← Chapters

အခန်း (၁၄၇၆-၁၄၈၀)

Vol. 60 Ch. 1476-1480

အခန်း (၁၄၇၆-၁၄၈၀)

Vol. 60 Ch. 1476-1480

အပိုင်း (၁၄၇၆)

ဟွမ်ကျွမ်း ဤနေရာသို့ ရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ကာ ဒေသခံ တစ်ယောက်ဟုပင် ပြော၍ရသည်အထိ ကြာနေခဲ့လေပြီ။ ထို့ကြောင့် ဟင်းလင်းပြင်အစီအရင် မည်သည့် နေရာတွင် ရှိသလဲ ဆိုသည်ကို ကောင်းကောင်း သိပေသည်။ သူမ၏ အကူအညီဖြင့် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင် ရှိသည့်နေရာဆီသို့ အလွယ်တကူ ရောက်လာနိုင်ခဲ့သည်။

ပင်လယ်မြို့တော်ရှိ ဟင်းလင်းပြင်အစီအရင်အား သူတော်စင်သလင်းကျောက် အလုံအလောက် ပေးချေနိုင်သရွေ့ လူတိုင်း အသုံးပြုနိုင်ပေသည်။ သို့သော် ထိုဟင်းလင်းပြင် အစီအရင်မှတစ်ဆင့် သွားနိုင်သော မြို့များများစားစား မရှိချေ။

ရန်ကိုင်သည် ကျီးနက်မြို့ဆီသို့ တည်နေရာရွေ့ပြောင်းရန် ရွေးချယ်လိုက်သည်။

ကျီးနက်မြို့သည် သဲမီးတောက်နယ်မြေနှင့် နီးသည့်အတွက်ကြောင့် ရွေးချယ်လိုက်ခြင်း မဟုတ်ဘဲ ကြည်လင်ကောင်းကင်ဂိုဏ်းနှင့် နီးသည့်အတွက်ကြောင့် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ကျီးနက်မြို့သို့ ရောက်လျှင် ကြည်လင်ကောင်းကင်ဂိုဏ်းနှင့် အဆက်အသွယ်ကို သုံး၍ သဲမီးတောက်နယ်မြေနှင့် အနီးဆုံးမြို့ဆီသို့ အလွယ်တကူ တည်နေရာရွေ့ပြောင်းနိုင်ပေသည်။

သူတော်စင်သလင်းကျောက် ခြောက်သိန်း ပေးချေပြီးနောက် ရန်ကိုင် သုံးယောက်သည် ဟင်းလင်းပြင်အစီအရင်ထဲသို့ ခြေချလိုက်သည်။ အလင်းတစ်ချက် လက်သွားခဲ့ပြီး သုံးယောက်စလုံး ပျောက်ကွယ်သွားခဲ့သည်။

ယခင်တစ်ခါက ချန်ရှီတောင်း၊ လုယင်၊ အခြားသူများနှင့်အတူ ကျီးနက်မြို့ဆီသို့ တစ်ကြိမ် ရောက်ခဲ့ဖူးသည်။ ဤကျီးနက်မြို့တွင်ပင် ချင်းယွဲ့ကို ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ကျီးနက်မြို့သို့ လာခဲ့သော်လည်း ဤနေရာတွင် ကြာကြာနေရန် မစဉ်းစားထား။ ဟွမ်ကျွမ်းနှင့် လင်းယွင်အာကို ခေါ်၍ အခြားတစ်နေရာဆီသို့ ပျံသန်းသွားလေသည်။

သုံးရက်ကြာပြီးနောက်တွင် ကျီးနက်မြို့ထက် အဆများစွာ ပိုမိုကြီးမားသော မြို့ကြီး တစ်မြို့ရှေ့သို့ ရောက်လာခဲ့သည်။

“ဂိုဏ်းချုပ်၊ ဘာလို့ဒီကို လာတာလဲ” ဟွမ်ကျွမ်းသည် မြို့ဝင်ဂိတ်ပေါက်ရှိ စကားလုံးများကို ကြည့်ရင်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“ဒီမြို့ထဲမှာ ကျုပ်အသိ နည်းနည်းပါးပါး ရှိတော့ ဒီကနေ ကျုပ်တို့ သွားချင်တဲ့နေရာကို သွားရင် ပိုလွယ်မှာမို့လို့လေ” ပြန်းရှင်းပြလိုက်ပြီးနောက် ဟွမ်ကျွမ်း၏ ကျောပြင်ပေါ်တွင် အိပ်ပျော်နေသော လင်းယွင်အာကို ပြုံးလျက် လှမ်းကြည့်လိုက်သည်။

ထိုမိန်းကလေးသည် လမ်းတစ်လျှောက်လုံး ဘာမှမလုပ်ခဲ့ရသော်ငြား သုံးရက်ဆိုသော ခရီးတာသည် သူမကဲ့သို့ ကလေးတစ်ယောက်အတွက် အတော်လေး ပင်ပန်းလှသည်။

သူမ တစ်လျှောက်လုံး ပင်လယ်ကမ်းခြေမြို့တွင်သာ နေနေပြီး အပြင်ဘက်သို့ တစ်ခါမှမှ ခရီးမသွားလေဘဲ။ ယခုကဲ့သို့ ဖြစ်သည်မှာ မထူးဆန်းချေ။

ခရီးသွားနေစဉ် တစ်လျှောက်လုံး သူမ အတော်လေး ပျော်ခဲ့သည်။ လှပသော ပန်းများကို တွေ့လျှင် ပြေးခူးသည်။ လိပ်ပြာများ၊ ငှက်များကို တွေ့လျှင် လိုက်ဖမ်းသည်။ ပျော်ရွှင်စွာ ဆော့ကစားပြီး နောက်ဆုံးတွင် သူမ ပင်ပန်းနွမ်းနယ်လာပြီး အိပ်ချင်လာခဲ့သည်။

“သွားကြရအောင်” ရန်ကိုင်သည် ဦးဆောင်၍ မြို့ထဲသို့ ဝင်သွားလိုက်သည်။

ပင်လယ်နက်မြို့တော်… ဤမြို့သည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဠာနချုပ်နှင့် ကပ်လျက် တည်ရှိနေသော မြို့တစ်မြို့ဖြစ်ကာ ကောင်းကင်ကံကြမ္မာမြို့တော် အရိပ်လခန်းမအတွက် အရေးပါသကဲ့သို့ ဤမြို့သည်လည်း ကြည်လင်ကောင်းကင်ဂိုဏ်း အတွက် အရေးပါပေသည်။

ချန်ရှီတောင်းသည် ရန်ကိုင်အား ယခင်က ဤမြို့သို့ အကြိမ်များစွာ ဖိတ်ခဲ့သော်ငြား ရန်ကိုင်မူ သူ့အလုပ်များဖြင့် တိုင်ပတ်နေသည့်အတွက် တစ်ခါမှ မလာဖြစ်ခဲ့ချေ။ ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် လာဖူးခြင်းဖြစ်သည်။

မကြာမီ ရန်ကိုင်တို့သုံးယောက် မြို့သခင်စံအိမ်ဆီသို့ ရောက်လာခဲ့သည်။

မြို့သခင်စံအိမ်သည် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်လုံး ဖြစ်သည်။ နန်းတော်အား တူညီသော သံချပ်ကာနှင့် လှံတံများကို ကိုင်ဆောင်ထားကြသော မာမာထန်ထန် မျက်နှာထားနှင့် စစ်သည်များစွာက စောင့်ကြပ်နေသည်။

ရန်ကိုင်တို့သုံးယောက် နန်းတော်နားသို့ ချဉ်းကပ်လာသည်နှင့် အစောင့်များထဲမှ တစ်ယောက်က မေးလိုက်လေသည် “ရပ်လိုက်စမ်း။ ဒါက ပင်လယ်နက်မြို့တော်ရဲ့ မြို့သခင် အိမ်တော်ပဲ။ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ လာခွင့်မရှိဘူး”

ထိုလူသည် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ရန်ကိုင်က ပြုံး၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည် “မင်္ဂလာပါ မိတ်ဆွေတို့။ ကျုပ်နာမည်က ရန်ကိုင်ပါ၊ မြို့သခင်နဲ့ ဆွေးနွေးချင်တာလေး ရှိလို့ လာခဲ့တာပါ။ သူ့ကို တစ်ချက်လောက် သွားသတင်းပေးလို့ရမလား”

“မြို့သခင်ကို တွေ့ဖို့လာတာလား” ထိုလူ မျက်မှောင်ကြုတ်ဿွားခဲ့သည်။ ဤနေရာသို့ လာသည့်လူတိုင်းသည် မြို့သခင်အား တွေ့ချင်သူများ ဖြစ်သည့်အတွက်ကြောင့် ထိုကိစ္စနှင့် ပက်သက်၍ အံ့အားသင့်နေစရာ မလိုချေ။ သို့သော်လည်း မြို့သခင်အား တစ်ယောက်ယောက်မှ လာတွေ့တိုင်း မြို့သခင်မှ ထိုလူအား ပြန်တွေ့လိမ့်မည်ဟု အာမခံချက်မရှိချေ။ အစောင့်သာ မြို့သခင်နှင့် တွေ့ချင်သူ မည်သူဖြစ်သလဲ ဆိုသည်ကို သေချာ မေးမြန်းမစစ်ဘဲ မြို့သခင်ကို သွားရောက်သတင်းပေးလျှင် အခပ်မသင့် အပြစ်ပေးခံရနိုင်ပေသည်။

သို့သော်လည်း ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် အစောင့်လည်း မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။ အဆင့်နိမ့်သည့် ကျင့်ကြံသူ တစ်ယောက်သာဆိုလျှင် ချက်ချင်း မောင်းထုတ်လိုက်ပေမည်။

“ခင်ဗျား မြို့သခင်ကို သိလား” အစောင့်က မေးလိုက်သည်။

“မသိဘူး”

“မြို့သခင်ကို မသိဘူး” ထိုလူ အံ့အားသင့်သွားခဲ့သည်။

“ဒါပေမယ့် ခင်ဗျားတို့ ဂိုဏ်းချုပ် ကုကျန်းကိုတော့ သိတယ်” ရန်ကိုင်က ပြုံးလျက် ဆက်၍ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကို သိတာလား” ယခုတစ်ကြိမ် ထိုလူ လုံးဝ အံ့အားသင့်သွားခဲ့သည်။ ဂိုဏ်းချုပ်သည် အမြဲလိုလို တံခါးပိတ်ကျင့်စဉ်ဝင်နေသည့် လူတစ်ယောက် ဖြစ်သည့်အတွက် သူ့မျက်နှာကို မြင်ရခဲလှသည်။ သူပင်လျှင် သူ့ဂိုဏ်း၏ ဂိုဏ်းချုပ်မျက်နှာကို တစ်ခါမှ မမြင်ဖူးချေ။ သို့သော် ဤလူငယ်လေးသည် ဂိုဏ်းချုပ်ကို မြင်ဖူးသည်ဟု ပြောနေသည်။ သူညာပြီး ပြောနေခြင်းလော။

“ဟုတ်တယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ အကြီးအကဲချုပ် မိုယုကိုပါ သိသေးတယ်”

ထိုလူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းမိလိုက်ပြီး ရန်ကိုင် နောက်တစ်ကြိမ် သေချာ ပြန်ကြည့်လိုက်သည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲမိုယုကို သိလျှင် ထိုလူငယ်လေးသည် အလွန်ကို အဆင့်အတန်း မြင့်မားသည့် လူတစ်ယောက် ဖြစ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုလူငယ်လေး အကြောင်းကို သူဘာကြောင့် တစ်ခါမှ မကြားဖူးရသနည်း။

အစောင့်စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသော်လည်း ဤကိစ္စကို ထပ်၍ မနှောင့်နှေးရဲခဲ့ချေ။ ထို့ကြောင့် လေးလေးစားစား လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်နေပေးပါ၊ ကျုပ်မြို့သခင်ကို သွားအကြောင်းကြားလိုက်ပါ့မယ်”

“အင်း” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။

အစောင့်ခေါင်းဆောင် မြို့ထဲဝင်သွားပြီးနောက် လက်ဖက်ရည် ခွက်တစ်ဝက်စာ အကြာတွင် သေးငယ်သော ပုံရိပ်လေးတစ်ခု ရန်ကိုင်ဆီသို့ ပြေးလာခဲ့သည်။

ရန်ကိုင် မျက်နှာကို မြင်ပြီးနောက် ထိုလူက အံ့အားသင့်တကြီး ပြောလိုက်လေသည် “တကယ်ပဲ နင်ဖြစ်နေတာကိုး။ နင်ဘာလို့ ဒီရောက်နေတာလဲ”

“ညီမလုယင်လား” ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့သည်။ မြို့သခင်စံအိမ်တွင် လုယင်ကို လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချန်ရှီတောင်းနှင့် လုယင်သည် အမြဲ တတွဲတွဲနှင့် ရှိနေတတ်သည်။ ချန်ရှီတောင်းကို တွေ့လျှင် လုယင်ကိုလည်း တွေ့နိုင်ပေသည်။

သို့သော်လည်း အသိတစ်ယောက်နှင့် လာတွေ့မှဖြင့် ယခုကိစ္စသည် ပိုလွယ်သွားလေပြီ။

“ငါဒီအတိုင်း ဖြတ်သွားရုံပဲ။ ဒီမြို့က ဟင်းလင်းပြင်အစီအရင်ကို သုံးချင်လို့ ဒီကို လာခဲ့တာ။ ဒါနဲ့ ညီမလုယင် ဘာလို့ ဒီရောက်နေတာလဲ။ အစ်မချန်ကော” ရန်ကိုင်က ပြန်မေးလိုက်သည်။

“အစ်မချန်က ဧကရာဇ်ဥယျာဉ်ထဲက ပြန်လာကတည်းက တံခါးပိတ်ကျင့်စဉ် ဝင်နေတယ်။ ငါဘာလို့ ဒီရောက်နေလဲဆိုတော့… ဟဲဟဲ၊ မြို့သခင်က ငါ့အဖေလေ” လုယင်က ပြန်ပြောလိုက်သည်။

ရန်ကိုင် ကြောင်သွားခဲ့သည်။ လုယင်၏ အဆင့်အတန်းသည် ဤမျှ မြင့်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ လုယင်သည် အမြဲလိုလို ချန်ရှီတောင်းနောက် လိုက်ပြီး သူမ၏ လက်အောက်ငယ်သား၊ သို့မဟုတ် ညီမငယ်လေး တစ်ယောက်ကဲ့သို့သာ ပြုမူနေသဖြင့် လုယင်သည် အရည်အချင်း အသင့်အတင့်ရှိသည့် ကြည်လင်ကောင်းကင်ဂိုဏ်း၏ တပည့် တစ်ယောက် ဖြစ်သည်ဟုသာ သူထင်ခဲ့သည်။ သို့သော်ငြား သူမ၏ အဆင့်အတန်းသည် ဤမျှပင် မြင့်နေခဲ့သည်။ ပင်လယ်နက်မြို့တော်၏ မြို့သခင် ဖြစ်သည့်အတွက်ကြောင့် သူမ၏ အဖေသည် တန်ခိုးရှင်တတိယအဆင့် ကျိန်းသေ ဖြစ်ပေလိမ့်မည်။

“ရိုင်းလိုက်တာ” သူတို့နှစ်ယောက် စကားပြောနေစဉ် မြို့သခင်စံအိမ်တွင်းမှ အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။ ထို့နောက် သက်လတ်ပိုင်းလူကြီးတစ်ဦး ပေါ်လာပြီး မျက်နှာတည်ဖြင့် လုယင်ကို ဆူပူလိုက်လေသည် “ဂိုဏ်းချုပ်ရန်လို ဂိုဏ်းချုပ်တစ်ယောက်ကို နင်ဘယ်လိုလုပ်ပြီး မလေးစားနဲ့ စကားပြောနေရတာလဲ”

