အခန်း (၁၃၀၁-၁၃၀၅)
Vol. 53 Ch. 1301-1305
အပိုင်း (၁၃၀၁)
သင်္ချိုင်းတောင်ကြားထဲသို့ ဝင်လာစဉ်က သွားရင်းလာရင်း ရတနာလေးများ ဘာလေးများ ရှာတွေ့နိုးနိုး ရည်ရွယ်ချက်ဖြင့် လှည့်ပတ်စူးစမ်း သွားလာခဲ့ခြင်း ဖြစ်သည့် အတွက်ကြောင့် သူတို့ သွားသည့်နှုန်းမှာ သိပ်မမြန်ခဲ့ချေ။ သို့သော် ယခုတွင်မူ သင်္ချိုင်းတောင်ကြားထဲမှ ထွက်သွားရန် ရည်ရွယ်ချက်သာ ရှိသဖြင့် အခြား ဘာကိုမှ အာရုံစိုက်နေစရာ မလိုတော့ရာ သူတို့၏ အရှိန်သည် အတော်လေးကို မြန်ဆန်နေခဲ့သည်။ ပိုပြီး မြန်မြန် သွားနိုင်ရန်အတွက် ရန်ကိုင်သည် သူ့ကြယ်လွန်းပျံကို ချက်ချင်း ထုတ်သုံးလိုက်သည်။
သင်္ချိုင်းတောင်ကြားမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားရန် လုပ်နေစဉ်မှာပဲ ရန်ကိုင်၏ ခြေလှမ်းတို့ ရုတ်တရက် ရပ်တန့်သွားပြီး အခြား တစ်ဖက်သို့ လှမ်းကြည့်မိလိုက်သည်။ ထို့နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။
“ဘာဖြစ်လို့လဲ” ရန်ကိုင်၏ အမူအရာကို မြင်သော် ယန်ယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည် “အစောတုန်းက ငါတို့ တွေ့ခဲ့တဲ့ အဖွဲ့ကို မှတ်မိတယ်မလား။ အခု အဲ့အဖွဲ့ထဲက တစ်ယောက်ယောက်ကို အာရုံခံမိလိုက်လို့။ ကြည့်ရတာ သူတို့ သိပ်အခြေအနေ မကောင်းတဲ့ပုံပဲ”
တိုက်တိုက်ဆိုင်ဆိုင် ထိုစဉ် လူတစ်ယောက်သည် ရန်ကိုင်နှင့် ယန်ယန်တို့ဆီသို့ သုတ်သီးသုတ်ပျာဖြင့် ပြေးလာနေခဲ့သည်။ ထိုလူသည် အခြား မဟုတ်၊ ချန်ရှီတောင်းတို့နှင့် အတူ ပါလာသော လုယင်ဆိုသော မိန်းကလေးပင် ဖြစ်ပေသည်။
သို့သော်လည်း လက်ရှိတွင် ထိုမိန်းကလေးသည် အတော့်ကိုမှ တုန်လှုပ်ခြောက်ခြားနေပြီး သူမ၏ သူတော်စင်ချီမှာလည်း မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူတို့ လမ်းခွဲသွားစဉ်က လုယင်သည် ချန်ရှီတောင်းတို့ အဖွဲ့နှင့်အတူ ထွက်သွားခဲ့သည်။
သို့သော်လည်း ယခုမူ ချန်ရှီတောင်း၊ ချန်ဖန်းလေ့နှင့် ဝမ်ယုဟန်တို့ကို မတွေ့ရတော့ချေ။ သူမ တစ်ယောက်တည်းသာ ရှိနေခဲ့သည်။
အခြား တစ်ယောက်ဆိုရင်တော့ ထွက်သွားလိုက်မည်သာ။ သူတို့လည်း ဤနေရာတွင် ကြာကြာနေ၍ မဖြစ်ချေ။ ယခုလေးတင် အလောင်းလိုဏ်ဂူထဲမှ အလောင်းကောင်များကို ရန်စလာခြင်း ဖြစ်သဖြင့် ကြာကြာ ဆက်နေလျှင် အန္တရာယ်များပေသည်။
သို့သော်လည်း ဒုက္ခရောက်နေသည့်လူမှာ သူသိနေသည့် လူတစ်ယောက် ဖြစ်သဖြင့် မသိချင်ယောင် ဆောင်နေ၍မဖြစ်။ သူမကိုသာ ဤအတိုင်းထားခဲ့လျှင် သူ့စိတ်ထဲ နေမထိထိုင်မထိ ဖြစ်နေပေလိမ့်မည်။
ထို့အပြင် ချန်ရှီတောင်းတို့ကြောင့်သာ ဤနေရာသည် သင်္ချိုင်းတောင်ကြား ဖြစ်မှန်း သူတို့ သိခဲ့ရခြင်း ဖြစ်သည်။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် အံကြိတ်၍ ကြယ်လွန်းပျံကို လုယင်ဘက်သို့ လှည့်ပျံလိုက်လေသည်။
လုယင်သည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်လျက် အလျင်စလို ထွက်ပြေးနေခဲ့သည်။ ထွက်ပြေးနေရင်း သူမဆီသို့ တစ်ယောက်ယောက် ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်၏။ ဘယ်သူဖြစ်လေမလဲ လှမ်းကြည့်လိုက်ရာ ရန်ကိုင် ဖြစ်နေမှန်း သိလိုက်ရသည့်နောက် အတော့်ကိုမှ ပျော်သွားခဲ့လေသည်။
ထို့ကြောင့် ရန်ကိုင် သူမနား မရောက်သေးခင်မှာပဲ လှမ်း၍ အော်ပြောလိုက်သည် “စီနီယာအစ်ကိုယန်”
“ညီမလုယင်” ရန်ကိုင်က ပြန်၍ နှုတ်ဆက်လိုက်သည်။ ကြယ်လွန်းပျံကို သူမရှေ့တွင် ရပ်လိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည် “ဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ”
“စီနီယာအစ်ကိုရန်၊ ကျေးဇူးပြုပြီး စီနီယာအစ်မချန်ကို ကယ်ပေးပါလား။ သူအခု အဆင့်ကိုး မွန်းစတားသားရဲ တိုက်တာ ခံနေရလို့”
“အဆင့်ကိုး မွန်းစတားသားရဲလား” ရန်ကိုင် မျက်နှာ ပျက်သွားပြီး “ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အဆင့်ကိုး မွန်းစတား သားရဲတစ်ကောင် ရှိနေတာလဲ”
အဆင့်ကိုး မွန်းစတားသားရဲများသည် တန်ခိုးရှင်အဆင့် လူသား ကျင့်ကြံသူများနှင့် အဆင့်တူပေသည်။ သို့သော်လည်း ဤကဲ့သို့ ထူးဆန်းသော သင်္ချိုင်းတောင်ကြားထဲတွင် ထိုကဲသို့ မွန်းစတားတစ်ကောင် ရှိနေသည်မှာ တော်တော်လေးကိုမှ ထူးဆန်သည့် အချက်ပင်။
“ကျွန်မလည်း မသိဘူး။ ဒါပေမယ့် အဆင့်ကိုး မွန်းစတား သားရဲ ဆိုတာတော့ လုံးဝ သေချာတယ်။ စီနီယာအစ်မနဲ့ အခြားသူတွေ ပိတ်မိနေတုန်းပဲ။ ကျွန်ကို အကူအညီ သွားရှာလို့ ရအောင်ဆိုပြီး ထွက်ပြေးလာနိုင်အောင် လုပ်ပေးခဲ့တာ။ စီနီယာအစ်ကိုရန်၊ ကျွန်မ တောင်းပန်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါနော်”
“စီနီယာအစ်မယန် နောက်နေတာလား” ရန်ကိုင် ချက်ချင်း သဘောမတူခဲ့ချေ။ မျက်မှောင်ကြုတ်လျက် “ကျုပ်က သူတော်စင် ဘုရင် ဒုတိယအဆင့်ပဲ ရှိသေးတာလေ။ အစ်မချန်နဲ့ အစ်ကိုဝမ်တို့ ထက်တောင် ပိုပြီး ကျင့်ကြံခြင်းအဆင့် နိမ့်သေးတယ်။ သူတို့တောင် ဘာမှ မတတ်နိုင်မှတော့ ကျုပ်ကကော ဘာတတ်နိုင်မှာ မို့လို့လဲ။ ကျုပ်သာ ဂျူနီယာညီမနောက် လိုက်သွားရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမှာပေါ့”
ထိုစကားကို ကြားလိုက်သည့်အခါ လုယင် မျက်နှာပျက်သွားပြီး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားသည်။
အစောပိုင်းက အလွန်တရာကိုမှ စိုးရိမ်နေသဖြင့် ထိုအချက်ကို သေချာမစဉ်းစားမိဘဲ ရန်ကိုင်ကို မြင်မြင်ချင်း ပျော်သွားပြီး သွားအကူအညီ တောင်းမိသည်။ ရန်ကိုင် ပြောတော့မှပဲ သူမလည်း ထိုအချက်ကို ပြန်သတိရမိသွားသည်။ ရန်ကိုင်ဆီမှ မည်သည့် အကူအညီမှ မရနိုင်မှန်း နားလည်လိုက်သည်နှင့် လုယင် မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။
ထိုမွန်းစတားသားရဲ မည်မျှ အစွမ်းထက်ကြောင်း လုယင် ကောင်းကောင်းသိသည်။ လေးယောက်ပူးပေါင်း တိုက်သည့်တိုင် မွန်းစတားသားရဲအား အနိုင်မယူနိုင်ခဲ့ပေ။ ထို့ကြောင့် ရန်ကိုင်ကို ပြန်ခေါ်သွားမည် ဆိုလျှင် နိမ့်ကျသော သူ့ကျင့်ကြံခြင်းအရ သူမတို့အား မည်သည့် အကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သူပါ သူမတို့ ပြဿနာထဲ ရောပါသွားရုံသာ ရှိလိမ့်မည်။
လုယင်ခေါင်းထဲ အတွေးပေါင်း သောင်းခြောက်ထောင်တို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ရန်ကိုင်သည် ချက်ချင်း သဘောမတူလိုက်သော်ငြား မေးတော့ မေးလိုက်သေးသည် “ဘယ်လို မွန်းစတားသားရဲမျိုးလဲ။ အဲ့သားရဲ ဘယ်လောက်အားကောင်းလဲ ညီမယင် သိလား”
လုယင်က မသိလိုက်မသိဘာသာဖြင့် ပြန်ဖြေမိလိုက်သည် “မိုးကြိုးစွမ်းအား အသုံးပြုတဲ့ သားရဲပဲ။ ဘယ်လောက် အားကောင်းလဲ ဆိုတော့ တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်လောက်တော့ အားကောင်းလိမ့်မယ်။ ဒါပေမယ့် သူနေတဲ့ မိုးကြိုးကန်နားမှာ အရံအတားတွေ ဖန်တီးလို့ရလို့ ကျွန်မတို့ ဒုက္ခရောက်ကြရတာ။ မဟုတ်ရင် အစောကြီးကတည်းက ထွက်ပြေးလာလိုက်ပြီ။ စီနီယာအစ်မချန်တို့လည်း အခုအချိန်ထိ ပိတ်မိနေတော့မှာ မဟုတ်ဘူး။ မနိုင်ရင်တောင် ကျွန်မတို့ ခွန်အားနဲ့ ထွက်ပြေးဖို့က ပြဿနာ မဟုတ်ဘူးလေ”
“မိုးကြိုးကန်လား” ရန်ကိုင်က ဘာမှ မပြောသော်လည်း ယန်ယန်၏ မျက်ဝန်းအစုံမှာတော့ တဖျက်ဖျက် လင်းလက်သွား၏။
“ဟုတ်တယ်။ ဒီထဲမှာ မိုးကြိုးကန်တစ်ကန်ရှိတယ်။ ဒါပေမယ့် အဲ့အကြောင်းကို လူသိပ်မသိကြဘူး။ အခု စီနီယာအစ်မချန်ရဲ့ မောင်လေးက အဲ့မိုးကြိုးကန်ကိုသုံးပြီး သူ့ကျင့်စဉ်မှာ အဆင့် မတက်နိုင် ဖြစ်နေတာကို အဆင့် ချိုးဖျက်ချင်နေတာ။ ဒါပေမယ့် အဲ့မွန်းစတားသားရဲ ရုတ်တရက်ကြီး ပေါ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ” လုယင်က အလျင်အမြန် ရှင်းပြလိုက်သည်။
ရန်ကိုင် ယန်ယန်အား လှမ်းကြည့်လိုက်စဉ် ယန်ယန်၏ အသံ တိုးတိုးလေးကို ကြားလိုက်ရသည် “အဲ့မိုးကြိုးကန်ထဲက မိုးကြိုး အရည်ကို ငါလိုချင်တယ်”
ဤပြဿနာထဲ မပါမဖြစ် ပါရတော့မည်မှန်း သိလိုက်သည်နှင့် ရန်ကိုင် သက်ပြင်းချလိုက်သည်။ သို့သော် သူလည်း ရပ်ကြည့်ရန် စီစဉ်ထားခြင်းမဟုတ်။ အစကတည်းက ကူညီရန် စဉ်းစားထားခြင်း ဖြစ်သည်။ ယခု ယန်ယန်ကပါ မိုးကြိုးရည်ကို လိုချင်သည်ဟု ပြောလာသဖြင့် တစ်ခါတည်း အလိုက်သင့် ဖြစ်သွားခဲ့သည်။
မသွားရ မနေ ဖြစ်လာပြီ ဖြစ်လေရာ ရန်ကိုင်လည်း ဆက်ပြီး တုန့်ဆိုင်းမနေတော့ဘဲ “ညီမလုယင် သွားကြရအောင်၊ ကျုပ်ခွန်အားက သိပ်မမြင့်ဘူး ဆိုပေမယ့် စီနီယာအစ်မချန် ဒုက္ခ ရောက်နေတာကို ကျုပ်ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။ ဒါပေမယ့် သူတို့ကို လုံးဝ လွတ်အောင် ကူညီပေးပါမယ်လို့တော့ အပြည့်အဝ အာမမခံနိုင်ဘူးနော်”
“အာ” ထိုစကားကို ကြားလိုက်သည့်အခါ လုယင် စိုးရိမ်နေရာမှ ပျော်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင် ပြောနေသည့်ပုံသည် ဤကိစ္စတွင် ဝင်မပါချင်သလိုလို၊ သို့သော် ဘာကြောင့်မှန်းမသိ မျက်တောင်တစ်ခတ်အတွင်း သူ့ဘောထား အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ လုယင်လည်း ချက်ချင်းပဲ ရန်ကိုင်တို့အား မိုးကြိုးကန်ဆီ ဦးဆောင် ခေါ်သွားလေသည်။
သို့သော်လည်း ရန်ကိုင်အပေါ် သိပ်ပြီးတော့ မျှော်လင့်ချက် မထား။ ထို့ကြောင့် သွားနေရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အားကောင်းသော ပညာရှင် တစ်ယောက်ယောက်နှင့် တွေ့လေများ ရှာကြည့်ခဲ့သည်။
သို့သော်လည်း တစ်ဦးတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ချေ။
သွားနေရင်း မေးခွန်းပေါင်းများစွာ မေးပြီးသည့်နောက် လုယင်တို့အဖွဲ့ သင်္ချိုင်းတောင်ကြားသို့ ဘာကြောင့် လာခဲ့ရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ အစပိုင်းတွင် အားလုံးသည် ချောချောမွေ့မွေ့နှင့် ရှိနေခဲ့သည်။ ရန်ကိုင်တို့နှင့် လမ်းခွဲပြီး မကြာခင်တွင် မိုးကြိုးကန်ကို သူတို့ ရှာတွေ့ခဲ့သည်။
