အခန်း (၁၃၄၆-၁၃၅၀)
Vol. 54 Ch. 1346-1350
အပိုင်း (၁၃၄၆)
တန်ခိုးရှင်တတိယအဆင့် တစ်ယောက်ပင်လျှင် ထိုလောကရတနာ၏ ပြိုင်ဘက် မဖြစ်နိုင်လေရာ သူတော်စင်ဘုရင် တတိယအဆင့်နှင့်သာ ညီမျှသော ထိုမြွေက ယုန်ဖြူကြီးကို မည်ကဲ့သို့ နိုင်မည်နည်း။ ရေခဲမြူများ၏ ဝိုင်ရံခြင်း ခံလိုက် ရပြီးနောက် မြွေရုပ်သေးရုပ် အေးခဲသွားခဲ့လေသည်။ လျန်ကွမ်း၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး မြွေရုပ်သေးရုပ်ကို ပြန်ခေါ်ရန် ကြိုးစားခဲ့သော်လည်း တစ်လှမ်း နောက်ကျသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း မြွေတစ်ကောင်လုံး ရေခဲတုံး ဖြစ်သွားခဲ့ပြီး လျန်ကွမ်းနှင့် ၎င်းကြားမှ ဆက်သွယ်ရေးမှာလည်း ပြတ်တောက်သွားခဲ့သည်။
ဘုန်း… မြွေရုပ်သေးရုပ် တစ်စစီ ဖြစ်သွားခဲ့သည်။ ရေခဲတုံး ဖြစ်နေသော မြွေ အောက်သို့ ပြန်ပြုတ်ကျသည်နှင့် တစ်ပြိုင်နက် တစ်စစီ ဖြစ်သွားခဲ့လေသည်။
မြွေရုပ်သေးရုပ် သေသွားသည်ကို မြင်သော် လျန်ကွမ်း၏ အမူအရာ အရုပ်ဆိုးသွားခဲ့ရသည်။ ထိုရုပ်သေးရုပ်ကို သန့်စင်ရန် အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသော်လည်း ရုပ်သေးရုပ် သူ့အတွက် ဘာမှသေချာ အကျိုးမပြုနိုင်သေးခင်မှာပဲ ယုန်ဖြူကြီး ကြောင့် ပျက်စီးသွားခဲ့ရလေသည်။
လျန်ကွမ် မည်မျှ ကြေကွဲနေမလဲ ဆိုသည်ကို ခံစားကြည့်နိုင်ပေသည်။
သို့သော်လည်း သူကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်သဖြင့် စူပုပ်ပုပ်မျက်နှာဖြင့် ယုန်ဖြူကြီးကို ရပ်ကြည့်နေရုံသာ တတ်နိုင် ခဲ့သည်။ သူ့တွင် ရုပ်သေးရုပ် မည်မျှ များများပင် ရှိပါစေ၊ ရုပ်သေးရုပ် တစ်ရုပ်ကိုမှ လက်မလွှတ်ချင်ချေ။ ထိုယုန်ဖြူသည် သူ့ရုပ်သေးရုပ် အကုန်လုံးကို မွှာစာချေပစ်နိုင်စွမ်း ရှိပေသည်။
မြွေရုပ်သေးရုပ်ကို ဖျက်စီးပြီးသည်နှင့် သိမ်းငှက်ကြီးသည် လူအုပ်ကြီးဘက်သို့ လှည့်လာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သည်နှင့် ဖေးကျီတုက အော်ပြောလိုက်သည် “အဲ့ကောင်ကိုတားကြ”
ဖေးကျီတု၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းပြာ ပန်းကန်လုံး ပေါ်လာခဲ့သည်။ အခြားသူများ သည်လည်း သူတို့၏ အကာအကွယ် မှော်ရတနာ အသီးသီးကို ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ရောင်စုံ အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး အားလုံး ပတ်လည်တွင် အကာအရံကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
သိမ်းငှက်ကြီးသည် စူးစူးရှရှ အော်ဟစ်လိုက်ပြီး အစောပိုင်း ကကဲ့သို့ ရေခဲမြူများကို မှုတ်ထုတ်ပြန်သည်။ မည်မျှ အားကောင်း၊ ခုခံအားကောင်းသော အကာအရံပင် ဖြစ်ပါစေ ထိုရေခဲမြူ၏ စွမ်းအားအောက်တွင် အေးခဲသွားကြရသည်။ ဖေးကျီတု၏ ကျောက်စိမ်းပြာပန်းကန်လုံး ဖန်တီထားသော အကာအရံပင် အေးခဲတော့မလို ဖြစ်လာနေခဲ့သည်။
သိမ်းငှက်ကြီးသည် ထိုမျှနှင့် မကျေနပ်သေးဘဲ အောက်သို့ တစ်ဟုန်ထိုး ထိုးဆင်းလာပြီး ၎င်း၏ ချွန်ထက်လှသော ခြေသည်း အစုံဖြင့် မှော်ရတနာစိတ်ဝိဥာဉ် ဖန်တီးထားသော အကာအရံကို အားကုန် ကုတ်ချလိုက်သည်။
ခရက်ဆိုသော အသံနှင့်အတူ မှော်ရတနာ စိတ်ဝိဥာဉ် ဖန်တီးထားသည့် အကာအရံ မျက်နှာထက်ပြင်ထက် ပင်ကူအိမ် ကဲ့သို့ အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး မှော်ရတနာစိတ်ဝိဥာဉ်ကို ကောင်းကင်စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင် မီးတောက်သုံး၍ အားလုံးပတ်လည်တွင် အကာအရံ တစ်ခု အလျင်အမြန် ဖန်တီးပေးလိုက်သည်။
စူးစူးရှရှ အော်ဟစ်သံနှင့်အတူ မှော်ရတနာစိတ်ဝိဥာဉ်သည် အကာအရံ အသွင်မှ မီးငှက်အသွင်သို့ ပြန်ပြောင်းလဲသွားပြီး သိမ်းငှက်ကြီးဆီ တိုးဝင်သွားလေသည်။
မှော်ရတနာစိတ်ဝိဥာဉ် ဒေါသထွက်သွားခဲ့လေပြီ။ ၎င်းသည် လောကရတနာတစ်ခု မဟုတ်သော်လည်း လောကရတနာနှင့် အဆင့်တူ နီးပါးသို့ ရောက်ရှိနေသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ အစောပိုင်းက ရန်ကိုင်နှင့် အခြားသူများကို ကာကွယ်နေရသည့် အတွက်ကြောင့် သိမ်းငှက်ကြီး တိုက်ခိုက်သမျှကို ဘာမှ ပြန်မလုပ်ရဘဲ ခုသာ ခုခံနေခဲ့ရသည်။
ယခု ရန်ကိုင်ဆီမှ ခွင့်ပြုချက် ရလိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် အစောပိုင်းကကဲ့သို့ ငြိမ်ခံနေစရာ မလိုတော့ပေ။
ရန်ကိုင်လည်း မှော်ရတနာစိတ်ဝိဥာဉ်အား ထိုကဲ့သို့ မလုပ်ခိုင်းချေ။ မလုပ်မဖြစ်သည့် အတွက်ကြောင့်သာ လုပ်လိုက်ရခြင်း ဖြစ်သည်။ မှော်ရတနာစိတ်ဝိဥာဉ်အား အကာအရံ တစ်ခုအဖြစ် ဆက်သုံးရန်မှာ ဥာဏ်ရှိရာ မရောက်ချေ။ လောက ရတနာသည် မှော်ရတနာစိတ်ဝိဥာဉ်ထက် စွမ်းအား ပိုမြင့်၏။ မှော်ရတနာ စိတ်ဝိဥာဉ်ကိုသာ ထိုအတိုင်း ဆက်ထားလိုက်မည် ဆိုပါက အချိန်တိုအတွင်း မှော်ရတနာစိတ်ဝိဥာဉ် စွမ်းအား ကုန်ဆုံးသွားရပေလိမ့်မည်။
ထို့ကြောင့် မီးငှက်အား လောကရတနာနှင့် သွားရောက် တိုက်ခိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ထိပ်တိုက် တိုက်ခိုက်ခြင်းသည် လုပ်သမျှ ခံနေရသည်ထက် အများကြီး ပိုသာပေသည်။ သူတို့လည်း ထိုအခိုက်အတန့်ကို သုံး၍ ထွက်ပြေးနိုင်ပေသည်။
ကံကောင်းစွာဖြင့် မီးတောက်ခေါင်းလောင်း ရှိနေသေးသည်။ ရန်ကိုင်၏ နတ်ဆိုးမီးတောက်များကပါ ကာကွယ်ပေးထားသဖြင့် ခဏလောက်တော့ အေးခဲပြီး မသေသွားအောင် ထိန်းထား နိုင်ပေလိမ့်မည်။
ကောင်းကင်ထက်ရှိ မီးငှက်နှင့် သိမ်းငှက်ကြီးကြားမှ ပို၍ ပြင်းထန်လာနေခဲ့ပြီး ရေခဲလမ်းကြောင်းမှ မိုးမြေစွမ်းအင် တို့မှာလည်း ဂယောက်ဂယက် ဖြစ်လာကုန်ကြလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ဖေးကျီတု ပျော်သွားပြီး အလျင်စလို အော်ပြောလိုက်လေသည် “သွားကြမယ်”
ပြောပြီးသည်နှင့် လှုပ်ရှားမှု ပညာရပ်ကို သုံး၍ ရှေ့ဆုံးမှ ဦးဆောင်သွားလေသည်။ အကုန်လုံးသည်လည်း သူတို့၏ အကာအကွယ် မှော်ရတနာ အသီးသီးကို အသက်သွင်းရင်း ဖေးကျီတု နောက်မှ ပြေးလိုက်သွားကြလေသည်။
စိုးရိမ်ပူပန်နေကြသော အားလုံးနှင့် မတူညီစွာ၊ ရန်ကိုင်သည် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
အကြောင်းမှာ အအေးဓါတ်စွမ်းအင်အချို့ သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာချိန် သူ့ကိုယ်ထဲရှိ တစ်ခုခု မငြိမ်မသက် ဖြစ်လာပြီး ထိုအအေးစွမ်းအင်များကို စုပ်ယူလိုက်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
အအေးစွမ်းအင်များ သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာသည့်တိုင် နည်းနည်းလေးမှ မသက်မသာဖြစ်၊ အအေးစွမ်းအင်များကို စုပ်ယူနေသည့် သူကိုယ်ထဲရှိ အရာသည် ပို၍ အားပြည့်လာပြီး စိတ်ပင် လှုပ်ရှားလာလေသးသည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် ပြေးလွှားနေရင်း ထိုအကြောင်းကို စဉ်းစားနေခဲ့သည်။
ခဏအကြာတွင် သူ့အမူအရာ ပို၍ ထူးဆန်းလာခဲ့ရသည်။
ယခုလို အချိန်မျိုးမှ သူ့ကျောပေါ်ရှိ ဖီးနစ်တက်တူး လှုပ်လှုပ်ရွရွ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရှင်းရှင်းပြောရလျှင် ထိုအရာသည် ဖီးနစ် အမွေအနှစ် ဖြစ်ပေသည်။ သူနှင့် စုယန်သည် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို ကျင့်ကြံထားပြီး အလွန်ကိုမှ နက်နဲဆန်းကြယ်သော အမွေအနှစ်နှစ်ခုကို ရရှိထားကြသည်။ ထိုအမွေအနှစ် နှစ်ခုစလုံးသည် ထုန်းရွှမ်လောကကြီးရှိ နဂါးဖီးနစ်နန်းတော်မှ အရင်းခံလာခြင်း ဖြစ်သည်။ နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရန်ကိုင်မှ ရရှိသွားပြီး ဖီးနစ်ဧကရီ၏ အမွေအနှစ်ကမူ ဖီးနစ် အသိုက်ထဲတွင် ပိတ်လှောင်ကျန်ရစ်နေခဲ့သည်။ ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးမှ မထွက်ခွာခင် စုယန်နှင့် တွေ့လျှင် တစ်ခါတည်း ပေးနိုင်ရန် အတွက် ဖီးနစ် အမွေအနှစ်ကိုပါ သူနှင့် အတူ တစ်ပါးတည်း ခေါ်ဆောင်လာခဲ့သည်။
ထိုစဉ်မှစ၍ ရန်ကိုင်၏ ကျောဘက်တွင် တက်တူးနှစ်ခု ရှိလာခဲ့သည်။ တစ်ခုသည် ရွှေနဂါးဖြစ်သည် နောက်တစ်ခုသည် ရေခဲဖီးနစ် ဖြစ်ပေသည်။
ရေခဲဖီးနစ်ကို စုယန်နှင့် တွေ့လျှင် စုယန် လက်ထဲသို့ ထည့်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယူလာခဲ့သော်လည်း ယခုအချိန်အထိ စုယန်၏ တည်နေရာကို ရှာမတွေ့သေးသဖြင့် ရေခဲဖီးနစ်သည်လည်း သူနှင့်အတူသာ ရှိနေခဲ့ရသည်။
ရေခဲဖီးနစ်သည် သူ့ကိုယ်ထဲသို့ ဝင်လာပြီးသည့် အချိန်မှစ၍ တစ်ချိန်တစ်ခါမှပင် နိုးထလာခြင်းမရှိခဲ့။ သို့သော်ငြား သူ့ကိုယ်ထဲသို့ အအေးစွမ်းအင်များ စိမ့်ဝင်လာချိန် ရေခဲဖီးနစ် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုအအေးစွမ်းအင်များကို စုပ်ယူပြီးနောက် ရေခဲဖီးနစ်သည် ပို၍ မငြိမ်မသက် ဖြစ်လာကာ သူ့ကိုယ်ထဲမှ ခုန်ထွက်ချင်သည့် အရိပ်အယောင်များပင် ပြလာခဲ့သည်။
ရေခဲဖီးနစ်၏ ရုတ်တရက် တုန့်ပြန်မှုကြောင့် ရန်ကိုင် အကြပ်ရိုက်သွားရသည်။ ရေခဲဖီးနစ် သူ့ကိုယ်ထဲ ခုန်ထွက် လိုခြင်းသည် ကောင်းသည့် ကိစ္စ ဟုတ်လား၊ မဟုတ်ဘူးလား သူမပြောတတ်။
ရေခဲဖီးနစ် လှုပ်လှုပ်ရွရွ ဖြစ်လာရခြင်းမှာ ရေခဲဖီးနစ် ကိုယ်တိုင်သည် ရေခဲစွမ်းအင် အမျိုးအစား ဖြစ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်သည် ထိုရေခဲဖီးနစ်ကို မထိန်းချုပ်နိုင်သည်။ သူသာ ယခုနေ ထိုရေခဲဖီးနစ်ကို လွှတ်ပေးလိုက်လျှင် ဘာဖြစ်မလဲ မပြောနိုင်။
ရေခဲဖီးနစ်သာ ပြန်မလာခဲ့လျှင် စုယန်နှင့် သူမ၏ အမွေအနှစ်ကို အပြီးတိုင် လက်လွတ် ဆုံးရှုံးရပေလိမ့်မည်။
