အခန်း (၁၄၃၆-၁၄၄၀)
Vol. 58 Ch. 1436-1440
အပိုင်း (၁၄၃၆)
ကျင့်ကြံသူတစ်ယောက် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်လျှင် ဤကဲ့သို့ ဖြစ်ရပ်ဆန်းမျိုး တကယ် ဖြစ်လေရဲ့လား။
မဖြစ်ပါချေ။
ရီရှီယွင်လည်း သိပေသည်။ သူမ လူများစွာ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သည်ကို မြင်ခဲ့ဖူးသည်။ မည်သူမှ ဤကဲ့သို့ ဖြစ်ရပ်ဆန်းမျိုး မဖန်တီးခဲ့ပါချေ။ သူမ တစ်ဘဝလုံး ဧကရာဇ်ဥယျာဉ် ပြောင်းလဲစဉ်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းမှအပ ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ရီရှင်းယွင် လုံးဝကို မှင်သက်အံ့ဩနေမိခဲ့သည်။ ကျင့်ကြံသူ တစ်ယောက် အတိုင်းအတာတစ်ခုအထိ အားကောင်းမည်ဆိုပါက ထိုကျင့်ကြံသူ အဆင့်ချိုးဖျက်သည့်အခါ မိုးမြေသရုပ်ထင်ဟပ်သည့် ဖြစ်ရပ်ဆန်းမျိုး ပေါ်တတ်သည်ဟု ရှေးဟောင်းမှတ်တမ်းများတွင် သူမ ဖတ်ဖူးပေသည်။
သို့သော် ထိုကဲ့သို့သော ကျင့်ကြံသူများသည် ဤလောကကြီး၌ အလွန်ကိုမှ ရှားပါးလှကာ နှစ်တစ်သောင်း၌ တစ်ယောက်ပင် ပေါ်လာခဲပေသည်။
သူမတို့ဂိုဏ်း၏ ဂိုဏ်းချုပ်တွင် သူမတူသည့် အရည်အချင်းများ ရှိလို့နေမည်လား။
အမှန်အတိုင်း ဆိုရလျှင် ရန်ကိုင်နှင့် ရီရှီယွင်သည် သူစိမ်းများ ဖြစ်ကြသည်။ မိတ်ဆွေများ မဟုတ်ကြပေ။ ရီရှီယွင် အထက် စကြာဝဠာဂိုဏ်းတွင် နေပြီး အကြီးအကဲချုပ် ရာထူးအား လက်ခံထားခြင်းမှာ ယန်ယန်ကြောင့် ဖြစ်သည်။ ယန်ယန်မှလွဲ၍ မည်သူ့ကိုမှသူမ မျက်လုံးထဲ မထည့်ချေ။
သူမ မြင်ရသလောက် ရန်ကိုင်သည် သာမန် သူတော်စင်ဘုရင် ကျင့်ကြံသူ တစ်ယောက်ထက် အများကြီး ပိုအားကောင်းကာ လက်ရွေးစင်များထဲမှ လက်ရွေးစင်တစ်ယောက်ဟုပင် ပြော၍ရ၏။ သို့သော် သူ့ဘာသာ ဘာကောင်ပဲဖြစ်ဖြစ်၊ သူမ ဂရုမစိုက်ချေ။
သို့သော်လည်း ယခု သူမ ရန်ကိုင်အား အမှန်တကယ်ကို အထင်ကြီးမိသွားသည်။ ရှေးဟောင်းမှတ်တမ်းများအရ ဆိုလျှင် ရန်ကိုင်၏ အလားအလာသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းသည့် အဆင့်တွင် ရှိနေပေသည်။
မဖြစ်လာသေးသော အနာဂတ်ကို ကြိုတွေးရင်း ရီရှီယွင်၏ မျက်ဝန်းထဲ တစ်မျိုးတစ်မည် ထူးဆန်းသော အကြည့်တို့ ဖြတ်ပြေးသွားခဲ့သည်။
အထက်ကောင်းကင်ယံတွင် ဧရာမမိုးမြေစွမ်းအင် လေပွေကြီးသည့် အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေခဲ့သည်။ ဒြပ်ကြီးငါးပါးစွမ်းအင်များပါ ရောစပ်နေသည့်အတွက် ထိုမိုးမြေစွမ်းအင်သည် ဝဲကတော့ကြီးသည် အလွန်ကိုမှ မျက်စိဖမ်းစားစရာ ကောင်းနေခဲ့သည်။
သုံးမိုင်အကွာမှ ရပ်နေသည့်တိုင် အလွန်တရာကိုမှ ပြင်းထန်သော ဖိအားကို ခံစားမိနေလေရာ အောက်တည့်တည့်၌ ရှိနေသော ရန်ကိုင် ဆိုလျှင်မူကား မည်သို့သော ဖိအားကိုများ ခံစားရလေမလဲဟု အကုန်လုံး အတွေးများမိသွားကြသည်။
ထိုမိုးမြေစွမ်းအင်ဝဲကတော့ကြီးကြောင့် ပထမကောင်းကင် နန်းတော် ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်နှင့် အရံအတားလုံး တစ်စစီ ပျက်စီးကုန်ကြလေသည်။
“အကြီးအကဲချုပ်၊ ဂိုဏ်းချုပ် အခြေအနေ ဘယ်လိုရှိလဲ” ချန်ချီနှင့် အခြားသူများ တဖြည်းဖြည်း စိတ်ပူလာခဲ့သည်။ သို့သော် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ မစစ်ဆေးရဲသည့်အတွက် ရီရှီယွင်ကိုသာ မေးရတော့လေသည်။
“အခုထိတော့ အကုန်လုံး အဆင်ပြေပြေပဲ၊ ဘာပြဿနာမှ မရှိသေးဘူး။ အရိပ်ကြယ်ရဲ့ မိုးမြေစွမ်းအင်နိယာမကိုတောင် သူထိတွေ့ပြီးနေပြီးနေပြီ”
ထိုစကားကို ကြားလိုက်သည့်အခါ ချန်ချီနှင့် အခြားသူအားလုံး ပျော်သွားခဲ့ကြသည်။ ရန်ကိုင်သည် အရိပ်ကြယ်၏ မိုးမြေစွမ်းအင် နိယာမများကို ထိတွေ့သွားပြီးပြီး ဖြစ်သဖြင့် မရှေးမနှောင်းအတွင်း သူအဆင့်ချိုးဖျက်ပေတော့မည်။
“ဒါပေမယ့် သူအောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကတော့ အဲ့စွမ်းအင်တွေကို သူခုခံနိုင်လား၊ မခုခံနိုင်ဘူးလား ဆိုတဲ့အပေါ်ပဲ မူတည်လိမ့်မယ်”
ရီရှီယွင်၏ပါးစပ်မှ ထိုစကားထွက်လာသည့်အခါ အကုန်လုံး၏ မျက်နှာထက်ရှိ အပြုံးအားလုံး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး လူအုပ်ကြီးလည်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
ကျင့်ကြံသူတစ်ယောက် အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တိုင်း မိုးမြေ၏ ကောင်းချီးပေးခြင်း ခံရသည်။ ထိုကောင်းချီးသည် ကျင့်ကြံသူတစ်ယောက်၏ အရည်အချင်းနှင့် ခံနိုင်ရည်အား စမ်းသပ်သည့် စမ်းသပ်ချက်တစ်ခု ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း အလွန်ကိုမှ ပြင်းထန်သော နာကျင်မှုကို ခံစားရပေလိမ့်မည်။ သို့သော်လည်း ထိုကောင်းချီးကိုသာ အောင်မြင်သွားမည် ဆိုပါက ယခင်ထက် အဆပေါင်းများစွာ သာလွန်သော ခွန်အားကို ပိုင်ဆိုင်နိုင်ပြီး လောကကြီး၏ အချုပ်အနှောင်ကို ချိုးဖျက်ကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ပေလိမ့်မည်။
ကျဆုံးသွားလျှင်မူကား… ပြင်းပြင်းထန်ထန် ဒဏ်ရာရရနိုင်သလို အခပ်မသင့်လျှင် သေပါ သေသွားနိုင်ပေသည်။
နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော ကျင့်ကြံသူများစွာတို့ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ကြိုးစားကြသည်။ အချို့သည် အောင်မြင်သွားကြချိန် အချို့မှာမူ ကျရှုံးသွားကြသည်။ အဆင့်ကြီး နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် အခွင့်အလမ်း တစ်ခုဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သည်။ အောင်မြင်လျှင် ဆုရမည်ဖြစ်ကာ ကျရှုံးလျှင်တော့ ထိုက်သင့်သော အကျိုးဆက်ကို ရင်ဆိုင်ရပေလိမ့်မည်။ အခွင့်အလမ်းနှင့် အန္တရာယ်သည် အမြဲတစေ ဒွန်တွဲနေသည်ဆိုသော စကားကို ဤအဆင့်တက် ဖြစ်စဉ်သည် ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နေသည်။
သို့သော်လည်း သာမန်ကျင့်ကြံသူတစ်ယောက် နောက်ထပ် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်သည့်အခါ ဤကဲ့သို့ ကြီးကျယ် ခမ်းနားလှသော မိုးမြေသရုပ်ထင်ခြင်း ဖြစ်စဉ်ကို မကြုံကြရချေ။ သူတို့ ကြုံရသည်ကား ရိုးရိုးရှင်းရှင်းနှင့် အသေးစား မိုးမြေစွမ်းအင် သရုပ်ဖော်ခြင်း ဖြစ်စဉ်သာ။ ရန်ကိုင်ကဲ့သို့ မဟုတ်၊ ရန်ကိုင် အနေဖြင့် နောက်ထပ် အသက်ရှင်လိုသေးလျှင် ဤကောင်းချီးပေး ဖြစ်စဉ်မှ သူ့ကိုယ်သူ အသက်ရှင်အောင် လုပ်ရပေလိမ့်မည်။ မဟုတ်လျှင်တော့ လောကကြီးအား အပြီးတိုင် နှုတ်ဆက် ထွက်ခွာသွားရပေလိမ့်မည်။
လက်ရှိ သူတို့ ခံစားနေမိသည့် ဖိအားအရ ရန်ကိုင်သာ အဆင့်တက်ခြင်း ကျရှုံးခဲ့လျှင် သူ့အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည့် အဖြစ်အပျက်မျိုး ရှိလာမည်မဟုတ်ဘဲ ပြင်းထန်လှသော မိုးမြေစွမ်းအင်များအောက် တစ်ခါတည်း သေဆုံးသွားရခြင်းသာ ရှိလာပေလိမ့်မည်။
ထိုငါးရောင်ခြယ်မိုးမြေစွမ်းအင် လေပွေထဲတွင် ပါဝင်သည့် စွမ်းအင်သည် မည်သည့် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူမှ တောင့်ခံနိုင်သည့် စွမ်းအင်မျိုး မဟုတ်ချေ။
အကုန်လုံး စိုးရိမ်စပြုလာသည့်အခိုက်၊ ကြီးမားလှသော မိုးမြေစွမ်းအင် လေပွေကြီးသည် အောက်ဘက်ရှိ တစ်စုံတစ်ခု၏ ဆွဲယူခြင်း ခံလိုက်ရသည့်အလား ယခင်ထက်ပို၍ မြန်မြန်ဆန်ဆန် လည်ပတ်လာပြီး အထက်ကောင်းကင်းနန်းတော်ဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းသွားလေသည်။
ပထမကောင်းကင်နန်းတော်အား ကာရံထားသော အကာအရံ အားလုံး ထိုမိုးမြေစွမ်းအင်လေပွေကြီးအောက်ဝယ် စက္ကူဖြူ တစ်ရွက်နှယ် အလွယ်တကူ ထိုးဖောက်ခံလိုက်ရပြီး တစ်စစီ ဖြစ်ကုန်ကြလေသည်။ ထိုအခြင်းအရာကို မြင်သော် ရီရှီယွင် မျက်နှာပျက်သွားလေသည်။ ပထမကောင်းကင်နန်းတော်ထဲသို့ တိုးဝင်သွားသော ငါးရောင်ခြယ်မိုးမြေစွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်ကုန်ကြလေသည်။
တစ်ခဏအတွင်း ဧကရာမိုးမြေစွမ်းအင် လေပွေကြီးသည် မူလ အရွယ်အစား၏ တစ်ဝက်လောက်သာ ရှိတော့လေသည်။
“ဂိုဏ်းချုပ်” ထိုအခြင်းအရာကို မြင်သော် ချန်ချီနှင့် အခြားသူများ အလန့်တကြား ထအော်ကြလေသည်။
ထိုတရစပ် အောက်သို့ ထိုးဆင်းသွားသော စွမ်းအင်များကို ကြည့်ရင်း တန်ခိုးရှင်အဆင့်များ မှင်သက်နေကြလေသည်။ တန်ခိုးရှင်အဆင့်သို့ ရောက်နေသည့်လူအားလုံး ထိုအဆင့်ကို ဖြတ်ကျော်ဖူးကြသည်။
သို့သော်လည်း လက်ရှိ ဖြစ်စဉ်နှင့် သူတို့ ကြုံခဲ့ရသည့် ဖြစ်စဉ်ကြား ကွာခြားချက်သည်ကား တန်ခိုးရှင်အဆင့်သို့ သူတို့ ချိုးဖျက်သည့်အခါ သူတို့ပေါ်သို့ ကျဆင်းလာသည့် မိုးမြေစွမ်းအင် စီးကြောင်းများသည် လျှပ်စီးပစ်သည့်နှယ် တစ်ခုချင်းစီ ကျဆင်းလာခြင်း ဖြစ်ပြီး အကုန်လုံး ပြုံကျလာခြင်း မဟုတ်ချေ။ တစ်ခုချင်းစီ လာခြင်းဖြစ်သည့်အတွက် သူတို့အဖို့ အသက်ရှူချိန် ရသေးသည်။
သို့သော်လည်း ရန်ကိုင် အဖြစ်တွင်မူ သူ့အတွက် အသက်ရှူချိန်ပင် မရဘဲ တရစပ် စီးဝင်လာနေသော မိုးမြေစွမ်းအင် အားလုံးကို တောင့်ခံနေရခြင်းပင် မဟုတ်၊ ထိုအပြင် သူကြုံနေရသည့် မိုးမြေစွမ်းအင်သည် အခြားသူများ ကြုံခဲ့ရသည့် မိုးမြေစွမ်းအင်ထက် အဆပေါင်းများစွာ ပိုအားကောင်းပေသေး၏။
ရန်ကိုင် အလွန်အားကောင်းလျှင်ပင် ထိုမျှ ပြင်းထန်သော စွမ်းအင်များကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း။
ရန်ကိုင် တစ်ခုခုဖြစ်ပြီ အထင်နှင့် ချန်ချီနှင့် အခြားသူအားလုံး မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။
ရီရှီယွင်လည်း စိတ်မကောင်းစွာ သက်ပြင်းချလိုက်လေသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း တစ်ယောက်ပင် တွေ့ခဲ့လှသော လူငယ်ပါရမီရှင်တစ်ယောက် ထွန်းတောက်လာမည်ကို မြင်တွေ့ခွင့် ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုလူ၏ အခန်း ကဏ္ဍသည် တဒင်္ဂသာ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော်လည်း မကြာမီ သူမ မျက်မှောင်ကြုတ်သွားရ၏။
အကြောင်းမှာ ဧကရာမိုးမြေစွမ်းအင် လေပွေကြီးသည် နည်းနည်းလေးပင် အားပျော့သွားခြင်း မရှိသေးဘဲ အရှိန်အဟုန် ပြင်းပြင်းဖြင့် ဆက်လက် လည်ပတ်နေသေးသည့် အတွက်ကြောင့် ဖြစ်ပေသည်။
သူမသေသေးတာလား
ရီရှီယွင် မျက်ခုံးပင့်သွားမိခဲ့သည်။
ရန်ကိုင်သာ သေသွားခဲ့လျှင် ထိုးမိုးမြေစွမ်းအင် လေပွေ တဖြည်းဖြည်း ပျောက်ကွယ်သွားရပေလိမ့်မည်။ သို့သော်လည်း လေပွေသည် ယခုထိတိုင် ဆက်ရှိနေသေးလေရာ ရန်ကိုင် မသေသေးသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။
