အခန်း (၁၃၇၆-၁၃၈၀)
Vol. 56 Ch. 1376-1380
အပိုင်း (၁၃၇၆)
ထိုလူငယ်လေးသည် ရတနာစံအိမ်မှ သတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်း (၁၀၀၀၀)သာ ဈေးပိုခေါ်လိုက်ခြင်း ဖြစ်သည်။ ထိုလူငယ်လေး မည်သူမှန်း လူတော်တော်မျာများ မသိကြ။ စင်မြင့်ပေါ်တွင် ရပ်နေသော ရန်ထျန်းရွေ့ပင်လျှင် ထိုလူငယ်လေးကို မျက်မှောင်ကြီးကြုတ်လျက် ကြည့်နေခဲ့သည်။
လူပေါင်းများစွာ၏ စိုက်ကြည့်ခြင်း ခံနေရသည့်တိုင် လူငယ်လေးသည် နည်းနည်းလေးမျှ စိုးရိမ်သွားခြင်း မရှိဘဲ လူအုပ်ကြီး၏ ချီးကျူးဩဘာပေးခြင်း ခံနေရသည့်နှယ် အေးအေးဆေးဆေး အမူအရာဖြင့်သာ ရှိနေခဲ့သည်။
“လူရီလား” အခန်း (ဂ-၁၃)တွင် ရှိနေသော ရန်ကိုင်သည် ထိုလူငယ်လေးကို မြင်လိုက်သည်နှင့် သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ ရန်ကိုင် ထိတ်လန့်နေရသည်ကား လူရီမှ လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အတွက်ကြောင့် မဟုတ်၊ တိမ်မီးတောက်ဂိုဏ်းသည် ဒုတိယအဆင့် အင်အားစု တစ်ခု ဖြစ်သဖြင့် လေလံပွဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မှီပေသည်။ သို့သော်လည်း ဒုတိယအင်အားစုမှ သခင်လေး တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သီးသန့်ခန်းတွင် ထိုင်ခွင့်မရဘဲ ခန်းမထဲတွင်သာ ထိုင်ခွင့်ရလေသည်။
ရန်ကိုင် ထိတ်လန့်အံ့ဩနေရဿည်ကား လူရီ၏ လက်မောင်းပင်။
လက်ရှိ လူရီ၏ လက်မောင်းသည် အကောင်းအတိုင်း ပြန်ဖြစ်နေခဲ့လေပြီ။
ဘယ်လိုလုပ်ပြီး ပြန်ဆက်သွားတာလဲ ရန်ကိုင် ထိတ်လန့်နေသည်။ လူရီ၏ လက်တစ်ဖက်အား သူဖြတ်လိုက်သည်ကို ရန်ကိုင် ဆင်လယ်ပြင်ဆင်းသလို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မှတ်မိပေသည်။ သို့သော်လည်း လူရီ၏ အလျင်အမြန် ထွက်ပြေးသွားမှုကြောင့် ရန်ကိုင်လည်း လိုက်မဖမ်းနိုင် ဖြစ်ခဲ့ရသည်။
ယခု ပြတ်နေသော သူ့လက် ပြန်ပေါက်နေခဲ့လေပြီ။ ၎င်းဆီမှ ထွက်ပေါ်နေသော အရှိန်အဝါအရ ပြန်ပေါက်နေသော လက်သည် မှော်ရတနာတစ်မျိုးမျိုး မဟုတ်ဘဲ အသွေးအသားဖြင့် ဖြစ်တည်နေသော လက်တစ်ဖက် ဖြစ်သည်။
သူမည်ကဲ့သို့ လုပ်လိုက်သနည်း။ ရန်ကိုင် မှင်သက်နေသည်။ ခြေ၊လက်များကို ပြန်ပေါက်အောင် လုပ်ခြင်းသည် ဒဏ္ဏာရီထဲတွင် ဖြစ်လေ့ရှိသော အဖြစ်အပျက်များသာ ဖြစ်ကြသလို လူရီ ဆိုသည့် လူမှာလည်း သူတော်စင်ဘုရင်အဆင့်သာ ရှိသေးသည်။
လူရီကို သူအထင်သေးမိလိုက်ပြီးမှန်း ရန်ကိုင် ရုတ်တရက် နားလည်သွားလိုက်သည်။ ပြတ်နေသော လက်ကို ပြန်ပေါက်အောင် လုပ်နိုင်သည် ဆိုသော အချက်နှင့်ပင် လူရီတွင် ထိတ်လန့်ဖွယ်ရာ ဝှက်ဖဲများစွာရှိကြောင်း ကောက်ချက်ချနိုင်၏။
“ဒီလူ...” ရန်ကိုင် နားမလည်နိင် ဖြစ်နေစဉ် ယန်ယန်သည် လူရီကို စိုက်ကြည့်နေရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ” ရန်ကိုင် ယန်ယန်ကို လှည့်ကြည့်လိုက်သည်။
“ဘာလို့မှန်းမသိဘူး။ ငါအဲ့လူကို ကြည့်လို့ကိုမရဘူး” ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ ထို့နောက် သင်္ကာမကင်း အမူအရာဖြင့် “ဒါပေမယ့် ငါအခုမှ သူ့ကို မြင်ဖူးတာလေ။ ဘာလို့ အဲ့လိုခံစားနေရတာလဲ။ နင်သူ့ကို လူရီလို့ ခေါ်လိုက်တယ်နော်။ နင်တို့ နှစ်ယောက် ရန်သူတွေလား”
“ဟုတ်တယ်။ ငါလည်း သိပ်တော့ နားမလည်ဘူး။ သဲမီးတောက်နယ်မြေမှာတုန်းက အဲ့ကောင် ရုတ်တရက်ကြီး ငါ့ကို မရမက လိုက်သတ်ဖို့ ကြိုးစားတာ” ရန်ကိုင် နှာခေါင်းရှုံ့လိုက်၏။ လူရီနှင့်သူ ဘာကြောင့် ရန်သူ ဖြစ်နေရသလဲ ဆိုသည်မှာ တကယ်ကို ရှင်းပြရ ခက်လှသည်။ လူရီသည် အကြောင်းအရင်း မရှိဘဲ သူ့အား လိုက်သတ်ရန် ကြိုးစားခဲ့သည်။
သေချာ စဉ်းစားကြည့်လိုက်သည့် အခါတွင်လည်း သဲမီးတောက်နယ်မြေထဲ၌ လူရီနှင့် တစ်ခါမှ မတွေ့ဖူးမှန်း သတိပြုမိခဲ့သည်။ ယုတ်စွဆုံး နှုတ်ဆက်စကားပင် မပြောဖူးဘဲ ရုတ်တရက်ကြီး ကမ္ဘာမကျေ ရန်သူများ ဖြစ်လာကြသည်။
“အဲ့လူကို သတိထား၊ အန္တရာယ်များတယ်” ယန်ယန်က ရန်ကိုင်ကို သတိပေးလိုက်သည်။
“ငါသိတယ်” ယန်ယန် သတိပေးနေစရာပင် မလိုချေ။ သို့သော် ထိုသိုလှောင်ဓါတ်လုံးကို လေလံဝင်ဆွဲရန် လူရီ မည်သည့် နေရာမှ သူတော်စင်သလင်းကျောက်များ ရလာသလဲ ဆိုသည်ကို ရန်ကိုင် မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့သည်။ သူသိရသလောက် တိမ်မီးတောက်ဂိုဏ်းသည် ဒုတိယအဆင့် အင်အားစုများထဲ၌ပင် အတော်လေး အားနည်းပြီး တန်ခိုးရှင် ပထမအဆင့် ပညာရှင် ဦးဆောင်နေသည့် မိသားစုငယ်လေးများထက်သာ အနည်းငယ် ပိုအားကောင်းသည်။
တပည့် အရေအတွက်မှာလည်း သိပ်မများလှဘဲ သုံးလေးရာလောက်သာ ရှိ၍ သူတို့ ထိန်းချုပ်ထားသည့် ပိုက်နက် အတွင်းတွင် မည်သည့် သူတော်စင်သလင်းကျောက်တွင်းမှ မရှိချေ။ ထိုသို့ဆိုလျှင် ထိုမျှ များပြားလျသော သူတော်စင် သလင်းကျောက်များကို လူရီ မည်သည့် နေရာမှ ရလာသနည်း။
“ဟားဟား။ အကြီးအကဲတွေဆိုတာ လူငယ်မျိုးဆက်တွေ အပေါ် အနိုင်မကျင့်သင့်ဘူးကွ။ ဒီကောင်လေးက ဒီသိုလှောင် ဓါတ်လုံးကို လိုချင်နေမှတော့ ဒီမို လက်လျှော့ပေးလိုက် ပါတော့မယ်လေ” ရန်ကိုင် လူရီကို သင်္ကာမကင်း ဖြစ်နေစဉ်မှာပဲ မိုရှောင်ရှန်း၏ သည်းလှိုက်အူလှိုက် ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မိုရှောင်ရှန်း ပြောပြီးသွားသည်နှင့် ချက်ချင်းဆိုသလို ချန်ဖုန်းရွှမ်းကလည်း နှာခေါင်းရှုံ့လျက် လိုက်ပြောလိုက်သည် “ဟန့်၊ မင်းတောင် လူငယ်တွေကို မျက်နှာသာပေးမှတော့ ငါကလည်း မျက်နှာသာမပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီချန်လည်း နှုတ်ထွက်ပြီ”
မသိလျှင် သူတို့ကိုယ်သူတို့ လူကြီးလူကောင်းများနှယ်၊ သို့သော်ငြား အကုန်လုံး သူတို့အကြံကို ရိပ်မိကြပေသည်။ လူအိုကြီး နှစ်ယောက်စလုံးသည် ယခု အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ သူတော်စင်သလင်းကျောက်များ ဆုံးရှုံးမည့် အခွင့်အရေးမှ လွတ်မြောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထိုလူငယ်လေးသည် သူတော်စင်သလင်းကျောက် ဆယ်သန်းကို ဆုံးရှုံးလိုက်ရသော်လည်း သိုလှောင်ဓါတ်လုံးနှင့် တကွ လူအိုကြီးနှစ်ဦး၏ အထင်အမြင်ကောင်းကိုပါ ရရှိသွားခဲ့လေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ထိုကဲ့သို့ စဉ်းစား တွေးတောတတ်သည့် လူငယ်လေး၏ ဥာဏ်ရည်ကို လေးစား မိသွားကြသည်။ သူတို့လည်း အစောကြီးကတည်းကသာ သိခဲ့လျှင် ယခုကဲ့သို့ လုပ်လိုက်လောက်၏။ ဆယ်သန်းဆိုသော ပမာဏသည် မနည်းလှသော်ငြား ထိုအကြီးအကဲနှစ်ယောက် ခင်မင်နိုင်သည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်မည်ဆိုလျှင် အမှန်တကယ်ကို ထိုက်တန်ပေသည်။
သို့သော်လည်း သူတို့ နားလည်နေသည့်တိုင် သူတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးပြီး ထိုကဲ့သို့ လုပ်ခိုင်မည် ဆိုပါက လုပ်ရဲသည့် သတ္တိရှိလိမ့်မည် မဟုတ်ချေ။ ထိုလူအိုကြီး နှစ်ယောက်သာ သူတို့အား ဆူးငြှောင့်ခလုတ် တစ်ခုအဖြစ် ရှုမြင်သွားကာမှ ငါးပါးမှောက်ပေလိမ့်မည်။
ထိုလူငယ်လေး၏ သွေးရဲမှု၊ ပြတ်သားမှုကို လူများစွာ လေးစားသွားခဲ့ကြသည်။
ရန်ထျန်းရွေ့သည် စင်မြင့်ပေါ်တွင် ရပ်လျက် နောက်ဆုံး အကြိမ် ဈေးထပ်ခေါ်သည်။ သို့သော် ဈေးထပ်ပေးမည်လူ မည်သူမှ မရှိတော့သဖြင့် သိုလှောင်ဓါတ်လုံးကို လူရီမှ သူတော်စင် သလင်းကျောက် ဆယ်သိန်းနှင့် တစ်သောင်းဟူသော ဈေးဖြင့် ဝယ်ယူရရှိသွားခဲ့လေသည်။
လေလံပွဲသည် ဆက်လက် ကျင်းပသွားခဲ့သည်။ လေလံပွဲ၏ အရှိန်အဟုန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ရတနာစံအိမ် ယခုကဲ့သို့ အချိန်မျိုး၌ လေလံပွဲကို ကျင်းပလိုက်သည်မှာ မှန်သွားပေသည်။ ရတနာတစ်ခု ပေါ်လာတိုင်း ကျင့်ကြံသူများစွာတို့ လုယက် ဝယ်ယူကြသည်။
ရန်ထျန်းရွေ့သည် ယပ်တောင်ကို ပိတ်ထားလျက် မျက်နှာတည်ဖြင့် တစ်ချိန်လုံး ရပ်နေသော်လည် ယန်ပေး၏ တပည့် မျက်နှာမည်းလေး ဆိုသည့်အတိုင်း လေလံပစ္စည်းများ၏ တန်ဖိုးကို မူရင်း တန်ဖိုးထက် မမြင့်မြင့်အောင် မြှင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ကျင့်ကြံသူ အများစုမှာ ထိုအချက်ကို သတိမပြုမိကြသဖြင့် ထိုအချက်ကို သတိပြုမိသော လူများစွာတို့မှာ ရန်ထျန်းရွေ့၏ လုပ်ပုံကိုင်ပုံကို လေးစား သွားကြလေသည်။
လေလံပွဲတွင် ရောင်းချသော ပစ္စည်းများ ဖြစ်ကြသော ဆေးလုံးများ၊ မှော်ရတနာများ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များ၊ ဆေးပင်များ၊ အဖိုးတန် သတ္တုများစသော ပစ္စည်းများသည် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အသုံးဝင်ပေသည်။
ရန်ကိုင်သည် လေလံပွဲတွင် ဝင်မပြိုင်ဘဲ လေလံတင်သည့် ပစ္စည်းများအား ယန်ယန် ရှင်းပြနေသည်ကိုသာ သေချာ နားစိုက် ထောင်နေခဲ့သည်။
ထိုပစ္စည်းများသည် အမှန်တကယ်ကို ကောင်းမွန်သော်ငြား ထိုကဲ့သို့သော ပစ္စည်းများကို နဂါးလိုဏ်ဂူတောင်၊ အရိပ်လခန်းမ၏ အဆက်အသွယ်များမှတစ်ဆင့် ရယူရန် မခက်ခဲသည့်အတွက် ဝင်ရောက် ဈေးခေါ်ခြင်း မပြုခဲ့ချေ။ လေလံပွဲပထမပိုင်းသည် ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွား၏။ ပစ္စည်းအများစုကို အဓိကခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူများမှ ဝယ်ယူသွားကြပြီး သီးသန်းခန့်များမှာ ကျင့်ကြံသူများမှာမူ သူတို့ အမှန်တကယ် လိုအပ်သည့် ပစ္စည်းများမှ လေလံဝင်ဆွဲလေ့ ရှိပေသည်။
သို့သော်ငြား ဒုတိယပိုင်းတွင်မူ သီးသန့်ခန်းများမှ ကျင့်ကြံသူများ မကြာခဏ လေလံဝင်ဆွဲလာကြသည်။ သို့သော် ဒုတိယပိုင်းတွင် လေလံတင်သော ပစ္စည်းများသည် ပထမပိုင်းကဲ့သို့ ဈေးပေါမနေချေ။
