← Chapters

အခန်း (၁၃၁၆-၁၃၂၀)

Vol. 53 Ch. 1316-1320

အခန်း (၁၃၁၆-၁၃၂၀)

Vol. 53 Ch. 1316-1320

အပိုင်း (၁၃၁၆)

အမျိုးသမီး ပြောပုံအရ သူသာ ချင်းယွဲ့၏ အပျိုစင်ပန်းကို ယူလိုက်လျှင် သူမ၏ တန်ဖိုး အများကြီး လျော့ကျသွားပေမည်။ ရန်ကိုင်နှင့် ချင်းယွဲ့တို့ မျှော်လင့်ထားသည့် အတိုင်းပင်။ သို့သော် ရန်ကိုင်က မည်ကဲ့သို့ လုပ်နိုင်မည်နည်း။

အေးစက်စက် အမူအရာဖြင့် ရန်ကိုင်က ဆက်ပြောသည် “ခင်ဗျားပြောတာ ဟုတ်တယ်ဆိုပေမယ့် အဲ့တောင်းဆိုချက်ကို ကျုပ်မလိုက်လျောပေးနိုင်ဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ အမျိုးသမီးက ရုတ်တရက် ပြုံးလိုက်ပြီး “ယွဲ့အာ သုံးထားတဲ့ အရင်းအမြစ်တွေကို ထားလိုက်ဦး၊ သူကျင့်ကြံထားတဲ့ ပညာရပ်ကတောင် ကျွန်မတို့ စိတ်ပျော်စံအိမ်ရဲ့ အဓိက ကျင့်စဉ်တွေထဲက တစ်ခုနော်။ သခင်လေးက သူမကို ခေါ်သွားချင်မှတော့ အဲ့ကိစ္စနဲ့ ပက်သက်ပြီး ရှင်းစရာလိုဦးမယ်လို့ ကျွန်မ ထင်တယ်။ ဟုတ်တယ်မလား။ ဒါမှမဟုတ် သခင်လေးက ကျွန်မတို့ ဖိုမပေါင်းစည်းခြင်း ကျင့်စဉ်ကိုပါ ဝယ်ချင်နေတလား”

ရန်ကိုင် မျက်နှာ မဆိုသလောက်ကလေး ပြောင်းလဲသွား၏။ ထိုပြဿနာကို သူမစဉ်းစားမိလိုက်မှန်း ယခုမှ သတိရလိုက်သည်။ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “ခင်ဗျား နောက်နေတာလား။ အဲ့ဖိုမပေါင်းစည်းခြင်းကျင့်စဉ်က စိတ်ပျော်စံအိမ်ရဲ့ အဓိက ကျင့်စဉ်တစ်ခု ဟုတ်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့ကျင့်စဉ်မှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတယ်မလား”

ထိုစကားကို ကြားလိုက်သည့်အခါ အမျိုးသမီး ချက်ချင်းပဲ ချင်းယွဲ့အား အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်၏ “သူ့ကို သွားအပြစ်တင်မနေနဲ့။ ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး။ ဒီလောကကြီးမှာ အဆင့်တစ်ဆို့တာတွေကို အလကား ကူညီဖြေရှင်းပေးနိုင်တဲ့ ဘယ်ကျင့်စဉ်မှ မရှိဘူးဆိုတာ ကျုပ်သိထားပြီးသား။ ခင်ဗျားတို့ စိတ်ပျော်စံအိမ်က ဖိုမပေါင်းစည်းခြင်း ကျင့်စဉ်က ကောင်းတာမှန်တယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေကတော့ ကျိန်းသေ ရှိမှာပဲ”

မိန်းကလေး၏ မျက်နှာ အမူအရာ အနည်းငယ် ရှုပ်ထွေးသွား၏။ သို့သော် ရန်ကိုင်၏‌ ပြောဆိုချက်ကို ပြန်လည် မငြင်းဆိုဘဲ ပြန်၍သာ ပြောလိုက်သည် “အဲ့အချက်ကို မြင်နိုင်တာ သခင်လေး တကယ် တော်တာပဲ။ ဟုတ်တယ်။ ကျွန်မတို့ စိတ်ပျော်စံအိမ်ရဲ့ ဖိုမပေါင်းစည်းခြင်း ကျင့်စဉ်မှာ ဘေးထွက် ဆိုးကျိုးတွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒါက လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘူး။ ဒီကိုလာတဲ့ လူတော်တော်များများ သိထားတဲ့ အကြောင်းအရာ တစ်ခုပဲ”

“အို” ယခုတစ်ကြိမ်တော့ ရန်ကိုင် အံ့အားသင့်ရမည့် အလှည့်ပင် “ကျုပ်ကို ရှင်းပြလို့ရမလား”

“ရတာပေါ့။ သခင်လေးက အပြင်ထွက်ပြီး နည်းနည်းပါးပါး စုံစမ်းကြည့်လိုက်မယ်ဆိုရင် သိမှာပဲလေ။ ကျွန်မတို့ စိတ်ပျော်စံအိမ်က ဖိုမပေါင်းစည်းခြင်းကျင့်စဉ်ရဲ့ အကူအညီနဲ့ အဆင့်ချိုးဖျက်မယ်ဆိုရင် နောက်ထပ် ကျင့်ကြံခြင်းအဆင့် ဘယ်တော့မှ ထပ်မတက်လာနိုင်တော့ဘူး”

“ကျုပ်သိပြီ” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည် “အဲ့လို ဘေးထွက်ဆိုကျိုး ရှိမှန်းသိတာတောင် ဘာလို့ဒီကို လာနေသေးတာလဲ”

“ဘာလို့လဲဆိုတော့ သူတို့တွေက ဆက်ကျင်ကြံနေလည်း အဆင့်ချိုးဖျက်နိုင်တော့မှာမှ မဟုတ်တာ။ ဒါကြောင့် အဲ့လို ဘေးထွက်ဆိုးကျိုးတွေကို ဂရုမစိုက်တာ။ ဒီကိုသာ လာခဲ့ရင် သူတို့ နောက်တစ်ဆင့် ထပ်တက်နိုင်သေးတယ်လေ။ သခင်လေးသာ သူတို့နေရာမှာ ဆိုရင်ကော ဘာလုပ်မှာလဲ။ နှစ်ပေါင်းရာနဲ့ချီတောင် အဆင့်မချိုးဖျက်နိုင်သေးဘူး။ အဲ့အချိန်မှာ စိတ်ပျော်စံအိမ်က သခင်လေးတို့ကို ကူညီပေးနိုင်မှန်း သိလိုက်မယ်ဆိုရင် သခင်လေး ဘာလုပ်မှာလဲ”

ရန်ကိုင် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏ “ကျုပ်ဆိုရင်လည်း လာမိမှာပဲ”

“ဟုတ်တယ်မလား။ ကျွန်မတို့ ကျင့်စဉ်မှာ ဘေးထွက်ဆိုးကျိုး ရှိတယ်ဆိုပေမယ့် အားကောင်းပြီး ရှားပါးတဲ့ ကျင့်စဉ်တစ်ခု ဆိုတာတော့ ငြင်းလို့မရဘူး။ သခင်လေးက ယွဲ့အာကို အတူ ခေါ်သွားချင်တယ်။ ယွဲ့အားက ဒီကျင့်စဉ်ကို ဘယ်လို ကျင့်ကြံရမလဲ သိထားတယ်။ သခင်လေး အဲ့ကျင့်စဉ်ကို လိုချင်နေတာ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ”

“ခင်ဗျားတာ မှန်တယ်။ ဒါပေမယ့် အဲ့အကြောင်း ဘာလို့ ကျုပ်ကို လာပြောနေတာလဲ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည် “အဲ့လိုလေး အတူ ကျင့်ကြံဖို့ အတွက်နဲ့ ကျုပ်အနာဂတ်ကို ဖျက်စီးရလောက်တဲ့အထိ ကျုပ် မရူးမိုက်သေးဘူး”

ထိုစကားကို ကြားသည့်အခါ အမျိုးသမီးက ယဲ့ယဲ့လေး ရယ်မောလိုက်သည် “သခင်လေးကို ဖိအားပေးနေတာ မဟုတ်ဘူး။ ကျွန်မ သခင်လေးကို သတိပေးကို ပေးရမှာမို့လို့။ ဒါပေမယ့် သခင်လေး ယွဲ့အာကို ခေါ်သွားချင်သေးတယ် ဆိုရင်တော့ ဆွေးနွေးလို့ ရပါသေးတယ်”

“ပြောကြည့်” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ယွဲ့အာသာ စိတ်ပျော်စံအိမ်က တကယ့် ကျင့်စဉ်ကြီးတွေကို ကျင့်ကြံထားမယ်ဆိုရင် သခင်လေး ဈေးကြီးကြီး ပေးမယ် ဆိုရင်တောင် ကျွန်မ သူ့ကို လွှတ်ပေးရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ယွဲ့အာက ဒီကျင့်စဉ်ကို ကျင့်ထားတာ သိပ်မကြာသေးသလို အဓိက သဘောတရားတွေကိုလည်း နာမးလည်သေးဘူး။ ဒါကြောင့် ညှိနှိုင်းလို့ရတယ်လို့ ပြောတာ။ ကျွန်မ သခင်လေးကို ရွေးချယ်မှု နှစ်ခုပေးမယ်”

ထိုသို့ ပြောပြီးနောက် ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ ရန်ကိုင်က အချက်ပြစတော့မှ စပြောလေသည် “ပထမဆုံး ကမ်းလှမ်းချက်က မိန်းကလေးယွဲ့အာရဲ့ ဖိုမပေါင်းစည်းခြင်း ပညာရပ်ကို ဖျက်စီးပစ်ဖို့ပဲ”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ချင်းယွဲ့ မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူမ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။

ရန်ကိုင်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုဖိုမပေါင်းစည်းခြင်း ကျင့်စဉ်သည် သူမ၏ ကျင့်ကြံခြင်းနှင့် တစ်သားတည်း ဖြစ်နေခဲ့လေပြီ။ ထို့ကျင့်စဉ်ကိုသာ ဖျက်စီးပစ်မည် ဆိုပါက သက်သာလျှင်ပင် သူမ၏ ကျင့်ကြံခြင်း ပျက်စီးရမည်။ ကံမကောင်းလျှင်တော့ လုံးဝ ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်သွားလျှင် အရင်းအမြစ် မည်မျှသုံးသုံး၊ အချိန် မည်မျှ ကြာကြာ ပြန်လည် ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။

ထိုကမ်းလှမ်းချက်ကို ရန်ကိုင် မည်ကဲ့သို့ သဘောတူမည်နည်း … ထို့ကြောင့် ခေါင်းခါလိုက်သည် “ဒီတစ်ချက်ကို လက်မခံနိုင်ဘူး။ ဒုတိယတစ်ခုကိုပြော”

အမျိုးသမီးသည် ရန်ကိုင် ထိုကဲ့သို့ ပြောမည်ကို ကြိုတင် မျှော်လင့်ထားသည့်အလား အပြုံးဖြင့် ဆက်ပြောလိုက်သည် “ဒုတိယတစ်ချက်ကတော့ သခင်လေး ပိုပြီး ပေးဖို့ပဲ”

“ယွဲ့အာ ကျင့်ကြံထားတဲ့ ဖိုမပေါင်းစည်းခြင်း ကျင့်စဉ် ပထမအပိုင်းတွေရဲ့ တန်ဖိုးပါအပါပေါ့” ရန်ကိုင်က ပြန်မေး၏။

“ဟုတ်တယ်။ သခင်လေး ဘာရွေးချင်လဲ”

“ဒုတိယတစ်ချက်ကိုတော့ ကျုပ်သဘောတူပေးလို့ ရတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

အမျိုးသမီး ပျော်သွားခဲ့ပြီး ခေါင်းညိတ်ကာ “သခင်လေးက တကယ်ကို တည့်တိုးဆန်တဲ့လူပဲ။ ဒါပေမယ့် အဲ့လိုဆိုရင် သခင်လေး ပေးရမယ့် ပမာဏက သေးမှာ မဟုတ်ဘူးနော်”

“ဒါဆို ခင်ဗျားတို့က ဘယ်လောက် တောင်းချင်နေလို့လဲ” ရန်ကိုင်က အမျိုးသမီးကို စိုက်ကြည့်၍ ပြန်မေးသည်။

အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် ပမာဏကို ပြောလိုက်သည်။

ရန်ကိုင် ဘေးထွင် ရပ်နေသော ချင်းယွဲ့၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး သူမ၏ မျက်ဝန်းထဲ့ ကူကယ်ရာမဲ့မှုတို့ ထွက်ပေါ်လာခဲ့သည်။ ဈေးနှုန်းသည် အလွန်ကို မြင့်မားလွန်းနေပေသည်။ ချင်းယွဲ့ သိသလောက်ဆိုလျှင် အမျိုးသမီး ပြောလိုက်သော ပမာဏသည် အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် မှော်ရတနာကို ဝယ်ယူရန် လုံလောက်ပေသည်။ သူမတစ်ဘဝလုံး ထိုင်စုလျှင်ပင် ထိုမျှသော ပမာဏကို စုနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်လည်း မေးစေ့ကိုပွတ်ရင်း ခေါင်းခဲရလေပြီ။

ထိုအခြင်းအရာကို မြင်သော် အမျိုးသမီးက ပြုံး၍ “သခင်လေး၊ ဈေးစစ်ဖို့ ကြိုးစားမနေနဲ့။ ဒီဈေးက ကျွန်မတို့ စိတ်ပျော်စံအိမ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းပဲ။ ကျွန်မစိတ်ကြိုက် ပြောင်းလဲနိုင်တဲ့ ဈေးနှုန်းမဟုတ်ဘူး။ သခင်လေး မတတ်နိုင်ဘူး ဆိုရင် လက်လျှော့ဖို့ပဲ ရှိလိမ့်မယ်”

ရန်ကိုင်က သက်ပြင်းတစ်ချက်ချလျက် ပြန်ပြောလိုက်သည် “အဲ့လောက်ကြီးကတော့ ကျုပ်အတွက်လည်း မသက်သာဘူး”

အမျိုးသမီးသည် နှာခေါင်းသာရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

ခဏလောက် တွေးနေပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်၏ “ခင်ဗျားတို့ သူတော်စင်သလင်းကျောက် မဟုတ်ဘဲ အခြား ပစ္စည်းတွေကိုကော အပေါင်အဖြစ် လက်ခံလား”

“အပေါင်လား” အမျိုးသမီး မျက်ခုံး ပင့်သွားခဲ့သည်။

“ဟုတ်တယ်။ မှော်ရတနာတို့၊ ဆေးလုံးတို့လို အခြား အဖိုးတန် ပစ္စည်းတွေလေ” ရန်ကိုင်က ပြန်ပြောသည် “အဲ့ပစ္စည်းတွေက ကျုပ်အတွက်လည်း အဖိုးတန်တော့ အပေါင် အဖြစ်ပဲ ထားခဲ့နိုင်မယ်။ အိမ်ပြန်ပြီး သူတော်စင်သလင်းကျောက် ပြန်ယူပြီးရင်တော့ အဲ့ဒါတွေကို ပြန်လာရွေးမယ်။ တကယ်တော့ ဘယ်သူမှ အဲ့လောက်များတဲ့ သူတော်စင်သလင်းကျောက်တွေကို သွားလေရာရာ သယ်သွားကြတာမှ မဟုတ်တာ”