ထိုလူသည် လုယင်၏ အဖေဖြစ်သော ပင်လယ်နက်မြို့တော်၏ မြို့သခင် ဖြစ်ပေသည်။

သူမအဖေ၏ စကားကိုကြားသော် လုယင် လျှာလေး တစ်လစ်တစ်လစ် လုပ်လိုက်လေသည်။ ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်သည် “ဒါမျိုးတွေ လုပ်နေစရာ မလိုပါဘူးဗျာ။ ကျုပ်ညီမလုယင်ကို သိတာကြာနေပြီ။ အရင်ကတည်းက အခုလိုမျိုး ပြောနေကြပဲ။ ကျုပ်ဂိုဏ်းချုပ် ဖြစ်လို့ ကျုပ်တို့ကြားက ဆက်ဆံရေးက ပြောင်းလဲသွားမှာမှ မဟုတ်တာ”

ထိုစကားကို ကြားသည့်အခါ သက်လတ်ပိုင်းလူကြီး၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။ သို့သော် ခေါင်းခါ၍ ဆက်၍ ပြောလိုက်ပေသေးသည် “အဲ့လိုဆိုပေမယ့် ထုံးတမ်းအစဉ်အလာတွေ ရှိသေးတယ်လေ။ ယင်အာ၊ ဂိုဏ်းချုပ်ရန်ကို သေချာနှုတ်ဆက်လိုက်စမ်း”

ထိုစကားကို ကြားသည့်အခါ လုယင် နှုတ်ဆက်ဆူသွားခဲ့သည်။ သို့သော် သူမအဖေ၏ စကားကို မနာခံဘဲ မနေရဲသည့်အတွက် ရန်ကိုင်အား ဦးညွှတ်၍ ပုပ်သိုးသိုးအမူအရာဖြင့် နှုတ်ဆက်လိုက်လေသည်။

ရန်ကိုင်လည်း ဘာမှမတတ်နိုင်ချေ။ သူနည်းနည်းပါးပါး ကူပြောပေးခဲ့သော်လည်း တစ်ဖက်လူသည် အတော်လေး စည်းကမ်းကြီးသည့်လူ ဖြစ်နေသည်မှာ ဆိုးသွားခဲ့သည်။

လုယင်မှ ဦးညွှတ်လိုက်ပြီးနောက် သက်လတ်ပိုင်းလူကြီးက လက်သီးဆုပ်၍ “ဂိုဏ်းချုပ်ရန်ကို နှုတ်ဆက်ပါတယ်။ ကျုပ်က ပင်လယ်နက်မြို့ရဲ့ မြို့သခင် လုရွှမ်းပါ”

“အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး မြို့သခင်ရာ။ ကျုပ်ဘက်က ကြိုမပြောဘဲ ရောက်လာလို့ မြို့သခင် စိတ်မကွက်သွားပါနဲ့နော်” ရန်ကိုင်က အလျင်စလို ပြန်ပြောလိုက်သည်။

“ဘယ်ကသာ။ ဂိုဏ်းချုပ်ရန် လာလည်တာ ကျုပ်တို့မြို့အတွက်တောင် ဂုဏ်ရှိသေးတယ်။ ကျေးဇူးပြုပြီး အထဲမှ တစ်ချက်လိုက်နားပါလား။ ကျုပ်ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ်ကို သတင်း ပို့ထားလိုက်ပြီ ဆိုပေမယ့် သူတို့က နောက်ထပ် နာရီဝက်လောက်ကြာမှ ရောက်လာမှာ။ ဒါကြောင့် ဂိုဏ်းချုပ်ရန် ခဏတော့ စောင့်ရလိမ့်မယ်”

“ဘာမှမဖြစ်ဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူသည် ကုကျန်းနှင့် အကြီးအကဲမိုယုတို့၏ အသက်ကယ်ကျေးဇူးရှင် ဖြစ်နေသည့်အတွက် ထိုနှစ်ယောက်မှ သူ့အား လာတွေ့သည်မှာ အထူးအဆန်းတစ်ခု မဟုတ်ပါချေ။

အထဲသို့ ရောက်လာသည့်အခါ လုရွှမ်းသည် ရန်ကိုင်တို့ ရေချိုး၊ အဝတ်အစားလဲရန်အတွက် အခန်းများ စီစဉ်ပေးလေသည်။ ရန်ကိုင်လည်း ငြင်းမနေခဲ့ပေ။ သူ့ဘာသာ မည်သို့ဖြစ်နေပါစေ သိပ်ဂရုမစိုက်သော်လည်း လင်းယွမ်အာနှင့် ဟွမ်ကျွမ်း တို့နှစ်ယောက် အတော်လေးကို ဖိုသီဖတ်သီ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့ ရေမိုးချိုး အဝတ်အစား လဲရပေဦးမည်။

ရန်ကိုင်သည် တစ်ကိုယ်လုံး လန်းဆန်းသွားအောင် အချိန် အနည်းငယ် ယူလိုက်သည်။ သူ့ကိစ္စပြီးသွားသည့် အချိန်မှာပင် အကြီးအကဲမိုယုနှင့် ကုကျန်းတို့ ရောက်လာခဲ့သည်။

ခဏအကြာတွင် ဧည့်သည်နှင့် အိမ်ရှင်အားလုံး ထိုင်ခုံအသီးသီးတွင် ထိုင်ပြီးသွားခဲ့ကြသည်။ လုရွှမ်းသည် ရန်ကိုင်တို့အား စားသောင်းသောက်ဖွယ်ရာမျိုးစုံနှင့် တည့်ခင်းဧည့်ခံလေရာ ထိုကဲ့သို့သော အစားအသောက်များကို တစ်ခါမှ မမြင်ဖူး၊ မစားဖူးသော လင်းယွမ်အာအဖို့ ပါးစပ်မအား၊ လက်မအား ဖြစ်သွားခဲ့ရလေသည်။ သူမ၏ မြင်ကွင်းထဲရှိ မြင်မြင်သမျှ အစားအစာများကို ပါးစပ်ထဲသို့ တောက်လျှောက် ထိုးထည့်လေသည်။

ထိုမိန်းကလေး၏ အပြုအမူသည် အများသူငှာ မျက်ခုံးတွန့်စရာ ဖြစ်မသွားဘဲ အကုန်လုံး အာရုံစိုက်စရာသာ ဖြစ်လာခဲ့လေသည်။ လုယင်သည် လင်းယွမ်အားဘေးတွင် ထိုင်လျက် သူမအား အစားအသောက်များကို တစ်ခုပြီးတစ်ခု ယူကျွေးလေသည်။ ထိုမိန်းကလေးကို သူမ အတော်လေး နှစ်သက်နေသည့်ပုံပင်။

ဟွမ်ကျွမ်းမှာအတော် တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။ အရိပ်ကြယ်၏ နာမည်ကျော် ဂိုဏ်းချုပ်ကြီးများနှင့် တစ်ထိုင်ခုံထဲ အတူထိုင်ရလိမ့်မည်ဟု သူမ တစ်ဘဝလုံး တစ်ခါမှ အိမ်မက် မက်ဖူးခဲ့ချေ။ ယမန့်နေ့တွင် သူမသည် ဝိဥာဉ်တစ်ရာဆေးလုံးကို ဝယ်ရန်အတွက် သူတော်စင် သလင်းကျောက် ငါးထောင်ကို မတတ်နိုင်သော လူတစ်ယောက်မှ ယနေ့တွင် အရိပ်ကြယ်၏ ကြီးကျယ်ခမ်းနားသော ဂိုဏ်းချုပ်ကြီးများနှင့် တစ်စားပွဲထဲ အတူထိုင်ရသော လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သူမ ယခုကဲ့သို့ နေနိုင်ရခြင်းမှာ ရန်ကိုင်၏ ကျေးဇူးကြောင့်မှန်း ဟွမ်ကျွမ်း နားလည်ထားသည်။ ထို့ကြောင့် သူမစိတ်ထဲ အနည်းငယ် ရှုပ်ထွေးသွားခဲ့ရလေသည်။

နာရီ အနည်းငယ်ကြာပြီးနောက်တွင် ကောင်ကင်လည်း မှောင်လာပြီး ညအချိန်သို့ ရောက်လာခဲ့သည်။ စားသောက်ပွဲသည်လည်း ပြီးဆုံးသွားခဲ့လေပြီ။ ဟွမ်ကျွမ်းသည် အစားအစာများကို တဝတပြဲ နင်းကန်စားသောက်ထားသည့်အတွက် အိပ်ချင်နေပြီဖြစ်သော လင်းယွမ်အာကို အနားယူရန်အတွက် ပြန်ခေါ်သွားလေပြီ ဖြစ်သဖြင့် ယခု ရန်ကိုင်နှင့် ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များသာ ကျန်ရစ်တော့သည်။

“အစ်မချန် ဘယ်လိုနေလဲ” ရန်ကိုင်က လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ရင်း စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။

“ဂိုဏ်းချုပ်ကျေးဇူးကြောင့် ကျုပ်တို့အားလုံး ဘာမှမဖြစ်ခဲ့ဘူး” ကုကျန်းက ရန်ကိုင်အား ကျေးဇူးတင်တကြီး ပြောလိုက်သည်။ ဧကရာဇ်ဥယျာဉ်ထဲသို့ သွားခဲ့သည့် ခရီးသည် အန္တရာယ်ပေါင်း များစွာဖြင့် ပြည့်နှက်နေသည့် ခရီးတစ်ခု ဖြစ်ခဲ့သည်။ ထိုခရီးအတွင်း သုံးယောက်စလုံး အသက်ပျောက်မည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့သော်လည်း ရန်ကိုင်မှ အချိန်မှီ လာရောက်ကယ်ဆယ်ခဲ့သောကြောင့် သုံးယောက်စလုံး သေကံမရောက် အသက်မပျောက် ဖြစ်ခဲ့ရသည်။

သို့သော်လည်း ဧကရာဇ်ဥယျာဉ်မှ ပြန်ရောက်လာပြီးနောက်၌ ချန်ရှီတောင်း ချက်ချင်း တံခါးပိတ်ကျင့်စဉ် ဝင်သွားလေသည်။ ချန်ရှီတောင်းသည် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီးပြီးချင်း ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်သွားခြင်း ဖြစ်ကာ သူမ၏ ရှီကိုပင် မသိပ်သည်းခဲ့ရသေးချေ။ ထို့ကြောင့် ဧကရာဇ်ဥယျာဉ်မှ ပြန်ရောက်လာပြီးနောက် သူမ၏ ကျင့်ကြံခြင်း အခြေခံကို တည်ငြိမ်အောင် လုပ်ရင်း ရှီကို သိပ်သည်းရန်အတွက် တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့ခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၇)

“သတင်းကောင်းပဲ” ချန်ရှီတောင်း၏ လက်ရှိ အခြေအနေကို သိရပြီးနောက်တွင် ရန်ကိုင် စိတ်အေးသွားနိုင်ခဲ့သည်။

“ဒါနဲ့ ဂိုဏ်းချုပ်ရန် ဘာလို့ ဒီကို ရောက်လာတာလဲ” မိုယုက မေးလိုက်သည်။

“ကံကြမ္မာအကျိုးပေးလို့ပေါ့” ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ပင်လယ်နက်မြို့တော်သို့ မည်ကဲ့သို့ ရောက်လာကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်လေသည်။

ထိုကိစ္စနှင့် ပက်သက်လျှင် မိုယုနှင့် ကုကျန်းတို့သည် ရန်ကိုင်ထက် အများကြီး ပိုကံကောင်းပေသည်။ သူတို့ နှစ်ယောက်သည် ကြည်လင်ကောင်းကင်ဂိုဏ်း အနီးအနားတွင် ပြန်ပေါ်လာခြင်း ဖြစ်သဖြင့် ရန်ကိုင်ကဲ့သို့ ဠာနချုပ်ဆီသို့ ပြန်ရောက်ရန်အတွက် အဝေးကြီး သွားနေစရာ မလိုခဲ့ချေ။

“ဧကရာဇ်ဥယျာဉ်ဆီ သွားခဲ့ခရီးက တကယ်ကို မမျှော်လင့်ထားခဲ့တာတွေချည်းပဲ။ ကြယ်စီရင်စုတစ်ခုလုံး ပွင့်လာတော့ ကျုပ်တို့ အရိပ်ကြယ်တစ်ခုလုံး တော်တော်လေး အထိနာသွားတယ်” ကုကျန်းက သက်ပြင်းချလျက် ပြောလိုက်သည်။

“အို၊ ဘယ်အင်အားစုတွေ အထိနာသွားတာလဲ” ရန်ကိုင် စိတ်ဝင်စားမိသွားသည်။

“အကုန်လုံးတော့ သေချာ လိုက်မရေတွက်ရသေးဘူး။ ဒါပေမယ့် ကျုပ်တို့ သိထားသလောက် သွေးနတ်ဆိုးကျောင်းတော်ရဲ့ ဂိုဏ်းချုပ်နဲ့ ကျောင်းသခင်တို့ ဧကရာဇ်ဥယျာဉ်ထဲမှာ သေသွားတယ်တဲ့”

ရန်ကိုင်သည် မျက်နှာအမူအရာ တစ်ချက် ပျက်ယွင်းသွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။

သွေးနတ်ဆိုးကျောင်းတော်မှ ခေါင်းဆောင်နှစ်ယောက်ကို သူသတ်လိုက်ခြင်း ဖြစ်သည့် အတွက်ကြောင့် ထိုသတင်းနှင့် ပက်သက်၍ သူအံ့အားသင့်မနေခဲ့ပေ။

ကုကျန်းနှင့် အခြားသူများသည်လည်း သွေးနတ်ဆိုးကျောင်းတော်မှ အကြီးအကဲ နှစ်ယောက်သည် ပြင်ပလောကကြီးမှ ကျင့်ကြံသူများ၏ လက်ထဲတွင် ကျဆုံးသွားခြင်း ဖြစ်မည်ဟု ထင်နေကြသည်။ ထို့ကြောင့် ရန်ကိုင်အား နည်းနည်းလေမှပင် သံသယမဝင်ခဲ့။ ရန်ကိုင် ဟန်ဆောင်ကောင်းသည့် အတွက်ကြောင့်လည်း ပါပေသည်။ ကုကျန်းက တစ်ချက်နား၍ ဆက်ပြောလိုက်သည် “သူတို့တင် မဟုတ်သေးဘူး။ မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ အကြီးအကဲချုပ် ချန်ဖုန်းရွှမ်လည်း ပြန်မလာနိုင်ခဲ့ဘူး။ မိုရှောင်ရှန်းကတော့ ပြန်လာနိုင်ပေမယ့် ဒဏ်ရာတော့ ရလာတယ်။ ဖန်သွေးရောင်ဂိုဏ်းရဲ့ ကုန်းရှင်းဟယ်လည်း ဧကရာဇ်ဥယျာဉ်ထဲမှာပဲ သေသွားတယ်။ အခြားအင်အားစုတွေလည်း အနည်းနဲ့အများတော့ အဆုံးအရှုံး ရှိကြဦးမှာပဲ။ ငါတို့ ကြည်လင်ကောင်းကင်ဂိုဏ်းပဲ ကံကောင်းပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့တာ”