ပထမဆုံးပိုင်းတွင် သိုလှောင်ဓါတ်လုံးကို သူတော်စင် သလင်းကျောက် ဆယ်သန်းဖြင့် ဝယ်ယူသွားခဲ့သော လူငယ်လေးလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မကြာမီ သူသုံးဖြုန်းခဲ့သော သူတော်စင်သလင်းကျောက်သည် သန်းလေးဆယ်ကို ကျော်လွန်သွားခဲ့သည်။
လူရီ၏ အပြုအမူကြောင့် ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။
အားကောင်းသည့် နောက်ခံမရှိဘဲ ကိုယ်မည်မျှ ချမ်းသာကြောင်း ထုတ်ပြခြင်းသည် ပြဿနာကို လက်ယပ် ဖိတ်ခေါ်ခြင်းနှင့် တူသည်။ အားကောင်းသော ကောင်းကင်စိတ်အာရုံများ လူရီအား အဆက်မပြတ် သွားရောက် စစ်ဆေးနေသည်ကို ရန်ကိုင် သတိပြုမိသည်။ လေလံပွဲ ပြီးသွားသည်နှင့် လူပေါင်းများစွာတို့သည် လူရီနှင့် စကားစမြည် ပြောဆိုကြပေလိမ့်မည်။
လူရီ၏ လုပ်ရပ်နှင့် ပက်သက်၍ ရန်ကိုင် ပို၍ပင် ပျော်သေးသည်။ လူရီ ဘာကြောင့် သူ့အား သတ်ချင်နေသည့် ဖြစ်စေ၊ သူ့အား သတ်ချင်နေသည့် လူတစ်ယောက်ကို မည်သို့မှ အသက်ရှင်လျက် မထားနိုင်ချေ။ လူရီ သူ့သေတွင်း သူတူးလျှင် ရန်ကိုင် ပျော်ပျော်ကြီးပင် ထိုင်ကြည့်လိုက်ပေဦးမည်။
သို့သော်လည်း လူရီသည် လူပေါင်းများစွာ၏ ကောင်းကင် စိတ်အာရုံ သူ့အပေါ် ရောက်ရှိလာသည့်တိုင် တုန်လှုပ် ခြောက်ခြားသွားခြင်း မရှိဘဲ အေးအေးဆေးဆေး အမူအရာဖြင့်သာ ရှိနေသည်။
လေလံပစ္စည်းများ တစ်ခုပြီးတစ်ခု ရောင်းထွက်သွားသည်နှင့် လေလံပွဲ၏ အထွဋ်အထိပ်ဆီသို့ တဖြည်းဖြည်း ရောက်လာခဲ့၏။
သူစောင့်နေသည့် ပစ္စည်း ပေါ်လာမည့် အချိန်ကို ရန်ကိုင် ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။ ကံမကောင်းစွာဖြင့် ယခုထိတိုင် ပေါ်မလာသေးချေ။ ရတနာစံအိမ် စိတ်ပြောင်းသွားပြီး ထိုပစ္စည်းကို လေလံပွဲမှ ရုတ်တရက် ဖယ်ထုတ်လိုက်သလားဟုပင် ရန်ကိုင် တွေးမိသွားသည်။
သို့သော်လည်း ထိုသို့ မဖြစ်နိုင်လောက်ချေ။ ရတနာစံအိမ်သည် ထိုပစ္စည်းကို လေလံတင်မည်ဟု ကြေညာထားမှဖြင့် ကျိန်းသေ လေံတင်ပေလိမ့်မည်။ မဟုတ်လျှင် သူတို့၏ ဂုဏ်သတင်းကို ထိခိုက်သွားနိုင်ပေသည်။
ရန်ကိုင် အတွေးများနေစဉ်မှာပဲ စင်မြင့်ပေါ်သို့ အမျိုးသမီး လှလှလေး တစ်ယောက်သည် ကျောက်စိမ်းလင်ဗန်း တစ်ချပ်ကို ကိုင်လျက် တက်လာခဲ့လေသည်။ ယခင် လေလံတင်မည့် ပစ္စည်းများ အတိုင်း ယခုပစ္စည်းကိုလည်း ပိတ်သားအနီဖြင့် ဖုံးအုပ်ထားခဲ့သည်။ ထိုပစ္စည်းကို ကောင်းကင်စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် ပျော်သွားခဲ့ပြီး အလျင်စလို ကောက်ထိုင်လိုက်လေသည်။
သူစောင့်နေသည့် ပစ္စည်း နောက်ဆုံး၌ ရောက်လာလေပြီ။
တစ်ချိန်တည်းတွင် သီးသန့်ခန်းထဲမှ ကောင်းကင်စိတ်အာရုံ များစွာတို့ ထွက်ပေါ်လာပြီး ထိုလေလံပစ္စည်းကို သွားရောက် စစ်ဆေးကြသည်။ ခန်းမထဲရှိ ကျင့်ကြံသူများပင် သူတို့ အချင်းချင်း တီးတိုးပြောနေကြသည်။ အကြောင်းကား ရှင်းသည်။ ယခုလေလံတင်မည့် ပစ္စည်းသည် ယခင်ပစ္စည်းများနှင့် အနည်းငယ် ကွဲပြားနေသည့် အတွက်ကြောင့် ဖြစ်သည်။ ကျောက်စိမ်းလင်ဗန်း ပေါ်လာသည်နှင့် ၎င်းဆီမှ ထွက်ပေါ်လာသော မမြင်နိုင်သော အရှိန်အဝါ တစ်ရပ်ကြောင့် သူတို့၏ အသားများကို ဓါးသွားများနှယ် တတိတိ ဖြတ်တောက်နေသလို အကုန်လုံး ခံစားလိုက်ကြရသည်။
ထိုအရာ ဘာများဖြစ်လေမလဲ...
လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားနေကြလေပြီ။
လူအုပ်ကြီး၏ တုန့်ပြန်မှုကို မြင်ပြီး ရန်ထျန်းရွေ့ အလွန်ကိုမှ ကျေနပ်သွားခဲ့သည်။ ထို့နောက် အသာအယာ ပြုံးလျက် “နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ နှစ်တစ်သောင်းမှာ တစ်ကြိမ်လောက်ပဲ တွေ့နိုင်တဲ့ ပစ္စည်းမျိုးပါ။ အဲ့ပစ္စည်းကို ဒီရန် စစတွေ့ချင်းတုန်းကဆို ဘာပစ္စည်းမှန်း မခွဲခြားနိုင်ခဲ့ဘူး။ အဖိုးတန်တဲ့ ပစ္စည်းတစ်ခုလိမ့်မယ် ဆိုပြီးတော့ပဲ ကောက်ချက် ချနိုင်တယ်။ ဒါပေမယ့် စီနီယာတွေက ပညာရပ်အမျိုးမျိုး သုံးပြီး စစ်ဆေးပြီးတဲ့ နောက်မှာတော့ ဒါဘာလဲဆိုတာ သိလိုက်ရတယ်”
“အပိုစကားတွေ ပြောမနေတော့နဲ့။ ဘာပစ္စည်းလဲ ဆိုတာပဲ မြန်မြန် ပြောလိုက်တော့ကွာ” အပိုင်း(က)မှ စိတ်စောနေသည့် လူအိုကြီးတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုပစ္စည်းကို ရယူမည့် သူ့အစီအစဉ် ထင်သလောက် မလွယ်ကူတော့ချေ။
“အို၊ သွေးနတ်ဆိုးကျောင်းတော်က စီနီယာကျင်းရှီပါလား။ စီနီယာက သိချင်စိတ် ပြင်းပြနေမှတော့ ဂျူနီယာလည်း အားလုံး မြင်အောင် ပြပေးရတာပေါ့” ရန်ထျန်းရွေ့သည် လင်ဗန်းအား အုပ်ထားသည့် အနီရောင်ပိတ်စကို ဖယ်ချလိုက်လေသည်။
ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပလာသော ရွှေရောင် အလင်းတန်းများကြောင့် အကုန်လုံး၏ မျက်လုံးများ အပ်နှင့်ထိုးသလို ခံစားလိုက်ရပြီး ချက်ချင်း မျက်လုံး ကောက်ပိတ်လိုက်ကြရသည်။ အားကောင်းသော ကျင့်ကြံသူ များသည်သာ သူတို့၏ မျက်လုံးများကို သူတော်စင်ချီဖြင့် ဖုံးကာလျက် ထိုအရာကို ကြည့်လိုက်နိုင်ကြသည်။
ရန်ကိုင်လည်း မျက်လုံး မှေးစဉ်းသွားသည်။ သို့သော် ထိုအရာ ဘာလဲ သိလိုက်ပြီးသည့်နောက်တွင် သူအလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၇၇)
လင်ဗန်းပေါ်တွင် ရှိနေသည်ကား အမျိုးအမည် ဖော်မရသော ရွှေရောင်အဆင်း တောက်ပနေသည့် လက်သီးဆုပ် အရွယ်အစား ရှိသည့် သတ္တုတစ်မျိုးပင်။
အံ့အားသင့်စရာ ကောင်းသည်ကား သတ္တု၏ မျက်နှာပြင် ပေါ်တွင် အက္ခရာအမှတ်အသားများ ရှိနေခြင်းပင်။ ထိုအရာ၏ အရှိန်အဝါ ပျံ့လွင့်မသွားအောင် ပညာရှင် တစ်ယောက်ယောက်မှ ၎င်းကို စည်းခတ်ထားခြင်း ဖြစ်ရပေမည်။ သို့တိုင် ခန်းမထဲတွင် ရှိနေသူ အကုန်လုံး ၎င်းဆီမှ ဖြာထွက်နေသော စူးရှသည့် အရှိန်အဝါကို ခံစားမိနေပေသေးသည်။
စည်းခတ်ထားသော်လည်း ထိုမျှအားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေလျှင် စည်းသာ ပျက်စီးသွားပါက မည်သို့ ဖြစ်မည်နည်း။
ခန်းမထဲတွင် ရှိနေသော အားနည်းသည့် ကျင့်ကြံသူများမှာ ထိုသတ္တု၏ မူရင်းပုံစံနားသို့ မည်သို့မှ ချဉ်းကပ်သွားနိုင်လိမ့်မည် မဟုတ်ချေ။
ထိုပစ္စည်းသည် တကယ်ကို ပုံမှန်မဟုတ်ပါချေ။ ထိုအရာကို မှတ်မိသည့် လူအရေအတွက်မှာလည်း အလွန်တရာကိုမှ နည်းပြီး ထိုအရာသည် အဖိုးတန် သတ္တုတစ်မျိုး ဖြစ်သည်ဟူ၍သာ အကုန်လုံး သိထားကြသည်။ ထို့ကြောင့် ထိုပစ္စည်းကို နောက်ဆုံး ပစ္စည်းအဖြစ် လေလံတင်ရန် ရတနာစံအိမ် ဆုံးဖြတ်ခဲ့သည်မှာ အထူးအဆန်း မဟုတ်ပါချေ။
“ကောင်းတယ်၊ ကောင်းတယ်၊ ဒီကျင်း အဲ့ပစ္စည်းကို ငါ့ဘဝတစ်ဝက်လောက် လိုက်ရှာနေခဲ့တာ ဒီနေ့ ဒီမှာ လာတွေ့မယ်လို့ တကယ်ကို မထင်ထားဘူး။ ရတနာစံအိမ်ရဲ့ ရတနာရှာနိုင်စွမ်းက တကယ်ကို အံ့ဩစရာပဲ” ကျင်းရှီဆိုသော လူအိုကြီးက အလွန်ကိုမှ ကျေနပ်ဝမ်းသာနေသည့်အလား အားရပါးအရ အော်ဟစ်ရယ်မောလိုက်လေသည်။
“နင်ဒါကို လိုချင်နေတာလား” ယန်ယန် ရန်ကိုင်ကို လှမ်းမေးလိုက်သည်။
ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားနေလေရာ ထိုအချက်ကို ယန်ယန် သတိမပြုမိဘဲ ဘယ်နေမည်နည်း။
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ယန်ယန်လည်း ခေါင်းသာ ညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
ထိုအခြင်းအရာကို မြင်သည့်အခါ ချင်းအာ ပျော်သွား၏။ သို့သော် ချက်ချင်းဆိုသလို စိုးရိမ်သွားသည့် အမူအရာဖြင့် “စီနီယာ၊ သွေးနတ်ဆိုးကျောင်းတော်က အကြီးအကဲကျင်းလည်း အဲ့ပစ္စည်းကို လိုချင်နေတယ်နဲ့ တူတယ်”
“ဒါက လေလံပွဲလေ။ ဈေးအများဆုံး ပေးနိုင်တဲ့လူပဲ နိုင်မှာ၊ သူ့ဘာသာ လိုချင်ချင်၊ မလိုချင်ချင် ငါဘာလို့ ဂရုစိုက်နေရမှာလဲ” ရန်ကိုင်က ပြုံးလိုက်သည်။ သူနှင့်အတူ သူတော်စင်သလင်းကျောက် သန်းခုနှစ်ဆယ် ယူလာခဲ့သည်။ ထို့ကြောင့် သွေးနတ်ဆိုးကျောင်းတော်နှင့် ယှဉ်ပြိုင်ရမည်ကို မကြောက်ပါချေ။ ယခင် လေလံပစ္စည်းများကိုလည်း သွေးနတ်ဆိုး ကျောင်းတော် ဝင်ရောက် ဝယ်ယူထားခဲ့သေးသည်။
ချင်းအာ ခေါင်းညိတ်လိုက်ပြီး “စီနီယာ လေလံအောင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
“နင်ပြောတဲ့အတိုင်း ဖြစ်ဖို့ ငါလည်း မျှော်လင့်မိတယ်” ရန်ကိုင် ပြုံးလိုက်သည်။ ထိုကောင်မလေး စိုးရိမ်နေမှန်း သူသိသည်။ သူလေလံပွဲတွင် ဝင်ပြိုင်ပြီး ထိုပစ္စည်းကို အနိုင်ရလိုက်မည် ဆိုလျှင် သူမလည်း ရတနာစံအိမ်ဆီမှ ဆုလာဒ်များ လက်ဆောင် ရရှိပေလိမ့်မည်။ သူမရမည့် ဆုသည် ရန်ကိုင် ဝယ်ယူသည့် ပစ္စည်း၏ တန်ကြေးနှင့် ညီမျှပေသည်။
ရန်ကိုင်သာ ဘာမှမဝယ်လျှင် သူမလည်း ဘာဆုမှ ရမည် မဟုတ်ချေ။ ထိုကိစ္စကို ရန်ကိုင်မှ မမေးဘဲနှင့် ချင်းအာမှ သူမ ကိုယ်တိုင် ရှင်းပြခဲ့ခြင်း ဖြစ်သည်။
“ဟျောင့်၊ ကျင်းအိုကြီး၊ ငါမသိလို့ မေးဦးမယ်။ အဲ့ဒါ ဘာကြီးမို့လို့ မင်းဒီလောက်တောင် လိုချင်နေတာလဲ” အခြားသော သီးသန့်ခန်းတစ်ခန်းဆီမှ အသံတစ်သံ ထပ်ထွက်လာခဲ့သည်။
ထိုလူ မသိသည်မှာလည်း အထူးအဆန်းမဟုတ်၊ ဤလောကကြီးတွင် မရေမတွက်နိုင်သော ပစ္စည်းပေါင်းစုံ ရှိနေလေရာ မည်သူက ပစ္စည်းတိုင်းကို လိုက်သိနိုင်မည်နည်း။ လက်ရှိ သူတို့ မြင်နေရသည့် သတ္တုရိုင်းသည် အလွန်ကိုမှ ရှားပါးပေသည်။ ကျင်းရှီ ထိုပစ္စည်း ဘာပစ္စည်းမှန်း သိခြင်းမှာ သူကျင့်ကြံထားသည့် ကျင့်စဉ်သည် ထိုသတ္တုကို လိုအပ်သည့် အတွက်ကြောင့် ဖြစ်သည်။
ယန်ယန်ကဲ့သို့သော ဘာမဆို သိထားသည့် မှတ်ဥာဏ်အား ပိုင်ဆိုင်ထားသော လူမှသာ ထိုပစ္စည်း ဘာပစ္စည်းမှန်း သိလိမ့်မည်။ သို့သော် သူမကဲ့သို့ လူများမှာ မရှိသလောက် ရှားပါးလွန်းလှသည်။
“စီနီယာကျင်း ဘာလို့ ဒီဆန်းယင်ရွှေကို ဒီလောက် လိုချင်နေရတာလဲ ဆိုတော့ သူကျင့်ကြံထားတဲ့ ရွှေတောင်သွား နတ်ဆိုးပညာရပ်က ဒီဆန်းယင်ရွှေနဲ့ဆို အရမ်း အစွမ်း ထက်သွားမှာမို့လို့ပဲ။ ဒီဆန်းယင်ရွှေနဲ့ဆိုရင် စီနီယာကျင်း သူ့ကျင့်စဉ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်း လောက်ပဲ လိုတော့မှာ” ရန်ထျန်းရွေ့က ပွင့်ပွင့်လင်းလင်း ပေ ြာလိုက်သည်။
