← Chapters

အခန်း (၁၄၁၁-၁၄၁၅)

Vol. 57 Ch. 1411-1415

အခန်း (၁၄၁၁-၁၄၁၅)

Vol. 57 Ch. 1411-1415

အပိုင်း (၁၄၁၁)

ထိုအမျိုးသမီး မည်မျှ မောက်မာသလဲ၊ အားကောင်းသလဲ ဆိုသည်ကို ချင်းတုန်တို့ ကောင်းကောင်း သိထားကြသည်။ ကြယ်ဧကရာဇ်တောင်၏ ယခင်ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည့် အတွက်ကြောင့် သူမ၏ ခွန်အားနှင့် အဆင့်အတန်းသည် ပြောစရာ မလိုအောင်ကို အလွန် မြင့်မားလှသည်။

အခြားသူများကို ဆူပူကြိမ်းမောင်း၊ အမိန့်ပေးသော်လည်း ရန်ကိုင်ကိုမူ သိမ်သိမ်မွေ့မွေ့ ပြောခဲ့သည်။ သူတို့ အမြင်တွေများ မှားယွင်းနေသလား။

ချင်းတုန်တို့ သူတို့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။

ရန်ကိုင် မည်သည်အား စိုးရိမ်နေသလဲ ဆိုသည်ကို နားလည်သည့်အလား မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ရန်ကိုင်အား ဆက်လက် တွန်းအားမပေးဘဲ နောက်သို့ တစ်လှမ်း ဆုတ်၍ ပြန်ပြောလိုက်သည် “အစီအရင်ကို ဖွင့်မပေးဘူး ဆိုရင်တောင် ယန်ယန်ဆိုတဲ့ မိန်းကလေးနဲ့ ဒီဘုရင်မ စကား တစ်ချက်လောက် ပြောလို့ရမလား။ ဒီဘုရင်မ နင်တို့အပေါ် ဘာမကောင်းကြံတဲ့ ရည်ရွယ်ချက်မှ မရှိဘူး။ တစ်ခုခုကို အတည်ပြုချင်ရုံပဲ”

သူထင်သည့်အတိုင်းပင်၊ ထိုအမျိုးသမီးသည် ယန်ယန်ကို ရှာနေခြင်း ဖြစ်သည်။ ရန်ကိုင်သည် ခေါင်းမော့၍ အမျိုးသမီးအား ပြန်ပြောလိုက်လေသည် “စကားနည်းနည်းပဲ ပြောချင်ရင်တော့ ဘာမှမဖြစ်ပါဘူး။ စီနီယာဒီမှာ”

ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ အမျိုးသမီးဆီသို့ လှမ်းပစ်ပေးလိုက်သည်။

ဆက်သွယ်ရေး မှော်ရတနာကို ရလိုက်သည်နှင့် အမျိုးသမီးသည် မျက်လုံးကိုပိတ်ကာ ထိုမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။

အချိန် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ သို့သော်လည်း အကုန်လုံးသည် အမျိုးသမီးအား နှောင့်ယှတ်မိမည် စိုးသည့်အတွက် အသက်ပင်ရဲရဲ မရှူရဲချေ။

သို့သော် မကြာမီ သူမ၏ ခန္ဓာကိုယ် မဆိုစလောက်ကလေး တုန်ရင်လာခဲ့သည်။ ထို့နောက် သူမ၏ အမူအရာသည် တည်ငြိမ်နေရာမှ တုန်လှုပ်ချောက်ချားသွားသည်။ ထိုမှတစ်ဆင့် စိုးရိမ်လာခဲ့ပြီး နောက်ဆုံးတွင် စိတ်လှုပ်ရှားနေသော အမူအရာ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ဖိအားပြင်းထန်လှသည် ရှီစွမ်းအင်တို့သည် သူမကို ဗဟိုပြု၍ အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။

ထိုရှီအောက်ဝယ် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ သေခြင်းရှင်းခြင်း လမ်းကြောင်းပေါ် ရောက်နေသည့်နှယ် ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ရီကြကုန်လေသည်။

တန်ခိုးရှင် ပထမ၊ဒုတိယအဆင့်များမှာမူ ထိုရှီအား ခုခံရန် အတွက် သူတို့၏ သူတော်စင်ချီကို လှည့်ပတ်လိုက်ရသည်။ တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသူများသာ အနည်းငယ် ခံသာပေသည်။ သို့တိုင် သူတို့ရင်ထဲ အတော်လေးကိုမှ ထိတ်လန့်နေမိသည်။

သူတို့သည်လည်း တန်ခိုးရှင် တတိယအဆင့်များ ဖြစ်ကြပေသည်။ သို့သော် သူမအဆင့်သို့ သူတို့ထဲရှိ မည်သူမှ မရောက်ရှိသေးချေ။

တစ်နည်းဆိုရသော် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး၏ ရှီသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အရိပ်ကြယ်၏ ဖိနှိပ်ထားမှုကြောင့်သာ မဟုတ်ပါက ထိုအမျိုးသမီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားပေပြီ။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ချင်သူတိုင်း၏ ရှီသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေရပေမည်။ သို့သော် လက်ရှိ ရှိနေသည့် လူများအနက် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးမှလွဲ၍ အခြားမည်သူမှ ထိုအဆင့်သို့ မရောက်သေးချေ။

သူတို့ကြားရှိ ကွာဟချက်ကို နားလည်လိုက်သည့်အခါ အကုန်လုံး သူတို့ကိုယ်သူတို့ နိမ့်ကျသလို ခံစားလိုက်ကြရသည်။ ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ ဒေါသရှေ့ထားပြီး အလျင်စလို မလှုပ်ရှားမိလိုက်သည်မှာ သူတို့အတွက် ကံကောင်းသွားခဲ့သည်။ နှစ်ယောက်တစ်ယောက် ဆိုလျှင်ပင် ထိုအမျိုးသမီးလက်မှ ဒဏ်ရာမရဘဲ လွတ်နိုင်ဖို့က သိပ်မသေချာပေ။

အန္တတမျှ ကြာညောင်းသွားသည့်နောက်တွင် အမျိုးသမီး ထုတ်လွှတ်သောရှီ ပျောက်ကွယ်သွားခဲ့ပြီး မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးလည်း မျက်လုံးပြန်ပွင့်လာခဲ့သည်။ မျက်ဝန်းအစုံမှာ တလက်လက် တောက်ပနေပြီး ပါးနှစ်ဖက်မှာ ပန်းနီရောင် သန်းနေသည်။ သူမ ပျော်နေသည်မှာ သိသာသည်။

အမျိုးသမီး၏ အသက်ရှူနှုန်းနှင့် နှလုံးခုန်သံ တဖြည်းဖြည်း မြန်ဆန်းလာနေမှန်း ရန်ကိုင် ပြောနိုင်သည်။

သူတို့ ဘာတွေများ ပြောလိုက်တာလဲ ရန်ကိုင် တွေးလိုက်သည်။

ရန်ကိုင်မှအပ အခြားသူအားလုံး နဂါးလိုဏ်ဂူတောင်ထဲတွင် မည်သို့သောပုဂ္ဂိုလ် ရှိနေသလဲ ဆိုသည်ကို သိချင်နေကြသည်။ မျိုးရိုးနာမည်ရီ ကဲ့သို့သော ပညာရှင်များသည် တော်ရုံတန်ရုံ စိတ်လှုပ်ရှားခဲသည်။ သူမ ယခုကဲ့သို့ စိတ်လှုပ်ရှားနေပုံမျိုးကို ထောက်ရှုကြည့်လျှင် သူမအတွက် အတော်လေးကိုမှ အရေးပါသည့် ကိစ္စတစ်ခုနှင့် ကြုံလိုက်ရသည့် အတွက်ကြောင့် ဖြစ်မှန်း သိသာသည်။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် စိတ်ငြိမ်သွားစေရန် အသက်ပြင်းပြင်း တစ်ချက်နှစ်ချက်လောက် ရှူးသွင်းလိုက်သည်။ ပြီးမှ ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “မောင်လေး၊ ဒီဘုရင်မကို ဒီဆက်သွယ်ရေးမှော်ရတနာ ပေးလို့ရမလားဟင်။ အလကားမယူဘူးနော်၊ လျော်ကြေးပြန်ပေးမယ်”

ရန်ကိုင် အားတင်းပြုံးလိုက်ပြီး “လျော်ကြေး မလိုပါဘူးဗျာ၊ ဆက်သွယ်ရေးမှော်ရတနာလေးပဲဟာကို၊ စီနီယာ လိုချင်ရင် သိမ်းထားလိုက်လို့ရတယ်”

ထိုအမျိုးသမီးသည် နဂါးလိုဏ်ဂူတောင်၏ ရန်သူ မဟုတ်မှန်း ရန်ကိုင် အတည်ပြုပြီးသွားလေပြီ။ ထိုအမျိုးသမီးသည် ယန်ယန်နှင့် တစ်မျိုးတစ်ဖုံ ပက်သက်သည့်ပုံပင်။

ထိုကဲ့သို့ အားကောင်းသော မဟာမိတ်တစ်ယောက်ကို ရလိုက်သည့်အတွက်ကြောင့် ရန်ကိုင် အလွန်ကို ပျော်နေရာ ဆက်သွယ်လေး မှော်ရတနာလေးတစ်ခုကို မည်သည့် အတွက်ကြောင့် ဂရုစိုက်နေတော့မည်နည်း။ ထိုဆက်သွယ်ရေး မှော်ရတနာသည် တန်ဖိုးကြီးသည့် မှော်ရတနာအစားထဲ မပါ၊ လိုချင်လျှင် အလွယ်တကူ ရနိုင်သည့် အရာမျိုးဖြစ်သည်။

“အဲ့လိုဆိုရင် ဒီဘုရင်မ ယူထားလိုက်တော့မယ်နော်” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ပျော်ရှင်စွာပြုံးလျက် ဆက်သွယ်ရေး မှော်ရတနာကို သူမ၏ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်လေသည်။

လက်ရှိတွင် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် နဂါးလိုဏ်ဂူတောင်နှင့် တစ်မျိုးတစ်ဖုံ ပက်သက်နေမှန်း အကုန်လုံး နားလည်သွားလေပြီ။ ထိုအခြင်းအရာကို ကြည့်ရင်း ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့၏ မျက်နှာများ ဆေးခါးကြီး စားထားရသည့်နှယ် ဖြစ်ကုန်ကြလေသည်။

ယခုလေးတင် ရန်ကိုင်အား သူတို့ ဖိအားပေးနေခြင်း ဖြစ်သည်။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် နဂါးလိုဏ်ဂူတောင် ဘက်ကသာ ဆိုလျှင် သူတို့ ပြန်ဆုတ်ရပေလိမ့်မည်။ သေသွားသည့် သူတို့၏ လက်အောက်ငယ်သားများ အတွက်ကြောင့် ထိုကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် ရန်သူလုပ်ရန်မှာ ဥာဏ်ရှိသည့် လုပ်ရပ် တစ်ခု မဟုတ်ချေ။ ထိုကဲသို့သော လုပ်ရပ်မျိုးကို သူတို့ စိတ်ရူး ပေါက်သွားသည့် အခါမျိုးတွင်သာ လုပ်ပေလိမ့်မည်။

ထိုအခြင်းအရာကို နားလည်လိုက်သည့်အခိုက် ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့ ပြန်ဆုတ်ရန် ပြင်ကြလေသည်။

တကယ်တော့ အနာဂတ်ဆိုသည်မှာ အဝေးကြီး ကျန်သေးသည် မဟုတ်လေလော။ ထိုအမျိုးသမီးနှင့် နဂါးလိုဏ်ဂူတောင်ကြားရှိ ဆက်ဆံရေးအား သေချာ စုံစမ်းစစ်ဆေးပြီးမှ လှုပ်ရှားလျှင်လည်း နောက်မကျသေးချေ။

“သူတကယ် လွတ်သွားတာပဲ” ကြည်လင်ကောင်းကင်ဂိုဏ်း ဘက်တွင် ရှိနေသော အကြီးအကဲမိုယု၏ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့သည်။ လက်ရှိ အဖြစ်အပျက်များကို သူတကယ် မယုံကြည်နိုင် ဖြစ်နေသည်။ ယခုလေးတင် ချန်ရှီတောင်းအား ကံနှင့် ကံကြမ္မာဆိုသော အရာများကို မယုံရန် သင်ပြပေးနေခြင်း ဖြစ်သည်။ သို့သော်ငြား လုံးဝကို မလွတ်မြောက် နိုင်တော့ဟန် ထင်ရသော ဒုက္ခဘေးဆိုကြီးမှ ရန်ကိုင် တကယ်ကို ရုန်းထွက်သွားနိုင်ခဲ့သည်။

ဒီကောင့်ကံ အဲ့လောက်တောင် ကောင်းနေတာလား

“သူအမြဲတမ်း ကံကောင်းတဲ့လူလို့သာ တပည့် ပြောနေတာ၊ တပည့်ကိုယ်တိုင်တောင် သူ့ကံကို အထင်သေးမိလိုက်တဲ့ပုံပဲ” လက်ရှိ ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် ချန်ရှီတောင်း အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူမ၏ မိတ်ဆွေဖြစ်သော ရန်ကိုင်သည် ဤအန္တရာယ်ကို ကျော်လွှားနိုင်ခဲ့သလို ကံကြမ္မာ အပေါ် သူမ၏ ယုံကြည်မှု မှန်ကန်ကြောင်းကိုလည်း သက်သေ ပြနိုင်ခဲ့သည်။

ဖန်သွေးရောင်ဂိုဏ်းဘက်တွင်မူ၊ တိုက်ယွမ် ကြိတ်၍ စိတ်သက်သာရာ ရသွားခဲ့သော်လည်း ယင်စုတျယ်၏ မျက်နှာမှာ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့မဲ့၊ ပုပ်သိုးသိုး ဖြစ်နေခဲ့လေသည်။

ရန်ကိုင် တောင်းပန်တိုးလျှိုးနေသည့် မြင်ကွင်းကို မြင်ချင်သော်လည်း မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ရုတ်တရက်ကြီး ပေါ်လာပြီး ပညာရှင်အားလုံးကို ဖိနှိပ်သွားခဲ့သည်။

နောက်ဆုံး အခိုက်အတန့်ရောက်မှ ရုတ်တရက် ပေါ်လာသည့် လူတစ်ယောက်ကြောင့် သူမ ကြိုတင် မျှော်မှန်းထားသည့် အဖြစ်အပျက် အားလုံး ပြောင်းလဲသွားခဲ့ရာ ယင်စုတျယ် မည်ကဲ့သို့ စိတ်ကျေနပ်နိုင်မည်နည်း။

