အခန်း (၁၄၉၁-၁၄၉၅)
Vol. 60 Ch. 1491-1495
အပိုင်း (၁၄၉၁)
မြှားတိုလေးကို မြင်ပြီးသွားပြီ ဖြစ်သည့်အတွက် မြှားတိုလေးအကြောင်း ရန်ကိုင် သိပ်မသိချင်မိသေး။ သေတ္တာထဲတွင် ရှိနေသည့် ပစ္စည်းအကြောင်းကိုသာ ပိုသိချင်နေမိသည်။
ကျောက်စိမ်းသေတ္တာသည် ကောင်းကင်စိတ်အာရုံဖြင့် ထိုးဖောက်၍ မရသော ထူးဆန်သည့် ပစ္စည်းတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာကို ထုတ်ကာ အဖုံး ဖွင့်ကြည့်လိုက်သည်။
အားကောင်းပြီး သန့်စင်သော စွမ်းအင်များ ကျောက်စိမ်းသေတ္တာထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင် အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် ရန်ကိုင်၏ မျက်ဝန်း အစုံ တလက်လက် တောက်ပသွားခဲ့သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည့်အခါ သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ကျောက်စိမ်းသေတ္တာထဲတွင် ရှိနေသည်ကား ခြောက်ထောင်ပုံစံ ဖြူဖွေးသန့်စင်သော သလင်းကျောက် နှစ်တုံးပင် ဖြစ်သည်။ သလင်းကျောက် နှစ်တုံးသည် လက်သည်းခွံ အရွယ်မျှသာ ရှိသော်လည်း သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုလက်သည်းခွံအရွယ် သလင်းကျောက်ထဲတွင် အတောမသတ်နိုင်အောင် များပြားလွန်းလှသော စွမ်းအင်များ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
“ဘာကြီးပါလိမ့်” ရေရွတ်ရင်း သလင်းကျောက်လေးကို မျက်လုံး ရှေ့တည့်တည့်ဆီသို့ ဆွဲယူကြည့်လိုက်သည်။
ဤသလင်းကျောက်သည် သူတော်စင်သလင်းကျောက်နှင့် နည်းနည်းဆင်ပြီး သူတော်စင်သလင်းကျောက်ထက် အဆပေါင်းများစွာ အဆင့် ပိုမြင့်ပေသည်။ ကျောက်တုံး ရုပ်သေးရုပ်မှ ဖန်တီးပေးသည့် သူတော်စင်သလင်းခဲများပင် ဤသလင်းကျောက်နှင့် မယှဉ်နိုင်ချေ။
ဤသလင်းကျောက်ထဲတွင် ကိန်းအောင်းနေသော စွမ်းအင်ပမာဏသည် သူတော်စင် သလင်းကျောက်များ၏ အဆင့်ကို ကျော်လွန်သွားခဲ့လေပြီ။
ထိုအချက်ကို သတိပြုမိလိုက်သည့်နောက် ရန်ကိုင် အလွန်ကို အံ့အားသင့်သွားခဲ့သည်။
နေရာပေါင်းများစွာသို့ သူလျှောက်ပတ်သွားဖူးခဲ့သည်။ မရေမတွက်နိုင်သော ရတနာများစွာကိုလည်း မြင်ခဲ့ဖူးသည်။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများစွာကိုပင် မြင်ခဲ့ဖူးသည်။ ထို့ကြောင့် တော်ရုံတန်ရုံ ပစ္စည်းလောက်ကို ရန်ကိုင် စိတ်မဝင်စားတတ်ချေ။
သို့သော် ဤသလင်းကျောက်ကိုမူ ရန်ကိုင် အတော်လေး စိတ်ဝင်စားမိနေလေပြီ။
သလင်းကျောက်လေးကို အချိန်အတော်အတန် ကြာသည်အထိ စစ်ဆေးနေခဲ့သော်ငြား အဖြေရှာမတွေ့ခဲ့။ သလင်းကျောက်ထဲတွင် ပါဝင်သော စွမ်းအင်များသည် အလွန်ကို များပြား၊ သိပ်သည်းလှပြီး မည်သည့် ကျင့်စဉ်ကိုမှ အသုံးမပြုဘဲ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူနိုင်သည်အထိ သန့်စင်လှပေသည်။ သလင်းကျောက်ထဲမှ စွမ်းအင်နည်းနည်းကိုသာ စုပ်ယူလိုက်သော်လည်း အစောပိုင်းက အသုံးပြုခဲ့သဖြင့် ကုန်ဆုံးသွားသော သူတော်စင်ချီ အားလုံး ပြန်ပြည့်လာခဲ့ရသည်။
သို့တိုင် သလင်းကျောက်၏ အရွယ်အစားမှာ နည်းနည်းလေးပင် ကျုံ့မသွားခဲ့။
ရှင်းရှင်းပြောရလျှင် သလင်းကျောက်၏ အရွယ်အစား မကျုံ့သွားသည်မှာ အထူးအဆန်းမဟုတ်ချေ။ ရန်ကိုင် စုပ်ယူလိုက်သည့် စွမ်းအင် ပမာဏသည် သလင်းကျောက် ထဲတွင် ရှိနေသော စွမ်းအင်နှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ နည်းပါးလွန်းနေသည်ကိုး။
အဆင့်မြင့် သူတော်စင်သလင်းကျောက်များနှင့် သူတော်စင်သလင်းကျောက်များသည် ဤအရာနှင့် ယှဉ်လိုက်လျှင် လုံးဝကို အသုံးမဝင် ဖြစ်သွားကြပေလိမ့်မည်။
ဘယ်လိုတောင်လားဟ ရန်ကိုင် ပျော်ရွှင်စွာ အော်ရယ်မောမိလိုက်သည်။
သူ့ကိုယ်ထဲတွင် သူတော်စင်ချီများစွာ ရှိနေသည့်အတွက် တိုက်ပွဲအတွင်း သူတော်စင်ချီ ကုန်သွားမည်ကို စိုးရိမ်စရာ မလိုသော်လည်း ဤအရာလေးသည် သူ့အတွက် အသုံးဝင်ပေသည်။
အနည်းဆုံး သူ့အနေဖြင့် အဆင့်ချိုးဖျက်တော့မည်ဆိုလျှင် မိုးမြေစွမ်းအင် ကြွယ်ဝသည့် နေရာတစ်ခုခုကို အချိန်ကုန်ခံပြီး လိုက်ရှာနေစရာ မလိုတော့ချေ။
သူ့တွင် ဤသလင်းကျောက် နှစ်တုံးသာ ရှိနေပါက သူတော်စင်ချီ ကုန်ဆုံးသွားမည်ကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ဘဲ ကြိုက်သည့်နေရာတွင် အဆင့်ချိုးဖျက်နိုင်ပေသည်။
သို့သော်လည်း ဤသလင်းကျောက်အား ထိုကဲ့သို့ အသုံးပြုလိုက်ရမည်ကို ရန်ကိုင် နှာမြောမိသည်။ တိုက်ခိုက်နေချိန်နှင့် အဆင့်ချိုးဖျက်နေစဉ်အတွင်း သူတော်စင်ချီ ထောက်ပံ့ပေးနိုင်ရုံတင် မဟုတ်ဘဲ ဤသလင်းကျောက်တွင် အခြား အသုံးဝင်ပုံ ရှိလောက်ပေသေးသည်။
သလင်းကျောက် နှစ်တုံးအား အတော်ကြာအောင် လေ့လာကြည့်ပြီးနောက် ကျောက်စိမ်းသေတ္တာထဲ ပြန်ထည့်သိမ်းလိုက်ပြီး မြှားတိုလေးကို ထုတ်လိုက်သည်။ ထို့နောက် အသေးစိတ် စစ်ဆေးကြည့်လိုက်လေသည်။
မြှားတိုလေး မှော်ရတနာတစ်ခု ဖြစ်သည်မှာ မြေကြီးလက်ခတ် မလွဲချေ။ မြှားတိုးလေးသည် လက်မောင်းတစ်ဖက်စာခန့် အရှည်ရှိပြီး မြှားကိုယ်ထည်ပေါ်တွင် ‘ငှက်မွှေးဝိဥာဉ်’ ဟူသာ စကားလုံးများ ရေးထွင်းထားခဲ့သည်။ ထိုစကားလုံးများသည် မြှားတိုလေး၏ နာမည် ဖြစ်ပေသည်။
လက်ကိုက်ရိုး နေရာတွင် ကျောက်စိမ်းဖြူ အတုံးနှစ်တုံး ရှိနေခဲ့သည်။ သို့သော် လောလောဆယ်တွင် ဤမှော်ရတနာမှ မည်သည့် စွမ်းအင် အရှိန်အဝါမှ ထွက်ပေါ်မနေခဲ့ချေ။
ရန်ကိုင်အတွက် ထိုအချက် ထူးဆန်းနေခြင်း ဖြစ်သည်။ မှော်ရတနာဆို၍ ဖြစ်လာလျှင် အဆင့်ရှိသည်။ အဆင့်ရှိသည့် မှော်ရတနာသည် ၎င်း၏ အဆင့်နှင့် သက်ဆိုင်သော စွမ်းအင် အရှိန်အဝါ တစ်မျိုးမျိုးကို ထုတ်လွှတ်နေပေလိမ့်မည်။
သို့သော်လည်း ဤငှက်မွှေးဝိဥာဉ်သည် သာမန် အမြင်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ ဤမှော်ရတနာသည် အခြား မှော်ရတနာများကဲ့သို့ စွမ်းအင် အရှိန်အဝါ ဖြာထွက်နေခြင်း မရှိခဲ့။ ထို့ကြောင့် မြှားတိုလေး မည်သည့် အဆင့် မှော်ရတနာ ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မခွဲခြားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မြှားတိုလေးသည် ကျောက်စိမ်းသေတ္တာနှင့်အတူ ရှိနေသဖြင့် တစ်နည်းမဟုတ်၊ တစ်နည်းတော့ အသုံးဝင်ရပေလိမ့်မည်။ သာမန် မှော်ရတနာတစ်ခုတော့ မဖြစ်တန်ရာ။ ရန်ကိုင်ကသာ မြှားတိုလေး၏ အသုံးဝင်ပုံကို နားမလည်သေးခြင်းသာ ဖြစ်လောက်သည်။
ခဏလောက် စဉ်းစားပြီးနောက် သူတော်စင်ချီကို လှည့်ပတ်၍ မြှားတိုလေးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။
ရန်ကိုင်မှ မြှားတိုလေးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် လက်ကိုင်ရိုးပေါ်ရှိ ကျောက်စိမ်းဖြူနှစ်တုံးအနက် တစ်လုံးသည် စတင် မည်းနက်လာခဲ့သည်။
သေချာ အနီးကပ် ကြည့်ကြည့်မည်ဆိုလျှင် တဖြည်းဖြည်း မည်းနက်လာနေသော ကျောက်အတွင်းတွင် အနီရောင်သဲ့သဲ့လေး ရှိနေသည်ကို တွေ့မြင်နိုင်ပေသည်။ ထိုအရာသည် ရန်ကိုင်၏ နတ်ဆိုးမီးတောက်ပင် ဖြစ်လေသည်။
ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ငှက်မွှေးဝိဥာဉ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းရင်း မြှားတိုလေး၏ ပြောင်းလဲမှုများကို သေချာ လေ့လာနေခဲ့သည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် မြှားတိုးထဲသို့ သူတော်စင်ချီ ထည့်သွင်းနေသည်ကို ရန်ကိုင် ရပ်တန့်လိုက်သည်။ ယခုမြှားတိုလေးသည် ယခင်ကကဲ့သို့ မည်သည့် စွမ်းအင် အရှိန်အဝါမှ ဖြာထွက်နေခြင်း မရှိသော မှော်ရတနာတစ်ခု မဟုတ်တော့။ လက်ရှိ မြှားတိုလေးသည် တန်ခိုးရှင်တတိယအဆင့်အောက် မလျော့သော စွမ်းအင် အရှိန်အဝါကို ထုတ်ဖော်နေခဲ့၏။
သူ့ဘက်မှ သူတော်စင်ချီကို ထည့်သွင်းနေသည်နှင့်အမျှ မြှားတိုလေး၏ အရှိန်အဝါသည် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ ထို့အပြင် တန်ခိုးရှင်တတိယအဆင့်သည် မြှားတိုလေး၏ အကန့်အသတ် မဟုတ်သေးချေ။
တန်ခိုးရှင်တတိယအဆင့်သို့သာ ရောက်ရခြင်းမှာ ရန်ကိုင်ကြောင့် ဖြစ်သည်။ ရန်ကိုင်မှ ထည့်သွင်းလိုက်သော် သူတော်စင်ချီသည် မြှားတိုလေးအား တန်ခိုးရှင်တတိယအဆင့်သို့ ရောက်အောင်သာ လုင်နိုင်ခဲ့သည်။ သူ့ထည်သွင်းလိုက်သည့် သူတော်စင်ချီ ပမာဏသည် နည်းနည်းနောနော မဟုတ်ဘဲ တန်ခိုးရှင်တတိယအဆင့် တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော သူတော်စင်ချီအားလုံးနှင့်ပင် ညီမျှပေသည်။
သာမန် တန်ခိုးရှင်တတိယအဆင့်သာ ဆိုလျှင် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင် ဖြစ်သည့်အတွက်ကြောင့်သာ လုပ်နိုင်ခြင်း ဖြစ်သည်။ တန်ခိုးရှင်တတိယအဆင့် ဆိုလျှင်ပင် ကျောက်တုံးတစ်တုံးကို အသက်သွင်းရန်အတွက် သူတို့ကိုယ်ထဲတွင် သူတော်စင်ချီ အားလုံးကို အသုံးပြုရပေလိမ့်မည်။
တန်ခိုးရှင် ပထမ၊ ဒုတိယအဆင့်များ ဆိုလျှင်တော့ ကျောက်တုံးကို သူတော်စင်ချီဖြင့် ဖြည့်လိုက်၊ အားပြန်ဖြည့်လိုက်၊ ထပ်ဖြည့်လိုက်၊ အားပြန်ဖြည့်လိုက်၊ ထိုကဲ့သို့ အကြိမ်များစွာ လုပ်ပြီးမှ ကျောက်တုံးတစ်တုံးကို စွမ်းအင် ဖြည့်နိုင်ပေလိမ့်မည်။
ရန်ကိုင် ဆွံ့အသွားခဲ့သည်။
မှော်ရတနာ၏ လက်ကိုင်တွင် ကျောက်ဖြူနှစ်တုံး ရှိနေခဲ့သည်။ တစ်တုံးကို ဖြည့်ပြီးသည်နှင့် နောက်တစ်တုံးကို ထပ်ဖြည့်ကြည့်လိုက်သည်။
မြှားတိုလေး၏ အဆင့်ကို မသိရသေးသော်လည်း သူသာ သေချာအသုံးပြုလျှင် ဤမြှားတိုလေးသည် သူ့ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေသည်။ ထို့အပြင် မြှားတိုလေးကို သူမသန့်စင်ရသေးချေ။ သို့တိုင် သူ့ထည့်သွင်းနေသည့် သူတော်စင်ချီကို စုပ်ယူနိုင်ပုံ ထောက်ရှုကြည့်လျှင် ဤမြှားတိုလေးသည် ယခင်က ပိုင်ရှင် မရှိခဲ့သည့် မှော်ရတနာတစ်ခု ဖြစ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် မြှားတိုလေး၏ ပိုရှင် သေသွားသည်မှာ အလွန်ကြာပြီ ဖြစ်သည့်အတွက်ကြောင့် ပိုင်ရှင်၏ ဝိဥာဉ်အမှတ်အသားသည် အချိန်၏ တိုက်စားမှုုဏ်ကို မခခံနိုင်ဘဲ ပျက်စီးသွားခဲ့ခြင်း ဖြစ်လောက်သည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက်တွက် မြှားတိုလေးထဲသို့ စိတ်စွမ်းအင် ပို့လွှတ်၍ ကောင်းကင်စိတ်အာရုံဖြင့် သူ့ဝိဥာဉ်အမှတ်အသား ခတ်နှိပ်ရန် ကြိုးစားလိုက်သည်။
