← Chapters

အခန်း (၁၃၉၁-၁၃၉၅)

Vol. 56 Ch. 1391-1395

အခန်း (၁၃၉၁-၁၃၉၅)

Vol. 56 Ch. 1391-1395

အပိုင်း (၁၃၉၁)

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် လူငယ်လေး တစ်ယောက်နှင့် အနက်ရောင် ဝတ်ရုံဝတ် အမျိုးသမီး တစ်ဦးသည် ကောင်းကင်ကံကြမ္မာမြို့တော်မှ မိုင်နှစ်ထောင် အကွာတွင် ရပ်နေခဲ့ကြသည်။ ထိုနှစ်ယောက်မှာ ရန်ကိုင်နှင့် ယန်ယန်မှလွဲ၍ အခြား မဟုတ်ပါချေ။

သဲမီးတောက်နယ်မြေမှ ထွက်လာပြီးနောက် ယန်ယန်သည် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို သုံး၍ လေဟာနယ်ကို ထပ်မံ ထိုးခွဲခဲ့သည်။ လေဟာနယ်ကို ခုန်ကျော်သွားသည့် အကွာအဝေးမှာ ပြောင်းလဲခြင်း မရှိသော်လည်း ဦးတည်ဘက် မှားသွားသည့် အတွက်ကြောင့် အပြန်ခရီး နှောင့်နှေးသွားခဲ့ရသည်။

သို့သော်ငြား ဧကရာဇ်ဥယျာဉ်မှာ ပွင့်နေသေးသည့် အတွက်ကြောင့် နည်းနည်းလောက် နောက်သွားကျလည်း မည်သည့် ပြဿနာမှ မရှိပါချေ။

ယခုမှခရီးမှ နောက်ထပ် အရေးပါသော အချက်တစ်ချက်ကို ရန်ကိုင် နားလည်ခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် ဧကရာဇ် ဥယျာဉ်သည် နဂါးလိုဏ်ဂူတောင်ပေါ်တွင် ရှိနေရခြင်း ဖြစ်သည်။ ယန်ယန်သည် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွား ဖြစ်သည်။ ယန်ယန်သည် နဂါးလိုဏ်ဂူတောင်တွင် နေနေသည့် အတွက်ကြောင့် ဧကရာဇ်ဥယျာဉ်သည် နဂါးလိုဏ်ဂူတောင်ပေါ်၌ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ဥယျာဉ်သည် မဟာဧကရာဇ် နေခဲ့သည့်နေရာ ဖြစ်သလို မဟာဧကရာဇ်၏ မူလခန္ဓာကိုယ် အိပ်စက်နေသည့် နေရာလည်း ဖြစ်သည့်အတွက်ကြောင့် ဧကရာဇ်ဥယျာဉ် မဟာဧကရာဇ် နေနေသည့် နေရာဆီသို့ ရောက်လာသည်မှာ အထူးအဆန်း မရှိပါချေ။

သို့သော်လည်း ထိုအရာမှာ ရန်ကိုင်၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်ပြီး သူ့ခန်မှန်းချက် မှန်မမှန် ယန်ယန်ကိုလည်း သွားမမေးခဲ့ပေ။ သို့သော် ဤအရာအားလုံးသည် တိုက်ဆိုင်မှု တစ်ခုသက်သက် မဟုတ်လောက်သူ သူခံစားမိနေသည်။

လက်ရှိ ရန်ကိုင်သည် ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေပြီး အားကောင်းသော စွမ်းအင်လှိုင်းများ အဆက်မပြတ် ဖြာထွက်နေသည့် ဘက်ဆီသို့ လှမ်း၍ ကြည့်နေသည်။ ယန်ယန်သည်လည်း သူကဲ့သို့ပင်။ နှစ်ယောက်စလုံး အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ကြ၏။

ထိုတိုက်ပွဲဖြစ်နေသည့် နေရာသည် အခြားမဟုတ်ဘဲ နဂါးလိုဏ်ဂူတောင်သာ ဖြစ်လေသည်။

သူနှင့်ယန်ယန် မရှိသည့် အတောအတွင်းတွင် တစ်ယောက်ယောက်သည် နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်နေခြင်းလား။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်သည် သူ့ကြယ်လွန်းပျံကို ထုတ်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း နဂါးလိုဏ်ဂူတောင်ဆီသို့ အမြန် ပြန်တော့လေသည်။ ယန်ယန်လည်း ရန်ကိုင်နောက်မှ အမြန် လိုက်သွားခဲ့သည်။

မကြာမီတွင် သူ့ခန့်မှန်းချက် မှန်ကန်နေကြောင်း တွေ့ရှိလိုက်ရသည်။ နဂါးလိုဏ်ဂူတောင်အား ဝိုင်းထားသည့်လူမှာ သူနှင့်ရန်ကြွေးများစွာရှိသူ ရှဲ့မိသားစုခေါင်းဆောင်မှ လွဲ၍ အခြား မဟုတ်ပါချေ။

လူရီသည် ရှဲ့မိသားစုတွင် နေနေသလို သူကိုယ်တိုင်လည်း အခြားကိစ္စများစွာနှင့် အလုပ်ရှုပ်နေသည့် အတွက်ကြောင့် ရန်ကိုင်သည် ရှဲ့မိသားစုအရေးအား ခဏ ဘေးဖယ်ထားလိုက်၏။ သို့သော် သူ့ဘက်မှ မလှုပ်ရှားရသေးခင်မှာပဲ ရှဲ့မိသားစုသည် လက်ဦးမှုရယူ၍ သူ့အား လာတိုက်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။

လက်ရှိ အချိန်တွင် ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီး တစ်ဦးသည် နဂါးလိုဏ်ဂူတောင် အပြင်ဘက်တွင် ရပ်လျက် မှုန်ကုတ်ကုတ် အမူအရာဖြင့် သူရှေ့တည့်တည့်သို့ စိုက်ကြည့်နေခဲ့သည်။

ထိုလူသည် ရှဲ့မိသားစု၏ အားအကောင်းဆုံး ပညာရှင် ဖြစ်သော သူတော်စင်ဒုတိယအဆင့် ရှဲ့လီဖြစ်ပေသည်။ ရှဲ့လီသည် အရိပ်လခန်းမတွင်းတွင် အတော်ကိုမှ မြင့်မားသော ရာထူးအား ပိုင်ဆိုင်ထားသော်လည်း ရှဲ့ဟုန်ဝမ်အတွက် လက်စားချေရန် အရိပ်လခန်းမထဲမှ ထွက်လာခဲ့သည်။

ရန်ကိုင် ရှဲ့ဟုန်ဝမ်အား သတ်ခဲ့သည်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်။ ထိုအကြာင်းကို မည်သူမှ လူသိရှင်ကြား ထုတ်ဖော် မပြောဆိုကြသော်လည်း ရှဲ့ဟုန်ဝမ် သဲမီးတောက်နယ်မြေထဲသို့ မဝင်ခင် သူ့ကိုယ်ပေါ်တွင် ရှဲ့လီ အမှတ်အသား လုပ်ခဲ့သည်။ ထိုအမှတ်အသားမှ ရန်ကိုင် ရှဲ့ဟုန်ဝမ်အား သတ်ခဲ့သည့် အကြောင်း ရှဲ့လီ ပြန်သိခဲ့ရသည်။

သို့သော်လည်း ချင်းတုန်၏ နောက်ခံရှိနေသဖြင့် ရှဲ့လီ ရန်ကိုင်အား ဘာမှမလုပ်နိုင်ခဲ့ပေ။ ရှဲ့လီအဖို့ ရန်ကိုင်အပေါ် သူ့သားအတွက် ပြန်လက်စားချေနိုင်မည့် အခွင့်အရေးကို ကျားချောင်း ချောင်းသလို စောင့်နေရုံသာ ရှိတော့သည်။

မကြာမီ အခွင့်အရေးတစ်ခု သူရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ တစ်နေ့တွင် ချင်းတုန် ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့သည်။ ချင်းတုန် မရှိတော့သည်နှင့် ရှဲ့လီ ချက်ချင်း စလှုပ်ရှားလေသည်။ ကောင်းကင်ကံကြမ္မာမြို့တော်ရှိ အရိပ်လခန်းမဆိုင်များမှ ချင်းတုန် လူများကို သူ့လူများဖြင့် အစားထိုးပစ်သည်။ l

ထို့နောက် နဂါးလိုဏ်ဂူတောင်ပိုင်သည့် သူတော်စင် သလင်းကျောက်များကို အပိုင်သိမ်းခိုင်းလိုက်သည်။ ထို့အပြင် ရန်ကိုင်ကို မျှားခေါ်ရန်အတွက် သူ့လူများကိုပါ ဖမ်းခိုင်းလိုက်သေး၏။

သူ့အစီအစဉ် အလုပ်ဖြစ်ခဲ့သော်ငြား ရန်ကိုင်၏ ခွန်အားကို အထင်သေးမိလိုက်သည့် အတွက်ကြောင့် ထင်သလို မဖြစ်ခဲ့ပေ။ ရန်ကိုင်သည် ကောင်းကင်ကံကြမ္မာမြို့ထဲ ဝင်မွှေသွားသည့် အပြင် ရှဲ့မိသားစုမှ တန်ခိုးရှင်အဆင့် တစ်ယောက်ကိုပင် အားလုံးရှေ့၌ သတ်သွားခဲ့သေးသည်။ ဖေးကျီတု ဝင်ပါလိုက်သည့်တိုင် ရန်ကိုင် အေးအေးဆေးဆေးဖြင့် ထွက်သွားနိုင်ခဲ့သည်။

ထို့နောက် ချင်းတုန် ပြန်ရောက်လာသဖြင့် ရှဲ့လီလည်း ယာယီ ငြိမ်နေလိုက်ရတော့သည်။

သို့သော်လည်း သူမထင်မှတ်ထားခဲ့သည်ကား ချင်းတုန်မှ အရိပ်လခန်းမသည် ရှဲ့မိသားစုနှင့် နဂါးလိုဏ်ဂူတောင်ကြား ကိစ္စတွင် ဝင်ရောက်ပက်သက်မည် မဟုတ်ဟု ကြေညာခြင်းကိုပင်။ ထို့အတွက်ကြောင့် ရှဲ့လီ ပျော်သွားခဲ့သလို့ ချင်းတုန်သည် မြွေကို တွင်းထဲမှမျှားက သတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်ဟု တွေးမိလျက် စိတ်ထဲလည်း သတိကပ်သွားခဲ့သည်။

သို့သော်လည်း စုံးစမ်းကြည့်ပြီးသည့်နောက်တွင် ချင်းတုန်၏ ထိုကြေညာချက်သည် ရန်ကိုင်၏ တောင်းဆိုချက် ဖြစ်ကြောင်းကို သိခဲ့ရသည်။ ချင်းတုန်သည် ရန်ကိုင် တောင်းဆိုသည့် အတိုင်း လုပ်ပေးနေခြင်းသာ ဖြစ်ပေသည်။

ကိုယ့်သေလမ်း ကိုယ်ရှာတဲ့ကောင် ထိုအကြောင်းကို သိလိုက်ရသည့်အခါ ရှဲ့လီ အလွန် ပျော်သွားခဲ့သည်။ ချင်းတုန်၏ နောက်ခံ မရှိတော့သည့်နောက်၊ အရိပ်လခန်းမ၏ နောက်ခံ မရှိတော့သည့်နောက်၊ နဂါးလိုဏ်ဂူတောင်သည် သူ့ရှဲ့မိသားစု ရှေ့မှောက်တွင် ဘာမှမဟုတ်ပါချေ။

ရှဲ့လီသိသလောက် နဂါးလိုဏ်ဂူတောင်တွင် တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်သာရှိပြီး နှစ်ယောက်စလုံးသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ထားသည့် တန်ခိုးရှင် ပထမအဆင့်များ ဖြစ်ကြသည်။

နဂါးလိုဏ်ဂူတောင်ဆီ ပြေးသွားပြီး ရန်ကိုင်အား ကိုယ်တိုင် သတ်ပစ်ချင်သည့် အခါမျိုးပင် ရှိခဲ့ဖူးသည်။ သို့သော်လည်း တောင်ပတ်လည်၌ ကာရံအထားသည့် အစီအရင်ကို မြင်ပြီးနောက် နဂါးလိုဏ်ဂူတောင်ကို သူအထင်သေးလိုက်မိပြီမှန်း ရှဲ့လီ နားလည်လိုက်သည်။

နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်တွင် မည်သည့် ပြစ်ချက်ကိုမှ သူရှာမတွေ့ခဲ့ပေ။ ရှဲ့မိသားစု၏ တပည့်များစွာကို စေလွှတ်ပြီး စစ်ဆေးခိုင်းသည့်တိုင် မည်သည့် အသုံးဝင်သည့် သတင်းအချက်လက်ကိုမှ မရခဲ့ဘဲ ငွေကုန်သွားခြင်းသာ အဖတ်တင်ခဲ့သည်။

မူလက နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်ကို ချိုးဖျက်ရန် ချိုင်မိသားစုနှင့် တုမိသားစုဝင်များကို အကူအညီတောင်းရန် ကြိုးစားခဲ့သော်ငြား မိသားစုနှစ်ခုစလုံး၏ ခေါင်းဆောင်များသည် သူကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး သူပေးလိုက်သည့် လက်ဆောင်များကို ပြန်ပို့လာခဲ့သည်။

ထို့နောက်မှပဲ ရန်ကိုင်သည် ချိုင်မိသားစုမှ ချိုင်ဟဲနှင့် တုမိသားစုမှ တုစီစီတို့၏ အသက်အား ကယ်ခဲ့ဖူးကြောင်းကို ရှဲ့လီ သိလိုက်ရသည်။ ထိုနှစ်ယောက်သာ သူတို့ မိသားစု၏ အသီးသီး၏ အနာဂတ် ခေါင်းဆောင်များ ဖြစ်ကြသည့်အတွက် မိသားစုထဲတွင် အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိသည်ဟု ပြော၍ရသည်။ ထို့ကြောင့် သူတို့ မိသားစုအား ရှဲ့လီ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် တွန်းအား ပေးနိုင်ခဲ့ခြင်းပင်။

ကံကောင်းစွာဖြင့် ကောင်းကင်သည့် သူ့အတွက် အခြား လမ်းပေါက်တစ်ခု ဖွင့်ပေးခဲ့သည်။ နဂါးလိုဏ်ဂူတောင်သည် သူတို့၏ အစီအရင်အပေါ် အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားနေလေရာ မည်သူ့ကိုမှ မျက်လုံးထဲ မထည့်တော့ချေ။ အကျိုးဆက်အနေဖြင့် အဆုံးမဲ့ပင်လယ်ဂိုဏ်းမှ ပင်လယ်နှလုံးသား နန်းတော်နှင့် သားရဲများတောင်တန်း၊ သွေးနတ်ဆိုးကျောင်းတော်တို့အား ရန်သွားစခဲ့ကြသည်။

ထို့အပြင် သူတို့ ရှဲ့မိသားစုတွင် နေနေသော တိမ်မီးတောက်ဂိုဏ်း၏ သခင်လေးလူရီနှင့် ရန်ကိုင်ကြားတွင် ရန်ငြိုး တစ်ခုခုရှိသည့်ပုံပင်။

အင်အားစုများစွာ နဂါးလိုဏ်ဂူတောင်အပေါ် မကျေမနပ် ဖြစ်နေသည့်အကြောင်း ကြားလိုက်ရသည့်အခါ ရှဲ့လီ၏ ယုံကြည်ချက်တို့ မြင့်မားလာခဲ့ရသည်။ ထိုအင်အားစုများနှင့် ဆိုပါက နဂါးလိုဏ်ဂူတောင်ကို မြေလှန်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလာလေပြီ။ ထို့ကြောင့် သူမိသားစု၏ လက်ရွေးစင် တပည့်များကို ချက်ချင်း စုဝေးစေလျက် အရိပ်လခန်းမနှင့် ခွဲထွက်ကြောင်း ကြေညာခဲ့ပြီး နဂါးလိုဏ်ဂူတောင်ကို စတင် တိုက်ခိုက်ရန် လုပ်တော့သည်။

နဂါးလိုဏ်ဂူတောင်အား တိုက်မည့် အင်အားစုထဲတွင် တန်ခိုးရှင် တတိယအဆင့် တစ်ယောက်မှ မပါသော်လည်း တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်ကျော် ပါဝင်နေသည်။ သားရဲများတောင်တန်းနှင့် သွေးနတ်ဆိုးကျောင်းတော်သည် သူတို့နှင့် ပွင့်ပွင့်လင်းလင်း မပူပေါင်းဘဲ ပညာရှင်အချို့ကိုသာ တိတ်တဆိတ် စေလွှတ်ပေးခဲ့သော်လည်း ထိုမျှ အကူအညီ ရသည်နှင့်ပင် ရှဲ့လီ အလွန် ကျေနပ်မိနေလေပြီ။

