← Chapters

အခန်း (၁၃၇၁-၁၃၇၅)

Vol. 55 Ch. 1371-1375

အခန်း (၁၃၇၁-၁၃၇၅)

Vol. 55 Ch. 1371-1375

အပိုင်း (၁၃၇၁)

“အဲ့ဒါဆို ငါတို့ ဘာလုပ်ကြမလဲ” ယန်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ဘာမှမဖြစ်ဘူး၊ စိတ်ပူမနေနဲ့။ သူအခုလို ရည်ရွယ်ချက်ရှိရှိ ပြောသွားတာ ငါတို့ကို အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိတ်မပူဖို့ သတိပေးချင်လို့ပဲ နေမှာ။ ဒီကိစ္စကို သူတစ်ယောက်တည်းပဲ သိထားတာ ဖြစ်လောက်တယ်။ ဖန်သွေးရောင်ဂိုဏ်းက အခြား ဘယ်သူမှ မသိထားလောက်ဘူး။ မဟုတ်ရင် ငါ့ဆီလာပြီး တန်ခိုးရှင်အခြေတည် ဆေးလုံး ဖော်စပ်ပေးဖို့ ပြောမှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင်တောင် ငါတို့ သေချာ သတိထားသင့်တယ်။ ပုံရိပ်တစ်ထောင်ဖန်တောင်က ဖန်သွေးရောင်ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ပဲ။ သူတို့သာ ငါတို့လုပ်ခဲ့တဲ့အကြောင်း သိသွားခဲ့ရင် ငါတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

“ငါသိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ဟုတ်သားပဲ။ အခုထိ ချင်းယွဲ့ တံခါးပိတ်ကျင့်နေတုန်းလား”

“ဟင့်အင်း” ယန်ယန် ခေါင်းခါလိုက်သည်။

“အဲ့ဒါဆို ငါ့ဆီလာဖို့ သူ့ကို တစ်ချက်ပြောလိုက်ဦး။ ငါ့သူကို ကူပြီး ရှာခိုင်းစရာတစ်ခု ရှိလို့” ပြောပြီးနောက် ရန်ကိုင် သူ့လိုဏ်ဂူထဲသို့ ဝင်သွားလေသည်။

လိုဏ်ဂူထဲ ရောက်သည်နှင့် တင်ပင်ခွေ ထိုင်လိုက်ပြီး သူ့ဘာသာ အတွေးရေယာဉ်ကြောထဲ နစ်မြောသွားသည်။ သူ့ဆီသို့ တစ်ယောက်ယောက် လာနေမှန်း သတိပြုမိလိုက်သည့်အခါ လိုဏ်ဂူ အရံအတားကို ဖွင့်ပေးလိုက်လေသည်။

“ငါ့ကို တွေ့ချင်တယ်ဆို” ချင်းယွဲ့က မေးလိုက်သည်။

“ဟုတ်တယ်။ အရင်လာထိုင်ဦး” ရန်ကိုင်က ပြောလိုက်သည်။ ရန်ကိုင် ရုတ်တရက်ကြီး သူမကို ဘာကြောင့် တွေ့ချင်နေမှန်း မသိသော်လည်း ရန်ကိုင် ပြောသည့်အတိုင်း သူ့ရှေ့တွင် ဝင်ထိုင်လိုက်လေသည်။

သူ့ဆီသို့ မကြာခဏ လာရောက်လေ့ရှိသော ယန်ယန်မှ လွဲ၍ ရန်ကိုင်၏ လိုဏ်ဂူဆီသို့ အခြား မည်သူမှ လာလေ့မရှိချေ။ ရန်ကိုင်၏ လိုဏ်ဂူဆီသို့ ချင်းယွဲ့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

“နင်ဘာလို့ ငါ့ကို တွေ့ချင်တာလဲ” ခဏလောက် ဟိုကြည့် ဒီကြည့် လုပ်ပြီးနောက် ချင်းယွဲ့က လိုရင်း တန်းသွားလိုက်သည်။ သူမနှင့် ရန်ကိုင် နှစ်ယောက်စလုံးသည် တုန်ရွှမ်းလောကကြီးမှ ဒေသခံများ ဖြစ်ကြသည်။ ယခင်က သူမသည် ရန်ကိုင်ထက် အများကြီး ပိုအားကောင်းခဲ့သော်ငြား ယခုမူ ရန်ကိုင် သူမထက် သာသွားခဲ့လေပြီ။ ထို့အပြင် သူမ ယခုကဲ့သို့ အဆင်ပြေပြေ နေနိုင်ခြင်းမှာလည်း ရန်ကိုင်၏ ကျေးဇူးကြောင့် ဖြစ်သည်။

ထို့ကြောင့် ချင်းယွဲ့သည် ရန်ကိုင်အား မျိုးဆက်တူ တစ်ယောက် အဖြစ် သဘောထားနေခဲ့လေပြီ။ ရန်ကိုင်၏ စွမ်းရည်နှင့် ပက်သက်၍လည်း အံ့ပင် အံ့ဩမိနေပေသေးသည်။

“ခင်ဗျားဆီက တစ်ခုခု အကူအညီ တောင်းချင်လို့”

ချင်းယွဲ့က ပြုံးလျက် “ငါနင့်ကို ဘာမှ မကူညီပေးနိုင်မှာ စိုးရိမ်နေခဲ့တာ။ နင်ဘာအကူအညီလိုတာလဲ၊ ပြောသာပြောလိုက်၊ ငါတတ်နိုင်ရင် ကူညီပေးမယ်”

“ခင်ဗျားရဲ့ နာမ်ဝိဥာဉ် ကျုပ်အသိစိတ်ပင်လယ်ထဲ ဝင်လာခဲ့ပါလား” ရန်ကိုင်က ချင်းယွဲ့အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လျက် ပြောလိုက်သည်။

“အန်” ချင်းယွဲ့ ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ထိုကဲ့သို့ တောင်းဆိုလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ မိမိ၏ အသိစိတ် ပင်လယ်ထဲသို့ မည်သူမှ အခြား တစ်ယောက်ကို အလွယ်တကူ ဝင်ခိုင်းလေ့ မရှိချေ။ အလွန်ရင်းနှီးသည့် လူများသည်သာ သူတို့၏ အသိစိတ်ပင်လယ်ထဲသို့ အချင်းချင်း အဝင်ခံကြသည်။

ရန်ကိုင် ယန်ယန်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်နိုင်ခဲ့ခြင်းမှာလည်း ယန်ယန်မှ ခွင့်ပြုပေးခဲ့သည့် အတွက်ကြောင့် ဖြစ်ပြီး မဟုတ်လျှင် သူမ၏ အသိစိတ် ပင်လယ်ထဲသို့ ဝင်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ချင်းယွဲ့ အလွန် အံ့ဩသွားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် ရန်ကိုင် အပေါ် ကျေးဇူးလည်း တင်မိပေသည်။

ရန်ကိုင် မည်သို့သော အကူအညီအား တောင်းချင်သလဲ မသိရသေးသော်လည်း သူ့အသိစိတ်ပင်လယ်ထဲ ဝင်ခွင့်ပြုပုံကို ထောက်ရှုကြည့်လျှင် သူမအပေါ် သူမည်မျှ ယုံကြည်ကြောင်း ပြသနေခဲ့သည်။

“နင့်အသိစိတ်ပင်လယ်ထဲ ဝင်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် အထဲရောက်ရင် ငါဘာလုပ်ရမှာလဲ။ နင်ကျင့်စဉ် တစ်ခုခုကို ကျင့်ကြံနေတာလား” ချင်းယွဲ့က မေးလိုက်သည်။

“အခု သိပ်မတွေးနဲ့ဦး။ အထဲရောက်ရင် ပြောပြမယ်။ ကျုပ်ခင်ဗျားကို တစ်ခုခု ကူရှာခိုင်းချင်ရုံပဲ” ရန်ကိုင်က ရှင်းပြလိုက်သည်။

“နေရာရှာဖို့လား” ချင်းယွဲ့ မျက်မှောင်ကြုတ်သွားသလို ပို၍ စိတ်ရှုပ်မိသွားလေသည်။ နေရာတစ်ခုခု ရှာရန်အတွက် ဘာကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ သွားရသနည်း။

“ခင်ဗျား စုယန်နဲ့ ကွဲသွားတဲ့နေရာလေ” ရန်ကိုင်က သက်ပြင်းချလျက် ပြောလိုက်သည်။ ချင်းယွဲ့ ဆက်မေးမည်ကို မစောင့်တော့ဘဲ ခပ်မြန်မြန် ဆက်ပြောလိုက်သည် “စကားနဲ့ ရှင်းပြရတာခက်တယ်။ အထဲရောက်ရင် ခင်ဗျား သိလိမ့်မယ်”

ချင်းယွဲ့ စိတ်ရှုပ်နေဆဲပင်။ သို့သော် ဆက်မမေးတော့ဘဲ ရန်ကိုင် ပြောသည့်အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်သည် “နင့်အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့ထားလိုက်”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး မျက်လုံးပိတ်ကာ သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့နာမ်ဝိဥာဉ်သည် မီးတောက်ပင်လယ်ထက်၌ ပေါ်လာခဲ့လေသည်။

မကြာမီ သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသည့် နာမ်ဝိဥာဉ်တစ်ခုကို ရန်ကိုင် အာရုံခံမိလိုက်၏။ ခုခံမနေဘဲ ထိုနာမ်ဝိဥာဉ်ကို အထဲသို့ ဝင်ခွင့်ပေးလိုက်ရာ မကြာမီ သူ့ရှေ့တွင် ချင်းယွဲ့၏ နာမ်ဝိဥာဉ် ပေါ်လာခဲ့လေသည်။

အထဲသို့ ရောက်ရောက်ချင်း သူမအား လာဟပ်သည့် အပူမီးတောက်ကြောင့် ချင်းယွဲ့ အလန့်တကြား ထ‌အော်မိလိုက်ပြီး ထိုအပူမီးတောက်ကို ကာကွယ်ရန်အတွက် သူမ၏ စိတ်စွမ်းအင်ကို အလျင်စလို လှည့်ပတ်လိုက်ရသည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်သည် ယန်ယန်နှင့် တူသော်ငြား သူမ၏ အသိစိတ်ပင်လယ်ထက် ပိုအားကောင်းပေသည်။ အောက်ဘက်ရှိ ပင်လယ်ရေများသည် မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့် အတွက်ကြောင့် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ချင်းယွဲ့ ထိုးမီးတောက်များ၏ အပူဒဏ်ကို မခံနိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

ထိုအခြင်းအရာကို မြင်သော် ချင်းယွဲ့ ပတ်လည်တွင် အကာအရံတစ်ခုကို ဖန်တီးပေးလိုက်လေသည်။

“နင်အသိစိတ်ပင်လယ်က... အတော်တော်လေး အန္တရာယ် များတာပဲ...” အကြောက်မပြေသေးသည့် အမူအရာဖြင့် ချင်းယွဲ့ သူမ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

“သွားကြရအောင်” ရန်ကိုင်က ချင်းယွဲ့အား လက်ယပ် ခေါ်လိုက်ပြီး အပေါ်တည့်တည့်သို့ ပျံသန်းသွားလိုက်သည်။

ခဏအကြာတွင် ကြယ်ရောင် တလက်လက် တောက်နေသော ကျယ်ပြောလှသည့် ကြယ်တာရာကောင်းကင်ကြီး ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုကြယ်တာရာကောင်းကင်ကြီးကို မြင်သည့် အခိုက် ချင်းယွဲ့၏ အတွေးတို့ ရပ်တန့်သွားခဲ့ပြီး ကြယ်တာရာ ကောင်းကင်ဆီ ပြန်ရောက်သွားသလို သူမ ခံစားလိုက်ရသည်။

“ဒါက...” ချင်းယွဲ့ ထိတ်လန့်အံ့ဩနေမိသည်။ သူ့မရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက်ကြီး အပြောင်းကြီး ပြောင်းလဲသွားခြင်း ဖြစ်သည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေမှန်းသာ မသိခဲ့လျှင် ကြယ်တာရာကောင်းကင်ထဲသို့ ရောက်သွားသည်ဟု ယုံကြည်မိမည်မှာ အသေအချာပင်။

သူမရှေ့ရှိ မယုံကြည်နိုင်စရာ မြင်ကွင်းကို ကြည့်ရင်း ဂိုဏ်းချုပ်ချင်းယွဲ့၊ သူမ၏ စီနီယာအစ်ကို၊ စီနီယာအစ်မတို့နှင့် ကြယ်တာရာကောင်းကင်ထဲ ဝင်လာစဉ်က အဖြစ်အပျက်များကို ပြန်လည်တွေးတော သတိရမိသွားသည်။

ထိုအလွန်တရာကိုမှ ကြီးမားတောက်ပလွန်းလှသော ကြယ်များရှေ့တွင် သူမကိုယ်သူမ အလွန်ကိုမှ သေးငယ်သလို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အာကာသ မုန်တိုင်းများနှင့် အဆုံးမရှိသော ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်တို့ သူမရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။

ဂိုဏ်းအကြီးအကဲများ သေဆုံးခဲ့ရပုံကို ပြန်စဉ်းစားမိလိုက်သည့်အခါ ချင်းယွဲ့၏ အမူအရာ ညိုးကျသွားခဲ့ရသလို ဝမ်းနည်းစိတ်တို့ တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာခဲ့ရသည်။

ထိုစဉ်က ဖြစ်ခဲ့သည့် အကြောင်းအရာများကို မနေ့တစ်နေ့က ဖြစ်သွားခဲ့သည့် အဖြစ်အပျက်များနှယ် ချင်းယွဲ့ ထင်ထင်ရှားရှား မှတ်မိနေပေသေးသည်။

ရုတ်တရက် ရန်ကိုင် သူမဘေးတွင် ပေါ်လာခဲ့သည်။ ရန်ကိုင်ကို ကြည့်ရင်း ချင်းယွဲ့စိတ်ထဲ အထီးကျန်သလို ခံစားလိုက်ရသည်။

ဤကြယ်ပေါ်တွင် သူမနှင့် ရင်းနှီးသည့်လူဆို၍ ရန်ကိုင် တစ်ယောက်သာ ရှိသည်။ ချင်းယွဲ့က တိုးတိုးလေး ပြောလိုက်၏ “ရန်ကိုင်၊ ငါတုန်းရွှမ်လောကကြီးဆီ ပြန်ချင်တယ်။ ရေခဲဂိုဏ်းဆီ ပြန်သွားချင်တယ်”

သူမရှေ့ရှိ မြင်ကွင်းကြောင့် ချင်းယွဲ့ စိတ်ထဲ တင်းမာခဲ့သမျှ အရည်ပျော်ကျကုန်ပြီး သူမ၏ အားနည်းချက်တို့ အထင်အရှား ထွက်ပေါ်လာခဲ့ရသည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “တစ်နေ့ကျရင် ပြန်ရမှာပေါ့။ ဒါပေမယ့် မပြန်ခင် အားကောင်းနေဖို့လိုတယ်”

