← Chapters

အခန်း (၁၃၅၁-၁၃၅၅)

Vol. 55 Ch. 1351-1355

အခန်း (၁၃၅၁-၁၃၅၅)

Vol. 55 Ch. 1351-1355

အပိုင်း (၁၃၅၁)

သူမအား ကာကွယ်ထားသည့် အကာအရံ ပျက်စီးသွားပြီး သည့်နောက်တွင် အမျိုးသမီးအိုကြီး၏ ခန္ဓာကိုယ် ထွက်ပေါ် လာခဲ့သည်။ အကာအကွယ် မရှိတော့သဖြင့် ရုပ်သေးရုပ်၏ လက်အားကြောင့် သူမအရိုးများ စတင် ကျိုးကြေလာခဲ့သည်။

ခဏလောက် ရုန်းကန်နေပြီးသည့်နောက် ရုပ်သေးရုပ်ဆီမှ သူမဘာသာ ကြိုးစားနေလည်း လွတ်မြောက်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည့်အခါ အမျိုးသမီးအိုကြီး ကြောက်လန့် တုန်လှုပ်လာခဲ့သည်။ ထိုအခါ ရန်ကိုင်နှင့် အခြားသူများဘက်သို့ လှည့်၍ လှမ်းအကူအညီတောင်းတော့လေသည် “ငါ့ကို ကယ်ပါဦး”

သို့သော်လည်း သူမအသံ ဆုံးသွားသည်နှင့် ဘုန်းဆိုသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးအိုကြီး၏ ခန္ဓာကိုယ်‌ ပေါက်ကွဲသွားလေပြီ။ အသားစ၊သွေးစများ နေရာအနှံ့ လွင့်စင်ထွက်ကုန်ပြီး ခေါင်းတစ်လုံး ကောင်းကင်ပေါ်မှ မြေပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ်ကို အဆက်မပြတ် သတိထားခဲ့သော်ငြား ထိုကျောက်တုံးရုပ်သေးရုပ်သည် စက်ယန္တရား တစ်ခု သို့မဟုတ် အစီအရင်တစ်မျိုးမျိုး မဟုတ်ဘဲ အစစ်အမှန် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေလိမ့်မည်ဟု အမျိုးသမီးအိုကြီး မည်သို့မှ မထင်ထားခဲ့ချေ။

ထို့အပြင် ထိုရုပ်သေးရုပ်သည် ထိန်းချုပ်သူမှ မရှိဘဲ သူ့ဘာသာ လှုပ်ရှားနိုင်သည့် ရုပ်သေးရုပ်မျိုး ဖြစ်နေသေးသည်။

လျန်ကွမ်းသာ ရှိနေလျှင် သဲလွန်စအချို့ ရှာတွေ့ကောင်း ရှာတွေ့နိုင်သော်လည်း ဤနေရာတွင် ရှိနေသည့် လေးယောက် စလုံးသည် ရုပ်သေးရုပ်အကြောင်း ဘာဆိုဘာမှမသိကြသလို ရှေးဟောင်းအပျက်အစီးထဲတွင် ရုပ်သေးရုပ်များ ရှိနေလိမ့်မည် ဟုလည်း မထင်ထားကြချေ။

ထို့အပြင် ဤရုပ်သေးရုပ်သည် သာမန် ရုပ်သေးရုပ်ပင် မဟုတ်။ တန်ခိုးရှင်ပထမအဆင့်ကိုပင် အလွယ်တကူ လက်ဖြင့် ဖျစ်ညစ်သတ်ပစ်နိုင်သည်ကို ထောက်ရှုကြည့်လျှင် ထိုရုပ်သေးရုပ် မည်မျှ အားကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။

အမျိုးသမီးအိုကြီး သေသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ မျက်လုံးထဲ ပြတ်သားသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ရုပ်သေးရုပ်၏ ခြေထောက်ကြားရှိ ထွက်ပေါက်ဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။ ရုပ်သေးရုပ်နှင့် အချိန်ကုန်မနေချင်သည့် အတွက်ကြောင့် ရုပ်သေးရုပ်၏ လှုပ်ရှားမှုကို လျစ်လျူရှုထား၏။ ဤနေရာမှ ထွက်သွားဖို့အရေးကိုသာ အာရုံစိုက်နေခဲ့သည်။

ရန်ကိုင်သည် အလွန်ကိုမှ မြန်ဆန်သော်ငြား ရုပ်သေးရုပ်၏ လှုပ်ရှားမှုမှာလည်း အလွန်ကိုမှ မြန်ဆန်ပေသည်။ အမျိုးသမီးအိုကြီးအား သတ်ပြီးသည်နှင့် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းဆီမှ အန္တရာယ် အငွေ့အသက်တို့ ထွက်ပေါ်လာခဲ့သည်။ ထိုအန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ခရမ်းရောင်ဒိုင်းကို အလျင်အမြန် ထုတ်၍ သဲမုန်တိုင်းစွမ်းရည်ကို အသက်သွင်းလိုက်လေသည်။

ရုပ်သေးရုပ်၏ လက်ဝါးဆီမှ အလင်းတစ်ချက် လက်သွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ပြီးသည်နှင့် ချက်ချင်းဆိုသလို အရိပ်ကြီးတစ်ခု သူ့ဆီသို့ တိုးဝင်လာသည်။

ထိုအရိပ် သူ့ဆီ ရောက်မလာခင်တွင်ပင် ရန်ကိုင်အဖို့ အသက်ရှူရ မွမ်းကြပ်လာနေလေပြီ။ လောကကြီးတစ်ခုလုံး သူ့အပေါ် ပြိုဆင်းလာနေသလို ခံစားရသည်။

အံကြိတ်၍ ခရမ်းရောင်ဒိုင်း၏ အကာအကွယ်စွမ်းအားကို အဆုံးစွန်ထိ အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူတော်စင်ချီကို စုစည်း၍ သူ့ပတ်ပတ်လည်တွင် ဒုတိယမြောက် အရံအတားတစ်ခု ထပ်မံ ဖန်တီးလိုက်သည်။

ဘုန်း…

ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ သဲမုန်တိုင်း တစ်စစီ ဖြစ်သွားခဲ့သည်။ ထို့နောက် ဒိုင်းအား လာရောက်ထိမှန်း ဒိုင်းလည်း လွင့်စင်ထွက်သွားလေသည်။ သူတော်စင်ချီဖြင့် ဖန်တီးထားသော အကာအကွယ်လည်း ပျက်စီးသွားပြီးနောက် ရန်ကိုင် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားလေ၏။

ရန်ကိုင်ပါးစပ်မှေ ရွှေရောင်သွေးများ အန်ထွက်လာခဲ့သည်။

လေထဲ အပတ်ပေါင်းများစွာ ကျွမ်းပစ်ပြီးနောက် ပန်းဥယျာဉ် တစ်ခုထဲသို့ ရောက်သွားခဲ့သည်။ ထိုမျှနှင့်ပင် မရပ်သေးဘဲ ပန်းဥယျာဉ်ထဲ အပတ်ပေါင်းများစွာ ထပ်လှည့်နေပြီး နောက်ဆုံးမှသာ ရပ်သွားခဲ့သည်။

ယခုထိတိုင် ရုပ်သေးရုပ် သူ့အား ဘာဖြင့် တိုက်ခိုက်သွားမှန်း ရန်ကိုင် မသိသေးချေ။ အရိပ်ကြီးတစ်ခုကိုသာ မြင်ခဲ့ရသည်။

မြေကြီးပေါ် ရောက်ပြီးနောက် ရန်ကိုင် သွေးတစ်ပွက်ပြီး တစ်ပွက် ထပ်အန်လိုက်ရသည်။ သူ့မျက်နှာထက် ကြောက်ရိပ်တို့ ထွက်ပေါ်နေခဲ့လေပြီ။

ဤမျှ ဆိုးဆိုးရွားရွား တစ်ခါမှ အရိုက်မခံရဖူးချေ။ ထို့ကြောင့် သူမည်မျှ ရင်ထိတ်နေမလဲ ခံစားမိနိုင်သည်။

ခရမ်းရောင်ဒိုင်းကြောင့်သာ မဟုတ်လျှင် သူ့ဒဏ်ရာ အခြေအနေ ယခုထက် ပိုဆိုးပေလိမ့်မည်။ သို့တိုင် သူ့ကိုယ်တွင်း အင်္ဂါများ အကုန် ဗြောင်းသတ်ကုန်သည်။ တစ်ကိုယ်လုံးလည်း တစ်စစီ ဖြစ်တော့မလို ခံစားနေရသည်။

ထို့ကြောင့် ရန်ကိုင် ထိတ်လန့်မိသွားသလို ဒေါသလည်း ထွက်မိသွားသည်။

မော့ကြည့်လိုက်သည့်အခါ ရန်ကိုင် ခဏတာလောက် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။

လောလောဆယ်တွင် ကျောက်တုံးရုပ်သေးရုပ်သည် သူမှသူ မဟုတ်သည့်အလား ကျောက်ရုပ်ကြီးတစ်ရုပ်နှယ် မူလနေရာတွင် ပြန်ရပ်နေခဲ့သည်။ တုစီစီနှင့် ချိုင်ဟဲတို့သည် သွေးဆုတ် ဖြူလျော်နေသည့် အမူအရာဖြင့် ကျောက်တုံးရုပ်သေးရုပ်ဆီမှ မီတာ တစ်ရာအကွာတွင် ရပ်နေလေသည်။ နှစ်ယောက်စလုံး မိုးကြိုးပစ်ခံထားရသည့်အလား ကျောက်တုံးရုပ်သေးရုပ်ကို ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ သို့သော်ငြား ကျောက်တုံးရုပ်သေးရုပ်မှာမူ သူတို့အား မတိုက်ခိုက်ခဲ့ချေ။

ကျောက်တုံးရုပ်သေးရုပ်၏ လက်ထဲတွင် ရှိနေသည်ကား တုတ်ချောင်းတစ်ချောင်း ဖြစ်သည်။

ထိုအရာကို တုတ်ချောင်းဟု ခေါ်ရသည်မှာ သိပ်ပြီး မလိုက်ဖက်သော်ငြား တုတ်ချောင်းနှင့်သာ အတူဆုံး ဖြစ်သည်။ ထိုတုတ်ချောင်းသည် မည်းနက်နေပြီး မီတာပေါင်းများစွာ ရှည်လျားကာ တစ်မီတာ၊ နှစ်မီတာလောက် ကျယ်ပေသည်။

သူ့အား ရိုက်သွားသည့် အရိပ်ကြီးမှာ ထိုတုတ်ချောင်းမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။

အဲ့ဒါ ဘယ်ကနေ ရောက်လာတာလဲ ရန်ကိုင် မျက်လုံးထဲ သံသယအချို့ ဖြတ်ပြေးသွားသည်။ အစောပိုင်းတွင် ရုပ်သေးရုပ်၏ လက်ထဲ၌ ထိုကဲ့သို့တုတ် မရှိပါချေ။ သို့သော်လည်း ရန်ကိုင် ဂိတ်ပေါက်ဆီသို့ ထွက်ပြေးရန် လုပ်လိုက်သည့်အခါ ရုပ်သေးရုပ်၏ လက်မှ အလင်းတစ်ချက် လက်သွားသည်ကို သတိပြုမိခဲ့သည်။ ထိုအချက်နှစ်ချက် ဆက်စပ်လေသလော။

မီတာတစ်ထောင် ဝေးနေသည့်တိုင် ထိုတုတ်ချောင်းဆီမှ အန္တရာယ်အငွေ့အသက်ကို ရနေခဲ့သည်။ တုတ်ချောင်း၏ မျက်နှာပြင်ထက်တွင် ရှေးဟောင်းအပျက်အစီး နယ်မြေထဲသို့ ဝင်လာစဉ်က တွေ့ခဲ့သော စကားလုံးများနှင့် တူညီသည့် စကားလုံးအချို့ ထိုးထွင်းထားခဲ့သည်။

နောက်ထပ်‌ နှစ်ကြိမ်၊ သုံးကြိမ်လောက် သွေးထပ်အန်ပြီးနောက် ကျောက်တုံးရုပ်သေးရုပ်အား လှမ်း၍ ကြည့်လိုက်သည်။ သို့သော် ကျောက်တုံးရုပ်သေးရုပ် သူ့နောက်သို့ ဆက်မလိုက်လာသည်ကို သတိပြုမိလိုက်သည်။

ယခုမှပဲ ချိုင်ဟဲနှင့် တုစီစီတို့လည်း တုန်လှုပ်နေရာမှာ အသိပြန်ဝင်လာခဲ့ကြသည်။ ချိုင်ဟဲက တုစီစီဘက်သို့ လှည့်၍ “စီစီ၊ ပြန်ဆုတ်ကြရအောင်”

တုစီစီမျက်နှာ သွေးမရှိတော့မတတ် ဖြူလျော်နေသည်။ အမျိုးသမီးအိုကြီး သေသွားသည်နှင့် ပက်သက်၍ အတော်လေး ထိတ်လန့်နေသေးသည့်ပုံပင်။ ထို့နောက် ငိုယိုလျက် ချိုင်ဟဲဘက်သို့ လှည့်ကြည့်လိုက်လေသည်။

သူမ အလွန်ကိုမှ ကြောက်လန့်နေလေပြီ။

ယနေ့တွင် အန္တရာယ်အချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း အစောပိုင်းက အဖြစ်အပျက်လောက် ထိတ်လန့်ဖွယ်ကောင်းခြင်း မရှိချေ။ အစောပိုင်းမှ အဖြစ်အပျက်သည် သူမအတွက် အလွန်ကိုမှ ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။ အမျိုးသမီးအိုကြီး တစ်စစီ ဖြစ်သည်အထိ ညစ်သတ်လိုက်ခြင်း ခံရသည်ကို တုစီစီ သေသေချာချာ မြင်ခဲ့သည်။ ယခုထိတိုင် ပြတ်နေသော အမျိုးသမီးအိုကြီး၏ ခေါင်းသည် မြေပြင်ပေါ်တွင် ရှိနေသေးသည်။ အမျိုးသမီး၏ မျက်လုံးအစုံသည် ပြူးကျယ်နေပြီး တုစီစီအား သေချာ စိုက်ကြည့်နေခဲ့သည်။ သူမအား လာမကူညီသည့်အပေါ် အပြစ်တင်နေသည့်ပုံပင်။

ထိုအဖြစ်အပျက်သည် တုစီစီအား အလွန်တရာကိုမှ တုန်လှုပ်ခြောက်ခြားသွားစေခဲ့လေရာ တုစီစီအဖို့ စဉ်းပင် မစဉ်းစားနိုင်တော့ဘဲ နေရာတွင် ငေးငိုင်ငိုင်ဖြင့် တောင့်တောင့်ကြီး ရပ်နေမိလေသည်။

ချိုင်ဟဲ၏ အော်ခေါ်သံကို ကြားသည့်တိုင်အောင် ခြေတစ်လှမ်းပင် မရွေ့သေးချေ။ သူမ လှုပ်ရှားလိုက်သည်နှင့် နောက်သေရမည့်လူမှာ သူမ ဖြစ်နေမည်ကို ကြောက်နေမိသည်။