သေသေချာချာ နားထောင်ကြည့်လိုက်သည့်အခါ တဝုန်းဝုန်း မြည်သံများကြားဝယ် နာကျင်စွာ အော်ဟစ်နေသော အသံများကို ဝိုးတဝါးတား ကြားလိုက်ရလေသည်။
ရန်ကိုင် တကယ် မသေသေးချေ။ ရီရှီယွင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ယန်ယန်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခိုက် သူမသည် သူထက်ပင် ပို၍ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့်နှယ်။ သို့သော် ယန်ယန်၏ တင်းတင်းကြပ်ကြပ် ဆုပ်ထားသော လက်သီးလေးများနှင့် စိုးရိမ်ရိပ်တို့ ထွက်ပေါ်နေသော ယန်ယန်၏ မျက်ဝန်းလေးများကို မြင်လိုက်သည့်အခိုက် ယန်ယန်လည်း လုံးဝ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေခြင်းမဟုတ်မှန်း ရီရှီယွင် နားလည်လိုက်သည်။
အထက်ကောင်းကင်စကြာဝဠာဂိုဏ်းသားများ ရင်တမမ ဖြစ်နေကြချိန် အရိပ်လခန်းမ၊ ကြည်လင်ကောင်းကင်ဂိုဏ်း၊ ဖန်သွေးရောင်ဂိုဏ်းနှင့် မြူနှင်းမှုန်နန်းတော်မှ ပညာရှင်များ အားလုံး အံ့ဩနေကြလေသည်။
“အကြီးအကဲ၊ အဲ့ဒါကြီးကို အစ်ကိုရန် ခုခံနိုင်ပါ့မလား” ဝေကုချန်းက စိုးရိမ်တကြီး မေးလိုက်သည်။
“ငါလည်း တပ်အပ်တော့ မပြောရဲဘူး။ ဒါပေမယ့် ဒီအခြေအနေထိ ဖြစ်လာပြီဆိုမှတော့ သူအနေနဲ့ အဲ့ဒါကို မရရအောင် ကျော်ဖြတ်ရတော့မယ်။ မဟုတ်ရင် သူသေရလိမ့်မယ်” ချင်းတုန်သည် မျက်မှောင်ကြုတ်၊ သက်ပြင်းချလျက် ပြောလိုက်၏။
“အသေအချာကြီးတော့ မဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်သာ အတော်လေး အားကောင်းမယ်ဆိုရင် အဲ့မိုးမြေစွမ်းအင်တွေကို ခဏလောက် ခုခံနိုင်လိမ့်မယ်။ ဒါပေမယ့်… အဲ့လိုဆိုရင်တောင် လွယ်တော့ မလွယ်လှဘူး”
မြူနှင်းမှုန်နန်းတော်မှလူများ ဘာမှ မပြောကြသော်ငြား နှစ်ယောက်စလုံးသည် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် မိုးမြေစွမ်းအင်လေပွေကြီးကို စိုက်ကြည့်နေကြလေသည်။
ကုန်းရှင်းဟယ်နှင့် ကုန်းအောင်ဖုတို့လည်း လုံးဝကို ထိတ်လန့်တုန်လှုပ်နေကြလေသည်။ အထက်စကြာဝဠာဂိုဏ်းသည် ရီရှီယွင်၏ ဂုဏ်သတင်းနှင့် ခွန်အားအပေါ် အားကိုးနေခြင်း ဖြစ်သည်ဟု နှစ်ယောက်စလုံး ထင်ခဲ့ကြသည်။
သို့သော်လည်း ယခုမူ အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်ကို သေချာ လေ့လာရန်လိုလာလေပြီ။ ရန်ကိုင်သာ ယနေ့ ဤနေရာ၌ သေသွားခဲ့လျှင် သူတို့ စိတ်ပျက်မိလိမ့်မည် မဟုတ်ချေ။ အရိပ်ကြယ်အား အုပ်စိုးနေသည့် မဟာအင်အားစုကြီးနှစ်ခု ရှိနေပြီးလေပြီ။ ထို့ကြောင့် သူတို့နှင့်အပြိုင် အားကောင်းသည့် နောက်ထပ်အင်အားစုတစ်ခု ထပ်ပေါ်လာမည်ကို ဖြစ်နိုင်လျှင် ကုန်းရှင်းဟယ် အလိုမရှိချေ။ သို့သော် ရန်ကိုင်သာ ယနေ့တွင် အသက်ရှင်ခဲ့လျှင်မူ သူနှင့် မိတ်ဆွေဖြစ်အောင် အတတ်နိုင်ဆုံး လုပ်သည်မှာ အကောင်းဆုံး ဖြစ်သည်။
လူအားလုံး၏ စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။ သို့သော် သူတို့ မည်သည့်အရာကို တွေးနေပါစေ၊ အကုန်လုံးသည် မိုးမြေစွမ်းအင် လေပွေကြီးကိုသာ အာရုံစိုက်နေခဲ့ကြလေသည်။ ခဏအကြာတွင် မိုးမြေစွမ်းအင် လေပွေကြီး ထပ်၍ ကျုံ့သွားရာ ပထမဆုံး အရွယ်အစား၏ လေးပုံတစ်ပုံသာ ရှိတော့သည်။
ထိုမျှနှင့်ပင် မရပ်သေးဘဲ မိုးမြေစွမ်းအင် လေပွေသည် ဆက်၍ ကျုံနေခဲ့လေသည်။ ထိုသို့ဖြင့် ဆက်၍ ကျုံ့ရင်း၊ ကျုံ့ရင်းဖြင့် နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ မိုးမြေစွမ်းအင် လေပွေ၏ ပျောက်ကွယ်မှုနှင့်အတူ အစောပိုင်းက ထွက်ပေါ်နေသော အားကောင်းလှသည့် ဖိအားလည်း တစ်ပါတည်း ပျောက်ကွယ်သွားခဲ့သည်။ အထက်ကောင်းကင်ယံအား ဖုံးအုပ်ထားသည့် တိမ်စိုင်တိမ်တိုက်တို့မှာလည်း လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားကုန်ကြပြီး အထက်စကြာဝဠာဂိုဏ်း ထဲသို့ နေအလင်းရောင် တစ်ဖန်ပြန်လည် ကျရောက်လာခဲ့သည်။
အားလုံး မူလအတိုင်း ပြန်ဖြစ်သွားခဲ့သော်ငြား ငါးရောင်ခြယ် မိုးမြေစွမ်းအင်အချို့သည် ပိုက်ကွန်ထဲ မိနေသည့် ငါးတစ်ကောင် ကဲ့သို့ ပထမကောင်းကင်နန်းတော်ထဲ ကျန်ရစ်နေခဲ့သည်။
အထက်စကြာဝဠာဂိုဏ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ အကုန်လုံး၏ အကြည့်သည် ပထမကောင်းကင်နန်းတော်သို့သာ ရောက်ရှိနေခဲ့သည်။ နောက်ဆုံးရလဒ် မည်ကဲ့သို့ ဖြစ်သွားသလဲ ဆိုသည်ကို အကုန်လုံး သိချင်နေကြသည်။
သို့သော်လည်း ရန်ကိုင် သေသွားသည့်အလား အချိန် အတော်ကြာသွားသည့်တိုင် တိတ်ဆိတ်မှုသာ ကြီးစိုးနေဆဲ။
ဝူရီနှင့် ချင်းယွဲ့တို့ တဖြည်းဖြည်း မျက်နှာပျက်လာခဲ့သည်။
သူများ ကျရှုံးသွားလေခြင်းလာ… ဝူရီနှင့် ချင်းယွဲ့တို့ ထိုအကြောင်းကို ဆက်မတွေးရဲတော့ချေ။ သို့သော်လည်း ထိုသို့ မဟုတ်လျှင် ဘာကြောင့် တိတ်ဆိတ်နေရသေးသနည်း။
ထိုမျှအားကောင်းလှသော မိုးမြေစွမ်းအင်များ မိမိ၏ ခန္ဓာကိုယ်ထဲသို့ တစ်ခဏအတွင်း တစ်ဟုန်ထိုး စီးဝင်လာသည်ကို မည်သည့် ကျင့်ကြံသူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင် တတိယအဆင့် ပညာရှင်များပင် မစွမ်းဆောင်နိုင်ချေ။ သူတော်စင် ဘုရင် တတိယအဆင့်သာ ရှိသေးသော ရန်ကိုင် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ချန်ချီနှင့် အခြားသူများ မျက်နှာပျက်နေကြသည်။
“နင်းတို့တွေ ဘာလို့ ဒီလို မျက်နှာကြီးတွေ လုပ်နေကြတာလဲ” ရီရှီယွင်က အားလုံးကို ဝေ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် “သူသေပြီလို့ နင်တို့ ထင်နေတာလား”
ထိုစကားကို ကြားလိုက်သည့်အခါ ချန်ချီ ထိတ်လန့်သွားပြီး ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ရီရှီယွင်ဘက်သို့ လှည့်၍ “အကြီးအကဲချုပ် ပြောချင်တာက…”
ရီရှီယွင်သည် ယဲ့ယဲ့လေးပြုံးလိုက်ပြီး ဆံပင်အား နားသယ်နောက်သို့ သပ်တင်လျက် “သူဘယ်လိုလုပ်သွားလဲ ဒီဘုရင်မ မသိပေမယ့်… သူကျိန်းသေ မသေးဘူး။ မသေတာတင်၊ မဟုတ်ဘူး။ အကောင်းကြီးကို ရှိနေသေးတာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၇)
ရီရှီယွင် ပြောသည်ကို ကြားပြီးနောက် အကုန်လုံး ထိတ်လန့်သွားကုန်ကြလေသည်။
ရန်ကိုင် မသေသေးဘူး ဆိုလျှင်… သူအောင်မြင်သွားခြင်းလား။
အကုန်လုံး သူတို့နားသူတို့ မယုံနိုင် ဖြစ်နေကြသော်လည်း ရီရှီယွင်အား သွားမေးခွန်းမထုတ်ရဲသဖြင့် ပထမကောင်းကင် နန်းတော်ဆီသို့သာ ပြန်လှည့်ကြည့်လိုက်ကြလေသည်။
ရီရှီယွင် စကား ဆုံးသွားပြီး မကြာခင်မှာပင် ပထမကောင်းကင်နန်းတော်ထက်ရှိ မိုးမြေစွမ်းအင်များ တစ်ဖန် ပြန်လည် စုဝေးသွားကြပြီး ဧရာဇမလက်ဝါးကြီးတစ်ဖက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မိုးမြေစွမ်းအင်များ လက်ဝါးအသွင်သို့ ပြောင်းသွားပြီးနောက် ပထမကောင်းကင်နန်းတော်ထက်၌ ဝဲနေသော ဒြပ်ကြီးငါးပါး စွမ်းအင်များကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ပထမကောင်းကင်နန်းတော်ထဲသို့ တဖြည်းဖြည်း ပြန်လည်တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရီရှီယွင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီ ပြုံးလျက် ရေရွတ်လိုက်လေသည် “ဒီကောင်ကတော့…”
ရန်ကိုင်သည် သူ့ကိုယ်ထဲသို့ မစုပ်ယူလိုက်နိုင်သည့် ဒြပ်ကြီးငါးပါး စွမ်းအင်အချို့ကို လက်လွှတ်မခံချင်သည့် အတွက်ကြောင့် ထိုနည်းဖြင့် ပြန်စုပ်ယူလိုက်ခြင်း ဖြစ်သည်။ သူ့တွင် ထိုသို့လုပ်နေရန်ပင် အချိန်ရှိလေသဖြင့် သူ၏ အဆင့်တက်ခြင်းဖြစ်စဉ် အောင်အောင်မြင်မြင် ပြီးသွားခြင်း ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်၏ လုပ်ပုံကို ကြည့်ရင်း ရီရှီယွင် မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
“ကဲကဲ၊ အားလုံးသွားကြပေတော့၊ နင်တို့ ရန်ကိုင်ကို ဆက်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး” ထိုအခြင်းအရာကို မြင်ပြီးနောက် ယန်ယန်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး လူအုပ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ” ချန်ချီနှင့် အခြားသူအားလုံး လေးလေးစားစား ပြန်ဖြေလျက် အသီးသီး ထွက်သွားကြလေသည်။
“အကြီးအကဲချုပ်၊ ရန်ကိုင်က အခုမှ အဆင့်တက်ပြီးတာ ဆိုတော့ သူ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ရဦးမယ်။ ဒါကြောင့် သူ့ကို ခဏလောက် ကာကွယ်ထားပေးပါဦး” ယန်ယန်က ရီရှီယွင်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မဒမ်” ရီရှီယွင်က ချက်ချင်းပဲ ခေါင်းညိတ်ကာ သဘောတူလက်ခံလိုက်လေသည်။
ပထမကောင်းကင်နန်းတော်အား နောက်ဆုံးတစ်ကြိမ် ကြည့်ပြီးနောက် ပြုံးလျက် ထွက်သွားလေသည်။ ဧကရာဇ်ဥယျာဉ် ပွင့်ရန် မကြာတော့ချေ။ ရန်ကိုင် မအားသေးသည့်အတွက် အထက်စကြာဝဠာဂိုဏ်း၏ ကိစ္စအရပ်ရပ်သည် သူမပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့သည်။ သို့သော် ဝူရီနှင့် ချင်းယွဲ့တို့ကလည်း သူမကို ကူညီပေးနေသည့်အတွက် အတော်လေး အဆင်ပြေသွားသည်ဟု ပြော၍ရသည်။
ပထမကောင်းကင်နန်းတော်ထဲ၌…
ရန်ကိုင် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသည်။ သူ့အဝတ်အစားများ စုတ်ပြဲနေပြီး တစ်ကိုယ်လုံးလည်း ရွှေရောင်သွေးများဖြင့် စိုရွှဲနေကာ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေလေသည်။ မသိလျှင် ချောင်ကြိုချောင်ကြားမှ ထွက်လာသည့် သူတောင်းစားတစ်ယောက်နှင့်ပင် တူသေး၏။
သို့သော်လည်း ရန်ကိုင် အတော်လေးကို ပျော်နေလေသည်။
သူ့အဆင့်တက်ခြင်းဖြစ်စဉ် ချောချောမွေ့မွေ့နှင့် ပြီးသွားမည်ဟု မထင်ထားခဲ့ချေ။
ဓါတ်ပြယ်ကျောက်တုံးမှ ဓါတ်ပြယ်သဲမှုန်ကို ရပြီးနောက်တွင် ဒြပ်ကြီးငါးပါးကျင့်စဉ်ကို သူစတင်လေ့ကျင့်တော့သည်။ သို့သော် အရမ်းကြီးတော့ မျှော်လင့်မထားခဲ့ချေ။ ထိုကျင့်စဉ်နှင့် အနည်းငယ် ရင်းနှီးသွားအောင်သာ စမ်းကြည့်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအရာသည် သူလိုအပ်နေသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လွန်ခဲ့သော ငါးလအတွင်း ရန်ကိုင်သည် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာအား ပထမအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။ ဓါတ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာ ကျင့်စဉ်သည် သူ့ခန္ဓာကိုယ်ကိုသာမက၊ သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကိုလည်း တိုးတက်အောင် ကူညီပေးလေသည်။ ကျင့်စဉ် မကျင့်ကြံမီကနှင့် ယှဉ်လိုက်လျှင် သူ့ခွန်အားသည် စုစုပေါင်း နှစ်ဆယ်ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ရသည်။