အမှိုက်တွေ ယင်စုတျယ် စိတ်ထဲမှနေ၍ ကြိန်ကျိန်ဆဲလိုက်၏။ သို့သော် သူမကိုယ်တိုင်လည်း ဘာမှမလုပ်နိုင်ပါချေ။ သူမသည် မကြာသေးခင်ကမှ တန်ခိုးရှင်အဆင့်သို့ ရောက်ထားခြင်း ဖြစ်ရာ အဆင့်အတန်းရော၊ ခွန်အားအရာတွင်ပါ ဤနေရာ၌ ရှိနေသည့် ပညာရှင်များအနက် အောက်ဆုံးတွင် ရှိနေသည်။ သူမတွင် ဤနေရာ၌ စကားဝင်ပြောရန်ပင် အရည်အချင်း မရှိပါချေ။

“ဘာလို့လဲ၊ ဒီမှာ ထွတ်မြတ်ရတနာတစ်ခုခု ပေါ်လာလို့လား။ နင်တို့တွေ ဘာလို့ ဒီမှာ စုနေသေးတာလဲ” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် အေးစက်စက် အမူအရာဖြင့် လူအုပ်ဘက်သို့ ဝေ့ကြည့်၍ အော်လိုက်လေသည်။

ထိုစကားကို ကြားလိုက်သည့်အခါ ပညာရှင် အတော်များများ အလိုလို အနောက်ဆုတ်သွားခဲ့သည်။ ချင်းတုန်သည် ကိုးယိုးကားယား အမူအရာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလျက် “စီနီယာအစ်မ နောက်နေတာလားဗျာ၊ ဒီမှာ ဘယ်လိုလုပ်ပြီး အဲ့လို ရတနာ ရှိမှာလဲ”

“အဲ့လိုဆို နင်တို့ ဘာလို မထွက်သွားသေးတာလဲ။ ဘာလဲ၊ ဒီဘုရင်မကိုယ်တိုင် မောင်းထုတ်မှ နင်တို့ ထွက်သွားမှာလား”

“ကျုပ်တို့ ထွက်သွားတော့မှာပါ၊ ထွက်သွားတော့မှာ” ချင်းတုန်သည် အလျင်အမြန် ပြန်ပြောလိုက်ပြီးနောက် ရန်ကိုင်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

ရန်ကိုင်လည်း ကျေးဇူးတင်သည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

ချင်းတုန်က စလိုက်သည်နှင့် တစ်ပြိုင်နက် အပျော်ရှာရန် သက်သက် ရောက်လာကြသော အခြား ပညာရှင်များသည်လည်း မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအား လက်သီးဆုပ် နှုတ်ဆက် ပြီးနောက် ထွက်ခွာရန် အသီးသီး ပြင်ကြလေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ သူတို့ မကျေနပ်လျှင်ပင် ဘာမှ မလုပ်နိုင်ဘဲ ထွက်သာ ထွက်သွားရတော့မည်မှန်းကို ကျင်းရှီနှင့် အဘွားကြီးဖုန်း နားလည်လိုက်သည်။

မုန်တိုင်းစဲသွားတော့မည် အချိန်မှာပင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အနီးအနား ပတ်ပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်တို့ ရုတ်တရက် ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။

ထိုအဖြစ်အပျက်အား မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး သူတို့အား တိုက်ခိုက်ပြီအထင်နှင့် အကုန်လုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။ သို့သော် ပြန်လှည့်ကြည့်လိုက်သည့် အခါ သူတို့ ပို၍ အံ့အားသင့်သွားရလေသည်။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည်လည်း မျက်နှာ ဖြူလျော်နေပြီး သူတို့ကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသောကြောင့် ဖြစ်ပေသည်။

သူမ မလှုပ်ရှားခဲ့ပေ။ လောကကြီး ကိုယ်တိုင်သည် သူ့ဘာသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဝုန်း… ဝုန်း… ဝုန်း…

တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာသဖြင့် အကုန်လုံး ခေါင်းမော့ကြည့်လိုက်ရာ ထိတ်လန့်မှုကြောင့် မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ရလေသည်။

ဧကရာဇ်ဥယျာဉ် တည်ရှိရာ ကောင်းကင်ထက်တွင် ကမ္ဘာပျက်ဘေး ဆိုက်ရောက်လာသည့်နှယ် လျှပ်စီးတန်းများ ပြိုးပြိုးပျက်ပျက် လက်နေခဲ့သည်။

ဧကရာဇ်ဥယျာဉ်သည် ပေါ်လာသည့် အချိန်မှစ၍ ယခုအချိန် မတိုင်ခင်အထိ မလှုပ်မယှတ်သာ တည်ရှိနေခဲ့သည်။ အရိပ်ကြယ်၏ ပညာရှင်များသည် အတူတကွ စုပေါင်းပြီး ဧကရာဇ်ဥယျာဉ်ဆီ ဝင်ရန် ကြိုးစားခဲ့သော်လည်း ထွက်သွားခဲ့သည့် လူတစ်ဝက်ကျော် သေသွားခဲ့ပြီး ကျန်လက်ကျန်လူများမှာလည်း ခွေးပြေးဝက်ပြေး ပြန်ထွက်ပြေးလာခဲ့ရသည်။

နောက်ဆုံးတွင် ဧကရာဇ်ဥယျာဉ်သည် ပေါ်လာပြီး ဖြစ်သော်ငြား မပွင့်သေးခြင်း ဖြစ်သည်ဟု အကုန်လုံး သဘောတူ ကောက်ချက်ချလိုက်သည်။

အင်အားစုကြီးများသည် ဧကရာဇ်ဥယျာဉ် ပွင့်လာလျှင် ချက်ချင်း သိနိုင်ရန် သူတို့ အင်အားစုများကို ကောင်းကင်ကံကြမ္မာ မြို့တော်တွင် ကင်းထောက်အဖြစ် ထားရစ်ခဲ့ကြသည်။

သို့သော်လည်း တစ်ချိန်လုံး မလှုပ်မယှတ် ရှိနေခဲ့သော ဧကရာဇ်ဥယျာဉ် ယခုအချိန်ကျမှ ထပွင့်လိမ့်မည်ဟု သူတို့အားလုံး မထင်ထားခဲ့ကြပေ။ အချိန်နှင့်အမျှ မိုးမြေစွမ်းအင်သည် ပို၍ ကသောင်းကနင်း ဖြစ်လာပြီး တစ်စိတ်တစ်ပိုင်းသည် ငါးရောင်ခြည် ရောင်စဉ်အဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းသွားကာ ဧကရာဇ် ဥယျာဉ်ဆီသို့ ပျံသန်းသွားလေသည်။

“ဒြပ်ကြီးငါးပါး မိုးမြေစွမ်းအင်လား” တစ်ယောက်ယောက် အလန့်တကြား ထအော်သည်။ အကုန်လုံးသည် အတော်ကြာအောင် အသက်ရှင်လာခဲ့သူများ ဖြစ်ကြသဖြင့် အတော်လေး အတွေ့အကြုံ ကြွယ်ဝလေရာ ထိုအရာသည် ဒြပ်ကြီးငါးပါး စွမ်းအင်များနှင့် အရိပ်ကြယ်၏ မိုးမြေစွမ်းအင် ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်မှန်း နားလည်လိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး မှင်သက် အံ့ဩနေကြလေသည်။

ထိုဒြပ်ကြီးငါးပါး မိုးမြေစွမ်းအင်သည် ဖြည်းဖြည်းချင်း သွားနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ဧကရာဇ်ဥယျာဉ်ဆီသို့ စုဆုံသွားနေခြင်း ဖြစ်သည်။

တဖြည်းဖြည်းလျှင် ယခင်က သူတို့ မြင်ခဲ့ရသော ဧကရာဇ် ဥယျာဉ်အား ငါးရောင်ခြယ် တိမ်တိုက်များက ဖုံးလွှမ်းသွားလေ၏။ သို့သော် တစ်ချိန်တည်းတွင် ကျယ်သည်ထက် ကျယ်လောင်သော တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာရာ လောကကြီး တစ်ခုလုံးပင် တုန်ခါလာလေတော့သည်။

“ဧကရာဇ်ဥယျာဉ် ပွင့်တော့မှာလား” တစ်ယောက်ယောက်က ရုတ်တရက် ရေရွတ်လိုက်သည်။ ထိုရေရွတ်သံကို ကြားသော် အကုန်လုံး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၁၂)

ကောင်းကင်ကံကြမ္မာမြို့တွင် နေနေကြသော ကျင့်ကြံသူ အားလုံးသည် ယခုကဲ့သို့ ဧကရာဇ်ဥယျာဉ် ပွင့်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသူခြင်း ဖြစ်ကြသည်။

လက်ရှိ ဧကရာဇ်ဥယျာဉ် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေလဲ ဆိုသည်ကို မည်သူမှ မသိကြသော်လည်း ထိုအရာသည် ဧကရာဇ် ဥယျာဉ် ပွင့်တော့မည့် လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပေသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် အကုန်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာပြီး ဧကရာဇ်ဥယျာဉ်၏ ပြောင်းလဲမှုများကို သေချာ စောင့်ကြည့်လေတော့သည်။

အကုန်လုံးသည် အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသော်ငြား ဧကရာဇ်ဥယျာဉ်အနားတော့ တစ်ယောက်မှ မသွားရဲကြပေ။ ဧကရာဇ်ဥယျာဉ်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ မည်သူမှ ကိုယ့်အသက်ကို စတေး၍ ဧကရာဇ်ဥယျာဉ်ကို သွားမစစ်ဆေးရဲပေ။ သွားစစ်ဆေးမည် ဆိုလျှင်ပင် ဧကရာဇ် ဥယျာဉ်နားသို့ မရောက်သေးခင်မှာပဲ ကသောင်းကနင်း ဖြစ်နေသော မိုးမြေစွမ်းအင်များ၏ တစ်စစီ စုတ်ဖြဲခြင်း ခံရပေလိမ့်မည်။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးပင် ဧကရာဇ်ဥယျာဉ်ဆီသို့ ကပ်မသွားရဲဘဲ အဝေးမှနေ၍သာ စောင့်ကြည့်နေခဲ့သည်။

ရန်ကိုင်နှင့် ချန်ချီတို့သည်လည်း အံ့ဩနေသည့် အမူအရာဖြင့် နဂါးလိုဏ်ဂူတောင် အပြင်ဘက်စွန်းတွင် ရပ်လျက် ဧကရာဇ် ဥယျာဉ်အား လှမ်းငေးကြည့်နေကြသည်။

ရုတ်တရက် ကိုယ်သင်းနံ့မွှေးမွှေးလေးနှင့်အတူ ရန်ကိုင် ဘေးတွင် နောက်ထပ်လူတစ်ယောက် ပေါ်လာခဲ့သည်။ ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခါ မတ်တပ်ရပ်လျက် ကောင်းကင်ပေါ်သို့ မော့ကြည့်နေသော ယန်ယန်ကို တွေ့လိုက်ရသည်။

“ဒါဧကရာဇ်ဥယျာဉ် ပွင့်တာ မဟုတ်ဘူး” ယန်ယန်သည် ထူးမခြားနားဟန်ဖြင့် ရေရွတ်လိုက်သည်။ ကံမကောင်းစွာဖြင့် အခြားသူများသည် ဧကရာဇ်ဧဥယျာဉ်ကိုသာ အပြည့်အဝ အာရုံစိုက်နေကြသလို ယန်ယန်နှင့်လည်း ဝေးနေသဖြင့် သူမ ပြောသည်ကို ရန်ကိုင် တစ်ယောက်သာ ကြားလိုက်ပေသည်။

“အဲဒါဆို ဘာဖြစ်နေတာလဲ” ရန်ကိုင် အလျင်စလို ပြန်မေးလိုက်သည်။ အကုန်လုံး ဂယောက်ဂယက်ဖြစ်၊ စိတ်ရှုပ်နေချိန် ယန်ယန်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွားဆိုသော အချက်ကို ရန်ကိုင် ယာယီ မေ့လျော့သွားခဲ့သည်။ ယန်ယန်သာဆိုလျှင် လက်ရှိ မည်သည့်အရာများ ဖြစ်နေလဲ ဆိုသည်ကို နားလည်လောက်၏။

ဤအရာသည် ဧကရာဇ်ဥယျာဉ် ပွင့်မည့် ဖြစ်စဉ် မဟုတ်ဟု ယန်ယန်မှ ပြောလာသဖြင့် ထိုအရာ ဘာဖြစ်နေလဲ ဆိုသည်ကို သူမ သိလောက်ပေသည်။

“သိပ်တော့လည်း မသေချာဘူး။ ဒါပေမယ့် ဧကရာဇ်ဥယျာဉ် ပွင့်တာ မဟုတ်တာတော့ သေချာတယ်။ ဒါပေမယ့်… ဧကရာဇ် ဥယျာဉ်ထဲ ဝင်ခွင့်နဲ့ တစ်ခုခု ပက်သက်နေလိမ့်မယ်” ယန်ယန် မျက်မှောင်ကြုတ်နေသည်။ သူမကိုယ်တိုင်လည်း သိပ်ပြီး သေချာ မသိပေ။ သူမ၏ မှတ်ဥာဏ်အများစုမှာ ပျောက်ပျက်နေသဖြင့် အကြောင်းစုံ မသိသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ထပ်တော့ မပေးခဲ့ပေ။

ယန်ယန် ပေါ်လာသည်ကို သတိပြုမိလိုက်သည်နှင့် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး ပျော်သွားပြီး ချက်ချင်း ယန်ယန်ဆီသို့ ရောက်ချလာလေသည်။ ယန်ယန်အား လေးစား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး တစ်ခုခု ပြောတော့မည်အပြု ယန်ယန်က ရုတ်တရက် ကောက်ပြောလိုက်လေသည် “နောက်မှ ပြောတော့။ အခုတော့ အထဲ ဝင်လာခဲ့ဦး”

ပြောပြီးသည်နှင့် သူမလက်ကို ဝှေ့ရမ်း၍ အကာအရံပေါ်၍ လူတစ်ယောက်စာ အပေါက်တစ်ယောက် ဖန်တီးလိုက်လေသည်။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး အနည်းငယ် ရှက်သွေးဖြာ၊ ပျာတီးပျာယာ ဖြစ်သွားခဲ့ပြီး ယဉ်ယည်ကျေးကျေးဖြင့် ပြန်ပြောလိုက်လေသည် “ဟုတ်”

ချက်ချင်းဆိုသလို ယန်ယန်နှင့်အတူ တောင်ပတ်လည်အား ကာရံထားသည့် အကာအကွယ် အရံအတားကို ဖြတ်သွားလေ၏။ ကဲချီသည် သူမနောက်မှ အနီးကပ် လိုက်သွားခဲ့ကြသည်။ ယခင်ကကဲ့သို့ပင် ကဲချီသည် ယန်ယန်အား ကြောက်နေသေးပြီး သူမအား တည့်တည့်ပင် မကြည့်ရဲချေ။

ချန်ချီ၊ ဟော်ငအန်းနှင့် နင်ရှန်းချန်တို့မှာမူ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအား ကြက်သေသေနေသည့် အမူအရာဖြင့် စိုက်ကြည့်နေကြလေသည်။

