← Chapters

အခန်း (၁၄၂၁-၁၄၂၅)

Vol. 57 Ch. 1421-1425

အခန်း (၁၄၂၁-၁၄၂၅)

Vol. 57 Ch. 1421-1425

အပိုင်း (၁၄၂၁)

“နင်တို့တွေ ဘာလို့ သုန်သုန်မှုန်မှုန်တွေ ဖြစ်နေတာလဲ” စိတ်ထဲ သိနေသော်လည်း ရန်ကိုင်က မေးလိုက်သေးသည်။ ထို့နောက် သွားပေါ်အောင်ပြုံးလျက် ဆက်ပြောလိုက်လေသည် “နဂါးလိုဏ်ဂူတောင် မရှိတော့ရုံပဲကို၊ ဘာတွေ ဒီလောက် ဖြစ်နေတာလဲ”

“ဒါပေမယ့် အဲ့ဒါ ငါတို့အိမ်လေ” ဝူရီက ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့” ရန်ကိုင်က ပြုံးလျက် “နဂါးလိုဏ်ဂူတောင် မရှိတော့ရင်တောင် ငါတို့မှာ နောက်ထပ် သွားစရာနေရာ တစ်နေရာ ရှိပြီးသား။ အဲ့နေရာက နဂါးလိုဏ်ဂူတောင်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်”

ဝူရီနှင့် အခြားသူအားလုံး ရန်ကိုင်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

နဂါးလိုဏ်ဂူတောင်သည် တောင်သေးသေးလေ တစ်လုံးသာ ဖြစ်လင့်ကစား ရန်ကိုင်တို့၏ ပြုပြင်မှုကြောင့် ကျင့်ကြံသူများ နေထိုင်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာခဲ့သည်။ နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်လိုသည့် လေလွင့် ကျင့်ကြံသူများစွာပင် ရှိပေသေးသည်။

သို့သော်လည်း နဂါးလိုဏ်ဂူတောင်သည် အပြင်လူများအား လက်ခံခြင်းမရှိဘဲ ၎င်းတို့နှင့် ရင်းနှီးသည့် လူများကိုသာ လက်ခံသည်။ မဟုတ်လျှင် နဂါးလိုဏ်ဂူတောင်၏ အဖွဲ့ဝင် အရေအတွက်မှာ ဤမျှ နည်းနေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့ ယခုသွားမည့် နေရာသည် နဂါးလိုဏ်ဂူတောင်ထက် အဆပေါင်းများစွာ ပိုကောင်းသည်ဟု ရန်ကိုင်က ပြောလိုက်သည့်အခါ ဝူရီတို့ မယုံကြခြင်း ဖြစ်သည်။

“အရိပ်လခန်းမရဲ့ ဌာနချုပ်တောင် နဂါးလိုဏ်ဂူတောင်ထက် အဆအများကြီး ပိုကောင်းတာ မဟုတ်ဘူး” ဝူရီသည် နှုတ်ခမ်းလေး ဆူလျက် ပြန်ပြောလိုက်လေသည်။

“အဲ့နေရာက အရိပ်လခန်းမရဲ့ ဌာနချုပ်ထက်လည်း အများကြီး ပိုကောင်းသေးတယ်” ရန်ကိုင်သည် ဝူရီအား ပြုံးကြည့်လျက် ပြန်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ အဲ့လောက်ကောင်းတဲ့ နေရာ ရှိနေမယ်ဆိုရင် အခြား အင်အားစုတွေ အပိုင်သိမ်းသွားတာ ကြာလောက်ပြီ။ အခု အရိပ်ကြယ်ပေါ်မှာ ရှိတဲ့ နေရာကောင်းတွေ အကုန်လုံးကို အင်အားစုကြီးတွေကပဲ အပိုင်သိမ်းထားတာ။ ဘယ်လိုလုပ်ပြီး ဘယ်သူမှ အပိုင်မသိမ်းရသေးတဲ့ အဲ့လောက်ကောင်းတဲ့နေရာ ရှိနေသေးမှာလဲ” ချန်ချီ ဝင်ပြောလိုက်လေသည်။

“လူအိုကြီးချန် ပြောတာ အမှန်ပဲ။ ဒါပေမယ့် ကျုပ်ပြောတဲ့ နေရာက သွားချင်တိုင်း သွားလို့ရတဲ့နေရာ မဟုတ်ဘူး။ တကယ်တော့ ကျုပ်တို့တွေကလွဲ၍ အခြား ဘယ်သူမှ အဲ့နေရာဆီ သွားလို့မရဘူး” ရန်ကိုင်က ပြောလိုက်လေသည် “ဒီတိုက်ပွဲ မဖြစ်ရင်တောင် အဲ့နေရာဆီပြောင်းဖို့ ကျုပ်နဲ့ ယန်ယန် အစောကြီးကတည်းက စီစဉ်ထားပြီးသား။ တိုက်ပွဲ ဖြစ်သွားလို့ ပြောင်းရမယ့်ရက် စောသွားတာပဲရှိတာ၊ ဒါကြောင့် ဘာမှ ဝမ်းနည်းနေစရာ မလိုဘူး”

“အစ်မယန်ယန်၊ သူပြောတာ အမှန်ပဲလား” ဝူရီ ယန်ယန်အား အံ့ဩတကြီး လှမ်းမေးလိုက်လေသည်။

ယန်ယန် ခေါင်းညိတ်လိုက်သည်။ ယန်ယန် ခေါင်းညိတ်ပြသည်ကို မြင်သော် အကုန်လုံး အံ့အားသင့်သွားကြ၏။

“အဲ့နေရာ ဘယ်နေရာလဲ။ အဲ့နေရာ အဲ့လောက် ကောင်းနေရင် ဘာလို့ အခြားသူတွေ မယူကြသေးတာလဲ” ဝူရီ ပို၍ ခေါင်းရှုပ်သွားလေသည်။

“ငါပြောသလိုပဲလေ၊ အဲ့နေရာကို အခြား အင်အားစုတွေ လိုချင်တယ်ဆိုရင်တောင် သူတို့မှ မယူနိုင်တာ” ရန်ကိုင်က အသာအယာ ပြုံးလျက် “ဘာလို့လဲဆိုတော့ အဲ့နေရာက သဲမီးတောက်နယ်မြေထဲမှာ ရှိနေတာလေ”

“သဲမီးတောက်နယ်မြေထဲမှာလား” ဝူရီနှင့် အခြားသူများ အံ့အားသင့်တကြီး ဆိုလိုက်သည်။

သို့သော် ထိုအကြောင်းကို ကြားလိုက်သည့်အခိုက် အမျိုးသမီးရီသည် တွေးတွေးဆဆဖြင့် မေးလိုက်လေသည် “ဆန်းတော်ဝင်ဂိုဏ်းလား”

“အို၊ စီနီယာလည်း အဲ့အကြောင်း သိတာလား” ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူထိုအကြောင်းကို သိနေခြင်းမှာ ယန်ယန်မှ သူ့အား ရှင်းပြထားသည့် အတွက်ကြောင့် ဖြစ်သည်။ သို့သော်လည်း အမျိုးသမီးရီသည် မည်သူမှ မရှင်းပြဘဲ ထိုအကြောင်းကို ဘာကြောင့် သိနေလေသနည်း။

“ငါသိတာပေါ့။ မသိဘဲနေမလား။ ရှေးမှတ်တမ်းတွေထဲမှာ အဲ့အကြောင်းတွေ ရေးထားတာကိုး။ တကယ်တော့ အဲ့အင်အားစုက ဆ… မဟာဧကရာဇ် ထောက်ပံ့ပေးခဲ့တဲ့ အင်အားစုတစ်ခုလေ” မျိုးရိုးနာမည်ရီ၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ယန်ယန်အား အလိုလို လှမ်းကြည့်လိုက်သည်။

“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူအများကြီး မမေးလိုက်သော်လည်း အမျိုးသမီးရီ ယန်ယန် မည်သူမှန်း သိထားသည်မှာ သေချာသလောက်ရှိသည်။ မဟုတ်လျှင် သူမ အဆင့်အတန်းဖြင့် ယန်ယန်အား ထိုကဲ့သို့ လေးလေးစားစား ဆက်ဆံနေလိမ့်မည် မဟုတ်ချေ။

ထိုအမျိုးသမီးသည် လျှို့ဝှက်ချက်များစွာကို သူထင်ထားသည်ထက်ပင် ပိုသိနေသည့်ပုံပင်။

သို့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကို မေးရန် အချိန်ကောင်းမဟုတ်၊ နောက် အချိန်ရှိသည့်အခါမှပဲ ယန်ယန်အား သွားမေးလိုက်ပေတော့မည်။

ချန်ချီနှင့် အခြားသူများမှာမူ ရန်ကိုင်နှင့် အမျိုးသမီးရီတို့ ပြောနေသည်ကို နားထောင်ရင်း အံ့အားသင့်ကုန်ကြလေသည်။ သဲမီးတောက်နယ်မြေထဲတွင် ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားသည့်ပုံပင်။

“ရောက်ရင် သိလိမ့်မယ်။ အခုလောလောဆယ်တော့ ဒီမှာပဲ စကားရပ်ကြတာပေါ့။ ကြယ်သင်္ဘောကို တစ်ချက် ကြည့်ထားဦး။ စက်တွေကို ငါချိန်ထားပြီးသွားပြီ။ ဒီအရှိန်အတိုင်း ဆက်သွားရုံပဲ” ယန်ယန်က ပြောလိုက်သည်။

ချန်ချီနှင့် အခြားသူအားလုံး ခေါင်းညိတ်လိုက်ပြီး အသီးသီး ပြန်ဆုတ်သွားကြလေသည်။

မကြာမီ ခန်းမထဲတွင် ရန်ကိုင်၊ ယန်ယန်၊ အမျိုးသမီးရီနှင့် ကဲချီတို့သာ ကျန်တော့လေသည်။

ယန်ယန် အမျိုးသမီးရီအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ ဘာပြောချင်လဲ ဆိုသည်ကို နားလည်သော အမျိုးသမီးရီသည် ကဲချီအား လက်ဝှေ့ရမ်းပြလိုက်လေသည် “ရှောင်ချီ၊ နင်လည်း သွားပြန်နားပေတော့”

“ဟုတ်ကဲ့ပါဘိုးဘေး” ကဲချီ လေးစားစွာ ဦးညွှတ်လိုက်ပြီး ခန်းမထဲမှ ထွက်သွားခဲ့လေသည်။

ယခု လူသုံးယောက်သာ ကျန်တော့ပေသည်။ ယန်ယန်သည် ရန်ကိုင်ဆီသို့ လက်ဆန့်တန်းလိုက်ပြီး လက်ဖြန့်ကာ အလျင်စလို ပြောလိုက်သည် “နင်ရလာတဲ့ဟာ ငါ့ကိုပြ”

ယန်ယန် အပြုအမူကို မြင်မြင်ချင်း ရန်ကိုင် အံ့ဩသွားသော်ငြား အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပြားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ကာ ယန်ယန်ဆီသို့ ပစ်ပေးလိုက်လေသည်။ ယန်ယန်သည် ကျောက်စိမ်းပြားအား လှမ်းဖမ်းပြီး စစ်ဆေးလိုက်ပြီးနောက် “တကယ့်ကို ဧကရာဇ်ကျောက်စိမ်းပဲ”

“ဧကရာဇ်ကျောက်စိမ်း” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏ “အဲ့ဒါ ဘာလဲ”

“ဧကရာဇ်ဥယျာဉ်ထဲဝင်ရင် ဧကရာဇ်ဖိအားကို ခုခံဖို့ သုံးတဲ့ဟာပဲ။ ဒါမရှိဘဲနဲ့ ဘယ်သူမှ ဧကရာဇ်ဥယျာဉ်ထဲ ဝင်လို့ မရဘူး” ယန်ယန်က ရှင်းပြလိုက်သည် “ဧကရာဇ်ဥယျာဉ် ပွင့်လာတဲ့အခါကျ ဧကရာဇ်ကျောက်စိမ်း ကိုင်ထားတဲ့ လူတွေပဲ အထဲကို လုံလုံခြုံခြုံနဲ့ ဝင်နိုင်လိမ့်မယ်”

“အို၊ ဒီတော့ ဆိုလိုတာက နောက်ထပ် ဧကရာဇ်ကျောက်စိမ်းတွေ အများကြီး ပေါ်လာဦးမယ်ပေါ့” ရန်ကိုင် ချက်ချင်း လိုရင်း အချက်ကို ဖမ်းဆုပ်မိလိုက်သည်။

ဧကရာဇ်ဥယျာဉ် ပွင့်လာလျှင် ထိုထဲသို့ လူတစ်ယောက်တည်း ဝင်သွားနိုင်ဖို့ရာ မဖြစ်နိုင်၊ ဧကရာဇ်ကျောက်စိမ်းသည် ဧကရာဇ် ဥယျာဉ်ထဲ ဝင်နိုင်ရန် အဓိကသော့ချက် ဖြစ်သဖြင့် နောက်ထပ် ဧကရာဇ်ကျောက်စိမ်းများ လုံးဝကို ထပ်ပေါ်လာရပေလိမ့်မည်။

“ဟုတ်တယ်။ ဧကရာဇ်ကျောက်စိမ်း နဂါးလိုဏ်ဂူတောင် အပေါ်ကို ကျလာတာ ငါ့ကြောင့်လို့ ပြောလို့ရတယ်။ ဒါပေမယ့် သိပ်မကြာခင် နောက်ထပ် ဧကရာဇ်ကျောက်စိမ်းတွေ ထပ်ပြီး ကျလာလိမ့်မယ်” ယန်ယန်သည် တစ်ခုခုအား တွေးနေဟန်ဖြင့် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ခဏအကြာတွင် ခေါင်းမော့လာပြီး ရန်ကိုင်အား ကြည့်လိုက်သည်။ ရန်ကိုင်လည်း ပြန်ကြည့်လိုက်ရာ နှစ်ဦးသား အကြည့်ချင်း ဆုံးသွားခဲ့သည်။

အကြည့်တစ်ချက်နှင့် သူတို့ နောက်ဘာလုပ်ရမည်မှန်း နှစ်ဦးစလုံး နားလည်လိုက်ကြသည်။ သူတို့ အနေဖြင့် နောက်ထပ် ဧကရာဇ်ကျောက်စိမ်းများ ထပ်လုယူရန် လိုအပ်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ ဧကရာဇ်ကျောက်စိမ်းများ ထပ်ရထားရန် လိုအပ်သည်။ မဟုတ်လျှင် ဧကရာဇ်ဥယျာည် ဖွင့်သည့်အခါ သူတို့တွင် လုံလောက်သော ဧကရာဇ် ကျောက်စိမ်း မရှိလျှင် ယန်ယန်နှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး ဧကရာဇ်ဥယျာဉ်ထဲ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် နဂါးလိုဏ်ဂူတောင်ထဲ ယခုလေးတင် ပူးပေါင်းလာသည့် အမျိုးသမီးရီလည်း ရှိသေးသည်။ သူမလည်း ဧကရာဇ်ဥယျာဉ်ထဲ ဝင်မည် ဖြစ်လေရာ သူတို့ အနေဖြင့် အနည်းဆုံး ဧကရာဇ်ကျောက်စိမ်း သုံးခုရထားရန် လိုအပ်ပေသည်။

ထိုစဉ် အပြင်ဘက်မှ တဝုန်းဝုန်း မြည်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်လည်း အသံကြားကြားချင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ဧကရာဇ်ကျောက်စိမ်းတွေ ထပ်ကျလာနေပြီ”

တစ်ချိန်တည်းတွင် နဂါးလိုဏ်ဂူတောင်ပေါ်၌ ရှိနေသော ဧကရာဇ်ဥယျာဉ်သည် အလင်းတန်းများစွာကို ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။ အလင်းတန်းများသည် သွားချင်သည့် နေရာသို့ ဦးတည်သွားနေခြင်း ဖြစ်ပြီး ၎င်းတို့၏ အရှိန်မှာ အလွန်ကိုမှ မြန်ဆန်လှပေသည်။

