အခန်း (၁၃၁၁-၁၃၁၅)
Vol. 53 Ch. 1311-1315
အပိုင်း (၁၃၁၁)
ချန်ဖန်းလေ့ ပြောသည်ကို နားထောင်ပြီး ရန်ကိုင်စိတ်ထဲ အကြောင်းအရာ တစ်ခုခုကို စဉ်းစားမိသွားသည်။ သို့သော် အပြင်သို့ ထုတ်မပြောဘဲ ရယ်သွမ်းသွေး၍သာ “ညီလေးချန်က ငါ့ကို စေတနာနဲ့ လာခေါ်တာကို ငါက ဘယ်လိုလုပ်ပြီး မင်းကို အပြစ်တင်ရက်မှာလဲ။ အမှန်အတိုင်း ပြောရရင် အခုငါ ဒီနေရာကို တော်တော်လေး စိတ်ဝင်စားနေမိပြီ”
“အစ်ကိုရန်၊ မင်း…” ချန်ဖန်းလေ့ ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။
ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ညီလေးချန်၊ မင်းနားလည်မှု လွဲနေပြီ။ ငါက အဆင့်တစ်ဆို့နေတာတွေကို ကူပြီး ကျော်ဖြတ်ပေးနိုင်တဲ့ ဒီနေရာရဲ့ ဖိုမပေါင်းစပ်ခြင်း ကျင့်စဉ်ကို စိတ်ဝင်စားရုံပဲ။ ကောလဟာတွေအတိုင်းသာ ဖြစ်မယ်ဆိုရင် ဒီဖိုမပေါင်းစပ်ခြင်း ကျင့်စဉ်က တကယ်ကို အံ့ဩဖို့ ကောင်းသွားပြီ။ ငါတို့ ကျင့်ကြံသူတွေက အမြဲတမ်း ကြုံလေ့ကြုံထရှိတဲ့ အရာက အဆင့်တစ်ဆို့တာမှန်း မင်းလည်း သိတာပဲ။ တစ်ခါတစ်ရံဆို တစ်ခါ အဆင့်တစ်ဆို့လိုက်တာနဲ့ တစ်သက်လုံး အဆင့်မတက်နိုင်တော့ တာမျိုးတောင် ဖြစ်သွားနိုင်တယ်။ ဒီဖိုမပေါင်းစပ်ခြင်း ကျင့်စဉ်သာ အဲ့လောက် ကောင်းမယ်ဆိုရင် ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ် ဖြစ်လာဖို့တောင် လုံလောက်နေပြီ။ ဒီနေရာလာပြီး စိတ်ပျော်စံအိမ် ဖွင့်စားနေစရာ အကြောင်း မရှိဘူး”
“အစ်ကိုရန် ပြောချင်တာက…” ချန်ဖန်းလေ့သည် စိတ်ထား ရိုးဖြောင့်သော်လည်း တုံးအသူ တစ်ယောက်တော့ မဟုတ်ချေ။ ရန်ကိုင် ပြောသွားသည့် အကြောင်းအရာများထဲမှ သဲလွန်စအချို့ ကောက်ထုတ်ယူလိုက်နိုင်သည်။
“ဒီဖိုမပေါင်းစပ်ခြင်း ကျင့်စဉ်မှာ ဘေးထွက်ဆိုးကျိုး တစ်ခုခု ရှိလားဆိုတာပဲ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“ကျုပ်လည်းမသိဘူး။ စီနီယာအစ်ကို ပြောသွားတာပဲ ကြာဖူးတာ။ ဘေးထွက်ဆိုးကျိုး အကြောင်းကိုတော့ သူတစ်ခါမှ ပြောမသွားဘူး” ချန်ဖန်းလေ့ မျက်မှောင်ကြုတ်သွားသည်။ ချန်ဖန်းလေ့လည်း ရန်ကိုင် ပြောသည်ကို သေချာ စဉ်းစားကြည့်၏။ ကောလဟာလများ အတိုင်းသာ ဆိုပါက အဆင့်တစ်ဆို့ခြင်းသည် အလွန်ကိုမှ ချိုးဖျက်ရ လွယ်သွားလိမ့်မည် မဟုတ်ပေလော။ ထိုသို့ဆိုလျှင် ကျင့်ကြံသူများသည် အချိန်ကုန်ခံပြီး ဘာကြောင့် ကျင့်ကြံနေကြတော့မလဲ။ ဤနေရာသို့ လာပြီး ဖိုမပေါင်းစပ်ခြင်း ကျင့်စဉ်ကို ကျင့်လိုက်ရုံနှင့်တင် ပြီးသွားလိမ့်မည် မဟုတ်လော။
“ညီလေးချန် သိလားတော့ မသိဘူး။ ဖိုမပေါင်းစပ်ခြင်း ကျင့်စဉ် အများစုက အရမ်းရက်စက်တယ်။ အဲ့ကျင့်စဉ်တွေက ယန်အားဖြည့်ဖို့ ယင်ကို စုဆောင်းတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ယင်အားဖြည့်ဖို့ ယန်ကို စုဆောင်းတာပဲ။ ဒါကြောင့် တစ်ယောက် အကျိုးရှိရင် နောက်တစ်ယောက် ဒုက္ခရောက်ရတယ်။ ဒီစိတ်ပျော်စံအိမ် ဒီနေ့အထိတောင် တည်ရှိနေနိုင်တာကို ကြည့်ရင် ဒီက အမျိုးသမီးတွေက ကျင့်ကြံသူတွေ အဆင့်ချိုးဖျက်နိုင်အောင် သူတို့၏ အခြေခံအုတ်မြစ် ဒါမှမဟုတ် အပျိုစင်ယင်ကို စတေး ပေးနိုင်တဲ့ ယင်ကျင့်စဉ် တစ်ခုခုကို ကျင့်ကြံထားတာပဲ ဖြစ်လိမ့်မယ်” ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် ဖိုမပေါင်းစပ်ခြင်းကျင့်စဉ်၏ လက္ခာများအကြောင်းကို စတင် ရှင်းပြတော့လေသည်။
တကယ်တော့ သူကိုယ်တိုင်ပင် ပြောနေစရာ မလိုချေ။ ထိုအကြောင်းများကို ချန်ဖန်းလေ့ ယခင်က ကြားဖူးပေသည်။ တကယ်တော့ ချန်ဖန်းလေ့သည် ဤကျင့်ကြံခြင်း လောကကြီး မည်ကဲ့သို့ လည်ပတ်နေလဲ ဆိုသည်ကို လုံးဝ မသိသည့် လူတစ်ယောက်မှ မဟုတ်လေရာ။ ဖိုမပေါင်းစပ်ခြင်း ကျင့်စဉ်ကို တစ်ခါမှ မဖတ်ဖူး၊ မမြင်ဖူးလျှင်ပင် ထိုကျင့်စဉ်များ အကြောင်း ကောလဟာလတော့ ကြားဖူးပေသည်။
ရန်ကိုင်သည် အလွန်ကိုမှ နက်နဲဆန်းကြယ်သော ဖိုမပေါင်းစပ်ခြင်း ကျင့်စဉ် တစ်ခုကို ကျင့်ကြံထားသည့် အတွက် ထိုကျင့်စဉ်များအကြောင်း အတော်လေး တီးမိခေါက်မိရှိသည်။
“အဲ့လိုသာဆိုရင် ဘေးထွက်ဆိုးကျိုး တစ်ခုခုတော့ ရှိလိမ့်မယ်။ တကယ်တော့ ကျုပ်မှာ အပျိုစင်ယင်ဖြစ်ဖြစ်၊ ယွမ်ချီကို ဖြစ်ဖြစ် သန့်စင်နိုင်တဲ့ ကျင့်စဉ်တစ်ခုခုမှ မရှိတာ။ ကျုပ်ကျင့်ကြံခြင်း တိုးတက်လာမယ် ဆိုရင်တောင် အခြေခံ အုတ်မြစ်ကတော့ မတည်မငြိမ် ဖြစ်သွားနိုင်တယ်” ချန်ဖန်းလေ့က တွေးတွေးတောတောဖြင့် ပြောလိုက်သည်။
ထို့နောက် သူ့ဘာသာ တိုးတိုးတိုးတိုးဖြင့် ရေရွတ်နေပြန်သည် “ဒါပေမယ့် အဲ့လိုဆိုရင် ဒီနေရာအကြောင်းကို စီနီယာအစ်ကိုဝမ် ဘာလို့ ကျုပ်ကို ပြောခဲ့တာလဲ။ သူ့ထွက်သွားတာကြောင့် မဟုတ်ရင် သူကိုယ်တိုင် ကျုပ်ကို ဒီနေရာဆီ ခေါ်လာမယ်လို့ ကျုပ်ထင်နေတာ”
“အစ်ကိုဝမ် ဒီအတိုင်းလေးပဲ ပြောမိလိုက်တာလည်း ဖြစ်နိုင်တာပဲ။ သူ့ရည်ရွယ်ချက်ကို မင်းနားလည်မှု လွဲသွားတာ ဖြစ်ရင်ဖြစ်နိုင်တာပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ကျုပ်သိပြီ” ချန်ဖန်းလေ့ အသာအယာ ခေါင်းညိတ်လိုက်၏ “အဲ့လိုဖြစ်ရမယ်။ အင်း၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနေမှတော့ ဒီနည်းသုံးပြီး အခြေခံအုတ်မြစ် အထိခိုက်ခံမယ့်အစား ကိုယ့်ဘာသာပဲ ကျင့်ကြံနေလိုကတော့မယ်”
ထို့နောက် ချန်ဖန်းလေ့က ချက်ချင်း ပြောလိုက်သည် “အစ်ကိုရန်၊ ပြန်ကြရအောင်”
“ရောက်ရောက်ချင်းပဲ ပြန်သွားရင်း ဒီနေရာ ပိုင်ရှင်ကို စော်ကားမိသလို ဖြစ်သွားလိမ့်မယ်။ မလောနဲ့ဦး” ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
ချန်ဖန်းလေ့ ကူကယ်ရာမဲ့စွာ ခေါင်းကုတ်လိုက်သည်။ ယခုလို ဖြစ်မည်မှန်းသာ သိခဲ့လျှင် ရန်ကိုင်ကိုပါ သူနှင့်အတူ ခေါ်လာခဲ့မည် မဟုတ်ပေ။ ယခုမှ ထွက်သွားဖို့ရာပင် အတော်လေး ပြဿနာ များနေခဲ့လေပြီ။
“ကျုပ်တို့ တကယ်ကြီး… အဲ့ဒါကို… လုပ်ရမှာလား” ချန်ဖန်းလေ့က ရန်ကိုင်အား မျှော်လင့်ချက်၊ မရေရာမှုတို့ ရစ်သိုင်းနေသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
ရန်ကိုင်က ရယ်မောလိုက်ပြီး “အဲ့ဒါကတော့ ညီလေးဖန် အပေါ်ပဲ မူတည်တယ်။ ဖိုမအတူ ကျင့်ကြံတာမျိုး မလုပ်သင့်ပေမယ့် နည်းနည်းပါးပါး အပျော်ရှာတာကတော့ ဘာမှ မဖြစ်လောက်ပါဘူး”
“အစ်ကိုရန် နောက်နေတာလား” ချန်ဖန်းလေ့ ရှက်သွား၏။
ထိုစဉ် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး တံခါးပေါက်ဆီ လှမ်းကြည့်လိုက်သည်။ တံခါးခေါက်သံနှင့်အတူ အစောပိုင်းက သူတို့အား ဤနေရာသို့ ခေါ်လာသော အမျိုးသမီး၏ အသံ ထွဥ◌်ပေါ်လာခဲ့သည် “သခင်လေးတို့ နှစ်ယောက်ကို စောင့်နေမိသလို ဖြစ်သွားစေခဲ့ရင် တောင်းပန်ပါတယ်နော်”
ပြောပြီးသည်နှင့် တံခါးကို တွန်းဖွင့်လိုက်ပြီး အစေခံ မိန်းကလေး နှစ်ယောက်နှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။ အစေခံ မိန်းကလေး နှစ်ဦးအနက် တစ်ဦးသည် ဝိုင်ကရားများကို သယ်ဆောင်လာပြီး အခြားတစ်ဦးသည် စိတ်ဝိဥာဉ်အသီးများ ထည့်ထားသည့် ဗန်းတစ်ဗန်းကို သယ်လာခဲ့သည်။
ကျော့ရှင်းစွာ ဦးညွှတ်လိုက်ပြီးနောက် အစေခံ နှစ်ယောက်သည် ဝိုင်နှင့် သစ်သီးဝလံများကို စားပွဲလေးပေါ်တွင် တင်ပေါ်တွင် တင်ထားလိုက်ပြီး ဦးဆောင်လာသည့် အမျိုးသမီး၏ နောက်တွင် သွားရပ်နေလိုက်သည်။
ထို့နောက် အမျိုးသမီးသည် ရန်ကိုင်နှင့် ချန်ဖန်းလေ့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မေးလိုက်သည် “သခင်လေးတို့ နှစ်ယောက် အပျော်သီးသန့် လာရှာတာလား၊ အခြား အထူး တောင်းဆိုချင်တာလေးများ ရှိသေးလားဆိုတာ သိလို့ရမလား”
“အပျော်ရှာတာနဲ့ အထူးတောင်းဆိုချင်တာ ဘာကွာလဲ” ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်သည်။
အမျိုးသမီးက မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လျက် စွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ ထို့နောက် ချန်းဖန်းလေ့အား လှမ်းကြည့်၍ စတင် ရှင်းပြလိုက်လေသည် “အပျော်သက်သက်ပဲ လာရှာတာဆိုရင်တော့ အရည်အချင်းကော၊ ရုပ်ရည်ပါ ပြည့်စုံတဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်။ သခင်လေးတို့ ကြိုက်တဲ့လူ ရွေးချယ်လို့ရတယ်။ အလှအပ ပိုင်းမှာရော၊ ကျင့်ကြံခြင်းအဆင့် ပိုင်းမှာပါ ကျွန်မတို့ စိတ်ပျော်စံအိမ်က ကျီးနက်မြို့က အခြားနေရာတွေထက် အများကြီး ပိုသာတယ်။ ဒါပေမယ့် ဈေးကတော့ အဲ့နေရာတွေလို ဘယ်သက်သာပါ့မလဲနော်”
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဈေးက ပြဿနာ မရှိဘူး။ အဓိက ကျုပ်တို့ စိတ်ကျေနပ်နိုင်ဖို့ပဲ။ ခင်ဗျားတို့ စိတ်ပျော်စံအိမ်မှာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး မိန်းကလေးမှာ ဘယ်အဆင့်မှာ ရှိလဲ ကျုပ်သိလို့ရမလား”
အမျိုးသမီးက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “သခင်လေးက အမြင် စူးရှတာပဲ။ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး မိန်းကလေးအကြောင်း ပြောရမယ်ဆိုရင်တော့ ဟုန်ယွဲ့ပဲ ဖြစ်လိမ့်မယ်။ သူက သူတော်စင် ဘုရင် ဒုတိယအဆင့်ပဲ”
“သူတော်စင်ဘုရင် ဒုတိယအဆင့်” ရန်ကိုင် ကြောင်သွား၏။ ချန်ဖန်းလေ့သည်လည်း အတူတူပင်။ ထိုကဲ့သို့သော အမျိုးသမီး တစ်ဦး ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။ သူမ၏ ကျင့်ကြံခြင်းအရ ဤနေရာထက် ပိုမို သာလွန်သော ဂိုဏ်းတစ်ဂိုဏ်းကို အလွယ်တကူ ဝင်နိုင်ပေသည်။
