အခန်း (၁၃၉၆-၁၄၀၀)
Vol. 56 Ch. 1396-1400
အပိုင်း (၁၃၉၆)
နင်ရှန်းချန် အလွန်ကိုမှ အံ့အားသင့်နေရလေပြီ။ လရောင်ဆမ်းဝိုင်၏ ဈေးနှုန်းကြောင့်တော့ မဟုတ်၊ လရောင်ဆမ်းဝိုင် အလွန်ကိုမှ ဈေးကြီးကြောင်းကို ယခင်ကလည်း ကြားဖူးထားသည်။ သူအံ့အားသင့်နေရသည်ကား ချန်ချီ၏ ယုံကြည်ချက်ကိုပင်။
ချန်ချီသည် ကျူးကျော်လာမည့် လူအားလုံးကို လုံးဝ မျက်လုံးထဲ မထည့်ချေ။
ခဏကြာပြီးနောက် နင်ရှန်းချန် အံကြိတ်လိုက်ပြီး စိတ်ခိုင်ခိုင်ထားကာ နှာခေါင်းရှုံ့လျက် ထိုင်ချလိုက်လေသည် “ကောင်းပြီလေ။ မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူတာလား၊ ရန်သူတွေကိုပဲ မျှားခေါ်နေတာလား ငါကြည့်ရသေးတာပေါ့”
ချန်ချီနှင့် ဟောင်အန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည် “အဲ့လို ဖြစ်သင့်တာ”
ပြောပြီးသည်နှင့် နင်ရှန်းချန်၏ခွက်ထဲ ဝိုင်ဖြည့်ပေးလိုက်၏။
အတွေးပေါင်းစုံတို့နှင့်အတူ လူအိုကြီး သုံးယောက်သည် အသီးများကို စားရင်း ဝိုင်သောက်နေခဲ့ကြသည်။ သူတို့ဆီသို့ တရိပ်ရိပ် ချဉ်းကပ်လာနေသော ရန်သူများကို သတိမပြုမိကြ။
လိုဏ်ဂူစံအိမ်ထဲတွင်၊ ဝူရီသည် တပည့်များကို နေရာ ချထားပေးပြီးသွားသည်နှင့် တစ်ပြိုင်နက် ချင်းယွဲ့ ရှိနေသည့် သီးခြား အခန်းတစ်ခုထဲ ဝင်သွားလိုက်ကာ ရွှေရောင်တစ်ဝက်၊ ငွေရောင်တစ်ဝက် ရောစပ်နေသော အဝိုင်းပြားလေး တစ်ပြားကို သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။
ထိုအဝိုင်းပြားလေးကို ရှေ့ချလိုက်ပြီးနောက် ဝူရီက အလေးအနက် အမူအရာဖြင့် “အစ်မချင်းယွဲ့၊ ဒါက နဂါးလိုဏ်ဂူတောင်ရဲ့ အစီအရင်တွေကို ထိန်းချုပ်တဲ့ ထိန်းချုပ်ပြားပဲ။ ကျွန်မ တစ်ယောက်တည်းနဲ့ အစီအရင်တွေ အကုန်လုံးကို ထိန်းချုပ်နိုင်မှာလည်း။ အစ်မချင်းယွဲ့လည်း နည်းနည်းလောက် ကူညီပေးပါလား”
“ရတယ်လေ” ချင်းယွဲ့ ခေါင်းညိတ်လိုက်သည်။
အဝိုင်းပြားလေးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် ရွှေရောင်နှင့် ငွေရောင်တို့သည် အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် စတင် လှည်ပတ်လာလေရာ အခန်း တစ်ခန်းလုံး လင်းထိန်သွားခဲ့လေသည်။
ဝူရီ၏ အမူအရာ လေးနက်သွားခဲ့ပြီး အော်ဟစ်လိုက်လေသည် “ပွင့်လိုက်စမ်း”
အဝိုင်းပြားပေါ်ရှိ ရွှေရောင်နှင့်ငွေရောင် ပေါင်းစပ်သွားပြီး မျက်မှောင်တစ်ခတ်အတွင်း ၎င်းတို့ ရှိနေခဲ့သည့် နေရာအသီးသီးသို့ ပြန်ဆုတ်သွားကြလေသည်။
တစ်ချိန်တည်းတွင်၊ ရှဲ့လီ ဦးဆောင်သည့် တန်ခိုးရှင်အဆင့် သုံးဆယ်ကျော်သည် အစီအရင်အား ဆက်တိုက်ခိုက်နေကြသည်။ အကုန်လုံး သူတို့၏ ဝှက်ဖဲအသီးသီးကို ထုတ်သုံးကြပြီးနောက် အစီအရင်၏ အရောင်မှာ သိသိသာသာ မှိန်ကျသွားခဲ့လေပြီ။
“အားလုံး နည်းနည်းလောက် ဆက်လုပ်ထားတော့၊ အစီအရင် ပျက်စီးသွားတော့မယ်” ရှဲ့လီ၏ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ တဖျက်ဖျက် လက်သွားခဲ့သည်။ သူ၏ သက်တန့်ဖြူဓါးမြှောင်သည်လည်း အစီအရင်အား တရစပ် တိုက်ခိုက်နေခဲ့သည်။
ရှဲ့လီ သတိပေးနေစရာပင် မလို။ အခြား ပညာရှင်များလည်း အစီအရင်ကို မြင်ရုံနှင့် သိပေသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည် ဆိုပါက တောင်ကို ကာကွယ်ထားသည့် အစီအရင်သည် နောက်ထပ် နေ့တစ်ဝက်လောက်ပင် ခံတော့မည် မဟုတ်ပေ။
အစီအရင် ပျက်စီးတော့မည် ဖြစ်သည့် အတွက်ကြောင့် အကုန်လုံး စိတ်အားတက်ကြွသွားကြပြီး ပို၍ အားစိုက်ကာ တိုက်ခိုက်ကြတော့လေသည်။
အဆက်မပြတ် ပေါက်ကွဲသံများနှင့်အတူ အလင်းရောင်တို့ တဖျက်ဖျက် လင်းဖြာတောက်ပနေခဲ့သည်။
ရုတ်တရက် တဝူဝူ မြည်သံနှင့်အတူ နဂါးလိုဏ်ဂူတောင်၏ အရံအတား အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့လေသည်။
တန်ခိုးရှင်အဆင့် သုံးဆယ်ကျော်၏ တိုက်ခိုက်မှုများသည် အစီအရင် ရှိနေခဲ့သည့် နေရာကို ဖြတ်ကျော်သွားပြီး အခြား နေရာများကို သွားရောက် ထိမှန်သွားလေသည်။
“ပျက်စီးသွားတာလား” ဖားပြုပ်ပေါ်တွင် ထိုင်နေသော သားရဲများတောင်တန်းမှ လူအိုကြီး အံ့အားသင့်တကြီး မျက်ခုံး ပင့်လိုက်သည်။ အစီအရင်သည် ပုံမှန်အတိုင်းဆို နည်းနည်းလောက် ဆက်တောင့်ခံနိုင်သင့်ပေသေးသည်။ ထိုသို့ဆိုလျှင် ဘာကြောင့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားရသနည်း။
“သူ့ဘာသာ ပိတ်သွားတာနဲ့ ပိုတူသလိုပဲ” သွေးနတ်ဆိုး ကျောင်းတော်မှ လူအိုကြီးက နဂါးလိုဏ်ဂူတောင် အတွင်းပိုင်အား မသင်္ကာသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
“ဟန့်၊ ခုခံနေလို့လည်း ဘာမှ အကျိုးမထူးမှန်း သိလို့ သူတို့ဘာသာ ပိတ်လိုက်ပြီး ထွက်ပြေးဖို့ ချောင်းနေတာ နေမှာ” တစ်ယောက်ယောက်က ဝင်ပြောလိုက်သည်။
သို့သော် သူပြောသည်ကို ထောက်ခံသဘောတူသည့်လူ များများစားစား မရှိပေ။ သို့သော်လည်း တစ်ဖက်သည် သူတို့၏ အကာအကွယ် အစီအရင်ကို သူတို့ဘာသာ ပိတ်လိုက်သဖြင့် သူတို့၌ အခြား မှီတွယ်စရာ နည်းလမ်းတစ်မျိုးမျိုး ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ အစီအရင် ပိတ်သွားသည့်တိုင် ရှိနေသေးသည့် မြူခိုးများသည် သူတို့၏ အမြင်အာရုံကိုသာမက ကောင်းကင်စိတ်အာရုံကိုပါ အကြီးအကျယ် အနှောင့်အယှတ် ပေးနိုင်ပေသည်။ ထို့ကြောင့် အကုန်လုံး အထဲရှိ ဘာကိုမှ သေချာ မမြင်ရလေရာ စိတ်ထဲ အနည်းငယ်တော့ သတိချပ်မိသွားကြသည်။ မည်သူမှ အထဲသို့ အရင် မသွားချင်ကြပေ။
“သောက်ကြောက်တွေ” ရှဲ့လီ အံကြိတ်လိုက်ပြီး အဖွဲ့တစ်ဖွဲ့ကို အထဲသို့ သွားစစ်ဆေးခိုင်းကြည့်ရင် ပြန်လိုက်သည်။ သို့သော် သူဘာမှ မလုပ်ရသေးခင်မှာပဲ နဂါးလိုဏ်ဂူတောင်ကို ဖုံးကွယ်ထားသည့် မြူခိုးထုကြီး အလိုလို ပျောက်ကွယ်သွားခဲ့၏။
မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် နဂါးလိုဏ်ဂူတောင်၏ ရှူခင်းအလှတရားများကို အားလုံးကို မြင်တွေ့လိုက်ရလေပြီ။
ယနေ့ နဂါးလိုဏ်ဂူတောင်သည် ယခင် တည်ရှိခဲ့သော နဂါးလိုဏ်ဂူတောင်နှင့် မိုးနှင့်မြေပမာ ဖြစ်နေလေပြီ။ စိမ်းစို လန်းဆန်းနေသော တောင်များနှင့် သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် ယခင်က ဤနေရာတွင် မရှိခဲ့ဖူးသော အရာများ ဖြစ်ကြသည်။
သို့သော်လည်း အကုန်လုံး အံ့ဩနေရသည်ကား သူတို့အား ရင်ဆိုင်မည့်လူ တစ်ယောက်မှ မရှိကြဘဲ ဇိမ်ပြေနပြေနှင့် ဝိုင် ထိုင်သောက်နေသည့် လူအိုကြီး သုံးယောက်သာ ရှိနေခြင်းပင်။
ထိုလူများ၏ အပြုအမူသည် သူတို့အား အထင်သေးလိုက်ခြင်း ဖြစ်သဖြင့် အကုန်လုံး အမူအရာ အေးစက်သွားခဲ့ကြလေသည်။
သူတို့အားလုံး ရှိနေသည့်တိုင် အေးအေးလူလူ အရက် ထိုင်သောက်နေနိုင်ခြင်းသည် သူတို့အား မျက်လုံးထဲမထည့်ခြင်းဟု ပြောလိုက်ခြင်းနှင့် အတူတူပင်။
“ဟန့်၊ ပြေးပေါက်ပိတ်တော့မှ လာပြီး ဆန်းကြယ်ချင်ယောင် ဆောင်နေသေးတယ်” ရှဲ့လီ အေးစက်စက် အမူအရာဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ နဂါးလိုဏ်ဂူတောင်ကို စစ်ဆေးကြည့်လိုက်သည်။ သံသယရှိစရာ ဘာကိုမှ ရှာမတွေ့ခဲ့သော်ငြား နဂါးလိုဏ်ဂူတောင်ထဲ ဝင်လိုက်ခြင်းသည် သေခြင်းဂိတ်တံခါးထဲ ဝင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု သူ့မသိစိတ်က ပြောနေသည်။
ထိုခံစားချက်သည် သူ့အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေလေသည်။ ထို့ကြောင့် အခြားသူများအား လှမ်းကြည့်လိုက်သည့်အခါ ထိုလူများသည်လည်း သူ့ကဲ့သို့ လေးနက်တည်ကြည်နေသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ထွေးပြီးတံတွေး ပြန်မျိုချ၍ မရတော့ပေ။ ထို့ကြောင့် ရှဲ့လီအနေဖြင့် သူ့ပတ်ဝန်းကျင်ကို သေသေချာချာ မစစ်ဆေးထားလျှင်ပင် သူတို့အား စောင့်ကြည့်နေသူများစွာ ရှိမှန်း သိသည်။ သူသာ ယခုအချိန်မှ ပြန်ဆုတ်သွားလျှင် နောက်အခါ မည်သည့်မျက်နှာဖြင့် လူရှေ့သူရှေ့ ထွက်ရတော့မည်နည်း။
ထိုအချက်ကို နားလည်လိုက်သော် ရှဲ့လီ၏ အမူအရာ ပြတ်သားသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် “အားလုံး၊ အရံအတားက ပျက်စီးနေပြီ။ ငါတို့ အခုနေမှ မလှုပ်ရှားရင် ဘယ်အချိန် လှုပ်ရှားကြမှာလဲ”
ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ ရှဲ့မိသားစုထဲမှ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ အယောက် နှစ်ဆယ်ကို နဂါးလိုဏ်ဂူတောင်ထဲသို့ စေလွှတ်လိုက်လေသည်။
ထိုသူတော်စင်ဘုရင်အဆင့်များသည် သူတို့ရှေ့၌ ရှိနေသော တန်ခိုရှင်အဆင့် သုံးယောက်ကို မနိုင်သော်လည်း နဂါးလိုဏ်ဂူတောင်၏ ဝှက်ဖဲအချို့ကို ထုတ်ဖော်နိုင်လောက်သည်။ သူတော်စင်ဘုရင်အဆင့်များကို စေလွှတ်လိုက်ပြီးနောက် နဂါးလိုဏ်ဂူတောင်ကို ရှဲ့လီ သေချာ စောင့်ကြည့်တော့လေသည်။
ရှဲ့မိသားစုက လှုပ်ရှားလိုက်ပြီ ဖြစ်သဖြင့် အခြား အင်အားစုများလည်း လှုပ်ရှားကြကုန်လေသည်။ နောက်ကွယ်မှ စောင့်ကြည့်နေသော လူရီနှင့်တကွ၊ သွေးနတ်ဆိုးကျောင်းတော်၊ သားရဲများတောင်တန်းမှ လူများသည် စုစုပေါင်း သူတော်စင်ဘုရင် အဆင့် ခြောက်ဆယ်ကို စေလွှတ်လိုက်ကြလေသည်။
ထိုသူတို့အား စောင့်ကြည့်နေသော ရန်သူများကို မြင်ပြီးနောက် နင်းရှန်းချန်လက် ကတုန်ကရင် ဖြစ်သွားကာ ကိုင်ထားသော အရက်ခွက် ဖိတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ တန်ခိုးရှင်အဆင့်တစ်ယောက်ပင် ဖြစ်လင့်ကစား ထိုမျှ များပြားလှသော သူတော်စင်ဘုရင်အဆင့်များကို မရင်ဆိုင်နိုင်ပေ။
ထိုအခြင်းအရာကို မြင်သော် ချန်ချီက ရယ်သွမ်းသွေးလျက် “စိတ်မပူစမ်းပါနဲ့ ရောင်းရင်းနင်ရာ၊ ငါတို့ လှုပ်ရှားစရာ မလိုသေးပါဘူး”
“ဟုတ်တယ်၊ ရောင်းရင်းနင်၊ စိတ်အေးအေးသာထားပြီးသာ စောင့်ကြည့်နေလိုက်” ဟောင်အန်းကလည်း ဝင်ပြောလိုက်သည်။
ကံမကောင်းစွာဖြင့် နင်ရှန်းချန်သည် သူတို့ကဲ့သို့ မတည်ငြိမ်နိုင်ဘဲ တိုးကပ်လာနေသော ရန်သူများကို ကြည့်ရင်း အချိန်မရွေး လှုပ်ရှားနိုင်ရန် သူတော်စင်ချီကို အဆင့်သင့် ကြိုစုစည်းထားလိုက်လေသည်။