“ချန်ဖုန်းရွှမ်နဲ့ ကုန်းရှင်းဟယ်တောင် သေသွားတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်။ အဲ့သတင်းတွေ ပြန့်မလာသေးပေမယ့် သူတို့ သေသွားတာတော့ လုံးဝ ကျိန်းသေတယ်” ကုကျန်း ခေါင်းညိတ်လိုက်သည်။ ကုကျန်း စကားကို ရန်ကိုင် မယုံသင်္ကာမဖြစ်ခဲ့ချေ။ အင်အားစုကြီးတိုင်းတွင် အခြား အင်အားစုများထဲ ကင်းထောက်လွှတ်ထားသည့် သူလျှိုများစွာ ရှိပေသည်။ ထိုသူလျှိုများ၏ အကူအညီဖြင့် လူသိရှင်ကြား မသိရသေးသော လျှို့ဝှက် သတင်းများစွာကို သိနိုင်ပေသည်။

“အရိပ်လခန်းမက ချင်းတုန်တို့၊ ဖေးကျီတုတို့၊ ဝေကုချန်းတို့ရော အဆင်ပြေကြလား” ရန်ကိုင် စိုးရိမ်တကြီး မေးလိုက်သည်။

“သူတို့ကတော့ ဘာမှမဖြစ်ကြဘူး” မိုယုက ယဲ့ယဲ့လေးပြုံးလျက် “အဲ့တစ္ဆေအိုကြီးချင်းက အပြင်မှာပဲ နေမယ် လုပ်နေလို့ သူတို့အကုန်လုံး ဧကရာဇ်ဥယျာဉ် အတွင်းပိုင်းထဲ မရောက်သွားကြဘူးလေ”

“အဲ့လိုကိုး” ယခုမှပဲ ရန်ကိုင် စိတ်အေးနိုင်တော့သည်။ ချင်းတုန်၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍လည်း အနည်းငယ် အထင်ကြီးမိသွားသည်။ ချင်းတုန်သည် သွေးကြောင်သည့် လူတစ်ယောက် မဟုတ်ချေ။ ဝေကုချန်း သူတို့နှင့် ပါနေသည့် အတွက်ကြောင့်သာ အပြင်တွင် နေကျန်ရစ်ခဲ့ခြင်း ဖြစ်လောက်သည်။ ဝေကုချန်းသာ မပါလျှင် သူနှင့်ဖေးကျီတု နှစ်ယောက် ဧကရာဇ်ဥယျာဉ် အတွင်းပိုင်းထဲသို့ ကျိန်းသေ ဝင်သွားလောက်ပေသည်။

ထို့ကြောင့်ပဲ ချင်းတုန်တို့ သက်သာရာ ရသွားခဲ့ခြင်းဖြစ်သည်။ ချန်ဖုန်းရွှမ်နှင့် ကုန်းရှင်းဟယ်တို့ကဲ့သို့ ပညာရှင်ကြီးများပင် တမလွန်ဘဝ ပြောင်းသွားကြရလေရာ ချင်းတုန်တို့သာ မဆင်မခြင် လှုပ်ရှားခဲ့မည်ဆိုလျှင် ကျိန်းသေ ဒုက္ခရောက်ရပေလိမ့်မည်။

ဧကရာဇ်ဥယျာဉ် ပွင့်လာသည့်အတွက်ကြောင့် လူပေါင်းများစွာ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသော်လည်း ဂိုဏ်းများစွာတို့လည်း အကျအဆုံးများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဧကရာဇ်ဥယျာဉ်ထဲသို့ သွားသည့်ခရီးသည် ဤမျှ အန္တရာယ်များလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။

ထိုမျှ အန္တရာယ်များလိမ့်မည်မှန်းသာ ကြိုသိထားခဲ့ပါက ယခုလောက် အကျအဆုံး များပြားလိမ့်မည် မဟုတ်ချေ။

“အခြား ကျင့်ကြံရေးကြယ်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့ အရိပ်ကြယ်က တော့်တော့်ကို နောက်ကျလွန်းနေတယ်။ လောကနိယာမတွေကြောင့် ဘယ်သူမှ တန်ခိုးရှင်ဘုရင်အဆင့်ကို မချိုးဖျက်နိုင်တော့ အကုန်လုံး တန်ခိုးရှင်တတိယအဆင့်မှာပဲ သောင်တင်နေကြရတယ်။ နောက်ဆုံး ငါတို့ကို လမ်းညွှန်ပြသပေးနိုင်မယ့် တန်ခိုးရှင်ဘုရင်အဆင့်လည်း မရှိဖြစ်ကုန်ရော။ ပြီးတော့ အခြား ကြယ်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့ရဲ့ မှော်ရတနာတွေ၊ ဆေးလုံးတွေက အတော်လေး အဆင့်နိမ့်နေတယ်။ သူတို့နဲ့ တိုက်ခိုက်ရင် လက်တစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ပြီး တိုက်နေရသလိုပဲ” ကုကျန်းက ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့ အရိပ်ကြယ်ပေါ်မှာသာ တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်လောက် ပေါ်လာနိုင်ခဲ့ရင် အခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့လောက်မှာ မဟုတ်ဘူး” မိုယုက ဝင်ရောက် ထောက်ခံလိုက်သည်။

“အဲ့လိုဆိုရင်တောင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့က ဘယ်လိုလုပ်ပြီး လွယ်မှာလဲ” လုရွှမ်းက ဝမ်းနည်းနေဟန်ဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါရင်း “အရင် နှစ်တစ်သောင်းအတွင်း ဘယ်သူမှ တန်ခိုးရှင်ဘုရင်အဆင့်ကို မချိုးဖျက်နိုင်ခဲ့ဘူး။ သဲမီးတောက်နယ်မြေ ဖွင့်တုန်းက ရလာတဲ့ ဖယောင်းနီသီးတစ်ပိုင်းကို စားပြီး တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့လုပ်တဲ့ မြူနှင်းမှုန် နန်းတော်က တစ္ဆေအိုကြီးထန်တောင် မအောင်မြင်ခဲ့ဖူးလေ”

“တစ္ဆေအိုကြီးထန်တင် မဟုတ်ဘူး။ ဖန်သွေးရောင်ဂိုဏ်းလည်း ကုန်းရှင်းဟယ်လည်း အတူတူပဲ။ သူလည်း အဲ့ဖယောင်းနီသီး တစ်ပိုင်းကို စားလိုက်သေးတယ်။ ဘာမှသာ ထူးမလာတာ”

“တကယ်တော့ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့က လုံးဝကြီး မဖြစ်နိုင်တာတော့ မဟုတ်ဘူး” မိုယုက ဝင်ပြောလိုက်သည် “အရိပ်ကြယ်ပေါ်မှာသာ တန်ခိုးရှင်ဘုရင်အဆင့်ကို မချိုးဖျက်နိုင်လျှင် မချိုးဖျက်နိုင်လိမ့်မယ်။ ဒါပေမယ့် အခြားကြယ်ပေါ်မှာ မချိုးဖျက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ငါတို့သာ အရိပ်ကြယ်ပေါ်က ထွက်သွားလိုက်တာနဲ့ လောကနိယာမတွေကို ဆက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး။ ကိုယ့်ဘာသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားရုံပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ကုကျန်းနှင့် လုရွှမ်းတို့ စိတ်အားတက်ကြွသွားခဲ့ကြသည်။

ရန်ကိုင်သည် ထိုသုံးယောက်ကို ကြည့်ရင်း မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့သည် “စီနီယာတို့ရာ၊ ပြောစရာရှိရင်လည်း တိုက်ရိုက်သာ ပြောလိုက်ပါဗျာ။ ကွေ့ဝိုက်ပြီးတော့ ပြောနေစရာ မလိုပါဘူး”

ရန်ကိုင်၏ တည့်တိုးစကားကြောင့် မိုယုနှင့် ကျန်နှစ်ယောက် အနည်းငယ် ရှက်သွားခဲ့သည်။ ခဏကြာ တုန့်ဆိုင်းနေပြီးနောက် မိုယုက အသာအယာ ချောင်းဟန့်၍ မေးလိုက်လေသည် “ဒီလိုကွာ ရန်ကိုင်ရ၊ ငါတို့ မင်းတို့ဂိုဏ်းရဲ့ ကြယ်သင်္ဘော ပြင်ပလောကကြီးဆီ ခရီးဝေးသွားဖို့ စဉ်းစားထားလား သိချင်နေတာ”

ငါသိနေတယ်…

ရန်ကိုင် ပြုံးလိုက်သည်။ ထိုလူအိုကြီးသုံးယောက် တန်ခိုးရှင်ဘုရင်အဆင့် အကြောင်း စကားလာကတည်းက သူတို့ ဘာပြောချင်နေမှန်းကို ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ ယခု သူ့ဘက်မှ တည့်မေးလိုက်သည့်အခါ သူထင်ထားသလို ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုသုံးယောက်သည် သူ့တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို သုံး၍ အရိပ်ကြယ်မှ ထွက်ခွာကာ အခြား ကျင့်ကြံရေးကြယ်တစ်လုံးပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလိုနေခြင်း ဖြစ်သည်။

လူသားများသည် ဤအတိုင်းသာ ဖြစ်လေသည်။

“ကျုပ်မှာ အဲ့လို အစီအစဉ်တော့ ရှိတယ်ဆိုပါစို့…” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ လူအိုကြီး သုံးယောက်စလုံး အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့လေသည်။

“စဉ်းစားထားတာတင် မဟုတ်ဘူး။ မကြာခင် သွားဖို့ လုပ်နေတာ” ရန်ကိုင်က ထပ်ပေါင်း ပြောလိုက်သည်။

“တကယ်ကြီးလား” မိုယု စိတ်လှုပ်ရှားလွန်းသဖြင့် ထရပ်လိုက်မိသည်။

“ဟုတ်တယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းလိုက်တာ၊ ကောင်းလိုက်တာ” မိုယု စိတ်လှုပ်ရှားစွာ ထအော်ပြီး သူ့လက်နှစ်ဖက်ကို ပွတ်သပ်လျက် ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်လေသည် “ဂိုဏ်းချုပ်ရန်၊ ဒီအထိ ရောက်လာပြီဆိုမှတော့ ဒီမိုလည်း ကွေ့ဝိုက်ပြီးတော့ ပြောမနေတော့ဘူး။ ဂိုဏ်းချုပ်ရန် သင်္ဘောပေါ်မှာ လူဘယ်နှစ်ယောက်လောက် သယ်လို့ရလဲ”

“တော်တော်လေးရတယ်”

မိုယု၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည် အံကြိတ်၍ အလျင်အမြန် ပြောလိုက်သည် “ကျုပ်တို့ ကြည်လင်ကောင်းကင်ဂိုဏ်းကိုရော နှစ်နေရာ၊ မဟုတ်ဘူး တစ်နေရာစာလောက် ပေးလို့ရလား”

ကုကျန်းနှင့် လုရွှမ်းတို့သည်လည်း ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်နေခဲ့သည်။ ကုကျန်းက အလျင်အမြန် ထပ်ပေါင်းပြောလိုက်လေသည် “ငါတို့ဘက်က အလကားမယူဘူး။ အဲ့တစ်နေရာစာကို တန်ရာတန်ကြေးပေးပြီး ပြန်ဝယ်မှာ”

“တစ်နေရာဆို လုံလောက်တာလား” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးသည်။

“လုံလောက်တယ်” ကုကျန်းက ခေါင်းညိတ်လိုက်သည် “ဖြစ်နိုင်ရင် တစ်ယောက်တည်း မဟုတ်ဘူး။ နှစ်ယောက်၊ သုံးယောက်လောက် ထွက်သွားချင်တာ။ ဒါပေမယ့် ငါတို့ အများကြီးသာ စုပြုံထွက်သွားရင် ကြည်လင်ကောင်းကင်ဂိုဏ်းကို စောင့်ကြပ်မယ့်လူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။ တန်ခိုးရှင်ဘုရင်အဆင့်က ချိုးဖျက်ဖို့ လွယ်တာမှာ မဟုတ်တာ။ ဒါကြောင့် တစ်ယောက်လောက် ကြိုးစားကြည့်ရင် လုံလောက်ပြီ”

“အဲ့လိုဆိုရင် ကျုပ်သဘောတူလို့ရတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ထိုစကားကို ကြားသည့်အခါ ကြည်လင်ကောင်းကင်ဂိုဏ်းမှ သုံးယောက်စလုံး ပျော်သွားခဲ့ကြသည်။ တစ်နေရာစာအား မည်သူ့ကို ပေးရမလဲ ဆိုသည် ကိစ္စကိုမူ သူတို့ဘာသာ ဆုံးဖြတ်ကြပေလိမ့်မည်။ ရန်ကိုင် ဝင်ဆုံးဖြတ်ပေးစရာ မလိုပေ။

ထို့နောက် ကြယ်သင်္ဘော စထွက်မည့်အချိန်ကို ဆုံးဖြတ်ပြီးသွားသည်နှင့် သူတို့အား သတင်းပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ လောလောဆယ်တော့ သူတို့အနေဖြင့် စိတ်ရှည်ရှည် ထိုင်စောင့်နေရန် လိုအပ်ပေသည်။ လူအိုကြီးသုံးယောက်လည်း မည်သည့် ငြင်းဆန်စကားမှ မပြောခဲ့ပေ။

တစ်ညတာ အနားယူပြီး နောက်တစ်နေ့တွင် ကြည်လင်ကောင်းကင်ဂိုဏ်းမှ ပညာရှင်များကို နှုတ်ဆက်စကားဆို၍ ဟွမ်ကျွမ်းနှင့် လင်းယွမ်အာကိုခေါ်ကာ ထွက်လာခဲ့လိုက်သည်။

ကုကျန်းနှင့် အခြားသူများသည် ရန်ကိုင်အား ခဏမျှ ထပ်နေစေချင်သော်လည်း ရန်ကိုင်၌ အခြားလုပ်စရာကိစ္စများ ရှိနေလိမ့်မည်မှန်းကို သိထားကြသည်။ ထို့ကြောင့် သူ့အား တားမနေဘဲ ပင်လယ်နက်မြို့ရှိ ဟင်းလင်းပြင်အစီအရင်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ပို့ဆောင်ပေးလိုက်ကြသည်။

ရန်ကိုင်၏ ဦးတည်ချက်သည်ကား သွေးနတ်ဆိုးမြို့တော် ဖြစ်သည်။

သွေးနတ်ဆိုးမြို့တော်သည် သွေးနတ်ဆိုးကျောင်းတော်မှ ထိန်းချုပ်ထားသော မြို့တစ်မြို့ဖြစ်ပြီး သဲမီးတောက်နယ်မြေနှင့် အလွန်နီးပေသည်။

သွေးနတ်ဆိုးမြို့တော်သို့ ရောက်လာသည့်အခါ သွေးနတ်ဆိုးမြို့တော်တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

သွေးနတ်ဆိုးမြို့တော်၏ ဟင်းလင်းပြင်အစီအရင်ဆီသို့ ရောက်လာချိန်တွင် မြို့တော်၏ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်နေပြီး တိုက်ခိုက်နေသော လူပေါင်းများစွာကို တွေ့လိုက်ရသည်။

သွေးနတ်ဆိုးကျောင်းတော်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်သည် ဧကရာဇ်ဥယျာဉ်ထဲ၌ ကျဆုံးသွားသည့်အတွက် လက်ရှိ သွေးနတ်ဆိုးကျောင်းတော်တွင် အုပ်ချုပ်သူ ကင်းမဲ့နေသည်။ အကြီးအကဲများစွာသည် ထိုရာထူးအတွက် အပြင်းအထန် ပြိုင်ဆိုင်နေကြသဖြင့် ခေါင်းဆောင်ရာထူး လုပွဲဖြစ်ပွားကာ အကျိုးဆက်အနေဖြင့် မြို့တော်တစ်ခုလုံး တိုက်ပွဲများ ဖြစ်ကုန်ကြလေသည်။

