← Chapters

အခန်း (၁၄၂၆-၁၄၃၀)

Vol. 58 Ch. 1426-1430

အခန်း (၁၄၂၆-၁၄၃၀)

Vol. 58 Ch. 1426-1430

အပိုင်း (၁၄၂၆)

အထက်စကြာဝဠာဂိုဏ်း တရာဝင် ဖြစ်တည်လာပြီ ဖြစ်သဖြင့် အကြီးအကဲများ၊ တပည့်များအားလုံး အနေဖြင့် ဂိုဏ်းချုပ်ဖြစ်သော ရန်ကိုင်အား မြင်လျှင် ဦးညွှတ်ရသည်မှာ သဘာဝသာ ဖြစ်သည်။ စကြာဝဠာဂိုဏ်း၏ အားအကောင်းဆုံးသော ပညာရှင်ဖြစ်သည့် ရီရှီယွင်ပင်လျှင် ရန်ကိုင်အား ဦးမညွှတ်သည့်တိုင် ခေါင်းညိတ်ပြပေသည်။

သို့သော်လည်း သူမ၏ အကြည့်သည် ချက်ချင်းဆိုသလို ယန်ယန်၏ လက်ကွက်များဆီသို့ ပြန်ရောက်သွားခဲ့သည်။

ထိုအမျိုးသမီးသည် ယန်ယန်အား အလွန်ကိုမှ လေးစားကြည်ညိုသည့် လူတစ်ယောက် ဖြစ်သည်။ ယန်ယန်၏ လက်ကွက်များအား ကြည့်နေသည့် သူမ၏ အကြည့်ထဲ ရူးသွပ်သည့် အရိပ်အယောင်အချို့ပင် ပါဝင်နေသည်။

ထိုကိစ္စနှင့် ပက်သက်၍လည်း သူမအား အပြင်တင်၍ မရချေ။ ယန်ယန်သည် တစ်ချိန်က ကြယ်စီရင်စုကြီး တစ်ခုလုံးအား အုပ်စိုးခဲ့သည့် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ ကိုယ်ပွားပင် မဟုတ်လေလော။ ရန်ကိုင် အနေဖြင့် ယန်ယန်အား သာမန် မိတ်ဆွေတစ်ယောက်အား ဆက်ဆံနေသလို ဆက်ဆံနိုင်ရခြင်းမှာ ရန်ကိုင်သည် ယန်ယန် မည်သူမှန်း မသိခင်ကတည်းက သူမနှင့် ရင်းနှီးခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။

“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေရင်း နာမလည်နိုင်စွာ မေးခွန်းထုတ်လိုက်သည်။

“ဒုဂိုဏ်းချုပ် ယန်ယန်က ကျုပ်တို့တွေက နေ၊လ၊ကြယ်တွေ ပြန်မြင်ရအောင်လို့ ဆိုပြီး သဲမီးတောက်နယ်မြေရဲ့ အရံအတားကို ဖွင့်ပေးနေတာပါ ဂိုဏ်းချုပ်” နင်ရှန်းချန်သည် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။

ဤလောကကြီးတွင် မည်သူကများ သဲမီးတောက်နယ်မြေ၏ အရံအတားကို ဖွင့်လှစ်နိုင်သနည်း။ ယန်ယန် တစ်ယောက်သာ လုပ်နိုင်ပေသည်။ ထို့ကြောင့် ထိုမြင်ကွင်းကို ကြည့်ရင်း နင်ရှန်းချန် စိတ်လည်းလှုပ်ရှား၊ ယန်ယန်ကိုလည်း လေးစားမိသည်မှာ အထူးအဆန်း မဟုတ်‌ချေ။

နင်ရှန်းချန် ပြောသည်ကို ပြောပြီးနောက် ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ဤမျှ ကောင်းမွန်သော ပတ်ဝန်းကျင်သို့ ပြောင်းလာနိုင်သည့် အတွက်ကြောင့် အကုန်လုံး ပျော်နေကြသော်လည်း သူတို့ မြင်နေရလေ့ရှိသည့် နေ၊လကြယ်တို့ ပျောက်ကွယ်သွားသည့် အတွက် နေရထိုင်ရ တစ်မျိုးကြီး ဖြစ်သွားခဲ့ရသည်။ နေလကြယ်တို့ မရှိသည့် ပတ်ဝန်းကျင်နှင့် သူတို့ သိပ်အသားမကျသေးချေ။

ထို့ကြောင့် ယန်ယန်မှ အကုန်လုံး နေလကြယ်အား တစ်ဖန် ပြန်မြင်နိုင်စေရန်အတွက် သဲမီးတောက်နယ်မြေ၏ အကာအရံကို ဖွင့်လှစ်ပေးနေခြင်း ဖြစ်သည်။

သဲမီးတောက်နယ်မြေ၏ အကာအရံကို ယန်ယန် တစ်ယောက်သာ ဖွင့်နိုင်ပေသည်။ ရန်ကိုင်လည်း မလုပ်နိုင်ချေ။ ထို့ကြောင့် သူမလုပ်နေသည်ကိုသာ လူအုပ်ကြီးနှင့်အတူ ရပ်ကြည့်နေလိုက်သည်။

သန့်စင်သော သူတော်စင်ချီ စီးကြောင်းတို့သည် ယန်ယန်၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်လျက် ကောင်းကင်ပေါ်သို့ ပျံသန်း ပျောက်ကွယ်သွားနေကြသည်။

အချိန်ကြာလာသည့် အခါတွင် ကောင်းကင်ထက်၌ ဝဲကတော့ကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုဝဲကတော့သည် အစပိုင်းတွေ သေးနေသော်လည်း အချိန်ကြာလာသည်နှင့် တဖြည်းဖြည်း ကြီးကြီးလာခဲ့သည်။

ထိုအဆက်မပြတ် လည်ပတ်နေသော ဝဲကတော့ကြီးကို ကြည့်ရင်း အကုန်လုံး သူတို့ကိုယ်သူတို့ ထိုဝဲကတော့ထဲ ပါသွားတော့မလို ခံစားလိုက်ကြရသည်။

နောက်ထပ် နာရီဝက်ခန့် ကြာပြီးသည့်အခါ၊ ယန်ယန်၏ လက်ကောက်ဝတ်တွင် ဝတ်ထားသော လက်ကောက် ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး ဆယ်မိုင်မက အချင်းရှိသည့် ဧရာမကွင်းကြီးတစ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကွင်းကြီးသည် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း ပျံတက်သွားလိုက်ရာ နောက်ဆုံးတွင် မီးတောက် အကာအရံနှင့် သွားထိလေသည်။ ထို့နောက် အဆက်မပြတ် လည်ပတ်နေသော ဧရာမ ဝဲကတော့ကြီးအား ရစ်ပတ်လိုက်သည်။

ချက်ချင်းဆိုသလို ဧရာမဝဲကတော့ကြီး စတင် ကျုံ့လာသည်။ ဝဲကတော့ကြီး ကျုံလာသည့်အလျောက် အထက်စကြာဝဠာဂိုဏ်း တစ်ဂိုဏ်းလုံးအား ဖုံးလွှမ်းထားသည့် မီးတောက်အကာအရံလည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရာ ကောင်းကင်ထက်ဝယ် ဆယ်မိုင်မက ကျယ်ဝန်းသည့် စက်ဝိုင်းပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။

အောက်ဘက်မှ တပည့်များစွာတို့၏ ပျော်ရွှင်စွာ အော်ဟစ် အားပေးသံများ ညံထွက်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်လည်း ပြုံးမိသွားသည်။ သို့သော် ရုတ်တရက် ကောင်းကင်ပေါ်ရှိ တစ်ခုခုကို မြင်ပြီးနောက် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားလေသည်။

“ငါထင်သလိုပါပဲလား…” ယန်ယန်လည်း ကောင်းကင်ပေါ်သို့ စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လေးလျက် ပြောလိုက်သည်။ ထို့နောက် သူမ၏ မီးလျှံလက်စွပ်အား ပြန်ဆွဲယူလိုက်လေသည်။

ယန်ယန်မှ မီးလျှံလက်စွပ်အား ပြန်ဆွဲယူလိုက်သည့်တိုင် မီးတောက်အကာအရံမှာ ပြန်ပိတ်သွားခြင်း မရှိဘဲ ပွင့်မြဲ ဆက်ပွင့်နေခဲ့သည်။

သို့သော်လည်း လက်ရှိတွင် အထက်အာကာယံ၌ သူတို့ မမြင်ခဲ့ရသည်မှာ ကြာပြီဖြစ်သော အပြာရောင် ကောင်းကင်ကြီး၊ တိမ်တိုက်ဖြူများနှင့် နောက်ထပ် သတိပြုမိစရာတစ်ခု ထပ်ရှိနေခဲ့သည်။

ခမ်းနားကြီးကျယ်သော ဧရာမနန်းတော်ကြီး တစ်ခုပင်…

ဧကရာဇ်ဥယျာဉ်ပင် ဖြစ်လေသည်။

“အဲ့ဒါဘာလို့ ဒီရောက်နေတာလဲ”

“အဲ့ဒါ နဂါးလိုဏ်ဂူတောင်မှာ ရှိနေရမှာ မဟုတ်ဘူးလား”

“အဲ့ဒါ ဘယ်ကတည်းက ဒီရောက်နေတာလဲ”

တပည့်များဆီမှ စကားသံများ ပေါက်ကွဲထွက်လာခဲ့သည်။ ဧကရာဇ်ဥယျာဉ်ကို မြင်လိုက်သည့်အခိုက် အကုန်လုံးရင်ထဲ အလိုလို စိုးရိမ်မိသွားကြသည်။ မြွေကိုက်ခံရဖူးလျှင် ကြိုးကိုမြင်လျှင် လန့်နေတတ်သည် ဟူသော ဆိုရိုးစကားအတိုင်း ဧကရာဇ်ဥယျာဉ်၏ ကျေးဇူးတော်ကြောင့် သူတို့ နေထိုင်ခဲ့သည့် နဂါးလိုဏ်ဂူတောင် ပျက်စီးခဲ့ရသည်။

သူတို့၏ အိမ်ကလေး ပျက်စီးသွားခဲ့သော်ငြား နဂါးလိုဏ်ဂူတောင်ထက် အဆပေါင်းများစွာ ပိုမို သာလွန်သော နေရာတစ်ခုသို့ ရောက်လာနိုင်ခဲ့သဖြင့် အကုန်လုံး ဝမ်းနည်းပူဆွေးနေခြင်း မရှိကြတော့၊ စိတ်သစ် လူသစ်နှင့် နေရာသစ်တွင် ပျော်နေကြလေပြီ။ သို့သော်လည်း သူတို့ မူလနေခဲ့သည့် နေရာ ပျက်စီးရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သော ဒုက္ခကပ်ဘေးသည် သူတို့ နေထိုင်သည့် နေရာ အသစ်ဆီသို့ပါ လိုက်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

သူတို့စိတ်ထဲ လက်ရှိ အမှန်တရားကို လက်ခံရန် အနည်းငယ် ခက်ခဲနေခဲ့သည်။

အရိပ်ကြယ်၏ တားမြစ်နေရာများထဲတွင် တစ်ခု အပါအဝင် ဖြစ်သော ဧကရာဇ်ဥယျာဉ်သည် သူတို့ ထားရစ်ခဲ့မည်ကို မလိုလားသည့်အလား သူတို့နောက်သို့ တကောက်ကောက် လိုက်လာနေခဲ့သည်။

ထို့အပြင် ဧကရာဇ်ဥယျာဉ် မည်သည့် အချိန်ကတည်းက ဤနေရာသို့ ရောက်နေမှန်း မည်သူမှ မသိကြပေ။ အထက် စကြာဝဠာဂိုဏ်း တစ်ဂိုဏ်းလုံးအား မီးတောက်အကာအရံဖြင့် လွှမ်းခြုံထားသည့်အတွက် အပြင်ဘက်ကို မမြင်နိုင်ကြဘဲ အနီရောင်ကောင်းကင်ပြင်ကြီးကိုသာ မြင်နိုင်လေသည်။

ရန်ကိုင်နှင့် ယန်ယန်သာ ဧကရာဇ်ဥယျာဉ် ဘာကြောင့် ဤနေရာသို့ ရောက်နေမှန်း သိသည်။ ရီရှီယွင်လည်း အနည်းအကျဉ်းတော့ ခန့်မှန်းမိသော်ငြား သူမ၏ အထင်နှင့် ပက်သက်၍ သိပ်မသေချာပေ။

ယန်ယန်သည် ကောင်းကင်ပေါ် အောက်သို့ ပြန်ဆင်လာပြီး ရန်ကိုင် ဘေးတွင် ရပ်လိုက်သည်။

ယန်ယန်ကို ကြည့်ရင်း ရန်ကိုင်က မေးလိုက်သည် “အဲ့ဒါ ရောက်နေမှန်းသိလို့ အကာအရံကို နင်ဖွင့်လိုက်တာလား”

“ဟုတ်တယ်။ တပ်အပ်ကြီး သိတာတော့ မဟုတ်ဘူး။ ရေးတေးတေး ခံစားမိတာ။ အစကတည်းက ဒီအကာအရံကို ဖွင့်ဖို့ လုပ်ထားတာဆိုတော့ အဲ့ဒါ ရောက်မရောက် စစ်ဆေးရင်း အကာအရံကို တစ်ခါတည်း ဖွင့်လိုက်တာ” ယန်ယန်မှ ခေါင်းညိတ်ရင်း ပြန်ရှင်းပြလိုက်သည်။

ရန်ကိုင် နားလည်သွားလေပြီ။ ခဏလောက် စဉ်းစားပြီးနောက် ဖင်ဂနာမငြိမ် ဖြစ်နေသော တပည့်များဘက်သို့ လှည့်၍ အော်ပြောလိုက်သည် “အားလုံး စိတ်ပူမနေကြနဲ့။ ဧကရာဇ်ဥယျာဉ် ဒီမှာပေါ်လာ သူ့အကြောင်းနဲ့သူ ရှိလိမ့်မယ်။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ အဲ့ဒါက ငါတို့ ထိန်းချုပ်လို့ရတဲ့ အရာလည်း မဟုတ်ဘူး။ ဒါကြောင့် ရုတ်ရုတ်ရုတ်ရုတ် မလုပ်ဘဲ ကိုယ့်လုပ်စရာရှိတာသာလုပ်ကြ”

ရန်ကိုင် စကားကိုကြာပြီးနောက် မငြိမ်မသက် ဖြစ်နေသော လူအုပ်ကြီး ငြိမ်ကျသွားခဲ့သည်။

ခွန်အားနိမ့်သည့် တပည့်များ ထွက်သွားပြီးနောက် ရန်ကိုင်မှ တွေးတွေးဆဆဖြင့် ပြောလိုက်သည် “ဧကရာဇ်ဥယျာည် ဘယ်အချိန်ကတည်းက ဒီရောက်နေမှန်း ငါတို့မသိဘူး။ ဒါပေမယ့် အဲ့ဒါ ဒီရောက်နေတယ်ဆိုမှတော့ အပြင်မှာတော့ အတော်လေးကို ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေလောက်တယ်”

ဧကရာဇ်ဥယျာဉ်သည် အရိပ်ကြယ်ကြီး တစ်ခုလုံးအား စိတ်ရှိသလို ဆော့ကစားနေခဲ့သည်။ ထိုအရာ ပထမဆုံးအကြိမ် စပေါ်လာစဉ်က နဂါးလိုဏ်ဂူတောင်ပေါ်တွင် ဝဲနေသည့်အတွက် မရေမတွက်နိုင်သော အင်အားစုကြီးများသည် ကောင်းကင် ကံကြမ္မာမြို့တွင် လာရောက် စုဝေးခဲ့ကြသည်။

သို့သော်လည်း ထိုဧကရာဇ်ဥယျာဉ်သည် တစ်ရက်တွင် ရုတ်တရက်ကြီး အခြားတစ်နေရာသို့ ထွက်သွားလိမ့်မည်ဟု သူတို့ မည်ကဲ့သို့ ထင်မည်နည်း။

ယခု ဧကရာဇ်ဥယျာဉ် ဤနေရာတွင် ပေါ်လာသဖြင့် အရိပ်ကြယ်ပေါ်ရှိ အခြား အင်အားစုကြီးများအားလုံး ထိုအရာ နောက်သို့ ပြေးလိုက်လာလောက်သည်။ ထိုကိစ္စနှင့် ပက်သက်၍ သံသယ ရှိစရာမလိုချေ။ ဧကရာဇ်ကျောက်စိမ်းများ ပေါ်လာပြီ ဖြစ်သဖြင့် ဧကရာဇ်ဥယျာဉ် ပွင့်ရန်လည်း သိပ်ကြာတော့မည် မဟုတ်ချေ။

“နင်သွားကြည့်ချင်းလား” ယန်ယန်က မေးလိုက်သည်။

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့အိမ်တံခါးရှေ့ ဧည့်သည်များစွာ ရောက်နေပြီ ဖြစ်လေရာ ရန်ကိုင် အနေဖြင့် မည်ကဲ့သို့ ထိုင်နေနိုင်မည်နည်း။