“သခင်လေးပြောတ အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် အပေါင် ထားချင်တယ်ဆိုရင်တော့ သခင်လေး ဘယ်လို ပစ္စည်းမျိုးကို အပေါင် ထားချင်လဲ ဆိုတဲ့အပေါ် မူတည်တယ်။ ဒီအတိုင်းသာမန် ပစ္စည်းလေးတွေ ဆိုရင်တော့ ကျွန်မတို့ လက်ခံနိုင်ဘူး။ တော်ကြာ သခင်လေးအတွက် အသုံးမဝင်တဲ့ ပစ္စည်းတွေကို အပေါင်ထားပြီး ပြန်လာမရွေးရင် ကျွန်မတို့ဘက်ခံ ခံရမှာပေါ့၊ ဟုတ်တယ်မလား”

“အဲ့ဒါနဲ့ ပက်သက်ပြီး ခင်ဗျား စိတ်ပူနေစရာ မလိုဘူး။ ကျုပ်အပေါင်ထားမယ့် ပစ္စည်းတွေ အကုန်လုံးက တန်ဖိုးကြီးတဲ့ ရတနာတွေပဲ။ ကျုပ်ဘာလို့ ပြန်လာမရွေးရမှာလဲ” ပြောပြီးသည်နှင့် သူ့လက်ကို‌ ဝှေ့ရမ်း၍ ကျောက်စိမ်းပုလင်း နှစ်ပုလင်း၊ မှော်ရတနာနှစ်ခုနှင့် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်လိုက်လေသည်။ ထိုပစ္စည်းများကို စားပွဲခုံပေါ်တွင် တင်လိုက်ပြီး အမျိုးသမီးဆီ တိုးပေးကာ ပြောလိုက်သည် “ခင်ဗျားဘာသာ တစ်ချက်ကြည့်ကြည့်”

အမျိုးသမီးသည် ရန်ကိုင်အား မယုံသင်္ကာ အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ပထမဆုံး သိုလှောင်လက်စွပ်ကို ကောက်ယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ထို့နောက် ထူးမခြားနားဟန်ဖြင့် သိုလှောင် လက်စွပ်ကို ပြန်ချထားလိုက်သည်။ ထိုသိုလှောင်လက်စွပ်ထဲတွင် သူမ ခန့်မှန်းထားသည်ထက် ပိုမို နည်းပါးသော သလင်းကျောက် များ ရှိနေခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။

ထို့နောက် ကျောက်စိမ်းပုလင်းနှစ်ပုလင်းကို ကောက်ယူကာ စစ်ဆေးကြည့်ပြန်၏။ အဖုံးဖွင့်၍ အနံ့ရှူကြည့်လိုက်သည်။ ထိုသို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုသလို သူမ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။ ထို့နောက် ချက်ချင်း ဆေးလုံး တစ်လုံးကို ထုတ်ကာ စစ်ဆေးကြည်လေသည်။

သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် အံ့အားသင့်နေသည် အမူအရာဖြင့် ရေရွတ်လိုက်သည် “တန်ခိုးရှင်အဆင့်နိမ့် တိမ်မီးတောက် ဆေးလုံးပဲ။ အဆင့်ကလည်း အမြင့်စားပဲ။ ဒီဆေးလုံးကို ဘယ်ဆေးဆရာ ဖော်စပ်ထားတာလဲ”

ရန်ကိုင်ကမူ ဘာမှပြန်မပြောခဲ့ချေ။

အမျိုးသမီး၏ အမူအရာ ယခင်ထက် ပို၍ လေးနက် တည်ကြည် သွားခဲ့ရလေပြီ။ အကြောင်းမှာ ထိုကဲ့သို့သော တန်ခိုရှင် အဆင့် ဆေးပုလင်းတစ်ပုလင်းကို ရရန်အတွက် အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်နှင့် အဆက်အသွယ် ကောင်းကောင်း ရှိထားရန် လိုအပ်သည့်အပြင် အလွန် ချမ်းသာရန်လည်း လိုအပ်သည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် အမျိုးသမီး ရန်ကိုင်ကို ထပ်မံ၍ အထင်မသေးရဲတော့ချေ။

စိတ်ပျော်စံအိမ်၏ ကျောထောက်နောက်ခံ ဖြစ်သော အင်ပါယာမြို့တော်ဂိုဏ်းတွင်ပင် ထိုကဲ့သို့သော အဆင့်မြင့် ဆေးပညာရှင် တစ်ယောက် မရှိချေ။

အခြားဆေးပုလင်းကို စစ်ဆေးလိုက်သည့် အခါလည်း ထိုဆေးပုလင်းထဲတွင် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးများသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဆေးပုလင်း နှစ်ပုလင်းလုံးသည် အလွန်ကိုမှ အဖိုးတန်လှကာ သူတော်စင်သလင်းကျောက် ရှိရုံနှင့် ဝယ်၍ မရသော ပစ္စည်းများ ဖြစ်ကြသည်။

မှော်ရတနာနှစ်ခုမှာပဲ သိပ်ပြီး အထင်ကြီးစရာ မကောင်းလှဘဲ သာမန် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများသာ ဖြစ်ကြသည်။ သို့သော်လည်း ထိုမှော်ရတနာ နှစ်ခုသည် သူတော်စင်သလင်းကျောက် အထိုက်အလျောက် ထိုက်တန်သေးသည်။

“အဲ့ဆေးပုလင်းနှစ်ပုလင်းက ကျုပ် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရလာတဲ့ရတနာတွေ။ နောက်ပိုင်းသုံးဖို့ စီစဉ်ထားတာ။ ဒါကြောင့် အဲ့ဒါတွေကို ကျုပ်ကျိန်းသေ ပြန်လာယူမယ်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်သည်။

အမျိုးသမီးက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူမ ရင်ထဲရှိ သံသယအားလုံး ကင်းစင်သွားခဲ့လေပြီ။ အမှန်အတိုင်း ပြောရလျှင် တန်ခိုးရှင်အဆင့်များပင် ထိုကဲ့သို့သော ဆေးပုလင်း နှစ်ပိုင်းကို ပိုင်ဆိုင်ခြင်းငှာ မစွမ်းနိုင်ချေ။ သူတော်စင်ဘုရင် ဒုတိယ အဆင့်လေးဖြင့် ထိုဆေးပုလင်းနှစ်ပုလင်းအား ပိုင်ဆိုင်ထားသည်ကို ထောက်ရှုကြည့်လျှင် ထိုလူငယ်လေး၏ အဆက်အသွယ် မည်မျှ အားကောင်းကြောင်း သိနိုင်သည်။

သူမ မသိခဲ့သည်ကား ထိုဆေးလုံးများသည် ရန်ကိုင်ကိုယ်တိုင် ဖော်စပ်ထားခဲ့သော ဆေးလုံးများ ဖြစ်သည် ဆိုသော အချက်ကိုပင်။

အမျိုးသမီး အတွေးနက်သွားသည်ကို မြင်သော် ရန်ကိုင် ဘာမှ ထပ်မပြောတော့ဘဲ ချင်းယွဲ့ကိုသာ စိတ်အေးအေးထားရန် လှမ်း အချက်ပြလိုက်သည်။ သူ့ကမ်းလှမ်းချက်ကို အမျိုးသမီး အတော်လေး စိတ်ဝင်စားမှန်း ရန်ကိုင် သိသည်။ သူမ အနေဖြင့် မည်သည့် လွန်ကဲ့သည့် တောင်းဆိုမှုကိုမှ လုပ်တော့လိမ့်မည် မဟုတ်လောက်ချေ။ ချင်းယွဲ့ကို ခေါ်သွားပြီးပြီဆိုလျှင် ဤစိတ်ပျော်စံအိမ်သို့ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ချေ။

ယခု သူပေးလိုက်သော ဆေးလုံးနှင့် မှော်ရတနာနှစ်ခုကိုမူ ရန်ကိုင် လုံးဝ ဂရုမစိုက်ပေ။

အချိန်အတော်ကြာပြီးနောက် အမျိုးသမီး ဆုံးဖြတ်ပြီးသွားခဲ့သည်။ ပြုံးလျက် ခေါင်းမော့ကာ ရန်ကိုင်အား ပြန်ပြောတော့မည်အပြု၊ သူမ မျက်နှာထက် အံ့အားသင်သည့် အရိပ်အယောင် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူလိုက်သည်။ ထို့နောက် တောင်းပန်လျက် “သခင်လေး၊ ခဏလောက် စောင့်ပေးပါနော်”

ရန်ကိုင်လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

အမျိုးသမီးလည်း ဆက်သွယ်ရေး မှော်ရတနာထဲ ကောင်းကင် စိတ်အာရုံ ပို့လွှတ်၍ အဆက်အသွယ် လုပ်နေခဲ့သည်။ ထိုအချိန် အတောအတွင်း သူမ၏ အမူအရာ အမျိုးမျိုး‌ ပြောင်းလဲနေခဲ့သည်။

ခဏကြာပြီးသည့်နောက် ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်းလိုက်ပြီး စိတ်ရှုပ်နေသည့် အမူအရာဖြင့် ရန်ကိုင်အား အားတုံ့အားနာ ကြည့်လာခဲ့သည်။

သူမ၏ အမူအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၁၇)

သူထင်သည့်အတိုင်းပင်၊ အမျိုးသမီးသည် ရန်ကိုင်အား အားတုံ့အားနာဖြင့် ကြည့်လျက် ပြောလာခဲ့သည် “သခင်လေးရယ်၊ ဒီအပေးအယူ အလုပ်မဖြစ်တော့လို့ တောင်းပန်ပါတယ်နော်”

“အလုပ်မဖြစ်တော့ဘူး” ရန်ကိုင် မျက်ဝန်းအစုံ မှေးစဉ်းသွားပြီး အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်လေသည် “ဘာလို့လဲ။ ကျုပ်ပေးတာ မလုံလောက်သေးလို့လား”

“မဟုတ်ဘူး” အမျိုးသမီးက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး “ယွဲ့အာကို လွှတ်ပေးလို့ မရဘူးလို့ အထက်က ပြောလာလို့ပါ။ ဘာလို့လဲဆိုတာကိုတော့ ပြောမသွားဘူး”

ထိုစကားကို ကြားသည့်အခါ ချင်းယွဲ့၏ ခန္ဓာကိုယ်လေး တုန်ရင်သွားခဲ့ပြီး သူမ မျက်နှာလည်း သွေးဆုတ် ဖြူလျော်သွား၏။ ကံကြမ္မာသည် သူမအပေါ် ဆော့ကစားရက်ပေသည်။

ရန်ကိုင် မျက်နှာလည်း မှုန်ကုန်သွားခဲ့သည်။ အေး စက်စက် အမူအရာဖြင့် သူ့ရှေ့ရှိ အမျိုးသမီးကို စိုက်ကြည့်လိုက်သော်ငြား သူမ မျက်နှာထက်ရှိ အားနာ၊ ရှက်ရွံ့နေသည့် အမူအရာကို မြင်ပြီးနောက် ယခုကိစ္စသည် သူမနှင့် မသက်ဆိုင်တော့မှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် သူမပေါ် ဒေါသ ထွက်နေ၍လည်း အသုံးဝင်မည် မဟုတ်ချေ။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပြန်မေးလိုက်သည် “အထက် မိန်းကလေး ယွဲ့အာကို လွှတ်ပေးလို့ မရဘူးလို့ ပြောတာလား။ ဘယ်သူ့ကိုမှ လွတ်ပေးလို့ မရဘူးလို့ ပြောတာလား”

“ကွာလို့လား” အမျိုးသမီးက အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးသည်။

“မေးတာကိုပဲဖြေ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။

သူမဘက်မှ ရုတ်တရက် အပေးအယူ ဖျက်လိုက်သည့် အတွက်ကြောင့် အမျိုးသမီး အားနာနေသည့်ပုံပင်။ ထို့ကြောင့် ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ယွဲ့အာ နာမည်ကိုပဲ ပြောသွားတာ။ အခြားသူတွေကိုတော့ ပြောမသွားဘူး”

“အဲ့လို့လား” ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ ထို့နောက် ဆက်၍ ပြောလိုက်သည် “အပေးအယူ လုပ်လို့ မရဘူး ဆိုတာ ကျုပ်မယုံဘူး။ ဈေးနှုန်းကပဲ နောက်ဆုံး စကားပြောတာ။ ကျုပ်နောက်ထပ် ဆေးလုံး ထပ်ပေးမယ်ဆိုရင် ဆွေးနွေးလို့ ရနိုင်မလား”

ပြောပြီးသည်နှင့် ဆေးပုလင်း တစ်ပုလင်းကို ထုတ်လိုက်၏။ မလွှတ်ချင်သည့်နှယ် ဆေးပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီးနောက် ခဏအကြာတွင် ဆေးပုလင်းအား အမျိုးသမီးဆီ ပေးလိုက်လေသည်။

သို့သော်လည်း အမျိုးသမီးက ကူကယ်ရာမဲ့စွာ ပြုံးလျက် “သခင်လေး၊ ကျွန်မကို ထပ်ပြီး ခက်ခဲအောင် မလုပ်ပါတော့နဲ့လား ဟင်။ မန်နေဂျာက ဆုံးဖြတ်ထားတာဆိုတော့ ဒီကိစ္စက ကျွန်မ တတ်နိုင်တဲ့ ကိစ္စတစ်ခု မဟုတ်တော့ဘူး”

“ခင်ဗျား တတ်နိုင်တာ မတတ်နိုင်တာကို အရင် မပြောနဲ့ဦး။ ဆေးလုံးကို အရင်ကြည့်လိုက်၊ ဆေးလုံးကို အရင်ကြည့်ပြီးမှပြော။ ဒီကိစ္စကို ခင်ဗျား မဆုံးဖြတ်နိုင်ရင် ယုအာကို ခေါ်သွားဖို့အတွက် ဘယ်လို တန်ဖိုးကို ကျုပ်ပေးချေရမလဲလို့ ခင်ဗျားရဲ့ မန်နေဂျာကို မေးလိုက်”

အမျိုးသမီး၏ မျက်ဝန်းထဲ အံ့ဩသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် အံ့အားသင့်နေသည့် အမူအရာဖြင့် “ကြည့်ရတာ ယုအာ သခင်လေးအတွက် အရမ်း အရေးပါတဲ့ပုံပဲနော်။ သခင်လေးလို လူရဲ့ ချစ်တာ ခံရတာ မိန်းကလေး ယွဲ့အာ အရမ်း ကံကောင်းတာပဲ”

ယခုတစ်ကြိမ်တွင် အမျိုးသမီးသည် ငြင်းမနေတော့ဘဲ ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်လိုက်လေသည်။ အထဲရှိ ပစ္စည်းကို မြင်ပြီးနောက် အမျိုးသမီး ထိတ်လန့်တုန်လှုပ်သွား၏။

