← Chapters

အခန်း (၁၄၆၆-၁၄၇၀)

Vol. 59 Ch. 1466-1470

အခန်း (၁၄၆၆-၁၄၇၀)

Vol. 59 Ch. 1466-1470

အပိုင်း (၁၄၆၆)

ခဏအကြာတွင် ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဝင်္ကမ္ဘာထဲသို့ ခြေချလိုက်သည်။ ပီလော့သည် စကားတစ်ခွန်းမှ မပြောဘဲ ရန်ကိုင်နောက်မှသာ ငြိမ်သက်စွာ လိုက်သွားခဲ့သည်။

ဤကဲ့သို့သော ဝင်္ကမ္ဘာမျိုးသည် အလွန်ကိုမှ အန္တရာယ်များသည်။ အထဲတွင် ကြောက်စရာကောင်းသည့် အစီအရင်များသည့်၊ အရံအတားများစွာ ရှိပေသည်။ ယခု ဧကရာဇ် ဥယျာဉ် အမှန်တကယ် ပွင့်လာပြီ ဖြစ်သဖြင့် အထဲရှိ အန္တရာယ်များသည် ရန်ကိုင် ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်စဉ်ကထက် အများကြီး ပိုကြောက်မက်ဖွယ်ကောင်းလာခဲ့လေပြီ။ ထို့ကြောင့် ထောင်ချောက်၊ အစီအရင်တစ်ခုခုထဲ ကျမသွားစေရန် အလို့ငှာ ရန်ကိုင်သည် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို အသက်သွင်းလျက် ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးသွားလေ၏။

နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ပီလော့သည် မောပန်းနေသည့် အမူအရာဖြင့် ဝင်္ကမ္ဘာ၏ အခြားတစ်ဖက်မှ ပြန်ထွက်လာခဲ့သည်။

ဝင်္ကမ္ဘာအား အောင်အောင်မြင်မြင် ဖြတ်ကျော်လာနိုင်ခြင်းမှာ ရန်ကိုင်မှ ဝင်္ကမ္ဘာထဲရှိ ထောင်ချောက်များအကြောင်း အတော်အတန် သိထားသည့် အတွက်ကြောင့် ဖြစ်သလို ကံကြောင့်လည်း ပါပေသည်။

ယခင်တစ်ကြိမ်နှင့် မတူသည်ကား၊ ယခုတစ်ကြိမ် လိုဏ်ဂူထဲတွင် အစီအရင်များကို သိပ်မတွေ့ရဘဲ ရုပ်သေးရုပ်များကိုသာ တွေ့ခဲ့ရသည်။ ရုပ်သေးရုပ်များသည် ပုံသဏ္ဍာန်၊ အရွယ်အစား မတူညီကြဘဲ ခွန်အားမှာလည်း အမျိုးမျိုး ကွာခြားကြသည်။ သို့သော် မည်သည့် ရုပ်သေးရုပ်မှ တန်ခိုးရှင်အဆင့်အောက် နိမ့်ကျခြင်းမရှိချေ။ ရုပ်သေးရုပ်တစ်ရုပ်ဆိုလျှင် တန်ခိုးရှင်တတိယ အထွဋ်အထိပ်အဆင့် ပညာရှင်နှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကိုပင် ပိုင်ဆိုင်ထားခဲ့ပေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်လည်း သာမန် တန်ခိုးရှင်ပညာရှင်တစ်ယောက် ဟုတ်မနေခဲ့။ သူ့ခွန်အားသည် တန်ခိုးရှင်တတိယ အထွဋ်အထိပ်အဆင့်များကို ယှဉ်ပြိုင်နိုင်သည်အထိ အားကောင်းပေသည်။ အဆုံးတွင် ကျောက်တုံးရုပ်သေးရုပ်၊ နဂါးစိမ်းဓါး၊ မီးငှက်တို့၏ အကူအညီဖြင့် ထိုရုပ်သေးရုပ်ကို အနိုင်ယူပြီး ဝင်္ကမ္ဘာထဲမှ ထွက်လာခဲ့နိုင်သည်။

ကျောက်တုံးရုပ်သေးရုပ်သည် ဝင်္ကမ္ဘာထဲရှိ ရုပ်သေးရုပ်များကို ထူးထူးခြားခြား ဖိနှီပ်နိုင်စွမ်း ရှိနေခဲ့သည်။

ဝင်္ကမ္ဘာကို ဖြတ်ကျော်လာပြီးနောက်တွင် ရန်ကိုင်နှင့် ပီလော့တို့ရှေ့၌ ဂိတ်ပေါက်ကြီး နှစ်ခုပေါ်လာခဲ့သည်။ ဂိတ်ပေါက်နှစ်ခုစလုံးသည် အတော်လေးကိုမှ ထူးဆန်းလှကာ တစ်ခုသည် အဖြူရောင်ဖြစ်ပြီး တစ်ခုသည် အနက်ရောင်ဖြစ်သည်။ အဖြူရောင်ဂိတ်ပေါက်သည် သန့်စင်သော ကျောက်စိမ်းသားဖြင့် ထုလုပ်ထားသည့်နှယ် ထင်မှတ်ရသော်ငြား အနက်ရောင်ဂိတ်ပေါက်သည် မြင်သူတိုင်းအား ကျောချမ်းဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

ဂိတ်ပေါက်နှစ်ခု၏ မျက်နှာပြင်သည် တည်ငြိမ်သော ကန်ရေပြင်နှယ် ငြိမ်သက်နေသည်။ ဂိတ်ပေါက်နှစ်ခု၏ အလွန်တွင်မူ ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်ကြီး ရှိနေခဲ့သည်။

ထိုဂိတ်ပေါက်နှစ်ခုကို မြင်သော် ပီလော့ အလန့်တကြား ထအော်လေသည် “ဟင်းလင်းပြင် အစီအရင်လား”

ရန်ကိုင်သည် ပီလော့အား အံ့အားသင့်သည့်အကြည့်ဖြင့် ကြည့်ရင်း ခေါင်းညိတ်ပြလိုက်၏ “နင်ဒါတွေကို သိတယ်လား”

“ဒါမျိုး ငါအရင်က မြင်ဖူးတယ်” ပီလော့၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “ငါတို့ ဘယ်အပေါက်ထဲ ဝင်ကြမလဲ”

“နောက်မှပြောမယ်၊ အခု အရင် အားပြန်ဖြည့်ထားရ‌အောင်” ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်သည်။ ယခင် ဖေးကျီတုတို့နှင့် ဤနေရာသို့ ရောက်လာစဉ်က မည်သည့် ဂိတ်ပေါက်ထဲသို့ ဝင်ရမလဲ ဆိုသည်နှင့် ပက်သက်၍ သူတို့အားလုံး ခေါင်းရှုပ်ခဲ့ရသည်။ အနက်ရောင်သည် သေဆုံးခြင်းနှင့် အန္တရာယ်ကို ကိုယ်စားပြုသဖြင့် အကုန်လုံးသည် အဖြူရောင်ဂိတ်ပေါက်ကိုသာ ရွေးချယ်ချင်ကြသည်။

သို့သော် အထဲသို့ ရောက်ပြီးနောက် သူတို့ နားလည်လိုက်ရသည်ကား မည်သည့် ဂိတ်ပေါက်ထဲသို့ ဝင်ပါစေ၊ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ချည်းသာ။ ဂိတ်ပေါက်နှစ်ခုစလုံးသည် အန္တရာယ်များသလို ပန်းတိုင်လည်း မတူညီကြချေ။ အဖြူရောင်သည် တစ်နေရာအား ဦးတည်နေပြီး အနက်ရောင်သည် အခြားတစ်နေရာအား ဦးတည်နေခဲ့သည်။

ဖေးကျီတုတို့အဖွဲ့သည် အဖြူရောင်ဂိတ်ပေါက်ထဲသို့ ဝင်သွားပြီး ကျောက်စိမ်းခေါင်းတလား အနားရှိ အစီအရင်တစ်ခုခုကို သွားအသက်သွင်းမိရာမှ ဧကရာဇ်ဥယျာဉ် ပေါ်လာခဲ့ရသည်။ ထိုကျောက်စိမ်းခေါင်းတလားထဲတွင် လဲလျောင်းနေသော လူတစ်ယောက် ရှိခဲ့ပေသည်။ ထိုလူသည် အခြားမဟုတ်ဘဲ… ကြယ်တာရာကောင်းကင် မဟာဧကရာဇ်သာ ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်တစ်သောင်းခန့်တွင် မဟာဧကရာဇ်ဥယျာဉ်သည် သူမ၏ ဒဏ်ရာကို ကုစားရန်အတွက် အိပ်စက်သွားခဲ့သည်။ ဧကရာဇ်ဥယျာဉ်သည် မဟာဧကရာဇ် အိပ်စက်နေသည့် နေရာဖြစ်သည်။ ထိုအကြောင်းကို မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွားဖြစ်သော ယန်ယန်ဆီမှ သိခဲ့ရခြင်း ဖြစ်သည်။

ရန်ကိုင်၊ တုစီစီနှင့် ချိုင်ဟဲတို့သည် တန်ခိုးရှင်အဆင့် အဘွားကြီးတစ်ဦးနှင့် အတူ အနက်ရောင်ဂိတ်ပေါက်ထဲသို့ ဝင်ခဲ့သည်။ လက်ရှိ ကျောက်တုံးရုပ်သေးရုပ် အသုံးပြုနေသည့် အနက်ရောင်တုတ်ချောင်းကို အနက်ရောင်ဂိတ်ပေါက်ထဲမှ ရခဲ့ခြင်း ဖြစ်သည်။

နာရီဝက်ကြာပြီးနောက် ရန်ကိုင်တို့ အားပြန်ဖြည့်လို့ ပြီးသွားခဲ့သည်။ ပြီးသည်နှင့် မတ်တပ်ရပ်၍ အနက်ရောင်ဂိတ်ပေါက်ဆီသို့ လျှောက်သွားကာ အထဲသို့ ဝင်သွားလိုက်သည်။ ထိုအနက်ရောင်ဂိတ်ပေါက်ကြီးကို ကြည့်ရင်း ပီလော့ရင်ထဲ စိုးရိမ်စိတ်ဝင်လာခဲ့မိသည်။ ထို့ကြောင့် ရန်ကိုင်၏ အင်္ကျီစကို လှမ်းကိုင်လိုက်လေသည်။

ရန်ကိုင်ကမူ ဤနေရာသို့ တစ်ကြိမ် ရောက်ဖူးထားသည့်အတွက် ပီလော့ကဲ့သို့ စိုးရိမ်နေခြင်း မရှိဘဲ အကြွင်းမဲ့တည်ငြိမ်နေခဲ့သည်။ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး မြင်ကွင်း တစ်ခုလုံး ဝေဝါးသွားပြီး ခဏအကြာတွင် နေရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ရင်းနှီးနေသည့် ရှုခင်းများကို ပြန်မြင်လိုက်သည့်နောက် ရန်ကိုင် ပျော်ရွှင်စွာ ပြုံးမိလိုက်သည်။

“ငါ့နောက်လိုက်ခဲ့” ပီလော့အား ပြောလိုက်ပြီးနောက် တစ်ခုခုကို ရှာနေသည့်နှယ် စတင် လျှောက်ပတ်သွားတော့သည်။ ရန်ကိုင်၏ အပြုအမူကို ကြည့်ရင်း ပီလော့ အနည်းငယ် အံ့အားသင့်မိနေသည်။ သို့သော် ဘာမှတော့ မမေးခဲ့ပေ။

ဤနေရာသည် ဥယျာဉ်တစ်ခုခုနှင့် ဆင်တူလှသည်။ စိုက်ပျိုးထားသော ပန်းပင်များ၊ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းလေးများ၊ တံတားလေးများ၊ တန်ဆာဆင်ပုံဖော်ထားသော ကျောက်ဆောင် အသီးသီးတို့သည် တစ်မူထူးခြားသော အလှတရာကို ပုံဖော်နေခဲ့သည်။ ရန်ကိုင်သည် ကျောက်ဆောင်များကို အထူးသတိပြုမိ စစ်ဆေးနေခဲ့လေသည်။ တစ်ခုစီကို စစ်ဆေးသွားပြီးတိုင်း ခေါင်းတခါခါ လုပ်နေခဲ့သည်။

ခဏကြာသည်အထိ ရှာနေပြီးနောက်၊ ကျောက်ဆောင်တစ်ခုကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ထိုကျောက်ဆောင်ဆီမှ လူ့စိတ်အား လန်းဆန်းသစ်လွင်သွားအောင် လုပ်ပေးနိုင်သော သင်းပျံ့သည့် ရနံ့တစ်ခုကို သူရလိုက်သည်။ ဒဏ်ရာရနေသော ပီလော့ပင်လျှင် ထိုအနံ့ကို ရလိုက်သည့်အခိုက် သူမ၏ဒဏ်ရာများ အနည်းငယ် ကောင်းမွန်သွားသလို ခံစားလိုက်ရသည်။

ရန်ကိုင်သည် ကျောက်ဆောင်ဆီသို့ အမြန်ပြေးသွားပြီး ငုံကြည့်လိုက်ရာ ရင်းနှီးနေသာ ခပ်တိမ်တိမ် ကန်လေးတစ်ခုကို မြင်ပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်မိလေသည် “တွေ့ပြီ”

ပီလော့လည်း အတော်လေး သိချင်စိတ်ပြင်းပြင်းနေသည်။ ရန်ကိုင် ကြည့်နေသည့် ကန်လေးသည် ခမ်းခြောက်လုနီးပါး အဖြူရောင်အရည် တစ်စက်၊ နှစ်စက်လောက်သည်သာ ကန်အောက်ခြေတွင် ကျန်ရစ်တော့သည်။ သူမရလိုက်သည့် သင်းပျံ့သော အနံ့သည် ထိုအဖြူရောင် အရည်စက်များမှ လာနေခြင်းဖြစ်သည်။

“အဲ့ဒါဘာလဲ” ပီလော့ မေးလိုက်သည်။

ရန်ကိုင်သည် ပီလော့၏ မေးခွန်းကို ပြန်မဖြေဘဲ အဖြူရောင်အရည်စက်ထဲသို့သာ သူ့လက်ညိုးထိုးကို ထိုးနှစ်လိုက်သည်။ ထို့နောက် သူ့လက်ညိုးကို ပြန်နှုတ်ယူလိုက်ပြီး ပီလော့ ဘက်သို့ လှည့်၍ ပြောလိုက်သည် “ပါးစပ်ဟ”

ပီလော့သည်လည်း ရန်ကိုင် ပြောသည့်အတိုင်း သူမပါးစပ်ကို အလိုလို ဟမေးလိုက်မိ၏။ ပီလော့ ပါးစပ်ဟလာသည်နှင့် ရန်ကိုင်သည် သူ့လက်ညိုးအား သူမ လျှာပေါ် တင်ပေးလိုက်သည်။

ပီလော့၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး ရန်ကိုင်၏ လက်ညိုးအား သူမ၏ လျှာဖြင့် ချက်ချင်း ရစ်ပတ်လျက် သူ့လက်ညိုးထက်တွင် တင်ကျန်ရစ်နေသော အဖြူရောင်အရည်များကို ကုန်စင်အောင် လျက်ပစ်လိုက်လေသည်။

ဖြူဖတ်ဖြူလျော် ဖြစ်နေသော ပီလော့၏ အသားအရေသည် တဖြည်းဖြည်း ပန်းဆီရောင် သန်းလာခဲ့သည်။ အားနည်းနေသော သူမ၏ ခန္ဓာကိုယ် အားအင်များဖြင့် တဖြည်းဖြည်း ပြန်ပြည့်လာနေသလို ပီလော့ ခံစားလိုက်ရသည်။

“ထိုင်ပြီး အဲ့ဒါကို သေချာသန့်စင်လိုက်။ နည်းနည်းမှ အလေအလွင့် မဖြစ်စေနဲ့” ရန်ကိုင်က ပြုံးလျက် ပီလော့အား ပြောလိုက်သည်။

“အင်း” ပီလော့လည်း နာခံစွာ ခေါင်းညိတ်လိုက်ပြီး ထိုင်စရာနေရာတစ်ခု လိုက်ရှာလေ၏။ မသွားခင် ရန်ကိုင်အား ဒေါသတကြီး တစ်ချက် ကြည့်သွားလိုက်သေးသည်။