အမျိုးသမီးက ဆက်ပြောလိုက်သည် “ဒါပေမယ့် မိန်းကလေး ဟုန်ယွဲ့က တစ်နှစ်မှ နှစ်ကြိမ်ပဲ ဝန်ဆောင်မှုပေးတယ်။ အဲ့နှစ်ကြိမ် ပြီးတာနဲ့ ဈေးဘယ်လောက်ပဲ ထပ်ပေးပေး၊ ဘယ်ဧည့်သည်ကိုမှ ထပ်မတွေ့တော့ဘူး။ ပြီးတော့ ဧည့်သည့်တစ်ယောက်ကို သူမ ဝန်ဆောင်မှု ပေးမပေးက သူမအပေါ်ပဲ အပြည့်အဝ မူတည်တယ်။ ဒါကြောင့် သခင်လေးတို့ ပိုက်ဆံအများကြီး ပေးမယ်ဆိုရင်တောင် သူမလုပ်ချင်ဘူးဆို အသုံးဝင်မှာ မဟုတ်ဘူး”
“မိန်းကလေးဟုန်ယွဲ့ရဲ့ စိတ်ဓါတ်က အတော်လေး ထူးဆန်းပါလား။ အင်း၊ ထားလိုက်ပါလေ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ “အဲ့လို ပြဿနာတွေက ရှောင်တာ အကောင်းဆုံးပဲ”
“အင်း” ထိုစကားကို ကြားလိုက်သည့်အခါ အမျိုးသမီး စိတ်သက်သာရာ ရသွားပြီး အလျင်အမြန်ပဲ ပြန်မေးလိုက်သည် “သခင်လေးတို့ နှစ်ယောက်မှာ အခြား တောင်းဆိုချင်တာများ ရှိသေးလား ကျွန်မ သိလို့ရမလား”
“ဒီမှာ အဆင့်တစ်ဆို့တာတွေကို ကူချိုးဖျက်ပေးဖို့အတွက် ဖိုမပေါင်းစပ်ခြင်းကျင့်စဉ်ကို အထူး ကျင့်ကြံထားတဲ့ အမျိုးသမီးတွေ ရှိတယ်လို့ ကျုပ်ကြားထားတယ်။ အဲ့ဒါ အမှန်ပဲလား” ရန်ကိုင်က အမျိုးသမီးအား စိုက်ကြည့်၍ မေးလိုက်သည်။
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ ကျွန်မတို့ စိတ်ပျော်စံအိမ်မှာ အဲ့လို အမျိုးသမီးတွေ တကယ် ရှိတယ်။ ပြီးတော့ ဒီနေရာကိုလာတဲ့ သူတော်စင်ဘုရင်အဆင့် ဆယ်ယောက်မှာ ရှစ်ယောက်လောက်က အဲ့ရည်ရွယ်ချက်ကြောင့် လာခဲ့တာ။ သခင်လေးတို့ နှစ်ယောက်လည်း အတူတူပဲနဲ့ တူတယ်”
“ဟုတ်တယ်။ အခု ကျုပ်တို့ ကျင့်ကြံခြင်းအဆင့် ဆက်မတက်နိုင်ဘဲ့ အဆင့်တစ်ဆို့နေလို့။ ဒါကြောင့် ဒီကိုလာပြီး တစ်ချက် စုံစမ်းကြည့်တာ”
“အဲ့လိုဆိုရင် လွယ်ပါတယ်။ သခင်လေးတို့ စိတ်ထဲ မထားဘူး ဆိုရင် သခင်လေးတို့အတွက် ကျွန်မ သင့်သလို စီစဉ်ပေးလိုက်မယ်။ သခင်လေးတို့ နှစ်ယောက် ကျေနပ်စေရမယ်လို့ ကျွန်မ အာမခံတယ်” အမျိုးသမီးက အပြုံးဖြင့် မေးလိုက်သည်။
“ကောင်းတာပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
အမျိုးသမီးက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ပြင်ဆင်စရာ ရှိသည်များကို သွားပြင်ဆင်ရန် လုပ်လိုက်သည်။ သို့သော် တံခါးနားသို့ ရောက်ခါနီးမှာပဲ ရုတ်တရက် လှည့်ကာ ပြောလိုက်သည် “ကျွန်မ သခင်လေးတို့ နှစ်ယောက်ကို ကြိုသတိပေးစရာ ရှိသေးတယ်။ ဖိုမပေါင်းစပ်ခြင်းကို သုံးပြီး အဆင့်ချိုးဖျက်သွားနိုင်တဲ့ ဧည့်သည်တွေ အများကြီး ရှိပေမယ့် လူတိုင်းက အောင်မြင်နိုင်တာ မဟုတ်ဘူးနော်။ သခင်လေးတို့ နှစ်ယောက် ကံမကောင်းဘဲ မအောင်မြင်ခဲ့ရင်…”
“အဲ့ဒါကို ကျုပ်သိတယ်။ ခင်ဗျား စိတ်ချထားလိုက်။ ကျုပ်တို့ မအောင်မြင်ခဲ့ရင် ကျုပ်တို့ကံ မကောင်းလို့ပဲပေါ့။ ခင်ဗျားတို့ကို အပြင်တင်မှာ မဟုတ်ဘူး”
အမျိုးသမီးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး ထွက်သွားလေသည်။
သူမ ထွက်သွားပြီးနောက် ချန်ဖန်းလေ့က ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ တောင်းဆိုလိုက်မှန်း ချန်ဖန်းလေ့ နားမလည်။ သို့သော် ရန်ကိုင်က ရှင်းမပြသဖြင့် ချန်ဖန်းလေ့လည်း သူ့ဘာသာ ခေါင်းရှုပ်နေရုံသာ တတ်နိုင်ခဲ့သည်။
ကြုံလာလျှင်လည်း အတွေ့အကြံအသစ် တစ်ခုအဖြစ်သာ သဘောထားရန် ဆုံးဖြတ်လိုက်သည်။ သူသာ ဖိုမအတူ မကျင့်ကြံလျှင် ဘာမှဖြစ်လိမ့်မည်မဟုတ်။ ထိုကဲ့သို့ စဉ်းစားလိုက်သည့်အခါ ချန်ဖန်းလေ့ စိတ်သက်သာရာ ရသွား၏။ ထို့နောက် စားပွဲပေါ်ရှိ အသီးများကို တစ်လုံးပြီးတစ်လုံး စတင် ယူစားတော့လေသည်။
ခဏအကြာတွင် အစောပိုင်းက ထွက်သွားသော အမျိုးသမီး ပြန်ရောက်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမနှင့်အတူ အမျိုးသမီး လှလှလေးများ ဆယ်ယောက်ကျော်မက ပါလာခဲ့သည်။ ထိုအမျိုးသမီးအားလုံးသည် သူတော်စင် ပထမအဆင့် ကျင့်ကြံခြင်းများကို ပိုင်ဆိုင်ထားကြပေသည်။
အခန်းထဲသို့ ထိုအမျိုးသမီးများ ဝင်လာသည်နှင့် အခန်း တစ်ခန်းလုံး သူမတို့၏ ကိုယ်သင်းရနံ့များဖြင့် သင်းထုံသွား၏။
ချန်ဖန်းလေ့သည် ထိုအမျိုးသမီးများအား မျက်ဝန်းရောင် တလက်လက်၊ စိတ်ဓါတ် တကြွကြွဖြင့် စစ်ဆေးကြည့်နေခဲ့သည်။ ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေလေသည်။
ရန်ကိုင်သည် ပုံမှန် ရုပ်တည်ဖြင့်သာ ရှိနေသေးသည်ကို မြင်သော် အမျိုးသမီး၏ အံ့အားသင့်သွားခဲ့သည်။ သို့သော် ဘာမှ မပြောဘဲ လက်ခုပ်သာ တီးလိုက်သည်။
သူမ လက်ခုပ်တီးလိုက်သည်နှင့် ယခုလေးတင် ဝင်လာသော အမျိုးသမီးများ ပြန်ထွက်သွားပြီး အခြား အမျိုးသမီး တစ်အုပ်က အစားထိုး ဝင်လာခဲ့သည်။
ဒုတိယအသုတ် အမျိုးသမီးများသည် ကျင့်ကြံခြင်းအဆင့် ပိုမြင့်ကြကာ အကုန်လုံးသည် သူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
သို့သော်လည်း ရန်ကိုင်ကမူ ရုပ်တည်ဖြင့် ရှိနေဆဲ။
ထို့ကြောင့် ဦးဆောင်လာသည့် အမျိုးသမီး ပို၍ အံ့အားသင့်သွားရသလို မျက်မှောင်လည်း ကြုတ်မိသွားသည်။ ဒုတိယတစ်ကြိမ် ထပ်လက်ခုပ်တီးလိုက်ပြီး ထိုအသုတ်ကို တတိယအသုတ်ဖြင့် အစားထိုးလိုက်သည်။
“သခင်လေးတို့ နှစ်ယောက် အကြိုက်မတွေ့သေးဘူးလား” ခဏလောက် စောင့်နေသည့်တိုင် ရန်ကိုင်ကမူ ရုပ်တည်ဖြင့်သာ ရှိနေသေးသဖြင့် အမျိုးသမီး၏ မျက်နှာ လှလှလေး စတင် သုန်မှနု်လာခဲ့၇သည်။ သူမ၏ အသံလေသည်လည်း ယခင်ကကဲ့သို့ ချိုသာနေခြင်း မရှိတော့ဘဲ စတင် အေးစက်လာ၏။ ထိုအမျိုးသမီးများသည် သူမတို့ စိတ်ပျော်စံအိမ်မှ ပေးနိုင်သည့် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသော အမျိုးသမီးများ ဖြစ်ကြကာ တစ်ယောက်ချင်စီးသည် သူတော်စင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြသည်။
လူငယ်လေး နှစ်ယောက်အနက် တစ်ယောက်သည် အစကတည်းက စိတ်ဝင်စားမှု ရှိနေသော်လည်း အခြား တစ်ယောက်သည် ကျောက်ရုပ်ထုကြီးနှယ် မည်သည့် စိတ်ဝင်စားမှု မှမပြ၊ ရုပ်တည်ဖြင့်သာ ရှိနေသည်။ ထို့ကြောင့် ထိုလူ သူမတို့ဆီ လာပြီး တမင်သက်သက် ပြဿနာများ ရှာနေသလားဟုပင် အမျိုးသမီး တွေးမိသွားသည်။
ရန်ကိုင်ကမူ အမျိုးသမီး၏ အေးစက်စက် အကြည့်ကို လျစ်လျူရှုလျက် ယဲ့ယဲ့လေးပြုံးကာ ပြန်မေးလိုက်သည် “ခင်ဗျားတို့ စိတ်ပျော်စံအိမ်က ဒီလောက်ပဲ တတ်နိုင်တာလား။ ဒါဆိုရင်တော့ ကျုပ်စိတ်ပျက်ရတော့မယ်နဲ့ တူတယ်”
ထိုစကားကို ကြားသည့်အခါ အမျိုးသမီး နှာခေါင်းရှုံ့လိုက်ပြီး တတိယအသုတ်ကိုပါ ပြန်လွှတ်လိုက်သည်။ ထို့နောက် အံကြိတ်၍ ပြန်ပြောလိုက်သည် “သခင်လေးတို့က အကောင်ဆုံးကိုမှ ကြိုက်တဲ့ လူတွေပဲ။ ကျွန်မတို့ စိတ်ပျော်စံအိမ်မှာ ဒီထက် ပိုအဆင့်မြင့်တဲ့ ဝန်ဆောင်မှုတွေ ရှိသေးတယ်။ ဒါပေမယ့် အများကြီးတော့ မရှိဘူး။ ပြီးတော့ ဈေးကလည်း အရမ်းမြင့်တယ်။ သခင်လေးတို့ နှစ်ယောက် တတ်နိုင်ပါ့မလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၁၂)
“ကျုပ်တို့ စိတ်ကျေနပ်ဖို့က အဓိကပဲ။ ဈေးက ပြဿနာ မရှိဘူးလို့ ကျုပ်ပြောပြီးသွားပြီလေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် အမျိုးသမီးဆီ သိုလှောင်လက်စွပ်တစ်ကွင်း လှမ်း၍ ပစ်ပေးလိုက်သည်။
အမျိုးသမီးသည် သိုလှောင်လက်စွပ်ကို ဖမ်းကာ ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ အထဲရှိ ပစ္စည်းများကို မြင်ပြီးနောက် အမျိုးသမီး၏ မျက်နှာ အမူအရာ မဆိုသလောက်လေး ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလို မှိုင်းမိသလို ဖြစ်နေသော သူမ၏ အမူအရာ ရုတ်ချည်း တောက်ပလာခဲ့ပြီး စွဲမက်ဖွယ်ကောင်းစွာ ပြန်ပြောလိုက်သည် “သခင်လေးက တကယ်ကို အမြော်အမြင် ရှိတဲ့လူပဲ။ အဲ့လို ဆိုမှတော့ ကျွန်မ သခင်လေးကို စိတ်မပျက်စေရပါဘူး”
ပြောပြီးသည်နှင့် သိုလှောင်လက်စွပ်ကို သိမ်းလိုက်သည်။ ထို့နောက် ငွေရောင်အလင်းတန်း တစ်ခုအား ရန်ကိုင်ဆီသို့ ပို့ပေးလိုက်လေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော် ဘာမှ လုပ်မနေဘဲ ထိုငွေရောင်အလင်းတန်းကိုသာ လှမ်းဖမ်းကိုင်လိုက်၏။ သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် အလွန်အမင်းကိုမှ ပါးလျသော ငွေရောင်ကြေးမုံများကို ကိုင်ထားမှန်း သိလိုက်ရသည်။
ထိုကြေးမုံမျက်နှာပြင် တစ်ချပ်ချင်းစီတိုင်းပေါ်တွင် မိန်းမလှလေး တစ်ယောက်ချင်းစီ ရှိနေခဲ့သည်။ အကုန်လုံးသည် အမူအရာ အမျိုးမျိုး လုပ်ပြထားကြသည်။ အချို့သည့် ပြုံးနေပြီး အချို့သည် ရုပ်တည်ဖြင့် ရှိနေသည်။ အချို့မှာ ထိုင်နေကြပြီး အချို့မှာ မတ်ရပ်နေကြသည်။
ထိုပုံရိပ်များသည် ကြေးမုံထဲတွင် ပိတ်ထားခံရသော အသက် ရှိနေသည့် လူများနှယ် အလွန်ကိုမှ အသက်ဝင်လှသည်။
သို့သော်လည်း ကြေးမုံပေါ်ရှိ လူများသည် လုပ်ဆောင်မှု တစ်ခုတည်းကိုသာ ထပ်တလဲလဲ ပြုလုပ်နေမှန်း မကြာမီ တွေ့ရှိလိုက်ရသည်။
“အဲ့မိန်းကလေးတွေက ငါတို့ စိတ်ပျော်နန်းတော်ရဲ့ အမှတ်သင်္ကေတတွေပဲ။ အကုန်လုံးက အပျိုစင်တွေ၊ ပြီးတော့ သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတွေပဲ။ သခင်လေး တစ်ထိုင်တည်းနဲ့ သူတော်စင်သလင်းကျောက် အများကြီး ထုတ်ပေးတာကြောင့်သာ မဟုတ်ရင် သူတို့နဲ့ မိတ်ဆက်ပေးမှာ မဟုတ်ဘူး။ ဒီလောက်ဆိုရင် သခင်လေးတို့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ကျွန်မလည်း မတတ်နိုင်တော့ဘူး”
“သူတော်စင်ဘုရင် ပထမအဆင့်တွေလား” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့အမူအရာမှာ မူကား ယခင်ကကဲ့သို့ပင်။ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ကြေးမုံများကို တစ်ခုချင်း စစ်ဆေးကြည့်လိုက်သည်။