သူတို့သုံးယောက်သည် ယန်ယန်အနီးတွင် တစ်ချိန်လုံး ရပ်နေသည့် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး ပြောသွားသည်ကို ကြားနိုင်ခဲ့ပေသည်။ သူမပြောသည်ကို ကြာပြီးနောက် သူတို့နားသူတို့ မယုံကြည်နိုင် ဖြစ်နေသွားခဲ့ကြရသည်။

သူတို့များ နားကြားမှားနေသလားဟုပင် ထင်ရသည်အထိပင်။ သူမကဲ့သို့ လူတစ်ယောက်သည် ယန်ယန်ရှေ့တွင် သစ္စာရှိသော အစေခံတစ်ယောက်နှယ် ပြုမူနေသည်မှာ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ ဤနေရာတွင် တကယ် ဘာတွေများ ဖြစ်နေလေသနည်း။

ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့်သွားသော်ငြား ယန်ယန်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွားဖြစ်မှန်း သိထားသည့် အတွက်ကြောင့် ချန်ချီတို့နှင့် ယှဉ်လိုက်လျှင် သူ့အခြေအနေမှာ အများကြီး ပိုသာပေသည်။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နှင့် တစ်မျိုးတစ်ဖုံ ပက်သက်နေမှန်း ရန်ကိုင် ရိပ်မိနေလေပြီ။

သူ့စိတ်ထဲ တွေးထားမိသည်များ ရှိနေသော်ငြား လက်ရှိ အချိန်သည် ထိုအကြောင်းကို အာရုံစိုက်ရမည့်အချိန် မဟုတ်သေးသဖြင့် နောက်အခွင့်အရေးမှ ယန်ယန်အား မေးရန် ဆုံးဖြတ်လိုက်သည်။

သွားခေါလေးကိုကြည့်ရင်း ရန်ကိုင်သည် ရယ်သွမ်းသွေး၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် “ရောင်းရင်းကဲ၊ ထပ်တွေ့ပြန်ပြီနော်”

အဟန့်.. အဟန်း…

ကဲချီ မသက်မသာ ချောင့်ဟန်းလိုက်ပြီး ခေါင်းကို အလျင်အမြန် ငုံ့လျက် ပြန်ပြောလိုက်သည် “ရှောင်ချီလေ၊ ကျေးဇူးပြုပြီး ရှောင်ချီလို့ပဲ ခေါ်ပါကွာ”

ရန်ကိုင်နှင့် ယန်ယန် မည်ကဲ့သို့ ပက်သက်လဲ ဆိုသည်ကို မသိသော်လည်း ရန်ကိုင်နှင့် ဆက်ဆံရာတွင် အပေါ်စီးမှ မနေရဲပေ။ သူ့ဘိုးဘေးကိုယ်တိုင်ပင် ယန်ယန်ရှေ့တွင် နှိမ့်ချနေသည်ကို သူက စီနီယာသဖွယ် ပြုမူနေပါက သူ့ဘိုးဘေးကို မလေးမစား လုပ်သလို ဖြစ်နေပေလိမ့်မည်။

ရန်ကိုင် မျက်ခုံးတွန့်သွားခဲ့သော်လည်း ပြန်တော့ ပြောမနေခဲ့ပေ။ သူသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိနေသေးသည့် အချိန်တွင် သွားခေါလေးသည် တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူ ဖြစ်နေလေပြီ။ သွာခေါလေးသည် အရမ်းကြီး အသက်မကြီးသေးသော်ငြား သူ့အား ရှောင်ချီဟု ခေါ်ဖို့ရာမှာ ရန်ကိုင်အတွက် သိပ်တော့ မဆင်မပြေလှပေ။

ထိုအခိုက်အတန့်ပြီးနောက်တွင် အကုန်လုံးသည် ဧကရာဇ် ဥယျာဉ်ကို ပြန်အာရုံစိုက်ကြလေသည်။

မိုးချိန်းသံများမှာ အဆက်မပြတ် မြည်ဟည်းနေတုန်းပင်။ လျှပ်စီးတန်းများမှာလည်း ကောင်းကင်နဂါးများ တိမ်ယံကြားဝယ် ကူးခတ်သွားလာနေသည့် အာကာယံတစ်ခွင် ယှတ်ဖြာနေလေရာ တကယ်ကို ရင်ထိတ်အသည်းယားစရာ မြင်ကွင်းတစ်ခုပင်တည်း။ တစ်ချိန်တည်းတွင် ငါးရောင်ခြယ်တိမ်တိုက်များသည် ဧကရာဇ်ဥယျာဉ် တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားသဖြင့် ဧကရာဇ်ဥယျာဉ်၏ ဘေးဘောင်အနားသတ်များ အရိပ်များနှင့် လျှပ်စီးတန်းများကိုသာ မြင်ရတော့လေသည်။

ငါးရောင်ခြယ်မိုးမြေစွမ်းအင် တိမ်တိုက်များသည် ဧကရာဇ် ဥယျာဉ်ဆီသို့ အလျင်အမြန် စုဆုံးသွားနေကြသည်။

ထိုမြင်ကွင်းကို နဂါးလိုဏ်ဂူတောင်နားမှသာ မြင်ရခြင်း မဟုတ်ဘဲ အရိပ်ကြယ်တစ်ခုလုံးမှ မြင်နေရခြင်း ဖြစ်သည်။

အရိပ်ကြယ်ပေါ်တွင် ရှိနေသူတိုင်း ထိုကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကို မြင်နိုင်ပေသည်။ ထိုဖြစ်စဉ်မှ ထွက်ပေါ်နေသော ခမ်းနားကြီးကျယ်သည့် ဖိအားအောက်ဝယ် တန်ခိုးရှင်တတိယ အဆင့်အားလုံး ပုရွတ်ဆိတ်သဖွယ် ဖြစ်ကုန်ကြလေသည်။

အရိပ်ကြယ်ပေါ်ရှိ တစ်နေရာရာတွင်၊ မိုးတိမ်ယံထိတိုင် ထိုးထွက်နေသော မီတာသောင်းကျော်မြင့်သည့် တောင်တစ်တောင် ရှိသည်။ တောင်ပတ်လည်ရှိ မိုးမြေစွမ်းအင်မှာ အတော်လေးကိုမှ သိပ်သည်းလှကာ ခမ်းခမ်းနာနား တည်းဆောက်ထားသော အဆောက်အဦးများစွာလည်း တောင်အနားတွင် ရှိနေကြသည်။

ထိုနေရာကား အခြားမဟုတ်၊ ကြယ်ဧကရာဇ်တောင်ပင် ဖြစ်လေသည်။

ထိုနေရာသည် အရိပ်ကြယ်၏ အားအကောင်းဆုံးသော အင်အားစုတစ်ခုဖြစ်သည့် ကြယ်ဧကရာဇ်တောင် တည်ရှိနေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ကြယ်ဧကရာဇ်တောင်၏ ခွန်အားသည် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ကိုပင် ကြောက်ရွံ့သွားစေသည်အထိ မြင့်မားလှသည်။ သို့‌သော် ထိုမျှ ခွန်အား ကြီးမားလင့်ကစား၊ ကြယ်ဧကရာဇ်တောင်သည် အခြား အင်အားစုများကဲ့သို့‌ မော်မော်ကြွားကြွား မနေဘဲ နှိမ့်ချ၍သာ နေသည်။ ထို့ကြောင့် အရိပ်ကြယ်ပေါ်တွင် ကြယ်ဧကရာဇ်တောင်မှ တပည့်တစ်ယောက်ကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသည့် ကျင့်ကြံသူ အများကြီးပင်။

လက်ရှိတွင် ကြယ်ဧကရာဇ်တောင်၏ အမြင့်ဆုံးနေရာ၌ တည်ဆောက်ထားသော နန်းတော်ထဲတွင် ပညာရှိပဏ္ဍတိကဲ့သို့ ကဲ့သို့ လူတစ်ယောက် ထိုင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ မည်သည့် စွမ်းအင် အရှိန်အဝါမှ ဖြာထွက်နေခြင်းမရှိသဖြင့် မသိလျှင် သာမန် သေမျိုးတစ်ယောက်ဟုပင် ထင်ရသည်။

ထိုပြောင်းလဲမှုများ ရုတ်တရက် ဖြစ်ပွားချိန် ထိုအကြီးအကဲ ပုဂ္ဂိုလ် တင်ပလင်ခွေထိုင်နေရာမှ နိုးလာခဲ့ပြီး ဧကရာဇ်ဥယျာဉ် ရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်သည် အတားအဆီး အားလုံးကို ဖြတ်ကျော်ပြီး ဧကရာဇ်ဥယျာဉ်ကို လှမ်း၍ မြင်နေရသည့်နှယ် ထင်ရသည်။

ခဏအကြာမှသာ သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး မျက်ခုံးပင့်လျက် ရေရွတ်လိုက်လေသည် “ဧကရာဇ်ကျောက်စိမ်းတွေ ပေါ်လာတော့မှာလား”

ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက် ထိုအကြီးအကဲ၏ မျက်နှာထက် အပြုံးတစ်ပွင့် ပေါ်လာပြီး ထိုင်နေရာမှာ ချက်ချင်း ထရပ်လိုက်သည်။ သူထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဆီမှ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအောက် မနိမ့်ကျသော ရှီစွမ်းအင် ဖြာထွက်လာခဲ့လေသည်။

အကြီးအကဲ၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မိုင်ထောင်ပေါင်းများစွာ အကွာရှိ ကျောက်စင်မြင့်တစ်ခုထက်တွင် တင်ပလင်ခွေထိုင်လျက် ငါးရောင်ခြယ်တိမ်တိုက်များအား ထူးမခြားနားဟန်ဖြင့် ငေးစိုက်ကြည့်နေသော လူငယ်လေးတစ်ယောက် ရှိနေသည့် နေရာတွင် ပြန်ပေါ်လာခဲ့သည်။

ထိုအကြီးအကဲကို မြင်လိုက်သည်နှင့် လူငယ်လေး ထိတ်လန့်သွားခဲ့ပြီး အလျင်စလို ထရပ်၍ ဦးညွှတ်လိုက်လေသည် “တပည့် ဆရာကို နှုတ်ဆက်ပါတယ်”

ရန်ကိုင်သာ ဤနေရာတွင် ရှိနေလျှင် ထိုလူငယ်လေးကို ကျိန်းသေ မှတ်မိပေလိမ့်မည်။ ထိုလူငယ်လေးသည် သဲမီးတောက် နယ်မြေထဲတွင် သူနှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့သည့် လန်ချင်း ဖြစ်ပေသည်။

အရိပ်ကြယ်ပေါ်၏ လူငယ်မျိုးဆက်ထဲတွင် ရန်ကိုင် တကယ်တမ်း သတိထားအာရုံစိုက်သည့်လူ နှစ်ယောက်သာ ရှိသည်။ လူရီနှင့် လန်ချင်းပင်။

လက်ရှိ လန်ချန်းသည် သူတော်စင်ဘုရင် တတိယအဆင့် မဟုတ်တော့ဘဲ တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေခဲ့လေပြီ။

“အင်း၊ အကြီးအကဲတွေ အားလုံးကို ထွက်ဖို့ ပြင်တော့လို့ ငါ့အမိန့်ထုတ်လိုက်”

ထိုအမိန့်ကြောင့် လန်ချင်း ကြောင်သွားခဲ့ပြီး အလျင်စလို လက်သီးဆုပ်၍ ပြန်မေးလိုက်လေသည် “အကြီးအကဲတွေကို ဘာလို့ ထွက်သွားခိုင်းလဲ တပည့် သိလို့ရမလားဆရာ”

အကြီးအကဲသည် လူငယ်လေး၏ မေးခွန်းကြောင့် ဒေါသထွက်သွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍ ရှင်းပြလိုက်လေသည် “ဧကရာဇ်ကျောက်စိမ်းတွေ ပေါ်လာတော့မှာ ဆိုတော့ အကြီးအကဲတွေအားလုံး မလှုပ်ရှားလို့မရဘူး။ ဒီကိစ္စက ဧကရာဇ်ဥယျာဉ်ထဲ ဝင်ခွင့်နဲ့ ပက်သက်နေတယ်။ ဒါကြောင့် အခြားသူတွေဆီက လုရမယ်ဆိုရင်တောင် လုရမှာပဲ။ အဓိကက ဧကရာဇ်ကျောက်စိမ်း များနိုင်သမျှ များများရဖို့ပဲ”

“ဟုတ်ကဲ့” လန်ချန်း သိပ်နားမလည်သော်လည်း ထပ်မမေးရဲတော့သဖြင့် အလျင်အမြန် ထွက်သွားလိုက်လေသည်။

လန်ချင်း ထွက်သွားသည်နှင့် အကြီးအကဲသည် သူ့ရင်ဘတ်ကို ဖိ၍ ချောင်းဆိုးလိုက်လေသည်။ သူ့မျက်နှာမှာလည်း ရှိရင်းစွဲထက် အနည်းငယ် ပိုဖြူလျော်သွားခဲ့သည်။

သူဒဏ်ရာရထားခြင်း ဖြစ်သည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်ကများ သူ့အား ဒဏ်ရာရအောင် လုပ်နိုင်လေသနည်း။

“ဧကရာဇ်ကျောက်စိမ်းတွေ ပေါ်လာပြီဆိုတော့ ဧကရာဇ် ဥယျာဉ်လည်း ပွင့်ဖို့ သိပ်မကြာ့တော့ဘူး။ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။ ဒီလိုအချိန်ကြီးမှ ဒဏ်ရာရရတယ်လို့။ ဟိုသောက်မိန်းမပျက်မကွာ” အကြီးအကဲ၏ မျက်နှာ ချက်ချင်း ခက်ထန်သွားပြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

သူပြောနေသည့် မိန်းမပျက်မမူကား မည်သို့ကို ရည်ညွှန်းမှန်း မည်သူမှ မသိပါချေ။

နဂါးလိုဏ်ဂူတောင်အနီးတွင်၊ စုဝေးနေသော ကျင့်ကြံသူများ အားလုံးသည် ဧကရာဇ်ဥယျာဉ်အား မမှိတ်မသုံ စိုက်ကြည့်နေကြသည်။

နေ့တစ်ဝက်လောက်ကြာအောင် ထိုကဲ့သို့ ဖြစ်နေပြီးနောက် ပြောင်းလဲမှုအသစ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။

ဧကရာဇ်ဥယျာည်အား ဖုံးအုပ်ထားသော ငါးရောင်ခြယ် အလင်းရောင်တို့ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ကသောင်းကနင်း ဖြစ်နေသော ဒြပ်ကြီးငါးပါး မိုးမြေစွမ်းအင်တို့မှာလည်း ချက်ချင်းဆိုသလို ပကတိ တည်ငြိမ်သွားကုန်ကြလေသည်။

ဧကရာဇ်ဥယျာဉ်အား ကြည့်နေရင်း အကုန်လုံး ရုတ်တရက် သက်ပြင်းရှိုက်လိုက်ကြသည်။

လက်ရှိ ဧကရာဇ်ဥယျာဉ်သည် ယခင် ဧကရာဇ်ဥယျာဉ်နှင့် မတူတော့ပေ။ လက်ရှိ ဧကရာဇ်ဥယျာဉ်သည် ယခင်ကထက် ပိုကြီးလာရုံမက အဆောက်အဦးများစွာကိုပါ ၎င်းအထဲတွင် မြင်တွေ့လာရသည်။

