← Chapters

အခန်း (၁၃၅၆-၁၃၆၀)

Vol. 55 Ch. 1356-1360

အခန်း (၁၃၅၆-၁၃၆၀)

Vol. 55 Ch. 1356-1360

အပိုင်း (၁၃၅၆)

သိုလှောင်လက်စွပ်များသည် အရာအားလုံးကို သိုလှောင်၍ မရချေ။ အကန့်အသတ်မရှိလည်း သိုလှောင်၍ မရပါချေ။ ပစ္စည်း တစ်ခုသည် အလွန်အမင်း လေးနေလျှင်၊ သို့မဟုတ် သိုလှောင် လက်စွပ် သိုလှောင်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေလျှင် သိုလှောင်လက်စွပ်ထဲ သိုလှောင်၍ မရချေ။ သိုလှောင်လက်စွပ်ထဲ သိုလှောင်၍ မရသော ရတနာများစွာ ရှိပေသည်။ ရန်ကိုင် ရရှိခဲ့သည့် နေမီးလျှံအမြူတေသည် ဥပမာပင် ဖြစ်သည်။

နေမီးလျှံအမြူတေကို သိုလှောင်လက်စွပ်ထဲ သိုလှောင်၍ မရခြင်းမှာ ၎င်း၏ အပူဓါတ်ကြောင့်ပင် ဖြစ်သည်။ နေမီးလျှံ၏ အပူဓါတ်သည် သိုလှောင်လက်စွပ် တောင့်ခံနိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေသည်။ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်မည်ဆိုပါက ၎င်းမှ ထုတ်လွှတ်နေသည့် အပူဓါတ်ကြောင့် သိုလှောင်လက်စွပ် ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် ယန်ယန်သည် အချိန်ကုန်ခံ၊ လူပင်ပန်းခံ၍ နေမီးလျှံအမြူတေကို သိုလှောင်နိုင်သော သိုလှောင်လက်စွပ် တစ်ကွင်း သီးသန့် ဖန်တီးခဲ့ရခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ရန်ကိုင်ရှေ့ရှိ ရုပ်သေးရုပ်သည် အရမ်းကြီး မကြီးမားလှသော်ငြား သိုလှောင်လက်စွပ် ထဲသို့ ထည့်၍မရချေ။ ထို့ကြောင့် ရှင်းပြစရာ တစ်ခုသာ ရှိတော့သည်။ ရုပ်သေးရုပ်သည် ရန်ကိုင် ထင်ထားသည်ထက် အများကြီး ပိုမို လေးလံနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင်၏ အကြည့်ထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

နောက်ဘာဆက်လုပ်ရလဲ အကြံအိုက်နေစဉ်မှာပဲ ချိုင်ဟဲနှင့် တုစီစီတို့ သူ့နားသို့ ရောက်လာခဲ့သည်။ ယခု တိုက်ပွဲ ပြီးသွားပြီ ဖြစ်သွားပြီဖြစ်သဖြင့် ဝေစုခွဲရမည့် အချိန်သို့ ရောက်လာခဲ့ပြီ။ ထိုရုပ်သေးရုပ် မည်မျှ ထူးခြားကြောင်းကို အကုန်လုံး မြင်တွေ့ခဲ့သည်။ ထို့ကြောင့် အစီအရင်ပညာရှင် နှစ်ယောက်လည်း အကျိုးအမြတ်အားလုံးကို ရန်ကိုင် တစ်ယောက်တည်းမှ ယူသွားမည်ကို ခွင့်မပြုနိုင်ချေ။ သူတို့လည်း သူတို့ ဝေစုကို လိုချင်ပေသေးသည်။

“အစ်ကိုရန်၊ ဒီရုပ်သေးရုပ်ကို ကြည့်ရတာ ရှေးခေတ်က လုပ်ခဲ့တဲ့ပုံပဲ။ တော်တော်လည်း အဖိုးတန်မယ့်ပုံပဲနော်” ချိုင်ဟဲက ရယ်သွမ်းသွေးလျက် အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

“ဟုတ်တယ်။ ဒီရုပ်သေးရုပ်ကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် လူသတ်လက်နက်ကြီးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ” တုစီစီ၏ မျက်ဝန်း အစုံ စိတ်လှုပ်ရှာမှုဖြင့် တလက်လက် လင်းလက်နေခဲ့သည်။

ရန်ကိုင်သည် မေးစေ့ကိုပွတ်လျက် သူတို့စိတ်ထဲ ဘာတွေးနေလဲ ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော ထိုနှစ်ယောက်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် “မင်တို့ နှစ်ယောက်လည်း ဒါကို စိတ်ဝင်စားတာလား”

ချိုင်ဟဲက ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောလိုက်သော်ငြား တုစီစီကမူ ပွင့်ပွင့်လင်းလင်းသာ ပြန်ပြောလိုက်သည် “စိတ်ဝင်စားတာပေါ့၊ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို ဘယ်သူက စိတ်မဝင်စားဘဲ နေမှာလဲ။ ဒါကို ထိန်းချုပ်လို့ မရဘူးဆိုရင်တောင် လေ့လာကြည့်နိုင်မယ်ဆိုရင် ရှေးခေတ် ရုပ်သေးပညာရှင်တွေ ဘယ်လို အလုပ်လုပ်လဲ သိနိုင်သေးတယ်။ အခြားသူတွေ ဂရုမစိုက်ဘူး ဆိုပေမယ့် လျန်မိသွားစုကတော့ အရမ်း စိတ်ဝင်စားလိမ့်မယ်”

သူမ အမှန်ကို ပြောနေခြင်း ဖြစ်သည်။ ဤကဲ့သို့သော ရုပ်သေးရုပ်သည် မည်မျှ အဖိုးတန်၊ တန်ဖိုးနည်းသည် ဖြစ်စေ သုတေသန လုပ်ရာတွင် အသုံးပြု၍ ရပေသည်။ လျန်မိသားစုသည် သူတို့၏ ရုပ်သေးရုပ် ပညာရပ်ကြောင့် အရိပ်ကြယ်တစ်ခွင် ကျော်ကြားသည်။ သူတို့သာ ဤရုပ်သေးရုပ် အကြောင်း သိသွားမည်ဆိုပါက ရုပ်သေးရုပ်ကို မရရအောင် ကြိုးပမ်းပေလိမ့်မည်။

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ တုစီစီသည် မာနကြီး မောက်မာသော မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း သုံးယောက်ပေါင်း၍ အတူတူ တိုက်ခိုက်ပြီးနောက် ရန်ကိုင် သူမအား ယခင်ကကဲ့သို့ အရမ်းကြီး အမြင် မကတ်တော့ချေ။ ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ဒီတိုက်ပွဲကို ငါတို့သုံးယောက် ပူးပေါင်းခဲ့ရတယ်။ လူက သုံးယောက်ဆိုပေမယ့် ရုပ်သေးရုပ်က တစ်ရုပ်ပဲရှိတယ်။ ဒါကို ငါတို့ ဘယ်လို ခွဲကြမလဲ”

ထိုနှစ်ယောက်၏ အမူအရာကို မြင်သော် ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည် “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဒီရုပ်သေးရုပ်ကို ငါလက်လျှော့လိုက်မယ်။ ဒါပေမယ့် အဲ့အနက်ရောင်တုတ်ကို ငါလိုချင်တယ်။ ဒီရုပ်သေးရုပ်ကို ဘယ်ခွဲဝေစုခွဲမလဲ ဆိုတာကို မင်းတို့ဘာသာ ဆုံးဖြတ်။ ပြီးတော့ သေသွားတဲ့ စီနီယာရဲ့ သိုလှောင်လက်စွပ်ကိုလည်း မင်းတို့ ယူလို့ ရတယ်”

အမျိုးသမီး အသတ်ခံလိုက်ရပြီးနောက် သူမ၏ သိုလှောင်လက်စွပ် ကျကျန်ခဲ့သည်။

ရန်ကိုင် ထိုသိုလှောင်လက်စွပ်ကို သွားမကောက်ရသေးချေ။ ယခု ဝေစုခွဲရာတွင် ထိုသိုလှောင်လက်စွပ် အသုံးဝင်လာခဲ့သည်။ ရုပ်သေးရုပ်၊ အနက်ရောင်တုတ်ချောင်းနှင့် သိုလှောင်လက်စွပ် ဆိုပါက ရတနာသုံးမျိုး ရှိသွားလေပြီ။ လူကလည်း သုံးယောက် ဖြစ်သည့်အတွက် တစ်ယောက်တစ်မျိုးစီ ခွဲဝေယူလို့ ရပေသည်။

သိုလှောင်လက်စွပ်ထဲတွင် မည်သည့် ပစ္စည်းများ ရှိနေလဲ မည်သူမှ မသိကြ။ သို့သော် အသက်ရေစင်ဆိုသည့် အရည် တစ်ပုလင်း ရှိနေသည်မှာတော့ သေချာပေသည်။

“ရှင်အဲ့တုတ်ချောင်းကို လိုချင်တာလား” တုစီစီက အနက်ရောင် တုတ်ချောင်းက အနည်းငယ် တုန့်ဆိုင်းနေဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ထိုတုတ်ချောင်း၏ တန်ဖိုးသည် ရုပ်သေးရုပ်အောက် မနိမ့်ကျမှန်း သူမ ပြောနိုင်သည်။ ထို့ကြောင့် တုတ်ချောင်းအား ရန်ကိုင် လက်ထဲသို့ အပ်လိုက်ရမည်ကို တုန့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့သော် အမျိုးသမီးအိုကြီး၏ သိုလှောင်လက်စွပ်အကြောင်း စဉ်းစားမိလိုက်သည့်အခါ ဆက်လက် တုန့်ဆိုင်းမနေတော့ပေ။

ထိုအခြင်းအရာကို မြင်သော် ချိုင်ဟဲက အလျင်အမြန် ကြားဖြတ် ပြောလိုက်သည် “ဒီတိုက်ပွဲမှာ အစ်ကိုရန်က သူ့အသက်ကို အကြိမ်ကြိမ် စွန့်စားပြီး ကူညီပေးထားတာ ဆိုတော့ ဒီချိုင်ဟဲ အစ်ကိုရန် ပြောတာကို သဘောတူပါတယ်”

ချိုင်ဟဲက ထိုကဲ့သို့ ပြောနေမှဖြင့် တုစီစီကကော ဘာပြောနိုင်မည်နည်း။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အနက်ရောင် တုတ်ချောင်းဆီ လျှောက်သွားလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် အနက်ရောင် တုတ်ချောင်းကို လှမ်းကိုင်လိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံဖြင့် တုတ်ချောင်းကို သေချာ စစ်ဆေးကြည၏။

ခဏအကြာတွင် ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီ အနက်ရောင် တုတ်ချောင်းထဲသို့ သူတော်စင်ချီများ စတင် ထည့်သွင်းတော့လေသည်။

မယုံနိုင်စရာ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် မီတာပေါင်းများစွာ ရှည်လျားပြီး တစ်ပေလောက် အထူရှိသော တုတ်ချောင်းသည် မျက်တောင်တစ်ခတ်အတွင်း တစ်မီတာ အရွယ်အစားလောက်သာ ရှိသည်အထိ ကျုံ့ဝင်သွားခဲ့လေသည်။

ရုပ်သေးရုပ်နှင့် သိုလှောင်လက်စွပ်ကို ဝေစုခွဲနေသော ချိုင်ဟဲနှင့် တုစီစီတို့ ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ ရုပ်သေးရုပ်ကို မြင်စဉ်က ၎င်း၏ လက်ထဲတွင် အနက်ရောင် တုတ်ချောင်းကို မတွေ့ခဲ့ရချေ။ သို့သော် သူထွက်ပြေးရန် ကြိုးစားစဉ်က သူ့အား ဤတုတ်ချောင်းဖြင့် ရိုက်နှက်ခဲ့သည်။ ထိုစဉ်က ထိုတုတ် ရုပ်သေးရုပ်၏ လက်ထဲ မည်သို့ ပေါ်လာလဲဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် အတွေးများခဲ့ဖူးသည်။

အရွယ်သေးငယ်သွားသော တုတ်ချောင်းကို မရန် လုပ်လိုက်သည့် အခိုက် ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အံ့ဩမှင်သက်သွားခဲ့သည်။

တုတ်ချောင်းကို သူမမနိုင်ချေ။ တုတ်ချောင်းသည် သေးသွားသည့်တိုင် သူမမနိုင်သေးချေ။ ဤတုတ်ချောင်းကို ရွေးချယ်လိုက်သည်မှာ မှန်သည်ဟု သူပိုခံစားလာရသည်။ တုတ်ချောင်းကို လုပ်ထားသည့် ပစ္စည်းသည် မည်သို့သော ပစ္စည်းပင် ဖြစ်ပါစေ အလွန်ကိုမှ အဖိုးတန်ရပေလိမ့်မည်။

ရုပ်သေးရုပ်သည် ဖျက်စီးခံလိုက်ရလေပြီ။ အရိပ်ကြယ်၏ လက်ရှိ နည်းပညာအဆင့်အတန်းအရ ထိုရုပ်သေးရုပ်ကို မည်သူ တစ်ဦးတစ်ယောက်ကမှ ပြန်ပြင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အခြေခံအားဖြင့် ရုပ်သေးရုပ်သည် အသုံးမဝင်တော့ပေ။ အများဆုံးမှ လျန်မိသားစုဆီ ရောင်းစားနိုင်ရုံသာ ရှိပေလိမ့်မည်။ အမျိုးသမီးအိုကြီး၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အသက်ရေစင်မှာမူကား… ထိုအသက်ရေစင်သည် အခြား အရည်တစ်မျိုးမျိုး ရောနှောနေသည့် အသက်ရေစင်သာ ဖြစ်သည်။ ထို့ကြောင့် အရမ်းကြီး အဖိုးမတန်။ သန့်စင်သော အသက်ရေစင်သည် အခြား တစ်နေရာရာတွင် ရှိနေပေလိမ့်မည်။

စိတ်ထဲတွင် ပျော်နေသော်လည်း မျက်နှာ အမူအရာကမူ ထူးမခြားဟန်ဖြင့်သာ ရှိနေသည်။ လက်ဖြင့် မမနိုင်သည့်အတွက် ကောင်းကင်စိတ်အာရုံဖြင့် တုတ်ချောင်းကို ယန်ယန် လုပ်ထားသည့် သိုလှောင်လက်စွပ်ထဲသို့ တစ်ခါတည်း တန်းထည့်သိမ်းလိုက်လေသည်။

ထိုလက်စွပ်သည် နေမီးလျှံအမြူတေကို ထည့်သိမ်းနိုင်သဖြင့် ထိုတုတ်ချောင်းကိုလည်း သိမ်းထားနိုင်ပေလိမ့်မည်။

ရန်ကိုင် တုတ်ချောင်းကို သိမ်းပြီးသွားချိန် ချိုင်ဟဲနှင့် တုစီစီတို့လည်း ဝေစုခွဲလို့ ပြီးသွားခဲ့သည်။ ချိုင်ဟဲသည် အမျိုးသမီးအိုကြီး၏ သိုလှောင်လက်စွပ်ကို သွားကောက်လိုက်ပြီး တုစီစီကမူ ရုပ်သေးရုပ်ရှေ့တွင် ရပ်လျက် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် လက်ကောက်ကဲ့သို့ မှော်ရတနာတစ်ခုကို ထုတ်လိုက်သည်။ ထိုလက်ကောက်သည် လဲကျနေသော ရုပ်သေးရုပ်ကို ဝိုင်းလိုက်နိုင်သည်အထိ ကြီးမားလာခဲ့သည်။ ပိုးမျှင်ကဲသို့ စွမ်းအင်အမျှင်တန်းလေးများ လက်ကောက်ထဲ ထွက်ပေါ်လာပြီး ရုပ်သေးရုပ်ကို ရစ်ပတ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် တုစီစီက အော်လိုက်သည် “ချိတ်ပိတ်လိုက်စမ်း”