ရန်ကိုင်၏ လေသံထဲ ဆန်းကြယ်နက်နဲသည့် စွမ်းအား တစ်မျိုးမျိုး ပါဝင်နေသည့်အလား သူ့စကားကို ကြားလိုက်ချိန် ချင်းယွဲ့၏ မျက်ဝန်းများ ဝေဝါးလာရသည်။ ထိုအခြင်းအရာကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး သူမအား ချက်ချင်း အော်နှိုးလိုက်လေသည်။

ရန်ကိုင်၏ အော်သံကြောင့် ချင်းယွဲ့၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီသွားပြီး ဝိုးတိုးဝါးတား ဖြစ်နေသော သူမ၏ မျက်ဝန်းအစုံသည်လည်း ပြန်လည် ကြည်လင်လာခဲ့ရသည်။ ဘာတွေဖြစ်ပျက်သွားလဲ ဆိုသည်ကို နားလည်လိုက်သည့်နောက် ချင်းယွဲ့ရင်ထဲ ကြောက်လန့်သွားမိသလို ရန်ကိုင်ကိုလည်း ကျေးဇူးတင်မိသွားသည်။

ကြယ်တာရာကောင်းကင်ကို မြင်လိုက်ချိန် အတိတ်ကို ပြန်လည် လွမ်းဆွတ်တမ်းတမိပြီး သူမ၏ နှလုံးသားထဲ မသိလိုက် မသိဘာသာနှင့် အက်ကြောင်း ပေါ်လာခဲ့ရသည်။ သူမသာ ထိုအက်ကြောင်းကိုသာ ဒီအတိုင်း ထားလိုက်မည် ဆိုပါက ထိုအရာသည် တစ်နေ့တွင် သူမ၏ အတွင်းနတ်ဆိုး ဖြစ်လာပေလိမ့်မည်။

အတွင်းနတ်ဆိုးများသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထိုအရာများသည် ကျင့်ကြံသူတစ်ယောက် နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်ရာတွင် ပေါ်လာလေ့ရှိပြီး မအောင်မြင်အောင် အနှောင့်အယှတ် ပေးကြသည်။ အခပ်မသင့်လျှင် အဆင့်ချိုးဖျက်ခြင်း ကျရှုံးနိုင်ရုံမက ဝိဥာဉ်ပါ တစ်ခါတည်း ပျောက်ကွယ်သွားနိုင်သည်။

ရန်ကိုင်၏ အသံသည် သိပ်မကျယ်သော်ငြား သူ့အသံထဲ စိတ်စွမ်းအင်တို့ ပါဝင်နေသည်။ ထိုစိတ်စွမ်းအင်ကို သုံး၍ ချင်းယွဲ့အား မိန်းမောနေရာမှ လှုပ်နှိုးလိုက်ခြင်း ဖြစ်သည်။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ချင်းယွဲ့က သူမ၏ အတွေးများကို ပြန်စုစည်းလိုက်ပြီး ရန်ကိုင်ကို မေးလိုက်သည် “ဒါဘာကြီးလဲ”

“ကြယ်မြေပုံပဲ” ရန်ကိုင်က ကြယ်မြေပုံကို ကြည့်နေရင်း ပြန်ပြောလိုက်သည်။

ထိုကြယ်မြေပုံကို ခရမ်းရောင်ကြယ်၏ မြေပုံသခင် ဖြစ်‌သော ဝူဆွော့ဆီမှ ရခဲ့ခြင်းဖြစ်သည်။

ထိုကြယ်မြေပုံကို မြေပုံသခင်ဝူဆွော့ မည်ကဲ့သို့ ရခဲ့မှန်း ရန်ကိုင် မသိသော်လည်း ဝူဆွော့သေသွားပြီးနောက် ၎င်း၏ ဝိဥာဉ်ကို ရန်ကိုင် စုပ်ယူခဲ့သည်။ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးဖြင့် ဝူဆွော့၏ ဝိဥာဉ်ကို သန့်စင်ပစ်လိုက်သော်လည်း ထိုကြယ်မြေပုံသည် အကောင်းအတိုင်း ကျန်ရစ်နေခဲ့သည်။

ယခင်က ထိုကြယ်မြေပုံကို စူးစမ်းခဲ့ဖူးသော်လည်း အရမ်းကြီးတော့ အာရုံမစိုက်ခဲ့ချေ။ အရိပ်ကြယ်သို့ ရောက်ပြီးသည့်တိုင် တစ်ခါမှ သေချာ မစစ်ဆေးရသေးချေ။

သို့သော်လည်း ချင်းယွဲ့အား ရှာတွေ့ပြီး သူမသည် စုယန်နှင့်တကွ ရေခဲဂိုဏ်းမှ အခြားသူများနှင့် ကြယ်တာရာ ကောင်းကင်ထဲရှိ တစ်နေရာရာတွင် လမ်းကွဲသွားသည့် အကြောင်းကို ကြားလိုက်ရပြီးနောက် ရန်ကိုင် ကြယ်မြေပုံကို စတင် လေ့လာတော့သည်။

ချင်းယွဲ့အား သူမတို့ လမ်းကွဲသွားသည့် နေရာအကြောင်း ရန်ကိုင် တစ်ခါ မေးကြည့်ခဲ့ဖူးသည်။ သို့သော် သူမပြောသည့် နေရာနှင့် ဆင်တူသော နေရာများစွာကို သူတွေ့ခဲ့သဖြင့် သူတို့ မည်သည့်နေရာတွင် လမ်းကွဲသွားခဲ့မှန်း ရန်ကိုင် သေချာ မဆုံးဖြတ်နိုင် ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် နောက်ဆုံးတွင်း ချင်းယွဲ့ကိုယ်တိုင်ကို ရှာကြည့်ခိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်အနေဖြင့် လောလောဆယ်တွင် စုယန်ကို သွားမရှာနိုင်သေးချေ။ သို့သော်လည်း အကြမ်းဖျင်း နေရာကို ရှာနိုင်မည်ဆိုပါက မည်သည့်နေရာမှ စရှာရမလဲ သိနိုင်ပေမည်။

ကြယ်မြေပုံအကြောင်း အသေးစိတ် ရှင်းပြလိုက်ပြီးနောက် ချင်းယွဲ့ အလွန်ကိုမှ အံ့ဩသွားခဲ့သည်။

အရိပ်ကြယ်သည် ကြယ်တာရာကောင်းကင်နှင့် အလွန်ကိုမှ ဝေးကွာသည်။ ထိုကြောင့် အရိပ်ကြယ်ပေါ်ရှိ ဒေသခံများသည် အနီးအနားရှိ ကြယ်များဆီသို့သာသွားပြီး သတ္တုရိုင်းများ၊ သူတော်စင် သလင်းကျောက်များ တူးဖော်လေ့ရှိသည်။ ထိုခရီးသည် သိပ်မဝေးလှသဖြင့် မြေပုံများကို မလိုအပ်ချေ။ ထို့ကြောင့် အရိပ်ကြယ်ပေါ်တွင် မြေပုံသခင်များ မရှိကြခြင်း ဖြစ်သည်။

“ဒီကြယ်မြေပုံထဲမှ ကြယ်တာရာကောင်းကင် တစ်ခုလုံးမှာ ရှိတဲ့ ကြယ်တွေရှိနေတာလား” ချင်းယွဲ့ အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“ဟုတ်တယ်။ အတိအကျကြီး မရှိဘူး ဆိုရင်တောင် သိပ်တော့ မလွဲလောက်ဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“တုန်ရွှမ်းလောကကြီးကော” ချင်းယွဲ့ ထပ်မေးလိုက်သည်။

“နင်ကြည့်ကြည့်ချင်လား”

ချင်းယွဲ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို ငါနင့်ကို အဲ့ဆီ ခေါ်သွားပေးမယ်” ရန်ကိုင်က သူ့စိတ်စွမ်းအင်ဖြင့် ချင်းယွဲ့ကို ရစ်ပတ်လိုက်ပြီး ကြယ်မြေပုံထဲ စတင် ခရီးတော့သွားတော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၇၂)

ကြယ်ကြီးပေါင်းများစွာကို ဖြတ်သန်းလာသည့် တစ်လျှောက် ထိုကြယ်ကြီးများကို လှမ်းထိကြည့်သည်။ သို့သော်လည်း ထိုကြယ်ကြီးများသည် ကြယ်မြေပုံမှ ဖန်တီးထားသော ပုံရိပ်ယောင် သက်သက်များသာ ဖြစ်မှန်း သူမ၏ မသိစိတ်ကတော့ သိနေသည်။

မည်သို့ပင် ဆိုစေကာမူ ကြယ်မြေပုံထဲ သွားလာရသည်မှာ ချင်းယွဲ့အတွက် အိမ်မက်တစ်ခုလိုပင်။

တလက်လက် တောက်ပနေသော နေကြယ်များသာမက အရောင်ဖျော့ဖျော့နှင့် လင်းလက်တောက်ပနေသော လကြယ်များလည်း ရှိနေကြသည်။ မရေမတွက်နိုင်သော ကြယ်သေများနှင့် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်များလည်း ရှိနေကြပေသေးသည်။ ကြယ်တာရာကောင်းကင် တစ်ခုလုံး ကျုံ့ဝင်သွားပြီး ဤနေရာတွင် လာရောက် ရှိနေသည့် အလား ထင်မှတ်ရသည်။

ချင်းယွဲ့သည့် ရန်ကိုင်နောက်မှ အသံတစ်ချက်မှ မထွက်ဘဲ လိုက်သွားခဲ့သည်။ ခဏလောက် သွားနေပြီးနောက် ရန်ကိုင် ရပ်သွားခဲ့သည်။ ရန်ကိုင်သည် အနည်းငယ် ရှုပ်ထွေးသည့် အမူအရာဖြင့် သူ့ရှေ့သို့ လှမ်းကြည့်နေခဲ့သည်။

ချင်းယွဲ့လည်း ရန်ကိုင် ကြည့်နေသည့် ဘက်သို့ လှမ်းကြည့်လိုက်ရာ အပြာရောင်ဖျော့ဖျော့ ကြယ်တစ်လုံးကို တွေ့လိုက်ရသည်။ ထိုကြယ်သည် ကြယ်တာရာကောင်းကင်ထဲရှိ အခြားကြယ်များနှင့် ယှဉ်လိုက်လျှင် အရမ်းကြီး သိသာခြင်း မရှိလှချေ။ လမ်းတစ်လျှောက်တွင် သူမ မြင်ခဲ့သည့် ကြယ်များစွာသည် ဤကြယ်ထက် အများကြီး ပိုးတောက်ပသည်။ သို့သော်လည်း ထိုကြယ်ကို မြင်လိုက်သည့်အခိုက် ချင်းယွဲ့၏ မြင်ကွင်းထဲ ထိုကြယ်တစ်လုံးသာ ရှိတော့သည်။

ထိုကြယ်ကို စိုက်ကြည့်နေရင်း အိမ်ကိုလွမ်းသည့်စိတ်တို့ ဖြစ်ပေါ်လာရပြန်သည်။

ထုန်းရွှမ်လောကကြီး...

ထိုကြယ်သည် သူမ၏ မွေးရပ်မြေဖြစ်သော၊ သူမ အလွန် ပြန်ချင်နေသော တုန်းရွှမ်းလောကကြီးပဲ ဖြစ်လေသည်။

ရေခဲဂိုဏ်းမှ ကြယ်တာရာကောင်းကင်ထဲသို့ ဝင်လာပြီးနောက် ယခုပုံစံနှင့် တူညီသော ထုန်းရွှမ်လောကကြီး၏ ပုံစံကို တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က သူမမှာ ထုန်းရွှမ်လောကကြီးမှ မခွာချင်ခဲ့သော်လည်း ဂိုဏ်းချုပ်ချင်းယ နောက်သို့ လိုက်ရုံမှအပ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။

ချင်းယွဲ့စိတ်ထဲ ဝမ်းနည်းမိလာသည်။

သူမအနေဖြင့် သူတော်စင်ဘုရင်အဆင့် တစ်ယောက် ဖြစ်နေလျှင်ပင်၊ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။ အချိုးအကွေ့များစွာကို ကြုံတွေ့ပြီး အိမ်သို့ ပြန်ရောက်လာသော လေလွင့်နေသူ တစ်ယောက်နှယ် အိမ်ကို တသသလွမ်းစိတ်တို့က ပွင့်ထွက်လာခဲ့ရသည်။

ရန်ကိုင်ကမူ ဘာမှမပြောချေ။ ကြယ်မြေပုံကို လေ့လာနေစဉ် အတောအတွင်း ထုန်းရွှမ်လောကကြီး တည်ရှိနေသည့် နေရာကို ရှာတွေ့ခဲ့သည်။ သူ့အမူအရာမှာလည်း ချင်းယွဲ့ထက် အများကြီး ပိုမကောင်းလှချေ။ ယောကျာ်း တစ်ယောက် ဖြစ်သည့် အလျောက် မျက်ရည်မကျမိအောင် ထိန်းချုပ်ထားသော်လည်း သူခံစားချက် များမှာမူ ဂယောက်ဂယက် ဖြစ်နေကြလေသည်။

အချိန်အတော် ကြာသွားတော့မှ ချင်းယွဲ့ အငိုရပ်သွားပြီး ရန်ကိုင်ဘက်သို့ လှည့်၍ အားနည်းသည့် လေသံဖြင့် မေးလိုက်သည် “ရန်ကိုင်၊ ငါတို့ အိမ်ပြန်နိုင်မှာလားဟင်”

“အင်း၊ ပြန်နိုင်မှာ”

ချင်းယွဲ့ အံ့အားသင့်မိသွားသည်။ ရန်ကိုင်၏ အဖြေသည် အခြေအမြစ်မရှိသည့်အပြင် လောလောဆယ်တွင် အိမ်သို့ ပြန်နိုင်မည့် မည်သည့် အခွင့်အရေးကိုမှ မမြင်ရသေးသော်ငြား ထိုအဖြေကို ကြားလိုက်သည့်နောက် သူမရင်ထဲရှိ ဝမ်းနည်းစိတ်တို့ အတော်လေး လျော့ပါးပျောက်ကွယ်သွားခဲ့ရသည်။

“ကျေးဇူးပဲ” ဂျူနီယာတစ်ယောက် ရှေ့တွင် ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ခဲ့သည့် အတွက်ကြောင့် ချင်းယွဲ့ အတော်လေး ရှက်မိသော်လည်း သူမ၏ မွေးရပ်မြေကို ပြန်မြင်လိုက်ရချိန် သူမ၏ စိတ်ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိင်ခဲ့ချေ။ စိတ်ပျော်စံအိမ်အတွင်း ခံစားခဲ့ရသည့် မကျေနပ်ချက်တို့မှာ ယခုအချိန်၌ ပေါက်ကွဲထွက်လာခဲ့လေသည်။

ကံကောင်းစွာဖြင့် ထိုအရာအားလုံးသည် အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်သည့် အတွက်ကြောင့် အချိန်အကြာကြီး စိတ်မလွတ်သွားခဲ့ချေ။

ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ချင်းယွဲ့ကို စိတ်စွမ်းအင်ဖြင့် ရစ်ပတ်၍ ကြယ်ပြာကြီးမှ အခြား တစ်နေရာဆီသို့ ခေါ်သွား၏။

ခဏအကြာတွင် ရန်ကိုင်တို့ နှစ်ယောက် ကြယ်မြေပုံရှိ တစ်နေရာဆီသို့ ရောက်လာခဲ့သည် “သေချာကြည့်ကြည့်၊ ဒါ အကြီးအကဲချင်းယွဲ့နဲ့ စုယန်တို့ လမ်းကွဲသွားတဲ့ နေရာလား”

ချင်းယွဲ့သည် သူမ ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါ၍ “ဒီနေရာ မဟုတ်ဘူး။ ငါတို့တွေ့ခဲ့တဲ့ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်က ဒီထက်အများကြီး ပိုကြီးတယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ချင်းယွဲ့နှင့်အတူ နောက်တစ်နေရာသို့ ထပ်ထွက်သွားလိုက်ပြန်သည်။

...................