“ဟုတ်တယ်။ ဒါပဲ၊ ဒါဧကရာဇ်ဥယျာဉ်ရဲ့ တကယ့်ပုံစံ အမှန်ပဲ” ယန်ယန်က တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည် “ငါတို့ အရင် မြင်ခဲ့တာ ဧကရာဇ်ဥယျာဉ်ရဲ့ အခြားတစ်ဝက်ပဲ။ ငါတို့ မမြင်ခဲ့တဲ့ နောက်တစ်ဝက် ရှိသေးတယ်။ အဲ့နှစ်ခု ပေါင်းသွားတော့မှပဲ ဧကရာဇ်ဥယျာဉ် တကယ် ပေါ်လာမှာ။ ဒီပုံစံ ပေါ်လာပြီဆိုတော့ ဧကရာဇ်ဥယျာဉ် ဖွင့်ဖို့ သိပ်မကြာတော့ဘူး”

ထိုစကားကြားသဖြင့် နောက်လှည့်ကြည့်လိုက်ရာ အတွေးနက်နေသည့်နှယ် မျက်မှောင်ကြီးကြုတ်နေသော ယန်ယန်ကို ရန်ကိုင် တွေ့လိုက်ရလေသည်။

လောလောဆယ်တွင် ဧကရာဇ်ဆီသည် ယခင်ထက်ပင် ပို၍ ကြီးကျယ်ခမ်းနား ဆန်းကြယ်သော အရှိန်အဝါကို ပေးစွမ်းနေပြီ။ ထိုအရှိန်အဝါအောက်ဝယ် ရှိနေသူအားလုံး တုန်ရီနေကြရလေပြီ။ ထိုအရှိန်အဝါကား အခြားမဟုတ်၊ ဧကရာဇ်ဖိအားပင်တည်း။

ပြောင်းလဲမှုဖြစ်စဉ် ပြီးဆုံးသွားပြီးနောက် ဧကရာဇ်ဥယျာဉ်ဆီမှ ဖြာထွက်လာသော ဧကရာဇ်ဖိအားသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုဧကရာဇ် ဖိအားကြောင့် ဧကရာဇ်ဥယျာဉ်နား မနီးတနီး သွားကြည့်မည့် အတွေးများအားလုံး ပျောက်ကွယ်သွားကြကုန်ပြီး အကုန်လုံး အလိုလို တံတွေးတစ်လုတ် မျိုချမိလိုက်ကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၁၃)

ပြင်းစွာသော ဧကရာဇ်ဖိအားကြောင့် အကုန်လုံး အသက်ပင် ကောင်းကောင်းမရှုနိုင် ဖြစ်လာကြသည်။ ဧကရာဇ်ဥယျာဉ် ပွင့်ပြီ အထင်နှင့် ပျော်နေသော အပျော်လေးများလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြရလေပြီ။

ထိုဧကရာဇ်ဖိအားအောက်ဝယ်၊ သူတို့ အဆင့်တန်း၊ အသက်၊ ခွန်အား မည်သို့ပင် ဖြစ်နေစေကာမူ အကုန်လုံး သူတို့ကိုယ်သူတို့ သုံးနှစ်သား ကလေးများသဖွယ် ခံစားလာကြရသည်။ ထိုအဖြစ်အပျက်ကြောင့် ကြယ်တာရာကောင်းကင်ဧကရာဇ်၏ ခွန်အား မည်မျှ ကြောက်စရာကောင်းမှန်းကိုလည်း အကုန်လုံး နားလည် သဘောပေါက်သွားခဲ့ကြလေသည်။

လက်ကျန် ဧကရာဇ်ဖိအားသက်သက်ပင် သူတို့အား ဤကဲ့သို့ ဖိအားပေးနိုင်လေရာ မဟာဧကရာဇ်ကိုယ်တိုင်သာ အသက်ရှင်နေဦးမည် ဆိုပါက သူတို့အားလုံးကို သတ်ပစ်ရန် အတွေး တစ်ချက်သာ လိုပေလိမ့်မည်။

ထိုစွမ်းအားသည် တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်နေသည့် စွမ်းအား ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် ဧကရာဇ်ဖိအားသည် အမွှေးတိုင် တစ်ချောင်းလောက်သာ တည်ရှိနေခဲ့ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။ သိုသော်လည်း ထိုအမွှေးတိုင် တစ်ချောင်းစာအတွင်း အကုန်လုံး ချွေးအေးများဖြင့် စိုရွဲ သွားကုန်ကြပြီး ကြောက်ရွံ့မှုတို့ သူတို့ မျက်နှာထက် အထင်သား ထွက်ပေါ်နေခဲ့ကြလေသည်။

အကုန်လုံး သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်ပင် မလုပ်ရသေးခင်မှာပဲ အခြားသော ပြောင်းလဲမှုတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

ဧကရာဇ်ဥယျာဉ်ဆီမှ နားပင်းမတတ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး လောကကြီးတစ်ခုလုံး တုန်ခါလာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ” လူအချို့ ထိတ်လန့်တကြား ထအော်ကြလေသည်။ ယနေ့ သူတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များသည် အကုန်လုံးအား ဘာများဖြစ်နေလို့ ဖြစ်နေမှန်းမသိအောင် ဖြစ်စေခဲ့လေသည်။

မော့ကြည့်လိုက်ရာ ဧကရာဇ်ဥယျာဉ်ထဲမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ တဖြည်းဖြည်း ကျလာသည်ကို မြင်လိုက်ကြရသည်။ ထိုအလင်းတန်းသည် လက်မောင်း တစ်ချောင်းစာလောက်သာ ထူသော်ငြား ၎င်းထဲတွင် ပါဝင်နေသော စွမ်းအားမှာ မည်မျှမှ လျစ်လျုမရှုနိုင်သည်ထိ အားကောင်းလှသည်။

ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့လေသည်။

အကြောင်းမှာ ထိုအလင်းတန်း ကျလာသည့် နေရာသည် နဂါးလိုဏ်ဂူတောင် ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။

ဧကရာဇ်ဥယျာဉ်သည် နဂါးလိုဏ်ဂူတောင် အပေါ် တည့်တည့်တွင် ရှိနေခြင်း ဖြစ်သည့်အတွက် ထိုအလင်းတန်း တည့်တည့် ကျလာသည့်အခါ အောက်ဘက်တွင် ရှိနေသော နဂါးလိုဏ်ဂူတောင်က အကျိုးဆက်ကို ခံရပေတော့သည်။

တောင်အကာအရံနှင့် အတွင်းပိုင်းရှိ အကာအရံများသည် အလွန်ကို အားကောင်းလှသော်လည်း ထိုအလင်းတန်းကို ခုခံနိုင်လိမ့်မည်ဟုတော့ ရန်ကိုင် ယုံကြည်ချက်မရှိ၊ ယန်ယန်လည်း သူ့ကဲ့သို့ စိုးရိမ်နေသည်ကို မြင်သော် ရန်ကိုင် ပို၍ ထိတ်လန့် စိုးရိမ်သွားခဲ့ရလေသည်။

မျက်တောင်တစ်ခတ်အတဝွင်း ထိုအလင်းတန်သည် နဂါးလိုဏ်ဂူတောင်၏ တောင်အကာအရံအား လာရောက် ထိမှန်လေသည်။ တန်ခိုးရှင်အဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုကို နှစ်ရက်နှစ်ညတိုင်တိုင် ခုခံနိုင်ခဲ့သော တောင်အကာအရံသည် ထိုအလင်းတန်းအောက်ဝယ် ချစ်ချစ်တောက် ပူလောင်နေသော နေရောင်နှင့် ထိတွေ့လိုက်ရသည့် နှင်းပမာ အရည် ပျော်ကျလေတော့သည်။

ထိုအလင်းတန်း၏ ထိုးဖောက်ခြင်း ခံလိုက်ရသည့်အတွက် တောင်အကာအရံ၏ အရောင်အဝါမှာ အလျင်အမြန် မှိန်ကျ လာခဲ့ရလေသည်။ ထို့နောက် အလင်းတန်းသည် နဂါးလိုဏ်ဂူတောင်ထဲရှိ တစ်နေရာရာဆီသို့ ရောက်သွားလေ၏။

မရေမတွက်နိုင်သော မျက်လုံးအစုံသည် အလင်းတန်း ထိုဖောက်သွားရာနေရာဆီသို့ စုံပြုံရောက်ရှိလာခဲ့သည်။ အကြည့်တိုင်း အကြည့်တိုင်းထဲတွင် လောဘ၊ အံ့အားသင့်မှု၊ နားမလည်နိုင်မှု၊ ချောက်ခြားမှုတို့ ကိန်းအောင်နေခဲ့သည်။

ထိုအလင်းတန်း မည်သည့်အရာပင် ဖြစ်ပါစေ ဧကရာဇ် ဥယျာဉ်မှ လာခဲ့သည့် ပစ္စည်းတစ်ခုဆိုသည်မှာတော့ သေချာသည်။ သူတို့ကိုယ်တိုင် မျက်စိတပ်အပ်ဖြင့် မြင်ခဲ့ခြင်း မဟုတ်လေလော။

ထိုအရာ မည်သည့်အရာ ဖြစ်သလဲဆိုသည်ကို အကုန်လုံး သိချင်နေကြလေပြီ။

အဖိုးအနန္ဂထိုက်တန်သည့် ရတနာတစ်ခုများ ဖြစ်နေမလား၊ သို့မဟုတ် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ခွင့်တစ်ခုခုများ ဖြစ်နေမလား။ မည်သည့်အရာပင် ဖြစ်ပါစေ သူတို့ရင်ထဲရှိ လောဘသည် ထိုအရာဘာလဲဆိုသည်ကို သွားကြည့်ပါဟု သူတို့အား တွန်းအားပေးနေခဲ့သည်။ ထိုအလင်းတန်းကြောင့် နဂါးလိုဏ်ဂူတောင်သည် အားလုံး၏ အာရုံစိုက်ရာနေရာတစ်ခု ပြန်ဖြစ်လာခဲ့လေသည်။

ယခု နဂါးလိုဏ်ဂူတောင်၏ တောင်အကာအရံ ပျက်စီးသွားခဲ့လေပြီ။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးမှ လူအုပ်ကြီးကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ဝေ့ကြည့်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အကုန်လုံး နဂါးလိုဏ်ဂူတောင်ထဲ ပြေးဝင်ပြီး အစောပိုင်းက အလင်းတန်း မည်သည့် အရာဖြစ်သလဲ ဆိုသည်ကို အပြေးအလွှား ပြေးကြည့်နေကြလေပြီ။

သို့သော်လည်း ထိုမတိုးသာမဆုတ်သာ အခြေအနေ မည်သည့် အချိန် ကျိုးပျက်သွားမလဲ မည်သူမှ မပြောနိုင်ကြ။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် တစ်ယောက်တည်း ဖြစ်နေချိန် တောင်ထဲသို့ ဝင်ချင်နေကြသည့်လူများမှာ အများကြီးပင် မဟုတ်လေလော။ သူမ တစ်ယောက်တည်းဖြင့် ထိုလူအများကြီး တားနိုင်မည်လား။

အခြေအနေ တဖြည်းဖြည်း တင်းမာလာနေသည်ကို သတိပြုမိသော် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် သူမ၏ အရှိန်အဝါကို ဖြန့်ကျက်ချလိုက်လေသည်။ ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ အတော့်ကိုမှ ခါးသက်သက် ခံစားလိုက်ရသည်။

ယခုသူ့တွင် လုပ်စရာ နှစ်ခုသာ ရှိတော့သည်။ တစ်ခုသည် အားလုံးသည် တောင်ထဲသို့ ဝင်ခွင့်ပေးပြီး အစောပိုင်းက ပေါ်လာ‌သော အလင်းတန်း မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကို ပေးပြလိုက်ဖို့ပင်။ ဒုတိယတစ်ခုသည်ကား အကုန်လုံးအား တောင်ထဲ ဝင်ခွင့်မပေးဘဲ သူ့တောင်ထဲ ရောက်လာသော ရတနာကို တစ်ကိုယ်တည်း မောင်ပိုင်စီးဖို့ပင်။

အကုန်လုံးကို တားဖို့မှာ မဖြစ်နိုင်ပေ။ ကျားတစ်ကောင်ပင် ဝံပုလွေတစ်အုပ်ကို မရင်ဆိုင်နိုင်လေရာ ယခု သူရင်ဆိုင်နေရသည့် လူများမှာ ကျားအုပ်ကြီးဖြစ်သည်။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး တစ်ယောက်တည်းဖြင့် ထိုလူအားလုံးကို မည်သို့မှ တားနိုင်လိမ့်မည် မဟုတ်ချေ။

သူကိုယ်တိုင်ကလည်း အလွယ်တကူ လက်လျှော့တတ်သည့် လူစားမဟုတ်ပြန်သည်ကခက်၊ အခြားသူများ တောင်ထဲ ရောက်သွားသည့် အလင်းတန်း မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကို သိချင်နေချိန် သူကိုယ်တိုင်ကလည်း ထိုအရာ ဘာဖြစ်မလဲ ဆိုသည်ကို သိချင်နေမိသည်။

လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည့်အခိုက် သူသာ အမြန် ဆုံးဖြတ်ချက်မချလျှင် အကုန်လုံး လှုပ်ရှားတော့မည်ကို မြင်သော် ရန်ကိုင်လည်း ဆုံးဖြတ်ချက်တစ်ခု ချရတော့လေသည်။

ထို့နောက် မျိုးရိုးနာမည်ရီနှင့် အမျိးသမီးအား ကောင်းကင် စိတ်အာရံဖြင့် လှမ်းပြောလိုက်သည်။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် အနည်းငယ် အံ့အားသင့်နေသည့် အမူအရာဖြင့် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည်။

ထိုစဉ် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ စိတ်မရှည်တော့သော မိုရှောင်ချန်က ရှေ့တစ်လှမ်းတိုး၍ လက်သီးဆုပ်ကာအ လေးအနက် အမူအရာဖြင့် ပြောလိုက်သည် “စီနီယာအစ်မရီ…”

သူပြောလို့ မပြီးသေးခင်မှာပင် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးက ကြားဖြတ်ပြောလိုက်သည် “စဉ်းတောင် မစဉ်းစားနဲ့”

တစ်ချိန်တည်းတွင် ရန်ကိုင်ရပ်နေသည့် နေရာရှိ ဟင်းလင်းပြင် အနည်းငယ် လှုပ်ခါသွားပြီး ရန်ကိုင်၏ ပုံရိပ်သည် တဖြည်းဖြည်း‌ ဝေဝါး ပျောက်ကွယ်သွားခဲ့လေသည်။

