အခန်း (၁၃၃၆-၁၃၄၀)
Vol. 54 Ch. 1336-1340
အပိုင်း (၁၃၃၆)
နေမထွက်ခင်ခါနီးတွင် ပုံရိပ်တစ်ခုသည် နဂါးလိုဏ်ဂူတောင်မှ တိတ်တဆိတ် ခိုးထွက်လာပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
နာရီဝက်ကြာပြီးနောက်တွင်၊ ကောင်းကင်ကံကြမ္မာမြို့မှ တောင်ဘက် မိုင်ထောင်းပေါင်းများစွာ အကွာတွင် ထိုပုံရိပ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်မှာ အခြားမဟုတ်၊ ရန်ကိုင်သာ ဖြစ်သည်။ ပတ်ပတ်လည်ကို တစ်ချက် လှည့်ပတ် ကြည့်လိုက်ပြီးနောက် ချိန်းဆိုထားသည့် နေရာဖြစ်သော တောင်ကုန်းလေးဆီသို့ အလျင်အမြန် ထွက်သွားလေသည်။
ထိုအချိန်တွင် အခြားလူနှစ်ယောက်သည် ရန်ကိုင်ထက်စော၍ တောင်ကုန်းလေးဆီသို့ ကြိုရောက်နေခဲ့သည်။ နှစ်ယောက်စလုံးသည် အမျိုးသားများ ဖြစ်ကြပြီး သိပ်ပြီး အသက်မကြီးကြသေးချေ။ အံ့အားသင့်စရာကောင်းသည်ကား နှစ်ယောက်စလုံး သူတော်စင်ဘုရင် တတိယအဆင့်များသာ ဖြစ်နေခြင်းပင်။
ရန်ကိုင်သည် ထိုလူနှစ်ယောက်ဆီသို့ တည့်တည့် ပျံသန်း သွားလိုက်သည်။ သူတောင်ကုန်းပေါ်သို့ ဆင်းလိုက်သည်နှင့် တင်ပလင်ခွေ ထိုင်နေသည့် ထိုနှစ်ယောက် မျက်လုံးဖွင့်လျက် သူ့အား ကြည့်လာကြသည်။ တစ်ယောက်သည် ရန်ကိုင်အား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာစကားမှ မပြောဘဲ မျက်လုံး ပြန်ပိတ်သွားလေသည်။
အခြား တစ်ယောက်သည် ရန်ကိုင်သာ သေချာ လေ့လာ ကြည့်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင် ခေါင်းပြန်ညိတ်ပြလိုက်သည်။ သို့သော်လည်း နှစ်ယောက်စလုံး စကားမပြောကြ။ ရန်ကိုင်သည် နေရာတစ်ခု ရှာပြီး ကောက်ထိုင်ချလိုက်သည်။
ယခုတစ်ကြိမ် ခရီးသည် အလွန်ကိုမှ အန္တရာယ်များမည်ဟု ဖေးကျီတုဆီမှ ကြားခဲ့ရသည်။ ထို့ကြောင့် ယခုခရီးတွင် တန်ခိုးရှင် အဆင့် ပညာရှင် များစွာ ပါဝင်နေလိမ့်မည်ဟု ထင်ခဲ့သည်။ ဖေးကျီတု ကိုယ်တိုင်ကလည်း မီးငှက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်ကို ဤခရီးသို့ ခေါ်မည် မဟုတ်ဟု ပြောခဲ့သည် မဟုတ်ပေလော။
သို့သော်လည်း ချိန်းထားသည့် နေရာသို့ ရောက်ရောက်ချင်း သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသည့် လူငယ်လေး နှစ်ယောက်ကို လာတွေ့နေရသည်။
ထိုအချက်နှင့် ပက်သက်၍ အတော်လေး သိချင်စိတ် ဖြစ်မိသွားသော်လည်း ဖေးကျီတု ထိုနှစ်ယောက်ကို ဤခရီးသို့ ဖိတ်ခေါ်ရခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိလိမ့်မည်မှန်း နားလည် ထားသည်။ ထိုနှစ်ယောက်တွင် ဖေးကျီတု လိုအပ်နေသည့် အရာ တစ်ခုခု ရှိနေသည်မှာ ဖြစ်နိုင်သလို ထိုနှစ်ယောက်သည် လက်ရွေးစင်များအနက် လက်ရွေးစင်များ ဖြစ်နေသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော်လည်း ပထမတစ်ချက်သည် ပို၍ ဖြစ်နိုင်ချေ ရှိသည်။
တောင်ကုန်းထက်တွင် လူငယ်သုံးယောက်သည် မည်သည့် အသံမှမထွက်ဘဲ ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။ အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးသည့်နောက်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာပြီး အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအရပ်ဆီမှ ရန်ကိုင်တို့ ရှိနေသည့် နေရာဆီသို့ အပြာရောင်အလင်းတန်းတစ်ခု ပျံသန်းလာနေခဲ့သည်။ နောက်ထပ် ကျင့်ကြံသူတစ်ယောက်ပင်။
ထိုအပြာရောင်အလင်းတန်း တောင်ကုန်းပေါ်သို့ ဆင်းသက် လာသည့်အခါ ချောမောလှပသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ယခု ရောက်လာသည့် လူသည် စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်၊ လှပသော မျက်နှာနှင့် ရှည်လျားသော ပိတုန်းရောင် ဆံကေသာကို ပိုင်ဆိုင် ထားသည့် အမျိုးသမီး လှလှတစ်ဦး ဖြစ်ပေသည်။
သို့သော်လည်း ထိုအမျိုးသမီးသည်လည်း သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသဖြင့် ရန်ကိုင် ပို၍ ဇဝေဇဝါ ဖြစ်သွားရလေသည်။
ယခုဆိုလျှင် သူအပါအဝင် သူတော်စင်ဘုရင် တတိယအဆင့် လေးယောက် ရှိနေခဲ့လေပြီ။ သို့သော်လည်း ဖေးကျီတုကကော ဘယ်မလဲ။ ထိုသူတော်စင်ဘုရင် တတိယအဆင့် လေးယောက်ဖြင့် ချင်းတုန်ကို ကယ်ဖို့ လုပ်နေခြင်းတော့ မဟုတ်လောက်ဘူးမလား။ မဟုတ်လောက်ပါစေနှင့်။
ထိုဖြစ်နိုင်ချေကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ မှုန်ကုတ်သွားခဲ့ရသည်။
အမျိုးသမီးသည် တောင်ကုန်းပေါ်သို့ ရောက်လာပြီးနောက် ဝေ့ကြည့်လိုက်ရာ နေရာကောင်း သုံးခုစလုံးတွင် လူဦးပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီး မျက်မှောင် ကြုတ်သွားခဲ့ရလေသည်။
ထိုအမျိုးသမီးကို မြင်သည့်အခါ ရန်ကိုင်အား ခေါင်းညိတ် ပြခဲ့သော လူက အလျင်စလို ထရပ်လျက် လက်သီးဆုပ်၍ “ဒီတော့ အစ်မစီစီပေါ့၊ ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တာတောင် အတော်လေး ကြာနေပြီနော်။ ကြည့်ရတာ ကျုပ်တို့ မတွေ့ခဲ့တဲ့ နောက်ပိုင်း အစ်မစီစီ အတော်လေး အခြေအနေ ကောင်းနေတဲ့ပုံပဲ”
သူ့လေသံအရ၊ ထိုလူ အမျိုးသမီးနှင့် သိနေသည့်ပုံပင်။ သိနေရုံမဟုတ်ဘဲ အမျိုးသမီးကို စိတ်ဝင်စားနေခြင်း ဖြစ်လောက်၏။
စီစီဆိုသော အမျိုးသမီးက လူငယ်လေးအား ထူးမခြားနားဟန်ဖြင့် ကြည့်လျက် ပြောလိုက်သည် “ချိုင်ဟဲလား။ နင်လည်း ဒီရောက်နေတာပေါ့။ ကြည့်ရတာက မြို့သခင်ဖေးက အမြင်တွေ ဝါးကုန်တာလား။ နင်လို အစီအရင်သခင်ကိုတောင် ဖိတ်ခေါ်ထားတယ်ဆိုတော့ အနာဂတ်အတွက် ငါရင်လေးမိတယ်”
အထင်သေးလှောင်ပြောင်ခံရသည့်တိုင် ချိုင်ဟဲ ဆိုသော အမျိုးသားက အပြုံးမပျက်ဖြင့် ဆက်ပြောလိုက်သည် “တကယ်တော့ မြို့သခင်က ငါ့အဖေကို ဖိတ်ထားတာ။ ငါ့အဖေက တံခါးပိတ်ကျင့်စဉ်ဝင်နေလို့ မအားလို့ ငါ့ကို လွှတ်လိုက်တာ။ ကြည့်ရတာ ဒီခရီးမှာ အစ်မစီစီနဲ့ငါ အတူပူးပေါင်းရမယ်နဲ့တူတယ်။ အစ်မစီစီ ငါ့ကို ကောင်းကောင်း ညွှန်ကြားပေးပါနော်”
“ဟန့်” စီစီဆိုသော အမျိုးသမီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ မာနတကြီးဖြင့် ပြောလိုက်သည် “မညွှန်ကြားပေးရဲပါဘူးနော်။ နင်တို့ ချိုင်မိသားစုရဲ့ အစီအရင် ပညာက ငါတို့ တုမိသားစုရဲ့ အစီအရင် ပညာလောက် မကောင်းပေမယ့် နင်တို့မှာလည်း ကိုယ်ပိုင် အရည်အချင်းတွေ ရှိထားပြီးသားပဲဟာ၊ ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးသာ မဖြစ်စေနဲ့၊ အဲ့လိုလုပ်ပေးနိုင်ရင် အားလုံး အဆင်ပြေတယ်”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” ချိုင်ဟဲက ယောကျာ်း မဟုတ်သည့်နှယ် သူ့အား ထိုမျှ လှောင်ပြောင်ဖိနှိပ်နေသည်ကို ငြိမ်ခံနေသဖြင့် ထိုင်နေသည့် အခြား အမျိုးသား၏ မျက်လုံးထဲ အထင်သေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ရလေသည်။
ထိုနှစ်ယောက် ပြောနေသည်ကို နားထောင်ပြီးနောက် ဖေးကျီတု သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့် ထိုနှစ်ယောက်ကို ဘာကြောင့် ဖိတ်ခေါ်ခဲ့သလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုနှစ်ယောက်စလုံး အစီအပညာသခင် မိသားစုမှ လာကြသည်ကိုး။
တုစီစီသည် ထူးမခြားနားဟန်ဖြင့် အခြား တစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်ကို ကြည့်လျက် မာနတစ်ခွဲသားဖြင့် မေးလိုက်လေသည် “အဲ့နှစ်ယောက်ကကော ဘယ်သူတွေလဲ။ သူတို့ကိုလည်း မြို့သခင်ဖေး ဖိတ်ထားတာလား။ သူတို့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုလုပ်ပြီး ငါတို့နဲ့ အတူတူ ဖြစ်နေရတာလဲ”
မြင်မြင်သမျှ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများကို အထင်သေး နှိမ့်ချနေသော ထိုအမျိုးသမီးကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်မိသွားသည်။ ထိုအမျိုးသမီးသည် မိသားစုကြီးမှ အလိုက်လိုက်ထားခြင်း ခံရသော မောက်မာသည့် သခင်မလေး တစ်ယောက် ဖြစ်မည်မှန်းလည်း နားလည်လိုက်သည်။
ချိုင်ဟဲက ကူကယ်ရာမဲ့စွာ ပြုံးလျက် “ငါလည်း သေချာ မသိဘူး။ သူတို့ စိတ်မရှိဘူးဆိုရင် ငါတို့ အချင်းချင်း သွားမိတ်ဆက် ကြည့်ကြမလား။ ဘာပဲဖြစ်ဖြစ်၊ ပြီးရင်ငါတို့က အတူတူ ပူးပေါင်း အလုပ်လုပ်ကြရမယ့် လူတွေပဲဟာကို၊ တစ်ယောက်နဲ့ တစ်ယောက် သိထားတော့ ပိုကောင်းတာပေါ့”
တုစီစီနှင့်ယှဉ်လျှင် ချိုင်ဟဲသည် အတော်လေးကို ယဉ်ကျေး သိမ်မွေ့သည်ဟု ပြော၍ရသည်။ တုစီစီလို မိန်းမရိုင်းလေးနှင့် တခြားစီပင်။ ရန်ကိုင်နှင့် အခြားလူငယ်လေး အကြောင်း မေးသည့် အချိန်တွင် မျက်နှာကို လုံးဝ ပြုံးထားလေသည်။
“လျန်ကွမ်း” ထူးမခြားနားဟန်ဖြင့် ရှိနေသော လူငယ်လေးက သူ့နာမည်ကို ပြောပြလိုက်သည်။ ထိုလူငယ်လေးသည် စကားကို ရွှေထက် တန်ဖိုးထားသည့်အလား နာမည်ကို ပြောပြီးသည်နှင့် ချက်ချင်း စကားပြန်တိတ်သွားခဲ့သည်။
“မျိုးရိုးနာမည်လျန်…” ထိုနာမည်ကို ကြားလိုက်ချိန် တုစီစီနှင့် ချိုင်ဟဲတို့ နှစ်ယောက်စလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရသည်။ နှစ်ယောက်စလံး လျန်ကွမ်းကို ကြည့်နေသည့် အကြည့်ထဲ ကြောက်ရွံ့ရိပ်တို့ ပေါ်နေခဲ့လေပြီ။
ရန်ကိုင်ပင်လျှင် လျန်ကွမ်းအား လှမ်းကြည့်မိလိုက်သည်။
အကြောင်းမှာ လျန်မိသားစုသည် ဤဒေသ တစ်ဝိုက်တွင် အတော်လေး ကျော်ကြားသောကြောင့် ဖြစ်ပေသည်။ အရိပ်ကြယ် တစ်ခုလုံးကို ထည့်တွက်မည် ဆိုလျှင်ပင် လျန်မိသားစု၏ ဂုဏ်သတင်းသည် ပုံမှန် ဒုတိယအဆင့် အင်အားစုများအောက် မနိမ့်ကျချေ။ အရိပ်ကြယ်အကြောင်း ဘာမှ မသိသည့် ရန်ကိုင်ပင် လျန်မိသားစုအကြောင်း သိနေသည် ဆိုကတည်း လျန်မိသားစု မည်မျှ နာမည်ကျော်မှန်း သိနိုင်ပေသည်။
လျန်မိသားစုတွင် အားကောင်းသော ပညာရှင် သိပ်မရှိသလို မိသားစုဝင်လည်း သိပ်မများကြချေ။ လျန်မိသားစုတွင် မိသားစုဝင်ပေါင်း အယောက် တစ်ယောက်လောက်သာ ရှိပြီး ထိုလူများအနက် အားအကောင်းဆုံးသည် တန်ခိုးရှင်ပထမအဆင့် ပညာရှင်သာ ဖြစ်သည်။ အရိပ်ကြယ်ပေါ်တွင် မိသားစုပေါင်း ထောင့်နှင့်ချီပြီး မရှိလျှင်ပင် အနည်းဆုံး ရာနှင့်ချီပြီးတော့ ရှိသည်။ ထိုရာနှင့်ချီသော မိသားစုများထဲတွင် လျန်မိသားစုသည် အတော်လေးကိုမှ နာမည်ကျော်ကြားပေသည်။
လျန်မိသားစု နာမည်ကျော်ရသည့် အကြောင်းမှာ ရှင်းပေသည်။ လျန်မိသားစုဝင် အားလုံးသည် ရုပ်သေးပညာရှင်များ ဖြစ်နေကြသည့် အတွက်ကြောင့် ဖြစ်သည်။