ထိုပိုးမျှင်လေးများသည် ရုပ်သေးရုပ်ကို လက်ကောက်ထဲသို့ တဖြည်းဖြည်း ဆွဲခေါ်သွားလေသည်။ ရုပ်သေးရုပ်ကို သိမ်းပြီးသည်နှင့် လက်ကောက်သည် ပုံမှန်အရွယ်သို့ ပြန်လည် ကျုံ့ဝင်သွားပြီး တုစီစီ၏ လက်ကောက်ဝတ်ဆီသို့ ပြန်လည် ပျံသန်းသွားသည်။

ရလိုက်သည့် အကျိုးအမြတ်များကြောင့် အကုန်လုံး ပျော်နေကြသည်။

ရန်ကိုင်လည်း အကုန်လုံးကို တစ်ကိုယ်တည်း သိမ်းပိုက်ရန် အစီအစဉ် မရှိချေ။ ယခုတိုက်ပွဲကို နိုင်ခဲ့ခြင်းမှာ ချိုင်ဟဲနှင့် တုစီစီတို့၏ အစီအရင်များကြောင့် ဖြစ်သည်။

သူတို့သုံးယောက်အနက် မည်သူက အကောင်းဆုံးကို ရလိုက်သလဲ ဆိုသည်ကိုမူ ကောင်းကင်သာ သိပေလိမ့်မည်။ မည်သို့ပင်ဆိုစေ အမျိုးသမီးအိုကြီး၏ သိုလှောင်လက်စွပ်တွင်းကို ရှာဖွေကြည့်ပြီးနောက် ချိုင်ဟဲ ပျော်သွားခဲ့သည်။

“အစ်ကိုရန်၊ ကျုပ်တို့ နောက်ဘာဆက်လုပ်ကြမလဲ” အစောပိုင်းက တိုက်ပွဲကြောင့် ချိုင်ဟဲသည် မသိလိုက် မသိဘာသာဖြင့် ရန်ကိုင်ကို အဖွဲ့ခေါင်းဆောင်အဖြစ် သဘောထားနေလေပြီ။

ထိုစကားကို ကြားသည့်အခါ တုစီစီလည်း ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ရန်ကိုင်သည် ခဏလောက် စည်းစားလိုက်ပြီးနောက် ပြုံးလျက် “ထွက်ပေါက်က ဒီတစ်ပေါက်ပဲ ရှိတာဆိုတော့ ဒီထွက်ပေါက်ကနေပဲ ထွက်သွားလို့ရလိမ့်မယ်။ ဒါပေမယ့် ဒီထွက်ပေါက်ကနေ ထွက်သွားလိုက်တာနဲ့ ဘာကို ကြုံရမလဲ ဆိုတော့ကိုတော့ ငါလည်းမသိဘူး။ နောက်ထပ် အန္တရာယ်နဲ့ ရင်ဆိုင်ရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ရုပ်သေးရုပ်က ဒီအပေါက်ကို တင်းတင်းကြပ်ကြပ် ကာကွယ်နေပုံထောက်ရင် ဟိုဘက်မှာ ကောင်းတာ တစ်ခုခု ရှိနေလို့ ဖြစ်လိမ့်မယ်”

ချိုင်ဟဲနှင့် တုစီစီတို့၏ မျက်ဝန်းအစုံ လင်းလက်သွားသည်။

သို့သော်လည်း ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ဆက်၍ ပြောဆိုသတိပေးလိုက်သည် “ဒါပေမယ့် ရတနာရှိတာမှန်ရင် အန္တရာယ်လည်း ရှိမှာပဲ။ ဒါကြောင့် မင်းတို့ နှစ်ယောက် ကြိုပြင်ထားဖို့ လိုလိမ့်မယ်”

“ဟုတ်တာပေါ့။ အစ်ကိုရန်လည်း ဒီနေရာကို ဆက်ပြီး စူးစမ်းဦးမယ်မလား”

“အင်း။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီရှေးဟောင်း အပျက်အစီး နယ်မြေကနေ ထွက်နိုင်မယ့် နည်းလမ်းတစ်ခု ရှာကိုရှာရမယ်”

ရန်ကိုင်၏ ဆုံးဖြတ်ချက်နှင့် ပက်သက်ပြီး မည်သည့် ကန်ကွက်ချက်မှ မရှိပေ။ ထို့ကြောင့် သုံးယောက်စလုံး ခဏမျှ အနားယူပြီးနောက် ဂိတ်ပေါက်ဆီသို့ ဦးတည်သွားကြသည်။

ဂိတ်ပေါက်အတိုင်း ဖြတ်လျှောက်လာပြီးနည်း လျှောက်လမ်း တစ်ခုဆီသို့ ရောက်လာခဲ့သည်။

ကောင်းကင်စိတ်အာရုံဖြင့် အရင်စစ်ဆေးလိုက်ပြီး မည်သည့် အန္တရာယ်မှ မရှိမှန်း သေချာသွားသည့် အခါမှပဲ သတိကြီးကြီး ထားလျက် ရှေ့တည့်တည့်သို့ ဆက်လျှောက်သွားလေတော့သည်။

လျှောက်လမ်းသည် အရမ်းကြီး မရှည်လှပဲ မီတာ တစ်ထောင် လောက်သာ ရှိသည်။ မကြာမီ လျှောက်လမ်းကို ဖြတ်ကျော်၍ ခန်းမကြီး တစ်ခုဆီသို့ ရန်ကိုင်တို့သုံးယောက် ရောက်လာခဲ့သည်။

ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး အလယ်ဗဟိုဆီ လှမ်းကြည့်၍ အံ့အားသင့်နေသည့် အမူအရာဖြင့် အော်ပြောလိုက်သည် “အကြီးအကဲချင်းလား”

ရန်ကိုင်၏ အသံကို ကြားလိုက်သည်နှင့် ချိုင်ဟဲနှင့် တုစီစီတို့ ပြုံးသွားပြီး ရန်ကိုင်နောက်သို့ အမြန် ပြေးလိုက်သွားကြသည်။ သို့သော် ရန်ကိုင် ရှိနေသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့် အခါ နှစ်ယောက်စလုံး ခါးသက်စွာ ပြုံးလိုက်မိကြသည်။

ထိုနေရာတွင် ချင်းတုန်သည်လည်း သူတို့အား ခါးသက်သက် အပြုံးဖြင့် ပြန်ကြည့်ရင်း တင်ပလင်ခွေ ထိုင်နေခဲ့သည်။

ချင်းတုန်ဘေးတွင်ကား သူတော်စင်ဘုရင် ဒုတိယအဆင့် ရှိသော သက်လတ်ပိုင်းလူကြီးတစ်ဦး ထိုင်နေခဲ့သည်။ ထိုလူ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေခဲ့လေသည်။ ထိုလူသည် ချင်းတုန် ဤနေရာသို့ ခေါ်လာသည့် ပန်းပဲပညာရှင် ဖြစ်ရပေမည်။

ဖေးကျီတုသည် သူနှင့်အတူ ပန်းပဲပညာရှင် တစ်ယောက်ကိုပါ ခေါ်သွားခဲ့သည်ဟု ဖေးကျီတု ပြောခဲ့သည်။

အကြီးအကဲချင်းတုန်နှင့် ထိုသက်လတ်ပိုင်းလူကြီး ဘေးတွင် ကျောက်ပြားတစ်ချပ် ရှိနေခဲ့သည်။ ထိုကျောက်ပြားပေါ်တွင် မရေမတွက်နိုင်သော စကားလုံးများ ပြွတ်သိပ်အောင် ရေးထားသည်။ ထိုစကားလုံးများသည် သူတို့ ဤနေရာသို့ ဝင်လာစဉ်က တွေ့ခဲ့သည့် စကားလုံးများ ဖြစ်ကြပေသည်။ သို့သော်ငြား သူတို့ ကြုံခဲ့ရသည့် စကားလုံးများနှင့် မတူသည်ကား ကျောက်ပြားပေါ်ရှိ စကားလုံးများတွင် ထူးဆန်းသော အရှိန်အဝါ တစ်မျိုး ရှိနေခြင်း ဖြစ်သည်။ ထိုအရာများကို လေ့လာရုံဖြင့် ဥာဏ်အလင်းပွင့်နိုင်သလိုလို။

အရေးအကြီးဆုံးသည်ကား ချင်းတုန်း ပတ်လည်တွင် ရုပ်သေးရုပ်များစွာ ရှိနေခြင်းပင်။ အချို့ ရုပ်သေးရုပ်များသည် လူပုံစံ ရှိကြပြီး အချို့သည် မွန်းစတားသားရဲများနှင့် တူသည်။ ထိုထဲမှ တစ်ကောင်ဆိုလျှင် သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်ကိုပင် ထုတ်လွှတ်ထားပေသေးသည်။ ထိုရုပ်သေးရုပ်များသည် ချင်းတုန်နှင့် သက်လတ်ပိုင်းလူကြီးကို မျက်စောင်းထိုးနေကြသော်လည်း ပြေးဝင် တိုက်ခိုက်ခြင်းတော့ မပြုကြချေ။

ရုပ်သေးရုပ်များကို မြင်ပြီးနောက် ရန်ကိုင် ထဆဲချင်စိတ် ပေါက်သွားသည်။

ထိုရုပ်သေးရုပ်များသည် ဝင်ပေါက်ကို စောင့်ကြပ်နေသည့် ရုပ်သေးရုပ်လောက် အားမကောင်းလျှင်ပင် အရမ်းကြီးတော့ မကွာချေ။ ထို့ကြောင့် ချင်းတုန် နည်းနည်းလေးမှ မလှုပ်ရဲဘဲ ထိုနေရာတွင်သာ ထိုင်နေရဲခြင်း ဖြစ်သည်။ သူသာ လှုပ်လိုက်သည်နှင့် ထိုရုပ်သေးရုပ်များသည် သူနှင့် သက်လတ်ပိုင်း လူကြီးကို အမဲဖျက်ကြပေလိမ့်မည်။

“မင်းတို့ ဒီကို ဘယ်လိုရောက်လာတာလဲ” ချင်းတုန်၏ အသံသည် အတော်လေး အားနည်းနေသည်။ သို့သော်လည်း ချက်ချင်း သေသွားမည့်ပုံတော့ မပေါ်ချေ။

“အကြီးအကဲချင်း၊ အဲ့ရုပ်သေးရုပ်တွေက…” ရန်ကိုင်က ချက်ချင်း ပြန်မဖြေသေးဘဲ ရုပ်သေးရုပ်များအကြောင်းကို ပြန်၍ မေးခွန်းထုတ်လိုက်သည်။

“စိတ်မပူနဲ့။ အဲ့ကောင်တွေက ဒီနေရာကို ကာကွယ်ဖို့ပဲ စိတ်ဝင်စားတာ။ မင်းတို့သာ အနီးကပ်မလာရင် သူတို့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ငါတို့ကျတော့.. အင်း၊ ဒီကျောက်ပြား ရှိနေသရွေ့ သူတို့ ငါ့နား လာရဲမှာမဟုတ်ဘူး။ ဒါကြောင့် အချိန်တို အတွင်းတော့ ငါတို့ သေဦးမှာ မဟုတ်သေးဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ တင်းကြပ်နေသော အမူအရာ ပြေလျော့သွားခဲ့သည်။ အတွေးများကို ပြန်စုစည်းလိုက်ပြီးနောက် ဤကယ်ဆယ်ရေး အစီအစဉ်အတွက် ဖေးကျီတု သူတို့အား မည်ကဲ့သို့ ခေါ်ယူခဲ့ကြောင်း ရှင်းပြလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၇)

ရန်ကိုင်နှင့် သူတော်စင်ဘုရင်အဆင့် ပညာရှင်နှစ်ယောက်ကို ဖေးကျီတုမှ သူ့အား ကယ်ဆယ်ရန် ဖိတ်ခေါ်ထားသည့်အကြောင်း ကြားလိုက်ရသည့်အခါ ချင်းတုန် သူတို့အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ ထို့နောက် အဖြူရောင်နှင့် အနက်ရောင်ဂိတ်ကို ဖြတ်ကျော်ပြီးနောက် သူတို့ လူစုကွဲသွားကြောင်းနှင့် အမျိုးသမီးအိုကြီး ရုပ်သေးရုပ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့် အကြောင်း ကြားလိုက်ရသည့်အခါ ချင်းတုန် စိတ်မကောင်း ဖြစ်သွားခဲ့သည်။

ခဏအကြာတွင် သူတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ အကြောင်းကို ရန်ကိုင် ရှင်းပြလို့ ပြီးသွားခဲ့သည်။ ထိုအခါ ချင်းတုန်က မျက်မှောင်ကြုတ်၍ “ဒီတော့ ဖေးအိုကြီးနဲ့ သူအဖွဲ့ အခု ဘယ်မှာရှိလဲ မသိရဘူးပေါ့”

ရန်ကိုင်နှင့် အခြားသူများအားလုံး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ကြသည်။

ချင်းတုန်က ခါးသက်စွာ ရယ်မောလျက် “ဒီတစ်ကြိမ် ငါ့ကြောင့် မင်းတို့အားလုံး ဒုက္ခရောက်ရပြီ။ ဒီနေရာမှာ လမ်းဆုံးနေပြီ။ ဆက်သွားရမယ့်လမ်း မရှိတော့ဘူး။ မင်းတို့ လာလမ်းအတိုင်း ပြန်သွားမယ်ဆိုရင်တောင် ပြန်လမ်းကို မင်းတို့ ရှာမတွေ့လောက်တော့ဘူး”

“အဲ့လိုဆို ကျွန်မတို့ ဘာလုပ်ရမလဲ” တုစီစီက စိုးရိမ်တကြီး မေးလိုက်သည်။

“ရွေးချယ်စရာ နှစ်ခုရှိတယ်” ချင်းတုန်က သက်ပြင်း အမောကြီး ချလိုက်သည်။

“အဲ့က ဟင်းလင်းပြင်အစီအရင်ကို မြင်တယ်မလား” ချင်းတုန်က တစ်ဘက်ဆီ လှမ်းညွှန်ပြလိုက်သည်။ ချင်းတုန် ညွှန်ပြသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ခန်းမ၏ အခြား တစ်ဖက်တွင် အကောင်းအတိုင်း ရှိနေသေးသော ဟင်းလင်းပြင် အစီအရင်တစ်ခုကို တွေ့လိုက်ရလေသည်။

“အဲ့ဟင်းလင်းပြင်အစီအရင်ကို သုံးပြီး ထွက်သွားမယ်ဆိုရင် အပြင်ဘက်ဆီ ရောက်သွားလိမ့်မယ်။ ဒါကြောင့် ဒီရုပ်သေးရုပ် တွေကို မင်းတို့ ဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်ချက်ရှိရင် စမ်းကြည့်လို့ရတယ်။ ဒါပေမယ့် ငါတော့ အဲ့လိုလုပ်ဖို့ အကြံ မပေးချင်ဘူး။ အချို့ရုပ်သေးရုပ်တွေကို ရှောင်လို့ရပေမယ့် ဟိုမြေခွေးပုံစံ ရုပ်သေးရုပ်ကို မြင်တယ်မလား။ အဲ့ကောင်က အရမ်း မြန်လွန်းတယ်။ ငါတောင် သူ့နဲ့ ယှဉ်ပြေးနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး”

