← Chapters

အခန်း (၁၄၄၁-၁၄၄၅)

Vol. 58 Ch. 1441-1445

အခန်း (၁၄၄၁-၁၄၄၅)

Vol. 58 Ch. 1441-1445

အပိုင်း (၁၄၄၁)

လေဟာနယ်တာအိုနှင့် သူနားလည်ထားသည့် လေဟာနယ် စွမ်းအားကို အသုံးချခြင်းဖြင့် ဤအပိုင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော်လည်း ဤနေရာသည် အဆုံးသတ်နှင့် လွန်စွာကိုမှ ဝေးကွာနေပေသေးသည်။ လေဟာနယ်စွမ်အားနှင့် ရှီအား အတူတကွ ပေါင်းစပ်ပြီး ဧကရာဇ်ဖိအားကို ခုခံပြီးနောက်တွင် အပေါ်သို့ သူထပ်တက်နိုင်သေးသလို ရန်ကိုင် ခံစားလိုက်ရသည်။

ပထမတစ်ကြိမ် အောင်မြင်ပြီးနောက် ရန်ကိုင် စိတ်ထဲ အစီအစဉ် တစ်ခုအား စဉ်းစားမိလိုက်သည်။

သူ့အစီအစဉ် အောင်မြင်မမြင်ကိုမူ လက်တွေ့ စမ်းသပ်ကြည့်မှသာ သိရပေလိမ့်မည်။

သေချာစဉ်းစားပြီးနောက် ရန်ကိုင် စိတ်ညစ်မနေတော့ဘဲ စိတ်အားတက်ကြွစွာဖြင့် လေဟာနယ်စွမ်းအားနှင့် ရှီအား ပေါင်းစပ်ကာ အပေါ်သို့ တစ်လှမ်းပြီးတစ်လှမ်း တက်တော့၏။

…………..

ခုနှစ်ရက်ကြာပြီးနောက်တွင်၊ ရန်ကိုင်သည် ဧကရာဇ် ကျောက်စိမ်းကို အသက်သွင်းလျက် ဧကရာဇ်ဥယျာဉ်ဆီသို့ ပျံသန်းသွားနေခဲ့သည်။ ဧကရာဇ်ကျောက်စိမ်း၏ အကူအညီကြောင့် ဧကရာဇ်ဖိအားကို နည်းနည်းလေးမှ မခံစားရတော့ပေ။

ဧကရာဇ်ဥယျာဉ် ပွင့်သည်မှာ ဆယ်ရက် ရှိသွားလေပြီ။ ထိုဆယ်ရက်အတွင်း ရန်ကိုင်သည် ရှီအား သိပ်သည်းခြင်း၌သာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။

ဆယ်ရက် နောက်ကျနေခဲ့သည့်အတွက် ဧကရာဇ်ဥယျာဉ် ထဲရှိ ရတနာများစွာကို သူလက်လွှတ်လိုက်ရမည် ဖြစ်သော်ငြား ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင် နောင်တ မရချေ။ ထိုရတနာများနှင့် ယှဉ်လိုက်လျှင် ဧကရာဇ်ဖိအားအောက်၌ ကျင့်ကြံရင်း ရရှိခဲ့သော အကျိုးကျေးဇူးများကို ရန်ကိုင် ပို၍ မက်မောပေသည်။

ယခု သူ့ရှီသည် အကန်အသတ် တစ်ခုအထိသို့ ရောက်ရှိသွားခဲ့လေပြီ ဖြစ်ကာ ဧကရာဇ်ဖိအားကို သုံး၍ ပိုမို တိုးတက်လာအောင် မလုပ်နိုင်တော့ပေ။ ထို့ကြောင့် ယခုမှသာ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မကြာမီ သူနှင့် အနီးဆုံး ဟင်းလင်းပြင် အစီအရင်ဆီသို့ ရောက်လာခဲ့သည်။ ယခင်က ဤအဝိုင်းပြားကြီးအား ရုပ်ဝတ္တု ပစ္စည်း တစ်ခုခု ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အနီးရောက်သည့် အခါမှသာ ဤဟင်းလင်းပြင် အစီအရင်သည် စွမ်းအင်သက်သက်ဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်ကဲ့သို့သော အရာတစ်ခုဖြစ်မှန်း သိလိုက်ရသည်။

အဝိုင်းပြား၏ မျက်နှာပြင်ထက်တွင် တလက်လက် တောက်ပနေသော မျဉ်းကြောင်းများစွာ ရှိနေခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်လျက် ဧကရာဇ်ဥယျာဉ်အား မော့ကြည့်လိုက်သည်။ ဧကရာဇ်ဥယျာဉ်အား မြင်နေရသော်ငြား ထိုအရာသည် ပုံရိပ်ယောင်တစ်ဝက်၊ အစစ်အမှန်တစ်ဝက် ဖြစ်နေသလို ရန်ကိုင် ခံစားရသည်။ ဧကရာဇ်ဥယျာဉ်သည် ကောင်းကင်ထက်တွင် လွင့်မျောနေသည့် အရာဝတ္ထုတစ်ခု ဖြစ်သည်ဟု ထင်ရသော်ငြား တစ်ချိန်တည်းတွင် ပုံရိပ်ယောင် တစ်ခု ဖြစ်သည်ဟုလည်း ထင်ရပြန်သည်။

ဧကရာဇ်ဥယျာဉ်အား ကြည့်နေပြီးနောက် ခဏအကြာတွင် ခေါင်းခါလျက် လက်ရှိ သူ့ရှေ့၌ ရှိနေသော ဟင်းလင်းပြင် အစီအရင်ကို တစ်ဖန်ပြန်လည် အာရုံစိုက်လိုက်သည်။

အပြင်တွင် ဆက်နေစရာ အကြောင်း မရှိတော့သဖြင့် သူ့လက်ကို ဝှေ့ရမ်းလျက် အစီအရင်၏ မြောင်းပေါက်များထဲသို့ သူတော်စင်သလင်းကျောက်အချို့ ထည့်သွင်းလိုက်လေသည်။ အစီအရင်တစ်ခုလုံး လင်းလက်လာသည်နှင့် ရန်ကိုင် ထိုပေါ်သို့ ခြေချလိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင် ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး တိတ်ဆိတ်ဗလာကျင်းနေသော ကောင်းကင်ပြင်ကြီးသာ ကျန်ရစ်ခဲ့လေသည်။

ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ခရမ်းရောင်ဒိုင်းကို ချက်ချင်း ထုတ်ကာ အသွင်းလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရှီအား ကြိုတင် အသင့် ပြင်ထားလိုက်သည်။

ဤနေရာသို့ ရောက်သည်နှင့် သူသေချာ သတိထားရပေတော့မည်။ သူသည် အခြားသူများထက် ဆယ်ရက် နောက်ကျပြီးမှ ရောက်လာခြင်း ဖြစ်သည်။ မတော်တဆ လူအုပ် တစ်ခုခုထဲသို့သာ ရောက်သွားပါက ဝိုင်းတိုက်ခံရပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရန်ကိုင် စိုးရိမ်နေသည်မှာ အပိုသက်သက် ဖြစ်သွားခဲ့သည်။ သူ့အနီးအနား ဆယ်မိုင်ပတ်လည်တွင် မည်သည့် သက်ရှိ အရိပ်အယောင်ကိုမှ အာရုံမခံမိခဲ့ချေ။

သို့သော်လည်း ခဏလောက် လှည့်ပတ်ကြည့်ပြီးနောက် ရန်ကိုင် သင်္ကာမကင်း ဖြစ်သွားခဲ့လေသည်။

ဤနေရာသည် တကယ်ကြီး ဧကရာဇ်ဥယျာဉ်လော။

လက်ရှိတွင် ရန်ကိုင်သည် တိမ်ယံ ကင်းစင်နေသည့် မိုးကောင်းကင်အောက်ဝယ်၊ မျက်စိတဆုံး ရှည်လျားသည့် မြက်ခင်းပြင်တစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။

ဤနေရာသည် မည်ကဲ့သို့ ဧကရာဇ်ဥယျာဉ် ဖြစ်မည်နည်း။

ဧကရာဇ်ဥယျာဉ်၏ အတွင်းပိုင်းအား အခြားသူများသာ မသိလျှင်မသိမည်။ သူကတော့ ကျိန်းသေ သိပေသည်။ ဖေးကျီတုနှင့်အတူ ချင်းတုန်အား သွားကယ်စဉ်က၊ ဧကရာဇ် ဥယျာဉ်ထဲသို့ သူတစ်ခေါက် ရောက်ခဲ့ဖူးသည်။ ထိုနေရာတွင် မြောက်မြားလှစွာသော ခမ်းနားကြီးကျယ်သည့် နန်းတော်များ၊ အဆောက်အဦးများကို မြင်ခဲ့ပေသည်။ သို့သော်လည်း ယခု သူမြင်နေရသည်ကား ကျယ်ပြန့်လှသော မြက်ခင်းပြင်ကြီးပင်။

သို့သော်လည်း ဤနေရာသည် ဧကရာဇ်ဥယျာဉ် မဟုတ်ဟု တစ်ယောက်ယောက်မှ သူ့အား လာပြောလျှင်လည်း ရန်ကိုင် ယုံမည် မဟုတ်ချေ။ ဧကရာဇ်ဥယျာဉ်မှ ထွက်ပေါ်လာသည့် ဟင်းလင်းပြင် အစီအရင်ကို ဖြတ်လာပြီးမှဖြင့် မည်ကဲ့သို့ အခြား နေရာသို့ ရောက်သွားရမည်နည်း။

ထို့သို့ဆိုလျှင် ဘာကြောင့် ထိုအဆောက်အဦးများကို မတွေ့ရတော့သနည်း။ ရန်ကိုင် နားမလည်နိုင်တော့ပေ။

ရန်ကိုင် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်လာသည့်နှင့် တစ်ပြိုင်နက်၊ ဧကရာဇ်ဥယျာဉ်၏ တခြားသော နေရာ၌ ရှိနေသည့် ချိတ်ပိတ်ထားသော ဟင်းလင်းပြင်ထဲမှ အမျိုးသမီးတစ်ဦး မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုအမျိုးသမီးသည် မီးကဲ့သို့ ရဲရဲတောက်သော ဝတ်စုံကို ဝတ်ဆင်ထား၏။ အမျိုးသမီးမှာ လွန်စွာကိုမှ လှပကာ ရင်သက်ရှုမော၊ မက်မောဖွယ် ကောင်းလှသော ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် မည်သည့် ညို့ဓါတ်ကျင့်စဉ်မှ မယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်ကင်း ရစ်မူးဖွယ်ရာ အရှိန်အဝါကိုလည်း ထုတ်လွှတ်နေသေးသည်။

သူမ၏ အပြုံးတိုင်၊ လှုပ်ရှားမှုတိုင်းသည် ဘာကြောင့်မှန်းကို မသိ လွန်စွာကိုမှ စွဲမက်ဖွယ်ကောင်းလှသည်။ သူမ မျက်ခုံးလေး ကြုတ်သည်ကပင် ဆွဲဆောင်မှုရှိနေသည်။

သူမ ဘာမှမလုပ်ဘဲ ရပ်နေလျှင်ပင် သူမအား မြင်လိုက်သည့် ပုရိသ ယောကျာ်ားသားအပေါင်းအား တဏှာစိတ် ငယ်ထိပ်ရောက်အောင် စွဲဆောင်နိုင်စွမ်းရှိသည့် မွေးရာပါ ညို့ဓါတ်အား ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်လေသည်။

စွဲမက်ဖွယ်ကောင်းသည် ဆိုသော သွေးနတ်ဆိုးကျောင်းတော် ၏ ကျောင်းသခင်ပင်လျှင် ဤအမျိုးသမီးနှင့် ယှဉ်လိုက်ပါက လရောင်နှင့် ဖက်ပြိုင်တုနေသော ပိုးစုန်းကြူးနှယ် ဖြစ်သွားရ၏။

လက်ရှိတွင် အမျိုးသမီးအား ကျင့်ကြံသူလေးယောက်မှ ဝိုင်းထားကြသည်။ တစ်ယောက်သည် တန်ခိုးရှင် တတိယအဆင့် ဖြစ်ပြီး၊ နှစ်ယောက်သည် ဒုတိယအဆင့် ဖြစ်ကာ နောက်ဆုံး တစ်ယောက်သည် တန်ခိုးရှင် ပထမအဆင့် ဖြစ်ပေသည်။

လေးယောက်စလုံးသည် ရာဂမီးတောက် အလျှံညီးညီး တောက်လောင်နေသည့် အကြည့်များဖြင့် သူမအား အငမ်းမရ စိုက်ကြည့်နေကြလေသည်။

ယေဘုယျအားဖြင့်၊ သူတို့အဆင့် ပညာရှင်များသည် မိန်းမလှလေးများအပေါ် သိပ်စိတ်မဝင်စားကြတော့ချေ။ မိန်းမလှများကို ကြိုက်နှစ်သက်သည် ဆိုသော်ငြား ဤအထိတော့ မဟုတ်ချေ။ သူတို့၏ ပထမဦးစားပေသည် ပိုမို မြင့်မားသော ခွန်အားကို ပိုင်ဆိုင်နိုင်ရန် ဖြစ်သည်။ သူတို့ ခွန်အားကို တိုးမြှင့်ပေးနိုင်သော ရတနာများနှင့် ယှဉ်လိုက်လျှင် မိန်းမလှလေးများသည် ဒုတိယသာ ဖြစ်သွားရလေသည်။

သို့သော်လည်း ဤအမျိုးသမီးသည် အခြား အမျိုးသမီးများနှင့် မတူချေ။ သူမအား မြင်လိုက်သည်နှင့် ဘာကြောင့်မှန်းကိုမသိ သူတို့၏ တဏှာစိတ်များ ထကြွလာကြရသည်။ ဖိနှိပ်သော်လည်း ဖိနှိပ်၍မရ။ အကုန်လုံး တဏှာဇော ကပ်နေသည့် လူများ ဖြစ်ကုန်ကြလေသည်။ ရှင်းရှင်းဆိုရသော် သူတို့ကကို တဏှာ ကြီးလွန်းနေခြင်း မဟုတ်ဘဲ အမျိုးသမီးကိုက လွန်စွာကိုမှ ညို့ဓါတ်ပြင်းလွန်းနေခြင်း ဖြစ်သည်။

သူတို့သာ ထိုအမျိုးသမီးနှင့် တစ်ညတာ ပျော်ပါးခွင့်ရခဲ့ပါက သေရမည်ဆိုလျှင်ပင် ထိုက်တန်သည်ဟု ခံစားရသည်အထိ ဖြစ်လာခဲ့ရသည်။

အမျိုးသမီးတွင် မည်သည့် အဖော်မှ မပါချေ။ သူမဆီမှ တန်ခိုးရှင်တတိယအဆင့် အရှိန်အဝါ ဖြာထွက်နေသော်လည်း သူတို့ မကြောက်ချေ။ သူတို့ထဲတွင် တန်ခိုးရှင်တတိယအဆင့် တစ်ယောက် ပါသည့်အပြင် လူအရေအတွက်လည်း သာ။

သူတို့ရှေ့ရှိ အလှလေးသည် စိတ်ရှုပ်နေဟန်ဖြင့် မျက်မှောင်လေး ကြုတ်သွားလေသည်။ သို့သော် သူမ၏ အနည်းငယ် တွန့်ကွေးသွားသော မျက်ခုံးလေသည် အလွန်ကိုမှ ဆွဲဆောင်မှု ရှိနေသည်။ သူမလုပ်နေပုံကို ကြည့်ရင်း သူမအား ဝိုင်းထားသည့် တန်ခိုးရှင်အဆင့် လေးယောက် နှလုံးခုန် မြန်လာကြကာ ရာဂမီးတောက်နေသည့် အကြည့်များဖြင့် နှုတ်ခမ်းများကို သပ်တော့လေသည်။

ခဏအကြာတွင် အဖြေတစ်ခုခု ရသွားသည့်နှယ် အမျိုးသမီး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူမဘာသာသူမ ရေရွတ်လိုက်လေ၏ “သူရောက်နေတယ်။ သူတကယ်ကြီး ရောက်နေတယ်”