သို့သော်လည်း နောက်တစ်ခဏအတွင်း၌ သူတို့ဆီသို့ လာနေသော သူတော်စင်ဘုရင်အဆင့်များ ထိတ်လန့်တကြား ဟစ်အော်ရင်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာကုန်ကြသည်။
“ပျံသန်းမဲ့အစီအရင်လား” နင်ရှန်းချန် မျက်လုံးပြုတ်ထွက်လု မတတ် ပြူးကျယ်သွားခဲ့သည်။ နဂါးလိုဏ်ဂူတောင်ကဲ့သို့ သေးငယ်လှသော အင်အားစုလေးတွင် ပျံသန်းမဲ့ အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအစီအရင်သည် အလွန်ကိုမှ ရှုပ်ထွေးလှသဖြင့် မြို့ကြီးများနှင့် ဂိုဏ်းများ၏ ဠာနချုပ်များတွင်သည် ခင်းကျင်းလေ့ ရှိကြသည်။ အစီအရင် စက်ကွင်းထဲသို့ ဝင်လိုက်သည်နှင့် မည်သူမှ ပျံသန်းနိုင်တော့မည် မဟုတ်ချေ။ သို့သော် ထိုအစီအရင်၏ ကန့်သတ်နိုင်စွမ်းသည် ကျင့်ကြံသူများ၏ ခွန်အားအပေါ်လည်း မူတည်သလို အစီအရင်အား ခင်းကျင်းရာတွင် သုံးထားသည့် ကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေးပေါ်လည်း မူတည်သည်။
နင်ရှန်းချန်သည် သူတော်စင်ချီကို လှည့်ပတ်၍ အပေါ်သို့ ပျံတက်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် မြေပြင်အထက်မှ နှစ်မီတာအမြင့်သို့ ပျံသန်းပြီးသည်နှင့် အားကောင်းလှသော ဖိအား တစ်ရပ် သူ့အပေါ် ဖိချလာသည်ကို ခံစားမိလိုက်သည်။
ထိုအချက်ကြောင့် ဤနေရာရှိ ပျံသန်းမဲ့အစီအရင်သ်ည အနည်းဆုံး တန်ခိုးရှင် ဒုတိယအဆင့်များကို ဖိနှိပ်နိုင်ကြောင်း နင်ရှန်းချန် အတည်ပြုလိုက်နိုင်သည်။ တန်ခိုးရှင် တတိယ အဆင့်များ ရောက်လာလျှင်ပင် အရမ်း မြင့်မြင့်ကြီးတော့ ပျံသန်းနိုင်လိမ့်မည် မဟုတ်ချေ။
သူထိတန်လန့်နေစဉ်မှာပဲ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် မိုးသီးမိုးပေါက်များနှင့် မြေပြင်ပေါ်သို့ အတုံးအရုန်း ပြုတ်ကျလာကြလေသည်။
ထိုသူတော်စင်ဘုရင်အဆင့် မြင့်မြင့် မပျံလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့် အောက်သို့ ပြုတ်ကျသည့်တိုင် သူတို့၏ ခန္ဓာကိုယ် ခွန်အားအရ နည်းနည်းလောက် ပေရေ နာကျင်သွားလောက်သည်မှလွဲ၍ ဘာမှမဖြစ်ပါချေ။ သို့သော် ပြုတ်ကျရာမှ ပြန်ရပ်ပြီး ဘာမှ မလုပ်ရသေးခင်မှာ နောက်ထပ် ပြောင်းလဲမှုတစ်ခု ထပ်ဖြစ်လာပြန်သည်။
ရုတ်တရက်ဆိုသလို စွမ်းအင်လှိုင်းများသည် သူတို့ ပတ်လည်မှ ထူးထူးဆန်းဆန်း ထွက်ပေါ်လာခဲ့သည်။ ပေါ်လာသော စွမ်းအင်လှိုင်းများသည် စွမ်းအင်လေပွေအဖြစ်သို့ တဖြည်းဖြည်း စုစည်းသွားသည်။ အစပိုင်းတွင် လေပွေများသည် သိပ်ပြီး အားမကောင်းသေးသော်ငြား မျက်တောင်တစ်ခတ်အတွင်း ၎င်း၏ အရွယ်အစားနှင့် ပြင်းအားသည် ယခင်ထက် အဆပေါင်းများစွာ အထိသို့ ထိုးတက်သွားခဲ့လေသည်။ မရေမတွက်နိုင်သော လေဓါးသွားများသည် အဘက်ဘက်မှ သူတော်စင်ဘုရင်များကို ပိုင်းချလာသည်။
တရွှတ်ရွတ် မြည်သံများနှင့်အတူ နာနာကျင်ကျင် အော်ဟစ်သံများကြောင့် ကြည့်နေသူအားလုံး တုန်လှုပ် ချောက်ခြားသွားခဲ့ကြသည်။ မကြာမီ ထိုစွမ်းအင်လေပွေသည် ကျိုးကြေနေသော အရိုးများ၊ အသာစများနှင့် ရောယှတ်နေသော သွေးနီရောင်လေပွေကြီးတစ်ခု ဖြစ်လာခဲ့လေသည်။
အခြားသော နေရာတစ်ခုရှိ၊ လေထဲတွင် မြောက်မြားစွာသော ရေခဲစူးချွန်များ ရုတ်တရက် ပေါ်လာပြီး အောက်သို့ ပြုတ်ကျလာရာ သတိပေါ့လျော့နေသော ကျင့်ကြံသူ နှစ်ယောက်၏ ရင်ဘတ်ကို စိုက်ဝင်သွားပြီး နှစ်ယောက်စလုံး နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့လေသည်။
လက်ဆေးဇလုံးအရွယ်မျှ ရှိသော ရုတ်တရက် ပေါ်လာသည့် မီးဘောလုံးများကြောင့် ကံမကောင်းအကြောင်းမလှသူ သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူများ ပြာဘဝ ရောက်ခဲ့ရပြန်သည်။
ထိုအဖွဲ့ထဲမှ အချို့သူတော်စင်ဘုရင်များသည်လည်း အားလုံး၏ မြင်ကွင်းမှ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြကုန်၏။ လူကိုမတွေ့ရတော့ဘဲ သူတို့၏ ထိတ်လန့်တကြား အော်ဟစ်သံ များသည်သာ အားလုံးနားထဲ ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေသည်။
နဂါးလိုဏ်ဂူတောင်ထဲသို့ ပထမအကြိမ် ပြေးဝင်သွားသော သူတော်စင်ဘုရင်အဆင့် အယောက်ရှစ်ဆယ်သည် နည်းနည်းလောက်သာ ခရီးပေါက်ခဲ့ပြီး ရှေ့ဆက် မတိုးနိုင်ခဲ့ပေ။
မျက်တောင်တစ်ခတ်အတွင်း ပို့လိုက်သော သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်အနက် တစ်ဝက်လောက်သာ အသက်ရှင်တော့သည်။ အသက်ရှင် ကျန်ရစ်နေသူများမှာလည်း ခေါင်းမဲ့နေသော ယင်ကောင်များနှယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေလေပြီ။
အပြင်ဘက်မှ စောင့်ကြည့်နေသူများလည်း ထိုမြင်ကွင်းကို မြင်ပြီးနောက် သူတို့သွေးများ အေးစက်သွားခဲ့ကြသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၇)
စမ်းတဝါးဝါး သွားလာခြင်းသည် ပိုမိုသော အစီအရင်များကို အသက်သွင်းမိရုံသာ ရှိမည်ဖြစ်ကာ ကိုယ့်သေလမ်း ကိုယ်ရှာခြင်းနှင့် တူပေသည်။
နဂါးလိုဏ်ဂူတောင် အပြင်ဘက်တွင် ခင်းကျင်းထားသော အစီအရင်များကြောင့် အထဲသို့ ဝင်သွားသော သူတော်စင်ဘုရင် အဆင့် ရှစ်ဆယ်သည် အမွှေးတိုင်တစ်ချောင်းစာ အတွင်း အမြစ်ဖြတ် သုတ်သင်ခံလိုက်ရလေသည်။
နင်ရှန်းချန် သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေသည်။
ထိုအရာသည် သူတော်စင်ဘုရင် အယောက် ရှစ်ဆယ်ပင်။ ထိုလူအင်အားမျိုးကို သူပင် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ သို့သော် နဂါးလိုဏ်ဂူတောင်သည် လူတစ်ယောက်မှ မလွှတ်ပဲ အစီအရင် သက်သက်ဖြင့် ထိုသူတော်စင်ဘုရင် အယောက် ရှစ်ဆယ်ကို အမြစ်ဖြတ် သုတ်သင်ပစ်နိုင်ခဲ့သည်။
ဤတောင်လေးသည် ကျားဂူ၊ နဂါးဂူများထက်ကိုပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေသေးသည်။
သို့သော်လည်း ထိုအစီအရင်စွမ်းအား သက်သက်ဖြင့် သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်ကို သတ်ဖြတ်ရန် မဖြစ်နိုင်မှန်းကိုလည်း နင်ရှန်းချန် နားလည်သွားခဲ့သည်။ အဓိကကျသော အချက်မှာ အစီအရင်များကို ခင်းကျင်းရာတွင် သုံးထားသည့် ပစ္စည်းများကြောင့် ဖြစ်သည်။
အစီအရင်တစ်ခုစီတိုင်းတွင် သုံးထားသော အစီအရင် အမြူတေများသည် အားကောင်းသော မှော်ရတနာများ ဖြစ်ကြသည်။ ထိုမှော်ရတနာများ၏ စွမ်းအားကြောင့် အစီအရင်သည် ပိုမိုသာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်ရာ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ လုံးဝ မခုခံနိုင် ဖြစ်ခဲ့ရသည်။
ထိုအစီအရင်များကို ခင်းကျင်းရန်အတွက် မည်မျှ များပြားသော မှော်ရတနာများကို အသုံးပြုထားခဲ့လေသနည်း။ နင်ရှန်းချန် တွေးပင် မတွေးရဲတော့ပေ။
ကောင်းကင်ကံကြမ္မာမြို့တွင် ရှိနေသော ချင်းတုန်နှင့် ဖေးကျီတုသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေကြ၏။ နဂါးလိုဏ်ဂူတောင်ထဲတွင် ခင်းကျင်းထားသော အစီအရင်များစွာ ရှိမှန်း သူတို့ သိထားကြသော်လည်း ထိုအစီအရင်များ ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်ကို စေလွှတ်လိုက်သော်ငြား နဂါးလိုဏ်ဂူတောင်အကြောင်း ဘာမှ မယ်မယ်ရရ မစစ်ဆေးနိုင်သေးခင်မှာပဲ အစီအရင်များကြောင့် အမြစ်ဖြတ် သုတ်သင်ခံလိုက်ရသည်။ ယခုတစ်ကြိမ် ရှဲ့မိသားစု၊ သားရဲများတောင်တန်းနှင့် သွေးနတ်ဆိုးကျောင်းတော်တို့ အတော့်ကိုမှ အထိနာသွားခဲ့ရလေပြီ။
“ကောင်းကင်စုစည်းခြင်းခန်းမက လူတွေတောင် လှုပ်ရှားဖို့ မလိုတော့ဘူးနဲ့ တူတယ်” ဝေကုချန်းက လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
“အဲ့လိုတော့ ပြောလို့မရသေးဘူး” ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “အခုဟာက သူတော်စင်ဘုရင် အဆင့်တွေပဲ ရှိသေးတာ။ တန်ခိုးရှင်အဆင့်တွေ တစ်ယောက်မှ မပါသေးဘူး။ ငါတို့ ဆက်စောင့်ကြည့်မှ သိလိမ့်မယ်”
ဝေကုချန်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် သဘောတူ ခေါင်းညိတ်လိုက်လေသည်။ သူတော်စင်ဘုရင်အဆင့် အစွမ်း ထက်သည် ဆိုသော်လည်း တန်ခိုးရှင်အဆင့်များနှင့် ယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြားပေသည်။ ရှဲ့မိသားစုတို့ ထိခိုက်သွားသည်မှာ မှန်သော်လည်း ဆိုးဆိုးရွားရွားကြီးတော့ ထိခိုက်သွားခြင်း မရှိသေးပေ။
ရှဲ့လီ၊ သားရဲများတောင်တန်းမှ လူအိုကြီးနှင့် သွေးနတ်ဆိုး ကျောင်းတော်မှ လူအိုကြီးတို့၏ မျက်နှာများသည် ဆေးခါးကြီး စားထားရသည့်နှယ် ရှုံ့မဲ့နေကြလေပြီ။ နဂါးလိုဏ်ဂူတောင်၏ အကာအကွယ်စွမ်းအား ထိုမျှ အားကောင်းလိမ့်မည်ဟု သူတို့ တကယ်ကို မထင်ထားခဲ့ကြပေ။ အရက်သောက်နေသော တန်ခိုးရှင်အဆင့် သုံးယောက် မလှုပ်ရှားသေးဘဲ အစီအရင် သက်သက်နှင့်ပင် သူတို့ စေလွှတ်လိုက်သော သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်လုံးကို သတ်ပစ်လိုက်နိုင်သည်။
နဂါးလိုဏ်ဂူတောင်၏ အစီအရင်များသာ ထိုမျှ အားကောင်းနေမည် ဆိုလျှင် သူတော်စင်ဘုရင်အဆင့်များသည် ယခုတစ်ကြိမ်တိုက်ပွဲတွင် ဘာမှသိပ်ပြီး အသုံးမဝင်လောက်ပေ။
ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရှဲ့လီက ရုတ်တရက် အကြံပေးလိုက်သည် “ရောင်းရင်းတို့ ငါတို့ခွဲပြီး တိုက်ကြမလား”
“ခွဲပြီးတော့ တိုက်ဖို့” သားရဲများတောင်တန်းမှ လူအိုကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
“တောင်ရှေ့တည့်တည့်မှ အစီအရင်တွေ အများကြီး ခင်းကျင်းထားတဲ့ပုံပဲ။ ဒါကြောင့် ဒီနေရာကနေ ထိုးဖောက်ဖို့ သိပ်ပြီးတော့ လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ငါတို့ အခြားနေရာတွေကနေ တိုက်ခိုက်လို့ ရသေးတယ်။ တောင်တစ်ခုလုံးကို အစီအရင်တွေ အပြည့် ခင်းကျင်းထားမယ်လို့ ငါမထင်ဘူး။ အချို့ အစီအရင်တွေ ခင်းကျင်းမထားတဲ့ နေရာတွေလည်း ရှိလောက်သေးတယ်” ရှဲ့လီ ရှင်းပြလိုက်သည်။
“ဟုတ်တယ်၊ ရောင်းရင်းရှဲ့ပြောတာ ယုတ္တိရှိတယ်” လူအိုကြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။ ထို့နောက် ချက်ချင်းပဲ ဆက်၍ ပြောလိုက်သည် “အဲ့လိုဆို ငါအဲ့ဘက်ကနေ တိုက်မယ်”