“ငါနင်နဲ့လိုက်ခဲ့မယ်” ယန်ယန်က ချက်ချင်း ပြန်ပြောသည်။

ရန်ကိုင်သည် ယန်ယန်အား တစ်ချက် ကြည့်လိုက်ပြီး ဘာမှထပ်မပြောဘဲ ခေါင်းသာ ပြန်ညိတ်ပြလိုက်သည်။

ထို့နောက် သူမ၏ ငါမန်းပျံတိုက်ပွဲလွန်းပျံကို ဆင့်ခေါ်လိုက်ပြီး ထိုအပေါ်သို့ အမြန် တက်လိုက်ကြသည်။ ယန်ယန်နားမှ တစ်ဖဝါးပင် မခွာချင်းသည့် ရီရှီယွင်လည်း သူတို့နှင့်အတူ လိုက်လာခဲ့လေသည်။

အထက်စကြာဝဠာဂိုဏ်းသည် သဲမီးတောက်နယ်မြေ၏ လေးလွှာမြောက်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ယခု ပထမအလွှာ ပျောက်ကွယ်သွားပြီး ဖြစ်သဖြင့် အထက်စကြာဝဠာဂိုဏ်းနှင့် ပထမအလွှာကြား တတိယ မီးတောက်နယ်မြေ တစ်လွှာသာ ခြားနေတော့သည်။

ခဏအကြာတွင် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်သည် လေးလွှာမြောက်ကို ကျော်လွန်၍ သုံးလွှာမြောက်ဆီသို့ ရောက်လာခဲ့သည်။ ငါမန်းပျံတိုက်ပွဲလွန်းယာဉ် ပျံသန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော သုံးလွှာမြောက်ရှိ အပူစွမ်းအင် အားလုံးသည် အသိစိတ်ရှိနေသည့် အလား ဘေးဘက်သို့ အလိုလို ရှောင်ကွင်းသွားကြသည်။

ခဏအကြာတွင် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်သည် သုံးလွှာမြောက် မီးတောက်အကာအရံ၏ အပြင်ဘက်တွင် ထွက်ပေါ်လာခဲ့လေသည်။

ယာဉ်တံခါးပွင့်သွားပြီး ရန်ကိုင် အပြင်သို့ ထွက်သွားခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် ပတ်ပတ်လည်းအား ဝေ့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

လက်ရှိတွင် သဲမီးတောက်နယ်မြေ အပြင်ဘက်တွင် ကျင့်ကြံသူများစွာ စုဝေးနေခဲ့သည်။ အချို့သည် နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ စုနေကြသလို အချို့လူတောင့်သည့် အဖွဲ့များသည် စခန်းချကာ နားနေကြသည်။ သို့သော်လည်း တူညီသည့် တစ်ချက်သည်ကား အကုန်လုံးသည် သဲမီးတောက် နယ်မြေအား စိုးရိမ်တကြီး ကြည့်နေကြခြင်းပင်။

ထိုအဖွဲ့အစည်းများထဲမှာ အတော်များများကို ရန်ကိုင် မှတ်မိပေသည်။ အချို့လူများသည် သူနှင့် ရန်ငြိုးရှိသည့် လူများ ဖြစ်ကြပြီး အချို့သည် သူနှင့် ရင်းနှီးသည့် လူများ ဖြစ်သည်။ အရိပ်ကြယ်၏ အင်အားစုအားလုံး လိုလိုသည် ဤနေရာတွင် လာရောက် စုဝေးနေခဲ့ကြသည်။

ကောင်းကင်ကံကြမ္မာမြို့တွင် ရှိနေသည့် လူအားလုံး ဤနေရာသို့ ရောက်လာသည်ဟု ပြောလျှင်ပင် မမှားချေ။

ငါမန်းပျံတိုက်ပွဲလွန်းယာဉ် သဲမီးတောက်နယ်မြေထဲမှ ပေါ်လာပြီး ယာဉ်ထဲမှ ရန်ကိုင် ထွက်လာသည်ကို မြင်သည့်အခါ အကုန်လုံး ထိတ်လန့်၊ ကြက်သေသေကုန်ကြလေသည်။

တားမြစ်နယ်မြေသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သော သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည်။

သဲမီးတောက်နယ်မြေ ပိတ်နေသည့် အတောအတွင်း ထိုထဲသို့ မည်သူမှ မဝင်နိုင်ကြချေ။ အထဲသို့ ခြေချလိုက်သည်နှင့် တန်ခိုးရှင် အဆင့်များပင် တစ်မုဟုတ်ချည်း ပြာချပစ်ခံရသည်။ ထို့ကြောင့် သဲမီးတောက်နယ်မြေ ပိတ်နေသည့် အတောအတွင်း ထိုထဲသို့ မည်သူမှ မဝင်ရဲကြခြင်းပင်။

သဲမီးတောက်နယ်မြေ ပွင့်သည့်အခါမှသာ ဝင်ရဲကြသည်။ သို့တိုင် တန်ခိုးရှင်အဆင့်များ ဝင်ခွင့်မရကြဘဲ သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူများသာ ဝင်ခွင့်ရကြသည်။

သို့သော်လည်း သဲမီးတောက်နယ်မြေထဲမှာ ရန်ကိုင် ထွက်လာသည်ကို မြင်လိုက်သည့်နောက် ရန်ကိုင်တွင်များ သဲမီးတောက်နယ်မြေထဲသို့ လုံလုံခြုံခြုံ ဝင်ထွက်နိုင်သည့် နည်းလမ်းများ ရှိနေလေသလားဟု အကုန်လုံး အတွေးများသွားခဲ့ကြသည်။

လူပေါင်းများစွာတို့သည် ရန်ကိုင် ထိတ်လန့်တုန်လှုပ်၊ မနာလိုအားကျသည့် အကြည့်ပေါင်းစုံဖြင့် ကြည့်နေခဲ့ကြသည်။ ရန်ကိုင် မည်သည့် နည်းလမ်းသုံး၍ သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားမှန်းသိသော်လည်း ထိုနည်းလမ်းသည် လုံးဝကို သာမန် မဖြစ်နိုင်ပေ။

ထို့အပြင် ရန်ကိုင် တစ်ယောက်သာ သဲမီးတောက်နယ်မြေထဲ ဝင်ထွက်နိုင်လေရာ ထိုထဲတွင် ရှိနေသော အဖိုးတန်ရတနာ အားလုံးကို သူ့စိတ်ကြိုက် အသုံးပြုနိုင်ပေလိမ့်မည်။

ရန်ကိုင်နှင့် ရန်ငြိုးရှိသည့်လူများမှာမူ ရန်ကိုင်၏ ကံကောင်းမှုကို ကြည့်ရင်း သွေးအန်မတတ် စိတ်ညစ်နေကြသည်။

ရန်ကိုင်သည် ဂျူနီယာတစ်ယောက်ပင် ဖြစ်လင့်ကစား အလွန်ကိုမှ ရင်ဆိုင်ရခက်သည့် လူတစ်ယောက် ဖြစ်နေခဲ့လေပြီ။ သူသာ သဲမီးတောက်နယ်မြေထဲရှိ အရင်အမြစ်အားလုံးကို တစ်ယောက်တည်း မောင်ပိုင်စီးပြီး အားကောင်းလာသည့် အခါကျ မည်သူကများ သူ့အား တားနိုင်ဦးမည်နည်း။

ထိုအချက်ကို နားလည်လိုက်သည့်နောက် ပညာရှင်များစွာတို့ တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏စိတ်ထဲ ရန်ကိုင်အား မည်ကဲ့သို့ သတ်လျှင် ကောင်းမည်လဲ ဆိုသည်နှင့် ပက်သက်၍ စတင် တွေးတောနေကြလေပြီ။

သို့သော် လူအကုန်လုံး ရန်ကိုင်အား သတ်ချင်နေကြခြင်း မဟုတ်၊ အရိပ်လခန်းမ၏ အကြီးအကဲချုပ် ချင်းတုန်၊ ကောင်းကင် ကံကြမ္မာမြို့တော်၏ မြို့သခင် ဖေးကျီတုတို့မှာမူ ရန်ကိုင်အား မြင်လိုက်သည်နှင့်နောက် ဝမ်းသာအံ့အားသင့်သွားခဲ့ကြသည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် ချင်းတုန်မှ လှမ်း၍ အော်ပြောလိုက်သည် “ရန်ကိုင်၊ မင်းဒီမှာနေနေတယ်ဆိုတာ အမှန်ပဲလား”

နဂါးလိုဏ်ဂူတောင် ပျက်စီးသွားပြီးနောက်တွင် ရန်ကိုင်နှင့် အခြားသူအားလုံး ဤနေရာသို့ ရောက်လာခဲ့သည်။ ရောက်ပြီးနောက်တွင် ဤနေရာ အနီးအနား၌ ရစ်သီရစ်သီ လုပ်နေကြသော ရတနာရှာသူအားလုံးကို မောင်းထုတ်လိုက်ပြီး ဤအနီးအနား ပတ်ပတ်လည် မိုင်တစ်သောင်းအား သူ့အပိုင်ဟု ကြေညာလိုက်သည်။ ရတနာရှာသူများ ထွက်ပြေးသွားပြီးနောက် ရန်ကိုင် ဤနေရာအား မောင်ပိုင်စီးထားသည့် သတင်းများ အရပ်ရပ်ဆီသို့ ပျံ့နှံ့သွားခဲ့လေသည်။

အရိပ်ကြယ်ပေါ်ရှိ ပညာရှင်အားလုံး ထိုသတင်း ရလိုက်သော်ငြား မည်သူမှ အလေးအနက် မထားခဲ့။

ရန်ကိုင်နှင့် သူ့နဂါးလိုဏ်ဂူတောင် အဖွဲ့သားများ သဲမီးတောက်နယ်မြေထဲတွင် အခြေချနေသည် ဆိုသော သတင်းကို မည်သူမှ မယုံကြချေ။ အများစုသည် ရန်ကိုင်မှ သူ့ဂုဏ်သတင်းအား မြှင့်တင်ရန်အတွက် အလကားသက်သက် ကောလဟာလများ လျှောက်လွှင့်နေခြင်း ဖြစ်သည်ဟုသာ ယုံကြည်ခဲ့ကြသည်။ ချင်းတုန်နှင့် ဖေးကျီတုပင် နဂါးလိုဏ်ဂူတောင် ပျက်စီးသွားသည့် အတွက် ရန်ကိုင် သူ့ဒေါသကိုများ ထိုလူများအပေါ်တွင့် ဖွင့်ထုတ်နေခြင်းလားဟုပင် တွေးမိသွားခဲ့သည်။

သို့သော်လည်း ယခုမူ မည်သူမှ ထိုကဲ့သို့ မတွေးရဲတော့ပေ။ ရန်ကိုင်သည် သူ့ကြယ်သင်္ဘောအသေးစားလေးနှင့် သဲမီးတောက် နယ်မြေမှ ထွက်လာသည်ကို အကုန်လုံး မျက်စိတပ်အပ် မြင်တွေ့လိုက်ရလေပြီ ဖြစ်လေရာ သူတို့ မယုံချင်လျှင်ပင် ယုံရပေတော့မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၇)

မေးလိုက်သူမှာ ချင်းတုန် ဖြစ်နေသည့်အတွက် ရန်ကိုင်လည်း ပြန်ဖြေပေးလိုက်သည်။ အသာအယာပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည် “အကြီးအကဲချင်နဲ့ မြို့သခင်ဖေးကို ဂျူနီယာ နှုတ်ဆက်ပါတယ်”

ချင်းတုန်နှင့် ဖေးကျီတုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ မျက်လုံးထဲ ပျော်နေသည့် အရိပ်အယောင်တို့ကို မြင်နေရပေသည်။

ရန်ကိုင်သည် အားကောင်းသော ကြယ်သင်္ဘောအား ပိုင်ဆိုင်ထားသည့်အတွက် သူတို့အပေါ် မလေးစား မလုပ်ဘဲ ယခင်ကကဲ့သို့ လေးလေးစားစား ဆက်ဆံနေဆဲပင်။ ထိုကောင်လေးသည် အမြင့်ရောက်သွားသည့်တိုင် သူတို့အား စီနီယာများအဖြစ် သဘောထားနေဆဲ။

ထိုအချက်ကို နားလည်လိုက်သည့်အခါ နှစ်ယောက်စလုံး စိတ်အေးလက်အေး ဖြစ်သွားကြသည်။

“အစ်ကိုဝေ၊ ညီမတုန်တို့လည်း ရောက်နေတာလား” စီနီယာ နှစ်ယောက်အား အရင် နှုတ်ဆက်ပြီးနောက် သူတို့နောက်တွင် ရပ်နေသော လူငယ်လေးနှင့် မိန်းကလေးဘက်သို့ လှည့်၍ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ထိုနှစ်ယောက်လည်း ရန်ကိုင်အား ပြန်နှုတ်ဆက်လိုက်ကြ၏။ နှစ်ယောက်စလုံး အလွန်ကိုမှ အံ့အားသင့်နေခဲ့ကြလေရာ သူတို့မျက်လုံးပင် သူတို့ မယုံချင် ဖြစ်နေခဲ့သည်။

“ရန်ကိုင်၊ ကောလဟာလတွေက…” ချင်းတုန် ထိုအချက်ကို အလွန် သိချင်နေမိသည်။

ရန်ကိုင်၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ပြန်ဖြေလိုက်လေသည် “ဟုတ်တယ်၊ ကောလဟာလတွေက အမှန်ပဲ။ ကျုပ်တို့အဖွဲ့က သဲမီးတောက်နယ်မြေထဲမှာ အခြေချနေတာ”

အသံအကျယ်ကြီး မအော်ပြောလိုက်သော်လည်း သူ့အသံကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံသွားလေသည်။

“ကောင်းတယ်” ချင်းတုန်စိတ်ထဲ ထိတ်လန့်သွားခဲ့သော်ငြား ရန်ကိုင်အတွက် ဝမ်းသာမိသွားခဲ့သည် “မင်းနေစရာ ရသွားတာ ကောင်းတယ်။ ဒီလို နေရာရထားတာ မင်းနဲ့ လုံးဝ ကွက်တိပဲ။ ဒီမှာဆိုရင် အရင်လို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မှာ စိတ်ပူစရာ မလိုတော့ဘူး”

သဲမီးတောက်နယ်မြေ၏ အတွင်းပိုင်းသည် အရိပ်ကြယ်ပေါ်၌ အလုံခြုံးနေရာဟု ပြော၍ရပေသည်။ မီးတောက်အကာအရံကြောင့် အခြား အင်အားစုများ၏ ကျူးကျော်တိုက်ခိုက်ခြင်း ခံရမည်ကို လုံးဝ စိုးရိမ်စရာမလိုချေ။ တန်ခိုးရှင်ဘုရင်အဆင့်သာ မရှိသရွေ့ သဲမီးတောက်နယ်မြေထဲသို့ မည်သူမှ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့်ပင် မသေချာသေးချေ။

“အခုလို စိုးရိမ်ပေးတဲ့အတွက် အကြီးအကဲချင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်ကို လာနှောင့်ယှတ်ရဲတဲ့ မျက်ကန်းရူးတွေလည်း ထပ်ရှိတော့မှာ မဟုတ်ပါဘူး”

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် လူအုပ်ထဲတွင် ရှိနေသော လူအချို့အား တမင်တကာ ဝေ့ကြည့်လိုက်သည်။

ရန်ကိုင် စကားကြောင့် လူအုပ်ထဲတွင် ရှိနေသော လူများစွာ သုန်မှုန်သွားခဲ့ကြသည်။

“ဂျူနီယာ အစတုန်းက စီနီယာတို့ကို အကြောင်းကြားမလို့ပဲ။ ဒါပေမယ့် ဒီရက်ပိုင်း အလုပ်ရှုပ်နေတော့ မအားဘူး ဖြစ်သွားတယ်။ စီနီယာတို့နှစ်ယောက် လူကိုယ်တိုင် ရောက်လာမှတော့ စကားလေး ဘာလေးပြောရအောင် အထဲတစ်ခါထဲ လာခဲ့ပါလား။ အစ်ကိုဝေနဲ့ ညီမတုန်တို့လည်း တစ်ခါတည်း လိုက်လာခဲ့လေ။ ဂျူနီယာ မေးချင်တာအချို့လည်း ရှိသေးတာဆိုတော့ တစ်ခါတည်း ကွက်တိဖြစ်သွားတာပေါ့” ရန်ကိုင်သည် ချင်းတုန်တို့အား အထဲသို့ လာရန် ဖိတ်ခေါ်လိုက်လေသည်။

“အထဲဝင်ရဖို့လား” ထိုစကားကို ကြားသည့်အခါ ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ယောက်စလုံး ပျော်သွားခဲ့ကြပြီး တွေဝေမနေဘဲ ချက်ချင်း ခေါင်းညိတ်လိုက်ကြလေသည် “ငါတို့လည်း လာချင်နေတာ၊ မင်းမဖိတ်ခေါ်မှာကိုပဲ စိုးရိမ်နေတာ”

“ဘယ်ကသာ၊ ဂျူနီယာ စီနီယာတို့ကို ကြိုဆိုတာပေါ့” ရန်ကိုင်က ရှေ့တက်လိုက်ပြီး “အထဲကို လာခဲ့ပါလား စီနီယာတို့”