“ဆန်းယင်ရွှေ” အစောပိုင်းက စကားပြောလိုက်သည့် လူသည် ထိုနာမည်ကို ကြားဖူးနေသည့်အလား တစ်ခုခုကို တွေးမိသွားဟန်ရပြီး အလန့်တကြား လိုက်သည်။
“ကောင်လေးရန်၊ မင်းအလုပ်က လေလံတင်ပေးဖို့ပဲ မဟုတ်ဘူးလား။ ဘာလို့ ငါ့ရွှေတောင်သွား နတ်ဆိုးပညာရပ် အကြောင်းတွေပါ လျှောက်ပြောနေတာလဲ” ကျင်းရှီ စိတ်ညစ်ညစ်ဖြင့် ပြောလိုက်သည်။ ရန်ထျန်းရွေ့ ဘာလုပ်ရန် ကြိုးစားနေသလဲ ဆိုသည်ကို သူနားလည်ပေသည်။ အခြား တစ်နေရာတွင်သာ ဆိုပါက ထိုကောင်လေးကို မှတ်လောက် သားလောက်အောင် သင်ခန်းစား ကောင်းကောင်း ပေလိုက်ပေမည်။ သို့သော် ရတနာစံအိမ်ထဲတွင် ဖြစ်နေသည့် အတွက်ကြောင့် ဘာမှလုပ်မရ ဖြစ်နေခဲ့သည်။
ရန်ထျန်းရွေ့ ပြောလိုက်သော စကားကြောင့် ထိုဆန်းယင်ရွှေကို ရရန် ပိုခက်သွားပေတော့မည်။ သွေးနတ်ဆိုး ကျောင်းတော်တွင် ရန်သူများစွာ ရှိလာလေရာ သူတို့ အားကောင်းလာမည်ကို မလိုလားသည့် အင်အားစုများသည် ဆန်းယင်ရွှေကို သူမရအောင် နှောင့်ယှတ်ကြပေလိမ့်မည်။
“တောင်းပန်ပါတယ်ဗျာ စီနီယာရယ်၊ ဒီဂျူနီယာ စကားကျွံ့သွားမိလိုက်တယ်” ရန်ထျန်းရွေ့က အလျင်အမြန်ပဲ တောင်းပန်လိုက်သည်။
သို့သော်လည်း ပြောပြီးစကား ထွေးပြီးတံတွေးနှယ် ပြန်မျိုချ၍ မရတော့ချေ။ ထို့ကြောင့် သူမည်သို့ပင် တောင်းပန်စေကာမူ အခြားလူများမှာ သိသွားကြလေပြီ။ ရန်ထျန်းရွေ့သည် တောင်းပန်နေသော်လည်း ကြောက်ရွံ့ဟန် လုပ်ပြနေသော သူ့မျက်နှာ၏ နောက်ကွယ်တွင် ဂုဏ်ယူမှု တစ်စွန်းတစ်စ ထင်ဟပ်နေသည်။ ထိုဆန်းယင်ရွှေကို မည်သူ အနိုင်ရရ၊ ရတနာစံအိမ် ဂရုမစိုက်ချေ။ သူတို့ ဂရုစိုက်သည်ကား ထိုဆန်းယင်ရွှေကို ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်ဖို့ပင်။
“အပိုတွေ တော်ပေတော့။ လေလံတင်မယ်ဆိုလည်း မြန်မြန်သာ တင်တော့ကွာ” ကျင်းရှီက တိုက်တွန်းလိုက်သည်။
“ကောင်းပြီလေ” ရန်ထျန်းရွေ့က ပြုံးလျက် ယပ်တောင်ဖြင့် ဆန်းယင်ရွှေကို ညွှန်ပြကာ အသံအကျယ်ကြီး အော်ပြောလိုက်၏ “ဒီတစ်ကျင်း အလေးချိန်ရှိတဲ့ ဆန်းယင်ရွှေရဲ့ စဦးဈေးကတော့ သူတော်စင်သလင်းကျောက် ငါးသန်းပါပဲ။ အားလံး ဈေးစပေးလို့ ရပါပြီ”
“ဆယ်သန်း” ရန်ထျန်းရွေ့ စကားဆုံးသွားသည်နှင့် ကျင်းရှီက ချက်ချင်း ဈေးစပေးလိုက်သည်။
ထိုဆန်းယင်ရွှေကို သူ အလွန်လိုချင်နေမှန်း လူတိုင်း သိပြီးနေမှဖြင့် ဘာကြောင့် တုန့်ဆိုင်းနေရတော့မည်နည်း။
“ဟန့်၊ ငါလည်း ငါ့ရွှေအရိုးဒိုင်းကို သန့်စင်ဖို့ ရှားပါးသတ္တု လိုနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ (၁၁)သိန်း” ကောင်းကင် တိုက်ပွဲအစည်းအရုံးမှ မိုရှောင်ရှန်း ဝင်ပါလာခဲ့သည်။
“ငါလည်း ဝင်ပျော်ရသေးတာပေါ့၊ (၁၅)သိန်း” မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ချန်ဖုန်းရွှမ်က ဝင်ပြောလိုက်သည်။
“(၁၁)သန်း” အခြားသော သီးသန့်ခန်းတစ်ခန်းထဲမှ အမျိုးသမီးအိုကြီး တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“(၁၂)သန်း”
............
သွေးနတ်ဆိုးကျောင်းတော်၏ သီးသန့်ခန်းထဲ၌၊ ကျင်းရှီ၏ မျက်နှာကြီး မည်းမှောင်ရှုံ့မဲ့နေခဲ့လေသည်။ ထိုဆန်းယင်ရွှေကို သူအလွယ်တကူ ရနိုင်မည်မဟုတ်မှန်း သိထားသော်ငြား သူနှင့် ဈေးပြိုင်ပေးမည့်သူ ခြောက်ယောက်ပင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပိုဆိုးသည်ကား ထိုအင်အားစု ခြောက်ခု စလုံးသည် သူ့သွေးနတ်ဆိုးကျောင်းတော်နှင့် အဆင့်တူ အင်အားစုများ ဖြစ်နေကြခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်ကြောင့် ကြိတ်မနိုင်ခဲမရ ဖြစ်ကာ ဒေါသတကြီး အော်ပြောလိုက်သည် “သန်းနှစ်ဆယ်”
“ရောင်းရင်းကျင်းက တကယ်ကို သတ္တိရှိတာပဲ။ ဒါပေမယ့် ဒီဆန်းယင်ရွှေကို သန်းနှစ်ဆယ်လောက်နဲ့ လိုချင်နေရင်တော့ အိမ်မက်ထဲမှာပဲ ရလိမ့်မယ်။ နှစ်ဆယ့်ငါးသန်း” အမျိုးသမီး အိုကြီးက နောက်ထပ်ငါးသန်း ထပ်တိုးပေးလိုက်သည်။
သို့သော်လည်း ထိုဈေးသည် ခဏလေးပင် မကြာလိုက်ပဲ နောက်ထပ် ပိုမြင့်သော ဈေးနှုန်းတစ်ခုက အစားထိုးသွားခဲ့သည်။
သို့သော်လည်း ထိုအဖြစ်အပျက်နှင့် ပက်သက်ပြီး အံ့အားသင့်နေစရာ မလိုပါချေ။ ဆန်းယင်ရွှေသည် ရန်ထျန်းရွေ့ ပြောသွားခဲ့သလို နှစ်တစ်သောင်းလောက်ကြာမှ တစ်ကြိမ် ပေါ်လာတတ်သော ပစ္စည်းဖြစ်သည်။ ထိုအရာကို ကျင့်ကြံရာတွင် ဖြစ်စေ၊ ပန်းပဲထုလုပ်ရာတွင် ဖြစ်စေ အသုံးပြုနိုင်ပေသည်။
ထိုအချိန်အတောအတွင်း အဓိကခန်းမတစ်ခုလုံး ဈေးပြိုင်ပေးသံများနှင့် ပလူပျံနေခဲ့သည်။ ဆန်းယင်ရွှေ၏ တန်ဖိုးသည်လည်း အကုန်လုံး ထိတ်လန့်ရသည့် အဆင့်ထိ တိုးတက်သွားခဲ့လေသည်။ သူတို့ ပေးနေသည့် ဈေးသည် မိသားစုငယ်လေး တစ်ခုအတွက် နှစ်ပေါင်းမျာစွာကြာအောင် အေးအေးဆေးဆေး နေနိုင်ရန် လုံလောက်ပေသည်။ သို့သော် အင်အားစုကြီးများမှာမူ ထိုပစ္စည်းလေး တစ်ခုအတွက်နှင့် ထိုမျှပေးလိုစိတ် ရှိကြရာ သူတို့၏ ချမ်းသာမှုအပေါ် လူများစွာ ကြိတ်၍ အံ့ဩသွားကြလေသည်။
ရန်ကိုင်သည် လေလံပွဲတွင် ဝင်မပါသေးဘဲ ငြိမ်၍သာ စောင့်နေခဲ့သည်။ လက်ရှိဈေးဖြင့် ဆန်းယင်ရွှေကို ဝယ်လို့ရမည် မဟုတ်သေးမှန်း ရန်ကိုင် သိသည်။ ထို့ကြောင့် အချိန်ကုန်ခံပြီး ဈေးဝင်မပေးသေးခြင်း ဖြစ်သည်။
“သန်းလေးဆယ်” ကျင်းရှီ၏ အသံ ထပ်မံ ထွက်ပေါ်လာ၏။ လေလံဈေး အော်ပေးပြီးသည်နှင့် ကျင်းရှီက ဆက်ပြောလိုက်သည် “ဒီဆန်းယင်ရွှေက ငါ့အတွက် တကယ် အသုံးဝင်တာမို့ ရောင်းရင်းတို့ ငါ့ကို မျက်နှာသာပေးမယ်ဆိုရင် ငါမင်းတို့ကို တကယ် ကျေးဇူးတင်မိမှာ”
သို့တိုင် မည်သူမှ ပြန်မဆုတ်ချင်သေးသဖြင့် ကျင်းရှီ အတော့်ကိုမှ ရင်ခုန်သံမြန်နေရသည်။ တရိပ်ရိပ် တက်လာနေသော ဈေးနှုန်းသည် မကြာခင် အချိန်အတွင်း သူတတ်နိုင်သည့် အကန့်အသတ်ကို ကျော်သွားတော့မည် ဖြစ်သဖြင့် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင် တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့၏ သီးသန့်ခန်းများဆီမှ အသံများ ထွပ်မထွက်လာတော့ချေ။
ခဏအကြာတွင် မိုရှောင်ရှန်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “စီနီယာအစ်ကိုက ဒီလိုပြောလာတော့မှတော့ ဒီမိုလည်း အလျှော့ပေးရတော့တာပေါ့။ အင်း၊ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းကို ဘယ်သူမှ သန့်စင်နိုင်မှာမဟုတ်တာ။ ဒီတော့ ဝယ်သွားလည်း ငါ့အတွက် ဘာမှ အသုံးဝင်မျာ မဟုတ်ဘူး”
အချက်ချင်းဆိုသလို လေလံပွဲတွင် ဝင်ပြိုင်နေကြသော အခြား ပညာရှင်များသည်လည်း လက်လျှော့တော့မည် ဖြစ်ကြောင်း ပြောလိုက်ကြလေသည်။ ကျင်းရှီကို ကြောက်သောကြောင့် သူတို့ ပြန်ဆုတ်သွားကြခြင်း မဟုတ်ဘဲ ကျင်းရှီမှ ထိုပစ္စည်းများကို မရရအောင် ယူလိမ့်မည်ဟု သူတို့ အားလုံး သိထားကြသောကြောင့် ဖြစ်သည်။ သူတို့သာ ဆက်ပြိုင်နေလျှင် ရတနာစံအိမ် အမြတ် ထွက်သွားရုံသာ ရှိပေလိမ့်မည်။ ထို့ကြောင့် ကျင်းရှီအား မျက်နှာသာ ပေးလိုက်သည်မှာ ပိုကောင်းပေသည်။
ထို့အပြင် ထိုဆန်းယင်းရွှေကို ဝယ်လိုက်မည် ဆိုလျှင်ပင် သူတို့အတွက် သိပ်ပြီး အသုံးမဝင်ပါချေ။ ဆန်းယင်ရွှေသည် အလွန်ကိုမှ ရှားပါးသော သတ္တုတစ်မျိုး ဖြစ်သော်လည်း မည်သည့် ပန်းပဲပညာရှင်မှ ထိုသတ္တုကို အပြည့်အဝ မသန့်စင်နိုင်ကြချေ။ ထို့ကြောင့် ဈေးပြိုင်ပေးနေတော့ကော ဘာအရေးနည်း။ သူတို့ အတွက်မှ အသုံးမဝင်လေပဲ။
ထိုအခါ ကျင်းရှီ အတော်လေး စိတ်ပြေသွားပြီး ထိုလူများကို ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
“ဟန့်၊ နင်အဲ့လိုပြောလိုက်လို့ ငါဘက်က အလျှော့ပေးမယ် ထင်နေလား။ အိမ်မက်သာ မက်နေလိုက်၊ (၄၁)သန်း” အမျိုးသမီးအိုကြီး၏ အသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ဘွားတော်ကြီးဖုန်း၊ ဒီဆန်းယင်ရွှေကို ဘာလို့ ဒီလောက် လိုချင်နေတာလဲ။ ငါ့ကို နှောင့်ယှတ်ဖို့အတွက် သက်သက်နဲ့ လိုချင်တာ ဆိုရင်တော့ ငါနင့်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး” ကျင်းရှီ ဒေါသထွက်သွားခဲ့သည်။ အကုန်လုံးသည် မည်သည့် အချိန်တွင် ပြန်ဆုတ်ရမည်မှန်း သိထားကြသည်။ သို့သော် ထိုဘွားတော်ကြီးသည် အလျော့မပေးဘဲ သူနှင့် မရမက လိုက်ပြနိုင်နေခဲ့သည်။ သည်းမခံနိုင်တော့သည့် အဆုံး ကျင်းရှီ ဒေါပွရလေပြီ။
“ငါနင့်ကို ကြောက်နေမယ်ထင်လား” ဘွားတော်ကြီးဖုန်း ကလည်း နည်းနည်းမှ အောက်ကျမခံဘဲ ဒေါသတကြီး ပြန်ပက်လေသည်။
သီးသန်းခန်းနှစ်ခန်းဆီမှ တန်ခိုးရှင် တတိယအဆင့် အရှိန်အဝါနှစ်ခု ဖြာထွက်လာခဲ့လေသည်။
“မင်းတို့နှစ်ယောက်၊ ဒါရတနာစံအိမ်နော်” ရုတ်တရက် တစ်နေရာရာမှာ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံကို ကြားလိုက်သည့်အခိုက် ဘွားတော်ကြီးဖုန်းနှင့် ကျင်းရှီတို့၏ အမူအရာ ပြောင်းလဲသွားပြီး သူတို့၏ အရှိန်အဝါကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ကြလေသည်။
ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူများမှာမူ အကြောက် မပြယ်သေးသည့် အမူအရာဖြင့် အသက်ကို အမောတကော ရှုရှိုက်နေကြသည်။
စင်ပေါ်တွင် ရပ်နေသည့် ရန်ထျန်းရွေ့မှာလည်း ချွေးအေးများ ထွက်နေခဲ့သည်။ ထိုနှစ်ယောက်သာ တကယ်တမ်း တိုက်ခိုက်ကြမည် ဆိုပါက ဤကိစ္စသည် အနည်းအကျဉ်း ပျက်စီးရုံဖြင့် ပြီးပျက်သွားလိမ့်မည် မဟုတ်ချေ။ ခဏလောက် စဉ်းစားပြီးနောက် ရန်ထျန်းရွေ့က ပြောလိုက်လေသည် “သိပ်ပြီးတော့လည်း ဒေါသထွက်မနေပါနဲ့ စီနီယာကျင်းရယ်၊ စီနီယာဖုန်းလည်း ဒီဆန်းယင်ရွှေကို တကယ် လိုနေလို့ လုပ်ရတာပါ”
“သူဘာလိုတာမို့လို့လဲ” ကျင်းရှီက ရန်ထျန်းရွေ့ ပြောသည်ကို မယုံသည့်အလား အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
