အခန်း (၁၄၀၁-၁၄၀၅)
Vol. 57 Ch. 1401-1405
အပိုင်း (၁၄၀၁)
ရန်ကိုင်ပြောသည့် စကားကို ကြားပြီးနောက် လူအိုကြီး အော်ဟစ်ရယ်မောလိုက်ပြီး “ကောင်လေး၊ မင်းတကယ်ကို သွေးနားထင်ရောက်နေတာပါလားကွ။ မင်းဘိုးအေ နာမည်က မင်းမွေးခင်ကတည်းက ဒီလောကကြီးတစ်ခုလုံးကို လှုပ်ခါခဲ့တာကွ။ အဲ့ဒါကိုများ ငါ့ရှေ့လာပြီး ရာရာစစ ကြွားလုံးထုတ်နေသေးတယ်၊ နောက်တစ်ခါ အကြီးအကဲတွေနဲ့ တွေ့ရင် စကားဘယ်လိုပြောရမလဲ ဒီအဖေ မင်းကို သင်ပေးမယ်”
ပြောပြီးသည်နှင့် လူအိုကြီးသည် ရန်ကိုင်ဆီသို့ နောက်ထပ် အနီရောင်အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်လေသည်။ သူ့ဆီ အန္တရာယ် ချဉ်းကပ်လာနေပြီမှန်း ခံစားမိလိုက်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားရသည်။ သို့သော်လည်း လူအိုကြီး လှုပ်ရှားလိုက်သည်ကို မတွေ့သလို သူ့တိုက်ခိုက်မှု ဘာလဲ ဆိုသည်ကိုလည်း အဖြေမထုတ်နိုင်ပေ။
သူ့ရင်ထဲ သင်္ကာမကင်း ဖြစ်နေသော်လည်း ထိုအကြောင်းကို ထိုင်စဉ်းစားနေချိန် မရှိသဖြင့် ခရမ်းရောင်ဒိုင်းကို အလျင်အမြန် ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။
ဘုန်း…
အနီရောင် အလင်းတန်း ရန်ကိုင်ဒိုင်းကို လာမှန်ချိန် ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာပြီး ရန်ကိုင်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သူ့ရင် တစ်ခုလုံး ဗလောင်ဆူသွားရလေပြီ။ ထိုထူးဆန်းသော တိုက်ခိုက်မှုသည် ရန်ကိုင်အား မည်သည့် ဒဏ်ရာမှ မရစေခဲ့သော်လည်း ရန်ကိုင် စိတ်ထဲ ပို၍ သတိချပ်မိလိုက်သည်။ ခန္ဓာကိုယ် အားနည်းသည့် လူတစ်ယောက်သာ ဆိုလျှင် ထိုတိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်ပေသည်။
ရန်ကိုင်၏ ခရမ်းရောင်ဒိုင်းကို မြင်သော် လူအိုကြီး၏ မျက်လုံးထဲ လောဘအရိပ်အယောင်တို့ ထွက်ပေါ်လာပြီး အံ့အားသင့်နေသည့် လေသံဖြင့် ဆိုလိုက်သည် “တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာလား”
ခရမ်းရောင်ဒိုင်းကို စတင် ပြုလုပ်စဉ်က ထိုဒိုင်းသည် တန်ခိုးရှင် အဆင့်နိမ့်အဆင့် မှော်ရတနာတစ်ခုသာ ဖြစ်ခဲ့သော်ငြား ယန်ယန်မှ အဆင့်ဆင့် မွမ်းမံပေးခဲ့ပြီးနောက် တန်ခိုးရှင် အထွဋ်အထိပ်အဆင့်သို့ ရောက်လာခဲ့သည်။
ထိုကဲ့သို့ အဆင့်မြင့် မှော်ရတနာများကို အရိပ်ကြယ်ပေါ်တွင် အလွန် တွေ့ရခဲလှသည်။ ရှိလျှင်ပင် ဂိုဏ်းကြီးများတွင်သာ ရှိတတ်ပြီး လူအိုကြီး၏ အဆင့်အတန်းနှင့်ပင် သူသည် တန်ခိုးရှင် ဒုတိယအဆင့် မှော်ရတနာကိုသာ ပိုင်ဆိုင်ထားနိုင်၏။
သို့သော်လည်း သူပင် တန်ခိုးရှင် ဒုတိယအဆင့် မှော်ရတနာသာ အသုံးပြုနေနိုင်ချိန် သူတော်စင်ဘုရင် တတိယ အဆင့်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်က တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုအား အသုံးပြုနေနိုင်သည်ကို မြင်သော် လူအိုကြီး မနာလိုဘဲ ဘယ်နေမည်နည်း။ ထိုမှော်ရတနာကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲ အတိုင်းမသိသော လောဘစိတ်တို့ ပေါက်ဖွား လာခဲ့ရသည်။
သူသာ ထိုကောင်လေးကို သတ်နိုင်လျှင် ထိုမှော်ရတနာသည် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ အကြီးအကဲကျင်းသည် ဆန်းယင်ရွှေကို လိုချင်သည်ဟု ပြောသွားသည်။ ထိုကောင်လေး၏ ပိုင်ဆိုင်မှုကို ယူမည်ဟု ပြောမသွား။ ထိုအပြင် တိုက်ပွဲစရုံသာ ရှိသေးသော်လည်း ထိုကောင်လေးသည် ထိုမျှ အားကောင်းသော မှော်ရတနာကို ထုတ်သုံးလာနေလေပြီ။ သူ့တွင် နောက်ထပ် အားကောင်း အဆင့်မြင့်လှသော အခြား မှော်ရတနာများ ရှိမနေနိုင်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။
ထိုကဲ့သို့ တွေးမိလိုက်သော်လည် လူအိုကြီး၏ မျက်လုံးထဲ လောဘ၊ဒေါသ၊ မနာလိုစိတ်တို့ ရောပြွမ်းတက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်ဆီသို့ နောက်ထပ် အနီရောင်အလင်းတန်း တစ်ခု ထပ်မံ ပစ်လွှတ်လိုက်လေသည်။
ယခုတစ်ကြိမ်လည်း ထိုတိုက်ခိုက်မှုကို ရန်ကိုင် ရှောင်ရန် မကြိုးစားခဲ့ပေ။ သူ့ကိုယ် အမာခံလှသည်ဟု ကြွားပြလိုခြင်း မဟုတ်။ လူအိုကြီး ထုတ်သုံးလိုက်သော အနီရောင်အလင်းတန်း ဘာဖြစ်သလဲ ဆိုသည်ကိုသာ သိချင်လို၍ ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အနီရောင်အလင်းတန်းအား သေချာ စိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။
အကြောင်းမှာ ထိုအနီရောင်အလင်းတန်းသည် သိုင်းပညာရပ် တစ်ခုခု မဟုတ်သလို မှော်ရတနာ တစ်ခုခုလည်း မဟုတ်ဘဲ မျက်လုံးပြာဖား၏ လျှာဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
မျက်လုံးပြာဖားသည် အဆင့်ကိုးသားရဲ တစ်ကောင် ဖြစ်သည့် အတွက် ၎င်း၏ တိုက်ခိုက်မှု ထိုမျှ အားကောင်းသည်မှာ သံသယ ရှိနေစရာ မလိုပေ။ ထိုမွန်းစတားသားရဲ၏ လျှာသည် ၎င်း၏ အားကောင်းဆုံးသော တိုက်ခိုက်ရေး လက်နက်များထဲမှ တစ်ခု အပါအဝင် ဖြစ်လေရာ လျှာတစ်ချက်ကြောင့် ရန်ကိုင် အတော်လေး နောက်ဆုတ်သွားရသည်မှာ သဘာဝသာ ဖြစ်သည်။
ထိုအနီရောင်အလင်းတန်း ဘာလဲ ဆိုသည်ကို ရန်ကိုင် သိသွားသည့် အချိန်တွင် ထိုလျှာသည် ရန်ကိုင်၏ ဒိုင်းကို လာရောက် ထိမှန်ပြီးနေလေပြီ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ပထမ အကြိမ်ကဲ့သို့ ရန်ကိုင် နောက်မဆုတ်သွားရတော့ပေ။ ပြန်တိုက်ဖို့ လုပ်တော့မည်အပြု လူအိုကြီးသည် လှောင်ပြုံးပြုံးလျက် သူ့တက်ထိုင်နေသည့် ဖားအား အသာအယာ ပုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ မွန်းစတားသားရဲကိုယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ပြီး အော်ဟစ်လိုက်သည် “လာစမ်း”
တစ်ချိန်တည်းတွင် သူ့ဒိုင်းအား တစ်ခုခုမှ လှမ်းဆွဲနေသည်ကို ရန်ကိုင် ခံစားမိလိုက်ပြီး သူပါ တရွတ်တိုက် ရောပါသွားလေသည်။
ငုံကြည့်လိုက်သည့်အခါ မျက်လုံးပြာဖား၏ လျှာပေါ်တွင် မရေမတွက်နိုင်သော စုပ်ခွက်လေးများ ရှိနေပြီး ထိုစုပ်ခွက်များဖြင့် ခရမ်းရောင်ဒိုင်းအား ဆွဲကပ်ထားသည်ကို တွေ့လိုက်ရသည်။
ဒီခွေးအိုကြီး ငါ့မှော်ရတနာကို လိုချင်နေတာလား လူအိုကြီး ဘာလုပ်ချင်နေလဲ ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ သို့သော် တုန်လှုပ်ချောက်ခြားသွားခြင်း မရှိဘဲ သူ့လက်ကို နတ်ဆိုးမီးတောက်အုပ်၍ လျှာအား ဖမ်းကိုင်လိုက်လေသည်။
“ကောင်လေး၊ မင်းသေချင်နေတာလား” ထိုအခြင်းအရာကို မြင်သော် လူအိုကြီး ဒေါသမထွက်သွားသည့်အပြင် ပျော်ပင် ပျော်သွားလေသည်။ သူငယ်စဉ်ကတည်းက ပြုစုလာသည့် မွန်းစတားသား ဖြစ်သည့် အတွက်ကြောင့် ထိုမွန်းစတားသားရဲ၏ အရေပြား မည်မျှ မာကျောလဲ သူသိသည်။ ထိုအပြင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားကောင်းသော အဆိပ်များဖြင့် ပြည့်နေလေသည်။
လူအိုကြီး၏ အမြင်တွင် မျက်လုံးပြာဖား၏ လျှာကို လက်ဗလာသက်သက်ဖြင့် ဖမ်းကိုင်လိုက်ခြင်းသည် ကိုယ်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
ရှဲ… ရှဲ…
ရန်ကိုင်၏ နတ်ဆိုးမီးတောက် အုပ်ထားသည့်လက်နှင့် မျက်လုံးပြာဖား၏လျှာ တွေ့သွားချိန် အသွားကျွမ်းနံ့တို့ စတင် ထွက်ပေါ်လာခဲ့လေသည်။
မျက်လုံးပြာဖား၏ မျက်လုံးကြီးများ ပြူးကျယ်လာပြီး ပါးနှစ်မှာလည်း ဖောင်းလိုက်ပိန်လိုက်ဖြစ်ကာ နာနာကျင်ကျင် အော်ဟစ်တော့လေသည်။
“ဘာဖြစ်သွားတာလဲ” လူအိုကြီး ထိတ်လန့်သွားခဲ့သည်။ ထိုလူငယ်လေး သူ့မွန်းစတားသားရဲကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု လူအိုကြီး မထင်ထားခဲ့ချေ။ နတ်ဆိုးမီးတောက်ဖြင့် သူ့မွန်းစတားသားရဲ၏ လျှာကို မီးကင်နေသော လူငယ်လေးကို ကြည့်ရင်း သူ့အထင် မှားသွားပြီမှန်း လူအိုကြီး သိလိုက်သည်။ ထိုအနက်ရောင် မီးတောက်များသည် မျက်လုံးပြာဖား၏ အဆိပ်ကို ခုခံနိုင်ရုံမက ငြိမ်းသတ်ရန် အလွန်ကိုမှလည်း ခက်ခဲပေသည်။
ချက်ချင်းပဲ လူအိုကြီးသည် ခရမ်းရောင်းဒိုင်းမှ ၎င်း၏ လျှာကို ပြန်ရုတ်သိမ်းရန် မျက်လုံးပြာဖားကို အမိန့်ပေးလိုက်လေသည်။
လူအိုကြီးမှ အမိန့်ပေးလိုက်သည်နှင့် မျက်လုံးပြာဖားသည် ၎င်း၏ လျှာကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် ထိုအချိန်ထိ နာကျင်နေသေးသည့်အလား ၎င်း၏ ပါးနှစ်ဖက်ကို ဖောင်းလိုက် ပိန်လိုက် လုပ်နေဆဲ။ လျှာကို ပြန်ရုတ်ပြီးနောက် ခဏအကြာ၌ ၎င်း၏ ပါးစပ်ကြီးကို ဟလျက် အနက်ရောင်သွေးများကို အန်ထုတ်လိုက်လေသည်။
“မင်းဘယ်လိုတောင် ငါ့မွန်းစတားသားရဲကို ထိခိုက်အောင် လုပ်ရဲတာလဲကွ” လူအိုကြီး ဒေါသပုန်ထသွားလေပြီ။ လူငယ်လေး၏ ရတနာကို လုယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည့် အပြင် ဖွတ်မရဓါးမဆုံး အဖြစ်နှင့်ပင် ကြုံခဲ့ရသည်။ သူ့မွန်းစတား သားရဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီမှန်း သိလိုက်သည့်အခါ လူအိုကြီ ယမ်းမီးပုံကျ ဒေါသထွက်သွားရလေသည်။
ဒေါသထွက်ထွက်နှင့် ရန်ကိုင်အားဆီသို့ လက်ညိုးညွှန်လိုက်ရာ ဖားကိုယ်ပေါ်ရှိ အဖုအပိန့်များ ရုတ်တရက် ထပေါက်ကွဲကုန်ပြီး ရောင်စုံအဆိပ်များ ထွက်ပေါ်လာခဲ့သည်။ ထိုအဆိပ်များသည် ရာပေါင်းများစွာသော မြှားလေးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့သည်။ ကိုယ်တိုင် မကြုံဖူးသေးသော်လည်း မြင်ရုံဖြင့်လျှင် ထိုအဆိပ်မြှားများကို လျှော့မတွက်သင့်မှန်း စိတ်ထဲက သိနေသည်။ ထို့ကြောင့် ချက်ချင်းပဲ ပန်းပဲမီးဖိုကို ထုတ်လိုက်၏။
ပန်းပဲမီးဖို ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းဆီမှ ကြောက်မက်ဖွယ်ကောင်းလှသည့် အပူဓါတ်တို့ ဖြာထွက်လာပြီး လေပြင်းတစ်ဝှေ့နှင့်အတူ ပန်းပဲမီးဖို၏ အရွယ်အစား အဆပေါင်းများစွာ ကြီးမားလာခဲ့ကာ ၎င်းဆီမှ ငှက်အော်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို ပန်းပဲမီးဖိုဆီမှ မီးငှက် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီ တိုးဝင်လာနေသော အဆိပ်မြှားများဆီ မီးတောက်များ မှုတ်ထုတ်လိုက်လေသည်။
မီးတောက်နှင့် အဆိပ်မြှားများသည် လက်ရည်ညီနေကာ နှစ်ဖက်စလုံး သူမသာကိုယ်မသာ ဖြစ်နေခဲ့ကြသည်။
ထိုမှော်ရတနာကို စိတ်ဝိဥာဉ်ကို မြင်သည့်အခါ လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားပြီး ၎င်းအား ကြောက်လည်းကြောက်၊ လိုလည်း လိုချင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ရန်ကိုင်ကမူ အေးဆေးတည်ငြိမ်နေရုံမက အေးစက်စက် အမူအရာဖြင့်ပင် ပြုံးနေလိုက်သေးသည်။ မီးငှက်၏ ခွန်အားသည် ၎င်းကို သူရရှိစဉ်ကနှင့် ယှဉ်လိုက်လျှင် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့လေပြီ။ ထို့ကြောင့် မီးငှက်အတွက် အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင်ကို ရင်ဆိုင်ရန် ပြဿနာ မရှိပါချေ။
