နတ်ဘုရားမထံတွင် ရင်းနှီးမြှုပ်နှံခြင်း
Vol. 25 Ch. 347
" မင်းက နဂါးသွေးကို အဲ့လောက်ကြီး ရချင်နေတာလား "
လောထျန်း မျက်မှောင်ကြုံ့ပြီး မေးလိုက်သည်။
ရွှေယွဲ့ချီက အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။
" အမှန်အတိုင်း ပြောရရင် ကျွန်မ ဒီ နဂါးသင်္ချိုင်းမြေကို လာခဲ့တဲ့ အကြီးဆုံး ရည်ရွယ်ချက်က နဂါးသွေးရဖို့ပဲရှင့် "
" ဘာဖြစ်လို့လဲ "
လောထျန်း ထပ်မေးလိုက်သည်။
ရွှေယွဲ့ချီ သက်ပြင်းချ၏။
" ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လိုအပ်လို့ပါရှင် ။ လွေ့နန် ပြောသွားခဲ့တဲ့ ကျွန်မမှာ ယင် ၉ သွယ်ခန္ဓာကိုယ် ရှိတယ်ဆိုတာ သခင်လေး ကြားလိုက်တယ်မလား "
" ကျွန်မရဲ့ ခန္ဓာကိုယ်က အရမ်းထူးခြားတဲ့ထဲမှာ ပါတယ်။ ဒါပေမယ့် .. ကျွန်မ ငယ်ငယ်လေးထဲက အားနည်းပြီး နေမကောင်း ဖြစ်လာခဲ့တာ ။ အသက်ရှင်ဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာရှင့် ။ ကျွန်မ ကျင့်ကြံပြီးနောက်မှာတောင် အားနည်းနေတုန်းပဲ .. "
လောထျန်းမှာ သူမစကားကို နားထောင်နေရင်း မျက်မှောင်ကြုံ့သွားသည်။
" မင်းခန္ဓာကိုယ်က ထူးခြားတယ်လဲ ပြောသေးတယ် .. ခုဟာက ပြောင်းပြန်ကြီး ဖြစ်မနေဘူးလား "
ရွှေယွဲ့ချီက သူ့အား မျက်စောင်းထိုးကာ ပြန်ကြည့်သည်။
" ကျွန်မ စပြီး ကျင့်ကြံတဲ့အချိန် ၊ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်မှာပဲ ရှိနေတုန်းကဆိုရင် အားလုံးထဲမှာ ကျွန်မက အစွမ်းအနိမ့်ဆုံးပဲရှင့် ။ ဒါပေမယ့် ကျင့်ကြံခြင်းအဆင့် တက်လာတာနဲ့အမျှ တိုးတက်မှုလဲ ပိုတိုးလာခဲ့တယ် ။ ကျွန်မ ကောင်းကင်ထိန်းချုပ်အဆင့် ရောက်တဲ့အချိန်မှာတော့ အဆင့်တူ ကျင့်ကြံသူတွေထဲ သာမာန်လို့ ပြောလို့ရနေပြီ "
" ကောင်းကင်ထိန်းချုပ်အဆင့်ကို ကျော်သွားရင်တော့ အစွမ်းလဲ ပိုတိုးလာမှာပေါ့ရှင် ။ ကျွန်မ ကွေ့ရှအဆင့်ကို ရောက်သွားရင်တော့ သာမာန် ပါရမီရှင်တွေနဲ့ ယှဥ်နိုင်တော့မှာ "
" ဂိုဏ်းက အကြီးအကဲတွေ ပြောတာတော့ ကျွန်မ တုကျဲ့အဆင့်ကို ရောက်သွားပြီးတာနဲ့ ပထမတန်းအဆင့် ပါရမီရှင် စာရင်းဝင် ဖြစ်သွားမှာတဲ့ ။ နောက် ကောင်းကင်ဘုံအဆင့်ကို ရောက်သွားရင်တော့ တခြားမြင့်မြတ်နယ်မြေတွေက နတ်ဘုရားတွေ ၊ နတ်ဘုရားမတွေ အားလုံးနဲ့ ယှဥ်နိုင်သွားမှာလို့ ပြောတယ် "