သူမ၏ အသံသည် ပျော့ပျောင်းညင်သာသော်ငြား ကြားလိုက်ရသည့် လူတိုင်း၏ စိတ်အစုံကို မိန်းမောသွားစေ နိုင်သည့်နှယ် အလွန်ကိုမှ ရစ်မူးဖွယ်ကောင်းလှသည်။

ညို့ငင်ဖွယ်ရာ မျက်နှာထက်ဝယ် အပြုံးတစ်ချက် လင်းလက်သွားသည့်အခိုက် လောကကြီးထဲရှိ အရာခမ်သိမ်း အရောင်အသွေး ကင်းမဲ့သွားပြီး သူမ တစ်ယောက်တည်းသာ ကျန်ရစ်တော့လေသည်အထိ ထင်မှတ်ရသော သူမတူအောင် ထူးခြားလှသည့် အလှတစ်ပါးရယ်… သူမအား ဝိုင်းထားသည့် တန်ခိုးရှင်အဆင့် လေးယောက်စလုံး စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားကြပြီး သတိလက်လွတ်ဖြင့် သူမအား တိုက်ခိုက်ကြတော့လေသည်။

သူတို့၏ တိုက်ခိုက်မှုများသည် ကြမ်းကြုတ်သော်ငြား ထိုတိုက်ခိုက်မှုများထဲ မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါဝင်နေခြင်း မရှိခဲ့ချေ။ သူတို့ခေါင်းထဲ အမျိုးသမီးအား ဖမ်းဆီးပြီး စိတ်ရှိတိုင်း ဝုန်းဒိုင်းကြဲပစ်ချင်တို့သာ ရှိနေလေရာ သူမအား မည်ကဲ့သို့ ထိခိုက်အောင် လုပ်ရက်မည်နည်း။

သို့သော်လည်း သူတို့ အမျိုးသမီး၏ ခွန်အားကို အထင်သေးမိသွားခဲ့သည်။

ထိုလေးယောက်၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး၏ အကြည့်ထဲ မကျေနပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

သူမ၏ ဒေါသထွက်နေသော အမူအရာလေးပင်လျှင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စွဲဆောင်မှုရှိလှလေ၏။ ထို့ကြောင့် သူမအား တိုက်ခိုက်လာသည့် တန်ခိုးရှင်အဆင့် လေးယောက်စလုံး၏ ရင်ထဲ တင်းကြပ်သွားပြီး သူမအား ထိခိုက်မိမည် စိုးသည့်အတွက်ကြောင့် သူတို့ ခွန်အားကို အနည်းငယ် လျော့ချလိုက်လေသည်။

သူတို့ ညှာလိုက်သော်လည်း အမျိုးသမီးကတော့ မညှာ၊ ခန္ဓာကိုယ်လေးအား တစ်ပတ်လှည့်လျက် ပတ်ပတ်လည်အား ပန်းရောင်မြူခိုးများဖြင့် ဝန်းရံလိုက်လေသည်။

လေးဘက်လေးတန်မှ တိုးဝင်လာသော တိုက်ခိုက်မှုများသည် ပန်းရောင်အရံအတားအား လှိုင်းအနည်းငယ် ထသွားအောင်သာ လုပ်နိုင်ခဲ့ပြီး ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။

မြူခိုးပျောက်ကွယ်သွားသည့်နောက် ဒေါသထွက်နေသည့် အမျိုးသမီး ပြန်ပေါ်လာခဲ့သည်။ တိုက်ခိုက်မှုများအား ခုခံပြီးသည်နှင့် တစ်ပြိုင်နက် အသက်ဝင်လှသည့် ရုပ်ပုံများ ရေထိုးထားသော ယပ်တောင်တစ်ချောင်းကို ထုတ်ယူလိုက်၏။

ရုပ်ပုံကားချပ်ပေါ်တွင် ဖိုမနှစ်ဖြာဇာတ်တော်ကနေကြသည့် ဝတ်လစ်စလစ် အမျိုးသား၊ အမျိုးသမီးများ ရှိနေကြလေသည်။

သာမန် အမျိုးသမီး တစ်ယောက်ဆိုပါက ထိုကဲ့သို့သော မှော်ရတနာမျိုးကို ဘယ်သောအခါမှ သုံးလိမ့်မည် မဟုတ်ချေ။ သို့သော် ဤအမျိုးသမီးကမူ ဂရုမစိုက်၊ သူမ၏ လက်ကလေးဖြင့် ယပ်တောင်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အံကြိတ်ကာ အော်ပြောလိုက်လေသည် “သေချင်နေတဲ့ကောင်တွေ၊ သေလိုက်ပေတော့”

သူမအသံ ဆုံးသွားသည်နှင့် ယပ်တောင်အား အသာအယာ ဝှေ့ရမ်းလိုက်သည်။

ယပ်တောင်ပေါ်ရှိ ရုပ်ပုံများ အသက်ဝင်လာကြပြီး အပြင်သို့ ခုန်ထွက်လာကာ တန်ခိုးရှင်အဆင့် လေးယောက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် တန်ခိုးရှင်အဆင့် လေးယောက်စလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ သို့သော် ယခုမှ ခုခံရန် နောက်ကျလွန်းနေလေပြီ။

အမှားတစ်ခုကြောင့် သူတို့ဘဝကြီး ကံဆိုးမိုးမှောင် ကျခဲ့ရသည်။ အမျိုးသမီး၏ ခွန်အားကို အထင်သေးခဲ့သည့် အတွက် သူတို့၏ တိုက်ခိုက်အားကို လျော့ချခဲ့သည်။ အကျိုးဆက် အနေဖြင့် အမျိးသမီး၏ တန်ပြန်တိုက်ခိုက်ခြင်း ခံခဲ့ရပြီး မရှုနိုင်မကယ်နိုင် ဖြစ်ကုန်ကြရလေသည်။

ထိုလူလေးယောက်၏ မျက်လုံးထဲရှိ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားကြလေသည်။ လက်ရှိတွင် သူတို့ လေးယောက်စလုံး မိန်းမလှလေးများ ပြည့်နေသည့် နန်းတော်ထဲသို့ ရောက်နေခဲ့သည်။ နန်းတော်တစ်ခုလုံး ရမက်သွေးကြွဖွယ် ရယ်သံလေးများ၊ ရာဂစိတ် လောင်မြိုက်ဖွယ်ရာ သီချင်းသံလေးများ၊ သူတို့အား ညူတူတူ အကြည့်ဖြင့် အထာပေးနေကြသည့် မပေါ့်တပေါ် အဝတ်အစားများ ဝတ်စားထားကြသော သီဆိုဖျော်ဖြေ ကပြနေသည့် မိန်းမလှလေးများဖြင့် ပြည့်နေလေသည်။

ထိုမိန်းကလေးများကို မြင်လိုက်သည်နှင့် တန်ခိုးရှင်အဆင့် လေးယောက်စလုံး မှင်သက်မိန်းမောသွားကြလေကုန်သည်။ ပါးစပ်ကြီးဖြဲ၊ အပြုံးကြီးပြုံးလျက် တဏှာစိတ်နှာထိပ် ရောက်နေသည့် အမူအရာများဖြင့် မိန်းမချောလေးများအား အာသာတငမ်းငမ်းဖြင့် မမှိတ်မသုံ စိုက်ကြည့်ကြလေတော့သည်။

ထိုလူလေးယောက်ကို ကြည့်ရင်း အမျိုးသမီး၏ မျက်လုံးထဲ ရွံရှာစက်ဆုပ်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သို့သော် ထိုလေးယောက်အား လက်စတုံးရမည့်အစား၊ ဇာပဝါ တစ်ခုကို ဝတ်ဆင်လျက် အခြားတစ်ဖက်ဆီသို့ အလျင်အမြန် ပျံသန်းထွက်ခွားသွားလေသည်။

ထိုခံစားချက်သည် ဝိုးတဝါးသာ ဖြစ်သော်ငြား သူမ ရှာနေသည့်လူ ဤနေရာသို့ ရောက်နေပြီမှန်း အမျိုးသမီး သိနေသည်။

သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာ မည်မျှပင် ကြာသွားလေပြီနည်း။ နှစ်နှစ်ဆယ်၊ သုံးဆယ်၊ ထိုမျှလောက် ရှိနေခဲ့လေပြီ။ ထို့မျှကြာသွားသည့်နောက်တွင် သူမ၏ ကျင့်စဉ်အပေါ် အားကိုး၍ ရှာလို့ရမည် မဟုတ်တော့သည့် အတွက်ကြောင့် သူမ ခံစားမိလိုက်သည့် ဝိုးတဝါးတား ခံစားချက်အပေါ် အားကိုး၍သာ ထိုလူအား ရှာရပေတော့မည်။ စိတ်ထဲတွင်လည်း ထိုလူအား ဧကရာဇ်ဥယျာဉ် မပိတ်ခင် တွေ့ရပါစေဟု ဆုတောင်းနေမိလေသည်။

ထိုသို့မဟုတ်ဘဲ ယခုအခွင့်အရေးကိုသာ လွဲချော်သွားခဲ့ပါက သူ့အား နောက်ဘယ်တော့မှ ပြန်မတွေ့နိုင်တော့သည်မျိုး ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

အမျိုးသမီး ထွက်သွားပြီးနောက် အမွှေးတိုင်တစ်ချောင်းစာ ကြာသည့်အခါ၊ ငေးကြောင်ကြောင် ဖြစ်နေသော တန်ခိုးရှင်အဆင့် လေးယောက်စလုံး ဒွါရခုနှစ်ပေါက်မှ သွေးများစီးကျလျက် မြေကြီးပေါ်သို့ လဲကျသွားလေသည်။ တစ်ကိုယ်လုံး ဓါတ်လိုက်နေသည့်နှယ် တဆတ်ဆတ် တွန့်လိမ်နေပြီး သူတို့၏ အသက်စွမ်းအင်မှာလည်း အလျင်အမြန် ပျောက်ကွယ်နေခဲ့၏။

တစ်ချက်တည်းဖြင့် တန်ခိုးရှင်အဆင့် လေးယောက်အား မရဏလမ်း ပို့လိုက်နိုင်ပုံကို ကြည့်လျှင် ထိုအမျိုးသမီး မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သိနိုင်ပေသည်။

…………..

“ဒါတကယ်ကြီး ဧကရာဇ်ဥယျာဉ်လည်း” အဆုံးမဲ့ မြက်ခင်းပြင်ကြီးကို လှမ်းကြည့်ရင်း ရန်ကိုင်သည် သူ့ဘာသာသူ ရေရွတ်လိုက်လေသည်။

ဤနေရာသို့ သူရောက်လာသည်မှာ လက်ဖက်ရည် တစ်ခွက်စာမျှ ရှိနေပြီ ဖြစ်သော်ငြား ယခုထိတိုင် သူရှာနေသည့် အဖြေ မရသေးချေ။

သို့သော်လည်း ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းလွန်းလှသည်။ အထက်စကြာဝဠာဂိုဏ်းနှင့် လွင့်မျောတိုက်ကြီးပါ ဤနေရာနှင့် မိုးမြေစွမ်းအင် သိပ်သည်းမှုခြင်း ယှဉ်လိုက်ပါက နိမ့်ကျသွားရပေလိမ့်မည်။

ထိုတစ်ချက်တည်းနှင့်ပင် ဤနေရာသည် ဧကရာဇ်ဥယျာဉ် ဖြစ်ကြောင်း ရှင်းလင်းနေလေပြီ။

သို့သော်လည်း ရန်ကိုင် မှတ်မိသည့် ဧကရာဇ်ဥယျာဉ်သည် ဤပုံစံမျိုးမဟုတ်ချေ။ သူမှတ်မိသလောက်ဆိုရင် ဧကရာဇ် ဥယျာဉ်ထဲ၌ သူ့ကောင်းကင်စိတ်အာရုံကို အကျယ်ကြီး ဖြန့်ကျက်၍ မရချေ။ သို့သော် ဤနေရာတွင် ဆယ်မိုင်ကျော်မက ဖြန့်ကျက်၍ ရနေသည့်အတွက် ဤနေရာသည် ဧကရာဇ်ဥယျာဉ် မဟုတ်လောက်ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၄၂)

ယခု ရန်ကိုင် လုပ်သင့်သည်ကား လူတစ်ယောက်ရှာပြီး ဤနေရာအကြောင်း မေးရန်သာ ရှိတော့သည်။ အခြားလူများသည် သူ့ထက် ဆယ်ရက်စောဝင်လာခြင်း ဖြစ်သည့်အတွက် ဤနေရာ အကြောင်း မသိထားဘူး ဆိုလျှင်ပင် အနည်းဆုံး သူ့ထက်တော့ ပိုသိထားလောက်ပေသည်။ ထိုသို့ဖြင့် ဆက်သွယ်ရေး မှော်ရတနာ တစ်ခုကိုထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။

ထိုဆက်သွယ်ရေးမှော်ရတနာ နှစ်ခုအနက် တစ်ခုသည် ယန်ယန်၏ဟာ ဖြစ်ပြီး ကျန်တစ်ခုသည် ချင်းတုန်၏ဟာ ဖြစ်သည်။ ထိုနှစ်ယောက်သာ သူနှင့်အဝေးကြီး၌ ရှိမနေလျှင် သူတို့အား ဆက်သွယ်နိုင်ပေလိမ့်မည်။

ခဏအကြာတွင် ရန်ကိုင် စိတ်ပျက်ပျက်ဖြင့် ဆက်သွယ်ရေး မှော်ရတနာနှစ်ခုကို ပြန်သိမ်းလိုက်ရသည်။ အကူအညီ ရလိုရငြား ထိုနှစ်ယောက်အား ဆက်သွယ်ခဲ့သော်လည်း နှစ်ယောက်စလုံးကို ဆက်သွယ်၍ မရခဲ့ပေ။ သူတို့ နှစ်ယောက်စလုံး သူရှိနေသည့် နေရာနှင့် အလွန်ဝေးကွာသည့် နေရာတွင် ရှိနေသည့် အတွက်ကြောင့် ဖြစ်ရပေမည်။

ကြည့်ရသလောက် သူ့ကိုယ်သူ အားကိုးရန်သာ ရှိတော့သည်။

ဟိုကြည့်၊ ဒီကြည့် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကြုံရာ လမ်းတစ်ခု ရွေးကာ စထွက်တော့လေသည်။

သို့သော်လည်း လမ်းတစ်လျှောက် မည်သည့် သက်ရှိနှင့်မှ မတွေ့ခဲ့ရဘဲ အလောင်းများစွာကိုသာ တွေ့ခဲ့ရသည်။ အချို့ အလောင်းများသည် သားရဲများ၏ အလောင်းများ ဖြစ်ကြပြီး အချို့မှာ လူသားများ၏ အလောင်းများ ဖြစ်ကြသည်။

အခူခံထားရသည့် အဖိုးတန် ဆေးပင်များကိုလည်း တွေ့ခဲ့ရသေးသည်။ သူမရောက်ခင် ဤနေရာသို့ လူများစွာ ရောက်လာခဲ့သည့်ပုံပင်။

နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင် ရုတ်တရက် ရပ်လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

သူနှင့် မိုင်တစ်ရာအကွာတွင် တိုက်ပွဲတစ်ပွဲ ဖြစ်နေခဲ့၏။ စွမ်းအင်လှိုင်းများသည် တစ်ခု၊နှစ်ခုမကပဲ အတော်လေးများလှ၏။ ထို့ကြောင့် အုပ်စုဖွဲ့ကာ တိုက်ပွဲဖြစ်နေခြင်း ဖြစ်လောက်သည်။

ရန်ကိုင် တုန့်ဆိုင်းမနေဘဲ ထိုတိုက်ပွဲဖြစ်နေသည့် ဘက်ဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်လေသည်။ ယခု သူသည် ယခင်က ကဲ့သို့ သူတော်စင်ဘုရင် တတိယအဆင့် မဟုတ်တော့ဘဲ ရှီအား အတိုင်းအတာတစ်ခုအထိ သိပ်သည်းထားပြီးသည့် တန်ခိုးရှင် အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေခဲ့လေပြီ။ တန်ခိုးရှင်တတိယ အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ မည်သူ့ကိုမှ သူကြောက်မနေတော့ပေ။