ပြောပြီးသည်နှင့် သားရဲများတောင်တန်းမှ သူ့တပည့်များကို ဦးဆောင်၍ ထိုဘက်သို့ ထွက်သွားလေသည်။
သွေးနတ်ဆိုးကျောင်းတော်မှ လူအိုကြီးလည်း မည်သည့် ကန့်ကွက်စကားမှ မဆိုဘဲ သူ့တပည့်များကို ဦးဆောင်၍ ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်သွားလိုက်သည်။
ပင်လယ်နှလုံးသားဂိုဏ်း၊ သဲမီးတောက်တောင်ကြားမှ လူများမှာမူ အခြားဘက်သို့ မထွက်သွားကြဘဲ ရှဲ့မိသားစု၏ ဦးဆောင်မှုနောက် လိုက်သွားကြရန်သာ ဆုံးဖြတ်လိုက်သည်။
ချက်ချင်းဆိုသလို ပူးပေါင်းထားသော အင်အားစုများသည် အဖွဲ့သုံးဖွဲ့ခွဲ၍ နဂါးလိုဏ်ဂူတောင်အား အရပ်မျက်နှာသုံးခုစီမှ တိုက်ခိုက်ရန် ကြိုးစားကြတော့သည်။
ရှဲ့လီ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ ဖြတ်ပြေးသွားပြီး သူ့လက်ကို ဝှေ့ရမ်း၍ တပည့်များကို ဦးဆောင်ကာ နဂါးလိုဏ်ဂူတောင်ထဲဿို့ ချီတက်လေသည်။ သူ့ဦးဆောင်မှုအောက်တွင်၊ တန်ခိုးရှင်အဆင့်များစွာသည် သူတော်စင်ဘုရင်အဆင့်များကို အသီးသီး ခွဲဦးဆောင်လျက် သတိကြီးကြီးထားရင်း စတင် ချီတက်ကြတော့သည်။ ချီတက်နေရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား သေချာ သတိထား စစ်ဆေးသွားသည်။
ထိုကဲ့သို့ သတိကြီးကြီးထားသည့်အတွက် အကျိုးအမြတ်ကို မကြာခင် သူတို့ စတင် ခံစားခဲ့ရလေပြီ။
ထို့အတွက်ကြောင့် အစီအရင်အချို့ကို ရှာတွေ့သွားခဲ့ပြီး သတိကြီးကြီးထားလျက် ရှောင်တိမ်းနိုင်ခဲ့သည်။ အစီအရင်အား မတော်တဆ သွားအသက်သွင်းမိလျှင်ပင် အစောပိုင်းကကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးနှင့် မရင်ဆိုင်ရတော့ချေ။
တန်ခိုးရှင်အဆင့်များ ရှိနေသေးသည့်အတွက် အစီအရင်ထဲ တစ်ယောက်ယောက် ရောက်သွားမည် ဆိုလျှင်ပင် နည်းနည်းပါးပါးတော့ ခုခံနိုင်လောက်ပေသေးသည်။
သူတို့ ပျော်သွားရသည့် အချက်သည်ကား နဂါးလိုဏ်ဂူတောင်၏ အစီအရင်များသည် ယခင်ကကဲ့သို့ သိပ်ပြီး အားမကောင်းကြတော့ခြင်းပင်။ အစောပိုင်းက တိုက်ခိုက်မှုတွင် ၎င်း၏ စွမ်းအင်များစွာကို သုံးလိုက်ရသည့်နှယ် အားနည်းသော တိုက်ခိုက်မှုများကိုသာ ထုတ်လွှတ်နိုင်တော့သည်။ အချို့သော အစီအရင်များ အသက်ဝင်လာသည့်တိုင် တန်ခိုးရှင်အဆင့်များက အလွယ်တကူ ခုခံနိုင်ခဲ့သည်။
မီတာငါးရာလောက်ထိ အလွယ်တကူ ချီတက်လာနိုင်ပြီးသည့် နောက်တွင် အဖွဲ့သားများ၏ စိတ်ဓါတ် တက်ကြွလာခဲ့ပြီး အရက် ထိုင်သောက်နေကြသော လူအိုကြီး သုံးယောက်အား ရက်စက် ကြမ်းကြုတ်စွာ လှမ်းကြည့်လိုက်ကြလေသည်။
ခဏအကြာတွင် ရှဲ့လီ ဦးဆောင်နေသော ကျင့်ကြံသူများသည် လူအိုကြီးသုံးယောက်နှင့် မီတာနှစ်ဆယ်အကွာသို့ ရောက်လာခဲ့၏။ ထိုနေရာသို့ အရောက်တွင် ရှဲ့လီက လက်ထောင်လိုက်ပြီး အားလုံးကို ရပ်ရန် အချက်ပြလိုက်သည်။ လူအိုကြီး သုံးယောက်ကို စူးရှဲစွာ စိုက်ကြည့်လိုက်ရင်း လှောင်ပြောင်လျက် “မင်းတို့ သုံးယောက်၊ ဝှက်ဖဲတွေ ရှိနေသေးရင် ထုတ်လိုက်တော့နော်။ မဟုတ်ရင် ဒုတိယအခွင့်အရေး ရမှာမဟုတ်ဘူး”
ခြိမ်းခြောက်စကားကို ကြားလိုက်သည့်တိုင် ချန်ချီသည် တုန်လှုပ်ချောက်ခြားသွားခဲ့ခြင်း အရှင်းမရှိဘဲ ထူးဆန်းစွာ ပြုံး၍သာ “ရောင်းရင်းရှဲ့၊ မင်းတို့ အခုနေရာထိ ဘာအထိအခိုက်မှ မရှိဘဲ ဘာလို့ ရောက်လာနိုင်တယ် မင်းထင်လဲ။ ငါတို့ နဂါးလိုဏ်ဂူတောင်ကို အခုလိုမျိုး အလွယ်တကူ ကျူးကျော်လို့ ရမယ်လို့ မင်းထင်နေတာလား”
ထိုမေးခွန်းကို ကြားလိုက်သည်နှင့် ရှဲ့လီ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏ “မကောင်းတော့ဘူး”
ပြောပြီးသည်နှင့် လေဓါတ်နှင့် မိုးကြိုးဓါတ်တို့ ကိန်းအောင်းနေသော ကြာပွတ်တစ်ချောင်းကို ထုတ်ကာ ချန်ချီဆီ လှမ်းရိုက်လိုက်သည်။
ချန်ချီမှာမူ ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် ခုခံမည့် အရိပ်အယောင်မပြဘဲ သူ့အား ပြုံးလျက်သာ ကြည့်နေခဲ့သည်။
ရှဲ့လီ၏ အစီအစဉ်သည် ချန်ချီအား ဖမ်းပြီး ဓါးစာခံအဖြစ် အသုံးချို့ပင်။ သို့သော်လည်း သူ့ဘက်မှ တိုက်ခိုက်လိုက်သည့်တိုင် သူ့ပြိုင်ဘက်သည် နည်းနည်းလေးမှ ခုခံရန် မကြိုးစားဘဲ အပြုံးမပျက် ရှိနေလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ပါမည်နည်း။
ဟန့်၊ သေချင်နေတဲ့ကောင် ရှဲ့လီ၏ မျက်လုံးထဲ အေးစက်စက် အကြည့်တို့ ဖြတ်ပြေးသွားပြီး ကြာပွတ်ကို ပြန်မရုတ်ဘဲ ချန်ချီအား တစ်ခါတည်း တန်းသတ်ပစ်နိုင်ရန် အလို့ငှာ ကြာပွတ်ထဲသို့ သူတော်စင်ချီပင် ထပ်ထည့်လိုက်သေးသည်။
ဘုန်း…
ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ အနက်ရောင် ကြာပွတ် ချန်ချီအား ထိမှန်သွားခဲ့သည်။ လျှပ်စီးများ ဖြာထွက်လာပြီး ချန်ချီ နှစ်ပိုင်းကွဲထွက်သွားကာ အနားတွင် ရှိနေသော ထိုင်ခုံနှင့် စားပွဲခုံတို့လည်း အမှုန်ဘဝ ရောက်ကုန်လေသည်။ အနားတွင် ထိုင်နေသော ဟောင်အန်းနှင့် နင်ရှန်းချန်ပင် သက်သာရာ မရပေ။
ချန်ချီတစ်ကိုယ်လုံး တစ်စစီ ဖြစ်သွားချိန် ထိုနှစ်ယောက်လည်း တစ်စစီ ဖြစ်သွားခဲ့သည်။
သို့သော်လည်း မည်သည့် သွေးမှ ဖြာထွက်လာခဲ့ခြင်းမရှိ။ ဗဟာနတ္တိ၊ လဟာပြင်ကြီးကို ရိုက်မိသလိုသာ ရှဲ့လီ ခံစားလိုက်ရ၏။ ရှဲ့လီ၏မျက်လုံး မှေးစဉ်းသွားပြီး ထိတ်လန့်တကြား ထအော်လေသည် “ပုံရိပ်ယောင် အစီအရင်လား”
ထပ်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် မည်သည့် စားပွဲခုံ၊ ထိုင်ခုံမှ မရှိတော့။ ပတ်ဝန်းကျင်သည်ပင် နေ၊လ၊ ကြယ် ဘာဆို ဘာမှမရှိသော မှုန်မှိုင်းမှိုင်း မီးခိုးရောင် လောကကြီး တစ်ခုဖြင့် အစားထိုးနေလေပြီ။ ရှဲ့လီအား ဝိုင်းရံထားသည်ကား မျက်စိတဆုံး ကျယ်ပြန့်လှသော အရိုင်းဆန်သည့် မြေကွင်းပြင်ကြီးပင်။
သူတို့ မသိလိုက်ခင်မှာပဲ ရှဲ့လီတို့အဖွဲ့ ရန်သူ ဆင်ထားသည့် ပုံရိပ်ယောင် အစီအရင်ထဲ ရောက်နေခဲ့လေပြီ။
သူပို၍ စိတ်ညစ်နေရသည်ကား သူနှင့်အတူ ပါလာသော တန်ခိုးရှင်အဆင့်များပင် မရှိတော့ခြင်းပင်။ ယခု သူနှင့်အတူ သူတော်စင်ဘုရင် အဆင့်လေးယောက်သာ ကျန်ရှိနေတော့လေပြီ။
ပုံရိပ်ယောင် အစီအရင် အသက်ဝင်လာသည်နှင့် သူတို့ တစ်ဖွဲ့လုံး အကွဲကွဲအပြားပြား ဖြစ်ကုန်ပြီး တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေထဲသို့ ရောက်သွားကြပုံပင်။
“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ” ရှဲ့လီ မျက်နှာ ရှုံ့မဲ့နေခဲ့လေပြီ။ ဘာမှမဟုတ်သော တောင်လေးတစ်တောင်တွင် ဤကဲ့သို့ အစီအရင်မျိုး ဘာကြောင့် ရှိနေရသနည်း။ နဂါးလိုဏ်ဂူတောင်ထဲသို့ ကျူးကျော်လာခြင်းသည် ဥာဏ်ရှိသည့် လုပ်ရပ်တစ်ခု မဟုတ်ဟု ရှဲ့လီ ရုတ်တရက် ထင်လာမိလေပြီ။
ရှဲ့လီဦးဆောင်သည့်အဖွဲ့ ပုံရိပ်ယောင်အစီအရင်ထဲတွင် ပိတ်မိနေစဉ် သားရဲများတောင်တန်းမှ လူများလည်း ဒုက္ခရောက် နေကြလေသည်။
လူအိုကြီး ဦးဆောင်သည့် သားရဲများ တောင်တန်းမှ အဖွဲ့သည် အကာအကွယ် နည်းပါးလောက်မည့် နေရာကို ရှာရန်အတဝွက် နဂါးလိုဏ်ဂူတောင်ပတ်လည် လျှောက်သွားကြည့်ခဲ့သည်။ သူတို့၏ ခရီးသည် အတော်လေးကိုမှ ချောမွေ့ခဲ့ကာ လမ်းတစ်လျှောက်တွင် မည်သည့် အစီအရင်ကိုမှ မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့် ခဏလေးအတွင်း လမ်းတစ်ဝက်သို့ အလွယ်တကူ ရောက်နိုင်ခဲ့၏။
လိုဏ်ဂူတစ်ဂူထဲတွင် ပုန်းအောင်နေသော ကျင့်ကြံသူ များစွာကိုပင် လူအိုကြီး သတိပြုမိလိုက်သည်။
ထို့ကြောင့် လူအိုကြီး ပျော်သွားပြီး ထိုလိုဏ်ဂူထဲသို့ ချိုးဖျက်ဝင်ရောက်၍ ရန်ကိုင်ကို ဖမ်းဆီးကာ ဤကိစ္စအား တစ်ခါတည်း လက်စသတ်ရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း သူတိုက်ခိုက်မှုဖို့ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လူအိုကြီးတို့အဖွဲ့၏ ကံကောင်းမှု ထိုနေရာတွင် အဆုံးသတ်သွားခဲ့ရသည်။ အရွယ်အစား၊ ပုံသဏ္ဏာအမျိုးမျိုး ရှိကြသော သားရဲပေါင်းစုံတို့ သူ့ပတ်လည်၌ ပေါ်လာခဲ့ကြသည်။
ထိုမွန်းစတားသားရဲများသည် မည်သည့် ရုပ်ခန္ဓာကိုယ်မှ ပိုင်ဆိုင်ထားခြင်း မရှိဘဲ မီးစွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားသော သားရဲများဖြစ်ကြောင်း သိလိုက်ရသည့်အခိုက် လူအိုကြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ထို့အပြင် ထိုမွန်းစတားသားရဲများကို သူအတော်လေး ရင်းနှီးနေသလို ခံစားရသည်။
သူ့နောက်တွင် ရှိနေသော တပည့်တစ်ယောက်မှ ရုတ်တရက် ထအော်လိုက်သည့် အခါမှပဲ ထိုမွန်းစတားသားရဲများသည် သဲမီးတောက်နယ်မြေတွင် ရှိလေ့ရှိထရှိသော မီးတောက်သားရဲများ နှင့် ဆင်တူနေမှန်း လူအိုကြီး နားလည်လိုက်သည်။
ဒီနေရာမှာ ဘာအားကောင်းတဲ့ မီးစွမ်းအင်မှ မရှိတာကို ဒီကောင်တွေ ဘာလို့ ရုတ်တရက်ကြီး ဒီမှာ ပေါ်လာတာလဲ
ဘာတွေဖြစ်နေမှန်း နားမလည်သော်ငြား လူအိုကြီး ကြောက်ရွံ့သွားခဲ့ခြင်း မရှိ။ ပျော်ပင် ပျော်သွားသေးသည်။ မီးတောက်သားရဲများ သေသွားလျှင် မီးသလင်းကျောက်များ ကျကျန်ခဲ့သည် မဟုတ်ပေလော။ မီးသလင်းကျောက်များကို ပန်းပဲထုရာတွင်ဖြစ်စေ၊ ဆေးဖော်စပ်ရာတွင် ဖြစ်စေ အသုံးပြုနိုင်ပေသည်။ သို့သော် မီးသလင်းကျောက်များသည် သဲမီးတောက်နယ်မြေ ဖွင့်သည့်အခါမှ ရရှိနိုင်သည့် အတွက် အတော်လေး ရှားပါးသည်ဟု ပြော၍ရသည်။
သို့သော်လည်း ယခုအချိန်၌ သူ့ရှေ့တွင်း မီးတောက် သားရဲအုပ်ကြီး ရှိနေခဲ့သည်။ ထိုသားရဲများကိုသာ သတ်လိုက်နိုင်လျှင် မီးတောက် သလင်းကျောက်များစွာကို ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လူအိုကြီးလည်း စိတ်လှုပ်ရှားတကြီးဖြင့် သူ့ဖားနှင့်အတူ ပူးပေါင်းကာ မီးတောက်သားရဲများကို သတ်တော့လေသည်။
မကြာမီ တစ်ခုခု မှားယွင်းနေသည်ကို လူအိုကြီး သတိပြုမိလိုက်သည်။ မီးတောက်သားရဲများကို သူမည်မျှပင် သတ်စေကာမူ၊ မီးတောက်သလင်းကျောက်များ လုံးဝ ကျမလာခဲ့ချေ။
အကျိုးအမြတ်ရရမည့်အစား၊ အဆုံးမဲ့ တိုက်ပွဲကြီးတစ်ခု အဖြစ်သို့သာ ပြောင်းလဲသွားခဲ့လေသည်။ ဦးဆောင်လာသည့် မီးတောက်သားရဲများထဲတွင့် အဆင့်ကိုး မီးတောက်သားရဲများ ပါဝင်နေသဖြင့် လူအိုကြီးတို့အဖွဲ့ အထိအခိုက် များလာခဲ့ရသည်။
