အခန်း (၁၄၄၆-၁၄၅၀)
Vol. 58 Ch. 1446-1450
အပိုင်း (၁၄၄၆)
“ဒါဆို မောင်လေး ဘာလိုချင်တာလဲ” သူမ၏ ကမ်းလှမ်းချက်ကို ငြင်းလိုက်သည့် အတွက်ကြောင့် အမျိုးသမီး အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင် ပြန်မဖြေရသေးခင်မှာပင် ခုန်ဝမ်တုန်က ကြားဖြတ်ပြောလိုက်သည် “ကောင်လေး၊ ငါမင်းကို သတိ ပေးနေတယ်နော်။ မင်းသေချင်နေတယ်ဆိုရင် ဆက်လုပ်လိုက်။ ဒီခုန် မင်းကို သတ်ချင်ရင် တန်ခိုးရှင်ပထမအဆင့်လေးနဲ့ မင်းဘာပြန်လုပ်နိုင်မယ်ထင်လဲ”
ပြောပြီးသည်နှင့် သူတော်စင်ချီကို လှည့်ပတ်၍ မီးဓါတ် အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင် အပူချိန် ရုတ်ချည်း မြင့်တက်လာခဲ့ရလေသည်။
မသိလျှင် ရန်ကိုင်အား ထတိုက်တော့မည် ပုံစံ လုပ်နေသော်ငြား တကယ်တမ်း ရန်ကိုင် ပြန်ဆုတ်သွားစေရန် ဟန်ထုတ်ပြနေခြင်းသာ ဖြစ်သည်။ ရန်ကိုင်အား ရန်စထားသဖြင့် သူ့အား ဤနေရာတွင် ဆက်မရှိစေလိုတော့။ ရန်ကိုင်အကြောင်း အသေးစိတ် မသိရသေးခင် ချက်ချင်း တိုက်ပွဲ မစရဲသေးပေ။
သူ့အကြံ ကောင်းသော်လည်း သူရင်ဆိုင်နေရသည့် အမျိုးသမီးသည် အရူးမှ မဟုတ်လေရာ ရန်ကိုင်အား မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။ ခုန်ဝမ်တုန် ဟန်ပြနေသည့်အချိန်၌ ချက်ချင်းပဲ လှမ်းအော်ပြောလိုက်လေသည် “နင်လုပ်နိုင်တယ် ထင်ရင် စမ်းကြည့်လိုက်လေ”
သူမ ခန္ဓာကိုယ်ဆီမှ အေးစက်စက် အရှိန်အဝါ ဖြာထွက်လာပြီး ခုန်ဝမ်တုန်အား အကြောက်အလန့်ကင်းကင်း ပြန်ကြည့်လိုက်သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး မျက်နှာကြီးမဲ့လျက် အမျိုးသမီးအား လှမ်းကြည့်လိုက်လေသည်။
အမျိုးသမီးသည် သူ့ဘက်မှ ကာပြောပေးနေဟန် ထင်ရသော်ငြား တကယ်တမ်း ခုန်ဝမ်တုန် သူ့အား တိုက်လာအောင် စိတ်ဆွပေးနေခြင်း ဖြစ်သည်။
ခေါင်းပြောင်ကြီးသာ သူ့အား တိုက်ခိုက်လာလျှင် ရန်ကိုင် အနေဖြင့် အမျိုးသမီးဘက်သို့ မပါမဖြစ် ပါရတော့ပေလိမ့်မည်။ ထိုအခါ သူဆန္ဒရှိရှိ၊မရှိရှိ အသက်ရှင်နိုင်ရန် အလို့ငှာ အမျိုးသမီးနှင့် အတူပူးပေါင်း၍ ခုန်ဝမ်တုန်ကို ပြန်တိုက်ခိုက်ရပေလိမ့်မည်။
ထိုအမျိုးသမီးသည်… တကယ်ကို ဥာဏ်နီဥာဏ်များသည့် လူတစ်ယောက် ဖြစ်သည်။
ယခု ခုန်ဝမ်တုန်ပေါ် မူတည်သွားလေပြီ။ အမျိုးသမီး၏ စိတ်ဆွသည့်ဒဏ်ကို မခံနိုင်ဘဲ တိုက်မလား၊ ရပ်ကြည့်လေမလား၊ သူ့ရွေးစရာ ဖြစ်သွားလေပြီ။ ထို့ကြောင့် ရန်ကိုင် ခေါင်းပြောင်ကြီးဆီ ပြန်လှည့်ကြည့်လိုက်သည်။
ထိုလူသည် နေမီးလျှံဂိုဏ်းမှ ဖြစ်သဖြင့် မီးဓါတ်ကျင့်စဉ်ကို ကျိန်းသေ ကျင့်ကြံထားရပေမည်။ မီးဓါတ်ကို ကျင့်ကြံထားသည့် လူအများစုသည် စိတ်ဆတ်ကြသည်။ ဒေါသထွက်လွယ်ကြသည်။ ရန်လိုကြသည်။ ထိုအရာသည် သူတို့၏ စရိုက်နှင့် မပက်သက်ဘဲ သူတို့ ကျင့်ကြံထားသညည့် ကျင့်စဉ်နှင့်သာ ပက်သက်လေသည်။
အမျိုးသမီး၏ ရန်စခြင်း ခံလိုက်ရသည့်အခါ ခုန်ဝမ်တုန် မည်ကဲ့သို့ ငြိမ်ခံနိုင်မည်နည်း။ သူသည် စိန်ခေါ်လျှင် တိမ်ပေါ်ထိ လိုက်မည့် လူစားမျိုးဖြစ်သည်။ ထို့အပြင် အစကတည်းကလည်း ရန်ကိုင်ကို မျက်လုံးထဲမထည့်ချေ။ မဟုတ်လျှင် ရန်ကိုင် ရောက်လာစဉ်က သူ့အား အထင်အမြင် တသေးဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့လိမ့်မည် မဟုတ်။
ခုန်ဝမ်တုန်သည် သွားပေါ်အောင်ဖြဲလျက် နှာခေါင်းရှုံ့လိုက်၏ “ကောင်လေး၊ ငါသတိပေးတာကို နားမထောင်မှတော့ ဒီအဖေကို အပြစ်မတင်တော့နဲ့။ မင်းနောက်ဘဝရောက်သွားရင် ငါ့ကို အခုလို ဖြစ်အောင် တွန်းအားပေးတဲ့ ဒီမိန်းမပျက်မကိုသာ အပြစ်တင်လိုက်”
ပြောပြီးသည်နှင့် သူ့လက်ကို ရန်ကိုင်ဘက်သို့ ဆန့်ထုတ်၍ ဆွဲကုတ်ဟန် လုပ်လိုက်သည်။
မီးဓါတ်စွမ်းအင်များ ရန်ကိုင်၏ ခေါင်းထက်၌ စုဝေးလာပြီး ဧရာမလက်ဝါးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ပေါ်သို့ ရိုက်ချလာလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သော် အခြားတစ်ဖက်တွင် ရှိနေသော အမျိုးသမီးများ မျက်လုံးမှေးစဉ်းသွားကြသည်။ သူမတို့ ဂိုဏ်းနှင့် နေမီးလျှံဂိုဏ်းသည် အမြဲတမ်း ခိုက်ရန်ဖြစ်နေသော်ငြား ထိုမျှပြင်းထန်သည့် တိုက်ခိုက်မှုကို ယခုမှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကို အနည်းငယ် လန့်မိသော်လည်း အမျိုးသမီး အနေဖြင့် ဤကဲ့သို့ ရှားရှားပါးပါး အခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။
ခုန်ဝမ်တုန်မှ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီးသည် ရေခဲစွမ်းအင်ကို လှံတစ်ချောင်းအဖြစ်သို့ စုစည်းလျက် သူတို့၏ နေမီးလျှံဂိုဏ်း၏ အားအနည်းဆုံး ကျင့်ကြံသူဆီ လှမ်းပစ်လိုက်လေသည်။
ထိုကျင့်ကြံသူသည် ရန်ကိုင်ကဲ့သို့ပင် တန်ခိုးရှင်ပထမ အဆင့်သာ ဖြစ်ပေသည်။
အမျိုးသမီးသည် ခုန်ဝမ်တုန်ကို တိုက်ခိုက်မည့်အစား သူတို့ဘက်မှ တစ်ယောက်ကို အပြတ်ဖြတ်ရန်သာ ရွေးချယ်ခဲ့၏။ ထိုအမျိုးသမီးသည် အပြင်ပိုင်းတွင် သိမ်မွေ့ဟန် ရသော်ငြား တကယ်တမ်းတွင် ရက်စက်ကောက်ညစ်သည့် မြေပွေးတစ်ကောင် ဖြစ်ပေသည်။
စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ထိုကျင့်ကြံသူ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ နောက်ဆုံးအချိန်တွင် ဘေးဘက်သို့ ကောက်ရှောင်လိုက်နိုင်သော်ငြား ရေခဲလှံသည် သူ့ဝမ်းဗိုက်အား ထိမှန်သွားခဲ့သေးသည်။
ထိုကျင့်ကြံသူ ဤကဲ့သို့ ဖြစ်သွားသည်နှင့် ပက်သက်၍ အံ့အားသင့်နေစရာ မလိုချေ။ သူ့ထက် အဆင့်နှစ်ဆင့် ပိုမြင့်သည့် ကျင့်ကြံသူတစ်ယောက်၏ အလစ်ချောင်း တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ မသေသည်မှာပင် အတော်လေး ကံကောင်းနေလေပြီ။ သို့တိုင် သူ့တိုက်ပွဲစွမ်းအား များစွာကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည့်အတွက် တိုက်ပွဲသာ ဖြစ်လျှင် သူဘာမှ များများစားစား လုပ်ပေးနိုင်တော့မည် မဟုတ်ချေ။
သူမတိုက်ခိုက်မှု အောင်မြင်သွားသည်ကို မြင်သော် အမျိုးသမီး ကျေနပ်စွာ ပြုံးလိုက်လေသည်။
ထိတ်လန့်မှင်သက်နေရာမှ အသိပြန်ဝင်လာပြီးနောက် ခုန်ဝမ်တုန် ထိုအမျိုးသမီးအား ဒေါသတကြီး အော်ဆဲတော့၏ “ခွေးမ၊ လတ်စသတ်တော့ နင်ဒါကို ကြံနေတာကိုး”
ထိုအမျိုးသမီး၏ ရက်စက်ယုတ်မာမှုကို သူအထင်သေးမိသွား၏။ သူတိုက်ခိုက်လိုက်သည့်နောက်တွင် အမျိုးသမီးသည် ရန်ကိုင်ကိုကယ်ပြီး သူမဘက်သို့ ဆွဲခေါ်မည်ဟု ထင်ခဲ့သည်။
သို့သော်လည်း အမျိုးသမီးသည် ရန်ကိုင် သေသေရှင်ရှင် ဂရုမစိုက်ဘဲ၊ သူတိုက်ခိုက်လိုက်သည့် အချိန်ကို အခွင့်ကောင်းယူ၍ သူ့ဘက်မှလူအား လုပ်ကြံလိမ့်မည်ဟု မည်ကဲ့သို့ ထင်ပါမည်နည်း။
ရန်ကိုင်သည် သူမတို့ဘက်မှလူ မဟုတ်လေရာ သူ့အား စတေးလိုက်ရသည့်အတွက် သူမတို့အဖို့ ဘာမှ အကျိုး ယုတ်လျော့မသွားခဲ့သော်ငြား နေမီးလျှံဂိုဏ်းဘက်မှာမူ သူတို့ဘက်မှ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရလေပြီ။
အမျိုးသမီးကမူ တောက်ပစွာပြုံးလျက် ထီမထင်ဟန်ဖြင့် ပြန်ပြောလိုက်သည် “ခုန်ဝမ်တုန်၊ နင့်အကြောင်းနင်သိရင် ပြန်ဆုတ်လိုက်တော့။ မဟုတ်ရင် ဒီဘုရင်မကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့”
“ခွေးမ” ခုန်ဝမ်တုန် ထပ်ဆဲပြန်သည် “ဒီအဖေ နင့်ကို ကြောက်နေမယ်ထင်လား။ နင်တကယ်ကို သွေးနားထင် ရောက်နေတဲ့ မိန်းမပျက်မပဲ”
“ဟွန့်၊ အဲ့ဒါဆို ဒါဘာလဲကြည့်လိုက်” အမျိုးသမီးသည် ခုန်ဝမ်တုန်၏ ဆဲရေးတိုင်းတွားစကားကို လျစ်လျုရှုလျက် သူမလက်ကို ဝှေ့ရမ်းကာ ဗုံတစ်လုံးကို ဆင့်ခေါ်လိုက်သည်။
"နှလုံးကြွေဗုံလား” ထိုဗုံကို မြင်လိုက်သည်နှင့် ခေါင်းပြောင်ကြီး မျက်လုံးမှေးစဉ်းသွားပြီး အသံ တိတ်သွားခဲ့သည်။ ထို့နောက် မယုံကြည်နိုင်ဟန်ဖြင့် အော်ပြောလေတော့သည် “နင့်မှာ ဘယ်လိုလုပ်ပြီး အဲ့ဒါ ရှိနေတာလဲ”
အမျိုးသမီးသည် တခစ်ခစ်ရယ်မောလျက် “ဧကရာဇ်ဥယျာဉ်ထဲ ဝင်လာတာပဲ၊ နည်းနည်းပါးပါးတော့ ပြင်ဆင်လာရမှာပေါ့။ ဘာလဲ၊ နင့်မှာ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ တစ်ခုတောင် ပါမလာဘူးလား”
သူမစကားသည် ခုန်ဝမ်တုန်အား ကြက်ဖကြီး လည်နင်သလို ဖြစ်သွားစေခဲ့သည်။ သူနှင့် အမျိုးသမီးသည် ကျင့်ကြံခြင်းအဆင့် တူရုံမက အဆင့်အတန်းလည်း အတူတူလောက်သာ ရှိသည်။ သို့သော် သူမတွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ ရှိနေချိန် သူ့တွင် ရှိမနေခဲ့ပေ။ သူမနှင့် ယှဉ်ကြည့်လိုက်သည့်အခါ သူပို၍ ဆင်းရဲနေသလို ခံစားလိုက်ရသည်။
သူဆင်းရဲရဲ၊ မရဲရဲ ကိစ္စမရှိချေ။ တကယ့် ပြဿနာကား ထိုမှော်ရတနာ၏ စွမ်းအားပင်။ ထိုနှလုံးကြွေဗုံအကြောင်း နားလည်းထားသူတစ်ယောက်ပီပီ ထိုဗုံကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲ ကြောက်စိတ်တို့ စတင် ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ရုတ်တရက် တစ်ခုခုကို သိသွားသည့်အလား ထရယ်တော့လေသည်။ ထို့နောက် အမျိုးသမီးအား ပြန်၍ လှောင်ပြောင်လိုက်၏ “မိန်းမပျက်မကများ ငါ့ကို လာခြိမ်းခြောက်ချင်သေးတယ်။ နင်အဲ့ဗုံကို စိတ်ရှိတိုင်း သုံးလို့ ရနေရင် တိုက်ပွဲစကတည်းက သုံးမှာပေါ့၊ ဘာလို့ အခုမှ ထုတ်သုံးမှာလဲ။ နင်အဲ့ဗုံကို အပြည့်အဝ မသန့်စင်ရသေးဘူးမလား”
ယခုတစ်ကြိမ်တော့ အမျိုးသမီးမျက်နှာ မဲ့ရမည့်အလှည့်ပင်။
ခုန်ဝမ်တုန် ပြောသည်မှာ မှန်ပေသည်။ သူမ ဤဗုံကို အပြည့်အဝ မသန့်စင်ရသေးချေ။ သူမဂိုဏ်းမှ အကြီးအကဲများသည် ယခုခရီးအတွက် ဤဗုံကို သူမလက်ထဲသို့ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ပြန်ရောက်လျှင် ဗုံကို အကြီးအကဲများဆီ ပြန်အပ်ရပေမည်။ ခဏသုံးပြီးလျှင် ပြန်အပ်ရမည် ဖြစ်သည့်အတွက် ဗုံအား အပြည့်အဝ မသန့်စင်ခဲ့ချေ။ ထိုကဲ့သို့ အပြည့်အဝ မသန့်စင်ထားသည့်အတွက် အများဆုံး ဗုံ၏ စွမ်းအား တစ်ဝက်လောက်ကိုသာ ထုတ်သုံးနိုင်ပေလိမ့်မည်။ ထို့ကြောင့်သာ မဟုတ်လျှင် ခုန်ဝမ်တုန်နှင့် ဤကဲ့သို့ အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ချေ။