ငွေကြေးမုံ သိပ်များများစားစား မရှိပေ။ စုစုပေါင်းမှ ရှစ်ခုသာရှိသည်။ ရန်ကိုင်သာ အပျော်လာရှာရုံ သက်သက် ဆိုလျှင် ထိုအမျိုးသမီးထဲမှ မည်သူမှမဆို သူ့လိုအပ်ချက်နှင့် ကိုက်ညီ၏။ သို့သော်လည်း ချန်ဖန်းလေ့သည် ဝမ်ယုဟန်မှ မရည်ရွယ်ဘဲ စကားဖော်မိလိုက်ရာမှ ဤနေရာကို ရောက်လာခြင်း ဖြစ်သည့် အတွက်ကြောင့် တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် သိထားသည်။
သို့သော် ဝမ်ယုဟန် သူ့အပေါ် တစ်ခုခု မကောင်းကြံနေသည်ကို သူမသိဘဲ ဘယ်နေမည်နည်း။ ဝမ်ယုဟန်သည် တကယ်ကို အကြံပိုင်လှသည်ဟု ဆိုရမည်။ ဘာမှ သိပ်မလုပ်ဘဲနှင့် သူ့ရည်ရွယ်ချက်ကို ပြည့်မြောက်အောင် လုပ်နိုင်၏။
ယခုလောလောဆယ် ရန်ကိုင် အချိန်ဆွဲနေခြင်း ဖြစ်သည်။ ဝမ်ယုဟန် ဘာကြံနေလဲ သိချင်သည့် အတွက်ကြောင့် အမျိုးသမီးအား တမင်သက်သက် ခက်ခဲအောင် လုပ်နေခြင်း ဖြစ်သည်။
လောလောဆယ်တွင် သူအပျော်ရှာလိုစိတ် မရှိပေ။ ထို့ကြောင့် ငွေကြေးမုံတစ်ခုချင်းစီကို စစ်ဆေးပြီးသည်နှင့် သူ့အား ကြောင်တောင်တောင် အမူအရာဖြင့် စိုက်ကြည့်နေသော ချန်ဖန်းလေ့ဆီ ပစ်ပေးလိုက်သည်။
လေးခုမြောက် ကြေးမုံကို စစ်ဆေးကြည့်ပြီးသည့်တိုင် ရန်ကိုင်၏ အမူအရာသည် ထူးမခြားနားဟန်ဖြင့် ရှိနေဆဲ။ ထို့ကြောင့် အမျိုးသမီး အနည်းငယ် ရင်ထဲ မသက်မသာ ဖြစ်မိလာသည်။ သို့သော်လည်း ရန်ကိုင်သည် သူတော်စင်သလင်းကျောက် အများကြီး စရံသတ်ထားသည် ဖြစ်လေရာ ထိုမျှလောက်ဖြင့် ဒေါသမထွက်ချင်။ ထို့ကြောင့် ရန်ကိုင် ပြီးမည့် အချိန်ထိ စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေလိုက်သည်။
ငါးခုမြောက် ကြေးမုံဆီသို့ ရောက်သည့်အခါ တစ်ချက်လောက် ကြည့်ရန်သာ လုပ်လိုက်သော်လည်း ရုတ်ချည်းဆိုသလို သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားရ၏။ သူ့အရှိန်အဝါပင် မတည်မငြိမ် ဖြစ်လာသည်။
ရန်ကိုင်အား သေချာအနီးကပ် စောင့်ကြည့်နေသော အမျိုးသမီး ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကို သတိပြုမိသော် တခစ်ခစ် ရယ်သွမ်းသွေးလျက် “နောက်ဆုံးတော့ သခင်လေးကြိုက်တဲ့ တစ်ယောက်ကို တွေ့သွားပြီပေါ့”
ရန်ကိုင် အမျိုးသမီးအား အနည်းငယ် ရှုပ်ထွေးသည့် အကြည့်ဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် အပြုံးကြီး ပြုံးလျက် “ဟုတ်တယ်။ အမှန်ပဲ။ ဒီတစ်ယောက်နဲ့ ကျုပ်အကြိုက်နဲ့ ကွက်တိပဲ။ ကျုပ်ကိုယ်တောင်တိုင် အံ့ဩလို့။ ဒီလို ကွက်တိကျတဲ့ တစ်ယောက်နဲ့ လာတိုးမယ်လို့ မထင်ထားဘူး”
ပြောပြီးသည်နှင့် ရန်ကိုင်က သူကြည့်နေသည့် ငွေရောင် ကြေးမုံကို လှမ်းပစ်ပေးလိုက်သည်။
အမျိုးသမီးက ကြေးမုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည် “သူကိုး။ သခင်လေးက တကယ်ကို ကောင်းတဲ့ ဟာမှ ကြိုက်တတ်တာပဲနော်”
“အဲ့မိန်းကလေးရဲ့ နာမည်ကို ကျုပ်သိလို့ရမလား” ရန်ကိုင်က မေးလိုက်သည်။
အမျိုးသမီးက သူမ၏ ပါးစပ်လေးကိုအုပ်လျက် တခစ်ခစ် ရယ်သွမ်းသွေးလိုက်ပြီး “ကျွန်မကို အပြစ်မတင်ပါနဲ့နော် သခင်လေး၊ ကျွန်မ မပြောချင်တာ မဟုတ်ဘူး။ ကျွန်မတို့ စိတ်ပျော်စံအိမ်က ဒီမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေရဲ့ နာမည်အရင်းတွေကို အပြင်ကို ထုတ်ပြောခွင့် မပြုထားဘူး။ ဒါပေမယ့် သခင်လေး သူ့ကို ယွဲ့အာလို့ ခေါ်လို့ရတယ်”
“ယွဲ့အာ” ရန်ကိုင်၏ အကြည့်ထဲ ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားပြန်သည်။ ထို့နောက် အသာအယာ ခေါင်းညိတ်၍ ပြန်မေးလိုက်သည် “အဲ့လိုဆို သူဘယ်စွမ်းအင် အမျိုးအစားကို ကျင့်ကြံထားလဲ ဆိုတာကို သိလို့ရမလား”
ယခုတစ်ကြိမ် အမျိုးသမီး မျက်မှောင်ကြုတ်သွားပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလာသည် “သခင်လေး အဲ့ဒါကို ဘာလို့ သိချင်လဲ ကျွန်မ သိလို့ရမလား”
“နားလည်မှု မလွဲပါနဲ့ဗျာ။ ကျုပ်က ဖိုမပေါင်းစည်းခြင်း ကျင့်စဉ်ကို သုံးပြီး အဆင့်ချိုးဖျက်မှာလေ။ အဲ့တော့ ကျုပ်ရဲ့ ပါတနာ ဘယ်လိုစွမ်းအင် အမျိုးအစားကို ကျင့်ကြံထားလဲ ဆိုတာ သိချင်တာ သဘာဝပဲလေ။ အကယ်၍ သူကျင့်ကြံထားတဲ့ စွမ်းအင်က ကျုပ်ကျင့်ကြံထားတဲ့ စွမ်းအင်နဲ့ မတည်မှဖြင့်၊ ကောင်းကျိုးထက် ဆိုးကျိုး ပိုများနေမှာပေါ့”
“အင်း။ သခင်လေး ပြောတာလည်း ဟုတ်တာပဲ” ထိုစကားကို ကြားသည့်အခါ အမျိုးသမီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြုံး၍ ပြန်ပြောလိုက်လေသည် “အဲ့လိုဆိုမှတော့ သခင်လေးကို ပြောလိုက်လို့လည်း ဘာမှ မဖြစ်ပါဘူးလေ။ ယွဲ့အာက အရင် ကျင့်ကြံထားတဲ့ ကျင့်စဉ်က ရေခဲဓါတ်ကျင့်စဉ်ပဲ။ ဒါပေမယ့် စွမ်းအင် အချင်းချင်း ပဋိပက္ခဖြစ်မှာ သခင်လေး လုံးဝ စိုးရိမ်နေစရာ မလိုဘူး။ ကျွန်မတို့ စိတ်ပျော်စံအိမ်က အမျိုးသမီးတွေ ကျင့်ကြံထားတဲ့ ဖိုမပေါင်းစည်းခြင်း ကျင့်စဉ်က ဘယ်ဓါတ်သဘာဝမှ မဟုတ်ဘူး။ ကြိုက်တဲ့ ဓါတ်သဘာဝနဲ့ တွဲဖက်လို့ရတယ်။ အဲ့ဒါကြောင့်သာ မဟုတ်ရင် သခင်လေးကို အစကတည်းက ကြိုသတိပေးခဲ့မှာ”
“ကျုပ်သိပြီ” ရန်ကိုင်သည် ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချလိုက်ရသည့်နှယ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် ခေါင်းညိတ်၍ “အဲ့ဒါကို သူ့ကိုပဲ ရွေးလိုက်မယ်”
ရန်ကိုင် ဆုံးဖြတ်ပြီးသွားသော် အမျိုးသမီးက ခပ်မြန်မြန် လက်ခုပ်တီးလိုက်သည်။ ချက်ချင်းပဲ အစေခံတစ်ဦး အခန်းထဲသို့ ဝင်လာလေသည်။ ဝင်လာသော အမျိုးသမီးကို ရန်ကိုင်နှင့် ဆွေးနွေးစကားပြောနေခဲ့သည့် အမျိုးသမီးက ညွှန်ကြားလိုက်၏ “ဒီသခင်လေးကို နှင်းရေခဲစံအိမ်ဆီ ခေါ်သွားပေးလိုက်”
အစေခံ နာနာခံခံဖြင့် ခေါင်းညိတ်လိုက်ပြီး ရှေ့မှ ဦးဆောင် ထွက်သွားလေသည်။
အစေခံနောက် မလိုက်သွားခင် ရန်ကိုင်သည် ချန်ဖန်းလေ့အား တစ်ချက် အရင် လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်သည် “ညီလေးချန်၊ မင်းဘာသာမင်း ဆက်လုပ်တော့နော်”
“အန်… အော်… အင်း၊ အင်း” ချန်ဖန်းလေ့ ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။
သီးသန့်ခန်းမှ ထွက်လာပြီးနောက် လမ်းရှည်ကြီး တစ်လမ်း အတိုင်း လျှောက်လာခဲ့လိုက်သည်။ သူ့ပုံရိပ် အမှောင်ထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာ မှုန်ကုတ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။
ဤနေရာသို့ ရောက်လာပြီးနောက် ထုန်းရွှမ်လောကကြီးမှ လူတစ်ယောက်ကို လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူမထိတ်လန့်ဘဲ ဘယ်နေမည်နည်း။
အစကမူ သူအထင်မှားနေခြင်း ဖြစ်မည်ဟု ထင်နေမိသေး၏။ တကကယ်တော့ ဤလောကကြီးတွင် ရုပ်တူသူလူမရှား မဟုတ်ပေလော။ သို့သော်လည်း တစ်ဖက်လူ၏ နာမည်နှင့် ကျင့်ကြံသည့် စွမ်းအင် အမျိုးအစားကိုပါ သိလိုက်ရပြီးနောက် ထိုယွဲ့အာဆိုသောလူသည် သူသိနေသည့် လူတစ်ယောက်မှန်း ရန်ကိုင် သိသွားသည်။
သူကြယ်စီရင်စုထဲသို့ ဝင်ရောက်လာခဲ့မှာ ဆယ်နှစ် ရှိသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း သူ့မွေးရပ်မြေမှ အသိ တစ်ယောက်နှင့်မှ မတွေ့ရသေးချေ။ ပထမဆုံး တွေ့လိုက်ရသည့် သူသိသည့်လူသည် သူနှင့် ဆက်စပ်နေသည့် လူတစ်ယောက် ဖြစ်ရုံမက ဤကဲ့သို့သော နေရာမျိုးတွင် နေနေရသည့် လူတစ်ယောက်လည်း ဖြစ်ပေသည်။
အရေးအကြီးဆုံးသူသည် သူသည် စုယန်နှင့်အတူ ရှိနေသင့်သော လူဖြစ်သည်။ ယခု သူမ ဤနေရာသို့ ရောက်နေခဲ့၏။ ထိုသို့ဆိုလျှင် စုယန် မည်သည့်နေရာသို့ ရောက်နေလေသနည်း။ ရန်ကိုင်၏ စိတ်ထဲ မသေချာ၊ မရေရာသော အတွေးပေါင်း မြောက်များစွာ ဖြတ်ပြေးသွားသည်။ အချိန် အတော်ကြာမှသာ စိတ်ပြန်ငြိမ်သွားခဲ့ပြီး သူ့ရှေ့မှ အစေခံ အမျိုးသမီးနှင့် စကားစမြည်ပြောရင်း ယွဲ့အာဆိုသော အမျိုးသမီး အကြောင်း စကားနှိုက်ရန် ကြိုးစားကြည့်လိုက်သည်။
သို့သော် စိတ်ပျော်စံအိမ်တွင် အပြင်လူအား အတွင်လူများ၏ အချက်အလက်အား ထုတ်မပြောရသည့် စည်းမျဉ်းစည်းကမ်းများ ရှိသလို ထိုအစေခံအမျိုးသမီး၏ အဆင့်အတန်းမှာ အတော်လေး နိမ့်နေသည့် အတွက်ကြောင့် သူမဆီမှ အသုံးဝင်လောက်မည့် မည်သည့် အချက်အလက်ကိုမှ ရန်ကိုင် ဆွဲမထုတ်နိုင်ခဲ့ချေ။ နောက်ဆုံး ရန်ကိုင် လက်မှိုင်ချလိုက်ရလေသည်။
မကြာမီ အေးစက်စက် အငွေ့အသက်တို့ ထုတ်လွှတ်နေသည့် ခမ်းနားတင့်တယ်သော စံအိမ်တစ်လုံးရှေ့သို့ ရန်ကိုင်တို့ နှစ်ယောက် ရောက်လာခဲ့သည်။
“သခင်လေး၊ ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ။ အထဲမှာ မိန်းကလေးယွဲ့အာ သခင်လေး ရောက်လာမှာကို စောင့်နေပါတယ်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ထဲ စံအိမ်တံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားလေသည်။
ပထမအလွှာတွင် မည်သူမှရှိမနေချေ။ သို့သော် ဒုတိယ အလွှာ၍ လူတစ်ယောက် ရှိနေသည်ကို အာရုံခံမိလိုက်သည်။ သူနှင့် ရင်းနှီးနေသော အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် ရန်ကိုင် တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်း အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားလေသည်။
အလျင်မပြတ် ထွက်ပေါ်လာနေသော ခြေသံများသည် ဗုံသံများနှယ်၊ ဒုတိယအလွှာတွင် ရှိနေသော အမျိုးသမီးအား ကြောက်ရွံ့တုန်ရီသွားစေခဲ့သည်။ တစ်ချိန်တည်းတွင် သူမ၏ မျက်ဝန်းထဲ အန္တရာယ်များသည် အငွေ့အသက်တို့ ဖြတ်ပြေး သွားခဲ့လေသည်။ သို့သော်လည်း တစ်ခုခုကို ပြန်သတိရလိုက်သည့် နှယ် သူမ၏ အမူအရာ ညိုးကျသွားပြီး ခါးသက်သော အပြုံးတစ်ပွင့် သူမ၏ မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အမူအရာ ကင်းမဲ့စွာဖြင့် စားပွဲဝိုင်းလေးလေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။