လဝက်ခန့်ကြာပြီးနောက်တွင် ရန်ကိုင် ထိုင်နေရာမှ ထလာခဲ့သည်။ သူ့အနီးတွင် ရှိနေသော ငှက်မွှေးဝိဥာဉ်သည် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းကာ သူ့ကိုယ်ထဲတွင် တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
မြှားတိုလေးအား သန့်စင်သည့် ဖြစ်စဉ်သည် ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။ ထိုမှော်ရတနာသည် ရှေးခေတ်အချိန်အခါက ပုံစံမျိုးတစ်မျိုးမျိုးဖြင့် သန့်စင်ခဲ့သည့် မှော်ရတနာ တစ်ခု ဖြစ်သည့်အတွက် သန့်စင်ရ ပိုလွယ်နေခြင်း ဖြစ်နေသလား ဆိုသည်မှာမူ သူလည်း မသိသည့် မေးခွန်းတစ်ခု ဖြစ်သည်။
မှော်ရတနာအား သန့်စင်ပြီးသွားသည်နှင့် မြှားတိုလေးအား မည်ကဲ့သို့ အသုံးပြုရမလဲ၊ မြှားတိုလေးအား အားနည်းချက်တို့ကို ရန်ကိုင် နားလည်သွားခဲ့သည်။
ရှင်းရှင်းပြောရလျှင် မြှားတိုလေးသည် အလွန်ကိုမှ အားကောင်းသည့် မှော်ရတနာ တစ်ခု ဖြစ်သည်။ လက်ကိုင်ရိုးထဲတွင် ရှိနေသော ကျောက်နှစ်လုံးထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီး အားကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ပေသည်။
အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ မှော်ရတနာထဲတွင် ရှိနေသော အစီအရင်ကို အသက်သွင်း၍ တိုက်ခိုက်လိုက်ရုံပင်။ မှော်ရတနာ လက်စာ မိသွားလျှင် တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက်ပင် မရှုမလှ ခံသွားရပေလိမ့်မည်။
မြှားတိုလေးသည် အလွန်ကိုမှ အားကောင်းသော်လည်း ၎င်းတွင် အားနည်းချက်အချို့ ရှိသည်။
အားနက်ချက်မှာ လက်ကိုင်ရိုးပေါ်ရှိ ကျောက်နှစ်တုံးဖြစ်သည်။ မြှားတိုအား နှစ်ကြိမ် အသက်သွင်းလိုက်လျှင် ကျောက်နှစ်လုံးထဲတွင် စုစည်းထားသော စွမ်းအင်အားလုံး ကုန်သွားပေလိမ့်မည်။
ထိုအခါ ကျောက်နှစ်လုံးကို သူတော်စင်ချီဖြင့် ပြန်ဖြည့်ရပေလိမ့်မည်။ ရန်ကိုင်ပင်လျှင် ထိုကျောက်တစ်လုံးကို စွမ်းအင် ပြန်ဖြည့်ရန်အတွက် တစ်နာရီခန့် အချိန် ယူလိုက်ရသည်။ ထို့ကြောင့် တိုက်ပွဲအတွင်း မြှားတိုအား နှစ်ကြိမ်သာ အသုံးပြုနိုင်ပေလိမ့်မည်။ ပြီးလျှင် ကျောက်နှစ်တုံးအား အားပြန်ဖြည့်ရပေလိမ့်မည်။
သို့ပင်လျှင် မြှားတိုလေးသည် အလွန်ကိုမှ အားကောင်းပေသည်။
ဤလောကကြီးတွင် မည်သည့်အရာမှ ပြီးပြည့်စုံမနေချေ။ မြှားတိုလေး၏ စွမ်းအားသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းနေလေရာ ထိုမှော်ရတနာကိုသာ အဆက်မပြတ် အသုံးပြုနိုင်လျှင် လောကကြီး၏ သဘောတရားကို လွန်ဆန်နေသလို ဖြစ်သွားပေလိမ့်မည်။
မြှားတိုလေး၏ စွမ်းအားကို စမ်းကြည့်မိသော်လည်း စမ်းစရာ ပစ်မှတ်မရှိသဖြင့် ပြန်သိမ်းထားရုံသာ တတ်နိုင်ခဲ့သည်။ လိုဏ်ဂူထဲမှ ထွက်လာပြီးနောက် လမ်းကြောင်းတစ်ခု ရှာပြီး ထွက်လာလိုက်သည်။
နောက်ရက်များအတွင်း ရန်ကိုင်သည် ကျဆုံးဧကရာဇ်တောင်တစ်ဝိုက် လှည့်ပတ် သွားလာနေခဲ့သည်။
သူကိုယ်တိုင် ရှေးဟောင်းလိုဏ်ဂူစံအိမ် တစ်လုံးနှင့် ကြုံပြီးသွားပြီ ဖြစ်သည့်အတွက် အပြင်ဘက်တွင် ပြန့်နေသော ကောလဟာလများသည် အခြေအမြစ်မရှိသည့် ကောလဟာလများ မဟုတ်မှန်း ရန်ကိုင် သိသွားခဲ့လေပြီ။ ထို့ကြောင့် ဆက်ပြီး ရတနာရှာထွက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ဤနေရာသို့ ရောက်လာသည့် ကျင့်ကြံသူ အရေအတွက်မှာ အလွန်ကိုမှ များပြားလှသဖြင့် ရှေးဟောင်းလိုဏ်ဂူစံအိမ် အများစုမှာ အခြားသူများ ရှာပြီးသားများ ဖြစ်ကုန်ကြသည်။ ရန်ကိုင် အနေဖြင့် ရှေးဟောင်းလိုဏ်ဂူစံအိမ်အချို့ကို ထပ်တွေ့ခဲ့သော်ငြား ထိုအရာအားလုံးသည် အခြားသူများ ရှာပြီးသား နေရာများ ဖြစ်နေကြသဖြင့် မည်သည့် အဖိုးတန်ရတနာမှ သူမရခဲ့ပေ။
လူသတ်မှုများ၊ ဓါးပြတိုက်မှုများလည်း အဆက်မပြတ် ဖြစ်ပွားနေကြပေသည်။ သွားနေရင်း ဆက်သွယ်ရေးမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းကြည့်လိုက်သည်။
မမျှော်လင့်ထားစွာပင် သူဆက်သွယ်ချင်နေသည့်လူနှင့် အဆက်သွယ် ရလိုက်သည်။ ဆက်သွယ်ရေးမှော်ရတနာထဲမှ သတင်းစကားကို ကြားပြီးနောက် ဆက်သွယ်ရေးမှော်ရတနာကို ပြန်သိမ်းလိုက်ကာ အခြားတစ်ဖက်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။
မိုင်တစ်သောင်းအကွာရှိ တစ်နေရာတွင်၊ မရေမတွက်နိုင်သော တန်ခိုးရှင်အဆင့် ပညာရှင်များ စုဝေးနေခဲ့ကြသည်။ ထိုတန်ခိုးရှင်အဆင့် ပညာရှင်အားလုံးသည် သူတို့ရှေ့ရှိ နန်းတော်များ၊ စံအိမ်များ ဝိုင်းရံထားသော တောင်တစ်လုံးအား မော့ကြည့်နေကြသည်။
ရှေးဟောင်းဂိုဏ်းပျက်ကြီးပင်…
ကျင့်ကြံသူများစွာသည် ရှေးဟောင်းလိုဏ်ဂူစံအိမ်များကို ရှာဖွေနေကြသော်ငြား အင်အားစုကြီးများမှ ပညာရှင်များမှာမူ ဤနေရာသို့သာ တန်းလာခဲ့ကြသည်။
လက်ရှိ ဤနေရာတွင် စုဝေးနေသည့် ကျင့်ကြံသူ အရေအတွက်သည် ဧကရာဇ်ဥယျာဉ် ပွင့်စဉ်က ကောင်းကင်ကံကြမ္မာမြို့၌ စုဝေးခဲ့သည့် ကျင့်ကြံသူအရေအတွက်ထက်ပင် အများကြီး ပိုများနေပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၉၂)
ဧကရာဇ်ဥယျာဉ် ပွင့်ခဲ့စဉ်က ဧကရာဇ်ကျောက်စိမ်း အရေအတွက်မှာ အတော့်ကိုမှ နည်းပါးလှသည့်အတွက် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်သည့်လူ များများစားစား မရှိခဲ့ချေ။ သို့သော် ဤဂိုဏ်းပျက်ကြီးဆီကိုမူ လူတိုင်း လာနိုင်ပေသည်။ ကျဆုံးဧကရာဇ်တောင်တွင် ဧကရာဇ်ဖိအား မရှိတော့သဖြင့် လူတိုင်းသည် ကျဆုံးဧကရာဇ်တောင်၏ အတွင်းပိုင်းဆီသို့ အပြေးလာပြီး ဤနေရာဆီသို့ လာနိုင်ကြသည်။
ထို့ကြောင့် ရှေးဟောင်းဂိုဏ်းပျက်ကြီးရှေ့တွင် စုစည်းနေသည့် ကျင့်ကြံသူ အလွန်များနေရခြင်း ဖြစ်သည်။ ထို့အပြင် ဤနေရာတွင် စုဝေးနေသည့် လူများသည် မဟာ အင်အားစုကြီးများမှ ပညာရှင်များ သက်သက်ပင် မဟုတ်ကြချေ။ အလယ်အလတ် အင်အားစုများ၊ အဆင့်နိမ့် အင်အားစုများလည်း ပါပေသည်။ သို့သော်လည်း တိုက်ခိုက်ခံရ၊ အသတ်ခံရမည်ကို စိုးရိမ်ကြသည့် အတွက်ကြောင့် အင်အားစုကြီးများမှ ပညာရှင်များနှင့်တော့ တစ်တန်းတည်း သွားရပ်မနေရဲကြပေ။
လက်ရှိတွင် ရာပေါင်းများစွာသော တန်ခိုးရှင်အဆင့် ပညာရှင်များသည် ဂိုဏ်းပျက်ကြီးအား ကာကွယ်ထားသည့် အစီအရင်အား အားတက်သရော တိုက်ခိုက်နေကြသည်။ တိုက်ခိုက်မှုပေါင်းစုံ၊ သိုင်းပညာရပ် ပေါင်းစုံ ထွက်ပေါ်နေခဲ့သည်။ ထိုတိုက်ခိုက်မှုးများကြောင့် အကာအရံ၏ မျက်နှာပြင်ထက်တွင် လှိုင်းတွန့်ပေါင်းများစွာ တရစပ် ထွက်ပေါ်လာခဲ့နေခဲ့သည်။ သို့တိုင် အကာအရံမှပင် တုတ်တုတ်မျှပင်မလှုပ်။ တန်ခိုးရှင်အဆင့် ရာပေါင်းများစွာ၏ ရက်ပေါင်း နှစ်ဆယ်ကြာအောင် ပူးပေါင်းတိုက်ခိုက်မှုကို ခံနေရသည့်တိုင် အကာအရံသည် ပျက်စီးသွားခြင်း မရှိသေးချေ။
သို့သော်လည်း ထိုပညာရှင်များ၏ တိုက်ခိုက်မှု အလဟဿ ဖြစ်မသွားခဲ့ချေ။ အချိန် အတော်ကြာအောင် တိုက်ခိုက်နေပြီးနောက် ဂိုဏ်းအား ကာကွယ်ထားသည့် အကာအရံသည် စတင်၍ မတည်မငြိမ် ဖြစ်လာနေခဲ့လေပြီ။
အချို့လူများသည် တိုက်ခိုက်ခြင်းကို အာရုံစိုက်နေကြချိန် အုပ်စုဖွဲ့၍ အဆင့်နိမ့် အင်အားစုများကို လိုက်လံမောင်းထုတ်ပစ်နေသည့် အဖွဲ့တစ်ဖွဲ့လည်း ရှိပေသည်။ ထိုအဖွဲ့သည် အင်အားစုကြီးများ အကျိုးအမြတ် များများရရှိစေဖို့ရာ သေချာနိုင်ရန်အတွက် လူအရေအတွက်ကို လျော့ချနေခြင်း ဖြစ်သည်။ သို့သော်လည်း အကာအရံအား အဓိက အားသွန်ခွန်စိုက် ဖျက်စီးထားသူမှာ သူတို့သာ ဖြစ်သည့်အတွက်ကြောင့် အချောင်လူများမှ သူတို့ကြိုးစားမှု အသီးအပွင့်အား ခိုးယူသွားမည်ကို သူတို့ မလိုလားကြပေ။
အခြေအနေကို နားမလည်ဘဲ ရှေ့တက်လာသည့်လူတိုင်း ချွင်းချက်မရှိ အသတ်ခံရပေမည်။
အခြေအနေ အကြောင်းကြောင်းကို မသိသော လူများစွာသည် ထိုအဖွဲ့၏ လက်၍ အသတ်ခံခဲ့ရသည်။ နောက်ကျမှ ရောက်လာသော လူများမှာမူ ထိုအကြောင်းကို ကြားပြီးနောက် ရှေ့တက်မသွားရဲကြတော့ဘဲ အပြင်ဘက်စွန်းတွင်သာ ရပ်နေကြတော့လေသည်။ ရှေးဟောင်း ဂိုဏ်းပျက်ကြီးထဲတွင် ရှိနေသည့် အဖိုးတန်ရတနာများ မည်မျှပင် စွဲမက်ဖွယ်ကောင်းစေကာမူ ဤလောကတွင် အရေးအကြီးဆုံးသည် မိမိ၏ အသက်သာ ဖြစ်သည်။
အားကောင်းသော နောက်ခံမရှိသည့် လူများသည် ဂိုဏ်းပျက်ကြီးနှင့် ဆယ်မိုင်အကွာတွင် ရပ်နေရုံသာ တတ်နိုင်ခဲ့သည်။ သူတို့လည်း ဤပွဲတော်ကြီးတွင် ဝင်ရောက် ဆင်နွှဲချင်သော်လည်း ဆင်နွှဲရန် အရည်အချင်း မပြည့်မှီသဖြင့် အပြင်ဘက်တွင်သာ အံကြိတ်ကြိတ်နှင့် စောင့်နေခဲ့ရ၏။
“တကယ်ကြီး ကြီးကျယ်တဲ့ အခမ်းအနားကြီးပါးလား။ အရိပ်ကြယ်ပေါ်က အင်အားစုတွေ အကုန်လုံးနီးပါးကို ဒီလို စုစုစည်းစည်းနဲ့ မြင်ရဖို့ တကယ် မလွယ်ဘူး” လူအုပ်ထဲတွင် ရပ်နေသော လူထွားကြီး တစ်ယောက်က ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်။
“တောသား” သူ့စကားကို ကြားသော် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် မနီးမဝေးတွင် ရှိနေသော လူအိုကြီးက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်၏ “အရိပ်ကြယ်ပေါ်က ပညာရှင် အရေအတွက်က ဒီလောက်ပဲ ရှိလိမ့်မယ်လို့ မင်းထင်နေတာလား။ အင်အားစုကြီးတွေက သူတို့ လူအင်အားရဲ့ တစ်ဝက်လောက်ကိုပဲ ပို့လိုက်တာ။ အကုန် ပို့လိုက်တာ မဟုတ်ဘူး။ ပြီးတော့ ဒီကို ထပ်လာနေတဲ့လူတွေ ရှိသေးတယ်”
“ခွေးအိုကြီး၊ ဘာလဲ ခင်ဗျား တိုက်ခိုက်ချင်နေတာလား။ ဒီအဖေက ကိုယ့်စိတ်ထဲရှိတာပဲ ကိုယ်ပြောနေတာ။ ခင်ဗျားသောက်ပူ မပါဘူး” လူထွားကြီးက ပြန်အော်ဆဲလိုက်လေသည်။ အထဲ မဝင်ရသည့်အတွက် ဒေါသထွက်နေသည်ကိုမှ လူအိုကြီး၏ လှောင်ပြောင်စကားကြောင့် အနာပေါ် တုတ်ကျသည့်နှယ် တရှူးရှူးတရှဲရှဲ ဖြစ်သွဦးခဲ့သည်။