အမျိုးသမီးမျက်နှာ မဲ့သွားသည်ကို မြင်သော် သူအတွေး မှန်ကန်နေမှန်း ခုန်ဝမ်တုန် ချက်ချင်း သိလိုက်သည်။ ထိုအခါ ပို၍ အားရစွာ ရယ်မောလိုက်ပြီး “မှော်ရတနာတစ်ခုနဲ့ ဒီခုန်ကို လာခြောက်ချင်သေးတယ်။ ငါ့ကို အလွယ်တကူ အရူးလုပ်လို့ ရမယ်ထင်နေလား မိန်းမပျက်မ”
“အဲ့တော့ ဘာဖြစ်လဲ။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာက တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်နေတုန်းပဲ။ နင်မယုံရင် စမ်းကြည့်မလား၊ တန်ခိုးရှင်ဘုရင်အဆင့်နဲ့ တန်ခိုးရှင်အဆင့် ဘာကွာလဲ ငါနင့်ကို ပြပေးမယ်။ နင်မစမ်းရဲဘူး ဆိုရင်လည်း အမြီးကုတ်ပြီး မြန်မြန် ပြန်လိုက်တော့” အမျိုးသမီးက အေးစက်စက် လေသံဖြင့် ပြန်ပြောလေသည်။
ခုန်ဝမ်တုန် တိတ်သွားခဲ့ပြီး ဘာမှ ပြန်မပြောတော့ပေ။
ပုံရိပ်ယောင် အစီအရင်ထဲရှိ ရတနာကို သူအမှန်တကယ် လိုချင်မိသော်လည်း နှလုံးကြွေဗုံ၏ စွမ်းအားကိုလည်း ကြောက်ရသေးသည်။ ထိုဗုံ၏ စွမ်းအားကို သူတကယ် စမ်းကြည့်သင့်သလား။ ခုန်ဝမ်တုန်၏ စိတ်ထဲ မည်သို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ခင်ဗျားတို့ တိုက်မှာလား၊ မတိုက်ဘူးလား။ မတိုက်ဘူးဆိုရင်လည်း သွားပေတော့၊ ကျုပ်မှာ အခြား လုပ်စရာတွေ ရှိသေးတယ်” စိတ်ညစ်၍ ကသိကအောက် ဖြစ်နေသည့် အသံတစ်သံ အနီးနားမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားလိုက်သည့်အခိုက် အားလုံး၏ အာရုံသည် ထိုနေရာသို့ ရောက်ရှိသွားခဲ့လေသည်။
စကားပြောလိုက်သည့်လူကို မြင်လိုက်သည့်နောက် အကုန်လုံး ကြက်သေသေကုန်ကြသည်။ သူတို့ ကြည့်နေရာ အရပ်တွင် ခုန်ဝမ်တုန်ကြောင့် ဖြစ်ပေါ်နေသော မီးတောက် လေပွေတစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း ခဏအကြာ၌ ထိုမီးတောက်လေပွေ ပျောက်ကွယ်သွားခဲ့ပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ခုန်ဝမ်တုန် သူ့လျှာသူ ပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့သည်။
ထိုနေရာတွင် သူ့တိုက်ကွက်ကြောင့် သေသွားပြီဟု သူထင်နေခဲ့သည့် တန်ခိုးရှင်ပထမအဆင့် ပညာရှင် မသေဘဲ ရပ်နေခဲ့လေသည်။
မည်သို့ ဖြစ်နိုင်မည်နည်း။
သူ့တိုက်ကွက် မည်မျှ အားပြင်းကြောင်း သူကောင်းကောင်း သိသည်။ တန်ခိုးရှင်ပထမအဆင့် မဆိုထားနှင့်၊ တန်ခိုးရှင်တတိယ အဆင့်ပင် လွတ်လွတ်ကျွတ်ကျွတ် ရှောင်နိုင်လိမ့်မည် မဟုတ်ဘဲ ပြန်၍ ခုခံရပေလိမ့်မည်။ တန်ခိုးရှင်ပထမအဆင့် ဆိုလျှင်မူကား တစ်ခါတည်း တန်းပြာကျသွားပေလိမ့်မည်။
ထိုကောင်လေးသည် မည်သည့် အကာအကွယ် မှော်ရတနာကိုမှမသုံး၊ မည်သည့် သူတော်စင်ချီကိုမှ မသုံးဘဲ သူ့တိုက်ကွက်မှ မည်ကဲ့သို့ လွတ်မြောက်သွားခဲ့သနည်း။
ခုန်ဝမ်တုန် အိမ်မက်မက်နေသလို ခံစားလိုက်ရသည်။
သူသာ ထိတ်လန်နေခြင်း မဟုတ်၊ ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီးသုံးယောက်လည်း မှင်သက်နေကြ၏။
ရန်ကိုင်လည်း ကူကယ်ရာမဲ့နေခဲ့သည်။ ခုန်ဝမ်တုန်၏ တိုက်ကွက်အပေါ် အခွင့်ကောင်းယူ၍ သေသွားချင်ယောင် ဆောင်ကာ သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး တောင်ပေါ်တွင် ပုန်းနေလိုက်သည်။ ထိုအဖွဲ့နှစ်ဖွဲ့ တိုက်သည်ကို စောင့်ပြီး နောက်ဆုံးမှ အမြတ်ဝင်ထုတ်မည်ပေါ့။ သို့သော်လည်း နှစ်ဖွဲ့၏ ခွန်အားသည် ညီတူမျှတူ ဖြစ်နေခဲ့သည်။ တစ်ယောက်ယောက်သာ ဝင်မရှုပ်လျှင် ထိုနှစ်ဖွဲ့၏ တိုက်ပွဲသည် အချိန် အတော် ကြာသည်အထိ ပြီးလိမ့်မည် မဟုတ်ချေ။
ရွေးစရာမရှိတော့သည့်အဆုံး ရန်ကိုင်လည်း သူ့ကိုယ်သူ ကိုယ်ထင်ပြရတော့သည်။
ယခု ချန်ဝမ်တုန်သာ စိတ်ညစ်နေရုံမက အမျိုးသမီးလည်း ခါးသက်သက် အမူအရာဖြင့် ဖြစ်နေသည်။
ရန်ကိုင် တိုက်ခိုက်ခံရစဉ်က သူ့အား ကယ်မည့်အစား ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တစ်ဖက်လူအဖွဲ့သားအား အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။
အစပိုင်းတွင်မူ သူမရှိလျှင် ခွန်တုန်ဝမ်အား ကြောက်စရာ မလိုဟု ကြီးကြီးကျယ်ကျယ် ပြောနေခဲ့သော်လည်း ရန်ကိုင် တကယ်တမ်း တိုက်ခိုက်ခံရသည့်အခါကျ ဘာမှ မကူညီပေးဘဲ ရပ်ကြည့်နေခဲ့သည်။ ယခု သူမ၏ လုပ်ရပ်အတွက် ရှက်နေခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၄၇)
သို့သော်လည်း ခုန်ဝမ်တုန်နှင့် ယှဉ်လိုက်လျှင် အမျိုးသမီး၌ အားသာချက် ရှိသေးသည်။ သူမသည် ရန်ကိုင်အား အသုံးချရုံသာ အသုံးချခြင်းဖြစ်ပြီး ခုန်ဝမ်တုန်ကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်း ပြုံးလျက် ချိုသာစွာ ပြောလိုက်လေသည် “မောင်လေး မသေမယ်မှန်း အစ်မ သိသားပဲ”
မသိလျှင် သူကပဲ ဤကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသလိုလို၊
ရန်ကိုင်ကမူ ရယ်သာရယ်လျက် ရှေ့တက်ကာ ပြောလိုက်၏ “အပိုတွေတော်လိုက်ပေတော့။ ခင်ဗျား ပြောထားတဲ့ ကမ်းလှမ်းချက် အကျုံးဝင်သေးတာ”
အမျိုးသမီး ပျော်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်လေ၏ “ဝင်တာပေါ့”
“ကောင်းပြီလေ” ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် အပေးအယူ ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ အဲ့ထဲမှာ ရှိတာရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ကျုပ်လိုချင်တယ်။ ခင်ဗျား သဘောတူတယ်ဆိုရင် ကျုပ်ချက်ချင်း ကူညီပေးမယ်။ မဟုတ်ရင်တော့ ကျုပ်မကူညီပေးနိုင်ဘူး”
“တစ်ဝက်၊ အဲ့ဒါတော့ မောင်လေး နည်းနည်းများသွားပြီ။ တစ်ဝက်တော့ မပေးနိုင်ဘူး” အမျိုးသမီးက ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး များရမှာလဲ” ရန်ကိုင် သူမအား ပြုံးလျက် ပြန်ကြည့်လိုက်သည်။
“များတာပေါ့။ မောင်လေးက တစ်ယောက်တည်း၊ ပြီးတော့ တန်ခိုးရှင်ပထမအဆင့်ပဲ ရှိသေးတာ။ အစ်မတို့ ရေခဲနှလုံးသာ တောင်ကြားက သုံးယောက်လေ။ အညီအမျှ ခွဲမယ်ဆိုရင်တောင် တစ်ယောက်ကို လေးပုံတစ်ပုံစီပဲ ရမှာ။ အဲ့ဒါကို မောင်လေး တစ်ယောက်တည်း တစ်ဝက်ဆိုတော့ မများလို့ ဘာဖြစ်ရမှာလဲ”
“ကျုပ်တော့ အဲ့လို မထင်ဘူး” ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်သာဝင်မပါရင် ခင်ဗျားလည်း ဘာမှရမှာ မဟုတ်ဘူး။ ကျုပ်ဝင်ပါရမှပဲ ခင်ဗျားရနိုင်တာ။ ဒါကြောင့် ခင်ဗျားတို့က တစ်ဝက်၊ ကျုပ်က တစ်ဝက်က လုံးဝ မျှတယ်”
“အပိုတွေ” အမျိုးသမီးက ခေါင်းခါလိုက်ပြီး “မောင်လေး ပြောတာ အစ်မလုံးဝ သဘောမတူနိုင်ဘူး။ အများဆုံး ငါးပုံတစ်ပုံပဲ ရမယ်။ သဘောမတူရင် အပေးအယူကို မေ့လိုက်တာ”
“အဲ့လိုလား” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “သူတို့ဘက်က စစ်ကူတွေ လာနေတယ်ဆိုရင်တောင်မှ သဘောမတူနိုင်ဘူးပေါ့”
“နင်ဘာပြောလိုက်တာလဲ” အမျိုးသမီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။
“ခင်ဗျားဘာသာ ကြည့်ကြည့်လေ” ရန်ကိုင်က ပြန်ပြော၏။
အမျိုးသမီးလည်း နေမီးလျှံဂိုဏ်းမှ လေးယောက်ဆီသို့ လှမ်းကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူမ၏ အကြည့် အေးစက်သွားခဲ့လေသည်။ သူတို့အဖွဲ့ထဲမှ ဒဏ်ရာရနေသော တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူသည် ဆက်သွယ်ရေး မှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းနေသည်။ သူ့အဖော်များကို သူခေါ်လိုက်နိုင်လား၊ မခေါ်လိုက်နိုင်လား ဆိုသည်ကိုမူ သူမ မသိချေ။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဤကိစ္စကို ဆက်၍ နှောင့်နှေးနေလို့ မဖြစ်တော့မှန်း အမျိုးသမီး သိလိုက်သည်။ ထို့ကြောင့် အံကြိတ်၍ ခေါင်းညိတ်လိုက်လေသည် “ကောင်းပြီလေ၊ မောင်လေး ပြောတာကို အစ်မ သဘောတူတယ်။ တောင်ကြားထဲက ရတနာကိုသာ ရနိုင်မယ်ဆိုရင် အစ်မပြောတဲ့ အတိုင်း တစ်ဝက်ကို မောင်လေးဆီ ပေးမယ်”
“ခင်ဗျား ကတိတည်ပါစေနော်” ရန်ကိုင်သည် အဓိပ္ပါယ်ပါပါ အကြည့်ကြောင့် အမျိုးသမီး၏ရင်ထဲ မသက်မသာ ဖြစ်သွားခဲ့ရ၏။
သို့သော်လည်း မကြာမီ ထိုခံစားချက်ကို စိတ်ထဲမှ ဖယ်ထုတ်ထားလိုက်သည်။ လက်ရှိ အချိန်၌ အရေးကြီးဆုံးသည် တစ်ဖက်အဖွဲ့ကို မြန်မြန် ရှင်းထုတ်ရန်ပင်။ ဝေစုကိစ္စမှာမူ သူဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ချေ။ သူမက ဆယ်ပုံတစ်ပုံ ပေးလျှင်ပင် သူယူရပေမည်။ အထွန့်တက်ခွင့်မရှိ။
တစ်ဝက်ဆိုသည်ကား… အပိုပြောနေခြင်းသာ ဖြစ်သည်။ စဉ်းစားထားသည့်အတိုင်း ဖြစ်မလာမလျှင်လည်း ထိုကောင်အား နေမီးလျှံဂိုဏ်းမှ လူများနှင့်အတူ တစ်ခါတည်း မြေမြုပ်ပစ်ရုံသာ ရှိသည်။
“စိတ်ပူမနေနဲ့။ အစ်မကတိ အစ်မတည်တယ်” အမျိုးသမီးက အသာအယာပြုံးလျက် ပြန်ပြောလိုက်သည်။
ရန်ကိုင်နှင့် အမျိုးသမီး စကားပြောနေစဉ် ခွန်ဝမ်တုန် ဝင်မရှုပ်ခဲ့ချေ။ သူဝင်ပြော၍လည်း ဘာမှထူးမည် မဟုတ်မှန်း သူသိသည်။ ထို့ကြောင့် ဝင်မရှုပ်ဘဲ သူတို့ ပြောပြီးမှသာ သွားပေါ်အောင်ပြုံးလျက် မေးလိုက်လေသည် “ကောင်လေး၊ မင်းကိုယ်မင်း အထင်ကြီးနေတယ် မထင်ဘူးလား”
“ခင်ဗျား အဲ့လို ထင်နေတာလား။ အဲ့ဒါဆို ဘာလို့ မစမ်းကြည့်တာလဲ” ရန်ကိုင်ကလည်း ပြန်ပြုံးဖြီးပြလိုက်သည်။ သို့သော် ခုန်ဝမ်တုန်ကိုတော့ သွားမတိုက်ခိုက်ခဲ့ပေ။ ခုန်ဝမ်တုန်သည် သူတို့အဖွဲ့၏ အားအကောင်းဆုံး ပညာရှင် ဖြစ်သလို အတော်လေး ရင်ဆိုင်ရခက်မည့် လူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူ့အစား သူတို့အဖွဲထဲမှ တန်ခိုးရှင်ဒုတိယ အဆင့် ဖြစ်သော အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လူအိုကြီးအား ပစ်မှတ်ထားလိုက်လေသည်။