သို့သော်လည်း ထိုနှစ်ဆယ်ရာခိုင်နှုန်းသည် သူအား အထွဋ်အထိပ် အခြေအနေသို့ ရောက်သွားစေခဲ့သည်။ သူ့ခွန်အား နှစ်ဆယ်ရာခိုင်းမျှ ထပ်မံမြင့်တက်လာသည့် အတွက် သူကြုံနေရသည့် အချုပ်အနှောင်များကို ချိုးဖျက်ပြီး တန်ခိုးရှင် အဆင့် အတားအဆီးကို သွားရောက် ထိတွေ့နိုင်ခဲ့သည်။
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာအား ကျင့်ကြံပြီးသည်နှင့် ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော နာမ်ဝိဥာဉ်များကို စတင် သန့်စင်တော့လေသည်။
နဂါးလိုဏ်ဂူတောင် တိုက်ပွဲတွင် တန်ခိုးရှင်အဆင့် ပညာရှင် များစွာ သေဆုံးခဲ့သည်။ သေဆုံးသွားသော ထိုပညာရှင် အများစု၏ နာမ်ဝိဥာဉ်များသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူခြင်း ခံခဲ့ရသည်။ ထိုစဉ်က ရန်ကိုင်သည် သူ့အသိစိတ် ပင်လယ်ထဲသို့ ရောက်လာသော ဝိဥာဉ်များကို သန့်စင်ပြီးတော့သာ သိမ်းထားလိုက်ပြီး တစ်ခါတည်း မစုပ်ယူခဲ့ပေ။
ယခုမှသာ စုပ်ယူခြင်းဖြစ်သည်။ ထိုပညာရှင်များ၏ ထိုးထွင်း သိမြင်မှုများနှင့် ဥာဏ်အလင်းတို့အား စုပ်ယူဝါးမြိုပြီးနောက်တွင် တန်ခိုးရှင်အဆင့် အပေါ် ရန်ကိုင် အတော်လေး ထိုးထွင်းသိမြင် နာလည်လာခဲ့ရပြီး အဆင့်တက်ခြင်း ဖြစ်စဉ်ကိုပါ တစ်ပါတည်း အသက်သွင်းမိသွားသည်။
သို့သော်လည်း ယခုတစ်ကြိမ် အဆင့်တက်ခြင်း ဖြစ်စဉ်သည် ရန်ကိုင် မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေခဲ့သည်။ အထူးသဖြင့် ဒြပ်ကြီးငါးပါးမိုးမြေစွမ်းအင်ပင်။ ဒြပ်ကြီးငါးပါး မိုးမြေစွမ်းအင်များ မည်သည့် အတွက်ကြောင့် ပေါ်လာရသလဲ ဆိုသည်ကို သူမသိသော်လည်း သူကျင့်ကြံခဲ့သည့် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
သူ့အဆင့်တက်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လာရခြင်းမှာ ရှုပ်ထွေးပွေလီသော အခွင့်အလမ်းနှင့် တိုက်ဆိုင်မှုများကြောင့် ဖြစ်ပေသည်။ သို့သော် အတင်းအကြပ် ဖိအားပေးခြင်းမျိုး မဟုတ်ဘဲ သူ့အလိုလို ဖြစ်ပေါ်လာခြင်း ဖြစ်သည့်အတွက် ရန်ကိုင်၏ မူလအစီအစဉ်နှင့် အကြီးအကျယ် ကွဲလွဲနေသည်ဟု ပြော၍ရသည်။ ရန်ကိုင်သည် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားရာ၌ အဆင်မပြေခဲ့လျှင် ဆိုသော အတွေးဖြင့် ဆေးသွေးကြော ပါသည့် တန်ခိုးရှင်အခြေတည်ဆေးလုံးကိုပင် ကြိုပြင်ထားခဲ့သေးသည်။
သို့သော်လည်း သူ့အစီအစဉ် မိုးကောင်းကင်၏ အစီအစဉ်နှင့် ယှဉ်လိုက်လျှင် နိမ့်ပါသွားရသည်။ အဆုံးတွင် သူပြင်ဆင်ထားသည့် မည်သည့် ပစ္စည်းကိုမှ မသုံးလိုက်ရဘဲ တန်ခိုးရှင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွားနိုင်ခဲ့သည်။
သို့သော်လည်း ရန်ကိုင်အား အထူးတလည် ပျော်ရွှင်စေသည့် အချက်တစ်ချက် ရှိနေသေးသည်။
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ခန္ဓာကျင်စဉ်ကို ပထမအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံလိုက်နိုင်သော်လည်း သူ့တွင် သွားစရာ ခရီးလမ်းရှည်ကြီး ကျန်ရှိနေပေသေးသည်။ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ ဓါးခန္ဓာကျင့်စဉ်တွင် စုစုပေါင်း အဆင့်ကိုးဆင့် ရှိကာ တစ်ဆင့်ထက် နောက်တစ်ဆင့် ပိုပို ခက်ခဲလာပေသည်။ ထို့ကြောင့် ဤကျင့်စဉ်ကို နောက်ဆုံးအဆင့်ထိ ရောက်အောင် ကျင့်ကြံလိုလျှင် အချိန်နှင့် အရင်းအမြစ်များစွာ လိုပေလိမ့်မည်။
ပထမအဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးနောက် သူ့ရတနာများအား ပြန်ကြည့်လိုက်သည့်အခါ နေမီးလျှံအမြူတေမှ လွဲ၍ ကျန်ရတနာအားလုံး သိသိသာသာ စွမ်းအင် ကုန်ဆုံးသွားသည်ကို သတိပြုမိလိုက်သည်။
ဆန်းယင်ရွှေနှင့် မိုးကြိုးသစ်သားထဲရှိ စွမ်းအင်တို့မှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။ ပုလင်းထဲရှိ ယင်နေကြာ ရေစင်သုံးစက်မှာလည်း မရှိတော့လေပြီ။ ဓါတ်ပြယ်သဲမှုန်လည်း အမှုန်နှစ်ဆယ်လောက် လျော့သွားခဲ့သည်။
ပထမအဆင့်သို့ ရောက်ရန်အတွက် လိုအပ်သည့် အရင်းအမြစ် ပမာဏမှာ ကြောက်မခန်းလိလိပင်။ သူ့တွင် ရှိသေးသော လက်ကျန်ရတနာများနှင့် ဆိုပါက နောက်ထပ် ဒုတိယ သို့မဟုတ် တတိယအဆင့်သို့ ရောက်အောင်သာ ကျင့်ကြံနိုင်ပေတော့မည်။ ပြီးလျှင် နောက်ထပ် ရတနာအသစ် ထပ်ရှာရပေလိမ့်မည်။ နေမီးလျှံအမြူတေကိုမူ ယခုထက်ပို၍ ကြာကြာ အသုံးပြုနိုင်လောက်ပေသည်။
သို့သော်လည်း သူ့တွင် အချိန်ရှိပေသေးသည်။ ထို့ကြောင့် လိုအပ်သည့် ရတနာများကို နောက်မှရှာလည်း အဆင်ပြေ၏။
ထိုကဲ့သို့ တွေးပြီးနောက် လက်ကိုဆန့်၍ သူ့လက်ဝါးထက်၌ ငါးရောင်ခြယ်စွမ်းအင်လုံးလေး တစ်လုံးကို ဖန်တီးလိုက်သည်။
ထိုစွမ်းအင်လုံးလေးသည် ကြက်ဦတစ်လုံးစာ အရွယ်မျှသာ ရှိပြီး အထဲ၌ ရွှေရောင်၊ အပြာရောင်၊ အဖြူရောင်၊ အနီရောင်နှင့် အဝါရောင်တို့ ပေါင်းစပ်ပါဝင်နေခဲ့သည်။
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီ… ဒြပ်ကြီးငါးပါး အကြွင်းမဲ့ ဓါးခန္ဓာကျင့်စဉ်အား ပထမအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ် ခွန်အားကို သိသိသာသာ တိုးမြှင့်နိုင်ခဲ့ရုံမက ဒြပ်ကြီငါးပါးအကြွင်းမဲ့ ဓါးချီကိုပါ ဖန်တီးနိုင်ခဲ့သည်။
သို့သော် လက်ရှိ ရန်ကိုင် လက်ဝါးထက်ရှိ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ ဓါးချီသည် အတော်လေးကိုမှ အားနည်းနေသေးသည်။ ထိုဓါးချီကို တိုက်ပွဲတွင် သွားသုံး၍ မရသေးချေ။ သို့တိုင် ထိုဓါးချီ၏ စွမ်းအားကို ရန်ကိုင် စမ်းသပ်ချင်နေမိသည်။
အတွေးတစ်ချက်နှင့် ရန်ကိုင်သည် ဓါးချီးထဲမှ အရောင် လေးရောင်ကို ဖယ်ရှားလိုက်ပြီး ရွှေရောင် တစ်ရောင်တည်းကိုသာ ချန်ထားခဲ့လိုက်သည်။ ထို့နောက် ထိုရွှေရောင်စွမ်းအင်အား ရွှေရောင်ဓါးတစ်ချောင်းအဖြစ် ပြောင်းလဲလိုက်လေသည်။
ဓါးမှာ အတော်လေးကိုမှ သေးသော်ငြား ၎င်း၏ ထက်ရှမှုကို သွားအထင်မသေးသင့်ချေ။ မူလသဘာဝကို ကတည်းက ထက်ရှမှုအား ပိုင်ဆိုင်ထာသော ဆန်းယင်ရွှေ၏ အဆီအနှစ်မှ ဖြစ်ပေါ်လာသည့် သန့်စင်သော ရွှေဓါတ်စွမ်းအင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်အတွက် ထိုရွှေရောင်ဓါး ထက်မထက်ကို မေးနေစရာပင် မလိုချေ။
“သွားစမ်း” ရန်ကိုင်သည် ရွှေရောင်ဓါးအား အဝေးသို့ စမ်းပစ်ကြည့်လိုက်သည်။ ရွှေရောင်ဓါးသည် မပျက်စီးသေးဘဲ ကျန်ရှိနေသော လက်ကျန်အစီအရင်များကို ဖောက်ထွက်ကာ မိုင်ပေါင်းများစွာအဝေးသို့ ပျံသန်းသွားလေသည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အတော်လေး ကျေနပ်မိသွားလေသည်။
ရွှေရောင်ဓါး၏ အဖျက်စွမ်းအားကို မစမ်းသပ်ရသေးသော်ငြား ၎င်း၏ အရှိန်တစ်ခုတည်းနှင့် ရန်သူများကို ခေါင်းကိုက်အောင် လုပ်နိုင်လေပြီ။
ရွှေဓါတ်စွမ်းအင်ကို စမ်းသပ်ပြီးသည်နှင့် ရန်ကိုင်သည် အခြားသော စွမ်းအင်လေးမျိုးကို ထပ်စမ်းကြည့်တော့လေသည်။ ကျန်လေးမျိုးနှင့် ပက်သက်၍လည်း သူကျေနပ်ဝမ်သားမိသည်။
စွမ်းအားငါးမျိုးစလုံးတွင် သူ့အားသာချက်နှင့် သူရှိကာ အကုန်လုံးသည် အတူတူပင် ဖြစ်သည်။ ငါးမျိုးအနက်တွင် ရွှေဓါတ်နှင့် မီးဓါတ်သည် အားအပြင်ဆုံးဖြစ်သည်။ ရွှေဓါတ်သည် ထက်ရှမှုကို အသားပေးပြီး မီးဓါတ်သည် အဖျက်စွမ်းအားကို အသားပေးသည်။
မြေဓါတ်နှင့် ရေဓါတ်သည် ခုခံမှုပိုင်းတွင် အခြားသော စွမ်းအင်သုံးမျိုးထက် ပိုသာသည်။ မြေဓါတ်သည် မာကျောမှုကို အသားပေးချိန် ရေဓါတ်သည် ပျော့ပျောင်းမှုကို အသားပေး၏။
သစ်သားဓါတ်သည်ကား စွယ်စုံရဟု ပြော၍ရသည်။ ၎င်းအား တိုက်ခိုက်သည့်နေရာတွင် သုံး၍ရသလို ခုခံမှုပိုင်းတွင်လည်း သုံး၍ ရပေသည်။
ထို့အပြင် ဒြပ်ကြီးငါးပါးဓါးချီအား အတိုင်းအတာတစ်ခုအထိ ရောက်အောင် ကျင့်ကြံပြီးပါက ဓါတ်ကြီးငါးပါးဓါးချီ အစီအရင်ကို ခင်းကျင်းနိုင်ပေလိမ့်မည်။ ထိုအစီအရင်သည် စွမ်းအင်ငါးမျိုးအား တစ်ခုကိုတစ်ခု အားဖြည့်ပေးကာ လည်ပတ်ခြင်း ဖြစ်သည့်အတွက် ရန်သူသာ အစီအရင်ထဲသို့ ရောက်သွားခဲ့လျှင် ချက်ချင်း လွတ်အောင် မပြေးနိုင်ဆိုပါက အကြီးအကျယ် ဒုက္ခရောက်ရပေလိမ့်မည်။ ထိုဒြပ်ကြီးငါးပါး ဓါးချီ အစီအရင်သည် အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာသည့် အစီအရင်တစ်မျိုး ဖြစ်ပေသည်။
စွမ်းအင်ငါးမျိုးအား နည်းနည်းပါးပါး စမ်းသပ်ပြီးနောက် သူ့ကိုယ်ထဲသို့ ပြန်ဆွဲယူလိုက်လေသည်။ ဒြပ်ကြီးငါးပါး အဆုံးမဲ့ ဓါးချီကျင့်စဉ်သည် အလွန်ကိုမှ အားကောင်းသော်လည်း မည်သည့် ကျင့်စဉ်မှ ခုရေတွင်းတူး ခုရေကြည်သောက်၍ရသည့် ကျင့်စဉ်မျိုး မဟုတ်ချေ။ ကျင့်စဉ်တစ်ခု အစွမ်းပြလာစေရန်အတွက် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုကျင့်စဉ်အား မလျော့သောဇွဲဖြင့် တစိုက်မတ်မတ် ကျင့်ကြံရန် လိုအပ်ပေသည်။
ထိုအချက်ကို ရန်ကိုင် သိပြီးသားပင်။
တန်ခိုးရှင်အဆင့်သို့ ရောက်လာပြီးနောက် သူ့ခွန်အား အကြီးအကျယ် တိုးတက်လာခဲ့သည်။ သူ့ဆဲလ်တိုင်းသည် အဆုံးမဲ့ စွမ်းအားတို့ဖြင့် ပြည့်နေသလို ခံစားရသည်။ ဤအဆင့်သည် အရိပ်ကြယ်တွင် အမြင့်ဆုံးအဆင့် ဖြစ်သော တန်ခိုးရှင်အဆင့် ဖြစ်ပေသည်။
သူကြယ်စီရင်စုထဲသို့ ရောက်လာခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိသွားခဲ့လေပြီ။ သေးနုပ်သော သူတော်စင် ဒုတိယ အဆင့် ကျင့်ကြံသူတစ်ယောက်မှ အစပြု၍ နှစ်နှစ်ဆယ်အတွင်း တန်ခိုးရှင်အဆင့်သို့ ရောက်ခဲ့သည်။ သူ့ကဲ့သို့ မည်သူမှ မလုပ်နိုင်ဟု မပြောနိုင်သော်လည်း သူ့ကဲ့သို့ လုပ်နိုင်သည့် လူအရေအတွက်မှာ အလွန်ကိုမှ နည်းပေလိမ့်မည်။
ဝေကုချန်း၊ တုန်ရွှမ်းအာနှင့် အရိပ်ကြယ်ပေါ်ရှိ အခြားသော လူငယ်လက်ရွေးစင်တို့သည် ရန်ကိုင်နှင့် အသက်အရွယ်တူဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုလူအားလုံးသည် ရန်ကိုင်ထက် အသက်အများကြီး ကြီးကြသည်။ သူတို့၏ ကျင့်ကြံခြင်းကြောင့်သာ ငယ်ရွယ်ပုံပေါက်နေခြင်း ဖြစ်သည်။
ချင်းတုန်နှင့် ဖေးကျီတုကဲသို့ ပညာရှင်များမှာမူ အနည်းဆုံး အသက်ရာနှင့်ချီ နေလာကြသည့် လူများဖြစ်ကြသည်။
