အခန်း (၁၃၆၁-၁၃၆၅)
Vol. 55 Ch. 1361-1365
အပိုင်း (၁၃၆၁)
ရန်ကိုင် ရောက်လာသည်ကို သတိပြုမိလိုက်သည့်နောက် ယန်ယန်၏ မျက်လုံးများ ပွင့်လာပြီး သူ့အား ကြည့်လိုက်သည်။
အကြည့်ချင်း ဆုံးသွားသည့်နောက်တွင် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။
အကြောင်းမှာ သူမနှင့် အကြည့်ချင်း ဆုံးသွားသည့်နောက် သူသည် ဘာမှမဟုတ်သော သေးနုပ်သည့် ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်ဟု ခံစားလိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။
သို့သော် နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည့်အခါ ဘာမှ မခံစားရတော့ချေ။ ယန်ယန်၏ အကြည့်သည်လည်း သာမန် အကြည့်မျိုးသာ ဖြစ်နေခဲ့သည်။
ယန်ယန် သူ့အား တစ်ချက်ကြည့်ပြီးနောက် မျက်လုံး ပြန်ပိတ်သွားသည်။ ရန်ကိုင် မည်မျှပင် ခေါ်စေကာမူ မည်သည့် တုန်ပြန်မှုမှ မရတော့ချေ။
ထို့နောက် ယန်ယန်၏ အသိစိတ်ပင်လယ် ဆူပွက်လာပြီး လိမ္မော်ရောင် ပူစီပေါင်းတစ်လုံး မီးတောက်ပင်လယ်မှ အပေါ်သို့ ရုတ်တရက် ပျံဝဲတက်လာသည်။ ထိုပူစီပေါင်းသည် ယန်ယန်ဆီသို့ ပျံတက်လာပြီး သူမအောက်တွင် ပေါက်ကွဲသွားခဲ့သည်။ ထိုပူစီပေါင်း ပေါက်ကွဲသွားသည်နှင့် သူမ၏နာမ်ဝိဥာဉ်ထဲသို့ ထူးဆန်းသော စွမ်းအင်တစ်မျိုး စီဝင်သွားသည်။
ထိုသို့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ယန်ယန်၏ မျက်နှာ နာကျင်မှုကြောင့် မဲ့သွားသည်။ မျက်ခုံးများ တင်းတင်းကြပ်ကြပ် တွန့်ကွေးလာပြီး သူမ၏ ခန္ဓာကိုယ်လေးဟာ ဆိုလျှင်လည်း ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ ဒူးနှစ်ဖက်ကိုလည်း ပို၍ တင်းတင်းကြပ်ကြပ် ပိုက်ထားလိုက်သည်။
ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် စိတ်ရှုပ်သွားရသည်။
ယန်ယန် ဘာကြောင့် ထိုသို့ဖြစ်သွားမှန်း သူနားမလည်ချေ။ သို့သော်လည်း ယခု သူမ ထိုကဲ့သို့ ဖြစ်နေရသည်မှာ သူမ၏ အသိစိတ်ပင်လယ်ထဲရှိ ပူစီပေါင်းများနှင့် ဆက်စပ်နေမည်မှန်း နားလည်လိုက်သည်။
အဲ့ပူစီပေါင်းတွေထဲမှာ သူ့မှတ်ဥာဏ်တွေ ရှိနေတာ မဟုတ်ဘူးလား။ သူဘာလို့ ဒီလို ဖြစ်သွားတာလဲ
ရုတ်တရက် သူတစ်ခုခု ပြန်သတိရလိုက်သည်။ ယန်ယန်က တစ်ခါက သူ့ကို ပြောခဲ့ဖူးသည်။ သူမအား မည်သူမှက ပန်းပဲ ပညာရပ်ကို ဖြစ်စေ၊ အစီအရင် ခင်းကျင်းခြင်း ပညာရပ်ကိုဖြစ်စေ၊ မသင်ကြားပေးခဲ့ချေ။ ထိုပညာရပ်နှစ်ခုနှင့် ပက်သက်သော အသိဥာဏ်များသည် သူမ၏ မှတ်ဥာဏ်ထဲတွင် အလိုလို ရှိနေခြင်း ဖြစ်ပြီး ပန်းပဲထုလုပ်ခြင်း၊ အစီအရင်များကို ခင်းကျင်းခြင်းဖြင့် ထိုမေ့လျော့နေသော မှတ်ဥာဏ်များကို တဖြည်းဖြည်း ပြန်လည် အမှတ်ရလာနိုင်သည်ဟု ယန်ယန် သူ့အား ပြောခဲ့ဖူးသည်။
သူမ မှတ်ဥာဏ်ထဲ ချိတ်ပိတ်ထားခြင်း ခံရသော အသိဥာဏ်များသည် ထိုလိမ္မော်ရောင် ပူစီပေါင်းလေးများထဲတွင် ရှိနေပေခြင်းလော။ ထိုအသိဥာဏ်များ မည်သည့် နေရာမှ ရောက်လာလေသနည်း။ ထိုပူစီပေါင်းများ ဘာကြောင့် ရုတ်တရက် ပေါက်ကွဲကုန်ကြသနည်း။
ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ယန်ယန်၏ လက်ရှိပုံစံသည် ဝါးနိုင်သည်ထက် ပိုဝါးမိသလို ဖြစ်နေသည်။ သူမ နားလည်နိုင်သည်ထက် ပိုများသော အသိဥာဏ် ဗဟုသုတများကို အတင်းအကြပ် နားလည်ရန် ကြိုးစားခြင်းကြောင့် ယခုကဲ့သို့ သတိလစ်သွားခဲ့ခြင်း ဖြစ်လောက်သည်။
ခန့်မှန်းချက် သက်သက်သာ ဖြစ်သော်လည်း မှန်သည်မှာ သေချာသလောက် ရှိသည်။
ထိုသို့သာဆိုလျှင် ရန်ကိုင်လည်း မတတ်နိုင်ပါချေ။ သို့သော် တစ်နည်းတော့ ရှိပေသည်။ ထိုလိမ္မော်ရောင် ပူစီပေါင်းများထဲတွင် ပါဝင်နေသာ အသိဥာဏ်များကို သူစုပ်ယူလိုက်မည် ဆိုပါက ယန်ယန် ခံစားနေရသည့်ဒဏ် သက်သာသွားနိုင်ပေသည်။ သို့သော် ထိုသို့လုပ်ခြင်းသည် ယန်ယန် ရမည့် အကျိုးအမြတ်များကို ဖြတ်လုလိုက်ခြင်း မည်ပေသည်။ ထို့ကြောင့် ရန်ကိုင် ထိုကဲ့သို့ လုပ်မည် မဟုတ်ချေ။
လောလောဆယ်တွင် ယန်ယန်အတွက် အတော်လေး ဖိအားများနေသော်ငြား သူမသာ တောင့်ခံနိုင်မည်ဆိုလျှင် သူမ ရမည့် အကျိုးအမြတ်မှာ အလွန်ကိုမှ များပြားပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် သက်ပြင်း တစ်ချက် ချလိုက်မိသည်။ ယခု ပြဿနာ အရင်းအမြစ်ကို သူရှာတွေ့သွားလေပြီ။ သူထင်ထားသလို ဆိုးဆိုးရွားရွား မဟုတ်သဖြင့် ဘာမှ စိုးရိမ်နေစရာ မလိုတော့ချေ။
သို့သော်လည်း ချက်ချင်းကြီး ပြန်မသွားသေးချေ။ မတော်တဆ တစ်ခုခု ဖြစ်လာလျှင် ဝင်ကူညီပေးနိုင်ရန်အတွက် ယန်ယန်၏ နာမ်ဝိဥာဉ်ကို ဆက်စောင့်ကြည့်နေလိုက်သည်။
စိတ်ဆုံးဖြတ်ပြီးနောက် ယန်ယန်၏ နားထဲ စကားအချို့ ကပ်ပြောလိုက်သည်။ ထို့နောက် ခမ်းလှမ်းလှမ်းသို့ ဆုတ်သွားပြီး တင်ပလင်ခွေထိုင်လျက် သူမ၏ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။
သူစိတ်ထဲပဲ ထင်နေသလား ဘာလားတော့ မသိရာ၊ သူရှိနေသည့် အတွက်ကြောင့် ယန်ယန် ပို၍ စိတ်အားတက်သွား သည်ဟု သူခံစားလိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် လိမ္မော်ရောင် ပူစီပေါင်းများသည် အသိစိတ်ပင်လယ်ထဲမှ အဆက်မပြတ် ပျံတက်လာပြီး ယန်ယန် အနီးသို့ အရောက်တွင် ပေါက်ကွဲကုန်လေသည်။
ယန်ယန်၏ အမူအရာသည် နာကျင်မှုကြောင့် မဲ့နေသော်ငြား ယခင်နှင့်စာလျှင် ပိုသက်သာလာသည့်ပုံပင်။
အချိန်ကြာလာသည်နှင့် ပူစီပေါင်း အရေအတွက်မှာ လျော့နည်းလာပြီး ယန်ယန်၏ အမူအရာမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း လဝက် ကုန်သွားခဲ့သည်။ ထိုလဝက်အတွင်း ရန်ကိုင်သည် ယန်ယန်နားမှ တစ်လက်မလပင် မရွေ့ခဲ့ချေ။ မျက်လုံးပိတ်လျက် တင်ပလင်ခွေ ထိုင်နေသည့်တိုင် သူမအား အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံး ပူစီပေါင်း ပေါက်ကွဲသွားပြီးသည့် နောက်တွင် သူမ ဘေးပတ်လည်ရှိ အကြည်ရောင် အရံအတား ပျက်ပြယ် သွားပြီး ယန်ယန် ဖြည်းဖြည်းချင်း မျက်လုံး ပွင့်လာခဲ့သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ရင်ဘတ်ကိုကာ၍ ကျန်တစ်ဖက်ဖြင့် သူမ၏ အဖိုးအတန်ဆုံးနေရာကို ကာကာ မတ်တပ်ရပ်လိုက်၏။ သူမ၏ အနက်ရောင် ဆံကေသာရှည်များသည် လေမတိုက်သည့်တိုင် တဖျတ်ဖျတ် လွင့်ခါနေခဲ့သည်။
သူမ၏ အသိစိတ်ပင်လယ်တစ်ခုလုံး ရုတ်ချည်း တည်ငြိမ်သွားခဲ့သည်။
ရန်ကိုင် ထိုမြင်ကွင်းကို ကြောင်ကြည့်နေမိသည်။ လက်ရှိ ယန်ယန်သည် အံ့ဩမှင်သက်ဖွယ်ရာ နတ်သမီးလေး တစ်ပါးကဲ့သို့ လှပနေပေသည်။
ယခင်ကဆိုလျှင် ယန်ယန်သည် တစ်ချိန်လုံး အနက်ရောင် ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည့်အတွက် သူမ မျက်နှာကို ရန်ကိုင် တစ်ခါမှ သေချာ မမြင်ဖူးခဲ့ချေ။ သို့သော်လည်း သူမ ရုပ်ရည်ကို မြင်တွေ့ပြီးနောက် ယန်ယန်သည် အလွန်ကိုမှ ဆွဲဆောင်ရှိလှသည့် မိန်းကလေး တစ်ဦး ဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။ ယန်ယန်သာ ပို၍ ကောင်းကောင်းမွန်မွန် ဝတ်စားမည် ဆိုလျှင် ယောကျာ်းပေါင်း များစွာကို အရူးတစ်ပိုင်း ဖြစ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
ရန်ကိုင် ငေးကြည့်နေစဉ် ယန်ယန်၏ နာမ်ဝိဥာဉ်မှ အရောင် တလက်လက် တောက်ပလာခဲ့သည်။ ထိုအလင်းရောင်သည် မျက်စိကျိန်းမတတ် လင်းလက်နေရုံမက ရန်ကိုင်ကိုပင် သွေးပျက် သွားစေသည့် ဖိအားတစ်ခုလည်း ပါဝင်နေခဲ့သည်။
ထိုအရှိန်အဝါ သူ့အား လာရောက်ရိုက်ခတ်ချိန် ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရသည်။
ဧကရာဇ်ဖိအား ရန်ကိုင် မျက်လုံးပြူးသွားခဲ့သည်။ ကျဆုံး ဧကရာဇ်တောင်တွင် ရှိစဉ်က ထိုဖိအားကို ခံစားခဲ့ဖူးသဖြင့် ထိုဖိအားနှင့် အတော်လေး ရင်းနှီးနေသည်ဟု ပြော၍ရသည်။
ထိုထူးဆန်းသော ဧကရာဇ်ဖိအားသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။ အလင်းရောင်တို့ ပျောက်ကွယ်သွားသည့် အခါ ယန်ယန်သည် သူမ၏ ပင်မလက်စွဲ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် ကြည့်ကာ ရပ်နေခဲ့သည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထိုင်ရာမှထ၍ ယန်ယန်ဆီ ပျံသန်းသွားလိုက်သည်။ သူမနှင့် အနီးအနားသို့ တိုးကပ်သွားပြီး ယန်ယန်အား သေချာ စစ်ဆေးကြည့်လိုက်သည်။
ယန်ယန်သည် ယန်ယန်သာ ဖြစ်သည်။ ဘာမှ ပြောင်းလဲမသွားချေ။ သို့သော်လည်း သူကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် ရန်ကိုင် စိတ်ထဲ သင်္ကာမကင်း ဖြစ်နေခဲ့သည်။
“နင်အဆင်ပြေလား” အချိန် အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က မေးလိုက်သည်။