ထိုအခြင်းအရာကိုမြင်သော် ချိုင်ဟဲ စိတ်ပူလာသည်။ ရုပ်သေးရုပ်သည် ဂိတ်ပေါက်ကိုသာ စောင့်ကြပ်နေသော်လည်း မည်သည့်အချိန် သူတို့အား ထလာတိုက်ခိုက်မလဲ ဆိုသည်ကို မည်သူမှ မသိချေ။ သူစိတ်ဝင်စားသော မိန်းကလေး အမျိုးသမီးအိုကြီး ကဲ့သို့ သေသွားရမည်ကို ချိုင်ဟဲ မမြင်လိုချေ။

အံကြိတ်၍ တုစီစီဘေးသို့ ပြေးသွားပြီး သူမလက်ကို ကိုင်ကာ နောက်သို့ လှည့်မပြတ်ကြည့်ဘဲ ထွက်ပြေးတော့လေသည်။

ရန်ကိုင် ပြုတ်ကျလာသည့် နေရာဆီသို့ ရောက်မှသာ ရပ်လိုက်သည်။ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် အသက်ကို မောကြီးပန်းကြီးရှူလျက် မြေကြီးပေါ်သို့ လဲကျသွားခဲ့သည်။ ထိုကဲ့သို့လုပ်ရန်အတွက် သူ့ခွန်အားအကုန်ကို သုံးလိုက်ရသည်။ ယခုထိတိုင် ကြောက်ရွံ့မှုကြောင့် သူ့သွားများ တဆတ်ဆတ် တုန်နေသေးသည်။

တုစီစီသည်လည်း သူ့ထက်မသာ။ အစောပိုင်းက အဖြစ်အပျက်များကြောင့် သူမ၏ မျက်လုံးထဲ ကြောက်ရွံ့မှု၊ တုန်လှုပ်မှုတို့ ပြည့်နှက်နေခဲ့သည်။

အမျိုးသမီးအိုကြီးသည် တန်ခိုးရှင် ပထမအဆင့်သာ ဖြစ်သော်လည်း သူမ အသက်ရှိနေလျှင် ပိုလုံခြုံသည်ဟု သူတို့ ခံစားရသည်။ သို့သော်လည်း ယခု သူမ သေသွားပြီ ဖြစ်သည့် အတွက်ကြောင့် သူတော်စင်ဘုရင် သုံးယောက်သာ ကျန်တော့ပေသည်။ သူမတို့တွင် ခိုကိုးအားကိုးစရာ လူမရှိတော့သလို တုစီစီ ရုတ်တရက် ခံစားလာရသည်။

ရန်ကိုင်လည်း အလွန်တရာကိုမှ စိတ်ညစ်နေသည်။ တုတ်စာကြောင့် ခံလိုက်ရသည့်ဒဏ်မှာ ယခုအထိတိုင် ပြန်လည် မကောင်းမွန်သေးချေ။ အလိုလို ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော ရွှေရောင်သွေးစက် ရှိနေသည်မှာ ကံကောင်းသွားသည်။ သူ့နေရာတွင်သာ အခြားတစ်ယောက် ဆိုပါက ပြန်ကောင်းရန် လနှင့်ချီပြီး အချိန်ယူရပေလိမ့်မည်။

ကုသရေးဆေးလုံးအချို့ကို မြိုချလိုက်ပြီးနောက် တင်ပလင်ခွေထိုင်လျက် အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။

နောက်ဘာပဲလာပါစေ၊ ပထမဆုံးအနေဖြင့် သူ့ဒဏ်ရာများကို ပြန်ကုသထားရမည်။ ဒဏ်ရာများကို ကုသပြီးမှသာ နောက် ဘာဆက်လုပ်ရမလဲ စဉ်းစားပေမည်။

နေ့ဝက်ကြာပြီးနောက် ရန်ကိုင် မျက်လုံး ပွင့်လာခဲ့သည်။

ဒဏ်ရာများမှာ အကင်း မသက်သာသေးသော်လည်း ထိုဒဏ်ရာများသည် သူ့လှုပ်ရှားနိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်းအပေါ် သက်ရောက်မှု မရှိတော့ချေ။ ချိုင်ဟဲနှင့် တုစီစီသည်လည်း အနည်းငယ် ပိုကောင်းလာခဲ့သည်။ သို့သော်လည်း တုစီစီ၏ မျက်လုံးများမှာ နီရဲပြီး မို့အစ်နေကာ မျက်နှာ အမူအရာလည်း မကောင်းချေ။

ချိုင်ဟဲသည် သူမလောက် အခြေအနေ မဆိုးသော်ငြား အတော်လေး မျှော်လင့်ချက် မဲ့နေသည့်ပုံ‌ ပေါက်နေခဲ့သည်။

မျှော်လင့်ချက် မဲ့လည်း မဲ့ချင်စရာပင်။ တန်ခိုးရှင်ပထမ အဆင့်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်သော ကျောက်တုံး ရုပ်သေးရုပ် စောင့်ကြည့်နေသည့် တံခါးပေါက်မှ သူတော်စင် ဘုရင်အဆင့်သာ ရှိသေးသော တိုက်ခိုက်နိုင်စွမ်း နည်းပါးသည့် သူတို့ မည်ကဲ့သို့ ခိုးထွက်ပြေးနိုင်ပါမည်နည်း။

ထိုနှစ်ယောက်အား စိုက်ကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်မိသွားသည်။ သို့သော်လည်း ဘာမှ မပြောဘဲ မတ်တပ်သာ ရပ်လိုက်သည်။ ထို့နောက် လွင့်ထွက်သွားသော ဒိုင်းကို ပြန်ကောက်လိုက်သည်။ ဒိုင်းမျက်နှာပြင်ထက်တွင် ချိုင့်ရာတစ်ခုနှင့် လက်တစ်ချောင်းစာကျယ်သော အက်ရာတစ်ခု ရှိနေခဲ့သည်။ ဒိုင်းလည်း ဆိုးဆိုးရွားရွားကို ထိခိုက်သွားလေပြီ။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့သည်။ ယန်ယန်ကိုယ်တိုင် နှစ်ကြိမ် တိုင်တိုင် အဆင့်မြှင့်တင်ပေးထားသော ခုခံရေးအကာအကွယ် မှော်ရတနာဖြစ်သည့် တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ခရမ်းရောင်ဒိုင်းပင် အနက်ရောင်တုတ်ချောင်းဆီမှ ရိုက်ချက် တစ်ချက်ကြောင့် ဤဘဝ ရောက်သွားခဲ့ရလေအောင် ထိုရိုက်ချက် မည်မျှပင် အားပြင်းလိုက်လေမည်နည်း။

သက်ပြင်းတစ်ချက်ချလျက် ခရမ်းရောင်ဒိုင်းကို သိမ်းလိုက်လေသည်။ နောက်မှ ယန်ယန်အား ပြန်ပြင်ခိုင်းရပေတော့မည်။ ထို့နောက် မိုင်တစ်ထောင် အကွာတွင် ရှိနေသော ရုပ်သေးရုပ်အား လှမ်းကြည့်လိုက်သည်။ အလေးအနက် အမူအရာဖြင့် ရုပ်သေးရုပ်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။

“အစ်ကိုရန်…” ထိုအခြင်းအရာကို မြင်သော် ချိုင်ဟဲ ထိတ်လန့်သွားပြီး အလျင်စလို လှမ်းမေးလိုက်လေသည် “ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“အဲ့ကောင်ရဲ့ ခွန်အားကို သွားစမ်းကြည့်မလို့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ခွန်အားကို သွားစမ်းမလို့…” ချိုင်ဟဲ မှင်သက်သွားပြီး အံ့ဩတကြီး ပြန်ပြောလိုက်လေသည် “အဲ့ဒါ နည်းနည်း မဆင်မခြင် လုပ်ရာ မကျဘူးလား”

တန်ခိုးရှင်အဆင့်ဖြစ်သော အမျိုးသမီးအိုကြီးပင် ကျောက်တုံးရုပ်သေးရုပ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရရာ သူတော်စင်ဘုရင်အဆင့်သာ ရှိသေးသော ရန်ကိုင် ဆိုပါက… ရန်ကိုင်သည် အမျိုးသမီးအိုကြီးထက် ပိုအားနည်းသည်ဟု သူထင်နေခြင်း ဖြစ်သည်။

“နင်ပြသနာ ရှာနေတာလား” အသိစိတ်မဲ့နေသည့်နှယ် ငေးငေးငိုင်ငိုင်ဖြင့် ရှိနေသော တုစီစီက ရုတ်တရက် ထအော်လေသည် “သူ့ဘာသာ ရပ်သွားပြီဟာကို နင်က သွားထပ်ရန်စဦးမလို့လား။ နင်ငါတို့အားလုံးကို သေစေချင်နေတာလား”

ရန်ကိုင် သူမအား စူးရဲစွာ တစ်ချက် လှမ်းကြည့်လိုက်သည်။

တုစီစီ ရန်ကိုင်အကြည့်အား ချက်ချင်း လွှဲဖယ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်လေသည် “ဟိုစီနီယာလည်း သေသွားပြီ။ နင်ပါ သေသွားမယ်ဆိုရင် ချိုင်ဟဲနဲ့ငါ ဘာလုပ်ရတော့မှာလဲ”

သူမသည် မောက်မာပြီး အဆင့်တူ အခြား ကျင့်ကြံသူများကို မျက်လုံးထဲ မထည့်သော်ငြား လက်ရှိအချိန်တွင် လူများများရှိနေမှ သူမပို၍ လုံခြုံသလို ခံစားရပေသည်။ ရန်ကိုင် သေသေရှင်ရှင် သူမ ဂရုမစိုက်ပါချေ။ သို့သော်လည်း လောလောဆယ်တွင် ဤနေရာ၌ လူသုံးယောက်သာ ရှိနေသည့် အတွက်ကြောင့် ရန်ကိုင်အား မသေစေချင်ပေ။

ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည် “အဲ့လိုဆို ငါဘာလုပ်သင့်လဲ”

သူမတွင် ထိုမေးခွန်းကို ပြန်ဖြေနိုင်မည့် အဖြေ မရှိသဖြင့် တုစီစီ ချက်ချင်း ခေါင်းငုံ့သွားခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၂)

ချိုင်ဟဲ ခါးသက်စွာ ပြုံးလိုက်သည်။ အမျိုးသမီးအိုကြီး အသက်ရှင်နေစဉ်က ဤနေရာကို သေသေချာချာ စေ့စပ်စွာ ရှာဖွေခဲ့ပြီး ဤနေရာမှ ထွက်သွားနိုင်သည့် ထွက်ပေါက်ဆို၍ ကျောက်တုံးရုပ်သေးရုပ် စောင့်ကြပ်နေသည့် ဝင်ပေါက် တစ်ပေါက်သာ ရှိကြောင်း သိရသည်။ သူတို့သာ ဤနေရာမှ ထွက်သွားချင်သည် ဆိုပါက ထိုဂိတ်ပေါက်ကို ဖြတ်သွားရန် လိုအပ်ပေသည်။

ထို့ကြောင့် သူတို့အနေဖြင့် ဤနေရာတွင် စောင့်နေပြီး ဖေးကျီတုတို့ လာကယ်မည့် အချိန်ကို စောင့်နေရန်သာ ရှိတော့သည်။ သို့သော် ဖေးကျီတုတို့ လာကယ်မလား။ မည်သူမှ မပြောနိုင်ချေ။ ဖေးကျီတုတို့သာ လာမကယ်လျှင် သူတို့အဖို့ ဤနေရာတွင် သေမည့်အချိန်ကို ထိုင်စောင့်နေရုံသာ ရှိတော့သည်။

ထိုလူများအပေါ် မျှော်လင့်နေမည့်အစား ကိုယ့်ဘာသာ ကြိုးစားလျှင်ပင် ရုပ်သေးရုပ်ထံ၌ အားနည်းအချို့ ကံကောင်းပြီး တွေ့ကာ ဤနေရာမှ လွတ်မြောက်နိုင်ချေ ရှိနိုင်သေးသည်။

ထိုကဲ့သို့ ဖြစ်နိုင်ချေမှာ အလွန်ကိုမှ နည်းပါးလှသော်ငြား ဘာမှမလုပ်ဘဲ ထိုင်နေခြင်းထက်တော့ အများကြီး ပိုကောင်းပေသည်။

ထိုသို့ စဉ်းစားပြီးသည့်နောက်တွင် ချိုင်ဟဲသည် စိတ်ဆုံးဖြတ်ပြီးသည့် အမူအရာဖြင့် ရန်ကိုင်ကို ခေါင်းညိတ်ပြ၍ “အစ်ကိုရန်၊ ကျုပ်ပါလိုက်မယ်။ ကျုပ်တိုက်ခိုက်တာ သိပ်မတော်ပေမယ့် ကျုပ်ပါပါလာရင် အစ်ကိုရန်အတွက် ပိုပြီး ဝန်ပေါ့သွားလိမ့်မယ်”

သို့သော်လည်း ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်သည် “မလိုသေးဘူး။ ငါဒီကောင့်ခွန်အားကို သွားစမ်းသပ်ရုံပဲ။ တကယ် တိုက်ခိုက်မှာ မဟုတ်သေးဘူး။ ဒီကောင်ရဲ့ အားနည်းချက်၊ အားသားချက်တွေကို ရှာပြီးမှပဲ ဒီကနေ ထွက်သွားနိုင်မယ့် အစီအစဉ်တစ်ခု ဆွဲရမယ်”

“ကောင်းပြီလေ၊ အစ်ကိုရန်၊ သတိတော့ထားဦးနော်” ချိုင်ဟဲက လှမ်းသတိပေးလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သတိကြီးကြီးထားလျက် ရုပ်သေးရုပ်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။ ချိုင်ဟဲနှင့် တုစီစီမှာမူ ရန်ကိုင်အား ရင်တမမ ဖင်တကြွကြွဖြင့် စောင့်ကြည့်နေကြသည်။

နာရီဝက်ကြာပြီးနောက် ဖရိုဖရဲ အမူအရာဖြင့် ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

ထိုရုပ်သေးရုပ်၏ ခွန်အားကို စမ်းသပ်ရန်အတွက် သူ့ခွန်အား အကုန်အစင်ကို ထုတ်သုံးခဲ့ရသည်။ ကံကောင်းသွား၍ ပြင်းပြင်းထန်ထန် ဒဏ်ရာမရသွားသည်ဟု ပြော၍ရသည်။ ရုပ်သေးရုပ်၏ တုတ်သည် သူ့အား ရှပ်မှန်သွားသည့် အတွက်ကြောင့်သာ ဒဏ်ရာပြင်းပြင်းထန်ထန် ရမသွားဘဲ အနည်းငယ် ထုံကျင်ရုံနှင့် အင်္ကျီများ စုတ်ပြဲသွားခဲ့ခြင်းသာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်၏ တိုက်ပွဲကို အစမှအဆုံးထိ စောင့်ကြည့်နေသည့် ချိုင်ဟဲနှင့် တုစီစီမှာမူ အံ့ဩနေခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်ကိုင် အကြိမ်များစွာ သေမလိုဖြစ်ခဲ့ပြီး အမြဲလိုလို လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ရန်ကိုင် သေပြီဟု သူတို့ ထင်လိုက်သည့် အချိန်တိုင်း ရန်ကိုင် အမြဲတမ်း လွတ်သွားခဲ့သည်။