ယခု အဖြစ်အပျက်ကြောင့် နှစ်ယောက်စလုံး လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က အဖြစ်အပျက်တစ်ခုကို ပြန်အမှတ်ရသွားခဲ့သည်။ ထိုအဖြစ်အပျက်ကို နှစ်ယောက်စလုံး ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။ အထူးသဖြင့် စွဲမက်ဖွယ်ရာ ပီလော့၏ ပါးစပ်၊ သိမ်မွေ့နူးညံ့လှသော သူမ၏ လျှာဖျားလေးနှင့် ပုလဲရောင် ဖြူဝင်းလှသော သွားလေးများ၏ ပေါင်းစပ်မှုသည် ခံစားမိသူတိုင်းအတွက် အသေသတ်တိုက်ကွက်တစ်ခုပင် ဖြစ်လေသည်။

ပီလော့မှ ထိုင်စရာတစ်ခုရှာထိုင်၍ အသက်ရေစင်အား စတင် သန့်စင်သည့်နောက် ရန်ကိုင်သည် ကျောက်ဆောင်အား စိတ်လှုပ်ရှားစွာဖြင့် ပြန်လှည့်ကြည့်လိုက်လေသည်။

ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်လာစဉ်ကတည်းက သန့်စင်သည့် အသက်ရေစင်သည် ကျောက်ဆောင်ထဲရှိ တစ်နေရာရာတွင် ရှိနေလိမ့်မည်မှန်း ရန်ကိုင် သိခဲ့သည်။ သူနှင့် အခြားသူများ ရလိုက်သည်ကား မသန့်စင်သော အသက်ရေစင်သာ ဖြစ်သည်။

ယနေ့ အဖြစ်အပျက်သည် ရန်ကိုင်၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေသည်။ ယခင်တစ်ကြိမ် သူဤနေရာသို့ ရောက်စဉ်က သူတို့အဖွဲ့သည် ကန်လေးထဲတွင် ရှိနေသော အသက်ရေစင်အားလုံးကို တစ်စက်မကျန် ခပ်ယူသွားခဲ့သည်။ ယခုတစ်ကြိမ် ပြန်ရောက်လာသည့် အခါ ကန်လေးထဲတွင် အသက်ရေစင်အချို့ ထပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ့အထင် မှန်ကန်မှန်း ရန်ကိုင် နားလည်လိုက်သည်။

ကျောက်ဆောင်ထဲတွင် ရှိနေသော အသက်ရေစင်ကို ရယူရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုအတွက် ရန်ကိုင် အပြည့်အဝ ပြင်ဆင်လာခဲ့ပေသည်။

ရန်ကိုင်သည် ကျောက်တုံးရုပ်သေးရုပ်အား အနက်ရောင်စာအုပ်ထဲမှ ထုတ်လိုက်ပြီး ပုလင်းတစ်လုံးကိုထုတ်ကာ ကျောက်တုံးရုပ်သေးရုပ်ဆီ ပေး၍ ကျောက်ဆောင်အား လက်ညိုး ထိုးပြလိုက်သည်။

ကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင် ဘာလုပ်ချင်နေမှန်းကို ချက်ချင်း နားလည်လိုက်ပြီး ခွက်ကိုကိုင်ကောင် ကျောက်ဆောင်ဆီသို့ ချက်ချင်း ပြေးသွားလေသည်။

ကျောက်တုံးရုပ်သေးရုပ်နှင့် ကျောက်ဆောင် ထိသွားသည့်အခိုက်၊ ကျောက်တုံး ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် ကျောက်ဆောင်ထဲသို့ ထူးထူးဆန်းဆန်း တိုးဝင်ပျောက်ကွယ်သွားခဲ့၏။

သို့သော်လည်း ကျောက်တုံးရုပ်သေးရုပ်၏ တည်နေရာကို ရန်ကိုင် အာရုံခံမိနေသေးသည်။ ကျောက်တုံးရုပ်သေးရုပ်သည် ကျောက်ဆောင်ထဲသို့ တိုးဝင်သွားနေရာ မကြာမီ သူရှိနေရာမှ မီတာတစ်ထောင်အကွာသို့ ရောက်သွားခဲ့သည်။

သို့သော် ရန်ကိုင် စိတ်ပူမနေခဲ့ချေ။ ကျောက်တုံးရုပ်သေးရုပ်သည် ပုံရိပ်တစ်ထောင် ဖန်တောင်ကို ဖြတ်ကျော်၍ပင် လိုဏ်ခေါင်းတူနိုင်သူ ဖြစ်လေရာ ဤကျောက်ဆောင်လေးကို မတူးနိုင်စရာ အကြောင်းမရှိချေ။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် ကျောက်တုံးရုပ်သေးရုပ် ကျောက်ဆောင်ထဲမှ ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ အပြင်သို့ ပြန်ရောက်သည်နှင့် ရန်ကိုင် ကိုယ်ပေါ်သို့ ပျော်ရွှင်စွာ ခုန်တက်လိုက်ပြီး ပါးစပ်ဟကာ ပုလင်းတစ်လုံးကို အန်ထုတ်ပေးလိုက်သည်။

ရန်ကိုင်သည် ထိုပုလင်းကို လှမ်းဖမ်းလိုက်ပြီး ပုလင်းအတွင်းကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာကြီး ပြုံးဖြီးဖြီးဖြစ်သွားခဲ့လေသည်။ ပုလင်းထဲတွင် လက်ဆေးဇလုံးပြည့်စာ ပမာဏရှိသော စေးကပ်ကပ် အရည်များ ရှိနေခဲ့သည်။ ထိုအရည်များသည် ကန်လေးထဲမှ ရန်ကိုင်ရခဲ့သည့် အသက်ရေစင်သည် ဆယ်ဆမျှ ပိုမိုစေကပ်ပြီး အသက်ရေစင်၏ အသန့်စင်ဆုံးပုံစံ ဖြစ်သည်။

သူလိုချင်သည့် အရာကို ရလိုက်သည့်အတွက် ရန်ကိုင် အလွန်ကို ပျော်နေမိသည်။

ယခုတစ်ကြိမ် ဧကရာဇ်ဥယျာဉ်ထဲသို့ လာရခြင်းသည် ရည်ရွယ်ချက် နှစ်ခုကြောင့် ဖြစ်သည်။ တစ်ခုသည် လောကရတနာကို ဖမ်းဆီးရန်ဖြစ်ပြီး ကျန်တစ်ခုသည် သန့်စင်သော အသက်ရေစင်ကို ရှာဖွေရန် ဖြစ်သည်။ လောကရတနာကို ဖမ်းဆီးရာတွင် အခက်အခဲအချို့ ကြုံခဲ့ရသော်လည်း အသက်ရေစင်ကို ရယူရာတွင် မည်သည့် အခက်အခဲမှ မကြုံခဲ့ရပေ။

သန့်စင်သော အသက်ရေစင်ကို လွယ်ကူစွာ ရယူနိုင်ခဲ့ခြင်းမှာ ကျောက်တုံး ရုပ်သေးရုပ်၏ ကျေးဇူးအများကြီး ပါပေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် အနေဖြင့် ကျောက်ဆောင်အား ခက်ခဲပင်ပန်းစွာ ထိုင်တူးနေရပေလိမ့်မည်။

သန့်စင်သော အသက်ရေစင်ကို ရလိုက်ပြီ ဖြစ်သည့်အတွက် ရွှေရောင်သွေးစက် ကိစ္စအား ဆက်စိတ်ပူနေစရာ မလိုတော့ချေ။ ဤအသက်ရေစင်နှင့် ဆိုပါက သူ့ကိုယ်ထဲရှိ သွေးအားလုံးကို ရွှေရောင်သွေးစက်များဖြင့်ပင် အစားထိုးပစ်နိုင်လောက်ပေသည်။

ထိုကဲ့သို့ စဉ်းစားပြီးနောက် အသက်ရေစင်အား သိမ်းထားလိုက်သည်။

ခဏအကြာတွင် ပီလော့ မျက်လုံးပွင့်လာခဲ့သည်။

“နင်ဘယ်လိုနေသေးလဲ” ရန်ကိုင်က မေးလိုက်သည်။

“တော်တော်လေး ပြန်ကောင်းသွားပြီ။ နည်းနည်းပါးပါးတောင် တိုက်ခိုက်လို့ရပြီ” ပီလော့ အသက်တစ်ချက် ရှူထုတ်လိုက်သည်။ ရန်ကိုင်နှင့် စတွေ့သည့် အချိန်မှစ၍ ရန်ကိုင်အပေါ်သာ တစ်ချိန်လုံး အားကိုးနေခဲ့ရသည်။ ထို့အတွက်လည်း ပီလော့ စိတ်ထဲ အတော်လေးကို မသက်မသာ ဖြစ်ရမိသည်။ ရန်ကိုင်၏ ခွန်အားသည် အံ့အားသင့်ဖွယ်ကောင်းသော်ငြား အရေးအကြုံ အခြေအနေနှင့် ရင်ဆိုင်ရသော် သူ့အား ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်အစား ကူညီပေးနိုင်သည့် လူတစ်ယောက် ရှိနေခြင်းသည် အများကြီး ပိုကောင်းပေသည်။

သူမ၏ ဒဏ်ရာအားလုံး အလုံးစံ ပျောက်ကင်းသွားပြီဟု ပီလော့ မပြောရဲသော်ငြား အနည်းဆုံး ရန်ကိုင်အား ဝန်ထုပ်ဝန်ပိုးချည်းပဲတော့ မဖြစ်စေတော့ပေ။

“ငါတို့ အခု ဘယ်သွားကြမလဲ” ပီလော့ ထရပ်ပြီး မေးလိုက်သည်။

“ငါ့နောက်လိုက်ခဲ့။ အဲ့ဘက်မှာ ပစ္စည်းကောင်းတစ်ခုခု ရှိတယ်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

သူပြောနေသည့် ပစ္စည်းကောင်းမှာ ချင်းတုန်း ပိတ်မိခဲ့သည့် နေရာတွင် ရှိနေသော ကျောက်ပြားအား ပြောနေခြင်းဖြစ်သည်။ ဤနေရာထဲသို့ ပန်းပဲပညာရှင်တစ်ယောက် ချင်းတုန် ခေါ်လာခဲ့ရခြင်းမှာ ထိုလူအား ကျောက်ပြားကို လေ့လာစေချင်လို၍ ဖြစ်သည်။ ထိုကျောက်ပြားထဲတွင် အလွန်ကိုမှ နက်နဲဆန်းကြယ်သော ပန်းပဲပညာရပ်ကို ထိုးထွင်းထားပေသည်။

ဧကရာဇ်ဥယျာဉ်ထဲမှ ပြန်ထွက်လာရပြီးနောက် ထိုပန်းပဲပညာရှင် တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့သည်။ မကြာမီ အရိပ်လခန်းမတွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ထပ်မံ ထွက်ပေါ်လာကြောင်း သတင်းများ ပြန့်လာခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့် ကျောက်ပြား မည်မျှ အဖိုးတန်ကြောင်း မြင်နိုင်ပေသည်။

ဤနေရာသို့ ရောက်လာမှဖြင့် ထိုကဲ့သို့ ရတနာကို ဤအတိုင်း ထားခဲ့လိုက်၍ မဖြစ်ချေ။ ကျောက်ပြားကိုပါ တစ်ခါတည်း ယူသွားရပေမည်။

ထို့အပြင် ယခု သူ့ကိစ္စ ပြီးသွားပြီ ဖြစ်သည့်အတွက် ယန်ယန်အား သွားရှာရန် စဉ်းစားထားသည်။ ဤနေရာမှ ထွက်သွားရန်အတွက် ထိုနေရာကို ဖြတ်သွားရန် လိုအပ်သည်။ ထိုနေရာအား ဖြတ်သွားရမည့်အတူတူ၊ ကျောက်ပြားကိုပါ သူနှင့်အတူတူ ယူသွားလိုက်ခြင်းသည် ပို၍ မကျိုးမရှိလေသလော။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၆၇)

ချင်းတုန် ပိတ်မိခဲ့သည့် နေရာသည် ဤနေရာနှင့် သိပ်မဝေးချေ။ သူ့မှတ်ဥာဏ်ထဲရှိ လမ်းအတိုင်း လျှောက်သွားရင်း ဥယျာဉ်ထဲမှ ထွက်လာပြီးနောက် စင်္ကြန်လမ်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။ မီတာတစ်ထောင်ခန့် ရှည်လျားသော စင်္ကြန်လမ်းအား ဖြတ်ကျော်လာပြီးနောက်တွင် ခန်းမကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။

ချင်းတုန် ထိုခန်းမကြီးထဲတွင် ပိတ်မိခဲ့ခြင်းဖြစ်သည်။ ကျောက်ပြားသည် ယခုအချိန်ထိ ခန်းမထဲတွင် ရှိနေပေသေးသည်။

ယခင်က ဤနေရာသို့ မည်သူမှ ရောက်လာလိမ့်မည်ဟု မဟုတ်ဟု ရန်ကိုင် ထင်ခဲ့ဖူးသည်။ သို့သော်လည်း ယခုမှပဲ သူမှားယွင်းနေမှန်း သိလိုက်ရသည်။ ဤနေရာသို့ တစ်ယောက်၊ နှစ်ယောက်လောက်သာ ရောက်နေခြင်းမဟုတ်၊ လူပေါင်းများစွာ ရောက်နေခြင်း ဖြစ်သည်။

ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် လူနှစ်ယောက် ရပ်နေခဲ့သည်။ ခုနှစ်ယောက်စလုံးသည် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပေသည်။ ခုနှစ်ယောက်ထဲတွင် အမျိုးသမီး၊ အမျိုးသား၊ လူကြီး၊ လူငယ်အားလုံးနှင့်အတူ ခြောက်ယောက်နှင့် မတူညီစွာ တသီးတခြား ခွဲရပ်နေသော လူငယ်လေးတစ်ယောက် ပါရှိနေခဲ့သည်။

လူငယ်လေး၏ မျက်နှာသည် အလွန်ကိုမှ မိန်းမသားများ မနာလိုရလောက်အောင်ထိကို ချောမောလှသည်။ ပုလဲရောင်သွားလေများ၊ နီစွေးဖူးအိလှသော နှုတ်ခမ်းအစုံ၊ ချောမွတ်လှသော အသားအရေတို့သည် ပြစ်ချက်ရှာမရလောက်အောင်ကို ပြီးပြည့်စုံလွန်းလှသည်။ လူငယ်လေးသည် မြင့်မြတ်သော သခင်လေးတစ်ယောက်ကဲ့သို့ ယပ်တောင်တစ်ချောင်းကို ကိုင်ကာ ရပ်နေခဲ့သည်။

ထိုလူငယ်လေးနှင့် ကျန်လူအားလုံးသည် ပိုစုန်းကြူးများနှယ် ဖြစ်ကုန်လေသည်။ ရန်ကိုင်၏ အကြည့်သည် ထိုလူငယ်လေးဆီသို့ အလိုလို ရောက်သွားခဲ့သည်။

ထိုလူငယ်လေးကို မြင်လိုက်သည့်အခိုက် ရန်ကိုင် အလွန်ကိုမှ စိတ်ညစ်သွားခဲ့သည်။ သူဤနေရာသို့ မလာခဲ့သင့်ဘူးဟုပင် တွေးမိလာလေပြီ။ ထိုလူငယ်လေးသည် အခြားလူမဟုတ်ဘဲ သူမတွေ့ချင်ဆုံးလူ ဖြစ်သည် ရွှယ့်ယွယ်ပင် ဖြစ်လေသည်။

သူဘာလို့ ဒီရောက်နေရတာလဲ ရန်ကိုင်စိတ်ထဲ အော်ဟစ် ညည်းတွားနေမိသည်။ သူ့ခရီးသည် အစပိုင်း သာသာယာယာ ရှိနေကာမှ နောက်ဆုံးတွင် ဒုက္ခရောက်ရတော့သည်။

ဘယ်လောက်တောင် ဆိုးလိုက်တဲ့ကံလဲကွာ ထိုလူနှင့် မတွေ့ချင်သည့်အတွက် မတွေ့မိအောင် အတတ်နိုင်ဆုံး ကြိုးစားရှောင်နေသည်ကိုမှ ထိုလူနှင့် လာတွေ့ခဲ့သည်။ ရန်သူများအတွက် လောကကြီးသည် အလွန်ကိုမှ ကျဉ်းလှပါသည် ဆိုသော စကားမှာ သွေးထွက်အောင်ကို မှန်လွန်းပေသည်။