ထို့အတွက်ကြောင့် လူအိုကြီး ဒေါသထွက်သွားပြီး သူ့ဝှက်ဖဲ ပညာရပ်တစ်ခုကို သုံးကာ လမ်းကြောင်းတစ်ခု ဖန်တီးရန် ကြိုးစားလိုက်လေသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် အဆင့်ကိုးနှင့် ညီမျှသာ မီးတောက်သားရဲများသည် သူမည်မျှပင် သတ်သတ် မသေကြည့် အတွက်ကြောင့် လူအိုကြီး ဒုက္ခအကြီးကြီး ရောက်တော့သည်။
ထိုကဲ့သို့ အဖြစ်အပျက်နှင့် ထပ်ခါတလဲလဲ ကြုံရပါများသော် လူအိုကြီး စတင် စိုးရိမ်စပြုလာခဲ့သည်။
မီးတောက်သားရဲ အများစုကို ရင်ဆိုင်ရန် မခက်သော်ငြား ပုရွက်ဆိတ်အရေအတွက်သာ အလွန်များလွန်းနေမည် ဆိုပါက ဆင်တစ်ကောင်ကိုပင် သေအောင် ကိုက်သတ်နိုင်သည် မဟုတ်လော။ ယခုလည်း ထိုနည်းတူပင်။ သူတို့သာ ဤပုံစံအတိုင်း ဆက်တိုက်နေရမည် ဆိုပါက တန်ခိုးရှင်အဆင့် ပညာရှင်များ မည်မျှ သန်မာစေကာမူ ခြေကုန်လက်ပန်းကျပြီး နောက်ဆုံးတွင် သွေပွဲဝင်ရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၈)
သားရဲများတောင်တန်းမှ အဖွဲ့နှင့် ဆန့်ကျင်ဘက်တွင် သွေးနတ်ဆိုးကျောင်းတော်မှ အဖွဲ့ရှိနေခဲ့သည်။ သွေးရောင် အရှိန်အဝါဖြင့် ဖုံးလွှမ်းနေသော လူကြီးသည် သတိကြီးကြီးထားရင်း ရှေ့ဆုံးမှ ဦးဆောင် သွားနေခဲ့သည်။ ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးနေသော်လည်း မည်သည့် သံသယရှိစရာကိုမှ ရှာမတွေ့ချေ။ သို့သော် သူမသိစိတ်သည် သူ့ပတ်ပတ်လည်၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု သတိပေးနေခဲ့သည်။
ဤနေရာသည် နဂါးလိုဏ်ဂူတောင်၏ ညာဘက်ပိုင်းဖြစ်ပြီး အလယ်ဗဟိုနှင့် သိပ်မဝေးပါချေ။ တကယ်တော့ နဂါးလိုဏ်ဂူတောင် ကိုယ်တိုင်သည် သိပ်မကြီးလှသော တောင်တစ်လုံးပင် မဟုတ်လေလော။
ရုတ်တရက် ပြင်းထန်သော စွမ်းအင်လှိုင်းများနှင့်အတူ ကြောက်လန့်တကြား အော်ဟစ်သံများ အဝေးမှ ထွက်ပေါ်လာ၏။
ထိုအသံကို ကြားလိုက်သည့်အခါ သွေးနတ်ဆိုးကျောင်းတော် မှ တပည့်များ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အဖွဲ့ထဲရှိ တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အဲ့ဒါ သားရဲများ တောင်တန်းဘက်ကမလား။ ကြည့်ရတာ သူတို့ တစ်ခုခု ဖြစ်နေတဲ့ ပုံပဲ။ ကျုပ်တို့ ဒီတောင်ကို လျှော့မတွက်သင့်ဘူး ထင်တယ်နော် စီနီယာအစ်ကိုဝူ”
“ငါသိတယ်။ ဒီမှာ ဘာသံသယရှိစရာမှ မတွေ့သေးပေမယ့် အကုန်လုံး သေချာသတိထားကြဦး။ ရန်သူ ထောင်ချောက်ထဲ ကျမသွားစေနဲ့” ဝူရွှင်က နောက်သို့လှည့်၍ အကုန်လုံးကို သတိ ပေးလိုက်သည်။
“ဟုတ်ကဲ့”
“ဟတ်၊ ဘာကြီးလဲ” ရုတ်တရက် အဖွဲ့ထဲရှိ သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က ထူးဆန်သည့်အရာ တစ်ခုခုကို ရှာတွေ့သွားသည့်နှယ် အော်ပြောလိုက်သည်။ သို့သော် ဝူရွှင်နှင့် အခြား တန်ခိုးရှင်အဆင့်များ မစစ်ဆေးရသေးခင်မှာပဲ သွေးပျက်ချောက်ခြားစွာ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲ သွေးနံ့တို့ ထွက်ပေါ်လာခဲ့သည်။
ဝူရွှင် အသံကြားကြားပြီးချင်း နောက်သို့ လှည့်ကြည့်လိုက်သည့်အခိုက် မူလက သူ့တပည့်တစ်ယောက် ရှိနေခဲ့သည့် နေရာတွင် ဆယ်မီတာအမြင့်ရှိသော ထူးဆန်းသည့် သွေးနီရောင် အပင်တစ်ပင် ပေါက်နေသည်ကို တွေ့လိုက်ရသည်။ လောလောဆယ်အတွင် ထိုအပင်သည် အလောင်တစ်လောင်းကို ရစ်ပတ်လျက် ဝါးမြိုနေခဲ့သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကား သွေးနတ်ဆိုး ကျောင်းတော် တပည့်၏ အလောင်း ဝါးစားခံရနေခြင်းပင်။ ထို့ပြင် ထိုအလောင်းသည် အလွန်လျင်မြန်သောနှုန်းဖြင့် တဖြည်းဖြည်း ညိုးလျော်ခြောက်သွေ့လာနေခဲ့သည်။
အလောင်းထဲရှိ သွေးနှင့် အသက်စွမ်းအင်ကို စုပ်ယူပြီးနောက် ထူးဆန်းသော အပင်၏ အရောင်မှ ပို၍ပင် နီကြင့်ကြင့် ဖြစ်လာ၏။ မသိလျှင် အားကောင်းလှသော သွေးစွမ်းအင် အရှိန်အဝါကို ထုတ်ဖော်ထားသည့် ဓါးတစ်ချောင်းနှင့်ပင်တူကာ မြင်လိုက်သည့် လူတိုင်းအား တုန်လှုပ်ချောက်ခြားသွားစေနိုင်ပေသည်။
ရွှစ်…
ထိုဓါးသွားနှင့် ဆင်တူသော သစ်ပင်သည် ရုတ်တရက် ကြာပွတ်တစ်ချောင်းနှယ် ဆယ်မီတာမက ရှည်ထွက်လာပြီး အနားတွင် ရှိနေသော သွေးနတ်ဆိုးကျောင်းတော်မှ အခြား တပည့်တစ်ဦးဆီသို့ တိုးဝင်သွားလေသည်။
ထိုတပည့်လည်း ထိတ်လန့်တကြားနှင့် ရွှေရောင်ဒိုင်းကာ တစ်ခုကို အလျင်စလို ထုတ်ခုခံလိုက်သည်။ ဒိုင်းအဆင့်မှာ သိပ်မမြင့်သော်ငြား အတော်ကောင်းမွန်းသော အကာအကွယ် မှော်ရတနာ တစ်ခုဖြစ်သည်ဟု ပြော၍ရသည်။
ဒိုင်းအကာအကွယ် ယူပြီးသွားသည့် နောက်မှပဲ ထိုတပည့် သက်ပြင်းချလိုက်နိုင်သည်။ သို့သော်လည်း သူပြန်ဆုတ်တော့မည့် ဆဲဆဲတွင် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ခရက်…
သူ့ဒိုင်းသည် ထူးဆန်းသော အပင်၏ ရိုက်ချက်တစ်ချက်ကိုပင် မခုခံနိုင်ဘဲ နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။ အပင်၏ နွယ်တံကဲ့သို့ လက်တံနှင့် ထိုမျှနှင့်ပင် မရပ်တန့်သွားသေးဘဲ ထိုကျင့်ကြံသူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွား၍ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ကာ နောက်သို့ ပြန်ဆွဲယူသွားခဲ့သည်။
“မင်းလုပ်ရဲတယ်လား” ဝူရွှင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ဂိုဏ်းသားများ ရက်ရက်စက်စက် အသတ်ခံနေရသည်ကို သူမည်ကဲ့သို့ ရပ်ကြည့်နေနိုင်မည်နည်း။ အစောပိုင်းက ဘာမှမရပ်ဘဲ ရပ်ကြည့်နေမိခြင်းမှာ ထိုကဲ့သို့ ထူးဆန်းသည့် အပင်မျိုး တစ်ခါမှ မမြင်ဖူးသည့်အတွက် ကြောင်သွားသည့် အတွက်ကြောင့် ဖြစ်သည်။
အော်ဟစ်လိုက်ရင်း ဓါးလှိုင်းတစ်လှိုင်းအား ထိုအနီရောင် အပင်ဆီ လှမ်းပစ်လိုက်လေသည်။
သူပစ်လိုက်သည်နှင့် ချီဓါးသွားသည်နှင့် သစ်ပင်ကိုယ်ထည် ထိမိသွားချိန် သတ္တုချင်း ထိခတ်သံနှင့်အတူ မီးပွားအချို့ ပွင့်ထွက်လာခဲ့သည်။ ထိုချီဓါးချက်သည် အနီရောင်အပင်အား အနည်းငယ် နှေးအောင်လုပ်လိုက်နိုင်ရုံမှလွဲ၍ မည်သည့် ထိခိုက်မှုမှ ရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပါချေ။
ဘာလို့ ဒီလောက်တောင် မာရတာလဲ ဝူရွှင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းမိလိုက်သည်။ အားကုန်သုံးပြီး မတိုက်ခိုက် ခဲ့သော်လည်း ထိုတိုက်ခိုက်မှုသည် တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ထိုအပင် မည်ကဲ့သို့ ခုခံသွားနိုင်ရသနည်း။
ဝူရွှင်၏ မျက်လုံးထဲ ထက်ရှသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး ထိုထူးဆန်းသော အပင်ဆီအား လက်ညိုးဖြင့် ညွှန်လိုက်ရာ သူ့လက်ဆီမှ အနက်ရောင် အမျှင်တစ်မျှင် ပြေးထွက်သွားခဲ့လေသည်။ ထိုအနက်ရောင်အမျှင်ဆီမှ အားကောင်းသော အနက်ရောင်ချီတို့ ဖြာထွက်နေပြီး ၎င်း၏ အရှိန်အဝါမှာလည်း အလွန်ကိုမှ ထူးဆန်းလှပေသည်။
နတ်ဆိုးသွေးမျှင်ပညာရပ်ပင်…
ရန်ကိုင် ကျင့်ကြံနေသည့် ပညာရပ်နှင့် မတူဘဲ ဤအရာသည် နတ်ဆိုးသွေးမျှင်ပညာရပ် အစစ် ဖြစ်ပေသည်။ သွေးနတ်ဆိုး ကျောင်းတော်၏ အဆင့်မြင့် ရာထူးရာခံအားလုံး ရှီကိုပင် ပိုင်းဖြတ်နိုင်သော ထိုပညာရပ်ကို ကျွမ်းကျင်ထားကြသည်။
အနက်ရောင်အမျှင်သည် ကူကယ်ရာမဲ့နေသော သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်အား ဆွဲခေါ်သွားနေသည့် အပင်အား တိခနဲ ပိုင်းဖြတ်သွားခဲ့လေသည်။ အနက်ရောင်အမျှင်နှင့် တွေ့ရသည့်အခါ ထူးဆန်းသော အပင်၏ မာကျောမှုလည်း ဘာမှ မတတ်နိုင်တော့။ အပင် နှစ်ပိုင်းပြတ်သွားချိန် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်အား ရစ်ပတ်ထားသည့် အပိုင်း ပြတ်ကျကျန်ခဲ့ပြီး အမြစ်နှင့် ဆက်နေသော အပိုင်းမှာမူ အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။
သို့သော်လည်း ပြတ်ကျန်ခဲ့သည့် အပိုင်းသည် မြေကြီးပေါ်တွင် ငါရံပြာလူးသည့်နှယ် တဆတ်ဆတ် တွန့်တွန့်ခါ လူးနေသဖြင့် အကုန်လုံး ထိုမြင်ကွင်းကို ကြည့်ရင် ကြက်သီးမွေးညင်း ထသွားရလေသည်။
သွေးနတ်ဆိုးကျောင်းတော်မှ တပည့်မှာမူ ကံမကောင်းခဲ့ပေ။ အနက်ရောင်အမျှင်သည် အပင်အား နှစ်ပိုင်း ဖြတ်နိုင်ခဲ့သော်ငြား ရစ်ပတ်ချုပ်နှောင်ထားခြင်း ခံရစဉ် အတောအတွင်း အပင်သည် သူ့သွေးအားလုံးကို စုပ်ယူသွားခဲ့သဖြင့် သူ့တစ်ကိုယ်ယ်လုံး သွေးများ ခမ်းခြောက်နေခဲ့ရလေပြီ။
“အဲ့ဒါ ဘာကြီးလဲ” ထိုထူးဆန်းသော အပင်ကို ကြည့်ရင်း ဝူရွှင်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ထိုအပင်ကို သူအတော်လေး လန့်နေမိလေပြီ။ အပင်တစ်ပင်တည်းပင် သူတို့ အားလုံးကို ထိုမျှ ဒုက္ခပေးနိုင်လျှင် နောက်ထပ် အပင်များစွာသာ ထပ်ရှိနေပါ.က…
ဝူရွှင် ထပ်မစဉ်းစားရဲတော့။ ထိုသို့သာ တကယ်ဖြစ်လျှင် ယနေ့သည် သူတို့အားလုံး၏ သေနေ့ ဖြစ်သွားပေလိမ့်မည်။ ထိုမွန်းစတား အပင်ကို နဂါးလိုဏ်ဂူတောင် မည်သည့်နေရာမှ ရှာတွေ့လာခဲ့လေသနည်း။ ထိုအပင်ကို ဤနေရာတွင် စိုက်လိုက်သဖြင့် သူတို့ တောင်တစ်လုံးကို ထိုအပင်မှ ပြန်လည် ဝါးမျိုသွားမည်ကို သူတို့ မကြောက်လေသလော။
သူ့ရင်ထဲ ထိတ်လန့်နေမိစဉ်မှာပဲ အနားတွင် ရှိနေသော တန်ခိုးရှင် ပထမအဆင့်တစ်ယောက်မှ ရုတ်တရက် အလန့်တကြား မေးလိုက်လေသည် “စီနီယာအစ်ကို… အဲ့ဒါ ဘာလုပ်နေတာလဲ”
“မင်းဘာပြောချင်တာလဲ”
“အဲ့သောက်အပင် ဘာလုပ်ဖို့လဲ မသိဘူး။ မြေကြီးကို တောက်လျှောက် ထုနေတယ်”
“ဘယ်လို” ဝူရွှင် လန့်သွားပြီး အပင်ဆီ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ့စိတ်ထဲ တစ်ခုခုကို စဉ်းစားမိလိုက်ရာ သူ့မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
ဝူရီ ထိုဖြစ်နိုင်ချေကို နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် မြေကြီး အက်ကွဲသွားပြီး အစောပိုင်းက သူတို့ မြင်ခဲ့သော အပင်နှင့် ဆင်တူသည့် ထူးဆန်းသော အပင်များ တစ်ပင်ပြီးတစ်ပင် မှိုလို ထပေါက်လာလေသည်။