စိတ်ငြိမ်အောင် လုပ်ပြီးနောက် သူ့ကိုယ်သူ အထင်မကြီးရန် ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ သူသည် ယခုမှသာ တန်ခိုးရှင် အဆင့် ပညာရှင်တစ်ယောက် ဖြစ်သေးသည်။ သူ့အထက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ထပ်ရှိနေပေသေးသည်။ တန်းခိုးရှင်ဘုရင် အဆင့် အထက်တွင် အခြားသော အဆင့်များ ထပ်ရှိနေသေး၏။ မည်သို့သော အဆင့်များ ရှိနေသေးသလဲ ဆိုသည်ကို သူမသိသော်ငြား အနည်းဆုံး ကြယ်တာရာကောင်းကင် မဟာဧကရာဇ်သည် တန်ခိုးရှင်ဘုရင် အထက်အဆင့်သို့ ရောက်ခဲ့ဖူးပေသည်။
ရန်ကိုင်တွင် ကျင့်ကြံစရာ အများကြီးလည်း ရှိပေသေးသည်။ ထို့အတွက်လည်း အချိန်အများကြီး လိုအပ်၏။
ကံကောင်းစွာဖြင့် ရွှေရောင်သွေးမျှင် ပညာရပ်ကို ကျင့်ကြံရသည်မှာ ယခင်ကကဲ့သို့ အချိန် မကြာတော့ချေ။ ရွှေရောင်သွေးမျှင်တစ်မျှင်အား ဖန်တီးပြီးသည့်နောက်တွင် ထိုအရာအား သူ့ကိုယ်ထဲ၌ ဖြည်းဖြည်းချင်း အားဖြည့်ပေးရန် လိုအပ်၏။ သူအားဖြည့်ပေးသည့် အချိန်ပိုကြာလေ ရွှေရောင်သွေးမျှင်၏ စွမ်းအား ပိုကောင်းလေပင်။
နဂါးစိမ်းဓါးအတွက်မူ ထိုဓါးကို မီးငှက်ဆီ တာဝန် လွှဲထားပေး၍ ရပေသည်။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးလည်း ပုံရိပ်တစ်ထောင်ဖန်လုံးနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေခဲ့၏။ အချိန်ကြာလာသည့်နောက်တွင် ထိုနှစ်ခု တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားပေလိမ့်မည်။
ရန်ကိုင် လုပ်ရန် လိုအပ်နေသည်ကား လေဟာနယ် ဓါးသွားနှင့် ဒြပ်ကြီးငါးပါးအဆုံးမဲ့ဓါးခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံရန် ဖြစ်ပေသည်။
သူ့တွင် လုပ်စရာအများကြီး ရှိနေသော်လည်း ရန်ကိုင် စိတ်ဓါတ် ကျမနေခဲ့ချေ။ ထိုပညာရပ်နှင့် ကျင့်စဉ်များသည် သူ့အနာဂတ် တက်လမ်းနှင့် သက်ဆိုင်နေပေသည်။ သူ့ခွန်အား ပိုတိုးတက်လာစေရန်အတွက် အခြားအသစ်သော ပညာရပ်နှင့် ကျင့်စဉ်များကို ထပ်ကျင့်ကြံရန်လည်း စိတ်မကူးထား။ သူ့လက်ထဲ ရှိသည်များနှင့်ပင် လုံလောက်နေပေပြီ။ ထိုအရာများထဲမှ တစ်ခုခုအား အဆုံးစွန်ထိ ကျင့်ကြံပြီးသွားလျှင် အရိပ်ကြယ်၌ သူမသွားနိုင်သည့်နေရာ မရှိတော့ချေ။
လုပ်စရာရှိသည်များကို စဉ်းစားပြီးသော် သူတော်စင် သလင်းလဲ နှစ်ခုကိုထုတ်ကာ လက်ထဲတွင်ကိုင်လျက် မျက်လုံး ပိတ်၍ စတင် ကျင့်ကြံတော့လေသည်။ ယခုမှ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ထားခြင်း ဖြစ်သည့်အတွက် သူ့ကျင့်ကြံခြင်းအား တည်ငြိမ်အောင် လုပ်ရပေဦးမည်။
အဆင့်တက်ပြီးပြီးချင်း ကာလာသည် အလွန်ကိုမှ အရေးကြီးသည့် အခိုက်အတန့်တစ်ခု ဖြစ်သည်။ မိမိ၏ ကျင့်ကြံခြင်းအား တည်ငြိမ်အောင် မလုပ်ပါက ယခင်အဆင့်သို့ ပြန်ကျသွားနိုင်ချေ ရှိပေသည်။
မျက်တောင်တစ်ခတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင်၊ ရန်ကိုင် မျက်လုံးပွင့်လာပြီး ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် ထိုင်ရာမှထကာ ခြောက်လတာ တံခါးပိတ်ကျင့်စဉ် ဝင်ရာမှ ထွက်လာခဲ့လေသည်။
လောလောဆယ်၌၊ အထက်စကြာဝဠာဂိုဏ်း၊ အရှေ့ခြမ်း၏ မြေကွက်လပ်ကြီးတွင် ချင်းတုန်နှင့်တကွ အခြားသော ဧည့်သည့်များ စုဝေးနေခဲ့ကြသည်။
အကုန်လုံး၏ အကြည့်သည် အထက် ကောင်းကင်ပေါ်သို့ စုံပြုံရောက်ရှိနေခဲ့ကြသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၈)
သူတို့ မြင်နေရသည့်မြင်ကွင်းကို အထက်စကြာဝဠာဂိုဏ်း တွင်သာ မြင်ရခြင်းမဟုတ်ဘဲ အရိပ်ကြယ်တစ်ခုလုံးမှ မြင်ရပေ၏။ အားလုံး ကြည့်နေသည်ကား ဧကရာဇ်ဥယျာဉ်ပင် ဖြစ်လေသည်။
လက်ရှိတွင် ဧကရာဇ်ဥယျာဉ်သည် အထက်ကောင်းကင်၌ မျောလွင့်နေလျက် မျက်စိကျိန်းမတတ် တောက်ပသော ငါးရောင်ခြယ် ရောင်စဉ်အလင်းတန်းများကို ထုတ်လွှတ်နေ၏။
တစ်ချိန်တည်းတွင် ဧကရာဇ်ဥယျာဉ်ဆီမှ မမြင်နိုင်သော ဖိအားတစ်ရပ် ထွက်ပေါ်နေခဲ့သည်။
ဧကရာဇ်ဖိအားပင်… ကံကောင်းစွာဖြင့် ယခုတစ်ကြိမ် ဧကရာဇ်ဖိအားသည် အရမ်းကြီး အားမပြင်းခဲ့။ မဟုတ်လျှင် အရိပ်ကြယ်၏ ရှစ်ဆယ်ရာခိုင်နှုန်းမျှသာ ကျင့်ကြံသူများ အလဲလဲ အပြိုပြို ဖြစ်ကုန်ကြပေလိမ့်မည်။
ဝှစ်… ဝှစ်…
လက်တစ်ဝါးစား အရွယ်မျှရှိသော ဧကရာဇ်ကျောက်စိမ်းများ မှိန်ဖျော့ဖျော့ အလင်းရောင်အား ထုတ်လွှတ်လျက် ပေါ်လာကြ၏။ ထိုဧကရာဇ်ကျောက်စိမ်းများအား သိုလှောင်လက်စွပ်များထဲတွင် သိမ်းဆည်းထားသည့်တိုင် ဆန်းကြယ်သော အားတစ်ရပ်၏ ဆွဲယူခြင်း ခံရသည့်နှယ် သူတို့ဘာသာ အပြင်သို့ အလိုလို ပျံသန်း ထွက်လာကြသည်။
ဧကရာဇ်ကျောက်စိမ်း ပိုင်ရှင်များအားလုံး သူတို့၏ ဧကရာဇ်ကျောက်စိမ်းများအား အလျင်စလို လှမ်းဖမ်းကြ၏။ ထိုသို့ လှမ်းဖမ်းလိုက်သည့် အခိုက်တွင် ရှင်းပြမရသော ခံစားချက် တစ်ခုကို အကုန်လုံး ခံစားမိလိုက်ကြရာ အကုန်လုံး အံ့ဩ၊ ပျော်ရွှင်သွားခဲ့ကြလေသည်။
ဧကရာဇ်ဥယျာဉ် ပွင့်တော့ပေမည်။
မည်သူမှ မပြောသော်လည်း ဧကရာဇ်ကျောက်စိမ်းများကို ကိုင်လိုက်သည်နှင့် ထိုကျင့်ကြံသူအားလုံး၏ စိတ်ထဲ ထိုကဲ့သို့ အလိုလို သိလိုက်ကြသည်။ ဧကရာဇ်ဥယျာဉ် ပေါ်လာသည့် အချိန်မှစ၍၊ အကုန်လုံးသည် ယနေ့ အခိုက်အတန့်အား စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့အားလုံး စောင့်နေသည့် နေ့သည် နောက်ဆုံး၌ ရောက်ရှိလာခဲ့လေပြီ။
ဤနေ့သည် မရေမတွက်နိုင်သော လူပေါင်းများစွာ မျှော်လင့်စောင့်စားနေသည့် အခိုက်အတန့် ဖြစ်သည်။
ရန်ကိုင်သည် ယန်ယန်နှင့် အခြားသူများဘေးတွင် ရုတ်တရက် ပေါ်လာပြီး အလေးအနက် အမူအရာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
“ရန်ကိုင်” ယန်ယန်မှ ရန်ကိုင်အား လှမ်းခေါ်လိုက်ပြီး တစ်ခုခု ပြောတော့မည်အပြု ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “ငါသိတယ်”
ယန်ယန် ခေါင်းသာ ညိတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ချေ။
ရန်ကိုင် ကျင့်ကြံခြင်းအား တည်ငြိမ်သွားအောင် လုပ်ပြီးပြီလားဟု ချန်ချီတို့ မေးချင်သော်လည်း ယခုအချိန်သည် ထိုကဲ့သို့ မေးရန် အချိန်မဟုတ်သေးသဖြင့် တိတ်တိတ်လေးသာ နေလိုက်ကြသည်။
အချိန်ကြာလာသည်နှင့် ငါးရောင်ခြယ်အလင်းတို့ ပိုပို၍ တောက်ပလာခဲ့သည်။ ရုတ်တရက် အထက်ကောင်းကင်ယံ၌ ဝဲနေသော ဧကရာဇ်ဥယျာဉ်သည် ထိုငါးရောင်ခြယ်အလင်းထဲသို့ စုပ်ယူခံလိုက်ရလေသည်။
ချက်ချင်းဆိုသလို ဧကရာဇ်ဥယျာဉ်၏ အောက်ခြေမှ အဖြူရောင်အလင်းတန်းသုံးခု အလွန်ကိုမှ နှေးကွေးသော အရှိန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာ ဖြူလျော်သွားပြီး နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားခဲ့ရသည်။
ယခုပုံစံသည် ပထမဆုံးသော ဧကရာဇ်ကျောက်စိမ်း ပေါ်လာစဉ်က အဖြစ်အပျက်နှင့် တစ်ပုံစံတည်းပင်။ ထိုစဉ်က အဖြစ်အပျက်ကြောင့် နဂါးလိုဏ်ဂူတောင်အား ကာကွယ်ထားသည့် အစီအရင် ပျက်စီးသွားခဲ့ရသည်။ ယခု ထိုကဲ့သို့ အလင်းတန်း သုံးခု ထပ်ထွက်ပေါ်လာပြန်သည်။ အထက်စကြာဝဠာဂိုဏ်းလည်း နဂါးလိုဏ်ဂူတောင်ကဲ့သို့ ထပ်ဖြစ်ခံရဦးမည်လား။
ကံကောင်းစွာဖြင့် ရန်ကိုင်၏ စိုးရိမ်မှုအားလုံး အပို ဖြစ်သွားခဲ့ရသည်။ အလင်းတန်းသုံးခုသည် မြေကြီးပေါ်သို့ ရောက်သည်အထိ ကျမလာဘဲ လမ်းတစ်ဝက်၌ ရပ်သွားခဲ့သည်။ ထိုအလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် အဖြူရောင် ပစ္စည်းလေးသုံးခု လေထဲတွင် ဝဲကျန်ရစ်နေခဲ့သည်ကို အကုန်လုံး မြင်တွေ့လိုက်ရသည်။
အကုန်လုံးသည် ထိုပစ္စည်းသုံးခုအား အသက်မရှူတမ်း စိုက်ကြည့်နေကြလေသည်။
သူတို့ကြား အတော်လေး ဝေးသော်လည်း အကုန်လုံးသည် အတိုင်းအတာတစ်ခုအထိ အားကောင်းကြသူများ ဖြစ်ကြသည့် အတွက် ထိုပစ္စည်းသုံးခု မည်သည့်အရာ ဖြစ်သလဲဆိုသည်ကို အဝေးမှပင် လှမ်းမြင်နိုင်ကြပေသည်။ ထိုပစ္စည်းသံးခုသည် ကျောက်စိမ်းဖြူချပ်ပြား သုံးခု ဖြစ်နေခဲ့သည်။
ချပ်ပြားသုံးခုသည် သိပ်မကြီးလှဘဲ တစ်ခုလျှင် အချင်း မီတာ အနည်းငယ်လောက်သာ ကျယ်သည်။ ချပ်ပြားတစ်ခုချင်းစီပေါ်၍ တလက်လက် တောက်ပနေသော မျဉ်းကြောင်းလေးများ ရှိနေပြီး ချပ်ပြားတစ်ခုနှင့်တစ်ခု မိုင်တစ်ရာလောက် ဝေးကွာပေသည်။
“ဟင်းလင်းပြင်အစီအရင်ပဲ” ယန်ယန်၏ မျက်ဝန်းများထဲ ပုံမှန်မဟုတ်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး တွေးတွေးဆဆဖြင့် ပြောလိုက်သည် “ကြည့်ရတာ ငါတို့အားလုံး ဧကရာဇ်ဥယျာဉ်ဆီ သွားချင်တယ်ဆိုရင် အဲ့ဟင်းလင်းပြင် အစီအရင်ကနေ သွားရမယ်နဲ့တူတယ်”
“အဲ့လိုကိုး” ချင်းတုန်နှင့် အခြားသူများ သဘောပေါက်သွားခဲ့ကြသည်။
ယခင်က ဧကရာဇ်ဥယျာဉ်ထဲသို့ မည်ကဲ့သို့ ဝင်ရမည်လဲ ဆိုသည်နှင့် ပက်သက်၍ သူတို့ နည်းလမ်းရှာခဲ့ဖူးသည်။ သို့သော် ဧကရာဇ်ဥယျာဉ်၌ မည်မည်ရရ ဝင်ပေါက်တစ်ခုမှ မရှိသဖြင့် အကုန်လုံး စဉ်းစားရကြပ်ခဲ့ကြရသည်။
ယနေ့ သူတို့ရှေ့ပေါ်လာသည့် ဟင်းလင်းပြင်အစီအရင် သုံးခုကို မြင်လိုက်ရတော့မှပဲ သူတို့ နားလည်သွားကြတော့သည်။ ဧကရာဇ်ဥယျာဉ်ထဲသို့ သွားလိုလျှင် ထိုဟင်းလင်းပြင်အစီအရင် သုံးခုအနက်မှ တစ်ခုကိုသုံးကာ သွားနိုင်ပေသည်။ သူတို့ ရထားသည့် ဧကရာဇ်ကျောက်စိမ်းသည် ဧကရာဇ်ဖိအားကို ခုခံရန်အတွက် သက်သက်သာ ဖြစ်ပေသည်။
ဧကရာဇ်ကျောက်စိမ်း မရှိလျှင် ထိုဟင်းလင်းပြင် အစီအရင် အနီးသို့ ကပ်နိုင်လိမ့်မည် မဟုတ်ချေ။
သူတို့အားလုံး နားလည်သွားခဲ့လေပြီ။
“ငါတို့ သွားနှင့်ပြီနော်” အကုန်လုံး အတွေးထဲ နစ်မြောနေစဉ် ဘေးဘက်မှ အသံနှစ်သံ ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို ပုံရိပ်နှစ်ခုသည် အလင်းတန်းအသွင်သို့ ပြောင်းလျက် ဟင်းလင်းပြင် အစီအရင် တစ်ခုဆီသို့ ပျံသန်းသွားလေသည်။
ထိုနှစ်ယောက်သည် မြူနှင်းမှုန်နန်းတော်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်တို့ ဖြစ်ပေသည်။
ဧကရာဇ်ဥယျာဉ် ပွင့်လာပြီ ဖြစ်သဖြင့် သူတို့ ဆက်ပြီး အချိန်ဆွဲမနေချင်တော့ပေ။ အခွင့်အရေး ရသည်နှင့် ချက်ချင်းပဲ အမိအရဖမ်းဆုပ်ကာ အကျိုးရှိရှိ အသုံးချတော့သည်။
ဧကရာဇ်ကျောက်စိမ်း တစ်ခုအတွက်ကြောင့် အထက် စကြာဝဠာဂိုဏ်း၏ အရှေခြမ်းမှ ထွက်ခွာခွင့်ရခဲ့သည်။ ထို့အတွက် အရိပ်ကြယ်ပေါ်ရှိ အခြားသော ကျင့်ကြံသူများထက် ဧကရာဇ် ဥယျာဉ်သို့ နေ့တစ်ဝက်ကြို၍ စောရောက်နိုင်ခွင့်ရခဲ့သည်။
ထိုနေ့တစ်ဝက်အချိန် အားသာချက်ကို အသုံးပြု၍ ရတနာများများရအောင် ရှာထားရပေမည်။