ရန်ကိုင်နှင့် အစီအရင်ပညာရှင် နှစ်ယောက်သည် ရုပ်သေးရုပ် တစ်ရုပ်နှင့် တိုက်ခိုက်ဖူးပြီးပြီ ဖြစ်လေရာ နောက်ထပ် ရုပ်သေးရုပ် တစ်ရုပ်ကို မည်ကဲ့သို့ သွားစိန်ခေါ်ရဲတော့မည်နည်း။ ထိုရုပ်သေးရုပ်များသည် သူတို့ ပထမဆုံး ကြုံခဲ့သည့် ရုပ်သေးရုပ်လောက် အားမကောင်းဘူး ဆိုလျှင်ပင် အရေအတွက် သက်သက်နှင့်ပင် ရန်ကိုင်အား ကျောချမ်းသွားစေနိုင်ပေသည်။

ထို့အပြင် ဟင်းလင်းပြင်အစီအရင်နားသို့ ရောက်သည်နှင့် ချက်ချင်းကြီး ထွက်သွားလို့ ရမည်မဟုတ်ချေ။ ဟင်းလင်းပြင် အစီအရင်ကို အသက်သွင်းရန်အတွက် အချိန်အနည်းငယ် ယူရပေဦးမည်။ ထိုခဏတာမျှသော နှောင့်နှေးချိန်အတွင်း ရုပ်သေးရုပ်အားလုံး သူတို့ကို အမဲဖျက်သွားနိုင်သည်။

“နောက်တစ်ခုကတော့ ဖေးအိုကြီးတို့ ရောက်လာတဲ့အထိ စောင့်ဖို့ပဲ။ ဖေးအိုကြီးတို့ ရောက်လာရင် ငါတို့ အတူပူးပေါင်းပြီး ဒီကနေ ထွက်နိုင်မယ့်နည်းလမ်း ရှာလို့ရတယ်” ချိုင်ဟဲနှင့် တုစီစီတို့ မျက်နှာထက်ရှိ ကူကယ်ရာမဲ့နေသည့် အမူအရာကို မြင်သော် ချင်းတုန်က နှစ်သိမ့်ပေးလိုက်လေသည် “စိတ်ချထားလိုက်။ လုံးဝ အခြေအနေ ဆိုးလာပြီဆိုရင် မင်းတို့ ထွက်ပြေးလို့ရအောင် ငါအချိန်ဆွဲထားပေးမယ်”

“မလိုပါဘူး” ချိုင်ဟဲက ကမန်းကတန်း ပြန်ပြောလိုက်သည် “အကြီးအကဲချင်း အဲ့လိုလုပ်လို့ မရဘူး။ အရိပ်လခန်းမရဲ့ အတွင်းရေး ပြဿနာက အတော်လေး ထိန်းမရဖြစ်နေပြီ။ ဒါကြောင့် အကြီးအကဲချင်း ပြန်လာပြီး အဲ့အခြေအနေကို ထိန်းဖို့ လုပ်ဖို့လိုတယ်။ အကြီးအကဲချင်းသာ ကျုပ်တို့ကြောင့် တစ်ခုခု ဖြစ်သွားတယ်ဆိုရင် ကျုပ်တို့အားလုံး တစ်ဘဝလုံး နောင်တရနေမှာ”

တုစီစီကလည်း ခေါင်းညိတ်လိုက်သည်။

ချင်းတုန်က နှစ်ထောင်းအားရစွာ ရယ်မောလိုက်ပြီး ခေါင်းခါလျက် “အရမ်းကြီး စိတ်ပူမနေစမ်းပါနဲ့ကွာ။ အဲ့ဒါက နောက်ဆုံး လုံးဝ မဖြစ်နိုင်တော့မှပါ။ အခြား နည်းလမ်းတစ်ခု ရှိသေးသရွေ့ ငါအဲ့လိုလုပ်မှာ မဟုတ်ဘူး။ ဘယ်သူက အလကား သေချင်မှာလဲ။ ငါလည်း အသက်ရှည်ရှည် နေချင်တာပေါ့”

ထိုအခါမှသာ ချိုင်ဟဲ စိတ်သက်သာရာ ရသွားခဲ့သည်။

ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရ ဖြစ်နေသဖြင့် သူတော်စင်ဘုရင်အဆင့် သုံးယောက်အဖို့ ထို့နေရာတွင်သာ တင်ပလင်ခွေထိုင် ကျင့်ကြံလိုက်၊ ချင်းတုန်နှင့် စကားစမြည် ပြောလိုက်လုပ်ရင်း အချိန်ဖြုန်းနေရတော့သည်။

ချင်းတုန်နှင့် စကားနည်းနည်းပါးပါး ပြောပြီးသည့်နောက် ကျောက်ပြားပေါ်ရှိ စကားလုံးများသည် ပန်းပဲထုလုပ်ခြင်း ပညာရပ် တစ်ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း ရန်ကိုင် သိလိုက်ရသည်။ သို့သော် ထိုနည်းစနစ်ကို မည်သူမှ နားမလည်ကြချေ။ ပန်းပဲပညာရှင် တစ်ယောက်သာ ထိုနေရာတွင် ထိုင်ပြီး ကျင့်ကြံမည်ဆိုလျှင် ပန်းပဲထုလုပ်ခြင်းအပေါ် သူတို့၏ ထိုးထွင်းနားလည်မှု ပို၍ တိုးတက်လာနိုင်ပေသည်။

သက်လတ်ပိုင်းလူကြီးသည် ထိုကျောက်ပြား၏ အကူအညီဖြင့် တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခုကို စတင် ပြုလုပ်နေလေပြီ။ သူသာ တန်ခိုးရှင်အဆင့် မှော်ရတနာကို ပြုလုပ်နိုင်ပြီ ဆိုသည်နှင့် အရိပ်လခန်းမ၏ နောက်ထပ် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ထိုသို့ဖြစ်လာသည့် အခါကျ ချင်းတုန်ဘက်တွင် တန်ခိုးရှင် အဆင့် ပန်းပဲပညာရှင်တစ်ယောက် ပြန်ရှိလာပေလိမ့်မည်။ ထိုအခါ ချင်းတုန်အနေဖြင့် အရိပ်လခန်းမ၏ အတွင်းရေး ပြဿနာကို တစ်ဖန်ပြန်လည် ငြိမ်းအေးသွားအောင် လုပ်နိုင်ပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ အကုန်လုံး ပိုပို၍ စိတ်ပူလာကြသည်။ ဖေးကျီတုတို့ ဘာများ ဖြစ်နေ၍များ လဝက်ကြာသည့်တိုင် ဤနေရာသို့ ရောက်မလာသေးလဲဟု အကုန်လုံး အတွေးများကုန်ကြလေပြီ။

လဝက်လောက်ကြာအောင် အားပြန်ဖြည့်ပြီးနောက် ရန်ကိုင်တို့ သုံးယောက် ရုပ်သေးရုပ်နှင့် တိုက်ခိုက်ရာမှ ရခဲ့သော ဒဏ်ရာအားလုံး ပျောက်ကင်းသွားခဲ့လေပြီ။

ယနေ့တွင်၊ ရန်ကိုင်သည် တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် ထူးဆန်းသော စွမ်းအင်အချို့ ထွက်ပေါ်လာသည်ကို အာရုံ ခံမိလိုက်သဖြင့် ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။

တစ်ချိန်တည်းတွင် ချင်းတုန်လည်း ထိုပုံမှန်မဟုတ်သည့် အဖြစ်အပျက်ကို သတိပြုမိလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်လေသည်။

ချိုင်ဟဲနှင့် တုစီစီတို့ နှစ်ယောက်မှာမူ လုံးဝ သတိမပြုမိချေ။

သို့သော်လည်း ရုတ်တရက် သူတို့ ရှိနေသည့် ခန်းမကြီး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာသဖြင့် နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ်သွားလေသည်။ ဖုန်မှုန်များ၊ ကျောက်စများ၊ အုတ်ကျိုးစများ မျက်နှာကြက်ပေါ်မှ အောက်သို့ ပြုတ်ကျလာကြလေသည်။

“ဒါ…” တစ်ခုခုကို ရှာတွေ့သွားသည့်နှယ် ချင်းတုန် မျက်လုံးပြူးသွားခဲ့သည်။

ရန်ကိုင်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ချင်းတုန် ဘာကို ရှာတွေ့သွားလဲ သူမသိသော်ငြား လောလောဆယ်၍ ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုလုံး လေဟာနယ် စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည်ကို ရန်ကိုင် ခံစားမိသည်။

ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသူ ဖြစ်သဖြင့် ထိုစွမ်းအားအကြောင်းကို အခြားသူများထက် ပိုသိပေသည်။

တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်နေသည်။ ကမ္ဘာပျက်ဘေး ကျရောက်လာသည့်အလား အရာအားလုံး ယိမ်းထိုးလှုပ်ခါနေသည်။ ချင်းတုန်ဘေးရှိ သက်လတ်ပိုင်းလူကြီးနှင့် ချိုင်ဟဲ၊ တုစီစီတို့မှာ ထိတ်လန့်တကြား ဖြစ်ကုန်နေကြလေပြီ။

ချင်းတုန်တို့အား ဝိုင်းထားသော ရုပ်သေးရုပ်များသည် ထိုအခြင်းအရာကို သတိပြုမိသည့်အခါ သတိထားလျက် ကြောက်ကြောက်လန့်လန့်ဖြင့် ဖြည်းဖြည်းချင်း နောက်သို့ ပြန်ဆုတ်သွားကြလေသည်။

ပြောင်းလဲမှုများ ဖြစ်ပျက်သွားသည်မှာ အလွန်ကိုမှ မြန်လှသဖြင့် ရန်ကိုင်အနေဖြင့် ဘာမှ သေသေချာချာ မစစ်ဆေး ရသေးခင်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်ကိုမှ အားကောင်းလှသော ဖိအားတစ်ရပ်က လွှမ်းခြုံလာခဲ့သည်။

သို့သော်လည်း ထိုဖိအားကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင် ထိတ်လန့်သွားခြင်း မရှိရုံမက ပျော်ပင် ပျော်သွားလေသည်။ ထိုဖိအားကို သူတစ်ကြိမ် ခံစားဖူးပေသည်။

လက်ရှိ အခြေအနေသည် သဲမီးတောက်နယ်မြေ ပိတ်ခါနီး အချိန်က အဖြစ်အပျက်နှင့် တူပေသည်။

အဲ့ဒါများ ဖြစ်နေမလား…

ထိုအတွေး သူ့ခေါင်းထဲ ဖြတ်သွားသည်နှင့် တစ်ပြိုင်နက် အနီးအနားပတ်လည်ရှိ မိုးမြေစွမ်းအင်များသည် လျင်မြန်စွာ သိပ်သည်းလာကြလေသည်။ ထိုသိပ်သည်းသွားသော မိုးမြေစွမ်းအင်များဆီမှ အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီး ဧရာမလက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ပျော်သွားခဲ့သည်။

ထိုမိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်သည် သဲမီးတောက်နယ်မြေထဲတွင် သူမြင်ခဲ့သည့် အမျိုးသမီး၏လက်နှင့် လွန်စွာကိုမှ ဆင်တူပေသည်။

သို့သော်လည်း လက်ရှိ သူမြင်နေရသည့်လက်သည် သဲမီးတောက်နယ်မြေထဲတွင် သူမြင်ခဲ့သည့် လက်ထက် အများကြီး ပိုကြီးပေသည်။ ထိုစဉ်က ထိုလက်သည် ရန်ကိုင်အား သဲမီးတောက်နယ်မြေထဲမှ ဆွဲထုတ်ရန် လုပ်ခဲ့သော်လည်း ကြယ်ဧကရာဇ်တံဆိပ်ပြား၏ တားဆီးခြင်း ခံခဲ့ရသည်။

တစ်ကြိမ် ကြုံဖူးပြီးသား ဖြစ်သဖြင့် ရန်ကိုင် ချက်ချင်း တည်ငြိမ်သွားခဲ့လေသည်။

မကြာမီ လက်ကြီးသည် ရန်ကိုင်အား ဖမ်းကိုင်လိုက်သည်။

ရန်ကိုင်လည်း မခုခံဘဲ ငြိမ်ငြိမ်လေး အဖမ်းခံလိုက်သည်။ ထိုလက်ကို သူတော်စင်ချီဖြင့် အသည်းအသန် ခုခံရန် ကြိုးစားနေသော ချိုင်ဟဲနှင့် တုစီစီတို့ကို မြင်လိုက်သည့် အခါ ရန်ကိုင်က အလျင်အမြန် လှမ်းအော်ပြောလိုက်သည် “မခုခံနဲ့။ ဒီအတိုင်းလေးပဲ လိုက်သွားလိုက်။ အဲ့ဒါက ငါတို့ကို ဒီကနေ ထုတ်ပေးဖို့ လုပ်နေတာ”

ရန်ကိုင် ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့အား ကိုင်ထားသည့် လက်ကြီး အလင်းစက်လေးများ အဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အား အပြင်ဘက်သို့ တွန်းအားတို့သည် ဘက်ပေါင်းစုံမှ ရန်ကိုင် အပေါ်သို့ သက်ရောက်လာခဲ့သည်။ မကြာမီ ရန်ကိုင်သည် သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်၏ စကားကို ကြားပြီးနောက် ချိုင်ဟဲနှင့် တုစီစီတို့ ကြောင်သွားခဲ့သည်။ ရန်ကိုင် ပြောသည့်အတိုင်း သူတို့လည်း လက်ကြီးကို မခုခံတော့ချေ။ ထိုလက်နှစ်ဖက်စလုံး ပေါက်ကွဲထွက်သွားပြီးနောက် သူတို့ နှစ်ယောက်လည်း မူလ ရှိနေသည့် နေရာမှ ပျောက်ကွယ် သွားခဲ့လေသည်။

ချင်းတုန်နှင့် သက်လတ်ပိုင်း ပန်းပဲပညာရှင်မှာလည်း ထိုကဲ့သို့ ဖြစ်သွားခဲ့သည်။ ရှေးဟောင်းအပျက်အစီး နယ်မြေ၏ အခြားတစ်နေရာတွင် ရှိနေသာ မှုန်ကုတ်ကုတ် အမူအရာနှင့် ဖေးကျီတုတို့လည်း ထိုနည်းတူပင်။

မျက်တောင်တစ်ခတ်အတွင်း ရှေးဟောင်းအပျက်အစီး နယ်မြေထဲတွင် သက်ရှိ တစ်ဦးတစ်ယောက်မှ မရှိတော့ချေ။

ကျဆုံးဧကရာဇ်တောင်မှ မိုင်တစ်သောင်းအကွာရှိ တစ်နေရာတွင် လူတစ်ယောက် ထူးထူးဆန်းဆန်း ပေါ်လာခဲ့သည်။ ဒယီးဒယိုင် ဖြစ်နေပြီးနောက် မကြာမီ ခိုင်မြဲစွာ ရပ်လိုက်နိုင်သည်။ ထိုလူသည် အခြားမဟုတ်ဘဲ ရန်ကိုင်သာ ဖြစ်လေသည်။

သူပေါ်လာပြီးသည်နှင့် တစ်ချိန်တည်းတွင် လူပေါင်းများစွာ တစ်ယောက်ပြီးတစ်ယောက် တောက်လျှောက် ပေါ်လာကြလေသည်။

အကုန်လုံးသည် ဘေးပတ်လည်သို့ လှည့်ပတ် ကြည့်ပြီးနောက် ချိုင်ဟဲက ပျော်ရွှင်စွာဖြင့် ထအော်သည် “စီနီယာဖေး၊ စီနီယာနင်”

ဖေးကျီတု မျက်လုံးပြူးသွားပြီး ပျော်သွားကာ “မင်းတို့လည်း ထွက်လာနိုင်တာလား”

“အင်း။ ဘာလို့မှန်းမသိဘူး။ ကျုပ်တို့အကုန်လုံး ရုတ်တရက်ကြီး အပြင်ဘက်ကို အပို့ခံလိုက်ရတာ။ စီနီယာဝမ်ကော” မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ တစ်ယောက် ပျောက်နေသည်ကို သတိပြုမိလိုက်သော် ချိုင်ဟဲက မေးလိုက်လေသည်။

