အခန်း (၁၄၁၆-၁၄၂၀)
Vol. 57 Ch. 1416-1420
အပိုင်း (၁၄၁၆)
တိုက်ခိုက်မှုပေါင်းစုံတို့သည် ရန်ကိုင် ဖန်တီးထားသည့် သဲမုန်တိုင်းပေါ်သို့ ကျရောက်လာခဲ့သည်။ ခရမ်းရောင်ဒိုင်း၏ အကာအကွယ်စွမ်းရည်သည် အတော့်ကိုမှ မြင့်မားလှသော်လည်း ရန်ကိုင်အား တိုက်ခိုက်နေသည့် လူအားလုံးမှာ အားကောင်းသော မှော်ရတနာများ အသုံးပြုနေသည့် တန်ခိုးရှင်အဆင့် ပညာရှင်များ ဖြစ်ကြသည်။
ထိုပညာရှင်များ၏ တရစပ် တိုက်ခိုက်မှုအောက်တွင် ခရမ်းရောင်ဒိုင်းကာလည်း မတတ်နိုင်တော့၊ အသက်နှစ်ရှိုက်စာသာ ခုခံနိုင်ခဲ့ပြီးနောက် ပျက်စီးသွားခဲ့လေသည်။
ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့ပြီး အခြား တစ်နည်းဖြင့် ခုခံတော့မည်အပြု ပို၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခု သူ့ဆီသို့ ထပ်မံ တိုးဝင်လာခဲ့လေသည်။ ထိုတိုက်ခိုက်မှုသည် ရိုးရှင်းသော အလင်းတန်း တစ်ခုသာ ဖြစ်သည်။ အလင်းတန်းသည် ရန်ကိုင် တည့်တည့်အား ချိန်ရွယ်ထားဟန် ထင်ရသော်လည်း ရန်ကိုင်ရှေ့သို့ ရောက်လာချိန် အခြားသော ပညာရှင်များ၏ တိုက်ခိုက်မှုများကို ကြားဖြတ် နှောင့်ယှတ်လိုက်သလို ဖြစ်သွားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ရင်ဆိုင်နေရသော ဖိအားလည်း အကြီးအကျယ် လျော့ပါးသွားခဲ့ရလေသည်။ ရန်ကိုင် မျက်မှောင်ကြုတ်ပြီး အလင်းတန်း ထွက်ပေါ်လာသည့် ဘက်သို့ လှည့်ကြည့်လိုက်ရာ ခါးအရှည်လောက်ရှိမည့် ဆံပင်နှင့် ပြုံးလျက် လက်ပိုက်ရင်း သူ့အား ကြည့်နေသော သက်လတ်ပိုင်းလူကြီး တစ်ဦးကို တွေ့လိုက်ရသည်။
ဒီလူ ဘာလုပ်ချင်နေတာလဲ ရန်ကိုင် အတွေးများသွားသည်။
ရန်ကိုင်၏ ရန်သူများလည်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက်က လှမ်းအော်မေးလိုက်သည် “အကြီးအကဲမို၊ ခင်ဗျား ဘာလုပ်နေတာလဲ”
ထိုသက်လတ်ပိုင်းလူကြီးသည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ်မိုယုမှလွဲ၍ အခြား မဟုတ်ချေ။ သူ့ခွန်အားသည် မိုရှောင်ရှန်းနှင့် ချန်ဖုန်းရွှမ်တို့အောက် နိမ့်ကျခြင်းမရှိဘဲ ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့ထက် အနည်းငယ် ပိုသာပေသည်။ သူသည် အရိပ်ကြယ်၏ နာမည်ကျော် ဂုဏ်အဆင့်အတန်း မြင့်မားသည့် ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်သည်။
ထိုလူ၏ မေးခွန်းကိုကြားသော် မိုယုသည် ပြုံး၍သာ ပြန်ပြောလိုက်သည် “ငါဘာလုပ်နေတယ်လို့ မင်းထင်လို့လဲ။ ဒီမိုလည်း အဲ့ကောင်လေးရဲ့ ရတနာကို စိတ်ဝင်စားတယ်လေကွာ။ အဲ့ဒါကြောင့် သူ့ကို သတ်ပြီး သူ့ရတနာကို လုဖို့လုပ်တာ ဘာဖြစ်လို့လဲ”
အစောပိုင်းက စကားပြောလိုက်သည့်လူ မျက်မှောင် ကြုတ်သွားပြီး မိုယုအား မကြည်မသာဖြင့် ကြည့်လိုက်သည်။ သို့သော် သူ့တွင် ထိုကိစ္စကို သေချာ ဆက်စုံစမ်းနေရန် အချိန် မရှိတော့ပေ။
မိုယု တိုက်ခိုက်လိုက်သည့် ပုံစံသည်လည်း ရန်ကိုင်အား သတ်ရန် ကြိုးစားနေသည့် ပုံစံမျိုးဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် မိုယုအား အပြစ်မတင်နိုင် ဖြစ်သွားခဲ့ရလေသည်။ သို့သော်လည်း မိုယု၏ တိုက်ခိုက်မှုကြောင့် သူတို့၏ တိုက်ခိုက်မှု အများစု၏ ပျက်ပြယ်သွားရကာ ရန်ကိုင်လည်း အန္တရာယ် တွင်းထဲမှ လွတ်မြောက်သွားခဲ့ရသည်။
မိုယု ထိုကဲ့သို့ဖြစ်အောင် တမင်တကာ ရည်ရွယ်ပြီး လုပ်လိုက်သလား၊ မတော်တဆပဲ ဖြစ်သွားသလား ထိုလူ နားမလည်သော်ငြား သူ့စိတ်ထဲ မိုယုအား အတော်လေးတော့ ဒေါသထွက်နေမိသည်။ ထို့ကြောင့် အသံကျယ်ကျယ်ဖြင့် အော်ဟစ်သတိပေးလိုက်လေသည် “အကြီးအကဲမိုယု နောက်တစ်ကြိမ် လှုပ်ရှားမယ်ဆိုရင် သေချာလေးကြည့်ပြီး လှုပ်ရှားပါနော်”
မိုယုသည် ပြုံးသာပြုံးလိုက်ပြီး ပြန်မဖြေဘဲ ရန်ကိုင်အား စိတ်ဝင်တစားဖြင့်သာ လှမ်းကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် ရန်ကိုင် မည်သို့သော ဝှက်ဖဲများ ထပ်မံ ထုတ်ဖော်ပြမလဲ ဆိုသည်ကို အတော်လေး သိချင်နေမိသည်။ ပထမတစ်ကြိမ် နဂါးလိုဏ်ဂူတောင် ဒုက္ခတွင်းထဲရောက်ပြီး အလုံစုံ ပျက်ကိန်းနှင့် ရင်ဆိုင်နေရချိန် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီး ရုတ်တရက် ပေါ်လာပြီး သူတို့အား ကာကွယ်ပေးသွားခဲ့သည်။ ဧကရာဇ်ဥယျာဉ်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့်သာ မဟုတ်ပါက နဂါးလိုဏ်ဂူတောင် ယခုကဲ့သို့ အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရမည် မဟုတ်ဘဲ ငြိမ်ငြိမ်ချမ်းချမ်း တည်ရှိနေပေလိမ့်မည်။
သို့သော်လည်း ဧကရာဇ်ဥယျာဉ်၏ ဂယက်ကြောင့် နဂါးလိုဏ်ဂူတောင်သည် ကြိုးတန်းပေါ် လမ်းလျှောက်နေရသည့် အခြေအနေထဲသို့ နောက်တစ်ကြိမ် ကျရောက်သွားခဲ့သည်။ ယခုတစ်ကြိမ်သည် ပထမတစ်ကြိမ်ထက်ပင် ပိုအန္တရာယ် များပေသည်။
ရန်ကိုင်၏ ကံကောင်းမှုအားလုံး ကုန်ဆုံသွားပြီလား၊ သူ့တွင် လက်ရှိအခြေအနေအား အထက်အောက်ပြောင်းပြန် လှန်နိုင်သည့် ကံကောင်းမှုများ ထပ်မံ ကျန်ရှိနေသေးလား ဆိုသည်ကို မိုယု သိချင်နေမိသည်။
ကြည်လင်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်နှင့်အညီ မိုယုတွင် ထိုကဲ့သို့သော အရာများကို မယုံပေ။ သို့သော်လည်း ရန်ကိုင်သည် သူ့တပည့် နှစ်ယောက်၏ အသက်ကို ကယ်ပေးထားခဲ့သလို့ သူကူညီနိုင်လျှင် ရန်ကိုင်အား ကူညီပေးမည်ဟု သူ့တပည့် နှစ်ယောက်ကို ကတိပေးထားသည့် အတွက် သူ့စကားအတိုင်း ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
ချန်ရှီတောင်းကြောင့် သာမဟုတ်ပါက မိုယုလည်း ရန်ကိုင်အား ဝင်ရောက် တိုက်ခိုက်နေလောက်ပေပြီ။ ဧကရာဇ် ဥယျာဉ်မှ ကျလာသည့် ပစ္စည်းကို မည်သူက မယူချင်ဘဲ နေမည်နည်း။ သူလည်း လိုချင်ပေသည်။ ရန်ကိုင်သာ ဤနေရာ၌ သေသွားခဲ့လျှင် သူ့သိုလှောင်လက်စွပ်ကို ပထမဆုံး ပြေးယူမည့် လူမှာ သူဖြစ်ပေသည်။
ထိုတစ်ကြိမ် တိုက်ခိုက်ပြီးနောက် မိုယု ထပ်မတိုက်တော့ဘဲ နောက်ပြန်ဆုတ်၍သာ ပြုံးလျက် ရပ်ကြည့်နေတော့သည်။ သူ့အာရုံအလုံးစုံသည် ရန်ကိုင်၏ တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲ မီးဖိုအပေါ်တွင် ရောက်ရှိနေခဲ့သည်။ ထိုပန်းပဲမီးဖိုဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းကြောင့် မိုယုပင် အံ့အားသင့်မိရသလို ထိုထဲတွင် မည်သို့သော အရာများ တည်ရှိနေသလဲ ဆိုသည်ကိုလည်း မိုယု သိချင်မိသွားသည်။
ရန်ကိုင်အား ပစ်မှတ်ထားနေသော ရန်သူများမှာမူ သူ့အား နောက်တစ်ကြိမ်တိုက်ရန် အဆင့်သင့် ဖြစ်နေကြလေပြီ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် တဝှစ်ဝှစ် မြည်သံများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံများနှင့် အတူ ရွှေရောင်တောက်နေသော နွယ်တံများနှင့် ချစ်ချစ်တောက် ပူလောင်သော အရှိန်အဝါတို့သည့် ရန်ကိုင်အား တိုက်ခိုက်ရန် ပြင်နေသည့် ပညာရှင်များပေါ် ရိုက်ချလာခဲ့သည်။
တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းသည် ပစ်မှတ်ထားခံရသည့် လူတိုင်း၏ မျက်နှာကို ဖြူလျော်သွားစေခဲ့လေသည်။
ရန်ကိုင်အား တိုက်ခိုက်ရန် ပြင်နေကြသော ပညာရှင်များ သူတို့ကိုယ်သူတို့ ကမန်းကတန်း ခုခံကြရလေတော့သည်။
“ဒါ ဒါ…” တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်သည့် ရင်းမြစ်ဆီ လှမ်းကြည့်လိုက်သည့်အခိုက် မိုယူ မျက်လုံးပြူးသွားခဲ့သည်။ အစောပိုင်းက တိုက်ခိုက်မှုများကို ပြုလုပ်လိုက်သည့် အရာကား အခြားမဟုတ်၊ မီတာများစွာမြင့်ပြီး သစ်ကိုင်းများစွာတို့ဖြင့် ဝေဖြာနေသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်လေသည်။
သစ်ပင်ကြီး တစ်ပင်လုံး ရွှေရောင်ဖြာထွက်နေပြီး လက်ရှိတွင် ထိုသစ်ပင်ကြီးသည် ကျူးကျော်လာသည့် ပညာရှင်များအား ၎င်း၏ ရွှေရောင်သစ်ရွက်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို သစ်ကိုင်း လက်တံများကို ဒေါသတကြီး ဝှေ့ရမ်း၍လည်း တိုက်ခိုက်နေခဲ့သည်။
သစ်ကိုင်းရိုက်ခတ် တစ်ချက်ချင်းစီတိုင်းသည် ကြာပွတ်ဖြင့် လွှဲရိုက်နေသလိုပင်။
မိုယု အံ့အားသင့်နေသည်ကား ထိုတိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ သစ်ပင်ပင်စည်တွင် ရှိနေသော မျက်နှာကြောင့်သာ လ ဖြစ်သည်။ လက်ရှိတွင် ထိုသစ်ပင် မျက်နှာကြီးသည် ဒေါသကြောင့် ရှုံ့တွနေလေသည်။
သစ်ပင်မှ ပစ်လွှတ်လိုက်သော ရွှေရောင်သစ်ရွက် တစ်ရွက်ချင်းစီတိုင်းတွင် သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှသော စွမ်းအားတို့ ပါဝင်နေသည်။ သစ်ကိုင်းရိုက်ချက်များမှာမူ ပို၍ပင် ဆိုးပေသည်။
ထိုတိုက်ခိုက်မှုများစွာနှင့် ရင်ဆိုင်ရလျှင် မိုယုကဲ့သို့ လူတစ်ယောက်ပင် ပြန်ဆုတ်ရန် လိုအပ်လေရာ သူ့ထက် အားနည်းသည့် ထိုလူများဆိုလျှင်မူကား ပြောစရာပင် မလိုတော့ပေ။ ရန်ကိုင်အား တိုက်ခိုက်နေသည့် လူများထဲတွင် တန်ခိုးရှင်တတိယအဆင့်ဆို၍ နှစ်ယောက်သုံးယောက်သာ ပါပေသည်။ အရေအတွက် များနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ထိုတိုက်ခိုက်မှုကြောင့် အသေအပျောက်များစွာ ရှိနေပေလိမ့်မည်။
“အသိစိတ်ရှိနေတဲ့ ရှေးဟောင်းသစ်ပင်လား” မိုယု အလန့်တကြား ထအော်လေသည်။ နဂါးလိုဏ်ဂူတောင်ထဲတွင် ထိုကဲ့သို့ ရတနာတစ်ပါး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုရှေးဟောင်းသစ်ပင်သည် ရိုးရိုးသစ်ပင်ပင် မဟုတ်၊ ရှားရှားပါးပါး ယန်ဓါတ်စိတ်ဝိဥာဉ်သစ်ပင်ပင် ဖြစ်လေသည်။
သစ်ပင်များသည် သက်ရှိပုံစံတစ်မျိုး ဖြစ်ကြသော်လည်း သူတို့အဖွဲ့ အသိစိတ်ရရှိရန်မှာ တိစ္ဆာန်များနှင့် သားရဲများထက် ပို၍ ခက်ခဲပေသည်။ မိုယုသည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သော်ငြား ထိကဲ့သို့ အသိစိတ်ရှိနေသည့် ရှေးဟောင်းသစ်ပင်များ အကြောင်းကို ကြားသာကြားဖူးပြီး တစ်ခါမှ မမြင်ဖူးပေ။
ထိုကဲ့သို့ သစ်ပင်တစ်ပင်အဖို့ အသိစိတ် ရရှိရန်အတွက် ၎င်း၏ သက်တမ်းသည် အနည်းဆုံး နှစ်ပေါင်းသောင်းနှင့်ချီ ရှိနေရပေမည်။ နှစ်ပေါင်းသောင်းနှင့်ချီ သက်တမ်းရှိသည့် သစ်ပင်တစ်ပင်သည် အလွန်ကိုမှ ရှားပါးအဖိုးတန်သည့် ရတနာတစ်ပါး ဖြစ်သည်။ ထိုသစ်ပင်၏ အသားကိုသာ ပန်းပဲပြုလုပ်ရာတွင် သုံးလိုက်ပါက အလွန်ကိုမှ အားကောင်းသော မှော်ရတနာတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
မိုယု မှင်သက်နေရသည်ကား ထိုသစ်ပင်သည် အသိစိတ် ရှိနေရုံမက အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကိုပါ ပိုင်ဆိုင်ထားသည် ဆိုသော အချက်ကိုပင်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ရှေးဟောင်းသစ်ပင်တွေ အသိစိတ် ရသွားတယ်ဆိုရင်တောင် သူတို့ တိုက်ခိုက်နိုင်စွမ်းက ဒီလောက်အထိ အားမကောင်းသင့်ဘူး။ ဒီသစ်ပင်နဲ့ ပက်သက်ပြီး ဘာတွေ ထူးဆန်းနေတာလဲ
သို့သော်လည်း နဂါးလိုဏ်ဂူတောင်ရှိ ရှေးဟောင်းသစ်ပင်သည် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲအတွက် အားကောင်းသော လက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။ ၎င်း၏ များပြားလွန်းလှသော အကိုင်းအခက်များနှင့် တရစပ် တိုက်ခိုက်မှုများကြောင့် ကျူးကျော်လာသည့် ရန်သူများကို အချိန် ခဏတာလောက် ထိန်းထားနိုင်ပေသည်။