မည်သို့ပင် ဖြစ်စေကာမူ နဂါးလိုဏ်ဂူတောင်တွင် အစစ်အမှန် ပညာရှင် တစ်ယောက်မှမရှိဘဲ သူတို့သည် အစီအရင်အပေါ်သာ အားကိုးနေသည့် အင်အားစုတစ်ခု ဖြစ်သည်။ သူတို့သာ တောင်ပတ်လည်အား ကာရံထားသည့် အစီအရင်ကို ချိုးဖျက်နိုင်မည် ဆိုပါက နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေသော လူအားလုံးကို သူတစ်ယောက်တည်းနှင့်ပင် သတ်ပစ်နိုင်သည်ဟု ရှဲ့လီ ယုံကြည်ပေသည်။

ရန်ကိုင် သူ့ရှေ့တွင် ဒူးထောက်ပြီး တောင်းပန်နေသည့် မြင်ကွင်းကို မြင်ယောင်လိုက်တိုင် ရှဲ့လီ အလွန် ကျေနပ်မိသည်။

လောကကြီးတွင် မိဘတစ်ယောက်အတွက် ဝမ်းအနည်းဆုံး အရာသည်ကား သူတို့ကလေးအလောင်းကို ကိုယ်တိုင် ပြန်ပြီး မြေမြှုပ်ပေးရခြင်းပင်။ ရှဲ့ဟုန်ဝမ် သဲမီးတောက်နယ်မြေထဲတွင် သေသွားသည့်အကြောင်း ကြားလိုက်ရစဉ်က ရှဲ့လီ အလွန်ကိုမှ ဝမ်းနည်းကြေကွဲခဲ့ရသည်။ ထို့နောက် ရှဲ့ဟုန်ဝမ်သည် ရန်ကိုင် သတ်၍ သေသွားရသည့်အကြောင်း သိလိုက်ရသည့်အခါတွင်မူ ရှဲ့လီ ဒေါသထွက်လွန်းသဖြင့် လွန်ခဲ့သော နှစ်များအတွင် ကောင်းကောင်းပင် စားမဝင်အိပ်မပျော်တော့ပေ။ ရန်ကိုင်၏ တည်ရှိမှုသည် ရှဲ့လီအတွက် ကိုယ်တွင်းနတ်ဆိုး ဖြစ်လာခဲ့သည်။ ရန်ကိုင် တည်ရှိနေသရွေ့ ရှဲ့လီ ကောင်းကင် ကျင့်ကြံလို့ ရတော့မည် မဟုတ်ပေ။

ရှဲ့လီသည် မငယ်တော့သော်လည်း ဒေါသကြီးသည့် သူ့စရိုက်မှာ ငယ်စဉ်ကနှင့် တူနေဆဲပင်။

ကလေးအတွက် လက်စားချေပေးရမည်မှာ တစ်ကိစ္စ၊ နဂါးလိုဏ်ဂူတောင်၏ ကြွယ်ဝချမ်းသာမှု ကိုယ်တိုင်သည်လည်း ရှဲ့လီအား သရေကျအောင် လုပ်နေခဲ့သည်။ နဂါးလိုဏ်ဂူတောင် အလွန်ချမ်းသာမှန်း သူသိသည်။ လွန်ခဲ့သော နှစ်များအတွင် အရိပ်လခန်းမဆီမှ နဂါးလိုဏ်ဂူတောင် ဝယ်ယူသွားခဲ့သည့် ပစ္စည်းများ၏ တန်ကြေးသည် အနည်းဆုံး သူတော်စင် သလင်းကျောက် သန်းရာဂဏန်းနှင့် ချီပေသည်။

ထိုမျှ သူတော်စင်သလင်းကျောက် အများကြီး ရှိနေရအောင် နဂါးလိုဏ်ဂူတောင် သူတော်စင်သလင်းကျောက် တွင်းတစ်ခုပေါ် ဖင်ခုထိုင်နေသလားဟုပင် ရှဲ့လီ အတွေးဝင်မိသွားသည်။

နဂါးလိုဏ်ဂူတောင်ကိုသာ အမြစ်ဖြတ်နိုင်ခဲ့မည် ဆိုပါက အကျိုးအမြတ် အများဆုံး ရမည့် အင်အားစုသည် သူတို့ ရှဲ့မိသားစု ဖြစ်ပေသည်။ သွေးနတ်ဆိုးကျောင်းတော်နှင့် သားရဲများ တောင်တန်းမှ လူများသည် ရန်ကိုင်ဆီမှ ဆန်းယင်ရွှေကိုသာ လိုချင်သည်ဟု ပြောပြီးသွားလေပြီ။ ကျန်သည့် ကိစ္စကို သူတို့ စိတ်မဝင်စားပေ။

တိမ်မီးတောက်တောင်ကြားမှ သခင်လေး၏ တောင်းဆိုချက် မှာမူ ပို၍ပင် ထူးဆန်းသေးသည်။ လူရီသည် အခြား ဘာကိုမှ မလိုချင်ဘဲ ရန်ကိုင်၏ ခန္ဓာကိုယ်သာ လိုချင်နေသည်။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အလောင်း ဘာများ အသုံးဝင်မှာမို့နည်း။ လူရီ ဘာကြောင့် ရန်ကိုင်၏ အလောင်းအား လိုချင်နေလဲ ဆိုသည်ကို ရှဲ့လီ မသိသော်ငြား စိတ်ထဲ အနည်းငယ်တော့ ထင့်သွားသည်။ လူရီသည် တကယ်ကို သတိထားသင့်သည့် လူတစ်ယောက်ပင်။ ထိုလူငယ်လေးကို မြင်လိုက်တိုင်း သူတော်စင်ဘုရင်အဆင့် တစ်ယောက်ကို ရင်ဆိုင်နေရသလဲ မခံစားရဘဲ အစွယ်ဝှက်ထားသည့် အဆိပ်ပြင်းပြင်း မြွေတစ်ကောင်ကို ရင်ဆိုင်နေရသလို ရှဲ့လီ ခံစားရသည်။

ရှဲ့လီ ပို၍ အံ့အားသင့်သွားရသည်ကား လူရီ၏ လက်အောက် ငယ်သားများထဲတွင် တန်ခိုးရှင်အဆင့် ဆယ်ယောက်မက ပါဝင်နေခြင်းပင်။ ထိုကျင့်ကြံသူများသည် တန်ခိုးရှင်ပထမ အဆင့်သာ ဖြစ်ကြသော်ငြား တိမ်မီးတောက်တောင်ကြားသည် အင်အားစုငယ်လေး တစ်ခုသာ ဖြစ်လေရာ သူတို့တွင် ထိုမျှ များပြားသော တန်ခိုးရှင်အဆင့်များ မရှိသင့်ပါချေ။

ထို့အပြင် ထိုတန်ခိုးရှင်အဆင့် အားလုံးသည် လူရီအား အလွန်ကိုမှ လေးလေးစားစားဖြင့် ဆက်ဆံကြသည်။ လူရီကို ကြည့်သည့် သူတို့၏အကြည့်ထဲ အံ့ဩအားကျမှု၊ ကြောက်ရွံ့မှုတို့ ပါဝင်နေသည်။ သူတော်စင်ဘုရင်အဆင့်လေး တစ်ယောက်ကို တန်ခိုးရှင်အဆင့်များက ဘာကြောင့် ကြောက်ရွံ့နေမှန်း ရှဲ့လီ တကယ်ကို နားမလည်ပါချေ။

ရှဲ့လီစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။ သို့သော် ခေါင်းခါ၍ ထိုအတွေးများကို ခေါင်းထဲမှ ရှင်းထုတ်လိုက်ပြီး နဂါးလိုဏ်ဂူတောင်အား အားကုန် တိုက်ခိုက်ရန် သူ့နားတွင် စုဝေးနေကြသော လူများအား အမိန့်ပေးလိုက်သည်။

အစီအရင်ပညာရှင် တစ်ယောက်ကိုမှ ခေါ်မလာနိုင်သဖြင့် တောင်ပတ်လည်အား ကာကွယ်ထားသည့် အစီအရင်ကို အားသုံးပြီး ဖျက်စီးရန်သာ ရှိတော့ပေသည်။ နောက်ဆုံးတွင် ထိုအစီအရင်အား ဖျက်စီးနိုင်လိမ့်မည်ဟု ရှဲ့လီ အခိုင်အမာ ယုံကြည်နေသည်။

ထိုနည်းလမ်းသည် ရှဲ့လီစရိုက်နှင့် ကွက်တိပင်။ အစီအရင် ပျက်စီးသွားချိန် ဖြစ်နေမည့် ရန်ကိုင်၏ မျက်နှာကို ရှဲ့လီ မြင်ချင်နေသည်။

သို့သော်လည်း နှစ်ရက်ကြာသွားသည့် အစီအရင်မှာ တုတ်တုတ်ပင်မလှုပ်၊ သူတို့ဘက်မှ လူများသာ အားကုန်သွားကြသည်။ အစီအရင်အား တိုက်ခိုက်နေသည့် အတောအတွင်း ထိုလူများသည် သူတော်စင်သလင်းကျောက်၊ ဆေးလုံးများကို သုံး၍ ကုန်ဆုံးသွားသော သူတို့၏ သူတော်စင်ချီကို အဆက်မပြတ် ပြန်လည် ဖြည့်တင်းခဲ့ရသည်။

ယခုမှပဲ နဂါးလိုဏ်ဂူတောင်၏ အစီအရင်ကို သူလျှော့တွက်မိလိုက်ပြီမှန်း ရှဲ့လီ နားလည်လိုက်သည်။ နှစ်ရက် ဆက်တိုက် မရမ်းမနား တိုက်ခိုက်နေသည့်တိုင် အစီအရင်အား အက်ရာလေးထင်အောင်ပင် မလုပ်နိုင်ခဲ့ပေ။

ယခုထိတိုင် အထဲရှိ လူအားလုံး သေနေသည့်အလား နဂါးလိုဏ်ဂူတောင်ဆီမှ မည်သည့် တန်ပြန် တိုက်ခိုက်မှုကိုမှ မမြင်ရသေးပေ။

ကျင့်ကြံသူအားလုံးသည် သူတို့ရင်ထဲရှိ အံ့ဩထိတ်လန့်မှုကို ဖိနှိပ်ရင်း မှော်ရတနာ အမျိုးမျိုးကို အသုံးပြုလျက် အစီအရင်အား ဆက်လက် တိုက်ခိုက်နေကြသည်။

ဤမျှခိုင်ခဲ့လှသော အစီအရင်မျိုး သူတို့ တစ်ခါမှ မကြုံဖူးပေ။ ရုတ်တရက် အစီအရင်ထဲရှိ မြူခိုးများ ဘေးသို့ ခွဲသွားပြီး လူများစွာ ထွက်ပေါ်လာခဲ့သည်။

ရှဲ့လီလည်း မျက်မှောင်ကြုတ်သွားကာ လက်မြှောက်၍ အားလုံးအား ခဏရပ်ထားရန် အချက်ပြလိုက်သည်။

ရှဲ့လီမှ အချက်ပြလိုက်သည်နှင့် အကုန်လုံး သူတို့၏ မှော်ရတနာများကို ပြန်ရုတ်သိမ်းလိုက်ပြီး ပေါ်လာသော လူများဆီ လှမ်းကြည့်လိုက်ကြသည်။ အားလုံးရှေ့တွင် ပေါ်လာသည်ကား ဘေးချင်းယှဉ်ရပ်နေသော အမျိုးသမီးချောလေး နှစ်ယောက်နှင့် တန်ခိုးရှင်ပထမအဆင့် သုံးယောက်ပင် ဖြစ်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၉၂)

ဦးဆောင်လာသည့် အမျိုးသမီးနှစ်ဦး၏ မျက်နှာကို မြင်သော် ရှဲ့လီ၏ မျက်လုံးထဲ အေးစက်စက် အကြည့်တို့ ဖြတ်ပြေးသွား၏။

အခြားသူများမှာလည်း ထိုအမျိုးသမီး နှစ်ယောက်အား ရန်လိုသည့် အကြည့်ဖြင့် ကြည့်ကြသလို တဏှာအကြည့်ဖြင့်လည်း သူမတို့၏ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်ကြသည်။

သို့ရာတွင် အမျိုးသမီး နှစ်ယောက်မှာမူ ထိုကဲ့သို့သော အကြည့်များစွာနှင့် ရင်ဆိုင်ရသည့်တိုင် အေးအေးလူလူပင်။

ထိုနှစ်ယောက် မည်သူမှန်း တစ်ချက် ကြည့်လိုက်ရုံဖြင့် ရှဲ့လီ တန်းသိလိုက်သည်။ နဂါးလိုဏ်ဂူတောင်ကို မရင်ဆိုင်ခင် ဤနေရာ အကြောင်းကို ရှဲ့လီ သေချာ စုံစမ်းထားခဲ့သည်။ နှစ်ဦးအနက်မှ တစ်ဦးသည် ဟိုင်ခဲမိသားစုမှထွက်၍ နဂါးလိုဏ်ဂူတောင်နှင့် ပူးပေါင်းခဲ့သော ဟိုင်ခဲမိသားစုဝင်ဟောင်း တစ်ဦးဖြစ်သူ ဝူရီ ဖြစ်သည်။ ကျန်တစ်ယောက်ကို ချင်းယွဲ့ဟု ခေါ်ပြီး တစ်နေရာရာမှ ရန်ကိုင် ပြန်ပေါ်လာခဲ့သောသူ ဖြစ်သည်။

နှစ်ယောက်စလုံး၏ ကျင့်ကြံခြင်းမှာ မျက်လုံးထဲ ထည့်လောက်စရာ မဟုတ်၊ သူတော်စင်ဘုရင် ဒုတိယအဆင့်နှင့် ပထမအဆင့်များသာ ဖြစ်ကြသည်။

သူတို့နောက်တွင် ရပ်နေသော လူအိုကြီး သုံးဦးအနက်မှ နှစ်ဦးသည် ချန်ချီနှင့် ဟောင်အန်းတို့ ဖြစ်ကြပြီး ယခင်က ဟိုင်ခဲ မိသားစု၏ ဧည့်အကြီးအကဲများ ဖြစ်ခဲ့ကြသူများ ဖြစ်ကြသည်။ ထိုနှစ်ယောက်သည် သဲမီးတောက်နယ်မြေထဲသို့ ဝင်ပြီးနောက် အခွင့်အရေးတစ်ခုခုနှင့် ကြုံကြိုက်ခဲ့ရဟန်တူကာ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့ကြပြီး သည့်နောက်တွင် နဂါး လိုဏ်ဂူတောင်နှင့် ပူးပေါင်းခဲ့ကြသည်။

နောက်ဆုံးတစ်ယောက်အား မသင်္ကာဟန်ဖြင့် တစ်ချက် ကြည့်နေပြီးနောက် ရှဲ့လီ အလန့်တကြား ပြောလိုက်လေသည် “ရောင်းရင်းနင်၊ မင်းဘာလို့ ဒီရောက်နေတာလဲ”

နောက်ဆုံးတစ်ယောက် ဖြစ်သော မုတ်ဆိတ်ဖြူကြီးနှင့် လူအိုကြီးသည် ရန်ကိုင်နှင့်အတူ ဧကရာဇ်ဥယျာဉ်သို့ သွားခဲ့သည့် နင်ရှန်းချန် ဖြစ်ပေသည်။

လောလောဆယ် နင်ရှန်းချန် အလွန် ကူကယ်ရာမဲ့နေခဲ့သည်။ ဧကရာဇ်ဥယျာဉ်မှ ပြန်လာပြီးနောက်တွင် ရန်ကိုင်ဆီမှ ခွင့်ပြုချက် ရလိုက်သဖြင့် သူ့တန်ခိုးရှင်အဆင့် မှော်ရတနာအား ပြန်ပြင်ရန် လိုအပ်သည့် ပစ္စည်းများကို ချက်ချင်း စုဆောင်း၍ ရန်ကိုင်၏ ပန်းပဲမီးဖိုအား ငှားရမ်းရန် နဂါးလိုဏ်ဂူတောင်ဆီသို့ လာခဲ့သည်။