လူအိုကြီးသည် လူထွားကြီးအား စောင့်ငဲ့၍သာ တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ထပ်ပြန်ပြောမနေခဲ့ပေ။
လူအိုကြီး၏ အထင်တသေး အကြည့်ကို မြင်သော် လူထွားကြီး ပို၍ ဒေါသထွက်သွားပြီး ထိတိုက်ခိုက်တော့မည်အပြု၊ ရုတ်တရက် သူ့ရှေ့တွင် အလင်းတစ်ချက် လက်သွားပြီး လူငယ်လေး တစ်ယောက် ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
လူထွားကြီး အံ့အားသင့်သွားခဲ့ပြီး ထိုလူငယ်လေးကို ကြောင်ကြည့်နေမိလိုက်သည်။ သူ့စိတ်ထဲ ထိုလူငယ်လေးကို ရင်းနှီးနေသလို ခံစားမိသည်။ သို့သော် ထိုလူငယ်လေးကို မည်သည့် နေရာတွင် တွေ့ခဲ့ဖူးမှန်း မပြောတတ်နိုင်အောင် ဖြစ်နေခဲ့သည်။
“လူတွေ အများကြီးပါလား…” လူငယ်လေးသည် ဘေးပတ်လည်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။
လူထွားကြီးက ပြန်ပြောလိုက်လေသည် “များမှာပေါ့။ အကုန်လုံးက အထဲသွားပြီး ကောင်းတာလေး တစ်ခုခုလောက် လိုချင်နေတာကြတာကိုး။ ရောင်းရင်း ဘယ်ကလာတာလဲ”
လူငယ်လေးက ပြုံးလျက် “အပြင်ဘက်ကနေ လာတာ။ အခုလေးတင်မှ ဒီနေရာအကြောင်း သတင်းကြားလို့ အပြေးလာခဲ့တာ။ ကျုပ်သွားနှင့်ပြီနော်”
ပြောပြီးသည်နှင့် ရှေ့တည့်တည့်သို့ ပျံသန်းသွားလေသည်။
“မိတ်ဆွေလေး နေး” ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးက အလျင်စလို လှမ်းအော်ပြောလိုက်သည်။ သို့သော် လူငယ်လေး ထွက်သွားသည်မှာ မြန်လွန်းလှသဖြင့် အချိန်မှီ မတားလိုက်နိုင်ခဲ့ပေ။
“ဒီကောင်လေးတော့သွားပြီ” လူအိုကြီးက ခေါင်းတခါခါနှင့် ပြောလိုက်သည်။ လူငယ်လေးသည် အတော်လေး အသက်ငယ်သေးပြီး သူ့ကျင့်ကြံခြင်းမှာလည်း အတော်လေး မြင့်ပေသည်။ သို့သော်လည်း ဂိုဏ်းအား ကာကွယ်ထားသည့် အစီအရင်ဆီ သွားမှဖြင့် ထိုလူများ၏ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
“ဘာလို့ အသတ်ခံရမှာလဲ။ သူအထဲတောင် ဝင်လို့ရချင် ရသွားဦးမှာ” လူထွားကြီးက ပြန်ပြောလိုက်သည်။
ဟိုးတစ်ခါက ကောင်းကင်ကံကြမ္မာမြို့တော်တွင် သူရှိနေစဉ် ထို့မြို့တစ်ခုလုံး ဗြောင်းသတ်သွားသည့် အဖြစ်နှင့် ကြုံခဲ့ရသည်။ ထိုကဲ့သို့ မြို့တစ်ခုလုံး ဗြောင်းဆန်ရခြင်းမှာ အဓိက တရာခံမှာ နဂါးလိုဏ်ဂူတောင်၏ သခင်ဖြစ်သော ရန်ကိုင်ဆိုသည့် လူငယ်လေး ဖြစ်ကြောင်း သူသိခဲ့ရလေသည်။ မြို့တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်ခဲ့သော်ငြား ထိုလူငယ်လေးကို မည်သူကမှ လိုက်လံဖမ်းဆီးခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားခဲ့သည်။
ရန်ကိုင်ဆိုသော ထိုလူငယ်လေးသည် ယနေ့တွင် အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေခဲ့လေပြီ။
“မင်းဘာပြောချင်တာလဲ” လူအိုကြီးက လူထွားကြီးအား မယုံသင်္ကာအကြည့်ဖြင့် ကြည့်လျက် “အထဲဝင်သွားဖို့ လုပ်တဲ့လူတွေမှ အများကြီးပဲ။ ဒါပေမယ့် ဘယ်သူ ဝင်သွားခွင့် ရလို့လဲ။ ဝင်လို့မရတဲ့ အပြင်ကိုမှ အသတ်တောင် ခံလိုက်ရသေးတယ်။ သူတို့ အလောင်းတွေဆို အခုထိ သွေးတောင် ခြောက်သေးတာ မဟုတ်သေးဘူး။ အဲ့ဒါကို အဲ့ကောင်လေး အသက်ရှင်မယ်လို့ မင်းဘယ်လိုတောင် ထင်တာလဲ”
“ဟဲဟဲ၊ ကြည့်သာ ကြည့်နေစမ်းပါ။ သူဖြတ်သွားနိုင်ရင် ဒီအဖေကို ခင်ဗျား တောင်းပန်ရမယ်” လူထွားကြီးက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“သူအသတ်ခံလိုက်ရမယ် ဆိုရင်ကော” လူအိုကြီးက မျက်လုံးမှေးစဉ်း၍ ပြန်ပြော၏။
“ဒီအဖေ ဒူးထောက်ပြီး ခင်ဗျားဖိနပ်ကို လျက်ပေးမယ်၊ ဟုတ်ပြီလား” လူထွားကြီးက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
သူ့စကားသံကြောင့် အကုန်လုံး၏ အာရုံသည် လူထွားကြီးဆီသို့ စုပြုံ ရောက်ရှိလာခဲ့လေသည်။
“ကောင်းပြီလေ။ လောင်းကြတာပေါ့” လူအိုကြီးက ပြန်ပြောလိုက်သည်။ ဂိုဏ်းပျက်ကြီးဆီသို့ မည်သူမှ မလာနိုင်အောင် ကာကွယ်နေသော အဖွဲ့အား လူငယ်လေး ဖြတ်ကျော်သွားနိုင်လိမ့်မည်ဟု သူမထင်ချေ။
လူအိုကြီးနှင့် လူထွားကြီး၏ အလောင်းအစားကြောင့် အကုန်လုံး၏ အာရုံသည် ရန်ကိုင် အပေါ်သို့ စုပြုံရောက်ရှိနေခဲ့သည်။ အင်အားစုကြီးများမှ စုဖွဲ့ထားသော အဖွဲ့ကို ထိုလူငယ်လေး မည်ကဲ့သို့ ဖြတ်ကျော်သွားမည်လဲ ဆိုသည်ကို အကုန်လုံး သိချင်နေမိကြသည်။
တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် အလျင်အမြန် သတိပြုမိသွားခဲ့သည်။
ချင်းတုန်နှင့် ဆက်သွယ်ရေး မှော်ရတနာမှ တစ်ဆင့် ဆက်သွယ်ပြီးနောက် ဤနေရာအကြောင်း အကြမ်းဖျင်း သိလိုက်ရသော်လည်း လက်ရှိ အခြေအနေသည် သူထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေခဲ့သည်။
သူပြေးထွက်သွားပြီး မကြာခင်မှာပင် တန်ခိုးရှင်အဆင့် ခုနှစ်ယောက်၊ ရှစ်ယောက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ သူ့လမ်း ပိတ်ရပ်လာခဲ့သည်။ အဖွဲ့ဝင်အားလုံးသည် မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြပေသည်။
ထိုအဖွဲ့ထဲတွင် ရန်ကိုင် မှတ်မိသည့် ဝတ်စုံသုံးစုံ ရှိနေခဲ့သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အဖွဲ့သားများ ဝတ်ဆင်သည့်ဝတ်စုံ၊ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ အဖွဲ့သားများ ဝတ်စုံနှင့် မြူနှင်းမှုန်နန်းတော်မှ အဖွဲ့သားများ ဝတ်ဆင်သည့် ဝတ်စုံတို့ပင် ဖြစ်သည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် ပြောစရာမလိုအောင်ကို အရိပ်ကြယ်၏ ထိပ်တန်းအင်အားစုကြီး နှစ်ခုဖြစ်ပြီး မြူနှင်းမှုန်နန်းတော်မှာမူ အရိပ်လခန်းမနှင့် ယှဉ်ပြိုင်နိုင်သော ပထမအဆင့် အင်အားစုတစ်ခု ဖြစ်သည်။
ကျန်လူများသည် မည်သည့် အင်အားစုမှ ပညာရှင်များ ဖြစ်သလဲ ဆိုသည်ကို သူမပြောနိုင်သော်လည်း ရောက်လာသည့် လူအားလုံးသည် အနည်းဆုံး တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့ကြသည်။
ထိုလူများသည် ရန်ကိုင်နှင့် မီတာတစ်ထောင် အကွာတွင် ရပ်လျက် သူ့အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေကြသည်။ ချက်ချင်းဆိုသလို အဖွဲ့ထဲမှ မီးခိုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက် ရှေ့ထွက်လာပြီး မပြောမဆိုနှင့် သူ့ဆီသို့ မီးနီရောင် သန်းနေသော ဓါးတစ်ချောင်း လှမ်းပစ်လိုက်သည်။
ဓါးအမြန်နှုန်းမှာ ကြောက်မခန်းလိလိပင်။
တစ်ဖက်လူဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သည်နှင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး ခရမ်းရောင်ဒိုင်းကို ချက်ချင်းထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်ရ၏။
ဘုန်း…
ဓါးသွားနှ၍့် ခရမ်းရောင်ဒိုင်းတို့ ထိပ်တိုက် တွေ့သွားသည့်အခိုက် ပြင်းထန်သော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့သည်။ မီးနီရောင်အလင်းများသည် ရန်ကိုင် ရှိနေသည့် နေရာအား အပြည့်အဝ ဖုံးလွှမ်းသွားသဖြင့် ရန်ကိုင် ဘာဖြစ်လို့ ဖြစ်သွားမှန်း မည်သူမှ မမြင်ရတော့ချေ။
မီးခိုးရောင်ဝတ်ရုံဝတ် လူအိုကြီးသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့ဓါးကို ပြန်ခေါ်လိုက်ကာ ယခင် ရန်ကိုင် ရပ်နေခဲ့သည့် နေရာအား ထူးမခြားနားဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
ရန်ကိုင် သေပြီဟု သူထင်နေခြင်းပင်။ ရန်ကိုင်သည် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသည့်အတွက် သူ့တိုက်ကွက်ကို မည်သို့မှ မခုခံဣိုင်ဟု ထင်နေသည်။ သို့သော် မကြာမီ လူအိုကြီး မျက်မှောင်ကြုတ်ဿွားခဲ့လေသည်။
အလင်းရောင်တို့ ပျောက်ကွယ်သွားပြီးနောက်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ ခရမ်းရောင်ဒိုင်းသည် သူ့ရှေ့တွင် ပိတ်ကာထားဆဲ။ သူခန္ဓာကိုယ်ထက် မည်သည့် ဒဏ်ရာမှ မတွေ့ရသော်လည်း သူ့မျက်နှာမှာမူ ရေခဲတမျှ အေးစက်နေခဲ့သည်။
ရောက်ရောက်ချင်း မပြောမဆိုနှင့် ဗြုန်းစားကြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်လေရာ ရန်ကိုင် ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။
“ခင်ဗျား ဒါဘာလုပ်တာလဲ” ရန်ကိုင်က မီးခိုရောင်ဝတ်ရုံဝတ် လူအိုကြီးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။
“ငါဘာလုပ်တာလဲ ဟုတ်လား” မီးခိုးရောင်ဝတ်ရုံဝတ် လူအိုကြီးက နှာခေါင်းရှုံလျက် “ငါ့တာဝန် ငါလုပ်တာလေ။ ဒီနေရာကို ဖြတ်သွားဖို့ ကြိုးစားတဲ့လူတိုင်း အသတ်ခံရမယ်။ မင်းလည်း ချွင်းချက်မဟုတ်ဘူး”
အောက်ဘက်ရှိ သေဆုံးနေသော အခြားကျင့်ကြံသူများ၏ အလောင်းများကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်ဿွားခဲ့လေသည်။
မီးခိုရောင်ဝတ်ရုံဝတ် လူအိုကြီးသည် သူ့ထက် ကျင့်ကြံခြင်း တစ်ဆင့်နိမ့်သော ရန်ကိုင်ကို တစ်ချက်တည်းနှင့် အသေမသတ်လိုက်နိုင်သဖြင့် အနည်းငယ် ရှက်နေခဲ့သည်။ ထို့ကြောင့် ရှက်ရှက်နှင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်တော့မည်အပြု၊ နောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ခဏနေဦး”
မီးခိုရောင်ဝတ်ရုံဝတ် လူအိုကြီးလည်း လက်ပြန်ရုတ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ဆံဖြူလူအိုကြီး တစ်ဦးကို တွေ့လိုက်ရသည် “အစ်ကိုလျန် ဘာပြောချင်လို့လဲ”
မျိုးရိုးနာမည်လျန်နှင့် လူအိုကြီးသည် မီးခိုးရောင်ဝတ် လူအိုကြီး၏ အမေးကို ပြန်မဖြေဘဲ ရန်ကိုင်ကို ကြည့်၍သာ မေးလိုက်သည် “ဒီက ရောင်းရင်းက အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရန်ကိုင်လား မသိဘူး”
ရန်ကိုင်က ထိုလူအိုကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည် “ဟုတ်တယ်။ ကျုပ်က ရန်ကိုင်ပဲ”
“ဘယ်လို၊ ဒီကောင်လေးက အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား” ရန်ကိုင်အား ယခုလေးတင် တိုက်ခိုက်လိုက်သော မီးခိုးရောင်ဝတ် လူအိုကြီး အလန့်တကြား ဆိုလိုက်သည်။