ချင်းတုန်နှင့် ဖေးကျီတုတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ချက်ချင်း ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ထဲသို့ ပျံသန်းသွားလေသည်။ ဝေကုန်ချန်းနှင့် တုန်ရွှမ်းအာတို့သည်လည်း အကြည်ချင်း ဖလှယ်လိုက်ပြီး ချင်းတုန်တို့နောက် ချက်ချင်း လိုက်သွားကြသည်။ ငါမန်းပျံတိုက်ပွဲလွန်းယာဉ်သည် အပြင်ပိုင်းသာ သေးသော်ငြား အတွင်းပိုင်းသည် လူနှစ်ဆယ်၊ သုံးဆယ်လောက် ဝင်ဆံ့သည်အထိ ကျယ်ဝန်းပေသည်။ အခန်းများစွာလည်း ရှိပေသည်။ အထဲသို့ ရောက်လာသည့်အခါ အတွင်းပိုင်းကို ကြည့်ရင်း ချင်းတုန်နှင့် ဖေးကျီတုတို့ ချီးကျူးစကား ဆိုလိုက်သည်။

ယန်ယန်နောက်တွင် ရပ်နေသော ရီရှီယွင်ကို သတိပြုမိလိုက်သည့်နောက် နှစ်ယောက်သား သူမအား အပြေးအလွှား သွားနှုတ်ဆက်ကြလေသည်။

ရီရှီယွမ်နှင့် တွေ့သည့်အခါ နှစ်ယောက်စလုံး သူတို့ကိုယ်သူတို့ စီနီယာသဖွယ် မပြုမူရဲတော့ချေ။ ရီရှီယွမ်သည် သူတို့ထက် အများကြီး အသက်ကြီးပေသည်။

“အဲ့လောက်မျိုးတွေ လုပ်နေစရာမလိုဘူး။ ထိုင်စရာ တစ်ခု ရှာပြီးတော့သာ ထိုင်နေလိုက်။ ဂိုဏ်းချုပ် အပြင်က ကိစ္စတွေ ရှင်းနေတာကို ခဏလောက်စောင့်လိုက်၊ ပြီးရင် အထဲကို သွားလို့ ရပြီ” ရီရှီယွင်က ပြောလိုက်သည်။

ချင်းတုန်နှင့် ဖေးကျီတုတို့သည် သူမ ပြောသည့်အတိုင်း ထိုင်ခုံတစ်ခုံယူထိုင်ကာ ရန်ကိုင် ပြန်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်နေလိုက်သည်။

အကြီးအကဲနှစ်ယောက်ပင် ရေခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် တုန်တုန်ရီရီ ဖြစ်နေကြလေရာ ဂျူနီယာဖြစ်သော သူတို့ကကော ဘာများ ဘာပြောရဲမည်နည်း။ ထို့ကြောင့် ချင်းတုန်နှင့် ဖေးကျီတု နောက်တွင်သာ ရပ်နေလိုက်လေသည်။

ငါမန်းပျံတိုက်ပွဲလွန်းယာဉ် အပြင်ဘက်၌၊ ရန်ကိုင်သည် ခေါင်းကိုမော့၊ ရင်ကိုကော့လျက် ထူးမခြားနားဟန်ဖြင့် သူ့ရှေ့ရှိ လူအုပ်ကြီးအား ဝေ့ကြည့်နေခဲ့သည်။ ဤနေရာသည် သူ့ပိုင်နက် ဖြစ်သဖြင့် မည်သူလာလာ မကြောက်ပါချေ။

ခဏကြာ တိတ်ဆိတ်နေပြီးနောက်မှ ရန်ကိုင်မှ အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ဒီရန် အရင်က ပြောခဲ့တဲ့ စကားကို လူတိုင်းကြားမှာ မဟုတ်လောက်လို့ နောက်တစ်ကြိမ် ထပ်ပြောလိုက်မယ်။ အခုကနေစပြီး ဒီသဲမီးတောက်နယ်မြေက အထက်စကြာဝဠာဂိုဏ်းရဲ့ ပိုင်နက် ဖြစ်သွားပြီ။ ဒါကြောင့် ဒီမှာ ဆက်ပြီး နေမနေကြဖို့ အားလုံးကို သတိပေးချင်တယ်။ မဟုတ်ရင် ဂိုဏ်းကို လာရန်စတယ်လို့ သတ်မှတ်ရလိမ့်မယ်။ ကျုပ်ဂိုဏ်းကို လာရန်စတယ် ဆိုရင်တော့ အကျိုးဆက်ကို အားလုံး သိပါတယ်…”

“အထက်စကြာဝဠာဂိုဏ်း”

“အဲ့ဒါ ဘာဂိုဏ်းလဲ”

“အရိပ်ကြယ်ပေါ်မှာ အဲ့လိုဂိုဏ်း ရှိလို့လား”

လူအုပ်ကြားထဲ တီးတိုးပြောဆိုသံများစွာ ထွက်ပေါ်လာခဲ့သည်။ မိုရှောင်ရှန်းနှင့် အခြားပညာရှင်များမှာမူ တစ်ခုခုကို ခန့်မှန်းလိုက်သည့်အလား မျက်မှောင် ကြုတ်သွားကြလေသည်။

“အထက်စကြာဝဠာဂိုဏ်းဆိုတာ ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ပေါင်းပြီး တည်ထောင်ထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ။ ဂိုဏ်းရဲ့ ဠာနချုပ်က သဲမီးတောက်နယ်မြေထဲမှာ ရှိတယ်။ အခု ခင်ဗျားတို့ အားလုံး နားလည်ပြီလား” ရန်ကိုင်သည် နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်လေသည်။ အားလုံးအား နှင်ထုတ်ရင်း အထက်စကြာဝဠာဂိုဏ်း တည်ထောင်သည့် အကြောင်းကိုပါ တစ်ခါတည်း ကြော်ငြာဝင်သွားလိုက်လေသည်။

“အသစ်ထောင်ထားတဲ့ဂိုဏ်းလား”

“မင်းကလား”

သင်္ကာမကင်း လေသံများစွာတို့ ကျယ်သည်ထက် ကျယ်လောင်လာခဲ့သည်။

ထိုလူများ ထိုကဲ့သို့ တုန်ပြန်နေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ ဂိုဏ်းတစ်ဂိုဏ်း တည်ဆောက်ဖို့သည် လုပ်ချင်တိုင်း လုပ်လို့ရသည့် ကိစ္စတစ်ခုမှ မဟုတ်လေဘဲ။ ဂိုဏ်းတစ်ဂိုဏ်းတွင် အနည်းဆုံး အားကောင်းသည့် ပညာရှင် တစ်ယောက် ရှိနေရန် လိုအပ်ပေသည်။ အရိပ်ကြယ်ပေါ်ရှိ အားအနည်းဆုံး ဂိုဏ်းများတွင်ပင် တန်ခိုးရှင်အဆင့် ပညာရှင်များ ရှိပေသည်။ ကိုယ့်အဆင့် ကိုယ်မသိဘဲ သူတော်စင်ဘုရင် အဆင့်ဖြင့် ဂိုဏ်းထောင်သည့် ကျင့်ကြံသူများလည်း ရှိခဲ့ဖူးသည်။ သို့သော် ထိုဂိုဏ်းအားလုံး သမိုင်းတွင်သာ ကျန်ရစ်ခဲ့ရသည်။

ထို့ကြောင့် အကုန်လုံးသည် ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင် အဆင့် ဂျူနီယာတစ်ယောက်အား အရေးမစိုက်သလို အထက် စကြာဝဠာဂိုဏ်းကိုလည်း အလေးအနက် မထားကြချေ။

ထိုလူများ၏ တုန့်ပြန်ပုံကို ကြည့်ရင်း ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။

“ကောင်လေး” ရုတ်တရက် သူ့အား လှမ်းခေါ်လိုက်သည့် အထက်စီးဆန်ဆန် အသံတစ်သံ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သူ့အား မှုန်ကုန်ကုတ် အမူအရာဖြင့် စိုက်ကြည့်နေသော ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ မိုရှောင်ရှန်းအား တွေ့လိုက်ရလေသည် “မင်းပြောတာ အမှန်ပဲလား”

“စီနီယာမို ဘယ်လိုထင်လဲ” ရန်ကိုင်က မိုရှောင်ရှန်း၏ အမေးကို အမေးဖြင့်သာ ပြန်တုန့်ပြန်လိုက်သည်။ မိုရှောင်ရှန်းသည် နဂါးလိုဏ်ဂူတောင်အား တိုက်ခိုက်ခဲ့သည့် လူများအနက် တစ်ယောက် အပါအဝင် ဖြစ်သော်လည်း လောလောဆယ်တွင် ရန်ကိုင်အနေဖြင့် သူ့အား လက်စားပြန်မချေလိုသေးချေ။ လက်ရှိ သူ့ခွန်အားသည် အတော်လေးကိုမှ နိမ့်ကျလှသည်။ သူ့ခွန်အားကို သေချာ တိုးတက်အောင် လုပ်ပြီးမှသာ လက်စားချေမည့် အစီအစဉ်ကို အကောင်အထည် ဖော်ပေမည်။ မိုရှောင်ရှန်းအား လက်စားချေမည်ဆိုပါက ကောင်းကင်တိုက်ပွဲ အစည်းအရုံကိုပါ ရင်ဆိုင်ရပေလိမ့်မည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ပေါ့သေးသေးဂိုဏ်းတစ်ဂိုဏ်း မဟုတ်၊ အရိပ်ကြယ်၏ မဟာအင်အားစုကြီး သုံးခုအနက်တွင် တစ်ခု အပါအဝင်ဖြစ်သော အင်အားစုတစ်ခု ဖြစ်သည်။

ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခါ မိုရှောင်ရှန်း၏ မျက်လုံးများ မှေးစဉ်းသွားခဲ့သည်။ ခဏကြာပြီးနောက် ပြန်၍ မေးလိုက်သည် “မင်းဟာသလုပ်နေတယ်လို့တော့ ငါမထင်ဘူး။ မင်းတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သူလဲ”

“ဒီဂျူနီယာပါပဲ။ ဂျူနီယာက စီနီယာတို့နဲ့ ယှဉ်လိုက်ရင် ဝါနုသေးတော့ နောက်ပိုင်းကျရင် စီနီယာတို့ဆီ နည်းနည်းပါးပါး အကြံဥာဏ် လာတောင်းဖို့တော့ စဉ်းစားထားပါတယ်” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်သည်။

“ငါသိပြီ…” မိုရှောင်ရှန်း၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ သူတို့ လုပ်ခဲ့သည့် ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် သူတို့အား ကျိန်းသေ အလွတ်ပေးမည် မဟုတ်မှန်း မိုရှောင်ရှန်း သိသည်။ ယခုအချိန်တွင် သူလည်း ပြဿနာ မရှာချင်သေးချေ။ ထို့ကြောင့် ပြုံးလျက် ပြန်ပြောလိုက်လေသည် “မိတ်ဆွေလေးရန်က လူအများကြားက နဂါးတစ်ကောင်ပဲဆိုတော့ တည်ထောင်စ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လုပ်တာ ဘာမှမမှားဘူး။ အင်း၊ မိတ်ဆွေလေးရန်ရဲ့ ဂိုဏ်းက ငါတို့ တိုက်ပွဲအစည်းအရုံးထက် အားမနည်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ၊ နောက်ပိုင်းဆိုရင် ငါတို့ဂိုဏ်း ထက်တောင် ပိုပြီး အားကောင်းလာနိုင်သေးတယ်။ ဂုဏ်ယူပါတယ်ကွာ၊ ဒါကတကယ်ကို ဂုဏ်ယူသင့်တဲ့ အဖြစ်အပျက် တစ်ခုပဲ”

ရန်ကိုင်၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည် “စီနီယာမို အရမ်း ယဉ်ကျေးနေတာပဲ။ အထက်စကြာဝဠာဂိုဏ်းက ဒီဂျူနီယာနဲ့ သူ့မိတ်ဆွေတွေ နေစရာရှာရင်း ရှာတွေ့ခဲ့တာ။ ဒီဂိုဏ်းရဲ့ မူဝါဒက ဒီဂျူနီယာနဲ့ အတူတူပဲ။ ကျုပ်တို့တွေက အေးအေးဆေးဆေးပဲ နေချင်ကြတာ။ ကျုပ်တို့ကို လာရန်မစရင် ဘယ်သူ့ကိုမှလည်း သွားရန်မရှာဘူး”

ခွေးအိုကြီး၊ ငါကိုများ အခြားလူတွေနဲ့ လာရန်တိုက်ပေးချင်နေသေးတယ်

ပြုံးမြဲပြုံးလျက် ရန်ကိုင်သည် မိုရှောင်ရှန်းအား စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေလိုက်သည်။ လူအိုကြီးသည် တပြုံးပြုံးဖြင့် ပြောနေသော်လည်း သူ့စကားမှာ အလွန်ကိုမှ သံသယဝင်စရာ ကောင်းလှသည်။ အရိပ်ကြယ်ပေါ်တွင် မဟာအင်အားစုကြီး သုံးခု ရှိသည်။ ကြယ်ဧကရာဇ်တောင်သည် ပြင်ပ အရေးကိစ္စများတွင် ဝင်ပါလေ့မရှိသည့်အတွက် ထိုအင်အားစုကို ဘေးဖယ်ထား၍ ရပေသည်။ နောက်ထပ် အင်အားစုနှစ်ခုသည် မိုးကြိုးမုန်တိုင်ဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးတို့ပင် ဖြစ်လေသည်။ ထိုကဲ့သို့သော မဟာအင်အားစုမျိုး နောက်ထပ် တစ်ခုသာ ထပ်ထွက်ပေါ်လာပါက အခြား အင်အားစုများအတွက် ဘေးကြပ်နံကြပ် ဖြစ်ကုန်ကြရပေလိမ့်မည်။

မိုရှောင်ရှန်းသည် အခြား အင်အားစုများနှင့် အထက်စကြာဝဠာဂိုဏ်းအား ရန်တိုက်ပေးနေခြင်း ဖြစ်သည်။

“ ‘ငါတို့ကို လာရန်မစရန် ငါတို့ကလည်း ရန်ပြန်မရှာဘူး’ ကောင်းလိုက်တဲ့ မူဝါဒ” မိုရှောင်ရှန်း၏ မျက်ဝန်းထဲ ဒေါသ အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။ ရန်ကိုင်၏ စကားကို သူနားမလည်ဘဲ ဘယ်နေမည်နည်း။ ရန်ကိုင်သည် နဂါးလိုဏ်ဂူ တောင်အား တိုက်ခိုက်ခဲ့သည့် လူများအား အလွတ်ပေးမည် မဟုတ်ဟု စောင်းချိတ်ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

သို့သော်လည်း လက်ရှိအချိန်သည် ပြဿနာရှာလို့ ကောင်းသည့် အချိန်မဟုတ်သေးချေ။ ထို့ကြောင့် ခဏလောက် စဉ်းစားပြီးနောက် မိုရှောင်ရှန်းက ပြန်မေးလိုက်သည် “မိတ်ဆွေလေးရန်က ဂိုဏ်းချုပ် ဖြစ်လာပြီဆိုမှတော့ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေမှာပဲ။ မိတ်ဆွေလေးသာ ဒီလူအိုကြီးကို အထဲဝင်ခွင့်ပေးမယ်ဆိုရင် မိတ်ဆွေလေးရန် ပြဿနာကြုံနေရတဲ့ နေရာတွေမှာ ကူညီပေးနိုင်တယ်နော်။ မိတ်ဆွေလေးရန်၊ မဟုတ်ဘူး၊ ဂိုဏ်းချုပ်ရန် ဘယ်လိုထင်လဲ”

“ဒါကတော့ သိပ်အဆင်ပြေမှာ မဟုတ်လောက်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် ယတိပြ ပြန်ပြောချလိုက်သည် “စီနီယာမိုလည်း မြင်တာပဲ။ ကျုပ်တို့ဂိုဏ်းက အခုမှ စတည်ဆောက်ခါစပဲ ရှိသေးတာ။ ဧည့်သည်တွေ လက်ခံလို့ အဆင်မပြေသေးဘူး။ နောက်ပိုင်းကျရင်တော့ စီနီယာကို လာလည်ဖို့ ဖိတ်ရင် ဖိတ်မှာပေါ့”

မိုရှောင်ရှန်း တိတ်သွားခဲ့သည်။ အထက်စကြာဝဠာဂိုဏ်းထဲသို့ သူဝင်လိုခြင်းသည် ၎င်း၏ လျှို့ဝှက်ချက်များအကြောင်း စူးစမ်းလိုသည့်အတွက် မဟုတ်ဘဲ ဧကရာဇ်ဥယျာဉ် ဤနေရာ၌ ရုတ်တရက် ပေါ်လာသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သူသာ ဧကရာဇ်ဥယျာဉ်အနီးသို့ သွားနိုင်ပါက သဲမီးတောက်နယ်မြေ အပြင်ဘက်တွင် ထိုင်စောင့်နေလိမ့်မည် မဟုတ်ချေ။