နဂါးလိုဏ်ဂူတောင်မှ ပြန်လာကြနေသော ပညာရှင်များ ထိုအဖြစ်အပျက်ကို မြင်တွေ့သွားကြသည်။ ချက်ချင်းဆိုသလို အကုန်လုံးသည် သူတို့၏ ကြယ်လွန်းပျံ အသီးသီးကို ထုတ်ကာ ထိုအလင်းတန်းများနောက်သို့ ပြေးလိုက်ကြလေတော့သည်။

ဧကရာဇ်ကျောက်စိမ်းအကြောင်း သူတို့ထဲရှိ မည်သူမှ မသိကြပေ။ သို့သော် ဧကရာဇ်ဥယျာဉ်ထဲမှ ထွက်ပေါ်လာသည့် အရာ ဖြစ်သဖြင့် အဖိုးတန်မည်အထင်ဖြင့် ပြေးလိုက်ကြခြင်း ဖြစ်သည်။

ဧကရာဇ်ကျောက်စိမ်းတစ်ခု ကျသွားရာ အရပ်တွင် ကျင့်ကြံသူတစ်ယောက် ကံကောင်းပြီး ရပ်နေခဲ့သည်။ ဧကရာဇ် ကျောက်စိမ်း သူ့နား ကျလာသည်ကို မြင်သော် ထိုကျင့်ကြံသူ ပျော်သွားပြီး ချက်ချင်း ပြေးကောက်လေသည်။ သို့သော် ထိုအရာ မည်သည့်အရာမှန်း သေချာ မစစ်ဆေးရသေးခင်မှာပင် သူ့ထက် ပိုအားကောင်းသည့် လူတစ်ယောက် ရောက်လာပြီး ထိုအရာကို သူ့ဆီမှ လုတော့လေသည်။

အချို့ကျင့်ကြံသူများသည် ဧကရာဇ်ကျောက်စိမ်းနောက်သို့ ပြေးလိုက်ကြသော်လည်း ဧကရာဇ်ကျောက်စိမ်း သွားသည့် အရှိန်မှာ အလွန်ကိုမှ မြန်ဆန်လှသဖြင့် တစ်ခဏအတွင်း မျက်ခြေ ပျက်သွားခဲ့ရလေသည်။

သို့တိုင် ဧကရာဇ်ကျောက်စိမ်းများနောက်သို့ မရမက ပြေးလိုက်နေသူများလည်း ရှိနေပေသေးသည်။

ထိုအဖြစ်အပျက်ကြောင့် အရိပ်ကြယ်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်ပြီး အင်အားစုကြီးများသည် ပညာရှင်များစွာကို လွှတ်ကာ ထိုဧကရာဇ်ကျောက်စိမ်းများကို ရအောင် ယူခိုင်းလေတော့သည်။

ဧကရာဇ်ကျောက်စိမ်းများ ပေါ်လာသည်ကို သတိ ပြုမိလိုက်သည့်နောက် ရန်ကိုင်၊ ယန်ယန်နှင့် အမျိုးသမီးရီတို့သည် ကြယ်သင်္ဘောထဲမှ ချက်ချင်း ထွက်လာခဲ့ကြသည်။ အပြင်တွင် ရပ်လျက် လှမ်းကြည့်နေရင်း အလင်းတန်းတစ်ခု သူတို့ဆီသို့ ပျံသန်းလာနေသည်ကို သတိပြုမိလိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အတော်လေး ဝမ်းသာသွားခဲ့သည်။

ရန်ကိုင်သာ ပျော်နေခြင်းမဟုတ်၊ အမျိုးသမီးရီလည်း ပြုံးနေခဲ့သည်။ ချက်ချင်းပဲ သူမ၏ နာမည်ကျော် တန်ခိုးရှင်ဘုရင် အဆင့် အရိုးကြွေမီးအိမ်ကို ထုတ်လိုက်လေသည်။

အဖြူရောင်အလင်းတန်း ရန်ကိုင်တို့ သုံးယောက်နှင့် မိုင်တစ်ထောင် ပတ်လည်အတွင်းသို့ ရောက်လာသည့်အခါ အမျိုးသမီးရီသည် သူမလက်ကို အသာအယာ ဆန့်ထုတ်၍ အရိုးကြွေမီးအိမ်ကို တို့လိုက်သည်။ အပြာရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အလင်းအကာအရံသို့ ပြောင်းလဲသွားကာ ဧကရာဇ်ကျောက်စိမ်း၏ လမ်းကြောင်းကို တားဆီးလိုက်လေသည်။

အလင်းအကာအရံ ဖြစ်ပြီးရုံတင်ရှိသေး၊ ဧကရာဇ်ကျောက်စိမ်းသည် ထိုအရာကို ဖောက်ထွက်သွားခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် အမျိုးသမီးရီ၏ အမူအရာ ပြောင်းလဲသွားပြီး ဧကရာဇ်ကျောက်စိမ်း ပျံသန်းသွားနေသည့် လမ်းကြောင်းတစ်လျှောက် အလင်း အကာအရံများကို တစ်ခုပြီး တစ်ခု ဖန်တီးလေတော့သည်။

သို့သော်လည်း ဧကရာဖ်ကျောက်စိမ်းသည် သူမ ဖန်တီးထားသမျှ အလင်းအကာအရံ အားလုံးကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့လေသည်။

သူမ ထပ်လှုပ်ရှားမည်ကို စောင့်မနေတော့ဘဲ ရန်ကိုင်သည် ရှေ့ထွက်၍ မီးငှက်ကို လွှတ်ကာ ထိုဧကရာဇ်ကျောက်စိမ်းကို တားခိုင်းလိုက်သည်။

ကံမကောင်းစွာဖြင့် မီးငှက်လည်း ဧကရာဇ်ကျောက်စိမ်းကို မတားနိုင်ခဲ့ချေ။ ဧကရာဇ်ကျောက်စိမ်းနှင့် တွေ့သည်နှင့် မီးငှက်၏ ခန္ဓာကိုယ် တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့သည်။

ရန်ကိုင်နှင့် အမျိုးသမီးတို့သည် ဧကရာဇ်ကျောက်စိမ်းကို မတားနိုင်ခဲ့သော်လည် ၎င်း၏ အရှိန်အား လျော့ကျသွားစေရန် စွမ်းဆောင်နိုင်ခဲ့ပေသည်။

ယန်ယန်၏ မျက်လုံးထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး သူမ ဝတ်ထားသည့် လက်ကောက်အား မီးကွင်းများအဖြစ်သို့ ပြောင်းလဲစေလျက် ဧကရာဇ်ကျောက်စိမ်းဆီ ပစ်လွှတ်လိုက်၏။

နေမီးလျှံသုံးစင်းလက်စွပ်ပင်…

ထိုမှော်ရတနာသည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ပိုင်ဆိုင်ခဲ့သည့် မှော်ရတနာတစ်ခု ဖြစ်ပြီး ၎င်း၏ အဆင့်အား သာမန် အမြင်ဖြင့် သွားဆုံးဖြတ်၍ မရချေ။ အရိပ်ကြယ်၏ တားမြစ်နယ်မြေ တစ်ခုဖြစ်သော သဲမီးတောက်နယ်မြေ၏ အစစ်အမှန်ပုံစံသည် ထိုနေမီးလျှံသုံးစင်လက်စွပ်သာ ဖြစ်သည်။

ယန်ယန်သည် မီးလျှံလက်စွပ် သုံးကွင်းအနက် တစ်ကွင်းကိုသာ ရထားသေးသော်လည်း ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခု ဖြစ်သည်နှင့်အညီ ၎င်း၏ စွမ်းအားကို သွားအထင်သေး၍ မရချေ။

ရန်ကိုင်နှင့် အမျိုးသမီးရီတို့ နှစ်ယောက် ပူးပေါင်း၍ တားဆီးသည့်တိုင် မတားဆီးနိုင်ခဲ့သော ဧကရာဇ်ကျောက်စိမ်းသည် မီးလျှံလက်စွပ်နှင့် တွေ့သည်နှင့် တစ်ပြိုင်နက် တုန့်ခနဲ ရပ်သွားခဲ့လေသည်။ မီးလျှံလက်စွပ်၏ အရွယ်အစား အလျင်အမြန် ကျုံ့သွားခဲ့ပြီး ဧကရာဇ်ကျောက်စိမ်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။

ဧကရာဇ်ကျောက်စိမ်းသည် မီးလျှံလက်စွပ်၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန် အဆက်မပြတ် ကြိုးစားလေသည်။ ထိုအခြင်းအရာကို မြင်သော် ယန်ယန်သည် ထိုမီးလျှံလက်စွပ်ထဲသို့ သူတော်စင်ချီ ထပ်မံ ထည့်သွင်းလိုက်ပြီး ဧကရာဇ်ကျောက်စိမ်းအား မလွတ်အောင် ချုပ်နှောင်ပစ်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၂)

လဝက်ကြာပြီးနောက်တွင်၊ ရန်ကိုင်တို့ ကြယ်သင်္ဘောသည် သဲမီးတောက်နယ်မြေ အပြင်တွင် ငြိမ်သက်စွာ ဝဲနေခဲ့သည်။ ချန်ချီ၊ ဟောင်အန်၊ ဝူရီနှင့် ချင်းယွဲ့တို့သည် အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြလေသည်။

ဧကရာဇ်ကျောက်စိမ်းများ ထပ်ကျလာပြီးနောက် ရန်ကိုင်နှင့် ယန်ယန်တို့ ကြယ်သင်္ဘောထဲမှ ထွက်သွားခဲ့သည်။ ထိုနေ့မှစ၍ ထွက်သွားလိုက်သည်မှာ ယခုအထိတိုင် ပြန်မရောက်သေးချေ။

သူတို့ မည်သည့်နေရာသို့ သွားလဲ ဆိုသည်ကို မည်သူမှ မသိူကြပေ။ သို့သော် ယန်ယန် မရှိသဖြင့် သဲမီးတောက်နယ်မြေသို့ ရောက်လာသည့်တိုင် သူတို့အားလုံး အပြင်ဘက်တွင် ရပ်စောင့်နေရုံသာ တတ်နိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သောလဝက်ခန့်က တိုက်ပွဲကြောင့် နဂါးလိုဏ်ဂူတောင်၏ ဂုဏ်သတင်း ကျော်ကြားလာခဲ့သည်။ ထို့ကြောင့် သူတို့၏ ကြယ်သင်္ဘော ဝဲနေသည်မှာ အလွန်ကိုမှ မျက်စိဖမ်းစားစရာ ကောင်းနေလျှင်ပင် မည်သူမှ သူတို့အား ပြဿနာ လာမရှာကြချေ။

သဲမီးတောက်နယ်မြေ ပထမအလွှာ ပျောက်သွားပြီးနောက် လူတော်တော်များများ ဤနေရာသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် ဤနေရာသည် ယခင်ကကဲ့သို့ ခြောက်ကပ်နေခြင်း မရှိတော့ဘဲ အနည်းငယ် လူနေ ထူထပ်လာခဲ့လေသည်။

ယခု ကြယ်သင်္ဘောတစ်စင်း ဤနေရာသို့ ရုတ်တရက်ကြီး ရောက်လာသဖြင့် အားလုံး အာရုံစိုက်စရာ ဖြစ်နေခဲ့သည်။

ချန်ချီနှင့် အခြားသူများ သဲမီးတောက်နယ်မြေ အပြင်တွင် စောင့်နေသည်မှာ သုံးရက်ရှိသွားလေပြီ။ သို့သော် ရန်ကိုင်နှင့် ယန်ယန်တို့မှာ ပြန်မရောက်သေးပေ။ သူတို့ စိုးရိမ်စ ပြုလာစဉ်မှာပဲ သွားခေါလေး ကဲချီသည် ရုတ်တရက် ပျော်ရွှင်စွာ ထအော်လိုက်သည် “ဘိုးဘေးတို့ ပြန်လာပြီ”

“အို” ဝူရီလည်း ပျော်သွားပြီး အလျင်အမြန် မေးလိုက်လေသည် “စီနီယာရီ ပြန်လာပြီဆိုမှတော့ အစ်မယန်ယန်နဲ့ ရန်ကိုင်လည်း ပြန်လာပြီပေါ့”

ပြောပြီးသည်နှင့် ကြယ်သင်္ဘောတံခါးကို ဖွင့်ရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး အကုန်လုံးနှင့် ရန်ကိုင်တို့အား စောင့်နေလိုက်ကြသည်။

ကဲချီပြောသည့်အတိုင်းပဲ ခဏအကြာတွင် မိုးကုတ်စက်ဝိုင်းမှ အလင်းတန်းတစ်ခု ပေါ်လာပြီး ကြယ်သင်္ဘာဆီသို့ ရောက်လာခဲ့၏။ အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ငါမန်းပျံစံကြယ်လွန်းပျံ အသေးစားလေးတစ်စင်း ပေါ်လာခဲ့လေသည်။ ထိုအရာသည် ယန်ယန် ဖန်တီးထားသည့် ငါမန်းပျံတိုက်ပွဲလွန်းယာဉ် ဖြစ်ပေသည်။

ရန်ကိုင်၊ ယန်ယန်နှင့် အမျိုးသမီးရီတို့ ထိုထဲမှ ထွက်လာခဲ့ကြသည်။ အကုန်လုံး အပြင်ထွက်လာပြီးသည်နှင့် ယန်ယန်သည် ထိုတိုက်ပွဲလွန်းယာဉ်အား အလျင်အမြန် ပြန်သိမ်းလိုက်လေသည်။

လေထဲတွင်ဝဲလျက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်သည်။

သဲမီးတောက်နယ်မြေနားတွင် စုဝေးနေသော လူများစွာ ရှိနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သူနှင့် အခြားသူများ ရောက်လာချိန် အကုန်လုံးသည် စပ်စုလိုသည့် အမူအရာဖြင့် သူတို့အားကြည့်လျက် အချင်းချင်း တီးတိုးဆွေးနွေးကြလေသည်။

ခဏလောက် ရပ်စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူတော်စင်ချီကို လှည့်ပတ်၍ အော်ပြောလိုက်သည် “အခုကနေစပြီး ဒီမိုင်တစ်သောင်းပတ်လည်က ငါတို့ နဂါးလိုဏ်ဂူတောင်အပိုင် ဖြစ်သွားပြီ ဖြစ်သွားပြီ။ ဒါကြောင့် အားလုံး မြန်မြန် ထွက်သွားဖို့ ငါပြောချင်တယ်။ ဆက်ပြီး နေနေဦးမယ် ဆိုရင်တော့ နဂါးလိုဏ်ဂူတောင်ရဲ့ ရန်သူအဖြစ် သတ်မှတ်ရလိမ့်မယ်။ အဲ့အခါကျမှ နဂါးလိုဏ်ဂူတောင်ကို ရိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့”

ရန်ကိုင် စကားသံ ထွက်လာသည့်အခါ ဆူပူပွတ်လော ရိုက်ကုန်ကြလေသည်။

လွန်ခဲ့သော လဝက်ခန့်က တိုက်ပွဲသည် နဂါးလိုဏ်ဂူတောင်သည် အင်အားစုကြီးများစွာကို ပြန်လည် တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သော်လည်း အဆုံးသတ်တွင် ထိုအရာ အားလုံးသည် ကောလဟာလများသာ ဖြစ်ကြသည်။ ထိုသတင်း မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဤနေရာတွင် ရှိနေသူထဲ၌ မည်သူမှ မျက်မြင်ကိုယ်တွေံ မကြုံခဲ့ရသဖြင့် ရန်ကိုင်မှ ထိုကဲ့သို့ ကြေညာလိုက်ချိန် ဆူပူအုံကြွလာခြင်း ဖြစ်သည်။

သူတို့ ဤနေရာမှ မခွာချင်သည်မှာလည်း ထူးတော့ မထူးဆန်းလှ။ သဲမီးတောက်နယ်မြေ၏ ပထမအလွှာဖြစ်သော မီးတောက်အလွှာ ပျောက်ကွယ်သွားသည့် အတွက်ကြောင့် ဒုတိယအလွှာဖြစ်သော ရတနာနယ်မြေထဲသို့ အဆီးအတားမရှိ ဝင်ခွင့်ရလာခဲ့သည်။ ဒုတိယအလွှာထဲတွင် မည်သည့် အဖိုးတန် ဆေးပင်မှ မတွေ့ရှိခဲ့သော်လည်း အဖိုးတန် သတ္တုများကို ရံဖန်ရံခါ တွေ့ရတတ်ပေသည်။