ရွှယ့်ယွယ် ဤနေရာသို့ ရောက်နေမှန်းသာ ကြိုသိခဲ့လျှင် သူဤနေရာသို့ လုံးဝ လာခဲ့မည် မဟုတ်ချေ။ သို့သော် နောင်တအတွက် ဆေးမရှိခဲ့။ ဧကရာဇ်ဥယျာဉ်ထဲတွင် ကောင်းကင် စိတ်အာရုံအား မီတာတစ်ရာကျော်လောက်သာ ဖြန့်ကျက်၍ ရသဖြင့် ခပ်ဝေးဝေးသို့ လှမ်း၍ ကြိုမစစ်ဆေးနိုင်ချေ။ သို့သော်လည်း ရွှယ့်ယွယ် မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်နေရသလဲ ဆိုသည်နှင့် ပက်သက်၍လည်း သိချင်မိသွားသည်။

ရွှယ့်ယွယ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ပီလော့ကို ဆွဲခေါ်ကာ ထိုနေရာမှ ချက်ချင်း ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ပီလော့သည် ရန်ကိုင် ဆွဲခေါ်ရာသို့ မလိုက်ဘဲ ပေကပ်ရပ်နေခဲ့သည်။ အခြား တစ်ဖက်သို့လှည့်၍ ပျော်ရွှင်စွာဖြင့် လှမ်းအော်ခေါ်လိုက်လေသည် “သခင်မ”

အော်ခေါ်ပြီးသည်နှင့် ထိုအရပ်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ကြောင်သွားခဲ့ပြီး ပီလော့ ထွက်သွားရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သူ့အား စိုက်ကြည့်နေသော အနီရောင် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။

အကြည့်ချင်းဆုံးသွားသည့် အခိုက်တွင် နှစ်ယောက်စလုံး ကြောင်သွားခဲ့ကြသည်။ ထိုအမျိုးသမီးသည် မည်သူမှ ငြင်းရမလောက်အောင် အားကောင်းလွန်းသော ညို့အားကို မွေးရာပါ ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ တောက်ပသည့် မျက်ဝန်းအစုံနှင့် အကြည့်ချင်း ဆုံသွားသည့်လူတိုင်း ရုန်းထွက်မရနိုင်သော တဏှာညွှတ်ကွင်းအောက် ထာဝရ ကျရောက်သွားနိုင်လောက်အောင် အားကောင်းပေသည်။

မို့မောက်ပြည့်တင်းသော ရင်အစုံနှင့် သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်လေးအား သူမ ဝတ်ထားသည့် မီးနီရောင်ဝတ်စုံသည် မည်သို့မှ ဖုံးကွယ်နိုင်ခြင်း မရှိပေ။ ဖုံးကွယ်နိုင်ခြင်း မရှိသည့် အပြင် သူမ၏ တပ်မက်ဖွယ်ကောင်းလှသော ကောက်ကြောင်းအဖြာဖြာနှင့် ရုပ်သွင်ကိုပင် ပို၍ သိသာထင်ရှားသွားစေခဲ့သည်။

ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် ထိုအမျိုသမီး၏ ခန္ဓာကိုယ်၏ စတင် တုန်ရင်လာခဲ့သည်။

“ချင်းလော့လား” ရန်ကိုင် ရေရွတ်လိုက်သည်။

ရှန်ချင်းလော့သည်လည်း ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်လာမှန်း သိထားသော်ငြား သူမနှင့်သူ၏ တွေ့ဆုံမှုသည် ဤမျှဒရမ်မာဆန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သာမန် အခြေအနေမျိုးတွင် သူမနှင့် ပြန်တွေ့ရသည့်အတွက် အလွန်ကိုမှ ပျော်မိမည်ဖြစ်သော်ငြား လောလောဆယ်သည် အခြေအနေသည်ကား…

ဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်သည့် ချစ်ခြင်း၊ မုန်းခြင်းတို့မှ အရင်းတည်သော ခံစားမျိုးစုံတို့ ရောယှတ်နေသည့် ဒေါသအကြည့်အစုံဖြင့် သူ့အား စိုက်ကြည့်နေသော ရွှယ့်ယွယ်ကို မြင်တွေ့လိုက်ရသည်။

ဤနေရာမျှ မြန်နိုင်သမျှ မြန်မြန် သူထွက်ပြေးချင်နေလေပြီ။ သို့သော်လည်း ရှန်ချင်းလော့ ရှိနေသည့်အတွက် ထွက်မပြေးနိုင် ဖြစ်နေသလို သူထွက်ပြေးမည် ဆိုလျှင်လည်း ရွှယ့်ယွယ်သည် သူ့အား မည်သည့် နည်းနှင့်မှ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ရွှယ့်ယွယ်နှင့် အချိန်ခဏသာ အတူရှိဖူးသော်ငြား ထိုအမျိုးသမီးသည် အရာရာကို သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိစေချင်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသာ မထိန်းချုပ်နိုင်လျှင် ထိုအရာကို ဖျက်စီးပစ်မည့် လူစားမျိုး ဖြစ်သည်။

ရန်ကိုင်သည် ထိန်းချုပ်ခံရမည်ကို မလိုလားသလို အဖျက်စီးလည်း မခံချင်သည့် အတွက်ကြောင့် မိုးရေစင်ကြယ်မှ ထွက်ခွာလာခဲ့လိုက်ရာ ရွှယ့်ယွယ်နှင့် ရန်သူ ဖြစ်လာခဲ့ရသည်။

လက်ရှိ အခြေအနေသည် အလွန်ကိုမှ နုရွလွန်းလှကာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့ကြား ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သူမသိသော်လည်း ရှန်ချင်းလော့သည် ကျောက်ပြားရှေ့တွင် ရပ်နေသည့်အတွက် ဤနေရာသို့ ပထမဆုံး ရောက်သည့်လူမှာ သူမ ဖြစ်ရပေလိမ့်မည်။

“ဟားဟား…” ရန်ကိုင်သည် အသက်မပါသည့် ရယ်သံဖြင့် ရယ်လျက် “ကျုပ်တို့ ထပ်တွေ့ပြန်ပြီနော် တတိယသခင်လေး”

“ဟုတ်တယ်။ ထပ်တွေ့ပြန်ပြီ” ရွှယ့်ယွယ်သည် ရန်ကိုင်အား ပြန်ပြုံးပြလိုက်သည်။ သူမသည် ယောကျာ်းတစ်ယောက်ကဲ့သို့ ဝတ်စားထားသော်ငြား သူမ၏ အပြုံးသည် ရှန်ချင်းလော့၏ အပြုံးကဲ့သို့ ဆွဲဆောင်မှုရှိလှပေသည် “ဒီတော့ ဒီသခင်လေးနောက်ကနေ ဧကရာဇ်ဥယျာဉ်ထဲ ဝင်လာခဲ့တဲ့လူက မင်းပေါ့၊ ဟုတ်တယ်မလား”

“မဟုတ်ဘူးပြောရင် တတိယသခင်လေးက ယုံမှာမို့လို့လား” ရန်ကိုင် ပခုံးတွန့်လိုက်၏။

“မင်းဘယ်လိုထင်လဲ” ရွှယ့်ယွယ် အံကြိတ်လိုက်သည်။

“အဲ့လူကို တတိယသခင်လေး သိတာလား” မုတ်ဆိတ်ကြီးနှင့် လူအိုကြီး တစ်ယောက်က ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့်ကြည့်ရင်း ရွှယ့်ယွယ်ကို မေးလိုက်သည်။

“အင်း။ ကျုပ်ရဲ့ မိတ်ဆွေးဟောင်း တစ်ယောက်လေ” ရွှယ့်ယွယ်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ သူမ၏ လေသံအရ သူမနှင့် ရန်ကိုင်ကြားတွင် ရန်ငြိုးရှိမှန်း အကုန်လုံး သတိပြုမိသွားခဲ့သည်။ဓ

လူအိုကြီး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်အား ရက်စက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ထိုလူငယ်လေး မည်သူပင် ဖြစ်ပါစေ တန်ခိုးရှင်ပထမအဆင့်လေးဖြင့် တတိယသခင်လေးအား ရန်စ စော်ကားရဲသည့်အတွက် သူသေကို သေရပေမည်။

လူအိုကြီးသည် ရန်ကိုင်အား စိုးစဉ်းမျှ ဂရုမစိုက်ချေ။ တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသည့် လူတစ်ယောက်ကို သူလုံးဝ မျက်လုံးထဲ မထည့်ချေ။ တတိယသခင်လေးက တိုက်ခိုက်ရန် အမိန့်မပေးသည့် အတွက်ကြောင့်သာ ဘာမှ မလုပ်သေးခြင်း ဖြစ်သည်။ မဟုတ်လျှင် ရန်ကိုင်ကို တိုက်ခိုက်နေပြီးလောက်လေပြီ။

“အဟမ်း…” ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ရွှယ့်ယွယ်အား ရှက်ရှက်ဖြင့် ကြည့်ကာ ပြောလိုက်သည် “တတိယသခင်လေး ခဏလောက် စောင့်ပေးလို့ရမလား။ ဒီမှာ ကျုပ်ရဲ့ အခြား မိတ်ဆွေဟောင်းကြီး တစ်ယောက်လည်း ရောက်နေလို့။ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ နှစ်နဲ့ချီနေပြီ”

“အခြားအသိတစ်ယောက်၊ ရှင်ဒီစုန်းမကို ပြောနေတာလား” ရွှယ့်ယွယ်၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ခပ်သဲ့သဲ့ ရယ်မောလျက် “ရှင့်မှာ မွန်းစတားမျိုးနွယ်စုဝင် မိတ်ဆွေတွေတောင် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ရှင့်မိတ်ဆွေဆိုတော့မှ သွားတွေ့လေ”

ပြောပြီးသည်နှင့် ရွှယ့်ယွယ်သည် သူမ၏ ယပ်တောင်ကို ဖြန့်ကာ သူမကိုယ်သူမ ယပ်ခတ်နေလိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ရှန်ချင်းလော့ဆီသို့ လမ်းလျှောက်သွားလေသည်။

ရှန်ချင်းလော့သည် ယခုထိတိုင် အံ့ဩမှင်သက်နေရာမှ အသိပြန်မဝင်လာသေးချေ။ တစ်ခုခု ပြောချင်ဟန်ဖြင့် သူမ၏ နှုတ်ခမ်းကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့သော်လည်း သူမ ပါးစပ်ဆီမှ မည်သည့် စကားလုံးမှ ထွက်မလာခဲ့ချေ။ ဤအရာသည် အိမ်မက်တစ်ခု ဖြစ်နေပြီး ရန်ကိုင် သူမ၏ မြင်ကွင်းဆီမှ ပျောက်ကွယ်သွားမည်ကို ကြောက်နေသည့် အတွက်ကြောင့် မပြောသည်လည်း ဖြစ်နိုင်ပေသည်။

သူမစိတ် အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေခဲ့သည်။ ပီလော့မှာမူ ရှန်ချင်းလော့၏ လက်မောင်းကိုကိုင်ကာ အဆက်မပြတ် ငိုကြွေးနေခဲ့လေသည်။ ပီလော့က ငိုနေသည့် အတွက်ကြောင့်လား မသိရာ၊ ရှန်ချင်းလော့ မျက်ဝန်းများပါ မျက်ရည်စတို့ဖြင့် ရစ်သိုင်းလာခဲ့လေသည်။

သူတို့ကြား သိပ်မဝေးသဖြင့် ရန်ကိုင်သည် တစ်ခဏအတွင်း ရှန်ချင်းလော့ရှေ့သို့ ရောက်သွားခဲ့သည်။ သူတို့ကြား အကွာအဝေး နီးကပ်လာသည်နှင့် ရှန်ချင်းလော့၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း ပို၍ ပြင်းပြင်းထန်ထန် တုန်ရင်လာခဲ့ပြီး မျက်နှာပြင် အသားအရေဆိုလျှင် ပန်းရောင်ပင် သန်းလာခဲ့လေသည်။

ရန်ကိုင်နှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်အတွက် သူမရင်ထဲ ကိန်းအောင်းနေသည့် ခံစားချက်တို့ အလွန်အမင်း ပြင်းထန်နေခဲ့သည်။ ရန်ကိုင်အား ပြန်မြင်လိုက်သည့် အခိုက်တွင် ထိုခံစားချက်များ ပေါက်ကွဲထွက်လာခဲ့လေသည်။ ဤလောကကြီးတွင် သူမအား ညို့ငင်ယူနိုင်သည့် ယောကျာ်းသားဆို၍ ရန်ကိုင် တစ်ယောက်သာ ရှိသည်။ ရန်ကိုင်နှင့် တွေ့လျှင် သူမလည်း ဘာမှ မတတ်နိုင်တော့ပေ။

လနီမျိုးနွယ်စုခေါင်းဆောင်ပင်လျှင် သူမအား ကူကယ်ရာမဲ့အောင် မလုပ်နိုင်ချေ။ လနီမျိုးနွယ်စုခေါင်းဆောင်သာ သူမ၏ ရန်သူ ဖြစ်ခဲ့လျှင် အဆိုးဆုံးမှ သူမ သေသွားရုံသာ ရှိသည်။ သို့သော် ရန်ကိုင်နှင့် ရင်ဆိုင်ရချိန် သူမ၏ ဝိဥာဉ်တစ်ခုလုံး အရည်ပျော်ကျတော့မည့်နှယ် ခံစားနေရသည်။ သူ့ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းသည် သူမ၏ ရင်အစုံအား တဒုန်းဒုန်း ခုန်သွားစေသည်။ သူမ အသိစိတ်လွတ်တော့မည့်နှယ် ခံစားနေရလေပြီ။

“ဒီနှစ်အတောအတွင်း… နင်ဘယ်လိုနေလဲ ချင်းလော့” နောက်ဆုံးတွင် ရန်ကိုင်သည် သူသိချင်နေသည့် မေးခွန်းကို မေးလိုက်လေသည်။

ရှန်ချင်းလော့နှင့် ပက်သက်၍ သူ့ရင်ထဲ အမြဲ နောင်တရမိနေခဲ့သည်။ တိမ်မိစ္ဆာနယ်မြေမှ ထွက်လာပြီးသည့် အချိန်မှစ၍ သူမအား စုယန်၊ သူ့စီနီယာမမလေးတို့ကဲ့သို့ တစ်ခါမှ ပြန်၍ မတွေ့ရတော့ချေ။

ရှန်ချင်းလော့အား သူ့တစ်ဘဝလုံး မည်သည့်အခါမှ ပြန်မတွေ့နိုင်တော့ဘူးဟု ထင်ခဲ့သည်။

သို့သော်လည်း ကံကြမ္မာသည် အလွန်ကိုမှ ခန့်မှန်းရ ခက်လွန်းလှသည်။ မည်သည့်အခါမှ မတွေ့နိုင်တော့ဘူးဟု ထင်ထားသော သူအား ယနေ့ ပြန်တွေ့နေရချိန် သူ့စိတ်ထဲ တစ်နေ့နေ့တွင် ပြန်တွေ့နိုင်လိမ့်မည်ဟု ထင်ထားသောသူကိုမှ ယနေ့ထိ ပြန်မတွေ့ရသေးပေ။

သူ့ရင်ထဲ သူမအား ပြောချင်နေသည့်စကားများစွာ ရှိနေသော်လည်း မည်သည့်နေရာမှ စပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

နှစ်ပေါင်းသုံးဆယ်လုံးလုံး နေ့နှင့်အမျှ လွမ်းဆွတ်တမ်းတနေခဲ့ရသည့် အသံလေးကို ပြန်ကြားလိုက်ရသည့် နောက်တွင် ရှန်ချင်းလော့ သူမ၏ ခံစားချက်များကို လုံးဝ မထိန်းချုပ်ထားနိုင်တော့ချေ။ မျက်ရည်များသည် ပါးပြင်ထက်သို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်လေသည် “ငါကိုပြောစမ်းပါ၊ ဒါအိမ်မက် မဟုတ်ပါဘူးလို့”

“တကယ် အိမ်မက်မဟုတ်ဘူး” ရန်ကိုင်သည် ပြုံးလျက် သူမပါးပြင်ထက်ရှိ မျက်ရည်စများကို သုတ်ပေးလိုက်လေသည်။