ထိုလူအိုကြီးနှစ်ယောက် စထွက်သွားသည်နှင့် တစ်ပြိုင်နက် အခြား နှစ်ဖွဲ့လည်း ချက်ချင်း ပျံတက်သွားကြသည်။ သို့သော် ထိုနှစ်ဖွဲ့၏ တည်နေရာသည် လူအိုကြီး၏ နှစ်ယောက်၏ နေရာလောက် ကောင်းမနေခဲ့ချေ။
ထိုနှစ်ဖွဲ့သည်လည်း သူတို့၏ နေရာကို ရရန်အတွက် အထက်စကြာဝဠာဂိုဏ်း၏ နင့်နေအောင် ပေးချေခဲ့ရသည်။ ထိုနှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဆီမှ ဓါတ်ပြယ်ကျောက်တုံးကို ရန်ကိုင် ရရှိခဲ့ခြင်း ဖြစ်သည်။
သဲမီးတောက်နယ်မြေ၏ အပြင်ဘက်တွင် ရှိနေသော အဖွဲ့အသီးသီးလည်း စထွက်ကုန်ကြလေသည်။
သို့သော် ထိုလူများအဖွဲ့ ဧကရာဇ်ဥယျာဉ်ဆီသို့ ရောက်လိုလျှင် မီးတောက်အရံအတားအား ပတ်သွားရန် လိုပေသည်။ ထို့အတွက် အချိန်များစွာ လိုအပ်သည်။
သူတို့ထက်စော၍ ထွက်သွားသော မြူနှင်းမှုန်နန်းတော်အား ကြည့်ရင်း ချင်းတုန် ရန်ကိုင်အား အလောတကြီး ကြည့်လိုက်၏။
ချင်းတုန် ဘာပြောချင်နေသည်ကို နားလည်နေသည့် ရန်ကိုင်သည် ပြုံးလျက် ခေါင်းညိတ်လိုက်လေသည် “ကျုပ်တို့လည်း ထွက်ကြတာပေါ့”
ရန်ကိုင်မှ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချင်းတုန်နှင့် ဖေးကျီတုတို့သည့် သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ ဝေကုချန်းနှင့်အတူ စထွက်လေသည်။
ဖန်သွေးရောင်ဂိုဏ်းနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းမှ လူများလည်း အတူတူပင်။
“အကြီးအကဲတို့၊ ကျုပ်တို့ မရှိတုန်း ဂိုဏ်းကို တစ်ချက်လောက် စောင့်ရှောက်ပေးထားဦးနော်” ရန်ကိုင်က ချန်ချီတို့ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ဂိုဏ်းချုပ် စိတ်မပူနဲ့။ ကျုပ်တို့ တာဝန်သာထားလိုက်” ချန်ချီနှင့် အခြားသူအားလုံး သံပြိုင် ပြန်ပြောလိုက်ကြသည်။
ဂိုဏ်းအား စောင့်ရှောက်နေစရာပင် မလိုချေ။ ဤဂိုဏ်းသည် သဲမီးတောက်နယ်မြေထဲတွင် ရှိနေသည့်အတွက် မည်သူမှ လာမတိုက်ခိုက်နိုင်ချေ။ ရန်ကိုင်၊ ယန်ယန်နှင့် ရီရှီယွင်တို့ ထွက်သွားသည့် အတွက် အထက်စကြာဝဠာဂိုဏ်း၏ ခွန်အား သိသိသာသာ လျော့ကျသွားရသည် ဆိုလျှင် မီးတောက် အကာအရံအား မည်သူမှ မဖြတ်ကျော်နိုင်လေရာ သူတို့အား မည်သူ လာတိုက်နိုင်မည်နည်း။
ရန်ကိုင်တို့ မရှိလျှင်ပင် အထက်စကြာဝဠာဂိုဏ်း လုံခြုံပေသည်။
“သွားကြရအောင်” ရန်ကိုင်က ယန်ယန်အား ကြည့်လိုက်ပြီး အခြားသူများအတိုင်း ဟင်းလင်းပြင်အစီအရင်ဆီသို့ ပျံသန်းသွားလေသည်။
ယန်ယန် မည်သည့် နည်းလမ်းအား သုံးနေသလဲ မသိသော်ငြား သူမ၏ အရှိန်သည် သူ့အောက် မနိမ့်ကျချေ။ ရီရှီယွင်ကမူ တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံခြင်းကြောင့် သူတို့နှစ်ယောက်နောက်သို့ အသာလေး လိုက်နိုင်ပေသည်။
ရန်ကိုင်တို့ သုံးယောက်သည် အခြားသူများကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပျံသန်းနေကြသည်။ ရန်ကိုင်ဖြစ်စေ၊ ယန်ယန်ဖြစ်စေ၊ နှစ်ယောက်စလုံး အလွန်ကိုမှ တည်ငြိမ်နေကြသည်။
ရန်ကိုင် အလျင်မလိုရခြင်းမှာ ဧကရာဇ်ဥယျာဉ်ထဲသို့ သူတစ်ကြိမ် ရောက်ဖူးထားသည့် အတွက်ကြောင့် ဖြစ်သည်။ ဧကရာဇ်ဥယျာဉ်၏ အတွင်းပိုင်းအကြောင်း အနည်းအကျဉ်း သိထားသည့်အတွက် အခြားသူများကဲ့သို့ ရတနာရှာရင်း အချိန်ကုန်ခံနေစရာ မလိုတော့ချေ။
ယန်ယန်ကမူ မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွားဖြစ်သည်။ ဧကရာဇ်ဥယျာဉ်သည် မဟာဧကရာဇ် နေခဲ့သည့် နေရာတစ်ခု ဖြစ်သည်။ လောလောဆယ်၌ ဧကရာဇ်ဥယျာဉ်အကြောင်း သူမ သိပ်မသိသော်လည်း ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ဆုံးနေသော မှတ်ဥာဏ်များ တစ်ဖန် ပြန်ပေါ်လာပေလိမ့်မည်။ ရှင်ရှင်းပြောရလျှင် ဧကရာဇ်ဥယျာဉ် အကြောင်းကို သူမလောက် မည်သူမှ မသိချေ။
သူတို့ နှစ်ယောက် ထူးထူးခြားခြား တည်ငြိမ်နေသဖြင့် ရီရှီယွင်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။
“ရန်ကိုင်၊ နင့်အခြေအနေ ဘယ်လိုလဲ” ယန်ယန်က အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။
“လုံးဝကြီးတော့ အခြေငြိမ်အောင် မလုပ်ရသေးဘူး ဆိုပေမယ့် ပြဿနာတော့ သိပ်မရှိဘူး။ နည်းနည်းလောက် တိုက်ခိုက်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။
ယေဘုယျအားဖြင့် ကျင့်ကြံသူတစ်ယောက် အဆင့်ကြီး တစ်ဆင့်သို့ ချိုးဖျက်ပြီးသွားလျှင် သူတို့၏ ကျင့်ကြံခြင်း တည်ငြိမ်သွားအောင် လုပ်ရသည်။ အန္တရာယ် အကင်းဆုံးနှင့် လူအများဆုံးသုံးသည့် နည်းလမ်းသည် တင်ပလင်ခွေထိုင်၍ စိတ်ငြိမ်အောင်လုပ်ကာ ကျင့်ကြံသည့် နည်းလမ်းဖြစ်သည်။ သို့သော်လည်း အခြားသူများနှင့် တိုက်ခိုက်သည့် နည်းလမ်းလည်း ရှိပေသေးသည်။ ထိုနည်းလမ်းသည် ပို၍ မြန်ဆန်သလို အန္တရာယ်လည်း ပိုများပေသည်။
ရန်ကိုင်ကမူ ထိုကိစ္စနှင့် ပက်သက်၍ လုံးဝ စိတ်ပူမနေခဲ့ချေ။
“အင်း” ယန်ယန် ခေါင်းညိတ်လိုက်သည်။
ထိုတစ်ဖြတ်ပြီးနောက် သုံးယောက်သားအဖွဲ့ တစ်ဖန် ပြန်တိတ်သွားခဲ့သည်။ ဧကရာဇ်ဥယျာဉ်သည် အထက်စကြာဝဠာ ဂိုဏ်းအပေါ် တည့်တည့်တွင် ဝဲနေသည့်အတွက် နီးနီးလေးဟုသာ ထင်ရသော်လည်း တကယ်တမ်း ပျံသန်းသွားကြည့်လိုက်သည့် အခါမှသာ အတော်လေးဝေးမှန်း သိလိုက်ရသည်။ သူ့အထင်အရ ဧကရာဇ်ဥယျာဉ်သည် မြေပြင်နှင့် မိုင်ပေါင်း သိန်းနှင့်ချီ အကွာ၌ ဝဲနေခြင်း ဖြစ်လောက်သည်။
ထို့အပြင် သူအပေါ်သို့ ပျံသန်းလာသည်နှင့် သူအပေါ် သက်ရောက်နေသည့် ဧကရာဇ်ဖိအားမှာ ပိုပို၍ ပြင်းထန်လာခဲ့၏။ မကြာမီ ဧကရာဇ်ဖိအားသည် လက်ဆုပ်လက်ကိုင် ပြ၍ရသည်အထိ သိပ်သည်းအားကောင်းလာခဲ့လေသည်။ ရွှံညွှန်ထဲ အားစိုက်၍ ကူးခတ်နေရသလို ရန်ကိုင် ခံစားလာရသည်။ သူတော်စင်ချီအား လှည့်ပတ်ရသည်မှာလည်း ပို၍ ခက်ခဲလာခဲ့ရသည်။
ထို့အတွက်ကြောင့် ရန်ကိုင် စိတ်ညစ်မသွားခဲ့ချေ။ ပျော်ပင် ပျော်သွားသေးသည်။
မိုင်တစ်ထောင်လောက် ပျံသန်းပြီးနောက်တွင် ယန်ယန်နှင့် ရီရှီယွင်တို့ နှစ်ယောက်စလုံး သူတို့၏ ဧကရာဇ်ကျောက်စိမ်းကို ထုတ်ကာ အသက်သွင်းရတော့သည်။ ရန်ကိုင်ကမူ ရုတ်တရက် ရပ်လိုက်လေသည်။
“ဘာဖြစ်လို့လဲ” ယန်ယန် ဇဝေဇဝါ အမူအရာဖြင့် ရန်ကိုင်အား လှည့်ကြည့်လိုက်သည်။ ယခုအချိန်မှ ရန်ကိုင် ဘာကြောင့် ရပ်လိုက်မှန်း သူမ နားမလည်နိုင် ဖြစ်နေခဲ့သည်။
“နင်တို့သွားနှင့်၊ ငါဒီမှာ ကျင့်ကြံလိုက်ဦးမယ်” ရန်ကိုင်က ယန်ယန်အား ကြည့်လျက် ပြောလိုက်သည်။
ရန်ကိုင်၏ စကားကို ကြားကြားချင်း ယန်ယန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် နားလည်သွားသည့် ဟန်ဖြင့် “နင်ဧကရာဇ်ဖိအားကို သုံးပြီး ရှီသိပ်သည်းချင်တာလား”
ထိုစကားကို ကြားသည့်အခါ ရီရှီယွင် မှင်သက်သွားလေ၏။
“ဟုတ်တယ်။ ဒါတစ်သက်မှ တစ်ကြိမ်ပဲ ရနိုင်တဲ့ အခွင့်အရေးလေ။ ဘယ်လိုလုပ်ပြီး လက်လွှတ်ခံလို့ ဖြစ်မှာလဲ” ရန်ကိုင်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။
ချင်းတုန်အား ဖေးကျီတုတို့နှင့်အတူ သွားကယ်စဉ်က၊ ကျဆုံးဧကရာဇ်တောင်သို့ သူတို့ ရောက်ခဲ့သည်။ ထိုစဉ်က နင်ရှန်းချန်သည် သူ့အား သူတန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီးလျှင် ကျဆုံးဧကရာဇ်တောင်သို့ လာပြီး ထိုနေရာရှိ ဧကရာဇ်ဖိအားကို သုံး၍ ရှီကို သိပ်သည်းသင့်သည်ဟု ပြောခဲ့သည်။
ဧကရာဇ်ဖိအား၏ အကူအညီဖြင့် သိပ်သည်းထားသော ရှီသည် သာမန် ကျင့်ကြံသူတစ်ယောက်၏ ရှီထက် အများကြီး ပိုအားကောင်းပေသည်။ သို့သော်လည်း ထိုအရာမှာ ကောလဟာလ သက်သက်သာ ဖြစ်ပြီး မည်သူမှ အတည်မပြုရသေးချေ။
ထိုစဉ်က သူသာ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီးလျှင် ကောလဟာလများ မှန်မမှန်ကို ဂရုစိုက်နေမည် မဟုတ်ဘဲ ဧကရာဇ်ဥယျာဉ်သို့လာကာ ရှီကို သိပ်သည်းမည်ဟု ဆုံးဖြတ်ခဲ့သည်။
ကောလဟာလအတိုင်းသာ ဆိုပါက အကောင်းဆုံးပင်။ ထိုသို့ မဟုတ်လျှင်လည်း ကိစ္စမရှိချေ။ ဧကရာဇ်ဖိအားသည် ရှီအား သိပ်သည်းရာ၌ ကူညီပေးနိုင်သည် ဆိုသော အချက်ကိုမူ အကုန်လုံး သဘောတူလက်ခံထားကြပေသည်။
သို့သော် ဧကရာဇ်ဥယျာဉ် ပေါ်လာသည့် အချိန်မှစ၍ ကျဆုံးဧကရာဇ်တောင်ထဲတွင် ရှိနေသော ဧကရာဇ်ဖိအားလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် ထိုနေရာရှိ ဧကရာဇ်ဖိအားကို သုံး၍ သူရှီအား သိပ်သည်းလိုလျှင်ပင် ထိုကဲ့သို့ လုပ်လို့ မရတော့ချေ။ ယနေ့ ပေါ်လာသည့် ဧကရာဇ်ဖိအားသည် နောက်ဆုံးအကြိမ် ပေါ်လာခြင်း ဖြစ်လောက်သည်။ သူသာ ယခုအခွင့်အရေးကို လွဲချော်လိုက်ရလျှင် နောက်တစ်ကြိမ် ပြန်ရဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၉)
ဧကရာဇ်ဥယျာဉ်ထဲမှ ရမည့် ရတနာများနှင့် ယှဉ်လိုက်လျှင် သူ့ကိုယ်ပိုင်ခွန်အား တိုးတက်ရေးကို သူပိုအလေးထားပေသည်။ ရေရှည်အား အဆုံးအဖြတ်ပေးမည်မှာ ကျင့်ကြံသူ တစ်ယောက်၏ ကိုယ်ပိုင်ခွန်အားသာ ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်ဥယျာဉ်ထဲသို့ မဝင်သေးဘဲ ဧကရာဇ် ဖိအားကိုသုံး၍ ရှီအား သိပ်သည်းရန် ကြိုးစားလိုခြင်း ဖြစ်သည်။ သူ့အစီအစဉ်သာ အောင်မြင်သွားမည် ဆိုပါက ဧကရာဇ်ဥယျာဉ်ထဲ ဝင်ပြီး ရတနာရှာခြင်းထက် ပိုမိုများပြားသည့် အကျိုးကျေးဇူးကို ခံစားရပေလိမ့်မည်။
ယန်ယန်လည်း ရန်ကိုင်အား ဆက်တွန်းအားမပေးတော့ဘဲ ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်လေသည် “နင်ကြိုက်သလိုသာလုပ်။ ဒါပေမယ့် သတိလည်း ထားဦးနော်။ ငါ့မှာ ငါ့ကိုကာကွယ်ပေးမယ့် အကြီးအကဲချုပ်ရှိတယ်။ ဒါကြောင့် ငါ့လုံခြုံရေးကို နင်စိတ်ပူစရာ မလိုဘူး”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ရီရှီယွင်ဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် “ယန်ယန်ကို စီနီယာရီ လက်ထဲ အပ်ထားလိုက်မယ်နော်”
“ဂိုဏ်းချုပ် စိတ်ချထားလိုက်။ ဒီဘုရင်မ အသက်ရှင်နေသရွေ့ မဒမ် ဘာမှ မဖြစ်စေရဘူး” ရီရှီယွင်က ပြန်ပြောလိုက်သည်။
ရန်ကိုင် ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းလျက် “သွားပေတော့၊ လမ်းကြုံရင် အထဲမှာ ပြန်တွေ့ကြမယ်”
ယန်ယန်သည် ရန်ကိုင်အား သတိထားရန် နောက်တစ်ကြိမ် ထပ်သတိပေးပြီးနောက် ဟင်းလင်းပြင်အစီအရင်ဆီသို့ ပျံသန်းသွားလေသည်။ သို့သော်လည်း ရုတ်တရက် ရပ်လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ လှမ်းအော်ပြောလိုက်လေသည် “ရန်ကိုင်”
“ဘာလဲ” ရန်ကိုင် သူမအား ကြောင်တောင်တောင် အမူအရာဖြင့် မော့ကြည့်လိုက်သည်။
“အတူရှိခဲ့တဲ့ ရက်တွေအတွက်… ကျေးဇူးပဲ” ယန်ယန်သည် တောက်ပစွာပြုံးလျက် နားလည်ရခက်သော စကားအချို့ကို ပြောပြီးနောက် ဟင်းလင်းပြင်အစီအရင်ဆီသို့ ပျံသန်းသွားလေ၏။