ခဏအကြာတွင် ဒုတိယထပ်သို့ ရန်ကိုင် ရောက်လာခဲ့၏။ အခန်းတံခါးကို ဖွင့်လိုက်ရာ နှင်းဖြူရောင် အခန်းအပြင်အဆင်ကို မြင်တွေ့လိုက်ရသည်။ အခန်း အပြင်အဆင် အားလုံးသည် ချွင်းချက်မရှိ အဖြူရောင်ဖြစ်ကာ အခန်းတွင်း အပူချိန်သည် အနည်းငယ် အေးစက်နေသည်။ ထို့ကြောင့် ဝင်လာလိုက်သည်နှင့် ရေခဲပြင်ထဲသို့ ရောက်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။
ရန်ကိုင်၏ အကြည့်သည် မလှမ်းမကမ်းတွင် ထိုင်နေသော အမျိုးသမီးဆီသို့ ရောက်သွားခဲ့သည်။ သူမ ကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်နေသည့်ပုံပင်။ ခေါင်းကို ငိုက်ငိုက်သာ စိုက်ထားပြီး သူ့အား ထ၍ပင် မနှုတ်ဆက်ချေ။ သူမ၏ ပုံစံကို မြင်လိုက်မိသူတိုင်း သနားစိတ် ဝင်မိမည်မှာ အသေအချာပင်။
ရန်ကိုင် သူမဆီသို့ တည့်တည့် လျှောက်သွားလိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရင်သွားခဲ့သည်။ သို့သော် မလှုပ်မယှတ် ထိုင်နေဆဲပင်။
ရန်ကိုင် သူမရှေ့သို့ ရောက်သည့်အခါမှသာ သက်ပြင်း အရှည်ကြီး ချလိုက်ပြီး မတ်တပ်ရပ်၍ ရိုရိုသေသေ ဦးညွှတ်လိုက်၏ “ဧည့်သည်တော်ကို နှုတ်ဆက်ပါတယ်။ ဧည့်သည်တော် အခု ချက်ချင်း စချင်ပါသလား”
သူလာမည့်အကြောင်း သူမအား ကြိုတင် အကြောင်း ကြားပြီးသည့်ပုံပင်။ သို့သော်လည်း တစ်ခုခုကို ကြောက်နေသည့် နှယ် ရန်ကိုင်နှင့် အကြည့်ချင်း မဆုံမိအောင် နေနေသည်။ စကားပြောသည့်တိုင် မည်သည့် အပိုစကားမှ ပြောမနေဘဲ လိုရင်းကိုသာ တန်းသွားလေသည်။
ရန်ကိုင်သည် စကားတစ်ခွန်းမှ မပြောသေးဘဲ သူမအား တည့်တည့်သာ စိုက်ကြည့်နေသည်။ ထို့ကြောင့် ယွဲ့အာ မသက်မသာ ဖြစ်လာပြီး သူမ၏ ခန္ဓာကိုယ်လည်း မသိမသာလေး တုန်ရင်လာခဲ့ရသည်။
သို့သော် အချိန်အတော်ကြာသွားသည့်တိုင် တစ်ဖက်လူမှ မလှုပ်ရှားသေးသဖြင့် ယွဲ့အား မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ခုခု ထပ်ပြောတော့မည်အပြု သူမ ရှေ့တည်တည့်မှ သက်ပြင်း ချသံတစ်သံ ထွက်ပေါ်လာပြီး ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသည် “အကြီးအကဲချင်းယွဲ့၊ မတွေ့ရတာ ကြာပြီနော်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၁၃)
ရိုးရိုးလေးသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်သည့်အခါ၊ အကြီးအကဲချင်းယွဲ့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး မယုံကြည်နိုင်မှု အထင်သားဖြင့် အလျင်စလို ခေါင်းမော့ကြည့်လိုက်လေသည်။
ထို့နောက် သူမ၏ အကြည့်ထဲ အံ့အားသင့်မှု၊ စိတ်ရှုပ်မှုတို့ စတင် ဖြစ်ပေါ်လာခဲ့ရသည်။ ရန်ကိုင်ကိ မှတ်မိသော်လည်း ထိုအရာအားလုံး ပုံရိပ်ယောင်များ ဖြစ်နေလေမလားဟု သူမ ထင်နေမိသည်။
“ဘာလဲ။ အကြီးအကဲချင်းယွဲ့ ဒီရန်ကိုတောင် မမှတ်မိတော့တာလား” ရန်ကိုင်က ပြောလိုက်သည်။
“ရန်ကိုင်၊ နင်တကယ်ကြီးလား” ချင်းယွဲ့က တုန်ရီနေသော မျက်ဝန်းအစုံဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်လျက် အလန့်တကြား အော်ပြောလိုက်လေသည်။
“ဒီနေရာမှာ ကျုပ်ကလွဲပြီး အကြီးအကဲချင်းယွဲ့က အကြီးအကဲ တစ်ယောက် ဖြစ်တယ်ဆိုတာကို ဘယ်သူ သိလို့တုန်း” ရန်ကိုင် မျက်ခုံးပင့်သွားသည်။
ချန်းယွဲ့မှာ ရန်ကိုင်ကို ကြည့်နေရင်း ပျော်ရမည်လား၊ ငိုရမည်လား သိပ်မသဲကွဲတော့။ ဤကဲ့သို့သော ရပ်ဝေးတွင် ဒုက္ခရောက်နေချိန် မွေးရပ်မြေမှ ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည့် အတွက် အတော်လေး စိတ်မတည်မငြိမ် ဖြစ်သွားခဲ့သည်။ ခဏကြာမှသာ တဖြည်းဖြည်း စိတ်ပြန်ငြိမ်သွား၏။ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အစုံကို လက်ဖြင့်ဖိလျက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရန်ကိုင်ကို ပြန်နှုတ်ဆက်လိုက်လေသည် “နင့်ကို ဒီမှာ တွေ့လိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးမိဖူးဘူး”
ရန်ကိုင်က ပြံးဖြီးလိုက်ပြီး “ကျုပ်လည်း အကြီးအကဲ ချင်းယွဲ့ကို ဒီမှာ လာတွေ့လိမ့်မယ်လို့ တကယ် မထင်ထားဘူး”
“အရင်ထိုင်၊ ထိုင်ပြီးမှ ပြောကြမယ်” ချင်းယွဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။
ချင်းယွဲ့လည်း ထိုင်လိုက်သည်။ မျက်လုံးလေးလုံး အကြည့်ချင်း ဆုံသွားကြပြီး နှစ်ယောက်စလုံး တိတ်သွားကြသည်။ နှစ်ယောက်စလုံးတွင် မေးစရာ မေးခွန်းများစွာ ရှိနေခဲ့သော်ငြား မည်သူကမှ ချက်ချင်း စမမေးသေးချေ။
ချင်းယွဲ့ အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေသေးသည်။ ရန်ကိုင်လည်း ထိုနည်းတူပင်။ ယွဲ့အာဆိုသော အမျိုးသမီးသည် ထုန်းရွှမ်လောကကြီးမှ အကြီးအကဲချင်းယွဲ့ အမှန်တကယ်ကြီး ဖြစ်နေခဲ့သည်။
ထိုအမျိုးသမီးနှင့် ရန်ကိုင်ကြား သိပ်အဆက်အသွယ် မရှိပေ။ အများဆုံးမှ မရင်းနှီးသည့် အသိအကျွမ်းများဟုသာ ပြော၍ရသည်။ သို့သော်လည်း ချင်းယွဲ့သည် စုယန်၏ ကျင့်ကြံခြင်း တိုးတက်အောင် ကူညီပေးခဲ့သည်။ စုယန်၏ ဆရာဟု ပြော၍ မရသော်လည်း သူတို့ကြားရှိ ဆက်ဆံရေးသည် အတော်လေး နက်ရှိုင်းပေသည်။
ရေခဲဂိုဏ်းတွင် ချင်းယွဲ့အပြင် အခြား သူတော်စင်အဆင့် ကျင့်ကြံသူများလည်း ရှိနေသေးမှန်း ရန်ကိုင် သိသည်။ ထိုလူများအနက် တစ်ယောက်သည် ချင်းယွဲ့၏ အစ်ကို ဖြစ်သော ချင်းဟောင်ဆိုသည့်လူ ဖြစ်သည်။ နောက်တစ်ယောက်မှာ ရေခဲဂိုဏ်း၏ ဂိုဏ်းချုပ် သူတော်စင် တတိယအဆင့် ဖြစ်သော ချင်းယ ဖြစ်ပေသည်။
ထိုစဉ်က ရန်ကိုင်သည် မသေမျိုးအဆင့်သာ ရှိခဲ့သေးသဖြင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ အကူအညီကို သုံး၍ ရေခဲဂိုဏ်း၏ သူတော်စင်အဆင့် အကြီးအကဲများကို ရငဆိုင်ခဲ့ရသည်။ ရန်ကိုင်၏ လှည့်ကွက်ကြောင့် ဂိုဏ်းချုပ်ချင်းယ လက်မြှောက်ခဲ့ရပြီး ရန်ကိုင်နှင့် စုယန်ကို တွေ့ခွင့်ပေးလိုက်ရသည်။ ထိုဂိုဏ်းမှာပင် ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ခဲ့သည်။
ယခု ဆယ်စုနှစ်ခုစာ မရှိတတ်သေးခင်မှာပဲ ယခင်က ရန်ကိုင် မော့ကြည့်ခဲ့ရသော အကြီးအကဲသည် ကိုယ့်ကံကြမ္မာကိုယ် မဆုံးဖြတ်နိုင်တော့ဘဲ ဆောင်ကြာမြိုင်တစ်ခုတွင် အခြားသူများ ကျင့်ကြံခြင်းအဆင့် ချိုးဖျက်နိုင်ရေးအတွက် ကူညီပေးရသည့် ဖိုမပေါင်းစည်းခြင်း ကျင့်စဉ် ကျင့်ကြံဖော် အဖြစ်သို့ ရောက်သွားခဲ့ရသည်။ လက်ရှိ အခြေအနေသို့ ရောက်စေခဲ့သည့် အမျိုးမျိုးသော ဘဝကံကြမ္မာ အလှည့်အပြောင်းများကြောင့် ရန်ကိုင် အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေခဲ့သလို အကြီးအကဲချင်းယွဲ့ အတွက်လည်း အတူတူပင် ဖြစ်နေသည်။
ထိုအကြောင်းများကို စဉ်းစားနေစဉ် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ပြုံးလျက် မေးလိုက်သည် “မိန်းကလေး ယွဲ့အား ရေခဲစွမ်အင် အမျိုးအစား ကျင့်စဉ်ကို ကျင့်ကြံထားတယ်ဆို။ မိန်းကလေး ဒီကို အဝေးကြီးကနေ ရောက်လာခဲ့တာလား။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
ချင်းယွဲ့ မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင် ဘာကြောင့် ထိုပေါက်တတ်ကရ မေးခွန်းများကို ထမေးနေမှန်း သူမ နားမလည်။ သို့သော်လည်း ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် အကြည့်ကို သတိပြုမိသော် ဘာဖြစ်နေလဲ ချက်ချင်း နားလည်သွားခဲ့ပြီး အသာအယာ ပြန်ပြောလိုက်သည် “ကျွန်မ ရေခဲစွမ်းအင် အမျိုးအစား ကျင့်စဉ်ကို ကျင့်ကြံထားတာ အမှန်ပါပဲ။ ဒါပေမယ့် အဲ့အတွက်ကြောင့် ဧည့်သည်တော်ရဲ့ အစီအစဉ်ကို ဘာအနှောင့်အယှတ်မှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ကျွန်မ ဒီကို ဘယ်ကနေ လာခဲ့လဲ ဆိုတာကတော့ ဧည့်သည်တော်နဲ့ မဆိုင်ဘူး ထင်တယ်”
ရန်ကိုင်သည် မကျေနပ်သွားသည့် အရိပ်အယောင် စိုးစဉ်မျှ မပြဘဲ အသာအယာ ပြုံး၍သာ ပြန်ပြောလိုက်သည် “အဲ့လိုဆိုရင် ဒီရန် ထပ်မမေးတော့ပါဘူးလေ။ ကျုပ်တို့ နှစ်ကိုယ်တူ မကျင့်ကြံခင် နည်းနည်းပါးပါးလောက် အရင် ရင်းနှီးနေအောင် လုပ်ထားတာ ပိုကောင်းမယ်ထင်လို့ မေးကြည့်လိုက်တာပါ။ အဲ့လိုဆို ကျုပ်တို့အချင်းချင်း ပိုပြီး နားလည်လာနိုင်တယ်လေ၊ မိန်းကလေးယွဲ့အာကော ဘယ်လိုထင်လဲ”
“ဧည့်သည်တော်က တောင်းဆိုလာမှတော့ ယွဲ့အာကလည်း ပါဝင်ကူညီပေးရမှာပေါ့” ချင်းယွဲ့က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ချင်းယွဲ့နှင့် သူကြားခဲ့ရသည့် ရောက်တတ်ရာရာ ကောလဟာလများအကြောင်း လျှောက်ပြောတော့လေသည်။ ချင်းယွဲ့သည် ထူးမခြားနားဟန်ဖြင့် ရှိနေသော်လည်း သူမ၏ မျက်ဝန်းလေးများသည် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်ပနေခဲ့သည်။
အချိန် အတော်ကြာသွားပြီးနောက် ရန်ကိုင် ရုတ်တရက် ရပ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “ရပြီ။ ကျုပ်တို့ကို စောင့်ကြည့်နေတဲ့ ကောင်းကင်စိတ်အာရုံ မရှိတော့ဘူး”
ချင်းယွဲ့၏ အမူအရာလည်း လေးနက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အံ့အားသင့်နေသည့် အမူအရာဖြင့် ပြောလိုက်သည် “ရန်ကိုင်၊ နင်က တကယ်ကို မြင်ရခက်တဲ့လူပဲ။ မသေမျိုးအဆင့်တုန်းက ငါတို့ရေခဲဂိုဏ်းကို တစ်ယောက်တည်း ကျူးကျော်လာရဲတယ်။ အခုလည်း စိတ်ပျော်စံအိမ်ဆီ လာပြီး စောင့်ကြည့်နေတဲ့ ကောင်းကင်စိတ်အာရုံကိုတောင် ထောက်လှမ်း နိုင်သေးတယ်။ နင်ဘယ်လို လုပ်လိုက်တာလဲ”