မဟုတ်လျှင် ဧကရာဇ်ဥယျာဉ် ပွင့်လာသည့်အခါ အထဲ၌ ရှိနေသော လူများသည် အပြင်ဘက်တွင် ရှိနေသော လူများထက် စောစော ကြိုထွက်ခွင့်ရပေလိမ့်မည်။ သူတို့ အမြန်ဆုံး သွားလျှင်ပင် မီးတောက်အကာအရံအား ကျော်လွန်ပြီး ဧကရာဇ် ဥယျာဉ်ဆီသို့ ရောက်ရှိရန် အနည်းဆုံး နေ့တစ်ဝက် အချိန် ယူရပေလိမ့်မည်။

တကယ်တော့ သဲမီးတောက်နယ်မြေသည် သေးသေးလေးမှ မဟုတ်လေဘဲ။

နေ့တစ်ဝက်စာ အချိန်ဆို၍ နည်းနည်းလေးဟု သွားမယူသင့်ပေ။ ထိုနေ့တစ်ဝက်စာ အချိန်အတွင်း သူတို့ ရရှိမည့် ရတနာအားလုံးကို အခြားသူများမှာ သိမ်းကြုံး ယူသွားနိုင်ပေသည်။

မိုရှောင်ရှန်းသာမဟုတ်၊ အခြား ပညာရှင်များတွင်လည်း ထိုကဲ့သို့ အတွေးမျိုး ရှိနေကြသည်။

မိုရှောင်ရှန်း ရန်ကိုင်နှင့် သွားဆွေးနွေးသည်မှာ အလုပ် မဖြစ်မှန်း သိလိုက်သည့်အခါ ချန်ဖုန်းရွှမ်းမှ ရှေ့တက်၍ အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် “ကျုပ်တို့တွေ အကုန်လုံး အဝေးကြီးကနေ လာခဲ့ရတာ ဂိုဏ်းချုပ်ရန် ကျုပ်တို့ကို အထဲ ခေါ်ပြီး လက်ဖက်ရည်လေး ဘာလေးတော့ တိုက်သင့်တာပေါ့။ ဘာလို့ အပြင်မှာပဲ ရပ်စောင့်နေခိုင်းတာလဲ”

“ဟုတ်တယ်။ ကျုပ်တိုအားလုံး ထိုင်ပြီး ဒီအကြောင်းကို အေးအေးဆေးဆေး ဆွေးနွေးလို့ရတယ်လေ”

“ဟုတ်တယ်၊ ဂိုဏ်းချုပ်ရန် ဧည်သည့်တွေကို ဒီလောက်တော့ မစိမ်းကားသင့်ဘူး”

ချက်ချင်းဆိုသလို ချန်ဖုန်းရွှမ်မျ အစပြုလိုက်သည်နှင့် အရှက်မရှိ အော်ဟစ်သံများ တစ်ယောက်တစ်ယောက် စတင် ထွက်ပေါ်လာလေတော့သည်။

ရန်ကိုင်ကမူ ထိုအော်သံများကို အာရုံစိုက်မနေဘဲ ထူးမခြားနားဟန်ဖြင့် အော်သံများ တိတ်သွားသည့် အချိန်ထိ ရပ်စောင့်နေလိုက်သည်။ ထိုအခါမှ ပြန်အော်ပြောလိုက်သည် “ဒီရန် အားလုံးကို အထဲ မဖိတ်ခေါ်ချင်တာ မဟုတ်ဘူး။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။ အပြင်လူတွေ အများကြီး ခင်ဗျားတို့ ဂိုဏ်းနားကို ခွင့်ပြုချက်မရှိဘဲ ရောက်လာရင် ခင်ဗျားတို့ ဘယ်လို တုန့်ပြန်မလဲ။ အတင်းအကြပ် နှင်ထုတ်မှာမလား။ ဒါပေမယ့် ဒီရန် ဂိုဏ်းက အခုမှ စထောင်ခါလည်းဖြစ်၊ လူသိရှင်ကြားလည်း မကြေညာရသေးတော့၊ ဒီတစ်ကြိမ်ကို ခွင့်လွှတ်ပေးလိုက်မယ်။ ဒါကြောင့် အားလုံး မြန်မြန်လေး ထွက်သွားပေးကြပါ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၈)

“ဒါကလည်း အထက်စကြာဝဠာဂိုဏ်းရဲ့ ပိုင်နက်လား” တစ်ယောက်ယောက်က မေးလိုက်သည်။

“ဟုတ်တယ်။ အခုအချိန်ကစပြီး ဒီမီးတောက်အကာအရံကနေ အပြင်ဘက် မိုင်တစ်ရာပတ်လည်က ကျုပ်တို့ အထက်စကြာဝဠာ ဂိုဏ်းရဲ့ ပိုင်နက်ဖြစ်သွားပြီ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ကျုပ်ပိုင်နက်အတွင်းကို ကျုပ်ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ခြေချခွင့်မရှိဘူး။ မဟုတ်ရင် အထက်စကြာဝဠာဂိုဏ်းကို ကျူးကျော်တယ်လို့ သတ်မှတ်မယ်”

သူ့စကား ဆုံးသွားသည်နှင့် လူတိုင်း မျက်မှောင် ကြုတ်သွားခဲ့သည်။

သားရဲများတောင်တန်းမှ အဘွားကြီးသည် သူမ၏ နဂါးခေါင်း တုတ်ကောက်နှင့် မြေကြီးအား ခေါက်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ကောင်လေး၊ နင်ငါတို့ကို လာပြီး ခြိမ်းခြောက်နေတာလား”

“ကျုပ်ခြိမ်းခြောက်နေတယ်လို့ ထင်နေတာလား” ရန်ကိုင်က ခေါင်းစောင်းပြီး ရယ်သွမ်းသွေးလျက် မေးလိုက်သည် “အဲ့လိုဆို ကျုပ်မေးပါဦးမယ်။ စီနီယာဖုန်းတို့ရဲ့ သာရဲများတောင်တန်းနားကို အပြင်လူတွေကို ခြေချခွင့်ပေးလား။ အနားမပြောနဲ့၊ မိုင်တစ်သိန်း အကွာကိုတောင် အပြင်လူတွေကို လာခွင့်ပေးလို့လား”

ထိုစကားကို ကြားသည့်အခါ အဘွားကြီးဖုန်း ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

“ကောင်းကင်တိုက်ပွဲ အစည်းအရုံးကော” ထို့နောက် မိုရှောင်ရှန်းဘက်သို့ လှည့်၍ မေးလိုက်ပြန်သည်။

“မိုးကြိုးမုန်တိုင်းဂိုဏ်းကော” ရန်ကိုင် ချန်ချီဖုန်းဘက်သို့ လှည့်ကြည့်လိုက်ရာ ချန်ချီဖုန်းသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ အခြားတစ်ဖက်သို့ လှည့်သွားလေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းလျက် “စီနီယာတို့က ဂုဏ်အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုပဲ ကျုပ်လို ဂျူနီယာတစ်ယောက်နဲ့ ဘာလို့ လာပြီး ငြင်းခုံနေတာ။ ဒီလောကကြီးမှာ ရှိတဲ့ ဂိုဏ်းတိုင်း သူတို့ ပိုင်နက်နားကို အခြားလူတွေ ကပ်လာရင် ကြိုက်ကြတာမှ မဟုတ်တာ။ ကျုပ်သိသလောက်ဆို ပထမအဆင့် အင်အားစုတွေကို သူတို့ဂိုဏ်းရဲ့ မီတာတစ်ထောင်ပတ်လည်ကို ဘယ်သူ့ကိုမှ ခြေချခွင့်ပေးတာ မဟုတ်ဘူး။ ကျုပ်အများကြီး တောင်းနေတာ မဟုတ်ဘူး။ မီတာတစ်ရာပဲ။ အဲ့လောက်လေးကိုတောင် ကျုပ်ကို လွန်တယ်ဆိုပြီး လာပြောနေတာ ခင်ဗျားတို့ များနေတယ် မထင်ဘူးလား။ ဘာလဲ။ ကျုပ်ကလည်း ငယ်သေးတယ်၊ ကျုပ်ဂိုဏ်းကလည်း အခုမှ တည်ထောင်စဆိုတော့ ခင်ဗျားတို့ စိတ်ကြိုက် အနိုင်ကျင့်လို့ရတယ် ထင်နေတာလား။ ကျုပ်ရဲ့ အထက်စကြာဝဠာဂိုဏ်းကို ခင်ဗျားတို့ အရေးမစိုက်တာလား။ ကျုပ်တို့ ပြောချင်ရာပြော၊ ခင်ဗျားတို့က ဂရုမစိုက်ဘူးပေါ့၊ ဟုတ်လား”

ပြောရင်းပြောရင်း ရန်ကိုင်၏ အကြည့် တဖြည်းဖြည်း ခက်ထန်လာခဲ့သလို သူ့လေသံမှာလည်း အေးစက်သည်ထက် အေးစက်လာခဲ့လေသည်။

“ဂိုဏ်းချုပ်ရန် ကျွန်မ စကားနည်းနည်းလောက် ပြောလို့ရမလား” ရုတ်တရက် လူအုပ်ထဲမှ နှစ်လိုဖွယ်ကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ အကုန်လုံး၏ အာရုံသည် ထိုအသံ ထွက်ပေါ်လာသည့် နေရာဆီသို့ ရောက်သွားခဲ့လေသည်။

ရန်ကိုင် လှည့်ကြည့်လိုက်ရာ အဘွားကြီးဖုန်းဘေးတွင် ရပ်လျက် သူ့အား အပြုံးဖြင့် လှမ်းကြည့်နေသော မိန်းမလှလေး တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုမိန်းကလေး မည်သူမှ ရန်ကိုင်မသိသော်ငြား အဘွားကြီး ဖုန်းဘေးတွင် ရပ်နေသည့် အတွက်ကြောင့် သားရဲများတောင်တန်းမှ တစ်ယောက် ကျိန်းသေ ဖြစ်ပေလိမ့်မည်။

“မိန်းကလေး ဘာပြောချင်လို့လဲ” ရန်ကိုင်က သူမဘက်သို့ လှည့်ကာ မေးလိုက်သည်။

မိန်းကလေးသည် အရင်ဦးစွာ ရှေ့သို့တိုး၍ ကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။ သူမ၏ ကျော့ရှင်းသော အမူအရာ၊ ချိုသာသော အပြုံးကြောင့် သူမအား မြင်လိုက်သူတိုင်း သဘောကျမည်မှာ မလွဲမသွေပင်။

သူမ၏ နှုတ်ခမ်းလေးကွေးလျက် ချိုသာစွာ ပြောလိုက်သည် “ဒါကျွန်မတို့ ပထမဆုံးအကြိမ်တွေ့တာ မဟုတ်တော့ဘူး၊ ဂိုဏ်းချုပ်ရန်၊ ကျွန်မက သားရဲများတောင်တန်းရဲ့ တပည့် ဖုန်းရန်ပါ”

“ဖုန်းရန်” ထိုနာမည်ကို ကြားသည့်အခါ ရန်ကိုင် မျက်ခုံး ပင့်လျက် အဘွားကြီးဖုန်းအား လှမ်းကြည့်လိုက်သည်။ သူမ၏ မျိုးရိုးနာမည်သည် အဘွားကြီးဖုန်းနှင့် အတူတူပင်။ ထိုမိန်းကလေး၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ကဲ့သို့ သိပ်မမြင့်ဘဲ သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည်။ သို့တိုင် အဘွားကြီးဖုန်းနှင့် ဘေးချင်းယှဉ် ရပ်နေနိုင်ပုံကို ကြည့်လျှင် သူမသည် အဘွားကြီးဖုန်း၏ မျိုးဆက် တစ်ယောက် ဖြစ်သည်မှာ သေချာသလောက် ရှိသည်။ ထို့အပြင် အတော်လေး အရည်အချင်း ရှိရပေလိမ့်မည်။ မဟုတ်လျှင် စီနီယာများရှေ့မှောက်တွင် ရှေ့ထွက်ပြီး စကားပြောရဲလိမ့်မည် မဟုတ်ချေ။

“ညီမ ဂိုဏ်းချုပ်ရန်ကိုင် ဘာအကြံမှ မပေးရဲပါဘူး။ တစ်ခုလောက်ပဲ သတိပေးချင်တာပါ။ ဂိုဏ်းချုပ်ရန် သိတဲ့အတိုင်း အရင်က ဒီနေရာက အရိပ်ကြယ်ရဲ့ တားမြစ်နေရာသုံးခုထဲက တစ်ခုလေ။ လူတိုင်းလာလို့ ရတဲ့နေရာတစ်ခုပေါ့။ သဲမီးတောက် နယ်မြေ ဖွင့်တိုင်း အရိပ်ကြယ်ပေါ်က အင်အားစုတိုင်းက လူတွေ ဒီနေရာကို လာတာ ဂိုဏ်ချုပ်ရန်လည်း သိပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ဂိုဏ်းချုပ်ရန်က ဒီနေရာကို အထက်စကြာဝဠာ ဂိုဏ်းရဲ့ အပိုင်လုပ်ပစ်လိုက်တာ သိပ်ပြီးတော့ မသင့်တော်ဘူးလို့ ညီမထင်လို့ပါ” ဖုန်းရန်သည် အဓိက ပြသနာကြီးတစ်ခုအား ပွင့်ပွင့်လင်းလင်း ထောက်ပြသွားခဲ့သည်။ ထိုစကားကို ကြားသည့်အခါ အင်အားစုများစွာမှ ပညာရှင်များအားလုံး၏ မျက်ဝန်းများ လင်းလက်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။

အကုန်လုံး ဖုန်းယန်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။ ကြည့်လိုက်ကတည်းက ဖုန်းယန်သည် ဥာဏ်ပြေးသည့် မိန်းကလေး တစ်ဦးမှန်း သိသာသည် “တကယ်တမ်း ပြောရရင် သဲမီးတောက်နယ်မြေကို အရိပ်ကြယ်ပေါ်မှာရှိတဲ့ အင်အားစုတိုင်း ပိုင်တယ်။ အခု ဂိုဏ်းချုပ်ရန်ရဲ့ လုပ်ရပ်က အခြားသူပစ္စည်းကို လုယူသလို ဖြစ်နေတယ်။ ကျွန်မတို့ သားရဲများတောင်တန်းက ဂိုဏ်းချုပ်ရန်ပစ္စည်းကို လာလုယူရင် ဂိုဏ်းချုပ်ရန်ကော ကြိုက်မှာလား။ မကြိုက်ဘူးမလား။ ဂိုဏ်းချုပ်ရန်တောင် မကြိုက်တာကို ကျွန်မတို့ကလည်း ဘယ်လိုလုပ်ပြီး ကြိုက်ပါ့မလဲ။ ဒါကြောင့် ဒီနေရာကို ဂိုဏ်းချုပ်ရန် အပိုင်လို့ မသတ်မှတ်ခင် အခြား အင်အားစုတွေရဲ့ အထင်အမြင်ကို အရင်မေးသင့်တယ်လို့ ကျွန်မပြောချင်တာ”

“ဟုတ်တယ်” မိုရှောင်ရှန်းသည် အခွင့်အရေး ရသည်နှင့် ချက်ချင်း ဝင်ဟောင်တော့လေသည် “သဲမီးတောက်နယ်မြေက အများပိုင်ပဲ။ အထဲမှာရှိတဲ့ ရတနာတွေကိုလည်း အကုန်လုံး ပိုင်တယ်။ ဘယ်သူမှ တစ်ယောက်တည်း မောင်ပိုင်စီးလို့ မရဘူး”

“အကုန်လုံး ပိုင်တာလား” ရန်ကိုင်က ရိသဲ့သဲ့ပြုံးလျက် “အဲ့ဒါ အရင်တုန်းကလေ။ အခုမှ မဟုတ်တော့တာ။ အခု သဲမီးတောက် နယ်မြေက အထက်စကြာဝဠာဂိုဏ်းရဲ့ အပိုင်ဖြစ်သွားပြီ။ ခင်ဗျားတို့ မကျေနပ်ဘူးဆိုရင် ကျုပ်ဆီကနေ လာလုလို့ရတယ်။ ခင်ဗျားတို့ ဒီမီးတောက်အကာအရံကို ဖြတ်ကျော်နိုင်တယ်ဆိုရင် ဒီရန် သဲမီးတောက်နယ်မြေတစ်ခုလုံးကို ခင်ဗျားတို့လက်ထဲ ဘာအထွန့်မှမတက်ဘဲ ထည့်ပေးလိုက်မယ်”

“ဂိုဏ်းချုပ်ရန်…” ဖုန်းရန် မျက်မှောင်ကြုတ်သွားခဲ့ပြီး အနည်းငယ် မကျေနပ်သည့် လေသံဖြင့် ပြန်ပြောလိုက်သည် “အဲ့လောက်ကြီး ရန်လိုနေစရာ လိုလို့လား။ ဂိုဏ်းချုပ်ရန် အဲ့လိုလုပ်နေမယ်ဆိုရင် အကုန်လုံးနဲ့ ရန်သူ ဖြစ်ကုန်လိမ့်မယ်နော်။ အကျိုးဆက်ကို ဂိုဏ်းချုပ်ရန် နားမလည်တာလား”