ရှန်ချင်းလော့ မျက်လုံးပိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်လေသည်။ သို့တိုင် ရန်ကိုင်သည် သူမရှေ့မှ ပျောက်ကွယ်သွားခြင်း မရှိဘဲ သူလက်ဖြင့် သူမပါးအား ပွတ်သပ်ပေးနေခဲ့သည်။

ဤအရာသည် အိမ်မက်မဟုတ်ချေ။ တကယ့် အစစ်အမှန်ဖြစ်သည်။

“သေနာကောင်” ရှန်ချင်းလော့ အံကြိတ်ကာ ရန်ကိုင်အား အော်ဆဲတော့သည်။ ထို့နောက် လေအလျင်ဖြင့် သူ့ရင်ခွင်ထဲသို့ ပြေးတိုးဝင်လာခဲ့လေသည်။

ရှန်ချင်းလော့ကဲ့သို့ အမျိုးသမီးတစ်ဦး သူမကိုယ်သူမ သူ့ရင်ခွင်ထဲ ပစ်ဝင်လာသည့် ခံစားချက်မျိုးသည် အလွန်ကိုမှ ခံစားလို့ကောင်းလှသည်။ ဤကဲ့သို့ အမျိုးသမီးတစ်ဦး၏ စိတ်ရော ခန္ဓကိုယ်ကိုပါ သိမ်းပိုက်နိုင်သည့် သူ့ကိုယ်သူပင် ဂုဏ်ယူချင်သလို ဖြစ်မိသွားသည်။

သို့သော် ချက်ချင်းဆိုသလို ရန်ကိုင် မျက်နှာတစ်ပြင်လုံး နာကျင်မှုကြောင့် ရှုံ့မဲ့သွဦးလေသည်။

ရှန်ချင်းလော့သည် သူ့ရင်ခွင်ထဲသို့ ရောက်သည်နှင့် သူ့ခါးအား အသားပါမတတ် အားကုန်သုံးကာ လိမ်ဆွဲတော့လေသည်။ ထိုမျှဖြင့် မရပ်တန့်သေးဘဲ ကျန်လက်တစ်ဖက်ဖြင့် သူ့ရင်ဘတ်အား တဘုန်းဘုန်း ထုရိုက်တော့သည်။

အပြင်လူ အမြင်တွင် သူတို့ပုံစံသည် ပရောပရီ လုပ်နေသည့် လူနှစ်ယောက်နှင့် သွားတူသည်။ သို့သော်လည်း ဤအမျိုးသမီး မည်မျှ လက်ဆပြင်းမှန်း ရန်ကိုင်သိသည်။ သူ့အား နာကျင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်နေခြင်း မဟုတ်သော်ငြား သူခံစားနေရသည့် နာကျင်မှုသည် တကယ့် အစစ်အမှန်ဖြစ်သည်။

ဒီစုန်းမလေးကတော့ကွာ…

ရန်ကိုင် စိတ်ထဲ ကူကယ်ရာမဲ့သွားခဲ့ရသလို မှင်လည်းမှင်သက်မိသွားခဲ့သည်။

ရှန်ချင်းလော့သည် ထိုမျှနှင့် မကျေနပ်သေးပေ။ ရန်ကိုင်အား ထရိုက်နေပြီး ခဏအကြာတွင် စွန့်ပစ်ခံရသည့် အိမ်ရှင်အမျိုးသမီးတစ်ဦး သူမ၏ လင်ယောကျာ်အား ပြန်တွေ့လိုက်ရသည့်နှယ်၊ ခြေဖျားကိုထောက်ကာ ပါးစပ်ဟလျက် ရန်ကိုင်၏ လည်ပင်းကို ကိုက်ချလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ အကုန်လုံး ကြက်သေသေကုန်ကြလေပြီ။

ရွှယ့်ယွယ်ဘေးနားတွင် ရပ်နေသော တန်ခိုးရှင်အဆင့် ခြောက်ယောက်စလုံး ခေါင်းတခါခါ ဖြစ်သွားကြပြီး အကုန်လုံး “အရှက်မရှိလိုက်တာ”၊ “ကိုယ်ကျင့်သိက္ခာမရှိလိုက်တာ” စသဖြင့် တစ်ယောက်တစ်ပေါက် ရေရွတ်ကြတော့လေသည်။

လူအများကြီးရှေ့တွင်ပင် ယခုကဲ့သို့ အရှက်မရှိသည့် လုပ်ရပ်မျိုး လုပ်ရဲသည်ကို ကြည့်လျှင် ဤအမျိုးသမီးသည် တကယ်ကို စုန်းမတစ်ယောက် ဖြစ်သည်။ ထိုနည်းတူစွာ စုန်းမနှင့် ပွတ်သီးပွတ်သပ်နေသည့် ထိုကောင်လေးသည်လည်း လူကောင်းတစ်ယောက် မဖြစ်တန်ရာ။ နှစ်ယောက်စလုံးသည် ဒီပုပ်ဒီပဲသာ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို ရွှယ့်ယွယ် မည်ကဲ့သို့ သိနေမှန်း တန်ခိုးရှင်အဆင့် ခြောက်ယောက်စလုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူတို့၏ တတိယသခင်လေးသည် ဥာဏ်ပညာ ထက်မြက်ပြီး အမြင်စူးရှသည့် လူတစ်ယောက် ဖြစ်ကာ မည်သည့် ခွေးလွေ၊ခွေးလွင့်နှင့်မှ မိတ်ဆွေဖွဲ့လိမ်မည် မဟုတ်ချေ။

“တော်လောက်ပြီ” ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သည့်အဆုံး ရွှယ့်ယွယ် ထအော်တော့လေသည်။ သူမသာ ဤအတိုင်း ခွင့်ပြုထားလိုက်လျှင် ထိုနှစ်ယောက်၏ အပြုအမူ ပိုမို ဆိုးရွားလာနိုင်ပေသည်။ သူမ မျက်စိရှေ့တည့်တည့်တွင် ထိုကဲ့သို့ လာလုပ်နေသည်ကို ရွှယ့်ယွယ် မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၆၈)

ရွှယ့်ယွယ်နှင့် ရန်ကိုင်သည် ကြယ်သေတစ်ခုပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် ကိုယ်လုံးတီး ပွေ့ဖက်ဖူးသော်လည်း ယခုကဲ့သို့ လူမြင်ကွင်းတွင် မဟုတ်ချေ။

ထို့အပြင် ရန်ကိုင်သည် နည်းနည်းလေးမှ ခုခံနေခြင်း မပြုဘဲ ထိုစုန်မအား စိတ်ရှိသလို လုပ်ခွင့်ပေးထားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရွှယ့်ယွယ်တစ်ကိုယ်လုံး ဒေါသတကြောင့် တဆတ်ဆတ် တုန်ရင်လာခဲ့လေသည်။ နောက်ဆုံး သည်းမခံနိုင်တော့သည့်အဆုံး သူတို့လုပ်ရပ်အား ရပ်ရန် လှမ်းအော်တားရတော့သည်။

သို့သော်လည်း သူမ၏ အပြုအမူသည် အနည်းငယ် ပိုလွန်းနေမှန်း သတိပြုမိသွားခဲ့သဖြင့် သူမကိုယ်သူမ ချက်ချင်း ပြန်ထိန်းလိုက်ကာ နည်းနည်းပါးပါး ထပ်ပြောလိုက်လေသည် “လူမြင်ကွင်းမှာ အခုလိုကြီးတွေ ပွေ့ဖက်၊ နမ်းနေကြတာ ခင်ဗျားတို့နှစ်ယောက် နည်းနည်းမှ မရှက်ကြဘူးလား”

ထိုသို့ပြောနေရင်း ရန်ကိုင်အား အရှင်လတ်လတ် အရေခွံဆုတ်ချင်နေသည့် အလား အံကြိတ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“အိုးအို၊ ကြောက်ဖို့ကောင်းလိုက်တာရှင်…” ရှန်ချင်းလော့သည် သူမ၏ ရင်ဘတ်ကို ပုတ်ကာ ရွှယ့်ယွယ်အား လှောင်ပြောင်လိုက်လေသည်။ ထို့နောက် ရွှယ့်ယွယ်အား ဒေါသတကြီး အမူအရာဖြင့် စောင်းငဲ့ကြည့်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ ပြန်လှည့်ကာ တခစ်ခစ် ရယ်သွမ်းသွေးလျက် တိုးတိုးလေး ပြောလိုက်လေသည် “ဒီကိစ္စကို နောက်မှ ဆက်ကြတာပေါ့”

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယခုမှပဲ သူစိတ်သက်သာရာ ရနိုင်တော့သည်။ ယခုမှပဲ ရှန်ချင်းလော့ အတော်လေး စိတ်ငြိမ်သွားတော့သည်။ သို့သော်လည်း ဤစုန်းမကို နှစ်ပေါင်းများစွာကြာအောင် မတွေ့ခဲ့ရသည့်နောက်ပိုင်း၊ သူမ၏ မွေးရာပါ ညို့အားသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းလာခဲ့သည်။ သူမ၏ သနားစဖွယ်ပုံစံလေးကို ကြည့်ရင်း သူ့ဝိဥာဉ်တစ်ခုလုံး သူမ၏ အပြုအမူထဲ စုန်းစုန်းမြုပ် မျောပါသွားတော့မလို ခံစားခဲ့ရသည်။

စိတ်ငြိမ်အောင်လုပ်ပြီးနောက် ရှန်ချင်းလော့အား မေးလိုက်သည် “နင်သူတို့နဲ့ ဘာဖြစ်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး… ဒီအတိုင်း အဲ့ယောကျာ်းမစစ်တဲ့ကောင်နဲ့ သိပ်မတည့်ရုံပဲ” ရှန်ချင်းလော့က ရယ်သွမ်းသွေးလိုက်သည် “ဒါပေမယ့် နင်ပီလော့နဲ့ ရောက်လာတယ်ဆိုတော့ ငါ့အကြောင်းကို သိပြီးလောက်ပြီပေါ့၊ ဟုတ်တယ်မလား”

“အင်း”

“ကောင်းတယ်” ရှန်ချင်းလော့သည် တခစ်ခစ် ရယ်လိုက်လေသည်။ ထို့နောက် ဧကရာဇ်ဥယျာဉ်ထဲ သူမကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို အကျဉ်းချုံး ရှင်းပြလေ၏။ ဧကရာဇ်ဥယျာဉ်တွင် ရှိနေစဉ်အတွင်း ရန်ကိုင် ဤနေရာသို့ ရောက်လာသည်ကို သတိပြုမိသည့် အတွက် သူ့အား လိုက်ရှာရင်း ဤနေရာသို့‌ ရောက်လာခဲ့သည်။ သို့သော် ကျောက်ပြားကို မြင်လိုက်သည့်နောက်တွင် ဤနေရာတွင်ရပ်၍ ကျောက်ပြားကို လေ့လာနေစဉ် ရွှယ့်ယွယ်တို့အဖွဲ့ ရောက်လာခဲ့သည်။

မကြာမီ ရန်ကိုင်နှင့် ပီလော့တို့ပါ ထပ်ရောက်လာခဲ့လေသည်။

“အဲ့လိုကိုး…” သူမ ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ သူတို့ နှစ်ဖွဲ့ကြား မည်သည့် ရန်ငြိုးမှမရှိသဖြင့် တိုက်ခိုက်နေစရာ မလိုချေ။ ထိုကဲ့သို့ စဉ်းစားပြီးသည့်အခါ ရွှယ့်ယွယ်ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည် “ဒီလောကမှာ ကျေအေးလို့မရတဲ့ ရန်ကြွေးဆိုတာ မရှိဘူးတဲ့။ ဒီနေ့ ကျုပ်တို့ ပြန်တွေ့တယ် ဆိုတာလည်း အတော်လေး ရေစက်ပါတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ကျုပ်တို့ကြားက ကိစ္စတွေအားလုံးကို ဒီနေ့ဒီမှာပဲ ကျေအေးလိုက်ကြရင် မကောင်းဘူးလား တတိယသခင်လေး”

“ကောင်းတာပေါ့” ရွှယ့်ယွယ်မှ သူ့စကားကို ချက်ချင်းကြီး သဘောတူလိုက်သဖြင့် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သို့သော် မကြာမီ မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ့်ယွယ် ယခုကဲ့သို့ လှိုက်လှိုက်လှဲလှဲနှင့် သဘောတူသည်မှာ နည်းနည်း ထူးဆန်းနေသည်၊ ပုံမှန်မဟုတ်ချေ။ သူမ တစ်ခုခု ကြံနေခြင်းပေလော။

ရန်ကိုင် ထင်သည့်အတိုင်းပင်၊ ရွှယ့်ယွယ်သည် ရန်ကိုင်အား အပြုံးဖြင့် စိုက်ကြည့်၍ ဆက်ပြောလိုက်သည် “ဟုတ်တာပေါ့၊ ငါတို့ အရင် ခင်မင်ခဲ့တာတွေကို ထောက်ထာပြီး ဒီသခင်လေး မင်းကို အရှက်ရအောင် မလုပ်တော့ဘူး။ မဟုတ်ရင် ငါတို့ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းက ကြီးနိုင်းငယ်ညင်း လုပ်တယ် ဖြစ်နေဦးမယ်။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ…” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။

“ဒီလောက် စိုးရိမ်မနေစမ်းပါနဲ့။ ငါမင်းကို ကိုက်မစားပါဘူး” ရွှယ့်ယွယ်က ကိုယ့်ကိုယ်ကို ဟုတ်လှပြီဆိုသော အပြုံးဖြင့် “ငါရိုးရိုးလေးပဲ တောင်းဆိုချင်တာ။ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ငါနဲ့အတူ လိုက်လာစေချင်တယ်”

“ငါတို့ထဲက တစ်ယောက်” ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည် “ဘယ်သူလဲ”

ရန်ကိုင် ရှန်ချင်းလော့အား လိုလို ကြည့်မိလိုက်သည်။ ရွှယ်ယွယ်သည် သူမ၏ ဒေါသကို ရှန်ချင်းလော့ပေါ် ဖွင့်ထုတ်ရန် ကြံနေသလားဟု ရန်ကိုင် တွေးမိသွားသည်။

ရှန်ချင်းလော့ အပါအဝင် အကုန်လုံးလည်း ထိုကဲ့သို့ တွေးမိသွားကြသည်။ တကယ်တော့ ရှန်ချင်းလော့၏ ညို့အားသည် အလွန်ကိုမှ ပြင်းလွန်းလှသည် မဟုတ်ပေလော။ သူမရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့် နေနိုင်သည့် ယောကျာ်းသားတစ်ဦးမှ မရှိခဲ့ဖူးပေ။ ထို့ကြောင့် ယောကျာ်းလေး တစ်ယောက်ဖြစ်သော ရွှယ့်ယွယ်သည်လည်း သူမ၏ အလှအောက် နစ်မျောသွားသည် ရှန်ချင်းလော့ ထင်သွားခဲ့သည်။

ထိုကဲ့သို့ တွေးမိလိုက်သည့်နောက်တွင်၊ သူမ၏ မျက်နှာထက် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့ပြီး ချိုသာစွာရယ်မောလျက် ပြောလိုက်လေသည် “တောင်းပန်ပါတယ် သခင်လေးရယ်၊ သခင်လေး ကျွန်မကို လိုချင်နေတာဆိုတော့ မရဘူးလို့ပဲ ပြောရမယ်။ ကျွန်မရဲ့ နှလုံးကို ယောကျာ်းတစ်ယောက်က အပိုင်သိမ်းပြီးသွားပြီ။ ကျွန်မတစ်ဘဝလုံးကို သူ့ကိုပဲ ချစ်တော့မှာ။ သူနဲ့ မတွေ့ရတာ နှစ်နဲ့ချီနေပြီ။ အခု သူနဲ့ ပြန်တွေ့ရပြီဆိုတော့ ကျွန်မ သူ့ဆီကနေ ဘယ်တော့မှ ထပ်ခွဲခွာတော့မှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် ရန်ကိုင် လက်မောင်းကို သူမလက်ဖြင့် ချိတ်ကာ သူမ၏ ခန္ဓာကိုယ်ကို ရန်ကိုင် ခန္ဓာကိုယ်ဆီသို့ ပူးကပ်လိုက်လေသည်။