ဖေးကျီတုနှင့် ရှနင်းချန်တို့ စိတ်ဓါတ်ကျကျဖြင့် သက်ပြင်းအသီးသီး ချလိုက်ကြလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် မျိုးရိုးနာမည်ဝမ် နှင့် ကျင့်ကြံသူ သေသွားပြီမှန်း အကုန်လုံး သိလိုက်သည်။

“ငါ့ရဲ့ မိတ်ဆွေကြီးရော..” အမျိုးသမီးအိုကြီးကို မတွေ့သော် ရှနင်းချန်း အံ့အားသင့်သွားခဲ့သည်။

ချိုင်ဟဲက ခါးသက်စွာပြုံးလျက် “အဲ့စီနီယာ သေသွားပြီ”

ကြားကြားချင်း နင်ရှန်းချန် မှင်သက်သွားပြီးနောက် သက်ပြင်းတစ်ချက်ချလျက် ခါးသက်စွာပြုံးကာ “သူ့ကံကြမ္မာပဲပေါ့”

ဤခရီးစဉ်အတွင်း တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက် သေဆုံးခဲ့သည်။ သို့သော်လည်း သူတော်စင် ဘုရင် လေးယောက်စလုံးမှာ လုံလုံခြုံခြုံနှင့် လွတ်မြောက် လာနိုင်ခဲ့ကြသည်။ လျန်ကွမ်းပင်လျှင် အကောင်းအတိုင်း ရှိနေခဲ့သည်။ သို့သော်လည်း သူတို့၏ အမူအရာ သိပ်ပြီး မကောင်းကြချေ။

“ချင်းတစ္ဆေကြီး၊ မင်းမသေသေးဘူးပေါ့။ ကြည့်ရတာ မင်းကံက တော်တော်လေး ကောင်းတာပဲ” ဖေးကျီတုက ချင်းတုန်ကို ကြည့်၍ အေးစက်စက် လေသံဖြင့် နှာခေါင်း ရှုံ့လိုက်သည်။

ချင်းတုန်ကမူ ဘာမှပြန်မပြောခဲ့ချေ။ သူ့အကြည့်ထဲ နောင်တတို့ဖြင့်သာ ပြည့်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်သော် ဖေးကျီတုလည်း ဘာမှ ထပ်မပြောတော့ချေ။

ရန်ကိုင်တို့ အဖွဲ့သည့် ချင်းတုန်တို့နှင့် တွေ့သည်နှင့် တစ်ချိန်လုံး ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်း အပျက်အစီးနယ်မြေထဲမှ သူတို့ ထွက်လာရခြင်းသည် သူတို့နှင့် မသက်ဆိုင်ဘဲ ဖေးကျီတုတို့ အဖွဲ့မှ သူတို့အား အပြင်သို့ နှင်ထုတ်သည့် အရာ တစ်ခုခုကို အသက်သွင်းလိုက်သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ရှေးဟောင်း အပျက်အစီးနယ်မြေထဲသို့ ရန်ကိုင် တစ်ယောက်တည်းသာ ဝင်ဖူးသော်ငြား အကုန်လုံးသည် မိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ကျောက်စိမ်း လက်တစ်ချောင်း ပေါ်လာပြီး အကုန်လုံးကို အပြင်သို့ ဆွဲထုတ်သည့် ဖြစ်စဉ်အကြောင်း ကြားဖူးပေသည်။

ယခု အဖြစ်အပျက်သည်လည်း သဲမီးတောက်နယ်မြေ ထဲရှိ အဖြစ်အပျက်နှင့် အတူတူပင်။ ထိုနှစ်ခု တစ်ခုခုများ ဆက်စပ်နေလေသလား။ ရန်ကိုင်သာ မျက်မှောင် ကြုတ်နေခြင်းမဟုတ်၊ တန်ခိုးရှင်အဆင့် ပညာရှင်များလည်း အတွေးနက်နေကြသည်။ ရှိနေသည့် လူများအနက် ချိုင်ဟဲ၊ တုစီစီနှင့် လျန်ကွမ်းတို့သည်သာ ဘာတွေဖြစ်နေလဲ ဆိုသည်ကို နားမလည်ကြခြင်း ဖြစ်နိုင်သည်။

ချင်းတုန်က ပါးစပ်ဟပြီး တစ်ခုခု ပြောတော့မည်အပြု အဝေးတစ်နေရာဆီမှ တဝုန်းဝုန်းမြည်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူတို့အောက်ရှိ မြေပြင်များ တုန်ခါလာခဲ့သည်။ အကုန်လုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အသံထွက်ပေါ်လာရာ အရပ်ဆီ လှမ်းကြည့်လိုက်သည်။

“ကျဆုံးဧကရာဇ်တောင်ဆီကနေ လာနေတာ”

အသံလာနေသည့် နေရာသည် ကျဆုံးဧကရာဇ်တောင် ဖြစ်သည်။ မိုင်တစ်သောင်းလောက် ဝေးနေသော်လည်း တောင်ရိပ်၊ တောင်စဉ်များကို လှမ်းမြင်နေရသေးသည်။

ထိုမျှအသံကျယ်ရလောက်အောင် တောင်တစ်ခုလုံး မည်မျှပင် လှုပ်နေမလဲ ခန့်မှန်းကြည့်နိုင်ပေသည်။

ယခုလေးတင် သူတို့အားလုံး ထိုတောင်ထဲမှ အပြင်သို့ ပို့ခံလိုက်ရခြင်း ဖြစ်သည်။ ပို့ပြီးခံရသည်နှင့် တစ်ပြိုင်နက် တောင်တစ်ခုလုံး တုန်ခါလာခဲ့သည်။ ထိုနှစ်ခု မည်ကဲ့သို့ ဆက်စပ်နေလေသနည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၈)

ရုတ်တရက် ပတ်ပတ်လည် မိုင်တစ်သောင်းအတွင်းတွင် ရှိနေသော မိုးမြေစွမ်းအင်အားလုံးသည် ကျဆုံးဧကရာဇ်တောင် ဆီသို့ တရဟော စီးသွားကြလေသည်။

ထိုအဖြစ်အပျက်ကြောင့် ကျဆုံးဧရာဇ်တောင်တွင် ကျင့်ကြံနေကြသော ကျင့်ကြံသူအားလုံး ထိတ်လန့်ကုန်ကြပြီး လှုပ်ရှားမှုပညာရပ် အသီးသီး ထုတ်သုံးကာ တောင်အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားကြလေသည်။ သို့သော်လည်း သူတို့ နောက်ကျသွားခဲ့သည်။ သူတို့ ထွက်ပြေးတော့မည့် ဆဲဆဲမှာပဲ၊ မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းလှသည့် ဖိအား တစ်ရပ် အကုန်လုံးပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။ ထိုဖိအားသည် ကျဆုံးဧကရာဇ်တောင်၏ အလယ်ဗဟိုတွင် သက်ရောက်နေသော ဖိအားတမျှ အားကောင်းလှပေသည်။

ထိုဖိအားအောက်ဝယ်၊ ကြီးကျယ်မြင့်မြတ်သော မျက်ဝန်းတစ်စုံက သူတို့အား စိုက်ကြည့်နေသလို အကုန်လုံး ခံစားလိုက်ရသည်။

အကုန်လုံး၏ အကြည့်အောက်ဝယ်၊ အကုန်လုံး သူတို့ကိုယ် သူတို့ ပုရွက်ဆိတ်တစ်ကောင်နှယ် ခံစားလိုက်ကြရသည်။ အကြော အချဉ်များ တောင့်တင်းကုန်ပြီး လက်တစ်ချောင်းပင် မလှုပ်နိုင်သည် အထိ ဖြစ်ကုန်ကြလေသည်။

ကံကောင်းစွာပြီး ဧကရာဇ်ဖိအားသည် ခဏလေးသာ ပေါ်လာပြီး အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ အကုန်လုံး အသိပြန်ဝင်လာပြီး ထွက်ပြေးတော့မည့် အချိန်တွင် ကျဆုံးဧကရာဇ်တောင်ရှိ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းနေသည်ကို သတိပြုမိလိုက်သည်။ သိပ်သည်းလွန်းသဖြင့် ရောင်စုံပူးပေါင်းလေးများကိုပင် မြင်နေရ၏။

ထိုရောင်စုံပူးပေါင်းလေးများထဲတွင် အံ့အားသင့်ဖွယ် ကောင်းလှအောင် များပြားလှသော မိုးမြေစွမ်းအင်များ ရှိနေသည်။

ရုတ်တရက် အောက်ဘက်မှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာပြီး မြေကြီးတစ်ခုလုံး စတင် အက်ကွဲလာခဲ့သည်။ ကျင့်ကြံသူများစွာတို့သည် ထိုအက်ကြောင်းများထဲ ပြုတ်ကျသွားပြီး ပြန်တိုက်ချိန်ပင် မရလိုက်ဘဲ ထူးဆန်းသော စွမ်းအား၏ အမှုန့်ကြိတ်ခြင်း ခံလိုက်ရလေသည်။

အချိန် တစ်ခဏအတွင်းတွင် ကျဆုံးဧကရာဇ်တောင်ထဲရှိ ကျင့်ကြံသူအများစုမှာ သေကြသူကသေ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရကြသူရနှင့် ဒုက္ခအကြီးအကျယ် ရောက်ကုန်ကြလေပြီ။

အရမ်းကြီးအားမကောင်းလှသဖြင့် တောင်အပြင်ဘက်တွင် နေရသူများသာ ကံကောင်းစွာဖြင့် လွတ်မြောက်သွားကြသည်။

ဖေးကျီတုနှင့် ချင်းတုန်တို့သည် ထိုအခြင်းအရာကို ကြည့်ပြီး ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြသည်။ မိုင်တစ်သောင်းအကွာတွင် ရှိနေသည့်တိုင် ထိုအဖြစ်အပျက်များကို သေသေချာချာ လှမ်းမြင်နေရရာ ကျဆုံးဧကရာဇ်တောင်မှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများ မည်မျှ ပြင်းထန်သလဲ ဆိုသည်ကို ခန့်မှန်း ကြည်နိုင်ပေသည်။ နှစ်ယောက်သား အကြည့်ချင်း ဆုံးသွားသည့် အခိုက် ထိတ်လန့်တုန်လှုပ်မှု၊ သံသယရိပ်တို့ တစ်ယောက် မျက်လုံးထဲတွင် တစ်ယောက် မြင်လိုက်ရသည်။

ခဏအကြာတွင် ထိုထူးဆန်းသော အဖြစ်အပျက်များ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ မြေပြင် တုန်ခါမှုများလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် အလွန်ကိုမှ အန္တရာယ် အငွေ့အသက် ပြင်းထန်လှသော အရှိန်အဝါတစ်ခု လေထဲ ထင်ကျန်ရစ်နေခဲ့သည်။

မိုးတိုင်းမလာခင် လေပြေသွေးနေသည့်နှယ်… အကုန်လုံး ရင်တမမ ဖြစ်နေကြလေပြီ။

မိုးမြေစွမ်းအင်များသည် ကျဆုံးဧကရာဇ်တောင်အလယ်ဆီသို့ စီးဆင်းနေဆဲ။ စီးဆင်းနေသည့်နှုန်းမှာလည်း တဖြည်းဖြည်းနှင့် ပိုမို မြန်ဆန်လာခဲ့လေသည်။

ခဏအကြာတွင် မိုးကြိုးပစ်ချလိုက်သည့်နှယ် ကျဆုံး ဧကရာဇ်တောင်ဆီမှ ဖြိုးဖြိုးဖျက်ဖျက် အလင်းတန်းများ တောက်ပ လင်းလက်လာခဲ့သည်။

မိုးမြေတစ်ခွင် ပျက်သုဉ်းသွားစေနိုင်သည့် အရှိန်အဝါတစ်ရပ် ရုတ်တရက် ပျံ့နှံ့လာခဲ့ရာ အကုန်လုံး သွေးဆုတ် ဖြူလျော်ကုန်ကြ၏။ အလင်းတန်းများ ပျောက်ကွယ်သွားချိန် အားလုံး မော့ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားကြရသည်။

ကျဆုံးဧကရာဇ်တောင်ထက်ရှိ ကောင်းကင်ပေါ်တွင် နန်းတော်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုနန်းတော်သည် သိပ်ပြီး မထူးခြားလှသော်ငြား ရှေးဟောင်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ နံရံပေါ်တွင် ခြယ်သထားသော ရွှေရောင်၊ ငွေရောင်တို့မှာလည်း တလက်လက် တောက်ပနေလေသည်။

ထိုစဉ် နန်းတော်သည် မနှေးမမြန်သော အမြန်နှုန်းဖြင့် ကောင်းကင်ပေါ်သို့ ဆန်တက်နေသည်။ တစ်ချိန်တည်းတွင် ၎င်းဆီမှ အရိပ်ကြယ်တစ်ခုလုံးအား လွှမ်းခြုံထားသော ဧကရာဇ်ဖိအားတစ်ရပ် ဖြာထွက်နေခဲ့လေသည်။

“ဒါက…” နင်ရှန်းချန် ထိုနန်းတော်ကြီးကို ကြည့်နေရင်း လုံးဝ မှင်သက်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှု၊ စိုးရိမ်မှုတို့ သူ့မျက်နှာပြင်ထက် ထွက်ပေါ်လာခဲ့သည်။

“ဧကရာဇ်ဥယျာဉ်” ဖေးကျီတုနှင့် ချင်းတုန်တို့ တစ်ပြိုင်တည်း အော်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် သူတော်စင်ဘုရင်အဆင့် လေးယောက်စလုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

ရန်ကိုင်သည်လည်း ချွင်းချက်မဟုတ်။ ယခင်ကတည်းက အရိပ်ကြယ်၏ တားမြစ်နေရာကြီး သုံးခုအကြောင်း သူကြားဖူးခဲ့၏။

ထိုတားမြစ်နေရာများအနက် တစ်ခုဖြစ်သော သဲမီးတောက် နယ်မြေဆီသို့ သူရောက်ခဲ့ဖူးသည်။ သဲမီးတောက်နယ်မြေ မည်မျှ အန္တရာယ်များလဲ ဆိုသည်ကို ရောက်ဖူးသူတိုင်း သိကြသည်။ အရိပ်ကြယ်ပေါ်ရှိ အင်အားစုအသီးသီးမှ တပည့်ပေါင်း သောင်းကျော် သဲမီးတောက်နယ်မြေသို့ ဝင်သွားခဲ့ကြသော်လည်း တစ်ဝက်ကျော်လောက်သာ ပြန်ထွက်လာနိုင်ကြသည်။ ထို့အပြင် အကုန်လုံး ဝင်သွားသည့် အချိန်သည် သဲမီးတောက်နယ်မြေ၏ အပူစွမ်းအင် သိသိသာသာ လျော့ကျနေသည့်အချိန် ဖြစ်သည်။

သဲမီးတောက်နယ်မြေသည် ထိုမျှ လူသေနှုန်း မြင့်မားသော နေရာတစ်ခု ဖြစ်သည်။

ဒုတိယတားမြစ်နယ်မြေသည် ယခု သူတို့ မြင်နေရသည့် ဝဲပျံ နန်းတော်ကြီးဖြစ်သော ဧကရာဇ်ဥယျာဉ် ဖြစ်ပေသည်။

ကောလဟာလများအရ ထိုဧကရာဇ်ဥယျာဉ်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ နေထိုင်ခဲ့သည့် နန်းတော် ဖြစ်သည်ဟု ပြောကြသည်။ ထိုတစ်ချက်နှင့်ပင် အကုန်လုံး အံ့အားသင့်သွားရန် လုံလောက်ပေသည်။