ဤနေရာကို စောင့်ကြည့်နေသည့် ကောင်းကင်စိတ်အာရုံ အားလုံးသည် တန်ခိုးရှင်အဆင့် ပညာရှင်များ၏ ကောင်းကင် စိတ်အာရုံများ ဖြစ်ကြသည်။ သူမအား မသိမသာ သတိ ပေးနေသည့် ရန်ကိုင်၏ အမူအရာကြောင့်သာ မဟုတ်လျှင် ချင်းယွဲ့ သူမတို့အား အခြားတစ်ယောက်မှ ကောင်းကင်စိတ်အာရုံဖြင့် စောင့်ကြည့်နေသည် ဆိုသည်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတော်စင် ဘုရင် ဒုတိယအဆင့်သာ ရှိသေးမှန်း ချင်းယွဲ့ သိသည်။ ထို့ကြောင့် အတော်လေး အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ရှင်းပြလိုက်သည် “ကျုပ်ရဲ့ ကောင်းကင်စိတ်အာရုံက သာမန် ကျင့်ကြံသူရဲ့ ကောင်းကင် စိတ်အာရုံထက် နည်းနည်း ပိုအားကောင်းတယ်လေ”
“နင့်ဟာက နည်းနည်း ပိုအားကောင်းနေတာ မဟုတ်တော့ဘူး” ချင်းယွဲ့ မဲ့ပြုံးပြုံးလိုက်သည်။ သို့သော် ထိုအကြောင်းကို ဆက် မပြောတော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်သည် “နင်ဒီကို ဘာလို့ ရောက်လာတာလဲ”
“ကျုပ်လည်း အကြီးအကဲ ချင်းယွဲ့ကို အဲ့ကိစ္စ မေးချင်နေတာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ပြောရရင်တော့ အရှည်ကြီးပဲ” ချင်းယွဲ့ ခါးသက်စွာ ပြုံးလိုက်သည်။ ထို့နောက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး စတင် ရှင်းပြလိုက်သည် “ငါတို့ ရေခဲဂိုဏ်း အဲ့ရေခဲပြင်ကြီးမှာ ဘာလို့ ရှိနေလဲ နင်သိလောက်မှာပေါ့၊ ဟုတ်တယ်မလား”
“အရိုးမျိုးနွယ်စုရဲ့ ရန်ကို ကာကွယ်ဖို့လို့တော့ သိထားတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် ပြန်ပေါ်လာတဲ့ အရိုးမျိုးနွယ်စုက ငါတို့ ထင်ထားတာထက်တောင် ပိုအားကောင်းနေသေးတယ်။ ငါတို့ ဂိုဏ်းက အင်အားအတော်လေး ယုတ်လျော့ထားတော့ လက်ရှိ ရှိနေတဲ့ သူတော်စင်လောက်နဲ့ သူတို့ကို မတားဆီးနိုင်ခဲ့ဘူးလေ။ ကံကောင်းစွာနဲ့ပဲ အရိုးမျိုးနွယ်စုနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်တုန်းက ငါတို့ ရေခဲဂိုဏ်းက အကြီးအကဲတစ်ယောက်က သူတို့ စီးလာတဲ့ ကြယ်လွန်းပျံကို လုယူထားခဲ့တယ်။ အဲ့ကြယ်လွန်းပျံကို မျိုးဆက်အဆင့်ဆင့် တောက်လျှောက် လက်ဆင့်ကမ်းလာခဲ့တာ။ ရေခဲဂိုဏ်း ဖျက်စီးခံလိုက်ရတော့ ဒီအတိုင်း ထွက်ပြေးရင် လွတ်မှာမဟုတ်မှန်း ဂိုဏ်းချုပ် သိတယ်။ ဒါကြောင့် အရဲစွန့်ပြီး ကြယ်လွန်းပျံနဲ့ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲ ထွက်ပြေးခဲ့တာ”
“အင်း၊ အဲ့အကြောင်း ကျုပ်လည်း သိထားတယ်” ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး “ကြယ်စီရင်စုထဲ ဝင်လာပြီးတဲ့နောက်ပိုင်း အကြီးအကဲချင်းယွဲ့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။ ဂိုဏ်းချုပ် ချင်းယနှင့် စုယန်တို့ကော” ရန်ကိုင်က စိုးရိမ်တကြီး မေးလိုက်သည်။
ချင်းယွဲ့၏ အမူအရာ ရုတ်တရက် ညိုးကျသွားခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့ရင်ထဲ ရုတ်ချည်း တင်းကြပ်လာခဲ့သည်။
ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကို မြင်သော် ရန်ကိုင် နားလည်မှုလွဲနေပြီးမှန်း ချင်းယ သိလိုက်ပြီး ကမန်းကတန်း လက်ဝှေ့ရမ်း၍ “နင်ထင်သလို မဟုတ်ဘူး။ သူတို့ ဘယ်ရောက်နေလဲ ငါမသိပေမယ့် ဂိုဏ်းချုပ် ချင်းယနှင့် စုယန်တို့ နှစ်ယောက်စလုံး အသက်ရှင်နေသေးတာတော့ သေချာတယ်”
“ဘယ်လိုလုပ်ပြီးတော့လဲ” ရန်ကိုင်က ချင်းယွဲ့အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဒါကြောင့်ပဲ” ချင်းယက စင်းလုံးချော ဖြူစင်ရှင်းသန့်သော ရေခဲပုံဆောင်လဲ အလုံးလေး နှစ်လုံးကို ထုတ်ပြလိုက်သည်။ တစ်လုံး ချင်းစီသည် လက်သည်းခွံ အရွယ်အစားလောက်သာ ရှိ၏။
ထိုရေခဲပုံဆောင်ခဲ အလုံးလေးကို မြင်လိုက်သည်နှင့် ရန်ကိုင်၏ အကြည့် ထိုအလုံးလေး နှစ်လုံးပေါ်တွင်သာ ရှိနေတော့၏။ ထိုအလုံးလေး နှစ်လုံးအနက် တစ်လုံးဆီမှ စုယန်၏ အရှိန်အဝါကို ခံစားမိနေပြီး ကျန်တစ်လုံးဆီမှ ချင်းယ၏ အရှိန်အဝါကို ခံစားမိနေသည်။
“အဲ့ဒါ ဘာတွေလဲ” ရန်ကိုင်က ချင်းယွဲ့ကို ကြည့်၍ မေးလိုက်၏။
“ဒါတွေက ငါတို့ဂိုဏ်းရဲ့ ပညာရပ်ကို သုံးပြီး ဖန်တီးထားတဲ့ ရေခဲဝိဥာဉ်လုံးတွေပဲ။ ဒါတွေကို ဖန်တီးထားတဲ့လူ သေသွားရင် ဒီရေခဲဝိဥာဉ်လုံးတွေ ကွဲသွားလိမ့်မယ်” ချင်းယွဲ့က ရှင်းပြလိုက်၏ “ရေခဲဝိဥာဉ်လုံးတိုင်းမှာ သူ့ပိုင်ရှင်ရှိတယ်။ ကြယ်စီရင်စုထဲ ရောက်သွားရင် လူအုပ် ကွဲသွားမှာစိုးလို့ ဒီရေခဲဝိဥာဉ်လုံးတွေကို လိုရမယ်ရ လုပ်ထားခဲ့တာ။ အခြားသူတွေဲ့ ရေခဲဝိဥာဉ်လုံး ငါ့မှာ ရှိသလို့ ငါ့ရေခဲဝိဥာဉ်လုံးလည်း အခြားသူတွေမှာ ရှိတယ်။ ဒီရေခဲဝိဥာဉ်လုံး နှစ်လုံး မပျက်စီးသေးလို့ သူတို့ အသက် ရှင်နေသေးတယ်လို့ ငါပြောနိုင်တာ”
ထိုစကားကို ကြားလိုက်သည့်အခါမှသာ ရန်ကိုင် စိတ် တည်ငြိမ်သွားတော့၏။ သူ့စိတ်ထဲ အတော်လေးလည်း အံ့အား သင့်နေမိသည်။
စုယန် အသက်ရှင်နေလျှင် အဆင်ပြေပေပြီ။ လက်ရှိတွင် သူမ မည်သည့်နေရာ၌ ရှိနေမှန်း သူမသိသော်လည်း သူတို့ ပြန်တွေ့နိုင်မည့် တစ်နေတော့ ရောက်လာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။
ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က မေးလိုက်၏ “အဲ့ရေခဲဝိဥာဉ်လုံး ကျုပ်ကို ပေးလို့ရမလား”
ချင်းယွဲ့က ပြုံးလျက် “ရတာပေါ့။ နင်က စုယန် အချစ်ဆုံး လူပဲဟာကို”
ပြောပြီးသည်နှင့် စုယန်၏ အငွေ့အသက်တို့ ကိန်းအောင်းနေသော ရေခဲဝိဥာဉ်လုံးကို ရန်ကိုင်ဆီ ပေးလိုက်သည်။
ထိုရေခဲဝိဥာဉ်လုံးကို စိုက်ကြည့်ရင်း စုယန်ကို ရန်ကိုင် ပြန်သတိရလာခဲ့သည်။ သူမ၏ အပြုံးလေးများ၊ သူ့အား ကြည့်သည့် သူမ၏ အကြင်နာ မျက်ဝန်းလေးများ၊ ရန်ကိုင် ပြန်လည် သတိရအောက်မေ့လာခဲ့သည်။ ထိုအတိတ် ပုံရိပ်များထဲ ခဏလောက် နစ်မြောကနေလိုက်ပြီးနောက် ရေခဲဝိဥာဉ်လုံးကို အနက်ရောင်စာအုပ်ထဲ သေချာ သိမ်းထားလိုက်လေသည်။
ပြီးမှသာ ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်သည်။ ယခုမှပဲ သူ့ရင်ထဲ ထမ်းပိုးထားရသော ဝန်ထုပ်ဝန်ပိုးကြီး အတော်လေး လျော့ကျသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ သူတော်စင်ချီများ စတင် မတည်မငြိမ် ဖြစ်လာသဖြင့် အနီးအနားရှိ မိုးမြေစွမ်းအင်များ သူ့ဆီသို့ စတင် စုစည်းလာကြ၏။
စုယန် အသက်ရှင်လျက် ရှိနေသေးမှန်း သိလိုက်ရပြီးသည့် နောက်တွင် ရန်ကိုင်ထဲ ကြီးစိုးနေသော အရိပ်မည်းကြီး ပျောက်ကွယ်သွားခဲ့ရသည်။ သူ့စိတ်အခြေအနေပါ တိုးတက် ကောင်းမွန်လာသည် ဖြစ်ရာ ယခုဆိုလျှင် အဆင့်ချိုးဖျက်မည့် အရိပ်အယောင်များပင် ပြသလာခဲ့လေပြီ။
စုယန်အကြောင်း မည်သူ့ကိုမှ ထုတ်မပြောခဲ့သော်လည်း၊ အားနေလျှင် အမြဲလိုလို စုယန်ကို သတိရမိသည်။ သူမအကြောင်း တွေးပူမိသည်။ စုယန်အကြောင်း တွေးပူရသည်မှာလည်း သူ့အတွက် တစ်ဒုက္ခပင်။ သို့သော် ချစ်ရလွန်းသူ ဖြစ်သဖြင့် မတွေးပူပြန်၍လည်း မရပြန်။ ထို့ကြောင့် စုယန် ကိစ္စသည် ရန်ကိုင်စိတ်အား ဆယ်နှစ်ခုကျော်သွားသည့်တိုင် အမြဲလိုလို လိုက်လံ အနှောင့်အယှတ် ပေးနေခဲ့သည်။
ထိုရေခဲဝိဥာဉ်လုံးနှင့် ဆိုပါက စုယန် အသက်ရှင်မရှင်ကို သူအမြဲ သိနိုင်နေလေပြီ။ ထို့ကြောင့် စုယန် အခြေအနေ မည်ကဲ့သို့ ရှိသလဲ တွေးပူနေစရာ မလိုတော့ချေ။ ယင်နေကြာရေစင်ကို သန့်စင်ပြီးနောက် ရန်ကိုင်၏ ကျင့်ကြံခြင်း သူတော်စင်ဘုရင် ဒုတိယအဆင့် အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ယခု နှစ်နှစ် ကြာသွားပြီးနောက် နောက်တစ်ဆင့်သို့ သူချိုးဖျက်တော့ပေမည်။
ယနေ့ကိစ္စသည် သူ့အတွက် ကံကောင်းမှုတစ်ခု ဖြစ်သည်။ မဟုတ်လျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် အနည်းဆုံး သုံးလမှ ခြောက်လလောက်အထိ စောင့်ရပေလိမ့်ဦးမည်။ နဂါးလိုဏ်ဂူသို့ အမြန် ပြန်ချင်နေသည်မှာလည်း အဆင့်ချိုးဖျက်ရန် အတွက် ပြင်ဆင်မှုများ လုပ်ချင်သောကြောင့် ဖြစ်သည်။
ရန်ကိုင်၏ အရှိန်အဝါ ပြောင်းလဲမှုကို သတိပြုမိလိုက်သည့် အခါ ချင်းယွဲ့လည်း အံ့အားသင့်သွားခဲ့ရသည်။ ချင်းယွဲ့လည်း ရန်ကိုင်အတွက် ပျော်သွားပြီး သူ့အား ဂုဏ်ပြုပေးတော့မည် အပြု ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုယ်ထဲ လှိုက်တက်လာနေသော သူတော်စင်ချီကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၁၄)
ရန်ကိုင်၏ အရှိန်အဝါကြောင့် ပြောင်းလဲသွားသော မိုးမြေစွမ်းအင် အလျင်အမြန် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“နင်ဘာလို့ အဆင့် မချိုးဖျက်လိုက်တာလဲ” ချင်းယွဲ့က နှာမြောတသဟန်ဖြင့် ရန်ကိုင်အားကြည့်ကာ ပြောလိုက်သည်။
ရန်ကိုင်က ပြုံး၍ ခေါင်းခါလိုက်ပြီး “ဘာမှမဖြစ်ဘူး။ နည်းနည်းလောက် နောက်ကျသွားရုံပဲ ရှိမှာ။ ဒါနဲ့ စုယန်တို့နဲ့ ဘယ်လိုလုပ်ပြီး ကွဲသွားတာလဲ”
ထိုအကြောင်းကို ကြားလိုက်သည့်အခါ ချင်းယွဲ့၏ မျက်နှာထက် ခါးသက်သည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ သူမ၏ အတွေးများကို စုစည်းလိုက်ပြီးနောက် သူမတို့ ရေခဲဂိုဏ်းမှအဖွဲ့ ကြယ်စီရင်စုထဲသို့ ရောက်ပြီးနောက် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို ရှင်းပြလိုက်လေသည်။
ချင်းယွဲ့ ရှင်းပြသည်ကို နားထောင်ပြီးနောက် သူမတို့၏ ကြယ်စီရင်စုထဲသို့ ခရီးသည် သူထင်ထားသည်ထက် ပို၍ ခက်ခဲ ကြမ်းတမ်း အန္တရာယ်များမှန်း သိလိုက်ရသည်။ အထူးသဖြင့် ကြယ်တာရာမုန်တိုင်းများနှင့် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်များနှင့် ကြုံတွေ့ရသည့် အခါတွင် ဖြစ်သည်။
ဝိဥာဉ်ခွန်အားနှင့် ခန္ဓာကိုယ်ခွန်အားပိုင်းတွင် မည်သည့် ရေခဲဂိုဏ်းသားကမှ ရန်ကိုင်နှင့် မယှဉ်နိုင်ချေ။ ထို့ကြောင့် ထိုအခက်အခဲများနှင့် ကြုံရသော် အကုန်လုံး ဒုက္ခရောက်ကြ၏။ ချင်းယနှင့် အခြားသူများ၏ ကြိုးစား ကာကွယ်ပေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် စုယန် ယနေ့ထိတိုင် အသက်ရှင်နေမလား ဆိုသည်မှာ မေးရခက်သည့် မေးခွန်း တစ်ခုပင်။