ဆေးလုံးထဲတွင် ပြစ်ချက်ကင်းမဲ့သော လုံးဝိုင် ဖြူဖွေးသည့် ဆေးလုံးတစ်လုံးသာ ရှိသည်။ ဆေးရနံ့ကို ရှူမိလိုက်သည့်အခိုက် သူမစိတ် တည်ငြိမ်သွားသလို ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလို အမျိုးသမီး ရန်ကိုင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ ရန်ကိုင် သူမအား ယဲ့ယဲ့လေး ပြုံးပြနေသည်ကို မြင်ပြီးနောက် ဆေးလုံးကို လက်ထဲသို့ သွန်ချလိုက်ပြီး သေသေချာချာ ထပ်မံ စစ်ဆေးကြည့်လေသည်။

အချိန်အတော်ကြာပြီးနောက် ဆေးလုံးကို ပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ရန်ကိုင်အား ကြည့်၍ “ကျွန်မ ဆေးလုံးတွေအကြောင်း သိပ်မသိဘူး ဆိုပေမယ့် ဒီဆေးလုံးကို နတ်ဆိုးသုတ်သင်ဆေးလုံးမလား”

“မိန်းကလေး ပြောတာ အမှန်ပဲ။ အဲ့ဆေးလုံးက နတ်ဆိုးသုတ်သင်ဆေးလုံးပဲ” ရန်ကိုင် စိတ်ညစ်ညစ်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီဆေးလုံးက သူတော်စင်ဘုရင်အဆင့်ကနေ တန်ခိုးရှင် အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေတဲ့ ကျင့်ကြံသူတွေအတွက် အကောင်းဆုံး အကူဆေးလုံးတွေထဲက တစ်လုံးပဲ။ ဒီဆေးလုံးက အတွင်းနတ်ဆိုးတွေကို မောင်းထုတ်ပေးနိုင်တယ်။ တန်ခိုးရှင် အခြေတည်ဆေးလုံးလောက် မရှားပါဘူးဆိုပေမယ့် အတော်လေး တန်ဖိုးကြီးတယ်။ ဒီဆေးလုံးကို အပေါင်အဖြစ် သခင်လေး သုံးချင်တာ သေချာလား”

ရန်ကိုင်က ခေါင်းခါလိုက်ပြီး “အပေါင်မဟုတ်ဘူး။ အဲ့ဒါနဲ့ လဲမှာ။ ယွဲ့အာကို‌ ခေါ်သွားခွင့်ပေးမယ်ဆိုရင် အဲ့ဆေးလုံးက ခင်ဗျားတို့ စိတ်ပျော်စံအိမ် အပိုင်ပဲ”

“အပိုင်” ထိုစကားကို ကြားလိုက်သည့်အခိုက် အမျိုးသမီး၏ မျက်နှာထက် ပျော်ရွှင်မှုတို့ အထင်သား ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အံကြိတ်၍ ပြန်ပြောလိုက်သည် “သခင်လေး၊ ခဏလောက် စောင့်ပေး။ မန်နေဂျာနဲ့ ကျွန်မ တစ်ချက်လောက် ပြောကြည့်လိုက်ဦးမယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်မသာဆို ဒီအပေးအယူ အလုပ်ဖြစ်သွားတာ ကြာပြီ။ ဒီလောက်အထိ နှောင့်နှေးနေမှာ မဟုတ်ဘူး…”

ထိုနတ်ဆိုးသုတ်သင်ဆေးလုံး မည်မျှ အဖိုးတန်မှန်း သိသဖြင့် အမျိုးသမီး ခါးသက်စွာ ပြုံးမိလိုက်သည်။ ဆက်လက် နှောင့်နှေး မနေရဲတော့သည့် အတွက်ကြောင့် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ အလျင်အမြန် အဆက်အသွယ် လုပ်လိုက်သည်။

အမျိုးသမီး မန်နေဂျာဆိုသူနှင့် ဆက်သွယ်နေစဉ် ရန်ကိုင်သည် ကောင်းကကင်စိတ်အာရုံကို ဖြန့်ကျက်၍ စိတ်ငြိမ်စံအိမ်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ည်။ ခဏကြာပြီးသည့်နောက်တွင် တန်ခိုးရှင်အဆင့်များ ရှိနေသည့် နေရာနှင့် အစီအရင်များ ခင်းကျင်းထားသည့် နေရာများမှ လွဲ၍ အခြားနေရာ အားလုံးကို သူ့ကောင်းကင်စိတ်အာဖြင့် စစ်ဆေးကြည့်ပြီးသွားခဲ့လေပြီ။

မကြာမီ သူသိချင်နေသည့် အကြောင်းအရာကို သိလိုက်ရ၏။ သူ့ခန့်မှန်းချက်များ မှန်နေမှန်း သိလိုက်ရသည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင် စိတ်ထဲ ကြိတ်ရယ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို မည်သူမှ မသိအောင် ပြန်ရုတ်သိမ်းလိုက်လေသည်။

အမျိုးသမီးဆီ လှမ်းကြည့်လိုက်သည့်အခါ မန်နေဂျာ ဆိုသူနှင့် အပြန်အလှန် ငြင်းခုံနေသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးသည် နတ်ဆိုးသုတ်သင်ဆေးလုံးကို အလွယ်တကူ လက်မလျှော့ချင်သည့်ပုံပင်။

ဟုတ်တော့လည်း ဟုတ်ပေသည်။ နတ်ဆိုးသုတ်သင် ဆေးလုံးသည် အလွန်ကိုမှ တန်ဖိုးရှိသည် မဟုတ်ပေလော။ ကျင့်ကြံခြင်းအဆင့် ချိုးဖျက်နေလျှင် သာမန် ကိုယ်တွင်း နတ်ဆိုးလောက် ပေါ်လာလျှင် ကိစ္စမရှိသော်လည်း အလွန်ကိုမှ အားကောင်းနက်နဲသော ကိုယ်တွင်းနတ်ဆိုးသာ ပေါ်လာမည် ဆိုပါက ဤကဲ့သို့သော ဆေးလုံးသည် အလွန်ကိုမှ အဖိုးတန် အသုံးဝင်ပေလိမ့်မည်။

ထိုကဲ့သို့သော ဆေးလုံးတစ်လုံး ရှိထားခြင်းသည် ကျင့်ကြံခြင်း အဆင့်ချိုးဖျက်ခြင်း အောင်မြင်နိုင်ချေ၊ ရှုံးနိမ့်နိုင်ချေကို အကြီးအကျယ် အကျိုး သက်ရောက်နိုင်ပေသည်။

ထိုနတ်ဆိုးသုတ်သင်ခြင်းဆေးလုံးသည် ရန်ကိုင် ကိုယ်တိုင် ဖော်စပ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုဆေးလုံးကို ချန်ချီနှင့် ဟောင်အန်းတို့ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရာတွင် သုံးရန် ရည်ရွယ်ချက်ဖြင့် ဖော်စပ်ပေးခဲ့ခြင်း ဖြစ်သော်လည်း သူတို့တွင် နှစ်တစ်သောင်းအမွှေးနံ့သာ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ထိုဆေးလုံးကို မလိုအပ်တော့ချေ။

ထို့ကြောင့် ထိုနတ်ဆိုးသုတ်သင်ခြင်း ဆေးလုံးကို လိုလိုမယ်မယ် သိမ်းထားခဲ့ရာ ယနေ့တွင် အသုံးဝင်လာခဲ့သည်။

ရန်ကိုင်တွင် တန်ခိုးရှင်အခြေတည် ဆေးလုံး များစွာ ရှိသည်။ သို့သော်လည်း ထိုဆေးလုံးကို ထုတ်ပေးရလောက်သည် အထိ မရူးမိုက်ချေ။ တန်ခိုးရှင်အခြေတည် ဆေးလုံးနှင့် နတ်ဆိုး သုတ်သင်ခြင်း ဆေးလုံးသည် တန်ဖိုးတူသည်ဟု ပြော၍ ရသော်ငြား တန်ခိုးရှင်အခြေတည် ဆေးလုံးက ပို၍ အဖိုးတန်သလို ပို၍ ရှားပါးပေသည်။

အမျိုးသမီး ထိုမန်နေဂျာဆိုသူနှင့် ဆက်လက် ငြင်းနေစဉ် ရန်ကိုင်ကမူ စိုးရိမ်နေသည့် အမူအရာဖြင့် စောင့်နေခဲ့သည်။ ချင်းယွဲ့အား ဤနေရာမှ ခေါ်ကို ခေါ်သွားရပေမည်။ အေးအေးဆေးဆေး ခေါ်သွားနိုင်လျှင်တော့ အကောင်းဆုံးပင်။ ထိုနည်းနှင့်မှ မရနိုင်ဘူးဆိုလျှင်လည်း အကြမ်းနည်း သုံးရုံသာ ရှိတော့သည်။

ထိုသို့ ဖြစ်လာမည် ဆိုပါက ကျီးနက်မြို့တွင် ဆက်နေ၍ ရတော့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုနည်းလမ်းကို နောက်းဆုံး မရတော့မှ ထုတ်သုံးရန် ကြံထားခြင်း ဖြစ်သည်။

စိတ်ပျော်စံအိမ်ကဲ့သို့ အင်အားစုတစ်ခုနှင့်လည်း အလကား သက်သက် ရန်သူ မဖြစ်ချင်ချေ။ နဂါးများပင်လျှင် ဒေသခံ မြွေများကို ရန်စလေ့မရှိဘူး မဟုတ်ပေလော။ ထို့အပြင် သူသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေး၏။ သို့တိုင် ဤနေရာကို စောင့်ကြပ်နေသည့် လူများထဲတွင် တန်ခိုးရှင်အဆင့် သုံးယောက် တိတိပင် ရှိနေခဲ့သည်။ ထို့မျှသာမကသေး၊ ဤနေရာကို မြို့သခင်ကလည်း ထောက်ပံ့ပေးထားသေးသည်။

စဉ်းစားပြီးသော် ရန်ကိုင်သည် ချင်းယွဲ့အား အဆင်သင့် ပြင်ထားရန် တိုးတိုးလေး လှမ်းအကြံပေးလိုက်သည်။

ခဏအကြာတွင် အမျိုးသမီးသည် စိတ်ညစ် စိတ်ပျက်ပျက်ဖြင့် ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်းထားလိုက်ပြီး ရန်ကိုင်အား အားနာနာဖြင့်ကြည့်၍ ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ကျွန်မလည်း မတတ်နိုင်တော့ဘူး။ မန်နေဂျာက ဘာလို့လဲ မသိဘူး။ ယွဲ့အာကို လွှတ်ပေးလို့ မရဘူးပဲ ပြောနေတယ်။ ဒါကြောင့် သခင်လေးကို လက်လျှော့လိုက်ဖို့ပဲ ပြောချင်တယ်”

ရန်ကိုင် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ခေါင်းညိတ်၍ “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ကျုပ်လည်း ခင်းဗျားကို ဆက်ပြီး ဒုက္ခရောက်အောင် မလုပ်တော့ပါဘူး။ ဒီမှာပဲ ခဏလောက် နားနေလိုက်ပေါ့”

ပြောပြီးသည်နှင့် အမျိုးသမီးအား ကြမ်းကြုတ်စွာ ပြုံးပြလိုက်သည်။

အမျိုးသမီး၏ ရင်ထဲ အန္တရာယ် အငွေ့အသက်တို့ ရလိုက်၏။ သို့သော် သူမ မတုန့်ပြန်နိုင်သေးခင်မှာပဲ အားကောင်းသော စိတ်စွမ်းအင် တစ်ခုသည် သူမ၏ အသိစိတ်ပင်လယ်ကို ရုတ်ချည်း ချိုးဖျက်ဝင်ရောက်လာသဖြင့် သူမ တစ်ခေါင်းလုံး မူးဝေသွားရ၏။

တစ်ချိန်တည်းတွင် သူမရှေ့ ခပ်လှမ်းလှမ်းတွင် ရပ်နေသော လူငယ်လေး ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ အမျိုးသမီးသည် ထိတ်ထိတ်လန်လန့်နှင့် ကမန်းကတန်း ခုခံရန် ကြိုးစားလိုက်သော်လည်း သူမ၏ သူတော်စင်ချီအား လုံးဝ မလှည့်ပတ်နိုင်တော့မှန်း သိလိုက်ရသည်။

သူမသည်လည်း သူတော်စင်ဘုရင် ဒုတိယအဆင့် ဖြစ်သော်ငြား ထိုလူငယ်လေး ရှေ့မှောက်တွင် မည်သို့မှ ပြန်၍ မတိုက်ခိုက်နိုင်ခဲ့ချေ။

ချက်ချင်းဆိုသလို ချစ်ချစ်တောက် ပူလောင်သော အပူ စွမ်းအင်တို့ သူမခန္ဓာကိုယ်ထဲ တိုးဝင်လာပြီး သူမ၏ ခွန်အားကို နည်းနည်းလေးမှ အသုံးပြု၍ မရအောင် ထိန်းချုပ်သွားခဲ့သည်။

အမျိုးသမီး တစ်ကိုယ်လုံး အားအင်မဲ့သွားခဲ့ပြီး မြေကြီးပေါ်သို့ ပျော့ခွေကျသွားခဲ့လေသည်။ သူမ၏ လက်လေး တစ်ချောင်းကိုပင် မလှုပ်နိုင်တော့ဘဲ ပါးစပ်ကို ဟ၍သာ ပြောနိုင်တော့သည်။ ထို့ကြောင့် အလျင်စလို လှမ်းအော်ပြောလိုက်လေသည် “သခင်လေး ဒါဘာသဘောလဲ။ စိတ်ပျော်စံအိမ်မှာ လာသောင်းကျန်းရင် သခင်လေး အဆုံးသတ် ကောင်းမှာ မဟုတ်ဘူးနော်”

ရန်ကိုင်က ပြုံးလိုက်ပြီး လက်ဖျောက်တီးလိုက်ရာ အမျိုးသမီး စကားပင် မပြောနိုင်တော့ချေ။ ထိုအခါက အေးအေးဆေးဆေး အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “ကျုပ်သူ့ကို ခေါ်သွားမယ်။ ဒါပေမယ့် ကျုပ်မထွက်သွားခင် ခင်ဗျားတို့လည်း မနစ်နာရအောင် သဘောတူထားတဲ့ ပစ္စည်းတွေကို ထားခဲ့ပေးလိုက်မယ်။ အခုဟာက ခင်ဗျားတို့ မနစ်နာရုံတင် မဟုတ်ဘူး။ မြတ်ပါ မြတ်နေတာ။… ဒါပြီးရင် အတွင်းပိုင်းကို ခင်ဗျာ သေချာ ပြန်စစ်ဆေးကြည့်သင့်တယ်။ ခင်ဗျားသာ ရှာတတ်ရင် ကျုပ်တို့ အပေးအယူ ကိစ္စကို လိုက်နှောင့်ယှတ်နေတဲ့ သောက်ရူးလေး တစ်ကောင် ရှိနေမှန်း သိလိမ့်မယ်။ အဲ့အခါကျ ခင်ဗျား အပြစ်ပေးခံရတော့မှာ မဟုတ်ဘူး”