“အင်း၊ ငါအဆင်ပြေတယ်” ယန်ယန်က ဆံပင်ကို နားသယ်နောက် သပ်တင်၍ ရန်ကိုင်အား ပြုံးပြလိုက်သည်။
ထိုအပြုံးထဲ ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့သည်။ ယန်ယန် ထိုကဲ့သို့ ပြုံးသည်ကို ရန်ကိုင် တစ်ခါမှ မမြင်ဖူးချေ။ ယခင်က ယန်ယန်သည် အလွန်ကိုမှ ကြောက်တတ်သည့် ကောင်မလေး တစ်ယောက် ဖြစ်သည်။ ပန်းပဲထုလုပ်ခြင်းနှင့် အစီအရင် ခင်းကျင်းတို့တွင်သာ ယုံကြည်ချက်ရှိသူ တစ်ဦး ဖြစ်သည်။
“ငါနင့်ကို စိတ်ပူအောင် လုပ်လိုက်မိပြီနဲ့ တူတယ်” ယန်ယန်က တိုးတိုးလေး ပြောလိုက်သည်။
“နင်အဆင်ပြေရင်ပြီးရော။ ဝူရီနဲ့ ချင်းယွဲ့က နင့်ကို အရမ်းစိတ်ပူနေတာ။ နင်အဆင်ပြေတယ်ဆိုတော့ ငါသွားတော့မယ်”
“အင်း၊ နင်အရင်သွားနှင့်၊ ငါဒီမှာ ခဏလောက် နေလိုက်ဦးမယ်၊ လုပ်စရာအချို့ ရှိသေးလို့” ယန်ယန်က သူမ၏ နှုတ်ခမ်းလေးကိုကိုင်လျက် ပြန်ပြောလိုက်သည်။
ရန်ကိုင်က သူမအား ကြည့်လျက် ခေါင်းညိတ်လိုက်ပြီး “အင်း၊ နင်လုပ်စရာတွေ လုပ်ပြီးမှပဲ ထွက်လာပေါ့”
ပြောပြီးသည်နှင့် ရန်ကိုင်၏ နာမ်ဝိဥာဉ် ယန်ယန်၏ အသိစိတ်ပင်လယ်ထဲမှ ပျောက်ကွယ်သွားလေသည်။
ရန်ကိုင် ထွက်သွားပြီးနောက် ယန်ယန်၏ မျက်နှာထက် ရှုပ်ထွေးသည့် အကြည့်တစ်မျိုး ထွက်ပေါ်လာခဲ့သည်။ သူမ ဘာတွေးနေလဲ နားလည်ရန် ခက်လှသည်။ ခဏကြာပြီးနောက် သက်ပြင်းတစ်ချက်ချလျက် တင်ပလင်ခွေ ထိုင်ချလိုက်သည်။ မျက်လုံးပိတ်လိုက်ပြီး သူမ အသစ်ရရှိထားသည့် မှတ်ဥာဏ် အသစ်များကို စတင် ခွဲခြမ်းစိတ်ဖြာတော့သည်။
အိမ်ထဲ၌... ရန်ကိုင် မျက်လုံး ပြန်ပွင့်လာပြီး သူ့ရှေ့တွင် တင်ပလင်ခွေ ထိုင်နေသော ယန်ယန်ကို ကြည့်လိုက်သည်။ ယန်ယန်မျက်နှာ ပန်းဆီရောင် ပြန်သမ်းလာပြီး အသက်ရှုနှုန်း ပြန်လည် တည်ငြိမ်နေသည်ကို သတိပြုမိလိုက်သည့်အခါ သူမ အန္တရာယ် မရှိတော့မှန်း သိလိုက်သည်။ လောလောဆယ်တွင် သူမ၏ နာမ်ဝိဥာဉ်သည် အသိစိတ်ပင်လယ်ထဲတွင် ရှိနေသေးသည့် အတွက်ကြောင့် အချိန်တိုအတွင်းတော့ သတိရလာဦးလိမ့်မည် မဟုတ်ချေ။
ယန်ယန် ဘာတွေ ကြုံတွေ့ခဲ့သလဲ ဆိုသည်ကို ရန်ကိုင် မမေးခဲ့ချေ။ သူ့အတွက်တော့ ယန်ယန်သည် ယန်ယန်သာ ဖြစ်သည်။ ဘာတွေပဲဖြစ်ဖြစ်၊ ယန်ယန်သာ ပြောချင်စိတ်ရှိလျှင် သူမဘာသာ ပြောပေလိမ့်မည်။ သူသွားမေးနေစရာ မလိုချေ။
ယန်ယန်အား အိပ်ရာပေါ် ပြန်လှဲချပေးလိုက်ပြီး စောင်ဖြင့် ခြုံပေးလိုက်ပြီးနောက် အိမ်ခန်းထဲမှ ထွက်သွားလေသည်။
ဝူရီနှင့် ချင်းယွဲ့တို့သည့် တံခါးအပြင်ဘက်၌ စိုးရိမ်တကြီး ရပ်စောင့်နေကြသည်။ ရန်ကိုင် ယန်ယန် အခန်းထဲတွင် ရှိနေသည်မှာ လဝက် ရှိနေလေပြီ။ ထို့အပြင် သူ့ဆီမှ မည်သည့် သတင်းမှ မကြားရသေး။ ထို့ကြောင့် သူမတို့ အတော်လေး စိတ်ပူနေမိသည်။
ရန်ကိုင်ကို သွားမနှောင့်ယှတ်သော်ငြား သူမတို့ စိတ်ပူမနေဟု မဆိုလိုချေ။
တံခါးပွင့်လာပြီး ရန်ကိုင် ထွက်လာသည်ကို မြင်သည့်နောက် ဝူရီက အလျင်စလို မေးလိုက်သည် “သူအခြေအနေ ဘယ်လိုလဲ”
“အားလုံး အဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး။ နောက်ရက် နည်းနည်းလောက်ကြာရင် သူနိုးလာလိမ့်မယ်”
ထိုစကားကို ကြားလိုက်သည့် အခါမှပဲ ဝူရီနှင့် ချင်းယွဲ့တို့ နှစ်ဦးစလုံး သက်ပြင်းချလိုက်နိုင်ကြသည်။
“ယန်ယန်ကိစ္စ ခဏထားလိုက်ဦး။ ဧကရာဇ်ဥယျာဉ် ပေါ်လာပြီးတဲ့ နောက်ပိုင်း ငါတို့ နဂါးလိုဏ်ဂူတောင် အခြေအနေ ဘယ်လိုရှိလဲ”
“ဧကရာဇ်ဥယျာဉ် ပေါ်လာတာ နင်လည်း သိတယ်လား” ဝူရီ အံ့အားသင့်သွားသည်။ ဧကရာဇ်ဥယျာဉ်သည် မကြာသေးခင်ကမှ ပေါ်လာခြင်းဖြစ်ပြီး ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ယန်ယန်နှင့်အတူ ရှိနေခဲ့သည့်။ ထို့ကြောင့် ထိုအကြောင်း သူမည်ကဲ့သို့ သိသွားလဲ ဝူရီ နားမလည်နိုင် ဖြစ်နေခဲ့သည်။
ဧကရာဇ်ဥယျာဉ် ပေါ်လာသည့်အကြောင်းကို ဝူရီ သိသွားရခြင်းမှာ အရိပ်လခန်းမမှ သတင်းများ ပြန့်လာသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ဝူရီက ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ဒီတစ်ဝိုက်မှာ မျက်နှာစ်ိမ်းတွေ အများကြီး ပေါ်လာတယ်။ ကောင်းကင်ကံကြမ္မာမြို့တော်က လူအရေအတွက်လည်း တစ်ဟုန်ထိုး မြင့်တက်လာတယ်။ အခုလောလောဆယ်တော့ ငါတို့ နဂါးလိုဏ်ဂူတောင်အတွက် ဘာပြဿနာမှ မရှိသေးပေမယ့် ဒီအတိုင်းသာ ရေရှည် ဆက်သွားမယ် ဆိုရင်တော့ ပြဿနာ များလာနိုင်တယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဝူရီ ပြောသည့် ကိစ္စသည် သူစိုးရိမ်နေသည့် ကိစ္စပင်။
ဧကရာဇ်ဥယျာဉ်သည် နဂါးလိုဏ်ဂူတောင်ရှေ့တွင် ပေါ်လာခဲ့သည်။ ထို့ကြောင့် ကျင့်ကြံသူများစွာတို့ ဤနေရာသို့ စုရုံး ရောက်ရှိလာကြလေသည်။ အချိန်ကြာလာသည် နှင့်အမျှ လူပိုများလာပေလိမ့်မည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက အကြီးအကဲချင်း နင့်ဆီ သတင်း တစ်ခုပို့ထားတယ်” ဝူရီက ပြောလိုက်သည်။
“အို၊ ဘာပို့ထားတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
သူမ သိုလှောင်လက်စွပ်ထဲမှ စာတစ်စောင်ကို ဝူရီ အမြန် ထုတ်ပေးလိုက်လေသည်။ ထိုစာကို ဖွင့်ဖတ်ကြည့်လိုက်သည့် အခါ စာပေါ်တွင် မည်သည့် စကားလုံးမှ ရှိမနေမှန်း တွေ့လိုက်ရသည်။ ကောင်းကင်စိတ်အာရုံဖြင့် ဖတ်ကြည့်လိုက်သည့် အခါမှသာ ဘာရေးထားမှန်း သူသိလိုက်ရသည်။
အကြီးအကဲချင်းတုန် ပြောထားသည့် အထဲတွင် အချက် နှစ်ချက်ပါသည်။ အရိပ်လခန်းမ၏ အတွင်းရေး ပဋိပက္ခ အဆုံးသတ်သွားလေပြီ။ ချင်းတုန်သည် တန်ခိုးရှင်အဆင့်သို့ ရောက်နိုင်သည့် ပန်းပဲပညာရှင် တစ်ယောက်နှင့် ပြန်ပေါ်လာသည့် အတွက်ကြောင့် တစ်ဖက် အဖွဲ့သည့် ယခင်ကကဲ့သို့ မဆင်မခြင် မလှုပ်ရှားရဲတော့ချေ။
ထို့အပြင် ဧကရာဇ်ဥယျာဉ် ပေါ်လာသည့် ကိစ္စကြောင့် အရိပ်လခန်းမထဲရှိ မည်သူမှ အချင်းချင်း မတိုက်ခိုက်ချင်တော့။ ဂိုဏ်းချုပ်သည်လည်း အတွင်းရေးကို ရပ်တန်းကရပ်ရန် အမိန့်ထုတ်ထားသည်။
ထို့ကြောင့် အတွင်းရေး ပဋိပက္ခ ငြိမ်းအေးသွားခဲ့ရသည်။ နဂါးလိုဏ်ဂူတောင်နှင့် ရှဲ့မိသားစုကြား ကိစ္စတွင် အရိပ်လခန်းမ ဝင်ပါမည် မဟုတ်ဟုလည်း ချင်းတုန် ပြောထားသေးသည်။ နဂါးလိုဏ်ဂူတောင်နှင့် အရိပ်လခန်းမသည် ယခင်အတိုင်း စီးပွားရေး ဆက်လုပ်မည်ဖြစ်ပြီး တောင်းပန်သည့် အနေဖြင့် ကုန်ကြမ်းပစ္စည်းများကို တစ်ဆယ်ရာခိုင်းနှုန်း လျော့ဈေးဖြင့် ရောင်းချပေးမည်ဟုလည်း ပြောထားသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၂)
စာထဲရှိ အကြောင်းအရာကို ဖတ်ပြီးသော် ရန်ကိုင် အလွန် ကျေနပ်သွားခဲ့သည်။ ချင်းတုန်သည် လေးစားထိုက်သည့် လူတစ်ဦး ဖြစ်သည်။ အသက်နှင့်ရင်းပြီး ချင်းတုန်အား သွားကယ်ခဲ့ရသည်မှာ တန်ပေသည်။ ရန်ကိုင်နှင့် ရှဲ့မိသားစု ကြားမှ ရန်ကြွေးကို သူတို့ကိုယ်တိုင် ဖြေရှင်း၍ ရပြီဖြစ်သလို လျှော့ဈေး တစ်ဆယ်ရာခိုင်နှုန်းပါ အဆစ် ထပ်ရလိုက်သေး၏။ နဂါးလိုဏ်ဂူတောင်၏ ဝယ်ယူနှုန်းအရ ထို(၁၀)ရာခိုင်နှုန်းသည် သူတို့အား သူတော်စင်သလင်းကျောက်များစွာ သက်သာ စေပေလိမ့်မည်။
စာရွက်ထဲတွင် ပါသော ဒုတိယ အကြောင်းအရာသည် ဧကရာဇ်ဥယျာဉ် အကြောင်း ဖြစ်သည်။
ထိုနေ့တွင်၊ ချင်းတုန်နှင့် ဖေးကျီတုသည် ဧကရာဇ်ဥယျာဉ်ကို ကိုယ်တိုင် သွားရောက် စစ်ဆေးကြည့်သည်။ အနီးကပ်သို့ မရောက်ခဲ့သော်လည်း ဧကရာဇ်ဥယျာဉ်နှင့် နီးနိုင်သမျှ နီးအောင်သို့ ချဉ်းကပ်ခဲ့သည်။ ထိုသို့ လုပ်ရင်းမှ အကြောင်းအရာ တစ်ခုကို သူတို့ သိခဲ့ရသည်။
ဧကရာဇ်ဥယျာဉ်သည် အစစ် ဖြစ်ပေသည်။ ယခင်ကကဲ့သို့ ပုံရိပ်ယောင် မဟုတ်ချေ။
ထို့အပြင် ရက်ပေါင်းများစွာကြာအောင် တန်ခိုးရှင်အဆင့် ပညာရှင် များစွာတို့သည် ဧကရာဇ်ဥယျာဉ်နားသို့ ကပ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မည်သူမှ အနီးသို့ မရောက်ခဲ့ပေ။ ရောက်သွားလျှင်ပင် ဧကရာဇ်ဥယျာဉ်ထဲသို့ မည်သို့ ဝင်ရမှန်း သူတို့ မသိကြ။ ဤနေရာ၏ စီမံအုပ်ချုပ်သူဖြစ်သော အရိပ်လ ခန်းမသည် အခြား အင်အားစုများစွာတို့ ဧကရာဇ်ဥယျာဉ် ထဲသို့ မည်ကဲ့သို့ ဝင်ရမလဲ ဆိုသည့် ကိစ္စနှင့် စပ်လျဉ်း၍ ဖိတ်စာများစွာ ပို့ခဲ့သည်။
အရိပ်ကြယ်၏ အနယ်နယ်အရပ်ရပ်တွင် ရှိနေကြသော ပညာရှင်များစွာတို့သည် ယခုအချိန်အတောအတွင်း ကောင်းကင် ကံကြမ္မာမြို့တော်ဆီသို့ အပြေးလာနေခဲ့သည်။ ထိုသို့လာနေသူများအနက် အများစုသည် တန်ခိုးရှင် တတိယ အဆင့် ပညာရှင်များ ဖြစ်ကြသည်။
ထိုစကားမှာ ရိုးရှင်းသော်လည်း ချင်းတုန်သည် ရန်ကိုင်အား လောလောဆယ် အချိန်အတွင်း ပြဿနာ မရှာမိအောင် သတိထားရန် စောင်းချိတ်ပြောနေခြင်း ဖြစ်သည်။