သူပစ္စည်းများ စုဆောင်းပြီး နဂါးလိုဏ်ဂူတောင်သို့ ရောက်လာသည့်အခါ ရန်ကိုင် အပြင်သွားနေသည်နှင့် သွားတို၏။

ရွေးစရာမရှိတော့သည်နှင့် နင်ရှန်းချန်လည်း ရန်ကိုင် ပြန်လာမည်ကို စောင့်နေလိုက်တော့သည်။

သို့သော်ငြား သူဖင်ပူအောင်ပင် မထိုင်ရသေးခင်မှာပဲ ရှဲ့မိသားစု ရုတ်တရက်ကြီး နဂါးလိုဏ်ဂူတောင်ကို လာတိုက်လေသည်။

ထို့ကြောင့် နင်ရှန်းချန် လောလောဆယ် အလွန်ကိုမှ ကူကယ်ရာမဲ့ အခက်တွေ့နေခြင်းဖြစ်သည်။

နဂါးလိုဏ်ဂူတောင်အား ကာကွယ်ထားသည့် အစီအရင်သာ ပျက်စီးသွားလျှင် ဤနေရာတွင် နေခြင်းသည် အလွန်ကိုမှ အန္တရာယ် များပေလိမ့်မည်။ သူ့ကို ရန်ကိုင်နှင့် အပေါင်းပါများဟု ထင်လျှင် ပြဿနာ များသွားနိုင်သည်။ ဤအတိုင်း ထွက်သွားဖို့ရာကလည်း သိပ်မသင့်တော်ပြန်။ ထိုသို့ ထွက်သွားမည် ဆိုပါက ရန်ကိုင်ဆီမှ ပန်းပဲမီးဖိုကို ငှားရန် မေ့လိုက်ဖို့သာ ရှိတော့သည်။

နင်ရှန်းချန် ကျားပေါ် ခွစီးလျက်သား အခြေအနေထဲသို့ ရောက်နေခဲ့လေပြီ။ သူသည့် မည်သည့် အင်အားစု၊ မိသားစုကိုမှ မဝင်ထားသည့် လေလွင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ယခုအဆင့်ထိသို့ ရောက်အောင် ကျင့်ကြံဖို့ရာ သူ့အတွက် အလွန်ကိုမှ ခက်ခဲကြမ်းတမ်းခဲ့ရသည်။

အတိတ်တွင် သူ့မှော်ရတနာ ထိခိုက်သွားသည့်အခါ အရိပ်လခန်းမ၏ ပန်းပဲဆရာကဲလင်ဆီ ယူသွားပြီး ပြန်ပြင်ခိုင်း၍ ရဲ့သည်။ ပန်းပဲဆရာကဲလင်သည် ဖော်ရွေ သဘောကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ ပန်းပဲဆရာများအနက် ကဲလင် တစ်ယောက်ကိုသာ နင်ရှန်းချန် ရင်းနှီးသည်။ ထို့နောက် ကဲလင် မရှိတော့သည့် နောက်ပိုင်း နင်ရှန်းချန် ဒုက္ခရောက်တော့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်ဆီမှ အကူအညီ လာတောင်းမည် မဟုတ်ပါချေ။

နင်ရှန်းချန်သည် နဂါးလိုဏ်ဂူတောင်သို့ ရောက်လာသော်ငြား စိတ်ကမငြိမ်နိုင်၊ အပြင်ဘက်မှ တဒုန်းဒုန်း ထုရိုက်သံများကြောင့် ရင်တပူပူ ဖြစ်နေရသည်။ သို့သော်လည်း နှစ်ရက်ကြာပြီးနောက် ထူးခြားသော အချက်တစ်ချက်ကို သတိပြုမိလိုက်သည်။

ဘေးပတ်ပတ်လည်မှ အဝိုင်းခံထားရသော်လည်း နဂါးလိုဏ်ဂူတောင်ထဲရှိ မည်သူမှ စိုးရိမ်ထိတ်လန့်မနေခဲ့ပေ။ အကုန်လုံးသည် သူတို့ လုပ်လက်စ အလုပ်များကိုသာ အေးအေးလူလူဖြင့် ဆက်လုပ်နေကြသည်။

ကျင့်ကြံသူ တစ်ယောက်နှစ်ယောက်သာ ထိုကဲ့သို့ ဖြစ်နေလျှင် ကိစ္စမရှိ၊ အကုန်လုံးကိုက ထိုကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။

အထူးသဖြင့် ဝူရီနှင့် ချင်းယွမ်တို့ပင်။ ထိုအမျိုးသမီး နှစ်ဦးသည် အခြားသူများထက်ကို ပို၍ တည်ငြိမ်သည်။ ပညာရှင် များစွာ၏ ဝိုင်းထားခြင်း ခံရသည့်တိုင် ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်ဖက်ရည် သောက်ကောင်းနေတုန်း။ သူတို့ မည်သို့သော အခြေအနေထဲ ရောက်နေလဲ ဆိုသည်ကို တကယ် မသိကြလေသလော။

သူတို့ကိုကြည့်ရင်း နင်ရှန်းချန် စိတ်ထဲ လေးစားမိသွားသလို ထိတ်လည်း ထိတ်လန့်မိသည်။ ထို့ကြောင့် ရင်တမမဖြင့် ဤနေရာတွင် ဆက်နေလျှင် ရင်ဆိုင်ရမည့် ကောင်းကျိုး၊ ဆိုးကျိုးများကို စတင် တွေးတော့လေသည်။

နောက်ဆုံး သူအထိတ်လန့်ရဆုံးကို ပြပါဆိုလျှင် နဂါးလိုဏ်ဂူတောင်အား ကာရံထားသည့် အစီအရင်ကိုသာ ပြရပေတော့မည်။ တန်ခိုးရှင်အဆင့် သုံးဆယ်ကျော်မှ နှစ်ရက်ဆက်တိုက် အဆက်မပြတ် တိုက်ခိုက်နေသည့်တိုင် အစီအရင်မှာ တုတ်တုတ်ပင်မလှုပ်၊ တန်ခိုးရှင်အဆင့်များ သက်သက်ပင် မဟုတ်၊ သူတော်စင်ဘုရင်အဆင့်များလည်း ပါပေသေးသည်။

ဤတောင်လေးသည် ထင်သလောက် မရိုးရှင်းပေ။

တောင်ပတ်လည်အား ကာရံထားသည့် အစီအရင်သည် သာမန် အစီအရင်ပညာရှင်တစ်ယောက် ခင်းကျင်းနိုင်သော အစီအရင်မျိုး မဟုတ်ချေ။

ဧကရာဇ်ဥယျာဉ်တွင် ရှိစဉ်က ရန်ကိုင်၏ စွမ်းဆောင်ရည်ကို ပြန်အမှတ်ရလိုက်သော်၊ နင်ရှန်းချန်လည်း အံကြိတ်၍သာ ဤနေရာတွင်သာ ဆက်နေရန် ဆုံးဖြတ်လိုက်လေသည်။ နဂါးလိုဏ်ဂူတောင်တွင် နေပြီး ထိုလူများနှင့်အတူ ကျူးကျော်လာသူများကို ပြန်တွန်းလှန် တိုက်ခိုက်ရပေမည်။ ဤတောင်တွင် သူမသိသေးသည့် အခြားသော ဝှက်ဖဲများလည်း ရှိနေနိုင်သေးသည်။

နင်းရှန်ချန် အလောင်းအစား လုပ်လိုက်ပေပြီ။

နဂါးလိုဏ်ဂူတောင် ဤပြဿနာ အရှုပ်အထွေးမှ ရှင်သန်နိုင်လိမ့်မည်ဟု သူလောင်းလိုက်သည်။ သူသာ လောင်းကြေးသွားနိုင်သွားပါက ရန်ကိုင်ဆီမှ ပန်းပဲမီးဖိုကို ငှားရမ်းဖို့ရာ ပို၍ လွယ်ကူသွားပေပြီ။ ထို့ကြောင့်သာ မဟုတ်လျှင် နင်ရှန်းချန် အစောကြီးကတည်းက ထွက်သွားလိုက်ပေသည်။

ထို့အတွက်ကြောင့်ပင် ဝူရီနှင့် ချင်းယွဲ့တို့ ရန်သူများနှင့် သွားတွေ့ရန် လုပ်သည့်အခါ နင်ရှန်းချန်လည်း သူလည်း လိုက်ပါရစေဟု တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရှဲ့လီ၏ မေးခွန်းကိုကြားသော် နင်ရှန်းချန်က ရယ်သွမ်းသွေးလျက် “မတွေ့ရတောင်တောင် ကြာပြီနော်၊ ရှောင်းရင်းရှဲ့။ ရောင်းရင်းရှဲ့ အရိပ်ခန်းမက ထွက်လိုက်တယ်ဆို”

“သိနေပြီးသားကို ဘာလို့ လာမေးနေတာလဲ ရောင်းရင်းရန်” ရှဲ့လီက နှာခေါင်းရှုံ့လိုက်သည်။ နင်ရှန်းချန်သည် လေလွင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သဖြင့် သူတန်ခိုးရှင်အဆင့် ဖြစ်လျှင်ပင် ရှဲ့လီ သူ့အား ဂရုမစိုက်ပါချေ။ နင်ရှန်းချန်အား စကားပြောလိုက်ရခြင်းမှာ သူတို့ ယခင်က တွေ့ခဲ့ဖူးသောကြောင့် ဖြစ်ပေသည် “ရောင်းရင်းနင်က ဒီရောက်နေမှတော့ ဒီရှဲ့ ရောင်းရင်းနင်ကို အကြံတစ်ခုပေးချင်တယ်၊ နားထောင်ချင်လား”

“အို၊ ရောင်းရင်းရှဲ့ ဘာများပြောချင်တာလဲ” နင်ချန်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

ရှဲ့လီသည် ချင်းယွဲ့နှင့် ဝူရီတို့အား တစ်ချက်ကြည့်လိုက်ပြီး နင်ရှန်းချန်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည် “ရောင်းရင်းနင်၊ အခုလက်ရှိ အခြေအနေကို မင်းနားလည်မှာပေါ့။ ငါတို့ ပေါင်းထားတဲ့ အင်အားစုတွေနဲ့ဆို ဒီတောင်လေး ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒီအစီအရင်သာ ပျက်စီးသွားပြီ ဆိုတာနဲ့ နဂါးလိုဏ်ဂူတောင်တစ်ခုလုံး သွားပြီပဲ။ နဂါးလိုဏ်ဂူတောင် ရောင်းရင်းနင်ကို ဘယ်လို အကျိုးအမြတ်တွေ ပေးထားလဲတော့ မသိဘူး။ ရောင်းရင်းနင်သာ အဲ့မိန်ကလေး နှစ်ယောက်ကို ဖမ်းပြီး ကျုပ်လက်ထဲ အပ်မယ်ဆိုရင် သူတို့ ပေးတာထက် ကျုပ်နှစ်ဆပေးမယ်။ ကျုပ်တောင်းဆိုတာက ရောင်းရင်းနင်အတွက် သိပ်မခက်လောက်ပါဘူး၊ ဟုတ်တယ်မလား”

ထိုစကားကို ကြားသော် နင်ရှန်းချန် မျက်ခုံးပင့်သွားပြီး ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်သည် “ရောင်းရင်းရှဲ့၊ ဒီနင်က ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက် မဟုတ်ပေမယ့် ဂျူနီယာ နှစ်ယောက်ကို နောက်ကနေ ချောင်းတိုက်ရလောက်တဲ့ အထိတော့ မကောက်ကျစ်သေးဘူး။ ဒီနင်သာ အဲ့လိုလုပ်လိုက်ရင် ကျုပ်လောက် စိတ်ဓါတ်အောက်တန်းကျတဲ့လူ ရှိတော့မှာ မဟုတ်ဘူး။ ဒီလောကကြီးမှာ ကျုပ်ကို လက်ခံချင်တဲ့ ဘယ်အင်အားစုမှလည်း ရှိတော့မှာ မဟုတ်ဘူး”

နင်ရှန်းချန်စကားကို ကြားသည့်အခါ ရှဲ့လီ မျက်နှာမဲ့သွား၏။ သူသည် နင်ရှန်းချန်အား ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ် ပြောလိုက်ခြင်း ဖြစ်သော်လည်း နင်ရှန်းချန်ကမူ အားလုံး ကြားအောင် အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောခဲ့သည်။

ရှဲ့လီ မျက်နှာမဲ့သွားသည်ကို ဂရုမစိုက်ဘဲ နင်ရှန်းချန်က ဆက်၍ ပြောလိုက်သည် “အစ်ကိုရှဲ့ ဘာာကိုမှ ချဲ့ကားပြီး ပြောနေစရာ မလိုဘူး။ ဒီကို လာပြဿနာရှာတဲ့ လူတွေ အများကြီး ရှိတာမှန်တယ်။ ဒါပေမယ့် ဒီအစီအရင်ဆိုတာ တစ်ရက်နှစ်ရက် အတွင်း ပျက်စီးသွားနိုင်တဲ့ အစီအရင်မျိုး မဟုတ်ဘူး။ ဒီလူအိုကြီး ဒီမှာနေတယ် ဆိုတာလည်း ငါ့ဘာသာ နေတာပဲ။ ဘယ်သူမှ ငါ့ကို ဖိတ်ခေါ်ထားတာ မဟုတ်ဘူး”

နင်ရှန်းချန် ပြောသည်ကိုကြားသော် ဝူရီနှင့် ချင်းယွမ်တို့ စိုးရိမ်သွားခဲ့ကြသည်။ နင်ရှန်းချန် ရှဲ့လီ ပြောသည့်အတိုင်း လုပ်လိုက်မည်ကို သူတို့ ကြောက်နေကြသည်။ တကယ်တော့ သူတို့သည် နင်ရှန်းချန်နှင့် မရင်းနှီးဘူး မဟုတ်လော။ သို့သော် နင်ရှန်းချန် ပြန်ပြောသည်ကို နားထောင်ပြီးနောက် သူတို့ စိတ်သက်သာရာ ရသွားခဲ့လေသည်။

ချန်ချီကမူ နင်ရှန်းချန်၏ ပခုံးကိုပုတ်၍ သည်းလှိုက်အူလှိုက် ရယ်မောလျက် “ရောင်းရင်းနင်၊ မင်းအခုလို ဆုံးဖြတ်လိုက်လို့ လုံးဝ နောင်တမရစေရဘူး”

ဟောင်အန်းကလည်း ပြုံးလျက် ဝင်ပြောလိုက်သည်။

ငါလည်း အဲ့လို ဖြစ်ပါစေလို့ မျှော်လင့်တာပဲ နင်ရှန်းချန်သည် အပေါ်ယံတွင်သာ တည်ငြိမ်ချင်ယောင် ဆောင်နေခြင်း ဖြစ်ပြီး စိတ်ထဲတွင်တော့ မုန်တိုင်းထန်နေပေပြီ။ ယခု ရှဲ့လီကို ပွင့်ပွင့်လင်းလင်း ငြင်းဆန်လိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် နဂါးလိုဏ်ဂူတောင်သာ ကျဆုံးသွားလျှင် သူလည်း အကျိုးဆက်ကို ရင်ဆိုင်ရပေတော့မည်။

ဝူရီသည် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် စပြောလိုက်သည် “စီနီယာတို့နဲ့ ကျွန်မတို့ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ဘာလို့ ကျွန်မတို့ နဂါးလိုဏ်ဂူတောင်ကို လာဒုက္ခပေးနေတာလဲ”

“ရန်ငြိုးမရှိဘူး၊ ဟုတ်လား” ထိုစကားကို ကြားလိုက်သည့်အခါ ရှဲ့လီက အသက်မပါသည့် ရယ်သံဖြင့် ရယ်မောလျက် “နင်တို့နဲ့ ဘာရန်ငြိုးမှမရှိဘဲ ငါနင်တို့ကို အလကားသက်သက် လာတိုက်ခိုက်တာလို့ ပြောချင်နေတာလား။ ငါနင်နဲ့ သောက်ပိုတွေ မပြောချင်ဘူး၊ ကောင်မလေး၊ ကိုယ့်အခြေအနေ ကိုယ်သိရင် ဒီအစီအရင်ကို မြန်မြန်ဖယ်လိုက်တော့၊ အဲ့လိုဆိုရင် ငါနင့်ကို အသက် ချမ်းသာပေးမယ်၊ မဟုတ်ရင်တော့…”

“မဟုတ်ရင် ဘာဖြစ်လဲ” ဝူရီက မျက်လုံးလေးပင့်လျက် ရှဲ့လီအား ပြန်စိုက်ကြည့်ကာ မေးလိုက်သည်။