သွေးနတ်ဆိုးကျောင်းတော်သည် အချင်းချင်း ပြန်လည် တိုက်ခိုက်ခြင်းကို အထူး အလေးပေးသော အင်အားစုတစ်ခု ဖြစ်သည့်အတွက် ဂိုဏ်းသားများ အချင်းချင်း တိုက်ခိုက်ကြရာမှာ အကျိုးဆက်ကြောင့် သွေးနတ်ဆိုးမြို့တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်ကြရလေသည်။

ဟင်းလင်းပြင်အစီအရင်ကိုလည်း စောင့်ကြပ်နေသည့်လူ တစ်ယောက်မှ မရှိတော့ချေ။ လက်ရှိ သွေးနတ်ဆိုးမြို့တော်သည် တိုက်ပွဲကွင်းပြင်ကြီးတစ်ခု ဖြစ်နေခဲ့လေပြီ။

သွေးနတ်ဆိုးမြို့တော်သို့ ရောက်လာပြီးနောက် သူ့ကောင်းကင်စိတ်အာရုံဖြင့် မြို့တစ်မြို့လုံးကို လွှမ်းခြုံကြည့်လိုက်သည်။ သူစိတ်ပူစရာ ဘာမှ ရှိမနေသည်ကို မြင်သော် ဟွမ်ကျွမ်းနှင့် လင်းယွမ်အာကို သူတော်စင်ချီဖြင့် ရစ်ပတ်၍ မြို့အစွန်သို့ ထွက်လာခဲ့သည်။

လမ်းတွင် ရန်ကိုင်တို့အား တိုက်ခိုက်ရန် ကြိုးစားသည့်လူများစွာ ရှိခဲ့သော်လည်း အကုန်လုံးသည် ရန်ကိုင်၏ စွမ်းအားအောက်တွင် ပြားပြားမှောက်ခဲ့ရသည်။

သူ့လက်ရှိ ခွန်အားအရ တန်ခိုးရှင်တတိယအဆင့်ကိုပင် မကြောက်လေရာ ထိုခွေးလေ၊ ခွေးလွင့်များကို ဘာကြောင့် စိုးရိမ်နေရဦးမည်နည်း။

မကြာမီ ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသလဲ ဆိုသည်ကို သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်များ သိသွားသည့်နောက် မည်သူမှ သူ့လမ်းကို မပိတ်ရဲတော့ပေ။ ထို့အပြင် ရန်ကိုင်သည် မြို့ကို ဖြတ်ရုံဖြတ်သွားနေခြင်း ဖြစ်သည်။ သူတို့ ပြဿနာထဲတွင် ဝင်ပါရန် ကြိုးစားနေသူတစ်ယောက် မဟုတ်။ ထို့အပြင် မည်သူကမှလည်း ကိုယ့်သေတွင်း ကိုယ်မတူချင်းကြပေ။

ထို့အတွက်ကြောင့် အသက် တစ်ဆယ်ရှိုက်စာကျော်တွင် ရန်ကိုင်တို့ သုံးယောက်သည် သွေးနတ်ဆိုးမြို့တော်မှ ထွက်လာနိုင်ခဲ့လေသည်။ သွေးနတ်ဆိုးမြို့တော်မှ ထွက်လာပြီးနောက် မိုင်တစ်သိန်းအကွာတွင် ရှိနေသော သဲမီးတောက်နယ်မြေဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။

တစ်ရက်ကြာပြီးနောက်တွင် သဲမီးတောက်နယ်မြေ အပြင်ဘက်ရှိ လှပသော နန်းတော် တစ်လုံးဆီသို့ ရောက်လာခဲ့သည်။

ထိုနန်းတော်ကို အထက်စကြာဝဠာဂိုဏ်းမှ တပည့်များ သွားရလာရ လွယ်ကူစေရန် အတွက် ယန်ယန်မှ တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ ထိုနန်းတော်ထဲတွင် ဟင်းလင်းပြင် အစီအရင်တစ်ခု ရှိနေပေသည်။

သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ ကျယ်ပြောသည့်အတွက် ကြယ်လွန်းပျံကိုသုံး၍ ပျံသန်းသွားမည်ဆိုပါက ဤနေရာမှနေ၍ အထက်စကြာဝဠာဂိုဏ်းဆီသို့ ရောက်ရန် အနည်းဆုံး တစ်ရက်၊ နှစ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။ ဤဟင်းလင်းပြင် အစီအရင်နှင့် ဆိုပါက တပည့်များ၏ သွားလာရေးခရီး ပို၍ လွယ်ကူလျင်မြန် သွားနိုင်ပေသည်။

လက်ရှိတွင် ထိုနန်းတော်ကို စောင့်ကြပ်နေသည့် တပည့်နှစ်ယောက် ရှိနေခဲ့သည်။ နှစ်ယောက်စလုံးသည် သူတော်စင်တတိယအဆင့်များသာ ဖြစ်ကြသော်လည်း အထက်စကြာဝဠာ ဂိုဏ်းဆိုသော အမည်နာမကြောင့် မည်သူမှ ထိုနှစ်ယောက်ကို လာရန်မစရဲကြပေ။ ထို့အပြင် ဤနန်းတော်ကို ကာကွယ်ရန်အတွက် ယန်ယန်မှ ခင်းကျင်းထားသော အကာအကွယ် အစီအရင် တစ်ခုလည်း ရှိသေးသည်။ သူတို့ မနိုင်သည့် ကျင့်ကြံသူ တစ်ယောက်ယောက် ကျူးကျော်လာလျှင် ထိုတပည့်များအနေဖြင့် အကာအကွယ်မှ ရန်သူများကို တားဆီးထားစဉ် ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ဠာနချုပ်သို့ အချိန်မှီ ပြန်ပြေးနိုင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၈)

ထိုဟင်းလင်းပြင်အစီအရင်ဖြင့် အထက်စကြာဝဠာဂိုဏ်းဆီသို့ ရန်ကိုင် အလွယ်တကူ ရောက်လာနိုင်ခဲ့သည်။

နန်းတော်ထဲ လူဝင်လာစဉ် အစောင့်တပည့်များ နိုးနိုးကြားကြား ဖြစ်သွားကြသော်လည်း ရန်ကိုင် ဖြစ်နေမှန်း သိလိုက်သည့်နောက်တွင် သူ့အား ချက်ချင်းပဲ ဦးညွှတ်လိုက်ကြသည်။

“ယန်ယန်နဲ့ အကြီးအကဲရီတို့ ပြန်လာပြီလား” ရန်ကိုင်က ရောက်ရောက်ချင်း တန်းမေးလိုက်၏။

“ဒုဂိုဏ်းချုပ်ယန်နဲ့ အကြီးအကဲရီတို့ လွန်ခဲ့တဲ့ ငါးရက်ကတည်းက ပြန်ရောက်လာပါတယ် ဂိုဏ်းချုပ်” တစ်ယောက်တစ်ယောက်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

ထိုအခါမှ ရန်ကိုင် သက်ပြင်းချလိုက်နိုင်သည်။ ယန်ယန်နှင့် ရီရှီယွင်တို့ မည်သည့် အန္တရာယ်နှင့်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း ထိုအရာသည် သူ့ခန်မှန်းချက် သက်သက်သာ ဖြစ်သည့်အတွက် စိတ်မအေးနိုင်ခဲ့ချေ။ ယခု သူတို့၏ အခြေအနေကို သိလိုက်ရတော့မှပဲ စိတ်အေးနိုင်တော့သည်။

“ဒါပေမယ့် သူတို့ ပြန်ရောက်လာတုန်းက ဒုဂိုဏ်းချုပ်ယန်က သတိလစ်နေပါတယ်။ အကြီးအကဲချုပ်ရီက သူ့ကို သယ်လာခဲ့တာပါ” ထိုတပည့်က ထပ်ပေါင်းပြောလိုက်သည်။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ မေးခွန်းအနည်းငယ် ထပ်မေးလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုတပည့်သည် ယန်ယန် ဒဏ်ရာရထားသလား၊ ဘာကြောင့် သတိလစ်နေလဲ ဆိုသည့်အကြောင်းကို မသိထားခဲ့ပေ။

“ငါနားလည်ပြီ။ မင်းတို့ အလုပ်မင်းတို့ ဆက်လုပ်နှင့်ကြ” ပြောပြီးသည်နှင့် ပန်းတစ်ရာ တောင်ဆီ အလျင်အမြန် ထွက်ခွာသွားလေသည်။

လမ်းတွင် ဝူရီ၊ ချင်းယွဲ့တို့နှင့် သွားတိုးခဲ့သည်။ ရန်ကိုင် ပြန်ရောက်လာသည့် အကြောင်း သတင်းကြာသဖြင့် အပြေးလာကြခြင်း ဖြစ်သည်။

နှစ်ယောက်စလုံးလည်း အတော်လေးကိုမှ စိတ်ပူနေသဖြင့် တစ်ယောက်နာမည် တစ်ယောက်ပင် ခေါ်မနေကြတော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်လေသည် “အကြမ်းဖျင်းကို ငါသိပြီးသွားပြီ။ ယန်ယန် ဘယ်လို ဒဏ်ရာရလာလဲ နင်တို့သိလား” ရန်ကိုင်က ပျံသန်းနေရင်း မေးလိုက်သည်။

အမျိုးသမီး နှစ်ဦးစလုံး ခေါင်းခါလိုက်ကြပြီး ချင်းယွဲ့က ရှင်းပြလိုက်သည် “သူတို့ ပြန်လာကတည်းက အကြီးအကဲချုပ်ရီ တစ်ခါမှ လူမြင်ကွင်းကို ထွက်မလာသေးဘူး။ ဒါကြောင့် ငါတို့လည်း ဘာမှ မသိရဘူး”

“နားလည်ပြီ။ ငါကိုယ်တိုင် သွားကြည့်လိုက်မယ်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပန်းတစ်ရာတောင်သို့ ပြေးထွက်သွားရန် လုပ်သည်။

ထိုအခြင်းအရာကို မြင်သော် ဝူရီက ရန်ကိုင်အား အလျင်အမြန် လှမ်းတားလိုက်လေသည် “သူတို့ ပန်းတစ်ရာတောင်မှာ မဟုတ်ဘူး”

“ဒါဆို သူတို့ ဘယ်မှာလဲ”

“ခြောက်လွှာမှာ…”

“ခြောက်လွှာ” ရန်ကိုင် ပို၍ မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ခြောက်လွှာမြောက်သည် ဝါးသစ်တောလေးနှင့် အိမ်လေး တည်ရှိနေသည့် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်ဖြစ်သည်။ ထိုနေရာသည် ယခင်က မဟာဧကရာဇ် နေခဲ့သည့် နေရာဖြစ်ရာ အကြီးအကဲချုပ်ရီသည် ယန်ယန်အား ထိုနေရာဆီသို့ ဘာကြောင့် ခေါ်သွားခဲ့သနည်း။ မဟာဧကရာဇ် တကယ်ကြီး ပြန်နိုးလာခြင်းပေလော။

သူ့ရင်ထဲ မသက်မသာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုနေရာတွင် ခဏမျှ ရပ်နေပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ပြောလိုက်သည် “ငါတစ်ချက် သွားကြည့်လိုက်မယ်။ ဒါနဲ့ ဧည့်အကြီးအကဲဟွမ်ကို နင်မှတ်မိသေးတယ်မလား ဝူရီ။ ငါသူ့ကို လမ်းမှာတွေ့ကို ပြန်ခေါ်လာလိုက်တယ်။ သူ့အတွက် နေရာတစ်ခုခု ပြင်ပေးထားလိုက်ပါလား”

“ဟုတ်ကဲ့” ဝူရီ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ဟွမ်ကျွမ်းကို သူမ မြင်ပေသည်။ သို့သော် ယန်ယန်ကိစ္စကို စိတ်ပူနေရသည့်အတွက် သူမအား သွားနှုတ်ဆက်ရန် အချိန်မရခဲ့ပေ။

ချက်ချင်းဆိုသလို ရန်ကိုင်၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး ခြောက်လွှာမြောက်ဆီသို့ ချက်ချင်း ဦးတည်သွားလေသည်။

အထက်စကြာဝဠာဂိုဏ်းသည် လေးလွှာမြောက်တွင် တည်ရှိနေခြင်း ဖြစ်သည့်အတွက် ခြောက်လွှာမြောက်နှင့် အလွှာနှစ်လွှာ ခြားနေသည်။ ထိုအလွှာနှစ်လွှာထဲတွင် အလွန်ကိုမှ အားကောင်းသော မီးတောက်အလွှာတစ်လွှာ ရှိနေခဲ့သည်။ သို့သော် ရန်ကိုင်တွင် ကြယ်ဧကရာဇ် တံဆိပ်ပြား ရှိနေသည့်အတွက် ထိုမီးတောက်အလွှာ၏ အပူချိန်ကို ကြောက်နေစရာ မလိုချေ။

နေ့တစ်ဝက်ကြာပြီးနောက်တွင် ဝါးသစ်တောရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ရန်ကိုင် ရောက်လာမည်ကို ကြိုသိထားသည့်အလား ရီရှီယွင်သည် သူ့အား အပြင်ဘက်၌ ရပ်စောင့်နေခဲ့သည်။ ရန်ကိုင် မြင်သည့်နောက် အနည်းငယ် ရှုပ်ထွေးသည့် အမူအရာဖြင့် ရီရှီယွင်က ပြောလိုက်သည် “လက်အောက်ငယ်သား ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

“ယန်ယန် အထဲမှာလား” ရန်ကိုင်သည် အထဲသို့ ဝင်သွားမည် ပြုလိုက်သည်။

သို့သော် သူအထဲသို့ မဝင်ရသေးခင်မှာပဲ ရီရှီယွင်သည် သူ့တွင်း ပိတ်ရပ်လိုက်လေ၏။

“ဒါဘာသဘောလဲ” ရန်ကိုင်သည် မျက်လုံးမှေးစဉ်းလျက် ရီရှီယွင်အား စိုက်ကြည့်လိုက်၏။

“ကျွန်မကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်၊ မဒမ်က ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးဖို့ အမိန့်ပေးထားလို့ပါ” ရီရှီယွင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောသည်။

“ကျုပ်ကိုတောင်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။

“ဟုတ်ပါတယ်” ရီရှီယွင်က ခေါင်းညိတ်၍ “လက်အောက်ငယ်သားက မဒမ် ပေးထားတဲ့ အမိန့်အတိုင်း လုပ်နေတာပါ၊ ဂိုဏ်းချုပ် လက်အောက်ငယ်သားကို အရှက်ရအောင် ကျေးဇူးပြုပြီး မလုပ်ဖို့ တောင်းဆိုပါတယ်”

“ခင်ဗျားကို အရှက်ရအောင်လုပ်တာ” ထိုစကားကြောင့် ရန်ကိုင် ထရယ်မိလိုက်သည် “စိတ်ဝင်စားစရာပဲ… ကျုပ်သူ့ကို တွေ့ပဲ တွေ့ချင်တာလေ။ ဘယ်လိုလုပ်ပြီး ခင်ဗျားကို အရှက်ရအောင် လုပ်ရမှာလဲ။ ပြီးတော့ ကျုပ်သူ့ကို တစ်ခါမှ မတွေ့ဖူးတာလည်း မဟုတ်”

“ကျေးဇူးပြုပြီး လက်အောက်ငယ်သားကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်” ရီရှီယွင်သည် ရန်ကိုင်လမ်းတွင်သာ ပိတ်မြဲ ပိတ်ရပ်နေခဲ့သည်။

ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ရီရှီယွင်အား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးနောက် အလေးအနက် လေသံဖြင့် မေးလိုက်လေသည် “ယန်ယန်က ခင်ဗျားကို ဒီလို အမိန့်မျိုး ပေးထားနိုင်တယ်ဆိုတော့ သူဘာမှမဖြစ်ဘူးလို့ ကျုပ်ယူဆလိုက်မယ်။ ဒါဆို သူသတိလစ်နေတယ်လို့ တပည့်တွေက ဘာလို့ ပြောတာလဲ”

“မဒမ် တကယ်ကို သတိလစ်နေတာပါ။ ဒါပေမယ့် ဘာမှတော့မဖြစ်ဘူး။ တစ်ခုပဲ…”

“ဘာတစ်ခုလဲ”

ရီရှီယွင် တိတ်ဆိတ်သွားခဲ့သည်။

ရီရှီယွင်အား ခဏကြာသည်အထိ စိုက်ကြည့်ပြီးနောက် ရန်ကိုင် တစ်ခုခုကို ခန့်မှန်းသွားမိလိုက်ပြီး မျက်လုံးမှေးစဉ်း၍ ပြောလိုက်လေသ်ည “ကောင်းပြီလေ။ ကျုပ်တစ်ခုပဲ မေးတော့မယ်။ ဒါပေမယ့် အဲ့မေးခွန်းကို အကြီးအကဲချုပ် ဘာမှ မဖုံးမကွယ်ဘဲ မှန်မှန်ကန်ကန် ဖြေဆိုပေးစေချင်တယ်”

“မေးပါဂိုဏ်းချုပ်” ရီရှီယွင် ခေါင်းမော့လိုက်ပြီး ဆံပင်ကို သူမ၏ နားသယ်နောက်သို့ သပ်တင်လိုက်လေသည်။

“အထဲမှာ ရှိနေတာ ကျုပ်သိတဲ့ ယန်ယန်လား၊ ဒါမှမဟုတ်… ခင်ဗျားရဲ့ မဒမ်လား”

“နှစ်ယောက်စလုံးပါပဲ” ရီရှီယွင်မျက်နှာထက် မဲ့ပြုံးတစ်ပွင့် ပွင့်လာခဲ့သည်။

“ကျုပ်နားလည်ပြီ” ရန်ကိုင်သည် အသာအယာ ခေါင်းညိတ်လျက် “အဲ့လိုဆိုမှတော့ ဒီကိစ္စက မဟာဧကရာဇ် နိုးထတာနဲ့ ပက်သက်နေတာပေါ့၊ ကျုပ်နားလည်သွားပြီ”

ဧကရာဇ်ဥယျာဉ် ပွင့်လာပြီးနောက် မဟာဧကရာဇ် နိုးထလာလိမ့်မည်ဟု ယန်ယန် တစ်ချိန်က ပြောခဲ့ဖူးသည်။ ယန်ယန် ပြောသည်ကို သေချာနားမလည်ခဲ့သော်ငြား သူကြားရမည့် အဖြေသည် သူမကြားချင်ဆုံး အဖြေဖြစ်နေမည် စိုးသည့်အတွက် အသေးစိတ် မမေးမြန်းခဲ့ချေ။

သူ့စိတ်ထဲတွင်မူ ဘာဖြစ်မလဲဆိုသည်ကို ခန့်မှန်းပြီးနေခဲ့လေပြီ။ ယနေ့ သူ့ခန်မှန်းချက်တို့ကို အတည်ပြုနိုင်ခဲ့သည်။

မဟာဧကရာဇ် နိုးထာလာပြီ ဖြစ်သည့်အတွက်ကြောင့် ဝိဥာဉ်ကိုယ်ပွားဖြစ်သော ယန်ယန်သည် သူမဘာသာ တစ်သီးတစ်ခြား မရပ်တည်နိုင်တော့ချေ။ ယန်ယန်သည် မဟာဧကရာဇ်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် အတူတကွ ပေါင်းစပ်သွားခဲ့လေပြီ။ ထို့ကြောင့်ပင် ရီရှီယွင်သည် သူ့အား ဤကဲ့သို့ အဖြေမျိုး ပေးလိုက်ခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်က ဥာဏ်ကောင်းတဲ့လူပဲ၊ အထဲက အခြေအနေကို နားလည်လောက်မှာပေါ့” ရီရှီယွင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ကျုပ်နားလည်လည်တယ်။ ယန်ယန် ဘာဖြစ်သွားမလဲ ဆိုတာပဲ သိချင်တာ”

“သူက မဒမ်၊ မဒမ်က သူပဲဆိုတော့ သူဘာမှဖြစ်သွားမှာ မဟုတ်ဘူး”

ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ လက်ရှိ ရလဒ်သည် အရမ်းကြီး မဆိုးလှသည့် အတွက် သူ့အနေဖြင့် လက်ခံနိုင်ပေသေးသည်။ သူဖြစ်စေချင်သလို ဖြစ်မလာခဲ့သော်ငြား အဆိုးဆုံး ရလဒ်လည်း မဟုတ်ပါချေ။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ယန်ယန် မည်ကဲ့သို့ ရှိနေသလဲ သိရလေအောင် မျက်လုံးပိတ်၍ အိမ်လေး၏ အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။ ရီရှီယွင်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း ဘာမှမပြောဖြစ်လိုက်ခဲ့ချေ။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် အိမ်လေးကို အလွယ်တကူ ထိုးဖောက်သွားပြီး မကြာမီ တတိယထပ်ရှိ အခန်းတစ်ခန်းထဲတွင် လဲလျောင်းနေသော ယန်ယန်ကို တွေ့သွားခဲ့သည်။ လက်ရှိတွင် ယန်ယန်သည် ဝါးကုတင်တစ်လုံးပေါ်တွင် ငြိမ်သက်စွာ အိပ်စက်နေခဲ့သည်။

သူမပုံစံသည် သူသိခဲ့သည် ယန်ယန်၏ ပုံစံနှင့် ဘာမှမကွာချေ။ အတူတူသာ ဖြစ်သည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ယန်ယန်ပေါ် ရောက်သွားသည်နှင့် တစ်ပြိုင်နက် အိပ်စက်နေသော နဂါးတစ်ကောင်အား သွားကြည့်လိုက်မိသလို ရန်ကိုင်စိတ်ထဲ အကြောက်တရားတို့ အလိုလို ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ရန်ကိုင်၏ ဝိဥာဉ်တစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားပြီး သူ့ရင်ထဲ အန္တရာယ်ကြီးတစ်ခုခု ရောက်လာတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက်တွင် သူ့ခေါင်းတစ်ခုလုံး ထိုးကိုက်လာပြီး မျက်လုံးအစုံသည်လည်း ချက်ချင်း ပွင့်လာခဲ့သည်။ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး ဒယီးဒယိုင် ဖြစ်သွားကာ နောက်ပြန် လဲကျလုမတတ် မဖြစ်သွားခဲ့သည်။

“ဂိုဏ်းချုပ် အဆင်ပြေရဲ့လား” ရီရှီယွင် မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။

“ကျုပ်အဆင်ပြေတယ်” ရန်ကိုင် သူ့လက်ကို ဝှေ့ရမ်းပြလိုက်သည်။ ယခုထိတိုင် သူ့ရင်ထဲ အကြောက်မပြေသေးချေ။ ထိုအရာသည် မဟာဧကရာဇ်၏ စွမ်းအားပေလော။ မိန်းမောနေဆဲ အခြေအနေတွင် ရှိနေသည့်တိုင် မဟာဧကရာဇ်၏ စွမ်းအားသည် သူမခန့်မှန်းနိုင်သည့် အခြေအနေ၌ ရှိနေဆဲ။

သူမသာ နိုးထလာခဲ့လျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။

ရန်ကိုင်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက်တွင် သူ့မျက်ဝန်းအစုံသည် အမျိုးမျိုးသော မျှော်လင့်ချက်မျိုးစုံတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

စိတ်ငြိမ်သွားအောင် ခဏမျှ ကြိုးစားပြီးနောက် နဖူးကိုပွတ်၍ မေးလိုက်သည် “သူဘယ်အချိန် နိုးလာမယ်ပြောလဲ”

“သူအိပ်တာ အရမ်းကြာသွားတာ နိုးလာဖို့ကလည်း အတော်လေး ကြာလိမ့်မယ်လို့ မဒမ်က ပြောတယ်။ သူ့ဝိဥာဉ်နဲ့ ခန္ဓာကိုယ် အပြည့်အဝ ပေါင်းစပ်သွားမှာပဲ နိုးလာနိုင်မယ်တဲ့။ အဲ့လို ဖြစ်ဖို့က ဆယ်နှစ်၊ နှစ်နှစ်ဆယ်ကနေ နှစ်တစ်ရာလောက်အထိ ကြာနိုင်တယ်တဲ့။ လက်အောက်ငယ်သားလည်း သေချာမသိဘူး”

“ကြာလိုက်တာ” ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟုတ်တယ်” ရီရှီယွင်က ခေါင်းညိတ်လျက် “သူမထွက်သွားခင် လက်အောက်ငယ်သား တတ်စွမ်းသလောက် ဂိုဏ်းချုပ်ကို ကူညီပေးဖို့ မဒမ်က ပြောသွားတာယ်။ ဒါကြောင့် ဂိုဏ်းချုပ် ညွှန်ကြားစရာတစ်ခုခု ရှိရင် ပြောလိုက်ပါ။ လက်အောက်ငယ်သား တတ်စွမ်းသမျှ ကူညီပေးပါမယ်”

“ယန်ယန်က အမိန့်ပေးသွားတာလား…” ရန်ကိုင် အူမြူးသွားသည်။ ယခုမှပဲ ရီရှီယွင် ဘာကြောင့် သူမကိုယ်သူမ လက်အောက်ငယ်သားဟု သုံးနှုန်းနေမှန်း နားလည်သွားတော့သည်။ ယန်ယန်မှ အမိန့်ပေးသွားသည့် အတွက်ကြောင့်ပေးကိုး။

“အခုလောလောဆယ်တော့ ခင်ဗျားအတွက် ဘာမှ လုပ်စရာမရှိသေးဘူး။ ဒီမှာပဲ ယန်ယန်ကို စောင့်ရှောက်ထားနှင့်ဦး”

“ဂိုဏ်းချုပ် ပြောတဲ့အတိုင်း လက်အောက်ငယ်သား လုပ်ထားလိုက်ပါ့မယ်။ ဂိုဏ်းချုပ်၊ လွတ်လွတ်လပ်လပ် လုပ်စရာရှိတာ သွားလုပ်နှင့်ပါ” ရီရှီယွင်က ခေါင်းအနည်းငယ်ငုံ့ကာ ဦးညွှတ်လိုက်၏။ ထို့နောက် ထွက်ပေါက်ဆီသို့ လက်ညိုးထိုးပြလိုက်သည်။

သူမ လုပ်ရပ်ကြောင့် သူပြောတော့မည့် စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားရသည်။ နောက်ဆုံး ဒေါသထွက်ထွက်နှင့်ပဲ နှာခေါင်းရှုံ့၍ ထိုနေရာမှ ထွက်လာခဲ့လိုက်လေသည်။

မည်သို့ပင် ဖြစ်ပါစေ ယန်ယန် အန္တရာယ်မရှိကြောင်း သူသိသွားရလေပြီ။ ယန်ယန်၏ ဝိဥာဉ်ကိုယ်ပွားသည် လက်ရှိ မဟာဧကရာဇ်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားမည် ဖြစ်သော်လည်း သူမ၏ မှတ်ဥာဏ်နှင့် ခံစားချက်များသည် ဖျောက်ဖျက်ခြင်း ခံလိုက်ရမည် မဟုတ်ဘဲ မဟာဧကရာဇ်၏ လက်ရှိ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပေလိမ့်မည်။

ထိုမျှ သိလိုက်ရသည်နှင့်ပင် လုံလောက်ပေပြီ။

လက်ရှိတွင် မဟာဧကရာဇ်နှင့် ရင်ဘောင်တန်း၍ စကားမပြောနိုင်သော်လည်း တစ်နေ့ သူသာ မဟာဧကရာဇ်အဆင့်သို့ ရောက်လာခဲ့လျှင် ယခင် ယန်ယန်နှင့် စကားပြောနေကျ ပုံစံအတိုင်း သူမနှင့် တစ်ဖန်ပြန်လည် ဆက်ဆံနိုင်ပေလိမ့်မည်။ လောလောဆယ်တော့ သူ့ဘက်မှ ကြိတ်၍ ကြိုးစားနေရုံသာရှိသည်။ ထိုသို့ဖြင့် ရန်ကိုင်ရင်ထဲ ရည်မှန်းချက်များစွာ ဖြစ်ပေါ်လာခဲ့လေသည်။

အထက်စကြာဝဠာဂိုဏ်းသည် ဘာမှ ပြောင်းလဲမသွားခဲ့ချေ။ သို့သော် ဟွမ်ကျွမ်းတို့၏ ရောက်ရှိလာမှုကြောင့် ဝူရီ၊ ချန်ချီ၊ ဟောင်အန်းနှင့် ဟိုင်ခဲမိသားစု၏ တပည့်ဟောင်းများ အတော်လေး ပျော်နေခဲ့ကြသည်။ လင်းယွမ်အာသည် အထက်စကြာဝဠာဂိုဏ်းမှ တပည့်များ၏ အချစ်တော်တစ်ဦး ဖြစ်လာခဲ့လေသည်။

ကောင်းမလေးသည် သူမ ယခင်နေခဲ့ရသည့် နေရာထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်သော နေရာသစ်သို့ ရောက်နေသည့်အတွက် အတော်လေး ပျော်နေခဲ့သည်။ ဤနေရာရှိ တပည့်များသည် သူမအပေါ် စိမ်းကားခြင်းမရှိဘဲ နွေးနွေးထွေးထွေးနှင့် ဆက်ဆံပေးသည်။ ထို့ကြောင့် ကလေးမလေး အလွန်ကို ပျော်နေခဲ့သည်။

အဝတ်အစားသစ်များ ဝတ်ပြီး နေရာမျိုးစုံဆီသို့ လျှောက်ပတ်သွားသည်။ သူမမှာ အလွန် ပျော်နေသော်လည်း ဟွမ်ကျွမ်းမှာမူ သူမအား လိုက်ဖမ်းရင်း ပင်ပန်းနေခဲ့ရသည်။

ပထမကောင်းကင်နန်းတော်ထဲတွင်…

ရန်ကိုင်သည် မျက်လုံးပိတ်၍ တင်ပလင်ခွေထိုင်နေခဲ့သည်။ သူဤနေရာတွင် တင်ပလင်ခွေ ထိုင်နေသည်မှာ လဝက်ရှိနေလေပြီ။ ယန်ယန်၏ ခန္ဓာကိုယ်ကို သွားစစ်ဆေးစဉ်က မမြင်နိုင်သော ဧကရာဇ်ဖိအားကြော်င့ သူ့ဝိဥာဉ် ဒဏ်ရာအသေးစားလေးတစ်ခု ရသွားခဲ့သည်။

ထိုဒဏ်ရာသည် သာမန်အချိန်မျိုးတွင် သူ့အား မည်သည့် ပြဿနမှ မပေးနိုင်သော်ငြား အားကောင်းသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင်ပင် ပြဿနာ ပေးလာနိုင်၏။

ထို့ကြောင့် ခြောက်လွှာမြောက်မှ ပြန်ရောက်လာပြီးနောက် သူ့ဒဏ်ရာကို အရင်ဆုံး ကုသပြီးမှ အခြားကိစ္စများကို ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၉)