ရန်ကိုင် မျက်မှောင်ကြီးကြုတ်လျက် ယန်ယန်၏ ကျောပြင်အား စိုက်ကြည့်နေခဲ့သည်။ သူမ ဘာပြောချင်နေလဲ ဆိုသည်ကို သူနားမလည်နိုင်ခဲ့ပေ။ စဉ်းစားမရသည့် အဆုံးတွင် ခေါင်းတခါခါဖြင့်သာ သူလုပ်ရမည့် ကိစ္စကို ပြန်အာရုံစိုက်လိုက်လေတော့သည်။
စိတ်ရှုပ်စရာ အတွေးများကို ဖယ်ထုတ်လိုက်ပြီးနောက် အပေါ်သို့ ဖြည်းဖြည်းချင်း ဆက်ပျံတက်သွားလေသည်။
တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီးသည့် ကျင့်ကြံသူတိုင်း သူတို့၏ ရှီကို စတင် သိပ်သည်းကြရသည်။
ရှီသည် အမျိုးအစားခွဲ၍ သို့မဟုတ် ရှင်းပြရသည့် အရာတစ်ခု မဟုတ်ချေ။ ရှီသည် ကျင့်ကြံသူတစ်ယောက်၏ တိုက်ပွဲဝင် စိတ်ဝိဥာဉ်လည်း မဟုတ်ဘဲ စိတ်စွမ်းအင်၊ သူတော်စင်ချီနှင့် ဝိဥာဉ်စွမ်းအင်တို့ ပေါင်းစပ်ထားသည့် အရာတစ်ခုဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက် ရှီအား သိပ်သည်းနိုင်သည့်အခါ ရန်သူများနှင့် ရင်ဆိုင်ရလျှင် အပေါ်စီးမှ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ရှီအား ကျင့်စဉ်၊ သိုင်းပညာရပ်နှင့် ပေါင်းစပ်ပြီး တိုက်ခိုက်သည့် ကျင့်ကြံသူများပင် ရှိကြပေသည်။
သို့သော်လည်း ရှီအား သိပ်သည်းရသည်မှာ အလွန်ကိုမှ ခက်ခဲသည့် ကိစ္စတစ်ခုဖြစ်သည်။ ရှီအား သိပ်သည်းနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံတွေးတောရန် လိုအပ်သလို ဥာဏ်အလင်း များစွာလည်း လိုအပ်ပေသည်။ ရှီအား ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံသွားနိုင်မည် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။
ရှီအား ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ခြင်းသည် တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက်ရန် လိုအပ်သော အချက်များအနက် တစ်ခု ဖြစ်သည်။
အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် မြောက်မြားစွာ ရှိပြီး တန်ခိုးရှင် တတိယအဆင့်သို့ပင် ရောက်နေသည့် ပညာရှင်များစွာ ရှိကြသော်လည်း ရှီအား ပြီးပြည့်စုံသည့် အဆင့်ထိ ရောက်အောင် ကျင့်ကြံထားနိုင်သည့် လူအရေအတွက်မှာ လက်တစ်ဆုပ်စာသာ ရှိသည်။
ရီရှီယွင်သည် ထိုလူများအနက် တစ်ဦးအပါအဝင် ဖြစ်ပေသည်။
ချင်းတုန်နှင့် ဖေးကျီတုတို့ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်၊မရောက် ရန်ကိုင် သိပ်မသေချာလှ။ သို့သော်လည်း ကျင်းရှီ၊ အဘွားကြီးဖုန်းကဲ့သို့ ကျင့်ကြံသူများ လုံးဝ မရောက်သေးသည်မှာ တစ်ရာရာခိုင်နှုန်း သေချာပေသည်။ ထို့ကြောင့် တန်ခိုးရှင်တတိယ အဆင့် ပညာရှင်များ ဖြစ်လျက်နှင့် တစ်ယောက်နှင့် တစ်ယောက်၏ ခွန်အား ကွဲပြားနေရခြင်း ဖြစ်သည်။
ရှီအား သိပ်သည်းပြီးသည့်နောက်တွင် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်၏ ခွန်အားသည် မူလရှိသည်ထက် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း ပိုမြင့်တက်လာနိုင်ပေသည်။
သူတော်စင်တတိယအဆင့်များသည် သူတော်စင်ဘုရင် ပထမအဆင့်များကို အနိုင်ယူနိုင်စွမ်း ရှိသည်။
သို့သော်လည်း သူတော်စင်ဘုရင် တတိယအဆင့် အယောက် သုံးဆယ်သည် ရှီအား သိပ်သည်းပြီးသည့် တန်ခိုးရှင်ပထမအဆင့် တစ်ယောက် ပြိုင်ဘက်မဖြစ်နိုင်ရန် များပေသည်။ ပြိုင်ဘက်သာ သူတို့ရန်သူ၏ ရှီစက်ကွင်းအတွင်းသို့ ရောက်ရှိသွားပါက ရှီအား ဖျက်စီးနိုင်သည့် ပညာရပ်တစ်ခုခုကိုသာ မလေ့ကျင့်ထားလျှင် သူတော်စင်ချီ လှည့်ပတ်နှုန်းနှင့် သိုင်းပညာရပ်များ၏ စွမ်းအား နှစ်ခုစလုံး လျော့ကျသွားရပေလိမ့်မည်။
ရှီအား သိပ်သည်းရန်အတွက် ရန်ကိုင် အစောကြီးကတည်းက စဉ်းစားပြီးသားပင်။
သူတန်ခိုးရှင်အဆင့်သို့ ရောက်သည်မှာ သိပ်မကြားသေးသော်ငြား တန်ခိုးရှင်အဆင့် ပညာရှင်များစွာ၏ နာမ်ဝိဥာဉ်များကို စုပ်ယူထားသည့်အတွက် ရှီအကြောင်း အတော်လေး သိနေပြီဟု ပြော၍ရသည်။ ထို့အပြင် ချင်းတုန်နှင့် ဖေးကျီတုတို့ဆီမှလည်း သူတို့၏ အတွေ့အကြုံများအကြောင်း ကြားသိခဲ့ရသေးသည်။
ရန်ကိုင်ကိုယ်ထဲရှိ သူတော်စင်ချီများသည် အကန့်အသတ်ထိ သိပ်သည်းသွားပြီးနောက် လျင်မြန်စွာ လှည့်ပတ်လာလေသည်။
သူ့အထက်တွင် မမြင်နိုင်သော လှေကားထစ်များ ရှိနေသည့် အလား ရန်ကိုင်သည် ဇိမ်ပြေနပြေ အမူအရာဖြင့် ထိုလှေကားများ အတိုင်း ဖြည်းဖြည်းချင်း တက်သွားလိုက်လေသည်။
ဤနေရာတွင် ဧကရာဇ်ဖိအားသည် အရမ်းကြီး အားပြင်းခြင်း မရှိသေးဘဲ သူ့သူတော်စင်ချီအား လှည့်ပတ်ရ အနည်းငယ် ခက်ခဲသွားအောင်သာ လုပ်နိုင်သည်။ ရန်ကိုင်သည် ထိုအနည်းငယ်သော ဖိအားကို အသုံးချ၍ သူ့စိတ်စွမ်းအင်နှင့် ဝိဥာဉ်စွမ်းအားကို ပေါင်းစပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အမြင့်သို့ တက်လာသည်နှင့် သူ့အပေါ် သက်ရောက်နေသော ဧကရာဇ်ဖိအားသည် တဖြည်းဖြည်း ပို၍ ပြင်းထန်လာခဲ့လေရာ နောက်ဆုံး အနည်းငယ် ရုန်းကန်ရသည့် အဆင့်ထိ ရောက်ရှိလာခဲ့သည်။
သူ့ခြေလှမ်းတိုင်းသည် ခဲဆွဲထားသည့်အလား အလွန်ကိုမှ လေးလံနှေးကွေးနေခဲ့သည်။ သူ့ကိုယ်တွင်းမှလည်း တဖျောက်ဖျောက် မြည်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ဧကရာဇ်ဖိအားသည် သူ့လှုပ်ရှားမှုကိုသာမက ခန္ဓာကိုယ်ထဲရှိ သူတော်စင်ချီကိုပါ ကောင်းကောင်း မလှည့်ပတ်နိုင်အောင် ဖိအားပေးနေခဲ့သည်။
သူ့တစ်ကိုယ်လုံး အလွန်ကိုမှ စေးပျစ်သော နွံ့အိုင်ကြီး တစ်ခုထဲသို့ ကျသွားသလို ခံစားနေရသည်။
တဖြည်းဖြည်း ပြင်းထန်လာသော ဖိအားကြောင့် သွေးကြေားကြီးများ သူ့နဖူးနှင့် လည်တိုင်တစ်လျှောက် ထောင်တက်လာသည်။ မျက်လုံးများမှာလည်း ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ မျက်လုံးများနှယ် နီရဲတက်လာခဲ့သည်။
ပုံစံမှာ ထိုကဲ့သို့ ဖြစ်နေသော်ငြား စိတ်ထဲတွင်မူ ရန်ကိုင် အတော်လေး ပျော်နေခဲ့သည်။
ဧကရာဇ်ဖိအားအောက်ဝယ် ရှီအား သိပ်သည်းရသည်မှာ အလွန်ကိုမှ အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ဧကရာဇ်ဖိအားသည် သူ့ခန္ဓာကိုယ်အား တစ်စစီဖြစ်အောင် ကြိတ်ချေနေသော်လည်း ထိုသည်က သူ့စိတ်စွမ်းအင်နှင့် ဝိဥာဉ် စွမ်းအင်အား လွယ်လွယ်ကူကူ ပေါင်းစပ်စေနိုင်အောင် ကူညီပေးနေခဲ့သည်။
ထိုဖိအားပေး ပေါင်းစပ်ခြင်းမှ ရှီဆိုသည်မှာ ဘာလဲ၊ ရှီအား မည်သို့ သိပ်သည်းရမည်လဲ ဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့သည်။ ထို့နောက် အပေါ်သို့ မော့ကြည့်၍ နောက်ထပ် တစ်လှမ်းထပ်လှမ်းလိုက်သည်။
ပုံမှန်ခြေတစ်လှမ်းသာ လှမ်းလိုက်ခြင်း ဖြစ်သော်လည်း ထိုတစ်လှမ်း လှမ်းဖို့ရာ ရက်ပေါင်းများစွာ ကြာညောင်းသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။
ဧကရာဇ်ဖိအားသည် သူ့လှုပ်ရှားမှုများကိုသာ သူ့စိတ်အခြေအနေကိုပါ ဝေဝေဝါးဝါး ဖြစ်စေကုန်သည်။ တကယ့် အပြင်ဘက်တွင် ရန်ကိုင်သည် ပုံမှန်အတိုင်းသာ ခြေတစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်သော်ငြား ရန်ကိုင်၏ အမြင်တွင်မူ ရက်ပေါင်းများစွာ ကြာပြီးမှ ခြေတစ်လှမ်း လှမ်းလိုက်နိုင်သလို ဖြစ်နေသည်။
ခြေတစ်လှမ်း လှမ်းပြီးသည့်နောက်တွင် မျက်လုံးပိတ်ကာ သူတော်စင်ချီကို လှည့်ပတ်လိုက်သည်။ ထိုနည်းဖြင့် လက်ရှိ ဧကရာဇ်ဖိအားနှင့် အသားကျစေရန် ကြိုးစားလေသည်။
အချိန်အတော်ကြာသွားပြီးနောက် မျက်လုံးပြန်ဖွင့်ကာ နောက်တစ်လှမ်း ထပ်လှမ်းလိုက်သည်။ ထို့နောက် မျက်လုံး ပြန်ပိတ်လျက် သူတော်စင်ချီကို ထပ်လှည့်ပတ်သည်။ ထိုနည်းအတိုင်း ထပ်တလဲလဲ လုပ်သွားလေသည်။
အားကောင်းသော ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားရခြင်း၏ အကျိုးကျေးဇူးများသည် ယခုအချိန်တွင် ထင်ထင်ရှားရှား ပေါ်လာခဲ့လေပြီ။ ရန်ကိုင်၏ ခန္ဓာကိုယ်သာ အားကောင်းခြင်း မရှိလျှင် ဧကရာဇ်ဖိအားကို ယခုကဲ့သို့ အချိန်အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် ဤနေရာသို့ မလာခင် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကိုယ်ကို ကျင့်ကြံထားခဲ့သဖြင့် သူ့ခန္ဓာကိုယ်သည် သာမန်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။
ဧကရာဇ်ဖိအားကို တောင်ခံနေစဉ် အတောအတွင်း မတည်ငြိမ်သေးသော သူ့ကျင့်ကြံခြင်းပါ အလျင်အမြန် တည်ငြိမ်သွားခဲ့လေ၏။ ဤနေရာတွင် ကျင့်ကြံခြင်းသည် သူ့အတွက် အချိန်အများကြီး ပိုသက်သာစေသည်။ သူ့ဘာသာ တံခါးပိတ်ကျင့်စဉ်ဝင်မည် ဆိုလျှင် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်ခန့် ထပ်ကြာပေဦးမည်။
ဤအချက်နှင့်ပင် ယခုတစ်ကြိမ်ခရီး ထိုက်တန်နေလေပြီ။
သို့သော်လည်း ထိုမျှနှင့် ရန်ကိုင် မကျေနပ်သေးချေ။ အပေါ်သို့ တစ်လှမ်းပြီး တစ်လှမ်း ထပ်တက်နေခဲ့သည်။ သူ့ကိုယ်သူမှလွဲ၍ အရာအားလုံးကို မေ့လျော့သွားသည့်နှယ် ကျင့်ကြံနေခဲ့လေသည်။
တစ်ရက်လုံးလုံး ကြာသွားပြီးနောက်တွင် မီတာတစ်ထောင် အမြင့်ဆီသို့ ရန်ကိုင် တက်လာနိုင်ခဲ့သည်။ မီတာတစ်ထောင် အမြင့်သည် ဘာမှမဟုတ်ပါချေ။ သူလက်ရှိနေရာနှင့် ဟင်းလင်းပြင် အစီအရင်သည် အဝေးကြီး ကွာနေပေသေးသည်။ သို့သော်လည်း ထိုမျှ တက်လှမ်းနိုင်ခဲ့ရုံဖြင့် ရန်ကိုင်သည် အခြား ကျင့်ကြံသူများ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးမှ ရရှိနိုင်သည့် ထိုးထွင်းသိမြင်မှုကို ရရှိနိုင်ခဲ့လေသည်။
မမြင်နိုင်သော အားတစ်ရပ်သည် ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ အလိုလို ထွက်ပေါ်လာပြီး ဧကရာဇ်ဖိအားကို စတင် ခုခံနေခဲ့သည်။
ထိုအရာသည် ရန်ကိုင် ပိုင်ဆိုင်သည့် ရှီ ဖြစ်သည်။ သူ့ရှီသည် ဧကရာဇ်ဖိအားနှင့် ယှဉ်လိုက်လျှင် သေးနုပ်သည့် ပုရွက်ဆိတ် တစ်ကောင်နှယ် ဖြစ်နေသော်လည်း တစ်ရက်အတွင်း ရှီအား သိပ်သည်းနိုင်ခဲ့သည်မှာ မှတ်ကျောက်တင်ဖွယ်ရာ အောင်မြင်မှု တစ်ခု ဖြစ်သည်။
မည်သည့် ကျင့်ကြံသူမှ ရှီအား တစ်ရက်အတွင်း မသိပ်သည်းနိုင်ခဲ့ကြဖူးချေ။ တစ်ယောက်ယောက်သာ ထိုအကြောင်းကို ကြားခဲ့လျှင် ပြောသည့်လူ နောက်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်သည် ဧကရာဇ်ဖိအားကို အခွင့်ကောင်းယူ၍ ရှီအား တစ်ရက်အတွင်း သိပ်သည်းနိုင်ခဲ့၏။
ဧကရာဇ်ဥယျာဉ်မှ ထုတ်လွှတ်နေသော ဧကရာဇ်ဖိအားသည် ကျဆုံးဧကရာဇ်တောင်၌ သူခံစားခဲ့ရသည့် ဧကရာဇ်ဖိအားထက် အများကြီး ပိုအားကောင်းပေသည်။