သို့သော် ရန်ထျန်းရွေ့က ပြုံးသာပြုံးလျက် “ဒီဂျူနီယာ သိသလောက်ဆို စီနီယာဖုန်းရဲ့ ရွှေမိုးကြိုးခြင်္သေ့က အဆင့် ချိုးဖျက်ဖို့အတွက် ဒီဆန်းယင်ရွှေကို လိုတယ်ဆိုလားပဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၇၈)
“ရွှေမိုးကြိုးခြင်္သေ့လား” ကျင်းရှီက ကြောက်ရွံ့မှု အနည်းငယ် ရောပြွမ်းနေသော လေသံဖြင့် ရေရွတ်လိုက်သည်။
သီးသန့်ခန်းထဲတွင် ရှိနေသော ပညာရှင်များစွာတို့ မျက်မှောင်ကြုတ်သွားကြလေပြီ။ သူတို့လည်း ထိုရွှေမိုးကြိုးခြင်္သေ့ အကြောင်း ကြားဖူးထားကြသည့်ပုံပါပင်။
“ချင်းအာ၊ အဲ့စီနီယာဖုန်းဆိုတဲ့လူ ဘယ်ကလာတာလဲ။ ရန်ထျန်းရွေ့ ပြောသွားတဲ့ ရွှေမိုးကြိုးခြင်္သေကကော ဘယ်လို မွန်းစတားသားရဲမျိုးလဲ” ရန်ကိုင်က အနားတွင် ရပ်နေသော မိန်းကလေးဘက်သို့ လှည့်မေးလိုက်သည်။
ချင်းအားက ပြုံး၍ “စီနီယာဖုန်းက သားရဲများတောင်တန်းက အကြီးအကဲတစ်ဦးပါ စီနီယာ၊ ရွှေမိုးကြိုးခြင်္သေ့ဆိုတာက စီနီယာဖုန်းရဲ့ အသက်နဲ့ ဆက်ထားတဲ့ မွန်းစတားသားရဲ တစ်ကောင်ပဲ။ အဲ့ရွှေမိုးကြိုးခြင်္သေ့က ရှေးဟောင်းမျိုးစိတ်တစ်ခုရဲ့ အသွင်ပြောင်းသားရဲ တစ်ကောင်လို့တောင် ပြောကြသေးတယ်။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ အဲ့သားရဲရဲ့ ခွန်အားက တန်ခိုးရှင်ဒုတိယအဆင့်လောက် ရှိတယ်။ စီနီယာဖုန်း တန်ခိုးရှင် တတိယအဆင့်ကို ချိုးဖျက်ထားတာ မကြာသေးဘူး။ ဒါပေမယ့် အဲ့သားရဲနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်တော့ အခြေခံ တည်ငြိမ်သွားပြီဖြစ်တဲ့ တန်ခိုးရှင် တတိယအဆင့်တွေကိုတောင် ယှဉ်တိုက်နိုင်တယ်”
“သားရဲများတောင်တန်း” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။ ထိုအင်အားစုအကြောင်း သူကြားဖူးပေသည်။ သဲမီးတောက် နယ်မြေထဲတွင် သားရဲများတောင်တန်းမှ တပည့်များကို သူတွေ့ခဲ့ဖူးသည်။ သားရဲများတောင်တန်းနှင့် ဖန်သွေးရောင် ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မတည့်ကြပေ။
သားရဲများတောင်တန်းမှ ကျင့်ကြံသူတိုင်းတွင် အဖော် မွန်းစားသားရဲတစ်ကောင်စီ အနည်းဆုံး ရှိတတ်ကြသည်။ ထိုလူများသည် သူတို့၏ သားရဲများနှင့် အတူတကွ ကျင့်ကြံခြင်း အဆင့် တက်ကြသည်။ သားရဲများ အဆင့်ချိုးဖျက်သွားလျှင် သူတို့၏ ကျင့်ကြံခြင်းကိုလည်း ကြီးကြီးမားမား ကူညီပေးနိုင်၏။
ချင်းအာ ပြောပုံအရဆို ထိုစီနီယာဖုန်းသား ဆန်းယင်ရွှေကို ရသွားသည်နှင့် သူမ၏ သားရဲ တန်ခိုးရှင် တတိယအဆင့်သို့ ချိုးဖျက်သွားနိုင်လောက်ပေသည်။ ထိုအခါ သူတို့ နှစ်ယောက်သာ အတူပူးပေါင်း တိုက်ခိုက်မည်ဆိုပါက တန်ခိုးရှင် တတိယအဆင့် တစ်ယောက်ကိုပင် အနိုင်ယူနိုင်ပေလိမ့်မည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခါ ထိုစီနီယာဖုန်း ဆိုသည့်လူ ဆန်းယင်ရွှေကို ဘာကြောင့် အလွန် လိုချင်နေမှန်း ရန်ကိုင် နားလည်သွားသည်။ တစ်ချိန်တည်းတွင် စိတ်လည်း ညစ်မိသွားသည်။ စီနီယာဖုန်းဆိုသည့်လူ ဖြစ်စေ၊ ကျင်းရှီဖြစ်စေ၊ နှစ်ယောက်စလုံးသည် ဆန်းယင်ရွှေကို အလွန် လိုချင်နေကြသည်။ ရန်ကိုင်အနေဖြင့် ဆန်းယင်ရွှေကို ရချင်ပါက ထိုနှစ်ယောက်နှင့် ဈေးပြိုင်ပေးရန်သာ ရှိတော့သည်။
“နင်တို့ ရတနာစံအိမ်က ရတနာတွေတင် မဟုတ်တော့ဘဲ သတင်းတွေပါ စုဆောင်းနေပြီပေါ့၊ ဟုတ်လား ကောင်လေးရန်” ဘွားတော်ကြီးဖုန်းက ဒေါသစွက်နေသည့် လေသံဖြင့် လှမ်း၍ အော်ပြောလိုက်သည်။
စင်ပေါ်တွင် ရပ်နေသည့် ရန်ထျန်းရွေ့ကမူ ရယ်သာ ရယ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။
“ဟွန့်၊ အဲ့လိုဆိုရင်တောင် ငါလက်လျှော့မှာ မဟုတ်ဘူး။ နင့်သားရဲလေးက ဆန်းယင်ရွှေကို လိုသလို ငါလည်း ဆန်းယင်ရွှေကို လိုတယ်။ (၄၂)သန်း”
ဘွားတော်ကြီးဖုန်း ဈေးထပ်မမြှင့်ရသေးခင်မှာပဲ တခစ်ခစ် ရယ်သံလေးနှင့်အတူ အနားရှိ သီးသန့်ခန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည် “ဒီဂျူနီယာလည်း ပါချင်တယ်၊ (၄၃)သန်း”
ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလို သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့လေသည်။
ယခု ဈေးခေါ်လိုက်သည့်လူမှာ ယင်စုတျယ်မှလွဲ၍ အခြား မဟုတ်ပါချေ။ ယင်စုတျယ်သည် ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ရန် သူမဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ဤနေရာသို့ ရောက်လာသည်ဟု တိုက်ယွမ် သူ့အား ပြောပြခဲ့သည်။
သို့သော် စီနီယာနှစ်ယောက် ဈေးပြိုင်ပေးနေသည်ကို သူမ ဈေးပြိုင်ပေးရဲခြင်းမှာ သူမဂိုဏ်း၏ အကြီးအကဲများ၏ ညွှန်ကြားချက်ကြောင့် ဖြစ်လောက်ပေသည်။ ဖန်သွေးရောင်ဂိုဏ်းနှင့် သားရဲများတောင်တန်းသည် အမြဲတမ်း သတ်နေကြသော အင်အားစုနှစ်ခုဖြစ်သည်။ ထို့ကြောင့် ဘွားတော်ကြီးဖုန်း၏ ခွန်အား တိုးတက်လာမည်ကို သူတို့ ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။
ထိုစီနီယာနှစ်ယောက် လေလံဝင်ဆွဲနေသည်ကို အခြားသူများ သတိမပြုမိအောင် မည်ကဲ့သို့ လေလံဝင်ဆွဲလျှင် ကောင်းမည်လဲဟု ရန်ကိုင် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ယခု ယင်စုတျယ်က လမ်းခင်းပေးလိုက်ပြီ ဖြစ်ရာ ရန်ကိုင်လည်း သူမ ခင်းပေးခဲ့သည့် လမ်းကြောင်းအတိုင်း အသာအယာ လျှောက်ဝင်သွားလိုက်လေသည် “သန်းငါးဆယ်”
သန်းငါးဆယ်ဆိုသော အသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ပွတ်လောညံသွားသည်။ ချင်းအာ ဆိုသည့် မိန်းကလေးမှာလည်း ရန်ကိုင် ထိုမျှ ချမ်းသာမည်ဟု မထင်မှတ်ထားသည့်အလား ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် မျက်လုံးကြီးပြူးလျက် ကြည့်နေလေသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” ဘွားတော်ဖုန်းက အံ့ကြတ်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ခွေးလေခွေးလွင့်တွေက ငါ့အစာကို လာလုရဲတာ တကယ် စိတ်ဝင်စားစရာပဲ။ ငွေပေးပြီးတော့ နောက်ဆုံး ဘာမှ မရလိုက်မှာကို နင်တို့ တကယ် စိတ်မပူတာလား”
သူမ စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကြောင့် စင်မြင့်ပေါ်တွင် ရပ်နေသော ရန်ထျန်းရွေ့ မျက်လုံး မှေးစဉ်းသွားသည်။
ရတနာစံအိမ်သည် လေလံပွဲပေါင်းများစွာကို ကျင်းပခဲ့သည်။ လေလံပွဲတွင် အင်အားစုအသီးသီးမှ ပညာရှင်များ တက်ကြွစွာ ပါဝင် ယှဉ်ပြိုင်ကြသည်။ လေလံပွဲပြီးသည့်နောက် ပစ္စည်းများ အချင်းချင်း လုယက်ကြရင်း လူသေသည့် အဖြစ်အပျက်များ ဖြစ်ပျက်ဖူးသော်လည်း လေလံစံအိမ်အတွင်းတွင် ရှိနေစဉ် အတောအတွင်း မည်သူမှ ထိုကဲ့သို့ မခြိမ်းခြောက်ဖူးရဲချေ။
ထိုကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်းသည် ရတနာစံအိမ်၏ အာဏကို စိန်ခေါ်လိုက်ခြင်း မည်ပေသည်။ ထို့ကြောင့် ရန်ထျန်းရွေ့ ငြိမ်မနေနိုင်တော့ဘဲ လှမ်းအော်ပြောလိုက်လေ၏ “စီနီယာဖုန်း၊ အခုလိုစကားမျိုး ကျုပ်ကြားရတာ ဒီတစ်ကြိမ်ပဲ ဖြစ်စေချင်တယ်။ နောက်တစ်ကြိမ် ထပ်ကြားရမယ် ဆိုရင်တော့ သားရဲများတောင်တန်းကို လေလံပွဲတက်ခွင့် အပြီးတိုင် ရုတ်သိမ်းပစ်ရလိမ့်မယ်”
ရန်ထျန်းရွေ့၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သော်လည်း သူသည် ရတနာစံအိမ်ကို ကိုယ်စားပြုနေခြင်း ဖြစ်သည့်အတွက် သူ့စကားလုံးတိုင်းသည် ရတနာစံအိမ်၏ သဘောကို ကိုယ်စားပြုသည်။
ဘွားတော်ကြီးဖုန်းလည်း ယခုမှ သူမ စကားကျွံသွားသည်ကို နားလည်လိုက်ပြီး ခြောက်ကပ်ကပ် ရယ်မောလျက် “ကောင်လေးရန်၊ ဒီလောက်ကြီး အတည်လုပ်နေစရာ မလိုပါဘူး။ ငါနောက်လိုက်ရုံ သက်သက်ပါပဲ။ ဘယ်လိုလုပ်ပြီး အဲ့လို ဟုတ်ပါ့မလဲ။ ဒီပစ္စည်းကို လိုချင်ရင် လေလံယှဉ်ဆွဲပြီးမှပဲ ယူရမှာပေါ့၊ ဟုတ်တယ်မလား”
“ကျုပ်သိပြီ” ရန်ထျန်းရွေ့က ရုတ်တရက် ပြုံးလိုက်ပြီး သူ့ကိုယ်သူ ယပ်တောင်ဖြင့် ခတ်ပလိုက်ပြီး “ဂျူနီယာ အစိုးရိမ် လွန်သွားတယ်နဲ့တူတယ်။ အခုလို ပြောလိုက်မိတဲ့အတွက် ကျုပ်ကို ခွှင့်လွှတ်ပေးပါ စီနီယာ။ ကဲ၊ ဒီဆန်းယင်ရွှေအတွက် စီနီယာကျင်း ဈေးများ ထပ်ပေးချင်သေးလား”
“ပေးရမှာပေါ့၊ ငါးဆယ်တစ်သန်း”
“သန်းခြောက်ဆယ်” ရန်ကိုင်သည် တုန့်ဆိုင်းမနေဘဲ ချက်ချင်း ဈေးထပ်ပေးလိုက်လေသည်။ ယခုတစ်ကြိမ် လေလံပွဲသို့ သူလာရခြင်းမှာ ထိုဆန်းယင်ရွှေကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ဗလာသက်သက်တော့ ပြန်သွားမည် မဟုတ်ချေ။ သူယူလာသမျှ အကုန်သုံးရမည် ဆိုလျှင်ပင် သုံးပြီးတော့ကို ရအောင် ယူပေမည်။
သားရဲများတောင်တန်း၏ သီးသန့်ခန်း တိတ်သွားခဲ့သည်။ သို့သော်လည်း သွေးနတ်ဆိုးကျောင်းတော်မှ ကျင်းရှီက ခဏတာ တုန့်ဆိုင်းနေပြီးနောက် “သန်းခြောက်ဆယ်နဲ့ တစ်သိန်း။ မင်းဒီထက် ဈေးပိုပေးနိုင်မယ်ဆိုရင် ငါထပ်မပေးတော့ဘူး”
သန်းခြောက်ဆယ်သော ပမာဏသည် ကျင်းရှီ တတ်နိုင်သည့် ပမာဏကို ကျော်လွန်သွားခဲ့လေသည်။
အပိုင်း(ဂ-၁၃)တွင် ရှိနေသာ ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး အော်ပြောလိုက်သည် “သန်းခြောက်ဆယ်နဲ့ နှစ်သိန်း”
ရန်ကိုင်သည် အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်သော တစ်သိန်းသာ ထပ်တိုးပေးလိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” ကျင်းရှီသည် သွားကြားထဲမှ ထွက်သည့်လေသံဖြင့် ‘ကောင်းတယ်’ ဆိုသော စကားကို သုံးကြိမ်တိုင်တိုင် အားလုံးကြားအောင် ရေရွတ်သွားခဲ့လေသည်။ သို့သော်လည်း ဈေးတော့ ထပ်မမြှင့်တော့ပေ။
ရတနာစံအိမ်သည် ဆန်းယင်ရွှေအား ဤဈေးဖြင့် ရောင်းလိုက်ရသည့် အတွက် အတော်လေး ကျေနပ်မိနေသည်။ ရန်ထျန်းရွေ့က ပြုံးလျက် အပိုင်း(ဂ-၁၃)ဆီ လှမ်းကြည့်၍ ပြောလိုက်သည် “ထပ်ပေးချင်တဲ့လူ ရှိသေးလား။ မဟုတ်ရင် ဒီရန် အမှတ်စဉ် ရေတော့မှာနော်။ ကောင်းပြီ။ သန်းခြောက်ဆယ်နဲ့ နှစ်သိန်း တစ်ကြိမ်၊ သန်းခြောက်ဆယ်နဲ့ နှစ်သိန်း နှစ်ကြိမ်...”