လက်ဖက်ရည် ခွက်တစ်ဝက်စာ အချိန်အတွင်း တိုက်ပွဲ ဖြစ်နေသည့် နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ထိုနေရာရှိ အဖြစ်အပျက်ကို မြင်ပြီးနောက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး သူ့ဘာသာ ရေရွတ်မိလိုက်၏ “ခုနှစ်ရောင်ခြယ်သမင်လား”

ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။ ခုနှစ်ရောင်ခြယ်သမင်ကို ဤနေရာတွင် လာတွေ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

ထိုမွန်းစတားသားရဲအကြောင်း သူသိနေရခြင်းမှာ နှစ်တစ်သောင်းအမွှေးနံ့သာကြောင့် ဖြစ်သည်။ နှစ်တစ်သောင်း အမွှေးနံ့သာ ဖန်တီးရာတွင် လိုအပ်သော အဓိက ပါဝင်ပစ္စည်းမှာ ခုနှစ်ရောင်ခြယ်သမင်၏ နှလုံး ဖြစ်ပေသည်။

နှစ်တစ်သောင်းအမွှေးနံ့သာသည် ကျင့်ကြံသူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေပြီး ကိုယ်တွင်းနတ်ဆိုးများကို ဖယ်ရှားပေးနိုင်စွမ်း ရှိသဖြင့် အလွန်ကိုမှ အဖိုးတန်သော ရတနာ တစ်ခုဟု ပြော၍ရသည်။ သို့သော်လည်း နှစ်တစ်သောင်း အမွှေးနံ့သာကို ဖန်တီးရန် မလွယ်လှ။ ထိုပစ္စည်းကို လုပ်ရန်အတွက် လိုအပ်သည့် ပစ္စည်းအားလုံးသည် အဆင့်တစ်ဆယ် မွန်းစတားသားရဲများကို သတ်ပြီးမှ ရနိုင်သည့် ပစ္စည်းများ ဖြစ်ကြသည်။ ထိုပစ္စည်းများအနက် ရရန်အခက်ဆုံးသည် ခုနှစ်ရောင်ခြယ်သမင်၏ နှလုံး ဖြစ်ပေသည်။

ထိုခုနှစ်ရောင်ခြယ်သမင်သည် အပြင်လောကကြီးတွင် မျိုးတုန်းပျောက်ကွယ်သွားပြီဟု ကောလဟာလ ထွက်နေသည့် ရှေးဟောင်းမွန်းစတားသားရဲ တစ်ကောင်ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူ တစ်ယောက်ယောက်မှ နှစ်တစ်သောင်းအမွှေးနံ့သာကို ဖော်စပ်နိုင်သည့် ဆေးညွှန်းအား ပိုင်ဆိုင်ထားလျှင်ပင် ထိုအရာကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ။ မည်သူကများ ဆန်မရှိဘဲ ထမင်း ချက်နိုင်မည်နည်း။

သို့သော်လည်း ဤနေရာသို့ ဝင်လာပြီးပြီးချင်းမှာပင် ခုနှစ်ရောင်ခြယ်သမင်နှင့် လာတိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မဟုတ်ဘူး၊ ဒါခုနှစ်ရောင်ခြယ်သမင် အစစ် မဟုတ်ဘူး သူ့ရှေ့ရှိ တိုက်ပွဲကို လေ့လာရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ အပေါ်ယံ ရှပ်ကြည့်လိုက်လျှက် ထိုမွန်းစတားသားရဲသည် ခုနှစ်ရောင်ခြယ်သမင်နှင့် တူသော်လည်း တကယ်တမ်း သေချာ ကြည့်ကြည့်မည် ဆိုပါက ကွာခြားချက်များကို မြင်ရပေလိမ့်မည်။

ခုနှစ်ရောင်ခြယ်သမင်များသည် မွေးကင်းစကတည်းက အဆင့်ရှစ် မွန်းစတားသားရဲများ ဖြစ်ကြသည်။ ထိုသားရဲများ အရွယ်ရောက်လာသည့်အခါ အဆင့်တစ်ဆယ် မွန်းစတား သားရဲများ ဖြစ်လာကြသည်။ သို့သော်လည်း လက်ရှိ သူ့ရှေ့တွင် ရှိနေသော မွန်းစတားသားရဲသည် အရွယ်ရောက်နေပြီ ဖြစ်သော်ငြား အဆင့်ကိုး အထွဋ်အထိပ်တွင်သာ ရှိနေသေးသည်။ အဆင့်တစ်ဆယ်သို့ မရောက်သေးပေ။

ထို့အပြင် ၎င်းမှ ထုတ်လွှတ်နေသည် ခုနှစ်ရောင်စဉ်သည်လည်း အားကောင်းသင့်သလောက် မကောင်းပေ။

ခုနှစ်ရောင်ခြယ်သမင်းများသည် အကာအကွယ် အားလုံးကို လျစ်လျုရှုနိုင်သည့် နတ်ဘုရားစွမ်းရည်ဖြစ်သော ခုနှစ်ရောင်စဉ် အလင်းအား ပိုင်ဆိုင်ထားကြသည်။ တန်ခိုးရှင်ဘုရင်အဆင့်ပင်လျှင် ထိုမွန်းစတားသားရဲနှင့် တွေ့လျှင် လက်ရှောင်လေ့ ရှိကြသည်။

အရွယ်ရောက် ခုနှစ်ရောင်ခြယ်သမင်တစ်ကောင်ကို သတ်လိုလျှင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များစွာ အတူတကွ ပူးပေါင်းရန် လိုအပ်ပေသည်။

လက်ရှိ ခုနှစ်ရောင်ခြယ်သမင်နှင့် တိုက်ခိုက်နေသည့် အဖွဲ့ထဲ၌ လူငါးယောက် ပါပေသည်။ သုံးယောက်သည် အမျိုးသား ဖြစ်ကြပြီး နှစ်ယောက်သည် အမျိုးသမီးများ ဖြစ်ကြသည်။ အကုန်လုံးသည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး နှစ်ယောက်သည် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြလေသည်။ ငါးယောက်စလုံးသည် အတိုင်အဖောက်ညီညီဖြင့် ခုနှစ်ရောင်ခြယ် သမင်အား ပူးပေါင်းတိုက်ခိုက်နေကြသည်။

သို့တိုင် သူတို့ လက်လွတ်စပယ် မနေရဲချေ။ ငါးယောက် ပေါင်းတိုက်နေသည့်တိုင် ခုနှစ်ရောင်ခြယ်သမင်အား အနိုင် မယူနိုင်သေးသည့်ပြင် သူတို့ထဲမှ နှစ်ယောက်ပင် ခုနှစ်ရောင်ခြယ် သမင်ကြောင့် ဒုက္ခရောက်ထားသေး၏။

သိုင်းပညာရပ်များ၊ မှော်ရတနာသုံး တိုက်ခိုက်မှုများသည် ခုနှစ်ရောင်ခြယ်သမင်ဆီသို့ တိုးဝင်သွားခဲ့သည်။ သို့သော် ခုနှစ်ရောင်ခြယ်သမင်မှာမူ တုတ်တုတ်မျှပင်မလှုပ်၊ ခုနှစ်ရောင်စဉ် အလင်းကို ထုတ်လွှတ်လျက် သူ့အား တိုက်ခိုက်နေသည့် လူများကိုသာ အထင်တသေးဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။

တိုက်ခိုက်မှုများသည် ခုနှစ်ရောင်စဉ်အလင်းအား သွားရောက် ထိမှန်သော်လည်း ၎င်းအား ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိချေ။ ခုနှစ်ရောင်ခြယ်သမင်မှာ ဘာမှ မဖြစ်သော်လည်း သူ့အား တိုက်ခိုက်နေသည့် လူငါးယောက်မှာမူ ပင်ပန်းလာနေကြလေပြီ။

ရန်ကိုင်သည် ရုတ်တရက် ‌ပေါ်လာသည့်အခါ ထိုငါးယောက်စလုံး ထိတ်လန့်သွားခဲ့ကြသည်။ ယခုကဲ့သို့ အချိန်မျိုးတွင် သူတို့ အကြောက်ဆုံးသည်ကား သူ့တို့ အားကုန်နေချိန် တစ်နေရာရာမှ ပုန်းအောင်လျက် ကျားချောင်း ချောင်းနေသည့် ကျင့်ကြံသူများကို ဖြစ်လေသည်။

သို့သော်လည်း ရန်ကိုင်သည် တန်ခိုးရှင် ပထမ အဆင့်သာ ရှိသေးကြောင်း သိလိုက်ရသည့်အခါ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

သူတို့ အဖွဲ့ထဲတွင်ပင် အားအနည်းဆုံးသည် တန်ခိုးရှင် ပထမအဆင့် ဖြစ်ပြီး အားအကောင်းဆုံး တန်ခိုးရှင် တတိယ အဆင့် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်ကို သူတို့ မကြောက်ချေ။ ထို့အပြင် ရန်ကိုင်သည် တစ်ယောက်တည်း ဖြစ်သည်။ ထိုသို့ဖြင့် ထိုအဖွဲ့၏ ခေါင်းဆောင်လူကြီးသည် ရန်ကိုင်ကိုလည်း သတိထားရင်း ခုနှစ်ရောင်ခြယ်သမင်းကို တိုက်ခိုက်ရာတွင် တစ်ဖန် ပြန်အာရုံစိုက်လိုက်လေသည်။

သူ့အား မြင်လိုက်သည်နှင့် ထိုအဖွဲ့သားများ နိုးနိုးကြားကြား ဖြစ်သွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သော်ငြား ဂရုမစိုက်ချေ။ သူသာဆိုလျှင်လည်း ထိုကဲ့သို့ ပြုမူမိမည်သာ။

သို့သော်လည်း ချက်ချင်းဆိုသလို ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့ရလေသည်။

အကြောင်းမှာ ထိုလူငါးယောက်စလုံးကို သူမသိသည့် အတွက်ကြောင့် ဖြစ်ပေသည်။

အရိပ်ကြယ်ပေါ်ရှိ လူအားလုံးကို သူမသိသော်လည်း ဧကရာဇ်ဥယျာဉ် ဖွင့်စဉ်က သူသည် ဧကရာဇ်ဖိအားကိုသုံး၍ ရှီအား သိပ်သည်းနေသည့် အတွက်ကြောင့် လူပေါင်းများစွာ သူ့အား ဖြတ်ကျော်၍ ဟင်းလင်းပြင်အစီအရင်ထဲ ဝင်သွားသည်ကို တွေ့ရှိခဲ့သည်။ ဧကရာဇ်ဥယျာဉ်ထဲ ဝင်သွားသည့် လူအားလုံး သူ့အား ဖြတ်ကျော်သွားသဖြင့် ထိုလူများကို ရန်ကိုင် မသိလျှင်ပင် သူတို့၏ မျက်နှာကိုမူ အနည်းငယ် ရင်းနှီးနေသည်။

သို့သော် ထိုလူငါးယောက်ထဲတွင် သူမြင်ဖူးနေသည့် လူတစ်ယောက်မှ မပါချေ။ အကုန်လုံးသည် မျက်နှာစိမ်းများသာ။

ထို့အပြင် ထိုလူများ ဝတ်ထားသည့် အဝတ်အစားများသည် အရိပ်ကြယ်မှ လူများ ဝတ်ကြသည့် အဝတ်အစားနှင့် မတူကြပေ။ ထိုလူများသည် အရိပ်ကြယ်မှ မဟုတ်လေသလော။

ထို့ကြောင့် ရန်ကိုင် ပို၍ စိတ်ရှုပ်သွားခဲ့ရလေသည်။

သို့သော်လည်း သူရောက်နေသည့် နေရာအကြောင်း မေးစမ်းကြည့်ရန်သာ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သဖြင့် ထိုလူများ၏ တိုက်ပွဲထဲ ဝင်ပါရန် စိတ်မဝင်စားချေ။ ထို့ကြောင့် ထိုလူများ တိုက်ပွဲပြီးသည်အထိ စောင့်ပြီးမှသာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။

နာရီဝက်မျှကြာသည်အထိ တိုက်ခိုက်နေကြပြီးနောက် လူငါးယောက်အဖွဲ့ ပြန်ဆုတ်ရန် ဟန်ပြင်လာကြသည်။ အကြောင်းကား ရှင်း၏။ သူတို့ မည်သို့ပင် တိုက်စေကာမူ၊ ထိုခုနှစ်ရောင်ခြယ်သမင်နှင့် တူသော မွန်းစတားသားရဲ၏ ခုနှစ်ရောင်စဉ် အလင်းကို မချိုးဖျက်နိုင်ပေ။

ထို့အပြင် ထိုမွန်းစတားသားရဲ၏ ရံဖန်ရံခါ တန်ပြန် တိုက်ခိုက်မှုများမှာလည်း အလွန်ကိုမှ ကြောက်စရာ ကောင်းလှ၏။ သူတို့ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ငါးယောက်စလုံး အနည်းနှင့်အများ ဒဏ်ရာရထားပြီးနေကြလေပြီ။ ဒဏ်ရာ အပြင်ဆုံးလူကို ပြပါဆိုလျှင် ဆံပင်အနက်ရောင်နှင့် လူအိုကြီးကိုသာ ပြရမည်။ ခုနှစ်ရောင်ခြယ်သမင်၏ တိုက်ခိုက်မှုကြောင့် လူအိုကြီး၏ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက် ဖြစ်နေခဲ့သည်။ ထိုအပေါက်မှ သွေးများ တသွင်သွင် စီးကျနေလေ၏။ ဒဏ်ရာမှာ သေလောက်သည်အထိ မပြင်းထန်သော်လည်း ဤအတိုင်းသာ ဆက်သွားနေပါက လူအိုကြီး၏ အခြေအနေ ပိုဆိုးလာနိုင်သည်။

“အစ်ကိုမင်၊ ခဏလောက် ပြန်ဆုတ်ပြီး အစီအစဉ်သစ်ဆွဲပြီးမှ ပြန်လာရင် မကောင်းဘူးလား” ဆံပင်အဖြူနှင့် လူအိုကြီးက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

အချိန်တိုအတွင်း သူတို့ငါးယောက်ပေါင်း၍ ဤမွန်းစတား သားရဲအား သတ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။ ထို့ပြင် သူတို့ ရှိနေသည့် နေရာသည် မြက်ခင်းပြင်ပြီး ဖြစ်သည့်အတွက် အခြားတစ်ဖွဲ့မှ သူတို့၏ သားကောင်ကို လုသွားနိုင်ချေလည်း ရှိသည်။ ဥမာပြရသော် ရန်ကိုင်ကိုသာ လက်ညိုးထိုးရပေမည်။

အနက်ရောင်ဆံပင်နှင့် လူအိုကြီးသည် အဖြူရောင် လူအိုကြီး၏ စကားကိုကြားသော် အလျင်အမြန် ခေါင်းညိတ်လိုက်၏ “အင်း၊ အခု အရင် ပြန်ဆုတ်ကြတာပေါ့”

အဖွဲ့ထဲမှ အားကောင်းဆုံး နှစ်ယောက်က ပြန်ဆုတ်ရန် ပြောနေပြီ ဖြစ်သဖြင့် ကျန်ရှိနေသည့် သက်လတ်ပိုင်းလူကြီးနှင့် အမျိုးသမီး နှစ်ယောက်စလုံး ပြန်ဆုတ်ကြရတော့လေသည်။

ငါးယောက်စလုံး တစ်ချက်ဟန်ပြ တိုက်ခိုက်ပြီးနောက် တိုက်ခိုက်နေရာမှ ချက်ချင်း လှည်ပြေးတော့လေသည်။ သို့သော် တမင်ရည်ရွယ်ပြီး လုပ်သည်လား၊ မတော်တဆဘဲ ဖြစ်သွားလား မသိရာ၊ သူတို့ ‌ထွက်ပြေးနေသည့် ဘက်သည် ရန်ကိုင် ရှိနေသည့် ဘက် ဖြစ်နေခဲ့သည်။

မွန်းစတားသားရဲကို အချိန်ဆွဲရန်အတွက် ရန်ကိုင်အား အသုံးချချင်နေသည့်ပုံပင်။

ထိုလူများ ဘာလုပ်ချင်နေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ သူ့စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်မိသွားသော်လည်း မျက်နှာအမူအရာတော့ ပျက်မသွားခဲ့ပေ။