နေ့ဝက်ကြာပြီးနောက် ရန်ကိုင်၏ လိုဏ်ဂူထဲမှ ချင်းယွဲ့ ပြန်ထွက်လာခဲ့သည်။ ရန်ကိုင်မှာမူ သူ့လိုဏ်ဂူထဲတွင် အပြုံးကြီး ပြုံးလျက် ကျန်ခဲ့လေသည်။

နောက်ဆုံးတွင် သူမနှင့် စုယန်တို့ လမ်းကွဲသွားသည့် နေရာကို ရန်ကိုင် ရှာတွေ့သွားခဲ့လေပြီ။ ထိုစဉ်က စုယန်နှင့် အခြားအဖွဲ့သားများသည်လည်း ဟင်းလင်းပြင်လျှောက်လမ်းကို ဖြတ်သွားခဲ့ကြပြီး မည်သည့်နေရာသို့ ရောက်နေကြမှန်း မသိရသေးသော်ငြား ဤလမ်းကြောင်းသည် အလွန်ကိုမှ တိကျသည့် သဲလွန်စတစ်ခု ဖြစ်သည်။

သူလုံလောက်အောင် သန်မာသည့် တစ်နေ့တွင် ထိုလမ်းကြောင်းအတိုင်း လိုက်သွားပြီး ဟင်းလင်းပြင် လျှောက်လမ်းကို ရှာကာ ထိုထဲဝင်ပြီး စုယန်ကို သွားရှာရပေမည်။

ထိုအရာအားလုံးကို လုပ်ရန်အတွက် သူ့တွင် လုံလောက်သော ခွန်အား ရှိထားရန် လိုပေသည်။ ထို့ကြောင့် လောလောဆယ် ထိုအကြောင်းအရာများကို စဉ်းစားဖို့ရာ အနည်းငယ် စောနေပေသေးသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ရာ မကြာမီ တစ်လ ပြည့်သွားခဲ့သည်။ ယနေ့တွင် နဂါးလိုဏ်ဂူတောင်၏ ဝင်ပေါက် ပွင့်သွားပြီး လူနှစ်ယောက် ထွက်လာခဲ့သည်။ ရန်ကိုင်နှင့် ယန်ယန်ပင်။

ယနေ့သည် ရတနာစံအိမ်၏ လေလံပွဲ ကျင်းပမည့်နေ့ ဖြစ်ပေသည်။

အစကမူ လေလံပွဲမသွားရန် လုပ်ထားသော်လည်း လေလံတင်မည့် ပစ္စည်းတစ်ခုကို မြင်ပြီးနောက် သူ့သဘောထား ပြောင်းလဲသွားခဲ့ရသည်။ သူ့အနေဖြင့် ထိုပစ္စည်းကို ရမှ ဖြစ်ပေမည်။ ထို့ကြောင့် ဝူရီ ကြိုပြင်ထားသည့် သူတော်စင် သလင်းကျောက် အားလုံးကို ယူလာခဲ့လိုက်သည်။

လောလောဆယ်တွင် နဂါးလိုဏ်ဂူတောင် သူတော်စင် သလင်းကျောက် များများစားစား ရှိမနေချေ။ သို့သော် ရန်ကိုင် တွက်ချက်ရသလောက် သူယူလာသည့် ပမာဏသည် ထိုရတနာကို ဝယ်ရန် လုံလောက်ပေသည်။

အကြောင်းမှာ သူလိုချင်နေသည့် ပစ္စည်းသည် အဖိုးတန်သော်ငြား ကုန်ကြမ်းပစ္စည်းတစ်ခု သက်သက်သာ ဖြစ်သည်။ သူ့အတွက် အလွန် အဖိုးတန်သော်လည်း အခြားသူများ အတွက် ထိုမျှ အဖိုးတန်ချင်မှ အဖိုးတန်ပေလိမ့်မည်။

ကြယ်လွန်းပျံနှင့် ခဏလောက် ပျံသန်းလာပြီးသည့်နောက် ကောင်းကင်ကံကြမ္မာမြို့တော်သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။

ကောင်းကင်ကံကြမ္မာမြို့သည် လူသူပေါင်းစုံတို့ဖြင့် ပြည့်ကြည့်နေခဲ့လေပြီ။ မြို့သခင်လေးမှာလည်း မြို့တွင်းအရေး တည်ငြိမ်အောင်လုပ်ရင်း အလုပ်များနေခဲ့သည်။ ပုံမှန်အားဖြင့် ဖေးကျီတုသည် ထိုကဲ့သို့သော ပြဿနာများသည့် အရေးကိစ္စများ၌ ဝင်မပါချင်သော်လည်း ဧကရာဇ်ဥယျာဉ် ထွက်ပေါ်လာသည့် ကိစ္စကြောင့် သူ၏ တိတ်ဆိတ်ပြီး ငြိမ်းချမ်းသော ဘဝလေး ပျက်စီးသွားခဲ့ရသည်။

မြို့အား ကာကွယ်ပေးထားသည့် အစီအရင်သည် အသက်ဝင်နေပြီ ဖြစ်ပြီး မည်သူမှလည်း မြို့ထဲတွင် တိုက်ခိုက်ခွင့် မရှိတော့ချေ။ အမျိုးမျိုးသော အဖြစ်အပျက်များကြောင့် ယခင်ကကဲ့သို့ ကောင်းကင်ကံကြမ္မာမြို့ပေါ် ပျံသန်းသွား၍ မရတော့ဘဲ မြို့ဝင်ပေါက်မှသာ ဝင်သွား၍ ရတော့သည်။

မြို့ဝင်ပေါက်မှာလည်း လူများဖြင့် ပြည့်ကြပ်နေသည်။ ထိုလူအုပ်ကြီးကို မြင်သည့်အခိုက် ယန်ယန် ရန်ကိုင်ဆီသို့ အနည်းငယ် တိုးကပ်သွားခဲ့သည်။ ရန်ကိုင်တို့ နှစ်ယောက် မြို့ဝင်ပေါက်ကို ဖြတ်ရန် အတော်လေး ကြိုးစားလိုက်ရသည်။

မြို့ထဲ ဝင်လာပြီးနောက်တွင် အချင်းချင်း ပူးကပ်၊ တိုးကြိတ်ကာ သွားလာနေရသည်။ ထိုလူအုပ်ကြီးကို ကြည့်ရင်း ယန်ယန်ရော ရန်ကိုင်ပါ ခေါင်းကိုက်နေခဲ့ရသည်။ ကောင်းကင် ကံကြမ္မာမြို့တော်၏ လူအရေအတွက်မှာ ယခင်ထက် ဆယ်ဆမက ရှိနေခဲ့လေပြီ။

ကံကောင်းစွာဖြင့် လေလံပွဲကျင်းပမည့် နေ့ဖြစ်သည့် အတွက်ကြောင့် လမ်းရှင်းပေးမည့် အဖွဲ့အသီးသီးကို ရတနာစံအိမ်မှ စေလွှတ်ပေးထားသည်။ ထို့ကြောင့် အဆင့်မြင့် ပုဂ္ဂိုလ်များအဖို့ လေလံပွဲသို့ ပွဲ၍ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ သွားနိုင်ကြပေသည်။

ဧည့်ကြိုနေရာသို့ ရောက်ပြီးနောက် သူ့ရွှေရောင်ဖိတ်စာကို ရန်ကိုင် ထုတ်ပေးလိုက်သည်။ ရွှေရောင်ဖိတ်စာကို မြင်သည်နှင့် ဧည့်ကြိုသမားက ဖားဖားယားယား အမူအရာဖြင့် လေးလေးစားစား ပြောလိုက်လေသည် “လူကြီးမင်းတို့ နှစ်ယောက်ကို ရတနာစံအိမ်ရဲ့ လေလံပွဲမှ ကြိုဆိုပါတယ်။ လူကြီးမင်းတို့အတွက် အပိုင်း(ခ)မှာ သီးသန့်ခန်း ပြင်ပေးထားပါတယ်ဗျ။ ဒီလမ်းအတိုင်း လာခဲ့ပေးပါ”

ပြောပြီးသည်နှင့် မိန်းမငယ်လေး တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး “ချင်းအာ၊ ဒီက လူကြီးမင်း နှစ်ယောက်ကို သူတို့ အခန်းဆီ ခေါ်သွားပေးလိုက်ပါဦး”

ရန်ကိုင်နှင့် ယန်ယန်၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သော်ငြား ရွှေရောင်ဖိတ်စာကို ရသည့်လူ များများစားစား မရှိချေ။ နဂါးလိုဏ်ဂူတောင် မည်မျှ ကြွယ်ဝချမ်းသာကြောင်းကို ယန်ပေး ကောင်းကောင်း သိသည်။ ထို့အပြင် ရန်ကိုင်အား လေလံပွဲ၏ နောက်ဆုံးပစ္စည်းအချို့ ထောက်ပံ့ပေးစေလိုသည့် အတွက်ကြောင့် သူ့ဆီ အဆင့်မြင့်ဖိတ်စာတစ်စောင် ပို့ပေးခဲ့သည်။ ထိုဖိတ်စာသည် ပထမအဆင့် အင်အားစုကြီးများ ရသည့် ဖိတ်စာလောက် မကောင်းလျှင်ပင် အရမ်းကြီးတော့ မကွာခြားပါချေ။

ထို့ကြောင့် ရွှေရောင်ဖိတ်စာကို မြင်သည့်အခါ ဧည့်ကြိုကောင်တာမှလူ ဖားဖားယားယား ဖြစ်သွားခြင်း ဖြစ်သည်။

ထိုလူမှ အမိန့်ပေးလိုက်သည့်အခါ အသက်ဆယ့်ခုနှစ်၊ ဆယ့်ရှစ်လောက်သာ ရှိမည်ထင်ရသော မိန်းကလေးတစ်ယောက် ပေါ်လာခဲ့သည်။ ကျော့ရှင်းစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည် “လူကြီးမင်းတို့၊ ကျွန်မနောက် လိုက်ခဲ့ပေးပါ”

ထိုမိန်းကလေးသည် အရမ်းကြီး ရုပ်မလှသော်လည်း ရုပ်ဆိုးသည့်အထဲ မပါချေ။ သူမ၏ ခွန်အားမှာလည်း သိပ်မမြင့်လှပဲ အင်မော်တယ်တက်လှမ်းခြင်း အဆင့်သာ ရှိသေးသည်။ သို့သော် သူမ၏ အသံမှာ အတော်လေးကိုမှ နာဝင်ချိုလှသည်။ သူမ၏ လှုပ်ရှားမှုတိုင်းနှင့် အပြုံးထဲတွင် ဆန်းကြယ်သော ဆွဲဆောင်မှုတစ်ရပ် ပါဝင်နေခဲ့သည်။ ထိုမိန်းကလေး ညို့ဓါတ်ကျင့်စဉ် တစ်ခုခုကို ကျင့်ထားသည်မှာ သေချာပေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ခေါင်းညိတ်မိလိုက်သည်။ ရတနာစံအိမ်သည် လေလံပွဲအတွက် အတော်လေး အားစိုက် ပြင်ဆင်ပေးထားပေသည်။ ဤနေရာသို့ လာရောက်သည့် အင်အားစုကြီး တစ်ခုစီတိုင်းကို ထိုကဲ့သို့ အမျိုးသမီး ဝန်ထမ်းတစ်ယောက်ဆီ ထည့်ပေးထားသည်။ ရတနာစံအိမ်အနေဖြင့် ထိုကဲ့သို့သော မိန်းကလေးများကို ပျိုးထောင်ရန် မခက်သော်လည်း သူမတို့အား ဧည့်သည်များကို ပြုစုစောင့်ရှောက်စေခြင်းဖြင့် မိန်းမကြိုက်လူများအဖို့ ကျေနပ်လောက်စရာ ဖြစ်သည်။ ဝန်ဆောင်မှု ကောင်းမွန်သည်ဟု ပြော၍ ရပေသည်။

ထိုလူများ ပျော်နေလျှင် ငွေများများ ပိုသုံးချင်လောက်၏။

ချင်းအာဆိုသော မိန်းမငယ်လေးက လမ်းလျှောက်နေရင်း ရှင်းပြလိုက်သည် “ယခုတစ်ကြိမ် လူကြီးမင်တို့ နှစ်ယောက် အတွက် လိုအ်ပမယ့်အရာတွေကို လုပ်ပေးဖို့ တာဝန်ကျထားတဲ့ လူက ချင်းအာပါ။ လူအိုကြီးမင်းတို့ ပစ္စည်းတစ်ခုခုကို လေလံပစ်လို့ အောင်သွားခဲ့ရင် ချင်းအာက လိုအပ်တဲ့ သူတော်စင်သလင်းကျောက်ကို ယူသွားပေးပြီး လေလံပစ္စည်းကို ပြန်ယူလာပေးမှာပါ။ လူအိုကြီးမင်းတို့ အခြား လိုအပ်တာ ရှိရင်လည်း ချင်းအာကို မေးလို့ရပါတယ်။ လူကြီးမင်းတို့ကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ မန်နေဂျာတွေက ကျွန်မတို့ကို ညွှန်ကြားထားပါတယ်”

“ဘာပဲလိုအပ်လိုအပ်ပေါ့” ယန်ယန် ယဲ့ယဲ့လေးပြုံးလျက် မျက်ခုံးပင့်လိုက်သည်။

“အင်း” ချင်းအာဆိုသော မိန်းကလေး ခေါင်းညိတ်လိုက်၏။ သူမ၏ နားသီးလေးများမှာ ပန်းနုရောင် သန်းနေခဲ့လေပြီ။

ယန်ယန်က ရယ်သွမ်းသွေးလျက် ရန်ကိုင်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ချင်းအာဆိုသော မိန်းကလေးဆီ ကပ်သွားလိုက်ပြီး သူမနားနားကပ်ကား တိုးတိုးလေး ပြောလိုက်သည်။ ချက်ချင်းဆိုသလို ပန်းနုရောင် သန်းနေသော သူမ၏ နားသီးလေးများ နီမြန်းသွားလေသည်။ သို့သော် ခေါင်းတော့ ညိတ်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် မျက်နှာကြီး မဲ့သွားသည်။ ယန်ယန် ထိုမိန်းကလေးအား ဘာပြောလိုက်မှန်း အတိအကျမသိသော်လည်း မည်သို့သော မေးခွန်းမျိုး မေးလိုက်သလဲ ဆိုသည်ကိုတော့ ခန့်မှန်းမိပေသည်။

