အခန်း (၁၄၆၁-၁၄၆၅)
Vol. 59 Ch. 1461-1465
အပိုင်း (၁၄၆၁)
ထိုနတ်ဆိုးသွေးမျှင် ကျင့်စဉ်သည် ရှီအား ပိုင်းဖြတ်နိုင်သည့် အဖျက်စွမ်းအား ပြင်းထန်သော အားကောင်းသည့် ကျင့်စဉ်တစ်မျိုး ဖြစ်သည်။ သို့သော် ထိုကျင့်စဉ်တွင် အားနည်းချက် တစ်ခုရှိသည်။ အားနည်းချက်သည်ကား နတ်ဆိုးသွေးမျှင်အား ဖန်တီးနိုင်သည့် အရေအတွက် အကန့်အသတ် ရှိနေခြင်းပင်။
သို့သော်လည်း သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် နတ်ဆိုးသွေးမျှင် နှစ်မျှင်တိတိကိုပင် သိပ်သည်းထားနိုင်သည်။ သိပ်သည်းထားသော သွေးမျှင် နှစ်မျှင်စလုံး၏ စွမ်းအားမှ အတူတူလောက် ရှိသည်။ ထို့အပြင် သူမတစ်ကိုယ်လုံး အသက်ဓါတ်များဖြင့် ပြည့်ဝနေသေးသည်။ တကယ်ကို သံသယဝင်စရာပင်။
ထိုတစ်ချက်နှင့်ပင် ကျောင်းသခင်ရာထူးကို ရထားသော ထိုအမျိုးသမီးကို လျှော့မတွက်သင့်မှန်း သိနိုင်ပေသည်။
နတ်ဆိုးသွေးမျှင်နှစ်မျှင်သည် စတင် တွန့်လာလာခဲ့ပြီး သွေးနီရောင်မြွေနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်၏ မျက်ဝန်းအစုံ စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်သွားခဲ့သည်။
သူ့ရွှေရောင်သွေးမျှင်များကို ထိုကဲ့သို့ ပြောင်းလဲ၍ မရသေးချေ။ ထို့ကြောင့် နတ်ဆိုးသွေးမျှင် ပညာရပ်၏ ဒုတိယ အပိုင်းကို သူမရသေးသည်မှာ သေချာသလောက် ရှိသွားပေပြီ။
နတ်ဆိုးသွေးမျှင် ပညာရပ်၏ ဒုတိယအပိုင်းထဲတွင် နတ်ဆိုးသွေးမျှင်များအား မည်ကဲ့သို့ ထိန်းချုပ်ရမည်လဲ ဆိုသည်ကို ဖော်ပြထားလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းပြီးသားပင်။
လက်ရှိ အဖြစ်အပျက်သည် သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ပြသနေခဲ့သည်။ ကံမကောင်းစွာဖြင့် နတ်ဆိုးသွေးမျှပင် ပညာရပ်သည် သွေးနတ်ဆိုးကျောင်းတော်၏ အမွေအနှစ်ပညာရပ် တစ်ခုဖြစ်သဖြင့် ရန်ကိုင်ကဲ့သို့ အပြင်လူတစ်ယောက် အနေဖြင့် ဒုတိယအပိုင်းကို ရနိုင်ရန်မှာ မဖြစ်နိုင်ပေ။
နတ်ဆိုးသွေးမျှင်များအား အမျိုးမျိုး ပြောင်းလဲနိုင်ပုံကို ကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
ရွှေရောင်သွေးမျှင်များသည် သူတိုက်ပွဲအများစုတွင် အဓိက ကျသော စွမ်းအားတစ်ရပ်အဖြစ် ပါဝင်ပေးခဲ့သည်။ သူသာ ဒုတိယ အပိုင်းကို ရနိုင်လျှင် သူထုတ်ဖော်နိုင်သော စွမ်းအားသည် ပိုမို များပြားလာပေလိမ့်မည်။
ရန်ကိုင်စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားခဲ့သည်။ သွေးနီရောင် မြွေနှစ်ကောင်သည် ယုန်ဖြူဆီသို့ ပြေးသွားပြီးနောက် တစ်ကောင်သည် ယုန်၏ခေါင်းကို ကိုက်ခဲလိုက်ကာ ကျန်တစ်ကောင်သည် ယုန်၏ အမြီးကို ကိုက်ခဲလိုက်သည်။
သွေးနီရောင် စွမ်းအင်များသည် မြွေများ၏ အစွယ်မှတစ်ဆင့် ယုန်ဖြူကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့ပြီး ၎င်း၏ စိတ်စွမ်းအင်ကို စတင် ဖျက်စီးတော့လေသည်။
ကျင်းရှီ၏ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်မှုမှ အသိပြန်ဝင်လာချိန်တွင် ယုန်ဖြူသည် မြွေနှစ်ကောင်၏ ကိုက်ခဲထားခြင်း ခံရပြီးနေလေပြီ။ သူမည်မျှပင် ရုန်းစေကာမူ မြွေနှစ်ကောင်၏ ချုပ်နှောင်မှုမှ မလွတ်ခဲ့ပေ။ အချိန် ကြာမြင့်လာသည်နှင့် ၎င်း၏ ကိုယ်ထဲသို့ စိမ့်ဝင်လာနေသည့် သွေးနီရောင်စွမ်းအင်များကြောင့် ယုန်ဖြူ၏ အသိစိတ် စတင် ဝေဝါးလာခဲ့ရသည်။
အခြေအနေ မဟန်တော့မှန်း သိလိုက်သော် လောက ရတနာလည်း ဆက်ရုန်းမနေတော့ချေ။ ရပ်လိုက်ပြီး ရေခဲစွမ်းအင် အရှိန်အဝါများအဖြစ် သူ့ကိုယ်သူ ပြောင်းလဲပစ်ကာ ထွက်ပြေးရန် ကြိုးစားတော့လေသည်။
ရစ်မူးဖွယ်ရာ ရီဝေဝေရယ်သ့လေးများ ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံကို ကြားလိုက်သူတိုင်း သွေးများ ဆူပွက်လာသကဲ့သို့ ခံစားရမည်ဖြစ်ကာ စိတ်မတည်မငြိမ် ဖြစ်လာပေလိမ့်မည်။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် လေထဲတွင်ရပ်လျက် ယုန်ဖြူဆီသို့ လက်ညိုးထိုးလိုက်သည်။ သွေးနီရောင်မြွေနှစ်ကောင်မြွေသည် နတ်ဆိုးသွေးမျှင်များ အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် တွန့်လိမ်လျက် ပိုမိုသေးငယ်သော သွေးမျှင်လေးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုသွေးမျှင်လေးများသည် အချင်းချင်း ယှတ်ဖြာလျက် ဧရာမပိုက်ကွန်ကြီးအဖြစ်သို့ ပြောင်းလဲကာ မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် လောကရတနာဆီသို့ တိုးဝင်သွားလေသည်။
ယခုတစ်ကြိမ်တွင် လောကရတနာလည်း လုံးဝ မရှောင်နိုင်တော့ဘဲ သွေးနီရောင်ပိုက်ကွန်ထဲ အလျင်အမြန် ချုပ်မိသွားခဲ့လေသည်။
“ချိတ်ပိတ်လိုက်စမ်း” ကျောင်းသခင်၏ အော်ဟစ်သံနှင့်အတူ သွေးနီရောင်ပိုက်ကွန် အလျင်အမြန် ကျုံ့ဝင်လာခဲ့လေသည်။ လောကရတနာ မည်မျှပင် ရုန်းကန်နေစရာမူ ပိုက်ကွန်တွင်းမှ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုမြင်ကွင်းကိုကြည့်ရင်း အမျိုးသမီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။ လက်ညိုးကိုကွေးလျက် ယုန်ဖြူ ဖမ်းထားသော ပိုက်ကွန်ကို သူမဆီသို့ ဆွဲယူလိုက်သည်။
ထိုစဉ် စူးရှသော ဖီးနစ်ငှက်အော်သံနှင့်အတူ မထင်မှတ်စရာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ဖိအား တစ်ရပ် အားလုံးပေါ်သို့ ပြိုဆင်းလာခဲ့သည်။ ထိုဖိအားကို ခံစားမိလိုက်သည့်အခိုက် မြေပြင်ပေါ်တွင် လဲနေသော၊ အမျိုးသမီးနှစ်ဦး၊ သွေးနတ်ဆိုးကျောင်းတော်မှ အမျိုးသမီးနှင့် ကျင်းရှီတို့ ဖိအားထွက်ပေါ်ရာဆီသို့ လှည့်ကြည့်မိလိုက်ကြ၏။
သူတို့ ရှိနေရာမှ မီတာရာပေါင်းများစွာ ဝေးကွာသော နေရာရှိ ရေခဲတိုင်းတစ်ခုနောက်ဆီမှ သန့်စင်သော ရေခဲကျောက်စိမ်းဖြင့် ထွင်းထုထားဟန် ထင်မှတ်ရသော အဖြူရောင် ငှက်တစ်ကောင် ပေါ်လာခဲ့သည်။ ထိုငှက်သည် အသွေးအသား ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်း မရှိဘဲ စွမ်းအင်သက်သက်ဖြင့်သာ ဖွဲ့စည်းထားသည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်ငြား ၎င်း၏ မျက်ဝန်းအစုံသည် မျက်ကွယ်ပြုမရသည့် ကြီးမြတ်သော အရှိန်အဝါတို့ကို ထုတ်ဖော်နေသည်။
ထိုမျက်ဝန်းအစုံနှင့် မျက်လုံးချင်းဆိုသွားလိုက်သူတိုင်း သူတို့ကိုယ်သူတို့ သိမ်ငယ်နိမ့်ကျသလို ခံစားသွားရပေလိမ့်မည်။
“ရေခဲဖီးနစ်” ရေခဲတောင်ကြားမှ အမျိုးသမီးနှစ်ဦးစလုံး ထိုငှက်ကြီးကို ကြည့်ရင်း မျက်လုံးပြူးသွားခဲ့ကြသည်။
ဖီးနစ်ငှက်အား သူတို့ သိပ်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ရေခဲနှလုံးသားတောင်ကြားသည် ရေခဲစွမ်းအင်ကို ကျင့်ကြံသော အင်အားစုတစ်ခုဖြစ်သည်။ ရေခဲဖီးနစ်ငှက်သည် ရေခဲစွမ်းအင်ကို ကိုယ်စားပြုသည့် ရှေးနတ်ဘုရားမျိုးစိတ်ထဲရှိ အထွဋ်အထိပ် သက်ရှိတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် ရေခဲ ဖီးနစ်အား သူတို့ သိနေကြခြင်း ဖြစ်သည်။
ရေခဲနှလုံးသားတောင်ကြား တပည့်များသည် ရေခဲဖီးနစ်ကို ရှေးခေတ်မှတ်တမ်းများတွင်သာ မြင်ဖူးပြီး အပြင်တွင် တစ်ခါမှ မမြင်ဖူးကြပေ။
ထိုအမျိုးသမီး နှစ်ဦးတို့၏ ရင်ခုန်သံအနိမ့်အမြင့် စည်းချက် မညီတော့ချေ။ အစပိုင်းတွင် သေရတော့မည်ဟု ထင်နေသည့် အတွက်ကြောင့် စိတ်ကိုအေးအေးလေး ထားလိုက်သည်။ သို့သော် တစ်ယောက်ယောက်၏ အလစ်ချောင်း တိုက်ခိုက်မှုကြောင့် လောကရတနာ သူတို့အား မသတ်နိုင်တော့မှန်း သိလိုက်သည့်အခါ အမျိုးသမီး နှစ်ဦး အနည်းငယ် ပျော်မိသွားခဲ့သည်။ ယခုမူ သူတို့ ရှေးခတ်မှတ်တမ်းများတွင်သာ မြင်ဖူးခဲ့သော ဒဏ္ဏာရီလာ ရေခဲစွမ်းအင်၏ ကိုယ်စားပြုဖြစ်သော ရှေးနတ်ဘုရားမျိုးစိတ် ဖြစ်သည့် ရေခဲဖီနစ်ကို မြင်တွေ့လိုက်ရသည့်အခါ သူတို့၏ ရင်ခုန်သံ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ဤတစ်ခဏသော အခိုက်အတန့်လေးသည် သူတို့၏ ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းသည့် ခံစားချက်မျိုးကို ပေးစွမ်းသွားခဲ့သည်။
ထို့အပြင် သူတို့ တိုက်ခိုက်နေချိန် သူတို့အား စောင့်ကြည့်နေသူ အပြင်လူများစွာ ရှိနေသည်ဆိုသည်ကို ယခုမှသာ သိသွားရတော့သည်။
ရေခဲဖီးနစ်သည် စူးရှစွာ တစ်ချက် အော်မြည်လိုက်ပြီး ဝဲနေသည့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရေခဲဖီးနစ် ပြန်ပေါ်လာသည့် အချိန်တွင် ဖီးနစ်သည် သွေးနတ်ဆိုး ကျောင်းတော်၏ ကျောင်းသခင်ရှေ့သို့ ရောက်နေခဲ့လေပြီ။ ကျောင်းသခင်ရှေ့သို့ ရောက်သည်နှင့် နှုတ်ဆက်ပြီး လောက ရတနာအား ချုပ်နှောင်ထားသော သွေးကွန်ခြာအား ဖမ်းဆိတ်လိုက်သည်။
ထိုအဖြစ်အပျက် အလုံးစုံကို ကျောင်းသခင် အမျိုးသမီး ကြောင်၍သာ ကြည့်နေမိသည်။ ဖီးနစ်ငှက်သည် သူမ တစ်ဘဝလုံး၌ တစ်ကြိမ်ပင်လျှင် တွေ့ရခဲလှသည့် မျိုးစိတ်တစ်ခု ဖြစ်သည့်အတွက် ဖီးနစ်အား မြင်လိုက်ရချိန် သူမ ယခုကဲ့သို့ ငေးကြောင်သွားခဲ့သည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ သူမ၏ ရတနာ လုယူသွားခံလိုက်ရသည့် အချိန်မှသာ ကျောင်းသခင် ပြန်အသိဝင်လာခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည် “သေချင်နေတဲ့ သားရဲစုတ်”
ထိုအကောင်းသည် အစစ်အမှန် ရေခဲဖီးနစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ကျောင်းသခင် အမျိုးသမီး ဂရုမစိုက်နိုင်တော့။ သူမ၏ သားကောင်အား လာလုယူသည့် လုပ်ရပ်မျိုးကို သူမ မည်သည့်နည်းနှင့်မျှ သည်းခံနေမည်မဟုတ်ချေ။ ဒေါသတကြီး အော်ဟစ်၍ သူမလက်ကို ဝှေ့ရမ်းကာ လက်ကောက်တစ်ကွင်းဖြင့် ရေခဲဖီးနစ်အား လှမ်းပစ်လိုက်လေသည်။