ရန်ကိုင်ဆီမှ ရွှေရောင်ပိုးမျှင်တစ်မျှင် ထွက်ပေါ်လာပြီး ထိုလူအိုကြီးဆီသို့ တိုးဝင်သွားလေသည်။
ရန်ကိုင်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် ပိုမြင့်သော လူအိုကြီးအား သွားတိုက်နေသည်ကို မြင်သော် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး သုံးယောက်စလုံး ပျော်သွားခဲ့ကြသည်။ ခေါင်းဆောင်လာသော အမျိုးသမီးက မာန်သွင်းအော်ဟစ်လိုက်ပြီး ခုန်ဝမ်တုန်အား ပြေးဝင်ရင်ဆိုင် တိုက်ခိုက်ကာ ကျန်အမျိုးသမီး နှစ်ယောက်မှာမူ အခြား နှစ်ယောက်ကို သွားတိုက်ခိုက်ကြလေသည်။
ရေခဲနှလုံးသားတောင်ကြားအား ဦးဆောင်လာသည့် အမျိုးသမီးသည် တန်ခိုရှင်တတိယအဆင့် ဖြစ်ပြီး ကျန်တစ်ယောက်သည် ဒုတိယအဆင့်ဖြစ်ကာ နောက်ဆုံး တစ်ယောက်သည် ပထမအဆင့် ဖြစ်သည်။
နေမီးလျှံဂိုဏ်းလည်း အတူတူပင်။ သို့သော် သူတို့၏ တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူသည် ဒဏ်ရာရနေသည့် အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှ တန်ခိုးရှင်ပထမ အဆင့် အမျိုးသမီးအား အချိန်အကြာကြီး ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်။ ခဏသာ ရင်ဆိုင်နိုင်ပေလိမ့်မည်။ ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီး အနေဖြင့် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူအား ရှင်းထုတ်ပြီးသည်နှင့် အခြားသူများကို သွားကူညီပေးနိုင်ပေသည်။
ခေါင်းဆောင် အမျိုးသမီးရင်ထဲ ကြိတ်ပျော်နေသည်။ သို့သော် ရန်ကိုင်ကို လှမ်းကြည့်လိုက်သည့်အခိုက် သူမရင်ထဲ အနည်းငယ် စိတ်ပူမိသွားသည်။ သူမတို့အဖွဲ့၏ အောင်မြင်မှုသည် ရန်ကိုင်၏ စွမ်းရည်အပေါ်တွင် မူတည်နေပေသည်။
ရန်ကိုင်သာ တန်ခိုးရှင်ဒုတိယအဆင့် လူအိုကြီးအား ထိန်းမထားနိုင်ဘဲ ခဏလေးအတွင်း သေသွားခဲ့လျှင် သူမ၏ အစီအစဉ်အားလုံး အလဟဿ ဖြစ်ကုန်ပေလိမ့်မည်။ ရန်ကိုင် ထိုလူအိုကြီးကို အချိန် ဆွဲထားနိုင်ပါစေဟုသာ အမျိုးသမီး ဆုတောင်းနေမေိသည်။
ရန်ကိုင်သည် ထိုလူအိုကြီးထက် တစ်ဆင့် နိမ့်သည့်အတွက် တောက်လျှောက် ခုခံနေသည့် အနေအထားဖြင့် တိုက်ခိုက်နေရလိမ့်မည်ဟု ထင်ထားမိသော်လည်း သူတို့ တိုက်ပွဲအား တစ်ချက် လှမ်းကြည့်မိလိုက်သည့်အခိုက် သူမ အတော်လေး ထိတ်လန့်သွားခဲ့ရသည်။
တိုက်ပွဲသည် သူမထင်ထားသည့်အတိုင်း တစ်ဖက်သတ်ပင်။ သို့သော် အောက်စည်း ရောက်နေသူမှာ ရန်ကိုင်မဟုတ်၊ တန်ခိုရှင် ဒုတိယအဆင့် လူအိုကြီး ဖြစ်သည်။ ထိုလူအိုကြီးအဖို့ ရန်ကိုင်၏ တိုက်ကွက်များကို မနိုင့်တနိုင်ဖြင့် အသည်းအသန် ကုန်းရုန်း ခုခံနေရလေသည်။
လူအိုကြီးမှာ ရွှေရောင်ပိုးမျှင်များနှင့် တောက်လျှောက် အလုပ်ရှုပ်နေခဲ့သည်။ ရွှေရောင်ပိုးမျှင် တစ်ချက်လက်သွားတိုင်း လူအိုကြီး ခေါင်းနပန်းကြီးစွာ ခုခံရသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး မျက်လုံးပြူးသွား၏။
သူမ ထိုကဲ့သို့ သတိလက်လွတ် ဖြစ်နေစဉ် ခုန်ဝမ်တုန်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရလုမတတ် ဖြစ်သွားရလေရာ ချက်ချင်းပဲ လက်ရှိ တိုက်ပွဲအပေါ် အလျင်အမြန် ပြန်အာရုံစိုက်ရတော့သည်။
ရန်ကိုင်နှင့် တိုက်ခိုက်နေရသည့် လူအိုကြီး၏ အမူအရာမှာ ဖြူလျော်သည်ထက် ဖြူလျော်လာနေသည်။ တန်ခိုးရှင်ပထမ အဆင့်သာ ရှိသေးသည့် ကောင်လေးသည် ဤမျှ ရင်ဆိုင်ရခက်သည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုကောင်လေး သုံးနေသည့် ရွှေရောင်ပိုးမျှင်များသည် အလွန်ကိုမှ ထက်ရှလွန်းသည်။ ထိုအရာများကို မည်သည့်အရာနှင့် လုပ်ထားလဲ မသိရသော်လည်း ထိုရွှေရောင်အမျှင်တန်း တစ်ချက်ဖြတ်သွားတိုင်း သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် သူတော်စင်ချီ အကာအကွယ် ပျက်စီးသွားရသည်။
ထို့ကြောင့် သူ့အကာအကွယ် မှော်ရတနာကို ထုတ်သုံးပြီး ခုခံခဲ့သော်ငြား သိပ်မထူး၊ ယခင်ကကဲ့သို့ ကာကွယ်ရခက်နေဆဲပင်။
အဆိုးဆုံးမှာ ထိုအရာမဟုတ်သေး။ တကယ့် အဆိုးဆုံးသည် တစ်ဖက်လူအား သူ့ရှီဖြင့် မဖိနှိပ်နိုင်ခြင်းပင်။ တန်ခိုးရှင်အဆင့် ပညာရှင်များ တိုက်ခိုက်ကြသည့်အခါ ရှီသည် တစ်ခါတစ်ရံတွင် တိုက်ပွဲ၏ အဆုံးအဖြတ် ဖြစ်လာတတ်သည်။
လူအိုကြီးသည် ရန်ကိုင်အား သူ့ရှီဖြင့် ဖိနှိပ်နိုင်မည် အထင်နှင့် မကြောက်မရွံ့ ပြန်လည် တိုက်ခိုက်ခဲ့သည်။ သို့သော် သူ့ရှီအား ထုတ်လွှတ်လိုက်တိုင်း ရွှေရောင်အမျှင်တန်းများ၏ ဖြတ်တောက်ခြင်း ခံရကာ ပြိုကွဲသွားကြကုန်သည်။ ထို့ကြောင့် သူ့ရှီဖြင့် ရန်ကိုင်အား ဖိနှိပ်ရန် မဆိုထားနှင့် ရှီကိုပင် မဖွဲ့စည်းနိုင် ဖြစ်နေခဲ့လေသည်။
ဒီရွှေရောင်အမျှင်တွေက ဘာတွေလဲကွာ လူအိုကြီး အလွန်ကိုမှ စိတ်ညစ်နေခဲ့လေသည်။ ဒေါသတကြီး အော်ဟစ်၍ လက်ဆေးဇလုံအရွယ် မီးဘောလုံးတစ်လုံးကို ဖန်တီးကာ ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်သည်။
မီးဘောလုံးသည် ရန်ကိုင်ဆီသို့ မရောက်သေးခင်မှာဘဲ မီးဘောလုံးလေးများအဖြစ်သို့ ခွဲထွက်သွားပြီး ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး မီးဘေားလုံးလေးများ နတ်ဆိုးမီးတောက်ဘေားလုံးများဖြင့် တန်ပြန် တိုက်ခိုက်လိုက်လေသည်။
“မီးမီးချင်း လာပြိုင်ချင်တာလား” ရန်ကိုင်၏ လုပ်ရပ်ကို မြင်သော် လူအိုကြီး လှောင်ရယ်ရယ်ချင်သွားသည်။ မီးဓါတ်နှင့် သက်ဆိုင်သော ကျင့်စဉ်၊ ပညာရပ်များကိုသာ လေ့ကျင့်၊ သင်ကြားပေးသော နေမီးလျှံဂိုဏ်း၏ အဖွဲ့သားတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် မီးအား ထိန်းချုပ်ရာတွင် ဆရာတစ်ပါး ဖြစ်ပေသည်။ ထိုလူငယ်လေးတွင် သူ့ရှီအား ဖြတ်တောက်နိုင်သည့် သိုင်းပညာရပ် ရှိနေလျှင်ပင် မီးစွမ်းအင် လာပြိုင်မည်ဆိုပါက မိကျောင်းမင်းရှေ့ ရေခင်းလာပြခြင်းသာ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် တစ်ဖက်လူ အရှက်ကွဲမည့် အချိန်ကောင်းကို စောင့်ကြည့်နေလိုက်သည်။
သို့သော်လည်း ခဏအကြာတွင် သူ့မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။
လူငယ်လေး ပစ်လွှတ်လိုက်သည့် မီးဘေားလုံးများထဲတွင် ရေနှလုံးသားတောင်ကြားမှ အမျိုးသမီးများ အသုံးပြုသည့် အအေး စွမ်းအင်ထက်ပင် ပိုမိုသာလွန်သော အအေးဓါတ်တို့ ပါဝင်နေ၏။ ထို့အပြင် ထိုမီးဘေားလုံးများသည် စပစ်လွှတ်လိုက်စဉ်က သာမန်သာ ဖြစ်သော်ငြား ခဏအကြာတွင် မီးငှက်ကလေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး တိကျစွာဖြင့် သူပစ်လွှတ်လိုက်သည့် မီးဘေားလုံးများဆီ ပြေးဝင်သွားလေသည်။
“ယွမ်းထိန်းချုပ်ခြင်း အတတ်ပညာလား” လူအိုကြီး မျက်လုံးပြူးသွားရလေပြီ။
ယွမ်ချီအား ထိန်းချုပ်ခြင်းကို တန်ခိုးရှင်အဆင့် ပညာရှင်များ လုပ်ဆောင်နိုင်ကြသော်လည်း တန်ခိုးရှင်အဆင့် ပညာရှင်တိုင်း လုပ်နိုင်ကြသည်မဟုတ်။ လူအိုကြီးလည်း ယွမ်ချီ ထိန်းချုပ်ခြင်း အတတ်ပညာကို ကြိုးစား လေ့ကျင့်ခဲ့ဖူးသည့်အတွက် ထိုပညာရပ်အား အနည်းအကျဉ်း အသုံးပြုနိုင်သော်ငြား ရန်ကိုင် ကဲ့သို့ ကျွမ်းကျင်စွာ အသုံးမချနိုင်ချေ။
ယွမ်ချီ ထိန်းချုပ်ခြင်း အတတ်ပညာကို ကျွမ်းကျင်ရန်အတွက် တန်ခိုးရှင်အဆင့် ဖြစ်နေရုံသာမက အလွန်အားကောင်းသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားရန်လည်း လိုအပ်ပေသည်။
တန်ခိုးရှင်ပထမအဆင့်လေးဖြင့် ထိုကောင်လေးသည် ဤယွမ်ချီ ထိန်းချုပ်ခြင်း အတတ်ပညာကို မည်ကဲ့သို့ တတ်ကျွမ်းနေရသနည်း။ လူအိုကြီး တစ်ကြိမ်ပြီးတစ်ကြိမ် အံ့ဩနေရလေပြီ။ အခြေအနေ သူ့ဘက် အလေးမသာတော့မှန်း ကိုလည်း ချက်ချင်း နားလည်လိုက်သည်။
နှစ်ဖက်စလုံးသည် မီးတောက်များကို အသုံးပြုနေသော်ငြား တစ်ဖက်လူ၏ တိုက်ခိုက်မှုသည် ပိုပြီးပြင်းထန်ပြီး အားကောင်း၏။
သူထင်ထားသည့်အတိုင်းပင်၊ သူ့မီးဘေားလုံးများ အနက်ရောင် မီးငှက်များနှင့် တွေ့သည့်အခါ ချက်ချင်း အေးခဲသွားကုန်ကြလေသည်။ မီးငှက်များမှာမူ အနည်းငယ်သာ အားနည်းသွားပြီး မီးငှက်ကြီးတစ်ကောင်အဖြစ် အတူတကွ စုဝေးလျက် သူ့ဆီသို့ ဆက်လက် တိုးဝင်လာခဲ့သည်။
“ကျုပ်မီးကို မြည်းကြည့်လိုက်” ရန်ကိုင်သည် သွားပေါ်အောင် ပြံးဖြီးလျက် အေးစက်စက် နတ်ဆိုးမီးတောက်များအား ချစ်ချစ်တောက် ပူလောင်သော မီးတောက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။
ရန်ကိုင်၏ နတ်ဆိုးမီးတောက်သည် ရန်ကိုင်၏ စိတ်အလိုအရ ပူချင်ပူနိုင်သလို၊ အေးချင် အေးနိုင်သည်။ အပူအအေး စွမ်းအင် နှစ်မျိုးကို စိတ်ရှိသလို အချိန်မရွေး ပြောင်းလဲပစ်နိုင်သဖြင့် ထိုမီးတောက်များကို ရင်ဆိုင်ရန် အလွန်ကိုမှ ခက်ခဲပေသည်။
လူအိုကြီးမှာ ထိုအချက်ကို သတိပြုမိလိုက်သည့်အတွက် ဒုက္ခကောင်းကောင်း ရောက်သွားခဲ့ပေသည်။
အအေးမှအပူသို့ ပြောင်းလဲသွားသည်မှာ အလွန်ကိုမှ မြန်လွန်းသည်။ ထို့ကြောင့် လူအိုကြီးလည်း အငိုက်မိသွားရပြီး ဒိုင်းကာတစ်ခုကို အလျင်အမြန်ထုတ်၍ သူ့ကိုယ်သူ အလျင်စလို ကာကွယ်လိုက်ရသည်။ သူ့ဒိုင်းကာဖြင့် ရန်ကိုင်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်မည် ထင်ခဲ့သော်ငြား မကြာမီ မျက်မှောင်ကြုတ်လျက် ချက်ချင်း အနောက်သို့ ခုန်ဆုတ်လိုက်၏။
ဘုန်း…
ပေါက်ကွဲသံကြီးနှင့်အတူ ဒိုင်းကာမှ ဖန်တီးထားသည့် အလင်းအကာအရံ ပေါက်ကွဲထွက်သွားခဲ့လေသည်။ သူ့အကာအကွယ် ပေါက်ကွဲသွားသည်ကို အခွင့်ကောင်းယူ၍ လူအိုကြီးလည်း အတော်လေး လုံခြုံလောက်မည့် နေရာသို့ အချိန်မှီ ပြန်ဆုတ်သွားလိုက်နိုင်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၄၈)
လူအိုကြီးသည် သူ့မှော်ရတနာကို ရင်း၍ ရန်ကိုင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားနိုင်ခဲ့သည်။ ထိုအချက်သည် သူမည်မျှ ပြတ်သားကြောင်းကို ဖော်ပြနေခဲ့သည်။ သာမန်လူသာ ဆိုလျှင် သူတို့၏ မှော်ရတနာအား ရင်းရမည်ကို နှာမြောတသ ဖြစ်နေပေလိမ့်မည်။