ဒဏ်ရာမှာ သိပ်မပြင်းလှသည့်အတွင်း လဝအတွင်း ပျောက်ကင်းသွားခဲ့သည်။ ဒဏ်ရာကို ကုသပြီးနောက်တွင် ဧကရာဇ်ဥယျာဉ်တွင်းမှ ရလာသော ပစ္စည်းများကို ထုတ်ကြည့်သည်။

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို အပြင်သို့ ထုတ်လိုက်သည့်အခါ ရန်ကိုင်ရှေ့တွင် ဆေးပင်များ တောင်ပုံယာပုံ ထွက်ပေါ်လာခဲ့သည်။ ထိုဆေးပင်များကို ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးများနှင့်အတူ တောင်ကြားတစ်ခုအတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူ့တွင် အခြား လုပ်စရာကိစ္စများ ရှိနေသေးသည့်အတွက် ဆေးပင်အားလုံးကို သိုလှောင်လက်စွပ်ထဲတွင် စုပြုံသိမ်းဆည်းထားခဲ့သည်။ ယခု အားလပ်ချိန် ရလာသည့်နောက် ဆေးပင်များကို သေချာ အမျိုးအစား ပြန်ခွဲပြီး ထုပ်ပိုးသိမ်းဆည်းရပေလိမ့်မည်။ ထိုသို့မလုပ်လျှင် ဆေးပင်များ၏ ဆေးအာနိသင် လျော့ကျသွားနိုင်ပေသည်။

ဆေးပညာရှင် တစ်ယောက်ဖြစ်သည်နှင့် ဆေးပင်များအား မည်ကဲ့သို့ သိုလှောင် သိမ်းဆည်းရမလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်ပေသည်။ ဆေးပင်များကို ထုပ်ပိုးရန်အတွက် ပြင်ဆင်ထားသော သေတ္တာအမျိုးမျိုးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်း သေတ္တာထဲ ထည့်ထား၍ရသော ဆေးပင်များကို ထိုသေတ္တာထဲ ထည့်ထားလိုက်ပြီး သစ်သား သေတ္တာနှင့်မှ အဆင်ပြေသော ဆေးပင်များကို သစ်သားသေတ္တာထဲ ပြောင်းထည့်လိုက်၏။

ဆေးပင်အားလုံးကို လိုအပ်သည့် သေတ္တာအသီးသီးထဲသို့ ထည့်သိမ်းပြီးနောက်တွင် သေတ္တာအားလုံးကို ပြန်သိမ်းထားလိုက်လေသည်။

ဤဆေးပင်များ နှင့်တကွ လွင့်မျောတိုက်ကြီးမှ ရလာသည့် ဆေးပင်အားလုံး၏ အကူအညီဖြင့်ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် အရင်းအမြစ် မလုံလောက်မည်ကို စိုးရိမ်စရာ မလိုလောက်တော့ချေ။

ဆေးပင်ကိစ္စပြီးနောက်တွင် တောင်ကြားထဲမှပင် ရလာသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုကို ထုတ်လိုက်သည်။

ရန်ကိုင်တွင် လောလောဆယ်၌ အဆင့်မြင့် မီးဖိုနှစ်လုံးရှိနေခဲ့သည်။ တစ်လုံးသည် မီးငှက်ဝိဥာဉ် ရှိနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုဖြစ်ပြီး ကျန်တစ်လုံးသည် လက်ရှိ သူ့ရှေ့တွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖို ဖြစ်သည်။

မီးဖိုကောင်းတစ်လုံး ရှိခြင်းသည် ပန်းပဲပညာရှင်များ၊ ဆေးပညာရှင်များအား အလုပ် ပိုတွင်စေရုံမက ပိုမိုကောင်းမွန်သော ရလဒ်ကိုလည်း ရစေနိုင်ပေသည်။

သို့သော်လည်း အဆင့်မြင့် ပန်းပဲမီးဖိုများနှင့် ဆေးမီးဖိုများမှာ သာမန် မှော်ရတနာများထက် သန့်စင်ရခက်သဖြင့် တွေ့ရခဲလှသည်။ ပေါ်လာပြီဆိုလျှင်လည်း ရောင်းဈေးသည်ကား မိုထိမတတ်ကို မြင့်မားလွန်းနေပေသည်။

ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးသည်လည်း ထိုအချက်ကို နားလည်ထားသည်။ သို့သော် သူမအတွက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများသည် ပို၍ မက်မောဖွယ်ရာ ကောင်းသဖြင့် ဆေးမီးဖိုကို မရွေးချယ်ဘဲ ဆေးလုံးများကိုသာ ရွေးချယ်သွားခဲ့သည်။

ထိုဆုံးဖြတ်ချက်နှင့် ပက်သက်၍ သူမအတွက် အရှုံးမရှိသလို ရန်ကိုင်အတွက် အမြတ် ထွက်သွားသည်ဟု ပြော၍ရသည်။

ရန်ကိုင်သည် အမျိုးမျိုးသော အဆင့်မြင့်ဆေးလုံးများကို သန့်စင်နိုင်သည့်အပြင် ဆေးသွေးကြောပါသည့် ဆေးလုံးများကိုပင် ဖော်စပ်နိုင်သေးသည်။ ထို့ကြောင့် ဆေးလုံးများကို သူအရမ်းကြီး စိတ်မဝင်စားချေ။ တကယ်တမ်း ပြောရလျှင် ဆေးမီးဖိုကို သူပိုစိတ်ဝင်စား၏။ သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုကို ထိုမျှ အလွယ်တကူ ရလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆေးမီးဖိုသည် တစ်မီတာပင် မမြင့်ချေ။ မီးဖိုကိုယ်ထည်တစ်ခုလုံး ခရမ်းရင့်ရောင် တောက်နေပြီး မီးဖိုအောက်ခြေတွင် ထောက်တိုင်သုံးချောင်း ရှိနေခဲ့သည်။ မီးဖို၏ နှုတ်ခမ်းဝနား၌ ‘ခရမ်းမူလ’ စကားလုံးအချို့ ရေးထွင်ထားခဲ့သည်။ ယခင်က သေချာ မစစ်ဆေးခဲ့ရသည့်အတွက် ထိုစကားလုံးများကို မမြင်ခဲ့ချေ။ ယခုမှသာ တွေ့လိုက်ခြင်း ဖြစ်သည်။

‘ခရမ်းမူလ’သည် ဆေးမီးဖို၏ နာမည်ဖြစ်ပေသည်။ မဆိုးလှသည့် နာမည်တစ်လုံး ဖြစ်သည်။

ဤဆေးမီးဖိုနှင့် ဆိုပါက နောင်အနာဂတ်တွင် ဆေးလုံးများ ဖော်စပ်ခြင်းသည် သူ့အတွက် ပိုမို လွယ်ကူလာပေလိမ့်မည်။

ဆေးမီးဖိုများအား သန့်စင်ရသည်မှာ အခြား မှော်ရတနာများအား သန်စင်ရသကဲ့သို့ မခက်ခဲချေ။ အမျာကြီး ပိုလွယ်ပေသည်။ ဆေးမီးဖိုအား မိမိ၏ စိတ်စွမ်းအင်ဖြင့် အမှတ်အသား ပြုလိုက်နိုင်သရွေ့ မီးဖိုအား အသုံးပြုနိုင်လေပြီ။ သို့သော် ဤဆေးမီးဖိုသည် ပိုင်ရှင်ရှိပြီးသား ဆေးမီးဖိုတစ်လုံး ဖြစ်သည့်အတွက် ယခင်ပိုင်ရှင်၏ ဝိဥာဉ်အမှတ်အသားကို ဦးစွာ ဖျက်စီးရမည် ဖြစ်ပြီး နောက်မှသာ သူ့ဝိဥာဉ်အမှတ်အသားကို ခတ်နှိပ်နိုင်ပေလိမ့်မည်။

ဆေးမီးဖို၏ ပိုင်ရှင်ဟောင်း သေသွားသည်မှာ နှစ်ပေါင်း သောင်းနှင့်ချီကာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူ၏ ဝိဥာဉ်အမှတ်အသားသည် အတော်လေး အားနည်းနေခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်သည် ပိုင်ရှင်ဟောင်း၏ ဝိဥာဉ်အမှတ်အသားအား အလွယ်တကူ ပယ်ဖျက်နိုင်ခဲ့ပြီး ရက်အနည်းငယ်အတွင်း သူ့ဝိဥာဉ်အမှတ်အသားကို ဆေးမီးဖိုပေါ်တွင် တံဆိပ် ခတ်နှိပ်နိုင်ခဲ့သည်။

ဆေးမီးဖိုနှင့် ခဏမျှ ပျော်ရွှင်စွာ ဆော့ကစားနေပြီးနောက် ပြန်သိမ်းထားလိုက်သည်။ ဆေးမဖော်စပ်သေးသဖြင့် ဆေးမီးဖိုအား လောလောဆယ်တွင် အသုံးမလိုသေးချေ။

ချက်ချင်းဆိုသလို နောက်ထပ် ရတနာတစ်ခုကို ထပ်ထုတ်လိုက်သည်။

ထိုရတနာသည် ဆေးလုံးတစ်လုံး ဖြစ်သည်။ ထိုဆေးလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုထဲမှ ရလာသည့် ဆေးလုံးတစ်လုံး ဖြစ်သည်။ ထိုဆေးလုံးကို ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး မမြင်အောင် တိတ်တဆိတ် ဝှက်ယူခဲ့ရသည်။ ထို့ကြောင့် သေသေချာချာ စစ်ဆေးနေချိန် မရှိဘဲ အလျင်စလို ထည့်သိမ်းခဲ့ရလေသည်။

ဆေးလုံးကို သေချာ စစ်ဆေးကြည့်ပြီးနောက်တွင် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ ထအော်လေသည် “ဆေးတိမ်တိုက်တွေလား”

ဆေးမီးဖိုထဲမှ ရလာသော ဆေးလုံးသည် ဆေးတိမ်တိုက်ပါသော ဆေးလုံးတစ်လုံး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆေးလုံး မျက်နှာပြင်ပေါ်တွင် ရွေ့လျားနေသော တိမ်တိုက်အလွှာများစွာ ရှိနေခဲ့သည်။ တိမ်တိုက်များသည် ကောင်းကင်ထက်ရှိ တိမ်တိုက်များစွာကို အဆပေါင်းများစွာ သေးငယ်သွားအောင် လုပ်၍ ဆေးလုံးအား ရစ်သိုင်းထားလေသလားဟုပင် ထင်မှတ်ရအောင် လှပလှသည်။

ဤဆေးလုံးသည် ဆေးတိမ်တိုက်ပါသော ဆေးလုံးဖြစ်သည် ဆိုသည်ကို သံသယရှိစရာ မလိုချေ။ သူစိတ်ထင်သက်သက်သာ မဟုတ်မှန်း သေချာသွားစေရန်အတွက် ရန်ကိုင်သည် ဆေးလုံးအား ကြိမ်ဖန်များစွာ သေချာ ထပ်စစ်ဆေးကြည့်သည်။

ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ရန်ကိုင် မမြင်ဖူးသည်မဟုတ်၊ မြင်ဖူးပေသည်။ မြင်ဖူးရုံသာ မဟုတ်ဘဲ သောက်ပင် သောက်ဖူးပေသည်။

ပထမဆုံး ဆေးတိမ်တိုက်ပါသော ဆေးလုံးကို သောက်ပြီးနောက် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲသွားခဲ့သည်။

ရွှယ့်ယွယ်ကို ကယ်ရန်အတွက် သူဖော်စပ်ခဲ့သော ဆေးလုံးသည်လည်း ဆေးတိမ်တိုက်ပါသော ဆေးလုံးတစ်လုံး ဖြစ်ပေသည်။

ဆေးတိမ်တိုက်ပါသော ဆေးလုံးအား ဖော်စပ်နိုင်ရန်အတွက် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်ထားသည်။ ဆေးတိမ်တိုက်ပါသော ဆေးလုံးသည် သာမန် ဆေးပညာရှင်များ ဖော်စပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။ ဆေးငါးလုံးဖော်စပ်လျှင် အနည်းဆုံး ဆေးသွေးကြောပါသော ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်သော ရန်ကိုင်ပင်လျှင် သူ့သက်တမ်း တစ်လျှောက်လုံး ဆေးတိမ်တိုက်ပါသော ဆေးလုံးတစ်လုံးကိုသာ ဖော်စပ်နိုင်သေးသည်။

ထိုဆေးလုံးကို ဖော်စပ်နိုင်ရန်အတွက် သူ့စိတ်အခြေအနေကို အကြွင်းမဲ့ တည်ငြိမ်အောင် လုပ်ခဲ့ရပြီး အကန့်အသတ်ကိုလည်း ချိုးဖျက်ခဲ့ရသည်။ ဆေးလုံးဖော်စပ်ပြီးနောက် ရက်များစွာ ကြာအောင် သူသတိမေ့သွားခဲ့ရသည်။

တောင်ကြားထဲရှိ ဆေးသွေးကြောပါသော ဆေးလုံးများကို မြင်စဉ်ကတည်းက တောင်ကြားပိုင်ရှင်ဖြစ်သော ဆေးပညာရှင်သည် အသက်ရှင်စဉ်က အလွန် ကျော်ကြားခဲ့သော ဆေးပညာရှင်တစ်ယောက် ဖြစ်လိမ့်မည်မှန်း ရန်ကိုင် သိခဲ့သည်။ သာမန် ဆေးပညာရှင် တစ်ယောက်သည် ထိုမျှ များပြားသော ဆေးသွေးကြောပါသည့် ဆေးလုံးများကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဆေမီးဖိုထဲတွင် ရှိနေသော ဆေးလုံးသည်လည်း အခြားဆေးလုံးများကဲ့သို့ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံး ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သော်ငြား အမှန်တရားသည် သူ့အတွက် အလွန်ကိုမှ ထိတ်လန့်အံ့ဩဖွယ်ကောင်းနေခဲ့သည်။

ထိုဆေးပညာရှင် မသေခင် ဖော်စပ်သွားသည့် ဆေးလုံးသည် ဆေးသွေးကြောပါသော ဆေးလုံးမဟုတ်ဘဲ ဆေးတိမ်တိုက်ပါသော ဆေးလုံးတစ်လုံး ဖြစ်နေခဲ့သည်။

ထို့အပြင် ဆေးလုံး၏ အနံ့၊ အာနိသင်၊ စွမ်းအားအရ ဤဆေးလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲချေ။

အဲ့ဆေးပညာရှင်က တကယ် တော်တာပဲ ရန်ကိုင် အထင်ကြီးသွားခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတိုင်းသည် အလွန်ကိုမှ အဖိုးတန်ကြသည်။ ဆေးတိမ်တိုက်ပါသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

မုန်တိုင်းထန်သည့်နှယ် ယောက်ယတ်ခတ်လာသော သူ့စိတ်ခံစားချက်များကို တည်ငြိမ်သွားစေရန်အတွက် ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ ဤဆေးလုံး၏ တန်ဖိုးကို သာမန်အမြင်ဖြင့် သွားတိုင်းတာ၍ မရတော့ချေ။ ဆေးစွမ်းရည်နှင့် ပက်သက်လာလျှင် ကိုယ့်ကိုယ်ကို အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားသော ရန်ကိုင်ပင်လျှင် ဤဆေးလုံးကို မြင်ပြီးနောက် သူ့မျက်နှာကြီး မဲ့ကာ လက်များလည်း တဆတ်ဆတ် တုန်ခါနေခဲ့ရသည်။