ရှဲ့လီက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မဟုတ်ရင် ဒီအစီအရင် ပျက်စီးသွားတာနဲ့ ငါနင့်ကို အရှင်လတ်လတ် အရေဆုတ်မှာ”

“စီနီယာက အရမ်း စကားကြီးစကားကျယ် ပြောတတ်တာပဲနော်။ အခုလို မဟုတ်တာတွေ ပြောလို့ ကောင်းကင်က အပြစ်ပေးမှာ စီနီယာ မကြောက်ဘူးလား” ဝူရီက ခပ်သဲ့သဲ့လေး ရယ်လျက် ပြန်၍ လှောင်ပြောင်လိုက်လေသည်။ ထို့နောက် အခြားပညာရှင်များအား ဝေ့ကြည့်၍ ထပ်ပြောလိုက်သည် “စီနီယာတို့ အားလုံး အခုထွက်သွားဖို့ ဂျူနီယာ ပြောချင်တယ်။ အဲ့လိုဆိုရင် အခု ဖြစ်သွားတာတွေ အတွက် စီနီယာတို့ ကျွန်မတို့ အငြိုးထားမှာ မဟုတ်ဘူး။ ဒါပေမယ့် သတိပေးထားတာကို လျစ်လျူရှုထားဦးမယ် ဆိုရင်တော့ နောက်မှ ကျွန်မတို့ နဂါးလိုဏ်ဂူတောင်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့”

သူမပြောသည်ကို ကြားပြီးနောက် အပြင်တွင် ရှိနေသော တန်ခိုးရှင်အဆင့် ပညာရှင်အားလုံး ဝူရီအား အရူးတစ်ယောက်နှယ် ကြည့်လိုက်ကြသည်။

အစီအရင်အား နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း ဘာမှ မဖြစ်သည့်အတွက်ကြောင့် စိတ်ညစ်နေပါသည် ဆိုပါမှ ဝူရီသည် သူတို့အား ဒေါသပိုထွက်လာအောင် လာလုပ်နေသည်။

နဂါးလိုဏ်ဂူတောင်ကို လာတိုက်သည့် လူအားလုံးသည် ရန်ကိုင်နှင့် ရန်ငြိုးရှိလျှင်ရှိ၊ မရှိလျှင် အခြား ရည်ရွယ်ချက် ရှိသူများ ဖြစ်ကြသည်။ နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးမှ ကောင်မလေး တစ်ယောက်က ဖြဲခြောက်လိုက်သည့် အတွက်ကြောင့် ပြန်ပြေးလျှင် ရာဇဝင် ရိုင်းသွားနိုင်ပေသည်။ ဝူရီ၏ ခြိမ်းခြောက်စကားကြောင့် သူတို့ ကြောက်မသွားရုံမက ပို၍ သွေးဆူသွားခဲ့လေသည်။

အချို့ စိတ်ကြီးသည့် လူများဆိုလျှင် သူတို့၏ မှော်ရတနာကို ထုတ်၍ ဝူရီတည့်တည့်အား တိုက်ခိုက်ကြကုန်လေသည်။

ဘုန်း… ဘုန်း.. ဘုန်း…

အရံအတား၏ မျက်နှာပြင်ထက် အရောင် တလက်လက် တောက်ပသွားပြီး ပေါက်ကွဲသံများများ တရစပ် ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း ဝူရီမှာမူ အေးအေးလူလူပင်၊ အစောပိုင်းက တိုက်ခိုက်လိုက်သော ကျင့်ကြံသူများအား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည် “ရှင်တို့က ဆက်လုပ်ချင်မှတော့ တိုက်ပေါ့၊ နောက်မှ နောင်တမရစေနဲ့”

ပြောပြီးသည်နှင့် သူမလက်ကို ဝှေ့ရမ်းလိုက်ရာ မြူခိုးထုပြီး ပြန်လည် ထွက်ပေါ်လာပြီး သူမတို့အားလုံး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

“ခွေးမ၊ လာမောက်မာနေသေးတယ်၊ ငါမမိအောင်သာနေ၊ မိလိုကတော့ သေတာထက်ဆိုတာ ဘာလဲ သိသွားစေရမယ်” ဖားပြုပ်ကြီးတစ်ကောင်ပေါ်တွင် ထိုင်နေသော တန်ခိုးရှင်အဆင့် လူအိုကြီးက ရုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုလိုက်သည်။

ထိုလူအိုကြီးသည် အော့အန်ချင်စရာ ကောင်းလောက်အောင် ရုပ်ဆိုးလှသည်။ မျက်လုံးများသည် ပြူးထွက်နေပြီး နှာခေါင်းမှာ သိမ်းငှက်နှာကောင်းနှယ် ကောက်ကွေးနေသည်။ ခေါင်းမှာလည်း ပြောင်နေပြီး မျက်နှာတစ်ပြင်လုံး ကြွက်နို့ကဲ့သို့ အဖုများဖြင့် ပြည့်နေသည်။ ထို့အပြင် အရပ်ကလည်း သာမန်ထက် ခေါင်းတစ်လုံးစာလောက် ပိုပုသေးလေရာ သူထိုင်နေသော ဖားပြုပ်နှင့် အလွန်ကိုမှ ပနံသင့်နေတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၉၃)

ပြောစရာမလိုအောင်ပင် ထိုလူသည် သားရဲများ တောင်တန်းမှ ဖြစ်ပေသည်။ ရှဲ့လီခေါ်လာသည့် လူများအားလုံးသည် သူတို့လာသည့် အင်အားစုအား သိနိုင်သည့် မည်သည့် ဝတ်ရုံကိုမှ ဝတ်ဆင်မထားသော်လည်း အရူးသာ မဟုတ်လျှင် ထိုလူကြီး မည်သည့် အင်အားစုဖြစ်သလဲ ဆိုသည်ကို ပြောနိုင်ပေလိမ့်မည်။ အကြောင်းမှာ သားရဲများနှင့် တိုက်ခိုက်သော အင်အားစုဆို၍ အရိပ်ကြယ်ပေါ်တွင် သားရဲများတောင်တန်း တစ်ခုသာ ရှိသောကြောင့်ပင်။

ထိုလူကြီး တက်ထိုင်နေသည့် မျက်လုံးပြာဖားသည် အားကောင်းသော အဆင့်ကိုး မွန်းစတားသားရဲ တစ်ကောင် ဖြစ်သည်။ သူတို့ နှစ်ဦးသား ပေါင်းတိုက်ခိုက်မည် ဆိုပါက တန်ခိုးရှင် ဒုတိယအဆင့်နှင့်ပင် ယှဉ်တိုက်နိုင်ပေသည်။ ထိုလူသည် ရုပ်သာမဟုတ် စိတ်ဓါတ်ပါ မကောင်းမှန်း လူတိုင်းသိသည်။ စိတ်ဓါတ်သေးသိမ်ပြီး တဏှာကြီးသည့်အပြင် မိန်းမလှလေးများအား နှိပ်စက်၊ အရှက်ခွဲရသည်ကိုလည်း အလွန် နှစ်ခြိုက်မှန်း အားလုံးသိကြသည်။

ဝူရီသာ သူ့လက်ထဲ ရောက်သွားပါက မတွေးရဲစရာပင်။

“ဟဲဟဲ၊ အဲ့မိန်းကလေး နှစ်ယောက်က မဆိုးဘူးကွာ။ သူတို့ကို ဖမ်းနိုင်ရင် သွေးအစေခံတွေ လုပ်ပစ်လိုက်လို့ရတယ်” အနားရှိ သွေးရောင်အရှိန်အဝါနှင့် လူကြီးတစ်ဦးက ရက်စက်စွာ ပြုံးလိုက်သည်။ ထိုလူသည် သွေးနတ်ဆိုးကျောင်းတော်မှ ဖြစ်ပေသည်။

“ဒီအစီအရင်ကို မဖျက်စီးနိုင်ဘဲနဲ့ အပိုတွေ ပြောနေလည်း ဘာမှ ထူးမှာမဟုတ်ဘူး” ရှဲ့လီက မကျေမနပ်ဖြင့် ဝင်ပြောလိုက်သည်။ တောင်ပတ်လည်အား ကာရံထားသည့် အစီအရင်ကို မဖျက်စီးနိုင်သေးဘဲနှင့် လေပေါနေ၍လည်း ဘာမှ အသုံးဝင်မည် မဟုတ်ပေ။

သားရဲများတောင်တန်းမှ လူအိုကြီးက ညစ်ကျယ်ကျယ် ရယ်မောလျက် “အစကတော့ ဒီအကွက်ကို မသုံးမလို့ဘဲ၊ ဒါပေမယ့် ဒီခွေးမက သေလမ်းရှာချင်နေမှတော့ ငါလည်း သုံးပေးရတာပေါ့”

ပြောပြီးသည်နှင့် သူ့အမူအရာ ရုတ်ချည်းတည်ငြိမ်သွားခဲ့ပြီး သူတော်စင်ချီတို့ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတက်ထိုင်နေသည့် မျက်လုံးပြားသွေးဖားပြုပ်၏ ပါးနှစ်ဖက် ဖောင်းကားတက်လာပြီး ဖားအော်သံပြုလေသည်။

ရုတ်တရက် ပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင် အရှိန်အဝါ ကသောင်းအကနင်း ဖြစ်လာပြီး ထိုလူသားရဲ အတွဲဆီသို့ စတင် စီးဝင်လာကုန်ကြလေသည်။

လူအိုကြီး၏ အပြုအမူကို မြင်ပြီးနောက် ရှဲ့လီ၏ မျက်ဝန်းအစုံ တောက်ပသွားပြီး ချက်ချင်း လှမ်းမေးလိုက်လေသည် “သွေးဖားပြုပ်အဆိပ်မြူကို မင်းသုံးတော့ဖို့လား”

ထိုစကားကို ကြားသည့်အခါ အခြား တန်ခိုးရှင်အဆင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး လူအိုကြီးအား အံ့အားသင့် နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

သားရဲများတောင်တန်းမှ လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည် “သွေးဖားပြုပ် အဆိပ်မြူက ငါ့ကလေးလေးရဲ့ကိုယ်ပိုင် ပညာရပ်တစ်ခုပဲ။ ဒါပေမယ့် အဲ့ပညာရပ်ကို သုံးနိုင်တဲ့ အရေအတွက်က အကန့်အသတ်ရှိတယ်။ ငါတောင် အခုလိုမျိုး လုပ်ပေးနေတာကို မင်းတို့လည်း တကယ် ကြိုးစားပေးကြမယ်လို့ ငါမျှော်လင့်တယ်”

ပြောပြီးသွားသည်နှင့် လူအိုကြီးသည် နဂါးလိုဏ်ဂူတောင် အရံအတားဆီသို့ သွေးနီရောင်မြှားတစ်စင်း ထွေးထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့တက်ထိုင်နေသော သွေးဖားပြုပ်သည်လည်း အနက်ရောင် အဆိပ်များကို သွေးမြှားဆီသို့ မှုတ်ထုတ်လိုက်သည်။

သွေးနီရောင်မြှားနှင့် အနက်ရောင်အဆိပ်တို့ ရောစပ်သွားချိန် အနက်ရောင်မြူ အဖြစ်သို့ ပြောင်းလဲသွားပြီး အရံအတားဆီသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

ရှဲ… ရှဲ…

အရည်ပျော်သံနှင့်အတူ နဂါးလိုဏ်ဂူတောင်အား ကာထားသည့် အရံအတားသည် တဖျက်ဖျက် လက်လာသည်။ ထို့နောက် အရံအတား၏ မျက်နှာပြင် တဖြည်းဖြည်း အရည် ပျော်ကျသွားပြီး လူတစ်ကိုယ်စာ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်ကို အားလုံးကို မြင်လိုက်ရသည်။ အပေါက်မှာ သူ့ဘာသာ အလိုလို ပြန်ပိတ်သွားခဲ့သော်လည်း ယင်းအချက်သည် လူအိုကြီး၏ တိုက်ခိုက်မှု မည်မျှ အားကောင်းကြောင်းကို ပြသနေခဲ့သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း တန်ခိုးရှင် အယောက်(၃၀)မက ပူးပေါင်းတိုက်ခိုက်သည့်တိုင် အရံအတားပေါ်တွင် လူတစ်ကိုယ်စာ အပေါက် မဆိုထားနှင့် အပေါက်လေးတစ်ပေါက်ပင် ပေါက်အောင် မဖောက်နိုင်ခဲ့ကြချေ။ သို့သော်လည်း ယခုအချိန်တွင် သားရဲများ တောင်တန်းမှ လူအိုကြီးက တိုက်ကွက် တစ်ကွက်တည်းဖြင့် လုပ်ပြသွားခဲသည်။

အရံအတားသည် သူ့ဘာသာ အလိုလို ပြန်ကောင်းသွားလျှင်ပင် ထိုအပေါက်ကို ပြန်လည် ဖာထေးဖို့အတွက် အစီအရင်အနေဖြင့် စွမ်းအင် များစွာကို အသုံးပြုလိုက်ရပေလိမ့်မည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုများ တရစပ် ကျရောက်လာပါက အစီအရင် အမှန်တကယ် ပြိုကွဲပျက်စီးသွားနိုင်ပေသည်။

ထိုပညာရပ်ကို သုံးပြီးနောက် လူအိုကြီး၏ အမူအရာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။ သူစီးထားသည့် မျက်လုံးပြာ သွေးဖားပြုပ်မှာလည်း အနည်းငယ် ပိန်လှီသွားခဲ့လေသည်။ လူအိုကြီးသည် ဘာမှ ပြောမနေဘဲ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကိုထုတ်ဿ သွေးနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ကာ သူ့ရှေ့သို့ ပစ်ချပေးလိုက်သည်။ မျက်လုံးပြာသွေးဖားသည် ထိုဆေးလုံးကို လျှာဖြင့် လှမ်းဖမ်း၍ ချက်ချင်း မြိုချလိုက်သည်။

မျက်လုံးပြာသွေးဖားအတွက် ထိုဆေးလုံးသည် ပြန်လည် အားဖြည့်ဆေးတစ်မျိုး ဖြစ်ပေသည်။

“ကောင်းလိုက်တဲ့တိုက်ကွက်” ရှဲ့လီသည် ထိတ်လန့်မှုကို အကောင်းဆုံး ဖုံးကွယ်ရင်း ကျယ်လောင်စွာ ရယ်မောလျက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည် “အဲ့လိုဆိုမှတော့ ဒီရှဲ့လည်း တကယ် လုပ်ရတော့တာပေါ့”

ပြောပြီးသည်နှင့် ငွေရောင်တောက်နေသော ဓါးမြှောင်လေး တစ်ချောင်းကို ထုတ်လိုက်သည်။

“သက်တန့်ဖြူဓါးမြှောင်လား” ထိုဓါးမြှောင်ကို မြင်လိုက်ချိန် သားရဲများတောင်တန်းမှ လူအိုကြီး အံ့အားသင့်သွားခဲ့သည် “ရောင်းရင်းရှဲ့ အရံအတားတွေကို အထူးဖျက်စီးဖို့ လုပ်ထားတဲ့ မှော်ရတနာတစ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ရောင်းရင်းရှဲ့က တကယ်ကို ဘဝကံ အကျိုးပေးတာပဲ”

အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည်လည်း ထိုဓါးမြှောင်ကို လောဘတကြီး အကြည့်များဖြင့် ကြည့်လိုက်၏။

ရှဲ့လီက ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည် “ကံအကျိုးပေးတာ မဟုတ်ဘူး။ ငါဒါကို မတော်တဆ ရခဲ့တာ”

ပြောပြီးသည်နှင့် သူ့မျက်နှာတည်သွားပြီး ဓါးမြှောင်ထဲဿို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ရှဲ့လီစကားကို မည်သူမှ မယုံကြချေ။ သူတို့ သိထားသလောက် သက်တန့်ဖြူဓါးမြှောင်သည် အစီအရင်များ၊ အရံအတားများကို အထူး ဖျက်စီးရန်အတွက် ပြုထုပ်ထားသော မှော်ရတနာဖြစ်ကာ တန်ခိုးရှင် အလယ်အလတ် အဆင့် မှော်ရတနာတစ်မျိုး ဖြစ်သည်။ ကြယ်စီရင်စုထဲတွင် ထိုကဲ့သို့ မှော်ရတနာမျိုးသည် ဘာမှ မဟုတ်သော်လည်း အရိပ်ကြယ်ပေါ်တွင်မူ အတော်လေး အဖိုးတန်သည့် မှော်ရတနာ တစ်မျိုး ဖြစ်ပေသည်။