ရန်ကိုင်မှာ ထိုအကြောင်းကို တွေးပူနေစဉ်မှာပဲ သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ရေခဲဖီးနစ်သည် အလွန်ကိုမှ မငြိမ်မသက် ဖြစ်လာနေရာ နောက်ဆုံးတွင် ရန်ကိုင်သည်ပင် ၎င်းအား မထိန်းချုပ်နိုင်တော့ပေ။ ရုတ်တရက် သူ့ကိုယ်ထဲ တစ်ခုခု ရုန်းထွက်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ ဖီးနစ်အော်သံနှင့်အတူ နှင်းသားကဲ့သို့ ဖြူဖွေး တောက်ပြောင်သည့် မီတာသုံးဆယ် အရှည်ရှိသော ရေခဲဖီးနစ် အားလုံး၏ ခေါင်းထက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ရေခဲဖီးနစ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ထိတ်ဖွယ်ရာ ဖိအားတစ်ရပ် အားလုံးပေါ်သို့ ပြိုဆင်းလာခဲ့သည်။
ဖေးကျီတုနှင့် အားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အကုန်လုံး ပြေးနေခြင်းကို ရပ်တန့်လိုက်ကာ ရန်ကိုင်ခေါင်းထက်တွင် ပေါ်လာသော ဖီးနစ်ငှက်ပုံရိပ်ကို အံ့ဩတကြီးဖြင့် မော့ကြည့်လိုက်သည်။
ရေခဲဖီးနစ်ကို မြင်ပြီးနောက် ဖေးကျီတု၏ အလန့်တကြား ထအော်လေသည် “ရှေးနတ်ဘုရားမျိုးစိတ်”
သူ့ရင်ထဲ မည်မျှ ထိတ်လန့်နေသလဲ ဆိုသည်ကို စကားဖြင့်ပင် ဖော်ပြ၍ မရတော့ချေ။ မူလက သူတွေးထင်ခဲ့သည်ကား ချင်းတုန် ကိုကယ်ရန်အတွက် ဤရှေးဟောင်းအပျက်အစီး နယ်မြေထဲသို့ လာခြင်းသည် သူ့ခွန်အားဖြင့် ဆိုပါက အရမ်းကြီး ပြဿနာ မရှိလောက်ဟု ထင်ခဲ့သည်။
သို့သော်လည်း သူ့အထင်နှင့် လက်တွေ့ တက်တက်စင်အောင် လွဲမှားနေခဲ့သည်။ ရေခဲလမ်းပေါ်သို့ ခြေချလိုက်သည်နှင့် အလွန်ကိုမှ ကြုံရခဲလှသော လောကရတနာနှင့် ပက်ပင်း လာတိုးခဲ့သည်။ ထိုမျှသာမကသေး လောကရတနာလက်မှ ထွက်ပြေးနေရင်း ရှေးနတ်ဘုရားမျိုးစိတ်နှင့် လာတွေ့နေပြန်သည်။
ထိုတည်ရှိမှုနှစ်ခုလုံး သာမန်လူများ သေသည်အထိ မမြင်ဖူးသည့် တည်ရှိမှုများ ဖြစ်ကြသည်။ ထိုနှစ်ခုစလုံးသည် ဒဏ္ဏာရီလာ တည်ရှိမှုများဟု ပြော၍ရသည်။ သို့သော်လည်း ယနေ့တွင် ထိုတည်ရှိမှုနှစ်ခုစလုံး ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့ကြသည်။
အလွန်ကိုမှ အိန္ဒြေကြီးမားသော ဖေးကျီတုပင် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်နေပြီး အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်နေခဲ့သည်။
အခြားသူများသည်လည်း ပါးစပ်ကြီး အဟောင်းသားဖြင့် ရေခဲဖီးနစ်ကို အံ့ဩတကြီး မော့ကြည့်နေကြသည်။ ရုတ်တရက် ပေါ်လာသည့် ရေခဲဖီးနစ်ပေါ်လာသည့် အတွက်ကြောင့် အကုန်လုံး အလွန်ကိုမှ အံ့ဩနေကြပြီး ထွက်ပြေးဖို့ပင် မေ့လျော့နေကြသည်။
သို့သော်လည်း ရန်ကိုင်ကမူ ပါးစပ်ကြီးမဲ့လျက် အနည်းငယ် စိုးရိမ်နေမိသည်။ ရေခဲဖီးနစ်သည် ပုံရိပ်ယောင် အခြေအနေတွင်သာ ရှိနေသေးသည်။ ၎င်းဆီမှ လာနေသော ဖိအားသည် အလွန်ကိုမှ ရင်ထိတ်ဖွယ်ရာ ကောင်းသော်ငြား ၎င်း၏ စွမ်းအားသည် အဲ့လောက်ကြီး မမြင့်ပါချေ။
“မဟုတ်ဘူး။ အဲ့ဒါ ဝိဥာဉ်အပိုင်းအစ သက်သက်တစ်ခုပဲ” မကြာမီ ဖေးကျီတု ထိုအချက်ကို သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် သူ့အမူအရာ အတော်လေး ပြေလျော့သွားခဲ့လေသည်။ အစစ်အမှန် ရှေးနတ်ဘုရားမျိုးစိတ် တစ်ကောင်သာ သူတို့ရှေ့ ပေါ်လာလျှင် ထိုအား အားနည်းသော အရှိန်အဝါကို ထုတ်လွှတ်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုအရာသည် ဝိဥာဉ်အပိုင်းအစတစ်ခု ဖြစ်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သို့သော်လည်း အားနည်းသော ဝိဥာဉ်အပိုင်းအစ တစ်ခုလေး ဖြစ်လျှင်ပင် အချိန်သာ လုံလောက်အောင် ပေးလိုက်ပါက တစ်နေ့ အားပြန်ပြည့်လာပေလိမ့်မည်။ စွမ်းအင် ဆယ်ပုံတစ်ပုံ ပြန်ပြည့်လာလျှင်ပင် ထိုဆယ်ပုံတစ်ပုံသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်နိုင်ပေသည်။
ရေခဲဖီးနစ် ရန်ကိုင်ကိုယ်ထဲမှ ထွက်လာပြီးသည်နှင့် ၎င်း၏ လှပသော မျက်ဝန်းအစုံသည် မီးငှက်နှင့် တိုက်ခိုက်နေသော လောကရတနာဆီ ရောက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အံ့အားသင့်ပျော်ရွှင် နေသည့် အကြည့်တို့ ၎င်း၏ မျက်လုံးထဲ ဖြစ်ပေါ်လာခဲ့သည်။
သိမ်းငှက်ကြီးသည်လည်း သူတို့၏ အိမ်မက်ဆိုးကို မြင်လိုက်ရသည့်နှယ် ဖြစ်ကာ တိုက်ကွက်အားလုံး ဂယောက် ဂယက် ဖြစ်ကုန်လေသည်။ တိုက်ခိုက်နေရင်း အလွဲလွဲအမှားမှား ဖြစ်ကုန်သဖြင့် ၎င်း၏ မျက်နှာအား မီးငှက်ဆီမှ မီးဟပ်ခြင်း ခံလိုက်ရလေသည်။ သို့သော်လည်း လောကရတနာသည် ထိုမီးဟပ်ခံလိုက်ရသည့် ဒဏ်ကို လုံးလုံး လျစ်လျစ်ရှုလျက် နောက်ပြန်လှည့်မကြည့်ဘဲ ခြေကုန် သုတ်ပြေးတော့လေသည်။
ရေခဲဖီးနစ်သည် ၎င်း၏ တောင်ပံများကို ဖြန့်ကားလျက် အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းကာ ထွက်ပြေးသွားသော လောကရတနာနောက်သို့ တစ်ဟုန်ထိုး လိုက်လေတော့သည်။
မျက်တောင်တစ်ခတ်အတွင်း ရေခဲဖီးနစ်နှင့် သိမ်းငှက်ကြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
တိုက်စရာ ပြိုင်ဘက် မရှိတော့သည့်နောက်တွင် မီးငှက်လည်း ရန်ကိုင်ဆီသို့ ပြန်လာလိုက်ပြီး အကာအရံ အသွင်သို့ ပြန်လည် ပြောင်းလဲလိုက်လေသည်။
မီးတောက်ခေါင်းလောင်းနှင့် ရန်ကိုင်၏ နတ်ဆိုးမီးတောက်ကို ဖြတ်ကျော်စိမ့်ဝင်နေသော အအေးဓါတ်တို့သည် ချက်ချင်း တားဆီးခံလိုက်ရလေသည်။
အကုန်လုံး ရန်ကိုင်ကိုသာ မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေကြသဖြင့် ရေခဲလမ်းတစ်ခုလုံး ရုတ်တရက်ကြီး တိတ်ဆိတ်သွားလေသည်။ ရန်ကိုင်ကမူ မှင်သေသေ အမူအရာဖြင့် ရေခဲဖီးနစ် ထွက်သွားသည့်ဘက်သို့ ကြည့်နေခဲ့သည်။ သူဘာတွေးနေလဲ ဆိုသည်ကို ပြောရန် ခက်ခဲလှပေသည်။
အချိန်အတော် ကြာသွားသည့်အခါမှသာ ဖေးကျီတုက ချောင်းဟန့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “ရန်ကိုင်၊ အဲ့ရေခဲဖီးနစ်က မင်းဟာလား”
ရန်ကိုင် ကိုယ်ထဲမှ အလင်းတစ်ချက် လက်သွားသည်ကို မြင်လိုက်သော်လည်း ထိုလူငယ်လေးသည် ရှေးနတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ်အပိုင်းအစတစ်ခုအား ပိုင်ဆိုင်ထားသည် ဆိုသော အချက်ကို ယခုထိချိန် မယုံနိုင် ဖြစ်နေသေးသည်။
မှော်ရတနာ စိတ်ဝိဥာဉ်အား ပိုင်ဆိုင်ထားသည် ဆိုသော အချက်ကပင် အများ မနာလိုအားကျစရာ ဖြစ်နေသည်ကို ရှေးနတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ်အပိုင်းအစ တစ်ခုကိုပင် ထပ်မံ ပိုင်ဆိုင်ထားလိုက်သေးသည်။
ထိုကောင် ကံဘယ်လောက်တောင် ကောင်း၍များ ထိုမျှ ရှားပါးလွန်းလှသော အရာနှစ်ခုကို ပိုင်ဆိုင်ထားရသနည်း။
“ဟုတ်တယ်” ရန်ကိုင်က ဖေးကျီတုကို ကြည့်၍ ပြန်ပြောလိုက်သည်။ ထိုလူများ သူ့ဆီမှ ရေခဲဖီးနစ်ကို လာလုယူရန်မှာ မဖြစ်နိုင်ဟု ထင်မိသော်လည်း အနည်းငယ်တော့ သတိထားလျက် ပြန်မေးလိုက်သည် “မြို့သခင်လေး၊ ကျုပ်ရေခဲဖီးနစ် အဲ့လောကရတနာနောက် ဘာလို့ လိုက်သွားလဲ သိလား”
ရေခဲဖီးနစ် ယခုအချိန်ကျမှ ရုတ်တရက်ကြီး ဘာကြောင့် သူ့ကိုယ်ထဲမှ ထွက်သွားချင်မှန်းကို သူနားမလည်နိုင် ဖြစ်နေသည်။ ရေခဲစွမ်းအင်များကို စုပ်ယူချင်သည့် အတွက်ကြောင့် မဖြစ်နိုင်။ ယခင်က အလွန်ကိုမှ အေးလှသည့် နေရာများစွာဆီသို့ သူသွားခဲ့ဖူးသည်။ သို့သော် ရေခဲဖီးနစ် ဤကဲ့သို့ မတုန့်ပြန်ခဲ့ချေ။ ယင်နေကြာရေစင်သည် အလွန်ကိုမှ အေးစက်လွန်းလှသော ရတနာတစ်မျိုးဖြစ်သလို နှစ်တစ်သောင်းရေခဲကျောက်စိမ်း သည်လည်း အတူတူပင် ဖြစ်သည်။ သို့တိုင် ထိုရတနာ နှစ်မျိုးစလုံး ရေခဲဖီးနစ်အား လှုပ်လှုပ်ရွရွ ဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၄၇)
ဖေးကျီတုက ရယ်သွမ်းသွေးလျက် ရှင်းပြလိုက်လေသည် “မင်းနားမလည်လို့။ ရှေးနတ်ဘုရားမျိုးစိတ်တွေက သူတို့နဲ့ စွမ်းအားချင်း ဆင်တူတဲ့ လောကရတနာတွေကို ဝါးမြိုရတာ ကြိုက်တယ်။ မင်းရဲ့ နတ်ဘုရားမျိုးစိတ်က တော်တော်လေး အားနည်းနေတယ်။ ဒါကြောင့် အဲ့လောကရတနာကို ဝါးမြိုပြီး အမြန် ပြန်ကောင်းလာချင်နေတာ ဖြစ်လိမ့်မယ်။ လောကရတနာတွေက ရှေးနတ်ဘုရားမျိုးစိတ်တွေရဲ့ မွေးရာပါ သားကောင်တွေပဲ။ ဒါပေမယ့် အဲ့ရှေးနတ်ဘုရားမျိုးစိတ်က မင်းအပိုင်ဆိုမှတော့ ဟိုလောကရတနာကို ဝါးမြိုပြီးရင် မင်းဆီ ကျိန်းသေ ပြန်လာလိမ့်မယ်”
“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ စိတ်ထဲလည်း သက်သာရာ ရမိသွားလေသည်။
အခြားသူများ မသိသော်လည်း ရေခဲဖီးနစ်သည် သူ့ခန္ဓာကိုယ်အား နေထိုင်စရာ တစ်ခု သက်သက် အဖြစ်သာ အသုံးပြုနေကြောင်းကို ရန်ကိုင် ကောင်းကောင်း သိသည်။ နဂါးအမွေအနှစ်ကို သူရထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဖီးနစ် အမွေအနှစ်သည် ထုန်းရွှမ်လောကကြီးတွင်သာ ကျန်နေရစ်ခဲ့ပေလိမ့်မည်။
သို့သော်လည်း ထိုအကြောင်းကို လျှောက်ပြောရလောက်သည် အထိ သူမတုံးအချေ။ ရေခဲဖီးနစ် သူ့အပိုင် မဟုတ်ကြောင်းကို ထိုလူများသာ သိသွားခဲ့လျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း နဂါးဖီးနစ်နန်းတော်၏ နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့၏ အမွေအနှစ်များသည် ရှေးနတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ်အပိုင်းအစများ ဖြစ်သည်ကို သူသိရှိလိုက်ရသည်။ သူ့ကျောဘက်ရှိ တက်တူများ ဘာကြောင့် အသက်ရှိသလို သူ့ကျောပြင်ထက် ကူးခတ်သွားလာနေလဲ ဆိုသည်ကိုလည်း နားလည်သွားခဲ့လေပြီ။
လောကရတနာသည် ရန်ကိုင်တို့ အဖွဲ့၏ အသက်စွမ်းအင်ကို ဝါးမြိုချင်သည်။ သို့သော် ထိုသို့ မလုပ်နိုင်သေးခင်မှာပဲ ၎င်း၏ မွေးရာပါ မုဆိုးနှင့် သွားတွေ့ပြီး အမြီးကုတ်ကာ ပြေးခဲ့ရသည်။
ထို့အတွက်ကြောင့် အကုန်လုံး၏ ရင်ထဲ လေးလံနေသော ဝန်ထုပ်ကြီး ပေါ့ပါးသွားခဲ့ရသည်။ မီးတောက်ခေါင်းလောင်းနှင့် မှော်ရတနာစိတ်ဝိဥာဉ် ရှိနေသည့် အတွက်ကြောင် အအေးဓါတ်၏ လွှမ်းမိုးခြင်း ခံရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။ သို့တိုင် သွားနေသည့် အရှိန်ကို မြှင့်လိုက်ပေသေးသည်။
ခဏအကြာတွင် ဤနေရာရှိ အအေးဓါတ်သည် တစ်နေရာ တည်းသို့ သွားစုစည်းနေသည်ကို သတိပြုမိလိုက်သည်။ ရိုးတွင်းခြင်ဆီခိုက်အောင် အေးသော အအေးဓါတ်တို့သည်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့လေသည်။