လျန်မိသားစုဝင်များသည် ရုပ်သေးပညာရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားသည့်တိုင် ရုပ်သေးပေါင်းများစွာကိုသုံး၍ တိုက်ခိုက်နိုင်သည့် အတွက်ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အတော်လေး မြင့်သည်ဟု ပြော၍ ရသည်။ လျန်မိသားစုဝင် တစ်ယောက်နှင့် တိုက်ခိုက်မည်ဆိုလျှင် ရုပ်သေးရုပ်ပေါင်းများစွာနှင့် တိုက်ခိုက်ဖို့ကိုလည်း ကြိုတင် ပြင်ဆင်ထားရန် လိုပေလိမ့်မည်။
ထို့အပြင် လျန်မိသားစုတွင် တန်ခိုးရှင် တတိယအဆင့်များနှင့် ယှဉ်နိုင်သော အဆင့်မြင့်ရုပ်သေးရုပ်များစွာ ရှိပေသည်။ ထိုရုပ်သေးရုပ်များ၏ တည်ရှိမှုကပင် အင်အားစုများစွာကို သူတို့ မိသားစုအား ရန်လာစရန် နှစ်ခါပြန် စဉ်းစားသွားရစေသည်။
တစ်ခါက ခွန်အားအရာတွင် လျန်မိသားစုထက် အဆများစွာ သာလွန်သော မိသားစုတစ်စု ရှိခဲ့ဖူးသည်။ ထိုမိသားစုသည် လျန်မိသားစု၏ ရုပ်သေးရုပ် ပညာရပ်ကို တပ်မက်ပြီး လျန်မိသားစုကို သိမ်းပိုက်ဖျက်စီးရန် ကြိုးစားခဲ့သည်။ သို့သော် အဆုံးတွင် ထိုမိသားစုသည် လျန်မိသားစုကို မဖျက်စီးနိုင်ခဲ့ဘဲ လျန်မိသားစု၏ ပြန်ဖျက်စီးခြင်းကိုသာ ခံလိုက်ရလေသည်။
ထိုတိုက်ပွဲတွင် လျန်မိသားစု၏ တန်ခိုးရှင် တတိယအဆင့် ရုပ်သေးရုပ်များ နာမည်ကျော်သွားခဲ့သည်။ တိုက်ပွဲတွင် ရန်သူ များစွာကို သတ်ခဲ့သော ထိုရုပ်သေးရုပ်များကို ကျင့်ကြံသူများစွာ လိုလည်း လိုချင်မိကြသလို ကြောက်လည်း ကြောက်သွားကြသည်။
လျန်မိသားစုသည် အရူးများ မဟုတ်ကြလေရာ ‘မင်းဘာသာမင်းက အပြစ်မရှိမေပယ့် မင်းပိုင်ဆိုင်ထားတဲ့ ရတနာတွေကြောင့် မင်းအပြစ်ရှိသွားတယ်’ ဟူသော စကားပုံကို ကောင်းကောင်း နားလည်ထားသည်။ ထိုတိုက်ပွဲကြီး အပြီးတွင် လျန်မိသားစုသည် အရိပ်လခန်းမလက်အောက်သို့ ခိုဝင်ခဲ့ပြီး ကာကွယ်ပေးခအဖြစ် အရိပ်လခန်းမအတွက် ရုပ်သေးရုပ်အချို့ အလကား သန့်စင်ပေးလေသည်။
ထို့ကြောင့် လျန်ကွမ်းဆိုသော နာမည်ကို ကြားပြီးနောက် တုစီစီနှင့် ချိုင်ဟဲတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး လာခဲ့သည့် မိသားစုများသည် အတော်လေး ကျော်ကြားသည်ဟု ပြော၍ရသော်လည်း လျန်မိသားစုကို မမှီသေးချေ။
ရန်ကိုင်သည်လည်း အတွေးနက်သွားခဲ့သည်။ တုစီစီနှင့် ချိုင်ဟဲတို့ကို ဤခရီးသို့ ခေါ်ခဲ့ခြင်းသည် အရံအတားများနှင့် အစီအရင်များကို ဖျက်စီးရန်အတွက် ဖြစ်သည်မှာ နားလည်၍ ရသည်။ သို့သော် လျန်ကွမ်းကို ဘာကြောင့် ခေါ်ခဲ့ရသနည်း။
လျန်ကွမ်း သူ့နာမည်ကို ပြောပြီးနောက် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ လျန်ကွမ်းသည် ပုံမှန်အားဖြင့် စကားနည်းသူ တစ်ယောက် ဖြစ်ပေလိမ့်မည်။
တုစီစီနှင့် ချိုင်ဟဲတို့ အသိပြန်ဝင်လာပြီးနောက် ရန်ကိုင် ဘက်သို့ လှည့်ကြည့်လာသည်။ ရန်ကိုင်မှ သူ့နာမည်ကို မိတ်ဆက် ပေးပြီးနောက် နှစ်ယောက်စလုံး၏ အမူအရာ ထူးဆန်းသွားသည်။
ချိုင်ဟဲသည် ရန်ကိုင်အား အထက်အောက် အစုံအဆန် သေချာ ကြည့်လိုက်သည်။ ထို့နောက် “အစ်ကိုရန်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကောင်းကင်ကံကြမ္မာမြို့တော်မှ သွားမွှေတဲ့ တစ်ယောက်တော့ မဟုတ်ပါဘူးနော်”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကောင်းကင်ကံကြမ္မာမြို့ဆီ သွားမွှေတဲ့ အခြားလူ မရှိဘူးဆိုရင် အဲ့လူက ကျုပ်ပဲ”
ရန်ကိုင် စကားကြောင့် ချိုင်ဟဲ ကြောင်သွားပြီး တုစီစီလည်း ယခင်ကလို မမောက်မာတော့ချေ။ လျန်ကွမ်းပင်လျှင် ရန်ကိုင်အား မျက်လုံး ဖွင့်ကြည့်လာခဲ့သည်။
မိသားစုကြီး သုံးခုသည် အားမနည်သော်လည်း မည်သည့် မိသားစုကမှ ကောင်းကင်ကံကြမ္မာမြို့ဆီသွားပြီး လူသတ်ကာ ဆိုင်များကို မီးရှို့ မဖျက်စီးရဲချေ။ ပို၍ အံ့အားသင့်စရာ ကောင်းသည်ကား ထိုကောင်သည် ကောင်းကင်ကံကြမ္မာမြို့ထဲ သွားရောက် သောင်းကျန်းပြီးသည့်တိုင် ဘာမှမဖြစ်ဘဲ ဖေးကျီတု၏ ဖိတ်ခေါ်ခြင်းပင် ခံခဲ့ရသေးသည်။
ထို့ကြောင့် သုံးယောက်စလုံး အတော်လေး အံ့အားသင့်နေကြရသည်။ သို့သော်လည်း ရန်ကိုင်နှင့် ဖေးကျီတုကြား သူတို့ မသိသော် လျှိုံဝှက်ချက် အချို့ ရှိမည်ဟု သုံးယောက်စလုံး ခန့်မှန်းလိုက်ကြသည်။ ထို့ကြောင့် ဆက်ပြီး အတွေးကျကျ မေးမနေတော့ချေ။ သို့ရာတွင် ရန်ကိုင် မည်သူမှန်း သိသွားပြီးနောက် ချိုင်ဟဲသည် ရန်ကိုင်အပေါ် ပို၍ ဖော်ရွေ ရင်းနှီးလာခဲ့သည်။ ယခင်ကကဲ့သို့ တိတ်ဆိတ်မနေတော့ဘဲ ရန်ကိုင်နှင့် စကားတွေဘာတွေပင် ပြောလာသည်။
ခဏလောက် စကားပြောပြီးနောက် ချိုင်ဟဲ၏ သဘောထား ဘာကြောင့် အပြောင်းလဲကြီး ပြောင်းလဲသွားရလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ လတ်စသတ်တော့ ချိုင်မိသားစုနှင့် ရှဲ့မိသားစုကြားတွင် ပြဿနာများ ရှိနေသည်ကိုး။ ချိုင်ဟဲ ကိုယ်တိုင်သည် ရှဲ့မိသားစု၏ တပည့်များကြောင့် ဒုက္ခ ရောက်ခဲ့ဖူးသည်။
ရန်ကိုင် ကောင်းကင်ကံကြမ္မာမြို့တွင် သွားသေင်းကျန်းစဉ်က ရှဲ့မိသားစု၏ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ခဲ့၏။ ထိုအဖြစ်အပျက်အကြောင်း အင်အားစု တော်တော်များများ သိပြီးကြကုန်ပြီ။ ထိုအဖြစ်အပျက်နှင့် ပက်သက်၍ ရှဲ့မိသားစုနှင့် ရန်ငြိုးရှိသော မိသားစုများစွာ ပျော်ခဲ့ကြသည်။ ထိုမိသားစုများ၌ ချိုင်မိသားစုသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
ချိုင်မိသားစုဝင် တစ်ယောက် ဖြစ်သည်နှင့်အညီ ရှဲ့မိသားစု၏ တန်ခိုးရှင်အဆင့် တစ်ယောက်နှင့် တပည့်များစွာကို သတ်ခဲ့သော ရန်ကိုင်ကို ချိုင်ဟဲ အတော်လေး အမြင်ကြည်နေခဲ့သည်။
တုစီစီကမူ နေရာတစ်ခု ရှာပြီးတော့သာ မျက်လုံးပိတ်၍ တင်ပလင်ခွေ ထိုင်နေလိုက်လေသည်။
နာရီဝက်လောက် စောင့်နေပြီးနောက် ပုံရိပ်များစွာ တောင်ပေါ်တွင် အဆန်းတကြယ် ရုတ်တရက်ကြီး ပေါ်လာခဲ့ရာ ရန်ကိုင်မှအပ ကျန်သူတော်စင်ဘုရင်အဆင့် သုံးယောက်စလုံး အံ့အားသင့်သွားခဲ့ကြရသည်။ ရန်ကိုင်၏ ကေင်းကင်စိတ်အာရုံ သည် ထိုလူများ ဤတောင်ကုန်းပေါ်တွင် ရှိနေသည် ဆိုသော အချက်ကို အစောကြီးကတည်းက ထောက်လှမ်းမိပြီသွားပင်။ ထို့ကြောင့် ထိုလူများ ပေါ်လာသော်လည်း အံ့အားသင့်သွားခြင်း မရှိဘဲ တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။
ထိုလူများကို ဦးဆောင်လာသူမှာ ဖေးကျီတုဖြစ်မှန်း သိပြီးနောက် ခိုင်ဟဲနှင့် အခြားကျင့်ကြံသူများ သက်ပြင်းတစ်ချက် ချလိုက်ပြီး အလျင်အမြန် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၇)
ဖေးကျီတုနှင့်အတူ တန်ခိုးရှင်အဆင့်သုံးယောက် ပါလာခဲ့သည်။ တစ်ယောက်သည် ဖေးကျီတုနှင့် အသက်တူလောက် ရှိမည်ထင်ရသော တန်ခိုးရှင် ဒုတိယအဆင့် သက်လတ်ပိုင်းလူကြီး တစ်ဦးဖြစ်သည်။ ကျန်နှစ်ဦးသည် တန်ခိုးရှင် ပထမအဆင့်သို့ ရောက်နေသော လူအိုကြီးနှင့် အဘွားအိုကြီးတို့ နှစ်ယောက်ဖြစ်သည်။
သို့သော်လည်း ထိုနှစ်ယောက်၏ အရှိန်အဝါမှာ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်ကာစ ကျင့်ကြံသူများနှင့် မတူဘဲ သိပ်သည်း နက်နဲလှသည်။ ထိုနှစ်ယောက် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက် ဝင်ရောက်ထားသည်မှာ အတော်လေး ကြာပြီမှန်း သိနိုင်ပေသည်။
ထိုတန်ခိုးရှင်အဆင့် ပညာရှင်များကို မြင်လိုက်ရသည့် အခါမှပဲ ရန်ကိုင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ဖေးကျီတု ကြိုတင်ပြင်ဆင်ထားသည့်ပုံပင်။ တန်ခိုးရှင်အဆင့်များပါ ပါရသည့် အတွက်ကြောင့် ဤခရီးသည် အတော်လေး ခက်ခဲပေလိမ့်မည်။
ဤခရီးသည် ချင်းတုန်ကို သွားကယ်မည့် ခရီး ဖြစ်သည့် အတွက်ကြောင့် လအရိပ်ခန်းမမှ လူများကို သွားအကူအညီ တောင်း၍ မဖြစ်ချေ။ ထိုနည်းတူစွာ သူတို့ ချင်းတုန်အား သွားကယ်ရန် ကြံစည်နေကြောင်းကို မည်သူမှ မသိရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူမသိသူမသိ ဤခရီးတွင် တန်ခိုးရှင်အဆင့် သုံးယောက်ပင် ပါနေသည့် အချက်အပေါ် ရန်ကိုင် အံ့ဩမိသွားခြင်း ဖြစ်သည်။
တန်ခိုးရှင်အဆင့် သုံးယောက် ပါနေသည့်အပြင် ဦးဆောင်သည့် လူမှာလည်း တန်ခိုးရှင် တတိယအဆင့် ဖြစ်လေရာ ဤခရီးသည် သူတို့အတွက် သိပ်ပြဿနာ မရှိလောက်ချေ။ စိုးရိမ်စရာဆို၍ ရှေးဟောင်းအပျက်အစီး နယ်မြေထဲတွင် ရှိနေသော ပုန်းကွယ်နေသည့် အန္တရာယ်များပင် ဖြစ်လေသည်။
ဖေးကျီတုသည် သူခေါ်လာသည့် တန်ခိုးရှင်အဆင့် ပညာရှင်များနှင့် စကားနည်းနည်း ပြောပြီးသည့်နောက်တွင် ရန်ကိုင်နှင့် အခြားလူငယ်လေးများအား ပြောလိုက်သည် “မင်တို့ အချင်းချင်း သိကြပြီးတဲ့ပုံပဲ။ ဒီခရီးမှာ မင်းတို့ လုပ်ရမယ့် အပိုင်းတွေ အသီးသီး ရှိပြီးသား။ နောက်ပိုင်း အတူတူ ပူးပေါင်း လုပ်ဆောင်ရမှာ ဆိုတော့ အချင်းချင်း သိထားကြတာ ပိုကောင်းတယ်။ ဒီတစ်ခါခရီးသာ အောင်မြင်သွားခဲ့ရင် မင်းတို့ ကျေးဇူးကို ငါသေချာ မှတ်ထားပေးမယ်။ အိမ်ပြန်ရောက်ရင် မင်းတို့ မိသားစုခေါင်းဆောင်တွေကို ပြန်ပြောလိုက်။ နောက်ပိုင်း အကူအညီလိုရင် ငါ့ဆီ လာအကူအညီတောင်းလို့”
ထိုစကားကို ကြားသည့်အခါ ချိုင်ဟဲ၊ တုစီစီနှင့် လျန်ကွမ်းတို့ ပျော်သွားခဲ့ပြီး ဖေးကျီတုအား အလျင်အမြန် ကျေးဇူးလိုက်သည်။
“အားလုံး ရောက်ပြီဆိုတော့ စထွက်ကြတာပေါ့” ဖေးကျီတုက သူ့လက်ကို ဝှေ့ရမ်း၍ တန်ခိုးရှင်အဆင့် ကြယ်လွန်းပျံကို ထုတ်ကာ ခရီးစတင် ထွက်ခွာလေသည်။
ဖေးကျီတု သူတို့အား ထိုတန်ခိုးရှင်အဆင့် သုံးယောက်နှင့် မိတ်ဆက်ပေးမည်ဟု ရန်ကိုင် ထင်နေခြင်း ဖြစ်သည်။ သို့သော် ထင်ထားသလို မဟုတ်ခဲ့ချေ။ ငေကြောင်းနေရာမှ အသိ ပြန်ဝင်လာပြီးနောက် ရန်ကိုင်လည်း သူ့ကြယ်လွန်းပျံကို ထုတ်၍ အလျင်အမြန် လိုက်သွားလေသည်။
ချိုင်ဟဲနှင့် စကားပြောပြီးနောက် ဤခရီး၏ ပန်းတိုင်သည် ချင်းတုန်အား ကယ်ဆယ်ရန် ဖြစ်မှန်း သိခဲ့ရသည်။ သို့သော် ချင်းတုန် ရှိနေသည့် ရှေးဟောင်းအပျက်အစီးနယ်မြေ မည်သည့် နေရာတွင် ရှိနေသလဲ ဆိုသည်ကိုမူ ဖေးကျီတု ထုတ်မပြောခဲ့ချေ။
ယခု ခရီး စထွက်နေပြီ ဖြစ်သည့်တိုင် ဖေးကျီတုသည် သွားရမည့် နေရာကို မပြောသေးချေ။ ထို့ကြောင့် ရန်ကိုင် အနည်းငယ် စိတ်ညစ်လာမိသည်။ သို့သော် သွားမမေးခဲ့ဘဲ ဒီအတိုင်းလေးသာ လိုက်သွားခဲ့လေသည်။