ဒီနဂါးလိုဏ်ဂူတောင်က တကယ်ကို… မဟုတ်တော့ဘူး
မိုယု၏ မျက်ဝန်းအစုံ ပို၍ တောက်ပနေခဲ့လေပြီ။
နတ်ဘုရားသစ်ပင် ရုတ်တရက် ထုတ်ဖော်ပြသလိုက်သည့် စွမ်းအားကြောင့် ရန်ကိုင်ပင်လျှင် အံ့အားသင့်သွားခဲ့ရသည်။ သို့သော် မကြာမီ စိတ်သက်သာရာ ရသွားခဲ့လေသည်။ ပုံမှန်ဆိုလျှင် နတ်ဘုရားသစ်ပင်အနေဖြင့် ထိုမျှ အားကောင်းမည် မဟုတ်သော်လည်း ရန်ကိုင် ထိုသစ်ပင်အား ယူလာကတည်းက ရွှေရောင်သွေးစက်များစွာကို တိုက်ကျွေးခဲ့ပေသည်။ ထို့ကြောင့် နတ်ဘုရားသစ်ပင်၏ တိုက်ပွဲစွမ်းရည် ထိုမျှ မြင်မားနေသည်မှာ အထူးအဆန်း မဟုတ်ပေ။
ထိုအချက်ကို စဉ်းစားမိသွားသော် ရန်ကိုင် ပြုံစိစိ ဖြစ်သွားသည်။
ရုတ်တရက် ရန်ကိုင်နားရှိ ဟင်းလင်းပြင် တုန်ခါလာပြီး ကောင်းကင်တိုက်ပွဲအစည်းအရုံ ဝတ်ရုံ ဝတ်ထားသည့် ကျင့်ကြံသူ တစ်ယောက် သူ့ဘေးတွင် ပေါ်လာခဲ့လေသည်။
ထိုလူသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်ရုံမက အလွန်ကိုမှ အပုန်းကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ အကုန်လုံး နတ်ဘုရားသစ်ပင်ကို အာရုံစိုက်နေချိန် ထိုလူသည် ရန်ကိုင်နားသို့ တိုးတိုးတိတ်တိတ် ရောက်လာပြီး သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သည်။
ထိုလူ လုပ်သည်မှာ မှန်ပေသည်။ တိုက်ပွဲတစ်ပွဲအတွင်း အာရုံပျံ့လွင့်ခြင်းသည် ကိုယ်သေတွင်း ကိုယ်တူးခြင်း ဖြစ်ကာ ကြုံလာနိုင်သမျှ အခွင့်အရေးအားလုံးကို အမိအရ ဖမ်းကိုင်ပြီး အကျိုးရှိရှိ အသုံးချမှသာ တိုက်ပွဲကို အောင်နိုင်သူ ဖြစ်လာနိုင်သည်။ ရန်ကိုင် အနည်းငယ် စိတ်သက်သာရာ ရသွားသည့် အခိုက်အတန့်မှာ ထိုလူသည် ရန်ကိုင်အား ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်လိုက်သည်။
ခြင်္သေ့ပင် ယုန်တစ်ကောင်အား အမဲလိုက်ရာတွင် ခွန်အားကုန်သုံးပြီး အမဲလိုက်လေရာ ထိုလူသည် သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသော်လည်း ရန်ကိုင်အား အထင်မသေးရဲသည့် အတွက် တိုက်ခိုက်ရာတွင် သူ့ခွန်အားအကုန်ကို အသုံးပြုခဲ့သည်။
သို့သော်လည်း ရန်ကိုင်သည် သူ့တိုက်ခိုက်မှုကို ရှောင်ပင်၊မရှောင်၊ သူ့အား ပြုံးပြီးတော့သာ ပြန်ကြည့်နေခဲ့သည်။
တစ်ခုခု မှားနေပြီ ရန်ကိုင်၏ အပြုံးကို မြင်သော် တန်ခိုးရှင် ဒုတိယအဆင့် ပညာရှင် နှလုံးခုန်မြန်သွားခဲ့သည်။ သူအန္တရာယ်ထဲ ရောက်နေပြီဟု မသိစိတ်မှ သတိပေးနေသော်လည်း အန္တရာယ် အရင်းအမြစ်ကို ရှာမတွေ့နိုင်ခဲ့ပေ။ သူခံစားမိသည်ကား သူသာ ဆက်တိုက်ခိုက်မည်ဆိုလျှင် ခံစားရသွားရမည့်လူမှာ သူသာ ဖြစ်လိမ့်မည် ဆိုသည်ကိုပင်။
သူ့စိတ်ထဲ ထိုကဲ့သို့ တွေးမိလိုက်သော်လည်း ယခုကဲ့သို့ အခွင့်အရေးမျိုး ရခဲလှသဖြင့် ပြန်မဆုတ်ချင်ခဲ့ပေ။ ထို့ကြောင့် လုပ်လက်စ အလုပ်ကို တစ်ခါတည်း ဆက်လုပ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ သူတော်စင်ချီနှင့်တကွ သတ်ဖြတ်လိုစိတ် ထိုလူဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။
တန်ခိုးရှင်ဒုတိယအဆင့်၏ အလစ်ချောင်း တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကိုင်ဘာကြောင့် တည်တည်ငြိမ်ငြိမ် ရှိနေရသလဲ ဆိုသည်နှင့် ပက်သက်၍ မိုယု အတွေးများနေခဲ့သည်။
သို့သော်လည်း ခဏအကြာတွင် သူနားမလည်နိုင်သည့် ပုစ္ဆာ၏ အဖြေ ထွက်ပေါ်လာခဲ့သည်။ ရန်သူ၏ တိုက်ခိုက်မှု ရန်ကိုင် ပေါ်သို့ မရောက်သေးခင်မှာပင် ရန်ကိုင်ရှေ့တွင် ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုကောင်လေးသည် အတော်လေးကိုမှ သေးကာ ရန်ကိုင်၏ ခါးတစ်ဝက်စာလောက်သာ မြင့်သည်။
“ဟန့်” ထိုအနက်ရောင် ပုံရိပ်လေးကို ကြည့်ရင်း မိုယု မျက်ခုံးပင့်လိုက်သည်။ ထိုအရာ ဘာမှန်း မိုယု မပြောနိုင်ပေ။
ထိုကောင်တစ်ကိုယ်လုံး ကျောက်သားများဖြင့် လုပ်ထားသလိုပင်။ ထိုမျှသာမကသေး ထိုကောင်လေးတွင် သိသာထင်ရှားသော ရုပ်အသွင်အပြင်လည်း ရှိပေသည်။ မျက်ခုံး၊ ခပ်ကွေးကွေးပါးစပ်၊ နှာခေါင်းကြီးကြီးနှင့် နားရွက်နှစ်ဖက်၊ အကုန်ပါပေသည်။ သူ့မျက်လုံးများသည်လည်း အသိဥာဏ် ရှိသည့် သက်ရှိတစ်ကောင်၏ မျက်လုံးများကဲ့သို့ပင်။ လက်နှစ်ဖက်မှာမူ မျောက်လွှဲကျော်ကဲ့သို့ ဒူးနှစ်ဖက်ကို ကျော်ထွက်နေသဖြင့် ကြည့်ရ အနည်းငယ် ကိုးယိုးကားယား ဖြစ်သည်။
ကျောက်တုံးတွေလည်း အသိစိတ် ရနိုင်တာလား မိုယု သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
အံ့အားသင့်စရာ အကောင်းဆုံးသည်ကား ထိုကျောက်တုံး ကောင်လေးဆီမှ မည်သည့် အသက်ဓါတ်ကို မိုယု မခံစားမိခြင်းပင်။
ထိုကျောက်တုံးကောင်သည် သေပြီးသားလား၊ အသက်ရှင်နေသေးလေသလား။
ကျောက်တုံးရုပ်သေးရုပ်ကပဲ မိုယုကို ပြန်ဖြေပေးသွားသည်။
တန်ခိုးရှင်ဒုတိယအဆင့်၏ အလစ်ချောင်း တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော် ကျောက်တုံးရုပ်သေးရုပ်သည် ပါးစပ်ကို ကျယ်ကျယ်ဟ၍ အနက်ရောင်တုတ်တစ်ချောင်းကို ထွေးထုတ်လိုက်သည်။ ထို့နောက် ထိုတုတ်ကို လက်တစ်ဖက်ဖြင့် သေချာဆုပ်ကိုင်၍ လွှဲရိုက်ချလိုက်လေသည်။
ထိုတုတ်ချောင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော မိုးမြေစွမ်းအင်အားလုံး ကသောင်းကနင်း ဖြစ်ကုန်ကြလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း မိုယု၏ မျက်ခုံးနှစ်ဖက် တွန့်ကွေးသွားခဲ့သည်။ ထိုသာမန်ကာလျှံကာ တုတ်ရိုက်ချက်ထဲ အံ့အားသင့်ဖွယ်ရာ စွမ်းအားနှင့် ပြင်းအားတို့ ပါဝင်နေမှန်း သူ မြင်နိုင်ပေသည်။
ဒီကောင်ကတော့ ကံကိုဆိုးတာပဲ မိုယု တွေးလိုက်သည်။
မိုယု မျှော်လင့်ထားသည့်အတိုင်းပင်၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း ထိုတုတ်ရိုက်ချက်ကို မြင်လိုက်သည်နှင့် သူရှောင်နိုင်လိမ့်မည် မဟုတ်မှန်း သိလိုက်သည်။ ထို့ကြောင့် ဓါးထဲသို့သာ သူတော်စင်ချီ ထပ်ထည့်၍ ထိုရိုက်ချက်ကို ခုခံရန် ပြင်ရတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၁၇)
တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်၏ တလက်လက် တောက်ပနေသော ဓါးရောင်သည် တစ်ခဏသာ လင်းလက်နိုင်ပြီး ခရက်ဆိုသော အသံနှင့်အတူ တစ်စစီ ကျိုးထွက်သွားလေသည်။ ထိုဓါးမှာ အတော်လေး အဆင့်မြင့်သော်လည်း အနက်ရောင် တုတ်ချောင်းနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ရွံဓါးတစ်ချောင်းနှယ် အပိုင်းပိုင်း ကျိုးထွက်သွားခဲ့လေသည်။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ” ထိုပညာရှင် မျက်လုံးပြူးသွားလေသည်။ သူ့ဓါးသည် သိပ်ပြီး အဆင့် မမြင့်လျှင်ပင် တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခုတော့ ဖြစ်နေဆဲ။ အမြန်နှုန်းနှင့် ထက်ရှမှုကို အသာပေးသည့်အတွက် အရမ်းကြီး မမာကျောလျှင်ပင် ထိုမျှလောက်တော့ မပျော့သင့်ပေ။
ထိုမှော်ရတနာသည် သူ့အား နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့ပြီး ရန်သူပေါင်းများစွာ၏ သွေးအား သောက်လာခဲ့သော မှော်ရတနာတစ်ခု ဖြစ်သည်။ သူ့အဖိုးအတန်ဆုံး မှော်ရတနာတစ်ခုဆိုလျှင်လည်း မမှားချေ။ သို့သော်လည်း ယခုမူ တစ်ချက်တည်းဖြင့် တစ်စစီ ဖြစ်သွားခဲ့လေပြီ။
ဓါးကျိုးသွားသည့် အတွက် နှာမြေတသ ဖြစ်မိသလို ကြောက်လည်း ကြောက်မိသွားသည်။ သူ့ဓါးအား တစ်ချက်တည်းဖြင့် ကျိုးသွားအောင် ချိုးနိုင်ရန် ထိုတုတ်မည်မျှ မာလေသနည်း။ ဓါးပင် တစ်စစီ ဖြစ်သွားလေရာ သူ့သာ လာထိမှန်ခဲ့လျှင် သူအသက်ရှင်နိုင်မည်လား။
ထိုအကြောင်း တွေးလိုက်မိသည့်နောက် ချက်ချင်း ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် လျှာကိုကိုက်၍ သွေးတစ်ပွက် အန်ထုတ်လိုက်ကာ အလျင်စလို နောက်ဆုတ်လိုက်သည်။
သူ့အစီအစဉ်တွင် အမှားမရှိသော်လည်း အနက်ရောင် တုတ်ချောင်းအကြောင်းကို သေချာမသိထားသည်မှာ သူ့အတွက် သနားစရာပင်။
ယန်ယန်၏ အဆိုအရ ထိုတုတ်ချောင်းကို အလွန်အမင်း အလေးချိန်စီးသည်ဟု နာမည်ကျော်သော တန်ခိုးရှင်ဘုရင်အဆင့် တိမ်သလင်းသံဖြင့် လုပ်ထားခြင်းဖြစ်သည်။ လက်တစ်ဝါးစာ အရွယ် တိမ်သလင်းသံသည် ကီလိုဂရမ်သောင်းနှင့်ချီ လေးပေသည်။ ထိုတိမ်သလင်းသံသည် အလွန်အမင်း အလေးချိန် စီးရုံမက မာလည်းမာပေသည်။ ဤလောက အကန့်အသတ်ဖြင့် ထိုသတ္တုနှင့် လုပ်ထားသည့် မှော်ရတနာတစ်ခုကို မည်သို့မှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်ကိုယ်တိုင်ပင် ထိုတုတ်ကို စိတ်ရှိသလို မဝှေ့ရမ်းနိုင်ပေ။
ထိုတုတ်ချောင်းကို မည်သူ ဖန်တီးခဲ့သလဲ မည်သူမှ မသိသော်ငြား အနက်ရောင်တုတ်သည် စိတ်ထဲရှိသလို အရွယ်အစား ပြောင်း၍ရသည့် တုတ်တစ်ချောင်း ဖြစ်သည်။ ဧကရာဇ်ဥယျာဉ်ထဲရှိ ရုပ်သေးရုပ် ထိုတုတ်ချောင်းကို သုံးစဉ်က တုတ်၏ အရှည်သည် မီတာပေါင်းများစွာ ရှည်လျားပေသည်။ သို့သော်လည်း ကျောက်တုံးရုပ်သေးလက်ထဲ ရောက်ပြီးနောက် သူမြိုချနိုင်သည့် အရွယ်ထိ ကျုံ့သွားခဲ့သည်။
လက်ရှိတွင် ကျောက်တုံးရုပ်သေးရုပ်၏ အရွယ်အစားအလိုက် တုတ်အရွယ်အစားမှာ နှစ်မီတာသာ ရှိသေးသည်။
သွေးမြူမှုန်ထုတ်ပြီးနောက် သူ့တိုက်ခိုက်နိုင်သည့် စက်ကွင်းမှ ရှောင်ထွက်သွားသော ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူကို ကြည့်ရင်း ကျောက်တုံးရုပ်သေးရုပ်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူ့လက်ထဲရှိ အနက်ရောင်တုတ်ချောင်းသည် ထွက်ပြေးသွားသော ကျင့်ကြံသူကို မှီသည်အထိ ရှည်ထွက်သွားပြီး သူ့အား ရိုက်ချလိုက်လေသည်။
ထိုပြောင်းလဲမှုကြောင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ တုန်လှုပ်ချောက်ခြားသွားလေသည်။ အခြား ခုခံစရာ အကာအကွယ်မှော်ရတနာ မရှိသဖြင့် သူတော်စင်ချီဖြင့်သာ အကာအရံတစ်ခု ကမန်းကတန်း ကောက်ဖန်တီးလိုက်ရသည်။
ခွပ်…
အနက်ရောင်တုတ် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အား လာရောက်ထိမှန်လေသည်။ သူဖန်တီးထားသည့် သူတော်စင်ချီ အကာအရံမှာမူ အနက်ရောင်တုတ်ချောင်းနှင့် တွေ့သည်နှင့် ရေပူးပေါင်းတစ်လုံးနှယ် ပေါက်ထွက်သွားခဲ့လေသည်။ ထိုရိုက်ချက်ကြောင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ၏ ခန္ဓာကိုယ် ကောက်ကွေးတက်သွားပြီး အရိုး ကျိုးသံများနှင့်အတူ လေထဲ လွင့်ပျံထွက်သွားလေသည်။
သွေးများ အဆက်မပြတ် အန်ထွက်သွားရာ ထိုသွေးများထဲ အသားစများပင် ပါလာခဲ့လေသည်။ ရိုက်ချက် တစ်ချက်တည်းဖြင့် မွေးမေမေပင် မမှတ်မိလောက်သည်အထိ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။ ထိုလူ မသေလျှင်ပင် အနည်းဆုံး အိပ်ရာထဲ နှစ်ပေါင်းများစွာ လဲရပေတော့မည်။
ကျောက်တုံးရုပ်သေးရုပ် တစ်ယောက်တည်းဆိုလျှင် သူလွတ်နိုင်သော်ငြား သူရင်ဆိုင်ရသည်မှာ ကျောက်တုံးရုပ်သေးရုပ် တစ်ယောက်တည်း မဟုတ်၊ ရန်ကိုင်ပါ ပါပေသည်။ ရန်ကိုင်သည် ထိုလူ လွတ်သွားမည်ကို မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် ထိုလူ လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့နောက်သို့ ရွှေရောင်ပိုးမျှင်များ ပစ်လွှတ်လိုက်လေသည်။