ခဏအကြာတွင် ထိုပုံမှန်မဟုတ်သည့် ဖြစ်စဉ် ရပ်တန့်သွားပြီး အရပ်တစ်ခုဆီမှ အလင်းရောင်တစ်ခု တောက်ပလာခဲ့သည်။ တစ်ချိန်တည်းတွင် ရေခဲဖီးနစ် ပြန်ပေါ်လာပြီး ရန်ကိုင်တို့ဆီသို့ ပျံသန်းလာခဲ့သည်။
ရေခဲဖီးနစ် ပြန်လာသည်ကို မြင်သော် ရန်ကိုင် ပျော်သွားသည်။
သူ့စိတ်ထဲ စိုးရိမ်နေမိသော်လည်း ရေခဲဖီးနစ် သူ့ဆီမှ အလွယ်တကူ ထွက်သွားမည် မဟုတ်မှန်း သိနေခဲ့သည်။ တကယ်တော့ နဂါးဧကရာဇ်၏ အမွေအနှစ်နှင့် ဖီးနစ်ဧကရီ၏ အမွေအနှစ်ကြားတွင် အလွန်အားကောင်းသော ဆက်သွယ်ချက် ရှိသည်မဟုတ်ပေလော။
ရေခဲဖီးနစ်သည် နှစ်ပေါင်းများစွာကြာအောင် သူ့ခန္ဓာကိုယ်ထဲ အိပ်စက်နေသဖြင့် သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်သွားဖို့သည် မဖြစ်နိုင်လောက်သော ကိစ္စတစ်ခု ဖြစ်သည်။
အလင်းတစ်ချက်နှင့် ရေခဲဖီးနစ်၏ ပုံရိပ် အားလုံး ခေါင်းထက် ပေါ်လာခဲ့သည်။ ၎င်း၏ အေးစက်စက် အကြည့်နှင့် မျက်လုံးချင်း ဆုံးသွားမိသည့်အခိုက် အကုန်လုံး အသက်ပင် မရှူနိုင် ဖြစ်သွားခဲ့ကြသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်၏ မျက်လုံးထဲ ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး တိုးတိုးလေး ပြောလိုက်သည် “မြို့သခင်ဖေး၊ မီးတောက်ခေါင်းလောင်း အကာအကွယ်ကို တစ်ချက်လောက် ဖွင့်ပေးလို့ ရမလား”
ထိုအခါမှ မြို့သခင် ထိုအချက်ကို သတိရလိုက်ပြီး အလျင်အမြန် ခေါင်းညိတ်၍ မီးတောက်ခေါင်းလောင်း၏ အကာအရံပေါ်တွင် အပေါက်လေးတစ်ပေါက် ဖောက်ပေးလိုက်၏။ အပေါက်ပွင့်လာသည်နှင့် ရေခဲဖီးနစ်သည် အလင်းတန်း တစ်ခု အသွင်သို့ ပြောင်းလျက် ရန်ကိုင်ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ရေခဲဖီးနစ် လောကရတနာအား ဝါးမြိုနိုင်လိုက်လား၊ မနိုင်ဘူးလား ဆိုသည်ကို သိချင်နေမိကြသော်လည်း မည်သူမှ သွားမမေးကြချေ။ လက်ရှိတွင် အရေးအကြီးဆုံးသည် ဤနေရာမှ ထွက်သွားနိုင်ရန် ဖြစ်သည်။
ကံကောင်းစွာဖြင့် ရေခဲလမ်းအဆုံးသည် သူတို့နှင့် သိပ်မဝေးတော့ချေ။ ခဏလောက် လျှောက်လိုက်ပြီးနောက် ရေခဲလမ်းအဆုံးသို့ ရောက်လာနိုင်ခဲ့သည်။ ရေခဲလမ်းမှ ထွက်လာလိုက်သည်နှင့် ကျောက်တုံခန်းမကြီး တစ်ခုထဲသို့ ရောက်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့ ခံစားနေရသော အအေးဓါတ်လည်း ပျောက်ကွယ်သွားခဲ့သည်။
ဖေးကျီတုသည် ထိုနေရာသို့ ရောက်သည်နှင့် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်သည်။ သို့သော် ရန်ကိုင် မျက်မှောင် ကြုတ်နေသည်ကို မြင်သော် ရန်ကိုင်အား သွားမနှောင့်ယှတ်ဘဲ အားလုံးဘက် လှည့်၍သာ ပြောလိုက်သည် “မင်းတို့ ဒီမှာ ခဏလောက် နားနှင့်။ ငါချင်းအိုကြီး ထားခဲ့တဲ့ အမှတ်အသား တွေကို သွားရှာလိုက်ဦးမယ်”
ပြောပြီးသည်နှင့် လမ်းလျှောက်ထွက်သွားလေသည်။
အကုန်လုံး ခေါင်းညိတ်လိုက်ကြပြီး နေရာ အသီးသီး ရှာကာ တင်ပလင်ခွေထိုင် အားပြန်ဖြည့်လိုက်ကြသည်။ ရေခဲလမ်းကို ဖြတ်သန်းဖို့ရာ အတွက် အရမ်းကြီး အားမကုန်ခဲ့ရသော်လည်း အလွန်ကိုမှ စိတ်ပင်ပန်းခဲ့ရသည်။ ရေခဲဖီးနစ်ကြောင့်သာ မဟုတ်လျှင် အကျိုးဆက်ကား မတွေးရဲစရာပင်။
ရန်ကိုင်လည်း နေရာတစ်ခု ရှာထိုင်လိုက်ပြီး သူ့ကိုယ်ထဲရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ရေခဲဖီးနစ် အမွေအနှစ်ကို သူမပိုင်သော်လည်း ရေခဲဖီးနစ်သည် သူ့ခန္ဓာကိုယ်ထဲတွင် နေထိုင်နေသည့် အတွက်ကြောင့် ၎င်းနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ကို အာရုံခံနိုင်ပေသည်။ ရေခဲဖီးနစ်သည် ယခင်နှင့်စာလျှင် အရမ်းကြီး အားကောင်းလာခြင်း မရှိချေ။ ထောက်ချင့်ကြည့်သော် ရေခဲဖီးနစ် လောကရတနာကို ဖမ်းမမိလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။
လောကရတနာ လွတ်သွားတာလား သို့သော်လည်း ရေခဲလမ်းမှ စွမ်းအင်အချို့ကို စုပ်ယူလိုက်ရသည့် အတွက်ကြောင့် ရေခဲဖီးနစ် အနည်းငယ်တော့ ပိုအားကောင်းလာခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင် မအံ့ဩမိချေ။ ရေခဲဖီးနစ်သည် ဝိဥာဉ်အပိုင်းအစ တစ်ခုသာ ဖြစ်သဖြင့် ခွန်အားများများစားစား ပိုင်ဆိုင်ထားခြင်း မရှိချေ။ ထို့အပြင် ထို့အရာ ရှေးဟောင်း အမွေအနှစ်တစ်ခုသာ ဖြစ်သည့် အတွက်ကြောင့် ပိုင်ရှင် မဟုတ်သည့် သူ့လက်ထဲတွင် မည်သည့် စွမ်းအားကြီးကိုမှ ထုတ်ဖော်ပြသနိုင်လိမ့်မည် မဟုတ်ချေ။ စုယန် လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူတို့ နှစ်ယောက် ပေါင်းစပ်လိုက်သည့် အခါမှသာ အမွေအနှစ်၏ စွမ်းအား အပြည့်ကို ထုတ်ဖော် ပြသနိုင်ပေလိမ့်မည်။
ဒုတိယအနေဖြင့် လောကရတနာသည် ဤနေရာတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ရေခဲလမ်းကြောင်း၏ ပတ်ဝန်းကျင်နှင့် လွန်စွာကိုမှ ရင်းနှီးနေသည်။ ထို့ကြောင့် ရေခဲဖီးနစ်ကို မျက်ခြေဖျက်ဖို့သည် သူ့အတွက် ပြဿနာ တစ်ခု မဟုတ်ပါချေ။
နှာမြေစရာပဲ ရန်ကိုင် သကပ်ြင်းချလိုက်သည်။ ရေခဲဖီးနစ်သာ ထိုလောကရတနာကို ဝါးမြိုလိုက်နိုင်လျှင် မမျှော်လင့်ထားသော ပြောင်းလဲမှုအချို့ပင် ဖြစ်လာနိုင်လောက်သည်။ ထိုအခါမှ ရေခဲဖီးနစ်အား စုယန်ဆီ လွှဲပေးလိုက်မည် ဆိုလျှင် စုယန် အတွက်လည်း ပို၍ အကျိုးရှိသွားပေလိမ့်မည်။
သို့သော်လည်း လောလောဆယ်တွင် လောကရတနာအား သွားပြဿနာရှာဖို့ မစဉ်းစားထားသေးချေ။ ရေခဲမီးနစ်သည် ထိုယုန်ဖြူ၏ မွေးရာပါမုဆိုးတစ်ကောင် ဖြစ်သော်လည်း ရန်ကိုင်သည် ရေခဲဖီးနစ်ကို မထိန်းချုပ်နိုင်ချေ။ ခွေးပင် ချောင်ပိတ် ရိုက်ခံရလျှင် ပြန်ကိုက်လေရာ လောကရတနာကဲ့သို့ တည်ရှိမှုမျိုးက မည်ကဲ့သို့ ငြိမ်ခံနေမည်နည်း။ လောကရတနာသာ အရူးတစ်ပိုင်းဖြစ်သွားပြီး သူသေကိုယ်သေ တိုက်ခိုက်မည် ဆိုလျှင် မည်သူနိုင်မည် ရှုံးမည်၊ ဆုံးသည်မှာ ဝေခွဲမရသော ပုစ္ဆာတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
အကုန်လုံးသည် အနားယူနေရင်း ရန်ကိုင်အား မနာလို အားကျသည့် အကြည့်များဖြင့် လှမ်းလှမ်း ကြည့်နေကြသည်။ ပုံမှန်အားဖြင့် ထူးမခြားနားဟန်ဖြင့် ရှိနေတတ်သော လျန်ကွမ်း ပင်လျှင် ချွင်းချက် မဟုတ်ချေ။
သို့သော်လည်း ရန်ကိုင်ကမူ သူတို့၏ အကြည့်များကို မသိချင်ယောင်ဆောင်လျက်သာ ထိုင်နေလိုက်သည်။ သူတို့ သူ့အား မည်ကဲ့သို့ တွေးတွေး သူ့အလုပ်မဟုတ်။ သူ့အား လာပြဿနာ မရှာလျှင် အားလုံး အဆင်ပြေပေသည်။
“ချင်းအိုကြီး ထားခဲ့တဲ့ အမှတ်အသားတွေကို ငါတွေ့ပြီ။ အားလုံး ငါ့နောက် လိုက်ခဲ့ကြတော့” ဖေးကျီတု၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုစကားကို ကြားလိုက်သည့် အခါ အကုန်လုံး မတ်တပ်ရပ်လိုက်ပြီး အသံကြားရာ အရပ်ဆီ လျှောက်သွားကြလေသည်။
ခန်းမသည် သိပ်မကြီးလှသည့်အတွက် နည်းနည်းလောက် လျှောက်သွားလိုက်ပြီးနောက် မြေအောက်လိုဏ်ခေါင်း တစ်ခုရှေ့သို့ ရန်ကိုင်တို့အဖွဲ့ ရောက်လာခဲ့သည်။ ထိုနေရာ၌ မည်သည့်ဘက်သို့ သွယ်တန်းနေမှန်း မသိရသော လမ်းကြောင်း များစွာ ရှိနေခဲ့သည်။ ထိုလမ်းကြောင်းများကို ကြည့်ရုံဖြင့် အကုန်လုံး ခေါင်းကိုက်ချင်လာနေလေပြီ။
လမ်းကြောင်းများစွာဖြင့် ပြည့်နှက်နေသော မြေအောက် လိုဏ်ခေါင်းကိုကြည့်ရင်း အကုန်လုံး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိလိုက်ကြသည်။ မည်သည့်လမ်းဆီ ဆက်သွားလို့ ဆက်သွားရမှန်း သူတို့ မသိတော့ချေ။
ထိုစဉ် ဖေးကျီတုက ရှေ့တက်သွားလိုက်သည်။ အကုန်လုံး သူ့နောက်မှ အနီးကပ် လိုက်သွားကြလေသည်။
လမ်းလျှောက်နေရင်း ဖေးကျီတုက ရှင်းပြလိုက်သည် “ချင်းအိုကြီး ပြောသွားတာ သိပ်မရှင်းပေမယ့် သူပြောသွားတဲ့ အထဲမှာ ဒီမြေအောက်လိုဏ်ခေါင်းလည်း ပါတယ်။ ဒီထဲမှာ စိတ်ဝိဥာဉ်အစီအရင်တွေ မရှိဘူးဆိုပေမယ့် ထောင်ချောက် တွေတော့ ရှိတယ်”
“ထောင်ချောက်တွေ” နင်ရှန်းချန် အံ့အားသင့်သွားသည်။
“ဟုတ်တယ်၊ ထောင်ချောက်တွေ” ဖေးကျီတုက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည် “အဲ့ထာင်ချောက်တွေကို သွားအထင်မသေးနဲ့။ ထောင်ချောင်တစ်ခုထဲ မိလိုက်ရင် ငါတို့ တစ်သက်လုံး ဒီကနေ ထွက်နိုင်တော့မှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ နင်ရှန်းချန်နှင့် အခြားသူများ အားလုံး ဖြူလျော်သွားခဲ့ကြသည်။
ပြောရင်းပြောရင်း လမ်းခွဆုံးတစ်ခုသို့ သူတို့ ရောက်လာခဲ့သည်။ ထိုလမ်းခွဆုံကို မြင်သည့်အခါ ဖေးကျီတုက လျန်ကွမ်းကို လှမ်းခေါ်လိုက်ပြီး “လျန်ကောင်လေး၊ ဒီတစ်ခါ မင်းတာဝန်ပဲ”
လျန်ကွမ်းသည် အပိုစကားတစ်ခွန်းမှ ပြောမနေဘဲ ကြွက်နှင့်တူသော ရုပ်သေးရုပ်များကို ထုတ်လိုက်သည်။ ထို့နောက် ထိုကြွက်များအားလုံး လမ်းကြောင်း အသီးသီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ဖေးကျီတု ထိုသူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူကို ဘာကြောင့် ခေါ်လာမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။
ဤနည်းလမ်းသည် အတော်လေး ကောင်းမွန်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။ ကိုင်တိုင် သွားစစ်ဆေးရမည့် အန္တရာယ်များသည့် နေရာမျိုးကို တွေ့လျှင် လျန်ကွမ်း၏ ရုပ်သေးရုပ်များကို အစားထိုး အသုံးပြုနိုင်ပေသည်။ ရုပ်သေးရုပ်အချို့ ပျက်စီးသွားလျှင် ပိုင်ရှင် အတွက် အရမ်းကြီး ထိခိုက်မှုမရှိချေ။
ကြွက်ရုပ်သေးရုပ်များ ပျောက်ကွယ်သွားပြီးနောက် လျန်ကွမ်း မျက်လုံးပိတ်လိုက်သည်။ ခဏအကြာတွင် ဘယ်လောက် လိုဏ်ခေါင်းဆီမှ တကျွီကျွီ အော်မြည်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် လျန်ကွမ်း မျက်နှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့လေသည်။
ခဏအကြာတွင် အရှေ့ဘက်လိုဏ်ခေါင်းဆီမှ နောက်ထပ် အော်သံတစ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ယခုတစ်ချိန်တွင် လျန်ကွမ်း မျက်လုံးပြန်ပွင့်လာပြီး ပြောလိုက်သည် “ဒီလမ်းပဲ”
ဖေးကျီတု ခေါင်းညိတ်လိုက်ပြီး ညာဘက် လမ်းကြောင်းထဲ ဝင်သွားလေသည်။