ရှားပါးသော ပစ္စည်းတစ်ခုသည် ပို၍ အဖိုးတန်တတ်သည်မှာ သဘာဝသာ ဖြစ်သည်။

ထို့အပြင် ထိုသက်တန့်ဖြူဓါးမြှောင်သည် မိသားစုငယ်လေး တစ်ခု၏ အမွေခံပစ္စည်းတစ်ခု ဖြစ်သည်။ ထိုဓါးမြှောင် ဘာကြောင့် ရှဲ့လီ လက်ထဲ ရောက်နေရသလဲ ဆိုသည်ကိုတော့ မည်သူမှ မသိပါချေ။ ရှဲ့လီ နိုင်ထက်စီးနင်း ပြုပြီး လုယူခဲ့ခြင်း ဖြစ်လောက်သည်။

မည်သို့ပင် ဆိုစေကာမူ ထိုအရာမှာ သူတို့ ကိစ္စမဟုတ်ပေ။ ထို့ကြောင့် ရှဲ့လီ၏ အပြုအမူသည် ရှက်စရာကောင်းသော်ငြား မည်သူမှ ထုတ်မပြောကြချေ။

ရှဲ့လီမှ သက်တန့်ဖြူဓါးမြှောင်ကို အသက်သွင်းလိုက်သည်နှင့် ဓါးမြှောင်လေးသည် အဖြူရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့လက်ထဲမှ ရုတ်တရက် ပျောက်ကွယ်သွားကာ နဂါးလိုဏ်ဂူတောင် အရံအတားရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

ဘန်းဆိုသော မြည်သံကြီးနှင့်အတူ ဓါးမြှောင်လေးသည် အရံအတားအား စက္ကူဖြူတစ်ရွက်နှယ် ထိုးဖောက်သွားခဲ့သည်။ အရံအား ဘာမှ မဖြစ်သွားဟန်ရသော်လည်း အရံအတား၏ စွမ်းအား သိသိသာသာ လျော့ကျသွားသည်ကို အားလုံး သေချာ သတိပြုမိလိုက်သည်။

သက်တန့်ဖြူဓါးမြှောင်သည် လေဟာနယ်စွမ်းအင် အချို့ကို အသုံးပြု၍ အရံအတားကို ထိုးဖောက်ပြီး အတွင်းတွင် ရှိနေသော အစီအရင်ကို အနှောင့်အယှတ်ပေးနိုင်သော အရံအတားဖောက် မှော်ရတနာတစ်မျိုး ဖြစ်သည်။

ထိုကဲ့သို့သော မှော်ရတနာများကို လက်ရှိ အရိပ်ကြယ်၏ မည်သည့် ပန်းပဲပညာရှင်မှ မပြုလုပ်နိုင်ကြချေ။ တစ်နည်းဆိုရသော် ထိုမှော်ရတနာသည်း ရှေးခေတ်ကတည်းက ရှိနေသည့် မှော်ရတနာတစ်မျိုး ဖြစ်သည်။

ရှဲ့လီမှ ထိုဓါးမြှောင်ဖြင့် အစီအရင်ကို အကြိမ်ကြိမ် တိုက်ခိုက်လိုက်ပြီးသည့်နောက်တွင် တောင်ပတ်လည်အား ကာရံထားသည့် အစီအရင်စွမ်းအား သိသိသာသာ လျော့ကျသွားခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် သွေးနတ်ဆိုးကျောင်းတော်၊ ပင်လယ်နှလုံးသားဂိုဏ်းနှင့် လူရီခေါ်လာသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ ဝှက်ဖဲများကို ထုတ်သုံး၍ အရံအတားကို တိုက်ခိုက်ကြတော့သည်။

တန်းခိုးရှင်အဆင့်သို့ ရောက်ထားသူအားလုံးတွင် ကိုယ်ပိုင် ဝှက်ဖဲတစ်မျိုးစီတော့ ရှိကြစမြဲပင်။ အကုန်လုံးသည် ရွက်ကြမ်း ရေကျိုများ မဟုတ်ကြဘဲ သေခြင်းရှင်ခြင်း တိုက်ပွဲ အလီလီကို ဆင်နွှဲပြီးမှ ဤအဆင့်သို့ ရောက်လာကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့၏ ဝှက်ဖဲများကို နောက်ဆုံး မဖြစ်မနေ ထုတ်သုံးရမည့် အချိန်မျိုးမှသာ ထုတ်သုံးလေ့ ရှိကြသည်။

တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်၏ ပူးပေါင်း တိုက်ခိုက်မှုအား တန်ခိုးရှင် တတိယအဆင့် တစ်ယောက်ပင် သေချာသတိထားရန် လိုအပ်သည်။

ထိုပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ကျောက်စိုက်ကျောက်သားနှယ် တုတ်တုတ်မျှ မလှုပ်ခဲ့သော တောင်အစီအရင် စတင် လှုပ်ခါလာသဖြင့် အကုန်လုံး ပို၍ စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။

တစ်ချိန်တည်းတွင် နဂါးလိုဏ်ဂူတော်ငမှ မိုင်ငါးဆယ် ဝေးကွာသော ကောင်းကင်ကံကြမ္မာမြို့တော်ထဲရှိ အဆောက်အဦး တစ်လုံး၏ ထိပ်ပိုင်းတွင် ဖေးကျီတုနှင့် ချင်းတုန်တို့သည် လက်ဖက်ရည်ခွက် အသီးသီးကို ကိုင်လျက် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

ချင်းတုန်နောက်တွင် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ရှိနေခဲ့သည်။ သို့သော် လူငယ်လေး နှစ်ယောက်မှာ လူအိုကြီး နှစ်ယောက်ကဲ့သို့ အေးအေးဆေးဆေးဖြင့် ရှိမနေဘဲ အနည်းငယ် စိတ်ပူစိုးရိမ်နေဟန် ပေါက်နေခဲ့သည်။

နဂါးလိုဏ်ဂူတောင်ဆီမှ အားကောင်းလှသော စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်ကို ခံစားမိလိုက်သည့်နောက် ဝေကုချန်း ငြိမ်မနေနိုင်တော့ဘဲ ပြောလိုက်တော့လေသည် “အကြီးအကဲ၊ ကျေးဇူးပြုပြီး ဒီတပည့်ကို သွားခွင့်ပေးပါနော်”

တုန်ရွှမ်းအာသည် ဘာမှမပြောခဲ့သော်လည်း သူမလည်း သွားချင်နေသည်မှာ မြင်လိုက်သည့်လူတိုင်း သိနိုင်ပေသည်။

သို့သော်လည်း ချင်းတုန်ကမူ ယဲ့ယဲ့လေးသာ ပြုံးလျက် လက်ဖက်ရည်ခွက်ကိုချကာ ဝေးကုချန်းဘက်သို့ လှည့်၍ ပြောလိုက်သည် “မင်းသွားရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ”

“တပည့် တန်ခိုးရှင်အဆင့်ကို ရောက်တာ သိပ်မကြာသေးဘူး ဆိုပေမယ့် အစ်ကိုရန်ကို နည်းနည်းပါးပါးလောက် ကူညီပေးနိုင်တယ်လေ။ အနည်းဆုံး ဒီအတိုင်း ထိုင်နေတာထက် အများကြီး ပိုကောင်းတယ်” ဝေကုချနး်က ပြန်ပြောလိုက်သည်။

ချင်းတုန်က မျက်ခုံးပင့်လျက် ရယ်ကျဲကျဲဖြင့် ပြန်မေးသည် “ငါဒီမှာ အလကားထိုင်ပြီး ပျော်နေတယ်လို့ မင်းထင်နေတာလား”

“မဟုတ်ပါဘူး”

“မင်းဘယ်လို ထင်လဲဆိုတာတောင် မပြောရဲဘူးလား”

ဝေကုချန်း အနည်းငယ် တွေဝေနေပြီးနောက် ရုတ်တရက် လက်သီးဆုပ်၍ ပြောလိုက်သည် “ပြောလို့ မလေမစား ဖြစ်သွားရင် တပည့်ကို ခွင့်လွှတ်ပေးပါ အကြီးအကဲ”

“ပြောသာပြော” ချင်းတုန် ခေါင်းညိတ်လိုက်သည်။

“အစ်ကိုရန် ကျုပ်နဲ့ရွှမ်းအာကို ကယ်ခဲ့တာကို မေ့ထားမယ် ဆိုရင်တောင် ဧကရာဇ်ဥယျာဉ်ထဲထိ သွားပြီး အကြီးအကဲကို ကယ်ခဲ့တာကိုတော့ မေ့ထားလို့ မရဘူးလေ။ အဲ့တစ်ချက်နဲ့တင် အကြီးအကဲ ထိုင်ကြည့်မနေသင့်တော့ဘူး။ ပြီးတော့ ရှဲ့လီဆိုတာ ဘာကောင်မို့လို့လဲ။ အစ်ကိုရန်ကို တိုက်ခိုက်အတွက်နဲ့ ကျုပ်တို့ အရိပ်လခန်းမဆီက ထွက်မယ်ဆိုပြီးတော့ လာလိုက်သေးတယ်။ အရိပ်လခန်းမဆိုတာ သူတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာမို့လိုလား။ ပြီးတော့ ရှဲ့ဟုန်ဝမ် ဆိုရင်လည်း အဲ့ကောင်ဘာကောင်မှန်း လူတိုင်းသိတယ်။ အစ်ကိုရန် သူ့ကို မသတ်ရင်တော့ တစ်နေ့နေ့တော့ ကျုပ်သူ့ကို သတ်မိမှာ။ ဒါကြောင့် ကျုပ်နဲ့ရွှမ်းအာကို သွားခွင့်ပေးပါ အကြီးအကဲ။ ကျုပ်နဲ့ ရွှမ်းအာက တန်ခိုးရှင်အဆင့်ကိုပဲ ရောက်သေးတယ် ဆိုပေမယ့် အဲ့လောက်နဲ့ ရှဲ့လီကို သတ်လို့ရတယ်”

“ရဲတင်းလိုက်တာ” ချင်းတုန် ဒေါသတကြီး ထအော်သည်။ သို့သော်လည်း မျက်နှာမှာမူ ပန်းပွင့်သလို ပြုံးဖြီးနေ၏။ ဝေကုချန်း၏ အပြုအမူနှင့်ပက်သက်၍ သူအတော်လေး ကျေနပ်မိနေသည် “ဒါဆိုရင် မင်းငါ့ကို ပြောပါဦး။ မင်းမှာ ရှဲ့လီကို သတ်ဖို့ ဘာအကြောင်းပြချက်ရှိလဲ။ သူအရိပ်လခန်းမက ထွက်သွားလို့ ဆိုတဲ့ အကြောင်းပြချက်လား”

“အဲ့လောက်နဲ့တင် မလုံလောက်ဘူးလား”

“ဒါပေမယ့် အဲ့ကိစ္စက စည်းကမ်းထိန်းသိမ်းရေးခန်မ အလုပ်လေ။ မင်းအလုပ်မှ မဟုတ်တာ”

“ဒါပေမယ့်…..”

“မင်းမှာ မိတ်ဆွေအများကြီး မရှိမှန်း ငါသိတယ်။ ရန်ကိုင်က မင်းရဲ့ ရှားရှားပါးပါး မိတ်ဆွေတွေထဲက တစ်ယောက်ပဲ။ ဒါကြောင့် သူဒုက္ခရောက်နေတာကို မင်းထိုင်မကြည်နေချင်တာ ငါသိတယ်။ ဒါပေမယ့်… သူကိုယ်တိုင်ကပဲ အရိပ်လခန်းမကို ရှဲ့မိသားစုနဲ့ သူ့ကိစ္စထဲ ဝင်မပါဖို့ ပြောခဲ့တာလေ”

“အခု နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်နေတာက ရှဲ့မိသားစု တစ်ခုတည်း မဟုတ်ဘူးလေ။ သွေးနတ်ဆိုးကျောင်းတော်၊ သားရဲများတောင်တန်း၊ တိမ်မီးတောက်တောင်ကြားနဲ့ ပင်လယ်နှလုံးသားဂိုဏ်းတွေ အကုန်ပါနေတာလေ…”

“အဲ့ဒါကို ငါသိတယ်။ ဒါကြောင့်ပဲ ရန်ကိုင် ဘယ်လို နည်းလမ်းသုံးပြီး ဒီပြဿနာကို ဖြေရှင်းမလဲ ငါစောင့်ကြည့်နေတာ။ သူသာ ဒီပြဿနာကို ဖြေရှင်းနိုင်ရင် ဒီကောင် တကယ်တော်တဲ့ ကောင် ဖြစ်သွားပြီ”

“ဒါပေမယ့် အစ်ကိုရန် မဖြေရှင်းနိုင်ရင်ကော” ဝေကုချန်းက ထပ်မေးလိုက်သည်။ အင်အားစုနှစ်ခုကြားရှိ ခွန်အား ကွာခြားချက်မှာ အလွန်ကြီးမားနေသဖြင့် ဝေကုချန်း ယုံကြည်ချက် မရှိသည်မှာလည်း အထူးအဆန်းမဟုတ်။ ဦးနှောက်ရှိသည့် လူတိုင်းသည် နဂါးလိုဏ်ဂူတောင်၏ ခွန်အားသည် သူတို့အား လာတိုက်နေသည့် အင်အားစုထက် အများကြီး နိမ့်ကျနေမှန်း မြင်တွေ့နိုင်ပေသည်။

“စိတ်လျှော့စမ်းပါ ကောင်လေးရာ၊ ချင်းအိုကြီး ဒီအတိုင်း အလကားသက်သက် ထိုင်ကြည့်နေမယ် ထင်နေလား” တစ်ချိန်ကုန် တိတ်ဆိတ်နေခဲ့သော ဖေးကျီတုက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူဝင်မရှုပ်ချင်သော်လည်း ထိုကောင်မှာ တကယ်ကို နားညီးလှသည်။ ပွဲကြီးပွဲကောင်းကို အေးအေးဆေးဆေး ကြည့်ချင်သည်ဆိုပါက ထိုကောင်က တကယ်ကို နားပူနားညံ လုပ်လွန်းလှသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၉၄)

ဝေကုချန်း ဖေးကျီတုကို အံ့ဩတကြီး လှည့်ကြည့်မိသည်။

ဖေးကျီတုက ရှင်းပြလိုက်လေသည် “ကောင်ကင်စုဝေခြင်း ခန်းမ အခုအချိန် လှုပ်ရှားမယ်လို့ မင်းထင်လား။ အခုအချိန်မှာ ငါတို့ဂိုဏ်းကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့ အင်အားစုတွေ အများကြီးပဲ။ ဧကရာဇ်ဥယျာဉ် ရုတ်တရက် ပွင့်လာပြီး ငါတို့ သူတို့ထက်ဦးအောင် ဝင်သွားမှာကို အကုန်လုံး ကြောက်နေကြတာ။ ဒီလို ဘာမှ အတိမ်းအစောင်းခံလို့ မရတဲ့ အချိန်မျိုးမှာ မင်းပြောသလို သွားလုပ်လိုက်ရင် ဟိုကောင်တွေကို ငါတို့အပေါ် အမြတ်ထုတ်ဖို့ သွားအခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပေါ့ကွ”

ထိုစကားကို ကြားသည့်အခါ ဝေကုချန်း၏ မျက်ဝန်းအစုံ တောက်ပသွားပြီး “မြို့သခင် ပြောချင်တာက…”

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းကင်စုဝေးခြင်း ခန်းမမှ ပညာရှင်များ တာဝန်အချို့ကြောင့် အပြင်ထွက်သွားမှန်း ဝေကုချန်း ကြားလိုက်ရသည်။ ယခု ဖေးကျီတု ထိုအကြောင်းကို အစဖော်လာရာ ဘာတွေဖြစ်ပျက်နေလဲ ဆိုသည်ကို ဝေကုချန်း ချက်ချင်း နားလည်သွားခဲ့သည်။

“ကောင်လေး၊ ခေါင်းသုံးတဲ့နေရာမှာ မင်းအများကြီး လိုသေးတယ်” ဖေးကျီတုက နှာခေါင်းရှုံ့လျက် လက်ဖက်ရည် တစ်ကျိုက် မော့သောက်လိုက်သည်။

ဝေကုချန်း ရှက်ရှက်နှင့် ပါးကိုပွတ်လျက် ချင်းတုန်အား ဦးညွှတ်၍ တောင်းပန်လိုက်လေသည် “အကြီးအကဲကို နားလည်မှု လွဲသွားတဲ့အတွက် တပည့်ကို ခွင့်လွှတ်ပေးပါး…”