ထိုအချက်ကို သိလိုက်သည့်အခါ ရန်ကိုင် မျက်ခုံး ပင့်မိသွားသလို ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့သည်။
ချင်းတုန် သတိမပေးလျှင်ပင် သူ့ဘက်က ပြဿနာရှာမည် မဟုတ်ချေ။ ယခုအချိန်သည် တကယ်ကို ပြဿနာရှာလို့ ကောင်းသည့် အချိန် မဟုတ်ချေ။ သူ့တွင် အခြား လုပ်စရာကိစ္စ များစွာ ရှိနေပေသေးသည်။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်ကို အပြီးတိုင် ပိတ်ချပြီး ခဏလောက် တောင်တွင်းအောင်လျက် တံခါးပိတ်ကျင့်စဉ်ဝင်လျှင် ကောင်းမလားဟုပင် စဉ်းစားနေခြင်း ဖြစ်သည်။
ဧကရာဇ်ဥယျာဉ်နှင့် ပက်သက်၍မူကား၊ အခြားသူများကို အရင် စစ်ဆေးခိုင်းလိုက်ပေမည်။ သူတို့ စစ်ဆေးပြီး ဧကရာဇ် ဥယျာဉ်ထဲသို့ မည်သို့ဝင်ရမလဲ သိသွားတော့မှ သူလှုပ်ရှားလည်း နောက်မကျသေးပါချေ။ ဧကရာဇ်ဥယျာဉ်ထဲကို ဝင့်လို့ရလျှင်တော့ သူကျိန်းသေ ဝင်ရပေမည်။ အသက်ရေစင်ကို သွားစစ်ဆေးဖို့ လိုသလို လောကရတနာဖြစ်သည့် ယုန်ဖြူကြီးကိုလည်း သွားဖမ်းရန် ကျန်သေးသည်။ ယုန်ဖြူကြီးကိုသာ ရေခဲဖီးနစ် ဝါးမြိုနိုင်လိုက်မည် ဆိုလျှင် ၎င်း၏ခွန်အား သိသိသာသာကို တိုးတက်လာပေလိမ့်မည်။
စဉ်းစားပြီးနောက် ချင်းတုန် ပို့လာသည့် စာကို နတ်ဆိုး မီးတောက်ဖြင့် မီးရှို့ပြချပစ်လိုက်သည်။ ထို့နောက် ပျက်စီးနေသော ခရမ်းရောင်ဒိုင်းကို ဝူရီနှင့် ချင်းယွဲ့အား ပေးရင်း ယန်ယန်ကို ဂရုစိုက်ထားရန်၊ ယန်ယန် နိုးလာလျှင် သူ့ဒိုင်းကို ပြန်ပြင်ပေးဖို့ပြောရန် မှာကြားပြီးနောက် သူ့လိုဏ်ဂူဆီသို့ တစ်ယောက်တည်း ပြန်သွားလေသည်။
လိုဏ်ဂူသို့ ပြန်ရောက်သည့်အခါ သူ့ရတနာများကို စစ်ဆေးကြည်၏။ ဖယောင်းနီသီးသည် ညိုးခြောက်သွားမည့် အရိပ်အယောင် မပြသေးဘဲ အကောင်းအတိုင်း ရှိနေသေးသည်။ နှစ်တစ်သောင်းအမွှေးနံ့သာ၏ အနံ့သည်လည်း လိုဏ်ဂူ တစ်ခုလုံး ပျံ့နှံ့နေခဲ့လေသည်။ အကုန်လုံး အကောင်းအတိုင်း ရှိနေသေးမှန်း သိလိုက်ရပြီးနောက် သူ့အခန်းဆီသို့ ပြန်သွားလိုက်ပြီး တင်ပလင်ခွေထိုင်ကာ စတင် စဉ်းစားတော့သည်။
လက်ရှိ ဦးစားပေးသည် သူ့ခွန်အားကို တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ထိုပညာရှင်များ ဧကရာဇ် ဥယျာဉ်ထဲသို့ ဝင်နိုင်မည့်နည်းလမ်း ရှာသွားသည့်အခါ ဧကရာဇ် ဥယျာဉ်ထဲရှိ အကျိုးအမြတ်များအတွက် ယှဉ်ပြိုင်နိုင် သူ့တွင် လုံလောက်သောခွန်အား ရှိထားရန် လိုအပ်ပေသည်။
အချိန်တိုအတွင်း တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ဝင်ရောက် နိုင်လိမ့်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်ပြီး ခွန်အားကို မြှင့်တင်မည့် အစား အခြား နည်းလမ်းများဖြင့် ခွန်အားကို မြှင့်တင်ခြင်းသည် လောလောဆယ် အခြေအနေအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုသို့ စဉ်းစားပြီးနောက် ယခင်တစ်ကြိမ် ခရီးမှ ရလာသည့် အဖိုးတန်ရတနာများအားလုံးကို ဖြန့်ချလိုက်သည်။
ယခုအကြိမ်၌ သူရလာသော ပစ္စည်း များများစားစား မရှိချေ။ သို့သော် တစ်ခုချင်းစီတိုင်းသည် အဖိုးတန်လှသည်။ အနည်းငယ် မသန့်စင်သော အသက်ရေစင်သည်လည်း အတော်လေး အဖိုးတန်၏။ တစ္တေတိမ်တိုက် အစီအရင်ပြားဟာ ဆိုလျှင်လည်း အလွန်ကိုမှ အားကောင်းလှသော ဝှက်ဖဲတစ်ချပ် ဖြစ်သည်။ ယခင်က ရန်ကိုင်တွင် မှော်ရတနာနှစ်ခု ရှိခဲ့သည်။ သို့သော် ထိုခရီး၌ တစ်ခုပျက်စီးသွားခဲ့ရပြီး တစ်ခု ထိခိုက်သွားခဲ့ရသည်။ ထိုအစီအရင်ပြားသည် သူ့ဆုံးရှုံးမှုအတွက် ပြီးပြည့်စုံသော အစားထိုးမှု တစ်ရပ်ပင်။
သူသာ ထိုအရာကို သန့်စင်နိုင်လိုက်သည်နှင့် သူ့ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
ထူးဆန်းသော အနက်ရောင်တုတ်ချောင်းလည်း ရှိသေးသည်။ ထိုတုတ်ကို ဘာနှင့်လုပ်ထားလဲ သူမသိ၊ သို့သော် တုတ်၏ အလေးချိန်မှာ အရမ်းကိုမှ များလွန်းလှသည်။ တုတ်ကို သုံးဖို့ရာအတွက် ထူးထူးခြားခြား နည်းလမ်းများ မလိုအပ်။ ဒီအတိုင်း ဝှေ့ရမ်းလိုက်ရုံနှင့်ပင် အဆင်ပြေသည်။
စစ်မှန်သော ခွန်အားရှေ့မှောက်တွင် အရာအားလုံးသည် ပကာဿန သက်သက်သာ ဖြစ်သွားသည်။
သို့သော်လည်း ရန်ကိုင် စိတ်ညစ်ရသည်ကား သူ့ခွန်အားကို အကုန်လုံးသုံးလျှင်ပင် ထိုတုတ်ကို အသုံးမပြုနိုင်ခြင်းပင်။
ထိုသုံးခုသည် ယခုတစ်ခေါက် ခရီးမှ သူရလာသည့် အဖိုးတန် ပစ္စည်းများ ဖြစ်ပေသည်။
ထိုသုံးခုအပြင် သူ့တွင် အခြား ရှင်းစရာကိစ္စလေးများ ရှိသေးသည်။
ခဏလောက် စဉ်းစားပြီးနောက် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုကို ထုတ်လိုက်သည်။ စူးစူးရှရှ အော်မြည်သံနှင့်အတူ မီးငှက် လိုဏ်ဂူထဲ ထွက်ပေါ်လာခဲ့လေသည်။
ချက်ချင်းဆိုသလို မီးငှက်၏ အရွယ်အစား ကျုံ့သွားပြီး ရန်ကိုင် ပခုံးပေါ်တွင် လာနားသည်။
ရန်ကိုင်က မီးငှက်အား အပြုံးဖြင့်ကြည့်လျက် တစ်ခုခု ပြောလိုက်သည်။ သူပြောပြီးသည့်နောက် မီးငှက်သည် ရန်ကိုင်အား ခေါင်းစောင်းကြည့်လာသည်။ ထို့နောက် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ရန်ကိုင် လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။
ရန်ကိုင်၏ အကြံပေးချက်နှင့် ပက်သက်၍ မီးငှက် ကြောက်နေမိသလို စိတ်လည်း အလွန်ကိုမှ လှုပ်ရှားနေမိသည်။
“မလုပ်ချင်ရင်လည်း ဘာမှမဖြစ်ဘူး။ နဂါးအရိုးနဲ့ နဂါးဓါတ်လုံးကိုပဲ သွားပြန်သင့်စင်ပေး” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် မီးငှက်သည် မီးတောက် မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင် လက်ချောင်းရှိ လက်စွပ်ဆီသို့ ထိုးဆင်းသွားလေသည်။ ရန်ကိုင် မျက်ခုံး ပင့်လိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် လက်စွပ်ကို အသက်သွင်း၍ မီးငှက်ကို လက်စွပ်ထဲသို့ ဆွဲယူလိုက်သည်။
ခဏအကြာတွင် လက်စွပ် လင်းလက်လာပြီး မီးငှက်ကို ရန်ကိုင် ပြန်လွှတ်ပေးလိုက်သည်။ လက်ရှိတွင် မီးငှက်၏ ခန္ဓာကိုယ်၌ အသက်ရှိနေသော မြွေတစ်ကောင်နှယ် တွားသွားနေသော အနီရောင်အမျှင်တန်းလေးတစ်ခု ရှိနေခဲ့သည်။
မီးငှက်သည် စူးစူးရှရှ အော်မြည်လိုက်ပြီး သူ့ကိုယ်ပေါ်ရှိ မီးတောက်များကိုသုံး၍ ထိုအနီရောင် အမျှင်တန်းအား သန့်စင်ရန် ကြိုးစားလိုက်သည်။
နေမီးလျှံပင်...
ရန်ကိုင်၏ ထိုလက်စွပ်ထဲတွင် ပစ္စည်းနှစ်မျိုးသာ ရှိသည်။ တစ်မျိုးသည် နှစ်တစ်သောင်းရေခဲကျောက်စိမ်းဖြစ်ပြီး အခြား တစ်မျိုးသည် နေမီးလျှံ အဆီအနှစ်ဖြစ်သည်။
မီးငှက် နေမီးလျှံ အမျှင်တန်းအချို့ကို တစ်ခါ ဝါးမြိုဖူးသည်။ ထိုသို့ ဝါးမြိုပြီးနောက် ၎င်း၏ခွန်အား သိသိသာသာ တိုးတက်လာ၏။ သို့သော် ဧကရာဇ်ဥယျာဉ်ထဲရှိ လောကရတနာနှင့် တိုက်ခိုက်စဉ်က ထိုလောကရတနာ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
လောကရတနာ မည်မျှ အားကောင်းမှန်း အကြမ်းဖျင်း သိထားပြီးသွားပြီ ဖြစ်သဖြင့် မီးငှက်၏ ခွန်အားကို မြှင့်တင်ရန် ရန်ကိုင် စဉ်းစားလိုက်ခြင်း ဖြစ်သည်။ မီးငှက်၏ ခွန်အားကို မြှင့်တင်ရန်အတွက် နေမီးလျှံကို ဝါးမြိုခိုင်းလိုက်ခြင်းသည် အမြန်ဆန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။
အတော်လေးလည်း အန္တရာယ်များသည့် နည်းလမ်း ဖြစ်သည်။ ထို့ကြောင့် မီးငှက်ကို မလုပ်ချင်လျှင် ကိစ္စမရှိဘူးဟု ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နေမီးလျှံကို မီးငှက်၏ ဝါးမြိုချင်စိတ်သည် ၎င်းအပေါ် မီးငှက်၏ ကြောက်စိတ်ထက် ပိုမို အားကောင်းနေခဲ့လေသည်။
နေမီးလျှံအမျှင်တန်းအချို့ကို ဝါးမြိုပြီးနောက် မီးငှက်သည် ၎င်း၏ ပန်းပဲမီးဖိုဆီသို့ ပြန်သွားပြီး ထိုမီးလျှံကို စတင် သန့်စင်တော့၏။
မီးငှက် ပြန်ထွက်လာသည့် အချိန်၌ ၎င်း၏ ခွန်အားသည် ယခင်က ပိုမိုမြင့်မားလာမည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။
မီးငှက်ကိစ္စပြီးသွားပြီးသည့်နောက်တွင် တစ္ဆေတိမ်တိုက် အစီအရင် ပါဝင်နေသော အစီအရင်ပြားကို ကောက်ယူ၍ သေချာ စစ်ဆေးကြည့်သည်။
အစီအရင်ပြားကို ရစဉ်က သေချာ စစ်ဆေးခွင့် မရခဲ့ချေ။ ချိုင်ဟဲ၊ တုစီစီတို့နှင့် စကားပြောရင်းမှသာ အစီအရင်ပြား မည်မျှ အဖိုးတန်ကြောင်း သိခဲ့ရသည်။ စစ်ဆေးကြည့်လိုက်သည့်အခါ အစီအရင်ပြားကို အမည်ဖော်မရသော သတ္တု သို့မဟုတ် သစ်သား တစ်မျိုးမျိုးဖြင့် လုပ်ထားကြောင်း တွေ့ရှိလိုက်ရသည်။ အစီအရင်ပြားသည် သစ်သားတံဆိပ်ပြား တစ်ခုနှင့် တူသော်ငြား ထို့ထက် ပိုလေးသည်။ လက်တစ်ဝါး အရွယ်အစားလောက် ရှိပြီး မျက်နှာပြင်ပေါ်တွင် တိမ်ပုံစံ ပန်းချီကားများ ဆွဲထားသည်။
ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုအစီအရင်ပြားကို သူတော်စင်ချီ၊ ကောင်းကင်စိတ်အာရုံကို သုံး၍ စတင် သန့်စင်ရန် ကြိုးစားတော့လေသည်။