အစီအစဉ်အတိုင်း ချန်ဖန်းလေ့သည် ကန်ထဲသို့ ဝင်ပြီး သူ့ကျင့်စဉ် အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားနေချိန် ကျန်သုံးယောက်သည် သူ့အား ကာကွယ်ပေးမည့် တာဝန်ကို ယူသည်။ အစပိုင်းတွင် အဆင်ပြေပြေ ရှိနေသော်လည်း ရက်အနည်းငယ် ကြာပြီးသည့်နောက်တွင် မိုးကြိုးကန် အနက်ပိုင်းဆီမှ ငွေလမိုးကြိုးသားရဲတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး တိုက်ခိုက်သဖြင့် ချန်ဖန်းလေ့၏ အဆင့်ချိုးဖျက်ခြင်း ကျရှုံးသွားခဲ့ရသည်။
ထိုငွေလမိုးကြိုးသားရဲသည် အတော်လေး ဥာဏ်ရည်မြင့်ဟန် တူသည်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုးကြိုးကန်ပတ်လည်ရှိ အစီအရင်ကို အသက်သွင်းလိုက်ကာ သူတို့ လေးယောက်စလုံးကို ထွက်မပြေးနိုင်အောင် ပိတ်လှောင်ထားလိုက်သည်။
လုယင်တွင် ထွက်ပြေးရန် အထူး ပြုလုပ်ထားသည့် မှော်ရတနာ တစ်ခု ရှိနေသဖြင့် ချန်ရှီတောင်းသည် ကျန်နှစ်ယောက်နှင့် အတူပူးပေါင်းပြီး အကာအရံကို အပေါက် ဖောက်ကာ သူမ ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့သည်။
ကံမကောင်းစွာဖြင့် မိုးကြိုးသားရဲသည် ကန်ထဲမှ စွမ်းအင်များကို အသုံးပြု၍ အကာအရံပေါ်ရှိ အပေါက်ကို ပြန်ဖာထေးလိုက်လေရာ လုယင်မှလွဲ၍ ကျန်သုံးယောက် မိုကြိုးကန်ထဲတွင် ပိတ်ကျန်မိခဲ့ရသည်။
လုယင် ထွက်ပြေးလာခဲ့သည်မှာ တစ်ရက်နှင့်တစ်ည ရှိနေခဲ့လေပြီ။ ယခု ချန်ရှီတောင်းတို့ အခြေအနေ ဘယ်လိုရှိမှန်း သူမ မပြောနိုင်။
“ဒီလောက်ကြာနေပြီဆိုတော့ သိပ်ပြီး အခြေအနေ ကောင်းတော့မယ်လို့ မထင်ဘူး” ရန်ကိုင် သက်ပြင်း ချလိုက်သည်။
“မဟုတ်ဘူး” လုယင်က အလျင်အမြန် ခေါင်းခါလိုက်ပြီး “စီနီယာအစ်မချန်မှာ အရမ်း အားကောင်းတဲ့ အကာအကွယ် မှော်ရတနာ တစ်ခု ရှိတယ်။ အဲ့ဒါနဲ့ဆိုရင် ဟိုမွန်းစတားသားရဲကို မနိုင်ရင်တောင် ခဏလောက်တော့ အချိန်ဆွဲထားနိုင်လိမ့်မယ်”
“အို” ရန်ကိုင် မျက်ခုံး ပင့်လိုက်သည်။
လုယင်က ရှင်းပြလိုက်သည် “တကယ်တော့ အဲ့ဒါက စီနီယာ အစ်ကိုရန်ရဲ့ ကျေးဇူးမကင်းဘူး။ သဲမီးတောက်နယ်မြေထဲ သွားတုန်းက သူတော်စင်သလင်းကျောက်တွေ အများကြီး ကျွန်မတို့ ရခဲ့တယ်လေ။ အဲ့ဒါတွေကို ဂိုဏ်းကို ပြန်အပ်လည်း အပ်ရော၊ အကြီးအကဲတွေက ဆုအဖြစ် ကျွန်မတို့ကို မှော်ရတနာ အချို့ ပြန်ပေးတယ်။ စီနီယာအစ်မက တန်ခိုးရှင် အထွဋ်အထိပ် အဆင့် အကာအကွယ် မှော်ရတနာတစ်ခု ရလိုက်တယ်။ ကျွန်မမှာ ရှိတဲ့ ထွက်ပြေးတဲ့နေရာမှာ သုံးတဲ့ မှော်ရတနာကလည်း အကြီးအကဲတွေဆီက ဆုအဖြစ်ရထားတာပဲ”
“ငါသိပြီ” ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမတွင် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာတစ်ခု ရှိနေသဖြင့် ချန်ရှီတောင်းတို့ နောက်ထပ် နည်းနည်းလောက် အချိန် ဆွဲထားနိုင်ပေလိမ့်မည်။ ထိုသို့သာ မဟုတ်လျှင် ရန်ကိုင်တို့အဖို့ သူမတို့အလောင်းကို သွားကောက်ရုံသာ တတ်နိုင်ပေလိမ့်မည်။
မိုးကြိုးကန်သည် သူတို့သုံးယောက် တွေ့သည့် နေရာနှင့် မနီးသည့်အတွက် အတော်လေး သွားလိုက်ရသည်။
သွားနေရင်းလည်း ရန်ကိုင်သည် ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားနေရသည်။ မတော်လို့ အလောင်းကောင် စစ်သားများ ရုတ်တရက် ပေါ်လာပြီး သူတို့အား တိုက်ခိုက်နေကာ မှဖြင့်။ အလောင်းကောင်များ၏ အဖိုးတန်ရတနာကြီး တစ်ခုကို ခိုးယူလာသဖြင့် အလောင်းကောင်များ သူ့အား အလွတ်ပေးမလား၊ မပေးဘူးလား ရန်ကိုင် သိပ်မသေချာ။ ထို့ကြောင့် ချန်ရှီတောင်းကို ကယ်ရန် သဘောတူလိုက်ခြင်းသည် သူ့အတွက် အတော်လေး စွန့်စားရာ ကျသည်ဟု ပြော၍ရသည်။
မိုးကြိုးကန်နှင့် ဆယ်မိုင်အကွာသို့ ရောက်လာသည့်အခါ လုယင်က ရှေ့တည့်တည့်သို့ လှမ်းညွှန်၍ ပြောလိုက်သည် “အဲ့မှာပဲ။ ကြည့်ရသလောက် စီနီယာအစ်မချန်တို့ ဘာမှ မဖြစ်သေးတဲ့ပုံပဲ”
သူတို့ရှေ့ဘက်မှ တဘုန်းဘုန်း အသံများကို ရန်ကိုင်တို့ ကြားလိုက်ရသည်။ ထို့အပြင် လျှပ်စီးတန်းများ တဖျက်ဖျက် လင်းလက်နေသော မိုးပြာရောင် တိမ်တိုက်များကိုလည်း လှမ်းမြင်နေရသည်။ အံ့အားသင့်ဖွယ် အဖျက်စွမ်းအားတို့ ကိန်းအောင်းနေသော လျှပ်စီးကြောင်းများသည် အချိန်နှင့်အမျှ အောက်သို့ ပစ်ချနေလေသည်။
မိုးပြာရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသည့် အတွက်ကြောင့် လျှပ်စီးရောင်များ တလက်လက် ထနေသည့်တိုင် သူတို့ရှေ့ရှိ မြင်ကွင်းကို ရန်ကိုင်တို့ သေသေချာချာ မမြင်ရချေ။ သို့သော်လည်း တိုက်ပွဲသံများအရ ချန်ရှီတောင်းတို့အဖွဲ့ မသေသေးမှန်း သိသာ၏။ သို့သော်လည်း ထိုတိမ်တိုက်အတွင်းရှိ အရှိန်အဝါသုံးခု အားနည်းစ ပြုနေပြီမှန်း ရန်ကိုင် သတိပြုမိလိုက်သည်။ ထို့ကြောင့် ချန်ရှီတောင်းတို့ အဖွဲ့ ယခု အချိန်ထိ တောင့်ခံထားနိုင်သည့်တိုင် အကန့်အသတ်ကို ရောက်နေပြီဟု ဆို၍ရသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည် “သွားကြမယ်”
ပြောပြီးသည်နှင့် ရန်ကိုင် ချက်ချင်း ပြေးထွက်သွားသည်။ လုယင်လည်း ရန်ကိုင်နောက် ပြေးလိုက်သွားပြီး ငှက်သီးကျူး သကဲ့သို့ အသံနှင့် တူညီသော အသံလေးများ လုပ်လိုက်သည်။ ထိုအသံများထဲ အပြင်လူတို့ မသိနိုင်သော အချက်အလက်များ ပါဝင်နေပေသည်။
သူမ အသံကိုကြားသော် မိုးကြိုးသားရဲအား ရုန်းကန် တိုက်ခိုက်နေသော ချန်ရှီတောင်းက ပျော်ရွှင်မြူးထူးစွာဖြင့် ကျန်နှစ်ယောက်ကို လှမ်းပြောလိုက်သည် “ဂျူနီယာ ညီမလေးလုယင် ပြန်လာပြီ။ သူအကူအညီ ခေါ်လာတဲ့ပုံပဲ”
ထိုစကားကို ကြားသော် ဝမ်ယုဟန်နှင့် ချန်ဖန်လေ့တို့ စိတ်အား တက်ကြွသွားကြလေသည်။ သုံးယောက်သား အတိုင် အဖောက်ညီညီဖြင့် ခုခံခြင်းတွင်သာ အာရုံစိုက်နေသည့် အတွက်ကြောင့် ယခုအချိန်အထိ ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
“စီနီယာအစ်မချန်” မကြာမီ လုယင်၏ အသံ အကာအရံ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ချန်ရှီတောင်းက လုယင်ဘက်သို့ ချက်ချင်း လှည့်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြန်မေးလိုက်သည် “ဂျူနီယာညီလုယင်၊ နင်အကူတွေ တွေ့လာတာလား”
“အင်း။ ကျွန်မတို့ကို ကူညီဖို့ စီနီယာအစ်ကိုရန်ကို ခေါ်လာခဲ့တယ်” လုယင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်ကိုရန်” ချန်ရှီတောင် မှင်သက်သွားပြီး လုယင်နောက်သို့ လှမ်းကြည့်လိုက်ရာ အလေးအနက် အမူအရာဖြင့် ရပ်နေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။
“မောင်လေးရန်လား…” ချန်ရှီတောင်း ငိုရခက်၊ ရယ်ရခက် ဖြစ်နေချေပြီ။ လုယင် တွေ့လာသည့် အကူသည် ရန်ကိုင် ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ ရန်ကိုင်သည် ကံကြမ္မာ သားတော်တစ်ဦး ဖြစ်သော်လည်း ကံကြမ္မာကောင်းသည် လက်ရှိ သူမတို့အား မည်သို့မှ ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ကံကိုယုံ၍ ဆူးပုံနင်းလျှင် မရဏလမ်း မြန်းရရုံသာ ရှိပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၀၂)
လုယင် ခေါ်လာသည့် အကူသည် ရန်ကိုင် ဖြစ်နေမှန်း သိလိုက်ပြီးသည့်နောက် ချန်ရှီတောင်း ခါသက်စွာ ပြုံးလိုက်၏။ ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပြီး နောက်ပိုင်း သူနှင့်အတူ စွန့်စားသွားလာချင်သော်လည်း လက်ရှိ အခက်အခဲကိုမှ မကျော်လွှားနိုင်လျှင် အနာဂတ်အကြောင်း တွေးနေလျှင်ကော ဘာထူးမည်နည်း။
ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးလေရာ အကာအရံကို ချိုးဖျက်ပြီး သူတို့ သုံးယောက်ကို မည်ကဲ့သို့ ကယ်နိုင်မည်နည်း။
သို့သော်လည်း သူမတတ်စွမ်းနိုင်မှန်း သိလျှက်နှင့်ပင် သူတို့အား လာကူညီသေးသည်။ ထို့ကြောင့် ချန်ရှီတောင်း စိတ်ထဲ စိတ်ပျက်နေမိသော်လည်း ကျေးဇူးတင်စကားတော့ ပြန်ပြောလိုက်ပေသည်။
ဝမ်ယုဟန်ကမူ ရန်ကိုင်ကို မြင်သည်နှင့် ဒေါသတကြီး အော်တော့လေသည် “သူ့ကို ခေါ်လာလို့ ဘာအသုံးဝင်မှာလဲ။ ငါတို့မှာတော့ နင်လွတ်ဖို့ ကြိုးစားပန်းစား လုပ်ပေးလိုက်ရတာ။ နင်ကတော့ သူကိုပဲ ရှာလာတယ်။ နင် ငါတို့ကို သေစေချင်နေတာလား”
သူ့စကားလုံးများသည် ကျိန်ဆဲနေခြင်း မဟုတ်သော်ငြား အတော့်ကိုမှ ပြင်းထန်ပေသည်။
လုယင်၏ မျက်နှာလေး ဖြူလျော်သွားပြီး စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသည်။
ထိုအခြင်းအရာကို မြင်သော် ချန်ရှီတောင်း မျက်နှာ သုန်မှုန်သွားပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “စီနီယာအစ်ကိုဝမ်၊ ရှင်အဲ့လောက် မလွန်နဲ့။ ကျွန်မတို့ အခု ဘယ်နေရာ ရောက်နေလဲ ရှင်မေ့နေတာလား။ ပုံမှန်ဆို ဒီကို ဘယ်သူမှ မလာဘူး။ လုယင် မောင်းလေးရန်ကို ရှာတွေ့ လာတာတောင် ကံကောင်းတယ်လို့ ပြောနေရနေပြီ။ ရှင်ဘာတွေ ထပ်ပြီး မျှော်လင့်နေသေးတာလဲ”
ချန်ရှီတောင်းမှ သူ့အား ရက်ရက်စက်စက် ဝေဖန် ပြစ်တင်လိုက်သဖြင့် ဝမ်ကုဟန်မျက်နှာ မှုတ်ကုတ်သွားရ၏။ ဘာမှပြန်မပြောသော်လည်း ချန်ရှီတောင်း ပြောသည်ကို လက်မခံချင်သည့်ပုံပင်။
အကာအရံ အပြင်ဘက်တွင် ရပ်နေသော ရန်ကိုင်သည် ဝေကုချန်းအား ဆက်ကြည့်မနေတော့ဘဲ တိတ်တဆိတ် အကြည့်လွှဲလိုက်သည်။ ဝေကုချန်း၏ လေသံကို မကြိုက်သော်ငြား အချိန်ကုန်ခံ၊ လေကုန်ခံပြီး ပြန်ငြင်းမနေချင်ခဲ့။
သူလက်ရှိ အာရုံစိုက်ရမည့် အရာသည် သူ့ရှေ့ရှိ အရံအတားထဲတွင် ရှိနေသော ငွေညမိုးကြိုးသားရဲပင် ဖြစ်သည်။
ဤနေရာတွင် အစီအရင်တစ်ခု ဘာကြောင့် ရှိနေလဲ တွေးနေစရာမလို။ မိုးကြိုးကန်၏ တည်ရှိမှုအရ ဤနေရာသည် တစ်ချိန်က ရှေးဟောင်းယန်ဂိုဏ်း၏ တားမြစ်နေရာတစ်ခု ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ ဤနေရာသည် မိုးကြိုး စွမ်းအားကို ကျင့်ကြံကြသည့် တပည့်များ လေ့ကျင့်ရန်အတွက် နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ငွေညမိုးကြိုးသားရဲသည် မည်သို့သော နည်းလမ်းကိုသုံး၍ အစီအရင်အား အသက် သွင်းသွားလဲ ဆိုသည်မှာမူကား အနည်းငယ်တော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။