“ဟားဟားဟား” ချင်းတုန်က သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “ငါ့ကိုတောင် ဆန့်ကျင်ပြီး မင်းမိတ်ဆွေအတွက် ရပ်တည်ပေးရဲတဲ့ သတ္တိကို ငါကတယ် လေးစားတယ်။ မဟုတ်ရင် ငါမင်းကို စိတ်ပျက်သွားမိမှာ။ ငါ့အတွက် လာထည့်ပေးဦး။ ဒီနေ့ တကယ်ကို ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ရမယ်”

“ဟုတ်ကဲ့” ဝေကုချန်း ချက်ချင်း ကရားကို ကိုင်လိုက်ပြီး ချင်းတုန် ခွက်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ ထို့နောက် တုန်ရွှမ်းအာဘေးတွင် ပြန်ရပ်နေလိုက်လေသည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယခု နှစ်ယောက်စလုံး စိတ်အေးသွားကြရလေပြီ။ ယခင်လို စိုးရိမ်မနေကြတော့ပေ။

ကောင်းကင်စုဝေးခြင်းခန်းမသည် အရိပ်လခန်းမ၏ အထူး အင်အားစုတစ်ခုဖြစ်သည်။ ထိုခန်းမတွင် အဖွဲ့ဝင်များစွာ မရှိလှဘဲ ခြောက်ဆယ်သာရှိသည်။ သို့သော်လည်း တစ်ယောက်ချင်းစီသည် သူတော်စင်ဘုရင် ပထမအဆင့်မှ တန်ခိုးရှင်ပထမအဆင့် အတွင်းရှိ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့ လေ့ကျင့်ထားသည့် ကျင့်စဉ်၊ ပညာရပ်များကြောင့် ကောင်းကင်စုဝေးခြင်း ခန်းမဝင်များသည် အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ကြပေသည်။ အရေးအကြီးဆုံး အချက်သည်ကား ကောင်းကင်စုဝေးခြင်းခန်းမ အဖွဲ့ဝင်များသည် အုပ်စုလိုက်တိုက်ပွဲဝင်ပုံကို လေ့ကျင့်ထားကြခြင်းပင်။ ထို့ကြောင့် အဖွဲ့လိုက် စုတိုက်ရသည့်အခါ သာမန်ထက်ပင် ပိုမိုသာလွန်သော ခွန်အားကို ထုတ်ဖော်နိုင်ကြပေသည်။

ကောင်းကင်ခန်းမစုဝေးခြင်း အင်အားစုတစ်ခုလုံး ပူးပေါင်း တိုက်ခိုက်မည်ဆိုပါက တန်ခိုးရှင် တတိယအဆင့်ကိုပင် ရင်ဆိုင်နိုင်ပေသည်။

ထို့ကြောင့် ကောင်းကင်စုဝေးခြင်းခန်းမမှ အဖွဲ့သားများ စေလွှတ်ထားကြောင်း ကြားလိုက်ရချိန် ဝေကုချန်း၏ စိုးရိမ်မှုတို့ နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားခဲ့ရသည်။ နဂါးလိုဏ်ဂူတောင်၏ ဆန်းကြယ်လှစွာသော အစီအရင် မဆိုထားနှင့်၊ ကောင်းကင်စုဝေးခြင်းခန်းမမှ အဖွဲ့သာများ သက်သက်နှင့် ထိုဓါးပြတစ်သိုက်အား ကြောက်ချေးပါသွားအောင် လုပ်နိုင်ပေသည်။

သို့သော်လည်း ထိုသို့လုပ်ရန်… အကြီးအကဲချင်း စွန့်ထားရသည်။ ဘက်ပေါင်းစုံမှ ဖိအားပေးခံနေရချိန် သူတို့ ထိုသို့ လှုပ်ရှားလိုက်မှန်းသာ အခြားသူများ သိသွားပါ အခြားသူများ သူတို့အပေါ် နှိပ်ကွပ်နိုင်မည့် အခွင့်အရေးတစ်ခု ပေးလိုက်သလို ဖြစ်သွားပေမည်။

ဧကရာဇ်ဥယျာဉ်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အရိပ်လခန်းမှ ကျဉ်းထဲကြပ်ထဲ ရောက်ခဲ့ရသည်။

ဖေးကျီတုနှင့် ချင်းတုန်တို့ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေချိန် မိုင်ဒါဇင်ကျော် ဝေးကွာသော လူသူမရှိသည့် တောင်တစ်လုံးပေါ်တွင် ရုပ်ကြည်းကြည်း လူအိုကြီးတစ်ယောက် လက်ပိုက်လျက် နဂါးလိုဏ်ဂူတောင်အား စိုက်ကြည့်နေသည်။ သူ့အမူအရာသည် ရှေးဟောင်းကန်ရေပြင်နှယ် တည်ငြိမ်နေကာ သူ့မျက်နှာထက် မည်သည့် စိတ်ခံစားချက် အရိပ်အယောင်ကိုမှ မမြင်ရပေ။

သူ့ဘေးတွင်ကား နဂါးခေါင်းထိပ်ပါသော တုတ်ကောက် တစ်ချောင်းကိုင်ထားသည့် အဘွားအိုကြီးတစ်ယောက် ရှိနေသည်။ အဘွားအိုကြီးသည် အချိန်မရွေး သေတော့မည့် လူမမာ တစ်ယောက်နှယ် ထင်ရပြီး ခဏခဏလည်း ချောင်းဆိုးနေ၏။ မိန်းမငယ်လေး တစ်ယောက်သည် အဘွားအိုကြီး လက်တစ်ဖက်ကို ကိုင်၍ သူမအား ထောက်ကန်ပေးထားလေသည်။

လူအိုကြီးသည် သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲ ကျင်းရှီမှ အခြားမဟုတ်ဘဲ အဘွာကြီးသည်ကား သားရဲများ တောင်တန်းမှ အဘွားကြီးဖုန်း ဖြစ်ပေသည်။

သူတို့ ဘာကြောင့် ဤနေရာသို့ ရောက်နေရလဲ ဆိုသည်မှာ ရှင်းရှင်းလေးပင်။ နှစ်ယောက်စလုံးသည် ဆန်းယင်ရွှေအား လိုချင်နေသူများ ဖြစ်ကြသဖြင့် နဂါးလိုဏ်ဂူတောင်အား တောက်လျှောက် စောင့်ကြည့်နေကြသည်။ နဂါးလိုဏ်ဂူတောင် ပျက်စီးသွားပြီး ရန်ကိုင် အသတ်ခံလိုက်ရပြီ ဆိုသည်နှင့် ဆန်းကြယ်ရွှေကို ရရန်အတွက် နှစ်ယောက်စလုံး စတင် လှုပ်ရှားကြပေလိမ့်မည်။

သူတို့ မလှုပ်ရှားရသေးခြင်းမှာ အခြားသူ၏ ပိုင်နက်သို့ လာပြီး ဂျူနီယာများကို အနိုင်ကျင့်လျှင် အများပြောစရာ ဖြစ်မည်ဖြစ်သလို အရိပ်လခန်းမကလည်း ကြိုက်မည် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

“စီနီယာအစ်မဖုန်း၊ ဒီကျင်း ကမ်းလှမ်းတာကို လက်မခံချင်ဘူးလား။ စီနီယာအစ်မဖုန်းသာ ဆန်းယင်ရွှေကို လက်လျှော့ပေးမယ်ဆိုရင် ဒီကျင်း စီနီယာအစ်ဖုန်းရဲ့ တောင်းဆိုချက် သုံးခုကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးတယ်”

ကျင်းရှီက ထိုကဲ့သို့ ပြောလာသော်လည်း အဘွာကြီးဖုန်းက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည် “ဟွန့်၊ ကျင်းအိုကြီး၊ ငါ့ကို အဲ့လိုမျိုး ရင်းရင်းနှီးနှီးကြီး လာမခေါ်နဲ့။ နင်တို့ သွေးနတ်ဆိုး ကျောင်းတော်နဲ့ ငါတို့ သားရဲများတောင်တန်းက မဟာမိတ်တွေ မဟုတ်ဘူး။ နင်နဲ့ငါကလည်း ဂျူနီယာ၊ စီနီယာတွေ မဟုတ်ဘူး။ ဒီလိုလုပ်မလား၊ နင်ဆန်းယင်ရွှေကို လက်လွှတ်လိုက်၊ ငါနင့် တောင်းဆိုချက် သုံးခုကို ပြန်ဖြည့်ဆည်းပေးမယ်”

စကားဖြင့် ပြောနေ၍ သိပ်ထူးမည် မဟုတ်မှန်း နှစ်ယောက်လုံး သိပေသည်။ ဆန်းယင်ရွှေကို ရသွားသည့်လူသာ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာပေလိမ့်မည်။

ကျင်းရှီ မျက်လုံးမှေးစဉ်းသွားပြီး မျက်နှာ အနည်းငယ် မဲ့သွားခဲ့သည်။ သို့သော်လည်း ခဏလောက် စဉ်းစားပြီးနောက် ရယ်သွမ်းသွေး၍ “ကျုပ်ကမ်းလှမ်းချက်ကို စီနီယာအစ်မဖုန်း ဘာလို့ ဒီလောက် ခါးခါးသီးသီး ငြင်းဆန်နေတာလဲ။ ဒီကျင်း သိသလောက်ဆို စီနီယာအစ်မက အတော်လေး အသက် ကြီးနေပြီ။ နောက်ထပ် ဘယ်လောက်မှ နေရတော့မှာ မဟုတ်တာကို ဘာလို့ ဆန်းယင်ရွှေကို လိုချင်နေရသေးတာလဲ”

“ငါအသက်ကြီးနေပြီ ဆိုရင်တော့ အနည်းဆုံးတော့ နင့်ထက်စောပြီး မသေဘူးလို့ အာမခံနိုင်တယ်”

“အဟမ်း… ငြင်းခုံနေလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး” ငြင်းနေ၍လည်း အချိန်ကုန်ရုံသာ ရှိမည်မှန်း ကျင်းရှီ ရုတ်တရက် နားလည်လိုက်သည်။ ထို့ကြောင့် ပြဿနာကို တစ်ခါတည်း ရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည် “ငါတို့ လက်ရည်ဖလှယ်ပြီး နိုင်တဲ့လူ ဆန်းယင်ရွှေကို ယူဆိုရင်ကော စီနီယာအစ်မဖုန်း ဘယ်လိုထင်လဲ”

“ငါနင့်ကို ကြောက်မယ် ထင်နေလား” အဘွားအိုကြီးဖုန်း၏ ကိုင်းနေသောခါ ချက်ချင်း ဖြောင့်သွားပြီး အားကောင်းလှသော တိုက်ပွဲဝင်လိုစိတ်တို့ သူမဆီမှ ဖြာထွက်လာခဲ့လေသည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် “နင်ရဲ့ ရွှေတောင်သွားနတ်ဆိုး ပညာရပ် ဘယ်လောက် အစွမ်းထက်လဲ ငါလည်း မြင်ချင်နေတာနဲ့ အတော်ပဲ”

ပြောပြီးသည်နှင့် တိုက်ခိုက်လိုစိတ် ပြင်းပြစွာဖြင့် ကျင်းရှီကို ကြည့်လိုက်သည်။ ဘွားတော်ကြီးဖုန်းသည် အသက်ရလာပြီ ဖြစ်သော်ငြား သူမ ငယ်ရွယ်စဉ်က အလွန်ကိုမှ စိတ်ဆတ်သည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။ အသက်ကြီးလာသည့်တိုင် ဒေါသကြီးသည့် စရိုက်မှာမပျောက်သေးချေ။ ရက်စက်သည့် သူမ၏ စရိုက်သည် အသက်ရလာသည်နှင့် ပို၍ အားကောင်းလာခဲ့သည်။

ကျင်းရှီသည် သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ရွှေတောင်ပံနတ်ဆိုးပညာရပ်ကို ကျင့်ကြံထားကာ အားကောင်းသည့် အသက်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် ကျင်းရှီသည် အဘွားကြီးဖုန်း ကဲ့သို့ စိတ်ဆတ်သည့် လူတစ်ယောက်ဖြစ်သည်။ အဘွားကြီးဖုန်းမှ စိန်ခေါ်လာသည်ကို သူမည်သို့ ငြိမ်ခံနေမည်နည်း။ ထိပ်တန်း တန်ခိုးရှင်အဆင့် တစ်ယောက် ဖြစ်သည်နှင့် နည်းနည်းလေးမှ ငြိမ်ခံနေမည် မဟုတ်ချေ။

ပညာရှင်နှစ်ယောက်ဆီမှ မမြင်နိုင်သော ဖိအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ သူတို့နောက်တွင် ရပ်နေသော တပည့်များ ကြောက်လန့်တကြား နောက်ဆုတ်မိလိုက်ကြသည်။

အဘွားကြီးဖုန်းဘေးတွင် ရပ်နေသော မိန်းမငယ်လေးလည်း ခြေမခိုင်ချင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း အခြား တပည့်များ ကဲ့သို့ နောက်သို့ ဆုတ်မသွားခဲ့ဘဲ အဘွားကြီးဘေးတွင် ဆက်၍ ကြံ့ကြံ့ခံ ရပ်နေနိုင်ခဲ့သည်။

“အဘွားနဲ့ စီနီယာကျင်းတို့ စိတ်ထိန်းကြပါဦး” အမျိုးသမီးက သူမ၏ ဆံပင်ကို နောက်သို့ သပ်တင်၍ ကူကယ်ရာမဲ့စွာ ရယ်လျက် “နဂါးလိုဏ်ဂူတောင်ရဲ့ အစီအရင်က ပျက်စီးသေးတာ မဟုတ်ဘူး။ အခုကို ဆန်းယင်ရွှေကို သူယူမယ်၊ ငါယူမယ် လုပ်နေတာကိုသာ အပြင်လူတွေ မြင်သွားရင် ရယ်ကုန်ကြလိမ့်မယ်။ ပြီးတော့ အဘွားနဲ့ စီနီယာကျင်းတို့ နှစ်ယောက်စလုံးက အရိပ်ကြယ်ရဲ့ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ၊ ထိပ်တန်း ကျင့်ကြံသူတွေ ကြားက တိုက်ပွဲက ရက်နည်းနည်းလောက်နဲ့ ပြီးသွားမယ့် တိုက်ပွဲမျိုးလည်း ဟုတ်မှမဟုတ်တာ”

သူမ ဘာပြောချင်နေလဲ ဆိုသည်ကို ကျင်းရှီနှင် အဘွားကြီးဖုန်း နားမလည်ဘဲ ဘယ်နေမည်နည်း။ နှစ်ယောက်စလုံးသည် စိတ်ဆတ်သည့် လူများ ဖြစ်သည့် အတွက်ကြောင့် တစ်ယောက်က ရန်စလာသည့်အခါ အခြား တစ်ယောက်က ဆတ်ဆတ်ထိမခံဘဲ ပြန်တုန့်ပြန်မိခြင်းသာ ဖြစ်သည်။ မိန်းကလေး ပြောသည်ကို ကြားပြီးနောက် ကျင်းရှီက ရယ်မောလျက် “နင်ပြောတာမှန်တယ်၊ ကောင်မလေး၊ နင့်နာမည် ဘယ်လိုခေါ်လဲ”

ပြောနေရင်း သူ့အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည်။

ထိုဖိအား မရှိတော့သည့်အခါမှပဲ မိန်းကလေးလည်း နေရထိုင်ရ ပိုအဆင်ပြေသွားခဲ့သည်။ ကျော့ရှင်းစွာ ဦးညွှတ်၍ ပြန်ပြောလိုက်သည် “တပည့်နာမည်က ဖုန်းယန်ပါ”

“ဖုန်းယန်” ကျင်းရှီ မျက်မှောင်ကြုတ်သွားပြီး အဘွားကြီးဖုန်းကို မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်ရာ အဘွားကြီး ဖုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “သူက ငါ့မြေးပဲ။ ငါ့မြေးကို ထိဖို့ နည်းနည်းလေးတောင် မစဉ်းစားနဲ့။ မဟုတ်ရင် ငါနင်နဲ့ သူသေကိုယ်သေတိုက်မှာ”

