဂါးဥ လား "
နျိုထျဲ့ချူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် တုန်လှုပ်စွာ မေးလာသည်။
လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြော၏။
" ဟုတ်တယ်လေ .. အဲ့ဒါ နဂါး ဥ ပဲ "
ရှောက်လုံကလည်း ဝင်ပြောသည်။
" အဲ့ဒါ ရိုးရိုးနဂါးဥ မဟုတ်ဘူး ၊ အင်မတန် အရေးကြီးတဲ့ နဂါးဥ "
" နဂါးဥ .... "
နျိုထျဲ့ချုတို့ သုံးယောက်လုံး ဟန်ချက်များ ပျက်ကုန်ကြတော့သည်။
" ဒါဆို .. အကိုကြီးက နဂါးတစ်ကောင်ကို လောမိသားစုအိမ်တော်မှာပဲ ပြုစုပျိုးထောင်မှာပေါ့ "
" ဘုရားရေ .. နဂါးကို အိမ်မှာ မွေးမှာတဲ့လား "
သူတို့ကို ကြည့်ကာ ရှောက်လုံက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြော၏။
" ဘာတွေ လျှောက်ပြောနေကြတာလဲ။ သခင်လေး ထျန်းလုံက အရွယ်ရောက်လာတာနဲ့ နဂါးမျိုးနွယ်စုကို ပြန်ပြီး ဦးဆောင်မှာကွ "
နျိုထျဲ့ချုတို့ သုံးယောက်လုံး ချက်ချင်း စကားပြန်ပြင်လိုက်ကြသည်။
" ဟုတ်ပါတယ် .. သခင်ကြီး ရှောက် ပြောတာ မှန်ပါတယ် "
သူတို့ စိတ်ထဲတွင်ကား ... အိမ်တွင် ရှိနေမည့် နဂါးတစ်ကောင်ကို အဘယ့်ကြောင့် လွှတ်ရပါမည်နည်း .. ဟု တွေးနေပါ၏။