တတိယတစ်ခုသည်ကား အရိပ်ကြယ်၏ အကန့်အသတ်မဲ့ သမုဒ္ဒရာတွင် တည်ရှိသော အရိပ်ဝိဥာဉ်ကျွန်း ဖြစ်ပေသည်။

ပထမတားမြစ်နယ်မြေသည် အရိပ်ကြယ်ပေါ်တွင် နှစ်ပေါင်း ရာနှင့်ချီသွားတိုင်းတစ်ခါ ပေါ်လာလေ့ရှိသည်။

ဒုတိယတားမြစ်နယ်မြေဖြစ်သော ဧကရာဥယျာဉ်မှာမူ ပေါ်လာပြီးပြီးချင်း မကြာခင်မှာပဲ ပျောက်ပျောက်သွားလေ့ ရှိသည့် အတွက်ကြောင့် အရိပ်ကြယ်ပေါ်ရှိ လူများသည် ၎င်းကို မြင်သာ မြင်ဖူးကြပြီး အတွင်းပိုင်းထဲသို့ တစ်ခါမှ မရောက်ဖူးကြချေ။

တတိယတားမြစ်နယ်မြေဖြစ်သော အရိပ်ဝိဥာဉ်ကျွန်းမှာမူ အကုန်လုံးသည် ဆန်းကြယ်မှုတစ်ရပ်အဖြစ်သာ ရှိနေခဲ့သည်။ အရိပ်ဝိဥာဉ်ကျွန်းပေါ်သို့ ခြေချလိုက်သူတိုင်း အသက်ရှင်လျက် ပြန်လာနိုင်သူမရှိဟု ကောလဟာလများရှိသည်။ ထို့ကြောင့် အရိပ်ဝိဥာဉ်ကျွန်းသည် ဧကရာဇ်ဥယျာဉ်ထက်ပင် ပို၍ ဆန်းကြယ်သေးသည်ဟု ပြော၍ရသည်။

ဖေးကျီတုတို့မှ ‘ဧကရာဇ်ဥယျာဉ်’ဟု အော်ပြောလိုက်သည့် အချိန် ရန်ကိုင် ထိတ်လန့်သွားခဲ့ရသည်။ ဟန်အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်ပြီးနောက် လေးလေးစားစားဖြင့် မေးလိုက်သည် “စီနီယာတို့၊ ဒါကြယ်တာရာကောင်းကင် မဟာဧကရာဇ် နေခဲ့တဲ့ နန်းတော်ဆိုတဲ့ နေရာလား”

ဖေးကျီတုက ထိုနန်းတော်ကို စိုက်ကြည့်ရင်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ဟုတ်လောက်တယ်။ ငါကိုယ်တိုင်လည်း တစ်ခါမှ မမြင်ဖူးဘူးဆိုပေမယ့် နန်းတော်ပုံစံက ရှေးဟောင်း စာအုပ်တွေထဲမှာ ရေးထားတာနဲ့ တစ်ပုံစံတည်းပဲ။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ” သူတော်စင်ဘုရင်အဆင့် ပညာရှင်များ တစ်ပြိုင်တည်း ပြန်မေးလိုက်ကြသည်။

“ပြောထားတာနဲ့ နည်းနည်းကွာနေတယ်”

“ဘယ်လိုကွာတာလဲ”

ချင်းတုန်က ခဏလောက် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းတို့ကို ပြောလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ငါမပြောရင်တောင် မင်းတို့ အနှေးနဲ့အမြန် သိလာမှာပဲ။ ဧကရာဇ်ဥယျာဉ် တိတ်တိတ်လေး ပေါ်လာပြီး ခဏလေး အတွင်းမှာပဲ ပြန်ပျောက်ကွယ်သွားတယ် ဆိုတဲ့ အကြောင်းကို မင်းတို့လည်း ကြားဖူးမှာပေါ့၊ ဟုတ်တယ်မလား။ အရင်တုန်းက ငါတို့ အရိပ်လခန်းမက စီနီယာတစ်ဦး ဧကရာဇ်ဥယျာဉ် ပေါ်လာတာကို မြင်ဖူးလိုက်တယ်။ သူလည်း သူမြင်ဖူးတဲ့ အကြောင်းကို ရေးမှတ်တမ်းတင်ခဲ့တာပေါ့။ ဒါပေမယ့် ပြောထားတဲ့ ပုံစံနဲ့ အခုပုံစံက နည်းနည်းကွဲနေတယ်။ ဧကရာဇ်ဥယျာဉ် ပေါ်လာရင် လူမသိသူမသိအောင် တိတ်တိတ်လေး ပေါ်လာတယ် ဆိုပေမယ့် အခုတစ်ခါ ပေါ်လာတာက အရမ်းကြီး ထင်ရှားလွန်းနေတယ်။ အနည်းဆုံး အရိပ်ကြယ်က လူတစ်ဝက်လောက် ဒီအဖြစ်အပျက်ကို မြင်သွားလောက်ပြီ”

ပြောပြီးသည်နှင့် ချင်းတုန် ခါးသက်စွာ ပြုံးလိုက်လေသည်။

“အဲ့ဒါတင် မကသေးဘူး၊ ဧကရာဇ်ဥယျာဉ်ဆိုတာ ထိတွေ့ ကိုင်တွယ်လို့မရတဲ့ ပုံရိပ်ယောင်လို တည်ရှိမှုတစ်မျိုးပဲ၊ ဒါပေမယ့် အခုပုံစံကြီးက…” ဖေးကျီတု မျက်မှောင်ကြီးကြုတ်လျက် ရှိနေလေသည်။

သူဆက်ရှင်းပြနေစရာ မလိုတော့ချေ။ သူတို့ မြင်နေရသည့် ဧကရာဇ်ဥယျာဉ်သည် ပုံရိပ်ယောင်ကဲ့သို့ တည်ရှိမှုမျိုး မဟုတ်ဘဲ လုံးဝ အစိုင်အခဲတစ်ခုနှယ် ထိတွေ့ကိုင်တွယ်၍ ရသည့် တည်ရှိမှုမျိုး ဖြစ်နေသည်။

“ကျုပ်တို့ ဝင်သွားတဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေက ဧကရာဇ်ဥယျာဉ်များ ဖြစ်နေမလား မသိဘူး” ရန်ကိုင်က ပြောလိုက်သည်။

ချင်းတုန်နှင့် ဖေးကျီတုတို့လည်း ထိုကဲ့သို့ တွေးနေမိသည်။ တကယ်တော့ ကျဆုံးဧကရာဇ်တောင်မှာ သူတို့ အပြင်သို့ ထုတ်ပယ်ခံလိုက်ရချိန် ဧကရာဇ်ဥယျာဉ်သည် ကျဆုံး ဧကရာဇ်တောင်ထက်တွင် ပေါ်လာခဲ့သည်။ ထိုအဖြစ်အပျက် နှစ်ခု ကျိန်းသေ တစ်မျိုးတစ်ဖုံ ဆက်စပ်နေရပေမည်။

သူတို့ သွားရောက်စူးစမ်းခဲ့သည့် ရှေးဟောင်းအပျက်အစီး နယ်မြေသာ ဧကရာဇ်ဥယျာဉ် ဖြစ်နေမည်ဆိုပါက ထိုနေရာတွင် ပျောက်ဆုံးသွားပြီဖြစ်သော ဆေးပင်များနှင့် ရတနာများ ဘာကြောင့် ရှိနေရသလဲ ဆိုသည်ကို ရှင်းပြလို့ရလေပြီ။ ဧကရာဇ်ဥယျာဉ် ဆိုမှဖြင့် ထိုထဲတွင် အဖိုးတန်ရတနာများ ရှိမနေမှသာ ထူးဆန်းနေပေလိမ့်မည်။

သူတို့ ဧကရာဇ်ဥယျာဉ်ထဲ ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည့်အကြောင်း စဉ်းစားမိလိုက်သည့်အခိုက်၊ ချိုင်ဟဲ၊ လျန်ကွမ်းနှင့် အခြားသူများ တုန်ရီသွားခဲ့ကြသည်။

ယခု ဧကရာဇ်ဥယျာဉ် ပေါ်လာပြီး ဖြစ်သဖြင့် ထိုထဲသို့ ဒုတိယအကြိမ် ထပ်ဝင်နိုင်မည့် အခွင့်အရေး ရလာခဲ့လေပြီ။

ဧကရာဇ်ဥယျာဉ်သည် အပေါ်သို့ ဆက်တက်နေသေးသည်။ သို့တိုင် ရန်ကိုင်တို့အနေဖြင့် ထိုအရာကို လှမ်းမြင်နေရသေးသည်။ နန်းတော်၏ အရွယ်အစားမှာ အပေါ်သို့ တက်နေသည့်တိုင် နည်းနည်းလေးမှ ပြောင်းလဲမသွားချေ။ ပြောင်းလဲသွားသည်ကား ၎င်းဆီမှ ဖြာထွက်နေသော ဖိအားသာ။ ဖိအားသည် ဖြည်းဖြည်းချင်း အားနည်းလာနေခဲ့သည်။

“ဧကရာဥယျာဉ် ပေါ်လာတဲ့အခါ ကြယ်စီရင်စုကြီး တစ်ခုလုံး ကသောင်းကနင်း ဖြစ်လိမ့်မယ်လို့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ပြောထားတယ်၊ မှန်လား မမှန်လား ဆိုတာတော့ ငါလည်း မသိဘူး” ဖေးကျီတုက ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ မင်းနဲ့ငါ အရင် သွားစစ်ဆေးကြည့်သင့်တယ်။ တကယ်သာ ဧကရာဇ်ဥယျာဉ်ဆိုရင်တော့ ငါတို့အတွက် မကောင်းလောက်ဘူး” ချင်းတုန်က စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ မင်းမပြောရင်တောင် ငါသွားစစ်ဆေးတော့မလို့” ဖေးကျီတုက ခေါင်းညိတ်လိုက်သည်။

အချင်းချင်း သဘောတူညီချက် ရပြီးသည်နှင့် ချင်းတုန်သည် ဂျူနီယာများကို ကောင်းကင်ကံကြမ္မာမြို့တော်သို့ ပြန်ရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။ ထို့နောက် နင်ရှန်းချန်အား ဂျူနီယာများကို လိုက်စောင့်ရှောက်ပေးရန် ပြောပြီးနောက် ဖေးကျီတုနှင့်အတူ ဧကရာဇ်ဥယျာဉ် ရှိရာဆီသို့ ပျံသန်း သွားလေသည်။

သူတို့ ထွဥ◌်သွားပြီးနောက် နင်ရှန်းချန်သည် နေရာတွင် မှုန်ကုတ်ကုတ် အမူအရာဖြင့် ခဏကြာအောင် ရပ်နေသည်။ နောက်ဆုံးတွင် သက်ပြင်းချ၍ ပြောလိုက်သည် “သွားကြရအောင်”

သူလည်း ဧကရာဇ်ဥယျာဉ်ဆီသို့ သွားချင်ပေသည်။ သို့သော် ဧကရာဇ်ဖိအားအကြောင်း စဉ်းစားမိလိုက်သည့်အခါ လက်လျော့ ရုံသာ ရှိတော့သည်။ သူ့ခွန်အားသည် ချင်းတုန်ထက်ရော၊ ဖေးကျီတုထက်ပါ နိမ့်ကျသည်။ သူ့ခွန်အားဖြင့်သာ ဆိုပါက ဧကရာဇ်ဥယျာဉ်နားသို့ မရောက်ခင် ဧကရာဇ်ဖိအားကြောင့် အမှုန့်ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် အမှန်တရားကို လက်ခံပြီး သူတော်စင်ဘုရင် လေးယောက်နှင့်တကွ၊ ပန်းပဲပညာရှင်နှင့်အတူ ကောင်းကင် ကံကြမ္မာမြို့တော်သို့ ပြန်သွားတော့လေသည်။

သွားနေရင်း ရန်ကိုင်သည် ဧကရာဇ်ဥယျာဉ်ဆီသို့ လှမ်းကြည့်မိသည်။ ကြည့်လေကြည့်လေ သူပိုပိုပြီး ဇဝေဇဝါ ဖြစ်လာရလေပင်။

ဧကရာဇ်ဥယျာဉ်ကဲ့သို့ နန်းတော်ပျံမျိုးကို ယခင်က သူမြင်ဖူးပေသည်။ မန်ဝူရ၏ ကောင်းကင်နန်းတော်သည် နန်းတော်ပျံတစ်မျိုးပင် ဖြစ်သည်။ သို့သော်ငြား ဧကရာဇ်ဥယျာဉ်သည် မန်ဝူရ၏ နန်းတော်ပျံထက် အဆပေါင်းများစွာ ပိုကြီးသည်။

ထို့အပြင် ထိုနန်းတော်ပျံ၏ ပိုင်ရှင်မှာ ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်ဖြစ်သဖြင့် ၎င်းဆီမှ ဖြာထွက်နေသော ဧကရာဇ်ဖိအားကို အတုလုပ်၍ မရချေ။

ရန်ကိုင် နားမလည်နိုင် ဖြစ်နေသည်ကား ထိုဧကရာဇ် ဖိအားနှင့် ပက်သက်၍ တစ်ခုခု လိုအပ်နေသလို ခံစားနေရခြင်းပင်။ ထိုဧကရာဇ်ဖိအားသည် မပြည့်စုံသလို သူခံစားနေရသည်။ သို့သော် ဘာမပြည့်မစုံ ဖြစ်နေမှန်း မပြောနိုင် ဖြစ်နေခဲ့သည်။

သို့သော် ထိုအကြောင်းကို ထိုင်စဉ်းစားနေ၍လည်း ဘာမှ ထူးခြားလာမည် မဟုတ်သဖြင့် ထိုအကြောင်းကို ခေါင်းထဲမှ ထုတ်ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။ ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်အကြောင်းကို မည်သူမှ လုံးစေ့ပတ်စေ့ မသိကြသဖြင့် သူသွားမေးလျှင်လည်း မည်သူမှ ဖြေနိုင်လိမ့်မည် မဟုတ်။

လမ်းတွင် ချိုင်ဟဲနှင့် တုစီစီတို့သည် နင်ရှန်ချန်အား သူတို့ မည်သည့်အရာများ ကြုံတွေ့ခဲ့ရသလဲ ဆိုသည်နှင့် ပက်သက်၍ မေးခဲ့သည်။ နင်းချန်းရှန်ဆီ ကြားရသလောက် သူတို့ အဖြူရောင် ဂိတ်ပေါက်ထဲသို့ ဝင်သွားသည့်အခါ ရုပ်သေးရုပ်များစွာနှင့် တွေ့ဆုံခဲ့ရသည်။ ထိုရုပ်သေးရုပ်များနှင့် တိုက်ပွဲတွင် မျိုးရိုးနာမည် ဝမ်နှင့် ကျင့်ကြံသူ သေဆုံးသွားခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၅၉)

ထိုစကားကို ကြားသည့်အခါ တုစီစီ ချိုင်ဟဲအား ကျေးဇူးတင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ချိုင်ဟဲ သူမအား အနက်ရောင်ဂိတ်ပေါက်ထဲသို့ အတင်း ဆွဲခေါ်သွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမလည်း အဖြူရောင်ဂိတ်ပေါက်ထဲသို့ ဝင်သွားပေလိမ့်မည်။ သူမသာ အဖြူရောင်ဂိတ်ပေါက်ထဲသို့ ဝင်သွားနှင့် ဒုက္ခကောင်းကောင်း ရောက်ပေပြီ။

လျန်ကွမ်း အသက်ရှင်လျက် ပြန်လာနိုင်သည်ကို ထည့်မတွက်သင့်။ သူ့တွင် သူ့ကိုယ်စား စတေးပစ်နိုင်သည့် ရုပ်သေးရုပ်များ ရှိသည်။ တုစီစီတွင် ထိုကဲ့သို့ စွမ်းရည် မရှိချေ။