ညမိုးကြိုးသားရဲသည် သန့်စင်သော မိုးကြိုးစွမ်းအင်သုံး မွန်းစတားသားရဲတစ်ကောင် ဖြစ်သည်။ အရံအတားနှင့် မိုးကြိုး ရေကန်၏ အကူအညီပါ ရထားသဖြင့် လုယင် ပြောသည့်အတိုင်း ပုံမှန်ထက် ပိုမို သာလွန်သော စွမ်းအားကို ထုတ်ဖော်ပြသ နိုင်ခဲ့သည်။
မိုးကြိုးသားရဲ၏ အသွင်အပြင်သည် အတော်လေးကို ထူးဆန်းလှသည်။ ၎င်းတွင် နွားဦးခေါင်၊ ဒရယ် ခန္ဓာကိုယ်နှင့် ကျားသစ်အမြီးတို့ ပါသည်။ လျှပ်စီးတန်းများသည် ခန္ဓာကိုယ် တစ်လျှောက် စုံချည်ဆန်ချည် သွားလာနေပြီး တစ်ကိုယ်လုံးကို မာကျောထူထည်းလှသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
ကွေးနေသော ၎င်း၏ ဦးချိုနှစ်ချောင်းတွင် လျှပ်ပန်း လျှပ်နွယ်လေးများ လက်နေခဲ့သည်။ ၎င်း၏ ဦးခေါင်းကို တစ်ကြိမ် ရမ်းလိုက်တိုင်း ကောင်းကင်ထက်ရှိ တိမ်တိုက်ဆီမှ လျှပ်စီးတန်းများ ကျဆင်းလာသည်။ ငွေညမိုးကြိုးသားရဲသည် ထိုလျှပ်စီးတန်းများကို စုပ်ယူပြီး ချန်ရှီတောင်းတို့ အဖွဲ့ဆီ ပြန်လည် ပစ်လွှတ်သည်။ သို့သော်လည်း တိမ်တိုက်ဆီမှ ဆွဲယူ၍ တစ်ဖန်ပြန်လည် ပစ်လွှတ်သော လျှပ်စီးတန်းများသည် မူရင်း လျှပ်စီးတန်းထက် ပို၍ အားကောင်းနေခဲ့သည်။
ထို့အပြင် တိုက်ခိုက်နေရင်းနှင့် ၎င်း၏ ပါးစပ်ကိုဟ၍ လျှပ်စီးဘောလုံးများကို ပစ်လွှတ်တတ်သေးသည်။ ထိုလျှပ်စီး ဘောလုံးသည် ချန်ရှီတောင်းတို့ အဖွဲ့ကို သွားထိမှန်သည့်အခါ လျှပ်စစ်မြွေလေးများအဖြစ် ပေါက်ကွဲသွားကြသည်။
ချန်ရှီတောင်းတို့ အဖွဲ့သည် လက်ရှိတွင် ထီးတစ်လက်မှ ထုတ်ဖော်ထားသည့် ဆယ်မီတာအချင်းရှိသော အကာရံထဲတွင် ပုန်းခိုနေကြရသည်။ ထီး၏ မျက်နှာပြင် တစ်လျှောက် အစီအရင် မျဉ်းကြောင်းများ၊ အမှတ်အသားများ အသက်ဝင်လှုပ်ရှား သွားလာနေကြသည်။
ငွေညလျှပ်စီးသားရဲမှ ပစ်လွှတ်လိုက်သော် တိုက်ခိုက်မှု အားလုံး ထိုအကာအရံနှင့် တွေ့သွားသည့်အခါ ၎င်းတို့၏ စွမ်းအားမှ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ ထိုထီးကြောင့်သာ မဟုတ်လျှင် ချန်ရှီတောင်းတို့အဖွဲ့ အစောကြီး ကတည်းက ပျောက်ကွယ်သွားနှင့်ပေပြီ။
ချန်ရှီတောင်းသည် ငွေညမိုးကြိုးသားရဲ၏ တိုက်ခိုက်မှု အများစုကို တားဆီးနိုင်ခဲ့သော်လည်း သူမတို့ သုံးယောက်အဖွဲ့ အခြေအနေ ကောင်းမနေခဲ့ချေ။ ဝမ်ယုဟန်သည် ချန်ရှိတောင်း၏ အကာအရံ မတားဆီးနိုင်သော တိုက်ခိုက်မှုများကို သူ့ကိုယ်ပိုင် မှော်ရတနာဖြင့် ထပ်မံ တားဆီးသည်။ ချန်ရှီတောင်း၏ အကာအရံကို ကျော်ဖြတ်လာသော တိုက်ခိုက်မှုများသည် ဝေကုချန်း ထုတ်လွှတ်ထားသည့် ရောင်စုံ အလင်း မျက်နှာပြင်ကို ထိမှန်သွားသည့်အခါ ထူးထူးဆန်းဆန်း ပျောက်ကွယ် သွားကုန်ကြ၏။
ချန်ဖေးလေ့၏ တစ်ကိုယ်လုံးမှာမူ လျှပ်စီးတန်းများ လင်းလက်နေခဲ့သည်။ ချန်ဖေးလေ့သည် မည်သည့် ခုခံမှုမှ မပြုလုပ်ဘဲ ပြန့်ကျဲထွက်လာသော လျှပ်စီးတန်းများကိုသာ စုပ်ယူနေခဲ့သည်။
သုံးယောက်အနက် သူအသက်သာဆုံး ဖြစ်သည်။ လျှပ်ပန်း လျှပ်နွယ်များသည် သူ့အား မထိခိုက်စေရုံမက သူ့ခွန်အားကိုပင် တိုးတက်စေခဲ့သည်။
ချန်ရှီတောင်းတို့ သုံးယောက်အဖွဲ့သည် ထိုနည်းဖြင့် ငွေညမိုးကြိုးသားရဲ၏ တိုက်ခိုက်မှုများကို ခုခံနေခဲ့ကြသည်။ လောလောလတ်လတ်တွင် သုံးယောက်စလုံး အသက် အန္တရာယ် မရှိသေးသော်လည်း ထိုနည်းအတိုင်းသာ ဆက်သွားနေမည် ဆိုပါက ချန်ရှီတောင်းနှင့် ဝမ်ကုဟန်တို့ ခြေကုန်လက်ပန်း ကျလာပေလိမ့်မည်။ ထိုအခါ သူတို့ သုံးယောက်စလုံး ကျားရှေ့ မှောက်လျက်လဲသည့် သိုးငယ်လေးများပမာ ဖြစ်ကုန် ကြပေလိမ့်မည်။ ချန်ဖေးလေ့ပင်လျှင် ဘာမှ တတ်နိုင်မည် မဟုတ်ချေ။
“မောင်းလေးရန်” ချန်ရှီတောင်းသည် မိုးကြိုးသားရဲ၏ တိုက်ခိုက်မှုများကို ခုခံနေရင်းမှ လှမ်းအော်ပြောလိုက်သည် “နင်မှာ ငါ့တို့ကို ကူညီပေးနိုင်မယ့် နည်းလမ်းရှိရင် မြန်မြန်လေး ကူညီပေးပါနော်။ ငါတို့ အကြာကြီး ဆက်ပြီး မတောင့်ခံ နိုင်တော့ဘူး”
ရန်ကိုင်သည် ရောက်လာကတည်းက မတ်တပ်သာ ရပ်နေပြီး ဘာမှ မလုပ်သေးချေ။ ထို့ကြောင့် ချန်ရှီတောင်း စိတ်ပူလာရသည်။
သို့သော်လည်း ရန်ကိုင်က “ခဏစောင့်” ဟူ၍သာ ပြန်ပြောလိုက်သည်။
ချန်ရှီတောင်း ခါးသက်သက် ဖြစ်သွားသည်။ သို့သော် ရန်ကိုင်အား သွားတိုက်တွန်းမနေခဲ့ချေ။ ဝမ်ယုဟန်ကမူ ရန်ကိုင်အား ‘မကူညီဘူးဆိုရင် ထွက်သွား’ဟု ပြောနေသည့်နှယ် အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
လုယင်သည် တုန့်ဆိုင်းခြင်းမရှိ တိုက်ပွဲထဲ ဝင်လာခဲ့သည်။ သို့သော်လည်း အကာအရံကြောင့် အထဲသို့ မဝင်နိုင်ခဲ့ဘဲ အပြင် ဘက်မှ နေ၍သာ အကာအရံကို တိုက်ခိုက်နေခဲ့ရသည်။
ယန်ယန် အစီအရင်အား ဖျက်စီးရန် ကြိုးစားနေသည်ကို ရန်ကိုင်မှအပ မည်သူမှ သတိမပြုမိခဲ့ချေ။ အစီအရင်အား ဖျက်စီးမည့် တာဝန်ကို ယန်ယန် ပေးထားသည့် အတွက် ကြောင့်သာ ရန်ကိုင် မလှုပ်ရှားသေးခြင်း ဖြစ်သည်။
အကာအရံသည် အတော်လေးကို ထူးဆန်းလှသည်။ ထို့ပြင် မိုးကြိုးကန်တွင်းမှ စွမ်းအင်များကိုလည်း အဆက်မပြတ် စုပ်ယူနေသေးသည်။ ထိုကဲ့သို့သော အစီအရင်မျိုးကို အကြမ်းနည်း သုံး၍ အချိန်တိုအတွင်း ဖျက်စီးနိုင်လိမ့်မည် မဟုတ်လေရာ ရန်ကိုင် ကကော ဘာကြောင့် အလကားသက်သက် အားကုန်ခံရမည်နည်း။
ခဏအကြာတွင် ယန်ယန်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “နင်စလို့ရပြီ။ အစီအရင်ကို ငါဖျက်စီးရမယ် ဆိုရင် နည်းနည်း အချိန်ကြာလိမ့်မယ်။ ဒါပေမယ့် နင့်စွမ်အားသုံးပြီး တိုက်ခိုက်လိုက်မယ် ဆိုရင်တော့ ပိုပြီး မြန်လိမ့်မယ်။ မိုးကြိုးကန်နဲ့ အစီအရင်ကြားက ဆက်သွယ်ချက်ကို ငါဖျက်စီးပြီးသွားပြီ။ အဲ့ကိစ္စကို နင်စိတ်ပူနေစရာ မလိုတော့ဘူး”
“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး တောင်တစ်ရာ ပန်းချီကားချပ်ကို ထုတ်လိုက်သည်။ တောင်တစ်ရာပန်းချီကားချပ် ကို ထုတ်ပြီးသည်နှင့် တောင်ဆယ်နှစ်လုံးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ တစ်ထောင်တစ်တောင် ပိုကြီးသော တောင်ဆယ့်နှစ်လုံး အဆင့်အဆင့် ထွက်ပေါ်လာခဲ့သည်။ တောင်များ အပြင်သို့ ရောက်နေသည်နှင့် ရန်ကိုင်သည် အစီအရင်အား ထိုတောင်ဆယ့်နှစ်လုံးဖြင့် ရက်ရက်စက်စက် ထုရိုက်ချလိုက်လေသည်။
“ဟွန့်၊ ဘယ်လို နည်းလမ်းသုံးမနေဘဲ မှတ်တယ်။ အရင်နည်းပဲကိုး။ ညီမချန်။ ငါတို့ သူ့အပေါ် အားကိုးနေလို့ မဖြစ်ဘူး။ ငါတို့ဘာသာ လမ်းရှာမှ ရမယ်” ရန်ကိုင် ယခင် တစ်ကြိမ်က သုံးသွားသည့် နည်းလမ်းအား ပြန်သုံးနေသည်ကို မြင်သော် ဝမ်ယုဟန် အထင်အမြင် တသေးဖြင့် နှာခေါင်း ရှုံ့လိုက်သည် “မိုးကြိုးကန်က အားဖြည့်ပေးနေတာကို အကြမ်းနည်း သွားသုံးလို့ ဘာမှ မထူးဘူး ဆိုတာကို ဒီကောင် မသိဘူးလား မသိဘူး”
ချန်ရှီတောင်းလည်း ရန်ကိုင်၏ လုပ်ရပ်ကို မြင်သော် အနည်းငယ် မျက်မှောင် ကြုတ်သွားခဲ့သည်။ သို့သော် ဝမ်ယုဟန်၏ ပြောပုံဆိုပုံသည်လည်းသူမအား စိတ်အနှောင့်အယှတ် ဖြစ်စေ၏။ ထို့ကြောင့် ချန်ရှီတောင်း မည်သို့ ပြန်ပြောလို့ ပြန်ပြောရမှန်း ဖြစ်သွားခဲ့သည်။
တောင်များ အရံအတားပေါ်သို့ ကျဆင်းလာသည့်အခါ အရံအတား မျက်နှာပြင်ထက် အက်ကြောင်းများ ဖြစ်ပေါ် လာခဲ့သည်။ ထိုသို့ ဖြစ်လာသည့်အခါ အကာအရံအား ပြန်လည် ပြုပြင်လို့သည့်အလား မိုးကြိုးကန်ထဲရှိ ရေများ လှိုင်းထကာ မြင့်တက်လာခဲ့သည်။
ချန်ရှီတောင်းနှင့် ဝမ်ယုဟန်တို့ ထိုမြင်ကွင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်တွေ့ဖူးပြီးသွားလေပြီ။ ထို့ကြောင့် အားကုန်ခံပြီး အကာအရံကို မတိုက်ခိုက်ကြခြင်း ဖြစ်သည်။ မိုးကြိုးကန် ရှိနေသည့်အလျောက် အကာအရံကို တစ်ချက်တည်း မဖျက်စီးနိုင်လျှင် အကာအရံသည် သူ့အလိုလို ပြန်ကောင်းသွားပေလိမ့်မည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဘာကြောင့်မှန်းမသိ မိုးကြိုးကန်ထဲရှိ မိုးကြိုးစွမ်းအင်များသည် အကာအရံဆီသို့ မစီးဆင်းသွားဘဲ အခြားတစ်ဖက်သို့ စီးဆင်းသွားခဲ့သည်။ ထို့ကြောင့် အရံအတားလည်း သူ့ဘာသာ ပြန်မကောင်းနိုင် ဖြစ်သွားခဲ့ရလေသည်။
အကာအရံ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ မိုးကြိုးစွမ်းအင်များကို မြေကြီးထဲသို့ ကူးပြောင်းပေးနေသော သစ်သားခြောက်တစ်စကို တွေ့လိုက်ရသည်။
ရန်ကိုင်လည်း ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ။ သိုသော် ယန်ယန်အပေါ် ယုံကြည်ချက် အပြည့်ရှိသည်။ ထို့ကြောင့် တောင်ဆယ့်နှစ်လုံးဖြင့် အကာအရံကို အားပါးတရ ဆက်လက် ထုရိုက်နေခဲ့သည်။
ရန်ကိုင်သည် ဆက်၍ အချိန် မဆွဲချင်တော့သည့် အတွက်ကြောင့် သူ့ခွန်အားကို ထိန်ချန်ထားမနေတော့ချေ။ ထို့အတွက်ကြောင့် တောင်တစ်ရာ ပန်းချီကားချပ်၏ စွမ်းအားမှာလည်း ယခင်တစ်ကြိမ် အသုံးပြုခဲ့သည်ထက် အဆပေါင်းများစွာ ပိုမို မြင့်တက်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်သော် ချန်ရှီတောင်း အံ့ဩသွားခဲ့ပြီး ယခင်အခါက ရန်ကိုင် သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့မှန်း နားလည်လိုက်သည်။
ရန်ကိုင်က အရံအတားကို ဖျက်စီးနေသည့် အချိန်တွင် ငွေညမိုးကြိုးသားရဲကလည်း ငြိမ်မနေခဲ့ချေ။ တိမ်တိုက်များဆီမှ လျှပ်စီးတန်းများကို ဆွဲယူပြီး လူတစ်ယောက်၏ ခြေထောက် တစ်ချောင်းမျှ တုတ်သော မိုးကြိုးတန်းတစ်စင်းကို ဖန်တီး၍ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
“မောင်လေးရန် သတိထား” ထိုတိုက်ခိုက်မှုထဲ စွမ်းအား မည်မျှ ပါဝင်နေသလဲ သူမ ကောင်းကောင်း သိပေသည်။ သူမ၏ အကာအကွယ် မှော်ရတနာကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုကို မည်သို့မှ ထိပ်တိုက် ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးလေရာ ထိုတိုက်ခိုက်မှုဖြင့်သာ ထိမှန်သွားလျှင် တစ်ခါတည်း တန်းအသက် ပျောက်သွားပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်သည် သူမ၏ စကားကို ကြားသည့်တိုင် တုတ်တုတ်မျှ မလုပ်။ ရုတ်တရက် ရန်ကိုင် ရှေ့တွင် ခရမ်းရောင်ဒိုင်း တစ်ချပ် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သဲမုန်တိုင်းတစ်ခုလည်း ထွက်ပေါ်လာခဲ့လေသည်။