အမျိုးသမီးသည် ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာပြောချင်နေမှန်း သူမ နားမလည်ချေ။

အသေးစိတ် ထပ်မေးချင်သော်လည်း ပါးစပ် မဟနိုင်သဖြင့် ရန်ကိုင်နှင့် ချင်းယွဲ့တို့ သူမ၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။ ဘာမှ မလုပ်နိုင်သဖြင့် နောက်ဆုံး သူမ ကျင့်ထားသည့် လျှို့ဝှက်ကျင့်စဉ်ကို ထုတ်သုံး၍ သူမ၏ နားကပ်တစ်ဖက်ကို ဖျက်စီးပစ်လိုက်လေသည်။

ထိုနားကပ် ပျက်စီးသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်ပြီး ချက်ချင်း ချင်းယွဲ့အား အော်ပြောလိုက်သည် “သွားကြမယ်”

ပြောပြီးသည်နှင့် ချင်းယွဲ့၏ ခါးကိုကိုင်ကာ ထွက်ပြေးရန် လုပ်လိုက်သည်။

“ထွက်သွားချင်တလား” ထိုစဉ် အေးစက်စက် အသံတစ်သံ လေထဲ ရုတ်တရက် ပျံ့လွင့်လာခဲ့သည် “ငါတို့ စိတ်ပျော်စံအိမ်မှာ သောင်းကျန်းချင်သလို သောင်းကျန်းပြီး ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သော ဖိအားတစ်ရပ် ရန်ကိုင်အား လွှမ်းခြုံလာခဲ့သည်။ သူ့ပတ်ပတ်လည် လေဟာနယ်တစ်ခုလုံး ရုတ်တရက် အေးခဲသွားသဖြင့် လေထဲတွင် ရောက်နေသော ရန်ကိုင်၏ ခန္ဓာကိုယ် အောက်သို့ ပြုတ်ကျသွားခဲ့ရလေသည်။

“ရှီလား” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားသည်။ ရှီကို ကြုံဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်တော့သဖြင့် ထိုအရာ ဘာလဲ ချက်ချင်း မှတ်မိလိုက်သည်။

မြေကြီးပေါ်သို့ ပြုတ်ကျလာပြီးနောက် ချင်းယွဲ့ကို သူ့နောက်တွင် ထားလိုက်ပြီး အရပ်တစ်နေရာဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ သူကြည့်နေရာဆီမှ အပြာရောင်ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ အေးစက် သုန်မှုန်နေသော မျက်ဝန်းလေးများနှင့် မတူညီစွာ သူမ၏ မျက်နှာမှာ အတော်လေးကိုမှ လှပနေခဲ့သည်။

ထိုသက်လတ်ပိုင်း အမျိုးသမီးကို မြင်သည်နှင့် ချင်းယွဲ့၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေသည် “မန်နေဂျာလျန်”

ချင်းယွဲ့ကို အော်သံကို ကြားလိုက်သည်နှင့် ပြဿနာ များတော့မည်မှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၁၈)

ချင်းယွဲ့နှင့် စကားပြောနေစဉ်က သူမအား စိတ်ပျော်စံအိမ်သို့ ပြန်ခေါ်လာပြီး ဖိုမပေါင်းစည်းခြင်းကျင့်စဉ်ကို ကျင့်ခိုင်းခဲ့သူသည် စိတ်ပျော်စံအိမ်၏ တန်ခိုးရှင်အဆင့် သုံးယောက်အနက် အားအကောင်းဆုံး ဖြစ်သော် တန်ခိုးရှင် ဒုတိယအဆင့် မန်နေဂျာလျန် ဖြစ်ကြောင်း ရန်ကိုင် သိခဲ့ရသည်။

ထိုအမျိုးသမီး၏ လက်အောက်တွင် တန်ခိုးရှင် ပထမအဆင့် အခြား မန်နေဂျာနှစ်ယောက် ရှိနေပေသည်။

အခြား တန်ခိုးရှင်အဆင့် နှစ်ယောက်သာဆိုလျှင် ထွက်ပြေးရန် ရန်ကိုင် ယုံကြည်ချက် ရှိသေးသည်။ သို့သော်ငြား ဤတစ်ယောက် ဆိုလျှင်တော့ သိပ်မသေချာတော့။ သူတို့၏ ကျင့်ကြံခြင်းသည် အဆင့်ကြီးတစ်ဆင့် ကွာခြားနေခဲ့သည်။ ရန်ကိုင်သာ သူမနှင့် အချိန်ကြာနေလျှင် ကျန်တန်ခိုးရှင်အဆင့် နှစ်ယောက် သူတို့အား လိုက်မှီလာပေလိမ့်မည်။ ထိုသို့ ဖြစ်သွားလျှင် ရန်ကိုင် ဘာမှ တတ်နိုင်တော့မည် မဟုတ်ချေ။ တန်ခိုးရှင်အဆင့် သုံးယောက်နှင့်လည်း ရင်ဆိုင်ရမည် ဖြစ်သလို ချင်းယွဲ့ကိုလည်း ကာကွယ်ပေးရဦးမည်။ သူ့လက်ရှိ သူတော်စင် ဘုရင် ဒုတိယအဆင့်လေးဖြင့် မည်ကဲ့သို့ တတ်နိုင်မည်နည်း။

အလောင်းဂိုဏ်းဂူ အဖြစ်အပျက်ပြီးနောက် အခြား တစ်ယောက်ကို ခေါ်ပြီ တည်နေရာခုန်ကျော်ခြင်းကို အလွယ်တကူ ထုတ်မသုံးရဲတော့ချေ။

အမျိုးမျိုးသော အတွေးပေါင်းစုံတို့ သူ့စိတ်ထဲ ဖြတ်ပြေးနေစဉ် အမျိုးသမီးက ချင်းယွဲ့အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး နှာခေါင်းရှုံ့လျက် “ယွဲ့အာ၊ နင့်သတ္တိက မသေးပါလား။ ဘာလဲ၊ အရင်တစ်ကြိမ် သင်ခန်းစား မမှတ်သေးလို့လား”

ပြောပြီးသည်နှင့် သူ့မဆီမှ စိတ်စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို ရန်ကိုင် နောက်တွင် ရပ်နေသော ယွဲ့အား ရုတ်တရက် နာနာကျင်ကျင် ထအော်ပြီး ချွေးသံတရဲရဲဖြင့် မြေကြီးပေါ်သို့ လဲကျသွားလေသည်။

ရန်ကိုင်၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ သို့သော်လည်း မန်နေဂျာလျန်သည် ချင်းယွဲ့ အသက်ကို မယူဘဲ စည်းကို အသက်သွင်းရုံလေးသာ လုပ်လိုက်ခြင်း ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင် အလျင်စလို မလှုပ်ရှားခဲ့ပေ။

ချင်းယွဲ့၏ အော်သံတို့ တဖြည်းဖြည်း အားနည်းသွားသည့် အခါမှ မန်နေဂျာလျန်သည် ရန်ကိုင်ဘက်သို့ လှည့်လာခဲ့သည်။ “ဘယ်သူကများ ကျားအသည်းစားပြီး စိတ်ပျော်စံအိမ်မှာ လာပြဿနာရှာရဲလဲ မှတ်နေတာ။ မနူးမနပ် သူတော်စင်ဘုရင် အဆင့်လေး တစ်ယောက် ဖြစ်နေတာကိုး။ ဒီမှာ လာပြဿနာ ရှာရင် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမလဲ နင်သိလား”

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ချင်းယွဲ့ကို ထူပေးလိုက်သည်။ ချင်းယွဲ့အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူမ မည်သည့် ဒဏ်ရာမှ မရထားကြောင့် တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့အမူအရာလည်း အနည်းငယ် ပြေလျော့သွားခဲ့ရလေသည်။

ထို့နောက် မန်နေဂျာလျန်ဘက်သို့ ပြန်လှည့်၍ ပြောလိုက်သည် “မန်နေဂျာလျန် ဟုတ်တယ်မလား။ ကျုပ်သူနဲ့ ထွက်ပြေးဖို့ လုပ်နေတာမဟုတ်ဘူး။ သူ့ကို ဝယ်ဖို့အတွက် ခင်ဗျားတို့ စိတ်ပျော်စံအိမ်နဲ့ သဘောတူညီချက် ရပြီးသွားပြီ။ ကျုပ်ဘက်က ပေးသင့်တာကို ပေးပြီးသွာတာတောင် ခင်ဗျားတို့က ဒီအမျိုးသမီးကို မလွှတ်ပေးချင်တာလား။ ဘာလဲ၊ ခင်ဗျားတို့ ဆောင်ကြာမြိုင်တောင် မဟုတ်ဘူး။ လူသတ်ပြီးတော့ ဓါးပြပါ တိုက်နေကြတာလား”

“ရိုင်းလိုက်တာ” သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာ အေးစက်သွားပြီး ရန်ကိုင်ဆီ အလင်းတန်းတစ်ခု ပစ်လိုက်သည်။

ရန်ကိုင်ကလည်း နတ်ဆိုးမီးတောက်တို့ လွှမ်းခြုံနေသည့် လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။

ဘုန်းဆိုသော မြည်သံနှင့်အတူ မျက်စိကျိန်းမတတ် အလင်းရောင်တို့ ပေါက်ကွဲထွဥ◌်လာခဲ့သည်။ မရေမတွက်နိုင်သော လက်သီးရိပ်များ ပြိုကျပျက်စီးသွားပြီး မန်နေဂျာလျန်၏ အလင်းတန်းသည်လည်း လမ်းတစ်ဝက်တွင် ရပ်တန့် ပျောက်ကွယ် သွားခဲ့ရသည်။

ရန်ကိုင်သည် သူမူလ ရပ်နေသည့် နေရာတွင်သာ နောက်သို့ ခြေတစ်လှမ်းမှ ဆုတ်မသွားဘဲ ရပ်နေခဲ့သည်။ မန်နေဂျာလျန်ကမူ ရန်ကိုင်ကို အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။ အားကုန် ထုတ်မသုံးခဲ့သော်လည်း သူမ ခွန်အား၏ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့်ကို ထုတ်သုံးခဲ့သည်။ သို့သော်လည်း ထိုခွန်အားကို ရန်ကိုင်က အလွယ်တကူ ခုခံသွားနိုင်ခဲ့သည်။ သူမ၏ ရှီပင်လျှင် သူ့အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။

ထိုကောင်လေးသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးပေသည်။ သူတော်စင်ဘုရင်အဆင့် ဖြစ်နေမည် ဆိုလျှင်ပင် ထိုကဲ့သို့ လုပ်ဖို့ရာ မဖြစ်နိုင်ချေ။

ထိုတိုက်ခိုက်လိုက်သည့် အချိန်အတွင်း ရန်ကိုင်သည် သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း အမျိုးသမီး သိလိုက်ရသည်။ သူတော်စင်ဘုရင် ဒုတိယအဆင့်ဖြင့် ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားနိုင်ပုံ ထောက်လျှင် ထိုကောင်လေးတွင် အားကောင်းသော နောက်ခံတစ်ခုခု ရှိနေရပေလိမ့်မည်။ ရန်ကိုင် မည်သည့်နေရာမှ လာသလဲဆိုသည်ကို မသိရသေးခင်အထိ မဆင်မခြင် လှုပ်ရှားဖို့ရာ မသင့်တော်ချေ။ အခပ်မသင့်လျှင် သူမတို့ စိတ်ပျော်စံအိမ်သည် အားကောင်းသော အင်အားစု တစ်ခုကို သွားရန်စမိနိုင်သည်။

အမျိုးသမီးနှင့် ရန်ကိုင်တို့ အချင်းများရာမှ ထွက်ပေါ်လာသည့် အသံကြောင့် စိတ်ပျော်စံအိမ်တစ်ခုလုံး နိုးနိုးကြားကြား ဖြစ်သွားကြ၏။

ခဏအကြာတွင်၊ တန်ခိုးရှင်ဒုတိယအဆင့် နှစ်ယောက် ရန်ကိုင်တို့ ရှိနေသည့် နေရာဆီသို့ ရောက်လာခဲ့သည်။ သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် နှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး မန်နေဂျာလျန်ဘေးတွင် အလျင်အမြန် သွားရပ်လိုက်ကာ အခြေအနေကို မေးမြန်းကြည့်လိုက်ကြသည်။

ထိုစဉ် လူအုပ်ထဲမှ လူငယ်လေးတစ်ယောက် ပြေးထွက်လာပြီး ရန်ကိုင်အား ကြောင်အနေသည့် အသံဖြင့် မေးလိုက်သည် “အစ်ကိုရန်၊ ဘာတွေဖြစ်နေတာလဲ”

ထိုလူမှာ အခြားလူမဟုတ်၊ ချန်ဖန်းလေ့သာ ဖြစ်သည်။ သပ်သပ်ရပ်ရပ် ဖြစ်နေသော သူ့အဝတ်အစားများအရ ထိုကောင် ဘာမှကောင်းကောင်း ဖြစ်မြောက်အောင် မလုပ်ပြီးသေးသည်မှာ သိသာလှသည်။

ရန်ကိုင်က မဲ့ပြုံးပြုံးလျက် တိုးတိုးလေး ပြောလိုက်သည် “အခု ပြောဖို့ သိပ်အဆင်မပြေသေးဘူး။ နောက်မှ ရှင်းပြမယ်”

“ချန်ဖန်းလေ့ ထပ်မမေးတော့ချေ။ ဘေးဘက်ကိုသာ တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။ ကြည့်ပြီးသည်နှင့် သူ့ရင်ထဲ မှောင်မိုက်သွားခဲ့ရသည်။ အပျော်ရှာစံအိမ် တစ်အိမ်သို့ ပထမဆုံး အကြိမ် ရောက်လာမိပါသည်။ ဤကဲ့သို့ အရှုပ်အရှင်းထဲ ပါဝင် ပက်သက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

စိတ်ပျော်စံအိမ်ကို စောင့်ကြပ်နေသော တန်ခိုးရှင်အဆင့် သုံးယောက်စလုံး ဤနေရာသို့ ရောက်နေကြပြီး ရန်ကိုင်အား စိုက်ကြည့်နေကြသည်။ အစောင့်များသည်လည်း အဘက်ဘက်မှ ဤနေရာသို့ ရောက်လာနေကြသဖြင့် ဤနေရာ တစ်ခုလံး အလွန်ကိုမှ သက်ဝင်စည်ကားလာခဲ့သည်။

ခဏလောက် ပြောဆိုနေပြီးနောက် သဘောတူညီချက် တစ်ခုခုကို ရလိုက်သည့်အလား မန်နေဂျာလျန်က ရန်ကိုင်အား မေးလိုက်သည် “ယွဲ့အာကို လွှတ်ပေးဖို့ သဘောတူညီချက် ရပြီးသွားပြီလို့ နင်ပြောတယ်နော်။ နင်ဘယ်သူနဲ့ လုပ်တာလဲ”

“မန်နေဂျာလျန်၊ ကျွန်မပါ” ရန်ကိုင်နှင့် ဆွေးနွေးခဲ့သော အမျိုးသမီးက လှမ်းအော်ပြောလိုက်သည်။