အနက်ရောင်ဂိတ်ပေါက်ထဲကို ဝင်ပြီးနောက် ဧရာမ ရုပ်သေးရုပ်ကြီးနှင့် တိုက်ခိုက်ခဲ့ရသော်လည်း တိုက်ပွဲ တစ်ပွဲလုံးကို ရန်ကိုင်ကသာ တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တိုက်ရသည့် တိုက်ပွဲမှာ တစ်ပွဲတည်းသာ။

ဖေးကျီတုတို့မှာ သူတို့ကဲ့သို့ မဟုတ်ဘဲ ရုပ်သေးရုပ်များစွာနှင့် တိုက်ခိုက်ရခြင်း ဖြစ်သည်။ ရုပ်သေးရုပ်များကို ကျော်ဖြတ်ပြီးနောက် ရေခဲကျောက်စိမ်း ခေါင်းတလားတစ်လုံး ရှိနေသည့် ရေခဲလိုဏ်ဂူတစ်ခုထဲသို့ သူတို့ ရောက်လာခဲ့သည်။ ထိုခေါင်းတလားထဲတွင် လူတစ်ယောက် လဲလျောင်းနေသည်။ သို့သော် လဲလျောင်းနေသည့်လူ မည်သူမှန်း မသိရသေးခင်မှာပဲ အစီအရင်တစ်ခုခုကို သူတို့ မတော်တဆ အသက်သွင်းမိသွား၏။

နောက်ဘာဆက်ဖြစ်လဲ ဆိုသည်ကိုတော့ ရန်ကိုင်တို့လည်း သိပေသည်။ အကုန်လုံး ကျဆုံးဧကရာဇ်တောင်မှ အပြင်သို့ ထုတ်ပယ်ခြင်း ခံလိုက်ရသည်။

ထိုကျောက်စိမ်းခေါင်းတလားသည် ကျဆုံးဧကရာဇ်တောင် ဤကဲ့သို့ ဖြစ်လာရခြင်းသည် အဓိက အကြောင်းပြချက် ဖြစ်သည့် ပုံပင်။

ကျောက်စိမ်းခေါင်းတလားထဲတွင် မည်သူ ရှိနေလဲ ဆိုသည်ကိုမူ နင်ရှန်းချန် မပြောနိုင်ချေ။ သို့သော် သူမြင်လိုက် သလောက် အရဆိုလျှင် ခေါင်းတလားလဲထဲရှိ လူသည် အမျိုးသမီး တစ်ဦးဦး ဖြစ်ပေလိမ့်မည်။

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်ခုံးပင့်သွားသည်။

မိုးမြေစွမ်းအင်၏ ထုတ်ပယ်ခြင်းကို နှစ်ကြိမ်တိုင်တိုင် သူကြုံဖူးပြီးသွားလေပြီ။ နှစ်ကြိမ်စလုံးသည် ဧရာမလက်ကြီး တစ်ဖက် ပေါ်လာပြီး သူ့အား အပြင်သို့ ထုတ်ပယ်ခဲ့သည်။ ထိုလက်သည် အမျိုးသမီးတစ်ဦး၏ လက်ဖြစ်သည်မှာ လုံးဝ သေချာပေသည်။ ယခု ဧကရာဇ်ဥယျာဉ်ထဲရှိ ရေခဲကျောက်စိမ်း ခေါင်းတလားထဲတွင် နင်ရှန်းချန်တို့ တွေ့ခဲ့သော လူသည် အမျိုးသမီးတစ်ဦး ဖြစ်နေလောက်သည်။ ထိုအရာအားလုံးသည် တစ်နည်းတစ်ဖုံးများ ဆက်စပ်နေလေသလား။

ထို့အပြင် သဲမီးတောက်နယ်မြေနှင့် ဧကရာဇ်ဥယျာဉ်သည် မည်ကဲ့သို့ ဆက်စပ်နေလေသနည်း။ ရန်ကိုင် ပိုတွေးလေလေ ပို၍ စိတ်ရှုပ်လာလေပင်။

စဉ်းစားမရသည့်အဆုံး ခေါင်းသာ ခါလိုက်လေသည်။

ထိုဆန်းကြယ်မှုများအပြင် အရိပ်ကြယ်၌ အတော်လေး ထူးခြားသည့် အချက်များလည်း ရှိပေသေးသည်။ ဤနေရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ မရှိကြချေ။ အဆင့် အမြင့်ဆုံး ပန်းပဲပညာရှင်များနှင့် ဆေးပညာရှင်များသည် တန်ခိုးရှင် အဆင့်နိမ့် ပညာရှင်များ ဖြစ်ကြသည်။

အပြန်ခရီးသည် စကားနည်းနည်းလောက် ပြောခြင်းဖြင့်သာ ပြီးဆုံးသွားခဲ့သည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် အကုန်လုံး ကောင်းကင်ကံကြမ္မာမြို့တော်သို့ ပြန်ရောက်လာခဲ့သည်။ တုစီစီ၊ ချိုင်ဟဲနှင့် လျန်ကွမ်းတို့အား နှုတ်စက်စကားပြောပြီး နင်ရှန်းချန်နှင့် စကားနည်းနည်း ပြောပြီးနောက် အားလုံး လမ်းခွဲလိုက်ကြသည်။

လူအိုကြီး ဘာတွေးနေလဲ ရန်ကိုင် မသိဘဲ ဘယ်နေမည်နည်း။ လမ်းတစ်လျှောက်လုံး သူ့အပေါ် ကောင်းပေးခဲ့သည့် အတွက်ကြောင့် ရန်ကိုင်က မသွားခင် နင်ရှန်းချန်အား အချိန်ရှိလျှင် နဂါးလိုဏ်ဂူတောင်ဆီသို့ လာလည်ရန်၊ ပြင်စရာ မှော်ရတနာများ ရှိလျှင်လည်း သူ့အား ပြောရန် ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ နင်ရှန်းချန် ပျော်သွားပြီး ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုပြီးနောက် အလျင်စလို ထွက်သွားလေသည်။ ကောင်းကင်ကံကြမ္မာမြို့တော် အပြင်ဘက်တွင် ရပ်နေရင်း ရန်ကိုင်သည် ကောင်းကင်ပေါ်ကို မော့ကြည့်နေခဲ့သည်။

လောလောဆယ်တွင် ဧကရာဇ်ဥယျာဉ် ကောင်းကင်ပေါ်သို့ ဆက်မတက်တော့ဘဲ အရိပ်ကြယ်ပေါ်ရှိ တစ်နေရာရာတွင် ရပ်သွားခဲ့လေပြီ။ ဧကရာဇ်ဥယျာဉ်၏ အရွယ်အစားမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ၎င်းမှ ဖြာထွက်နေသည့် ဧကရာဇ်ဖိအားမှာ သိသိသာသာ လျော့ကျသွားခဲသည်။

ဖေးကျီတုနှင့် တချင်းတုန်တို့ ဘာကို စစ်ဆေးရန် ကြိုးစားနေကြလဲ ဆိုသည်ကို ရန်ကိုင် နားမလည်။ သို့သော် မကြာခင် အချိန်အတွင်း အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများ လှုပ်လှုပ်ရွရွ ဖြစ်လာကုန်ပေလိမ့်မည်။

ဧကရာဇ်ဥယျာဉ် ပေါ်လာမှုသည် အရမ်း အရေးကြီးပေသည်။ ထို့ကြောင့် မည်သည့် အင်အားစုကြီးမှ ဧကရာဇ်ဥယျာဉ်ကို လျစ်လျုရှုဝံ့လိမ့်မည် မဟုတ်ချေ။ အချိန် ရောက်လာသည့်အခါ အကုန်လုံသည်း အနည်းနှင့်အများ ဆိုသလို အကျိုးအမြတ် လိုချင်ကြသူချည်းသာ။ ထို့ကြောင့် ပဋိပက္ခများလည်း ဖြစ်ပေလိမ့်မည်။

ခဏလောက် လေ့လာကြည့်ပြီးနောက် ရန်ကိုင်၏ အမူအရာ ရုတ်တရက် သုန်မှုန်သွားခဲ့သည်။

ယခင်က သတိမထားမိခဲ့သော်လည်း ယခု သေချာ စစ်ဆေးကြည့်လိုက်သည့်အခိုက် ဧကရာဇ်ဥယျာဉ်သည် အခြားနေရာတွင် ရှိမနေဘဲ ကောင်းကင်ကံကြမ္မာမြို့တော် တည့်တည့်၊ အတိအကျအားဖြင့် နဂါးလိုဏ်ဂူတောင် အပေါ် တည့်တည့်တွင် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ငါ့လခွမ်း

ရန်ကိုင် ထအော်ဆဲလုမတတ် ဖြစ်သွားခဲ့သည်။ ဧကရာဇ်ဥယျာဉ်သည် ထိုကဲ့သို့ ဝဲနေသည့် အတွက်ကြောင့် နဂါးလိုဏ်ဂူတောင် အကျိုးအမြတ် ထွက်နိုင်သည် ဆိုသော်ငြား ပြဿနာ အရှာခံရနိုင်ချေ ပိုများပေသည်။ အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီး အားလုံးမှ ပညာရှင်များ ဧကရာဇ်ဥယျာဉ်ကို လာရောက် စစ်ဆေးကြပေလိမ့်မည်။ အရိပ်လခန်းမလည်း ထိုအင်အားစုများကို ရန်စချင်လိမ့်မည် မဟုတ်။ ထို့ကြောင့် ချင်းတုန်၏ အကာအကွယ်အောက်တွင် ရှိနေသည့်တိုင် နဂါးလိုဏ်ဂူတောင် မလုံခြုံပါ‌ချေ။

မှုန်ကုတ်ကုတ် အမူအရာဖြင့် ခဏလောက် ရပ်ကာ စဉ်းစားနေလိုက်ပြီး နောက်ဆုံးတွင် နဂါးလိုဏ်ဂူတောင်ဆီသို့ ပျံသန်းသွားလေတော့သည်။

ယခုမှ စိုးရိမ်နေ၍လည်း မထူးတော့။ ဧကရာဇ်ဥယျာဉ်ကိုမှ မရှင်းထုတ်ပစ်နိုင်ဘဲ။ နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ စွမ်းအားကို မည်ကဲ့သို့ တိုးမြှင့်ရမလဲ စဉ်းစားဖို့သာ ရှိတော့သည်။

ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ကို စိတ်ထဲ ကြိတ်၍ ကျိန်ဆဲရင်း အလျင်အမြန် ပြေးထွက်သွားလေသည်။

မကြာမီ နဂါးလိုဏ်ဂူတောင်၏ အကာအကွယ် အရံအတား ရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။ ရောက်သည်နှင့် ယန်ယန် ပေးထားသည့် တံဆိပ်ပြားကို ထုတ်၍ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ တံဆိပ်ပြားဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အစီအရင်ထဲသို့ တိုးဝင်သွားလေသည်။

ချက်ချင်းဆိုသလို တောင်အား ဝန်းရံထားသည့် မြူခိုး ထဲတွင် လမ်းပေါက်တစ်ခု ဖြစ်လာခဲ့သည်။ ရန်ကိုင်သည် တံဆိပ်ပြားကို သိမ်း၍ ထိုအပေါက်မှတစ်ဆင့် အထဲသို့ ဝင်သွားလိုက်သည်။ သူဝင်သွားပြီးသည်နှင့် တစ်ပြိုင်နက် မြူခိုးသည် သူ့အလိုလို ပြန်ပိတ်သွားလေသည်။

သူဝင်သွားလိုက်သည်နှင့် တစ်ချိန်တည်းတွင် သူ့အား တားဆီးရန် လူအချို့ ထွက်လာခဲ့သည်။ သို့သော် ရန်ကိုင်မှန်း သိလိုက်ရပြီးနောက် အကုန်လုံး ပျော်သွားကာ ချက်ချင်းပဲ သူ့အား လက်သီးဆုပ် နှုတ်ဆက်လေသည်။

ထိုလူများ၏ နာမည်ကို ရန်ကိုင် မမှတ်မိ၊ ဟိုင်ခဲ မိသားစုမှ တပည့်များ ဖြစ်မှန်းသာ သိသည်။

“ဂိုဏ်းချုပ် ပြန်လာတာကောင်းတယ်” ဦးဆောင်လာသော သူတော်စင်ဘုရင်အဆင့် ပညာရှင်က အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့် ပျော်ရွှင်စွာ ပြောလိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး “မင်းဘာလို့ ငါ့ကို ဂိုဏ်းချုပ်လို့ ခေါ်တာလဲ”

အဖွဲ့ခေါင်းဆောင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် ရှင်းပြလိုက်၏ “သခင်မလေး ဝူရီကပြောတယ်၊ နောက်ပိုင်း သခင်လေးရန်ကို တွေ့ရင် ဂိုဏ်းချုပ်လို့ ခေါ်ရမယ်တဲ့။ သခင်လေးရန် ဂိုဏ်းတစ်ဂိုဏ်းကို ကျိန်းသေ တည်ထောင်မှာဆိုတော့ အခု ကတည်းက ဂိုဏ်းချုပ်လို့ ကြိုခေါ်ထားတာ ပိုကောင်းတယ်တဲ့”

ရန်ကိုင် ဆွံ့အသွားရလေပြီ။

သူ့တွင် ဂိုဏ်းတည်ထောင်ရန် အကြံရှိပေသည်။ သို့သော် အင်အားစုကြီး တစ်ခုအဖြစ် မဟုတ်ဘဲ အင်အားစုငယ်လေး တစ်ခု အဖြစ်သာ။ ထိုသို့ လုပ်ရခြင်းမှာလည်း ထုန်းရွှမ်လောကကြီးမှ သူ့မိတ်ဆွေ၊ မိသားစုများ ရောက်လာချိန် နေစရာရရန် အတွက်သာ ဖြစ်ပေသည်။

ထို့အကြောင်းကို တစ်ခါမှ ထုတ်မပြောခဲ့သော်လည်း ဝူရီသည် သူ့အကြံကို ကြိုသိနေပြီး အစီအစဉ်ပင် စဆွဲနေခဲ့လေပြီ။

ရန်ကိုင် ထိုအကြောင်းကို ဆက်မမေးတော့ချေ။ အဖွဲ့ ခေါင်းဆောင်၏ စိုးရိမ်နေသည့် အမူအရာကို မြင်သော် မေးလိုက်၏ “ငါထွက်သွားနေတုန်း ဘာတွေ ဖြစ်သေးလဲ။ မင်းတို့တွေ ဘာလို့ စိုးရိမ်နေတာလဲ။ ရှဲ့မိသားစု ထပ်လာပြဿနာ ရှာတာလား”

ရှဲ့မိသားစု နဂါးလိုဏ်ဂူတောင်အား ပြဿနာ လာရှာလိမ့်မည်ဟု ရန်ကိုင် တွေးနေခဲ့သည်။ ထိုလူများ၏ စိုးရိမ်နေသည့် အမူအရာကို မြင်သော် ရန်ကိုင် ချက်ချင်း ဒေါသပုန် ထသွားလေသည်။

ရန်ကိုင် မေးခွန်းကိုကြားသော ဦးဆောင်လာသည့် ကျင့်ကြံသူက အလျင်အမြန် ပြန်ပြောလိုက်သည် “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရှဲ့မိသားစုလောက်က ကျုပ်တို့ နဂါးလိုဏ်ဂူတောင်ကို ဘာမှ မလုပ်နိုင်ဘူး။ ဂိုဏ်းချုပ် ထွက်သွားပြီးတဲ့ နောက်ပိုင် ကျုပ်တို့ကို သွေးတိုး လာစမ်းကြည့်သေးတယ်။ ဒါပေမယ့် လာစမ်းတဲ့လူတွေ အကုန်လုံး အလောင်းတော်င မကျန်ဘဲ မသာ ပေါ်သွားရတာချည်းပဲ။ ဘယ်သူမှ ကျုပ်တို့ အစီအရင်တွေကို မကျော်ဖြတ်နိုင်ဘူး”