သို့တိုင် အပြည့်အဝ မကာကွယ်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် အားအကောင်းဆုံး ဖြစ်ကြသော ဂိုဏ်းချုပ်ချင်းယ၊ ချင်းဟောင်၊ ချင်းယွဲ့နှင့် စုယန်တို့သာ ကျန်ရစ်ခဲ့တော့သည်။
ဤသို့ဖြင့် လေးယောက်သာ ကြယ်စီရင်စုထဲ ဆက်လက် မျောလွင့်နေလိုက်ရာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခုနှင့် သွားတိုးသည်။
ထိုဟင်းလင်းပြင်လိုဏ်ခေါင်း၏ နောက်ကွယ်တွင် မည်သို့သော အန္တရာယ်များ ရှိနေမလဲ ဆိုသည်ကို သူတို့ မသိသော်ငြား ထိုအခွင့်အရေးကို လက်လွှတ်လိုက်မည် ဆိုပါက နောက်ထပ် အခွင့်အရေး ရတော့မည် မဟုတ်မှန်း သူတို့ သိသည်။
ထို့ကြောင့် လေးယောက်စလုံး ဟင်းလင်းပြင် လိုဏ်ခေါင်းထဲသို့ ဝင်လာလိုက်ကြသည်။ သို့သော်လည်း ထိုဟင်းလင်းပြင် လိုဏ်ခေါင်းသည် သိပ်မတည်ငြိမ်ကာ အက်ကွဲကြောင်းများဖြင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် လိုရင်း ပန်းတိုင်သို့ အတူတကွ မရောက်ခဲ့ဘဲ အကုန်လုံး တကွဲတပြား ဖြစ်ကုန်ကြရသည်။ ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖြတ်ကျော် လာပြီးနောက် အရိပ်ကြယ်ပေါ်သို့ ရောက်နေမှန်း ချင်းယွဲ့ တွေ့ရှိလိုက်ရသည်။
အခြားသူများ မည်သည့် နေရာသို့ ရောက်နေလဲ ဆိုသည်ကိုမူ သူမ မသိချေ။
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် အတော့်ကို စိတ်လေးလံသွားရသည်။
ဟင်းလင်းပြင်အစီအရင်မှ ကြုံနေရာ ပို့ပေးသည့် အတွက်ကြောင့် ဆိုလျှင် ကျန်သည့်လူအားလုံး အရိပ်ကြယ်ပေါ်၌ ရှိနေရပေလိမ့်မည်။ သို့သော်လည်း ထွက်ပေါက် အသီးသီးသို့ ဝင်သွားခြင်း ဖြစ်သည် အကုန်လုံး နေရာ ပေါင်းစုံသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကျန်သုံးယောက် အရိပ်ကြယ်ပေါ်တွင် မရှိမှန်း ကိုးဆယ်ရာခိုင်နှုန်း ရန်ကိုင် သေချာသည်။ အကြောင်းမှာ စုယန်သာ အရိပ်ကြယ်ပေါ်တွင် ရှိနေလျှင် သူသန်မာလာသည်နှင့် သူမအား ပို၍ လွယ်လွယ်ကူကူ အာရုံခံလာနိုင်သောကြောင့် ဖြစ်သည်။
ရန်ကိုင်သည် ရွှေရောင်သွေးစက်ကို သုံး၍ အရိပ်ကြယ်အား တစ်ပတ်ပတ်ခဲ့ဖူးသည်။ ထို့ကြောင့် စုယန်သာ အရိပ်ကြယ်ပေါ်၌ ရှိနေလျှင် သူမအား ကျိန်းသေ အာရုံခံမိပေလိမ့်မည်။
ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ အခွဲကြောင်းတွေ အများကြီး ရှိတယ်လား ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ထိတ်လန့်သွားမိ၏။ သို့သော်လည်း ကြယ်စီရင်စုသည် အလွန်ကိုမှ ကျယ်ပြောလေရာ ထိုကဲ့သို့သော အရာများ ရှိနေသည်မှာ မထူးဆန်းချေ။ သူသည် သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်သာ ဖြစ်သေးရာ ဤလောကကြီးတွင် သူနားမလည်နိုင်သည့် အရာများစွာ ရှိနေပေသေးသည်။
ရေခဲဝိဥာဉ်လုံးသည် ကျန်သုံးယောက် အသက်ရှင်နေ သေးကြောင်း ပြနိုင်သော်လည်း သူတို့၏ တည်နေရာကို ဖော်ပြနိုင်စွမ်း မရှိချေ။
ချင်းယွဲ့ အရိပ်ကြယ်ပေါ်သို့ ရောက်သည့်အခါ ကျီးနက်မြို့သို့ ရောက်လာခဲ့သည်။ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲမှ ထွက်လာစဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသဖြင့် သူမကိုယ်သူမ ကာကွယ်ရန် ခွန်အားမရှိခဲ့ချေ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပင် ထိုအချိန်ကျမှ သောက်ကျင့်မကောင်းသည့် ကျင့်ကြံသူ တစ်အုပ်နှင့် သွားတိုးသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဖြတ်သွားဖြတ်လာ တန်ခိုးရှင်အဆင့် တစ်ယောက်က သူမအား ကယ်တင်ပြီး စိတ်ပျော်စံအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
ထိုအချိန်ကတည်းက ချင်းယွဲ့ စိတ်ပျော်စံအိမ်တွင် နေနေခဲ့ခြင်း ဖြစ်သည်။ ထိုအပြင် သူမအား ကယ်ခဲ့သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ပေးထားသည် ဖိုမပေါင်းစည်းခြင်း ကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်မှာလည်း ထိုအချိန်ကတည်းကပင်။
အချိန်ကြာလာသည်နှင့် ဤနေရာ မည်ကဲ့သို့သော နေရာမှန်း ချင်းယွဲ့ သိလာခဲ့သည်။ သူမအား မည်သို့သော ကံတရားက စောင့်ကြိုနေလဲ ဆိုသည်ကိုပါ သိလာခဲ့သည်။ ကံကောင်းစွာဖြင့် သူမ၏ ကျင့်ကြံခြင်းသည် နိမ့်ကျခြင်း မရှိသည့်အတွက် သူတော်စင်ဘုရင် ပထမအဆင့်သို့ မြန်မြန်ဆန်ဆန် ရောက်လာခဲ့နိုင်ခဲ့သည်။ ထိုသို့ ရောက်လာနိုင်သည့် အတွက်ကြောင့် မည်သည့် သာမန်လူမှ သူမ၏ ဝန်ဆောင်မှုကို မတတ်နိုင်တော့ချေ။ ရံဖန်ရံခါ ငွေကြေးမြောက်မြားစွာ သုံးစွဲနိုင်သည့် ဧည့်သည်များစွာ လာရောက်ခဲ့သော်လည်း မည်သူမှ သူမအား မရွေးချယ်ခဲ့ချေ။ ထို့ကြောင့် ယခုအချိန်အထိ သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
ယနေ့တွင် သူမဆီသို့ ဧည့်သည်တစ်ယောက် ရောက်လာမည် ဖြစ်ပြီး ထိုဧည့်သည်အား သူမ၏ အပျိုစင်ဘဝကို ပေးအပ်ရမည်မှန်း သိလိုက်ရချိန် သူမ တစ်ဘဝလုံး အမှောင် ကျသွားသလို ချင်းယွဲ့ ခံစားလိုက်ရသည်။ သို့သော်လည်း ထိုဧည့်သည်တော်သည် အခြားသူ မဟုတ်ဘဲ ရန်ကိုင် ဖြစ်နေခဲ့လေသည်။
ချင်းယွဲ့ ထိုအကြောင်းကို ရှင်းပြနေစဉ် ရန်ကိုင်သည် တစ်ချက်ကလေးမှပင် ဝင်မပြောဘဲ စိတ်ဝင်တစားဖြင့်သာ နားထောင်နေခဲ့သည်။
ထိုအချိန်အခါက အလွန်ကိုမှ ဝမ်းနည်း စိတ်ညစ်ခဲ့ရသည့် အတွက်ကြောင့်လား မသိရာ၊ ထိုအကြောင်းကို ပြန်ပြောနေရင်းနှင့် ပင် ချင်းယွဲ့ မျက်ရည်ကျနေခဲ့သည်။ ယခင်က လူအများ လေစားရသည့် ရေခဲဂိုဏ်းမှ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့သော်ငြား ကြယ်စီရင်စုထဲသို့ ရောက်လာပြီး ဆောင်ကြာမြိုင် တစ်ခုတွင် အကျယ်ချုပ်ကျခံလိုက်ရပြီး အပျော်မယ် တစ်ယောက် အဖြစ် ဘဝပြောင်းခဲ့ရသည်။
ယခင်က သူမ၏ ဘဝနှင့် လက်ရှိ သူမ၏ ဘဝသည် လောက နှစ်ခု ခြားနေသည်ဟုပင် ပြော၍ရသည်။
ချင်းယွဲ့အား မည်ကဲ့သို့ နှစ်သိမ့်ပေးရမှန်း ရန်ကိုင် မသိပေ။ တကယ်ဆိုလျှင် ချင်းယွဲ့သည် သူ့အတွက် အကြီးအကဲ တစ်ယောက်ဟု ပြောရုံသာ ပြောလို့ရသည်။ ကျင့်ကြံခြင်း အဆင့် မြင့်လာသည်နှင့် လူတစ်ယောက်၏ အသက်အား ရုပ်ရည်ကို ကြည့်ခြင်းဖြင့် ခွဲခြား၍ မရတော့ချေ။ ရန်ကိုင်သာ သူမအား ရွယ်တူ တစ်ယောက်အဖြစ် သဘောထားလျက် နှစ်သိမ့်ပေးမည် ဆိုပါက အနည်းငယ် စည်းကျော်သလို ဖြစ်နေပေလိမ့်မည်။
ချင်းယွဲ့ စိတ်နည်းနည်း ငြိမ်သွားတော့မှ ရန်ကိုင်က မေးလိုက်သည် “ဟင်းလင်းပြင်လိုဏ်ခေါင်းထဲ မဝင်ခင် အကြီးအကဲ ချင်းယွဲ့ ဘာတွေ မြင်ခဲ့လဲ မှတ်မိသေးလား”
“သေချာတော့ မမှတ်မိပေမယ့် အချို့ကိုတော့ သေချာ မှတ်မိသေးတယ်” ချင်းယွဲ့က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ” ရန်ကိုင်၏ မျက်လုံး ဝင်ပသွားခဲ့သည် “အဲ့ဒါဆို နောက်နေ့မှပဲ ကျုပ်ကို အဲ့အကြောင်း ပြောပြပေးတော့”
“ဘာမှမဖြစ်ဘူး။ ဒါပေမယ့် အချက်အလက် နည်းနည်းလေးနဲ့ အဲ့တည်နေရာကို နင်ဘယ်လို ကောက်ချက်ဆွဲမှာလဲ”
“အကြီးအကဲချင်းယွဲ့ စိတ်ပူစရာမလိုဘူး။ ကျုပ်မှာ နည်းလမ်းရှိပြီးသား။ ပြီးတော့၊ အကြီးအကဲချင်းယွဲ့ ကိုယ်ပေါ်မှာ စည်းတစ်ခု ခတ်ထားတယ်ဆို။ အဆင့်ပြေရင် ကျုပ်ကို တစ်ချက်လောက် ပြလို့ရမလား”
“စစ်ဆေးကြည့်တာကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် မဆင်မခြင် မလုပ်နဲ့နော်။ အဲ့စည်းကို ငါ့ကို ကယ်လာတဲ့ တန်ခိုးရှင်အဆင့် ကျင့်ကြံသူက ဖန်တီးထားတာ။ ပုံမှန်ဆိုရင် သူက သူ့ဘာသာ လျှို့ဝှက်ခန်းထဲ ထိုင်ကျင့်ကြံနေတတ်တယ်။ ဒါပေမယ့် သူသာ ဒီအကြောင်းကို သိသွားရင် အကျိုးဆက်က သေးမှာ မဟုတ်ဘူး”
“ကျုပ်သိပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ချင်းယွဲ့၏ လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်း တင်လိုက်သည်။ ထို့နောက် သူမ၏ ကိုယ်ထဲသို့ သူတော်စင်ချီ ပို့လွှတ်၍ စည်းကို စတင် လေ့လာကြည့်တော့သည်။
စည်းကို လေ့လာကြည့်နေရင်း ရန်ကိုင်၏ အမူအရာ လေးနက်သည်ထက် လေးနက်လာခဲ့ရသည်။
ခဏကြာပြီးနောက် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည် “အရမ်းကြီး ဆိုးတဲ့ စည်းတော့ မဟုတ်ဘူး။ အကြီးအကဲချင်းယွဲ့ကို ထွက်မပြေးအောင် လုပ်ထားတာ သက်သက်ပဲ”
“ဟုတ်တယ်။ ငါထွက်ပြေးဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် သူဒီစည်းကို အသက်သွင်းလိုက်တာနဲ့ ငါ့မှာ လှုပ်ဖို့တောင် အားမရှိတော့ဘူး။ သူတော်စင်ဘုရင် အဆင့်ကို ချိုးဖျက်သွားလို့သာ မဟုတ်ရင် သူငါ့ကို အခုလိုမျိုး ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ချင်းယွဲ့သည် သူတော်စင် အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးသည်။ ထိုနှစ်များ အတွင်း သူတော်စင်ဘုရင်အဆင့်သို့ ချင်းယွဲ့ ချိုးဖျက်နိုင်ခဲ့သည်။ စိတ်ပျော်စံအိမ်အတွက် သူတော်စင် ဘုရင် အဆင့်များသည် သူတော်စင်အဆင့်ထက် အများကြီး ပိုတန်ဖိုးကြီးပေသည်။ ထို့ကြောင့် ချင်းယွဲ့ ထွက်ပြေးရန် အကြိမ်းများစွာ ကြိုးစားခဲ့သည့်တိုင် အပြစ်နည်းနည်းပဲ ပေးခံခဲ့ရခြင်း ဖြစ်သည်။
ချင်းယွဲ့ သူတော်စင်ဘုရင်အဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့ပြီးနောက် သူမအား ချမ်းသာသည့် ကျင့်ကြံသူများ အဆင့်ချိုးဖျက်နိုင်ရန် အသုံးပြုသည့် ဖိုမပေါင်းစပ်ခြင် ကျင့်ကြံဖော် အဖြစ် စားရင်းသွင်းပစ်လိုက်သည်။
ထို့ကြောင့်ပဲ ထိုတန်ခိုးရှင်အဆင့် ကျင့်ကြံသူ ချင်းယွဲ့အား ကယ်ခဲ့ခြင်း ဖြစ်သည်။ ချင်းယွဲ့သည် ရုပ်ကလေး လှသလို အဖော်မဲ့ တစ်ကောင်ကြွက် ဖြစ်သည်။ မဆိုးလှသော ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားသေးသည့် အပြင် အပျိုရည်လည်း မပျက်သေးချေ။ သူမအား နည်းနည်းလောက် အားစိုက် လေ့ကျင့်ပေးလိုက်ခြင်းမှာ မိန်းကလေးတစ်ယောက် ရှာပြီး အစကနေ ကျင့်ကြံပေးရသည် ထက် ပို၍ အကုန်အကျ သက်သာသလို အချိန်ကုန်လည်း သက်သာ၏။