ရန်ကိုင်ကိုယ်တိုင်ကလည်း မစဉ်းစားမိလိုက်ခြင်းသာ။ တန်ခိုးရှင်အဆင့်သို့ ရောက်လာသူထဲတွင် မည်သူကများ ဆင်ရဲမည်နည်း။ ထိုလူအိုကြီးသည် အသက်အတော်ကြီးနေပြီ ဖြစ်လေရာ သူစုမိဆောင်းမိထားသည့် ပစ္စည်းများစွာ ရှိမည်မှာ သေချာလှသလို တိုက်ပွဲအတွေ့အကြုံလည်း အတော်လေး ကြွယ်ဝလောက်သည်။
“ကောင်လေး၊ ငါမင်းကို အရေဆုတ်မယ်ကွ” သေဘေးမှ ကပ်သီလေး လွတ်မြောက်လာပြီးနောက် စိတ်ဓါတ်ကျမသွားရုံမက အံကိုကြိတ်၍ပင် ရန်ကိုင်အား ခြိမ်းခြောက်လိုက်သေးသည်။
သူ့စကားသံ ဆုံးသွားသည်နှင့် လူအိုကြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူ့အမူအရာလည်း လေနက် တည်ကြည်သွားခဲ့သည်။
ရန်ကိုင်ကလည်း ငြိမ်နေမည်လား။ လူအိုကြီး မည်သို့သော တိုက်ကွက်အား ထုတ်သုံးမလဲဆိုသည်ကို မသိသော်ငြား တိုက်ပွဲ၏ ရေချိန်သည် မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားနိုင်၏။ လူအိုကြီးတွင် တိုက်ပွဲအခြေအနေအား အထက်အောက်ပြောင်းပြန် ပြောင်းလဲပစ်နိုင်သည့် ဝှက်ဖဲတစ်ခု ရှိနေသည်မှာလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် ချက်ချင်းပဲ လူအိုကြီးအား ရွှေရောင်သွေးမျှင်ဖြင့် ပစ်လိုက်လေသည်။
ရွှေရောင်သွေးမျှင်သည် အလွန်ကိုမှ ထက်ရှသည်။ ထို့အပြင် ရန်ကိုင်၏ အဆက်အပြတ် အားဖြည်ပေးမှုကြောင့် ၎င်း၏ စွမ်းအားမှာ ကြောက်မခန်းလိလိ မြင့်တက်လာခဲ့သည်။ ရန်ကိုင်သည် ရွှေရောင်သွေးမျှင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုနှယ် လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပေသည်။ ဒိုင်းကာအား ဖောက်ခွဲပစ်လိုက်ပြီးနောက် လူအိုကြီးတွင် မည်သည့် အကာအကွယ် မှော်ရတနာမှ ရှိဟန် မတူတော့ဘဲ သူ့ကိုယ်တွင် ဝတ်ဆင်ထားသော အကာအကွယ် ချပ်ဝတ်တန်ဆာ တစ်ခုသာ ရှိတော့သည်။
ထိုချပ်ဝတ်တန်ဆာလောက်ကိုမူ ရွှေရောင်သွေးမျှင်ဖြင့် ဖျက်စီးပစ်နိုင်သည်ဟု ရန်ကိုင် ယုံကြည်နေသည်။
သို့သော်လည်း လူအိုကြီးသည် သူ့ရွှေရောင်သွေးမျှင်အား ရှောင်ရန်ပင် နည်းနည်းလေးမှ မကြိုးစားသည့်အတွက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ လူအိုကြီးသည် မူလ ရပ်နေသည့် နေရာတွင်သာ ရပ်လျက် မီးစွမ်းအင်များကို သူ့ပါးစပ်မှ မှုတ်ထုတ်လိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်း လူအိုကြီး၏ ရှေ့တွင် အနီရောင် မီးတောက်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ထိုမီးတောက်များဆီမှ ထွက်ပေါ်နေသည့် စွမ်းအားသည် ယခင်တစ်ကြိမ် လူအိုကြီး အသုံးပြုလိုက်သည့် မီးဘေားလုံးထဲရှိ စွမ်းအားနှင့် အပြတ်အသတ် ကွာပေသည်။ ယခုစွမ်းအင်သည် အများကြီး ပိုအားကောင်း၏။
ရွှေရောင်သွေးမျှင်သည် ထိုမီးတောက်များအား စတင် ထိုးဖောက်လေသည်။
သို့သော်လည်း မီးတောက်များနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး သူ့ရွှေရောင် သွေးမျှင်ကို အလျင်အမြန် ပြန်လှမ်းဆွဲယူလိုက်သည်။ ရွှေရောင်သွေးမျှင်အား ငုံ့ကြည့်လိုက်သည့်အခါ ထိပ်ဖျားတွင် အရည်ပျော်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူသာ ရွှေရောင်သွေးမျှင်အား အချိန်မှီ ပြန်ဆွဲမယူဘဲ ရှေ့သို့ ဆက်ထိုးဖောက်ခိုင်းနေခဲ့လျှင် ရွှေရောင်သွေးမျှင် တစ်ချောင်းလုံး အရည်ပျော်ကျသွားပေလိမ့်မည်။
တစ်ဖက်လူ၏ ဝှက်ဖဲ ထိုမျှ အားကောင်းမည်မှန်း မထင်ထားသဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
သို့သော်လည်း လူအိုကြီးအနေဖြင့်လည်း ထိုတိုက်ကွက်ကို ထုတ်ဖော်ရန် အတော်လေး ဝန်ပိနေသည့်ပုံပင်။ သူမျက်နှာသည် ရှိရင်းစွဲထက် အနည်းငယ် ဖြူလျော်သွားခဲ့သည်။ သို့တိုင် ရူးစွပ်စွာ ရယ်မောလျက် အော်ပြောလိုက်လေသည် “ကောင်လေး၊ ဒီလူအိုကြီးရဲ့ အာကာယံမိုးကြိုးမီးတောက်စွမ်းအားကို မြည်းလိုက်စမ်း”
ပြောပြီးသည်နှင့် လူအိုကြီးသည် မီးနီလုံးကြီးတစ်လုံးအား သူ့လက်ဖြင့် ဖန်တီးလိုက်သည်။ သူတော်စင်ဆီ အဆက်မပြတ် ဖြည့်သွင်းပေးနေမှုကြောင့် ထိုမီးနီလုံးကြီးသည် တဖြည်းဖြည်း အားကောင်းလာပြီး မွန်းစတား တစ်ကောင်ပုံစံအဖြစ်သို့ ဖြည်းဖြည်းချင်း စတင် ပြောင်းလဲလာခဲ့သည်။
ထိုမွန်းစတားပုံစံ အသွင်ပေါ်လာသည်နှင့် ပတ်ဝန်းကျင် လေထု စတင် လောင်မြိုက်လာသည်။ အောက်ဘက်ရှိ သဲထုပင် ပူလောင်လွန်းသဖြင့် အရည် ပျော်လာနေခဲ့လေသည်။ အပြည့်အဝ ဖြစ်တည်လာပြီးနောက် မွန်းစတားပုံစံ မီးတောက်သည် လူအိုကြီးဆီမှ ရန်ကိုင်ဆီသို့ ခုန်ဝင်လာခဲ့လေသည်။
ထိုမွန်းစတားသည် မီးစွမ်းအင်သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ လျှပ်စီးစွမ်းအင် တစ်မျိုးမျိုးပါ ရောစပ် ပါဝင်နေသည့် အရာတစ်ခုဖြစ်သည်။
သို့သော်လည်း ထိုအရာလောက်ဖြင့် ရန်ကိုင်အား လာခြောက်၍ ရမည်လား။ ထိုအရာကို မြင်လိုက်သည့်အခါ ရန်ကိုင် ကြောက်သွားခြင်းမရှိဘဲ အနည်းငယ် ဇဝေဇဝါသာ ဖြစ်သွားခဲ့၏။
မကြာမီ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး အတွေးတစ်ချက်ဖြင့် မီးငှက်ကို ဆင့်ခေါ်လိုက်လေသည်။ စူးရှသော ငှက်အော်သံနှင့် အတူ မီးငှက်တစ်ကောင် ရန်ကိုင်၏ ကိုယ်မှ ခုန်ထွက်လာခဲ့၏။ အထက်ကောင်းကင်ပေါ်သို့ ရောက်သော် မီတာပေါင်းများစွာ ကျယ်ပြန့်သော ၎င်း၏ တောင်ပံများကို ဖြန့်ကျက်၍ အနီးအနား ပတ်လည်အား ၎င်း၏ အရိပ်ဖြင့် လွှမ်းခြုံပစ်လိုက်သည်။
မီးငှက်မှော်ရတနာစိတ်ဝိဥာဉ်ပင်…
ရန်ကိုင်ဆီ ပြေးဝင်လာနေသော မွန်းစတားကောင်ကို မြင်သည့်အခါ မီးငှက်၏ မျက်ဝန်းအစုံသည် အရသာရှိသည့် စားစရာတစ်ခုအား တွေ့လိုက်ရသည့်နှယ် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားခဲ့လေသည်။
မီးငှက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မွန်းစတားကောင်၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော မိုးကြိုးမီးတောက်များ ယခင်ကကဲ့သို့ တဟုန်းဟုန်း မတောက်လောင်နိုင်တော့ဘဲ သာမန် မီးတောက်တစ်ခုနှယ် အားပျော့သွားခဲ့၏။ မွန်းစတား၏ မျက်လုံးထဲဝယ်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သလို ရန်ကိုင်ဆီသို့ ခုန်ဝင်လာနေသည့် အမြန်နှုန်းမှာလည်း သိသိသာသာ လျော့ကျသွားခဲ့၏။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် တစ်ယောက်ယောက်မှ သူ့ပါးအား ဖြတ်ရိုက်လိုက်သည့်နှယ် လူအိုကြီး၏ ကျေနပ်ပီတီဖြစ်နေသည့် အမူအရာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ပါးစပ်အဟောင်းသားဖြင့်သာ မီးငှက်အား စိုက်ကြည့်နေမိတော့လေသည်။
ရန်ကိုင်လည်း သူနှင့်ပုံစံတူ တိုက်ကွက်တစ်ခုအား ထုတ်သုံးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော်လည်း ယခုမှ စိုးရိမ်နေ၍ ဘာမှ မထူးတော့။ ရန်ကိုင် ထုတ်ဖော်လိုက်သည့် မီးငှက်သည် သူ့အာကာယံမိုးကြီုးမီးတောက် လောက် အားမကောင်းရန် မျှော်လင့်ရုံသာ ရှိတော့သည်။
သူစိတ်လွတ်ကိုယ်လွတ် ဖြစ်နေစဉ်၊ မီးငှက်နှင့် ထူးဆန်းသော မွန်းစတားကောင်းတို့ စတင် တိုက်ခိုက်ကြလေသည်။ မတူညီသော မီးတောက်နှစ်မျိုး၏ ပေါင်းစပ်မှုနှင့်တူ မွန်းစတား၏ အော်သံများ၊ မီးငှက်၏ မြည်ကြွေးသံများ ထွက်ပေါ်လာခဲ့သည်။
ထိုတိုက်ပွဲကိုကြည့်နေရင်း လူအိုကြီး ဇောချွေးပျံနေရလေပြီ။ သူ့မွန်းစတား ပိုကောင်းလိမ့်မည်ဟု ယုံကြည်နေသော်ငြား ရန်ကိုင် ဖန်တီးလိုက်သည့် မီးငှက် သူ့ထက် ပိုအားကောင်းနေမည်ကို မစိုးရိမ်ဟု ပြောလျှင် အလိမ်သာ ဖြစ်ပေလိမ့်မည်။
လူအိုကြီးမှာ ရင်တမမမ ဖြစ်နေသော်ငြား ရန်ကိုင်မှာမူ အေးအေးဆေးဆေးပင်။ မီးငှက်သည် နေမီးလျှံမီးတောက်၏ မီးလျှံများကို စုပ်ယူထားခဲ့သည်။ လူအိုကြီး၏ မိုးကြီုးမီးတောက် မည်မျှအားကောင်းမှန်း ရန်ကိုင် မသိသော်ငြား နေမီးလျှံ မီးတောက်လောက်တော့ အားမကောင်းလောက်ပေ။
ထို့ကြောင့် မီးငှက်အနေဖြင့် မိုးကြိုးမီးတောက်နှင့် ရင်ဆိုင်ရာတွင် ပြဿနာရှိလိမ့်မည် မဟုတ်ဟု သူယုံကြည်နေသည်။
မီးငှက်နှင့် မွန်းစတား တိုက်ခိုက်နေသည့် အားလပ်ချိန် အတွင်း အခြားသူများ၏ တိုက်ပွဲကို တစ်ဖက် အကဲခတ် ကြည့်လိုက်သည်။
ခုန်ဝမ်တုန်နှင့် ခေါင်းဆောင်အမျိုးသမီးတို့ နှစ်ယောက်သည် လက်တူညီနေခဲ့ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို အသုံးမပြုသေးသည့်အတွက် သူမသာကိုယ်မသာ ဖြစ်နေကြသည်။
တန်ခိုးရှင်ဒုတိယအဆင့် နှစ်ယောက်ကြားမှ တိုက်ပွဲလည်း အတူတူပင်။
တန်ခိုးရှင်ပထမအဆင့် နှစ်ယောက်၏ တိုက်ပွဲသည်သာ ကွာခြားနေခြင်း ဖြစ်သည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် အတွက်ကြောင့် ခွန်အားအများကြီး မစိုက်ထုတ်နိုင်ဘဲ တိုက်ခိုက်နေရသဖြင့် နေမီးလျှံဂိုဏ်းမှ ကျင့်ကြံသူ အောက်စည်း ရောက်နေသည်မှာ အထူးအဆန်းတော့ မဟုတ်။ သို့ပင်လျှင် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးအနေဖြင့် ထိုလူအား တစ်ခဏအတွင်း အနိုင်ယူနိုင်လိမ့်ဦးမည် မဟုတ်ချေ။
ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးသာ ထိုတိုက်ပွဲကို နိုင်သွားခဲ့လျှင် တိုက်ပွဲ အခြေအနေ မျက်စိတစ်မှိတ်အတွင်း အထက်အောက်ပြောင်းပြန် လှန်လိုက်သည့်နှင့် တစ်ဆစ်ချိုး ပြောင်းလဲသွားပေလိမ့်မည်။
အခြားသူများ၏ တိုက်ပွဲကို လေ့လာနေစဉ် သူ့ရှေ့ဆီမှ မွန်းစတားကောင်၏ အော်သံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ မီးငှက်မှ ထူးဆန်းသော မိုးကြိုးမီးတောက်သားရဲအား အပြည့်အဝ ဖိနှိပ်ထားသည်ကို တွေ့လိုက်ရသည်။
မီးစွမ်းအင်သက်သက်ဖြင့် ဖွဲ့စည်းထားသော သားရဲချင်း တူသော်ငြား နှစ်ကောင်စလုံးတွင် ကိုယ်ပိုင် အားသာချက်နှင့် အားနည်းချက်များ ရှိကြသည်။
