← Chapters

အခန်း (၁၄၀၆-၁၄၁၀)

Vol. 57 Ch. 1406-1410

အခန်း (၁၄၀၆-၁၄၁၀)

Vol. 57 Ch. 1406-1410

အပိုင်း (၁၄၀၆)

ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် သူ့ရှေ့တည့်တည့်ရှိ သွေးလွှမ်းနေသော နေရာတစ်နေရာအား ငေးကြောင်ကြည့်နေ၏။

ထိုနေရာတွင် တွင်းကြီးတစ်တွင်း ရှိနေပြီး ထိုတွင်းထဲတွင် မရေမတွက်နိုင်သော အသားစများ ရှိနေသည်။

ထိုအရာသည် ရှဲ့လီ ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ဖြစ်လာခြင်းပင်။

နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ခြင်း ဖြစ်‌သော်ငြား ယခုထိတိုင် သူ့မျက်လုံးသူ မယုံကြည်နိုင်သေး။

ရှဲ့လီ ဘာကြောင့် သူ့ကိုယ်သူ ဖောက်ခွဲလိုက်ရသနည်း။ သူနှင့် ရှဲ့လီကြားရှိ ရန်ကြွေးသည် အလွန်ကို ကြီးမားသည် ဆိုလျှင်ပင် ရှဲ့လီသည် သူ့သားအတွက် လက်စားချေရန်အတွက်ဖြင့် သူ့အသက်ကို စတေးမည့် လူစားမျိုး မဟုတ်ချေ။ ထို့အပြင် တိုက်ပွဲသည် ယခုမှ စရုံလေးသာ ရှိသေးသည်။ ရှဲ့လီတွင် အခြားဝှက်ဖဲများ မရှိတော့လေသလော။ လုံးဝ မဖြစ်နိုင်ပေ။

မျှော်လင့်ချက်မဲ့သည့် အခြေအနေထဲ ရောက်သွားသည့် လူများသာ ရန်သူကို သူတို့နှင့်အတူ ဆွဲခေါ်သွားရန် သူတို့ကိုယ်သူတို့ ဖောက်ခွဲလေ့ရှိကြသည်။ အကယ်၍ မိမိက ဖောက်ခွဲလိုက်သော်လည်း ရန်သူက သေမသွားခဲ့လျှင် မိမိ သေရသည်မှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

အစောပိုင်းက ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် ပုံရိပ်ယောင်၊ ရှဲ့လီ ပေါက်ကွဲသွားသည့် မြင်ကွင်းမှာလည်း ပုံရိပ်ယောင်ဟုပင် ရန်ကိုင် ထင်ချင်မိနေလေပြီ။

သို့သော်လည်း သူ့ရှေ့ရှိ တွင်းပေါက်ကြီးနှင့် အစောပိုင်းက ခံစားလိုက်ရသော စွမ်းအင်းလှိုင်းတို့သည့် သူ့အား ဖြစ်ပျက်သွားသမျှ အရာအားလုံး အစစ်အမှန်ဟု ပြောနေခဲ့သည်။ ထို့အပြင် သူ့ကောင်းကင်စိတ်အာရုံဖြင့် ရှဲ့လီ၏ အသက်စွမ်းအင်ကို အာရုံခံမရတော့ပေ။ သူမယုံချင်ပင်လျှင် ယုံရတော့ပေမည်။

အဲ့လူကြီး ရူးနေတာလား အစောပိုင်းကအကြောင်း ပြန်းတွေးမိလိုက်တိုင်း ရန်ကိုင် ထိတ်လန့်မိသည်။

တန်ခိုးရှင်ဒုတိယအဆင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သည့် အားမှ သာမန်မှ မဟုတ်လေဘဲ။ ထို့အပြင် သူသည် ရှဲ့လီနှင့် ဆယ်မီတာ အကွာအတွင်း ရှိနေခြင်း ဖြစ်သည်။ တစ်ခုခု မူမမှန်မှန်း သတိပြုမိလိုက်ပြီး အချိန်မှီ လှုပ်ရှားလိုက်နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူလည်း ရှဲ့လီနှင့်အတူ တစ်ခါတည်း မရဏလမ်းသို့ လိုက်သွားရလောက်ပေပြီ။

သူ့ပတ်လည် အကွာအကွယ် နှစ်ထပ် ကာခဲ့သည့်တိုင် ပေါက်ကွဲအားကိုတော့ ခံလိုက်ရဆဲ။ ထိုအလွှာနှစ်ထပ်သည် ပေါက်ကွဲအား၏ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ ကာကွယ်နိုင်ခဲ့ပြီး ကျန်လေးဆယ် ရာခိုင်နှုန်းသည် ရန်ကိုင်ကို လာမှန်သည်။ သို့သော် ထိုလေးဆယ်ရာခိုင်နှုန်းသည်ပင်လျှင် သူ့အား အချိန်မရွေး သေသွားနိုင်သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။

သူ့ခန္ဓာကိုယ်နှင့် ရွှေရောင်သွေး ကယ်ပေလို့သာပေါ့။ မဟုတ်သာ မဟုတ်လျှင် မတွေးရဲစရာပင်။ ထို့အပြင် ရန်ကိုင်သည် လေဟာနယ်အက်ကြောင်း ဖန်တီး၍ လက်ကျန် ပေါက်ကွဲစွမ်းအင် အများစုကို ဟင်းလင်းပြင်ထဲ ဖယ်ထုတ်ပစ်ခဲ့သေးသည်။

ထို့ကြောင့် လက်ရှိ သူ့အခြေအနေ ပုံပန်းပန်းပျက် ဖြစ်နေသည့်တိုင် ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ခြင်းပင်။

တစ်နည်းဆိုရသော် ရှဲ့လီ၏ သေဆုံးမှုသည် အချည်းနှီးသာ ဖြစ်ခဲ့ပေသည်။

သို့တိုင် ရန်ကိုင် မျက်မှောင်ကြုတ်နေသေးသည်။ ရှဲ့လီအား သတ်လိုက်နိုင်သည့် အတွက်ကြောင့် သူပျော်မနေခဲ့။ သူ့စိတ်ထဲ တစ်ခုခု မှားယွင်းနေသေးသလို ခံစားမိနေသေးသည်။

ရှဲ့လီသာ ရူးမနေသရွေ့ ထိုကဲ့သို့ ရူးမိုက်သည့် ဆုံးဖြတ်ချက်မျိုး လုပ်လိမ့်မည် မဟုတ်။ ရှဲ့လီသည် အရိပ်လ ခန်းမထဲတွင် အတော့်ကိုမှ မြင့်မားသည့် ရာထူးကို အချိန် အတော်ကြာသည်အထိ ယူထားခဲ့သူတစ်ဦး ဖြစ်သည်။ ထို့ပြင် ရှဲ့မိသားစု၏ ခေါင်းဆောင်လည်း ဖြစ်သေးသည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် ယခုကဲ့သို့ ဦးနှောက်မရှိသော ကိုယ့်သေကြောင်း ကိုယ်ကြံသည့် တိုက်ခိုက်မှုမျိုး မဆင်မခြင် လုပ်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် တကယ်ကို နားမလည်နိုင်တော့ပေ။

အဖြေရလေမလား သေချာ ပြန်စဉ်းစားကြည့်လိုက်သော်ငြား ပို၍ပင် ခေါင်းရှဒပ်သွားခဲ့ရသည်။

ထိုပုစ္ဆာကို အဖြေမရှာနိုင်သေးခင်မှာပဲ တွင်းပေါက်ထဲရှိ ရှဲ့လီ၏ အသားများထဲမှ တစ်ခုသည် လောင်ကောင်နှယ် ရုတ်တရက် တွန့်လိမ်လာပြီး သွေးနီရောင်အလင်းတန်းတစ်ခု ၎င်းဆီမှ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ရန်ကိုင် သတ်ခဲ့သည့် ရှဲ့မိသားစုဝင် ကျင့်ကြံသူများဆီမှ ထိုကဲ့သို့ အနီရောင် အလင်းတန်းလေးခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုအနီရောင် အလင်းတန်းအားလုံးသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ဆီသို့ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းနှင့် တိုးဝင်သွားကြလေသည်။

အနီရောင် အလင်းတန်းများကို ရန်ကိုင် သတိပြုမိလိုက်ချိန် ထိုအရာများသည် သူ့ဆီသို့ ရောက်နေခဲ့လေပြီ။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ထိုအနီရောင် အလင်းတန်းများ ဘာမှန်း သူမသိသော်ငြား အန္တရာယ်များမှန်းတော့ သိသည်။ ထို့ကြောင့် ကမန်းကတန်း လက်ဝှေ့ရမ်း၍ သူ့ပတ်ပတ်လည်၌ မဟာကောင်းကင်ဒိုင်းများ အဆက်မပြတ် ကာချလိုက်သည်။ တစ်ချိန်တည်းတွင် ရွှေရောင်ပိုးမျှင်ကို ထုတ်ကာ ထိုအနီရောင် အလင်းတန်းများကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။

ရွှပ်… ရွှပ်…

ရန်ကိုင် ရွှေရောင်ပိုးမျှင်သည် သွေးနီရောင် အလင်းတန်း တစ်ခုအား မျက်တောင်တစ်ခတ်အတွင်း အဆပေါင်းများစွာ ဖြစ်အောင် ပိုင်းဖြတ်သွားခဲ့သည်။ သို့တိုင် အနီရောင်အလင်းတန်း မှိန်သွားပြီး ၎င်း၏ မူလပုံစံပေါ်လာရုံမှအပ အခြား ဘာမှ ဖြစ်မသွားခဲ့။ ထိုအနီရောင် အလင်းတန်းများသည် လောက်ကောင် ကဲ့သို့ အင်းဆက်များ ဖြစ်ကြသည်။ ချက်ချင်းဆိုသလို အစိတ်စိတ် ပိုင်းခံလိုက်ရသော အင်းဆက် မူလအတိုင်း ပြန်ကောင်းသွားပြီး ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ဆုတ်လိုက်သည်။ သို့သော် သူ့အမြန်နှုန်းသည် ထိုအင်းဆက်များနှင့် ယှဉ်လျှင် နှေးနေခဲ့ပေသည်။ အင်းဆက်များသည် ရန်ကိုင် ဖန်တီးထားသည့် ဒိုင်းကာများအား မရှိသလို ဖြတ်ကျော်လာပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။ ရန်ကိုင် ဖန်တီးထားသည့် အကာအကွယ်အားလုံး ထိုကောင်များနှင့်အတွေ့ လုံးဝကို နောက်ကျောက်ချခံလိုက်ရသည်။

သေစမ်းပါကွာ

ရန်ကိုင်မျက်နှာ ကွက်ခနဲပျက်သွားပြီး သူ့အသိစိတ် ပင်လယ်ထဲသို့ ချက်ချင်း ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ နာမ်ဝိဥာဉ် သူ့အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာခဲ့သည်။ ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို စစ်ဆေးကြည့်လိုက်ရာ ကျူးကျော်သူများကို အလျင်အမြန် တွေ့ရှိသွားလေသည်။

ထိုအရာများသည် ရန်ကိုင် အစောပိုင်းက မြင်ခဲ့သည့် ထူးဆန်းသည့် သွေးနီရောင် အင်းဆက်လေးကောင် ဖြစ်သည်။

သူတို့ကို ရန်ကိုင် တွေ့သွားသည်နှင့် တစ်ပြိုင်နက် လေးကောင်စလုံး တစ်ကောင်တည်း အဖြစ်သို့ ပေါင်းစပ်သွားကြ၏။ တစ်ချိန်တည်းနှင့် ထိုအင်းဆက်များဆီမှ ရန်ကိုင် ရင်းနှီးနေသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“လူရီ” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ လူရီနှင့် တစ်ကြိမ်လောက်သာ တိုက်ဖူးသော်လည်း ထိုကောင်၏ အရှိန်အဝါကို ရန်ကိုင် ကောင်းကောင်း မှတ်မိပေသည်။

ထိုသွေးနီရောင် အင်းဆက်လေးကောင်သည် လူရီ၏ လက်ချက် ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့‌ပေ။

ရှဲ့လီ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာ အဲ့လူရီကြောင့်လား။ သူ့ကြောင့်သာ မဟုတ်ရင် တိုက်ပွဲစစချင်း ရှဲ့လီ ကိုယ့်ကိုယ်ကို ဖောက်ခွဲစရာ အကြောင်းမရှိဘူး

ရှဲ့လီ၏ အသားစများထဲမှ တစ်ခုမှ ထိုအင်းဆက်တစ်ကောင် ထွက်လာသည်ဆိုသော အချက်မှာ ယခုကိစ္စအားလုံးသည် လူရီ၏ လက်ချက်ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

ရှဲ့လီ မသေခင်က မျက်နှာကို ပြန်စဉ်းစားမိလိုက်သော် သူ့အထင် မှန်သည်ဟု ရန်ကိုင် ခံစားမိသွားသည်။ သူထင်သည်သာ အမှန်ဖြစ်လျှင် လူရီ၏ နည်းလမ်းများသည် တကယ်ကို အံ့ဩဖွယ်ကောင်းသည်ဟု ပြောရပေမည်။ တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကိုပင် ကိုယ့်ကိုယ်ကို ဖောက်ခွဲအောင် တွန်းအားပေးနိုင်သည်မှာ သာမန် အရည်အချင်းတစ်ခု မဟုတ်ပေ။

အဲ့ကောင် တကယ်ကြီး ဘယ်သူလဲကွာ ရန်ကိုင် တကယ်ကို ခေါင်းရှုပ်နေသည်။ လူရီကို သူအထင်သေးနေမိသေးမှန်းလည်း နားလည်လိုက်သည်။

သူ့ရှေ့ရှိ သွေးနီရောင် အင်းဆက်များကို ကြည့်ရင်း ရန်ကိုင် မျက်လုံး မှေးစဉ်းသွားသည်။ ထိုအင်းဆက်များသည် စိတ်စွမ်းအင်ဖြင့် ဖွဲ့ထားထားသော ပိုကောင်းများ ဖြစ်လောက်၏။ သို့သော် လူရီသည် သူတော်စင်ဘုရင်အဆင့်သာ ရှိသေးလေရာ သူ့စိတ်စွမ်းအင်သည် မည်ကဲ့သို့ ထိုမျှ အားကောင်းနေရသနည်း။

ရန်ကိုင် လုံးဝကို နားမလည်နိုင်တော့ပေ။

ရန်ကိုင် အထင် မမှားပေ။ ရှဲ့လီသည် လူရီ၏ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ဤလောကကြီး၏ အထွဋ်အထိပ်၌ ရပ်တည်ခဲ့သော လူတစ်ယောက်သည် အခြေအနေ မပေးသဖြင့် ဤကဲ့သို့ နိမ့်ကျသည့် နေရာမျိုးတွင် ကျင်လည်နေရသည်။ သူ့ကျင့်ကြံခြင်းမှာလည်း သိပ်မမြင့်လှ။ သို့တိုင် သူအိတ်ကပ်ထဲ၌ ရှိနေသော ပညာရပ်များသည် သာမန် တန်ခိုးရှင်အဆင့်များ လာပြိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။

ရှဲ့လီ အကင်းပါးသည် ဆိုလျှင်ပင် သူ့ကိုယ်ထဲတွင် လူရီ နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ထည့်သွင်းထားသည် ဆိုသော အချက်ကို သတိမပြုမိခဲ့ပေ။

ထိုနည်းလမ်းဖြင့် လူရီသည် ရှဲ့မိသားစု၊ ပင်လယ်နှလုံးသာ ဂိုဏ်းနှင့် တိမ်မီးတောက်တောင်ကြားတို့၏ ကံကြမ္မာကို တိတ်တဆိတ် ကြိုးကိုင် ချယ်လှယ်ခဲ့သည်။

လူရီ ရန်ကိုင်အား မသတ်လိုပေ။ သူလိုချင်သည်ကား နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် အကူအညီဖြင့် ရန်ကိုင်ကို ထိန်းချုပ်ရန်ပင်။ ပြီးမှ သူ၏ အဖိုးအတန်းဆုံး ရတနာကို ပြန်လည် ရယူရပေမည်။