ဖေးကျီတုနှင့်အတူ ပါလာသည့် တန်ခိုးရှင်အဆင့် သုံးယောက်သည် ရန်ကိုင်အား အလွန် စိတ်ဝင်စားနေကြလားမသိ၊ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် မကြာမကြာ စစ်ဆေးနေသည်။ အထူးသဖြင့် လူအိုကြီးပင်။ ရန်ကိုင်မှ လှမ်းကြည့်လိုက်သည့်အခါ လူအိုကြီးက သူ့အား ပြုံး၍ ခေါင်းညိတ်ပြသဖြင့် ရန်ကိုင် ခေါင်းရှုပ်သွားခဲ့ရသည်။ ထိုလူအိုကြီး ဘာတွေများ ကြံနေသနည်း။
တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသော လူအိုကြီးသည်လည်း သူ့အား အရမ်းကြီး ဖော်ရွေပြမနေသော်ငြား အတော့်ကိုတော့ ကောင်းမွန်ပြသည်။
ထိုသုံးယောက် သူ့အပေါ် မကောင်းသည့် ရွယ်ရွယ်ချက် မရှိမှန်း ရန်ကိုင် နားလည်လိုက်သည်။ သို့သော် အကြောင်းမရှိဘဲ သူ့အား အရမ်းကြီး ဖော်ရွေပြနေခြင်းကြောင့် ရန်ကိုင်စိတ်ထဲ မသက်မသာ ဖြစ်မိသည်။ ချက်ချင်းပဲ ပါးစပ်ပိတ်ထားရန် ဆုံးဖြတ်လိုက်ပြီး တိတ်တိတ်လေးသာ လိုက်သွားရန် ဆုံးဖြတ် လိုက်သည်။ ရန်ကိုင်အတွက် မည်သည့် မတော်တဆမှ မဖြစ်လျှင် အကောင်းဆုံးပင်။ သူ့တွင် လုပ်စရာ အများကြီး ရှိနေသည်။ ချင်းတုန်ကို ကယ်ဖို့အတွက်ကြောင့်သာ မဟုတ်လျှင် ယခုတစ်ကြိမ် နဂါးလိုဏ်ဂူတောင်တွင် အချိန်အကြာကြီး တံခါးပိတ်ကျင့်စဉ် ဝင်ရန် စဉ်းစားထားခြင်း ဖြစ်သည်။
ထို့အပြင် မီးငှက် နိုးလာသည့် အချိန်မှစ၍ နဂါးအရိုးနှင့် နဂါးဓါတ်လုံးတို့အား ပို၍ သန့်စင်ရ လွယ်ကူလာခဲ့သည်။ နှစ်ပေါင်း များစွာ ကြာမည့်ကိစ္စသည် လပိုင်းလောက် အတွင်းတွင်ပင် ပြီးပြတ်သွားနိုင်သည်။ ထို့ကြောင့် ပန်းပဲမီးဖိုကိုသုံး၍ နဂါးအရိုးနှင့် နဂါးဓါတ်ကို ရန်ကိုင် ချက်ချင်း သန့်စင်ပစ်ချင်နေမိသည်။
ဤအဖွဲ့ကြီးသည် အရမ်းကို တိတ်ဆိတ်လှသည်။ အစပိုင်းတွင် ချိုင်ဟဲသည် ရယ်ရယ်မောဖြင့် တုစီစီနှင့် စကားပြောရန် ကြိုးစားခဲ့သော်လည်း အကြိမ်ပေါင်းများစွာ ငြင်းဆန်းခြင်း ခံရပြီးသည့်နောက်တွင် ထိုမောက်မာသော အမျိုးသမီးနှင့် စကားပြောဖို့ကို လက်လျှော့လိုက်သည်။
လေးရက်လေးညတိတိ မရက်မနားဘဲ ပျံသန်းလာပြီးနောက် တောင်စဉ်တောင်တန်း တစ်ခုရှေ့သို့ ဖေးကျီတု ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်သည့်အခါ ဖေးကျီတု ဆက်မသွားတော့ဘဲ ရပ်လိုက်လေသည်။
ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲမှ အဝါရောင် မြေပုံတစ်ခုကို ထုတ်၍ သေချာ လေ့လာလိုက်သည်။
“ဒါကျဆုံးဧကရာဇ်တောင် မဟုတ်ဘူးလား” ချိုင်ဟဲက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည် “ငါတို့သွားမယ့် ရှေးဟောင်းအပျက်အစီးနယ်မြေက ဒီကျဆုံးဧကရာဇ်တောင် ထဲမှာလား”
“မဟုတ်နိုင်လောက်ဘူးနော်၊ ဟုတ်တယ်မလား။ ဒီနေရာကို နှစ်တိုင်း လူတွေလာနေကြတာ။ ငါကိုယ်တိုင်တောင် တစ်ကြိမ်မက လာဖူတယ်။ ဒါပေမယ့် ဒီနေရာမှာ ရှေးဟောင်းအပျက်အစီးနယ်မြေ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ ရှိတယ်ဆိုရင်တောင် ဘာလို့ တစ်ခါမှ သတင်း မထွက်တာလဲ” တုစီစီက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
ထိုနှစ်ယောက် သူတို့ဘာသာ စကားပြောနေစဉ် အတောအတွင်း ရန်ကိုင်သည် ကျဆုံးဧကရာဇ်တောင် ဆိုသော တောင်စဉ်တောင်တန်းကို သေချာ လေ့လာနေခဲ့သည်။ ယခုမှ ဤတောင်တန်းအကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သလို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဤတောင်တန်းအကြောင်း သူဘာမှမသိချေ။
ဤတောင်စဉ်တောင်တန်းသည် မျက်စိတဆုံး ရှည်လျားလှ၏။ သို့သော်လည်း ထူးခြားနေသည်ကား တောင်တန်းသည် အလွန်ကိုမှ ရှည်လျား စိမ်းလန်းနေသည့်တိုင် မည်သည့် ကျေးငှက်တို့၏ အော်သံကိုမှ မကြားရခြင်းပင်။
မည်သည့် မွန်းစတားသားရဲ၏ အရိပ်အယောင်ကိုမှလည်း အာရုံမခံမိချေ။
“ဟိုဟို၊ မိတ်ဆွေလေးက အခုမှ ကျဆုံးဧကရာဇ်တောင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား” ရန်ကိုင် ဇဝေဇဝါ ဖြစ်နေစဉ် လူအိုကြီးက သူ့ဆီလျှောက်လာပြီး သူ့မုတ်ဆိတ်မွှေးကို ပွတ်လျက် ရန်ကိုင်အား အပြုံးဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်။ ကျုပ်ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုလူအိုကြီး ဘာကြောင့် သူ့အား စကားလာပြောနေမှန်း ရန်ကိုင် နာမလည်နိုင် ဖြစ်နေသည်။
“အံ့ဩစရာ မဟုတ်ပါဘူးလေ။ ဒီလူအိုကြီး နာမည်က နင်ရှန်းချန်ပဲ” လူအိုကြီးက သူ့နာမည်ကို မိတ်ဆက်ပေးလိုက်၏။ ထို့ကြောင့် ရန်ကိုင်စိတ်ထဲ ပို၍ မသင်္ကာ ဖြစ်သွားရလေသည်။ သို့သော်လည်းငြား သူ့ဘက် ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်၍ နှုတ်ဆက်လိုက်ပါသည်။ ထိုလူအိုကြီးသည့် သူ့ထက် စီနီယာ ဖြစ်သလို သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည် မဟုတ်ပေလော။
သို့ရာတွင် ထိုအရာနှင့်ပင် အဆုံးသတ်မသွားခဲ့။ လူအိုကြီးနှင့် အတူပါလာသော အဘွားအိုကြီးကလည်း သူမ၏ နာမည်ကို မိတ်ဆက်ပေးသည်။ တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်ကလည်း သူ့နာမည်ကို မိတ်ဆက်ပေးလျက် သူ့အား ချီးပင် ချီးကျူးသွား၏။
တန်ခိုးရှင်အဆင့် ပညာရှင်များ ရန်ကိုင်အား အထူး အလေးပေး ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည်ကို မြင်သော် ချိုင်ဟဲနှင့် အခြားလူငယ်လေးများ ထိတ်လန့်သွားကြရသည်။ ရန်ကိုင် ဘာတွေထူးခြာနေလို့များ တန်ခိုးရှင်အဆင့်များက သူ့အား အထူးတလည် အလေးပေး ဆက်ဆံနေကြသလဲ ဆိုသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေခဲ့သည်။ တုစီစီမှာ အများ၏ လျစ်လျူရှုထားခြင်း ခံရသဖြင့် မျက်နှာ ရှက်ခေါက်ချိုး ဖြစ်နေလေသည်။
“ဒီကျဆုံးဧကရာဇ်တောင်က ဘာများ ထူးခြားလဲ ဆိုတာ အကြီးအကဲတို့ ကျုပ်ကို ပြောပြပေးလို့ရမလားမသိဘူး” ရန်ကိုင်က ထိုလူအိုကြီးများ စကားတစ်ချက် ရပ်သွားသည်ကို အခွင့်ကောင်း ယူ၍ ချက်ချင်းပဲ ခေါင်စဉ်ပြောင်းလိုက်သည်။ ထိုတန်ခိုးရှင်အဆင့် ပညာရှင် သုံးယောက်တွင် သူ့ဆီမှ တောင်းဆိုချင်နေသည့် အရာ တစ်ခုခု ရှိရပေလိမ့်မည်။ မဟုတ်လျှင် သူ့အား အလကား ကောင်းပြနေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့ သူ့ဆီမှ မည်သည့် အကူအညီကို တောင်းသည်ဖြစ်ပါစေ၊ ကျိန်းသေတော့ ပြဿနာ များပေလိမ့်မည်။ ထို့ကြောင့် ဤစကားဝိုင်းကို သူတို့ချည်းပဲ ဦးဆောင်နေ၍ မဖြစ်ပေ။
ရန်ကိုင် မေးခွန်းကိုကြားသော် နင်ရှန်းချန်၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့ပြီး ရန်ကိုင်အား ပြန်မေးခွန်း ထုတ်လိုက်၏ “ဒီနေရာကို ဘာလို့ ကျဆုံးဧကရာဇ်တောင်လို့ ခေါ်လဲ မင်းသိလား”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်သည် “ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နဲ့ ပက်သက်နေတာလား”
နင်ရှန်းချန်က ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူဘာမှ မပြောရသေးခင်မှာပဲ သူ့ဘေးတွင် ရှိနေသော အဘွားအိုက အပြုံးဖြင့် ဝင်ပြောလိုက်လေသည် “ဟုတ်တယ်။ ဒီနေရာက ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နဲ့ ပက်သက်နေတယ်။ ဒီနေရာက သူကျဆုံးသွားခဲ့တဲ့ နေရာလို့တောင် ပြောကြတယ်”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ပြန်မေးလေသည် “အဲ့ဒါ အမှန်ပဲလား”
နင်ရှန်းချန်က ရယ်သွမ်းသွေးလိုက်ပြီး “မှန်မမှန်ကိုတော့ ဘယ်သူမှ သေချာမသိကြဘူး။ ဒါပေမယ့် ဒီနေရာမှ ဧကရာဇ် ဖိအား တစ်စွန်းတစ်စ စိမ့်ဝင်ပျံ့နှံ့နေလို့ ဒီနေရာက အရိပ်ကြယ် တစ်ခုလုံးမှာ ကျော်ကြားတယ်”
“ဧကရာဇ်ဖိအားလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
“ဒီကျဆုံးဧကရာဇ်တောင်မှာ ဘယ်သားရဲမှ မရှိတာကို မင်းသတိထားမိတယ်မလား။ အဲ့ဒါက ဒီနေရာက နေထိုင်ဖို့ မသင့်တော်တဲ့ နေရာမို့လို့ မဟုတ်ဘူး။ ဒီနေရာက လှလည်းလှ၊ မိုးမြေစွမ်းအင်လည်း သိပ်သည်းတာ၊ ဂိုဏ်းတော်တော်များများရဲ့ ဌာနချုပ်တွေထက်တောင် ပိုသာသေးတယ်။ ဒါပေမယ့် ဒီနေရာမှာ ဂိုဏ်းလည်း မရှိဘူး။ မွန်းစတားသားရဲတွေလည်း မရှိဘူး။ အဲ့ဒါ ဘာလို့လည်း သိလား။ ဒီနေရာကို ဖုံးအုပ်ထားတဲ့ ဧကရာဇ်ဖိအား ကြောင့်ပဲ။ အဲ့ဧကရာဇ်ဖိအားက ဒီတောင်တစ်ခုလုံးကို ဖုံးအုပ်ထားတာ။ တောင်အတွင်းပိုင်း ရောက်လာလေ ပိုပြီး အားကောင်းလာလေပဲ။ အဲ့ဖိအားအောက်မှ ဘယ်သူမှ ကြာကြာ အသက်မရှင်နိုင်ဘူး။ ဒါကြောင့် ဒီမှာ ဘာသက်ရှိကိုမှ မတွေ့ရတာ”
“အင်း၊ အရင်တုန်းက ဒီမှာ လာပြီး ဌာနာချုပ် လာတည်ချင်တဲ့ အားကောင်းတဲ့ဂိုဏ်းတစ်ဂိုဏ်း ရှိဖူးတယ်။ ဒါပေမယ့် တန်ခိုးရှင် တတိယအဆင့်တောင် ဒီမှာ အကြာကြီး မနေနိုင်ဘူး။ ကျင့်ကြံခြင်း ဘယ်လောက်ပဲမြင့်မြင့်၊ ဧကရာဇ်ဖိအားအောက်မှာ နေတာကြာရင် ရူးကုန်ကြရော” အဘွားအိုကြီးက ရှင်းပြလိုက်သည်။
“ဧကရာဇ်ဖိအားက အဲ့လောက်တောင် အားကောင်းတာလား” ရန်ကိုင် အံ့ဩသွားခဲ့သည်။
“ဧကရာဇ်ဖိအားကို သွားအထင်မသေးနဲ့။ အရင်တုန်းက ငါဒီကို လေ့ကျင့်ဖို့ တစ်ခါ လာခဲ့ဖူးတယ်။ အဲ့တုန်းကသာ ငါမြန်မြန် ပြန်မဆုတ်လိုက်ရင် အခုအချိန်လောက်ဆို ရူးနေလောက်ပြီ” တန်ခိုးရှင် ဒုတိယအဆင့်ကလည်း ဝင်သတိပေးလိုက်သည်။
“အထဲမှာ လေ့ကျင့်လို့ ရတာလား” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
“ဟိုဟို၊ ဒီက မိတ်ဆွေလေးကို ဒီလူအိုကြီး အဲ့အကြောင်း ပြောချင်တာ။ ဧကရာဇ်ဖိအားကြောင့် ဒီတောင်မှာ ဘယ်သူမှ မနေနိုင်ဘူး ဆိုပေမယ့် ဒီတောင်ဆီ နှစ်စဉ်နှစ်တိုင်း လူတွေ အများကြီး ဘာလို့ လာကြလဲသိလား။ ဧကရာဇ်ဖိအားကို သုံးပြီး စိတ်စွမ်းအင်နဲ့ ဝိဥာဉ်ကို ကျင့်ကြံချင်ကြလို့ပဲ။ အဲ့ဒါတင် မကသေးဘူး၊ ဧကရာဇ်ဖိအားအောက်မှ ကျင့်ကြံရန် ရှီကို ပိုပြီး မြန်မြန် နားလည်နိုင်တယ်။ မိတ်ဆွေလေးရဲ့ အရည်အချင်းက သာမန်မဟုတ်မှန်း ဒီလူအိုကြီးသိတယ်။ တစ်နေ့ကျရင် မိတ်ဆွေလေး တန်ခိုးရှင်အဆင့်ကို ကျိန်းသေ ရောက်လာမှာ။ အဲ့နေ့ကျရင် မိတ်ဆွေလေး ဒီကိုလာပြီး ကျင့်ကြံသင့်တယ်။ အဲ့လိုဆို ရှီကိုကျင့်ကြံရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ်”
“အသေအချာပဲ။ အရိပ်ကြယ်မှာရှိတဲ့ တန်ခိုးရှင်အဆင့် ပညာရှင်တွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်က ဒီကိုလာပြီး သူတို့ရဲ့ရှီကို သိပ်သည်းကြတာ။ ဘယ်သူမှ အတည်မပြု ရသေးပေမယ့် ကျဆုံးဧကရာဇ်တောင်က အခြားနေရာတွေထက် ပိုပြီး ရှီသိပ်သည်းလို့ကောင်းတဲ့ နေရာတစ်ခုလို့ ပြောကြတယ်။ ဒီမှာ ရှီကိုသိပ်သည်းမယ်ဆိုရင် သိပ်သည်းလို့ရတဲ့ရှီက ပိုပြီး အဆင့်မြင့်တယ်လို့ ပြောကြတယ်။ မိတ်ဆွေလေးလည်း အဲ့လို တစ်သက်မှာ တစ်ခါရနိုင်တဲ့ အခွင့်အရေးကို လက်မလွတ် သင့်ဘူးနော်”