“ခြောက်ဆယ့်တစ်သန်း” ဆန်းယင်ရွှေကို သူရတော့မည်ဟု ထင်နေစဉ်မှာပဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် ကြောင်သွားခဲ့ပြီး အသံကြားရာဆီသို့ လှမ်းကြည့်မိလိုက်သည့်အခိုက် အံကြိတ်မိလိုက်လေသည်။
ဈေးပေးလိုက်သည့်လူမှာ အခြားလူ မဟုတ်ဘဲ တိမ်မီးတောက်ဂိုဏ်းမှ လူရီဆိုသည့်လူပင် ဖြစ်လေသည်။
လူရီသည် ယခု လေလံပွဲတွင် သလင်းကျောက် သန်းပေါင်းများစွာသုံး၍ ရတနာများစွာ ဝယ်ယူခဲ့သည်။
ဂိုဏ်းငယ်လေးတစ်ဂိုဏ်းမှ ထိုမျှ သုံးဖြုန်းသည့် ကိစ္စ တစ်ခါမှ မဖြစ်ဖူးခဲ့သည့် အတွက်ကြောင့် လူများစွာတို့သည့် ထိုလူရီဆိုသည့်လူကို အထူးတလည် အာရုံစိုက်မိနေကြသည်။ သို့သော်လည်း လူရီသည် သူ့ချမ်းသာမှုကို ဖုံးကွယ်ထားရမည့် အစား နောက်ဆုံးအခိုက်အတန့်တွင် အားလုံး အာရုံစိုက်အောင် လုပ်လိုက်ပေသေးသည်။
သို့သော်လည်း ရန်ကိုင်သည် အားနည်းဟန် မပြဘဲ အံကြိတ်၍ ဈေးထပ်ပေးလိုက်သည် “သန်းခုနှစ်ဆယ်”
စင်မြင့်ပေါ်တွင် ရှိနေသော ရန်ထျန်းရွေ့ မျက်ခုံး ပင့်သွားသည်။ ထို့နောက် နောက်တစ်ကြိမ် ဈေးထပ်ပေးဦးမလား မျှော်လင့်ချက်ဖြင့် လူရီအား လှမ်းကြည့်လိုက်သည်။ သို့သော် လူရီသည် ဈေးထပ်မပေးတော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍သာ အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်လေသည်။
ငါ့လွမ်းမှပဲ ရန်ကိုင် ထဆဲလေသည်။ လူရီအကွက်ထဲ သူရောက်သွားပြီမှန်း ရန်ကိုင် သိလိုက်သည်။
သူသာ ဈေးထပ်မခေါ်ခဲ့လျှင် လူရီ ကောင်းကောင်း ဒုက္ခရောက်ပေပြီ။ လူရီတွင် ထပ်ပေးစရာ သူတော်စင် သလင်းကျောက် မရှိတော့ချေ။ လူရီ ဈေးတစ်ကြိမ်ပဲ ခေါ်လိုက်ခြင်းသည် ရန်ကိုင်အား ဈေးထပ်မြှင့်စေလိုသည့် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ရန်ကိုင်လည်း သေချာ မစဉ်းစားမိလိုက်သည့် အတွက်ကြောင့် လူရီ ဆင်ထားသည့် အကွက်ထဲ ရောက်သွားခဲ့ရသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် ကြိတ်မနိုင် ခဲမရ ဖြစ်သွားခဲ့လေသည်။
သူတော်စင်သလင်းကျောက် ဆယ်သန်း အလကားသက်သက် ဆုံးရှုံးလိုက်ရသည့် အတွက်ကြောင့် ရန်ကိုင် မကျေမနပ် ဖြစ်နေခြင်းမဟုတ်ဘဲ လူရီအား ဒုက္ခပေးနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသည့် အတွက်ကြောင့် ဒေါသထွက်နေခြင်း ဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်သာ သူတော်စင်သလင်းကျောက် မရှိဘဲ အလကားသက်သက် ဈေးလိုက်ခေါ်လျှင် လေလံပွဲပြီးသွားသည့်အခါ ရတနာစံအိမ်မှ ထိုကျင့်ကြံသူကို လိုက်လံသတ်ဖြတ်ပေလိမ့်မည်။
ဤအခွင့်အရေးသည် လူရီကို သတ်နိုင်မည့် တကယ်ကို ရှားမှရှား အခွင့်အရေးကြီးပင်၊ သို့သော် ထိုအခွင့်အရေးကို ရန်ကိုင် လက်လွတ်သွားခဲ့သည်။
သို့သော်လည်း စိတ်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ရန်ကိုင် ပြန်ပြုံးလာခဲ့သည်။ ချောင်းနားသွားမှတော့ ဖိနပ် ရေစိုဖို့ကို ကြိုတင် မျှော်လင့်ထားသင့်ပေသည်။ ဖိနပ် ရေစိုသွားမှဖြင့် ဘာကိုမှ ဆက်လက် တွေးပူမနေတော့ဘဲ ရှေ့တွင် ဘာရှိနေမလဲ ဆိုသည်ကို မျှော်လင့်ရင်း ဆက်လျှောက်ရုံသာ ရှိတော့သည်။
သန်းခုနှစ်ဆယ် ဈေးခေါ်ပြီးနောက် မည်သူမှ ထပ်မံ၍ ဈေးမခေါ်တော့ချေ။ ရန်ထျန်းရွေ့ကလည်း ပြုံးရွှင်ရွှင်နှင့်ပင် ဈေးကို အဆုံးသတ်ပေးလိုက်သည်။
ရန်ကိုင်သည် သိုလျောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ ချင်းအာဆီ ပေးလိုက်ပြီး ဆန်းယင်ရွှေကို သွားယူခိုင်းလိုက်၏။
ထိုစဉ် စင်မြင့်ပေါ်သို့ နောက်ထပ် ပစ္စည်းတစ်ခု ထပ်ရောက်လာသည်။ ထိုအရာမှ အဆင့်ကိုး မွန်းစတားသားရဲ၏ ဥတစ်လုံးပင် ဖြစ်လေသည်။ ဘွားတော်ကြီးဖုန်း၏ ရွှေမိုးကြိုးခြင်္သေ့ မွန်းစတားသားရဲကဲ့သို့ ထိုဥလေးသည်လည်း အားကောင်းသော ရှေးဟောင်းမွန်းစတားသားရဲ၏ မျိုးဆက် ဖြစ်သည်။ ရွှေမိုးကြိုးသားရဲလောက် အားမကောင်းသော်ငြား အတော်လေး အဖိုးတန်ပေသည်။
ထိုဥအတွက် အင်အားစုများစွာမှ ဈေးပြိုင်ပေးကြရာ သားရဲများတောင်တန်းသည် အားလုံးအတွက် အားအကောင်းဆုံး ပြိုင်ဘက်ဖြစ်သည်။ နောက်ဆုံးတွင်လည်း ထိုဥကို သားရဲများ တောင်တန်းကသာ သူတော်စင်သလင်းကျော် (၃၆)သန်းဖြင့် ရရှိသွားခဲ့လေသည်။ အခြားသော ပစ္စည်းအသစ်များလည်း ထပ်ပေါ်လာပြီး စဦးဈေးထက် အဆပေါင်းများစွာ မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချလိုက်နိုင်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၇၉)
နောက်ထပ် လေလံတင်လာသည့် ပစ္စည်းများကိုတော့ ရန်ကိုင် ထိုင်ကြည့်နေခဲ့ရသည်။ ဝူရီဆီမှ ယူလာသည့် သူတော်စင်သလင်းကျောက် အားလုံး ဆန်းယင်ရွှေကို ဝယ်ရန် သုံးလိုက်သဖြင့် ကုန်သွားလေပြီ။
ပြောသာပြောရသော်ငြား တကယ်တမ်း ဆိုရလျှင် နောက်ထပ် လေလံတင်လာသည့် ပစ္စည်းများသည် အတော်လေး ကောင်းမွန် သော်ငြား မည်သည့် ပစ္စည်းကိုမှ သူမကြိုက်ပါချေ။
အမွှေးတိုင် တစ်ချောင်းစာလောက် ကြာပြီးနောက် ချင်းအာ ကျောက်စိမ်းသေတ္တာလေးတစ်လုံးနှင့် ပြန်လာခဲ့သည်။ ကျောက်စိမ်းသေတ္တာကို ရန်ကိုင်ဆီသို့ လေးလေးစားစားဖြင့် ပေးလိုက်ပြီးနောက် ဂုဏ်ပြုစကား ပြောလိုက်သည် “စီနီယာ လိုချင်တဲ့ ပစ္စည်းကို ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါဦး စီနီယာ”
ရန်ကိုင်က ပြုံးလျက် ကျောက်စိမ်းသေတ္တာကို လှမ်းယူလိုက်သည်။ ကျောက်စိမ်းသေတ္တာထဲတွင် ငန်းဥအရွယ် ရွှေရောင်တောက်နေသော သတ္တုတစ်တုံး ရှိနေခဲ့သည်။ ဆန်းယင်ရွှေကို အားကောင်းသော ပညာရှင်များမှ အကာအရံ ကောင်းကောင်းဖြင့် ချိတ်ပိတ်ထားသော်လည်း ၎င်းဆီမှ ဖြာထွက်နေသော သတ္တုအရှိန်အဝါကို အပြည့်အဝ မတားဆီးထားနိုင်သေးချေ။
ဆန်းယင်ရွှေကို အသင့်တော်ဆုံး နည်းလမ်းဖြင့် ဖော်ပြပါ ဆိုလျှင် မမြင်နိုင်သော ဓါးသွားတစ်ချောင်း ဟူ၍သာ ဖော်ပြရပေလိမ့်မည်။ ရန်ကိုင်သည် ဆန်းယင်ရွှေအား ခဏမျှ သေချာ လေ့လာကြည့်နေပြီးနောက် သေတ္တာထဲ ပြန်ထည့်ကာ အနက်ရောင်စာအုပ်ထဲ ထည့်သိမ်းထားလိုက်လေသည်။
ဆန်းယင်ရွှေအား မရရအောင် ဝယ်ခဲ့ခြင်းမှာ ဒြပ်ကြီးငါးပါး ဓါးခန္ဓာကိုယ် ကျင့်ကြံလိုသည့် အတွက်ကြောင့် ဖြစ်သည်။ ဒြပ်ကြီးငါးပါးဓါးခန္ဓာကို ကျင့်ကြံလိုသည် ဆိုပါက ပထမဦးစွာ အနေဖြင့် အလွန်ကိုမှ အဖိုးတန်သော ဒြပ်ကြီးငါးပါး ရတနာများကို ရအောင် ရှာဖွေရပေလိမ့်မည်။
ထိုရတနာငါးမျိုး အနက်တွင် မိုးကြိုးသစ်သား၊ ယင်နေကြာရေစင်နှင့် နေမီးလျှံအမြူတေကို ရရှိထားခဲ့ပြီးလေပြီ။ ယခု ဆန်းယင်ရွှေကိုလည်း ရသွားခဲ့ပြီ ဖြစ်လေရာ သူရဖို့ ကျန်နေသည်ကား မြေဓါတ်ရတနာသာ ရှိတော့သည်။ သူသာ မြေဓါတ်ရတနာကို ရသွားပြီဆိုသည်နှင့် ဒြပ်ကြီးငါးပါးဓါးခန္ဓာ စတင် ကျင့်ကြံနိုင်ပေလိမ့်မည်။
နောက်ဆုံး မြေဓါတ်ရတနာကို ရတနာစံအိမ်အား ရှာကြည့်ခိုင်းလျှင် ကောင်းမလားဟု ရန်ကိုင် တွေးမိသည်။ ရတနာစံအိမ်သည် ရတနာရှာရာတွင် သူ့ထက် အများကြီး ပိုမို ကျွမ်းကျင်သည် မဟုတ်ပေလော။ ထို့ကြောင့် လေလံပွဲ ပြီးသွားသည့်နောက် ယန်ပေးနှင့် တစ်ချက်လောက် သွားစကားပြောသင့်သည်ဟု ရန်ကိုင် တွေးမိလိုက်သည်။
သူသာ တစ်ဖက်လုံ စိတ်ကျေနပ်လောက်မည့် တန်ဖိုးကို ပေးချေနိုင်မည် ဆိုပါက ယန်ပေးလည်း သူ့အား ကူညီဖို့ရာ တွန့်ဆုတ်နေလိမ့်မည် မဟုတ်ချေ။
စိတ်ကောင်းဝင်နေသည့် အတွက်ကြောင့် ရန်ကိုင်သည် ချင်းအာအား ဆေးပုလင်းများ၊ မှော်ရတနာတစ်ခုနှင့် သူတော်စင် သလင်းကျောက်များ ဆုချလိုက်လေသည်။
ဆေးလုံးများသည် သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးများ ဖြစ်သည့်အတွက် အရည်အသွေး ထိပ်တန်း ဖြစ်သည်မှာ ပြောနေစရာ မလိုချေ။ မှော်ရတနာမှာမူ ယန်ယန်မှ ပြုလုပ်ထားသည့်အတွက် အရည်အသွေးအကြောင်း သံသယရှိစရာ မလို။ ထိုပစ္စည်းအားလုံးသည် ထိုမိန်းကလေး အသုံးပြုရန် အတွက် အတော်လေး သင့်တော်ပေသည်။
သူတော်စင်သလင်းကျောက် အများကြီး မပေးလိုက်သော်ငြား ထောင်နှင့်ချီတော့ ပေးလိုက်ပေသေသည်။ ထိုပမာဏသည် သူမ အတွက် အချိန်အတော်အတန်ကြာအောင် သုံးဖို့ရာ လုံလောက်၏။
ချင်းအာမှာမူ ထိုဆုများကို ရလိုက်သည့် အတွက်ကြောင့် အလွန်ကိုမှ ပျော်နေခဲ့သည်။
ထိုစဉ် ရန်ထျန်းရွေ့၏ အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့် “အားလုံးပဲ၊ လေလံပွဲကတော့ ဒီနေ့ ဒီမှာတင် ပြီးသွားခဲ့ပါပြီ။ အဝေးကြီးကနေလာပြီး ပါဝင်ပေးကြတဲ့အတွက် အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဧည့်သည်တို့ အားလုံး ခဏလောက် စောင့်ပေးကြပါဦး။ ကျုပ်တို ရတနာစံအိမ်ကို အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်က အကူအညီတစ်ခု တောင်းထားတာရှိလို့ပါ”
“ရန်ကောင်လေး၊ ဘာကိစ္စတွေ ရှိပြန်ရတာတုန်း” ချက်ချင်းပဲ အင်အားစုကြီးမှ လူတစ်ယောက်က မေးလိုက်သည်။
ရန်ထျန်းရွေ့သည် ဘာမပြန်မပြောဘဲ စင်မြင့်နောက်သို့ လှည့်၍သာ ဦးညွှတ်လိုက်သည်။ လူအုပ်ကြီးလည်း ရန်ထျန်းရွေ့ လှည့်သည့်ဘက်သို့ လှမ်းကြည့်လိုက်သည့်နောက် အနည်းငယ် တွန့်ဆုတ်သွားကုန်ကြသည်။ အကြောင်းမှာ ထိုဘက်မှာ ပေါ်လာသည့်လူသည် အခြားမဟုတ်ဘဲ မျက်နှာမည်းကြီး ယန်ပေး ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
“ဟဲဟဲ၊ ဒီလောက်ကြီး စိုးရိမ်မနေကြပါနဲ့၊ မိတ်ဆွေတို့ရာ၊ ငါမင်းတို့ကို ကိုက်မစားပါဘူး။ အခု လေလံပွဲလည်း ပြီးသွားပြီ ဆိုတော့ ငါတို့မှာ ဘာရောင်းစရာပစ္စည်းမှ ထပ်မကျန်တော့ဘူး။ ငါ့မိတ်ဆွေဟောင်းတစ်ယောက်က အကူအညီ တောင်းထားလို့ ကူညီပေးဖို့ လုပ်နေတာ” ယန်ပေးက အလျင်မလိုဘဲ ပြောလိုက်သည်။
“ဘာမို့လို့လဲ။ ပြောမယ်ဆို မြန်မြန်ပြောကွာ။ ငါတို့မှာ မင်းပေါက်တတ်ကရတွေ ထိုင်ပြောမှာကို နားထောင်နေဖို့ အချိန် မရှိဘူး” တော်တော်များများသည် ယန်ပေး ပြောသည်ကို မယုံကြဘဲ သူ့အား သေချာ သတိထားနေကြသည်။
“ငါ့မိတ်ဆွေဟောင်းကြီးက မင်းတို့နဲ့ ပစ္စည်း အလဲအထပ် လုပ်ချင်နေတယ်” ယန်ပေးသည် ကွေ့ပတ် ပြောမနေတော့ဘဲ လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။ ထို့နောက် သိုလှောင် လက်စွပ်ထဲမှ ပစ္စည်းတစ်ခု ထုတ်လိုက်ပြီး အားလုံးမြင်အောင် မြှောက်ပြလိုက်သည်။
ခန်းမထဲတွင် ရှိနေသော ပညာရှင်များသည် သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုပစ္စည်းကို စစ်ဆေးကြည့်လိုက်ကြသည်။
ခဏအကြာတွင် ခန်းမတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်သွားကြလေကုန်သည်။
“ဒါ...ဒါ...”