အစီအရင်ပြားများသည် မှော်ရတနာများနှင့် ဆင်တူသော အစီအရင်ပညာရှင်များမှ ဖန်တီးထားသည့် အရာများ ဖြစ်ကြသည်။ ထို့ကြောင့် မှော်ရတနာနျင့် အစီအရင်ပြားများကို ပြုလုပ်ရသည်မှာ အတော်လေး တူညီလှသည်။ ထို့အပြင် အစီအရင်ပြားများကို သန့်စင်ရသည်မှာ အရမ်းကြီး မခက်လှချေ။
မျက်တောင်တစ်ခတ်အတွင်း တစ်လ ကုန်ဆုံးသွားခဲ့သည်။ ထိုတစ်လအတွင်း ရန်ကိုင်သည် အစီအရင်ပြားကို အောင်မြင်စွာ သန့်စင်လိုက်နိုင်ပြီး သူ့ကိုယ်ထဲသို့ ထည့်သွင်းလိုက်နိုင်သည်။ တစ္တေတိမ်တိုက်အစီအရင်အကြောင်း နားလည်သွားပြီ ဆိုသည်နှင့် ထိုအစီအရင်ပြားကို စတင် အသုံးချနိုင်လေပြီ။
ထိုအစီအရင်ပြားသည် သူဖောက်ခွဲလိုက်ရသည့် တောင်တစ်ရာ ပန်းချီကားချပ်ထက်ပင် ပိုအဖိုးတန်သေးသည်။
ရန်ကိုင် မျက်လုံးပြန်ဖွင့်လာချိန် ယန်ယန်သည် သူရှေ့တွင် ထိုင်လျက် အနားတွင် ရှိနေသော တစ်မီတာအရှည်ရှိသည့် အနက်ရောင် တုတ်ချောင်းအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နင်ဘယ်တုန်းက ရောက်နေတာလဲ” ရန်ကိုင် အံ့ဩတကြီး မေးလိုက်သည်။
ယန်ယန်လက်ထဲတွင် လိုဏ်ဂူစံအိမ်၏ အစီအရင်များကို ထိန်းချုပ်သည့် တံဆိပ်ပြားရှိနေသော်လည်း သူမ ရောက်လာသည်ကို ရန်ကိုင် လုံးဝ သတိမပြုမိချေ။
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရောက်နေတာ။ ဒါပေမယ့် နင်အစီအရင်ပြားကို သန့်စင်နေတာ မြင်လို့ နင့်ကို မနှောင့်ယှတ်ဘဲ နေလိုက်တာ” ယန်ယန်က ပြန်ပြောလိုက်ပြီး ပျော်ရွှင်စွာပြုံးလျက် အနက်ရောင်တုတ်ချောင်းကို လက်ညိုးထိုး၍ “အဲ့ကောင်းကင်ဖျက်တုတ်ကို ဧကရာဇ်ဥယျာဉ်ထဲကနေ နင်ယူလာတာလား”
“ကောင်းကင်ဖျက်တုတ်” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ သို့သော် ယန်ယန် ဘာကို ပြောနေမှန်း ချက်ချင်း နားလည်သွားကာ အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏ “နင်ဒီပေါ်က စာလုံးတွေကို ဖတ်တတ်တာလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၃)
အနက်ရောင် တုတ်ချောင်းပေါ်တွင် ရန်ကိုင် နားမလည်သည့် စကားလုံးလေးလုံး ရှိနေခဲ့သည်။ သို့သော်လည်း ယန်ယန်က ထိုစကားလုံးလေးလုံးကို ကောင်းကင်ဖျက်တုတ်ဟု ဖတ်သွား၏။
ယန်ယန်က ရန်ကိုင်ကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လျက် “ငါနားလည်တာ ဘာမှားနေလို့လဲ။ နင်သန့်စင်လိုက်တဲ့ အစီအရင်ပြားကိုလည်း ဧကရာဇ်ဥယျာဉ်ကနေပဲ ယူလာတာမလား”
“အင်း” ယန်ယန်ကို စောင့်ကြည့်နေရင်း ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်၏ အကြည့် အနည်းငယ် ထူးခြားနေသည်ကို သတိပြုမိသော် ယန်ယန်က ရယ်သွမ်းသွေးလျက် “ဘာဖြစ်လို့လဲ။ ငါပြောင်းလဲသွားလို့လား”
“နင်အရမ်း ဗဟုသုတ ကြွယ်ဝမှန်း ငါသိပေမယ့် ဒီရှေးဟောင်းစာလုံးတွေကိုတောင် သိထားမယ်လို့ ငါမထင်ထားဘူး”
“ဒီရှေးဟောင်းစာလုံးတွေ လွန်ခဲ့တဲ့ နှစ်ထောင်ပိုင်းတုန်းက သုံးခဲ့သေးတယ်။ အရိပ်ကြယ်မှာ တစ်ခုခု ဖြစ်သွားလို့သာ အဲ့စကားလုံးတွေ ပျောက်ကွယ်သွားခဲ့တာ။ ဒီကောင်းကင်ဖျက်တုတ်က ရတနာတစ်ခုပဲ။ ဒါတစ်ခုလုံးကို တိမ်သလင်းသံနဲ့ လုပ်ထားတာ”
“တိမ်သလင်းသံလား” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
ပန်းပဲပညာရပ်အကြောင်း မသိသော်လည်း အဖိုးတန်း ကုန်ကြမ်းပစ္စည်းများအကြောင်း ရန်ကိုင် အတော်လေး သိထား၏။ တိမ်သလင်းသံသည် အဖိုးအတန်ဆုံး ကုန်ကြမ်း ပစ္စည်းများအနက် တစ်ခုဖြစ်ကာ တန်ခိုးရှင်ဘုရင် ထိပ်တန်းအဆင့် ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်ပေသည်။ လက်ဝါးအရွယ် တိမ်သလင်းသံသည် ကျင်းပေါင်းသောင်းနှင့်ချီ တန်ချိန်ရှိသည်။ လေးရုံသာမဟုတ်၊ အလွန်ကိုမှလည်း မာကျောပေသေးသည်။
ထိုတိမ်သလင်းသံ နည်းနည်းလောက်ကို မှော်ရတနာ ဖန်တီးရာတွင် ထည့်သွင်းလိုက်မည် ဆိုပါက မှော်ရတနာ၏ စွမ်းအားကို အကြီးအကျယ် တိုးတက်သွားစေနိုင်ပေသည်။
သို့သော် ကောင်းကင်ဖျက်တုတ် တစ်ချောင်းလုံးကို တိမ်သလင်းသံဖြင့် လုပ်ထားခြင်း ဖြစ်ပေသည်။ ထို့သို့ဆိုလျှင် အနက်ရောင်တုတ်ချောင်း ဘာကြောင့် ထိုမျှ လေးနေသလဲ အဖြေပေါ်သွားပေပြီ။
“နင်ဒါကို ဘယ်လိုရလာတာလဲ။ ဘာအန္တရာယ်တွေနဲ့လည်း တွေ့ခဲ့သေးလဲ” ယန်ယန်က စိုးရိမ်စွာ မေးလိုက်သည်။
ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး လူသားပုံစံ ရုပ်သေးရုပ်နှင့် တိုက်ပွဲအကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်၏။ ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ယန်ယန်က ခေါင်းညိတ်၍ “နင်ရွေးတာ မှန်သွားတယ်။ ရုပ်သေးရုပ်က တန်ဖိုးရှိတယ်ဆိုပေမယ့် ဒီကောင်းကင်ဖျက်တုတ်က အများကြီး ပိုအဖိုးတန်တယ်။ ဒီတစ်ကြိမ် နင်အချီကြီး မြတ်သွားပြီ။ ပြီးတော့ အဲ့လို ရုပ်သေးရုပ်ပဲ ဒီတုတ်ကို လွှဲနိုင်လိမ့်မယ်”
“ရုပ်သေးရုပ်ပဲ သုံးနိုင်တာလား။ ဒါဆို ငါမလိုတော့ဘူး။ နင်ပဲယူလိုက်တော့။ နင်ဘာသာ အရည်ဖျော်ပြီး မှော်ရတနာ အသစ်တွေ ပြန်ဖန်တီးလိုက်” ရန်ကိုင် မျက်နှာ မဲ့သွားခဲ့သည်။
“အရည်ဖျော်ရဖို့” ယန်ယန်က အထင်အမြင်တသေးဖြင့် “ဘာလို့ အရည်ဖျော်ပစ်ရမှာလဲ။ ဒီလို မှော်ရတနာကြီးကိုတော့ ငါမလုပ်နိုင်သေးပါဘူးနော်။ ဒီထဲမှာ ထိုးထွင်းထားတဲ့ အစီအရင်တွေက အဆင့်အမြင့်စားတွေချည်းပဲ။ ဒါကို အရည်ဖျော်မယ် ဆိုတာ ဘုရားပေးလက်ဆောင်ကို ဖျက်စီးလိုက်တာနဲ့ အတူတူပဲ။ ငါတို့သာ ဒါကို သုံးနိုင်တဲ့သူကို ရှာတွေ့မယ်ဆိုရင်...”
“ဘယ်သူသုံးနိုင်မှာမို့လို့လဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ငါနဲ့တွေ့ခဲ့တဲ့ ရုပ်သေးရုပ်မျိုး နင်ဖန်တီးနိုင်မယ် ဆိုရင်တော့ ဒါကို သုံးနိုင်တဲ့သူ ရှိမှာပေါ့”
“နင်တစ်ယောက်ယောက်ကို မေ့နေတာလား” ယန်ယန်က ပြုံးလိုက်သည်။
“ဘယ်သူလဲ” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။ အရိပ်ကြယ်ရှိ သူနှင့်အသိများထဲတွင် ဤကောင်းကင်ဖျက်တုတ်ကို အလွယ်တကူ ဝှေ့ရမ်းနိုင်သည့်လူ တစ်ယောက်မှ မရှိချေ။ ဤတုတ်သည် လူသားများအသုံးပြုနိုင်ရန် ဖန်တီးထားခြင်း မဟုတ်ပေ။ တန်ခိုးရှင် တတိယအဆင့် ဆိုလျှင်ပင် ဤမှော်ရတနာကို အကြာကြီး သုံးနိုင်မည်ဟုတ်ချေ။ ခဏလောက် သုံးပြီးသည်နှင့် သူတို့၏ သူတော်စင်ချီ ကုန်သွားပေလိမ့်မည်။
“သူလေ” ယန်ယန် လက်ညိုးထိုးပြုလိုက်သည်။ သူမ လက်ညိုးထိုးပြနေသည့် ဘက်သို့ လှမ်းကြည့်လိုက်ရာ သူတို့အား ငေးစိုက်ကြည့်နေသည့် ကျောက်တုံးရုပ်သေးရုပ်ကို တွေ့လိုက်၏။
ရန်ကိုင်နှင့် ယန်ယန်တို့ နှစ်ယောက်စလုံး သူ့အား ကြည့်နေသည်ကို မြင်သော် ကျောက်တုံးရုပ်သေးရုပ်လည်း ပုန်းနေရာမှ ထွက်လာလိုက်လေသည်။ ကျောက်တုံး မျောက်ဝံလေး တစ်ကောင်နှယ် ရန်ကိုင်ဆီ ပြေးသွားပြီး သူ့အား စိုက်ကြည့်နေလိုက်သည်။
“ကျောက်တုံးရုပ်သေးရုပ်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
“သူ့ကို စမ်းကြည့်ခိုင်းလိုက်၊ ပြီးရင် နင်သိလိမ့်မယ်” ယန်ယန်က ပြုံးလိုက်ပြီး ကောင်းကင်ဖျက်တုတ်ကို ညွှန်ပြ၍ အော်ပြောလိုက်သည် “ရှောင်ရှောင်ရေ”
သူမ အော်သံကို ကြားသော် ကျောက်တုံးရုပ်သေးရုပ်သည် ယန်ယန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်ကို ကြည့်လိုက်သည်။ ရန်ကိုင်ဆီမှ ခွင့်ပြုချက်ကို ရလိုက်သည်နှင့် ကောင်းကင်ဖျက်တုတ်ဆီသို့ လမ်းလျှောက်သွားလေသည်။
ခဏအကြာတွင် ကျောက်တုံးရုပ်သေးရုပ်၏ မျက်လုံးထဲ ပျော်ရွှင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ကွေးနေသောခါး ကော့တက်သွားပြီး လက်နှစ်ဖက်ဖြင့် ၎င်း၏ ရင်ဘတ်ကို အကြိမ်အနည်းငယ်လောက် ပုတ်ပြီးနောက် ကောင်းကင်ဖျက်တုတ်ကို ကောက်ကိုင်လိုက်လေသည်။
ရန်ကိုင် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
သူအစွမ်းကုန် ကြိုးစားမသည့်တိုင် မမနိုင်ခဲ့သော ကောင်းကင်ဖျက်တုတ်ကို ကျောက်တုံးရုပ်သေးရုပ်မှ အလွယ်တကူ မသွားခဲ့သည်။ ကျောက်တုံးရုပ်သေးရုပ်သည် အရုပ်ရလိုက်သည့် ကလေးတစ်ယောက်နှင့် ကောင်းကင်ဖျက်တုတ်ကို ပျော်ရွှင်စွာ ဝှေ့ရမ်းနေလေသည်။
ဝှီး... ဝှီး...
ကျောက်တုံးရုပ်သေးရုပ်မှ ကောင်းကင်ဖျက်တုတ်ကို အားပါးတရ ဝှေ့ရမ်းနေသည့် အတွက်ကြောင့် ၎င်း၏ ပြင်းအားကို ခုခံနိုင်ရန်အတွက် လိုဏ်ဂူထဲရှိ အစီအရင်များပင် အသက်ဝင်လာရ၏။ တုတ်ကို ဝှေ့ရမ်းရာမှ ထွက်ပေါ်လာသော လေပြင်းများသည် မမြင်နိုင်သော ဓါးသွားလေးများနှယ် သူ့အသားကို လာရောက်ဖြတ်တောက်ရန် ကြိုးစားနေကြသည်။
ဒါ...