" ကောင်းကင်ဘုံ တံခါးဝအဆင့်ကို ရောက်သွားရင်တော့ အဆင့်တူ ကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံးထဲက တစ်ယောက် ဖြစ်သွားမှာပေါ့ ။ ဒါပေမယ့် ဒါက အစပဲ ရှိသေးတာရှင့် ၊ ကျွန်မ မသေမျိုးအဆင့်ကို ရောက်သွားရင် အများကြီး ပိုပြီး အစွမ်းထက်သွားမှာ "
" ကျွန်မတို့ ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် ကျွန်မ မသေမျိုးအဆင့်ကို ရောက်သွားတာနဲ့ ၊ မသေမျိုးအစွမ်းကို ခန္ဓာကိုယ်ထဲ စုပ်ယူတဲ့ နည်းနဲ့ မသေမျိုး ဖြစ်သွားရင်တောင် ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်လို အစွမ်းထက်လိမ့်မယ်တဲ့ "
သူမစကားကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။
ကမ္ဘာပေါ်မှ မသေမျိုးနှင့် သာမာန် မသေမျိုးတို့ကြားရှိ ကွာဟချက်ကို သူ သိထားပြီး ဖြစ်ပါသည်။
ထို ကွာဟချက်မှာ ပေါ့သေးသေး မဟုတ်ပါချေ။
သို့သော် ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်က ထိုကွာဟချက်ကို ဖြတ်ကျော်နိုင်သတဲ့လား ..
၎င်းမှာ အလွန်အစွမ်းထက်သည်ဟု ပြော၍ ရပါသည်။
သို့သော် ထိုစဥ် ရွှေယွဲ့ချီက မျက်နှာသုန်မှုန်စွာဖြင့် စကားဆက်၏။
" ဒါပေမယ့် ကျွန်မ ခန္ဓာကိုယ်က ပြဿနာအကြီးကြီးတစ်ခု ရှိနေတယ်။ ကျွန်မ ကျင့်ကြံခြင်း အဆင့်တစ်ခု တက်ပြီးတာနဲ့ ယင် ၉ သွယ် အစွမ်းက ကျွန်မ ခန္ဓာကိုယ်ကို တိုက်ခိုက်တော့တာပဲ ။ ဒါ့ကြောင့်မို့ အခု ကျွန်မ ကျင့်ကြံခြင်း နောက်တစ်ဆင့် မတက်ခင် ကျွန်မကိုယ်ထဲမှာ ယင် အစွမ်းအပြည့်ပါပြီး အစွမ်းထက်တဲ့ တစ်ခုခု ရှိထားဖို့ လိုတယ် ။ အဲ့လိုမဟုတ်ရင် ကျွန်မ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး "
" အရင်အခေါက်တွေတုန်းကတော့ ကျွန်မ ဂိုဏ်းထဲမှာရှိတဲ့ စိတ်စွမ်းအင်ဆေးပင်တွေကိုပဲ အားကိုးပြီး နေလာခဲ့တာ ။ ဒါပေမယ့် .. ဒီတစ်ခေါက်တော့ စိတ်စွမ်းအင်ဆေးပင်တွေနဲ့ မလုံလောက်တော့ဘူး ။ ကျွန်မ ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်ဖို့ နဂါးသွေးအစစ်ကို ရမှကို ဖြစ်မှာ "