ရွှယ့်ယွယ်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး လှောင်ပြောင်လိုဟန်ဖြင့် ရှန်ချင်းလော့အား ကြည့်လျက် ပြန်ပြောလိုက်လေသည် “ငါနင့်ကို ခေါ်မယ်လို့ ပြောလို့လား။ နင့်ဘာသာ နေချင်နေပေါ့။ ငါခေါ်ချင်တာ နင်တို့ မိန်းကလေးနှစ်ယောက် မဟုတ်ဘူး”

အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ်ကြား မည်သို့‌သော ရန်ငြိုးများ ရှိနေ၍များ ရွှယ့်ယွယ်သည် ထိုလွန်စွာ လှပသော အမျိုးသမီးနှစ်ဦးကို ပစ်ပယ်လျက် ရန်ကိုင်အား ရွေးလိုက်ရသလဲဟု အကုန်လုံး တွေးမိသွားခဲ့သည်။

ရွှယ့်ယွယ်နေရာတွင် ယောကျာ်းသား တစ်ယောက်ယောက်သာ ဖြစ်နေပါက မိန်းကလေး နှစ်ဦးကိုသာ နေခိုင်းရစ်ပေလိမ့်မည်။

နှစ်ဦးသားကြားရှိ ရန်ငြိုး အလွန်ကိုမှ ကြီးမားသည့် အတွက်ကြောင့် ဖြစ်ရပေလိမ့်မည်။ ရွှယ့်ယွယ်ဘေးတွင် ရပ်နေသော လူအားလုံး ထိုကဲ့သို့ တွေးလိုက်ကြသည်။ သို့သော် သူတို့၏ တတိယသခင်လေး မည်သည့် အချိန်ကများ ထိုလူနှင့် ရန်ငြိုးရှိသွားသလဲ ဆိုသည်ကို သူတို့ မစဉ်းစားတတ်နိုင်‌အောင် ဖြစ်နေခဲ့သည်။ သူတို့၏ တတိယသခင်လေး တစ်ယောက်ယောက်နှင့် ရန်ငြိုး ရှိသည့်အကြောင်း ဘာကြောင့် သူတို့ တစ်ခါမှ မကြားဖူးခဲ့ရသနည်း။

“ငါ့ကို နေစေချင်တာလား” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။

“ဘာလဲ၊ မင်းမနေရဲဘူးလား” ရွှယ့်ယွယ်သည် သူမ၏ မေးစေ့ကိုကိုင်လျက် မာနတစ်ခွဲသားဖြင့် “ဒါမှမဟုတ် ကြောက်နေတာလား”

“ဘာလို့ ကြောက်ရမှာလဲ။ ငါမင်းကို အရှက်ခွဲဖူးတာလည်းမဟုတ်၊ မင်းဆီကလည်း ဘာမှ ခိုးဖူးတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ မင်းကို ကြောက်နေရမှာလဲ”

“ငါ့ဆီကလည်း ဘာမှမခိုး၊ ငါ့ကို အရှက်မခွဲဘူးလို့ မင်းပြောရဲသေးတယ်လား” ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခိုက် ရွှယ့်ယွယ် ချက်ချင်း ဒေါသပုန်ထသွားခဲ့လေသည်။

သူပြောလိုက်သည့်စကား အဓိပ္ပါယ်ကို နားလည်သွားသည့်နောက် ရန်ကိုင် ခြောက်ကပ်ကပ် ရယ်လိုက်လေသည်။ သူဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေလေပြီ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချ၍ ရွှယ့်ယွယ်အား စည်းရုံးကြည့်လိုက်သည် “တတိယ သခင်လေးရယ် မမှည့်ဘဲနဲ့ ခူးစားတဲ့ ဖရဲသီးက ချိုတာမှ မဟုတ်တာကို ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။ သခင်လေးက သခင်လေးရဲ့ လမ်းသွား၊ ကျုပ်က ကျုပ်ရဲ့လမ်းကို သွားမယ်လေ။ ရေကြည့်ရေသန့်က မြစ်ရေနဲ့ ဘယ်တော့မှ မရောဘူးတဲ့။ ကျုပ်တို့ဘာသာ အေးအေးချမ်းချမ်းနဲ့ နေနေနိုင်တဲ့ဘဝကို သခင်လေးက ဘာလို့ ဖျက်စီးချင်နေတာလဲ။ သခင်လေး အခုလို လုပ်နေရင် နှစ်ဖက်စလုံး ဒုက္ခရောက်လိမ့်မယ်နော်”

“ဘာ၊ နှစ်ဖက်စလုံး ဒုက္ခရောက်မယ်ဟုတ်လား” ရွှယ့်ယွယ်သည် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်နှယ် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည် “မင်းမှာ အခုလိုစကားမျိုးပြောဖို့ အရည်အချင်းရှိတယ် ထင်နေတာလား”

“ငါအရည်အချင်း ရှိမရှိ သခင်လေး စမ်းကြည့်ရင် သိမှာပဲလေ” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “ပြီးတော့ စကားလေးနည်းနည်း ပြောလိုက်ရုံပဲကို၊ သခင်လေး ကျုပ်ကို တားနိုင်မယ် ထင်နေတာလား”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရွှယ့်ယွယ်မျက်နှာ ပျက်သွားပြီး ပြန်အော်ပြောလေသည် “မင်းလုပ်ရဲလား”

ရွှယ့်ယွယ်သည် အပွေးမြင် အပင်သိသည့် ဥာဏ်ပြေးသည့် လူတစ်ယောက် ဖြစ်လေရာ ရန်ကိုင် ဘာပြောချင်နေလဲ ဆိုသည်ကို နားမလည်ဘဲ ဘယ်နေမည်နည်း။ ရန်ကိုင်သည် သူမ၏ လျှို့ဝှက်ချက်ကို အားလုံးကြားအောင် ထုတ်ပြောမည်ဟု စောင်းချိတ် ပြောနေဆိုနေခြင်း ဖြစ်သည်။

“ဘာလို့ မလုပ်ရဲရမှာလဲ” ရန်ကိုင်က ဘဝင်ခိုက်နေသော အပြုံးဖြင့် “ကျုပ်ပြောလိုက်လို့ ကျုပ်အသား ပဲ့ပါသွားမှာမှ မဟုတ်တာ။ ဒါပေမယ့် တတိယသခင်လေးကတော့… ဟဲဟဲဟဲ”

ရန်ကိုင်၏ ရယ်သံထဲ အဓိပ္ပါယ်များစွာ ပါဝင်နေပေသည်။ ရွှယ့်ယွယ် ရင်ထိတ်သွားခဲ့ပြီး ချက်ချင်း ခြိမ်းခြောက်လေတော့ “မင်းလုပ်ရဲလုပ်ကြည့်၊ ငါမင်းကို နောင်တရအောင် လုပ်ပစ်မှာ”

“အဲ့ဒါ တတိယသခင်လေးပေါ် မူတည်တယ်” အောင်ပွဲသည် သူ့လက်ထဲတွင် ရှိနေပြီ ဖြစ်သည့်နှယ် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါ…” ရွှယ့်ယွယ် ပြောစရာမဲ့သွားခဲ့လေသည်။ ကျဉ်းထဲကြပ်ထဲ ရောက်နေသဖြင့် ရွှယ့်ယွယ်၏ မျက်နှာ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့နေခဲ့သည်။ သူမဘေးတွင် ရပ်နေသော တန်ခိုးရှင်အဆင့် ပညာရှင်များသည်လည်း ဇဝေဇဝါ ဖြစ်နေပြီး တစ်ယောက်နှင့် တစ်ယောက် မေးငေါ့ပြနေကြလေသည်။ သူတို့ တတိယသခင်လေး မည်မျှ ထက်မြက်မှန်း သူတို့သိသည်။ သို့သော်လည်း ဘယ်ကမှန်း မသိရသော တန်ခိုးရှင်ပထမအဆင့် လူငယ်လေး တစ်ယောက်သည် သူတို့၏ တတိယသခင်လေးကို လက်ခုပ်ထဲရှိရေနှယ် စိတ်ရှိတိုင်း ဆော့ကစားနေခဲ့သည်။

ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးချေ။

တစ်ချိန်တည်းတွင် သူတို့စိတ်ထဲ ရန်ကိုင် မည်သို့သော လျှို့ဝှက်ချက်အား သိထားသလဲ ဆိုသည်ကိုလည်း သိချင်မိသွားသည်။

သူတို့ အမြင်တွင် တတိယသခင်လေးသည် အလွန်ကိုမှ ပြီးပြည့်စုံလှသည်။ သို့သော် ထိုကဲ့သို့သော လူတစ်ယောက်တွင်ပင် အားနည်းချက်တစ်ခု ရှိနေခဲ့သည်။ ထိုအားနည်းချက်သည် မညိသို့သော အားနည်းချက်မျိုး ဖြစ်မည်နည်း။

ရုတ်ချည်း နှစ်ဖက်အဖွဲ့ကြားရှိ အခြေအနေ တင်းမာလာခဲ့လေသည်။

ရွှယ့်ယွယ်လည်း ဝေခွဲရ ခက်နေခဲ့သည်။ ရန်ကိုင်နှင့် ထိုစုန်းမအား မည်သည့်နည်းနှင့်မှ မလွှတ်ပေးချင်ချေ။ ရန်ကိုင်သည် သူမအသက်ကို ကယ်ခဲ့သည့်အတွက် သူ့အား မိုးရေစင်ကြယ်မှ လွှတ်ပေးလိုက်ခဲ့ဖ၏သည်။ သို့သော် နောက်ပိုင်းတွင် သူမ၏ ဆုံးဖြတ်ချက်အား အလွန် နောင်တရမိခဲ့သည်။

သူမ မည်သည့် နည်းလမ်းအား အသုံးပြုရသည် ဖြစ်ပါစေ ရန်ကိုင်အား သူမ၏ အစေခံ ဖြစ်အောင် လုပ်ချင်နေခဲ့သည်။

ဤလောကကြီးတွင် သူမနှင့် အလွန်အမင်း ရင်းနှီးသည့် လူအချို့မှလွဲ၍ သူတစ်ယောက်သာ သူမ၏ လျှို့ဝှက်ချက်ကို သိထားသည်။ ထို့ကြောင့် သူမအနေဖြင့် သူ့အား သူမ၏ မြင်ကွင်းမှ အပျောက်မခံချင်သည်မှာ သဘာဝသာ ဖြစ်သည်။ ထို့အပြင် ရွှယ့်ယွယ်သည် သူမ၏ ဆွဲဆောင်မှု အပေါ် အပြည့်အဝ ယုံကြည်ချက်ရှိပေသည်။ ထိုကောင်သာ သူမနှင့် အနေကြာသွားခဲ့လျှင် သူမအပေါ် ကြွေဆင်းလာလိမ့်မည်ဟု ယုံကည်ထားသည်။ ထိုအခါ သူမ၏ လျှို့ဝှက်ချက် အပြင်သို့ ပေါက်ကြားသွားမည်ကို စိုးရိမ်စရာမလိုတော့ချေ။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင်အား ထွက်မသွားစေလိုခြင်း ဖြစ်သည်။ သူမသာ ဤအခွင့်အရေးအား လွဲချော်သွားခဲ့လျှင် မည်သည့်အခါမှ ထိုသေနာကောင်အား နောက်တစ်ကြိမ် ပြန်တွေ့နိုင်မည်မှန်း မသိချေ။ သို့သော်လည်း ရန်ကိုင်၏ ခြိမ်းခြောက်စကားကြောင့် သူ့အား အတင်းအကြပ် ဖိအား မပေးရဲ ဖြစ်နေသည်။ မတော်၍ ထိုကောင်သည် ရူးရူးသွပ်သွပ်ဖြင့် သူမ၏ လျှို့ဝှက်ချက်အား ထုတ်ပြောကာမှ ငါးပါးမှောက်ပေလိမ့်မယ်”

ရွှယ့်ယွယ်၏စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် မကြာမီ သူမ၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပြုံးကာ ပြန်ပြောလိုက်လေသည် “ငါ့ကို ဒီလိုစကားတွေနဲ့ လာခြိမ်းခြောက်လို့ ရမယ်ထင်နေတာလား”

“ဘာလို့ မရရမှာလဲ”

“တကယ်လား” ရွှယ့်ယွယ်က နှာခေါင်းရှုံ့လျက် “အဲ့ဒါဆို ပြောလိုက်လေ။ နင့်မှာ သတ္တိရှိရင်ပေါ့။ ဒါပေမယ့် ပြောပြီးရင်တော့ အကျိုးဆက်ကို နင်ခံရနိုင်ခံပေါ့”

ရွှယ့်ယွယ်သည် လူကြမ်းတစ်ယောက်ပုံစံ လုပ်နေလေပြီ။ ရန်ကိုင်အား ပြောနေစဉ် ရှန်ချင်းလော့အား လှမ်းကြည့်လိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သေချာ စဉ်းစားပြီးနောက် သူ့အမူအရာ ပျက်ယွင်းသွားခဲ့သည်။

သူပြောချင်သည်ကိုသာ စဉ်းစားမိသည်။ အကျိုးဆက်ကို မစဉ်းစားမိခဲ့ချေ။ သူသာ ပြောလိုက်လျှင် ရွှယ့်ယွယ်အနေဖြင့် မျက်မြင်သက်သေအားလုံးကို လက်စ ဖျောက်ပစ်ရပေလိမ့်မည်။ တစ်နည်းဆိုရသော် ရှန်ချင်းလော့နှင့် ပီလော့အား မရရအောင်ကို သတ်ပစ်ပေလိမ့်မည်။

ထို့လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ရန်အတွက် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းသည် တန်ခိုးရှင်အဆင့် ပညာရှင် အနည်းငယ်လောက်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

“နှစ်တွေကြာသွားတဲ့နောက်ပိုင်း မင်းပိုပြီးတော့ကို အရှက်မရှိလာတာပါလား” ရန်ကိုင်က ရွှယ့်ယွယ်အား ကြည့်ကာ ပြောလိုက်သည်။

“မင်းလည်း အတူတူပဲလေ” ရွှယ့်ယွယ်က ရယ်သွမ်းသွေးလိုက်ပြီး “မင်းကိုယ်မင်း ပိုကောင်းလာတယ် ထင်နေတာလား”

“ဒါပေမယ့် ဒီလောက်လေးနဲ့ ငါ့ကို မလုပ်ရဲဘူးထင်နေရင် မင်းမှာသွားပြီ၊ ငတုံးလေးရေ”

;Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၆၉)

ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ရန်ကိုင်အား ထိတ်လန့်တကြားကြည့်လျက် “မင်းမလုပ်…”

ရန်ကိုင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့သည်။ အထက်စီးဟန်ဖြင့် ပြုံးလျက် အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည် “ငါအစကတည်းက ပြောပြီးသားပဲ။ ငါ့ကို ပြေးပေါက်ပိတ်အောင် လုပ်ရင် ငါငြိမ်ခံနေမှာ မဟုတ်ဘူးလို့၊ ဒါပေမယ့် အခု နောက်မကျသေးဘူး။ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်လို့ ရသေးတယ်။ ငါတို့ကို အေးအေးဆေးဆေးသာ ထွက်သွားခွင့်ပေးလိုက်၊ မဟုတ်ဘူး ဆိုရင်တော့…”

ရွှယ့်ယွယ်၏ မျက်နှာ ဖြူရာမှာ ပြာနှမ်းသွားလေသည်။ ရန်ကိုင် ဤမျှ ခေါင်းမာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရွှယ့်ယွယ်၏ ခန္ဓာကိုယ်တစ်ခုလုံး ယူကျုံးမရဖြစ်စိတ်ကြောင့် တဆတ်ဆတ် တုန်ရီလာခဲ့သည်။ သူမ သူ့အား ထိခိုက်ရန် မရည်ရွယ်ပေ။ သူ့အား သူမနှင့်အတူ လိုက်လာစေချင်ရုံသာ ရှိသည်။ သူမနောက်သို့ လိုက်လာ၍လည်း သူ့အတွက် အကျိုးယုတ်သွားမည်မဟုတ်။ သူ့အတွက် ကြီးမားသည့် အခွင့်အရေးများပင် ရှိပေဦးမည်။ ထိုသို့ပင်လျှင် ထိုကောင် ဘာကြောင့် ဤမျှ ခေါင်းမာနေရသနည်း။