တိုက်ပွဲအား ကိုယ်တိုင် သွားတိုက်နေရသည့် ရန်ကိုင်ထက်ပင် သူတို့မှာ ပိုမို ပင်ပန်းနေကြကာ လက်ဝါးတစ်ပြင်လုံး ချွေးအေးများဖြင့် စိုရွှဲနေကြလေသည်။

ထိုတိုက်ပွဲမှ ရန်ကိုင်သည် သာမန် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း သူတို့ သိလိုက်ကြသည်။ ရန်ကိုင် ထုတ်ပြသွားသည့် ခွန်အားသည် တန်ခိုးရှင်အဆင့် ပညာရှင်များထက်ပင် ပိုမို အားကောင်းနေခဲ့သည်။

ယခု ချိုင်ဟဲရော တုစီစီပါ ရန်ကိုင်ကို ထပ်မံ အထင် မသေးရဲတော့ချေ။

ရုပ်သေးရုပ်၏ ခွန်အားကို စမ်းသပ်ရာမှ ပြန်လာပြီးနောက် တင်ပလင်ခွေထိုင်ချကာ ကုသရေးဆေးလုံး အနည်းငယ်ကို ထုတ်သောက်ပြီး အားပြန်ဖြည့်လေသည်။

တစ်ရက်ကြာပြီးနောက် ရန်ကိုင် အားပြန်ပြည့်လာခဲ့သည်။ ရန်ကိုင် နိုးလာမည့်အချိန်ကို စောင့်နေသော ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက် ရန်ကိုင် နိုးလားသည်ကို မြင်သော် မျှော်လင့်တကြီး အမူအရာဖြင့် သူ့ဆီ လမ်းလျှောက်သွားကြသည်။

ထိုနှစ်ယောက် ဘာတွေနေမှန်းသိလေရာ ရန်ကိုင်ကလည်း သူတို့ သိချင်နေသည့် အချက်ကို ချက်ချင်း ထုတ်ပြောလိုက်သည် “အခွင့်အရေးရှိတယ်”

ထိုစကားကို ကြားလိုက်သော် ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး ပျော်သွားကြသည်။ ချိုင်ဟဲသည် ရန်ကိုင်ရှေ့တွင် အလျင်စလို ထိုင်ချလိုက်ပြီး စိုးရိမ်တကြီး အမူအရာဖြင့် “အစ်ကိုရန် အဲ့ရုပ်သေးရုပ်ကို ဘယ်လိုကျော်သွားရမလဲ။ ကျုပ်တို့ တတ်နိုင်တာရှိရင်ပြော၊ ကျုပ်တို့ အကောင်းဆုံး ကြိုးစားပေးမယ်”

“’ကျော်သွားဖို့လား” ရန်ကိုင်က ထူးဆန်းစွာ ပြုံးလိုက်ပြီး ချိုင်ဟဲအား စိုက်ကြည့်လျက် ပြန်ပြောလိုကသ်ည် “ဖြတ်သွားလို့ မရဘူး။ ငါဖြတ်သွားဖို့ ကြိုးစားတုန်းက ဘာဖြစ်သွားလဲ မင်းမြင်တာပဲ။ ဒီကောင်က ကြီးတယ်ဆိုပေမယ့် အရမ်း မြန်လွန်းတယ်။ ငါတစ်ယောက်တည်းပဲ ဆိုရင်တော့ အခွင့်အရေး ရှိရင် ရှိနိုင်သေးတယ်။ ဒါပေမယ့် မင်းတို့ နှစ်ယောက်ပါ ပါမယ် ဆိုရင်တော့ လုံးဝ အခွင့်အရေးမရှိဘူး”

ထိုနှစ်ယောက်ကို ရန်ကိုင် အထင်သေးနေခြင်း မဟုတ်ချေ။ အမှန်ကိုသာ ပြောနေခြင်း ဖြစ်သည်။ လေမိုးကြိုးတောင်ပံကို သုံးပြီး ဖောက်ထွက်မည် ဆိုလျှင်ပင် ရုပ်သေးရုပ်ဆီမှ ထွက်ပြေး လွတ်မြောက်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်းပင် မရှိချေ။ ဂိတ်ပေါက်မှ ထွက်ပြေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ရုပ်သေးရုပ်၏ တွန်းထုတ်ခြင်းကိုသာ ခံခဲ့ရသည်။

ရုပ်သေးရုပ်သည် ဂိတ်ပေါက်အား ဖြတ်သွားရန် ကြိုးစားသည့် သက်ရှိမှန်သမျှကို သတ်ဖြတ်ပေလိမ့်မည်။

ရန်ကိုင် စကားကို ကြားသည့်အခါ တုစီစီ၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည် “နင်ငါတို့ကို ထားသွားလို့မရဘူးနော်”

ရန်ကိုင် သူမတို့ကို ထားသွားရန် ကြံစည်နေသည်ဟု ထင်သွားခဲ့ခြင်း ဖြစ်သည်။

ချိုင်ဟဲက အားတင်းပြုံးလျက် ပြန်အော်ပြောလေသည် “စီစီ၊ နင်အရမ်း အတွေးလွန်းနေတာပဲ။ အစ်ကိုရန်က ဘာလို့ အဲ့လို လုပ်ရမှာလဲ”

သူ့စကားလုံးများသည် တုစီစီကိုသာမဟုတ်၊ သူ့ကိုယ်သူပါ နှစ်သက်ပေးနေခြင်း ဖြစ်သည်။ ပြောနေရင်းနှင့်လည်း ရန်ကိုင်၏ အမူအရာကိုမှ စောင့်ကြည့်နေလ့လာနေသေးလေသည်။ တုစီစီ ပြောသလို ရန်ကိုင် သူတို့အား ထားသွားပြီး တစ်ယောက်တည်း ထွက်သွားမည်ကို သူကြောက်နေမိခဲ့သည်။

ရန်ကိုင်ကတော့ ပြန်ရှင်းပြမနေခဲ့ချေ။ ရိုးရိုးသားသား ပြောရလျှင်၊ သူသာ ရုပ်သေးရုပ်ကို ဖြတ်ကျော်သွားနိုင်လျှင် အစောကြီးကတည်းက ဖြတ်ကျော်သွားပေပြီ။ သို့သော် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးမည်တော့ မဟုတ်၊ ဖေးကျီတုတို့ကို သွားရှာပြီး သူတို့ကို လာပြန်ကယ်ပေမည်။ တစ်ယောက် ထွက်ပြေးပြီး အကူအညီ သွားရှာခြင်းသည် သုံးယောက်စလုံး ဤနေရာတွင် ပိတ်မိနေသည်ထက် အများကြီး ပိုကောင်းသည်။

ချိုင်ဟဲ၏ စကားကို လျစ်လျူရှုလျက် ရန်ကိုင်က ဆက်ပြောလိုက်သည် “ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင် ငါတို့အားလုံး အတူပူးပေါင်းဖို့ လိုလိမ့်မယ်။ ငါစွမ်းအားနဲ့ ငါ့ကိုယ်ငါပဲ ကာကွယ်နိုင်လိမ့်မယ်။ မင်းတို့ကိုတော့ လုံးဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ကောင်နဲ့ ယှဉ်ပြီး တိုက်ခိုက်ရမယ်ဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး”

ချိုင်ဟဲ ခေါင်းညိတ်လိုက်ပြီး ပြန်မေးလိုက်သည် “ကျုပ်တို့ အဲ့ကောင်ကို ဖြတ်မသွားနိုင်ရင် ဘာလုပ်ရမလဲ။ မြင်ရသလောက် တော့ ဒီကောင်က ဝင်ပေါက်နေ အဝေးကြီး မသွားဘူး”

ထိုအချက်ကိုလည်း ရန်ကိုင် သတိပြုမိပေသည်။ ရုပ်သေးရုပ်သည် ဂိတ်ပေါက်ဆီမှ မီတာတစ်ရာအတွင်း ဝင်လာသည့် သက်ရှိမှန်သမျှကို တိုက်ခိုက်ထက်ပြီး ထို့အကာအကွယ်ဝေးကို ကျော်လွန်သွားမူ မတိုက်ခိုက်တော့ချေ။

ချိုင်ဟဲ၏ မေးခွန်းကို ကြားပြီးနောက် ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “ဒီကောင့်ကို သတ်ရမှာပေါ့”

“သတ်ဖို့…” ချိုင်ဟဲ မှင်သက်သွားခဲ့ရသည်။

တုစီစီလည်း ကြက်သေသေသွားပြီး အံ့ဩမှင်သက်နေသည့် အမူအရာဖြင့် “နင်ရူးနေ…”

စကားကို ဆုံးအောင် မပြောပြီးသေးခင်မှာပဲ ရန်ကိုင်၏ ရေခဲတမျှ အေးစက်သည့် အကြည့်ကြောင့် ဆက်ပြောမည့် စကားများကို ပြန်မျိုချလိုက်ရသည်။ သို့သော် မျက်နှာထားမှာမူ ရှစ်ခေါက်ချိုး ဖြစ်နေပေပြီ။

“ငါအဲ့လိုပြောမှတော့ ငါ့မှာ အဲ့လိုဖြစ်အောင် လုပ်နိုင်တဲ့ ယုံကြည်ချက်ရှိလို့‌ပေါ့” သူသာ မရှင်းပြလျှင် ထိုနှစ်ယောက် သူ့ကို လုံးဝ ယုံမည်မဟုတ်မှန်း ရန်ကိုင် သိသည်။ ကျောက်တုံး ရုပ်သေးရုပ်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူများ ဖြစ်သဖြင့် ရန်ကိုင် ပြောသည်ကို မယုံနိုင် ဖြစ်နေကြသည်။

“အရင်ဆုံး အဲ့ကောင်ရဲ့ အားနည်းချက်အကြောင်း ပြောရအောင်၊ ဒီကောင်က ဂိတ်ပေါက်ကိုပဲ စောင့်နေတာ ဆိုတော့ အဲ့ဂိတ်ပေါက်အလွန်မှာ ရှိနေတဲ့ဟာက သူ့အတွက် အရမ်း အဖိုးတန်လို့ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ငါတို့အနေနဲ့ ဒါကို အားသာချက်အဖြစ် သုံးလို့ရတယ်။ မင်းတို့နှစ်ယောက် အစီအရင် ပညာရှင်တွေဆိုတော့ ငါဘာပြောချင်လေဲ မင်းတို့ နားလည်မှာပေါ့” ရန်ကိုင်က ထိုနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

ချိုင်ဟု့နှင့် တုစီစီတို့ နှစ်ယောက် အတွေးနက်သွားကြပြီး မကြာမီ ခေါင်းညိတ်လိုက်ကြလေသည်။

ထိုရုပ်သေးရုပ်၏ အားနည်းချက်ကြောင့် သူတို့အဖို့အစီအရင်တစ်ခုကို ပြင်ဆင်ဖို့အတွက် အချိန်များစွာ ရှိပေသည်။ သူတို့သာ ထိုအစီအရင်နှင့် ရန်ကိုင်ကို အတွဲညီအောင် ပေါင်းစပ်နိုင်မည် ဆိုပါက ရုပ်သေးရုပ်ကို သတ်နိုင်ကောင်း သတ်နိုင်ပေလိမ့်မည်။

“အစီအရင် ခင်းကျင်းဖို့က ပြဿနာမဟုတ်ဘူး။ ရုပ်သေးရုပ်ရဲ့ အမြန်နှုန်းကို ကန့်သတ်ပေးတဲ့ အစီအရင်ကိုတောင် ခင်းကျင်းလို့ ရတယ်။ ပြဿနာက အဲ့ကောင်ရဲ့ ခံနိုင်စွမ်းနဲ့ အမြန်နှုန်းပဲ။ ဒါကြောင့် သူ့ကိုသာ နှေးအေင် လုပ်လိုက်မယ်ဆိုရင် အဲ့ကောင်နဲ့ ရင်ဆိုင်ဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်”

“မင်းအဲ့လို အစီအရင်မျိုး ခင်းကျင်းနိုင်တာလား”

“အရမ်းကြီးတော့ မခက်လောက်ဘူး။ ကျုပ်မှာ နဂါးသတ်ကြေးမုံကန် အစီအရင်ကို ခင်းကျင်းဖို့ ပစ္စည်းတွေ ရှိတယ်။ တုစီစီမှာလည်း မြေလှောင်အိမ်ပန်းချီကားချပ် အစီအရင်ကို ခင်းကျင်းဖို့အတွက် ပစ္စည်းတွေပါတယ်၊ ဟုတ်တယ်မလား” ချိုင်ဟဲက တုစီစီကို ကြည့်၍ မေးလိုက်သည်။

“အင်း” တုစီစီ ခေါင်းညိတ်လိုက်သည်။ ထိုအချက်ကို ချိုင်ဟဲ သိနေသည့်အပေါ် သူမ မအံ့ဩချေ။ သူမတို့ မိသားစုနှစ်ခုသည် အချင်းချင်း အားပြိုင်နေကြသည့်အတွက် မိသားစုတစ်ခုအကြောင်း အခြားတစ်ခုမှ စုံစမ်းထားသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

“အဲ့အစီအရင်နှစ်ခု ဘယ်လောက် အားကောင်းနေလဲ”

ချိုင်ဟဲက ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် “အစီအရင် စွမ်းအားကတော့ ပြောနေစရာမလိုဘူး။ တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက်တောင် အဲ့ထဲရောက်သွားရင် သူတို့အရှိန် သိသိသာသာ လျော့ကျသွားရလိမ့်မယ်” ပြောပြီးသည့်နောက် ချိုင်ဟဲက အနည်းငယ် ရှက်နေသည့် အမူအရာဖြင့် “ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျုပ်နဲ့ တုစီစီ နှစ်ယောက်ပေါင်းအားနဲ့ဆို အစီအရင်ရဲ့ ခွန်အား တစ်ဝက်လောက်ကိုပဲ ထုတ်ဖော်နိုင်ပေလိမ့်မယ်။

“တစ်ဝက်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအခြင်းအရာကိုမြင်သော် ချိုင်ဟဲက အလျင်အမြန် ဆက်၍ ပြောလိုက်သည် “တစ်ဝက်ပဲဆိုရင်တောင် ရုပ်သေးရုပ်ရဲ့ ခွန်အားကို အနည်းဆုံး ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ် ရာခိုင်နှုန်းလောက်အထိ လျှော့ပစ်နိုင်တယ်”

“နှစ်ဆယ်ရာခိုင်နှုန်းလား။ ငါထင်ထားတာထက် နည်းနည်း ပိုနည်းနေတာဲ” ရန်ကိုင် စိတ်ပျက်ပျက်ဖြင့် ညည်းညူလိုက်သည်။

“အစ်ကိုရန်၊ ကျုပ်နဲ့တုစီစီ ရုပ်သေးရုပ်ကို နှေးပေးထားတဲ့ အချိန် အစ်ကိုရန်က အဲ့ကောင်ကို ဘယ်လိုသတ်မှာလဲ”