“လေဟာနယ်စွမ်းအားလား” တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော ရန်ကိုင်၏ ပုံရိပ်ကို ကြည့်ရင်း မိုရှောင်ရှန်း မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အကြီးအကဲချုပ်ဖြစ်သော သူသည်လည်း လေဟာနယ်စွမ်းအားကို ကျင့်ကြံထားပေသည်။ ထို့ကြောင့် အခြားသူများနှင့်ယှဉ်လျှင် လေဟာနယ်စွမ်းအားကို သူပို၍ ရင်းနှီးပေသည်။

ရန်ကိုင် လေဟာနယ်စွမ်းအား သုံးပြီး ထိုနေရာမှ ချက်ချင်း ထွက်သွားသည်ကို မြင်သော် ထိုကောင်လေး ဘာလုပ်ရန် ကြံနေလဲ ဆိုသည်ကို မိုရှောင်ရှန်း ချက်ချင်း နားလည်လိုက်သည်။ ချက်ချင်း ဒေါသတကြီး ထအော်ပြီး “ကောင်လေး၊ မင်းလုပ်ရဲလား”

သူကြောက်သည် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသာ ရှိသည်။ နဂါးလိုဏ်ဂူတောင်ထဲရှိ အခြား မည်သည့်ကိုသူ သူဂရုမစိုက်ပေ။ သူတို့ကဲ့သို့ ဝါရင့်ဆရာကြီးများ အများကြီး ရှိနေလျက်နှင့် သူတို့ မျက်နှာကိုမှမထောက်၊ သူတို့ မျက်လုံးရှေ့တည့်တည့်ရှိ ရတနာအား သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူလေး တစ်ယောက်မှ လုယူချင်နေသည်ကို သူမည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။

အော်ဟစ်လိုက်ပြီးသည်နှင့် သူ့ပုံရိပ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ရန်ကိုင်ကဲ့သို့ပင် သူလည်း လေဟာနယ် စွမ်းအားကို သုံးလိုက်ခြင်း ဖြစ်သည်။

“ငါ့ကို ကျော်ချင်တာလား၊ ရရိုးလား။ ဒီကို ပြန်လာစမ်း” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် သူမ၏ ကျောက်စိမ်း လက်သွယ်သွယ်လေးဖြင့် ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်ရာ မိုးမြေစွမ်းအင်များ ရုတ်တရက် ကျုံ့ဝင်လာပြီး လူရိပ်တစ်ခု ဟင်းလင်းပြင်ထဲမှ ဒယီးဒယိုင် ထွက်ပေါ်လာခဲ့လေသည်။ ထိုလူသည် အခြားမဟုတ်၊ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအား ကြည့်နေသော မိုရှောင်ရှန်းသာ ဖြစ်လေသည်။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် သူ့လေဟာနယ် စွမ်းအားကို အလွယ်တကူ ဟန့်တားနိုင်လိမ့်မည်ဟု မိုရှောင်ရှန်း မထင်ထားခဲ့ချေ။

ရန်ကိုင်နှင့် မိုရှောင်ရှန်းတို့၏ လုပ်ရပ်ကြောင့် မတည်ငြိမ်သော မျှချေ ရုတ်ချည်း ကျိုးပျက်သွားလေသည်။ ပညာရှင် တစ်ယောက်ပြီး တစ်ယောက်တို့သည် သူတို့၏ ပညာရပ် အသီးသီးကို ထုတ်သုံး၍ နဂါးလိုဏ်ဂူတောင်ထဲသို့ သူထက်ငါ ဦးအောင် ပြေးဝင်ကြတော့လေသည်။

“မည်သူမှသွားဖို့ မစဉ်းစားနဲ့” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး ရုတ်တရက် ပျောက်ကွယ်သွားပြီး နဂါးလိုဏ်ဂူတောင်ထဲ ပြေးဝင်ရန် ပြင်နေသော လူအုပ်ကြီးရှေ့ ပြန်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမလက်ထဲ၍ ဆီမီးအိမ်တစ်လုံးပါ ရှိနေခဲ့၏။ သူမလက်တစ်ဖက်ကို မီးအိမ်ထဲရှိ မီးစာပေါ်တွင် တင်လျက် ထိုမီးစာအား အပြာတောင်မီးတောက်ဖြင့် မီးညှိလိုက်သည်။

ထို့နောက် ထို့နောက် မီးစားကို စွမ်းအင်လှိုင်းဖြင့် ရိုက်ထုတ်လိုက်ရာ အပြာရောင်မီးတောက်များ အဘက်ဘက်သို့ ပြန့်ကားထွက်လေသည်။ ထိုအပြာရောင်မီးတောက်များမှ တစ်ဆင့် မီတာပေါင်းများစွာ ရှည်လျာပြီး အားကောင်းသော ဖိအားကို ထုတ်လွှတ်နေသည့် မီးငှက်တစ်ကောင် ဖြစ်ပေါ်လာခဲ့သည်။ မီးငှက်သည် ပါးစပ်ကိုဟ၍ နဂါးလိုဏ်ဂူတောင်ထဲ ပြေးဝင်လာနေကြသော ပညာရှင်များသည် လက်ဆေးဇလုံ အရွယ်အစားရှိသော မီးလုံးများကို ပစ်လွှတ်လိုက်လေသည်။

“အရိုးကြွေမီးအိမ်လား” လူအုပ်ထဲတွင် ရှိနေသော ဗဟုသုတ ကြွယ်ဝသည့် ပညာရှင်တစ်ယောက်သည် ထိုမီးအပ်ကို မြင်လိုက်သည်နှင့် အလန့်တကြား ထအော်ပြီး သူ့အားကောင်းဆုံး အကာအကွယ် မှော်ရတနာကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။

အရိုးကြွေမီးအိမ်ဆိုသော အသံကို ကြားလိုက်ချိန် အခြား သူများလည်း ထိတ်လန့်တုန်လှုပ်သွားကုန်ကြပြီး ချက်ချင်း နောက်သို့ ပြန်ဆုတ်ကုန်ကြလေသည်။

အရိုးကြွေမီးအိမ်ကို သူတို့ ကြောက်သည်မှာလည်း အပြစ်မဆိုသာ၊ အရိုးကြွေမီးအိမ်သည် အရိပ်ကြယ်၏ နာမည်ကျော် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများထဲမှ တစ်ခု ဖြစ်သည်ကိုး။ ထို့အပြင် ထိုမှော်ရတနာအား သုံးနေသည့်လူမှာ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးလေ။ သူတို့ မကြောက်ဘဲ ဘယ်နေမည်နည်း။

ထိုကဲ့သို့သော မှော်ရတနာများကို အရိပ်ကြယ်ရှိ ပန်းပဲ ပညာရှင်များ မပြုလုပ်နိုင်ကြပေ။ ထိုမှော်ရတနာများသည် ရှေးခတ်ကတည်းက ကျန်ရစ်ခဲ့သော ရှေးဟောင်းပစ္စည်းများ ဖြစ်ကြပေသည်။ အရိုးကြွေမီးအိမ်နှင့် ရင်ဆိုင်ရလျှင် ထိုမီးတောက်များနှင့် မထိမိအောင် အတတ်နိုင်ဆုံး သတိပြု ဂရုစိုက်ရသည်။ ထိမိခဲ့သည်ဆိုလျှင်တော့ တစ်ခါတည်း လောကကြီးကို လက်ပြနှုတ်ဆက်သွားရပေလိမ့်မည်။

အရိုးကြွေမီးအိမ် ပေါ်လာသည့်နောက် ရှေ့တက်ရန် ပြင်နေကြသော ပညာရှင်အားလုံးကို ပြန်ဆုတ်သွားကုန်ကြပြီး ရှေ့တိုးရ၊ နောက်ဆုတ်ရ စဉ်းစားရ ခက်ကုန်ကြလေသည်။

သို့သော်လည်း မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် အလွန်ကို အားကောင်းသည့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူမ တစ်ယောက်တည်းဖြင့် ထိုမျှ လူအများကြီးကို မကိုင်တွယ်နိုင်ပေ။ လူအုပ်ထဲတွင် သူမနှင့် ကျင့်ကြံခြင်း အဆင့်တူသည့် ကျင့်ကြံသူ အများကြီး ရှိနေပေသည်။ ပိုဆိုးသည်ကား အရိုးကြွေမီးအိမ်ကို ထုတ်သုံးပြီးနောက် သူမမျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။

သူမ ကျင့်ကြံခြင်းဖြင့်ပင်လျှင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို ထုတ်သုံးရသည်မှာ အတော်လေး ဝန်ပိလှသည်။

“အစ်မရီ ကျုပ်တို့အများကြီးနဲ့ တကယ်ပဲ ရန်သူ ဖြစ်ချင်နေတာလား” ကောင်းကင်မုန်တိုင်းဂိုဏ်းမှ ချန်ဖုန်းရွှမ်သည် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအား သုန်မှုန်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးကမူ နှာခေါင်းရှုံ့၍သာ ပြန်ပြောလိုက်လေသည် “နင်တို့ ဒီအတိုင်းရပ်နေရင် ဒီဘုရင်မ ဘာမှလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် တောင်ထဲ ဝင်ဖို့ ကြိုးစာမယ် ဆိုရင်တော့ ငါသဘောတူမတူ အရင်မေးရလိမ့်မယ်”

“အဲ့လိုဆိုတော့ အစ်မရီက ကျုပ်တို့ကို စိတ်ရှိတိုင်း အနိုင်ကျင့်လို့ရတဲ့ အားနည်းတဲ့ကောင်လေးတွေ မှတ်နေတာလား” မိုရှောင်ရှန်းက သုန်သုန်မှုန်မှုန်ဖြင့် အော်ပြောလိုက်သည်။ ရန်ကိုင် နောက်သို့ လိုက်မည် ပြင်စဉ်က မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးကြောင့် သူ့အစီအစဉ် မအောင်ခဲ့ရုံမက လူကြားထဲ အရှက်ပါ ကွဲခဲ့ရသဖြင့် မိုရှောင်ရှန်း အတော်လေး တင်းနေခဲ့သည်။

“ဒီဘုရင်မလည်း အားနည်းတဲ့လူတစ်ယောက် မဟုတ်ဘူး။ နင်တို့ မယုံရင် လာစမ်းကြည့်လို့ရတယ်” မျိုးရိုးနာမည်ရီသည် နည်းနည်းလေးမှ အလျှော့မပေးဘဲ အချေအတင် ပြန်ပြောလေသည်။

မိုရှောင်ရှန်းနှင့် ချန်ဖုန်းရွှမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး အချင်းချင်း ခေါင်းညိတ်ပြလိုက်သည်။

“အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း ယဉ်ကျေးမနေတော့ဘူပေါ့” ထိုကဲ့သို့‌ အော်ပြောလိုက်ပြီးနောက် ပိန်းပိန်းပိတ် မည်းနက်နေသော တုတ်တိုတစ်ချောင်းကို မိုရှောင်ရှန်း ထုတ်ယူလိုက်လေသည်။ ထိုတုတ်တိုသည် သာမန်သာ ထင်ရသော်လည်း မိုရှောင်ရှန်းမှ ထိုကဲ့သို့ သူတော်စင်ချီ ထည့်သွင်းလိုက်ချိန် ၎င်းဆီမှ ထိတ်လန့်ဖွယ်ရာ စွမ်းအင် အရှိန်အဝါတို့ ထွက်ပေါ်လာပြီး အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းလျက် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။

မိုရှောင်ရှန်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ဖုန်းရွှမ်လည်း လှုပ်ရှားလိုက်သည်။

နှောင့်နှေးနေခြင်းသည် ပြဿနာများစွာကို ဖြစ်စေနိုင်သည်။ ထိုအမျိုးသမီးကြောင့် ရှေ့မတက်နိုင်သည့် အဖြစ်မျိုး နှစ်ယောက်လုံး မကြုံချင်ကြပေ။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်ထဲ မြန်မြန်ဝင်နိုင်ပြီး အလင်းတန်း မည်သည့် ရတနာမျိုး ဖြစ်သလဲ ဆိုသည်ကို စစ်ဆေးနိုင်ရန်အတွက် သူတို့၏ အကောင်းဆုံး တိုက်ကွက်များကို ချက်ချင်း ထုတ်သုံးကြလေတော့သည်။

ချန်ဖုန်းရွှမ် ထုတ်လိုက်သည့် မှော်ရတနာမှာ ချိတ်စည်းကဲ့သို့ မှော်ရတနာမျိုး ဖြစ်သည်။ ထိုမှော်ရတနာသည် တောင်တစ်လုံစာ အရွယ်သို့ ကြီးမားလာပြီးသည့်နောက်တွင် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအား ရိုက်ချလာခဲ့လေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ ကျင်းရှီ၊ သားရဲများတောင်တန်းမှ အဘွားကြီးဖုန်းနှင့် အခြားသော ပညာရှင်များသည်လည်း နောက်မကျချင်တော့သည့် အတွက် မိုရှောင်ရှန်း၊ ချန်ဖုန်းရွှမ်တို့နှင့်အတူ ပူးပေါင်းကာ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးကို တိုက်ခိုက်ကြလေတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၁၄)

မျိုးရိုးနာမည်ရီ၏ ခွန်အားနှင့် ဂုဏ်သတင်းမှာ သံသယ ရှိစရာမလိုအောင်ကို လွှမ်းမိုးနိုင်စွမ်း ကြီးမားသော်လည်း လူ့လောဘကို မည်သည့်အရာကမှ မတားဆီးနိုင်ချေ။ ထို့အပြင် လောလောဆယ်တွင် သူမသည် လူပေါင်းများစွာနှင့် တစ်ယောက် ယှဉ်တိုက်နေရခြင်း ဖြစ်သည်။ ထိုလူပေါင်းများစွာကို သူမ တစ်ယောက်တည်း မည်ကဲ့သို့ တားနိုင်မည်နည်း။

ချင်းတုန်နှင့် ဖေးကျီတုတို့သာ မလှုပ်ရှားခြင်း ဖြစ်သည်။ မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ရန်ကိုင်ဘက်မှ ဖြစ်သည့် အတွက် သူမအား သူတို့ သွားတိုက်ခိုက်မည် မဟုတ်ပေ။ လက်ရှိတွင် နှစ်ယောက်စလုံး ရန်ကိုင်အား စိတ်ပူနေကြသည်။

သူတို့အပြင် မလှုပ်ရှားသေးသည့် အခြားနှစ်ဖွဲ့လည်း ရှိသည်။ ထိုနှစ်ဖွဲ့ကား အခြားမဟုတ်၊ အကြီးအကဲမိုယု ဦးဆောင်သည့် ကြည်လင်ကောင်းကင်ဂိုဏ်း အဖွဲ့နှင့် အကြီးအကဲကုန်းအောင်ဖု ဦးဆောင်သည့် ဖန်သွေးရောင်ဂိုဏ်း အဖွဲ့တို့ ဖြစ်ပေသည်။

အကြီးအကဲမိုယုသည် နဂါးလိုဏ်ဂူတောင် အတွင်းကိုသာ ပြုံးပြီး ကြည့်နေသဖြင့် လောလောဆယ်တွင် သူဘာတွေးနေသလဲ ပြောရ ခက်ပေသည်။

