ထျန်းကူဟုန် မိသားစု
Vol. 25 Ch. 349
" ကဲ .. နဂါးသင်္ချိုင်းမြေကလဲ မကြာခင် ပိတ်တော့မှာ ဆိုတော့ ငါတို့တွေ ဒီက မြန်နိုင်သမျှ မြန်မြန် ထွက်ကြရအောင် "
လောထျန်းက ပြောလိုက်သည်။
ထို့နောက်တွင်မူ .. လောထျန်းဦးဆောင်သည့် လူအုပ်ကြီးက နဂါးသင်္ချိုင်းမြေ ထွက်ပေါက်သို့ ဦးတည် သွားလိုက်ကြသည်။
ထိုစဥ် .. နဂါးသင်္ချိုင်းမြေအပြင်ဘက် ၊ ချင်းလုံကျွန်းပေါ်၌ ..
ထိုအချိန်တွင် နဂါးသင်္ချိုင်းမြေထဲမှ ထွက်ပြေးလာကြသည့် ထောင်ပေါင်းများစွာသော လူအုပ်ကြီး စုဝေးလျက် ရှိနေကြ၏။
" အထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ "
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့၍ မေးလာသည်။
အစောပိုင်းက သူ နဂါးသင်္ချိုင်းမြေထဲ၌ ရတနာများ ရှာနေစဥ်တွင် .. ရုတ်တရက် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို ခံစားခဲ့ရပါ၏။
ထို့နောက်တွင် မရေမတွက်နိုင်သော လူများက အသည်းအသန် ထွက်ပြေးနေကြသည်ကို မြင်သဖြင့် သူ လူအုပ်နောက်မှ လိုက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
သို့သော် မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကိုမူ သူ ယခုထိ မသိရသေးပေ ။
" ထျန်းလုံဗျ .. နဂါးကြီး ထျန်းလုံ .. သူ အသက်ရှင်နေသေးတယ် "
နဂါးသင်္ချိုင်းမြေထဲတွင် ထျန်းလုံ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများကို မျက်မြင် ကြုံခဲ့ရသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ကြောက်လန့်တကြား ပြော၏။
" ဘယ်လို .. မင်း နောက်နေတာများလား ။ နဂါးကြီး ထျန်းလုံ သေသွားတာ နှစ်တွေအများကြီး ကြာနေခဲ့ပြီလေ ။ သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်ဦးမှာလဲ "
အစောက မေးခွန်းထုတ်ခဲ့သည့် အဘိုးအိုက မယုံနိုင်ဟန်ဖြင့် ပြန်ပြောသည်။
" သူ နောက်နေတာ မဟုတ်ဘူးဗျ ။ ထျန်းလုံက တကယ်ကြီး အသက်ရှင်နေသေးတယ် ။ကျုပ်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတာ "
အခြားတစ်ယောက်က ဝင်ပြော၏။
" ဟုတ်တယ်ဗျ ၊ ကျုပ်လဲ မြင်ခဲ့ရတယ် ။ အဲ့လိုအစွမ်းမျိုးက ထျန်းလုံဆိုတာ မှားစရာ အကြောင်းမရှိဘူး ။ ထျန်းလုံက အသက်ရှင်နေသေးတယ် "
ထျန်းလုံက အသက်ရှင်နေသေးသည် .. ဆိုသော သတင်း ပျံ့သွားသည်နှင့် တစ်ပြိုင်နက် အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