“အဲ့လို အခွင့်ကောင်း ရှိတာလား” ရန်ကိုင် အံ့ဩသွားပြီး လက်သီးဆုပ်လျက် “စီနီယာတို့ သုံးယောက်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဂျူနီယာ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်တဲ့ အချိန်ကျရင် ဒီတောင်ဆီလာပြီး ရှီကို သိပ်သည်းပါ့မယ်”
ရန်ကိုင် ထိုအကြောင်းကို အခြားသူများဆီမှ ကြားဖူးပြီးသား ဖြစ်သဖြင့် သူတို့သုံးယောက် ပြောနေစရာပင် မလိုချေ။ သို့သော် သူတို့က စေတနာကောင်းဖြင့် ပြောပြနေခြင်း ဖြစ်သဖြင့် သူ့ဘက်ကလည်း ပြန်ပြီး ကျေးဇူးတင်ရပေမည်။
“ဘာမှမဟုတ်ပါဘူး” နင်ရှန်းချန်က ပြုံးလျက် “မိတ်ဆွေလေး ဒီကိုလာရင်း တိုက်ခိုက်ခံရမှာစိုးလို့ လိုက်စောင့်ရှောက်ပေးမယ့် လူလိုတယ်ဆိုရင် ပြောနော်၊ ဒီလူအိုကြီး ကျိန်းသေ တတ်စွမ်းသမျှ ကူညီပေးမယ်”
နင်ရှန်းချန်သာ ထိုကဲ့သို့ ပြောခြင်းမဟုတ်။ ကျန်နှစ်ယောက်လည်း ထိုကဲ့သို့ ပြောလာခဲ့သဖြင့် ရန်ကိုင်စိတ်ထဲ ပို၍ မသက်မသာ ဖြစ်လာခဲ့ရသည်။ ထိုသုံးယောက် သူ့ဆီမှ တစ်ခုခု လိုချင်နေသည်မှာ လုံးဝ သေချာပေသည်။ ထို့ကြောင့် ကမန်းကတန်း လက်ဝှေ့ရမ်းလျက် စီနီယာသုံးယောက်ကို အနှောင့်အယှတ် မပြုရဲပါဘူးဟု ပြန်ပြောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၈)
ရန်ကိုင်တို့ လေးယောက် စကားပြောကောင်းနေစဉ်၊ ဖေးကျီတုမှာမူ မျက်မှောင်ကြီးသာ ကြုတ်နေခဲ့သည်။ ခဏအကြာတွင် သားရဲသားရေဖြင့် လုပ်ထားသည့် မြေပုံကို ပြန်သိမ်းလိုက်ပြီး အားလုံးကို သူ့နောက်လိုက်လာရန် အချက် ပြလိုက်ပြီးနောက် ကျဆုံးဧကရာဇ်တောင်ထဲသို့ စတင် ခြေချလိုက်လေသည်။
“ဟိုဟို၊ မိတ်ဆွေလေး၊ မင်းပဲ အရှေ့က အရင်သွားလိုက်။ ငါနောက်ကနေ လိုက်လာခဲ့မယ်။ ပြီးတော့ ဒီတောင်က ဧကရာဇ် ဖိအားကို တိုက်ရိုက်ကြီး သွားမခုခံနဲ့နော်။ အသာလေး စီးမျောပြီး ခံစားသွားလိုက်” နင်ရှင်းချန်က နောက်တစ်ကြိမ် ကြင်ကြင်နာနာဖြင့် ထပ်မံ သတိပေးလိုက်သည်။
“အခုလို ညွှန်ပြပေးတဲ့အတွက် စီနီယာကို ကျေးဇူး အများကြီး တင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ချိုင်ဟဲ၊ တုစီစီနှင့် လျန်ကွမ်းတို့နှင့်အတူ ကျဆုံးဧကရာဇ်တောင်ထဲသို့ ဝင်သွားခဲ့လေသည်။
နောက်ထပ် သူတော်စင်ဘုရင်အဆင့် ဂျူနီယာလေးယောက် အထဲသို့ ဝင်သွားပြီးနောက်မှသာ နင်ရှင်းချန်နှင့် တန်ခိုးရှင်အဆင့် လေးယောက်တို့ လိုက်ဝင်သွားကြသည်။
ကျဆုံးဧကရာဇ်တောင်ထဲတွင် မွန်းစတားသားရဲများ၏ အန္တရာယ်ကို ကြောက်စရာမလိုသော်လည်း ကျဆုံးဧကရာဇ်တောင်မှ ဧကရာဇ်ဖိအားကို မတောင့်ခံနိုင်ဘဲ ရူးသွပ်သွားသည့် ကျင့်ကြံသူများ၏ ရုတ်တရက် မပြောမဆို ချောင်းမြောင်း တိုက်ခိုက်မှုများကို သတိထားဖို့ လိုပေသည်။
ထိုကျင့်ကြံသူများသည် ကျဆုံးဧကရာဇ်တောင်ကို ကျင့်ကြံရန် လာခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးဧကရာဇ် တောင်ထဲတွင် အကြာကြီးနေမိကာ ဧကရာဇ်ဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ရူးသွပ်သွားသည့်လူများ ဖြစ်ကြပေသည်။
နှစ်စဉ်နှစ်တိုင်း ဤနေရာသို့ ကျင့်ကြံသူပေါင်းများစွာ လာရောက်ကြရာ ထိုကဲ့သို့ ရူးသွပ်သွားကြသည့် ကျင့်ကြံသူ များမှာလည်း မနည်းမနောပင်။ ဤနေရာကို အမဲလိုက် ကွင်းပြင်အဖြစ် သတ်မှတ်ထားပြီး လူသတ်၊ ဓါးပြတိုက်ကြသည့် ကျင့်ကြံသူများမှာလည်း သက်သက်ကို ရှိသေးသည်။
သို့သော်လည်း တန်ခိုးရှင်အဆင့် လေးယောက်ကပါ လိုက်ပါ စောင့်ရှောက်ပေးနေသဖြင့်၊ အထူးသဖြင့် ဖေးကျီတုကဲ့သို့ တန်ခိုးရှင် တတိယအဆင့်က ဦးဆောင်နေသဖြင့် ရန်ကိုင်တို့ ကဲ့သို့ ဂျူနီယာများအဖို့ ထိုကဲ့သို့ ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်နေစရာ မလိုချေ။
ကျဆုံးဧကရာဇ်တောင်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ထဲရှိ သူတော်စင်ချီ လှည့်ပတ်နှုန်း နှေးကွေးသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့် အခါတွင်လည်း ယခင်ကကဲ့သို့ အကျယ်ကြီး မဖြန့်ကျက် နိုင်တော့ဘဲ မီတာထောင်ဂဏန်းလောက်ကိုသာ ဖြန့်ကျက် နိုင်တော့သည်ကို တွေ့ရှိလိုက်ရသည်။
ဧကရာဇ်ဖိအား၏ ဖိနှိပ်မှုအောက်တွင် သူ့ကောင်းကင် စိတ်အာရုံသည် ထိုအတိုင်းအတာအထိ ဖိနှိပ်ခံလိုက်ရသည်။
ထို့အတွက်ကြောင့် ရန်ကိုင် လန့်ပင် လန့်သွားမိသည်။ ထိုဧကရာဇ်ဖိအားဆိုသော အရာသည် သူ့၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံနှင့် တူသလို ရန်ကိုင် ခံးစားလိုက်ရသည်။ သူဘာလုပ်လုပ် တစ်ယောက်ယောက်မှ သူ့အား စောင့်ကြည့်နေသလို ရန်ကိုင် ခံစားနေရသည်။
ဤသည်ပင် နှစ်ပေါင်းများစွာအကြာက ကျန်ရစ်ခဲ့သော ဧကရာဇ်ဖိအား တစ်စွန်းတစ်စလေးသာ ရှိသေးသည်။ ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်ကိုယ်တိုင် သူ့ရှေ့ ရောက်လာခဲ့လျှင် မူကား မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ယခု ထိုကြယ်တာရာကောင်းကင် မဟာဧကရာဇ် အမှန်တကယ် တည်ရှိခဲ့သည် ဆိုသော အချက်ကို ရန်ကိုင် ယုံသွားခဲ့လေပြီ။ ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်မှ ချန်ရစ်ခဲ့သော တံဆိပ်ပြားများ ဖြစ်ကြပြီး ကြယ်ဧကရာဇ်တောင်သည် ထိုဒဏ္ဏာရီလာ မဟာ ပုဂ္ဂိုလ်ကြီးနှင့် တစ်မျိုးတစ်ဖုံ ပက်သက်နေသည်။ ဤကျဆုံး ဧကရာဇ်တောင်သည်လည်း အတူတူပင်။
ထိုအရာသုံးခုသည် လေထဲမှ ဗြုန်းစားကြီး ပေါ်လာခဲ့သော အရာများ မဟုတ်နိုင်ကြရာ၊ ထို့ကြောင့် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် တည်ရှိခဲ့သည်မှာ လုံးဝကို ဖြစ်နိုင်ပေသည်။
ဧကရာဇ်ဖိအားနှင့် ရင်ဆိုင်ရသည့်အခါ ရန်ကိုင် အနေဖြင့် ပြန်၍ ခုခံချင်လိုက်မိသည်။ သို့သော်လည်း နင်ရှင်းချန်၏ သတိပေး စကားနှင့် ချိုင်ဟဲ၊ အခြားသူများသည်လည်း မခုခံဘဲ ဖိအားအောက်တွင် အလိုက်သင့် စီးမျောနေသည်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင်လည်း တည်ငြိမ်သွားပြီး ထိုဖိအားကိုသာ အလိုက်သင့် စီးမျောခံစားတော့လေသည်။
ဤနေရာသည် ကျဆုံးဧကရာဇ်တောင်၏ အစွန်ဖျားပိုင်း ဖြစ်သည့်အတွက်ကြောင့် ဧကရာဇ်ဖိအားသည် အရမ်းကြီး ပြင်းထန်ခြင်း မရှိချေ။ ထို့ကြောင့် ဧကရာဇ်ဖိအားကို ခဏလောက် မခုခံဘဲနေလိုက်ရုံဖြင့် သူ့အား မည်သည့် အန္တရာယ်မှ မဖြစ်စေနိုင်ချေ။
ဖေးကျီတုနောက်မှ လိုက်သွားခဲ့ရာ ရန်ကိုင်တို့ ရှစ်ယောက် အဖွဲ့ အခြား မည်သည့် ကျင့်ကြံသူနှင့်မှ မကြုံတွေ့ခဲ့ရချေ။
သူတို့ ဤနေရာသို့ လာသည့် အကြောင်းကို လူမသိလေ ပိုကောင်းလေ ဖြစ်သဖြင့် ဖေးကျီတုသည် အခြား ကျင့်ကြံသူများနှင့် မတွေ့မိအောင် တတ်နိုင်သမျှ ရှောင်တိမ်း သွားသည်။
မျက်တောင်တစ်ခတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ကျဆုံးဧကရာဇ်တောင်ထဲသို့ ဆက်သွားနေသည်နှင့် အမျှ ဧကရာဇ်ဖိအားမှာ တဖြည်းဖြည်း ပိုအားကောင်းလာခဲ့သည်။ သို့သော်ငြား ထိုအချက်နှင့် ပက်သက်၍ ရန်ကိုင် စိတ်မပူမိ၊ ပျော်ပင် ပျော်နေမိသေးသည်။ အကြောင်းမှာ နှစ်ရက်အတွင်း သူ့စိတ်စွမ်းအင် ယခင်ထက် ပိုအားကောင်းလာသည်ကို သတိ ပြုမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ဧကရာဇ်ဖိအား၏ လွှမ်းမိုမှုကြောင့် သူ့အသိစိတ်ပင်လယ်ပင် အနည်းငယ် ပို၍ သန့်စင်လာခဲ့သည်။
ဤနေရာသည် အမှန်တကယ် ဝိဥာဉ်ကို ကျင့်ကြံလို့ကောင်းသည့် နေရာတစ်ခု ဖြစ်ပေသည်။ ရန်ကိုင် အနေဖြင့် ကုန်းရုန်း ကျင့်ကြံနေစရာ မလိုအပ်။ ဒီအတိုင်းလေး ရပ်နေလိုက်ရုံနှင့်ပင် သူ့ဝိဥာဉ်သည် တဖြည်းဖြည်း ပို၍ အားကောင်းလာနေပေလိမ့်မည်။
သို့သော်လည်း ဧကရာဇ်ဖိအားမှာ ဝိဥာဉ် ကျင့်ကြံခြင်း အတွက်သာ သင့်တော်သည်မှာ နည်းနည်းဆိုးသွားသည်။ ရှီကို ပို၍ လွယ်လွယ်ကူကူ သိပ်သည်းပေးနိုင်အောင် ကူညီပေးရုံမှလွဲ၍ အခြား ဘာအကျိုးထူးမှ မရှိချေ။ ကျင့်ကြံသူ တစ်ယောက်၏ ခွန်အားကို တိုးတက်အောင်လည်း မကူညီပေးနိုင်ချေ။ မဟုတ်လျှင် ဤနေရာသည် ကျင့်ကြံသူများအတွက် သုခဘုံတစ်ခု ဖြစ်နေလောက်ပေပြီ။ အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများလည်း ဤနေရာကို ရရန်အတွက် ပြိုင်ဆိုင်နေကြလောက်ပေပြီ။
သုံးရက်လောက် ဆက်လျှောက်လာပြီးနောက် ရန်ကိုင် အခက်အခဲ စတင် ကြုံတွေ့ခဲ့ရသည်။ အကြောင်းမှာ ရှင်းပေသည်။ ဧကရာဖ်ဖိအားသည် လူတစ်ယောက်၏ ဝိဥာဉ်ကို ပိုမို အားကောင်းအောင် ကူညီပေးနိုင်သော်လည်း ထိုဝိဥာဉ်သည် ဧကရာဇ်ဖိအားကို တောင့်ခံနိုင်ရန် လိုအပ်သည်။ အဆက်မပြတ် အားကောင်းလာနေသော ဧကရာဇ်ဖိအားကို တောင်ခံရာတွင် အခက်အခဲရှိသည်မှာ သဘာဝသာ။
ရန်ကိုင်၏ စွမ်းဆောင်ရည်မှာလည်း အတော်လေး ကောင်းမွန်လှသည်ဟု ပြော၍ရသည်။ ဤငါးရက် အတောအတွင်း ရန်ကိုင်သည် ဧကရာဇ်ဖိအားကို သူတော်စင်ချီအား မလှည့်ပတ်ဘဲ ဒီအတိုင်း ခုခံနေခဲ့ခြင်း ဖြစ်သည်။
အခြားသူတော်စင်ဘုရင် သုံးယောက်ဆိုလျှင် ယမန်နေ့ ကတည်းက သူတို့၏ စိတ်စွမ်းအင်ကိုသုံးကာ ဧကရာဇ်ဖိအားကို ခုခံနေခဲ့ရလေပြီ။ ထိုတစ်ချက်တည်းနှင့်ပင် မည်သူ၏ ဝိဥာဉ် ပို၍ အားကောင်းသလဲဆိုသည်ကို အထင်သား မြင်နိုင်နေလေပြီ။
ထိုအဖြစ်အပျက်ကြောင့် သူတော်စင်ဘုရင်အဆင့် သုံးယောက်ပင် မဟုတ်၊ တန်ခိုးရှင်အဆင့် ပညာရှင်များလည်း အံ့အားသင့်သွားခဲ့ကြရသည်။
ချိုင်ဟဲနှင့် အခြားဂျူနီယာများသည် ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်ငြား နှစ်ယောက်သည် အစီအရင်ပညာတွင် ကျွမ်းကျင်ပြီး ကျန်တစ်ယောက်သည် ရုပ်သေးရုပ်များကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
အစီအရင်ပညာနှင့် ရုပ်သေးရုပ်များကို ထိန်းချုပ်ခြင်းသည် အားကောင်းသော စိတ်စွမ်းအင်ကို လိုအပ်ပေသည်။ အထူးသဖြင့် လျန်ကွမ်း အသုံးပြုသည် ရုပ်သေးရုပ်ထိန်းချုပ်ခြင်းပင်။ ရာပေါင်းများစွာသော ရုပ်သေးရုပ်များကို တစ်ပြိုင်တည်း ထိန်းချုပ်ရခြင်း ဖြစ်သည့် အတွက်ကြောင့် အလွန် အားကောင်းသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။
ထို့ကြောင့် ထိုလူငယ်လေး သုံးယောက်၏ စိတ်စွမ်းအင်သည် သာမန် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများထက် အများကြီး ပိုမို သာလွန်သည်ဟုပင် ပြော၍ရသည်။