“မဖြစ်နိုင်လောက်ဘူးမလား”
“ဧကရာဇ်ဖိအား အငွေ့အသက်ကြီး ရှိနေတာကို ဘယ်လိုလုပ်ပြီး မဖြစ်နိုင်ဘဲ နေရမှာလဲ။ ဒဏ္ဏာရီတွေ အမှန်တကယ် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားဘူး”
အပိုင်း(ဂ-၁၃)တွင် ရှိနေသော ရန်ကိုင်သည်လည်း ယန်ပေး လက်ထဲရှိ ပစ္စည်းကို မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့် နေလေသည်။ သူအတွေးထဲ နစ်မြောနေတုန်း တစ်ခုခု မူမမှန်သဖြင့် လှည့်ကြည့်လိုက်ရာ ယန်ယန်သည် စိတ်လှုပ်ရှား၊ တုန့်ဆိုင်းနေသည့် အမူအရာဖြင့် လက်သီးလေး နှစ်ဖက်ကို တင်းတင်းဆုပ်လျက် ယန်ပေး လက်ထဲရှိ ပစ္စည်းအား စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။
“ကြယ်ဧကရာဇ်တံဆိပ်ပြား” မိုရှောင်ရှန်း၏ စိတ်လှုပ်ရှားနေသည့် အသံကြီး ထွက်ပေါ်လာခဲ့သည် “ရောင်းရန်ယန်၊ ငါသေချာမသိလို့ မေးပါရစေ၊ မင်းလက်ထဲက တကယ်ကြီး ဒဏ္ဏာရီလာ ကြယ်တံဆိပ်ပြားလား”
ယန်ပေးက အသာအယာပြုံးလျက် “အစ်ကိုမိုက သိနေတာကို ဘာလို့ လာမေးနေသေးတာလဲ။ ရှင်းရှင်းပြောရရင် မင်းတို့ထဲက အကုန်လုံးနီးပါး ဒါဘာလဲ သိပြီးကြပြီမလား”
“တကယ်ကြီး ကြယ်ဧကရာဇ်တံဆိပ်ပြားလား၊ အတုကြီး မဟုတ်ဘူးလား”
“အတုဆိုရင် ငါဘာလို့ ထုတ်လာရမှာလဲကွ” ယန်ပေးက နှာခေါင်းရှုံ့လျက် “ဒီဟာ ကြယ်ဧကရာဇ်တံဆိပ်ပြား အစစ် ဟုတ်မဟုတ် ငါတို့ ရတနာစံအိမ် အကြိမ်ပေါင်းများစွာ စစ်ဆေး ပြီးသွားပြီ။ ပြီးတော့ ကြယ်ဧကရာဇ်တံဆိပ်ပြားရဲ့ ထူးခြားတဲ့ အချက်က ဧကရာဇ်ဖိအားပဲ။ ဒီဧကရာဇ်ဖိအားကို ဘယ်သူမှ အတုလုပ်လို့ မရဘူး”
“ကြယ်တာရာကောင်းကင် မဟာဧဟာဧကရာဇ်က ကြယ်ဧကရာဇ် တံဆိပ်ပြား ဆယ်ခုကို ပြုလုပ်ခဲ့တယ်တဲ့။ အဲ့ကြယ်ဧကရာဇ်တံဆိပ်ပြား တစ်ခုချင်းစီတိုင်းထဲမှာလည်း သူ့တိုက်ကွက်တစ်ကွက်ကို စည်းပိတ်ထားတယ်တဲ့။ ဒီကြယ်ဧကရာဇ်တံဆိပ်ပြားထဲမှာလည်း အဲ့နတ်ဘုရားစွမ်းရည် ရှိနေသေးတာလား” ချန်ဖုန်းရွှမ်၏ စိတ်လှုပ်ရှားနေသည့် အသံ ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ပိုင်ဆိုင်ခဲ့သည့် ကြယ်ဧကရာဇ်တံဆိပ်ပြားသား ဖြစ်မည်ဆိုပါက ထိုအရာကို ပိုင်ဆိုင်ထားသည့် မည်သူမဆို ပြိုင်ဘက်ကင်းပြီဟု ပြော၍ရသည်။
ကြယ်တာရာကောင်းကင် မဟာဧကရာဇ်သည် တန်ခိုးရှင် ဘုရင်အဆင့် အထက်တွင် တည်ရှိနေသော တည်ရှိမှုတစ်ခု ဖြစ်သည်။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိလေရာ မည်သူက ထိုကြယ်ဧကရာဇ် တံဆိပ်ပြားထဲ ချိတ်ပိတ်ထားသော တိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် အင်အားစုအသီးသီးမှ ပညာရှင်များအားလုံး ထိုကြယ်ဧကရာဇ် တံဆိပ်ပြားအား မီးတောက်မတတ် အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။ ခန်းမတွင်းရှိ အခြေအနေမှာလည်း ရုတ်ချည်း တင်းမာလာခဲ့လေသည်။
ယန်ပေးသည် အကုန်လုံးကို အခြေအနေကို သေချာ လေ့လာလိုက်သည်။ အကုန်လုံး လောဘစိတ်ငယ်ထိပ် ရောက်နေပြီမှန်း နားလည်သွားလိုက်သော်ငြား အလျင် မလိုသေးဘဲ ဖြည်းဖြည်းချင်းသာ ရှင်းပြလိုက်လေသည် “ဒါက ကြယ်ဧကရာဇ်တံဆိပ်ပြား အမှန်ပဲ။ ဒါပေမယ့် ဒီထဲမှာ ရှိတဲ့ နတ်ဘုရားစွမ်းရည်က အသုံးပြုပြီးနေပြီ။ ဒါကြောင့် အဲ့အကြောင်း စဉ်းတောင် မစဉ်းစားနဲ့တော့”
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး သူတို့ ခေါင်းပေါ် ရေအေးလောင်းချလိုက်သလို ခံစားလိုက်ရသည်။ ဤကြယ်ဧကရာဇ်တံဆိပ်ပြားထဲရှိ နတ်ဘုရားစွမ်းရည်ကိုသာ မသုံးရသေးလျှင် မည်သူမှက ထိုအရာကို ပစ္စည်းချင်း အလဲအထပ် လုပ်သည်အထိ ရူးမိုက်လိမ့်မည် မဟုတ်ချေ။ ယန်ပေးလည်း အားလုံးမြင်အောင် ထုတ်ပြလာလိမ့်မည် မဟုတ်ချေ။
“နတ်ဘုရာစွမ်းရည်က သုံးပြီးသား ဖြစ်နေတာ တကယ် ဆိုးတာပဲ” မိုရှောင်ရှန်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ဟန့်၊ တစ္ဆေအိုကြီးမို၊ အဲ့ထဲက နတ်ဘုရားစွမ်းရည် မရှိတော့ရင်တောင် အဲ့ဒါကို မင်းလိုချင်နေသေးတယ်မလား” ချန်ဖုန်းရွှမ်က လှောင်ပြောင်လိုက်လေသည်။
“ရောင်းရင်းချန်လည်း အတူတူပဲ မဟုတ်ဘူးလား” မိုရှောင်ရှန်းက အောက်ကျမခံဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
“ရောင်းရင်းရန်၊ အဲ့ထဲက နတ်ဘုရားစွမ်းရည်က သုံးပြီးသွားပြီဆိုတော့ ဒီကြယ်ဧကရာဇ်တံဆိပ်ပြားက ဘာအသုံးဝင်ဦးမှာ မို့လို့လဲ” တစ်ယောက်ယောက်က မေးလိုက်သည်။
ယန်ပေးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ရှင်းပြလိုက်သည် “နတ်ဘုရားစွမ်းရည် မရှိတော့ဘူး ဆိုရင်တောင် ဒီတံဆိပ်ပြားက အရမ်း အသုံးဝင်နေသေးတယ်။ ဒီတံဆိပ်ပြားကို ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်ကိုယ်တိုင် ပြုလုပ်ခဲ့တာ။ အဲ့အပြင်ကိုမှ ဒီတံဆိပ်ပြားမှာ ကပ်ညှိနေတဲ့ ဧကရာဇ်ဖိအားကို အသုံးပြုပြီး ကျင့်ကြံလို့ရသေးတယ်။ ပြီးတော့ ဒီတံဆိပ်ပြားကို လုပ်ထားတဲ့ ပစ္စည်းက ငါတို့ ရတနာစံအိမ်တောင် မသိတဲ့ ပစ္စည်းပဲ။ ဒီတံဆိပ်ပြားကို နောက်ထပ် ဘယ်လို အသုံးပြုရမလဲ အခြား သိနေတဲ့လူတွေတောင် ရှိနိုင်သေးတယ်”
“အဲ့လိုဆိုရင်တောင် တံဆိပ်ပြားရဲ့ တန်ဖိုးက အရမ်းကြီး မမြင့်တော့ဘူး။ ရောင်းရင်းရန် ဒါကို ဘာနဲ့ လဲချင်တာလဲ” မိုရှောင်ရှန်းက မေးလိုက်သည်။ တံဆိပ်ပြားကို သုံးလို့ မရတော့ဘူး ဆိုလျှင်ပင် သုတေဿနတော့ ပြုလုပ်၍ ရပေသေးသည်။ ထို့ကြောင့် မိုရှောင်ရှန်း ထိုတံဆိပ်ပြားကို အလွယ်တကူ လက်မလွှတ်လိုက်ချင်ပေ။
အခြားသူများလည်း မိုရှောင်ရှန်းကဲ့သို့ တွေးနေကြခြင်း ဖြစ်သည်။ ထိုစဉ် တစ်ယောက်ယောက်က ပြောလိုက်သည် “ဟုတ်တယ်၊ ရောင်းရင်းရန်၊ အခုလောလောဆယ် အရိပ်ကြယ်က အင်အားစုတွေ အကုန်လုံး ဒီမှာ စုနေကြတာ၊ ရောင်းရင်းရန်ရဲ့ မိတ်ဆွေ ဘာလိုချင်လဲ ဆိုတာကိုသာ ပြောလိုက်၊ ကျုပ်တို့ထဲက တစ်ယောက်ယောက်ဆီမှာ ရောင်းရင်းရန်ရဲ့ မိတ်ဆွေ လိုချင်နေတာ ရှိနေနိုင်တယ်”
ယန်ဖေးက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ငါ့မိတ်ဆွေ လိုချင်နေတဲ့ ပစ္စည်းက အလွယ်တကူ ရှာတွေ့နိုင်တဲ့ ပစ္စည်းမျိုး မဟုတ်ဘူး”
သူပြောသည်မှာလည်း ဟုတ်ပေသည်။ ယန်ပေး၏ မိတ်ဆွေ လိုချင်သော ပစ္စည်းသာ ရိုးရှင်းနေပါက ရတနာစံအိမ်သည် သူတို့ ဘာသာ ရှာပြီး ထိုတံဆိပ်ပြားကို ယူလိုက်ပေလိမ့်မည်။ ယန်ပေး အနေဖြင့် အားလုံးဆီမှ အကူအညီ တောင်းနေစရာ လိုလိမ့်မည် မဟုတ်ချေ။
“မလွယ်ရင်လည်း ပြောတော့ပြောလေကွာ၊ မပြောဘဲနဲ့ ငါတို့ ဘယ်လိုလုပ်သိနိုင်မှာလဲ” ချန်ဖုန်းရွှမ်က စိတ်မရှည်တော့ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“မီးစုန်းတစ်ကောင်ပဲ” ယန်ပေးက ပြောလိုက်သည်။
“မင်းမိတ်ဆွေက မီးစုန်းလိုချင်နေတာလား”
“ငါတို့ အဲ့မီးစုန်းကို ဘယ်မှာ သွားရှာရမှာလဲ”
“မကြာသေးခင်က သဲမီးတောက်နယ်မြေ ပွင့်သွားသေးတယ် ဆိုပေမယ့် တစ်ယောက်ယောက် ကံကောင်းပြီး မီးစုန်း ရလိုက်တဲ့ အကြောင်း ငါမကြားလိုက်ပါလား”
............