ကုန်းအောင်ဖုမူကား သူမလည်း အခြားသူများကဲ့သို့ နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်ရောက်ချင်သော်လည်း တန်ခိုးရှင် တတိယအဆင့်သို့ သူမချိုးဖျက်ထားသည်မှာ သိပ်မကြာသေးပေ။ ထို့ကြောင့် လက်ရှိ ရှိနေသူသည့် ပညာရှင်များထဲ၌ သူမ ခွန်အားသည် အတော်လေး နိမ့်ကျသည့်အထဲ ပါပေသည်။ မျိုရိုးနာမည်ရီနှင့် အမျိုးသမီး၏ စွမ်းအားကို မြင်သော် ကုန်းအောင်ဖု ကူကယ်ရာမဲ့စွာ နောက်ပြန်ဆုတ်ရုံသာ တတ်နိုင်ခဲ့လေသည်။

ထိုနှစ်ဖွဲ့မှလွဲ၍ အခြားသူ အကုန်လုံးသည် နဂါးလိုဏ်ဂူတောင် ထဲသို့ အသည်းအသန်း ပြေးသွားနေကြသည်။ သူတို့ ကျင့်ကြံခြင်း နိမ့်ကျသည့် အချက်ကိုလည်း ဂရုမစိုက်ကြပေ။ အများစုသည် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးအား ရန်မစမိချင်သည့် အတွက် အခြား တန်ခိုးရှင်တတိယအဆင့်များနှင့် သူမ အလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူလျက် ပညာရပ် အသီးသီးကို ထုတ်သုံးကာ နဂါးလိုဏ်ဂူတောင်ထဲသို့ ပြေးဝင်ကြကုန်လေသည်။

အခြေအနေ မဟန်တော့သည်ကို သတိပြုမိသော် ကဲချီ၊ ချန်ချီ၊ ဟောင်အန်းနှင့် နင်ရှန်းချန်တို့သည် သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်သုံးကာ ဝရုန်းသုန်းကား ဝဲဂယက်ထဲ ဝင်ပါကြရလေတော့သည်။

နဂါးလိုဏ်ဂူတောင် အပြင်ဘက်ဝယ်၊ အရောင်အသွေး စုံလင်လှသော သူတော်စင်ချီတို့ ဖြာထွက်လာခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ပွဲ အစပြုလေတော့သည်။

တိုက်ပွဲသည် မြန်မြန်စပြီး မြန်မြန် အဆုံးသတ်သွားခဲ့သည်။ ကျူးကျော်လာသည့် လူအရေအတွက်မှာ များလွန်းလှသည့် အတွက်ကြောင့် အမျိုးသမီးရီနှင့် အခြား တန်ခိုးရှင်လေးယောက် တည်းဖြင့် ထိုလူများကို မည်သို့မှ မတားဆီးနိုင်ခဲ့ပေ။ မျိုးရိုးနာမည်ရီ ဖိနှိပ်ထားခံရချိန် မိုရှောင်ရှန်းသည် လေဟာနယ် စွမ်းအားကို ထုတ်သုံး၍ သူမအား ဖြတ်ကျော်သွားလေသည်။

အမျိုးသမီးရီ သူ့အား တားမည် ပြုလိုက်သည့် အချိန်တွင် မိုရှောင်ရှန်းသည် နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်သွားခဲ့လေပြီ။

“မုန်းစရာကောင်းလိုက်တာ” အမျိုးသမီးရီ အံကြိတ်၍ ကျိန်ဆဲလိုက်သည်။ သူမ ထိုကဲ့သို့ အာရုံတစ်ချက် လွတ်သွားသည့် အချိန်မှာပင် တန်ခိုးရှင်အဆင့် ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် သူမအား ဖြတ်ကျော်သွားပြန်လေသည်။

ထိုအခြင်းအရာကိုကြည့်ရင်း အမျိုးသမီးရီစိတ်ထဲ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူမသာ တန်ခိုးရှင်ဘုရင် အဆင့် တစ်ယောက် ဖြစ်နေခဲ့လျှင် ထိုလူအုပ် တစ်ဖွဲ့လုံးကို ဟန့်တားနိုင်မည် ဖြစ်သော်လည်း တန်ခိုးရှင် တတိယအဆင့်သာ ရှိနေသေးသည့်အတွက် မည်သို့မှ မတတ်နိုင်ခဲ့ပေ။ သူမသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေသည် ဆိုလျှင်ပင် အရိပ်ကြယ်မှ ကန့်သတ်ထားသည့် အချုပ်အနှောင်ကို မချိုးဖျက်နိုင်သေးသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့်သို့ မည်သို့မှ မရောက်နိုင် ဖြစ်နေခဲ့သည်။

ထိုလူများကို ဆက်တားနေ၍လည်း ထူးလာမည် မဟုတ်မှန်း သိလိုက်သော် အရိုးကြွေမီးအိမ်ကို ပြန်သိမ်း၍ ယန်ယန်အား သူတော်စင်ချီဖြင့် ရစ်ပတ်ကာ နဂါးလိုဏ်ဂူတောင်ထဲ ဝင်သွားသည့် အခြားသူများနောက်သို့ ပြေးလိုက်တော့လေသည်။

သူမ သွားသည်နှင့် အခြားသူများသည် သူတို့၏ မှော်ရတနာ အသီးသီးကို ပြန်သိမ်းကာ နဂါးလိုဏ်ဂူတောင်ထဲသို့ နောက်မှ ကျားလိုက်သည့်နှယ် ပြေးဝင်ကြကုန်သည်။

ချင်းတုန်နှင့် ဖေးကျီတို့သည်လည်း အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် အခြား သူများနောက်သို့ လိုက်သွားကြလေသည်။

ကြည်လင်ကောင်းကင်ဂိုဏ်းကို ဦးဆောင်လာသူ မိုယုလည်း ဆက်၍ ရပ်ကြည့်မနေတော့ဘဲ “နင်တို့ ဒီမှာစောင့်နေ၊ ဒီလူအိုကြီး တစ်ချက် သွားကြည့်လိုက်မယ်”

လက်ရှိ အခြေအနေအရ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်မည်မှာ သေချာသလောက်ရှိနေသည့် အတွက် သူ့တပည့်များကို အန္တရာယ် များသည့် နေရာဆီ ခေါ်သွား၍ မဖြစ်ပါချေ။

“ဆရာ” ချန်ရှီတောင်းသည် ရုတ်တရက် သူမ ဆရာကို လှမ်းအော်ခေါ်လိုက်သည်။

မိုယုသည် ချန်ရှီတောင်းအားကြည့်ကာ ပြုံးလျက် မေးလိုက်သည် “နင်ဘာပြောချင်လို့လဲ”

ချန်ရှီတောင်းသည် သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် တစ်ခဏတာ တုန့်ဆိုင်းနေပြီး နောက်ဆုံး၌ ပြောလိုက်လေသည် “ဆရာ၊ တပည့်နဲ့ ဂျူနီယာညီမလု ဂျူနီယာမောင်လေးရန်ကို အသက်ကြွေး တင်ထားတယ်။ အဆင်ပြေမယ်ဆိုရင် ဆရာသူ့ကို နည်းနည်းလောက် ကူညီပေးလို့ ရမလား”

ထိုစကားကို ပြောရန် သူမ သတ္တိအားလုံးကို သုံးလိုက်ရသည်။ မိုယုသည် သူမဆရာ ဖြစ်သော်လည်း သူမတွင် သူ့အား ထိုကဲ့သို့ တောင်းဆိုရန် အခွင့်အရေး မရှိပါချေ။ ထို့ပြင် ယခု ကိစ္စသည် အတော်လေးကိုမှ ပြဿနာများသည့် ကိစ္စဖြစ်သည်။ ရန်ကိုင်နှင့် ပူးပေါင်းလိုက်သည့် အတွက်ကြောင့် အကျိုးဆက် အနေဖြင့် ကြည်လင်ကောင်းကင်ဂိုဏ်းပါ ဒုက္ခရောက်နိုင်ပေသည်။ သူမ ဆရာ ဆူမည်ဆိုလျှင်လည်း ဆူပါစေ၊ အနည်းဆုံးတော့ ထိုကဲ့သို့ တောင်းဆိုချင်သည့် အတွက် စိတ်ဆုံးဖြတ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း မိုယုသည် ခဏလောက်သာ စဉ်းစားလိုက်ပြီး သူမ တောင်းဆိုချက်ကို လက်ခံလိုက်မည်ဟု မထင်ထားပေ။ ခေါင်းညိတ်လျက် မိုယုက ပြန်ပြောလိုက်လေသည် “ကိစ္စမရှိဘူး။ ငါအတတ်နိုင်ဆုံး ကြိုးစားပေမယ်။ ဒါပေမယ့် သိပ်တော့ မျှော်လင့်မထားနဲ့ဦး။ ဒီတစ်ကြိမ်က သိပ်လွယ်တာ မဟုတ်ဘူး”

ထိုစကားကို ကြားသည့်အခါ ချန်ရှီတောင်းနှင့် လုယင်တို့ ပျော်သွားပြီး မိုယုအား ဦးညွှတ်ကာ ကျေးဇူးတင်လိုက်လေသည်။ သူတို့ ခေါင်းပြန်မော့လာသည့် အချိန်တွင် သူမတို့ ဆရာမှာ မရှိတော့လေပြီ။ အမျိုးသမီးနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး သက်ပြင်းအမောကြီး ချလိုက်သည်။

နောက်ဆုံးရလဒ် မည်သို့ပင် ဖြစ်ပါစေ သူမတို့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့သည့်အတွက် အနည်းဆုံး စိတ်စနိုးစနောင့် ဖြစ်နေစရာ မလိုတော့ပေ။

ကုန်းအောင်ဖုသည်လည်း သူမတပည့် နှစ်ယောက်ကို ကျန်နေရစ်ခဲ့ရန် ပြောပြီးနောက် နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်သွားလေသည်။

လမ်းတွင် မည်သည့် အတားအဆီးကိုမှ မတွေ့ခဲ့သော်ငြား ပျက်စီးသွားပြီဖြစ်သော အစီအရင်များနှင့် အကာအရံများစွာကို ကုန်းအောင်ဖု တွေ့ခဲ့ပေသည်။

လူပေါင်းများစွာ စုပြုံဝင်ရောက်လာခြင်း ဖြစ်သည့်အတွက် ဤနေရာတွင် အစီအရင် မည်မျှများအောင် ခင်းကျင်းထားပါစေ၊ ထိုလူအုပ်ကြီးကို မည်သို့မှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် လောလောဆယ်၌ နဂါးလိုဏ်ဂူတောင်ထဲ၌ ထိုအစီအရင်များအား ထိန်းချုပ်နေသူ တစ်ယောက်မှ မရှိလေရာ အစီအရင်စွမ်းအားမှာ သိသိသာသာကို လျော့ကျသွားရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကုန်းအောင်စိတ်ထဲ ကြိတ်၍ တုန်လှုပ်သွားခဲ့ရသည်။ ခဏအကြာတွင် တန်ခိုးရှင် တတိယအဆင့် အယောက်နှစ်ဆယ်ကျော် အပါအဝင် တန်ခိုးရှင်အဆင့်များစွာ စုဝေးနေသည့် နေရာဆီသို့ သူမ ရောက်လာခဲ့လေသည်။ ထိုပညာရှင် အားလုံးသည် ဧကရာဇ်ဥယျာဉ်မှ အလင်းတန်း ပြုတ်ကျလာဟန်တူသော နေရာအား စက်ဝိုင်းပြတ်ပုံ ဝိုင်းထားကြလေသည်။

လူအုပ်ကြီး အလယ်တွင် ထူးမခြားနားဟန်ဖြင့် ရပ်နေသော လူငယ်လေးတစ်ယောက် ရှိနေခဲ့သည်။ ထိုလူငယ်လေးသည် နဂါးလိုဏ်ဂူတောင်၏ ပိုင်ရှင်ဖြစ်သော သူတော်စင်ဘုရင် တတိယ အဆင့် ရန်ကိုင် ဖြစ်ပေသည်။

ကုန်းအောင်ဖုသည် ရန်ကိုင်အား တစ်ချက်သာ ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူမ၏ အကြည့်သည် ရန်ကိုင် လက်ထဲရှိ တံဆိပ်ပြားဆီသို့ ရောက်သွားခဲ့သည်။ ရန်ကိုင် လက်ထဲတွင် လက်တစ်ဝါးစာ အရွယ်ရှိသော ကျောက်စိမ်း တံဆိပ်ပြားကဲ့သို့ ပစ္စည်းတစ်ခု ရှိနေခဲ့သည်။ ထိုကျောက်စိမ်းတံဆိပ်ပြားထဲတွင် ကန်ရေပြင်ထဲ ကူးခတ်သွားလာနေသော ငါးတစ်ကောင်နှင့် ဆင်တူသည့် အနီရောင်အလင်းတစ်ခု ရှိနေခဲ့လေသည်။

ကုန်းအောင်ဖုပင် ထိုကျောက်စိမ်းတံဆိပ်ပြားကို မည်သို့သော ပစ္စည်းဖြင့် လုပ်ထားသလဲ မပြောနိုင်ကာ ထိုကျောက်စိမ်းပြားဆီမှ ရှင်းပြမရသော စွမ်းအားတစ်ရပ် ထွက်ပေါ်နေသည်ကိုသာ ခံစားမိနေသည်။

မရေမတွက်နိုင်သော လောဘတကြီး မျက်လုံးများသည် ထိုကျောက်စိမ်းတံဆိပ်ပြားကို စိုက်ကြည့်နေကြလေသည်။

အဲ့ဒါ ဧကရာဇ်ဥယျာဉ်ကနေ ကျလာတဲ့ဟာလား ကုန်းအောင်ဖု တွေးလိုက်သည်။

“ညီလေး…” မိုရှောင်ရှန်းက တိတ်ဆိတ်မှုကို စတင် ချိုးဖျက်လိုက်သည်။ ရန်ကိုင်လက်ထဲရှိ ကျောက်စိမ်းပြားကို စိုက်ကြည့်ရင် လေသံကို အတတ်နိုင်ဆုံးထိန်း၍ မေးလိုက်သည် “ဒီလူအိုကြီးကို အဲ့ကျောက်စိမ်းပြား တစ်ချက်လောက် ပြကြည့်လို့ ရမလား”

ထိုကျောက်စိမ်းပြား မည်သည့်အရာပင် ဖြစ်ပါစေ ဧကရာဇ်ဥယျာဉ်မှ ကျလာခြင်းဖြစ်သည့်အတွက် ကြယ်တာရာ ကောင်းကင်မဟာဧကရာဇ်နှင့် တစ်နည်းတစ်ဖုံး ပက်သက်နေရပေလိမ့်မည်။ မဟာဧကရာဇ်နှင့် ပက်သက်သည့် မည်သည့်အရာမဆို အကုန် အဖိုးတန်ပေသည်။