မီးငှက်သည် အသိစိတ်စရလာသည့် အချိန်မှစ၍ မြေအဆုတ်မီးတောက် ကန်ထဲတွင် နှစ်ပေါင်း သောင်းနှင့်ချီ အားဖြည့်နေခဲ့သည်။ ထိုနေရာမှ ထွက်လာပြီးနောက်တွင် နေမီးလျှံမီးတောက်များကို ထပ်မံ စုပ်ယူခဲ့ပြန်သည်။ မူလ ကလည်းက အလွန်ကိုမှ အားကောင်းနေလေရာ နေမီးလျှံ မီးတောက်များကို စုပ်ယူလိုက်ပြီးသည့် နောက်၌ မီးငှက်သည် တန်ခိုးရှင် တတိယအဆင့်များနှင့် ယှဉ်ပြိုင်နိုင်သည်အထိ အားကောင်းသွားခဲ့သည်။ ထို့ကြောင့် မိုးကြိုးမီးတောက်ဖြင့် ဖန်တီးထားသော သားရဲ မီးငှက်အား မနိုင်သည်မှာ အထူးအဆန်း မဟုတ်။
ထိုအကြောင်းကြောင့်ပင် တိုက်ပွဲစပြီး မကြာခင်တွင် မိုးကြိုးမီးတောက်သားရဲ အောက်စည်းသို့ ရောက်သွားခဲ့ရသည်။ မီးငှက်ပုံစံသည် မိုးကြိုးမီးတောက်သားရဲအား အကောင်လိုက် ဝါးမြိုချင်နေသည့်ပုံပင်။
ထိုအချက်ကို သတိပြုမိလိုက်သော် လူအိုကြီး ဒေါသလည်းထွက်၊ စိတ်လည်းပူလာခဲ့ရသည်။ ထိုဝှက်ဖဲကို အသုံးပြုရန်အတွက် သူတော်စင်ချီများစွာ စတေးလိုက်ရသော်ငြား သူ့ဝှက်ဖဲသည် တစ်ဖက်လူအား ဒဏ်ရာရသွားအောင် မလုပ်နိုင်ခဲ့ချေ။ လူအိုကြီး ထိုမြင်ကွင်းကို ကြည့်ရင်း သွေးအန်ချင်နေလေပြီ။
ကောင်းကင်စိတ်အာရုံဖြင့် မိုးကြိုးမီးတောက်သားရဲကို လှမ်းခေါ်လိုက်သော်ငြား မီးငှက်၏ ချုပ်နှောင်မှု ရုန်းမထွက်နိုင်သဖြင့် သူ့ကြိုးစားမှု အချည်းနှီး ဖြစ်သွားရန်ပြန်၏။
“ခွေးအိုကြီး၊ သေချာကြည့်ထား” ရန်ကိုင်က လူအိုကြီးအား ရုတ်တရက် လှမ်းလှောင်ပြောင်လိုက်သည်။
လူအိုကြီးလည်း ရန်ကိုင်သည် ဤအခိုက်အတန့်ကို သုံးကာ သူ့အား အလစ်ချောင်းတိုက်တော့မည်ဟု အထင်ရောက်လျက် ရန်ကိုင်အား သတိကြီးကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
သို့သော် ရန်ကိုင်နှင့် အကြည့်ချင်းဆုံးသွားသည် အခိုက် သူလုံးဝ အကြည့်လွှဲ၍ မရတော့ချေ။
ရန်ကိုင်၏ မျက်လုံးထဲတွင် ထူးဆန်းသော ကြာဖူးတစ်ဖူး ပွင့်လန်းလာပြီး လူအိုကြီး၏ အသိစိတ်ပင်လယ်ထဲ၌ လျင်မြန်စွာ အမြစ်တွယ်သွားခဲ့သည်။ ၎င်း၏ လှပသော ပွင့်ချပ်များသည် တစ်ချပ်ပြီးတစ်ချပ် ဖြည်းဖြည်းချင်း စပွင့်လာခဲ့သည်။
ပွင့်ချပ်တစ်ချပ် ပွင့်အာလာတိုင်း၊ သူ့အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များစွာ ဆွဲယူခံလိုက်ရသဖြင့် လူအိုကြီး တုန်လှုပ် ချောက်ခြားသွားခဲ့လေသည်။ အဆက်မပြတ် စိမ့်ထွက်နေသော သူ့စိတ်စွမ်းအင်ကို ရပ်တန့်ရန် အသည်းအသန် ကြိုးစားသော်ငြား အချည်းနှီးသည်သာ။
ထိုကြာပန်းသည် ပွင့်ဖို့ရာအတွက် သူ့စိတ်စွမ်းအင်ကို အာဟာရတစ်ခုအဖြစ်နှယ် စားသုံးနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း သူ့စိတ်စွမ်းအင်၏ ဆယ်ပုံ တစ်ပုံ ကုန်သွားခဲ့လေပြီ။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည် ဆိုပါက အသက်ဆယ်ရိုက်စာအတွင်း သူ့အသိစိတ်ပင်လယ် တစ်ခုလုံး ခမ်းခြောက်သွားပေလိမ့်မည်။
ထိုအခါ သူ့ဝိဥာဉ်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။ သူ့ဝိဥာဉ်သာ ဒဏ်ရာရသွားပါက ပြန်ကောင်းလာရန် လွယ်တော့မည် မဟုတ်ချေ။
လူအိုကြီး သွေးပျက်ချောက်ခြားသွားပြီး မိုးကြိုးမီးတောက်အား ပြန်ခေါ်ရန် နည်းနည်းလေးမှ မကြိုးစားတော့ဘဲ သူ့စိတ်စွမ်းအင် အလုံးစုံကို စုဝေးလျက် ကြာပန်းဆီ တွန်းပို့လိုက်လေသည်။
ဘုန်း…
တရဟော တိုးဝင်လာသော စိတ်စွမ်းအင်များကြောင့် ကြာပန်းလည်း ပေါက်ကွဲသွားခဲ့ရသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် လူအိုကြီး၏ အသိစိတ်ပင်လယ်တစ်ခုလုံး မုန်တိုင်းထန်သွားခဲ့ရ၏။
အဟွတ်… ကြာပန်း၏ ပေါက်ကွဲမှုဒဏ်ကြောင့် လူအိုကြီး သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။
ရန်ကိုင်၏ ကြာပန်းအား အတင်းအကြပ် ဖယ်ရှားလိုက်သည့်တိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သေး၏။
သို့သော်လည်း မိုးကြိုးမီးတောက်အား သူအာရုံမစိုက်နိုင်ချိန်၊ မီးငှက်သည် ထိုအရာကို ဝါးမြိုသွားခဲ့လေသည်။
တိုက်ပွဲသံတို့ ငြိမ်သက်သွားပြီးနောက် မီးငှက် ပြန်ပေါ်လာခဲ့သော်ငြား မိုးကြိုးမီးတောက်သားရဲမှာမူ ပျောက်ခြင်းမလှ ပျောက်နေခဲ့လေပြီ။ သို့သော် သေချာ ကြည့်ကြည့်ပါက မီးငှက်၏ ဝမ်းဗိုက်နားတစ်ဝိုက်တွင် လျှပ်စီးတန်း အချို့ ရစ်သိုင်းနေသည်ကို တွေ့မြင်နိုင်ပေသည်။
လူအိုကြီး၏ မိုးကြိုးမီးတောက်သားရဲ မီးငှက်၏ ဗိုက်ထဲသို့ ရောက်သွားခဲ့လေပြီ။
အဟွတ်….
လူအိုကြီး သွေးထပ်အန်ရပြန်၏။ မိုးကြိုးမီးတောက်သည် သူ့ဝိဥာဉ်နှင့် ချိတ်ဆက်ထားသည့်အတွက် မီးငှက်မှ ၎င်းအား ဝါးမြိုလိုက်သည့်အခါ သူတို့ကြားရှိ ချိတ်ဆက်မှုအား အတင်းအကြပ် ဖျက်စီးလိုက်သလို ဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် လူအိုကြီး ဒဏ်ရာရသွားခဲ့ခြင်းပင်။
ဆင့်ကာဆင့်ကာ ရလိုက်သည့် ဒဏ်ရာများကြောင့် လူအိုကြီး၏ အရှိန်အဝါ သိသိသာသာ ထိုးကျသွားခဲ့ပြီး သူ့မျက်နှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့လေသည်။ လက်ရှိ လူအိုကြီးသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက်နှင့် နည်းနည်းလေးမှ မတူတော့။ လေတစ်ချက် တိုက်လျှင် လဲကျသွားနိုင်သည့် သင်္ချိုင်းကုန် ခြေတစ်ဖက် လှမ်းနေသော လူအိုကြီး တစ်ယောက်နှင့်သာ တူတော့သည်။
အမှားလေးတစ်ချက်ကြောင့် ဤဘဝ ရောက်ခဲ့ရသည်။ သူ့ဘဝတစ်လျှောက်လုံး တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော လူငယ်လေး တစ်ယောက်၏ တစ်ဖက်သတ် နင်းချေခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကသောင်းကနင်း ဖြစ်နေသော သူတော်စင်ချီအား တည်ငြိမ်အောင် မလုပ်နိုင်သေးခင်မှာပင်၊ ရွှေရောင်အလင်းတန်း တစ်ခု သူ့ဆီ တိုးဝင်လာခဲ့သည်။
ရန်ကိုင်၏ ရွှေရောင်သွေးမျှင်ပင်…
ရန်ကိုင်သည် ရန်သူ အားနည်းနေသည်ကို အခွင့်ကောင်းယူ၍ တိုက်ပွဲအား တစ်ခါတည်း လက်စသတ်လိုခြင်း ဖြစ်သည်။ ကိုယ်နှင့် တိုက်ခိုက်နေသည့် ရန်သူအား မည်သည့်အခါမှ အခွင့်အရေး မပေးမိစေရန် အလွန်ကိုမှ အရေးကြီးကြောင်းကို သူဆင်နွှဲလာခဲ့သည့် မရေမတွက်နိုင်သော တိုက်ပွဲများနှင့် အတွေ့အကြုံများက သင်ပေးထားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၄၉)
တန်ခိုးရှင်ဒုတိယအဆင့် လူအိုကြီးသည် မီးစာကုန်နေသည့် မြှားတစ်စင်းနှယ် ဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် ရွှေရောင်သွေးမျှင် သူ့ဆီ တိုးဝင်လာနေသည်ကို မြင်သော်လည်း မရှောင်နိုင်ခဲ့ဘဲ သူတော်စင်ချီကိုသာ ကမန်းကတန်း လှည့်ပတ်၍ သူ့ပတ်လည်၌ အကာအရံတစ်ခု အလျင်စလို ကောက်ကာလိုက်ရသည်။
ဖောက်… ဆိုသောအသံနှင့်အတူ ရွှေရောင်သွေးမျှင်သည် လူအိုကြီး ဖန်တီးထားသည့် သူတော်စင်ချီ အကာအရံအား စက္ကူဖြူ တစ်ရွက်နှယ် ဖောက်ထွက်သွားခဲ့ပြီး လူအိုကြီး၏ ခေါင်းကိုပါ တစ်ခါတည်း ဆက်ဖောက်သွားခဲ့သည်။
လူအိုကြီးသည် မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်း ပါးစပ်ဟလျက် တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား သူ့ပါးစပ်မှ မည်သည့် စကားမှ မထွက်လာနိုင်ခဲ့ဘဲ အသက်ပျောက်သွားခဲ့ရလေသည်။
ရန်ကိုင်မှ သူ့ရွှေရောင်သွေးမျှင်ကို ပြန်လှမ်းယူလိုက်ချိန် လူအိုကြီး၏ ခန္ဓာကိုယ် မြေကြီးပေါ် လဲပြိုကျသွားခဲ့သည်။
ရန်ကိုင် လူအိုကြီးနှင့် တိုက်ခိုက်သည်မှာ လက်ဖက်ရည် ခွက်တစ်ဝက်စာလောက်သာ ရှိသေးသော်ငြား သူ့ထက် အဆင့် တစ်ဆင့် ပိုမြင့်သော လူအိုကြီးမှာမူ ဘဝတစ်ပြောင်းသို့ ကူးပြောင်းသွားခဲ့ရလေပြီ။
ထိုမြန်ဆန်ပြီး မည်သူမှ မထင်မှတ်ထားသည့် တိုက်ပွဲ ရလဒ်ကြောင့် အကုန်လုံး အံ့အားသင့်သွားခဲ့ကြသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း အတော်လေး အံ့ဩနေမိသည်။ သူ့လက်ရှိစွမ်းအားဖြင့် တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တိုက်ပွဲစချိန်မှစ၍ ရန်ကိုင်သည် ရွှေရောင်သွေးမျှင်နှင့် မီးငှက်ကိုသာ အဓိကထုတ်သုံး၍ တိုက်ခိုက်ခဲ့ပြီး အဆုံးမဲ့ပွင့်လန်းခြင်း ပညာရပ်ကို ခဏသာ အသက်သွင်းခဲ့သည်။
သူ့ခွန်အားကို ဖုံးကွယ်ထားရန် ကြိုးစားနေခြင်းမဟုတ်၊ သူ့ဝှက်ဖဲများကို ထပ်ထုတ်ပြစရာ မလိုတော့ခြင်းသာ ဖြစ်သည်။
မီးငှက်သည် ဤတိုက်ပွဲတွင် အခရာ ကျသွားခဲ့သည်။ မီးငှက်သာ လူအိုကြီး၏ အာကာယံမိုးကြိုးမီးတောက်အား မဝါးမြိုခဲ့လျှင် လူအိုကြီးလည်း အတွင်းဒဏ်ရာရလိမ့်မည် မဟုတ်သလို ရန်ကိုင်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကိုလည်း ခံရလိမ့်မည် မဟုတ်ချေ။
တန်ခိုးရှင်ဒုတိယအဆင့် လူအိုကြီး အလွယ်တကူ အသတ်ခံလိုက်ရသည်ကို မြင်သော် ခုန်ဝမ်တုန် မျက်နှာ အရုပ်ဆိုးသွားခဲ့သည်။ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးလည်း အတော်လေးကို ထိတ်လန့်နေမိသည်။
ရန်ကိုင်သည် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသည့် အတွက် အရမ်းအားကောင်းခြင်း မရှိလောက်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူ့အား သူမတို့ဘက်ပါရန် ဖိတ်ခေါ်ခဲ့သော်လည်း သူ့ဆီမှ များများစားစား မျှော်လင့်ထားခြင်း မရှိခဲ့ချေ။ တန်ခိုးရှင် ဒုတိယအဆင့် လူအိုကြီးအား အချိန်ဆွဲထားပေးနိုင်ရုံသာ မျှော်လင့်ခဲ့၏။ ထို့ကြောင့် ရန်ကိုင်နှင့် ပြုလုပ်ထားသည့် သဘောတူညီချက်အား မရှိသလိုသာ သဘောထားခဲ့သည်။ သို့သော်လည်း ထိုလူငယ်လေးသည် တန်ခိုးရှင်ပထမအဆင့်သာ ဖြစ်လျက်နှင့် အလွန်အားကောင်းနေလိမ့်မည်ဟု မည်ကဲ့သို့ ထင်ထားခဲ့ပါမည်နည်း။
သို့သော်လည်း သူမထင်ထားသလို ဖြစ်မလာလင့်ကစား အမျိုးသမီး စိတ်ဓါတ်ကျသွားခြင်း မရှိခဲ့၊ ပျော်ပင် ပျော်သွားခဲ့သေးသည်။ ရန်ကိုင်မှ တန်ခိုးရှင်ဒုတိယအဆင့် လူအိုကြီးအား သတ်လိုက်နိုင်သည့်အတွက် သူမတို့အဖွဲ့ အနိုင်ရရန် သေချာသလောက် ရှိသွားလေပြီ။
ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် ရန်ကိုင်အား ချက်ချင်း လှမ်းအော်ပြောလိုက်လေသည် “မောင်လေး၊ အစ်မရဲ့ ညီမလေးတွေကို သွားကူပေးပါဦးလား”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အမျိုးသမီး၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသည့် တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူဆီသို့ လှည့်လိုက်သည်။
ထိုလူသည် ယခင်ရထားသည့် ဒဏ်ရာကြောင့် ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီး၏ အဆက်မပြတ် ဖိနှိပ်ခြင်း ခံနေရကာ သူ့ကိုယ်သူ မနိုင့်တနိုင် ကာကွယ်နေခဲ့ရသည်။ တန်ခိုးရှင်ဒုတိယ အဆင့် လူအိုကြီး သေသွားပြီး ရန်ကိုင် သူ့ဘက် လှည့်လာသည်ကို မြင်သော် ထိုကျင့်ကြံသူ ထိတ်လန့်သွား၏။
ထိုစဉ် သတိတစ်ချက် လွတ်သွားသည့်အတွက် ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီး၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ သို့သော် သူ့ကိုယ်သူ အနာခံလျက် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးနှင့် လွတ်ရာကျွတ်ရာသို့ ဆုတ်လျက် ထွက်ပြေးရန် ကြိုးစားတော့လေသည်။
သို့ရာတွင် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးကကော သူ့ကို လွှတ်ပေးမည်လား။ မည်သို့ လွှတ်ပေးနိုင်မည်နည်း။ အမျိုးသမီးသည် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်လျက် ထိုကျင့်ကြံသူ၏ ကျောပြင်အား လှမ်းတိုက်ခိုက်လိုက်ရာ ထိုလူ၏ ကျောပြင်ထက် ဖြတ်ရှရာကြီး ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူလည်း မြေကြီးပေါ်သို့ ပစ်လဲကျသွားလေသည်။
ထိုအမျိုးသမီးသည် ရုပ်ကလေး လှသော်လည်း စိတ်ထားမှာမူ ပြတ်သားလှသည်။ ပြဿနာတစ်ခုအား ရှင်းလင်းရာတွင် အမြစ်မှ ရှင်းထုတ်ရမည့်အကြောင်းကို ကောင်းကောင်း နားလည်ထား၏။ ထို့ကြောင့် နေမီးလျှံဂိုဏ်းမှ ကျင့်ကြံသူ မြေကြီးပေါ်သို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် ရှေ့သို့ ပြေးတက်သွားပြီး ထိုကျင့်ကြံသူအား တစ်ခါတည်း ပွဲသိမ်းပေးလိုက်လေသည်။
ထိုတိုက်ပွဲနိုင်ပြီးနောက် ရန်ကိုင်နှင့် အကြည့်ချင်း ဖလှယ်လျက် အခြားတစ်ယောက်ဆီသို့ ပျံသန်းသွားလေသည်။
သူတို့ ဦးတည်နေသည်ကား နေမီးလျှံဂိုဏ်းမှ နောက်ထပ် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူပင်။ ထို့ကျင့်ကြံသူနှင့် ရေခဲနှလုံးသား တောင်ကြား၏ အမျိုးသမီးကြားမှ တိုက်ပွဲသည် အစပိုင်းတွင် လက်ရည်ညီနေသော်လည်း ရန်ကိုင်နှင့် တန်ခိုးရှင် ပထမအဆင့် အမျိုးသမီးတို့၏ ဝင်ရောက်လာမှုကြောင့် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့လေသည်။
သုံးယောက်တစ်ယောက် ဖြစ်လာသည့်အခါ နေမီးလျှံ ဂိုဏ်းမှ အမျိုးသမီးလည်း တောင့်မခံနိုင်တော့ချေ။ အသက် သုံးရှိုက်စာအတွင်း ရေခဲတောင်ကြားမှ အမျိုးသမီးနှစ်ဦး၏ ပူးပေါင်းသတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
နေမီးလျှံတိုက်ပွဲမှ တန်ခိုးရှင်ဒုတိယအဆင့် အလွယ်တကူ အသတ်ခံလိုက်ရသည့်အတွက် တိုက်ပွဲအလှည့်အပြောင်းသည် အားလုံး ထင်ထားသည်ထက် လျင်မြန်စွာ ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲသွားခြင်းတွင် ရန်ကိုင်သည် အခရာကျသည်ဟု ဆိုရမည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီးတို့အဖို့ ယခုကဲ့သို့ တိုက်ပွဲအား မြန်မြန် အပြီးသတ်နိုင်လိမ့်မည် မဟုတ်ဘဲ အခပ်မသင့်လျှင် သူတို့ပင် ပြန်ရှုံးသွားနိုင်ပေသည်။ ယခု နေမီးလျှံဂိုဏ်း အဖွဲ့တွင် ခုန်ဝမ်တုန် တစ်ယောက်သာ ကျန်တော့ပေသည်။
အခြေအနေ မဟန်တော့သည်ကို မြင်သော် ခုန်ဝမ်တုန်သည် နောက်ဆုံးတစ်ကြိမ် ဒေါသတကြီး အော်ဟစ်လိုက်လေသည် “မိန်းမပျက်မ၊ ဒီအဖေ ဒီနေ့ကိစ္စကို ကျိန်းသေ မမေ့ဘူး”
ပြောပြီးသည်နှင့် ဟန်တစ်ချက်ပြလျက် သူ့တစ်ကိုယ်လုံးအား မီးတောက်များဖြင့် ဝန်းရံလျက် မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် တိုက်ပွဲမှ ထွက်ပြေးတော့လေသည်။
ခုန်ဝမ်တုန်မှ ရုတ်တရက်ကြီး ထွက်ပြေးသွားသည့်အတွက် အမျိုးသမီး တစ်ချက် သတိလွတ်သွားခဲ့သည်။ သူမ သတိ ပြန်ဝင်လာသည့်အချိန်တွင် ခုန်ဝမ်တုန်မှာ မိုင်ပေါင်းများစွာ အကွာသို့ ရောက်နေခဲ့လေပြီ။ ခုန်ဝမ်တုန် သူ့လူများ ခေါ်လာပြီး ပြန်လာမည်ကို သူမ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် အလျင်အမြန် အော်ပြောလိုက်လေသည် “သူ့ကိုတား”
သူမ အော်သံကိုကြားသည်နှင့် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး နှစ်ဦးစလုံး လှုပ်ရှားလိုက်ကြသော်လည်း ရန်ကိုင်ကမူ ကျောက်ရုပ်ကြီးနှယ်သာ ရပ်နေခဲ့သည်။
ခုန်ဝမ်တုန် လွတ်သွားသွား၊ မသွားသွား သူ့ကိစ္စ မဟုတ်ချေ။ နေမီးလျှံဂိုဏ်းသည် အခြား ကြယ်တစ်လုံးပေါ်တွင် ရှိသဖြင့် ခုန်ဝမ်တုန် လွတ်သွားလျှင်ပင် သူ့အတွက် ဘာပြဿနာမှ မရှိပေ။ ထို့ကြောင့် ခုန်ဝမ်တုန် ထွက်သွားသည်ကို ဂရုမစိုက်၊ သူဂရုစိုက်သည်ကား လိုဏ်ဂူထဲရှိ ရတနာများပင်။ လိုဏ်ဂူအား ကာရံထားသည့် အရံအတားကိုသာ ဖျက်စီးနိုင်မည်ဆိုပါက အထဲရှိ ရတနာများကို ရယူနိုင်ပေပြီ။ ရတနာများကို ယူပြီးသွားလျှင် ဤနေရာမှ အေးအေးဆေးဆေး ထွက်သွားနိုင်လေပြီ။
ရန်ကိုင် တုတ်တုတ်မျှ မလှုပ်သည်ကို မြင်သော် အမျိုးသမီး အနည်းငယ် ပျာယာခတ်သွားသည်။ ထို့ကြောင့် ချက်ချင်းပဲ လှမ်း၍ အော်ပြောလိုက်လေသည် “ခုန်ဝမ်တုန်မှာလည်း အာယာယံ မိုးကြိုးမီးတောက်တစ်ခု ရှိတယ်နော်။ ရှင်သူ့ကို သတ်နိုင်ရင် ရှင့်မီးငှက်ကို အဲ့မီးတောက် စုပ်ယူခိုင်းလို့ရတယ်”
အမျိုးသမီးသည် တကယ်ပါးသည့်လူပင်။
“တကယ်လား” ရန်ကိုင် သူမအား မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်သည်။ အာကာယံမိုးကြိုးမီးတောက်ကဲ့သို့ အတော်လေးကိုမှ အားကောင်းသည့် မီးတောက်မျိုး တန်ခိုးရှင် ဒုတိယအဆင့် လူအိုကြီးတွင်သာ မဟုတ်ဘဲ ခုန်ဝမ်တုန်တွင်ပါ ရှိနေသည့်အား အချက်အား သူအနည်းငယ် သံသယဖြစ်မိ၏။ ထိုကဲ့သို့ အားကောင်းသော မီးတောက်မျိုးသည် အဘယ်ကြောင့် လူတစ်ဦးမကဆီတွင် ရှိနေရလေသနည်း။
“အစ်မဘာလို့ မောင်လေးကို လိမ်ရမှာလဲ။ ဒီအကြောင်းကို နောက်မှ အသေးစိတ်ရှင်းပြမယ်။ ဒါပေမယ့် ခုန်ဝမ်တုန်မှာ မိုးကြိုးမီးတောက်ရှိတယ်ဆိုတာ ငါတကယ် ပြောနေတာ၊ လိမ်နေတာမဟုတ်ဘူး” ရန်ကိုင် စိတ်ဝင်စားသွားသည်ကို မြင်သော် သူမ၏ အထင် မှန်သွားပြီမှန်း အမျိုးသမီး သိလိုက်သည်။
“အဲ့လိုဆိုရင် သူ့ကို အလွတ်ပေးလို့ မဖြစ်တော့ဘူး” ရန်ကိုင်၏ ပုံရိပ်သည် ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ပြန်ပေါ်လာသည့်အခါ မိုင်ပေါင်းများစွာအကွာသို့ ရောက်နေခဲ့လေပြီ။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ အမျိုးသမီး ခေါင်းဆောင်၏ မျက်လုံး မှေးစဉ်းသွားခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းနှင့်ပင် ရန်ကိုင် မည်ကဲ့သို့သော ပညာရပ်အား သုံးသွားသလဲ ဆိုသည်ကို မမြင်လိုက်ပေ။
သူမ မမြင်လိုက်သည်မှာလည်း အံ့အားသင့်စရာတော့မဟုတ်၊ ရန်ကိုင် အသုံးပြုသွားသည်မှာ လေဟာနယ်စွမ်းအား ဖြစ်နေသည်ကိုး။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ မိုရှောင်ရှန်း ကဲ့သို့ လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသည့် လူသာ ရန်ကိုင်၏ လှုပ်ရှားမှုကို တွေ့မြင်နိုင်ပေလိမ့်မည်။
လေဟာနယ်စွမ်းအင်အား နည်းနည်းလောက် ထုတ်သုံးရုံဖြင့် မီတာရာပေါင်းများစွာအကွာသို့ ရန်ကိုင် ခုန်ကျော်သွားနိုင်သည်။ ထိုနည်းလမ်းသည် ဟင်းလင်းပြင်အား ဆုတ်ဖြဲသည့် နည်းလမ်းဖြင့် မယှဉ်နိုင်သည့်တိုင် ပြုလုပ်ရန် မလွယ်ကူသော နည်းလမ်းတစ်ရပ် ဖြစ်သည်။ ထိုနည်းလမ်းကို အသုံးပြုရန် လေဟာနယ်စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်တတ်နိုင်ရန် လိုအပ်သည်။ ထို့ပြင် ထိုနည်းလမ်းသည် ဟင်းလင်းပြင်အား ဆုတ်ဖြဲခြင်း နည်းလမ်း ကဲ့သို့ ပတ်ဝန်းကျင်အား သိပ်ပြီး အနှောင့်အယှတ် မဖြစ်စေပေ။
ခုန်ဝမ်တုန်သည် မြန်သော်လည်း တည်နေရာအား ခုန်ကျော်သွားနေသည့် ရန်ကိုင်၏ အမြန်နှုန်းအား မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။
အချိန်အနည်းငယ်အတွင်း ခုန်ဝမ်တုန်၏ ရှေ့သို့ ရန်ကိုင် ရောက်သွားခဲ့သည်။ ရောက်သည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ နတ်ဆိုးမီးတောက်ငှက်များကို ပစ်လွှတ်လိုက်လေသည်။
“ငါ့လမ်းကဖယ်စမ်း ကောင်လေး” ရန်ကိုင် သူ့လမ်းတွင် ပိတ်နေသည်ကို မြင်သော် သူ့မှော်ရတနာဖြစ်သော ဓါးရှည်ကို ထုတ်ကာ ထိုထဲသို့ သူတော်စင်ချီထည့်သွင်း၍ ဝှေ့ချလိုက်၏။
မီတာတစ်ရာမျှ ရှည်လျားသော ဓါးလှိုင်းကြီးတစ်လှိုင်း ရန်ကိုင်ဆီသို့ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး တိုးဝင်လာခဲ့လေသည်။
ရန်ကိုင် ပစ်လွှတ်လိုက်သည့် နတ်ဆိုးမီးတောက်ငှက်များ အားလုံး လွင့်စင်ထွက်ကုန်ကြရသည်။ ထိုကဲ့သို့ အားကောင်းသည့် တိုက်ခိုက်မှုကို ရန်ကိုင်လည်း ပေါ့တန်တန် သဘောမထားရဲချေ။ ချက်ချင်းပဲ ခရမ်းရောင်ဒိုင်းကို ဆင့်ခေါ်လိုက်ပြီး သဲမုန်တိုင်း စွမ်းရည်ကို အသက်သွင်းလိုက်သည်။
ဘုန်းဆိုသော ပေါက်ကွဲသံကြီးနှင့်အတူ လေနှင့်သဲတို့ လွင့်စင်ထွက်ကုန်ကာ ဓါးလှိုင်းလည်း ပျောက်ကွယ်သွားခဲ့ရသည်။ ရန်ကိုင် ဖန်တီးထားသည့် သဲမုန်တိုင်းပေါ်တွင် ဖြတ်ရာကြီးတစ်ခု ကျန်ရစ်နေခဲ့လေသည်။
“တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာလား” ခုန်ဝမ်တုန် မျက်လုံးမှေးစဉ်းသွားပြီး အလန့်တကြား ဆိုလိုက်သည်။