သဲမုန်တိုင်းထဲ တိုးဝင်သွားသော လျှပ်စီးတန်းသည် စဉ်ဆက်မပြတ် လှည့်ပတ်နေသော သဲမုန်တိုင်း၏ အဆက်မပြတ် တိုက်စားမှုကြောင့် တစ်ခဏအတွင်း ပျောက်ကွယ်သွားရသည်။
“တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာ” ဝမ်ယုဟန်၏ မျက်လုံးထဲ လောဘအရိပ်အယောင်တို့ ထွက်ပေါ် လာခဲ့သည်။
သူသည် အစွန်းရောက်ဂိုဏ်း၏ တပည့် တစ်ယောက်ပြီး သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်ငြား ယခုထိချိန် တန်ခိုးရှင် အလယ်နှင့်အထက် မှော်ရတနာတစ်ခုပင် ပိုင်ဆိုင်ဖူးခြင်း မရှိသေးချေ။ ချန်ရှီးတောင်းသည် သူမ၏ မှော်ရတနာကို ဂိုဏ်းအကြီးအကဲများဆီမှ ရထားခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုကောင်လေးသည် သူ့မှော်ရတနာကို မည်သည့် နေရာမှ ရထားသနည်း။
ကြည့်လိုက်ရုံဖြင့် ထိုခရမ်းရောင်ဒိုင်းသည် ချန်ရှီတောင်း၏ အကာအကွယ် မှော်ရတနာအောက် မနိမ့်ကျမှန်း သိနိုင်သည်။
ထိုမှော်ရတနာကို ကြည့်ရင်း သူ့ပိုင်ဆိုင်မှုအကြောင်း တွေးမိလိုက်သော် ‘ငါအတော့်ကို ဆင်းရဲပါလား’ဟု ဝမ်ယုဟန် တွေးမိသွားသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၀၃)
ဝမ်ယုဟန် ရန်ကိုင် မှော်ရတနာကို အကြည့်စိုက်နေစဉ် ငွေညမိုးကြိုးသားရဲ ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့တိုက်ခိုက်မှု ရန်ကိုင်အား ဘာမှ မလုပ်နိုင်ခဲ့သောကြောင့် ဒေါသ ထွက်သွားသည့်ပုံပင်။ ထို့ကြောင့် ချန်ရှီတောင်းတို့နှင့် တိုက်ခိုက်ရာတွင် ခွန်အား တစ်ဝက်ကိုသာ သုံးတော့ပြီး ကျန်တစ်ဝက်ကို ရန်ကိုင်အား တိုက်ခိုက်ရန်အတွက် အသုံး ပြုလိုက်လေသည်။ ၎င်း၏ ဦးချိုနှစ်ချောင်း တဖျက်ဖျက် လင်းလက် တောက်ပလာပြီး မိုးကြိုးလုံးများကို ရန်ကိုင်ဆီသို့ တစ်လုံးပြီး တစ်လုံး ပစ်လွှတ်လိုက်သည်။
ထိုအဖြစ်အပျက်ကြောင့် ချန်ရှီတောင်းတို့ သုံးယောက် ပျော်သွားခဲ့သည်။ သူတို့ ခံစားနေရသည့် ဖိအား ရုတ်တရက် လျော့ကျသွားခဲ့လေပြီ။ ယခင်က မိုးသီးမိုးပေါက်များနှယ် သူတို့ဆီသို့ အဆက်မပြတ် တိုးဝင်လာနေသော တိုက်ခိုက်မှုများ သည် ယခုအခါ သူ့တို့ဆီသို့သက်သက် မဟုတ်တော့ဘဲ ရန်ကိုင် ဆီသို့ပါ တိုးဝင်သွားနေခဲ့သည်။ ချန်ရှီတောင်းတို့ သုံးယောက် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ချန်ရှီတောင်းသည် အကာအကွယ် မှော်ရတနာကို အသက်သွင်းထားစဉ် ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့ တို့သည် တိုက်ခိုက်ရေး မှော်ရတနာ အသီးသီးကို ထုတ်ဖော်၍ အကာအရံအား တိုက်ခိုက်လိုက်ကြသည်။
ဝမ်ဟုယန်နှင့် ချန်ဖန်းလေ့တို့သည် သူတို့ဂိုဏ်းတွင် အဆင့်အတန်းအချို့ ရှိသည့်ပုံပင်။ နှစ်ယောက်စလုံးသည် အဆင့်မြင့် တန်ခိုးရှင်အဆင့် မှော်ရတနာများကို မပိုင်ဆိုင် ထားသော်လည်း တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာ တစ်ခု၊ နှစ်ခုလောက်ကိုမူ ပိုင်ဆိုင်ထားကြသည်။ ရန်ကိုင်နှင့် သူတို့ နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှု အောက်၍ အရံအတား မတည်မငြိမ် ဖြစ်လာခဲ့သည်။
သူတို့၏ တိုက်ခိုက်မှု အလုပ်ဖြစ်သည်ကို မြင်သော် နှစ်ယောက်စလုံး စိတ်အားတက်ကြွသွားပြီး သူတို့၏ ခွန်အားကို ချက်ချင်း တိုးမြှင့်လိုက်လေသည်။ လုယင်ပင် စိတ်ဓါတ် တက်ကြွလာပြီး အားသွန်ခွန်စိုက် တိုက်ခိုက်နေခဲ့သည်။
ထိုစဉ်အတောအတွင်း၊ အရံအတား၏ အပြင်ဘက်၌၊ ရန်ကိုင်သည် ငွေညမိုးကြိုးသားရဲ၏ အဝေးပစ် တိုက်ခိုက်မှုများကို မကြောက်ချေ။ မွန်းစတားသားရဲ သူ့အား အာရုံစိုက်လာသည်ကို သတိပြုမိသော် ခွန်အားကို ထပ်မံ တိုးမြှင့်လိုက်ပြီး ပုံရိပ်ယောင် တောင်များ၏ စွမ်းအားကို ထပ်မံ မြှင့်တင်လိုက်သည်။
အတွင်းရော၊ အပြင်ကပါ တိုက်ခိုက်နေသလို စွမ်းအင် အထောက်အပံ့လည်း မရှိသဖြင့် ချန်ရှီတောင်းတို့ အဖွဲ့အား ကူကယ်ရာမဲ့စေခဲ့သော အကာအရံသည်၏ မျက်နှာပြင်ထက် အသက်ဆယ်ရှိုက်စာ အတွင်း အက်ကြောင်းများ ဖြစ်ပေါ် လာခဲ့ရသည်။
ထိုအခြင်းအရာကို မြင်သည်နှင့် သူအစွမ်းပြနိုင်မည့် အခိုက်အတန့်သို့ ရောက်လာပြီဖြစ်ကြောင်း ဝမ်ယုဟန် သိလိုက်သည်။ ချက်ချင်းပဲ အပြာရောင်ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဓါးကိုအား သူ့ရှေ့တည့်တည့်တွင် ဒေါင်လိုက်ကိုင်လျက် လျှာကိုကိုက်ကာ ဓါးရှည်ပေါ်သို့ သွေးတစ်ပွက် မှုတ်ထုတ်လိုက်၏။ အပြာရောင်ဓါးကိုယ်ထည် တစ်ခုလုံး အရောင်တောက်လာပြီး တဆတ်ဆတ် တုန်ခါလာတော့သည်။ ဓါးရှည် အသက်ဝင်လာပြီး ဝမ်ယုဟန်၏ လက်ထဲမှ အသည်းအသန် ရုန်းထွက်ချင်နေသည့် ပမာ။
သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် ဝမ်ယုဟန်၏ မျက်နှာ နီမြန်းလာခဲ့သည်။ ဤတိုက်ခိုက်မှုကို ထုတ်သုံးရန် အတွက် သူ့အတွက်လည်း အတော့်ကိုမှ မလွယ်သည့်ပုံပင်။
ဓါးရှည်မှ စူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်နှင့်အတူ ဝမ်ယုဟုန်၏ အရှိန်အဝါ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ဓါးကို ဟန်ပါပါ ကိုင်လျက် အရံအတားဆီသို့ ခုန်သွားလေသည်။
ဝမ်ယုဟန်သည် ဓါးနှင့် တစ်သားတည်း ကျနေသည့်နှယ် သူ့ခန္ဓာကိုယ်မှပါ ဓါးအရောင်အဝါ ထွက်ပေါ်နေသည်။ အရံအတား ရှေ့သို့ ရောက်သည်နှင့် ဓါးကို အားပါပါဖြင့် ခုတ်ချလိုက်သည်။ အရံအတားဆီမှ ဓါးချက်ကို တားဆီးရန် လျှပ်စီးစလေးများ ပေါက်ကွဲထွက်လာခဲ့လေသည်။
ဤသို့ဖြင့် ဓါးအလင်းရောင်နှင့် လျှပ်စီးစလေးများ စတင် ပြိုင်ဆိုင်ကြတော့သည်။ နှစ်ဖက်စလုံး သူမသာ ကိုယ်မသာ ဖြစ်နေရာ အခြေအနေသည် မျှခြေသို့ ရောက်သွားခဲ့သည်။
သို့သော်လည်း ထိုမျှခြေသည် တစ်ခဏလေးသာ ကြာခဲ့ပြီး ဝမ်ယုဟန်မှက ရုတ်တရက် အော်လိုက်သည် “ချိုးဖျက်လိုက်စမ်း”
သူ့ပါးစပ်မှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ယုဟန်၏ အရောင်အဝါ တစ်ဖန်ပြန်လည် ထပ်မံ မြင့်တက်သွားခဲ့ပြန်သည်။ အကျိုးဆက်အနေဖြင့် မိုးကြိုးစလေးများသည် ဓါးရောင်နှင့် ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ အဘက်ဘက်သို့ လွင့်စင့် ပျောက်ကွယ်သွားရတော့၏။ ခရက်ဆိုသော အသံနှင့်အတူ အရံအတားတစ်ခုလုံးလည်း ပြိုကျ ပျက်စီးသွားခဲ့သည်။
ရန်ကိုင် စလှုပ်ရှားသည့် အချိန်မှစ၍ ယခုအချိန်အထိ အသက် နှစ်ဆယ်ရှိုက်သာ ကြာပေသေးသည်။
ထိုသို့ ဖြစ်ရခြင်းမှာ ရန်ကိုင်မှ အချိန်မဖြုန်းချင်တော့သည့် အတွက် စွမ်းအားကုန်ထုတ်သုံး၍ တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့် ဖြစ်သလို ချန်ရှီတောင်းနှင့် သူမ၏ အဖော်များသည် သာမန် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ မဟုတ်ကြသောကြောင့် ဖြစ်ပေသည်။ သူတို့ အားလုံးသည် သူတို့ ဂိုဏ်းအသီးသီး၏ လက်ရွေးစင်များ ဖြစ်ကြရာ သာမန် သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူများထက် အများကြီး ပိုအားကောင်းသည်။
ထို့အပြင် အရံအတားကို ငွေညမိုးကြိုးသားရဲမှ အသက် သွင်းထားခြင်း ဖြစ်သည်။ ငွေညမိုးကြိုးသားရဲသည် အရံအတားကို အသက်သွင်းတတ်သော်လည်း မထိန်းချုပ်တတ်ချေ။ ထို့ကြောင့်ပဲ ရန်ကိုင်တို့မှ အရံအတားကို အလွယ်တကူ ဖျက်စီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ငွေညမိုးကြိုးသားရဲသာ အရံအတားကို ကောင်းကောင်း ထိန်းချုပ်နိုင်လျှင် ရန်ကိုင်တို့အတွက် အရံအတားကို ဖျက်စီးရန် အတော်လေး ခက်ခဲပေလိမ့်မည်။
အရံအတား ပျက်စီးသွားသည်နှင့် ချန်ရှီတောင်းတို့ သုံးယောက် အပြင်သို့ ချက်ချင်း ပြေးထွက်လာကြသည်။ ဤနေရာ၌ တစ်စက္ကန့်လေးပင် သူတို့ ထပ်မနေချင်တော့ပေ။
ဝမ်ယုဟန်ကမူ ဟန်အပြင်ဖြင့် ရယ်မောရင်း ကောင်းကင် ပေါ်တွင် ဝဲလျက် သူ့အား အခြားသူများ ချီးကျူးလာမည့် အချိန်ကို စောင့်နေလိုက်သည်။
ချန်ဖန်းလေ့က ဝမ်ယုဟန်အား လေးစားအားကျစွာ ကြည့်၍ အမှန်အတိုင်း ပြောလိုက်သည် “စီနီယာအစ်ကို အရမ်း အံ့ဩဖို့ ကောင်းတာပဲ”
သူ့ဂျူနီယာညီလေးက ချီးကျူးစကားကို ကြားသော် ဝမ်ယုဟန်က ဖုံးဖိမရနိုင်သော ကျေနပ်နေသည့် အမူအရာဖြင့် စကားအနည်းငယ် ပြန်ပြောလိုက်ပြီး ရန်ကိုင်အား ရန်စသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
“ကလေးလို ပျော်မနေနဲ့။ ငါတို့ အန္တရာယ်ကနေ လွတ်သေးတာ မဟုတ်ဘူး” ချန်ရှီတောင်းက ဝမ်ဟုယန်အပေါ် ရေအေးတစ်ခွက် လောင်းချပေးလိုက်သည်။ ထို့နောက် ဒေါသ ထွက်နေသည့် ငွေညမိုးကြိုးသားရဲအား အလေးအနက် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
အကာအရံ ပျက်စီးသွားသည့် အတွက် မိုးကြိုးသားရဲ ပိုဒေါသထွက်သွားခဲ့သည်။ ၎င်းဆီမှ ပိုမိုအားကော်ငးသော မွန်းစတားချီတို့ ထွက်ပေါ်လာသလို ကောင်းကင်ထက်ရှိ အပြာရောင် တိမ်တိုက်များဆီမှလည်း ပိုမို အားကောင်းသော ဖိအားတို့ ထွက်ပေါ်လာခဲ့သည်။
ဝမ်ယုဟန်၏ မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်သည် “ဂျူနီယာညီမချန်၊ စိတ်အေးအေးသာထား။ ခုဏတုန်းက ငါတို့ သတိပေါ့သွားလို့ အဲ့ကောင် ထောင်ချောက်ထဲ ကျသွားတာ။ အခု ငါတို့ လွတ်လာပြီဆိုတော့ ဒီကောင့်ကို ပြန်တိုက်ဖို့ အခွင့်အရေး ပေးတော့မှာ မဟုတ်ဘူး။ ဂျူနီယာညီလေး၊ မင်းနဲ့ငါ အဲ့ကောင်ရဲ့ ခွန်အားကို သွားစမ်းကြည့်ရအောင်”
“ကောင်းပြီ’ ချန်ဖန်းလေ့က စိတ်အား ထက်သန်နေသည့် အမူအရာဖြင့် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
ချန်ရှီတောင်း ဘာမှ မပြောနိုင်သေးခင်မှာပဲ ဂိုဏ်းတူ ညီအစ်ကိုနှစ်ယောက် ငွေညမိုးကြိုးသားရဲဆီသို့ ပြေးထွက် သွားခဲ့လေပြီ။
ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော် ထိုနှစ်ယောက်ကို တားမနေခဲ့ပေ။ ဤခရီးကို လာခဲ့ခြင်းသည် ချန်ရှီတောင်းအပေါ် အကြွေးတစ်ခု တင်နေသောကြောင့် ဖြစ်သလို ယန်ယန်မှလည်း မိုးကြိုးကန်ထဲရှိရေကို လိုချင်သည်ဟု တောင်းဆိုနေသောကြောင့် ဖြစ်သည်။ ယခု အကြွေးများ ကြေသွားပြီ ဖြစ်လေရာ ထိုလူများ သေသေ၊ရှင်ရှင် သူ့ကိစ္စ မဟုတ်တော့ပေ။
သို့သော်လည်း ထိုဝမ်ဟုဟန် ဆိုသည့်ကြောင့် တိုက်ခိုက်နေရင်း ခေါင်းထိပြီး ရူးများ ရူးသွားခြင်းလား၊ သို့မဟုတ် သူ့ကိုယ်သူ အလွန်အမင်း အထင်ကြီးနေခြင်းလား ရန်ကိုင် မခွဲတတ် ဖြစ်ခဲ့ရသည်။ တစ်ဖက်သားရဲသည် ပေါ့သေးသေး သားရဲတစ်ကောင် မဟုတ်။ တန်ခိုးရှင်အဆင့် မွန်းစတားသားရဲ တစ်ကောင် ဖြစ်သည်။ ရန်ကိုင် အမြင်အရ၊ ထိုဝမ်ယုဟန် ဆိုသည့်ကောင်သည် ဂိုဏ်းထဲတွင်သာ တစ်ချိန်လုံးနေပြီး သေခြင်းရှင်ခြင်း တိုက်ပွဲများ တစ်ခါမှ မတိုက်ခိုက်ဖူးသည့် လူနှင့် တူနေသည်။
ထိုကဲ့သို့သော လူများသည် ကျင့်ကြံခြင်း မြင့်ကြသော်ငြား တကယ် တိုက်ခိုက်ပြီုဆိုလျှင် သူတို့၏ ခွန်အား အပြည့်အဝကို မထုတ်သုံးနိုင်ကြတော့ပေ။ အကျိုးဆက်အနေဖြင့် ဒဏ်ရာ ရလျှင်ရ၊ မရ၍ ပိုဆိုးသွားလျှင် သေသွားရသည့် အခါမျိုးပင် ရှိတတ်ကြသည်။
ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့ ဒုက္ခရောက်တော့မည်ဟု ရန်ကိုင် ထင်နေမိသည်။
သို့သော်လည်း ငွေညမိုးကြိုးသားရဲဆီသို့ ပြေးဝင် သွားပြီးသည့်နောက်တွင် ဝမ်ယုဟန်နှင့် ချန်ဖန်လေးတို့ အတိုင် အဖောက်ညီညီ တိုက်ခိုက်နိုင်ခဲ့ကြသဖြင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ တိုက်ပွဲ အတွေ့အကြုံ မရှိသည့် ကျင့်ကြံသူတစ်ယောက် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ယုဟန်သည် လျင်မြန် သွက်လက်လှုပ်ရှားစွာဖြင့် တိုက်ခိုက်နေခဲ့သည်။ အန္တရာယ်များသည့် ရန်သူနှင့် တိုက်ခိုက်နေရသော်ငြား ကမန်းကတန်း ဖြစ်သွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ခိုက်နေနိုင်သည်။ သူနှင့် ချန်ဖန်းလေ့သည် ငွေညမိုးကြိုးသားရဲကို အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်သော်လည်း သူတို့၏ လျင်မြန်မှု၊ မှော်ရတနာများနှင့် သိုင်းပညာရပ်များအပေါ် အားကိုး၍ သားရဲအား ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။
တိုက်ပွဲအား ခဏကြာ စိုက်ကြည့်နေပြီးနောက် ချန်ရှီတောင်းနှင့် လုယင်တို့၏ မျက်လုံးထဲ ရက်စက်တော့မည့် အရိပ်အယောင်များ လင်းလက်လာခဲ့သည်။ သူတို့လည်း ထိုသားရဲအား သတ်ရန် တွေးလာကြသည့်ပုံပင်။
အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင်၏ အမြူတေသည် အလွန်ကိုမှ အဖိုးတန်ပေသည်။ ထိုအမြူတေကို ဆေးဖော်စပ်သည့် နေရာတွင်ဖြစ်စေ၊ မှော်ရတနာ ပြုလုပ်သည့် နေရာတွင်ဖြစ်စေ အသုံးပြုနိုင်သည် ဖြစ်ရာ လူပေါင်းမျာစွာက လိုချင်ကြသည်။ ထို့အပြင် ထိုမွန်းစတားသားရဲ၏ ခန္ဓာကိုယ်မှ ရရှိမည့် ပစ္စည်းများမှာလည်း အသုံးဝင်သည့် ပစ္စည်းများ ဖြစ်ကြသည်။
အစောပိုင်းက အရံအတားထဲတွင် ပိတ်ခံထားရသည့် အတွက်ကြောင့် ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့ အတော်လေး မကျေမနပ် ဖြစ်နေကြသည့်ပုံပင်။ ထို့ကြောင့် အရံအတားထဲမှ လွတ်မြောက်လာသည်နှင့် မိုးကြိုးသားရဲအား သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တိုက်ခိုက် နေကြတော့လေသည်။ ဂိုဏ်းတူ ညီအစ်ကို နှစ်ယောက်သည် အတိုင်အဖောက်ညီစွာ တစ်ယောက်က တိုက်ခိုက်၊ တစ်ယောက်က ခုခံရင်း တိုက်ခိုက်နေခဲ့ကြရာ မကြာမီ အချိန်အတွင်း မိုးကြိုးသားရဲ အောက်စည်းသို့ ရောက်လာခဲ့ရ၏။
အရံအတား မရှိတော့သဖြင့် လွတ်လွတ်လပ်လပ် ပြေးလိုက်၊ တိုက်လိုက်၊ ရှောင်လိုက် လုပ်နေကြသော ကျင့်ကြံသူ နှစ်ယောက်ကို မိုးကြိုးသားရဲ ထိအောင် တိုက်ခိုက်ရန် အတော့်ကိုမှ ခက်ခဲနေခဲ့သည်။ ၎င်း၏ မာကျောလှသော ကြေးခွံများကြောင့်သာ မဟုတ်ပါက မိုးကြိုးသားရဲ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားလောက်ပေပြီ။
ရန်ကိုင်သည် တိုက်ပွဲကို အာရုံမစိုက်ဘဲ ယန်ယန်ကိုသာ တစ်ချက် လှမ်းကြည့်လိုက်သည်။ ယန်ယန်လည်း ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ပြီး မိုးကြိုးကန်ဆီသို့ အလျင်အမြန် ပြေးသွားလေသည်။ မိုးကြိုးကန်ဆီသို့ ရောက်သည်နှင့် ထည့်စရာ ခွက်တစ်ခွက်ကို ထုတ်လိုက်သည်။ ထို့နောက် ခွက်ထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ မိုးကြိုးကန်ထဲရှိ ရေများကို ခွက်ထဲသို့ စုပ်ယူတော့လေသည်။
မိုးကြိုးကန်သည် အချင်း မီတာတစ်ရာလောက်သာ ရှိသော်ငြား အောက်ကို မမြင်နိုင်လောက်သည်အထိ နက်သည်။ ကန်ထဲရှိ ရေများမှာလည်း သာမန် ရေများ မဟုတ်ကြဘဲ မိုးကြိုးစွမ်းအင်များ သိပ်သည်းရာမှ ဖြစ်ပေါ်လာသော မိုးကြိုးစွမ်းရည် အဆီအနှစ်များ ဖြစ်ကြသည်။
မိုးကြိုးစွမ်းအင်များကို ဆွဲယူလိုက်ပြီး ရလာသော မိုးကြိုးစွမ်းအင်ကို အရည်အဖြစ်သို့ သိပ်သည်းစေနိုင်သည့် အစီအရင် တစ်ခုသာရှိလျှင် ထိုကဲ့သို့သော မိုးကြိုးကန်များကို ဖန်တီး၍ ရပေသည်။ ထိုနည်းဖြင့် ဖန်တီးလိုက်မည်ဆိုပါက နှစ်တစ်ရာ၊ တစ်ရာကျော်အတွင်း မိုးကြိုးကန်လေး တစ်ကန်ကို စတင် ရရှိပေလိမ့်မည်။ အခြားမိုးကြိုးစွမ်းအင် ကိန်းအောင်း နေသော ရတနာများ၊ သို့မဟုတ် အဖိုးတန် ဆေးပင်များကိုပါ အသုံးပြုမည်ဆိုပါက မိုးကြိုးကန် ဖြစ်ပေါ်လာသည့် နှုန်းကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
သို့သော်လည်း အချို့သော မိုးကြိုးကန်များသည် သဘာဝ အတိုင်း ဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။
သဘာဝအတိုင်း ဖြစ်နေသည့် မိုးကြိုးကန်များဖြစ်စေ၊ လူလုပ် မိုးကြိုးကန်များဖြစ်စေ၊ အတော့်ကိုမှ ရှားပါးကြသည်။ ယခု သူတို့ ရှေ့ရှိ မိုးကြိုးကန်ကို ယခင်က ရှေးဟောင်းယန်ဂိုဏ်း ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤမိုးကြိုးကန် အောက်ခြေတွင် ငွေညမိုးကြိုးသားရဲတစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့အားလုံး မထင်ထားခဲ့ချေ။ ထို့ကြောင့် မိုးကြိုးသားရဲ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အား တိုက်ခိုက်လာသည့် အချိန်တွင် အကုန်လုံး အလစ်အငိုက် မိသွားရသည်။ မိုးကြိုးသားရဲသည်လည်း လောလောလတ်လတ်ကမှ အဆင့်ချိုးဖျက်ထားသည့် ပုံပင်။ မဟုတ်လျှင် ချန်ရှီတောင်းတို့အတွက် ယခုထက်ပို၍ အများကြီး ပိုအန္တရာယ် များပေလိမ့်မည်။
ထိုသို့ဆိုလျှင်ပင် ချန်ရှီတောင်းတို့ ဤဒုက္ခတွင်းထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်းသည် ရန်ကိုင်၏ ကျေးဇူးကြောင့်ဟု ပြော၍ ရသည်။
ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့သည် မိုးကြိုးသားရဲနှင့် အလုပ်ရှုပ်နေသဖြင့် ယန်ယန်အတွက် မိုးကြိုးရေကို စုဆောင်းရန် အချိန်ကောင်းတစ်ခု ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်သည် မိုးကြိုးရေကို လိုချင်ရုံသာ။ ထို့ကြောင့် ချန်ရှီတောင်းတို့အဖွဲ့ ထိုမိုကြိုးသားရဲကို တိုက်တိုက်၊ မတိုက်တိုက် သူဂရုမစိုက်ချေ။
လောလောဆယ်တွင် သူ့ခေါင်းထဲ ဤနေရာမှ အလျင်အမြန် ထွက်ပြေးချင်သည့် အတွေးသာ ရှိနေခဲ့သည်။
ကောင်းကင်ထက်ရှိ တိုက်ပွဲသည် အချိန်နှင့်အမျှ ပိုမို၍ ပြင်းထန်လာနေခဲ့သည်။ အချိန်တစ်ခုသို့ ရောက်သော် မိုးကြိုးသားရဲသည် ရုတ်တရက် ဟိန်းသံအကျယ်ကြီး ဟိန်းလိုက်ပြီး ချန်ရှီတောင်းတို့ဆီ မိုးကြိုးစွမ်းအင်လုံးကြီး တစ်လုံး ပစ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် သူမတို့ အဖွဲ့အား မည်သည့် ထိခိုက်ဒဏ်ရာမှ မရစေခဲ့သော်လည်း တိုက်ခိုက်နေရာမှ ကာကွယ်သည့် ဘက်သို့ ပြောင်းလိုက်ရသည့် အတွက်ကြောင့် မိုးကြိုးသားရဲအတွက် အချိန်အနည်းငယ် ရသွားခဲ့သည်။ ငွေညမိုးကြိုးသားရဲသည် ထိအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကောင်းကင်ပေါ်သို့မော့ကာ ဒေါသတကြီးဖြင့် အသံအကျယ်ကြီး ဟိန်းဟောက်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၀၄)
ငွေညမိုးကြိုးသားရဲမှ ထိုကဲ့သို့ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်တွင် စုဝေးနေသော တိမ်စိုင် တိမ်တိုက်များအားလုံး ဝဲကတော့အသွင်သို့ ပြောင်းလဲသွားပြီး အနီးအနား ပတ်ပတ်လည်တွင် ရှိနေသော မိုးကြိုးစွမ်းအင် အားလုံးကို စုပ်ယူတော့သည်။ ထိုမိုးကြိုးစွမ်းအင်များအားလုံး ငွေညမိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စတင် စီးဝင်တော့လေသည်။
အသက်သုံးရှိုက်စာ အတွင်းတွင် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းနေသော တိမ်စိုင်တိမ်တိုက်များအားလုံး ပျောက်ကွယ် သွားခဲ့ပြီး ငွေညမိုကြိုးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်ကုန်သည်။ ငွေညမိုးကြိုးသားရဲသည် သာမန် ပုံစံမှ ဘာမှ သိပ်မပြောင်းသွားသော်လည်း ၎င်းဆီမှ အန္တရာယ်များသည့် အရှိန်အဝါတစ်မျိုး ဖြာထွက်နေခဲ့လေပြီ။
ငွေညမိုးကြိုးသားရဲ ရုတ်တရက် ရပ်သွားသည်ကို မြင်သော် အခွင့်ကောင်းပဲဟု ယူဆလျက် ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့သည် မိုးကြိုးသားရဲအား တစ်ခါတည်း အပျောက်ဖျောက်ပစ်ရန် ပြေးဝင်သွားကြလေသည်။ သို့သော်လည်း သူတို့ သားရဲနားသို့ မရောက်သေးခင်မှာပဲ ငွေညမိုးကြိုးသားရဲက သူတို့အား အထင်အမြင် တသေးဖြင့် ပြန်လှည့်ကြည့်လာသည်။
ရုတ်တရက် ကြောက်မခန်းလိလိ အရှိန်အဝါတစ်ရပ် ငွေညမိုးကြိုးသားရဲဆီမှ ဖြာထွက်လာခဲ့သည်။ ထိုရုတ်တရက် ထိုးတက်လာသော ဖိအားကို ခံစားမိလိုက်သည့် အခါမှပဲ အခြေအနေကို ဝမ်ယုဟန် နားလည်သွားခဲ့ပြီး ချက်ချင်းပဲ ထအော်လေသည် “မကောင်းတော့ဘူး”