အတိတ်အခါက ကျင့်ကြံသူများစွာတို့သည် ကျဆုံးဧကရာဇ် တောင်သို့ သွားကာ ထိုနေရာရှိ ဧကရာဇ်ဖိအားကို အသုံးချ၍ သူတို့၏ ရှီအား သိပ်သည်းကြခဲ့သည်။ လူပေါင်းများစွာသည် ထိုနည်းဖြင့် သူတို့၏ ရှီအား သိပ်သည်းနိုင်ခဲ့ကြပေသည်။
ရန်ကိုင်သည်လည်း ထိုနည်းအတိုင်း လုပ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဤနေရာရှိ ဧကရာဇ်ဖိအားသည် ကျဆုံးဧကရာဇ် တောင်ရှိ ဧကရာဇ်ထက် အဆများစွာ ပိုအားကောင်းသဖြင့် ရန်ကိုင် အဖို့ ရှီအား သိပ်သည်းရာတွင် ပိုလွယ်ကူသွားခဲ့ရလေသည်။ သို့သော်လည်း သူလက်ရှိ ရောက်နေသည့် နေရာသည် အဆုံးနှင့် အဝေးကြီး ကွာလှမ်းနေပေသေးသည်။
လေးနက်ပြတ်သားသော အမူအရာဖြင့် ရန်ကိုင်သည် အပေါ်သို့ တစ်လှမ်း ထပ်လှမ်းလိုက်ပြီး အံ့အားသင့်ဖွယ်ရာ ခံစားချက်ထဲ စီးမျောနေလိုက်လေသည်။
ထိုတစ်ရက်အတွင်း ကျင့်ကြံသူအချို့ ရန်ကိုင်အား လိုက်မှီလာခဲ့သည်။ ထိုကျင့်ကြံသူများသည် သဲမီးတောက်နယ်မြေ အပြင်ဘက်မှ ဧကရာဇ်ဥယျာဉ်ဆီသို့ အသည်းအသန် အူးယားဖားယား ပျံသန်းလာကြခြင်း ဖြစ်သည်။ အကုန်လုံးသည် သူတို့ရမည့် ရတနာများအား အခြားသူများ ယူသွားမည်ကို ကြောက်နေသည့်အလား၊ စိုးရိမ်တကြီး အမူအရာများဖြင့် အလျင်အမြန် ပျံသန်းနေကြသည်။
ရန်ကိုင် ဧကရာဇ်ဥယျာဉ် အပြင်ဘက်တွင် ရပ်နေသည်ကို မြင်သည့်အခါ အကုန်လုံး အံ့အားသင့်ထိတ်လန့်ကုန်ကြလေသည်။
သူတို့ ဧကရာဇ်ဖိအားကို အလွယ်တကူ ခုခံနိုင်ရခြင်းမှာ ဧကရာဇ်ကျောက်စိမ်းမှ ထုတ်လွှတ်နေသည့် အလင်းရောင်ကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ရန်ကိုင်သည် မည်သည့် ဧကရာဇ် ကျောက်စိမ်းကိုမှ မသုံးဘဲ သူ့ခွန်အား သက်သက်ဖြင့် ဧကရာဇ် ဖိအားကို ခုခံနေခြင်း ဖြစ်သည်။ သူတို့ မအံ့ဩဘဲ ဘယ်နေမည်နည်း။
ထိုလူများစွာတို့သည် အရိပ်ကြယ်၏ လူသိများ နာမည်ကျော်ကြားသည့် ပညာရှင်များ ဖြစ်ကြပြီး တန်ခိုးရှင် ဒုတိယ၊ တတိယအဆင့်သို့ ရောက်နေကြသူများ ဖြစ်ကြသည်။ သို့တိုင် မည်သူမှ သူတို့၏ ဧကရာဇ်ကျောက်စိမ်းအား အသက်မသွင်းဘဲ မနေရဲချေ။
ရန်ကိုင် ထိုကဲ့သို့ လုပ်နေသည်ကို မြင်ပြီး သူ့ကဲ့သို့ လိုက်လုပ်သည့် ပညာရှင်အချို့လည်း ရှိပေသည်။ အကျိုးဆက် အနေဖြင့် ထိုလူအားလုံး၏ အရှိန် တစ်ဟုန်ထိုး လျော့ကျသွားပြီး အခြားလူများ၏ ကျော်တက်ခြင်း ခံရလေတော့သည်။
ဧကရာဇ်ဖိအားသည် အရမ်းကြီး မပြင်းထန်သေးသော်ငြား ဧကရာဇ်ဖိအားအောက်တွင် နေရသည်မှာ အလွန်ကိုမှ မသက်မသာ ဖြစ်ရသလို သူတို့၏ အမြန်နှုန်းလည်း လျော့ကျသွားရသည်။ ဧကရာဇ်ဥယျာဉ်ထဲရှိ ရတနာများအကြောင်း တွေးလိုက်မိသည့် အခါ ဧကရာဇ်ကျောက်စိမ်းကို အလျင်အမြန် ပြန်အသက်သွင်းပြီး ရန်ကိုင်အား ဖြတ်ကျော်သွားကြလေသည်။
အကုန်လုံးတွင် ရန်ကိုင်ကဲ့သို့ ရှီကို လေ့ကျင့်ရန်အတွက် ဧကရာဇ်ဥယျာဉ်ထဲတွင် ရတနာရှာဖွေမည့် အချိန်ကို စတေးရဲသည့် လူများ မဟုတ်ကြချေ။
အင်အားစုများစွာမှ ပညာရှင်များ ရန်ကိုင်နား ဖြတ်သွားစဉ် ရန်ကိုင် ကျင့်ကြံခြင်းတွင် နစ်မြောနေသည်ကို အခွင့်ကောင်း ယူကာ သူ့အား တိုက်ခိုက်ချင်သည့် လူများစွာ ရှိခဲ့သည်။
သွေးနတ်ဆိုးကျောင်းတော်၏ ကျင်းရှီလည်း ထိုများအနက် တစ်ယောက် အပါအဝင် ဖြစ်လေသည်။
ဆန်းယင်ရွှေကို လိုချင်သည့်အတွက် နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်ရာမှ အစပြု၍ ဖွတ်မရဓါးမဆုံး အဖြစ်နှင့် ကြုံခဲ့ရသည်။ သူလိုချင်နေသည့် ပစ္စည်းကို မရခဲ့သည့်အပြင် တန်ခိုးရှင်ဘုရင် အဆင့် ကြယ်သင်္ဘော၏ အမြှောက်စာကြောင့် သူ့လက်တစ်ဖက်ပါ အဆစ် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစကာ ကျင်းရှီ နဂါးလိုဏ်ဂူတောင်အား ခါးခါးသီးသီး မုန်းတီးသွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၄၀)
နှစ်ဝက်ခန့် ပြန်လည်ကုစားပြီး နောက်ဆုံးတွင် ကျင်းရှီ ပြန်လည် သက်သာလာခဲ့သည်။ ပြတ်နေသည့် လက်တစ်ဖက် ပြန်ပေါက်မလာခဲ့သော်လည်း သူ့တိုက်ခိုင်နိုင်စွမ်းအား အရမ်းကြီး ထိခိုက်စေခြင်း မရှိတော့ချေ။ ဟင်းလင်းပြင် အစီအရင်ဆီသို့ သွားနေစဉ် သူခါးခါးတီးတီး မုန်းတီးရသည့် ရန်ကိုင်ကို တွေ့လိုက်ရသည့်အခါ ကျင်းရှီ ဒေါသပုန်ထသွားလေသည်။
ထို့ကြောင့် တုန့်ဆိုင်းမနေဘဲ နတ်ဆိုးသွေးမျှင်ကို ထုတ်ကာ ရန်ကိုင်အား သတ်ရန် ကြိုးစားခဲ့သည်။
သူ့အလစ်အငိုက် တိုက်ခိုက်မှုသည် ရန်ကိုင်အား ကျိန်းသေ သတ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
သို့သော်လည်း ဧကရာဇ်ဖိအားကို ကျင်းရှီ အထင်သေးမိသွားခဲ့၏။
အလင်းရောင်၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် ဧကရာဇ် ဖိအားကြောင့် နတ်ဆိုးသွေးမျှင်၏ အမြန်နှုန်းသည် သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
ထိုအချိန်တွင် ရန်ကိုင်က ကျင်းရှီအား လှောင်ပြုံးပြုံး၍ ကြည့်လိုက်သည်။ ပါးစပ်ဟ၍ တိုးတိုးလေး ပြောလိုက်သေး၏။ သို့သော် နှစ်ဦးသား အတော်လေး ဝေးကွာနေသည့် အတွက် ရန်ကိုင် ပြောသည့်စကားကို ကျင်းရှီ မကြားလိုက်ရပေ။
ထို့နောက်တွင် ကျင်းရှီအား လျစ်လျုရှုထားလိုက်၏။
ဘုန်း…
ရန်ကိုင်ဆီသို့ တအိအိဖြင့် သွားနေသော ကျင်းရှီ၏ နတ်ဆိုးသွေးမျှင် လေထဲတွင်ပင် ပေါက်ကွဲထွက်သွားခဲ့လေသည်။ ကျင်းရှီ နှစ်ပေါင်းများစွာ ပြုစုအားဖြည်ပေးလာခဲ့သည့် နတ်ဆိုးသွေးမျှင်သည် ဧကရာဇ်ဖိအားအောက်တွင် လုံးဝ ပျက်စီးသွားခဲ့ရလေသည်။
ကျင်းရှီ မျက်နှာဖြူလျော်သွားပြီး သွေးတစ်ပွက် အန်ချလိုက်ရလေသည်။ ချောက်ခြားစရာ တစ်ခုခုကို မြင်တွေ့လိုက်ရသည့်နှယ် သူမျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်ကာ ထိတ်လန့်နေခဲ့လေသည်။
နတ်ဆိုးသွေးမျှင်သည် မှော်ရတနာတစ်ခုနှင့် ဆင်တူသော်ငြား မှော်ရတနာ မဟုတ်ချေ။ ထိုအရာများကို ကျင့်ကြံသူ၏ ကိုယ်ပိုင် သွေးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် သွေးမျှင်သာ ဖျက်စီးခံလိုက်ရလျှင် ကျင့်ကြံသူကိုယ်တိုင်လည်း တန်ပြန် ဘေးထွက်ဆိုးကျိုး ခံစားရနိုင်ပေသည်။
ကျင်းရှီသည် ကြက်မရဆန်ဆုံး အဖြစ်နှင့် ထပ်ကြုံရပြန်ပြီ။ ယခုတစ်ကြိမ် ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ဧကရာဇ်ဖိအားကြောင့် ရန်ကိုင်အား ဘာမှ မလုပ်နိုင်ခဲ့ကာ သူ့နတ်ဆိုးသွေးမျှင်ပါ ပျက်စီးခဲ့ရပြီး အကျိုးဆက် အနေဖြင့် သူကိုယ်တိုင်လည်း ဒဏ်ရာရသွားခဲ့ရသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ မိုရှောင်ရှန်း၊ ချူချန်ဖုန်း၊ အဘွားကြီးဖုန်းနှင့် အခြားသူအားလုံး ထိတ်လန့် တုန်လှုပ်ကုန်ကြလေသည်။ သူတို့လည်း ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ရန် စဉ်းစားခဲ့ဖူးသည်။ ကျင်းရှီသည် သူတို့ထက် ပိုမြန်သွားခြင်းသာ။
သို့သော်လည်း သူတို့ အလျင်စလို မလှုပ်ရှားမိသည်မှာ ကံကောင်းသွားသည်ဟု ပြော၍ရနေလေပြီ။ သူတို့သာ အရင်ဆုံး လှုပ်ရှားလိုက်ရလျှင် ဒုက္ခရောက်ရမည့်လူမှာ ကျင်းရှီအစား သူတို့ ဖြစ်နေလောက်ပေပြီ။ ထိုပညာရှင်အားလုံး ရန်ကိုင်အား နောက်ဆုံး အကြိမ် တစ်ချက် ကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင် အစီအရင် ဆီသို့သာ ပျံသန်းသွားကြလေတော့သည်။
“ကောင်လေး၊ ဧကရာဇ်ဥယျာဉ်ရောက်ရင် ငါမင်းကို မတွေ့စေနဲ့။ မဟုတ်ရင် မင်းအရှင်လတ်လတ် အရေခွံ ဆုတ်ခံရပြီသာမှတ်” ကျင်းရှီ ဒေါသတကြီး အော်ပြောလိုက်သည်။
ရန်ကိုင် ကျင်းရှီအား မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်အား ခက်ခက်ခဲခဲ မြှောက်လျက် ကျင်းရှီအား လက်သန်း ထောင်ပြလိုက်လေသည်။ (တရုတ်တွင် လက်သန်း ထောင်ပြသည်မှာ မြန်မာမှုအားဖြင့် လက်ခလယ်ထောင်ပြသည်နှင့် တူပေသည်)
“မင်း” ကျင်းရှီ မျက်လုံးများ သတ်ဖြတ်လိုစိတ်ဖြင့် မီးတဝင်းဝင်း တောက်နေလေသည်။ ဧကရာဇ်ဖိအားကြောင့်သာ မဟုတ်လျှင် ရန်ကိုင်အား ပြေးဝင်တိုက်ခိုက်နေလောက်ပြီ။ သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲတစ်ယောက်ဖြစ်သည့် သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့ တစ်ခါမှ အရှက်မကွဲဖူးသလို အစော်ကာလည်း မခံရဖူးချေ။ သို့သော်လည်း ယနေ့တွင်မူ နို့နှံ့ပင် မစင်သေးသည့် ကောင်လေးတစ်ယောက်၏ လက်သန်း ထောင်ပြခြင်း ခံလိုက်ရသည်။
သူ့အား ထိုကဲ့သို့ မလေးအစား လုပ်ခဲ့သည့်လူတိုင်း သူ့နတ်ဆိုးသွေးမျှင်၏ အစာ ဖြစ်သွားကြကုန်လေပြီ။ ရန်ကိုင်၏ ရန်စသည့် အမူအရာဖြင့် ကျင်းရှီ ဆွေ့ဆွေ့ခုန်မတတ် ဒေါသ ထွက်သွားခဲ့ရသည်။
“အကြီးအကဲချုပ်၊ ဧကရာဇ်ဥယျာဉ်ထဲ ဝင်နိုင်ဖို့က ဦးစားပေးနော်။ ဒီကောင်လေးလည်း ဧကရာဇ်ဥယျာဉ်ထဲ ဝင်လာမှာပဲ။ အဲ့ကျမှ သူ့ကိုသွားရှာလည်း နောက်မကျသေးဘူး” ကျင်းရှီ အနားတွင် ရပ်နေသော မပေါ်တပေါ် ပန်းရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးက အသာအယာ နှစ်သိမ့်လိုက်သည်။
ထိုအမျိုးသမီး၏ ဝတ်စားပုံသည် တကယ်ကို ရဲလွန်းသည်ဟု ပြောရမည်။ အဓိကနေရာအချို့မှလွဲ၍ တစ်ကိုယ်လုံးလိုလိုကို လှစ်ဟာပြသထားသည်။ သို့တိုင် သူမ၏ ပန်းရောင် အဝတ်အစားသည် ထိုးထောင်ထွက်နေသည့် သူမ၏ မိုးမောက်မောက် ရင်အစုံကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ လှမ်းကြည့်လိုက်ရုံဖြင့် ရမက်သွေးကြွဖွယ်ရာ သူမ၏ ရင်ဘတ် တောင်ကြားနေရာကို လှမ်းမြင်နိုင်ပေသည်။
ထိုအမျိုးသမီး၏ စွဲဆောင်မှုအရှိဆုံး နေရာသည်ကား သူမ၏ နီစွေးစွေး နှုတ်ခမ်းအစုံပင် ဖြစ်လေသည်။ ရွှန်းစိုဝင်းလဲ့နေသော ပတ္တမြားရောင် သူမ၏ နှုတ်ခမ်းအစုံသည် မြင်လိုက်သည့် လူတိုင်းအား လာနမ်းလှည့်ပါဟု ဖိတ်ခေါ်နေသယောင်ယောင်၊ ရင့်မှည့်၊ အရည်ရွှမ်းနေသည့် အသီးတစ်လုံးနှယ် ထိုအမျိုးသမီးသည် အလွန်ကိုမှ ဆွဲဆောင်မှု ရှိနေပေသည်။
အမျိုးသမီးသည် ရုပ်ရည်အားဖြင့် အသက်သုံးဆယ်ခန့် ရှိသည်ဟုသာ ထင်ရသော်လည်း သူမဆီမှ တန်ခိုးရှင်တတိယ အဆင့် ပညာရှင်တစ်ယောက်၏ အရှိန်အဝါ ဖြာထွက်နေခဲ့သည်။
ကျင်းရှီစိတ်ထဲ အလွန်ဒေါသထွက်နေခဲ့သော်လည်း အမျိုးသမီး၏ စကားကို မလွန်ရဲခဲ့ပေ။ ထို့ကြောင့် အလျင်အမြန် ခေါင်းညိတ်၍ “ကျောင်းသခင်ပြောတဲ့ အတိုင်းပါပဲ”
ဤအမျိုးသမီးသည် သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်မှလွဲ၍ အခြားမဟုတ်ပါချေ။ အကြောင်းမသိသူများ အဖို့ သူမကဲ့သို့သော အမျိုးသမီးတစ်ယောက် သွေးနတ်ဆိုး ကျောင်းတော်ကဲ့သို့ ဂုဏ်းသတင်းမကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်း၏ ထိပ်ဆုံးနေရာတွင် ရပ်နေသည်ကို အံ့အားသင့်မိကြမည် ဖြစ်သော်လည်း သိသူများမူကာ သူမအား အဆိပ်ပြင်းသည့် မြွေပွေးတစ်ကောင်နှယ် ခပ်ဝေးဝေးမှ ရှောင်သွားကြပေလိမ့်မည်။