မိုရှောင်ရှန်းပင် ထိုအရာကို အနီးကပ်ကြည့်ချင်သူ မဟုတ်၊ အကုန်လုံး ကြည့်ချင်ကြပေသည်။ မိုရှောင်ရှန်းကသာ အရင်ဆုံး မေးလိုက်ခြင်း ဖြစ်သည်။

“ခင်ဗျားကို ပြရမှာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားကို ပြလိုက်ရင် ခွေးကို အသားပေးလိုက်တာနဲ့ ဘာကွာတော့မှာလဲ”

ထိုကောင်းကင်တိုက်ပွဲအစည်းအရုံကို အစကတည်းက ကြည့်မရခြင်း ဖြစ်သည့်အတွက် စကားပြောနေရာတွင်လည်း ယဉ်ကျေးမနေခဲ့ပေ။

မိုရှောင်ရှန်း၏ မျက်နှာ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် မဲ့ရွှဲ့သွားပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလေသည် “ကောင်လေး၊ မင်းစကားကို သတိထားပြော၊ ငါကြည့်ရုံပဲ ကြည့်မှာ၊ ငါ့အဆင့်အတန်းနဲ့ ဂျူနီယာတစ်ယောက်ရဲ့ ပစ္စည်းကို လိုချင်မယ်လို့ ထင်လား”

“ခင်ဗျား မလိုချင်လို့လား” ရန်ကိုင်က အထင်တသေးဖြင့် “မလိုချင်ရင် ဘာလို့ ဒီလာနေသေးလဲ”

ပြောပြီးသည်နှင့် ကျောက်စိမ်းပြားကို သူ့သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်အား ဝိုင်းထားသည့် ပညာရှင်အားလုံး အရုပ်ဆိုးသွားခဲ့လေသည်။ ရတနာများကို ရသည့်လူအပိုင် ဆိုသည့်စကားအတိုင်းပင်၊ ရန်ကိုင်သည် ထိုရတနာကို သူရခဲ့သည့်အတွက် သူသိမ်းထားလိုက်ပေသည်။ ထိုကျောက်စိမ်းပြားသည် နဂါးလိုဏ်တောင်ထဲသို့ ကျလာခဲ့ပြီး ရန်ကိုင်မှ အရင်ရယူနိုင်ခဲ့သော်လည်း သူသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည်ဖြစ်သည်။ သူ့ကဲ့သို့ ဂျူနီယာ တစ်ယောက်သည် သူတို့ကဲ့သို့ စီနီယာများကို ကျော်ပြီး ထိုရတနာကို ယူရန် ဘာအရည်အချင်းများ ရှိလို့နည်း။

သို့သော်လည်း ရန်ကိုင်သည် စီနီယာတွေ၊ ဘာတွေ ဂရုစိုက်နေမည့် လူစားမဟုတ်ချေ။ ထိုရတနာသည့် သူ့ပိုက်နက်ထဲ ရောက်လာပြီး သူအရင်ရလိုက်သည့် အတွက်ကြောင့် သူ့အပိုင် ဖြစ်သည်။ ထို့ကြောင့် အားလုံးရှေ့မှာ ကျောက်စိမ်းပြားအား သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်လေသည်။

သာမန် အခြေအနေမျိုးတွင် ဆိုပါက ထိုကောင်လေးကို သတ်ပြီး ကျောက်စိမ်းပြားကို လုယူလိုက်ပေပြီ။ သူတို့ ထိုကဲ့သို့ လုပ်လာသည်မှာ တစ်ကြိမ်၊ နှစ်ကြိမ် မကတော့ချေ။ သို့သော် လက်ရှိတွင် သူတို့သည် နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေခြင်း ဖြစ်သလို အမျိုးသမီးရီလည်း ရှိနေသည့်အတွက် ထိုကဲ့သို့ မလုပ်ရဲ ဖြစ်နေသည်။

“ကောင်လေး၊ အဲ့ကျောက်စိမ်းပြား ငါ့ကို ပေးမယ်ဆိုရင် ငါမင်းကို သူတော်စသင်သလင်းကျောက် သန်းတစ်ရာ ပေးမယ်ကွာ၊ ဘယ်လိုလဲ” မိုရှောင်ရှန်းနှင့် ယှဉ်လျှင် ချန်ဖုန်းရွှမ်သည် ပို၍ ပွင့်လင်းပေသည်။ ထိုကျောက်စိမ်းပြားကို အလကား ရနိုင်မည်မဟုတ်မှန်း သိသည်ဖြင့် ဈေးမြင့်မြင့်ဖြင့် ဝယ်ရန် ကြိုးစားလိုက်လေသည်။

သူ့အတွက် သူတော်စင်သလင်းကျောက် သန်းတစ်ရာမှာ ဘာမှ မပြောပလောက်သော်ငြား နဂါးလိုဏ်ဂူတောင်ကဲ့သို့ အင်အားစုလေး တစ်ခုအတွက်မူ အလန်ကိုမှ များပြားလှသည့် ပမာဏဖြစ်သည်။ ထိုကောင်လေးသာ မရူးမိုက်လျှင် ကျောက်စိမ်းပြားအား ကိုင်ထားခြင်းသည့် သူ့အတွက် မည်သည့် အကျိုးမှ မရှိစေဘဲ ဆိုးကျိုးများကိုသာ သယ်ဆောင်လာလိမ့်မည် မှန်းကို သိရပေမည်။

“သန်းတစ်ရာ…” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် စိတ်ဝင်စားသွားသည့်ပုံဖြင့် “ကျုပ်စဉ်းစားကြည့်လိုက်မယ်”

ချန်ဖုန်းရွှမ် ပျော်သွားပြီး “မင်းစဉ်းစားတာ ဘယ်လောက်လောက် ကြာမှာလဲ”

ကြာနေလျှင် ပြဿနာများ တက်နိုင်သည့်အတွက် ဤအလဲအလှယ်ကို မြန်နိုင်သမျှ မြန်မြန် ပြီးပြတ်အောင် လုပ်ချင်ပေသည်။

“အဲ့ဒါတော့ သိပ်မပြောတတ်ဘူး။ ဆယ်ငါးရက် ကြာမှာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သုံးနှစ်ကနေ ငါးနှစ်လည်း ဖြစ်သွားနိုင်တယ်။ ဒီကိစ္စက ကျုပ်အတွက် အရမ်းကြီးတာဆိုတော့ သေချာလေး စဉ်းစားဖို့လိုတယ်။ စီနီယာ မိုးကြိုးမုန်တိုင်းဂိုဏ်းဆီ အရင်ပြန်ပြီး ကျုပ်ဆီက သတင်းကို စောင့်နေလိုက်ပါလား” ရန်ကိုင်က ရိုးသားသည့် ပုံစံလေးဖြင့် ပြန်ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၁၅)

ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ချန်ဖုန်းရွှမ် မျက်နှာ ထက်ရှိ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင် ပြောသည်ကို ယုံရလောက်အောင် သူသည် သုံးနှစ်သားကလေး မဟုတ်၊ သူသာ ရန်ကိုင်ပြောသည့်အတိုင်း ပြန်သွားလိုက်ပါက ထိုကျောက်စိမ်းပြားကို နောက်တစ်ကြိမ် ထပ်မြင်ရတော့လိမ့်မည် မဟုတ်ပေ။

ချန်ဖုန်းရွှမ်စိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွားခဲ့သော်လည်း သူ့မျက်နှာမှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ။

သူသည် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ အကြီးအကဲချုပ် တစ်ယောက် ဖြစ်သည်။ သူ့ကဲ့သို့ လူတစ်ယောက်သည် စိတ်ခံစားချက်ကြောင့် ကမူးရှူးထိုး လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်ချေ။

“ရောင်းရင်းချန်၊ ရောင်းရင်းမို ဒီကောင်နဲ့ ဘာလို့ အပိုစကားတွေ ပြောနေသေးတာလဲ။ ဒီကောင်က ကျုပ်တို့ကို မျက်လုံးထဲ မထည့်မှတော့ ကျုပ်တို့လည်း သူ့ကို လေးစားနေစရာ မလိုတော့ဘူး။ ကျောက်စိမ်းပြားကို လိုချင်ရင် လုယူလိုက်ရင် ပြီးနေပြီ” ကျင်းရှီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည် “သူတော်စင်ဘုရင်အဆင့် ဂျူနီယာတစ်ယောက် ကများ ငါတို့ကို လာအရူးလုပ်ရဲတယ်”

မည်သို့ပင်ဖြစ်စေ နဂါးလိုဏ်ဂူတောင်သည် လုံးဝကို ပျက်စီးနေပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ဆက်ပြီး ယဉ်ကျေးနေစရာ မလိုတော့ချေ။ နဂါးလိုဏ်ဂူတောင်ကို ရင်ဆိုင်ရန်အတွက် ချန်ဖုန်းရွှမ်နှင့် မိုရှောင်ရှန်းတို့၏ အကူအညီကို ကျင်းရှီ လိုချင်နေခြင်း ဖြစ်သည်။ အမျိုးသမီးရီ၏ စွမ်းအားကို သူလန့်သော်လည်း ပညာရှင်အများစုကြီးသာ စုပေါင်းလိုက်ပါက သူမလည်း ဘာမှ တတ်နိုင်တော့မည် မဟုတ်ချေ။

သူတို့သာ ရန်ကိုင်ကိုသာ သတ်လိုက်နိုင်လျှင် ကျောက်စိမ်းပြားကို ယူနိုင်ရုံမက သူလိုချင်နေသည့် ဆန်းယင်ရွှေကိုလည်း ရနိုင်သည့် အခွင့်အရေး ရှိလေရာ ထိုကဲ့သို့သော အခွင့်အလမ်းကို သူမည်ကဲ့သို့ အလွယ်တကူ လက်လွှတ်နိုင်မည်နည်း။

ကျင်းရှီကဲ့သို့ တွေးနေသူများစွာ ရှိသော်လည်း အဘွားကြီးဖုန်း မှလွဲ၍ သူ့စကားကို မည်သူမှ ပွင့်ပွင့်လင်းလင်း မထောက်ခံကြပေ။ အဘွားကြီးဖုန်းသည် စိတ်ဆတ်ပြီး တည့်တိုးဆန်သည့် လူတစ်ယောက် ဖြစ်သည့်အတွက် ကျင်းရှီမှ ပြောလိုက်သည်နှင့် သူမ၏ တုတ်ကောက်ကို မြေကြီးပေါ် ခေါက်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “တစ္ဆေအိုကြီးကျင်းပြောတာကို ဒီအဘွားကြီး သဘောတူတယ်။ အခြားသူတွေကော ဘယ်လိုထင်လဲ”

ကျင်းရှီနှင့် အဘွားကြီးဖုန်း ဘာကြံနေလဲ ဆိုသည်ကို သူတို့ သိသော်လည်း ချန်ဖုန်းရွှမ်ဖြစ်စေ၊ မိုရှောင်ရှန်းဖြစ်စေ၊ အခြား ပညာရှင်များဖြစ်စေ၊ အကုန်လုံး သဘောတူချင်မိကြသည်။

ယနေ့ ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များအရ ယနေ့ ကိစ္စသည် မည်သည့်နည်းနှင့်မျှ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့ ရတော့မည် မဟုတ်ချေ။ သူတို့သာ ကျောက်စိမ်းပြားကို လိုချင်လျှင် လုယူမှသာ ရပေလိမ့်မည်။

မိုရှောင်ရှန်းနှင့် ချန်ဖုန်းရွှမ်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။

“လှုပ်ရှားရဲတဲ့လူ မှန်သမျှ ငါ့တစ်သက်တာ ရန်သူ ဖြစ်ပြီလို့သာမှတ်” အမျိုးသမီးသည် ပတ်ပတ်လည်အား အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လျက် ပြောလိုက်သည်။

လူပေါင်းများစွာသည် သူမနှင့် အကြည့်ချင်း မဆုံမိအောင် ရှောင်လိုက်ကြလေသည်။

သို့သော်လည်း ကျင်းရှီသည် ပြုံးလျက် ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောလိုက်သည် “အစ်မရီ တောင်ထဲမှာ နေတာများလို့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားတာလား။ အစ်မရီ တစ်ယောက်တည်းနဲ့ ကျုပ်တို့အားလုံးကို တားနိုင်မယ်ထင်လား။ အစ်မရီ၊ ဒီလူအိုကြီး နောက်တစ်ကြိမ် ထပ်သတိပေးမယ်။ မီးနားအရမ်းကပ်ရင် လောင်တတ်တယ်နော်။ အခွင့်အရေး ရတုန်း ပြန်ဆုတ်တာ အကောင်းဆုံးပဲ”

“နင်တို့ သေချင်တယ်ဆိုရင်လည်း ဒီဘုရင်မက နင်တို့ ဆန္ဒကို ဝမ်းမြောက်ဝမ်းသာနဲ့ ဖြည့်ဆည်းပေးမှာ” ပြောပြီးသည်နှင့် သူမ၏ အရိုးကြွေမီးအိမ်ကို ပြန်ထုတ်လိုက်လေသည်။

ကျင်းရှီသည် လေကြီးလေကျယ် ပြောနေခဲ့သော်လည်း အရိုးကြွေမီးအိမ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း နှလုံးခုန်မြန်သွားခဲ့လေသည်။

ကံကောင်းစွာဖြင့် ထိုကဲ့သို့ အခိုက်အတန့်တွင် အဘွားကြီးဖုန်းသည် သူ့ဘက်မှ လာရပ်တည်ပေးခဲ့လေသည် “အစ်မရီက အားကောင်းတယ်ဆိုပေမယ့် တန်ခိုးရှင်တတိယ အဆင့်ပဲ ရှိသေးတာနော်။ အစ်မရီ အကျိုးအကြောင်းကို နားမလည်တဲ့လူ မဟုတ်ပါဘူး။ ဘာလို့ ဒီကိစ္စကိုပဲ ခေါင်းမာပြီး ဝင်ပါချင်နေရတာလဲ။ အစ်မရီသာ ဝင်မပါဘူးဆိုရင် အစ်မရီကို ကျွန်မတို့ အရမ်း ကျေးဇူးတင်မိမှာ”

သူမစကားသည် နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း မရှိပေ။ အမျိုးသမီးရီအား သူမနှင့် ထိုက်တန်သည့် ခွန်အားနှင့် အဆင့်အတန်း ပေးသွားခဲ့သည်။ အမျိုးသမီးရီသာ ပြန်ဆုတ်ချင်လျှင် ဆုတ်လို့ရသည်ဟုလည်း ရွေးစရာ ပေးသွားသည်။

အဘွားကြီးဖုန်းပြောသည်ကို ကြားပြီးနောက် အခြား ပညာရှင်များအားလုံး ခေါင်းအသီးသီး ညိတ်လိုက်ကြလေသည်။

ကံမကောင်းစွာဖြင့် အမျိုးသမီးရီသည် ယန်ယန်နှင့် တွေ့ချင်သည့် အတွက်ကြောင့်သာ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ယခု ယန်ယန် နေနေသည့် နဂါးလိုဏ်ဂူတောင် ဒုက္ခရောက်နေသည်ကို သူမ မည်ကဲ့သို့ ဤအတိုင်း ထားလိုက်နိုင်မည်နည်း။