ရန်ကိုင်သည် သူမ ဝင်မရှုပ်နိုင်စေရန် သူ့အတွက် အချိန် နည်းနည်းလောက် ရအောင်သာ သူမအား စည်းခတ်ခဲ့ခြင်း ဖြစ်သည့် အတွက်ကြောင့် သူ့ခတ်ခဲ့သည့် စည်းသည် သိပ်ပြီး အားကောင်းခြင်း မရှိချေ။ ခဏလောက် ကြိုးစားနေပြီးနောက် အမျိုးသမီးသည် စည်းကို ချိုးဖျက်နိုင်ခဲ့သည်။

စည်းကို ချိုးဖျက်ပြီးနောက် ဤနေရာသို့ ပြေးလာခဲ့သည်။ မန်နေဂျာလျန်၏ မေးခွန်းကို ကြားလိုက်ရချိန် ဘာကိုမှ မဖုံးကွယ်ရဲဘဲ ချက်ချင်း ပြန်ဖြေခဲ့လေသည်။

“ရှောင်ချင်း… အဆင်ပြေရဲ့လား။ သူနင့်ကို တိုက်ခိုက်ခဲ့တာလား” အမျိုးသမီး၏ ပုံပျက်ပန်းပျက် အမူအရာကို မြင်သော် မန်နေဂျာလျန်က အေးစက်စက် လေသံဖြင့် မေလိုက်၏။

“မတိုက်ပါဘူး။ သခင်လေးက ကျွန်မကို လှုပ်မရအောင်ပဲ လုပ်ခဲ့တာပါ” အမျိုးသမီးက ချက်ချင်း ပြန်ပြောလိုက်သည်။ ယခုထိတိုင် ရန်ကိုင်၏ ကမ်းလှမ်းချက်နှင့် ပက်သက်၍ သူမ အတော်လေး အထင်ကြီးနေမိသေးသည်။

“အဲ့လိုဆိုရင်တောင် ငါတို့ စိတ်ပျော်စံအိမ်ထဲလာပြီး ပြဿနာ ရှာရဲတာ ဒီကောင် ငါတို့ စိတ်ပျော်စံအိမ်ကို ကျိန်းသေ အထင်သေးနေတာပဲ” မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသည့် လူအိုကြီးက ရန်ကိုင်အား ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“မန်နေဂျာဝမ်ပြောတာ အမှန်ပဲ။ ဒီကိစ္စကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ ဒါပေမယ့် အခုတော့ အပေးအယူ ကိစ္စကို အရင်ပြောရမယ်။ အဲ့ကောင်လေး နင်နဲ့ ဘယ်လို အပေးအယူ လုပ်ခဲ့တာလဲ” မန်နေဂျာလျန်က အမျိုးသမီးကို မေးလိုက်သည်။

အမျိုးသမီးလည်း သူမတို့ ဆွေးနွေးညှိနှိုင်းနေစဉ် အတွင်း ကြုံခဲ့ရသည့် အလှည့်အပြောင်းများကို ရှင်းပြလိုက်သည်။ သူမ ရှင်းပြနေစဉ် အတွင်း မန်နေဂျာသုံးယောက်စလုံးမှာ အမူအရာ အမျိုးမျိုး ဖြစ်နေကြလေသည်။

ရန်ကိုင် ကမ်းလှမ်းသည့် တန်ဖိုးကို ကြားလိုက်ရပြီးနောက် မန်နေဂျာလျန် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။ ရန်ကိုင်၏ လုပ်ရပ်အပေါ် အတော်လေး အမြင်ကတ်မိသော်လည်း အေးစက်စက် သူမ၏ အမူအရာမှာမူ အတော်လေး ပြေလျော့သွားခဲ့သည်။

မန်နေဂျာဝမ်မှာမူ၊ အမျိုးသမီး ပြောသည်ကို ကြားပြီးနောက် တစ်ခုခုအား တွေးမိသွားဟန်ရကာ အနားရှိ အဆောက်အဦးထံသို့ ဒေါသတကြီး လှမ်းကြည့်လိုက်သည်။

နောက်ဆုံး တန်ခိုးရှင်အဆင့်မှာမူကား ထူးမခြားနား ဟန်ဖြင့်သာ ရပ်နေခဲ့သည်။

အမျိုးသမီး ပြောလို့ ပြီးသွားသည့် နောက်တွင် မန်နေဂျာလျန်က အသာအယာ ခေါင်းညိတ်၍ “ရှောင်ချင်း ပြောတဲ့ပုံအရဆို နင်ကမ်းလှမ်းတဲ့ ဈေးကို ငါတို့ လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ အပေးအယူ ပြီးမြောက်သွားတာလည်း အမှန်ပဲ။ မန်နေဂျာဝမ်၊ မန်နေဂျာရှု၊ ရှင်တို့ ဘာလို့ အပေးအယူကို သဘောတူမတာလဲ”

“အဲ့ဒါ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က ကျုပ်ဘာသာ တစ်ချိန်လုံး ထိုင်ကျင့်ကြံနေတာ” ထူးမခြားနားဟန်ဖြင့် ရှိနေသော မန်နေဂျာရှုက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ထိုအခါ မန်နေဂျာလျန်သည် မန်နေဂျာဝမ်ဘက်သို့ အကြည့် လှည့်လိုက်သည်။

ထိုလူက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောတော့မည် အပြု ရန်ကိုင်က ရုတ်တရက် ပြုံးလျက် ဝင်ပြောလိုက်သည် “ဒီကိစ္စကို မန်နေဂျာဝမ်လည်း မသိလောက်ဘူး”

“နင်ဘာပြောချင်တာလဲ” မန်နေဂျာလျန်က အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်သည်။

“ထွက်လာစမ်း” ရန်ကိုင် ရွှေရောင်ပိုးမျှင်များကို အနီးနားရှိ အဆောက်အဦးဆီသို့ ပစ်လိုက်ရင်း နှာခေါင်းရှုံ့လိုက်သည်။ ရွှေရောင်ပိုးမျှင်များသည် လေဟာနယ်ကို ခုန်ကူးသွားနိုင်သည့် နှယ် အလွန်ကိုမှ မြန်ဆန်လှပေသည်။ ချက်ချင်းဆိုသလို ထိတ်လန့်ခြောက်ခြားနေသည့် အသံတစ်သံ ထိုအဆောက်အဦး ဆီမှ ထွက်ပေါ်လာခဲ့သည်။ သူတော်စင်ချီတို့‌ ပေါက်ကွဲ ထွက်လာခဲ့သော်လည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်က ရွှေရောင်ပိုးမျှင်များကို ပြန်ဆွဲခေါ်လိုက်သည်။ သို့သော် ရွှေရောင်ပိုးမျှင်များနှင့်အတူ လွတ်အောင် ကြိုးစား ရုန်းကန်နေသည့် အမျိုးသား ကျင့်ကြံသူ တစ်ယောက်ပါ ပါလာခဲ့သည်။

“ကောင်လေး၊ မင်းလုပ်ရဲလား” ထိုအမျိုးသား ကျင့်ကြံသူကို မြင်လိုက်သော် မန်နေဂျာဝမ် ဒေါသထွက်သွားပြီး ချက်ချင်း သူ့လက်ကို မြှောက်၍ ရန်ကိုင်အား တိုက်ခိုက်ရန် လုပ်လိုက်သည်။

“ခင်ဗျား လှုပ်ရဲရင် လှုပ်ကြည့်လိုက်။ သူသေပြီသာမှတ်” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။ ရွှေရောင်ပိုးမျှင်များဆီမှ တောက်ပသော အရှိန်အဝါတို့ ဖြာထွက်လာခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ မန်နေဂျာဝမ်၏ အမူအရာ ပြောင်းလဲသွားပြီး အလျင်စလို မလှုပ်ရှားရဲတော့ချေ။ သို့သော်လည်း ရန်ကိုင်ကို အရှင်လတ်လတ် အရေခွံ ဆုတ်ချင်နေသည့်နှယ် စူးရဲစွာ စိုက်ကြည့်နေလေသည်။

မန်နေဂျာလျန်သည်လည်း အံ့အားသင့်နေခဲ့သည်။ သူမ၏ တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံခြင်းဖြင့် ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုသည်ကို သူမ မြင်နိုင်ပေသည်။ အနားရှိ အဆောက်အဦးတွင် ပုန်းနေသော ကျင့်ကြံသူသည် သူတော်စင် ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့သော် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသော ထိုလူငယ်လေး၏ တိုက်ခိုက်မှုကို နည်းနည်းလေးမျှပင် မခုခံနိုင်ခဲ့ချေ။

ထိုမျှ အားကောင်းလှသော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ထိုလူငယ်လေး မည်သည့် နေရာကများ လာသနည်း။ ထို့အပြင် သူ့လက်ထဲရှိ ရွှေရောင်ပိုးမျှင်သည် အလွန်ကိုမှ ထူးဆန်းပေသည်။ ထိုပိုးမျှင်များသည် မှော်ရတနာနှင့် တူသော်လည်း မှော်ရတနာ မဟုတ်ခဲ့ချေ။

ထိုလူငယ်လေးသည် ရန်စလို ကောင်းသည့် လူတစ်ယောက် မဟုတ်မှန်း သိလိုက်သည်နှင့် မန်နေဂျာလျန်၏ အမူအရာ မှုန်ကုတ်သွားခဲ့သည်။ သူ့တွင် အင်ပါယာမြို့တော် ဂိုဏ်းထက်ပင် ပိုမို အားကောင်းသော နောက်ခံတစ်ခုခု ရှိလောက်သည်။

“စီနီယာအစ်ကိုဝမ်လား” ရန်ကိုင် ဖမ်းလာသည့် လူငယ်လေးကို မြင်ပြီးနောက် ချန်ဖန်းလေ့ အံ့အားသင့်သွားသည်။ “စီနီယာအစ်ကိုဝမ်၊ ဒီနေ့ သွားစရာ ရှိတယ်ဆို”

ဝမ်ယုဟန် မျက်နှာ ချီးမှန်ထားသည့်နှယ် ဖြစ်နေခဲ့သည်။ ချန်ဖန်းလေ့၏ မေးခွန်းကို ပြန်မဖြေနိုင်သေးဘဲ အနားတွင် ရှိနေသော လူအိုကြီးဝမ်ကိုသာ လှမ်းကြည့်လိုက်သည်။ ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း စကားမပြောနိုင် ဖြစ်နေခဲ့၏။

“မျိုးရိုးနာမည်ဝမ်ပဲလား…” သက်လတ်ပိုင်း အမျိုးသမီး တစ်ခုခုကို ချက်ချင်း နားလည်သွားခဲ့သည်။ ထို့နောက် မန်နေဂျာဝမ် ဘက်သို့ လှည့်၍ အပြုံးဖြင့် မေးလိုက်သည် “မန်နေဂျာဝမ်၊ ဒီကောင်လေးက ရှင်နဲ့ ဘယ်လို ပက်သက်လဲဟင်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၁၉)

မျိုးရိုးနာမည်ဝမ်နှင့် လူအိုကြီးက ခါးသက်သက် ပြုံးလျက် ရိုးရိုးသားသား ပြန်ပြောလိုက်သည် “မန်နေဂျာလျန်ကို ရှက်စရာတွေ မြင်စေကုန်မိပြီနဲ့ တူတယ်။ သူက ကျုပ်ရဲ့တူပါ။ အစွန်းရောက်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ ကျီးနက်မြို့ကို ရောက်တုန်းလေး ကျုပ်ဆီ လာလည်တာ”

“လာလည်တာလား” သက်လတ်ပိုင်း အမျိုးသမီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “အဲ့လို သိတတ်တာတော့ ကောင်းတာပေါ့လေ… ဒါပေမယ့် သူဒီကိုလာတာ လာလည်ရုံ သက်သက်တော့ မဟုတ်ဘူးနဲ့တူတယ်။ မန်နေဂျာဝမ်ရဲ့ တံဆိပ်ပြားက ဒီကောင်လေးရဲ့ လက်ထဲမှာ ဘာလို့ ရှိနေတာလဲ”

ပြောပြီးသည်နှင့် သူမလက်ကို ဝှေ့ရမ်း၍ လှမ်းဆွဲယူလိုက်ရာ ဝမ်ယုဟန်၏ အင်္ကျီလက်စကြားမှ တံဆိပ်ပြားတစ်ပြား ထွက်ပေါ် လာခဲ့သည်။ ထိုတံဆိပ်ပြားသည် မန်နေဂျာဝမ် ဝမ်ယုဟန်ကို ပေးထားခဲ့သည့် တံဆိပ်ပြား ဖြစ်ပေသည်။

မန်နေဂျာဝမ်၏ အမူအရာ သုန်မှုန်သွားခဲ့လေသည်။

ဝမ်ယုဟန် ဘာကြောင့် သူ့ပေးထားသည့် တံဆိပ်ပြားကို သုံးပြီး စိတ်ပျော်စံအိမ်အတွက် အကျိုးအမြတ် ဖြစ်စေသည့် အပေးအယူကို ရူးရူးမိုက်မိုက် တားဆီးခဲ့လဲ မန်နေဂျာဝမ် အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ဖြစ်မည် မှန်းသာ ကြိုသိခဲ့လျှင် ဝမ်ယုဟန်ကို သူ့တံဆိပ်ပြား အလွယ်တကူ ပေးခဲ့လိမ့်မည် မဟုတ်ချေ။

ဝမ်နေဂျာဝမ်သည် လူငယ်တွေကြား ကိစ္စထဲတွင် ကိုယ်တိုင် ဝင်မပက်သက်ချင်သည့် အတွက်ကြောင့် ချင်းချွက်ထား၍ သူ့တံဆိပ်ပြားကို သူ့တူလေး လက်ထဲသို့ ထည့်ပေးလိုက်ခြင်း ဖြစသည်။

သို့သော်လည်း ယခုမူ မန်နေဂျာလျန်ပင် ပါဝင်လာပြီ ဖြစ်လေရာ ဤကိစ္စ ကောင်းကောင်းမွန်မွန်နှင့် အဆုံးသတ်တော့မည် မဟုတ်ချေ။

သက်လတ်ပိုင်း အမျိုးသမီး မေးသည်ကို ကြားသော် မန်နေဂျာဝမ် တိတ်သွားခဲ့သည်။ မန်နေဂျာဝမ်သည်လည်း အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သဖြင့် နည်းနည်းလောက် စဉ်းစားလိုက်ပြီးနောက် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။ သို့သော်လည်း ထိုသို့ သိလိုက်ရချိန် သူမ၏ အမူအရာ ပို၍ အေးစက်သွားခဲ့ရသည်။

ထို့ကြောင့် မန်နေဂျာဝမ်အား ကောင်းကင်စိတ်အာရုံဖြင့် ဆူပူကြိမ်းမောင်းလိုက်လေသည် “ရှင့်တူနဲ့ အဲ့ကောင်လေး ဘယ်လိုတွေ ရန်ငြိုးရှိလဲ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမယ့် စိတ်ပျော်စံအိမ် ကိစ္စတွေမှာ အပြင်လူကို ဝင်ပါခိုင်းတာ၊ စံအိမ်အတွက် အကျိုးရှိမယ့် အပေးအယူကြီး တစ်ခုကိုတောင် ပျက်ပြယ်အောင် လုပ်လိုက်တာတွေ အတွက် ဘယ်လို အကျိုးဆက်နဲ့ ရင်ဆိုင်ရမလဲ ရှင်သိတယ်နော်”