“ပြေးတော့” ငါးယောက်ထဲမှ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် အသက် (၁၇)၊(၁၈)လောက်သာ ရှိသေးမည် ထင်ရသော မိန်းကလေးသည် ရန်ကိုင်နားမှ ဖြတ်သွားရင်း သူ့အား လှမ်းအော်ပြောသွားခဲ့လေသည်။

ငါးယောက်ထဲတွင် သူမ၏ ကျင့်ကြံခြင်းသည် အနိမ့်ဆုံး ဖြစ်ပြီး ရန်ကိုင်ကဲ့သို့ပင် တန်ခိုးရှင်ပထမအဆင့် ဖြစ်သည်။ တစ်ဖက်လူက သူ့အား စေတနာဖြင့် ပြောခြင်း ဖြစ်သည့်အတွက် ရန်ကိုင်က ပြန်ပြုံးကာ ပြောလိုက်သည် “ခင်ဗျားတို့ ဒီမွန်းစတား သားရဲကို မလိုချင်ကြတော့ဘူးလား”

ရန်ကိုင်၏ အမေးကိုကြားသော် အမျိုးသမီး မျက်မှောင် ကြုတ်သွားခဲ့သည်။ သို့သော် မွန်းစတားသားရဲလက်မှ သေပြေး ရှင်ပြေး ထွက်ပြေးနေရခြင်း ဖြစ်သည့်အတွက် ရန်ကိုင်၏ အမေးအား ပြန်ဖြေနေချိန် မရှိခဲ့ပေ။ တစ်ခဏအတွင်း သူတို့ ငါးယောက်စလုံး မီတာထောင်ပေါင်းများစွာ အကွာသို့ ရောက်သွားခဲ့လေသည်။

ကျင့်ကြံသူ ငါးယောက်အဖွဲ့မှာ ထွက်ပြေးချင်သော်လည်း မွန်းစတားသားရဲမှာ သူတို့အား အလွတ်မပေးချင်ချေ။ ထိုလူအုပ် ထွက်ပြေးသွားသည်နှင့် တစ်ပြိုင်နက် မွန်းစတားသားရဲသည် ၎င်း၏ ခွာအစုံကို ဆောင့်လျက် ခုနှစ်ရောင်စဉ်အလင်းအဖြစ်သို့ အသွင်ပြောင်းကာ ထိုလူများနောက်သို့ ပြေးလိုက်လေသည်။

မွန်းစတားသားရဲသည် အလွန်ကိုမှ မြန်ဆန်လှသဖြင့် ၎င်းဒုန်ဆိုင်းပြေးနေသည်ကို မျက်စိဖြင့်ပင် မမြင်နိုင်ချေ။

အဖွဲငါးယောက်နောက်သို့ ပြေးလိုက်နေရင်း ရန်ကိုင်အား ခုနှစ်ရောင်စဉ်အလင်းဖြင့် လှမ်းပစ်လိုက်သည်။

ထိုကဲ့သို့သော မွန်းစတားနှင့် ရင်ဆိုင်ရသည့်အခါ ရန်ကိုင်လည်း သတိလက်လွတ် မနေရဲချေ။ ခရမ်းရောင်ဒိုင်းကို ချက်ချင်း ထုတ်၍ မွန်းစတားသားရဲ၏ ခုနှစ်ရောင်စဉ်အလင်းကို ခုခံလိုက်လေသည်။

မည်သည့် အသံမျှ ထွက်မလာခဲ့ချေ။

ခုနှစ်ရောင်စဉ်အလင်းသည် ရန်ကိုင်၏ ခရမ်းရောင်ဒိုင်းကို ဖောက်ဝင်သွားပြီး သူ့ခန္ဓာကိုယ်အား သွားရောက် ထိမှန်လေသည်။ ခုနှစ်ရောင်စဉ်အလင်းသည် ခရမ်းရောင်ဒိုင်းအား ဖြတ်သွားသည့်တိုင် ဒိုင်းမှာမူ အကောင်းအတိုင်း ရှိနေသေးသည်။

အကာအကွယ်တွေကို တကယ် လျစ်လျုရှုနိုင်တာပဲ ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ဤမွန်းစတားသားရဲသည် ခုနှစ်ရောင်ခြယ် သမင် အစစ်များ ဖြစ်နေလေမလားဟု တွေးကြောက်မိသွား၏။

သို့သော်လည်း မကြာမီ သူထင်သလို မဟုတ်မှန်း တွေ့ရှိလိုက်ရသည်။ ခုနှစ်ရောင်စဉ်အလင်းသည် ခရမ်းရောင်ဒိုင်းကို ဖြတ်ကျော်လာနိုင်ခဲ့သော်လည်း ၎င်း၏ စွမ်းအားမှာ အကြီးအကျယ် လျော့ကျသွားခဲ့ရသည်။

ခုနှစ်ရောင်ခြယ်သမင် အစစ်၏ ခုနှစ်ရောင်စဉ်အလင်းသာ ဆိုလျှင် ယခုကဲ့သို့ အားလျော့သွားလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ထိုမွန်းစတားသားရဲသည် ခုနှစ်ရောင်ခြယ်သမင် အစစ် မဟုတ်လျှင်ပင် ထိုသားရဲ၏ မျိုးဆက်တစ်ကောင်ကောင် ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်လေသည်။

သူရတနာပုံ တက်နင်းမိလေပြီ။ ခုနှစ်ရောင်ခြယ်သမင်နှင့် ရင်ဆိုင်ရလိုက်သည့် အတွက်ကြောင့် ရန်ကိုင် ထိတ်လန့်သွားခြင်း မရှိဘဲ ပျော်ပင် ပျော်နေခဲ့သည်။ သူ့ခန္ဓာကိုယ် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ခုနှစ်ရောင်စဉ်အလင်းကို ရှောင်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့လက်ကို ဝှေ့ရမ်း၍ ခုနှစ်ရောင်ခြယ်သမင်ဆီ လေဟာနယ်ဓါးသွားများ ပစ်လွှတ်လိုက်လေသည်။

ခုနှစ်ရောင်ခြယ်သမင်သည် ရန်ကိုင်အား တစ်ကွက်တည်းဖြင့် သတ်နိုင်ပြီအထင်ဖြင့် မောက်မာနေခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်ထားမည် မရှိ။ ရန်ကိုင်၏ လေဟာနယ်ဓါးသွားများ သူ့ဆီ ရောက်လာနေမှန်း သိလိုက်သည့် အခါမှသာ သူ့ကိုယ်သူ ခုခံရန် ပြင်ဆင်လေသည်။

သို့သော်လည်း ထိုအချိန်မှ ပြင်၍ မှီဦးမည်လား။ မမှီတော့ပေ။ လေဟာနယ်ဓါးသွားသည် ခုနှစ်ရောင်စဉ်အလင်းအား ထိမှန်ပြီး ၎င်းအပေါ်တွင် ချိုင့်ရှာတစ်ခု ထင်ကျန်ရစ်အောင် လုပ်နိုင်ခဲ့သည်။

ယခင်အဖွဲ့ ငါးယောက် ပူးပေါင်း၍ တိုက်ခိုက်သည့်တိုင် ခြစ်ရာတစ်ခုပင် ထင်အောင် မလုပ်နိုင်ခဲ့သော ခုနှစ်ရောင်စဉ် အလင်းအား ရန်ကိုင်သည် တစ်ကြိမ်တည်းဖြင့် ဖြတ်တောက်ပြသွားခဲ့သည်။

သို့သော်လည်း ထိုအရာသည် အံ့အားသ့င်နေစရာမဟုတ်၊ လေဟာနယ်ဓါးသွားသည် ၎င်းနှင့် ထိလိုက်သည့် မည်သည့် အရာကိုမဆို ဟင်းလင်းပြင်ထဲ ပို့နိုင်သည့် ရန်ကိုင်၏ အားအကောင်းဆုံး တိုက်ကွက်တစ်ခုပင် မဟုတ်လေလော။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၄၃)

နာရီဝက်ကြာပြီးနောက်တွင် ရန်ကိုင်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလျက် ခုနှစ်ရောင်ခြယ်သမင်၏ အသေကောင် အလောင်းဘေးနားသို့ သွားကာ ၎င်း၏ နှလုံးနှင့် မွန်းစတား အမြူတေကို ထုတ်ယူလိုက်သည်။

ဤမွန်းစတားသားရဲသည် ခုနှစ်ရောင်ခြယ်သမင်နှင့် အမျိုးစပ်ပေသည်။ ခုနှစ်ရောင်ခြယ်သမင်၏ တိုက်ရိုက်မျိုးဆက် တစ်ကောင် မဟုတ်လျှင်ပင် မျိုးရောတစ်ခုတော့ ဖြစ်လောက်၏။ ထို့ကြောင့် ဤသမင်၏ နှလုံးကို နှစ်တစ်သောင်းအမွှေးနံ့သာ ဖော်စပ်ရာ၌ အသုံးမပြုနိုင်လျှင်ပင် အတွင်းနတ်ဆိုးအား မောင်းထုတ်ပေးနိုင်သည့် ရှားပါးဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်ပေသည်။

ထိုကဲ့သို့သော ဆေးလုံးများသည် အလွန်ကိုမှ အဖိုးတန်ပြီး ရှားပါးလှသည်။ အဆင့်ကြီး နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ပြင်နေသည့် ကျင့်ကြံသူတိုင်း ထိုကဲ့သို့ ဆေးလုံးတစ်လုံးအား လိုရမယ်ရ ဆောင်ထားချင်ကြသည်။ သို့သော် ထိုကဲ့သို့သော ဆေးလုံးများသည် သူတော်စင် သလင်းကျောက် ရှိလျှင်ပင် ဝယ်ချင်တိုင်း ဝယ်၍မရသည့် ဆေးလုံးများ ဖြစ်ပေသည်။

ဤတိုက်ပွဲသည် သူ့အတွက် အန္တရာယ်မများလှသော်ငြား အတော်လေး ပြဿနာ များခဲ့သည်။

ဤမွန်းစတားသားရဲသည် အလွန်ကိုမှ မြန်သဖြင့် လေဟာနယ်ဓါးသွား တစ်ခုတည်း သက်သက်ဖြင့် ၎င်းအား သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မွန်းစတားသားရဲသည် ၎င်းအတွက် အခွင့်မသာမှန်း သိလိုက်သည့်အခါ ချက်ချင်း ထွက်ပြေးရန် ကြိုးစားတော့သည်။ မွန်စတားသားရဲ ထွက်ပြေးရန် ကြိုးစားသည့်အခါ ရန်ကိုင်လည်း တစ္ဆေတိမ်တိုက်အစီအရင်အား ထုတ်သုံးရတော့သည်။

တစ္ဆေတိမ်တိုက်အစီအရင်မှ မွန်းစတားသားရဲအား ပိတ်လှောင်ပေးထားသည့် အတွက်ကြောင့် နောက်ဆုံးတွင် ရန်ကိုင် ထိုမွန်းစားသားရဲကို သတ်လိုက်နိုင်ခဲ့သည်။

လေဟာနယ်တိမ်တိုက် အစီအရင်ကို ဧကရာဇ်ဥယျာဉ်ထဲ၌ ရခဲ့ခြင်းဖြစ်သည်။ ဖေးကျီတုတို့နှင့် အခြားသူများပင် ဤအစီအရင် ထဲသို့ ရောက်သွားသည့်အခါ ဒုက္ခကြီးကြီးမားမား ရောက်ခဲ့ရရာ အစီအရင်၏ စွမ်းအားကို အထင်မသေးသင့်ပေ။ လေဟာနယ် ဓါးသွား၊ တစ္ဆေတိမ်တိုက်အစီအရင်နှင့် ရွှေရောင်သွေးမျှင်တို့ ရှိနေမှဖြင့် ဤမွန်းစတားသားရဲ သူ့လက်က လွတ်နိုင်မည်လား။

မွန်းစတားအမြူတေနှင့် နှလုံးသည် ဤမွန်းစတားသားရဲ၏ အဖိုးအတန်ဆုံး အစိတ်အပိုင်းများ ဖြစ်ကြသော်ငြား အဆင့်ကိုး အထွဋ်အထိပ် မွန်းစတားသားရဲ တစ်ကောင်၏ အသားသည် အတော်လေး အဖိုးတန်သည့်အထဲ ပါပေသည်။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် ရန်ကိုင်သည် နဂါစိမ်းဓါးကို ထုတ်ကာ မွန်းစတားသားရဲအလောင်းပေါ် စိုက်ချလိုက်သည်။

နဂါးစိမ်းဓါးသည် အစိမ်းနဂါးတစ်ကောင် အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး မွန်းစတားသားရဲ တစ်ကောင်လုံးကို ချက်ချင်း မြိုချပစ်လိုက်လေသည်။ အသက်စွမ်းအင် အဆီအနှစ်ကို အပြည့်အဝ စုပ်ယူပြီးနောက်တွင် ၎င်း၏ အရိုးများကို အပြင်သို့ ပြန်ထွေးထုတ်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပြုံးသွားခဲ့သည်။ နဂါးစိမ်းဓါးသည် အခြားသက်ရှိများ၏ အသက်စွမ်းအင်အား ဝါးမြိုခြင်းဖြင့် စဉ်ဆက်မပြတ် အားကောင်းလာနိုင်သော မှော်ရတနာတစ်ခု ဖြစ်သည်။

ဓါးနှင့် တစ္ဆေတိမ်တိုက် အစီအရင်အား ပြန်သိမ်းပြီးနောက် အစောပိုင်းက ငါးယောက်အဖွဲ့ ထွက်ပြေးသွားသည့် ဘက်ဆီသို့ လှည့်လိုက်သည်။ ထို့နောက် လေမိုးကြိုးတောင်ပံများကို ထုတ်၍ ထိုဘက်သို့ ပျံသန်းသွားလေသည်။

ထိုအချိန်တွင် ခုနှစ်ရောင်ခြယ်သမင်လက်မှ ထွက်ပြေးလာသော တန်ခိုးရှင်အဆင့် ငါးယောက်အဖွဲ့သည် မိုင်တစ်ထောင်အကွာခန့်တွင် ရှိနေသော လိုဏ်ဂူတစ်ခုထဲ၌ နားနေကြသည်။

ထိုလိုဏ်ဂူသည် ယခင်က မြေအသိုက် တစ်ခု ဖြစ်လောက်၏။ သို့သော်လည်း ထိုမြွေ မရှိတော့သည်မှာ ကြာနေလေပြီ။ ပုန်း၍ ကောင်းသော ခြောက်ကပ်ကပ် နေရာတစ်ခု တွေ့လိုက်သည့်အခါ သူတို့ ငါးယောက်စလုံး ထိုနေရာ၌ နားရန်သာ ဆုံးဖြတ်လိုက်သည်။

ပို၍ လုံခြုံသွားစေရန် လိုဏ်ဂူအပြင်ဘက်တွင် ဖုံးကွယ် အစီအရင် တစ်ခုကိုပါ ကြိုတင် ခင်းကျင်းထားလိုက်သေး၏။

“အဲ့သခင် ငါတို့ကို မတွေ့သေးပုံထောက်ရင် ဟိုကောင်လေး အဲ့ကောင်ကို မျှာခေါ်သွားတာ ဖြစ်ရမယ်။ ဒီကောင် ကျင့်ကြံခြင်းက သိပ်မမြင့်ပေမယ့် သူ့မှာ ထွက်ပြေးနိုင်တဲ့ ပညာရပ် တစ်ခုခုလောက်တော့ ရှိမှာပေါ့၊ ဟုတ်တယ်မလား” ဆံပင် အနက်ရောင်နှင့် လူအိုကြီးက ကောင်ကင်စိတ်အာရုံဖြင့် အပြင်ဘက်အား တစ်ချက် စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်၏။

“ဒါပေမယ့် သူ့ကျင့်ကြံခြင်းနဲ့ အဲ့သမင်လက်က လွတ်ဖို့ မလွယ်လောက်ဘူး” အဖွဲ့ထဲတွင် ရှိနေသော ကျင့်ကြံခြင်း အနိမ့်ဆုံး အမျိုးသမီးက အနည်းငယ် ဝမ်းနည်းနေသည့် လေသံဖြင့် ပြောလိုက်သည်။