" ဒါပေမယ့် .. ရှင်လဲ သိတဲ့အတိုင်း ၊ အခု ခေတ်မှာ နဂါးမျိုးနွယ်က မျိုးတုန်းလုနီးပါး ဖြစ်နေပြီဆိုတော့ နဂါးအစစ်ကို ရှာဖို့ အရမ်းကို ခက်တယ်ရှင့် ။ ကျွန်မ နှစ်တွေအများကြီး ရှာလာခဲ့ပြီးတော့ နဂါးတချို့ကိုလဲ တွေ့ခဲ့ရပါတယ် ။ ဒါပေမယ့် အဲ့နဂါးတွေရဲ့ သွေးက ယင် ၉ သွယ်အစွမ်းကို ခုခံဖို့ လုံးဝ မလုံလောက်ဘူး "
" ဒါ့ကြောင့်မို့လဲ ကျွန်မက နဂါးသင်္ချိုင်းမြေကို ကံများ ကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာခဲ့တာ ။ ဒါပေမယ့် ... "
သူမက ထိုသို့ ပြောနေရင်း လောထျန်းအား စိတ်ဆိုးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
နဂါးအသွင်ပြောင်း ရေအိုင်ရှေ့တွင် သူမ နဂါးသွေးအစစ်ကို တွေ့ခဲ့ရသော်လည်း လောထျန်းက ၎င်းအား သူ့အတွက်သုံးရန် ယူသွားခဲ့သည် မဟုတ်ပါလား ။ သူမ စျေးကြီးပေးပြီး ကမ်းလှမ်းခဲ့သည်တိုင် သူက ၎င်းကို လုံးဝ ရောင်းမပေးခဲ့ရာ သူမ အလွန်ဒေါသထွက်ခဲ့ရပါသည်။
ယခုချိန်ထိလည်း သူမရင်ထဲမှ ဒေါသက လုံးလုံး ပျောက်ကွယ်မသွားသေးပေ ။
" အဲ့နဂါးသွေးကို ဝယ်ဖို့ စဥ်းစားမနေနဲ့ ၊ ကျုပ် သုံးလိုက်ပြီ "
ထိုစဥ် လောထျန်းက ပြောလာ၏။
သူ အစောက ကျင့်ကြံခြင်း အဆင့်တက်စဥ်တွင် ထိုနဂါးသွေးကို သုံးခဲ့ပြီဖြစ်သည်။
ရွှေယွဲ့ချီမှာလည်း ၎င်းကို ရိပ်မိပါ၏။
သို့သော် .. ထိုအချိန်မှာပင် လောထျန်းက ဆက်ပြောလာသည်။
" မင်းက အစွမ်းထက်ပြီး ယင်အစွမ်း အပြည့်ပါတဲ့ ဟာ လိုချင်တာဆိုတော့ .. ကျုပ်မှာ နဂါးသွေးအစစ်တော့ မရှိတော့ဘူး ။ ကောင်းကင်ဘုံ နဂါးသွေး ဆိုရင်ရော ဘယ်လိုလဲ .. "
" ဘယ်လို ... "
အစောက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည့် ရွှေယွဲ့ချီမှာ ကြားလိုက်ရသည့် စကားကြောင့် မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။
" ကောင်းကင်ဘုံ နဂါးတစ်ကောင်ရဲ့သွေး .. ဟုတ်လား ၊ သခင်လေး လောထျန်း တကယ်ကြီး ပြောနေတာလား "
သူမ အသံမှာလည်း အနည်းငယ် တုန်ယင်နေသည်။
" ဒါပေါ့ .. ကျုပ် ခုနက နဂါးကြီး ထျန်းလုံရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တုန်းက နောက်ကျ အသုံးဝင်နိုင်တယ်လို့ တွေးပြီး သူ့သွေးကို သေချာယူထားခဲ့တာ "
လောထျန်းက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ နဂါးသွေး ဆယ်စက်ကျော်က သူ့ရှေ့သို့ မျောလွင့်လာသည်။