“ငါ့အကြောင်းကို ပြောပြီးသွားပြီ။ အခု နင့်အကြောင်းကို ပြောရမယ့်အလှည့်ပဲ။ ထုန်းရွှမ်လောကကြီး အခြေအနေ ဘယ်လို ရှိလဲ။ အရိုးမျိုးနွယ်ကော သောင်းကျန်းနေသေးလား” ချင်းယွဲ့က စိုးရိမ်တကြီး မေးလိုက်သည်။
ရန်ကိုင်က ဖွဖွလေးပြုံးလျက် “အရိုးမျိုးနွယ်စုကိုတော့ စိတ်မပူနဲ့တော့။ အဲ့ကောင်တွေ အကုန်လုံး သုတ်သင်ခံလိုက်ရပြီ။ ကျုပ်ထွက်လာတုန်းက ထုန်းရွှမ်လောကကြီးက အတော်လေး အဆင်ပြေနေပြီ။ နတ်ဆိုးမျိုးနွယ်စု၊ မွန်းစတား မျိုးနွယ်စုနဲ့ လူသား မျိုးနွယ်စုတို့ ဆိုရင်လည်း ဓါတ်ကိုတည့်လို့။ အရင်လို တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်မနေကြတော့ဘူး”
“အရိုးမျိုးနွယ် သုတ်သင်ခံလိုက်ရတာလား” ချင်းယွဲ့ ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် ထပ်မေးလိုက်သည် “ဘယ်လိုလုပ်ပြီးတော့လဲ”
ရန်ကိုင်လည်း ထုန်းရွှမ်လောကကြီး၏ မျိုးနွယ်စုအားလုံး စုပေါင်းပြီး အရိုးမျိုးနွယ်စုအား သုတ်သင်ပစ်ခဲ့သည့် အကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်သည်။ ထိုတိုက်ပွဲအကြောင်း ပြီးနောက် ကြယ်စီရင်စုထဲသို့ သူလာခဲ့သည့် အတွေ့အကြုံကို စတင် ရှင်းပြလိုက်သည်။
ချင်းယွဲ့နှင့် ယှဉ်လျှင် ရန်ကိုင်၏ အတွေ့အကြုံသည် ပို၍ ရင်ဖိုဖွယ်ကောင်းသလို အန္တရာယ်လည်း ပိုများသည်။ ရှင်းပြရင်း ရှင်းပြရင်း နောက်ဆုံး သဲမီးတောက်နယ်မြေထဲရှိ စွန့်စားခန်းများ အကြောင်း ပြီးမှသာ ရပ်လိုက်တော့သည်။
သို့သော်လည်း သူပြောသွားသည့်အထဲ အမည်မသိ ကြယ်သေပေါ်တွင် တတိယသခင်လေး ရွှယ့်ယွယ်နှင့် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲအကြောင်း မပါဝင်ချေ။ တကယ်တော့ ရွှယ်ယွယ်သည် သခင်လေး တစ်ယောက် မဟုတ်ဘဲ သခင်မလေး တစ်ယောက်သာ ဖြစ်သည်။
ရန်ကိုင်၏ ဇာတ်လမ်းကို ကြားပြီးနောက် သူမစိတ်ထဲ အနည်းငယ် မနာလိုအားကျမိသလို ရန်ကိုင်အား လေးလည်း လေးစားမိသွားသည်။ ရန်ကိုင်၏ လွတ်လပ်ပြီး အနှောင့်အဖွဲ့ ကင်းသော ဘဝကို မနာလိုအားကျခြင်း ဖြစ်ပြီး အန္တရာယ်၊ အခက်အခဲများစွာကို ကျော်ဖြတ်လာနိုင်သည့် ရန်ကိုင်၏ စွမ်းရည်ကို လေးစားမိခြင်း ဖြစ်သည်။ စုယန်အား ရှာရန်အတွက် ကြယ်စီရင်စုထဲသို့ လာခဲ့သည့် ရန်ကိုင်၏ ပေးဆပ်လိုစိတ် အပေါ် ချင်းယွဲ့ အတော်လေး ကျေနပ်နေမိသည်။ စုယန် လူရွေး မမှားခဲ့ဟု သူမစိတ်ထဲ တွေးမိလိုက်သည်။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ချင်းယွဲ့က ရုတ်တရက် အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြောလိုက်သည် “အခု နင့်ကို ကြည့်ရတာ အရမ်းကို လွတ်လပ်နေတာပဲနော်။ ဒီလို နေရာမျိုးကို လာဖို့တောင် အချိန်တွေ ရှိနေတယ် ဆိုတော့လေ”
ချင်းယွဲ့ စကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားသည်။ သို့သော် အလျင်အမြန်ပဲ သူမ ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် ချက်ချင်း ပြန်ပြောလိုက်လေသည် “အကြီးအကဲချင်းယွဲ့ နားလည်မှုလွဲနေပြီ။ ကျုပ်ဒီကို လာတာ ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိတယ်”
“ဟုတ်တာပေါ့။ အကြောင်းမရှိဘဲ ဘယ်လာပါ့မလဲ။ ဟုတ်တယ်မလား။ ဒီကို လာတဲ့ ယောကျာ်းတိုင်းကို သွားမေးကြည့်လိုက်။ အဲ့အတိုင်းပဲ ပြောမှာဒါပေမယ့် နင့်ရဲ့ အပြုအမူကြောင့် စုယန်ကိုယ်စား ငါနင့်ကို ရှင်းပြခွင့် ပေးလိုက်မယ်။ နင်ဒီကို အကြောင်းအရင်း တစ်ခုခု ရှိလို့ လာတာဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် မဟုတ်ရင်တော့… စုယန်ကို ငါပြန်ပြောလို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့နော်” ချင်းယွဲ့က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။
ရန်ကိုင်လည်း ချန်ဖန်းလေ့ သူ့အား ဖိတ်ခေါ်သည့် အကြောင်းနှင့် ဝမ်ယုဟုန်အပေါ် မသင်္ကာ ဖြစ်နေမိသည့် အကြောင်းကို စတင် ရှင်းပြလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၁၅)
ချင်းယွဲ့သည် ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ရေခဲဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့သလို သူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ခဲ့သည့် အတွက်ကြောင့် လောကကြီးအကြောင်း အတော်လေး နားလည်ထားသူဟု ပြော၍ ရသည်။ ထို့ကြောင့် ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် ဤနေရာသို့ ဘာကြောင့် ရောက်လာရသလဲ ဆိုသည်ကို နားလည်သွားခဲ့လေသည်။
ခဏလောက် စဉ်းစားပြီးနောက် အကြီးအကဲချင်းယွဲ့က ခေါင်းညိတ်လိုက်သည် “နင်ပြောသလိုဆို နင်ဒီကို လာတာ အကြောင်းရှိတယ်ဆိုတာ ငါသိသွားပြီ။ ဒါပေမယ် အဲ့ဝမ်ဟုယန် ဆိုတဲ့လူက တော်တော်လေးကို အကြံများတယ်။ သူ့လို လူမျိုးက အထင်သေးလို့ ကောင်းတဲ့လူမျိုး မဟုတ်ဘူး”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည် “ကျုပ်ကို ချန်ရှီတောင်း အထင်သေးသွားအောင် လုပ်ချင်ရုံ သက်သက်ပဲ ဆိုရင်တော့ ဘာမှ ဒီလောက်ကြီး မဖြစ်ဘူး။ ဒါပေမယ့် ကျုပ်အပေါ် တစ်ခုခု မကောင်းကြံချင်တယ် ဆိုရင်တော့ ဟဲဟဲ…”
ဝမ်ဟုယန် ဘာကြံနေမှန်း သိသော်လည်း ဤနေရာမှ ချက်ချင်းကြီး ထွက်မသွားခဲ့ချေ။ အစကမူ ဝမ်ဟုဟန် မည်သို့သော ထောင်ချောက်များ ဆင်ထားလဲဆိုသည်ကို စောင့်ကြည့်ရန် စီစဉ်ထားခဲ့သော်လည်း ချင်းယွဲ့ကို မြင်ပြီးနောက် မူလ အစီအစဉ်အတိုင်း ဆက်မလုပ်နိုင်တော့ဘဲ နှင်းရေခဲစံအိမ်သို့ ရောက်လာခဲ့ရလေသည်။
“နင်ကတော့ အမြဲတမ်းကို အကြောက်အလန့် မရှိတာပဲ” ချင်းယွဲ့က ငေးငေးငိုင်ငိုင်ဖြင့် ရေရွတ်လိုက်သည်။ ရန်ကိုင် ရေခဲဂိုဏ်းထဲသို့ ဝင်လာပြီး အကြောက်အရွံ့ ကင်းမဲ့စွာ ဝင်ရောက် သောင်းကျန်းခဲ့သည့် အဖြစ်အပျက်ကို သူမ ပြန်သတိရလာခဲ့သည်။
ထိုအချိန်ကဖြစ်စေ၊ ယခုအချိန်ဖြစ်စေ၊ ရန်ကိုင်၏ ခွန်အားသည် အရမ်းကြီး မြင့်မားနေခြင်း မရှိပေ။ သိုသော်ငြား သာမန်လူများ မလုပ်ရဲသည့် အလုပ်ကို သူလုပ်ရဲခဲ့သည်။
ခဏလောက် စဉ်းစားပြီးနောက် ချင်းယွဲ့က ဆက်ပြောသည် “ဒါပေမယ့် နင်ဒီကို ဝင်လာရဲတယ်ဆိုတော့ နင့်ကိုယ်နင် အတိုင်း အတာတစ်ခုလောက်အထိ ယုံကြည်လို့ပေါ့၊ ဟုတ်တယ်မလား။ ဒါကြောင့် ငါနင့်ကို ထွက်သွားဖို့ ပြောနေမှာ မဟုတ်ဘူး။ ဒါပေမယ့် နင်သတိတော့ ထားသင့်တယ်။ နှစ်တွေအကြာကြီး ကြာမှ ပြန်တွေ့ရတဲ့ အသိအကျွမ်းတစ်ယောက်ရဲ့ အလောင်းကို ကောက်နေရတဲ့ အလုပ်မျိုး ငါမလုပ်ချင်ဘူး”
“စိတ်မပူနဲ့။ ကျုပ်မနိုင်ရင် ထွက်ပြေးမှာ” ရန်ကိုင်က စပ်ဖြဲဖြဲ ပြုံးလျက် “ဒါပေမယ့် နင်ငါ့ကို အရင်ပြောဦး၊ ဒီစိတ်ပျော်စံအိမ်ကို ဘယ်သူတွေ ကျောထောက်နောက်ခံ ပြုထားတာလဲ”
“ကျောထောက်နောက်ခံလား” ချင်းယွဲ့ မျက်ခုံကြောတို့ တွန့်ကွေးသွားခဲ့သည် “ငါဒီကို စရောက်ကတည်းက အပြင်လူတွေနဲ့ သိပ်အဆက်အသွယ် မရှိတော့ သေချာမသိဘူး။ ဒါပေမယ့် အစေခံတွေ ပြောတာ ကြားတာတော့ ဒီနေရာကို တန်ခိုးရှင်အဆင့် သုံးယောက်က စောင့်ကြပ်နေတယ်တဲ့။ ပြီးတော့ ဒီနေရာက အင်ပါယာမြို့တော်ဂိုဏ်းရဲ့ ငွေရှာတဲ့နေရာတစ်ခုတဲ့။ မြို့သခင်ကလည်း ဒီနေရာကို ထောက်ပံ့ပေးထားသေးတယ်တဲ့”
“အင်ပါယာမြို့တော်ဂိုဏ်းလား” ရန်ကိုင် ကြောင်သွားသည်။ ထိုဂိုဏ်သားများနှင့် တွေ့ဖူးနေသလို သူ့စိတ်ထဲ ခံစားနေရသည်။ သို့သော်လည်း မည်သည့် နေရာတွင် တွေ့ခဲ့ဖူးမှန်း မမှတ်မိတော့ပေ။
မမှတ်မိသဖြင့် ထိုကိစ္စသည် သိပ်အရေးမကြီးလောက်ချေ။ ထို့ကြောင့် ထိုအကြောင်းကို ရန်ကိုင် စိတ်ထဲမထားတော့ပေ။ မေးစေ့ကို ပွတ်လျက် တစိမ့်စိမ့် စဉ်းစားနေရင် ပြောလိုက်သည် “တန်ခိုးရှင်အဆင့် သုံးယောက်တောင်ဆိုတော့ အတော်လေး အစောင့်အကြပ် ထူတယ်လို့ ပြောလို့ရတယ်”
ရန်ကိုင်၏ ထူးဆန်းသော အကြည့်ကို သတိပြုမိသော် ချင်းယွဲ့က အလျင်စလို မေးလိုက်သည် “နင်ဘာလုပ်ချင်လို့လဲ”
ရန်ကိုင်က သူ့လက်ကို အသာအယာ ဝှေ့ရမ်း၍ ပြုံးလျက် ပြန်ပြောလိုက်သည် “ခင်ဗျားထင်သလို မဟုတ်ဘူး။ ဒီနေရာနဲ့ ကျုပ်နဲ့ ဘာရန်ငြိုးမှမရှိဘူး။ ဒါကြောင့် ကျုပ်ဒီမှာ ပြဿနာရှာမှာကို စိတ်ပူမနေနဲ့။ ခင်ဗျားကို ဒီနေရာကနေ ဘယ်လို ခေါ်ထုတ်သွားရမလဲ စဉ်းစားနေတာ”
“ငါ့ကို ခေါ်သွားဖို့လား” ချင်းယွဲ့ ပျော်သွားခဲ့သည်။ သို့သော် သူမ၏ အမူအရာ အလျင်အမြန် ပြန်လည် ညိုးကျသွားခဲ့ပြီး ခါးသက်စွာ ပြုံးလျက် “ငါ့ကို ခေါ်သွားဖို့က အဲ့လောက် မလွယ်ဘူး”
“ပြဿနာ တစ်ခုခု ရှိလို့လား” ရန်ကိုင်က အံ့အားသင့်တကြီး ပြန်မေးလိုက်သည်။
“ရှိတာပေါ့။ ပြီးတော့ သေးသေးလေးတောင် မဟုတ်ဘူး။ နင်ဒီကို လာဖို့အတွက် သူတော်စင်သလင်းကျောက်တွေ အများကြီး ပေးခဲ့ရတယ်မလား။ နင်အဲ့သူတော်စင် သလင်းကျောက်တွေကို ဘယ်ကနေ ရလာလဲငါမသိပေမယ့် ငါနဲ့ တစ်ညအတူ ကုန်ဆုံးဖို့ တောင် အဲ့လောက် ကုန်နေတာ၊ ငါ့ကို ခေါ်ထုတ်သွားဖို့ဆိုရင် စဉ်းစားသာကြည့်ပေတော့။ နင်တတ်နိုင်မှာလား” ရန်ကိုင်တွင် သူမအား ဤနေရာတွင် ခေါ်ထုတ်သွားနိုင်မည့် သူတော်စင် သလင်းကျောက် အလုံအလောက် မရှိဟု ချင်းယွဲ့ ထင်နေခြင်းပင်။
သို့သော်လည်း ရန်ကိုင်က ပျော်ရွှင်စွာပြုံးလျက် “အဲ့ကိစ္စ အတွက်ဆိုရင်တော့ စိတ်ပူနေစရာမလိုဘူး။ သူတော်စင် သလင်းကျောက် နည်းနည်းလောက်ကတော့ ကျုပ်ထုတ်နိုင်တယ်”