သူ့လုပ်ရပ်အပေါ် သူနောင်တ ရချင်နေလေပြီ။
ရန်ကိုင်၏ ကျင့်ကြံခြင်း မည်သို့ပင် ဖြစ်နေစေကာမူ သူဦးဆောင်နေသည့် အထက် စကြာဝဠာဂိုဏ်းသည် လူတိုင်း အထင်မသေးရဲတော့သည့် အင်အားစုတစ်ခု ဖြစ်နေလေပြီ။ အထက်စကြာဝဠာဂိုဏ်း၌ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ရှိနေသည်ကို ထည့်မတွက်လျှင်ပင် ရန်ကိုင်၏ တိုက်ပွဲစွမ်းရည်သည် သူ့ကျင့်ကြံခြင်း အဆင့်ထက် အများကြီး သာလွန်သည်ဟု ကောလဟာလများ ရှိသည်။ ရန်ကိုင်အား တိုက်ခိုက်ခဲ့သည့် အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ လူအိုကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။
ရန်ကိုင်ဆိုသည့် လူငယ်လေးသည် သူတော်စင်ဘုရင် တတိယအဆင့်နှင့်ပင် တန်ခိုးရှင် အဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့သည်ဟု ကောလဟာလများ ထွက်ခဲ့သည်။ ယခု သူကျင့်ကြံခြင်းသည် တန်ခိုးရှင်အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်လေရာ သူ့တိုက်ပွဲစွမ်းရည်သည် အနည်းဆုံး တန်ခိုးရှင်တတိယအဆင့်အောက် နိမ့်ကျတော့လိမ့်မည် မဟုတ်ချေ။
မီးခိုးရောင်ဝတ် လူအိုကြီးသည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည်။ သူသာ ရန်ကိုင်နှင့် တကယ်တမ်း တိုက်ခိုက်လျှင် မရဏလမ်း မြန်းရမည့်လူသည် သူပြန်ဖြစ်သွားနိုင်၏။
သူ့အား အချိန်မှီ လှမ်းတားလိုက်သော အကြီးအကဲလျန်ကိုပင် ကျေးဇူးတင်မိသွားသည်။ မဟုတ်လျှင် သူဆိုးဆိုးရွားရွား အမှားကြီးတစ်ခုကို လုပ်မိလိုက်ပေလိမ့်မည်။
ထို့အပြင် လောလောဆယ်၌ အရိပ်ကြယ်ပေါ်ရှိ အင်အားစုတိုင်းသည် အထက် စကြာဝဠာဂိုဏ်းနှင့် မိတ်ဆွေ ဖွဲ့ချင်နေကြသည်။ သို့သော်လည်း ထိုဂိုဏ်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် အလွန်ကိုမှ ခက်ခဲပေသည်။
မီးခိုးရောင်ဝတ်စုံ ဝတ်ထားသည့် လူအိုကြီး၏ ဂိုဏ်းသည်လည်း အတူတူပင်။ သို့သော်ငြား ဂိုဏ်းမှ မိတ်ဆွေဖွဲ့ချင်နေသော လူကို သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သွားတိုက်ခိုက်ခဲ့၏။ တစ်ဖက် သူ့တို့ဂိုဏ်းအား အမြင်ကြည်တော့မည် မဟုတ်သည်မှာ သေချာသလောက် ရှိသွားလေပြီ။ ထိုအချက်ကို စဉ်းစားမိလိုက်သော် မီးခိုးရောင်ဝတ်ရုံဝတ် လူအိုကြီး စိုးရိမ်ပူပန်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၉၃)
“တကယ်ပဲ ဂိုဏ်းချုပ်ရန်ပဲ” လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည် “ရိုင်းပြမိသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်ရန်၊ ကျုပ်က ကောင်းကင်တိုက်ပွဲ အစည်းအရုံးရဲ့ အကြီးအကဲလျန်ရုန်ပါ”
ကောင်းကင်တိုက်ပွဲ အစည်းအရုံးလား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအင်အားစုကို ရန်ကိုင် ကြည့်မရချေ။ သူတို့ကြား ကတောက်ကဆများပင် ရှိခဲ့ဖူးသည်။ သို့သော် တစ်ဖက်လူက ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသဖြင့် သူဘက်ကလည်း ရိုင်းပြနေ၍ မဖြစ်ပေ။ အလိုက်အထိုက်တော့ ပြန်ပြောပေးရပေမည်။ ထို့ကြောင့် “ရန်ကိုင် အကြီးအကဲလျန်ကို နှုတ်ဆက်ပါတယ်”
“အင်း” လျန်ယန် မျက်နှာထက်ရှိ အပြုံး ပို၍ ကြင်နာသယောင် ထင်လာရသည်။ သို့သော် ရန်ကိုင် အမြင်တွင် ထိုအပြုံးသည် အတော်လေးကို ထူးဆန်းနေသည်။ သို့သော် ဘာကြောင့် ထူးဆန်းနေမှန်း မပြောတတ်ချေ။ ထိုအပြုံးနှင့် ပက်သက်၍ တစ်ခုခု မူမမှန်သည်ဟူ၍သာ သူ့စိတ်ထဲ ခံစားနေရသည်။ သူအဖြေမထုတ်နိုင်သေးခင်မှာပဲ လျန်ရုန်က သူ့နားတွင် ရပ်နေသော လူကို ညွှန်ပြ၍ ပြောလိုက်သည် “ဒါက မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် စီတုဟုန်လေ။ ဂိုဏ်းချုပ်ရန် သူ့အကြောင်းကို ကြားဖူးမှာပေါ့”
“အင်း၊ ကြားဖူးတယ်” နှစ်ယောက်စလုံးသည် အရိပ်ကြယ်၏ နာမည်ကျော် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြပေသည်။ ယခင်က သူတို့ နာမည်ကိုသာ ကြားဖူးခြင်းဖြစ်ပြီး ယခုမှသာ ကိုယ်တွေ့ မြင်ဖူးခြင်းဖြစ်သည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် ရေနှင့်မီးကဲ့သို့ အမြဲမတည့်ကြသည့် အင်အားစုများ မဟုတ်ကြသော်လည်း သင့်မြတ်သည့် အင်အားစုများလည်း မဟုတ်ကြချေ။ ထိုသို့ဆိုလျှင် သူတို့ အင်အားစုနှစ်ခု ဘာကြောင့် အတူ ပူးပေါင်းနေရသနည်း။ လက်ရှိ အခြေအနေနှင့် ပက်သက်၍ အနည်းငယ် ထူးဆန်းနေသလိုလို ရန်ကိုင် ခံစားနေရသည်။ သို့သော် ဂိုဏ်းပျက်ကြီးအား ကာကွယ်ထားသည့် အစီအရင်ကို လှမ်းမြင်လိုက်သည့်အခါ အကြောင်းစုံကို အလျင်အမြန် နားလည်သွားခဲ့လေသည်။
ထာဝရ ရန်သူဟူ၍ မရှိ။ အကျိုးအမြတ်သာ ရမည်ဆိုလျှင် ကမ္ဘာမကြေ ရန်သူများပင် မိတ်ဆွေကောင်းများ ဖြစ်သွားကြနိုင်သည်။ လက်ရှိ အခြေအနေသည် ထိုစကားပုံကို အကောင်းဆုံး သရုပ်ဖော်ထားခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ကို ကျုပ်တို့ တားချင်လို့ တားချင်နေတာ မဟုတ်ပါဘူး။ ဂိုဏ်းချုပ်ရန်လည်း လက်ရှိ အခြေအနေကို မြင်တာပဲ။ အရိပ်ကြယ်က အင်အားစုကြီးတွေ စုပေါင်းပြီး အကာအရံကို ချိုးဖျက်ထားတာ ဆိုတော့ အခြားသူတွေကို ဘယ်ဝင်ခွင့် ပေးချင်ပါ့မလဲ။ ဒါကြောင့် ကျုပ်တို့တွေ စုပေါင်းပြီး အခြားသူတွေ ဝင်မလာအောင် တားဆီးနေတာ။ ခွင့်ပြုချက် မရှိဘဲ ဝင်လာတဲ့ လူအားလုံးကို တိုက်ခိုက်ဖို့ ကျုပ်တို့ကို အမိန့်ပေးထားပြီးသား။ ဒါကြောင့် ရောင်းရင်းယုကို ခွင့်လွှတ်ပေးဖို့ ဂိုဏ်းချုပ်ရန်ကို တောင်းဆိုပါတယ်။ သူလည်း အမိန့်အရ လုပ်နေရလို့ပါ” လျန်ရုန်က အခြေအနေအကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏ “ဘာမှမဖြစ်ပါဘူး။ ကျုပ်လည်း ဒဏ်ရာရသွားတာမှ မဟုတ်တာ”
လျန်ရုန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး “ဂိုဏ်းချုပ်ရန်က တကယ်ကို သဘောထား ကြီးမားတာပဲ။ အခုလို သဘောထားကြီးမားပေးတဲ့အတွက် ဂိုဏ်းချုပ်ရန်ကို ဒီလျန် ကျေးဇူးတင်ပါတယ်”
မျိုးရိုးနာမည်ယုနှင့် လူအိုကြီးကလည်း အလျင်စလို တောင်းပန်လိုက်လေသည်။
“အကြီးအကဲချုပ်၊ အခု ဒီထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးတာလား” ရန်ကိုင်က မေးလိုက်သည်။ ယခင်က ကျဆုံးဧကရာဇ်တောင်သည် မည်သူမှ ပိုင်ဆိုင်ခြင်းမရှိသော နေရာတစ်ခု ဖြစ်သည်။ ယခု အင်အားစုကြီးများ အတူပူးပေါင်းပြီး ဤတောင်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ကာ ရသမျှ ရတနာအားလုံးကို သူတို့အိတ်ထဲ သွတ်သွင်းနေသည်ကို ကြည့်ရသည်မှာ ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ မသက်မသာ ဖြစ်မိသည်။
သို့သော်လည်း အင်အားစုကြီးများ အတူပူးပေါင်းထားခြင်း ဖြစ်သည့်အတွက် သူ့ကိုယ်သူ ဘုံရန်သူဖြစ်အောင် ထိုလူများကို သွားကန့်လန့်တိုက်၍ မဖြစ်ချေ။
“ဟုတ်တယ်။ လွန်ခဲ့တဲ့ လဝက်တုန်းက အဲ့သဘောတူညီချက် လုပ်ခဲ့တာ” လျန်ရုန်က အသာအယာ ခေါင်းညိတ်လိုက်လေသည် “ဒီနေရာကို စောင့်ကြပ်ဖို့အတွက် ကျုပ်တို့အားလုံးကို အထက်က စေလွှတ်လိုက်တာ”
“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
သို့သော် လျန်ရုန်က ရုတ်တရက် ပြုံးလျက် “ဒါပေမယ် ဘယ်သူမှ ဝင်လို့ မရတာတော့ မဟုတ်ဘူး။ ကျုပ်တို့ ခုနှစ်ယောက်ရဲ့ သဘောတူညီချက်ကို ရတဲ့ ဘယ်သူမဆို ဝင်လို့ရတယ်”
“အို။ အဲ့လိုဆို ကျုပ်ဘယ်လိုလုပ်ရမလဲ” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။
“အဲ့ဒါက နည်းနည်းတော့ ခက်လိမ့်မယ်” လျန်ရုန်သည် အနည်းငယ် အခက်တွေ့သွားဟန်ဖြင့် နားထင်ကို ပွတ်သပ်၍ ပြောလိုက်လေသည် “ဂိုဏ်းကို ကာကွယ်ထားတဲ့ အစီအရင် ပျက်စီးတော့မယ် ဆိုတာ ချဲ့ကားပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက် အခုအချိန် ဝင်သွားရင် အခြားသူတွေရဲ့ အသီးအပွင့်တွေကို အမြတ်ထုတ်သလို ဖြစ်သွားမှာပေါ့။ ဟုတ်တယ်မလား။ ဒါကြောင့် အခုအချိန် ဝင်သွားတဲ့ ဘယ်သူမဆို တန်ဖိုးတစ်ခုတော့ ပြန်ပေးရလိမ့်မယ်။ မဟုတ်ရင် မမျှဘူးလေ”
သူပြောသည်မှာ မှန်ပေသည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ရာနှင့်ချီကာ အကာအရံအား တိုက်ခိုက်နေသည်မှာ လဝက်ခန့် ရှိနေခဲ့လေပြီ။ ထို့ကြောင့် ဂိုဏ်းအား ကာကွယ်ထားသည့် အစီအရင်လည်း ပျက်စီးဖို့ရာ သိပ်မလိုလောက်တော့ချေ။ အကာအရံ ပျက်စီးခါနီးမှ နောက်ထပ်လူတစ်ယောက် ရောက်လာပြီး သူတို့ ကြိုးစားစိုက်ပျိုးထားသည့် အသီးအပွင့်များအား မျှဝေယူမည့်အဖြစ်ကို ထိုလူများ မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။
“ဘယ်လို တန်ဖိုးမျိုးလဲ” ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီး “အကြီးအကဲလျန် ပြောကြည့်လေ။ ကျုပ်တတ်နိုင်တဲ့ တန်ဖိုးဆိုရင် ပေးမှာပေါ့”
သို့သော်ငြား လျန်ရုန်က ရယ်သာရယ်လိုက်ပြီး “ဂိုဏ်းချုပ်ရန် ဒါမျိုး လုပ်နေစရာ မလိုပါဘူး။ အခြားတစ်ယောက်သာ ဆိုရင်တော့ တန်ဖိုးကြီးကြီး တောင်းလိုက်မှာ။ ဒါပေမယ့် အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ဂိုဏ်းချုပ်ရန် ကိုယ်တိုင် ရောက်လာတာဆိုတော့… ဘာမှမလိုတော့ပါဘူး။ အထက်စကြာဝဠာဂိုဏ်း ကိုယ်တိုင်က အင်အားစုကြီးတစ်ခုပဲလေ။ ဒါကြောင့် ဒီကိစ္စမှာ ဝင်ပါဖို့ အရည်အချင်း ပြည့်မှီတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ဂိုဏ်းချုပ်ရန်က ဘယ်သူကိုမှ ခေါ်မလာဘဲ တစ်ယောက်တည်း ရောက်လာဆိုတော့ ဂိုဏ်းချုပ်ရန်ကို ကျုပ် ချွင်းချက် ထားပေးရမှာပေါ့”
ရန်ကိုင် အံ့အားသင့်သွားပြီး ခေါင်းစောင်းလျက် ပြန်မေးလိုက်လေသည် “အဲ့ဒါက အကြီးအကဲလျန်အတွက် အဆင်ပြေပါ့မလား”
ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်မိနေသည်။ တစ်ဖက်လူ သူ့အပေါ် ဘာကြောင့် ဒီလောက် ကောင်းနေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်နေလေသည်။ သူနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် သင့်မြတ်ခြင်း မရှိသည့်အပြင်ကိုမှ ရန်သူများပင် ဖြစ်နေသေးသည်။ ထိုသို့ဆိုလျှင် လျန်ရုန် ဘာကြောင့် သူ့အပေါ် အလွန် ကောင်းနေရသနည်း။