ထိုနဂါးသွေး တစ်စက်စီတိုင်းတွင်လည်း ကြီးမြတ်သော လမ်းစဥ်၏ အငွေ့အသက်များ ရောက်ယှက်နေဟန် ရှိပြီး ၎င်းမှ ထူးခြားသော အရောင်အဝါတစ်ခုလည်း ထုတ်လွှတ်နေ၏။
ရွှေယွဲ့ချီ အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး စိတ်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။
" ဒါ ... နဂါးသွေးအစစ်ထက်တောင် အများကြီး ပိုအစွမ်းထက်တယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဒါဆို မင်း သုံးလို့ ရတယ်ပေါ့ "
ရွှေယွဲ့ချီ : " ဒါပေါ့ရှင် "
" ကောင်းပြီ ၊ ဒါဆို စျေးအကြောင်း ပြောကြမယ် ။ မသေမျိုးအဆင့် ကျင့်စဥ် ၁၀ ခုနဲ့ မင်းတို့ ယောင်ချီရဲ့ ထိပ်တန်းလျှို့ဝှက်ကျင့်စဥ် ၁ ခု ပေးရင် မင်းကို ဒီ သွေး တစ်စက် ရောင်းပေးမယ် "
လောထျန်းက ပြောလိုက်သည်။
ရွှေယွဲ့ချီ " .... ? "
လောထျန်းက သူမအား နဂါးသွေးကို ဒီတိုင်း ပေးလာမည်ဟုသာ သူမ ထင်ထားခဲ့ပါ၏။
သူမ ဝမ်းသာလွန်း၍ လောထျန်းအား လက်ထပ်ချင်စိတ်ပင် ဖြစ်သွားခဲ့ရပါသည်။
သို့သော် .. မျှော်လင့်မထားစွာပင် လောထျန်းက စျေးစကား ပြောနေသတဲ့လား ။
ထိုလူက လုံးဝ မနူးညံ့ ၊ ကဗျာမဆန်သည့် လူကြီးပင် ။
" ဘာလို့လဲ ၊ မဝယ်ချင်လို့လား ။ မဝယ်ချင်လဲ ရတယ်လေ "
လောထျန်းက ထိုသို့ ပြောပြီး သွေးပုလင်းများအား ဟန်ဆောင်ကာ ပြန်သိမ်းမည့်ပုံ ပြင်လိုက်သည်။
သူသည် မိန်းမလှလှမြင်တိုင်း ကပ်ဖားတတ်သူတစ်ယောက် မဟုတ်သလို ၊ ရွှေယွဲ့ချီက သူ့ချစ်သူ မိန်းကလေးလည်း ဟုတ်မနေပါ။ သို့ဖြစ်ရာ ဤမျှ အဖိုးတန်လှသော ကောင်းကင်ဘုံ နဂါးသွေးကို အဘယ့်ကြောင့် အလကား ပေးရပါမည်နည်း ။
လောထျန်းက ပြန်သိမ်းမည့်ပုံ လုပ်နေသည်ကို မြင်သောအခါ ရွှေယွဲ့ချီ လန့်သွားပြီး မြန်မြန် ပြန်ပြောလိုက်ရသည်။
" ခဏလေး နေပါဦးရှင် ၊ ကျွန်မ ဝယ်ပါ့မယ် "
ထို့နောက် သူမ အံကြိတ်ကာ အင်္ကျီလက်ထဲတွင် ဖွက်ထားသည့် ကျောက်စိမ်းပြား သုံးခုကို ထုတ်၍ လောထျန်းအား ပေးလိုက်၏။
" အဲ့ သုံးခုက မသေမျိုးအဆင့် ကျင့်စဥ်တွေပဲ ။ လောလောဆယ် ကျွန်မဆီမှာက အဲ့ ၃ ခုပဲ ပါလာခဲ့တာ ။ ကျန်တဲ့ ၇ ခုကို ကျွန်မ ဂိုဏ်းကို ပြန်ရောက်ရောက်ချင်း ပေးပါ့မယ် "
သူမ ပြောလိုက်သည်။
လောထျန်းက ကျောက်ပြားများကို ယူပြီး ခေါင်းသာ ညိတ်ပြလိုက်သည်။