ထိုထူးဆန်းသော အပင်များသည် အမြင့်မတူညီကြဘဲ အချို့သည် ငါးမီတာမှ ဆယ်မီတာအတွင်း ရှိကြကာ အချို့သည် မီတာဝက်လောက်ပင် မရှိတတ်ချေ။ သို့သော်လည်း အပင် အကုန်လုံးသည် သွေးကန်ထဲ စိမ်ထားသည့်နှယ် သွေးရောင် တောက်နေခဲ့သည်။
ထိတ်လန့်စရာ အကောင်းဆုံးသည်ကား ထိုအပင်များ မြေပြင်ပေါ် ရောက်လာသည်နှယ် တစ်ပြိုင်နက် သားကောင်အနံ့ ရလိုက်သလို ပတ်ဝန်းကျင်ကို စတင် စူးစမ်းတော့ခြင်းပင်။
ဝူရွှင်၏ နဖူးထက် ချွေးအေးတို့ ဝေ့သီလာခဲ့ရလေပြီ။
နတ်ဆိုးကျောင်းတော်မှ တပည့်များ အားလုံးသည်လည်း ကြောက်လွန်းသဖြင့် နည်းနည်းလေးမျှပင် မလှုပ်ရဲကြတော့ဘဲ ကျောက်ရုပ်ကြီးများကဲ့သို့သာ ရပ်နေကုန်ကြလေသည်။
ယခုလေးတင် ထိုထူးဆန်းသော အပင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို သူတို့ မြင်တွေ့ခဲ့ရသည်။ သူတို့၏ တပည့်တစ်ယောက်ဆိုလျှင် ဘာမှပင် ပြန်မလုပ်နိုင်ဘဲ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့သည်။ ယခု သူတို့အား ဝိုင်းထားသည်မှာ တစ်ပင်တည်းမဟုတ်၊ အပင်ပေါင်းများစွာ ဖြစ်လေရာ သူတို့ မည်ကဲ့သို့ မဆင်မခြင် လှုပ်ရှားရဲတော့မည်နည်း။ ထိုသို့ လုပ်လိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပင် မဟုတ်လေလော။
သို့သော် သူတို့ မလှုပ်သလို အပင်များလည်း မလှုပ်ရှားဘဲ နေလိမ့်မည်ဟု မဆိုလိုချေ။ ထိုထူးဆန်းသော ဓါးသွားကဲ့သို့ အပင်များသည် ၎င်းတို့၏ လက်တံများကို ဘယ်မှညာတို့ ခဏလောက် ယိမ်းနေပြီးနောက် ရုတ်ချည်းဆိုသလို အကုန်လုံးသည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များဆီမှ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားများနှယ် တစ်ဟုန်ထိုး တိုးဝင်သွားကုန်ကြလေသည်။
“မြန်မြန် ရှောင်ကြ” ဝူရွှင်သည် အားလုံးကို အော်ဟစ် သတိပေးရင်း သူတော်စင်ချီကို လှည့်ပတ်လိုက်သည်။ ထို့နောက် နတ်ဆိုးသွေးမျှင်ကို သုံး၍ သူ့ဆီ ချဉ်းကပ်လာနေသော သွေးနီရောင် အပင်လက်တံများကို ခုတ်ဖြတ်နေရင်း တစ်ချိန်တည်းတွင် မူလရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် အကုန်လုံးသည် ဝူရွှင်ကဲ့သို့ အားကောင်းသည့်လူ မဟုတ်ပေ။ သူတော်စင်ဘုရင်အဆင့် ခြောက်ယောက်ဆိုလျှင် ပထမတစ်ကြိမ် တိုက်ခိုက်မှုတွင် တစ်ခါတည်း တန်းအသက် ပျောက်သွားခဲ့သည်။ သူတို့တစ်ကိုယ်လုံး ထိုအပင်များ၏ အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြီး အသားစများသည် မြေကြီးပေါ် ပြန့်ကျဲကုန်လေသည်။ သို့သော်လည်း ခဏ အကြာတွင် ထိုအသားစနှင့် သွေးများအားလုံးကို အပင်များမှ စုပ်ယူသွားခဲ့သည်။ သွေးစုပ်လိုက်ရပြီးနောက် အပင်များ ပို၍ ကြမ်းတမ်းရက်စက်လာခဲ့သည်။ ၎င်းတို့၏ လက်တံများကို အရူးအမူး ဝှေ့ရမ်းရင်း တစ်ယောက်ပြီး တစ်ယောက်ကို သတ်တော့လေရာ ရုတ်ချည်းဆိုသလို ထိုအနီးအနား တစ်ခွင်လုံး လူသတ်ကွင်းအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရလေသည်။ အော်ဟစ်သံများလည်း တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ အော်ဟစ်သံတစ်သံသည် လူတစ်ယောက် သေသွားခြင်းကို ကိုယ်စားပြုနေခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ဝူရွှင် ထိတ်လန့်သွားခဲ့သလို ဒေါသလည်း ထွက်သွားမိသော်ငြား တစ်ချိန်တည်းတွင်း လုံးဝကို ကူကယ်ရာမဲ့ရသည်။ ထိုအပင်များကို သူမကြောက်သော်ငြား သူ့လက်ရှိ ခွန်အားဖြင့် ထိုနတ်ဆိုးကဲ့သို့ အပင်များဆီမှ သူ့တပည့်များကို ကယ်တင်ရန်မှာ အိမ်မက် တစ်ခုသက်သက်ထက် ဘာမှမပိုချေ။
ရန်ကိုင်နှင့် ယန်ယန်သည် နဂါးလိုဏ်ဂူတောင်ထက်တွင် ရပ်လျက် ထိုအဖြစ်အပျက်တစ်ခုလုံးကို စီးကြည့်နေသည်။
သူတို့ ယခုကဲ့သို့ မည်သူမှ သတိမပြုမိအောင် နေနိုင်ခြင်းမှာ ယန်ယန် ဖန်တီးထားးသည့် ကိုယ်ပျောက်ဝတ်၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။ ထိုကိုယ်ပျောက်ဝတ်ရုံသည် အလွန်ကိုမှ အစွမ်း ထက်သော်ငြား တန်ခိုးရှင် တတိယအဆင့်များ၏ ကောင်းကင် စိတ်အာရုံမှ မလွတ်မြောက်နိုင်ပါချေ။ သို့သော်လည်း အနီးဆုံး တန်ခိုးရှင်အဆင့် တတိယအဆင့် ပညာရှင်ပင်လျှင် သူတို့နှင့် မိုင်ငါးဆယ် အကွာတွင် ရှိနေသဖြင့် ရန်ကိုင်တို့အား သတိပြုမိရန် မဖြစ်နိုင်ချေ။
“သွေးဓါးမြက်တွေ ဒီလောက်အထိတောင် ကြီးလာတာလား” ရန်ကိုင် အံ့ဩနေရလေပြီ။ ထိုသွေးနီရောင် အပင်များသည် သဲမီးတောက်နယ်မြေထဲမှ သူပြန်ယူလာခဲ့သည့် သွေးဓါးမြက်ပင်မှ လွဲ၍ အခြား မဟုတ်ပါချေ။
ထိုစဉ်က သွေးဓါးမြက်ပင်၏ အစေ့တစ်စေ့ကို အပြင်သို့ ရန်ကိုင် ပြန်ယူလာခဲ့သည်။ ထိုသွေးဓါးမြက်ပင် အစေ့ကို ရွှေရောင်သွေးစက် တစ်စက် တိုက်ကျွေးပြီးနောက် ဒီအတိုင်း ပစ်ထားလိုက်မိသည်။ သို့သော်လည်း သွေးဓါးမြက်ပင်ကို နောက်တစ်ကြိမ် ပြန်တွေ့မိလိုက်ချိန် ထိုသွေးဓါးမြက်ပင်သည် ရန်ကိုင်အား အံ့အားသင့်စရာ အကြီးကြီး ပေးသွားခဲ့လေပြီ။
“အဲ့အပင်က အရမ်း အကြီးမြန်တာ။ သွေးတာ လုံလောက်ရင် ကြီးချင်သလောက် ကြီးလို့ရတယ်။ အဲ့အပင်ကြောင့် အရိပ်ကြယ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားဖူးသေးတယ်လေ” ယန်ယန်က ရှင်းပြလိုက်သည်။ သို့သော်လည်း သင်္ကာမကင်း အကြည့်ဖြင့် “ဒါပေမယ့် ဒီလောက်အထိတော့ မမြန်သင့်ဘူး။ အရင်နှစ်တွေ တုန်းက ငါအဲ့အပင်ကို သွေးအများကြီး တိုက်ခဲ့တာလည်း မဟုတ်ပါဘူး။ ဘာလို့ ဒီလောက်ထိတောင် ကြီးလာရတာလဲ… ထူးဆန်းလိုက်တာ”
ထိုသို့ ဖြစ်သွားရသည်မှာ သူတိုက်လိုက်သည့် ရွှေရောင် သွေးစက်ကြောင့် ဖြစ်မည်မှန်း စဉ်းစားရင်း ရန်ကိုင် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ သို့သော်လည်း အလုပ်ရှုပ်ခံ ရှင်းပြမနေတော့ဘဲ သူသိချင်နေသည်ကိုသာ မေးလိုက်လေသည် “ဒါပေမယ့် ငါပြန်ယူတာ တစ်ပင်တည်းပါ၊ အခု ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး ဖြစ်နေရတာလဲ”
“အဲ့အပင်က အရမ်း အသက်ပြင်းတာ။ မိခင်အပင် ရှိနေသေးသရွေ့ တောက်လျှောက် ပင်ပွားတွေ ထွက်နေမှာ”
“အဲ့လိုကိုး” ရန်ကိုင် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သားရဲများနှင့် တိုက်နေသည့် သားရဲများတောင်တန်းမှ လူများကို ကြည့်ရင်း သွားပေါ်အောင် ပြုံးလျက် “ငါတို့ စလှုပ်ရှားကြရအောင်၊ ဒီလူတွေကို ငါတို့ နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ အချိန်တန်ပြီ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၉)
ယန်ယန် ထိုအချိန်ကို စောင့်နေခဲ့သည်မှာ ကြာလေပြီ။ ရန်ကိုင်မှ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သိုလှောင်လက်စွပ်ထဲမှ အဝိုင်းပြားလေး တစ်ပြားကို ထုတ်လိုက်၏။ ထိုအဝိုင်းပြားလေသည် ဝူရီသုံးခဲ့သည့် အပြားနှင့် ဆင်တူသော်လည်း အရွယ်အစားမှာ ပိုသေးပေသည်။
ယန်ယန်၏ အဝိုင်းပြားသည် ပိုသေးသော်လည်း ၎င်းသည် နဂါးလိုဏ်ဂူတောင် တစ်ခုလုံးရှိ အစီအရင်အားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပေသည်။
ယန်ယန်မှ အဝိုင်းပြားထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် အဝိုင်းပြားပေါ်တွင် ငွေရောင်နှင့် ရွှေရောင်တို့ စတင် လည်ပတ်လာပြီး တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သော မြူခိုးများနှင့် တောင်ပတ်လည်အား ကာရံထားသည့် အရံအတားသည်လည်း တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့လေသည်။
“ငါအရင် သွားနှင့်တော့မယ်။ ဝူရီ တစ်ယောက်တည်း ဒီအစီအရင်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး” ယန်ယန်က ပြောလိုက်သည်။
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ယန်ယန် ချက်ချင်း အောက်ဆင်သွားခဲ့သည်။ သူမ အောက်ဆင်းသွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ပျောက်ဝတ်ရုံ မရှိတော့သည့် အတွက်ကြောင့် ရန်ကိုင်၏ပုံရိပ် အားလုံးရှေ့တွင် ပေါ်လာခဲ့လေသည်။ ရန်ကိုင်ကို ကြည့်ရင်း အကုန်လုံး မှင်သက်၊ အံ့အားသင့်သွားကြရသည်။
ရန်ကိုင် သူ့ပတ်လည်အား အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ လူအုပ်ကြီးထဲတွင် သူသိသည့် လူတစ်ယောက်ကိုမှ မတွေ့ရသော်လည်း အားကောင်းသော ပညာရှင်များစွာသည် သူတို့အား စောင့်ကြည့်နေမှန်း ရန်ကိုင် သိသည်။ အချို့သည် ပွဲကြည့်ချင်ရုံ သက်သက်ဖြင့် ဤနေရာ၌ ရှိနေကြသော်လည်း အချို့မှာမူ သူတို့ နဂါးလိုဏ်ဂူတောင်အား ဖျက်စီးရန်အတွက် ရှိနေကြခြင်း ဖြစ်သည်။
နှာခေါင်းရှုံ့လျက် ရန်ကိုင် နဂါးလိုဏ်ဂူတောင် အလျင်အမြန် ပျံဆင်းသွားခဲ့သည်။
“ဒီကောင်… အဲ့အရံအတားကို ဖွင့်လိုက်တာ ဘာလဲ၊ ဒီကောင် အကုန်လုံးကို ချောင်ပိတ်သတ်ချင်နေတာလား” ဖေးကျီတုက ရန်ကိုင်၏ အပြုအမူကို ကြည့်ရင်း ပြောလိုက်သည်။
ချင်းတုန်လည်းက ဇဝေဇဝါ အမူအရာဖြင့် “ဒီကောင် တကယ် လောဘကြီးလှချည်လား”
နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း နှစ်ယောက်ကို ဘာပြောလို့ပြောရမှန်း မသိတော့ပေ။
ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့လည်း ထိုနည်းတူပင်။ သို့သော် သူတို့တပည့်များအပေါ် ယုံကြည်ချက်အပြည့် ရှိသဖြင့် စိုးရိမ် ပူပန်သွားခြင်းမရှိခဲ့။ အဘွားကြီးဖုန်း ဘေးနားတွင် ရှိနေသော ဖုန်းယန်သာ နဂါးလိုဏ်ဂူတောင်အား စိတ်ဝင်တစားဖြင့် သေချာ စိုက်ကြည့်လိုက်သည်။
ထိုတိုက်ပွဲ၏ အဆုံးသတ် မည်ကဲ့သို့ ဖြစ်မလဲ သူမ တကယ်ကို သိချင်နေလေပြီ။
“မိုးနဲ့မြေ ဘယ်လောက်ကွာလဲ သူမသိတာလား” ဖန်သွေးရောင်ဂိုဏ်း အဖွဲ့ဘက်မှ သားနားသော အဝတ်အစားနှင့် လှပကျော့မော့နေသည့် အမျိုးသမီးတစ်ဦး၏ ရန်ကိုင်၏ လုပ်ရပ်အပေါ် ဝေဖန်မှတ်ချက်ပြုလိုက်သည်။ မူလက နဂါးလိုဏ်ဂူတောင်၏ အစီအရင်များကို မြင်ပြီး အတော်လေး အထင်ကြီးမိသွားခဲ့သော်လည်း နည်းနည်းလောက် အသာရရုံဖြင့် နဂါးလိုဏ်ဂူတောင်သည် သူတို့ကိုယ်သူတို့ စိတ်ကြီးဝင်ပြီး တောင်အရံအတားအား ပြန်ဖွင့်လိုက်သည့် အတွက် သူမ အတော်လေး စိတ်ပျက်သွားခဲ့ရသည်။