“အင်း၊ ရှင်အဲ့ဒါရဲ့ ခွန်အားကို သွားစမ်းတုန်းက အဲ့ဒါ ဘာဒဏ်ရာမှ ရမသွားဘူးမလား” တုစီစီစက အလျင်စလို မေးမြန်းလိုက်သည်။ ဤကိစ္စသည် သေရေးရှင်ရေး ကိစ္စ တစ်ခု ဖြစ်သည့်အတွက်ကြောင့် မည်သူမှ ပေါ့ပေါ့တန်တန် မဆုံးဖြတ်ရဲကြချေ။ အကုန်လုံး စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်နိုင်လျှင်ပင် လာမည့်တိုက်ပွဲတွင် အကုန်လုံး သေကောင်း သေသွားနိုင်ပေသေးသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ငါအဲ့ကောင်ကို မသတ်နိုင်ပေမယ့် အချက်တစ်ချက်က်ိုတော့ အတည်ပြု နိုင်ခဲ့တယ်”

“အဲ့လိုကိုး”

“အဲ့ရုပ်သေးရုပ် ပိုင်ရှင်မရှိဘဲ လှုပ်ရှားနေနိုင်တာက သူ့ကိုယ်ထဲမှာ ရှိနေတဲ့ ဝိဥာဉ်အမျှင်တန်းကြောင့်ပဲ”

“ဝိဥာဉ်အမျှင်တန်းလား” ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

“အင်း၊ ဝိဥာဉ်ကိုယ်ပွားလို့ တွေးရင်လည်း ရတယ်။ လျန်ကွမ်း သူ့ရုပ်သေးရုပ်တွေးကို ဘယ်လို ထိန်းချုပ်လဲဆိုတာ မင်းတို့ မြင်ဖူးလား” ရန်ကိုင်က ထိုနှစ်ယောက်အား အလေးအနက် အမူအရာဖြင့် ကြည့်၍ ပြောလိုက်သည်။

“လျန်ကွမ်းက သူ့ကောင်းကင်စိတ်အာရုံကို ရုပ်သေးရုပ်ထဲ ထည့်ပြီး ထိန်းချုပ်တာ။ ရုပ်သေးရုပ်ချင်း မတူပေမယ့် ထိန်းချုပ်တဲ့ ပုံစံကတော့ အတူတူပဲလို့ ငါထင်တယ်။ အဲ့ကောင်ကို လှုပ်ရှားစေချင်ရင် အမိန့်တစ်ခုခုပေးမှပဲ ရမယ်။ ဒီရုပ်သေးရုပ်မှာပဲ ပိုင်ရှင်မရှိဘူးဆိုတော့ သူ့ကိုယ်ထဲမှာ ချိတ်ပိတ်ထားတဲ့ဝိဥာဉ် အမျှင်တန်းတစ်မျိုးမျိုး ရှိနေလိုပဲ ဖြစ်ရလိမ်မ့ယ်”

ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး ခေါင်းရှင်းသွားကြသည်။ နှစ်ယောက်စလုံး ရုပ်သေးရုပ်၏ ထိတ်လန့်ဖွယ်ရာ စွမ်းအားကို မြင်ပြီး ထိတ်လန့်သွားသည့် အတွက်ကြောင့်ကို ထိုအချက်ကို သတိမပြုမိလိုက်ခြင်း ဖြစ်သည်။ ရန်ကိုင် ရှင်းပြတော့မှပဲ သူတို့ ထိုအချက်ကို နားလည်သွားခဲ့သည်။

“ဒီတော့ အစ်ကိုရန် ပြောချင်တာက…”

“ငါတို့ ရုပ်သေးရုပ်ကို ဖျက်စီးစရာ မလိုဘူး။ ဝိဥာဉ် အမျှင်တန်း ရှိတဲ့နေရာကို ရှာပြီး ဖျက်စီးပစ်ရုံပဲ။ အဲ့ကောင် ဆက်လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး”

ချိုင်ဟဲ၏ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားပြီး “ဒီတော့ အဲ့လိုကိုး။ အဲ့လိုဆိုရင် ဒီနည်းလမ်း ဖြစ်နိုင်လောက်တယ်”

ရုပ်သေးရုပ်ကို ဖျက်စီးခြင်းထက် ဝိဥာဉ်အမျှင်ကို ရှာပြီး ဖျက်စီးရသည်မှာ အများကြီး ပိုလွယ်သည်။

“အဲ့လိုဆို ဝိဥာဉ်အမျှင်တန်း ဘယ်မှာရှိလဲဆိုတာ ရှင်သိလား”

ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ရန်ကိုင် မျက်နှာ မဲ့သွားပြီး ဖြည်းဖြည်းချင်း ခေါင်းခါလျက် “သိပ်တော့ မသေချာဘူး။ ဒါပေမယ့် အန္တရာယ်တော့များတယ်။ ဒါပေမယ့် ငါသင်္ကာမကင်း ဖြစ်နေတဲ့ နေရာအချို့တော့ရှိတယ်။ ဒါကြောင့် အဲ့ကောင်ကို ထိန်းချုပ်ဖို့အတွက် မင်းတို့အကူအညီ လိုနေတာ။ အဲ့ကောင် နှေးသွားတော့မှပဲ ငါသံသယဝင်နေတဲ့ နေရာတွေကို သေချာ ရှာနိုင်လိမ့်မယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၃)

ဒုက္ခရောက်နေချိန် မျှော်လင့်ချက် မရှိခြင်းသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် တုစီစီနှင့် ချိုင်ဟဲတို့ စိတ်အား တက်ကြွလာခဲ့ကြသည်။ ဤနေရာမှ ထွက်ပြေး လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့လေပြီ။

ဘာမှ ဆက်ပြောစရာ မရှိတော့သည့် အတွက်ကြောင့် ရန်ကိုင်တို့သုံးယောက် အလုပ်စတော့လေသည်။ ရန်ကိုင်ကြောင့် ရုပ်သေးရုပ် တုန့်ပြန်လာမည့် အကွာအဝေးကို သူတို့ အတိအကျ သိနေခဲ့လေပြီ။ ချိုင်ဟဲနှင့် တုစီစီသည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်လျက် ရုပ်သေးရုပ် အနီးအနားဝန်းကျင်တွင် အစီအရင်တစ်ခု စတင် ခင်းကျင်းတော့သည်။

ထိုနှစ်ယောက် အစီအရင် ခင်းကျင်းနေချိန် ရန်ကိုင်သည် ရုပ်သေးရုပ်၏ ခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် အခြား သေကွင်း သွေကွက်နေရာများကို စိုက်ကြည့်နေသည်။ ထိုနေရာများသည် ဝိဥာဉ်အမျှင်တန်း ရှိမည်ဟု သူသံသယ ရှိနေသည့် နေရာများ ဖြစ်ကြပေသည်။ ဝိဥာဉ်အမျှင်တန်း ရှိနေသည့် နေရာ အတိအကျကို ရှာဖွေပြီး ထိုအရာကို ဖျက်စီးလိုက်နိုင်လျှင် ရုပ်သေးရုပ် ဆက်လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။

ရန်ကိုင် သူ့အစီအစဉ်ထဲ အမှားပါမပါ ထပ်ခါတလဲလဲ သေချာ ပြန်စစ်ဆေးကြည့်သည်။

ခဏအကြာတွင် ချိုင်ဟဲနှင့် တုစီစီတို့ အစီအရင် ခင်းကျင်းလို့ ပြီးသွားခဲ့ပြီး လက်ခုပ်ပြိုင်တူတီးလျက် အော်ပြောလိုက်သည် “စတော့”

ချက်ချင်းဆိုသလို သူတို့၏ သူတော်စင်ချီသည် ရုပ်သေးရုပ်၏ မီတာရာဂဏန်း ပတ်ပတ်လည်ရှိ သူတော်စင်ချီများနှင့် ပဲ့တင် ထပ်သလို ဖြစ်သွားခဲ့သည်။ ရုပ်သေးရုပ် ပတ်လည်ရှိ မိုးမြေစွမ်းအင်များသည် အနည်းငယ် ကသောင်းကနင်း ဖြစ်သွားခဲ့ပြီးနောက် အလျင်အမြန်ပဲ ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။

ရန်ကိုင်လည်း လိုက်ကြည့်လိုက်သော်ငြား မည်သည့် ထူးဆန်းမှုကိုမှ မမြင်တွေ့ခဲ့ရချေ။ သို့သော် ဘာမှ ပြောင်းလဲသွားခြင်း မရှိဟု မဆိုလိုချေ။ အချို့ အစီအရင်များသည် အသက်သွင်းထားသော်လည်း အပြင်ဘက်တွင် ရှိနေလျှင် မည်သို့မှ မသိနိုင်ဘဲ အတွင်းထဲသို့ ရောက်သွားသည့် အခါမှ သိနိုင်သည့် အစီအရင်မျိုး ရှိပေသည်။

“အစ်ကိုရန်၊ စီစီနဲ့ငါ အဆင်သင့်ဖြစ်ပြီ။ အစ်ကိုရန် ကြိုက်တဲ့ အချိန် စလို့ရပြီ” ချိုင်ဟဲက လှမ်းအော်ပြောလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “အဲ့လိုဆိုရင် မင်းတို့နှစ်ယောက်ကို ငါဒုက္ခပေးရတော့မှာပဲ”

“အစ်ကိုရန် ယဉ်ကျေးနေစရာမလိုဘူး။ ဒီတိုက်ပွဲမှာ အဓိက တိုက်ရမှာက အစ်ကိုရန်ပဲ။ သတိလည်းထားဦးနော်။ စီစီနဲ့ကျုပ်က အစီအရင်ကို ထိန်းချုပ်ပြီး ကူညီပေးရုံပဲ တတ်နိုင်မှာ”

“ဒါကို အခွင့်ကောင်းယူပြီး ထွက်မပြေးနဲ့နော်” တုစီစီ၏ အမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ဤအခွင့်အရေးကို သုံးပြီး ရန်ကိုင် ထွက်ပြေးသွားမည်ကို စိုးရိမ်နေခဲ့သည်။ ရန်ကိုင်သာ ဤနေရာမှ ရုတ်တရက် ထွက်ပြေးသွားမည် ဆိုပါက သူမနှင့် ချိုင်ဟဲ၏ ကြိုးစားမှုအားလုံး အလဟဿ ဖြစ်သွားရပေလိမ့်မည်။

သို့သော်လည်း သူမစကားကြောင့် ရန်ကိုင် ဒေါသ မထွက်သွားခဲ့ချေ။ တုစီစီသည် သူနှင့် သိမှမသိလေပဲ။ သူတို့ နှစ်ယောက်သည် သူစိမ်းများ ဖြစ်ကြသည်။ ကိုယ်နှင့် မသိသော သူစိမ်းတစ်ယောက်ကို အပြည့်အဝ မယုံကြည်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော သံသယစိတ်သည် ယခုလို ပူးပေါင်းဆောင်းရွက်နေရသည့် အခါမျိုးတွင် အလွန်ကိုမှ ဆိုးရွားလှသော အကျိုးဆက်ဆီသို့ ဦးတည်သွားစေနိုင်သည်။ ထို့ကြောင့် ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည် “စိတ်မပူနဲ့။ ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးမှတော့ ကျုပ်တစ်ကိုယ်တည်း ထွက်မပြေးဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ တုစီစီက ရွှင်မြူးစွာ ပြုံးလျက် ပြန်ပြောလိုက်လေသည် “ကျွန်မ သက်သက် နောက်နေတာ”

ရန်ကိုင် ဘာမှ ထပ်မပြောတော့ချေ။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရုပ်သေးရုပ်အား စိုက်ကြည့်လိုက်သည်။ သူ့အမူအရာ တဖြည်းဖြည်း တည်ကြည်လေးနက်လာပြီးနောက် ရုပ်သေးရုပ်ဆီသို့ ရုတ်တရက် ပြေးဝင်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း တုစီစီနှင့် ချိုင်ဟဲတို့ ခင်းကျင်းထားသည့် အစီအရင်ထဲသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့ရှိ မြင်ကွင်း ရုတ်တရက် တွန့်လိမ်သွားသည်ကို သတိပြုမိလိုက်သည်။ ရန်ကိုင်ဘက်မှ ကြည့်မည်ဆိုလျှင် သူသည် လက်ရှိတွင် ကြည်လင်နေသော ကန်ရေပြင်ထက်တွင် ရပ်နေသည်။ သို့သော် ကန်ရေအတွင်းမှ မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် သူ့လှုပ်ရှားမှုများကို နှေးကွေးအောင် လုပ်နေခဲ့သည်။

ထိုမျှသာ မကသေးဘဲ မမြင်နိုင်သော ဖိအားတစ်ရပ်သည် အဘက်ဘက်မှ သူ့အား ဖိချနေခဲ့သည်။

သူ့ခြေထောက်အောက်ရှိ ပုံရိပ်ယောင်ကန်သည် ချိုင်ဟဲ ခင်းကျင်းထားသည့် နဂါးသတ်ကြေးမုံကန် အစီအရင်မှ ဖြစ်ပြီး သူခံစားနေရသည့် မမြင်နိုင်သည့် ဖိအားမှ တုစီစီ ခင်းကျင်းထားသည့် မြေအကျဉ်းထောင်ပန်းချီကားချပ်မှ ဖြစ်ပေသည်။

ထိုအစီအရင် နှစ်ခုစလုံးသည် သူ့အား ပစ်မှတ်ထားနေခြင်း မဟုတ်သော်လည်း အစီအရင်ထဲသို့ ရောက်သည်နှင့် သူ့အမြန်နှုန်း နှေးကွေးသွားခဲ့ရသည်။ ပစ်မှတ်ထားခံရလျှင် ထို့ထက် အများကြီး ပိုဆိုးပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ သူ့အတွက်တော့ ချိုင်ဟဲနှင့် တုစီစီတို့၏ အစီအရင် ပိုအားကောင်းလေ ပိုကောင်းလေပင်။

သူအစီအရင်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်နက် တုစီစီနှင့် ချိုင်ဟဲသည် သူတို့၏ လက်ကွက်များကို ပြောင်းလဲ လိုက်ကြသည်။ ရုတ်တရက် သူခံစားနေရသည့် ဖိအားနှင့် ဆွဲအားတို့ ပျောက်ကွယ်သွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ သူယခင်လို လွတ်လွတ်လပ်လပ် ပြန်လှုပ်ရှားနိုင်လေပြီ။

ရန်ကိုင် နောက်တစ်လှမ်း လှမ်းလိုက်ရာ ကန်ရေပြင်ထက် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာရသည်။ တစ်ချိန်တည်းတွင် မလှုပ်မယှတ် ငြိမ်သက်နေသော ရုပ်သေးရုပ်၏ အနီရောင် မျက်လုံးများ ပွင့်လာပြီး ၎င်း၏ ပါးစပ်ဆီမှ အနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် အံ့အားသင့်မသွားခဲ့။ ကန်ရေပြင်ကို ကန်ကျောက်၍ ချက်ချင်း တိမ်းရှောင်လိုက်သည်။

ရုပ်သေးရုပ်၏ ခွန်အားကို စမ်းသပ်စဉ် ထိုကောင် ဤအကွက်အား တစ်ကြိမ်မက အသုံးပြုခဲ့သည့် အတွက်ကြောင့် ထိုအကွက်နှင့် ရန်ကိုင် အတော်လေး ရင်းနှီးနေလေပြီ။