ဖုန်းယန်စကားကို ကြားသည့်အခါ ရန်ကိုင်မျက်နှာ လှောင်ရယ်လိုသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေသည် “အကုန်လုံးနဲ့ ရန်သူဖြစ်ကုန်မှာ၊ ဟုတ်လား။ အဲ့လိုပြောကြေးဆို အရင်တုန်းက ငါတို့ နဂါးလိုဏ်ဂူတောင်က ဘယ်သူ့ကိုမှ ရန်မစခဲ့ဘူးလေ။ အဲ့ဒါကို ဘာလို့ ငါတို့ ဝိုင်းတိုက်ခံခဲ့ရတာလဲ။ ငါတို့ နဂါးလိုဏ်ဂူတောင်တစ်ခုလုံး ဘာလို့ အဖျက်စီးခံလိုက်ရတာလဲ။ ဒီရန် ကံကောင်းလို့ပေါ့၊ မဟုတ်ရင် အဲ့တောင်မှာ တစ်ခါတည်း မြေမြုပ်ခံနေရလောက်ပြီ။ အကုန်လုံးနဲ့ ရန်သူဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ငါသောက်ဂရုမစိုက်တော့ဘူး။ ငါ့သောက်လုပ်လည်း မဟုတ်ဘူး။ ကောင်မလေး၊ နင့်အဆင့်လောက်နဲ့ ငါကို ခြေရာလာတိုင်းဖို့ မကြိုစားနဲ့။ နင်အဆင့်မမှီသေးဘူး။ ပြောချင်တယ်ဆိုရင် နင့်အကြီးအကဲကို ရှေ့ထွက်လာခိုင်းလိုက်”

“ရှင်…” ဖုန်းယန် သူမ၏ နီစွေးစွေး နှုတ်ခမ်းအစုံအား ခပ်တင်းတင်း ကိုက်လိုက်ပြီး ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်ကာ “ဂိုဏ်းချုပ်ရန်၊ ရှင်အဲ့လောက် ယုတ္တိမတန်နဲ့လေ”

“ယုတ္တိမတန်တာ၊ ဟတ်။ ဒီလောကကြီးမှ လက်သီးကြီးတဲ့ လူတိုင်းရဲ့ စကားက အကျိုးအကြောင်းသင့်တယ် ဆိုတာကို မိန်းကလေး အခုထိ နားမလည်သေးတာလား” ရန်ကိုင်၏ အထင်တသေး လှောင်ပြောင်လိုသည့် အကြည့်ကြောင့် ဖုန်းချန် တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီသွားရသည်။ လူအုပ်ကြားထဲတွင် အရှက်ခွဲခံလိုက်ရသော်ငြား ရန်ကိုင်၏ စကားအား မည်ကဲ့သို့ ခွန်းတုန့်ပြန်ရမလဲ သူမ မသိပါချေ။

အခြားသူများအား ဆက်ပြဿနာရှာခွင့် မပေးတော့ဘဲ လူအုပ်ကြီးအား အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်၍ အားလုံး ကြားစေရန်အတွက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် “ဒီရန် ပြောသင့်တာအားလုံး ပြောပြီးသွားပြီ။ အဲ့ဒါကိုမှ ခင်ဗျားတို့ ဆက်နေဦးမယ်ဆိုရင်တော့ နောက်ပိုင်း ခင်ဗျားတို့ ဂိုဏ်းဆီ ကျုပ်လာလည်တော့မှ မညိုညင်နဲ့ပေါဗျာ။ ခင်ဗျားတို့က ကျုပ်ပြောတာကို သောက်ရေးမစိုက်ဘူးဆိုရင် ကျုပ်ကလည်း ဘယ်သူ့ကိုမှ သောက်ရေးစိုက်နေမှာ မဟုတ်ဘူး။ ခင်ဗျားတို့ လုပ်ရပ်ကြောင့် ခင်ဗျားတို့ဂိုဏ်း တစ်ခုခု ဖြစ်သွားရင်လည်း ဒီရန်ကို လာအပြစ်မတင်တော့နဲ့။ ဒီရန် အားလုံးကို ကြိုပြီး သတိပေးပြီးသွားပြီ”

ရန်ကိုင်သည် မည်သူ့ မျက်နှာကိုမှ မငှဲ့ကွက်တော့ဘဲ ပြောစရာရှိသည်ကို ပြောချပစ်လိုက်လေသည်။ ရန်ကိုင်၏ စကားကြောင့် လူတော်တော်များများ မျက်နှာပျက်သွားခဲ့သည်။

လူအုပ်ကြီး၏ တုန့်ပြန်မှုအပေါ် ရန်ကိုင် အတော်လေး ကျေနပ်သွားခဲ့သည်။ သူတို့ သူ့အား ကြောက်နေသရွေ့ သူစိတ်မကျေနပ်အောင် လုပ်ရဲလိမ့်မည် မဟုတ်ချေ။ နဂါးလိုဏ်ဂူတောင် ပြသသွားသည့် ခွန်အားသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းပေသည်၊ အထူးသဖြင့် တန်ခိုးရှင် ဘုရင်အဆင့် ကြယ်သင်္ဘောပင်။ အကုန်လုံး တကယ်တမ်း ကြောက်နေသည်မှာလည်း ထိုတန်းခိုရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကိုပင် ဖြစ်လေသည်။ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော၏ အမြှောက်များသည် သူတို့ဂိုဏ်းအား ကာကွယ်ထားသည့် အကာအရံအတားကိုပင် ဖျက်စီးပစ်နိုင်စွမ်း ရှိပေသည်။

ရုတ်တရက် ရန်ကိုင်၏ အကြည့်သည် လူအုပ်ထဲရှိ တစ်နေရာဆီသို့ ရောက်သွားခဲ့သည်။ ပျော်ရွှင်စွာပြုံးလျက် အသံကျယ်ကျယ်ဖြင့် လှမ်းအော်ခေါ်လိုက်လေသည် “အစ်မတိုက်ယွမ်ပါလား”

လူအုပ်ထဲတွင် ကုန်းအောင်ဖု၊ တိုက်ယွမ်နှင့် ယင်စုတျယ်တို့ ဦးဆောင်လာသည့် ဖန်သွေးရောင်ဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့ ရှိနေသည်။

သူတို့ဖွဲ့ကို ရန်ကိုင် ယခုမှသာ မြင်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင် သူမအား လှမ်းခေါ်နေသည်ကို ကြားသော် တိုက်ယွမ် ယဲ့ယဲ့လေးပြုံးလိုက်ပြီး ပြန်ခေါင်းညိတ်လိုက်ပြီး။

“အစ်မတိုက်ယွမ်လည်း ရောက်နေမှတော့ တစ်ခါတည်း အထဲ ဝင်လာခဲ့လိုက်ပါလား။ စကားလေးဘာလေး ပြောကြရအောင်” ရန်ကိုင်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

ချက်ချင်းဆိုသလို အကုန်လုံး၏ အကြည့်သည် တိုက်ယွမ် ပေါ်သို့ စုပြုံ ရောက်ရှိသွားခဲ့လေသည်။

တိုက်ယွမ်သာ မိန်းမချောလေး တစ်ယောက် ဆိုပါက ရန်ကိုင် သူမအား ဖိတ်ခေါ်သည်မှာ နည်းနည်း နားလည်နိုင်ပေသေးသည်။ လူငယ်တိုင်း မိန်းမချောလေးများကို ကြိုက်ကြသည်မှာ သဘာဝသာ မဟုတ်ပေလော။

သိုသော်လည်း တိုက်ယွမ်သည် မလှရုံမက အလွန်ကိုမှ ကြည့်ရဆိုးလှပေသည်။ သူမ ကိုယ်လုံးကိုယ်ပေါက်သည် အတော်လေးကိုမှ စွဲမက်ဖွယ်ကောင်းလျှင်ပင် သူမ မျက်နှာသည် အလွန်ကိုမှ အရုပ်ဆိုးလှပေသည်။ ကျောက်ပေါက်မာများ၊ မှဲ့ခြောက်များ၊ ဝက်ခြုံတင်းတိပ်များ ပြည့်နေသည့် သူမ၏ မျက်နှာကို မြင်လိုက်သည်နှင့် တဏှာဇော ငယ်ထိပ် ရောက်နေသည့်လူပင် ချက်ချင်း သူတော်စင် ဖြစ်သွားနိုင်သည်။

ထိုကဲ့သို့သော မိန်းကလေးတစ်ယောက် လမ်းလျှောက်ထွက်ရင် အကုန်လုံး သူမနှင့် တတ်နိုင်သမျှ အကြည့်ချင်း ရှောင်ကြပေလိမ့်မည်။

သို့သော်လည်း ဖုန်းယန်ကဲ့သို့ မိန်းမချောလေး တစ်ယောက်အား လူရှေ့သူရှေ့တွင် နည်းနည်းလေးမှ တွေဝေမနေဘဲ အရှက်ခွဲခဲ့သော ရန်ကိုင်သည် တိုက်ယွမ်ကဲ့သို့ မိန်းကလေးတစ်ယောက်အား သူတို့ဂိုဏ်းဆီ လာလည်ရန် ဖိတ်ခေါ်နေသည်။

ဘာတွေများ ဖြစ်နေလေသနည်း။

ထိုကောင်လေး၏ အကြိုက်များ ထူးဆန်းနေလေသလား။ မိန်းမချောလေးများကို မနှစ်သက်ပဲ ရုပ်ဆိုးသည့် မိန်းမများကိုသာ နှစ်သက်ခြင်းပေလား။ ထိုအတွေး သူတို့စိတ်ထဲ ဖြတ်ပြေးသွားသော် လူများစွာ အလိုလို ခေါင်းခါမိလိုက်ကြသည်။

“ငါ…” လူပေါင်းများစွာ၏ အကြည့်ကြောင့် တိုက်ယွမ် မျက်နှာမဲ့သွားခဲ့လေသည်။ လူပေါင်းများစွာသည် ရန်ကိုင်နှင့် ဆန့်ကျင်ဘက် ပြုနေသဖြင့် သူမ မည်ကဲ့သို့ ပြန်ဖြေရမလဲ အကြပ်ရိုက်သွားခဲ့သည်။

ကုန်းအောင်ဖုက ရန်ကိုင်၏ စကားကို ကြားသော် ယဲ့ယဲ့လေး ပြုံးသွားခဲ့သည်။ ထို့နောက် တိုက်ယွမ်အား လေသံတိုးတိုးဖြင့် လှမ်းပြောလိုက်လေသည် “ယွမ်အာ၊ သူကိုယ်တိုင် ဖိတ်ခေါ်နေတာကို နင်ဘာလို့ အင်တင်တင် လုပ်နေတာလဲ။ တစ်ချက် လိုက်သွားကြည့်လိုက်။ ဖြစ်နိုင်ရင် ဧကရာဇ်ဥယျာဉ် ပွင့်လာတဲ့အခါ ငါတို့ ဖန်သွေးရောင်ဂိုဏ်းက လူတွေကို သူ့နေရာကနေ သွားခွင့်ပေးနိုင်မလားလို့ပါ တစ်ချက် မေးကြည့်ခဲ့လိုက်”

တိုက်ယွမ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမစိတ်ထဲ ငြင်းချင်မိသော်လည်း သူမဆရာ၏ စကားကို ပြတ်ပြတ်သားသား မငြင်းရဲချေ။ ထို့ကြောင့် အလိုက်သင့်သာ ပြန်ဖြေလိုက်လေသည် “ဂျူနီယာမောင်လေးကိုယ်တိုင် ဖိတ်ခေါ်နေမှတော့ ဒီတိုက်ယွမ်လည်း အင်တင်တင် လုပ်မနေတော့ပါဘူးလေ”

ရန်ကိုင် ပြုံးသွားခဲ့သည်။

“ရန်ကိုင်” ယင်စုတျယ်သည် ရန်ကိုင်အား ရုတ်တရက် လှမ်းအော်ခေါ်လိုက်သည်။ သို့သော် ရိုးရိုးခေါ်လိုက်ခြင်း မဟုတ်၊ သူမ၏ ညို့ဓါတ်ကျင့်စဉ်ကိုပါ တစ်ခါတည်း အသက်သွင်းပြီး လှမ်းအော်ခေါ်လိုက်ခြင်း ဖြစ်သည်။ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် သူမ၏ ညို့ဓါတ် ကျင့်စဉ် ပို၍ အားကောင်းလာမည်မှာ သံသယရှိစရာ မလိုချေ။

“ဒီအစ်မလေးကိုရော မခေါ်တော့ဘူးလားဟင်” ယင်စုတျယ်သည် ပျားသကာနှယ် ချိုသာသော လေသံလေးဖြင့် သိမ်မွေ့စွာ မေးလိုက်လေသည်။ သူမအသံအား ကြားလိုက်သူတိုင်း သူတို့၏ နှလုံးသားအား နူးညံ့ချောမွေ့သော လက်တစ်စုံမှ အသာအယာ လာပွတ်သပ်နေသလို ခံစားသွားရပေလိမ့်မည်။

“ကျုပ်ခင်ဗျားကို သိလို့လား” သို့သော်လည်း ရန်ကိုင်သည် သူမအား နည်းနည်းလေးမှ မျက်နှာသာမပေးဘဲ လူရှေ့သူရှေ့တွင် ပြတ်ပြတ်သားသား ငြင်းပစ်လိုက်သည်။

ယင်စုတျယ်၏ ရှက်လွန်းသဖြင့် သူမ မျက်နှာ ဖြူရာမှစိမ်း၊ စိမ်းရာမှ နီမြန်းသွားခဲ့လေသည်။ အံကို တင်းတင်းကြိတ်လျက် ရန်ကိုင်အား အတောမသတ်နိုင်သော အမုန်းတရားတို့ဖြင့် ပြည့်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

သို့သော် ရန်ကိုင်မှာမူ သူမအား အရေးမစိုက်တော့ချေ။ လူအုပ်ကြီးကို နောက်တစ်ကြိမ် ထပ်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်သည် လူအုပ်ထဲရှိ အဖွဲ့တစ်ဖွဲ့ဆီသို့ ရောက်သွားခဲ့ပြီး လက်သီးကိုဆုပ်လျက် အော်ပြောလိုက်သည် “အဲ့က စီနီယာလည်း…”

သူကြည့်နေသည့်ဘက်တွင် ရိုးရှင်းသော ဝတ်ရုံအား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိနေခဲ့သည်။ ရန်ကိုင်၏ အော်ခေါ်သံကိုကြားသော် လူအိုကြီး သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး ပျော်ရွှင်စွာ ပြုံးလျက် “ဂိုဏ်းချုပ်ရန်က ဖိတ်ခေါ်မှတော့ ဒီလူအိုကြီး ငြင်းလို့ ဘယ်ဖြစ်ပါ့မလဲ”

ရန်ကိုင် သူ့ပါးကိုကုတ်ရင်း အနည်းငယ် ရယ်ချင်သလို ဖြစ်သွားခဲ့သည်။ သူ့မှာ စကားကိုပင် ဆုံးအောင် မပြောရ သေးသော်လည်း တစ်ဖက်လူမှာ လာမည်ဟု ပြောနေလေပြီ။ လူအိုကြီး သူယခုကဲ့သို့ ပြောမည်ကို အစကတည်းက မျှော်လင့်နေလားပင် မသိ။

သို့သော်လည်း ကိစ္စမရှိချေ။ ရန်ကိုင်လည်း ထိုလူအိုကြီးကို ဖိတ်ခေါ်ချင်သည်။ ထိုလူအိုကြီးကလည်း လာချင်သည်။ ပြီးသွားပေပြီ။

ထိုလူသည် မိုယုဟု ခေါ်ပေသည်။ သူ့အကြောင်းစုံကိုတော့ ရန်ကိုင် မသိပေ။ ကြည်လင်ကောင်းကင်ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်မှန်းသာသိသည်။ နဂါးလိုဏ်ဂူတောင် တိုက်ပွဲအတွင်း ထိုလူအိုကြီးသည် ရန်ကိုင်အား တစ်ကြိမ်ကူညီခဲ့ဖူးပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၂၉)

အစပိုင်းတွင် မိုယုသူ့အား ဘာကြောင့် ကူညီခဲ့မှန်း နားမလည်ခဲ့ပေ။ ယခု မိုယုနောက်တွင် ရပ်နေသော ချန်ရှီတောင်းနှင့် လုယင်တို့ကို မြင်လိုက်သည့် အခါမှပဲ နားလည်သွားတော့သည်။

မိုယုသည် ချန်ရှီတောင်းနှင့် လုယင်တို့၏ တောင်းဆိုမှုကြောင့် သူ့အား ကူညီပေးခဲ့ခြင်း ဖြစ်လောက်သည်။

ထိုမိန်းကလေး နှစ်ယောက်သည် ကျေးဇူးသိတတ်သည့် လူများ ဖြစ်ကြပေသည်။ သက်လတ်ပိုင်းလူကြီး မိုယုသည်လည်း အတော်လေးကို ဖြောင့်မတ်ပေသည်။ ကျေးဇူးကြွေးရှိလျှင် ပြန်ဆပ်ရမည်မှန်း သူနားလည်ထားသည်။ ထို့ကြောင့်သာ မဟုတ်လျှင် နဂါးလိုဏ်ဂူတောင် တိုက်ပွဲ၌ ရန်ကိုင်အား မသိမသာ ကူညီပေးခဲ့လိမ့်မည် မဟုတ်ချေ။ သူကူညီပေးလိုက်သည်မှာ ဘာမှ သိပ်မဟုတ်သော်လည်း ရန်ကိုင်သည် ကျေးဇူးကြွေးကို မေ့တတ်သည့် လူစားမျိုး မဟုတ်ချေ။