ထိုကောင်မလေး သတိလစ်ရာမှ နိုးလာပြီးသည့် နောက်ပိုင်း သူမ၏ စရိုက်မှာ ပြောင်းလဲသွားခဲ့သည်။ ယန်ယန်သည် ယခင်က ယခုလောက် မရဲသလို ပြတ်လည်း မပြတ်သားချေ။ သတိလစ်ရာမှ နိုးလာပြီးသည့် နောက်ပိုင်း ပိုရဲ ရဲတင်းလာခဲ့သည်။ သို့သော် ယခင်ကကဲ့သို့ ရှက်လွန်းပြီး တစ်သီးတစ်ခြားသော ဆန်သော စရိုက်ကို ပိုင်ဆိုင်ထားဆဲပင်။

လမ်းတွင် လူများစွာကို သူတို့ တွေ့ခဲ့ရသည်။ နေရာတစ်ခုလုံး လူများဖြင့် ပြည့်ကျက်နေသော်လည်း ရတနာစံအိမ်မှာ လူသွားရန် လမ်းအသီးသီးများ ပြင်ပေးထားသဖြင့် သူတို့ သုံးယောက်စလုံး အခက်အခဲမရှိ ရှေ့ဆက်သွားနိုင်ခဲ့သည်။

ခဏအကြာတွင် ရန်ကိုင်တို့သုံးယောက် ရတနာစံအိမ်သို့ ရောက်လာခဲ့သည်။

ဝင်ပေါက်တွင် ရပ်နေသည့်လူ များများစားစား မရှိဘဲ နှစ်ယောက်သာ ရှိနေခဲ့သည်။ သို့သော် နှစ်ယောက်စလုံးသည် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြပေသည်။

တစ်ယောက်သည် မျက်နှာ မှုန်ကုတ်ကုတ် အမူအရာဖြင့် ရပ်နေသော ဖေးကျီတု ဖြစ်ပေသည်။ ဧကရာဇ်ဥယျာဉ် ကိစ္စကြောင့် သူ့အားလပ်ချိန်လေး ပျက်စီးသွားရသည်ကို ဖေးကျီတု မည်ကဲ့သို့ ပျော်နိုင်မည်နည်း။

သူမဘေးတွင် ရပ်နေသည့်လူကား ယန်ပေး ဖြစ်ပေသည်။ ယန်ပေးသည် မျက်နှာမည်းသလို စိတ်လည်း အလွန်ညစ်ပေသည်။ သူလေလံတင်သည့် ပစ္စည်းမှန်းသမျှကို မည်သို့မှ ဈေးနိမ့်နိမ့်ဖြင့် ဝယ်၍ မရချေ။ အကုန်လုံးကို ဈေးအမြင့်ကြီးများဖြင့်သာ ဝယ်နိုင်ပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၇၃)

အရိပ်ကြယ်ရှိ အင်အားစုအမျိုးမျိုးမှ ပညာရှင်များသည် မျက်နှာမည်းလူအိုကြီး ယန်ပေးနှင့် ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိကြသည်။ မျက်နှာမည်းယန်ဖေး နှင့်ပက်သက်၍ သူတို့ သဘောကျသည့် အချက်သည်ကား မျက်နှာမည်းယန်ပေး လေလံတင်လိုက်သည့် ပစ္စည်းတိုင်း အရည်အသွေး ကောင်းကြခြင်း ဖြစ်သည်။ ဆိုးရွားသည့် အချက်ကမူ ပစ္စည်းတိုင်း ဈေးအလွန်မြင့်ကြခြင်း ဖြစ်သည်။

တန်ခိုးရှင်တတိယအဆင့် နှစ်ယောက် စောင့်ကြည့်နေပုံ ထောက်လျှင် ရတနာစံအိမ် ဤလေလံပွဲကို မည်မျှ အလေးထားကြောင်း သိနိုင်ပေသည်။

ရန်ကိုင် ရောက်လာသည်ကို မြင်သော် ဖေးကျီတုနှင့် ယန်ပေးတို့ နှစ်ယောက်စလုံး ရုတ်တရက် ပြုံးလိုက်ကြသည်။ မိန်းကလေး ချင်းအာ ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ထိတ်လန့်သွားခဲ့လေသည်။ သူမ သိသလောက် စီနီယာ ထိုကဲ့သို့ ပြုံးသည်မှာ အလွန်ရှားပေသည်။

သူတို့၏ အပြုအမူအရ ရန်ကိုင် မည်မျှ အဆင့်အတန်း မြင့်ကြောင်း ပြသနေခဲ့သည်။ ဆိုလိုသည်ကား သူမရမည့် ဆုလာဒ်များဟာလည်း ပို၍ များပြားပေလိမ့်မည်။ ရန်ကိုင်သာ သူမအား နှစ်သက်သွားမည်ဆိုလျှင် သူမ တစ်ဘဝလုံး ကျင့်ကြံရန် အတွက် အရင်းအမြစ် မလုံလောက်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။ ဤလေလံပွဲသို့ တက်ရောက်သူထဲ သူတော်စင် သလင်းကျောက် ရှားပါသည့်လူ တစ်ယောက်မှ မပါဝင်ချေ။

“စီနီယာတို့ နှစ်ယောက်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ရှေ့သို့တက်၍ နှုတ်ဆက် လိုက်ပေသေးသည်။

နောက်ဆုံးတွင် သူသည် ဂျူနီယာတစ်ယောက်ပင် မဟုတ်ပေလော။ ထို့ကြောင့် သူ့ဘက်က လေးစားသမှု ပြရပေလိမ့်မည်။

“ဟားဟား၊ ဒါမျိုးတွေ လုပ်နေစရာ မလိုပါဘူးကွာ” ဖေးကျီတုက သူ့လက်ကို ဝှေ့ရမ်း၍ ပြုံးကာ ပြောလိုက်သည်။ ရန်ကိုင် ကိုယ်ထဲမှ ထွက်လာသည့် ဖီးနစ်ဝိဥာဉ်ကို မြင်ပြီးသည့် အချိန်မှစ၍ ဖေးကျီတု ရန်ကိုင်အား နည်းနည်းလေးမှ အထင်မသေးရဲတော့ချေ။

ထိုဖီးနစ်ဝိဥာဉ်သည် အားနည်းသော ဝိဥာဉ်တစ်ခု ဖြစ်သည့်တိုင် ထိုအရာသည် ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သော ရှေးနတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ်ဖြစ်သည်။ ရန်ကိုင်သာ မသေသရွေ့ သူ့ခွန်အားသည် အချိန်နှင့်အမျှ တောက်လျှောက် တိုးတက်နေပေလိမ့်မည်။ ဆိုလိုသည်ကား ရှေးနတ်ဘုရားမျိုးစိတ် ၏ ခွန်အားသည်လည်း တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။

ရန်ကိုင်သည် အရိပ်ကြယ်၏ ဥပဒေသနိယာမများကြောင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည် ဖြစ်သော်လည်း သူတန်ခိုးရှင်အဆင့်သို့ ရောက်သည့်အခါ ထိုဖီးနစ်ဝိဥာဉ်၏ အကူအညီဖြင့် ဆိုပါက အရိပ်ကြယ်တွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ဖေးကျီတုသာ ဤအခိုက်အတန့်ကို အခွင့်အရေး မယူထားလျှင် ရန်ကိုင် အားကောင်းလာသည့် တစ်နေ့ကျ အရမ်း နောက်ကျသွားပေလိမ့်မည်။

“ကောင်လေး၊ မင်းထပ်မွှေလိုက်ပြန်တယ်ဆို” ဖေးကျီတုက အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြောလိုက်သည်။

“စီနီယာကို ဘာကို ပြောချင်နေတာလဲ မသိဘူး” ရန်ကိုင်က ဇဝေဇဝါဖြင့် ပြန်ပြောလိုက်သည်။

“မသိချင်ယောင် ဆောင်မနေနဲ့။ ပင်လယ်နှလုံးသားက တပည့် တစ်ယောက်ကို မင်းသတ်လိုက်တယ် မဟုတ်ဘူးလား” ဖေးကျီတုက ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

“အော်၊ အဲ့ကကောင်လား၊ ဟုတ်တယ်၊ သတ်လိုက်တယ်။ စီနီယာလည်း အဲ့အကြောင်း သိတယ်လား” ရန်ကိုင်က မေးလိုက်သည်။

“သေချာကြီးတော့ မဟုတ်ဘူး” ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ပင်လယ်နှလုံးသားဂိုဏ်းက ဒီနေရာနဲ့ အဝေးကြီး ဆိုပေမယ့် အဲ့ဂိုဏ်းက ဒုတိယအဆင့် အင်အားစုတစ်ခု ဖြစ်နေတုန်းပဲ။ သူတို့ကို သွားရန်စရင် ဘယ်လိုမှ အလွယ်တကူ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဒါကြောင့် ငါမေးချင်တာက မင်းအကျိုးဆက်ကို စဉ်းစားပြီးသွားပြီလားလို့”

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “ကျုပ်ကို လာပြီး အနိုင်ကျင့်ဖို့လုပ်နေတာကို ကျုပ်ငြိမ်ခံနေမယ်လို့ စီနီယာ ထင်နေတာလား”

ရန်ကိုင်၏ မျက်လုံးထဲရှိ ထက်ရှသည့် အကြည့်ကို မြင်သော် ဖေးကျီတု ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “မင်းသာ ငြိမ်ခံနေရင် မင်းဟုတ်တော့မှာ မဟုတ်ဘူး”

ယခင်တစ်ကြိမ်က ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ရှစ်ယောက်၏ ဝိုင်ထားခြင်း ခံရသည့်တိုင် ထိုရှစ်ယောက်ထဲမှ တစ်ယောက်ကို သတ်၍ ကောင်းကင်ကံကြမ္မာ မြို့တော် တစ်ခုလုံးကို ဗြောင်းသတ်အောင် လုပ်သွားသေးသည်။ ရန်ကိုင်သည် အလွယ်တကူ ငြိမ်ခံတတ်သည့် လူစားမျိုး မဟုတ်မှန်း သူသိသော်လည်း သတိတော့ ပေးရပေဦးမည်။ “အဲ့ပင်လယ်နှလုံးသားဂိုဏ်းက လူတွေ အခု ရှဲ့မိသားစုမှာ နားနေတယ်လို့ ငါကြားတယ်”

ရနက်ိုင် မျက်လုံးမှေးစဉ်းသွားပြီး လက်သီးဆုပ်၍ “အခုလို သတိပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

“ပြီးတော့ တိမ်မီးတောက်ဂိုဏ်းဆိုတဲ့ အင်အားစုတစ်ခုလည်း ရှဲ့မိသားစုမှာ နေနေသေးတယ်။ မင်းသတိထားရအောင်လို့ ငါပြောတာ”

“တိမ်မီးတောက်ဂိုဏ်းလား” ရန်ကိုင် အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်မှောင်လည်း ကြုတ်သွားခဲ့သည်။

“ဘာလဲ၊ မင်းနဲ့ တိမ်မီးတောက်ဂိုဏ်းကြားမှာလည်း ရန်ငြိုး ရှိနေသေးတာလား” ဖေးကျီတု ကြောင်သွားခဲ့သည်။

ရန်ကိုင်ကမူ ရယ်သာရယ်လိုက်ပေသည်။

ရန်ကိုင် မငြင်းသည်ကို မြင်သော် ဖေးကျီတု ဆွံ့အသွားပြီး အလျင်အမြန် လက်ဝှေ့ရမ်းလိုက်ပြီး “အေး၊ အေး၊ အေးပါကွာ။ မင်းတို့ လူငယ်တွေ တက်ကြွတော့ ပြဿနာရှာတာ သဘာဝပဲပေါ့။ ပြဿနာ အရမ်းကြီးလွန်းရင်၊ ကောင်းကင်ကံကြမ္မာမြို့ဆီသာ လာခဲ့။ အဲ့တိမ်မီးတောက်ဂိုဏ်း ဘာမှလုပ်ရဲမှာ မဟုတ်ဘူး”

“ဂျူနီယာ မှတ်ထားလိုက်ပါ့မယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

တိမ်မီးတောက်ဂိုဏ်းသည် ဘာမှမဟုတ်သော အင်အားစုလေး တစ်ခုဟု ဖေးကျီတု ယုံကြည်နေသည်။ သို့သော် ရန်ကိုင် တကယ် လန့်သည်ကား တိမ်မီးတောက်ဂိုဏ်း မဟုတ်ဘဲ တိမ်မီးတောက်ဂိုဏ်းမှ လူရီဆိုသည့် လူကိုသာ ဖြစ်လေသည်။

သူမှတ်မိသလောက် ထိုလူရီဆိုသည့်လူကို သူတစ်ခါမှ ရန်မစဖူးချေ။ သူတို့ကြား မည်သည့် ပြဿနာမှလည်း မဖြစ်ဖူးပါချေ။ သို့သော်လည်း ဘာကြောင့်မှန်းမသိ ထိုလူရီ ဆိုသည့် လူသည် သူ့အား အလွန်အမင်း သတ်ချင်နေသည်။ ယခင်တစ်ကြိမ်က တိုက်ပွဲတွင် လူရီ၏ လက်တစ်ဖက်ကို အောင်အောင်မြင်မြင် ဖြတ်ပစ်လိုက်နိုင်သော်လည်း ထိုကောင် လွတ်အောင် ထွက်ပြေးသွားလိုက်နိုင်သေးသည်။

ထိုတိုက်ပွဲပြီးနောက် လူရီ သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။ ဝေကုချန်းကဲ့သို့ လက်ရွေးစင် တစ်ယောက်ပင် လူရီကို နိုင်လိမ့်မည် မဟုတ်ချေ။

လူရီဆိုသည် လူနှင့် ရင်ဆိုင်ရသည်မှာ ကြယ်ဧကရာဇ်တောင်မှ လန်ချင်းဆိုသည့် လူနှင့် ရင်ဆိုင်နေရသလိုပင်။ နှစ်ယောက်စလုံးသည် သူ့အား ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုန်တို့ မပေးစွမ်းနိုင်သော အန္တရာယ် အငွေ့အသက်ကို ခံစားရစေသည်။

တိမ်မီးတောက်ဂိုဏ်းသည် ထိုကဲ့သို့သော တပည့်မျိုးကို ပျိုးထောင်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့ အရမ်းကြီး အားမကောင်းလျှင်ပင် တိမ်မီးတောက်ဂိုဏ်းကို ရန်ကိုင် သိပ်ပြီး အထင်မသေးရဲချေ။ ထို့ကြောင့် သဲမီးတောက်နယ်မြေမှ ထွက်လာပြီးကတည်းက တိမ်မီးတောက်ဂိုဏ်းအကြောင်းကို စုံစမ်းခဲ့သည်။ ဖေးကျီတု တိမ်မီးတောက်ဂိုဏ်းအကြောင်း ပြောလိုက်ချိန် ရန်ကိုင် ပထမဆုံး စဉ်းစားမိလိုက်သည်ကား လူရီဆိုသော လူပင် ဖြစ်သည်။

ယခု နှစ်ပေါင်းများစွာကြာပြီးနောက် လူရီ မည်မျှ အားကောင်းလာလဲ ရန်ကိုင် မပြောနိုင်၊ သူတို့သာ နောက်တစ်ကြိမ် ထပ်တိုက်မည် ဆိုမှာ မည်သူနိုင်မည်၊ မည်သူရှုံးမည်မှာ မသေချာတော့ချေ။ သို့သော်ငြား ရန်ကိုင် မကြောက်၊ တကယ်တော့ သူတို့ စတိုက်စဉ်က ရန်ကိုင်၏ ကိုယ်ပိုင် ခွန်အားသည် လူရီထက် အများကြီး ပိုမြင့်သည်။ ယခု နှစ်အနည်းငယ် ကြာပြီးနောက် အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်နိုင်သည့် နည်းလမ်းအသစ်များကို သူရရှိထားခဲ့လေပြီ။