လက်ကောက်သည် လေထဲ ရောက်သွားသည်နှင့် တစ်ကွင်းမှ နှစ်ကွင်း၊ နှစ်ကွင်းမှ လေးကွင်း၊ စသဖြင့် အဆင့်ဆင့် ပွါးသွားရာ မျက်တောင်တစ်ခတ်အတွင်း ကောင်ကင်းတစ်ခွင်လုံး လက်ကောက် များစွာဖြင့် ပြည့်သွားလေသည်။
သို့ရာတွင် ရေခဲဖီးနစ်သည် ထိုတိုက်ခိုက်မှုများကို လျစ်လျူသာ ရှုထားခဲ့သည်။ ၎င်းသည် အားနည်းနေသော ဝိဥာဉ် တစ်ခုသက်သက်သာ ဖြစ်သော်လည်း ၎င်းအား အလွယ်တကူ အနိုင်ကျင့်၍ ရမည် ထင်နေလျှင်တော့ မှားသွားပေလိမ့်မည်။
လက်ကောက်ကွင်းများ တိုးဝင်လာသည်နှင့် တစ်ပြိုင်နက် ရေခဲဖီးနစ်သည် ၎င်းသုတ်ချီလာသည့် သွေးကွန်ခြားအား တစ်ခါတည်း မြိုချပစ်လိုက်သည်။ ထို့နောက် လေထဲရှိ ရေခဲစွမ်းအင်များကို စုစည်း၍ ၎င်းပတ်လည်၍ ရေခဲဓါးသွား မုန်တိုင်းတစ်ခု ဖန်တီးလိုက်သည်။
ထင်… ထင်… ထင်… ထင်…
သတ္တုချင်း ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လက်ကောက်များ ပျက်စီးကာ ရေခဲဓါးသွားများ ကျိုးကြေကုန်၏။ လက်ကောက်ကွင်း အမျိုးသမီး၏ လက်ဆီသို့ ပြန်ရောက်သွားသည့်တိုင် ရေခဲဖီးနစ်မှာမူ အကောင်းအတိုင်း ရှိနေပေသေးသည်။ ကျောင်းသခင်၏ မျက်နှာမှာမူ အနည်းငယ် ဖြူလျော်နေခဲ့လေပြီ။
ရေခဲဖီးနစ်သည် လောကရတနာကိုသာ မြိုချလိုက်ခြင်း မဟုတ်ဘဲ သူမ၏ နတ်ဆိုးသွေးမျှင်ကိုပါ မြိုချလိုက်သည့် အတွက်ကြောင့် အမျိုးသမီး မသက်မသာ ဖြစ်သွားရခြင်း ဖြစ်သည်။
သူမနှင့် နတ်ဆိုးသွေးမျှင်ကြား အဆက်အသွယ် တဖြည်းဖြည်း အားနည်းလာသည်ကို ကျောင်းသခင်အမျိုးသမီး ခံစားမိနေသည်။ ဤအတိုင်းသာ ဆက်သွားခွင့်ပြုလိုက်လျှင် သူမ၏ နတ်ဆိုးသွေးမျှင်ကို အပြီးတိုင် ဆုံးရှုံးရပေလိမ့်မည်။
“ငါ့ဟာကို စားရဲမှတော့ နင်လည်း တန်ကြေးတစ်ခု ပြန်ပေးရမှာပေါ့” ပြောပြီးသည်နှင့် လက်ကွက်များ ထုတ်ဖော်၍ နတ်ဆိုးသွေးမျှင်အား ရေခဲဖီးနစ်၏ ခန္ဓာကိုယ်ကို အတွင်းပိုင်းမှ တိုက်ခိုက်စေရန် ထိန်းချုပ်တော့လေသည်။
ရေခဲဖီးနစ်နှင့် တစ်ကြိမ်တိုက်ခိုက်ပြီးနောက်တွင် ရေခဲဖီးနစ်သည် အလွန်ကို အံ့ဩဖွယ်ရာ ကောင်းသော်ငြား ၎င်းသည် တကယ့် အစစ်အမှန် ရေခဲဖီးနစ်ကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိမှန်း သူမ သတိပြမိလိုက်သည်။ မဟုတ်လျှင် သူမ ဤနေရာတွင် ဆက်နေရဲတော့မည် မဟုတ်ချေ။ အမြီးကုတ်၍ ခြေကုတ်သုတ်ပြီး ထွက်ပြေးပြီးနေပြီ။
အစစ်အမှန်း ရှေးနတ်ဘုရားမျိုးစိတ်သည် တန်ခိုးရှင်ဘုရင် အဆင့်များကိုပင် ဂရုမစိုက်သော တည်ရှိမှုမျိုး ဖြစ်သည်။
အတွင်းပိုင်းမှ တိုက်ခိုက်ခံလိုက်ရသည့်အခါ ရေခဲဖီးနစ် နာကျင်စွာ အော်ဟစ်မြည်ကြွေးတော့လေသည်။ နတ်ဆိုးသွေးမျှင်၏ တိုက်ခိုက်မှုကြောင့် ရေခဲဖီးနစ်၏ ခန္ဓာကိုယ် အနီရောင် မှိန်ဖျဖျ တောက်လာခဲ့သည်။
ရေခဲဖီးနစ် ဒုက္ခရောက်နေသည်ကို မြင်သည့်အခါ ရန်ကိုင်လည်း ဆက်ပြီး ရပ်ကြည့်မနေနိုင်တော့ပေ။ ရေခဲဖီးနစ် လှုပ်ရှားလိုက်သည့် အချိန်တွင် သူလှုပ်ရှားရန် ပြင်းနေခြင်း ဖြစ်သည်။ ယခု ရေခဲဖီးနစ် လှုပ်ရှားပြီးသွားပြီ ဖြစ်သဖြင့် သူလည်း ဆက်ပုန်းအောင်းနေစရာ မလိုတော့ချေ။
“ဒါမင်းလက်ချက် ဖြစ်မယ်လို့ ငါထင်သားပဲ” ရန်ကိုင် ထွက်လာသည်ကို မြင်သော် ကျင်းရှီသည် ရန်ကိုင်ဆီသို့ ချက်ချင်း ပျံသန်းသွားပြီး သူ့လက်ကို ပိတ်လိုက်လေသည်။
ရန်ကိုင်လည်း သွားနေရင်း ရပ်လိုက်ပြီး ကျင်းရှီအား အေးစက်စက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး ရေခဲဖီနစ်အား လှမ်းကြည့်လိုက်သည်။
ရန်ကိုင် အနေဖြင့် ရေခဲဖီးနစ်အား အမိန့်မပေးနိုင်ချေ။ ရေခဲဖီးနစ်သည် သူ့ခန္ဓာကိုယ်အား ယာယီအိမ်တစ်လုံးအဖြစ် အသုံးပြုနေသော ဧည့်သည်တစ်ယောက် သက်သက်သာ ဖြစ်၏။ အနည်းဆုံး ရေခဲဖီးနစ်နှင့် အဆက်အသွယ် လုပ်နိုင်လျှင်ပင် ယခုကဲ့သို့ စိုးရိမ်နေစရာ မလိုချေ။ ကံကောင်းစွာဖြင့် ရေခဲဖီးနစ်သည် ဝိဥာဉ်တစ်ခုသက်သက်သာ ဖြစ်သော်ငြား မည်သည့် အချိန်တွင် ရှေ့တိုးနောက်ဆုတ် လုပ်ရမည်ကို ကောင်းကောင်း နားလည်ထားသည်။
အခြေအနေ မဟန်သည်ကို သတိပြုမိသော် ပါးစပ်ဟ၍ ကျောင်းသခင်၏ နတ်ဆိုးသွေးမျှင်ကို ပြန်အန်ထုတ်လိုက်လေ၏။ နတ်ဆိုးသွေးမျှင် အပြင်သို့ ပြန်ရောက်လာလျှင်သည်နှင့် သွေးနီရောင် အမျှင်တန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောင်းသခင် အမျိုးသမီး၏ လက်ထဲသို့ ပြန်သွားခဲ့လေသည်။
နတ်ဆိုးသွေးမျှင်သည် ကျောင်းသခင်မှ နှစ်ပေါင်းများစွာ ကျင့်ကြံထားခဲ့သည့် ကျင့်စဉ်တစ်ခု ဖြစ်သည့်အတွက် ဖီးနစ်ငှက် အဖို့ ထိုအရာအား အလွယ်တကူ မချေဖျက်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။
နတ်ဆိုးသွေးမျှင်အား ပြန်အန်ထုတ်ပြီးနောက်တွင် စူးရှစွာ တစ်ချက်အော်မြည်လျက် အဖြူရောင်အလင်းတန်း အသွင်သို့ ပြောင်းကာ ရန်ကိုင်ကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။
လောကရတနာကို ဝါးမြိုလိုက်နိုင်သည့် အတွက် ရေခဲဖီးနစ် အတော်လေး ကျေနပ်နေခဲ့သည်။ လောလောဆယ်တွင် ရေခဲဖီးနစ်သည် လောကရတနာအား သန့်စင်ရေးပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။ နောက်ဆက်တွဲ တိုက်ပွဲ ဘာဖြစ်ဖြစ် သူဂရုမစိုက်ချေ။
ရေခဲဖီးနစ် သူ့ကိုယ်ထဲ ဝင်သွားသည်နှင့် ရန်ကိုင်၏ ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားခဲ့သည်။ သူ့ကျောပြင်တစ်လျှောက် စိမ့်ခနဲ အေးတက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ထိုအအေးဓါတ်သည် သူ့ခန္ဓာကိုယ်မှ မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။ မဟုတ်လျှင် ယခုအချိန် ခြေကုတ်သုတ်ကာ လှည့်ပြေးနေရလောက်ပေပြီ။
ဖြစ်ပျက်သွားသည့် အကြောင်းအရာ အားလုံးသည် အလွန်ကိုမှ ထိတ်လန့်ဖွယ်ရာကောင်းသော်ငြား ထိုအရာ အားလုံးသည် တဒင်္ဂတာ အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ရေခဲဖီးနစ် ရန်ကိုင်ကိုယ်ထဲသို့ ဝင်သွားသည်ကို မြင်သော် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြသည်။ သူတို့သာ ထိုလူငယ်လေး၏ ရေခဲဖီးနစ်ကို ရနိုင်မည်ဆိုလျှင် ဆိုသည် အတွေးမျိုး အမျိုးသမီး နှစ်ဦးစလုံး၏ စိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။
ထိုအချိန်အတွင်းတွင် သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင် အမျိုးသမီးမှာမူ အံ့တကြိတ်ကြိတ်နှင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေခဲ့လေသည်။ သူမပါးစပ်ထဲသို့ ရောက်ခါနီးအစာ ပုတ်ချခံလိုက်ရသည့်အတွက် ကျောင်းသခင် အမျိုးသမီး အနေဖြင့် မည်ကဲ့သို့ ကျေနပ်နိုင်မည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၆၂)
လောကရတနာသည် သူမလက်ထဲသို့ ရောက်နေပြီ ဖြစ်သော်ငြား ရေခဲဖီးနစ်၏ ဖြတ်လုခြင်း ခံလိုက်ရသည်။ ထို့ကြောင့် ကျောင်းသခင်အမျိုးသမီး မည်မျှ ကြိတ်မနိုင်ခဲမရ ဖြစ်နေမလဲ ဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ သူမ၏ သားကောင်အား ဖြတ်လုသွားသော ရန်ကိုင်ကို အရေခွံဆုတ်၊ သူ့သွေးကို သောက်ချင်နေလျှင်ပင် အထူးအဆန်း ဟုတ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အခြေအနေ တစ်ချက် ချင့်ချိန်ပြီးနောက် အမျိုးသမီးသည် သူမ၏ သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်သိမ်းကာ နှစ်လိုစွာပြုံးလျက် ပြောလိုက်လေသည် “မောင်လေးနဲ့ အစ်မတို့က တကယ်ကို ရေစက်ပါတာပဲနော်”
ပြောနေရင်း စားကောင်းသောက်ဖွယ် တစ်မျိုးအား ကြည့်နေသည့်နှယ် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။
“ဟုတ်တယ်။ တကယ်ကို ရေစက်ပါတာ” ရန်ကိုင်လည်း ပြန်ပြုံးပြလိုက်လေသည်။
ထိုမြင်ကွင်းကို မြင်သော် ပီလော့သည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် လေသံတိုးတိုးဖြင့် မေးလိုက်လေသည် “နင်ဒီအကျင့်မကောင်းတဲ့ မိန်းမကို သိတာလား။ ဘာလဲ နင်သူ့အပေါ် အကြွေးတစ်ခုခု တင်ထားတာလား”
ရန်ကိုင်သည် ပီလော့၏ အမေးကို ကြားသော်လည်း သူမအား တစ်ချက်သာ ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
“မောင်လေးနဲ့ အစ်မတို့က တစ်နေရာတည်းက လာတာဆိုတော့ အတူပူးပေါင်းပြီးတောင် လုပ်ဆောင်သင့်တာကို ဘာလို့ အစ်မရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်စီး လုပ်ချင်ရတာလဲ” အမျိုးသမီးသည် စွဲမက်စွာပြုံးနေသေးလျက် ပြောလိုက်သည်။ သို့နောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး “မောင်လေးသာ အဲ့လောကရတနာကို ပြန်ပေးမယ်ဆိုရင် အစ်မ မောင်လေးကို အရမ်း ကျေးဇူးတင်မိမှာ”
“ရတယ်လေ။ ဒါပေမယ့် အခုတော့ ပြန်ပေးလို့ မရသေးဘူး။ အရိပ်ကြယ်ရောက်မှ ပြန်ပေးလို့ အဆင်ပြေလိမ့်မယ်။ အရိပ်ကြယ်ရောက်ရင် သဲမီးတောက်နယ်မြေဆီ လာယူလိုက်လေ” ရန်ကိုင်ကလည်း မိတ်ဆွေဟောင်းတစ်ယောက်နှင့် စကားပြောနေသည့်အလား ပြုံးလျက် ပြန်ပြောလိုက်သည်။
ရန်ကိုင် စကားကို ကြားသော် အမျိုးသမီး မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားပြီး အေးစက်မှုတို့က ရုတ်ချည်း အစားထိုးဝင်ရောက်လာခဲ့သည်။ အရိပ်ကြယ် ပြန်ရောက်မှတော့ သူ့ဆီမှ မည်ကဲ့သို့ သွားယူရတော့မည်နည်း။ သူမ မည်မျှပင် အားကောင်းပါစေ၊ မီးတောက် အရံအတားကိုမှ မဖြတ်နိုင်လေရာ လောကရတနာကို မည်ကဲ့သို့ သွားယူနိုင်မည်နည်း။
ထိုကောင်လေးသည် သူမအား လှောင်ပြောင်နေခြင်း ဖြစ်သည်။
ကျောင်းသခင် အမျိုးသမီးသည် မတရားခံလိုက်ရသည့် အမျိုးသမီးတစ်ယောက်နှယ် သက်ပြင်းတစ်ချက်ချလျက် ဝမ်းနည်းနေသည့် အကြည့်ဖြင့် “အစ်မ မောင်လေးနဲ့ ရန်သူ မဖြစ်ချင်လို့ အခုလို ပြောနေတာနော်။ မောင်လေး ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် မောင်လေးနဲ့ အဲ့မိန်းကလေးတို့ နှစ်ယောက်စလုံး ဒီကနေ လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်မှာ မဟုတ်ဘူးနော်”