ဆေးသွေးကြောပါသော ဆေးလုံးတစ်လုံးသည် နှစ်မည်မျှပင် ကြာသွားပါစေ ဆေးအာနိသင် ပျောက်ပျက်သွားခြင်း မရှိချေ။ ထို့အပြင် ဆေးသွေးကြောပါသည့် ဆေးတစ်လုံးသည် သာမန် ဆေးလုံး တစ်လုံးထက် နှစ်ဆမျှ ပိုအစွမ်းထက်ပေသည်။

သို့သော်လည်း ဆေးလုံးတစ်လုံးသည်သာ ဆေးတိမ်တိုက်ဖြစ်ပေါ်ခဲ့ပါက ထိုဆေးလုံး၏ ဆေးအာနိသင်သည် အချိန်ကြာလာသည် နှင့်အမျှ ပိုပို၍ အစွမ်းထက်လာပေလိမ့်မည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆေးလုံးပတ်လည်တွင် ရှိနေသော ဆေးတိမ်တိုက်များသည် အနီးအနားရှိ မိုးမြေစွမ်းအင်များကို စုပ်ယူ၍ ဆေးလုံးအား အဆက်မပြတ် အားဖြည့်ပေးနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် အချိန်ကြာသည်နှင့်အမျှ၊ ဆေးအာနိသင် ပိုပို၍ မြင့်မားလာရခြင်း ဖြစ်သည်။

ငါးရောင်ခြယ်ကြာပန်းအား ခြောက်ရောင်ခြယ်ကြာပန်း အဖြစ်သို့ အသွင် ပြောင်းသွားစေခဲ့သော ဆေးလုံးသည် ထို့အကြောင်းကြောင့်ပင် အလွန် အာနိသင် မြင့်မားရခြင်း ဖြစ်သည်။ ဆေးလုံးအား ဖော်စပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ဆေးအာနိသင်သည် ခန့်မှန်းမရအောင်ကို မြင့်မားနေခဲ့လေပြီ။ ဆေးစွမ်း ပြင်းထန်လွန်းသည့်အတွက် ထိုဆေးကို သောက်လိုက်စဉ်က ရန်ကိုင် တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ရသည်။ ဝိဥာဉ်ကြာပန်းမှ ဆေးအာနိသင်အများစုကို စုပ်ယူပြီး ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဖြစ်သို့ အသွင်ပြောင်းသွားသည်မှာ ကံကောင်းသွားခဲ့၏။

သို့သော် လက်ရှိ သူ့ရှေ့ရှိ ဆေးလုံးနှင့် ယှဉ်လိုက်လျှင် သူယခင်သောက်ခဲ့သော ဆေးတိမ်တိုက်ပါသည့် ဆေးလုံးသည် ဘာမှ မပြောပလောက်တော့ချေ။ ဆေးလုံးနှစ်လုံး၏ အဆင့်သည် လွန်စွာကိုမှ ကွာခြားနေသည့်အပြင် ဤဆေးလုံး မိုးမြေစွမ်းအင်များကို စုပ်ယူနေခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီ ကြာမြင့်နေခဲ့လေပြီ။

နှစ်ပေါင်း သောင်းနှင့်ချီဆိုသည်မှာ နည်းရောလား။

လက်ရှိ အဖြစ်အပျက်အများကို သူ့စိတ်ပင် အမှီမလိုက်နိုင်တော့သလို ရန်ကိုင် ခံစားလာရ၏။ သူ့ကံ ကောင်းလွန်းသည့် အတွက်ကြောင့် ဤတစ်လောကလုံးတွင် တစ်လုံးသာ ရှိလောက်သော ဆေးလုံးကို ရသွားသည်ဟုပင် ပြောရလေမလား။

တောင်ကြားထဲ၌ သူရခဲ့သည့် အရာအားလုံးသည် ဤဆေးလုံးနှင့် ယှဉ်လိုက်လျှင် ဘာမှ မပြောပလောက်တော့ချေ။

အလွန်ကိုမှ စိတ်လှုပ်ရှားနေပြီးနောက် ရန်ကိုင်၏ အမူအရာ ခါးသက်သွားခဲ့သည်။

နှစ်သောင်းနှင့်ချီ ကြာပြီးနောက် ဤဆေးလုံး စုပ်ယူထားခဲ့သော ဆေးစွမ်းအင်သည် မည်မျှပင် များပြားလိမ့်မည်နည်း။ သူ့လက်ရှိ ကျင့်ကြံခြင်းဖြင့် ဤဆေးလုံးကို သောက်ခြင်းသည် ကိုယ့်သေလမ်း ကိုယ်ရှာခြင်းသာ ဖြစ်ပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤဆေးလုံးထဲရှိ ဆေးစွမ်းအင်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ စဉ်းစားမိလိုက်သည့်နောက် သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုအားလုံး တဖြည်းဖြည်း ပြန်လည် ငြိမ်ကျသွားခဲ့သည်။ လက်ရှိတွင် အရေးကြီးဆုံးသည်ကား ဤဆေးလုံးအား မည်သည့် နေရာတွင် သုံးသလဲဆိုသည်ကို ဖော်ထုတ်ဖို့ပင်။

ဆေးလုံးအား သေချာအနီးကပ် စစ်ဆေးကြည့်လိုက်သည့်အခါ ဆေးလုံး၏ အတွင်းပိုင်း တစ်ခုလုံး ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။ ဆေးလုံးထဲတွင် ဆံချည်မျှင်တမျှ ပါးလှသော စွမ်းအင် အမျှင်တန်းလေး တစ်ခု ကူးခတ်နေသည်ကိုပါ တွေ့ရှိလိုက်ရသည်။

ဘယ်လိုတောင်လားဟ… ရန်ကိုင် ထပ်မံ ထိတ်လန့်အံ့ဩသွားရပြန်လေပြီ။

ဤဆေးလုံးသည် အသိစိတ် ရရှိလုခါနီး ဖြစ်နေသည့် ဆေးလုံးတစ်လုံး ဖြစ်နေခဲ့သည်။

ဤဆေးလုံးကိုသာ နောက်ထပ် အချိန်နည်းနည်း ထပ်မေးလိုက်မည်ဆိုပါက အမှန်တကယ် အသိစိတ်ရရှိလာပြီး တစ်မူကွဲပြားသော သက်ရှိမျိုစိတ်တစ်မျိုး ဖြစ်လာနိုင်ပေသည်။

အသိစိတ်ရှိသော ဆေးလုံးများသည် စာအုပ်ထဲတွင်သာရှိပြီး ဒဏ္ဏာရီထဲတွင်ပင် မရှိခဲ့ဖူးပေ။ သို့သော်လည်း ဤဆေးလုံးသည် သူ့လက်ထဲသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် အသိစိတ် ရရှိမည့် အခွင့်အရေးကို မေ့ထားလိုက်ပြီး သူ့ရည်ရွယ်ချက်ကို ပြည့်မြောက်အောင်သာ ဖြည့်ဆည်းပေးရပေတော့မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၈၀)

နာရီဝက်ကြာပြီးသည့်နောက်တွင်၊ ရန်ကိုင်သည် လက်မှိုင်ချလိုက်သည့် ပုံစံဖြင့် သက်ပြင်းအမောကြီး ချလိုက်သည်။

သူ့ဆေးပညာ အရည်အချင်းနှင့်ပင်လျှင် ဤဆေးလုံးကို ကျင့်ကြံရေးတွင် သုံးသည်မှလွဲ၍ အခြား အသေးစိတ် အသုံးဝင်ပုံကို မည်သို့မှ မခွဲခြားနိုင်ခဲ့ပေ။

ဤဆေးလုံးသည် သမိုင်းထဲတွင် ပျောက်ဆုံးသွားသော ဆေးလုံးတစ်လုံးလော။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယခုခေတ်တွင် မရှိတော့သော ဆေးလုံးဆိုလျှင် ထိုဆေးလုံး၏ အသုံးဝင်ပုံကို သူနားမလည်သည်မှာ မထူးဆန်းချေ။ လွန်ခဲ့သော နှစ်သောင်းနှင့်ချီက ဆေးပညာရှင်များ ဖော်စပ်ခဲ့သော ဆေးလုံးများသည် ယခုခေတ် ဆေးပညာရှင်များ ဖော်စပ်ထားသည့် ဆေးလုံးများနှင့် ကျိန်းသေ ကွဲပြားပေလိမ့်မည်။

ထိုဆေးလုံးကို မသိသည့်အတွက် စိတ်ရှုပ်ခံပြီး သိအောင် လုပ်မနေတော့ဘဲ အရင်ဦးစွာ သိမ်းထားလိုက်ပြီးမှ နောက်မှ ဆက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။

ထိုဆေးလုံးကို လောလောဆယ် သုံးဦးမည်ကို မဟုတ်သဖြင့် သူ့တွင် ထိုဆေးလုံး၏ အသုံးဝင်ပုံကို လေ့လာရန်အတွက် အချိန်အများကြီး ကျန်နေပေသေးသည်။

ထို့နောက် နောက်ထပ်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ယခုတစ်ကြိမ် ထုတ်ယူလိုက်သည့် အရာသည် လက်ချောင်းရိုးတစ်ချောင်း ဖြစ်ပေသည်။

ဤလက်ချောင်းရိုးသည် တောင်ကြားပိုင်ရှင် သေသွားပြီးနောက် မပျက်စီးပဲ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ လက်ချောင်းရိုး ပိုင်ရှင် သေသွားသည်မှာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ရှိနေပြီ ဖြစ်သော်လည်း ဤအရိုးလေးသည် ယခုထိ နွေးနေဆဲ။ လက်ချောင်းရိုးပေါ်တွင် မည်သည့် ခြစ်ရာ၊ ပျက်စီးရာမှ မရှိ။ ဤလက်ချောင်းကို ကျင့်စဉ်တစ်ခုခုသုံး၍ သန့်စင်ထားသည့်ပုံပင်။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့သည်။

ခန္ဓာကိုယ်အား မှော်ရတနာအား အသုံးပြုကြသော ကျင့်ကြံသူ တစ်ဦးတစ်လေကိုမှ သူမတွေ့ခဲ့ဖူးချေ။ သို့သော်လည်း ဤလက်ချောင်းရိုးအား မှော်ရတနာတစ်ခုကဲ့သို့ ဖြစ်အောင် သန့်စင်ထားသဖြင့် ဤလက်ချောင်းရိုးထဲတွင် အလွန်ကိုမှ ကြီးကျယ်သော လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေရပေလိမ့်မည်။

ထို့ကြောင့် အရင်ဦးစွာ လက်ချောင်းထဲသို့ သူတော်စင်ချီ ထည့်သွင်းကြည့်လိုက်သည်။ သို့သော် လက်ချောင်းသည် မည်သည့် ထူးခြားမှုမှ မပြချေ။ သူတော်စင်ချီဖြင့် နည်းနည်းလောက် ထပ်စမ်းကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမှ မမြင်တွေ့ရသည့် အတွက်ကြောင့် ကောင်းကင်စိတ်အာရုံဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုကဲ့သို့ စဉ်းစားပြီးနောက် စိတ်စွမ်းအင်ကို အလျင်အမြန် စုဝေးစေလိုက်လေရာ တစ်ခဏအတွင်း လက်ချောင်းရိုးအား မြူများကဲ့သို့သော စိတ်စွမ်းများက လွှမ်းခြုံသွားခဲ့လေ၏။

ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအင်သည် အတိုင်းအတာတစ်ခုအထိ သိပ်သည်းသန့်စင်သွားမှသာ မမြင်နိုင်သော စိတ်စွမ်းအင်အဖြစ်မှ သာမန်မျက်စိဖြင့် မြင်နိုင်သော စိတ်စွမ်းအင်အဖြစ်သို့ အသွင်ပြောင်းလဲနိုင်ပေသည်။

ရန်ကိုင်၏ ဝိဥာဉ်သည် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ စဉ်ဆက်မပြတ် အားဖြည့်ပေးမှုကြောင့် အဆက်မပြတ် အားကောင်းလာနေခဲ့သည်။ စိတ်စွမ်းအင်ကို ပိုမို အားကောင်းလာစေရန်အတွက် အချိန်တစ်ခုပေးပြီး ကျင့်ကြံခြင်း မရှိသည့်တိုင် ဝိဥာဉ်ကြာပန်း၏ ကျေးဇူးကြောင့် သူ့စိတ်စွမ်းအင်သည် အလွန်ကိုမှ အားကောင်းနေခဲ့သည်။ ထို့ကြောင့် ရန်ကိုင် တန်ခိုးရှင်အဆင့်သို့ ရောက်လာသည့်အခါ သူ့စိတ်စွမ်းအင်သည် ပုံရိပ်ဖော်နိုင်သည်အထိကို အားကောင်းလာခဲ့လေသည်။

စိတ်စွမ်းအင်ဖြင့် ပုံရိပ်ဖော်ခြင်းကဲ့သို့သော အရာမျိုးကို သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် မလုပ်နိုင်ချေ။ ထိုကဲ့သို့ လုပ်နိုင်သည့်အပေါ် ရန်ကိုင် သူ့ကိုယ်သူ ဂုဏ်ယူသင့်၏။

တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ရန်ကိုင် ထုတ်ဖော်လိုက်သည့် စိတ်စွမ်းအင်ပုံရိပ်သည် မီးနီရောင် တောက်နေခဲ့လေသည်။

လက်ချောင်းရိုးသည် သူတော်စင်ချီအား မည်သည့် တုန်ပြန်မှုမှ မပြသော်လည်း စိတ်စွမ်းအင်နှင့် ထိတွေ့လိုက်သည့်အခါ စတင် တုန့်ပြန်လာခဲ့သည်။

မီးနီရောင်ကောင်းကင်စိတ်အာရုံ လက်ချောင်းရိုးကို လွှမ်းခြုံသွားသည့်အခါ လက်ချောင်းရိုး တစ်ခုလုံး မျက်စိကျိန်းမတတ် တောက်ပလာခဲ့သည်။ ထို့နောက်တွင် အံ့အားသင့်ဖွယ်ရာ ဆွဲငင်အား တစ်ရပ် လက်ချောင်းရိုးဆီမှ ထွက်ပေါ်လာပြီး သူ့ကောင်းကင်စိတ်အာရုံကို စုပ်ယူတော့သည်။

သို့သော်လည်း ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပေသည်။ လက်ချောင်းရိုးမှ ထွက်ပေါ်လာသည် ဆွဲငင်အားသည် အရမ်းကြီး အားကောင်းခြင်း မရှိသည့်အတွက် ရန်ကိုင် အနေဖြင့် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ဆွဲယူချင်လျှင် ပြန်ဆွဲယူနိုင်ပေသည်။ ထို့ပြင် ဆွဲငင်အားဆီမှ မည်သည့် အန္တရာယ်အငွေ့အသက်ကိုမှ မခံစားမိ။ ထို့ကြောင့် ဆွဲငင်အားကို ခုခံမနေတော့ဘဲ ထိုဆွဲအားအတိုင်း အလိုက်သင့် စီးမျောလိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည်။

ချက်ချင်းဆိုသလို တစ်မူကွဲပြားသော လောကကြီးတစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ လောကကြီးတစ်ခုလုံး မီးခိုးရောင်ဖြစ်နေသော်လည်း သူ့ကိုယ်ပတ်လည်တွင် ရေခဲရောက်နေသော ငါးများနှယ် ကူးခတ်သွားလာနေသော တလက်လက် တောက်ပနေသည့် အမှတ်အက္ခရာစာလုံးများ များစွာ ရှိနေခဲ့သည်။

“ဒါ…” သူ့ပတ်ပတ်လည်ကို ကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ အံ့ဩသွားခဲ့သည်။