သို့သော်လည်း သူတို့ပင်လျှင် ရန်ကိုင်နှင့် ယှဉ်လိုက်သည့်အခါ သိသိသာသာကို အားနည်းနေခဲ့ရသည်။
သူတို့ မအံ့ဩဘဲ ဘယ်နေတော့မည်နည်း။ ထိုမျှ အားကောင်းသော ဝိဥာဉ်ကို ပိုင်ဆိုင်ထားရလောက်အောင် ရန်ကိုင် မည်ကဲ့သို့သော ကျင့်စဉ်ကိုများ ကျင့်ကြံထားလေသလဲဟုပင် ကြိတ်၍ တွေးနေကြလေပြီ။
သို့သော်လည်း ရန်ကိုင်ကမူ သူတို့ကို ဂရုစိုက်မနေပါချေ။ သူလုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်။ ဧကရာဇ်ဖိအားကို ခုခံလိုက်မည်ဆိုလျှင် သူလက်ရှိ ရနေသည့် အကျိုးအမြတ်များကို ရတော့လိမ့်မည် မဟုတ်ဟု ခံစားနေမိသည်။ ထို့ကြောင့် ဧကရာဇ် ဖိအားကို မခုခံသေးဘဲ အလိုက်သင့် စီးမျော၍သာ ခံစားနေခဲ့သည်။
ထိုအချက်ကို တုစီစီ သတိပြုမိလိုက်ချိန် သူမ မကျေမနပ် ဖြစ်သွားခဲ့သည်။ သိုင်းခရီးလမ်းကြောင်းကို စလျှောက်သည့် အချိန်မှစ၍ စိတ်ဝိဥာဉ်အစီအရင်များကို လေ့လာခဲ့သည့် အတွက်ကြောင့် သူမ၏ စိတ်စွမ်းအင်သည် အဆင့်တူ ကျင့်ကြံသူများထက် အမြဲတမ်း ပိုအားကောင်းခဲ့သည်။ ရန်ကိုင်၏ အပြုအမူသည် သူမ၏ မာနကို ထိခိုက်စေသလို တုစီစီ ခံစားနေခဲ့ရသည်။
ထို့ကြောင့် အံကြိတ်၍ ဧကရာဇ်ဖိအားကို မခုခံတော့ဘဲ ပြန်လည် စီးမျောခံစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ချိုင်ဟဲသည် တုစီစီ ထိုကဲ့သို့ လုပ်နေသည်ကို သတိမပြုမိ၊ တုစီစီ၏ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်ကို သတိ ပြုမိလိုက်သည့်အခါမှသာ သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် စိုးရိမ်စိတ်ဖြင့် အဆင်ပြေသလားဟု သွားမေးခဲ့သော်လည်း အေးစက်စက် တုန့်ပြန်ခြင်းသာ ခံလိုက်ရသဖြင့် ခါးသက်သက် ပြုံးလျက် ပြန်ဆုတ်လာရုံသာ တတ်နိုင်ခဲ့သည်။
နွံအိုင်ကြီးတစ်အိုင်ရှေ့သို့ ရောက်လာခဲ့သည့်အခါ ဖေးကျီတု ရုတ်တရက် ရပ်လိုက်ပြီး သူ့ရှေ့ရှိ နွံ့အိုင်ကို အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် မြေပုံကို တစ်ဖန် ထုတ်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည် “ငါတို့ ရောက်တော့မယ်၊ မင်းတို့အားလုံး အနီးကပ်လိုက်လာခဲ့ကြ”
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး စိတ်အား တက်ကြွသွားကြပြီး အလျင်အမြန် အရှိန်တင်လိုက်ကြလေသည်။
ဤနွံ့အိုင်ကြီးသည် ဧရာမတောင်ကြားကြီး တစ်ခု၏ ချိုင်းဝှမ်းတစ်ခု ဖြစ်ပေသည်။ ဤကျဆုံးဧကရာဇ်တောင်ဆီသို့ နေစဉ်နှင့်အမျှ လူပေါင်း မရေမတွက်နိုင်အောင် လာကြသော်ငြား ဤနေရာတွင် နွံ့အိုင်ကြီးတစ်အိုင် ရှိနေသည့် အကြောင်းကို မည်သူမှ မသိကြချေ။ သို့သော်လည်း နွံ့အိုင်မှ ထွက်နေသော အနံ့အသက်အရ အိုင်တွင်းရှိ ရေများသည် အဆိပ်ရှိသည့် ရေများ ဖြစ်သည်မျာ သေချာလှသည်။ ထို့ကြောင့် လူများ ဤနေရာသို့ မလာကြသည်မှာလည်း မထူးဆန်းချေ။
တကယ်တော့ ကျင့်ကြံသူများ ဤတောင်သို့ လာခြင်းသည် သူတို့၏ ဝိဥာဉ်ကို ကျင့်ကြံလိုသည့် အတွက်ကြောင့် ဖြစ်သည်။ ဝိဥာဉ်ကို ကျင့်ကြံရန်အတွက် တောင်သို့ ရောက်သည်နှင့် ကျင့်ကြံလို့ ကောင်းသည့် နေရာတစ်ခုကို ရှာရမည် ဖြစ်လေရာ အဆိပ်ရှိပြီး နေလို့ထိုင်လို့ မကောင်းသည့် ဤနေရာသို့ မည်သူ လာမည်နည်း။
ဖေးကျီတု၏ ဦးဆောင်မှုနောက်လိုက်ရင်း နွံအိုင်ကို အချိန် အတော်ကြာအောင် ကျော်ဖြတ်လာပြီးနောက်၊ ဖေးကျီတုသည် ရုတ်တရက် အတော်လေးကို ကြီးမားသည့် ဗွက်အိုင် တစ်အိုင် ရှေ့တွင် ရပ်လိုက်လေသည်။
“ဒီနေရာလား” နင်ရှန်းချန်က ဖေးကျီတုဆီ သွားလိုက်ပြီး မေးလိုက်သည်။
“ဟုတ်တယ်။ ချင်းအိုကြီးပြောတဲ့အတိုင်းဆို ဒီနေရာပဲ။ ဒါပေမယ့် ဝင်ပေါက်ကို ရှာဖို့ကတော့ သိသူဖော်စား၊ မသိသူ ကျော်သွားပဲ” ပြောပြီးသည်နှင့် ဖေးကျီတုသည် ပုတီးစေ့ တစ်စေ့ကို ထုတ်၍ ဗွက်အိုင်အလယ်ဆီသို့ ပစ်ချလိုက်သည်။
ပုတီးစေ့ ဗွက်အိုင်ထဲသို့ ကျသွားသည်နှင့် တစ်ပြိုင်နက် တည်ငြိမ်နေသော ဗွက်အိုင် ရုတ်တရက် လှိုင်းထလာခဲ့သည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်မြူခိုးများ ဗွက်အိုင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပတ်ပတ်လည်ရှိ အပူချိန် ရုတ်ချည်း ထိုးကျသွားခဲ့လေသည်။
ခရက်…
ရေခဲသံများနှင့်အတူ ဧရာမဗွက်အိုင်ကြီး အလျင်အမြန် အေးခဲသွားပြီးပြီး မှောင်မိုက်နေသည့် လမ်းကြောင်းတစ်ခုသာ အိုင်အလယ်ဗဟိုတွင် ကျန်ရစ်ခဲ့သည်။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုအပေါက်ကို စစ်ဆေးကြည့်သော်လည်း ဘာမှ မတွေ့ခဲ့ရချေ။
ခဏလောက် စောင့်နေပြီးနောက် ရေခဲနေသည့်သံများ ရပ်သွားပြီး လိုဏ်ခေါင်းလမ်းကြောင်းလည်း လုံးဝ တည်ငြိမ်သွားခဲ့သည်။ ထိုအခါမှသာ ဖေးကျီတုက ခေါင်းညိတ်၍ “သွားကြမယ်။ ရောင်းရင်းနင်းချန်၊ ခင်ဗျား နောက်ဆုံးကနေ လိုက်လာခဲ့လိုက်။ ကျုပ် ဒီကောင်တွေနဲ့ အရင် ဆင်းသွားနှင့်မယ်”
“နားလည်ပြီ” နင်ရှန်းချန်က ခေါင်းညိတ်လိုက်သည်။
ဖေးကျီတု ရန်ကိုင်တို့ အဖွဲ့ကို လှည့်ကြည့်လိုက်သည်။ သို့သော် တုစီစီ၏ ဖြူဖတ်ဖြူလျော် အသားအရေးနှင့် ချွေးစိုရွဲနေသည့် ပုံစံကိုမြင်သော် ဖေးကျီတု အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ တုစီစီ ရန်ကိုင်နှင့် လိုက်ပြိုင် နေသည်ကို သူသတိမပြုမိဘဲ ဘယ်နေမည်နည်း။ ဤခရီးသည် အလွန်ကိုမှ အရေးကြီးပေသည်။ တကယ့် အစီအရင်ပညာရှင် တစ်ယောက်ကို ရှာမတွေ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုမိန်းကလေးကို ခေါ်လာခဲ့လိမ့်မည် မဟုတ်ချေ။
ဖေးကျီးတုသည် ရန်ကိုင်နှင့် အခြား သူတော်စင်ဘုရင်များကို သူ့သူတော်စင်ချီဖြင့် လွှမ်းခြုံပေးပြီးနောက် လိုဏ်ခေါင်းထဲသို့ ချက်ချင်း ခုန်ဆင်းသွားလေသည်။
မီတာထောင်ပေါင်းများစွာ ခုန်ဆင်းလာပြီးသည့် နောက်တွင် ရန်ကိုင်တို့အဖွဲ့ မြေကြီးပေါ်သို့ ရောက်လာခဲ့သည်။ မြေကြီးပေါ်သို့ ရောက်ရောက်ချင်း ရေစီးသံကို ရန်ကိုင် ကြားလိုက်ရသည်။ ဖေးကျီတုမှ ထုတ်လွှတ်နေသည့် အပြာရောင် စက်ဝန်း၏ အလင်းရောင်ကြောင့် သူနှင့်အနီးတွင် မြေအောက်မြစ်တစ်စင်း ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။
ထို့အပြင် အစောပိုင်းက သူတို့အား လွှမ်းခြုံထားခဲ့သော ဧကရာဇ်ဖိအားမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
“ဒီနေရာမှာ မြေအောက်လိုဏ်ခေါင်းကြီးတစ်ခု တကယ် ရှိနေတာလားဟ” ချိုင်ဟဲ ဘေးပတ်ပတ်လည်း အထူးအဆန်း အမူအရာဖြင့် လှည့်ပတ်ကြည့်သည်။ ကျဆုံးဧကရာဇ်တောင်တွင် ဤကဲ့သို့သော နေရာတစ်နေရာ ရှိလိမ့်မည်ဟု မထင်ထားသည့် ပုံပင်။
“ဟုတ်တယ်။ ရှေးဟောင်းအပျက်အစီး နယ်မြေကိုသာ အဲ့လောက် ရှာရလွယ်နေရင် ဒီနေရာတစ်ခုလုံး အထက်အောက် ပြောင်းပြန် ဖြစ်နေလောက်ပြီ။ ဟိုတစ္ဆေအိုကြီးလည်း ဒီကနေ ဘာမှ ရခဲ့မှာ မဟုတ်ဘူး” ဖေးကျီတုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် တုစီစီအား စူးရဲစွာ စိုက်ကြည့်လျက် “ဒီမှာခဏနားနေလိုက်။ ဒါမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆို့ ငါတို့နောက် ဆက်လိုက်လာစရာ မလိုတော့ဘူး”
တုစီစီ သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် ခေါင်းညိတ်လိုက်၏။ သူမသည် မာနကြီးပြီး မောက်မာသည့် အမျိုးသမီး တစ်ဦး ဖြစ်သော်လည်း ဖေးကျီတုကို သွားမခန့်လေးစား မလုပ်ရဲချေ။
ခဏလောက် စောင့်နေပြီးနောက် နင်ရှန်းချန်နှင့် အခြား တန်ခိုးရှင်အဆင့်များပါ အောက်သို့ ရောက်လာခဲ့သည်။ သူတို့ပါ ရောက်လာပြီးနောက် ချက်ချင်း ထမသွားကြသေးဘဲ ခဏလောက် အနားယူရန် ဆုံးဖြတ်လိုက်သည်။
ရန်ကိုင်သည် တစ်နေရာဆီ တိတ်တဆိတ် စိုက်ကြည့်နေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုအရိပ်ဆီမှ ရှေးဟောင်းဆန်ပြီး သီးခြားဆန် ခြောက်ကပ်ကပ် အရှိန်အဝါတစ်ခုကို ခံစားမိနေသည်။ စကားလုံးဖြင့် မည်ကဲ့သို့ ဖော်ပြရမှန်း မသိသော်လည်း ထိုအရှိန်အဝါသည် အတော်လေး စွဲမက်ဖွယ်ကောင်းသည်ဟုတော့ သူပြောနိုင်သည်။
ရန်ကိုင် ထိုဘက်သို့ စိုက်ကြည့်နေသည်ကို ဖေးကျီတု မြင်သည့်အခါ မျက်ခုံးပင့်သွားခဲ့ရလေသည်။ အကြောင်းမှာ ရန်ကိုင် စိုက်ကြည့်နေသည့် အရပ်သည် သူတို့ အနားယူပြီးလျှင် ဆက်သွားမည့်ဘက် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၉)
နာရီဝက်ကြာပြီးနောက် အကုန်လုံး အားပြန်ပြည့်လာခဲ့သည်။ ထိုအခါ ဖေးကျီတုက အားလုံးကို သွားရန် အချက်ပြလိုက်လေသည် “သွားကြမယ်”
ပြောပြီးသည်နှင့် ရန်ကိုင် စိုက်ကြည့်နေခဲ့သည့်ဘက်ဆီသို့ မြေအောက်မြစ်ကြောင်းအတိုင်း လျှောက်သွားလေသည်။
ရှေ့သို့ ဆက်သွားနေသည်နှင့်အမျှ ရှေးဟောင်းဆန်၍ ခြောက်ကပ်ကပ် အရှိန်အဝါသည် ပိုပို၍ ထင်ရှားလာခဲ့သည်။ နောက်ဆုံး ချိုင်ဟဲနှင့် အခြားသူများပင် သတိပြုမိလာခဲ့ရာ အကုန်လုံး စိတ်လှုပ်ရှားသွားကြလေသည်။
ထိုကဲ့သို့ အရှိန်အဝါမျိုးကို ထုတ်လွှတ်နိုင်သော မည်သည့် အရာမဆို အလွန်ကိုမှ အိုဟောင်းနေ၍သာ ဖြစ်ရပေမည်။ တစ်နည်းဆိုရသော ထိုအရာသည် ရှေးအလွန်ခေတ်က ဖြစ်ရပေမည်။ ဤအဖွဲ့ထဲတွင် ရှိနေသူ အားလုံးသည် အတွေ့အကြုံခရီးများစွာ ထွက်ခဲ့ဖူးသူများ ဖြစ်ကြသဖြင့် ထိုအရှိန်အဝါကို ထုတ်လွှတ်နေသော နေရာသည် ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခု ဖြစ်လိမ့်မည်မှန်း သိနေကြသည်။
မသိလျှင်ပင် ဖေးကျီတု သူတို့အား လိမ်ညာလိမ့်မည် မဟုတ်ချေ။ သူတို့ ပန်းတိုင်ဆီသို့ နီးကပ်လာသည်နှင့် အကုန်လုံး စိတ်လှုပ်ရှားလာမိကြသည်။
ယခုတစ်ကြိမ် ခရီးစဉ်တွင် ချင်းတုန်ကို ကယ်ဆယ်ရေးသည် အဓိက ဖြစ်သည်။ သို့သော် ခရီးစဉ်အတောအတွင်း အခြားသော အကျိုးအမြတ်များစွာကိုလည်း ရနိုင်ပေသေးသည်။
အလွန်ကိုမှ လူလာနည်းလေ့ရှိသော ဤကဲ့သို့သော နေရာမျိုးတွင် ရှိနေသည့် ရှေးဟောင်းအပျက်အစီး နယ်မြေတွင် ရတနာရှာတွေ့နိုင်ချေမှာ အတော်လေး ရာခိုင်နှုန်း မြင့်သည်။
သို့သော်လည် ခဏအကြာတွင် အားလုံးရှေ့ ဟင်းလင်းပြင် အစီအရင်တစ်ခု ပေါ်လာသဖြင့် အကုန်လုံး အံ့အားသင့်သွားခဲ့ရ၏။
သူတို့ ခံစားနေမိသော ခြောက်ကပ်ကပ် အရှိန်အဝါသည် ထိုဟင်းလင်းပြင် အစီအရင်မှာ လာနေခဲ့ခြင်း ဖြစ်သည်။ ထိုဟင်းလင်းပြင် အစီအရင်သည် အရိပ်ကြယ်ပေါ်တွင် လက်ရှိ အသုံးပြုနေသော ဟင်းလင်းပြင် အစီအရင်များနှင့် အနည်းငယ် ကွာခြားပေသည်။ အတော်လေး တူညီသည်ဟု ဆိုနိုင်သော်ငြား ကွာခြားချက်များစွာ ရှိနေသေးသည်။