ထိုစဉ် ထိတ်လန့်ဖွယ် မကောင်းဆိုးရွား အရှိန်အဝါတို့ ရန်ကိုင်ဆီ ရုတ်တရက် တိုးဝင်လာခဲ့သည်။ မျက်လုံးပြာဖားပြုပ်သည် မီးငှက်နှင့် အလုပ်ရှုပ်နေသဖြင့် ရန်ကိုင်ဘက်လှည့်ရန် အချိန်မရှိတော့။ ထို့ကြောင့် လူအိုကြီး ကိုယ်တိုင်ပဲ ရန်ကိုင်အား တိုက်ခိုက်ရတော့လေသည်။ ၎င်း၏ အသွားတစ်ဖက်ပါ ရဲတင်းကိုကိုင်၍ ရန်ကိုင်ဆီသို့ အနက်ရောင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။
ရန်သူ့ မှော်ရတနာ၏ စွမ်းအားကို နားလည်လိုက်သည်နှင့် ရန်ကိုင် ချက်ချင်း သတိထားလိုက်သည်။ လူအိုကြီး၏ သူတော်စင်ချီ စီးဆင်းနှုန်းသည် ဤနေရာတွင် ဖိနှိပ်ထားခံရသော်ငြား သူသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက်ဆဲပင်။ ယခုအကြိမ်သည် ရန်ကိုင် အနေဖြင့် တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။
ရန်ကိုင်သည် နတ်ဆိုးမီးတောက်ဘေားလုံး များစွာကို ဖန်တီးလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် ထိုအရာများကို ငှက်အသွင်သို့ ပြောင်းစေလျက် လူအိုကြီး၏ တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားလိုက်လေသည်။
“ယွမ်ထိန်းချုပ်ခြင်းအတတ်လား” လူအိုကြီး မျက်ခုံး ပင့်သွား၏။ သူတော်စင်ဘုရင် တတိယအဆင့် ကောင်လေး တစ်ယောက်သည် ယွမ်ထိန်းချုပ်ခြင်းအတတ်အား တတ်ကျွမ်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူပင် သူတော်စင်ချီအား ထိုမျှ ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်လေရာ သူ့အမြင်အရ သူတော်စင်ဘုရင်အဆင့် တစ်ယောက်အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်သည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
သို့သော် လက်တွေ့သည် သူ့အမြင်နှင့် တစ်ခြားစီ ဖြစ်နေခဲ့သည်။ အနက်ရောင်လှိုင်းနှင့် အနက်ရောင်ငှက်တို့ ထိပ်တိုက်တွေ့သွားသည့်အခါ နှစ်ခုစလုံး ပျောက်ကွယ် သွားခဲ့ကြသည်။
“မင်းဘာသာ ယွမ်ထိန်းချုပ်ခြင်းအတတ်ကို ကျွမ်းတော့ရော ဘာဖြစ်လဲ၊ ငါနဲ့တွေရင် အသတ်ခံရမှာက အသတ်ခံရမှာပဲ” လူအိုကြီးက မှုန်ကုတ်ကုတ် အမူအရာဖြင့် အော်ဟစ်လိုက်ရာ ရုတ်တရက် မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် သူ့အား ဗဟိုပြု၍ ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး ရန်ကိုင်အား တိုက်ရိုက် ဖုံးအုပ်သွားခဲ့လေသည်။
ထိုစွမ်းအား သူ့အား ဖုံးအုပ်သွားချိန် အလွန်ကိုမှ လေးလံသော တောင်တစ်လုံး သူ့အပေါ် ပိကျလာသလို ရန်ကိုင် ခံစားလိုက်ရကာ အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်လာခဲ့ရသည်။
ရှီလား… ဤအရာသည် တန်ခိုးရှင် ဒုတိယအဆင့်၏ ရှီ ဖြစ်ကာ ပထမအဆင့် ပညာရှင်များ၏ ရှီထက် အများကြီး ပိုအားကောင်းပေသည်။
သို့သော်လည်း ရန်ကိုင်အား ဖိနှိပ်ထားရုံဖြင့် မလုံလောက်သေးမှန်း သိထားသဖြင့် အသွားတစ်ဖက်ပါ ရဲတင်းထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ ရန်ကိုင်အား လှမ်းပစ်လိုက်လသေည်။
လူအိုကြီး၏ သူတော်စင်ချီကို စုပ်ယူပြီးနောက် အသွားတစ်ဖက်ပါ ရဲတင်း၏ အရှိန်အဝါ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ၎င်းကိုယ်တိုင်သည် မီတာပေါင်းများစွာ ရှည်လျားသည့် အနက်ရောင် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုမြွေကြီးသည် တရှူးရှူးလုပ်ရင်း အစွယ်ဖြဲလျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။
ထိုအခြင်းအရာကို ကြည့်ရင်း လူအိုကြီး ရက်စက်စွာ ပြုံးလိုက်သည်။ တန်ခိုးရှင် တတိယအဆင့် တစ်ယောက် ဖြစ်လျက်နှင့် သူတော်စင်ဘုရင် တတိယအဆင့်လေးနှင့် ရင်ဆိုင်ရန်အတွက် သူ့ဝှက်ဖဲများကို ထုတ်သုံးခဲ့ရသည့် အတွက် လူအိုကြီး အတော်လေး စိတ်ညစ်မိနေခဲ့သည်။ သို့သော်လည်း ရန်ကိုင်၏ ရတနာများအကြောင်း တွေးလိုက်မိသည့်အခါ ထိုမျှ ရင်းနှီးရသည်မှာ ထိုက်တန်သည်ဟု တွေးလိုက်မိပြန်သည်။
လူအိုကြီးသည် ရန်ကိုင် တစ်စစီ ဖြစ်တော့မည့် မြင်ကွင်းကို ယုံကြည်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုစဉ် ရွှေရောင်အလင်းတန်းများစွာ ရုတ်တရက် တောက်ပလာခဲ့သည်။ ထိုရွှေရောင်အလင်းတန်းများ လေထုထဲ ဟိုမှသည်သို့ ကူးကလန် ခတ်နေသည်။ ခဏအကြာတွင် ယခင်က ရှေးဟောင် ကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေသော သူ့ရှီ ရုတ်တရက် ကသောင်းကနင်း ဖြစ်လာခဲ့သဖြင့် လူအိုကြီးလည်း သူ့ရှီဖြင့် ရန်ကိုင်ကို ဆက်၍ မဖိနှိပ်ထားနိုင် ဖြစ်လာခဲ့လေသည်။
ဒီကောင် ငါ့ရှီကိုတောင် ဖျက်စီးနိုင်တာလား
ထိုရွှေရောင် အလင်းတန်းများကို အတော်လေး ရင်းနှီးနေသလို လူအိုကြီး ခံစားရသော်လည်း မည်သည့် နေရာတွင် ထိုအရာများကို တွေ့ခဲ့ဖူးမှန်း ပြန်မမှတ်မိပေ။
ရန်ကိုင်၏ ရွှေရောင်သွေးမျှင် ပညာရပ်သည် သွေးနတ်ဆိုး ကျောင်းတော်၏ နတ်ဆိုးသွေးမျှင် ပညာရပ်နှင့် အတော်လေး ကွာခြားနေသဖြင့် သူမမှတ်မိသည်မှာလည်း သဘာဝသာ ဖြစ်၏။ သွေးနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးသွေးမျှင်များ၏ အရောင်မှာ အနက်ရောင်ဖြစ်ပြီး အရှိန်အဝါမှာ မှုန်ထိုင်းထိုင်းနှင့် ခံစားရသူအား မသက်မသာ ဖြစ်စေသည်။
သို့သော်လည်း ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များမှာ ရွှေရောင်သွေးစက်မှ ဖန်တီးထားခြင်း ဖြစ်သည့် အတွက်ကြောင့် နတ်ဆိုးသွေးမျှင်များထက် အများကြီး ပိုသန့်စင်သည်။ သွေးနတ်ဆိုးကျောင်းတော်မှ ဝူရွှင်ကိုယ်တိုင် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များကို မြင်သွားခဲ့လျှင် ရွှေရောင်ပိုးမျှင်၏ ဇာတ်မြစ်ကို သိကောင်းသိနိုင်သော်လည်း ထိုလူအိုကြီးကမူကား သိနိုင်လိမ့်မည် မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၂)
`လူအိုကြီး၏ရှီ ပျက်စီးသွားသည်နှင့် ရန်ကိုင်သည် ၎င်း၏ ဖိနှိပ်မှုအောက်မှု ချက်ချင်း ရုန်းထွက်လိုက်သည်။ ထို့နောက် ခရမ်းရောင်ဒိုင်း၏ အထူးစွမ်းရည်ဖြစ်သော သဲမုန်းတိုင်းကို အသက်သွင်း၍ တစ်ဖက်အသွားပါ ပုဆိန်မှ အသွင် ပြောင်းထားသည့် အနက်ရောင်မြွေကို လွှမ်းခြုံပစ်လိုက်၏။
သဲမုန်တိုင်းထဲမှ မြွေကြီး၏ အဆက်မပြတ် အော်သံများ ထွက်ပေါ်လာခဲ့လေသည်။ မြွေကြီးမှာ သဲမုန်းတိုင်းထဲမှ ရုန်းထွက်ရန် အဆက်မပြတ် ကြိုးစားနေခဲ့သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ မရုန်းထွက်နိုင်ခဲ့ပေ။ ခရမ်းရောင်ဒိုင်းသည် ပုဆိန်ထက် အဆင့်တစ်ဆင့် ပိုမြင့်သည့်အပြင် အကာအကွယ် သီးသန့် မှော်ရတနာတစ်ခု ဖြစ်သည့် အတွက်ကြောင့် မြွေကို အထဲတွင် ပိတ်ထားနိုင်သည်မှာ အထူးအဆန်း မဟုတ်ပေ။
မှော်ရတနာများသည် သူတို့ဘာသာ အလိုလို မတိုက်နိုင်ကြပေ။ ထို့ကြောင့် ခရမ်းရောင်ဒိုင်းနှင့် အသွားတစ်ဖက်ပါ ပုဆိန်ကြားရှိ တိုက်ပွဲသည် ရန်ကိုင်နှင့် လူအိုကြီးတို့၏ ကောင်းကင်စိတ်အာရုံချင်း ပြိုင်ကြသည့် တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
မကြာမီ လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားရသည်။ အကြောင်းမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူ့အောက် မနိမ့်ကျသည့်အပြင် သူ့ထက်ပင် ပိုအားကောင်းနေသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိုကောင်းကင် စိတ်အာရုံသည် သူတော်စင်ဘုရင် တတိယအဆင့်တစ်ယောက် ပိုင်ဆိုင်သင့်သည့် ကောင်းကင်စိတ်အာရုံမျိုး မဟုတ်ပေ။
“မင်းဘယ်သူလဲ” လူအိုကြီး အလန့်တကြား ထမေးသည်။ အားကောင်းသော နောက်ခံတစ်ခုခု မရှိသည့် ထိုလူငယ်လေး ထိုမျှ အားကောင်းသည်ကို လူအိုကြီး မယုံကြည်နိုင် ဖြစ်နေသည်။ သားရဲများတောင်တန်းမှ လက်ရွေးစင်တပည့်များ မဆိုထားနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လက်ရွေးစင် တပည့်ဆိုသည့် လက်ရွေးစင်များပင် ထိုမျှ အားမကောင်းကြပေ။
အရိပ်ကြယ်ပေါ်တွင် ထိုကဲ့သို့သော ကျင့်ကြံသူမျိုးအား ရှာတွေ့နိုင်သည့် နေရာတစ်နေရာသာ ရှိပေသည်။ ထိုနေရာကား… ကြယ်ဧကရာဇ်တောင်ပင်။
ထိုလူငယ်လေးသည် ကြယ်ဧကရာဇ်တောင်မှ အတွေ့အကြုံ ရှာထွက်လာသည့် တပည့်တစ်ယောက်များ ဖြစ်နေလေမလား။ သူသိထားသည့် အကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်သည့် အခါ လူအိုကြီး မျက်နှာ ပျက်သွားရသည်။
ထိုလူငယ်လေးသာ ကြယ်ဧကရာဇ်တောင်မှ မဟုတ်လျှင် ဘာကြောင့် ထိုမျှ အားကောင်းနေရမည်နည်း။
“ခင်ဗျား တကယ်ကို သောက်ပိုတွေ ပြောလွန်းတာပဲ အဖိုးကြီး” ရန်ကိုင် ပြန်မဖြေ၊ ကျိန်သာ ဆဲလိုက်သည်။ အစောပိုင်းတွင် ပြန်မတိုက်ဘဲ ခုခံနေရခြင်းမှာ သူ့ခွန်အားကို မယုံကြည်သည့် အတွက်ကြောင့် မဟုတ်ဘဲ ယခုအကြိမ်သည် တန်ခိုးရှင် ဒုတိယ အဆင့်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည့် အတွက် လူအိုကြီး၏ စွမ်းရည်ကို အရင် စမ်းသပ်လိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ယခု လူအိုကြီး၏ စွမ်းရည်နှင့် ပက်သက်၍ တီးမိခေါက်မိ သိသွားပြီ ဖြစ်လေရာ ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲရန် အချိန်တန်လေပြီ။
ရေအတိမ်အနက်ကို ဆန်းစစ်ပြီးသွားပြီ ဖြစ်သည့်အတွက် ရန်ကိုင်သည် သူတော်စင်ချီ အများအပြားကို စုစည်းလျက် နတ်ဆိုးမီးတောက်ဓါးအဖြစ် သိပ်သည်းကာ ရှေ့တည့်တည့်သို့ ပိုင်းချလိုက်လေသည်။
မီတာပေါင်းများစွာ ရှည်လျားသော အနက်ရောင်မီးတောက် ဓါးလှိုင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လူအိုကြီးဆီသို့ တိုးဝင်သွားလေသည်။
ဓါးလှိုင်းထဲတွင် ပါဝင်သော စွမ်းအားကို ခံစားမိသော် လူအိုကြီး မာန်သွင်းအော်ဟစ်လိုက်ပြီး ဘေးဘက်သို့ အလျင်စလို တိမ်းရှောင်လိုက်သည်။ သို့သော်လည်း ခြေခိုင်ခိုင်ပင် မရပ်ရသေးခင်မှာပဲ နောက်ထပ်ဓါးလှိုင်းတစ်ခု သူ့ဆီသို့ ထပ်မံ တိုးဝင်လာပြန်လေသည်။
ဒုတိယဓါးလှိုင်းအား ရှောင်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည့်အခိုက် လူအိုကြီး၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ အံကြိတ်၍ သိုလှောင်လက်စွပ်ထဲမှ လေးထောင့်ဒိုင်းတစ်ခုကို ထုတ်ကာ ထိုဒိုင်းပေါ် သွေးတစ်ပွက် အန်ချလိုက်သည်။ ဒိုင်းပေါ် သွေးရောက်သွားသည်နှင့် ဒိုင်းတစ်ခုလုံး တောက်ပလာပြီး စတင် လည်ပတ်လာကာ လူအိုကြီး ပတ်လည်တွင် ရွှေရောင်အလင်းအကာအရံတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ကျင့်ကြံသူတိုင်းတွင် အနည်းဆုံး အကာအကွယ် မှော်ရတနာ တစ်ခုစီ ရှိတတ်ကြသည်။ လူအိုကြီးသည်လည်း ချွင်းချက်မဟုတ်။ တိုက်ပွဲဖြစ်သည့်အခါ ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်လျှင်ရှောင်၊ မရှောင်လျှင် ပြန်လည်ခုခံရမည့် အခိုက်အတန့်မျိုးနှင့် တစ်နေ့နေ့ တစ်ချိန်ချိန်၌ မလွဲမသွေ ကြုံရတတ်သည် မဟုတ်ပေလော။