လုံးဝ အထက်စီးရောက်နေခြင်း မရှိဘဲ တောင်အရံအတားကို ပြန်ဖွင့်လိုက်ခြင်းသည် သားကောင်အား ချောင်ပိတ်ဖမ်းခြင်း မဟုတ်ဘဲ ကြမ်းကြုတ်သော ကျားရိုင်းတစ်ကောင်းအား ဖမ်းရန် ကြံလိုက်ခြင်းသာ ဖြစ်ပေသည်။
ထိုအမျိုးသမီး၏ နောက်တွင် အမျိုးသမီး နှစ်ယောက် ရပ်နေခဲ့သည်။ တစ်ယောက်သည် နဂါးလိုဏ်ဂူတောင် ဒုက္ခ ရောက်နေသည့်အပေါ် ဝမ်းသာအားရနေချိန် အခြား တစ်ယောက်မှာမူ အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့လေသည်။
နှစ်ယောက်စလုံးမှာ အသက်တူ၊ အရွယ်တူ ဖြစ်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းသော်ငြား မျက်နှာမှာမူ မိုးနှင့်မြေပမာ ကွာခြားလှပေသည်။ တစ်ယောက်သည် နတ်မိမယ်လေးကဲ့သို့ လှပနေချိန် အခြား တစ်ယောက်မှာ စုန်းမအိုကြီး တစ်ယောက်ကဲ့သို့ ရုပ်ဆိုး အကျည်းတန်လှသည်။ ထိုနှစ်ယောက်မှာ ဖန်သွေးရောင်ဂိုဏ်းမှ ယင်စုတျယ်နှင့် တိုက်ယွမ်တို့ ဖြစ်ပြီး ပထမဆုံး စကား ပြောလိုက်သည့်လူမှာ ဖန်သွေးရောင်ဂိုဏ်း ဂိုဏ်းချုပ်၏ သမီးလည်းဖြစ်၊ ယင်စုတျယ်နှင့် တိုက်ယွမ်တို့၏ ဆရာလည်း ဖြစ်သော ကုန်းအောင်ဖုပင် ဖြစ်လေသည်။
“ဆရာ၊ အခုတစ်ကြိမ် နဂါးလိုဏ်ဂူတောင် ဘယ်လို ဖြစ်သွားမယ်လို့ ထင်လဲ” ယင်စုတျယ်သည် တိုက်ယွမ်အား ကြည့်ရင်း ကုန်းအောင်ဖုအား မေးလိုက်သည်။
ယင်စုတျယ်သည် တစ်ချိန်က ရန်ကိုင်၏ လက်ထဲတွင် ဒုက္ခ လှလှ ရောက်ခဲ့ရသဖြင့် ရန်ကိုင်အား အလွန် မုန်းတီးနေခဲ့သည်။ ယခု ရန်ကိုင် ဒုက္ခရောက်နေသည်ကို မြင်သော် သူမ မပျော်ဘဲ ဘယ်နေမည်နည်း။ အထူးသဖြင့် တိုက်ယွမ်၏ စိုးရိမ်နေသော အမူအရာကို ကြည့်ရသည်မှာ သူမအတွက် အလွန် ကျေနပ်စရာပင်။ အဖြစ်အပျက် တစ်ခုလုံးသည် သူအတွက် အလွန်ကိုမှ ကျေနပ်စရာ ကောင်းလှသည်။
“ဒီလောက် သိသာနေတာကို ဘာလို့ လာမေးနေသေးတာလဲ” ကုန်းအောင်ဖုက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“နဂါးလိုဏ်ဂူတောင်ရဲ့ ကံကြမ္မာက ဒီနေ့ ဒီမှာတင် အဆုံးသတ်သွားပြီလို့ ဆရာပြောချင်တာလား” တိုက်ယွမ်က အပြုံးကြီးပြုံးလျက် မေးလိုက်သည်။
“အစကတည်းက အဲ့တောင်ပိုင်ရှင်ရဲ့ လုပ်ရပ်ကိုက မှားတာ” ကုန်းအောင်ဖုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ရှင်းပြလိုက်သည် “သူ့ရဲ့ မရှိမဲ့ရှိမယ့် စွမ်းအားလေးနဲ့ သားရဲများတောင်တန်းနဲ့ သွေးနတ်ဆိုးကျောင်းတော်ကို သွားရန်စလိုက်တာ ကိုယ်သေတွင်း ကိုယ်တူးလိုက်တာပဲ။ သူတို့တောင်မှာ အစီအရင်တွေ အများကြီး ရှိတယ်ဆိုရင်တောင် ဘာထူးမှာမို့လို့လဲ။ ကျင်းအိုကြီးနဲ့ အဘွားကြီးဖုန်းက သူတို့ ဇောင်းကြွနေပြတာကို ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့ ထင်လား။ နဂါးလိုဏ်ဂူတောင်ဆိုတာ သူတို့ နှစ်ယောက်ရှေ့မှာ ဘာမှ မဟုတ်ဘူး”
“အဲ့လိုကိုး” ယင်စုတျယ်က သဘောပေါက်သွားသည့် အမူအရာဖြင့် ရိသဲ့သဲ့ပြုံးလျက် စကားတစ်ခွန်းပင် မပြောနိုင်ဘဲ အောက်နှုတ်ခမ်းကို ကိုက်ထားသော တိုက်ယွမ်အား လှမ်းကြည့်လိုက်သည်။
ရယ်သွမ်းသွေးလျက် ယင်စုတျယ်က ဆက်ပြောလိုက်သည် “ဒီတော့ နဂါးလိုဏ်ဂူတောင်က ကိုယ့်အတိုင်းအဆ ကိုယ်သိပြီး သားရဲများတောင်တန်းနဲ့ သွေးနတ်ဆိုးကျောင်းတော်ကို သွားရန်မစသင့်ဘူးလို့ ဆရာ ပြောချင်တာပေါ့”
ယင်စုတျယ်၏ အပြောနှင့် ပက်သက်၍ ကုန်းအောင်ဖုသည် ထောက်ခံကြောင်း၊ သဘောမတူကြောင်း ဘာမှ မပြောဘဲ ရှင်းရှင်းလေးသာ ပြန်ပြောလိုက်သည် “ဒီလောကကြီးမှာ လက်သီးကြီးတဲ့ လူရဲ့ စကားက အမှန်တရားပဲ။ ကျန်တာ ဘာမှ အသုံးမဝင်ဘူး”
“ဒါပေမယ့် စီနီယာကျင်းရှီနဲ့ စီနီယာဖုန်းတို့ လှုပ်ရှားရင် အရိပ်လခန်းမက ဒီအတိုင်း ထိုင်ကြည့်နေပါ့မလား။ သူတို့ ဘာမှ မလုပ်ရင်တောင် အကြီးအကဲချင်းတုန်က ကျိန်းသေ လှုပ်ရှားလိမ့်မှာပေါ့၊ မဟုတ်ဘူလား ဆရာ” တိုက်ယွမ်က အလေးအနက် အမူအရာဖြင့် ရုတ်တရက် မေးလိုက်သည်။
“အရိပ်လခန်းမလား” ကုန်းအောင်ဖုက တိုက်ယွမ်အား အသာအယာ လှမ်းကြည့်၍ ရယ်သွမ်းသွေးလျက် “အဲ့တော့ ဘာဖြစ်လဲ။ ကျင်းရှီနဲ့ အဘွားကြီးဖုန်းသာ လှုပ်ရှားရင် အသက် ဆယ်ရှိုက်စာတောင် မကြာဘူး။ နဂါးလိုဏ်ဂူတောင် တစ်ခုလုံး အဆုံးသတ်သွားမှာ။ ချင်းတုန် လှုပ်ရှားမယ် ဆိုရင်တောင် သူတို့ကို တားနိုင်မှာ မို့လို့လား။ သူတို့ ရောက်လာတဲ့အချိန် တောင်ပေါ်မှ ရှိနေတဲ့ လူတွေ အကုန်လုံး သေနေလောက်ပြီ။ ပြီးတော့ အရိပ်လခန်းမက သားရဲများတောင်တန်းနဲ့ သွေးနတ်ဆိုးကျောင်းတော်ကို ရန်စချင်မယ်လို့ နင်ထင်လား”
ထိုစကားကို ကြားသည့်အခါ တိုက်ယွမ်၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့သည်။ ထိုအခြင်းအရာကို မြင်သော် ကုန်းအောင်ဖုက သင်္ကာမကင်း အမူအရာဖြင့် “ယွမ်အာ၊ သမီး အဆင်ပြေရဲ့လား”
တိုက်ယွမ် ပြန်မဖြေရသေးခင်မှာပဲ အနားတွင် ရှိနေသော ယင်စုတျယ်က တခစ်ခစ် ရယ်သွမ်းသွေးလျက် “စီနီယာအစ်မ နေမကောင်းတာ မဟုတ်ဘူး ဆရာရဲ့၊ သူက နဂါးလိုဏ်ဂူတောင်ကို စိုးရိမ်နေတာ”
“နဂါးလိုဏ်ဂူတောင်ကို သူဘာစိုးရိမ်စရာ ရှိလို့လဲ” ကုန်းအောင်ဖုက နားမလည်နိုင်ဟန်ဖြင့် တိုက်ယွမ်အား ကြည့်၍ မေးလိုက်သည် “နင်အဲ့က တစ်ယောက်ယောက်နဲ့ သိလို့လား”
“ဆရာ မေ့နေတာလား။ မကြာသေးခင်တုန်းပဲ စီနီယာအစ်မဆီ လူနှစ်ယောက် လာလည်သွားခဲ့တယ်လေ”
“ငါမှတ်မိတယ်လေ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်မလား၊ နေပါဦး၊ နင်ပြောချင်တာက အဲ့နှစ်ယောက်က…” ကုန်းအောင်ဖု ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည်။
“ဆရာထင်တာ အမှန်ပဲ။ ကောင်လေးက ရန်ကိုင်၊ ကောင်မလေးက ယန်ယန်ပဲ။ သူတို့ နှစ်ယောက်က နဂါးလိုဏ်ဂူတောင်ရဲ့ ခေါင်းဆောင်တွေလေ။ ပြီးတော့ စီနီယာအစ်မနဲ့ သူတို့က အတော်လေး ရင်းနှီးတာ” ယင်စုတျယ်က အပြုံးဖြင့် ပြောလိုက်သည်။
ကုန်းအောင်ဖု မျက်မှောင်ကြုတ်သွားပြီး တိုက်ယွမ်အား ကြည့်ကာ မေးလိုက်သည် “ယွမ်အာ၊ သူပြောတာ အမှန်ပဲလား”
“ဟုတ်ကဲ့” တိုက်ယွမ် ခေါင်းညိတ်လိုက်သည်။
“နင်ဒီလောက် စိတ်ပူနေတာ ဒါကြောင့်ကိုး။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် နင်ဒီကိစ္စထဲ လုံးဝ ဝင်ပါလို့မဖြစ်ဘူး။ ဒီတိုက်ပွဲပြီးလို့ နဂါးလိုဏ်ဂူတောင် နိုင်သွားသည် ဖြစ်စေ၊ ရှုံသွားသည်ဖြစ်စေ၊ သူတို့ အနာဂတ်က လုံးဝ ပျက်စီးသွားပြီ။ အခုကိစ္စမှာ အင်အားစုတွေ အများကြီး ပါနေတာ။ ငါတို့ သူတို့ ပြဿနာ အရှုပ်အရှင်းထဲ ဝင်ပါလို့ မဖြစ်ဘူး”
“ဒါပေမယ့် ဂျူနီယာမောင်လေးရန်က ကျွန်မ အသက်ကို တစ်ခါကယ်ပေးထားဖူးတယ် ဆရာ” တိုက်ယွမ်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ” ကုန်းအောင်ဖုက တိုက်ယွမ်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး “သူ့လုပ်ပုံကို ကြည့်ကြည့်လိုက်၊ မောက်မာပြီး ဦးနှောက်မရှိတဲ့လူမှန်း သိသာတယ်။ ဘာလို့ သူ့လို လူတစ်ယောက်နဲ့ သွားမိတ်ဆွေဖွဲ့နေမှာလဲ။ အဲ့လိုလုပ်တာ နင့်ပျက်လမ်း နင်ရှာနေတာနဲ့ အတူတူပဲ”
“ဟုတ်တယ်” ယင်စုတျယ်က ဝင်ထောက်ခံလိုက်သည်။
“နင့်စီနီယာအစ်မက သိပ်စိတ်ငြိမ်နေတာ မဟုတ်ဘူး။ သူ့ကို သေချာစောင့်ကြည့်ထား။ ရူးမိုက်တာ ဘာမှ မလုပ်မိစေနဲ့”
“ဟုတ်ကဲ့” ယင်စုတျယ် တိုက်ယွမ်အား ပြုံးလျက် ကြည့်လိုက်သည်။ သို့သော်လည်း သူမစိတ်ထဲ ပန်းပွင့်နေလေပြီ။ သူမဆရာ ပြောချင်သည်ကား ရှင်းပေသည်။ တိုက်ယွမ်အား နဂါးလိုဏ်ဂူတောင်ဆီ မသွားနိုင်အောင် စောင့်ကြည့်ထားဖို့ပင်။
တိုက်ယွမ်၏ ဝမ်းနည်းစိုးရိမ်နေသည့် မျက်နှာလေးကို ကြည့်ရင်း ယင်စုတျယ်ရင်ထဲ အလွန်ကိုမှ ကျေနပ်နေမိသည်။ သူမ၏ ကျင့်ကြံခြင်းသည် တိုက်ယွမ်ထက် အဆင့်တစ်ဆင့် ပိုမြင့်သော်လည်း တိုက်ယွမ် ကျင့်ကြံထားသည့် ကျင့်စဉ်ကြောင့် သူမသည် ဂိုဏ်းအတွက် အစားထိုးမရသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယင်စုတျယ် တိုက်ယွမ်အား အလွန်ကိုမှ မကျေမနပ် ဖြစ်နေမိသည်။ သူမသာ အကောင်ဆုံးကို ရချင်သည်၊ အားလုံး သူမအား မျက်နှာသာ ပေးချင်သည်ကိုသာ လိုချင်သည်။ အကုန်လုံး၏ ချီးကျူးမှုကို သူမသာ လိုချင်သည်။ ထို့ကြောင့် ဂိုဏ်းထဲတွင် တိုက်ယွမ်အား အမြဲတစေ ဖိနှိပ်၍ သူမဆရာ၏ မျက်နှာသာပေးမှုနှင့် အာရုံစိုက်မှုကို သူမ တစ်ယောက်တည်းသာ ရယူခဲ့သည်။
…………
နဂါးလိုဏ်ဂူတောင်ထဲ၌…
နင်ရှန်းချန်သည် အိမ်မက်မက်နေသည့်နှယ် စိတ်နှင့်ကိုယ် မကပ်သော သူနှင့်ကျင့်ကြံခြင်းအဆင့် တူညီသော သူ့ရှေ့ရှိလူကို ငေးကြောင်ကြည့်နေမိသည်။
သူ့ရှေ့ရှိလူသည် သေနှင့်နေလေပြီ။ ထိုလူ၏ ရင်ဘတ်တွင် အပေါက်တစ်ပေါက် ရှိနေခဲ့လေသည်။ ထိုအပေါက်သည် လက်တစ်ချောင်းစာ ကျယ်ပြီး ၎င်းဆီမှ သွေးများ တစိမ့်စိမ့် စီးကျနေခဲ့သည်။
ထိုရန်သူကို သူသတ်လိုက်ခြင်းပင်။
သို့သော်လည်း အလွန်ကိုမှ အလွယ်တကူ သတ်လိုက်နိုင်သဖြင့် နင်ရှန်းချန် လက်ရှိ အဖြစ်အပျက်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ မဖြစ်နိုင်မှန်း သိသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူများ တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သွားသလားဟုပင် နင်ရှန်းချန် အထင် ရောက်မိပေလိမ့်မည်။
ထိုရန်သူနှင့် ရင်ဆိုင်တွေ့ပြီး လက်ဖက်ရည် တစ်ခွက်စာ ကြာအောင် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် သူ့ရန်သူကို အသေ သတ်ပစ်နိုင်ခဲ့သည်။ အစကမူ အားနည်းချင်ယောင် ဆောင်ကာ ရန်သူသတိလျော့ပေါ့သွားအောင် လုပ်ပြီးမှ အလစ်ချောင်း တိုက်ခိုက်မည်ဟု စဉ်းစားထားခဲ့သော်လည်း တကယ်တမ်း တိုက်ခိုက်ရသည့်အခါ အလွန်ကိုမှ လွယ်ကူနေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုလူအား သတ်ရသည်မှာ ဤမျှ လွယ်ကူနေလိမ့်မည်ဟု နင်ရှန်းချန် မည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။
ထိုလူ တန်ခိုးရှင်အဆင့် ပညာရှင်ကော ဟုတ်မှဟုတ်ပါလေစွဟုပင် တွေးမိသွားသည်၊ တန်ခိုရှင်အဆင့်နှင့် ရင်ဆိုင်နေသည်ဟု မခံစားရဘဲ သူတော်စင်ဘုရင်အဆင့် တစ်ယောက်နှင့် တိုက်နေရသည်ဟု သူဘာကြောင့် ခံစားနေရသနည်း။