ရန်ကိုင်သည်လည်း ဟင်းလင်းပြင် အစီအရင်များစွာကို မြင်ခဲ့ဖူးသလို ဟင်းလင်းပြင်တာအိုကိုပင် ကျင့်ကြံထားသူ ဖြစ်သဖြင့် ထိုဟင်းလင်းပြင် အစီအရင်ကို မြင်လိုက်သည်နှင့် ထိုအရာသည် ဟိုးယခင် နှစ်ပေါင်းများစွာမှ ကျန်ရစ်ခဲ့သော အရာတစ်ခုဖြစ်မှန်း ချက်ချင်း သိလိုက်သည်။
ထိုသို့သာ ဖြစ်မည်ဆိုပါက လက်ရှိ အရိပ်ကြယ်ပေါ်တွင် အသုံးပြုနေသော ဟင်းလင်းပြင် အစီအရင်များနှင့် ထိုဟင်းလင်းပြင် အစီအရင် မတူညီရခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။ တကယ်တော့ အရိပ်ကြယ်ပေါ်ရှိ ဟင်လင်းပြင် အစီအရင်များကို ခေတ်အဆက်ဆက် အမျိုးမျိုး ပြောင်းလဲ ပြုပြင်ခဲ့ကြသည် မဟုတ်ပေလော။
ဟင်းလင်းပြင် အစီအရင်ဘေးတွင် စွမ်းအင် မရှိတော့သော အဆင့်မြင့် သူတော်စင်သလင်းကျောက်များ ထည့်ထားသည့် မြောင်းငယ်လေးတစ်ခု ရှိနေခဲ့သည်။
ဖေးကျီတုသည် စွမ်းအင် ကုန်သွားပြီ ဖြစ်သော သူတော်စင် သလင်းကျောက်များကို ထုတ်လိုက်ပြီး တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လျက် “ဟုတ်တယ်၊ ဒီဟင်းလင်းပြင်အစီအရင်ကို သက်ကြားအိုကြီး ချင်းတုန် သုံးသွားတာ။ ဒီသူတော်စင်သလင်းကျောက်တွေကို သုံးထားတာ သိပ်မကြာသေးဘူး”
“အဲ့လိုဆိုမှတော့ မြန်မြန် ဝင်ကြတာပေါ့” နင်ရှန်းချန်က စိုးရိမ်တကြီး ပြောလိုက်သည်။
ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ငါတို့ ဝင်ရမှာတော့ အသေအချာပဲ။ ဒါပေမယ့် ဒီအစီအရင်ရဲ့ ဟိုဘက်မှာ ဘာရှိတယ်ဆိုတာ ငါတို့ ဘာမှသိတာ မဟုတ်ဘူး။ ချင်းအိုကြီး ကလည်း ဘာမှ သေချာပြောထားတာ မဟုတ်ဘူး။ ဒီနေရာကို ရှာတွေ့တယ် ဆိုတာတောင် ကံကောင်းလို့လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ရှေးဟောင်းအပျက်အစီး နယ်မြေက သူ့ကိုတောင် ပိတ်ထားနိုင်တယ်ဆိုတော့ တော်တော်လေး အန္တရာယ်များမှာ အသေအချာပဲ။ မင်းတို့ကလေးတွေ မဆင်မခြင် ဝင်သွားလို့ မဖြစ်ဘူး။ ငါနဲ့ အနီးကပ်နေ၊ အဲ့ဒါမှ အန္တရာယ်နဲ့ ကြုံရရင် မင်းတို့ကို ကာကွယ်ပေးနိုင်မှာ။ နားလည်လား”
ချိုင်ဟဲနှင့် အခြားသူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
သူတော်စင်ဘုရင် လေးယောက်စလုံး နာနာခံခံနှင့် ရှိနေသည်ကို မြင်သော် ဖေးကျီတု ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်းလျက် မြောင်းငယ်လေးထဲ အဆင့်မြင့် သူတော်စင်သလင်းကျောက်များ ထည့်လိုက်လေသည်။
ချက်ချင်းဆိုသလို ဟင်းလင်းပြင်အစီအရင် တလက်လက် တောက်ပလာပြီး ရန်ကိုင်တို့ ရှစ်ယောက်စလုံး ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့ကြသည်။
ရန်ကိုင်တို့ ရှစ်ယောက် ပြန်ပေါ်လာသည့်အခါ တစ်ခြား တစ်နေရာသို့ ရောက်နေခဲ့လေပြီ။
ရောက်သည်နှင့် တစ်ပြိုင်နက် ဖေးကျီတုနှင့် အခြား တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် ချက်ချင်းပဲ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ကြသည်။ ပတ်ဝန်းကျင်ကို စစ်ဆေးနေစဉ် အတောအတွင်း အန္တရာယ် ကျရောက်လာသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားနိုင်ရန် သူတော်စင်ချီကို ကြိုတင် စုစည်းထားလိုက်ကြသည်။
မည်သည့် အန္တရာယ်မှ မရှိမှန်း သေချာသွားတော့မှပဲ ဖေးကျီတုနှင့် အခြားပညာရှင်များ သက်ပြင်းချလိုက်နိုင်ပြီး ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်လေသည်။
ရန်ကိုင်သည်လည်း ထိုအခိုက်အတန့်ကို အခွင့်အရေး ယူလျက် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ လက်ရှိ သူတို့ ရောက်နေသည့် နေရာသည် အတော်လေးကိုမှ ထူးခြားဆန်းကြယ်လှသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် အပြင်ဘက်နှင့် စာလျှင်၊ အများကြီး ပိုသိပ်သည်းသည်။ နဂါးလိုဏ်ဂူတောင်ထက်ပင် ပို၍ မိုးမြေစွမ်းအင် သိပ်သည်းသေးသည်။ ထို့အပြင် အပြာရောင် ကောင်းကင်ထက်ဝယ် တောက်ပထွန်းလင်းနေသော နေတစ်စင်းနှင့် အဖြူရောင် တိမ်စိုက်တိမ်တိုက်များလည်း သူတို့ ခေါင်းထက်တွင် ရှိနေသေးသည်။
ရန်ကိုင်တို့ ရောက်လာသည့် နေရာသည် ရှေးဟောင်းဂိုဏ်း တစ်ဂိုဏ်း၏ အပျက်အစီးပုံကြီး ဖြစ်ဟန်ထင်ရသော အဆောက် အဦးများကြားတွင် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်သည့်အခါ သူတို့ ရှစ်ယောက်အဖွဲ့မှလွဲ၍ အခြား မည်သည့် သက်ရှိမှ မရှိသည်ကို တွေ့လိုက်ရသည်။
“ဒီနေရာက ရှေးဟောင်းအပျက်အစီးနယ်မြေလား” နင်ရှန်းချန်နှင့် အခြားသူများအားလုံး မယုံချင်ကြသလို ဖြစ်သွားသည်။
“ဟုတ်တယ်။ ဒါငါတို့ ရှာနေတဲ့ ရှေးဟောင်း အပျက်အစီး နယ်မြေပဲ” ဖေးကျီတုက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောသည်။ ထို့နောက် တစ်နေရာဆီသို့ လက်ညိုးထိုးပြကာ “အဲ့စာလုံးတွေကို ကြည့်လိုက်။ အခုလက်ရှိ ငါတို့ အရိပ်ကြယ်ပေါ်မှာ သုံးနေတာနဲ့ နည်းနည်းလေးမှမတူဘူး။ ပြီးတော့ အရင် နှစ်တစ်သောင်း အတွင်း အဲ့စကားတွေ သုံးခဲ့တဲ့ အကြောင်းလည်း တစ်ခါမှ မကြားဖူးဘူး”
ဖေးကျီတု ညွှန်ပြနေသော ဘက်တွင် အိမ်လေးတစ်လုံး ရှိနေခဲ့သည်။ အိမ်လေးကို သားနားစွာ ဆောက်လုပ်ထားပြီး ဒုတိယထပ် နေရာမှ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားခဲ့သည်။ ဆိုင်းဘုတ်ပေါ်ရှိ စာသားများ မည်သည့် အရာအား ဆိုလိုသလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။
ထိုကဲ့သို့ သူတို့ နားမလည်သည့် စကားလုံးများ ရေထားသည့် ဆိုင်ဘုတ်များ ချိတ်ဆွဲထားသည့် အခြား အဆောက်အဦးများလည်း ရှိနေပေသေးသည်။
“တကယ်ကြီး ရှေးဟောင်းအပျက်အစီး နယ်မြေ၊ ရှေးဟောင်း အပျက်အစီးနယ်မြေလို့တောင် မထင်ရဘူး” နင်ချန်းရှန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ တန်ခိုးရှင် ဒုတိယအဆင့် လူကြီးနှင့် အဘွားအိုကြီးတို့လည်း စိတ်လှုပ်ရှားလာခဲ့သည်။
သူတို့ ရှေးဟောင်းအပျက်အစီးနယ်မြေများကို တစ်ခါမှ မတွေ့ဖူးခြင်း မဟုတ်၊ တွေ့ဖူးပေသည်။ သို့သော် သူတို့ တွေ့ဖူးသည် ရှေးဟောင်းအပျက်အစီး နယ်မြေသည် အတော့်ကို စုတ်စုတ်ပြတ်ပြတ် ဖြစ်နေခဲ့သည်။ ထို့အပြင် အခြားလူများကလည်း ထိုရှေးဟောင်းအပျက်အစီးနယ်မြေများကို ရှာဖွေပြီးသွားလေပြီ။
ယခုကဲ့သို့ မည်သူ တစ်ဦးတစ်ယောက်မှ သေသေချာချာ မရှာဖွေ၊ မစူးစမ်းရသေးသည့် ရှေးဟောင်းအပျက်အစီးနယ်မြေ ဆိုသည်မှာ အတော့်ကိုမှ ရှားပါးလှပေသည်။ သူတို့သာ ချင်းတုန်ကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဤနေရာကို စိတ်ကြိုက် ရှာဖွေစူးစမ်းနိုင်ပေလိမ့်မည်။
ထိုအကြောင်း စဉ်းစားမိလိုက်သည့်အခါ တန်ခိုးရှင်အဆင့် ပညာရှင်များ ရုတ်တရက် စိတ်အားထက်သန်လာခဲ့ကြသည်။
“အခု ချင်းအိုကြီးကို ကယ်ဖို့က အရေးအကြီးဆုံးပဲ။ သူ့ကို ကယ်ပြီးမှ ဒီနေရာကို လာစူးစမ်းလည်း နောက်မကျသေးဘူး” ဖေးကျီတုက သတိပေးလိုက်သည်။ အကုန်လုံးကလည်း ခေါင်းညိတ်ပြလိုက်လေသည်။
တကယ်တော့ သူသည် အားလုံးအနက်တွင် အားအကောင်းဆုံး ဟုတ်သလို တန်ခိုးရှင်အဆင့်များသည်လည်း သူနှင့် အတော်လေး ဆက်ဆံရေး ကောင်းမွန်ပေသည်။ ထို့ကြောင့် သူပြောသည်ကို မည်သူမှ မငြင်းဆိုခဲ့ကြချေ။
ချက်ချင်းပဲ ဖေးကျီတုသည် ချင်းတုန် ချန်ထားခဲ့သည့် အမှတ်အသားများကို လိုက်လံရှာဖွေခဲ့သည်။ ချင်းတုန်သည် ဤနေရာသို့ လာပြီးနောက် လိုရမယ်ရ အမှတ်အသားများ ချန်ထားရစ်ခဲ့ပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဖေးကျီတု အနေဖြင့် ချင်းတုန်အား မည်သည့်နေရာမှ စရှာလို့ ရှာရမှန်းမသိ ဖြစ်နေပေလိမ့်မည်။
ခဏကြာပြီးနောက်တွင် ဖေးကျီတု ချင်းတုန် ထွက်သွားသည့် လမ်းကြောင်းကို ရှာတွေ့သွားပြီး ထိုလမ်းအကြောင်းအတိုင်း လိုက်သွားခဲ့လေသည်။
အကုန်လုံး သူ့နောက်မှ လိုက်သွားခဲ့ကြသည်။ သူ့နောက်သို့ လိုက်သွားရင်း မြင်မြင်သမျှ အဆောက်အဦးများကို ကြည့်လျက် အကုန်လုံး သက်ပြင်းတချချ လုပ်နေကြသည်။ ချင်းတုန်ကို ကယ်ဖို့ အလျင်လိုနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုအဆောက်အဦးများကို စိတ်ကြိုက် သွားရှာဖွေမိပေလိမ့်မည်။
အကောင်းအတိုင်း ရှိနေသေးသည့် အဆောက်အဦးများစွာ ရှိနေသေးသဖြင့် ထိုအဆောက်အဦးများထဲတွင် ကောင်းနိုးရာရာ တစ်ခုလောက် ရှာမတွေ့မည်ကို စိုးရိမ်စရာ မလိုချေ။
သို့သော်လည်း ယခုမူ ပိုအရေးကြီးသည့် ကိစ္စတစ်ခု ရှိနေသဖြင့် ထိုအရာများကို မျက်ကွယ်ပြုထားခဲ့ရပေတော့မည်။
အမွှေးတိုင်တစ်ချောင်းစာအထိ သွားနေပြီးသည့်တွင် သူတို့ ရှစ်ယောက်စလုံး မည်သည့် အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရချေ။ သို့သော် အကုန်လုံး စိတ်သက်သာရာ မရသွားသည့်အပြင် သူတို့၏ အမူအရာမှာ ပို၍ လေးနက်တည်ကြည်လာခဲ့လေသည်။
ရုတ်တရက် ထူးဆန်းသင်းပျံ့သော ဆေးရနံ့တစ်ခုကို အကုန်လုံး ရလိုက်ကြသည်။ ထိုဆေးရနံ့ကို ရလိုက်သည့်အခိုက် အကုန်လုံး အနံ့ထွက်လာသည့် ဘက်ဆီသို့ လှည့်ကြည့် မိလိုက်ကြသည်။
“ဒါက..” နင်ရှန်းချန် မျက်လုံးပြူးသွားပြီး “ဆေးရနံ့က အဲ့ဘက်ကနေ လာနေတာ”
ဖေးကျီတု၏ မျက်နှာလည်း ဝင်းလက်တောက်ပသွားပြီး ချက်ချင်းပဲ သွားနှုန်းတင်လိုက်လေသည်။ အဖိုးတန်သော ရတနာ တစ်မျိုးမှသာလျှင် ထိုကဲ့သို့ သင်းပျံ့သော မွှေးရနံ့ကို ထုတ်လွှတ် ပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် မည်သို့သော အရာက ထိုကဲ့သို့ သင်းပျံ့သော ရနံ့အား ထုတ်လွှတ်ပေးနေသလဲ ဆိုသည်ကို သူလည်း သိချင်မိပေသည်။
မကြာမီ ရန်ကိုင်တို့ ရှစ်ယောက်အဖွဲ့ ပန်းဥယျာဉ်ကြီး တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ ပန်းတော်တော်များများသည် အတော်လေး ကောင်းမွန်ကြသော်လည်း အားလုံး၏ အာရုံသည် ပန်းဥယျာဉ် အလယ်တွင် ရှိနေသော မီတာဝက်ကျော် မြင့်၍ ဓါးတစ်ချောင်းနှယ် ဖြောင့်တန်းလှသော ခရမ်းရောင် မြက်ပင် တစ်ပင်ဆီသို့ ရောက်နေခဲ့သည်။
အကုန်လုံး ရလိုက်သည့် ဆေးရနံ့သည့် ထိုခရမ်းရောင် မြက်ပင်ဆီမှ ရောက်လာခြင်း ဖြစ်သည်။
“ဓါးဝိဥာဉ်မြက်ပဲ။ ပြီးတော့ ခရမ်းရောင်တောင် ဖြစ်နေပြီ” နင်ရှန်းချန်က ထိုခရမ်းရောင်မြက်ပင်ကို မြင့်ပြီးနောက် အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။ နင်ရှန်းချန် မဆိုထားနှင့်၊ ဖေးကျီတုပင် ထိုမြက်ပင်ကို မြင်ပြီးနောက် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