ရွှေယွဲ့ချီသည် နတ်ဘုရားမတစ်ယောက်ဖြစ်ရာ သူ့အား လိမ်ညာလှည့်စားမည့်သူ မဟုတ်နိုင်ပါချေ။
" ဒါပေမယ့် .. "
ရွှေယွဲ့ချီက ရုတ်တရက် ပြောလာ၏။
" ယောင်ချီရဲ့ လျှို့ဝှက်ကျင့်စဥ် ကိုတော့ ရှင့်ကို ကျွန်မ အခု မပေးနိုင်သေးဘူး "
သူမ ရှက်နေဟန် မျက်နှာထားဖြင့် ဆက်ပြောသည်။
" ဘာဖြစ်လို့လဲ "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" ဘာလို့လဲဆိုတော့ .. လက်ရှိမှာ ကျွန်မက လုံလောက်တဲ့ အစွမ်း မရှိသေးလို့ရှင့် ။ ဒါပေမယ့် စိတ်မပူပါနဲ့ ၊ ကျွန်မ ကျင့်ကြံခြင်းအဆင့် တက်သွားတာနဲ့ ဂိုဏ်းထဲမှာလဲ ပိုရာထူးကြီးပြီး ပိုလဲ အစွမ်းထက်သွားမှာ။ အဲ့ကျရင် လျှို့ဝှက်ကျင့်စဥ်ကို ရဖို့ အရည်အချင်းလဲ ပြည့်သွားမှာ သေချာတယ် "
ရွှေယွဲ့ချီက အလေးနက် ပြောလိုက်သည်။
လောထျန်းမှာမူ မျက်မှောင်ကြီး ကြုံ့နေ၏။
မည်မျှ ကောင်းလိုက်ပါသနည်း ...
ကျင့်စဥ်ကို မရခင်ကတည်းက ကြိုရောင်းထားနှင့် သတဲ့လား ..
သူက ရွှေယွဲ့ချီအား အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှသာ နောက်ဆုံး ခေါင်းညိတ်ပြီး ပြောလိုက်သည်။
" ဘယ်တတ်နိုင်မလဲလေ ။ ငါ မင်းကို ဒီတစ်ခါ ယုံကြည်ပေးလိုက်ပါမယ် ။ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားရမှာပေါ့ "
သူက ထိုသို့ပြောပြီး နဂါးသွေးတစ်စက်ပါသည့် ပုလင်းလေး တစ်လုံးကို ရွှေယွဲ့ချီအား ပေးလိုက်သည်။
ရွှေယွဲ့ချီမှာ သူမရှေ့မှ နဂါးသွေးစက်ကို ကြည့်ရင်း ရင်ခုန်သံ မြန်လာ၏။။
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း "
သူမ စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူမ ပေးခဲ့ရသည့် စျေးမှာ မနည်းလှသော်လည်း သူမအတွက် အကျိုးအမြတ်များစွာ ရခဲ့သည် မဟုတ်ပါလား ။
ထိုသို့သော ကောင်းကင်ဘုံ နဂါးသွေးမျိုးကို ဤထျန်းယွမ် တစ်ကမ္ဘာလုံးတွင်ပင် မည်သူမှ မရောင်းဖူးခဲ့ပါချေ။
ဤနဂါးသွေးလေး တစ်စက်က သူမ မသေမျိုးအဆင့်သို့ ရောက်သည်အထိ သုံးရန်ပင် လုံလောက်ပါသည်။
သူမသာ မသေမျိုးအဆင့်သို့ ရောက်သွားပြီးပါက .. ယောင်ချီ၏ လျှို့ဝှက်သိုင်းကျမ်း ၃ ခုမှာ ဘာမှ ပြောပလောက်စရာ မဟုတ်တော့ပါ။
" ကဲ ဒါဆိုလဲ မင်းလုပ်စရာရှိတာကို ဆက်လုပ်ပါ ။ ကျုပ် တခြားကို သွားစရာလေး ရှိသေးလို့ သွားတော့မယ် "