ကျင်းရှီ အနည်းငယ် ကသိကအောက် ဖြစ်သွားပြီး အရှက်ပြေ ချောင်းဟန့်လျက် “သူလို့ ဂျူနီယာတစ်ယောက်ကို ငါဘာကြံရမှာလဲ။ အသက်ငယ်ငယ်လေးနဲ့ သူ့ကျင့်ကြံခြင်းအဆင့် ဘာလို့ ဒီလောက် မြင့်လဲ စဉ်းစားနေတာ လတ်စသတ်တော့ စီနီယာအစ်မဖုန်းရဲ့ မျိုးဆက်ဖြစ်နေတာကိုး။ စီနီယာအစ်ဖုန်းနဲ့ ငါသာ မတိုက်ခိုက်ဘူးဆိုရင် ဆန်းယင်ရွှေကို ဘယ်သူပိုင်မလဲ ဘယ်လို ဆုံးဖြတ်ရမှာလဲ။ နင်က အကြံပေးတဲ့ လူဆိုမှတော့ နင့်မှာ စဉ်းစားပြီးတာ တစ်ခုခုရှိမှာပေါ့၊ ဟုတ်တယ်မလား”

ဖုန်းယန်က ပြုံးလျက် “စီနီယာကျင်းရှေ့မှာ ဒီဂျူနီယာ ဘယ်လိုလုပ်ပြီး ဆရာကြီး ဝင်လုပ်ရဲမှာလဲလို့”

“ကြောက်မနေနဲ့၊ ပြောသာပြောလိုက်၊ ငါနင့်ကို အပြစ်မတင်ဘူး” ကျင်းရှီက ပြန်ပြောလိုက်သည်။

ဖုန်းယန်သည် အဘွားကြီးဖုန်းဆီ လှမ်းကြည့်လိုက်ရာ သူမ ခေါင်းညိတ်ပြသည်ကို မြင်သော် သူမ၏ အစီစဉ်ကို ရှင်းပြလိုက်လေသည် “အဲ့လိုဆိုမှတော့ ဒီဂျူနီယာ ပြောရတာပေါ့။ အဘွားနဲ့ စီနီယာကျင်းတို့ တိုက်ခိုက်ပြီး ဒီပြဿနာကို ဖြေရှင်းမယ် ဆိုတာက အဖြေတစ်ခု မဟုတ်သေးဘူး။ တစ်ခုခုသာ ဖြစ်သွားရင် ကျွန်မတို့ ဂိုဏ်းနှစ်ဂိုဏ်းဆုံး ကျဉ်းထဲကြပ်ထဲ ရောက်သွားမှာ။ အခု ဧကရာဇ်ဥယျာဉ်က ပေါ်လာနေပြီ။ ဘယ်အချိန် ဖွင့်မလဲ ဘယ်သူမှ မသိကြဘူး။ ဒါကြောင့် အခုလိုအချိန်မျိုးမှာ မိတ်ဆွေရှိတာက ရန်သူရှိတာထက် အများကြီး ပိုကောင်းတယ်”

ထိုစကားကို ကြားသော် ကျင်းရှီ ခေါင်းတညိတ်ညိတ် ဖြစ်သွား၏။ အဘွားကြီးဖုန်း၏ မျက်နှာ အမူအရာမှာလည်း အတော်လေး ပျော့ပျောင်းသွားလေသည်။

“ခေါင်းဆောင်နှစ်ယောက် ထိပ်တိုက်တွေ့ဖို့ အဆင်မပြေပေမယ့် တပည့်ချင်းကတော့ အဆင်ပြေလိမ့်မယ်။ ကျွန်မတို့ဂိုဏ်းက တပည့်တွေကို နဂါးလိုဏ်ဂူတောင်ကို သွားတိုက်ခိုက်ခိုင်းပြီး ဆန်းယင်ရွှေကို ဘယ်သူပိုင်မလဲ ဆုံးဖြတ်ခိုင်းလို့ရတယ်။ သားရဲများတောင်တန်းက တပည့်တွေ ဆန်းယင်ရွှေကို ရသွားပြီး အဘွားအပိုင်ပေါ့။ သွေးနတ်ဆိုး ကျောင်းတော်က ရသွားမယ်ဆိုရင်တော့ စီနီယာကျင်း အပိုင်ပေါ့၊ ဘယ်ိုလဲ”

“အို” ကျင်းရှီသည် ဖုန်းယန်အား ယဲ့ယဲ့လေးပြုံးကြည့်လျက် “နင်တို့ သားရဲများတောင်တန်းက တပည့်တွေအပေါ် နင်အဲ့လောက် ယုံကြည်နေတာလား”

ဖုန်းယန်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “စီနီယာကျင်းကကော ကိုယ့်ဂိုဏ်းက တပည့်တွေအပေါ် ယုံကြည်ချက် မရှိလို့လား”

ကျင်းရှီ၏မျက်လုံး မှေးစဉ်းသွားပြီး ရုတ်တရက် အော်ဟစ် ရယ်မောလျက် “ကောင်မလေး၊ ငါ့ကို မခံချင်အောင် လာစွနေစရာ မလိုဘူး။ ငါ့တပည့်တွေကို ငါယုံကြည်ပြီးသား။ ကောင်းပြီလေ၊ နင့်အကြံကို ငါသဘောတူတယ်။ ဒါပေမယ့် နင်စကားက စီနီယာအစ်မဖုန်းကို ကိုယ်စားပြုနိုင်လို့လား”

“ယန်အာ ပြောတာကို ငါသဘောမတူစရာ အကြောင်းမရှိဘူး” အဘွားကြီးဖုန်းသည် သူမ၏ တုတ်ကောက်နှင့် မြေကြီးကို အသာအယာ ခေါက်လျက် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆိုမှတော့ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ထို့နောက် နှစ်ယောက်သား ကတိကဝတ် ပြုလိုက်ကြသည်။ ပြောပြီးသည်နှင့် နှစ်ယောက်စလုံး စကားမပြောကြတော့ပဲ နဂါးလိုဏ်ဂူတောင် ဆီသို့သာ ပြုံးလျက် ကြည့်နေလိုက်ကြသည်။

နှစ်ယောက်စလုံး သူတို့တပည့်အပေါ် ယုံကြည်ကြပေသည်။

နဂါးလိုဏ်ဂူတောင် အဝိုင်းခံထားရသည်ကို စောင့်ကြည့် နေကြသည့်လူများမှာ ချင်းတုန်၊ ဖေးကျီတု၊ ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့သာ မဟုတ်ကြပဲ အခြား အားကောင်းသည့် အင်အားစုများပါ စောင့်ကြည့်နေကြလေသည်။

ရတနာစံအိမ် လေလံပွဲ ပြီးသွားသည်မှာ သိပ်မကြာသေး သဖြင့် ရောက်လာသည့် အင်အားစုများအားလုံး မပြန်ရသေးပ။ ယခုအခွင့်အရေးကိုသုံး၍ ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ချင်၏။ သို့သော်လည်း ရက်အတော်ကြာသည့်တိုင်း ဘာမှ မဖြစ်သေးသဖြင့် ထိုပညာရှင်များ နည်းနည်း စိတ်ညစ်ပျင်းရိလာခဲ့သည်။ သို့သော် သူတို့ အပျင်းမပြေရအောင် ကောင်းကင်မှ စီစဉ်ပေးလိုက်သည့် နှယ် ပြပွဲကောင်းတစ်ခု ရုတ်တရက် ပေါ်လာလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၉၅)

နဂါးလိုဏ်ဂူတောင်အား ကာရံထားသည့် အရံအတား၏ မာကျောမှုကို စောင့်ကြည့်နေသူများ အထူး စိတ်ဝင်စားနေမိသည်။ ပြောစရာမလို‌အောင်ပင် အရိပ်ကြယ်၏ ထိပ်တန်း အင်အားစုများပင် နဂါးလိုဏ်ဂူတောင် ပတ်လည်အား ကာရံထားသည့် အစီအရင်ကို တပ်မက်မိနေကြလေပြီ။

နဂါးလိုဏ်ဂူတောင်ကဲ့သို့ အင်အားစုလေး သေးသေးလေး တစ်ခုသည် ထိုမျှ အားကောင်းလှသော အကာအကွယ် အစီအရင်ကို ပိုင်ဆိုင်ထားသည်။ လက်ရှိ အားလုံးစိတ်ထဲ၌ ကြုံနေရသည့် မေးခွန်း တစ်ခုသည်ကား ထိုအစီအရင်ကို မည်သူ ခင်းကျင်းခဲ့သနည်း ဆိုသည့်မေးခွန်းပင်။ နဂါးလိုဏ်ဂူတောင် ဘာဖြစ်ဖြစ် မည်သူမှ ဂရမစိုက်သော်ငြား အစီအရင်အား ခင်းကျင်းသွားသည့် ပညာရှင်ကိုမူ သူတို့ ဂရုစိုက်ပေသည်။ သူတို့သာ ထိုအစီအရင် ပညာရှင်ကို အချိန်မှီ ကယ်တင်နိုင်လျှင် သူတို့ အင်အားစုထဲ ခေါ်သွင်းနိုင်သည်။

အကုန်လုံး ထိုကဲ့သို့ စီစဉ်နေကြခြင်းပင်။ သို့သော်လည်း ဝင်မပါသေးဘဲ ရှဲ့မိသားစုကိုသာ ဦးဆောင်ခိုင်းစေလိုက်သည်။

တစ်ချိန်တည်းတွင်၊ နဂါးလိုဏ်ဂူတောင်အတွင်း၌၊ ဝူရီနှင့် ချင်းယွဲ့တို့ ဖြူဖတ်ဖြူလျော် အမူအရာဖြင့် နောက်သို့ အလိုလို ဆုတ်သွားမိလိုက်ကြသည်။

အစောပိုင်းက သူတို့နှစ်ယောက် လူရှေ့ထွက်ပြီး သွားဆွေးနွေးရန် ကြိုးစားနေစဉ် ကြောက်လန့်သည့် အမူအရာ နည်းနည်းလေးမှ လုပ်မပြဘဲ တည်ငြိမ်ချင်ယောင် ဆောင်ခဲ့၏။ သို့သော်လည်း သူတို့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ပညာရှင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရရာ သူမတို့ ဖိအားမဝင်ဘဲ ဘယ်နေမည်နည်း။ သူတို့အား ပို၍ ပြဿနာဖြစ်စေသည်ကား ရန်ကိုင်ရော၊ ယန်ယန်ပါ ဤနေရာတွင် ရှိမနေခြင်းပင်။

နဂါးလိုဏ်ဂူတောင်၏ အစီအရင်များအကြောင်းကို ဝူရီ နားလည်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ယခုနေ သူမ အလွန်ကိုမှ ထိတ်လန့်ချောက်ခြားနေမိပေလိမ့်မည်။

နဂါးလိုဏ်ဂူတောင်၏ အစီအရင်များ အကြောင်းကို ကိုယ်တိုင် ခင်းကျင်းခဲ့သော ယန်ယန်ပြီးလျှင် သူမ အသိဆုံး ဖြစ်သည်။ ရန်ကိုင်ပင်လျှင် ထိုအစီအရင်များအကြောင်းကို သူမလောက် မသိချေ။ ယန်ယန် ထိုအစီအရင်များကို ခင်းကျင်းနေစဉ် သူမမှ လိုက်လံ ကူညီပေးခဲ့သည့် အတွက်ကြောင့် ယခုလောက် သိနေရခြင်း ဖြစ်လေသည်။

ထို့အတွက်ကြောင့် စိတ်ထဲ အနည်းငယ် စိုးရိမ်နေသာ်ငြား တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဆုတ်လာနိုင်ခဲ့သည်။

သိုသော်လည်း ထိုအစီအရင်ပေါ် မှီခိုခြင်းသည် ရေရှည်အတွက် အလုပ်မဖြစ်ပေ။ တောင်အစီအရင်သည် အလွန်ကိုမှ မာကျောလျှင်ပင် ထိုမျှ ပညာရှင်အများကြီး၏ တရစပ်တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ ထို့ကြောင့် ရန်ကိုင်၊ ယန်ယန်တို့နှင့် မြန်မြန် ဆက်သွယ်နိုင်ပါစေဟုသာ ဝူရီ ဆုတောင်းနေရတော့သည်။ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်နှင့် ဆက်သွယ်နိုင်သရွေ့ အဆင်ပြေပေပြီ။

ကံမကောင်းစွာဖြင့် ထိုနှစ်ယောက် ဘယ်သွားလဲ သူမ မသိသလို သူတို့ မည်သည့်အချိန် ပြန်လာမလဲ ဆိုသည်ကိုလည်း သူမ မသိချေ။

သူမ စတင် စိုးရိမ်စပြုလာနေစဉ်မှာပဲ ချင်းယွဲ့ သူမ၏ ဆက်သွယ်ရေး မှော်ရတနာကို ရုတ်တရက် ထုတ်လိုက်သည်။ အထဲသို့ ကောင်းကင်စိတ်အာရုံးထည့်သွင်းလိုက်ပြီး မကြာမီ ပြုံးလျက် ပြောလိုက်လေသည် “ရန်ကိုင်နဲ့ ယန်ယန် ပြန်လာပြီ”

“တကယ်လား” ဝူရီ အလွန်ပျော်သွားပြီး ချက်ချင်း အသေးစိတ် ထပ်မေးလေသည်။

“ဟုတ်တယ်၊ အခုပဲ ငါ့ကို သတင်းပို့လိုက်တာ”

“သူတို့ အခုဘယ်မှာလဲ” လှည့်ပတ်ကြည့်လိုက်သော်လည်း ရန်ကိုင်နှင့် ယန်ယန်တို့၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ဝူရီက ထပ်မေးလိုက်လေသည်။

“သူတို့ လူသတိမထားမိလောက်တဲ့ တစ်နေရာရာမှာ ရှိနေတယ်။ လူတွေအများကြီး ရှိနေလို့ အခြားသူတွေ သတိ မပြုမိအောင် ခိုးဝင်လာဖို့ အဆင်မပြေဘူးတဲ့။ ဒါကြောင့် သူတို့ ပြန်မလာသေးတာ။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ”

“ဒါပေမယ့် အစီအရင်ကို ပိတ်လိုက်ဖို့ ငါ့ကိုပြောတယ်။ ပြီးတော့ အကုန်လုံးကို လိုဏ်ဂူထဲမှာ ပုန်းခိုင်းထားလိုက်တဲ့။ သူတို့ ပုန်းနေတဲ့အချိန် ဧည့်အကြီးအကဲချန်နဲ့ ဟောင်တို့က ရန်သူကို ရင်ဆိုင်တဲ့။ သူနဲ့ယန်ယန် အခွင့်အရေးရှာပြီး ဝင်လာခဲ့မယ်တဲ့”

“အဲ့လိုဆိုတော့..” ဝူရီ အတွေးနက်သွားခဲ့သည်။ နင်ရှန်းချန်မှန် လွဲ၍ အခါးလုံး တည်ငြိမ်နေခဲ့သည်။

ဒီကောင် ရူးသွားတာလား။ အာလို့ အဲ့လိုလုပ်ရတာလဲ နဂါးလိုဏ်ဂူတောင်သို့ သူရောက်သည်မှာ မကြာသေးသော်လည်း ဤနေရာတွင် ရှိနေသည့် လူအများစုသည် သူတော်စင်နှင့် သူတော်စင်များသာ ဖြစ်ကြသည်။ မသေမျိုးအဆင့်များပင် ရှိနေသေးသည်။ တန်ခိုးရှင်အဆင့်ဆို၍ ချန်ချီနှင့် ဟောင်အန်းသာ ရှိ၏။

သူတို့အား လာတိုက်ခိုက်နေသည့် အဖွဲ့ထဲတွင်မူ တန်ခိုရှင်အဆင့် အယောက်သုံးဆယ်ကျော် ပါဝင်ပြီး အတော် များများသည် တန်ခိုးရှင် ဒုတိယအပဆင့်များ ဖြစ်ကြသည်။

သူတော်စင်ဘုရင်အဆင့်ဆိုလျှင် အယောက်နှစ်ရာကျော်ပင် ပါလေသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် နဂါးလိုဏ်ဂူတောင် အနေဖြင့် တောင်ပတ်လည်အား ကာရံထားသည့် အစီအရင်ကို သုံး၍ နည်းနည်းလောက် ဆက်တောင့်ခံသင့်သည်။ သူတို့သာ အစီအရင်ကို ပိတ်လိုက်မည်ဆိုလျှင် မျှော်လင့်ချက်မရှိသည့် တိုက်ပွဲကို တိုက်ဖို့သာ ရှိတော့ပေလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် ကိုယ်သေတွင်း ကိုယ်တူးခြင်းနှင့် ဘာခြားတော့မည်နည်း။

ရန်ကိုင်သည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည် ဆိုလျှင်ပင် သူတစ်ယောက်တည်းနှင့် လက်ရှိ အခြေအနေကို မပြောင်းနိုင်ပေ။