လျန်ကွမ်း၏ ကင်းထောက်ကြွက်များကြောင့် ဤလိုဏ်ခေါင်းကို သွားရသည့် ခရီးမှာ အတော်လေး အဆင်ပြေနေခဲ့သည်။ ထိုကြွက်များသည် မည်သည့် တိုက်ခိုက်ရေး စွမ်းရည်မှ မရှိဘဲ ကင်းထောက်ဖို့အတွက်သာ အသုံးဝင်သည်။ ရုပ်သေးရုပ် သုံးဆယ် ရာခိုင်နှုန်းလောက်ကို စတေးပြီးနောက် မြေအောက်လိုဏ်ခေါင်းထဲမှ အားလုံး ထွက်လာနိုင်ခဲ့သည်။
သို့သော်လည်း လျန်ကွမ်းမှာမူ အတော်လေးကို စိတ်ညစ်၊ စိတ်ဓါတ်ကျနေခဲ့သည်။ ထိုကြွက်သေးရုပ်များကို သန့်စင်ဖို့ သိပ်မခက်သော်လည်း တစ်ကောင်ချင်းစီတိုင်းကို သန့်စင်ဖို့ရာ ပစ္စည်းအချို့ လိုအပ်သည်။ ထိုသုံးဆယ်ရာခိုင်နှုန်းသော ပမာဏသည် လျန်ကွမ်း၏ လေးငါးနှစ်တာ စုဆောင်းမှုနှင့် ညီမျှပေသည်။
သူပျော်နေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
“စိတ်မပူနဲ့။ ငါတို့ ပြန်ရောက်ရင် မင်းဆုံးရှုံးခဲ့တာအတွက် ကောင်းကောင်း အလျော်ပြန်ပေးမယ်” ဖေးကျီတုက နှစ်သိမ့် ပေးလိုက်သည်။
ထိုအခါမှသာ လျန်ကွမ်း၏ အမူအရာ ပိုမို ကောင်းမွန်လာခဲ့၏။
“အစ်ကိုဖေး ကျုပ်တို့ကိုလည်း အဲ့အကြောင်း မပြောထားပါလား။ အခု ကျုပ်တို့ ဘာလုပ်ကြမလဲ” နင်ရှန်းချန်က ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ထိုမေးခွန်းကို ကြားလိုက်သည့်အခါမှ ဖေးကျီတုလည်း ရှေ့ကို လှမ်းကြည့်မိလိုက်သည်။ မကြာမီ သူ့မျက်နှာထက် မှင်သက် ကြက်သေသေနေသည့် အမူအရာ ထွက်ပေါ်လာခဲ့လေသည်။
အကြောင်းမှာ မြေအောက်လိုဏ်ခေါင်းကို ဖြတ်ကျော်လာပြီးသည့် နောက်တွင် တံခါးနှစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည့် အတွက်ကြောင့်ပဲ ဖြစ်လေသည်။ တစ်ခုသည် အဖြူရောင် ဖြစ်ပြီး နောက်တစ်ခုသည် အနက်ရောင် ဖြစ်သည်။ အဖြူရောင်သည် အနည်းငယ် နွေးထွေးသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး အနက်ရောင်သည် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ တံခါးနှစ်ခုသည် ဆန့်ကျင်ဘက်ပင်။
တံခါးနှစ်ခု၏ နောက်ဘက်တွင် ဟင်းလင်းပြင်ကြီးတစ်ခု ရှိနေခဲ့သည်။ မည်သည့် ကောင်းကင်စိတ်အာရုံမှ ထိုတံခါးနှစ်ခုကို ထိုးဖောက်ဖြတ်ကျော်၍ မစူးစမ်းနိုင်ချေ။
“ဟင်းလင်းပြင်ဂိတ်ပေါက်လား” ဖေးကျီတုက အံ့အားသင့်တကြီး ပြောလိုက်သည်။
“ဘာလဲ၊ အကြီးအကဲချင်း အဲ့အကြောင်း မပြောထားဘူးလား” နင်ချန်းရှန် အံ့ဩတကြီး ပြန်မေးလိုက်သည်။ ချင်းတုန်သာ ကြိုပြောထားခဲ့လျှင် ဖေးကျီတု ယခုကဲ့သို့ အံ့အားသင့်နေစရာ အကြောင်း မရှိချေ။ ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိတော့သည်။ ဖေးကျီတုလည်း ထိုအကြောင်း မိသည့် အတွက် ကြောင့်သာ ဖြစ်ရပေမည်။
“သူဒီဂိတ်ပေါက်အကြောင်း မပြောထားဘူး” ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“ဒီလောက် အရေးကြီးတာကို အကြီးအကဲချင် ဘာလို့ လျစ်လျူရှုထားတာလဲ” နင်ရှန်းချန်က အလန့်တကြား ပြန်ပြော၏။
“သူက အလောတကြီးနဲ့ သတင်းပို့လိုက်တာ ဆိုတော့ ဒီအကြောင်း ထည့်ပြောဖို့ မေ့သွားတာလည်း ဖြစ်နိုင်တာပဲလေ” ဖေးကျီတု မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြောပြီးသည်နှင့် ချိုင်ဟဲနှင့် တုစီစီတို့ဘက်လှည့်၍ မေးလိုက်သည် “မင်းတို့ နှစ်ယောက် ဒီဂိတ်ပေါက်ကို စစ်ဆေးကြည့်လို့ရလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၄၈)
သူတို့ ရှေ့တွင် အဖြူရောင်နှင့် အနက်ရောင် တံခါးဝိုင်းကြီး နှစ်ချပ်ရှိနေခဲ့သည်။ ပုံမှန်ဆိုလျှင် လူအများစုသည် အဖြူရောင် တံခါးကိုသာ ရွေးချယ်ပေလိမ့်မည်။ အကြောင်းသည်ကား အနက်ရောင် တံခါးကို မိစ္ဆာဆန်သော အရှိန်အဝါကို ထုတ်လွှတ် နေသည့် အတွက်ကြောင့် ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် ထိုကဲ့သို့ သွားဆုံးဖြတ်၍ မရချေ။ အဖြူရောင် တံခါးသည် မကောင်းသည့် နေရာသို့ ဦးတည်နေနိုင်သလို အနက်ရောင် တံခါးသည်လည်း မကောင်းသည့် နေရာဆီသို့ ဦးတည်နေနိုင်၏။
တစ်ခုသည် သေခြင်းကို ကိုယ်စားပြုပြီး၊ တစ်ခုသည် ရှင်ခြင်းကို ကိုယ်စားသည်မှာလည်း ဖြစ်နိုင်သလို ထိုကဲ့သို့ မဟုတ်သည်မှာလည်း ဖြစ်နိုင်သည်။
ဖေးကျီတုသည် ချိုင်ဟဲနှင့် တုစီစီတို့ ထိုတံခါးနှင့် ပက်သက်၍ အဖြေ ရှာနိုင်ပါစေဟုသာ ဆုတောင်းနေရတော့သည်။
ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ချိုင်ဟဲက ကသိကအောက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “ကျုပ်တို့တွေက အစီအရင်တွေကို လေ့လာခဲ့တယ် ဆိုပေမယ့် လေဟာနယ်တာအိုကိုတော့ တစ်ခါမှ မလေ့လာဖူးဘူး။ ဟင်းလင်းပြင် အစီအရင်တွေနဲ့ တစ်ခါမှ မကြုံဖူးဘူး။ ဒါပေမယ့် ဟင်းလင်းပြင်ဂိတ်ပေါက်ကလည်း အစီအရင် တစ်မျိုးပဲ ဆိုတော့ စီနီယာဖေးသာ ခွင့်ပြုမယ်ဆိုရင် ကျုပ်တို့ ဒီဂိတ်ပေါက်ကို တစ်ချက်လောက် စစ်ဆေးကြည့်ချင်တယ်”
ဖေးကျီတုက ခေါင်းညိတ်လိုက်ပြိး “စိတ်မပူနဲ့။ သွားပြီးတော့သာ သေချာ လေ့လာလိုက်။ တစ်ခုခုတွေ့ရင်လည်း ငါ့ကို ပြန်လှမ်းပြောဦး”
ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက် ခေါင်းညိတ်လိုက်ကြပြီး ပစ္စည်းအစုံကို ထုတ်လျက် ဟင်းလင်းပြင်းဂိတ်ပေါက် နှစ်ခုကို သေချာ စတင် လေ့လာကြတော့လေသည်။
အခြားသူများသည် ထိုဂိတ်ပေါက်နှင့် ပက်သက်၍ မည်သည့် အကူအညီမှ မပေးနိုင်သဖြင့် ထိုနှစ်ယောက် စစ်ဆေးနေသည်ကို ထိုင်စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ လေဟာနယ်တာအိုကို ကျင့်ကြံထားသည့် ရန်ကိုင်ပင်လျှင် ဘာမှမတတ်နိုင်ချေ။ ထိုဟင်းလင်းပြင် အစီအရင်နှစ်ခုသည် သုံး၍ရသည်။ မည်သည့် နေရာသို့ ဦးတည်နေမှန်းသာ သူတို့ မသိကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ မျှော်လင့်ချက်များကို ချိုင်ဟဲနှင့် တုစီစီပေါ် ပုံအပ်ထားရုံသာ တတ်နိုင်လေသည်။
လက်ရှိ မြင်ရသလောက် ချိုင်ဟဲနှင့် တုစီစီတို့လည်း အခြေအနေဟန်သည့် ပုံမပေါ်။ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ငြင်းခုံနေကြသည်။ တစ်ယောက်သည် အဖြူရောင်ဂိတ်ပေါက်ထဲသို့ သွားသင့်သည်ဟု ထင်နေပြီး အခြား တစ်ယောက်သည် အနက်ရောင်ဂိတ်ပေါက်ထဲသို့ သွားသင့်သည်ဟု ထင်နေသည်။ နှစ်ယောက်စလုံးသည် စူးစမ်းရရှိသည့် အချက်အလက်များအရ ငြင်းခုံနေခြင်း မဟုတ်ဘဲ သူတို့၏ မသိစိတ်အရ ပိုကောင်းသည်ဟု ထင်သည့်အရာကို ပိုလုံခြုံသည်ဟု မှတ်ယူနေကြခြင်း ဖြစ်သည်။
ချိုင်ဟဲသည် တုစီစီအား စိတ်ဝင်စားသော်လည်း ဤကိစ္စသည် အလွန်ကိုမှ အရေးကြီးသော ကိစ္စကြီးတစ်ခု ဖြစ်သဖြင့် သူမ၏ အထင်အမြင်ကို ငြင်းဆိုခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် သက်ပြင်းချလိုက်၏။
ထိုနှစ်ယောက်သည် အစီအရင်ပညာတွင် ကျွမ်းကျင်သော်ငြား ယန်ယန်၏ ခြေဖျားပင် မမှီသေးချေ။ လမ်းတွင် သူတို့တွေ့ခဲ့သည့် အစီအရင်များကို ဖျက်စီးရန်အတွက် နှစ်ယောက်သား ပူးပေါင်း ဆောင်ရွက်သည့်တိုင် အချိန်အများကြီး ကြာခဲ့သည်။ သူတို့ နေရာတွင် ယန်ယန်သာ ဆိုပါက (၁၅)မိနစ်ပင် ကြာလိမ့်မည် မဟုတ်ချေ။
ယန်ယန်သည် ဤနေရာတွင် ရှိနေလျှင် မည်သည့်ဂိတ်ကို သူရွေးမည်နည်း။
ရန်ကိုင် ဟင်းလင်းပြင်ဂိတ်ပေါက် နှစ်ခုကို မျက်လုံး မှေးစဉ်းလျက် စိုက်ကြည့်လိုက်ပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။ ယန်ယန်သာဆိုလျှင် အနက်ရောင်ကိုသာ ရွေးလိမ့်မည်ဟု သူထင်သည်။
အကြောင်းကား ရှင်းပေသည်။ ထိုကောင်မလေးသည် အမြဲတမ်း အနက်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ပြီး ခေါင်းနှင့် မျက်နှာကိုပါ အနက်ရောင်ဝတ်ရုံဖြင့် ခြုံကာထားခဲ့သည်။ ထို့ကြောင့် သူမ အနက်ရောင်ကို ကြိုက်သည်မှာ ပြောနေစရာ မလိုချေ။
သူထိုအကြောင်း စဉ်းစားနေစဉ်မှာပဲ အနက်ရောင်နှင့် အဖြူရောင် ဂိတ်ပေါက်ဆီမှ အားကောင်းသော ဆွဲအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တည်ငြိမ်နေသော ဂိတ်ပေါက်၏ မျက်နှာပြင်များသည် စတင် တွန့်လိမ်လာပြီး ဝဲကတော့ကြီးများအသွင် ပြောင်းလဲလာခဲ့သည်။
ချိုင်ဟဲနှင့် တုစီစီတို့ အစီအရင်ကို စစ်ဆေးနေရင်း ဟင်းလင်းပြင်အစီအရင်ကို မတော်တဆ အသက်သွင်းလိုက်သည့် ပုံပင်။
မည်သူမှ ထိုဆွဲအားအောက်တွင် ကြံ့ကြံ့ခံ မရပ်နိင်ကြဘဲ ဂိတ်ပေါက်ဆီသို့ တဖြည်းဖြည်း ဆွဲခေါ်ခံရလေသည်။
ဖေးကျီတုနှင့် အခြားတန်ခိုးရှင်အဆင့် ပညာရှင်များသည် သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်လျက် ထိုဆွဲအားကို ကုန်းရုန်းခုခံသော်လည်း အချည်းနှီးသာ။
ဖေးကျီတုက အလျင်စလို လှမ်းအော်မေးလိုက်လေသည် “ချိုင်ကောင်လေး၊ တုမိန်းကလေး၊ ဘယ်ဘက်သွားရမလဲ”
အစောပိုင်းက ငြင်းခုံနေသော ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး လက်ရှိတွင် သွေးပျက်ထိတ်လန့်နေကြသည်။ ခဏလေးအတွင်း မည်သို့မှ ကောက်ချက်ချနိုင်မည် မဟုတ်သဖြင့် သူတို့ ထင်ရာမြင်ရာကိုမြင် စွတ်အော်ပြောလိုက်ကြသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ထိုနှစ်ယောက်အပေါ် အားကိုး၍ ရမည်မဟုတ်မှန်း ဖေးကျီတု ချက်ချင်း သိလိုက်သည်။ ထိုနှစ်ယောက်ကိုလည်း သွားအပြစ်တင်၍လည်း မရချေ။ ဤသို့သော အစီအရင်မျိုးနှင့် သူတို့မှ တစ်ခါမှ မကြုံဖူးသည်ကိုး။
“ငါမတောင့်ခံနိုင်တော့ဘူး” နင်ချန်းရှန်က အော်ပြောလိုက်ပြီး ဆက်လက် မခုခံတော့ဘဲ နောက်သို့လှည့်၍ အော်ပြောလိုက်သည် “အစ်ကိုဖေး၊ ငါအရင်သွားနှင့်လိုက်ပြီ”
သူ့အသံ ဆုံးသွားသည်နှင့် အဖြူရောင် ဂိတ်ပေါက်ထဲသို့ ခုန်ဝင်သွားလေသည်။
တစ်ချိန်တည်းတွင် အဖွားအိုကြီးသည်လည်း အနက်ရောင် ဂိတ်ပေါက်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ နင်ရှန်းချန် အခြား ဂိတ်ပေါက်ထဲအား ပြေးဝင်သွားသည်ကို မြင်သော် သူမပါ အဖြူရောင် ဂိတ်ပေါက်ထဲ ဝင်ရန် လုပ်လိုက်သော်ငြား အနက်ရောင်ဂိတ်ပေါက်၏ ဆွဲအားကို မည်သို့မှမခုခံနိုင်သဖြင့် ဂိတ်ပေါက်ထဲသို့သာ ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။