ဘုန်း…

ကြက်သွေးရောင်အလင်းတန်း ကန်ရေပြင်ကို ထိမှန်သွား၏။ ရေပွက်သွားပြီး လှိုင်းအနည်းငယ် ထသွားရုံမှအပ အခြားဘာမှ ဖြစ်မသွားခဲ့ချေ။ အစီအရင် ဘာမှ ဖြစ်မသွားမှန်း သိလိုက်ရသည့် အခါမှသာ ရန်ကိုင် စိတ်အေးသွားရသည်။

“သွားတော့” ရန်ကိုင်မှ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် မီးငှက် ရုတ်တရက် ထွက်ပေါ်လာပြီး မီတာများစွာ ကျယ်ပြန့်သော ၎င်း၏ တောင်ပံများကို ဖြန့်ကျက်၍ ရုပ်သေးရုပ်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

ရုပ်သေးရုပ်ကလည်း မီးငှက်အား သူ့လက်ထဲရှိ တုတ်ဖြင့် ရိုက်ချသည်။ တုတ်ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေဟာနယ် တွန့်လိမ်သွားခဲ့ပြီး ၎င်းနှင့်အတူ ကမ္ဘာပျက်မတတ် ဖိအားတစ်ခုပါ လိုက်ပါလာခဲ့သည်။

ထိုရိုက်ချက်ကြောင့် မီးငှက်၏ ခန္ဓာကိုယ် ပျက်စီးသွားခဲ့သည်။ သို့သော် မီးငှက်၏ ခန္ဓာကိုယ်သည် အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် မီးတောက် ခန္ဓာကိုယ်တစ်ခု သက်သက်သာ ဖြစ်သည့် အတွက်ကြောင့် ပျက်စီးသွားသည်နှင့် ချက်ချင်း ပြန်လည် ဖွဲ့စည်းနိုင်လာသည်။ မကြာမီ မီးငှက် ပြန်လည် ဖြစ်ပေါ်လာပြီး ၎င်း၏ ပါးစပ်ကို ဟလျက် ရုပ်သေးရုပ်အား မီးလုံးများ ပစ်လွှတ်လိုက်သည်။

ဘုန်း…

မီးလုံးများကြောင့် ရုပ်သေးရုပ် အနည်းငယ် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။

တစ်ကြိမ် အတီးခံလိုက်ရသည့် အတွက်ကြောင့် ရုပ်သေးရုပ် ဒေါသထွက်သွားလေလားမသိ၊ ၎င်း၏ မျက်လုံးများမှာ ပို၍ အနီရင့်ရောင် တောက်လာခဲ့သည်။ မီးငှက်အား စိုက်ကြည့်နေရင်း လက်ထဲရှိ တုတ်ကိုဝှေ့ရမ်းလျက် တိုက်ခိုက်တော့လေသည်။ ဤသို့ဖြင့် မီးငှက်နှင့် ရုပ်သေးရုပ်တို့ နပန်းသတ်ကြရာ အနီးအနား ပတ်လည်ရှိ ကောင်းကင်တစ်ခွင်လုံး မီးလုံးများ၊ ကြက်သွေးရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေကုန်လေသည်။

ထိုနှစ်ကောင်သည် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြသည်။ မီးငှက်သည် ရုပ်သေးရုပ်၏ တုတ်ကို ကြောက်စရာ မလိုသော်ငြား ၎င်းပစ်လွှတ်လိုက်သည့် အနီရောင် အလင်းတန်းများကိုမူ ကြောက်ရပေသည်။ ထို့ကြောင့် ရုပ်သေးရုပ်မှ ထိုအနီရောင် အလင်းတန်းများကို ပစ်လိုက်ပြီ ဆိုသည်နှင့် မီးငှက်လည်း ကွေ့ပတ် ရှောင်ရတော့သည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ပျော်သွားခဲ့သည်။ ရုပ်သေးရုပ်သည် မီးငှက်နှင့်သာ အလုပ်များနေသည့် အတွက် ရန်ကိုင်ကို လုံးလုံး လျစ်လျုရှုထားခဲ့သည်။ သူ့လုပ်ရပ်သည် ရန်ကိုင် လိုချင်နေသည့်နှင့် ကွက်တိ ဖြစ်သွားခဲ့သည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် မီးငှက်၏ ဘယ်ဘက်မျက်လုံးဆီသို့ ရွှေရောင်ပိုးမျှင် တစ်မျှင် ပစ်လွှတ်လိုက်သည်။

ထန်… ဆိုသော အသံနှင့်အတူ ရွှေရောင်ပိုးမျှင် ရုပ်သေးရုပ်၏ ဘယ်ဘက်မျက်လုံးကို ထိမှန်သွားသည်။ သို့သော် အနည်းငယ် မီးပွင့်သွားရုံမှအပ အခြားဘာမှ ဖြစ်သွားမခဲ့ချေ။ ရွှေရောင်ပိုးမျှင်သည် အလွန်တကူ ပြန်ကန်ထွက်လာခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သည်။ ထိုစဉ်မှာပဲ သူ့နားထဲ သတိပေးသံတစ်သံ ကြားလိုက်ရသည် “အစ်ကိုရန် သတိထား”

ထိုအသံကို ကြားသည်နှင့် ရုပ်သေးရုပ်သည် သူ့လက်ထဲရှိ တုတ်ဖြင့် သူ့အား ရိုက်ချလာသည်ကို မြင်လိုက်ရသည်။ တုတ်ဆီမှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်ကြောင့် ဟင်းလင်းပြင်ပင် အေးခဲတော့မလား ထင်မှတ်ရသည်။

ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။ ရှောင်တော့မည်အပြု၊ သူ့ခြေထောက်အောက်ရှိ ကန်ရေပြင်ဆီမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို ရုတ်တရက် သတိ ထားမိလိုက်သည်။ မလူက တည်ငြိမ်ကြည်လင်နေသော ကန်ရေပြင်သည် နောက်ကျိလာပြီး ရွံ့ထူလာခဲ့သည်။ ထိုရွံ့နွံ့များသည် နဂါးတစ်ကောင်သို့ အသွင်ပြောင်းလျက် သူ့ဆီ တိုးဝင်လာနေသော တုတ်ချောင်းဆီ တိုးဝင်သွားသည်။

တစ်ချိန်တည်းတွင် သူ့ပတ်ပတ်လည်၌ အလင်းစက်လေးများ ထွက်ပေါ်လာခဲ့သည်။ အစပိုင်းတွင် အလင်းစက် အနည်းငယ်သာ ရှိသေးသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပဲ အလင်းစက်များသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်လုမတတ် ပြည့်နှက်သွားခဲ့သည်။ ထို့နောက် အလင်းစက်များအာလုံးသည် တုတ်ချောင်းဆီသို့ ပြေးဝင်သွားကုန်ကြလေသည်။

တုတ်ချောင်း၏ အလျင် သိသိသာသာ လျော့ကျသွားသည်ကို ရန်ကိုင် သေချာ သတိပြုမိလိုက်သည်။

တုတ်ချောင်းဆီသို့ တိုးဝင်သွားသော နွံ့နဂါးသည် တုတ်ချောင်းနှင့် ထိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရသည်။ သို့သော်လည်း တုတ်ချောင်း၏ အလျင်ကို နှေးကွေးသွားအောင် လုပ်နိုင်ခဲ့ပေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပြုံးလိုက်မိသည်။

ထိုအရာများသည် အစီအရင်နှစ်ခုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အစီအရင်နှစ်ခု၏ စွမ်းအားကို မြင်ပြီးနောက် ရန်ကိုင်၏ ယုံကြည်ချက်တို့ ပိုမို မြင့်တက်လာခဲ့ရသည်။

ချိုင်ဟဲနှင့် တုစီစီတို့သာ သူနှင့် ပူးပေါင်းလုပ်ဆောင်နေသရွေ့ ဤနေရာမှ ထွက်သွားနိုင်မည့် အခွင့်အရေး တိုးလာပေလိမ့်မည်။

တုတ်ချောင်းသည် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင် လာနေသော်ငြား ၎င်း၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားဖြင့် ရန်ကိုင်အဖို့ သိပ်အားမစိုက်ရဘဲ အလွယ်တကူ ရှောင်လိုက်နိုင်၏။ ရှောင်နေရင်း မီးငှက်အား ရုပ်သေးရုပ်တစ်ကိုယ်လုံးကို မီးတောက်ဖြင့် ဖုံးအုပ်၍ လောင်ကျွမ်းပစ်ရန် အမိန့်ပေးလိုက်သည်။

ရုပ်သေးရုပ်အား မီးငှက်ကိုသုံး၍ ပြာချပစ်ရန် ကြိုးစားနေခြင်း မဟုတ်ချေ။ ရုပ်သေးရုပ်အား လုပ်ထားသည့် ပစ္စည်းသည် အလွန်တရာကိုမှ မာကျောလှသည်။ မီးငှက်သည် နေမီးလျှံအချို့ကို သန့်စင်နိုင်ခဲ့သော်လည်း ထိုမျှလောက်ဖြင့် ရုပ်သေးရုပ်ကို ပြာချပစ်ရန် မလုံလောက်ချေ။

ရန်ကိုင် လုပ်ချင်နေသည်ကား မီးငှက်၏ ထူးခြားသော ပုံစံကို သုံး၍ ဝိဥာဉ်အမျှင်တန်း ရှိမည့်နေရာကို ရှာလိုခြင်း ဖြစ်သည်။

မီးငှက်သည် မီးဖြင့် မြှိုက်နေသော်လည်း ရုပ်သေးရုပ်မှာမူ ဖြုံပင်မဖြုံ။ နှောင့်ယှတ်မည့် မီးငှက် မရှိတော့သည့် အတွက် ရုပ်သေးရုပ်သည် ရန်ကိုင်ဘက်သို့ လှည့်လာခဲ့သည်။

နှစ်လှမ်းပင် လှမ်းလိုက်ရသေးသော်ငြား ရုပ်သေးရုပ်၏ ခြေထောက်အောက်ရှိ ကန်ရေပြင်သည် ဝဲကတော့အသွင် ပြောင်းပြီး ၎င်း၏ ခြေထောက်တစ်ဖက်ကို စုပ်ယူလိုက်သည့် အတွက်ကြောင့် ရုပ်သေးရုပ် ဟန်ချက်ပျက်ပြီး လဲကျလုမတတ် ဖြစ်သွားခဲ့ရသည်။

ရန်ကိုင်က ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်၍ ရုပ်သေးရုပ်၏ ဦးခေါင်းကို ကောင်းကင်ဖုံးလက်ဖြင့် ရိုက်ချလိုက်ရာ ရုပ်သေးရုပ်မှာ ပို၍ ဟန်ချက် ပျက်သွားခဲ့ရသည်။

ချိုင်ဟဲနှင့် တုစီစီတို့၏ အကူအညီ မပါစဉ်က ရုပ်သေးရုပ်နှင့် တိုက်ခိုက်ရာတွင် အမြဲလိုလို သေခါနီး ဖြစ်ခဲ့ရသည်။ သို့သော်ငြား ယခုမူ သူ့အတွက် ဝန်အများကြီး လျော့သွားခဲ့လေပြီ။

ဤအတိုင်းသာ ဆက်သွားနေသရွေ့ ရုပ်သေးရုပ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ကောင်းကင်စိတ်အာရုံကို သုံး၍ မီးငှက်မှတစ်ဆင့် ဝိဥာဉ်အမျှင်တန်း ရှိမည့်နေရာကို ရန်ကိုင် ရှာဖွေနိုင်ပေလိမ့်မည်။ ဝိဥာဉ်အမျှင်တန်းကို ရှာတွေ့သွားပြီ ဆိုသည်နှင့် ပွဲသိမ်းသွားပေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၄)

ကြေးမုံကန်၏ ဆွဲအားကြောင့် ရုပ်သေးရုပ် မလှုပ်နိုင် ဖြစ်သွားခဲ့သည်။ ထိုစဉ် ရန်ကိုင်၏ ကောင်းကင်ဖုံးလက်က ချိန်ကိုက်သား ဝင်ရောက်လာသဖြင့် ရုပ်သေးရုပ် မြေကြီးနှင့် တစ်ခါတည်း မိတ်ဆက်သွားရသည်။

ရန်ကိုင် ခြေနှစ်လှမ်း အမြန် ပြန်ဆုတ်လိုက်ပြီး ရုပ်သေးရုပ်ကို လေ့လာကြည့်လိုက်သည်။

လောလောဆယ်၌ သူ့ပန်းတိုင်သည် ဝိဥာဉ်အမျှင်ကို ရှာဖို့ပင် ဖြစ်သည်။ ဝိဥာဉ်အမျှင်ကို မရှာတွေ့သေးဘဲ သွားတိုက်ခိုက်မည် ဆိုပါက အားကုန်သွားမည်သာ ဖြစ်ပြီး ရုပ်သေးရုပ်ကတော့ ဘာမှ ဖြစ်လိမ့်မည် မဟုတ်ချေ။

ချိုင်ဟဲနှင့် တုစီစီတို့လည်း ရန်ကိုင် ဘာလုပ်ချင်နေလဲ သိကြသည်။ ထို့ကြောင့် အစီအရင်ထဲသို့ သူတော်စင်ချီ ထပ်မံ ထည့်သွင်း၍ အစီအရင်စွမ်းအားကို ထပ်မံ မြှင့်တင်လိုက်သည်။

အစီအရင်နှစ်မျိုး၏ ဆွဲအားနှင့် ဖိအားကြောင့် ရုပ်သေးရုပ် ချက်ချင်း ပြန်ထမရပ်နိုင်ချေ။ ရန်ကိုင်သည် ရုပ်သေးရုပ်ကို မီးငှက်မှတစ်ဆင့် စစ်ဆေးနေသလို ကောင်းကင်စိတ်အာရုံ ဖြင့်လည်း စစ်ဆေးကြည့်နေသည်။

ရုပ်သေးရုပ်ကို စစ်ဆေးနေစဉ်တွင်၊ ပြောင်းလဲမှုတစ်ရပ် ရုတ်တရက် ဖြစ်ပေါ်လာပြီး ကန်ရေပြင်တစ်ခုလုံး လှိုင်းထန်လာခဲ့သည်။ အလွယ်တကူ မထနိုင်သည့် အတွက်ကြောင့် ရုပ်သေးရုပ်သည် ၎င်း၏ တုတ်ကိုဒေါသတကြီး ထိချင်ရာထိ လှည့်ပတ် ဝှေ့ရမ်းတော့သည်။

ထိုကဲ့သို့ ခေါင်းပြတ်နေသည့် ယင်တစ်ကောင်နှယ် တိုက်ခိုက်မှုသည် ရန်ကိုင်အား ဘာမှ မဖြစ်စေသော်လည်း ချိုင်ဟဲ၏ အမူအရာမှာမူ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။

အစီအရင်ကို ခင်းကျင်းရန် အတွက် ချိုင်ဟဲနှင့် တုစီစီတို့သည် သူတို့၏ အစီအရင်ပစ္စည်းများကို အခြေခံအဖြစ် သုံးထားခဲ့သည်။ ရုပ်သေးရုပ်သည် သူ့တုတ်ကို ဒေါသတကြီး လှည့်ပတ် ဝှေ့ရမ်းနေသည့် အတွက်ကြောင့် ထိုအစီအရင် ပစ္စည်းများ တစ်ခုပြီး တစ်ခု ပျက်စီးကြရကုန်လေသည်။