ရန်ကိုင် မှင်သက်နေလေပြီ။
ဧကရာဇ်ဥယျာဉ်ထဲရှိ ရုပ်သေးရုပ်ပင် ဤတုတ်ချောင်းကို ဤမျှ ပေါ့ပေါ့ပါးပါး မဝှေ့ရမ်းနိုင်ချေ။ သို့သော်လည်း ကျောက်တုံး ရုပ်သေးရုပ်ကမူ အလွယ်လေး လုပ်ပြသွားခဲ့သည်။ ကျောက်တုံး ရုပ်သေးရုပ် မည်မျှပင် အားကောင်းလိုက်လေသနည်း။
ကျောက်တုံးရုပ်သေးရုပ်သည် ထင်သလောက် မရိုးရှင်းမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ထိုကောင်သည် သတ္တုများကို ကြိတ်ချေနိုင်သည့် စွမ်းရည်အပြင် အခြားသော စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။
အလောင်းလိုဏ်ဂူတွင် ရှိခဲ့စဉ်က ကျောက်တုံးရုပ်သေးရုပ်သည် အကောင်းကြီး ကြီးကာ နေမီးလျှံ အမြူတေကို မြိုချခဲ့ပြီး ၎င်း၏ ဗိုက်ထဲတွင် ရက်အတော်ကြာအောင် သိမ်းထားခဲ့သည်။ သူ့ကြောင့်သာ မဟုတ်လျှင် နေမီးလျှံအမြူတေကို ရန်ကိုင်တို့ ယူလာနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ထိုကောင်လေးသည် တကယ်ကို အံ့အားသင့်စရာတို့ဖြင့် ပြည့်နေသည့် ကောင်လေးတစ်ကောင် ဖြစ်ပေသည်။
“နင်တွေ့ပြီလား” ကျောက်တုံးရုပ်သေးရုပ်ကို ကြည့်ရင်း ယန်ယန်၏ မျက်လုံးများ တဖျက်ဖျင်း လင်းလက်နေသည်။
“ရှောင်ရှောင်၊ အပြင်မှာသွားဆော့ချည်၊ နင်ဒီမှာဆော့ရင် အစီအရင်တွေ ပျက်သွားလို့ ငါပြန်ပြင်နေရဦးမယ်”
ထိုအခါ ကျောက်တုံးရုပ်သေးရုပ်လည်း တုတ်အား ဝှေ့ရမ်းနေသည်ကို ရပ်လိုက်ပြီး ပါးစပ်ကို အကျယ်ကြီးဟလျက် တုတ်တစ်ချောင်းကို မြိုချလိုက်သည်။ ထို့နောက် မြေကြီးထဲသို့ ပြန်လည် ငုံ့လျှိုးပျောက်ကွယ်သွားလေသည်။
ကျောက်တုံးရုပ်သေးရုပ်ကို ရန်ကိုင် ပြန်အာရုံခံမိလိုက်သည့် အချိန်တွင် ထိုကောင်သည် မိုင်ဒါဇင်ကျော် အကွာသို့ ရောက်နေခဲ့လေပြီ။
ကျောက်တုံးရုပ်သေးရုပ်၏ အလားအလာကို နားလည်သွားသည့်အခါ ရန်ကိုင် စိတ်လှုပ်ရှားသွားလေသည်။ အနက်ရောင်စာအုပ်ထဲတွင် နောက်ထပ် ကျောက်တုံးရုပ်သေးရုပ် ဥတစ်လုံး ရှိပေသေးသည်။ သွေးအဆီအနှစ်ကျောက်တုံးကို ရှာမတွေ့သေးသည့် အတွက်ကြောင့်သာ နောက်ထပ် ကျောက်တုံး ရုပ်သေးရုပ် တစ်ယောက်ကို ထပ်မဖန်တီးနိုင်သေးခြင်း ဖြစ်သည်။
“ရော့ဒီမှာ နင့်ဒိုင်း။ နောက်တစ်ကြိမ်ဆို သေချာ သတိထားသုံးပေတော့။ ဒိုင်းကို တစ်ကြိမ်၊ နှစ်ကြိမ် ပြန်ပြင်လို့ အဆင်ပြေပေမယ့် ထပ်တလဲလဲ ထိခိုက်နေမယ် ဆိုရင်တော့ နောက်ဆုံး ပြန်ပြင်လို့မရတဲ့အထိ ဖြစ်သွားလိမ့်မယ်” ယန်ယန်က ခရမ်းရောင်ဒိုင်းကို ရန်ကိုင်ဆီ ပြန်ပေးရင်း သတိပေးလိုက်သည်။
“နင့်အစီအရင်ပြား ငါ့ကိုခဏပြ” ယန်ယန်က ပြောလိုက်၏။
ရန်ကိုင်လည်း အစီအရင်းပြားကို ချက်ချင်း ထုတ်ပေးလိုက်လေသည်။
ယန်ယန်သည် အစီအရင်ကို ခဏလောက်ကြာအောင် သေချာ စစ်ဆေးကြည့်နေပြီးနောက် ရန်ကိုင်ဆီသို့ ပြန်ပစ်ပေးလိုက်ကာ “ဒီတစ္တေတိမ်တိုက် အစီအရင်က အရမ်း အားကောင်းတယ်။ လာ၊ ဒါကို ဘယ်လိုထိန်းချုပ်ရမလဲ ငါနင့်ကို သင်ပေးမယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ တောက်ပသွားခဲ့လေသည်။ ယန်ယန်သည် တကယ်ကို မဟာအစီအရင်ပညာရှင်ကြီး တစ်ယောက်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အစီအရင်ထဲတွင် တစ္တေတိမ်တိုက် အစီအရင် ရှိနေမှန်း တန်းပြောနိုင်သည်။ အခြား အစီအရင် ပညာရှင် တစ်ယောက်သာ ဆိုပါက သူမကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သူမကိုယ်သူမ မိုးမြေတစ်ခွင် နံပါတ်တစ် အစီအရင် ပညာရှင်ဟု ကြွားလျှင်ပင် ရန်ကိုင် ယုံမိပေလိမ့်မည်။
ယန်ယန်သည် သူမ လက်ချောင်းထိပ်တွင် အလင်းဘောလုံး တစ်လုံးကို စုစည်း၍ ရန်ကိုင် နဖူးဆီသို့ ပို့ပေးလိုက်သည်။
အလင်းဘောလုံး သူ့ခေါင်းထဲသို့ ဝင်သွားသည့်အခါ ရန်ကိုင် ခေါင်းထဲ အချက်အလက်များစွာ စီးဝင်လာခဲ့လေသည်။ ထိုထဲရှိ အကြောင်းအရာများကို ဖတ်ပြီးသည့်နောက် ရန်ကိုင် အလွန်ကို ပျော်သွားခဲ့သည်။ ထိုနည်းလမ်းဖြင့်သာ ဆိုပါက အစီအရင်ပြားကို ပို၍ မြန်မြန်နှင့် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့သော် ထိုသို့ လုပ်ပြီးနောက် ယန်ယန်၏ အမူအရာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။
“အခု၊ နင့်ဘာသာ လေ့လာလို့ရပြီ။ လောလောဆယ် အပြင်မှာ ပရမ်းပတာတွေ ဖြစ်နေတယ်။ ကျင့်ကြံသူတွေလည်း အများကြီးပဲ။ နင်ပြောထားတဲ့အတိုင်း နဂါးလိုဏ်ဂူတောင်ကို ပိတ်ချထားလိုက်ပြီ။ ဒီအချိန်အတွင်းမှာ ငါတို့ ကိစ္စတွေကို ဖြေရှင်းဖို့ လုပ်ရမယ်။ အင်း၊ ဟုတ်သားပဲ။ နောက်ရက် နည်းနည်းလောက်ကြာရင် ငါနင့်ဆီ ထပ်လားဦးမယ် သိလား။ ငါနင့်ဆီကနေ အကူအညီတောင်းစရာ ရှိတယ်”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမ လှည့်ထွက်သွားတော့မည် အပြု ရန်ကိုင်က လှမ်းခေါ်လိုက်၏ “ယန်ယန်”
“ဘာလဲ”
“နင်ငါ့ကို ပြောစရာရှိလား”
“အခုတော့ မရှိသေးဘူး။ အချိန်တန်ရင် ပြောပြမယ်” ယန်ယန်က သူမ၏ မျက်ဝန်းလေးများကို မှေးစဉ်းလျက် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် လှည့်ထွက်သွားလေသည်။
သူမ ထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်သည်။ ယန်ယန် မည်သို့ ပြောင်းလဲသွားပါစေ၊ သူမသည် သူ့မိတ်ဆွေအဖြစ်သာ ရှိနေသေးသည်။ ရန်ကိုင် လိုချင်သည်မှာလည်း ထိုအရာပင်။ သူမ မည်သို့သော လျှို့ဝှက်ချက်များအား ဖုံးကွယ်ထားသလဲ ဆိုသည်ကိုမူ သူသွားမမေးလိုချေ။ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိတတ်စမြဲပင် မဟုတ်လေလော။
ခေါင်းခါလိုက်ပြီး တစ္ဆေတိမ်တိုက်အစီအရင်ကို နားလည်အောင် စတင် လေ့လာတော့သည်။
နှစ်နာရီကြာပြီးနောက် အစီအရင်ပြားအား မည်ကဲ့သို့ လည်ပတ်ရမလဲ ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ယခု လုပ်စရာ ဆို၍ တကယ့်တိုက်ပွဲတွင် စမ်းသပ်ဖို့သာ ကျန်တော့သည်။
တစ္ဆေတိမ်တိုက် အစီအရင်သည် ပျောက်ဆုံးသွားသော ရှေးဟောင်းအစီအရင် ဆိုသည့် ဂုဏ်သတင်းနှင့် တကယ်ကို ထိုက်တန်ပေသည်။ တစ္ဆေတိမ်တိုက် အစီအရင်ကို ခင်းကျင်းရန် အလွန်ကိုမှ ခက်ခဲသလို တိမ်များကိုလည်း သန့်စင်နိုင်ရန် လိုအပ်ပေသေးသည်။ ရန်ကိုင် အနေဖြင့် ဤအစီအရင်၏ စွမ်းအား အပြည့်အဝကို မဖမ်းဆုပ်နိုင်သေးချေ။
ဧကရာဇ်ဥယျာဉ်ထဲတွင် ရှိစဉ်က အစီအရင်ပြားကို ထိန်းချုပ်နေသူ တစ်ယောက်မှ မရှိခဲ့ချေ။ အစီအရင်ပြားသည် သူ့ဘာသာ လည်ပတ်နေခြင်း ဖြစ်သည်။
ယခု ရန်ကိုင်၏ ခွန်အားနှင့် ကျွမ်းကျင်မှုအရ တစ္ဆေတိမ်တိုက် အစီအရင်၏ စွမ်းအား သုံးဆယ်၊ လေးဆယ် ရာခိုင်နှုန်းလောက်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ သို့သော် ထိုမျှလောက်သည် လောလောဆယ်အတွက် လုံလောက်ပေသည်။ အစီအရင်ပြားဖြင့် ဆိုပါက ရန်ကိုင်၏ ခွန်အား သိသိသာသာ တိုးတက်လာမည် ဖြစ်ကာ ချင်းတုန်၊ သို့မဟုတ် ဖေးကျီတု အဆင့်ရှိ ပညာရှင်များသာ မဟုတ်ပါက ရင်ဆိုင်တိုက်ခိုက်ရန် ပြဿနာ မရှိတော့ချေ။ တစ်ဖက်ရန်သူကို သတ်ချင်လျှင်တော့ ရန်သူတွင် မည်သို့သော ဝှက်ဖဲများ ပိုင်ဆိုင်ထားသလဲ ဆိုသည့် အချက်ပေါ် မူတည်သွားပေလိမ့်မည်။
ပုံမှန်အခြေအနေတွင် ဆိုလျှင်တော့ တန်ခိုးရှင် ဒုတိယ အဆင့် တစ်ယောက်ကို တစ်ယောက်ချင်း ယှဉ်တိုက်ရလျှင် သတ်နိုင်သည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၄)
အစီအရင်ပြားကိစ္စကို ရှင်းပြီးနောက် သူ့ရှေ့ရှိ ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ကောက်ယူလိုက်သည်။
ကျောက်စိမ်းပုလင်းထဲတွင် ရှိနေသည်ကား ဧကရာဇ်ဥယျာဉ်ထဲမှ ရလာသော အသက်ရေစင်ပင် ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်၏ အထင်သာ မှန်ကန်မည် ဆိုပါက ထိုအသက်ရေစင်သည် သန့်စင်သော အသက်ရေစင်မဟုတ်ပေ။
သူ့ခန့်မှန်းချက် မှန်မမှန် စမ်းသပ်ရန်အတွက် ပုလင်းကို ဖွင့်၍ တစ်ငုံလောက် မော့သောက်လိုက်သည်။
အခြားတစ်ယောက်သာ သူဤကဲ့သို့ လုပ်နေသည်ကို မြင်သွားလျှင် ရန်ကိုင်အား သေမတတ် ကျိန်ဆဲနေပေလိမ့်မည်။ မည်သူကများ တစ်စက်လောက် သောက်လိုက်ရုံဖြင့် ဆယ်နှစ်လောက် ငယ်သွားစေနိုင်သော အသက်ရေစင်ကို သူကဲ့သို့ ဖြုန်းတီးမည်နည်း။ ဤအသက်ရေစင်သည် အလွန်ကိုမှ အဖိုးတန်သော ပဥ္စလက်ဆန်ဆန် မှော်ဆေးရည်တစ်မျိုး ဖြစ်သည်။
အရသာလေးသည် ချိုမြမြလေးနှင့် အလွန်ကိုမှ သောက်လို့ ကောင်းသည်။ လည်းချောင်းထဲ ရောက်သွားသည်နှင့် တောင်ကျစမ်းရေထဲ ရေဆင်းချိုးလိုက်ရသလို တစ်ကိုယ်လုံး လန်းဆန်းသွားရသည်။ ထို့နောက် အသက်ရေစင်သည် သန့်စင်သော စွမ်းအင်များအဖြစ်သို့ ပြောင်း၍ သွေးကြောများ တစ်လျှောက် စီးဆင်းတော့လေသည်။
ရန်ကိုင်သည် သူ့ကိုယ်တွင်းရှိ ပြောင်းလဲမှုများကို သေချာ အာရုံစိုက်စောင့်ကြည့်နေသည်။
သူ့သွေးချီနှင့် အသက်စွမ်းအင် လျင်မြန်စွာ အားကောင်း လာနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ မကြာမီ တရိပ်ရိပ် မြင့်တက်လာနေသော အသက်စွမ်းအင်သည် အကန့်အသတ်သို့ ရောက်သွားခဲ့ပြီး ထွက်ပေါက် ပိတ်သွားခဲ့လေသည်။ အကျိုးဆက် အနေဖြင့် ရန်ကိုင် မျက်နှာကြီး နီမြန်းလာပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလို ခံစားလာခဲ့ရသည်။
သို့သော်လည်း ရန်ကိုင်သည် တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ သူတော်စင်ချီကို လှည့်ပတ်၍ ပေါက်ကွဲထွက်မတတ် ဖြစ်နေသော အသက်စွမ်းအင်များကို သူ့ကိုယ်ထဲတွင် တစ်နေရာတည်း၍ စုစည်းလိုက်သည်။
အသက်စွမ်းအင် စုဝေးလာသည်နှင့် သွေးများလည်း စတင် စုဝေးလာကြသည်။ စွမ်းအင် အဆီအနှစ်များသည် ရှင်းပြမရသော စွမ်းအင်တစ်မျိုးမျိုး၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်နှယ် အတူတကွ စတင် စုဝေးလာကြလေသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေပြီး နာရီဝက်လောက် ကြာပြီးနောက် သူ့စိတ်ထဲ အရည်တတောက်တောက် ကျသံများ ရုတ်တရက် ကြားလိုက်ရသည်။
မျက်မှောင်ကြုတ်လျက် သူ့ကိုယ်ထဲရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် မြင်တွေ့လိုက်ရသည့် အရာကြောင့် ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့သလို ထိတ်လည်း ထိတ်လန့်သွားခဲ့ရသည်။
သူ့ကိုယ်ထဲတွင် ရွှေရောင်သွေးစက်တစ်စက် ဖြစ်နေလေပြီ။