သွေးနတ်ဆိုးကျောင်းတော်၏ တပည့်များသည် မကြာခဏ ဆိုသလို လူသတ်၊ ဓါးပြမှုများ ကျူးလွန်ကြသည်။ ဦးဆောင်နွားလား ဖြောင့်ဖြောင့်သွား၊ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက် ဆိုသလို အထက်ပိုင်းမှ ဦးဆောင်နေသူများ မကောင်းမှဖြင့် အောက်ဘက်လည်း ကောင်းနေစရာ အကြောင်း မရှိတော့ချေ။ ထိုနည်းတူစွာပင် ဆိုးသွမ်းယုတ်ညစ်သော ထိုဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော ထိုအမျိုးသမီးသည်လည်း လူကောင်းတစ်ယောက် ဖြစ်စရာအကြောင်း နည်းနည်းလေးမှ မရှိချေ။
ထိုအမျိုးသမီးသည် ညစဉ်ညတိုင်း အမျိုးသား တစ်ယောက်နှင့် ပျော်ပါးလေ့ရှိသည်ဟု ကောလဟာလများ ရှိကြသည်။ သွေးနတ်ဆိုးကျောင်းတော်မှ အကြီးအကဲများပင် သူမနှင့် အရှုပ်အရှင်းများ ရှိကြပေသည်။
နှစ်စဉ်နှစ်တိုင်း ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ယောကျာ်းများစွာတို့သည် သွေးနတ်ဆိုးကျောင်းတော်၏ ဖမ်းဆီးခြင်း ခံရပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ကြသည်။
ဖြစ်နိုင်ချေအရ ဆိုလျှင် ထိုအမျိုးသားအားလုံးကို ဤအမျိုးသမီးလက်ချက်ဖြင့် သေသွားခြင်း ဖြစ်ရပေမည်။
သွေးနတ်ဆိုးကျောင်းတော်သည် ထိုကဲ့သို့ မကောင်းမှု ဒုစရိုက်များကို ကျူးလွန်နေသော်လည်း သူတို့ ဖမ်းဆီးခဲ့သည့် လူများသည် နောက်ခံအင်အား တောင့်တင်းခြင်း မရှိသည့် မိသားစုငယ်လေးများ၊ အင်အားစုလေးများမှ ဖြစ်ကြသည်။ ထို့ကြောင့် အင်အားစုများစွာသည် သွေးနတ်ဆိုးကျောင်းတော် အကြောင်း သိနေသည့်တိုင် သူတို့အား သွားပြဿနာ မရှာကြခြင်း ဖြစ်သည်။
ထို့အပြင် သွေးနတ်ဆိုးကျောင်းတော်သည် ပထမအဆင့် အင်အားစုတစ်ခု ဖြစ်နေသေးသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် အခြား အင်အားစုအချို့သာ မပူးပေါင်းလျှင် သွေးနတ်ဆိုးကျောင်းတော်အား အမြစ်ပြတ် ရှင်းလင်းဖို့ရာ မဖြစ်နိုင်ချေ။
လက်ရှိတွင် သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင် ဖြစ်သော ထိုအမျိုးသမီးသည် ရန်ကိုင်အား အရည်ရွှမ်းနေသည့် အသားတုံးအား ကြည့်နေသည့်နှယ် လျှာကိုသပ်ရင်း စိုက်ကြည့်နေခဲ့လေသည်။
အပေါက်မရှိဘဲ လေမလာချေ။ ထို့ကြောင့် ထိုအမျိုးသမီးနှင့် ပက်သက်သည့် ကောလဟာလအားလုံးသည် အမှန်အတိုင်း ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပေသည်။ ဥပမာအားဖြင့် သူမသည် အားကောင်းသည့် ယောကျာ်များကို အလွန် နှစ်ခြိုက်သည် ဆိုသော ကောလဟာလမျိုးပင်။
သူမကိုယ်က ယောကျာ်းသားများနှင့် မပျော်ပါးရလျှင် မနေနိုင်ခြင်း မဟုတ်ချေ။ တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်နှင့်အညီ သူမတွင် လုပ်စရာများစွာ ရှိလေရာ ဘာကြောင့် ထိုကဲ့သို့ အရည်မရ အဖတ်မရ ကိစ္စများအပေါ်တွင် အချိန်ဖြုန်းနေမည်နည်း။ အားကောင်းသည့် ယောကျာ်းများအား သူမ နှစ်ခြိုက်ရခြင်းမှာ သူ့တို့တွင် သာမန်လူထက် ပိုမို များပြားသည့် အသက်စွမ်းအင်များ ရှိနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ထိုအမျိုးသမီးသည် ကျင့်ကြံသူတစ်ယောက်၏ အသက်စွမ်းအင်ကို စုပ်ယူ၍ သူမ၏ နတ်ဆိုးသွေးမျှင်အား အားဖြည့်ပေးသည့် ကျင့်စဉ်ကို ကျင့်ကြံထားသည့် လူတစ်ယောက် ဖြစ်သည်။
ဧကရာဇ်ဖိအားအောက်တွင် ဧကရာဇ်ကျောက်စိမ်း၏ အကူအညီမပါဘဲ ရပ်နေနိုင်ပုံကို ကြည့်လျှင် ရန်ကိုင်သည် အလွန်အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ တစ်နည်းဆိုရသော် ရန်ကိုင်၏ အသက်စွမ်းအင်သည် သာမန်လူတစ်ယောက်ထက် အများကြီး ပိုအားပြင်းပေသည်။ ထို့ကြောင့် အမျိုးသမီး ရန်ကိုင်အား စားမဝတ်ဝါးမတတ် အကြည့်ဖြင့် ကြည့်နေခြင်း ဖြစ်သည်။
ထို့အပြင် ရန်ကိုင်သည် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူမသာ ထိုကောင်လေး၏ အသက် စွမ်းအင်ကို စုပ်ယူနိုင်မည်ဆိုပါက သူမ၏ ကျင့်ကြံခြင်းလည်း ကျိန်းသေ တိုးတက်လာပေလိမ့်မည်။
လက်ရှိ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ပြီးသည့် နောက်ပိုင်း သူမ၏ ခွန်အားကို ဆက်လက်တိုးတက်အောင် လုပ်ဖို့ရာ အတော်လေး ခဲယဉ်းသွားခဲ့သည်။ အရိပ်ကြယ်တွင် မဟုတ်ဘဲ အခြားကြယ်တစ်လုံးတွင်သာ ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနိုင်သေးသော်လည်း ဤနေရာတွင်တော့ ထိုကဲ့သို့ မလုပ်နိုင်ပါချေ။ ထို့ကြောင့် သူမ၏ ကျင့်စဉ်များကိုသာ ပိုမိုအားကောင်းအောင် လုပ်ရတော့သည်။
သူမအတွက် ရန်ကိုင်သည် အရည်ရွှမ်းနေသည် အသားတုံး တစ်တုံးပင်။
ရန်ကိုင်အား ကြည့်ရင်းကြည့်ရင်း၊ သူမစိတ်ထဲ ဆာလောင်စိတ်တို့ ပိုမို တိုးပွားလာခဲ့ရသည်။ အမျိုးသမီး အနေဖြင့် ရန်ကိုင်ဆီ ပြေးသွားပြီး အတူတကွ နှစ်ပါးသွားဇာတ်တော် ကလိုက်ချင်သည်မှာ တစ်ပိုင်းသေနေသော်လည်း ကျင်းရှီ၏ ဥပမာကြောင့် သူမစိတ်ကို အနိုင်နိုင် ထိန်းချုပ်နေရသည်။ ယခု အချိန်သည် မဆင်မခြင် လှုပ်ရှားလို့ ကောင်းသည့် အချိန် မဟုတ်မှန်း သူမ သိနေသည်။
တခစ်ခစ် ရယ်သွမ်းသွေးလျက် ရန်ကိုင်အား ကြည့်ကာ ပြောလိုက်လေသည် “မောင်လေး၊ ဧကရာဇ်ဥယျာဉ်ဆီ မြန်မြန် လာခဲ့နော်။ ဒီကျောင်းသခင် မောင်လေးကို စောင့်နေမယ်”
ပြောပြီးသည်နှင့် ကျင်းရှီနှင့်အတူ ဟင်းလင်းပြင် အစီအရင်ထဲသို့ ပျံတက်သွားလေသည်။
ထိုနှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း ရန်ကိုင် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဧကရာဇ်ဥယျာဉ်ထဲသို့ သွားမည့်ခရီးသည် လုံးဝကို ငြိမ်းချမ်းလိမ့်မည် မဟုတ်မှန်း သူသိပြီးသားပင်။ အခြားသူများ မဆိုထားနှင့် အရိပ်ကြယ်၏ ထိပ်တန်း အင်အားစုကြီးများသည် သူနှင့် ရန်ငြိုးရန်စ ရှိနေကြသည်။ ထိုလူအားလုံး သူ့အား ဧကရာဇ်ဥယျာဉ်ထဲတွင် သတ်ရန် ကြိုးစားကြပေလိမ့်မည်။
ထိုသို့ဖြစ်လျှင်ပင် ဘာအရေးနည်း။
သူသည် သူတော်စင်ဘုရင်တတိယအဆင့် ငချွတ်လေး မဟုတ်တော့။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။ ထို့အပြင် ရှီကိုလည်း အသေးစားပြီးပြည့်စုံခြင်း အဆင့်ထိသို့ရောက်အောင် သိပ်သည်းပြီးသွားလေပြီ။ တန်ခိုးရှင် တတိယ အထွဋ်အထိပ်အဆင့် လေးငါးယောက်လောက်၏ ဝိုင်းတိုက်ခြင်း ခံရလျှင်ပင် သူမကြောက်တော့ချေ။ မနိုင်လျှင်ပင် သူ့တွင် လွတ်အောင် ထွက်ပြေးနိုင်စွမ်း ရှိနေခဲ့လေပြီ။
ထို့ကြောင့် ဧကရာဇ်ဥယျာဉ်ထဲ သွားရမည်ကို စိုးစဉ်မျှ မကြောက်တော့ပေ။ ထို့အစား သူသိပ်သည်းထားသည့် ရှီ၏ စွမ်းအားကို စမ်းသပ်နိုင်မည့် အခွင့်အရေး တစ်ခုကိုပင် မျှော်လင့် စောင့်စားနေမိသည်။
ရန်ကိုင်အား တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်သွားနေကြသည်။ အချိန်ကြာလာသည့်နောက်တွင် ဧကရာဇ်ကျောက်စိမ်း ရထားသည့် ကျင့်ကြံသူအားလုံး ဟင်းလင်းပြင် အစီအရင်ထဲသို့ ရောက်သွားခဲ့ပြီး နောက်ဆုံး၌ ရန်ကိုင် တစ်ယောက်သာ ကျန်ရစ်တော့သည်။
ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ကောင်းကင်ပေါ်သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တက်နေခဲ့သည်။ စိတ်မရှည် ဖြစ်ရမည့်အစား သူ့စိတ်သည် တဖြည်းဖြည်းနှင့် ပိုပို၍ တည်ငြိမ်လာခဲ့သည်။
ယခု ဧကရာဇ်ကျောက်စိမ်း ရထားသူအားလုံး ဧကရာဇ် ဥယျာဉ်ထဲသို့ ရောက်သွားကြပြီ ဖြစ်သည့်အတွက် သူ့အဖို့ နောက်ဆံကင်းကင်းဖြင့် ရှီအား သိပ်သည်းရာတွင် အပြည့်အဝ အာရုံစိုက်နိုင်လေပြီ။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး မျက်စိ တစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင်၊ လေထဲ၌ ရပ်နေသည့် ရန်ကိုင်၏ ခြေထောက်များ တဆတ်ဆတ် တုန်ရီနေခဲ့သည်။ သူ့တစ်ကိုယ်လုံး လဲပြိုကျတော့မည်ကဲ့သို့ ရန်ကိုင် ခံစားနေရသည်။
ဤအဆင့်သို့ ရောက်လာပြီးနောက်တွင် ရန်ကိုင် မည်သို့ပင် ကြိုးစားစေကာမူ နောက်တစ်လှမ်း ထပ်မလှမ်းနိုင်တော့ချေ။ သူခံစားနေရသည့် ဧကရာဇ်ဖိအားသည် အလွန်တရာကိုမှ အားကောင်းနေလေပြီ။ သူသာ နောက်တစ်လှမ်း ထပ်လှမ်းလျှင် သူ့တစ်ကိုယ်လုံးအား တစ်စစီဖြစ်အောင် ကြိတ်ချေခံရတော့မလို ခံစားနေရသည်။
ဤနေရာတွင် သုံးရက်ကြာအောင် ကြိုးစားခြင်းသည် သာမန် ကျင့်ကြံသူတစ်ယောက် နှစ်ရာပေါင်းများစွာ ကြာအောင် ကြိုးစားခြင်းနှင့် တူညီပေသည်။
ရန်ကိုင် ရှီအား သဘောပေါက်သွားခဲ့လေပြီ။
ရန်ကိုင်၏ ရှီသည် အသေးစားပြီးပြည့်စုံခြင်း အဆင့်တွင် မဟုတ်တော့ချေ။ ထို့ထက် ပိုမြင့်နေခဲ့ပြီဖြစ်ကာ လက်ရှိ သူ့ရှီသည် အရိပ်ကြယ်၏ နာမည်ကျော် ပညာရှင်များ နားလည်ထားသည့် ရှီနှင့် နှိုင်းယှဉ်နိုင်လေပြီ။
ဒါငါ့အကန့်အသတ်လား ရန်ကိုင် အနည်းငယ် ဝမ်းနည်းသွား၏။ အပေါ်သို့ ထပ်တက်ချင်မိသေးသော်လည်း သူ့ခန္ဓာကိုယ်သည် သူ့စိတ်အလိုအတိုင်း မလုပ်ပေးနိုင်တော့ပေ။ သို့သော်လည်း ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားခဲ့သည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက် ရန်ကိုင်၏ မျက်ဝန်းထဲ ဝမ်းသာသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး ခြေထောက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ အပေါ်သို့ တစ်လှမ်း ထပ်လှမ်းလိုက်သည်။
ဘုန်း…
ရုတ်တရက် မြင့်တက်လာသည့် ဧကရာဇ်ဖိအားကြောင့် သူ့ခန္ဓာကိုယ်သာမက ဝိဥာဉ်ပါ ပျက်စီးသွားတော့မလို ရန်ကိုင် ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ထူးဆန်းသော တဖျောက်ဖျောက် မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
ထူးဆန်းသော အားတစ်ရပ် ရန်ကိုင်ဆီမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မမြင်နိုင်သည့် ဓါးသွားများ အသွင်သို့ ပြောင်းကာ ရန်ကိုင် ခန္ဓာကိုယ်ပေါ်သို့ ဖိချနေသော ဧကရာဇ် ဖိအားကို အစိတ်စိတ်ဖြစ်အောင် ပိုင်းဖြတ်တော့လေသည်။
ရုတ်တရက် သူ့တစ်ကိုယ်လုံး အတော်လေးကိုမှ ပေါ့ပါးသွားသလို ခံစားလိုက်ပြီး အပေါ်သို့ တစ်လှမ်းပြီးတစ်လှမ်း အမြန်တက်လိုက်လေသည်။
တဖျောက်ဖျောက် မြည်သံများသည်လည်း အဆက်မပြတ် ထွက်ပေါ်နေသေးပြီး ရန်ကိုင် အနီးပတ်လည်ရှိ ဟင်းလင်ပြင်လည်း အဆက်မပြတ် တွန့်လိမ်နေခဲ့သည်။ ဟင်းလင်းပြင်သည် ပြိုကျသွားလိုက်၊ ပျက်စီးသွားလိုက်ဖြင့် အဖန်မပြတ် သံသရာ လည်နေခဲ့သည်။
လေဟာနယ်စွမ်းအားပင် ဖြစ်လေသည်။