လျန်ရုန်က ရယ်သွမ်းသွေးလျက် “ဒါက ဒီလူအိုကြီးရဲ့ သဘောထားလေ။ ဒါပေမယ့် အခုကိစ္စက ဒီလူအိုကြီး တစ်ယောက်တည်းရဲ့ သဘောထားနဲ့မှ မရတာ။ ဂိုဏ်းချုပ်ရန် အထဲဝင်ခွင့် ရမရက ကျန်တဲ့လူတွေရဲ့ သဘောထားပေါ်မှာ မူတည်နေသေးတယ်လေ”
ပြောပြီးသည့်နောက် သူ့ဘေးတွင် ရပ်နေသော ပညာရှင် ခြောက်ယောက်ကို ကြည့်လိုက်သည်။
ထိုကျင့်ကြံသူ ခြောက်ယောက် အခက်တွေ့နေဟန်ဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မကြာမီ မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ဖြစ်သော စီတုဟုန်က ခေါင်းညိတ်၍ ပြောလိုက်၏ “ဂိုဏ်းချုပ်ရန် တစ်ယောက်တည်းပဲ ဆိုတော့ ဒီလူအိုကြီးလည်း သွားခွင့်ပေးလိုက်ပါမယ်လေ”
ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းပင် သဘောတူနေလေရာ အခြာအင်အားစုများ ဘာပြောနိုင်တော့မည်နည်း။ သူတို့အားလုံးကို လျန်ရန်ုနှင့် စီတုဟုန်မှ အဖွဲ့ကို ဦးဆောင်နေခြင်း ဖြစ်သဖြင့် ကျန်လူများလည်း ချက်ချင်း သဘောတူလိုက်ကြလေသည်။
“အဲ့လိုဆိုမှတော့ ဒီရန် အားလုံးကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်သည် အားလုံးကို လက်သီးဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ထိုခုနှစ်ယောက် အဖွဲ့ကို ဖြတ်ကျော် ပျံသန်းသွားလေသည်။
“ဂိုဏ်းချုပ်ရန် ရောက်လာပြီဆိုမှတော့ ကျုပ်တို့ကိုကူပြီး အကာအရံကို ဖျက်စီးပေးပါဦး။ ဒီအကာအရံကို မြန်မြန် ဖျက်စီးနိုင်လေ ကျုပ်တို့အတွက် ပိုကောင်းလေပဲ” လျန်ရုန်က လှမ်းအော်ပြောလိုက်သည်။ သို့သော် ရန်ကိုင်မှာ မီတာထောင်နှင့်ချီ အကွာသို့ ရောက်နေပြီ ဖြစ်သဖြင့် သူပြောသည်ကို ကြားမကြား မည်သူမှ မသိကြပေ။
ထိုကဲ့သို့ လှမ်းအော်ပြောလိုက်ပြီးနောက် လျန်ရုန်သည် စီတုဟုန်အား အဓိပ္ပါယ်ပါပါ ပြုံးလျက် ကြည့်လိုက်သည်။
ရန်ကိုင် ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ ထွက်လာကြောင်းကို သူတို့ မကြာသေးခင်က သတင်း ရခဲ့သည်။ သို့သော်လည်း ရန်ကိုင်နောက်သို့ တောက်လျှောက် ခြေရာခံ လိုက်လာပြီးနောက် ရန်ကိုင် ကျဆုံးဧကရာဇ်တောင်ထဲသို့ ဝင်သွားကြောင်း သိလိုက်ရသည်။ ကျဆုံးဧကရာဇ်တောင်ရှိ ပြောင်းလဲမှုများကို သတိပြုမိလိုက်သည့် နောက်တွင် အင်အားစုနှစ်ခုမှ ကျင့်ကြံသူအားလုံး ဤနေရာ၌ လာရောက် စုဝေးခဲ့ကြသည်။
ရန်ကိုင်အား မဖမ်းနိုင်မည်ကို စိုးရိမ်နေစဉ်မှာပဲ၊ ရန်ကိုင်သည် သူတို့ရှေ့သို့ သူ့ဘာသာ ရောက်ချလာခဲ့သည်။
ထိုကောင်လေးသည် မိုးနှင့်မြေသို့ သွားရာလမ်းမရှိတော့။ သေမင်းခံတွင်းသို့ သူ့ဘာသာ သက်ဆင်းလာသဖြင့် သူ့သေခြင်းအပေါ် မည်သူ့ကိုမှ အပြင်မတင်သင့်တော့ချေ။
သို့သော်လည်း ဤနေရာသည် လှုပ်ရှားလို့ကောင်းသည့် နေရာတစ်ခုမဟုတ်၊ လှုပ်ရှားမည်ဆိုလျှင် ရန်ကိုင်အား ထွက်မပြေးနိုင်အောင် တားထားနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိ။ ထို့ကြောင့် အကောင်းဆုံး ရွေးချယ်စရာသည် ထိုကောင်လေးအား အထဲသို့ အရင်ဦးစွာ ဝင်သွားခိုင်းလိုက်စေပြီးမှ လှုပ်ရှားခြင်းပင် ဖြစ်လေသည်။
ရန်ကိုင်မှ ဤနေရာသို့ မဝင်ဘူးဆိုလျှင်ပင် လျန်ရုန်မှ သူ့အား ဖိတ်ခေါ်ပေဦးမည်။ စီတုဟုန်လည်း အတူတူပင်။ ထို့ကြောင့် ရန်ကိုင် အထဲသို့ ဝင်ချင်နေသည်ကို သူတို့ နှစ်ဦးစလုံး မတားခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်ကလည်း လျန်ရုန်၏ အပြုအမူ အနည်းငယ် ထူးခြားနေမှန်း သတိပြုမိသည်။ ဤလောကကြီးတွင် မည်သည့် အရာကိုမှ အလကားမရချေ။ တန်ဖိုးတစ်ခုကို လိုချင်တိုင်း တစ်ခုခုကို ပြန်လည် ပေးဆပ်တတ်ရသည်။ သို့သော် သူ့စွမ်းရည်အပေါ် ယုံကြည်ချက်ရှိသည့် အတွက်ကြောင့် လျန်ရုန်တို့ ဆင်ထားမည့် ထောင်ချောက်ကို ကြောက်မနေခဲ့ပေ။
ဂိုဏ်းပျက်ကြီးအား ကာကွယ်ထားသည့် အစီအရင်ရှေ့သို့ ရောက်သည်နှင့် တစ်ခုသော နေရာဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
သူပျံသန်းသွားသည့် နေရာသည် ချင်းတုန်နှင့် ဖေးကျီတုတို့ ရှိနေသည့် နေရာဖြစ်သည်။
“အကြီးအကဲချင်း, မြို့သခင်ဖေး” ရန်ကိုင်က မြေကြီးပေါ်သို့ ဆင်းပြီးသည်နှင့် လှမ်းအော်ခေါ်လိုက်သည်။
ခေါ်သံကြားသဖြင့် နှစ်ဦးစလုံး နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ ရန်ကိုင် မြင်သော် ချင်းတုန် ပြုံးသွားခဲ့ပြီး “ရန်ကိုင်၊ မင်းလည်း ဒီရောက်နေတာလား”
“ဟုတ်တယ်။ မတော်တဆ ရောက်လာတာ။ အစက ကောင်းကင်ကံကြမ္မာမြို့ဆီ သွားပြီး ခင်ဗျားတို့ နှစ်ယောက်ကို သွားရှာတာ။ ဒါပေမယ့် ခင်ဗျားတို့ ဒီရောက်နေမယ်လို့ မထင်ထားဘူး”
“ဘာလုပ်ဖို့ ငါတို့ကို ရှာတာလဲ”
“ကိစ္စသေးသေးလေးပါပဲ။ ဘာမှဒီလောက် အရေးမကြီးဘူး။ အခုကိစ္စပြီးမှ အဲ့ကိစ္စကို ဆွေးနွေးလို့ရတယ်” ရန်ကိုင်က ရယ်မောလိုက်သည်။
“အင်း။ ဒါပေမယ့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းက လူတွေ ဘာလို့ မင်းကို ဝင်ခွင့်ပြုလိုက်တာ။ ဒါနည်းနည်းတော့ ထူးဆန်းတယ်။ ဝင်လာတဲ့ လူအားလုံးကို သတ်ပစ်ဖို့ သူတို့ကို အမိန့်ပေးထားပြီးသားကို”
“ကျုပ်မလည်း မသိဘူး”
“မင်းလည်း ရောက်နေမှတော့ တစ်ခါတည်း လာကူလိုက်ပါလား။ ဒီအကာအရံကြီးက အရမ်း အားကောင်းလွန်းတယ်ကွာ။ ဒီလောက်တောင် တိုက်ခိုက်နေတာတောင် အခုထိ မပျက်စီးနိုင်သေးဘူး။ ရှင်းရှင်းပြောရရင် ဒီအကာအရံက မင်းတို့ နဂါးလိုဏ်ဂူတောင်က အစီအရင်ထက် အများကြီး ပိုအားကောင်းတယ်” ဖေးကျီတုက ဝင်ပြောလိုက်သည်။
“ဟုတ်တယ်”
သုံးယောက်စလုံး စကား ဆက်မပြောကြတော့ဘဲ အစီအရင်အား တိုက်ခိုက်ရာတွင် ပြန်အာရုံစိုက်လိုက်ကြလေသည်။
ဖေးကျီတုသည် သူ၏ လက်စွဲတော် ကျောက်စိမ်းပြာ ပန်းကန်လုံးခြင်း တိုက်ခိုက်နေပြီး ချင်းတုန်ကမူ ဓါးတိုလေးတစ်ချောင်းဖြင့် တိုက်ခိုက်နေသည်။ ရန်ကိုင်သည်လည်း ငြိမ်မနေခဲ့။ ရွှေရောင်သွေးမျှင်များကို ထုတ်ကာ အစီအရင်ကို တိုက်ခိုက်လေသည်။
လောလောဆယ် သူ့၌ တိုက်ခိုက်ရေး မှော်ရတနာ နှစ်ခုရှိသည်။ တစ်ခုသည် နဂါးစိမ်းဓါး ဖြစ်ပြီး နောက်တစ်ခုသည် ရှေးဟောင်းလိုဏ်ဂူစံအိမ်မှ ရလာသည့် မြှားတိုလေး ဖြစ်သည်။ မြှားတိုလေး၏ စွမ်းအားကို စမ်းသပ်နိုင်မည့် အခွင့်အရေး အခုထိ မရသေးသော်လည်း ထိုမှော်ရတနာကို ဤနေရာတွင် သုံးလိုက်၍ မဖြစ်ချေ။
နဂါးစိမ်းဓါးသည် နဂါးဝိဥာဉ် ကိန်းအောင်းနေသော မှော်ရတနာ တစ်ခုဖြစ်သည့်အတွက် အသုံးပြုလိုက်လျှင် အများအာရုံစိုက်စရာ ဖြစ်လာပေလိမ့်မည်။ ငှက်မွှေးဝိဥာဉ်မြှားမှာမူ အားပြန်ဖြည့်ရသည့် မှော်ရတနာတစ်ခု ဖြစ်သည်။ ထိုမှော်ရတနာကို နှစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အသုံးပြုပြီးသွားပြီသည်နျင့် သူတော်စင်ချီဖြင့် အားပြန်ဖြည့်ရပေလိမ့်မည်။ ထို့ကြောင့် ဤနေရာတွင် ထိုမှော်ရတနာ နှစ်ခုစလုံးကို အသုံးပြု၍ မဖြစ်ချေ။
ထို့ကြောင့် ရွှေရောင်သွေးမျှင်များကိုသာ ထုတ်သုံးခဲ့ရသည်။
ယခင်လများအတွင်း နတ်ဆိုးသွေးမျှင်ပညာရပ်၏ ဒုတိယအပိုင်းကို လေ့လာထားသည့် အတွက် ရွှေရောင်သွေးမျှင်ဖြင့် တိုက်ကွက်များ ဖန်တီးကာ တိုက်ခိုက်နိုင်နေလေပြီ။ ယခု လက်ရှိ အခြေအနေသည် သူလေ့ကျင့်ထားသည့် ရွှေရောင်သွေးမျှင် တိုက်ကွက်ကို စမ်းသပ်ရမည့် အခွင့်အရေးပင်။
ရန်ကိုင်မှ ရွှေရောင်သွေးမျှင်များကို ပစ်လွှတ်လိုက်သည်နှင့် ချင်းတုန်နှင့် ဖေးကျီတုတို့ မျက်ခုံးပင့်သွားပြီး ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“ဖေးအိုကြီး၊ အဲ့ရွှေရောင် အမျှင်တန်းတွေက သွေးနတ်ဆိုးကျောင်းတော်ရဲ့ နတ်ဆိုးသွေးမျှင်ကျင့်စဉ်နဲ့ မတူဘူးလား” ချင်းတုန်က မယုံသင်္ကာဖြင့် မေးမြန်းလိုက်သည်။ သွေးနတ်ဆိုးကျောင်းတော်မှ အကြီးအကဲများနှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ထိုကျင့်စဉ်အကြောင်း ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်ကို မြင်လိုက်သည်နှင့် တန်းအစဖော်လိုက်နိုင်ခြင်း ဖြစ်သည်။
“တူတာတောင် မဟုတ်တော့ဘူး။ ကွက်တိကြီးလိုကို ဖြစ်နေတာ” ဖေးကျီတုလည်း အံ့အားသင့်နေခဲ့သည် “ဒါပေမယ့် သွေးနတ်ဆိုးကျောင်းတော်ရဲ့ ကျောင်းသခင်က နတ်ဆိုးသွေးမျှင် နှစ်မျှင်ပင် ကျင့်ကြံထားနိုင်တာ။ ကျင်းရှီဆိုလျှင် တစ်မျှင်ပဲ ကျင့်ကြံနိုင်သေးတယ်။ ဒါပေမယ့် ရန်ကိုင်မှာရှိတဲ့ သွေးမျှင်တွေက… အနည်းနည်း များလွန်းမနေဘူးလား” ဘ၃ ဘ၃
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၉၄)
သွေးမျှင် ဆယ်ချောင်းကျော်ပင်။ ထိုမျှ များပြားသော သွေးမျှင်များကို မည်သည့် နည်းနှင့်များ ဖန်တီးထားလေသနည်း။ နတ်ဆိုးသွေးမျှင်ကျင့်စဉ်ကို သူတို့ မကျင့်ကြံဖူးသော်ငြား ထိုပညာရပ်၏ လိုအပ်ချက်များကို သိထားပေသည်။ ထိုပညာရပ်သည် မိမိ၏သွေးအား တစ်ဝက်တစ်ပျက် မှော်ရတနာဖြစ်သော သွေးမျှင်ဖြစ်သည်အထိ သိပ်သည်းရသော ပညာရပ် တစ်ခုဖြစ်သည်။ သွေးနတ်ဆိုးကျောင်းတော်မှ အလွန်အားကောင်းသူများပင်လျှင် ထိုမျှ သွေးမျှင်အများကြီး မဖန်တီးနိုင်ကြပေ။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင် အမျိုးသမီးသည် အများရွံ့ရှာသည့် ယန်ဖြင့် ယင်ကို အားဖြည့်သောနည်းလမ်းကို သုံး၍ အသက်စွမ်းအင် အဆီအနှစ်များ ဖန်တီးကာ ထိုအသက်စွမ်းအင်များကို သုံး၍ သွေးမျှင် ဖန်တီးခဲ့သည်။ သို့တိုင် သူမပင်လျှင် သွေးမျှင်နှစ်မျှင်ကိုသာ ဖန်တီးနိုင်ခဲ့ပေသည်။ ရန်ကိုင် အနေဖြင့် ထိုမျှ များပြားသော သွေးမျှင်များကို ဖန်တီးရန်အတွက် အသက်စွမ်းအင် မည်မျှပင် လိုအပ်ခဲ့လိမ့်မည်နည်း။ သူ့ပုံစံကို ကြည့်ရသည်မှာလည်း အားနည်းနေသည့်ပုံမပေါ်။ ဒေါင်ဒေါင်မြည်နေ၏။ ထို့အပြင် သူ့အသက်စွမ်းအင်သည် သူတို့ထက်ပင် အများကြီး ပိုအားကောင်းနေသေးသည်။
သူတို့ တကယ်ကို မတွေးတတ်တော့ချေ။
ရန်ကိုင်၏ ပညာရပ်သည် သွေးနတ်ဆိုးကျောင်းတော်၏ နတ်ဆိုးသွေးမျှင် ပညာရပ်နှင့် ပုံစံတူခြင်းသာ ဖြစ်လေသလော။