ထို့အပြင် ထိုလူသည် နင်ရှန်းချန် သတ်ခဲ့သည် ဒုတိယမြောက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။
ယခင်က ထိုကဲ့သို့ ရန်သူမျိုးနှင့် ရင်ဆိုင်ရလျှင် အနည်းဆုံး တစ်နာရီလောက်ကြာအောင် ခက်ခက်ခဲခဲ တိုက်ခိုက်ရသည်။ သူမှတ်မိသည့် အကြာဆုံးတိုက်ပွဲဆုံးလျှင် ရှစ်နာရီထိပင် ကြာလေသည်။ နောက်ဆုံး နှစ်ယောက်စလုံး အားကုန်သွားသဖြင့် သူတို့ကြားရှိ ရန်ကြွေးကို နောက်တစ်ခါမှ ပြန်ရှင်းမည်ဟု သဘောတူခဲ့ကြရသည်အထိပင်။
သို့သော်ငြား ယခုမူ လက်ဖက်ရည် တစ်ခွက်စာဆူချိန်ပင် မရှိသေးခင်မှာပဲ သူနှင့်အဆင့်တူ ရန်သူနှစ်ယောက်ကို သတ်ပြီးသွားခဲ့လေပြီ။
ထိုရန်သူ နှစ်ယောက်စလုံးသည် မဖြစ်နိုင်သည့် အရာတစ်ခုကို မြင်လိုက်ရသည့်နှယ် မျက်လုံးကြီးပွင့်ပြီး သေသွားခဲ့ကြသည်။
သူ့ရန်သူများ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရလဲ နင်ရှန်းချန် မသိသော်ငြား သူ့အား တိတ်တဆိတ် ကူညီပေးနေသည့် ထူးခြား ဆန်းကြယ်သော စွမ်းအင်တစ်မျိုး ရှိနေမှန်း နင်ရှန်းချန် သိသည်။ မဟုတ်လျှင် ထိုနှစ်ယောက်ကို ထိုမျှ အလွယ်တကူ သတ်နိုင်ခဲ့မည် မဟုတ်ပေ။
ထိုဆန်းကြယ်သော စွမ်းအားသည် ဤနေရာတွင် ခင်းကျင်းထားသော အစီအရင်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူနှင့် ရင်ဆိုင်နေစဉ် သူ့ရန်သူနှစ်ယောက်လုံးသည် တစ်ခုခု၏ ဖိနှိပ်ထားခြင်း ခံရသည့်အလား သူတို့၏ သူတော်စင်ချီအား ကောင်းကောင်း မလှည့်ပတ်နိုင်ခဲ့ပေ။ ထိုမျှသာမဟုတ်သေး၊ သူနှင့် တိုက်ခိုက်နေသည့် အချိန်တွင်လည်း ကမန်းကတန်း အော်ဟစ်ရင်း ဘာမှမရှိသည့် နေရာကြီးကို စွတ်ပြီး တိုက်ခိုက်နေကြသေးသည်။
နင်ရှန်းချန် နှစ်ပေါင်းမျာစွာ အသက်ရှင်လာသည့်လူပင်။ သို့သော်လည်း ယခုမှသာ ဤကဲ့သို့ ယုတ္တိမတန်သည့် မြင်ကွင်းကို မြင်ဖူးတော့သည်။ ထိုအဖြစ်အပျက်နှင့် ကြုံပြီးသည့်နောက်ပိုင်း နဂါးလိုဏ်ဂူတောင်အပေါ် သူ့အမြင်ကိုလည်း ပြောင်းလဲ လိုက်ရသည်။ ကိုယ့်ဘက်မှ တန်ခိုးရှင်အဆင့်များကို ဘာမှမဖြစ်စေသော်ငြား ရန်သူ့ဘက်မှ တန်ခိုးရှင်အဆင့်များအား သူတော်စင်ချီ ကောင်းကောင်း မလှည်ပတ်နိုင်အောင် လုပ်နိုင်ရုံမက အရူး အိမ်မက် မက်နေသကဲ့သို့ လုပ်နိုင်သည်မှာ သာမန် အစီအရင်ပညာရှင် တစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ပါချေ။
နားလည်ရခက်သည့် ချန်ချီနှင့် ဟောင်အန်းတို့၏ အပြုံးကို ပြန်စဉ်းစားမိလိုက်သော် ရန်သူများစွာနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုနှစ်ယောက် ဘာကြောင့် အလွန် တည်ငြိမ်နေရလဲ ဆိုသည်ကို ယခုမှပဲ နင်ရှန်းချန် နားလည်သွားတော့သည်။
သူအလွန်ကိုမှ ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမိလိုက်သည်မှာလည်း ဖြစ်နိုင်လာလေပြီ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် နင်ရှန်းချန် သူ့လက်ကို ဆန့်၍ အဝေးတွင် ကျနေသော သူ့ဓါးတိုကို လှမ်းဆွဲယူလိုက်သည်။ ထို့နောက် ယခင်ကကဲ့သို့ စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် အမဲလိုက်ခရီးကို စတင်တော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၀)
ချန်ချီနှင့် ဟောင်အန်းတို့လည်း နင်ရှန်းချန်နှင့် တူညီသော အခြေအနေနှင့် ကြုံတွေ့နေရသည်။ သို့သော်ငြား သူတို့ နှစ်ယောက်သည် နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ ယုတ္တိမတန်သော စွမ်းအားအကြောင်းကို ကြိုသိထားကြသဖြင့် နင်ရှန်းချန်ကဲ့သို့ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့ တာဝန်ယူထားသည့် နေရာများကို ခုခံနိုင်ကြသည်။
တစ်ခါတစ်ရံ သူတို့ရှေ့ မှင်သက်အံ့ဩနေဟန်ဖြင့် ရုတ်တရက် ပေါ်လာသော ရန်သူအားလုံး ချန်ချီနှင့် ဟောင်အန်းတို့၏ လက်စ တုံးပေးခြင်း ခံလိုက်ရသည်။
ယန်ယန်မှ အစီအရင်အား စထိန်းချုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ခင်းကျင်းထားသည့် အမျိုးမျိုးသော စိတ်ဝိဥာဉ် အစီအရင်များကို သုံးကာ ရန်သူ အင်အားစုများကို ချန်ချီနှင့် ဟောင်အန်း ရှိနေသည့် နေရာသို့ ဖြည်းဖြည်းချင်း မျှားခေါ်သွားခဲ့သည်။ ထို့ကြောင့် ချန်ချီနှင့် ဟောင်အန်းတို့၏ အခြေအနေမှာ နင်ရှန်းချန်ထက် ပိုအဆင်ပြေနေသေးသည်ဟုပင် ပြော၍ရပေသည်။
သူတော်စင်ဘုရင်များသည် တန်ခိုးရှင်အဆင့်များကို အစ ကတည်းက မရင်ဆိုင်ဘူးဆိုမှ အစီအရင်၏ ထပ်မံဖိနှိပ်ခြင်း ခံလိုက်ရသည့်အခါ ချန်ချီနှင့် ဟောင်အန်းတို့ရှေ့ အသက် သုံးရှိုက်စာပင် မခုခံနိုင် ဖြစ်သွားရလေတော့သည်။ တန်ခိုးရှင် အဆင့်များမှာမူ ပို၍ ကြာကြာ တောင့်ခံနိုင်ခဲ့သော်ငြား နောက်ဆုံးတွင် သူတို့လည်း သူတော်စင်ဘုရင်အဆင့်များ သွားသည့်နောက်သို့ လိုက်သွားခဲ့ရစမြဲပင်။
ရှဲ့မိသားစု၊ ပင်လယ်နှလုံးသားဂိုဏ်းနှင့် တိမ်မီးတောက် ဂိုဏ်းမှ ကျင့်ကြံသူများ၏ အရေအတွက်မှာ ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် လျော့ကျလာနေသည်။ အသက်ရှင်နေသည့် လူများမှာလည်း အကြောက်တရားဖြင့် နေနေကြရလေပြီ။ ချောက်ခြားဖွယ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလိုက်တိုင်း သူ့တို့ရင်ထဲ အကြောက်တရားမှာ ပို၍ ကြီးထွားလာရသည်။ ဤနေရာသို့ လာခဲ့မိသည်ကို သူတို့ အလွန် နောင်ရနေလေပြီ။ ယခုတစ်ကြိမ် ဤနေရာမှ လွတ်မြောက်ခဲ့လျှင် နဂါးလိုဏ်ဂူတောင် ဆီသို့ ဘယ်တော့မှ ထပ်မလာတော့ဟု အချို့ဆိုလျှင် သံဓိဠာန်ပင် ချနေကြလေပြီ။
ရှဲ့လီမှာတော့ ဘာအန္တရာယ်နှင့်မှ မကြုံရသေးပေ။ သို့သော် သူနှင့်အတူ ပုံရိပ်ယောင်အစီအရင်ထဲ ပိတ်မိနေသော အခြား သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံးမှာ ဒယ်အိုးပူထဲ ရောက်နေသည့် ပုရွက်ဆိတ်များနှယ် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြလေပြီ။
ယန်ယန် ခင်းကျင်းထားသည့် အစီအရင်သည် အရိပ်ကြယ်၏ အကန့်အသတ်အား ကျော်လွန်လေရာ သူတို့ မည်မျှပင် ကြိုးစားပါစေ ဤကဲ့သို့ ပိတ်ခံထားရသည်မှာ သဘာဝသာ။
နဂါးလိုဏ်ဂူတောင်၏ ဘယ်ဘက်တွင် ရှိနေသော သားရဲများ တောင်တန်းမှ လူအိုကြီးသည် သူ့ဂိုဏ်းမှတပည့်များကို ဦးဆောင်၍ မီးတောက်သားရဲအုပ်ကို ဖောက်ထွက်လာခဲ့ပြီး နဂါးလိုဏ်ဂူတောင် အတွင်းပိုင်းသို့ ရောက်လာခဲ့သည်။
သပ်ရပ်စွာ ဆောက်လုပ်ထားသော အိမ်များနှင့် စိမ်းစိုလှသော ရှုခင်းစိမ်းကြီးကိုကြည့်ရင်း အသက်ရှင်ကျန်ရစ်ခဲ့သော သားရဲများ တောင်တန်းမှ တပည့်များ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားကြလေသည်။
ခဏအကြာတွင် သားရဲများတောင်တန်းမှ လူအုပ်ကြီး လုံခြုံသည့် နေရာသို့ ရောက်လာပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ ကံကောင်းစွာဖြင့် မီးတောက်သားရဲအုပ်ကြီး သူတို့နောက်သို့ လိုက်မလာခဲ့ချေ။
မျက်လုံးပြာဖားကို စီးထားသည့် လူအိုကြီးသည် အသက်ရှင် ကျန်ရစ်သည့် သူ့တပည့်များကို ရေတွက်ကြည့်လိုက်သည့်အခါ ရှစ်ယောက်သာ ကျန်တော့သည်ကို မြင်လိုက်ရသည့်အခိုက် သူ့ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
ဤနေရာသို့ စဝင်လာစဉ်က သူနှင့်အတူ ကျင့်ကြံသူ အယောက်လေးဆယ် ပါလာခဲ့သော်ငြား ယခုမူ ရှစ်ယောက်သာ ကျန်ရစ်တော့သည်။ ထိုရှစ်ယောက်အနက် နှစ်ယောက်မှာ တန်ခိုးရှင်ပထမအဆင့်များ ဖြစ်ကြပြီး ကျန်နှစ်ယောက်သည်သာ သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြသည်။ ထို့အပြင် ဒဏ်ရာ မရထားသည့် လူဆို၍လည်း တစ်ယောက်မှ မရှိပါချေ။
နဂါးလိုဏ်ဂူတောင်သည် မည်သို့သော နေရာနည်း။ အပြင်ဖျားပိုင်းအား ဖြတ်ရုံအတွက်မှ ထိုမျှ ပေးဆပ်ခဲ့ရလျှင် ရှေ့တွင် ရှိနေသော အန္တရာယ်များကို ကျော်ဖြတ်ရန် အလို့ငှာ သူတို့ မည်မျှ ထပ်ပေးဆပ်ရဦးမည်နည်း။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် လူအိုကြီး ရှေ့ဆက်သွားမချင်တော့ဘဲ ပြန်ဆုတ်ချင်မိလာသည်။ သို့သော်ငြား ပြန်ဆုတ်ရန် လမ်းစကားမရှိ။ ပြန်ဆုတ်ချင်လျှင် မီးတောက်သားရဲ အုပ်ကြီးကို နောက်တစ်ကြိမ် ထပ်ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် လက်ရှိတွင် သူတို့တွင် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။ ဤနေရာ၏ ပိုင်ရှင်ကို ဖမ်းဖို့ပင်။
လူအိုကြီးသည် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများ စုဝေးနေသည့် နေရာဖြစ်ဟန်ထင်ရသော နေရာအား ရက်စက် ကြမ်းကြုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော်လည်း ရုတ်တရက် သူနှင့် မလှမ်းမကမ်းတွင် လှောင်ပြုံးကို ဆင်မြန်းလျက် အေးစက်စက် အကြည့်ဖြင့် သူ့အား စိုက်ကြည့်နေသည့် လူငယ်လေးတစ်ယောက် ပေါ်လာသဖြင့် လူအိုကြီး၏ အမူအရာ မဲ့သွားခဲ့ရသည်။
ထိုလူသည် မူလကတည်းက ထိုနေရာတွင် ရှိနေသလား၊ ယခုမှပဲ ရုတ်တရက် ပေါ်လာလေသလားကို လူအိုကြီး သိပ်ပြီး မသေချာလှ။ သို့သော် ထိုလူငယ်လေး မည်သူမှန်း လူအိုကြီး သိသည်။ ထိုလူငယ်လေးသည် နဂါးလိုဏ်ဂူတောင်၏ ပိုင်ရှင် ဖြစ်ကာ ဆန်းယင်ရွှေကို ဝယ်သွားသည့် တစ်ယောက်လည်း ဖြစ်သည်။
သူ့ရှေ့တွင် ရဲရဲတင်းတင်း ပေါ်လာရဲသည့် ထိုလူငယ်လေးကို မြင်ပြီး လူအိုကြီး တကယ်ကို ပျော်သွားခဲ့သည်။ သူ့အဖွဲ့ထဲတွင် တန်ခိုးရှင်အဆင့် သုံးယောက်ရှိနေပြီး သူတော်စင်ဘုရင်အဆင့် ခြောက်ယောက် ရှိနေသည်။ ထို့အပြင် ထိုသုံးယောက်အနက် တစ်ယောက် ဖြစ်သော သူသည် တန်ခိုးရှင် ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထိုလူအင်အားဖြင့် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့် ထိုလူငယ်လေးကို ဖမ်းဖို့ရာ လုံးဝ ပြဿနာ မရှိပါချေ။
သူစိတ်ပူနေရသည်ဆို၍ ထိုလူငယ်လေး တစ်ခုခုများ ကြံနေသလား ဆိုသည်ကို တွေပူနေခြင်းသာ ရှိသည်။
ထိုကဲ့သို့ စဉ်းစားမိသော် လူအိုကြီးသည် ရန်ကိုင်ကို လက်ညိုးငေါက်ငေါက်ထိုး၍ “ငါတို့ သားရဲများတောင်တန်းကို ရန်စရဲတဲ့အတွက် မင်းအလောင်းတောင်မကျန်ဘဲ သေရအောင် ငါလုပ်ပေးမယ်”