“လုပ်နိုင်တယ်ထင်ရင် လုပ်လိုက်လေ။ ကျုပ်ဘက်က အဆင်သင့်ပဲ” ရန်ကိုင်က ပြုံးလျက်သာ ပြန်ပြောလိုက်သည်။
“တကယ်ကို သွေးနားထင်ရောက်နေတဲ့ ကောင်ပါလား” ကျင်းရှီက ဒေါသတကြီး အော်ပြောလိုက်သည် “ကျောင်းသခင် ဒီကောင်နဲ့ အရေးလုပ်ပြီး ဆက်ပြောမနေနဲ့တော့။ ဒီကောင့်ကို ဖမ်းလိုက်ရင် ပြီးသွားပြီ။ တန်ခိုးရှင်ပထမအဆင့်လေးကများ ငါတို့ကိုလာပြီး ပြောင်ချော်ချော် လာလုပ်နေသေးတယ်။ ကိုယ့်အဆင့် ကိုယ်မသိတာပဲ”
“အင်း” ကျောင်းသခင် အမျိုးသမီးလည်း ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် တခစ်ခစ် ရယ်သွမ်းသွေးလျက် “သူတို့ကို ဖမ်းပြီးသွားရင် ကောင်လေးက ငါ့အပိုင်ပဲ။ သူ့လို အသက်စွမ်းအင် အားကောင်းတဲ့လူမျိုး ငါတစ်ခါမှ မတွေ့ဖူးသေးဘူး”
အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူများသည် သူမအတွက် အလွန်ကို အသုံးဝင်ပေသည်။ အခြား ယောကျာ်းသားတစ်ယောက်၏ အသက်စွမ်းအင်ကို သူမ စုပ်ယူခဲ့သည်မှာ တစ်ကြိမ်၊ နှစ်ကြိမ် မကတော့ချေ။
လောကရတနာ ကိစ္စကြောင့်သာ မဟုတ်လျှင်လည်း သူမ ရန်ကိုင် အလွတ်ပေးမည် မဟုတ်ချေ။ ရန်ကိုင်သည် သူမအတွက် အဆီတဝင်းဝင်းနှင့် အသားတုံးကြီး ဖြစ်သည်။
“ဒါဆို ဟိုမိန်းကလေးသုံးယောက်ကို ဒီလူအိုကြီးယူမယ်” ကျင်းရှီသည် ရူးသွပ်စွာ ရယ်မောလိုက်သည်။ ကျင်းရှီ၏ စကားကို ကြားလိုက်သည့်အခါ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး နှစ်ယောက် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။ သူမတို့ စိတ်ထဲတွင်လည်း ကြိတ်၍ ဆိုးရွားလှသော သူမတို့၏ ကံတရားကို ကြိတ်၍ အပြစ်တင်နေမိခဲ့သည်။ ဒဏ်ရာသာ မရထားလျှင် ကျင်းရှီနှင့် ထိုအမျိုးသမီးအတွဲကို သူတို့ မကြောက်ပါချေ။
လက်ရှိတွင် သူတို့ခွန်အား၏ နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုသာ ထုတ်ဖော်နိုင်သည့်အတွက် ထိုနှစ်ယောက်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ လောလောဆယ်၌ သူမတို့၏ မျှော်လင့်ချက်အားလုံးကို ရန်ကိုင် ပေါ်တွင်သာ စုပြုံထားရသည်။ ထိုတန်ခိုးရှင်တတိယအဆင့် နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် ရန်ကိုင် လုပ်ဆောင်နိုင်ပါစေဟုသာ သူမတို့ ဆုတောင်းနေမိတော့သည်။
“မင်းမှာ မီးငှက်မှော်ရတနာရှိမှန်း ငါသိတယ်။ ဒါပေမယ့် ဒီနေရာမှ မင်းအဲ့ဒါကိုသုံးပြီး တိုက်ခိုက်ရဲမှာလား” ကျင်းရှီသည် ရန်ကိုင်၏ အားနည်းချက်ကို ချက်ချင်း ထောက်ပြလိုက်သည်။
မီးငှက်သည် ရန်ကိုင်နှင့် ပီလော့တို့အား အအေးဓါတ်မှ ကာကွယ်ပေးနေခဲ့သည်။ မီးငှက်ကိုသာ တိုက်ခိုက်ခိုင်းလိုက်လျှင် အအေးဓါတ်ကို သူတို့ဘာသာ ကာကွယ်ရတော့မည်။ ရန်ကိုင် အနေဖြင့် အအေးဓါတ်ကို သူ့ဘာသာ ကာကွယ်နိုင်သော်ငြား ပီလော့ကမူ ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
“အဲ့တော့ဘာဖြစ်လဲ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့်သာ ပြန်ပြောလိုက်လေသည်။
“မင်းက အခေါင်းမမြင်သေးသရွေ့ နောင်တရမယ့်ကောင် မဟုတ်ဘူးပဲ” ကျင်းရှီသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံး စတင်ရွှေရောင်တောက်လာခဲ့သည်။ ထိုရွှေရောင်အလင်း၏ နောက်ကွယ်၍ ပုစဉ်းရင်ကွဲတစ်ကောင်၏ ဝိုးတဝါးတား ပုံရိပ်ကို လှမ်းမြင်နိုင်ပေသည်။ ထိုပုံရိပ် ကျင်းရှီ၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်နှင့် ကျင်းရှီ၏ အရှိန်အဝါ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ကျင်းရှီဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် လူတိုင်းအား မသက်မသာ ဖြစ်စေပြီး သူ့တို့စိတ်ထဲရှိ ရက်စက်ကြမ်းကြုတ်သော အတွင်းစိတ်ရိုင်းများကို နှိုးဆွပေးနိုင်သည်။
ကျင်းရှီ ရန်ကိုင်အား မည်မျှ မုန်းသလဲဆိုလျှင် ပြောပြ၍ မရနိုင်လောက်အောင်ကို မုန်းတီးပေသည်။ ရန်ကိုင်၏ စနက်ကြောင့် လက်တစ်ဖက် ပြတ်သွားခဲ့ရသည့် အဖြစ်အား ပြန်တွေးလိုက်တိုင်း ကျင်းရှီ စားမဝင်အိမ်မပျော် ဖြစ်ရသည်။ ထိုအကြောင်း ပြန်တွေးမိတိုင်း ရန်ကိုင်အား လက်စားချေချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် ရန်ကိုင်နှင့် တိုက်ပွဲစသည်နှင့် သူ၏ အားအကောင်းဆုံး ပညာရပ်ကို ထုတ်သုံးလိုက်လေသည်။
ရွှေရောင်အလင်းတန်း ဖုံးအုပ်သွားသည့်အခါ အကြွေးခွံများဖြင့် ဖုံးအုပ်ထားသော ကျင်းရှီ ထွက်ပေါ်လာခဲ့သည်။ လက်ရှိ ကျင်းရှီပေါ်တွင် အကြေးခွံများ ရှိနေရုံမက သူ့ကျောဘက်တွင်လည်း ထွင်းဖောက်မြင်နိုင်သော ပုစဉ်းတောင်ပံတစ်စုံ ရှိနေခဲ့ပေသည်။
ကျင်းရှီ၏ ပါးနှစ်ဖက် ဖောင်းကာလာပြီး ရှူသွင်းထားသော လေများကို မှုတ်ထုတ်လိုက်သည့်အခိုက် စူးရှသော အသံလှိုင်းတို့ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင် အမူအရာ ချက်ချင်း တည်ကြည်သွားခဲ့သည်။ ကျင်းရှီသည် လောကရတနာအား လှုပ်မရအောင် ချုပ်နှောင်နိုင်ရန်အတွက် ထိုတိုက်ကွက်ကို အအသုံးပြုခဲ့သည်။ ထိုပညာရပ်၏ စွမ်းအားကို မြင်ဖူးထားသည့်အတွက် ထိုပညာရပ် မည်မျှ အားကောင်းကြောင်း ရန်ကိုင် သိသည်။
ချက်ချင်း အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များကို အပြင်သို့ ဆွဲယူ၍ သူ့ပတ်လည်၍ မီးနီရောင်တောက်နေသော အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။
“စိတ်စွမ်းအင်ကို ပုံဖော်ထားတာလား” ထိုအခြင်းအရာကို မြင်သည့်အခါ ကျင်းရှီ မျက်လုံးပြူးသွားခဲ့သည်။
နတ်ဘုရားစိတ်အာရုံသည် ထိတွေ့ကိုင်တွယ်၍ မရသော်လည်း အတိုင်းအတာတစ်ခုအထိ အားကောင်းလာခဲ့လျှင် မျက်စိဖြင့် မြင်ရလာနိုင်သည်။ မျက်စိဖြင့် မြင်နိုင်သည့် အဆင့်အား စိတ်စွမ်းအင်ပုံရိပ်ဖော်ခြင်းဟု ခေါ်ကြသည်။
အရိပ်ကြယ်ပေါ်ရှိ မည်သူမှ စိတ်စွမ်းအင်ဖြင့် ပုံရိပ်မဖော်နိုင်ကြသေးပေ။ ကျင်းရှီ သိသလောက် တစ်ယောက်မှ ထိုကဲ့သို့ မလုပ်နိုင်ကြသေးပေ။ ပုံရိပ်ဖော်ခြင်းကို လုပ်နိုင်ရန်အတွက် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေရန် လိုအပ်ပေသည်။
သူ့ရှေ့ရှိ ကောင်လေးသည် တန်ခိုးရှင်ဘုရင်အဆင့် မဟုတ်ဘဲ၊ မကြာသေးခင်ကမှ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ထားသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့စိတ်စွမ်းအင်သည် ဘာကြောင့် ထိုမျှ အားကောင်းနေရသနည်း။
ထို့အပြင် သူ့စိတ်စွမ်းအင် အရောင်အရ ထိုကောင်လေးသည် သာမန် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ အသွင်ပြောင်း အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေလိမ့်မည်။
ငါ့လခွမ်း ထိုအခြင်းအရာကို မြင်ပြီးနောက် ကျင်းရှီ ကျိန်ဆဲမိလိုက်သည်။ ထိုလူငယ်လေး၏ ခွန်အားကို အတတ်နိုင်ဆုံး ခန့်မှန်းထားခဲ့သော်လည်း လက်တွေ့ ခွန်အားသည် သူခန့်မှန်းထားသည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့သည်။
ကျင်းရှီ၏ အသံလှိုင်းတိုက်ဆိုက်မှုဆီသို့ ရန်ကိုင်ဆီသို့ တိုးဝင်သွားသော်လည်း ရန်ကိုင် ဖန်တီးထားသော စိတ်စွမ်းအကာအရံ၏ တားဆီးခြင်း ခံလိုက်ရသည်။ အသံလှိုင်းများသည် အကာအရံနှင့် ထိတွေ့သွားချိန် မည်သည့် လှုပ်ခတ်မှုကိုမှ မဖြစ်စေနိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် ကျင်းရှီသည် တစ်ယောက်တည်း တိုက်ခိုက်ခြင်းမဟုတ်၊ သူ့အဖော် ကျောင်းသခင် ရှိနေပေသေးသည်။ ကျောင်းသခင်၏ လက်ကောက်သည် လက်ကောက်များစွာ အဖြစ်သို့ ခွဲထွက်သွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲသည်။
ထိုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကိုင်သည် နည်းနည်းလေးမှ ပျာယာခတ်သွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင်သာ ရှိနေခဲ့သည်။ ချက်ချင်းပဲ တစ်မီတာ အရှည်ရှိသော အစိမ်းရင့်ရောင် ထိပ်တုံးဓါးတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
နဂါးစိမ်းဓါးပင် ဖြစ်လေသည်။
ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် ဓါးတစ်ချောင်းလုံး အစိမ်းရောင် တောက်လာခဲ့သည်။ မကြာမီ ဓါးတစ်ချောင်းလုံး အသက်ဝင်လာသည့်နှယ် မိုးချိန်းသံတမျှ ကျယ်လောင်သော နဂါးဟိန်းသံနှင့်အတူ နဂါးစိမ်းဓါးသည် မီတာပေါင်းများစွာ ရှည်လျားသော အစိမ်းရောင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သွေးနတ်ဆိုးကျောင်းသခင်ဆီ တိုးဝင်သွားလေသည်။
အစိမ်းရောင်နဂါး ပေါ်လာသည်နှင့် လေထဲ ကြောက်မက်ဖွယ်ရာ နဂါးဖိအားတစ်ရပ် ပျံ့နှံ့လာခဲ့သည်။
လက်ကောက်ကွင်းများ ရန်ကိုင်အား မထိမှီ နဂါး၏ ရိုက်ထုတ်လိုက်ခြင်း ခံလိုက်ရသည်။ အစိမ်းရောင်နဂါးသည် ဆက်လက်ပျံသန်းနေရင်း ကျောင်သခင်းဆီသို့ အစိမ်းရောင်မြူခိုးများ မှုတ်ထုတ်လိုက်သည်။ ထိုအစိမ်းရောင်မြူများသည် တိုက်စားနိုင်စွမ်း ပြင်းထန်ပြီး ပျို့အန်ချင်စရာ ကောင်းလောက်အောင် နံစော်လွန်းလှသည်။ သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် ထိုအစိမ်းရောင်မြူခိုးများကို မြင်သော် အလန့်တကြား ထအော်လျက် အလျင်စလို ဘေးသို့ ခုန်ရှောင်လိုက်လေသည်။
နဂါးလိုဏ်ဂူတောင် တိုက်ပွဲတွင် သူမ ဝင်မပါခဲ့ရသော်လည်း တိုက်ပွဲအကြောင်း အသေးစိတ်ကို ကျင်းရှီဆီမှ ပြန်ကြားသိခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်တွင် ထူးဆန်းသော နဂါးအသွင်သို့ ပြောင်းလဲနိုင်သည့် မှော်ရတနာတစ်ခု ရှိနေကြောင်း သူမ သိထားပေသည်။