သဲမီးတောက်နယ်မြေထဲတွင် ရှိစဉ်က ရန်ကိုင်သည် သူ၏ အဖိုးအတန်ဆုံး ရတနာကို ယူသွားခဲ့သည်။ ယခု ထိုရတနာအား ပြန်ယူရန် အခွင့်အရေး ရှိလာပြီ ဖြစ်လေရာ ထိုအခွင့်အရေးကို လူရီ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။

လူရီ၏ မူလ အစီအစဉ်သည် ရှဲ့လီအား ကိုယ့်ကိုယ်ကို ဖောက်ခွဲခိုင်းပြီး ရန်ကိုင်ကို သတ်ရန် မဟုတ်ပေ။ ရန်ကိုင်အား ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တော့သည်အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်လိုခြင်းသာ ဖြစ်သည်။

သို့သော်လည်စ သေချာ စီစဉ်အကွက်ချထားသည့်တိုင် ရှဲ့လီသည် ရန်ကိုင်နှင့် သွားပြီး ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်၏ ခွန်အားသည် အဆင့်တူ ကျင့်ကြံသူများထက် အများကြီး ပိုမြင့်နေသည်မှာ လူရီအတွက် ကံကောင်းသွားသည်။ ရန်ကိုင်သာ သေသွားခဲ့လျှင် သူ့အစီအစဉ် အားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည် ဖြစ်ကာ သူ့ရတနာကိုလည်း ပြန်ယူနိုင်တော့မည် မဟုတ်ပေ။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်သည် အဆိပ်ရှိသည့် အင်းဆက်တစ်ကောင် မဟုတ်ဘဲ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော အင်းဆက်တစ်ကောင်သာ ဖြစ်သည်။ ထိုအင်းဆက်များသည် အလွန်ကိုမှ ထူးဆန်းသလို သတိပြုမိဖို့လည်း ခက်လှဿည်။ ယခု လူရီ၏ အင်းဆက်အားလုံး တစ်ကောင်တည်းအဖြစ်သို့ ပေါင်းစည်းသွားပြီ ဖြစ်သဖြင့် ပို၍ အားကောင်းလာမည်မှာ သံသယရှိစရာ မလို။ ထို့ကြောင့် ထိုအင်းဆက်ဖြင့် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ကို ထိန်းချုပ်ရန်မှာ ထမင်းစာရေသောက်နှယ် လွယ်ကူသင့်ပေသည်။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ဘာအင်းဆက်မှန်း ရန်ကိုင် မသိသော်ငြား သူ့အား ကောင်းကျိုးပေးမည့် အင်းဆက် မဟုတ်မှန်း ရန်ကိုင် သိသည်။ ထို့ကြောင့ အသိစိတ်ပင်လယ်ထဲရှိ မီးတောက်များကိုသုံး၍ ထိုအင်းဆက်ကို စတင် မီးရှို့တော့သည်။

သို့သော်လည်း အင်းဆက်ကောင်မှာမူ မီးတောက်များကို ခုခံရန်ပင် မကြိုးစားဘဲ ဒီအတိုင်း ငြိမ်ခံနေခဲ့လေသည်။ ရန်ကိုင်သည် တေဇောဓါတ်အသိစိတ်ပင်လယ်ကိုသုံး၍ သွေးနီရောင် အင်းဆက်ကို မီးကင်နေသောလည်း အင်းဆက်မှာမူ တုတ်တုတ်ပင်မလှုပ်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်မျက်နှာ မှုန်ကုတ်သွား၏။ တေဇောဓါတ်အသိစိတ်ပင်လယ်နှင့် အင်းဆက်ကို တိုက်ခိုက်၍ ဘာမှထူးမည် မဟုတ်မှန်း သိလိုက်သော် မီးတောက်များကို ပြန်ရုတ်သိမ်းလိုက်သည်။ ရန်ကိုင်မှ အခြားနည်းလမ်းတစ်ခုကို သုံးတော့မည်အပြု အင်းဆက်သည် သွေးနီရောင်အလင်းတန်းသို့ ပြောင်းလဲကာ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။

ထိုကဲ့သို့ ရန်ကိုင်က မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ သူ့အသိစိတ်ပင်လယ်ထဲတွင် သူသည်သာ ဆရာဖြစ်သည်။ အရာ အားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိပေသည်။

ထို့ကြောင့် စိတ်စွမ်းအင်ကို လှံတစ်ချောင်းအဖြစ်သို့ သိပ်သည်းစေလျက် သူ့ဆီ ပြေးဝင်လာနေသော အင်းဆက်ဆီ လှမ်းပစ်လိုက်လေသည်။ သို့သော်ငြား သွေးနီရောင်း အင်းဆက်သည် ရန်ကိုင်၏လှံကို အလွယ်တကူ ရှောင်သွားခဲ့၏။

ခက်လိုက်တာ ထိုနည်းဖြင့် မရသော် ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသုံးပြုတော့သည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ဝဲနေသော သုတ်င်ခြင်းနတ်ဆိုးမျက်လုံး ဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

သွေးနီရောင်အင်းဆက်သည် ထိုအလင်းတန်းကိုပင် အကြိမ်များစွာ ရှောင်နိုင်ခဲ့သေးသည်။ သို့သော်ငြား နောက်ဆုံးတွင်မူ ထိမှန်သွားခံခဲ့ရလေသည်။

လျင်မြန်စွာ ရွေ့လျားနေသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက် အချုပ်ခံလိုက်ရသည့်နှယ် ရုတ်ချည်း ရပ်သွားခဲ့သည်။ ၎င်း၏ ခပ်ဝဝ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲနေသည့်နှယ် တွန့်လိမ်လာပြီး ထူးဆန်းသော အသံများ စတင် အော်မြည်တော့သည်။

လူရီ၏ နည်းလမ်းမှာ တကယ်ကို ထူးခြားလှပေသည်။ လူရီသည် နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်ဖြင့် တန်ခိုးရှင် အဆင့် ပညာရှင်များစွာကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ရန်ကိုင် နှင့်အတွေ့တွင် လက်မှိုင်ချခဲ့ရသည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် မည်သည့် စိတ်စွမ်းအင် တည်ရှိမှုကိုမဆို သန့်စင်ပစ်နိုင်သော သုတ်သင်ခြင်းနတ်ဆိုး မျက်လုံး ရှိနေသည်ကို သူမသိခဲ့ပေ။ နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက်သည် စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အင်းဆက် တစ်ကောင် ဖြစ်သဖြင့် ထိုအင်းဆက်လည်း ချွင်းချက်မဟုတ်ပေ။

တရှဲရှဲ မြည်သံနှင့်အတူ သွေးနီရောင်အင်းဆက် စတင် အငွေ့ပျံလာသည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကို ရုပ်တည်ကြီးဖြင့် ကြည့်နေ၏။ သူ့အကြည့်ထဲ မည်သည့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကိုမှ မတွေ့ရ။ သို့သော် သူ့ရင်ထဲတွင်မူ အတော်လေး အံ့အားသင့်နေမိသည်။ လူရီ၏ စိတ်စွမ်းအင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် ချက်ချင်း မသန့်စင်နိုင်လောက်သည်အထိ ထူးဆန်းလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ အကယ်၍ သူ့အနေဖြင့် ထို့အရာကို အပြတ်ရှင်းချင်သည် ဆိုပါက ထပ်မံ အားစိုက်ရန် လိုပေသေးသည်။

နှောင့်နှေးနေခြင်းသည် ပြဿနာများကို ဖြစ်စေနိုင်သည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် စိတ်စွမ်းအင်ဖြင့် အမိန့်တစ်ခု ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ့အသိစိတ်ပင်လယ်ထဲရှိ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းဆီမှ တဝီဝီ မြည်သံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အင်းဆက်လေးများ ထွက်လာခဲ့လေသည်။ ချက်ချင်းဆိုသလို အနက်ရောင် တိမ်တိုက်ကြီးတစ်ခု သွေးနီရောင်အင်းဆက်ဆီသို့ အံလိုက် ချီတက်လာခဲ့သည်။

ထိုကောင်များသည် ဝိဥာဉ်ဝါးမြိုအင်းဆက်များပင် ဖြစ်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၀၇)

ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များသည် ရန်ကိုင် နှစ်ပေါင်းများစွာ ကြာအောင် ပြုစုပျိုးထောင်လာခဲ့သည့် ရှေးဟောင်းအင်းဆက်များ ဖြစ်ကြပေသည်။ အင်းဆက်ကျောက်တုံးကို ဝါးမြိုပြီးနောက်ပိုင်း ထိုအင်းဆက်များ၏ ခွန်အား သိသိသာသာကို တိုးတက်လာခဲ့၏။

လက်ရှိ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူများ၏ စိတ်စွမ်းအင်ကို အလွယ်တကူ ဝါးမြိုနိုင်ပြီး တန်ခိုးရှင်အဆင့် ပညာရှင်များကိုပင် အတန်အသင့် ဒုက္ခပေးနိုင်သည်။

သို့သော်လည်း အားနည်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့် အခါ ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သုံးမည့်အစား သူ့ဘာသာ လှုပ်ရှားလိုက်ခြင်းသည် ပို၍ မြန်ဆန်လွယ်ကူပေသည်။ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့် အခါတွင်လည်း ဝိဥာဉ်ဝါးမြိုအင်းဆက်များက သိပ်အကူအညီ မပေးနိုင်တော့ချေ။ ထို့ကြောင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ရန်ကိုင် သုံးခဲသည်။

သို့သော်ငြား ဝိဥာဉ်ဝါးမြိုအင်းဆက်းများသည် အသုံးမဝင်ဟု ဆိုလိုခြင်းတော့ မဟုတ်၊ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် အရေအတွက်များများနှင့် တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် တကယ်ကို အသုံးဝင်လှပေသည်။

ထိုအင်းဆက်များတွင် နောက်ထပ် အသုံးဝင်သည့် အချက်တစ်ချက် ရှိသေးသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ အကြိုက်ဆုံးအစာမှာ စိတ်စွမ်းအင်ဖြစ်သည်။ ထို့ကြောင့် လူရီအနေဖြင့် ရန်ကိုင်အား ရင်ဆိုင်ရန် စိတ်စွမ်းအင် ပညာရပ်ကို သုံးခဲ့သည့်အပေါ် သူ့ကိုယ်သူသာ အပြစ်တင်ရပေတော့မည်။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးနှင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်များ၏ အိမ်မက်ဆိုးပင် ဖြစ်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ဝိဥာဉ်ဝါးမြိုအင်းဆက်အုပ်ကြီး နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်ဆီသို့ ပျံသန်းသွားလေသည်။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရွှေရောင်အလင်းတန်းနှင့် ဖိနှိပ်ထားခြင်း ခံရသည့်တိုင် ရုန်းကန်လှုပ်ရှားနေနိုင်သေးသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာသည် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို မြင်လိုက်သည်နှင့် သဘာဝအိမ်မက်ဆိုးကို တွေ့လိုက်ရသည့်နှယ် စတင် တုန်ရင်လာတော့လေသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များကတော့ နှစ်တစ်သောင်းအဆိပ် မိစ္ဆာအင်းဆက် ကြောက်သည်မကြောက်သည်ကို ဂရုမစိုက်ဘဲ စုပြုံ၍သာ တိုးဝင်သွားကြသည်။

မကြာမီ ကိုက်ဝါးသံများ ထွက်ပေါ်လာခဲ့လေသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် အလျင်အမြန် ပေါ်လာပြီး အလျင်အမြန် ပြန်ထွက်သွားကြသည်။ သိုသော်လည်း ၎င်းတို့ ပြန်ထွက်သွားပြီးနောက် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံထားခြင်း ခံရသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက်မှာမူ မရှိတော့လေပြီ။

ရန်ကိုင် သူ့အသိစိတ်ပင်လယ်ကို တစ်ချက် စစ်ကြည့်သည်။ မည်သည့် အန္တရာယ်မှ မရှိတော့မှန်း သေချာပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် အပြင်သို့ ပြန်ထွက်လာလိုက်သည်။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် သေသွားသည်နှင့် တစ်ချိန်တည်းတွင် နဂါးလိုဏ်ဂူတောင်မှ မိုင်နှစ်ရာဝေးကွာသော ရှဲ့မိသားစု၏ စံအိမ်ထဲတွင် တင်ပလင်ခွေ ထိုင်နေသော လူငယ်လေး တစ်ယောက် ရုတ်တရက် ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး သွေးတစ်ပွက် ထိုးအန်လေသည်။ ထို့နောက် မယုံကြည်နိုင် ဖြစ်နေသည့် လေသံဖြင့် အလန့်တကြား ထအော်၏ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ထိုလူသည် လူရီ ဖြစ်ပေသည်။

လူရီသည် အလွန်ကိုမှ တွက်ချက်တတ်ပြီး သတိကြီးသည်။ ထို့ကြောင့် ရှဲ့လီတို့နှင့် လိုက်မသွားဘဲ ရှဲ့မိသားစုတွင်သာ စောင့်ကျန်နေရစ်ခဲ့သည်။ သူတွက်ချက်ထားသည့် အတိုင်းသာ ပြီးမြောက်သွားမည်ဆိုလျှင် သူလိုက်သွားသွား မသွားသွား ဘာမှ ကွဲပြားသွားလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရှဲ့မိသားစုတွင်သာ နေရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူ့အားအကိုးရဆုံးသော နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်တစ်ကောင် သေသွားသည့် အတွက်ကြောင့် တန်ပြန် ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရသည်။ ရှဲ့မိသားစု၏ ခေါင်းဆောင်ဖြစ်သော ရှဲ့လီကိုယ်ထဲ နှစ်တစ်သောင်းအဆိပ် မိစ္ဆာအင်းဆက် ထည့်သွင်းရန်အတွက် လူရီ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ထို့အတွက်နှင့် သူ့ဝိဥာဉ်အဆီအနှစ် တစ်စိတ်တစ်ပိုင်းကိုပင် စတေးခဲ့ရသေးသည်။

တန်ခိုးရှင်ဒုတိယအဆင့် ဖြစ်သော ရှဲ့လီအား ထိန်းချုပ်ဖို့ရာ မည်ကဲ့သို့ လွယ်ကူမည်နည်း။ သို့သော်လည်း ရှဲ့လီ ကိုယ်ထဲတွင် ထည့်ထားသော သူ့ဝိဥာဉ်အဆီအနှစ် ဖျက်စီးခံလိုက်ရသည့် အတွက် လူရီ ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရသည်။ ဒဏ်ရာမှာ အရမ်း မပြင်းသော်လည်း ပေါ့သေးသေးတော့ မဟုတ်။ အနည်းဆုံး တစ်လ၊ နှစ်လလောက် ပြန်အနားယူပြီးမှ ပျောက်မည့် ဒဏ်ရာမျိုး ဖြစ်သည်။

လူရီ အမူအရာ ခက်ထန်လာခဲ့သည်။ ယခုတစ်ကြိမ် သူ့အစီအစဉ် အမှားအယွင်းမရှိ အောင်မြင်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ဆိုးဆိုးရွားရွား ကျဆုံးခဲ့ရသည်။ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်ဆီမှ နောက်ဆုံးအကြိမ် သူသိလိုက်ရသည်ကား ၎င်းကို ရန်ကိုင်မှ ဖျက်စီးလိုက်သည် ဆိုသောအချက်ပင်။

ရန်ကိုင် မည်သည့် နည်းလမ်းကိုသုံး၍ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်အား ဖျက်စီးသွားလဲ ဆိုသည်ကိုမူ လူရီ မသိပေ။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ အခြေအနေကို သူမှ မစစ်ဆေးနိုင်ဘဲ။

“ကောင်းတယ်” လူရီ ညစ်ကျယ်ကျယ် ပြုံးလိုက်သည် “ကြည့်ရတာ ဒီစီနီယာ မင်းကို အထင်သေးမိလိုက်တာပဲ။ ဘာမဟုတ်တဲ့ သူတော်စင်ဘုရင်လေး တစ်ယောက်က ဒီစီနီယာကို ဒီဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတော့ မင်းကတယ် တော်တာပဲ”

ထိုကဲ့သို့ ရေရွတ်နေပြီးနောက် ရုတ်တရက် လူရီ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်လေသည် “သောက်သုံးမကျတဲ့ အမှိုက်တွေ၊ ဒါလေးတောင် မလုပ်နိုင်ကြဘူး။ နောက်ပိုင်း ငါမင်းတို့ကို လိုနေသေးလို့ပေါ့ကွာ။ မဟုတ်ရင် မင်းတို့တွေ အကုန်လုံးကို ရှင်းပစ်လိုက်ပြီ။ တောက်… ကြည့်ရတာ ငါဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူးနဲ့တူတယ်”