ထို့မျှသာမဟုတ်၊ တုတ်တွင်ပါသော နောက်ဆက်တွဲ ပြင်းအားကြောင့် အစီအရင်လည်း မတည်မငြိမ် ဖြစ်လာရသည်။ ရုပ်သေးရုပ်သာ တုတ်ကို ထိုအတိုင်း ဆက်ဝှေ့ရမ်းနေပါက အစီအရင်ကို ခင်းကျင်းရာ၌ အခြေခံအဖြစ် သုံးထားသည့် မည်သည့် ပစ္စည်းမှ ပျက်စီးမသွားလျှင်ပင် အစီအရင်သည် မတည်မငြိမ် ဖြစ်ကာ သူ့ဘာသာ အလိုလို ပျက်စီးသွားပေလိမ့်မည်။

နောက်ဆုံး မရတော့သည့်အဆုံး ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး အစီအရင်၏ စွမ်းအားကို လျော့ချရတော့သည်။ နှစ်ယောက်စလုံး ထိုကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

အစီအရင်၏ စွမ်းအား လျော့နည်းသွားသည့် အတွက် ရုပ်သေးရုပ်လည်း ပြန်လည် မတ်တပ်ရပ်နိုင်လာခဲသည်။ တုတ်ကို ဆက်လက် မဝှေ့ရမ်းတော့ဘဲ မတ်တပ်ထရပ်လိုက်သည်။ သို့သော် မတ်တပ်ရပ်ပြီးနောက်တွင် ရန်ကိုင်အား တစ်ချက် ကြည့်လိုက်၏။ ထို့နောက် အောက်ဘက်ရှိ ကန်ကို တစ်ချက် ကြည့်လိုက်ပြီး အတွေးနက်သွားသည်။

ချက်ချင်းဆိုသလို ၎င်း၏ ပါးစပ်ကို ဟလိုက်ရာ လက်သီးဆုပ်အရွယ် နကျယ်ကောင်များ အစုလိုက် အပြုံလိုက် ထွက်လာခဲ့လေသည်။ ထိုနကျယ်ကောင်များသည် ရုပ်သေးရုပ်ကို ခဏလောက် လှည့်ပတ်နေပြီးနောက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြလေသည်။

ထိုနကျယ်ကောင်းများကို မြင်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။

ရုပ်သေးရုပ် ဤပညာရပ်အား ထုတ်သုံးသည်ကို ယခုမှသာ ရန်ကိုင် မြင်ဖူးခြင်း ဖြစ်သည်။ ရုပ်သေးရုပ်၏ ခွန်အားကို စမ်းသပ်စဉ်က ထိုအကွက်ကို ရုပ်သေးရုပ် ထုတ်မသုံးခဲ့ချေ။

ထိုနကျယ်ကောင်များကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။ ထိုနကျယ်ကောင်းများသည် ရုပ်သေးရုပ်ကဲ့သို့ အသေးစား ရုပ်သေးရုပ်များ ဖြစ်ကြပေသည်။

ရန်ကိုင်အနေဖြင့် ထိုကောင်များကို သူ့နား ကပ်ခံခွင့်ပေး၍ မဖြစ်ချေ။ ထို့ကြောင့် နတ်ဆိုးမီးတောက်ကို သိပ်သည်း၍ ထိုကောင်များကို ခုတ်ချလိုက်သည်။

ဘုန်း.. ဘုန်း… ဘုန်း…

သူမမျှော်လင့်ထားသည့် ဖြစ်ရပ် တစ်ခု ဖြစ်လာခဲ့သည်။ အတော်လေးကို အားကောင်းမည်ဟု ထင်ရသော ထိုနကျယ်ကောင်းများသည် ရန်ကိုင်၏ နတ်ဆိုးမီးတောက်ဓါးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲထွက်ကုန်ကြလေသည်။ သို့သော် ရန်ကိုင် စိတ်သက်သာရာ မရသွားသည့် အပြင် ပို၍ပင် မျက်မှောင်ကြုတ်သွားခဲ့ရလေသည်။

အကြောင်းမှာ ထိုနကျယ်ကောင်များသည် သူ့တိုက်ခိုက်မှုကြောင့် သေသွားခြင်းမဟုတ်ဘဲ ကိုယ့်ဘာသာ ဖောက်ခွဲလိုက်ခြင်းသာ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

နကျယ်ကောင်းများ ပေါက်ကွဲရာမှာ အဝါရောင်မြူများ ထွက်ပေါ်လာခဲ့သည်။ မကြာမီ အနီးပတ်ပတ်လည် တစ်ခုလုံး ထိုအဝါရောင်မြူခိုးများဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုအဝါရောင်မြူခိုး အနည်းငယ်ကို ရန်ကိုင် မတော်တဆ ရှူရှိုက်မိလိုက်သည်။ ထိုသို့ ရှူရှိုက်မိလိုက်သည်နှင် ရန်ကိုင် ခေါင်းမူးလာခဲ့ရသည်။ ချက်ချင်းပဲ ထိုအဝါရောင်မြူခိုးများ ဘာလဲ ဆိုသည်ကို သိလိုက်သည်။ ချိုင်ဟဲနှင့် တုစီစီကိုလည်း လှမ်းအော်ဟစ် သတိပေးလိုက်လေသည် “အသက်အောင့်ထားကြ၊ အဲ့ဒါတွေက အဆိပ်တွေပဲ”

သတိပေးပြီးသည်နှင့် နတ်ဆိုးမီးတောက်ကို ထုတ်ကာ ထိုအဝါရောင်မြူခိုးများကို လောင်ကျွမ်းပစ်လေသည်။ နတ်ဆိုးမီးတောက် ဖြတ်သွားသည့် လမ်းတစ်လျှောက်တွင် ရှိနေသမျှ အဝါရောင်မြူခိုးအားလုံး လောင်ကျွမ်းပစ်ခြင်း ခံလိုက်ရသည်။ အဝါရောင်မြူခိုးများသည် အတော်လေးကိုမှ အဆိပ်ပြင်းသော်လည်း နတ်ဆိုးမီးတောက်ကို မခုခံနိုင်ချေ။

ချိုင်ဟဲနှင့် တုစီစီတို့ စိတ်သက်သာရာရသွားသည်။ သို့သော် ရန်ကိုင်၏ အော်သံကို ကြားလိုက်ချိန် လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့သည်။ အခြေအနေ ထိန်းမရ ဖြစ်လာမည်ကို သူတို့ အလွန် လန့်နေသည်။ သို့သော်လည်း ရန်ကိုင်မှ ထိုအဝါရောင် မြူခိုးများအား အလွယ်တကူ လောင်ကျွမ်းပစ်နေသည်ကို မြင်သော် တစ်ဖန်ပြန်လည် စိတ်သက်သာရာ ရသွားပြီး အစီအရင်အား ထိန်းချုပ်ရာတွင်သာ ပြန်အာရုံစိုက်ထားလိုက်သည်။

ရန်ကိုင်မှာမူ နည်းနည်းလေးမှ စိတ်အေးအေး မနေရဲချေ။ သတိကြီးကြီးထားလျက် နကျယ်ကောင်များကို ဓါးဖြင့်ခုတ်ရင်း အဝါရောင်မြူခိုးများကို နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းပစ်နေသည်။

ရုပ်သေးရုပ်တွင် ဤကဲ့သို့ နည်းလမ်း ရှိနေသဖြင့် ၎င်းတွင် အခြား ပိုအားကောင်းသော နည်းလမ်းများ မရှိတော့ဘူးဟု မဆိုလိုနိုင်ချေ။ နှောင့်နှေးနေလျှင် ပြဿနာ တက်နိုင်သည်။ ထို့ကြောင့် ရန်ကိုင် တဖြည်းဖြည်း စိတ်ပူလာမိသည်။

မကြာခင် အချိန်တွင် ရာပေါင်းများစွာသော နကျယ်ကောင်များ ရှင်းလင်းခံလိုက်ရသည်။

သို့သော်လည်း ထိုစဉ်မှာပင် ရန်ကိုင် အတော်လေး ပျော်သွားခဲ့သည်။ ဝိဥာဉ်အမျှင်တန်း၏ နေရာကို မီးငှက် ရှာတွေ့သွားခဲ့လေပြီ။

ရန်ကိုင် ထင်ထားသကဲ့သို့ပင် ဝိဥာဉ်အမျှင်တန်း ရှိနေသည့် နေရာသည် ရုပ်သေးရုပ်၏ ရင်ဘတ်တွင် ဖြစ်သည်။

ရန်ကိုင် မျက်လုံးထဲ အလင်းတစ်ချက် လက်သွားပြီး မီးငှက်အား ကောင်းကင်စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်။ ချက်ချင်းဆိုသလို ရုပ်သေးရုပ်အား လွှမ်းခြုံထားသော မီးတောက်များသည် မီးငှက်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး ရုပ်သေးရုပ်၏ ခေါင်းပေါ် ပျံသန်းသွားကာ အပေါ်မှနေ၍ ၎င်းအပေါ်သို့ မီးဘောလုံးများ အဆက်မပြတ် ပစ်ချလေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်လည်း ရုပ်သေးရုပ်၏ ရင်ဘတ်ကို အာရုံစိုက်ထားလိုက်သည်။ ရုပ်သေးရုပ် မီငှက်အား အာရုံ စိုက်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ပြေးထွက်သွားပြီး ရုပ်သေးရုပ်၏ ရင်ဘတ်အား လက်သီးဖြင့် ထိုးချလိုက်သည်။

ဘန်းဆိုသော အသံကျယ်ကြီးနှင့်အတူ ရန်ကိုင် နောက်ပြန် လွင့်ထွက်လာသည်။ ရုပ်သေးရုပ်၏ ရင်ဘတ်မှာမူ ခြစ်ရာ တစ်ခုပင် မထင်ကျန်ရစ်ခဲ့ပါချေ။

ထိုလက်သီးချက်သည် စမ်းသပ်ရုံသာ ဖြစ်ပြီး တကယ် တိုက်ခိုက်ခြင်း မဟုတ်ချေ။ ထို့ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်နှင့် ပက်သက်၍ ရန်ကိုင် အံ့အားသင့်မနေခဲ့။ မျက်လုံး မှေးစဉ်း၍ လှမ်းအော်ပြောလိုက်သည် “အစီအရင် ခွန်အားကို အစွမ်းကုန် မြှင့်တင်လိုက်တော့။ ရှုံးမလား၊ နိုင်မလားဆိုတာ ဒီတစ်ကြိမ်ပေါ် မူတည်သွားပြီ”

ရန်ကိုင်၏ အသံကို ကြားလိုက်သည့်အခါ ချိုင်ဟဲနှင့် တုစီစီတို့ သူတို့ခွန်အားကို ဆက်လက် ထိန်ချန်ထားခြင်း မပြုတော့ဘဲ အစီအရင်၏ စွမ်းအားကို အစွမ်းကုန် မြှင့်တင်လိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်ထက်တွင် အလင်းစက်လေးများ တစ်ဖန်ပြန်လည်ပေါ်လာပြီး ကြေးမုံကန်ထဲရှိ ဝဲကတော့၏ အရွယ်အစားမှာလည်း တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ တစ်ချိန်တည်းတွင် ရွံ့နဂါးအသစ် တစ်ကောင် ထွက်ပေါ်လာပြီး ရုပ်သေးရုပ်၏ ခြေထောက်များကို ချုပ်နှောင်ထားလိုက်သည်။

ထိုသို့ ဖြစ်လာသည့်အခါ ရုပ်သေးရုပ်သည် ၎င်း၏ တုတ်ကို မဲမဲမြင်မြင်ရာ လှည့်ပတ် ဝှေ့ရမ်းတော့ပြန်လေသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ချိုင်ဟဲနှင့် တုစီစီတို့သည် ရုပ်သေးရုပ် ဘာလုပ်လုပ် လျစ်လျူရှုထားလိုက်ပြီး အစီအရင် အပေါ်တွင်သာ သေချာ အာရုံစိုက်ထားလိုက်သည်။

ရုပ်သေးရုပ်၏ လှုပ်ရှားမှုများ နှေးကျသွားသည်ကို မြင်သော် ရန်ကိုင် ပျော်သွားခဲ့သည်။ နတ်ဆိုးမီးတောက်ဓါးကို မြှောက်၍ ရုပ်သေးရုပ်၏ ရင်ဘတ်ကို ထပ်မံ ခုတ်ချလိုက်သည်။

မီးပွါးများ လွင့်စင်ထွက်လာပြီး ရန်ကိုင်၏ဓါး ပျက်စီးသွားခဲ့ရသည်။ သို့သော် ရုပ်သေးရုပ်၏ ရင်ဘတ်မှာမူ အကောင်းအတိုင်းသာ ရှိနေသေးသည်။

ထိုအခြင်းအရာကို မြင်သော် ချိုင်ဟဲနှင့် တုစီစီတို့ နှလုံးခုန် ရပ်လုမတတ် ဖြစ်သွားခဲ့ရသည်။

အစီအရင်ကို စွမ်းအားကုန်ထိ မြှင့်တင်ထားနိုင်သော်ငြား ရန်ကိုင်သာ ရုပ်သေးရုပ်ကို ထိခိုက်အောင် မလုပ်နိုင်လျှင် သူတို့ အားလုံး ဒုက္ခရောက်ဦးမည်သာ။ အခြေအနေသည် အကောင်းဘက်တွင် ရှိမနေချေ။ သို့သော်လည်း ရန်ကိုင် အပေါ် သူတို့၏ မျှော်လင့်ချက်များကို ပုံအပ်ထားရုံသာ တတ်နိုင်သည်။ စိတ်ထဲတွင်လည်း ရန်ကိုင် အောင်မြင်ပါစေဟု ကြိတ်၍ ဆုတောင်းနေမိသည်။

ရန်ကိုင်သည် အနက်ရောင်ဓါးသွား တစ်ချောင်းကို ဖန်တီး၍ ရုပ်သေးရုပ်၏ ရင်ဘတ်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ယခုတစ်ကြိမ်တွင်မူ အစောပိုင်းကလို မဖြစ်တော့ဘဲ ရုပ်သေးရုပ်၏ ရင်ဘတ်၌ ခြစ်ရာလေးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ခြစ်ရာလေးသာ ဆိုသော်လည်း သုံးယောက်ပေါင်း၍ ယခုမှသာ ရုပ်သေးရုပ်ကို ပထမဆုံးအကြိမ် ထိခိုက်အောင် လုပ်နိုင်ခြင်း ဖြစ်သည်။

ထို့အဖြစ်အပျက်ကြောင့် ချိုင်ဟဲနှင့် တုစီစီတို့ ပျော်သွားပြီး ရန်ကိုင်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။ ရန်ကိုင်နေရာတွင် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ဆိုလျှင်ပင် ရုပ်သေးရုပ်ကို ထိခိုက်အောင် မလုပ်နိုင်လောက်ချေ။

ဆိုလိုသည်ကား သူတို့တွင် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို ဖွင့်ပြီး ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝိဥာဉ်အမျှင်တန်းကို ဖျက်စီးနိုင်သည့် အခွင့်အရေး ရှိနေသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရသဖြင့် တုစီစီနှင့် ချိုင်ဟဲ၏ ရင်ထဲ မျှော်လင့်ချက်တို့ဖြင့် ပြည့်လာခဲ့သည်။