" ဒဏ္ဍာရီကျော် နဂါးကြီး ထျန်းလုံကသာ အသက်ရှင်နေသေးတယ်ဆိုရင် .. ငါတို့ ထျန်းယွမ်တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်မသွားနိုင်ဘူးလား "
" ထျန်းလုံက အသက်ရှင်နေသေးတာတော့ မဖြစ်နိုင်ဘူး ။ ပြန်အသက်သွင်းထားတာပဲ ဖြစ်ရမယ် ။ သူ့အစွမ်းက ထျန်းယွမ် တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးလို့ ပြောလို့မရပေမယ့် .. အကောင်းဆုံးနီးပါးပဲကွ "
" ဒီကိစ္စက မြန်မြန်သတင်းပျံ့သွားဖို့ လိုတယ် ။အနည်းဆုံး ဆိုရင်တောင် မြင့်မြတ်နယ်မြေတွေကို သတင်းပို့ပြီး ကမ္ဘာပေါ်က မသေမျိုးတွေ ဒီကို လာသင့်တယ် "
" အမှန်ပဲ ၊ ထျန်းလုံသာ တကယ်တမ်း တိုက်ခိုက်လာရင် ကမ္ဘာပေါ်က ဘယ်မသေမျိုးကမှ သူ့ကို တားနိုင်ကြမှာ မဟုတ်ဘူး "
" ဟမ့် .. အဲ့ဒါကို ပြောနေစရာကို မလိုတော့တာ ။ ဟိုမှာ မြင့်မြတ်နယ်မြေက လူတွေ သူတို့ ဂိုဏ်းကို သတင်းပြန်ပို့နေကြတာ မမြင်ဘူးလား။ ဒီအချိန်လောက်ဆို ထျန်းယွမ်တစ်ကမ္ဘာလုံးတောင် သတင်းပျံ့နေလောက်ပြီ "
" ဒါနဲ့ .. ယောင်ချီရဲ့ နတ်ဘုရားမလေးကိုလဲ မမြင်ပါလား ။ သူ ဘယ်များ ရောက်နေပါလိမ့် "
တစ်ယောက်က မေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။
" ယောင်ချီရဲ့ နတ်ဘုရားမလေးက .. သေနေလောက်ပြီကွ .. "
တစ်ယောက်က သက်ပြင်းချ၍ ပြန်ပြောသည်။
" ဘယ်လို .. ရွှေယွဲ့ချီက သေနေလောက်ပြီ .. ဟုတ်လား "
" မဖြစ်နိုင်ဘူး .. ငါ့ရဲ့ နတ်ဘုရားမလေးက ဘာလို့ သေရမှာလဲ "
ကြားလိုက်ရသော သတင်းကြောင့် လူငယ်တစ်စု အံ့သြတုန်လှုပ်သွားကုန်သည်။
ထိုစဥ် လူအုပ်ထဲတွင် ရှိနေသော ရှယန်ယွိက အစောက ပြောလိုက်သည့် လူကြီးဆီသို့ လျှောက်လာကာ မေး၏။
" သခင်ကြီး .. အစောက နတ်ဘုရားမလေး ရွှေယွဲ့ချီကို သေပြီလို့ ပြောလိုက်တာလား ၊ ဘာတွေများ ဖြစ်ခဲ့လို့လဲဗျ "
လူကြီးက ရှယန်ယွိကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
" ဘာတွေ ဆက်ဖြစ်သွားတယ်ဆိုတာတော့ ကျုပ်လဲ မသိဘူး ။ ဒါပေမယ့် ကျုပ် ထျန်းလုံကို တွေ့တဲ့အချိန်မှာ ထျန်းလုံက ရွှေယွဲ့ချီကို တွေ့သွားပြီးတော့ နတ်ဘုရားမလေးမှာ ယင် ၉ သွယ် ခန္ဓာကိုယ်ရှိလို့မို့ ဖမ်းမယ်လို့ ပြောတာပဲ ။ ရွှေယွဲ့ချီရဲ့ အစောင့်အကြပ်က ဝင်တားဖို့ ကြိုးစားခဲ့သေးပေမယ့် .. ထျန်းလုံရဲ့ သိုင်းကွက်တစ်ချက်တည်းနဲ့ သေသွားခဲ့ရတယ် "
ရှယန်ယွိ မျက်လုံးပြူးသွား၏။
" ယင် ၉ သွယ် ခန္ဓာကိုယ် .. ဟုတ်လား ၊ ရွှေယွဲ့ချီမှာ အဲ့လို ခန္ဓာကိုယ်မျိုး တကယ်ရှိနေတာလား ။ နှမျောစရာ ကောင်းလိုက်တာ "