ဤလောကကြီးတွင် သူမနောက်သို့ လိုက်ချင်၍ စောင့်မျှော်နေကြသူများ ရိုက်သတ်၍ပင် မကုန်ချေ။ သို့သော် ယခု သူမဘက်မှ လက်ကမ်းပေးနေသည့်တိုင် ထိုကောင်သည် သူမအား ခါးခါးသီးသီး ငြင်းဆန်နေသည်။ သူမ၏ ခံစားချက်ကို သူနည်းနည်းလေးမှ နားမလည်ခြင်းလော။ သူမရင်ထဲ မည်မျှ နာကျင်နေရသည်ကို သူမသိလေသလော။

မွေးလာသည့် အချိန်မှစ၍ ဤအရွယ်ရောက်သည်အထိ ယခုကဲ့သို့ ရှေ့တိုးမရ၊ နောက်ဆုတ်မရသည့် အခြေအနေမျိုးနှင့် သူမ တစ်ခါမှ မရင်ဆိုင်ရဖူးချေ။

မိန်းမများသည် မိန်းမများသည်သာ ဖြစ်သည်။ သူမဘာသာ မည်သို့ပင် ဝတ်စားထားပါစေ သူမ၏ စိတ်သည် မိန်းမတစ်ယောက်စိတ်သာ ဖြစ်သည်။ ရန်ကိုင်သည် သူမနောက်သို့ လိုက်မည့်အစား အသေပဲခံလိုက်မည် ဟူသော ပုံစံမျိုးလုပ်နေသည့် အခါ ရွှယ့်ယွယ်လည်း ကြောက်ရွံ့မနေတော့ချေ။ နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည် “ကောင်းပြီလေ။ မင်းသဘောပဲ။ မင်းဘာသာ ကြိုက်သလိုလုပ်။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားလိုက်။ မင်းအဲ့ဒါကို ပြောလိုက်ပြီဆိုတာနဲ့ မင်းရောငါရော အပါအဝင် ဒီမှာရှိတဲ့လူအားလုံး သေရလိမ့်မယ်”

ထိုစကား ထွက်လာသည့်အခါ ရွှယ်ယွယ်ဘေးတွင် ရှိနေသော တန်ခိုးရှင်အဆင့် ခြောက်ယောက်စလုံး ရန်ကိုင်အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။

“ကောင်းတယ်၊ကောင်းတယ်” ရန်ကိုင်သည်လည်း ဒေါသတကြီး ပြုံးလျက် သေရမည်ကို မကြောက်သည့်ပုံစံဖြင့် ရှေ့သို့တိုးကာ အော်ပြောလိုက်သည် “တတိယသခင်လေး ရွှယ့်ယွယ်မှာ မင်းတို့အားလုံး မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ငါအခု အဲ့ဒါကို မင်းတို့အားလုံးသိအောင် ပြောပြမယ်”

သူသည် ကျားပေါ်ခွစီးမိလျက်သာ ဖြစ်နေပြီ ဖြစ်သည့်အတွက် ရှေ့ဆက်တိုးရုံသာ ရှိတော့ပေသည်။

ရွှယ့်ယွယ်သည် နောင်ဖြစ်လာမည့် ကိစ္စများကို ဂရုမစိုက်တော့သည့်အလား သူမ၏ မျက်ဝန်းအစုံကို ပိတ်ချလိုက်သည်။ ရန်ကိုင် ဘာပြောပြော သူမ ဂရုမစိုက်တော့ပေ။

သို့သော် သူမဘေးတွင် ရပ်နေသော တန်ခိုးရှင်အဆင့် ခြောက်ယောက်၏ အမူအရာမှာမူ တစ်မျိုးတစ်မည် ထူးဆန်းနေလေသည်။ အကုန်လုံးသည် ရန်ကိုင် ဘာပြောမည်လဲ ဆိုသည်ကို ငြိမ်သက်စွာ နားထောင်နေကြသည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ အစောပိုင်းက ပြောနေသည်များကို သူတို့ ကြားခဲ့ပေသည်။

ထို့ကြောင့် ရန်ကိုင်သာ ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် သူတို့နှင့် ဘာမှ မဆိုင်လျှင်ပင် သူတို့လည်း ဒုက္ခရောက်ရပေလိမ့်မည်။ သို့သော်ငြား မည်သို့သော လျှို့ဝှက်ချက် ဖြစ်မည်လဲ ဆိုသည်ကိုလည်း အလွန် သိချင်နေကြသည်။ သို့ရာတွင် သူတို့ ကြောက်ရွံ့ရမည့် အရာလည်း ရှိနေပေသေးသည်။

ရှန်ချင်းလော့နှင့် ပီလော့သည်လည်း အတူတူပင်။ ရန်ကိုင် မည်သို့သော လျှို့ဝှက်ချက်အား ထုတ်ဖော်မည်လဲ ဆိုသည်ကို သူတို့ အလွန် သိချင်နေမိကြသည်။

ရန်ကိုင် ထိုလျှို့ဝှက်ချက်အား ထုတ်ပြောတော့မည်ကို မြင်သော် ရွှယ့်ယွယ်ဘေးတွင် ရပ်နေသော လူအိုကြီး ရုတ်တရက် ထအော်လေသည် “မင်းပါးစပ်ပိတ်ထားလိုက်စမ်း”

သူမည်ကဲ့သို့ ဤအတိုင်း ရပ်ကြည့်နေနိုင်မည်နည်း။ ထို့လျှို့ဝှက်ချက် ထွက်ပေါ်လာလျှင် ဘာမဆိုင်ညာမတိုင် သူပါ အဆစ် ဒုက္ခရောက်ရပေလိမ့်မည်။ ထို့ကြောင့် ချက်ချင်းပဲ ဖီးနစ်ငှက် တစ်ကောင်သဖွယ် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

ရန်ကိုင်သည် ထိလူအိုကြီဂအား တစ်ချက်ပင် မကြည့်ဘဲ အံကြိတ်ကာ အားလုံး ကြားအောင် အော်ပြောလိုက်လေသည် “မင်းတို့ရဲ့ တတိယသခင်လေးက ငါ့ကို ကြိုက်နေတယ်ကွ”

ထိုစကားသံ ထွက်လာသည့်အခါ ကမ္ဘောလောကကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားလေသည်။

အကုန်လုံး ကြက်သေသေနေကြသည်။ ရှန်ချင်းလော့နှင့် ပီလော့သည်လည်း သူမတို့၏ ပါးစပ်လေးများကို လက်ဖြင့် အသီးသီးအုပ်လျက် ရွှယ့်ယွယ်အား ထူးထူးဆန်းဆန်း အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရန်ကိုင်ဆီသို့ ပျံသန်းသွားနေသာ လူအိုကြီးပင် ဒယီးဒယိုင် ဖြစ်သွားကာ မြေကြီးပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့လေသည်။ သူထုတ်ဖော်ထားသော သတ်ဖြတ်လိုစိတ်သည် လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် တစ်ဟုန်ထိုး လျော့ပါးပျောက်ကွယ်သွားပြီး ရန်ကိုင်ကိုသာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်လေသည်။

အကုန်လုံး ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေပြီ။

“ရိုင်းလိုက်တာ” ရွှယ့်ယွယ်ဘေးနားတွင် ရပ်နေသော အမျိုးသမီးသည် ထိုစကားကို ကြားသော် ဒေါသတကြီး ထအော်လေသည်။ “တတိယသခင်ဘေးက ဘယ်လိုလူမျိုး မို့လို့လဲ။ သူသွားတဲ့နေရာတိုင်း မိန်းမလှလေးတွေ ဝိုင်းနေတာ။ သူတို့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး နင့်…”

အော်ပြောနေရင်း တတိယသခင်လေး ရွှယ့်ယွယ်ဆီ တစ်ချက် လှမ်းကြည့်လိုက်၏။ သို့သော်လည်း ရှက်ရွံ့မှု၊ ဒေါသတို့ ရောပြွမ်းနေသော တတိယသခင်လေး၏ အံ့အားသင့်၊ ဖြူဖတ်ဖြူလျော် ဖြစ်နေသည့် မျက်နှာကို မြင်လိုက်ရသည့်အတွက် အမျိုးသမီး၏ ပြောလက်စ စကားလုံးများ ရပ်တန့်သွားခဲ့ရသည်။ တတိယသခင်လေး၏ လက်ရှိ ပုံစံသည် သူမ၏ လျှို့ဝှက်ချက် ထုတ်ဖော်ခံလိုက်ရသည့် ပုံစံမျိုး ဖြစ်နေခဲ့လေသည်။

တကယ်တော့ မဟုတ်လောက်ဘူးမလားဟင် အမျိုးသမီး ရင်ထိတ်သွားခဲ့သည်။

“သူ့ကို မိန်းမလှလေးတွေ ဝိုင်းနေတယ်ဟုတ်လား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒါဆိုရင် ပြောပါဦး။ သူဘယ်မိန်းမလှလေးကို စိတ်ဝင်စားဖူးလဲ။ ဘယ်မိန်းမလှလေးနဲ့ကော အိပ်ဖူးလဲ”

ရန်ကိုင်၏ စကားကို ကြားသည့်အခါ တန်ခိုးရှင်အဆင့် ခြောက်ယောက်စလုံး ထပ်မံ၍ မှင်သက်သွားရပြန်လေသည်။ ထိုကောင်လေး ပြောသည်မှာ မမှားချေ။ သူတို့၏ တတိယသခင်လေး ရွှယ့်ယွယ်သည် သူ့အပေါ် တမ်းတမ်းစွဲဖြစ်နေသည့် မိန်းမလှလေးပေါင်း မြောက်မြားစွာ ရှိသော်ငြား မည်သည့် မိန်းကလေးအပေါ်မှ စိတ်ဝင်စားသည့် အရိပ်အယောင် မပြခဲ့ဖူးချေ။

တတိယသခင်လေးသည် သူ့ကိုယ်သူ ချုပ်တည်းနိုင်စွမ်း အလွန်ကောင်းသည့် လူတစ်ယောက်ဟုပင် သူတို့ ထင်ခဲ့မိသည်။ သို့သော်ငြား ယခု ထိုကောင်လေး ပြောသလိုသာ ဆိုလျှင်…

ယခုလေးတင် တတိယသခင်လေးနှင့် ထိုကောင်လေးတို့ ပြောသွားသော အတင်းခူးစားသည့် ဖရဲသီးသည့် မချိုကြောင်း၊ တတိယသခင်လေးမှ ထိုကောင်လေးဘေးတွင် ရပ်နေသော မိန်းမလှလေးနှစ်ယောက်ကို ပစ်ပယ်ပြီး သူ့ကိုသာ သူမနှင့်အတူ လိုက်စေချင်သည့် အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ထိုကောင်လေး ပြောသည်မှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် မှန်ကန်သည်ဟု အကုန်လုံး တွေးမိသွားကြလေသည်။

သူတို့၏ တတိယသခင်လေးတွင် တစ်မူထူးခြားသည့် အစွဲအလန်းများ ရှိနေလေသလား။

ရွှယ့်ယွယ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် ရဲရဲနီနေသည်ကို မြင်သော် ထိုကောင်လေး ပြောသည်မှာ တကယ် မှန်လောက်သည်ဟု သူတို့ တွေးမိလာကြသည်။ မြင်သူ မိန်းကလေးတိုင်း မှင်သက်ငေးမောရသော သူတို့၏ တတိယ သခင်လေးသည် မည်ကဲ့သို့များ မိန်းကလေးများကို မကြိုက်ရဘဲ ယောကျာ်း အချင်းချင်းကို ကြိုက်ရသနည်း။

သူတို့ တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

ရှန်ချင်းလော့သည် ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့သည့်အဆုံး ထရယ်တော့လေသည်။ သူမ၏ ရယ်သံကြောင့် ရွှယ့်ယွယ် ပိုရှက်လာခဲ့ရသည်။ တွင်းတစ်တွင်းလောက် တူးပြီးတော့သာ ထိုတွင်းထဲ ပြေးပုန်းချင်စိတ် ဖြစ်လာမိလေသည်။

သူမသည် အမှန်စင်စစ်တွင် မိန်းမတစ်ယောက် ဖြစ်သော်လည်း ပြင်ပလောကကြီးတွင် သူမအား ယောကျာ်းတစ်ယောက်ဟုသာ သိထားသည်။ ထို့ကြောင့် ရန်ကိုင်၏ စကားသည် သူမအား အသရေဖျက်နေသည့်နှယ် ပေါက်သော်လည် သူမအနေဖြင့် ပြန်မပြောနိုင် ဖြစ်နေသည်။ ငြိမ်လည်း မခံနိုင်၊ ပြန်လည်းမပြောနိုင် ဖြစ်လာသည့်အခါ ရွှယ့်ယွယ် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး သူမ၏ သွေးများ မီးတောက်နေသည့်နှယ် ဆူပွက်လောင်မြိုက်လာခဲ့သည်။

ရန်ကိုင် စကားသည် သူမအား တကယ်ကို မှင်သက်သွားစေခဲ့သည်။ ထိုကောင်သည် သူ့ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ဘဲ ဤကဲ့သို့သော စကားမျိုးကို အမှန်တကယ် ပြောဝံ့သည်။

“မင်း… မင်း သောက်သိက္ခာမရှိတဲ့ကောင်” ရွှယ့်ယွယ် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေပြီး သွေးကြောကြီးများ နဖူးတစ်လျှောက် ထောင်တက်လာသည်။ အံကို တင်းတင်းကြိတ်လျက် ရန်ကိုင်အား အမဲဖျက်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည် “ဒီသခင်လေးကို မင်းအသေရ ဖျက်ရဲတယ်လား”

“ငါပြောတာ အမှန်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ မင်းအသိဆုံးပဲလေ” ရန်ကိုင်က ပြုံးလျက်သာ ပြန်ပြောလိုက်သည်။

“အား” ရွှယ့်ယွယ် ရုတ်တရက် ထအော်လိုက်ပြီး တုန်တုန်ရီရီဖြင့် ရန်ကိုင်အား လက်ညိုးထိုး၍ အံကြိတ်ကာ အော်ပြောလိုက်သည် “အဲ့ခွေးသူတောင်းစားကောင်ကို ဖမ်းကြစမ်း။ ဒီကောင့်ပါးစပ်ကို နောက်ထပ် ဒီစကားမျိုး မပြောနိုင်အောင် စုတ်ဖြဲပစ်ရမယ်။ ငါ့ကိုများ အသရေ ဖျက်ရဲတယ်။ မင်းတစ်ဘဝလုံး နောင်တရအောင် လုပ်ပစ်မယ်ကွ”

ထိုစကားကို ကြားသည့်အခါ တန်ခိုးရှင်အဆင့် ပညာရှင် ခြောက်ယောက်စလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

တတိယသခင်လေးသည် ဤမျှ သက်ညှာသည့် အမိန့်မျိုး တစ်ခါမှ မပေးဖူးချေ။ သူပေးလိုက်သည့် အမိန့်တိုင်းသည် တစ်ဖက်သူအား ရက်ရက်စက်စက် သတ်ပစ်ရန်ဖြစ်ပြီး တစ်ခါမှ အသက်ရှင်လျက် ဖမ်းဆီးရန်ဆိုသည့် အမိန့်မျိုး မပေးဖူးချေ။ ထိုကောင်လေးအား နာကျင်အောင် မလုပ်ရက်သည့် အတွက်ကြောင့် ထိုကဲ့သို့ အမိန့်မျိုးပေးခြင်း ဖြစ်ရပေမည်။

ထိုကောင်လေး ပြောသွားသည်မှာ အမှန်ဖြစ်နိုင်ချေ အလွန် များသွားလေပြီ။ မဟုတ်လျှင် တတိယသခင်လေး အနေဖြင့် ဤမျှ ဒေါသထွက်နေသည့်တိုင် သူ့အား ဘာကြောင့် တစ်ခါတည်း မသက်ပစ်ဘဲ အသက်ရှင်လျက် ဖမ်းခိုင်းမည်နည်း။

ထို့အပြင် တကယ်တမ်း အသေဖျက်သည့် စကားဆိုလျှင် တတိယသခင်လေး၏ ပုံစံအတိုင်းသာ ဆိုပါက ယခုကဲ့သို့ ဒေါသထွက်နေမည် မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပေလိမ့်မည်။

တန်ခိုးရှင်အဆင့် ခြောက်ယောက်စလုံး အနည်းငယ် တွေဝေသွားခဲ့သည်။ သို့သော် သူတို့၏ သခင်လေးမှ အမိန့်ပေးနေပြီ ဖြစ်သဖြင့် လုပ်ကိုလုပ်ရတော့ပေမည်။ ထို့ကြောင့် ရန်ကိုင်ဘက်သို့ လှည့်၍ “ခွင့်လွှတ်ပေးပါနော်”ဟု အော်ပြောပြီးမှ လှုပ်ရှားလိုက်လေသည်။