မျက်တော်ငတစ်ခတ်အတွင်း တန်ခိုးရှင်အဆင့် နှစ်ယောက် ဂိတ်ပေါက်တစ်ပေါက်ဆီ ရောက်သွားကြသဖြင့် အကုန်လုံး မည်သည့်ဘက်သို့ ရွေးလို့ ရွေးရမှန်းမသိ ဖြစ်ကုန်ကြလေသည်။
ထို့အပြင် ယခုနေမှ သူတို့ ရွေးချယ်ချင်ပါသည် ဆိုလျှင်ပင် ရွေး၍ မရတော့ချေ။ မျိုးရိုးနာမည်ဝမ်နှင့် ဖေးကျီတုသည် အဖြူရောင် ဂိတ်ပေါက်ဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။ ခုခံနေလည်း အချည်းနှီးသာ ဖြစ်မည်မှန်း သိလိုက်သော် ခုခံမနေတော့ဘဲ အံကြိတ်၍ ပြောလိုက်လေသည် “သွားကြမယ်”
ပြောပြီးသည်နှင့် သူနှင့် မျိုးရိုးနာမည်ဝမ်ဆိုသော ကျင့်ကြံသူ နှစ်ယောက် အဖြူရောင်ဂိတ်ပေါက်ထဲသို့ ဝင်သွားကြလေသည်။
နှစ်ယောက်စလုံး မဝင်ခင် လျန်ကွမ်းက အရင်ဝင်သွားသည်။ သို့သော် အကုန်လုံးသည် သူတို့ဘာသာ ပျာယာခတ်နေကြသဖြင့် လျန်ကွမ်း မည်သည့် ဂိတ်ပေါက်ထဲသို့ ဝင်သွားလဲ ဆိုသည်ကို မည်သူမှ မသိလိုက်ကြချေ။ အခြားသူများနှင့် မတူညီစွာ ရန်ကိုင်သည် ဂိတ်ပေါက်နှင့် အတော်လေး လှမ်းနေသေးသည့် အတွက်ကြောင့် ခုခံနိုင်သေးသည်။
တန်ခိုးရှင်အဆင့်အားလုံး ဝင်သွားသည်ကို မြင်သော် တုစီစီလည်း အံကြိတ်၍ သူတို့နောက် လိုက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမ သွားခါနီးမှာပဲ ချိုင်ဟဲက သူမကို ပြန်ဆွဲခေါ်ထားလိုက်ပြီး အလျင်စလို အော်ပြောလိုက်သည် “အဲ့ဘက်မဟုတ်ဘူး။ ဒီဘက်”
တုစီစီအဖို့ ချိုင်ဟဲ၏ လုပ်ရပ်ကြောင့် ဒေါသပင် မထွက်နိုင်သေးခင်မှာပဲ သူမနှင့် ချိုင်ဟဲတို့ နှစ်ယောက် အနက်ရောင် ဂိတ်ပေါက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ရန်ကိုင်သည် နောက်ဆုံးကျန်သည့်လူ ဖြစ်သည်။ ဂိတ်ပေါက်ဆီသို့ တဖြည်းဖြည်း ဆွဲခေါ်ခံနေရချိန် မဲ့ပြုံးပြုံးလျက် “ယန်ယန်၊ ယန်ယန်၊ နင်ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်”
ပြောပြီးသည်နှင့် အနက်ရောင် ဂိတ်ပေါက်ထဲသိ့ ခုန်ဝင်သွားလိုက်လေသည်။
ရန်ကိုင်၏ ခန္ဓာကိုယ်လည်း အနက်ရောင်ဂိတ်ပေါက်၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။ ခဏလောက် ရီဝေရီဝေ ဖြစ်ပြီးနောက် လုံးဝကို ကွဲပြားခြားနားသော နေရာသစ်တစ်ခုဆီသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ လှည့်ပတ်ကြည့်လိုက်ရာ ချိုင်ဟဲအား ဒေါသတကြီး ဆူပူနေသော တုစီစီနှင့် ကမန်းကတန်း တောင်းပန်နေသော ချိုင်ဟဲကို တွေ့လိုက်ရသည်။
ကံကောင်းစွာဖြင့် အကုန်လုံး တစ်နေရာတည်း ရောက်လာခဲ့သည်။ လောလောဆယ်တွင် ဤနေရာပတ်လည်၌ မည်သည့် အန္တရာယ်မှ မရှိသေးသည့်ပုံပင်။ ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် စိတ်သက်သာရာ ရသွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်လေသည်။
သူတို့အားလုံး ခန်းမကြီး တစ်ခုထဲသို့ ရောက်နေခြင်း ဖြစ်သည်။
အနက်ရောင်ဂိတ်ပေါက်ထဲသို့ ဝင်လာရခြင်းမှာ ယန်ယန် ကြောင့်ချည်းပဲ မဟုတ်ချေ။ အခြား အကြောင်းအရင်းများကြောင့် လည်း ပါပေသည်။ တန်ခိုးရှင်အဆင့်များစွာ ဝင်သွားသည့် အဖြူရောင် ဂိတ်ပေါက်ထဲ လိုက်ဝင်သွားမည် ဆိုပါက ပိုပြီး လုံခြုံနိုင်သော်လည်း ဂိတ်ပေါက်၏ အခြားတစ်ဖက်၌ မည်သည့် အရာမျိုး ရှိနေလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်သဖြင့် မည်သည့်ဘက်ကို ရွေးရွေး ကိစ္စမရှိချေ။
သို့သော်လည်း အစီအရင်ပညာရှင် နှစ်ယောက်ဖြစ်သော ချိုင်ဟဲနှင့် တုစီစီသည် ရှေးဟောင်းအပျက်အစီး နယ်မြေကို စူးစမ်းရာတွင် အကူအညီ အများကြီး ပေးနိုင်သည်။ သူတို့ နှစ်ယောက်စလုံး အနက်ရောင် ဂိတ်ပေါက်ထဲ ရောက်သွားသဖြင့် သူလည်း လိုက်ဝင်လာခဲ့ခြင်း ဖြစ်သည်။
ထိုနည်းဖြင့်ဆိုပါက အစီအရင်များထဲ ပိတ်မိသွားမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ပေလိမ့်မည်။
“ရန်ဖြစ်မနေနဲ့” သူတို့ထက် အရင်စောရောက်နေသော တန်ခိုးရှင်အဆင့် မိန်မအိုကြီးက ထအော်လေသည်။ ထို့ကြောင့် ချိုင်ဟဲနှင့် တုစီစီတို့၏ ရန်ပွဲလည်း ရပ်တန့်သွားခဲ့ရသည်။ အစီအရင် ပညာရှင် နှစ်ယောက်ကို စူးရဲစွာ တစ်ချက်လောက် စိုက်ကြည့်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ “အခြားသူတွေကော”
“အဖြူရောင်ဂိတ်ထဲ ဝင်သွားကြပြီ။ ကျုပ်က နောက်ဆုံး တစ်ယောက်ပဲ” ရန်ကိုင် လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် လျန်ကွမ်းကို မတွေ့ရ။ လျန်ကွမ်းသည်လည်း အဖြူရောင် ဂိတ်ပေါက်ထဲသို့ ဝင်သွားသည့်ပုံပင်။
“ဘယ်လို…” အမျိုးသမီးအိုကြီး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အခြား ပညာရှင်အားလုံးနှင့် လမ်းကွဲသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမရှေ့ရှိ ဂျူနီယာ သုံးယောက်ကို ကြည့်ရင်း အမျိုးသမီးအိုကြီး အတော်လေး စိတ်ဓါတ်ကျမိသည်။ အန္တရာယ် တစ်ခုခုသာ ကျရောက်လာခဲ့လျှင် ရှေ့ဆုံးမှ ဦးဆောင်ရမည့်လူသည် သူမသာ ဖြစ်ပေလိမ့်မည်။ တန်ခိုးရှင်အဆင့် ပညာရှင်ဆို၍ သူမ တစ်ယောက်တည်းသာ ရှိသဖြင့် သူမ ခံစားရသည့် ဖိအားမှာ မသေးလှချေ။
သို့သော်လည်း ရန်ကိုင့် မှော်ရတနာစိတ်ဝိဥာဉ်၏ စွမ်းအားအကြောင်း စဉ်းစားမိလိုက်သော် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ အစီအရင်ပညာရှင် နှစ်ယောက်သည် တစ်ခုခုနှင့် တိုက်ခိုက်ရမည် ဆိုလျှင် သိပ်ပြီး အသုံးဝင်မည် မဟုတ်သော်လည်း ရန်ကိုင်ကမူ မတူပါချေ။
ခဏလောက် စဉ်းစားပြီးနောက် အမျိုးသမီးအိုကြီးက ပြောလိုက်သည် “ဟိုဘက်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရွေးတာ မှန်တယ်လို့ ငါထင်တယ်”
အမျိုးသမီးအိုကြီး၏ အော်သံကြောင့် တုစီစီ အသံ ထပ်မထွက်တော့သော်လည်း သူမအား ဤနေရာသို့ ခေါ်လာသည့် ချိုင်ဟဲအား ယခုထိတိုင် ဒေါသမပြေသေးချေ။ အမျိုးသမီးကြီး၏ စကားကို ကြားသည့်အခါ မယုံသည့်ဟန်ဖြင့် ပြန်ပြောလေသည် “ဘာလို့လဲ”
“အနည်းဆုံးတော့ ဒီမှာ လုံခြုံတယ်လေ။ မြို့သခင်ဖေးတို့ ဘက်မှာ ဒီလောက် အဆင်ပြေနေမှာ မဟုတ်ဘူး။ ချိုင်ကောင်လေးကို ဆက်ပြီး အပြစ်တင်မနေနဲ့တော့။ သူလည်း စေတနာနဲ့ လုပ်ခဲ့တာ”
“အင်း” တုစီစီ ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်လိုက်၏။ သို့တိုင် မြို့သခင်ဖေးတို့နောက် လိုက်သွားလျှင် ပိုကောင်းမည်ဟု တွေးနေပေသေးသည်။
အမျိုးသမီးအိုကြီးက ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလို်သည် “မိတ်ဆွေလေးရန် အခု ငါတို့ ဘာလုပ်ကြရင် ကောင်းမလဲ”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည် “စီနီယာက ယဉ်ကျေးလွန်းနေတာပဲလို့။ စီနီယာနဲ့ ယှဉ်ရင် ကျုပ်က အတွေ့အကြုံ နုပါသေးတယ်။ ဒီလို ကိစ္စမျိုးမှာ၊ စီနီယာပဲ ဦးဆောင်လိုက်ပါ။ ဂျူနီယာ စီနီယာ ဦးဆောင်မှုနောက် လိုက်ပါမယ်”
ထိုစကားကို ကြားသည့်အခါ အမျိုးသမီး၏ တင်းကြုတ်နေသော မျက်ခုံးပြေလျော့သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်သည် “ကောင်ပြီလေ၊ အဲ့လိုဆိုမှတော့ ဒီကနေ အရင် ထွက်ကြတာပေါ့”
ချိုင်ဟဲနှင့် တုစီစီတို့လည်း မကန့်ကွက်ခဲ့ချေ။ ဤသို့ဖြင့် သူတော်စင်ဘုရင်အဆင့် သုံးယောက်သည် မိန်းမအိုကြီး၏ နောက်မှ လိုက်ရင်း ခန်းမထဲမှ ထွက်လာခဲ့ကြလေသည်။
ခန်းမ အပြင်ဘက်သည် ရှေးဟောင်းအပျက်အစီး နယ်မြေ ထဲသို့ သူတို့ စဝင်လာစဉ်က မြင်ခဲ့ရသည့် မြင်ကွင်းနှင့် တူသည်။ ဘေးပတ်ပတ်လည်တွင် ရှားပါးပန်းပင်များ ပွင့်လန်းနေသည်။
အနံ့ တစ်ချက် ရှူကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ အမျိုးသမီးအိုကြီးနှင့် အစီအရင်ပညာရှင် နှစ်ယောက်တို့လည်း တစ်ခုခုကို သတိပြုမိသွားပြီး စတင် စိတ်လှုပ်ရှားကြလေသည်။
အကြောင်းမှာ လေထဲမှ အလွန်ကိုမှ သစ်လွင်လန်းဆန်းဖွယ် ကောင်းသော သင်းရနံ့ကို ရှူရှိုက်လိုက်ရသောကြောင့် ဖြစ်သည်။ ထိုအနံ့သည် အတုမဟုတ်သလို ထင်ယောင်ထင်မှား ဖြစ်ခြင်းလည်း မဟုတ်ချေ။ ထို့ကြောင့် ဤနေရာ အနီးတစ်ဝိုက်သည် ထိုအနံ့ကို ထုတ်ပေးနေသည့် ပစ္စည်းကောင်းတစ်ခုခု ရှိနေရပေလိမ့်မည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် အကုန်လုံး နှလုံးခုန် မြန်လာကြသည်။
“နင်တို့လည်း သတိပြုမိတယ်မလား” အမျိုးသမီးအိုကြီးက ပြုံးလျက် “ငါ့နောက်လိုက်ခဲ့ကြ။ အဲ့ဒါ ဘာလဲ သွားကြည့်ကြမယ်။ အစီအရင်တွေထဲ ကျမသွားအောင်လည်း သတိထားဦးနော်”
ဂျူနီယာအားလုံး ခေါင်းညိတ်လိုက်ကြပြီး တက်ကြစွာဖြင့် အမျိုးသမီးအိုကြီးနောက်သို့ လိုက်သွားကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၄၉)
သူတို့ သေချာသတိထား လှုပ်ရှားနေကြချိန် မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရချေ။ နာရီဝက်လောက် ကြာပြီးနောက် သူတို့ အနံ့ရလိုက်သည့် နေရာဆီသို့ ရောက်လာခဲ့သည်။
သူတို့ရှေ့တွင် ဆယ်မီတာမြင့်ပြီး မီတာပေါင်းများစွာ ကျယ်သော ကျောက်ပုံဥယျာဉ်ကြီး တစ်ခု ရှိနေခဲ့သည်။
ရန်ကိုင် ထိုကျောက်ပုံဥယျာဉ်ကို သေသေချာချာ စိုက်ကြည့် စူးစမ်းလိုက်သည်။ ထိုကျောက်ပုံဥယျာဉ်အား ဆောက်ထားသည့် ပစ္စည်းများမှာ အတော်လေးကိုမှ အဆင့်မြင့်လှသော ကုန်ကြမ်း ပစ္စည်းများ ဖြစ်ကြသည်။ သူသာ ထိုကုန်ကြမ်းပစ္စည်းများကို အပြင်သို့ ပြန်ယူသွားနိုင်လျှင်ပင် အားကောင်းသော မှော်ရတနာ များစွာ ပြန်လည် ပြုလုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုကျောက်ပုံဥယျာဉ်ကြီးသည် မသယ်သွားရန် အလွန်ကိုမှ ကြီးလွန်းနေသည်။ တန်ခိုးရှင်တတိယအဆင့် တစ်ယောက် ရောက်လာမည် ဆိုလျှင်ပင် ထိုကျောက်ပုံဥယျာဉ်အား အပြင်သို့ သယ်သွားနိုင်လိမ့်မည် မဟုတ်ချေ။
ကျောက်ပုံဥယျာဉ်ထဲတွင် ဆယ်မီတာအချင်းရှိသော ရေကန်လေး တစ်ကန် ရှိနေသည်။ ရေကန်လေးသည် လက်တစ်ချောင်းစာလောက်သာ အနက်ရှိမည် ထင်ရသော်လည်း ကန်ထဲရှိ ရေများမှား နို့နှစ်ရောင်ဖြစ်နေသဖြင့် ကန်အောက်ခြေကို လှမ်းမမြင်ရချေ။
သူတို့ ရလိုက်သော အမွှေးနံ့သည် ဤကန်မှ လာခြင်း ဖြစ်သည်။