ထို့ကြောင့် ကျင့်ကြံသူတိုင်းလိုလိုသည် အကာအကွယ် မှော်ရတနာ တစ်ခုစီလောက် ဆောင်ထားကြခြင်းပင်။ လူအိုကြီး ထုတ်သုံးလိုက်သည့် လေးထောင့်ဒိုင်းသည် တန်ခိုးရှင် အဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်သော်လည်း ထိုအရာသည် သားရဲများ တောင်တန်းမှ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖန်တီးခဲ့သည့် လက်ရာကောင်းတစ်ခု ဖြစ်ပေသည်။ အစကမူ လူအိုကြီးသည် သူ့အဖိုးတန် မှော်ရတနာလေးအား ထုတ်သုံးရမည်ကို နှာမြော တွန့်တိုနေခဲ့သော်ငြား ရန်ကိုင်က သူ့အား ထုတ်သုံးရန် တွန်းအားပေးလာနေပြီ ဖြစ်သည့် အတွက်ကြောင့် မသုံးမဖြစ် ထုတ်သုံးလိုက်ရလေပြီ။
ဘုန်း…
ရန်ကိုင် ပစ်လွှတ်လိုက်သော အနက်ရောင်ဓါးလှိုင်း ရွှေရောင် အကာအရံပေါ် လာရောက်ထိမှန်သည်။ အကာအရံ မျက်နှာပြင်ပေါ်ရှိ အမှတ်အက္ခရာများ လှုပ်ခါသွားသော်လည်း အရံအတားအား မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။
ဓါးလှိုင်းနှင့် အရံအတား ထိမိသွားချိန် လူအိုကြီး တုန်တက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ သို့သော်လည်း ရန်ကိုင်၏ ဓါးလှိုင်းသည် သူ့အကာအရံအား မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့သလို သူအား နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့သည့် အတွက်ကြောင့် လူအိုကြီး ပျော်နေမိပေသေးသည်။
သို့သော်လည်း ချက်ချင်းဆိုသလို ပျော်နေသော သူ့အပျော်လေး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြီး လူအိုကြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားလေသည်။
အကြောင်းမှာ အစောပိုင်းက သူခုခံလိုက်သော ဓါးလှိုင်းနှင့် ဆင်တူသည့် ဓါးလှိုင်းပေါင်း မြောက်မြားစွာ သူ့ဆီ လာနေသည်ကို မြင်လိုက်သည့် အတွက်ကြောင့်ပင်။ ထိုဓါးလှိုင်းများသည် ပထမ ဓါးလှိုင်းနှင့် ဆင်တူရုံမက ပထမဓါးလှိုင်း ကဲ့သို့လည်း အားကောင်းပေသည်။ ထို့အပြင် ဓါးလှိုင်းများမှာ များလွန်းသဖြင့် ကောင်းကင် တစ်ဝက်လောက်ကိုပင် ဖုံးအုပ်သွားလုမတတ် ဖြစ်နေခဲ့သည်။
လူအိုကြီး ရင်ထိတ်မိနေလေပြီ။
ထိုကောင်လေး ရူးသွားပေခြင်းလော၊ တိုက်ခိုက်နေသည့် အချိန်အတွင်း သူတော်စင်ချီ များစွာကို ထိုကောင် ဘာကြောင့် အရူးတစ်ယောက်နှယ် ဖြုန်းတီးပစ်ရဲသနည်း။ သူတော်စင်ချီ ကုန်သွားပြီး ဆက်မတိုက်နိုင်တော့မည်ကို သူမကြောက်လေသလော။
မည်သည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသည် ဖြစ်ပါစေ ကျင့်ကြံသူတိုင်းသည် တိုက်ပွဲအတွင်းတွင် သူတို့၏ ခွန်အားကို သေချာ ထိန်းသိမ်းထားသင့်သည်။ တိုက်ပွဲရလဒ်ကို မည်သူမှ ကြိုတင် နိမိတ်မဖတ်နိုင်ချေ။ ထို့ကြောင့် ခန့်မှန်းမရနိုင်သော ရလဒ်များကြောင့် ကျင့်ကြံသူတိုင်းသည် သူတို့၏ သူတော်စင်ချီကို အကုန်သုံးမပစ်ဘဲ ချန်ရစ်ထားလေ့ရှိသည်။ ထို့သို့သာ မဟုတ်ဘဲ သူတော်စင်ချီကိုသာ အကုန်သုံးပစ်လိုက်မည် ဆိုပါက ခန္ဓာကိုယ် အားနည်းသွားပြီး ဆက်တိုက်နိုင်မည် မဟုတ်တော့ပေ။ ထိုအခါက ကျားရှေ့မှောက်လျက်လဲသည့် ယုန်သူငယ်နှယ် ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်ကဲ့သို့ သူတော်စင်ချီကို လက်လက်စပယ် အသုံးပြုပြီး တိုက်ခိုက်သည့် လူများစွာကို လူအိုကြီး မြင်ခဲ့ဖူးသည်။ သို့သော် ထိုလူအားလုံးသည် သူတို့အတွက် ထွက်ပေါက်၊ မျှော်လင့်ချက် မရှိတော့သည့် အတွက်ကြောင့်သာ အသက်ကို ပဓါန မထားတော့ဘဲ ရန်သူကိုပါ အပါခေါ်သွားနိုင်ရန်အတွက် သူသေ ကိုယ်သေ အရူးတစ်ယောက်နှယ် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူကြုံခဲ့ဖူးသည် မည်သည့် ရန်သူမှ သူ့အား အပါ ခေါ်မသွားနိုင်ခဲ့ပေ။
သူတော်စင်ချီ ကုန်ကုန် မကုန်ကုန်ကို ဂရုမစိုက်တော့ဘဲ ယခုကဲ့သို့ မဆင်မခြင် တိုက်ခိုက်နေရလေအောင် ထိုကောင် ရူးများ ရူးသွားလေသလော။
လူအိုကြီးခေါင်းထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ ဓါးလှိုင်းတစ်လှိုင်းကို ခုခံပြီး ခြေခိုင်ခိုင်ပင် မရပ်ရသေးခင်မှာပဲ နောက်ထပ် ဓါးလှိုင်းများစွာ တိုးဝင်လာနေပြီ ဖြစ်သဖြင့် လူအိုကြီးအဖို့ ဒိုင်းကာထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီး ခုခံရုံမှအပ အခြားရွေးစရာ မရှိတော့ချေ။ ထိုဓါးလှိုင်းအားလုံးကို သူ့ဒိုင်း ခုခံနိုင်ပါစေဟု ဆုတောင်းရုံသာ ရှိတော့သည်။
လူအိုကြီးအား ဝိုင်းရံထားသည့် ရွှေရောင်အရံအတား ရုတ်ချည်း ပိုမို တောက်ပလာခဲ့လေသည်။
ချက်ချင်းဆိုသလို တဝုန်းဝုန်း မြည်သံများ တရစပ် ထွက်ပေါ်လာပြီး လူအိုကြီးနောက်သို့ နောက်သို့ အဆက်မပြတ် ဆုတ်လိုက်ရသည်။ ဓါးလှိုင်းများသည် ရွှေရောင်အရံအတားအား လာရောက်ထိမှန်ပြီး ပျောက်ကွယ်သွားကုန်ကြသည်။ သို့သော် ဓါးလှိုင်းတစ်ခု ပျောက်ကွယ်သွားပြီးသည်နှင့် နောက်တစ်ခုက ရွှေရောင် အရံအတားဆီ ထပ်မံ တိုးဝင်လာပြန်သည်။
ခရက်…
အက်သံကြားသဖြင့် မော့ကြည့်လိုက်ရာ အရံအတား မျက်နှာပြင်ပေါ်တွင် အက်ရာတစ်ခု ဖြစ်နေသည်ကို မြင်လိုက်သည့် နောက် လူအိုကြီး၏မျက်နှာ ဖြူလျော်သွားခဲ့သည်။ အစပိုင်းတွင် အနည်းငယ်သာ အက်သေးသော်လည်း ဓါးလှိုင်းများ အရံအတားပေါ် ကျရောက်ဖန်များလာသော် အက်ရာများစွာ ထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရွှေရောင် အရံအတား တစ်ခုလုံး ပင့်ကူအိမ်ကဲ့သို့ အက်ရာများဖြင့် ပြည့်ကုန်လေသည်။
မည်မျှ မာကျောကျစ်လစ်သော အကာအကွယ် ဖြစ်ပါစေ အဆက်မပြတ် တိုက်ခိုက်ခံနေရမည် ဆိုပါက တစ်ချိန်ချိန်တွင် ပြိုကွဲပျက်စီးမည်သာ။ နဂါးလိုဏ်ဂူတောင် ပတ်လည်အား ကာကွယ်ထားသော အစီအရင်ပင် ချွင်းချက် မဟုတ်လေရာ တန်ခိုးရှင် အဆင့်နိမ့်သာ ရှိသေးသော သူ့ဒိုင်းကာလည်း မည်ကဲ့သို့ ချွင်းချက် ဖြစ်နိုင်မည်နည်း။
မကောင်းတော့ဘူး လူအိုကြီး အလန့်တကြား ဆိုလိုက်ပြီး ရွှေရောင်ဒိုင်းကာ ရှေ့တည့်တည့်သို့ ပစ်ထည့်လျက် ချက်ချင်း ဘေးဘက်သို့ ခုန်ရှောင်လိုက်လေသည်။
သေရေရှင်ရေး အခိုက်အတန့်နှင့် ကြုံလာရသော် သူ့အဖိုးတန် ဒိုင်းကာလေးအား စတေးပစ်လိုက်ရုံသာ ရှိတော့သည်။ တကယ်တော့ သူ့ဒိုင်းကာလေးတွင် ရန်ကိုင်၏ ခရမ်းရောင်ဒိုင်း ကဲ့သို့ အထူးစွမ်းရည်မှ မရှိလေဘဲ။
သူတော်စင်ချီ ဖြည့်သွင်းပေးမနေတော့သဖြင့် ဒိုင်းကာသည် အဆင့်မြင့်ပစ္စည်း တစ်ခုသာ ဖြစ်သွားတော့သည်။ ဒိုင်း၏အဆင့် မြင့်သည်ဆိုလျှင်ပင် ရန်ကိုင်၏ ဓါးလှိုင်းများအောက် တစ်စစီ ပျက်စီးသွားခဲ့ရပြီး နတ်ဆိုးမီးတောက်၏ လောင်ကျွမ်းပြာချပစ်ခြင်း ခံလိုက်ရလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်ကြောင့် လူအိုကြီးအဖို့ ဓါးလှိုင်းများမှ လွတ်လွတ်ကျွတ်ကျွတ် နေရာ ဖြစ်သော မီတာသုံးရာအကွာသို့ ဆုတ်ရန် အချိန် ရသွားခဲ့သည်။
လူအိုကြီး ပြန်ဆုတ်သွားသည့် နေရာဆီသို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ရန်ကိုင်၏ ဘယ်ဘက်လက်သည် ရုတ်တရက် လေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်း ဆိုသလို သူတော်စင်ချီ ဖန်တီးထားသော လှံတစ်ချောင်း သူ့လက်တွင် ဖြစ်ပေါ်လာခဲ့လေသည်။
“သွားစမ်း” ရန်ကိုင် လှံအား လူအိုကြီးဆီသို့ အားကုန် လှမ်းပစ်လိုက်သည်။ လှံတံသည် လေထဲ ခဏတာ ပျောက်ကွယ် သွားပြီး လူအိုကြီးရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။
ကောင်းကင်အပြစ်ပေး လှံတံကို ရန်ကိုင် အသုံးပြုလာခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သဖြင့် အတော်လေး ကျွမ်းကျင်နေခဲ့လေပြီ။
လူအိုကြီးမှ ပထမအန္တရာယ်မှ ရှောင်းပြီး၍ ကောင်းကောင်းပင် မနားရသေးခင်မှာပဲ နောက်တစ်ကြိမ် အန္တရာယ်တွင်းထဲ ထပ်ရောက်နေသည်ကို တွေ့ရှိလိုက်ရသည်။ ရွေးစရာ မရှိတော့သဖြင့် ဒေါသထွက်ထွက်၊ စိတ်ပေါက်ပေါက်နှင့် လက်နှစ်ဖက်ကို မြှောက်ကို သူတော်စင်ချီဖြင့် သူ့ခေါင်းထက်တွင် အကာအရံ တစ်ခုကို ဖန်တီးလိုက်လေသည်။ ကံကောင်းစွာဖြင့် လူအိုကြီး လက်မြန်သွားသောကြောင့် ကောင်းကင်လှံတံကို အချိန်မှီ ကာကွယ်လိုက်နိုင်သည်။
သို့သော်လည်း ရန်ကိုင်၏ တိုက်ခိုက်မှုမှာ ထိုမျှနှင့် အဆုံးမသတ်သေး။ လူအိုကြီး ခေါင်းပေါ်ရှိ ကောင်းကင်သည် ရုတ်တရက် တွန့်လိမ်လ,ပြီး ဧရာမလက်ဝါးကြီးတစ်ဖက် ရုတ်တရက် ဖြစ်ပေါ်လာကာ သူ့ပေါ်သို့ ရိုက်ချလာလေသည်။ ထိုလက်ဝါးကြီးကို မြင်လိုက်သည့်အခိုက် လူအိုကြီး မျက်လုံး ပြူးသွားခဲ့သည်။
ထိုလက်ဝါးသည် ကောင်းကင်တစ်ခွင်းလုံးကို ဖုံးအုပ်လုမတတ် ကြီးမားလွန်းလှဿည်။
ထိုအရာသည်ကား ရန်ကိုင် တတ်ကျွမ်းထားသည့် ကောင်းကင်ဖုံးလက်ပင် ဖြစ်လေသည်။
ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ ဧကရာဇ် လက်ဝါးကြီး လူအိုကြီးပေါ်သို့ ရက်ရက်စက်စက် ရိုက်ချလာခဲ့လေသည်။ ထိုရိုက်ချက်ကြောင့် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ဧရာမလက်ဝါးရာကြီးတစ်ခု မြေပြင်ထက် ဖြစ်ပေါ်လာခဲ့ရသည်။
သို့သော်လည်း ရန်ကိုင်ကမူ မကျေနပ်သေးဟန်ဖြင့် မျက်မှောင်ကြုတ်လျက် အနားရှိ တစ်နေရာအား လှမ်းကြည့်၏။
သူ့ရိုက်ချက် ပစ်မှတ်အား လွဲသွားခဲ့ပေသည်။ လုအိုကြီးသည် မည်သည့် အချိန်ကတည်းကမသိ အခြားတစ်နေရာသို့ ရောက်နေပြီး ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ချောင်းဆိုးနေခဲ့သည်။
မည်သည့် ပညာရပ်အားသုံး၍ လူအိုကြီး သူ့တိုက်ကွက်အား တိမ်းရှောင်သွားသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ကြည့်ရသလောက် တန်ခိုးရှင် ဒုတိယအဆင့်များကို သွားမထင်သေးသည့်ပုံပင်။
“ကောင်လေး၊ မင်းငါ့ကိုပါ အတူခေါ်သွားချင်တယ်ပေါ့ ဟုတ်လား” လူအိုကြီးသည် ရန်ကိုင်အား ဒေါသလည်းထွက်၊ လန့်လည်း လန့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်၏ အစွမ်းအစကို မြင်တွေ့ပြီးသွားပြီ ဖြစ်သဖြင့် လူအိုကြီး ရန်ကိုင်ကို ထပ်မထင်မသေးရဲတော့ပေ။ အစီအရင်၏ အကူအညီ မပါလျှင်ပင် သူရန်ကိုင်ကို သတ်နိုင်မည် မဟုတ်မှန်း လူအိုကြီး သိလိုက်သည်။ နှစ်ယောက်သား တိုက်ခိုက်လျှင်ပင် အများဆုံးမှ သရေကျရုံသာ ရှိမည်။
သို့သော်လည်း အစီအရင်က ဖိနှိပ်နေသဖြင့် လောလောဆယ်၌ သူ့ခွန်အား ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးနိုင်တော့လေရာ ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ အစပိုင်း နည်းနည်းလောက် တိုက်ခိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အောက်စည်း ရောက်သွားကာ တောက်လျှောက်ကို ခုခံနေခဲ့ရသည်။ ယခုဆိုလျှင် သေပြေးရှင်ပြေး ပြေးရသည့်ဘဝသို့ပင် ရောက်နေခဲ့လေပြီ။