“သောက်ရှက်မရှိဘဲ လာကြွားနေသေးတယ်” ရန်ကိုင်က အထင်အမြင်တသေးဖြင့် “ကျုပ်နဂါးလိုဏ်ဂူတောင်ထဲ ဝင်လာပြီးရင် ခင်ဗျားတို့ရဲ့ သေခြင်းရှင်းခြင်းကို ခင်ဗျားတို့ ကိုယ်တိုင် အစိုးမရတော့ဘူးဆိုတာ မသိတာလား”
ရန်ကိုင်သည် လေကုန်ခံပြီး ဘာပိုစကားမှ ထပ်မပြောချင်တော့သည့် အတွက်ကြောင့် လှမ်း၍သာ အော်လိုက်သည် “ယန်ယန်”
ရန်ကိုင် အော်လိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး မြင်နေရသည့် ပတ်ဝန်းကျင် ရှုခင်းအဖုံဖုံသည် ရုတ်တရက် တွန့်လိမ်ပြောင်းလဲသွားပြီး အစိမ်းရောင် မြက်ခင်းပြင်ကြီးက အစားထိုး ဝင်ရောက်လာခဲ့လေသည်။
“ပုံရိပ်ယောင်အစီအရင်လား” လူအိုကြီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားသည်။ နဂါးလိုဏ်ဂူ တောင်၏ ဤနေရာမျိုးတွင် ယခုကဲ့သို့ အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နဂါးလိုဏ်ဂူတောင်၏ အပြင်ပိုင်းတွင် အစီအရင်များ ရှိနေသည်မှာ ပုံမှန်သာ ဖြစ်သော်ငြား တပည့်များစွာ နေထိုင်နေသည့် ဤကဲ့သို့သော အတွင်းပိုင်းတွင် အစီအရင်တစ်ခု ရှိနေသည်မှာ သိပ်ပြီးတော့ ပုံစံမကျချေ။ တပည့်တစ်ယောက် အန္တရာယ်များသည့် အစီအရင် တစ်ခုခုအား မတော်တဆ အသက်သွင်းလိုက်မိမည်ကို သူတို့ မကြောက်လေသလော။
ထို့ကြောင့်ပဲ လူအိုကြီးနှင့် သူ့လက်အောက်ငယ်သားများသည် အတွင်းပိုင်းနေရာကို မြင်သည်နှင့် အလျင်စလို ပြေးသွားကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော နေရာမျိုးတွင်ပင် အစီအရင် တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ မည်ကဲ့သို ထင်ခဲ့ပါမည်နည်း။
နဂါးလိုဏ်ဂူတောင်သည် တောင်သေးသေးလေး တစ်လုံးသာ ဖြစ်သည့်အတွက် ဤနေရာတွက် ဤနေရာတွင် အစီအရင် အများကြီး မရှိသင့်ပေ။ တစ်နေ့တွင် သူတို့နေရာသည် ယခုကဲ့သို့ ကျူးကျော်ခံရလိမ့်မည်ဟု ကြိုသိထားသည့်အတွက် ယခုကဲ့သို့ ပြင်ဆင်ထားခြင်းပေလော။
ယန်ယန်၏ ထူးဆန်းသော အတွေးကို လူအိုကြီး မည်ကဲ့သို့ နားလည်မည်နည်း။ နဂါးလိုဏ်ဂူတောင်၌ ဤမျှ များပြားလှသော အစီအရင်များ ရှိနေရခြင်းမှာ ယန်ယန်သည် အစီအရင်များ ခင်းကျင်းခြင်း၊ မှော်ရတနာများ ပြုလုပ်ခြင်းဖြင့် သူမ မှတ်ဥာဏ်ထဲရှိ ချိတ်စည်းများကို ဖွင့်ရန် ကြိုစားခဲ့သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
အစီအရင်များ အဆက်မပြတ် ခင်းကျင်းခြင်းဖြင့် ယန်ယန်သည် သူမ ယခင်က မသိခဲ့သော အစီအရင်နှင့် ပက်သက်သည့် အကြောင်းအရာများကို သိလာခဲ့ရသည်။
တစ်နည်းဆိုသော် နဂါးလိုဏ်ဂူတောင်ရှိ အစီအရင်များကို သာမန် အမြင်ဖြင့် သွားကြည့်မည်ဆိုပါက လုံးဝ ယုတ္တိရှိလိမ့်မည် မဟုတ်ပေ။
ပုံရိပ်ယောင် အစီအရင်ထဲသို့ ရောက်သွားသည့်တိုင် လူအိုကြီးသည် ချောက်ခြားသွားခြင်း မရှိသည့်အပြင် ရူးသွပ်စွာ ရယ်လျက်ပင် ပြန်အော်ပြောလိုက်သည် “ဒီအစီအရင်လေးနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်တာလား၊ ကောင်လေး။ အဲ့လိုဆိုရင် မင်းငါ့ကို အရမ်း ထင်သေးလွန်းရာကျသွားပြီ”
“ဒီအစီအရင်နဲ့ ခင်ဗျားကို သတ်မယ်လို့ ဘယ်သူပြောလဲ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်သည်။
“အဲဒါဆို မင်းဘာလုပ်မှာလဲ။ မင်းမှာ ဝှက်ဖဲတွေ ရှိသေးရင် ထုတ်လိုက်လေ။ ငါဒီမှာ ရပ်နေတယ်” လူအိုကြီး ယုံကြည်ချက် အပြည့်ဖြင် ပြုံးလျက် “ဒီနေ့ မင်းနဲ့ငါကြား ခွန်အားကွာခြားချက် ဘယ်လောက်တောင် ကြီးမားလဲ ငါမင်းကိုပြပေးမယ်”
“သေချာတာပေါ့။ ဒါပေမယ့် ဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ။ ခဏစောင့်၊ ကျုပ်အခုပဲ ပြန်လာခဲ့မယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ့ပုံရိပ် လူအိုကြီးရှေ့မှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။
“မင်းပြေးချင်တာလား” လူအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင် ရှိနေခဲ့သည့် နေရာဆီ အနီရောင်အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်သည်။
သို့သော်လည်း လူအိုကြီး ခြေတစ်လှမ်း နောက်ကျသွားခဲ့၏။ အနီရောင်အလင်းတန်း မထိနိုင်သေးခင်မှာပဲ ရန်ကိုင်၏ ပုံရိပ် မူလ ရှိနေခဲ့သည့် နေရာမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
လူအိုကြီး၏ အမူအရာ မှုန်ကုတ်သွားခဲ့လေပြီ။ ဤပုံရိပ်ယောင် အစီအရင်သည် ထင်သလောက် မရိုးရှင်းပေ။ သူမည်မျှပင် ကြိုးစားစေကာမူ ရန်ကိုင် မည်ကဲ့သို့ ထွက်ပြေးသွားလဲ ဆိုသည်ကို လုံးဝ အဖြေမရှာနိုင် ဖြစ်နေခဲ့သည်။
ရုတ်တရက် အတွေးတစ်ခု လူအိုကြီး၏ ခေါင်းထဲ ဖြတ်ပြေးသွားခဲ့သဖြင့် လူအိုကြီးလည်း သူ့ပတ်ဝန်းကျင်ကို အလျင်စလို စစ်ဆေးကြည့်လိုက်သည်။ သူထင်ထားသလို ဖြစ်နေမှန်း သိလိုက်ရသည့်အခိုက် လူအိုကြီး၏ အမူအရာ ဝမ်းချုပ်နေသည့်နှယ် ရှုံ့မဲ့သွားခဲ့လေသည်။
သူတစ်ယောက်တည်းသာ ဤပုံရိပ်ယောင် အစီအရင်ထဲ ပိတ်မိနေသည့်အလား သူနှင့်အတူ ပါလာသော တန်ခိုးရှင်အဆင့် နှစ်ယောက်နှင့် သူတော်စင်ဘုရင်အဆင့် ခြောက်ယောက်ကို မည်သို့မှ ရှာမတွေ့တော့ချေ။
ရန်ကိုင် အစောပိုင်းက ပြောသွားသည့် စကားကို ပြန်စဉ်းစားမိလိုက်သည့်အခါ လူအိုကြီး ရန်ကိုင် ဘာလုပ်ရန် ကြိုးစားနေလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားပြီး သူ့ရင်ထဲ ဒေါသပုန်ထသွားခဲ့ရလေသည်။ သားပျောက်သည့် အဖေ တစ်ယောက်နှယ် သွေးရူးသွေးတန်း အော်ဟစ်ရင်း အသွား တစ်ဖက်ပါ ရဲတင်းတစ်လက်ကို ထုတ်၍ ထိချင်ရာထိ လှည့်ပတ်ဝှေ့ရမ်းတော့လေသည်။
သူမည်သည့် အချိန်ကတည်းက ပုံရိပ်ယောင် အစီအရင်ထဲ ရောက်လို့ရောက်သွားမှန်းပင် မသိလေရာ အစီအရင်ကို သူမည်သို့ ချိုးဖျက်နိုင်မည်နည်း။ ထို့ကြောင့် အကြမ်းနည်းသုံး၍ အစီအရင်ကို ချိုးဖျက်ရန်သာ ကြိုးစားရတော့သည်။
သူကိုင်ထားသည့် အသွားတစ်ဖက် ရဲတင်းသည် အတော့်ကိုမှ အဆင့်မြင့်လှကာ တန်ခိုးရှင် ဒုတိယအဆင့် မှော်ရတနာတစ်မျိုး ဖြစ်သည်။ ထိုမှော်ရတနာမျိုးကို အရိပ်ကြယ်ပေါ်ရှိ မည်သည့် ပန်းပဲပညာရှင်မှ မပြုလုပ်နိုင်ကြသော်ငြား ထိုကဲ့သို့သော မှော်ရတနာမျိုးကို ရှေးဟောင်း အပျက်အစီးနယ်မြေမှ ကံကောင်းလျှင် ရတတ်ပေသည်။
လူအိုကြီးသည် အသွားတစ်ဖက် ရဲတင်းထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ ပတ်ပတ်လည် ဝှေ့ရမ်းလိုက်တော့သည်။ ရဲတင်းအား သူဝှေ့ရမ်းလိုက်တိုင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အနားရှိ လဟာပြင်အား သွားရောက်ထိမှန်သည်။ သို့သော်လည်း သူမည်သို့ပင် တိုက်ခိုက်နေစေကာမူ အစီအရင်ကို မဖျက်စီးနိုင်ပေ။ ထို့အပြင် လက်ရှိတွင် အစီအရင်ကို ယန်ယန်မှ ထိန်းချုပ်နေခြင်း ဖြစ်သည်။
ငါးချက်ဆက်တိုက် ဝှေ့ရမ်းလိုက်ပြီး သူတော်စင်ချီ အတော်လေး ကုန်သွားပြီးနောက် ဘာမှ အကျိုးမထူးမှန်း သိလိုက်ရသည့် အခါမှ လူအိုကြီး ရပ်သွားခဲ့ပြီး ငြိမ်သက်စွာဖြင့် သူ့ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးတော့လေသည်။
ရန်ကိုင် မကြာခင် ပြန်ပေါ်လာမည်မှန်း သူသိနေသည်။
သူထင်ထားသည့်တိုင်းပင်၊ လက်ဖက်ရည် တစ်ခွက်စာ ကြာပြီးနောက် လဟာပြင်ထဲ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာပြီး ရန်ကိုင် အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
ရန်ကိုင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအိုကြီး၏ အကြည့်သည် ရန်ကိုင်ကိုယ်ပေါ်ရှိ သွေးစွန်းကွက်များဆီသို့ ရောက်သွားခဲ့သည်။ ထိုသွေးစွန်းကွက်များဆီမှ မွန်းစတားချီ အငွေ့အသက်တို့ကို သူရနေသည်။
သားရဲများတောင်တန်းမှ ပညာရှင်တစ်ယောက် ဖြစ်သည်နှင့် အညီ ထိုအငွေ့အသက်နှင့် လူအိုကြီး အလွန် ရင်းနှီးသည်။ ထိုသွေးစွန်းကွက်များသည် အားကောင်းသော မွန်းစတား သားရဲများ သွေးများ ဖြစ်သည်။ လောလောဆယ်တွင် ထိုကဲ့သို့ အားကောင်းသော မွန်းစတားသားရဲများ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူဆို၍ သူတို့ သားရဲများတောင်တန်းမှ ကျင့်ကြံသူများသာ ရှိသည်။
“ငါ့လက်အောက်ငယ်သားတွေ ဘာဖြစ်သွားလဲ” လူအိုကြီးသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“သိနေပြီးသားကို လေကုန်ခံပြီး ဘာလို့ လာမေးနေတာလဲ။ ကျုပ်ပြန်ရောက်လာမှတော့ ခင်ဗျား လက်အောက်ငယ်သားတွေ ဘာဖြစ်သွားမယ် ထင်လဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ နဂါးလိုဏ်ဂူတောင်ထဲတွင် တန်ခိုးရှင် ပထမအဆင့် နှစ်ယောက်နှင့် သူတော်စင်ဘုရင်အဆင့် ခြောက်ယောက်လောက်ဖြင့် ရန်ကိုင်အား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်ကတည်းက တန်ခိုးရှင်ပထမအဆင့် တစ်ယောက်ကို သတ်လာသူ ဖြစ်သည်။ ယခု ယန်ယန်ကပါ အစီအရင်ဖြင့် ကူညီပေးနေရာ သူသာ ထိုကျင်ကြံသူများအား မသတ်နိုင်ဘူးဆိုပါက ယခင်နှစ်များအတွင်း သူကျင့်ကြံခဲ့သမျှအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ခန့်မှန်းထားပြီး ဖြစ်သော်လည်း ကြားသိလိုက်ရချိန်၍ လူအိုကြီး အလွန်ကိုမှ ဒေါသထွက်သွားခဲ့သည်။ အံကိုကြိတ်၍ ခေါင်းညိတ်လျက် “ကောင်းတယ်၊ ကောင်းတယ်၊ ငါ့လူတွေကို သတ်ရဲမှတော့ သားရဲများတောင်တန်းက မင်းကို ဘယ်တော့မှ အလွတ်မပေးတော့ဘူးဆိုတာ မှတ်ထားလိုက်ပေတော့”
ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုနေသော်လည်း လူအိုကြီး၏ အမူအရာမှာ ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အတော့်ကိုမှ အံ့အားသင့်သွားရလေသည်။ ယခုလို အချိန်မျိုးတွင်ပင် လူအိုကြီးသည် သူ့ဒေါသကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည်။ လူအိုကြီး၏ စိတ်စွမ်းအားမှာ ချီးကျူးစရာပင်။ ရန်ကိုင် ချက်ချင်း သတိကပ်လိုက်ပြီး သွေးနားထင်ရောက်နေသည့် အမူအရာဖြင့် “သားရဲများတောင်တန်း ဘယ်လိုလုပ်လုပ် ခင်ဗျား သောက်ပူ မပါဘူး ခွေးအိုကြီး။ ခင်ဗျားဒီနေ့ သေရတော့မှာဆိုတော့ အဲ့အကြောင်းကို ခင်ဗျား ဆက်သိနေစရာ မလိုတော့ဘူး”