ရိုးရိုးရွှေရောင်သွေးစက်ပင် မဟုတ်၊ သန့်စင်သော ရွှေရောင်သွေးမျှင်အဖြစ် ကျင့်ကြံ၍ ရသည့် သွေးစက်ဖြစ်သည်။
လောလောဆယ်၌ ရန်ကိုင်ကိုယ်ထဲတွင် ရွှေရောင်သွေးစက် များများစားစား မရှိတော့ချေ။ အရိပ်ကြယ်သို့ စရောက်စဉ်က သူ့တွင် ရွှေရောင်သွေးစက် အစက်ကိုးဆယ်ကျော် ရှိခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီး ကိစ္စအမျိုးမျိုးတွင် အသုံးပြုလိုက်သည့်နောက်တွင်၊ ရွှေရောင်သွေးစက် အရေအတွက်မှာ တစ်ဝက်လောက် လျော့သွားခဲ့ရသည်။
ရွှေရောင်သွေးစက်သည် နတ်ဘုရားသစ်ပင်အတွက် အသုံးဝင်မှန်း သိသဖြင့် နှစ်လ၊ သုံးလလောက်ကြာတိုင်း နတ်ဘုရားသစ်ပင်အား ရွှေရောင်သွေးစက်တစ်စက် တိုက်လေ့ရှိသည်။
ရွှေရောင်သွေးစက်တစ်စက်ကို ဖန်တီးရန်အတွက် သုံးလောက်လောက် အချိန်လိုသည်။ သို့သော်လည်း အသက်ရေစင်သည် ရွှေရောင်သွေးစက်အား လျင်မြန်စွာ ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်လိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ စိတ်မကူးဖူးခဲ့ချေ။
ဖြစ်လည်းဖြစ်သင့်ပေသည်။ အသက်ရေစင်သည် အသက်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်သည့် နတ်ရေစင် သုံးမျိုးထဲ၌ တစ်မျိုး အပါအဝင်ဖြစ်သည်။ ရန်ကိုင်၏ ရွှေရောင်သွေးစက်သည် အလွန်အမင်း သိပ်သည်းလှသော အသက်စွမ်းအင်များ စုစည်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စိတ်ကို ငြိမ်အောင်လုပ်လိုက်ပြီး ကျင့်စဉ်ကို ဆက်လက် လှည့်ပတ်၍ အသက်ရေစင်ကို သန့်စင်လေသည်။
နာရီဝက်ကြာပြီးနောက် နောက်ထပ် ရွှေရောင်သွေးစက် တစ်စက် ထပ်မံ ဖြစ်ပေါ်လာသည်။
တတိယရွှေရောင်သွေးစက် ဖြစ်ပေါ်လာသည့် အခါမှသာ အသက်ရေစင် အာနိသင် ကုန်သွားတော့သည်။
အသက်ရေစင် တစ်ငုံလောက်သာ သောက်လိုက်ခြင်း ဖြစ်သော်လည်း ရွှေရောင်သွေးစက် သုံးစက်ကို ဖန်တီးနိုင်ခဲ့သည်။ သူ့တွင် ကျန်ရှိနေသော အသက်ရေစင် အကုန်လုံးကိုသာ သောက်လိုက်မည် ဆိုပါက နောက်ထပ် ရွှေရောင်သွေးစက် အစက်သုံးဆယ်လောက် ဖန်တီးနိုင်ပေလိမ့်မည်။
ရန်ကိုင် အလွန်ကိုမှ ပျော်ရွှင်သွားပြီး လက်ကျန် အသက်ရေစင်များကို တတိတိ သောက်သုံးရင်း ရွှေရောင်သွေးစက်များကို စတင် ဖန်တီးတော့လေသည်။
အသက်ရေစင်ကို ဤနည်းဖြင့် ဖြုန်းတီးပစ်လိုက်ရ၍ ရန်ကိုင် မနှောမြောမိ။ အသက်ရေစင်သည် သေခါနီး သက်ကြားအိုကြီးများ အတွက် အသက်ကယ်ဆေးတစ်ခွက် ဖြစ်နိုင်သော်ငြား သူ့အတွက် ရွှေရောင်သွေးစက်များသည် ပို၍ အသုံးဝင်ပေသည်။
စမ်းသပ်ကြည့်ပြီးနောက် သူရလိုက်သည့် အသက်ရေစင်သည် သန့်စင်ခြင်းမရှိသည့် အသက်ရေစင်ဟု ရန်ကိုင် ပို၍ ယုံကြည်သွားခဲ့သည်။ တကယ့် အသက်ရေစင်သာ ဆိုပါက ၎င်း၏ အာနိသင်သည် ယခုထက် အဆများစွာ ပိုအားကောင်းပေလိမ့်မည်။ ထို့ကြောင့် သန့်စင်သော အသက်ရေစင်သည် ဧကရာဇ်ဥယျာဉ်ထဲရှိ တစ်နေရာရာတွင် ရှိနေပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်၏ သွေးများ ဆူပွက်လာရသည်။ သူသာ ဧကရာဇ်ဥယျာဉ်ထဲ ထပ်ဝင်ပြီး သန့်စင်သော အသက်ရေစင်ကိုသာ ရလိုက်နိုင်မည် ဆိုပါက ရွှေရောင်သွေးစက်များ မလုံလောက်မည့် ကိစ္စကို စိုးရိမ်စရာ မလိုလောက်တော့ချေ။ သူ့ကိုယ်ထဲရှိ သွေးအားလုံးကို ရွှေရောင်သွေးစက်များ အဖြစ်သို့ပင် ပြောင်းလဲကောင်း ပြောင်းလဲပစ်နိုင်လောက်ပေသည်။
ရွှေရောင်သွေးစက်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းအရ သူဒဏ်ရာ ထပ်တလဲလဲ ရမည်ဆိုလျှင်ပင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။
နှစ်ရက်ကြာပြီးနောက် သူယူလာသည့် အသက်ရေစင် အားလုံး ကုန်သွားခဲ့သည်။ သို့ရာတွင် ရန်ကိုင် မကျေနပ်သေးပေ။ ထပ်မရှိတော့သည့် အတွက်ကြောင့် လေဟာနယ်ဝိဥာဉ် သလင်းကျောက် တစ်တုံးကို ထုတ်လိုက်ပြီး ထိုထဲတွင် ပါဝင်သော လေဟာနယ်စွမ်းအင်ကိုသာ စုပ်ယူနေလိုက်တော့သည်။
ဤသို့ဖြင့် နှစ်ဝက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
လွန်ခဲ့သော ခြောက်လအတွင်း ရန်ကိုင်သည် သူ့လိုဏ်ဂူမှ တစ်ဖဝါးပင် မခွာခဲ့ဘဲ ကိစ္စသုံးခုကိုသာ လုပ်နေခဲ့သည်။
ပထမတစ်ခုသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်ကို သုံး၍ လေဟာနယ်စွမ်းအင်ကို ကျင့်ကြံခြင်းဖြစ်ပြီး ဒုတိယတစ်ခုသည် ရွှေရောင်သွေးမျှင်များကို ထပ်မံ ဖန်တီးခြင်း ဖြစ်သည်။ လက်ရှိတွင် သူ့၌ ရွှေရောင်သွေးမျှင်များစွာ ရှိနေလေပြီ။ ဖန်တီးပါများလာသဖြင့် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကို ယခင်ထက် ပို၍ လျင်လျင်မြန်မြန် ဖန်တီးလာနိုင်ခဲ့သည်။
ရွှေရောင်သွေးမျှင် အရေအတွက် တိုးလာခဲ့သော်လည်း သူ့တိုက်ပွဲစွမ်းအားမှာ များများစားစား တိုးတက်မလာခဲ့ချေ။ အကြောင်းမှာ ရန်ကိုင်သည် နတ်ဆိုးသွေးမျှင်ပညာရပ်၏ ပထမပိုင်းကိုသာ ရထားသည့် အတွက်ကြောင့် ဖြစ်သည်။ ရွှေရောင်သွေးမျှင်များအား ထိန်းချုပ်ပုံ နည်းလမ်း အသွယ်သွယ်သည် ဒုတိယအပိုင်းထဲတွင် ရှိနေလေသည်။
သို့သော် ရန်ကိုင် လောမနေပါချေ။ သွေးနတ်ဆိုးကျောင်းတော် တည်ရှိနေသရွေ့ ထိုကိစ္စကို ဖြေရှင်းနိုင်မည့် အခွင့်အရေးကို တစ်နေ့၌ ရလာပေလိမ့်မည်။ ရှေရောင်သွေးမျှင်များကို ကြိုဖန်တီးထားခြင်းသည် သူ့အတွက် အကျိုးမယုတ်ပါချေ။
တတိယကိစ္စသည်ကား ပုံရိပ်တစ်ထောင်ဖန်နှင့် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို ပေါင်းစပ်ခြင်းပင်။ ပုံရိပ်တစ်ထောင်ဖန်ကို သန့်စင်ပြီးသည့်နောက် ထိုအရာသည် အလင်းစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို ဝိုင်းပတ်နေခဲ့သည်။ ထိုနှစ်ခုတွင် တူညီသော အစွမ်းသတ္တိများ ရှိကြသည့် အတွက်ကြောင့် ရန်ကိုင်သည် ထိုနှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။ သို့သော် ပေါင်းစပ်ဖို့ရာ မလွယ်ကူခဲ့ချေ။ ယခု အချိန်ရှိတုန်းလေး ရန်ကိုင်သည် ထိုပေါင်းစပ်ခြင်း ဖြစ်စဉ်ကို ပို၍ မြန်မြန် ပြီးမြောက်သွားအောင် ကြိုးစားခဲ့သည်။
ထိုပစ္စည်းများအပြင် ယန်ယန်သည့် သူ့ဆီသို့ ထူးဆန်းသော ပစ္စည်းများစွာ ယူလာပြီး သူ့လေဟာနယ်စွမ်းအင်ကို ထိုအထဲသို့ ပေါင်းထည့်ခိုင်းသည်။
ယန်ယန် ယူလာသည့် ပစ္စည်းများသည် အရွယ်အစား မတူရုံမက ပုံစံချင်းလည်း မတူညီကြသဖြင့် ထိုပစ္စည်းများကို သူမ ဘာလုပ်ဖို့ ဖန်တီးထားလဲ ရန်ကိုင် မသိပါချေ။ ထိုပစ္စည်းများကို ဘာလုပ်ဖို့ လုပ်ထားသလဲဟု ယန်ယန်ကို မေးခဲ့သော်လည်း ယန်ယန်က ပြုံးသာပြုံးပြခဲ့ပြီး ပြန်မဖြေခဲ့ချေ။
နောက်ဆုံး မေးမရသည့်အဆုံး ရန်ကိုင် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေသည်။ ထိုခြောက်လအချိန်အတွင်း ရန်ကိုင် ဆေးလုံး အချို့ကိုလည်း ဖော်စပ်ခဲ့ပေသေးသည်။
နဂါးလိုဏ်ဂူတောင်တွင် လူအများကြီး ရှိသည့် အတွက်ကြောင့် သူတို့၏ ကျင့်စဉ်ကို တိုးတက်အောင် လုပ်ရန် ဆေးလုံးအများကြီး လိုအပ်သည်။ သူတို့လိုအပ်သည့် ဆေးလုံးများကို အပြင်မှ ဝယ်ယူမည်ဆိုပါက အလွန်ကိုမှ အကုန်အကျ များပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်သည် ဝူရီအား ဆေးပင်များကိုသာ ဝယ်ခိုင်းပြီး သူကိုယ်တိုင် ဆေးဖော်စပ်သည်။ ထိုနည်းဖြင့် သူ့ဆေးစွမ်းရည်ကို မြှင့်တင်နိုင်သလို သူ့လူများ လိုအပ်သည့် ဆေးလုံးများကိုလည်း ဖော်စပ်ပေးနိုင်သည်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပင်...
လွန်ခဲ့သော ခြောက်လအတွင်း ရန်ကိုင် ဆေးလုံးများစွာ ဖော်စပ်ခဲ့သည်။ သို့သော် ရုတ်ရုတ် ရုတ်ရုတ် မဖြစ်စေရန်အတွက် သာမန်ဆေးလုံးများကိုသာ ဖော်စပ်ပေးခဲ့ခြင်း တစ်ခါတစ်ရံမှသာ ဆေးသွေးကြောပါသော ဆေးလုံး တစ်လုံး၊ နှစ်လုံးလောက် ဖော်စပ်ပေးလိုက်၏။
သူ့ခွန်အား တိုးတက်လာသည်နှင့်အမျှ ဆေးစွမ်းရည်လည်း လိုက်ပါ တိုးတက်လာသည်ကို သတိပြုမိလိုက်သည်။ ယခုဆိုလျှင် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးများကို အခက်အခဲမရှိ ဖော်စပ်နိုင်လေပြီ။ သူတန်ခိုးရှင်အဆင့်ကို ချိုးဖျက်နိုင်သည့်အခါ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။
မှော်ရတနာစိတ်ဝိဥာဉ်လည်း နိုးနေခဲ့လေပြီ။ မကြာသေးခင်ကမှ နိုးလာခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်သည် ယခင်က ၎င်းအား နေမီးလျှံကို တစ်ကြိမ် စုပ်ယူဖူးခိုင်းသဖြင့် ယခုအကြိမ်သည် သူ၏ ဒုတိယအကြိမ် နိုးထမှုဖြစ်သည်။ ပထမဆုံးအကြိမ်ကိုပါ ထည့်တွက်မည် ဆိုပါက မီးငှက်သည် နေမီးလျှံအား သုံးခါတိတိ စုပ်ယူပြီးသွားလေပြီ။
မီးငှက်၏ အပူသည် ယခင်ထက် နှစ်ဆမျှ ပိုပြင်းလာသည်။
ရန်ကိုင် အလုပ်ရှုပ်နေစဉ် မီးငှက်သည် ၎င်း၏ စွမ်းအားကို သုံး၍ နဂါးအရိုးနှင့် နဂါးဓါတ်လုံးကို သန့်စင်ပေးနေသည်။
ယနေ့တွင် ယန်ယန်သည် ရန်ကိုင်အား လေဟာနယ်စွမ်းအင် ထည့်သွင်းခိုင်းရန်အတွက် ဘာမှန်းမသိသော ပစ္စည်းများ သူ့ဆီသို့ ထပ်ယူလာပြန်သည်။
ရန်ကိုင်လည်း သူမ တောင်းဆိုသည့်အတိုင်း လုပ်ပေးလိုက်၏။
ထိုအတောအတွင်း ယန်ယန်သည် အပြင်ဘက်ရှိ အခြေအနေ အကြောင်းကို သူ့အား ပြောပြခဲ့သည်။
ချင်းတုန်သည် ပုံမှန်လူလွှတ်၍ သူတို့အား သတင်း ပို့ပေးနေခဲ့သည့် အတွက် သူမတို့လည်း ပြင်ပရှိ အခြေအနေကို သိရခြင်း ဖြစ်သည်။
အရိပ်လခန်းမသည် အရိပ်ကြယ်ပေါ်ရှိ အနယ်နယ် အရပ်ရပ်တွင် ရှိနေကြသော အင်အားစုကြီးများမှ ပညာရှင်များကို ဧကရာဇ်ဥယျာဉ်အကြောင်း ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ပြီးသည့်နောက် ထိပ်တန်းအဆင့် တန်ခိုးရှင် တတိယအဆင့် အယောက်ငါးဆယ်သည် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်မည့်နည်းလမ်းကို ရှာနိုင်ရန်အတွက် ဧကရာဇ်ဥယျာဉ်နားသို့ ချဉ်းကပ်မည်ဖြစ်ကြောင်း သဘောတူခဲ့သည်။