ထိုစကားကို ကြားလိုက်သည့်အခါ မန်နေဂျာဝမ်၏ အမူအရာ ပို၍ ခါးသက်သွားခဲ့ရသည်။

မန်နေဂျာလျန်က နှာခေါင်းရှုံ့၍ ကောင်းကင်စိတ်အာရုံဖြင့် ဆက်ပြောလိုက်သည် “ဖြစ်ပြီးတာတွေ ဖြစ်သွားပြီဆိုတော့ ရှင့်ကို လူရှေ့သူရှေ့ ဆက်ဆူပူနေလို့လည်း မသင့်တော်တော့ဘူး။ ဒီကောင်လေး ကမ်းလှမ်းတဲ့ဈေးက သေးတာ မဟုတ်ဘူး။ သူသာ ဆန္ဒရှိသေးရင် အပေးအယူက ဆက်လုပ်လို့ ရသေးတာဆိုတော့ ဒီတစ်ကြိမ် ရှင့်ကို လျှော့ပေါ့ပေးလိုက်မယ်။ ဒါကြောင့် ရှင့်ရဲ့ လစာ တစ်နှစ်စာ အဖြတ်ခံရမယ်။ ရှင်ဘာပြောချင်လဲ”

“မန်နေဂျာလျန် ပြောတဲ့အတိုင်းပါပဲ” ထိုစကားကို ကြားမှပဲ လူအိုကြီးဝမ် စိတ်သက်သာရာ ရသွားခဲ့သည်။

“ပြီးတော့ ရှင့်တူကို ဒီနေရာထဲမှာ နောက်တစ်ကြိမ် မတွေ့မိစေနဲ့။ မဟုတ်ရင်တော့ ကျွန်မကို ရိုင်းလိုဆိုပြီး လာအပြစ်မတင်နဲ့တော့” မန်နေဂျာလျန်က မန်နေဂျာဝမ်ကို နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်သည်။

သူတို့ ကောင်းကင်စိတ်အာရုံနှင့် ပြောနေမှန်း ရန်ကိုင် သတိပြုမိပေသည်။ သူတို့ ဘာပြောနေမှန်းကိုသာ မသိခြင်း ဖြစ်၏။ ကြည့်ရုံပုံထောက်လျှင်တော့ အခြေအနေ သိပ်မဆိုးမည့် ပုံပင်။ ဆွေးနွေးညှိနှိုင်းလို့ရမည့် အရိပ်အယောင် ရှိသေးသည်ကို မြင်သော် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။

မန်နေဂျာဝမ်နှင့် ခဏလောက် ပြောဆိုနေပြီးသည်‌နောက် မန်နေဂျာလျန်က ရန်ကိုင်ဘက်သို့ လှည့်၍ အပြုံးဖြင့် “ကောင်လေး၊ နင်ပေးတဲ့ ဈေးက တကယ်ကို မြင့်ပါတယ်။ အဲ့ဈေးက ယွဲ့အာကို ခေါ်သွားနိုင်ဖို့ လိုတာထက်တောင် ပိုသေးတယ်။ ဒါပေမယ့် အပေးအယူတောင် မပြီးသေးခင်မှာပဲ ယွဲ့အားကို အတင်းအကြပ် ခေါ်သွားဖို့ လုပ်တယ်ဆိုတော့ ငါတို့ စိတ်ပျော်စံအိမ်ကို နင့်မျက်စိထဲ မထည့်တာလား”

ရန်ကိုင် အမူအရာ တစ်ချက် ပြောင်းသွားသည်။ ချက်ချင်းပဲ ပြုံး၍ လက်သီးဆုပ်ကာ “ဂျူနီယာ မဆင်မခြင် လုပ်လိုက်မိတာ ရိုင်းပြသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ စီနီယာတို့ စိတ်သဘောထား ကြီးပေးကြပါ။ မိန်းကလေး ရှောင်ချင်ကိုလည်း တောင်းပန်ပါတယ်”

ရန်ကိုင်သည် လူပါးတစ်ယောက် ဖြစ်လေရာ မန်နေဂျာလျန် ဘာပြောချင်နေလဲ ဆိုသည်ကို နားမလည်ဘဲ ဘယ်နေမည်နည်း။ မန်နေဂျာလျန်သည် သူကမ်းလှမ်းသည့်ဈေးကို ကျေနပ်နေပြီ။ သူမ မကျေနပ်သေးသည်ကား ရန်ကိုင်ကြောင့် စိတ်ပျော်စံအိမ်၏ ဂုဏ်သတင်း ထိခိုက်သွားရသည် ဆိုသော အချက်ပင်။ ဧည့်သည် အများကြီးသည် လက်ရှိ အဖြစ်အပျက်ကို ကြည့်နေကြသည်။ သူမတို့ ဘက်မှ ရန်ကိုင်အား ဤအတိုင်း လွှတ်ပေးလိုက်သည့် သတင်းသာ ပျံ့သွားခဲ့လျှင် စိတ်ပျော်စံအိမ်၏ ဂုဏ်သတင်း ထိခိုက်ရပေလိမ့်မည်။

ရန်ကိုင်က အလိုက်တသိ လုပ်ပေးနေသည်ကို မြင်သော် မန်နေဂျာလျန် မျက်နှာထက်ရှိ အပြုံး ပို၍ တောက်ပလာခဲ့သည်။ သို့သော်လည်း ရှောင်ချင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “ရှောင်ချင်၊ နင်ကော ဘယ်လိုထင်လဲ။ သူဘာပဲပြောပြော နင်က ခံရတဲ့လူ။ နင်မကျေနပ်လို့ သူ့ကို သင်ခန်းစာ ပေးချင်တယ်ဆိုရင် ပြောသာပြောလိုက်၊ ငါသူ့ကို သင်ခန်းစာ ချက်ချင်း ပေးလိုက်မယ်”

အမျိုးသမီးက ရန်ကိုင်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောသည် “သခင်လေးက ကျွန်မအပေါ် လက်ပါခဲ့တယ် ဆိုပေမယ့် ကျွန်မကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ လှုပ်မရအောင်ပဲ လုပ်ခဲ့တာပါ။ ဒီကိစ္စကို ဘယ်လို ဆက်လုပ်မလဲ မန်နေဂျာလျန်ပဲ ဆုံးဖြတ်လိုက်ပါ”

“ကောင်ပြီလေ” မန်နေဂျာလျန်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ဘက်သို့ လှည့်၍ ပြောလိုက်သည် “ကောင်လေး၊ နင်ပြောသွားတဲ့ အပေးအယူက အကျုံးဝင်တုန်းပဲ။ ဒါပေမယ့် အချို့ကိုတော့ ပြန်ပြင်ရလိမ့်မယ်”

“ပြန်ပြင်ဖို့” ရန်ကိုင် မျက်ခုံးပင့်သွားသည်။

“ဟုတ်တယ်။ ငါနင့်ကို ဈေးတော့ ပိုမတောင်းဘူး။ မဟုတ်ရင် ငါတို့က ခွန်အားသုံးပြီး နင့်ကို အနိုင်ကျင့်တယ်ဆိုပြီး ဖြစ်သွားဦးမယ်။ နင်က ယွဲ့အာကို မရရအောင် ခေါ်သွားချင်နေမှတော့ နင်သူ့ကို တကယ် ချစ်လို့ပေါ့၊ ဟုတ်တယ်မလား။ ဒါကြောင့် နင်တို့နှစ်ယောက်ရဲ့ ပျော်စရာ ဘဝလေးကို ငါမဖျက်စီးချင်ဘူး။ ဒါပေမယ့် နင်အပေါင် အဖြစ် ထားခဲ့မယ့် ပစ္စည်းတွေကိုတော့ အပိုင်အဖြစ် ပေးရလိမ့်မယ်။ နင်ယွဲ့အာကို ခေါ်သွားချင်တယ်ဆိုရင် အဲ့ပစ္စည်းတွေကို အပိုင် ထားခဲ့မှ ရလိမ့်မယ်။ ဒီအပေးအယူ ပြီးသွားတာနဲ့ ယွဲ့အာက ငါတို့ စိတ်ပျော်စံအိမ်နဲ့ မသက်ဆိုင်တော့ဘူး။ ငါတို့ကလည်း ယွဲ့အာ ကိစ္စတွေမှာ ဝင်ပါတော့မှာ မဟုတ်သလို နင့်ကိုလည်း ပြဿနာ လာရှာမှာ မဟုတ်ဘူး” အမျိုးသမီးက ရန်ကိုင်အား အပြုံးဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။

“ဒါက…” ရန်ကိုင် တုန့်ဆိုင်းတွေဝေ သွားခဲ့သည်။

“ဘာလဲ။ သဘောမတူဘူးလား” မန်နေဂျာလျန်၏ မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့သည် “အဲ့လိုဆိုရင် ဒီအပေးဤယူလည်း အကျုံးမဝင်တော့ဘူး။ ယွဲ့အာလည်း ဒီမှာပဲ ဆက်နေရမယ်။ ပြီးရင် ငါတို့ စံအိမ်ကို မလေးမစား လုပ်ခဲ့အတွက်လည်း နည်းနည်းပါးပါး စကားပြောကြတာပေါ့”

ရန်ကိုင် မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။ အားတင်းပြုံးလျက် “စီနီယာ နောက်နေတာလား။ ဒီအပေးအယူကို ကျုပ်သဘော မတူပဲနေမလား။ တူတာပေါ့။ စီနီယာ စီစဉ်တဲ့အတိုင်း အားလုံး လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ဒီဂျူနီယာ တောင်းဆိုချင်တာလေး တစ်ခုရှိတယ်”

ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော် အမျိုးသမီး၏ မျက်ဝန်းထဲ ဝမ်းသာသည့် အရိပ်အယောင်တို့ လက်သွားခဲ့သည်။ သို့သော်လည်း အေးစက်စက် မှုန်ကုတ်ကုတ် မျက်နှာထားကို ဆင်မြန်းလျက်သာ ပြန်ပြောလိုက်လေသည် “ကောင်လေး၊ တစ်တောင်ပေးလို့ တစ်ကိုက် မလိုချင်လာနဲ့နော်”

“အခုကိစ္စက စီနီယာအတွက် ဘာမှ အပန်းမကြီးဘူး” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါပေမယ့် ငါနင့်ကို အရင် သတိပေးလိုက်မယ်။ မတန်တရာတွေ လာတောင်းဆိုမယ် ဆိုရင်တော့ နင့်ပါးစပ်ကို မဖွင့်တာ ပိုကောင်းလိမ့်မယ်”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ယွဲ့အာ ကိုယ်ပေါ်က စည်းကို ဖြည်ပေးလို့ ရမလားလို့ စီနီယာကို တောင်းဆို ချင်တာပါ။ အခြား မဟုတ်ပါဘူး”

“အဲ့ဒါလား။ အဲ့ဒါကတော့ လုပ်ပေးလို့ ရတယ်” မန်နေဂျာလျန် ခေါင်းညိတ်လိုက်သည်။ ရန်ကိုင် ပြောသည့်အတိုင်း ယွဲ့အာ ကိုယ်ပေါ်က စည်းကို ဖြည်ဖို့ရာ သူမအတွက် အပန်းမကြီးလှချေ။ “ယွဲ့အာ ဒီကိုလာခဲ့”

ချင်းယွဲ့က ရန်ကိုင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရန်ကိုင် ခေါင်းညိတ်ပြသည်ကို မြင်သော် မန်နေဂျာလျန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။

ရန်ကိုင်ကမူ အနားတွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေ၏။

ရှင်းရှင်းပြောရလျှင် တန်ခိုးရှင် ဒုတိယအဆင့် လုပ်ထားသည့် စည်းကို သူဖြည်ပေးနိုင်သည်။ သို့သော် ထိုသို့လုပ်ဖို့ရာ အတော်လေး အချိန်ကုန်သလို လူလည်း ပင်ပန်းသည်။ ထို့အပြင် ထိုသို့ လုပ်နေစဉ် အတောအတွင်း ချင်းယွဲ့အား အသားချင်ဖို့ရာလည်း လိုသေရော နှစ်ဦးကြား ကတိကထ များနိုင်သည်။ ထို့ကြောင့် အခွင့်သင့်တုန်း တစ်ခါတည်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

လက်ဖက်ရည် တစ်ခွက်စာအတွင်း ချင်းယွဲ့ပေါ်မှ စည်း ဖြည်လို့ ပြီးသွားခဲ့သည်။ ချင်းယွဲ့ ပျော်ရွှင်စွာ ပြန်ရောက်လာသည်ကို မြင်သော် ရန်ကိုင် မေးခွန်းထုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ရန်ကိုင်၏ အကြည့်ကို သတိပြုမိသော် စည်းဖြည်ပြီးသွားကြောင်း ချင်းယွဲ့က ခေါင်းညိတ် ထောက်ခံလိုက်သည်။

“ကောင်းပြီ။ ဒါဆို ဒီကိစ္စကို ဒီမှာတင် ရပ်ကြမယ်။ ကောင်လေး။ ယွဲ့အာကို ခေါ်ပြီး မြန်မြန် ထွက်သွားပေတော့။ နင်သူ့ကို ကောင်းကောင်း ဆက်ဆံနော်။ မဟုတ်ရင် ငါနင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး” မန်နေဂျာလျန်က ဝင်ပေါက်ကို ညွှန်ပြလိုက်သည်။

သူမ စိတ်ရင်းဖြင့် ပြောနေလား၊ ဟန်ဆောင် ပြောနေလား ရန်ကိုင်မသိ။ သို့သော် အမြင်လှအောင် ပြောနေသည်မှာတော့ သေချာ၏။ မည်သို့ပင်ဖြစ်စေ စကားလေး နည်းနည်းလောက် ပြောလိုက်ခြင်းကြောင့် သူမ ဘာမှ ဖြစ်သွားလိမ့်မည် မဟုတ်။

ဝမ်ယုဟန်လည်း သွားချင်နေသော်လည်း မန်နေဂျာလျန်၏ စောင့်ကြည့်နေသည့် အကြည့်ဖြင့် မလှုပ်ရဲခဲ့ဘဲ မန်နေဂျာဝမ်ကိုသာ တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

လောလောဆယ်တွင် မန်နေဂျာဝမ် အရမ်း ဒေါသထွက်နေသည်။ သူ့ကိုယ်သူပင် မကာကွယ်လေရာ ဝမ်ယုဟန်အား မည်ကဲ့သို့ ဂရုစိုက်နိုင်မည်နည်း။

ရန်ကိုင်တို့ အဖွဲ့ ထွက်သွားပြီးနောက် မန်နေဂျာလျန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အမိန့်ပေးလိုက်၏ “မန်နေဂျာဝမ်၊ ရှင့်တူကို ခေါ်ပြီး ကျွန်မနောက် လိုက်ခဲ့။ အခုကိစ္စကို သေချာ စဉ်းစားဖို့လိုတယ်”