သူ့စိတ်ထဲတွင်လည်း ကြိတ်ပြီး ယူကျုံးမရ ဖြစ်သွားရသည်။
" ခဏ ... ဒါဆို ခင်ဗျားက ရွှေယွဲ့ချီ သေသွားတာကိုတော့ ကိုယ်တိုင် မမြင်ခဲ့ရဘူး ဆိုတဲ့ သဘောပေါ့ "
ရုတ်တရက် အသံတစ်သံ ထွက်လာသည်။
လူကြီးက စိတ်မရှည်ဟန်ဖြင့် နောက်လှည့်ကြည့်လိုက်သော်လည်း လာနေသူကို တွေ့သည်နှင့် ချက်ချင်း ပြုံးလိုက်၏။
" ကျန့်ဟွမ်တောင်က သခင်လေး ချူ ပါလား .. ။ ဟုတ်တယ်ဗျ မိန်းကလေး သေသွားတာကိုတော့ ကျုပ်ကိုယ်တိုင် မမြင်ခဲ့ရဘူး ။ ဒါပေမယ့် ထျန်းလုံက ရက်စက်ကြမ်းတမ်းလွန်းတယ် .. နတ်ဘုရားမလေးအနေနဲ့ အသက်ရှင်ဖို့ဆိုတာ မလွယ်လောက်ဘူး .. ။ သခင်လေး ချူ ၊ လူသားမျိုးနွယ်ကို ထောက်ထားတဲ့အနေနဲ့ ဒီကိစွကို ကျန့်ဟွမ်တောင်ဆီ သတင်းပို့ပြီး ကမ္ဘာပေါ်က မသေမျိုးတွေ ဒီကို စေလွှတ်ပေးဖို့ တောင်းဆိုပေးလို့ ရမလားဗျာ "
ချူကျန့် မျက်မှောင်ကြုံ့သွားပြီး ပြန်ပြောလိုက်သည်။
" ကျုပ် သိတယ် ... "
သူ ထိုသို့သာ ခပ်တင်းတင်း ပြန်ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်မူ စိုးရိမ်စိတ်ဖြင့် ပြည့်သွားရပါ၏။
" ရွှေယွဲ့ချီက သခင်လေး လောထျန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပုံရတယ် .. ဒီတိုင်းဆို မကောင်းဘူး "
သူ ထိုသို့တွေးပြီး အသံလွှင့်အဆောင်ကို ထုတ်၍ သတင်းပို့ရန် ပြင်လိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ..
ဝီ ..
နဂါးသင်္ချိုင်းမြေ ဝင်ပေါက်မှ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး လူရိပ်နှစ်ခု ပေါ်လာသည်။
" ဟင် .. နတ်ဘုရားမလေး ရွှေယွဲ့ချီပါလား ၊ နတ်ဘုရားမလေး အသက်ရှင်နေသေးတာပေါ့ "
" ရွှေယွဲ့ချီ ပြန်လာပြီဟေ့ "
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ရွှေယွဲ့ချီမှာ လူအုပ်ကို ကြည့်ကာ အံ့အားသင့်နေ၏။
ထိုအချိန်မှာပင် သူမအနားသို့ လူ ၄၀ ၊ ၅၀ ခန့် အပြေးအလွှား ရောက်လာကြသည်။
" နတ်ဘုရားမလေး ၊ ထျန်းလုံ ဘယ်ရောက်သွားပြီလဲ ။ သူက တကယ်ကြီး ပြန်အသက်သွင်းထားတာလား "
" နတ်ဘုရားမလေး .. အဲ့နဂါးကြီးက ဘယ်လောက် အစွမ်းထက်လဲဗျ "
" နတ်ဘုရာမလေး ... "
အားလုံးက မေးခွန်းပေါင်းစုံကို တစ်ပြိုင်နက်တည်းနီးပါး မေးလိုက်ကြ၏။
ရွှေယွဲ့ချီမှာ စစချင်း နားမလည်နိုင်ဖြစ်ကာ စိတ်ရှုပ်နေသေးသော်လည်း အခြေအနေကို ရိပ်မိသွားပြီး ပြန်တည်ငြိမ်သွားသည်။