ဒုတိယအလွှာထဲတွင် သူတော်စင်သလင်းကျောက်များစွာ ရှိသည့် သလင်းကျောက်တွင်ကြီးတစ်တွင်း ရှိသည်ဟုပင် ကောလဟာလများ ရှိနေပေသေးသည်။

အရိပ်ကြယ်ပေါ်တွင် သူတော်စင်သလင်းကျောက်သည် အတော်လေးကိုမှ ရှားပါလှသည်။ အင်အားစုကြီးများတွင် သူတို့ ထိန်းချုပ်ထားသည့် သူတော်စင် သလင်းကျောက်တွင်းများ ရှိကြသော်လည်း ထိုတွင်းများသည် သူတော်စင်သလင်းကျောက် ပေါကြွယ်ဝခြင်း သိပ်မရှိလှပေ။

ဤနေရာသို့လာသည့် ကျင့်ကြံသူ အများစုသည် ထိုသူတော်စင် သလင်းကျောက်တွင်းကို ရှာလို့သည့် အတွက်ကြောင့် ဖြစ်လေရာ ရန်ကိုင်မှ သူတို့အား ရုတ်တရက်ကြီး လာမောင်းထုတ်သည့်အခါ သူတို့ မည်ကဲ့သို့ ကျေနပ်မည်နည်း။

ရုတ်တရက် လူအုပ်ကြီးတစ်ခုလုံး ပူညံပူညံ ဖြစ်လာပြီး ‘သဲမီးတောက်နယ်မြေသည် အရိပ်ကြယ်၏ တားမြစ်နယ်မြေ သုံးခုအနက်မှ တစ်ခုဖြစ်သဖြင့် အများပိုင်ဖြစ်သည်’ဟူ၍ ပြန်အော်ပြောကြလေသည်။

ထိုလူများမှ ထိုကဲ့သို့ အော်ပြောနေကြသော်ငြား ရန်ကိုင်ကမူ နည်းနည်းလေးမှပင် ဂရုမစိုက်။ အနာဂတ်တွင် ဤနေရာ၌ ဂိုဏ်းတစ်ဂိုဏ်း ထောင်မည်ဖြစ်လေရာ သူ့ဂိုဏ်းအနီးတစ်ဝိုက်၌ အခြားသူများ ရစ်သီရစ်သီ လုပ်နေသည်ကို သူမည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။

“နင်တို့ ပါးစပ်တွေ ပိတ်ကြစမ်း” ရန်ကိုင် ဘာမှ ထပ်မပြောရသေးခင်မှာပဲ အမျိုးသမီးရီသည် သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကို ပေါင်းစပ်၍ အော်ဟစ်လိုက်လေသည်။ ထို့ကြောင့် သူမ၏ အသံသည် သိပ်မကျယ်လှသည့်တိုင် အော်ဟစ်နေသူ အားလုံး ခေါင်းမူးဝေကြကုန်လေသည်။ ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး ထိတ်လန့်သွားကြပြီး ဆူပူနေသည့် လူအုပ်ကြီးလည်း ချက်ချင်း တိတ်သွဦးခဲ့သည်။

လူအုပ်ကြီးအား သူမ၏ မျက်ဝန်းလှလှလေးများဖြင့် ဝေ့ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “နင်တို့ ထွက်သွားဖို့ တစ်ရက် အချိန်ရမယ်။ တစ်ရက်ကြာသွားလို့တောင် မထွက်သွားသေးဘူး ဆိုရင်တော့ ဒီဘုရင်မကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့”

ပြောပြီးသွားသည်နှင့် လူအုပ်ကြီးတစ်ခုလုံးအား သူမ၏ ရှီစွမ်းအားဖြင့် ဖိချလိုက်လေသည်။ သူမ ထုတ်လွှတ်လိုက်သည့် ဖိအားအောက်ဝယ် အကုန်လုံး မလှုက်ရှားနိုင်တော့ရုံမက သူတော်စင်ချီပင် မလှည်ပတ်တော့နိုင် ဖြစ်ကုန်ကြလေသည်။

ထိုအရာသည် တန်ခိုးရှင် တတိယ အထွဋ်အထိပ်အဆင့် တစ်ယောက်၏ ရှီစွမ်းအား ဖြစ်လေရာ ထိုလူများ မည်ကဲ့သို့ ခုခံနိုင်မညန်ည်း။ ထိပ်တန်းအဆင့် တန်ခိုးရှင် ပညာရှင်များပင် အမျိုးသမီးရှီအား သူတို့၏ သူတော်စင်ချီအား လှည့်ပတ်ပြီးမှ ခုခံနိုင်ကြသည်။ တန်ခိုးရှင် ဒုတိယအဆင့်နှင့် အောက်များ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

“တန်ခိုးရှင်တတိယအဆင့် ပညာရှင်လား” ရုတ်တရက် လူအုပ်ကြီးထဲမှ တစ်ယောက် အလန့်တကြား ထအော်လိုက်သည်။

အားကောင်းသော သူများကို လေးစားကြသည်မှာ သိုင်းလောကကြီး၏ မည်သည့်အခါမှ ပြောင်းလဲခြင်းမရှိသည့် အမှန်တရား ဖြစ်သည်။ အမျိုးသမီးရီသည် သူမခွန်အား၏ တစ်စိတ်တစ်ပိုင်းလောက်ကိုသာ ထုတ်ပြလိုက်သော်လည်း ဆူညံနေသော လူအုပ်ကြီးအား ရေနှင့် ငြိမ်းသတ်လိုက်သလို တစ်မုဟုတ်ချည်း တိတ်သွားစေခဲ့သည်။ အမျိုးသမီးရီ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်သည့်နောက် အကုန်လုံး သူတို့၏ ကြယ်လွန်းပျံ အသီးသီးကို ထုတ်ကာ ထိုနေရာမှ ထွက်ပြေးကြတော့လေသည်။

သဲမီးတောက်နယ်မြေ၏ ဒုတိယအလွှာထဲတွင် ရတနာများ၊ အခွင့်အလမ်းများ ပြန့်ကျဲ တည်ရှိနေပေသည်။ သို့သော်လည်း လူသေတစ်ယောက်သည် မည်သည့် အကျိုးအမြတ် စည်းစိမ်းကိုမှ ခံစားနိုင်မည် မဟုတ်လေရာ သူတို့ရှေ့တွင် ရတနာပုံကြီး ရှိနေလျှင်ပင် အသက်ရှင်ဖို့သည်သာ အဓိက ဖြစ်သည်။

သူတို့ မထွက်သွားချင်လျှင်ပင် အမျိုးသမရီနှင့် ရန်သူ မဖြစ်ချင်ပါက ထွက်သွားရုံသာ ရှိတော့ပေသည်။

ပထမတစ်သုတ် ထွက်သွားကြပြီးနောက်တွင် တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် ထွဥ◌်သွားကြလေတော့သည်။ လက်ဖက်ရည် ခွက်တစ်ဝက်စာအတွင်း ဤနေရာ၌ ရစ်သီရစ်သီ လုပ်နေကြသူအားလုံး ပျောက်သွားကြလေပြီ။

ထိုအခြင်းအရာကို မြင်သည့်အခါ အမျိုးသမီးရီသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ယန်ယန်အား ခေါင်းညိတ်ပြလျက် လေးလေးစားစား ပြောလိုက်သည် “အရှုပ်ထုတ်တွေ အားလုံးကို ရှင်းလိုက်ပါပြီ မဒမ်”

“အင်း” ယန်ယန် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူတို့ လမ်းအား ပိတ်ထားသည့် မီးတောက်အရံအတားဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူမ၏ နေမီးလျှံသုံးစင်းလက်စွပ် တစ်ကွင်းအား မီးတောက်အရံအတားဆီသို့ လှမ်းပစ်လိုက်ပြီး သဲမီးတောက်နယ်မြေနှင့် ပေါင်းစပ်စေလိုက်သည်။

တစ်ခဏအကြာတွင် မီးတောက်အရံအတား၏ မျက်နှာပြင် ထက်တွင် ကြယ်သင်္ဘော တစ်ကိုယ်စာ အရွယ် အပေါက်ကြီး တစ်ပေါက် ပေါ်လာခဲ့သည်။

သဲမီးတောက်နယ်မြေ၏ တတိအလွှာသည် မီးလျှံလက်စွပ် သုံးကွင်းအနက်မှ တစ်ကွင်းဖြစ်သဖြင့် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွားဖြစ်သော ယန်ယန်အနေဖြင့် ထိုအလွှာအား မီးလျှံလက်စွပ်အဖြစ် ပြန်အသွင်မပြောင်းနိုင်သေးလျှင်ပင် အတိုင်းအတာ တစ်ခုအထိတော့ ထိန်းချုပ်နိုင်ပေသည်။

(မီးလျှံလက်စွပ်လို့ပဲ မှတ်လိုက်တော့နော်)

လမ်းပေါက်ဖန်တီးလိုက်ပြီးနောက် ရန်ကိုင်နှင့် အခြားသူ အားလုံး ကြယ်သင်္ဘောထဲသို့ ပြန်ဝင်လိုက်ကြသည်။ ထို့နောက် ကြယ်သင်္ဘောသည် ထိုအပေါက်မှတစ်ဆင့် သဲမီးတောက် နယ်မြေထဲသို့ ဝင်သွားခဲ့လေသည်။

မကြာမီတွင် ရန်ကိုင်တို့ အဖွဲ့သည် သဲမီးတောက်နယ်မြေ၏ လေးလွှာမြောက်တွင် ရှိသော တစ်ချိန်က တည်ရှိခဲ့ဖူးသော ဆန်းတော်ဝင်ဂိုဏ်း အပျက်အစီးနယ်မြေသို့ ရောက်လာခဲ့သည်။

သူတို့ရှေ့ရှိ မြူခိုးလိမ်များဖြင့် ရစ်သိုင်းဖုံးလွှမ်းနေသော တောင်စဉ်တောင်တန်းများ၊ ရေးတေးတေးလေး လှမ်းမြင်နေရသော အဆောက်အဦးများနှင့် ဂိုဏ်းပတ်လည်အား ကာရံထားသည့် အစီအရင်ကို ကြည့်ရင်း ဝူရီနှင့် အခြားသူများ အားလုံး အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေသည်။

သူ့တို့တွင် နဂါးလိုဏ်ဂူတောင်ထက် အဆပေါင်းများစွာ ပိုကောင်းသည့် နေစရာတစ်ခု ရျိသည်ဟု ရန်ကိုင် ပြောခဲ့စဉ်က အကုန်လုံး သူ့အား သိပ်မယုံချင်ခဲ့ကြ။ သူပြောသည့် နေရာမျိုး ရှိဖို့ရာ ဖြစ်နိုင်ချေမှ သိပ်မရှိလှသည်ကိုး။ သို့သော်လည်း ယခု ကိုယ်တိုင်မြင်လိုက်ရသည့်အခါ မည်သူမှ ရန်ကိုင်စကားကို သံသယ မဝင်တော့ချေ။

အပြင်ဘက်တွင် ရပ်နေသည့်တိုင် ဤနေရာမှ မည်မျှ မိုးမြေစွမ်းအင် သိပ်သည်းလဲဆိုသည်ကို ခန့်မှန်းမိနေလေပြီ။ သူတို့သာ အထဲရောက်သွားခဲ့လျှင် မည်သို့သော မြင်ကွင်းကို မြင်ရလိမ့်မည်နည်း။

ဤနေရာသည် နဂါးလိုဏ်ဂူတောင်ထက် အဆပေါင်းများစွာ ပိုကောင်းသည်ဟု ပြောနေခြင်းမှာ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။

ထို့အပြင် သူတို့သာ ဤနေရာတွင် အခြေချနိုင်မည်ဆိုပါက သဲမီးတောက်နယ်မြေ၏ မီးတောက်အကာအရံ ရှိနေသည့်အတွက် မည်သူ့ကိုမှ သူတို့ ကြောက်နေစရာ မလိုတော့ချေ။ ဤနေရာသည် ကျင့်ကြံသူတိုင်း လိုချင်သည့် သုခဘုံတစ်ခု ဖြစ်သည်ဟု ပြောလျှင်ပင် မမှားပေ။

သဲမီးတောက်နယ်မြေတွင် ဤကဲ့သို့သော နေရာမျိုး တကယ်ကြီး တည်ရှိနေခဲ့လေသလား။

သို့သော်လည်း ဤတောင်အကာအရံအား သူတို့ မည်သို့ ဖောက်ဝင်ကြမည်နည်း။ ဤအရံအတားသည် နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် ခင်းကျင်းထားသည့် အကာအရံထက်ပင် အဆများစွာ ပိုအားကောင်းသေးသည်။

အကုန်လုံး အကြံအိုက်နေစဉ်မှာပဲ ယန်ယန်သည် ရန်ကိုင်အား လက်ဖြန့်တောင်းလျက် ပါးစပ်လှုပ်ကာ တစ်ခုခု ပြောလိုက်သည်။

သူမ ဘာပြောလိုက်လဲ မည်သူမှ မကြားရ၊ သို့သော် ယန်ယန် ဘာတောင်းနေလဲ ရန်ကိုင် နားလည်ပေသည်။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ချက်ချင်း ထုတ်၍ ယန်ယန်ဆီ ပစ်ပေးလိုက်လေသည်။

“ဧကရာဇ်တံဆိပ်ပြား…” ထိုတံဆိပ်ပြားကို မြင်သည်နှင့် ထိုအရာဘာမှန်း အမျိုးသမီးရီ တန်းသိလိုက်သည်။ သို့သော် ကြယ်ဧကရာဇ်တောင် မျိုးရိုအစဉ်အဆက် လက်ဆင့် ကမ်းလာသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားအား ကုသရေး ဆေးလုံးအတွက် လဲလှယ်မိခဲ့သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ သူမ အနည်းငယ် စိုးရိမ်မိသွားခဲ့သည်။

ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သူမ တစ်ခါက ပိုင်ဆိုင်ခဲ့သည့် အရာဖြစ်ပြီး မဟာဧကရာဇ်မှ သူမတို့ ဘိုးဘေးများအား လက်ဆောင်ပေးခဲ့သည့် ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် တံဆိပ်ပြားထဲရှိ နတ်ဘုရားစွမ်းရည်အား သုံးပြီးသွားလျှင် မြတ်မြတ်နိုးနိုးဖြင့် သိမ်းထားသင့်သည့် ပစ္စည်းတစ်ခု ဖြစ်နေသေးသည်။ ထိုအကြောင်း စဉ်းစား မိလိုက်သည့်အခါ သူမလုပ်ရပ်နှင့် ပက်သက်၍ ယန်ယန်များ သူမအား အပြစ်တင်လေမလား တွေးလျက် အမျိုးသမီးရီ စိတ်ပူပန်လာခဲ့သည်။

သို့သော်လည်း ယန်ယန်သည် ထိုအကြောင်းကို ပြောလိုဟန် မရှိ၊ ကြယ်ဧကရာဇ် တံဆိပ်ပြားထဲသို့သာ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို ကြယ်ဧကရာဇ် တံဆိပ်ပြားဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့ လမ်းပေါက်အား ပိတ်ထားသည့် အကာအရံဆီသို့ တိုးဝင်သွားခဲ့သည်။

ထိုအလင်းတန်းနှင့် ဂိုဏ်းအရံအတား ထိသွားသည့်အခါ၊ အရံအတား၏ မျက်နှာပြင်ထက် ရှုပ်ထွေးနက်နဲသော အက္ခရာ အမှတ်အသားများစွာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တဝီဝီ မြည်သံများနှင့်အတူ အားကောင်းသော စွမ်းအင်လှိုင်းတို့ ဖြာထွက်လာပြီး ဂိုဏ်းအရံအတား၏ မျက်နှာပြင်ထက် အထဲသို့ ဦးတည်နေသည့် ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုတင် မျှော်လင့်ထားခဲ့သော်ငြား တကယ်တမ်း မြင်တွေ့လိုက်ရချိန်တွင် ရန်ကိုင် ခါးသက်စွာ ပြုံးမိလိုက်ပေသည်။