ပြောပြီးသည်နှင့် လူရီ ထရပ်လိုက်ပြီး ရှဲ့မိသားစုထဲမှ မည်သူမှ မသိအောင် တိတ်တိတ်လေး ထွက်သွားလေသည်။ သူမည်သည့် နေရာသို့ သွားလဲဆိုသည်ကိုမူ မည်သူမှမသိချေ။

ပုံမှန်အားဖြင့် သူသည် တိမ်မီးတောက်တောင်ကြား၏ သခင်လေးတစ်ယောက် ဖြစ်သော်လည်း ထိုအဆင့်အတန်းကို သူ့မျက်လုံးထဲ မထည့်ပါချေ။ ဤခန္ဓာကိုယ်ကို အပိုင်စီးပြီး ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူ့ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန်အတွက် ဤခန္ဓာကိုယ်ပိုင်ရှင်၏ မိသားစုအပါအဝင် ဂိုဏ်းထဲရှိ လူစုစုပေါင်း၏ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို စတေးပစ်ခဲ့သည်။

လက်ရှိ တိမ်မီးတောက်တောင်ကြားသည် အခွံသက်သက်ထက် မပိုတော့သော ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်လေရာ ထိုဂိုဏ်းသို့ သူပြန်သွားမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်ဖြစ် သူ့လက်ရှိ အစွမ်းအစဖြင့် အရိပ်ကြယ်၏ ကြိုက်သည့် နေရာသို့ သွားနိုင်သည်။ ယခု အရေးကြီးသည်ကား သူ့ကျင့်ကြံခြင်း မြှင့်တင်နိုင်ရန်အတွက် နေရာကောင်းတစ်ခုကို ရှာရန်ပင်။ ရန်ကိုင်ကိုတော့ ခဏထားလိုက်ပေဦးမည်။ သူ့ရတနာကို ရန်ကိုင် သန့်စင်ပစ်လိုက်သည်ဟု လူရီ မယုံပေ။ ထိုရတနာသည် ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင်အဆင့် မဆိုထားနှင့်၊ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များပင် နှစ်ပေါင်းများစွာ အချိန်ယူ သန့်စင်ရသည့် ရတနာမျိုး ဖြစ်သည်။ ခဏလေးအတွင်း သန့်စင်ပစ်ဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့ရတနာကို ရန်ကိုင် နည်းလမ်းတစ်ခုခုသုံး၍ ဝှက်ထားခြင်းသာ ဖြစ်သည်ဟု လူရီ ယုံကြည်နေသည်။

သို့သော်လည်း ရန်ကိုင်တွင် ဝိဥာဉ်ကြာပန်း ရှိနေသည်ကို လူရီ မည်ကဲ့သို့ သိမည်နည်း။ ရန်ကိုင်တွင် သူ့ရတနာကို သန့်စင်နိုင်သည့်စွမ်းရည် မရှိသော်လည်း ဝိဥာဉ်ကြာပန်းတွင် မရှိဘူးဟု မည်သူ ပြောသနည်း။ သူ့ရတနာကို ရန်ကိုင်မှ နည်းလမ်း တစ်ခုခုသုံး၍ ဝှက်ထားသည်ဟု လူရီ ထင်နေချိန် သူ့ရတနာမှာမူ ဝိဥာဉ်ကြာပန်း၏ ဗိုက်ထဲ ရောက်နေခဲ့လေပြီ။ ရန်ကိုင်ပင်လျှင် ဝိဥာဉ်ကြာပန်း ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဆင့်သို့ ရောက်သွားသည့်အတွက် အဆုံးမဲ့ဝိဥာဉ်ကြာပန်း ပွင့်လန်းခြင်း ဆိုသော ပညာရပ်ကို အဆစ် ရလိုက်လေးသည်။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ကိစ္စကို ရှင်းပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ရန်ကိုင် ဖြန့်ကျက်ကြည့်လိုက်သည်။ သူ့ဘက်မှ တိုက်ပွဲပြီးသွားသလို ချန်ချီတို့ တိုက်ပွဲလည်း ပြီးသွားပြီမှန်း တွေ့ရှိလိုက်ရသည်။ လက်ရှိတွင် ချန်ချီတို့ သုံးယောက် တင်ပလင်ခွေထိုင်လျက် အားပြန်ဖြည့်နေကြ၏။

ထိုသုံးယောက် အတူတကွ ပူးပေါင်း၍ သွေးနတ်ဆိုး ကျောင်းတော်မှ သက်လတ်ပိုင်းလူကြီးကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ ပြိုင်ဘက်သည် တန်ခိုးရှင်ဒုတိယအဆင့် ဖြစ်သော်ငြား နဂါးလိုဏ်ဂူတောင်မှ အစီအရင်များသည် ထိုလူ၏ ခွန်အားကို ဖိနှိပ်ထားခဲ့သည့် အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပြီးနောက် ချန်ချီ၊ ဟောင်အန်းနှင့် နင်ရှန်းချန်တို့ သုံးယောက် သက်လတ်ပိုင်း လူကြီးကို အနိုင်ယူနိုင်ခဲ့သည်။

လက်ရှိတွင် နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် ရန်သူအားလုံး တစ်ယောက်မကျန် အသတ်ခံလိုက်ရလေပြီ။ နဂါးလိုဏ်ဂူတောင်သည် ကျူးကျော်လာသည့် ရန်သူများကို ရင်ဆိုင်ရန် လူလေးယောက်သာ စေလွှတ်ခဲ့သည်။ တန်ခိုးရှင် ပထမအဆင့် သုံးယောက်နှင့် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ပင်။ ယခုကဲ့သို့ အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် မည်သို့မှ ထပ်မဖြစ်နိုင်တော့ဘူးဟု မည်သူမှ မပြောနိုင်သော်ငြား လက်ရှိ အဖြစ်အပျက်သည် အရိပ်ကြယ်တွင် သမိုင်း ထင်ကျန်ရစ်မည့် မှတ်တမ်းတစ်ခုအဖြစ် ကျိန်းသေ ကျန်ရှိနေပေလိမ့်မည်။ ဤအကြောင်းသာ သတင်း ပြန့်သွားလျှင် မည်သူမှ ယုံလောက်မည် မဟုတ်ပေ။

ခဏလောက် စဉ်းစားပြီးနောက် အဝတ်လဲ၊ ပေကျံနေသော သွေးများကိုသုတ်ပြီး ချန်ချီနှင့် အခြားသူများဆီ လမ်းလျှောက် သွားလိုက်သည်။

သားရဲများတောင်တန်းမှ လူကြီး၏ ဝိဥာဉ်ကို စုပ်ယူပြီး ဖြစ်သလို ရှဲ့လီ၏ ဝိဥာဉ်ကိုလည်း စုပ်ယူပြီးသွားလေပြီ။ ထို့ကြောင့် သွေးနတ်ဆိုးကျောင်းတော်မှ လူ၏ ဝိဥာဉ်ကိုလည်း အလွတ် ပေးမည် မဟုတ်ပေ။

ထိုလူသုံးယောက်၏ နာမ်ဝိဥာဉ်ကို သန့်စင်ပြီးနောက် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အလမ်း တစ်ခုခုကို ရန်ကိုင် ရှာတွေ့ကောင်း ရှာတွေ့လောက်ပေသည်။

ခဏအကြာတွင် ချန်ချီတို့ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သွေးနတ်ဆိုးကျောင်းတော်မှ လူကြီး၏ အလောင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထိုလူ၏ နာမ်ဝိဥာဉ်ကို သူ့အသိစိတ် ပင်လယ်ထဲသို့ တိတ်တဆိတ် စုပ်ယူလိုက်လေသည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် သုံးယောက်စလုံး မျက်လုံးပွင့်လာခဲ့သည်။

“လူအိုကြီးနင်ရေ၊ ခင်ဗျားကို ဒီတစ်ကြိမ်တော့ ဒုက္ခပေးမိပြီဗျာ” ရန်ကိုင်သည် လက်သီးဆုပ်၍ နင်ရှန်းချန်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ သူတို့ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် လူအိုကြီးနင်သည် သူတို့ဘက်မှ ကူညီ ရပ်တည်ပေးရန် တန့်ဆိုင်းမနေခဲ့ပေ။ ထို့ကြောင့် လူအိုကြီးနင်ကို ရန်ကိုင် ကျေးဇူးတင်မိသည်။

သူတို့အား ဘာကြောင့်ပင် ကူညီပေးခဲ့သည့် ဖြစ်ပါစေ သူကူညီပေးခဲ့သည်မှာ အမှန်တရား ဖြစ်သည်။

“ဟားဟားဟား” နင်းရှန်ချန် သည်းလှိုက်အူလှိုက် ရယ်မောလိုက်သည်။ ယခုလေးတင် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ရသော်ငြား သူ့ခန္ဓာကိုယ် အခြေအနေသည် အကောင်းအတိုင်း ရှိနေဆဲ။ ဆိုလိုသည်ကား တိုက်ပွဲအတွင်း သူမည်သည့် ဒဏ်ရာမှ မရခဲ့ပေ။

“အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး မိတ်ဆွေလေးရန်ရာ၊ ဒီလို အဖြစ်အပျက်ကြီးထဲ ဝင်ပါခွင့်ပေးတဲ့ မင်းကိုတောင် ငါကျေးဇူးတင်သင့်တာ။ ဒီတိုက်ပွဲကြီး တိုက်ပြီးတဲ့ ငါအသက်အအချိန် များကြီး ပြန်ငယ်သွားသွားသလို ခံစားလိုက်ရတယ်”

ရန်ကိုင်က ပြုံးလျက် “ဘယ်ကသာဗျာ၊ လူအိုကြီးနင်ကို ကျေးဇူးမတင်လို့ ဘယ်ဖြစ်ပါ့မလဲ။ နောက်ပိုင်း အကူအညီလိုရင် နဂါးလိုဏ်ဂူတောင်ကိုသာ လာခဲ့။ ဒီက အချိန်မရွေး ကြိုဆိုတယ်”

ထိုစကားကို ကြားလိုက်သည့်အခါ နင်ရှန်းချန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း ပို၍ ပီပြင်လာခဲ့လေသည်။ ရန်ကိုင်၏ စကားအရ သူ့အား အပြင်လူ တစ်ယောက်အဖြစ် သဘောမထားမှန်း သိသာနေသည်။ သူပုံအောခဲ့ရသမျှ တန်သွားလေပြီ။ သို့သော်လည်း လူအိုကြီးနင်သည် ထိုမျှလောက်နှင့် မကျေနပ်သေးသည့် အတွက် ပြန်၍ မေးလိုက်သည် “လာလည်တာထက်စာရင် ဒီမှာနေရင် ပိုကောင်းမလားလို့။ မိတ်ဆွေလေးရန်ကော ဘယ်လိုထင်လဲ”

“ဟင်” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ နင်ရှန်းချန်သည် နဂါးလိုဏ်ဂူတောင်နှင့် ပူးပေါင်းချင်သည်ဟု ပြောလာနေပြီ။

ခဏလောက် စဉ်းစားကြည့်လိုက်သည့်နောက် နင်ရှန်းချန် နဂါးလိုဏ်ဂူတောင်နှင့် ဘာကြောင့် ပူးပေါင်းချင်လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် နင်ရှန်းချန်သည် နဂါးလိုဏ်ဂူတောင်မှ ကူညီတိုက်ခိုက်ပေးခဲ့သည့် အတွက် သားရဲများတောင်တန်း၊ သွေးနတ်ဆိုးကျောင်းတော်၊ ပင်လယ် နှလုံးသားဂိုဏ်းနှင့် တိမ်မီးတောက်တောင်ကြားတို့ကို ရန်စမိသွားသည်။ သူသည် လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ယခု အဖြစ်အပျက်ကြောင့် နောင်အနာဂတ်တွင် သူသည် ထိုအင်အားစုများ၏ အမဲလိုက်ခြင်း ခံရပေတော့မည်။

အမဲလိုက်ခံရမည့်အတူတူ နဂါးလိုဏ်ဂူတောင်၏ အဖွဲ့ဝင် ဖြစ်လိုက်ခြင်းသည် ပို၍ မကောင်းပေလော။

ထိုကဲ့သို့ ဖြစ်ပေသည်။ နင်ရှန်းချန်သည် သူ့တစ်ဘဝလုံး လေလွင့်ကျင့်ကြံသူတစ်ယောက် နေထိုင်ခဲ့သော်ငြား ယခုသူသည် တဖြည်းဖြည်းနှင့် အသက်ကြီးလာပြီ ဖြစ်သည့်အတွက် အခြေ ချစရာ နေရာတစ်ခုခု ရှာရပေတော့မည်။ တိုက်ဆိုင်စွာပင် ယနေ့၌ အခြားအင်အားစုများကို ဆန့်ကျင်၍ နဂါးလိုဏ်ဂူတောင်အား ကူညီပေးမိသွားသည်။ ထို့ကြောင့် အခြေစရာ နေရာလည်းရ၊ အခြား အင်အားစုများ၏ ရန်မှလည်း လွတ်အောင် ရှောင်လို့ရလိုရငြား နဂါးလိုဏ်ဂူတောင်ဆီ ဝင်ချင်မိလာသည်။

ထို့အပြင် နဂါးလိုဏ်ဂူတောင် တန်ခိုးရှင်အဆင့်ဆို၍ တန်ခိုးရှင် ပထမအဆင့် နှစ်ယောက်သာ ရှိသည်။ နှစ်ယောက် စလုံးသည် ရင်းနှီးဖော်ရွေကြလေရာ နဂါးလိုဏ်ဂူတောင်၏ အဖွဲ့သား ဖြစ်လာမည်ဆိုလျှင် သူတစ်ယောက်တည်း အပယ်ခံ ဖြစ်နေမည်ကို စိုးရိမ်နေစရာ မလိုချေ။

ထိုအချက်အလက် အားလုံးအပေါ် အခြေခံ၍ နင်ရှန်းချန် ထိုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက် စိတ်ထဲပေါ်၍ ကောက်ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်မျိုး မဟုတ်၊ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်မျိုးသာ ဖြစ်သည်။

သူသည် ဇွတ်တရွတ် ဆုံးဖြတ်ချက်မျိုး ချရလောက်အောင် လူငယ်အရွယ်လည်း မဟုတ်တော့ပေ။

ရန်ကိုင်၏ အမြင်ကို မေးလိုက်ပြီးနောက် နင်ရှန်းချန် ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။ ရန်ကိုင် သူ့တောင်းဆိုချက်အား လက်မခံမည်ကို နင်ရှန်းချန် အမှန်တကယ် စိုးရိမ်နေမိသည်။

“လူအိုကြီးနင်က ကျုပ်တို့အင်အားစုထဲ ဝင်ချင်မှတော့ ကျုပ်ဘက်က လက်မခံလို့ ဘယ်ဖြစ်ပါ့မလဲ၊ လက်ခံရမှာပေါ့” ပြောပြီးနောက် အလေးအနက်အမူအရာဖြင့် ရန်ကိုင်က ဆက်၍ ပြောလိုက်သည် “ဒါပေမယ့် လူအိုကြီးနင် ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားဦးနော်။ နဂါးလိုဏ်ဂူတောင်က နေဖို့ထိုင်ဖို့ ငြိမ်းချမ်းတဲ့နေရာ မဟုတ်ဘူး။ အခုတောင် ကြည့်ပါလား။ ဒါတောင် အစလေးပဲရှိသေးတယ်။ ပြီးရင် ပိုဆိုးလာ…”