ရန်ကိုင်တွင် ထို့ထက်ပိုမို များပြားသော ရွှေရောင်သွေးမျှင်များ ရှိနေသေးသည်ကို သူတို့ မသိခဲ့ချေ။ ရန်ကိုင် ယခုထုတ်သုံးထားသည်ကား သူ့တွင် ရှိနေသော ရွှေရောင်သွေးမျှင်များ၏ တစ်စိတ်တစ်ပိုင်းလောက်သာ ဖြစ်သည်။
အသက်ရေစင်ကို ရပြီးသည့်အချိန်မှစ၍ ရွှေရောင်သွေးမျှင်များကို ရန်ကိုင် တောက်လျှောက် ဖန်တီးခဲ့သည်။ ရွှေရောင်သွေးစက်များကို ဖန်တီးပေးနိုင်သည့် အသက်ရေစင် ရှိနေမှဖြင့် ဘာကို ပူနေစရာလိုဦးမည်နည်း။ ရန်ကိုင်လည်း စိတ်ကြိုက် ဖန်တီးသည်ပေါ့။
ရွှေရောင်သွေးမျှင် ဆယ်မျှင်ကျော်သည် အကာအရံအားသည် သွားမတိုက်ခိုက်သေးဘဲ တွန့်လိမ်လျက် သွေးမျှင်ကြီးတစ်မျှင်တည်း အဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။ ထို့သွေးမျှင်သည် တဆတ်ဆတ် တုန်ခါနေပြီးနောက် ငါးမီတာအရှည်ရှိသော လှံတံတစ်ချောင်းအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းသွားလေသည်။
ထို့နောက် ရွှေရောင်အဝင်းတို့ တောက်ပစွာ လက်ဖြာနေသော ရွှေရောင်လှံတံသည် အကာအရံအား ပြေးတိုက်လေသည်။
ဘုန်း…
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရွှေရောင်လှံတံ၏ ထိပ်ဖျားသည် ပေါ့အိအိ ပူပေါင်းတစ်လုံးထဲ ရောက်သွားသည့်နှယ် အကာအရံထဲသို့ နစ်ဝင်သွားခဲ့လေသည်။ အကာအရံအား ဖောက်ထွက်သွားခြင်းတော့ မရှိခဲ့ပေ။ သို့သော်လည်း ထိုမြင်ကွင်းကို ကြည့်နေသည့် ချင်းတုန်နှင့် ဖေးကျီတုတို့မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။
နှစ်ယောက်စလုံး အကာအရံအား တိုက်ခိုက်နေခဲ့သည်မှာ လဝက်ခန့်မျှ ရှိနေပြီ ဖြစ်သဖြင့် အကာအရံ မည်မျှ အားကောင်းကြောင်း ကောင်းကောင်း သိသည်။ သို့သော် ရန်ကိုင်သည် တိုက်ကွက် တစ်ကွက်တည်းဖြင့် အကာအရံအား ကျွံဝင်သွားအောင် လုပ်နိုင်လေရာ သူ့တိုက်ကွက် မည်မျှ အားကောင်းကြောင်း သိနိုင်ပေသည်။ သူ့တိုက်ကွက်ကို ကြည့်ရင်း ချင်းတုန်နှင့် ဖေးကျီတုတို့ တုန်ရီသွားခဲ့ကြသည်။
သို့သော်လည်း ဂိုဏ်းအား ကာကွယ်ထားသည့် အကာအရံဟာလည်း ပေါ့သေးသေးမှ မဟုတ်လေဘဲ။ ရန်ကိုင်သည် အကာအရံအား ကျွံဝင်အောင်သာ လုပ်နိုင်ခဲ့ပြီး မည်သို့ပင် ကြိုးစားကြိုးစား ဆက်ပြီး မထိုးဖောက်နိုင်ခဲ့ချေ။ အကာအရံထဲသို့ အတိုင်းအတာတစ်ခုအထိ ကျွံ့ဝင်ပြီးသွားသည့်နောက်တွင် ရွှေရောင်လှံတံသည် ပြင်းထန်သော တန်ပြန်အားကြောင့် နောက်သို့ ပြန်ကန်ထွက်လာခဲ့လေသည်။
ရန်ကိုင်၏ အမူအရာမှာမူ ရှေးဟောင်းကန်ရေပြင်ကဲ့သို့ အကြွင်းမဲ့ တည်ငြိမ်နေခဲ့သည်။ ပြန်ကန်ထွက်လာသော ရွှေရောင်လှံတံအား ရွှေရောင်သွေးမျှင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီး နောက်ထပ် ပုံစံတစ်ခုဖြစ်သော ဧရာမပုံစံကြီးအဖြစ်သို့ ထပ်ပြောင်းလိုက်သည်။
ဧရာမပုဆိန်ကြီးသည် ကြောက်မခန်းလိလိ အရှိန်အဟုန်ဖြင့် အကာအရံပေါ်သို့ စီးမိုးခုတ်ပိုင်းလာခဲ့လေသည်။
ရွှေရောင်သွေးမျှင်များအား အခြားပုံစံများအဖြစ်သို့ မည်ကဲ့သို့ ပြောင်းလဲရမည်လဲ ဆိုသည်ကို နတ်ဆိုးသွေးမျှင်ပညာရပ်၏ ဒုတိယအပိုင်းတွင် မှတ်တမ်းတင်ထားပေသည်။
ရွှေရောင်သွေးမျှင်များကို ပုံစံတစ်ခုပြီးတစ်ခု အသွင်ပြောင်း စမ်းသပ်နေခဲ့ရာမှ ရန်ကိုင်သည် ပတ်ဝန်းကျင်ကိုပင် မေ့လျော့သွားခဲ့ပြီး ရွှေရောင်သွေးမျှင်အား ပုံစံပြောင်းသည့် အပေါ်တွင်သာ လုံးဝ စိတ်နစ်မျောသွားတော့သည်။
ရွှေရောင်သွေးမျှင် တစ်မျှင်၊ နှစ်မျှင်လောက် ရှိရုံဖြင့် ဤပညာရပ်၏ အစစ်အမှန် စွမ်းအားကို မထုတ်ဖော်နိုင်ချေ။ ရွှေရောင်သွေးစက် အများကြီး ရှိမှသာ ဤပညာရပ်၏ အစစ်အမှန် စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
သွေးနတ်ဆိုးကျောင်းတော်မှ မည်သည့် စီနီယာကများ ဤပညာရပ်ကို တီထွင်ခဲ့မှန်း ရန်ကိုင်မသိ။ သို့သော် အရိပ်ကြယ်၏ လောကနိယာမများ ကျင့်ကြံသူများအား တန်ခိုးရှင်ဘုရင် အဆင့်သို့ မတက်ရောက်အောင် စတင် ဖိနှိပ်လာခဲ့သည့် အချိန်မှစ၍ မည်သူမှ ဤပညာရပ်၏ အစစ်အမှန် စွမ်းအားကို မထုတ်ဖော်နိုင်တော့ချေ။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင် ဆိုလျှင်ပင် နတ်ဆိုးသွေးမျှင် နှစ်မျှင်ကိုသာ ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ဖန်တီးနေသည့် ပဥ္စလက်ဆန်ဆန် အသွင်ပုံစံအမျိုးမျိုးကို သူမ မဖန်တီးနိုင်ခဲ့ချေ။ ပုံစံအမျိုးမျိုး မဖန်တီးနိုင်သော်လည်း ဤပညာရပ်ကို အသုံး မပြုနိုင်သည်တော့ မဟုတ်။ အသုံးပြုနိုင်ပေသည်။ သွေးမျှင် နှစ်မျှင်လောက်ဖြင့် ဖန်တီးနိုင်သော ပုံစံများကို ဖန်တီးပြီး ရန်သူများကို တိုက်ခိုက်နိုင်ပေသည်။ ဥပမာ ပြရသော် မြွေများပင်။ သွေးနတ်ဆိုးကျောင်းတော်သည် ဧကရာဇ်ဥယျာဉ်ထဲတွင် သူမ၏ သွေးမျှင်အား မြွေများ အဖြစ်သို့ ပြောင်းလဲ၍ လောကရတနာကို ချုပ်နှောင်ခဲ့ဖူးသည်။
နတ်ဆိုးသွေးမျှင် ပညာရပ်၏ ဒုတိယအပိုင်းတွင် သွေးမျှင်များအား သားရဲပုံစံသို့ မည်ကဲ့သို့ အသွင်ပြောင်းရမည်လဲ ဆိုသည်ကို ပြောပြထားပေသည်။ သို့သော် ရန်ကိုင် အနေဖြင့် သူ့ရွှေရောင် သွေးမျှင်များကို မွန်းစတားသားရဲ ပုံစံအဖြစ်သို့ မပြောင်းလဲနိုင်သေးပေ။
အကြောင်းသည်ကား သွေးမျှင်များကို မွန်းစတားသားရဲ အသွင်ပုံစံသို့ ပြောင်းလဲရန် ကိုယ်အသွင်ပြောင်းလဲလိုသည့် မွန်းစတားသားရဲ၏ ဝိဥာဉ်နှင့် မွန်းစတားအမြူတေကို လိုအပ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင်သည် လက်ရှိတွင် ရွှေရောင်သွေးမျှင်များအား အမျိုးမျိုးသော လက်နက်များ အဖြစ်သို့ ပြောင်းလဲ၍သာ တိုက်ခိုက်နေခဲ့သည်။
အစပိုင်းတွင် သွေးမျှင်များကိုသုံး၍ လက်နက်များအား ဖန်တီးရာတွင် သိပ်ပြီး မကျွမ်းကျင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အမျိုးမျိုးသော လက်နက်များကို ရန်ကိုင် ပုံစံဖော်လာနိုင်ခဲ့သည်။
ချင်းတုန်နှင့် ဖေးကျီတုတို့သည် ရန်ကိုင်အား သွားမနှောင့်ယှတ်ကြဘဲ အံ့ဩတကြီး အမူအရာများဖြင့်သာ ဘေးမှရပ်ကြည့်နေခဲ့ကြသည်။ ရန်ကိုင် ပုံစံအရ သူ့သွေးမျှင်များအား အသွင်ပြောင်းခြင်းအား လေ့ကျင့်ရာတွင် စိတ်နစ်နေသည့်ပုံစံ ပေါက်နေသဖြင့် သူတို့ သူ့အား သွားမနှောင့်ယှတ်ခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းဂိုဏ်းပျက်ကြီးအား ကာကွယ်ထားသည့် အကာအရံသည် တန်ခိုးရှင်အဆင့် ရာပေါင်းများစွာ၏ တိုက်ခိုက်ခြင်း ခံနေခဲ့ရသည်မှာ လဝက်ခန့် ရှိနေခဲ့လေပြီဖြစ်သည့် အတွက် ကျိုးပျက်ဖို့ရာ သိပ်မလိုတော့ချေ။ ထို့ကြောင့် ရန်ကိုင် ရောက်လာပြီး နှစ်ရက်အကြာတွင် အစီအရင်ဆီမှ အက်သံ ယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့သည်။ တိုးတိုးလေးသာ ဖြစ်သော်လည်း ရှိနေသည့် လူအားလုံး အသေအချာ ကြားလိုက်ကြရသည်။
အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ဂိုဏ်းအား ကာကွယ်ထားသည့် အကာအရံပေါ်၌ အက်ရာသေးသေးလေး တစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ အကုန်လုံး စိတ်အားတက်ကြွကုန်ကြလေသည်။
အက်ကြောင်းသေးသေးသာ ဖြစ်သော်လည်း ထိုအက်ကြောင်းလေးသည် အကာအရံ တောင့်ခံထားနိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်ကြောင်းကို မီးမောင်းထိုးပြနေခဲ့သည်။ သူတို့သာ ဆက်တိုက်ခိုက်နေသရွေ့ မနှောင်းသော အချိန်အတွင်း အကာအရံ ပျက်စီးသွားပေလိမ့်မည်။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် အကုန်လုံး အကာအရံအား ပို၍ တက်ကြွစွာ တိုက်ခိုက်ကြတော့လေသည်။
ခရက်…
မကြာမီ အက်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ နွေခေါင်ခေါင် လယ်ကွင်းပြင်ထဲ ပက်ကြားအက်သည့်နှယ် မရေမတွက်နိုင်သော ပင့်ကူမျှင်အိမ်ကဲ့သို့ အက်ကွဲကြောင်းများ အကာအရံတစ်လျှောက် ပထမဆုံး ထွက်ပေါ်လာသော အက်ရာကို ဗဟိုပြု၍ အဘက်သို့သို့ ဖြန့်ကျက်ထွက်ပေါ်လာခဲ့လေသည်။
ရုတ်တရက် ပြင်းထန်သော ဖိအားတစ်ရပ် ထွက်ပေါ်လာသည့် အတွက်ကြောင့် တိုက်ခိုက်နေသည့် လူအားလုံး ရပ်တန့်လိုက်ပြီး ထိုဖိအား ထွက်ပေါ်လာသည့် နေရာဆီ လှမ်း၍ ကြည့်လိုက်ကြသည်။
လှမ်းကြည့်လိုက်သည့်အခိုက် ရှေးဟောင်းနတ်ဘုရားတစ်ပါးမှ အရှိန်ညီးညီး တောက်ပနေသော အလင်းစွမ်းအင်လုံးကို လက်ထဲတွင် စွဲကိုင်လျက် မြေကမ္ဘာပေါ်သို့ ဖြည်းဖြည်းချင်း သက်ဆင်းလာသည့်နှယ် ကောင်းကင်ထက်မှ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာနေသော အပြာရောင်ဝတ်ရုံ ဝတ်ထားသည့် ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရ၏။
ချက်ချင်းဆိုသလို ထိုအပြာရောင်ဝတ်ရုံဝတ် လူကြီးသည် လူအများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့လေသည်။
“ချူကျန်းရဲ့ နေမီးလျှံစည်းက တကယ် ကြောက်ဖို့ကောင်းတာပဲ” ဖေးကျီတုက ထိုအပြာရောင်ဝတ်ရုံဝတ် လူကြီးကို ကြည့်ရင်း ပြောလိုက်သည်။
“အဲ့လူက ကောင်းကင်တိုက်ပွဲအစည်းအရုံးရဲ့ ဂိုဏ်းချုပ်လား” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။
“ဟုတ်တယ်” ချင်းတုန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ထိတ်လန့်နေသည့် လေသံဖြင့် “သူလည်း အရိပ်ကြယ်ရဲ့ ထိပ်တန်းပညာရှင်တွေထဲက တစ်ယောက်ပဲ။ ငါက တန်ခိုးရှင်တတိယ အဆင့်ဆိုပေမယ့် သူနဲ့ ယှဉ်တိုက်မယ်ဆိုရင် နိုင်နိုင်ချေ နှစ်ဆယ်ရာခိုင်နှုန်းတောင် မရှိဘူး”
ကျင့်ကြံခြင်းအဆင့် တူကြသော်လည်း ကျင့်ကြံထားသည့် ကျင့်စဉ်၊ လျှို့ဝှက်နည်းစနစ်များ၊ သိုင်းပညာရပ်များနှင့် အသုံးပြုသည့် မှော်ရတနာများ ကွာခြားသည့် အတွက်ကြောင့် ခွန်အား မတူညီသည့် ကျင့်ကြံသူ အများကြီးပင်။ ထို့ကြောင့် တန်ခိုးရှင်တတိယအဆင့်ချင်း အတူတူ ဖြစ်သည့်တိုင် ချုကျန်းနှင့် အဆင့်တူ ဖြစ်သည်ဟု သူ့ကိုယ်သူ မပြောဝံ့ခြင်း ဖြစ်သည်။
ရန်ကိုင်သည် အကောင်းဆုံး ဥပမာ ဖြစ်ပေသည်။ သူသည် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော်လည်း အဆင့်တူအတွင်း သူ့အား ယှဉ်တိုက်နိုင်သည့်လူ တစ်ယောက်မှ မပေါ်သေးချေ။