သူလေးလွှာမြောက်သို့ ရောက်စဉ်က ကြယ်ဧကရာဇ်တောင်မှ လန်ချင်းဆိုသူ ဤအကာအရံအား အားကုန်ထုတ်သုံး၍ တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့သည်။ သူအားကုန်သုံး၍ မောကြီးပန်းကြီး တိုက်ခိုက်နေခဲ့သော်လည်း အကာအရံမှာမူ တုတ်တုတ်ပင်မလှုပ်။

ထိုစဉ်က လန်ချင်းသည် ရန်ကိုင်အား အတူပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ရန်ကိုင်က ယတိပြတ် ငြင်းဆိုခဲ့သည်။

ယခု သူငြင်းလိုက်သည်မှာ မှန်ကန်ကြောင်း ရန်ကိုင် နားလည်လိုက်သည်။ ဤအကာအရံသည် နှစ်ပေါင်းများစွာ အကြာက တည်ရှိခဲ့သော အကာအရံတစ်ခု ဖြစ်လျှင်ပင် သူတော်စ်ဘုရင်အဆင့် ငချွတ်ကလေးတစ်ယောက် ဖျက်စီးနိုင်သည့် အရံအတားတစ်ခု မဟုတ်ချေ။

“သွားကြမယ်” ယန်ယန်၏ အမူအရာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူမစိတ်ထဲ အတိတ်မှ တစ်ခုခုအား ပြန်သတိရသလို ဖြစ်သွားခဲ့သော်လည်း ရုပ်လုံးမဖော်နိုင် ဖြစ်နေခဲ့သည်။ ထိုသို့ဖြစ်သည်မှာလည်း သိပ်တော့ မထူးဆန်းလှ၊ သူမသည် ကိုယ်ပွားတစ်ခု သက်သက်သာ ဖြစ်ပြီး မဟာဧကရာဇ် ကိုယ်တိုင်မှ မဟုတ်လေဘဲ။ မဟာဧကရာဇ်၏ မှတ်ဥာဏ်များကို ဆက်ခံထားခဲ့သော်ငြား မှတ်ဥာဏ်အားလုံးကို ရထားခြင်း မဟုတ်၊ ထို့ကြောင့် ဆန်းတော်ဝင်ဂိုဏ်းကို ရင်းနှီးသလိုလို၊ မရင်းနှီးသလိုလို ခံစားနေရခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၃)

နှစ်ပေါင်းများစွာကြာအောင် လူသူ အရောက်အပေါက် မရှိခဲ့သော ဂိုဏ်းပျက်ကြီးသည် ယနေ့တွင် ၎င်းဆီသို့ လာရောက် လည်ပတ်သည့် ပထမဆုံး ဧည့်သည်များကို ရရှိခဲ့လေပြီ။

ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းလွန်းလှဖြင့် ထိတွေ့ကိုင်တွယ်၍ ရသည်ဟုပင် ထင်မှတ်ရသည်။ ဂိုဏ်းပျက်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်အား ရစ်သိုင်းပွတ်သပ်နေသော ညက်ညောလှသည့် အထိအတွေ့ကို အကုန်လုံးကို ခံစားလိုက်ရသည်။ ကျင့်စဉ်ကို မလှည်ပတ်ထားသည့်တိုင် မိုးမြေစွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်နေခဲ့သည်။

ဤနေရာတွင် ကျင့်ကြံခြင်းသည် အခြားနေရာတွင် ကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ပိုကောင်းပေသည်။

ဝူရီနှင့် အခြားသူများပင်မဟုတ်၊ အမျိုးသမီးရီသည်ပင် အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။

ကြယ်ဧကရာဇ်တောင်၏ ယခင်ဂိုဏ်းချုပ် ဖြစ်သည်နှင့်အညီ ဤနေရာ မည်မျှ မိုးမြေစွမ်းအင် သိပ်သည်းကြောင်း အမျိုးသမီးရီ ပြောနိုင်သည်။ အရိပ်ကြယ်၏ လက်ရှိ မိုးမြေစွမ်းအင် အသိပ်သည်းဆုံး နေရာဖြစ်သော ကြယ်ဧကရာဇ်တောင်သည်ပင် ဤနေရာနှင့် ယှဉ်လိုက်လျှင် ကလေးနှင့်လူကြီး ယှဉ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ကြယ်ဧကရာဇ်တောင်၏ အောက်ခြေတွင် အဆင့်အမြင့်ဆုံး မြေကမ္ဘာချီကြောမကြီး ရှိနေသဖြင့် မိုးမြေစွမ်းအင်များအား အဆက်မပြတ် ထောက်ပံ့ပေးနိုင်သည်။ သို့သော်လည်း ဤနေရာ၏ အောက်ခြေတွင်မူ အထွတ်အထိပ် မြေကမ္ဘာချီကြောမကြီးထက်ပင် ပို၍ အဆင့်မြင့်သော ချီကြောမကြီးတစ်ခု ရှိနေသည့်ပုံပင်။

သူတို့အဖွဲ့ ပထမဆုံး ရောက်လာသည့်နေရာကား နှစ်ပေါင်းများစွာ ကြာသွားသည့်အတိုင် အညစ်အကြေး စွန်းထင်းခြင်း မရှိဘဲ ပကတိ ဖြူစင်သန့်ရှင်းနေသော ကျောက်စိမ်းဖြူ လှေကားများပင် ဖြစ်လေသည်။ ကျောက်စိမ်းဖြူ လှေကားများသည် ချောမွတ်တောက်ပြောင်နေပြီး အချပ်ပေါင်း ထောင်နှင့်ချီကာ တောင်ပေါ်သို့ ဦးတည်နေခဲ့လေသည်။

ရန်ကိုင်နှင့် ယန်ယန်သည် ပတ်ဝန်းကျင်အား ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးရင်း ဇိမ်ပြေနပြေဖြင့် ထိုလှေကားများအတိုင်း အပေါ်သို့ တက်သွားလိုက်သည်။

အမျိုးသမီးရီသည် သူတို့နောက်မှ လိုက်သွားခဲ့ပြီး ချန်ချီနှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည် သူမနောက်မှ လိုက်လာခဲ့ကြသည်။ ဟိုင်ခဲမိသားစုဝင် တပည့်ဟောင်းများမှာမူ အချင်းချင်း တီးတိုးဆွေးနွေးရင်း နောက်ဆုံးမှ လိုက်လာခဲ့သည်။

သူတို့အားလုံး ဝူရီနှင့်အတူ မိသားစုမှခွဲထွက်၍ နဂါးလိုဏ်ဂူတောင်သို့ ဝင်လာချိန်က သူတို့စိတ်ထဲ အတော်လေး ဝမ်းနည်း ကြေကွဲခဲ့ရသည်။

သို့သော်လည်း နဂါးလိုဏ်ဂူတောင်တွင် အတော်ကြာအောင် နေထိုင်လာပြီးသည့်နောက်တွင် ဟိုင်ခဲမိသားစုအား လွမ်းမောတသ စိတ်တို့ ပျောက်ကွယ်လားခဲ့ရသည်။

ယခု နဂါးလိုဏ်ဂူတောင် ပျက်စီးသွားသဖြင့် အနည်းငယ် ဝမ်းနည်နေမိသော်လည်း ရန်ကိုင်နှင့် ယန်ယန်သည် သူတို့အား နဂါးလိုဏ်ဂူတောင်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သော နေရာတစ်ခုဆီသို့ ခေါ်လာပေးခဲ့သည်။

အတိတ်အကြောင်း ပြန်တွေးမိလိုက်သည့်အခါ ဝူရီနောက်သို့ လိုက်ခဲ့မိသည့်အပေါ် သူတို့ အတော်လေး ဝမ်းသာသွားခဲ့ကြသည်။ သူတို့သာ ဟိုင်ခဲမိသားစုတွင် ကျန်ရစ်နေရန် ရွေးချယ်ခဲ့ပါက သူတို့၏ ကျင့်ကြံခြင်း တိုးတက်ရန်အတွက် နေ့စဉ်နှင့်အမျှ ကြိုးစား ရုန်းကန်နေရပေလိမ့်ဦးမည်။ ယခုမူ ထိုကဲ့သို့ ရုန်းကန်နေစရာ မလိုတော့သလို ဘာကိုမှလည်း တွေးပူနေစရာ မလိုတော့ချေ။ စိတ်အေးအေးဖြင့် ကျင့်ကြံနိုင်လေပြီ။သူတို့ ကျင့်ကြရန် လိုအပ်သည့် အရင်းအမြစ်အားလုံးကို ရန်ကိုင်မှ ထောက်ပံ့ပေးထားသည်။ ထို့အပြင် သူတို့ ရရှိသည့် အရင်းအမြစ်များသည် ယခင် ရရှိခဲ့ဖူးသည့် အရင်းအမြစ်များထက် အပုံကြီး သာပေသေးသည်။

ဂိုဏ်းကြီးများထဲသို့ ဝင်နိုင်လျှင် ထိုကဲ့သို့ ဆက်ဆံခံရမည် မဟုတ်ချေ။ ယခုနေ သူတို့အား ကောင်းကင်မုန်တိုင်းဂိုဏ်း သို့မဟုတ် မိုးကြိုးမုန်တိုင်းဂိုဏ်းသို့ ဝင်ပါလာဟု လာဖိတ်ခေါ်လျှင်ပင် ဝင်မည် မဟုတ်ချေ။

ကောင်းကင်တိုက်ပွဲအစည်းအရုံး၊ မိုးကြီုးမုန်တိုင်းဂိုဏ်း၊ သူတို့ နဂါးလိုဏ်ဂူတောင်နှင့် ယှဉ်နိုင်မည်လား။

တဖြည်းဖြည်းနှင့် တက်လာနေလိုက်ရာ နာရီဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အားလုံး တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။ အပေါ်သို့ ရောက်လာသည့်အခါ ဧရာမ တိုင်လုံးကြီးနှစ်လုံးအား ထောက်တိုင်သဖွယ်ပြုလျက် အပေါ်မှ ဆိုင်းဘုတ်တစ်ခုအား ကန့်လန့်ဖြတ် ချိတ်ဆွဲထားသည့် ဂိတ်ပေါက်တစ်ခုအား မြင်တွေ့လိုက်ရသည်။

ဆိုင်းဘုတ်ပေါ်တွင် ရေးထားသည်ကား…

ဆန်းတော်ဝင်ဂိုဏ်းပင်တည်း…

ထိုစကားလုံးများထဲ မည်သို့သော ဆန်းကြယ်မှုများ ကိန်းအောင်းနေသလဲ မသိရသော်လည်း စကားလုံးများကို ကြည့်လိုက်မိသည်နှင့် ထပ်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ထိုဆိုင်းဘုတ်အား မည်သူ ထွင်းထုခဲ့လဲ မသိရသော်လည်း ထွင်းထုခဲ့သူ၏ ခွန်အားသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ရှိရပေလိမ့်မည်။

ထို့နောက် ရန်ကိုင်တို့အဖွဲ့သည် ဝင်ပေါက်ကို ဖြတ်ကျော်၍ အတွင်းပိုင်းဆီသို့ ဝင်ရောက်လာခဲ့လေသည်။

တောင်စဉ်တောင်တန်းများထက်၌ ခမ်းနားကြီးကျယ်သော အဆောက်အဦးများ၊ နန်းတော်များ မျက်စိတဆုံး ရှိနေခဲ့သည်။ သို့သော် ချောက်ခြားဖွယ်ကောင်းသည့် တစ်ချက်သည်ကား အဆောက်အဦးများသည် အလွန်ကိုမှ ခမ်းနားကြီးကျယ်သည့်တိုင် မည်သည့် သက်ရှိ အရိပ်အယောင်ကိုမှ မတွေ့ရခြင်းပင်။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း ဂိုဏ်းတစ်ဂိုဏ်းအား မဖုံးလွှမ်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ဤနေရာ၌ လူတစ်သိန်းလောက် လာနေမည်ဆိုလျှင်ပင် ချောင်ချောင်ချိချိ နေလို့ရသော်လည်း သူတို့အဖွဲ့တွင် ပါလာသည့် လူဆို၍ တစ်ရာပင် မပြည့်တတ်ချေ။ လက်ရှိ အနေအထားအရ လူတစ်ယောက်လျှင် တောင်တစ်လုံးကျ နေမည်ဆိုလျှင်ပင် ပြဿနာ မရှိလောက်ချေ။

“ဒါ အရှေ့ဘက်ပိုင်းပဲ” ယန်ယန်သည် မျက်မှောင် အနည်းငယ် ကြုတ်၍ ပြောလိုက်သည် “ငါတို့ လူခွဲပြီး စူးစမ်းရအောင်၊ အထဲရောက်ပြီ ဆိုတော့ ဘာအရံအတား၊ အစီအရင်မှ ရှိလောက်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် သတိလက်လွတ်တော့ မနေနဲ့ဦး။ မသင်္ကာစရာ တစ်ခုခု တွေ့ရင်၊ ရန်ကိုင် ဒါမှမဟုတ် ငါ့ကို လှမ်းသတင်းပို့လိုက်၊ ငါတို့ လာစစ်ဆေးကြည့်မယ်”

“ဟုတ်ကဲ့” ဝူရီမှ ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံသူများကို အဖွဲ့ အသီးသီးခွဲကာ အဘက်ဘက်သို့ ပို့လိုက်လေသည်။

ရန်ကိုင်ကိုယ်တိုင်လည်း ယန်ယန်ပြောသည့် အရှေ့ဘက်ခြမ်းအား စတင် စစ်ဆေးတော့လေသည်။

ဤဂိုဏ်းပျက်ကြီးထဲတွင် အဖိုးတန်သည့် ပစ္စည်းတစ်ခုခု တွေ့ရမည် ထင်ထားသော်လည်း ကံဆိုးစွာဖြင့် မည်သည့် အဖိုးတန် ပစ္စည်းကိုမှ မတွေ့ခဲ့ရချေ။ တစ်နေ့လုံး ရှာပြီးသည့်တိုင် အဖိုးတန် ပစ္စည်း တစ်ခုတစ်လေပင် မရခဲ့ဖြင့် ရန်ကိုင် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။

ဟိုင်ခဲမိသားစု၏ မိသားစုဝင်ဟောင်းများမှာမူ ကံကောင်းပြီး အသုံးပြုနိုင်သေးသော မှော်ရတနာနှင့် ဆေးလုံးအချို့ကို ရခဲ့ကြောင်း ရန်ကိုင်အား လာတင်ပြသည်။

ထိုအရာများကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် သူတို့ကိုသာ ပြန်သိမ်းထားခိုင်းလိုက်လေသည်။

ရန်ကိုင်၏ ဆုံးဖြတ်ချက်ကြောင့် တပည့်များ ပို၍ စိတ်အားတက်ကြွသွားပြီး ဂိုဏ်းပျက်ကြီး တစ်ခုလုံးအား အားတက်သရော ရှာဖွေစူးစမ်းကြလေတော့သည်။

ဤသို့ဖြင့် အချိန် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့လေရာ မကြာမီ အချိန်အတွင်း လဝက် ပြည့်သွားခဲ့သည်။

အကုန်လုံးသည် ထိုလဝက်လုံးလုံး ဂိုဏ်းပျက်ကြီးကိုသာ စူးစမ်းရှာဖွေခဲ့ကြသည်။ သို့တိုင် ဂိုဏ်းတစ်ဂိုဏ်းလုံးအား နှံ့စပ်အောင် မစူးစမ်းနိုင်သေးပေ။

ဤနေရာတွင် ပုံစံရပ်အမျိုးမျိုးရှိသည့် တောင်အလုံးပေါင်း ရှစ်ဆယ့်တစ်လုံး ရှိကြပြီး တောင်တစ်လုံးချင်းစီတိုင်းသည် အလွန်ကိုမှ မိုးမြေစွမ်းအင် သိပ်သည်းကြသည်။

ထိုတောင်ရှစ့်ဆယ်တစ်လုံးအနက်၊ တောင်ကိုးလုံးသည် အခြား တောင်များထက် ပို၍ မိုးမြေစွမ်းအင် သိပ်သည်းပေသည်။