ခန်းမတစ်ခုလုံး ရုတ်ချည်း ဆူညံသွားခဲ့သည်။
အချို့လူများသည် ကြယ်ဧကရာဇ်တံဆိပ်ပြားအား အခြား အဖိုးတန်ပစ္စည်း တစ်ခုခုနှင် လဲလှယ်၍ ရမလား မေးကြသည်။ အချို့ကလည်း သူတော်စင်သလင်းကျောက်ဖြင့် ဝယ်လို့ရမလား မေးကြသည်။ သို့သော်လည်း ယန်ပေးသည် တောက်လျှောက် ခေါင်းခါ၍ ပြန်ပြောလိုက်လေသည် “ဒီပစ္စည်းက ငါတို့ ရတနာစံအိမ်အပိုင် မဟုတ်ဘူး။ ငါ့မိတ်ဆွေ တစ်ယောက်ရဲ့ ပစ္စည်းပဲ။ သူကလည်း မီးစုန်းပဲ လိုချင်တာဆိုတော့ အခြား ပစ္စည်းနဲ့ ဘယ်လိုမှလဲလို့ မရတော့ဘူး။ တစ်ခုတော့ရှိတယ်။ ဝိဥာဉ်သန့်နတ်ရေစင်ရှိတဲ့ တည်နေရာကို ပြောပြနိုင်မယ် ဆိုရင်လည်း အဆင်ပြေတယ်”
“ဝိဥာဉ်သန့်နတ်ရေစင်၊ ရောင်းရင်းရန် မင်းငါတို့ကို လာနောက်နေတာလား။ ဝိဥာဉ်သန့်နတ်ရေစင် ဘယ်မှာ ရှိမှန်းသာ ငါတို့ သိနေရင် ငါတို့ဘာသာပဲ သွားရှာပြီး ယူလိုက်မှာပေါ့ကွ။ ဘာလို့ ဒီအသုံးမဝင်တော့တဲ့ ကြယ်ဧကရာဇ်တံဆိပ်ပြားနဲ့ လာလဲနေရဦးမှာလဲ”
ပညာရှင်များစွာတို့ အတော့်ကိုမှ စိတ်ပျက်သွားခဲ့ကြသည်။ ကြယ်ဧကရာဇ်တံဆိပ်ပြား ပိုင်ရှင် တောင်းဆိုသည့် တောင်းဆိုမှုမှာ အတော့်ကိုမှ လွန်ကဲပေသည်။ ထိုအသုံးမဝင်တော့သော ကြယ်ဧကရာဇ် တံဆိပ်ပြားကို မီးစုန်းနှင့် သွားလဲလျှင် သူတို့ အတွက် အရှုံးမပေါ်သော်လည်း ဝိဥာဉ်သန့်နတ်ရေစင်နှင့် လဲရမည်ဆိုပါက တကယ်ကို မတန့်သည့် လဲလှယ်မှုပင်။ မည်သည့် အရူးမှ ထိုအသုံးပြုပြီးသာ ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် ဝိဥာဉ်သန့်နတ်ရေစင်ကို လဲလှယ်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်နှင့် ယန်ယန်ကမူ တစ်ယောက်ကို တစ်ယောက် ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
အခြားသူများတွင် မီးစုန်းရှိမည် မဟုတ်သော်လည်း ရန်ကိုင်တွင် မီးစုန်း ရှိပေသည်။
ရန်ကိုင် သဲမီးတောက်နယ်မြေထဲ သွားစဉ်က မီးစုန်း ကိုးကောင်တိတိ ဖမ်းလာခဲ့ဖူးသည်။ နှစ်ကောင်ကို ယန်ယန်ဆီ ပေးလိုက်ပြီး အနည်းငယ်ကို သူအသုံးပြုလိုက်သည်။ သို့သော် လောလောဆယ် သူ့တွင် အပိုသုံးကောင် ကျန်ပေသေးသည်။ ရန်ကိုင်သည် ထိုမီးစုန်းသုံးကောင်ကိုပါ သန့်စင်၍ သူ့အသိစိတ် ပင်လယ်၏ စွမ်းအားကို မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း အခြားလုပ်စရာ ကိစ္စများ ရှိနေသေးသဖြင့် ထိုကိစ္စကို မလုပ်ဖြစ်သေးချေ။
သို့သော်လည်း မီးစုန်းသည် ယခုကဲ့သို့ ရုတ်တရက်ကြီး အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရန်ကိုင်နှင့် ကြယ်ဧကရာဇ်တံဆိပ်ပြား နှစ်ခု ရှိနေခဲ့လေပြီ။ တစ်ခုကို တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်သော ကွေ့ဇူမှ ပေးခဲ့ခြင်း ဖြစ်ပြီး ကျန်တစ်ခုကို သဲမီးတောက်နယ်မြေထဲတွင် ရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အား ကွေ့ဇူ ပေးခဲ့သည် ကြယ်ဧကရာဇ် တံဆိပ်ပြားမှာ အကောင်းအတိုင်း ရှိသေးပြီး ကျန်တစ်ခုမှတော့ သုံးပြီးသား တံဆိပ်ပြား ဖြစ်နေခဲ့သည်။
“ငါလဲလိုက်သင့်လား” ရန်ကိုင် သူ့ဘာသာ ရေရွတ်လိုက်၏။ အလဲအထပ်လုပ်ချင်သော်လည်း အနည်းငယ် တုန့်ဆိုင်းနေသည်။ အသုံးမဝင်တော့သော ကြယ်ဧကရာဇ်တံဆိပ်ပြား တစ်ခုအတွက် မီးစုန်းကို ပေးရမည်မှာ သိပ်မတန်ဟု ရန်ကိုင် ခံစားနေရသည်။
“လဲလိုက်” ယန်ယန်က ဝင်ပြောလိုက်သည်။
“ဘာလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
“ငါလည်းမသိဘူး။ ဒါပေမယ့် ဒီကြယ်ဧကရာဇ် တံဆိပ်ပြားတွေက အဲ့ထဲမှာ နတ်ဘုရားစွမ်းရည် ပါရုံလောက် မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်။ အခြား လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်လို့ ငါအာရုံရနေတယ်”
ထိုတံဆိပ်ပြားတွင် အခြားလျှို့ဝှက်ချက်များ ရှိနေသည်မှာ သိပ်မဖြစ်နိုင်လောက်ချေ။ ထိုပစ္စည်းအတွက် မီစုန်းနှင့်ပင် လဲစရာမလို။ တစ်ဖက်လူ ဤကြယ်ဧကရာဇ်တံဆိပ်ပြားကို မီးစုန်းနှင့် ဘာကြောင့် အလဲအထပ် လုပ်ချင်သလဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် အနည်းအကျဉ်း ခန့်မှန်းမိသည်။ သို့သော် သိပ်မသေချာပေ။ မီးစုန်းတစ်ကောင်ချင်းစီတိုင်းသည် သူ့အတွက် အလွန်ကိုမှ အသုံးဝင်သည်။ မီးစုန်းကို သိမ်းထားနိုင်မည့် အခွင့်အရေးသာ ရှိလျှင် ကျိန်းသေ သိမ်းထားရန် ကြိုးစားပေမည်။
သို့သော်လည်း ယန်ယန်က လဲရန် ပြောနေမှဖြင့် ရန်ကိုင်လည်း လဲကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၈၀)
ယန်ပေးသည် စင်မြင့်ထက်တွင် အမွှေးတိုင်တစ်ချောင်းစာမျှ ကြာသည်အထိ စောင့်နေသေးသည်။ ထိုမျှ ကြာသွားသည့်တိုင် အလဲအထပ်လုပ်ချင်သည့် မည်သူမှ မပေါ်လာသည်ကို မြင်သော် အနည်းငယ် စိတ်ပျက်သွားခဲ့လေသည် “ကြည့်ရတာ ဘယ်သူ့မှာမှ မီးစုန်းရော၊ ဝိဥာဉ်သန့်နတ်ရေစင် တည်နေရာအကြောင်းကော မရှိဘူးနဲ့တူတယ်။ ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့ ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့။ ဒီနေ့ လေလံပွဲကို တက်ရောက်ပေးတဲ့ အတွက် အားလုံးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်”
ပြောပြီးသည့်နောက် လှည့်ထွက်သွားလေသည်။
အင်အားစုကြီးများမှ ပညာရှင်များသည် ထိုတံဆိပ်ပြားကို လိုချင်ကြသော်လည်း ပိုင်ရှင်မှ တောင်းဆိုထားသည့် မည်သည့် လိုအပ်ချက်ကိုမှ မဖြည့်ဆည်းပေးနိုင်သည့် အတွက်ကြောင့် ခေါင်းတရမ်းရမ်းနှင့် သက်ပြင်းချရုံသာ တတ်နိုင်တော့လေသည်။ ထိုကြယ်ဧကရာဇ်တံဆိပ်ပြားကို သွားလုရန်လည်း မကြိုးစားပေ။ အကြောင်းမှာ တံဆိပ်ပြားထဲရှိ နတ်ဘုရားစွမ်းရည်မှာ အသုံးပြုပြီး ဖြစ်သလို ထိုသို့လုပ်ခြင်းသည် ရတနာစံအိမ်ကို ရန်စလိုက်ခြင်းနှင့် တူသောကြောင့် ဖြစ်ပေသည်။
မကြာမီ ခန်းမထဲတွင် ရှိနေသော ပညာရှင်များ အသီးသီး ပြန်သွားကြကုန်လေသည်။ ရန်ကိုင် ခန်းမထဲကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ လူရီကို မတွေ့ရတော့။ သူမသိလိုက်သည့် အချိန်ကတည်းက လူရီ ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့လေပြီ။
လူရီလည်း သူ့အကြောင်း သူသိသည့်ပုံပင်။ သူ့ပိုင်ဆိုင်မှုကို ထုတ်ပြထားသည့် အတွက်ကြောင့် အခြားသူများ သူ့ဆီ လာတော့မည်မှန်း သိထားသည်။ ထို့ကြောင့် အလျင်အမြန် တိတ်တိတ်လေး ထွက်သွားခြင်း ဖြစ်လောက်သည်။ ရန်ကိုင် နှာခေါင်းသာ ရှုံ့လိုက်ပြီး ထိုကိစ္စကို ဆက်အာရုံမစိုက်တော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ သူနှင့် လူရီကြားရှိ ရန်ကြွေးသည် တစ်နေ့နေ့တွင် ရှင်းကိုရှင်းရပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင် အလျင်မလိုသေးပေ။ မတ်တပ်ရပ်လိုက်ပြီး ချင်းအာကို ပြောလိုက်သည် “ငါ့ကို ယန်ပေးဆီ ခေါ်သွားပေးပါဦး။ ငါသူနဲ့ ဆွေးနွေးစရာလေးရှိလို့”
“ဟုတ်ကဲ့” ချင်းအာ ခေါင်းညိတ်လိုက်ပြီး ဘာမေးခွန်းမှ မေးမနေဘဲ ဦးဆောင်ထွက်သွားလေသည်။
ရန်ကိုင်သည် ပစ္စည်းတစ်ခုကိုသာ လေလံဆွဲခဲ့သော်ငြား ထိုပစ္စည်းတစ်ခုတည်းနှင့်ပင် သူမည်မျှ ချမ်းသာကြောင်း ပြသပြီးနေလေပြီ။ ထို့အပြင် ရတနာစံအိမ်ကို ရောက်စဉ်က ယန်ပေးသည် ရန်ကိုင်အား ပျူပျူငှာငှာဖြင့် စကားပြော ဆက်ဆံခဲ့ရာ သူတို့နှစ်ယောက် သူစိမ်း မဟုတ်သည်မှာ သိသာလှသည်။ ထို့ကြောင့် ရန်ကိုင်တွင် ယန်ပေးနှင့်တွေ့ရန် အရည်အချင်းရှိသည်ဟု ချင်းအာ မှတ်ယူလိုက်လေသည်။
အပိုင်း(ဂ-၁၃)မှ ထွက်လာပြီးနောက် သူ့အား ကောင်းကင်စိတ်အာရုံအချို့ လာရောက် စစ်ဆေးသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ရန်ကိုင် တစ်ချက် ရပ်သွားခဲ့ပြီး ဆက်၍ လျှောက်သွားလေသည်။
သူ့အား လာစစ်ဆေးသည့်လူမှာ သားရဲများတောင်တန်းမှ အဘွားအိုကြီးဖုန်းနှင့် သွေးနတ်ဆိုးကျောင်းတော်မှ ကျင်းရှီ ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ လေလံပွဲအတွင်းတွင် ရန်ကိုင်သည် သူတို့နှစ်ယောက် အလွန်လိုချင်နေသည့် ပစ္စည်းကို မရရအောင် ဖြတ်လုခဲ့သည်။ ထို့ကြောင့် ယခု ရန်ကိုင်ဆီမှ ပြန်ဓါးပြတိုက်ရန် ကြံနေခြင်းဖြစ်သည်။
သူ့အား လာစစ်ဆေးသော ကောင်းကင်စိတ်အာရုံသည် အမြန်လာပြီး အမြန်ပြန်ပျောက်ကွယ်သွားသည်။ မည်သည့် ရည်ရွယ်ချက်ကိုမှ ထုတ်ပြမသွားခဲ့ချေ။ ခဏအကြာတွင် ရတနာစံအိမ်၏ နောက်ဘက်ရှိ အခန်းများထဲမှ တစ်ခန်းဆီသို့ ရောက်လာခဲ့ပြီး ထိုနေရာတွင် ထိုင်စောင့်နေလိုက်သည်။
လက်ဖက်ရည် တစ်ခွက်စာလောက် ကြာပြီးနောက် မျက်နှာမည်းကြီးယန်ပေး ရောက်လာပြီး ပြုံးလျက် နှုတ်ဆက် လိုက်လေသည် “မိတ်ဆွေလေးရန်ပါလား”
“စီနီယာယန်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က မတ်တပ်ရပ်၍ လက်သီးဆုပ်နှုတ်ဆက်လိုက်သည်။
“ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ ထိုင်လေ” ယန်ပေးက ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတစ်ခုတွင် ကောက်ထိုင်လိုက်ပြီး မေးလိုက်သည် “မိတ်ဆွေလေးရန် ဒီလူအိုကြီးဆီက ဘာအကူအညီ လိုလို့လဲ”
“စီနီယာယန်က တကယ် အကင်းပါးတာပဲ။ ဟုတ်တယ်၊ ကျုပ်တကယ်ပဲ စီနီယာယန်ဆီက အကူအညီလိုနေတယ်” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည် “ရှင်းရှင်းပြောရရင် စီနီယာတို့ အင်အားစုရဲ့ ခွန်အားကို ငှားသုံးချင်တာ”
“ဆက်ပြော၊ ဒါပေမယ့် ငါတို့ ရတနာစံအိမ်က စီးပွားရှာဖို့နော်၊ ဒါကြောင့် ဒီလူအိုကြီးက မိတ်ဆွေလေးရန်ကို ကူညီပေးချင်တယ် ဆိုရင်တောင်မှ မိတ်ဆွေလေးရန် အနေနဲ့ ကျသင့်ကျထိုက်တဲ့ အခကြေးငွေကို ပြန်ပေးဖို့ လိုလိမ့်မယ်။ ပြီးတော့ လူသတ်၊ ဓါးပြတိုက်တဲ့အလုပ်တွေ ဒီလူအိုကြီး လက်မခံဘူးနော်”
“ဂျူနီယာနားလည်ပါတယ်။ ဂျူနီယာ တောင်းမယ့် အကူအညီထဲမှာ အဲ့ကိစ္စတွေ မပါဘူး”
“အဲ့လိုဆို အဆင်ပြေတယ်” ယန်ပေးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
“အင်း၊ ဂျူနီယာ ရတနာစံအိမ်ကို မြေဓါတ်ရတနာ တစ်မျိုးလောက် ရှာခိုင်းချင်တာ”
“မြေဓါတ်ရတနာလား” ယန်ပေး မျက်ခုံးပင့်သွားပြီး ရန်ကိုင်အား သေချာစိုက်ကြည့်နေပြီးနောက် အဓိပ္ပါယ်ပါပါ ပြုံးလျက် “ဒီနေ့ မိတ်ဆွေလေးရန်က ဆန်းယင်ရွှေကို မရရအောင် ဝယ်သွားတယ်။ အခု မြေဓါတ်ရတနာတစ်ခု လာရှာပေးဖို့ အကူအညီတောင်းနေတယ်ဆိုတော့... မိတ်ဆွေလေးရန် ကျင့်စဉ် တစ်ခုခုကို ကျင့်ကြံနေတာလား”
ဒီမြေခွေးအိုကြီးကတော့ ရန်ကိုင် စိတ်ထဲမှ ကြိတ်ဆဲလိုက်၏။ ယန်ပေးကဲ့သို့ အကင်းပါး၊ အတွေ့အကြုံကြွယ်ဝသည့် လူများနှင့် စကားပြောရာတွင် တစ်ဖက်လူ လိုသည်ထက် ပိုမသိသွားရအောင် သေချာ သတိထားရန် လိုအပ်ပေသည်။ ယန်ပေးသည် သူ့ရည်ရွယ်ချက်ကို ခန့်မှန်းသွားပြီပြီ ဖြစ်သော်ငြား ရန်ကိုင်သည် အမှန်အတိုင်း ဝန်ခံရလောက်သည်အထိ မရူးမိုက်သေးဘဲ ပြုံး၍သာ ပြန်မေးလိုက်သည် “စီနီယာတို့ ရတနာစံအိမ်က ရတနာရှာတာအပြင် အခြားသူတွေကိုရဲ့ လျှို့ဝှက်ချက် တွေကိုလည်း လိုက်စုဆောင်းသေးတာလား”
လေလံပွဲအတွင်း သားရဲများတောင်တန်းမှ ဘွားတော်ကြီးဖုန်း ထိုကဲ့သို့သော စကားကို ပြောလိုက်သေးသည်။ ယခု ရန်ကိုင်သည် ထိုစကားအတိုင်း ထပ်ပြောနေခြင်းဖြစ်သည်။
ယန်ပေး တစ်ချက် ကြောင်သွားခဲ့သည်။ ထို့နောက် ရယ်သွမ်းသွေးလျက် “ငါမေးကြည့်ရုံပဲ မေးကြည့်တာပါ။ မိတ်ဆွေလေးရန်က မပြောချင်ဘူး ဆိုမှတော့ ဒီလူအိုကြီး မေးမနေတော့ပါဘူး။ ဒါပေမယ့် မိတ်ဆွေလေးရန် အနေနဲ့ ငါ့ကို နည်းနည်း အသေးစိတ်တော့ ပြောဖို့လိုလိမ့်မယ်။ အဲ့ဒါမှ ငါတို့ ဘယ်လိုရတနာမျိုးကို ရှာရမလဲ သေချာသိမှာ၊ မိတ်ဆွေလေး လိုနေတဲ့ ရတနာက ငါတို့ဆီမှာတောင် လက်ဝယ် ရှိချင် ရှိနေမှာ၊ ပြောလို့ရတာ မဟုတ်ဘူး”
“လိုအပ်ချက်ကတော့ အဲ့ရတနာရဲ့ အဆင့်က အဆင့်တစ်ဆယ် မွန်းစတားသားရဲ အမြူတေအောက် နိမ့်လို့ မဖြစ်ဘူး”
“အဆင့်တစ်ဆယ် မွန်းစတားသားရဲ အမြူတေ...” ယန်ပေး မျက်လုံးမှေးစဉ်းသွားပြီး ရန်ကိုင်အား အလန့်တကြား ကြည့်လိုက်၏။ ရန်ကိုင် အတော်ကြီးကြီးမားမား တောင်းဆိုမည်ဟု ထင်ထားခဲ့သော်လည်း ထိုမျှအထိတော့ ဖြစ်လိမ့်မည် မထင်ခဲ့ပေ။ ရန်ကိုင် တောင်းဆိုလိုက်သည့် အဆင့်မျိုးသည် သူတို့ လက်ထဲ၌ ရှိမနေချေ။ ထိုရတနာကို ရရန်အတွက် တကူးတက သီးသန့် ရှာမှသာ ရပေတော့မည်။ အဆင့်တစ်ဆယ် မွန်းစတားသားရဲမှာ တန်ခိုးရှင်ဘုရင်အဆင့် တူညီသော တည်ရှိမှုမျိုး ဖြစ်သည်။ ထိုကဲ့သို့သော မွန်းစတားသားရဲ၏ အမြူတေကို အရိပ်ကြယ်၏ မည်သည့် နေရာတွင် သွားရှာရမည်နည်း။
“မွန်းစတားသားရဲ အမြူတေ ဖြစ်စရာမလိုဘူး။ အဆင့်တစ်ဆယ် မွန်းစတားသားရဲ အမြူတေနဲ့ အဆင့်တူတဲ့ ဘယ်မြေဓါတ် ရတနာမဆို အဆင်ပြေတယ်” ရန်ကိုင်က ထပ်ပေါင်းပြောလိုက်သည်။
“ကောင်းပြီ။ မင်းပြောတဲ့ရတနာကို ရှာဖို့က အတော်လေး ခက်မှာဆိုတော့ ငါလည်း အားမတော့ မခံရဲဘူး။ အကောင်းဆုံးတော့ ကြိုးစားပေးမယ်။ မိတ်ဆွေလေးလည်း ကိုယ့်ဘာသာ ကြိုးစားရှာကြည့်ဦးပေါ့။ ကံကောင်းရင် မိတ်ဆွေလေး လိုချင်နေတဲ့ ပစ္စည်းကို မိတ်ဆွေလေး ရသွားရင် ရသွားနိုင်တာပဲလေ၊ မဟုတ်ဘူးလား”
“အင်း၊ ဂျူနီယာနားလည်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့မျှော်လင့်ချက် အားလုံးကို ရတနာ စံအိမ်အပေါ်တွင်သာ ပုံအပ်ထားမည် မဟုတ်ချေ။ ယခုတစ်ကြိမ် ယန်ပေးဆီ လာရခြင်းတွင် နောက်ထပ် အကြောင်းပြချက်တစ်ခု ထပ်ရှိသေးသည်။ ကြယ်ဧကရာဇ်တံဆိပ်ပြား ကိစ္စပင်။
စဉ်းစားပြီးနောက် ရန်ကိုင်က လိုရင်းကို တန်းသွားလိုက်၏ “ဟုတ်သားပဲ၊ စီနီယာယန် အစောပိုင်းက ထုတ်လိုက်တဲ့ ကြယ်ဧကရာဇ် တံဆိပ်ပြားကလေ...”