အကုန်လုံး နဂါးလိုဏ်ဂူတောင်အား ဝိုင်းတိုက်ခိုက်နေချိန် သူ့အား တိတ်တဆိတ် ကူညီပေးခဲ့သည်ကို ကြည့်လျှင် မိုယုသည် ရန်ငြိုးနှင့် ကျေးဇူးကို ခွဲခြားတတ်သူ ဖြစ်မှန်း သိနိုင်သည်။

“စီနီယာအစ်မနဲ့ ညီမလုယင်တို့လည်း လာခဲ့လိုက်လေ” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။

ရန်ကိုင်မှ သူမတို့အား လှမ်းခေါ်နေသည်ကို ကြားသည့်အခါ ချန်ရှီတောင်းနှင့် လုယင်တို့ ပျော်သွားခဲ့ကြပြီး ခေါင်းညိတ်၍ မိုယုနောက် အမြန် ပြေးလိုက်သွားကြလေသည်။

ဖွင့်ထားသော တံခါးပေါက်မှတစ်ဆင့်၊ မိုယုနှင့် သူ့တပည့် နှစ်ယောက် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ထဲသို့ ဝင်သွားခဲ့ကြသည်။ အထဲသို့ ဝင်လာပြီးနောက် မိုယု၏ အမူအရာ လေးနက် တည်ကြည်သွားခဲ့သည်။ ရီရှီယွင်အား အမြန် ပြေးနှုတ်ဆက်လိုက်ပြီး ချင်းတုန်၊ ဖေးကျီတုတို့အတိုင်း နေစရာ တစ်ခုရှာကာ ငြိမ်သက်စွာ ထိုင်နေလိုက်လေသည်။

အကုန်လုံးအား နောက်ဆုံးအကြိမ် ရာဇသံ ပေးပြီးနောက် ရန်ကိုင်သည် လူအုပ်ကြီးအား နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ပြီး ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ထဲသို့ ဝင်သွားလိုက်လေသည်။ ထို့နောက် တိုက်ပွဲလွန်းယာဉ်သည် အားလုံး၏ အကြည့်အောက်၌ မီးတောက်အကာအရံထဲသို့ တိုးဝင်သွား ပျောက်ကွယ်သွားခဲ့သည်။

မီးတောက်အကာအရံကြီးကို ကြည့်ရင်း အင်အားစု အသီးသီးမှ ပညာရှင်များ မှုန်ကုတ်၊ သုန်မှုန်နေကြသည်။

ရုတ်တရက်ကြီး ပေါ်လာပြီး သူတို့အား အထက်စီးမှ ဆရာကြီး လေသံဖြင့် ပြောသွားသော ရန်ကိုင်အား အကုန်လုံး ထသတ်ချင်နေမိသည်။ သို့သော် မိုရှောင်ရှန်းနှင့် ချန်ဖုန်းရွှမ် ကဲ့သို့သော လူများပင် ငြိမ်နေသဖြင့် အခြားသူများလည်း သူတို့စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းထားလိုက်ကြရသည်။ ယခု ရန်ကိုင် ထွက်သွားလေပြီ။ သူတို့ တိုက်ခိုက်ချင်လျှင်ပင် တိုက်ခိုက်၍ ရတော့မည် မဟုတ်ပေ။

“အကြီးအကဲမို၊ အဲ့ကောင်လေးလုပ်တာ တကယ် လွန်လွန်းတယ်။ ကျုပ်တို့ ဒီအတိုင်းပဲ ငြိမ်ခံနေတော့မှာလား” တုတ်ခိုင်ထွားကြိုးသည့် လူတစ်ယောက် ရှေ့တက်လာပြီး မိုရှောင်ရှန်းအား မေးလိုက်သည်။

ထိုလူ မည်သူမှန်း မသိရ၊ သို့သော် သူ့ကျင့်ကြံခြင်းမှာ မနိမ့်ကျလှပေ။ ထိုလူသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က တန်ခိုးရှင်တတိယအဆင့်သို့ ချိုးဖျက်ထားသည့် လူတစ်ယောက် ဖြစ်ပြီး ဒုတိယအဆင့် အင်အားစုတစ်ခု၏ ဂိုဏ်းချုပ်လည်း ဖြစ်ပေသည်။

သူသည် ဂိုဏ်းချုပ်တစ်ဦး ဖြစ်သော်လည်း ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ အကြီးအကဲချုပ်ဖြစ်သော မိုရှောင်ရှန်းလောက် အဆင့်အတန်း မမြင့်ချေ။ ဒုတိယတန်းစား အင်အားစုတစ်ခုသည် မဟာအင်အားကြီးစုရှေ့မှောက်၍ ဘာမှ မဟုတ်ချေ။

“ဒီတော့ ဂိုဏ်းချုပ်လန် ဘာလုပ်ချင်လို့လဲ” မိုရှောင်ရှန်းသည် ထိုလူအား ပြန်ကြည့်ကာ မေးလိုက်သည်။

“ဒီလန် အဲ့ကောင်လုပ်ရပ်ကို သည်းမခံနိုင်ဘူး” ဂိုဏ်းချုပ်လန်က ဒေါသတကြီး ဆိုလိုက်သည်။

“ဂိုဏ်းချုပ်လန် မကျေနပ်ရင် သဲမီးတောက်နယ်မြေကို သွားတိုက်လေ။ ဂိုဏ်းချုပ်လန် ခွန်အားနဲ့ဆို မီးတောက် အကာအရံကို ဖျက်စီးနိုင်ရင် ဖျက်စီးပစ်နိုင်မှာပေါ့၊ ဘယ်သူ ပြောနိုင်မှာ မို့လို့လဲ။ ဂိုဏ်းချုပ်လန်သာ အဲ့မီးတောက်အကာအရံကို ဖျက်စီးနိုင်သွားပြီဆိုရင် ဒီလူအိုကြီး ကောင်းကင်တိုက်ပွဲ အစည်းအရုံးက လူတွေအကုန်လုံးကို ခေါ်လာပြီး ဂိုဏ်းချုပ်လန် ဘက်ကနေ ကူတိုက်ပေးမယ်”

မိုရှောင်ရှန်း ရွဲ့ပြောနေသည်ကို ကြားသည့်အခါ ဂိုဏ်းချုပ်လန်ဆိုသူ အနည်းငယ် ရှက်သွားခဲ့သည်။ အလျင်အမြန် လက်ဝှေ့ရမ်းလိုက်ပြီး “အကြီးအကဲမို နောက်နေတာလား။ မီးတောက်အကာအရံကို အရိပ်ကြယ်ပေါ်က အားအကောင်းဆုံး လူတွေတောင် မဖျက်စီးနိုင်တာ ဒီလန်က ဘယ်လိုလုပ်ပြီး ဖျက်စီးနိုင်မှာလဲ”

“မင်းမလုပ်နိုင်ရင် ဘာလို့ ငါ့လာပြောနေသေးတာလေ။ အလကား ငါ့အချိန်လာဖြုန်းနေတယ်” မိုရှောင်ရှန်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထိုကဲ့သို့ အဆူပူခံလိုက်ရသော် ဂိုဏ်းချုပ်လန်မျက်နှာ ရှက်ရွံ့မှုကြောင့် ပူထူသွားသည်။ သို့သော်လည်း သူအဆင့်ဖြင့် ပြန်မပြောနိုင်လေရာ ခေါင်းငုံပြီး နောက်ဆုတ်သွားရုံသာ တတ်နိုင်လေသည်။

“ရောင်းရင်းမိုရေ၊ ကြည့်ရတာ အခုလောလောဆယ် သူပြောတဲ့အတိုင်း လုပ်ရုံကလွဲပြီး မရှိတော့ဘူးနဲ့ တူတယ်” ချန်ဖုန်းရွှမ်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်လေသည်။

“ဟုတ်တယ်။ အခုလောလောဆယ်တော့ သူပြောတဲ့အတိုင်း လုပ်ပြီး သဲမီးတောက်နယ်မြေထဲ ဝင်နိုင်မယ့်နည်းလမ်းရှာတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဧကရာဇ်ဥယျာဉ် ဖွင့်တဲ့အခါကျ ငါတို့ အကုန်လုံး နောက်ကျမှ ဝင်ရလိမ့်မယ်။ စကြာဝဠာဂိုဏ်း ကိစ္စကတော့… အဲ့ကောင်တွေ ခဏထားလိုက်ဦး၊ အချိန်ကျတော့မှ နှစ်ဆမက ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်”

“ရောင်းရင်းမိုပြောတာ ယုတ္တိရှိတယ်။ ငါတို့ ဒီမှာ ဆက်မနေသင့်တော့ဘူး။ မဟုတ်လို့ ဟိုခွေးကောင်လေးသာ စိတ်ရူးပေါက်ပြီး သူ့တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကြီးနဲ့ ငါ့ဂိုဏ်းဆီ ပြေးသွားရင်…” ထိုအကြောင်း တွေးမိလိုက်ရုံဖြင့် ချန်ဖုန်းရွှမ် တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေသည်။ ချက်ချင်းပဲ သူ့လက်အောက်ငယ်သားများအား မီးတောက်အကာအရံဆီမှ မိုင်တစ်ရာအကွာသို့ ပြန်ဆုတ်ရန် အမိန့်ပေးလိုက်လေသည်။

မိုရှောင်ရှန်းလည်း ထိုအတိုင်းပဲ လုပ်လိုက်သည်။

ခေါင်းဆောင်ကြီး နှစ်ယောက်ပင် ပြန်ဆုတ်နေပြီ ဖြစ်သဖြင့် အကုန်လုံးလည်း မီးတောက်အကာအရံဆီမှ မိုင်တစ်ရာ အကွာသို့ ပြန်ဆုတ်ကြလေတော့သည်။

တစ်ချိန်တည်းတွင်၊ ငါမန်းပျံတိုက်ပွဲလွန်းယာဉ် အတွင်း၌၊ ယန်ယန်သည် သူ့ရှေ့ရှိ ရုပ်မြင်ကားချပ်ကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည် “ဒီလူတွေ တကယ် ပြန်ဆုတ်သွားတာပဲ”

“သူတို့လုပ်တာ မှန်သွားတယ်” ရန်ကိုင်သည် ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုတင် ခန့်မှန်းထားသည့်နှယ် ပြောလိုက်သည်။

အထက်စကြာဝဠာဂိုဏ်း၏ စွမ်းအားကို သိနေပြီး ဖြစ်သဖြင့် ထိုလူများ ပြန်မဆုတ်၍ မဖြစ်တော့ပေ။ ဤသည်မှာ စွမ်းအား၏ တန်ခိုး ဖြစ်သည်။ သူတို့သာ ပြန်မဆုတ်လျှင် တန်ခိုးရှင်ဘုရင် အဆင့် ကြယ်သင်္ဘော၏ လက်စာ မိသွားနိုင်ပေသည်။

ထို့အပြင် အထက်စကြာဝဠားဂိုဏ်းသည် သဲမီးတောက် နယ်မြေထဲတွင် တည်ရှိနေသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ထို့ကြောင့် မည်သူမှ အထက်စကြာဝဠာဂိုဏ်းအား လာမတိုက်ခိုက်နိုင်ချေ။ မီးတောက်အကာအရံ ရှိနေသေးသရွေ့ အထက်စကြာဝဠာဂိုဏ်း အန္တရာယ်ကင်းနေသေးသည်ဟု ပြော၍ ရသည်။

သူတို့သာ အထက်စကြာဝဠာဂိုဏ်းအား ရန်စမိလိုက်လျှင် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရသည့် အဖြစ်နှင့် ကြုံရပေလိမ့်မည်။ နေ့စဉ်နှင့်အမျှ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကြီး သူတို့ ဠာနချုပ်ဆီသို့ မည်သည့်အချိန် ရောက်ချလာမလဲ ဆိုသည်ကို အစဉ်မပြတ် တွေးပူနေရပေလိမ့်မည်။ အထက်စကြာဝဠာဂိုဏ်း သူတို့အား လာတိုက်နိုင်သော်လည်း သူတို့ဘက်မှ ပြန်ခုခံရုံသာ တတ်နိုင်သည်။ သွားပြန်မတိုက်ခိုက်နိုင်၊ မီးတောက်အကာအရံကြီး ရှိနေသည်လေ။ ပြန်တိုက်ခိုက်ခွင့် မရဘဲ တောက်လျှောက် ခုခံနေရမည်ဆိုပါက တစ်နေနေ့တွင် သူတို့၏ ဠာနချုပ် လုံးဝကို ကျရှုံးသွားရပေလိမ့်မည်။

ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် အရိပ်ကြယ်ပေါ်တွင်ရှိသော ခရီးဝေးသွားနိုင်သည့် တစ်စီးတည်းသော ကြယ်သင်္ဘောဖြစ်သည်။

ထိုကြယ်သင်္ဘောနှင့် ဆိုလျှင် အရိပ်ကြယ် အနေဖြင့် ပြင်ပလောကကြီးနှင့် ပြန်လည် ဆက်သွယ်နိုင်သလို တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသူများ အနေဖြင့်လည်း ထိုကြယ်သင်္ဘော၏ အကူအညီဖြင့် အခြားကြယ်များသို့ သွားကာ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်ပေသည်။

မိုရှောင်ရှန်း၊ ချန်ဖုန်းရွှမ်နှင့် အဘွားကြီးဖုန်းတို့ အကုန်လုံး ထိုကဲ့သို့ လုပ်ချင်ကြသည်။ သူတို့ သုံးယောက်စလုံး ထိုတန်ခိုးရှင် ဘုရင်အဆင့် ကြယ်သင်္ဘောကိုသုံး၍ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်လိုကြသည်။

သူတို့ တန်ခိုးရှင်တတိယအဆင့်တွင် တစ်ဆို့နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့လေပြီ။ အရိပ်ကြယ်ပေါ်ရှိ တန်ခိုးရှင် တတိယအဆင့်တွင် တစ်ဆို့နေသော ကျင့်ကြံသူ အားလုံး၏ အကြီးမားဆုံး ဆန္ဒကို ပြောပါဆိုလျှင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်ခွင့်ရရန်သာ ဖြစ်ပေလိမ့်မည်။

နဂါးလိုဏ်ဂူတောင် အဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင် သူတို့ အကုန်လုံး ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေကြပေလိမ့်မည်။

သို့သော်လည်း ထွက်ပြီးဆင်စွယ် ပြန်မဝင်ရိုးဆိုသလို သူတို့၏ လုပ်ရပ်ကိုလည်း ပြန်ပြင်၍ မရတော့ချေ။ နဂါးလိုဏ်ဂူတောင်နှင့် သူတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေလေပြီ။ ရန်ကိုင်အား သွားပြီးတော့လည်း ပြန်မတောင်းပန်ချင်၊ သူတို့သာ တောင်းပန်လိုက်ပါက အများရယ်စရာ ဖြစ်ကုန်ပေလိမ့်မည်။ ထို့ကြောင့် မိုရှောင်ရှန်၊ ချန်ဖုန်းရွှမ်နှင့် အခြားသူအားလုံးသည် နောက်တစ်လှမ်းဆုတ်၍ ရန်ကိုင်နှင့် ဆက်ဆံရေး ပိုမဆိုးရွားအောင် ထိန်းထားရုံသာ တတ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ရန်ကိုင်နှင့် သူတို့ကြားမှ ဆက်ဆံရေး တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာအောင် လုပ်ဆောင်ရပေမည်။

သူတို့ကြားရှိ ရန်ငြိုးအားလုံးကို သင်ပုန်းချေလိုက်နိုင်မည် ဆိုလျှင် အကောင်းဆုံးပင်။

ထိုသို့ မလုပ်နိုင်လျှင်လည်း အထက်စကြာဝဠာဂိုဏ်း အားကောင်းလာမည်ကို ထိုင်ကြည့်နေမည် မဟုတ်ဘဲ ထိုဂိုဏ်း အားမကောင်းလာခင် အမြစ်မှဆွဲနှုတ်ကာ ဖျက်စီးပစ်ရပေမည်။

လူများသည် ရင့်ကျက်လာပြီးသည့်နောက်တွင် ရေတိုထက် ရေရှည်အား ပိုတွေးတတ်လာကြသည်။ ထို့ကြောင့်သာ မဟုတ်လျှင် မည်သူမှ ရန်ကိုင်၏ သတိပေးချက်အား ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ အကုန်လုံး ရန်ကိုင်ပြောသည့် အတိုင်း လိုက်လုပ်ခဲ့ခြင်းမှာ အထက်စကြာဝဠာဂိုဏ်း၏ တည်နေရာကြောင့် ဖြစ်သလို တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကြောင့်လည်း ဖြစ်ပေသည်။

ရန်ကိုင်သည် သူ့တွင်ရှိသော အားသာချက်များကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့သည်။

ငါမန်းပျံတိုက်ပွဲလွန်းယာဉ်သည် အတော့်ကိုမှ မြန်သော်ငြား သဲမီးတောက်နယ်မြေသည် အကျယ်ကြီး ဖြစ်သည့်အတွက် မီးတောက်အကာအရံဆီမှ အထက်စကြာဝဠာဂိုဏ်း တည်ရှိနေရာ နေရာသို့ရောက်ရန် နေ့တစ်ဝက်ခန့် အချိန်ယူလိုက်ရသည်။