ယန်ပေးသည် ရန်ကိုင်နှင့် ဖေးကျီတု စကားပြောပြီးမည်ကို စောင့်နေသည့်အလား သူတို့ စကားဝိုင်း ပြတ်သွားသနှင့် “မိတ်ဆွေလေးရန် ငါတို့ လေလံပွဲကို တက်ရောက်ပေးတာ ရတနာစံအိမ်အတွက် ကောင်းချီပေးတာပဲ”

“ဟားဟား။ စီနီယာ အရမ်း ယဉ်ကျေးနေတာပဲ။ ဒီလေလံပွဲမှာ ဝင်ပါခွင့်ရတာကပဲ ဒီဂျူနီယာအတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီဗျာ” ရန်ကိုင်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

ယန်ပေးက ပြုံးမြဲပြုံးလျက် လေသံကိုနှိမ့်ကာ မေးလိုက်လေသည် “ဒီနေ့ မိတ်ဆွေလေး ဘာတွေများ လေလံတင်ချင်သေးလဲ။ လေလံပစ္စည်းတွေကို ဆုံးဖြတ်ပြီးပြီ ဆိုပေမယ့် မိတ်ဆွေလေး တစ်ခုခု လေလံတင်ချင်တယ်ဆိုရင် ဒီလူအိုကြီး ချွင်းချက်ထားပေးမယ်လေ”

“စီနီယာ နောက်နေတာပဲ။ ကျုပ်စီနီယာ စုထားတဲ့ ပစ္စည်းကောင်းတွေ အကုန်လုံးက အရင် လေလံပွဲမှာ လေလံ ပစ်လိုက်လို့ ကုန်သွားကုန်ပြီ။ နောက်ထပ် ဘာမှ မရှိတော့ဘူး” ရနက်ိုင်က ပြန်ပြောလိုက်သည်။

“အဲ့လိုလား...” ယန်ဖေးက အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် ရုတ်တရက် သူ့လေသံကိုတိုးလျက် တိုးတိုးလေး ထပ်ပြောပြန်သည် “ကော်မရှင်ခကို ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ် ဆိုရင်ကော”

“ကျုပ်မှာ တကယ် မရှိတော့တာ” ရန်ကိုင် ခါးသက်စွာ ပြန်ပြောလိုက်သည်။

“ကြည့်ရတာ ငါအရမ်း တွန်းအားပေးမိနေတယ်နဲ့ တူပါတယ်။ အင်း၊ မိတ်ဆွေလေးတို့ ရောက်လာပြီ ဆိုမှတော့ အပြင်မှာပဲ ရပ်မနေနဲ့လေ။ အထဲဝင်ပြီး ခဏလောက် နားပေါ့၊ လေလံပွဲက တစ်နာရီလောက်ကြာရင် စတော့မှာ” ယန်ဖေးက ပြောလိုက်သည်။

ရန်ကိုင် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီးနောက် ချင်းအာ နောက်မှလိုက်ရင်း အထဲသို့ ဝင်သွားလိုက်လေသည်။

သူယခင်အခါက လာသကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း အဆောက်အဦးတစ်ခုလုံး လူများဖြင့် ပြည့်နေခဲ့သည်။ နေရာလွတ်အချို့ ရှိသော်လည်း အရမ်းကြီးတော့ မများချေ။ အဆောက်အဦး အလယ်တွင် စင်မြင့်တစ်ခု ရှိနေခဲ့သည်။ ထိုနေရာသည် လေလံတင်မြင့် စင်မြင့်ဖြစ်ပေသည်။

“စီနီယာနှစ်ယောက် ခဏလောက် စောင့်ပါဦး” ပြောပြီးနောက် ချင်းအာဆိုသော မိန်းကလေးသည် အခြား ရတနာစံအိမ် ကျင့်ကြံသူတစ်ယောက်ဆီ သွားလိုက်ပြီး စကားအချို့ တီးတိုးပြောလိုက်သည်။

ခဏအကြာတွင် ပြုံးလျက် ပြန်ရောက်လာပြီး ရန်ကိုင် လက်ထဲသို့ သစ်သားတံဆိပ်ပြားတစ်ခု လေးလေးစားစား ထည့်ပေးလိုက်လေသည် “ဒါက စီနီယာတို့ အခန်းရဲ့ ထိန်းချုပ် တံဆိပ်ပြားပဲ”

ရန်ကိုင် တံဆိပ်ပြားကို လက်ခံယူလိုက်ပြီး စစ်ဆေး ကြည့်လိုက်သည်။ တံဆိပ်ပြားပေါ်တွင် (ခ-၁၃)ဟု ရေးထား၏။

သို့သော်လည်း ယခင်တစ်ကြိမ် လေလံပွဲသို့ လာခဲ့စဉ်က အခန်း (ဂ-၁၃)တွင် သူနေခဲ့ရသည်။ သို့သော်လည်း ယခု အကြိမ်၌ အခန်း (ခ-၁၃)တွင် နေရာရခဲ့ပေသည်။

ယခင်အခါက ချင်းတုန် ကျေးဇူးကြောင့် ထိုအခန်းကို ရခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်မူ မည်သူ့ အကူအညီမှ မပါတော့ဘဲ ဤအခန်းကို ရခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် နှုတ်ခမ်းအစုံ တွန့်ကွေးသွားပြီး ချင်းအာကို ရှေ့မှ ဦးဆောင်သွားခိုင်းလိုက်၏။

မကြာမီ အခန်း (ခ-၁၃)ရှေ့သို့ ရန်ကိုင်နှင့် ယန်ယန်တို့ ရောက်လာခဲ့လေသည်။ ချင်းအာသည် ရောက်သည်နှင့် သူတို့ အတွက် လက်ဖက်ရည် ငှဲ့ပေးသည်။ အခန်းထဲတွင် သူတို့ သုံးယောက်မှလွဲ၍ အခြား မည်သူမှ မရှိချေ။

ချင်းအာက စားပွဲပေါ်ရှိ အသီးများကို ညွှန်ပြ၍ စတင် ရှင်းပြလိုက်သည် “ဒါက ပျံလွှားဝိဥာဉ်အသီးတွေပဲ။ စံအိမ်က ဒီလေလံပွဲအတွက် အထူးပြင်ထားပေးတဲ့ အသီးတွေပေါ့။ ဒီအသီးတွေက ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ အပြင်ကိုမှ သူတော်စင်ချီကိုလည်း သန့်စင်ပေးနိုင်တယ်။ ကျေးဇူးပြုပြီး သုံးဆောင်ပါဦး လူကြီးမင်းတို့”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အသီးတစ်လုံးကို ကောက်မြည်းကြည့်လိုက်သည်။ တစ်ကိုက် ကိုက်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်၏ ကျေနပ်သွားသည့် အမူအရာကို မြင်သော် ချင်းအာက ဆက်ပြောလိုက်လေသည် “လေလံပွဲက နောက်တစ်နာရီမှ စမှာဆိုတော့ စီနီယာတို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မ အကယ်မယ်တစ်ဖွဲ့ ခေါ်ပေးရမလား”

“အို၊ နင်တို့ ရတနာစံအိမ်က ဒီလောက်တောင် ဖော်ရွေ ပျူငှာကြတာလား” ယန်ယန်က အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။

ချင်းအာက ပြုံးလျက် “ဧည့်သည့်တိုင်းတော့ မဟုတ်ဘူး။ အပိုင်း (ခ)နဲ့ အဲ့အထက်က လူတွေပဲ ဒီလို အခွင့်အရေးကို ရတာ”

ယန်ယန် ချင်းအာအား ဝေ့ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြုံးလျက် “အခြားလူတွေ ဘာလို့ ခေါ်နေမှာလဲ၊ နင်ရှိနေတာပဲ။ နင့်ခါးက သိမ်သိမ်လေး၊ ခြေတံကလည်း ရှည်ရှည်လေး။ နင်ပုံစံအရ နင်ကောင်းကောင်း ကတတ်မှန်း ငါပြောနိုင်တယ်။ နင်ဘာလို့ ငါတို့ကို ကမပြတာလဲ”

“ကျွန်မလား” မိန်းကလေး ရှက်သွားပြီး ရန်ကိုင်အား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လှမ်းကြည့်လိုက်သည်။ သူမ၏ ကျင့်ကြံခြင်း သိပ်မမြင်သော်လည်း ထိုစီနီယာ နှစ်ယောက်တွင် ရန်ကိုင်က ခေါင်းဆောင်မှန်း သူမပြောနိုင်သည်။

“လျှောက်မစနဲ့” ရန်ကိုင်က ယန်ယန်အား တစ်ချက် စိုက်ကြည့်လိုက်ပြီး မိန်းကလေးအား ပြန်ပြောလိုက်သည် “သူပြောတာကို အတည်မှတ်မနေနဲ့။ သူလျှောက်နောက်နေတာ”

“ဟုတ်” ချင်းအာ တိုးတိုးလေး ပြန်ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲ ပျော်ရွှင်မှုရော၊ စိတ်ပျက်မှုပါ ဖြတ်ပြေးသွားသည်။

ကံကောင်းစွာဖြင့် သူမ တာဝန်ကျသည့် ဧည့်သည် နှစ်ယောက်မှာ ပြောရဆိုရ လွယ်ကူသည့် လူများ ဖြစ်နေသည်။ အမျိုးသမီးသည် အပျက်သဘောမပါဘဲ အပျော်သက်သက်ဖြင့် သူမအား စနောက်လိုက်သော်လည်း ထိုလသည် ဖြောင့်မတ်သည့် လူတစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် ကိုးယိုးကားယား အခြေအနေထဲ ရောက်သွားမည်ကို စိုးရိမ်စရာ မလိုချေ။ ချင်းအာ စိတ်ပျက်သွားရသည်ကား သူမ၏ အရည်အချင်းကို ထုတ်ပြနိုင်သည့် အခွင့်အရေး မရခြင်းပင်။

သူမ မျက်နှာ အမူအရာကို မြင်သော် ရန်ကိုင်က အသာအယာ ပြန်ပြောလိုက်သည် “ငါတို့ အခြား ဘာထူးထူးခြားခြားမှ မလိုအပ်သေးဘူး။ နင့်ကိစ္စ နင်သွားလုပ်နေလို့ ရတယ်။ လေလံပွဲပြီးသွားရင် နင်အတွက် ဆုတွေ လာလိမ့်မယ်”

ထိုစကားကို ကြားသည့်အခါ ချင်းအာ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ကိုင်တို့ နှစ်ယောက် မည်သို့သော လူမျိုးလဲ ဆိုသည်ကို နားလည်သွဦးသည့်အလား ချင်းအာသည် နောက်သို့ ဆုတ်သွားလိုက်ပြီး တိတ်တိတ်သာ နေတော့သည်။ ရန်ကိုင်နှင့် ယန်ယန်တို့ ခေါ်မှသာ စကားပြောတော့၏။

မကြာမီ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ရန်ကိုင်တို့နှင့် စကားစမြည် လာပြောလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၇၄)

လေလံခန်းမ အလယ်ဗဟိုရှိ စင်မြင့်ပေါ်သို့ ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် တက်လာခဲ့သည်။ စက္ကူ ယပ်တောင်ကို လက်တစ်ဖက်ဖြင့် ဝှေ့ရမ်းနေသော သူ့ပုံစံမှာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသည့် လေလွင့်ကျင့်ကြံသူ တစ်ယောက်နှယ်။

ကျောင်းတော်သားပုံစံ သက်လတ်ပိုင်းလူကြီးသည် မျက်ခုံးသည် ဖြောင့်စင်းနေပြီး အကြည့်မှာ ထက်ရှလှသဖြင့် သက်လတ်ပိုင်း ဖြစ်နေသည့်တိုင် အသက်ကြီးဟန် မရဘဲ ခံ့ညားနေခဲ့သည်။ ကျော့ရှင်းခံ့ညားလှသော သူ့ရုပ်ရည်ကြောင့် ခန်းမထဲတွင် ရှိနေသော အမျိုးသမီး များစွာတို့၏ အသည်းနှလုံးသားလေးများ တဒေါင်ဒေါင် မြည်၊ ဗလောင်ဆူဝေသွားရလေသည်။

သို့သော်လည်း လူတော်တော်များများမှာမူ ထိုသက်လတ်ပိုင်းလူကို မြင်လိုက်သည်နှင့် ဆေးခါးကြီး စားလိုက်ရသည့်နှယ် မျက်နှာများ ရှုံ့မဲ့ကုန်ကြလေသည်။

သီးသန့်ခန်းများထဲမှ လူများစွာတို့သည်လည်း အချင်းချင်း တီးတိုးပြောကုန်ကြလေပြီ။

“သောက်လခွမ်း၊ ဒီမျက်နှာမည်းလေးကို ဦးဆောင်ပြီး ကျင်းပခိုင်းရတယ်လို့၊ ရတနာစံအိမ် ဘာတွေ တွေးနေတာလဲ မသိတော့ဘူး”

“ငါတို့တော့ ထပ်ဒုက္ခရောက်ပြန်ပြီနဲ့ တူပါတယ်ကွာ”

“ဒီရတနာစံအိမ် ဘယ်တော့မှ သောက်ကောင်းကျိုး မပေးမှန်း ငါသိနေတယ်။ သောက်ကျိုးနည်းပါကွာ၊ ဒီကောင်ကိုမှ လေလံပွဲ ကျင်းပခိုင်းရတယ်လို့။ ဒီကောင် လေလံဦးစီး လုပ်သွားတာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကမလား”

............

အမျိုးမျိုးသော တီးတိုးစကားသံများ ထွက်ပေါ်လာသည်။ မည်သူမှ အသံအကျယ်ကြီး မပြောကြသော်လည်း အကုန်လုံးသည် ကျင့်ကြံခြင်းအဆင့် အတော်လေး မြင့်မားကြသူများ ဖြစ်ကြသဖြင့် အသံတိုးတိုးလေးများကိုပင် အဝေးမှလှမ်း၍ ကြားနိုင်ကြပေသည်။ မျက်နှာမည်လေးဟု ခေါ်သည့် သက်လတ်ပိုင်းလူကြီးလည်း အတူတူပင်။ သူလည်း ထိုတီးတိုးပြောသံများကို ကြားနေရသည်။ သို့သော် စိတ်ပျက်သွားခြင်း မရှိသည့်အပြင် ပြုံးပင် ပြုံးနေလိုက်သေး၏။

“မျက်နှာမည်းလေးလား” အပိုင်း (ခ-၁၃)တွင် ရှိနေသော ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး တွေးတွေးဆဆဖြင့် မေးလိုက်သည် “အဲ့လူ စီနီယာယန်နဲ့ ဘာတော်လဲ”

ယန်ပေး၏ နာမည်ပြောင်မှာ မျက်နှာမည်းကြီး ဖြစ်သည်။ ထို့ကြောင့် ထိုလူသည် ယန်ပေးနှင့် တစ်နည်းနည်း ပက်သက် ရပေမည်။ သို့သော်လည်း ကျင့်ကြံသူအားလုံး ထိုလူအား မျက်စိစပါးမွှေးစူစရာ လူတစ်ယောက်အဖြစ် ဘာကြောင့် ဆက်ဆံနေမှန်း သူနားမလည်နိုင် ဖြစ်နေခဲ့သည်။

ယန်ယန် ချင်းအာအား မေးခွန်းထုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ချင်းအာ သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်သည်။ ပြောချင်သော်လည်း မပြောရဲသည်ပုံပင်။ ခဏလောက် နေပြီးနောက် ပြုံးလျက် စရှင်းပြလိုက်လေသည် “စီနီယာတို့၊ အဲ့လူက ရန်ထျန်းရွေ့ပါ၊ ကျွန်မတို့ ရတနာစံအိမ်ရဲ့ လေလံဦးစီး တွေထဲက တစ်ယောက်ပေါ့။ စီနီယာယန်ပေးက သူ့ဆရာလေ။ အဲဒါကြောင့် အကုန်လုံးက သူ့ကို...”