အပြင်လူများရှေ့တွင် ဆူပူပြစ်တင်ရန် မသင့်တော်သော်ငြား မန်နေဂျာဝမ်ကို ဒီအတိုင်း လွှတ်ပေးလိုက်မည်တော့ မဟုတ်ချေ။

မန်နေဂျာဝမ်က ခါးသက်သက် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် ဝမ်ယုဟန်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး မန်နေဂျာလျန်နောက် လိုက်သွားလေသည်။

စိတ်ပျံနန်းတော်ဆီသို့ ပြန်ရောက်လာပြီးနောက် ရန်ကိုင်နှင့် သူ့အဖွဲ့သည် လနှင်းပျံစံအိမ်ဆီသို့ ချက်ချင်း တန်းသွားလေသည်။

လမ်းတစ်လျှောက်လုံး ချန်ဖန်းလေ့သည် ချင်းယွဲ့အား လှမ်းလှမ်းကြည့်နေခဲ့သည်။ ခဏလောက် အပျော် သွားရှာသော ရန်ကိုင်သည် မိန်းကလေး တစ်ယောက်ကိုပါ ပြန်ခေါ်လာခဲ့သည်။ ထို့အပြင် သူကြားခဲ့သလောက် ထိုအမျိုးသမီးကို ပြန်ခေါ်လာရန် အတွက် ရန်ကိုင် တန်ဖိုးကြီးကြီး ပေးခဲ့ရသည်ဟု ဆိုသည်။

ထိုအမျိုးသမီး ဘာတွေများ ထူးခြားနေ၍ ရန်ကိုင် ထိုအတိုင်းအတာထိ လိုက်လုပ်ပေးရသနည်း။ ချန်ဖန်းလေ့ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရန်ကိုင်ကလည်း ရှင်းမပြချေ။ ချင်းယွဲ့သည်လည်း ရန်ကိုင် နောက်မှ ငြိမ်သက်စွာ လိုက်လာနေခဲ့သည်။

ရန်ကိုင်နှင့် စတွေ့စဉ်က ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူ့ထက် အဆများစွာ နိမ့်ကျခဲ့သည်။ သို့သော်လည်း ယခုမူ သူသူမကို ကျော်သွားခဲ့လေပြီ။ ထို့အပြင် ရန်ကိုင်သည် မန်နေဂျာလျန်၏ တိုက်ခိုက်မှုကို မည်သည့် ဒဏ်ရမှ မရဘဲ ခုခံနိုင်ခဲ့သည်။ ထို့ကြောင့် သူတော်စင်ဘုရင်များထဲတွင် သူသည် အားအကောင်းဆုံးထဲ တစ်ယောက် အပါအဝင် ဖြစ်ရမည်။

သူမကို လွှတ်ပေးလိုက်ရသည့် တန်ဖိုးကိုမူ ချင်းယွဲ့ တွေးပင် မတွေးရဲချေ။

ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးမှ ကြယ်စီရင်စုထဲသို့ သူမထက် နောက်ကျပြီးမှ ဝင်လာခဲ့သည်။ ထိုသို့ဆိုလျှင် ထိုမျှ အချိန်အတောအတွင်း ဘာကြောင့် ဤမျှ အားကောင်း လာရသနည်း။ ဘာကြောင့် ဤမျှ ချမ်းသာနေရသနည်း။ ချင်းယွဲ့ အမှန်တကယ်ကို ထိတ်လန့်နေမိသည်။

လနှင်းပျံစံအိမ်သို့ ရောက်သည်နှင့် ပထမအထပ်တွင် စကား တတွတ်တွတ် ပြောနေသော ချန်ရှီတောင်းနှင့် လုယင်တို့ကို တွေ့လိုက်ရသည်။ ယန်ယန်ကမူ သူမတို့အား ဧည့်ခံနေခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့သော ကိစ္စမျိုးတွင် ယန်ယန် မကျွမ်းကျင်ချေ။ ထို့ကြောင့် ရန်ကိုင် ပြန်လာသည်ကို မြင်သည့် အခါ သူမ၏ မျက်ဝန်းအစုံ ဝင်းလက်သွားပြီး အလျင်အမြန် လှမ်းအော်ပြောလိုက်လေသည် “နင်ပြန်လာပြီလား။ အစ်မချန်နှင့် အစ်မလုယင်တို့ နင့်ကို စောင့်နေတာ တစ်နာရီကျော်နေပြီ”

“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်သည်။

“ဘာမှမဖြစ်ဘူး။ ဖန်းလေ့ကို သူ့အခန်းထဲမှာ မတွေ့လို့ မောင်လေးရန်ဆီ လာရှာတာ။ လတ်စသတ်တော့ သူက မောင်လေးရန်နဲ့ အပြင် ထွက်သွားတာကိုး။ ဒါနဲ့ နေပါဦး၊ သူက ဘယ်သူလဲ” ချန်ရှီတောင်းက ချင်းယွဲ့ကို မြင်သော် စိတ်ရှုပ်နေသည့် အမူအရာဖြင့် လှမ်းမေးလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၂၀)

ရန်ကိုင်က ချင်းယွဲ့ကို အသိအကျွမ်းဟောင်း တစ်ယောက် ဟုသာ မိတ်ဆက်ပေးလိုက်သည်။ ယန်ယန်ကမူ ချင်းယွဲ့အား တစဉ်းတစားဖြင့် လှမ်းကြည့်နေခဲ့သည်။

ချန်ရှီတောင်းနှင့် အခြားသူများ ရန်ကိုင် မည်သည့် နေရာက လာသလဲ ဆိုသည်ကို မသိကြသော်ငြား သူမကတော့ သိပေသည်။

ရန်ကိုင်သည် အပြင်လောကကြီးမှ လာခြင်းဖြစ်ပြီး အရိပ်ကြယ်၏ ဒေသခံတစ်ယောက် မဟုတ်ချေ။ ထိုအမျိုးသမီးသည် သူ၏ အသိအကျွမ်းဟောင်း တစ်ယောက် ဖြစ်သည့် အတွက်ကြောင့် သူမသည်လည်း အပြင်လောကကြီးမှ ဖြစ်ရပေလိမ့်မည်။

ချင်းယွဲ့သည် အပြင်လောကကြီးမှ လာခြင်း သက်သက် မဟုတ်ဘဲ ရန်ကိုင်၏ မွေးရပ်မြေမှ လာခြင်း ဖြစ်သည် ဆိုသော အချက်ကိုမူ ယန်ယန် စဉ်းစားမိလိမ့်မည် မဟုတ်ချေ။

အကုန်လုံး ထိုင်ပြီးသည့်နောက်တွင် ချန်ရှီတောင်းသည် ချန်ဖန်းလေ့အား ညဘက်ကြီး မည်သည့် နေရာသွား သွားနေသလဲ၊ ဘာကြောင့် နောက်ကျနေရသလဲ စတင် မေးမြန်းတော့သည်။ ချန်ဖန်းလေ့ မျက်နှာ နီမြန်းသွားပြီး ရန်ကိုင်ဘက်သို့ လှမ်း၍ အကူအညီတောင်းလေသည်။

ရန်ကိုင်နှင့်အတူ ဆောင်ကြာမြိုင်သို့ သွားခဲ့သည်ဟု သူမည်ကဲ့သို့ ပြောထွက်မည်နည်း။ အမှန်အတိုင်းသာ ပြောလိုက်ပါက ကျိန်းသေ အပြစ်တင်ခံရပေလိမ့်မည်။

ချန်ဖန်းလေ့ မျက်နှာ တစ်မျိုးတစ်မည် ပြောင်းသွားသည်ကို သတိပြုမိသော် ချန်ရှီတောင်း တစ်ခုခုကို တွေးမိသွားပြီး ရန်ကိုင် ဘက်သို့ လှည့်၍ အပြုံးဖြင့် မေးလိုက်သည် “မောင်လေးရန်၊ နင်နဲ့ ချန်ဖန်းလေ့ ညဘက်ကြီး ဘယ်တွေ သွားနေတာလဲ။ ပြီးတော့ နင်တို့ဆီက အနံ့တစ်ခုခု ရနေသလိုပဲ”

ရန်ကိုင် ချန်ဖန်းလေ့အား လှမ်းကြည့်လိုက်သည်။ သူ့အား မပြောပါရန် တောင်းပန်တိုးလျှိုးနေသည့် ချန်ဖန်းလေ့ကို မြင်သော် ခါးသက်စွာ ပြုံးလျက် “ညီလေးချန်၊ ဒီည အလှည့်အပြောင်း တစ်ခုခု မဖြစ်ခဲ့ရင် တိတ်နေလိုက်တာ အကောင်းဆုံးပဲ။ ဒါပေမယ့် ဒီလောက် ကိစ္စကြီး ဖြစ်ပြီးသွားမှတော့ မင်းတိတ်နေလည်း ဘာမှ ထူးမှာမဟုတ်ဘူး။ မင်းအစ်မ အချိန်တန်ရင် သိသွားလိမ့်မယ်”

ထိုစကားကို ကြားသည့်အခါ ချန်ဖန်းလေ့၏ အမူအရာ ညိုးကျသွားခဲ့သည်။

ခဏတာ တုန့်ဆိုင်းနေပြီးနောက် ချန်ဖန်းလေ့က အံကြိတ်၍ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်လေသည်။

ချန်ရှီတောင်းတို့ ဆောင်ကြာမြိုင်သို့ သွားသည့်အကြောင်း ကြားလိုက်ရချိန် ချန်ရှီတောင်း၏ မျက်နှာလှလှလေး မှင်သက် ကြက်သေသေသွားခဲ့သည်။ သို့သော်လည်း သူမ၏ မောင်လေးနှင့် ရန်ကိုင်တို့ ကြုံတွေ့ခဲ့ရသည့် အလှည့်အပြောင်းများ နှင့်တကွ၊ ဝမ်ယုဟန်သည် အရိပ်ထဲမှနေ၍ ဒုက္ခပေးနေသည့် အကြောင်း သိလိုက်ရသည့်အခါ၊ ချန်ရှီတောင်း ထိတ်လန့်သွားခဲ့ရသည်။

ဖိုမပေါင်းစပ်ခြင်းကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးများ အကြောင်းကို ရန်ကိုင်ဆီမှ သိလိုက်ရပြီးနောက် ချန်ရှီတောင်း အလျင်စလို မေးလိုက်လေသည် “ဖန်းလေ့၊ နင်တကယ်ကြီး မလုပ်…”

ချန်ဖန်းလေ့က သူ့လက်ကို သွေးရူးသွေးတန်း ဝှေ့ရမ်းလျက် “မလုပ်ဘူး။ မလုပ်ဘူးအစ်မ။ အစ်ကိုရန် သတိပေးလို့ အဲ့က မိန်းကလေးနဲ့ ကျွန်တော် စကားလေးဘာလေးပဲ ပြောခဲ့တာ။ အဲ့ဒါအပြင် ဘာမှ မလုပ်ခဲ့ဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ လုယင် တခစ်ခစ် ရယ်တော့လေသည်။ ချန်ဖန်းလေ့ ကိစ္စနှင့် ပက်သက်၍ အတော့်ကို စိုးရိမ်ပူပန်နေသော ချန်ရှီတောင်းပင်လျှင် မရယ်ဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။

ဆောင်ကြာမြိုင်သွား၊ ပိုက်ဆံ အများကြီး အကုန်ခံပြီး ဘာမှ မလုပ်ဘဲ စကားပြောပြီး ပြန်လာသော ချန်ဖန်းလေ့လို လူမျိုးလည်း ရှိပေသေးသည်။ သူနှင့် တွေ့ခဲ့သော မိန်းကလေးမှာမူကား အတော်လေး ခေါင်းရှုပ်နေလောက်ပေပြီ။

သို့သော်လည်း ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးသည့် နောက်ဆုံးတွင် ချန်ဖန်းလေ့ စိတ်သက်သာရာ ရသွားခဲ့သည်။

ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ဒီတော့ ရှင်းရှင်းပြောရရင် ဖန်းလေ့က ဝမ်ယုဟန် မတော်တဆ ပြောလိုက်မိလို့ အဲ့ကို ရောက်သွားတာပေါ့။ ပြီးတော့ တစ်ယောက်တည်း သွားရမှာရှက်လို့ မောင်လေးရန်ကိုပါ ခေါ်သွားတာပေါ့”

“မတော်တဆ ပြောလိုက်မိတာလားတော့ မသိဘူး။ ဒါပေမယ့် ဝမ်ယုဟန်က ကျုပ်တို့ထက်တောင် စောပြီး စိတ်ပျော်စံအိမ်ဆီ ရောက်နေသေးတယ်။ ပြီးတော့ ကျုပ်ကို တောက်လျှောက် လိုက်ပြီး နှောင့်ယှတ်တာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ချန်ရှီတောင်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အော်ပြောလိုက်လေသည် “ဖန်းလေ့ ဘယ်လို လူစားမျိုးလဲဆိုတာ ဝမ်ယုဟန် ကောင်းကောင်း သိပြီးသား။ ပြီးတော့ သူ့စကားကို ဖန်းလေ့ အလေးထားတယ် ဆိုတာကိုလည်း သိတယ်။ ကြည့်ရတာ သူက မောင်လေးရန်ကို ပစ်မှတ်ထားနေတာနဲ့ တူတယ်။ ဖန်းလေ့က ပွန်းရုပ်သက်သက်ပဲ။ သူ့လုပ်ချင်တာ လုပ်ရဖို့အရေး ဖန်းလေ့ အနာဂတ် ပျက်စီးသွားမှာကိုတောင် ဂရုမစိုက်ဘူး။ အဲ့ဒါကို သူ့ကိုယ်သူ ဘယ်လိုလုပ်ပြီး စီနီယာအစ်ကိုလို့ ခေါ်ရဲတာလဲ။ သူရည်ရွယ်ချက်သာ ဖြစ်မြောက်သွားရင် ဖန်းလေ့ နောက်တစ်ဆင့် ဘယ်လိုမှ ထပ်တက်နိုင်တော့မှာ မဟုတ်ဘူး”

ဝမ်ယုဟန်သည် သူမကျော်သင့်သည့် စည်းကို ကျော်သွားခဲ့၏။

“ဖန်းလေ့၊ နောက်ပိုင်း သူနဲ့ အဆက်အသွယ် မလုပ်နဲ့တော့။ အစွန်းရောက်ဂိုဏ်းကို ပြန်ရောက်ရင် ဒီအကြောင်းကို နင့်ဆရာဆီ ပြန်ပြောလိုက်”

“ကျုပ် စိတ်ပျော်စံအိမ်ဆီ သွားတဲ့အကြောင်းကို ဆရာ့ဆီ ပြန်ပြောရဦးမှာ…” ချန်ဖန်းလေ့ တုန့်ဆိုင်းသွားခဲ့သည်။

“ပြောရမှာပေါ့။ ဘာလဲ မပြောချင်လို့လား။ ရတယ်၊ နင်မပြောချင်ရင် ငါသွားပြောမယ်” ချန်ရှီတောင်းက မျက်လုံး မှေးစဉ်းလျက် ပြန်ပြောလိုက်သည်။