ကျင်းရှီ ထိုအကြောင်းကို ပြန်ပြောစဉ်က သူမ သိပ်အရေးမစိုက်ခဲ့။ သူမျက်နှာ မပျက်ရလေအောင် ရန်ကိုင်၏ စွမ်းအားကို ပုံကြီးချဲ့ပြောနေခြင်း ဖြစ်သည်ဟု ထင်ခဲ့သည်။ တကယ်တော့ မှော်ရတနာများ၏ စွမ်းအားသည် အကန့်အသတ်နှင့် ရှိပြီး လူတစ်ယောက်၏ စွမ်းအားသည်သာ ပြောင်းလဲနိုင်ခြင်း မဟုတ်ပေလော။ ကျင်းရှီပြောသည့် မှော်ရတနာ အားကောင်းမည် ဆိုလျှင်ပင် အရမ်းကြီး အားကောင်းလိမ့်မည် မဟုတ်ဟု သူမ ထင်ခဲ့သည်။
ဓါးမှ အသွင်ပြောင်းလာသည့် အစိမ်းရောင်နဂါးသည် အစစ်အမှန် အသွေးအသားကို ပိုင်ဆိုင်ထားသည့် ရှေးနတ်ဘုရားမျိုးစိတ်တစ်ကောင်နှင့် အလွန်ကို တူလှသည်။
နဂါးလိုဏ်ဂူတောင် တိုက်ပွဲတွင် နဂါးစိမ်းဓါးကို ထုတ်သုံးခဲ့စဉ်က ရန်ကိုင် အနေဖြင့် ထိုဓါးကို အပြည့်အဝ မသန့်စင်ရသေးသည့်အတွက် ၎င်း၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ချေ။ ယခု ဓါးတစ်ချောင်းလုံးသည် သူ့လက်အောက်သို့ ရောက်သွားပြီ ဖြစ်ကာ သူ့စိတ်ရှိတိုင်း ထိန်းချုပ်နိုင်လေပြီ။ ထို့ကြောင့် ယခင်ထက် ပိုမိုသာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်မှာ ပြောစရာမလိုသော အချက်တစ်ချက်ဖြစ်သည်။
ထိုအတွက်ကြောင့် ကျင်းရှီ အလွန် ပျော်သွားခဲ့သည်။
သူ့အနေဖြင့် ရန်ကိုင်၏ မီးငှက်ကို ကြောက်နေစရာ မလိုတော့ဘဲ သူတို့ ရင်ဆိုင်ရမည့် ရန်ကိုင်၏ ဝှက်ဖဲတစ်ခု လျော့သွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၆၃)
မီးငှက် မရှိတော့သည့်အတွက် ရန်ကိုင်ကို တစ်ခဏအတွင်း အနိုင်ယူနိုင်လိမ့်မည်ဟု ကျင်းရှီ ထင်နေခဲ့သည်။
ရန်ကိုင်သာ သေသွားခဲ့လျှင် နဂါးစိမ်းလည်း ထိန်းချုပ်မည့်လူ မရှိတော့သည့်အတွက် အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။ တစ်ချိန်တည်းတွင် ရန်ကိုင်လက်ထဲသို့ ပါသွားသည့် ဆန်းယင်ရွှေကိုလည်း ပြန်လည်ရယူနိုင်လိမ့်မည်ဟု ကျင်းရှီ ထင်နေခဲ့သည်။
အဓိကသည် ရန်ကိုင်ကို သတ်နိုင်ရန် ဖြစ်သည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ကျင်းရှီသွေးများ ဆူပွက်လာခဲ့ရသည်။ ဆံပင်တစ်ချောင်း ကဲ့သို့ ပါးလျသော အပ်ကဲ့သို့ မှော်ရတနာတစ်ခုကို ထုတ်၍ ရန်ကိုင်ဆီ လှမ်းပစ်လိုက်လေသည်။ ထိုမှော်ရတနာသည် အဖျက်စွမ်းအား ပြင်းထန်ပြီး သေးငယ်သည့်အတွက် ချောင်းမြောင်း တိုက်ခိုက်ရာတွင် အလွန်အသုံးဝင်သည့် မှော်ရတနာတစ်ခု ဖြစ်သည်။ အပ် ထိပ်ဖျားတွင် အားကောင်းသော အဆိပ်ရည်တစ်မျိုး ဟုတ်လိမ်းထားခြင်း မဟုတ်ပေလော။
သူ့ဆီ တိုးဝင်လာနေသော အပ်ကို မြင်သော် ခရမ်းရောင်ဒိုင်းကို ထုတ်ကာ သူ့ကိုယ်သူ ကောက်ကာကွယ်လိုက်သည်။ ထန်ခနဲ မြည်သံနှင့်အတူ အပ်ထိပ်သည် ခရမ်းရောင်ဒိုင်းအား လာရောက် ထိမှန်လေသည်။ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာ တစ်ခု ဖြစ်သည့်အတွက်ကြောင့် ကျင်းရှီ ပစ်လိုက်သည့် အပ်သည် အလွန်ကိုမှ အားကောင်းသော်ငြား ဒိုင်းကာကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း ထိုမျှ လုပ်ပေးနိုင်ရုံဖြင့် အပ်တာဝန် ကျေသွားလေပြီ။
ကျင်းရှီ ရန်ကိုင်အား ထိုအပ်ဖြင့် လှမ်းပစ်လိုက်သည့်ခြင်းသည် သူ့အား သတ်လိုသည့် အတွက်ကြောင့် မဟုတ်ဘဲ သူ့အာရုံကို လှည့်စားရန် သက်သက်သာ ဖြစ်သည်။
ရန်ကိုင် အပ်ပေါ်သို့ အာရုံရောက်နေသည်ကို အခွင့်ကောင်းယူ၍ ကျင်းရှီသည် ရန်ကိုင်ဆီသို့ လျင်မြန်စွာ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကျင်းရှီသည် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ရန်ကိုင်နှင့် ဆယ်မီတာ အနီးတွင်ေ ပါ်လာခဲ့သည်။
ထို့နောက် ညစ်ကျယ်ကျယ်ပြောရင်း လှမ်းအော်ပြောလိုက်သည် “ကောင်လေး၊ မင်းတကယ် တုံးလွန်းတာပဲကွာ”
သူ့စကားသံ ဆုံးသွားသည်နှင့် သူ့ရှီဖြင့် ရန်ကိုင်အား ချုပ်နှောင်ရန် ကြိုးစားလေသည်။ ရှီအား ပုံစံတူနည်းလမ်းများဖြင့်သာ သိပ်သည်းထားကြခြင်း ဖြစ်သော်လည်း ကျင့်ကြံသူပေါ် မူတည်၍ အနည်းငယ်စီ ကွဲပြားသွားကြသည်။
ကျင်းရှီ၏ ရှီထဲ မှိန်ဖျော့ဖျော့ သွေးအရှိန်အဝါ ပါဝင်နေခဲ့သည်။ သူ့ရှီ၏ လွှမ်းခြုံခြင်း ခံလိုက်ရလျှင် သွေးကန်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားရမည်ဖြစ်ကာ လှုပ်ရှားရ ခက်ခဲ၊ သူတော်စင်ချီအား လှည့်ပတ်ရ ခက်ခဲလာမည် ဖြစ်သလို သွေးအရှိန်အဝါကြောင့် မွန်းကြပ်လာသလိုလည်း ခံစားလာရပေလိမ့်မည်။ ထို့အပြင် သွေးအရှိန်အဝါသည် ကျင့်ကြံသူ တစ်ယောက်၏ ချွေးညင်းပေါက်များတစ်ဆင့် ကိုယ်တွင်းသို့ စိမ့်ဝင်ကာ ထိုကျင့်ကြံသူ၏ စိတ်အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နိုင်ပေသည်။
ကျင်းရှီ၏ ရှီဖြင့် လွှမ်းခြုံခံလိုက်ရသည့်နောက်တွင် ရန်ကိုင်၏ မျက်လုံးများ သွေးရောင်ရဲလာပြီး သူ့မျက်နှာသည်လည်း မွန်းကြပ်လာသည့် ပုံစံမျိုး ဖြစ်လာခဲ့ရသည်။ ပီလော့ဆိုလျှင် ပို၍ပင် အခြေအနေဆိုးကာ အော်ညည်းရင်း ရန်ကိုင် လက်မောင်းထဲသို့ ပျော့ခွေကျသွားလေသည်။
ယခင်ဒဏ်ရာများ အကင်းမပျောက်သေးသည့်အတွက် ကောင်းကောင်းပင် မလှုပ်ရှားနိုင်ရာ တန်ခိုးရှင်တတိယအဆင့် ဖြစ်သော ကျင်းရှီ၏ ရှီကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
“တန်ခိုးရှင်ပထမအဆင့်လေးနဲ့များ လာပြီး မောက်မာချင်သေးတယ်။ တကယ့် တန်ခိုးရှင်အဆင့် ဆိုတာဘာလဲ အခုသိသွားပြီလား” ရန်ကိုင်ပုံစံကိုမြင်သော် ကျင်းရှီ သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်မိသွားခဲ့သည်။ ကျင်းရှီ၏ အစီအစဉ်သည် ရှင်းပေသည်။ သူ့ရှီကိုသုံး၍ ရန်ကိုင်အား တစ်ခါတည်း ရှင်းပစ်ရန်ပင် ဖြစ်သည်။
နဂါးလိုဏ်ဂူတောင် တိုက်ပွဲဖြစ်ပွားစဉ်က ရန်ကိုင်သည် သူတော်စင်ဘုရင် တတိယ အဆင့်သာ ရှိသေးသည့်အတွက် လောလောဆယ်တွင် ရန်ကိုင်သည် တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေလျှင်ပင် ရှီအား သိပ်သည်းရသေးမည် မဟုတ်ဟု ကျင်းရှီ ထင်သည်။ တစ်နည်း ဆိုရသော် ရန်ကိုင်၏ စွမ်းအားသည် တန်ခိုးရှင်ပထမအဆင့် တစ်ယောက်၏ ခွန်အားအဖြစ်သို့ ပြောင်းလဲသွားရုံမှအပ တန်ခိုးရှင်ပညာရှင် တစ်ယောက်တွင် ရှိသင့်သည့် ရှီမျိုး သူ့တွင် ရှိမနေပေ။
ကျင်းရှီသည် ရန်ကိုင် အားနည်းချက်ကို အသုံးချ၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူ့အစီအစဉ် ကောင်းသော်လည်း ရန်ကိုင်ရှီသည် အသေးစားပြီးမြောက်ခြင်း အဆင့်သို့ ရောက်နေလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ထားပါမည်နည်း။
သူ့လက်ဖြင့် ရန်ကိုင်အား လှမ်းဖမ်းတော့မည် ဆဲဆဲတွင်၊ ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားပြီး နီရဲနေသော သူ့မျက်ဝန်းအစုံ ရုတ်ချည်း တည်ငြိမ်သွားသည်ကို ကျင်းရှီ သတိပြုမိလိုက်သည်။ ရန်ကိုင်၏ အမူအရာကို မြင်သော် ကျင်းရှီ၏ခေါင်းထဲ အချက်ပေးသံတို့ မြည်ဟည်းသွားခဲ့လေသည်။
သို့သော် ရန်ကိုင် ဘာကြံနေသလဲ သတိမပြုမိနိုင်သေးခင်မှာပင်၊ ရန်ကိုင်ဆီမှ အားကောင်းသော စွမ်းအင်တစ်ရပ် ဖြာထွက်လာပြီး ကျင်းရှီ၏ ရှီကို ချိုးဖျက်သွားရုံမက သူ့တစ်ကိုယ်လုံးကိုပါ လွှမ်းခြုံသွားခဲ့သည်။ ထိုစွမ်းအား ထွက်ပေါ်လာသည့်အခါ သူ့ရှီအား တည်ငြိမ်စွာ မထိန်းချုပ်ထားနိုင်တော့သည်ကို ကျင်းရှီ သတိပြုမိလို်ကသည်။
တစ်ချိန်တည်းတွင် ပတ်ပတ်လည် လေဟာနယ် စတင် တွန့်လိမ်လာခဲ့ပြီး သူ့တစ်ကိုယ်လုံး ဟင်းလင်းပြင်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ ရန်ကိုင်ဆိုသော ကောင်လေးသည် ယခုလေးတင် သူ့ရှေ့၌ ရှိနေခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်း အလွန်ကိုမှ ဝေးကွာသော နေရာတစ်ခုကို ရောက်သွားသလို ကျင်းရှီ ခံစားလိုက်ရသည်။
“မဖြစ်နိုင်ဘူး” ကျင်းရှီ မျက်လုံးအပြူးသားဖြင့် အလန့်တကြား ထအော်တော့လေသည်။
ရန်ကိုင် ထုတ်လွှတ်လိုက်သည့် စွမ်းအားသည် ရှီစွမ်းအင် ဖြစ်မှန်း ကျင်းရှီ ပြောနိုင်သည်။ ထို့အပြင် ရန်ကိုင်၏ရှီသည် သူ့ထက်ပင် ပိုအားကောင်းနေခဲ့သည်။
ဘယ်လိုရှီမို့လို့ လေဟာနယ်ကိုပါ ပျက်ယွင်အောင် လုပ်နိုင်တာလဲ ကျင်းရှီ အတွေး များမိသွားရလေပြီ။ သူနှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသော ရန်ကိုင်သည် ရုတ်ချည်း အလွန်ကို ဝေးကွာသော နေရာသို့ ရောက်သွားသည့်အတွက် သူ့အစီအစဉ်လည်း အသုံးမဝင် ဖြစ်သွားခဲ့ရသည်။
ရန်ကိုင်သည် သူ့ရှီစွမ်းအင်ထဲသို့ လေဟာနယ်စွမ်းအင်ကို ပေါင်းထည့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ရှီကို ထုတ်လွှတ်လိုက်သည်နှင့် အနီးအနားရှိ လေဟာနယ်ပါ တွန့်လိမ်သွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုအရာသည် ဧကရာဇ်ဥယျာဉ်ထဲသို့ မဝင်ဘဲ ဆယ်ရက် အနောက်ကျခံပြီးမှ ရလာသည့် အကျိုးအမြတ်တစ်ခု ဖြစ်သည်။ အလွန်ပြင်းထန်သော ဧကရာဇ်ဖိအားကြောင့် လေဟာနယ် စွမ်းအားကိုပါ သူ့ရှီစွမ်းအင်ထဲသို့ တစ်ခါတည်း ပေါင်းစည်းပစ်နိုင်ခဲ့သည်။ ရန်ကိုင်၏ ရှီသည် သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ၏ ရှီထက် အများကြီး ပိုအားကောင်းနေပြီမှာ သံသယ ရှိစရာ မလိုချေ။
လက်ရှိ အဖြစ်အပျက်သည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သူ့ရှီစွမ်းအားအပေါ် ရန်ကိုင် အတော်လေး မျှော်လင့်ထားခဲ့သည်။ သူထင်ထားခဲ့သည့်အတိုင်း သူ့ရှီသည် သူ့အား စိတ်ပျက်အောင် မလုပ်ခဲ့ချေ။