ချင်းအာ ဆက်မပြောတော့ချေ။ အပြင်လူများ အနေဖြင့် သူတို့ နှစ်ယောက်ကို မျက်နှာမည်းကြီးနှင့် မျက်နှာမည်းလေးဟု ခေါ်သည်မှာ ပြဿနာ မရှိသော်လည်း ရတနာစံအိမ်၏ ဂျူနီယာ တစ်ယောက်ဖြစ်သော သူမအနေဖြင့် သက်လတ်ပိုင်းလူကြီးကို ထိုကဲ့သို့ သွားခေါ်၍ မသင့်တော်ပါချေ။ မတော်၍ တစ်ယောက်ယောက် ကြားသွားပြီး ပြန်တိုင်နေမှဖြင့် သူမ အပြစ်ပေးခံနေရပေလိမ့်မည်။

ရန်ကိုင် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ထရယ်မိလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “ငါသိသွားပြီ”

ဦးဆောင်နွားလား ဖြောင့်ဖြောင့်သွား နောက်သွားတစ်သိုက် ဖြောင့်ဖြောင့်လိုက် ဆိုသလို ဆရာဖြစ်သူအတိုင်း တပည့်ဖြစ်သူ ရန်ထျန်းရွေ့မှာလည်း အကျင့်ယုတ်သည့် အစားထဲပါသည့်ပုံပင်။ မဟုတ်လျှင် မျက်နှာမည်းလေးဆိုသည့် ဂုဏ်ပုဒ်ကို ရထားလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်လည်း လေလံဝင်ဆွဲရာတွင် သတိထားရန် လိုလာလေပြီ။

ရန်ထျန်းရွေ့သည် နွေးထွေးစွားပြုံးလျက် လက်ဝှေ့ရမ်း၍ အသံကျယ်ကျယ်ဖြင့်‌ အော်ပြောလိုက်သည် “အနယ်နယ် အရပ်ရပ်မှ ကြွ‌ရောက်လာကြသော ဧည့်သည်လူကြီးမင်းတို့ အားလုံးကို ရတနာစံအိမ်ကိုယ်စား ကျုပ်ရန်ထျန်းရွေ့က အထူးကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ လေလံပွဲကို ကျုပ်ရန်ထျန်းရွေ့က ဦးဆောင် ကျင်းပပေးသွားမှာပါ။ လေလံပွဲအတွင်း အမှားလုပ်မိခဲ့ရင်လည်း သဘောထားကြီးကြီးနှင့် ခွင့်လွှတ်ပေးဖို့ အားလုံးကို ကြိုပြီး တောင်းပန်ပါတယ်”

ပြောသွားသည့် ပုံစံမှာ ယဉ်ကျေးလှသဖြင့် မည်သူမှ သူ့အပေါ် အပြစ်မရှာနိုင် ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ရန်ထျန်းရွေ့ကို မြင်လိုက်သည်နှင့် သူ့အား တကယ် ပြီးပြည့်စုံသော လေလံဦးစီးဟု ထင်သွားကြပေလိမ့်မည်။ ချက်ချင်းပဲ ခန်းမထဲတွင် ရှိနေသော ငထူငအများသည် ရန်ထျန်းရွေ့အား တခဲနက် အော်ဟစ်အားပေးကြလေသည်။

ရန်ထျန်းရွေ့က ဆက်၍ ပြောလိုက်သည် “အစကတော့ ဒီလေလံပွဲကို ကျုပ်ဆရာက ဦးဆောင်ကျင်းပမလို့...”

သူထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်း များစွာတို့သည် သူတို့၏ သိုလှောင်လက်စွပ်များကို လက်ဖြင့် ချက်ချင်း အုပ်လိုက်ကြပြီး အနည်းငယ် ထိတ်လန့် သတိထားနေသည့် အကြည့်ဖြင့် စင်မြင့်ပေါ်သို့ လှမ်း၍ ကြည့်လိုက်ကြသည်။

ကံကောင်းစွာဖြင့် ရန်ထျန်းရွေ့က ပြုံး၍ ပြောလိုက်၏ “ဒါပေမယ့် ဆရာ့အနေနဲ့ သူ့အသက်အရွယ်မှာ နောက်ကနေ ထိုင်ကြည့်ပြီး လူငယ်မျိုးဆက်တွေကို အခွင့်အရေး ပေးသင်ပြီလို့ ဒီဂျူနီယာ ထင်တယ်...”

“ကောင်းတယ်” လက်ခုပ်သံများ ထွက်ပေါ်လာသည်။

“အစ်ကိုရန် ပြောတာ အမှန်ပဲ”

“ဟုတ်တယ်။ အဲ့မျက်နှာမည်းကြီးကို အမြဲတမ်း နားခိုင်းလိုက်တာ အကောင်းဆုံးပဲ”

ခန်းမတစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက်သွားလေသည်။

ရန်ထျန်းရွေ့က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ကျုပ်လည်း အဲ့လိုပဲ တွေးနေတာ။ ဒီလေလံပွဲပြီးရင် ဆရာကို နားတော့ဖို့ သွားဖြောင်းဖျကြည့်လိုက်ဦးမယ်”

စကားအရသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားကြောင့် လူတော်တော် များများ၏ ရန်ထျန်းရွေ့အပေါ် အထင်အမြင် ယခင်ထက် အများကြီး ပိုမို ကောင်းမွန်လာခဲ့လေသည်။

“ဒီကောင် မရိုးရှင်းဘူး” ရန်ကိုင် မျက်လုံးစဉ်းသွားသည်။ စကားနည်းနည်းဖြင့် လူအုပ်ကြီးကို သူ့ဘက်ပါအောင် ဆွဲဆောင် သွားနိုင်ခဲ့သည်။ စလာကတည်းက အခြေအနေကို သူ့ဘက် အလေးသာအောင် လုပ်ထားနိုင်သည်။ လေလံပွဲ စသည့်အခါ သူ့ဘက်မှ ဈေးထပ်မြှင့်လျှင်ပင် လူအများစုသည် သူ့လုပ်ရပ်နှင့် ပက်သက်၍ ဘာမှ မမှားယွင်းဘူးဟုသာ ထင်ကြပေလိမ့်မည်။

ရန်ထျန်းရွေ့သည် လူ့စိတ်ကို တကယ် နားလည်ပေသည်။ ထို့ကြောင့် သူ့ကို မျက်နှာမည်းလေးဟု ခေါ်ကြသည်မှာလည်း မထူးဆန်းပါချေ။ သူလေလံတင်သည့် ပုံစံသည် ယန်ဖေး လုပ်သည့် ပုံစံနှင့် အတော်လေး ကွဲပြားသော်ငြား အတော့်ကိုမှ အံ့အားသင့်ဖို့လည်း ကောင်းပေသည်။

“ကဲ၊ အားလုံးက စိတ်အားထက်သန်နေကြပြီ ဆိုမှတော့ ဒီရန်လည်း လေကုန်ခံပြီး ထပ်အချိန် ဆွဲမနေတော့ပါဘူးလေ။ အခုပဲ လေလံပွဲကို စပါပြီဗျာ” ရန်ထျန်းရွေ့သည့် သူ့စက္ကူ ယပ်တောင်ကို ပိတ်ချလိုက်ပြီး နောက်ဘက်ရှိ ခန်းဆီးအား လှမ်း၍ အချက်ပြလိုက်သည်။

တင့်တယ်သားနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး ချောချောလေး တစ်ဦးသည် နှစ်လိုဖွယ်ကောင်းစွာ ပြုံးလျက် ကျောက်စိမ်းသားနှယ် ဖြူဖွေးချောမွောသော လက်အစုံဖြင့် ကျောက်စိမ်းလင်ဗန်း တစ်ချပ်အား ကိုင်လျက် စင်မြင့်ဆီသို့ လျှောက်လာခဲ့သည်။

အမျိုးသမီးမှာ နတ်သမီးလေးတမျှ လှပလှသော်ငြား လောလောဆယ်တွင် လူအနည်းငယ်သာ သူမအား ကြည့်နေ၏။ အများစုသည် သူမ ကိုင်ထားသည့် ကျောက်စိမ်းလင်ဗန်း ဆီသို့သာ အာရုံရောက်နေကြလေသည်။

သူမကိုင်ထားသည့် ကျောက်စိမ်းလင်ဗန်းပေါ်ရှိ ပစ္စည်းသည် ပထမဆုံး လေလံပစ္စည်း ဖြစ်ပေသည်။ ကံဆိုးစွာဖြင့် လင်ဗန်းပေါ်ရှိ ပစ္စည်းကို ပဝါသားအနီဖြင့် အုပ်ထားသည့် အတွက်ကြောင့် အထဲတွင် ပထမဆုံး လေလံတင်မည့် ပစ္စည်းကို မည်သူမျှ မမြင်နိုင် ဖြစ်နေခဲ့သည်။ ကျင့်ကြံသူများစွာတို့သည် သူတို့၏ လည်ပင်းကို ရှည်နိုင်သမျှရှည်အောင် ဆန့်ထားရင်း ပထမဆုံးလေလံပစ္စည်း ဘာဖြစ်မည်ကို စောင့်မျှော်နေကြသည်။

ရန်ထျန်းရွေ့သည် ခန်းမထဲရှိ လူအုပ်ကြီး၏ အခြေအနေကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။ ခဏလောက် စောင့်နေပြီးမှ အော်ပြောလိုက်လေသည် “လေလံတင်နေကျ ပုံစံအတိုင်း အခု ပထမဆုံး လေလံတင်မယ့် ပစ္စည်းက နောက်ဆုံး ပစ္စည်းတွေနဲ့ မယှဉ်နိုင်ပေမယ့် ပေါ့သေးသေး ပစ္စည်း တစ်ခုတော့လည်း မဟုတ်ဘူး။ စိတ်ဝင်စားတယ်ဆိုရင် လေလံ ဝင်ဆွဲကြပေါ့၊ မဟုတ်ရင် ဒီပစ္စည်းကို လက်လွှတ်လိုက်ရပါလား ဆိုပြီး နောက်မှ နောင်တရနေရဦးမယ်”

ပြောပြီးသည်နှင့် ပဝါအနီကို ဆွဲဖယ်လိုက်ရာ ငန်းဥအရွယ် အရောင်မဲ့အလုံးလေးတစ်လုံး ထွက်ပေါ်လာခဲ့လေသည်။ အပေါ်ယံ ရှပ်ကြည့်လိုက်လျှင် အလုံးလေးသည် အကြည်ရောင် ဖြစ်နေသော်လည်း သေချာစိုက်ကြည့်မည် ဆိုပါက အထဲတွင် ရွေ့လျားသွားလာနေသော အမျှင်တန်းလေးများကို လှမ်း၍ မြင်ရပေလိမ့်မည်။ ပို၍ ထူးဆန်းသည်ကား ထိုအလုံးလေးဆီမှ မည်သည့် စွမ်းအင် အရှိန်အဝါကိုမှ မခံစားရခြင်းဘူး။

“ဘာကြီးလဲ”

“ငါအဲ့ဒါမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

“ရတနာစံအိမ်က အဲ့ပစ္စည်းကို လေလံတင်လာမှတော့ အဲ့ပစ္စည်းနဲ့ ပက်သက်ပြီး တစ်ခုခု ထူးခြားနေလို့ ဖြစ်လိမ့်မယ်။ ထားလိုက်၊ အစ်ကိုရန် ရှင်းပြလိမ့်မယ်”

.............

“သိုလှောင်ဓါတ်လုံး” ထိုပစ္စည်းကို မြင်သည်နှင့် ယန်ယန်၏ မျက်ဝန်းအစုံ လင်းလက်တောက်ပသွားခဲ့သည်။

ယန်ယန် ပြောသည်ကို ကြားပြီးနောက် ဤလောကကြီးတွင် ယန်ယန် မရှိသည့် ပစ္စည်းများ ရှိမှရှိပါလေစွဟု ရန်ကိုင် တွေးမိသွားသည်။ သို့သော်လည်း ရန်ထျန်းရွေ့ ရှင်းပြတော့မည် ဖြစ်သောကြောင့် ယန်ယန်အား သွားမေးမနေခဲ့ချေ။

ရန်ထျန်းရွေ့သည် ထိုအလံးလေးကို အားလုံးမြင်အောင် ကောက်ကိုင်ပြလိုက်သည်။ ထို့နောက် သူတော်စင်ချီကို လှည့်ပတ်၍ ထိုအလုံးလေးထဲသို့ သူတော်စင်ချီ ဖြည့်သွင်း၏။ အားလုံး၏ မျက်စိရှေ့တွင်ပင် ထိုဘာမှမထူးခြားဟန် ထင်ရသော အလုံးလေးသည် သူတော်စင်ချီကို တွင်းနက်ကြီး တစ်ခုနှယ် တရစပ် စုပ်ယူတော့လေသည်။

ခဏအကြာတွင် အလုံးလေး ယဲ့ယဲ့လေး တောက်ပလာသည်။

ပြီးသည့်နောက်တွင် ရန်ထျန်းရွေ့သည် အဓိပ္ပါယ်ပါပါ ပြုံးလျက် သူ့ကျင့်စဉ်ကို စတင် လှည့်ပတ်တော့သည်။

အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အစောပိုင်းက ရန်ထျန်းရွေ့ စုပ်ယူခဲ့သော သူတော်စင်ချီသည် ရန်ထျန်းရွေ့၏ ကိုယ်ထဲ ချောချောမွေ့မွေ့ ပြန်စီးဝင်လာခဲ့သည်။

တစ်ချိန်တည်းတွင် သိုလှောင်ဓါတ်လုံးသည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ ၎င်းဆီမှ ထွက်ပေါ်နေသော စွမ်းအင် လှိုင်းများမှာလည်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေပြီ။

ယခု ခန်းမထဲတွင် ရှိနေသော လူကိုးဆယ်ရာခိုင်နှုန်းလောက် ထိုအလုံးလေး ဘာအလုံးလဲ ဆိုသည်ကို နားလည်သွားကြလေပြီ။ ထိုအလုံးလေး ဘာမှန်း သိသွားပြီးနောက် အကုန်လုံး စိတ်လှုပ်ရှားလာခဲ့ကြသည်။