ရန်ကိုင်၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နင်ရှန်းချန် မည်သို့မှ မစဉ်းစားတတ်အောင် ဖြစ်နေခဲ့သည်။ သူမေးတော့မည်အပြု ဝူရီက တည်တည်ငြိမ်ငြိမ်ဖြင်ပြုံးလျက် ပြောလိုက်သည် “အဲ့လိုဆိုမှတော့ သူပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ အဲ့သူတောင်းစားတွေကို ငါတို့ နဂါးလိုဏ်ဂူတောင် နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ အချိန် တန်ပြီ”

သူမစကားကို ကြားသည့်အခါ နင်ရှန်းချန် ကိုယ့်လျှာ ကိုယ်ပြန် ကိုက်လုမတတ် ဖြစ်သွားခဲ့လေသည်။

ထို့နောက် ချင်းယွဲ့သည် အခြားသူများအား ရန်ကိုင်၏ လိုဏ်ဂူစံအိမ်ထဲတွင် သွားပုန်းနေရန် ညွှန်ကြားတော့လေသည်။ လိုဏ်ဂူစံအိမ်အား ဖွင့်နိုင်သည့် တံဆိပ်ပြားသာ မရှိသရွေ့ ရန်ကိုင် လိုဏ်ဂူစံအိမ်၏ အရံအတားကို မည်သူမှ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။ ရန်ကိုင် စံအိမ်ကို ကာရံထားသည့် အစီအရင်သည် တောင်ကို ကာရံထားသည့် အစီအရင်ထက်ပင် ပို၍ အားကောင်းပေသေးသည်။

ရန်ကိုင်က အမိန့်ပေးလိုက်ပြီးနောက် ရန်ကိုင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို ဝူရီ ချက်ချင်း နားလည်လိုက်သည်။

ချင်းယွဲ့ဆီမှ အမိန့်ရလိုက်သည်နှင့် နဂါးလိုဏ်ဂူတောင်ထဲ၌ ရှိနေသော အခြား ကျင့်ကြံသူအားလုံး လိုဏ်ဂူစံအိမ်ဆီသို့ အပြေး သွားကြတော့သည်။ မျက်တောင်တစ်ခတ်အတွင်း ချန်ချီ၊ ဟောင်အန်း၊ ချင်းယွဲ့၊ ဝူရီနှင့် နင်ရှန်းချန်တို့သာ ကျန်တော့လေပြီ။

ရန်ကိုင် ပြောသည့်အတိုင်း လုပ်ပြီးသွားသည်နှင့် ဝူရီသည် နင်ရှန်းချန်အား မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ နင်ရှန်းချန်နှင့် ပက်သက်၍ သူမ မည်သို့လုပ်ရမှန်း မသိပါချေ။

နင်ရှန်းချန်အား လိုဏ်ဂူစံအိမ်ထဲ ဝင်နေခိုင်း၍ မဖြစ်ချေ။ ထိုနေရာသည် ရန်ကိုင် ကျင့်ကြံသည့် နေရာဖြစ်ကာ အဖိုးတန် လျှို့ဝှက်ချက်များစွာ ရှိနေသည့် နေရာလည်း ဖြစ်သည်။ ထိုနေရာရှိ အဖိုးတန် ရတနာများကို အစီအရင်များဖြင့် ဖုံးကွယ်ထားသော်ငြား နင်ရှန်းချန်သာ ရတနာတစ်ခုခုကို မတော်တဆ ရှာတွေ့သွားပါက လုံးဝ ပြဿနာ တက်ပေလိမ့်မည်။

နင်ရှန်းချန်အား ထွက်သွားခိုင်းဖို့ကျလည်း မဖြစ်ပြန်။ ယခုလေးတင် နင်ရှန်းချန်သည် နဂါးလိုဏ်ဂူတောင် ဘက်တွင် နေမည်ဟု လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ သူမသာ ယခုအချိန် သူအား မောင်းထုတ်လိုက်လျှင် ကျေးဇူးမသိတတ်ရာ ရောက်ပေလိမ့်မည်။ ထို့အပြင် နဂါးလိုဏ်ဂူတောင်အား ရန်သူ များစွာ ဝိုင်းထားသဖြင့် နင်ရှန်းချန် ထွက်သွားမည် ဆိုလျှင်ပင် ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

ဝူရီ ခေါင်းကိုက်ချင်လာလေပြီ။

ကံကောင်းစွာဖြင့် နင်းရှန်းချန် ဝူရီ ဘာနှင့် ပက်သက်၍ ခေါင်းရှုပ်နေလဲ ချက်ချင်း နားလည်သွားပြီး အလျင်အမြန် ပြောလိုက်လေသည် “ငါ့ကို ခိုင်းစရာရှိရင် ခိုင်းနော်။ ငါ့ခွန်အားက သိပ်မမြင်ဘူးဆိုပေမယ့် ငါကူညီနိုင်ရင် ကူညီပေးမယ်”

နင်ရှန်းချန် အလောင်းအစားလုပ်ရပ် ထပ်ဆုံးဖြတ်လိုက်လေပြီ။

ဝူရီနှင့် အခြားသူများ ဘာကြောင့် ထိုမျှ ယုံကြည်ချက် ရှိနေလဲ ဆိုသည်ကို သူမသိသော်လည်း သူတို့ကို မြင်ပြီးနောက် သူပါ အလိုလို တည်ငြိမ်သွားခဲ့သည်။ နဂါးလိုဏ်ဂူတောင် သူမသိသေးသည့် အခြား ဝှက်ဖဲများ ရှိနေသည်မှာ ဖြစ်နိုင်ပေသည်။

ထို့အပြင် လူအများရှေ့တွင် ရှဲ့လီအား ဆန့်ကျင်၍ နဂါးလိုဏ်ဂူတောင်ဘက် ရပ်တည်လိုက်သဖြင့် ယခုနေမှ ပြန်ဆုတ်ချင်လျှင်ပင် ဆုတ်လို့ရတော့မည် မဟုတ်ပေ။

နင်ရှန်းချန်သည် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည်။ တစ်ခါတစ်ရံ သူကြုံခဲ့ရသည့် အခြေအနေများသည် လက်ရှိ အခြေအနေထက်ပင် ပိုအန္တရာယ်များသေးသည်။ ထို့ကြောင့် အရင်းအနီးကြီးလျှင် ဆုကြီးကြီး ရတတ်သည် ဆိုသော စကား၏ အဓိပ္ပါယ်ကို နင်ရှန်းချန် ကောင်းကောင်း နားလည်၏။

ယခုအချိန်သည် သူမည်သူ့ဘက် နေမလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြရမည့် အချိန်ကောင်း ဖြစ်သည်။

နဂါးလိုဏ်ဂူတောင် ကျူးကျော်တိုက်ခိုက်လာသည့် အင်အားစုများကို မနိုင်လျှင်ပင် သူထွက်ပြေးနိုင်ပေသေးသည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် နင်ရှန်းချန် အရဲစွန့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“စီနီယာနင်က တောင်းဆိုမှတော့ ဒီဂျူနီယာလည်း ယဉ်ကျေးမနေတော့ဘူးနော်။ အဆင်ပြေရင် စီနီယာနင် ဧည့်အကြီးအကဲချန်နဲ့ ဧည့်အကြီးအကဲဟောင်တို့နဲ့အတူ ရန်သူတွေကို သွားတိုက်ခိုက်ပေးထားပါလား။ ဒီဂျူနီယာ အထဲဝင်သွားနားလိုက်ဦးမယ်။ စီနီယာတို့ အဆင်ပြေပါစေနော်” ပြောပြီးသည်နှင့် ဝူရီသည် လက်သီးဆုပ်ကာ လေးလေးစားစား ဆုတောင်းပေးလိုက်ပြီးနောက် လိုဏ်ဂူစံအိမ်ထဲသို့ ဝင်သွားလေသည်။

ဝူရီသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိနေသးသည့် အတွက် ယခုကဲ့သို့ တိုက်ပွဲမျိုးတွင် ဘာမှ လုပ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

နင်ရှန်းချန်သည် နောက်တစ်ကြိမ် ပါးစပ်ဟောင်းလောင်း အမူအရာဖြင့် မှင်သက်အံ့ဩပြီး ကျန်ရစ်ခဲ့ရပြန်လေသည်။

ဝူရီတွင် အစီအစဉ် တစ်ခုခု ရှိနေလိမ့်မည် ထင်ထားခဲ့သော်ငြား သူ့အား ရန်သူနှင့် ထိပ်တိုက် သွားရင်ဆိုင်ခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တကယ်ကို တာဝန်ခံမှု ကင်းမဲ့လိုက်ခြင်းပင်။

ငါ့သေတွင်း ငါတူးမိပြီနဲ့တူတယ် နင်ရှန်းချန် အလွန်ကိုမှ နောင်တရနေလေပြီ။

ထိုစဉ် ချန်ချီက သူ့ပခုံးကိုပုတ်၍ ရယ်ရယ်မောမောဖြင့် “အခုလို ဆုံးဖြတ်ခဲ့တဲ့အတွက် ရောင်းရင်းနင် နောက်ပိုင်း ကျိန်းသေ ပျော်ရလိမ့်မယ်”

ဒီစကားပဲ လာပြန်ပြီ အမွှေးတိုင်တစ်ချောင်းစာ အတွင်း ချန်ချီသူ့အား ဤကဲ့သို့ စကားမျိုး နှစ်ကြိမ်တိုင်တိုင် ပြောခဲ့သည်။ နဂါးလိုဏ်ဂူတောင်တွင် မည်သို့သော ဝှက်ဖဲများ ရှိနေ၍ သူ့ဆုံးဖြတ်ချက်နှင့် ပက်သက်ပြီး ပျော်ရမည်နည်း။ ယခု လောလောဆယ်အထိတော့ သူအလွန်ကိုမှ မိုက်မဲသော ဆုံးဖြတ်ချက်ကို ချလိုက်မိသည်ဟု ခံစားနေရသည်။ နင်ရှန်းချန် ငိုချင်နေမိသော်ငြား မျက်ရည်က ထွက်မလာခဲ့ပေ။

“ဟောင်အိုကြီး၊ မင်းမှာ လရောင်ဆမ်းဝိုင် နှစ်ပုလင်း ရှိတယ်မလား” ချန်ချီသည် တစ်ခုခုကို မှတ်မိသွားသည့်အလား ဟောင်အန်းဘက်သို့ လှည့်မေးလိုက်လေသည်။

“မင်းဘာပြောချင်နေတာလဲ” ဟောင်အန်း ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။

ချန်ချီက အပြုံးကြီးပြုံးလျက် “မင်းနဲ့ငါ မိတ်ဆွေဖြစ်နေတာ ဒီလောက်ကြာပြီ။ ငါဘာပြောချင်လဲ မင်းနားမလည်ဘူးလား”

ဟောင်အန်းက ရိုးသားဖြောင့်မတ်သည့် ပုံစံဖြင့် “အရင်အကြိမ် ဝူရီလေး ဆယ်ပုလင်း ပြန်သယ်လာတုန်းက တစ်ယောက် ငါပုလင်းစီရတာလေ။ မင်းပုလင်းတွေကို မင်းအကုန် သောက်ပစ်ပြီးတော့ ကုန်တော့မှ ငါ့လာ လာမျက်စောင်း ထိုးနေတာလား။ ငါ့ဟာတွေကို မင်းလိုချင်တိုင်း ယူလို့ရမယ် ထင်နေတာလား”

“ငါတို့တွေက တစ်မိသားစုတွေတည်းလေကွာ၊ ဘာလို့ ဒီလောက် စိမ်းကားနေရတာလဲ။ ပြီးတော့ ရောင်းရင်းနင်လည်း ပါမှာပဲကို မင်းဒီလောက် ကပ်စေးနဲမနေသင့်ဘူးလေ။ ဟောင်အိုးကြီးရာ၊ ထုတ်လိုက်စမ်းကွာ။ ရန်သူတွေကို သွားမသတ်ခင် ငါတို့ အတူတူ သောက်ကြရအောင်” ချန်ချီက ထပ်တွန်းအားပေးလိုက်သည်။

ဟောင်အန်း ချန်ချီအား အံကြိတ်၍ ဒေါသတကြီး စိုက်ကြည့်နေပြီးနောက် သက်ပြင်းအရှည်ကြီးတစ်ချက် ချလျက် “ငါ့လခွမ်း၊ ငါ့ဝိုင်နှစ်ပုလင်းကို မင်းမျက်မှောင်းထိုးနေမှန်း ငါသိသားပဲ။ ဒါပေမယ့် ရောင်းရင်းနန်ပါ ပါနေတယ် ဆိုမှတော့ ငါကပ်စေးနဲမနေတော့ပါဘူးလေ”

ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ဝိုင်နှစ်ပုလင်းကို ထုတ်လိုက်လေသည်။

ချန်ချီ ပျော်ရွှင်စွာ ရယ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ သစ်သီးအချို့ ထည့်ထားသော ပန်းကန်အချို့ကို ထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ဟောင်အန်းသည် လရောင်ဆမ်းဝိုင်ကို သုံးတွက်တိတိ တစ်ခွက်စီ ငှဲ့လိုက်ပြီး အလွန်ကိုမှ ပင်ပန်းနွမ်းနယ်သွားသည့် အမူအရာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။

တစ်ချိန်တည်းတွင် ချန်ချီသည် နင်ရှန်းချန်အား လက်ယပ်‌ ခေါ်လိုက်ပြီး စားပွဲပေါ်ရှိ ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည်။ ထို့နောက် ဟောင်အန်းအား ထပ်ထည့်ပေးရန် ပြောလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း နင်ရှန်းချန်၏ အမူအရာကြီး ရှုံ့မဲ့နေလေသည်။ သူတကယ်ကို နားမလည်နိုင်တော့ပေ။ ဤမျှ အားကောင်းလှသော ရန်သူများ သူတို့တံခါး လာခေါက်နေသည့်တိုင် ထိုလူများ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဝိုင်ထိုင်သောက်နိုင်သေးသည်။ သူတို့ သေရမည်ကို တကယ် မကြောက်သည်လား။

အချိန်အတော်ကြာ တွေဝေတုန့်ဆိုင်းနေပြီးနောက် နင်ရှန်းချန် သက်ပြင်းချ၍ မေးလိုက်လေသည် “ရောင်းရင်းချန်နဲ့ ရောင်းရင်းဟောင်၊ မင်းတို့ အဆင်ပြေမယ်ဆိုရင် အပြင်ဘက်က ရန်သူတွေကို ဘယ်လို ပြန်တွန်းလှန်မလဲ ငါ့ကို ပြောပြလို့ရမလား။ ငါတို့ သုံးယောက်တည်းနဲ့ အဲ့လောက်များတဲ့ ရန်သူတွေကို ဘယ်လို တိုက်ရမှာလဲ”

ထိုစကားကို ကြားသည့်အခါ ချန်ချီနှင့် ဟောင်အန်းတို့ အချင်းချင်းကြည့်ကာ ထရယ်ကြလေသည်။

ထိုအခြင်းအရာကို မြင်သော် နင်ရှန်းချန်စိတ်ထဲ ဒေါသထွက်သွားပြီး စိုးရိမ်တကြီး ထပ်မေးလေသည် “ငါစကားထဲမှာ ရယ်စရာပါလို့လား”

ချန်ချီက သူ့လက်ကို ဝှေ့ရမ်း၍ ရုပ်ကိုတည်လျက် ပြန်ပြောလိုက်သည် “အစ်ကိုနင် နဂါးလိုဏ်ဂူတောင်ကို ရောက်တာ မကြာသေးလို့ မသိသေးတာ။ ဒါပေမယ့် ငါတို့ကလည်း အများကြီး ဖွင့်ပြောလိုက်လို့ မဖြစ်ဘူး။ ဒါကြောင့် အစ်ကိုနင် အဲ့သူခိုးတွေ ဘယ်လို သေမလဲဆိုတာ စောင့်သာကြည့်နေလိုက်။ အခုလို ဝိုင်သောက်တယ် ဆိုတာလည်း သေရတော့မှာကြောင့် နောက်ဆုံး အကြိမ်အဖြစ် သောက်နေတာ မဟုတ်ဘူး။ ကြိုပြီး အောင်ပွဲခံတဲ့ အနေနဲ့ သောက်တာ။ ဒီဝိုင်းတစ်ပုလင်းကို သူတော်စင် သလင်းကျောက် တစ်သိန်းတန်တယ်။ အစ်ကိုနင် အခွင့်အရေး ရတုန်း စမ်းကြည့်သင့်တယ်နော်”

All Chapters