“ငါတို့လည်း မတတ်နိုင်ဘူးလေ။ ဧကရာဇ်ဥယျာဉ်ထဲ ရောက်ရင် ရတနာတွေ၊ အခွင့်အလမ်းတွေ ကြုံရမယ်ပေါ့၊ အခုတော့ ဘာရတနာမှ မရတဲ့အပြင် ပြဿနာ တစ်ခုပြီး တစ်ခုနဲ့ပဲ ကြုံနေရတယ်။ ငါတို့ငါးယောက်တောင် မသေအောင် မနည်း ရုန်းကန် ပြေးနေရတာ၊ သူ့လို လူစိမ်းတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မှာလဲ” အဖြူရောင်ဆံပင်နှင့် လူအိုကြီးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကလည်း “ဟုတ်တယ်။ ဧကရာဇ်ဥယျာဉ် ဒီလောက် အန္တရာယ်များလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး။ ရောက်လာတုန်းက ဆယ်ယောက်၊ အခု ငါးယောက်ပဲ ကျန်တော့တယ်။ ငါတို့သာ အပြေးမမြန်ရင် အခုလောက်ဆို အကုန် နောက်ဘဝကူးနေလောက်ပြီ”

“အမှန်ပဲ” ဆံပင်အနက်ရောင်နှင့် လူအိုကြီးက သက်ပြင်းချက်လိုက်၏။ ထို့နောက် အနည်းငယ် ခြောက်ကပ်ကပ် ရယ်မောလျက် “လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ငါသာဆို ပြန်ဆုတ်ဦးမှာ မဟုတ်ဘူး။ ပေကပ်ပြီး တိုက်နေဦးမှာ။ အဲ့လိုသာဆို ကျိန်းသေ မသာပေါ်ပြီ။ ကြီးလာတာနဲ့ သတ္တိ ပိုနည်းလာတယ်ဆိုတာ အမှန်ပါပဲလား”

ဆံပင်အဖြူရောင်နှင့် လူအိုကြီးက ထိုစကားကို ခေါင်းညိတ် ထောက်ခံလိုက်ပြီး “အမှန်ပဲ။ ငါတို့ ငယ်ငယ်တုန်းက မသွားရဲတဲ့ နေရာ ဘယ်နေရာရှိလို့လဲ။ နဂါးအသိုက်ပဲဖြစ်ဖြစ်၊ ကျားဂူပဲဖြစ်ဖြစ်၊ အကုန်သွားရဲတယ်။ ဒါပေမယ့် အခုတော့…”

သူလည်း သက်ပြင်း အရှည်ကြီး ချလိုက်လေသည်။

လိုဏ်ဂူတစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ်သွားခဲ့လေသည်။

လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးသည့်နောက် လိုဏ်ဂူအပြင်ဘက်မှ စကားအော်ပြောသံတစ်သံ ထွက်ပေါ်လာခဲ့၏ “ဒီရန် မိတ်ဆွေတို့ကို မေးချင်တာလေး တစ်ခုရှိလို့ ခဏလောက် အထဲဝင်လာလို့ ရမလား”

ထိုအသံကို ကြားလိုက်သည့်အခါ ငါးယောက်စလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ဆံပင် အဖြူရောင်နှင့် လူအိုကြီးက ချက်ချင်း ပြန်အော်ပြောလိုက်၏ “အပြင်က ဘယ်သူလဲ”

သူတို့မသိလိုက်ဘဲ အခြားတစ်ယောက် သူတို့အနားသို့ ရောက်လာသည်ကို မြင်သော် ဆံပင်အဖြူနှင့် လူအိုကြီးခေါင်းထဲ အချက်ပေးသံ ဆူညံသွားခဲ့သည်။ ထိုလူ သူတို့အား အလစ်ချောင်းပြီး မတိုက်ခိုက်ခဲ့သည်ကိုလည်း လူအိုကြီး ကျေးဇူးတင်မိသွားသည်။ အလစ်သာ ချောင်းတိုက်မည်ဆိုလျှင် သူတို့ငါးယောက် ငါးပေါက်မှောက်ပေလိမ့်မည်။

အပြင်ဘက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာပြီး “ကျုပ်တို့ အခုလေးတင် တွေ့ခဲ့တာလေ။ ကျုပ်ကို မမှတ်မိတော့တာလား။ ဒီတော့ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးရတာပေါ့။ ကျုပ်နာမည်က ရန်ကိုင်ပါ”

“ရန်ကိုင်” ငါးယောက်စလုံး မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အကုန်လုံး ထိတ်လန့်သွားကုန်ကြလေသည်။

“ခုဏတုန်းက ကောင်လေးပဲ”

“ဒီကောင် မွန်းစတားသားရဲလက်ကနေ လွတ်အောင် ပြေးလာတာလား။ ဘယ်လိုတောင် ပြေးလိုက်တာလဲ”

လိုဏ်ဂူထဲရှိ ငါးယောက်စလုံး မှင်သက်နေကြလေပြီ။ ထိုကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားသားရဲလက်မှ ရန်ကိုင် မည်ကဲ့သို့ လွတ်အောင် ပြေးလာသလဲ ဆိုသည်ကို သူတို့ အတော်လေး သိချင်မိသွားသည်။ သူတို့ ငါးယောက် ထွက်ပြေးလာစဉ်က ရန်ကိုင်အား ငါးစာအဖြစ် အသုံးချခဲ့သည့် အတွက် ရန်ကိုင် ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲ ဆိုသည်နှင့် ပက်သက်၍ အနည်းငယ် စိတ်ပူမိသွားသည်။

“အစ်ကိုမင်…” အနက်ရောင်ဆံပင်နှင့် လူအိုကြီးက အဖြူရောင်ဆံပင်နှင့် လူအိုကြီးက လှမ်းခေါ်လိုက်သည်။

“ဘာမှမဖြစ်လောက်ဘူး။ သူ့လေသံကြားရတာ လက်စားချေဖို့ လာတဲ့ပုံမပေါ်ဘူး။ ပြီးတော့ သူ့ကျင့်ကြံခြင်းက နိမ့်နိမ့်လေးပဲ။ လက်စားချေချင်တယ် ဆိုရင်တောင် အဲ့လို လုပ်နိုင်မှာ မို့လို့လား။ ဝင်လာခိုင်းလိုက်” ဆံပင်အဖြူရောင် လူအိုကြီးက ပြောလိုက်သည်။ ဆံပင်အဖြူရောင်နှင့် လူအိုကြီး သူ့ကိုယ်သူ အထင်ကြီးနေခြင်း မဟုတ်၊ ရန်ကိုင်၏ ကျင့်ကြံခြင်းကကို အမှန်တကယ် နိမ့်ကျခြင်း ဖြစ်သည်။ ထို့အပြင် ရန်ကိုင်သည် တစ်ယောက်တည်းသာ ဖြစ်သည်။ ထို့ကြောင့် ထိုကောင်လေး ပြဿနာ ရှာချင်သည် ဆိုလျှင်ပင် ရှာနိုင်လိမ့်မည် မဟုတ်ဟု လူအိုကြီး ယုံကြည်နေသည်။

ထိုစကားကို ကြားသည့်အခါ အနက်ရောင်ဆံပင်နှင့် လူအိုကြီး ခေါင်းညိတ်လိုက်ပြီး အစီအရင်အား ဖွင့်ပေးလိုက်လေသည်။ ထို့နောက် ယဉ်ယဉ်ကျေးကျေး လေသံဖြင့် “လူငယ်လေး မင်းဝင်လာလို့ ရပြီ”

“ကျေးဇူးအများကြီး တင်ပါတယ်နော်” ရန်ကိုင်က ပြုံးလျက် လိုဏ်ဂူထဲသို့ ရဲရဲတင်းတင်း ဝင်သွားလိုက်သည်။

ရန်ကိုင်၏ အကြောက်အလန့်ကင်းသည့် ပုံစံကို ကြည့်ပြီး ငါးယောက်စလုံး ကြောင်သွားခဲ့သည်။ ဤလောကကြီး မည်မျှ ရက်စက်သလဲ ဆိုသည်ကို ထိုကောင်လေးကပဲ မသိခြင်းလား၊ သူတွင် မည်သူ့ကိုမှ ကြောက်စရာမလိုသည့် ဝှက်ဖဲ တစ်ခုခုပဲ ရှိနေသည့် အတွက်ကြောင့်လား ဆိုသည်နှင့် ပက်သက်၍ ထိုလူများ အတွေးများမိသွားခဲ့ကြသည်။

သို့သော်လည်း ဤလောကကြီးအကြောင်းကို ထိုကောင်လေး မသိသေးသည်မှာ ပို၍ ဖြစ်နိုင်ချေ ရှိပေသည်။

သူတို့ ထိုသို့ တွေးချင်သည်မှာလည်း တွေးချင်စရာပင်။ ရန်ကိုင်သည် အသက်ငယ်ငယ်လေးဖြင့် တန်ခိုးရှင်အဆင့်သို့ ရောက်နေခဲ့သည်။ ထို့ကြောင့် သူသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်ပြီး သူ့တစ်ဘဝလုံးလိုလို ဂိုဏ်းတွင်းအောင်းရင်းဖြင့်သာ အချိန်ဖြုန်းခဲ့ရပေလိမ့်မည်။ ထို့ကြောင့် ပြင်ပလောကကြီးအကြောင်း မသိခြင်း ဖြစ်၏။

ထိုသို့ စဉ်စားမိလိုက်သည့်အခါ ငါးယောက်စလုံး အတော်လေး စိတ်ငြိမ်သွားခဲ့ကြလေသည်။

ထိုကဲ့သို့သော လူများသည် ရင်ဆိုင်ရ မခက်လှချေ။

လိုဏ်ဂူသည် သိပ်မကြီးလှ၊ မီတာ နှစ်ဆယ်၊ သုံးဆယ်လောက်သာ ကျယ်ပြီး ဂူတစ်ခုလုံး ပိန်းပိန်းပိတ် မည်းမှောင်နေသည်။ ရန်ကိုင် အထဲသို့ ဝင်လာသည့်အခါ ဘေးပတ်လည်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

ထိုလူငါးယောက် သူ့အား ငါးစာအဖြစ် အသုံးချ၍ ထွက်ပြေးသွားသည့်အပေါ် ရန်ကိုင် ဒေါသထွက်မိသော်ငြား၊ သူပြောနိုင်သလောက် ထိုလူများသည် ယုတ်ညစ်သည့် လူများ မဟုတ်ကြချေ။ မဟုတ်လျှင် လိုဏ်ဂူနားသို့ သူရောက်လာသည်နှင့် သူ့အား ကျိန်းသေ တိုက်ခိုက်ကြပေလိမ့်မည်။

အနည်းဆုံး မည်သူမှ သူ့အား ရန်လိုသည့် အရိပ်အယောင် မပြသေးချေ။ မိန်းမငယ်လေးသည် သူ့အား ခေါင်းညိတ်ပြလိုက်ပြီး သက်လတ်ပိုင်း အမျိုးသမီးမှာမူ သူမတို့၏ လုပ်ရပ်နှင့် ပက်သက်၍ အနည်းငယ် ရှက်နေသည့်ပုံပင်။

ရန်ကိုင်လည်း စိတ်ပြေသွားခဲ့သည်။ ယခုအချိန်ထိသာ ထိုလူများ သူ့အား အကောက်ကြံရန် စဉ်းစားနေသေးလျှင် ရန်ကိုင် သူတို့အား ကျိန်းသေ လွှတ်ပေးမည် မဟုတ်ချေ။

ယခု ထိုလူများ၏ အမူအရာကို မြင်ပြီးနောက် သူ့ကိုယ်သူ အလုပ်ရှုပ်ခံစရာ မလိုတော့မှန်း သိလိုက်သည်။

“မိတ်ဆွေတို့ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။

“အဲ့လိုလမျိုးတွေ လုပ်နေစရာ မလိုပါဘူး” ဆံပင်အဖြူနှင့် လူအိုကြီးက ပြောလိုက်သည်။ ရန်ကိုင် မွန်းစတားသားရဲလက်မှ မည်ကဲ့သို့ လွတ်လာသလဲ ဆိုသည်ကို မမေးဘဲ လူအိုကြီးသည် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်လေသည် “ဒီလူအိုကြီးက လဆမ်းရောင်ကျွန်းရဲ့ ကျွန်းသခင် မင်ရှပဲ။ ဒီလူတွေကတော့ ဒီလူအိုကြီးရဲ့ မိတ်ဆွေတွေပေါ့”

လူအိုကြီးသည် သူတို့ကြား ဘာမှ မဖြစ်ထားသည့်အလား အေးအေးသက်သာ လေသံဖြင့် ပြောနေခဲ့သည်။

“လရောင်ဆမ်းကျွန်း” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

သို့သော်လည်း တစ်ဖက်လူသည် သူ့ကိုယ်သူ ကျွန်းသခင်ဟု ခေါ်နေသဖြင့် ထိုလူအိုကြီးသည် အဆုံးမဲ့ပင်လယ်မှ ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် ရန်ကိုင် ထိုလူအိုကြီးအကြောင်း တစ်ခါမှ မကြားဖူးသည်မှာ အံ့အားသင့်စရာ မဟုတ်တော့။ အဆုံးမဲ့ ပင်လယ်သို့ သူတစ်ကြိမ်မှပင် မရောက်ဖူးလေပဲ။ အဆုံးမဲ့ပင်လယ် ဘက်ခြမ်းမှ သူသိသည့် အင်အားစုဆို၍ ပင်လယ်နှလုံးသား နန်းတော် တစ်ခုသာ ရှိသည်။

ရန်ကိုင် သူ့ဘာသာ ကောက်ချက်ချနေခဲ့သည်။ သို့သော် မင်းရှပါးစပ်မှ နောက်ထွက်လာသော စကားလုံးများကို ကြားသည့်အခါ သူလုံးဝကို မှင်သက်သွားရတော့သည်။

“မိတ်ဆွေလေး လရောင်ဆမ်းကျွန်းကို မသိတာလည်း မထူးဆန်းပါဘူး။ လရောင်ဆမ်းကျွန်းက မိုးပြာသစ်ပင်ကြယ်ကကိုး။ မိတ်ဆွေလေးကကော ဘယ်ကြယ်ကလဲ သိလို့ရမလား”

“မိုးပြာသစ်ပင်ကြယ်” ရန်ကိုင် မျက်လုံးအပြူးသားနှင့် ထိုအဖွဲ့ကို ကြည့်လိုက်လေသည်။ သူနှလုံးခုန် မြန်လာလေပြီ။

မင်ရှ အများကြီး မပြောလိုက်သော်လည်း သူမသိသေးသည့် အချက်အလက်တစ်ခုကို ရန်ကိုင် ဖမ်းဆုပ်မိလိုက်သည် “ကျွန်သခင်မင်နဲ့ ဒီက မိတ်ဆွေတွေက အခြား ကြယ်တစ်လုံးကနေ ဧကရာဇ်ဥယျာဉ်ထဲ ဝင်လာခဲ့တာလား”

ရန်ကိုင်စကားကို ကြားသည့်အခါ ငါးယောက်စလုံး ထရယ်ကြတော့လေသည်။

ထိုလူများ၏ တုန့်ပြန်ပုံကို မြင်သော် ရန်ကိုင် အနည်းငယ် ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်သည်။ မမေးသင့်သည့် မေးခွန်းကို မေးလိုက်မိပြီမှန်း နားလည်လိုက်လေပြီ။

“မိတ်ဆွေလေးရန်က ဝေးလံခေါင်သီတဲ့ ကြယ်တစ်လုံးက လာတာလား” မင်ရှ‌က မေးလိုက်သည်။

“ကျွန်းသခင် ပြောတာအမှန်ပဲ။ ဒီရန် လာတဲ့နေရာက အတော်လေးကို ချောင်ကျတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