သူနှင့် သူ့အပေါင်းအပါ ငါးယောက်သည် မှော်ရတနာအသီးသီးကို ထုတ်၍ သိုင်းပညာရပ် အမျိုးမျိုးကို အသက်သွင်းကာ ရန်ကိုင်ဆီသို့ ပြေးဝင်သွားကြသည်။ ဟိတ်ကြီးဟန်ကြီးဖြင့် ပြေးဝင်သွားကြသော်လည်း သူတို့၏ တိုက်ကွက်များထဲတွင် မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါဝင်နေခြင်း မရှိခဲ့ပေ။ ရွှယ့်ယွယ်၏ အမိန့်အတိုင်း ထိုသုံးယောက်အား အသက်ရှင်လျက် ဖမ်းဆီးရုံသာ ကြိုးစားနေခြင်းဖြစ်သည်။

သူတို့ဘက်မှ လူအင်အားဖြင့် တန်ခိုးရှင်တတိယအဆင့် တစ်ယောက်သာ ရှိသော ထိုလူသုံးယောက်အား ဖမ်းရန် အလွန် လွယ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် တကယ်တမ်း လှုပ်ရှားလိုက်သည့် အခါမှပဲ သူတို့ အထင်မှားနေမှန်း နားလည်သွားခဲ့ရသည်။

တစ်ဖက်ရှိ တန်ခိုးရှင်တတိယအဆင့် စုန်းမသည် အတော့်ကို အားကောင်းပေသည်။ မည်ကဲ့သို့သော ကျင့်စဉ်ကို ထားမှန်းမသိရသော်ငြား မိုးမြေစွမ်းအင်နှင့် သူတော်စင်ချီကို ပေါင်းစပ်၍ ခန်းမထဲတစ်ခုလုံးအား ဖုံးလွှမ်းထားသော ပင့်ကူအိမ်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။ ထိုပင့်ကူအိမ်ထဲတွင် သူမအနေဖြင့် ပို၍ လျင်လျင်မြန်မြန် လှုပ်ရှားလာနိုင်သော်ငြား သူတို့မှာမူ ဒုက္ခရောက်ကြရတော့လေသည်။ ပင့်ကူမျှင်များနှင့် သွားထိမိသည်လျှင် သူတို့၏ လှုပ်ရှားမှုများ နှေးကွေးလာကုန်သည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ပင့်ကူအိမ်ထဲ ချုပ်မိသွားပြီး ပင့်ကူမျှင်များဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရကာ ယခုအချိန်ထိပင် မလွတ်မြောက်နိုင်သေးပေ။

ထိုအမျိုးသမီး ထိုမျှအားကောင်းသည်မှ နည်းနည်း လက်ခံ၍ ရပေသေးသည်။

တကယ် အံ့အားသင့်စရာကောင်းသည်ကား တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်ဆိုသည့် ကောင်လေးပင်။ ကောင်လေးသည် တန်ခိုးရှင်ပထမအဆင့်သာ ဖြစ်လင့်ကစား သူ့တိုက်ကွက်တိုင်းသည် အလွန်ကိုမှ အားကောင်းလှသည်။ သူပစ်လွှတ်လိုက်သည် ရွှေရောင်အမျှင်များသည် သူတို့၏ ရှီကိုပင် ဖြတ်တောက်နိုင်သေးသည်။ ထို့အပြင် သူ့၌ အလွန်အားကောင်းသော မီးငှက်၊ နဂါးစိမ်းအဖြစ်သို့ ပြောင်းလဲနိုင်သော ဓါးနှင့် အနက်ရောင် တုတ်တစ်ချောင်းကို ဝှေ့ရမ်းနေသည့် ကျောက်ဘီးလူကြီး တစ်ကောင်လည်း ရှိနေသေးသည်။

ထိုကောင်လေးသည် သူတစ်ယောက်တည်းနှင့် တန်ခိုးရှင် တတိယအဆင့် သုံးယောက်ကို ခံချနေပေသည်။

ကောင်လေးကိုက တော်လွန်းနေမှဖြင့် သူတို့၏ တတိယသခင်လေး သူ့အား နှစ်သက်သွားမိသည်မှာလည်း သိပ်တော့မထူးဆန်း။

သုံးယောက်ထဲတွင် ပီလော့ တစ်ယောက်သည်သာ ဘာမှသိပ်မလုပ်ခြင်း ဖြစ်သည်။ တိုက်ပွဲစသည်နှင့် ပီလော့သည် ပင့်ကူအိမ်များနောက်သို့ ချက်ချင်း ပြေးပုန်းလေသည်။ သူမ၏ အရှိန်အဝါကို မည်သူမှ အာရုံမခံနိုင်အောင် ဖျောက်လျက် ပုန်းအောင်နေသည်။ ရံဖန်ရံခါ ပုန်းအောင်းနေရာမှ ထွက်လာ၍ အလစ်ချောင်းတိုက်ခိုက်သည်။ ပြီးသည်နှင့် ပင့်ကူအိမ်နောက်သို့ ချက်ချင်း ပြန်ပြေးပုန်းလေသည်။

ရွှယ့်ယွယ်သည် ခါးသက်စွာပြုံးလျက် တိုက်ပွဲအား အဝေးမှ ကြည့်နေခဲ့သည်။ ရန်ကိုင်၏ စကားသည် သူမအား အမှန်တကယ်ကို ဒေါသထွက်စေခဲ့သော်လည်း သူမ၏ လျှို့ဝှက်ချက်ကို မထုတ်ဖော်ခဲ့သည့်အတွက် သူ့အား ကျေးဇူးတော့ တင်မိပေသည်။

တိုက်ပွဲအား ကြည့်နေရင်းမှ သူမဆီမှ ထွက်သွားသည့် အချိန်အတောအတွင်းတွင် ရန်ကိုင်၏ ခွန်အား သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။ တစ်ချိန်တည်းတွင် ထိုကောင်ကို သူမဘေးတွင် ခေါ်ထားချင်စိတ်တို့လည်း ပိုပို၍ ဖြစ်မိလာရသည်။

ထိုကဲ့သို့သော ပါရမီရှင်မျိုးကို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ခေါ်သွားပြီး ကောင်းကောင်းလေ့ကျင့်ပေးကာ သူမနောက်သို့ လိုက်ခိုင်းလေမှ ကြီးကျယ်တောက်ပသော အနာဂတ်မျိုးကို သူပိုင်ဆိုင်နိုင်ပေလိမ့်မည်။ နိမ့်ကျသော နေရာတစ်ခုခုတွင်သာ နေနေမည် ဆိုပါက တောက်ပ၇◌န် လွယ်လိမ့်မည် မဟုတ်ချေ။

စုန်းမကိုမူကား… ရွှယ့်ယွယ်စိတ်ထဲ မခံချင်စိတ်တော့ ဖြစ်မိသည်။

ထိုစုန်းမသည် သူမ၏ နှလုံးသားကို ရန်ကိုင်မှ အပိုင်သိမ်းထားပြီးပြီဟု ပြောခဲ့သည်။ ထိုစကားကို ကြားလိုက်စဉ်က ရန်ကိုင် မိုးရေစင်ကြယ်မှ ထွက်သွားရခြင်းသည် ထိုစုန်းမကြောင့် ဖြစ်သည်ဟု ရွှယ့်ယွယ် ထင်မိသွားခဲ့သည်။

သူမစိတ်ထဲ ရှန်ချင်းလော့နှင့် တစ်ယောက်ချင်း ယှဉ်တိုက်ပြီး ရန်ကိုင်အား သူမသည် သူ့ချစ်ရသည့် မိန်းကလေးထက် ပိုသာကြောင်း ပြချင်မိသော်လည်း သူမသာ ထိုကဲ့သို့ လုပ်မည် ဆိုပါက ရန်ကိုင် သူမအား ပို၍ အမြင်မကြည် ဖြစ်သွားမည်ကို လန့်နေမိသည်။ ထို့ကြောင့် ရွှယ့်ယွယ်အဖို့ တိုက်ပွဲထဲ ပြေးဝင်မသွားသေးဘဲ ရပ်ကြည့်နေခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၀)

ရန်ကိုင်၊ ရှန်ချင်းလော့နှင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ပညာရှင်များ ပြင်းထန်သော တိုက်ပွဲကြီးကို ဆင်နွှဲနေကြချိန် ဧကရာဇ်ဥယျာဉ် တစ်ခုလုံးတွင်လည် သွေးလွှမ်းသော တိုက်ပွဲများ အသီးသီး ဖြစ်ပွားနေခဲ့ကြသည်။

ထိုတိုက်ပွဲအတွင်း တန်ခိုးရှင်တတိယအဆင့်များပင် သွေးမြေခကြရသည်။

အန္တရာယ်များ ရှိနေမှန်း သိကြသော်လည်း မရေမတွက်နိုင်သော အခွင့်အရေးများသည် ကျင့်ကြံသူများအား ဧကရာဇ်ဥယျာဉ်အား မစူးစမ်းဘဲ မနေနိုင်အောင် လုပ်နေခဲ့သည်။ ဧကရာဇ်ဥယျာဉ်ထဲသို့ ကြယ်အသီးသီးမှ လူများ ရောက်လာကြသည့်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်ဆိုင်တွေ့ကြရမည်မှာ မလွဲမသွေပင်။ ထိုကဲ့သို့ တွေ့ကြသည့်အခါ သွေးလွှမ်းသည့် တိုက်ပွဲများ ဖြစ်ကုန်ကြလေသည်။ တစ်ဖွဲ့သည် လူအသေအပျောက် မရှိဘဲ ကျန်ရစ်ချိန် ကျန်တစ်ဖွဲ့သည် တစ်ယောက်မကျန် သုတ်သင်ပစ်ခံရသည့် အဖြစ်အပျက်မျိုး များစွာ ရှိခဲ့သည်။

တစ်ခုသောနေရာတွင် မငြိမ်းသတ်နိုင်သော မီးတောက်တို့ အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေခဲ့သည်။ မီးတောက်များမှာ အလွန်ကိုမှ ပူလွန်းသဖြင့် တန်ခိုးရှင်တတိယ အဆင့်များပင် အလွယ်တကူ မခုခံနိုင်ကြပေ။ သို့သော်လည်း တကယ့်အစစ်အမှန်တွင် ထိုမီးတောက်အားလုံးသည် ပုံရိပ်ယောင်အစီအရင်တစ်ခု၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။ အစစ်အမှန် မီးတောက်များ ဟုတ်ကြချေ။

ထိုသို့ဆိုလျှင်ပင် အထဲတွင် ပိတ်မိနေသော ကျင့်ကြံသူများအတွက် ထိုမီးတောက်များသည် အစစ်အမှန် မီးတောက်များ ဖြစ်ကြသည်။ လက်ရှိတွင် တန်ခိုးရှင်တတိယအဆင့် သုံးယောက်သည် အစီအရင်ထဲ တင်ပလင်ခွေထိုင်ကာ သူတော်စင်ချီကို အတူတကွ စုဝေးလျက် အကာအကွယ် အစီအရင်တစ်ခု သူတို့ ပတ်ပတ်လည်၌ ဖန်တီးထားခဲ့ကြသည်။

သူတို့ ဤနေရာတွင် ပိတ်မိနေသည်မှာ လေးငါးရက်ခန့် ရှိနေပြီ ဖြစ်သော်ငြား ဤပုံရိပ်ယောင် အစီအရင်ထဲမှ မလွတ်မြောက်သေးနိုင် ဖြစ်နေခဲ့သည်။ မရေမတွက်နိုင်သော သူတော်စင်ချီ သလင်းကျောက်များ၊ ဆေးလုံးများကို အသုံးပြုးထားပြီး ဖြစ်သော်လည်း သူတော်စင်ချီ ကုန်ဆုံးနှုန်းကို အလျင်မှီအောင် ပြန်မဖြည့်နိုင် ဖြစ်နေလေသည်။ သူတို့၏ သူတော်စင်ချီသည် တစ်စထက်တစ်စ လျော့နည်းလာနေသော်ငြား မီးတောက်များမှာမူ အားပျော့သွားခြင်းမရှိဘဲ အခွင့်အရေး ရသည်နှင့် သူတို့အား လောင်ကျွမ်းပြာချပစ်နိုင်ရန် စောင့်ဆိုင်းနေကြလေသည်။

နောက်ဆုံးတွင် သုံးယောက်ထဲမှ တစ်ယောက်၊ သူတော်စင်ချီ ကုန်သွားခဲ့သည်။ ထိုကဲ့သို့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ဘက်ကခြမ်းမှ သူတော်စင်ချီ အကာအကွယ်သည် ပူပေါင်း တစ်လုံးနှယ် ပေါက်ထွက်သွားလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ထိုလူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ကျန်နှစ်ယောက်သည်လည်း ပေါက်သွားသည့် အကာအရံအား သူတို့၏ သူတော်စင်ချီဖြင့် အလျင်အမြန် ပြန်ဖာထေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သုံးယောက် ပူးပေါင်းသည့်တိုင် အကာအရံအား မနည်းထိန်းထားနေရလေရာ နှစ်ယောက်တည်းသာ ရှိတော့ချိန် အကာအရံအား မည်ကဲ့သို့ ဆက်လက် ထိန်းထားနိုင်တော့မည်နည်း။ မီးတောက်များသည် ဒီရေလှိုင်းနှယ် ထိုအပေါက်မှတစ်ဆင့် အကာအရံထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာကြလေသည်။

အော်သစ်သံများ တစ်ခဏတာ ထွက်ပေါ်လာခဲ့ပြီး မကြာမီ ပြန်လည် တိတ်ဆိတ်သွားခဲ့၏။ ယခု ပုံရိပ်ယောင်အစီအရင်ထဲတွင် မည်သည့် သက်ရှိမှ မရှိတော့ဘဲ အရိုးခြောက်သုံးခုသာ ကျန်ရစ်တော့လေသည်။

လွန်ခဲ့သော ရက်ပိုင်းက ရန်ကိုင် ဖြတ်ကျော်သော ဝင်္ကမ္ဘာထဲတွင် ကျင့်ကြသူအဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။ ထိုလူများသည် အတူတကွစုပေါင်း၍ ရုပ်သေးရုပ်များကို တိုက်ခိုက်နေခဲ့ကြသည်။ ရုပ်သေးရုပ်များသည် အသိဥာဏ် မရှိသည့်တိုင် ၎င်းတို့၏ အရေအတွက်မှာ ကြောက်မခန်းလိလိ များလွန်းလှသည်။

သို့သော်လည်း သူတို့အား တိုက်ခိုက်နေသည့် လူအရေအတွက်မှာ ငါးယောက်သာ ရှိသည်။ ထို့အပြင် ငါးယောက်စလုံး ကျင့်ကြံခြင်းမှာလည်း အလွန် မြင့်မားခြင်း မရှိကြဘဲ တော်ရံသင့်ရုံသာ ရှိလေသည်။ ထိုခွန်အားလောက်ဖြင့် သူတို့အား အဘက်ဘက်မှ ဝိုင်းထားသည့် ရုပ်သေးရုပ်များကို မည်ကဲ့သို့ ခံတိုက်မည်နည်း။

တိုက်ပွဲသည် နေ့တစ်ဝက်ခန့်သာ ကြာပြီ အဆုံးသတ်သွားခဲ့သည်။ ထိုကျင့်ကြံသူ ငါးယောက်စလုံးလည်း တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ကြရလေသည်။ ကျင့်ကြံသူ ငါးယောက်စလုံး အသတ်ခံရပြီးသည်နှင့် ဆူညံနေသော ဝင်္ကမ္ဘာလည်း တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ထိုကျင့်ကြံသူ ငါးယောက်စလုံး ဤနေရာတွင် တစ်ကြိမ်တစ်ခါမှ မပေါ်လာဖူးသည့်အလား ဝင်္ကမ္ဘာကြီးသည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။

ကျင့်ကြံသူပေါင်းများစွာတိုင်သည့် အမျိုးမျိုးသော အစီအရင်များနှင့် ရုပ်သေးရုပ်များ၏ လက်၌ အသက်ဆုံးရှုံးခဲ့ကြသည်။ သို့သော်လည်း အချင်းချင်း ပြန်သတ်ကြရင်း သေသွားကြသည့် ကျင့်ကြံသူ အရေအတွက်မှာ ပို၍ပင် များသေးသည်။