ရန်ကိုင် ပြောလို့မပြီးသေးခင်မှာပဲ နင်ရှန်းချန်က ပြုံးကာ လက်ဝှေ့ရမ်း၍ ဖြတ်ပြောလိုက်လေသည် “မိတ်ဆွေလေးရန် ဘာကို စိုးရိမ်နေလဲ ငါသိတယ်။ ဒါပေမယ့် စိတ်မပူနဲ့။ ငါ့အသက်က သင်္ချိုင်းကုန်း တစ်ဖက်လှမ်းနေပြီ။ သေမင်းနဲ့ သိပ်ဝေးတော့တာ မဟုတ်ဘူး။ စောသေတာနဲ့ နည်းနည်း နောက်ကျပြီး သေတာပဲ ရှိတော့မှာ။ သေရမယ်ဆိုရင်တောင် လူမသိသူမသိ တောထဲမှ ပုပ်သိုးအရိုးဆွေးပြီးတော့တော့ မသေချင်ဘူး။ လူသိသူသိပဲ သေချင်တယ်။ ဒါကြောင့် နဂါးလိုဏ်ဂူတောင်ထဲ ဝင်လိုက်လို့ သေသွားရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်ခုံး ပင့်မိလိုက်သည်။ နင်ရှန်းချန် နဂါးလိုဏ်ဂူတောင်ထဲ တကယ်ကို ဝင်ချင်နေမှဖြင့် သူလည်း တားမနေတော့ပေ။ ထို့ကြောင့် ခေါင်းညိတ်၍ “ကောင်းပြီလေ။ အဲ့ဒါဆိုရင် အကြီးအကဲနင်ကို အကြီးအကဲဟောင်နဲ့ အကြီးအကဲချန်တို့လို့ပဲ ဧည့်အကြီးအကဲ ရာထူးပေးလိုက်မယ်”

“ဟားဟား။ ကျေးဇူးပဲကွာ မိတ်ဆွေလေးရန်ရေ” နင်ရှန်းချန် ရယ်ရယ်မောမောနှင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။

ချန်ချီနှင့် ဟောင်အန်းတို့သည် နင်ရှန်းချန်အား အလျင်အမြန် ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။ နင်ရှန်းချန်နှင့် တွေ့သည်မှဦ သိပ်မကြာသေးသော်ငြား ရန်သူများကို ရင်ဘောင်တန်းကာ အတူတကွ ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့် သူတို့ကြား ဆက်ဆံရေးသည် အတော်လေး ရင်းနှီးနေပြီဟု ပြော၍ရသည်။ စကားစရင်း ချန်ချီနှင့် ဟောင်အန်းမှ နဂါးလိုဏ်ဂူတောင်၏ ဧည့်အကြီးအကဲ တစ်ယောက်တွင် မည်သို့သော ခံစားခွင့်များ ရှိကြောင်း ရှင်းပြလိုက်သည့်အခါ နင်ရှန်းချန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့သွေးများ ဆူပွက်လာခဲ့ရလေသည်။

သွေးနတ်ဆိုးကျောင်းတော် ဝူရွှင်ကို တိုက်ခိုက်နေစဉ် အတောအတွင်း ချန်ချီနှင့် ဟောင်အန်းတို့ မည်သို့သော အကျိုးအမြတ်များအား ခံစားရရှိနေလဲဆိုသည်ကို နင်ရှန်းချန် မြင်ခဲ့ပေသည်။ သူတို့ ရရှိနေသည့် အရာများသည် လေလွင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော သူရရှိနိုင်သည့် အရာများထက် အများကြီး ပိုသာ၊ပိုများပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၀၈)

ချန်ချီနှင့် ဟောင်အန်းတို့ ပိုင်ဆိုင်ထားသည့် မှော်ရတနာများသည် သူ့ထက် အကုန် အဆင့်မြင့်ကြသည်။ သူတို့ သောက်သည့် ဆေးလုံးများပင်လျှင် ထိပ်တန်းအဆင့်ချည်းများ ဖြစ်ကြသေးရာ သူတို့ကို နင်ရှန်းချန် တကယ် အားကျမိသည်။

တစ်ဘဝလုံး ပင်ပန်းဆင်းရဲစွာ ဖြတ်သန်း၍ မရှိမဲ့ရှိမဲ့များကို ကုတ်ခြစ်စုဆောင်းခဲ့သော်လည်း တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာ တစ်ခုသာ ဝယ်ယူနိုင်ခဲ့သည်။ သို့သော် ယခုမူကို ထိုမှော်ရတနာကို ပြန်ပြင်ရပေတော့မည်။ ပြန်ပြင်ဖို့အတွက် ပစ္စည်းများကိုလည်း တစ်နှစ်လောက်ကြာအောင် လိုက်ရှာခဲ့ရသေးသည်။

တိုက်ပွဲပြီးသွားတုန်း အားပြန်ပြည့်စေရန် ရည်ရွယ်ချက်ဖြင့် ချန်ချီသည် သူ့အား ဆေးအချို့ ပေးခဲ့သည်။ သို့သော် နင်ရှန်းချန်မှာ ထိုဆေးများကို မစားရက်ဘဲ သိမ်းထားခဲ့လေသည်။

မကြာမီ သူလည်း ထိုကဲ့သို့သော အရာများကို ပိုင်ဆိုင်နိုင်တော့မည့် အကြောင်း တွေးမိလိုက်သည့်အခါ ယနေ့ သူ့ချခဲ့သည့် ဆုံးဖြတ်ချက် မှန်ကန်သည်ဟု နင်ရှန်းချန် တွေးမိလိုက်သည်။

ရယ်မောပျော်ရွှင်သံများကြားဝယ် ရန်ကိုင် အမူအရာ ရုတ်တရက် ပျက်ယွင်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခြင်းအရာကို သတိပြုမိသော် ချန်ချီသည် အလျင်အမြန် ကောက်မေးလိုက်လေသည် “ဘာဖြစ်လို့လဲ”

“လူတွေ အများကြီး ရောက်နေတယ်။ ကျုပ်တို့တော့ တကယ် အလုပ်ရှုပ်တော့မယ်နဲ့ တူတယ်” ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။

“လူတွေအများကြီး” ကြားကြားချင်း ချန်ချီနှင့် အခြားသူများ ဇဝေဇဝါ ဖြစ်သွားသေးသည်။ သို့သော် ခဏလောက် စဉ်းစားပြီး ဘာဖြစ်နေမှန်း နားလည်သွားသည့်နောက် သူတို့လည်း မျက်မှောင် ကြုတ်သွားကြပြီး ရန်ကိုင်နောက်သို့ လိုက်သွားကြလေသည်။

နဂါးလိုဏ်ဂူတောင်အား လွှမ်းခြုံထားသော မြူခိုးများ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အပြင်ဘက်သို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ မကြာမီ ရန်ကိုင် ဦးဆောင်သည့် လူလေးယောက်သို့ အပြင်သို့ ထွက်လာခဲ့ကြသည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော မျက်လုံးများ ရန်ကိုင်တို့ လေးယောက်အပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့လေသည်။ သူတို့ လေးယောက်စလုံး မည်သည့် ဒဏ်ရာမရထားသည်ကို မြင်သော် အကုန်လုံး ထိတ်လန့်အံ့အားသင့်ကုန်ကြလေသည်။ အံ့အားသင့်သူက အံ့အားသင့်၊ သင်္ကာမကင်း ဖြစ်သူက သင်္ကာမကင်းဖြစ်ကြ၊ မယုံကြည်နိုင် ဖြစ်သူက မယုံကြည်နိုင် ဖြစ်ကုန်ကြလေသည်။

ချင်းတုန်နှင့် ဖေးကျီတုတို့မှာမူ သက်ပြင်း ဖျော့ဖျော့လေးသာ ချလိုက်ကြသည်။ ရန်ကိုင် ဘာမှမဖြစ်သည်ကို မြင်သော် နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရန်ကိုင်အား ခေါင်းသာ ညိတ်ပြလိုက်ပြီး ပွင့်ပွင့်လင်းလင်းတော့ မနှုတ်ဆက်ခဲ့ပေ။

“ကောင်းလိုက်တဲ့ လူအင်အား” သူ့ရှေ့တစ်ဝိုက်ကို ဝေ့ကြည့်ရင်း ရန်ကိုင်နောက်တွင် ရှိနေသော နင်ရှန်းချန်က အံ့အားသင့်တကြီး ဆိုလိုက်သည်။

တောင်ပတ်လည်အား ကာရံထားသည့် အစီအရင် အပြင်၌ လူပေါင်းများစွာသည် လေထဲတွင်ဝဲလျက် နဂါးလိုဏ်ဂူတောင်အား စူးစမ်းလေ့လာနေကြသည်။ နဂါးလိုဏ်ဂူတောင်ဆီသို့ အလျင်အမြန် ပျံသန်းလာနေကြသည့် လူများလည်း ရှိနေသေးသည်။ ရောက်လာသည့် လူများအနက် တော်တော်များများကို နင်ရှန်းချန် မှတ်မိသည်။

ကောင်ကင်တိုက်ပွဲအစည်းအရုံမှ မိုရှောင်ချန်၊ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ကျင်းရှီ၊ သားရဲများတောင်တန်းမှ အဘွားကြီးဖုန်၊ ဖန်သွေးရောင်ဂိုဏ်းမှ ကုန်းအောင်ဖုနှင့် မီးတောက်ကျောင်းတော်၊ ကြည်လင်ကောင်းကင်ဂိုဏ်း၊ အမွှာနှလုံးသားတောင်ကြား၊ ပင်လယ်နှလုံးသားဂိုဏ်းနှင့် အခြားဂိုဏ်းအသီးသီးမှ အကြီးအကဲအဆင့်မှ ပုဂ္ဂိုလ်များတို့ ဖြစ်ကြသည်။ မျက်နှာမည်ကြီးနှင့် မျက်နှာမည်လေးဟု အမည်ရသော ယန်ဖေးနှင့် ရန်ထျန်းရွေ့တို့ပင် ရောက်နေကြသည်။

ထိုပညာရှင်များစွာတို့သည် သူတို့၏ တပည့်အသီးသီးဖြင့် နဂါးလိုဏ်ဂူတောင်အား လျော့တိလျော့ရဲ ဝိုင်ရံထားခဲ့ကြသည်။

သူတို့အား ဝိုင်းထားသည့် တန်ခိုးရှင်တတိယအဆင့် ပညာရှင် အရေအတွက်မှာ စုစုပေါင်း အယောက်နှစ်ဆယ်လောက် ရှိကြပြီး ဒုတိယအဆင့်နှင့် ပထမအဆင့်တို့မှာမူ ပို၍ပင် များပေသည်။ နဂါးလိုဏ်ဂူတောင်သည် ရုတ်တရက်ကြီး အားလုံးအမြင်တွင် အဆီတရွှဲရွှဲ အသားတုံးကြီးတစ်တုံး ဖြစ်လာသည့်နှယ်၊

ထိုလူအင်အားကိုကြည့်ရင်း နင်ရှန်းချန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းမိလိုက်သည်။ သူ့ရင်ထဲ ထိတ်လန့်မိနေလေပြီ။

ဤနေရာတွင် စုဝေးနေသည့် ပညာရှင်များသည် အရိပ်ကြယ်ရှိ အင်အားစုကြီးများကို ကိုယ်စားပြုကြပေသည်။

ထိုလူများအနက်တွင် ကျင်းရှီနှင့် အဘွားကြီးဖုန်းသည် ရန်ကိုင်အား အစိမ်းလိုက်ဝါးစားပစ်ချင်နေသည့် အကြည့်များဖြင့် ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ရန်ကိုင်အား သူတို့ သတ်ချင်နေသည်မှာလည်း မထူးဆန်း။ ယခုတစ်ကြိမ် နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် လူများထဲတွင် သူတို့ဂိုဏ်းမှ လူများစွာ ပါဝင်ခဲ့သည်။ ရန်ကိုင် ဤနေရာတွင် မည်သည့်ဒဏ်ရာမှမရဘဲ ပြန်ပေါ်လာပြီး သူတို့၏ တပည့်တစ်ယောက်မှ ပြန်ပေါ်မလာသေးသည်ကို ကြည့်လျှင် အဖြေကို လက်တန်း ခန့်မှန်းနိုင်နေလေပြီ။

သို့သော်လည်း နဂါးလိုဏ်ဂူတောင်တွင် ထိုသို့ လု်ပနိုင်သော စွမ်းရည် တကယ် ရှိလေသလား။ ကျူးကျော်လာသော ရန်သူ အားလုံးကို သူတို့ တကယ် သတ်လိုက်ခြင်းလား။

ကျင်းရှီနှင့် အဘွားကြီးဖုန်းသာ မဟုတ်၊ ဤနေရာတွင် ရှိနေသူအားလုံး ထိုအကြောင်းကို စဉ်းစားနေကြသည်။ သို့သော် ထိုလူများ မသေသွားလျှင် ရန်ကိုင် ဘာကြောင့် သူ့တို့ရှေ့တွင် ရပ်နေမည်နည်း။

နဂါးလိုဏ်ဂူတောင်ထဲ ဘာများဖြစ်ခဲ့သနည်း။ အကုန်လုံး စိတ်ရှုပ်နေကြလေပြီ။ အားလုံးကိုယ်စီသည် ပညာရှင် အသီးသီး ဖြစ်ကြသော်လည်း မည်သူမှ နဂါးလိုဏ်ဂူတောင်ကို ထပ်မံ၍ အထင်မသေးရဲကြတော့ပေ။ မည်သို့ပင် ဖြစ်စေကာမူ အကုန်လုံးသည် နဂါးလိုဏ်ဂူတောင်ထဲရှိ အစီအရင်များကို မီးတောက်မတတ် အကြည့်ဖြင့် ကြည့်နေကြသည်။

နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေသော အစီအရင်များသာ တကယ်ကို ဆန်းကြယ်နက်နဲလျှင် ကျူးကျော်လားသည့် လူအားလုံး သေသွားသည်မှာ အထူးအဆန်း မဟုတ်ပေ။ ထိုအစီအရင်များအား ခင်းကျင်းခဲ့သည့် ပညာရှင်ကိုသာ သူတို့ ဂိုဏ်းထဲ ခေါ်သွင်းနိုင်မည်ဆိုလျှင် သူတို့ဂိုဏ်းမှ အစီအရင်များ၏ စွမ်းအားကို အကြီးအကျယ် တိုးတက်စေနိုင်ပေလိမ့်မည်။

“ဂျူနီယာရန်ကိုင် စီနီယာတို့ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်သည် နှိမ့်ချမောက်မာခြင်း မရှိသည့် အမူအရာဖြင့် အသံကျယ်ကျယ် အော်ပြောလိုက်သည် “စီနီယာတို့တွေ အခုလို ရုတ်တရက်ကြီး ရောက်လာမယ်လို့ မထင်ထားတဲ့အတွက် ဂျူနီယာဘက်က ဧည့်ဝတ်မကျေသလို ဖြစ်သွားခဲ့လို့ရှိရင် ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့နော်”

အင်အားစုအသီးသီးမှ ပညာရှင်များအားလုံး မျက်လုံး မှေးစဉ်းသူကမှေး၊ မျက်ခုံးပင့်သူပင့်သွားကြသော်ငြား မည်သူမှ ပြန်မဖြေခဲ့ပေ။ တကယ်တော့ ဤနေရာတွင် ရှိနေသည့် လူတော်တော်များများသည် နဂါးလိုဏ်ဂူတောင်နှင့် သိပင် မသိကြပေ။ စပ်စုလိုစိတ်ကြောင့်သာ ရောက်လာခြင်း ဖြစ်သည်။

ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင်အဆင့် တစ်ယောက်ကိုမူ မည်သူမှ မျက်လုံးထဲ မထည့်ကြချေ။

ချင်းတုန် တစ်ယောက်သာ ရယ်သွမ်းသွေး၍ ပြောလေသည် “ဘာမှစိုးရိမ်မနေနဲ့။ ငါတို့ဘာသာ ပျင်းနေလို့ ဒီမှာ ဘာတွေ ဖြစ်နေလဲ လာစပ်စုကြည့်တာ”

ချင်းတုန်၏ စကားကြောင့် ပညာရှင် တော်တော်များများ သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေသည်။

“အို… အဲ့လိုလား” ရန်ကိုင်က ပြုံး၍ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလေသည် “အဲ့လိုဆိုရင်တော့ဗျာ… စီနီယာတို့ကို တကယ် စိတ်ပျက်သွားရတော့မယ်။ ကျုပ်တို့ နဂါးလိုဏ်ဂူတောင်လို နေရာလေးမှာ ဘာစိတ်ဝင်စားစရာမှ မရှိဘူးဗျ”

ရန်ကိုင် ပြောချင်သည်ကား ရှင်းသည်၊ ဤနေရာသည် ခင်ဗျားတို့နှင့် ဘာမှမဆိုင်၊ ကိုယ့်ကိစ္စ ကိုယ်အာရုံစိုက်ပြီး ထွက်သွားလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