စူစမ်းရှာဖွေစဉ် အတောအတွင်း အဖိုးတန်ပစ္စည်း များများစားစား မရခဲ့သော်လည်း ဤနေရာတွင် နေနိုင်ရုံဖြင့်ပင် အလွန်ကိုမှ ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည့်အတွက် မည်သူမှ ညည်းတွားမနေခဲ့ပေ။

အချင်းချင်း ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ပြီးနောက် အကုန်လုံး အရှေ့ဘက်ခြမ်းတွင် နေကြရန် ဆုံးဖြတ်လိုက်ကြသည်။ ဂိုဏ်း၏ အကျယ်အဝန်းသည် အလွန်ကိုမှ ကျယ်ပြောလှသဖြင့် အကုန်လုံး တစ်ယောက် တစ်နေရာစီသာ လျှောက်နေကြမည်ဆိုပါက အရေးကြုံလျှင် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရ ခက်ပေလိမ့်မည်။

အရှေ့ဘက်ခြမ်းသည် အကြီးဆုံး တောင်ကိုးလုံးကဲ့သို့ မိုးမြေစွမ်းအင် သိပ်သည်းခြင်း မရှိသော်လည်း အပြင်ဘက်ရှိ မည်သည့် နေရာထက်မဆို မိုးမြေစွမ်းအင် ပိုသိပ်သည်းပေသည်။

ရန်ကိုင်သည် စိတ်ဝိဥာဉ်စမ်းချောင်း တစ်ခုပေါ်တွင် ရှိနေသော နန်းတော်တစ်လုံးကို ရွေးချယ်လိုက်သည်။ နန်းတော် တစ်ခုလုံးအား စိတ်ဝိဥာဉ်စမ်းချောင်းမှ ထုတ်လွှတ်သော မိုးမြေစွမ်းအင် အရှိန်အဝါဖြင့် အဆက်မပြတ် ထောက်ပံ့ပေးထားသဖြင့် ကျင့်ကြံရန်အတွက် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။ သူ့နေရာနှင့် ပက်သက်၍ ရန်ကိုင်လည်း အလွန် ကျေနပ်နေမိသည်။

သို့သော်လည်း ဤဂိုဏ်းပျက်၏ ယခင် အဖွဲ့သားအားလုံး မရှိတော့ပြီဖြစ်သဖြင့် ဤနေရာအား ဆန်းတော်ဝင်ဂိုဏ်းဟု ဆက်ခေါ်နေ၍ မဖြစ်တော့ချေ။ နဂါးလိုဏ်ဂူတောင်ဟု သုံးနှုန်း၍လည်း မဖြစ်ပြန်၊ ဤနေရာသည် နဂါးလိုဏ်ဂူတောင်မှ မဟုတ်လေဘဲ။ ထိုအကြောင်းကို ဝူရီ၊ ယန်ယန်၊ အခြားသူများနှင့် ဆွေးနွေပြီးနောက် ဆန်းတော်ဝင်ဂိုဏ်း၏ ဆိုင်းဘုတ်နေရာတွင် ‘အထက်စကြဝဠာ’ ဟု ရေးထိုးထားသော ဆိုင်းဘုတ်အား အစားထိုး ချိတ်ဆွဲလိုက်လေသည်။

ဂိုဏ်းမိတ်ဆက်ပွဲကို လူသိရှင်ကြား မကြေညာခဲ့သော်လည်း ဤအခိုက်အတန့်တွင် လောကကြီးထဲ၌ ဂိုဏ်းသစ်တစ်ဂိုဏ်း အမှန်တကယ် ထွက်ပေါ်လာခဲ့ပေသည်။

ရန်ကိုင်၏ နာမည်ပေးပုံနှင့် ပက်သက်၍ မည်သူမှ မေးခွန်း မထုတ်ခဲ့ကြ။ ရန်ကိုင်သည် သူတို့ အားလုံး၏ ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် ပေးသည့် နာမည်သည် ထူးထူးဆန်းဆန်း ဖြစ်နေလျှင်ပင် မည်သူမှ အထွန့်တက်လိမ့်မည် မဟုတ်ချေ။

သို့သော် အမျိုးသမီးရီကမူ ရန်ကိုင် ပေးသည့် နာမည်အား အထူးတလည် ချီးကျူးသွားခဲ့သည်။

ယခုဆို အမျိုးသမီးရီ၏ ဇာတ်မြစ်အကြောင်း ရန်ကိုင် အတော်လေး သိနေခဲ့လေပြီ။

ရီရှီယွင်သည် ကြယ်ဧကရာဇ်တောင်၏ ယခင်ဂိုဏ်းချုပ် ဖြစ်သည်။ အရိပ်ကြယ်၏ ဂုဏ်အဆင့်အတန်း အကြီးမြင့်ဆုံး လူများအနက် တစ်ယောက်အပါအဝင်ဖြစ်သော သူမသည် လွန်ခဲ့သော နှစ်များစွာခန့်တွင် ကြယ်ဧကရာဇ်တောင်အား ဘာမှန်းမသိရသော အကြောင်းပြချက် တစ်ခုကြောင့် ထားရစ်ခဲ့သည်။ သူမ သေသွားပြီဟု အကုန်လုံး ထင်ထားသော်ငြား တကယ်ကမ်းတွင် မသေခဲ့ပေ။ သူမဘာသာ အပြင်လောကကြီးနှင့် အဆက်ဖြတ်နေခဲ့ခြင်း ဖြစ်သည်။

ယန်ယန်အား ကဲချီ မတော်တဆ ရှာတွေ့ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမ အပြင်လောကကြီးနှင့် ဆက်ပြီး အဆက်ဖြတ်နေဦးမည်သာ။

ကြယ်ဧကရာဇ်တောင်၏ ယခင်ဂိုဏ်းချုပ် ဖြစ်သော်လည်း ရီရှီယွင်သည် ကြယ်ဧကရာဇ်တောင်မှ ထွက်ခွာလာစဉ် သူမ နှင့်အတူ ပစ္စည်းနှစ်ခုကိုသာ ယူဆောင်သွားခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် အရိုးကြွေမီးအိမ်နှင့် ပန်းချီကား တစ်ချပ်ပင်။

ထိုပန်းချီကားမှာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ ပန်းချီကားချပ် ဖြစ်ပေသည်။

ကြယ်ဧကရာဇ်တောင်၏ ဘိုးဘေးများအဆိုရ မဟာဧကရာဇ်သည် အိပ်စက်နေသေးပြီး တစ်နေ့တွင် ပြန်လည် နိုးထလာလိမ့်ပေလိမ့်မည်။

အချိန်များတဖြည်းဖြည်း ကုန်လွန်လာပြီး နှစ်ပေါင်း သောင်းနှင့်ချီ ကြာညောင်းလာပြီးနောက်တွင် ဘိုးဘေးများ၏ စကားများကို တဖြည်းဖြည်း မေ့လျော့လာကြသည်။ ကြယ်ဧကရာဇ်တောင်သည်ပင် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နှင့် ပက်သက်နေမနေကို သေချာ မသိသော်ငြား ရီရှီယွင်ကမူ ဘိုးဘေးတို့၏ စကားကို မည်သည့် အခါမှ သံသယ မရှိခဲ့ပေ။

မဟာဧကရာဇ်၏ လျှို့ဝှက်ချက်များကို သိလိုရန်အတွက် အရိပ်ကြယ်တစ်ဝှမ်းတွင် ရှိနေသော ရှေးဟောင်းမှတ်တမ်းများကို လိုက်လံရှာဖွေ့ခဲ့ရှာ နောက်ဆုံးတွင် တုန်လှုပ်ဖွယ်ရာ အမှန်တရား တစ်ရပ်ကို သူမ သိခဲ့ရသည်။ မဟာဧကရာဇ်သည် အလွန်ကိုမှ အားကောင်းသော ရန်သူတစ်ဦးနှင့် တိုက်ခိုက်ရင်း ဒဏ်ရာရကာ ထိုဒဏ်ရာမှ ပြန်လည် သက်သာလာရန်အတွက် ပညာရပ်တစ်ခုကို သုံးကာ သူမကိုယ်သူမ နှစ်ပေါင်း အလီလီကြာအောင် အိပ်စက်စေခဲ့ခြင်း ဖြစ်သည် ဟူ၍ပင်။

ထိုအဖြစ်အပျက်ကို ရန်ကိုင်အား ယန်ယန် တစ်ကြိမ် ပြောပြခဲ့ဖူးသည်။

ထိုမှတ်တမ်းများကို ရှာဖွေရန် ရီရှီယွင် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ထိုအချိန်အတောအတွင်း ကြယ်ဧကရာဇ် တောင်အား လုံးဝ အာရုံမစိုက်မိလိုက်သဖြင့် ဂိုဏ်းတွင်းရှိ သူမ၏ လွှမ်းမိုးနိုင်စွမ်းမှာ တဖြည်းဖြည်း လျော့ကျသွားခဲ့ရာ နောက်ဆုံး၌ သူမ၏ ရာထူးကိုပါ ဆုံးရှံးလိုက်ရလေသည်။

မဟာဧကရာဇ်အား သူမ ကျားကုတ်ကျားခဲ လိုက်လံ ရှာဖွေနေခဲ့ခြင်းမှာ တန်ခိုးရှင်ဘုရင်အဆင့် ချိုးဖျက်လိုသည့် နည်းလမ်းအား ရှာဖွေလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

မဟာဧကရာဇ်၏ ကျင့်ကြံခြင်း မည်မျှ မြင့်မားသလဲ ဆိုသည်ကို ရီရှီယွင် မသိသော်လည်း အနည်းဆုံး တန်ခိုရှင်ဘုရင် အဆင့် ကျော်လွန်သွားပြီမှန်းတော့ သူမသိသည်။ မဟာဧကရာဇ်သည် လွန်ခဲ့သော နှစ်သောင်းနှင့်ချီခန့်အခါက ထိုအဆင့်သို့ ရောက်ရှိခဲ့သည်ဆိုပါက သူမကကော မည်သည့် အကြောင်းကြောင့် မရောက်ရမည်နည်း။

ရီရှီယွင်၏ မူလ အစီအစဉ်သည် မဟာဧကရာဇ်၏ အတိတ်အကြောင်းအရာများကို စူးစမ်းရှာဖွေရင်း တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်ပင် ဖြစ်သည်။ သို့သော်လည်း သူမရှာဖွေနေသည့် နည်းလမ်းအား ရှာမတွေ့ဘဲ ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်ကြီး တစ်ခုနှင့် ကြုံခဲ့ရသည်။

ကြယ်ဧကရာဇ်တောင်မှ ထွက်လာပြီးနောက် မဟာဧကရာဇ်၏ ရုပ်ပုံကားချပ်အား သူမ နေနေသည့် အိမ်တွင် ချိတ်ဆွဲထားခဲ့သည်။

ကဲချီသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ တပည့် အဖြစ် လက်ခံခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ဆရာ၊ တပည့်ပင် ဖြစ်လင့်ကစား ကဲချီသည် သူမအား ဘိုးဘေးဟုသာ ခေါ်သည်။ ကဲချီ ရီရှီယွင်ဆီ ကျင့်ကြံခြင်းနှင့် ပက်သက်၍ လာရောက် အကူအညီ တောင်းစဉ်က ထိုရုပ်ပုံကားချပ်အား မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ကောင်းကင်ကံကြမ္မာမြို့တော်သို့ ရောက်လာစဉ် ယန်ယန်အား တွေ့လိုက်သည့်အခါ တစ္ဆေ၊ သရဲအား မြင်သလို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

သူပြန်ရောက်ပြီး ရီရှီယွင်အား ထိုအကြောင်းကို ပြောပြလိုက်သည့်အခါ ရီရှီယွင်သည် သူမ ဒဏ်ရာများ ပြန်ကောင်းသည်အထိပင် မစောင့်တော့ဘဲ ချက်ချင်း နဂါးလိုဏ်ဂူတောင်သို့ အပြေး ထွက်လာခဲ့လေသည်။ သူမ ရောက်လာသည့်အခါ နဂါးလိုဏ်ဂူတောင် အဝိုင်ခံထားရသည်နှင့် သွားပက်ပင်းတိုးခဲ့သည်။

ဤလောကကြီးတွင် ရုပ်ချင်းဆင်သည့်လူများစွာ ရှိသော်ငြား သူစိမ်းနှစ်ယောက် မျက်နှာတူနေဖို့ရာ သိပ်မဖြစ်နိုင်လှချေ။ ထို့ကြောင့် ယန်ယန်ဆိုသော အမျိုးသမီးသည် မဟာဧကရာဇ်နှင့် တစ်နည်းတစ်ဖုံ ပက်သက်နေရမည်ဟု ရီရှီယွင် ယူဆလိုက်သည်။

နဂါးလိုဏ်ဂူတောင်သို့ အပြေးရောက်လာပြီး ယန်ယန်နှင့် ခဏတာ စကားစမြည် ပြောပြီးနောက်တွင် သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ရီရီယွင် အတည် ပြုလိုက်နိုင်သည်။

ထို့ကြောင်သာ မဟုတ်လျှင် သူမ အဆင့်အတန်းဖြင့် မည်သည့် အကြောင်းအရင်းမှ မရှိဘဲ နဂါးလိုဏ်ဂူတောင်အား ဘာကြောင့် ကူညီခဲ့မည်နည်း။ ယန်ယန် ပြောသမျှ စကားတိုင်းကိုလည်း တရိုတသေဖြင့် ဘာကြောင့် လိုက်နာနေမည်နည်း။

ရီရှီယွင်စိတ်ထဲ သိပ်ပြီး မယုံသင်္ကာ ဖြစ်နေသေးလျှင်ပင် ယခင်အဖြစ်အပျက်များပြီးနောက် ထိုသံသယအားလုံး လေနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားခဲ့လေပြီ။ မဟာ ဧကရာဇ်သည်သာ ထိုကဲ့သို့သော ကြယ်သင်္ဘောမျိုးကို ဖန်တီးနိုင်ပေလိမ့်မည်။ မဟာဧကရာဇ်သည်သာပဲ ဆန်းတော်ဝင်ဂိုဏ်း၏ အကာအရံအား အလွယ်တကူ ဖွင့်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူမစိတ်ထဲ ယန်ယန်သည် မဟာဧကရာဇ် ပြန်လည် ဝင်စားခြင်းဖြစ်သည်ဟု အလိုလို ထင်မိသွားသည်။ မဟာဧကရာဇ် အိပ်စက်နေသည်ကိုလည်း လုံးဝ သံသယ မရှိတော့ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၄)

ဆယ်ရက်ကြာပြီးသည့်နောက်၊ အစပိုင်းတွင် ဤနေရာသို့ ရောက်ရောက်ချင်း အကုန်လုံး အလွန်ကိုမှ ဝမ်းသာပျော်ရွှင်၊ စိတ်လှုပ်ရှာခဲ့ကြသော်ငြား ယခုမူ အကုန်လုံး ဤအခြေအနေနှင့် အသားကျသွားခဲ့လေပြီ။

ဤနေရာတွင်၊ မိုးမြေစွမ်းအင် သိပ်သည်းသည်။ တောင်တန်းများဟာလည်း လှပသည်။ ရေဆိုလျှင်လည်း ကြည်လင်ရှင်းသန့်သည်။ လေထုမှာလည်း လတ်ဆတ်သည်။ အရှင်ဆုံးဆိုရသော် ဤနေရာသည် အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပြီး လွင့်မျောတိုက်ကြီးထက် တစ်ဆင့်သာ နိမ့်ကျသည်။

မီးတောက်လက်စွပ် နှစ်ကွင်း၏ လွှမ်းခြုံထားခြင်းခံရသည့် တစ်ချက်သာ ဆိုးသွားသည်။ ထိုလက်စွပ်နှစ်ကွင်း၏ လွှမ်းခြုံထားခြင်း ခံရသည့်အတွက် အပြင်လူများနှင့် အဆက်အသွယ် မလုပ်နိုင်ရုံမက နေ၊လ၊ ကြယ်၊ ကောင်းကင်ကိုလည်း မမြင်ရချေ။ သူတို့ မြင်ရသည်ကား အနီရောင် အလင်းအကာအရံကြီးသာ ရှိသည်။