" အားလုံး .. နားထောင်ကြပါ ။ ထျန်းလုံက ပြန်အသက်ရှင်လာတယ်ဆိုတာ မှန်ပေမယ့် သူ အခု ပြန်သေသွားရပြီ "
ရွှေယွဲ့ချီက ပြောလိုက်သည်။
သူမ၏ စကားဆုံးသည်နှင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွားကာ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြပြန်သည်။
" ဘယ်လို .. ထျန်းလုံက ပြန်သေသွားပြီတဲ့လား "
" ဘာတွေ ဖြစ်နေတာလဲ .. သေချာ ရှင်းပြပါဗျို့ "
အားလုံးကလည်း သိချင်စိတ်ဖြင့် မေးလာကြ၏။
ရွှေယွဲ့ချီက အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။
" တကယ်တော့ .. ဘာဖြစ်သွားတယ်ဆိုတာ ကျွန်မလဲ သေချာ မသိလိုက်ဘူး ။ နဂါးတစ်ကောင်ရဲ့ နောက်ဆုံး ထွက်သက်လို့ပဲ .. ပြောရမလား .. သူ ကျွန်မကို ဖမ်းမိပြီး မကြာခင်မှာ မြန်မြန်သေသွားပြီးတော့ သူ့ ခန္ဓာကိုယ်ကလဲ ပျက်စီးသွားခဲ့တယ် ။ ဘာမှတောင် မကျန်ခဲ့ဘူး "
သူမ လိမ်ပြောလိုက်၏။
သူမ ထိုသို့ လိမ်လိုက်ရသည့် အဓိက အကြောင်းမှာလည်း လောထျန်းအကြောင်း ပေါ်သွားမည်ကို စိုးရိမ်၍ ဖြစ်ပါသည်။
သူမ အမှန်တိုင်း ပြောခဲ့လျှင်ပင် မြောက်ပိုင်းဒေသမှ လာသော လောထျန်းက နဂါးကြီး ထျန်းလုံအား သတ်နိုင်ခဲ့သည်ကို မည်သူမှ ယုံကြည်မည် မဟုတ်မှန်းလည်း သူမ သိနေပါသည်။
အမှန်တိုင်း ဆိုပါက သူမပင်လျှင် မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ရခြင်း မဟုတ်ပါက .. ယုံမိမည် မဟုတ်ချေ ။
ထို့ထက်ပို အရေးကြီးသည်မှာ အကယ်၍ လောထျန်းကသာ ထျန်းလုံကို သတ်လိုက်ကြောင်း လူများ သိသွားခဲ့ပါက လောထျန်းအတွက် ပြဿနာ အလွန်ကြီးသွားနိုင်၍ပင် ။
နဂါးသင်္ချိုင်းမြေထဲတွင် နဂါးကြီး ထျန်းလုံ၏ လျှို့ဝှက် ရတနာတစ်ခု ရှိထားသည်ကို ထျန်းယွမ် တစ်ကမ္ဘာလုံး သတင်းကြားဖူးထားကြသည် မဟုတ်ပါလား ။
၎င်းမှာ ကမ္ဘာပေါ်မှ မသေမျိုးများကပင် လိုချင်တပ်မက်နေကြသည့် ရတနာတစ်ခု ဖြစ်ပါသည်။
သို့ဖြစ်ရာ .. အကယ်၍ ထျန်းလုံအား လောထျန်း သတ်ခဲ့သည်ကိုသာ သိသွားကြလျှင် ကမ္ဘာပေါ်မှ မသေမျိုးများက ငြိမ်နေကြလိမ့်မည် မဟုတ်ပေ။
လောထျန်းက အလွန်အစွမ်းထက်ကြောင်းကို သူမ သိထားပြီးသည့်တိုင် ကမ္ဘာပေါ်မှ မသေမျိုးများထက် ပိုအစွမ်းထက် ၊ မထက်ကိုမူ သူမ မပြောနိုင်ပါ ။
သို့ဖြစ်ရာ လောထျန်းကို ကာကွယ်ပေးရန် လိုအပ်ပါသည်။
မည်သို့ပင်ဆိုစေ .. အချို့ကမူ သူမစကားကို ယုံကြပြီး မယုံသူများလည်း ရှိပါ၏။