“မအံ့ဩတော့ပါဘူးလေ” မင်းရှက နားလည်သွားဟန်ဖြင့် “ဒီလူအိုကြီးလာတဲ့ မိုးပြာသစ်ပင်ကြယ်လည်း မိတ်ဆွေလေး လာတဲ့ ကြယ်လို့ပဲ အတော်လေးကို ချောင်ကျတယ်။ အပြင်နဲ့လည်း သိပ်အဆက်အသွယ် မရှိဘူး။ ဒါကြောင့် ငါတို့လည်း ရောက်ရောက်ချင်းတုန်းက မိတ်ဆွေလေးရန်လိုပဲ ထင်ကြတာ။ ဒီကို ငါတို့ ငါတို့မိုးပြာသစ်ပင်ကြယ်က လူတွေပဲ ဝင်လာတယ်ပေါ့။ ဘယ်ဟုတ်မလဲ၊ ရောက်တော့မှပဲ သိလိုက်တယ်။ ကြယ်စီရင်စုထဲမှာ ရှိနေတဲ့လူတွေ အကုန်လုံး ဒီရောက်နေတာ။ ဧကရာဇ်ကျောက်စိမ်း ရှိတာနဲ့ကို ဝင်လာလို့ရနေပြီ။ ဧကရာဇ် ဥယျာဉ်က ကြယ်စီရင်စုထဲက နေရာအနှံ့မှာ ပေါ်လာတာလေ”

“အဲ့လိုကိုး” ရန်ကိုင် ရေရွတ်လိုက်သည် “ဒီရန်ရဲ့ အရိပ်ကြယ်လည်း ဂိုဏ်းချုပ်မင်ရဲ့ ကြယ်နဲ့ အတူတူပဲ”

“အရိပ်ကြယ်လား” ငါးယောက်စလုံး ထိုနာမည်ကို တစ်ခါမှ မကြားဖူးသည့်အလား မျက်မှောင်ကြုတ်သွားကြသည်။

မိုးပြာသစ်ပင်ကြယ်သည် အတော်လေးကို ချောင်ကျပြီး အပြင်လောကကြီးနှင့် ဆက်သွယ်ရန် ခက်ခဲသည် ဆိုသော်ငြား အရိပ်ကြယ်နှင့် ယှဉ်လိုက်လျှင် သာပေသေးသည်။ အရိပ်ကြယ် ဆိုလျှင် အပြင်လောကကြီးနှင့်ကို လုံးဝ မဆက်သွယ်နိုင်ခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၄၄)

ရန်ကိုင် တကယ်ကို အံ့အားသင့်မိနေလေပြီ။ ကြယ်စီရင်စု တစ်ခုလုံးတွင် ဧကရာဇ်ဥယျာဉ် ပေါ်လာလိမ့်မည်ဟု မထင်ခဲ့ပေ။ အရိပ်ကြယ်တစ်ခုတွင်သာ ပေါ်လာသည်ဟု ထင်နေခြင်းဖြစ်၏။

ဤအဖြစ်အပျက်သည် အရိပ်ကြယ်မှ ကျင့်ကြံသူများအတွက် တကယ်ကို ကပ်ဆိုးတစ်ခုပင်။ ကြယ်စီရင်စုကြီး တစ်ခုလုံးမှ ကျင့်ကြံသူများ ရောက်လာကြသည့် အတွက်ကြောင့် သူတို့အတွက် အပြိုင်အဆိုင် ပိုများလာသလို သူတို့ ကြုံရမည့် အန္တရာယ်မှာလည်း အကြီးအကျယ် တိုးများလာခဲ့ရလေသည်။

ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည့်နောက် ရန်ကိုင် အလျင်စလို ကောက်မေးလိုက်လေသည် “ကျွန်းသခင်မင်၊ ဒီကို တန်ခိုးရှင်ဘုရင်အဆင့်တွေကော ဝင်လာသေးလား”

မင်ရှက ခေါင်းခါလျက် “အဲ့ဒါနဲ့ ပက်သက်ရင်တော့ မိတ်ဆွေလေးရန် စိုးရိမ်နေစရာ မလိုဘူး။ ဒီကို တန်ခိုးရှင်ဘုရင် အဆင့်တွေ ဝင်လာလို့ မရဘူး”

သူလည်း ရန်ကိုင်ကဲ့သို့ တွေးပူခဲ့ဖူးသည်။ မိုးပြာသစ်ပင် ကြယ်သည် မိုးမြေစွမ်းအင် ကြွယ်ဝခြင်းမရှိသလို အရင်းအမြစ်လည်း ပေါများခြင်း မရှိသည့် ကြယ်တစ်လုံး ဖြစ်၏။ လောကနိယာမများ၏ ဖိနှိပ်ခံရခြင်း မရှိသည့်တွက် ထိုကြယ်၌ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ပေါ်လာနိုင်သော်လည်း လုံလောက်သည့် အရင်းအမြစ် မရှိသည့် အတွက်ကြောင့် မည်သူမှ တန်ခိုးရှင်အဆင့်သို့ မချိုးဖျက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ထို့ကြောင့် မိုးပြာသစ်ပင်ကြယ်ပေါ်တွင် မင်ရှသည် ထိပ်တန်းပညာရှင်များအနက် တစ်ယောက် အပါအဝင် ဖြစ်သည်ဟု ပြော၍ရသည်။

အရိပ်ကြယ်သည်လည်း ထိုနည်းတူပင်။

ဤနေရာသို့ ဝင်လာသည့်အခါ သူ့စိတ်ရှိလက်ရှိ ရတနာများကို ရှာဖွေနိုင်လိမ့်မည်ဟု မင်ရှ ထင်ထားခဲ့သည်။ သို့သော် ကြယ်စီရင်စုကြီး တစ်ခုလုံးမှ ကျင့်ကြံသူများ ဝင်လာကြောင်း ကြားသိလိုက်ရသည့်အခါ အန္တရာယ်များသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ကို တွေးစိတ်ပူမိသွားခဲ့သည်။

သို့ရာတွင် နည်းနည်းပါးပါး မေးမြန်းကြည့်ပြီးနောက် ဧကရာဇ်ဥယျာဉ်ထဲသို့ တန်ခိုးရှင်ဘုရင်အဆင့်များ ဝင်လာနိုင်ခြင်း မရှိကြောင်း ကြားသိခဲ့ရသည်။ ဤနေရာတွင် အားအကောင်းဆုံး ကျင့်ကြံသူသည် တန်ခိုးရှင်အဆင့်သာ ဖြစ်ပေသည်။

မင်ရှ ပြောသည်ကို ကြားလိုက်မှပဲ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။

တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီးထားပြီး ဖြစ်သည့်အတွက် တန်ခိုးရှင်တတိယအဆင့်များကို ရင်ဆိုင်တိုက်ခိုက်နိုင်သော်ငြား တန်ခိုးရှင်ဘုရင်အဆင့်နှင့် တွေ့လျှင် ဘာမှပြန်မလုပ်နိုင်ဘဲ တစ်ခါတည်း အသတ်ခံရပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူတွေးပူနေသည့် ကိစ္စ ဖြစ်မလာခဲ့ပေ။

ခဏလောက် အတွေးနက်နေပြီးနောက် ရန်ကိုင်မှ အလေးအနက် အမူအရာဖြင့် မေးလိုက်လေသည် “ဒီနေရာက တကယ်ကြီး ဧကရာဇ်ဥယျာဉ်လား”

မင်ရှ ပြန်မဖြေခင် ငါးယောက်အဖွဲ့ထဲမှ အသက်အငယ်ဆုံး မိန်းမငယ်လေးက ပြန်ဖြေလိုက်လေသည် “ဧကရာဇ်ဥယျာဉ်ပေါ့။ ဧကရာဇ်ကျောက်စိမ်းသုံးပြီး ဟင်းလင်းပြင်အစီအရင်ထဲက ဖြတ်လာပြီးမှ ဧကရာဇ်ဥယျာဉ်ထဲ မရောက်လို့ ဘယ်ကို ရောက်ရမှာလဲ”

မိန်းကလေးသည် ရန်ကိုင်အား ရယ်ချင်ပက်ကျိ အမူအရာဖြင့် သေချာ စိုက်ကြည့်နေခဲ့သည်။

“အဲ့လိုဆို ဘာလို့…” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

“ဒီနေရာက ဘာလို့ မင်းထင်တာနဲ့ တလွဲစီ ဖြစ်နေတာလဲလို့ မိတ်ဆွေလေး မေးချင်နေတာမလား” မင်ရှက ရန်ကိုင်အား ပြုံးလျက် မေးလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

“ဧကရာဇ်ဥယျာဉ်က မဟာဧကရာဇ် နေခဲ့တဲ့ နေရာဆိုတော့ ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးတွေနဲ့ ပြည့်နေမှာပေါ့လို့ မင်းထင်နေတာမလား”

“အသေအချာပဲ”

“အင်း၊ အဲ့ဒါအမှန်ပဲ။ ဒီနေရာရဲ့ အနောက်ဘက် မိုင်တစ်သိန်း အကွာမှာ နန်းတော်တစ်လုံးရှိတယ်။ အဲ့ဒါ တကယ် ဧကရာဇ် ဥယျာဉ် ဖြစ်လိမ့်မယ်” မင်းရှက အနောက်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ထို့နောက် မင်ရှက ရယ်ရယ်မောမောဖြင့် ဆက်ပြော၏ “ဒါပေမယ့် ဧကရာဇ်ဥယျာဉ်က မဟာဧကရာဇ်နေတဲ့ နန်းတော် တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး။ အဲ့နန်းတော်ကို ဝိုင်းထားတဲ့ နယ်မြေတွေ အကုန်ပါတယ်။ အခုငါတို့ ရောက်နေတဲ့ မြက်ခင်းပြင်က အဲ့နယ်မြေတွေထဲက တစ်စိတ်တစ်ပိုင်းပဲ။ ဒီမြက်ခင်းပြင်အပြင် အခြား နွံအိုင်၊ သဲကန္တာရနဲ့ သမုဒ္ဒရာတို့ ရှိသေးတယ်။ နေရာတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ။ ဟင်းလင်းပြင်အစီအရင်က ငါတို့ကို ပို့ချင်တဲ့နေရာ ပို့လိုက်တာ။ ဒါပေမယ့် ငါတို့ တော်တော်လေး ကံကောင်းတယ်လို့ ပြောလို့ ရတယ်။ နေရာအားလုံးထဲမှာ ဒီမြက်ခင်းပြင်က အန္တရာယ် အနည်းဆုံးပဲ။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် ပေါ့ဆလို့တော့ မဖြစ်ဘူး”

“အဲ့လိုကိုး” ရန်ကိုင် နားလည်သွားခဲ့လေပြီ။ တစ်ယောက်ယောက်ကိုသာ မမေးခဲ့လျှင် ဤအကြောင်းကို သူနားလည်လိမ့်မည် မဟုတ်ချေ။ မင်းရှတို့နှင် မတွေ့စဉ်က ဤနေရာသည် ဧကရာဇ်ဥယျာဉ်များ ဟုတ်မှဟုတ်ပါလေစဟု သံသယပင် ဝင်ခဲ့ဖူးပေသည်။

“ဧကရာဇ်ဥယျာဉ်အစစ်က အဲ့မှာဆိုရင် ကျွန်းသခင်တို့ အဲ့ကို မသွားဘဲ ဘာလို့ ဒီမှာ နေနေကြတာလဲ” ရန်ကိုင် ထိုငါးယောက် အဖွဲ့အား အံ့ဩတကြီး ကြည့်လိုက်သည်။ သူတို့ ဘာကြောင့် ဤကဲ့သို့ ရတနာ ရှားပါးသည့် နေရာတွင် အချိန်ဖြုန်းနေလဲ သူတကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ရန်ကိုင်၏ အမေးကို ကြားသည့်အခါ မင်ရှက ခါးသက်သက် ပြုံးလိုက်ပြီး “ပြောရရင်တော့ အရှည်ကြီးပဲ။ ဧကရာဇ်ဥယျာဉ် အစစ်မှာ ရတနာတွေ အများကြီးပဲ ရှိပေမယ့် အန္တရာယ်တွေလည်း အများကြီးပဲ။ အကာအရံတွေ၊ အစီအရင်တွေ၊ စက်ယန္တရားတွေကို ထည့်မပြောရင်တောင် အဲ့မှာ စုနေတဲ့ ပညာရှင်တွေနဲ့တင် အရမ်းကို အန္တရာယ်များနေပြီ။ ငါတို့ဒီကို စရောက်လာတုန်းက စုစုပေါင်း အဖွဲ့ဝင် ဆယ်ယောက်ပါတယ်။ အခု ငါးယောက်ပဲ ကျန်တော့တာ မိတ်ဆွေလေးရန် တွေ့တယ်မလား”

မင်ရှပြောသည်ကို ကြားပြီးနောက် ထိုအဖွဲ့ အန္တရာယ် တစ်ခုခုနှင့် ကြုံခဲ့ရမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။

သူတို့ ဤနေရာတွင် အချိန်ဖြုန်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။ လူတိုင်းတွင် အသက်တစ်သက်သာ ရှိသည်။ ရတနာများသည် တပ်မက်ဖွယ်ကောင်းသော်လည်း လူသေ တစ်ယောက်က ရတနာများကို မည်ကဲ့သို့ အသုံးပြုနိုင်မည်နည်း။

ဧကရာဇ်ဥယျာဉ်သည် ယခင်အကြိမ်နှင့် မတူဘဲ အန္တရာယ် ပိုများလာသည့်ပုံပင်။ မဟုတ်လျှင် ထိုငါးယောက်အား အလွယ်တကူ ခြောက်လှန့်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်နှင့် ဖေးကျီတုတို့ လာစဉ်က ဧကရာဇ်ဥယျာဉ်သည် အမှန်တကယ် မပွင့်သေးသည့်အတွက် ၎င်း၏ အစီအရင်များစွာ အသက်မဝင်သေးသဖြင့် အန္တရာယ် သိပ်မရှိခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။

ရန်ကိုင် အတွေးနက်သွားသည်ကို မြင်သော် မင်ရှလည်း တိတ်နေလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် မင်ရှက ပြုံးလျက် စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောလိုက်သည် “ဒါပေမယ့် ဒီနေရာကို ဧကရာဇ်ဥယျာဉ်ရဲ့ အပြင်ပိုင်းဆိုပြီး သွားအထင်မသေးနဲ့နော်။ အပြင်ပိုင်းဆိုပေမယ့် ရတနာတွေ၊ အခွင့်အလမ်းတွေက အများကြီးပဲ။ ကံကောင်းရင် တစ်ခါတည်း သူဌေး ဖြစ်သွားနိုင်တယ်”

“အို၊ ဘာလို့လဲ” ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့သည်။

“အဲ့နန်းတော်က မဟာဧကရာဇ်နေတဲ့ နေရာဆိုတာ မှန်ပေမယ့် မဟာဧကရာဇ်က တစ်ယောက်တည်း နေတာမှ မဟုတ်တာ။ သူ့မှာ တပည့်တပန်းတွေ၊ သူ့ကို အလုပ်အကျွေး ပြုတဲ့လူတွေ အများကြီး ကျန်သေးတယ်။ မဟာဧကရာဇ် ကျင့်ကြံခြင်းကို ဒီလူအိုကြီး မသိပေမယ့် သူ့လက်အောက်မှာ ရှိတဲ့ လူတွေတောင် ကျိန်းသေ အားမနည်းဘူး။ ပြီးတော့ မဟာဧကရာဇ်ရဲ့ တပည့်တွေ အကုန်လုံး အဲ့နန်းတော်ထဲမှာ နေတာ မဟုတ်ဘူး။ အဲ့ပြင်မှာ သူတို့ဘာသာ အိမ်ဆောက်ပြီး နေနေတဲ့ တပည့်တွေ အများကြီးပဲ။ ရှင်းရှင်းပြောရရင် ဧကရာဇ်ဥယျာဉ်ရဲ့ အပြင်ပိုင်းမှာ ပြန့်ကျဲနေတဲ့ နေအိမ်တွေ အများကြီးပဲ။ ငါတို့သာ အဲ့စံအိမ် တစ်လုံးလောက်ကို ရှာနိုင်တာနဲ့ အချီကြီးပွပြီလို့ ပြောလို့ရတယ်” မင်ရှက သူ့မုတ်ဆိတ်ရှည်ကြီးကို ပွတ်လျက် တပြုံးပြုံးဖြင့် ပြောလိုက်သည်။