ရွှပ်… ရွှပ်…
ထိုလူမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်အတွက် မည်သို့မှ ပြန်မခုခံနိုင်တော့ချေ။ ထို့ကြောင့် ရွှေရောင်ပိုးမျှင်များ ပြုသည့်၊နုသည့် ဘဝသို့ ရောက်သွားခဲ့ရလေသည်။ ရွှေရောင်ပိုးမျှင်များ၏ အဆက်မပြတ် ဖြတ်တောက်မှုအောက်တွင် သူတစ်ကိုယ်လုံး တစ်စစီ ဖြစ်သွားခဲ့ရလေသည်။
တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက် ထိုကဲ့သို့ ဘာမှပင် ပြန်မလုပ်နိုင်ဘဲ အသတ်ခံလိုက်ရလေပြီ။
တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက် မျက်တောင် တစ်ခတ်အတွင်း ထိုကဲ့သို့ ဖြစ်သွားသည်ကို ကြည့်ရင်း အကုန်လုံး ယုံရခက်ခက် ဖြစ်နေကြသည်။
ပုံမှန်ဆိုလျှင် တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက် အနေဖြင့် ထိုမျှ အလွယ်တကူ မသေနိုင်ပေ။ ကျောက်တုံးရုပ်သေးရုပ်နှင့် အရွယ်အစား ပြောင်းလဲနိုင်သော အနက်ရောင်တုတ်အကြောင်း မသိထားသည့် အတွက်ကြောင့် အလစ်အငိုက်မိပြီး ဘာမှ ပြန်မလုပ်နိုင်ဘဲ အသက်ပျောက်ခဲ့ရခြင်း ဖြစ်သည်။ တစ်နည်း ဆိုရသော် ထိုလူကကို ကံဆိုးခြင်းဖြစ်သည်။
သို့သော် ယခုမှ ထိုအကြောင်းသိရလေအောင် အလွန်ကိုမှ နောက်ကျနေလေပြီ။
ရန်သူ တစ်ယောက်ကို သတ်ပြီးနောက် ကျောက်တုံး ရုပ်သေးရုပ်မှ မာန်သွင်းအော်ဟစ်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့လေသည်။ မျက်တောင် တစ်ခတ်အတွင်း ကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင်၏ ခါးတစ်ဝက်စာ အရွယ်မှ ဆယ်မီတာအမြင့်ရှိသော ဧရာမ ကျောက်ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ အနက်ရောင်တုတ်သည်လည်း ကျောက်တုံးရုပ်သေးရုပ်၏ အရွယ်အတိုင်း လိုက်ကြီးလာခဲ့လေသည်။
ဘုန်း… ဘုန်း… ဘုန်း…
အသွင်ပြောင်းပြီးနောက် ကျောက်တုံးရုပ်သေးရုပ်သည် အနက်ရောင်တုတ်ကို ကိုင်စွဲလျက် တိုက်ပွဲထဲသို့ ပြေးဝင်သွားလေသည်။
အနက်ရောင်တုတ်ချောင်းကို ကိုင်စွဲထားသည့် ဆယ်မီတာ အမြင့်ရှိသော ကျောက်ဘီလူးကြီးသည် တန်ခိုးရှင် တတိယအဆင့်များပင် တွေးကြောက်ရသည့် စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။ တုတ်တစ်ချက် လွှဲလိုက်တွင်း အနီးနားရှိ လေဟာနယ် အေးခဲသွားသလို ဖြစ်သွားသဖြင့် နတ်ဘုရား သစ်ပင်နှင့် အလုပ်ရှုပ်နေကြသော ရန်သူအားလုံး ကြောက်လန့်မှုကြောင့် တုန်ရီကြကုန်လေသည်။ အတော်များများသည် သူတို့ကိုယ်သူတို့ ထိခိုက်စေမည်မှန်း သိလျက်နှင့်ပင် တားမြစ်လျှို့ဝှက်ပညာရပ်များကို ထုတ်သုံးကာ စတင် ထွက်ပြေးကြတော့လေသည်။
သို့သော်လည်း နတ်ဘုရားသစ်ပင်ကို သူတို့ မေ့ထားသည်လား။ မရေမတွက်နိုင်သော အကိုင်းအခက်များအား နွယ်တံရှည်များအဖြစ် အသွင်ပြောင်းလျက် ထိတ်လန့်တကြား ထွက်ပြေးနေသော ရန်သူများကို ဘက်ပေါင်းစုံ တရစပ် တိုက်ခိုက်လေသည်။
ကျောက်တုံးရုပ်သေးရုပ်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ အနက်ရောင်တုတ်ကို ဝှေ့ရမ်းလျက် ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ငရဲပြည် ပို့တော့လေသည်။
အနက်ရောင်တုတ်ကိုယ်တိုင်သည် တန်သောင်းနှင့်ချီ လေးပေသည်။ သို့သော်လည်း ထိုမျှ အလေးချိန်စီးသော တုတ်သည် ကျောက်တုံးရုပ်သေးရုပ်၏ လက်ထဲတွင် ငှက်မွှေးတောင် တစ်ချောင်းနှယ် ပေါ့ပါးနေခဲ့သည်။ သူတော်စင်ချီ မသုံးဘဲ တုတ်သက်သက်နှင့် ရိုက်မည်ဆိုလျှင်ပင် အလွန်ကိုမှ ပြင်းထန်သော ရိုက်ချက်ကို ထုတ်ဖော်နိုင်ပေသည်။ တန်ခိုးရှင် ဘုရင်များဆိုလျှင် ထိုရိုက်ချက်ကို ခုခံနိုင်မည် ဖြစ်သော်လည်း တန်ခိုးရှင်အဆင့်များကမူ ထိုကဲ့သို့ မလုပ်နိုင်ကြပေ။
ထိုမျှ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်လေရာ ကျောက်တုံးရုပ်သေးရုပ် အနေဖြင့် မည်သည့် သိုင်းပညာရပ်ကိုမှ တတ်ကျွမ်းစရာ မလိုတော့ချေ။ တုတ်တစ်ချောင်း ဝှေ့ရမ်းရုံနှင့်ပင် လောကတစ်ခွင်ကို လှုပ်ခါနိုင်နေလေပြီ။
တုတ်စာမိလိုက်သည့်လူတိုင်း တစ်ခါတည်း ပွဲချင်းပြီး သေသွားကုန်ကြပြီး အဖျားခတ်ခံလိုက်ရသည့် လူများမှာမူ ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ ရွှေရောင်သစ်ရွက်များ၏ အလွယ်တကူ ပစ်မှတ်ထားခြင်း ခံရလေတော့သည်။
တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက်သည် ထိုရိုက်ချက် တစ်ချက်လောက်ကို ခုခံနိုင်မည် ဖြစ်သော်ငြား တန်ခိုးရှင် တတိယ အဆင့်များပင် ထိုရိုက်ချက်ကို လျှော့မတွက်ရဲကာ ဖြစ်နိုင်လျှင် ထိပ်တိုက်မရင်ဆိုင်ပဲ ရှောင်သာ ရှောင်ပေလိမ့်မည် ဖြစ်လေရာ သူတို့လည်း မည်သို့ ထိပ်တိုက် ရင်ဆိုင်ရဲမည်နည်း။
ထိုမြင်ကွင်းကို ကြည့်ရင်း မိုယု မျက်မှောင်ကြုတ်သွားခဲ့သည်။
နဂါးလိုဏ်ဂူတောင်သည် တကယ်ကော တောင်သေးသေး ဟုတ်လေရဲ့လား။
ပထမဆုံး အသိစိတ်ရှိနေသည့် ရှေးဟောင်းသစ်ပင်၊ ယခု ကျောက်ဘီလူကြီး၊ ထိုကဲ့သို့သော အန္တရာယ်များသည့် အရာများကို မိုယု တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးခဲ့သော်ငြား ယခု တစ်ခုပြီးတစ်ခု မြင်နေခဲ့ရသည်။
မိုယု အသက်ရှင်လာသည်မှာ ကြာပြီဖြစ်သည့် အတွက် အတော်လေး ဗဟုသုတ ကြွယ်ဝသည်ဟု ပြော၍ရသည်။ သို့တိုင် ယနေ့ ဖြစ်ပျက်သွားသည်များကို မြင်ပြီးနောက် သူတစ်ကြိမ်ပြီး တစ်ကြိမ် အံ့အားသင့်နေခဲ့ရလေသည်။
အသိစိတ်ရှိနေသည့် ရှေးဟောင်းသစ်ပင်နှင့် ကျောက်ဘီလူးကြီး အတွဲနှင့်ပင် ကျူးကျော်လားသည့် ရန်သူများကို ထိန်းထားနိုင်နေပြီ။ ထိုသည်မှာ ရန်ကိုင်ဆိုသော ကောင်လေး မပါသေးချေ။
ရန်ကိုင် တိုက်ခိုက်သည်ကို သူတစ်ခါမှ မမြင်ဖူးသော်လည်း အသိစိတ်ရှိနေသော ရှေးဟောင်းသစ်ပင်နှင့် ကျောက်ဘီးလူကြီးကို အမိန့်ပေးနိုင်သည့်အတွက် သူ့ခွန်အားကိုလည်း ပေါ့သေးသေး မမှတ်တန်ရာ၊ အနည်းဆုံး သူ့ခွန်အားသည် သာမန် သူတော်စင်ဘုရင် တတိယအဆင့်ထက် အများကြီး ပိုမို သာလွန်ပေလိမ့်မည်။
ယခုမှပဲ သူ့တပည့် တောင်းဆိုချက်အား သဘောတူပြီး နဂါးလိုဏ်ဂူတောင်နှင့် ရန်သူ မဖြစ်လိုက်မိသည်ကို ကံကောင်းသည်ဟု မိုယု ခံစားလိုက်ရသည်။ မဟုတ်သာ မဟုတ်လျှင် မည်သည့် အကျိုးအမြတ်မှလည်းမရ၊ နဂါးလိုဏ်ဂူတောင်နှင့်လည်း အလကားသက်သက် ရန်သူ ဖြစ်သွားရပေလိမ့်မည်။
အသိစိတ်ရှိနေသည့် ရှေးဟောင်းသစ်ပင်သည် အတော့်ကိုမှ အားကောင်းသော်လည်း အဆုံးတွင်တော့ သစ်ပင်သည် သစ်ပင်သာ ဖြစ်သည်။ ထို့ကြောင့် အခြား သက်ရှိများကဲ့သို့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ချေ။ အမြစ်တွယ်ပြီးသည်နှင့် အားကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သော်လည်း အဝေးကြီးသို့ လှမ်း၍ မတိုက်ခိုက်နိုင်ချေ။
ကျောက်ဘီလူးကြီးသည်သာ အမှန်တကယ်ကို ကြောက်ဖို့ ကောင်းသည့် သက်ရှိတစ်ကောင်ဖြစ်သည်။ အရိပ်ကြယ်ပေါ်တွင် မည်သူကများ ထိုကဲ့သို့သော မွန်းစတားကောင်းကို တိုက်ခိုက်နိုင်မည်နည်း။ တန်ခိုးရှင်တတိယအဆင့်ပင် ထိုကောင်၏ ပြိုင်ဘက် မဖြစ်နိုင်လောက်ချေ။ အားကောင်းသော ပညာရှင်များစွာ စုပေါင်းပြီး တိုက်ခိုက်မှသာ ထိုကောင်ကြီးကို အနိုင်ယူနိုင်ပေလိမ့်မည်။
ဒီကောင်လေး ငါ့သူ့ကို ကူညီလိုက်တာကို နားလည်လောက်ပါတယ်၊ ဟုတ်တယ်မလား မိုယု သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်သည်။ ရန်ကိုင် သူလုပ်ရပ်အား အထင် လွဲသွားမည်ကို မိုယု စိတ်ပူနေမိသည်။
နတ်ဘုရားသစ်ပင်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့ သောင်းကျန်းကောင်းနေစဉ်တွင် နဂါးဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ကောင်းကင်တစ်ခွင်လုံး မဲမှောင်သွားပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် နဂါးလိုဏ်ဂူတောင်ပေါ်သို့ သက်ဆင်းလာခဲ့လေသည်။
ထိုဖိအား ထွက်ပေါ်လာသည်နှင့် အကုန်လုံး တုန်ရီသွားကြလေကုန်သည်။ သူတို့အား သေလမ်းပို့နိုင်သော မျက်လုံးကြီးတစ်စုံသည် သူတို့အား စိုက်ကြည့်နေသလို အကုန်လုံး ခံစားလိုက်ရသည်။
လက်ရှိ ပေါ်လာသည့် ဖိအားသည် ဧကရာဇ်ဥယျာဉ်မှ ပေါ်လာသည့် ဧကရာဇ်ဖိအားကဲ့သို့ အားမကောင်းလျှင်ပင် အရမ်းကြီးတော့ နိမ့်ကျခြင်းမရှိချေ။
တိုက်ခိုက်နေသည့် လူတိုင်း ရပ်တန့်လိုက်ကြပြီး ထိုဖိအား ထွက်ပေါ်ရာဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက် အကုန်လုံး သွေးပျက်ထိတ်လန့်သွားကြလေသည်။
အားလုံးရှေ့တွင် ရန်ကိုင်သည် ဖြည်းဖြည်းချင်း လည်နေသော တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုဘေးတွင် ရပ်လျက် ထိုထဲမှာ ရွှန်းစိုတောက်ပသော ဓါးတစ်ချောင်းကို ဆွဲထုတ်နေသည်။ ရန်ကိုင်မှ ဓါးအား ဆွဲထုတ်လာသည်နှင့်အမျှ အကုန်လုံး ခံစားနေရသည့် ဖိအားမှာလည်း တစ်စထက် တစ်စ ပိုမို ပြင်းထန်လာခဲ့သည်။
ခဏအကြာတွင် ရန်ကိုင် ဓါးအား အပြည့်အဝ ဆွဲထုတ်လိုက်ပြီး ဓါးတစ်ချောင်းလုံး ရုပ်လုံး ပေါ်လာခဲ့သည်။
ထိုအရာသည် ဓါးဟု မခေါ်ထိုက်ဘဲ အရိုးတစ်ချောင်းဟုသာ ဆိုရမည်။ တစ်မီတာ အရှည်လောက်ရှိပြီး ကိုယ်ထည် တစ်ခုလုံး စိမ်းနုရောင်တောက်နေသည်။ အသွားနှစ်ဖက်မှာလည်း တုံးတုံးကြီး ဖြစ်သည်။
လက်ကိုင်ဖျားတွင်ကား တောကြက်မောက်အရွယ် အလုံးလေးတစ်လုံး ရှိနေခဲ့ပြီး ထိုထဲတွင် အစိမ်းရောင်မြွေလေးနှင့် ဆင်တူသည့် အရာတစ်ခု ကူးခတ်နေခဲ့သည်။
ထိုအရိုးဓါးသည် အသိစိတ်ရှိနေသည့်နှယ် ရန်ကိုင်လက်မှ ရုန်းထွက်၍ ကောင်းကင်တစ်ခွင် လွတ်လပ်စွာ ပျံသန်းချင်နေသည့် အလား တဆတ်ဆတ် တုန်ခါနေခဲ့သည်။
ဧရာဇမနဂါးခေါင်းပုံရိပ် တစ်ခုသည် အစိမ်းရောင်ဓါးဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုနဂါးခေါင်းသည် အလွန်ကိုမှ အသက်ဝင်လှကာ တကယ့် နဂါးခေါင်းအစစ်နှင့်ပင် တူပေသည်။ တဖြည်းဖြည်း ပေါ်လာပြီးနောက် အားလုံးအား ၎င်း၏ လက်ဆေးဇလုံးအရွယ်မျှရှိသော မျက်လုံးအစုံဖြင့် ဝေ့ကြည့်လိုက်သည်။ ထိုအကြည့်နှင့် ရင်ဆိုင်လိုက်ရသူတိုင်း သူတို့ကိုယ်သူတို့ ပုရွတ်ဆိတ်များနှယ် သေးငယ်သွားသလို ခံစားလိုက်ရလေသည်။
သူတို့အားလုံး ခံစားနေရသည့် ကြောက်မက်ဖွယ်ရာ ဖိအားသည် ထိုအစိမ်းရောင်ဓါးမှ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။
ရန်ကိုင်မှလွဲ၍ မည်သူမှ ထိုနဂါးမျက်လုံးအား တည့်တည့် မစိုက်ကြည့်ရဲချေ။ ရန်ကိုင်သည် ခေါင်းမော့၍ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို အသက်သွင်းကာ နဂါးမျက်လုံးအား တည့်တည့် စိုက်ကြည့်လစိုက်သည်။
မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်လှိုင်းသည် ရန်ကိုင်အား လာရောက်ထိမှန်ပြီး ထိုမှတစ်ဆင့် သူ့နောက်ဘက်သို့ ဆက်လက် ပျံ့ထွက်သွားလေသည်။ ထိုစွမ်းအင်လှိုင်းနှင့် ရင်ဆိုင်ရချိန် တန်ခိုးရှင် တတိယအဆင့်များ၏ အသိစိတ်ပင်လယ် တဒင်္ဂတာ တုန်ခါသွားခဲ့ကြလေသည်။
ရန်ကိုင်လည်း တစ်ချက် ညည်းလိုက်ရသည်။ မျက်မှောင်ကြုတ်လျက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့်တကွ အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်းပညာရပ်ကိုပါ တစ်ပြိုင်တည်း အသက်သွင်းလိုက်လေသည်။
အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်သည် ရန်ကိုင် ပိုင်ဆိုင်ထားသည့် အားအကောင်းဆုံး ဝိဥာဉ်ပညာရပ်တစ်ခု ဖြစ်သည်။ နဂါးဟိန်းသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သော်ငြား ယခုအသံသည် ယခင်ကကဲ့သို့ မောက်မာထည်ဝါခြင်း မရှိတော့ဘဲ ကြောက်ရွံ့မှုတို့ဖြင့်သာ ပြည့်နေခဲ့လေသည်။
နဂါးခေါင်းပုံရိပ်သည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီးနောက် တွန့်လိမ်သွားကာ ရန်ကိုင်လက်ထဲရှိ ဓါးထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
လေထဲရှိ တဝုန်းဝုန်း မြည်သံများလည်း ပျောက်ကွယ်သွားခဲ့ပြီး ဓါးလည်း ယခင်ကကဲ့သို့ ဆက်လက် တုန်ခါမနေတော့ပေ။ ထိုအခြင်းအရာကို မြင်မှပဲ ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်နိုင်တော့သည်။
ထိုအစိမ်းရောင်ဓါးသည် နဂါးအရိုးနှင့် နဂါးဓါတ်လုံးကို ပေါင်းစပ်၍ ဖန်တီးထားသည့် မှော်ရတနာတစ်ခု ဖြစ်သည်။
ဤနဂါးအရိုးနှင့် နဂါးဓါတ်လုံးကို သဲမီးတောက်နယ်မြေ ဒုတိယအလွှာထဲရှိ သူတော်စင်သလင်းကျောက်တွင်းထဲမှ ရန်ကိုင် ရလာခဲ့ခြင်း ဖြစ်သည်။ စရစဉ်က ထိုပစ္စည်းနှစ်ခုနှင့် ဘာလုပ်ရမှန်း ရန်ကိုင်မသိခဲ့။ ထိုပစ္စည်းနှစ်ခုသည် အစစ်အမှန် ရှေးနတ်ဘုရား မျိုးစိတ်တစ်ကောင်၏ ခန္ဓာကိုယ်မှ ပစ္စည်းများ ဖြစ်လေရာ သာမန် ပန်းပဲပညာရှင်တစ်ယောက်မှ မည်ကဲ့သို့ သွားသန့်စင်နိုင်မည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၁၈)
ယန်ယန်မှ သူ့အား ပန်းပဲမီးဖိုနှင့် မီးငှက်ကိုသုံး၍ နဂါးအရိုးနှင့် ဓါတ်လုံးအား မည်ကဲ့သို့ သန့်စင်ရမည်လဲ ဆိုသည်ကို သင်ပေးထားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။
ပန်းပဲမီးဖို၏ ဝိဥာဉ်သည် ရန်ကိုင်၏ ဝိဥာဉ်နှင့် ချိတ်ဆက်ထားသဖြင့် ၎င်းမှ သန့်စင်ခြင်းသည် ရန်ကိုင်ကိုယ်တိုင် သန့်စင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထို့အပြင် ထိုနည်းလမ်းကို သုံးရန်အတွက် မည်သည့် ပန်းပဲပညာရပ်ကိုမှ တတ်ကျွမ်းထားစရာ မလိုချေ။ အဆက်မပြတ် တောက်လျှောက် သန့်စင်နေရန်သာ လိုအပ်သည်။ အချိန်တန်လျှင် လိုချင်နေသည့် မှော်ရတနာ ရလာပေလိမ့်မည်။ ထိုနည်းဖြင့် ရလာသည့် မှော်ရတနာသည် အကြမ်းထည်လောက်သာ ဖြစ်သော်ငြား အားမကိုးရသည့် ပန်းပဲပညာရှင် တစ်ယောက်အား သူ့အဖိုးတန် ပစ္စည်းများကို ဖြုန်းတီးခိုင်းလိုက်ခြင်းထက် အများကြီး ပိုသာပေသည်။
ယန်ယန်ကိုယ်တိုင်ပင် ထိုနဂါးအရိုးနှင့် ဓါတ်လုံးကိုသုံး၍ ပြီးပြည့်စုံသော မှော်ရတနာတစ်ခု ဖန်တီးနိုင်လိမ့်မည် မဟုတ်ဟု သူမကိုယ်တိုင် ပြောခဲ့သည်။ သူမ လက်ရှိအဆင့်ဖြင့် ထိုပစ္စည်း နှစ်ခုကို မှော်ရတနာတစ်ခုအဖြစ် သန့်စင်ရန် မဖြစ်နိုင်သေးချေ။
ရန်ကိုင် အသုံးပြုသည့် နည်းလမ်းသည် သူ့တစ်ယောက်တည်း အတွက်သာ အလုပ်ဖြစ်သော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ သူ့တွင်သာ တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုနှင့် မှော်ရတနာ စိတ်ဝိဥာဉ် ရှိသည့် အတွက်ကြောင့် ဖြစ်ပေသည်။
နှစ်ပေါင်းများစွာကြာအောင် သန့်စင်ပြီးနောက် နဂါးအရိုးနှင့် နဂါးဓါတ်လုံးကို ပေါင်းစပ်နိုင်ခဲ့သည်။ ထိုနှစ်ခုသည် ခန္ဓာကိုယ် တစ်ခုတည်းမှ ကျကျန်ခဲ့သည့် ပစ္စည်းများ ဖြစ်သည့်အတွက် ထိုနှစ်ခုအား ပေါင်းစပ်ရသည်မှာ အရမ်းကြီး မခက်ခဲခဲ့ပေ။ ယခု သူအနှစ်နှစ်အလလ သန့်စင်လာခဲ့ရသည့် မှော်ရတနာ၏ စွမ်းအားကို စမ်းသပ်ရန် အချိန်ရောက်လေပြီ။
သို့သော်လည်း နဂါးအရိုးဓါးအား ပထမဆုံးအကြိမ် ဆွဲထုတ်သည့် အချိန်တွင် သူ့အရှက်သူပြန်ခွဲမိခါနီး ဖြစ်သွားလိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ချေ။ နဂါးဓါတ်လုံးထဲရှိ နဂါးဝိဥာဉ်သည် ရန်ကိုင်အား လုံးဝ အညံ့မခံလိုဘဲ သူ့လက်ထဲမှသာ ရုန်းထွက်ချင်နေသည်။
ထိုအရာသည် မည်သည့် အသိစိတ်မှ မရှိတော့သော အားနည်းသော ဝိဥာဉ်တစ်ခုဖြစ်သည် ဆိုလျှင်ပင် ရှေးဟောင်း နတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ်တစ်ခု ဖြစ်သည်မှာ ငြင်းချက် ထုတ်မရသည့် အမှန်တရားဖြစ်သည်။ ရှေးဟောင်းနတ်ဘုရား မျိုးစိတ်များသည် အလွန်ကိုမှ မာနကြီးသည့် သက်ရှိများ ဖြစ်ကြရာ အခြားတစ်ယောက်အား မည်ကဲ့သို့ အလွယ်တကူ အညံ့ခံမည်နည်း။ ကံကောင်းစွာဖြင့် ရန်ကိုင်တွင် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးနှင့် အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ် ရှိနေခဲ့သည်။ ထိုနှစ်ခုအား ပေါင်းစပ်၍ အရေးကြုံနေသည့် အချိန်တွင် နဂါးဝိဥာဉ်အား ဖိနှိပ်နိုင်ခဲ့သည်။
သို့သော် ထိုနည်းလမ်းသည် ရေရှည်အတွက် အဖြေတစ်ခု မဟုတ်ချေ။ နောက်ကျမှသာ နဂါးဝိဥာဉ်အား နောက်တစ်ကြိမ် နာလန်ပြန်မထူလာနိုင်အောင် သေချာ လုပ်ရပေမည်။ မဟုတ်လျှင် သူ့အနေဖြင့် နဂါးအရိုးဓါးကို စိတ်အေးအေးဖြင့် သုံးနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအတွေးများ သူ့စိတ်ထဲ ဖြတ်ပြေးသွားသည့်နောက် ရန်ကိုင်၏ မျက်ဝန်းအစုံ အေးစက်သွားခဲ့ပြီး အေးစက်စက် အပြုံး တစ်ပွင့် သူ့မျက်နှာထက် ဖြစ်ပေါ်လာခဲ့သည်။
နဂါးအရိုးဓါးမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ ဖိအား ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အကုန်လုံး၏ နဖူးထက်တွင် ချွေးစေးများ ဝေ့သီနေကြပေသေးသည်။ လေညင်းတစ်ချက် အသာအယာ ဖြတ်တိုက်ခတ်သွားသည့်အခိုက် အကုန်လုံး ခေါင်းအစ ခြေအဆုံး တုန်ရီသွားခဲ့ကြသည်။
သူတို့ဘက်မှ လူအရေအတွက် များသည့်အတွက် နဂါးလိုဏ်ဂူတောင်အား နင်းချေရသည်မှာ လွယ်ကူသော အလုပ် တစ်ခုဖြစ်သည်ဟု ထင်ခဲ့သော်လည်း နဂါးလိုဏ်ဂူတောင်၏ တကယ့် အစစ်အမှန်ခွန်အား ထွက်ပေါ်လာချိန် အကုန်လုံး ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။
အသိစိတ်ရှိနေသည့် ရှေးဟောင်သစ်ပင်ဖြစ်စေ၊ ကျောက်ဘီလူးကြီးဖြစ်စေ၊ ရန်ကိုင် ထုတ်လိုက်သည့် စိမ်းနုရောင် ဓါးဖြစ်စေ၊ အကုန်လုံးသည် သူတို့၏ အစီအစဉ်ကို တားဆီးမည့် ကြောက်မက်ဖွယ်ကောင်းသည့် အအတားအဆီးများ ဖြစ်ကြသည်။ အထူးသဖြင့် စိမ်းနုရောင်ဓါးပင်၊ ထိုဓါးသည် အလွန်ကိုမှ အံ့အားသင့်ဖွယ်ကောင်းမည့် ရတနာတစ်ခုမှန်း အကုန်လုံးစိတ်ထဲ တွေးမိနေသော်လည်း ဓါး၏စွမ်းအား အကန့်အသတ်ကိုမူ မခန့်မှန်းနိုင်ကြသေးပေ။
ချက်ချင်းဆိုသလို ရန်ကိုင်၏ လူပေါင်းများစွာ၏ အာရုံစိုက်ရာ ပြန်ဖြစ်လာခဲ့လေသည်။ မရေမတွက်နိုင်သော လောဘတကြီး အကြည့်များ၊ ကြောက်လန့်တုန်လှုပ်နေသည့် အကြည့်များသည် ရန်ကိုင် အပေါ်သို့ စုပြုံရောက်ရှိလာခဲ့သည်။
ရန်ကိုင်သည်လည်း နဂါးအရိုးဓါး၏ စွမ်းအားကို စပ်သပ်ချင်နေမိသည်။ ထို့ကြောင့် အချိန်ဖြုန်းနေမတော့ဘဲ နဂါးအရိုးဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။ ဓါးတစ်ချောင်းလုံး တဆတ်ဆတ် တုန်ခါလာပြီး ၎င်းဆီမှ ကြောက်မက်ဖွယ်ရာ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“သွားစမ်း” ရန်ကိုင်မှ ဓါးအား ရန်သူများဆီသို့ လှမ်းပစ်လိုက်ရာ စိမ်းနုရောင်ဓါးရှည်သည် လေထဲတွင်ပင် မီတာပေါင်းများစွာ ရှည်လျားသည့် ဧရာမနဂါးကြီးတစ်ကောင် အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။
နဂါးခန္ဓာကိုယ်သည် စိမ်းနုရောင်တောက်နေပြီး ကောင်းကင် တစ်ခွင်လုံးအား ဖုံးအုပ်လုမတတ် တောင်ပံများကိုလည်း ပိုင်ဆိုင်ထားပေသည်။ တစ်ကိုယ်လုံးကိုလည်း အလွန်ကိုမှ မာကျောသော အကြွေးခွံများဖြင့် ဖုံးအုပ်ထားသေးသည်။
နဂါးမှ ၎င်း၏ ပါးစပ်ကိုဟ၍ ဟိန်းဟောက်မာန်ဖီကာ ဓါးသွားများနှယ် ထက်ရှလှသော လက်းသည်းများကို ထုတ်ဖော် ပြလိုက်သည့်နောက် သူ့အား စိုက်ကြည့်နေသူများ တဆတ်ဆတ် တုန်ရီသွားကုန်ကြလေသည်။
“ရှေးဟောင်းနတ်ဘုရားမျိုးစိတ်” ထိုနဂါးကို မြင်သော် အဝေးမှ တိုက်ပွဲအား စောင့်ကြည့်နေသည့် မိုယု အလန့်တကြား ထအော်လိုက်ပြီး ဒယီးဒယိုင် အလိုလို နောက်ဆုတ်မိသွားခဲ့ရာ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။
ရှေးဟောင်းနတ်ဘုရားမျိုးစိတ်များကို သူတစ်ခါမှ မမြင်ဖူးသော်ငြား ထိုသက်ရှိများကို မိုယုမစိမ်းချေ။ သူတို့ ဂိုဏ်းထဲရှိ ရှေးမှတ်တမ်းစာအုပ်များထဲတွင် မျိုးတုန်း ပျောက်ကွယ်သွားပြီဖြစ်သော ရှေးနတ်ဘုရားမျိုးစိတ်များ အကြောင်း မှတ်တမ်းတင်ထားပေသည်။
သူ့ရှေ့ရှိ နဂါးကြီးသည် ရှေးမှတ်တမ်းများထဲတွင် ဖော်ပြထားသည့် ရှေးနတ်ဘုရားမျိုးစိတ်ဆိုသော သက်ရှိများနှင့် ထပ်တူပင်။ ထို့အပြင် ရိုးရိုး ရှေးနတ်ဘုရားမျိုးစိတ်ပင် မဟုတ်ဘဲ အဆင့်မြင့် ရှေးနတ်ဘုရားမျိုးစိတ်ထဲမှ တစ်မျိုးဖြစ်သော အစစ်အမှန် နဂါးတစ်ကောင်ပင် ဖြစ်လေသည်။
မတိုက်ခိုက်ရသေးသည့်တိုင် ရှေးနတ်ဘုရားမျိုးစိတ်မှ ထုတ်လွှတ်နေသော ဖိအားကြောင့် တန်ခိုးရှင် တတိယအဆင့် အောက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး ကြောက်လန့်မှုကြောင့် တုန်ရီနေကုန်ကြသည်။
“နောက်ထပ် ဝိဥာဉ်တစ်ခုလား။ ဒီကောင်မှာ တကယ်ကြီး နောက်ထပ် ရှေးနတ်ဘုရားမျိုးစိတ်ဝိဥာဉ်တစ်ခု ရှိနေသေးတာလား” အခြားတစ်နေရာတွင် တိုက်ခိုက်နေသော ဖေးကျီတု ထိုမြင်ကွင်းကို မြင်သော် မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့ပြီး လုံးဝကို မှင်သက်သွားခဲ့ရာ သူ့ရန်သူကိုအား တိုက်ခိုက်ရန်ကိုပင် မေ့လျော့သွားခဲ့လေသည်။
ချင်းတုန်နှင့် သူ့ရန်သူများလည်း အလားတူပင်။ တိုက်ခိုက်နေကြသည့် လူအားလုံး မည်သူမှ ဆက်တိုက်ရန် စိတ်မဝင်စားကြတော့ဘဲ သူတို့ရှေ့ရှိ စိမ်းနုရောင်နဂါးကြီးကိုသာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြလေတော့သည်။
ဧကရာဇ်ဥယျာဉ်ထဲဝင်ပြီး ချင်းတုန်အား သွားကယ်စဉ်က ရန်ကိုင်ခန္ဓာကိုယ်မှ ရေခဲဖီးနစ်ပုံရိပ် ထွက်ပေါ်လာသည်ကို မြင်ခဲ့သည့်အတွက် ရန်ကိုင်တွင် ရှေးနတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ် တစ်ခုရှိနေမှန်း ဖေးကျီတု သိခဲ့ရသည်။
ထိုစဉ်က ရှေးနတ်ဘုရားမျိုးစိတ်၏ ဝိဥာဉ်အား ပိုင်ဆိုင်ထားနိုင်သည့် ရန်ကိုင်၏ကံနှင့် ပက်သက်၍ ဖေးကျီတု အလွန်ကိုမှ အံ့အားသင့်ခဲ့ရလေသည်။ ထို့အဖြစ်အပျက်နောက်ပိုင်း ရန်ကိုင်အပေါ် ဖေးကျီတု၏ သဘောထား သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား သာမန် ဂျူနီယာတစ်ယောက်နှယ် မဆက်ဆံတော့ပေ။ ရန်ကိုင်သာ အချိန်လုံလုံလောက်လောက် ရလျှင် တန်ခိုးရှင်ဘုရင်အဆင့် ယှဉ်ပြိုင်နိုင်သော ပညာရှင်ပင် ဖြစ်လာနိုင်ပေသည်။
ရေခဲဖီးနစ်ဝိဥာဉ် ရှိနေမှဖြင့် တစ်နေ့တွင် ရန်ကိုင်သည် ဤလောကကြီး၏ အထွဋ်အထိပ်တွင် မရပ်တည်နိုင်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။
ယခုကတည်းကသာ ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခဲ့လျှင် အနာဂတ်တွင် အကျိုးကျေဇူးများစွာ သူ ရှိနိုင်ပေသည်။