တိုက်ပွဲလွန်းယာဉ် တံခါးကို ဖွင့်လိုက်ပြီးနောက် ယန်ယန်သည် ရီရှီယွင်နှင့်အတူ ရှေ့ဆုံးမှ ဦးဆောင်၍ ထွက်လာခဲ့သည်။ ချင်းတုန်၊ ဖေးကျီတုနှင့် မိုယုတို့မှာမူ သူတို့ ထွက်သွားပြီးမှသာ လိုက်ထွက်လာခဲ့ကြသည်။ အပြင်သို့ ရောက်သည်နှင့် သုံးယောက်စလုံး အသက်တစ်ဝကြီး ရှူရှိုက်လေတော့သည်။

ကြယ်သင်္ဘောထဲတွင် နေရသည်မှာ အတော်လေးကိုမှ မွန်းကြပ်စရာ ကောင်းလှပေသည်။

သူတို့ အားလုံးသည် ဂိုဏ်းအသီးသီး၏ ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ရီရှီယွင်နှင့် တစ်ခန်းထဲ အတူ ထိုင်ရသည့်အခါ ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် မနေရဲကြတော့ဘဲ သတိဖြင့် ထိုင်ကြရတော့သည်။

တိုက်ပွဲလွန်းယာဉ်ထဲမှ ထွက်လာပြီးမှသာ အနည်းငယ် နေရထိုင်ရ သက်သာသွားခဲ့သည်။ သို့သော်လည်း အပြင်ရောက်ပြီး သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်သည့်အခိုက် အကုန်လုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြလေသည်။

ကြီးကျယ်လှသော ကျောက်စိမ်း လှေကာများနှင့် အလွန်ကိုမှ သိပ်သည်းလှသော မိုးမြေစွမ်းအင်တို့သည် သူတို့အား အခြားသော ကြယ်တစ်လုံးဆီသို့ ရောက်နေသလားဟုပင် အထင် မှားသွားစေခဲ့လေသည်။

“ဒါ…” ချင်းတုန် တစ်ခုခု ပြောရန် သူ့ပါးစပ်ကို ဟလိုက်သော်ငြား မည်သည့်စကားမှ ထွက်မလာနိုင်ခဲ့ချေ။

“ဒါကျုပ်တို့ အထက်စကြာဝဠာဂိုဏ်းရဲ့ ဠာနချုပ်လေ။ စီနီယာတို့ ဘယ်လိုထင်လဲ” ရန်ကိုင်သည် ချင်းတုန်ဘေးတွင် ရပ်လျက် ပြုံးကာ မေးလိုက်သည်။

အကုန်လုံး ရန်ကိုင်အား ဆွံ့အစွာ ကြည့်လိုက်ကြသည်။ အချိန်အတော်ကြာမှပဲ အသိပြန်ဝင်လာခဲ့ပြီး ချင်းတုန်က မေးလိုက်လေသည် “ကောင်လေး၊ မင်းဘယ်လိုတောင် ငါတို့ကို ကြွားရက်တာလဲ။ ဒီလောက် မိုးမြေစွမ်းအင် သိပ်သည်းတဲ့ နေရာမျိုး ငါ့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး”

“ဟုတ်တယ်… ဒီနေရာက အရိပ်ကြယ်ပေါ်မှာ ကျင့်ကြံလို့ အကောင်းဆုံးနေရာပဲ” မိုယုကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဠာနချုပ်သည် မိုးမြေစွမ်းအင် သိပ်သည်းသည့် တောင်တစ်လုံးပေါ်၌ တည်ရှိနေသော်လည်း ဤနေရာနှင့် ယှဉ်လိုက်မည် ဆိုပါက မိုးနှင်မြေနှယ် ဖြစ်သွားလေသည်။ ထို့အပြင် သူတို့ ဂိုဏ်းဝင်ပေါက်သို့ ရောက်ရုံသာ ရှိသေးသည်။ အထဲသို့ မဝင်ရသေးချေ။

“ဒါရှေးဟောင်း ဂိုဏ်းပျက်ကြီးတစ်ခုမလား။ ဒီလောက်ကြီးတဲ့ နေရာမျိုးကို ဒီလောက် အချိန်တိုလေးအတွင်း မင်းတို့ ဘယ်လိုမှ မဆောက်နိုင်ဘူး” ဖေးကျီတုသည် ရန်ကိုင်အား ကြည့်ရင်း တွေးတွေးတောတောဖြင့် ပြောလိုက်သည်။

“မြို့သခင်ဖေး ပြောတာ အမှန်ပဲ။ ဒါကို ကျုပ်တို့ ဆောက်ထားတာ မဟုတ်ဘူး။ သူ့ဘာသာ ရှိနေတာ။ ကျုပ်တို့က နေတဲ့လူ ဘယ်သူမှမရှိလို့ ဝင်နေနေကြတာ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။

“မင်းကံကလည်း ကောင်းလှချည်လားကွ။ အခြားသူတွေ ဒီမှာ နေချင်တယ်ဆိုရင်တောင် ဘယ်သူမှ နေနိုင်ကြမှာ မဟုတ်ဘူး” ချင်းတုန်က ပြုံးလျက် ပြောလိုက်သည်။ သူတို့ မီးတောက် နယ်မြေအား မည်ကဲ့သို့ ဖြတ်ကျော်လာနိုင်သလဲ ဆိုသည်ကို ချင်းတုန် ယခုထိတိုင် သဘောမပေါက်သေးချေ။

ဤနေရာသည် တားမြစ်နယ်မြေတစ်ခု မဟုတ်လော။ တန်ခိုးရှင်အဆင့်များကို ဝင်ခွင့်မပေးသည့် နေရာတစ်ခု မဟုတ်လော။ သူတို့ ဘာကြောင့် ဝင်လို့ရလေသနည်း။

“စကားပြောချင်ရင် အထဲအရင်ဝင်ကြလေ။ ဘာလို့ အပြင်မှာ ရပ်ပြီး ကြောင်ကြည့်နေတာလဲ” ရီရှီယွင်သည် ယန်ယန်နှင့်အတူ ကျောက်စိမ်းလှေကားပေါ်သို့ တက်သွားနေရင်း ပြောလိုက်သည်။

ရီရှီယွင်က ပြောလာပြီဖြစ်သဖြင့် အကုန်လုံး သူမနောက်မှ အလျင်အမြန် လိုက်တက်သွားကြလေသည်။

ကျောက်စိမ်းလှေကားပေါ် တက်နေရင်း ချင်းတုန်နှင့် အခြားသူများသည် ပတ်ဝန်းကျင်အား တိတ်တဆိတ် စစ်ဆေး ကြည့်လိုက်ကြသည်။ ဤနေရာ၏ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်အပေါ် သူတို့အကုန်လုံး ဩချရပေသည်။

ရန်ကိုင်သည် လူငယ်မျိုးဆက်ဖြစ်သော ဝေကုချန်းတို့ နှင့်အတူ ရယ်ရယ်မောမောဖြင့် စကားပြောရင်း နောက်ဆုံးမှ လိုက်လာခဲ့သည်။

မကြာမီ ရန်ကိုင်တို့အဖွဲ့ အထက်စကြာဝဠာဂိုဏ်း၏ အရှေ့ဘက်ခြမ်းသို့ ရောက်လာခဲ့လေသည်။ ခမ်းနားလှသော နန်းတော်များ၊ ကျယ်ပြန့်လှသော မြေကွက်လပ်များကြောင့် ချင်းတုန်တို့ ထပ်မံ အံ့အားသင့်ကြရပြန်လေသည်။ ဤနေရာကို ကြည့်ရင်း သူတို့စိတ်ထဲ မနာလိုအားကျနေမိကြလေပြီ။

အထက်သို့ မော့ကြည့်လိုက်သည့်အခါ သဲမီးတောက်နယ်မြေ တစ်ခုလုံးအား ဖုံးလွှမ်းထားသော မီးတောက်အကာအရံကို မြင်လိုက်ရသည်။ သို့သော်လည်း သူတို့ ခေါင်းတည့်တည့်ပေါ်တွင် ဆယ်မိုင်ကျော်မက ကျယ်ဝန်းသည့် စက်ဝိုင်းပေါက်ကြီးတစ်ပေါက် ရှိနေခဲ့ပြီး နေအလင်းရောင်တို့သည် ထိုအပေါက်မှတစ်ဆင့် သူတို့အပေါ်သို့ ကျဆင်းနေလေသည်။

ဧကရာဇ်ဥယျာဉ်ကိုလည်း သူတို့ ခေါင်းပေါ် တည့်တည့်၌ လှမ်းမြင်နေရလေသည်။

“အထဲဝင်လာခဲ့လေ” ရန်ကိုင်သည် အားလုံးအား ဧည့်ကြိုခန်းမဆီသို့ ဦးဆောင်ခေါ်သွားရင် အော်ပြောလိုက်သည်။

ဤနန်းတော်သည် ဧည့်သည်များကို ကြိုဆိုရန်အတွက် တည်ဆောက်ထားသည့် နန်းတော်ဖြစ်သည်။ ချင်းတုန်တို့သည် သူတို့၏ ပထမဆုံး ဧည့်သည်များ ဖြစ်ကြသဖြင့် ရန်ကိုင်အနေဖြင့် ဧည့်ဝတ်ကျေအောင် ဧည့်ခံပေးရပေမည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၃၀)

ခန်းမထဲသို့ ရောက်လာသည့်အခါ အထက်စကြာဝဠာဂိုဏ်း၏ တပည့်များမှ ချင်းတုန်တို့အား အသီးများ၊ လက်ဖက်ရည်များဖြင့် စတင် ဧည့်ခံလေသည်။

ရီရှီယွင်နှင့် ယန်ယန်တို့မှာမူ အခြား တစ်နေရာသို့ ထွက်သွားလေပြီ။ ရီရှီယွင် မရှိတော့သည့်အတွက် ချင်းတုန်နှင့် အခြားသူများလည်း ယခင်ကကဲ့သို့ နေရထိုင်ရ မခက်တော့။ ဝတ်သဘောအရ ချီးကျူးစကားဆိုရင်း အထက်စကြာဝဠာဂိုဏ်း၏ အနာဂတ်အား ချီးကျူးစကား ပြောကြလေသည်။

ခဏလောက် စကားစမြည် ပြောပြီးနောက်တွင် ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး သူပြောချင်နေသည့် အကြောင်းအရာ ဆီသို့ ဦးတည်လိုက်လေသည် “ဧကရာဇ်ကျောက်စိမ်းတွေ ဘယ်လောက်ပေါ်လာလဲ စီနီယာတို့ သိကြလား။ စီနီယာတို့ကော ဘယ်လောက်ထိ ရထားပြီးပြီလဲ”

ချင်းတုန်က ခဏလောက် စဉ်းစားပြီးနောက် ပြန်၍ ပြောလိုက်သည် “မင်းနဲ့ငါ့က သူစိမ်းတွေ မဟုတ်ဘူး။ ရောင်းရင်းမိုနဲ့ကလည်း ခင်လာတာကြာပြီဆိုတော့ မိတ်ဆွေဟောင်းတွေလို့တောင် ပြောင်လို့ရနေပြီ။ အခြား တစ်ယောက်သာ လာမေးရင် ငါဖြေမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းမေးတာဆိုတော့… ငါဖြေပေးလိုက်မယ်။ ငါတို့ အရိပ်လခန်းမ တစ်ခုလုံး လိုက်ရှာတာတောင် အခုထိ နှစ်ခုပဲ ရသေးတယ်”

ပြောပြီးသည်နှင့် မိုယုဘက်သို့ လှည့်ကြည့်လိုက်ရာ မိုယုသည် အဓိပ္ပါယ်ပါပါ ပြုံးလျက် “ငါတို့ ကြည်လင်ကောင်းကင်ဂိုဏ်းက ဧကရာဇ်ဥယျာဉ် ရှိတဲ့နေရာနဲ့ တော်တော်လေး ဝေးတယ်ဆိုပေမယ့် ကံကောင်းပြီး ဧကရာဇ်ကျောက်စိမ်းတစ်ခုက ငါတို့ဂိုဏ်းနား လာကျတယ်။ ငါလည်း သွားရင်းလာရင်နဲ့ မုတ်ဆိတ်ပျားဆွဲတော့ ကံကောင်းပြီး တစ်ခု ထပ်ရလိုက်တယ်”

အရိပ်လခန်းမနှင့် ကြည်လင်ကောင်းကင်ဂိုဏ်း နှစ်ဂိုဏ်းစလုံး နှစ်ခုစီ ရထားပေသည်။

တိုက်ယွမ်ကမူ ပြုံးလျက် “ငါတို့ ဖန်သွေးရောင်ဂိုဏ်း ဘယ်လောက်ထိ ရထားလဲတော့ ငါလည်း သေချာမသိဘူး။ ငါ့ဆရာ ပြောတာကို ကြားရသလောက် သိပ်တော့ မများလောက်ဘူး ထင်တာပဲ။ အများဆုံးမှ တစ်ခု၊ နှစ်ခုလောက်ပဲ ရှိလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထိုအရေအတွက်သည် သူမျှော်လင့်ထားသည်နှင့် အတူတူပင်။ သူ့တွင်လည်း ဧကရာဇ် ကျောက်စိမ်း နှစ်ခု ရှိပေသည်။ တစ်ခုသည် နဂါးလိုဏ်ဂူတောင် ထဲသို့ ပထမဆုံး ကျလာသည့် ဧကရာဇ်ကျောက်စိမ်း ဖြစ်ပြီး နောက်တစ်ခုသည် သဲမီးတောက်နယ်မြေသို့ လာရင်း ရခဲ့သည့် ဒုတိယတစ်ခု ဖြစ်သည်။

ထို့နောက် သူ၊ ယန်ယန်နှင့် ရီရှီယွင်တို့ သုံးယောက် အခြား ဧကရာဇ်ကျောက်စိမ်းများ ရလိုရငြား ထွက်ရှာကြသော်လည်း ဘာမှ မရခဲ့ဘဲ အချိန်ကုန်၊ လူပင်ပန်းပြီးတော့သာ ပြန်လာခဲ့ရသည်။

ဧကရာဇ်ကျောက်စိမ်းဖြင့်သာ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်သည်။ ဧကရာဇ်ကျောက်စိမ်းတစ်ခုလျှင် လူတစ်ယောက်သာ ဝင်နိုင်ပြီး အင်အားစုကြီးများ ရထားသည့် ဧကရာဇ်ကျောက်စိမ်း အရေအတွက်မှာ အတော်လေး နည်းနေခဲ့သည်။ ထို့ကြောင့် ဧကရာဇ်ဥယျာဉ် ပွင့်လာသည့်အခါ တစ်ယောက်နှင့် တစ်ယောက် အချင်း များကြဖို့ရာ အတော်လေး ရာခိုင်နှုန်းများပေသည်။

ဧကရာဇ်ဥယျာဉ်ထဲသို့ တန်ခိုးရှင်ဘုရင် တတိယအဆင့်များ အလွန် ဝင်ချင်ကြသည်။ ထိုထဲသို့ဝင်ကာ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အလမ်းများ ရှိမရှိကို သူတို့ စူးစမ်းရှာဖွေချင်ကြသည်။

လူငယ်မျိုးဆက်များလည်း ဝင်ခွင့် ရနိုင်ချေရှိပေသည်။ သို့သော် ထိပ်တန်းလက်ရွေးစင်များ၊ အထူးသဖြင့် ဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ်ဖြစ်လာမည့် လူများသာ ဝင်ခွင့် ရနိုင်ချေ ပိုများပေသည်။

သို့သော်လည်း ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်မည့် လူအရေအတွက်မှာ အလွန်ကိုမှ နည်းပါးလှသဖြင့် မည်သူ့အား ဝင်ခွင့်ပေးမည် ဆိုသည်မှာမူ ဧကရာဇ်ကျောက်စိမ်း ရထားသည့် ဂိုဏ်းအပေါ်တွင်သာ မူတည်ပေသည်။ အနည်းဆုံး တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသည့် သက်ကြီးပိုင်း တစ်ယောက် ကျိန်းသေ ပါလာပေလိမ့်မည်။

“ဟတ်၊ ဧကရာဇ်ကျောက်စိမ်းတွေ ပေါ်လာတာ ကောင်းတယ် ဆိုပေမယ့် ကပ်ဆိုးတွေကို လက်ယပ်ခေါ်လိုက်တယ် ဆိုလည်း မမှားဘူး။ အဲ့ဧကရာဇ်ကျောက်စိမ်းတွေကြောင့် ဖျက်စီးခံလိုက်ရတဲ့ မိသားစုလေးတွေ နည်းတာမဟုတ်ဘူး” ချင်းတုန်က ဖြည်းဖြည်းချင်း ခေါင်းခါရင်း သက်ပြင်းချလျက် ပြောလိုက်သည်။

ဧကရာဇ်ကျောက်စိမ်း ရထားသည့်လူများသည် အားကောင်းသည့် နောက်ခံမရှိလျှင် ထိုအရာအား သူတို့ ရထားသည့် အကြောင်း လူမသိသည်မှာ အကောင်းဆုံး ဖြစ်သည်။ မဟုတ်လျှင် အခြား အားကောင်းသော အင်အားစုများ၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။