သို့သော်လည်း ထိုသက်ကြားအိုကြီး အားလုံးသည် အလုပ်ရှုပ်ခံပြီး ဤနေရာသို့ လာခဲ့ကြလေရာ ရန်ကိုင်မှ ထွက်သွားရန် ပြောလိုက်ရုံဖြင့် ထွက်သွားကြမည့် လူများ မဟုတ်ကြပေ။ အခြားသူများ ဂရုစိုက်မည် မဟုတ်ကြသော်ငြား ကျင်းရှီနှင့် အဘွားအိုကြီးကတော့ ထိုကဲ့သို့ မဟုတ်၊ လက်ရှိ၌ အားလုံးလိုလို၏ အကြည့်သည် ကျင်းရှီနှင့် အဘွားအိုကြီးဖုန် တို့အပေါ်တွင် ရောက်ရှိနေခဲ့သည်။

ကျင်းရှီနှင့် အဘွားအိုကြီးဖုန်းသည် လက်ရှိ ကိစ္စကို အလွယ်တကူ အလျော့မပေးချင်ကြပေ။ ထို့ကြောင့် ကျင်းရှီက နှာခေါင်းရှုံ့၍ ရန်ကိုင်အား စိတ်မရှည်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည် “ကောင်လေး၊ ငါမင်းကို မေးဦးမယ်။ မင်းတို့တောင်ထဲ ဝင်လာတဲ့လူတွေ ဘယ်ရောက်သွားတာလဲ”

“စီနီယာကျင်းရှီပါလား” ရန်ကိုင်မှ ယခုမှ ကျင်းရှီအား သတိပြုမိလိုက်သည့် ပုံစံဖြင့်‌ ပြောလိုက်သည်။ ထို့နောက် ရိုသေလေးစားဟန် ထုတ်ထားသော်လည်း ထူးမခြားနား လေသံဖြင့် “ရှဲ့မိသားစုက အဖွဲ့ကို စီနီယာကျင်းရှီ ပြောတာလား”

ကျင်းရှီက အသာအယဦ ချောင်းဟန့်လျက် “ဟန့်၊ ငါအဲ့လူတွေကို ပြောနေတာ။ သူတို့ ဘယ်ရောက်သွားလဲ”

သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များသည် အစောပိုင်း တိုက်ပွဲတွင် ဝင်ပါခဲ့ကြသော်လည်း ကျင်းရှီအနေဖြင့် ထိုအကြောင်းကို ဝန်ခံရလောက်သည်အထိ မရူးမိုက်ပါချေ။ ယခုတစ်ကြိမ် တိုက်ပွဲသည် နဂါးလိုဏ်ဂူတောင်နှင့် ရှဲ့မိသားစု ကြားမှ တိုက်ပွဲသက်သက်သာ ဖြစ်သည်။ တစ်နည်းဆိုရသော် အစောပိုင်းက နဂါးလိုဏ်ဂူတောင်ထဲသို့ ကျူးကျော်လာသည့် လူအားလုံးသည် ရှဲ့မိသားစုမှလူများ ဖြစ်ကြပေသည်။

“ရှဲ့မိသားစုက လူတွေကို စီနီယာ အဲ့လောက် ဂရုစိုက်နေရင် စီနီယာ စိတ်ပျက်ရတော့မယ်လို့ပဲ ကျုပ်ပြောချင်တယ်” ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။

“မင်းဘာပြောချင်တာလဲ” ကျင်းရှီ မျက်နှာပျက်သွားသည်။

“ဟတ်၊ စီနီယာကျင်းရှီ သိပြီးသာပဲကို၊ ဘာလို့ ဆက်ပြီး မေးနေရသေးတာလဲ။ အဲ့လူတွေက ကျုပ်နဂါးလိုဏ်ဂူတောင်ကို ကျူးကျော်လာရဲမှတော့ သူတို့အားလုံး သေဖို့ ပြင်ထားသင့်တာပေါ့။ အခု အဲ့လူတွေကို သေမင်းနဲ့တွေ့ဖို့ မရဏလမ်းဆီ ကျုပ်ပို့ပေးလိုက်ပြီ။ တကယ်တော့ ဂျူနီယာကလည်း လူပဲလေ၊ ဈာန်ရနေတဲ့ ရသေ့မှ မဟုတ်တာ။ ဒီလိုကြီး လာလုပ်တာတော့ ဘယ်သည်းခံနိုင်ပါ့မလဲ” ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း အေးစက်သွားခဲ့သည်။

ရန်ကိုင် ပြောပြီးသွားသည်နှင့် သက်ပြင်းရှိုက်သံများစွာ ထွက်ပေါ်လာခဲ့လေသည်။

အစကတည်းက ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရချိန် သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေပေသေးသည်။

ချင်းတုန်နှင့် ဖေးကျီတို့ပင် မျက်လုံးကျွတ်ထွက်လုမတတ် မျက်လုံးပြူးနေကြလေသည်။

နဂါးလိုဏ်ဂူတောင်အား ကျူးကျော်သည့် လူများထဲတွင် တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်ကျော်ပါဝင်ကာ တန်ခိုးရှင် ဒုတိယအဆင့် နှစ်ယောက် ပါဝင်ပေသည်။ သူတော်စင်ဘုရင် အဆင့်ဆိုလျှင်လည်း အယောက် (၂၀၀)ကျော်ပင် ရှိလေသည်။ ထိုလူအားလုံးသည် နဂါးလိုဏ်ဂူတောင်ထဲတွင် တကယ်ကြီး အသတ်ခံလိုက်ရခြင်းလော။

မည်သို့ ဖြစ်နိုင်မည်နည်း။

နဂါးလိုဏ်ဂူတောင် ထိုကဲ့သို့ လုပ်နိုင်သည့် စွမ်းအား တကယ်ရော ရှိလေရဲ့လော။ ထိုသို့သာဆိုလျှင်လည်း ဤတောင်လေးသည် ဒုတိယတန်းစား အင်းအားစုတစ်ခုနှင့်ပင် ယှဉ်နိုင်နေပြီဟု ပြော၍ရပေသည်။

“နင့်ခွန်အားလေးနဲ့လား။ မဖြစ်နိုင်တာတွေ လာမပြောစမ်းနဲ့” အဘွားကြီးဖုန်းသည် စိတ်ဆတ်သည့် လူတစ်ယောက် ဖြစ်လင့်ကစား ရန်ကိုင် ဆရာကြီးစတိုင် လုပ်ပြနေသည်ကို မြင်သော် ဒေါသထွက်လာခဲ့လေသည်။ ရန်ကိုင် ထိုလူများအား သတ်လိုက်သည်ဟု မယုံကြည်ဘဲ အစီအရင် တစ်ခုခကိုသုံး၍ ကျူးကျော်လားသည့် လူများအား ဖမ်းထားခြင်းသာ ဖြစ်သည်ဟု ယုံကြည်နေခဲ့သည်။

“စီနီယာဖုန်း ကျုပ်ကို မယုံတာလား” ရန်ကိုင်သည် အဘွားကြီးဖုန်းအား စောင်းငဲ့ကြည့်လိုက်သည်။

“ကောင်လေး၊ ငါပြောမယ်၊ နင်ဟာသလုပ်ချင်တယ်ဆိုလည်း ရယ်ရတဲ့ ဟာသတော့လုပ်လေ၊ ဒီလို ဟာသတော့ လာမလုပ်နဲ့၊ လုံးဝ မရယ်ရဘူး” သူမ ပြောပြီးသွားရုံတင်ရှိသေး ရန်ကိုင် ထုတ်လိုက်သည့် ပစ္စည်းတစ်ခုကို မြင်လိုက်သည့် အတွက်ကြောင့် အဘွာကြီးဖုန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည်။

“အဘွား၊ အဲ့ဒါက…” ထိုတန်ခိုးရှင် အလယ်အလတ်အဆင့် အသွားတစ်ဖက် ပုဆိန်ကို မြင်လိုက်သည့်အခိုက် အဘွာကြီးဖုန်း၏ ဘေးတွင်ရပ်နေသော ဖုန်းယန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထိုအသွားတစ်ဖက်ပုဆိန်သည် ဖားပြုပ်အဖိုးကြီး အလွန်တန်ဖိုးထားသည့် မှော်ရတနာတစ်ခု ဖြစ်သည်။ ထိုမှော်ရတနာ ရန်ကိုင် လက်ထဲ ရောက်နေပုံကို ထောက်လျှင် အကြောင်းပြချက် တစ်ခုသာ ရှိတော့သည်။

ထိုလူအိုကြီး သေသွားသည့် အတွက်ကြောင့်သာ ဖြစ်သည်။

တန်ခိုးရှင်ဒုတိယအဆင့်ပင် သေသွားခဲ့လျှင်ရင် အခြားလူများ အသက်ရှင်ဖို့ကို မျှော်လင့်မနေသင့်တော့ပေ။

ရန်ကိုင်မှ ချက်နှင့်လက်နှင့် ပြောနေပြီ ဖြစ်လေရာ အဘွားကြီးဖုန်း မယုံချင်လျှင်ပင် ယုံရတော့ပေမည်။

ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ကျုပ်တို့ နဂါးလိုဏ်ဂူတောင်က အင်အားစုကြီးတစ်ခု မဟုတ်ပေမယ့် အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ အင်အားစု တစ်ခုတော့ မဟုတ်ဘူး။ စီနီယာတို့တွေ ဒီမှာ ရှိနေတုန်း ဂျူနီယာ တစ်ခါတည်း ပြောလိုက်ပါမယ်၊ နောက်နောင် စုံလုံကန်းပြီး နဂါးလိုဏ်ဂူတောင်ကို ရူးရူးမိုက်မိုက် မဟုတ်တာ တစ်ခုခု လာလုပ်တာဆိုရင်တော့ ရှဲ့မိသားစုလို ဖြစ်သွားပါ့လိမ့်မယ်”

“ကောင်လေး၊ မင်ငါတို့ကို လာခြိမ်းခြောက်နေတာလား” ကျင်းရှီက ရုတ်တရက် ရှေ့ထွက်ပြီး မေးလိုက်သည်။

“တစ္ဆေအိုကြီးကျင်း” ချင်းတုန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “သူမင်းကို ခြိမ်းခြောက်နေတာ မင်းကြာလား။ စုံလုံးကန်းပြီး သူ့ကို ပြဿနာ လာရှာတဲ့ သောက်ရူးတွေလို့ ပြောတာ မင်းမကြားဘူးလား။ ဘာလဲ၊ မင်းတို့ သွေးနတ်ဆိုး ကျောင်းတော်က ကြီးနိုင်ငယ်ညင်း လုပ်ရမယ်လို့ သင်ပေးထားတာလား”

ကျင်းရှီသည် ရန်ကိုင်အား တိုက်ခိုက်ရန် အကြောင်းပြချက် ရှာနေမှန်း ချင်းတုန်သိသည်။ သူရှိနေသည်ကို ဘာကြောင့် ထိုကဲ့သို့ လုပ်ခွင့် ပေးရမည်နည်း။ သူသည် နဂါးလိုဏ်ဂူတောင်ဘက်မှ ဆိုသည်ကို ထည့်မပြောလျှင်ပင် အရိပ်လခန်းမ၏ လက်ရှိ ဖိနှိပ်ထားခံရသည့်အပေါ် သူအတော်လေး မကျေမနပ် ဖြစ်နေမိ၏။ ထို့ကြောင့် ထိုအင်အားစုများကို အခွင့်အရေးရလျှင် ရသလို လက်စား ပြန်ချေရပေမည်။

ထိုစကားကို ကြားပြီးနောက် ကျင်းရှီ ချင်းတုန်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရန်ကိုင်ကိုတော့ ဆက်ပြီး ဖိအားမပေးတော့ပေ။ တကယ်တော့ ဤနေရာသည် အရိပ်လခန်းမ၏ ပိုင်နက် မဟုတ်လေလော။ သူများပိုင်နက်တွင် တဇွတ်ထိုး ပြဿနာရှာခြင်းသည် ကောင်းသည့်လုပ်ရပ်တစ်ခု မဟုတ်ပေ။

“နင်တကယ်သတ္တိရှိတာပဲ” အဘွားကြီးဖုန်းသည် အံကြိတ်၍ လှမ်းအော်ပြောလေသည် “သူရဲကောင်းတွေက လူငယ်မျိုးဆက်ထဲက ထွက်ပေါ်လာတယ် ဆိုတဲ့အတိုင်းပါပဲလား။ ကြည့်ရတာ ငါနင့်သတ္တိကို အထင်သေးမိသွားတယ်နဲ့တူတယ်”

ရန်ကိုင်က ပြုံးဖြီး၍ “အခုလို ချီးကျူးပေးတဲ့အတွက် စီနီယာဖုန်းကို ကျေးဇူးတင်ပါတယ်ဗျာ။ အရင်တုန်းကလည်း ကျုပ်ကို ဒီလိုပြောဖူးတဲ့လူတွေ အများကြီးပဲဗျ။ ဒါပေမယ့် ကျုပ်သတ္တိက ဘယ်အကန့်မှာ ရှိလဲအခုထိ မသိသေးဘူး”

ခစ်ခစ်…

ဖန်သွေးရောင်ဂိုဏ်း၏ တိုက်ယွမ်ဆီမှ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

သူမရယ်သံကြောင့် ကုန်းအောင်ဖု တိုက်ယွမ်အား ခက်ထန်စွာ လှမ်းကြည့်လိုက်သည်။

ယင်စုတျယ်ကမူ မကျေမနပ်အမူအရာဖြင့် ရေရွတ်လိုက်သည် “ဟန့်၊ ဘာမဟုတ်တာလေးနဲ့ ကျေနပ်နေလိုက်တာများ၊ ဒီပုံစံ အတိုင်းသာ ဆက်သွား၊ အနှေးနဲ့အမြန် ဒုက္ခရောက်မှာ၊ စီနီယာ အစ်မလည်း သူနဲ့ ခပ်ဝေးဝေး နေသင့်တယ်နော်”

“အဲ့ဒါငါ့ကိစ္စ၊ ဂျူနီယာညီမ အပူမပါဘူး” တိုက်ယွမ်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၀၉)

“နင့်ဂျူနီယာညီမ ပြောတာမှန်တယ်” ကုန်းအောင်ဖုက နှာခေါင်းရှုံ့လျက် “ငယ်ငယ်လေးနဲ့ ဒီလောက် တော်နေတာ ကောင်းတဲ့အရာ မဟုတ်ဘူး။ အပင်မြင့်လေ လေတိုက်ခံရလေ ဆိုတာ သူမသိဘူးလား မသိဘူး။ သူ့စရိုက်သာ မပြင်ရင် အနှေးနဲ့အမြန်တော့ သူဒုက္ခကောင်းကောင်း ရောက်လိမ့်မယ်။ ပြီးတော့ ငါနင့်ကိုပါ ပြောလိုက်မယ်။ အခုကစပြီး သူနဲ့ မတွေ့တော့နဲ့။ မဟုတ်ရင် သူ့ကြောင့် ငါတို့ ဖန်သွေးရောင်ဂိုဏ်းပါ ဒုက္ခရောက်နိုင်တယ်”

“ဆရာ” တိုက်ယွမ် ဝမ်းနည်းသွားပြီး တစ်ခုခု ပြန်ပြောရန် လုပ်လိုက်သော်လည်း သူမ ဘာမှမပြောရသေးခင်မှာပင် ကုန်းအောင်ဖုက သူမအား စိုက်ကြည့်၍ “ဘာဖြစ်လို့လဲ။ ဘာလဲ၊ နင့်ဆရာစကားကို နားမထောင်ချင်တော့တာလား”

တိုက်ယွမ် တိတ်သွားခဲ့သည်။ သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် မညိတ်ချင်ညိတ်ချင်ဖြင့် ခေါင်းညိတ်လိုက်လေသည် “တပည့် ဆရာပြောတာကို နားထောင်ပါမဲ့”