“နင်ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ကောင်းကင်က အပြစ်ပေးမှာ ဆိုပေမယ့် ငါကတော့ စောင့်မနေနိုင်တော့ဘူး။ ဒီနေ့ပဲ ကောင်းကင်အစား နင့်ကို အပြစ်ပေးမယ်။ ဒီနေ့က နင့်သေနေ့ပဲ” ခုန်ဝမ်တုန်၏ နောက်မှ ပျော့ပျောင်းပျောင်း အော်ပြောသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သူမ၏ အမြန်နှုန်းသည် ရန်ကိုင်ထက် နိမ့်ကျသော်လည်း ရန်ကိုင်မှ ခုန်ဝမ်တုန်အား မပြေးနိုင်အောင် တားထားသဖြင့် သူမလည်း ခုန်ဝမ်တုန်နောက်သို့ လိုက်မှီလာခဲ့လေသည်။ လက်ရှိ အခြေအနေကို မြင်ပြီးနောက် ရေခဲနှလုံးတောင်ကြားအဖွဲ့၏ ခေါင်းဆောင်အမျိုးသမီး ပျော်သွားခဲ့သည်။ ချက်ချင်းပဲ သူမ၏ တန်ခိုးရှင်ဘုရင်အဆင့် နှလုံးကြွေဗုံကို ဆင့်လိုက်ပြီး စတင် တီးခတ်တော့လေသည်။
မမြင်နိုင်သော လှိုင်းများ ဗုံကိုဗဟိုပြု၍ အဘက်ဘက်သို့ ပျံ့လွင့်လာခဲ့သည်။ ဗုံသံမှာ တိုးလျသော်ငြား ကြားလိုက်သည့် အချိန်တွင် လူတိုင်းအား နှလုံးခုန်သံ မြန်ဆန်သွားစေနိုင်ပေ၏။
ထိုမျှနှင့်ပင် အဆုံးမသတ်သေးပေ။ အမျိုးသမီးသည် သူမ၏ ကျောက်စိမ်းလက်အစုံဖြင့် နှလုံးကြွေဗုံအား ဆက်လက်၍ တီးခတ်နေလေသည်။ သို့သော်လည်း တီးခတ်နေသည်နှင့် အမျှ သူမ၏ မျက်နှာမှာ ဖြူလျော်သည်ထက် ဖြူလျော်လာခဲ့သလို ဗုံသံမှာလည်း ကျယ်သည်ထက် ကျယ်လောင်လာခဲ့သည်။
ထိုဗုံသံသည် ခုန်ဝမ်တုန်ကိုသာမက ရန်ကိုင်၏ နားစည်ကိုပါ လာရောက် ရိုက်ခတ်နေခဲ့သည်။
အဆက်မပြတ် လာရောက် ရိုက်ခတ်နေသော ဗုံသံကြောင့် ရန်ကိုင်၏ မျက်လုံးများ နီရဲလာပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးရောင်သန်းလာခဲ့သည်။ ခန္ဓာကိုယ်အနှံ့တွင် ရှိနေသော သွေးများအားလုံး သူ့ခေါင်းထဲ ဆောင့်တက်လာသလို ခံစားနေရ၏။ တဖြည်းဖြည်း သည်းခံရခက်လာသည့် အဆုံးတွင် သူတို့ဆီသို့ ချဉ်းကပ်လာနေသော အမျိုးသမီးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
မီတာပေါင်းများစွာ ဝေးကွာနေသည့်တိုင် ရန်ကိုင်၏ အေးစက်စက် အကြည့်ကြောင့် အမျိုးသမီး တစ်ကိုယ်လုံး မသိမသာ တုန်ရီသွားခဲ့ပြီး ဗုံတီးလက်သည့်လည်း တဒင်္ဂတာ ရပ်တန့်သွားမိခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် ဗုံကို ပြန်တီးလေသည်။ ယခုတစ်ကြိမ်မူ ဗုံသံသည် ရန်ကိုင်ကိုပါ လာရောက်ရိုက်ခတ်နေသေးသော်ငြား ယခင်ကကဲ့သို့ ပြင်းထန်ခြင်း မရှိတော့ချေ။
အပြန်အလှန် အနေဖြင့် ခုန်ဝမ်တုန် ခံစားနေရသည့် ခံစားချက်သည် အကြီးအကျယ် မြင့်တက်သွားခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ ဆိုသည့်အတိုင်းပင်။ အမျိုးသမီး အနေဖြင့် ထိုရတနာအား အပြီးထိ မသန့်စင်ရသေးဘဲ တစ်ဝက်လောက်သာ သန့်စင်ရသေးသော်ငြား ထိုမျှနှင့်ပင် ခုန်ဝမ်တုန် အနေဖြင့် ဗုံ၏ စွမ်းအားကို ခုခံရန် ခက်ခဲနေခဲ့သည်။
မကြာမီ ခုန်ဝမ်တုန်၏ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာခဲ့သည်။ သူ့အရှိန်အဝါလည်း ပရမ်းပတာ ဖြစ်လာပြီး ထွားကြိုင်းကြိုင်း သူ့ခန္ဓာကိုယ်ပင် စတင် တုန်ရီလာခဲ့သည်။
နှလုံးကြွေဗုံကြောင့် ခုန်ဝမ်တုန် အကြပ်ရိုက်နေချိန် ရန်ကိုင်သည် လေဟာနယ်ဓါးသွားနှင့် ရွှေရောင်သွေးမျှင်တို့ ရောပါနေသည့် နတ်ဆိုးမီးတောက်များအား ခုန်ဝမ်တုန်ဆီသို့ လှမ်းပစ်လိုက်လေသည်။
တစ်ချိန်တည်းတွင် မီးငှက်ကိုလည်း ခုန်ဝမ်တုန်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၀)
ခုန်ဝမ်တုန်သည် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးခေါင်းဆောင်ကဲ့သို့ အားကောင်းသော်လည်း (၄)ယောက်(၁)ယောက် ရင်ဆိုင်ရသည့်အခါ သူလည်း အားမတန် မာန်လျော့ရတော့သည်။ ယခင်ကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် မတိုက်ခိုက်နိုင်တော့ဘဲ ပျာယာခတ်လာရ၏။ ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာပါ ပါလာသည့်အခါ သူမည်မျှပင် သန်မာစေကာမူ လုံးဝကို ပြန်မတိုက်နိုင် ဖြစ်သွားတော့၏။
အမွှေးတိုင်တစ်ချောင်းစာမျှကြာအောင် ခုခံပြီးနောက်တွင် ရန်ကိုင်တို့ လေးယောက်လက်၌ သေဆုံးသွားခဲ့ရလေသည်။
ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး ပြောသကဲ့သို့ပင် ခုန်ဝမ်တုန်တွင် တန်ခိုးရှင်ဒုတိယလူအိုကြီးကဲ့သို့ပင် အာကာယံ မိုးကြိုးမီးတောက် ရှိနေခဲ့သည်။ ခုန်ဝမ်တုန်၏ မီးတောက်သည် အနက်နီရောင်တောက်နေပြီး အနက်ရောင်လျှပ်စီးလျှပ်နွယ်များ လက်နေခဲ့သည်။
ခုန်ဝမ်တုန် သေသွားပြီးနောက်၌ ထိုအာကာယုံ မိုးကြိုးမီးတောက်သည် မီးငှက်၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
တိုက်ပွဲပြီးသွားသည့်အခါ ဝေစုများကို ခွဲဝေရမည့် အလှည့် ရောက်လာခဲ့သည်။ လက်ရှိ လူလေးယောက်ရှိပြီး သိုလှောင်လက်စွပ် လေးကွင်း ရှိနေခဲ့သည်။ ရန်ကိုင်သည် မည်သူ့ကိုမှ အားနာမနေဘဲ ခုန်ဝမ်တုန်၏ လက်စွပ်ကို ကောက်ယူလိုက်ပြီး ကျန်လက်စွပ်သုံးကွင်းကို ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီးများအတွက် ချန်ထားပေလိုက်သည်။
အမျိုးသမီးခေါင်းဆောင်သည် ရန်ကိုင်၏ လုပ်ရပ်နှင့် ပက်သက်၍ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း ဘာမှတော့ မပြောခဲ့ချေ။ ရန်ကိုင်ကြောင့် မဟုတ်ခဲ့လျှင် သူမတို့ သုံးယောက်စလုံး ယခုကဲ့သို့ အခွင့်အရေးများ ရနိုင်မည် မဟုတ်ပေ။
အာကာယံမိုးကြိုးမီးတောက် နှစ်ခုကို ဝါးမြိုပြီးနောက်တွင် မီးငှက်သည် ပျော်ရွှင်စွာအော်မြည်လျက် ရန်ကိုင်၏ ခေါင်းထက်၌ ရစ်ဝဲပျံသန်းနေလေသည်။
မီးငှက်ဆီ လှမ်းကြည့်လိုက်သည့်အခိုက် အမျိုးသမီး၏ မျက်လုံးထဲ ထိတ်လန့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ရန်ကိုင်၏ စွမ်းရည်များအကြောင်းကို သေချာ လေလာခွင့်မရခဲ့သော်ငြား မီးငှက်ဆီမှ ထွက်ပေါ်နေသော စွမ်းအင် အရှိန်အဝါအရပင် အတော်လေး ထိတ်လန့်ဖွယ်ကောင်းနေလေပြီ။
ဒီမီးငှက် တန်ခိုးရှင်တတိယအဆင့်ကိုတောင် ယှဉ်လို့ရတယ် အမျိုးသမီး၏ ရင်ထဲ ကြိတ်တွေးလိုက်သည်။
“အခုလို ကူညီပေးတဲ့အတွက် မောင်လေးကို ကျေဇူး အရမ်းတင်တယ်သိလား။ မောင်လေးကြောင့်သာ မဟုတ်ရင် အဲ့ကောင်တွေကို သတ်လိုက်နိုင်မှာ မဟုတ်ဘူး” အမျိုးသမီးက တောက်ပစွာပြုံးလျက် ရန်ကိုင်အား ကျေးဇူးတင်လိုက်သည်။
ရန်ကိုင်ကလည်း ယဲ့ယဲ့လေးပြုံးလျက် ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်သည် “အဲ့လိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး။ ကျုပ်တို့က အကျိုးတူ ပူးပေါင်းထားကြတာပဲကို ကျုပ်အလုပ် ကျုပ်လုပ်ရမှာပေါ့။ ပြီးတော့ သူကပဲ ကျုပ်ကို အရင် တိုက်တာလေ”
ထိုအမျိုးသမီးသည် နှလုံးကြွေဗုံနှင့် သူအား ပစ်မှတ်ထားခဲ့သော်ငြား ရန်ကိုင် အနေဖြင့် ထိုကိစ္စအပေါ် ထိုင်မကျေမနပ် ဖြစ်နေလိုစိတ် မရှိသေးပေ။
သူမတွင် ရှိနေသည့် နှလုံးကြွေဗုံသည် ရင်ဆိုင်ရန် အတော်လေး ခက်မည့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက် ဖြစ်နိုင်လျှင် သူမအား သွားပြဿနာ မရှာချင်သေးပေ။ ဤနေရာရှိ ကိစ္စကို မြန်မြန် အပြီးဖြတ်ပြီး ဧကရာဇ်ဥယျာဉ် နန်းတော်ဆီသို့သာ မြန်မြန် သွားချင်နေမိသည်။
သို့သော်လည်း အမျိုးသမီးအနေဖြင့် သူမ ပေးထားသည့် ကတိကို မဖျက်ရအောင် သူ့ဘက်ကလည်း နည်းနည်းလောက် ဟိန်ဟန်ပြမှ ဖြစ်ပေမည်။ ထို့ကြောင့် မီးငှက်အား ပြန်မခေါ်ဘဲ အပြင်တွင် ခေါ်ထားခြင်း ဖြစ်သည်။
“ဟုတ်သားပဲ၊ နေမီးလျှံဂိုဏ်းသားတွေမှာ ဘာလို့ အဲ့အာကာယံ မိုးကြိုးမီးတောက်တွေ ရှိနေတာလဲ အစ်မ ရှင်းပြပေးလို့ ရမလား” ရန်ကိုင်က မေးလိုက်သည်။
“မောင်လေးက အဲ့ကိစ္စကို စိတ်ဝင်စားနေတုန်းလား” အမျိုးသမီးသည် ပြုံးလျက် သူမသိထားသမျှ အကြောင်းစုံကို မဖုံးမကွယ် ရှင်းပြလိုက်လေသည် “တကယ်တော့ သူတို့ဂိုဏ်းမှာ အဲ့ကျင့်စဉ်ကို ကျင့်ကြံထားတာ သူတို့ နှစ်ယောက်တည်း မဟုတ်ဘူး။ တော်တော်များများ ကျင့်ကြံထားတယ်။ သူတို့ဂိုဏ်းက အားကောင်းတယ် ဆိုတဲ့ လူအများစုက အဲ့ကျင့်စဉ်ကို ကျင့်ထားတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် မိုးကြိုးမီးတောက်ရဲ့ စွမ်းအားကတော့ တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့”
“အို၊ အဲ့ဒါကို သူတို့ ဘယ်လိုကျင့်ကြံတာလဲ” ရန်ကိုင် အလွန် စိတ်ဝင်စားထားသည်။ ထိုမီးတောက်သည် မီးငှက်အတွက် အလွန် အကျိုးရှိသည့်အတွက် ထိုမီးတောက်ကို သူလိုချင်ပေသည်။ သို့သော် လက်ရှိ နေမီးလျှံဂိုဏ်းသား လေးယောက်တွင် တန်ခိုးရှင် ဒုတိယအဆင့် လူအိုကြီးနှင့် ခုန်ဝမ်တုန်သည်သာ မိုးကြိုး မီးတောက်ကို ပိုင်ဆိုင်ထားကြသည်။
“ရှင်းပါတယ်။ သူတို့ဂိုဏ်းမှာရှိတဲ့ ကောင်းကင်မိုးကြိုး မီးတောက်ကို အခြေခံပြီးတော့ ကျင့်ကြတာပေါ့။ သူတို့ရဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုခုကိုသုံးပြီး အဲ့မီးတောက်အကူအညီနဲ့ အာကာယံမိုးကြိုးမီးတောက်ကို ဖန်တီးထားတာ။ သူတို့ဂိုဏ်းက အထက်ပိုင်း အကြီးအကဲတွေ အကုန်လုံးမှာ အဲ့မိုးကြိုးမီးတောက် ရှိတယ်” အမျိုးသမီးက ရှင်းပြလိုက်လေသည် “မောင်လေး ဒီအကြောင်းကို မသိဘူးဆိုတော့ မောင်လေးက လှိုင်းနီကြယ်က မဟုတ်လို့လား”
“မဟုတ်ဘူး” ရန်ကိုင်လည်း အမှန်အတိုင်းပဲ ပြန်ပြောလိုက်၏ “အဲ့လိုဆိုရင် ကောင်းကင်မိုးကြိုးမီးတောက်…”
နာမည်လေးသာ ပြောင်းလဲသွားခြင်း ဖြစ်သော်ငြား စွမ်းအားမှာမူ လုံးဝ ကွာခြားပေသည်။ အားကာယံမိုးကြိုး မီးတောက်သည် ကောင်းကင်မိုးကြိုးမီးတောက်၏ အကူအညီကို သုံး၍ ဖန်တီးထားသော မီးတောက်တစ်ခုသက်သက်သာ ဖြစ်သည်။ သူ့မီးငှက်သာ ထိုကောင်းကင်မိုးကြိုးမီးတောက်အား ဝါးမြိုနိုင်ခဲ့လျှင် မည်မျှပင် အကျိုးရှိလိုက်လေမည်နည်း။
ရန်ကိုင်ခေါင်းထဲ ထိုအတွေးတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
သို့သော်လည်း လောလောဆယ် အနေဖြင့် သူတွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း မရှိသေးပေ။