" နဂါးတစ်ကောင်ရဲ့ နောက်ဆုံး ထွက်သက် .. ဟုတ်လား .. ၊ နတ်ဘုရားမလေး နောက်နေတာများလား "
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က မျက်နှာကြီး သုန်မှုန်စွာဖြင့် ပြောလာသည်။
ထိုလူကြီး လာနေသည်ကို မြင်သည်နှင့် ရွှေယွဲ့ချီ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" အဲ့လူက ထျန်းကူဟုန် မိသားစုကပဲ ... "
သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုသူ မည်သူမှန်း တန်း သိလိုက်ပါသည်။
ထျန်းကူဟုန် မိသားစုမှာ တောင်ပိုင်းဒေသမှ မြင့်မြတ်နယ်မြေတစ်ခုဖြစ်ပြီး ဤထျန်းယွမ်ကမ္ဘာကြီးတွင် သက်တမ်းအရှည်ကြာဆုံး မိသားစုတစ်ခု ဖြစ်ပါ၏။
ထို ဟုန်မိသားစုမှ လူများအားလုံးမှာလည်း အလွန်အစွမ်းထက်ကြကာ ရက်စက်ယုတ်မာကြသဖြင့် သူတို့အား မည်သူကမှ စော်ကားရန်စခြင်း မပြုလိုကြပါ။
" သခင်ကြီးက ဟုန်မိသားစုကလားရှင့် ၊ ကျွန်မ ပြောသွားတာတွေ အားလုံးက အမှန်တွေပါ "
ရွှေယွဲ့ချီက ဦးညွှတ်အရိုအသေပေးကာ ဆိုလိုက်သည်။
" နတ်ဘုရားမလေး ပြောသွားတဲ့ စကားလုံးတိုင်းက အမှန်တွေပဲလား .. ၊ ဒါဆို မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို ကျုပ်ကို ပေးကြည့်မလား "
အဘိုးအိုက သုန်မှုန်နေသော မျက်နှာဖြင့်ပင် ပြောလာသည်။
" ဘယ်လို .. "
သူ့စကားကြောင့် ရွှေယွဲ့ချီ အံ့သြတုန်လှုပ်သွားရ၏။
သူမ၏ အသိစိတ်ပင်လယ်ထဲကို ဝင်ကြည့်မည်တဲ့လား ။
၎င်းမှာ ကျင့်ကြံသူတစ်ယောက်ကို အဆုံးတိုင် စော်ကားလိုက်ခြင်းပင် ။
ထို့အပြင် အခြားသူတစ်ယောက်ကို မိမိ၏ အသိစိတ်ပင်လယ်ထဲ ဝင်ရန် ခွင့်ပြုခြင်းက မိမနအသက်ကို ထိုလူလက်ထဲ ထည့်ပေးလိုက်သည်နှင့် မခြားပါချေ ။
တဖက်လူသာ ဆန္ဒရှိပါက သူမအား အတွေးတစ်ချက်ဖြင့်ပင် သတ်ပစ်၍ ရသွားပေမည်။
" သခင်ကြီးဟုန် ၊ ဒါတော့ နည်းနည်းလွန်နေပြီလို့ မထင်ဘူးလား "
ထိုစဥ် လူအုပ်ထဲမှ တစ်ယောက်က မကျေနပ်ဟန်ဖြင့် ပြောလာသည်။
ဟုန်မိသားစုမှ ထိုလူကြီးက ပြောလိုက်သူအား လှည့်ပင် မကြည့်ဘဲ လက်နောက်ပြန် ရိုက်လိုက်၏။
ဖြောင်း ..
လက်ဝါး တစ်ချက်တည်းဖြင့်ပင် အစောက စကားပြောခဲ့သူ သေဆုံးသွားရတော့သည်။
" ဒီကိစ္စက ထျန်းလုံနဲ့ ပတ်သက်နေတဲ့ ကိစ္စမို့ သတိလက်လွတ် လုပ်လို့ မဖြစ်ဘူး ။ နတ်ဘုရားမလေး ၊ ကျုပ် နောက်တစ်ခါ ထပ်မပြောချင်ဘူးနော် ။ မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို ကျုပ် ဝင်ကြည့်ချင်တယ် "
ဟုန်မိသားစုမှ လူကြီးက အေးစက်စက်အသံဖြင့် ပြောလိုက်သည်။