ကန်မျက်နှာပြင်ထက်တွင် ရေစီးကြောင်းများ ရှိနေခဲ့သဖြင့် ရေသည့် တစ်နေရာရာမှ ဤနေရာဆီသို့ စီးဝင်နေသည့်ပုံပင်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးသွားသည့်တိုင် ရေသည် ဤမျှလောက်သာ ရှိသေးသည်။
“ဒါက..” အမျိုးသမီးအိုကြီးသည် ထိုလက်တစ်ချောင်းစာ အနက်ရှိသော ကန်အား မြင်ပြီးနောက် စိတ်လှုပ်ရှားသွားခဲ့၏။
“ဒါနှစ်တစ်သောင်းကျောက်တုံးနို့ရည်လား” ချိုင်ဟဲက အလန့်တကြား ဆိုလိုက်သည်။
“ဒါတကယ်ကြီး နှစ်တစ်သောင်းကျောက်တုံးနို့ရည်လား” တုစီစီက အလန့်တကြား ဆိုလိုက်သည်။ နှစ်တစ်သောင်းကျောက်တုံး နို့ရည်ကို တစ်ခါမှ မမြင်ဖူးသော်ငြား ကြားတော့ ကြားဖူးပေသည်။ နှစ်တစ်သောင်းကျောက်တုံး နို့ရည်သည် အလွန်ကိုမှ ရှားပါးလှပြီး အရမ်းကိုလည်း အသုံးဝင်ပေသည်။
ထိုအရာကို ဆေးအဖြစ် ဖော်စပ်မည် ဆိုပါက သေခါနီး လူတစ်ယောက်ကို အသက်ပြန်ရှင်အောင် လုပ်နိုင်သည့် အံ့ဩဖွယ်ရာ ဆေးကို ဖော်စပ်နိုင်သည်ဟု အဆိုရှိကြသည်။
အစတွင် ရန်ကိုင်လည်း ထိုအရာ နှစ်တစ်သောင်းကျောက်တုံး နို့ရည် ဖြစ်သည်ဟု ထင်ခဲ့သည်။ တကယ်တော့ ထိုအရည်သည် နှစ်တစ်သောင်းကျောက်တုံးနို့ရည်နှင့် အရမ်းကိုမှ တူသည်ကိုး။ သို့သော်လည်း သေချာ အနီးကပ် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုကဲ့သို့ မဟုတ်သည်ကို တွေ့ရှိလိုက်ရသည်။ နှစ်တစ်သောင်း ကျောက်တုံးနို့ရည်သည် အနည်းငယ် ရွှေရောင်တောက်တောက် နို့နှစ်ရောင် ဖြစ်သော်လည်း သူတို့ရှေ့ရှိ အရည်သည် လုံးဝကို နို့နှစ်ရောင်သီးသန့် ဖြစ်သည်။
ထိုအရာသည် နှစ်တစ်သောင်းကျောက်တုံးနို့ရည် မဟုတ်လျှင် ဘာနည်း။ ရန်ကိုင်သည် ဆေးကျမ်းများ၊ ဆေးပင်အကြောင်း သိဖွယ်ရာ ရှေးဟောင်းစာအုပ်များကို ဖတ်ခဲ့သော်လည်း ဤလောကတွင် ရှိနေသော ဆေးအားလုံးကို သူသိသည်ဟု မဆိုလိုချေ။
ထို့ကြောင့် အမျိုးသမီးအိုကြီးဆီ လှမ်းကြည့်မိလိုက်၏။
အမျိုးသမီး၏ အမူအရာသည် အစဉ်မပြတ် ပြောင်းလဲနေ၏။ သို့သော် ခဏလောက် စဉ်းစားပြီးသည့်နောက်တွင် သက်ပြင်း အသာအယာ ရှူထုတ်လျက် ပြောလိုကသ်ည် “နှစ်တစ်သောင်း ကျောက်တုံးနို့ရည်လား၊ အခြားဟာတစ်ခုလား ဆိုတာ စမ်းကြည့်ရင် သိမှာပဲ”
ပြောပြီးသည်နှင့် ထိုကန်ထဲသို့ လက်ထည့်စိမ်၍ အရည် တစ်စက်ကို မြည်းစမ်းကြည့်လိုက်သည်။
အရည်စက် သူမပါးစပ်ထဲ ဝင်သွားသည်နှင့် သူမ တစ်ကိုယ်လုံး အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်လာသလို ခံစားရကာ မျက်နှာများပင် နီမြန်းလာခဲ့လေသည်။
ရန်ကိုင်တို့ ရှေ့မှာပင် အရေးအကြောင်း ထနေသော အမျိုးသမီး၏ မျက်နှာသည် တဖြည်းဖြည်း ပြန်လည် ချောမွတ် တောက်ပြောင်လာပြီး ကိုင်းနေသော ခါးသည်လည်း ဖြည်းဖြည်းချင်း ပြန်လည် ဖြောင့်မတ်လာခဲ့သည်။
အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် အမျိုးသမီး၏ အမူအရာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူမ၏ အသွင်အပြင်မှာမူ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။ သူမ ကြည့်ရသည်မှာ ယခင်နှင့် မတူတော့ဘဲ အတော်လေး ငယ်သွားသည်။ အမျိုးသမီးအိုကြီးဟု ပြော၍ရသေးသော်လည်း ယခင်နှင့်စာလျှင် အများကြီး ပိုနုငယ်သွားသည်။
သူတော်စင်ဘုရင်အဆင့် သုံးယောက်စလုံး မှင်သက်ကုန်ကြလေပြီ။
အမျိုးသမီးအိုကြီးသည်လည်း သူမ ကြုံလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ သိုလှောင်လက်စွပ်ထဲမှ မှန်တစ်ချပ်ကို အလျင်အမြန် ထုတ်ကြည့်လိုက်သည်။ ပြောင်းလဲသွားသော သူမ၏ မျက်နှာကို မြင်ပြီးနောက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြီး မှန်ကို ကိုင်ထားသော သူမ၏ လက်ပင် ကတုန်ကရင် ဖြစ်လာခဲ့ရသည်။
ရန်ကိုင်နှင့် ကျန်နှစ်ယောက်သည် အမျိုးသမီးအိုကြီးအား သွားမနှောင့်ယှတ်ဘဲ သူမ စိတ်ငြိမ်သွားမည့် အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေခဲ့သည်။
ခဏအကြာတွင် အမျိုးသမီးအိုကြီးက ဝါးလုံးကွဲ ထရယ်လျက် ခေါင်းတညိတ်ညိတ်ဖြင့် ရေရွတ်လိုက်သည် “လတ်စသတ်တော့ အဲ့ဒါဖြစ်နေတာကိုး”
“စီနီယာ၊ ဒါဘာလဲဆိုတာ ကျုပ်တို့ကို ပြောပြလို့ရမလား” ချိုင်ဟဲက စိုးရိမ်တကြီး မေးလိုက်သည်။
အမျိုးသမီးအိုကြီးက ချိုင်ဟဲကို ကြည့်လျက် “ဒါက ရိုးရိုး ရတနာတောင် မဟုတ်ဘူး။ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ ဝယ်ချင်တိုင်း ဝယ်လို့မရတဲ့ ရတနာတစ်မျိုးပဲ။ ဒီရတနာ ဒီလောကကြီးကနေ ပျောက်ကွယ်နေတာ နှစ်နဲ့ချီနေပြီ”
အမျိုးသမီး ပြောသည်ကို ကြားသည့်အခါ ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့ပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန် သူတော်စင်ချီကို ကြိုတင် လှည့်ပတ်ထားလိုက်၏။ ငှက်များသည် အစာကြောင့် သေကြသလို လူများသည် လောဘကြောင့် သေကြသည်။ အမျိုးသမီးသည် အစပိုင်းတွင် သူ့အပေါ် ကောင်းပြနေသော်လည်း ထိုရှားပါးရတနာကို မြင်ပြီးနောက် စိတ်မပြောင်းသွားဘူးဟု မည်သူမှ မပြောနိုင်။ အမျိုးသမီးအိုကြီး ထိုရတနာကို သူမ တစ်ယောက်တည်း အပိုင် သိမ်းနိုင်ရန်အတွက် သူတို့အားလုံးကို မသတ်ပစ်ပါဘူးဟု မည်သူ ပြောနိုင်မည်နည်း။
ဤနေရာတွင် သူတို့ လေးယောက်သာရှိ ထိုလေးယောက် ထဲတွင် အမျိုးသမီးအိုကြီးက အားအကောင်းဆုံး ဖြစ်သည်။ သူမ၏ တုန့်ပြန်ပုံအရ ဤကန်လေးသည် အလွန်တရာကိုမှ အဖိုး တန်သည့်ပုံပင်။
အမျိုးသမီးအိုကြီး၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ဂျူနီယာ သုံးယောက်ကို သတ်ပြီး ထိုရတနာကို သူမ တစ်ယောက်တည်း အပိုင်သိမ်းလိုက်လျှင် ကောင်း၊မကောင်းအပေါ် စဉ်းစားချင့်ချိန် နေသည့်ပုံပင်။ သို့သော်လည်း ခဏလောက် စဉ်းစားနေပြီးနောက် ချိုင်ဟဲဘက်သို့လှည့်၍ မေးလိုက်သည် “ကြယ်စီရင်စုထဲက မဟာနတ်ရေစင်သုံးမျိုးအကြောင်း နင်ကြားဖူးလား”
“မဟာနတ်ရေစင်သုံးမျိုးလား” ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ရန်ကိုင်မှာမူ ထိုစကားကို ကြားလိုက်သည့်အခိုက် မျက်ခုံး ပင့်သွားမိခဲ့သည်။
“ကြည့်ရတာ မိတ်ဆွေလေးရန် အဲ့အကြောင်းကို ကြားဖူးတယ်နဲ့ တူတယ်” ရန်ကိုင် အမူအရာ ပြောင်းသွားသည်ကို မြင်သော် အမျိုးသမီးအိုကြီးက ပြုံးလျက် ပြောလိုက်သည်။
“ကြားတော့ ကြားဖူးတယ်။ ဒါပေမယ့် အဲ့ရေစင်သုံးမျိုးက ဘာတွေလဲ ဆိုတာတော့ မသိဘူး” ရန်ကိုင်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ထိုနတ်ရေစင်သုံးမျိုးအကြောင်း သူတကယ် ကြားဖူးပေသည်။ တကယ်တော့ သဲမီးတောက်နယ်မြေထဲတွင် သူတွေ့ခဲ့သော ဝိဥာဉ်သန့်နတ်ရေစင်သည် မဟာနတ်ရေစင်သုံးမျိုးထဲမှ တစ်မျိုး ဖြစ်ပေသည်။ ဝိဥာဉ်သန့်နတ်ရေစင်သည် ကျင့်ကြံသူ တစ်ယောက်၏ ဝိဥာဉ်ထဲမှ အညစ်အကြေးများကို ရှင်းလင်းပေးနိုင်ပြီး ဝိဥာဉ်ကျင့်ကြံခြင်းကိုလည်း တိုးတက်အောင် ကူညီပေးနိုင်ပေသည်။
သို့သော်လည် ဝိဥာဉ်သန့်နတ်ရေစင် ဖြစ်ပေါ်လာရန်အတွက် လိုအပ်သော အခြေအနေများမှာ အလွန်ကိုမှ မြင့်မားလှသဖြင့် ဝိဥာဉ်သန့်နတ်ရေစင်ကို တွေ့ရခဲလှသည်။
ထိုဝိဥာဉ်သန့်နတ်ရေစင်ကို တွေ့ခဲ့သည့် နေရာတွင် ရန်ကိုင် အကျိုးအမြတ်များစွာ ရခဲ့သည်။ ဝိဥာဉ်သန့်စင် နတ်ရေစင်မှ အကျိုးအမြတ်များစွာ ရခဲ့ရုံမက ဝိဥာဉ်ကြာန်းပါ ခုနှစ်ရောင်ခြယ် အသွင်သို့ ကူးပြောင်းသွားခဲ့ရသည်။ အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း ဆိုသော ပညာရပ်ကိုလည်း အဆစ် ရလိုက်ပေသေးသည်။
ထိုစဉ်က အခြားလူများ ကြယ်စီရင်စု မဟာနတ်ရေစင် သုံးမျိုးအကြောင်း ပြောသည်ကို ကြားလိုက်သည်။ ပြန်ရောက်မှ ယန်ယန်ကို မေးမည်ဟု လုပ်ထားသော်လည်း ကိစ္စပေါင်းများစွာ ကြုံရပြီးနောက် ထိုအကြောင်းကို မေးဖို့ မေ့သွားခဲ့သည်။
ယခု အမျိုးသမီးအိုကြီး ပြောသည်ကို ကြားမှ ထိုအချက်ကို ရန်ကိုင် ပြန်သတိရလိုက်သည်။
“ဒါက မဟာနတ်ရေစင်သုံးမျိုးထဲက တစ်မျိုးလား” ရန်ကိုင်က အံ့အားသင့်တကြီး မေးလိုက်သည်။
“ဟုတ်တယ်။ ငါထင်တာသာ မမှားရင် ဒါအသက်ရေစင်ပဲ” လူအိုကြီးက ပြောလိုက်သည်။
“အသက်ရေစင်” သူတော်စင်ဘုရင် သုံးယောက်စလုံး အလန့်တကြား ဖြစ်ကုန်ကြသည်။ အသက်ရေစင် မည်မျှ အဖိုးတန်လဲ သူတို့ မသိသော်လည်း ကြယ်စီရင်စု၏ မဟာ နတ်ဘုရင်သုံးမျိုးထဲမှ တစ်မျိုးအဖြစ် ခေါ်တွင်ခံရသည့် အတွက်ကြောင့် အလွန် အဖိုးတန်မှာ သေချာသည်။ ထို့အပြင် အမျိုးသမီးအိုကြီး၏ ပဥ္စလက်ဆန်ဆန် ပြောင်းလဲသွားသော အမူအရာကို မြင်ပြီးနောက် အသက်ရေစင်သည် အဖိုး မဖြတ်နိုင်သော ရတနာတစ်ခုမှန်း သိလိုက်ကြသည်။
“ဟဲဟဲ” အမျိုးသမီးအိုကြီးက ရယ်သွမ်းသွေးလျက် “အသက်ရေစင်ကိုတောင် ဒီမှာ လာတွေ့တယ်ဆိုတော့ ငါတို့ ကံက တကယ် ကောင်းနောပဲ။ ဒါမျိုးက တစ်သက်မှာ တစ်ကြိမ်တောင် မရနိုင်တဲ့ အခွင့်အရေးပဲ”
“အသက်ရေစင်ကို ဘာအတွက်သုံးလဲ စီနီယာ ပြောပြပေးလို့ ရမလား” ချိုင်ဟဲက စိတ်လှုပ်ရှာစွာဖြင့် မေးလိုက်သည်။
“သုံးတာကတော့ အများကြီး သုံးလို့ရတယ်။ အဓိက သုံးတာကတော့ အသက်ရှည်အောင် လုပ်တဲ့နေရာမှာပဲ။ ဒါကိုသုံးပြီး သက်တမ်းကို ဆွဲဆန့်လို့ရတယ်။ ငါတစ်စက်ပဲ မျိုချလိုက်တာတောင် ဆယ်နှစ်လောက် ပြန်ငယ်သွားသလိုပဲ။ နှစ်တစ်သောင်းကျောက်တုံးနို့ရည်နဲ့ ယှဉ်လိုက်ရင် ဒါက အများကြီးသာတယ်” အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။
အမျိုးသမီးအိုကြီးသည် အရည်အချင်း မလုံလောက်သဖြင့် နောက်တစ်ဆင့်သို့ မတက်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ တဖြည်းဖြည်းနှင့် အသက်ကြီးလာနေပြီ ဖြစ်လေရာ သူမအဖို့ နောက်တစ်ဆင့်သို့ တက်နိုင်မည့် မျှော်လင့်ချက် မရှိတော့ပေ။
သို့သော် ပဥ္စလက်ဆန်ဆန် မှော်အစွမ်းကို ပိုင်ဆိုင်ထားသည့် အသက်ရေစဉ် သူမရှေ့တွင် ပေါ်လာခဲ့သည်။
ထိုရတနာဖြင့် ဆိုပါက သူမအသက်ကို ဆွဲဆန့်နိုင်လေပြီ။ ထိုသို့သာဆိုလျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန်အတွက် ပို၍ အချိန်ရသွားလေပြီ။ ထို့ကြောင့် သူမတွင် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်မည့် မျှော်လင့်ချက်လေး ရှိလာခဲ့ပြီ ဖြစ်သည်။