“အပိုတွေ လာပြောမနေနဲ့။ နင်တို့ လှုပ်ရှားချင်ရင် လှုပ်ရှားလိုက်တော့။ ဒါပေမယ့် ကြိုပြီးတော့ သတိပေးထားလိုက်မယ်။ ဒီဘုရင်မရဲ့ ဒေါသနဲ့ လက်စား ချေတာကို ခံနိုင်မှနော်။ ဒီဘုရင်မက အခု လေလွင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ။ နင်တို့ဂိုဏ်းနဲ့ ဆိုင်တွေကို ကာကွယ်နိုင်ရင်တော့ လုပ်ပေါ့” အမျိုးသမီးရီက အခိုင်အမာ ဆိုလိုက်လေသည်။

“ကောင်းတယ်။ မျက်နှာသာပေးနေတာကိုတောင် ငြင်းတယ်ဆိုတော့” ကျင်းရှီ၏ အမူအရာ ခက်ထန်သွားပြီး “ကျုပ်တို့ရိုင်းရင် အစ်မရီ အပြစ်မတင်နဲ့တော့ပေါ့”

ပြောပြီးသည်နှင့် ချောက်ခြားဖွယ်ရာ အရှိန်အဝါနှင့်အတူ ရွှေရောင်ပုစဉ်းရင်ကွဲပုံရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာခဲ့သည်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ မရေမတွက်နိုင်သော အနက်ရောင် အင်းဆက်များစွာ ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးရီ ဆီသို့ တိုးဝင်သွားကုန်ကြလေသည်။

ထိုအရာသည် ကျင်းရှီ နတ်ဆိုးမျိုးနွယ်စု၏ အပျက်အစီး နယ်မြေထဲတွင် ရခဲ့သည့် ရွှေတောင်သွားနတ်ဆိုးပညာရပ်တစ်ခု ဖြစ်ပေသည်။

အဘွားကြီးဖုန်းသည်လည်း သူမတုတ်ကောက်အား ရှေ့တွင် ဝဲစေလျက် ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ချက်ချင်း ဆိုသလို တုတ်ကောက်သည် မီတာပေါင်းများစွာ ရှည်လျားသော ကြေးခွံမာရေနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ဟိန်းဟောက် မာန်ဖီလျက် အမျိုးသမီးရီဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။

အခြေအနေသည် ဤအတိုင်းအတာထိ ရောက်လာပြီ ဖြစ်သဖြင့် ဘာမှ ထပ်ပြောနေစရာ မလိုတော့ပေ။ ပြန်ဆုတ်လျှင် ဆုတ်၊ မဆုတ်ချင်လျှင် ရှိရှိသမျှ ခွန်အားအကုန်သုံးပြီး တိုက်ရန်သာ ရှိတော့သည်။ လက်ရှိ ရှိနေသည့် ပညာရှင်အားလုံးသည် ပြတ်သားသည့် လူများ ဖြစ်ကြသည်။ ယနေ့ အမျိုးသမီးရီသာ လွတ်မြောက်သွားခဲ့လျှင် သူတို့အားလုံး ကောင်းကောင်းစား၊ ကောင်းကောင်း အိပ်နိုင်တော့မည် မဟုတ်မှန်း သိကြသည်။ ထို့ကြောင့် စတိုက်ကတည်းက သူမအား သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ကြလေသည်။

ကျင်းရှီနှင့် အဘွားကြီးဖုန်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ဖုန်းရွှမ်နှင့် မိုရှောင်ရှန်းတို့လည်း တွေဝေ တုန့်ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ကြသည်။

ယခုတိုက်ပွဲသည် အစောပိုင်းက တိုက်ပွဲနှင့် ကွဲပြားပေသည်။ ယခင်တိုက်ပွဲတွင် လူတိုင်းသည် အမျိုးသမီးရီ၏ တားဆီးခြင်းမှ လွတ်မြောက်ရုံသာ တိုက်ခိုက်ကြသည်။ ယခုတိုက်ပွဲတွင်မူ သူမအား သတ်ရန် ကြိုးစားလာကြသည့်အတွက် သူတို့၏ တိုက်ကွက်များမှာလည်း ယခင်နှင့်စာလျှင် ပို၍ ပြင်းထန်လာခဲ့သည်။

တန်ခိုးရှင်တတိယအဆင့် လေးယောက်၏ ပြိုင်တူ တိုက်ခိုက်ခြင်း ခံရသမျှ အမျိုးသမီးရီသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို ပိုင်ဆိုင်ထားသော်လည်း ချက်ချင်း အောက်စည်းသို့ ရောက်သွားခဲ့ရသည်။

သို့သော် ကြယ်ဧကရာဇ်တောင်၏ ယခင်ဂိုဏ်းချုပ်ဆိုသည့် အတိုင်း သူမအား ဖိအားပေးထားနိုင်သည် ဆိုလျှင်ပင် သွားပြီး အထင်မသေးသင့်ပေ။ အခပ်မသင့်လျှင် သူတို့ပြန်ပြီး အသက် ပျောက်သွားနိုင်ပေသည်။ အရိုးကြွေမီးတောက်မှ မီးတောက်များ အဆက်မပြတ် ထွက်လာနေပြီး ရန်သူများအား တန်ပြန် တိုက်ခိုက်လေတော့သည်။

သူတို့ငါးယောက်ကြားရှိ တိုက်ပွဲသည် အချိန်တိုအတွင်း ပြီးမည့် တိုက်ပွဲတစ်ခု မဟုတ်ချေ။

သို့သော်လည်း ကျင်းရှီနှင့် အခြားသူများ၏ ပစ်မှတ်မှာ ထိုအရာသာဖြစ်သည်။ အမျိုးသမီးရီကိုသာ မလှုပ်ရှားနိုင်အောင် ချုပ်ထားနိုင်မည်ဆိုပါက နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေသာ အခြားသူအားလုံးသည် စဉ်းတီတုံးပေါ် ရောက်နေသည့် ငါးများ သဖွယ် ဖြစ်ကုန်ကြပေလိမ့်မည်။

အမျိုးသမီးရီ ဘာမှ မလုပ်နိုင်သည်ကို မြင်သော် အခြား ပညာရှင်များသည် ချန်ချီနှင့် အခြားသူများကို တိုက်ခိုက်ကြလေတော့သည်။

လက်ရှိတွင် ကျူးကျော်လာသည့်လူများထဲ တန်ခိုးရှင်အဆင့် အယောက်တစ်ရာကျော် ပါဝင်သည်။ တော်တော်များများသည် တန်ခိုးရှင် ဒုတိယ၊ တတိယအဆင့်များ ဖြစ်ကြသည့်အတွက် ချန်ချီ၊ ဟောင်အန်းနှင့် နင်ရှန်းချန်တို့ ချက်ချင်း အောက်စည်းသို့ ရောက်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် သူတို့ သုံးနေသည့် မှော်ရတနာများသည် ယန်ယန်ကိုယ်တိုင် သန့်စင်ပေးထားသည့် မှော်ရတနာများ ဖြစ်ကြသည့်အတွက် အတော်လေး အရည်အသွေး မြင့်လှကာ အချိန်အတိုအတွင်း သူတို့ သေမည်ကို စိတ်ပူစရာ မလိုကြပေ။

ထို့အပြင် ထိုအခိုက်အတန့်တွင် ချင်းတုန်နှင့် ဖေးကျီတုတို့ သူတို့အား ဝင်ကူညီလာခဲ့သည်။ နဂါးလိုဏ်ဂူတောင်ကို ရန်သူ ပေါင်းများစွာ ဝိုင်းတိုက်နေသည်ကို သူတို့ ရပ်ကြည့်မနေနိုင်တော့ပေ။

ရန်ကိုင်နှင့် သူတို့ ရင်းနှီးသည်ကို ထည့်မပြောလျှင်ပင် နဂါးလိုဏ်ဂူတောင်သည် အရိပ်လခန်းမ၏ လက်အောက်တွင် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ပညာရှင်အများကြီးမှ သူတို့ ခွန်အားကိုသုံး၍ နဂါးလိုဏ်ဂူတောင်အား အနိုင်ကျင့်နေသည့်အခါ သူတို့တွင် ဝင်ပါရန် အခွင့်အရေး ရသွားခဲ့လေပြီ။

သို့သော်ငြား သူတို့ နှစ်ယောက်သည် ရန်သူ အနည်းငယ်ကိုသာ တားပေးထားနိုင်သည်။ အကုန်လုံးကို မတားပေးနိုင်ချေ။

အကုန်လုံး တိုက်ပွဲထဲတွင် အာရုံရောက်နေချိန် ယန်ယန်သည် လက်ကွက်အချို့ပုံဖော်ပြီး အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သူမ မည်သည့်နေရာသို့ ထွက်သွားသလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြပေ။

အစီအရင်များနှင့် အကာအရံများ၏ အကူအညီကြောင့် ယန်ယန်သည် အလွယ်တကူ လွတ်မြောက်နိုင်ပေသည်။

ရန်ကိုင်မှာမူ ဒုက္ခအကြီးကြီး ရောက်နေလေပြီ။ အမျိုးသမီးရီ၊ ချန်ချီတို့ အဖွဲ့သည် သူတို့ဘာသာ အလုပ်ရှုပ်နေကြသဖြင့် သူ့အား ဂရုစိုက်နေရန် အချိန်မရှိပေ။ ထို့ကြောင့် တန်ခိုးရှင်အဆင့် ပညာရှင် များစွာတို့၏ ပစ်မှတ်ထားခြင်း ခံရလေတော့သည်။

ပညာရှင်များစွာတို့သည် ထမင်းခုနှစ်ရက် မစားရသေးသည့် လူများနှယ် ရန်ကိုင်အား လောဘတကြီးကြည့်လျက် သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြလေသည်။ ရန်ကိုင်အား အရင်ဆုံး သတ်နိုင်ပြီး သူ့သိုလှောင်လက်စွပ်ကို ယူချင်နေကြသည်။

ရန်ကိုင်၏ သိုလှောင်လက်စွပ်ကို ရလိုက်လျှင် သူတို့ လိုချင်နေသည့် ရတနာကို ရပေပြီ။

“အစ်ကိုရန်၊ မြန်မြန် ထွက်သွားပေတော့၊ ရွှမ်းအာနဲ့ငါ သူတို့ကို ထိန်းထားလိုက်မယ်” ထိုစဉ် ဝေကုချန်းသည် တုန်ရွှမ်းအာနှင့်အတူ တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့လေသည်။

စကားပြောနေချိန် မရှိသဖြင့် ရန်ကိုင် ထိုနှစ်ယောက်အား ကျေးဇူးတင်သည့် အကြည့်ဖြင့်သာ ကြည့်လိုက်သည်။

ဝေကုချန်းနှင့် တုန်းရွှမ်အာတို့၏ လုံခြုံရေးကို သူစိတ်ပူစရာ မလိုချေ။ ထိုနှစ်ယောက်သည် အရိပ်လခန်းမ၏ လူငယ်ကြယ်ပွင့် နှစ်ယောက် ဖြစ်သလို အရိပ်ကြယ်၏ လူငယ်မျိုးဆက်ထဲမှ နာမည်ကျော်နှစ်ယောက်လည်း ဖြစ်သည်။ လူငယ်မျိုးဆက်ထဲမှ ဖြစ်လင့်ကစား သူတို့တွင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သည့် အရည်အချင်း ရှိပေသည်။

အရေးအကြီးဆုံးသည်ကာ ရန်သူများသည် သူတို့အား သတ်ရဲလိမ့်မည် မဟုတ်ခြင်းပင်။ သူတို့သာ သတ်ခဲ့လိုက်လျှင် အရိပ်လခန်းမ ရေကုန်ရေခမ်း အမဲလိုက်ခြင်း ခံရပေလိမ့်မည်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်အတူ ပူးပေါင်း၍ တိုးဝင်လာနေသော ရန်သူများကို ကြားဖြတ်တားပေးလိုက်သဖြင့် ရန်ကိုင် ခဏတာ အသက်ရှူချိန် ရသွားခဲ့သည်။

လက်ရှိ အခြေအနေရ သူ့အတွက် အမြန် ထွက်သွားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော် သူ့မိတ်ဆွေနှင့် အပေါင်းအပါများ ဒုက္ခရောက်နေသည်ကို လျစ်လျုရှုပြီး မည်ကဲ့သို့ ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်မည်နည်း။ အေးစက်စက် အမူအရာဖြင့် ရပ်လျက် ပန်းပဲမီးဖိုအား ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖို ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး တဖြည်းဖြည်း ကြီးမားလာခဲ့လေသည်။ ထို့နောက် မီးငှက်ကြီးတစ်ကောင် ပန်းပဲမီးဖိုထဲမှ ခုန်ထွက်လာခဲ့သည်။ မီးငှက်မှ တောင်ပံများကို ဖြန့်ခါချလိုက်သည်နှင့် တစ်ပြိုင်နက် အပူမီးတောက်လှိုင်းများ ထွက်ပေါ်လာပြီး ရန်သူများစွာကို သွားရောက် ထိမှန်လေသည်။

မီးငှက်၏ တိုက်ပွဲစွမ်းအားသည် သာမန် တန်ခိုးရှင် တတိယ အဆင့်အောက် မနိမ့်ကျသည့်အတွက် ထိုရန်သူများကို ရင်ဆိုင်ဖို့ရာ ပြဿနာမရှိချေ။

သို့သော်လည်း ရန်ကိုင်သည် ထိုမျှနှင့်ပင် မပြီးသေးပေ။ နှာခေါင်းရှုံ့လျက် ပန်းပဲမီးဖိုထဲသို့ လက်ထည့်လိုက်ပြီး ထိုထဲမှ တစ်ခုခုကို ခက်ခက်ခဲခဲ ထုတ်ယူတော့လေသည်။

မြေကမ္ဘာအက်ကွဲမတတ် စွမ်းအင်လှိုင်းတစ်လှိုင်း ပန်းပဲမီးဖိုမှ ဖြာထွက်လာခဲ့လေသည်။ စွမ်းအင်လှိုင်းမှာ အားကောင်းလွန်းသဖြင့် သူ့ဆီ ပြေးဝင်လာနေသော ရန်သူများပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားကြရသည်။

ထိုပန်းပဲမီးဖိုထဲမှ ရန်ကိုင် ဘာကို ဆွဲထုတ်ရန် လုပ်နေလဲ သူတို့ မသိသော်ငြား ရန်ကိုင်အား အောင်မြင်ခွင့် မပေးနိုင်ချေ။ ထို့ကြောင့် သူတို့၏ မှော်ရတနာ၊ သိုင်းပညာရပ် အသီးသီးကို သုံး၍ ရန်ကိုင်အား တိုက်ခိုက်ကြလေတော့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အားနေသော လက်တစ်ဖက်ဖြင့် ခရမ်းရောင်ဒိုင်းကို ဆင့်ခေါ်၍ သဲမုန်တိုင်း စွမ်းရည်ကို အသက်သွင်းကာ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

All Chapters