ထိုအမှတ်အက္ခရာ တစ်ခုလုံစီတိုင်းမှ စိတ်စွမ်းအင်လှိုင်းများကို ထွက်ပေါ်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ တစ်နည်းအားဖြင့် ဤစာလုံး တစ်လုံးချင်းစီတိုင်းသည် တောင်းကြားပိုင်ရှင်၏ ကောင်းကင်စိတ်အာရုံဖြင့် ဖန်တီးထားသော စာလုံးများ ဖြစ်ပေသည်။

ထိုဆေးပညာရှင်သည် ဆေးပညာတွင်သာ ထူးချွန်ရုံတင်မဟုတ်ဘဲ မြင့်မားသော ကျင့်ကြံခြင်းကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ စိတ်စွမ်းအင်သော ထိုကဲ့သို့သော စကားလုံးများကို ဖန်တီးနိုင်ပုံကို ထောက်ရှုကြည့်လျှင် ထိုဆေးဆရာကြီး မသေခင် အနည်းငယ် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်ရှိခဲ့ပေလိမ့်မည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ရောက်ရှိလာသည်ကို သတိပြုမိလိုက်သည့်နောက်တွင် ထိုစကားလုံးများသည် ရန်ကိုင်၏ နာမ်ဝိဥာဉ်ဆီသို့ ပြေးဝင်လာပြီး သူ့ကောင်းကင်စိတ်အာရုံနှင့် ချက်ချင်း ပေါင်းစပ်သွားခဲ့ကြသည်။

ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ရီလာပြီး သူ့မျက်လုံးများ ဗလာကျင်းသွားခဲ့သည်။ သို့သော် ထိုစကားလုံးများ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေသည်ကို တားဆီးခြင်းမျိုး မလုပ်ခဲ့ဘဲ သူ၏ ကောင်းကင်စိတ်အာရုံဆီ လာရောက်ပေါင်းစပ်နေသော စကားလုံးများကိုသာ သေသေချာချာ လေ့လာနေခဲ့သည်။

အစပိုင်းတွင် ထိုစကားလုံးများသည် မည်သည့် အကြောင်းအရာကို မှတ်တမ်းထင်ထားသလဲ ဆိုသည်ကို မသိရသော်လည်း သူ့ကောင်းကင်စိတ်အာရုံသည် အခြားသော စကားလုံးများစွာနှင့် ပိုပို၍ ပေါင်းစပ်လာသည့်နောက်တွင် လက်ချောင်းရိုးထဲ မည်သို့သော အမွေအနှစ်အား ချန်ထားသလဲ ဆိုသည်ကို ရန်ကိုင် စတင် နားလည်စ ပြုလာခဲ့သည်။

စကားလုံး အားလုံးကို ဖတ်ရှုလေ့လာကြည့်ပြီးနောက်တွင် ဤအရာသည် ရှေးခေတ်အချိန်မှ ချန်ထားရစ်ခဲ့သည် ဆေးပညာမှတ်တမ်းတစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်သွားခဲ့ရသည်။

အစစ်အမှန်ဆေးပညာကျမ်းပင် ဖြစ်လေသည်။

ရန်ကိုင်သည် ဆေးပညာမှတ်တမ်းများစွာကို ဖတ်ရှုခဲ့ဖူးသည်။ သူ့ဘဝ၏ ပထမဆုံး ဆေပညာခရီးလမ်းကို ဆေးဘုရင်တောင်ကြားမှ ရခဲ့သည် အစစ်အမှန် ဆေးပညာလမ်းစဉ်နှင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူဖတ်ရှုခဲ့ဖူးသည့်၊ မြင်ခဲ့ဖူးသည့်၊ လေလာ့ဖူးသည့် မည်သည့် ဆေးပညာ မှတ်တမ်းမှ ဤအစစ်အမှန်ဆေးပညာကျမ်းနှင့် မယှဉ်နိုင်ပါချေ။ အစစ်အမှန်ဆေးပညာလမ်းစဉ်ထဲ မှတ်တမ်းတင်ထားသော ဆေးပညာရပ်များနှင့် အစီအရင်များသည် ဤအစစ်အမှန်ဆေးပညာကျမ်း ရှေးမှောက်တွင် ကလေးကစားစရာသာသာ ဖြစ်ကုန်ကြသည်။

ဤအစစ်အမှန်ဆေးပညာကျမ်းကို တောင်ကြားပိုင်ရှင်မှ ဖန်တီးခဲ့ခြင်း မဟုတ်လောက်ဘဲ ရှေးခေတ် ဆေးပညာရှင်များ ဖန်တီးခဲ့ခြင်းသာ ဖြစ်လောက်သည်။ တောင်ကြားပိုင်ရှင်သည် ဤအစစ်အမှန်ဆေးပညာကျမ်းကို ကံကောင်းပြီး ရလိုက်သည့်အတွက်ကြောင့် သူ့ဆေးပညာ အရည်အချင်း တစ်ဟုန်ထိုး မြင့်တက်လာရပြီး ကျော်ကြားသော ဆေးပညာရှင်တစ်ယောက် ဖြစ်လာခြင်း ဖြစ်လောက်သည်။

သူသေရမည့်အချိန်နှင့် နီးကပ်လာနေပြီမှန်း သိလိုက်သည့်အခါ ဆေးဆရာကြီးသည် ဤဆေးပညာကျမ်းကို အလဟဿ ဆုံးရှုံးလိုက်ရမည်ကို နှမြောမိသည်။ ထိုနည်းတူစွာပင် ဤဆေးပညာကျမ်းအား ဘာမှမသိမတတ်သော ဂျူနီယာတစ်ယောက်၏ လက်ထဲသို့လည်း ရောက်မသွားစေချင်ပေ။ ထို့ကြောင့် စိတ်စွမ်းအင်ကို သုံး၍ လက်ချောင်းကို အသွင်ပြောင်းကာ အစစ်အမှန်ဆေးပညာကျမ်းထဲတွင် ပါဝင်သော အကြောင်းအရာ အားလုံးကို လက်ချောင်းထဲ၌ မှတ်တမ်းတင်ထားခဲ့လိုက်ခြင်း ဖြစ်သည်။

အချိန်တိုက်စားမှုဒဏ်ကို ခံနိုင်စေရန်အတွက် ဆေးပညာရှင်ကြီးသည် သူ့လက်ချောင်းအား ကျင့်စဉ်တစ်ခုခုကိုသုံး၍ တစ်ဝက်တစ်ဝက် မှော်ရတနာအဖြစ် သန့်စင်ခဲ့သည်။

ထိုနည်းဖြင့်ဆိုလျှင် သူသေသွားသည့်တိုင် အစစ်အမှန်ဆေးပညာကျမ်းကို အခြား တစ်ယောက်မှ ဆက်လက် အမွေဆက်ခံနိုင်ပေလိမ့်မည်။

ရန်ကိုင်လည်း ဤလက်ချောင်းရိုးကို ကံကောင်းပြီး ရသွားခဲ့ခြင်း ဖြစ်သည်။ သူသာ ဆေးဆရာကြီးကို မြေမမြှုပ်ပေးခဲ့လျှင် ဤလက်ချောင်းရိုးကို တွေ့ခဲ့လိမ့်မည် မဟုတ်ချေ။

အစစ်အမှန်ဆေးပညာကျမ်းထဲတွင် ပါဝင်သော အကြောင်းအရာများကို ဖတ်ပြီးနောက် ရန်ကိုင် အတော်လေးကိုမှ အံ့အားသင့်သွားခဲ့သည်။ သူ့ကံ ကောင်းလှချည်လားဟုလည်း တွေးမိသွားခဲ့သည်။ သို့သော် မကြာမီ ထိုအတွေးအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ကျယ်ပြောလှသော ဆေးပညာ ဗဟုသုတ ကမ္ဘာကြီးထဲတွင်သာ နစ်မြောနေလိုက်တော့သည်။

အစစ်အမှန် ဆေးပညာကျမ်းသည် ရှေးခေတ်အချိန်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သော်လည်း တောင်ကြားပိုင်ရှင်မှ ဤကျမ်းကို ရပြီးနောက် သူ့နားလည်မှုကို ထပ်ပေါင်းထည့်ခဲ့သလို့ အချို့ အကြောင်းအရာများကို မွမ်းမံပြင်ဆင်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ရထားသော အစစ်အမှန် ဆေးပညာကျမ်းသည် မူရင်းနှင့် ယှဉ်လိုက်လျှင် အများကြီး ပိုအဖိုးတန်ပေသည်။

တောင်ကြားပိုင်ရှင်သည် သူတစ်ဘဝတာ လေ့လာခဲ့ရသမျှ အကြောင်းအရာများကို ဤအစစ်အမှန် ဆေးပညာကျမ်းထဲ ထပ်ပေါင်းထည့်ခဲ့သည်။ အစစ်အမှန် ဆေးပညကျမ်းကို လေ့လာရင်းနှင့်မှ ရန်ကိုင်သည် ယခင်က ဆေးပညာနှင့် ပက်သက်၍ သူအဖြေရှာမရခဲ့သော မေးခွန်းများစွာ၏ အဖြေကို သိသွားခဲ့ရလေသည်။

ရန်ကိုင်သည် ဆေးပညာပိုင်းတွင် ပါရမီပါသော်လည်း ဆေးပညာလမ်းစဉ်ကို စတင် လျှောက်လှမ်းသည့် အချိန်မှစ၍ သူ့လမ်းသူဖောက်ကာ ကြိုးစားခဲ့ခြင်း ဖြစ်ပြီး သူ့အား သင်ကြားပြသပေးသည့်လူ အနည်းငယ်သာ ရှိသည်။ ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ထျန်းဇျန်လူအိုကြီးနှင့် စကားပြောရင်း ဆေးပညာအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ သို့သော် ကြယ်စီရင်စုထဲသို့ ရောက်လာသည့်နောက်ပိုင်း သူ့ကိုယ်ကိုယ်သာ အားကိုးရတော့လေသည်။

ထို့အပြင် ရန်ကိုင်သည် သူဆေးပညာအရာတွင် ပါရမီပါသည့်အကြောင်းကို လူသိရှင်ကြား ထုတ်မပြောရဲချေ။

ထို့သို့ဖြင့် သူ့ကျင့်ကြံခြင်း တဖြည်းဖြည်း မြင့်လာသည့်နောက် ဆေးပညာဘက်တွင် အဆင့်တက်ရန် ပိုပို၍ ခဲယဉ်းလာခဲ့ပြီး နောက်ဆုံးတွင် အဆစ်တစ်ဆို့သွားခဲ့ရလေသည်။ သို့သော် ထိုမျှလောက်သည် သူ့အကန်အသတ် မဟုတ်သေးချေ။ သူသာ ကြိုးစားလျှင် ထို့ထက်မက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်နိုင်ပေသည်။

သို့သော် ထိုသို့သော အဆင့်သို့ ရောက်ရန်အတွက် နှစ်ပေါင်းများစွာကြာအောင် သူအချိန်ယူရပေလိမ့်မည်။

ယခုမှ အရာအာလုံးသည် ကွဲပြားသွားခဲ့လေပြီ။ အစစ်အမှန်ဆေးပညာကျမ်းကို ရလိုက်ခြင်းသည် သူ့အား အချိန်မရွေး၊ နေရာမရွေး သင်ကြားပြသပေးမည့် ဆရာတစ်ယောက်ကို ရလိုက်သည်နှင့် တူပေသည်။

ရန်ကိုင်သည် အစစ်အမှန်ဆေးပညာကျမ်းကို လေ့လာကောင်းကောင်းဖြင့် လေ့လာနေလိုက်ရာ အချိန်ကုန်လို့ ကုန်မှန်းကိုပင် မသိတော့ချေ။ လဝက်ကြာပြီးနောက်မှသာ သက်ပြင်းတစ်ချက်ချ၍ လက်ချောင်းရိုးထဲမှ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။

သူ့ကောင်းကင်စိတ်အာရုံကို လဝက်မျှကြာသည်အထိ ထိုကဲ့သို့ အသုံပြုပြီးနောက် သူ့ဝိဥာဉ် အတော်လေး မောပန်းနေခဲ့လေပြီ။ စိတ်မှာ မောပန်းနေသော်လည်း ရန်ကိုင်၏ မျက်ဝန်းအစုံမှာ ပြင်းစွာသော စိတ်လှုပ်ရှားမှုများကြောင့် တလက်လက် တောက်ပလင်းလက်နေခဲ့လေသည်။

ယခုမှသာ အစစ်အမျန်ဆေးပညာကျမ်းကို လေ့လာပြီးသွားခြင်းမဟုတ်၊ ယခုမှသာ အစစ်အမှန်ဆေးပညာကျမ်းကို အကြမ်းဖျင်း လေ့လာပြီးသွားခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူရလိုက်သည့် အကျိုးကျေးဇူးသည် အလွန်ကိုမှ များပြားလှသည်။ သူသာ အစစ်အမှန် ဆေးပညာကျမ်း တစ်ခုလုံးကို လေ့လာပြီးသွားခဲ့လျှင် သူ့ဆေးပညာ အရည်အချင်းသည် မည်မျှပင် တိုးတက်လာလိမ့်မည်နည်း။

“အသိစိတ် အတိုင်းအတာ တစ်ခုအထိ ရပြီးတဲ့ ဆေးလုံးတွေကိုပဲ စိတ်ဝိဥာဉ် ဆေးလုံးတွေလို့ ခေါ်တာပေါ့” ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။

ယခု သူ့ဗဟုသုထဲ စိတ်ဝိဥာဉ်ဆေးလုံးဆိုသော ဆေးလုံးကဲ့သို့ ဆေးလုံးမျိုး ထပ်ပေါင်း ရောက်ရှိလာခဲ့လေပြီ။ ခဏလောက် စဉ်းစားပြီးနောက် ထိုအကြောင်းများကို သူ့ခေါင်းထဲမှ ခဏတာ ဖယ်ထုတ်ထားလိုက်သည်။

အစစ်အမှန်ဆေးပညာကျမ်းကို နောင်မှ ဖြည်းဖြည်းချင်း လေ့လာ၍ ရပေသည်။ သူအလျင်မလိုသေးချေ။ ယခု ဆေးတိမ်တိုက်ဖြစ်ပေါ်နေသော တန်ခိုးရှင်ဘုရင်အဆင့်ဆေလုံး မည်ကဲ့သို့သော ဆေးလုံး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် သိသွားခဲ့လေပြီ။

အစစ်အမှန် ဆေးပညာကျမ်းထဲတွင် ဆေးပညာနှင့် ပက်သက်သည့် အံ့အားသင့်ဖွယ်ရာ မျိုးစုံသာမက၊ တောင်ကြားပိုင်ရှင်၏ ဆေးပညာဆိုင်ရာ ဥာဏ်အလင်းများနှင့် ဆေးညွှန်းများစွာကို မှတ်တမ်းတင်ထားခဲ့ပေသည်။ ထိုထဲတွင် ပျောက်ဆုံးသွားပြီဆိုသော ဆေးညွှန်းများစွာပင် ရှိနေခဲ့သည်။

ထိုဆေးညွှန်းများကို ဖတ်ရင်းမှ ဆေးတိမ်တိုက် ဖြစ်ပေါ်နေသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး မည်သည့် ဆေးလုံးဖြစ်သလဲ ဆိုသည်ကို နားလည်သွားခဲ့ရသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ပြန်ထုတ်လိုက်ပြီး လက်ဝါးပေါ်တင်ကာ ခဏမျှ လေ့လာကြည့်လိုက်သည်။

သူ့အထင်သာ မှန်လျှင် အရောင်နှင့် အနံအရ ဤစိတ်ဝိဥာဉ်ဆေးလုံးသည် နဂါးမီးတောက်ခရမ်းခြင်ဆီ ဆေးလုံး ဖြစ်ပေလိမ့်မည်။

All Chapters