ထိုအခြင်းအရာကို မြင်သည့်အခါမှပဲ ကုန်းအောင်းဖု ကျေနပ်သွားတော့လေသည်။

အခြားသော တစ်နေရာ၌ မိန်းကလေး နှစ်ယောက်သည် ရန်ကိုင်အား လှမ်းကြည့်နေကြသည်။ တစ်ယောက်သည် ရမက်သွေးကြွဖွယ်ကောင်းစွာ လှပ၍ အခြားတစ်ယောက်မှာမူ ဤလောကကြီး၏ အညစ်အထင်းများ စွန်းထင်းခြင်း မရှိသည့် နတ်သမီးလေးနှယ် လှပလှသည်။ သို့သော်လည်း လက်ရှိတွင် နှစ်ယောက်စလုံး မျက်မှောင်ကြုတ်နေကြလေသည်။

ထိုနှစ်ယောက်စလုံး သိပ်အားမကောင်းကြ၊ သူတော်စင်ဘုရင် အဆင့်သာ ရှိကြသေးသည်။ နှစ်ယောက်စလုံးသည် လူအုပ်ထဲတွင် ရပ်နေခြင်း ဖြစ်သည့်အတွက် ရန်ကိုင် သူတို့ကို သတိမပြုမိသည်မှာ သဘာဝသာ ဖြစ်သည်။ ရန်ကိုင်သာ သူတို့ကို မြင်လျှင် တန်းမှတ်မိပေလိမ့်မည်။ ထိုနှစ်ယောက်မှာ ကြည်လင်ကောင်းကင်ဂိုဏ်းမှ ချန်ရှိတောင်းနှင့် လုယင်တို့မှလွဲ၍ အခြားမဟုတ်ကြပေ။

ရန်ကိုင် ချန်ချီတောင်းနှင့် တစ်ကြိမ်မက တွေ့ခဲ့ဖူးသည်။ ချန်ရှီတောင်းသည် ရန်ကိုင်အား ကြည်လင်ကောင်ကင်ဂိုဏ်းထဲသို့ ဝင်ရန်ပင် ဖိတ်ခေါ်ဖူးပေသည်။ သို့သော်လည်း ရန်ကိုင်သည် ယဉ်ယဉ်ကျေးကျေးဖြင့်သာ ပြန်ငြင်းလိုက်သည်။

ချန်ရှီတောင်းကြောင့်ပဲ ရန်ကိုင်သည် ချင်းယွဲ့ကို ပြန်တွေ့နိုင်ခဲ့ပြီး နဂါးလိုဏ်ဂူတောင်သို့ ပြန်ခေါ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကြည်လင်ကောင်းကင်ဂိုဏ်း တပည့်နှစ်ယောက်သည် သူတို့ ဆရာနှင့်အတူ ကောင်းကင်ကံကြမ္မာမြို့ရှိ လေလံပွဲသို့ လိုက်လာခဲ့ကြသည်။ လေလံပွဲပြီးလျှင် ရန်ကိုင်ဆီသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားကြသော်လည်း အမျိုးမျိုးသော အခြား ကိစ္စ အရပ်ရပ်ကြောင့် နှောင့်နှေးသွားခဲ့ရသည်။ ယနေ့ သူမတို့ ဆရာနောက် လိုက်လာခဲ့ရာမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေရသည့် ပြဿနာ အရင်းအမြစ်သည် ရန်ကိုင် ဖြစ်နေမှန်း တွေ့လိုက်ရသည်။

နဂါးလိုဏ်ဂူတောင်၏ အခြေအနေကိုမြင်သော် ချန်ရှီတောင်းနှင့် လုယင်တို့ နှစ်ယောက်စလုံး စိုးရိမ်သွားခဲ့ကြ၏။

ရန်ကိုင်သည် သင်္ချိုင်းတောင်းကြားထဲတွင် သူမတို့၏ အသက်ကို ကယ်ခဲ့ဖူးပေသည်။ ရန်ကိုင်အပေါ် ကျေးဇူးတင်မိသော်ငြား ရန်ကိုင်အား ကူညီဖို့ရာ မဆိုထားနှင့် သူမ၏ ခွန်အားအရ ဤကိစ္စတွင် စကားဝင်ပြောဖို့ရာပင် အရည်အချင်း မရှိပေ။

“စီနီယာအစ်မ၊ သူ့ကြည့်ရတာ ပြဿနာ အကြီးကြီး တက်နေတယ်နဲ့တူတယ်” လုယင်က ပြောလိုက်သည်။

“အင်း” ချန်ရှီတောင် ခေါင်းညိတ်လိုက်သည်။ နဂါးလိုဏ်ဂူတောင်သည် ယခုကိစ္စကို မကိုင်တွယ်နိုင်လျှင် သူတို့ ဇာတ်သိမ်းပေပြီ။

“သူတို့ အဆင်ပြေမယ်လို့ထင်လား စီနီယာအစ်မ” လုယင်က ထပ်မေးလိုက်သည်။

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ” ချန်ရှီတောင်း ခါးသက်စွာ ပြံးလိုက်သည်။ သူမတွင်သာ လုံလောက်သော စွမ်းအားရှိခဲ့လျှင် ရန်ကိုင်အား တုန့်ဆိုင်းခြင်းမရှိ ဝင်ကူပေးလိုက်မည်သာ။ သို့သော် လက်ရှိ သူမ၏ သူတော်စင်ဘုရင်အဆင့် စွမ်းအားဖြင့် ဘာမှ လုပ်ပေးနိုင်မှာမို့နည်း။ နှုတ်ခမ်းလေးကို ကိုက်လျက်သာ ပြောလိုက်သည် “ဒါပေမယ့် သူ့ကံက အမြဲတမ်း ကောင်းနေတာ ဆိုတော့ ဒီတစ်ကြိမ်လည်း အဆင်ပြေလောက်ပါတယ်လေ”

ကောင်မလေး နှစ်ယောက်မှာ တိုးတိုးတိုးတိုးဖြင့် ပြောနေသော်ငြား သူမတို့ရှေ့တွင် ရပ်နေသော သက်လတ်ပိုင်းမှာ သူတို့ ပြောနေသမျှကို ကြားနေရသည်။ ထိုသက်လတ်ပိုင်း လူကြီးသည် ချင်းတုန်တို့ကဲ့သို့ပင် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပေသည်။ သူ့တွင် အမျိုးသမီးများ မနာလိုရလောက်သည့် အနက်ရောင်ဆံပင်ရှည်များ ရှိနေပြီး ခန္ဓာကိုယ်မှာလည်း တောင့်တောင့်တင်းတင်းပင်။

ထိုလူကြီးသည် နောက်သို့လှည့်၍ ချန်ရှီတောင်းနှင့် လုယင်ကို သူ့ဆီလာရန် လက်ယပ်ခေါ်လိုက်သည်။

အမျိုးသမီးနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး အလျင်အမြန် ရှေ့တိုးသွားကာ လေးလေးစားစား ပြောလိုက်သည် “ဆရာ”

ထိုလူသည် ချင်းတုန်၊ ဖေးကျီုတုကဲ့သို့ နာမည်ကျော်သည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ်မိုယု ဖြစ်သည်။

“နင်တို့ အဲ့ကောင်လေးကိုသိလား” မိုယုက မေးလိုက်သည်။

ချန်ရှီတောင်းနှင့် လုယင်တို့ စိုးရိမ်နေသည့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် သူမတို့ဆရာကို မလိမ်ရဲသည့် အတွက်ကြောင့် အမှန်အတိုင်း ပြန်ဖြေလိုက်ပေသည် “ဟုတ်ဆရာ၊ သူက တပည့် အရင်တစ်ခါက ပြောခဲ့တဲ့ ကံကြမ္မာသားတော်ဆိုတဲ့ တစ်ယောက်လေ”

“အို၊ မဟာကံကြမ္မာကို ပိုင်ဆိုင်ထားတယ်လို့ နင်ပြောတဲ့ တစ်ယောက်က သူလား” မိုယု မျက်ခုံးပင့်သွားသည်။

“ဟုတ်ပါတယ်ဆရာ။ သူပါပဲ”

“ဟားဟား၊ စိတ်ဝင်စားစရာပဲ။ ကံနဲ့ ကံကြမ္မာဆိုတာ လူတစ်ယောက် ဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး။ လူတိုင်း ကံကောင်းမှု၊ ကံဆိုးမှုတွေကို ကြုံတွေ့ကြရမှာပဲ။ ဒီလောကမှာ ဘယ်အရာကမှ တစ်သမတ်တည်း ရှိမနေနဲ့။ ကံကောင်းနေတဲ့ လူကလည်း အမြဲတမ်း ကံကောင်းမနေဘူး။ အဲ့လိုပဲ ကံဆိုးနေတဲ့ လူကလည်း အမြဲတမ်း ကံဆိုးမနေဘူး။ ကံကောင်းမှုနဲ့ ကံဆိုးမှု ဆိုတာ အမြဲတမ်း ဒွန်တွဲနေတာ” မိုယုသည် သူ့ကိုယ်သူ ပြန်ပြောနေဟန် ပေါက်သော်ငြား တကယ်တမ်း ချန်ရှီတောင်းကို ညွှန်ကြားပေးနေခြင်းဖြစ်သည်။ ချန်ရှီတောင်းသည် သူမဆရာ ပြောသည်ကို ကြားဖြတ်မပြောဘဲ လေးလေးစားစားဖြင့်သာ ရပ်နားထောင်နေလေသည်။

မိုယုသည် ချန်ရှီတောင်းအား တစ်ချက်ကြည့်၍ ရယ်သွမ်းသွေးကာ ပြောလိုက်သည် “သူအဆင်ပြေမယ်လို့ ငါပြောမှာကို နင်မျှော်လင့်နေတာလား”

ချန်ရှီတောင်း၏ ခန္ဓာကိုယ် တစ်ချက် တုန်သွားသည်။ သို့သော် အလျင်အမြန်ပဲ ပြန်ငြင်းချက်ထုတ်လိုက်လေသည် “တပည့် မလုပ်ရဲပါဘူး။ တပည့်က မိန်းမတစ်ယောက် ဆိုပေမယ့် ကျင့်ဝတ်တွေကို နားလည်ပါတယ်။ ဒီကိစ္စမှာ ဆရာကို ဝင်ပါဖို့ မတောင်းဆိုရဲပါဘူး”

“ကောင်းတယ်၊ ကောင်းတယ်” မိုယုက အသာအယာ ခေါင်းညိတ်၍ “အခု အခြေအနေက တော်တော်လေးကို ရှုပ်ထွေးနေတယ်။ ဒါကြောင့် ငါလည်း ဒီကိစ္စထဲမှာ တကယ် ဝင်မပါချင်ဘူး”

ထို့နောက် မိုယုက ပြုံး၍ ဆက်ပြောလိုက်သည် “ဒါပေမယ့် ငါလည်း နည်းနည်းတော့ စိတ်ဝင်စားမိတယ်။ သူသာ နင်ပြောသလို ကံကြမ္မာသားတော်ဆို အခု ပြဿနာ အရှုပ်အရှင်းကနေ ကျိန်းသေ ရုန်းထွက်နိုင်လိမ့်မယ်။ သူအဲ့လိုလုပ်နိုင်မယ်ဆိုရင် ငါနင်ပြောတာကို ယုံကြည်ပေးမယ်။ နောက်ပိုင်း နင်သူနဲ့ ပိုပြီး အဆက်အသွယ် လုပ်လို့လည်းရတယ်”

“ဟုတ်ကဲ့ပါဆရာ” ချန်ရှီတောင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သို့သော် နဂါးလိုဏ်ဂူတောင်ကို လက်ရှိ အခြေအနေကို ပြန်သတိရလိုက်သည်အခါ သူမ ပြန်စိုးရိမ်လာပြန်လေသည်။

ရန်ကိုင်တွင် အသက်ကြွေးကျေးဇူး ရှိထားသော်လည်း သူဒုက္ခရောက်နေချိန် သူမအနေဖြင့် ဝင်မကူညီနိုင်ဘဲ ဘေးမှနေသာ ရပ်ကြည့်နေရသဖြင့် သူမစိတ်ထဲ စိတ်ညစ်မိသလို ကိုယ့်ကိုယ်ကိုလည်း ရှက်မိသည်။

“ဒါပေမယ့် သူသာ ဒီအခြေအနေကို မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ နောက်ထပ် ဘာမှပြောစရာ မရှိတော့ဘူး။ အခု လောလောဆယ်တော့ နင်တို့ဆရာနဲ့ပဲ အတူ စောင့်ကြည့်နှင့်ဦး” မိုယုက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။

ချန်ရှီတောင်းနှင့် လုယင်တို့ ကူကယ်ရာမဲ့စွာ အကြည့်ချင်း ဖလှယ်လို်ကြလေသည်။ သူတို့လည်း ဘာမှမတတ်နိုင်သည့် အတွက် မိုယုပြောသည့်တိုင်း လုပ်ရန်သာ ရှိတော့သည်။

နဂါးလိုဏ်ဂူတောင်အပြင်ဘက်တွင် ရန်ကိုင်သည် လက်သီးဆုပ်၍ “စီနီယာတို့ ရောက်လာတုန်းလေး အထဲခေါ်ပြီး ဧည့်ခံသင့်ပေမယ့် ဂျူနီယာရဲ့ နဂါးလိုဏ်ဂူတောင်က အခုလေးတင် တိုက်ပွဲတစ်ခုနဲ့ ကြုံထားရတာဆိုတော့ စီနီယာတို့အပေါ် ဧည့်ဝတ် မကျေသလို ဖြစ်သွားခဲ့ရင် စိတ်မရှိပါနဲ့နော်။ အခု ဂျူနီယာ ဒီနေရာကို ပြန်ပြင်စရာတွေ ရှိသေးလို့ စီနီယာတို့ အဆင်ပြေရင် ကျေးဇူးပြုပြီး နောက်မှ လာခဲ့ပေးကြပါလား”

ရန်ကိုင် အပိုတွေ ထပ်မပြောချင်တော့ပေ။ ထို့ကြောင့် အားလုံးကို ထွက်သွားရန်သာ တိုက်ရိုက် ပြောချလိုက်သည်။

ရန်ကိုင် ဘာပြောချင်နေလဲ အကုန်လုံး နားလည်ကြသော်ငြား မည်သူမှ မလှုပ်ရှားကြပေ။ အထူးသဖြင့် ကျင်းရှီနှင့် အဘွားကြီးဖုန်းပင်၊ နှစ်ယောက်စလုံးသည် ရန်ကိုင်အား တစ်စစီ စုတ်ဖြဲပစ်ချင်နေသည့်အလား စိုက်ကြည့်နေကြသည်။ ချင်းတုန်နှင့် ဖေးကျီတုတို့ကို သတိထားရနေသည့် အတွက်ကြောင့် မဟုတ်လျှင် သူတို့ ချက်ချင်း တိုက်ခိုက်နေလောက်ပေပြီ။

သို့တိုင် ဤကိစ္စကို ဤအတိုင်း ထားလိုက်ရန်မှာ သူတို့အတွက် မဖြစ်နိုင်သေးပေ။ ဂိုဏ်းနှစ်ဂိုဏ်းစလုံး သူတို့ လိုချင်နေသည့် အရာကို မရလိုက်သည့်အပြင် တပည့်များလည်း ဆုံးရှုံးလိုက်ရသည်။ သူတို့သာ ဤကိစ္စကို လက်လျော့လိုက်ရင် နောက်နောင် မည်သည့် မျက်နှာနှင့် လူကြားထဲ ထွက်ရတော့မည်နည်း။

ရန်ကိုင်လည်း ထိုအမှန်တရားကို နားလည်ထားသည်။ ထို့ကြောင့် ပြတ်ပြတ်သားသား ပြောထားခြင်းပင်။ သူတို့သာ လှုပ်ရှားလျှင် ချင်းတုန်နှင့် ဖေးကျီတုတို့ ဝင်ပါသည့်အခါ အရိပ်လခန်းမ၏ ဂုဏ်သိက္ခာကို ထိခိုက်တော့မည် မဟုတ်ချေ။

မည်သူမှ မထွက်သွားသေးသည်ကို မြင်သော် ရန်ကိုင်က လှောင်ပြုံးပြုံးလျက် အော်ပြောလိုက်သည် “ဘာလဲ၊ စီနီယာတို့လည်း ရှဲ့မိသားစုလို ကျုပ်တောင်လေးကို လိုချင်နေကြတာလား”