ကျင်းရှီသည် တန်ခိုးရှင်တတိယအဆင့်သို့ လွန်ခဲ့သော နှစ်များစွာကတည်းက ရောက်ထားသည့် အရိပ်ကြယ်၏ နာမည်ကျော် ပညာရှင်တစ်ယောက် ဖြစ်သည်။ ရန်ကိုင် အနေဖြင့် ပီလော့အား ကာကွယ်နေရင်း ကျင်းရှီအား ပွင့်ပွင့်လင်းလင်း ရင်ဆိုင်တိုက်ခိုက်မည် ဆိုပါက သူ့အား သတ်ရန် အလွန်ကိုမှ ခက်ခဲပေလိမ့်မည်။ သူသည် ကျင်းရှီ တစ်ယောက်တည်းကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ကျောင်းသခင်အမျိုးသမီးကိုပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထို့ကြောင့် ရန်ကိုင်သည် အားနည်းချင်ယောင်၍ ကျင်းရှီ သူ့နားသို့ ချဉ်းကပ်လာအောင် မျှားခေါ်ပြီးမှ တန်ပြန်တိုက်ခိုက်ခဲ့သည်။ ကျောင်းသခင်အား အလုပ်များနေစေရန် နဂါးစိမ်းဓါးကို အသုံးပြုလိုက်ရသည့်အတွက် ရန်ကိုင် အခြား အားကိုးစရာ ဝှက်ဖဲ မရှိတော့သည်ဟု ကျင်းရှီ ထင်သွားခဲ့သည်။
ထို့ကြောင့် သူ့ကိုယ်သူ အဟုတ်ကြီးထင်လျက် ကျင်းရှီသည် ရန်ကိုင်အား တစ်ခဏအတွင်း ပွဲဖြတ်ပစ်နိုင်ရန် သူ့နားသို့ ချဉ်းကပ်လာခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် ကျားသားစားချင်၍ ဝက်ယောင်ဆောင်နေခြင်း ဖြစ်မှန်း သူမည်ကဲ့သို့ သိခဲ့ပါမည်နည်း။
ပုံမှန်အားဖြင့် ကျင်းရှီသာ သူနှင့် ခမ်းလှမ်းလှမ်းတွင် ရှိနေခဲ့လျှင် ရန်ကိုင် အနေဖြင့် သူ့ရှီကို ထုတ်သုံး၍ တိုက်ခိုက်ရန် အခက်တွေ့ရပေလိမ့်မည်။ ရန်ကိုင်၏ရှီသည် မီတာသုံးရာ ပတ်လည်ကိုသာ လွှမ်းခြုံနိုင်ပေသည်။ တစ်နည်းဆိုရသော် မီတာသုံးရာ ပတ်လည်အတွင်းတွင် ရန်ကိုင်သည် သူ့စိတ်ကြိုက် တည်နေရာ ခုန်ကူးနိုင်ပေသည်။
ကျင်းရှီသည် ရန်ကိုင်အား ဖမ်းချုပ်ရန် ကြိုးစားနေသည် ကိုယ်နေဟန်ထားတွင်သာ ရှိနေသေးသည်။ ရန်ကိုင် အခြားတစ်နေရာသို့ ခုန်ကျော်သွားပြီး လေဟာနယ်ဓါးသွားဖြင့် ကျင်းရှီအား လှမ်းပစ်လိုက်သည်။
သူ့ရန်သူသည် တန်ခိုးရှင်တတိယအဆင့် တစ်ယောက် ဖြစ်နေသည့် အတွက် အားကုန် ထုတ်သုံးမှ တော်ကာရာကျပေမည်။ လေဟာနယ်ဓါးသွားသည် ကျင်းရှီ၏ ခန္ဓာကိုယ်အား ဖောက်ထွက်သွားပြီး အခြားတစ်ဖက်မှ ပြန်ထွက်လာခဲ့သည်။
“ဟန်” ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး အနားတစ်နေရာဆီ လှမ်းကြည့်လိုက်သည်။ သူကြည့်နေသည့် အရပ်ဆီတွင် ပုံပျက်ပန်းပျက် အမူအရာနှင့် ကျင်းရှီ ပေါ်လာခဲ့လေသည်။ လက်ရှိကျင်းရှီသည် မောကြီးပန်းကြီး အသက်ရှူရင်း အလွန်ကိုမှ ထိတ်လန့်နေသော အမူအရာဖြင့် ရန်ကိုင်အား လှမ်းကြည့်နေခဲ့သည်။
တစ်ချိန်တည်းတွင် ရင်ဘတ်တွင် အပေါက်ဖောက်ခံထားရသော ကျင်းရှီသည်လည်း ရှိနေခဲ့သည်။ သို့သော် ထိုကျင်းရှီ၏ ဒဏ်ရာဆီမှ မည်သည့်သွေးကျ စီးကျနေခြင်း မရှိခဲ့ပေ။
ဒဏ်ရာရထားသော ကျင်းရှီသည် ရုတ်တရက် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျင်းရှီသည် အသက်ကယ်ပညာရပ် တစ်ခုကိုသုံး၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ထိုခွေးအိုကြီး ကျင့်ကြံထားသည့် ရွှေတောင်ပံနတ်ဆိုးပညာရပ်ထဲတွင် ရွှေတောင်ပံ အသက်ကယ် ပညာရပ်ဆိုသည့် ပညာရပ်တစ်ခုပါ ရှိပေသည်။ ထိုပညာရပ်ကြောင့်ပင် ကျင်းရှီသည် သေဘေးမှ အကြိမ်ပေါင်းများစွာ လွတ်မြောက်နိုင်ခဲ့သည်။ ရန်ကိုင်၏ လေဟာနယ်ဓါးသွား သူ့အား လာရောက်မထိမှန်ခင် သူ့မသိစိတ်အရ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည့်အတွက် ထိုအသက်ကယ် ပညာရပ်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ထိုပညာရပ်သည် အလွန်ကိုမှ အသုံးဝင်သော်လည်း ၎င်းတွင် ကန့်သတ်ချက်များစွာ ရှိပေသည်။ ထိုပညာရပ်ကို အသုံးပြုရန်အတွက် စွမ်းအင်များစွာ လိုအပ်သည်။ ထို့အပြင် တစ်ခါ သုံးပြီးသွားလျှင် အချိန်တိုအတွင်း နောက်တစ်ကြိမ် ပြန်အသုံးမပြုနိုင်ချေ။
အခြားတစ်နေရာတွင်သာ ဆိုလျှင်တော့ ကျင်းရှီ လွတ်မြောက်အောင် လွတ်မြောက်သွားနိုင်သော်ငြား နေရာကျဉ်းမြောင်းသော ရေခဲလမ်းကဲ့သို့ နေရာမျိုးတွင်မူ သူထွက်ပြေးချင်လျှင် ခပ်ဝေးဝေးသို့ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
ကျင်းရှီ စိတ်ညစ်နေရသည်ကား ရန်ကိုင် ရှီစွမ်းအင် သက်ရောက်နေသည့် စက်ကွင်း အတွင်းတွင် သူ့အသက်ကယ်ပညာရပ်ကို ထုတ်သုံးလိုက်သည့်အခါ သူ၏တည်နေရာကို သေချာ အာရုံခံ၍ မရခြင်းပင်။ လွတ်ပြီအထင်နှင့် ထွက်ပြေးလိုက်သော်လည်း တကယ်တမ်းတွင် ရန်ကိုင်နှင့် ဆယ်မီတာကျော် အကွာလောက်သို့သော ရောက်နေမှန်း တွေ့လိုက်ရသည်။
“စိတ်ဝင်စားစရာပဲ” ရန်ကိုင်သည် သူ့ရှီစွမ်းအင်ကို ထိပ်တိုးလိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ပတ်လည်ရှိ ဟင်းလင်းပြင် ဖြည်းဖြည်းချင်း ပြိုကျလာခဲ့သည်။ ရန်ကိုင်ကို ဗဟိုပြု၍ ပတ်ပတ်လည် မီတာသုံးရာပတ်လည်အတွင်းတွင် မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ထိုဟင်းလငး်ပြင်အက်ကွဲကြောင်းများကို လောက နိယာမများက အလျင်အမြန် ပြန်လည် ဖာထေးသွားသော်ငြား အသစ်အသစ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် အလွန်ကို မြန်ဆန်သော အမြန်နှုန်းဖြင့် ဖြစ်ပေါ်လာနေခဲ့သည်။
ကူကယ်ရာမဲ့နေသော ဖြူဖတ်ဖြူလျော် ကျင်းရှီကို ကြည့်ရင်း ရန်ကိုင်သည် လက်သီး တင်းတင်းဆုပ်ကာ အော်ပြောလိုက်သည် “သိပ်သည်းလိုက်စမ်း”
ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ရန်ကိုင်၏ အမိန့်အတိုင်း ကျင်းရှီ ရှိနေသည့် နေရာဆီသို့ စုစည်းသွားခဲ့ပြီး မရေမတွက်နိုင်သော မြွေလေးများနှင့် သူ့အား ဝိုင်းရံလိုက်ကြသည်။
ကျင်းရှီသည် အလွန်ကိုမှ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေခဲ့လေပြီ။ သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲချုပ်ဖြစ်သော တန်ခိုးရှင်တတိယအဆင့် ကျင်းရှီသည် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူလေးတစ်ယောက်ကြောင့် ပြေးမရ၊ ရှောင်မရသော ကျဉ်းထဲကြပ်ထဲသို့ ရောက်နေခဲ့ရသည်။ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းမျာဆီမှ မည်သို့မှ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည့်အခါ ကျင်းရှီ ထိတ်လန့်သွာပြီး ရန်ကိုင်အား ချက်ချင်း အသနားခံတော့လေသည် “ဂိုဏ်းချုပ်ရန် နေပါဦး၊ ကျေးဇူးပြုပြီး သနားညှာတာပါဦးဗျာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၆၄)
သေဘေးနှင့် ရင်ဆိုင်ရသော် အဘိုကြီး ခြေမခိုင်ချင် ဖြစ်လာပြီး အသက်ချမ်းသာပေးရန် တောင်းပန်တော့လေသည်။
ပုံမှန်ဆိုလျှင် ထိုဟင်းလင်းပြင်အက်ကွဲကြောင်းများဆီမှ သူထွက်ပြေးနိုင်ပေသည်။ သို့သော် ရွှေရောင်ပံအသက်ကယ် ပညာရပ်ကို ထုတ်သုံးပြီးနောက် သူအတော့်ကိုမှ အားနည်းသွားခဲ့သည်။ လောလောဆယ်တွင် သူ့အထွတ်အထိပ် ခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးနိုင်ပေသည်။
ခင်ဗျားသောက်ပိုတွေကို ဘယ်သူက နားထောင်မှာလဲ ရန်ကိုင်သည် နောင်ရေးအေးစေရန် မြွေကိုသတ်သည့်အခါ သေအောင်သတ် ဟူသော ဆောင်ပုဒ်ကို ကျင့်သုံးသည်။ ထို့ကြောင့် ကျင်းရှီအား မည်သည့်နည်းနှင့်မှ သူအလွတ်ပေးမည် မဟုတ်ချေ။
မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ကျင်းရှီအား စတင် ဝါးမြိုတော့လေသည်။ ကျင်းရှီသည် သူတော်စင်ချီဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားခဲ့သော်ငြား သူဖန်တီးထားသည့် သူတော်စင်ချီ အကာအရံသည် တစ်ခဏတာ တောင့်ခံနိုင်ခဲ့ပြီး ပျက်စီးသွားခဲ့လေသည်။ သူတော်စင်ချီ အကာအကွယ် ပျက်စီးသွားသည်နှင့် ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ကျင်းရှီ၏ အသွေး၊အသား၊ အရိုးတို့ကို စတင် ဝါးမြို့တော့သည်။
မကြာမီ သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲချုပ်ဖြစ်သော ကျင်းရှီ၏ ခန္ဓာကိုယ် တစ်ဝက်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းများထဲ အစရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးနှစ်ဦး မှင်သက်နေခဲ့သည်။
တိုက်ပွဲရလဒ်သည် သူတို့ ထင်ထားသည်နှင့် တလွဲစီ ဖြစ်နေခဲ့သည်။ သူတို့ ထင်ထားသည့် အတိုင်း တိုက်ပွဲသည် တစ်ဖက်သတ် ဆန်ပေသည်။ ကျင်းရှီမှ ဖိတိုက်ခြင်းတော့ မဟုတ်ဘဲ ရန်ကိုင်မှ အထက်စီးမှ ဖိတိုက်သွားခဲ့ခြင်း ဖြစ်သည်။
တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင် ထိုမျှ အားကောင်းမှန်း သူမတို့ မသိခဲ့ပေ။
ထိုလူငယ်လေး မည်သည့် ကြယ်မှလာသနည်း။ သူ့အကြောင်းကို မည်သည့် အတွက်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။ ထူးဆန်းသော ရှီကို ပိုင်ဆိုင်ထားသည့်အပြင် ကြောက်မက်ဖွယ်ရာ ခွန်အားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုလူငယ်လေးသည် လူမသိသူမသိ ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင်ဘဲ အင်အားစုကြီးတစ်ခု၏ တက်သစ်စ ကြယ်တစ်ပွင့်သာ ဖြစ်ရပေမည်။
သို့သော်လည်း ထိုလူငယ်လေးအကြောင်း သူမတို့ နှစ်ဦးစလုံး တစ်ခါမှ မကြားဖူးချေ။
သူမတို့ရင်ထဲ ပျော်နေမိသော်လည်း စိုးလည်း စိုးရိမ်နေမိသည်။ သူမတို့အား လိုချင်သည်ဟု ပြောသွားသော လူအိုကြီး သေသွားသည့်အတွက် ပျော်နေမိသော်လည်း ရန်ကိုင်၏ စရိုက်ကို မသိထားသေးသည့် အတွက် စိုးရိမ်နေမိပြန်သည်။ တိုက်ပွဲပြီးသွားသည့် နောက်တွင် ရန်ကိုင်သာ သူတို့အား သတ်ရန် ဆုံးဖြတ်လိုက်ပါက သူတို့လည်း ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။
ချက်ချင်းဆိုသလို ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး နှစ်ဦးစလုံး စိတ်ဓါတ်ကျသွားကြပြန်သည်။ ကျားသနားမှ နွားချမ်းသာရာရမည့် ဘဝမျိုးသို့ ရောက်ရသည်မှာ တကယ်ကို စိတ်ညစ်ဖွယ်ကောင်းလှပေသည်။ သို့သော်လည်း ရန်ကိုင် သူတို့အား အာရုံစိုက်လာမည်ကို စိုးရွံ့သည့်အတွက် စိတ်ရှိတိုင်း မလှုပ်ရှားရဲကြပေ။