သူမ ရှင်းပြသည်ကို နားထောင်ပြီး အသက်ရေစင် မည်မျှ အဖိုးတန်လဲ ဆိုသည်ကို ရန်ကိုင်နှင့် အခြားသူများ နားလည် သွားခဲ့သည်။
အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်တတိယအဆင့်သည် ကျင့်ကြံသူများ အမြင့်ဆုံး ရောက်ရှိနိုင်သည့် အကန်အသတ် အဆင့် ဖြစ်သည်။ မည်မျှပင် အရည်အချင်းရှိသော ပါရမီရှင် ဖြစ်စေကာမူ အရိပ်ကြယ်၏ ကန့်သတ်ထားသော နိယာမ၊ ဥပဒေသများအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။ သို့သော်ငြား သူတို့သာ အသက်ရေစင်ကို ရရှိနိုင်ခဲ့လျှင် ထိုအကန့်အသတ်ကို ချိုးဖျက်နိုင်မည့် အခွင့်အရေး ပိုတိုးလာပေလိမ့်မည်။
အသက်ရေစင်အကြောင်းသာ သတင်း ပြန့်သွားပါက အရိပ်ကြယ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်နောက်တွင် အကုန်လုံး တိတ်ဆိတ်သွားကြသည်။
မိန်းမအိုကြီးက ဂျူနီယာသုံးယောက်ကို အလေးအနက် အမူအရာဖြင့် ကြည့်၍ ပြောလိုက်သည် “နင်တို့ အားလုံးကို ဒီအကြောင်းကို လျှောက်မပြောဘူးလို့ ငါမျှော်လင့်တယ်။ နင်တို့ မိသားစုတွေဆီ ပြန်ရောက်ရင်တောင် မဆိုင်တဲ့ လူတွေကို မသိစေတာ အကောင်းဆုံးပဲ”
“ဂျူနီယာ နားလည်ပါတယ်” ချိုင်ဟဲနှင့် တုစီစီတို့ ပြိုင်တူ ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်သည်လည်း ခေါင်းညိတ်လိုက်သည်။ ဤကိစ္စ မည်မျှ အရေးကြီးကြောင်း သူလည်း သိပေသည်။ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်စေလိမ့်မည် မဟုတ်ချေ။
“အသက်ရေစင်က မဟာနတ်ရေစင်သုံးမျိုးထဲက တစ်မျိုးလို့ စီနီယာ ပြောသွားတယ်နော်။ အဲ့ဒါဆို အခြား နှစ်မျိုးက ဘာတွေလဲ” ချိုင်ဟဲက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသည့်အခါ အမျိုးသမီးအိုကြီးက ခေါင်းညိတ်၍ “အခြားနှစ်ခုကလည်း အသက်ရေစင်လိုပဲ အရမ်း ရှားတယ်။ တစ်မျိုးက ဝိဥာဉ်သန့်နတ်ရေစင်ပဲ။ အဲ့ရတနာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ပေါ်လာတယ်လို့ ငါကြားတယ်”
“တကယ်ကြီး ပေါ်လာတာလား” ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
“ဟုတ်တယ်။ သဲမီးတောက်နယ်မြေထဲမှာ ပေါ်လာတာ။ နင်တို့ နှစ်ယောက်စလုံး အဲ့ကို မသွားတော့ သိမှာ မဟုတ်ဘူး။ တန်ခိုးရှင်အဆင့်တွေ သဲမီးတောက်နယ်မြေထဲ ဝင်လို့မရတာ ဆိုးတယ်။ မဟုတ်ရင် ငါလည်း ဝိဥာဉ်သန့် နတ်ရေစင် နည်းနည်းလောက် ရလောက်မှာ”
“နောက်တစ်ခုကရော” တုစီစီက မေးလိုက်သည်။
“နောက်ဆုံးတစ်ခုကတော့ အင်မော်တယ်ရေစင်ပဲ” မိန်းမအိုကြီးက တပ်မက်နေသည့် အမူအရာဖြင့် “ဝိဥာဉ်သန့် နတ်ရေစင်က ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိဥာဉ်ကို သန့်စင်ပေးသလို တိုးတက်အောင်လည်း လုပ်ပေးတယ်။ အသက်ရေစင်က အသက်ရှည်အောင် လုပ်ပေးတယ်။ အင်မော်တယ်ရေစင်ကတော့ ကျင့်ကြသူတွေရဲ့ ခန္ဓာကိုယ်ကို ပိုအားကောင်းလာအောင် လုပ်ပေးတယ်။ ခန္ဓာလမ်းစဉ် လျှောက်တဲ့လူတွေအတွက် တကယ့် ရတနာကြီးပဲ။ ကံကောင်းလွန်းလို့ရှိရင် အင်မော်တယ် နတ်ဘုရားသစ်ပင်ကို သန့်စင်ပြီးတော့ ဖျက်စီးမရတဲ့ မသေမျိုးခန္ဓာကိုယ်ကိုတောင် ရနိုင်သေးတယ်”
“အင်မော်တယ် နတ်ဘုရားသစ်ပင်လား” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ အင်မော်တယ်ရေစင်သည် ခန္ဓာ သန့်စင်သူများအတွက် မဟာရတနာကြီးဟု အမျိုးသမီးအိုကြီး ပြောလိုက်ချိန် ရန်ကိုင် အမှန်တကယ်ကို စိတ်လှုပ်ရှားသွားသည်။ သူ့တွင် အဆုံးထိ ကျင့်ကြံပြီးလျှင် ဖျက်စီးမရနိုင်သော မသေမျိုး ခန္ဓာကိုယ်ကို ရရှိနိုင်သည့် ဒြပ်ကြီးငါးပါးဓါးခန္ဓာကျင့်စဉ် ရှိသော်လည်း ထိုကျင့်စဉ်ကို မကျင့်ကြံရသေးချေ။
ထို့အပြင် ထိုကျင့်စဉ်သည် ပြောသည့်အတိုင်း တကယ် အစွမ်းမည်လား ဆိုသည်မှာလည်း သိပ်မသေချာလှ။ ထိုမျှသာ မဟုတ်သေး။ ထိုကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ဒြပ်စင်ငါးပါး ရတနာထဲမှ ရတနာနှစ်မျိုး သူလိုနေသေးသည်။ ယခု အင်မော်တယ် နတ်ဘုရားသစ်ပင်တွင် ထိုကဲ့သို့ အံ့ဩဖွယ်ရာ ဂုဏ်သတ္တိရှိနေမှန်း သိလိုက်ရသည့်အခါ ရန်ကိုင် စိတ်ဝင်စားမိ သွားသည်မှာ သဘာဝသာ ဖြစ်သည်။
အင်မော်တယ် နတ်ဘုရားသစ်ပင်နှင့် အင်မော်တယ်ရေစင် မည်ကဲ့သို့ ဆက်စပ်လဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း အမျိုးသမီးက ထိုအကြောင်းကို ပြောခဲ့မှဖြင့် ထိုနှစ်ခုကြားတွင် ဆက်သွယ်ချက် တစ်ခုခု ရှိရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၅၀)
အမျိုးသမီးအိုကြီးက ခဏလောက် ရပ်ပြီး ဆက်ရှင်းပြလိုက်၏ “အင်မော်တယ်နတ်ဘုရားသစ်ပင်က စကြာဝဠာကြီး စဖြစ်လာကတည်းက ရှိနေတဲ့ အပင်လို့ ပြောကြတယ်။ အဲ့အပင် ကိုယ်တိုင်က ဖျက်စီးလို့မရနိုင်တဲ့ တည်ရှိမှုတစ်ခုတဲ့။ အင်မော်တယ်ရေစင် ဆိုကတော့ အင်မော်တယ်နတ်ဘုရား သစ်ပင်ကနေ ခြစ်ထုတ်ထားတဲ့ သစ်ခေါက်ရည်လို့ ပြောကြတာပဲ။ ဟိုးရှေးရှေးတုန်းက အရမ်းကံကောင်းပြီး အင်မော်တယ်ရေစင်ကို ရသွားတဲ့လူတွေ ရှိဖူးတယ်။ ဒါပေမယ့် အင်မော်တယ် နတ်ဘုရား သစ်ပင်ကိုတော့ မြင်ဖူးတဲ့လူ တစ်ယောက်မှ မရှိဘူး။ ကောလဟာလတွေကတော့ အဲ့လို ပြောကြတာပဲ။ မှန်လား၊ မှားလား ဆိုတာတော့ ငါလည်း မသိဘူး”
“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် မေးတပွတ်ပွတ်ဖြင့် စဉ်းစားခန်း ဝင်လိုက်သည်။ ထိုသို့ဆိုလျှင် ဒြပ်စင်ငါးပါးဓါးခန္ဓာကို ကျင့်ကြံလျှင် ပိုကောင်းပေလိမ့်မည်။ ဒြပ်စင်ငါးပါးဓါးခန္ဓာ၏ စွမ်းအားသည် ချဲ့ကားပြောဆိုထားခြင်း ဖြစ်လျှင်ပင် ကျင့်စဉ် ကိုယ်တိုင်သည် အဆင့်မြင့် ကျင့်စဉ် တစ်ခု ဖြစ်နေသည့် အတွက် အတော်လေး အားကိုးရလောက်သည်။ သို့ရာတွင် အင်မော်တယ် ရေစင်နှင့် အင်မော်တယ်နတ်ဘုရား သစ်ပင်သည် ဒဏ္ဏာရီလာ ထဲတွင်သာ တည်ရှိကြပြီး တကယ်၊ ရှိမရှိကို မည်သူမှ သေချာ မသိကြခ
“ကဲ၊ မဟာနတ်ရေစင်သုံးမျိုး အကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့။ အခု ဒီနတ်ရေစင်ကို ဘယ်လိုခွဲမလဲ ဆွေးနွေး ကြမယ်” အမျိုးသမီးအိုကြီးက သူတော်စင်ဘုရင် သုံးယောက်ကို အလေးအနက် အမူအရာဖြင့် ကြည့်လျက် ပြောလိုက်သည် “ငါက အသက်ကြီးတယ်ဆိုပြီး မင်းတို့ကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ ဒီနတ်ရေစင်ကို အညီအမျှပဲ ခွဲယူကြမယ်”
ချိုင်ဟဲနှင့် တုစီစီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ရန်ကိုင်လည်း မကန့်ကွက်ခဲ့ချေ။
အကုန်လုံး သဘောတူလိုက်သည်ကို မြင်သော် အမျိုးသမီးအိုကြီးက ကျောက်စိမ်းပုလင်းအချို့ကို ထုတ်လျက် ကန်ထဲရှိ နို့နှစ်ရောင်အရည်များကို ခပ်ယူလိုက်သည်။ သူမက လှည့်စားသည်ဟု မထင်စေရန် အလို့ငှာ အားလုံးရှေ့တွင်ပင် ခပ်ယူလိုက်သည်။ ပုလင်းလေးပုလင်း အညီအမျှ ခပ်ယူပြီးနောက် တစ်ယောက် တစ်ပုလင်းကျ ခွဲဝေပေးလေသည်။
“ဒါတွေကို သေချာ သိမ်းထားနော်။ အိမ်ပြန်ရောက်ရင်လည်း အခြားသူတွေကို လျှောက်မပြောမိစေနဲ့ဦး” အမျိုးသမီးအိုကြီးက အလေးအနက် အမူအရာဖြင့် သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ” ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက် ထိုပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် သိုလှောင်လက်စွပ်ထဲသို့ သေသေချာချာ ထည့်သိမ်းထားလိုက်သည်။
ထိုမျှ အဖိုးတန်သော ရတနာကြီးကို ရလိုက်သဖြင့် တုစီစီ ဤနေရာသို့ ဆွဲခေါ်လာခံရသည့်အပေါ် စိတ်ညစ်မနေမိတော့သလို ချိုင်ဟဲကိုလည်း အပြစ်မတင်တော့ချေ။ ထို့အစား ချိုင်ဟဲကိုပင် ကျေးဇူးတင်နေမိသေးသည်။ ချိုင်ဟဲကြောင့်သာ ဤမျှ အဖိုးတန်သော ရတနာကို ရခဲ့ခြင်း ဖြစ်သည်။
“သွားရအောင်၊ ငါတို့ ဒီကနေ ထွက်နိုင်မယ့်လမ်းကို ရှာဖို့ လိုတယ်” အမျိုးသမီးကြီးလည်း စိတ်ပျော်နေသည့်ပုံပင်။ ပြောပြီးသည်နှင့် ရှေ့ဆုံးမှ ဦးဆောင် ထွက်သွားလေသည်။
ရန်ကိုင်သည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ သို့သော် မထွက်သွားခင် ကျောက်ပုံဦယျာဉ်ဆီသို့ တစ်ချက် လှမ်းကြည့်၏။ သူ့အကြည့်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
မဟာနတ်ရေစင်သုံးမျိုးထဲ တစ်မျိုးအပါအဝင် ဖြစ်သည့် အလျောက် အသက်ရေစင်၏ စွမ်းအားသည် ဤမျှလောက်သာ မဖြစ်သင့်ချေ။ အမျိုးသမီးအိုကြီးသည် တစ်စက်လောက် သောက်လိုက်သော်ငြား ဆယ်နှစ်လောက်သာ ပြန်ငယ်သွား၏။ အရမ်းကြီး အားကောင်းသည်ဟု ပြောမရ။
ထို့အပြင် အမျိုးသမီးသည် အသက်ရေစင်ကို အညီအမျှ ခွဲဝေယူခဲ့သည်။ သူမ၏ ဝါစဉ်နှင့် ခွန်အားအရ၊ ကန်ရေ၏ တစ်ဝက်ကို သူမယူမည်ဟု ပြောလျှင်ပင် ချိုင်ဟဲနှင့် တုစီစီတို့ ကန့်ကွက်လိမ့်မည် မဟုတ်ချေ။ သူလည်း ကန့်ကွက်မည် မဟုတ်ချေ။ သို့သော် ထိုကဲ့သို့ မယူဘဲ အညီအမျှ ခွဲဝေယူသွားသည်မှာ အတော်လေး ထူးဆန်းနေသည်ဟု ပြော၍ ရသည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ထိုကန်ထဲရှိ ရေစင်များသည် သန့်စင်သော အသက်ရေစင်များ မဟုတ်လောက်ဟု ရန်ကိုင် သံသယ ဝင်မိသွားခဲ့သည်။
ထိုရေများသည်… အသက်ရေစင်နှင့် အခြား အရည်တစ်မျိုးမျိုး ရောနှောထားသည့် ရေစင်တစ်မျိုးသာ ဖြစ်လောက်ပေလိမ့်မည်။
ရေစီးလားသည့် လမ်းအကြောင်း အတိုင်းသာ လိုက်သွား လိုက်နိုင်လျှင် သန့်စင်သော အသက်ရေစင်ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်လောက်ပေသည်။
ထိုသို့ဆိုလျှင် အမျိုးသမီးအိုကြီး ဘာကြောင့် ကန်ရေအား အညီအမျှ ခွဲဝေယူလဲ ဆိုသည်ကို ရှင်းပြလို့ ရသွားပေပြီ။ သူမလည်း ထိုအချက်ကို သတိပြုမိလောက်သည်။ ထို့ကြောင့် အားလုံး ကျေနပ်သွားအောင် အသက်ရေစင်ကို အညီအမျှ ခွဲဝေယူလိုက်ခြင်း ဖြစ်သည်။ ယခု အားလုံးကို စိတ်ကျေနပ်အောင် လုပ်ပြီး နောက်ပိုင်း သူမဘာသာ သူမ ဤနေရာသို့ ပြန်လာစူးစမ်းပေမည်။