အစောပိုင်းက ရန်ကိုင် အသုံးပြုသွားခဲ့သည့် တိုက်ကွက်များအကြောင်း ပြန်စဉ်းစားလိုက်ရုံဖြင့် လူအိုကြီး ဇောချွေးပျံရသည်။ သူသာ အပြေးမမြန်ခဲ့လျှင် ယခုလောက်ဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပေပြီ။
ဤကဲ့သို့ နေရာမျိုးတွင်သာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလိုက်မည်ဆိုပါက သူ့အား စောင့်ကြိုနေမည်မှာ သေခြင်းသာ ရှိတော့မည်မှန်း လူအိုကြီး နားလည်သည်။
သို့သော်လည်း ထွက်ပြေးရန် သူသုံးခဲ့သည့် ပညာရပ်ကြောင့် ယခုတိုက်ပွဲအား သူနိုင်နိုင်၊ မနိုင်နိုင်၊ အထွဋ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန် အနည်းဆုံး နှစ်အတော်ကြာလောက် တံခါးပိတ် ကျင့်ကြံရတော့ပေမည်။
လူအိုကြီး အနေဖြင့် ယခုတိုက်ပွဲမှပင် ပြန်ဆုတ်ရန် စဉ်းစားပြီးနေလေပြီ။ ရတနာများသည် တပ်မက်ဖွယ် ကောင်းသော်ငြား မိမိ၏ အသက်သည်သာ အရေးအကြီးဆုံး ဖြစ်သည်။ အကြီးအကဲဖုန်းအား မည်ကဲ့သို့ ဆင်ခြေ ပေးရမလဲ ဆိုသည့် ကိစ္စကိုမူ နောက်မှ စဉ်းစားပေတော့မည်။
“ခင်ဗျားကိုပါ ဆွဲခေါ်သွားဖို့ ဟုတ်လား” ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် လှောင်ပြုံးပြုံးသွားခဲ့ပြီး အထင်တသေးဖြင့် “ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးလှချည်လား”
လူအိုကြီး အသက်ရှင်လာခဲ့သည့် သက်တမ်းတစ်လျှောက် သူတော်စင်ဘုရင်အဆင့် တစ်ယောက်၏ လှောင်ပြောင်ခြင်း တစ်ခါမှ မခံခဲ့ရဖူးချေ။ အခြားအချိန်မျိုးတွင်သာ ဆိုပါက ထိုကဲ့သို့ စော်ကားရန်စခံရသည်ကို လုံးဝ ငြိမ်ခံနေလိမ့်မည် မဟုတ်ပေ။
“မင့်ငါ့ကို စဉ်းတီတုံးပေါ် ရောက်နေတဲ့ ငါးလို့ မှတ်နေတာလား။ ကောင်လေး၊ မင်းအားကောင်းတာ မှန်တယ်။ ဒါပေမယ့် ငါ့ကို သတ်ချင်တယ်ဆိုရင်တော့ အဲ့လောက် မလွယ်ဘူးကွ။ မင်းဘက်က အနည်းဆုံး တစ်ခုခုတော့ ကျိန်းသေ ပြန်ပေးဆပ်ရလိမ့်မယ်။ ဒါကြောင့် ငါနောက်ဆုတ်နေတုန်း ငါ့ကို ဆက်ပြီး တွန်းအားပေးမနေနဲ့။ မဟုတ်ရင် အကျိုးဆက်က မင်းရော၊ ငါ့အတွက်ရော ကောင်းတာ မဟုတ်ဘူးနော်။ စိတ်မပူနဲ့၊ ငါထွက်သွားပြီးတာနဲ့ မင်းရဲ့ နဂါးလိုဏ်ဂူတောင်ကို ထပ်ပြီး လာမနှောင့်ယှတ်တော့ဘူး။ ဘယ်လိုလဲ”
“ကျုပ်ကို လာပြီး အကြပ်ကိုင်ချင်ရအောင် ခင်ဗျားက ဘယ်သူမို့လို့လဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် “ခင်ဗျားကို ကျုပ်လက်ခုပ်ထဲက ရေလို့ သတ်မှတ်ထားရင်တောင် ခင်ဗျား ဘာတတ်နိုင်မှာ မို့လို့လဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၃)
“ကောင်လေး၊ လူဆိုတာ အချိန်အခါကို ကြည့်ပြီး ပြောင်းသင့်ရင် ပြောင်းတတ်ရတယ်ကွ။ မင်းငါ့ကို မရရအောင် သတ်မယ်ဆိုရင် ငါလည်း ကျားနာကျားခဲ ပြန်ကိုက်မှ မင်းသွားပါ အဆစ်ကျိုးနေမယ်နော်” လူအိုကြီးသည် ရင်ထဲတွေ အတော်လေး စိုးရိမ်နေမိသော်ငြား ခြိမ်းခြောက်လိုက်ပေသေးသည်။
“အို၊ အဲ့လိုဆို ခင်ဗျားအရိုးတွေ ဘယ်လောက်မာလဲ ကျုပ်ကြည့်ရသေးတာပေါ့” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။
သူ့နေရာအား နိုင်ထက်စီးနင်း ကျူးကျော်လာသည့် လူကို ဘာကြောင့် အလွယ်တကူ လွှတ်ပေးရမည်နည်း။
နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် လူမှန်သမျှကို သတ်ပစ်ရန် ရန်ကိုင် ဆုံးဖြတ်ပြီးသွားလေပြီ။ သူတို့ပြောတိုင်း အလွယ်တကူ ခွင့်လွှတ်ပေးရလေအောင်လည်း သူက သူတော်စင် မဟုတ်။ ယခုကဲ့သို့ အချိန်မျိုးတွင် ရန်သူကို သနားလိုက်ခြင်းသည် ကိုယ်အားနည်းသည်ဟု ပြောလိုက်ခြင်း မည်ပေသည်။ နဂါးလိုဏ်ဂူတောင်အနေဖြင့် အခြားသူများကို နဂါးမှန်းသိအောင် အမောက်ထောင်ကို ထောင်ပြရပေတော့မည်။
ရန်ကိုင်၏ စကားကို ကြားသော် လူအိုကြီး၏ မျက်လုံးထဲ အေးစက်စက် အရိပ်ယောင်တို့ ဖြတ်ပြေးသွားပြီး အံကြိတ်၍ ရေရွတ်လိုက်လေသည် “မင်းငါ့ကို သတ်ရမှာ ဖြစ်မှာလား”
ရန်ကိုင်ကား ပြန်မဖြေ၊ သူ့လက်ထဲရှိ နတ်ဆိုးမီးတောက်ဓါးကို ဝှေ့ရမ်းပြီးတော့သာ လက်တွေ့ စကားပြောလိုက်သည်။
“ကောင်းပြီလေ” လူအိုကြီး၏ အမူအရာ ရုတ်တရက် တည်ကြည်သွားပြီး သူ့ဆီ တိုးဝင်လာနေသော ဓါးလှိုင်းအား လုံးဝ ဂရုမပြုတော့ဘဲ မလှုပ်မယှတ် ရပ်နေလိုက်သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး သူ့အမူအရာလည်း လေးနက်သွားခဲ့သည်။ လူအိုကြီး သူ့ကိုယ်သူ လက်လျှော့လိုက်ပြီဟု ရန်ကိုင် မထင်။ အစောပိုင်းက လူအိုကြီး ပြောနေသည့် ပုံစံအရ သူ့တွင် မသုံးရသေးသည့် ဝှက်ဖဲတစ်ခု ကျိန်းသေ ရှိနေပေသေး သည်။
ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်လည်း တွေဝေ တုန့်ဆိုင်းမနေတော့ဘဲ သူ့ရှေ့ရှိ လေဟာနယ်ကို ခုတ်ပိုင်း၍ လူအိုကြီးဆီသို့ လေဟာဓါးသွားများကို တိတ်တိတ်လေး စေလွှတ်လိုက်လေသည်။
လူအိုကြီး သူ့ဝှက်ဖဲကို ထုတ်မသုံးခင် လေဟာနယ်ဓါးသွားဖြင့် ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ရန် ရန်ကိုင် ကြိုးစားနေခြင်းပင်။
ဓါးလှိုင်းကို ရှေ့တွင်ထားကာ လေဟာနယ်ဓါးသွားကို နောက်မှ တိတ်တိတ်လေး လိုက်သွားစေသည်။ ဓါးလှိုင်း နှစ်ခုစလုံးသည် အနက်ရောင်ချည်းသာ ဖြစ်သည့်အတွက်ကြောင့် သေချာဂရုမစိုက်ကြည့်လျှင် သတိပြုမိလိမ့်မည် မဟုတ်။ သို့သော် လူအိုကြီးသည် ထိုဓါးလှိုင်းများအား လုံးဝ လျစ်လျူရှုထားခဲ့ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်း သေတ္တာလေးတစ်လုံးကို ထုတ်လိုက်လေသည်။
ထို့နောက် အဖုံးကိုဖွင့်၍ ထိုသေတ္တာထဲမှ တောက်ကြက်မောက်အရွယ် ဆေးလုံးတစ်လုံးကို ထုတ်လိုက်၏။
ပြီးသည်နှင့် ဆေးလုံးကို တန်မျိုးချုလိုက်လေသည်။
သူပဲအမြင်မှားသလား၊ တကယ်လား သေချာမသိရာ၊ ဆေးလုံးကို ထုတ်လိုက်ချိန် လူအိုကြီးသည် ထိုဆေးလုံးအား မသောက်ချင်၊ သောက်ချင်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သူ့ကြည့်ရသည်မှာ ဆေးလုံးအား သောက်ရမည်ကို ဝမ်းနည်းနေသည့် ပုံစံမျိုးပင်။
ချက်ချင်းဆိုသလို ရန်ကိုင် ပစ်လွှတ်လိုက်သော ဓါးလှိုင်းများ လူအိုကြီးနှင့် ဆယ်မီတာကျော်အကွာသို့ ရောက်လာခဲ့လေသည်။
သို့သော်လည်း ဓါးလှိုင်းများ လူအိုကြီးကို မထိခင်မှာပဲ ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ပြုတ်ကျလာပြီး ဓါးလှိုင်းများဆီမှ လူအိုကြီးကို ကာကွယ်ပေးသွားလေသည်။
အုအွမ်…
အနက်ရောင်ဓါးလှိုင်းများကြောင့် မျက်လုံးပြာဖာပြုပ် နာကျင်စွာ ထအော်သည်။
တကယ့် အရေးကြီးသည့်အချိန်တွင် လူအိုကြီးသည် မျက်လုံးပြာဖားပြုပ်ကို ဆင့်ခေါ်ပြီး သူ့အား ကာကွယ်ခိုင်းခဲ့သည်။ မျက်လုံးပြာဖားပြုပ်သည် အဆင့်ကိုးသားရဲတစ်ကောင် ဖြစ်သော်ငြား မီးငှက်လောက် မသန်မာ၊ သူ့အတွက် အားသာချက် ဆို၍ မာကျောသော အရေပြားနှင့် အသားသာ ရှိသည်။
မီးငှက်နှင့် တိုက်ပွဲတွင် မျက်လုံးပြာဖားပြုပ် ဒဏ်ရာများစွာ ရခဲ့ပြီး ယခုဆိုလျှင် သူ့တစ်ကိုယ်လုံး မီးလောင်ရာ၊ ရှရာများဖြင့် ပြည့်နေခဲ့လေပြီ။ ၎င်း၏ ကျောပြင်ပေါ်ရှိ အအဖုအပိန့်များလည်း ပေါက်ထွက်ကုန်ပြီး အော့အန်ချင်စရာ အဆိပ်များ စိမ့်ထွက်နေသည်။
သို့တိုင် မျက်လုံးပြာဖားပြုပ် မသေသေးပေ။ မျက်လုံးပြာဖားပြုပ်သည် အတော်လေး အသက်ပြင်းသည့် မွန်းစတားသားရဲတစ်ကောင်ဟု ပြော၍ရသည်။ သူ့နေရာ၌ အခြားသားရဲ တစ်ကောင်သာ ဆိုပါက အစောကြီးကတည်းက အသက်ထွက်သွားနေလောက်ပေပြီ။
သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အချိန်မှာပဲ မျက်လုံးပြာဖားပြုပ်သည် ရန်ကိုင်၏ ဓါးလှိုင်းကြောင့် အရိုးထိ နက်သည့် နောက်ထပ်ဒဏ်ရာတစ်ခု ထပ်ရသွားခဲ့ရသည်။
ပုံမှန်အားဖြင့် မျက်လုံးပြာဖားပြုပ် နည်းနည်းလေး ဒဏ်ရာရသွားလျှင်ပင် ဒေါသထွက်နေတတ်သည့် လူအိုကြီးမှာ ယခုတစ်ကြိမ်တွင် ထူးထူးဆန်းဆန်းကို တည်ငြိမ်နေခဲ့သည်။ ထိုမွန်းစတားသားရဲကို မွေးကတည်းက ကြီးလာသည်အထိ သူကိုယ်တိုင် မပြုစုမစောင့်ရှောက်ခဲ့သည့်အတိုင်း။ လူအိုကြီးသည် မျက်လုံးပြာဖားပြုပ်၏ ကျောပေါ်လက်တင်၍ ဖားပြုပ်ထဲသို့ သူတော်စင်ချီများ စတင် ထည့်သွင်းတော့သည်။
ထိုစဉ် ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် ဓါးလှိုင်းများကြောင့် ရထားသည့် ဒဏ်ရာအပေါ် ထပ်မံ၍ သွားရောက် ထိမှန်လေရာ ဒဏ်ရာမှာ ပိုနက်သွားခဲ့ရသည်။
ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် အားကောင်းသော်ငြား မျက်လုံးပြားဖားပြုပ်၏ အရေပြားနှင့် အသားမှာလည်း အလွန်ကိုမှ ထူပေသည်။ ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် ဖားပြုပ်၏ အသားတော်တော်များများကို ဖြတ်ထုတ်လိုက်နိုင်သော်လည်း မျက်လုံးပြာဖားပြုပ်အား နှစ်ပိုင်းပြတ်အောင်တောာ့ မလုပ်နိုင်ခဲ့ပေ။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် အနည်းငယ် စိတ်ပျက်မိသွားခဲ့သည်။ သူ့လေဟာနယ်ဓါးသွားသာ နည်းနည်းလေး ပိုအားကောင်းလာခဲ့လျှင် ဖားပြုပ်ရော၊ လူအိုကြီးကိုပါ တစ်ခါတည်း သတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကို တွေးပူနေရန် အချိန်မဟုတ်။
မျက်လုံးပြာဖားပြုပ် မည်မျှပင် အသက်ပြင်းပါစေ ထိုမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးမှဖြင့် အသက်ရှင်နိုင်စရာ အကြောင်း မရှိတော့ချေ။ မျက်လုံးပြာဖားပြုပ် သေသည်နှင့် ၎င်း၏ သခင်ဖြစ်သော လူအိုကြီးလည်း သူ့သားရဲ သေသွားသည့် ဘေးထွက်ဆိုးကျိုးဒဏ်ရာကို ခံစားရပေလိမ့်မည်။ မျက်လုံးပြာ ဖားပြုပ်၏ကိုယ်ထဲ သူတော်စင်ချီ ထည့်သွင်းရင်း အလုပ် ရှုပ်နေသော လူအိုကြီး ရုတ်တရက် မျက်လုံးပြူးသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
မျက်လုံးပြာဖားပြုပ်၏ အသက်ဓါတ် တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို သတိပြုမိသော်လည်း လူအိုကြီးငြား သွေးရူးသွေးတန်းဖြင့် ဖားပြုပ်၏ကိုယ်ထဲ သူတော်စင်ချီ အရူးအမူး ထည့်သွင်းနေလေရာ ဖားပြုပ်၏ ခန္ဓာကိုယ် အလျင်အမြန် ဖောင်းကားလာခဲ့လေသည်။ မကြာမီ ဖားပြုပ် တစ်ကိုယ်လုံး အချိန်မရွေး ထပေါက်တော့မည့် ပူပေါင်းတစ်လုံးနှယ် ဖြစ်လာ၏။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး မီးငှက်အား တိတ်တဆိတ် လှမ်းအမိန့်ပေးလိုက်၏။ မီးငှက်လည်း စူးစူးရှရှ အော်မြည်ရင်း လူအိုကြီးဆီသို့ တိုးဝင်သွားလေသည်။
သို့သော်လည်း လူအိုကြီးဆီ မရောက်သေးခင်မှာပဲ မျက်လုံးပြာဖားပြုပ် ရုတ်တရက် ထပေါက်ကွဲထွက်သွားသည်။ အရိုးအသားပင် မကျန်အောင် ပေါက်ကွဲသွားသဖြင့် ရောင်စုံ အဆိပ်မြူများသာ ကျန်ရစ်ခဲ့တော့သည်။
ထိုမမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် မှော်ရတနာ စိတ်ဝိဥာဉ်လည်း ပေါက်ကွဲမှုဒဏ်ကို ခံရမည် စိုးသည့်အတွက် ကြောက်လန့်တကြား ကောင်းကင်ပေါ်သို့ ပျံပြေးတက်လေသည်။