ရန်ထျန်းရွေ့က ရယ်သွမ်းသွေးလျက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည် “ဒီသိုလှောင်ဓါတ်လုံး ဘယ်လို အလုပ်လုပ်လဲ အကုန်လုံး နားလည်သွားလောက်ပြီ ထင်ပါတယ်။ ဒီအလုံးလေးထဲမှာ လူတစ်ယောက်ရဲ့ သူတော်စင်ချီကို ထည့်သိမ်းထားလို့ရပြီး လိုအပ်တယ်ဆိုတာနဲ့ ချက်ချက်း ပြန်ထုတ်သုံးလို့ရတယ်။ ပုံမှန်ဆိုရင်တော့ ဒီအလုံးလေးက သိပ်အသုံးမဝင်ဘူးပေါ့။ ဒါပေမယ့် တိုက်ခိုက်နေတဲ့ အချိန်မျိုးတွေမှာ ဆိုရင်ကော။ အဲ့လိုအချိန်တွေမှာ သူတော်စင်ချီ ပြန်ဖြည့်နိုင်တဲ့ နည်းလမ်းက ဆေးသောက်တာ၊ သူတော်စင် သလင်းကျောက်ကို စုပ်ယူတာမျိုးတွေပဲ ရှိတယ်။ ဒါပေမယ့် ဘယ်နည်းလမ်းပဲသုံးသုံး၊ အဲ့နည်းလမ်းက အရမ်းနှေးလွန်းတယ်။ ဒီသိုလှောင်ဓါတ်လုံးနဲ့ ဆိုရင်တော့ မတူတော့ဘူး။ ဒီဓါတ်လုံးထဲက သူတော်စင်ချီကို စုပ်ယူရတာက ဆေးလုံးတွေ၊ သူတော်စင် သလင်းကျောက်တွေထဲက သူတော်စင်ချီကို စုပ်ယူရတာထက် အများကြီး ပိုမြန်တယ်”

ထိုရှင်းပြချက် ထွက်ပေါ်လာသည်နှင့် လေလံခန်းမ တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်။ ရန်ထျန်းရွေ့ လက်တွေ့ လုပ်ပြသည်ကို မြင်ပြီးစဉ်က အကုန်လုံး ထိုသိုလှောင်ဓါတ်လုံး၏ တန်ဖိုးကို အထင်သေးမိခဲ့ကြသည်။ ယခုမှပဲ ထိုသိုလှောင်ဓါတ်လုံး မည်မျှ အဖိုးတန်မှန်း သူတို့ နားလည်သွားခဲ့ကြလေသည်။

ကျင့်ကြံခြင်း လောကကြီးထဲ ရှိနေသရွေ့ တိုက်ပွဲဆိုသည်မှာ လူတိုင်း မကြုံချင်သည့်တိုင် ကြုံရမည့်အရာ တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူတိုင်းသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော တိုက်ပွဲ တိုင်းအတွက် ပြင်ဆင်ထားသင့်ပေသည်။ ထိုသိုလှောင်ဓါတ်လုံးသာ ပြောသလို စွမ်းမည်ဆိုပါက ၎င်းသည် တိုက်ပွဲတစ်ပွဲ၏ အလှည့်အပြောင်းကို အဆုံးအဖြတ်ပေးနိုင်သည့် ပစ္စည်းတစ်မျိုး ဖြစ်လာနိုင်ပေသည်။

လောဘမီးတောက်တို့ဖြင့် ပြည့်နေသော အကြည့်များစွာတို့သည် ထိုသိုလှောင်ဓါတ်လုံးပေါ်သို့ တစ်ပြိုင်တည်း ကျရောက်လာခဲ့လေသည်။ အကုန်လုံး ထိုသိုလှောင်ဓါတ်လုံးကို လိုချင်နေကြလေပြီ။ သူတို့ပင် မဟုတ်၊ အပိုင်း (ဂ-၁၃)တွင် ရှိနေသော ရန်ကိုင်ပင်လျှင် ထိုရှင်းပြချက်ကို ကြားပြီးနောက် စိတ်လှုပ်ရှားမိသွားသည်။

သို့သော်လည်း တကယ်တမ်း စဉ်းစားကြည့်လိုက်သည့်အခါ ထိုပစ္စည်းသည် သူ့အတွက် ဘာမှ အသုံးမဝင်ပါချေ။ ရန်ကိုင် တိုက်ခိုက်နေစဉ်အတွင်း သူတော်စင်ချီ ပြတ်လပ်သွားခြင်းမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ လူသာ ပင်ပန်းလျှင် ပင်ပန်းသွားမည်၊ သူတော်စင်ချီကတော့ ကုန်သွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုပစ္စည်းအား လေလံဝင်ဆွဲမည့် အကြံကို ပစ်ပယ်လိုက်ပြီး ငြိမ်ငြိမ်လေးသာ ထိုင်ကြည့်နေလိုက်တော့သည်။

သူနှင့်အတူ သူတော်စင်သလင်းကျောက် သန်း(၇၀) သယ်လာခဲ့သော်လည်း သူလိုချင်သည့် ပစ္စည်းကို လုံးဝ ရယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် မရှိချေ။ သူသာ ယခုနေ သူတော်စင်သလင်းကျောက်များ ကြိုသုံးထားလျှင် သူတကယ် လေလံဆွဲမည့်အခါကျ သူ့တွင် သူတော်စင် သလင်းကျောက် မလောက်ငှသည့် ပြဿနာနှင့် ကြုံတွေ့ရနိုင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၇၅)

ရန်ကိုင်၏ အပြုအမူကိုမြင်သော် ယန်ယန်က ပြုံး၍ ပြောလိုက်သည် “အဲ့ပစ္စည်းက တကယ် မဆိုဘူး ဆိုပေမယ့် သူ့မှာ ကန့်သတ်ချက်တွေ အများကြီးပဲ။ အဲ့ဒါကို လက်လွှတ်လိုက်ရလို့ စိတ်ညစ်နေစရာ မလိုဘူး”

“ဘယ်လို ကန့်သတ်ချက်တွေလဲ” ရန်ကိုင် အံ့ဩသွားသည်။

“ဟန့်၊ တူလေးရန်က အဲ့ပစ္စည်းရဲ့ ကောင်းတဲ့ အချက်တွေကိုပဲ ရွေးပြောသွားတာပဲ။ အားနည်းချက်ကိုလည်း ပြောဦးလေ၊ ဘာလို့ မပြောတာလဲ” ရန်ကိုင် မေးခွန်းကို ယန်ယန် ပြန်မဖြေရသေးခင်မှာပဲ အခြား သီးသန့်ခန်း တစ်ခန်းထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကြည့်ရတာ ဒီပစ္စည်းအကြောင်းကို ယန်ယန် တစ်ယောက်တည်း သိထားတာ မဟုတ်ဘူးပဲ ရန်ကိုင် သူ့ဘာသာ တွေးလိုက်သည်။

ရန်ထျန်းရွေ့က အသံထွက်ပေါ်လာရာ အခန်းဆီသို့ လှည့်၍ ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည် “မိုးကြိုးမုန်တိုင်းဂိုဏ်းက စီနီယာချန်ပါလား။ စီနီယာ တကယ်ကို အမြင်အာရုံ စူးရှလှပါတယ်။ ဒီသိုလှောင်ဓါတ်လုံးက သုံးရတာ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် သူ့မှာ အားနည်းချက် အချို့တော့ ရှိတယ်။ စီနီယာ မပြောရင်တောင် ဂျူနီယာ ဒီကိစ္စကို ရှင်းပြတော့မလို့။ အဲ့ဒါမှ လေလံဆွဲမယ့်လူတွေ ဒီပစ္စည်းရဲ့ တကယ့် တန်ဖိုးကို နားလည်သွားမှာ။ တကယ်တော့ ဒီရန် အနေနဲ့ ရတနာစံအိမ်ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ လိုသေးတယ်လေ”

ထိုစကားကို ကြားသည့်အခါ မျိုးရိုးနာမည်ချန်နှင့် ကျင့်ကြံသူ နှာခေါင်းရှုံ့လိုက်လေသည်။ ရန်ထျန်းရွေ့ ပြောသည်ကို သူယုံလား၊ မယုံဘူးလား ဆိုသည်ကိုမူ ကောင်းကင်သာ သိပေလိမ့်မည်။

မည်သူမှသာ မမေးခဲ့လျှင် ထိုသိုလှောင်ဓါတ်လုံး၏ အားနည်းချက်များကို ရန်ထျန်းရွေ့ ပြောလိမ့်မည် မဟုတ်ဘူ လူတော်တော်များများ သံသယရှိနေကြသည်။ အများဆုံး လေလံပွဲပြီးသွားသည့် အခါမှ သိုလှောင်ဓါတ်လုံး၏ ပိုင်ရှင် အသစ်အား ခခယယဖြင့် ပြန်တောင်းပန်လိုက်ပေလိမ့်မည်။

ရတနာစံအိမ် ထိုကဲ့သို့ လုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။

“အဲ့လူ ဘယ်သူလဲ” ရန်ကိုင် ချင်းအာကို လှမ်းမေးလိုက်၏။

ချင်းအာ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သော်လည်း သူမသည် အရိပ်ကြယ်၏ ဒေသခံတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် ထိုသူ မည်သူလဲ ဆိုသည်ကို သိလောက်ပေသည်။ ရန်ကိုင်၏ မေးခွန်းကို ကြားသည့်အခါ ချင်းအား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရန်ကိုင် ဘာကြောင့် သူမအား ထိုကဲ့သို့သော မေးခွန်း လာမေးနေမှန်း နားလည်ချေ။ သို့သော် ပြန်၍တော့ ရှင်းပြလိုက်ပေသေးသည် “ဂျူနီယာထင်တာ မမှားရင် အဲ့လူက မိုးကြိုးမုန်တိုင်းဂိုဏ်းက စီနီယာ ချန်ဖုန်းရွှမ် ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ မိုးကြိုးမုန်တိုင်းဂိုဏ်း မျိုးရိုးနာမည်ချန်နဲ့ ပညာရှင်ဆိုလို့ သူတစ်ယောက်ပဲ ရှိတာလေ”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းတွင်း ရန်ထျန်းရွေ့သည် သိုလှောင်ဓါတ်လုံး၏ အားနည်းချက်ကို စတင် ရှင်းပြတော့လသည်။

သို့သော်လည်း အရမ်းကြီး စိတ်ပျက်စရာ ကောင်းသည်တော့ မဟုတ်။ ထိုသိုလှောင်ဓါတ်လုံးကို နိမ့်ကျနေသော မိသားစုငယ်လေး တစ်ခုမှ မမျှော်လင့်ဘဲ ရရှိခဲ့ခြင်း ဖြစ်ပြီး လေလံပွဲတွင် လာရောက် လေလံတင်ခဲ့ခြင်း ဖြစ်သည်။ ရောင်းသည့်လူ ပြောပုံအရ ထိုသိုလှောင်ဓါတ်လုံးသည် အများဆုံးမှ သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်၏ ကိုယ်ထဲတွင် သိုလှောင်ထားနိုင်သော သူတော်စင်ချီပမာဏ လောက်ကိုသာ သိုလှောင်ထားနိုင်ပေသည်။

ထိုအရာမှာ သိပ်ကိစ္စမရှိချေ။ သူတော်စင်အဆင့် ပညာရှင်များ အတွက်ဆိုလျှင် ဘာမှသိပ်မထူးဘူးဟု ဆို၍ရသည်။ တန်ခိုးရှင်အဆင့် ပညာရှင်များ ဆိုလျှင်လည်း သိုလှောင်ထားသည့် သူတော်စင်ချီ ပမာဏကို သေချာ သတိထားနေသရွေ့ သူတို့အတွက် အသုံးဝင်ပေလိမ့်မည်။

တကယ်တော့ ထိုအားနည်းချက်သည် အရမ်းကြီး မဆိုးရွားချေ။ သို့သော် ဒုတိယ အားနည်းချက်သည် ထိုသိုလှောင်ဓါတ်လုံး၏ တန်ဖိုးကို လုံးဝ လျော့ကျသွားစေ၏။

ထိုသိုလှောင်ဓါတ်လုံးဆိုသည့် မှော်ရတနာသည် ရှေးခေတ် အချိန်ကတည်းက ရှိလာခဲ့သည့် ပစ္စည်းတစ်ခုဖြစ်ပြီး ကျင့်ကြံသူများမှ အကြိမ်ပေါင်းများစွာ အသုံးပြုထားခဲ့ပြီး ဖြစ်သည်။ ယခင်ပိုင်ရှင်ပြောပုံအရ ထိုသိုလှောင်ဓါတ်လုံးကို နောက်ထပ် ငါးကြိမ်သာ ထပ်အသုံးပြုနိုင်ပေတော့မည်။ နောက်ထပ်ငါးကြိမ် အသုံးပြုပြီးသည်နှင့် သိုလှောင်ဓါတ်လုံး ပျက်စီးသွားပြီး အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။

ထိုစကားကို ကြားပြီးနောက် ကျင့်ကြံသူများစွာတို့၏ မျက်လုံးထဲရှိ လောဘမီးတောက်များ ငြိမ်းသွားခဲ့လေသည်။ ငါးကြိမ်ဆိုသော အရေအတွက်မှာ သိပ်မဆိုးလှသော်လည်း ကျင့်ကြံခြင်း အခြေခံကို မတိုးတက်စေနိုင်သော နောက်ထပ် ငါးကြိမ်လောက်သာ ထပ်အသုံးပြုနိုင်တော့သည့် ပစ္စည်းတစ်ခု အတွက် သူတော်စင်သလင်းကျောက် အများကြီး သုံးရမည်မှာ လုံးဝ မတန်ပါချေ။

“အားနည်းချက်ကတော့ အဲ့နှစ်ခုပဲ။ အဲ့နှစ်ခုအပြင် အခြား ဘာမှ မရှိတော့ဘူး” ရန်ထျန်းရွေ့သည် ထိုပစ္စည်း ဈေးကောင်းဖြင့် ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ ဂရုမစိုက်သည့် အလား ပြုံးလျက် ဆက်ပြောလိုက်သည် “စဦးဈေးကတော့ သူတော်စင်သလင်းကျောက် ငါးသိန်းပဲ။ တစ်ကြိမ်တိုးတိုင်း တစ်သောင်းအောက် လျော့လို့မရပါဘူး။ အားလုံး စလို့ရပါပြီ”

ငါးကြိမ်လောက်သာ အသုံးပြုနိုင်တော့သော ထိုမှော်ရတနာ၏ တန်ဖိုးအရ ငါးသိန်းဆိုသည်မှာ သင့်တင့်သော ဈေးနှုန်းဖြစ်သည်။

သို့သော် သန်းဝက်ဆိုသော ပမာဏသည် ခန်းမထဲရှိ လူကိုးဆယ်ရာခိုင်နှုန်းလောက်ကို လေလံ ဆက်မဆွဲတော့အောင် တားထားလိုက်လေသည်။

သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခု ပင်လျှင် သူတော်စင်သလင်းကျောက် သုံးသိန်းသာရှိသည်။ ထို့ကြောင့် ငါးသိန်းဆိုသော ပမာဏမှာ အတော်လေး များနေသည်ဟု ပြော၍ရသည်။