“ကောင်လေး၊ မင်းမဟုတ်တရုတ်တွေ လာမစွပ်စဲနဲ့။ ငါတို့တွေ ရောက်နေတာကို ဂျူနီယာအနေနဲ့ မင်းအထဲလေးဘာလေး ခေါ်ပြီး လက်ဖက်ရည်တိုက်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ အပြင်မှာပဲ ရပ်စောင့်ခိုင်းပြီး နှင်ထုတ်နေတာလား။ ဒါမင်းတို့ ဧည့်သည်တွေ အပေါ် ဆက်ဆံတဲ့ပုံစံလား” ကျင်းရှီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ လူတော်တော်များများ ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် ရန်ကိုင် သို့မဟုတ် နဂါးလိုဏ်ဂူတောင်နှင့် မည်သည့် ရန်ကြွေးမှ မရှိကြသော်လည်း နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ စွမ်းအားကို မြင်ပြီးနောက် ထိုအစီအရင်များကို တစ်ချက်လောက် အနီးကပ် သွားစူးစမ်းချင်မိသည်။

ထို့ကြောင့် ကျင်းရှီတွင် အခြား ရည်ရွယ်ချက် ရှိလျှင်ပင် လောလောဆယ်၌ ကျင်းရှီကို သူတို့ ထောက်ခံပေသည်။

သူတို့သာ နဂါးလိုဏ်ဂူတောင်ထဲ ဝင်နိုင်လျှင် အားလုံး အဆင်ပြေပေပြီ။ အထဲသာ ရောက်သွားမည်ဆိုလျှင် ရန်ကိုင်၏ ခွန်အားနှင့် သူတို့၏ ခွန်အားအရ သူတို့ လုပ်ချင်သည်ကို ရန်ကိုင် တားနိုင်မည်နည်း။ သူတို့ လုပ်ရပ်ကြောင့် နဂါးလိုဏ်ဂူတောင် ဒုက္ခရောက်သွားမည် ဆိုလျှင်ပင် သူတို့ ဂရုမစိုက်ချေ။ အကုန်လုံးသည် ကိုယ့်ဘက်ကိုယ်ယပ်သည့် လိပ်များသာ။

“တစ္ဆေအိုကြီးကျင်း၊ မင်းဘာတွေ ဒီလောက် ဖြစ်နေတာလဲ။ ဟိုက လုပ်စရာတွေ ရှိသေးလို့ ဧည့်သည်တွေကို ဧည်ခံဖို့ အဆင် မပြေသေးလို့ ဧည့်ဝတ်မကျေလို့ တောင်းပန်ထားတားကိုတောင် မင်းကဘာ‌တွေ အတင်း ဖြစ်နေတာလဲ။ ဘာလဲ၊ မင်း အမြဲတမ်း အခုလိုပဲ မင်းအဆင့်တန်းကိုသုံးပြီး အခြားသူတွေကို အနိုင် ကျင့်နေကျလား။ မင်းအဲ့လောက်တောင် ဧည့်ခံခံချင်နေရင် ကောင်းကင်ကံကြမ္မာမြို့ကိုသာ လာခဲ့။ ဒီလူအိုကြီး မင်းကို ဧည့်ခံပေးမယ်” ချင်းတုန်သည် ကျင်းရှီအား ပြောလိုက်သည်။

ဤနေရာသည် အရိပ်လခန်းမ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိပေသည်။ ကျင်းရှီအနေဖြင့် ရန်ကိုင်အား နိုင်လိုမင်းထက် လုပ်ခြင်းသည် အရိပ်လခန်းမကို မျက်လုံးထဲမထည့်ခြင်း ဖြစ်သည်။

“လာမှာပေါ့။ ဒါပေမယ့် ငါဒီကောင့်စရိုက်ကို ကြည့်မရတာ။ ဘာလဲ၊ ငါတို့ကို မျက်လုံးထဲ မထည့်သလိုကို လုပ်နေတာ” ကျင်းရှီက ပြန်ပြောလိုက်သည်။

“အကြောင်းပြချက်ရှာတာ တော်လိုက်တော့။ မင်းအဲ့လောက်တောင် ပြဿနာ ရှာချင်နေရင်း ငါမင်းကို အဖော်လုပ်ပေးမယ်” ချင်းတုန်က နှာခေါင်းရှုံ့လိုက်သည်။

ချင်းတုန်၏ စကားကိုကြားသော် ကျင်းရှီ မျက်မှောင် ကြုတ်သွားခဲ့သည်။ ချင်းတုန်နှင့်ရန်ကိုင် မည်မျှ ရင်းနှီးမှန်း မသိသေးသည့်အတွက် ကျင်းရှီလည်း ရန်ကိုင်အား စွတ်ပြီး သွားမတိုက်ခိုက်ရဲ ဖြစ်နေခဲ့သည်။ လက်ရှိ ကြည့်ရသလောက် သူသာ ရန်ကိုင်အား ဆက်တွန်းအားပေးနေလျှင် ချင်းတုန် ငြိမ်ခံနေတော့မည် မဟုတ်လောက်ချေ။

သို့သော် ဤအတိုင်း ထားလိုက်ဖို့ရာလည်း မဖြစ်နိုင်ပြန်။

ရုတ်တရက် ကျင်းရှီ၏ အကြည့်သည် အဘွားကြီးဖုန်းဆီသို့ အလိုလို ရောက်သွားခဲ့လေသည်။ အဘွားကြီးဖုန်းသည်လည်း မျက်နှာ မသာအယာ၊ ဆေးခါးကြီး စားထားရသည့် ရုပ်ဖြင့် ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်နှင့် စိုက်ကြည့်နေသည်။ အဘွားကြီးဖုန်းကိုပါ ဝင်ပြောရန် ပြောတောမည်အပြု ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတစ်ရပ် မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ကျင်းရှီ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ပြောတောမည့် စကားလုံးများကို ချက်ချင်း ပြန်မျိုချလိုက်ကာ အသစ်ရောက်လာသည့်လူဆီ လှမ်းကြည့်လိုက်သည်။

အကုန်လုံးလည်း သူ့နည်းအတိုင်းအပင်။

လက်ရှိ ဤနေရာ၌ စုဝေးနေကြသည့် ပညာရှင်များအနက် အယောက်နှစ်ဆယ် နီးပါးလောက်သည် တန်ခိုးရှင် တတိယ အဆင့်သို့ ရောက်ထားကြသူများ ဖြစ်ကြသည်။ သို့တိုင် သူတို့၏ ခွန်အားဖြင့်ပင်လျှင် အသစ်ရောက်လာသည့်လူ၏ အရှိန်အဝါမှ ဖိအားခံစားနေမိသည်။

မျက်နှာမည်းယန်ပေးသည်သာ နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်လေသည် “သူဘာလို့ ရောက်လာတာလဲ”

ထိုအမျိုးသမီး လူမြင်ကွင်းတွင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဟု ယန်ပေး ထင်နေခြင်း ဖြစ်သည်။

အဝေးတစ်နေရာဆီမှ အပြာရောင်အလင်းတန်းတစ်ခု သူတို့ဆီ အလျင်အမြန် ချဉ်းကပ်လာနေခဲ့သည်။ ခဏအကြာ၌ ထိုအပြာရောင် အလင်းတန်းသည် လူအုပ်ကြီးနှင့် ဆယ်မီတာခန့် အကွာတွင် ရပ်သွားခဲ့ပြီး လူနှစ်ယောက် ပေါ်လာခဲ့လေသည်။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ပင်။

အမျိုးသမီးသည် ဦးဆောင်လာသူဖြစ်ကာ အစိမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်ကို ဆံထုံးထုံးထားသည့် အတွက်ကြောင့် ဖြူဖွေးဖွေး သူမ၏ လည်တိုင်သားလေးကို အထင်းသား လှမ်းမြင်နေရသည်။ မျက်ဝန်းများမှာ ဖီးနစ်မျက်ဝန်း များနှယ် စူးရှကာ တောက်ပသည်။ ထိုအကြည့်ကြောင့် မည်သူမှ သူမအား ကြာကြာ စိုက်မကြည့်ရဲအောင် ဖြစ်စေသည်။

အမျိုးသမီးသည် ရင့်ကျက်သော အသက်သုံးဆယ်၊ လေးဆယ် အရွယ် အရှိန်အဝါကို ထုတ်လွှတ်နေသော်သည် ထိုအရာသည် သူမ၏ ဆွဲဆောင်မှဒကို လျော့ကျမသွားစေခဲ့ချေ။ အနည်းငယ် အသက်ကြီးသော်လည်း သူမ၏ ရုပ်ရည်ကို ထိန်းထားနိုင်သေးဆဲ။ နူးညံ့ချောမွတ်သော အသားအရေ၊ သွယ်လျသော ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ်ရာ ကောက်ကြောင်း အဖြာဖြာတို့သည် ယောကျာ်းသား အပေါင်းတို့၏ ငုပ်လျှိုးနေသော တဏှာရမက်သွေးတို့ကို ဆူပွက် နိုးကြွလာစေနိုင်ပေသည်။

သို့သော်လည်း တစ်ချိန်တည်းတွင် သူမ ပေးစွမ်းနေသော ဖိအားကြောင့် မည်သူမှ သူမအား တဏှာရမက် အကြည့်နှင့် မကြည့်ရဲကြပေ။

သာမန် တန်ခိုးရှင်တတိယအဆင့်နှင့် ယှဉ်လိုက်လျှင် ထိုအမျိုးသမီးသည် အများကြီး ပိုအားကောင်းပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၁၀)

ထိုအမျိုးသမီး နောက်တွင်ပါလာသောလူ၏ အသွင်အပြင်မှာ အတော်လေးကို ထူးဆန်းလှသည်။ သူ့နားရွက်နှစ်ဖက်မှာ ဝိုင်းစက်စက် ဖြစ်နေပြီး မျက်လုံးမှာ ခပ်မှေးမှေးဖြစ်သည်။ သွားနှစ်ချောင်းသည်လည်း အရှေ့သို့ ခေါထွက်နေလေရာ သူ့ရုပ်မှာ လူရယ်ချင်စရာရုပ် ဖြစ်နေခဲ့သည်။

အမျိုးသမီးနှင့် သူ့ရုပ်ရည်သည် မိုးနှင့်မြေနှယ် ဖြစ်နေသည်။ အတူယှဉ်ကာ ရပ်နေသည့်အတွက် အမျိုးသမီး၏ အလှကို ပို၍ ထွန်းတောက်သွားစေသလို ဖြစ်နေခဲ့ပြီး သူကိုယ်တိုင်မှာတော့ ပို၍ အရုပ်ဆိုးသွားခဲ့ရလေသည်… တစ်နည်းဆိုရသော် ဘဲရုပ်ဆိုးလေးနှင့် မင်းသမီးလေးတို့ အတူ ယှဉ်တွဲ ရပ်နေသည်ကို မြင်နေရသလိုပင်။

ယောကျာ်းလေးမှာ အမျိုးသမီးနောက်တွင် လေးစားစွာ ရပ်နေသည့်အတွက် ဂျူနီယာတစ်ယောက် ဖြစ်ဟန်တူပြီး အမျိုးသမီးမှာမူ ရှေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုသွားခေါခေါနှင့်လူသည် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သော်လည်း သူ့ဆီမှ ဖြာထွက်နေသော သူတော်စင်ချီလှိုင်းများသည် သာမန် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုအားကောင်းနေသည်။

ထိုအမျိုးသမီးကို မြင်လိုက်ချိန် ရန်ကိုင် မျက်နှာပျက်သွား၏။ သူမ မည်သည့် အကြောင်းကြောင့် ဤနေရာသို့ ရောက်လာသည် ဖြစ်ပါစေ၊ သူမသာ သူ့ရန်သူဆိုလျှင်တော့ အခြေအနေကား ကိုင်တွယ်ရ ခက်ပေပြီ။ ထိုအမျိုးသမီးဆီမှ ကျင်းရှီ၊ အဘွားကြီးဖုန်းနှင့် ဤနေရာတွင် ရှိနေသော အခြားပညာရှင်များ မပေးစွမ်းနိုင်သည့် ဖိအားတစ်ရပ်ကို သူခံစားနေမိသည်။

ရှင်းရှင်းပြောရလျှင် ထိုအမျိုးသမီး၏ ခွန်အားသည် ဤနေရာရှိ လူအားလုံးထက် ပိုသာလွန်ပေသည်။

သို့သော်လည်း အမျိုးသမီးနောက်ရှိ မျောက်မျက်နှာနှင့် လူကို မြင်လိုက်ချိန် ရန်ကိုင် ထပ်အံ့အားသင့်သွားရပြန်သည်။

ထိုလူကို သူသိပေသည်။ ထိုသွားခေါသည် သူ့ဆီမှ ဆေးလုံးအတွက်နှင့် သုံးပြီးသား ကြယ်ဧကရာဇ်တံဆိပ်ပြားကို အလဲအထပ်လုပ်ခဲ့သည့် ကဲချီ ဖြစ်ပေသည်။

ထိုကဲချီဆိုသည့်လူကို ရန်ကိုင် သေသေချာချာကို မှတ်မိနေသည်။ ထိုလူသည် ယန်ယန်ကို မြင်မြင်ချင်း သေးထွက်လုမတတ် ကြောက်လန့်သွားခဲ့သူ ဖြစ်သည်။ ယန်ယန်အား သူ့ကို ရှောင်ချီဟု ခေါ်ရန်ပင် ပြောခဲ့သေးသည်။

သူ၏ ထူးဆန်းသော အပြုအမူကို ရန်ကိုင် မည်ကဲ့သို့ အလွယ်တကူ မေ့နိုင်မည်နည်း။ ထိုစဉ်က ဖြစ်နိုင်လျှင် သူ့ဘိုးဘေး ယန်ယန်ကို ကိုယ်တိုင်လာတွေ့လိမ့်မည်ဟု ကဲချီ ပြောသွားခဲ့သည်။ သူပြောသွားသည့်ပုံအရ ထိုအမျိုးသမီးသည် သူ့ဘိုးဘေး ဖြစ်လောက်သည်။

သူက ရန်သူလား၊ မိတ်ဆွေလား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သို့သော် ထိုလူနှစ်ယောက် ပေါ်လာသည့်အတွက်ကြောင့် အများစု၏ အာရုံသည် သူတို့ဆီ ရောက်သွားခဲ့ပြီး တင်းမာနေသော အခြေအနေသည် အနည်းငယ် ပြေလျော့သွားခဲ့ရသည်။

ထိုအမျိုးသမီး၏ မျက်နှာကို မြင်လိုက်သည့်အခါ အင်အားစု အသီးသီးမှ ပညာရှင်များ ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ မိုရှောင်ရှန်နှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ချန်ဖုန်းရွှမ်တို့ပင် ချွင်းချက်မဟုတ်။ နှစ်ယောက်သာ အလန့်တကြား အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

အရိပ်ကြယ်၏ အားအကောင်းဆုံးဂိုဏ်းမှ အကြီးအကဲများ ဖြစ်သည့်အလျောက် မည်သူ့ကိုသူ သူတို့ မျက်လုံးထဲ မထည့်ချေ။ သူတို့ လန့်သည်ဆို၍ ကြယ်ဧကရာဇ်တောင်သာ ရှိသည်။ ထို့အပြင် အကြီးအကဲဖြစ်သည့် မိုရှောင်ရှန်နှင့် ချန်ဖုန်းရွှမ်တို့ကိုပင် ထိတ်လန့် ကြောက်ရွံ့အောင် လုပ်နိုင်သည်ပုံကို ကြည့်လျှင် ထိုအမျိုးသမီး၏ အဆင့်အတန်းမှာ မနိမ့်လောက်ချေ။

ရန်ကိုင်သည် အခြေအနေကို သေချာ လေ့လာကြည့်နေသည်။ ထိုအမျိုးသမီး ဘယ်သူမှန်း သူမသိသော်လည်း အနည်းဆုံး လူသိများကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း သူပြောနိုင်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူတကယ်ကြီးလား” အရိပ်လခန်းမဘက်တွင် ရှိနေသော ချင်းတုန်သည် အမျိုးသမီးကို မြင်လိုက်သည်နှင့် တစ္ဆေသရဲကို မြင်လိုက်သည့်အလား သေချာသွားအောင် သူ့မျက်လုံးများကို ပွတ်၍ နောက်တစ်ကြိမ် ထပ်ကြည့်ကြည့်သည်။

ဖေးကျီတုသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

“အကြီးအကဲ၊ အဲ့စီနီယာက ဘယ်သူလဲ” အကြီးအကဲများ မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြသည်ကို မြင်သော် ဝေကုချန်း မေးကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ သူမ ဘာစကားမှ မပြောရသေးသော်လည်း သူမကို မြင်လိုက်သည်နှင့် အကုန်လုံးကို တစ္ဆေသရဲကို မြင်လိုက်သည့်နှယ် ဖြစ်ကုန်ကြသည်။

ထိုအမျိုးသမီးသည် အစစ်အမှန် ပညာရှင်တစ်ယောက် ဖြစ်လောက်ပေသည်။

“သူလား။ သူက ကြယ်ဧရာဇ်တောင်ရဲ့ အရင်ဂိုဏ်းချုပ်လေ” ချင်းတုန်က ခါးသက်သက် လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ဝေကုချန်း ထိတ်လန့်သွားပြီး အမျိုးသမီးအား လေးစားအားကျသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုစီနီယာသည် တကယ်ကို အံ့အားသင့်ဖွယ်ကောင်းသည့် လူတစ်ယောက် ဖြစ်သည်။

ကြယ်ဧကရာဇ်တောင်သည် အရိပ်ကြယ်တွင် အဆန်းကြယ်ဆုံးနှင့် အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်သည်။ ကြယ်ဧကရာဇ်တောင်၏ အမွေအနှစ် မည်မျှ ကျယ်ပြန့်လဲ၊ သူတို့တွင် ပညာရှင် မည်မျှ ရှိလဲ မည်သူမှ မသိကြသော်လည်း ကြယ်ဧကရာဇ်တောင်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ အမွေအနှစ် တစ်စိတ်တစ်ဒေသကို ရဖူးသည်ဟု ကောလဟာလများ ရှိသည်။ ထို့ကြောင့် အရိပ်ကြယ်၏ အခြား အင်အားစုကြီးနှစ်ခု ဖြစ်သော ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းပင် ကြယ်ဧကရာဇ်ဂိုဏ်းနှင့် ယှဉ်လိုက်လျှင် စွမ်းအားကော၊ အမွေအနှစ်ပိုင်းတွင်ပါ နိမ့်ကျသွားရသည်။

ကံကောင်းစွာဖြင့် ကြယ်ဧကရာဇ်တောင်သည် ပြင်ပရေးရာ ကိစ္စများတွင် ဝစ်ခါမှ ဝင်မပါခဲ့ပေ။ ထို့ကြောင့်သာ မဟုတ်လျှင် အရိပ်ကြယ်ပေါ်တွင် အခြားအင်အားစုများအတွက် မည်သို့များ တိုးတက်ရာ၊ တိုးတက်လမ်းကြောင်း ရှိတော့မည်နည်း။ ကြယ်ဧကရာဇ်တောင်သည် ယခင်ကတည်းကပင် အရိပ်ကြယ်အား သိမ်းပိုက်စိုးမိုးပြီးသွားလောက်ပေပြီ။

ချင်းတုန်သည် တိုးတိုးလေးသာ ပြောလိုက်သော်လည်း သူ့စကားကို အမျိုးသမီး ကြားသွားပြီး သူမ၏ ဖီးနစ်မျက်လုံး သဖွယ် စူးရှသည့် မျက်ဝန်းအစုံဖြင့် လှည့်ကြည့်လာသည်။ ထိုအမျိုးသမီး၏ အကြည့်နှင့် ရင်ဆိုင်ရချိန် သူ့ဦးရေပြားတစ်ခုလုံး ထုံတက်သွားသလို ခံစားလိုက်ရပြီး အားတင်းကာ ပြန်ပြုံးပြလိုက်ရသည်။

လူငယ်မျိုးဆက်များသည် ထိုအမျိုးသမီးကို သိကြမည် မဟုတ်သော်လည်း တန်ခိုးရှင်ဒုတိယအဆင့်နှင့် အထက် ပညာရှင် အားလုံးမှာမူ ထိုအမျိုးသမီး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားကြသည်။ ထိုအမျိုးသမီး ကြယ်ဧကရာဇ်တောင်ကို အုပ်စိုးစဉ်က အချိန်များကို ပြန်လည် စဉ်းစားကြည့်လိုက်သော် ချင်းတုန် ပို၍ စိုးရိမ်လာခဲ့လေသည်။

သူမ မည်သည့် အတွက်ကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။

“ဒီဘုရင်မ လူရှေ့သူရှေ့ မထွက်ဖြစ်တာတောင် ကြာသွားပြီ။ ဒါပေမယ့် ငါထွက်လာတာနဲ့ မိတ်ဆွေဟောင်းတွေ အများကြီး စုနေတာကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” အမျိုးသမီးက ရုတ်တရက် စကားစပြောလိုက်သည်။ သူမ၏ အသံသည် နွေးဦး လေညင်းလေးနှယ် ကြည်လင်ပြတ်သားလှကာ ကြားရသူတိုင်း၏ စိတ်ကို ငြိမ်းအေးသွားစေနိုင်ပေသည် “ရှောင်ချန်၊ ရှောင်ဖေး၊ နင်တို့ အဲ့အဆင့်တောင် ရောက်နေကြပြီလား။ ဒီအတောအတွင်း နင်တို့ တကယ် ကြိုးစားကြတာပဲ”

ချင်းတုန်နှင့် ဖေးကျီတုတို့သည် အရိပ်လခန်းမ၏ အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြသော်လည်း အမျိုးသမီး၏ ပါးစပ်ထဲ၌ ချင်လေးနှင့် ဖေးလေးတို့ ဖြစ်သွားရသည်။

မရေမတွက်နိုင်သော သူတော်စင်ဘုရင်အဆင့် ပညာရှင် များစွာတို့သည့် ပြုံစိပြုံးစိဖြင့် ခေါင်းအောက်ငုံ့လိုက်ကြသည်။ သူတို့၏ ရယ်ချင်စိတ်ကို မနည်း ထိန်းနေရလေပြီ။

ချင်းတုန်နှင့် ဖေးကျီတုမှာတော့ မရယ်နိုင်၊ အကြည့်ချင်း တစ်ချက် ဖလှယ်လိုက်ပြီး ရှေ့တက်၍ အလျင်အမြန် ဦးညွှတ်ကာ လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်ကြသည် “စီနီယာအစ်မရီကို နှုတ်ဆက်ပါတယ်။ နှစ်တွေအများကြီး ကြာသွားပေမယ့် စီနီယာ အစ်မရီက အရင်လို ကြီးကျယ်မြင့်မြတ်နေတုန်းပဲနော်”

“ဟင်” အမျိုးသမးက သူမလက်ကို အသာအယာ ဝှေ့ရမ်းလိုက်သည်။ ထို့နောက် ပျော်ရွှင်ဝမ်းနည်းသည့် ဘာအမူအရာမှ မပြဘဲ မျက်နှာတည်ဖြင့် “ငါ့ဘဝကို ငါ့ဘာသာ အေးအေးဆေးဆေး ဖြတ်သန်းနေတာ။ ဘယ်ကနေပြီး ကြီးကျယ်မြင့်မြတ်တာတွေ ပါလာရတာလဲ”

ပြောပြီးသည်နှင့် ယန်ဖေးဘက်သို့ လှည့်၍ လက်ယပ်ခေါ်လိုက်သည် “မည်းမည်းလေး၊ ဒီကိုလာဦး”

ရတနာစံအိမ်ဘက်တွင် ရှိနေသော ရန်ထျန်းရွေ့ အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။ ထိုစီနီယာ ရုတ်တရက်ကြီး ဘာကြောင့် သူ့အား လှမ်းခေါ်နေမှန်း နားမလည်နိုင် ဖြစ်နေ၏။ သို့သော်လည်း ချက်ချင်းဆိုသလို သူ့ဆရာ ယန်ဖေးသည် တပြုံးပြုံးဖြင့် ထိုးအမျိုးသမီးဆီ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

မြင်မြင်ချင်း‌ ရန်ထျန်းရွေ့ ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ နားလည်သွားခဲ့လေသည်။

သူ့ဆရာသည် မျက်နှာမည်းလေးအဖြစ်မှ မျက်နှာမည်ကြီး အဖြစ်သို့ တဖြည်းဖြည်း နာမည်ရလာသည့်ပုံပင်။

ထိုစီနီယာသည် သူ့အား ခေါ်နေခြင်း မဟုတ်ဘဲ သူ့စီနီယာကို ခေါ်နေခြင်း ဖြစ်သည်။

“ယန်ပေး စီနီယာအစ်မကို နှုတ်ဆက်ပါတယ်၊ စီနီယာအစ်မ ဘာပြောချင်လို့လဲ မသိဘူး” ယန်ဖေး လေးလေးစားစားဖြင့် မေးလိုက်သည်။

“ဘာလို့ ဒီမှာလူတွေအများကြီး စုနေတာလဲ၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“အဲ့ဒါက ဒီလိုပါ စီနီယာအစ်မ…” ယန်ဖေးသည် ဖြစ်ကြောင်းကုန်စဉ်ကို လိုတိုရှင်း ရှင်းပြလိုက်လေသည်။

ယန်ပေး ရှင်းပြသွားသည်မှာ သိပ်အသေးမစိတ်သော်ငြား အမျိုးသမီးသည် ထုံထုံအအ လူတစ်ယောက် မဟုတ်သဖြင့် ဖြစ်ပျက်နေသည့် အကြောင်းစုံကို အပြည့်အဝ နားလည်ခဲ့သည်။

ယန်ပေး ရှင်းပြသည်ကို နားထောင်ပြီးနောက် အမျိုးသမီးသည် နှာခေါင်းရှုံ့လိုက်ပြီး “သူတို့ကိုယ်သူတို့ အားကောင်းတယ်ပြီး ကြီးနိုင်ငယ်ညင်း လုပ်ချင်တာ၊ သေတာ နည်းတောင် နည်းသေးတယ်”

ထိုကဲ့သို့ ပြောပြီးသည့်နောက် ကျင်းရှီနှင့် အဘွားကြီးဖုန်းအား အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့သည် အရိပ်ကြယ်၏ ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်နေကြလေပြီ။ ထိုကဲ့သို့ ဖြစ်နေလျက်နှင့် ယခုကဲ့သို့ ဆူသလိုလို၊ နှိပ်သလိုလို အပြောခံရသဖြင့် နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

အမျိုးသမီးရီ၏ စွမ်းအားနှင့် အဆင့်အတန်းကို သူတို့ လန့်သည်မှာမှန်သည်။ သို့သော် ထိုစွမ်းအားနှင့် အဆင့်အတန်းမှာ လွန်ခဲ့သော နှစ်တစ်ရာခန့်ကကို ပြောခြင်းဖြစ်သည်။ ယခုဆိုလျှင် သူတို့လည်း တန်ခိုးရှင်တတိယအဆင့်များ ဖြစ်နေကြလေပြီ။ သို့ဖြစ်လျက်နှင့် နည်းနည်းလေးပင် မျက်နှာမထောက်ဘဲ လူကြားထဲ နှိပ်ချပြောဆိုခံရနေသည့်အတွက် နှစ်ယောက်စလုံး အတော်လေး ဒေါသထွက်သွားကြသည်။

ထို့အပြင် ထိုအမျိုးသမီးသည် ကြယ်ဧကရာဇ်တောင်ကို ကိုယ်စားမပြုတော့ပေ။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ကြယ်ဧကရာဇ်တောင်နှင့် စကားများပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

တစ်နည်းဆိုရသော် လက်ရှိ သူမသည် လေလွင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူမ မည်မျှပင် အားကောင်းစေကာမူ၊ ပထမအဆင့် အင်အားစုတစ်ခုလုံးကို ယှဉ်နိုင်မည်လား။

သူ့တို့စိတ်ထဲ ဒေါသထွက်နေမိသော်လည်း ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့ ချက်ချင်း မလှုပ်ရှားခဲ့ပေ။ တကယ်တော့ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူတို့မှ မသိရသေးလေဘဲ။

ဤနေရာတွင် လူများစွာ စုဝေးနေရခြင်း၏ အကြောင်းအရင်းကို သိသွားပြီးနောက် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် သူမနောက်မှ သွားခေါလေးဘက်သို့ လှည့်၍ မေးလိုက်သည် “ရှောင်ချီ၊ နင်ပြောတာ သူလား”

ကဲချီက လေးလေးစားစားဖြင့် ခေါင်းညိတ်လိုက်သည် “ဟုတ်ပါတယ်၊ ဘိုဘေး၊ သူပါပဲ”

“ဟိုစီနီယာကော” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် မျက်မှောင်ကြုတ်၍ တိုးတိုးလေး ရေရွတ်လိုက်သည်။ အလွန်ကိုမှ တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည့်အတွက် သူမ ပြောသည်ကို ခပ်လှမ်းလှမ်းတွင် ရှိနေသော အခြား မည်သူမှ မကြားလိုက်ပေ။ မဟုတ်သာမဟုတ်ရင် အကုန်လုံး မှင်သက်ကုန်ကြပေလိမ့်မည်။ အစီအရင်အား သေချာ စိုက်ကြည့်နေပြီးနောက် သူမ ရှာနေသည့် လူသည် အစီအရင်နောက်တွင် ရှိနေလိမ့်မည်မှန်း မျိုးရိုးနာမည်ရီ နှင့် အမျိုးသမီး သိလိုက်သည်။

ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် ရန်ကိုင်အား နွေးထွေးစွာ ပြုံးပြလျက် အသာခေါင်းညိတ်၍ မေးလိုက်သည် “နင်က ရန်ကိုင်လား”

ရန်ကိုင် ရင်တမမ ဖြစ်နေခဲ့သော်ငြား ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ဟုတ်ပါတယ်။ ဂျူနီယာနာမည်က ရန်ကိုင်ပါ၊ စီနီယာ ဘာများ ပြောချင်လို့လဲမသိဘူး”

“ဘာမှဒီလောက် မဟုတ်ပါဘူး” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးက ပြုံးလျက် “ဒီဘုရင်မ လူတစ်ယောက်ကို တွေ့ချင်လို့ လာတာ။ ဒီဘုရင်မ ထင်တာသာ မမှားရင် အဲ့လူက အခု အထဲမှာ ရှိနေလောက်တယ်။ မောင်လေး အဆင်ပြေမယ်ဆိုရင် အစီအရင်ကို ဖွင့်ပြီး ဒီဘုရင်မကို ဝင်ခွင့်ပေးလို့ရမလား”

အမျိုးသမီးသည် လုံးဝ အထက်စီးဟန် မပါဘဲ ရင်းရင်းနှီးနှီး ပြောသွားသည်။ သို့သော် ရန်ကိုင်အဖို့ ချက်ချင်းကြီး ဆုံးဖြတ်ချက် မချနိုင်သေးပေ။

ထိုအမျိုးသမီး မည်သူ့အား တွေ့ချင်နေလဲ ရန်ကိုင် ခန့်မှန်းမိပေသည်။ သူမ တွေ့ချင်နေသည့်လူမှာ ယန်ယန်မှလွဲ၍ အခြား မဟုတ်လောက်ချေ။

တွေ့ချင်သည်က ဟုတ်ပေသည်။ သို့သော် ယန်ယန်ကို ဘာကြောင့် တွေ့ချင်ရသနည်း။ သူမ မည်သည့် နေရာမှလာလဲ ဆိုသည်ကို မသိရသေးသလို သူမ ဘာကြောင့် ယန်ယန်အား တွေ့ချင်နေသလဲ ဆိုသည်ကိုလည်း ရန်ကိုင် မသိသေးပေ။ ထိုအမျိုးသမီးသည် ယန်ယန်နှင့် ရန်ငြိုးရန်စ ရှိနေသူတစ်ယောက် ဖြစ်လျှင်သည် သူမအား အထဲသို့ ဝင်ခွင့်ပေးလိုက်ခြင်းသည် မြေခွေး အိမ်ထဲ ခေါ်သွင်းလိုက်သည်နှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။

သူမ၏ ခွန်အားအရ သူမသာ နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်သွားခဲ့လျှင် သူမ တစ်ခုခုလုပ်လျှင် မည်သူမှ သူမအား ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးမှ ရန်ကိုင်အား ထိုကဲ့သို့ ယဉ်ယဉ်ကျေးကျေး စကားပြောနေသည်ကို မြင်သော် ချင်းတုန်နှင့် အခြားပညာရှင်များ မှင်သက်ကုန်ကြလေသည်။

All Chapters