ထို့ကြောင့် နဂါးလိုဏ်ဂူတောင် ဒုက္ခရောက်နေသည့်အခါ ချင်းတုန်နှင့်အတူ တုန့်ဆိုင်းခြင်းမရှိ လာကူညီခြင်း ဖြစ်သည်။ မဟုတ်လျှင် ပြဿနာမှ ဝေးဝေးနေရသည်ကို ကြိုက်သော သူ့စရိုက်အရ ယခုကဲ့သို့အလုပ်မျိုး ဖေးကျီတုဘာကြောင့် လုပ်မည်နည်း။ သူ့ဘာသာ ကောင်းကင်ကံကြမ္မာမြို့တွင် နေကာ ပွဲကြီးပွဲကောင်းကိုသာ ထိုင်ကြည့်နေပေလိမ့်မည်။
ဖီးနစ်ဝိဥာဉ် ပိုင်ဆိုင်ထားနိုင်သည့်အတွက် ရန်ကိုင် အလွန်အမင်း ကံကောင်းနေပြီဟု ဖေးကျီတု ထင်ခဲ့ဖူးသည်။ သို့သော် သူ့တွင် ဖီးနစ်ဝိဥာဉ်အပြင်၊ နောက်ထပ် နဂါးဝိဥာဉ်ပါ ရှိနေလိမ့်ဦးမည်ဟု မည်သူ ထင်မည်နည်း။
ထို့အပြင် ယခု ထွက်လာသည့် နဂါးဝိဥာဉ်သည် သူယခင်က မြင်ခဲ့သည့် ဖီးနစ်ဝိဥာဉ်ထက်ပင် ပိုအားကောင်းပေသေးသည်။
နဂါးကိုကြည့်ရင်း ရန်ကိုင်ကံကို အားကျလွန်းသဖြင့် ဖေးကျီတု သွေးပင် အန်ချင်မိသွားသည်။
ရန်ကိုင်ကံနှင့် ယှဉ်လိုက်သော် သူ့ကံသည် အလွန်ကိုမှ ဆိုးရွားလွန်းလှပေသည်။
အားလုံး၏ ကြက်သေသေနေသည့် အကြည့်အောက်တွင် စိမ်းနုရောင်နဂါးသည် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တန်ခိုးရှင်အဆင့် ပညာရှင်ဆီ ပြေးဝင်သွားလေသည်။ ထိုလူသည် တန်ခိုးရှင် ပထမအဆင့်သို့ ရောက်နေပြီး တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်အတွက် အတော်လေး အားကောင်းသည်ဟု ပြော၍ရသည်။
သို့သော်လည်း သူမည်မျှပင် အားကောင်းစေကာမူ ရှေးဟောင်းနတ်ဘုးရားမျိုးစိတ်အား မျက်နှာချင်းဆိုင် မရင်ဆိုင်ရဲပေ။
နဂါး သူ့ဆီ ပြေးဝင်လာနေသည်ကို မြင်သော် ထိုလူမျက်နှာ ဖြူလျော်သွားပြီး အနက်ရောင်ဒိုင်းတစ်ခုကို အလျင်အမြန် ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။
နဂါး၏ မျက်လုံးထဲ အထင်သေးသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး ၎င်း၏ လက်သည်းများကို ဝှေ့ရမ်းချလိုက်ရာ ထိုလူ၏ အားကိုးရသော အနက်ရောင်ဒိုင်းကာသည် နဂါးလက်သည်းအောက်တွင် တိုဖူးတုံးတစ်တုံးနှယ် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့လေသည်။
ပြီးသည့်နောက်တွင် စိမ်းနုရောင်နဂါးသည် ၎င်း၏ ပါးစပ်ကို ဟလျက် ထိုလူအား အားလုံးရှေ့တွင် အရှင်လတ်လတ် မျိုချလိုက်လေသည်။ ကြောက်လန့်တကြား အော်ဟစ်သံတို့ တဒင်္ဂတာ ထွက်ပေါ်လာခဲ့သော်ငြား ခဏအကြာတွင် ထိုအသံများ ပျောက်ကွယ်သွားခဲ့ပြီး မျိုချခံလိုက်ရသည့် တန်ခိုးရှင်အဆင့်၏ အသက်စွမ်းအင် အရှိန်အဝါမှာလည်း တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့လေသည်။
မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ပညာရှင် ရှိနေသည့်နေရာအား စိမ်းနုရောင်နဂါး ဖြတ်ကျော်သွားပြီးနောက် ထိုနေရာတွင် ခုခံဟန် ပြင်နေသော မည်သည့် အသွေးအသားမှ မရှိတော့သည့် အရိုးခြောက် တစ်ခု လေထဲတွင်ဝဲလျက် ကျန်ရစ်ခဲ့လေသည်။
လေအေးတစ်ချက် ဖြတ်တိုက်သွားသည့်နှယ် အကုန်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း မိုရှောင်ရှန်း၊ ချန်ဖုန်းရွှမ်၊ ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့ ဖြူလျော်သွားခဲ့ကြလေသည်။ သူတို့ ထိုကဲ့သို့ အာရုံတစ်ချက် ပျက်သွားသည့်အခိုက် အမျိုးသမီးရီ၏ တန်ပြန် အနိုင်ယူခြင်း ခံရခါနီး ဖြစ်သွားခဲ့သည်။
မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ကျင့်ကြံသူ၏ အသက်ဓါတ်စွမ်းအင်ကို ဝါးမြိုပြီးနောက် စိမ်းနုရောင်နဂါးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် ၎င်း၏ မေးရိုးများကိုဟလျက် စိမ်းနုရောင် မြူမှုန်များကို ရန်သူများပေါ်သို့ မှုတ်ထုတ်တော့လေသည်။
တန်ခိုးရှင်းအဆင့် ဆယ်ယောက်ကျော် တစ်မုဟုတ်ချည်း ထိုမြူမှုန်များ၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်။ ချက်ချင်းဆိုသလို ကြောက်လန့်တကြား၊ ထိတ်လန့်တကြား အော်ဟစ်သံများ မြူမှုန်ထဲမှ ထွက်ပေါ်လာခဲ့သည်။
“အဆိပ်တွေ”
“ပြေးကြဟေ့”
စိမ်းနုရောင်မြူများသည် အခြားမဟုတ်ဘဲ အဆိပ်များ ဖြစ်နေခဲ့သည်။ ထိုအဆိပ်မြူများဖြင့် လွှမ်းခြုံလိုက်ခံရသူတိုင်း အသက်ရှူရခက်ခဲလာပြီး ခေါင်းမူးလာကာ သူတော်စင်ချီလည်း လှည့်ပတ်ရ ခက်ခဲလာခဲ့သည်။
အားနည်းသော သူများဆိုလျှင် ဒယီးဒယိုင်ဖြစ်ကာ လဲကျကုန်ပြီး သူတို့၏ ခန္ဓာကိုယ်များသည် အရိုးဖြူများ ပေါ်လာသည်အထိ တဖြည်းဖြည်း အရည်ပျော်ကြကုန်လေသည်။
တန်ခိုးရှင်ဒုတိယအဆင့်နှင့် အထက် ကျင့်ကြံသူများသာ ထိုအဆိပ်မြူများမှ ထွက်ပြေးလွတ်မြောက်နိုင်ကြသည်။ လွတ်မြောက်သည်ဟု ဆိုသော်ငြား အဆိမ်မမိလိုက်ဟု မဆိုလိုပေ။ တဖြည်းဖြည်း အစိမ်းရောင် ပြောင်းလာနေသော သူတို့၏ မျက်နှာများသည် သူတို့ အဆိပ်မိသည့် လက္ခဏာများ ဖြစ်ကြသည်။ အဆိပ်သာ မြန်မြန် မဖြေလျှင် သူတို့အားလုံး ဒုက္ခရောက်ရပေတော့မည်။
ဒီနဂါးက အဆိပ်နဂါးလား
ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ မသုံးရသေးစဉ်က ဤနဂါး မည်သည့် နဂါးဖြစ်သလဲ ဆိုသည်ကို သူမသိခဲ့။ လက်တွေ့ အသုံးပြုတော့မှပဲ အဆိပ်နဂါးဖြစ်နေမှန်း သိလိုက်ရသည်။ ထို့အတွက် ရန်ကိုင် အတော်လေး ပျော်သွားခဲ့သည်။
ရှေးနတ်ဘုရားမျိုးစိတ်များထဲတွင် အဆိပ်နဂါးနှင့် မီးနဂါးသည် အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည့် နဂါးများ ဖြစ်ကြသည်။
သင်္ချိုင်းတောင်ကြားသို့ သွားစဉ်က သူ့တိုက်ခိုက်ရေး မှော်ရတနာအား ဖောက်ခွဲပစ်ခဲ့ရသည်။ သို့သော်လည်း အချိန် အများစုတွင် သူသည် လက်ဗလာဖြင့်သာ တိုက်ခိုက်တတ်သည့် အတွက်ကြောင့် သူ့တိုက်ခိုက်ရေး မှော်ရတနာအား ဖောက်ခွဲလိုက်ရသည့်နှင့် ပက်သက်၍ အရမ်းကြီး စိတ်မညစ်ခဲ့ပေ။ ယန်ယန်ကိုလည်း နောက်ထပ် မှော်ရတနာအသစ်တစ်ခု ထပ်မံ မသန့်စင်ခိုင်းခဲ့ချေ။
သို့သော် ရန်ကိုင် ယန်ယန်အား မှော်ရတနာအသစ် ထပ်မလုပ်ခိုင်းရသည့် အဓိက အကြောင်းအရင်းမှာ နဂါးအရိုးနှင့် နဂါးဓါတ်လုံးအား ပေါင်းစပ်ပြီး မှော်ရတနာအသစ်တစ်ခု ဖြစ်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ယခု သူစောင့်ဆိုင်းနေရသည်မှာ အချည်းနှီး မဖြစ်ခဲ့ပေ။ နဂါးအရိုးနှင့် နဂါးဓါတ်လုံးအား ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် မှော်ရတနာသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာနှင့်ပင် ယှဉ်နိုင်လုနီးပါး ရှိသည်။ ထို့အပြင် နဂါးအရိုးဓါးသည် ထပ်မံ အဆင့်မြင့်လာနိုင်သည့် အခွင့်အရေး ရှိလောက်သေးသည်။ အကြောင်းမှာ တန်ခိုးရှင်အဆင့် ပညာရှင်၏ အသက်စွမ်းအင်ကို ဝါးမြိုပြီးနောက် နဂါး၏ အရှိန်အဝါသည် ယခင်ထက်အနည်းငယ် ပိုအားကောင်းလာသည်ကို သူခံစားမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင် ထိုအကြောင်းကို တွေးနေစဉ် အဆိပ်မြူမှ လွတ်သွားသည့် ကျင့်ကြံသူများကို ကျောက်တုံးရုပ်သေးရုပ်မှ အမဲဖြတ်တော့လေသည်။ ထိုပညာရှင်များသည် ကံနှင့်ခွန်အား ရှိသော်လည်း နဂါးလိုဏ်ဂူတောင်ကိုမှ လာတိုက်ခိုက်ခဲ့သည်။ အနက်ရောင်တုတ်ချောင်း သူတို့အပေါ် ကျဆင်းလာချိန် လောကကြီး တစ်ခုလုံး အေးခဲသွားသည့်နှယ် ဖြစ်သွားခဲ့ရာ သူတို့၏ အသက်များ အလွယ်တကူ ချွေယူခံရလေတော့သည်။
ယခင်က တိတ်ဆိတ်ငြိမ်းချမ်းခဲ့သော နေချင်စဖွယ် နေရာလေးသည် တိုက်ပွဲသံများ ဆူညံ့နေသည့် သွေးသံတရဲရဲ ငရဲခန်းအဖြစ်သို့ တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့လေပြီ။
လက်ရှိ အဖြစ်အပျက်သည် အားလုံး ထင်ထားသည်နှင့် အထက်အောက်ပြောင်းပြန် ဖြစ်နေခဲ့သည်။
ကျူးကျော်သူများကြောင့် နဂါးလိုဏ်ဂူတောင်တစ်ခုလုံး ဖွတ်ဖွတ်ညက် ကြေမသွားဘဲ နဂါးလိုဏ်ဂူတောင်ကြောင့်သာ ကျူးကျော်လာသူများ တစ်ယောက်ပြီးတစ်ယောက် ဘဝတစ်ပါး ကူးပြောင်းနေရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှင် ကျန်နေရစ်သူများအားလုံး ထွက်ပြေးမိချင်လာသည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ချန်ချီနှင့် အခြားသူများအားလုံး တန်ပြန် တိုက်စစ်ဆင်ကြလေသည်။
တကယ်တမ်း ပြောရလျှင် ချန်ချီနှင့် အခြားသူများသည် အရမ်းကြီး အားမကောင်းလှ၊ သူတို့ အသုံးပြုနေသည့် မှော်ရတနာများအား အားကိုးရင်းဖြင့်သာ ရန်သူများလက်မှ အသက်မသေအောင် နေနေရခြင်းဖြစ်သည်။ ထိုမှော်ရတနာ အားလုံးသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာများ ဖြစ်ကြပြီး ယန်ယန်မှ သူတို့နှင့် ကိုက်ညီမည့် ပုံစံအား အထူးတလည် ပြုလုပ်ပေးထားသည့် အတွက်ကြောင့် သူတို့ ခွန်အားကို အမြင့်ဆုံးအဆင့်ထိ ထုတ်သုံးနိုင်သည်။
အစပိုင်းတွင် အခြေအနေသည် သူတို့ဘက်သို့ အလေး သာမနေခဲ့သည့်အတွက် အချိန်ဆွဲနေရုံသာ တတ်နိုင်ခဲ့သည်။
သို့သော်လည်း ကျူးကျော်လာသူမျာ၏ တိုက်ခိုက်ချင်စိတ် အောက်ဆုံးသို့ ထိုးကျသွားသည်နှင့် ချန်ချီနှင့် အခြားသူအားလုံး စိတ်ဓါတ်တက်ကြွလာကြပြီး ခုခံမနေတော့ဘဲ ချက်ချင်း တန်ပြန် တိုက်ခိုက်ကြလေတော့သည်။ သူတို့ ကြိတ်မှိတ်သည်းခံခဲ့ရသမျှကို အတိုးကော၊ အရင်းပါ ပေါင်းကာ ရန်သူများအား တစ်မုန်း ဆော်ပလော်တီးတော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၁၉)
အမျိုးသမီးရီအား လှုပ်မရအောင် ဝိုင်းချုပ်ထားကြသော မိုရှောင်ရှန်းနှင့် အခြားလူများလည်း ထိုမြင်ကွင်းကို ကြည့်ရင်း လက်ရှိ အခြေအနေနှင့် ပက်သက်၍ သူတို့ ဘာမှ မတတ်နိုင်တော့မှန်း သိလိုက်ကြသည်။ ဤတောင်လေးသည် ရှဲ့မိသားစုမှ ကျူးကျော်သူများကို သူတို့၏ အားကောင်းသော အစီအရင်အားကိုးဖြင့်သာ သတ်နိုင်ခြင်း ဖြစ်သည်ဟု တွေးလျက် နဂါးလိုဏ်ဂူတောင်၏ ခွန်အားကို သူတို့အားလုံး အကြီးအကျယ် အထင်သေးခဲ့သည်။ ထိုအစီအရင်များ မရှိလျှင်ပင် ဤတောင်လေးသည် သူတို့ ကျူးကျော်နိုင်သည့် နေရာတစ်ခု ဖြစ်လိမ့်မည် မဟုတ်ဟု သူတို့ တစ်ခါမှ မထင်ထားခဲ့ချေ။
တန်ခိုးရှင်တတိယဆင့်များ အကြည့်ချင်း ဖလှယ်လိုက်ရာ ကျန်သုံးယောက်၏ အကြည့်ထဲတွင် ပြန်ဆုတ်ချင်သည့် အရိပ်အယောင်များ မြင်နေရသည်ကို လေးယောက်စလုံး သတိပြုမိလိုက်ကြသည်။
ဘာမှ ဆက်ပြောနေစရာ မလိုတော့ချေ။ ခွန်အား အတိုင်းအတာ တစ်ခုအထိသို့ ရောက်ပြီးသည့်နောက်ပိုင်း အကြည့် တစ်ချက်ဖြင့် အဓိပ္ပါယ်များစွာကို ဖော်ဆောင်လာနိုင်သလို နားလည်း နားလည်လာနိုင်သည်။ နှစ်ယောက်စလုံးသည် အမျိုးသမီးရီအား ဝိုင်းတိုက်နေရာမှ ပြန်ဆုတ်လိုက်ကြပြီးနောက် ချက်ချင်း ထွက်ပြေးကြတော့လေသည်။
သူတို့လေးယောက်ပင် ထွက်ပြေးနေပြီ ဖြစ်လေရာ အခြားသူများလည်း မည်ကဲ့သို့ ဆက်နေရဲတော့မည်။ ထို့ကြောင့် အကုန်လုံး စတင် ပြန်ဆုတ်ကုန်ကြလေသည်။
ချင်းတုန်နှင့် ဖေးကျီတုတို့သည် ထိုလူများကို မတားခဲ့ပေ။ နဂါးလိုဏ်ဂူတောင်အား ကူညီပေးခဲ့သော်လည်း ထိုလူများအား အလကားသက်သက် သွားပြဿနာ မရှာလိုချေ။ သူတို့ နှစ်ယောက်သည် အရိပ်လခန်းမကို ကိုယ်စားပြုနေသည် ဖြစ်ရာ သူတို့၏ လုပ်ရပ်တိုင်းအား သေချာ ချင့်ချိန် စဉ်းစားရပေမည်။
ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့လည်း ထိုနည်းတူပင်။ နှစ်ယောက်စလုံး တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ထားသည်မှာ သိပ်မကြာသေးသည့်အတွက် သူတို့ခွန်အားသည် အရမ်းကြီး အမြင့်ကြီးထဲ မပါချေ။ ထို့ကြောင့် သူတို့ ရန်သူများ ထွက်သွားရန် ဆုံးဖြတ်လိုက်သည့်အခါ သူတို့လည်း ဘာမှ မတတ်နိုင်ကြချေ။
တကယ်တော့ သူတို့ နှစ်ယောက် လက်ရှိ အချိန်ထိ အသက်ရှင်နေနိုင်ခြင်းမှာ သူတို့ ရန်သူများသည် သူတို့အား မသတ်ရဲသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ မဟုတ်လျှင် တန်ခိုးရှင်အဆင့် ပညာရှင်များစွာ၏ တိုက်ခိုက်မှုအောက်တွင် သူတို့ မသေလျှင် အနည်းဆုံး ဒဏ်ရာတော့ ရပေလိမ့်မည်။
ရန်သူများသည် ဒီရေလှိုင်းနှယ် ပြန်ဆုတ်သွားကုန်ကြသည်။ ရန်ကိုင်၊ ကျောက်တုံးရုပ်သေးရုပ်နှင့် မီးငှက်၏ တားဆီးထားခြင်း ခံရသော လူများအပ ကျန်လူအားလုံး လွတ်မြောက်သွားကြသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်မိသွားသလို စိတ်ထဲလည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
သူ့ရန်သူများ လာချင်းတိုင်းလာ၊ ထွက်သွားချင်တိုင်း ထွက်သွားနေသည်ကို သူရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ နဂါးလိုဏ်ဂူတောင် ကျူးကျော်ခံရသော်ငြား ကျူးကျော်လာသည့် လူများလည်း တန်ဖိုးတစ်ခု ပြန်ပေးဆပ်လိုက်ရပေသည်။ ထို့ကြောင့် ရန်ကိုင်စိတ်ထဲ မကျေနပ်လျှင်ပင် အတော်လေးတော့ စိတ်ပြေသွားသည်ဟု ပြော၍ရသည်။
ထို့အပြင် တိုက်ပွဲသာ ဆက်ဖြစ်နေလျှင် နဂါးလိုဏ်ဂူတောင် ဘက်တွင်လည်း အကျအဆုံးများ ရှိလာနိုင်သည်။
ရန်ကိုင်နှင့် အမျိုးသမီးရီသည် သူတို့ လုံခြုံရေးအား စိတ်ပူစရာ မလိုချေ။ ရန်ကိုင်တွင် နဂါးအရိုးဓါး၊ ကျောက်တုံး ရုပ်သေးရုပ်၊ မီးငှက်တို့ ရှိနေသည်။ နတ်ဘုရားသစ်ပင်ကပါ သူ့အား ကူညီပေးနေသေးသည်။ အမျိုးသမီးရီ၏ ခွန်အားသည် ဤနေရာရှိ လူအားလုံးထဲတွင် အမြင်ဆုံးဖြစ်သည်။ သို့သော် ချန်ချီတို့မှာမူ ထိုကဲ့သို့ မဟုတ်ကြချေ။ ရန်ကိုင်သာ ဆက်တိုက်နေပါက သူ့လူများ တစ်နည်းမဟုတ် တစ်နည်း ဒုက္ခရောက်ကြပေလိမ့်မည်။
ရန်ကိုင်သည် ဤကိစ္စအား ဤနေတွင် ရပ်လိုက်ချင်သော်ငြား အချို့ကမူ သူ့ကဲ့သို့ မဟုတ်ကြချေ။
ရန်သူများအားလုံး နဂါးလိုဏ်ဂူတောင် အပြင်ဘက်သို့ ရောက်တော့မည်အပြု၊ ပျက်စီးသွားပြီ ထင်ရသော တောင်အကာအရံ ရုတ်တရက် ပြန်အသက်ဝင်လာခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် မိုရှောင်ရှန်နှင့် အခြားသူများ၏ မျက်လုံးထဲ အံ့အားသင့်ရိပ် တစ်ချက် ဖြတ်ပြေးသွားပြီး ချက်ချင်းဆိုသလို အားလုံး၏ အကြည့် အေးစက်သွားခဲ့ကြသည်။
သူတို့ ယခုကဲ့သို့ ပြန်ဆုတ်သွားခြင်းသည် နဂါးလိုဏ်ဂူတောင်အား ကြောက်သည်ဟု မဆိုလိုချေ။ တစ်ဖက်လူသည် သူတို့အား မလွှတ်ပေးလိုလျှင် သူတို့ကလည်း စွမ်းအင်ကုန်သုံးကာ ပြန်ခံတိုက်ပေမည်။
“ထွက်သွားချင်တာလား။ ရှင်တို့လာချင်တိုင်းလာ၊ ထွက်သွားချင်တိုင်း ထွက်သွားသွားရအောင် ကျွန်မ နဂါးလိုဏ်ဂူတောင်ကို ဘာမှတ်နေတာလဲ” ရုတ်တရက် အရပ် ရှစ်မျက်နှာဆီမှ ကြည်လင်ချိုသာသော အသံတစ်သံ ပျံ့လွင့်လာခဲ့လေသည်။ အသံပိုင်ရှင်သည် မြေကြီးလတ်ခတ်မလွဲ ယန်ယန်ပင် ဖြစ်ပေသည်။
ယန်ယန် ဘာလုပ်ချင်နေမှန်း မသိသဖြင့် ရန်ကိုင်လည်း မျက်ခုံးပင့်သွားခဲ့သည်။ ထို့နောက် ရန်ကိုင်၏ အမူအရာ မဲ့ရွဲ့သွားခဲ့သည်။
ရန်ကိုင် ရပ်နေသည့် မြေပြင်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး တဝုန်းဝုန်း မြည်သံများနှင့် အတူ မြေပြင်တစ်ခုလုံး စတင်အက်ကွဲလာခဲ့သည်။
ဘုန်း…
ပေါက်ကွဲသံကြီးနှင့်အတူ နဂါးလိုဏ်ဂူတောင်၏ အပိုင်းတစ်ပိုင်း ပြိုကျသွားခဲ့သည်။ ထိုပြိုကျသွားသည့် တွင်းပေါက်ထဲမှ ဧရာမ အရာဝတ္ထုကြီးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
ထိုအရာကြီးကို မြင်လိုက်သည်နှင့် သက်ပြင်းရှိုက်သံများ နှင့်အတူ အလန့်တကြား အော်ပြောဆိုသံများ လူများစွာဆီမှ ထွက်ပေါ်လာကုန်ကြလေသည်။
“မဖြစ်နိုင်ဘူး”
“ကြယ်သင်္ဘောကြီးလား”
“ဒီမှာ ကြယ်သင်္ဘောတောင် ရှိတာလား”
ယနေ့ အဖြစ်အပျက်ပြီးနောက်တွင် နဂါးလိုဏ်ဂူတောင်သည် အရိပ်ကြယ်တစ်ခုလုံး၏ အာရုံစိုက်ရာနေရာတစ်ခု ကျိန်းသေ ဖြစ်လာပေလိမ့်မည်။ အထူးသဖြင့် အများသူငှာ အထူးမှင်သက်ရသည့် အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခု ပေါ်လာပြီးသည့်နောက်တွင် ဖြစ်သည်။ ရှေးနတ်ဘုရားမျိုးစိတ် ပေါ်လာသည့်အတွက်ကြောင့် အံ့ဩမပြေသေးခါမှ နောက်ထပ် ထပ်ထွက်ပေါ်လာသည့် အရာကြောင့် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရလေသည်။
နဂါးလိုဏ်ဂူတောင်၏ အောက်ခြေတွင် ကြယ်သင်္ဘော တစ်စင်း ရှိနေခဲ့ပေသည်။
ထိုကြယ်သင်္ဘောတွင် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများ၌ ရှိသည့် ကြယ်သင်္ဘောများနှင့် သိပ်မတူချေ။ အထူးသဖြင့် သင်္ဘော ကိုယ်ထည် အရွယ်အစားပင်။ ဤကြယ်သင်္ဘောသည် သာမန် ကြယ်သင်္ဘောများ၏ လေးပုံတစ်ပုံလောက်သာ ရှိပြီး ကိုယ်ထည် တစ်ခုလုံးမှာ ချောမွတ်တောက်ပြောင်နေသည်။
သို့သော်လည်း ထိုကြယ်သင်္ဘောဆီမှ ထွက်ပေါ်နေသော ဖိအားသည် နဂါးဝိဥာဉ်ဆီမှ ခံစားခဲ့ရသည့် ဖိအားထက်ပင် ပိုမို ပြင်းထန်နေခဲ့လေသည်။
ရုတ်တရက် စက်ယန္တရားသံများ ထွက်ပေါ်လာပြီးနောက် မကြာမီ အမြှောက်ပြောင်းကဲ့သို့သော အရာများ သင်္ဘောကိုယ်ထည်မှ ပေါ်ထွက်လာခဲ့သည်။ ထိုအရာများ မည်သည့်အရာ ဖြစ်သလဲဆိုသည်ကို ဤနေရာ၌ ရှိနေသည့် လူအားလုံး သိကြသည်။
သလင်းအမြှောက်များပင်… ကြယ်သင်္ဘောများ ပိုင်ဆိုင်သည့် ဖျက်အားပြင်း မှော်ရတနာများ ဖြစ်ကြသည်။ တိတိကျကျ ဆိုရသော် သူတော်စင်သလင်းကျောက်များအား အမြှောက်စာ အဖြစ်သုံး၍ အလွန်ကိုမှ ဖျက်အားပြင်းထန်သော ရောင်ခြည်တန်းများ ပစ်လွှတ်နိုင်သည့် လက်နက်များ ဖြစ်ကြပေသည်။
သလင်းအမြှောက်များကို အသုံးပြုရန် သူတော်စင် သလင်းကျောက် အလွန်ကိုမှ လိုအပ်သည့်အတွက် ပုံမှန်အားဖြင့် ကြယ်သင်္ဘောများသည် မလိုအပ်လျှင် သလင်းအမြှောက်များကို အသုံးပြုလေ့ မရှိကြပေ။ ထိုနည်းတူစွာပင် သလင်းအမြှောက်များကိုလည်း တစ်ခု၊ နှစ်ခုလောက်သာ တပ်ဆင်ထားလေ့ ရှိကြသည်။
သို့သော်လည်း ဤမီတာတစ်ရာလောက်သာ ရှည်လျားသော ကြယ်သင်္ဘေားလေးတွင် သလင်းအမြှောက် ဆယ်ခုကျော်မက တပ်ဆင်ထားခဲ့သည်။ အမြှောက်တစ်ခုချင်းစီသည် လူအများဆုံး စုဝေးနေသည့် နေရာများဆီသို့ ချိန်ထားကြလေသည်။
ထိုမည်းမှောင်နေသော အမြှောက်ပြောင်းဝများကို ကြည့်ရင်း အကုန်လုံး ရင်ခုန်သံ မြန်လာခဲ့ကြသည်။
ရုတ်တရက် ဆည်းလည်းသံကဲ့သို့ သာယာသော ရယ်သံလေး နှင့်အတူ ယန်ယန်၏ အသံ ထွက်ပေါ်လာခဲ့သည် “မဖိတ်ခေါ်ဘဲ လာခဲ့တယ်ဆိုမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားကြတော့နဲ့”
သူမ စကားသံဆုံးသွားသည်နှင့် သလင်းအမြှောက်များဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းများ ထွက်ပေါ်လာခဲ့လေသည်။ တစ်ဆက်တည်း အလွန်အားကောင်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး နဂါးလိုဏ်ဂူတောင် တစ်ခုလုံး တုန်ခါလာခဲ့သည်။
“မကောင်းတော့ဘူး” မိုရှောင်ရှန်း၏ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး အလန့်တကြား ထအော်လေသည် “အကုန်လုံး မြန်မြန် လူခွဲကြတော့”
သလင်းအမြှောက်များ မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန် သူသေချာသိပေသည်။
မိုရှောင်ရှန်းသည် သလင်းအမြှောက်များ ပစ်တော့မည်ကို သတိပြုမိမိချင်း သူ့တပည့်များနှင့် လက်အောက်ငယ်သားများကို သတိပေးခဲ့သော်လည်း ယန်ယန် ပြုလုပ်ထားသည့် သလင်း အမြှောက်များ၏ စွမ်းအင်စုနှုန်းမှာ အလွန်ကိုမှ မြန်ဆန်ပေသည်။
မိုရှောင်ရှန်း၏ အသံဆုံးသွားသည်နှင့် တစ်ချိန်တည်းတွင် လူ့လက်မောင်းတစ်ခုစာမျှ ထူထည်းသော အဖြူရောင် အလင်းတန်း ဆယ်ခုမက ထွက်ပေါ်လာခဲ့လေသည်။
အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။ မည်သည့် အော်သံမှ ထွက်ပေါ်မလာခဲ့။ ရောင်ခြည်တန်း ဆယ်ခုကျော်သည် ၎င်းတို့၏ လမ်းတစ်လျှောက်တွင် ရှိနေသော အရာမှန်သမျှအား တစ်စမကျန် ဖျက်စီးသွားခဲ့သည်။ တိတ်တဆိတ် ဖျက်စီးခြင်းပင်တည်း။
နဂါးလိုဏ်ဂူတောင်၏ တောင်အကာအရံပါ ထပ်မံ ပျက်စီးသွားရုံမက ရောင်ခြည်တန်းသွားရာ လမ်းတစ်လျှောက်၌ ရှိနေသော ကျင့်ကြံသူအားလုံးပါ နေရောင်အောက်ရောက်သည့် နှင်းမှုန်များနှယ် အငွေ့ပျံပျောက်ကွယ်သွားခဲ့ကြရသည်။
ထိုရောင်ခြည်တန်း ဆယ်ခုကျော်သည် မိုင်ပေါင်းများစွာအထိ တောက်လျှောက် ဆက်သွားနေပြီးမှ တဖြည်းဖြည်း အားပျော့ကာ ပျောက်ကွယ်သွားခဲ့ကြသည်။
နဂါးလိုဏ်ဂူတောင်တစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်ပြီး ပတ်ပတ်လည် မိုင်ငါးဆယ်အတွင်းရှိ မိုးမြေစွမ်းအင်များသည်လည်း ပရမ်းပတာ ဖြစ်ကုန်ကြသည်။
မိုရောင်ရှန်းနှင့် အခြားသူများအားလုံး ကြယ်သင်္ဘောအား ကြောက်ရွံ့မှုတို့ ပြည့်လျမ်းနေသည့် အကြည့်ဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
ကြယ်သင်္ဘောလေး ပေါ်လာစဉ်က သူတို့ အံ့ဩသွားသော်ငြား အရမ်းကြီးတော့ ကြောက်ရွံ့ခြင်းမရှိခဲ့။ ထိုကြယ်သင်္ဘောသည် သာမန် ကြယ်သင်္ဘော တစ်စင်း၏ လေးပုံတစ်ပုံလောက်သာ ရှိသည့်အတွက် သိပ်အားကောင်းလိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။ သလင်းအမြှောက်များ ပေါ်လာသည်အထိ မိုရှောင်ရှန်းတို့ သူတို့ မှန်သည်ဟု ထင်နေဆဲ။
သို့သော် ရောင်ခြည်တန်းများ၏ စွမ်းအားကို မြည်းစမ်းလိုက်ရပြီးနောက် သူတို့၏ အတွေးများ မည်မျှ မှားယွင်းနေမှန်း အကုန်လုံး နားလည်လိုက်ကြသည်။
ထိုကြယ်သင်္ဘောသည် သူတို့ တွေးနိုင်သည်ထက် အများကြီး ပိုအဆင့်မြင့်ကာ အနည်းဆုံး တန်ခိုးရှင်အဆင့် အထက် ဖြစ်ရပေမည်။ ဆိုလိုသည်ကား ထိုကြယ်သင်္ဘောသည် တန်ခိုးရှင် ဘုရင်အဆင့် ကြယ်သင်္ဘော တစ်စင်း ဖြစ်ပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် သလင်းအမြှောက်များ ဤမျှ အားကောင်းနေစရာ မလိုချေ။
တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောတစ်စင်း… မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
သို့သော်းလည် အမှန်တရားသည် သူတို့ ရှေ့တည့်တည့်တွင် ရှိနေရာ မည်ကဲ့သို့ ငြင်းရမည်နည်း။ အကောင်းဆုံး သက်သေအား ပြပါဆိုလျှင် ယခုလေးတင် ပစ်လွှတ်လိုက်သည့် ရောင်ခြည်တန်းများကို ပြရပေမည်။ မိုရှောင်ရှန်းနှင့် သူ့ကဲ့သို့ ပညာရှင်များသည် တန်ခိုးရှင် တတိယအဆင့်များ ဖြစ်လင့်ကစား ထိုရောင်ခြည်တန်းများကို ထိပ်တိုက်မရင်ဆိုင်ဘဲ ရှောင်တိမ်းရုံသာ တတ်နိုင်ခဲ့သည်။
သို့သော်လည်း သွေးနတ်ဆိုးကျောင်းတော်မှ ကျင်းရှီသည် သူ့လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရသေးသည်။ အဘွားကြီးဖုန်းနှင့် ချန်ဖုန်းရွှမ်းတို့၏ မျက်နှာများမှာလည်း သံပုရာသီး ကိုက်ထားရသည့်နှယ် ရှံ့မဲ့သုန်မှုန်နေကြသည်။ အချိန်မှီ ရှောင်လိုက်နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့လည်း ကျင်းရှီအတိုင်း ဖြစ်သွားခဲ့ပေလိမ့်မည်။ ပတ်ပတ်လည်အား ဝေ့ကြည့်လိုက်သည့်နောက် မိုရှောင်ရှန်း အတော်လေး စိတ်ညစ်၊ ဝမ်းနည်းသွားခဲ့သည်။