“ဒါဆို မင်းတို့အားလုံး ဘာကို စိုးရိမ်နေတာလဲ”

“အဲ့ဒါက.. အဲ့ဒါက…” ထိုလူမျက်လုံး မြင်းရိုင်း ကဆုန်ပေါက် ဖြစ်သွားသည်။ စကားလည်း အထစ် အထစ် ဖြစ်ကုန်လေသည်။ သူ့အတွက် ပြောရခက်နေသည့်ပုံပင်။

“အထစ်အထစ် လုပ်မနေနဲ့။ မြန်မြန် ရှင်းပြ” ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့သည်။

“သခင်မလေး ယန်ယန်ကြောင့်ပါ” ထိုကျင့်ကြံသူက အံကြိတ်၍ ပြောလိုက်သည်။

“ယန်ယန်လား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး “ယန်ယန် ဘာဖြစ်သွားလို့လဲ”

“ကျုပ်လည်း မသိဘူး။ သခင်မလေး ဝူရီ ပြောတာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက သခင်မလေး ယန်ယန် ရုတ်တရက် လဲကျသွားတယ်တဲ့။ အဲ့ကတည်းက သတိ မေ့နေတာ အခုထိပဲ။ သခင်လေးဝူရီနဲ့ မိန်းကလေးချင်းယွဲ့တို့လည်း သခင်မလေးယန်ယန်ကို နှိုးဖို့ ကြိုးစားကြည့်နေတာပဲ၊ ဒါပေမယ့်…” ဦးဆောင်လာသည့် ကျင့်ကြံသူအဖို့ ရန်ကိုင် မေးခွန်းကို ဆုံးအောင် မဖြေရသေးခင်မှာပဲ ရန်ကိုင်သည် သူ့ရှေ့ ပျောက်ကွယ်သွားလေပြီ။

ယန်ယန် တစ်ခုခု ဖြစ်သွားမှန်း ကြားလိုက်ရသည့်နောက် ထိုလူ ရှင်းပြနေသည်ကို ရန်ကိုင် နားထောင်ချင်စိတ် မရှိတော့။

အရိပ်ကြယ်သို့ ရောက်လာကတည်းက မိတ်ဆွေ အနည်းငယ်သာ သူဖွဲ့နိုင်ခဲ့သည်။ သူပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သည့် မိတ်ဆွေဆို၍ ပို၍ပင် နည်းသေးသည်။

ယန်ယန်သည် သူအရင်းနှီးဆုံး မိတ်ဆွေများအနက် တစ်ယောက် ဖြစ်သည်။ အရိပ်ကြယ်ပေါ်ရှိ သူ့မိတ်ဆွေများအနက် သူနှင့် အရင်းနှီးဆုံး လူတစ်ယောက်လည်း ဖြစ်သည်။ သူမ ကြောင့်သာ မဟုတ်လျှင် နဂါးလိုဏ်ဂူတောင် ဤမျှ တိုးတက်လာနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ သူမကြောင့်သာ မဟုတ်ပါက ရန်ကိုင်လည်း မှော်ရတနာအများကြီးကို ပိုင်ဆိုင် ထားနိုင်လိမ့်မည် မဟုတ်ချေ။

နဂါးလိုဏ်ဂူတောင် ဤကဲ့သို့ ထွန်းတောက် အောင်မြင် နေရခြင်းမှာ ယန်ယန်ကြောင့် အများကြီး ပါသည်။ ရန်ကိုင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျင့်ကြံနိုင်ခြင်းမှာလည်း ယန်ယန်၏ ကြိုးစားအားစိုက်မှုကြောင့် ဖြစ်သည်။

အချိန်ကြာလာလေ ယန်ယန်၏ အရေးပါမှု ပို၍ ကြီးမားလာလေပင်။ ထို့ကြောင့် ယန်ယန် တစ်ခုခု ဖြစ်သွားကြောင်း ကြားလိုက်ရသည့်အတွက် ရန်ကိုင် စိုးရိမ်သွားခြင်း ဖြစ်သည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် ယန်ယန် ရှိနေသည့်အိမ်ကို သူရှာတွေ့သွားသည်။

လောလောဆယ်၌ ထိုအိမ်ထဲတွင် ချင်းယွဲ့နှင့် ဝူရီတို့ ရှိနေခဲ့သည်။ တစ်ယောက်သည် ယန်ယန်အား ဇွန်းဖြင့် တစ်ခုခု တိုက်နေပြီး အခြားတစ်ယောက်သည် သူမဘေးတွင် တင်ပလင်ခွေ ထိုင်လျက် သူမကိုယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းကာ သူမအား နှိုးရန် ကြိုးစားနေလေသည်။

ရန်ကိုင် ချက်ချင်းပဲ ထိုအိမ်ထဲသို့ ဝင်သွားလေသည်။ အိမ်ထဲသို့ တစ်ယောက်ယောက် ဝင်လာသည်ကို သတိပြုမိသော် ချင်းယွဲ့နှင့် ဝူရီတို့၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွား၏။ သို့သော် ရန်ကိုင် ဖြစ်နေမှန်း သိလိုက်ရပြီးနောက် နှစ်ယောက်စလုံး ဝမ်းသာစွာ ပြုံးလိုက်ကြလေသည်။

ရန်ကိုင်သည် အချိန်ဖြုန်းမနေဘဲ ယန်ယန်ကို သေချာ အာရုံစိုက်လိုက်သည်။ ယန်ယန်သည် လောလောဆယ်တွင် သတိ မေ့နေသည်။ သူမ၏ အသားအရေမှာလည်း ဖြူလျော်နေသည်။ သတိမေ့နေသည့်တိုင် အိမ်မက်ဆိုးတစ်ခုခု မက်သည့်နေသည့် ပုံပင်။

သူမကိုယ်ထဲရှိ သူတော်စင်ချီ စီးဆင်းနှုန်းမှာလည်း ပရမ်းပတာ ဖြစ်နေသေးသည်။

ရန်ကိုင် သူမနား ချက်ချင်း သွားလိုက်ပြီး ယန်ယန်၏ လက်ကောက်ဝတ်ကိုကိုင်လျက် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

ခဏအကြာတွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ယန်ယန်လက်ကို ပြန်လွှတ်လိုက်ပြီးနောက် ဝူရီတို့ဘက်သို့ လှည့်၍ မေးလိုက်လေသည် “သူဘာဖြစ်သွားတာလဲ။ ဘယ်တုန်းက ဖြစ်သွားတာလဲ”

ဝူရီနှင့် ချင်းယွဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဝူရီက စတင် ရှင်းပြလိုက်သည် “လွန်ခဲ့တဲ့ လေးရက်ကအထိ သူအကောင်းကြီးပဲ ရှိသေးတယ်။ ငါသူ့ကို ကူပြီး တစ်ခုခုကို သန့်စင်ပေးနေတုန်း သူ့မျက်နှာ ရုတ်တရက်ကြီး ဖြူစွတ်သွားပြီး ဘာမှန်းမသိတဲ့ စကားတွေ ပြောရော။ ပြီးတာနဲ့ သတိ လစ်သွားကော။ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိတော့ ငါလည်း သူ့အိပ်ရာဆီပဲ ခေါ်လာလိုက်တယ်။ အဲ့ကတည်းက သူ သတိလစ်နေတာ အခုထိပဲ။ နင်ထားခဲ့တဲ့ ကုသရေး ဆေးလုံးတွေ၊ စိတ်စွမ်းအင် ပြန်ဖြည့်ပေးတဲ့ ဆေးလုံးတွေလည်း ငါတို့ သူ့ကို တိုက်ကြည့်တာပဲ၊ သူ့အခြေအနေ နည်းနည်း သက်သာ လာတာကလွဲလို့ ဘာမှ မထူးခြားလာဘူး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၆၀)

လွန်ခဲ့သော လေးရက်က... ရန်ကိုင် မျက်ခုံးပင့်ပြီး အတွေးနက်သွားခဲ့သည်။ လွန်ခဲ့သော လေးရက်ခန့်သည် ကျဆုံးဧကရာဇ်တောင်သည် ပြောင်းလဲမှုများ စဖြစ်လာသည့်နေ့ ဖြစ်သည်။ ယန်ယန် သတိလစ်သွားသည့်နေ့သည် ထိုနေ့နှင့် ကွက်တိဖြစ်နေခဲ့သည်။

ထိုအဖြစ်အပျက်နှစ်ခု မည်ကဲ့သို့ ဆက်စပ်နေသနည်း။ ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ခေါင်းခါလိုက်သည်။

ကျဆုံးဧကရာဇ်တောင်နှင့် ဧကရာဇ်ဥယျာဉ်သည် ကြယ်တာရာ ကောင်းကင် ဧကရာဇ်နှင့် ဆက်စပ်နေသည်။ ထို့သို့ဆိုလျှင် ယန်ယန်က ဘာကြောင့် ထိုနေ့မှာပဲ ထူးထူးဆန်းဆန်း သတိလစ်သွားရသနည်း။

“ရန်ကိုင်၊ သူဘာဖြစ်သွားတာလဲ” ဝူရီက စိုးရိမ်တကြီး မေးလိုက်သည်။

“ငါမသိဘူး” ရန်ကိုင် မျက်ခုံးပင့်လိုက်သည် “အကြီးအကဲချန်နဲ့ ဧည့်အကြီးအကဲဟောင်တို့ကော သူ့ကို စစ်ဆေးပြီးသွားပြီလား”

“စစ်ဆေးပြီးသွားပြီ။ ဒါပေမယ့် ဧည့်အကြီးအကဲ နှစ်ယောက်လည်း ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့ကို ကုဖို့ ဆေးတောင်ကြားဆီ ပို့လိုက်သင့်လား” ဝူရီက သူမ၏ နှုတ်ခမ်းပါးပါးလေးကိုကိုင်လျက် အကြံပေးလိုက်သည်။

ဆေးတောင်ကြားသည် ဆေးပညာရပ်များအတွက် ကျော်ကြားသော်ငြား အရိပ်ကြယ်ပေါ်တွင် သူ့ထက် ဆေးပညာ အကြောင်း ပိုနားလည်သည့်လူ တစ်ယောက်မှ မရှိချေ။ ယန်ယန်ကို ဆေးတောင်ကြားဆီ ပို့လိုက်မည်ဆိုလျှင် ဘာမှ ထူးခြားသွားလိမ့်မည် မဟုတ်ချေ။

ဝူရီသည် အစောကြီးကတည်းက ထိုအကြံကို စဉ်းစားမိသည်။ ရန်ကိုင်မရှိသဖြင့်သာ မဆင်မခြင် မလုပ်ရဲခြင်း ဖြစ်သည်။

“မဟုတ်ဘူး” ရန်ကိုင် ခေါင်းခါလိုက်ပြီး “အဲ့ကိုသွားဖို့ အချိန်လိုသေးတယ်။ ဟိုရောက်သွားမယ် ဆိုရင်တောင် အဲ့က အကြီးအကဲအဆင့်ရှိတဲ့ လူတစ်ယောက်ဆီက အကူအညီ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး”

“အဲ့လိုဆို ကျွန်မတို့ ဘာလုပ်သင့်လဲ” ဝူရီ မီးခဲဖင်ခု ထိုင်ထားသလို ဖြစ်နေသည်။ နဂါးလိုဏ်ဂူတောင်၏ အဓိက ဦးဆောင်သူသည် ရန်ကိုင် ဖြစ်သည်။ ရန်ကိုင် မရှိလျှင် ကိစ္စ အဝဝကို ယန်ယန်နှင့် ဝူရီက တာဝန်ယူသည်။ ယန်ယန်သည် ဝူရီနှင့် ရင်းနှီးကျွမ်းဝင်သည့် လူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် ယန်ယန် ထိုကဲ့သို့ ဖြစ်နေသည်ကိုမြင်သော် ဝူရီ မကြည့်ရက်ခြင်း ဖြစ်သည်။

“စိတ်မပူနဲ့။ ငါနည်းလမ်း တစ်ခုခု ရှာလိုက်မယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် ဆက်၍ရှင်းပြလိုက်သည် “ငါ့သူ့အခြေအနေကို စစ်ဆေးပြီးသွားပြီ။ သူ့ခန္ဓာကိုယ်က ဘာမှ မဖြစ်ဘူး။ ဘာမှမဖြစ်ဘဲ သတိလစ်နေတယ် ဆိုကတည်းက သူ့ဝိဥာဉ် တစ်ခုခု ဖြစ်နေလို့ပဲ ဖြစ်ရမယ်။ သူ့အသိစိတ်ပင်လယ် ထဲကိုသာ ဝင်နိုင်မယ်ဆိုရင် သူဘာဖြစ်နေလဲ သိနိုင်လောက်တယ်”

“အဲ့လိုဆိုရင် သတိထားဦးနော်။ သူ့ကို ထိခိုက်မိဦးမယ်”

“ငါသိတယ်။ နင်တို့ အရင်သွားနှင့်လိုက်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

ဝူရီနှင့် ချန်းယွဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး စိတ်ပူနေသည့် အမူအရာဖြင့် လမ်းလျှောက်ထွက်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း အိမ်ထဲတွင် ရန်ကိုင်နှင့် ယန်ယန်တို့သာ ရှိတော့သည်။ ယန်ယန်၏ ဖြူဖတ်ဖြူလျော် ဖြစ်နေသော မျက်နှာကိုကြည့်ရင်း ရန်ကိုင် သက်ပြင်းချလိုက်၏။ ထို့နောက် သူမ၏ ခေါင်းကို လက်ဖြင့် မလိုက်ပြီး သူမရှေ့တွင် တင်ပလင်ခွေ ထိုင်ချလိုက်သည်။ ပြီးသည့်နောက် သူမ၏ နဖူးကို သူ့လက်ချောင်းဖြင့် ထိလိုက်သည်။

ပြီးသည့်နောက် သူ့စိတ်စွမ်းအင်ကို ယန်ယန်၏ နဖူးထဲသို့ ပို့လွှတ်လိုက်လေသည်။

လောလောဆယ်တွင် ယန်ယန် သတိလစ်နေသည့်အတွက် သူမ၏ အသိစိတ်ပင်လယ်သည် အလိုလို ပိတ်သွားခဲ့သည်။ ရန်ကိုင် အနေဖြင့် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ချင်သည် ဆိုပါက သူမ၏ အသိစိတ်ပင်လယ် အတားအဆီးကို ချိုးဖျက်ရပေလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် သူမ၏ အသိစိတ်ပင်လယ်ကို အနည်းငယ် ထိခိုက်စေနိုင်သည်။ သို့သော် ရန်ကိုင်သည် သူ့အရည်အချင်းအပေါ် အပြည့်အဝ ယုံကြည်ချက်ရှိသည်။ ထို့ကြောင့် ယန်ယန်၏ ဝိဥာဉ် အပြီးတိုင် ထိခိုက်သွားမည်ကို စိုးရိမ်မနေပေ။

ဝိဥာဉ်ကြာပန်း၏ နှစ်ပေါင်းများစွာ အားဖြည့်ပေးမှုကြောင့် ရန်ကိုင်၏ ဝိဥာဉ်သည် အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေလေပြီ။

ခဏအကြာတွင် ရန်ကိုင်၏ နာမ်ဝိဥာဉ် သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး ယန်ယန်၏ အသိစိတ်ပင်လယ် အတားအဆီး၏ အပြင်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။ ယန်ယန်၏ အသိစိတ် ပင်လယ် အတားအဆီးကို မြင်ပြီးနောက် ရန်ကိုင် အံ့ဩသွား၏။ အကြောင်းမှာ ယန်ယန်၏ အသိစိတ်ပင်လယ် အတားအဆီးသည် သူထင်ထားသည်ထက် အဆပေါင်းများစွာ ပိုအားကောင်းနေသည့် အတွက်ကြောင့် ဖြစ်သည်။ သတိလစ်နေသည့်တိုင် သူမ၏ အသိစိတ်ပင်လယ် အတားအဆီးသည် အားကောင်းကြံ့ခိုင် ထူထဲလှသော မြို့တံတိုင်းကြီး တစ်ခုနှင့် တူနေသည်။