ထိုနည်းသည် ဖြစ်နိုင်လောက်သည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက် သွားခဲ့သည်။ အခြားသူများပင် ထိုကဲ့သို့ တွေးမိလေရာ သူကကော ဘာကြောင့် မတွေးမိရမည်နည်း။ လူများသည် ကိုယ့်ဘက် ကိုယ်ယက်သည့် လိပ်များသာ ဖြစ်ကြသည်။
သူ့အထင် မှားနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် သူ့အထင်၊ မှားမမှားကို နောက်တစ်ကြိမ် ကိုယ်တိုင် လာ၍ စစ်ဆေးကြည့်လျှင် သိနိုင်ပေလိမ့်မည်။
ခဏလောက် လူခွဲပြီးနောက် လေးယောက်သားသည် ဆုံရန် ပြောထားသည့် နေရာတွင် ပြန်ဆုံကြသည်။ နေ့တစ်ဝက်လောက် ရှာဖွေစူးစမ်းပြီးနောက် ဤနေရာ အန္တရာယ် မရှိကြောင်း အကုန်လုံး သိလိုက်ရသည်။ လူခွဲပြီး စူးစမ်းကြည့်သည့်တိုင် ဤနေရာတစ်ခုလုံးကို စူးစမ်းနိုင်ရန်အတွက် နေ့တစ်ဝက်လောက် အချိန်ယူလိုက်ရသည်။
အသီးသီးရှာတွေ့သည့် အကြောင်းအရာများကို အချင်းချင်း ပြန်လည် ဖောက်သည်ချပြီးနောက် ဤနေရာသည် သီးခြား ဖြစ်နေသည့် လေဟာနယ်တစ်ခုထဲတွင် ရှိနေသည့် နေရာတစ်ခုမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ အသက်ရေစင်မှ အပ ဤနေရာ၌ အခြား ထူးခြားအဖိုးတန်သော မည်သည့် ရတနာမှ ရှိမနေခဲ့ချေ။ ထွက်ပေါက်ကိုလည်း သူတို့ ရှာမတွေ့ခဲ့ချေ။
သို့သော်လည်း ဖြစ်နိုင်သည့် ထွက်ပေါက် တစ်ပေါက်ကိုတော့ ချိုင်ဟဲ ရှာတွေ့ခဲ့သည်။
ထိုထွက်ပေါက်ဖြစ်နိုင်သည့် နေရာအကြောင်း ပြောလိုက်သည်နှင့် အမျိုးသမီးအိုကြီးက အလျင်အမြန်ပဲ ကောက်ချက်ချလိုက်သည် “ဒီတော့ ဒီကနေ ထွက်သွားနိုင်တဲ့ နေရာဆိုလို့ အဲ့တစ်နေရာပဲ ရှိတာပေါ့။ ချိုင်ကောင်လေး၊ အဲ့နေရာနဲ့ ပက်သက်ပြီး အခြား ဘာသတိထားစရာတွေကို နင်တွေ့ခဲ့သေးလဲ”
“ဝင်ပေါက်မှာ ရပ်နေတဲ့ လူသားပုံစံ ကျောက်ရုပ်ကြီးက လွဲလို့ အခြားဘာမှ သိပ်မထူးခြားဘူး။ ဒါပေမယ့် ဝင်ပေါက်က အဲ့ကျောက်ရုပ်ကြီးရဲ့ ခြေထောက်အောက်မှာ ရှိနေတာ”
“လူသားပုံစံ ကျောက်ရုပ်လား” အမျိုးသမီးအိုကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟုတ်တယ်။ အဲ့ဒါကလွဲပြီး အားလုံး ပုံမှန်ပဲ”
အမျိုးသမီးအိုကြီးက အသာအယာ ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ အဲ့နေရာကို တစ်ချက် သွားကြည့်တာပေါ့”
ခဏလောက် ဆွေးနွေးပြီးနောက် ရန်ကိုင်တို့ လေးယောက် ချိုင်ဟဲပြောသည့် နေရာသို့ စထွက်ခွာလာကြသည်။ နာရီဝက်လောက် ကြာပြီးသည့်နောက်တွင် ချိုင်ဟဲပြောသည့် နေရာဆီသို့ သူတို့ ရောက်လာခဲ့ကြသည်။ ထိုနေရာသို့ ရောက်သည့်အခါ ချိုင်ဟဲက ရှေ့တည့်တည့်ကို လက်ညိုးထိုး၍ “စီနီယာကြည့်၊ အဲ့ဒါ ကျုပ်တွေ့ခဲ့တဲ့ ထွက်ပေါက်ပဲ”
ချိုင်ဟဲ ညွှန်ပြနေသည့် အရပ်တွင် ဝိုင်းစက်နေသော အနက်ရောင်ဂိတ်ပေါက်တစ်ပေါက် ရှိနေခဲ့သည်။ ထိုဂိတ်ပေါက်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍ မရချေ။ ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့၏ ကောင်းကင် စိတ်အာရုံ အဆုံးမဲ့သမုဒ္ဒရာထဲ ရောက်သွားသလို ခံစားလိုက်ရ၏။
ဂိတ်ပေါက်ရှေ့တွင် မီတာပေါင်းများစွာမြင့်သော ကျောက်ရုပ်ကြီး တစ်ရုပ် ရှိနေခဲ့သည်။ ကျောက်ရုပ်ကြီးသည် ဂိတ်ပေါက်ရှေ့တွင် ခြေထောက်နှစ်ချောင်းကို ခွလျက် ရပ်နေသဖြင့် ဂိတ်ပေါက်သည် ၎င်း၏ ပေါင်နှစ်ချောင်းကြား၌ ရှိနေသယောင် ထင်မှတ်သွားရသည်။
ကျောက်ရုပ်တစ်ရုပ်သာ ဖြစ်သော်လည်း ၎င်း၏ ခွကြားမှ ဖြတ်သွားရသည့် ကိစ္စမှာ သိပ်တော့ အဆင်မပြေလှချေ။
ထို့အပြင် ထိုကျောက်ရုပ် အန္တရာယ်ရှိလား မရှိဘူးလား ဆိုသည်ကိုလည်း မစစ်ဆေးရသေးချေ။ အမျိုးသမီးအိုကြီးသည် ဘာမှမပြောဘဲ ကျောက်ရုပ်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင်လည်း ထိုနည်းတူပင်။
ခဏအကြာတွင် အမျိုးသမီးအိုကြီး၏ သူမ၏ ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် “ရုပ်ထုမှာတော့ ဘာပြဿနာမှ မရှိဘူး။ အစီအရင်တွေ၊ အကာအရံတွေလည်း မရှိဘူး။ ဒါပေမယ့် အကုန်လုံး သတိတော့ ထားဦး။ ရုပ်ထုကို ဒီနားမှာ ထားထားတာ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မယ်”
သူတော်စင်ဘုရင်အဆင့် ဂျူနီယာအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ရှေးဟောင်းအပျက်အစီးနယ်မြေထဲရှိ အစီအရင်များသည် အလွန်ကိုမှ လျှို့ဝှက်နိုင်လွန်းကြသည်။ တန်ခိုးရှင် တတိယအဆင့် ဖြစ်သော ဖေးကျီတုပင် သတိမပြုမိချေ။ သူသတိပြုမိသည့် အချိန်တွင် သူတို့အားလုံး အစီအရင်ထဲ ရောက်နေလေပြီ။ ထို့ကြောင့်သာ မဟုတ်လျှင် သူတို့အဖွဲ့ အစီအရင် တစ်ခုပြီး တစ်ခုထဲသို့ ရောက်ခဲ့ရလိမ့်မည် မဟုတ်ချေ။
ထိုကျောက်ရုပ်သည်လည်း အစီအရုပ်၊ အကာအရံ သို့မဟုတ် ထောင်ချောက်တစ်ခု မဟုတ်ပါဟု မည်သူမှ မပြောနိုင်ချေ။
အမျိုးသမီးအိုကြီးက အလေးအနက် အမူအရာဖြင့် ပါးစပ်ကို ဟလျက် အညိုရောင်အလင်းတန်းလေး တစ်ခုကို မှုတ်ထုတ်၏။ အညိုရောင်အလင်းတန်းလေးသည် ရောင်စဉ်စက်ဝန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူမ ခန္ဓာကိုယ်အား အလျင်အမြန် လွှမ်းခြုံသွားလေသည်။
ထိုအခါမှပဲ အမျိုးသမီး အနည်းငယ် စိတ်ချသွားပြီး အားလုံးဘက်ကို လှည့်၍ အော်ပြောလိုက်သည် “ငါရှေ့ကနေ ဦးဆောင်သွားမယ်။ နင်တို့ ငါ့နောက်ကနေ အနီးကပ် လိုက်လာခဲ့ကြ”
ရန်ကိုင်နှင့် ကျန်နှစ်ယောက်သည် သူတို့၏ အကာအကွယ် မှော်ရတနာ အသီးသီးကို အသက်သွင်း၍ အမျိုးအိုကြီးနောက် အနီးကပ် လိုက်သွားကြလေသည်။
အမျိုးသမီးသည် ဂိတ်ပေါက်ရှိ ကျောက်ရုပ်ထုကြီးကို သေချာ သတိထားလျက် လျှောက်လာလိုက်သည်မှာ တဖြည်းဖြည်းနှင့် ဂိတ်ပေါက်နှင့် မီတာတစ်ရာအတွင်းသို့ ရောက်လာခဲ့သည်။
သို့သော် ထိုအချိန်အထိ ဘာမှ မဖြစ်သေးသဖြင့် အမျိုးသမီးအိုကြီး စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုမျှ နီးကပ်လာသည်တိုင် ကျောက်ရုပ်ထုကြီးသည် မည်သည့် လှုပ်ရှားမှုမှ မပြလာသေးသဖြင့် ကျောက်ရုပ်ထုကြီးသည် သာမန် ကျောက်ရုပ်ထုတစ်ခု ဖြစ်သည်ဟူ၍သာ သူမ ထင်သွားခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း အမျိုးသမီးအိုကြီးသည် သတိ လျော့ပေါ့သွားခြင်း မရှိသေးချေ။
နောက်ထပ် နည်းနည်းလောက် ထပ်လျှောက်သွားသည့်တိုင် မည်သည့် အန္တရာယ်ကိုမှ မကြုံရသော် အမျိုးသမီးအိုကြီးက ရယ်မောလျက် တစ်ခုခု ပြောတော့မည်အပြု၊ သူတို့ ရှေ့ဆီက အသံဗလံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားလိုက်သည်နှင့် အားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။
အမျိုးသမီးအိုကြီးလည်း အလွန်ကိုမှ လျင်မြန်ပေသည်။ အန္တရာယ်အငွေ့အသက် ရလိုက်သည်နှင့် ချက်ချင်းပဲ နောက်သို့ ခုန်ဆုတ်သွားခဲ့လေသည်။
သို့သော်လည်း နောက်ဖြစ်လာသည့် အရာအကြောင့် အမျိုးသမီးအိုကြီး သွေ့ပျက်ထိတ်လန့်သွားခဲ့ရသည်။ အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ရပ်တန့်မရသည့် အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသော ဧရာမလက်ဝါးကြီး တစ်ဖက်ကို သူမ မြင်လိုက်ရသည်။ လက်ဝါးကြီးမှာ မြန်လွန်းသဖြင့် အမျိုးသမီးအိုကြီးအဖို့ ရှောင်ချိန်ပင် မရလိုက်ဘဲ အဖမ်းခံလိုက်ရလေသည်။
“စီနီယာ” ချိုင်ဟဲလည်း မျက်လုံးပြူး မျက်ဆံပြူးဖြင့် အလန့်တကြား ထအော်လေသည်။
ရန်ကိုင်သည်လည်း ထိတ်လန့်သွားခဲ့ပြီး အသံအက်အက်ဖြင့် အော်ပြောမိလိုက်သည် “ရုပ်သေးရုပ်လား”
အစောပိုင်းက မည်သည့် တု့န်ပြန်မှုမှ မပြခဲ့သော လူသားပုံစံ ရုပ်ထု၏ မျက်လုံးများသည် ယခုအချိန်တွင် အနီရောင် တလက်လက် တောက်ပနေခဲ့လေပြီ။ ၎င်း၏ လှုပ်ရှားမှုများမှာ ကိုးယိုးကားယား နိုင်သော်လည်း အလွန်ကိုမှ မြန်ပေသည်။
ရန်ကိုင်သည် အမျိုးသမီးအိုကြီး၏ နောက်တွင် ရှိနေသည့် အတွက်ကြောင့် ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုသည်ကို သေချာ မြင်တွေ့လိုက်ရသည်။ ကျောက်ရုပ်ကြီး စလှုပ်ရှားလိုက်သည်နှင့် သူ့လက်သည် အမျိုးသမီးအိုကြီး၏ အပေါ်သို့ ရောက်နေခဲ့သည်။ အမျိုးသမီးအိုကြီးသည် အသံကြားလိုက်သည်နှင့် ချက်ချင်း လှုပ်ရှားလိုက်သော်လည်း ကျောက်ရုပ်၏ ဖမ်းဆီးခြင်း ခံလိုက် ရပေသေးသည်။
ထိုအဖြစ်အပျက်အားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ရန်ကိုင်နောက်သို့ ခုန်ဆုတ်လိုက်သည့် အချိန်တွင် အမျိုးသမီးအိုကြီးမှာ ဖမ်းခံရပြီးနေလေပြီ။
ကံကောင်းစွာဖြင့် အမျိုးသမီးအိုကြီးသည် သာမန် ပေါ့သေးသေး တန်ခိုးရှင်အဆင့်တစ်ယောက် မဟုတ်ချေ။ အဖမ်းခံလိုက်ရသည်နှင့် သူမ၏ သူတော်စင်ချီကို ဓါးအဖြစ် သိပ်သည်းပြီး သူမအား ဖမ်းချုပ်ထား ရုပ်သေးရုပ်၏ လက်ကို ခုတ်ချလိုက်သည်။
ထန်ဆိုသော အသံနှင့်အတူ မီးပွားတို့ လွင့်စင်လာခဲ့သည်။ အမျိုးသမီးအိုကြီးသည် အားကုန်သုံး တိုက်ခိုက်လိုက်သော်ငြား ရုပ်သေးရုပ်၏ လက်ကို ခြစ်ရာပင်ထင်အောင် မလုပ်နိုင်ခဲ့ချေ။
သူမ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားလေလားမသိ၊ ရုပ်သေးရုပ်၏ မျက်လုံးထဲရှိ အနီရောင် အလင်းတို့ တလက်လက် တောက်ပလာပြီး သူမအား ဖမ်းဆုပ်ထားသည့် လက်ကို ဖျစ်ချလိုက်လေသည်။
အမျိုးသမီး၏ အမူအရာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ ချက်ချင်းပဲ သွေးရူးသွေးတန်း ထရုန်းလေရာ တန်ခိုးရှင် ဒုတိယ အဆင့်အောက် မနိမ့်ကျသော စွမ်းအားတို့ သူမ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေသည်။
ကံမကောင်းစွာဖြင့် ထိုသံမဏိလက်ကြီးသည် သူမအား ပြုတ်တူကြီးပမာ ခိုင်မြဲစွဲ ဆုပ်ကိုင်ထားဆဲ။ သူမ မည်သို့ပင် ရုန်းကန်နေစေကာမူ ရုပ်သေးရုပ်၏ လက်မှ မလွတ်မြောက် နိုင်ခဲ့ပေ။
ခရက်…
အမျိုးသမီး၏ ပတ်လည်တွင် ကာရံထားသော အရံအတား၏ မျက်နှာပြင်ထက် အက်ကြောင်းတို့ စတင် ဖြစ်ပေါ်လာပြီးနောက် တစ်စစီ ကွဲကြေသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ပုတီးစေ့ကဲ့သို့ မှော်ရတနာတစ်ခု မြေကြီးပေါ်သို့ ပြုတ်ကျလာပြီး ဖုန်မှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဆင့်မြင့် မှော်ရတနာသည်ပင် အပြီးတိုင် ဖျက်စီးခြင်း ခံလိုက်ရသည်။