လက်ရှိ ပေါက်ဈေးအားဖြင့် ဧကရာဇ်ကျောက်စိမ်း တစ်ခုလျှင် သန်းရာဂဏန်းနှင့်အထက် ရှိသော်လည်း ရောင်းလိုအားထက် ဝယ်လိုအားသည် အဆမတန် ပိုမို များပြားနေခဲ့သည်။

ဂိုဏ်းတိုင်းသည် ဧကရာဇ်ကျောက်စိမ်းကို လိုချင်ကြသည်။ ဧကရာဇ်ဥယျာဉ်သည် သဲမီးတောက်နယ်မြေနှင့် မတူချေ။ သဲမီးတောက်နယ်မြေ ပွင့်စဉ်က တန်ခိုးရှင်အဆင့်အောက် ကျင့်ကြံသူများသာ ဝင်ခွင့်ရခဲ့သည်။ ယခု ဧကရာဇ်ဥယျာဉ်ထဲကိုမူ တန်ခိုးရှင်အဆင့်များပါ ဝင်ခွင့်ရပေသည်။

ဧကရာဇ်ကျောက်စိမ်း ထွက်ပေါ်လာသည့် အတွက်ကြောင့် အရိပ်ကြယ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားသည်ဟု ပြောလျှင်ပင် မမှားချေ။

အရိပ်လခန်းမသည် ဧကရာဇ်ကျောက်စိမ်း နှစ်ခုသာ ရထားသေးသော်ငြား သူတို့ ရထားသည့် ပမာဏသည် ထိုမျှဖြင့် ရပ်သွားလိမ့်မည် မဟုတ်ချေ။ ကံကောင်းပြီး ဧကရာဇ် ကျောက်စိမ်း တစ်ခုလောက် ဝယ်နိုင်ခဲ့လျှင် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်မည့်လူ နောက်တစ်ဦး တိုးလာပေလိမ့်မည်။

ရန်ကိုင်စိတ်ထဲ ထိုအတွေး ဖြတ်ပြေးသွားသည်နှင့် ရန်ကိုင်က မေးလိုက်လေသည် “ဒီဧကရာဇ်ကျောက်စိမ်းက ဘာလုပ်ဖို့လဲ ဆိုတာကို စီနီယာတို့ သိကြလား”

ချင်းတုန်က ပြုံးလျက် သူ့သိုလှောင်လက်စွပ်ထဲမှ ဧကရာဇ် ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ဒီဧကရာဇ်ကျောက်စိမ်းကို သုံးဖူးတဲ့လူ တစ်ယောက်မှ မရှိဘူးဆိုပေမယ့် ငါတို့ အရိပ်လခန်းမက အကြီးအကဲတွေ လေ့လာရသလောက်တော့ ဧကရာဇ်ဥယျာဉ်ထဲ ဝင်ဖို့ဆို ဒါကို လိုလိမ့်မယ်။ ဒါမရှိဘဲ ဝင်လို့မရလောက်ဘူး”

ပြောပြီးသည်နှင့် ဧကရာဇ်ကျောက်စိမ်းထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ထိုထဲမှ အဖြူရောင်အလင်းတို့ ဖြာထွက်လာပြီး ချင်းတုန်လက်အား ဖုံးအုပ်သွားခဲ့လေသည်။

ထိုအဖြူရောင်အလင်းသည် သိပ်မကျယ်လှပဲ အချင်း မီတာဝက်လောက်သာ ကျယ်ပေသည်။

“အို၊ အရင်ကထက် နည်းနည်း ပိုကျယ်လာတာပါလား” ချင်းတုန် မျက်ခုံးပင့်သွားခဲ့သည်။ ထို့နောက် ပျော်သွားသည့် လေသံဖြင့် ရန်ကိုင်အား ရှင်းပြလိုက်လေသည် “ငါအရင်တစ်ခါ အခုလိုမျိုး လုပ်ကြည့်သေးတယ်။ ဒါပေမယ့် အလင်းစက်ကွင်းက ဒီလောက် မကျယ်ဘူး။ ကြည့်ရတာ အချိန် ကြာလာတာနဲ့ အလင်း စက်ကွင်းက ပိုကျယ်လာတဲ့ပုံပဲ။ ဒီအလင်းစက်ကွင်း လူတစ်ယောက်ကို လုံးဝ ဖုံးအုပ်သွားနိုင်တဲ့ အချိန်ကျရင် ဧကရာဇ် ဥယျာဉ် ပွင့်လိမ့်မယ်နဲ့ တူတယ်”

“ဟုတ်လောက်တယ်” ဘေးနားတွင် ထိုင်နေသာ မိုယုက ပြုံးလျက် “ငါလည်း အဲ့လိုပဲ ထင်နေတာ”

ပြောပြီးသည်နှင့် သူ့ဧကရာဇ်ကျောက်စိမ်းကို ထုတ်၍ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ချင်းတုန်လက်အား အုပ်ထားသည် အလင်းစက်ကွင်းနှင့် အရွယ်အစား တူညီသည့် အလင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် ဆက်၍ ပြောလိုက်သည် “ဧကရာဇ်ဖိအားကို ဘယ်သူမှ မခုခံနိုင်ဘူး။ ဒီကျောက်စိမ်းပြား ရှိမှပဲ ခုခံနိုင်လိမ့်မယ်။ ဒီကျောက်စိမ်းပြားမပါဘဲ ဧကရာဇ်ဥယျာဉ်နား သွားမယ် ဆိုရင်တော့ မင်းကျင့်ကြံခြင်း ဘယ်လောက်ကြီးပဲ မြင့်မြင့်၊ မင်းအတွက် သွားစရာလမ်းတစ်ခုပဲ ရှိလိမ့်မယ်”

မရဏလမ်းပင်…

ဧကရာဇ်ဥယျာဉ် ပေါ်လာလာစဉ်က အရိပ်ကြယ် ပညာရှင်များ စုဝေးပြီး ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်မည့် နည်းလမ်းအား ရှာဖွေကြည့်ခဲ့ဖူးသည်။ သို့သော်လည်း နည်းလမ်း မရှာနိုင်ခဲ့သည့် အပြင် တန်ခိုးရှင်အဆင့်များစွာ အသက် ဆုံးရှုံးလိုက်ရသည်။ သူတို့ မည်သို့ပင် ခေါင်းခြောက်အောင် စဉ်းစားပါစေ၊ ဧကရာဇ်ဥယျာဉ်၏ ဖိအားကို ခုခံနိုင်မည်နည်းလမ်းအား ရှာမတွေ့ခဲ့ချေ။

ဧကရာဇ်ကျောက်စိမ်း၏ ထွက်ပေါ်လာမှုသည် ထိုပြဿနာကို ဖြေရှင်းပေးသွားခဲ့သည်။

မိုယုနှင့် ချင်းတုန်သည် ထိုအကြောင်းအား ရန်ကိုင် မသိသေးဘူး အထင်ဖြင့် သူအား သေချာ ရှင်းပြလေသည်။ သို့သော် ရန်ကိုင်သည် ထိုအကြောင်းအား သူတို့ထက်ပင် ပို၍ နှံ့နှံ့စပ်စပ် သိပေသေးသည်။

ရန်ကိုင် သူတို့အား အထက်စကြာဝဠာဂိုဏ်းဆီသို့ ဖိတ်ခေါ်လိုက်ရခြင်းမှာ ဧကရာဇ်ကျောက်စိမ်းအကြောင်း ရှင်းပြရန် ဖြစ်လေသည်။ သို့သော်လည်း လက်ရှိ အနေအထားအရ သူပင် ရှင်းပြစရာ မလိုတော့ချေ။ အကုန်လုံး သိထားနှင့်ပြီးနေကြလေပြီ။ ထိုလူအိုကြီးများသည် ငတုံးများမဟုတ်ကြရာ၊ သူတို့ဘာသာ ဆန်းစစ်လေ့လာပြီး အဖြေထုတ်နိုင်သည်မှာတော့ အထူးအဆန်း မဟုတ်ချေ။

“ဒီအလင်းစက်ကွင်း ကျယ်လာတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ် နှစ်ဝက်လောက်ဆို ဧကရာဇ်ဥယျာဉ်ထဲ လုံလုံခြုံခြုံ ဝင်လို့ ရလောက်ပြီ” ချင်းတုန်သည် ရန်ကိုင်အား ကြည့်ရင်း ပြောလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

နှစ်ဝက်ဆိုသော အချိန်အတွင်း အင်အားစုကြီးများအဖို့ ဧကရာဇ်ကျောက်စိမ်းများကို ထပ်ရှာထားနိုင်သလို ပြင်ဆင်စရာ ရှိသည်များကိုလည်း ပြင်ဆင်ထားနိုင်ပေသည်။ ထိုနှစ်ဝက်ဆိုသော အချိန်အတွင်း ကျင့်ကြံခြင်းအား တိုးတက်အောင် လုပ်ရန်မှာ အများစုအတွက် မဖြစ်နိုင်လှသော်လည်း ရန်ကိုင် အတွက်တော့ ဟုတ်မနေခဲ့ပေ။

ရန်ကိုင် သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်နေခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ကံနှင့် အခွင့်အလမ်းသာ မျက်နှာသာပေးလျှင် ထိုနှစ်ဝက်အတွင်း တန်ခိုးရှင်အဆင့်သို့ သူချိုးဖျက်နိုင်ပေလိမ့်မည်။ တန်ခိုးရှင် အဆင့်သို့ ရောက်သွားမည်ဆိုပါက ရန်ကိုင်၏ ခွန်အား ဆထက်ထမ်းပိုး တိုးတက်လာမည်မှာ သံသရှိစရာ မလိုချေ။

ရန်ကိုင်သာ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ပါက ဧကရာဇ်ဥယျာဉ်သို့ ဝင်သည့်အခါ မတော်တဆ တစ်ခုခု ဖြစ်လျှင် လွတ်မြောက်နိုင်ချေ ပိုများလာပေလိမ့်မည်။

စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူမေးချင်နေသည့် နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်သည် “ဟုတ်သားပဲ၊ ကျုပ်မေ့တော့မလို့၊ ဧကရာဇ်ဥယျာဉ် ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာလဲ အကြီးအကဲတို့ သိလိုက်ကြလား။ ပြီးတော့ ဘယ်တုန်းလောက်က ရောက်လာတာလဲ”

ချင်းတုန်နှင့် အခြားသူများအားလုံး ခါးသက်စွာ ပြုံးလိုက်ကြသည်။

“ကောင်းကင်ပဲ သိလိမ့်မယ်။ ဧကရာဇ်ဥယျာဉ်ကို မင်းတစ်ခုခု လုပ်သွားတယ်လို့တောင် ငါထင်နေတာ။ ဒါမှမဟုတ် မင်းတို့အဖွဲ့ထဲက တစ်ယောက်ယောက်က ဧကရာဇ်ဥယျာဉ်နဲ့ အဆက်အသွယ် ရှိနေလို့ပေါ့။ မဟုတ်ရင် အဲ့ဒါကြီးက ဘယ်လိုလုပ်ပြီး မင်းတို့နောက် ထပ်ကြပ်မခွာ လိုက်လာမှာလဲ”

ဖေးကျီတု နောက်နေမှန်း သိသော်လည်း ရန်ကိုင် မျက်ခုံးတွန့်သွားခဲ့လေသည်။ ဖေးကျီတု ပြောသည်မှာ မှားမှ မမှားလေပဲ။ ဧကရာဇ်ဥယျာဉ်သည် ယန်ယန်ကြောင့် သူတို့ သွားသည့်နောက်သို့ လိုက်လာနေခြင်း ဖြစ်သည်။ သို့သော် ထိုအကြောင်းသည် လူသိရှင်ကြား ထုတ်ပြောလို့ကောင်းသည့် အကြောင်းအရာတစ်ခု မဟုတ်ချေ။

“ဘယ်တုန်းကလဲဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ။ မင်းတို့ နဂါးလိုဏ်ဂူတောင်က ထွက်သွားတုန်းကပေါ့။ အဲ့တုန်းက ဧကရာဇ်ဥယျာဉ် ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် နောက်တစ်နေ့လည်း ရောက်ရော အဲ့ဒါကြီးကို မတွေ့တော့ဘူး။ ဧကရာဇ်ဥယျာဉ် ပြန်ပျောက်သွားပြီထင်ပြီး ငါတို့ လန့်တောင် လန့်သွားသေးတယ်။ ပြီးတော့မှပဲ ဧကရာဇ်ဥယျာဉ် သဲမီးတောက် နယ်မြေဆီ ရောက်နေမှန်း သိလိုက်ရတယ်” ခေါင်းတရမ်းရမ်းဖြင့် ဖေးကျီတုက ပြောလိုက်သည်။

ဧကရာဇ်ဥယျာဉ်ထဲတွင် ရတနာများစွာ ရှိနေမည် ဖြစ်လေရာ ထိုအရာ ပျောက်ကွယ်သွားမည်ကို မည်သူမှ မလိုလားကြပေ။

“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြုံးလျက် “ကြည့်ရတာ ကျုပ်အထက်စကြာဝဠာဂိုဏ်းနဲ့ ဧကရာဇ် ဥယျာဉ် ရေစက်ပါတယ်နဲ့တူတယ်။ ကျုပ်တို့ သွားတဲ့နောက်ပဲ တကောက်ကောက် လိုက်နေတော့တာပဲ”

ထိုစကားကြားသည့်အခါ အကုန်လုံး ပြုံးမိလိုက်ကြသည်။

ခဏလောက် စကားစမြည် ပြောပြီးနောက် မိုယုက ရုတ်တရက် အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ရန်၊ ဒီလူအိုကြီး တစ်ခုလောက် တောင်းဆိုချင်လို့၊ အဆင်ပြေမလား မသိဘူး”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “စီနီယာမို အဲ့လိုကြီးတွေ လုပ်နေစရာ မလိုပါဘူးဗျာ။ ကျုပ်ကို ရန်ကိုင်လို့ ခေါ်ရင်ရပါပြီ။ ဂိုဏ်းချုပ်ဆိုတာနဲ့ ကျုပ်သိပ်အသားမကျသေးဘူး”

ရန်ကိုင် စကားကိုကြားကြားချင်း မိုယု အနည်းငယ် ကြောင်သွားခဲ့သည်။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောရင်း ပျော်ရွှင်စွာပြုံးလျက် “ဟားဟား၊ ဂိုဏ်းချုပ်ရန်က တကယ်ကို လွတ်လွတ်လပ်လပ် နေတတ်တဲ့ လူစားမျိုးပါလား။ အဲ့နေရာမှာတော့ ဒီလူအိုကြီးနဲ့ တကယ် တူသွားပြီ”

“ဒါနဲ့ စီနီယာ ဘာပြောချင်တာလဲ” ရန်ကိုင်က ရုတ်တရက် ပြန်မေးလိုက်သည်။ မိုယု ဘာပြောချင်နေလဲ ဆိုသည်ကို သူခန့်မှန်းမိနေလေပြီ။ ဝတ်သဘောအရသာ မေးလိုက်ခြင်း ဖြစ်သည်။

မိုယု အသာအယာ ချောင်းဟန့်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “အခု ဧကရာဇ်ဥယျာဉ်က ဂိုဏ်းချုပ်ရန်တို့ အပေါ်မှာ ရောက်နေတော့ ဒီကနေသွားမယ်ဆိုရင် အခြားနေရာတွေကနေ သွားတာထက် ပိုပြီး အဆင်ပြေမှာ အသေအချာပဲ။ ဒါကြောင့် ဧကရာဇ်ဥယျာဉ် ပွင့်တဲ့နေ့ကျ ဒီလူအိုကြီးရဲ့ ကြည်လင် ကောင်းကင်ဂိုဏ်းက လူတွေက ဂိုဏ်းချုပ်ရန်ရဲ့ နေရာကနေ သွားခွင့်ရမလားလို့ မေးကြည့်တာ”

သူထင်ထားသည့်အတိုင်းပင်၊ ဧကရာဇ်ဥယျာဉ်သည် အထက်စကြာဝဠာဂိုဏ်းပေါ်တွင် ဝဲနေသည့်အတွက် ဧကရာဇ် ဥယျာဉ်သို့ သွားမည်ဆို ရန်ကိုင်တို့ ဂိုဏ်းသည် အနီးဆုံး ဖြစ်သည်။ သဲမီးတောက်နယ်မြေ၏ အပြင်ဘက်မှ ထွက်ခွာမည် ဆိုလျှင်ပင် ရန်ကိုင်တို့ဆီမှ ထွက်သည်ထက် နေ့တစ်ဝက်လောက် ပိုနောက်ကျပေသည်။

မိုယုအနေဖြင့် ထိုကဲ့သို့ တောင်းဆိုရန်မှာလည်း သိပ်မလွယ်ကူချေ။ ရန်ကိုင်နှင့်သူသည် သိပ်ခင်လှသည်မဟုတ်၊ ရန်ကိုင် သူ့အား ငြင်းလိုက်မည်ဆိုလျှင်ပင် အံ့ဩနေစရာ မလိုချေ။

All Chapters