ထိုမျှသာမကသေး၊ ထိုတံတိုင်းပေါ်တွင် တလက်လက် တောက်ပနေသော အမှတ်အသားများ ရှိနေသေးသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယန်ယန်၏ ခွန်အားကို အထင်သေးလိုက်မိပြီမှန်း ရန်ကိုင် သိလိုက်သည်။ ယန်ယန်နှင့် စတွေ့ကတည်းက သူမ၏ ကျင့်ကြံခြင်းကို သွားမမေးခဲ့သလို သွားပြီးလည်း မစူးစမ်းဖူးခဲ့ချေ။ ယန်ယန်သည် သူမ၏ ကျင့်ကြံခြင်းကို အခြားသူများ မမြင်နိုင်အောင် မှော်ရတနာ တစ်ခုခုသုံးပြီး ဖုံးကွယ်ထားသည်ဟု သူထင်ခဲ့သည်။ သို့သော် သူထင်ထားသလို မဟုတ်ဘဲ သူမ၏ ကျင့်ကြံခြင်းသည် သူထင်ထားသည်ထက် အများကြီး ပိုမြင့်နေမှန်း ယခုမှပဲ သိလိုက်သည်။

ယန်ယန်သည် တကယ်ကို ဆန်းကြယ်သည့် အမျိုးသမီးပင်။ ရန်ကိုင် အံ့အားသင့်မနေဘဲ အတားအဆီးကို စပ်ဖြဲဖြဲပြုံးလျက် မော့ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ့ဆီမှ အားကောင်းသော စိတ်စွမ်းအင်တို့ ဖြာထွက်လာပြီး အတားအဆီးကို သွားရောက် ထိမှန်လေသည်။

ရန်ကိုင်၏ တိုက်ခိုက်မှု လာရောက် ထိမှန်သည်နှင့် အတားအဆီးပေါ်ရှိ အမှတ်အသားများ တလက်လက် စတင် တောက်ပလာသည်။ ရန်ကိုင်၏ တိုက်ခိုက်မှုသည် ပင်လယ်ထဲ ရောက်သွားသည့် ကျောက်တုံးတစ်တုံးနှယ် ပယ်ဖျက်ခြင်း ခံလိုက်ရလေသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သည်။ စွမ်းအားကို နည်းနည်း ထပ်မြှင့်ပြီး အတားအဆီးကို ထပ်တလဲလဲ တိုက်ခိုက်တော့သည်။ ထိုကဲ့သို့ တိုက်ခိုက်နေစဉ်အတွင်း ယန်ယန်အား မထိခိုက်မိစေအောင် သူ့စွမ်းအားကို သေချာ ထိန်းချုပ်ထားခဲ့သည်။

ထိုသို့လုပ်နိုင်ဖို့ မလွယ်ကူချေ။ အတားအဆီးပေါ်ရှိ အမှတ်အသားများ တဖျက်ဖျက် လင်းလက်နေပြီး ရန်ကိုင်၏ တိုက်ခိုက်မှုများကို အဆက်မပြတ်‌ ချေဖျက်နေခဲ့သည်။

သို့သော်လည်း ယန်ယန်သည် သတိလစ်နေသည့် အတွက် သူမ၏ အသိစိတ်ပင်လယ် အတားအဆီးသည် အားမနည်းလျှင်ပင် ရန်ကိုင်၏ တရပ်စပ် တိုက်ခိုက်မှုကို မခုခံနိုင်ချေ။ တစ်နာရီလောက်ကြာပြီး အတားအဆီးအပေါ် အပေါက်တစ်ပေါက် ဖောက်လိုက်နိုင်ခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ယန်ယန်၏ အသိစိတ်ပင်လယ်ထဲ ဝင်သွားတော့မည် အပြု အလင်းတန်းသုံးခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုဝင်ပေါက်ကို ပိတ်သွားခဲ့သည်။

ကျော့ရှင်းသော ခရမ်းရောင်၊ အပြစ်အနာအဆာကင်းသော အဖြူရောင်နှင့် အပြာရင့်ရောင်တို့ပင်...

ထိုအလင်းတန်းသုံးခုဆီမှ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည့် အတွက်ကြောင့် ရန်ကိုင် မျက်မှောင် ကြုတ်သွားပြီး ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။

နောက်ဆုတ်ပြီးမှ ပြန်လှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်သည့် မြင်ကွင်းကြောင့် ရန်ကိုင် မှင်သက်သွားသည်။

သူမြင်လိုက်ရသည့် အလင်းတန်း သုံးခုသည် အခြား မဟုတ်ဘဲ မှော်ရတနာသုံးခု ဖြစ်နေခဲ့သည်။

ခရမ်းရောင် အလင်းတန်းသည် အစွမ်တကားကားနှင့် မြွေတစ်ကောင်အသွင်သို့ ပြောင်းလဲနေသည့် ဓါးမြောင် တစ်ချောင်း ဖြစ်သည်။

အဖြူရောင် အလင်းတန်းမှာမူ သေးသွားလိုက်၊ ကြီးသွားလိုက် ဖြစ်နေသော ကျောက်စိမ်းသားဖြင့် လုပ်ထားဟန် ရသော အဖြူရောင်ကွင်းတစ်ကွင်း ဖြစ်သည်။

နောက်ဆုံး အပြာရင့်ရောင် အလင်းတန်းသည် စည်းတစ်ခု ဖြစ်သည်။ ထိုစည်းဆီမှ ဖြာထွက်နေသော မိုးပြာရောင် အလင်းတန်းများသည် ရန်ကိုင်၏ ဝိဥာဉ်ကို နေရာင်ရှေ့သို့ ရောက်သွားသည့် နှင်းများနှယ် အရည်ဖျော်ချပစ်နေသည်။

ရန်ကိုင် ဖြူလျော်သွားခဲ့သည်။

ယန်ယန်သည် အဆင့်မြင့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သူမတွင် အားကောင်းသည့် မှော်ရတနာ များစွာ ရှိလိမ့်မည်မှန်း သိထားသော်လည်း သူမ၏ အသိစိတ် ပင်လယ်ကို ကာကွယ်ပေးထားသည့် ဝိဥာဉ်အမျိုးအစား မှော်ရတနာ သုံးခုပင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထို့အပြင် ထိုမှော်ရတနာသုံးခုသည် သူမ၏ ဝိဥာဉ်ကို သူ့အလိုလို ကာကွယ်ပေးနေခြင်း ဖြစ်သည်။

ပြဿနာ များလာပြီ ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင် မျက်နှာ အရုပ်ဆိုးသွားခဲ့သည်။

ယန်ယန်၏ အသိစိတ်ပင်လယ်တွင် အပေါက်တစ်ပေါက် ဖောက်လိုက်နိုင်သော်လည်း ဝိဥာဉ်မှော်ရတနာ သုံးခု၏ တိုက်ခိုက်မှုသုံးခုကို မခုခံနိုင်ပါက ယန်ယန်၏ အသိစိတ် ပင်လယ်ထဲသို့ ဝင်လို့ ရလိမ့်မည် မဟုတ်ချေ။

ထိုဝိဥာဉ်မှော်ရတနာ သုံးခုမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းအရ ထိုသုံးခုကို ဖြတ်ကျော်ဖို့ လုံးဝ မလွယ်ချေ။ ထိုသုံးခုကို ဖြတ်ကျော်ဖို့ ကြိုးစားလျှင် သူဒဏ်ရာရလျှင်ရ၊ မရလျှင် ယန်ယန် ဒဏ်ရာရပေလိမ့်မည်။ ထိုရလဒ် နှစ်ခုစလုံးကို ရန်ကိုင် မလိုချင်ချေ။

ထို့ကြောင့် ရန်ကိုင် ကျဉ်းထဲကြပ်ထဲ ရောက်သွားလေသည်။

သို့သော်လည်း သူဝေခွဲမရ ဖြစ်နေစဉ်အတွင်း ယန်ယန်၏ အသိစိတ်ပင်လယ် အတားအဆီးသည် သူ့ဘာသာ ပြန်လည် ပြုပြင်နေလေပြီ။ နည်းနည်းလောက် ကြာလျှင် ထိုအပေါက် လုံးဝ ပြန်ပိတ်သွားပေလိမ့်မည်။

ထိုသို့ ဖြစ်သွားလျှင် သူ့ကြိုးစားအားထုတ်မှု အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

အပေါက်မှာ သူ့အလိုလို ပြန်ပိတ်နေသော်လည်း ဝိဥာဉ် မှော်ရတနာ သုံးခုက ကာကွယ်ပေးနေသည့် အတွက်ကြောင့် ရန်ကိုင် ရှေ့တိုးရ၊ နောက်ဆုတ်ရ ခက်နေခဲ့သည်။

နောက်ဆုံး ရန်ကိုင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ယန်ယန်၏ အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် သတင်းစကား တစ်ခု လှမ်းပို့လိုက်လေသည်။

ထိုသို့ပို့လိုက်ပြီးနောက် ရန်ကိုင် စိုးရိမ်တကြီး စောင့်နေလိုက်သည်။

သို့သော်လည်း ယန်ယန်၏ အသိစိတ်ပင်လယ် အတားအဆီးသည် သူ့ဘာသာ အလိုလို ပြန်ပြင်နေသည်။ မျက်တောင် တစ်ခတ်အတွင်း ရန်ကိုင်၏ အသိစိတ်ပင်လယ် ပြန်ကောင်းသွားခဲ့လေပြီ။

ရန်ကိုင် သက်ပြင်းချလိုက်ပြီး လက်လျော့တော့မည် အပြု အသိစိတ်ပင်လယ် အတားအဆီးပေါ်တွင် အပေါက်တစ်ပေါက် ပေါ်လာပြီး ဝိဥာဉ်မှော်ရတနာသုံးခုလည်း သူ့အလိုလို ပြန်ဆုတ်သွားလေသည်။

ရန်ကိုင် ခဏလောက် ရပ်နေလိုက်သေးသည်။ အပေါက် ပြန်မပိတ်သွားသည်ကို မြင်သော် ပျော်သွားပြီး ယန်ယန်၏ အသိစိတ်ပင်လယ်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

ယန်ယန် သူပြောသည်ကို ကြားသွားလေပြီ။ ထို့ကြောင့် သူဝင်လာနိုင်ရန်အတွက် လမ်းပေါက် ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်လည်း တကယ်ကြီး အလုပ်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ စမ်းကြည့်လိုက်ရုံသာ ဖြစ်သည်။ ယန်ယန်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို သတိမပြုမိသည် မဟုတ်ဘဲ သူမ၏ ဝိဥာဉ်သည် အသိစိတ်ပင်လယ်ထဲတွင် ရောက်နေပြီး အပြင်ဘက်မှ ခေါ်သံများကို မတုန့်ပြန်နိုင်ခြင်း ဖြစ်ပေသည်။

ယန်ယန်၏ အသိစိတ်ပင်လယ်မြင်ကွင်းကို မြင်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

အကြောင်းမှာ ယန်ယန်၏ အသိစိတ်ပင်လယ်သည် သူ့အသိစိတ်ပင်လယ်နှင့် တူညီနေသည့် အတွက်ကြောင့် ဖြစ်သည်။ လှိုင်းထန်နေသော ပင်လယ်ပြင်တွင် မီးတောက် မီးလျှံများဖြင့် ပြည့်နေသည်။ ကောင်းကင်သည် ကြက်သွေးရောင် တောက်နေခဲ့သည်။ ပင်လယ်ပြင်ထက် ရပ်နေရသည်မှာ မီးဖိုတစ်လုံးထဲ ရပ်နေရသလိုပင်။

တေဇောဓါတ်အသိစိတ်ပင်လယ်...

သဲမီးတောက်နယ်မြေထဲမှ ဖမ်းလာခဲ့သည့် မီးစုန်း တော်တော်များများကို ယန်ယန်အား ပေးခဲ့သည်။ မီးစုန်းများကို သန့်စင်မည်ဆိုပါက တေဇောဓါတ်အသိစိတ်ပင်လယ်ကို ရနိုင်ချေ ရှိပေသည်။ မီးစုန်းများကို ယန်ယန်ဆီ ပေးပြီးနောက် ထိုအကြောင်းကို တစ်ခါမှ ထပ်မမေးဖြစ်ခဲ့ချေ။

လက်ရှိ မြင်ရသလောက် ယန်ယန်သည် ကံကောင်းပြီး တေဇောဓါတ်အသိစိတ်ပင်လယ်ကို ရရှိသွားသည့်ပုံပင်။ ထို့အပြင် ယန်ယန်၏ အသိစိတ်ပင်လယ်သည် သူ့အသိစိတ်ပင်လယ်နှင့် အရမ်းကြီး သိပ်မကွာချေ။ စွမ်းအားချင်း ကွာခြားလျှင်ပင် အရမ်းကြီးတော့ မကွာခြားချေ။

တကယ်တော့ ရန်ကိုင် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ရထားသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။

အသိစိတ်ပင်လယ်ထဲတွင် မီးတောက်မီးလျှံများဖြင့် ပြည့်နေပြီး ပူစီပေါင်းများသည် လေထဲတွင် ဝဲပျံနေကြသည်။ ထိုပူစီပေါင်းများထဲတွင် ယန်ယန်၏ ဘဝအတွေ့အကြုံများ ရှိနေကြသည်။

ရန်ကိုင်သည် ယန်ယန်၏ မှတ်ဥာဏ်များကို သွားစစ်ဆေးခြင်းမျိုး မလုပ်ခဲ့ချေ။ သို့သော်လည်း ထိုပူစီပေါင်း တော်တော်များများသည် ထူးခြားသော အရှိန်အဝါတစ်မျိုးအား ထုတ်လွှတ်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သေးသည်။

ထိုကဲ့သို့သော အရှိန်အဝါမျိုးသည် သူ့အသိစိတ်ပင်လယ် ထဲတွင် မရှိပါချေ။

ခေါင်းတရမ်းရမ်းနှင့် အပေါ်သို့ မော့ကြည့်လိုက်ရာ သူရှာနေသည့် အရာကို တွေ့သွားပြီး ချက်ချင်းပဲ အပေါ်သို့ ပျံသန်းသွားလေသည်။

ကောင်းကင်ထက် တစ်နေရာရာတွင်၊ ပုံရိပ်တစ်ခုသည် ဘောလုံးလေးတစ်လုံးလို ကွေးနေခဲ့သည်။

ထိုအရာသည် ယန်ယန်၏ နာမ်ဝိဥာဉ် ဖြစ်ပေသည်။

လက်ရှိတွင် ယန်ယန်သည် မိခင်၏ ဝမ်းဗိုက်ထဲတွင် ရှိနေသော သန္ဓလောင်းလေးနှင့်ပင် တူနေသေးသည်။ မျက်လုံးများသည် တင်းတင်းကြပ်ကြပ် ပိတ်နေပြီး မျက်တောင် များမှာမူ တဖျက်ဖျက် လှုပ်ခါနေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် သူ့စိတ်ထဲ အလိုလို ဝမ်းနည်းမိလာသဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယန်ယန်၏ ဝိဥာဉ်သည် မိမွေဖမွေးအတိုင်း ဖြစ်နေသော်လည်း မည်သည့် ရမက်စိတ်ကိုမှ သူမခံစားရ။ သူမအား နှိုးပြီး နှစ်သိမ့်ပေးချင်စိတ်တို့သာ သူ့စိတ်ထဲ ဖြစ်ပေါ်နေမိသည်။

All Chapters