ကျင်းရှီ သေသွားသည်ကို မြင်သည့်အခါ သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင် အမျိုးသမီး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမတို့ဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သော ကျင်းရှီသည် ရန်ကိုင်အား တစ်ခဏလေးပင် မထိန်းထားနိုင်ခဲ့ဘဲ အချိန်တိုအတွင်း သူ့လက်၌ အသတ်ခံလိုက်ရသည်။ ထိုလူငယ်လေးသည် မကြာသေးခင်ကမှ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်လာသော လူငယ်လေးပင် ဟုတ်မှဟုတ်ပါလေစ။
ကျင်းရှီ ထိုလူငယ်လေးအကြောင်း ကောင်းကောင်း မသိထားခြင်းများ ဖြစ်နေမလား။ သူမ မြင်သလောက် ထိုလူငယ်လေးသည် ကျားသားစားချင်၍ ဝက်ယောင်ဆောင်နေသည့် ကျင့်ကြံသူ တစ်ယောက်နှင့် တူပေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ ကြောက်စရာကောင်းသည့် မွန်းစတားကောင်အား သွားရန်စမိသည့်အပေါ် အမျိုးသမီး စတင် နောင်တရလာခဲ့သည်။ လောလောဆယ်တွင် နဂါးစိမ်းနှင့်ပင် သူမဘာသာ တိုင်ပတ်နေသဖြင့် ရန်ကိုင်အား အာရုံစိုက်ရန် အချိန်မရှိသေးပေ။
နဂါးစိမ်းသည် ရှေးနတ်ဘုရားမျိုးစိတ်တစ်ကောင်၏ အရိုးနှင့် ဝိဥာဉ်ဓါတ်လုံးတို့ဖြင့် ဖန်တီးထားသော အရာတစ်ခုဖြစ်သည်။ ထိုနဂါးစိမ်းသည် အတိုင်းအတာ တစ်ခုအထိ အသိစိတ် ရှိနေသည့် မှော်ရတနာတစ်ခုဟု ပြောနိုင်သည်။ မီးငှက်အဆင့်ထိတော့ မရောက်သေးသော်ငြား ၎င်း၏ စွမ်းအားသည် မေးခွန်းထုတ်စရာမလိုအောင်ကို မြင့်မားလှသည်။
ရန်ကိုင်ကပါ ကောင်းကင်စိတ်အာရုံဖြင့် ညွှန်ကြားပေးနေသည့်အခါ နဂါးစိမ်းသည် ကျောင်းသခင် အမျိုးသမီးအား တစ်ယောက်ချင်း ယှဉ်တိုက်နိုင်သည်အထိ ကြမ်းလာခဲ့သည်။
ကျောင်းသခင်အမျိုးသမီး အလွန်ကိုမှ စိတ်ညစ်နေမိသည်။ ထိုနဂါးစိမ်းနှင့် ရင်ဆိုင်ရသည့် အခိုက် သူမ၏ အားကိုးရာအားလုံး အသုံးမဝင် ဖြစ်ကုန်ရသည်။ သူမ၏ ညို့ဓါတ်ကျင့်စဉ်သည် နဂါးစိမ်းအပေါ် အလုပ်မဖြစ်ချေ။ လက်ကောက် မှော်ရတနာသည်လည်း နဂါစိမ်းမှ မှုတ်ထုတ်သည့် အစိမ်းရောင် အဆိပ်ငွေ့များကြောင့် ထိခိုက်သွားရသည်။ လက်ကောက်သည် အားကောင်းသော မှော်ရတနာတစ်ခု ဖြစ်သော်လည်း အစိမ်းရောင်အဆိပ်ငွေ့များ၏ အဆက်မပြတ် တိုက်စားခြင်းကို မခုခံနိုင်ချေ။
သူမ၏ နတ်ဆိုးသွေးမျှင်များကိုလည်း ထုတ်လွှတ်၍ မတိုက်ခိုက်ရဲပြန်။ နတ်ဆိုးသွေးမျှင်ကို သုံး၍ တိုက်ခိုက်လိုက်ရာမှ အဆိပ်ငွေ့များ၏ တိုက်စားခြင်း ခံလိုက်ရမည်ဆိုပါက လုံးဝကို ငါးပါး မှောက်ပေလိမ့်မည်။ ထို့ကြောင့် သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကို သုံး၍ အအေးဓါတ်ကို ခုခံရင်း ဟိုရှောင်ဒီရှောင်သာ လုပ်နေရလေသည်။
ကျင်းရှီ သေသွားသည်ကို မြင်သည့်အခါ အမျိုးသမီး ပြန်ဆုတ်ချင်လာခဲ့သည်။
သို့သော်လည်း ရန်ကိုင် အနေဖြင့် သူမအား ဘာကြောင့် ထွက်ပြေးခွင့်ပြုရမည်နည်း။ ပီလော့အား သယ်၊ နဂါစိမ်းအား ကောင်းကင်စိတ်အာရုံဖြင့် ညွှန်ကြားနေရင်း ရှီကို ဖြန့်ကျက်၍ အမျိုးသမီးဆီသို့ ပျံသန်းသွားလေသည်။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် နဂါစိမ်း၏ အစိမ်မြူကို တစ်ချက် ခုန်ရှောင်လိုက်ပြီးနောက် အားတင်းပြုံး၍ အော်ပြောလိုက်လေသည် “ဒီလောက်အထိ လုပ်စရာ လိုလို့လား မောင်လေးရယ်၊ အစ်မတို့က အခုမှတော့တာလေ၊ ဘာလို့ ဒီလောက်တောင် ရက်စက်ချင်ရတာလဲ။ မောင်လေးသာ အစ်မကို သွားခွင့်ပေးမယ်ဆိုရင် အစ်မ ဒီအကြွေးကို နောက်ကျ ကျိန်းသေ ပြန်ဆပ်မယ်လေ”
အခြေအနေ မဟန်တော့သည်နောက် ရန်ကိုင်ကို အသနားခံတော့လေသည်။
“မလိုပါဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ဘာလို့ ကျုပ်တို့ နောက်တစ်ကြိမ် ထပ်တွေ့နေရဦးမှာလဲ”
ထိုစကားကို ကြားသည့်အခါ ကျောင်းသခင်အမျိုးသမီး မျက်နှာပျက်သွားခဲ့သည်။ သူမ မျက်လုံးထဲ အမုန်းတရား၊ ထိတ်လန့်မှုတို့ ဖြတ်ပြေးသွားခဲ့သော်ငြား ချစ်စဖွယ်ကောင်းစွာ ပြုံးလျက် “အဲ့လိုမပြောနဲ့လေ မောင်လေးရဲ့၊ မောင်လေးသာ အစ်မကို လွှတ်ပေးမယ်ဆိုရင် မောင်လေးရဲ့ အစေခံဖြစ်ရမယ်ဆိုရင်လည်း အဆင်ပြေတယ်။ မောင်လေးရဲ့ ဆန္ဒတိုင်းကို အစ်မ စိတ်ကြိုက်ဖြည့်ဆည်းပေးမယ်။ ပြီးတော့ အခြားဘာမှ မဟုတ်ရင်တောင် အစ်မ တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက်လေ၊ မောင်လေးအတွက် အသုံးမဝင်ဘဲ နေပါ့မလား”
ကလူတညူတူ အမူအရာဖြင့် ပြောနေသည့် ထိုအမျိုးသမီးကို ကြည့်ရင်း ပီလော့၏ မျက်လုံးထဲ အထင်သေးရိပ်တို့ ဖြတ်ပြေးသွားပြီး အံကြိတ်ကာ ဆဲဆိုလိုက်လေသည် “မိန်းမပျက်မ”
“အားတော့နာပါရဲ့ဗျာ။ ကျုပ်ခင်ဗျားကို စိတ်မဝင်စားဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး မျက်နှာတည်ဖြင့် ပြောလိုက်သည် “ခင်ဗျား သေလို့ရပြီ”
ပြောပြီးသွားသည်နှင့် ကျောင်းသခင်အမျိုးသမီး ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းများဖြင့် ပြည့်လာခဲ့သည်။
“ငါ့ကို သတ်မယ်ဆိုရင် နင်လည်း သက်သာမယ်မထင်နဲ့” အမျိုးသမီး၏ အမူအရာ အပြောင်းလဲပြီး ပြောင်းလဲသွားပြီး သူမမျက်နှာထက်ရှိ ညူတူတူ အမူအရာပေါ်တွင် ရူးသွပ်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။ ချက်ချင်းပဲ သူမ၏ နတ်ဆိုးသွေးမျှင် နှစ်မျှင်ကို ပစ်လိုက်ပြီး ဖောက်ခွဲပစ်လိုက်လေသည်။
အားကောင်းသော စွမ်းအင်လှိုင်းတို့ နတ်ဆိုးသွေးမျှင် နှစ်မျှင်ဆီမှ ဖြာထွက်လာခဲ့သည်။ အလှပဆုံးသော ပန်းပွင့်လေးများ ဖွင့်ဖူးလာတော့မည့်နှယ် မျက်စိကျိန်းမတတ် အနီရောင် အလင်းတန်းတို့ တောက်ပလာခဲ့လေသည်။ သို့သော်လည်း ထိုရစ်းမူဖွယ်ရာ အလှအပ၏ နောက်ကွယ်ဝယ် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်တို့ ကိန်းအောင်းနေခဲ့လေသည်။
ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ခရမ်းရောင်ဒိုင်းကို ချက်ချင်း ထုတ်ကာ သဲမုန်တိုင်းအကာအကွယ်ကို အသက်သွင်းလိုက်သည်။
ဘုန်း… ဘုန်း…
နားပင်မတတ် ကျယ်လောင်လှသော ပေါက်ကွဲသံနှစ်သံနှင့်အတူ ရေခဲလမ်းတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။
ပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ရန်ကိုင်၏ရှီ စက်ကွင်း တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့ပြီး နဂါးစိမ်းလည်း လွင့်ပျံထွက်သွားရလေသည်။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် သူမ၏ နတ်ဆိုးသွေးမျှင် နှစ်ချောင်းအား နှစ်ပေါင်းများစွာ စွမ်းအင်ဖြည့်တင်းပေးထားသည့် အတွက်ကြောင့် ထိုသွေးမျှင်များထဲ မခန့်မှန်းနိုင်လောက်အောင် များပြားလှသော အသက်စွမ်းအင်တို့ ပါဝင်နေပေသည်။
မီတာတစ်ထောင်အတွင်းတွင် ရှိနေသော အရာအားလုံးလိုလို ဖျက်စီးခံလိုက်ရသည်။
တစ်ချိန်တည်းတွင် သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင် အမျိုးသမီးလည်း ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ သွေးမျှင်နှစ်မျှင် ပေါက်ကွဲချိန်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်း၍ စစ်ဆေးကြည့်လိုက်သည့်နောက် ထွက်ပြေးနေသော အမျိုးသမီးတစ်ဦးပုံရိပ်ကို ရန်ကိုင် မြင်လိုက်ရသည်။ ကျောင်းသခင် အမျိုးသမီးသည် အတော့်ကို မြန်လှပေသည်။ ခဏလေးအတွင်း သူမသည် ရန်ကိုင်နှင့် မိုင်တစ်ထောင်အကွာသို့ ရောက်နေခဲ့ပြီး မကြာမီ ရေခဲလမ်းအဆုံးသို့ ရောက်တော့ပေမည်။
အမျိုးသမီး ထွက်ပြေးသွားသည်ကို မြင်သော်ငြား သူမနောက်သို့ လိုက်မသွားဘဲ ညစ်ကျယ်ကျယ်သာ ပြုံးလိုက်သည်။
ရန်ကိုင် သူမအား လိုက်မဖမ်းသည်ကို မြင်သော် ကျောင်းသခင်အမျိုးသမီး ပျော်သွားခဲ့၏။ ပေါက်ကွဲမှုကြောင့် ရန်ကိုင် ဒဏ်ရာရသွားပြီး သူ့မနောက်သို့ ဆက်မလိုက်နိုင်တော့ဘူးဟု အမျိုးသမီး ထင်သွားခဲ့သည်။ သူသာ ဆက်လိုက်နေလျှင် သူမအဖို့ ထွက်ပြေးဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ချေ။
သူမပျော်နေစဉ်မှာပဲ သူမရှေ့ မီးခိုးရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုမီးခိုးရောင်ပုံရိပ်သည် သိပ်မကြီးလှဘဲ တစ်မီတာလောက်သာ မြင့်ကာ ကျောက်တုံး ရုပ်ထုတစ်ခုနှင့် ဆင်တူပေသည်။
သို့သော်လည်း သူမစိတ်ထဲ သင်္ကာမကင်း ဖြစ်မိသည်ကား ထိုပုံရိပ်၏ အသိဥာဏ် ရှိဟန် ထင်ရသော မျက်ဝန်းအစုံပင်။ ထိုကျောက်တုံး ရုပ်ထုသည် အနက်ရောင်တုတ်တစ်ချောင်းကို ကိုင်၍ မတ်တပ်ရပ်နေခဲ့သည်။
ဘာကြီးလဲ ကျောင်းသခင်အမျိုးသမီး ထိုအရာကို သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်သည်။
သူမစိတ်ထဲ ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ ထိုကျောက်တုံးရုပ်ထသည် ရုတ်တရက် မတ်တပ်ရပ်လာပြီး ၎င်း၏ တုတ်ကို ဝှေ့ရမ်းချလိုက်သည်။ ထိုဝှေ့ရမ်းချက်ဆီမှ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှ မခံစားမိသဖြင့် အမျိုးသမီးလည်း ကြောင်ကြည့်နေမိလိုက်၏။
သို့သော် ရုတ်တရက် မထင်မှတ်ထားသော ပြောင်းလဲမှုတစ်ခုကြောင့် အမျိုးသမီး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရလေသည်။
မူလက တိုတိုလေးသာရှိသော အနက်ရောင်တုတ်သည် ရုတ်တရက် မီတာပေါင်းများစွာ ရှည်လျားလာပြီး ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် အမျိုးသမီးဆီ တိုးဝင်လာခဲ့လေသည်။
သူမခေါင်းထဲ အချက်ပေးသံတို့ မြည်ဟည်းသွားခဲ့သည်။ ထိုရိုက်ချက်မှ ထွက်ပေါ်လာသော အရှိန်အဟုန်ကြောင့် အမျိုးသမီး အသက်ရှူရ ခက်ခဲလာခဲ့သည်။ ထိုရိုက်ချက်အောက်တယ် မိုးမြေတစ်ခုလုံးပင် ဖျက်စီးခံရလိမ့်မည်ဟု သူမစိတ်ထဲ ခံစားလိုက်ရသည်။
သို့သော်လည်း တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်လာသော ပညာရှင်တစ်ယောက် ပီပီ ထိုကျောက်တုံးလူသားသည် ရန်ကိုင်ဆိုသော ကောင်စုတ် သူမအားသတ်ရန် ပြင်ဆင်ထားသော အရာတစ်ခုဖြစ်မန်း နားလည်လိုက်သည်။