အယောက်ငါးဆယ် ထွက်သွားခဲ့သော်လည်း တစ်ဝက်သာ ပြန်လာခဲ့ပြီး ကျန်တစ်ဝက်မှာ သေဆုံးသွားခဲ့ရသည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော လေးလခန့်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင် ထိုအကြောင်းကို ကြားစဉ်က အံ့အားသင့်လွန်းသဖြင့် သူ့လျှာသူပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့သည်။ နည်းနည်းလောက် မေးမြန်းကြည့်လိုက်သည့် အခါ ထိုပညာရှင် အယောက်ငါးဆယ်သည် အစီအရင် တစ်မျိုးမျိုးကို မတော်တဆ အသက်သွင်းလိုက်ရာမှ ဧကရာဇ်ဖိအား ပေါ်လာပြီး အကုန်လုံး မည်သို့မှ လှုပ်မရ ဖြစ်သွားခဲ့ကြောင်း၊ ထိုစဉ် မိုးမြေစွမ်းအင်များဖြင့် ဖန်တီးထားသော ကျောက်စိမ်းသွယ်သွယ်လေး ပေါ်လာပြီး အားလုံးကို ထုချတော့ရာ အတံးအရုံး သေကုန်ကြကြောင်း သိလိုက်ရသည်။ ပြန်လွတ်လာခဲ့သော တစ်ဝက်မှာလည်း သူတို့၏ မှော်ရတနာများကို ဖောက်ခွဲ၊ လျှို့ဝှက်ပညာရပ်များကို အသက်သွင်းပြီး ထွက်ပြေးလာခဲ့သည့် အတွက်ကြောင့်သာ လွတ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ထွက်သွားသည့် အယောက်ငါးဆယ်လုံး မသာပေါ်ခဲ့လိမ့်မည်။
တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အင်အားစုကြီးများမှ ပညာရှင်များအားလုံး သင်ခန်းစာ ကောင်းကောင်း ရသွားကြပြီး မည်သူမှ ဧကရာဇ်ဥယျာဉ်နားသို့ ထပ်မချဉ်းကပ်ရဲတော့ချေ။ တန်ခိုးရှင် တတိယအဆင့် အယောက် ငါးဆယ်ဆိုသော လူအင်အားပင် ဧကရာဇ်ဖိအားနှင့် ရင်ဆိုင်ရသည့်အခါ ကျားရှေ့မှောက်လျက်လဲသည့် ယုန်သူငယ်နှယ် ကူကယ်ရာမဲ့ရသည်။
သို့သော်လည်း အတောမသတ်နိုင်သော လူလောဘအရ အင်အားစုကြီးများသည် ဧကရာဇ်ဥယျာဉ်ကဲ့သို့ ရတနာအိုကြီးကို ထိုကဲ့သို့ အလွယ်တကူ လက်မလွှတ်နိုင်လေရာ လူများလွှတ်၍ ဧကရာဇ်ဥယျာဉ်ကို ဆက်လက် စောင့်ကြည့်ထားစေလေသည်။
ဧကရာဖ်ဥယျာဉ် တရားဝင် မပွင့်သေးဟု အားလုံး ထင်နေကြသည်။ သူတို့ ထင်ခြင်တိုင်း ထင်နေခြင်း မဟုတ်ကြ။ သဲမီးတောက်နယ်မြေ ကိစ္စကို အခြေခံပြီး ထိုကဲ့သို့ မှတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည်။ အထဲသို့ ဝင်ရန် ကြိုးစားသည့်လူတိုင်း ချွင်းချက်မရှိ အသတ်ခံရသည်။ သို့သော်လည်း သဲမီးတောက်နယ်မြေ ပွင့်သည့်အခါ သူတော်စင် ဘုရင်အဆင့်များ ထိုထဲသို့ ဝင်နိုင်ပေသည်။
ထို့ကြောင့် ဧကရာဖ်ဥယျာဉ် တရားဝင် မဖွင့်သေးဘူးဟု အကုန်လုံး ထင်နေကြခြင်း ဖြစ်သည်။
အင်အားစုကြီးများမှ လူများသည် အလုပ်မရှိ အကိုင်မရှိ လူများ မဟုတ်ကြသဖြင့် ဧကရာဇ်ဥယျာဉ် ဖွင့်မည့် အချိန်ကို အလကား ထိုင်မစောင့်နေနိုင်ကြချေ။ ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်ရန် လူအချို့ လွှတ်ထားခဲ့ပြီးနောက် သူတို့၏ အင်အားစုအသီးသီးဆီ ပြန်သွားကြလေသည်။
ကံမကောင်းစွာဖြင့် အရိပ်လခန်းမသည်လည်း ထိုအဖြစ်အပျက်၌ အတော်လေး အထိနာသွားခဲ့ရသည်။
အရိပ်လခန်းမသည် ဧကရာဇ်ဥယျာဉ်အား စူးစမ်းရန် အခြား အင်အားစုများကို ဖိတ်ခေါ်ခဲ့သည့် အိမ်ရှင်ဖြစ်သည်။ သို့သော် ရုတ်တရက် တန်ခိုးရှင်တတိယအဆင့် အယောက် (၂၀)ကျော် သေသွားရသည့် အတွက်ကြောင့် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးအားလုံး အသီးသီး အထိနာသွားကြသည်။ ဒေါသ ဖွင့်ထုတ်စရာ နေရာမရှိသဖြင့် သူတို့၏ ဒေါသသည် နောက်ဆုံး၌ အရိပ်လခန်းမပေါ်သို့ ရောက်လာခဲ့သည်။
အရိပ်လခန်းမသည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း သူခိုးဓါးရိုးကမ်းသည့် အဖြစ်နှင့် ကြုံလိုက်ရသည်။ ထိုလူများသည် သူတို့အား ဖိတ်ခေါ်သည့် အတွက် ကျေးဇူးမတင်ရုံမက သူတို့ လူများ သေသွားသည့် အတွက် အရိပ်လခန်းမကိုပင် ပြန်အပြစ်တင်လိုက်သေးသည်။ အင်အားစုတစ်ခု၊ နှစ်ခုလောက်က အပြစ်တင်လျှင် ကိစ္စ မရှိသော်ငြား အင်အားစု အခုနှစ်ဆယ်ကျော်က ဝိုင်းအပြစ်တင်ကြခြင်း ဖြစ်သည့်အတွက် အရိပ်လခန်းမဖို့ ထိုအခြေအနေကို သတိကြီးကြီးထား၍ ကိုင်တွယ်ရတော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၅)
တကယ်တော့ ထိုကိစ္စသည် အရိပ်လခန်းမနှင့် ဘာမှ မဆိုင်ချေ။ အခြားအင်အားစုများလည်း ထိုအချက်ကို သိကြသည်။
သို့သော်လည်း မည်သူကများ ဧကရာဇ်ဥယျာဉ်ကို အရိပ်လခန်းမ၏ ပိုက်နက်ထဲ လာရောက် လွင့်မျောခိုင်းသနည်း။ အရိပ်လခန်းမသည် နေရာနီးသည့်အတွက် ဧကရာဇ်ဥယျာဉ်ထဲရှိ အကျိုးအမြတ်အားလုံးကို တစ်ကိုယ်တည်း ရိတ်သိမ်းသွားမည်ကို အကုန်လုံး ကြောက်ကြသည်။ ထို့ကြောင့် ထိုကိစ္စအပေါ် ပုံကြီးချဲ့နေကြခြင်း ဖြစ်သည်။
ပြန်၍ အချေအတင် ငြင်းခုံခဲ့ကြသော်လည်း အများနှင့် တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် နောက်ဆုံး၍ အရိပ်လခန်းမဘက်ကသာ လက်လျှော့ပေးလိုက်ရလေသည်။ နောက်ဆုံး သဘောတူညီချက် အရ ဧကရာဇ်ဥယျာဉ် ပွင့်လျှင်ပင် အရိပ်လခန်းမဘက်မှ အရင် ဝင်ခွင့်မရှိဘဲ အခြားအင်အားစုများ ရောက်လာသည်အထိ စောင့်ပြီးမှ ဝင်ရပေလိမ့်မည်။
လက်ရှိ အရိပ်လခန်းမသည် ကြိုးတန်းပေါ် လမ်းလျှောက်နေခြင်း မဟုတ်သော်လည်း သိပ်တော့ မဟန်ချေ။ မကြာသေးခင်ကမှ အတွင်းရေး ပဋိပက္ခကို အဆုံးသတ်ထားခြင်း ဖြစ်သည့်အတွက် အနားယူ အားပြန်ဖြည့်ရန် အချိန်လိုနေသည့်။ ထိုသို့သော အခြေအနေတွင် အင်အားစုများစွာ၏ ဖိအားပေးခြင်း ခံလိုက်ရရာ အရိပ်လခန်းမလည်း ခေါင်းငုံ့ထားရုံသာ တတ်နိုင် တော့လေသည်။
အင်အားစုများစွာတို့သည့် ဧကရာဇ်ဥယျာဉ် အခြေအနေကို စောင့်ကြည့်ရန် သူတို့လူများကို စေလွှတ်ထားကြသည်။ လက်ရှိတွင် ကောင်းကင်ကံကြမ္မာမြို့တော်သည် အလွန်ကိုမှ လူသူစည်ကား အသက်ဝင်နေခဲ့သည်။ တည်းခိုခန်းများ အားလုံးသည်လည်း လူများ ပြည့်နေခဲ့ပြီး အတော်လေး စီးပွားရေး ကောင်းနေသည်ဟု ပြော၍ရသည်။
အချို့ မိသားစုငယ်လေးများဆိုလျှင် အမျိုးမျိုးသော အင်အားစုကြီးများမှ လူများကို ခေါ်ကျွေးထားရသည့် အလုပ်ကိုပင် လုပ်နေကြရလေပြီ။
လူသူစုဝေးရာ အရပ်အတွင်း ပဋိပက္ခများ ရှိတတ်ကြသည်မှာ သဘာဝသာ ဖြစ်သည်။ ယခင်ကတည်း မတည့်ကြသည့် အင်အားစုမှ လူများ တစ်နေရာတည်းတွင် သွားရောက် စုဝေးကြသည့် အခါ ခိုက်ရန်ပွဲများ ဖြစ်ကုန်ကြလေသည်။
နေ့စဉ်နေ့တိုင်း လူများစွာ သေကြေနေကြသော်လည်း အိမ်ရှင်ဖြစ်သော အရိပ်လခန်းမသည် ကြားနေဝါဒကိုသာ စွဲစွဲမြဲမြဲ ကျင့်သုံးနေခဲ့သည်။ သူတို့၏ အကျိုးအမြတ်၊ အတွင်းရေးကို လာရောက် မထိပါး၊ မသက်သရွေ့ အရိပ်လခန်းမကလည်း ဖြစ်ပျက်သမျှ ကိစ္စအားလုံးကို မမြင်သလို သဘေားထားပေး ပေလိမ့်မည်။
လိုဏ်ဂူထဲတွင် ရန်ကိုင်သည် ယန်ယန် ရှင်းပြနေသည်ကို နားထောင်ရင်း သူမ ယူလာသည့် ပစ္စည်းများထဲသို့ လေဟာနယ် စွမ်းအင်များ ထည့်သွင်းပေးနေခဲ့သည်။
နှစ်ယောက်သား စကားပြောနေစဉ် ယန်ယန်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး မှော်ရတနာကို အမြန် ထုတ်လိုက်သည်။ မှော်ရတနာထဲရှိ သတင်းကို ဖတ်ကြည့်ပြီးနောက် ဟိုလိုလို သည်လိုလို အမူအရာဖြင့် ရန်ကိုင်အား ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ” ရန်ကိုင်က ပြန်မေးလိုက်ရာ ယန်ယန်က ဆန်းကြယ်စွာပြုံးလိုက်ပြီး “နင့်ကို တစ်ယောက်ယောက် ရှာနေတယ်”
“အထူးမိတ်ဆွေတစ်ယောက်ပဲ”
“အထူးမိတ်ဆွေ” ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွား၏။ အရိပ်ကြယ်ပေါ်တွင် သူနှင့်သိသည့်လူ များများစားစား မရှိချေ။ ထိုလူများအနက်မှ သူ့အတွက် မိတ်ဆွေဟု ခေါ်၍ရသည့်လူမှာ ပို၍ပင် နည်းသေးသည်။ ထို့ကြောင့် ယန်ယန်မှ သူ့အား အထူးမိတ်ဆွေ တစ်ယောက် သူ့အား လာရှာနေသည်ဟု ပြောသည့်အခါ ရန်ကိုင် ကြောင်သွားခဲ့ခြင်း ဖြစ်သည်။
“ဘယ်သူလဲ” ရန်ကိုင်လည်း စဉ်းစားမရသည့်အဆုံး တိုက်ရိုက်သာ မေးလိုက်တော့သည်။
“တိုက်ယွမ်လေ” ယန်ယန်က ပြုံးလျက် ပြန်ပြောသည်။
“သူလား...” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ အခြား တစ်ယောက်သာ ရောက်လာလျှင် နဂါးလိုဏ်ဂူတောင်သည် မည်သည့် ဧည့်သည်ကိုမှ လက်ခံမတွေ့ဆုံပါဟု ငြင်းလိုက်ရန် ပြင်ထားသော်လည်း တိုက်ယွမ် ဖြစ်နေကြောင်း ကြားသည့်အခါ ရန်ကိုင် အနည်းငယ် အကြပ်ရိုက်သွားရသည်။ ရန်ကိုင်သည် တိုက်ယွမ်အား တစ်ကြိမ် ကူညီပေးခဲ့သလို အပြန်အလှန် အနေဖြင့် တိုက်ယွမ်ဆီမှ ပုံရိပ်တစ်ထောင်ဖန်လုံး ပြန်ရခဲ့သည်။ ထို့အပြင် ကျောက်တုံးရုပ်သေးရုပ်၏ အကူအညီဖြင့် သူမတို့ဆီမှ ပုံရိပ်တစ်ထောင်ဖန်များစွာကို ခိုးခဲ့သေးသည်။ ထိုအကြောင်းကို သူမ သိသွားလား သူမပြောတတ်။ထို့ကြောင့် ယခုတစ်ကြိမ်တွင် တိုက်ယွမ်အား နည်းနည်းပါးပါး မေးမြန်းကြည့်ရပေမည်။
စဉ်းစားပြီးသော် ရန်ကိုင် ထရပ်လိုက်ပြီး ပြောလိုက်သည် “ငါသွားကြည့်လိုက်မယ်”
ခဏအကြာတွင် နဂါးလိုဏ်ဂူတောင် ဝင်ပေါက်သို့ ရန်ကိုင် ရောက်လာခဲ့သည်။ ဝင်ပေါက်သို့ ရောက်သည်နှင့် သူ့တံဆိပ်ပြားကို ထုတ်၍ ထိုထဲသို့ သူတော်စင်ချီ ထည့်လိုက်ရာ တံဆိပ်ပြား အရောင်တောက်လာပြီး အကာအကွယ် အရံအတား ပေါ်တွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူအပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပဲ အပြင်ဘက်မှ အော်ဟစ်သံများစွာ ကြားလိုက်ရသဖြင့် ရန်ကိုင် စိတ်ထဲ မသင်္ကာ ဖြစ်သွားခဲ့ရသည်။ တိုက်ယွမ် သူ့လူများနှင့် ရောက်လာခြင်းပေလော။ သို့သော်လည်း အသံများကို သေချာ နားထောင်ကြည့်လိုက်သည့်အခါ ရန်ကိုင်မျက်နှာ မှုတ်ကုတ်သွားပြီး ခပ်မြန်မြန် အပြင်သို့ ထွက်သွားလေသည်။
လက်ရှိတွင် တိုက်ယွမ်သည် နဂါးလိုဏ်ဂူတောင် အပြင်၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမအား နောက်မှ ကြည့်မည်ဆိုလျှင် သူမအား ခန္ဓာကိုယ်နှင့်ပင် ပုရိသူယောကျာ်သား အပေါင်းကို သွေးဆူအောင် လုပ်ပစ်နိုင်သည့် ပြစ်မျိုးမှဲ့မထင် အလှဧကရီတစ်ပါးအဖြစ် ထင်သွားနိုင်သည်။
သို့သော်လည်း ရှေ့တည့်တည့်မှ လာကြည့်မည် ဆိုပါက ကျောဘက်မှ သူတို့ မြင်လိုက်ရသည့် အလှတရားနှင့် မည်သို့မှ ပေါင်းစပ်၍ မရသော အကျည်းတန်မှုကို မြင်ရပေလိမ့်မည်။
တိုက်ယွမ်သည် ယခင်ပုံစံအတိုင်းသာ နေနေသည်။ မျက်နှာထက်ရှိ ကျောက်ပေါက်မာများ၊ ပြည်ဖုများကြောင့် သူမ၏ မျက်နှာမှာ အလွန်ကိုမှ အရုပ်ဆိုးနေခဲ့သည်။ သို့သော် ထိုမျက်နှာကို ဖုံးကွယ်ထားရန် မကြိုးစားခဲ့ချေ။
သူမဘေးတွင်မူ သူမအား မသတီ၊ ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့် ကြည့်နေကြသော ပုံစံတူ ဝတ်ရုံများ ဝတ်ထားသည့် ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးရှိသော လူအုပ်တစ်အုပ် ရှိနေကြသည်။ ထိုလူအုပ်ထဲရှိ အချို့အမျိုးသမီးများ ဆိုလျှင် တိုက်ယွမ်အား ကြည့်လျက် အထင်တသေး နှာခေါင်းပင် ရှုံ့နေလိုက်ကြသေးသည်။