လူအိုကြီးသည် ကြမ်းကြုတ်သည့် အမူအရာဖြင့် ကျင့်စဉ် တစ်မျိုးမျိုးကို လှည့်ပတ်ကာ ဖားပြုပ် သေဆုံးသွားရာမှ ကျန်ရစ်ခဲ့သော အဆိပ်မြူများကို စတင် စုပ်ယူတော့သည်။
တစ်ချိန်တည်းတွင် မျက်လုံးပြာဖားပြုပ်၏ အမြူတေကို လှမ်းယူလိုက်ပြီး ပါးစပ်ထဲ ထည့်မျိုချလိုက်လေသည်။
ထိုအဖြစ်အပျက်များကို ကြည့်ရင်း ရန်ကိုင် လုံးဝကို မှင်သက်နေခဲ့ရသည်။
အဆိပ်မြူနှင့် မျက်လုံးပြာဖားပြုပ်၏ အမြူတေကို စုပ်ယူပြီးနောက် လူအိုကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရွံစရာအဆိပ်များဖြင့် ပြည့်နှက်နေသည့် အဖုအပိန့်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လက်ရှိ လူအိုကြီးသည် သေသွားသည့် မျက်လုံးပြာဖားပြုပ်နှင့် ပိုတူလာခဲ့လေပြီ။
ယခင်ကတည်းက ရုပ်ဆိုးသည်ပါဆိုမှ ယခု အဖြစ်အပျက် ကြောင့် လူအိုကြီးမှာ ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။ ပြောင်းလဲမှုမှာ ထိုမျှနှင့် မရပ်တန့်သေး။ သူ့မျက်လုံး နှစ်လုံးမှာလည်း အပြာရောင် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
အသိသာဆုံး ပြောင်းလဲမှုသည်ကား သူ့ပါးနှစ်ဖက်ပင်။ သူ့ပါးနှစ်ဖက်သည် ဖားတစ်ကောင်၏ပါးနှယ် ဖောင်းမို့တက်လာ၏။
သို့သော်လည်း ထိုမြင်ကွင်းကိုကြည့်ပြီး ရန်ကိုင် မရယ်နိုင်။ လူအိုကြီးသည် ရုပ်သာ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ သူ့အရှိန်အဝါမှာလည်း အလွန်ကိုမှ ကြောက်ဖို့ကောင်းလာခဲ့သည်။
“အခုမှပဲ ကောင်းသွားတော့တယ်” လူအိုကြီးသည် ညစ်ကျယ်ကျယ် ရယ်မောရင်း သူ၏ အပြာရောင်မျက်လုံးများဖြင့် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အေးစက်စက် လေသံဖြင့် “ငါမွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်းကို သုံးရအောင် လုပ်နိုင်တယ်ဆိုတော့ ကောင်လေး၊ မင်းစိတ်အေးအေးနဲ့ သေလို့ရပြီ”
မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်း… ရန်ကိုင် မျက်ခုံး ပင့်သွားသည်။ ထိုကဲ့သို့သော ထူးဆန်းသည် ပညာရပ်အကြောင်း ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း ထိုပညာရပ်သည် သားရဲများတောင်တန်း၏ တားမြစ်ပညာရပ်များ ထဲမှ တစ်ခုဖြစ်မည်မှန်း ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ သားရဲများ တောင်တန်းမှ လူများသည် သူတို့ တစ်ဘဝလုံး သားရဲများနှင့်သာ အချိန်ကုန်နေခြင်း ဖြစ်သည့် အတွက်ကြောင့် ယခုကဲ့သို့ ပညာရပ် တစ်ခုအား တီထွင်နိုင်ခဲ့သည်မှာ အထူးအဆန်း မဟုတ်ပေ။
လက်ရှိ လူအိုကြီးသည် လူမဟုတ်တော့ဘဲ လူတစ်ဝက်၊ မွန်းစတားသားရဲ တစ်ဝက် ဖြစ်နေခဲ့လေပြီ။
ထို့အပြင် သူ့ဆီမှ ထွက်ပေါ်နေသော ချီသည် သူတော်စင်ချီ သက်သက်ပင် မဟုတ်တော့ဘဲ မွန်းစတားချီလည်း ပါရှိနေကော ထိုစွမ်းအင်နှစ်မျိုး တစ်ခုပေါ်တစ်ခု ထပ်ဆင့် တည်ရှိနေလေသည်။
ထိုတားမြစ်ပညာရပ်ကို သုံးပြီးသွားပြီး ယခင်လူပုံစံသို့ ပြန်ပြောင်း၍ မရလောက်ချေ။ မဟုတ်လျှင် လူအိုကြီးအနေဖြင့် ထိုပညာရပ်ကို သုံးဖို့ တုန့်ဆိုင်းနေလိမ့်မည် မဟုတ်။ သူတော်စင်ချီနှင့် မွန်းစတားချီသည် လုံးဝ မတူကွဲပြားသော စွမ်းအင်နှစ်မျိုး ဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ထိုစွမ်းအင်နှစ်မျိုး အတူတကွ ပေါင်းစည်းတည်ရှိနေရန် လုံးဝ မဖြစ်နိုင်ပေ။
ရန်ကိုင် ခန့်မှန်းချက် မှန်ပေသည်။ လူအိုကြီး အနေဖြင့် ထိုပညာရပ်ကို သုံးပြီးသွားလျှင် လူပုံစံ ပြန်ပြောင်းနိုင်တော့မည် မဟုတ်။ သူ့ကိုယ်ထဲတွင် သောင်းကျန်းနေသော မွန်းစတားချီကို ဖိနှိပ်နိုင်ခဲ့မည် ဆိုလျှင်ပင် အကျိုးဆက်အနေဖြင့် သူ့ကျင့်ကြံခြင်း အချို့ကို ဆုံးရှုံးရပြီး ဒုက္ခတိဖြစ်သွားနိုင်သည်။ သို့သော်လည်း ထိုမွန်းစတားချီကိုသာ မဖိနှိပ်နိုင်ဘူး ဆိုပါက လူအိုကြီး မရဏလမ်း မြန်းရပေလိမ့်မည်။
လူအိုကြီး တကယ် လမ်းပေါက် ပိတ်နေခဲ့သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ကိုယ်ဖောင်ကိုယ်ပြန်ဖျက်သည့် နည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
လူအိုကြီး၏ အရှိန်အဝါ ရုတ်ချည်း မြင့်တက်လာခဲ့သော်ငြား ရန်ကိုင် မကြောက်၊ မီးငှက်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး လူအိုကြီးကို စတင် ရင်ဆိုင်တိုက်ခိုက်တော့သည်။
လူအိုကြီးလည်း အချိန်ဖြုန်းမနေတော့။ မွန်းစတား အသွင်ပြောင်းလဲခြင်း ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ကို စတင် တိုက်ခိုက်တော့လေသည်။ သူ့ပါးနှစ်ဖက် ရုတ်တရက် ဖောင်းကားလာပြီး ရန်ကိုင်ဆီ အဆိပ်မြှားများ ပစ်လွှတ်လိုက်၏။
မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်းကို သုံးပြီးနောက် မျက်လုံးပြာဖားပြုပ်၏ စွမ်းရည်များကို လူအိုကြီး သုံးလာနိုင်ခဲ့သည်။ ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း ဘေးသို့ တိမ်းရှောင်လိုက်သည်။
ရန်ကိုင် ရှောင်လိုက်စဉ်မှာပဲ သူ့ဆီ တိုးဝင်လာနေသော အဆိပ်မြှား ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။ အဆိပ်မြှား ပေါက်ကွဲသွားပြီးနောက် မရေမတွက်နိုင်သော အဆိပ်မှုန်လေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး အဘက်ဘက်သို့ ဖြာထွက်သွားလေ၏။
ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ရန်ကိုင်လည်း သူတော်စင်ချီကို စုစည်းပြီး သူ့ပတ်လည်တွင် အကာအရံတစ်ခု ကမန်းကတန်း ဖန်တီးလိုက်ရသည်။
အဆိပ်မှုန်များသည် နတ်ဆိုးမီးတောက်ဖြင့် ဖန်တီးထားသော ရန်ကိုင်၏ သူတော်စင်ချီ အကာအကွယ်ကို အလျင်အမြန် တိုက်စားလေသည်။ မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်းကို သုံးပြီးနောက် လူအိုကြီး၏ အဆိပ်မှာ ပို၍ အားကောင်းလာခဲ့သည်။
ရန်ကိုင် အသက်ကောင်းကောင်းပင် မရှုနိုင်သေးခင်မှာပဲ အားကောင်းသော အရှိန်အဝါတစ်ရပ် သူ့အပေါ်မှ ရုတ်တရက် ဖိချလာသည်ကို ခံစားမိလိုက်သည်။ ရန်ကိုင်လည်း မသိစိတ်အရ လက်ဝါးထက်တွင် သူတော်စင်ချီ စုစည်းပြီး အပေါ်သို့ ပြန်ရိုက်ချလိုက်လေသည်။
အပေါ်မှ ကျလာသည့် ပြင်းထန်သည့်အားကြောင်း ရန်ကိုင် မြေကြီးထဲသို့ ကျွံဝင်သွားခဲ့သည်။ သို့သော်လည်း အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ မည်သည့် ရန်သူကိုမှ မတွေ့ခဲ့ရပေ။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါမှပဲ အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ဟိုခုန်ဒီခုန် လုပ်နေသော လူအိုကြီးကို တွေ့လိုက်ရသည်။
လူအိုကြီးသည် မျက်လုံးပြာဖားပြုပ် အခုန်စွမ်းရည်ကိုပင် ရရှိခဲ့လေသည်။
အခြေအနေကား အနည်းငယ်တော့ ပြဿနာများလာလေပြီ။ ရန်သူက အလွန်မြန်လွန်းနေသဖြင့် ထိအောင် တိုက်ဖို့ရာ အတော်လေး ခက်လှသည်။ သို့သော်လည်း ရန်ကိုင်သည် တစ်ယောက်တည်း တိုက်ခိုက်နေခြင်းမဟုတ်။ သူ့တွင် မီးငှက် အဖော်ရှိသည်။ ယန်ယန်ကလည်း အစီအရင်များကိုသုံး၍ သူ့အား ကူညီပေးနေသေးသည်။ ထို့ကြောင့် တုန်လှုပ်သွားခြင်း မရှိဘဲ မီးငှက်အား ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
ရန်ကိုင်၏ အမိန့် ရလိုက်သည်နှင့် မီးငှက်သည် မရေမတွက်နိုင်သော မီးငှက်လေးများ အဖြစ်သို့ အသွင် ပြောင်းလိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင် တစ်ခွင်လုံးကို အကွက်စိနေရာယူလိုက်သည်။
နေရာယူပြီးသည့်နောက် မီးငှက်အားလုံး မီးဘောလုံးများ အဖြစ်သို့ ထပေါက်ကွဲကုန်လေသည်။
မီးငှက်များ အော်ဟစ်ရာ အရပ်ဆီမှ အမုန်တရားတို့ ပြည့်နေသည့် အမူအရာဖြင့် လူအိုကြီး ကူကယ်ရာမဲ့စွာ ပြန်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် သူ့အား ထောင်ဖမ်းရန် မီးငှက်အား ပိုက်ကွန် တစ်ခုအဖြစ် သုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရုတ်တရက် ကောင်းကင်ထက်ဆီမှ ရွှေရောင်ပိုးမျှင်များစွာ ရုတ်တရက် ထွက်ပေါ်လာပြီး လူအိုကြီးဆီသို့ တိုးဝင်လာခဲ့သည်။
အရောင်တလက်လက် ထနေသော ထိုရွှေရောင်ပိုးမျှင်များ၏ ခုတ်ပိုင်းခြင်း ခံရသည်နှင့် သူတစ်စစီဖြစ်မည်မှန်း လူအိုကြီး သိသည်။ လူအိုကြီး၏ အမူအရာ လေးနက်တည်ကြည်သွားပြီး အပြာရောင်မျက်လုံးအစုံဖြင့် ရန်ကိုင်အား ရုတ်တရက် စိုက်ကြည့်လိုက်သည်။
မမြင်နိုင်သော အားတစ်ရပ် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ ပေါက်ကွဲသွားသဖြင့် ရန်ကိုင် စိတ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
အဆိပ်ဓါတ်စိတ်စွမ်းအင်… မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံးပြီးနောက် လူအိုကြီး၏ အသိစိတ်ပင်လယ်သည် အဆိပ်ဓါတ်အသိစိတ်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် အဆိပ်ဓါတ်စိတ်စွမ်းအင်ကိုသုံး၍ ရန်ကိုင်ကို တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၄)
လူအိုကြီး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကြောင့် ရန်ကိုင် ထိတ်လန့်မသွား၊ ပျော်ပင် ပျော်သွားသေးသည်။ လူအိုကြီးအား ကြည့်နေသည့် သူ့အကြည့် ရုတ်ချည်းဆိုသလို ရွှေရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး…
ထိုရွှေရောင်မျက်ဝန်းသည် ကြီးကျယ်မြင့်မြတ်ပြီး ကြောက်ဖျားဖျားသွားစေနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေကာ လောကကြီးထဲရှိ အရာမှန်သမျှအား စေခိုင်းနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရသည်။
ရွှေရောင်မျက်ဝန်း တစ်ဝိုက်တွင် ရစ်သိုင်းနေသည်ကား ရှင်းပြရခက်သော အရာတစ်မျိုးပင်…
ထိုအရာသည်ကား ပုံရိပ်တစ်ထောင်ဖန်အလင်းပင် ဖြစ်သည်။
တိုက်ယွမ်ဆီမှ ပုံရိပ်တစ်ထောင်ဖန်လုံးကို ရပြီးနောက် ထိုအရာအား သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ရန်ကိုင် ပေါင်းစပ်ကြည့်သည်။ ပေါင်းစပ်ခြင်းမှာ မပြီးသေးသော်လည်း ထိုနှစ်ခု၏ ပေါင်းစပ်စွမ်းအားကို အနည်းအကျဉ်းတော့ အသုံးပြုနိုင်နေလေပြီ။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် မဟာနတ်ဆိုး နတ်ဘုရား၏ မွေးရာပါစွမ်းရည်များအနက် တစ်ခုဖြစ်ကာ ထိုစွမ်းရည်သည် ရန်ကိုင် ကျင့်ကြံပြီးမှ ရရှိခဲ့သည့် စွမ်းရည်တစ်မျိုး မဟုတ်ဘဲ အမွေဆက်ခံခြင်းဖြင့် ရရှိခဲ့သည့် စွမ်းရည်တစ်မျိုး ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူ့ခွန်အား တိုးတက်လာသည်နှင့်အမျှ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားမှာလည်း အလိုလျောက် တိုးတက်လာခဲ့သည်။ ထို့ကြောင့် မဟာနတ်ဆိုးနတ်ဘုရား သေသွားခဲ့စဉ်က သူတော်စင်ဘုရင်အဆင့်သာ ရှိသေးခဲ့သော်ငြား သူ့စွမ်းရည်များအနက် တစ်ခုဖြစ်သော သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးသည် ရန်ကိုင်အတွက် လက်ရှိအချိန်အထိ အသုံး ဝင်နေသေးဆဲပင်။