သို့သော်လည်း အခြေအနေ အရပ်ရပ်တိုင်းတွင် အားသာချက်နှင့် အားနည်းချက် အသီးသီး ရှိပေသည်။ လက်ရှိ အထက်စကြာဝဠာဂိုဏ်းသည် ဤလောကကြီးနှင့် လုံးဝ တသီးတခြား ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ဖြစ်နေသည့် အတွက်လည်း မည်သည့် ပြင်ပအနှောင့်အယှတ်များနှင့် မကြုံရတော့ချေ။ ထို့ကြောင့်သာ မဟုတ်လျှင် လူအနည်းငယ်လောက်ဖြင့် ဤမျှ အံ့ဩဖွယ်ကောင်းသော သုခဘုံကို ပိုင်ဆိုင်ထားနိုင်လိမ့်မည် မဟုတ်ချေ။

အကုန်လုံးသည် ချောချောမွေ့မွေ့ ပြီးစီးသွားခဲ့သည်။

ခြောက်လွှာဆီမှ ရန်ကိုင် ပြန်ယူလာသည့် နှစ်တစ်သောင်း အမွှေးနံ့သာကို ရန်ကိုင် နေနေသည့် အရှေ့ခြမ်း နန်းတော်ရှေ့၌ ချထားလိုက်သည်။ ပြီးနောက် ထိုအမွှေးနံ့သာအား အားကောင်းသော အစီအရင်တစ်ခုဖြင့် ကာထားလိုက်သည်။ တပည့် တစ်ယောက် အနေဖြင့် နှစ်တစ်သောင်း အမွှေးနံ့သာအောက်တွင် ကျင့်ကြံလိုလျှင် ဝူရီဆီမှ အရင်ဦးစွာ ခွင့်ပြုချက်တောင်းရန် လိုအပ်ပေသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကိုလည်း နန်းတော်ထဲတွင် ထားထားပေသည်။

ထိုရတနာနှစ်ခုစလုံးသည် ကျင့်ကြံသူအား သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်အား ပို၍ လွယ်ကူစွာ နားလည်နိုင်အောင် ကူညီပေးနိုင်ပြီး အတွင်းနတ်ဆိုးအား နှိမ်နှင်းပေးနိုင်သည်။ ထိုအရာများသည် အဆင့်ချိုးဖျက်လိုသည့် ကျင့်ကြံသူများအတွက် အကောင်းဆုံး အကူပစ္စည်းများ ဖြစ်ကြသည်။

ယခင် နဂါးလိုဏ်ဂူတောင်တွင် နေစဉ်က ထိုပစ္စည်း နှစ်မျိုးစလုံးကို ရန်ကိုင်နေသည့် ကျောက်တုံးလိုဏ်ဂူထဲတွင် သိမ်းထားခဲ့သည်။ သိုသော် နဂါးလိုဏ်ဂူတောင်သို့ အခြား အင်အားစုများ ကျူးကျော်လာချိန် ယန်ယန်သည် သူ့လိုဏ်ဂူစံအိမ်ထဲသို့ ဝင်ကာ ထိုပစ္စည်းများကို တစ်ခါတည်း သိမ်းခဲ့လိုက်သည်။

ရန်ကိုင် စိုက်ထားသည့် ဖယောင်းနီရိုးတံနှင့် ဖယောင်းနီသီး အပိုင်းအစတို့ကိုပါ တစ်ပါးတည်း ယူဆောင်လာပြီး အရှေ့ဘက်ခြမ်း၏ ဆေးဥယျာဉ်ထဲတွင် စိုက်ထားလိုက်သည်။ ထိုပစ္စည်းနှစ်မျိုးစလုံးသည် ဆက်မကြီးထွားတော့သော်လည်း ဆေးအာနိသင်မှာမူ အကောင်းအတိုင်း ရှိနေပေသေးသည်။

သွေးဓါးမြက်၊ သွေးအဆီအနှစ် ကျောက်တုံးနှင့် ပုံရိပ်ယောင် ကျောက်တုံးတို့ကိုလည်း တစ်ပါးတည်း ယူဆောင်လာခဲ့သည်။ ထိုပစ္စည်းများကို အားကောင်းသော အစီအရင်များ ခင်းကျင်းရာ၌ အစီအရင် အမြူတေအဖြစ် အသုံးပြုနိုင်လေရာ ယန်ယန် အနေဖြင့် ထိုပစ္စည်းများကို မည်ကဲ့သို့ ထားရစ်နိုင်ခဲ့မည်နည်း။

အင်အားစု ဆယ်ခုကျော်မက နဂါးလိုဏ်ဂူတောင်အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း အဆုံးတွင်မူ အခြား အင်အားစုများသာ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။ ကြယ်ဧကရာဇ်တောင်မှလွဲ၍ အခြား မည်သည့် အင်အားစုမှ ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုတိုက်ပွဲပြီးနောက်ပိုင်းတွင် မည်သည့်မှ နဂါးလိုဏ်ဂူတောင်အား ဆက်လက် အထင် မသေးရဲတော့ဘဲ ရန်ကိုင် ဆိုသော အမည်နာမသည်လည်း အရိပ်ကြယ်တစ်ခွင် လျှမ်းလျှမ်းတောက်‌ ကျော်ကြားလာခဲ့သည်။ သူတော်စင်ဘုရင် တတိယအဆင့်လေးမျှ ထိုမျှ စွမ်းဆောင်နိုင်ခဲ့သည့် အတွက် ရန်ကိုင်သည် လူအများပါးစပ်ဖျား မချသည့် နာမည်တစ်လုံး ဖြစ်လာခဲ့သည်။

အထက်စကြာဝဠာဂိုဏ်း ပေါ်ပေါ်လာသည်ကို လူမသိကြသေးချေ။ ရန်ကိုင်တို့ တစ်ဖွဲ့သာ သိကြခြင်းဖြစ်သည်။

ဤအထက်စကြာဝဠာဂိုဏ်းတွင် ရန်ကိုင်သည် ဂိုဏ်းချုပ် ဖြစ်ပြီး ယန်ယန်သည် ဒုဂိုဏ်းချုပ်ဖြစ်ကာ ရီရှီယွင်သည် အကြီးအကဲချုပ်ဖြစ်သည်။ ချန်ချီ၊ ဟောင်အန်း၊ နင်ရှန်းချန်နှင့် ကဲချီတို့မှာမူ အကြီးအကဲများ ဖြစ်လာကြသည်။

လူအနည်းငယ်သာရှိသော ဂိုဏ်းလေးတစ်ဂိုဏ်းသည် ရိုးရိုးလေး စတင်လိုက်ရာမှ တဖြည်းဖြည်း ပုံပေါ်လာနေခဲ့လေပြီ။ သူတို့ နေနေသည့် နေရာသည် လူအရေအတွက်နှင့် မလိုက်အောင် ကြီးမားလှသော်လည်း ဂိုဏ်သားအသစ် လက်ခံရန် မည်သူမှ မစဉ်းစားကြသေးချေ။ သူတို့သာ ဂိုဏ်းဝင်အသစ်များ လက်ခံမည် ဆိုပါက မရေမတွက်နိုင်သော ကျင့်ကြံသူများ စုပြုံ ရောက်လာကြပေလိမ့်မည်။

သို့သော်လည်း ဂိုဏ်းအုတ်မြစ်မှာ တည်ငြိမ်ခြင်း မရှိသေးသည့် အတွက်ကြောင့် ဂိုဏ်းဝင်အရေအတွက်အား ထပ်တိုးရန် အချိန် မကျသေးချေ။ ထိုအချက်ကို အကုန်လုံး နားလည်ထားသည်။

ရန်ကိုင်သည် နတ်ဘုရားသစ်ပင်အား အပြင်သို့ ပြန်ထုတ်ထုတ်ပေးလိုက်သည်။ လွန်ခဲ့သော တိုက်ပွဲအတွင်း နတ်ဘုရားသစ်ပင်၏ စွမ်းဆောင်မှုကြောင့် ရန်ကိုင် အတော်လေး မှင်သက်သွားခဲ့ရသည်။ ထို့ကြောင့် နတ်ဘုရားသစ်ပင်နှင့် ပက်သက်၍ ရန်ကိုင် လုံးဝ တွန့်တိုမနေတော့ပေ။ အပြင်သို့ ထုတ်ပေးပြီးသည်နှင့် ရွှေရောင်သွေးစက်နှစ်စက် ချက်ချင်း တိုက်လိုက်လေသည်။

ကျောက်တုံးရုပ်သေးရုပ်၏ စွမ်းဆောင်မှုမှာလည်း မှတ်ကျောက်တင်စရာပင်။ ထို့ကြောင့် သူ့အတွက် ရှားပါး သတ္တုရိုင်းများစွာ ပေးလိုက်သည်။ ထိုသတ္တုများ၏ အဆီအနှစ်ကို စုပ်ယူခြင်းဖြင့် ကျောက်တုံးရုပ်သေးရုပ်၏ ခွန်အား တိုးတက်လာနိုင်ပေသည်။

အကုန်လုံး တည်ငြိမ်သွားသဖြင့် ရန်ကိုင်လည်း တံခါးပိတ် ကျင့်ကြံရန် ပြင်ဆင်တော့သည်။

ရန်ကိုင်တွင် လုပ်စရာ ဘာမှ သိပ်မရှိတော့သော်လည်း ယန်ယန်မှာမူ ဝူရီ၊ ချင်းယွဲ့တို့နှင့် ဟိုပြေးဒီပြေး လုပ်နေလေသည်။ ဤနေရာသည် သူတို့၏ ဂိုဏ်းသစ် ဖြစ်လာတော့မည် ဖြစ်သဖြင့် ယန်ယန်သည် ဤနေရာတွင် အကာအရံများနှင့် အစီအရင်သစ်များ ခင်းကျင်းချင်နေသည်။ ကံကောင်းစွာဖြင့် ဆန်းတော်ဝင်ဂိုဏ်း၏ အစီအရင်အများစုမှာ အကောင်းအတိုင်း ရှိနေသေးပြီး နည်းနည်းလောက် ပြုပြင်လိုက်ရုံဖြင့် သူတော်စင် သလင်းကျောက် ထည့်သွင်း၍ အသုံးပြုလို့ ရလေပြီ။

ယန်ယန်အတွက် ထိုမျှလောက်သည် ဘာမှ မပြောပလောက်ပေ။

ရီရှင်းယွင်သည် မိုးလင်းအစ၊ ညရောက်သည်အထိ သစ္စာရှိသော နောက်လိုက် တစ်ယောက်နှယ် ယန်ယန်နောက်မှ ထပ်ကြပ်မခွာ လိုက်နေခဲ့သည်။

ရန်ကိုင်သည် ပထမကောင်းကင်နန်းတော် အမည်ရသော သူ့နန်းတော်ထဲတွင် စိမ်းနုရောင်ဓါးတစ်ချောင်းကို ကိုင်လျက် တင်ပလင်ခွေ ထိုင်နေခဲ့သည်။

ထိုအရာသည် ဓါးဟုဆိုသော်လည်း အသွားမရှိ၊ အသွား နှစ်ဖက်သည် တုံးတုံးကြီးဖြစ်သည်။ လက်ကိုင်ထိပ်တွင် တောကြက်မောက်အရွယ် ရှိပြီး အတွင်းပိုင်းထဲ၌ အစိမ်းရောင် သက်ရှိလေးတစ်ကောင် ကူးခတ်နေသည့် အလုံးလေးတစ်လုံး တပ်ထားခဲ့သည်။

ထိုဓါးရှည်သည် ယခင် တိုက်ပွဲတွင် ရန်ကိုင် သုံးခဲ့သည့် နဂါးအရိုးဓါး ဖြစ်ပေသည်။ သို့သော် ထိုအရိုးဓါးကို ရန်ကိုင် သန့်စင်သည်မှာ မပြီးသေးချေ။ အပြီးထိ မသန့်စင်ရသေသည့်တိုင် ထိုဓါးရှည်၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

နဂါးလိုဏ်ဂူတောင် တိုက်ပွဲပြီးနောက် ဤအရိုးဓါး မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့ရသည်။ သို့သော် ဓါတ်လုံးထဲရှိ နဂါးဝိဥာဉ်သည် အလွန်ကိုမှ မာနကြီး မောက်မာသဖြင့် ရန်ကိုင်၏ ထိန်းချုပ်ခြင်းကို မခံလိုဘဲ အမြဲတစေ ရုန်းကန်ခဲ့သည်။ ထို့ကြောင့် တိုက်ပွဲအတွင်း ဓါးအား အားလုံးရှေ့ ပထမဆုံးအကြိမ် စဆွဲထုတ်လိုက်သည့် အချိန်၌ သူ့အရှက် သူပြန်ခွဲလုမတတ် ဖြစ်သွားခဲ့ရသေးသည်။ ထိုစဉ်က နဂါးဝိဥာဉ်အား အတင်းအကြပ် ဖိနှိပ်နိုင်ခဲ့သော်လည်း ထိုနည်းလမ်းသည် ရေရှည်အတွက် ကောင်းသည့် နည်းလမ်းတစ်ခု မဟုတ်ချေ။

ယခု ထိုကိစ္စကို အပြီးတိုင် ဖြေရှင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤဓါးကို ထုတ်သုံးသည့် အချိန်တိုင်း ထိုနဂါးဝိဥာဉ်အား အမြဲတစေ ဖိနှိပ်နေရပေလိမ့်မည်။ ထိုနည်းလမ်းသည် ဤမှော်ရတနာ၏ စွမ်းအားကို လျော့ကျသွားစေနိုင်သလို အသုံးပြုသူဖြစ်သော သူကိုယ်တိုင်လည်း အခပ်မသင့်လျှင် ဘေးထွက်ဆိုးကျိုး ခံစားသွားရနိုင်သည်။

ဤကိစ္စသည် ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ပေ။ ပုံမှန်အားဖြင့် ကိုယ်ထိန်းချုပ်နိုင်သည်ထက် ပိုအဆင့်မြင့်သော မှော်ရတနာများအား အတင်းအကြပ် အသုံးရာတွင် ဘေးထွက်ဆိုးကျိုး ခံစားရလေ့ရှိသည်။ ထို့ကြောင့် မှော်ရတနာ တစ်ခုအား ရွေးချယ်ရာတွင် ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ထက် အများကြီး ပိုမြင့်ခြင်း မရှိသည့် မှော်ရတနာများကို ရွေးချယ်လေ့ရှိသည်။ အားကောင်းသော မှော်ရတနာတစ်ခုအား ပိုင်ဆိုင်ထားသော်ငြား မထိန်းချုပ်နိုင်လျှင် အဆင့်နိမ့်မှော်ရတနာတစ်ခု ပိုင်ဆိုင်ထားသည်လောက်ပင် အကူအညီ မဖြစ်ချေ။

ထို့အပြင် ရန်ကိုင်လက်ထဲရှိ နဂါးအရိုးဓါးသည် သန့်စင်ခြင်း မပြီးဆုံးသေးသည့် တစ်ဝက်တစ်ပျက် မှော်ရတနာတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုအရာမှာ သဘာဝသာ ဖြစ်သည်။ ရှေးနတ်ဘုရား မျိုးစိတ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မည်ကဲ့သို့ အလွယ်တကူ သန့်စင်နိုင်မည်နည်း။

သို့သော်လည်း ရန်ကိုင် ပျော်သွားရသည့် အချက်သည်ကား အရိုးဓါးသည် ဆက်လက် အဆင့်တက်နိုင်သော မှော်ရတနာ တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။ နဂါးလိုဏ်ဂူတောင် တိုက်ပွဲအတွက် ဤဓါးသည် အစိမ်းရောင် နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်၏ အသက်စွမ်းအင်ကို စုပ်ယူပြီးနောက် ၎င်း၏ အရှိန်အဝါမှာ အနည်းငယ် ပိုအားကောင်းလာခဲ့လေသည်။

ထိုအချက်ကို တွေ့ရှိလိုက်သည့်နောက်တွင် ရန်ကိုင်သည် ထိုနဂါးအား အခြား ကျင့်ကြံသူများ၏ အသက်စွမ်းအင်ကို ဆက်၍ စုပ်ယူခွင့် မပေးတော့ချေ။ လက်ရှိပုံစံကိုပင် ထိန်းချုပ်ရ ခက်နေရာ ထိုနဂါးသာ ပိုအားကောင်းလာမည် ဆိုပါက သူ့ဒုက္ခရာသူရှာသလို ဖြစ်သွားပေလိမ့်မည်။