သူတို့ စကားနေပြာနေစဉ်တွင် ချူကျန်းသည် မီတာထောင်ပေါင်းများစွာ အမြင့်သို့ ပျံတက်သွားခဲ့ပြီး သူ့လက်ထဲရှိ အလင်းဘောလုံးလေးကို အောက်သို့ လွှတ်ချလိုက်သည်။
အလင်းဘောလုံးလေးသည် အလေးချိန် မရှိသည့်နှယ် အောက်သို့ ဖြည်းဖြည်းချင်း ပြုတ်ကျလာနေခဲ့သည်။
နှေးလိုက်တာ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုပုံစံအတိုင်းသာဆိုလျှင် နေမီးလျှံစည်းသည် လုံးဝကို ကြောက်စရာမကောင်းတော့ချေ။ ထိုမျှ နှေးနှေးဖြင့် သွားနေလေရာ အကုန်လုံး အလွယ်တကူ ရှောင်သွားနိုင်ပေသည်။ ထိအောင် မတိုက်ခိုက်နိုင်မျှဖြင့် အဖျက်စွမ်းအား ပြင်းထန်လျှင်ကော ဘာအရေးနည်း။
သို့သော် ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ယောက်စလုံး ထိုပညာရပ်ကို အတော်လေး လန့်နေကြသဖြင့် သူတို့တွင် ထိုပညာရပ်အား လန့်နေရသည့် အကြောင်းအရင်း ရှိရပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် အလင်းလုံးကို သေချာ အာရုံစိုက်ကြည့်လိုက်၏။
မကြာမီ ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အောက်သို့ ဖြည်းဖြည်းချင်း ကျလာနေသော နေမီးလျှံစည်းသည် ခဏအကြာတွင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး အကာအရံနားတွင် ရုတ်တရက် ပြန်ပေါ်လာခဲ့၏။
မီတာထောင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင် မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ဆိုမိလိုက်သည် “လေဟာနယ် စွမ်းအားလား”
မကြာမီ ခေါင်းခါ၍ ထိုခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။ နေမီးလျှံစည်းသာ လေဟာနယ်စွမ်းအားကို ထုတ်သုံးလိုက်ခြင်း ဖြစ်မည်ဆိုပါက ဟင်းလင်းပြင်စွမ်းအင်လှိုင်းများ လှုပ်ခတ်သွားသည်ကို သူအာရုံခံမိရပေလိမ့်မည်။ လောလောဆယ် ဤနေရာတွင် သူနှင့် လေဟာနယ်တာအိုတွင် ယှဉ်နိုင်သည့်လူ တစ်ယောက်မှ မရှိလေဘဲ။ လေဟာနယ်တာအိုကို ကျင့်ကြံထားသော ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ မိုရှောင်ရှန်းပင်လျှင် သူနှင့်အတွေ့၌ လက်မှိုင်ချ အရှုံးပေးခဲ့ရသည်။
လေဟာနယ်စွမ်းအားကို သုံးသွားခြင်းသည် နေမီးလျှံစည်းကကို အလွန်မြန်ခြင်း ဖြစ်ရမည်။ အစောပိုင်းက သူတို့ မြင်ခဲ့ရသော ဖြည်းဖြည်းချင်း ကျနေသည့် နေမီးလျှံစည်းသည် ၎င်း၏နောက်၌ ထင်ကျန်ရစ်ခဲ့သည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အရှိန်ကော၊ အဖျက်စွမ်းအားက ထိပ်တန်းဖြစ်သဖြင့် ထိုပညာရပ်သည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြော၍ရသည်။ ရန်ကိုင်ပင် ထိုကဲ့သို့သော တိုက်ကွက်နှင့် တိုက်ခိုက်ခြင်း ခံလိုက်ရပါက မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်ပေသည်။
ရန်ကိုင်ခေါင်းထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားစဉ် နေမီးလျှံစည်းသည် အကာအရံအား သွားရောက် ထိမှန်ခဲ့သည်။ သို့သော် ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခြင်း မရှိဘဲ အသံ တိုးတိုးလေး တစ်သံ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဖြာထွက်လာသော မျက်စိကျိန်းမတတ် အလင်းတန်းများကြောင့် အကုန်လုံး သူတို့၏ မျက်လုံးအသီးသီးကို ပိတ်ကာလိုက်ကြရသည်။
ထို့အပြင် ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းများမှာလည်း အလွန် ပြင်းထန်လှ၏။ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်ကုန်ပြီး လေပြင်းများ တိုက်ခိုက်လာသည်။ ပေါက်ကွဲရာမှ ထွက်ပေါ်လာသော လေကြမ်းများကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကုန်ကြပြီး ကျောက်တုံး၊ ကျောက်ခဲများ လွင့်ပျံထွက်ကုန်ကြလေသည်။ ဆယ်မိုင်အကွာမှ စောင့်ကြည့်နေကြသော အားနည်းသည့် ကျင့်ကြံသူများမျှပင် ပေါက်ကွဲအားလှိုင်းကြောင့် လွင့်ထွက်ကုန်ကြလေသည်။
ခရက်…
အလင်းလုံး၏ ပေါက်ကွဲမှုနှင့်အတူ အက်သံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
အလင်းရောင် မှိန်ကျသွားချိန်၊ အကုန်လုံး မျက်လုံး ပြန်ပွင့်လာသည့်အခိုက်၊ ဂိုဏ်းအား ကာကွယ်ထားသည့် အကာအရံ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။
ချုကျန်းသည် ဝံ့ကြွားသည့် အမူအရာဖြင့် လေထဲတွင်ဝဲလျက် ရပ်နေခဲ့သည်။
ဂိုဏ်းအား ကာကွယ်ထားသည့် အစီအရင် ပျက်စီးသွားရခြင်းမှာ အားလုံး၏ ပူးပေါင်း ကြိုးစားမှုကြောင့်ဟု ပြော၍ရသော်လည်း အစီအရင်အား ပျက်စီးသွားစေမည့် နောက်ဆုံး တိုက်ကွက်အား ထုတ်ဖော်ခဲ့သူမှာ သူဖြစ်သည်။ ထို့ကြောင့် ချူကျန်း၏ ခွန်အားကို လူအများ လေးစားအံ့ဩကြရကုန်လေသည်။
မရေမတွက်နိုင်သော ချီးမွမ်းစကာများ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
“အကာအရံ ပျက်စီးသွားပြီဆိုတော့ ငါတို့လည်း အထဲ ဝင်ကြတာပေါ့။ အားလုံး ငါအရင် သွားနှင့်ပြီနော်” ပြောပြီးသည်နှင့် ရှေးဟောင်းဂိုဏ်းပျက်ထဲသို့ ချက်ချင်း ပျံသန်းဝင်သွားလေသည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ အခြားပညာရှင်များသည်လည်း သူ့နောက်မှ လိုက်ဝင်သွားခဲ့ကြသည်။
ချက်ချင်းဆိုသလို မိုးကြိုမုန်တိုင်းဂိုဏ်းမှ အဖွဲ့သားများလည်း ပြေးဝင်သွားကြသည်။
မဟာအင်အားစုကြီးနှစ်ခုမှ လူအားလုံး ဝင်သွားပြီးနောက်တွင် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များလည်း ပြေးဝင်သွားကြလေသည်။ လဝက်ခန့် ကြိုးစားစိုက်ပျိုးခဲ့ရသည့် သူတို့၏ အသီးအပွင့်များအား ခူးဆွတ်ရမည့် အချိန်သို့ ရောက်လာခဲ့လေပြီ။
ရန်ကိုင်၊ ဖေးကျီတုနှင့် ချင်းတုန်တို့လည်း လူအုပ်ကြီးနှင့်အတူ လိုက်ဝင်သွားခဲ့သည်။ ပတန်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် ချင်းတုန်သည် တစ်ဖက်သို့ ညွှန်ပြ၍ ပြောလိုက်သည် “အဲ့ဘက်ကို သွားကြမယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၉၅)
ကျဆုံးဧကရာဇ်တောင်ထဲရှိ ရှေးဟောင်းဂိုဏ်းပျက်ကြီးသည် အတော်လေးကို ကျယ်ပေသည်။ ဤဂိုဏ်းပျက်ကြီးသည် အထက်စကြာဝဠာဂိုဏ်းခန့် ကျယ်ပေသည်။ မိုးမြေစွမ်းအင်ဟာ ဆိုလျှင်လည်း အထက်စကြဝဠာဂိုဏ်းလောက် မသိပ်သည်းလျှင်ပင် အတော်လေးကို သိပ်သည်းသည်။
အင်အားစုကြီး တော်တော်များများ ဤနေရာကို လိုချင်လောက်သည်။ ဤကဲ့သို့သော နေရာမျိုးတွင်သာ ဂိုဏ်းတည်ဆောက်နိုင်လျှင် အနာဂတ်အတွက် တကယ်ကို အကျိုးအမြတ် ကြီးမားနိုင်ပေသည်။
ရန်ကိုင်တွင် အထက်စကြာဝဠာဂိုဏ်း ရှိပြီးသား ဖြစ်နေသည့်အတွက် ဤနေရာကို လိုချင်မနေတော့ချေ။ သို့သော်လည်း ဤကဲ့သို့သော နေရာကောင်းမျိုး မရှိသည့် ချင်းတုန်နှင့် ဖေးကျီတုတို့မှာမူ ဤနေရာကိုမြင်ပြီး အတော်လေး စိတ်လှုပ်ရှားနေကြသည်။
အရိပ်လခန်းမ၏ ဠာနချုပ်သည် အတော်လေးကိုမှ ကောင်းမွန်သည့် နေရာတွင် ရှိနေခြင်း ဖြစ်သော်လည်း သူတို့ ဠာနချုပ် ရှိနေသည့် နေရာသည် ဤနေရာယှဉ်လိုက်လျှင် မိုးနှင့်မြေနှယ် ကွာခြားသွားသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် အရိပ်လခန်းမ၏ ဠာနချုပ်ထက် အဆများစွာ ပိုမိုသိပ်သည်းပေသည်။ ဤနေရာတွင် ကျင့်ကြံရမည် ဆိုပါက သူတို့၏ တပည့်များ ပို၍ မြန်ဆန်စွာ တိုးတက်လာနိုင်ပေလိမ့်မည်။
သူတို့၏ ဠာနချုပ်တစ်ခုလုံးကို ဤနေရာသို့ ပြောင်းမလာနိုင်လျှင်ပင် ဤနေရာအား သူတို့၏ ဠာနချုပ်ခွဲအဖြစ် ပြောင်းလဲပစ်နိုင်လျှင် အဆင်ပြေပေသည်။
သို့သော်လည်း ဤနေရာကို လိုချင်လျှင် လွယ်လွယ်နှင့် မရနိုင်ချေ။ ဤကဲ့သို့သော နေရာမျိုးကို အင်အားစုတိုင်းလိုလိုက လိုချင်ကြသည်။ ထိပ်သီး အင်အားစုများ ဖြစ်ကြသော ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းပင် ချွင်းချက်မဟုတ်ချေ။ ထိုအင်အားစု နှစ်ခုရှိနေလေရာ အရိပ်လခန်းမအနေဖြင့် ဤနေရာအား မည်ကဲ့သို့ ရနိုင်တော့မည်နည်း။
အတွင်းပိုင်းသို့ ဆက်သွားနေသည်နှင့် ကြီးကျယ်ခမ်းနားသော နန်းတော်များ၊ အဆောက်အဦးများကို မြင်တွေ့လာခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင်အောင် အဆောက်အဦးများသည် အကောင်းအတိုင်းနီးပါး ရှိနေကြဆဲ။
ကျင့်ကြံသူပေါင်းများစွာတို့သည် ထိုနန်းတော်၊ အဆောက်အဦးများထဲ ဝင်ချေ၊ ထွက်ချေဖြင့် အဖိုးတန် ရတနာများ ရလိုရငြားဖြင့် ရှာဖွေနေကြသည်။
ရန်ကိုင်၊ ချင်းတုန်နှင့် ဖေးကျီတုတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ်ယောက် တစ်လမ်းစီ ခွဲထွက်သွားကြသည်။ လက်ရှိ အခြေအနေအရ တစ်ဦးချင်း ခွဲရှာခြင်းသည် အကောင်းဆုံး ဖြစ်သည်။
တစ်ဦးချင်း သွားချင်းသည် ပို၍ အန္တရာယ်များသည့်တိုင် ရတနာရှာလိုလျှင် စွန့်စားရမည်မှာ သဘာဝသာ ဖြစ်သည်။ ထို့အပြင် သူတို့၏ တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံခြင်းအရ ဘာကို ကြောက်နေရဦးမည်နည်း။
မကြာမီ နန်းတော်တစ်ခုအတွင်းမှ ရန်ကိုင် ထွက်လာခဲ့သည်။
နန်းတော်တစ်ခုလုံးကို ပတ်ရှာခဲ့သော်လည်း မည်သည့် အဖိုးတန်ပစ္စည်းမှ မတွေ့ခဲ့ရချေ။ ထို့အတွက် ရန်ကိုင် သိပ်အံ့ဩမနေခဲ့။ အထက်စကြာဝဠာဂိုဏ်းကို သူတို့ ရှာဖွေစဉ်ကလည်း ဤအတိုင်းပင်။ ဤကဲ့သို့သော ဂိုဏ်းများ၏ ဂိုဏ်းများသည် ကပ်ဘေး မကျရောက်လာခင် သူတို့၏ အဖိုးတန် ပစ္စည်းအားလုံးကို ယူပြီး ထွက်သွားသည့် အတွက်ကြောင့် မည်သည့် အဖိုးတန် ပစ္စည်းမှ မကျန်ခဲ့ခြင်း ဖြစ်လောက်သည်။
သို့သော်လည်း ထိုအချက်ကြောင့် စိတ်ဓါတ်ကျနေခြင်း မရှိဘဲ နောက်ထပ် နန်းတော်တစ်ခုဆီ ထပ်ဝင်ရှာလိုက်သည်။
ရန်ကိုင်မှ ရတနာများကို ရှာဖွေနေချိန်၊ ရှေးဟောင်းဂိုဏ်းပျက်ကြီးထဲရှိ တစ်နေရာရာတွင် အစိမ်းရောင်ဝတ်ရုံနှင့် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူကြီးနှစ်ယောက် ဦးဆောင်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ အဖွဲ့နှစ်ဖွဲ့ စုဝေးနေခဲ့ကြသည်။ ထိုအဖွဲ့နှစ်ဖွဲ့သည် ကောင်းကင် တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ဖန်ဖုန်းတို့ ဖြစ်ကြပေသည်။