ထိုအမျိုးသမီးများသည် သိပ်မလှကြချေ။ သို့သော် တိုက်ယွမ်၏ မျက်နှာနှင့် ယှဉ်လိုက်သည့်အခါ သူမတို့၏ ရုပ်ရည်မှာ ရှိရင်းစွဲထက်ပင် ပို၍ ဆွဲဆောင်မှုရှိသွားကြသည်။ ထို့ကြောင့် သူမတို့ကိုယ်သူမ အလွန်ကိုမှ လှပနေသည့်နှယ် ဘဝင်ခိုက်ကုန်ကြလေသည်။
“ဟေး၊ ဒီသခင်လေး နင့်ကို ပြောနေတယ်လေ။ နင်နားပင်းနေတာလား” ထိုအုပ်စု၏ ခေါင်းဆောင်က တိုက်ယွမ်ကို ပြောလိုက်သည်။
တိုက်ယွမ်သည် ထိုလူအား တစ်ချက်သာ ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
တိုက်ယွမ်၏ ဂရုမစိုက်သည့် အမူအရာကြောင့် အဖွဲ့ခေါင်းဆောင် လူငယ်လေး ဒေါသထွက်သွားပြီး ချက်ချင်း လှောင်ပြောင်တော့လေသည် “ဒီမိန်းမကတော့၊ သူ့လို မိန်းမ တစ်ယောက်ကို အရေးတယူလုပ်ပြီး စကားပြောပေးနေတာကို ကျေးဇူးမတင်ဘဲ လာပြီး ဘဝင်မြင့်ပြနေသေးတယ်။ နင်မိန်းမ ဖြစ်လို့ ငါနင့်ကို ဘာမှ မလုပ်ရဲဘူး ထင်နေတာလား။ နင်ရုပ်က ရုပ်ဆိုးမတောင် အမေခေါ်ရလောက်မယ့် ရုပ်မျိုး ဆိုပေမယ့် နင်ကိုယ်တိုင်က မိန်းမတစ်ယောက် ဖြစ်နေတုန်းနော်။ ဒါကြောင့် ငါသဘောကောင်းနေတုန်း ရောင့်တက်မလာနဲ့။ ငါပြောတာကို အေးအေးဆေးဆေး လက်ခံလိုက်”
တိုက်ယွမ် မျက်မှောင်ကြုတ်သွားပြီး သူမ မျက်နှာထက် ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွား၏။ သို့သော်လည်း ထိုအမူအရာကို အလျင်အမြန်ပဲ ပြန်လည် ဖုံးကွယ်လိုက်လေသည်။
ယခင်ကသာ ဤကဲ့သို့ ရန်စစော်ကားခံရလျှင် စိတ်လွတ်ပြီး တိုက်ခိုက်မိပေလိမ့်မည်။ အကြောင်းမှာ ထိုစဉ်က သူမ၏ မျက်နှာမှာ သူမ၏ အားနည်းချက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်မှ သူမအား အဆိပ်ဖြေပြီးသည့် နောက်ပိုင်း နတ်တန်ခိုးဖြင့် ဖန်တီးထားသယောင် ထင်ရသော သူမ၏ ပြစ်မျိုးမှဲ့မထင် မျက်နှာ လှလှလေးကို ပြန်လည်ရရှိခဲ့သည်။ ယခု သူမ၏ အရုပ်ဆိုးဆိုး မျက်နှာသည် အပေါ်ယံ မျက်နှာဖုံးတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ထိုလူများ သူမအား စော်ကားရန်စနေသည့်တိုင် အလွယ်တကူ စိတ်မလွတ်သွားတော့ခြင်း ဖြစ်သည်။
“စီနီယာအစ်ကိုဟိုင်၊ အဲ့ကောင်မကို လေကုန်ခံပြီး ပြောမနေနဲ့တော့။ ပြောနေလည်းအပိုပဲ။ ဒီအတိုင်း ဖမ်းလိုက်တာ ပိုကောင်းလိမ့်မယ်။ သူ့ပုံစံကြည့်ရတာ ဒီထဲမှာ သူနဲ့ အသိ တစ်ယောက်ယောက် ရှိတဲ့ပုံပဲ။ ကျွန်မတို့ ဒီမှာ စောင့်နေတာ အကြာကြီး ရှိနေပြီဆိုပေမယ့် ပိုင်ရှင်ဆိုတဲ့လူက အခုထိ ပေါ်လာသေဘူး။ အဲ့ဒါ ကျွန်မတို့ကို မျက်လုံးထဲ မထည့်တာပဲ” အဖွဲ့ထဲရှိ အမျိုးသမီးတစ်ဦးက လှမ်းအော်ပြောလိုက်သည်။
“အို၊ မင်းတို့က ဘယ်သူတွေမို့လို့ ငါက မင်းတို့ကို သောက်ဂရုစိုက်ရမှာလဲ” ထိုစဉ် နဂါးလိုဏ်ဂူတောင်ထဲမှ ထေ့ငေါ့လှောင်ပြောင်သံတစ်သံ ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။ ထိုအသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် မြူခိုး အရံအတား နှစ်ပိုင်းကွဲထွက်သွားပြီး လူငယ်လေးတစ်ယောက် ပေါ်လာခဲ့လေသည်။
“ရန်ကိုင်” တိုက်ယွမ်က ပျော်ရွှင်စွာ လှမ်းအော်ခေါ်လိုက်၏။
“မင်္ဂလာပါ အစ်မတိုက်ယွမ်” တိုက်ယွမ်အား ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက် သူမဘေးတွင် ရပ်နေသာ လူများကို ကြည့်၍ မေးလိုက်သည် “အဲ့လူတွေက အစ်မနဲ့ အတူ ပါလာတာလား”
တိုက်ယွမ်က ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး။ သူတို့က ပင်လယ်နှလုံးသားဂိုဏ်းက လာတာ”
“ပင်လယ်နှလုံးသားဂိုဏ်း၊ တစ်ခါမှ မကြားဖူးဘူး” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်သည်။ သူသည် အရိပ်ကြယ်အကြောင်း အရမ်းကြီး မသိသော်ငြား အနည်းဆုံး သိသိသာသာကို အားကောင်းပြီး ဩဇာအာဏာ ကြီးမားသော အင်အားစုများအကြောင်းတော့ သိပေသည်။ သူသိထားသည့် အင်အားစုများထဲတွင် ပင်လယ်နှလုံးသား ဆိုသည့် အင်အားစုများ မပါချေ။
သို့သော်လည်း တိုက်ယွမ်သည် ထိုလူများအကြောင်း အတော်လေး သိထားသည့်ပုံပင်။ ရန်ကိုင်နားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည် “သူတို့တွေက အဆုံးမဲ့ သမုဒ္ဒရာကဆိုတော့ နင်သူတို့အကြောင်း သိမှာမဟုတ်ဘူး”
“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ အဆုံးမဲ့ သမုဒ္ဒရာသည် ဤနေရာသည် အလွန်ကိုမှ ဝေးကွာပေးသည်။ ဧကရာဇ်ဥယျာဉ် ပေါ်လာသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့၏ ကိုယ်စားလှယ်များကို ဤနေရာသို့ ပို့မည် မဟုတ်ချေ။
“မင်းက ဒီနေရာက ပိုင်ရှင်လား” အဖွဲ့ခေါင်းဆောင် လူငယ်လေးက ရန်ကိုင်အား အနည်းငယ် အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်၍ မေးလိုက်သည်။
“ဟုတ်တယ်၊ ငါက ဒီနေရာပိုင်ရှင်ပဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြဲလျက် ပြန်ပြောလိုက်သည်။
“မင်းက ပိုင်ရှင်ဆိုတော့ ငါတို့ စကားပြောလို့ရတယ်” ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် တတိယ အဆင့်သာ ရောက်သေးသည်ကို မြင်သော် ထိုလူငယ် ရန်ကိုင်အား အနည်းငယ် အထင်သေးသွားသည်။ ဤနေရာတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်ပြီး ကျင့်ကြံခြင်း ထိုမျှ နိမ့်ရသလား ဟူသော အမြင်ဖြင့် မြင်လျက်... ဆက်လက်၍ အထင်စီးလေသံဖြင့် ဆက်ပြောလေသည် “ငါတို့က အဆုံးမဲ့သမုဒ္ဒရာ၊ ပင်လယ် နှလုံးသား အင်အားစုက တပည့်တွေပဲ။ ဒီတောင်ကို ငါတို့ ယူမယ်ဆို့ ဆုံးဖြတ်ထားပြီးသွားပြီ။ ငါတို့အတွက် အခန်းတွေ ပြင်ထားပေးဖို့ မင်းလူတွေကို သွားပြောလိုက်”
ထိုသကောင့်သားသည် ရန်ကိုင်အား သူ့လက်အောက် ငယ်သား တစ်ယောက်ကို ခိုင်းသလို ခိုင်းနေခဲ့သည်။ သူများ နေရာကို ပိုင်စိုးပိုင်နင်းဖြင့် ရောက်လာပြီး ပိုင်ရှင်ကိုလည်း ခွေးတစ်ကောင်လို လာခိုင်းနေသေးသည်။
ထိုလူငယ်လေး၏ စကားကို ကြားသည့်အခါ တိုက်ယွမ်၏ အမူအရာ တစ်မျိုးတစ်မည် ဖြစ်သွားရသည်။ ထို့နောက် ‘ဒီလူတွေ ရန်ကိုင်ကို အရိပ်လခန်းမရဲ့ လက်အောက်ခံ မိသားစုငယ်လေး တစ်ခုလို့ ထင်နေကြတာလား’ဟု တွေးလျက် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ရန်ကိုင်လည်း ထိုကဲ့သို့ ထင်နေမိသည်။ ထွက်လာလာချင်း ဘာတွေဖြစ်နေမှန်း နားမလည်သော်လည်း ယခု အကြမ်းဖျင်း ခန့်မှန်းမိသွားလေပြီ။
ယခု ကောင်းကင်ကံကြမ္မာမြို့တော်သည် အလွန်ကိုမှ လူပြည့်ကြပ်နေသည့်အတွက် တည်းခိုခန်းများ အားလုံး လူပြည့်ကုန်ကြလေသည်။ အကျိုးဆက်အနေဖြင့် နောက်ကျမှ ရောက်လာသူအားလုံး တည်းစရာနေရာ မရှိတော့ဘဲ လမ်းဘေး အထုပ်ချပြီး အိပ်ရမည့် ဘဝရောက်ကုန်ကြသည်။ ထို့ကြောင့် အနီးအနားရှိ မိသားစုငယ်လေးကို စတင် ပစ်မှတ် ထားကြခြင်း ဖြစ်သည်။ မည်သည့်အချိန် ပွင့်မည်မှန်း မသိရသော ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ရန်အတွက် နေစရာကောင်း တစ်ခုလောက်တော့ ရှိထားရန် လိုအပ်ပေသည်။
နဂါးလိုဏ်ဂူတောင်သည် ဧကရာဇ်ဥယျာဉ်အောက် တည့်တည့်တွင် တည်ရှိနေခြင်း ဖြစ်သည့်အတွက် အများသူငှာ မျက်စိကျစရာ နေရာတစ်ခု ဖြစ်ခဲ့ရသည်။
ထို့အတွက်ကြောင့် အင်အားစုကြီးများစွာမှ ကျင့်ကြံသူ များစွာတို့သည့် နဂါးလိုဏ်ဂူတောင်ထဲသို့ အတင်းအကြပ် ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မည်သို့ဖြိုဖြို မပြိုနိုင်သော မဟာတံတိုင်းကဲ့သို့ အရံအတားများကြောင့် အထဲသို့ မဝင်နိုင်ခဲ့ဘဲ ဝင်ပေါက်တွင်သာ လက်လျော့အရှုံးပေးခဲ့ရသည်။
နဂါးလိုဏ်ဂူတောင်၏ ခေါင်းဆောင်သည် တန်ခိုးရှင်အဆင့် ပညာရှင်များကို သတ်နိုင်သည့်အပြင် ချင်းတုန်နှင့်ပါ ရင်းနှီးသည်ကို အခြားသူများ သိထားကြသည်။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်အား သွားပြဿနာ မရှာကြချေ။ သို့သော်လည်း အထူအပါးနားမလည် သူတို့ကိုယ်သူတို့ ဆရာကြီးသမာကြီးများ ထင်နေကြသော အဆုံးမဲ့သမုဒ္ဒရာ ပင်လယ်နှလုံးသားဂိုဏ်းမှ ရပ်ဝေး ကျင့်ကြံသူများမှာမူ ထိုအချက်ကို မသိခဲ့ကြချေ။
နဂါးလိုဏ်ဂူတောင်သည် လျှို့ဝှက်ချက်များစွာနှင့် အားကောင်းသော အစီအရင်များစွာတို့ဖြင့် လွှမ်းခြုံထားသော နေရာတစ်ခုဖြစ်သည်။ ပင်လယ်နှလုံးသားဂိုဏ်း မဆိုထားနှင့်၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၊ မိုးကြိုးမုန်တိုင်း ဂိုဏ်းမှ ကိုယ်စားလှယ်များ ရောက်လာလျှင်ပင် ထိုလူများကို ရန်ကိုင် လက်ခံမည် မဟုတ်ချေ။ ထို့အပြင် ထိုလူများသည် သူ့နေရာအား သူ့တို့အပိုင်ဟု ပိုင်စိုးပိုင်နင်းဖြင့် ပြောလာကြသည်။ မသိလျှင် သူတို့ကို နေခွင့်ပေးရသည်ကိုပင် ရန်ကိုင်က ကျေးဇူးတင်ရမလိုလို၊ ရန်ကိုင်စိတ်ထဲ ရယ်ချင်ပက်ကျိ ဖြစ်မသိလို ဒေါသလည်း ထွက်မိသည်။
သူတို့အတွက် အခန်းများပြင်ပေးတဲ့... လေသံကား မိုးထက်ပင် မြင့်နေသေးသည်။
ထိုအားလုံးကို နားလည်လိုက်သည်နှင့် ရန်ကိုင်၏ အကြည့် အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် ရယ်သွမ်းသွေးလျက် လက်သီးဆုပ်၍ “ဒီတော့ ဒီကမိတ်ဆွေတွေက ပင်လယ်နှလုံးသား နန်းတော်ကပေါ့။ ကျုပ်ခင်ဗျားတို့ ပင်လယ်နှလုံးသားဂိုဏ်းကို လေးစားနေတာ ကြာပြီဗျ”
ထိုမြှောက်ပင့်စကားကို ကြားလိုက်သည့်အခါ ပင်လယ် နှလုံးသားဂိုဏ်း တပည့်များ ပို၍ပင် မြောက်ကြွမြောက်ကြွ ဖြစ်သွားကြသည်။ စိတ်ထဲတွင်လည်း ‘တယ်ဟုတ်ပါလား၊ ငါတို့ ပင်လယ်နှလုံးသားဂိုဏ်းသတင်းက အရိပ်လခန်းမ ပိုင်နက်ထဲ ထိတောင် ရောက်နေပါလား’ဟု တွေးမိသွားကြသည်။
ခေါင်းဆောင် လူငယ်လေးဆိုလျှင် ခေါင်းကိုမော့ ရင်ကို ကော့လျက် သူ့လူများကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “ဒါမျိုးတွေ လုပ်နေစရာမလိုဘူး။ ငါတို့ ဘယ်သူမှန်းသိရင် ငါတို့အတွက် နေစရာ မြန်မြန် လုပ်ပေးတော့။ ငါတို့က သိပ်ကိစ္စမရှိပေမယ့် ငါတို့ ဂိုဏ်းတူ ဦးလေး ရောက်လာတဲ့ အခါကျရင်တော့ မင်းသေချာ ဂရုစိုက်ဖို့ လိုလိမ့်မယ်။ ဂိုဏ်းတူဦးလေးက နည်းနည်း ဒေါသကြီးတယ်။ မင်းသူ့ကို ကောင်းကောင်း မပြုစုဘူးဆိုရင် မင်းတို့အားလုံး သေပြီသာမှတ်ပေတော့ပဲ”
ပြောနေသည့်ပုံကား သူတို့အား ကောင်းကောင်း မပြုစုလျှင်ပင် နဂါးလိုဏ်ဂူတောင်တစ်ခုလုံး ကပ်ဘေးကြီး ဆိုက်တော့မလိုလို။