နဂါးအရိုးဓါးအား အပြည့်အဝ ထိန်းချုပ်သွားနိုင်မှသာလျှင် ၎င်းအား ဆက်လက် ကြီးထွားခွင့်ပြုပေတော့မည်။

“မင်းတစ်ကိုယ်လုံးက အစိမ်းရောင်ဆိုတော့ အခုကနေစပြီး ငါမင်းကို စိမ်းတောက်ဓါးလို့ ခေါ်မယ်”

ပြောပြီးသည်နှင့် ဓါးလက်ကိုင်ရိုးအား တင်းတင်း ဆုပ်ကိုင်လျက် ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ချက်ချင်း ဆိုသလို ရန်ကိုင် နေနေသည့် နန်းတော်ထဲတစ်ခုလုံး မျက်စိကျိန်းမတတ် အစိမ်းရောင်အလင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။

အားကောင်းသော ဖိအားနှင့်အတူ အစိမ်းရောင်နဂါး တစ်ကောင် ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။

နဂါးအရိုးဓါး အသွင်ပြောင်းသည့်အခါ တကယ် နဂါး အစစ်နှင့် အလွန်ကို တူပေသည်။ အဆိပ်နဂါးသည် ရန်ကိုင်ရှေ့တွင် ဝဲလျက် ၎င်း၏ မျက်လုံးကြီးနှစ်လုံးဖြင့် သူ့အား အထင်တသေး စိုက်ကြည့်လိုက်သည်။

ထိုအရာသည် မည်သည့် အသိစိတ်မှ မရှိတော့သည့် ဝိဥာဉ် တစ်ခု သက်သက်သာ ဖြစ်သော်လည်း ရှေးနတ်ဘုရားမျိုးစိတ် တစ်ခု ဖြစ်ခဲ့ဖူးသည့် မာနသည် ၎င်း၏ ဝိဥာဉ်ထဲထိတိုင် စွဲကပ်နေခဲ့သည်။

ရှေးနတ်ဘုရားမျိုးစိတ်တစ်ကောင်၏ ခွန်အားနှင့် ယှဉ်လိုက်လျှင် ရန်ကိုင်၏ ခွန်အားသည် ဘာဆိုဘာမှ မပြောပလောက်ချေ။

ရုတ်တရက် ထွက်ပေါ်လာသော နဂါးဖိအားကြောင့် သူ့တစ်ကိုယ်လုံးအပေါ်သို့ တောင်ကြီးတစ်လုံး ပြုတ်ကျလာသလို ရန်ကိုင် ခံစားလိုက်ရသည်။

သို့သော်လည်း ထိုမျှလောက်ဖြင့် ရန်ကိုင် နောက်တွန့်မသွားသလို ကြောက်လည်း ကြောက်မသွားဘဲ နဂါးခေါင်းကိုသာ အေးစက်စက် အကြည့်ဖြင့် ပြန်၍ စိုက်ကြည့်လိုက်သည်။

ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးသည် ရုတ်တရက် ရွှေရောင် တောက်လာပြီး ညာဘက်မျက်လုံးမှာမူ ရှင်းပြရခက်သော အရောင်အဝါတစ်မျိုးဖြင့် လင်းလက်လာခဲ့သည်။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးနှင့် ပုံရိပ်တစ်ထောင်ဖန်အလင်းအား အသက် သွင်းလိုက်ခြင်းပင်။

ထိုစွမ်းအင်နှစ်မျိုး ပေါင်းစပ်လိုက်သည့်အခါ တစ်မျိုးချင်းစီမှ ထုတ်ဖော်နိုင်သော စွမ်းအားထက် ပိုမို သာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်လာလေသည်။

ယခုတစ်ကြိမ်တွင် အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း ပညာရပ်ကို ရန်ကိုင် ထုတ်မသုံးတော့ပေ။ ထိုမာနကြီးသော နဂါးဝိဥာဉ်အား ဖိနှိပ်လိုလျှင် ပညာရပ်တစ်ခုအပေါ် အားကိုးနေ၍ ဘာမှ ထူးလာမည် မဟုတ်ချေ။ နဂါး၏ ပိုင်ရှင်အဖြစ် လိုလိုလားလား အသိမှတ်ပြုခံလိုလျှင် သူကိုယ်တိုင်သည်လည်း ထိုက်တန်သော ခွန်အားကို ထုတ်ပြရန် လိုအပ်ပေလိမ့်မည်။

ဤသို့ဖြင့် နဂါးနှင့် ရန်ကိုင်သည် အချိန်အတော်ကြာအောင် အပြန်အလှန် စိုက်ကြည့်နေကြလေသည်။ နဂါးအရိုးနှင့် နဂါးဓါတ်လုံးအား သူ့သူတော်စင်ချီ၊ အရှိန်အဝါဖြင့် နှစ်ပေါင်းများစွာ ကြာအောင် သွန်းလောင်းလာခဲ့သည့်တိုင် နဂါးဝိဥာဉ်အား အပြည့်အဝ အညံ့ခံလာအောင် လုပ်ရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပါချေ။

ရန်ကိုင်နှင့် နဂါး၏ အကြည့်အစုံမှ မမြင်နိုင်သော စိတ်စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့သည်။ ကံကောင်းစွာဖြင့် ပထမကောင်းကင်နန်းတော်အား အားကောင်‌သော အစီအရင်များဖြင့် ကာကွယ်ပေးထားသဖြင့် ဖြာထွက်လာသော စိတ်စွမ်းအင်လှိုင်များသည် အပြင်သို့ ထွက်မသွားနိုင်ခဲ့ပေ။

ရန်ကိုင်သည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသော်လည်း သူ့စိတ်စွမ်းအင်သည် တန်ခိုးရှင် ဒုတိယ အဆင့် တစ်ယောက်အောက် မနိမ့်ကျချေ။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး စွမ်းအားကိုပါ ထုတ်သုံးလိုက်သည့်အခါ တန်ခိုးရှင် တတိယအဆင့် တစ်ယောက်ပင် အလစ်အငိုက်မိသွားလျှင် ဒဏ်ရာရသွားနိုင်သော စွမ်းအားကို ထုတ်ဖော်နိုင်လာသည်။ သို့သော်လည်း ထိုစွမ်းအားဖြင့်ပင် ဤနဂါးဝိဥာဉ်အား ရင်ဆိုင်ရသည်မှာ အတော်လေး ခက်ခဲနေခဲ့သည်။

သူစိတ်စွမ်းအင်ဖြင့် မည်မျှ ဖိနှိပ်နေပါစေ နဂါးဝိဥာဉ်သည် တုတ်တုတ်မျှပင် မလှုပ်ချေ။

အချိန်ကြာလာသည့်အခါ စိတ်စွမ်းအင် တဖြည်းဖြည်း ကုန်ခမ်းလာသည့်အတွက် ရန်ကိုင်၏ အမူအရာမှာလည်း ဖြူလျော်လာခဲ့ရလေသည်။

ရန်ကိုင်၏ ဘယ်မျက်လုံးဆီမှ သွေးစတင် စီးကျလာပြီး သူ့ဘယ်ဘက်မျက်လုံး တစ်ခုလုံး အနည်းငယ် နီရဲလာခဲ့သည်။ ရွှေရောင်မျက်လုံးဆီမှ မမြင်နိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး နဂါးဝိဥာဉ်အား လှုပ်ခါရန် ကြိုးစားလိုက်သော်လည်း နဂါးဝိဥာဉ်မှာမူ ကျောက်ရုပ်ကြီး တစ်ရုပ်နှယ်၊ နည်းနည်းလေးမျှပင် လှုပ်မသွားခဲ့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၅)

ထိုနည်းအတိုင်း သုံးရက်၊ သုံးညတိုင်တိုင် ဆက်သွားနေခဲ့သော်ငြား မည်သည့် တိုးတက်မှုမှ ရှိမလာခဲ့ဘဲ ရန်ကိုင်၏ စိတ်စွမ်းအင်သာ ကုန်ခမ်းသွားခဲ့သည်။ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအား ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် စိတ်စွမ်းအင် ကုန်ခမ်းသွားသည့် အကျိုးဆက်ကြောင့် ယခုအချိန်လောက်ဆို ရန်ကိုင် သတိလစ်နေလောက်ပေပြီ။

ထိုသို့ဆိုလျှင်ပင် သူ့ခေါင်းကို အပ်ထောင်ပေါင်းများစွာမျ အဆက်မပြတ် ထိုးစိုက်နေသလို ခံစားနေရသေးသည်။

သည်းမခံနိုင်တော့သည့်အဆုံးတွင် ရန်ကိုင် တစ်ချက် အော်ဟည်းမိလိုက်သည်။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ထောက်ပံ့ပေးမည့် စိတ်စွမ်းအင် မရှိတော့သဖြင့် သူအလိုလို ပြန်ပိတ်သွားခဲ့လေသည်။

ယခုမှသာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး အလုပ်မဖြစ်သည်ကို ရန်ကိုင် မြင်ဖူးခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် ရန်သူအား သုတ်သင်လိုလျှင်ဖြစ်ဖြစ်၊ နှောင့်ယှတ်လိုလျှင်ဖြစ်ဖြစ်၊ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးအား ထုတ်သုံးလိုက်တိုင်း အသုံးဝင်သည်ချည်းသာ။

ဤနဂါးစိမ်းနှင့် တွေ့မှပဲ လုံးဝ အသုံးမဝင် ဖြစ်သွားရသည်။

မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင် စိတ်မပျက်သွားခဲ့ဘဲ ပို၍ပင် ကျေနပ်သွားခဲ့ရသည်။

ထိုနဂါးအား အညံ့ခံအောင်လုပ်ရန် ပို၍ ခက်ခဲလေ နဂါးအရိုးသည် ပို၍ အဖိုးတန်လေပင်။ သူသာ ထိုနဂါးအား အညံ့ခံအောင် လုပ်နိုင်မည်ဆိုပါက သူ့ခွန်အားကို အကြီးအကျယ် တိုးမြှင့်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုနဂါးကို အညံ့ခံလာအောင် သူမည်ကဲ့သို့ လုပ်ရမည်နည်း။ ရန်ကိုင်သည် အတွေးပေါင်းများစွာဖြင့် သူ့ရှေ့ရှိ နဂါးအား မမှိတ်မသုံ စိုက်ကြည့်နေလိုက်သည်။

ရုတ်တရက် ရန်ကိုင် တစ်ခုခုကို စဉ်းစားမိသွားရာ သူ့မျက်ဝန်း အစုံ စိတ်လှုပ်ရှားမှုကြောင့် တဖျက်ဖျက် လင်းလက်သွားခဲ့ရသည်။ ထိုနည်းလမ်းသည် အမှန်တကယ် စမ်းကြည့်သင့်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

မသုံးသည်မှာ ကြာသွားသဖြင့် သူ့ကိုယ်ထဲတွင် အစစ်အမှန် နဂါးတစ်ကောင်၏ ဝိဥာဉ်ရှိနေသည်ကိုပင် မေ့လျော့နေမိခဲ့သည်။

ဟန်မင်းဆက်တွင် ရှိစဉ်က ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲမှ ရွှေနဂါးတက်တူးတစ်ခုကို ရရှိခဲ့သည်။ ထုန်းရွှမ် လောကကြီးထဲသို့ ရောက်လာပြီး၊ နဂါးဖီးနစ်နန်းတော်၏ နဂါးတောင်ကြားထဲသို့ ဝင်ပြီးသည့်နောက်ပိုင်း၊ သူရရှိထားသည့် နဂါးတက်တူးသည် နဂါးဧကရာဇ်၏ အမွေအနှစ်နှင့် ပက်သက်နေမှန်း သိရှိခဲ့ရသည်။

ထိုစဉ်က ရွှေနဂါးတက်တူးသည် မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကို ရန်ကိုင် မသိခဲ့ပေ။ မကြာသေးခင်က ဖေးကျီတု နှင့်အတူ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ပြီးမှ ရှေးနတ်ဘုရား မျိုးစိတ်များအကြောင်း သိခဲ့ရသည်။

ဖီးနစ်အသိုက်မှ သူရရှိခဲ့သည် ဖီးနစ်ဧကရီ အမွေအနှစ်သည် ရေခဲဖီးနစ်တစ်ကောင်၏ ဝိဥာဉ်ဖြစ်သဖြင့် နဂါးတောင်ကြားမှ သူရှိခဲ့သည့် နဂါးဧကရာဇ် အမွေအနှစ်လည်း ထိုအတိုင်းသာ ဖြစ်ရပေလိမ့်မည်။

အတည်မပြုရသေးသော်လည်း သူ့အထင် မမှားလောက်ဟု ရန်ကိုင် ထင်သည်။ နဂါးဧကရာဇ် အမွေအနှစ်သည် ဖီးနစ်ဧကရီ၏ အမွေအနှစ်အောက် အားနည်းစရာ အကြောင်းမရှိချေ။

နဂါးဧကရာဇ်၏ အမွေအနှစ်ကို အားကိုး၍ ဤနဂါးစိမ်းအား အညံ့ခံ့လာအောင် လုပ်နိုင်ကောင်း လုပ်နိုင်လောက်ပေသည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် ဆက်လက် တုန့်ဆိုင်းမနေတော့ချေ။ ကြိုးစားလိုက်၍လည်း အရှုံးမှ မရှိလေဘဲ။

ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း အပေါ်ပိုင်း ဝတ်ရုံများကို ချွတ်လိုက်သည်။

လက်ရှိတွင် သူ့ခန္ဓာကိုယ်ပေါ်၌ တက်တူးနှစ်ခုရှိနေခဲ့သည်။ တစ်ခုသည် ရွှေနဂါးတက်တူးဖြစ်ပြီး အခြား တစ်ခုသည် ရေခဲဖီးနစ်တက်တူး ဖြစ်ပေသည်။ ရွှေနဂါးသည် သူ့ခန္ဓာကိုယ် တစ်လျှောက် ကူးခတ်သွားလာနေချိန် ရေခဲဖီးနစ်မှာမူ မလှုပ်မယှတ် ငြိမ်သက်နေခဲ့သည်။

ထိုအရာမှာလည်း သဘာဝသာဖြစ်သည်။ ဖီးနစ်ဧကရီ၏ အမွေအနှစ်ဖြစ်သော ရေခဲဖီးနစ်သည် သူ့အပိုင်မှ မဟုတ်လေဘဲ။ စုယန်နှင့် မတွေ့သေးသည့် အတွက်ကြောင့် သူ့ခန္ဓာကိုယ်အား ခေတ္တ ငှားသုံးနေခြင်းသာ ဖြစ်သည်။ နဂါးဧကရာဇ်မှာမူ ရန်ကိုင်၏ တစ်စိတ်တစ်ပိုင်းလိုလို ဖြစ်နေခဲ့လေပြီ။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ဖီးနစ်တက်တူးပေါ် ဖြတ်သန်းသွားချိန် ဖီးနစ်၏ မျက်ဝန်းများ တစ်ချက် လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲပဲလား၊ တကယ်လား ဆိုသည်ကိုမူ ရန်ကိုင်လည်း သေချာ မသိပေ။

ထိုသို့ဆိုလျှင်ပင် ရေခဲဖီးနစ်အား မြင်လိုက်သည်နှင့် စုယန်အား ပြန်သတိရလာခဲ့သည်။ ရေခဲဖီးနစ် သူ့ခန္ဓာကိုယ်ပေါ်၌ နေနေရခြင်းမှာ ၎င်းအား စုယန်ဆီ ခေါ်သွားပေးမည်ဟု ကတိ ပေးထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာကြာသွားသည့်တိုင် စုယန်အား နောက်တစ်ကြိမ် ပြန်မတွေ့ရသေးပေ။