ရန်ကိုင်မူ ထိုခြစ်ရာလေးကိုကြည့်ရင် မျက်မှောင် ကြုတ်သွားခဲ့သည်။

ရန်ကိုင် သုံးလိုက်သည့် အနက်ရောင်ဓါးသွားသည် လေဟာနယ်ဓါးသွား ဖြစ်သည်။

ထိုလေဟာနယ်ဓါးသွားသည် သူ၏ ဝှက်ဖဲတစ်ကွက် ဖြစ်သည်။ သို့တိုင် လေဟာနယ်ဓါးသွားပင်လျှင် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို ခြစ်ရာလေးတစ်ခု ထင်အောင်သာ လုပ်နိုင်သည်။ သူသာ ရုပ်သေးရုပ်၏ ရင်ဘတ်ကို ပေါက်ထွက်သွားအောင် လုပ်လိုလျှင် အနည်းဆုံး တစ်နေရာတည်းကို လေဟာနယ် ဓါးသွားဖြင့် အနည်းဆုံး အကြိမ်တစ်ရာလောက် ပစ်ဖို့ လိုပေလိမ့်မည်။

ချိုင်ဟဲနှင့် တုစီစီတို့ ထိုမျှ ကြာသည်အထိ တောင့်ခံထားနိုင်ပါ့မလား။

ထိုနှစ်ယောက်ကို မယုံကြည်ခြင်းမဟုတ်၊ ရုပ်သေးရုပ်သည် ထိန်းချုပ်ထားရန် အလွန်ကိုမှ ခက်သည့် အတွက်ကြောင့် ဖြစ်၏။ ဝှေ့ရမ်းချင်သလို ဝှေ့ရမ်းနေသော တုတ်ကြောင့် ရန်ကိုင်မှာ ကောင်းကောင်း မတိုက်ခိုက်နိုင်သလို အစီအရင်နှစ်ခုလည်း မတည်မငြိမ် ဖြစ်လာနေရသည်။ သူသာ အချိန်ဆွဲနေခဲ့၍ အစီအရင်နှစ်ခု ပျက်စီးသွားလျှင် ရုပ်သေးရုပ် ရင်ဘတ်ကို ထိအောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု ရန်ကိုင် အာမမခံနိုင်ချေ။

လောလောဆယ်တွင် သူ့၌ ထိုအကြောင်းများကို တွေးပူနေရန် အချိန်မရှိချေ။ ထို့ကြောင့် စိတ်ခိုင်ခိုင်ထားလိုက်ပြီး လေဟာနယ် ဓါးသွားများကို ရုပ်သေးရုပ်၏ ရင်ဘတ်ဆီသို့ တရစပ် ပစ်လွှတ်တော့သည်။

အချိန်ကြာလာသည်နှင့် ရုပ်သေးရုပ်၏ ရင်ဘတ်ရှိ အပေါက်မှာ တဖြည်းဖြည်း ကျယ်လာခဲ့သည်။ သို့သော်ငြား ချိုင်ဟဲနှင့် တုစီစီမှာလည်း အားကုန်လာနေခဲ့လေပြီ။ အလွန်ကိုမှ အားစိုက်ထုတ်နေရသည့် အတွက်ကြောင့် သူတို့၏ လက်များပင် တုန်ရင်နေခဲ့လေပြီ။ ချီစွမ်းအင် ပြန်ဖြည့်ဆေးများကို အဆက်မပြတ် သောက်နေသော်လည်း ပြန်ဖြည့်သည့်နှုန်းသည် ကုန်ဆုံးနေသည့်နှုန်းသည် မျှခြေမကိုက် ဖြစ်နေခဲ့သည်။

သူတို့ကို ပို၍ စိုးရိမ်သွားစေသည်ကား မတည်မငြိမ် ဖြစ်လာသော အစီအရင်ပင်။ ရုပ်သေးရုပ်မှာ အဆက်မပြတ် ရုန်းနေသည့် အတွက်ကြောင့် အစီအရင်မှာ ယိမ်းထိုးနေခဲ့လေပြီ။ လည်ပတ်နေသော ဝဲကတော့၊ ရွံ့နဂါးနှင့် အလင်းစက်လေးများ၏ စွမ်းအားမှာ တဖြည်းဖြည်း လျော့နည်းလာနေခဲ့လေပြီ။

အကျိုးအဆက် အနေဖြင့် ရုပ်သေးရုပ်အား လှုပ်မရအောင် လုပ်ထားသည့် စွမ်းအားမှာလည်း တဖြည်းဖြည်း အားနည်းသွားခဲ့သည်။ ရုပ်သေးရုပ်မှာ ပို၍ လှုပ်လှုပ်ရှားရှား လုပ်လာသဖြင့် ရန်ကိုင်၏ တိုက်ခိုက်မှုများလည်း ပစ်မှတ်ကို လွဲချော်ကုန်ကြလေသည်။

ရန်ကိုင်တို့မှာ ရင်ပူစိုးရိမ်နေသော်ငြား ရုပ်သေးရုပ်မှာမူ အချိန်နှင့်အမျှ ပို၍ ကြမ်းတမ်းလာနေသည်။ မီးငှက်ပင်လျှင် ၎င်းနား မကပ်နိုင်တော့ဘဲ အဝေးမှသာ မီးစွမ်းအင်ဖြင့် တိုက်ခိုက်နိုင်တော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၅)

ရန်ကိုင်သည် နဂါးသတ်ကြေးမုံကန်နှင့် မြေအကျဉ်းထောင် အစီအရင်ကြောင့် လှုပ်မရဖြစ်နေသော ရုပ်သေးရုပ်၏ ရင်ဘတ်အား လေဟာနယ်ဓါးသွားဖြင့် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေခဲ့သည်။ သို့သော်လည်း ရုပ်သေးရုပ်မျ ၎င်း၏တုတ်ကို အဆက်မပြတ် ဝှေ့ရမ်းရင်း ရုန်ကန်လှုပ်ရှားနေသည့် အတွက် ရန်ကိုင်လည်း အခြားနေရာများကို ချော်ချော် ပစ်မိသွားသည်။

တစ်ခါတစ်လေ ချော်ပစ်မိသော်လည်း အကြိမ်အများစုမှာ ရင်ဘတ်ကိုသာ ပစ်မိသည့်အတွက်ကြောင့် ယခုအချိန်၌ ရုပ်သေးရုပ်၏ ရင်ဘတ်တွင် လက်တစ်ဝါးစာနက်သော အက်ရာကြီး တစ်ခု ရှိနေခဲ့လေပြီ။

ကံမကောင်းစွာဖြင့် ထိုမျှလောက်သာ လုပ်ရသေးသော်ငြား ရန်ကိုင်နှင့် အစီအရင်ပညာရှင် နှစ်ယောက်မှာ အတော်လေးကိုမှ အားကုန်နေလေပြီ။

ချိုင်ဟဲနှင့် တုစီစီတို့သည်လည်း အစီအရင်ကို အသက်သွင်းရန် အတွက် အတော်လေး အားကုန်ထားရသည်။

ရန်ကိုင်လည်း လေဟာနယ်ဓါးသွားများစွာကို တစ်ဆက်တည်း ပစ်လွှတ်ထားရသည့် အတွက်ကြောင့် အတော့်ကိုမှ ပင်ပန်းနေလေပြီ။ တစ်ကြိမ်နှစ်ကြိမ်သည် ပြဿနာ မဟုတ်သော်ငြား အကြိမ်ရေ ရာနှင့်ချီ ပစ်လွှတ်ရသည့် အခါ သူ့အသိစိတ်ပင်လယ်ပင် ခမ်းခြောက်ခါနီး ဖြစ်လာရသည်။ ဝိဥာဉ်ကြာပန်း၏ အကူအညီကြောင့်သာ မဟုတ်ပါက ရန်ကိုင် သတိလစ်နေလေပြီ။

ဆေးများ ထုတ်သောက်သည့်တိုင် ရန်ကိုင် မျက်နှာသည် စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေဆဲ။ သို့သော် ငုပ်မိသဲကိုင် တက်နိုင်ဖျားရောက် ဆိုသည့်နှယ် ဇွဲကောင်းကောင်းဖြင့် ရင်ဘတ် နေရာကို လေဟာနယ်ဓါးသွားနှင့် ဆက်လက် တိုက်ခိုက်နေသည်။

ရုတ်တရက် အက်သံတစ်သံကို သူကြားလိုက်ရသည်။ ချက်ချင်းဆိုသလို ချိုင်ဟဲ၏ စိုးရိမ်တကြီး အော်သံ ထွက်ပေါ်လာခဲ့သည် “အစ်ကိုရန်၊ ကျုပ်တို့ ဆက်မထိန်းထား နိုင်တော့ဘူး”

ရုပ်သေးရုပ်အား ထိန်းချုပ်ထားသည့် အစီအရင် ပြိုကွဲခါနီး ဖြစ်နေလေပြီ။ အစီအရင်သာ ပျက်စီးသွားသည်နှင့် ရုပ်သေးရုပ် ယခင်လို ပြန်လည် လှုပ်ရှားနိုင်ပေလိမ့်မည်။ ထိုအခါ သုံးယောက်စလုံး ဒုက္ခကောင်းကောင်း ရောက်ပေလိမ့်မည်။

ရုပ်သေးရုပ်၏ ဒေါသတကြီး တုန့်ပြန်မှုကို ရန်ကိုင် လွတ်မြောက်နိုင်သော်လည်း အစီအရင် ပညာရှင် နှစ်ယောက် ဖြစ်သော ချိုင်ဟဲနှင့် တုစီစီတို့ လွတ်မြောက်ပါ့မလား ဆိုသည်မှာ မသေချာပါပေ။

ထို့အပြင် ထမင်းဆုပ် ပါးစပ်နား ရောက်ခါနီးမှ လွတ်ကျသွားသည့် အဖြစ်မျိုးနှင့်လည်း သူတို့ မကြုံချင်ကြ။

သူ့အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အက်သံအကျယ်ကြီး ထွက်ပေါ်လာပြီး ရုပ်သေးရုပ်အား ဝန်းရံထားသော အလင်းစက် လေးများ ပျောက်ကွယ်သွားကုန်ကြသည်။

ချိုင်ဟဲဘေးတွင် ရှိနေသော တုစီစီသည် သူမလက်ထဲရှိ အစီအရင်အား ထိန်းချုပ်သည့် ပစ္စည်းကို ကြည့်ရင်း မျက်နှာ ပျက်နေသည်။ မိသားစု အကြီးအကဲများမှ သူမအား ပေးထားသော အစီအရင် လုံးဝ ပျက်စီးသွားလေပြီ။ နောက်တစ်ကြိမ် ထပ်သုံးလို့ မရတော့ချေ။

သူမ၏ မြေအကျဉ်းထောင်သည် ချိုင်ဟဲ၏ အစီအရင်ထက် စော၍ ပျက်စီးသွားသဖြင့် တုစီစီ အတော်လေး မကျေမနပ် ဖြစ်နေသည်။

မြေအကျဉ်းထောင်၏ အကူအညီ မရှိတော့သဖြင့် ဝဲကတော့နှင့် ရွံ့နံ့နဂါးတို့သည် သူတို့ တစ်ကိုယ်တည်း ရုပ်သေးရုပ်ကို ဆက်လက် မထိန်းချုပ်ထားနိုင်တော့ရာ ရုပ်သေးရုပ်၏ ခွန်အား ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့သည်။

၎င်းအား ချုပ်နှောင်ထားသည့် ရွံ့နဂါးများကို ဖျက်စီးပြီး ဝဲကတော့၏ ဆွဲအားမှ ရုန်းထွက်လိုက်သည်။ နောက်ဆုံးတွင် ရုပ်သေးရုပ် ပြန်လည် လွတ်လပ်သွားခဲ့လေပြီ။ လွတ်သည်နှင့် ငေးငေးငိုင်ငိုင် ဖြစ်နေသော တုစီစီအား လှမ်းကြည့်လိုက်သည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် တောင်တစ်ရာ ပန်းချီကားချပ်အား အလျင်အမြန် ထုတ်လိုက်သည်။

ကားချပ်ထဲသို့ သူတော်စင်ချီများ အရူးအမူး ထည့်သွင်းလျက် တောင်များကို တစ်လုံးပြီးတစ်လုံး ဆင့်ခေါ်လိုက်သည်။

တောင်တစ်ရာပန်းချီကားချပ်သည် ရန်ကိုင်၏ တစ်ခုတည်းသော တိုက်ခိုက်ရေး မှော်ရတနာ ဖြစ်သည်။ အကြောင်းမှာ ရန်ကိုင်သည် သူ့ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းရည်ကို မှော်ရတနာများထက် ပိုမို ယုံကြည်သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် တိုက်ခိုက်ရေး မှော်ရတနာများကို သူသုံးခဲသည်။

ရုပ်သေးရုပ်နှင့် တိုက်ခိုက်နေစဉ် တောင်တစ်ရာ ပန်းချီကားချပ်ကို ထုတ်မသုံးခဲ့။ သို့သော် ယခုမူ ထုတ်သုံးလေပြီ။

ရုတ်တရက် လေထဲတွင် တောင်ကြီး၊ တောင်သေးများ တစ်တောင်ပြီးတစ်တောင် ပေါ်လာခဲ့သည်။ မှော်ရတနာ မတည်မငြိမ် ဖြစ်လာနေသော်လည်း ရန်ကိုင်သည် ထိုအချက်ကို လျစ်လျုရှုလျက် တောင်အလုံးလေးဆယ်ကို တစ်ပြိုင်တည်း ဆင့်ခေါ်လိုက်သည်။

တောင်အလုံးလေးဆယ်သည် သူ့အကန့်အသတ် ဖြစ်သည်။

တောင်များကို ဆင့်ခေါ်ပြီးသည်နှင့် တောင်အားလုံးကို ရုပ်သေးရုပ်ဆီသို့ ပစ်လွှတ်လိုက်သည်။ ရုပ်သေးရုပ်သည် တုတ်ကို ဝှေ့ရမ်းလျက် တောင်များကို ရိုက်ထုတ်လိုက်သည်။ သူ့အနားသို့ တစ်လုံးပင် အရောက်မခံခဲ့ချေ။

ရန်ကိုင်၏ အကြည့်ထဲ ပြတ်သားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာပြီး လွင့်စင်ထွက်လာသော တောင်အားလုံးကို ရုပ်သေးရုပ်ဆီသို့ ပြန်လည် စေလွှတ်လိုက်သည်။ သို့သော် ယခု တစ်ချိန်တည်တွင်မူ အစောပိုင်းကလို မလုပ်တော့ဘဲ တောင်များကို ရုပ်သေးရုပ် ပတ်လည်တွင် ဝန်းရံစေလိုက်သည်။

“ပေါက်ကွဲလိုက်စမ်း” ရန်ကိုင် အံ့ကြိတ်၍ အော်လိုက်သည်။

သူ့အော်သံ ဆုံးသွားသည်နှင့် ရုပ်သေးရုပ်အား ဝိုင်းထားသည့် တောင်အားလုံးဆီမှ နေ့အလင်းရောင်ထက်ပင် ပိုမိုထွန်းလင်း တောက်ပသော အလင်းရောင်တို့ ဖြာထွက်လာခဲ့သည်။ ချိုင်ဟဲနှင့် တုစီစီတို့မှာလည်း သူတို့မျက်လုံးများကို အမြန် ဖုံးလိုက်ရသည်။