“အဲ့စံအိမ်တွေအပြင်၊ အပြင်လောကမှာ မျိုးတုန်းသွားတဲ့ ဆေးပင်တွေ၊ သတ္တုရိုင်းတွေ၊ မွန်းစတားသားရဲတွေလည်း အများကြီး ရှိသေးတယ်။ ဥပမာ ခုနှစ်ရောင်ခြယ်သမင် မျိုရောလို့ပေါ့၊ ငါတို့သာ အဲ့ကိုကောင်ကို သတ်လိုက်နိုင်ခဲ့ရင်…” အမျိုးသမီးက ရုတ်တရက် ဝင်ပြောလိုက်သည်။ သို့သော် ပြောနေရင်း ရပ်လိုက်ပြီး ရန်ကိုင်အား အနည်းငယ် ရှက်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။

သူမ၏ အမူအရာကို မြင်သော် ရန်ကိုင် ရယ်သာ ရယ်လိုက်၏။ သွားအပြစ်တင်မနေခဲ့ပေ။ သူတို့ကြောင့် သူဒုက္ခမရောက်ခဲ့ရုံမက အမြတ်ပင် ထွက်ခဲ့သေးသည်။

“အဲ့စံအိမ်တွေကို တွေ့သွားတဲ့လူတွေ ရှိလား” ရန်ကိုင်က မေးလိုက်သည်။

“ရှိတယ်” မင်ရှက ခေါင်းညိတ်လိုက်ပြီး မနာလိုအားကျစွာ ပြောလိုက်၏ “လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက တစ်ယောက်ယောက် စံအိမ်တစ်လုံးကို တွေ့ပြီး အဲ့ထဲကနေ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာနဲ့ ဆေးလုံးအများကြီး ရသွားတယ်”

ထိုအကြောင်းကို ပြောနေရင်း မင်ရှ၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ မိုးပြာသစ်ပင်ကြယ်လည်း အရိပ်ကြယ်ကဲ့သို့ အရင်းအမြစ်ရှားပါးသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသည် မင်ရှအတွက် အတော်လေး တပ်မက်ဖွယ် ကောင်းနေခဲ့သည်။

“အဲ့သတင်းတွေ ပြန့်လာပြီ ဆိုမှတော့ ရတနာရသွားတဲ့လူ အဆုံးသတ် မလှလောက်ဘူး” ရန်ကိုင်၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးတက်သွားခဲ့သည်။

မင်ရှက ရန်ကိုင်အား လေးစားတကြီး ကြည့်လျက် “မိတ်ဆွေလေးရန် ပြောတာ အမှန်ပဲ။ အဲ့လူတွေနောက်ကို အခြား လူတွေလိုက်တာ အများကြီးပဲ။ နောက်ဆုံး ဘာဖြစ်သွားလဲ ဒီလူအိုကြီး မသိပေမယ့် ရတနာ ရသွားတဲ့လူကတော့ တကယ် အဆုံးသတ် မလှလောက်ဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

သူသိချင်နေသည့် အကြောင်းအရာကို သိသွားရပြီ ဖြစ်သည့်အတွက် လုံလောက်သွားလေပြီ။ ထို့အပြင် အဓိက နန်းတော်အား မည်သည့်နေရာတွင် ရှာရမည်လဲ ဆိုသည်ကိုပါ အဆစ်သိခဲ့ရသေးသည်။

ရန်ကိုင် အပြင်ဘက်တွင် အချိန် ထပ်မဖြုန်းချင်တော့ပေ။ ဧကရာ်ဥယျာဉ် မည်သည့်အချိန် ပိတ်မည်လဲ ဆိုသည်ကို မသိသော်ငြား ဧကရာဇ်ဥယျာဉ်သည် အမြဲတမ်း ပွင့်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဧကရာဇ်ဥယျာဉ် မပိတ်ခင် သူလာရင်း ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ရပေမည်။ ဧကရာဇ် ဥယျာဉ်သို့ ယခင်တစ်ခေါက် ရောက်ခဲ့စဉ်က သူမယူလိုက်နိုင်သည့် ရတနာနှစ်မျိုး ရှိခဲ့သည်။

ယခု ထိုရတနာနှစ်ခုကို သွားယူရပေမည်။

“မိတ်ဆွေလေးရန်ကို ကြည့်ရတာ ဧကရာဇ်ဥယျာဉ်ထဲကို တစ်ယောက်တည်း ဝင်လာတဲ့ပုံပင်။ ဆန္ဒရှိရင် ဒီလူအိုကြီးတို့နဲ့ လိုက်ခဲ့ပါလား။ တစ်ခုခုကောင်းတာ ရရင် ငါတို့ ခြောက်ယောက် အတူမျှယူလို့ ရတယ်လေ” မင်ရှက ဘာကြောင့်မှန်းမသိ ရန်ကိုင်အား သူတို့အဖွဲ့ထဲ ဖိတ်ခေါ်လိုက်သည်။

“အခုလို ဖိတ်ခေါ်ပေးတဲ့ ဂိုဏ်းချုပ်မင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီရန် ငြင်းရလိမ့်မယ်” ရန်ကိုင်က ခေါင်းခါလျက် “အခု ကျုပ်တစ်ယောက်တည်း ဆိုပေမယ့် ကျုပ်နဲ့ အတူ ဝင်လာတဲ့ အခြားအဖော်တွေ ရှိသေးတယ်။ သူတို့ကို သွားရှာရဦးမယ်”

“အဲ့လိုးကိုး…” မင်ရှ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော် ရန်ကိုင်အား ထပ်ဖိတ်ခေါ်မနေတော့ဘဲ ခေါင်းညိတ်၍သာ ပြောလိုက်၏ “အဲ့လိုဆိုရင် ဒီလူအိုကြီး မပြောဘူးလို့ဘဲ သဘောထားလိုက်ပါမယ်လေ”

“ကျေးဇူးပါပဲ။ ဒီရန်သွားလိုက်ပါဦးမယ်။ အားလုံးလည်း ဂရုစိုက်ကြဦးနော်” ရန်ကိုင်က လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး လိုဏ်ဂူအပြင်ဘက်ကို ပြေးထွက်သွားလေသည်။ ထို့နောက် ဦးညတ်ဘက်ကို ရွေးချယ်ကာ ထွက်သွားတော့လေသည်။

ရန်ကိုင် ထွက်သွားပြီးနောက် အနက်ရောင်ဆံပင်နှင့် လူအိုကြီးက မင်ရှအား နားမလည်နိုင်ဟန်ဖြင့် ကြည့်၍ မေးလိုက်သည် “အစ်ကိုမင်၊ သူဒီလောက် အားနည်းတာကို မင်းဘာလို့ သူ့ကို ဖိတ်ခေါ်လိုက်တာလဲ”

အခြားအဖွဲ့သားများလည်း နားမလည်နိုင် ဖြစ်နေကြ၏။

မင်ရှက ရယ်သွမ်းသွေးလျက် ရှင်းပြလိုက်သည် “သူအားနည်းတာ ဟုတ်တယ်။ ဒါပေမယ့် ခုနှစ်ရောင်ခြယ်သမင် မျိုးရော လက်ကနေ လွတ်အောက်ပြေးနိုင်ဖို့က လွယ်တာ မဟုတ်ဘူး။ အဲ့တစ်ချက်တည်းနဲ့တင် သူဘယ်လောက်မြန်လဲ သိသာနေပြီ။ ငါသူ့ကို ဖိတ်ခေါ်ကာ ကင်းထောက်အဖြစ် သုံးချင်လို့။ ဒါပေမယ့် သူက ငြင်းမှတော့ အဲ့အကြောင်း ထပ်ပြောနေစရာ မလိုတော့ဘူး”

ယခုမှပဲ ကျန်လေးယောက် နားလည်သွားတော့သည်။

“အဲ့အကြောင်း တော်လိုက်တော့။ အခု ခုနှစ်ရောင်ခြယ် သမင်ကို ဘယ်လိုသတ်ရမလဲပဲ စဉ်းစား။ အဲ့ကောင်ကို သတ်ပြီး သူ့နှလုံးနဲ့ မွန်းစတားအမြူတေကို ပြန်ရောင်းနိုင်ရင် ငါတို့ အချီကြီး မြတ်ပြီ” မင်ရှက ပြောလိုက်သည်။

အခြားသူများလည်း ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အစီအစဉ် စဆွဲကြတော့လေသည်။ သို့သော် သူတို့ မသိလိုက်သည်ကား ခုနှစ်ရောင်ခြယ်သမင်ကို ရန်ကိုင် သတ်လိုက်ပြီ ဆိုသည့် အချက်ပင်။ သူတို့ လိုချင်နေသည့် ခုနှစ်ရောင်ခြယ်သမင်၏ နှလုံးနှင့် မွန်းစတားအမြူတေသည် ရန်ကိုင်၏ သိုလှောင် လက်စွပ်ထဲသို့‌ ရောက်နေခဲ့လေပြီ။

လက်ရှိတွင် ရန်ကိုင်သည် ဧကရာဇ်ဥယျာဉ်၏ အဓိက နန်းတော်ဆီသို့ ဦးတည် ပျံသန်းနေခဲ့သည်။

မင်ရှ၏ စကားအရ အဓိကနန်းတော်သည် ဤနေရာ၏ အနောက်ဘက် မိုင်တစ်သိန်းအကွာတွင် ရှိနေခဲ့သည်။ ရန်ကိုင်၏ အမြန်နှုန်းအရ ထိုနေရာသို့ရောက်ရန် နှစ်ရက်၊ သုံးရက်ခန့်သာ ကြာလိမ့်မည် ဖြစ်သည့်အတွက် ရန်ကိုင်လည်း အရမ်းကြီး အလျင် လိုမနေခဲ့ချေ။

သူ့အသွင်အပြင်မှာ တည်ငြိမ်နေဟန်ရန်သော်ငြား သူ့စိတ်ထဲတွင်မူ ဆိုင်ကလုန်းမုန်တိုင်း ဝင်တိုက်နေသည့်နှယ် ဗြောင်းဆန်နေခဲ့လေသည်။

သူအတောင့်တရဆုံးသည်ကား လူတစ်ယောက်ကို ပြန်တွေ့နိုင်ရန်ပင်။

စုယန်အား ဤနေရာတွင် ပြန်တွေ့ချင်မိပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၄၅)

ဧကရာဇ်ဥယျာဉ်သည် ကြယ်စီစုကြီး တစ်ခုလုံးတွင် ပေါ်လာသဖြင့် စုယန်လည်း ဤနေရာသို့ ဝင်လာလောက်သည်။ သို့သော်လည်း စုယန်၏ လက်ရှိ ကျင့်ကြံခြင်းနှင့် သူမ ဧကရာဇ်ကျောက်စိမ်း ရမရ သူမသိပေ။

မသေချာမရေရာသော အကြောင်းအရာများစွာ ရှိသော်ငြား သူတို့ နှစ်ယောက် တွေ့နိုင်ချေသည် အလွန်ကိုမှ နည်းလှသည်။ သို့တိုင်ပင် သူ့စိတ်ထဲ စုယန်အား တွေ့နိုင်ရန် မျှော်လင့်နေမိ၏။

ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့် စုယန်သာ သူနှင့် အလွန်ဝေးကွာသည့် နေရာတွင် ရှိနေခြင်းမဟုတ်လျှင် ရန်ကိုင် အနေဖြင့် သူမအား ရှာရန် မခက်ပါချေ။

ထိုအကြောင်းကို တွေးနေရင်း သိုလှောင်လက်စွပ်ထဲရှိ အေးစက်စက် အကြည်ရောင်အလုံးလေး တစ်လုံးကို ထုတ်ကြည့်မိလိုက်သည်။

ထိုအလုံးလေးသည် စုယန်၏ ရေခဲဝိဥာဉ်လုံး ဖြစ်ပေ၏။ စုယန် အသက်ရှင်နေသေးသရွေ့ ထိုအလုံးလည်း အကောင်းအတိုင်း ရှိနေပေလိမ့်မည်။

ထိုရေခဲဝိဥာဉ်လုံးကို ချင်းယွဲ့မှ သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။ ထိုရေခဲဝိဥာဉ်လုံးအား ဖန်တီးခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သော်ငြား အလုံးတစ်ဝိုက်တွင် ရစ်သိုင်းနေသော အရှိန်အဝါကို ခံစားမိလိုက်တိုင်း ရန်ကိုင် သူမအား ပြန်သတိရလာမိ၏။ ထိုအလုံးလေးကို ကြည့်ရင်း ရန်ကိုင်၏ အကြည့်တို့ တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့ပြီး သူ့စိတ် အလျင်အမြန် တည်ငြိမ်လာခဲ့သည်။

အလုံးလေးကို ပြန်သိမ်းလိုက်ပြီးနောက် နိုးထလာသော နဂါးတစ်ကောင်နှယ် ကောင်းကင်ပေါ်သို့ မော့၍ အသံကုန် အော်ဟစ်လိုက်လေသည်။ သူ့ရင်ထဲ ပွတ်လောရိုက်နေသော စိတ်ခံစားချက်များကို ဖွင့်ထုတ်ပစ်လိုက်ပြီးနောက် လျှပ်စီးတမျှ လျင်မြန်သော အမြန်နှုန်းဖြင့် ဧကရာဇ်ဥယျာဉ်ထဲရှိ အဓိက နန်းတော်ဆီသို့ ဆက်လက် ဦးတည်သွားလေသည်။

တစ်ရက်ကြာပြီးသည့်တိုင် ရန်ကိုင်သည် မြက်ခင်းပြင်ထဲ၌သာ ရှိနေသေးခဲ့သည်။ လမ်းတစ်လျှောက်လုံး မည်သည့် အန္တရာယ်နှင့်မှ မတွေ့ခဲ့ရ။ ဧကရာဇ်ဥယျာဉ်ထဲသို့ ကျင့်ကြံသူများစွာ ဝင်လာခဲ့သော်ငြား ဧကရာဇ်ဥယျာဉ်သည် အကျယ်ကြီး ဖြစ်သည်။ ထို့ပြင် ကျင့်ကြံသူများစွာတို့သည် ဧကရာဖ်ဥယျာဉ်၏ အဓိက နန်းတော်နားတွင် စုဝေးနေကြခြင်း ဖြစ်သည့်အတွက် အပြင်ပိုင်း၌ လူသိပ်မစည်းကားချေ။

မြက်ခင်းပြင်ပေါ်တွင် မွန်းစတားသားရဲများစွာ ရှိသော်လည်း အများစုသည် အလွန်မြန်ကြသဖြင့် ဖမ်းရ ခက်လှသည်။ ထို့ပြင် ရန်ကိုင်သည်လည်း ထိုမွန်းစတားသားရဲများကို ဖမ်းရင်း အချိန် မဖြုန်းလို။ သူလုပ်ချင်သည်ကား သူသွားနေသည့်လမ်း မှန်မမှန် အတည်ပြုလိုခြင်းသာ။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် ရှေ့သို့ဦးတည် ပျံသန်းနေခဲ့သည်။

ရုတ်တရက် ရန်ကိုင် ရပ်သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလိုက်၏။ ရှေ့ဘက် ဘယ်ဘက်ခြမ်းစွန်းစွန်းလေးတွင် လူပေါင်းများစွာ ရှိနေသည်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။

လမ်းကြောင်း မေးချင်နေသည်ဖြစ်လေရာ ရန်ကိုင်လည်း ထိုလူများ ရှိနေသည့်ဘက်ဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးနောက်တွင် ထိုနေရာသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် စိတ်ဝင်စားသွားပြီး နေရာတစ်ခုရှာကာ စောင့်ကြည့်နေတော့လေ၏။

သူရပ်လိုက်သည့် အကြောင်းမှာ စိတ်ဝိဥာဉ် အစီအရင် တစ်ခုကို သတိပြုမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

သူစိုက်ကြည့်နေရာ အရပ်တွင် တလက်လက် တောက်ပနေသော အရံအတားတစ်ခု ရှိနေခဲ့သည်။ ထိုအလင်း အကာအရံထဲရှိ မြင်ကွင်းသည် ဘေးပတ်ဝန်းကျင်နှင့် ကိုက်ညီခြင်း မရှိဘဲ အနည်းငယ် တွန့်လိမ်နေခဲ့သည်။