စုယန် ဘယ်ဆီသို့များ ရောက်လေနေသလည်း… ရန်ကိုင် စိတ်ထဲ အတွေးများမိသွားသည်။

သူမ အနိုင်များ ကျင့်ခံနေရမလား…

အေးအေးဆေးဆေးပဲ ကျင့်ကြံနေဦးလေမလား…

ထိုအကြောင်းများတွေးပူရင်း ရင်မောမိသည်။

…………

ခဏကြာသော် ထိုအကြောင်းများကို ခေါင်းထဲမှ ဘေးထုတ်ထားလိုက်ပြီး ရွှေနဂါးတက်တူးကိုသာ တစ်ဖန် ပြန်အာရုံစိုက်လိုက်သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်အား လှည့်ပတ်လိုက်သည်။ စုယန် ဤနေရာတွင် ရှိမနေသော်ငြား ထိုကျင့်စဉ်အား အကြိမ်ပေါင်းများစွာ လှည့်ပတ်ထားဖူးသဖြင့် အတော်လေး ရင်းနှီးနေခဲ့လေပြီ။

ရန်ကိုင်မှ ကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်သည်နှင့် ရွှေနဂါးတက်တူးသည် အာဟာရတစ်မျိုးမျိုး သောက်သုံးလိုက်ရသည့်နှယ် ပို၍ လျင်လျင်မြန်မြန် ကူးခတ်လာလေသည်။

ခဏအကြာတွင် နားပင်းမတတ် နဂါးဟိန်းသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတို့ ဖြာထွက်လာခဲ့သည်။ ထိုရွှေရောင်အလင်းများ ပေါ်လာပြီးနောက် နန်းတော်တစ်ခွင်လုံး ပြည့်နေသည့် အစိမ်းရောင်အလင်းတို့ တဖြည်းဖြည်း မှိန်ကျသွားခဲ့လေသည်။

ရန်ကိုင်အား အထင်တသေး၊ ပမာမခန့် အမူအရာဖြင့် စိုက်ကြည့်နေသော နဂါးစိမ်းသည် ရွှေရောင်အလင်းများအား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ အိမ်မက်ဆိုးကို တွေ့လိုက်ရသည့်နှယ် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့လေသည်။

ရန်ကိုင်ဆီမှ ဖြာထွက်နေသော ရွှေရောင်အလင်းတို့သည် အားကောင်းသည်ထက် အားကောင်းလာနေခဲ့ပြီးနောက် အဆုံး၌ ရွှေနဂါးပုံရိပ်တစ်ခု ရန်ကိုင်ခေါင်းထက် ပေါ်လာခဲ့လေသည်။ ထိုနဂါးသည် ရှေးနတ်ဘုရားတစ်ပါးနှယ် နဂါးစိမ်းအား အထက်စီးမှ စီးမိုးကြည့်လိုက်သည်။

နဂါးနှစ်ကောင်သည် အရွယ်တူပြီး ရုပ်ဆင်သော်လည်း အရောင်တော့ မတူပေ။

တစ်ကောင်သည် ရွှေရောင်ဖြစ်ပြီး တစ်ကောင်သည် အစိမ်းရောင် ဖြစ်သည်။

နဂါးစိမ်းသည် ရွှေနဂါးကို မြင်မြင်ချင်း လန့်သွားသော်လည်း ရန်သူရှေ့တွင် အားနည်းဟန် မပြသလိုသည့်အတွက် ခေါင်းကို မော့၍ ရွှေနဂါး၏ အကြည့်အား တည့်တည့် ပြန်စိုက်ကြည့်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပျော်သွားခဲ့သည်။ ကြက်ကန်းဆန်အိုးတိုးသည့်နှယ် အစိမ်းရောင်နဂါးအား ဖိနှိပ်နိုင်မည့် နည်းလမ်းတစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့လေပြီ။ နည်းလမ်းတွေ့သွားပြီ ဖြစ်သဖြင့် သူ့ဘက်မှ အားစိုက်ရန်သာ ရှိတော့သည်။ ထို့ကြောင့် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်အား ပို၍ အားတက်သရော လှည့်ပတ်လေတော့သည်။

ရွှေရောင်မှာ တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့ပြီး အစိမ်းရောင်မှာ ပိုပို၍ ဖိနှိပ်ခြင်း ခံလာရလေသည်။

အခြေအနေသည် ထိုမျှနှင့် အဆုံးမသတ်သွားပေ။ လက်ရှိ အခြေအနေ၏ လှုံ့ဆော်မှုကြောင့်လာ မသိရာ တစ်ချိန်လုံး ငြိမ်သက်နေသော ရေခဲဖီးနစ်ကပါ ရုတ်တရုတ် စူးစူးရှရှ အော်ဟစ်မြည်ကြွေးလျက် ရန်ကိုင် ကိုယ်ပေါ်မှ ခုန်ထွက်၍ သူ့ခေါင်းထက်တွင် ကိုယ်ထင်ပြလာခဲ့လေသည်။

အရိုးကွဲမတတ် အအေးဓါတ်တို့ ရေခဲဖီးနစ်ဆီမှ ပေါက်ကွဲထွက်လာချိန် ကြောက်မက်ဖွယ်ရာ အပူဓါတ်တို့သည် ရွှေနဂါးဆီမှ ဖြာထွက်လာခဲ့လေသည်။ ပုံမှန်အားဖြင့် မည်သည့် အခါမှ ပေါင်းစပ်မရဟန် ထင်ရသော အပူစွမ်းအင်နှင့် အအေး စွမ်းအင်တို့သည် စတင် ပေါင်းစပ်လာခဲ့လေပြီး တစ်မျိုး၏ စွမ်းအားကို အခြားတစ်မျိုးမှ စတင် ဖြည့်တင်းပေးလေသည်။

ရွှေရောင်၊ အစိမ်းရောင်နှင့် အဖြူရောင်အလင်းတို့ ထိပ်တိုက် တွေ့သွားချိန်ဝယ်၊ လေထုထဲ အက်သံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။

ယခင်ကတည်းက ရွှေရောင်အလင်း၏ ဖိနှိပ်ထားခြင်း ခံရနေသည်ကို အဖြူရောင်အလင်း၏ ဖိနှိပ်ခြင်းကိုပါ ထပ်မံ ခံလိုက်ရသည့်အခါ၊ အရှုံးဆိုသည်မှာ အစိမ်းရောင်အလင်းအတွက် ဖန်တီးထားသလို ဖြစ်လာခဲ့သည်။

လေထဲ တစ်ခုခု ဖြတ်တောက်သံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်ကို ရန်ကိုင် ကြားနေရသည်။ သို့သော် သူ့ရှေ့ရှိ အလင်းရောင်ကြောင့် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘဲ အစိမ်းရောင်အလင်း တစ်ဖက်သတ် ဖိနှိပ်ခံနေရသည်ကိုသာ ခံစားမိနေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အစိမ်းရောင်အလင်း အလျင်အမြန် ကျုံဝင်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

ဘုန်း…

ရန်ကိုင် ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားခဲ့သည်။ သို့သော် သူမျက်လုံး ပြန်ပွင့်လာသည့် အချိန်တွင် အခန်း တစ်ခန်းလုံး မုန်တိုင်း ဝင်မွှေသွားခံရသည့်နှယ် မွစာကြဲနေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နန်းတော်အား ကာကွယ်ထားသည့် အကာအရံနှင့် အစီအရင်များပင် ဖျက်စီးခံလိုက်ရလေပြီ။

မည်သည့် အချိန်ကတည်းကမှန်းမသိ ရွှေနဂါးတက်တူးနှင့် ရေခဲဖီးနစ်တက်တူးတို့ သူ့ကျောပေါ် ပြန်ရောက်နေကြလေပြီ။ ရွှေနဂါးတက်တူးသည် သူ့ကျောပေါ်၌ ပျော်ရွှင်စွာ ကူးခတ်နေစဉ် ရေခဲဖီးနစ်မှာမူ ယခင်အတိုင်း မလှုပ်မယှတ်သာ ရှိနေခဲ့သည်။

ဖြစ်ပျက်သွားသည့် အရာအားလုံးသည် ပုံရိပ်ယောင်နှယ်…

သို့သော်လည်း ရန်ကိုင်၏ အကြည့်သည် ကြမ်းပြင်ပေါ် ကျနေသော နဂါးအရိုးဓါးဆီသို့ ချက်ချင်း ရောက်သွားခဲ့သည်။ နဂါးအရိုးဓါးအား ကောက်ကိုင်လိုက်သည့်နောက် ဓါးဆီမှ ရှင်းပြမရသော ခံစားချက်တစ်ခုကို ရလိုက်သည်။

ယခင်က နဂါးအရိုးဓါးအား ကိုင်လိုက်လျှင် ဤကဲ့သို့သော ခံစားချက်မျိုး မရဖူးချေ။ ယခုမသာ ရဖူးခြင်းဖြစ်သည်။ နဂါးအရိုးဓါးသည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုနှယ် ဖြစ်လာပြီး သူ့စိတ်ကြိုက် ထိန်းချုပ်၍ ရသည့်နှယ် ခံစားလိုက်ရသည်။

ထိုခံစားချက်သည် အတော်လေးကို ဖျော့တော့သော်ငြား သူခံစားမိသည်မှာ လုံးဝ သေချာပေသည်။ နဂါးအရိုးဓါးအား ကိုင်ရသည့် ခံစားချက်မှာ ယခင်နှင့် လုံးဝ မတူတော့ချေ။

မျက်ခုံးပင့်လျက် နဂါးအရိုးဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီး တစ်ချက် စမ်းကြည့်လိုက်သည့်အခါ ယခင်ကကဲ့သို့ နဂါးစိမ်း ထွက်လာခဲ့ပေသည်။ သိုသော် ယခင်နှင့် မတူတော့သည်ကား နဂါးစိမ်းသည် ယခင်ကကဲ့သို့ သူ့အပေါ် မောက်မာ၊ အထင်သေးခြင်း မရှိတော့ခြင်းပင်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားသည်။

သူ့စိတ်ထဲတစ်ချက် ပေါ်လာသည့် နည်းလမ်းအား ကောက်စမ်းကြည့်လိုက်ရာ တကယ် အလုပ် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခု အဖြစ်အပျက်ပြီးနောက်ပိုင်း ရွှေနဂါးသည် နဂါးစိမ်းထက် ပိုအားကောင်းကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။

နဂါးနှစ်ကောင်လုံးသည် ရှေးနတ်ဘုရားမျိုးစိတ်များ၏ ဝိဥာဉ်များ၏ ဖြစ်ကြသော်လည်း နဂါးစိမ်းသည် ရွှေနဂါး၏ ဖိနှိပ်ခြင်း ခံခဲ့ရသည်။ ရေခဲဖီးနစ်၏ အကူအညီ မပါလျှင်ပင် ရွှေနဂါးအနေဖြင့် နဂါးစိမ်းအား ဖိနှိပ်နိုင်ရန် အချိန် တစ်ခုသာ လိုပေလိမ့်မည်။

ရေခဲဖီးနစ်၏ အကူအညီ ရလိုက်သည့်အတွက် နဂါးစိမ်းအား ဖိနှိပ်ရာတွင် ပို၍ မြန်ဆန်သွားခဲ့ပေသည်။

ရုတ်တရက် ရန်ကိုင်မှ တစ်ခုခု တွေးလိုက်သည့်အခါ နဂါစိမ်းလည်း ရန်ကိုင်၏ အတွေးအတိုင်း စတင် ပျံသန်းလေသည်။

ယခုအချိန်မှစ၍ ဤနဂါးအရိုးဓါးအား သုံးရာတွင် တန်ပြန် ဘေးထွက်ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်စရာမိလိုတော့ချေ။ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်လေပြီ။

နည်းနည်းပါးပါး စမ်းကြည့်ပြီးနောက် နဂါးအရိုးဓါးအား သူ့ကိုယ်ထဲ ပြန်ထည့်သိမ်းလိုက်ပြီး သူတော်စင်ချီဖြင့် ဆက်လက် အားဖြည့်ပေးလိုက်သည်။ လက်ရှိ သူ့ခွန်အားသည် အလွန်ကိုမှ နိမ့်ကျသေးသည့် အတွက်ကြောင့် နဂါးအရိုးဓါး၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်နိုင်သေးချေ။ နဂါးအရိုးဓါးကိုယ်တိုင်လည်း အပြီးထိ မသန့်စင်ရသေးပေ။ တစ်နေ့ သူ့ခွန်အားလည်း မြင့်မားလာပြီး နဂါးအရိုးဓါးကိုလည်း သန့်စင်ပြီးသွားချိန်၊ ထိုဓါး မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်လဲ ဆိုသည်အား ရန်ကိုင် တွေးကြည့်မိလိုက်သည်။

ခဏကြာပြီးနောက် အသက်ပြင်းပြင်း ရှူသွင်းလျက် သူ့စိတ်ကို ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် သိုလှောင် လက်စွပ်ထဲမှ ဆေးအချို့ထုတ်၍ ကုန်ဆုံးသွားသော သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းလေသည်။

တစ်ရက်တည်းဖြင့် အထွဋ်အထိပ် အခြေအနေသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။ ထပြီး အပြင်ထွက်တော့မည် အပြု တဝှီဝှီ မြည်သံများ ထွက်ပေါ်လာပြီး ပထမကောင်းကင် နန်းတော် တစ်ခုလုံး တုန်ခါလာခဲ့သည်။

ထိုကဲ့သို့ ဖြစ်ဖြစ်ချင်း တစ်ယောက်ယောက် အထက်စကြာဝဠာဂိုဏ်းအား လာတိုက်နေပြီဟု ရန်ကိုင် ထင်မိသွားသည်။ သို့သော် သေချာ စဉ်းစားကြည့်လိုက်သည့် အခါ ထိုကဲ့သို့ မဖြစ်နိုင်မှန်း သဘောပေါက်လိုက်သည်။ သူလက်ရှိ တည်ဆောက်ထားသည့် အထက်စကြာဝဠာဂိုဏ်းသည် မီးတောက်အရံအတားများ ပတ်ပတ်လည် ဝိုင်းထားသည့် သဲမီးတောက်နယ်မြေထဲတွင် တည်ရှိနေခြင်း ဖြစ်သည်။ သူတို့အား တိုက်ခိုက်ရန်အတွက် ထိုအရံအတားများကို ကျော်ဖြတ်ရမည် ဖြစ်လေရာ မည်သူကများ သူတို့အား လာတိုက်နိုင်မည်နည်း။

မျက်မှောင်ကြုတ်လျက် ထိုင်ရာမှထ၍ နန်းတော်တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်၏ ပုံရိပ် ရပ်နေရာမှ အခြားတစ်ဖက်သို့ ပျံသန်းထွက်သွားလေသည်။

ခဏအကြာတွင် အထက်စကြာဝဠာဂိုဏ်း အရှေ့ဘက်ခြမ်း၏ လေးထောင့်ကွက်လပ်ကြီးဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။

ဂိုဏ်းသားအားလုံးနှင့် ဂိုဏ်းအကြီးအကဲအားလုံးသည် ဤနေရာတွင် စုဝေးလျက် ကောင်းကင်ပေါ်သို့ မော့ကြည့်နေကြသည်။ ရန်ကိုင်လည်း သူတို့ အကြည့်အတိုင်း ကောင်းကင်ပေါ်သို့ လိုက်မော့ကြည့်လိုက်ရာ လေးနက် တည်ကြည်သည့် အမူအရာဖြင့် လေထဲတွင် ဝဲနေသော ယန်ယန်အား တွေ့ရှိလိုက်ရသည်။

သူမ၏ ပိတုန်းရောင်ကဲ့သို့ မည်းနက်သော ဆံကေသာသည် လေအဝှေ့နှင့်အတူ ယိမ်းယွဲ့လှုပ်ရှားနေပြီး ကျောက်စိမ်းသဖွယ် ချောမွတ်သော လက်နှစ်ဖက်မှာမူ ရှုပ်ထွေးပွေလီသော လက်ကွက်များကို ပုံဖော်နေခဲ့သည်။ သူတော်စင်ချီများသည်လည်း သူမဆီမှ ရေစီးကြောင်းတစ်ခုသဖွယ် စီးထွက်ကာ ကောင်းကင် ပေါ်သို့ အဆက်မပြတ် ပျံတက်နေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် အကုန်လုံး သူ့ဘက်သို့လှည့်၍ ဦးညွှတ်လိုက်သည်။

All Chapters