“ဘာဖြစ်လို့လဲ၊ မိတ်ဆွေးလေးရန် အလဲအထပ် လုပ်ချင်လို့လား” ရန်ကိုင်မှ ကြယ်ဧကရာဇ်တံဆိပ်ပြားအကြောင်း ခေါင်းစဉ်စလာသည့်အခါ ယန်ပေးသည် သောက်လက်စ လက်ဖက်ရည်ခွက်ကို ချက်ချင်း ချလိုက်ပြီး မျက်ခုံးပင့်လျက် အလျင်စလို ပြန်မေးလိုက်သည်။
ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့လေသည်။ ယန်ပေးသည် သူ့မိတ်ဆွေဟောင်းအကြီးကို ကူညီပေးနေခြင်းသာ မဟုတ်လော။ ဘာကြောင့် သူကြယ်ဧကရာဇ်တံဆိပ်ပြားအကြောင်း စလိုက်သည့် အခါ ယန်ပေး ထိုမျှ အံ့အားသင့်သွားခဲ့ရသနည်း။ ယန်ပေး၏ အမူအရာအရ သူနှင့် သူ့မိတ်ဆွေဟောင်းသည် အတော်လေး ခင်မင်ရင်းနှီးသူများ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ယန်ပေး ထိုမျှ အလျင်လိုနေမည် မဟုတ်ချေ။
“ဟုတ်တယ်၊ ဒီဂျူနီယာ အလဲအထပ်လုပ်ဖို့ စိတ်ဝင်စားတယ်”
“မင်းမှာ မီးစုန်းရှိတာလား” ယန်ပေး မျက်လုံးပြူးသွား၏။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ယန်ပေး မျက်မှောင်ကြုတ်သွားသည်။ သို့သော် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ပြီး အလန့်တကြား ထအော်လိုက်သည် “မင်းဝိဥာဉ်သန့်နတ်ရေစင် ဘယ်မှာရှိလဲ သိတာလား”
“မသိဘူး” ရန်ကိုင် ခေါင်းခါနေဆဲပင်။ ဝိဥာဉ်သန့် နတ်ရေစင်အား အပြင်သို့ သယ်သွား၍မရချေ။ ထို့ကြောင့် ဝိဥာဉ်သန့်နတ်ရေစင်ကို မူလ တွေ့ခဲ့သည့် နေရာတွင် ထိုင်အသုံးပြုမှသာ ရပေလိမ့်မည်။ ထို့ကြောင့်သာ မဟုတ်လျှင် သဲမီးတောက်နယ်မြေထဲ၌ ဝိဥာဉ်သန့်နတ်ရေစင်ကို တွေ့စဉ်က ချူချန်ဖုန်း၊ လျန်ချင်းနှင့် အခြားသူများအားလုံး ထိုရေစင်ကို ဝေစုခွဲပြီး အသီးသီး သယ်သွားလောက်ပေပြီ။ ရေကန်ထဲ ထိုင်စဉ်ပြီး တစ်ခါတည်း အသုံးပြုစရာ လိုလိမ့်မည် မဟုတ်ပေ။
ရန်ကိုင် ထပ်တလဲလဲ ခေါင်းခါနေသည်ကို မြင်သော် ယန်ပေး မျက်နှာ အနည်းငယ် မဲ့သွားခဲ့ပြီး “မိတ်ဆွေလေးရန်၊ မင်း တမင်သက်သက် ငါ့ကို ပြဿနာ လာရှာနေတာလား။ အဲ့ပစ္စည်း နှစ်ခုပဲ၊ ကြယ်ဧကရာဇ်တံဆိပ်ပြားနဲ့ လဲလို့ ရတာလေ။ မင်းမှာ အဲ့ပစ္စည်းနှစ်ခု မရှိဘဲ ဘာလို့ ကြယ်ဧကရာဇ်တံဆိပ်ပြား အကြောင်း လာပြောနေတာလဲ”
“စိတ်လျှော့ပါဦး စီနီယာရဲ့” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးကာ ရှင်းပြလိုက်သည် “အဆင်ပြေမယ်ဆိုရင် ဒီတောင်းဆိုချက်ကို လုပ်ခဲ့တဲ့ စီနီယာနဲ့ ဂျူနီယာ တိုက်ရိုက် စကားပြောလို့ အဆင်ပြေမလား။ အဲ့စီနီယာကို စိတ်မပျက်စေရဘူးလို့ ဂျူနီယာ အာမခံတယ်”
ရန်ကိုင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်ကို မြင်သော် ရန်ကိုင် ထိုယုံကြည်ကို မည်သည့်နေရာမှ ရလာသလဲဟု ယန်ပေး အတွေးများမိသွားသည်။
အခြား တစ်ယောက်သာဆိုလျှင် မောင်းထုတ်မိပေလိမ့်မည်။ သို့သော် ရန်ကိုင်၏ ဇာတ်မြစ်သည် အတော်လေးကို နက်နဲသည်။ ယန်ပေး စုံစမ်းကြည့်ရသလောက် ရန်ကိုင်သည် ပြင်ပ လောကကြီးမှ အရိပ်ကြယ်ပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အတွင် အရိပ်ကြယ်ပေါ်ရှိ ဒေသခံများ မသိသည့် နည်းလမ်းများစွာ ရှိကောင်း ရှိနေနိုင်ပေသည်။
ထိုသို့ စဉ်းစားမိလိုက်သော် ယန်ပေး၏ အမူအရာ ပြေလျော့သွားခဲ့သည်။ သို့သော် တည်တည်ငြိမ်ငြိမ်ဖြင့် ထပ်ပြောလိုက်သေးသည် “အဲ့လိုဆိုရင် ငါသူ့ကို ခေါ်ပေးမယ်။ ဒါပေမယ့် မိတ်ဆွေလေးရန်၊ မင်းလုံးဝ အောင်မြင်မယ် ဆိုတာ သေချာပါတယ်နော်”
“တစ်ရာရာခိုင်နှုန်း သေချာတယ်”
ရန်ကိုင် ချဲ့ကား ပြောနေခြင်းမဟုတ်၊ သူ့ခန့်မှန်းချက် မမှန်လျှင်ပင် သူ့တွင် မီးစုန်းရှိနေပေသေးသည်။ ထိုမီးစုန်းနှင့် မလဲချင်၍သာ အခြားနည်းလမ်းတစ်ခု ရှာနေခြင်း ဖြစ်သည်။
ထိုစကားကို ကြားသည့်အခါ ယန်ပေးပါးစပ် မဲ့သွားသည်။ သို့သော် ဘာအပိုစကားမှ ထပ်ပြောမနေတော့ပဲ ဆက်သွယ်ရေး မှော်ရတနာကို ချက်ချင်းထုတ်၍ တစ်ယောက်ယောက်အား လှမ်းခေါ်လိုက်သည်။
အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးနောက်တွင် တံခါးခေါက်သံကို ရန်ကိုင် ကြားလိုက်ရသည်။
“ဝင်လာခဲ့” ယန်ပေး လှမ်းအော်ပြောလိုက်သည်။
တံခါးပွင့်သွားပြီး လူတစ်ယောက် ချက်ချင်းဆိုသလို အထဲသို့ လမ်းလျှောက် ဝင်လာခဲ့သည်။ ထိုလူငယ်သည် ငယ်သေးဟန် ထင်ရသော်ငြား မျက်ခမ်းထောင့်စွန်းနားရှိ ပါးရေတွန့်များအရ ထိုလူမငယ်တော့မှန်း သိနိုင်သည်။
မျက်စိဖမ်းစားစရာ ကောင်းသည့် အချက်သည်ကား ထိုလူ၏ တစ်မူထူးခြားသော မျက်နှာပင်။ မျက်လုံးနှစ်ဖက်သည် ပိတ်တော့မည်ဟု ထင်ရလောက်အောင် မှေးစဉ်းနေသည်။ ပါးနှစ်ဖက်မှာ ဖောင်းဖောင်းလေး ဖြစ်နေပြီး နားရွက်နှစ်ဖက်မှာ ဝိုင်းဝိုင်းလေး ဖြစ်နေသဖြင့် မျောက်တစ်ကောင်နှင့်ပင် တူနေပေသည်။ ထို့အပြင် လက်နှစ်ဖက်မှာ ပုံမှန်ထက် ပိုရှည်ပြီး လက်ဝါးမှာ ကြီးသည်။ ပို၍ ထူးခြားသော အချက်သည်ကား ငေါထွက်နေသော ရှေ့သွားနှစ်ချောင်းပင်။
ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးနောက် ရန်ကိုင် ထိုလူကို ကောင်းကင်စိတ်အာရုံဖြင့် ဝေ့ကြည့်လိုက်သည်။ ထိုလူသည် တန်ခိုးရှင်ပထမအဆင့်သာ ရှိပေသေးသည်။
ထိုလူသည် ယန်ပေး၏ မိတ်ဆွေဟောင်းလော။
ဒီကောင့်ရုပ်က လမ်းသားရဲရုပ်လိုလိုပဲ ရန်ကိုင် တံတွေး သီးလုမတတ် ဖြစ်သွားခဲ့သည်။ သူ့ဘေးတွင် ထိုင်နေသော ယန်ယန်ဆိုလျှင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းနေရလေသည်။
ယန်ပေးကအသာအယာ ချောင်းဟန့်၍ ပြောလိုက်သည် “ဒီလူက ငါ့မိတ်ဆွေဟောင်းရဲ့ တပည့်ပဲ။ အခုလောလောဆယ် ငါ့မိတ်ဆွေဟောင်းက လူရှေ့မှာ ပေါ်လာဖို့ အဆင်မပြေသေးလို့ သူ့တပည့်ကိုပဲ လွှတ်လိုက်တာ”
ထိုအခါမှ ရန်ကိုင် နားလည်သွားတော့သည်။ ထိုလူသာ အားကောင်းသော ပညာရှင်တစ်ယောက်၏ တပည့်ဖြစ်သည် ဆိုပါက သူ့အသက်အရွယ်အရ တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသည်မှာ သဘာဝကျပေသည်။
“စီနီယာရန် ကျုပ်ကိုတွေ့ချင်တယ်ဆို” သွားခေါ်လေး ရန်ကိုင်နှင့် ယန်ယန်ကို မမြင်သည့်အလား ရောက်သည်နှင့် ယန်ပေးကို တန်းမေးလိုက်သည်။
“ဟုတ်တယ်” ယန်ပေး ခေါင်းညိတ်လိုက်သည်။
ထိုလူ ပျော်သွားပြီး ချက်ချင်း ပြန်ပေးလေသည် “အလဲအထပ် လုပ်လို့ရသွားပြီလား”
“အဲ့လိုမျိုးပေါ့” ယန်ပေး မည်သို့ ပြန်ဖြေလို့ဖြေရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူ့စကားကြောင့် သွားခေါလေး အံ့အား သင့်သွားရသည်။ ကံကောင်းစွာဖြင့် ယန်ပေးသည် ခေါင်းစဉ်ကို အလျင်အမြန် ပြောင်းပစ်လိုက်နိုင်ခဲ့သည် “ဒီမိတ်ဆွေလေးရန်က တူလေးကဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် မင်းနဲ့ မျက်နှာချင်းဆိုင်ပြီး အရင်ဆုံး စကားပြောချင်တယ်တဲ့။ ငါက မင်းတို့ကို အချင်းချင်း မိတ်ဆက်ပေးရုံပဲ၊ ကျန်တာကိုတော့ မင်းတို့ဘာသာ မင်းတို့ ဆက်ပြောပေတော့”
“ကျုပ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်” သွားခေါ်လေးသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရန်ကိုင်ကို မြင်လိုက်သည်နှင့် သူ့အကြည့်ထဲ သံသယရိပ်၊ အထင်သေးရိပ်တို့ ဖြတ်ပြေးသွားလေသည်။