ရွှေရောင်မျက်လုံး သူငယ်အိမ်အတွင်း မမြင်နိုင်သော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာပြီး ထိုဝဲကတော့ အတွင်းမှ အားကောင်းသော စုပ်အားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် မျက်လုံးနှင့် အကြည့်ချင်း ဆုံးသွားသည့်အခိုက် သူ့ဝိဥာဉ် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသလို လူအိုကြီး ခံစားလိုက်ရသည်။
ထိုအဖြစ်အပျက်ကြောင့် လူအိုကြီး ထိတ်လန့်တုန်လှုပ် ချောက်ခြားသွားခဲ့ပြီး ကျင့်စဉ်ကို အလျင်အမြန် လှည့်ပတ်၍ တဒုန်းဒုန်း ခုန်နေသော သူ့နှလုံးကို အမြန် ဖိနှိပ်လိုက်ရသည်။
သို့သော်လည်း ပြဿနာမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေး။ ရွှေရောင်မျက်လုံး တစ်ဝိုက်တွင် ရစ်သိုင်းနေသော ရောင်စုံ အလင်းတန်းများဆီမှ ထူးဆန်းသော စွမ်းအားတစ်ရပ် ထပ်မံ ထွက်ပေါ်လာပြန်လေသည်။ ထိုစွမ်းအားကြောင့် ယခုလေးတင် တည်ငြိမ်သွားစ ပြုနေသော လူအိုကြီး၏ဝိဥာဉ် တစ်ဖန်ပြန်လည် မတည်မငြိမ် ဖြစ်လာကာ လူအိုကြီးကိုယ်တိုင်ပင် သူ့ဝိဥာဉ်သူ ထိန်းချုပ်၍ မရသည်အထိ ဖြစ်သွားခဲ့သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် လူတစ်ယောက်၏ ဝိဥာဉ်ကို ဆွဲထုတ်ကာ စုပ်ယူနိုင်စွမ်းရှိသည်။ ထိုစွမ်းရည်ကြောင့်ပင် ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်သော သိုင်းတာအိုနှင့် ကောင်းကင်လမ်စဉ် နိယာမ သဘောတရားများကို နားလည်ထားနိုင်ခြင်း ဖြစ်သည်။
ပုံရိပ်တစ်ထောင်ဖန်အလင်းမှာမူ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးကဲ့သို့ မဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်အပေါ် ဖိနှိပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားကာ မည်သည့် ဒြပ်စင်ငါးပါး စွမ်းအားနှင့်မှ ခုခံ၍မရပေ။ ထိုစွမ်းအားနှစ်မျိုး ပေါင်းစပ်လိုက်သည့်အခါ ဖြစ်ပေါ်လာသော စွမ်းအားမှာ အတော့်ကိုမှ ကြောက်မက်ဖွယ်ကောင်းသွားခဲ့သည်။
သို့သော်လည်း ရန်ကိုင် လက်ရှိစွမ်းအားသည် သိပ်ပြီး မြင့်မားခြင်း မရှိသေးသည့် အတွက်ကြောင့် လူအိုကြီးအပေါ် အလွန်အမင်း သက်ရောက်ခြင်းမရှိချေ။ ထို့အပြင် လူအိုကြီးသည် မွန်းစတား အသွင်ပြောင်းလဲခြင်းကိုပါ အသုံးပြုထားသည့်အတွက် သာမန် တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ထက် ပိုသန်မာနေသည်။
ထို့အတွက်ကြောင့် အသက်တစ်ရှိုက်စာအတွင်း လူအိုကြီးသည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ပုံရိပ်တစ်ထောင် ဖန်အလင်း၏ ပေါင်းစပ်တိုက်ခိုက်မှုမှ ရုန်းထွက်နိုင်ခဲ့သည်။
သို့သော်လည်း ရန်ကိုင်အတွက်မူ ထိုမျှနှင့်ပင် လုံလောက်သွားပေပြီ။ ထိုအသက်တစ်ရှိုက်စာ အတောအတွင်း ရန်ကိုင်သည် လူအိုကြီးဆီသို့ လေဟာနယ်ဓါးသွား ဆယ်စင်းမက ပစ်လွှတ်ထားခဲ့သည်။ လူအိုကြီး အသိပြန်ဝင်လာသည့် အချိန်၌ ထိုလေဟာနယ်ဓါသွားများ သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။
ထိုလေဟာနယ်ဓါသွားများကိုမြင်သော် လူအိုကြီးသည် မာန်သွင်း အော်ဟစ်လိုက်ပြီး သူ့ရှေ့တွင် အလင်းလွှာနှစ်ထပ်ဖြင့် ဖွဲ့စည်းထားသော အကာအရံတစ်ခုကို ဖန်တီးလိုက်သည်။ ပထမ အလွှာကို သူ့ကိုယ်ပိုင် သူတော်စင်ချီဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ဒုတိယအလွှာကို မျက်လုံးပြာဖားပြုပ်၏ မွန်းစတားချီဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုအလင်းလွှာနှစ်ထပ်သည် ရန်ကိုင်၏ လေဟာနယ်ဓါးသွားများကို မတားဆီးနိုင်ခဲ့ပါချေ။
လေဟာနယ်ဓါးသွားများသည် အသံတစ်ချက်မှ မထွက်ဘဲ လူအိုကြီး၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် လူအိုကြီးသည် ကျောက်ရုပ်ကြီး တစ်ရုပ်နှယ်ရပ်လျက် ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ဖြင့် ကြောင်ကြည့်နေမိခဲ့သည်။ အသိပြန်ဝင်လာချိန် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထက် ဖြတ်ရှရာပေါင်း များစွာကို တွေ့လိုက်ရသည်။ သူဖြတ်ရှရာများမှတစ်ဆင့် သွေးစိမ်း ရှင်ရှင် စီးကျနေသော သူ့ကိုယ်တွင်း အင်္ဂါများကိုပင် လှမ်းမြင်နေရသည်။
“လေဟာနယ်စွမ်းအား” ထိုကဲ့သို့ ရေရွတ်ပြီးချိန် လူအိုကြီး တစ်ကိုယ်လုံး တစ်စစီဖြစ်သွားခဲ့လေသည်။ သေသွားသည့်တိုင် သူ့မျက်လုံး နှစ်လုံးမှာ ပြူးကျန်ရစ်နေခဲ့သည်။ ဤနေရာတွင် သေသွားခဲ့ရသည့်အပေါ် သူ့ကိုယ်သူ မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။
တစ်စစီ ဖြစ်နေသော အလောင်းကို ကြည့်ရင်း ရန်ကိုင် သက်ပြင်းတစ်ရှိုက် ရှူထုတ်လိုက်သည်။ ဤတိုက်ပွဲသည် သူ့အတွက်လည်း မလွယ်လှပါချေ။ ယန်ယန်သည် အစီအရင်များကို သုံး၍ လူအိုကြီး၏ ခွန်အားကို ဖိနှိပ်ထားခဲ့သော်ငြား မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံးပြီးနောက် လူအိုကြီး၏ ခွန်အားသည် ရှိသင့်သည်ထက်ကို ကျော်ထွက်သွားခဲ့လေသည်။
ရန်ကိုင်သာ ထိုလူအိုကြီးကို မည်သူ့ အကူအညီမှမပါဘဲ တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် သူ့အား သတ်နိုင်ဖို့ရာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် လူအိုကြီး၏ ဝိဥာဉ်ကို စုပ်ယူပစ်လိုက်သည်။ ထိုအရာသည် တန်ခိုးရှင်ဒုတိယအဆင့်၏ ဝိဥာဉ်ဖြစ်လေရာ ရှီအား လေ့လာရာတွင် သူ့အား ကြီးကြီးမားမား အကူအညီ ပေးနိုင်သည်။ ထိုကဲ့သို့သော ရတနာတစ်ခုကို ရန်ကိုင် မည်ကဲ့သို့ လက်လွှတ်လိုက်နိုင်မည်နည်း။
ဤတိုက်ပွဲကြောင့် သူ့တိုက်ပွဲစွမ်းရည်အပေါ် ရန်ကိုင် အတော်လေး နားလည်သွားနိုင်ခဲ့သည်။ သူ့လက်ရှိ ခွန်အားသည် တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန် ပြဿနာ မရှိသော်ငြား သတ်နိုင်၊ မသတ်နိုင်မှာ သူ့ပြိုင်ဘက်၏ စွမ်းရည်အပေါ် မူတည်ပေသည်။ တန်ခိုးရှင်တတိယအဆင့်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန်မူကာ သိပ်မလုံလောက်သေးဟု ရန်ကိုင် ထင်မိသည်။ သို့သော် သေချာအောင် စမ်းကြည့်မှ သိပေလိမ့်မည်။
လူအိုကြီး၏ ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်ထားခြင်း မရှိတော့သည့် အတွက်ကြောင့် အသွားတစ်ဖက်ပုဆိန်သည် မြွေအဖြစ်မှ မှော်ရတနာအဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီး မြေကြီးပေါ် ပြုတ်ကျသွားလေသည်။
ခရမ်းရောင်ဒိုင်းကို ပြန်ကောက်ပြီး အသွားတစ်ဖက်ပုဆိန်ကို ကောက်ကာ နည်းနည်းပါးပါး စစ်ဆေးကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်လေသည်။ ထို့နောက် နေရာတွင်ရပ်၍ ခဏလောက် စစ်ဆေးကြည့်ပြီးနောက် နဂါးလိုဏ်ဂူတောင်၏ လက်ရှိအခြေအနေကို ရန်ကိုင် အလျင်အမြန် နားလည်သွားခဲ့သည်။
ကျူးကျော်လာသူ အားလုံးမှာ သေသွားကုန်ကြပြီ ဖြစ်သော်လည်း သူရပ်နေရာမှ ဆယ်မိုင်လောက် အကွာတွင် တန်ခိုးရှင် ပထမအဆင့် သုံးယောက်နှင့် တိုက်ခိုက်နေသော တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက် ကျန်နေပေသေးသည်။
တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများအရ ထိုတန်ခိုးရှင် ဒုတိယအဆင့်သည် သွေးနတ်ဆိုးကျောင်းတော်မှ လွှတ်လိုက်သောလူ ဖြစ်ကာ သူနှင့် ရင်ဆိုင်တိုက်ခိုက်နေသော တန်ခိုးရှင် ပထမအဆင့် သုံးယောက်မှာမူကား ချန်ချီ၊ ဟောင်အန်းနှင့် နင်ရှန်းချန်တို့ ဖြစ်ပေသည်။
သူတို့ သုံးယောက်သည် သွေးနတ်ဆိုးကျောင်းတော်မှ လူထက် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် ပိုနိမ့်နေသော်လည်း နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ အကူအညီ ရထားသဖြင့် ထိုလူကို အနိုင်ယူဖို့ရာ ပြဿနာ မရှိလောက်ချေ။ လက်ရှိ အနေအထားအရ တိုက်ပွဲမှာလည်း တစ်ဖက်သတ် ဖြစ်နေပြီး သွေးနတ်ဆိုးကျောင်းတော်မှလူ သေသွားရန်အတွက် အချိန် အတိုင်းအတာ တစ်ခုသာ လိုအပ်ပေသည်။
ဤပြဿနာ အရှုပ်အရှင်းထဲတွင် နင်ရှန်းချန် သူတို့ဘက်မှ ကူညီပါဝင် ရပ်တည်ပေးလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။
တကယ်တော့ သူနှင့်ထိုစီနီယာ ဒီလောက်ကြီး ခင်တာမှ မဟုတ်လေဘဲ။ ဧကရာဇ်ဥယျာဉ်ထဲ စကားလေး နည်းနည်းလောက် ပြောဖူးရုံသာရှိ၏။ နင်ရှန်းချန် ယခုကဲ့သို့ လုပ်နေရခြင်းမှာ သူ့ဆီမှ ပန်းပဲမီးဖိုကို ငှားလိုသည့် အတွက်ကြောင့်ဖြစ်မှန်း သိသော်ငြား ရန်ကိုင် စိတ်ထဲမထား။ နင်ရှန်းချန်သည် သူ့အပေါ် မည်သည့် မကောင်းကြံလိုစိတ်မှ မရှိဘဲ ပန်းပဲမီးဖိုအား ငှာလိုခြင်း ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်လည်း သဘောတူခဲ့သည်။
ထိုမတော်တဆ တိုက်ဆိုင်မှုကြောင့် လိုအပ်နေချိန် အားကောင်းသော စစ်ကူတစ်ယောက်အား ရလိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင်စိတ်ထဲ နင်ရှန်းချန်အား ကျေးဇူးတင်နေမိလေသည်။
နင်ရှန်းချန်ကြောင့်သာ မဟုတ်လျှင် ချန်ချီနှင့် ဟောင်အန်းတို့ နှစ်ယောက်တည်းဖြင့် သွေးနတ်ဆိုးကျောင်းတော်မှ ထိုပညာရှင်ကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။
နင်ရှန်းချန် မပါလျှင်လည်း အရမ်းကြီးတော့ ထူးခြားသွားမည် မဟုတ်ချေ။ သို့သော်လည်း ယခုကဲ့သို့ ကူညီပေးသည့် အတွက် နင်ရှန်းချန်အား ရန်ကိုင် ကျေးဇူးတော့ တင်မိပေသည်။
ဟောင်အန်းတို့ဘက် အဆင်ပြေနေပြီ ဖြစ်သဖြင့် ထိုဘက်ကို အာရုံမစိုက်တော့ဘဲ အခြားတစ်ဖက်သို့ လှည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင် မျက်နှာထက် အေးစက်စက် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
နေ၊လ၊ကြယ်၊ ဘာဆိုဘာမှ မရှိသော လွင်တီးခေါင်ပြင်ကြီး ဖြစ်သည့် ပုံရိပ်ယောင်ထဲတွင် ရှဲ့လီသည် ရှေးဟောင်းရေတွင်း တစ်တွင်းနှယ် တည်ငြိမ်စွာ တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ထိုအစီအရင်မှ ရုန်းထွက်ရန် အကြိမ်များစွာ ကြိုးစားခဲ့သော်ငြား သူမည်သို့ပင် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်ခဲ့သည်။ နောက်ဆုံး ကြိုးစားနေလည်း ထူးတော့မည် မဟုတ်မှန်း သိလိုက်သည့်နောက် ဦးတည်ရာမဲ့ ကြိုးစားနေမည့်အစား ပြန်လည် အားပြန်ဖြည့်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုအစီအရင်တွင် မည်သည့် တိုက်ခိုက်စွမ်းရည်မှ မရှိမှန်း ရှဲ့လီ သိသည်။ ရန်သူအနေဖြင့် သူ့အား သတ်ချင်လျှင် လူကိုယ်တိုင် လာသတ်မှ ရပေလိမ့်မည်။
ရှဲ့မိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်သည်နှင့်အညီ ရှဲ့လီသည် အတော်လေး စိတ်ဓါတ်ကြံခိုင်သည်ဟု ပြော၍ရသည်။ သို့သော်ငြား သူနှင့်အတူ လိုက်လာသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများမှာမူ ထိုကဲ့သို့ မဟုတ်ကြချေ။ အကုန်လုံးမှာ ရှဲ့လီ သူတို့အား ဤနေရာမှ ကယ်ထုတ်သွားရန်ကိုသာ မျှော်လင့်နေကြသည်။