ပုံရိပ်ယောင် အစီအရင်တစ်ခုပင်…

ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး သေချာ လေ့လာလိုက်သည်။

ဤနေရာရှိ မြေနေရာသည် အတော်လေးကို ထူးခြားသည်။ ဤနေရာသည် မြက်ခင်းပြင်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နေသေးသော်လည်း လက်စွပ်ပုံစံ တောင်တစ်လုံးပါ အဆစ် ရှိနေခဲ့သည်။ သာမန်အမြင်အားဖြင့် လက်စွပ်ပုံစံ တောင်ထဲတွင် ဖြစ်ပေါ်နေသော တောင်ကြားသည် အဖိုးတန် ဆေးပင်များ မရှိဘဲ သစ်ပင်များဖြင့် စိမ်းလန်းဆိုပြေနေသည့် နေရာတစ်ခုဟုသာ ထင်ရသည်။

သို့သော်လည်း ထိုအရာအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်သည်။ အကြောင်းမှာ အကာအရံ လှုပ်သွားသည့် အခိုက်တွင် တောင်ကြားထဲရှိ မြင်ကွင်းများပါ ပြောင်းလဲသွားသည့် အတွက် ဖြစ်ပေသည်။

ငါအဲ့လောက်တောင် ကံကောင်းတာလား

ရန်ကိုင် သူ့ကံသူ အံ့ဩနေခဲ့သည်။ မင်ရှဆီမှ ဤနေရာ၌ ပြန့်ကျဲနေသော စံအိမ်များအကြောင်းကို လွန်ခဲ့သော တစ်ရက်ကမှ ကြားသိခဲ့ရခြင်း ဖြစ်သော် ယခု ထိုကဲ့သို့ စံအိမ်မျိုးနှင့် တည့်တည့်ကြီး လာတိုးနေခဲ့သည်။

ဤတောင်ကြားသည် ယခင်က ပညာရှင်တစ်ယောက် နေခဲ့သည့် စံအိမ်တစ်လုံး ဖြစ်ပေသည်။ ထိုအချက်နှင့် ပက်သက်၍ သံသယဝင်နေစရာ မလိုချေ။ စံအိမ်သာ မဟုတ်လျှင် အခြားသူများ စိတ်ရှုပ်စေရန်အတွက် ပုံရိပ်ယောင် အစီအရင်တစ်ခု ခင်းကျင်းထားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုနေရာကို ယခု အခြားသူများ ရှာတွေ့သွားပြီး တိုက်ခိုက်နေလေပြီ။

လက်ရှိတွင် ထိုနေရာ၌ ရန်စောင်နေသည့် အဖွဲ့နှစ်ဖွဲ့ ရှိနေခဲ့သည်။ တစ်ဖွဲ့တွင် လူလေးယောက်ပါပြီး ကျန်တစ်ဖွဲ့တွင် လူသုံးယောက် ပါသည်။ နှစ်ဖွဲ့စလုံးကို တန်ခိုးရှင်တတိယအဆင့်မှ ဦးဆောင်ထားပြီး အခြား လူများသည် ဒုတိယ၊ တတိယအဆင့်များ ဖြစ်ကြသည်။

တောင်ကြားနား ကပ်နေသည့် အဖွဲ့တွင် လူသုံးယောက် ပါပြီး တစ်ဖွဲ့လုံးသည် အမျိုးသမီးများ ဖြစ်ကြသည်။

ထိုအမျိုးသမီးများကို မြင်သော် ရန်ကိုင် မျက်ခုံးပင့်သွားပြီး အတွေးနက်သွားခဲ့သည်။ အမျိုးသမီးအားလုံးသည် တူညီသော အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားကြသည်။ အကုန်လုံးသည် လှပကြပြီး အသက်အကြီးဆုံး ဖြစ်ဟန်တူသည့် အမျိုးသမီးသည် ထူးထူးခြားခြားကို ဆွဲဆောင်မှု ရှိနေခဲ့သည်။ အခြား နှစ်ယောက်သည်လည်း သူ့အလှနှင့်သူ လှနေခဲ့ပေသည်။

ရန်ကိုင် သတိပြုမိလိုက်သည်ကား သူတို့၏ စိတ်နေစရိုက်များပင်။

အေးစက်၊ မောက်မာ၊ တသီးတခြားဆန်သည့် ပုံစံမျိုးပင်၊ သူတို့ဆီမှ ဖြာထွက်နေသော အေးစက်စက် အရှိန်အဝါသည် အခြားသူများ သူတို့နား ကပ်လာမည်ကို ငြင်းလွှတ်နေသည့်နှယ်…

သူတို့ပုံစံကို မြင်ပြီး စုယန်ကို ရန်ကိုင် သတိရမိသွားပြန်၏။

အခြားတစ်ဖွဲ့သည် ပထမအဖွဲ့ကဲ့သို့ပင် တူညီသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ အဖွဲ့ထဲတွင် အမျိုးသား သုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ပါပြီး သူတို့ရှေ့ရှိ အဖွဲ့အား ရက်စက်သည့် အကြည့်ဖြင့် ကြည်နေသည်။

ဘာတွေဖြစ်နေလဲ ရန်ကိုင် နားလည်သွားလေပြီ။

အမျိုးသမီး သုံးယောက်အဖွဲ့သည် ဤနေရာအား အရင်ဆုံး ရှာတွေ့ပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့ တိုက်ခိုက်နေစဉ် အနီရောင်ဝတ်စုံ ဝတ်ထားသည့် အဖွဲ့ ရောက်လာခြင်း ဖြစ်ရမည်။

သို့သော်လည်း လူအရေအတွက် မတူရုံမှအပ သူတို့၏ ခွန်အားမှာ သိပ်ခြားနားခြင်း မရှိပေ။ နှစ်ယောက်စလုံး မလှုပ်ရှားသေးသဖြင့် အခြေအနေမှာ မတိုးသာ မဆုတ်သာ ဖြစ်နေခဲ့သည်။ ထိုအဖွဲ့နှစ်ဖွဲ့ မည်သည့် နေရာမှ လာသလဲ ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။

လက်ရှိ အခြေအနေသည် အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ ရန်စောင်နေသည့် အဖွဲ့နှစ်ဖွဲ့ကို ကြည့်ရင်း ရန်ကိုင် အတော်လေး ရွှင်မြူးနေသည်။ ထိုအဖွဲ့နှစ်ဖွဲ့သာ အတူ ပူးပေါင်းနေလျှင် ရန်ကိုင်အဖို့ အကြပ်ရိုက်စရာ ဖြစ်လေပြီ။ သူတစ်ယောက်တည်းဖြင့် တန်ခိုးရှင် တတိယအဆင့် နှစ်ယောက်နှင့် အခြားတန်ခိုးရှင်အဆင့်များစွာကို နိုင်လိမ့်မည်ဟု အာမမခံရဲချေ။

သူ့အတွက် အကျိုးရှိမရှိ မသေချာသေးသော အရာတစ်ခု အတွက် အသက်ကို ရှေ့တန်းတင်ပြီး စွန့်စားရသည်မှာ သိပ်ပြီး မတန်လှချေ။

သို့သော်လည်း သူ့အတွက် အကျိုးရှိမည် မှန်လျှင်မူ သူကိုယ်တိုင် ဝင်ပါရန် စိတ်ကူးထားသည်။

စုယန်နှင့် ဆင်တူသည့်အတွက် အမျိုးသမီး(၃)ယောက်ဘက် ပါချင်သော်ငြား ယခုမှ ဤနေရာသို့ ရောက်ခြင်း ဖြစ်သည့်အတွက် သူမတို့အကြောင်း မသိသေးချေ။ သူမတို့နှင့်လည်း မရင်းနှီးချေ။ ထို့အတွက်ကြောင့် အဖွဲ့နှစ်ဖွဲ့ တိုက်သည်အထိ စောင့်နေပြီးမှ ကြည့်လှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း နှစ်ဖက်စလုံး တစ်ယောက်နှင့် တစ်ယောက် ရန်သာ စောင်နေကြပြီး မတိုက်ခိုက်သေးသဖြင့် ရန်ကိုင် အတော်လေး ညစ်လာရသည်။

ရန်ကိုင် ရောက်လာသည့်အခါ နှစ်ဖွဲ့စလုံး သူ့အား သတိပြုမိလိုက်ကြသည်။ သို့သော် ရန်ကိုင်သည် တန်ခိုးရှင် ပထမ အဆင့်သာ ရှိသေးမှန်း သိလိုက်ရသည့်အခါ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ အနီရောင် ဝတ်ရုံဝတ် အဖွဲ့၏ ခေါင်းဆောင် မျက်ဝန်းထဲ အထင်သေးရိပ်တို့ ဖြတ်ပြေးသွား၏။

ဤအဖွဲ့ခေါင်းဆောင်သည် ခေါင်းပြောင်ပြောင် လူထွားကြီး တစ်ဦးဖြစ်သည်။ ရန်ကိုင် ပြန်မထွက်သွားသေးသည်ကို မြင်သော် လူထွားကြီးက နှာခေါင်းရှုံ့လျက် အော်ပြောလိုက်လေသည် “ကောင်လေး၊ ဒီမှာ မင်းအပူမပါဘူး။ မသေချင်ရင် ထွက်သွားလိုက်တော့”

လူထွားကြီးက ခြိမ်းခြောက်လိုက်သော်လည်း ရန်ကိုင်မူ တုတ်တုတ်မျှပင် မလှုပ်။ ယဲ့ယဲ့လေးသာ ပြုံးလိုက်လေသည်။

ထိုအခြင်းအရာကိုမြင်သော် အမျိုးသမီးသုံးယောက်အဖွဲ့၏ ခေါင်းဆောင်အမျိုးသမီး ပျော်သွားခဲ့သည်။

သူမအဖွဲ့တွင် လူသုံးယောက်သာ ရှိသည်။ သူမနှင့် လူထွားကြီးသည် ခွန်အားချင်း သိပ်မကွားသော်ငြား တစ်ဖက် အဖွဲ့သည် သူမတို့ထက် လူတစ်ယောက် ပိုများသည်။

ယခု လူထွားကြီးသည် ရန်ကိုင်အား ခြိမ်းခြောက်လိုက်သည့် အတွက် ရန်ကိုင် သူတို့ဘက် ပါစရာအကြောင်း သိပ်မရှိလှ။ ထို့ကြောင့် ယခုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ ရန်ကိုင်ကို သူမတို့ဘက်သို့ မည်သို့ ဆွဲခေါ်လျှင်ကောင်းမလဲ စဉ်းစားလေ၏။

ရန်ကိုင်သာ သူမတို့ဆီ ပူးပေါင်းလိုက်သည်နှင့် လေးယောက် လေးယောက်ချင်း လူညီသွားလေပြီ။

တန်ခိုးရှင်ပထမအဆင့်သည် သိပ်အားမကောင်းသော်ငြား တန်ခိုးရှင်အဆင့်သည် တန်ခိုးရှင် ဖြစ်နေဆဲ။ သူတို့အတွက် အရမ်းကြီး အားမကိုးရလျှင်ပင် အတော်လေး အားကိုးရနိုင်၏။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် အမျိုးသမီးသည် ဆက်လက် တုန့်ဆိုင်းမနေတော့ဘဲ လူထွားကြီးအား အေးစက်စက်အကြည့်ဖြင့် ကြည့်ကာ အော်ပြောလိုက်လေသည် “ခွန်ဝမ်တုန်၊ ရှင့်ကိုယ်ရှင် ဘာမှတ်နေတာလဲ။ ဒီဘုရင်မ ရှိနေတာကို ရှင်လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေလား”

ပြောပြီးသည်နှင့် ရန်ကိုင်ဘက်သို့လှည့်၍ နွေးထွေးသည့် လေသံဖြင့် “မောင်လေး သူ့ကို ကြောက်စရာမလိုဘူး။ အစ်မ အသက်ရှင်နေသရွေ့ သူမောင်လေးကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

“ဟားဟား…” သူမလုပ်ပုံကို ကြည့်ရင်း ရန်ကိုင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ထိုအမျိုးသမီး လုပ်နေပုံသည် အလွန်ကိုမှ သိသာလွန်းသည်။ သူမ ဘာကြံနေလဲ သူမသိဘဲ ဘယ်နေမည်နည်း။ ထိုအမျိူးသမီး သူ့အကူအညီကို လိုချင်နေခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် ဤကဲ့သို့ သူတို့နှင့် ဘာမှမဆိုင်သည့် လူတစ်ယောက်အား အလကားသက်သက် ကာကွယ်ပေးလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ကြည့်ရသလောက် ထိုနှစ်ဖွဲ့သည် အစကတည်းက ရန်ငြိုးရှိကြသည့်ပုံပင်။

“မိန်းမပျက်မ” ခေါင်းပြောင်လူထွားကြီးက နှုတ်ခမ်းကြီး မဲ့လျက် အထင်တသေး ပြန်ပြောလိုက်လေသည် “နင်မှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်း ရှိလို့လား။ ငါ့ကို မောက်မာတယ် မပြောခင် ဘယ်သူမောက်မာနေတာလဲ အရင်ပြန်ကြည့်လိုက်ဦး”

ပြောပြီးသည်နှင့် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်၍ ခြိမ်းခြောက်လိုက်လေသည် “ကောင်လေး၊ ငါမင်းကို နောက်ဆုံး အကြိမ် သတိပေးလိုက်မယ်။ မင်းမြန်မြန် ခြေကုန်သုတ်ပြီး ထွက်သွားလိုက်ပေတော့။ ဒီမိန်းမပျက်မ မင်းကို ကာကွယ်ပေးမယ် ထင်မနေနဲ့။ ငါတို့ နေမီးလျှံဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြား ကိစ္စထဲ ဝင်ရှုပ်ရဲရင်တော့ အသေဆိုးနဲ့ သေရလိမ့်မယ်မှတ်”

နေမီးလျှံဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြားလား ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။ ထိုအင်အားစုနှစ်ခုအကြောင်း သူတစ်ခါမှ မကြားဖူးချေ။

ခွန်ဝမ်တုန်ကို သူကြောက်ရမည်လား။ ကြောက်ရန် မဆိုထားနှင့် မျက်လုံးထဲပင် မထည့်ချေ။ သူ့အား သတ်ချင်လျှင် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်ကို ခေါ်လာရန် လိုအပ်သည်။ မည်သည့် တန်ခိုးရှင်အဆင့်မှ သူ့အား မသတ်နိုင်ချေ။

ထိုအခြင်းအရာကို မြင်သော် အမျိုးသမီး၏ မျက်နှာထက်ရှိ အပြုံး ပို၍ တောက်ပလာခဲ့ပြီး ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ “ခုန်ဝမ်တုန်၊ ခုန်ဝမ်တုန်၊ နင်ကြီးလာတာနဲ့ ပိုပိုပြီး သတ္တိနည်းလာပါလား။ အခုဆို ခြိမ်းခြောက်ဖို့ပဲ သိတော့တဲ့ လူတစ်ယောက် ဖြစ်နေပြီ။ မောင်လေး၊ သူ့ကို ကြောက်မနေနဲ့။ သူ့တို့ နေမီးလျှံဂိုဏ်းက အားမနည်းပေမယ့် အစ်မတို့ ရေခဲနှလုံးသား တောင်ကြားကလည်း သူတို့ အနိုင်ကျင့်လို့ရတဲ့ ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဘူး။ မောင်လေးသာ ဒီအစ်မကို ကူညီပေးမယ်ဆိုရင် အစ်မ မောင်လေးကို အကျိုးအမြတ်အချို့ ပေးမယ်၊ ဘယ်လိုလဲ”

သူမစကားကို ကြားသော် ခွန်ဝမ်တုန် မျက်မှောင်ကြုံ့သွား၏။ ရန်ကိုင်ကမူ စိတ်ဝင်စားသွားသည့် အမူအရာဖြင့် ပြန်မေးလိုက်၏ “ဘာပေးမှာလဲ”

အမျိုးသမီးက တောက်ပစွာပြုံးလိုက်ပြီး “ဆေးလုံးအချို့နဲ့ သူတော်စင်သလင်းကျောက် ဆိုရင်ကော”

ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ဆေးလုံးနှင့် သူတော်စင်သလင်းကျောက်များ… သူ့မှာ ပေါလွန်းသဖြင့် ဖွတ်သပ်၍ပင် မကုန်ချေ။ ထိုအရာများသည် အခြားသူများအတွက် အဖိုးတန်လိမ့်မည် ဖြစ်သော်လည်း ရန်ကိုင်အတွက်မှ ဘာမှမဟုတ်ချေ။

All Chapters