လောထျန်းက ပြန်ပြောပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။
" လောထျန်း .. "
ရွှေယွဲ့ချီမှာ ထျန်းလုံ၏ သွေးပုလင်းကို ကိုင်ရင်း လောထျန်း ပျောက်ကွယ်သွားသည့် နေရာအား နားမလည်နိုင်စွာ ကြည့်၍ ကျန်ခဲ့သည်။ ထို့နောက်တွင်မူ သတိမေ့နေဆဲ ဖြစ်သော အဘွားအိုကို ကျောပိုးကာ နဂါးသင်္ချိုင်းမြေ အပြင်ဘက်သို့ ဦးတည်ထွက်လာခဲ့လိုက်၏။
တဖက်မှ လောထျန်းမှာကား ကြိမ်ဖန်များစွာ တည်နေရာ ရွှေ့ပြောင်းသွားပြီးနောက် နဂါးကြီး ထျန်းလုံ၏ စိတ်ဝိဥာဥ် ရှိနေသည့် နေရာသို့ ပြန်ရောက်သွားသည်။
" သခင်ကြီး ထျန်းလုံ ၊ ကျုပ် ကိစ္စလေးတွ ရှင်းလာခဲ့ပြီဗျ "
လောထျန်းက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား တစ်ပါတည်း ရှင်းပြလိုက်သည်။
ပြန်အသက်သွင်းခြင်း ထွင်းစာ ပေါ်လာသည့်အကြောင်း ပြောချိန်တွင်မူ သခင်ကြီး ထျန်းလုံ အနည်းငယ် တုန်ယင်သွားဟန် တူ၏။
" ဟုတ်တယ် .. ပြဿနာတွေရဲ့ အရင်းမြစ်က အဲ့ကောင်ကြောင့်ပဲ "
ထျန်းလုံက တစ်ကိုယ်တည်း တီးတိုးရေရွတ်သည်။
" သခင်ကြီး ထျန်းလုံ ၊ အခု ဒုက္ခဘေးကြီးကိုလဲ ရှောင်လိုက်နိုင်ပြီဆိုတော့ သခင်ကြီး ဘာဆက်လုပ်မှာလဲ .. "
ရှောက်လုံက လေသံတိုးဆိုးဖြင့် မေးလာ၏။
ထျန်းလုံက သက်ပြင်းချသည်။
" ပြဿနာက မပြီးသေးဘူးကွ .. ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူး "
" ဟင် .. ကျုပ် နားမလည်ဘူးဗျ "
ရှောက်လုံ အံ့သြမှင်သက်သွားရ၏။
ထိုစဥ်မှာပင် ချောက်နက်ထဲ၌ စိတ်ဝိဥာဥ်အစွမ်းများ ရုတ်တရက် တိုးလာသည်။
ဝုန်း ..
ထို့နောက်တွင်မူ နဂါးကြီး ထျန်းလုံက ချောက်နက်ကြီးထဲမှ အချုပ်အနှောင်အား ကိုယ်တိုင် ဖွင့်လိုက်တော့သည်။
တဝုန်းဝုန်း ဆူညံသံများနှင့်အတူ ဧရာမ နဂါးစိတ်ဝိဥာဥ် အရိပ်ကြီးတစ်ခု အပေါ်သို့ တက်လာ၏။
" သခင်ကြီး ထျန်းလုံ ... "
နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ရှောက်လုံမှာ ထျန်းလုံ၏ အရိပ်ကြီးကို မြင်သည်နှင့် ရုတ်တရက် အလွန်အံ့သြမှင်သက်သွားသည်။
" မခုခံပါနဲ့ ... "
ထျန်းလုံက ပြော၏။
ထို့နောက်တွင်ကား .. အစွမ်းထက်သော စိတ်ဝိဥာဥ် အစွမ်းတစ်ခုက ရှောက်လုံဆီသို့ တိုးဝင်သွားတော့သည်။