ဓါးဝိဥာဉ်မြက်ပင်သည် ဓါးပညာရပ်ကို ကျင့်ကြံသည့် ကျင့်ကြံသူများအတွက် အကောင်းဆုံး အထောက်အကူ ဆေးလုံး တစ်လုံးဖြစ်သော ဓါးဝိဥာဉ်ဆေးလုံးကို ဖော်စပ်ရန် လိုအပ်သော အဓိကဆေးအမယ် ဖြစ်ပေသည်။ ဓါးဝိဥာဉ်ဆေးလုံးကို သောက်သုံးခြင်းဖြင့် ဓါးတာအိုကို ပို၍ လွယ်ကူလျင်မြန်စွာ နားလည်လာနိုင်ပေလိမ့်မည်။
ဓါးဝိဥာဉ်မြက်ပင်သည် တန်ခိုးရှင်အလယ်အလတ်အဆင့် ဆေးပင်တစ်ပင် ဖြစ်သဖြင့် အရိပ်ကြယ်ပေါ်တွင်ပင် အတော်လေး ရှားပါးသည်ဟု ပြော၍ ရပေသည်။ ထိုမြက်ပင် ရင့်လာသည့်အခါ ဓါးမြက်ပင်၏ အရောင်သည် ခရမ်းဖျော့ရောင် ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း သက်တမ်းရင့်လာသည်နှင့်အမျှ ထိုခရမ်းရောင်မှာ တဖြည်းဖြည်း အရောင်ရင့်လာပေလိမ့်မည်။
လက်ရှိ ထိုဓါးဝိဥာဉ်မြက်ပင်၏ အရောင်အရ ၎င်း၏ သက်တမ်းမှာ နှစ်တစ်သောင်းကျော်နေလေပြီ။ ထိုကဲ့သို့ သက်တမ်းမြင့်သော ဆေးပင်မျိုးကို အရိပ်ကြယ်၏ ဈေးကွက်၍ သွားရောက်ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
ထိုမြက်ပင်သည် အလွန်ကိုမှ အဖိုးတန်ပေသည်။ ထို့အပြင် ထိုဆေးပင်သည် ဤနေရာတွင် ရှိနေသော ဖေးကျီတုကဲ့သို့သော တန်ခိုးရှင်အဆင့်ကဲ့သို့ ပညာရှင်များအတွက်ပင် အသုံးဝင်ပေ၏။
လက်ရှိ ရှိနေသူများအနက်တွင် မည်သူမှ ဓါးတာအို လမ်းကြောင်းကို တစိုက်မတ်မတ် မလျှောက်လှမ်းကြသော်ငြား အကုန်လုံးသည် ဓါးနှင့် ပက်သက်သော သိုင်းပညာရပ်များ၊ စိတ်စွမ်းအင်ပညာရပ်များကို အနည်းနှင့်အများ ဆိုသလို ကျင့်ကြံထားကြပေသည်။ ထို့ကြောင့် အကုန်လုံး ထိုဓါးဝိဥာဉ် မြက်ပင်ကို လိုချင်ကြသည်။ ဓါးဝိဥာဉ်မြက်ပင်သည် သူတို့အတွက် အသုံးမဝင်လျှင်ပင် ပြန်ရောင်းလျှင် သူတော်စင်သလင်းကျောက် အများကြီး ရနိုင်ပေလိမ့်မည်။
“အစ်ကိုဖေး…” နင်ရှန်းချန်က ဖေးကျီတုအား ကြည့်လိုက်သည်။ ထိုရတနာသည် အလွန်ကိုမှ အဖိုးတန်သော်ငြား ထိုမျှလောက်ဖြင့် သူတို့ကြားရှိ ရင်းနှီးမှုကို မဖျက်စီးနိုင်သေးချေ။ ထို့ပြင် သူတို့သည် ရှေးဟောင်းအပျက်အစီး နယ်မြေထဲသို့ ဝင်လာရုံသေးသာ ရှိသေးသည်။ ဝင်ဝင်ချင်းတွင်ပင် ထိုကဲ့သို့ ရတနာမျိုး တွေ့နိုင်မည်ဆိုပါက အထဲသို့ ဆက်ဝင်သွားလျှင် ပိုမို ကောင်းမွန်သော ရတနာများကို တွေ့နိုင်မည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
ထို့ကြောင့် နင်ရှန်းချန်သည် ဖေးကျီတု၏ အမြင်ကို အရင်ဆုံး မေးလိုက်ခြင်း ဖြစ်သည်။ ချင်းတုန်ကို ကယ်ဆယ်ရေးသည် အဓိက ဖြစ်သဖြင့် အခြား အဆောက်အဦးများကို သွားရောက် မရှာဖွေ နိုင်သော်ငြား ရတနာတစ်ခုခု သူတို့ရှေ့တွင် ပေါ်လာလျှင် ထိုရတနာကို ဘာကြောင့် မယူဘဲ နေရမည်နည်း။
“မင်းတို့ ငါ့ကိုယုံတယ်ဆိုရင် ဒီရတနာကို ငါသိမ်းထားလိုက်မယ်။ ပြန်ထွက်တဲ့အခါကျမှ ဘယ်လိုဝေစု ခွဲမလဲ ဆိုတာကို ပြန်စဉ်းစားကြမယ်” ဖေးကျီတုက ပြောလိုက်သည်။
“ငါအဆင်ပြေတယ်” မိန်းမအိုကြီးက ပြောလိုက်သည်။
“ငါလည်း မြို့သခင်ဖေးကို ယုံတယ်” တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ နင်ရှန်းချန်လည်း သဘောတူပေသည်။
အကုန်လုံး သဘောတူလိုက်သည်ကို မြင်သော် ဖေးကျီတုသည် ကျောက်စိမ်းပေါက်ပြား တစ်ချောင်းကို ထုတ်လျက် ဓါးဝိဥာဉ်မြက်ဆီ လျှောက်သွားလေသည်။
“အစ်ကိုရန် ဘာဖြစ်လို့လဲ” ရန်ကိုင် မျက်မှောင်ကြီး ကြုတ်နေသည်ကို သတိပြုမိသော် ချိုင်ဟဲက ရန်ကိုင်နားသို့ လျှောက်လာပြီး မေးလိုက်သည်။
ရန်ကိုင်သည် ချိုင်ဟဲ၏ အမေးကို လျစ်လျူရှုထားပြီး မြက်ပင်ကိုသာ မျက်မှောင်ကြီးကြုတ်လျက် စိုက်ကြည့်နေ၏။ ခဏအကြာတွင် သူ့မျက်ဝန်းထဲ နားလည်သည့် အကြည့်တို့ ဖြတ်ပြေးသွားခဲ့ပြီး အလျင်အမြန် အော်ပြောလိုက်လေသည် “မြို့သခင်ဖေး၊ ရပ်လိုက်၊ အဲ့ဒါ ဓါးဝိဥာဉ်မြက် မဟုတ်ဘူး”
ရန်ကိုင်၏ ရုတ်တရက် အော်သံကြောင့် ချိုင်ဟဲ အံ့ဩသွားပြီး ဖေးကျီတုဆီ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သို့သော် ရန်ကိုင် သတိပေးသည်မှာ နောက်ကျသွားခဲ့သည်။ ရန်ကိုင်၏ အော်သံ ထွက်ပေါ်လာသည့် အချိန်တွင် ဖေးကျီတုသည် ကျောက်စိမ်းပေါက်ပြားဖြင့် စတူးနေလေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၄၀)
ဖေးကျီတု၏ ကျောက်စိမ်းတူရွင်း ဓါးဝိဥာဉ်မြက်ပင် ရှိနေသည့် မြေပြင်ကို ထိသွားသည်နှင့် တစ်ပြိုင်နက် အဖြူရောင် အလင်းတန်းတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ဖေးကျီတု၏ မျက်နှာ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလျင်စလို ပြန်ဆုတ်လိုက်သည်။ လူအိုကြီး၊ မိန်းမအိုကြီးနှင့် တန်ခိုးရှင်ဒုတိယအဆင့် လူအိုကြီးတို့လည်း သူတော်စင်ချီကို အလျင်အမြန် လှည့်ပတ်၍ သူတော်စင်ဘုရင် အဆင့် လေးယောက်ကို ကာကွယ်ပေးလိုက်ကြလေသည်။
ယခုလေးတင် ဓါးတစ်ချောင်းကဲ့သို့ ဖြောင့်စင်းနေသော ဓါးဝိဥာဉ်မြက်ပင်သည် ရုတ်တရက် တွန့်လိမ်လာပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ၎င်းနေရာတွင် အစားထိုး ဝင်ရောက်လာသည်ကား အရောင် တလက်လက် ထနေသော တိမ်စိုင်တိမ်တိုက်ကြီးပင်။
အသက်တစ်ရှိုက်စာအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးသည် အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူတို့ ပတ်ပတ်လည်တွင် မည်သည့် အဆောက်အဦးမှ မရှိတော့။ မည်သည့် ပန်းပင်မှ မရှိတော့၊ ခရမ်းရောင် ဓါးဝိဥာဉ်မြက်ပင်လည်း မရှိတော့ဘဲ ထူးဆန်းသော တိမ်စိုင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသော အဆုံးမဲ့ အာကာယံကောင်းကင်ကြီးသာ ကျန်ရှိတော့သည်။
အကုန်လုံး ရပ်နေသည့် နေရာသည် ပန်းဥယျာဉ်ရှေ့တွင် မဟုတ်တော့ဘဲ မျက်စိတစ်ဆုံး အရွယ်အစား၊ ပုံစံ အမျိုးမျိုး ရှိသော ရောင်စုံတိမ်တိုက်များထဲတွင် ဖြစ်နေခဲ့လေပြီ။
“အစီအရင်လား” ဖေးကျီတု၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။ ယခုမှပဲ အစောပိုင်းက သူတို့အားလုံး လိုချင်နေခဲ့သော ဓါးဝိဥာဉ်မြက်ပင်သည် ထောင်ချောက် တစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။ တစ်ယောက်ယောက်သာ ထိုဓါးဝိဥာဉ် မြက်ပင်ကို ခူးယူရန် ကြိုးစားလိုက်သည်နှင့် အစီအရင် အလိုလို အသက်ဝင်လာပေလိမ့်မည်။
သို့သော်လည်း အစီအရင်ကို ဖုံးကွယ်ထားသည်မှာ အလွန်ကိုမှ သေသပ်လွန်းလှသဖြင့် ရှစ်ယောက်စလုံး သတိ မပြုမိခဲ့ချေ။ ရန်ကိုင်ပင်လျှင် နောက်ဆုံး အခိုက်အတန့်မှ သတိပြုမိလိုက်ခြင်း ဖြစ်ပြီး သတိလှမ်းပေးရန် ကြိုးစားခဲ့သော်ငြား နောက်ကျသွားခဲ့သည်။
ထိုအကြောင်းကို ပြန်စဉ်းစားလိုက်ပြီးနောက် ဖေးကျီတုသည် ရန်ကိုင်အား စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။ တန်ခိုးရှင် အဆင့် လေးယောက်စလုံးပင် ထိုထောင်ချောက်ကို သတိ မပြုမိသော်ငြား ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင် တတိယ အဆင့်လေး တစ်ယောက်က သတိပြုမိသည့်အပေါ် ဖေးကျီတုလည်း အနည်းငယ် အံ့ဩနေခဲ့သည်။
ဖေးကျီတု ဘာတွေးနေလဲ ဆိုသည်ကို သိနေသည့်အလား ရန်ကိုင်က ရှင်းပြလိုက်သည် “ဂျူနီယာက ဆေးပညာအကြောင်း နည်းနည်း တီးမိခေါက်မိရှိတယ်လေ။ ဒီဓါးဝိဥာဉ်က ခရမ်းရောင် ဆိုတော့ ဆေးပင်ရဲ့ သက်တမ်းက အရမ်းမြင့်နေလို့ပဲ ဖြစ်ရမယ်။ သက်တမ်း အရမ်းမြင့်နေတဲ့ ဓါးဝိဥာဉ်ဆေးပင်က ကိုယ့်ကို ဓါးတွေ လာစိုက်နေသလို ခံစားရစေတဲ့ အနံ့ကို ထုတ်လွှတ်တယ်။ မွှေးကြိုင်တဲ့ အနံ့မျိုးကို မထုတ်လွှတ်ဘူး”
ဖေးကျီတု ထိတ်လန့်သွားခဲ့သော်ငြား ထိုအကြောင်းကို ဆက်မမေးတော့ချေ။ ယခု သူတို့ ထောင်ချောက်ထဲ ရောက်နေပြီ။ ထိုမြက်ပင် ဘာကြောင့် ထောင်ချောက် ဖြစ်နေရသလဲ ဆိုသည်ကို မေးနေရန် အဓိကမဟုတ်။ အဓိကသည် ဤထောင်ချောက်ထဲမှ ထွက်နိုင်ရန် ဖြစ်သည်။ ထို့ကြောင့် ချိုင်ဟဲနှင့် တုစီစီဘက်သို့ လှည့်၍ မေးလိုက်သည် “မင်းတို့ နှစ်ယောက်က အစီအရင် ပညာရှင်တွေ ဆိုတော့ ဒါဘာအစီအရင်လဲ သိလား”
ထိုစကားကို ကြားသည့်အခါ တုစီစီနှင့် ချိုင်ဟဲကို အစီအရင်ကို သေချာ စတင် လေ့လာတော့လေသည်။ ခဏ အကြာတွင် တုစီစီက မှုန်တေတေ အမူအရာဖြင့် ပြန်လည် တင်ပြလာသည် “ဂျူနီယာသာ မမှားရင် ဒီအစီအရင်က အခုခေတ်မှာ ပျောက်ကွယ်နေတဲ့ တစ္ဆေတိမ်တိုက် အစီအရင်ပဲ ဖြစ်လိမ်မယ်”
“ဂျူနီယာလည်း အဲ့လိုပဲ ထင်တယ်” ချိုင်ဟဲကလည်း ဝင်ရောက် ခေါင်းညိတ်ထောက်ခံလိုက်သည်။
“တစ္ဆေတိမ်တိုက် အစီအရင် ဟုတ်လား” ဖေးကျီတု တန်ခိုးရှင်အဆင့် သုံးယောက်ဆီ လှမ်းကြည့်လိုက်သည်။ သို့သော် သုံးယောက်စလုံးလည်း သိဟန်မတူသော် လူငယ်နှစ်ယောက်ဘက် ပြန်လှည့်၍ မေးလိုက်လေသည် “ဒီအစီအရင်က ဖျက်စီးဖို့ ခက်လား။ ဒီအစီအရင်က ဘယ်လို အစီအရင်မျိုးလဲ”
တုစီစီက ခါးသက်သက် ပြုံးလိုက်ပြီး “အစီအရင်ကို ဖျက်ဖို့ အရင်မပြောဘဲ… ဒီအစီအရင် ဘယ်လို အစီအရင်မျိုးလဲ ဆိုတာကို ဂျူနီယာ အရင်ရှင်းပြဖို့ လိုလိမ့်မယ်။ အခု ကျွန်မတို့ကို ဝိုင်းထားတဲ့ တိမ်တိုက်တွေကို စီနီယာဖေးတို့ မြင်တယ်မလား”
“အင်း။ ဒီတိမ်တိုက်တွေကို ကြည့်ရတာ ပုံရိပ်ယောင်နဲ့ သိပ်မတူဘူး။ စွမ်းအင်တွေကနေ ဖန်တီးထားတာနဲ့လည်း မတူဘူး။ တကယ် ထူးဆန်းတဲ့ တိမ်တိုက်တွေ” နင်ရှန်းချန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲ့ဒါတွေက တကယ့် တိမ်တိုက် အစစ်တွေမှ မဟုတ်တာ” တုစီစီက ခေါင်းညိတ်လိုက်သည်။
“ဘယ်လို” ဖေးကျီတုနှင့် အခြားသူများအားလုံး ထိတ်လန့် အံ့အားသင့်သွားကြပြီး ချက်ချင်း ပြန်မေးကြလေသည် “ဒီတိမ်တိုက်တွေက အစစ် မဟုတ်ဘူးလို့ နင်ပြောလိုက်တာလား”
“ဟုတ်တယ်။ တစ္တေတိမ်တိုက်အစီအရင် ဘာလို့ ပျောက်ကွယ်သွားရလဲဆိုရင် ဒီအစီအရင်ကို ခင်းကျင်းဖို့အတွက် တိမ်တိုက်တွေကို သန့်စင်ဖို့ကို လိုအပ်လို့ပဲ။ အခုလက်ရှိ အရိပ်ကြယ်ပေါ်မှာ ရှိနေတဲ့ အားအကောင်းဆုံး ပညာရှင်တောင် အဲ့လို မလုပ်နိုင်ဘူး။ ဒါကြောင့် ဒီလို အစီအရင်မျိုး အခုခေတ်မှာ ပျောက်ကွယ်ကုန်တာ”
“တိမ်တိမ်တွေကို သန့်စင်တာလား…” ထိုစကားကို ကြားလိုက်သည့်အခါ ဖေးကျီတုနှင့် အခြားသူများအားလုံး မှင်သက်သွားခဲ့ကြလေသည်။ တုစီစီ ပြောသော စကားလုံးကို သူတို့အားလုံး ယုံရခက်နေကြသည်။
တိမ်တိုက်များကို သန့်စင်နိုင်ရလောက်အောင် ကျင့်ကြံသူ တစ်ယောက် မည်သည့် အတိုင်းအတာထိများ သန်မာနေသနည်း။