အကြောင်းကား အသက်ရှင်သေးသည့်လူ ဆယ်ယောက်ကျော် လောက်သာ ကျန်တော့သည့် အတွက် ဖြစ်ပေသည်။ တန်ခိုးရှင် အယောက် ငါးဆယ်ကျော်၊ ခြောက်ဆယ်ကျော်သည် အမြှောက်စာ အောက်တွင် အသက်ပျောက်သွားခဲ့ကြပေသည်။
ထိုငါးဆယ်၊ ခြောက်ဆယ်သော တန်ခိုးရှင်အဆင့်များသည် လမ်းဘေးမှ ဂေါ်ဖီထုပ်များ မဟုတ်ကြပေ။ ထိုလူများသည် သူတို့ ဂိုဏ်းအသီးသီး၏ ထောက်တိုင်များ ဖြစ်ကြပေသည်။ သို့သော် ထိုလူအားလုံး ဤနေရာတွင် နည်းနည်းမှပင် ခုခံနိုင်ခြင်းမရှိဘဲ သေသွားခဲ့ရသည်။
မိုရှောင်ရှန်းနှင့် အခြားသူများအားလုံး ဓါးသွားထက်ပေါ် လမ်းလျှောက်နေရသလို ခံစားလိုက်ကြရသည်။
ဖြစ်သာဖြစ်နိုင်လျှင် ဤနေရာဆီသို့ သူတို့ ဘယ်တော့မှ ခြေမချမိလိုက်ချင်ပေ။ သို့သော် ကံမကောင်းစွာဖြင့် နောင်တ အတွက် ဆေးရှိမနေခဲ့။ အင်အားစုကြီးများစွာသည် ယနေ့တွင် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသလို အလွန်အားကောင်းသော အင်အားစုတစ်ခုနှင့်လည်း ရန်သူ ဖွဲ့လိုက်မိသည်။ ကံကောင်းသဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော အချို့ အင်အားစုများ ကြောက်လန့်မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေပြီ။
“ပြန်ဆုတ်ကြမယ်” မိုရှောင်ရှန်းသည် အံကြိတ်၍ အားလုံးအား အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်သည်လည်း လေဟာနယ်စွမ်းအားကို သုံး၍ အလျင်အမြန် ထွက်သွားလေသည်။
မိုရှောင်ရှန်းပင် ထွက်သွားနေပြီ ဖြစ်သဖြင့် ချန်ဖုန်းရွှမ်၊ ကျင်းရှီ၊ အဘွားကြီးဖုန်းတို့လည်း ထွက်သွားကြလေတော့သည်။ ကြယ်သင်္ဘောဆီမှ နောက်ထပ် ရောင်ခြည်တန်းတစ်ခု ထပ်ထွက်လာမည်ကို တွေးပူရင်း အကုန်လုံး ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးကုန်ကြလေသည်။
ယခုတစ်ကြိမ်တွင်တော့ ယန်ယန် သူတို့အား မတားတော့ပေ။ သူမမှာ စိတ်ထဲတွင် တိုက်ခိုက်ချင်နေသော်လည်း အခြေအနေကို ချင့်ချိန် ရပေဦးမည်။ ကြယ်သင်္ဘောသည် အတော့်ကိုမှ အားကောင်းသော်လည်း ပြိုင်ဘက်ကင်းသည်ဟု မဆိုလိုချေ။ သူမ ပစ်လွှတ်လိုက်သည် ရောင်ခြည်တန်းများသည် အလွန်ကိုမှ အဖျက်စွမ်းအား ပြင်းထန်သော်လည်း အလွန်ကိုမှလည်း စွမ်းအားစားလွန်းလှသည်။
ရန်ကိုင်လည်း နောက်ဆုံး ရန်သူ တစ်ယောက်ကို သတ်ပြီးနောက် နဂါးအရိုးဓါးကို သူ့ဆီ ပြန်ခေါ်လိုက်လေသည်။
တစ်ချက်လောက် ကြည့်ကြည့်လိုက်ပြီးနောက် ကျေနပ်သွားသည့် အမူအရာဖြင့် ဓါးအား ပန်းပဲမီးဖိုထဲသို့ ပြန်ထည့်သိမ်းကာ သူ့ခန္ဓာကိုယ်ထဲ ပြန်ခေါ်လိုက်သည်။
နဂါးလိုဏ်ဂူတောင် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်လေပြီ။ ယခင်က စိမ်းလန်းဆိုပြေသော အပင်များ၊ နေချင်စရာ အဆောက်အဦးများ ရှိနေခဲ့သည့် နေရာတွင် အပျက်အစီးပုံများသာ ကျန်ရစ်တော့သည်။
ကျောက်တုံးရုပ်သေးရုပ်လည်း မူလအရွယ်အစားသို့ ပြန်ပြောင်းလိုက်သည်။ သူ့လက်နှင့် ခြေထောက်များကို သုံး၍ ရန်ကိုင်ပေါ်သို့ တွယ်တက်လာပြီးနောက် သူ့ပခုံးပေါ်တွင် ပြုံးလျက် ထိုင်ချလိုက်လေသည်။
ဝေ့ကြည့်လိုက်ပြီးနောက် ရန်ကိုင် လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။
အရိပ်ကြယ်ပေါ်သို့ ရောက်ပြီးနောက် ယန်ယန်နှင့် ဝူရီတို့၏ အကူအညီဖြင့် ဤတောင်တွင် လှပသော နေရာလေးတစ်ခု ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း ယခုမူ ထိုနေစရာအိမ်လေးသည် ဖုန်းဆိုးမြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ကံကောင်းစွာဖြင့် သူတို့အတွက် နေစရာနေရာ ရှိနေသေးသည်။ ထို့ကြောင့် ရန်ကိုင် အရမ်းကြီး စိတ်ညစ်မနေခဲ့။ သူတို့ ပြောင်းမည့် နေရာသည် နဂါးလိုဏ်ဂူတောင်ထက် အများကြီး ပိုကောင်းပေသည်။ ယခင်ကတည်းက ထိုနေရာသို့ ပြောင်းရန် စီစဉ်းထားခြင်း ဖြစ်ပြီး ယခုအဖြစ်အပျက်ကြောင့် စောစော ပြောင်းသွားရရုံသာ ရှိသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၂၀)
“ရန်ကိုင်” သူ့အား ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ တစ်ခုခု ပြောချင်ဟန်ဖြင့် သူ့အားကြည့်လိုက်၊ ကြယ်သင်္ဘောအား ကြည့်လိုက် လုပ်နေကြသော ချင်းတုန်နှင့် ဖေးကျီတုတို့ကို ရန်ကိုင် တွေ့လိုက်ရလေသည်။
ချင်းတုန်နှင့် ဖေးကျီတုတို့သည် အရိပ်ကြယ်၏ ထိပ်တန်း အဆင့် ပညာရှင်နှစ်ယောက် ဖြစ်ကြသော်လည်း ယနေ့ မြင်တွေ့ခဲ့ရသည် အဖြစ်အပျက်ကြောင့် ယခုအထိတိုင် အံ့ဩမပြေသေးနိုင် ဖြစ်နေခဲ့သည်။
သူတို့ အံ့ဩလည်း အံ့ဩချင်စရာပင်။ သူတို့ အသက် ရှင်လာသည့် သက်တမ်းတစ်လျှောက်လုံး တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်းကိုမှ မြင်မှ မမြင်ဖူးလေဘဲ။
အရိပ်ကြယ်တွင် ကြယ်သင်္ဘောများ မရှိသည်မဟုတ်၊ ရှိပေသည်။ သို့သော် သူတို့တွင်ရှိသည့် ကြယ်သင်္ဘောများအနက် အကောင်းဆုံး ကြယ်သင်္ဘောပင် တန်ခိုးရှင် အဆင့်နိမ့်သာ ဖြစ်လေသည်။ ထို့အပြင် ထိုကြယ်သင်္ဘောကို တည်ဆောက်ရန် ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ရှိနေသော ပန်းပဲပညာရှင်များအားလုံး ပူးပေါင်းပါဝင်ခဲ့ရသည်။
ထိုကဲ့သို့သော ကြယ်သင်္ဘောများဖြင့် အရိပ်ကြယ်အနီးရှိ သတ္တုတွင်းများအား သွားတူးရာတွင် ပြဿနာ မရှိသော်လည်း ပြင်ပလောကကြီးဆီသို့ သွားလိုလျှင်ပင် ထို့ထက် ပိုအဆင့် မြင့်သည် ကြယ်သင်္ဘောကို ရှာရန် လိုအပ်ပေသည်။
ကြယ်စီရင်စုကြီး၏ အန္တရာယ်ကို သာမန် အမြင်ဖြင့် သွားတိုင်း၍ မရပေ။
သို့သော် အရိပ်ကြယ်ရှိ ကြယ်သင်္ဘောများ အပြင်ဘက်သို့ မသွားနိုင်တိုင်း နဂါးလိုဏ်ဂူတောင်ရှိ ကြယ်သင်္ဘောလည်း ထိုအတိုင်း ဖြစ်လိမ့်မည်ဟု မဆိုလိုပေ။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်းသည် ကြယ်စီရင်စုကြီးကို ဖြတ်ကာ ခရီးဝေး သွားနိုင်ပေသည်။ ထိုကြယ်သင်္ဘောဖြင့်သာ ဆိုပါက အရိပ်ကြယ်လည်း ပြင်ပလောကကြီးနှင့် ပြန်ဆက်သွယ်ကောင်း ဆက်သွယ်လာနိုင်ပေလိမ့်မည်။
အဆိုးဆုံး ထိုကြယ်သင်္ဘောကိုသုံး၍ အရိပ်ကြယ်မှ ထွက်ကာ အခြား တစ်နေရာတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ သွားရောက် ချိုးဖျက်နိုင်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်း ရှိခြင်းသည် မည်သည့်အရာအား ဆိုလိုလဲ ဆိုသည်ကို ချင်းတုန်နှင့် ဖေးကျီတုတို့ ကောင်းကောင်း နားလည်ထားကြသည်။ ထို့ကြောင့် လက်ရှိတွင် သူတို့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ကြသည်။
ပြင်ပလောကကြီးနှင့် အရိပ်ကြယ် ပြန်ဆက်သွယ်နိုင်၊ မဆက်သွယ်နိုင်သည်ကို သူတို့ ဂရုမစိုက်။ သူတို့ ဂရုစိုက်သည်ကား အရိပ်ကြယ်မှ ထွက်သွားနိုင်ရေးပင်။ အရိပ်ကြယ်၏ မိုးမြေစွမ်းအင် ဥပဒေနိယာမများကြောင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိဘဲ တန်ခိုးရှင် အထွဋ်အထိပ်အဆင့်၌သာ နှစ်ပေါင်းများစွာ သောင်တင်နေခဲ့ရသည်။ ယခု တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်မည့် မျှော်လင့်ချက်ကို မြင့်တွေ့လိုက်ရာ သူတို့ စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။
သို့သော်လည်း ရန်ကိုင်နှင့် သူတို့ ရင်းနှီးသည် ဆိုလျှင်ပင် ထိုကဲ့သို့ သွားတောင်းဖို့သည် အတော်လေးကိုမှ ခက်ခဲပေသည်။ တကယ်တော့ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်း၏ တန်ဖိုးသည် သေးမှမသေးလေဘဲ။
ချင်းတုန်နှင့် ဖေးကျီတု၏ အမူအရာကို မြင်ပြီးနောက် သူတို့ ဘာတွေးနေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် ပြုံး၍သာ ပြန်ပြောလိုက်လေ၏ “အကြီးအကဲချင်း၊ မြို့သခင်ဖေး၊ အခု ကျုပ်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ နောက်အားတော့မှ ပြန်ဆက်သွယ်လိုက်မယ်လေ၊ အဆင်ပြေတယ်မလား”
ထိုစကားကို ကြားသည့်အခါ ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ယောက်စလုံး ချက်ချင်း ခေါင်းညိတ်လိုက်ကြသည် “ရတယ်၊ ဘာမှမဖြစ်ဘူး”
ရန်ကိုင် ဘာမှ သေချာမပြောသွားသော်လည်း အရိပ်ကြယ်တွင် သူရှိနေသေးသရွေ့ သူ့အား အဆက်အသွယ် လုပ်နိုင်ပေလိမ့်မည်။ ထို့အပြင် နဂါးလိုဏ်ဂူတောင်တစ်ခုလုံး ဖုန်းဆိုးမြေ ဖြစ်နေပြီ ဖြစ်သဖြင့် သူ့အဖို့ ဤနေရာတွင် ဆက်နေရန် မသင့်တော့ချေ။ ထိုအကြောင်းကို စဉ်းစားမိသော် ချင်းတုန် ရန်ကိုင်အား ချက်ချင်း ကမ်းလှမ်းလိုက်လေသည် “ရန်ကိုင်၊ မင်းဆန္ဒရှိရင် မင်းလူတွေကို ငါ့အရိပ်လခန်းမဆီ ခေါ်လာလို့ ရတယ်နော်”
ရပ်ဝေးဆွေမျိုးမိတ်ဆွေဆီမှ ပစ္စည်းငှားရခြင်းထက် အိမ်နီးချင်းမိတ်ဆွေဆီမှ ပစ္စည်းငှားရခြင်းသည် ပိုလွယ်ကူသည်ဟု ဆိုရိုးစကားပင် ရှိသေးသည် မဟုတ်လေလော။ ချင်းတုန်သည် ရန်ကိုင်အား အခြား ရည်ရွယ်ချက်တစ်ခုဖြင့် အရိပ်လခန်းမဆီသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သော်လည်း ရန်ကိုင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသည်ကို စာနာသည့် အတွက်ကြောင့်လည်း ပါပေသည်။ သူ့ကမ်းလှမ်းချက်သည် နှစ်ဖက်စလုံးအတွက် အကျိုးရှိသော ကမ်းလှမ်းချက်တစ်ခု ဖြစ်သည်။
သို့သော်လည်း ရန်ကိုင်ကမူ ခေါင်းခါ၍သာ ပြန်ပြောလိုက်သည် “အခုလို စဉ်းစားထောက်ထားပေးလို့ ကျေးဇူးပါပဲ အကြီးအကဲချင်၊ ဒါပေမယ့် ဂျူနီယာ စိတ်ထဲ အခြားနေရာတစ်ခု စဉ်းစားပြီ ဖြစ်နေလို့ အကြီးအကဲချင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပါရစေ”
“အဲ့လိုကိုး…” ချင်းတုန် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည် “ဘာမှမဖြစ်ဘူး။ မင်းသွားမယ့် နေရာရှိပြီ ဆိုမှတော့ ငါမင်းကို ဆက်ပြီး မတိုက်တွန်းတော့ဘူး။ ဒါပေမယ့် မင်းအခြေချပြီးသွားရင် ငါ့ကို လှမ်းအကြောင်းကြားဦးနော်၊ ငါမင်းကဆီ လာလည်မလို့”
“အကြောင်းကြားရမှာပေါ့” ရန်ကိုင်သည် လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။
ထို့နောက် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ဘက်သို့လှည့်၍ ထိုနှစ်ယောက်အား ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ယခုတစ်ကြိမ် နဂါးလိုဏ်ဂူတောင် ဒုက္ခရောက်နေချိန် သူ့အား လူအနည်းငယ်သာ ကူညီပေးခဲ့သည်။ အမျိုးသမီးရီမှ လွဲ၍ ကျန်လူများသည် အရိပ်လခန်းမမှ လူများဖြစ်ကြပေသည်။ သူတို့၏ ကျေးဇူးကို ရန်ကိုင် မေ့လိမ့်မည် မဟုတ်ပေ။
အခြား အသက်ရှင်သူများအားလုံး ထွက်ပြေးနေချိန် ထိုလူ အနည်းငယ်သာ ဤနေရာတွင် ကျန်နေရဲခဲ့သည်။ သူ့ဘက်ကလား၊ ရန်သူ့ဘက်ကလား မရှင်းမလင်း လုပ်သွားသော ကြည်လင်ကောင်းကင်ဂိုဏ်းမှ မိုယုလည်း မရှိတော့လေပြီ။
ချောက်…
ရုတ်တရက် ကြယ်သင်္ဘော၏တံခါး ပွင့်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင်က ပြုံး၍ လှမ်းအော်ပြောလိုက်လေသည် “အကြီးအကဲချင်း၊ မြို့သခင်ဖေး ဂျူနီယာ ဒီကနေပဲ နှုတ်ဆက်တော့မယ်နော်”
ချင်းတုန်နှင့် ဖးကျီတုတို့ ခေါင်းပြန်ညိတ်ပြလိုက်ကြသည်။
ချင်းတုန်တို့အား နှုတ်ဆက်ပြီးသည်နှင့် နတ်ဘုရားသစ်ပင်ဆီ ပျံသန်းသွားလိုက်ပြီး ၎င်းအား စိတ်စွမ်းအင်ဖြင့် ရစ်ပတ်၍ အနက်ရောင်စာအုပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