သို့သော် ရှဲ့လီ ကိုယ်တိုင်ကာ တိတ်နေသဖြင့် သူတို့လည်း ဘာမှ မတတ်နိုင်တော့။ မည်သူမှလည်း ရှဲ့လီအား သွားမနှောင့်ယှတ်ရဲ။ သူတို့ဘာသာ ထွက်ပြေးဖို့ရာတော့လည်း မရဲပြန်။ အကုန်လုံး မီးခဲ ဖင်ခုထိုင်နေသလို ဖင်ဂနာမငြိမ် ဖြစ်နေကြကုန်လေပြီ။
ရုတ်တရက် ရှဲ့လီ မတ်တပ်ရပ်လာပြီး သူ့ရှေ့တည့်တည့်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ရှဲ့လီ မတ်တပ်ရပ်လိုက်သည်နှင့် သူ့ရှေ့ရှိ လေဟာနယ် တွန့်လိမ်လာပြီး လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူမျက်နှာကို ကြည့်ရင်း ရှဲ့လီ၏မျက်လုံး မှေးစဉ်းသွားပြီး သူ့စိတ်ထဲ အကြောင်းအရာတစ်ခုကို စဉ်းစားမိသွားသည်။
ရန်ကိုင်ကို ရှဲ့လီ သိပေသည်။ သူ့သား ရှဲ့ဟုန်ဝမ်ကို ရန်ကိုင်ကိုယ်တိုင် သတ်လိုက်ခြင်း မဟုတ်ပေလော။ ထိုအကြောင်းကို သိသိခြင်းက ရန်ကိုင်အား သွားသတ်ချင်စိတ်တို့ ဖြစ်ခဲ့မိသည်။ သို့သော် ရှဲ့လီသည် အခြေအနေကို နားမလည်သူ မဟုတ်။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်အား ချက်ချင်းကြီး လာရောက် မတိုက်ခိုက်ခဲ့ပေ။ ချင်းတုန်မှ ကျောက်ထောက်နောက်ခံ ပြုထားသည့် အတွက်ကြောင့် ရန်ကိုင်အား သတ်လိုက်ပါက သူပါ ဒုက္ခရောက်ပေလိမ့်မည်။ လုပ်ရသည်နှင့် ပြန်ပေးဆပ်ရသည်မှာ မကာမိချေ။ ထို့ကြောင့် ရှဲ့လီ အံကြိတ်ကာ သူ့သားအတွက် ပြန်လက်စားချေပေနိုင်မည့် အခွင့်အရေးတစ်ရပ် ပေါ်လာမည့်နေ့ကို စောင့်ဆိုင်းနေခဲ့သည်။
ကောင်းကင်သည် သူ့အား ပစ်ပယ်မထားခဲ့ပေ။ သူ့အား အခွင့်အရေးတစ်ရပ် ပေးခဲ့သည်။
ယခု သူအလွန် သတ်ချင်နေသည့်လူ သူ့ရှေ့တွင် ရှိနေလေပြီ။ ရှဲ့လီစိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေမိသည်။ သို့သော် ဒေါသ ရှေ့ထားပြီး ရန်ကိုင်အား မဆင်မခြင် ချက်ချင်း ပြေးဝင် မတိုက်ခိုက်ပေ။
ပုံရိပ်ယောင် အစီအရင်ထဲသို့ ရောက်နေသည်နှင့် ရန်ကိုင်သည် မီးငှက်အား ဆင့်ခေါ်လိုက်သည်။ မီးငှက်သည် ၎င်း၏ တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်၍ ရှဲ့လီ နောက်ဘက်တွင် ရှိနေသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လက်ဆေးဇလုံး အရွယ်အစားရှိသော မီးဘောလုံးများ ပစ်လွှတ်လိုက်လေသည်။
ထိုသူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများမှာ တကယ်ကို သနားစရာ ကောင်းလှသည်။ ဤခြောက်ကပ်ကပ် နေရာကြီးတွင် ဘယ်လောက်ကြာအောင် ကြာမှန်းမသိ ရင်တမမဖြင့် ပိတ်မိနေခဲ့ရသည်။ ထိုမျှသာမကသေးဘဲ ယခုအချိန်၌လည်း တန်ခိုးရှင်အဆင့်နှင့် ညီမျှသာ မီးငှက်၏ တိုက်ခိုက်ခြင်း ခံရပြန်သည်။ သူတို့၏ ခွန်အားဖြင့် ထိုတိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ အကာအကွယ် မှော်ရတနာအသီးသီးကို ထုတ်၍ ခုခံခဲ့သော်ငြား မည်သို့မှ မခုခံနိုင်ခဲ့ပေ။ မီးဘောလုံးနှင့် ထိသည်နှင့် သူတို့၏ မှော်ရတနာများ ပျက်စီးကုန်ကြရသည်။ ပျက်စီးသွားသော မှော်ရတနာ အပိုင်အစများသည် အလွန်ပြင်းထန်သော အပူကြောင့် အရည်ပျော်ကြကုန်လေသည်။ မှော်ရတနာများ ပျက်စီးသွားပြီးနောက် သူတို့ တစ်ကိုယ်လုံး မီးစွဲကုန်ကာ တစ်ခဏအတွင် လူအဖြစ်မှ ပြာပုံဘဝသို့ ရောက်ကုန်လေသည်။
မျက်တောင်တစ်ခတ်အတွင်း ရှဲ့လီနောက်သို့ လိုက်လာကြသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်ဘဲ နောင်ဘဝ ကူသွားရသည်။
သူ့လူများ သေသွားသော်ငြား ရှဲ့လီ၏ အမူအရာမှာမူ စိုးစဉ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ မသိသာမသိလျှင် ထိုတပည့်များသည် သူ့မိသားစုမှလူများမ ဟုတ်သည့်အလား၊ ရှဲ့လီသည် ရန်ကိုင်ကိုသာ တစ်ချိန်လုံး တောက်လျှောက် စိုက်ကြည့်နေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှဲ့လီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည် “ဒါငါတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဟုတ်တယ်မလား။ ငါ့နာမည် ရှဲ့လီ ဆိုတာကို မင်းသိထားလောက်ပြီးသွားပြီပေါ့”
ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည် “ခင်ဗျား ဘယ်သူမှန်း သိတာပေါ့။ ခင်ဗျား ဒီကို ဘာလို့ ရောက်နေလဲ ဆိုတာလဲ သိထားသေးတယ်။ ဒါနဲ့ ကျုပ်ခင်ဗျားကို မေးချင်တာ တစ်ခုရှိတယ်”
“မေးလေ၊ မင်းမသေခင်လေး မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ရှဲ့လီသည် သူ့ခွန်အားအပေါ် အပြည့်အဝ ယုံကြည်ထားသည့်အလား အေးစက်စက် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။
“အရှက်မရှိ လာကြွားနေသေးတယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “မေ့လိုက်တော့။ ကျုပ်ခင်ဗျားနဲ့ ရပ်ပြီး အချိန်မဖြုန်းချင်ဘူး။ လူရီ ဘယ်မှာလဲသာပြော။ ခင်ဗျား အလောင်းကို ကျုပ်အကောင်းအတိုင်း ထားပေးမယ်”
“လူရီ” ရှဲ့လီ မျက်မှောင်ကြုတ်သွားလေပြီ။ ရန်ကိုင်ဆီမှ ထိုမေးခွန်းကို ကြားရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ သူ့စိတ်ထဲ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသော်လည်း ခေါင်းသာ ခါ၍ ပြန်ပြောလိုက်လေသည် “ငါမသိဘူး။ သူသေရင် သေသွားလောက်ပြီပေါ့”
“သေသွားတာ၊ သူလား…” ရန်ကိုင် ရေရွတ်လိုက်သည်။
လူရီ မည်သည့်နည်းနည်းမျှ ထိုမျှ အလွယ်တကူသေရန် မဖြစ်နိုင်ပေ။ လက်တစ်ဖက် ဖြတ်ခံရသည့်တိုင် လက်အသစ် ပြန်ပေါက်လာအောင် လုပ်နိုင်သော လူတစ်ယောက်သည် မည်သည့် နည်းနှင့်မှ လွယ်လွယ်နှင့် သေလိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၅)
လက်ရှိ နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် လူများထဲတွင် အသက်ရှင်ကျန်ရစ်သူဆို၍ ရှဲ့လီနှင့် သွေးနတ်ဆိုး ကျောင်းတော်မှ သက်လတ်ပိုင်းလူကြီးတို့သာ ရှိတော့သည်။ ယန်ယန်မှ အစီအရင်များကို တောက်လျှောက် ထိန်းချုပ်နေသဖြင့် လူရီသာ ရောက်လာခဲ့လျှင် သူရောက်လာသည့် အကြောင်းကို ရန်ကိုင် မသိစရာ အကြောင်းမရှိချေ။ ထို့ကြောင့် ထိုကောင် ရောက်မလာခဲ့ခြင်းသာ ဖြစ်ရမည်။
“အဲ့ဒါ မင်းမေးခွန်းလား” ရှဲ့လီ ရန်ကိုင်အား စိတ်မရှည်စွာ ကြည့်လိုက်သည်။
“ဟုတ်တယ်၊ ကျုပ်အဲ့ဒါကို မေးချင်တာ” ရန်ကိုင်က သွားပေါ်အောင် ပြန်ပြုံးလိုက်သည်။
“အဲ့လိုဆို မင်းသေလို့ရပြီ” ပြောပြီးသည်နှင့် ရှဲ့လီ၏ ခန္ဓာကိုယ်မှ သူတော်စင်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ကြွက်သားများ မို့တက်လာကာ ကြေးနီးရောင်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် လေးကိုင်းမှ ပစ်လိုက်သည့် မြှားတစ်စင်းနှယ် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
သူ့အား အနီးကပ် တိုက်ခိုက်ချင်နေသည့် ရှဲ့လီ၏ လုပ်ရပ်ကို မြင်ပြီး ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် သေချာ စဉ်းစားကြည့်လျှင် အံ့အားသင့်စရာတော့ မဟုတ်။ ရှဲ့လီသည် ရန်ကိုင်အား အရေခွံဆုတ်၊ နုတ်နုတ်စင်းပစ်ချင်အောင် ဒေါသထွက်နေလေရာ သူ့ဒေါသကို ဤနည်းဖြင့် ထွက်ပေါက် ပေးသည်မှာလည်း ဖြစ်နိုင်သော နည်းလမ်းတစ်ခုပင်။
ထိုသို့ စဉ်းစားမိပြီးနောက် ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ ပြေးဝင်လာနေသော ရှဲ့လီကို ကြည့်ရင်း သူ့လက်ကို ဝှေ့ရမ်း၍ ရွှေရောင်ပိုးမျှင်များ ပစ်လွှတ်လိုက်သည်။
ရှဲ့လီသည် ထိုရွှေရောင်ပိုးမျှင်များကို ရှောင်ရန်မကြိုးစား။ သူ့လက်သီးဖြင့်သာ တန်ပြန် တိုက်ခိုက်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်၏ ရွှေရောင်ပိုးမျှင်နှင့် ရှဲ့လီ၏ လက်သီးတို့ ထိပ်တိုက်တွေ့မိသွားသည်။ သို့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ ရန်ကိုင်၏ ရွှေရောင်ပိုးမျှင်သည် ရှဲ့လီ၏ လက်သီးကို မဖြတ်တောက်နိုင်ခဲ့ပေ။ လက်သီးနှင့် ပိုးမျှင် ရိုက်ခတ်ရာမှ ထွက်ပေါ်လာသော တန်ပြန်အားကြောင့်ပင် ရန်ကိုင် ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရသည်။
ထိုထိပ်တိုက်တွေ့ဆုံမှုအပြီး ရှဲ့လီသည် သားရဲများတောင်တန်းမှ လူအိုကြီးထက် ပို၍ ရင်ဆိုင်ရခက်သော လူတစ်ယောက်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။
အရိပ်လခန်းမမှ လက်အောက်ခံမိသားစု၏ မိသားစုခေါင်းဆောင် ဆိုသည့်အတိုင်း ရှဲ့လီ၏ ခွန်အားသည် ထိုလူအိုကြီးထက် အများကြီး ပိုသာပေသည်။ ထိပ်တိုက်သာ ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် ထိုလူအိုကြီးအနေဖြင့် ရှဲ့လီ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်၏ အမူအရာ လေးနက်သွားပြီး ရှဲ့လီအား တိုက်ခိုက်ရန် သူ့ဝှက်ဖဲကို ထုတ်သုံးတော့မည်အပြု ရုတ်တရက် မမျှော်လင့်ထားသည့် အရာတစ်ခု ကောက်ဖြစ်သွားခဲ့သည်။
ရန်ကိုင်ဆီသို့ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြေးဝင်လာနေသော ရှဲ့လီသည် ရုတ်တရက် စူးစူးဝါးဝါး စတင် ထအော်လေသည်။ သူ့မျက်နှာတစ်ပြင် နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး မျက်လုံးများမှာလည်း သွေးရောင်ရဲနေသည်။
ရှဲ့လီ မည်သည့် ဥာဏ်နီဥာဏ်နက် အကွက်များ ထုတ်သုံးနေသလဲဟုပင် ရန်ကိုင် တွေးမိသွားသည်။ သို့သော် တကယ်တမ်း သေချာ ကြည့်ကြည့်လိုက်သည့်အခါတွင်လည်း သူထင်ထားသလို ဟုတ်မနေခဲ့ပေ။ ထို့ကြောင့် ရန်ကိုင် ဘာလုပ်လို့ လုပ်ရန်မှန်းမသိ အခက်တွေ့သွားခဲ့ရသည်။
ထိုအခိုက်အတန့် အတွင်းမှာပင် ရှဲ့လီသည် ရန်ကိုင်နှင့် ဆယ်မီတာအကွာအတွင်းသို့ ရောက်လာခဲ့သည်။ ရှဲ့လီ ရန်ကိုင်အား မည်မျှ သတ်ချင်နေသလဲမသိ၊ သူ့ကိုယ်မှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်သည် ဒြပ်ထုအဖြစ်သို့ပင် သိပ်သည်းခါနီး ဖြစ်နေလေပြီ။
ရုတ်တရက် ရှဲ့လီ တစ်ကိုယ်လုံး အနီရောင် တောက်လာပြီး သူ့အသက်စွမ်းအင်မှာလည်း ကသောင်းကနင်း ဖြစ်လာသည်။ တစ်ချိန်တည်းတွင် သူ့နှာခေါင်း၊ မျက်လုံး၊ ပါးစပ်နှင့် နားရွက်များမှ သွေးများ တရဟော စီးကျလာခဲ့လေသည်။
“ဒါ…” ရန်ကိုင် ထိုမြင်ကွင်းကို အကြောင်သားဖြင့် ကြည့်နေသည်။ သို့သော် တစ်ခုခုကို သတိရသွားလိုက်သည့်နောက် သူ့အမူအရာ ဖြူလျော်သွားခဲ့သည်။ ချက်ချင်းပဲ ခရမ်းရောင်ဒိုင်းကို ဆင့်ခေါ်၍ သဲမုန်တိုင်းကို အသက်သွင်းကာ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။
တစ်ချိန်တည်းတွင် မီးငှက်သည် ကောင်းကင်ပေါ်မှ ရန်ကိုင် တည့်တည့်သို့ ထိုးဆင်းလာပြီး အလင်းအကာအရံ တစ်ခုအဖြစ်သို့ ပြောင်းကာ သူ့အား လွှမ်းခြုံကာကွယ်လိုက်သည်။
ရန်ကိုင် ပြင်ဆင်သွားပြီးရုံရှိသေး၊ ရှဲ့လီသည် မီးငှက် အကာအရံအား ပြေးဝင်တိုက်လေတော့သည်။