ထို့နောက် ကျင်းရှီပြောပြသည့် နဂါးလိုဏ်ဂူတောင်တိုက်ပွဲအတွင်း သူကြုံတွေ့ခဲ့ရသော ဧရာမ ကျောက်တုံးဘီလူးကြီးအကြောင်း ပြန်အမှတ်ရလိုက်သည်။
ဖြစ်နိုင်တာက
ကျောင်းသခင်အမျိုးသမီး ဘာမှ ထပ်စဉ်းစားမနေတော့ဘဲ ချက်ချင်း တုန့်ပြန်တော့သည်။ လျှာကိုကိုက်လိုက်ပြီး သွေးအဆီအနှစ်အချို့ကို ထုတ်လိုက်သည်။ ထိုသွေးအဆီအနှစ်သည် အသက်ရှိနေသည့်နှယ် စတင်တွန့်လိမ်လာပြီး သွေးနီရောင် အကာအကွယ်ချပ်ဝတ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
အမျိုးသမီးသည် ထိုမျှနှင့် မရပ်တန့်သွားခဲ့။ မှန်တစ်ချပ်ကို ထုတ်ယူလိုက်ပြီး ထိုမှန်ကိုသုံးကာ သူမပတ်လည်တွင် မမြင်နိုင်သော အကာအရံတစ်ခုကို ဖန်တီးလိုက်သည်။
ထိုအကာအရံကို ဖန်တီးပြီးပြီးချင်းမှာပဲ အနက်ရောင်တုတ်သည် သူမပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ခရက်ဆိုသော မြည်သံနှင့်အတူ မမြင်နိုင်သော အကာအရံသည် မှန်တစ်ချပ် ကွဲကြေသွားခဲ့ပြီး မူလပုံစံကို ပြန်ပြောင်းသွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် အမျိုးသမီး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ သို့သော် သူမ မတုန့်ပြန်နိုင်သေးခင်မှာပင် အနက်ရောင်တုတ်ချောင်းသည် သူမခေါင်းအား လာရောက် ထိမှန်လေသည်။
လောကကြီးတစ်ခုလုံး မှောင်မိုက်သွားပြီး ကျောင်းသခင် အမျိုးသမီး၏ အတွေးအားလုံး ရပ်တန့်သွားခဲ့ရသည်။ တန်ခိုးရှင်တတိယအဆင့်ပင် ဖြစ်လင့်ကား ကျောက်တုံးရုပ်သေးရုပ်၏ တုတ်ရိုက်ချက်ကို စီးခံလိုက်ရသည့်နောက်တွင် အမျိုးသမီး မည်သို့မှ အသက်မရှင်နိုင်တော့ချေ။
သူမ ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ခေါင်းမရှိတော့သော ခန္ဓာကိုယ်ကြီးသည် ရိုက်ချက်အားကြောင့် မီတာရာပေါင်းများစွာ အကွာတွင် ရှိနေသော ရေပြင်အား သွားဆောင့်ကာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။
ကျောက်တုံးရုပ်သေးရုပ်ကို ဤနေရာသို့ သူကြိုလွှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤနေရာသည် အလွန်အမင်း အေးသော်လည်း ကျောက်တုံးရုပ်သေးရုပ်အပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိချေ။ အစကမူ ကျောက်တုံးရုပ်သေးရုပ်ကို အလစ်ချောင်းတိုက်ခိုက်ခိုင်းရန် စဉ်းစားထားခြင်း ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲအခြေအနေသည် ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟူ သူမည်ကဲ့သို့ ထင်ထားပါမည်နည်း။ သို့တိုင် ကျောက်တုံးရုပ်သေးရုပ်၏ အခန်းကဏ္ဍသည် ဤအဖြစ်အပျက်တွင် အတော်လေး အသုံးဝင်ခဲ့ပေသည်။ ကျောက်တုံး ရုပ်သေးရုပ်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်ကိုယ်တိုင် အမျိုးသမီးနောက်သို့ လိုက်နေရပေဦးမည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၆၅)
မည်သည့် တန်ခိုးရှင်အဆင့် ပညာရှင်ကိုမှ သူမကြောက်သော်ငြား ကျောင်းသခင် အမျိုးသမီးသာ သူ့လက်မှလွတ်ကျွတ်ပြီးရော ဆိုသည့်သဘောဖြင့် ထွက်ပြေးမည်ဆိုပါက ရန်ကိုင်သာ သူမ၏ ပြေးပေါက်များကို ပိတ်မထားခဲ့သရွေ့ သူမအား သတ်နိုင်လိမ့်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် သူ့အစီအစဉ် အောင်မြင်သွားခဲ့သည်။
ခဏအကြာတွင် ကျောက်တုံးရုပ်သေးရုပ်သည် သိုလှောင်လက်စွပ်တစ်ကွင်းဖြင့် သူ့ပခုံးပေါ်သို့ တက်လာခဲ့သည်။ ထိုလက်စွပ်သည် သွေးနတ်ဆိုးကျောင်းတော် ကျောင်းသခင်၏ သိုလှောင်လက်စွပ် ဖြစ်ပေသည်။ သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်မိလိုက်သည်။
အင်အားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ကျောင်းသခင် အမျိုးသမီးသည် အတော်လေး ချမ်းသာပေသည်။ သို့သော် လောလောဆယ်၌ သူတွင် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို အသေးစိတ် ထိုင်စစ်ဆေးနေရန် အချိန် မရှိပေ။ ဧကရာဇ်ဥယျာဉ် ပိတ်သွားပြီး အထက်စကြာဝဠာဂိုဏ်းသို့ ပြန်ရောက်မှသာ စစ်ဆေးကြည့်ရမည်။ ကျင်းရှီ သေသွားသည့် နေရာသို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့် သိုလှောင်လက်စွပ်ကိုမှ မတွေ့ခဲ့ရပေ။ ကျင်းရှီ၏ သိုလှောင်လက်စွပ်သည် သူ့လက်နှင့်အတူ ဟင်းလင်းပြင်ထဲသို့ ရောက်သွားခြင်းဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။
သို့သော် သူအရမ်းကြီး စိတ်ပျက်မသွားခဲ့ပေ။ ဤနေရာသို့ လာရသည့် သူ့ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သဖြင့် အတော်လေး ကျေနပ်နေမိသည်။
လက်ကိုဝှေ့ရမ်း၍ ကျောက်တုံးရုပ်သေးရုပ်အား အနက်ရောင်စာအုပ်ထဲသို့ ပြန်ထည့်ထားလိုက်ပြီးနောက် ပီလော့ဘက်သို့ လှည့်၍ ပြောလိုက်သည် “သွားကြရအောင်”
“အန်၊ အော်၊အင်း” ပီလော့ စိတ်နှင့်ကိုယ်နှင့်မကပ် ဖြစ်နေခဲ့သည်။ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နှင့်အတူ ရေခဲလမ်းအဆုံးသို့ လျှောက်သွားလေသည်။ လမ်းတစ်လျှောက် သူမ၏ အမူအရာ တစ်မျိုးတစ်မည် ဖြစ်နေခဲ့သည်။
သူမ၏ အတွေးအားလုံး မှားနေပြီမှန်း ပီလော့ နားလည်လိုက်လေပြီ။
ရန်ကိုင်အား စတွေ့စဉ်က သူကျင့်ကြံခြင်းသည် သူမနှင့် အတူတူသာ ရှိသေးသည့်အတွက် ထိုကောင်သည် သူမသခင်မ၏ အချစ်နှင့် မထိုက်တန်ဟု ထင်ခဲ့မိသည်။ သခင်မနှင့် ဝေးကွာနေစဉ် အတွင်း သခင်မနှင့်သူ့ကြားရှိ ခွန်အားကွာခြားချက်ကို ကျဉ်းမြောင်းလာအောင် မလုပ်ခဲ့သည့်အပြင် ပို၍ ဝေးကွာသွားအောင်ပင် လုပ်ခဲ့သည့်အတွက် ရန်ကိုင်ကို သူမစိတ်ထဲ မကျေမနပ် ဖြစ်ခဲ့မိသည်။ သို့သော် ယနေ့ ရန်ကိုင် ပြသသွားသည့် စွမ်းဆောင်ရည်ကို မြင်ပြီးနောက် သူမ၏ အတွေးတို့ မှားယွင်းနေမှန်း သိလိုက်ရသည်။ ရန်ကိုင်သည် သူမ၏ သခင်မနှင့် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့် ကွာနေသည့်တိုင် သူ့ခွန်အားသည် သူမ၏ သခင်မနှင့် ယှဉ်နိုင်ပေသည်။ သူမ၏ သခင်မသာ ရန်ကိုင် နေရာတွင် ဆိုပါက လက်ရှိ အခြေအနေအား သူ့ကဲ့သို့ ချောချောမွတ်မွတ် ကိုင်တွယ်နိုင်မည်လား ဆိုသည်မှာ သိပ်မသေချာလှပေ။
ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ပြင်ပအကူအညီများစွာကို အသုံးပြုခဲ့သည်။ ထိုအရာများသည် သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ထိုကိစ္စနှင့် ပက်သက်၍ ပီလော့ သိပ်စိတ်တိုင်းမကျချေ။ မိမိ၏ ကိုယ်ပိုင်ခွန်အားသည် အရေးအကြီးဆုံး ဖြစ်သည်။ ပြင်ပ အကူအညီများသည် ကျင့်ကြံသူတစ်ယောက်အား ရေရှည်တွင် အကူအညီမှ မပေးနိုင်လေဘဲ။ အဆုံးထိ အားကိုးသွားရမည့် အရာသည် မိမိ၏ ခွန်အားသာ ရှိသည်။
သို့သော် ဤလောကကြီးတွင် မည်သူကများ အဘက်ဘက်မှ ပြည့်စုံနေသနည်း။ လူတိုင်းလူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြစမြဲပင်။ ထိုကောင်စုတ်နှင့် သူမ၏ သခင်မကြားတွင် ကွာခြားချက် အချို့ ရှိနေသော်ငြား အရမ်းကြီးတော့ ကြီးမားခြင်းမရှိချေ။ ထိုကဲ့သို့ ပြောင်းတွေးလိုက်သည့်အခါ ပီလော့၏ စိတ်အခြေအနေ အတော်လေး ကောင်းမွန်လာခဲ့ရလေသည်။
ရေခဲလမ်းရှိ အန္တရာယ်များ ကင်းရှင်းသွားပြီ ဖြစ်သဖြင့် ရန်ကိုင်တို့ နှစ်ယောက် မည်သည့် အတားအဆီးနှင့် မရင်ဆိုင်ခဲ့ရချေ။ မကြာမီ ရင်းနှီးနေသော ခန်းမကြီးတစ်ခန်းဆီသို့ ရန်ကိုင် တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။
သို့သော် ချက်ချင်း အထဲသို့ မဝင်သွားသေးဘဲ မျက်မှောင်ကြုတ်လျက် နောက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။
ခဏအကြာတွင် ရန်ကိုင်တို့၏ မြင်ကွင်းထဲ၌ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး နှစ်ဦး ပေါ်လာခဲ့သည်။
ရန်ကိုင်သည် ရေခဲလမ်းမှ မထွက်သွားသေးဘဲ ဤနေရာတွင် ရပ်စောင့်နေသည်ကို မြင်သော် အမျိုးသမီးနှစ်ဦး အနည်းငယ် နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။ အသက်ပိုကြီးဟန် ထင်ရသော အမျိုးသမီးသည် ရှေ့တိုး၍ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်သည် “ဒီက မောင်လေး နာမည်ကို သိလို့ရမလား မသိဘူး။ အစ်မက လှိုင်းနီကြယ် ရေခဲနှလုံးသားတောင်ကြား ထန်ထင်ဟယ်ပါ။ အစ်မတို့အသက်ကို ကယ်ပေးတဲ့အတွက် မောင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်”
ရန်ကိုင်သည် ထိုအမျိုးသမီးနှစ်ဦးကို ခဏမျှ စိုက်ကြည့်နေပြီးနောက် “ကျေးဇူးတင်ချင်လို့ ကျုပ်နောက်ကို ပြေးလာတယ်ဆိုရင်တော့ အဲ့လောက်ထိ လုပ်ဖို့ မလိုပါဘူး။ ကျုပ်နဲ့ အဲ့နှစ်ဦးက အစကတည်းက မတည့်တာ။ သူတို့ကို သတ်လိုက်တာ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး”
ထန်ထင်ဟယ်သည် ရန်ကိုင်စကားကို ကြားသော် ခါးသက်စွာပြုံးလျက် “အဲ့လိုဆိုပေမယ့် အဲ့နှစ်ယောက်က ကောင်းတဲ့လူတွေ မဟုတ်ဘူး။ မောင်လေးသာ သူတို့ကို မသတ်လိုက်ရင် အစ်မတို့ နှစ်ယောက် ဒုက္ခကောင်းကောင်း ရောက်တော့မှာ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မောင်လေးကို ကျေးဇူးတင်ပါတယ်လို့”
ပြောပြီးသည်နှင့် ရန်ကိုင်အား ဦးညွှတ်လိုက်သည်။ အခြားအမျိုးသမီးလည်း ထိုကဲ့သို့ လိုက်လုပ်လေသည်။
ရန်ကိုင်ကတော့ ဘာမှမပြောခဲ့ချေ။ ထိုအမျိုးသမီးနှစ်ဦးကို ကယ်ရန် မစဉ်းစားထားသော်ငြား သူ့လုပ်ရပ်သည် ထိုအမျိုးသမီးနှစ်ဦးအား ကယ်လိုက်သလို ဖြစ်သွားခဲ့သည်။ ရန်ကိုင်သာ ဝင်မပါခဲ့လျှင် ကျင်းရှီ၏ စရိုက်အရ ထိုအမျိုးသမီးနှစ်ဦးသည် သေသည်ထက် ဆိုးရွားသော အဖြစ်နှင့် ကြုံရပေလိမ့်မည်။