“သူတော်စင်သလင်းကျောက် နည်းနည်းလေး…” ချင်းယွဲ့ သူမ၏ ပါးစပ်လေးကိုအုပ်၍ ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်၏။ သူမ မည်သို့ပင် တွေးပါစေ ရန်ကိုင် ဘာကြောင့် ထိုမျှ ချမ်းသာနေရသလဲ ဆိုသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေခဲ့သည်။
“စိတ်ပျော်စံအိမ် ခင်ဗျားကို လွှတ်ပေးမလား ဆိုတာကိုပဲ ကျုပ်မသိတာ။ ဧည့်သည်တစ်ယောက်ကို လက်ခံပြီးတော့ အပျိုစင်ကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီး တစ်ယောက်က သူတို့အတွက် သိပ်ပြီး အသုံးမဝင်လောက်တော့ဘူး” ရန်ကိုင်က ပြောလိုက်သည်။
သို့သော်လည်း ထိုစကားကို ပြောပြီးနောက် ရန်ကိုင် အနည်းငယ် ရှက်သွားခဲ့သည် “ကျုပ်စကား နည်းနည်း ရိုင်းသွားရင် အကြီးအကဲချင်းယွဲ့ ခွင့်လွှတ်ပေးပါနော်”
ချင်းယွဲ့လည်း ရှက်နေခဲ့သည်။ သို့ရာတွင် သူမ ရှက်နေသည့် ပုံစံသည် အတော်လေးကိုမှ စွဲဆောင်မှုရှိလှသည်။ သို့သော်လည်း သူမ၏ အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်ပြီး တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “ဘာမှမဖြစ်ဘူး။ နင်ပြောတာ အမှန်ပဲလေ။ စိတ်ပျော်စံအိမ်က ငါအပျိုစင် ဖြစ်နေသေးတယ်လို့ အခု ထင်တော့မှာ မဟုတ်ဘူး။ ငါအပျိုစင် ဖြစ်နေသေးရင်တော့ နင်ငါ့ကို ဝယ်ဖို့ ကျိန်းသေ ခက်လိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည် “ဆိုလိုတာက စိတ်ပျော်စံအိမ်က အဲ့အချက်ကို သုံးပြီး ဈေးမြှင့်လိမ့်မယ်ပေါ့။ ကိစ္စမရှိဘူး။ အဲ့လိုဆိုရင်တောင် အဆင်ပြေတယ်။ ဒီလောကကြီးမှာ ဆွေးနွေးလို့မရတဲ့အရာ ဆိုတာ မရှိဘူး။ အဓိကက ငွေပေးနိုင်ဖို့ပဲ။ ရေစက်ဆုံလို့ ခင်ဗျားကို ဒီမှာ လာတွေ့တယ် ဆိုမှတော့ ဒီအတိုင်းတော့ မထားခဲ့နိုင်ဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ ချင်းယွဲ့ ရန်ကိုင်အား ကျေးဇူးတင်မိသွားသည်။ သို့သော် ထုတ်တော့ မပြောခဲ့ချေ။ ထို့အစား နောက်ဘာဆက်ဖြစ်မလဲ ဆိုတာကိုသာ ရင်ထဲ စောင့်မျှော်နေမိသည်။ အခွင့်အရေးသာ ရလျှင် သူမလည်း ဤနေရာမှ ထွက်သွားချင်မိသည်။ ယနေ့ ရန်ကိုင်၏ ရောက်ရှိလာမှုသည် သူမအား မျှော်လင့်ချက် အလင်းရောင်လေးကို မြင်လိုက်ရစေသည်။ သူမသာ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရမည် ဆိုပါက သူမ၏ ဘဝကို ယောကျာ်သားများ ရမက်ထုတ်လွှတ်ရာ ပစ္စည်းတစ်ခုအဖြစ် ကုန်ဆုံးရပေတော့မည်။
ထို့နောက် ရန်ကိုင်သည် စိတ်ပျော်စံအိမ်အကြောင်း ချင်းယွဲ့ကို ထပ်မေးသည်။ ချင်းယွဲ့သည် သူမ သိသလောက် ပြောပြခဲ့သော်လည်း သူမ သိထားသည့် အကြောင်းအရာများမှာ အနည်းအကျဉ်းသာ ဖြစ်သဖြင့် ရန်ကိုင်အား သိပ်ပြီး အကူအညီ မဖြစ်စေခဲ့ချေ။
တစ်နာရီလောက် ကြာပြီးနောက် ချင်းယွဲ့ အစေခံ တစ်ယောက်အား လှမ်းခေါ်လိုက်သည်။ ထို့နောက် သူမအား စကားအချို့ ပြောလိုက်ရာ အစေခံမလေး အံ့အားသင့်သွားပြီး ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် အလျင်အမြန် ထွက်သွားလေသည်။
လက်ဖက်ရည် တစ်ခွက်စာ ဆူချိန်လောက် ကြာပြီးနောက် စိတ်ပျော်စံအိမ်သို့ ရန်ကိုင် ရောက်လာချိန် သူ့အား ဤနေရာနှင့် မိတဆက်ပေးခဲ့သော အမျိုးသမီး ပြန်ရောက်လာခဲ့သည်။ ရောက်သည်နှင့် ရန်ကိုင်အား အဓိပ္ပါယ်ပါပါဖြင့် ကြည့်လိုက်၏။
ချင်းယွဲ့သည် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး စိုးရိမ်နေသည့် အမူအရာဖြင့် ရန်ကိုင်ဘေးတွင် ရပ်နေလိုက်၏။
အမျိုးသမီးသည် လက်ဖက်ရည် တစ်ငုံလောက် သောက်လိုက်ပြီး အသက်တစ်ချက် ရှူုထုတ်လိုက်ပြီးနောက် မေးလိုက်သည် “သခင်လေး၊ ယွဲ့အားကို ဝယ်ချင်တယ်လို့ ကျွန်မကြားတယ်”
“ဟုတ်တယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကွေ့ပတ်သွားမနေဘဲ လိုရင်းကိုသာ တန်းသွားလိုက်လေသည် “မိန်းကလေးယွဲ့အာကို ကျုပ်နှစ်သက်လို့ ကျုပ်နဲ့အတူ တစ်ခါတည်း ခေါ်သွားချင်တယ်။ ခင်ဗျားတို့ဘက်က ဘယ်လိုဆို သူ့ကို ကျုပ်နဲ့အတူ ခေါ်သွားခွင့် ပေးမလဲ”
မိန်းကလေးက တခစ်ခစ် ရယ်လိုက်ပြီး ယွဲ့အာအား အံ့အားသင့်ရိပ်တို့ လက်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လျက် ပြန်ပြောလိုက်သည် “ကျွန်မ ထင်တာသာ မမှားရင်း ယွဲ့အာက အပျိုရည်က အကောင်းအတိုင်း ရှိသေးတယ်။ သခင်လေးက သူရဲ့ အပျိုစင်ကို မယူရသေးဘဲ ဘာလို့ ခေါ်သွားချင်နေတာလဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး “ကျုပ်မှာလည်း ကျုပ်အကြောင်းနဲ့ကျုပ်ပေါ့။ ခင်ဗျားတို့က သူများရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို လိုက်စွက်ဖက်တာလား”
“အဲ့လိုတော့ မဟုတ်ပေမယ့် ဒါက စိတ်ပျော်စံအိမ်က မိန်းကလေးတွေကို ဝယ်ချင်ရင် လုပ်ရမယ့် ကိစ္စမို့လို့ပါ။ ကျွန်မလည်း သတိထားရမယ်လေ”
ရန်ကိုင်လည်း ခဏလောက် တုန့်ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည် “ဟူးးးး။ အဲ့လိုဆိုမှတော့ ရှင်းပြရတာပေါ့။ မိန်းကလေးယွဲ့အာရဲ့ အပျိုစင်ကို ကျုပ်မယူရသေးတာ အမျန်ပဲ။ ဒါပေမယ့် ကျုပ်စိတ်ဝင်စားတာက မိန်းကလေးယွဲ့အာရဲ့ ကျင့်စဉ်ပဲ။ သူ့ကျင့်စဉ်က ကျုပ်အတွက် အကျိုးရှိတယ်”
“သူ့ရဲ့ ရေခဲကျင့်စဉ်လား။ အဲ့လိုဆို ကျွန်မ ပိုပြီးတော့တောင် ခေါင်းရှုပ်သွားပြီ။ ရေခဲကျင့်စဉ်တွေမှ အများကြီး ရှိနေတာကို သူ့ကျင့်စဉ်ကိုပဲ သခင်လေးက ဘာလို့ လိုချင်နေရတာလဲ” ပြောပြီးသည်နောက် ရန်ကိုင်အား သေချာ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး “ရေခဲကျင့်စဉ်ကို ကျင့်ကြံတဲ့ ကျင့်ကြံသူတွေ ရှိတာ အမှန်ပဲ။ ဒါပေမယ့် ကျုပ်နဲ့ ရင်းနှီးတဲ့ လူတွေထဲမှာ အဲ့လိုကျင့်စဉ်ကို ကျင့်ကြံထားတဲ့လူမှ မရှိတာ။ ပြီးတော့ မိန်းကလေးယွဲ့အာကို မြင်မြင်ချင်း ကျုပ် ချစ်မိသွားတယ်ဆိုရင် ခင်ဗျား ယုံမှာလား”
မိန်းကလေး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ အနားတွင် ရပ်နေသော ချင်းယွဲ့လည်း ရှက်သွေး ဖြာနေခဲ့သည်။
“ခင်ဗျား ယုံယုံမယုံယုံ ကျုပ်မတတ်နိုင်ဘူး။ ကျုပ်အမှန်အတိုင်း ပြောနေတာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ရုတ်တရက် ချင်းယွဲ့ဆီသို့ ထလျှောက်သွားလိုက်ပြီး ချင်းယွဲ့၏ လက်မောင်းကို တရင်းတနှီးကိုင်လျက် “စိတ်မပျက်ပါနဲ့ သခင်လေးရဲ့။ ကျွန်မက သခင်လေးကို ခက်ခဲအောင် လုပ်ချင်တာ မဟုတ်ဘူး။ ယွဲ့အာကို ကျွန်မတို့ စိတ်ပျော်စံအိမ်က သူငယ်ငယ်လေးကတည်းက အရင်းအမြစ်တွေ အများကြီးသုံးပြီး ပျိုးထောင်လာခဲ့ရတာ မို့လို့ပါ။ ပြီးတော့ ကျွန်မနဲ့ ယွဲ့အာ ညီအစ်မတွေလို့ ရင်းနှီးတာ။ ဒါကြောင့် ကျွန်မ သူနဲ့ သိပ်မခွဲချင်ဘူး။ သူ့ကို ကျွန်မနဲ့တောင် အမြဲ အတူ နေစေချင်တာ”
“ငယ်ငယ်လေးကတည်းက ပျိုးထောင်ပေးလာတာ။ ညီအစ်မတွေလိုတောင် ရင်းနှီးတာ…” ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်၏။ သို့သော်လည်း အမျိုးသမီးသည် အပြုံးမပျက် သူ့အား ယုံကြည်မှုအပြည့်ဖြင့် ပြန်ကြည့်နေလိုက်သည်။
ချင်းယွဲ့ မည်သည့်နေရာက လာမှန်းသာ မသိခဲ့လျှင် သူအလိမ်ခံရလောက်သည်။ ထိုအမျိုးသမီး၏ အလိမ်စွမ်းရည်သည် တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
ရန်ကိုင်က ရုတ်တရက် အလေးအနက် အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည် “ဈေးပြော။ ခင်ဗျား ချက်ချင်း မငြင်းသေးဘူးဆိုတော့ ဆွေးနွေးချင်သေးလို့ပေါ့။ ဈေးသာပြောလိုက်။ ကျုပ်တတ်နိုင် မတတ်နိုင် ကြည့်မယ်။ ကျုပ်တို့ အချင်းချင်း ဆွေးနွေးနိုင်ရင် ယွဲ့အာကို ဒီကနေ ခေါ်သွားလို့ ရမှာပဲ၊ ဟုတ်တယ်မလား”
အမျိုးသမီး၏ နှုတ်ခမ်းအစုံ ကွေးတက်သွားပြီး ပြန်ထိုင်ကာ ပြောလိုက်သည် “သခင်လေးက လိုရင်းကို သွားချင်မှတော့ ကျွန်မလည်း ကွေ့ဝိုက်မနေတော့ပါဘူးလေ။ တကယ်တော့ ကျွန်မတို့ စိတ်ပျော်စံအိမ်က မိန်းကလေးကို ဝယ်လို့ ရတယ်။ ဒါပေမယ့် သူတော်စင်အဆင့် မိန်းကလေးတွေကိုတော့ တစ်ခါမှ မရောင်းဖူးဘူး။ ဒါကြောင့် မိန်းကလေးယွဲ့အာကို သခင်လေး ဝယ်ချင်တယ်ဆိုရင်တော့ ပေးရမယ့် ပမာဏက နည်းမှာတော့ မဟုတ်ဘူး”
“ပြောလိုက်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့ပြီး ချင်းယွဲ့အား ကြည့်ကာ ပြောလိုက်သည် “ချင်းယွဲ့သာ အပျိုရည် ပျက်သွားရင် ဒီကိစ္စက လုံးဝပြောင်းလဲသွားမှာ အသေအချာပဲ။ ဒါပေမယ့် သူ့အပျိုရည် မပျက်သေးတဲ့ အတွက်ကြောင့် ဈေးက ပိုမြင့်လိမ့်မယ်”
“ခင်ဗျား မှားနေတာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သူနဲ့ တစ်ညတာ ကုန်ဆုံးဖို့အတွက် ကျသင့်ငွေကို ကျုပ်ပေးပြီးသွားပြီလေ။ အခု မိန်းကလေးယွဲ့အာရဲ့ အပျိုစင်က ကျုပ်အပိုင် ဖြစ်နေပြီ။ အဲ့ဒါကိုတောင် ခင်ဗျားတို့က ကျုပ်ကို အဲ့ဒါကို သုံးပြီး ဈေးကိုင်ချင်နေတာလား”
“သခင်လေးပြောတာ မမှားဘူး” အမျိုးသမီးက နှုတ်ခမ်းအစုံကို ကွေးလျက် “ဒါပေမယ့် မိန်းကလေး ယွဲ့အာရဲ့ အပျိုရည်ကို သခင်လေး တကယ် ယူချင်လို့လား။ မယူချင်ရင် အဲ့ဒါကို ထည့်မတွက်ဘူး။ ဒါပေမယ့် သခင်လေး ဆန္ဒရှိတယ်ဆိုရင်တော့ သူ့အပျိုရည်ကို အခုချက်ချင်း ယူလိုက်လို့ရတယ်။ ကျွန်မ ထွက်သွားပေးမယ်။ မနက်ဖြန်ကျမှ ဒီအကြောင်း ဆက်နွေးနွေးကျတာပေါ့။ အဲ့အချိန်ကျရင်တော့ ဈေးက အခုလောက် မြင့်တော့မှာ မဟုတ်ဘူး”
ရန်ကိုင် ထိုကဲ့သို့ လုပ်မည်မဟုတ်မှန်း သိထားသည့်ပုံပင်။ ထို့ကြောင့် ထိုအချက်ကို အခွင့်ကောင်းယူရန် ကြိုးစားနေခဲ့သည်။
ရန်ကိုင် မျက်နှာ အေးစက်သွားသလို ချင်းယွဲ့လည်း ခါးသက်သက် ဖြစ်သွားခဲ့သည်။ လူနှစ်ယောက် သူမအား ဝယ်စရာ တစ်ခုအဖြစ် ဈေးပြိုင်ဆစ်နေသည်ကို ကြည့်ရသည်မှာ အတော်လေး ရင်ထဲ ခါးသက်လှသည်။ သူ၏ အပျိုစင်ကိုပင် ရောင်းဈေး သတ်မှတ်နေလေရာ ချင်းယွဲ့ ရင်ထဲ ပို၍ နာကျင် ခံစားသွားရသည်။