မီးငှက်၏ မီးတောက်များကြောင့် ရှဲ့လီ တစ်ကိုယ်လုံး မီးကျွမ်းနေသည့် မီးဘောလုံးတစ်လုံးနှယ် ဖြစ်သွားသည်။ သို့သော် ရှဲ့လီသည် ထိုအခြင်းအရာကို သတိမပြုမိသည့်အလား ပါးစပ်မှ ဘာမှန်းမသိသော စကားများကို ရေရွတ်ရင်း ရန်ကိုင်ဆီသို့သာ ဇွတ်တရွတ် ပြေးဝင်လာနေလေသည်။
သို့သော်လည်း မီးအကာအရံကြောင့် ရှဲ့လီ၏ အရှိန်မှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း အကန့်အသတ်ကို ရောက်ရှိတော့မည့်အလား အက်ရာများ တောက်လျှောက် ပေါ်လာပြီး သွေးများ အဆက်မပြတ် ယိုစီးကျလာသည်။ သို့သော်လည်း ထိုသွေးများသည် မီးငှက်၏ အပူမီးတောက်ကြောင့် မြေကြီးပေါ်သို့ မရောက်သေးခင်မှာပဲ အငွေ့ပျံကုန်ကြလေသည်။
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးနှင့်အတူ ရှဲ့လီ တစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ေသည်။ စွမ်းအင်လှိုင်းများ ဘေးပတ်ပတ်လည်သို့ ဖြာထွက်လာပြီး ကျောက်စကျောက်နများ၊ သစ်ပင်ငယ်များ အကုန်လုံး လွင့်စင်ထွက်ကုန်ကြလေသည်။
ထိုပေါက်ကွဲအားကြောင့် အနီးရှိ ဟင်းလင်းပြင်ပင် တုန်ခါသွားသည်။ ပုံရိပ်ယောင်အစီအရင်လည်း ထိုပေါက်ကွဲအားကို မခုခံနိုင်သဖြင့် ခဏမျှ မတည်မငြိမ် ဖြစ်နေပြီးနောက် အပြီးတိုင် ပျက်စီးသွားခဲ့လေသည်။
ရန်ကိုင်အား လွှမ်းခြုံထားသည့် မီးအကာအရံလည်း တစ်စစီ ပျက်စီးသွားခဲ့သည်။ သို့သော် မီးငှက်သည် သက်ရှိ မဟုတ်သဖြင့် ထိုကဲ့သို့ တစ်စစီ ဖြစ်သွားသော်ငြား သေဆုံးခြင်းမရှိ၊ မီးတောက်များ အတူတကွ ပြန်လည် စုဝေးသွားပြီးသည့်နောက် မီးငှက် ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် မီးငှက်၏ အကြည့်ထဲ ကြောက်ရွံ့ရိပ်တို့ အထင်းသား ထွက်ပေါ်နေခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် နဂါးလိုဏ်ဂူတောင်တစ်ခုလုံး သိမ့်သိမ့်တုန်အောင် လှုပ်ခါသွားခဲ့သည်။ မိုးမြေစွမ်းအင်သည်လည်း ပရမ်းပတာ ဖြစ်ကုန်သည်။ အထပ်လိုက် အထပ်လိုက် စီးကာ ခင်းကျင်းထားသော အကာအကွယ် အစီအရင်များသည်လည်း ထိုပေါက်ကွဲအားအောက်၍ ပျက်စီးကုန်ကြလေသည်။
“ဘာဖြစ်တာလဲ” နဂါးလိုဏ်ဂူတောင်နှင့် မိုင်ငါးဆယ်အကွာ၌ ရှိနေကြသော ချင်းတုန်နှင့် ဖေးကျီတုတို့ အလန့်တကြား ထရပ်လိုက်ကြသည်။
“ဖေးအိုကြီး အဲ့ဒါ…” ချင်းတုန်၏ လေသံ အတော့်ကိုမှ တည်ကြည်လေးနက်နေခဲ့သည်။
“တစ်ယောက်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာပဲ” ဖေးကျီတုက အံ့အားသင့်တကြီး ပြန်ပြောသည်။
“ဟုတ်တယ်… ဖြာထွက်လာတဲ့ စွမ်းအင်လှိုင်းတွေ အရတော့ ရှဲ့လီနဲ့တူတယ်”
“မဟုတ်လောက်ဘူးမလား။ ရှဲ့လီက တန်ခိုးရှင် ဒုတိယ အဆင့်လေ။ သူဘေးကျပ်နံကြပ်ထဲ ရောက်နေရင်တောင်မှ အဲ့လို လုပ်စရာမှ မလိုတာ”
“သွားကြည့်ရအောင်။ တစ်ခုခု ဖြစ်သွားတာ ဖြစ်ရမယ်” ပြောပြီးသည်နှင့် ချင်းတုန်သည် နဂါးလိုဏ်ဂူတောင်ဆီသို့ ပျံသန်းသွားလေသည်။ ဖေးကျီတုသည်လည်း ခါးသက်စွာ ပြုံးလျက် နောက်မှ လိုက်သွားလိုက်သည်။
ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည်လည်း အကြည့်ချင်း ဖလှယ်လျက် ချက်ချင်း ပြေးလိုက်သွားကြလေသည်။
သူတို့ အမြန် ထွက်သွားကြသော်ငြား နဂါးလိုဏ်ဂူတောင်သို့ မရောက်သေးခင်မှာပဲ အဘက်ဘက်မှ ရောင်စုံအလင်းတန်းများ ထိုအရပ်သို့ ပျံသန်းသွားနေသည်ကို တွေ့လိုက်ရသည်။ ထိုလူများ အားလုံးသည် ပွဲထိုင်ကြည့်ရန် စောင့်ကြည့်နေသည့်လူများ ဖြစ်ကြသည်။
နဂါးလိုဏ်ဂူတောင်၏ ထူးဆန်းသော အဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် ထိုလူများအားလုံး ဖင်ငြိမ်ငြိမ် မထိုင်နိုင်ကြတော့ပေ။
ဖန်သွေးရောင်ဂိုဏ်းမှ ကုန်းအောင်ဖုသည်လည်း တိုက်ယွမ်၊ ယင်စုတျယ်တို့နှင့်အတူ နဂါးလိုဏ်ဂူတောင်ရှိရာ အရပ်ဆီသို့ ပျံသန်းသွားနေကြသည်။ သို့သော် ကုန်းအောင်ဖု၊ ယင်စုတျယ်တို့နှင့် မတူသည်ကား တိုက်ယွမ်မှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေခြင်းပင်။ သူမ၏ စိုးရိမ်စိတ်ကို မအောင့်အည်း နိုင်တော့သည့်အဆုံး အံကြိတ်၍ မေးလိုက်လေသည် “ဆရာ အခု ဘာတွေဖြစ်နေတာလဲ။ ခုဏတုန်းက စွမ်းအင်လှိုင်းတွေ ဘာလို့ ပေါ်လာတာလဲ”
နဂါးလိုဏ်ဂူတောင်အား အလွန် စိတ်ပူပန်ပေးနေသည့် တိုက်ယွမ်ကိုကြည့်ရင်း တိုက်ယွမ် မျက်မှောင်ကြုတ်သွားသည်။ ထိုမေးခွန်းကို ပြန်မဖြေချင်သော်လည်း ယင်စုတျယ်မှ သူမအား သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေသည့် အတွက်ကြောင့် ပြန်ဖြေပေးလိုက်လေသည် “တစ်ယောက်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာ”
“ကိုယ့်ကိုယ်ကို ဖောက်ခွဲတာ၊ ဘယ်သူ ဖောက်ခွဲလိုက်တာလဲ” ယင်စုတျယ် မျက်ခုံးပင့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် “ဘာလဲ၊ နဂါးလိုဏ်ဂူတောင် လုံးဝ မျှော်လင့်ချက်ပျောက်သွားလို့ ရန်ကိုင်လည်း မလုပ်မဖြစ် အဲ့လိုလုပ်လိုက်ရတာလား”
ယင်စုတျယ် ပြောသည်ကို နားထောင်ပြီး တိုက်ယွမ်၏ မျက်နှာလေး ပို၍ ဖြူလျော်သွားခဲ့သည်။ လက်သီးကိုလည်း တင်းတင်း ဆုပ်မိလိုက်လေသည်။
သို့သော် ကုန်းအောင်ဖုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြန်ပြောလိုက်သည် “မဟုတ်ဘူး။ အဲ့ကောင်လေး သူ့ကိုယ်သူ ဖောက်ခွဲရင် ဒီလောက် အားကောင်းတဲ့ စွမ်းအင်လှိုင်းတွေ ထွက်လာမှာ မဟုတ်ဘူး။ ဒါအဆင့်မြင့် ပညာရှင်တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲလို့ ဖြစ်လာတဲ့ စွမ်းအင်လှိုင်းတွေပဲ”
“တန်ခိုးရှင်ဒုတိယအဆင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲတာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ယင်စုတျယ် သက်ပြင်းရှိုက်လျက် “နဂါးလိုဏ်ဂူတောင်ထဲ ဝင်သွားတဲ့ တန်ခိုးရှင်ဒုတိယအဆင့်ဆိုလို့ သုံးယောက်ပဲရှိတယ်။ သုံးယောက်စလုံးက အားကောင်းတဲ့ နာမည်ကျော် ပညာရှင်တွေချည်းပဲကို၊ ဘယ်လိုလုပ်ပြီး သူတို့ထဲက တစ်ယောက်က ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ရတာလဲ”
“ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ အခြားသူတွေလည်း စစ်ဆေးဖို့ သွားနေကြတာ နင်မတွေ့ဘူးလား။ ဘာတွေ ဖြစ်သွားလဲဆိုတာကို ဘယ်သူမှ မသိလောက်ကြသေးဘူး၊ ဒါပေမယ် အဲ့စွမ်းအင်လှိုင်းက နည်းနည်း ရင်းနှီးနေသလိုပဲ… ဟုတ်သားပဲ၊ အဲ့ဒါ အရိပ်လခန်းမကပဲ”
“အရိပ်လခန်းမက… ဘယ်လိုလုပ်ပြီး…” ယင်စုတျယ် အလွန် ထိတ်လန့်သွားခဲ့သည်။
“ဆရာ၊ အဲ့ဒါ အမှန်ပဲလား” တိုက်ယွမ်က အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်သည်။
ကုန်းအောင်ဖုသည် တိုက်ယွမ်အား ကြည့်လျက် အေးစက်စက် လေသံဖြင့် “အဲ့ဒါမှန်မှန်၊ မမှန်မှန် နင်နဲ့ ဘာမှမဆိုင်ဘူး။ ဒါပြီးသွားလို့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ နင်တံခါးပိတ်ကျင့်ကြံဖို့ ပြင်ပေတော့၊ ငါ့ခွင့်ပြုချက်မရဘဲ ထွက်လာခွင့်မရှိဘူး”
“ဟုတ်ကဲ့…” တိုက်ယွမ် သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် အသာအယာ ခေါင်းညိတ်လိုက်သည်။
သူမ တပည့်၏ အပြုအမူနှင့် ပက်သက်၍ မကျေနပ်သည့်တိုင် နဂါးလိုဏ်ဂူတောင်အပေါ် သူမလည်း အတော်လေး စိတ်ဝင်စားနေမိ၏။ တန်ခိုးရှင်ဒုတိယအဆင့်ကိုပင် ကိုယ့်ကိုယ်ကို ပြန်ဖောက်ခွဲရသည်အထိ တွန်းအားပေးနိုင်လောက်အောင် ထိုတောင်သေးသေးလေးထဲတွင် မည်သို့သော အန္တရာယ်များ ဖုံးကွယ်ထားနေလေသနည်း။
တစ်ချိန်တည်းတွင်၊ နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေသော ယန်ယန်၏ မျက်နှာ ဖြူလျော်နေခဲ့သည်။ လိုဏ်ဂူစံအိမ်ထဲတွင် ပုန်းအောင်းနေသည့်တိုင် လာရိုက်ခတ်သော စွမ်းအင်လှိုင်းကြောင့် အနည်းငယ်တော့ ဒဏ်ခံလိုက်ရသေးသည်။ လိုဏ်ဂူတစ်ခုလုံးလည်း မွစာကြဲနေလေပြီ။ အချို့ နံရံများဆိုလျှင် အက်ပင် အက်နေကုန်ကြပြီ။ အဝေးတွင် ရှိနေသော သူမတို့ပင် ဤကဲ့သို့ ခံရရာ ပေါက်ကွဲမှုအလယ်တွင် ရှိနေသော ရန်ကိုင် ဆိုလျှင်မူကား…
အဝိုင်းပြားထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ စစ်ဆေးပြီးနောက် ရန်ကိုင်၏ အရှိန်အဝါကို ခံစားမိလိုက်မှပဲ ယန်ယန် စိတ်သက်သာရာ ရသွားခဲ့သည်။
ရန်ကိုင် မသေသေးချေ။ သို့သော် သူ့အရှိန်အဝါကား အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ ရန်ကိုင်ကို သွားစစ်ဆေးတော့မည်အပြု ဝူရီက ရုတ်တရက် ထပြောလာသည် “အစ်မယန်ယန်၊ ကျွန်မတို့ နဂါးလိုဏ်ဂူတောင်ဆီ လူတွေအများကြီး လာနေတယ်။ အခု ဘာလုပ်ကြမလဲ”
ယန်ယန် မျက်လုံးမှေးစဉ်းသွားပြီး အဝိုင်းပြာလေးဆီ ကြည့်လိုက်သည်။ ဝူရီ ပြောသည့်အတိုင်း သူမတို့ဆီ လာနေသော အလင်းစက်များစွာကို တွေ့လိုက်ရသည်။ အချို့ အလင်းစက်များသည် အလွန်ကိုမှ လင်းထိန်းနေပေသည်။ ထိုအလင်းစက်များသည် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များပင် ဖြစ်လေသည်။
လက်ရှိ မြင်ရသလောက် အနည်းဆုံး တန်ခိုးရှင် တတိယအဆင့် ဆယ်ယောက်ကျော် ရှိပေသည်။
အများကြီးပဲ
ယန်ယန် မျက်နှာပျက်သွားသည်။ ထိုလူအင်အားကြောင့် အရိပ်လခန်းမ ဝင်ပါချင်သည်ဆိုလျှင်ပင် ဝင်ပါရ ခက်ပေလိမ့်မည်။ ချင်းတုန်သည် ရန်ကိုင်နှင့် ရင်းနှီးသော်လည်း သူ့အနေဖြင့် ထိုမျှ များပြားလှသော လူများနှင့် ရန်သူဖြစ်ဖို့ရာ မဖြစ်နိုင်ပါချေ။
ခဏလောက် စဉ်းစားပြီးနောက် ယန်ယန်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး အော်ပြောလိုက်လေသည် “ကျန်တဲ့ အစီအရင်တွေ အကုန်လုံးကို အသက်သွင်းလိုက်။ ဝင်လာတဲ့ လူအားလုံးကို သတ်ပစ်မယ်”
ဝူရီ ကြောင်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ရမ်းကာ သူမ၏ အဝိုင်းပြားလေးထဲ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို နဂါးလိုဏ်ဂူတောင် တစ်ခုလုံးအား ပို၍ ထူထည်းလှသော မြူခိုးများက လွှမ်းခြုံသွားလေတော့လေသည်။
“ချင်းယွဲ့၊ အခြားလူတွေကို သိုလှောင်ရုံထဲ ခေါ်သွားလိုက်” ယန်ယန်က အမိန့်ပေးလိုက်သည်။
“ငါတို့ အဲ့ဒါကို သုံးရတော့မှာလား” ထိုစကားကို ကြားသည့်အခါ ချင်းယွဲ့၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
ယန်ယန်က ခါးသက်စွာပြုံးလျက် “မထင်သေးဘူး။ ဒါပေမယ့် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ အဲ့ဒါလုပ်တုန်းက နင်လည်း ကူပေးခဲ့တာဆိုတော့ နင်ဘာလုပ်ရမလဲ သိတယ်မလား”
“သိတယ်” ချင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်သွားလေသည်။ ချက်ချင်းဆိုသလို ချင်းယွဲ့သည် လိုဏ်ဂူ စံအိမ်ထဲတွင် ပုန်းအောင်းနေသော လူအားလုံးကို အခြား တစ်နေရာဆီသို့ ဦးဆောင် ခေါ်သွားလေသည်။
“ရှောင်ရှောင်ရေ” ယန်ယန်မှ လှမ်းခေါ်လိုက်သည်နှင့် ကျောက်တုံးရုပ်သေးရုပ် ယန်ယန်ရှေ့တွင် ပေါ်လာခဲ့လေသည်။
“နင်လည်း လိုက်သွားလိုက်” ယန်ယန်က ပြောလိုက်ရာ ချက်ချင်းဆိုသလို ကျောက်တုံရုပ်သေးရုပ် ပြန်ပျောက်သွားလေ၏။