နောက်ဆုံး မတတ်နိုင်တော့သည့်အဆုံး ချန်ဖန်းလေ့လည်း ခေါင်းညိတ်ရတော့သည်။

ထိုအဖြစ်အပျက်ကြောင်းသာ ပေါက်ကြားလာခဲ့မည် ဆိုပါက ဝမ်ယုဟန် အစွန်းရောက်ဂိုဏ်းမှ မထုတ်ပယ်ခံရလျှင် ကျိန်းသေ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။ သို့သော် ဂိုဏ်းထဲမှ ထုတ်ပယ်ခံရနိုင်ချေမှာ ပိုများပေသည်။

ချန်ရှီတောင်း ခဏကြာသည်အထိ ဒေါသထွက်နေခဲ့သည်။ ထို့နောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်နှယ် ရန်ကိုင်ကို ဦးညွှတ်ကာ ပြောလိုက်သည် “ဒီတစ်ကြိမ် မောင်လေးရန်ကို တကယ် ကျေးဇူးတင်တယ်သိလား။ မောင်လေးရန်ကြောင့်သာ မဟုတ်ရင် အဲ့ကောင်ရဲ့ လှည့်ကွက်ကြောင့် ဖန်းလေ့ ဒုက္ခရောက်ရတော့မှာ”

ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည် “ကျုပ်ကြောင့် ညီလေးချန်ပါ အခုလို ဖြစ်သွားတာလို့ ပြောလို့ ရတယ်။ ဒီကိစ္စကို ထားလိုက်တော့။ အစ်မချန်ကို ကျုပ် သတိပေးစရာ တစ်ခု ရှိသေးတယ်”

“မောင်လေးရန် ဘာပြောချင်တာလဲ”

ရန်ကိုင် လက်ထဲတွင် သစ်သားဆွေးတစ်ချောင်း ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုသစ်သားချောင်းသည် လုံးဝ မည်းနက်နေပြီး သာမန် သစ်သားချောင်းတစ်ချောင်းနှင့် ဘာမှ မကွဲပြားချေ။

“ဒါဘာလဲ အစ်မချန်သိလား” ရန်ကိုင်က မေးလိုက်သည်။

“အဲ့ဒါက…” ချန်ရှီတောင်း ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအရာကို သိသလိုလို ခံစားနေရသော်ငြား နာမည်ကို မမှတ်မိ ဖြစ်နေခဲ့သည်။

“အဲ့ဒါ သားရဲကြိုက်အမွှေးတိုင် မဟုတ်ဘူးလား” ချန်ဖန်းလေ့က အံ့အားသင့်တကြီး ပြောလိုက်သည်။

“ညီလေးချန် ပြောတာ အမှန်ပဲ။ ဒါကို ဘယ်ကနေ ရလာလဲ ညီလေးချန်သိလား” ရန်ကိုင်က ချန်ဖန်းလေ့ကို ကြည့်၍ မေးလိုက်၏။

“စီနီယာအစ်ကိုဝမ် မွန်းစတားသားရဲတွေကို မျှားခေါ်ဖို့ အဲ့ဒါကို တစ်ခါသုံးတာတော့ မြင်ဖူးတယ်။ အဲ့ဒါ နည်းနည်းကို မီးရှို့လိုက်ရင် အနားမှာ ရှိနေတဲ့ မွန်းစတားသားရဲတွေကို မျှားခေါ်လို့ရတယ်။ အဲ့ဒါက ဘာအနံ့မှ မရှိတော့ ကျင့်ကြံသူတွေ သတိမပြုမိတတ်ကြဘူး” ချန်ဖန်းလေ့က ရှင်းပြလိုက်သည် “အစ်ကိုရန်မှာလည်း သားရဲကြိုက်အမွှေးတိုင် ရှိနေတာလား။ ကြည့်ရတာ နည်းနည်းတောင် သုံးထားတဲ့ပုံပဲ။ အစ်ကိုရန် အဲ့ဒါကို ဘယ်ကနေ ရလာတာလဲ”

“သင်္ချိုင်းတောင်ကြားထဲက မိုးကြိုးရေကန်ဘေးကနေ ကောက်လာတာ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်၏။

ချန်ဖန်းလေ့ အံ့အားသင့်သွားခဲ့သည်။ ချန်ရှီတောင်းကမူ အတွေးနက်သွားခဲ့လေသည်။ မကြာမီ ထိတ်လန့်တကြား အမူအရာဖြင့် ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။

“တကယ်တော့ ဒါကို ကျုပ်တွေ့လာတာ မဟုတ်ဘူး။ ကျုပ်အဖော်တွေ့လာတာ။ သူမိုးကြိုးရေ ခပ်နေတုန်းက ဒါကို မတော်တဆ ရှာတွေ့ခဲ့တာ။ ယန်ယန်က ဒီလို ပစ္စည်း အကြောင်းတွေ သိထားတာကြောင့်သာ မဟုတ်ရင် ဒါကို သာမန် သစ်သားချောင်း တစ်ချောင်းဆိုပြီး ထားခဲ့မှာ” ရန်ကိုင်က သားရဲကြိုက် အမွှေးတိုင်းကို ချန်ရှီတောင်း လက်ထဲ ထည့်ပေးလိုက်ပြီး ချန်ဖန်းလေ့ဘက်သို့ လှည့်၍ “ညီလေးချန်၊ ငါ သံသယများလွန်းနေတာလည်း မဟုတ်ဘူး။ မကောင်း မြင်လွန်းနေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ငါမေးကို မေးရဦးမယ်။ စီနီယာအစ်ကိုဝမ် မိုးကြိုးရေကန်ဆီ ရောက်ဖူးလား”

“မောင်လေးရန် ပြောချင်တာက…” ချန်ရှီတောင်း၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။

“အစ်မချန် နားလည်နေပြီပဲဟာကို ဘာလို့ မေးနေသေးတာလဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။

ချန်ရှီတောင်းက အသာအယာ ခေါင်းညိတ်၍ ချန်ဖန်းလေ့ ဘက်သို့ လှည့်ကာ “ဖန်းလေ့၊ ဝမ်ယုဟန် မိုးကြိုးကန်ကို အရင်က ရောက်ဖူးလား”

“အင်း။ ရောက်ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက စီနီယာအစ်ကိုတစ်ယောက်နဲ့ အဲ့ကိုသွားတာ။ အဲ့စီနီယာက ကျွန်တော့်ကိုပဲ မိုးကြိုးကျင့်စဉ်ပဲ ကျင့်ကြံထားတာ။ အဲ့ဒါကြောင့် စီနီယာအစ်ကိုဝမ်က ကျွန်တော့်ကို မိုးကြိုးကန်ဆီသွားပြီး အဆင့်ချိုးဖျက်ဖို့ အကြံပေးတာ” ချန်ဖန်းလေ့က ခေါင်းကုတ်၍ “ဘာလို့လဲ။ ဘာပြဿနာ ရှိလို့လဲ”

ချန်ရှီတောင်းက ဒေါသတကြီး အံကြိတ်၍ အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်သည် “ဒါဆိုရင် မိုးကြိုးကန်မှာတုန်းက ဒုက္ခရောက်ရတာ သူ့ကြောင့်ပေါ့”

“မဖြစ်နိုင်ဘူး” ချန်ဖန်းလေ့က အံ့အားသင့်တကြီး ပြန်ပြောသည် “စီနီယာအစ်ကိုဝမ် ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ ညီလေးရန် အချိန်မှီ ရောက်လာတာကြောင့်သာ မဟုတ်ရင် သူတောင် သေချင်သေသွားမှာ”

ချန်ရှီတောင်းက ခေါင်းခါလိုက်ပြီး “ငါလည်း သေချာ မသိပေမယ့် ခန့်မှန်းကြည့်ရမယ်ဆို၊ ဝမ်ယုဟန် မိုးကြိုးကန်ဆီ တစ်ခါ သွားတုန်းက အဲ့မှာ ငွေညမိုးကြိုးသားရဲ တစ်ကောင် ရှိတယ်ဆိုတာ တွေ့ခဲ့လိမ့်မယ်။ အဲ့တုန်းကတော့ အဲ့မွန်းစတား သားရဲက အဆင့်ရှစ် အထွဋ်အထိပ်လောက်ပဲ ဖြစ်လိမ့်ဦးမယ်။ အဲ့ငွေညမိုးကြိုးသား အဆင့်ကိုးကို ရောက်ထားတာ သိပ်မကြာသေးဘူးဆိုတာ နင်လည်း တွေ့တယ်မလား။ အဲ့ဒါကို သူမမျှော်လင့်ထားခဲ့လောက်ဘူး။ အဲ့ဒါကြောင့် ငါတို့ အားလုံး ဒုက္ခရောက်သွားရတာ။ သူဘာလို့ အဲ့လို လုပ်ရလဲ ဆိုတာကတော့…”

“အားလုံး ဒုက္ခရောက်နေတဲ့အချိန် မိန်းမလှလေးကို ဝင်ကယ်ချင်တဲ့ သူရဲကောင်း လုပ်ပြီး မိန်းမလှလေးရဲ့ နှလုံးသားကို အပိုင်သိမ်းချင်လို့ပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ဆက်ပြောလိုက်သည်။

ချန်ရှီတောင်း မျက်နှာ နီမြန်းသွားပြီး ရန်ကိုင်အား စူးရဲစွာ တစ်ချက် ကြည့်လိုက်သည်။ သို့သော် ရန်ကိုင် ပြောသည်ကို ပြန်ငြင်းရန် မကြိုးစားခဲ့ချေ။

ထိုစကားကို ကြားလိုက်သည့်အခါ ချန်ဖန်းလေ့ လုံးဝ ထိတ်လန့်သွားပြီး အော်ပြောလိုက်လေသည် “စီနီယာအစ်ကိုဝမ် ဘာလို့ အဲ့လို လုပ်ရတာလဲ”

မိုးကြိုးကန်ရှိ အဖြစ်အပျက်၊ စိတ်ပျော်စံအိမ်ရှိ အဖြစ်အပျက်၊ နှစ်ခုစလုံးသည် ဝမ်ယုဟန်၏ အကွက်ချ ကြံစည်မှုကြောင့် ဖြစ်၏။

“ဖန်းလေ့၊ နင်ဒီလောကကြီးအကြောင်း နားမလည်သေးတော့ နင်အလိမ်ခံရတာ မထူးဆန်းဘူး။ ဒါပေမယ့် နောက်နောင် အခြားသူတွေကို ယုံမယ်ဆိုရင် သေချာ စဉ်းစားပြီးမှ ယုံ။ ဒီတစ်ကြိမ် နင်မောင်လေးရန်နဲ့ တွေ့တာ ကံကောင်းတယ်။ နောက်တစ်ကြိမ် ကျရင်တော့ နင့်ကံ အဲ့လောက် ကောင်းမှာ မဟုတ်တော့ဘူး” ချန်ရှီတောင်းက သူမ၏ တုံးအသည့် မောင်လေးကို သတိပေးလိုက်သည်။

ချန်ဖန်းလေ့ အလိုလို ခေါင်းညိတ်မိလိုက်သည်။

ချန်ရှီးတောင် ချန်ဖန်းလေ့ကို သင်ခန်းစား ပေးနေစဉ် ရန်ကိုင်မူ တိတ်တိတ်လေးသာ နေခဲ့သည်။ အစကမူ သားရဲကြိုက် အမွှေးတိုင်အကြောင်း ထုတ်ပြောရန် မစဉ်းစားထားခဲ့ချေ။ ဝမ်ယုဟန် ထိုကဲ့သို့ လုပ်ရသည်မှာ ချန်ရှီတောင်း၏ မြတ်နိုးမှုကို လိုချင်သည့် အတွက်ကြောင့် သက်သက်သာ ဖြစ်သည်။ အခြား မကောင်းကြံလိုသည့် ရည်ရွယ်ချက်ကြောင့် မဟုတ်ချေ။

သို့သော်လည်း ယနေ့ အဖြစ်အပျက်သည် ရန်ကိုင်အား အမှန်တကယ်ကို ဒေါသထွက်သွားစေသည်။ ထို့ကြောင့် ထိုအကြောင်းကိုပါ ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။ ထိုစိတ်ထား ကျဉ်းမြောင်းသည့် ကောင်ကို ပြန်သင်ခန်းစား ပေးပစ်ရမည်။

ထိုအဖြစ်အပျက်ကြောင့် ချန်ရှီတောင်း ဆက်ပြီး စကားပြောချင်စိတ် မရှိတော့။ ထို့ကြောင့် လုယင်နှင့် ချန်ဖန်းလေ့ကို ခေါ်ပြီး သူမတို့ နေသည့် နေရာဆီသို့ ပြန်သွားလေသည်။

သူတို့ ထွက်သွားပြီးနောက် ရန်ကိုင်က ချင်းယွဲ့ဘက်သို့ လှည့်၍ ပြောလိုက်သည် “ဒီမှာ အခန်းတစ်ခန်းယူပြီး နားနှင့်လိုက်။ နှစ်ရက်လောက်ကြာရင် ကျုပ်တို့ထွက်မယ်”

ထို့နောက် ယန်ယန်ကို ချင်းယွဲ့နှင့် မိတ်ဆက်ပေးလိုက်၏။ ချင်းယွဲ့သည် ရန်ကိုင်နှင့် ကြယ်တစ်လုံးတည်မှ လာမှန်း သိလိုက်ရပြီးနောက် ယန်ယန် အံ့အားသင့်သွားခဲ့သည်။ ချန်ရှီတောင်းတို့နှင့် ဆက်ဆံရာတွင် ပုံမှန်သာ ဆက်ဆံသော်ငြား ချင်းယွဲ့နှင့်မူ အတော်လေးကို ရင်းနှီးဖော်ရွေနေခဲ့သည်။ ချင်းယွဲ့အား သူမ နေနေသည့် အခန်းဆီသို့ပင် ဖိတ်ခေါ်ခဲ့သည်။

ချင်းယွဲ့သည်လည်း ရန်ကိုင်အကြောင်း မေးချင်နေသည်နှင့် ကွက်တိ ဖြစ်သွားခဲ့သည်။

မမျှော်လင့်ထားသော အဖြစ်အပျက်များကြောင့် အတော်လေး ပင်ပန်းနေသဖြင့် ရန်ကိုင်လည်း အခန်းသို့ စောစောပြန်ပြီး အနားယူတော့သည်။

နောက်နှစ်ရက်အတွင်း ရန်ကိုင်သည် လနှင်းပျံစံအိမ်ထဲတွင်သာ နေနေခဲ့သည်။ တတိယမြောက် နေ့လည်သို့ ရောက်သည့်အခါ၊ ချန်ရှီတောင်းတို့ အဖွဲ့ သူ့အား တွေ့ချင်နေကြောင်း အစေခံမလေးက လာသတင်းပေသည်။ ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်လည်း ယန်ယန်နှင့် ချင်းယွဲ့ကို ချက်ချင်း လှမ်းအကြောင်းကြားလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားလိုက်လေသည်။

All Chapters