တုစီစီက အကုန်လုံး၏ မှင်သက်နေသော အမူအရာများကို မသိကျေးကျွန်ပြုလျက် ဆက်ပြောလိုက်သည် “တိမ်တိုက်တွေကို သန့်စင်တာက ပထမအဆင့်ပဲ။ နောက်တစ်ဆင့်က သန့်စင်ပြီးသား တိမ်တိုက်တွေကို မွန်းစားသားရဲ ဝိဥာဉ်တွေနဲ့ စွမ်းအင် အမျိုးမျိုး ထည့်သွင်းပေါင်းစပ်ပြီး သက်ရှိတစ်မျိုးအဖြစ် ပြောင်းရတာပဲ။ ဒါကြောင့် တစ္တေတိမ်တိုက်ထဲမှာ ရှိတဲ့ တိမ်တိုက်တွေ အားလုံးက တိမ်သားရဲတွေအဖြစ် ပြောင်းလဲလို့ရတယ်။ တိမ်တွေထဲ ထည့်ထားတဲ့ မွန်းစတားသားရဲဝိဥာဉ်တွေရဲ့ ခွန်အားက မတူတော့ တိမ်သားရဲတွေရဲ့ ခွန်အားတွေကလည်း မတူကြဘူး။ ဒါပေမယ့် သူတို့ ဘယ်လိုခွန်အားပဲ ပိုင်ဆိုင်ထားပါစေ တိမ်သားရဲတွေက အရမ်း သတ်ရခက်တယ်”
“နင်ပြောချင်တာက၊ ဒီတိမ်တိုက်တွေ အကုန်လုံး…” ဖေးကျီတုသည် အရောင်မတူသော တိမ်တိုက်များစွာကို ဆေးခါးကြီး စားထားရသည့် ရုပ်ဖြင့် လှမ်းကြည့်လျက် ပြောလိုက်သည်။
တုစီစီ ဆက်ဖြေပေးနေရာပင် မလိုတော့ချေ။ အကြောင်းမှာ ဖေးကျီတု ပြောလို့ မပြီးသေးခင်မှာပဲ ပြန့်ကျဲနေသော တိမ်တိုက် အချို့ တွန့်လိမ်လှုပ်ရှားလာကြပြီး ပုံစံအမျိုးမျိုး ရှိသော မွန်းစတား သားရဲများအဖြစ်သို့ ပြောင်းလဲသွားကြသောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုတိမ်သားရဲများသည် အစစ်အမှန် ခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားကြချေ။ မည်သို့ပင် ဖြစ်စေကာမူ ထိုတိမ်တိုက်သားရဲများသည် သားရဲဝိဥာဉ်များနှင့် တိမ်တိုက်များကို စွမ်းအင်အမျိုးမျိုးသုံး၍ ပေါင်းစပ်ထားခြင်း ဖြစ်သည့် အတွက်ကြောင့် သာမန် မွန်းစတားသားရဲများ ထက်ပင် ပို၍ သန်မာနေပေသေးသည်။
ထိုတိမ်တိုက်သားရဲများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ တုစီစီက သက်ပြင်းတစ်ချက် ချလျက် “ကြည့်ရတာ ကျွန်မတို့ကံက သိပ်မဆိုးသေးဘူးနဲ့ တူတယ်။ တိမ်သားရဲတွေမှာ အဆင့်ကိုးသားရဲတွေပဲ ပါသေးတယ်”
သူတို့ ကံကောင်းသည်ဟု သူမ ပြောသွားခြင်းမှာ အကြောင်းအရင်း မရှိဘဲ ပြောနေခြင်း မဟုတ်။ ဤအစီအရင်ကို ခင်းကျင်းခဲ့သည်သူသည် တိမ်တိုက်များကို သန့်စင်နိုင်သူ ဖြစ်သဖြင့် အလွန်အမင်းကို အားကောင်းမည်မှာ သေချာသည်။ အစီအရင်ထဲတွင် အဆင့်တစ်ဆယ် တိမ်သားရဲများသာ ရှိနေခဲ့လျှင် သူတို့အားလုံး အနိစ္စချောပေပြီ။
မိုးမြေကို ပြောင်းပြန်လှန်နိုင်သည့် နည်းလမ်းများ ပိုင်ဆိုင်ထားလျှင်ပင် တန်ခိုးရှင်အဆင့်သာ ရှိသေးသော ဖေးကျီတုနှင့် အခြား ပညာရှင်များအဖို့ တန်ခိုးရှင်ဘုရင်အဆင့်နှင့် ညီမျှသာ အဆင့်တစ်ဆယ်သားရဲကို ယှဉ်တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်ချေ။
ရှေးဟောင်း အပျက်အစီးထဲ ဝင်ဝင်ချင်းသာ ရှိသေးသော်ငြား ဤကဲ့သို့ အားကောင်းသော အစီအရင်ထဲ ရောက်ခဲ့ရသဖြင့် အကုန်လုံး ဖိအားခံစားနေကြရလေပြီ။ မည်သူမှ ဤနေရာကို လျှော့မတွက်ရဲကြတော့ချေ။ ဖေးကျီတုက အလျင်အမြန် အော်ပြောလိုက်လေသည် “တုမိန်းကလေးနဲ့ ချိုင်ကောင်လေး၊ မင်းတို့နှစ်ယောက်ကို အစီအရင်ကို ဖျက်စီးဖို့သာ အာရုံစိုက်၊ တိမ်သားရဲတွေကို ငါတို့ထိန်းထားလိုက်မယ်”
“ဟုတ်” ယခုအချိန်သည် သူတို့ အရည်အချင်းကို ထုတ်ပြရမည့် အချိန်မှန်း သိလိုက်သည့်အခါ တုစီစီနှင့် ချိုင်ဟဲတို့ နှစ်ယောက်စလုံး စိတ်အား တက်ကြသွားကြသည်။
ဖေးကျီတုက ရန်ကိုင်နှင့် မောင်စကားနည်း လျန်ကွမ်းတို့ နှစ်ယောက်အား လှမ်းကြည့်၍ ပြောလိုက်သည် “မင်းတို့ နှစ်ယောက် ကိုယ်ဘာသာ ဂရုစိုက်ကြပေတော့။ သေတော့ မသေစေနဲ့ဦး”
ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သော်ငြား လျန်ကွမ်း ကတော့ ဘာမှ ပြန်မပြောချေ။ သို့သော်လည်း သူ့သိုလှောင် လက်စွပ်ထဲမှ လက်ဝါးအရွယ် ရုပ်သေးရုပ်များစွာကို ထုတ်လိုက်၏။ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ထိုရုပ်သေးရုပ် အားလုံး သူ့ရှေ့တွင် အစီအစဉ်တကျ စီတန်းသွားကြသည်။ ပြီးသည်နှင့် ထိုရုပ်သေးရုပ် များထဲသို့ သူတော်စင်ချီကို စတင် ထည့်သွင်းတော့လေသည်။
မျက်တောင်တစ်ခတ်အတွင်း ရုပ်သေးရုပ်များ အလျင်အမြန် ကြီးထွားလာခဲ့သည်။ ရန်ကိုင်ပင်လျှင် ထိုရုပ်သေးရုပ်များကို အတော်လေး စိတ်ဝင်စားမိသွားသည်။
သူ့ဘဝတွင် ရုပ်သေးရုပ်သုံးသည့် ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လျန်ကွမ်းသည် သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်သော်ငြား သူထိန်းချုပ်နေသည့် ရုပ်သေးရုပ်အားလုံးသည် သူတော်စင်ဘုရင် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်နှင့် တူညီသော စွမ်းအင် အရှိန်အဝါကို ထုတ်ဖော်နေကြသည်။
စုစုပေါင်း ရုပ်သေးရုပ် ခြောက်ရုပ်ရှိပြီး ထိုခြောက်ရုပ် စလုံးသည် ပုံသဏ္ဍာန်၊ အရွယ်အစား အမျိုးမျိုး ရှိကြသည်။ အသေးဆုံး ရုပ်သေးရုပ်သည် မြွေလေးတစ်ကောင် ဖြစ်ပြီး အကြီးဆုံး ရုပ်သေးရုပ်သည် အိမ်တစ်လုံးစားလောက် ရှိသည်။ သို့သော် ထိုရုပ်သေးရုပ် အားလုံးသည် အားကောင်းသော အရှိန်အဝါကို ထုတ်ဖော်ထားကြသည်။
လျန်မိသားစု ဘာကြောင့် ကျော်ကြားရလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ထိုရုပ်သေးရုပ်များနှင့် ဆိုပါက လျန်ကွမ်းသည် အဆင့်တူတွင် ပြိုင်ဘက် ကင်းသွားပြီဟု ပြော၍ရသည်။ တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်နှင့် တွေ့လျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်ချေ ရှိပေသည်။
ဖေးကျီတုသည် သူ၏ လက်စွဲတော် ကျောက်စိမ်းပြာ ပန်းကန်လုံးကို ဆင့်ခေါ်လိုက်ပြီး ဆယ်မီတာအကျယ်အထိသို့ ရောက်အောင် ကြီးအောင် ချဲ့လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြာပန်းကန်လုံးကို တိမ်သားရဲများဆီသို့ ပစ်လွှတ်လိုက်သည်။ အပြာရောင် အလင်းတန်းတို့ ပေါက်ကွဲ ထွက်လာပြီးနောက် အဆင့်ကိုးတိမ်သားရဲသည် တစ်ချက်ပင် ပြန်မတိုက်နိုင်သေးခင်မှာပဲ အပြာရောင် အလင်းတန်း၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်။ အပြာရောင် အလင်းတန်း၏ လွှမ်းခြုံခြင်း ခံရပြီးနောက် မည်သို့ပင် ရုန်းကန်စေကာမူ မလွတ်မြောက်နိုင်တော့ဘဲ နောက်ဆုံးတွင် ကျောက်စိမ်းပြာ ပန်းကန်လုံးထဲသို့ ဆွဲခေါ်ဖမ်းယူခြင်း ခံလိုက်ရလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ကျောက်စိမ်းပြာ ပန်းကန်လုံး၏ စွမ်းအားကို သူလုံးလုံးကြီး အထင်သေးလိုက် မိပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။
တစ်ချိန်တည်းတွင် နင်ရှန်းချန်ကလည်း နှာခေါင်းရှုံ့လျက် တုတ်ချောင်းနှင့် တူသော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ ထိုတုတ်ချောင်းသည် အနက်ရောင် အလင်းတန်းအသွင်သို့ ပြောင်းလဲသွားပြီး အနီးအနားတွင် ရှိနေသော တိမ်သားရဲကို သွားရောက်ထိမှန်လေသည်။ အမျိုးသမီးအိုကြီးသည်လည်း အရောင်သုံးရောင် လင်းလက်တောက်ပနေသော ပိုက်ကွန် တစ်ခုကို ထုတ်လျက် ထိုပိုက်ကွန်ဖြင့် အဆင့်ကို တိမ်သားရဲ တစ်ကောင်ကို ဖမ်းကာ ရက်ရက်စက်စက် ပိုင်းဖြတ်ပစ်လိုက်၏။
တန်ခိုးရှင်အဆင့် သုံးယောက် ရုတ်တရက် လှုပ်ရှားလိုက်သည့် အခါ တိမ်သားရဲများ ဒေါသထွက်သွားကြပြီး အစွယ်များဖြဲလျက် ဟိန်းဟောက်ကြတော့သည်။ ကျောက်စိမ်းပြာပန်းကန်လုံးထဲ ဖမ်းခံထားရသည့် အဆင့်ကိုး တိမ်သားရဲမှလွဲ၍ ကျန်တိမ်သားရဲ အားလုံး မာန်ဖီလျက် အစွယ်တကားကားဖြင့် အာလုံးဆီ ခုန်ဝင်လာကြသည်။ မရောက်သေးခင်မှာပင် ဖေးကျီတုတို့အား စွမ်းအင်အလင်းတန်းများဖြင့် ပစ်ခတ်လိုက်ကြလေသည်။
ထိုအဖြစ်အပျက်ကြောင့် ဖေးကျီတုနှင့် အခြားတန်ခိုးရှင် အဆင့် သုံးယောက်၏ အမူအရာ ပို၍ လေးနက်သွားခဲ့ရသည်။ ဖေးကျီတုသည် ကျောက်စိမ်းပြာပန်းကန်လုံးကို ပြန်ခေါ်လိုက်ပြီး ထိုပန်းကန်လုံးကို သုံးလျက် ချိုင်ဟဲနှင့် တုစီစီတို့ ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။
“အစ်ကိုဝမ်၊ တုမိန်းကလေးနဲ့ ချိုင်ကောင်လေးကို တစ်ချက်လောက် ဂရုစိုက်ထားပေးပါလား” ဖေးကျီတုသည် ကျောက်စိမ်းပြာပန်းကန်လုံးကို ချန်ထားရစ်ခဲ့ရင်း တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူအား လှမ်းအော်ပြောလိုက်သည်။ တစ်ချိန်တည်းတွင် ပြေးဝင်လာနေသော တိမ်သားရဲများဆီ ပြေးဝင်သွားလေသည်။
နင်ရှန်းချန်နှင့် အမျိုးသမီးအိုကြီးသည်လည်း သူတို့၏ လက်နက် အသီးသီး ဖြစ်ကြသော တုတ်ချောင်းနှင့် ပိုက်ကွန်ကို သုံး၍ ပြေးဝင်လာနေသော တိမ်သားရဲ ရှစ်ကောင်ကို ဝင်ရောက် တိုက်ခိုက်ကြလေသည်။
မျိုးရိုးနာမည်ဝမ် အမည်ရသော သက်လတ်ပိုင်းလူကြီးက မူလနေရာတွင် ရပ်နေခဲ့သည်။ သို့သော်လည်း တုစီစီနှင့် ချိုင်ဟဲတို့ ကြောင်တောင်တောင်ဖြင့်သာ ရှိနေသေးသည်ကို မြင်သော် ထအော်လေသည် “မင်တို့ ဒီအတိုင်းပဲ ရပ်နေတော့မှာလား”
“အို” အဆူအငေါက်ခံလိုက်ရမှပဲ ချိုင်ဟဲနှင့် တုစီစီတို့ အသိပြန်ဝင်လာကြပြီး သူတို့၏ သိုလှောင်လက်စွပ်ထဲမှ အထူး ပစ္စည်းအချို့ကို အလျင်အမြန် ထုတ်လိုက်ကြလေသည်။
ရန်ကိုင် တုစီစီတို့အား လှမ်းကြည့်လိုက်သည်။ ထိုနှစ်ယောက် အစီအရင်အား စတင် လေ့လာနေသည်ကို မြင်သော် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ယန်ယန် အတူတူ ရှိနေပြီမှာ ကြာပြီဖြစ်သဖြင့် ထိုပစ္စည်းများသည် အစီအရင် ပညာရှင်များအတွက် အခြေခံ ပစ္စည်းများဖြစ်မှန်း သိထားသည်။ ထိုအရာများကို အစီအရင်အား ဖန်တီးရာတွင် အသုံးပြုနိုင်သလို ဖျက်စီးရာတွင်လည်း သုံးနိုင်ပေသည်။
ထို့အပြင် ထိုပစ္စည်းများဖြင့် ဆိုပါက အစီအရင်ပညာကို မကျွမ်းကျင်သည့် လူများပင် ရိုးရှင်သော အစီအရင်များ ခင်းကျင်နိုင်ပေသည်။
အစကမူ ယန်ယန်ကို သူ့အတွက် ထို့ကဲ့သို့သော ပစ္စည်းများကို လုပ်ပေးရန် တောင်းဆိုချင်ခဲ့ဖူးသည်။ သို့သော်လည်း ထိုသို့ တောင်းဆိုဖို့ရာ အခွင့်အရေး၊ အချိန် မရခဲ့ချေ။ ယခုတစ်ကြိမ် ခရီးမှ ပြန်လျှင် ယန်ယန်အား ထိုပစ္စည်းများ လုပ်ပေးရန် သွားရောက် အကူအညီ တောင်းရပေလိမ့်မည်။
ထိုပစ္စည်းများဖြင့် ဖန်တီးထားသော အစီအရင်သည် အားကောင်းသော အစီအရင်တစ်ခု မဖြစ်နိုင်သော်လည်း ထိုပစ္စည်းများသည် ထပ်တလဲလဲ အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်ကြသည်။ အပြင်ထွက်တိုင်း မကြာခဏ အန္တရာယ်နှင့် ကြုံလေ့ရှိသော ရန်ကိုင်ကဲ့သို့သော လူတစ်ယောက်အဖို့ ပစ္စည်းများသည် အလွန်ကိုမှ အသုံးဝင်ပေလိမ့်မည်။