ရတနာတစ်ခု ပေါ်လာတိုင်း ထိုနေရာတွင် သွေးလွှမ်းရသည်။ ဧကရာဇ်ဥယျာဉ်ထဲတွင် မည်သည့် စည်းမျဉ်းစည်းကမ်းမှ မရှိ၊ ခွန်အားကြီးသူများသာ ကြီးစိုးကြသည့် နေရာတစ်ခုဆိုလျှင် မမှားချေ။

တစ်ယောက်ယောက်သာ ဧကရာဇ်ဥယျာဉ်ပေါ်မှ ဝဲပျံ၍ အောက်သို့ စီးမိုးကြည့်မည် ဆိုပါက ဧကရာဇ်ဥယျာဉ်ထဲသို့ အဆောက်အဦးများသည် ပုံစံတစ်ခုအတိုင်း တည်ဆောက်ထားသည်ကို မြင်တွေ့ရသည်။

ထိုကဲ့သို့ သွေးလွှမ်းသည့် တိုက်ပွဲအသီးသီး ဖြစ်နေကြချိန်…

ဧကရာဇ်ဥယျာဉ်၏ အလယ်ဗဟိုတွင် အမျိုးသမီးနှစ်ဦး တိတ်ဆိတ်စွာ ရပ်နေကြသည်။ တစ်ယောက်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြား တစ်ဦးသည် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ထုတ်ဖော်ထားသည်။ ဤအမျိုးသမီးဆီမှ တန်ခိုးရှင်တတိယ အထွဋ်အထိပ်အဆင့် အရှိန်အဝါတို့ ဖြာထွက်နေခဲ့ပေသည်။ ထိုအမျိုးသမီးသည် အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် အမျိုးသမီးနှင့် မီတာသုံးရာအကွာတွင် လေးလေးစားစားဖြင့် ရပ်နေခဲ့သည်။

ထိုနှစ်ယောက်သည် အခြားမဟုတ်ဘဲ ယန်ယန်နှင့် ရီရှီယွင်သာ ဖြစ်သည်။

သူတို့ ဘာကြောင့် ဤနေရာသို့ လာခဲ့သလဲ။ သူတို့ ဤနေရာတွင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ သို့သော် သပ်သပ်ရပ်ရပ် ဖြစ်နေသေးသော သူတို့၏ ပုံစံအရ တိုက်ပွဲ တစ်ခုတစ်လေကိုပင် မကြုံခဲ့ရသည့်ပုံပင်။

သူတို့ ရပ်နေသည့် နန်းတော်၏ အတွင်းပိုင်းသည် အချင်းဝက် မီတာတစ်ထောင်ကျော်ခန့် ကျယ်ဝန်းပေသည်။ နန်းတော်ကြီးထဲတွင် အဖြူရောင်ကျောက်စိမ်း ခေါင်းတလားတစ်လုံးမှ လွဲ၍ အခြားဘာမှမရှိချေ။ သို့သော် လောလောဆယ်တွင် ထိုကျောက်စိမ်းဖြူခေါင်းတလားသည် ထူးထူးဆန်းဆန်း လေထဲ ဝဲနေခဲ့ပေသည်။

ယန်ယန်သည် ကျောက်စိမ်းဖြူခေါင်းတလားရှေ့တွင် ရပ်လျက် ထိုအရာအား ရှုပ်ထွေးသည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ကျောက်စိမ်းဖြူခေါင်းတလားလဲတွင် ယန်ယန်နှင့် ရုပ်ချင်း ဆင်တူသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ ရန်ကိုင်သာ ဤနေရာတွင် ရှိနေလျှင် ထိုအမျိုးသမီး မည်သူမှန်း ချက်ချင်း တန်းသိပေလိမ့်မည်။

ထိုအမျိုးသမီးသည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ပင် ဖြစ်လေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ကြယ်စီရင်စုတစ်ခုလုံးကို စုစည်းခဲ့သည့် ဒဏ္ဏာရီတစ်ပါး ဖြစ်သည်။ သူမ ဖန်တီးခဲ့သည့် ကြယ်ဧကရာဇ် တံဆိပ်ပြားများသည် အင်အားစုကြီးတိုင်း လိုချင်သည့် ရတနာများ ဖြစ်လာကြသည်။ ထိုရတနာကို ရထားသူများပင်လျှင် အလွယ်တကူ မသုံးရဲကြဘဲ မြတ်မြတ်နိုးနိုး တန်ဖိုးထား သိမ်းဆည်းထားကြသည်။ သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့မှသာလျှင် ထိုရတနာများကို ထုတ်သုံးကြလေသည်။

သူမသည် ကောင်းကင်တစ်ခွင်ကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်နိုင်သော ကြယ်စီရင်စု တစ်ခုလုံး၏ အားအကောင်းဆုံးသော လူတစ်ယောက် ဖြစ်သည်။

သို့သော် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်သည် မိန်းမတစ်ယောက် ဖြစ်သည် ဆိုသည်ကို လူအချို့မှလွဲ၍ မည်သူမှ မသိခဲ့ချေ။ သူမ၏ မျက်နှာကို မည်သူမှ မမြင်ဖူးကြသည့် အတွက် အကုန်လုံးက ကြယ်တာရာကောင်းကင်မဟာဧကရာဇ်သည် ယောကျာ်းတစ်ယောက် ဖြစ်လိမ့်မည်ဟုသာ ထင်နေခဲ့ကြသည်။

ခေါင်းတလားထဲရှိ အမျိုးသမီးအား ကြည့်နေရသည်မှာ သူမကိုယ်သူမှ မှန်ထဲတွင် ပြန်ကြည့်နေရသလို ခံစားလိုက်ရသည်။ သူမနှင့် ခေါင်းတလားထဲရှိလူသည် ရုပ်သာမက၊ ခန္ဓာကိုယ် အချိုးအစားချင်းပါ တူပေသည်။ အိပ်စက်နေသည့်တိုင် မဟာဧကရာဇ်သည် ကြီးကျယ်ခမ်းနားသော ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသေးသည်။

“ဒီတော့ ဒါက ငါ့ပုံစံပေါ့” ယန်ယန် တိုးတိုးလေး ပြောလိုက်သည်။

“မဒမ်” ရီရှီယွင်သည် ယန်ယန်မှ တစ်ခုခု ပြောချင်နေသည်ဟု ထင်သည့်အတွက်ကြောင့် လှမ်းခေါ်လိုက်သည်။

“ဘာမှမဟုတ်ဘူး။ ငါ့ကိုယ့်ငါ ပြန်ပြောနေတာ”

ရီရှီယွင် ဘာမှထပ်မပြောတော့ဘဲ ခေါင်းသာ ငုံ့နေလိုက်တော့သည်။

ယန်ယန်သည် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ပတ်ပတ်လည်အား ဝေ့ကြည့်၍ အသာအယာ သက်ပြင်းချလိုက်လေသည် “နောက်ဆုံးတော့ ဒီမဟာဝိဥာဉ်ခေါ်အစီအရင်ကြီးကို အသက်သွင်းလို့ ရတော့မှာပါလား”

ထိုစဉ် နန်းတော်အတွင်းရှိ နံရံများပေါ်ရှိ အမှတ်အသားများ၊ မျဉ်းကြောင်းများအားလုံး တဖျက်ဖျက် လင်းလက်နေခဲ့သည်။ ထိုအမှတ်အသားများ လင်းလက်လာခြင်းနှင့်အတူ နန်းတော် တစ်ခုလုံး ဆန်းကြယ်သော စွမ်းအားတစ်မျိုးဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမနားထဲ တစ်ခုခုမှ သူမအား လှမ်းခေါ်နေသည့်အသံကို ရီရှီယွင် ကြားလိုက်သည်။ သူမဝိဥာဉ်သည် ခန္ဓာကိုယ်မှ ထွက်ကာ ထိုအသံနောက်သို့ ပြေးလိုက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။

ထိုခံစားချက်ကို ခံစားမိလိုက်သည့်အခိုက် ရီရှီယွင်၏ နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။

လူတစ်ယောက်၏ ဝိဥာဉ်သည် အလွန်ကိုမှ နုရွလှသည့်အတွက် သူတို့၏ အသိစိတ် ပင်လယ်ထဲတွင်သာ နေသင့်သည်။ အလွန်ကိုမှ အန္တရာယ်များလွန်းသည့် အခြေအနေနှင့် မရင်ဆိုင်ရသရွေ့ ကျင့်ကြံသူတစ်ယောက်သည် ပုံမှန်အားဖြင့် သူတို့၏ ဝိဥာဉ်ကို အသိစိတ်ပင်လယ် အပြင်သို့ ထုတ်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ အပြင်သို့ ထုတ်လိုက်သည်နှင့် သင့်လျော်သော နေစရာတစ်ခုသာ ရှာမတွေ့လျှင် သူတို့၏ ဝိဥာဉ်သည် နေ့တစ်ဝက်အတွင်း တဖြည်းဖြည်းအားနည်းကာ ပျောက်ကွယ်သွားနိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

ဤမဟာဝိဥာဉ်ခေါ်အစီအရင်ဆိုသည့် အစီအရင်အကြောင်း တစ်ခါမှ မကြားဖူးချေ။ သို့သော် လက်ရှိ အခြေအနေရ ဤအစီအရင်သည် မဟာဧကရာဇ် နိုးထခြင်းနှင့် တစ်မျိုးတစ်ဖုံ သက်ဆိုင်နေလိမ့်မည်မှန်းတော့ သူမ ခန့်မှန်းမိသည်။

ကျင့်ကြံသူတစ်ယောက် ဧကရာဇ်ဥယျာဉ်ထဲတွင် သေဆုံးသွားတိုင်း နန်းတော်ထဲရှိ အမှတ်အသားများ ပိုပို၍ တောက်ပလာခဲ့သည်။ သေဆုံးသွားသည် ကျင့်ကြံသူများသည် ဤအစီအရင်၏ လောင်စာ ဖြစ်သွားခြင်း ဖြစ်လောက်သည်။

ဤအစီအရင်မျိုးကို လက်ရှိ ယန်ယန် မခင်းကျင်းနိုင်ချေ။ မဟာဧကရာဇ် မသေခင် ခင်းကျင်းခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။

ဧကရာဇ်ဥယျာဉ်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးတွင် ပွင့်ပြီး ကြယ်အသီးသီးမှ ကျင့်ကြံသူများ အထဲသို့ ဝင်လာခဲ့ကြသည်။ ဝင်လာကြသူတိုင်းသည် သူတို့အသက်ကို စွန့်စားပြီး ဝင်လာကြခြင်း ဖြစ်သည်။ သူတို့ ဤနေရာတွင် မတော်တဆ သေသွားနိုင်သည်ကို သိကြသည်။ သို့သော် မက်မောဖွယ်ရာ အဖိုးတန် ရတနာများ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်သဖြင့် ဝင်လာခဲ့ကြသည်။

သူတို့အား မည်သူမှ မဝင်လာခိုင်းခဲ့ပေ။ သူတို့ဘာသာ ဝင်လာခြင်း ဖြစ်သည့်အတွက် သူတို့ သေသွားလျှင်လည်း မည်သူ့ကိုမှ အပြစ်တင်နေ၍ မရပေ။ ရှင်သန်သူများသည် ဧကရာဇ်ဥယျာဉ်ထဲရှိ အဖိုးတန် ရတနာများကို ရသွားနိုင်ကြသလို သေဆုံးသွားသူများမှာမူ ဤမဟာအစီအရင်၏ လောင်စာဖြစ်သွားကြသည်။

သူတစ်ဖန်ပြန်လည် ရှင်သန်နိုင်ဖို့ရာ လူအချို့ သေသွားလိုက်ရလျှင်ကော ဘာအရေးနည်း။ မဟာဧကရာဇ်၏ မျက်လုံးထဲတွင် ဤဧကရာဇ်ဥယျာဉ်ထဲရှိ လူအားလုံးသည် ပါမွှားသာသာ သာ ဖြစ်ကြသည်။

မလင်းသေးသော အမှတ်အသားများကို ကြည့်ရင်း ယန်ယန်သည် နန်းတော်ပေါက်ဝသို့ ပြန်လှည့်ကြည့်လိက်သည်။ ကံမကောင်းစွာဖြင့် သူမ တွေ့ချင်နေသည့်လူ ရောက်မလာခဲ့ချေ။

သူ့အား နောက်ဆုံးတစ်ကြိမ်ပင် တွေ့ရန် မဖြစ်နိုင်ခဲ့ပါလေတကား…

အချိန်ကား အကုန် မြန်လွန်းလှသည်။ မျက်တောင်တစ်ခတ်အတွင်း နန်းတော်ထဲရှိ အမှတ်အသားအားလုံး တောက်ပလာခဲ့ပြီး မဟာဝိဥာဉ်ခေါ်အစီအရင်လည်း အသက်ဝင်လာခဲ့၏။

နန်းတော်ထဲရှိ အမှတ်အသားများသည် ထိုးထွင်းထားသည့် နေရာများဆီမှ ခွာကာ ယန်ယန်ကိုယ်ပေါ်သို့ ပျံသန်းလာကြသည်။ အမှတ်အသားများ သူမကိုယ်ပေါ်သို့ ကျရောက်လာချိန် ယန်ယန်၏ မျက်နှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။

ရီရှီယွင် အနေဖြင့် ထိုအဖြစ်အပျက်ကို မြင်သော်ငြား ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ လက်ရှိတွင် သူမအဖို့ လက်တစ်ချောင်း လှုပ်ဖို့ရာပင် အလွန်ကိုမှ ခဲယဉ်လွန်းနေခဲ့သည်။ သူမသည် သမိုင်းတွင်မည့် အဖြစ်အပျက်တစ်ခုကို စောင့်ကြည့်နေသူ တစ်ယောက်သာသာ သာ ဖြစ်လေသည်။

“အကြီးအကဲရီ…” ယန်ယန်က ရုတ်တရက် လှမ်းအော်ခေါ်လိုက်သည်။

ရီရှီယွင်လည်း ချက်ချင်းပဲ ပြန်ထူးလိုက်လေသည် “ဟုတ်ကဲ့ပါ”

“နောက်ပိုင်း ကျွန်မဘာပဲ ဖြစ်သွားဖြစ်သွား ရန်ကိုင်ကို ကောင်းကောင်း ကူညီပေးလိုက်ပါနော်”

ရီရှီယွင် ကြောင်သွားခဲ့သည်။ သို့သော် အံကြိတ်၍ ချက်ချင်း ပြန်ပြောလိုက်သည် “ဒီလက်အောက်ငယ်သာ မဒမ်းအမိန့်အတိုင်း လုပ်ဆောင်သွားပါ့မယ်”

ယန်ယန်၏ အမိန့်သည် မဟာဧကရာဇ်၏ အမိန့်နှင့် အတူတူပင် ဖြစ်လေသဖြင့် ရီရှီယွင်လည်း ချက်ချင်း နာခံခဲ့သည်။

တလက်လက် တောက်ပနေသော အဖြူရောင်အလင်းများကြားဝယ် ပြုံးသွားသည့် ယန်ယန်၏ မျက်နှာကို ရီရှီယွင် တစ်ချက် လှမ်းမြင်းလိုက်ရသည်။ သို့သော် အလင်းများသည် ယန်ယန် တစ်ကိုယ်လုံးကို ချက်ချင်းကြီး ဖုံးအုပ်သွားသဖြင့် သူမ ဘာမှ မမြင်ရတော့ပေ။ ယန်ယန်တစ်ကိုယ်လုံး အလင်းများဖြင့် ဖုံးသွားပြီးနောက် အလင်းလုံးတစ်ခု အသွင်သို့ ပြောင်းကာ ခေါင်းတလားထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို နန်းတော်ကြီးတစ်ခုလုံးသည် ဘာမှမဖြစ်ခဲ့သည့်အလား သုဿန်တစပြင်နှယ် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

အမှတ်အသားအားလုံး မှိန်ကျသွားခဲ့ပြီး မဟာဝိဥာဉ်ခေါ်အစီအရင်လည်း ရပ်တန့်သွားခဲ့သည်။ နန်းတော်ထဲဝယ် လေထဲဝဲနေသော ခေါင်းတလားတစ်လုံးနှင့် ရီရှီယွင်သာ ကျန်ရစ်တော့သည်။

All Chapters