ချက်ချင်း ပြန်လှည့်ပြေးပြီး တစ်ချိန်တည်းတွင် လက်ဝါး အရွယ်အစားမျှရှိသော ရောင်စုံးသုံးမြှောင့်ပုံစံ မှော်ရတနာ တစ်ခုကို ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ချန်ဖန်းလေ့သည်လည်း အခြေအနေ မကောင်းတော့သည်ကို နားလည်လိုက်ရာ အလျင်အမြန်ပဲ တိုက်ပွဲချပ်ဝတ်တန်ဆာ တစ်ခုကို အသွင်းသွင်း၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
သို့သော်လည်း သူတို့ မည်သို့ပင် ကာကွယ်နေခဲ့ပါစေ၊ အကုန်လုံး အရာမထင် ဖြစ်ခဲ့ရသည်။ ငွေညမိုးကြိုးသားရဲသည် လျှပ်စီးတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ချက်ချင်းဆိုသလို ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့၏ စူးစူးရှရှ နာနာကျင်ကျင် အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြလေသည်။
ဝမ်ယုဟန်အား ကာကွယ်ပေးထားသော ရောင်စုံ အလင်းတန်း တစ်စစီ ကွဲကြေသွားခဲ့သည်။ ချန်ဖန်းလေ့၏ မိုးကြိုး ချပ်ဝတ်တန်ဆာမှာလည်း အရောင်မှိန်နေခဲ့လေပြီ။
ထိုအဖြစ်အပျက်အားလုံးသည် မျက်တောင်တစ်ခတ် အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အနီးအနားမှ ရပ်ကြည့်နေကြသော ချန်ရှီတောင်းနှင့် လုယင်တို့ အလန့်တကြား ထအော်ကြကုန်သည်။ တိုက်ပွဲထဲ ဝင်ပါမည့် အတွေးများပင် ထိုအဖြစ်အပျက်အား မြင်ပြီးနောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။
ရုတ်တရက် ပျောက်ကွယ်သွားသော် ငွေညမိုးကြိုးသားရဲ ပြန်ပေါ်လာသည်။ ယခုတစ်ကြိမ် သူ့အကြည့်သည် မိုးကြိုးကန် ဘေးတွင်ရပ်လျက် မိုးကြိုးရည်ကို စုဆောင်းနေသော ယန်ယန် ဆီသို့ ရောက်သွားခဲ့သည်။ သားရဲမျက်လုံးထဲ ဒေါသ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ကောင်းကင်ထက်မှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။
ယန်ယန်သည် နေရာတွင် မလှုပ်မယှတ် ရပ်နေသည်။ သို့သော် အန္တရာယ်လာနေပြီဟု သူမ မသိစိတ်က သူမအား သတိပေးနေခဲ့သည်။ ထို့ကြောင့် အကာအကွယ်ကို မှော်ရတနာကို ခပ်မြန်မြန် ကောက်အသက်သွင်းလိုက်ရာ သူမ ပတ်လည်တွင် အနီရောင် အရံအတားတစ်ခု ဖြစ်ပေါ်လာလေသည်။ သို့သော် ထိုအရံအတား ချက်ချင်းဆိုသလို ကွဲပြေသွားပြီး ငွေညမိုးကြိုး သားရဲ သူမရှေ့တွင် ဗြုန်းစားကြီး ပြန်ပေါ်လာသည်။
ယန်ယန် မျက်နှာ ဖြူလျော်သွားခဲ့သော်လည်း အလျင်အမြန်ပဲ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ငွေညမိုးကြိုးသားရဲ သူမအား တိုက်ခိုက်တော့မည်အပြု ရန်ကိုင် သူမရှေ့တွင် ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးမီးတောက် လွှမ်းခြုံနေသည့် လက်သီးဖြင့် ငွေညမိုးကြိုးသားရဲအား ထိုးချလိုက်သည်။
ဘုန်းဆိုသော အသံနှင့်အတူ အားလှိုင်းတို့ အဘက်ဘက်သို့ ပျံ့ထွက်သွားခဲ့သည်။ ရန်ကိုင်လည်း တန်ပြန်အားကြောင့် နောက်သို့ ဆုတ်သွားလိုက်ရသည်။ သို့သော် နောက်ဆုတ်သွားရင်း ယန်ယန်ကိုပါ သူနှင့်အတူ တစ်ခါတည်း ဆွဲခေါ်သွားသည်။ ပျောက်ကွယ်သွားသော ငွေညမိုးကြိုးသားရဲလည်း တိုးတိုးလေး ညည်းလိုက်ရင်း ပြန်ပေါ်လာခဲ့သည်။ ငွေညမိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ကြီး အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။
လေထဲ ကောင်းကောင်းမွန်မွန် ပြန်ရပ်နိုင်သွားသည်နှင့် တစ်ပြိုင်နက် ဧရာမမိုးကြိုးဘောလုံးကြီး တစ်လုံးကို စုစည်း၍ ရန်ကိုင်ဆီသို့ ပစ်ထည့်လိုက်သည်။
ရန်ကိုင်လည်း အလေးအနက် အမူအရာဖြင့် ရွှေရောင် ပိုးမျှင်များကို ထုတ်လွတ်၍ ပိုက်ကွန်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် ထိုပိုက်ကွန်ဖြင့် မိုးကြိုးစွမ်းအင်လုံးအား သူဆီသို့ မရောက်ခင် ဖျက်စီးပစ်လိုက်လေသည်။ ပြန်လည် ဖြစ်ပေါ်လာသော ရွှေရောင်ပိုးမျှင်သည် ပေါက်ကွဲသွားသော မိုးကြိုးစွမ်းအင်လုံးဆီမှ ထိုးထွက်၍ ငွေညမိုးကြိုးသားရဲဆီ တစ်ဟုန်ထိုး တိုးဝင်သွားလျက် ၎င်းခန္ဓာကိုယ်အား လှံ တစ်ချောင်းနှယ် စိုက်ဝင်သွားခဲ့သည်။
ထန်…
မီးပွါးတို့ လွင့်စင်ထွက်လာခဲ့သည်။ ရွှေရေရာင်ပိုးမျှင်သည် ငွေညမိုးကြိုးသားရဲ၏ အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ချေ။ နည်းနည်းလေးလောက်သာ ဖောက်ဝင်သွားနိုင်ပြီး ရပ်တန့်သွားခဲ့သည်။
ရန်ကိုင်လည်း ထိုကဲ့သို့ ဖြစ်မည်ဟု မျှော်လင့်ထားပြီးသားပင်။ ထို့ကြောင့် ငွေညမိုးကြိုးသားရဲအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုစဉ် ငွေညမိုးကြိုးသားရဲ၏ မျက်လုံးထဲ ကြာပန်းတစ်ပွင့် ထူးဆန်းစွာ ပွင့်လန်းလာခဲ့သည်။ ငွေညမိုးကြိုး သားရဲသည် ခုခံမှု အတော်လေးကို အားကောင်းသည့် အပြင် ရန်ကိုင်ထက်လည်း အဆင့်ကြီးတစ်ဆင့် ပိုမြင့်နေသည်။ ထို့ကြောင့် သူ့ဝှက်ဖဲကို အသုံးချ၍ ဤတိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။
ထိုကြာပန်းကို မြင်လိုက်သည်နှင့် ငွေညမိုးကြိုးသားရဲ၏ မျက်လုံးထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး ချက်ချင်းပဲ မိုးကြိုးကန်ထဲသို့ ထိုးဆင်းသွားလေသည်။
ကန်မျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာပြီး ခဏအကြာတွင် ပြန်လည် ပျောက်ကွယ်သွားသည်။
ငွေညမိုးကြိုးသားရဲ ရုတ်ချည်း ထွက်ပြေးသွားသည့် အတွက်ကြောင့် ရန်က်ိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
သို့သော် ရန်ကိုင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူလည်း လောလောဆယ်တွင် ငွေညမိုးကြိုးသားရဲနှင့် သေခြင်းရှင်းခြင်းတိုက်ပွဲ မတိုက်ချင်ချေ။ ထို့ကြောင့် ပြန်ဆုတ်သွားသော ငွေညမိုးကြိုးသားရဲအား လိုက်လံ မဖမ်းဆီးခဲ့ပေ။ ပုံမှန်ဆိုလျှင်တော့ ထိုမွန်းစတားသားရဲကို အလွတ်ပေးလိမ့်မည် မဟုတ်။
ချန်ရှီတောင်းနှင့် လုယင်တို့ ဒဏ်ရာရနေသော ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့အား ထူမအပြီး၊ လှည့်ကြည့်လိုက်ရာ ငွေညမိုးကြိုး သားရဲ ထိတ်ထိတ်လန့်လန့်ဖြင့် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ရန်ကိုင် ဘာတွေများ လုပ်လိုက်သဖြင့် ထိုမွန်းစတား ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားရသလဲဟု နှစ်ယောက်စလုံး တွေးမိသွားသည်။
ချန်ရှီတောင်းနှင့် ယန်ယုတို့ အကြည့်ချင်း ဖလှယ်လိုက်၏။
ထိုစဉ် ယန်ယန်က ရန်ကိုင်လက်ထဲ ပစ္စည်းတစ်ခု ထည့်ပေးလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
သူမ ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် ဝမ်ယုဟန်ဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာထက် အဓိပ္ပါသည့် အပြုံးတစ်ပွင့် ဖြတ်ပြေးသွားသည်။
ဝမ်ယုဟန်လည်းသည် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်၏။ သို့သော် ကြောက်လန့်သည့် အရိပ်အယောင် နည်းနည်းမှ မပြဘဲ သုန်သုန်မှုန်မှုန်ဖြင့်သာ စိုက်ကြည့်နေသည်။
“မောင်လေးရန်…” ချန်ရှီတောင်းက မိုးကြိုးကန်အား လှမ်းလှမ်းကြည့်ရင်း ရန်ကိုင်ဆီ လျှောက်သွားလိုက်ပြီး မေးလိုက်၏ “ငွေညမိုးကြိုးသားရဲ ဒဏ်ရာရသွားတာလား”
“ကျုပ်လည်း မသိဘူး။ သူ့ဘာသာ ရုတ်တရက် ပြန်ဆုတ်သွားတာ”
ချန်ရှီတောင်း ကြောင်သွားခဲ့ပြီး ခါးသက်စွာ ပြုံးလျက် “မောင်လေးရန်က ကိုယ့်စွမ်းရည်တွေကို ကြောက်လက်သည်း ဝှက်သလို ကောင်းကောင်း ဝှက်ထားတာပဲ။ ငွေညမိုးကြိုးသားရဲ ကိုတောင် ခြောက်လွှတ်နိုင်တယ်ဆိုတော့ မောင်လေးရန်ကို ဒီအစ်မ လျှော့တွက်မိလိုက်ပြီနဲ့ တူတယ်”
“အစ်မချန် ကျုပ်ကို အရမ်း အထင်ကြီးနေတာပဲ။ တကယ်တမ်း ပြောရရင် ငွေညမိုးကြိုး ပြန်ဆုတ်သွားတာ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ အစ်ကိုဝမ်နဲ့ အစ်မရဲ့ မောင်လေးတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးထင်လို့ အခွင့်အရေးရတုန်း ထွက်ပြေးသွားတာ ဖြစ်လိမ့်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်” ဝမ်ယုဟုန်က ယဉ်ကျေးဟန် နည်းနည်းမှ မပြဘဲ ဝင်ပြောလိုက်သည် “အဲ့ကောင် တားမြစ်ပညာရပ် တစ်ခုခု သုံးပြီး သူ့ခွန်အားကို ရုတ်ချည်း မြင့်တက်သွားအောင် လုပ်လိုက်တာ။ သူ့ခွန်အား တိုးတက်လာတယ်ဆိုတာ ယာယီပဲ။ ဒါပေမယ့် အဲ့လို လုပ်ဖို့အတွက် သူလည်း တစ်ခုခု ပြန်ပေးဆပ်ရလိမ့်မယ်။ ပြီးတော့ အဲ့ကောင် အဆင့်ကိုးကို ရောက်ထားတာ မကြာသေးဘူး။ တားမြစ်ပညာရပ်ကို သုံးလိုက်လို့ ရလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မဖိနှိပ်နိုင်လောက်လို့ အခွင့်အရေးရတုန်း ပြန်ဆုတ်သွားတာ”
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး ဝမ်ယုဟန် ပြောသည်မှာ ဟုတ်သည်ဟု တွေးလိုက်မိကြသည်။
“အဲ့မွန်းစတားသားရဲ အကြောင်းကို အစ်ကိုဝမ် ကောင်းကောင်း သိတဲ့ပုံပဲနော်” ရန်ကိုင်က ရုတ်တရက် အပြုံးဖြင့် ပြောလိုက်သည်။
“ဘာလဲ” ဝမ်ယုဟန် မျက်မှောင်ကြုတ်သွားသည်။
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ချန်ရှီတောင်းဘက်သို့ လှည့်ကာ ပြောလိုက်သည် “အစ်မချန်၊ အားလုံး ပြီးသွားပြီဆိုတော့ ကျုပ် သွားတော့မယ်နော်”
“ဘယ်သွားဖို့လဲ” ချန်ရှီတောင်းက ပြန်မေးလိုက်သည်။
“ဒီကနေ အဝေးကိုပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ချန်ရှီတောင်း၏ စိတ်ပျက်၊ ကိုးယိုးကားယား ဖြစ်နေသည့် အမူအရာဖြင့်ကို မြင်သော် ရယ်ရယ်မောမောဖြင့် ဆက်၍ ပြောလိုက်သည် “အရင် လမ်းခွဲပြီးတုန်းက ကျုပ်တို့ ခဏလောက် လမ်းပျောက်သွားတယ်လေ။ အခုတော့ လမ်းပြန်တွေ့သွားလို့ ဒီကနေ ထွက်သွားတော့မလို့”
သူတို့ အရင်အကြိမ် တွေ့စဉ်က သူဤနေရာမှ ထွက်သွားတော့မည်ဟု ချန်ရှီတောင်းကို ရန်ကိုင် ပြောခဲ့သည်။ သို့သော်လည်း ယနေ့ထိတိုင် ရန်ကိုင် ဤနေရာတွင် ရှိနေသးသဖြင့် သူသူမကို လိမ်လိုက်သည့်ပုံ ပေါက်နေခဲ့သည်။
ချန်ရှီတောင်းက ထိုအကြောင်းကို ထပ်မမေးတော့ဘဲ သူမ အဖော်များကို ကြည့်၍ အလျင်အမြန် ပြောလိုက်သည် “ငါတို့လည်း သွားသင့်နေပြီ”