ဘုန်း… ဘုန်း… ဘုန်း…

ကမ္ဘာပျက်ဘေး ကျရောက်လာသည့်အလား လောကကြီး တစ်ခုလုံး တုန်ခါလာပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့ ဖြာထွက်လာခဲ့သည်။ တောင်များပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအင်လှီုင်းများကြောင့် ချိုင်ဟဲနှင့် တုစီစီတို့ လွင့်ထွက်သွားကြ၏။ အစီအရင်ကို ခင်းကျင်းရာတွင် သုံးထားသော ပစ္စည်းများလည်း လွင့်စင်ထွက်ကုန်ကြလေသည်။

စွမ်းအင်အားလုံး ပြန်လည်တည်ငြိမ်သွားချိန် ကားချပ်တစ်ခု ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ သို့သော်လည်း လက်ရှိ ကားချပ်တွင် မည်သည့်တောင်ပုံစံ ပန်းချီမှ မရှိတော့ချေ။ အကုန်လုံး ပျောက်ကွယ်ကုန်ကြလေပြီ။ ကားချပ် မြေကြီးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် အမှုန်အဖြစ်သို့ ပြောင်းလဲသွား၏။

မှော်ရတနာကို ဖောက်ခွဲပစ်လိုက်ခြင်းပင်။

မှော်ရတနာကို ဖောက်ခွဲပစ်၍ ရသည်ဟု မဆိုလိုချေ။ ရန်ကိုင် ရထားသော တောင်တစ်ရာ ပန်းချီကားချပ်သည် ဖောက်ခွဲပစ်၍ ရသော မှော်ရတနာများအနက် တစ်ခု ဖြစ်ပေသည်။

တောင်တစ်ရာ ပန်းချီကားသည် သူ့အား အတော်လေး အကူအညီ ပေးခဲ့သည်ဟု ပြော၍ရသည်။ ၎င်း၏ အဆင့်မှာလည်း အတော်လေးမြင့်ကာ တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာ ဖြစ်၏။ သို့သော် ရုပ်သေးရုပ်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ထိုအရာကို စတေးပစ်ဖို့ပဲ ရှိတော့သည်။ မဟုတ်လျှင် ငေးငိုင်ငိုင်ဖြင့် ရပ်နေသော တုစီစီ ကျိန်းသေ သေပေလိမ့်မည်။

ရုပ်သေးရုပ်ကို မော့ကြည့်လိုက်သည့်အခိုက်တွင် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချက်ချင်း ပျော်သွားခဲ့သည်။

တောင်တစ်ရာပန်းချီကားချပ်ကို ဖောက်ခွဲလိုက်သည့် အတွက်ကြောင့် အကျိုးဆက်အနေဖြင့် ရုပ်သေးရုပ် ယခင်ကကဲ့သို့ မလှုပ်ရှားနိုင်တော့ချေ။ ကိုယ်ထဲရှိ စက်ပစ္စည်းများ ချို့ယွင့်သွားလား မသိရာ၊ ရုပ်သေးရုပ် မလှုပ်မယှတ် ဖြစ်နေခဲ့သည်။ ၎င်း၏ ရင်ဘတ့်တည့်တည့်တွင်လည်း ထူးဆန်းသော အနီရောင်အလင်းတစ်ခု တဖျက်ဖျက် လက်နေသည်။

တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခု ပေါက်ကွဲသွားခြင်းသည် အလွန်ကိုမှ အားကောင်းလှပေသည်။

အံကြိတ်၍ ရဲဆေးတင်ကာ ရုပ်သေးရုပ်ဆီသို့ ပြေးသွားသည်။ ရုပ်သေးရုပ်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်သွားခဲ့ပြီး ရောက်သည်နှင့် ရုပ်သေးရုပ်၏ ရင်ဘတ်ဆီသို့ ခုန်တက်သွားပြီး ပွင့်ထွက်နေသည့် ရင်ဘတ်ထဲသို့ လေဟာနယ်ဓါးသွားများ တစ်ခုပြီး တစ်ခု အဆက်မပြတ် ပစ်လွှတ်တော့သည်။

ရုပ်သေးရုပ် မလှုပ်မယှတ် ဖြစ်နေသည့် အတွက်ကြောင့် ရန်ကိုင်၏ လေဟာနယ်ဓါးသွားများသည် ပစ်မှတ်ကို အတိအကျ ထိမှန်သွားခဲ့သည်။ ထို့ကြောင့် ရုပ်သေးရုပ်၏ ရင်ဘတ်ရှိ အပေါက်မှာ လျင်မြန်စွာ ပြန့်ကားလာတော့လေသည်။

ထိုအခြင်းအရာကိုမြင်သော် မြင်သော် ရန်ကိုင် ပျော်သွားခဲ့သည်။ အချိန်နည်းနည်းလောက်သာ ထပ်ရလျှင် ရုပ်သေးရုပ်၏ ရင်ဘတ်ကို သူကျိန်းသေ ဖောက်နိုင်ပေပြီ။

သို့သော်လည်း နည်းနည်းလေးမှ သတိမပေါ့သွားခဲ့။ လေဟာနယ်ဓါးသွားများကို အဆက်မပြတ် ပစ်လွှတ်နေချိန် ရုပ်သေးရုပ်၏ လှုပ်ရှားမှုကိုလည်း အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ အသက်နှစ်ဆယ်ရှိုက်စာ ကြာပြီးနောက် ရုပ်သေးရုပ်၏ မျက်လုံးများ ကြက်သွေးရောင် ပြန်တောက်လာခဲ့သည်။

အန္တရာယ်အငွေ့အသက်ကို ရန်ကိုင် ရလိုက်သည်။ လေပြင်များ သူ့ခေါင်းတစ်လျှောက် တိုက်ခတ်သွားသည်ကို ခံစားမိသော် ရန်ကိုင် ခေါင်းမွှေးထောင်သွားခဲ့ရသည်။ သို့သော် ဤအထိရောက်ပြီးမှ လက်မလျှော့ချင်သည့် အတွက်ကြောင့် လေဟာနယ်ဓါးသွားကို လက်သီးထိပ်တွင် စု၍ ရုပ်သေးရုပ်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ခရက်…

ရုပ်သေးရုပ်၏ ရင်ဘတ် ပွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် မီးငှက်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအမိန့်ပေးလိက်သည်။

မီးငှက်သည် စူးစူးရှရှ တစ်ချက်အော်ဟစ်လိုက်ပြီး ပွင့်နေသော ရုပ်သေးရုပ်၏ ရင်ဘတ်ထဲသို့ ထိုးဆင်းသွားသည်။ တစ်ချိန်တည်းတွင် ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်နိုင်ဟန် ထင်ရသော ရုပ်သေးရုပ်၏ လက် ရန်ကိုင်ပေါ်သို့ စီးမိုး ရောက်ရှိလာခဲ့သည်။

သို့တိုင် ရန်ကိုင်သည် ထိုကြောက်မက်ဖွယ်ရာ လက်ဝါးကြီးကို ထူးမခြားနားဟန်ဖြင့်သာ ပြန်စိုက်ကြည့်နေသည်။ ရှောင်ပင် မရှောင်ချေ။ သူမရှောင်ချင်သည်မဟုတ်၊ ရှောင်ချင်ပေသည်။ သို့သော် သူ့တွင် ရှောင်ဖို့ရန်အတွက်ပင် အားမှ မရှိတော့လေရာ မည်ကဲ့သို့ ရှောင်ရမည်နည်း။ လောလောဆယ်တွင် သူ့ခေါင်း ပေါက်ကွဲထွက်တော့မလို ရန်ကိုင် ခံစားနေရသည်။ လေဟာနယ် ဓါးသွားပေါင်း များစွာကို အဆက်မပြတ် အသုံးပြုခဲ့သည့် အတွက်ကြောင့် သူ့စိတ်စွမ်းအင် ခမ်းခြောက်ခါနီး ဖြစ်သွားပြီး ကောင်းကင်စိတ်အာရုံလည်း အလွန်ကိုမှ ဝန်ပိသွားရသည်။ လောလောဆယ်တွင် သူ့ရှေ့တည့်တည့်ရှိ အရာကိုပင် ကောင်းကောင်း မမြင်ရတော့ပေ။ သူ့မြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာနေလေပြီ။

သို့သော်လည်း ရန်ကိုင်အနေဖြင့် ထိုလက်ဝါးကြီးကို မရှောင်ဘဲ နေလျှင်ပင် အဆင်ပြေပေသည်။

မီးငှက် ရုပ်သေးရုပ်၏ ရင်ဘတ်ထဲသို့ ရောက်သည်နှင့် အထဲရှိ ရှိရှိသမျှ အရာအားလုံးကို လောင်ကျွမ်းပစ်တော့သည်။

ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အနှံ့ဆီမှ အနီရောင်အမျှင်လေးများ ထွက်ပေါ်လာခဲ့ပြီး ခဏအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော လက်ဝါးကြီးသည်လည်း လေထဲတွင် ရပ်တန့်သွားခဲ့သည်။

မီးငှက်သည် စူးရှစွာ အော်ဟစ်မြည်ကြွေးလျက် ရုပ်သေးရုပ်၏ ကိုယ်ထဲမှ ပျံထွက်လာပြီး လေထဲတွင် နှစ်ပတ်သုံးပတ်လောက် လှည့်ပတ်နေပြီးနောက် ရန်ကိုင်၏ ပခုံးထက်သို့ ဆင်းလာခဲ့သည်။

ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားပြီးနောက် မြေကြီးပေါ်သို့ နောက်ပြန်လဲကျသွားတော့လေသည်။

ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားသော ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက် လွင့်ထွက်သွားရာမှ ပြန်ထလာသည့် အချိန်၊ လှမ်းကြည့်လိုက်ရာ မလှုပ်မယှတ် ဖြစ်နေသော ရုပ်သေးရုပ်ကို တွေ့လိုက်ရသဖြင့် နှစ်ယောက်စလုံး ကြောင်သွားခဲ့ကြသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်ပြီးနောက် နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရန်ကိုင် ဘာလုပ်လိုက်လဲ ဆိုသည်ကို သူတို့ မသိသော်ငြား ရန်ကိုင်၏ အသက်စွမ်းအင် အရှိန်အဝါကို ခံစားမိနေသေးသဖြင့် သူ အသက်ရှင်နေသေးမှန်း သိသာသည်။ ဆိုလိုသည်ကား ရုပ်သေးရုပ် ရှုံးနိမ့်သွားခဲ့လေပြီ။

စိတ်လှုပ်ရှားနေမိသော်ငြား ကြောက်စိတ်ကတော့ မပြေသေး။

တန်ခိုးရှင်အဆင့်ကို တစ်ခဏအတွင်း သတ်ပစ်နိုင်သော ရုပ်သေးရုပ်‌၏ ပြိုင်ဘက်မဖြစ်နိုင်မှန်း သိသော်ငြား ၎င်း၏ မာကျောမှုကို အထင်သေးမိလိုက်သေးသည်။ ရန်ကိုင်၏ ထူးဆန်းသော တိုက်ခိုက်မှု အလုပ်ဖြစ်သွားသည်မှာ ကံကောင်း၏။ မဟုတ်လျှင် အကုန်လုံး မရဏလမ်း မြန်းရပေလိမ့်မည်။

ထိုတိုက်ပွဲကြီးကြောင့် ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်စလုံး စကားပြောချင်စိတ် မရှိကြတော့။ ရန်ကိုင် အဆင်ပြေမပြေ သိရအောင် လှမ်း၍သာ အော်ခေါ်လိုက်သည်။ ရန်ကိုင် အဆင်ပြေနေကြောင်း သိလိုက်ရပြီးနောက် သုံးယောက်စလုံး သူတို့ကိုယ်သူတို့ အားပြန်ဖြည့်ကြလေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင် ထရပ်လိုက်သည်။ ရုပ်သေးရုပ်နှင့် တိုက်ပွဲတွင် သူအတော်လေး အားကုန်သွားသည်။ သို့သော်လည်း ဆေးပညာရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ သူ့တွင် ကုသရေးဆေးလုံး များစွာ ရှိပေသည်။ ရွှေရောင်သွေးစက်၏ အကူအညီပါ ရှိနေသည့် အတွက်ကြောင့် ရန်ကိုင်သည် အစီအရင် ပညာရှင် နှစ်ယောက်ထက် ပိုမို လျင်မြန်စွာ ကောင်းမွန်လာခဲ့သည်။

ချိုင်ဟဲနှင့် တုစီစီတို့ အားပြန်ဖြည့်နေတုန်း ရှိနေသးသည်ကို မြင်သော် ထိုနှစ်ယောက်အား သွားမနှောင့်ယှတ်ပဲ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ဆီ ပြန်သွားလိုက်သည်။

ထိုရုပ်သေးရုပ်သည် လုံးဝကို ပုံမှန်မဟုတ်ချေ။ လျန်မိသားစုပင် ထိုကဲ့သို့သော ရုပ်သေးရုပ်မျိုး ဖန်တီးနိုင်မည် မဟုတ်ချေ။ ထိပ်တိုက်ယှဉ်တိုက်မည် ဆိုပါက ဖေးကျီတုပင် ရုပ်သေးရုပ်၏ ပြိုင်ဘက် ဟုတ်လိမ့်မည် မဟုတ်ချေ။

သူတို့သုံးယောက် ရုပ်သေးရုပ်ကို အနိုင်ယူနိုင်ခဲ့ခြင်းသည် မတိုက်ခင် ကြိုတင် ခင်းကျင်းထားသည့် အစီအရင်နှစ်ခုကြောင့် ဖြစ်သည်။ ထိုအစီအရင်နှစ်ခု မရှိစဉ်က ရုပ်သေးရုပ်ကို အနိုင်ယူရန် မဆိုထားနှင့် သူ့ကိုယ်သူပင် အနိုင်နိုင် ကာကွယ်ခဲ့ရသည်။

ရင်ဘတ်နေရာမှ အပေါက်မှလွဲ၍ ရုပ်သေးရုပ်သည် အကောင်းအတိုင်း ရှိနေသေးသည်။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်သည် ကောင်းကင် စိတ်အာရုံဖြင့် ရုပ်သေးရုပ်ကို လွှမ်းခြုံ၍ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းရန် လုပ်လိုက်သည်။ သို့သော် ရုပ်သေးရုပ်သည် သိုလှောင်လက်စွပ်ထဲ ရောက်ဖို့ မဆိုထားနှင့်၊ လှုပ်ပင် မလှုပ်သည့် အတွက်ကြောင့် ရန်ကိုင် အကြီးအကျယ် အံ့အားသင့်သွားရသည်။

သူ့ကောင်းကင်စိတ်အာရုံ အားမကောင်း၍ မဟုတ်၊ ရုပ်သေးရုပ် ကိုယ်တိုင်က သိုလှောင်လက်စွပ်ထဲ ထည့်ရန် အလွန်ကိုမှ လေးသည့် အတွက်ကြောင့် ဖြစ်ပေသည်။

All Chapters