သူတို့ဘက်မှ ကျေးဇူးတင်လိုက်သည့်တိုင် ရန်ကိုင်က ဘာမှပြန်မပြောသဖြင့် အမျိုးသမီး နှစ်ဦး ကိုးယိုးကားယား ဖြစ်သွားခဲ့ရသည်။ နှစ်ယောက်သား တစ်ခုခု ပြောချင်နေဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် ပြောမထွက်နိုင် ဖြစ်နေခဲ့ကြသည်။
“အခြားတစ်ခုခု ရှိသေးလို့လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုနှစ်ယောက် အနေဖြင့် လောလောဆယ်တွင် နေရာတစ်ခုရှာပြီး သူတို့၏ ဒဏ်ရာများကို ပြန်ကုသည်မှာ အကောင်းဆုံး ဖြစ်သည်။ သို့တိုင် ဘာကြောင့် သူ့အား လာနှောင့်ယှတ်နေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
သူ့ခွန်အားကို မြင်ပြီးနောက် သူနှင့် မဟာမိတ်ဖွဲ့ချင်သည်များ ဖြစ်နေလေမလား။ ရန်ကိုင် ထိုကဲ့သို့ တွေးမိသွားသည်။ ထိုသို့သာ တကယ်ဖြစ်မည်ဆိုလျှင်တော့ သူတို့ စိတ်ပျက်ရပေလိမ့်မည်။
ထိုနှစ်ယောက်သည် အတော်လေးကိုမှ လှပသော်လည်း ရန်ကိုင်သည် သူစိမ်းများအား မည်သည့် အကျိုးအမြတ်မှမရဘဲ အလကားသက်သက် ကူညီပေးရလောက်အောင် သူတော်စင် တစ်ပါး မဟုတ်ချေ။ ပီလော့ တစ်ယောက်နှင့်ပင် အတော်လေး ဝန်ပိနေရာ ဒဏ်ရာရနေသည့် အခြား သူစိမ်းအမျိုးသမီးနှစ်ဦးကို မည်သို့မှ ထပ်ဂရုမစိုက်နိုင်တော့ပေ။
“ဒီလိုပါမောင်လေး” ထန်ထင်ဟယ်သည် သူမ၏ ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လိုက်ပြီး ရန်ကိုင်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ကာ ပြောလိုက်သည် “ဟိုလောကရတနာကို မြိုလိုက်တဲ့ အကောင်က ဒဏ္ဏာရီ ရေခဲဖီးနစ် နတ်ဘုရာမျိုးစိတ် ဟုတ်မဟုတ်ဆိုတာ အစ်မသိလို့ရမလား”
ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ရန်ကိုင်၏ အကြည့်ကို သတိပြုမိသော်လည်း အမျိုးသမီးသည် အလျင်စလို လက်ဝှေ့ရမ်းလျက် ဆက်ပြောလိုက်လေသည် “နားလည်မှုမလွဲနဲ့နော် မောင်လေး၊ အစ်မတို့ မောင်လေးအပေါ် ဘာမကောင်းကြံလို့တဲ့ ရည်ရွယ်ချက်မှမရှိဘူး။ မောင်လေးကို မေးခွန်း နည်းနည်းလောက် မေးချင်ရုံပဲ”
“ဟုတ်တယ်ဆိုရင်ကော” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ ထိုအမျိုးသမီးသည် အခြေအနေကို နားမလည်သေလော။ မည်သည့် မေးခွန်းသည် မေးသင့်ပြီး မည်သို့သော မေးခွန်းသည် မမေးသင့်သည့် မေးခွန်းဖြစ်သလဲ ဆိုသည်ကို မသိလေသလော။ သူသာ စိတ်ရှည်နေ၍သာပေါ့။ သူ့နေရာတွင် အခြား စိတ်ကြီးသည့် လူတစ်ယောက်သာ ဆိုပါက ထိုကဲ့သို့ မေးခွန်းမျိုး မေးသည့်အတွက် ထိုအမျိုးသမီးနှစ်ဦးကို သတ်ပစ်လိုက်လောက်ပေပြီ။
ရန်ကိုင်၏ အဖြေကို ကြားသော် ထန်ထင်ဟယ်သည် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး စိုးရိမ်တကြီးဖြင့် ဆက်မေးလိုက်လေသည် “တကယ်ကြီး ရေခဲဖီးနစ်ပဲ… မောင်လေး အဲ့ဒါကို အစ်မတို့ ရေခဲနှလုံးသားတောင်ကြားဆီ ရောင်းလို့ရမလား။ မောင်လေးလိုချင်တာကို အစ်မတို့ ပေးမယ်လေ”
“ရောင်းဖို့” ထိုစကားကို ကြားသော် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ဒေါသ ထွက်သွားရမည့်အစား၊ လှောင်ပြောင်လိုဟန်ဖြင့်သာ ရယ်မောလျက် “ခင်ဗျား အိပ်ပျော်ရင်း ယောင်ပြီး ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ဒီလိုမေးခွန်းမျိုးကိုတောင် လာမေးရတယ်လို့ဗျာ”
ပီလော့ပင်လျှင် ထန်ထင်ဟယ်အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်သည်။
ထိုအမျိုးသမီး တကယ်ကို ဟာသမပြောတတ်ချေ။ ရေခဲဖီးနစ်သည် မည်သို့သော သက်ရှိနည်း။ ရန်ကိုင် ထိုကဲ့သို့သော အရာကို ရထားသည်မှာ အလွန်ကိုမှ ကံကောင်းသည့် အတွက်ကြောင့် ဖြစ်သည်။ ရေခဲဖီးနစ်ကဲ့သို့သော တည်ရှိမှုမျိုးကို မည်သူက ရောင်းမည်နည်း။ ရောင်းသည့်လူသည် ဦးနှောက်မရှိသည့် အရူးသာ ဖြစ်ပေလိမ့်မည်။
ရန်ကိုင်၏ အထင်တသေး စကားကိုကြားသော်လည်း ထန်ထင်ဟယ်သည် နည်းနည်းလေးမျှ ရှက်ရွံ့သွားခြင်းမရှိဘဲ ဆက်၍သာ ပြောလိုက်လေသည် “အစ်မ မောင်လေးကို ဘာမှ မဖုံးကွယ်တော့ဘူး။ တကယ်တော့ ရေခဲဖီးနစ်က အစ်မတို့ ရေခဲနှလုံးသားတောင်ကြားက တပည့်တွေ ယုံကြည်ကိုးစားတဲ့ ရေခဲစွမ်းအင်ရဲ့ အမှတ်သညာပဲ။ အဲ့ရေခဲဖီးနစ်က အစ်မတို့ ရေခဲနှလုံးသားတောင်ကြားအတွက် ပြောပြမရအောင်ကို အဖိုးတန်တယ်”
“အဲ့တော့ ဘာဖြစ်လဲ” ရန်ကိုင် ပို၍ စိတ်မရှည် ဖြစ်လာလေပြီ။
“အစ်မ မြင်ရသလောက် မောင်လေးက ရေခဲစွမ်းအင် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါဘူး။ အဲ့တော့ ဒီရေခဲဖီးနစ်က မောင်လေးအတွက် အရမ်းကြီး မသုံးမဝင်လောက်ဘူး။ မောင်လေးအတွက် သိပ်အသုံးမဝင်တဲ့ အရာကို ဘာလို့ ပိုအသုံးဝင်မယ့် တစ်ခုခုနဲ့ မလဲတာလဲ။ မောင်လေးသာ အဲ့ဒါကို အစ်မတို့ဆီ ရောင်းမယ်ဆိုရင် မောင်လေး တောင်းဆိုတာ မှန်သမျှကို ဖြည့်ဆည်းပေးမယ်။ ဂိုဏ်းကိုယ်စား အစ်မ အာမခံတယ်” ထန်ထင်ဟယ်က ဆက်၍ ပြောလိုက်လေသည်။
“ခင်ဗျား ပြောတာကို ကျုပ်ဘယ်တုန်းကမှ မကြားလိုက်ဘူးလို့ သဘောထားလိုက်မယ်။ ဒါပေမယ့် ခင်ဗျား အဲ့လို နောက်တစ်ခွန်း ထပ်ပြောမယ်ဆိုရင်တော့ ခင်ဗျားတစ်ဘဝလုံး နောင်တ ရသွားအောင် လုပ်ပေးလိုက်မယ်” ရန်ကိုင်သည် ထိုနျစ်ယောက်အား အေးစက်စက် အကြည့်ဖြင့် ကြည့်၍ ပီလော့ကိုခေါ်ကာ ထွက်သွားလေသည်။
“အစ်မပြောတာကို သေချာစဉ်းစားပါဦးနော် မောင်လေး။ မောင်လေး စိတ်ပြောင်းသွားတယ်ဆိုရင် လှိုင်းနီကြယ် ရေခဲနှလုံးသားတောင်ကြားကိုသာ လာခဲ့လိုက်” ထန်ထင်ဟယ်သည် ရန်ကိုင်၏ ခြိမ်းခြောက်စကားကို ကြားသည့်တိုင် လက်မလျှော့သေးဘဲ ဆက်အော်ပြောလိုက်သည်။
သူမ စကားဆုံးသွားသည်နှင့် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ကြာပွတ်သဖွယ် သူမအား ရိုက်ချလိုက်လေသည်။ ထိုရိုက်ချက်ကြောင့် ထန်ထင်ဟယ် မီတာပေါင်းများစွာအကွာသို့ လွင့်စင်ထွက်သွားခဲ့လေသည်။
သူမ မော့ကြည့်လိုက်သည့် အချိန်၌ ရန်ကိုင်နှင့် ပီလော့မှာ မရှိတော့လေပြီ။
“စီနီယာအစ်မ” အခြားအမျိုးသမီး ထိတ်လန့်သွားခဲ့ပြီး ထန်ထင်ဟယ်ဆီသို့ အလျင်အမြန် ပြေးသွားလေသည်။
“ငါအဆင်ပြေတယ်” ထန်ထင်ဟယ် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ သူမ စိတ်ပျက်နေမိသည်။ ရန်ကိုင်နောက်သို့ ပြေးလိုက်ချင်မိသော်လည်း ထိုကောင်လေး၏ ခွန်အားကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် သူမ၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ရသည်။
သူမ စကားကြောင့် ရန်ကိုင် ဒေါသထွက်သွားခဲ့မှန်း ထန်ထင်ဟယ်သိသည်။ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် အခြေအနေမျိုးတွင် သူမတို့ မနိုင်နိုင်သည့် အခြားလူ တစ်ယောက်အား သွားရန်စသည်မှာ ဥာဏ်ရှိသည့် လုပ်ရပ်တစ်ခု မဟုတ်ချေ။
သို့သော်လည်း ရေခဲကျင့်စဉ်ကို မကျင့်ကြံထားသည့် လူငယ်လေးတစ်ယောက်၏ ကိုယ်ထဲ ရေခဲဖီးနစ်ရှိနေသည်ကို မြင်ရသည်မှာ သူမစိတ်ထဲ အလွန်ကိုမှ နေမထိထိုင်မိ ဖြစ်မိသည်။ ထိုရေခဲဖီးနစ်သာ သူမတို့ ရေခဲနှလုံးသားတောင်ကြားဆီ ရောက်လာခဲ့လျှင် မည်မျှပင် ကောင်းလိုက်မည်နည်း။
“အဲ့လူ တကယ်ကို နိုင်ထက်စီးနင်း နိုင်လွန်းတယ်” အမျိုးသမီးက နှုတ်ခမ်းဆူလျက် မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
“ငါတို့လုပ်ရပ်ကမှ မဟုတ်တာ” ထန်ထင်ဟယ်က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်သည်။
“ဒါပေမယ့် ဒီလို အခွင့်အရေးကြီးကို စီနီယာအစ်မ ဒီအတိုင်း လက်လွှတ်လိုက်တော့မှာလား” ကျန်အမျိုးသမီးသည် ယခုထိတိုင် အလျှော့မပေးနိုင်သေးချေ။
“ငါလည်း ဘာတတ်နိုင်မှာလဲ။ သူစိတ်ပြောင်းသွားဖို့ပဲ မျှော်လင့်ရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ်၊ ရေခဲနှလုံးသားတောင်ကြားက ဘယ်ကြယ်မှာ ရှိလဲဆိုတာကို ငါသူ့ကို ပြောပြီးသွားပြီပဲဟာကို။ သူစိတ်ပြောင်းသွားရင် လာလိမ့်မယ်” ထန်ထင်ဟယ် ခေါင်းခါ၍ ပြောလိုက်သည် “ထားလိုက်တော့။ ငါတို့ နားစရာနေရာတစ်ခုခု အရင် ရှာရအောင်”
“ဟုတ်တယ်”
ထန်ထင်းဟယ်၏ စကားကြောင့် ရန်ကိုင်မျက်နှာ မှုန်ကုတ်ကုတ် ဖြစ်နေခဲ့သည်။
ရန်ကိုင် ဒေါသထွက်သည်မှာလည်း သူ့အား အပြစ်ပြော၍မရ။ ရေခဲဖီးနစ်သည် စုယန်အတွက် အလွန်ကိုမှ အဖိုးတန်သည့် အရာတစ်ခုဖြစ်သည်။ ယခု အပြင်လူတစ်ယောက်သည် သူ့ဆီမှ ရေခဲဖီးနစ်ကို မရမက လိုက်ဝယ်နေလေရာ ရန်ကိုင် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ မရောင်းဘူးဟု ပြောပြီးသွားသည့်တိုင် အတင်း လိုက်ဝယ်ချင်နေသေးသည်။
ထိုအမျိုးသမီးနှစ်ဦး သူနှင့် ရန်ငြိုးမရှိသည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် သူတို့ နှစ်ယောက်ကို ဤနေရာ၌ တစ်ခါတည်း မြေမြုပ်ပစ်လိုက်လေပြီ။
လမ်းတစ်လျှောက် ပီလော့ တိတ်ဆိတ်နေခဲ့သည်။ သူမ ယခုကဲ့သို့ အဆင်ပြေပြေနှင့် နေနိုင်သည်မှာ ရန်ကိုင်ကြောင့်မှန်း သူမ နားလည်သည်။ ရန်ကိုင် စိတ်မကြည်သည်ကို သတိ ပြုမိသဖြင့် သူ့ကို သွားမနှောင့်ယှတ်ခဲ့ချေ။
မကြာမီ ရန်ကိုင်တို့နှစ်ယောက် ဝင်္ကမ္ဘာတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ ထိုဝင်္ကမ္ဘာကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤနေရာသို့ သူတစ်ကြိမ် ရောက်ဖူးပေသည်။
ဖေးကျီတုတို့နှင့် လာစဉ်က ဝင်္ကမ္ဘာတစ်ခုထဲ ရောက်ခဲ့ပြီး ထိုထဲတွင် အကြိမ်များစွာ လမ်းပျောက်ခဲ့ပေသည်။ သို့သော်လည်း လျန်ကွမ်း၏ ကြွက်ရုပ်သေးရုပ်များကြောင့် လမ်းမှန်ကို ရှာတွေ့နိုင်ခဲ့သည်။
ယခုသူ့တွင် လမ်းမှန်ကို ရှာပေးနိုင်သည့် ကြွက်ရုပ်သေးရုပ်များ မရှိသည့်အတွက် မှတ်ဥာဏ်ကိုသာ အားကိုးရပေတော့မည်။
သူသွားခဲ့သည့် လမ်းကြောင်းများကို မှတ်မိရုံလောက်သာ မှတ်မိတော့သည်။ သို့သော် ဝင်ကမ္ဘာထဲ ရောက်သွားလျှင်တော့ မှတ်မိလောက်မည် ထင်ပါသည်။