“ဒါပေမယ့် ဂျူနီယာညီလေးရဲ့ ကိစ္စ မပြတ်သေးဘူးလေ” ဝမ်ဟုယန် ချက်ချင်း ကန့်ကွက်လိုက်သည်။ ရန်ကိုင်နှင့် အတူတူ ပူပေါင်း၍ မလှုပ်ရှားချင်ပေ။ ရန်ကိုင် အစောပိုင်းက ပြောလိုက်သည့် စကားကြောင့် သူတစ်ခုခုကိုများ ရှာတွေ့ သွားလေသလားဟု ဝမ်ယုဟန် တွေးမိသွားသည်။
“ဒီမှာ အဆင့်ကိုးသားရဲ ရှိနေတာ ဘယ်လိုလုပ်ပြီး ဆက်ပြီး ကျင့်ကြံလို့ ရတော့မှာပဲ။ အခုတစ်ကြိမ်တောင် ကံကောင်းလို့ လွတ်လာတာ။ ဆက်ပြီးတော့သာ ပေတေတေ လုပ်နေဦးမယ် ဆိုရင်တော့…”
“အဲ့ငွေညမိုးကြိုးသားရဲက ဒဏ်ရာရနေပြီပဲဟာကို၊ ငါတို့သာ အတူပူးပေါင်း တိုက်ခိုက်မယ်ဆိုရင် အဲ့ကောင်ကို ဘာလို့ မသတ်နိုင်ရမှာလဲ” ဝမ်ယုဟန်က ပြန်ပြောလိုက်သည်။
ဝမ်ယုဟန် ပြောသည်ကို နားထောင်ပြီး ချန်ရှီတောင်းစိတ်ထဲ မသဲမကွဲ ဖြစ်သွားသည်။ ဝေခွဲမရ ဖြစ်နေသဖြင့် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “မောင်လေးရန်၊ နင်ကော ဘယ်လို ထင်လဲ။ ငါတို့ ဆက်နေမယ်ဆိုရင် အဲ့ငွေညမိုးကြိုးသားရဲကို သတ်နိုင်မယ်လို့ ထင်လား”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချန်ရှီတောင်းသည် သူ့အထင်အမြင်ကို မေးနေဟန် ပေါက်သော်လည်း သူ့အား အတူ ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ရန်ကိုင်သာ ဆက်နေရန် သဘောတူလိုက်သည်နှင့် ချန်ရှီတောင်းတို့အဖွဲ့ ဤနေရာတွင် ဆက်နေပြီး မိုးကြိုးသားရဲကို သတ်ရန် ကျိန်းသေ ကြိုးစားပေလိမ့်မည်။
သို့သော် ရန်ကိုင်က ခေါင်းခါ၍ “သတ်နိုင် မသတ်နိုင်တော့ မသိပေမယ့် ဒီနေရာက အကြာကြီး နေလို့ ကောင်းတဲ့ နေရာ မဟုတ်တာတော့ ကျုပ်သိတယ်။ ရှင်းရှင်းပြောရရင် အခြား မမျှော်လင့်ထားတာတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လေ။ အစ်မချန် ကျုပ်ကို ယုံတယ်ဆိုရင် ဒီကနေ မြန်မြန် ထွက်သွားဖို့ အကြံပေးချင်တယ်”
အလောင်းလိုဏ်ဂူအကြောင်း တစ်ခွန်းပင် ထုတ်မပြောခဲ့ချေ။ ထို့ကြောင့် ရန်ကိုင် စကားလုံးများသည် အနည်းငယ် လျှို့ဝှက် သလိုလို ဖြစ်နေခဲ့သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ဝမ်ယုဟန် မကျေမနပ် ဖြစ်သွားခဲ့သည်။ တစ်ခုခု ပြန်ပြောတော့မည်အပြု ချန်ရှီတောင်းက ရုတ်တရက် ခေါင်းညိတ်၍ ပြောလိုက်သည် “အဲ့လိုဆိုမှတော့ မြန်မြန် ထွက်သွားကြတာပေါ့။ ဖန်းလေ့၊ နင့်ကျင့်စဉ်က ဒီမိုးကြိုးကန် မရှိလည်း အခြားမိုးကြိုးစွမ်းအင် ရတနာ တစ်ခုခုနဲ့ အစားထိုးလို့ ရတယ်မလား။ မိုးကြိုးကန်လောက် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတာပဲဖြစ်မှာ။ ကျီးနက်မြို့ကို ရောက်တဲ့ အထိစောင့်၊ ငါနင့်ကို မိုးကြိုးစွမ်းအင်ဆေးတစ်လုံး ဝယ်ပေးမယ်”
“ကောင်းပြီ” ချန်ဖန်းလေး မကန့်ကွက်ခဲ့ချေ။ လျှောလျှောရှူရှူဖြင့်သာ သဘောတူလိုက်သည်။
ချန်ရှီတောင်း ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ ပြုံးကာ “အဲ့လိုဆိုမှတော့ ဒီနေကနေ အတူ သွားကြတာပေါ့”
ရန်ကိုင် အနေဖြင့် မည်ကဲ့သို့ ငြင်းနိုင်မည်နည်း။ ထို့ကြောင့် ခေါင်းသာ ညိတ်လိုက်ရလေသည်။ ဝမ်ယုဟန်ကမူ တုန့်ဆိုင်း နေသော်လည်း အားလုံးကိုယ်စား မဆုံးဖြတ်လိုက်နိုင်သဖြင့် စိတ်ညစ်ညစ်ဖြင့်သာ ချန်ရှီတောင်း ပြောသည့်အတိုင်း လိုက်လုပ်ခဲ့ရသည်။
ဤသို့ဖြင့် ရန်ကိုင်တို့ ခြောက်ယောက်အဖွဲ့ သင်္ချိုင်းတောင်ကြားမှ စတင် ထွက်ခွာလာတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၀၅)
သွားနေရင်းနှင့်မှ ရန်ကိုင်အကြောင်းမေးရန် ချန်ရှီတောင်း ရုတ်တရက် သတိရလိုက်သည်။ ထို့ကြောင့် မေးကြည့်လိုက်ရာ ရန်ကိုင်သည် အရိပ်လခန်းမမှ မဟုတ်သလို အင်အားစုကြီး တစ်ခုခုမှလည်း မဟုတ်ဘဲ နဂါးလိုဏ်ဂူတောင်ဟု ခေါ်သော ချောင်ကျသည့် နေရာလေးတစ်ခုမှ ဖြစ်ကြောင်း သိလိုက်ရသည်။
ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် မည်သည့်နောက်ခံ အထောက်အပံမှ မရှိဘဲ ကိုယ့်အားကိုယ်ကိုး၍ ကြိုးစား ကျင့်ကြံနေသော လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ ဤလောကကြီးတွင် ရန်ကိုင်ကဲ့သို့ ကျင့်ကြံသူများစွာ ရှိသည်။ သူတို့၏ ကျင့်ကြံခြင်း ခရီးလမ်းများမှာ အခြားသူများထက်ပို၍ ခက်ခဲလေ့ ရှိကြသည်။
အကြောင်းမှာ တစ်အချက်။ သူတို့အား သင်ကြားပေးမည့် အကြီးအကဲများ၊ ဆရာများ မရှိကြချေ။ ထို့အတွက်ကြောင့် ကျင့်ကြံရာတွင် သူတို့ မဖြေရှင်းနိုင်သည့် အခက်အခဲများနှင့် ကြုံဆရသည်။ နှစ်အချက်၊ သူတို့တွင် ကျင့်ကြံစရာနေရာ ကောင်းကောင်း မရှိသလို အရင်းအမြစ်များလည်း မရှိကြချေ။ အကျိုးဆက် အနေဖြင့် သူတို့၏ ကျင့်ကြံခြင်းမှာ အဆင့် မြင့်လာသည်နှင့် တဖြည်းဖြည်း နှေးကွေးလာတတ်ကြသည်။
ထို့အပြင် သူတို့အား ဖိနှိပ် အနိုင်ကျင့်သူများနှင့် ရင်ဆိုင် ရသည့် အခါတွင်လည်း သူတို့အား ကာကွယ်ပေးမည့်သူ မရှိပေ။ ထို့ကြောင့် လေ့လွင့်ကျင့်ကြံသူ အများစုသည် အရည်အချင်း ကောင်းမွန်ကြသော်လည်း အောင်မြင်တတ်သူ နည်းပါးသည်။ အောင်မြင်သူများကိုလည်း အင်အားစုကြီးများ၊ မိသားစုကြီးများက ခေါင်လေ့ရှိကြသည်။
သူတော်စင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နိုင်သော လေလွင့် ကျင့်ကြံသူတစ်ယောက် ဆိုသည်မှာ အတော်လေး အထင်ကြီးစရာ ကောင်းသည့် လူတစ်ယောက် ဖြစ်သည်။
ထိုအကြောင်းကို ကြားလိုက်ချိန် ချန်ရှီတောင်း ရန်ကိုင်အား အထင်ကြီး လေးစားသွားသော်လည်း ဝမ်ယုဟန်ကမူ ပို၍ အထင်သေးသွားသည်။ သူ့အမြင်အရ၊ သူတော်စင်ဘုရင် တတိယ အဆင့်သည် ရန်ကိုင်၏ အကန့်အသတ် ဖြစ်သည်။ ရန်ကိုင် အနေဖြင့် တန်ခိုးရှင်အဆင့်သို့ မည်သို့မှ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
ချန်ရှီတောင်းသာမဟုတ်၊ သူမ၏ မောင်လေးသည်လည်း ရန်ကိုင်အား စိတ်ဝင်စားသွားသည်။ ချန်ဖန်းလေ့သည် ပွင့်လင်း ရိုးသားပြီး စိတ်ရင်းကောင်းသည်။ ထိုမျှသာ မကသေး၊ ဒဏ်ရာ ရထားသည့်တိုင် တက်တက်ကြွကြွဖြင့် ရှိနေကာ ရန်ကိုင်အား သဲမီးတောက်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အကြောင်း အဆက်မပြတ် မေးမြန်းနေခဲ့သည်။ ရန်ကိုင်လည်း စကားကြော မရှည်ချင်သည့်အတွက် အရေးမပါသည့် ခေါင်းစဉ် အချို့ အကြောင်းသာ ရွေးပြောလိုက်သည်။ သို့တိုင် ထိုလူငယ်လေးကို မပထုတ်နိုင်ခဲ့ချေ။
ချန်ရှီတောင်းတို့ အဖွဲ့ထဲတွင် ရန်ကိုင်အား အမြဲတမ်း အမြင်မကြည် ဖြစ်နေသည့် ဝမ်ယုဟန်မှလွဲ၍ အကုန်လုံး ရန်ကိုင်နှင့် အဆင်ပြေကြသည်။
နေ့တစ်ဝက်ကြာပြီးနောက်၊ ရန်ကိုင်တို့ ခြောက်ယောက် သင်္ချိုင်းတောင်ကြားမှ ထွက်လာနိုင်ခဲ့သည်။ ယခုအချိန်ထိတိုင် အလောင်းလိုဏ်ဂူမှ အလောင်းကောင် တစ်ကောင်ကိုမှ အာရုံ မခံမိသဖြင့် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။
နောက်တစ်ရက် ကြာပြီးသည့်နောက်၊ ရန်ကိုင်တို့ ရှေ့တွင် တောင်တစ်လုံး ပေါ်လာခဲ့သည်။ ဤနေရာတွင် မိုးမြေစွမ်းအင်သည် အရမ်းကြီး သိပ်မသိပ်သည်းသော်လည်း အရမ်းကြီးလည်း ခြောက်ကပ်မနေချေ။ ထိုနေရာဆီသို့ ရောက်သော် ရန်ကိုင် မျက်မှောင်ကြုတ်ကာ ရပ်လိုက်သည်။ ထို့နောက် ချန်ရှီတောင်းအား လှမ်းခေါ်လိုက်ပြီး လက်သီးဆုပ်၍ ပြောလိုက်သည် “အစ်မချန်တို့ ဘယ်သွားစရာ ရှိသေးလဲတော့ မသိပေမယ့် ကျုပ်တို့မှာ လုပ်စရာရှိသေးလဲ ဒီနေရာမှပဲ နေရစ်ခဲ့တော့မယ်”
“ဘယ်လောက်ကြာမှာလဲ” ချန်ရှီတောင်း မျက်ခုံး ပင့်လိုက်ပြီး “ငါတို့လည်း နားချင်နေတာ။ နင်ကြည့်လေ၊ ဖန်းလေ့နဲ့ စီနီယာ အစ်ကိုဝမ်တို့က အခုထိ အပြည့်အဝ ပြန်ကောင်းသေးတာ မဟုတ်ဘူး။ ဒါကြောင့် ငါလည်း ခဏလောက် နားမလားလို့ စဉ်းစားနေတာ”
“အစ်မချန်လည်း ဒီမှာ နားချင်နေတာလား” ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ။ မောင်လေးရန်က ငါတို့နဲ့အတူ မရှိချင်လို့လား” ချန်ရှီတောင်းအား ရန်ကိုင်အား ကြည့်၍ ပြောလိုက်သည်။
“ဘယ်ကသာ။ ဒီနေရာက ကျုပ်ပိုင်နက်မှ မဟုတ်တာ။ ဘယ်သူမှ မပိုင်တဲ့ တောင်ကြီးဟာကို။ အစ်မချန်တို့ နေချင်တာကို ကျုပ်က ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ”
“အဲ့လိုမှပေါ့” ချန်ရှီတောင်း ပြုံးလိုက်သည် “ပြီးတော့၊ မောင်လေးရန်က ကောင်းကင်ကံကြမ္မာမြို့တော်ကနေ လာတာ ဆိုတော့ အဲ့ကို ကျိန်းသေ ပြန်သွားရမှာပေါ့၊ ဟုတ်တယ်မလား”
“ဟုတ်တယ်”
“ဟဲဟဲ၊ ရှင်းရှင်းပြောရရင်၊ ဒီနေရာက ကောင်းကင်ကံကြမ္မာ မြို့တော်နဲ့ သိပ်မနီးဘူးဆိုတာ မောင်လေးရန် သိလား။ ကြယ်လွန်းပျံနဲ့သာ ပျံသွားမယ်ဆိုရင် အနည်းဆုံး နှစ်လ၊ သုံးလလောက်ကြာမှာ။ မတော်လို့ ကိစ္စတစ်ခုခု၊ အခက်အခဲ တစ်ခုခုနဲ့ ကြုံရမယ်ဆိုရင် အဲ့ထက်တောင် ပိုကြာသွားနိုင်တယ်”
ရန်ကိုင် ချန်ရှီတောင်းအား တွေးတွေးဆဆဖြင့် ကြည့်ကာ မေးလိုက်သည် “ဒီတော့ ကျုပ်တို့ အခြားလမ်းက သွားသင့်တယ်လို့ အစ်မချန် ပြောချင်တာပေါ့။ လမ်းလေးသိရင် ကျုပ်ကို ပြောပါဦး အစ်မချန်”
“ပြောရမှာပေါ့။ မောင်လေးရန် မသိလို့။ ဒီနေရာကနေ ငါးရက်လောက် သွားလိုက်ရင် ကျီးနက်မြို့ဆိုတဲ့ မြို့တစ်မြို့ကို ရောက်လိမ့်မယ်။ အဲ့မြို့မှာ ကောင်းကင်ကံကြမ္မာ မြို့တော်ကို တိုက်ရိုက် ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင် အစီအရင်တစ်ခု ရှိတယ်”
“အို။ အဲ့မှာ ကောင်းကင်ကံကြမ္မာမြို့တော်နဲ့ ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင်အစီအရင် ရှိတာလား” ရန်ကိုင် ယန်ယန်ဆီ လှမ်းကြည့်လိုက်သည်။ ယန်ယန် မျက်နှာသေဖြင့်သာ ရှိနေသဖြင့် သူမလည်း ထိုအကြောင်းကို မသိကြောင်း ရန်ကိုင် သိလိုက်သည်။
“ငါနင့်ကို ဘာလို့ လိမ်ရမှာလဲ” ချန်ရှီတောင်းက ပြုံးလိုက်ပြီး “ကျီးနက်မြို့ကို ဘယ်အင်အားစုကမှ မပိုင်တော့ အဲ့က ဟင်းလင်းပြင် အစီအရင်ကို သုံးဖို့က အခြား မြို့တွေလောက် မခက်ခဲဘူး။ ဒါပေမယ့် လူတိုင်း သုံးနိုင်တယ်လို့တော့ မဆိုလိုဘူးပေါ့နော်… ဒါပေမယ့် အဲ့က ဟင်းလင်းပြင် အစီအရင်ကို ကာကွယ်ပေးရတဲ့ စီနီယာတစ်ယောက်ကို ချန်ဖန်းလေ့သိတယ်။ သူ့အကူအညီနဲ့ဆို မောင်လေးရန် အဲ့က ဟင်းလင်းပြင်အစီအရင်ကို သုံးလို့မရမှာ စိတ်ပူနေစရာ မလိုဘူး။ မောင်လေးရန် အနေနဲ့ သတ်မှတ်ထားတဲ့ သူတော်စင်သလင်းကျောက် ပမာဏကို ပေးဖို့ပဲ လိုလိမ့်မယ်”