သို့သော်လည်း ထိုငွေကြေးပြဿနာမှာ လူတိုင်း အတွက်တော့ မဟုတ်ချေ။ လေလံပွဲကို လာသည့်သူတိုင်း သူတော်စင် သလင်းကျောက် အတော်များများ စုဆောင်း ထားခဲ့မည်မှာ သံသယရှိစရာ မလိုချေ။ ထို့ကြောင့် ရန်ထျန်းရွေ့၏ အသံ ဆုံးသွားသည်နှင့် လူအချို့ လေလံစဆွဲကြလေသည်။

မကြာမီ ခန်းမထဲ အသံများ တစ်ယောက်တစ်ပေါက် ထွက်ပေါ်လာခဲ့သည်။

ဈေးနှုန်းကို မည်မျှမှ စွတ်မမြင့်ကြသော်လည်း တဖြည်းဖြည်း မြှင့်မြှင့်သွားရာ လက်ဖက်ရည် တစ်ခွက်စာအတွင်း သူတော်စင် သလင်းကျောက် ရှစ်သိန်းနှစ်သောင်း ပမာဏအထိ ရောက်သွားခဲ့သည်။

ထိုအချိန်တွင် လေလံဆွဲသည့်လူ တစ်ယောက်စ၊ နှစ်ယောက်စလောက်သာ ရှိတော့ပေသည်။

“ငါ တစ်သန်းပေးမယ်” မိုးကြိုးမုန်တိုင်းဂိုဏ်း၏ သီးသန့်ခန်းထဲမှ ချန်ဖုန်းရွှမ်၏ အသံ အကျယ်ကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း စင်မြင့်ပေါ်တွင် ရှိနေသော ရန်ထျန်းရွေ့ အံ့အားသင့်သွားဟန် မပြဘဲ ပြုံးသာ ပြုံးလိုက်သည်။ ယခုကဲ့သို့ လေလံပွဲတွင် အင်အားစုကြီးများ လေလံဝင်မဆွဲမှသာလျှင် ထူးဆန်းနေပေလိမ့်မည်။

ခန်းမထဲတွင် ထိုင်လျက် လေလံ ပြိုင်ဆွဲနေကြသော ကျင့်ကြံသူများမှာမူ ထိုအသံကို ကြားလိုက်သည့်အခါ စိတ်ညစ်၊ စိတ်ပျက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြလေသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တစ်ယောက်ယောက် လေလံဆွဲလိုက်ပြီ ဖြစ်သဖြင့် သူတို့ ထိုမှော်ရတနာကို ရနိုင်စရာအကြောင်း မရှိတော့ချေ။ ချန်ဖုန်းရွှမ်ကိုလည်း ထိုကျင့်ကြံသူများ စိတ်ထဲမှ နေ၍ ကြိတ်ကာ ကျိန်ဆဲနေကြလေသည်။ လေလံဆွဲဖို့ရာ ဆုံးဖြတ်ထားလျှင် ဘာကြောင့် အစောကြီးကတည်းက ဝင်ပြီး လေလံဝင်မဆွဲသနည်း။

ဆိုးလိုက်တဲ့ကံကွာ တစ်ယောက်ယောက်က သူ့ဘာသာ ရေရွတ်လိုက်သည်။

“ဟားဟား။ တန်ခိုးရှင် တတိယအဆင့်တောင် ရောက်နေပြီကို ဘာလို့ ဒီသိုလှောင်ဓါတ်လုံးကို လိုချင်နေရသေးတာလဲ တစ္ဆေအိုကြီးရဲ့။ ဘာလဲ သူငယ်ပြန်ပြီး ဂျူနီယာတွေနဲ့ လိုက်ပြိုင်ချင်တာလား” အခြားသော သီးသန့်ခန်းထဲမှ လှောင်ပြောင်ထေ့ငေါ့သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“ဟန့်၊ ငါ့အတွက် အသုံးမဝင်ပေမယ့် ငါ့ဂိုဏ်းထဲက တပည့်အတွက် အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ” ချန်ဖုန်းရွှမ်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “မင်းစကား နည်းနည်းလွဲနေတယ် မထင်ဘူးလား ရောင်းရင်းမို၊ လေလံပွဲ ဆိုမှတော့ လေလံဝင်ဆွဲတာ သဘာဝပဲလေ။ ဘာလို့ ဂျူနီယာတွေနဲ့ ပြိုင်ပြီး လေလံဆွဲတာတွေ၊ ဘာတွေ လာပြောနေတာလဲ”

“အင်း၊အင်း၊ အစ်ကိုချန် ပြောတာ ဟုတ်ပါတယ်လေ” ထိုလူက အမှုမထားဟန်ဖြင့် ပြန်ပြောလိုက်ပြီး ထပ်ပြောလိုက်၏ “အဲ့လိုဆိုမှတော့ ဒီမိုလည်း ရောင်းရင်းချန်နဲ့ နည်းနည်းပါးပါး လိုက်ပျော်ပေးရတာပေါ့။ (၁၁)သိန်း”

“တစ္ဆေမိုကြီး၊ မင်းဘာလုပ်နေလဲ မင်းသိလား” ချန်ဖုန်းရွှမ်က ဒေါသထွက်နေသည့် လေသံဖြင့် “(၁၂)သိန်း”

“ရောင်းရင်းချန်က ဒါက လေလံပွဲဆို၊ ဒီတော့ ဈေးအများဆုံး ပေးတဲ့လူက အနိုင်ရမှာပေါ့၊ မဟုတ်ဘူးလား။ (၁၅)သိန်း”

“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဘယ်သူနိုင်မလဲ ကြည့်ရတာပေါ့၊ (၂)သန်း”

............

ထိုနှစ်ယောက်ကို ကြည့်ရသည်မှာ အချင်းချင်း မတည့်ကြသည့်ပုံပင်။ နှစ်ယောက်စလုံးသည် အချင်းချင်း မခံနိုင်အောင် ဆွကြရင်း မလျှော့တမ်း အပြိုင် လေလံဆွဲနေကြ၏။ အကျိုးဆက်အနေဖြင့် သိုလှောင်ဓါတ်လုံး၏ တန်ဖိုးမှာ မျက်တောင် တစ်ခတ်အတွင်း အဆပေါင်းများစွာ ခုန်တက်သွားခဲ့လေသည်။

“မျိုးရိုးနာမည်မိုလား” ရန်ကိုင် မျက်မှောင်ကြုတ်လျက် ချန်ဖုန်းရွှမ်နှင့် လေလံပြိုင်ပစ်နေသော လူရှိသည့် အခန်းအား လှမ်းကြည့်လိုက်သည်။

“အဲ့လူက ကောင်းကင်တိုက်ပွဲ အစည်းအရုံးက အကြီးအကဲ မိုရှောင်ရှန်း ဖြစ်လောက်တယ်” ချင်းအာက ရှင်းပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယခုတစ်ကြိမ်တော့ ချင်းအာ မရှင်းပြလျှင်ပင် ထိုလူ ဘယ်သူမှန်း ရန်ကိုင် ခန့်မှန်းမိပေသည်။ အကြောင်းမှာ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ မိုရှောင်ရှန်းဆိုသည့် လူအကြောင်းကို သူအကြိမ်များစွာ ကြားဖူးသောကြောင့်ပင် ဖြစ်သည်။ ထိုမိုရှောင်ရှန်း ဆိုသည့်လူသည် သူ့ကဲ့သို့ပင် လေဟာနယ် စွမ်းအားကို ကျင့်ကြံထားပေသည်။

အရိပ်ကြယ်ပေါ်တွင် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသည့်လူ ဆို၍ ရန်ကိုင်နှင့် မိုရှောင်ရှန်းသာ ရှိသည်။

လေဟာနယ်တာအိုပိုင်း၌ သူ့နားလည်မှုသည် မိုရှောင်ရှန်းအောက် မနိမ့်ကျဟု ရန်ကိုင် ယုံကြည်ပေသည်။ လေဟာနယ်စွမ်းအားချင်သာ ပြိုင်မည်ဆိုပါက ထိုလူကို အနိုင်ယူနိုင်မည်ဟုလည်း ရန်ကိုင် ယုံကြည်နေသည်။ သူ့လေဟာနယ်ဓါးသွားဆိုသည့် ပညာရပ်မှာ အလွန်ကိုမှ အဖျက်စွမ်းအား ပြင်းထန်သည့် နားလည်ရ ခက်ခဲသော ပညာရပ်တစ်ခုပင် မဟုတ်ပေလော။

သို့သော်လည်း မိုရှောင်ရှန်းဆိုသည့်လူမှာ နှစ်ပေါင်းများစွာ အသက်ရှင်လာသော သက်ကြားအိုကြီးတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် သူ့တွင်လည်း သူ့ဘာသာ နားလည်ထားသည့် နည်းလမ်းအသစ်များ ရှိနေပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် သူ့အား သွားအထင်သေး၍ မဖြစ်ချေ။ ရန်ကိုင်သာ ထိုအကြီးအကဲမိုဆိုသူနှင့် လက်ရည် ဖလှယ်နိုင်ခဲ့လျှင်မူ လေဟာနယ်စွမ်းအားအပေါ် သူ့နားလည်မှု ပို၍ ကျယ်ပြန့် လာနိုင်ပေသည်။

သို့သော် ထိုသို့ ဖြစ်နိုင်ရန်မှာ ဝေးလေစွ။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ လူများ၏ စရိုက်အရ ရန်ကိုင်သာ သူလေဟာနယ် စွမ်းအားကို ကျင့်ကြံထားကြောင်း ထုတ်ဖော်ပြလိုက်လျှင် သူ့အတွက် မည်သည့် ကောင်းကျိုးမှ ရှိမည် မဟုတ်ဘဲ သူ့ဆီသို့

ပြဿနာများစွာသာ ရောက်လာပေလိမ့်မည်။

ထိုအချိန်အတောအတွင်း ရန်ထျန်းရွေ့သည် စင်ပေါ်၍ ယပ်တောင်တခတ်ခတ်လုပ်ရင်း ယဲ့ယဲ့လေးပြုံးလျက် အကြီးအကဲ နှစ်ယောက် လေလံပြိုင်ဆွဲနေကြသည်ကို အငြိမ့်သာ စောင့်ကြည့် နားထောင်နေခဲ့သည်။ အကြီးအကဲ တစ်ယောက် လေလံတင်လိုက်တိုင်း သူပြုံးပြုံးသွားခဲ့သည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် ယခင်ကတည်းက မတည့်ကြသည့် ဂိုဏ်းများ ဖြစ်ကြသည်။ ထို့ကြောင့် ယခုပြိုင်ပွဲသည် ဘဏ္ဏာရေး ပြိုင်ပွဲ သက်သက်သာ မဟုတ်တော့ဘဲ သူတို့ဂိုဏ်း၏ ဂုဏ်သတင်းနှင့်ပါ ဆက်ဆိုင်နေတော့လေသည်။ ထို့ကြောင့် နှစ်ဖက်စလုံး အားမလျှော့ဘဲ အပြိုင်လေလံဆွဲနေကြခြင်း ဖြစ်သည်။

အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးနောက် ချန်ဖုန်းရွှမ်းက ဆယ်သန်းဆိုသော မိုးထိမတတ်ဈေးကို ကောက်ခေါ်လိုက်သဖြင့် ခန်းမထဲတွင် ရှိနေသာ ကျင့်ကြံသူအားလုံး သက်ပြင်းရှိုက်သွားကြရလေသည်။

ရှင်းရှင်းပြောရလျှင် ထိုသိုလှောင်ဓါတ်လုံးသည် ပစ္စည်းကောင်းတစ်ခု ဖြစ်သော်လည်း ဆယ်သန်းဆိုသော ပမာဏမှာ အလွန်ကိုမှ များလွန်းနေသေည်။ မိုရှောင်ရှန်းသာ ဝင်မရှုပ်ခဲ့လျှင် တစ်သန်းနှင့် ဈေပြတ်သွားလောက်သည်။

သို့သော် ယခုမူ ချန်ဖုန်းရွှမ်နှင့် မိုရှောင်ရှန်းတို့ နှစ်ယောက်စလုံး စိတ်ညစ်နေကြသည်။ သူတို့၏ လုပ်ရပ်သည် သူတို့အတွက် ဘာမှအကျိုးမရှိဘဲ ရတနာစံအိမ်အတွက်သာ အကျိုးရှိမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်စလုံး သိထားကြသည်။ သို့သော် ကျားပေါ်ခွစီးလျက်သား ဖြစ်နေပြီ ဖြစ်သဖြင့် ပြန်ဆုတ်ဖို့ရာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် အံကိုကြိတ်၍သာ လေလံဆက်ဆွဲနေရတော့လေသည်။

ဆယ်သန်းဆိုသော ပမာဏသည် သူတို့ဂိုဏ်းအတွက် ဘာမှ သိပ်မဟုတ်သော်လည်း ဖြုန်းချင်တိုင်း ဖြုန်းသင့်သည့် ပမာဏလည်း မဟုတ်ပါချေ။ ထိုပမာဏသည် တပည့်ပေါင်း များစွာကို ကျင့်ကြံပေးရန် လုံလောက်ပေသည်။ သို့သော်ငြား သိုလှောင်ဓါတ်လုံးမှာမူ ငါးကြိမ်သာ အသုံးပြုနိုင်ပေလိမ့်မည်။

ဆယ်သန်းဆိုသော အသံ ထွက်လာပြီးနောက် မို‌ရှောင်ရှန်း တိတ်သွားခဲ့သည်။ လေလံဆက်ဆွဲလျှင် သင့်မသင့် ချိန်ဆနေသည့်ပုံပင်။

ထိုစဉ်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဆယ်သန်းနဲ့ တစ်သောင်း”

ချက်ချင်းဆိုသလို ခန်းမထဲရှိ လူအားလုံး၏ အကြည့်သည် လေလံဆွဲလိုက်သည့်လူပေါ် စုပြုံ ရောက်ရှိသွားခဲ့သည်။ လေလံဆွဲလိုက်သည့် လူမှာ မည်သည့် သီးသန့်ခန်းထဲမှ မဟုတ်ဘဲ အဓိကခန်းမထဲတွင် ရှိနေသော လူငယ်လေး တစ်ယောက်ဆီမှ ဖြစ်နေခဲ့သည်။

ထိုလူငယ်လေး၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်လှဘဲ သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိပေသေးသည်။ သူဝတ်ထားသော အဝတ်အစားမှာလည်း သာမန်သာ။ အဓိက ခန်းမထဲ ထိုင်နေပုံထောက်လျှင် သူ့နောက်ခံမှာ သိပ်ပြီး မမြင့်လှချေ။

သို့တိုင် အင်အားစုကြီးနှစ်ခုမှ လေလံပြိုင်နေဆွဲသည့် ကြားမှ လေလံဈေးခေါ်ရဲသည့် ထိုလူငယ်လေး၏ သတ္တိကို လူများစွာ လေးစားသွားကြသည်။

ယခု ပြိုင်ဆိုင်နေသည့် လူနှစ်ယောက်သည် သာမန်ဂိုဏ်းမှ အကြီးအကဲများ မဟုတ်ကြဘဲ မည်သူမှ ရန်မစချင်သည့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ အကြီးအကဲများ ဖြစ်ကြပေသည်။

All Chapters