လှိုင်းနီကြယ်သည် ကျယ်ပြန်လှသော ကြယ်စီရင်စုထဲ၌ တည်ရှိသော ကြယ်ပေါင်းများစွာအနက်မှ တစ်လုံး ဖြစ်သည်။ ထိုကြယ်ဆီသို့ မည်သည့်အကြောင်းအရင်းမှ မရှိဘဲ ဘာကြောင့် သွားရမည်နည်း။ ကြယ်တစ်လုံးနှင့် တစ်လုံးသည် နီးလှသည် မဟုတ်။ ထို့အပြင် ခုန်ဝမ်တုန်၏ ခွန်အားအရ ထိုဂိုဏ်းအား ဦးဆောင် အုပ်ချုပ်နေသည့်လူမှာ အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့လက်ရှိ ခွန်အားဖြင့် တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကို မည်ကဲ့သို့ သွား၍ စိန်ခေါ်နိုင်မည်နည်း။
“ထားလိုက်တော့” ရန်ကိုင် ပြုံးလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်လေသည် “ကျုပ်တို့ အဲ့ထဲ ဝင်ကြတော့မလားအစ်မ၊ အထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာ ကျိန်းသေတယ်”
“သေချာတာပေါ့” အမျိုးသမီး မျက်ခုံး အနည်းငယ် ကြုတ်သွားခဲ့သည်။ သူမစိတ်ထဲ သိပ်၍ မသထာသော်လည်း ကတိပေးပြီးသွားပြီ ဖြစ်သဖြင့် ကတိပြန်ဖျက်၍ မရတော့ပေ။
အစကမူ ရန်ကိုင် သိပ်အားကောင်းဘူး ထင်သဖြင့်သာ ထိုကဲ့သို့ ကတိပေးလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲပြီးသွားလျှင် သူမ မည်ကဲ့သို့ ကတိပေးထားသည် ဖြစ်ပါစေ၊ ရန်ကိုင် အနေဖြင့် သူမ စီမံသည့်အတိုင်းသာ လိုက်နာရလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ရန်ကိုင် ထိုမျှ အားကောင်းလိမ့်မည်မှန်း သူမ မည်ကဲ့သို့ သိခဲ့ပါမည်နည်း။
ထိုကောင်လေးသည် သူမ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ ရသော ငချွတ်လေးတစ်ကောင် မဟုတ်ချေ။ မဟုတ်လျှင် သူ့မအား ခြိမ်းခြောက်ရန်အတွက် သူ့မီးငှက်အား အပြင်သို့ ခေါ်ထားမည် မဟုတ်ချေ။
ဤအခြေအနေထိ ရောက်လာမှဖြင့်တော့ ပြောထားသည့် အတိုင်း လုပ်ရုံသာ ရှိတော့လေသည်။ ပြဿနာများကို ထပ်မလိုချင်တော့သည့်အတွက် ဘာမှ ပြောမနေတော့ဘဲ တောင်ကြားထဲသို့သာ ဝင်သွားလိုက်လေတော့သည်။
ကျန်အမျိုးသမီး နှစ်ယောက်လည်း သူမနောက်မှ အနီးကပ် လိုက်လာခဲ့သည်။
မကြာမီ ရန်ကိုင်တို့ လေးယောက်သည် တောင်ကြားအား ဖုံးကွယ်ထားသော အကာအရ့ရှေ့သို့ ရောက်လာခဲ့သည်။
အကာအရံသည် ယခင်ကကဲ့သို့ အနည်းငယ် တွန့်လိမ်လျက် တဖျက်ဖျက် လင်းလက်နေပေသည်။ သူမရောက်ခင်ကတည်းက အရံအတား တိုက်ခိုက်ထားခံရသည်မှာ သေချာသည်။
“မောင်လေး အစီအရင်တွေကို ဖျက်စီးတာကျွမ်းလား” ရေခဲနှလုံးသားတောင်ကြားကို ဦးဆောင်လာသည့် ခေါင်းဆောင် အမျိုးသမီးက ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်သည်။
“ဟင့်အင်း” ရန်ကိုင် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ သူ့နေရာတွင်သာ ယန်ယန်သာ ဆိုပါက ဤအစီအရင်ကို အသက် တစ်ဆယ်ရှိုက်စာအတွင်း ဖျက်စီးနိုင်ပေလိမ့်မည် ဖြစ်သော်လည်း သူသည် ယန်ယန် မဟုတ်ချေ။
ရန်ကိုင် ပုံစံကိုမြင်သော် အမျိုးသမီး ရယ်မိသွားသည်။ ထို့နောက် ခေါင်းတခါခါဖြင့် ပြောလိုက်လေသည် “အစ်မတို့ သုံးယောက်ထဲမှာလည်း အစီအရင် ဖျက်စီးတတ်တဲ့လူ မပါတော့ အကြမ်းနည်းသုံးပြီး ဖျက်စီးရတော့မှာပေါ့”
ပြောပြီးသည်နှင့် ကျောက်စိမ်းဖြူသားနှင့် ထုလုပ်ထားသည့်နှယ် ချောမွတ်တောက်ပြောင်နေသော ဓါးရှည်တစ်ချောင်းကို ထုတ်လိုက်၏။ ထို့နောက် ဓါးရှည်ထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ အရံအတားကို တိုက်ခိုက်လေသည်။ ကျန်အမျိုးသမီး နှစ်ယောက်လည်း သူမကဲ့သို့ပင် လိုက်လုပ်ကြသည်။
သူမတို့ သုံးယောက်ပင် တိုက်ခိုက်နေသဖြင့် ရန်ကိုင်လည်း ငြိမ်နေ၍ မဖြစ်တော့ပေ။ သို့သော်လည်း ကျန်းသုံးယောက်ကဲ့သို့ မည်သည့် မှော်ရတနာကိုမှ အသုံးပြုခြင်း မရှိပေ။ သူ့တွင် ရှိသည့် တိုက်ခိုက်ရေး မှော်ရတနာဆို၍ နဂါးစိမ်းဓါးသာ ရှိသည်။ သို့သော် ထိုဓါးသည် လူရှေ့သူရှေ့ ထုတ်ပြလို့ ကောင်းသည့် ရတနာတစ်ခု မဟုတ်ချေ။
ထို့ကြောင့် နတ်ဆိုးမီးတောက်ကို သုံးပြီးတော့သာ အရံအတားကို တိုက်ခိုက်ရတော့သည်။ ရန်ကိုင်သည် နတ်ဆိုး မီးတောက်အား အပူတစ်လှည့်၊ အအေးတစ်လှည့် ပြောင်းလျက် အရံအတားကို တိုက်ခိုက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သူထုတ်ဖော်သည့် စွမ်းအားသည် မည်သည့် အမျိုးသမီးထက်မှ နိမ့်ကျနေခြင်း မရှိခဲ့ပေ။
အရံအတား မည်မျှပင် အားကောင်းစေကာမူ အဆက်မပြတ် တိုက်ခိုက်ခံရသည့် ဒဏ်ကိုတော့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အရံအတား တည်ရှိနေခဲ့နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သလို ၎င်းအား အားဖြည့်ပေးနေသည့် အရာလည်း မရှိသည့် အတွက်ကြောင့် နေ့တစ်ဝက်မျှ ကြာပြီးနောက်တွင် ရန်ကိုင်တို့ လေးယောက်ပေါင်း၏ တိုက်ခိုက်မှုအောက်၌ ပျက်စီးသွားခဲ့လေ၏။
အရံအတားအား တိုက်ခိုက်နေသည့် အတောအတွင်း ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး သုံးယောက်သည် လူသစ်များ ထပ်ရောက်လာမည်ကို စိုးရိမ်နေသည့်အလား ရင်တမမ ဖြစ်နေခဲ့ကြသည်။ နောက်ဆုံး အရံအတား ပျက်စီး သွားသည့်အခါမှသာ သူတို့ သုံးယောက် သက်ပြင်းချနိုင်၏။ တစ်ချက်ကြည့်ကြည့်လိုက်ပြီးနောက် အမျိုးသမီးခေါင်းဆောင်မှ အရင်ဆုံး ဝင်သွားလေသည်။
ရန်ကိုင်လည်း အတွင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မည်သည့် အန္တယ်ရာယ်မှ မရှိကြောင်း အတည်ပြုလိုက်နိုင်ပြီးနောက် အလျင်အမြန် လိုက်ဝင်သွား၏။
မိုင်ပေါင်းများစွာ ရှည်လျားသော တောင်ကြားလမ်းအတိုင်း လျှောက်လာလိုက်ပြီး နောက်ဆုံးတွင် ရင်သက်ရှုမောဖွယ်ရာ မြင်ကွင်းတို့ဖြင့် စီးကြိုနေသော တောင်ကြားအလယ်ဗဟိုဆီသို့ ရန်ကိုင်တို့လေးယောက် ရောက်ရှိလာခဲ့လေသည်။
သူတို့ ရှေ့တည့်တည့်တွင် အမြောင်းလိုက် အမြောင်းလိုက် တန်းစီ စိုက်ပျိုးထားသော အပြင်လောကကြီး၌ မျိုးတုန်း ပျောက်ကွယ်သွားပြီ ဖြစ်သည့် ဆေးပင်များစွာ ရှိနေခဲ့သည်။ ဂရုစိုက်ပေးမည့်လူ မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်တိုင် ဆေးပင်များသည် ရှင်သန်ပေါက်ရောက်နေဆဲ။
ဤနေရာတွင် ဆေးပင်ပေါင်း အနည်းဆုံး တစ်ထောင်ခန့် ရှိပေသည်။ တောင်ကြားတစ်ခုလုံးသည် မွှေးပျံ့သော ဆေးရနံ့တို့ဖြင့် သင်းထုံနေခဲ့သည်။ ဤတောင်ကြားသည် ဆေးတောင်ကြား တစ်ခု ဖြစ်နေခဲ့ပေသည်။
ထိုဆေးဥယျာဉ်ကြီးကို ကြည့်ရင်း လေးယောက်စလုံး၏ မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့သည်။
သူတို့ စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။ ဤနေရာသို့ လူသူအရောက်အပေါက် မရှိခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း တစ်သောင်းဝန်းကျင်ခန့် ရှိနေလေပြီ။ ဆေးပင်များ၏ အဆင့် သိပ်မမြင့်လျှင်ပင် မြင့်မားလှသော သက်တမ်းကြောင့် အလွန် တန်ဖိုးရှိသော ဆေးပင်များ ဖြစ်နေပေလိမ့်မည်။
နှစ်တစ်သောင်းအတွင်းတွင် သာမန် ဆေးပင်များပင်လျှင် ရတနာဆေးပင်များ ဖြစ်လာနိုင်ပေသည်။
ဤဆေးဥယျာဉ်ကြီးကို ရလိုက်ရုံဖြင့်လျှင် ဧကရာဇ်ဥယျာဉ် ဆီသို့ ယခုတစ်ကြိမ် လာခဲ့ရသည့် ခရီး တန်သွားပြီ ပြော၍ရသည်။
သို့သော်လည်း အမျိုးသမီးသည် ဆေးပင်များအား ချက်ချင်း ပြေးမခူးသေးဘဲ ရန်ကိုင်ဘက်သို့ အရင်လှည့်လျက် မေးလိုက်၏ “မောင်လေး၊ ဒါကို…”
“အရင် ခူးထားလိုက်မယ်လေ။ ပြီးတော့မှ ဝေစုခွဲတာပေါ့” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ” အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ကျန်အမျိုးသမီး နှစ်ဦးကို ကြည့်လိုက်သည်။ ချက်ချင်းပဲ ထိုအမျိုးသမီးနှစ်ယောက် ဆေးပင်များကို စခူးကြတော့သည်။
ဤကဲ့သို့သော ဆေးပင်များကို ခူးရာတွင် အနည်းငယ်သော အမှားလေးသည်ကပင် ဆေးပင်၏ တန်ဖိုးအား အကြီးအကျယ် လျော့သွားစေနိုင်သည့်အတွက် အထူးသတိထားရန် လိုအပ်သော်ငြား ဤနေရာတွင် ရှိနေသည့် လူအားလုံးသည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြသည်။ တန်ခိုးရှင်အဆင့်များ ဖြစ်သည်နှင့်အညီ သူတို့ ဘဝတွင် အနည်းဆုံး တစ်ခါလောက်တော့ ဆေးပင်များ ခူးခဲ့ဖူးပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် ထိုအမျိုးသမီးသုံးဦးအား သွားသတိပေးနေစရာ မလိုချေ။
သူမသိအောင် ဆေးပင်များကို ခိုးရန် ကြံနေလျှင်တော့ သူတို့အရှက် သူတို့ ပြန်ခွဲမိပေလိမ့်မည်။ ရန်ကိုင်သည် ဆေးပင်ကိုသာ ခူးနေခြင်းမဟုတ်၊ ကောင်းကင်စိတ်အာရုံဖြင့်လည်း သူတို့အား အဆက်မပြတ် စောင့်ကြည့်နေပေသေးသည်။ ဝါရင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သည့်နှယ် ရန်ကိုင်၏ ဆေးပင် ခူးနှုန်းသည် အမျိုးသမီးသုံးဦးထက် ပိုမြန်နေခဲ့သည်။
ဆေးပင်များကို ခူးရင်းခူးရင်း ရန်ကိုင် ပိုပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ ဆေးဥယျာဉ်ထဲတွင် မျိုးတုန်းသွားပြီ ဖြစ်သော ဆေးပင်များအပြင် သူမမြင်ဖူး၊ မကြားဖူးသော ဆေးပင်များလည်း ရှိနေခဲ့သည်။
ထိုကဲ့သို့သော ဆေးပင်များသည် အလွန်ကိုမှ အဖိုးတန်ပေသည်။
ဆေးပင်အဆင့်မှာလည်း မတူကြ။ သူတော်စင်ဘုရင်အဆင့်မှ နေ၍ တန်ခိုးရှင်ဘုရင်အဆင့်ထိ အစားစား ရှိနေကြသည်။ သို့သော် အချိန်၏ တိုက်စားမှုဒဏ်ကို မခံနိုင်သည့် အတွက်ကြောင့်လား မသိရာ၊ သူတော်စင်ဘုရင်အဆင့်အောက် နိမ့်သည့် ဆေးပင် တစ်ပင်တစ်လေကိုပင် မတွေ့ခဲ့ရချေ။
ရန်ကိုင် အလွန် ပျော်နေခဲ့သည်။ ယခင်တစ်ကြိမ် တံခါးပိတ် ကျင့်စဉ်ဝင်သည့် အချိန်အတောအတွင်းတွင် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာနိုင်ခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် ဆေးပညာ လမ်းကြောင်းတွင် ဆက်လက် တိုးတက်လိုပါက တန်ခိုးရှင်ဘုရင် အဆင့် ဆေးပင်များကိုသုံး၍ ဆေးလုံး ဖော်စပ်ရန် လိုလာလေပြီ။