“သုံးလို့ရရင် အဆင်ပြေတယ်။ သူတော်စင်သလင်းကျောက်ကို စိတ်ပူစရာမလိုဘူး” ရန်ကိုင်က ချန်ဖန်းလေ့အား ပျော်သွားသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ချန်ဖန်းလေ့က ပြုံး၍ ပြန်ပြောလိုက်သည် “အဲ့ကိစ္စကို ကျုပ်တာဝန်ထားလိုက်။ ဟင်းလင်းပြင် အစီအရင်ကို ကာကွယ်ပေးရတဲ့ စီနီယာကို ကျုပ်တစ်ခါ ကူညီပေးဖူးတယ်။ ဒါကြောင့် ကျုပ်မျက်နှာနဲ့သာ ဆိုရင် စီနီယာအစ်ကိုရန်ကို ဟင်းလင်းပြင်အစီအရင် ကျိန်းသေ သုံးခွင့်ပေးလိမ့်မယ်။ ပြီးတော့ စီနီယာအစ်ကိုရန် ကိုယ်တိုင်ကလည်း လူမသိသူမသိ လူတစ်ယောက်မှ မဟုတ်တာ”
“အဲ့လိုဆိုမှတော့ ညီလေးချန်ကိုပဲ အားကိုးတော့မယ်နော်” ရန်ကိုင်က အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး အနီးအနားရှိ တောင်ကုန်းအား လှမ်းကြည့်ကာ “အဲ့လိုဆိုရင် ဒီမှာ ခဏလောက် နားပြီးမှ ကျီးနက်မြို့တော်ဆီ ဆက်သွားတာပေါ့”
ချန်ရှီတောင်းတို့ မကန့်ကွက်ခဲ့။ ထို့ကြောင့် ခြောက်ယောက်သား တောင်ကုန်းဆီ လျှောက်သွားလေသည်။
ချန်ရှီတောင်းနှင့် လုယင်သည် ငွေညမိုးကြိုးသားရဲနှင့် တိုက်ပွဲတွင် ဒဏ်ရာမရခဲ့သော်လည်း သူတော်စင်ချီ များစွာ သုံးခဲ့ရသည်။ ထိုမွန်းစတားသားရဲနှင့် တိုက်ခိုက်ပြီးပြီးချင်း၊ နားပင် မနားရသေးဘဲ တောက်လျှောက် ဆက်ခရီးနှင်ခဲ့ရသည်။ ထို့ကြောင့် သူတို့ ခန္ဓာကိုယ်ကို ခဏလောက် အနားပေးပြီး အားပြန်ဖြည့်ရန် လိုအပ်နေလေပြီ။ ချန်ဖန်းလေ့နှင့် ဝမ်ယုဟန်တို့ကမူ သူတို့၏ ဒဏ်ရာများကို ပြန်လည် ကုသရန် လိုအပ်သည်။ ထို့ကြောင့် တောင်ထွတ်အသေး ကိုယ်စီကို ရွေးကာ စတင် အားပြန်ဖြည့်၊ ဒဏ်ရာကုသတော့လေသည်။
ရန်ကိုင်နှင့် ယန်ယန်ကမူ ချောင်ကျသည့် တောင်တစ်လုံး ဆီသို့ ပျံသန်းသွားခဲ့သည်။
မကြာမီ ထိုတောင်ပေါ်သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် သူတော်စင်ချီကိုသုံး၍ ယာယီ နေထိုင်ရန်အတွက် ဂူတစ်လုံး ဖောက်လိုက်သည်။
ရန်ကိုင်၏ ကျင့်ကြံခြင်းဖြင့် နေထိုင်ရန် လိုဏ်ဂူလေး တစ်လုံး ဖန်တီးရန်မှာ အတော့်ကိုမှ လွယ်ကူနေပြီဖြစ်သည်။ လက်ဖက်ရည် တစ်ခွက်စာ ဆူချိန်အတွင်း လိုဏ်ဂူဖောက်လို့ ပြီးသွားခဲ့သည်။
လိုဏ်ဂူထဲသို့ ဝင်လိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့သည်။ ယန်ယန်လည်း ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း သိလိုက်ရာ ဘာတစ်ခွန်းမှ မပြောဘဲ ရန်ကိုင်နောက်မှသာ တိတ်တိတ်လေး လိုက်သွားခဲ့သည်။
အထဲသို့ လျှောက်လာပြီးနောက် ရန်ကိုင် ရုတ်တရက် တင်ပလင်ခွေ ထိုင်ချလိုက်သည်။
“ရှောင်ရှောင် တစ်ခုခု ဖြစ်လို့လား” ယန်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။
နေမီးလျှံအမြူတေကို မြိုချပြီးနောက် ကျောက်တုံးရုပ်သေးရုပ်ကို ရန်ကိုင်မှ ယူထားခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် ကျောက်တုံးရုပ်သေးရုပ် အခြေအနေ မည်ကဲ့သို့ ရှိသလဲဆိုသည်ကို ယန်ယန် မသိချေ။ ရန်ကိုင် ရုတ်တရက် နားချင်ရခြင်းသည် ထိုကိစ္စနှင့် ပက်သက်နေလိမ့်မည်ဟုသာ သူမ သိသည်။
“ပြဿနာကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျောက်တုံး ရုပ်သေးရုပ် တောင်ခံနိုင်တော့မှာ မဟုတ်ဘူး” ရန်ကိုင် သက်ပြင်းချလိုက်၏။
“ငါသိပြီ။ နင်မပြောရင်တောင် အဲ့နေမီးလျှံအမြူတေနဲ့ ရှောင်ရှောင် ကိစ္စကို ဖြေရှင်းဖို့ ငါနင့်ကို နားခိုင်းတော့မလို့” ပြောပြီးနောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး လိုဏ်ဂူထဲတွင် အစီအရင်တစ်ခု စတင် ခင်းကျင်းတော့လေသည်။
နေမီးလျှံအမြူတေကို သေချာ ကိုင်တွယ်မှ တော်ကာရာ ကျမည်။ မတော်လို့ နေမီးလျှံအမြူတေ၏ အရှိန်အဝါသာ အပြင်သို့ ပျံ့သွားခဲ့လျှင် မလိုလားအပ်သော ပြဿနာများကို လက်ယပ် ခေါ်လိုက်သလို ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ကျောက်တုံး ရုပ်သေးရုပ် အပြင်သို့ မရောက်လာခင် သီးခြားအစီအရင်တစ်ခု ခင်းကျင်းလိုက်ခြင်း ဖြစ်သည်။
ယန်ယန်၏ လက်ရှိကျွမ်းကျင်းမှုအရ သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည့် အစီအရင်တစ်ခုအား ခင်းကျင်းရန်အတွက် အတော်လေးကိုမှ လွယ်ကူပေသည်။ နေ့တစ်ဝက်ကြာပြီးနောက် လိုဏ်ဂူတစ်ခုလုံးကို မမြင်နိုင်သော အကာအရံတစ်ခုက ဖုံးအုပ်သွားခဲ့သည်။ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ပင်လျှင် အတွင်းပိုင်းထဲသို့ ထိုးဖောက်ကြည့်နိုင်မည် မဟုတ်ပေ။
အားလုံး ပြင်ဆင်ပြီးသွားသည့် အခါမှသာ ရန်ကိုင်သည် ကျောက်တုံးရုပ်သေးရုပ်ကို အနက်ရောင်စာအုပ်ထဲမှ ထုတ်ပေးလိုက်သည်။
ကျောက်တုံးရုပ်သေးရုပ် ပေါ်လာသည်နှင့် ဂူတွင်းရှိ အပူချိန် ရုတ်ချည်း မြင့်တက်လာခဲ့သည်။ ကျောက်တုံး ရုပ်သေးရုပ်ဆီမှ ဖြာထွက်နေသော အပူချိန်သည် အနီးအနားရှိ လေထုကိုပင် လောင်ကျွမ်းနေခဲ့သည်။ ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ် ကိုယ်တိုင်သည်လည်း အရည်ပျော်ကျတော့မည့် အရိပ်အယောင်များ ပြသနေသည်။
သူ့မျက်နှာ အမူအရာမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ မျက်လုံးများမှာလည်း နီရဲနေခဲ့သည်။
နေမီးလျှံအမြူတေ၏ အပူချိန်သည် အလွန်ကိုမှ အားကောင်း ပြင်းထန်လှသည်။ ယခုအချိန်ထိတိုင် ကျောက်တုံးရုပ်သေးရုပ် ထိုအပူဓါတ်ကို ခုခံနိုင်ခဲ့ခြင်းမှာ ၎င်း၏ မွေးရာပါ စွမ်းရည်ကြောင့် ဖြစ်ပေသည်။
ကျောက်တုံးရုပ်သေးရုပ်၏ အမူအရာကို မြင်သော် ရန်ကိုင် နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့ဘဲ နှစ်တစ်သောင်းရေခဲ ကျောက်စိမ်းကို ချက်ချင်း ထုတ်လိုက်သည်။ နှစ်တစ်သောင်းရေခဲ ကျောက်စိမ်း ပေါ်လာသည်နှင့် အခန်းတွင်းရှိ အပူချိန် ရုတ်ချည်း ပြန်လည် လျော့ကျသွားခဲ့သည်။
ထို့နောက် ကျောက်တုံးရုပ်သေးရုပ်ကို နေမီးလျှံအမြူတေအား ထွေးထုတ်ရန် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။ ရန်ကိုင်၏ ညွှန်ကြားချက်ကိုကြားသော် ကျောက်တုံးရုပ်သေးရုပ် သည် ၎င်း၏ ပါးစပ်ကိုဟလျက် နေမီးလျှံအမြူတေအား နှစ်တစ်သောင်းရေခဲ ကျောက်စိမ်းပေါ် ထွေးထုတ်လိုက်သည်။
ထိုအခြင်းအရာကို မြင်မှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့၏။ ထို့နောက် ကျောက်တုံးရုပ်သေးရုပ်အား လက်ယပ်ခေါ်လိုက်သည်။ ကျောက်တုံးရုပ်သေးရုပ် သူ့အနီးသို့ ရောက်လာသည်နှင့် သူ့အခြေအနေကို သေချာ စစ်ဆေးကြည့်လိုက်သည်။
ကျောက်တုံးရုပ်သေးရုပ် ဒဏ်ရာရခဲ့သော်ငြား ကံကောင်းစွာဖြင့် သူရခဲ့သည့် ဒဏ်ရာများသည် အသေးစား ဒဏ်ရာများသာ ဖြစ်သည်။ ခဏလောက် နားလိုက်သည်နှင့် သူ့အလိုလို ပြန်ကောင်းသွားပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်မှာ စိတ်သက်သာရာ ရမိသလို ကျောက်တုံးရုပ်သေးရုပ်၏ အနာဂတ် အလားအလာနှင့် ပက်သက်၍လည်း ဝမ်းသာမိရသည်။
ထို့နောက် ၎င်း၏ ဝမ်းဗိုက်ထဲတွင် ရှိနေသော သတ္တုများကို သုံး၍ ဒဏ်ရာပြန်ကုနှင့်ရန် ကျောက်တုံးရုပ်သေးအား ကောင်းကင် စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။ ပြီးသည့်နောက် ကျောက်တုံး ရုပ်သေးရုပ်ကို အနက်ရောင်စာအုပ်ထဲသို့ ပြန်ထည့်ထားလိုက်၏။
အလောင်းလိုဏ်ဂူထဲတွင် ရှိစဉ်က ကျောက်တုံးရုပ်သေးရုပ် သည် သူတော်စင်သလင်းကျောက်များနှင့် သတ္တုရိုင်များစွာကို ဝါးမြိုခဲ့သည်။ ထိုသူတော်စင်သလင်းကျောက်များမှ ကျောက်တုံး ရုပ်သေးရုပ် အကျိုးအမြတ် မည်မျှ ရနိုင်သလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ၎င်း၏ ကြီးထွားမှုကို လုံးဝ အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်နေမိသည်။ ထို့ကြောင့် ရန်ကိုင်လည်း ကပ်စေးနဲမနေခဲ့ချေ။ ထိုသတ္တု အဆီအနှစ်များကို စုပ်ယူပြီးနောက် ကျောက်တုံးရုပ်သေးရုပ် ပိုကောင်းမလာလျှင်ပင် ယခင်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်ဟု ယုံကြည်နေမိသည်။
နေမီးလျှံအမြူတေသည် ထိုသတ္တရိုင်းများထက် အများကြီး ပိုအဖိုးတန်ပေသည်။
ကျောက်တုံးရုပ်သေးရုပ်ကို ညွှန်ကြားပြီးသည်နှင့် ယန်ယန် ဘက်သို့လှည့်၍ “ငါတို့ အခု ဘာလုပ်ကြမလဲ။ ကျောက်တုံး ရုပ်သေးရုပ်က ဒါကို အကြာကြီး မသယ်ထားနိုင်ဘူး။ ငါတို့သာ ပြန်ဖို့ ကြာနေရင် အခက်တွေ့လိမ့်မယ်”
“ဒါကိုထည့်ဖို့ အထူးထည့်စရာ တစ်ခုခု လုပ်လိုက်ရင် အဆင်ပြေသွားပြီလေ” ယန်ယန်က သူမ၏ အတွေးကို ထုတ်ဖော် ပြောဆိုလိုက်သည်။
“နင်ဘာလိုချင်တာလဲ”
“ရေခဲဓါတ်ပစ္စည်းတွေပေါ့။ ဒီနှစ်တစ်သောင်းရေခဲ ကျောက်စိမ်း ဆိုရင်တော့ အကောင်းဆုံးပဲ။ နေမီးလျှံအမြူတေကို ထည့်မယ့် ပစ္စည်းကို လုပ်ဖို့က သိပ်စိတ်ပူစရာ မလိုဘူး။ ငါတို့ စိတ်ပူရမှာက အချိန်ပဲ။ အနည်းဆုံး ဆယ်ရက်လောက်ကြာမှာ”
“ဆယ်ရက်… အင်း၊ အဲ့လောက်က ကိစ္စမရှိဘူး။ သူတို့လည်း ဆယ်ရက်အတွင်း လုံးဝ ပြန်ကောင်းလာမှာမှ မဟုတ်တာ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မတ်တပ်ရပ်လိုက်သည်။ မသွားခင် အလောင်းလိုဏ်ဂူထဲမှ ရလာသော ပစ္စည်းများ ထည့်ထားသည့် လက်စွပ်ကို ယန်ယန်ဆီ ပေးလိုက်သည်။ ထိုပစ္စည်းနှင့် ဆိုပါက ယန်ယန်နှင့် အထူးထည့်စရာကို လုပ်ရာတွင် မည်သည့် ပြဿနာမှ မရှိလောက်ဟု ရန်ကိုင် ထင်သည်။
ယန်ယန်အား မနှောင့်ယှတ်ချင်တော့သည့် အတွင် လိုဏ်ဂူ၏ အပြင်ဘက်ဆုံး အပိုင်းဆီ သွားလိုက်ပြီး တင်ပလင်ခွေ ထိုင်လိုက်သည်။
နေမီးလျှံအမြူတေကို မယူခင် မှော်ရတနာစိတ်ဝိဥာဉ်ကို အမြူတေမှ ဖန်တီးလိုက်သည့် မီးနဂါးနှင့် တိုက်ခိုက်ခိုင်းခဲ့သည်။ သို့သော် မီးနဂါးသည် အတော်လေး ကြမ်းလှသဖြင့် တိုက်ပွဲအတွင်း မီးငှက်ဒဏ်ရာရသွားခဲ့သည်။