မကြာမီ အမျိုးသမီးရီ ဦးဆောင်သည့် လူများစွာအဖွဲ့သည် ကြယ်သင်္ဘောထဲသို့ ဝင်သွားကြလေသည်။ ရန်ကိုင်ကမူ နောက်ဆုံးမှ ဝင်သွားခဲ့သည်။ အကုန်လုံး သင်္ဘောပေါ်သို့ ရောက်သည်နှင့် သင်္ဘောတံခါး ပြန်ပိတ်သွားပြီး ကြယ်သင်္ဘောသည် လျှပ်စီးတန်းတမျှ မြန်ဆန်လှသော အရှိန်ဖြင့် မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
“မြန်လိုက်တာ” ကြယ်သင်္ဘော၏ အမြန်နှုန်းကို ကြည့်ရင်း ဖေးကျီတု အံ့အားသင့်တကြီး ပြောလိုက်သည်။
အရိပ်လခန်းမ ပိုင်ဆိုင်ထားသည့် ကြယ်သင်္ဘောများနှင့် ယှဉ်လိုက်လျှင် နဂါးလိုဏ်ဂူတောင်၏ ကြယ်သင်္ဘောသည် အဆပေါင်းများစွာ ပိုမို မြန်ဆန်ပေသည်။
ထိုအခြင်းအရာကို ကြည့်ရင်း ချင်းတုန်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ဒီတောင်လေးမှာ ဒီလောက် ထိတ်လန့်စရာတွေ ရှိနေလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ဒီတစ်ကြိမ်တော့ မိုရှောင်ရှန်တို့ ပျားအုံကို သွားတုတ်နဲ့ ထိုးမိလိုက်တာပဲ”
ချင်းတုန်၏ အပြောကိုကြားသော် ဖေးကျီတု အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး လှောင်ပြောင်ပြောဆိုလေသည် “သူတို့တွေကို ဘာလို့ ဂရုစိုက်နေသေးတာလဲ။ မင်းနဲ့ငါ အခု လုပ်သင့်တာက ရန်ကိုင် ကြယ်သင်္ဘောကို သုံးလို့ရအောင် သူတို့ကို ဘယ်လို စည်းရုံးရမလဲ ဆိုတာပဲ။ အရိပ်ကြယ်ကနေ ထွက်သွားနိုင်ပြီ ဆိုတာနဲ့ တန်ခိုးရှင် အဆင့်မှာပဲ ငါတို့ သောင်တင်နေစရာ မလိုတော့ဘူး။ ငါတို့သာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့ရင် ဒီအရိပ်ကြယ်ကြီး တစ်ခုလုံး ငါတို့ အပိုင်ဖြစ်ပြီ”
ထိုစကားကို ကြားသည့်အခါ ချင်းတုန်၏ အကြည့်ထဲ စိတ်လှုပ်ရှားရိပ်တို့ ဝုန်းခနဲ ထွက်ပေါ်လာပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်လေသည်။
နဂါးလိုဏ်ဂူတောင်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသည့် အရပ်မှ မိုရှောင်ရှန်းနှင့် သူ့လက်အောက်ငယ်သားများသည် ကြယ်သင်္ဘော ပျောက်ကွယ်သွားရာ အရပ်ဆီသို့ မှုန်ကုတ်၊ သုန်မှုန်စွာ လှမ်းငေးကြည့်နေကြသည်။ ယနေ့ သူတို့အတွက် အဆုံးအရှုံး များခဲ့ရုံမက အလွန် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုနှင့်လည်း ရန်သူ ဖွဲ့မိလိုက်သေးသည်။
မိုရှောင်ရှန်း စိတ်ပူနေသလို စိတ်ဓါတ်လည်း ကျနေမိသည်။
မိုရှောင်ရှန်းပင် ထိုကဲ့သို့ ဖြစ်နေသည်မဟုတ်၊ ချန်ဖုန်းရွှမ်၊ ကျင်းရှီ၊ အဘွားကြီးဖုန်းနှင့် အခြား အသက်ရှင်နေသူများလည်း ထိုကဲ့သို့ ဖြစ်နေကြလေသည်။ အကုန်လုံးသည် မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် အေးအေးဆေးဆေး ဖင်ငြိမ်အောင် မထိုင်နိုင် ဖြစ်နေကြသည်။ လက်တစ်ဖက် ပြတ်သွားခဲ့သော ကျင်းရှီဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
လူတော်တော်များများ ဝမ်းနည်း စိတ်ညစ်နေကြချိန် ကြည်လည်ကောင်းကင်ဂိုဏ်းမှ လူများမှာမူ ပျော်နေကြသည်။ မိုယုဆိုလျှင် အတော်လေးကို စိတ်ကောင်းဝင်နေလေသည်။ သူသည် နဂါးလိုဏ်ဂူတောင်အား မတိုက်ခိုက်ခဲ့ရုံမက ရန်ကိုင်ကိုပါ ဝင်ကူညီပေးခဲ့ပေးသည်။ ရန်ကိုင်သာ မျက်ကန်းမဟုတ်သရွေ့ သူလုပ်ပေးခဲ့သည်ကို နားလည်ပေလိမ့်မည်။
ထို့အပြင် သူ့တပည့် နှစ်ယောက်သည် ရန်ကိုင်နှင့် အသိအကျွမ်း ဖြစ်နေသေးသည်။ ထို့ကြောင့် နောင်အခါ ထိုအချက်ကို အခွင့်ကောင်းယူ၍ အကျိုးအမြတ် အချို့ ရကောင်း ရနိုင်ပေလိမ့်မည်။
ချင်းတုန်နှင့် ဖေးကျီတုတို့ ကဲ့သို့ပင်၊ မိုယုလည်း အရိပ်ကြယ်မှ ထွက်သွားချင်နေသည်။
ထို့ကြောင့် သူ့တပည့်နှစ်ယောက်ဘက်သို့ လှည့်၍ ပြောလိုက်သည် “တောင်းအာ”
“ဟုတ်ဆရာ” ချန်ရှီတောင်း ရှေ့ထွက်လာခဲ့သည်။
“နောက်ပိုင်း၊ အဲ့ရန်ကိုင်ဆိုတဲ့ ကောင်လေးနဲ့ ဆက်သွယ်နိုင်သလောက် ဆက်သွယ်၊ သူ့နှလုံးသားကို ဖမ်းချုပ်ထားနိုင်ရင် အကောင်းဆုံးပဲ”
“ဆရာ…” သူမဆရာစကားကြောင့် ချန်ရှီတောင်း ရှက်သွေး ဖြာသွားခဲ့လေသည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော စကားမျိုး မပြောတတ်သော သူမဆရာသည် ရုတ်တရက် ထူးထူးဆန်းဆန်း စကားများ ပြောလာနေသည်။ ထို့အပြင် တိုးတိုးတိတ်တိတ်နှင့် လှည့်ပတ်၍ ပြောခြင်းမဟုတ်၊ ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်လေရာ ချန်ရှီတောင်း မရှက်ဘဲ ဘယ်နေမည်နည်း။
မိန်းမတစ်ယောက် ဖြစ်သည်နှင့်အညီ ချန်ရှီတောင်းသည် သူမ၏ ရုပ်ရည်၊ ခွန်အားအပေါ် အတော်လေး ဂုဏ်ယူ မော်ကြွားပေသည်။ သူမတွင် ယောကျာ်းသားများစွာအား အကြည့် တစ်ချက်နှင့် ညို့ယူနိုင်သော ရုပ်ရည်ရှိသဖြင့် ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်များစွာ၏ သားရေယိုစရာ နတ်သမီးလေးတစ်ပါး ဖြစ်နေခဲ့သည်။
“နင့်ဆရာ နောက်နေတာမဟုတ်ဘူး။ ငါအတည် ပြောနေတာ” မိုယုသည် ရုပ်တည်ဖြင့် “နင်သူ့ကိုသာ လက်ထပ်နိုင်မယ်ဆိုရင် ကြည်လင်ကောင်းကင်ဂိုဏ်း တစ်ခုလုံးရဲ့ အကြီးမြတ်ဆုံး သူရဲကောင်း ဖြစ်သွားပြီလို့သာ မှတ်လိုက်တော့”
ချန်ရှီတောင်း ကြက်သေသေသွားလေသည်။
သူမ၊ လုယင်နှင့် အခြား ဂိုဏ်းသားများသည် နဂါးလိုဏ်ဂူတောင် အပြင်ဘက်တွင် ရပ်စောင့်နေခဲ့သဖြင့် တိုက်ပွဲကို မျက်စိတပ်အပ် မမြင့်တွေ့ခဲ့ရသော်ငြား တိုက်ပွဲ မည်မျှ ပြင်းထန်မည်မှန်းတော့ ခန့်မှန်းမိသည်။ တိုက်ပွဲ မည်သို့မည်ပုံ ဖြစ်ပျက်သွားသလဲ ဆိုသည်ကိုသာ မသိခြင်းပင်။ သို့သော် သူမဆရာ ပြောပုံအရ ထိုတိုက်ပွဲတွင် ရန်ကိုင် အများသူငှာ မှင်သက်၊ အံ့ဩရလောက်အောင် ထူးထူးချွန်ချွန် စွမ်းဆောင်းနိုင်ခဲ့သည့်ပုံပင်။
တိုက်ပွဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့၍ သူမဆရာ ဤကဲ့သို့ ဖြစ်နေရလဲ ဆိုသည်ကို ချန်ရှီတောင်း သိချင်နေမိသည်။ ပုံမှန်ဆိုလျှင် သူမဆရာသည် အတော်လေးကို ဇီဇာကြောင်၊ ချေးများသည့် လူအိုကြီးတစ်ယောက် ဖြစ်သည်။ သူမအား လက်ထပ်ရန် လာကမ်းလှမ်းသည် ဂိုဏ်းအကြီးအကဲ တစ်ယောက်၏ မျိုးဆက်ကိုပင် ငြင်းဆန်ခဲ့သူ ဖြစ်သည်။
ထိုအကြီးအကဲ၏ မျိုးဆက်သည် တော်ရုံတပည့်တစ်ယောက် မဟုတ်၊ အရည်အချင်းကော၊ ခွန်အားပါ မြင့်မားသည့် အတွက် ဂိုဏ်း၏ တက်သစ်စ ကြယ်ပွင့်တစ်ခုအဖြစ် မှတ်ယူထားခံရသူ ဖြစ်သည်။ သို့သော် မိုယု၏ ငြင်းဆန်ခြင်း ခံခဲ့ရသေးသည်။ ထိုကဲ့သို့ တော်ရုံအားဖြင့် အကြိုက်မတွေ့တတ်သည့် မိုယုသည် သူမအား ရန်ကိုင်အား အသေရရ၊ အရှင်ရရ လိုက်ပိုးခိုင်းနေရာ သူမဆရာအား ထိုကဲ့သို့ဖြစ်အောင် ရန်ကိုင် မည်ကဲ့သို့များ စွမ်းဆောင်ပြခဲ့သနည်း ဆိုသည်ကို ချန်ရှီတောင်း အတော်လေး သိချင်မိသွားလေသည်။
ချန်ရှီတောင်း၏ အမြင်တွင် ရန်ကိုင်သည် အတော်လေး အားကောင်းသည့် လူတစ်ယောက် ဖြစ်သလို အရည်အချင်းလည်း ရှိကာ လူငယ်မျိုးဆက်ထဲတွင် လက်ရွေးစင်များထဲ၌ တစ်ယောက် အပါအဝင်အဖြစ် ယူဆ၍ရသည့် လူတစ်ယောက် ဖြစ်သည်။ သို့သော် ရန်ကိုင်၏ အားအကောင်းဆုံး လက်နက်သည် သူ့ကံတရား ဖြစ်သည်ဟု ချန်ရှီတောင်း အမြဲတစေ ယုံကြည်ခဲ့သည်။
သို့သော်လည်း သူမဆရာ ထိုကံကြမ္မာကဲ့သို့သော အရာများကို မယုံကြည်မှန်း ချန်ရှီတောင်းသိသည်။ ထိုသို့ဆိုလျှင် မိုယု ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသနည်း။
အပြင်ဘက်၌ မည်သည့်အရာများ ဖြစ်နေစေကာမူ၊ ကြယ်သင်္ဘောထဲတွင် ရန်ကိုင်သည် စိတ်ဝင်တစားဖြင့် အရာရာကို လိုက်ကြည့်နေခဲ့သည်။ သဲမီးတောက်နယ်မြေသို့ ယန်ယန်အား အဖော်ပြုလိုက်သွားပေးခဲ့စဉ်က သူမ ကြယ်သင်္ဘောတစ်စင်း ဆောက်နေမှန်း ရန်ကိုင် သိခဲ့ရသည်။ ထို့ကြောင့် ကြယ်သင်္ဘော တစ်စင်း နဂါးလိုဏ်ဂူတောင်အောက်မှ ရုတ်တရက် ပေါ်လာသည်ကို သူမအံ့ဩခဲ့ခြင်း ဖြစ်သည်။
ဤကြယ်သင်္ဘောနှင့် ပက်သက်၍ ထင်ရှားသည့် အရာအား ပြပါဆိုလျှင် ကြယ်သင်္ဘော၏ အရွယ်အစားကိုသာ ပြရပေမည်။
ကြယ်သင်္ဘောထဲသို့ ဝင်လာပြီးနောက် ဤကြယ်သင်္ဘောသည် ငါမန်းပျံတိုက်ပွဲလွန်းယာဉ် ကဲ့သို့မှန်း သိလိုက်သည်။ အပြင်ပိုင်း ပုံစံသည် သေးသော်လည်း အတွင်းပိုင်းတွင် အကျယ်ကြီး ဖြစ်သည်။
ခန်းမကြီးတစ်ခု အပါအဝင်၊ တံခါးပိတ်ကျင့်ကြံနိုင်သည့် အခန်းများ၊ ပန်းပဲထုသည့် အခန်းတစ်ခန်း၊ ဆေးဖော်စပ်ခန်း၊ လက်ရည်စမ်းခန်းနှင့် အခြား အသုံးအဆောင်ပစ္စည်းများစွား ရှိသည့် အခန်းများလည်း ရှိသေးသည်။
ဤကြယ်သင်္ဘော၏ အတွင်းပိုင်းသည် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ရန်ကိုင် မြင်ခဲ့သည့် ကြယ်သင်္ဘောထက် အများကြီး ပိုကြီးပေသည်။
လှည့်ပတ်ကြည့်လိုက်ပြီးနောက် သေချာ အနုစိတ် အချောသပ်ထားသည့် အဆင့်မြင့် သစ်သားများနှင့် တည်ဆောက်ထား၍ ညလင်းကျောက်တုံးများ တန်ဆာ ဆင်ထားသော ခန်းမတစ်ခုဆီသို့ ရောက်လာခဲ့သည်။
လက်ရှိ၌ အမျိုးသမီးရီ အပါအဝင် နဂါးလိုဏ်ဂူတောင်၏ အာဏာရှိသည့် လူမှန်သမျှ ဤနေရာသို့ ရောက်နေကြသည်။ ကဲချီသည်လည်း ယန်ယန်ဘေးတွင် ရပ်နေခဲ့သည်။
ချန်ချီ ဟောင်အန်းနှင့် အခြားသူအားလုံးသည် လက်ရှိ အဖြစ်အပျက်၍ လုံးဝ အံ့အားသင့်နေခြင်း မရှိ၊ သူတို့ ကိုယ်တိုင်သည်လည်း ကြယ်သင်္ဘောအား တည်ဆောက်ရာ၌ ပါဝင်ခဲ့သည့်အတွက် ဤကြယ်သင်္ဘောအကြောင်းကို အစောကြီး ကတည်းက သိပြီးသာဖြစ်သလို ဤကြယ်သင်္ဘောထဲသို့ အကြိမ်များစွာ အဝင်အထွက် လုပ်ခဲ့ဖူးပြီးသားပင်။ ချင်းယွဲ့နှင့် ဝူရီတို့မှာမူ ယန်ယန်၏ ညာလက်ရုံး၊ ဘယ်ဘက်ရုံးများလိုလို ဖြစ်နေသည့် အတွက် ဤနေရာသည် သူတို့၏ အိမ်လိုပင် ဖြစ်နေခဲ့လေပြီ။
နင်ရှန်းချန်ကမူ သူမြင်နေရသည့် အရာများကို မယုံနိုင်သည့်အလား မှင်သက်အံ့ဩနေခဲ့လေသည်။
မကြာခဏဆိုသလို အမျိုးသမီးရီအား ကြောက်ရွံ့၊ အံ့အားသင့်နေသည့် အကြည့်ဖြင့်လည်း လှမ်းကြည့်နေခဲ့သည်။
အမျိုးသမီးရီအကြောင်းကို ဤနေရာတွင် ရှိနေသူ အားလုံးထက် သူပိုသိသည့်အတွက် သူမ ရှိနေချိန်၌ အခြားသူများ ကဲ့သို့ စိတ်အေးအေးဖြင့် မနေနိုင်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သူ့ကိုမှ ခယခြင်းမရှိသည့် အမျိုးသမီးရီသည် ယန်ယန်ဆိုသော မိန်းကလေးအား ‘မဒမ်’ ခေါ်ဝေါ်ကာ ရိုရိုကျိုးကျိုး ပြုမူနေသည်။
သူအိမ်မက်များ မက်နေသလားဟုပင် နင်ရှန်းချန် အထင် ရောက်မိသွားသည်။
ရန်ကိုင် ရောက်လာသည့်အခါ ဝူရီနှင့် အခြားသူများ စိတ်ဓါတ်ကျနေသည်ကို တွေ့လိုက်ရသည်။
နဂါးလိုဏ်ဂူတောင်သည် ယခုတိုက်ပွဲတွင် အနိုင်ရခဲ့သော်ငြား တိုက်ပွဲအတွင်း တောင်တစ်ခုလုံး ဖျက်စီးခံလိုက်ရသည်။ ကျူးကျော်လာသည့် ရန်သူများကို ခွေးပြေးဝက်ပြေး ပြေးရအောင် လုပ်နိုင်ခဲ့သော်ငြား သူတို့ နေထိုင်သည့် အိမ်လေး ဖျက်စီးခံလိုက်ရရာ သူတို့ မည်ကဲ့သို့ ပျော်နိုင်မည်နည်း။
ထိုအိမ်လေးသည် သူတို့ တက်ညီလက်ညီ အတူပူးပေါင်း တည်ဆောက်ခဲ့သည့် အိမ်လေးဖြစ်သည်။
ယခု သူတို့အိမ်လေး ပြာပုံဘဝ ရောက်သွားခဲ့လေပြီ။ နှစ်ပေါင်းများစွာ သူတို့ လက်ဖြင့် တည်ဆောက်ခဲ့ရသည့် အရာတစ်ခု သူတို့ မျက်စိရှေ့တွင်ပင် ဖျက်စီးခြင်းခံလိုက်ရသည့် အတွက် အကုန်လုံး ဝမ်းနည်းနေသည်မှာ အထူးအဆန်းမဟုတ်၊ မည်သူမဆို ထိုကဲ့သို့ ဖြစ်မည်သာ။