လက်ရှိတွင် ချူကျန်းသည် သူ့လက်ထဲရှိ ဆက်သွယ်ရေးမှော်ရတနာမှ ပို့လာသော သတင်းကို နားစိုက်ထောင်နေခဲ့သည်။ နားထောင်ပြီးနောက် ခေါင်းမော့၍ ပြောလိုက်၏ “ဟိုကောင်က ဒီနေရာနဲ့ ဆယ်မိုင်အကွာမှာ ရှိနေတယ်။ ငါတို့ အလှုပ်ရှားကြတော့မလား”
ဖန်ဖုန်းက ခဏလောက် စဉ်းစားလိုက်ပြီး ပြန်မေးလိုက်သည် “ချင်းတုန်နဲ့ ဖေးကျီတုကော သူနဲ့ အတူတူ ရှိနေတာပဲလား”
“မရှိဘူး။ သူတို့ လမ်းခွဲသွားတယ်” ချူကျန်းက ပြန်ပြောလိုက်သည် “သူတို့ ရှိရင်တောင် ဘာဖြစ်လဲ။ သူတို့ နှစ်ယောက်တည်းနဲ့ ငါတို့ကို တားနိုင်မှာလား”
“အဲ့ဒါ ဟုတ်တယ် ဆိုပေမယ့် အဲ့နှစ်ယောက်က အရိပ်လခန်းမက၊ ငါတို့သာ သူတို့ကို တစ်ခုခု လုပ်လိုက်လို့ တော်ကြာ အရိပ်လခန်းမက…” ဖန်ဖုန်း အနည်းငယ် တုန့်ဆိုင်းနေမိ၏။
“အရိပ်လခန်းမက ဖြစ်တော့ကာ ဘာအရေးလဲ။ ဒီကိစ္စကို ဦးဆောင်နေတာ ငါတို့ မဟုတ်ဘူး။ ကြယ်ဧကရာဇ်တောင်က ဦးဆောင်နေတာ။ သူတို့အကြောင်း သူတို့ မသိရင် အရိပ်ကြယ်ပေါ်ကနေ အရိပ်လခန်းမဆိုတဲ့ အင်အားစုလည်း ပျောက်ကွယ်သွားရုံပေါ့”
“ဟုတ်တယ်” ဖန်ဖုန်း ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။
“အဖေ၊ အဲ့ကောင်က ချင်းတုန်၊ ဖေးကျီတုတို့နဲ့ ရင်းနှီးတော့ အဲ့နှစ်ယောက်ကို ဖမ်းပြီး သူ့ကို အကြပ်မကိုင်သင့်ဘူးလား” လူအုပ်ထဲမှ ထက်ရှသည့် မျက်ဝန်းအစုံဖြင့် လူငယ်လေး တစ်ယောက်က ပြောလိုက်သည်။ ထိုလူငယ်လေးသည် ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး ဆံပင်ကို ရွှေရောင်ကြိုးများဖြင့် စည်းနှောင်ထား၏။
ထိုကောင်လေးသည် အခြားလူမဟုတ်၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံ၏ သခင်လေးဖြစ်သည့် ချူချန်ဖုန်းသာ ဖြစ်ပေသည်။
ရန်ကိုင် ကောင်းကင်တိုက်ပွဲအစည်းအရုံကို ကြည့်မရသည်မှာ ချူချန်ဖုန်းကြောင့်လည်း ပါပေသည်။ ဤသကောင့်သာ အခြားသူများကို လူလိုမထင်ဘဲ သူ့ခြေထောက်အောက်ရှိ သူလုပ်ချင်သလို လုပ်နိုင်သည့် လူများဟု မှတ်ယူထားသည်။ သဲမီးတောက်နယ်မြေထဲတွင် ရန်ကိုင်ပင် သတ်ရန် ကြိုးစားခဲ့ဖူးပေသည်။
“အို” ချူကျန်း မျက်ခုံးပင့်သွားပြီး “ချင်းတုန်နဲ့ ဖေးကျီတုတို့ကို ဘာလို့ သွားဖမ်းရမှာလဲ။ အဲ့ခွေးအိုကြီးနှစ်ကောင်က ပေါ့သေးသေးမဟုတ်ဘူး။ တန်ခိုးရှင်တတိယအဆင့်တွေ။ ဖမ်းလို့ ခက်မယ့်ခက် သူတို့နှစ်ယောက်ကို ဖမ်းရတာ ဟိုကောင်လေးကို ဖမ်းရတာထက်တောင် ပိုခက်ဦးမယ်”
ဖန်ဖုန်းနှင့် အခြားသူများလည်း ချူချန်ဖုန်းအား နားမလည်နိုင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ချူချန်ဖုန်းက ရယ်မောလိုက်ပြီး ယပ်တောင်ကို ဖြန့်၍ ယပ်ခတ်လိုက်ရင်း “အဲ့လိုဆိုပေမယ့် သား သိသလောက် အဲ့ကောင်လေးက လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတယ်တဲ့။ သားတို့ဘက်က လူများတယ်ဆိုရင်တောင် သူထွက်မပြေးနိုင်အောင် တားဖို့က လွယ်မှာ မဟုတ်ဘူး”
“လေဟာနယ်စွမ်းအား။ အဲ့စွမ်းအားကို သူဘယ်ကနေ သင်လာတာလဲ” ချူကျန်းနှင့် ဖန်ဖုန်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြသည်။
“အကြီးအကဲချုပ် အဲ့အကြောင်း ပြောနေတုန်းက မတော်တဆ ကြားလိုက်တာ။ အကြီးအကဲချုပ်ကို အဖေကိုယ်တိုင် မေးကြည့်လိုက်ရင် ပိုကောင်းလိမ့်မယ်။ အကြီးအကဲချုပ်က ဒီအကြောင်းကို သားထက် ပိုသိတယ်” ချချန်ဖုန်းသည် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ လူအုပ်ထဲရှိ လူအိုကြီးတစ်ဦးကိုသာ လှမ်းကြည့်လိုက်သည်။ ထိုလူအိုကြီးသည် ကောင်းကင် တိုက်ပွဲအစည်းအရုံး၏ အကြီးအကဲချုပ် မိုရှောင်ရှန်းသာ ဖြစ်လေသည်။
မိုရှောင်ရှန်းသည် လူအုပ်ထဲမှ ရှေ့ထွက်လာလိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “သခင်လေး ပြောတာအမှန်ပဲ။ အဲ့ရန်ကိုင်ဆိုတဲ့ ကောင်လေးက လေဟာနယ် စွမ်းအားကို တကယ် ကျင့်ကြံထားတာ။ နဂါးလိုဏ်ဂူတောင် တိုက်ပွဲမှာတုန်းက အဲ့စွမ်းအားကို သုံးသွားခဲ့တာ။ အခြားသူတွေသာ သတိမပြုမိရင် သတိမပြုမိလိမ့်မယ်။ ကျုပ်ကတော့ လုံးဝ သတိမပြုမိစရာ အကြောင်းမရှိဘူး”
“သူတကယ်ကြီး လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတာလား” ချူကျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ လေဟာနယ်စွမ်းအားကို ကျင့်ကြံရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူကောင်းကောင်း နားလည်ပေသည်။
အကြီးအကဲချုပ် မိုရှောင်ရှန်းပင်လျှင် အခွင့်အရေး တစ်ခုခုနှင့် ကြုံကြိုက်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် လေဟာနယ်စွမ်းအားကို နားမလည်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သို့ပင်လျှင် ထို့နောက်ပိုင်း လေဟာနယ်စွမ်းအားကို ထို့ထက် ပိုနားလည်ကျွမ်းကျင်အောင် သူမကျင့်ကြံနိုင်တော့ချေ။ လေဟာနယ်စွမ်းအင်အပေါ် သူ၏ နားလည်မှုသည် လက်ရှိ ရောက်နေသည့် အဆင့်၌ တစ်ဆို့နေခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။
“အကြီးအကဲချုပ်၊ အဲ့ကောင်လေး လေဟာနယ်စွမ်းအားကို ဘယ်လောက်လောက် ကျွမ်းကျင်ထားလဲ”
“သူအဲ့နေ့က တစ်ကြိမ်လောက်ပဲ သုံးသွားတာ ဆိုတော့ နည်းနည်း ပြောရခက်တယ်။ ဒါပေမယ့် ဒီလူအိုကြီး အဆင့်လောက်တော့ ရှိလိမ့်မယ်” မိုရှောင်ရှန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် တွန့်သွားခဲ့သည်။ လက်ခံချင်သော်လည်း ရန်ကိုင်၏ လေဟာနယ်စွမ်းအားအပေါ် နားလည်မှုသည် သူနှင့် အဆင့်တူတွင် ရောက်နေသည်ဆိုသော အချက်မှာ အမှန်တရား ဖြစ်၏။ ထိုနေ့တိုက်ပွဲတွင် ရန်ကိုင် သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် လေဟာနယ် စွမ်းအားအပေါ် သူ့နားလည်မှုသည် အတော်လေး မြင့်မားနေပြီဖြစ်ကြောင်း ထောက်ပြနေ၏။
လေဟာနယ်စွမ်းအားကို နားလည်ထားသည့် အချက်ကြောင့်သာ မိုရှောင်ရှန်းသည် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ အကြီးအကဲချုပ် ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတော်စင်ချီ သန့်စင်မှု၊ သိပ်သည်းမှုနှင့် ရှီစွမ်းအင်အရ တိုင်းတာမည်ဆိုလျှင် သူ့ထက် အများကြီး ပိုအားကောင်းသည့် အကြီးအကဲများစွာ ရှိပေသည်။ သူ့အား အကြီးအကဲချုပ်ဖြစ်အောင် လေဟာနယ်စွမ်းအားမှ ကူညီပေးသွားခြင်း ဖြစ်သည်။
ထိုအချက်နှင့်ပင် လေဟာနယ်စွမ်းအား မည်မျှ နက်နဲဆန်းကြယ်ကြောင်း ပြသနေသည်။
“အဲ့လိုဆိုရင်တော့ နည်းနည်း ပြဿနာများပြီ” ချူကျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ အကြီးအကဲချုပ် ပြေားသွားသည့် လေသံအရ ရန်ကိုင်ဆိုသည့် ကောင်လေးသည် လေဟာနယ် စွမ်းအားကို အတော်လေး အဆင့်မြင့်မြင့် တတ်ကျွမ်းထားလောက်သည်။ လေဟာနယ်စွမ်းအားကို ထိုအတိုင်းအတာအထိ တတ်ကျွမ်းထားသော လူတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဖို့သည် တကယ်ကို မလွယ်ကူပါချေ။
ရန်ကိုင်သည် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသည့်အတွက် သူ့အား ကြောက်နေစရာ အကြောင်းမရှိသော်လည်း သူ့အား ဖမ်းနိုင်လိမ့်မည်ဟုလည်း သူတို့တွင် ယုံကြည်ချက် မရှိပါချေ။
လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသည့် လူများသည် အမြန်နှုန်းတွင် မည်သူမှ လိုက်မမှီနိုင်အောင်ကို မြန်ပေသည်။
“အဲ့လိုဆိုတော့ ငါတို့သာ ချင်းတုန်နဲ့ ဖေးကျီတုကို ဖမ်းလိုက်မယ်ဆိုရင် အဲ့ကောင်ကို အကြပ်ကိုင်လို့ ရလောက်တယ်” ဖန်ဖုန်းက တွေးတွေးတောတောဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ အကြီးအကဲလျန်၊ အဲ့နှစ်ယောက်ကို သွားကြည့်ထားလိုက်။ အခွင့်အရေးပြီ ဆိုတာနဲ့ တစ်ခါတည်း ဖမ်းခေါ်လာခဲ့” ချူကျန်းက အမိန့်ပေးလိုက်သည် “အရိပ်လခန်းမက မကျေနပ်ရင် ငါရှင်းမယ်”
“ဟုတ်ကဲ့” ရန်ကိုင်အား ဝင်ခွင့်ပေးခဲ့သော လျန်ရုန်ဆိုသော အကြီးအကဲ ချက်ချင်း ထွက်ခွာသွားလေသည်။
“အဖေ့ကို သားတစ်ခုလောက် တောင်းဆိုချင်တာရှိတယ်” ချူချန်ဖုန်းက သူ့ယပ်တောင်ကို ပြန်သိမ်းလိုက်ပြီး လက်သီးဆုပ်၍ လေးလေးစားစားဖြင့် ပြောလိုက်သည်။
“ပြောလေ”
“အဲ့ရန်ကိုင်ကို ပြေးပေါက်ပိတ်အောင် လုပ်နိုင်ခဲ့ရင် သားကို သူနဲ့ တစ်ကြိမ်လောက် တိုက်ခွင့်ပေးပါလား” ချူချန်ဖုန်းက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“မင်းနဲ့”
“ဟုတ်တယ်”
“ဟုတ်တယ်။ နဂါးလိုဏ်ဂူတောင် တိုက်ပွဲပြီးကတည်းက သူ့နာမည်က အရိပ်ကြယ် တစ်ခုလုံးမှာ ကျော်ကြားသွားတာ။ သူ့ခွန်အားက တန်ခိုးရှင်တတိယအဆင့်လောက်တောင် ရှိနေပြီဆိုတော့တောင် ပြောနေကြသေးတယ်။ အဲ့ကောလဟာလတွေ မှားနေတယ်ဆိုတဲ့ အကြောင်းကို သားသက်သေပြချင်လို့။ ပြီးတော့ လူငယ်မျိုးဆက်ရဲ့ အားအကောင်းဆုံးက ဘယ်သူလဲ ဆိုတာကိုပါ အခြားလူတွေ သိသွားအောင် တစ်ခါတည်း လုပ်ချင်လို့” ချူချန်ဖုန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ ပြောပြီးသည်နှင့် အခြားတစ်ဖက်သို့ လှည့်၍ ရိုးရှင်းသောဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်လေးအား လှမ်းမေးလိုက်လေသည် “ရောင်းရင်း ထျန်းဇုန်ကော ဘယ်လိုထင်လဲ”
ထိုလူငယ်လေးသည် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ သခင်လေး ဖန်ထျန်းဇုန် ဖြစ်ပေသည်။
ချူချန်ဖုန်း၏ မေးခွန်းကိုကြားသော် ဖန်ထျန်းဇုန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏ “အခြားသူတွေကို သူ့ကို ဘယ်လိုထင်ထင် ငါ့အကြောင်းမှမဟုတ်တာ။ အဲ့ဒါတွေ အကုန်လုံးက အခြေအမြစ် မရှိတဲ့ ကောလဟာလတွေပဲဟာကို ငါဘာတွေ ဂရုစိုက်နေရမှာလဲ”
“ဒါဆို သူ့ကို အမဲလိုက်မယ့်အဖွဲ့ထဲ ဘာလို့ လိုက်လာခဲ့တာလဲ။ အဲ့ရန်ကိုင်ရဲ့ တကယ့် ခွန်အားနဲ့ ကောလဟာလတွေထဲက ပြောနေတဲ့ခွန်အား ဘာကွာလဲဆိုတာကို မင်းမြင်ချင်လို့ လိုက်လာခဲ့တာမလား” ချူချန်ဖုန်းက လှောင်ပြုံးပြုံးလျက် “ငါက သူနဲ့ တိုက်ချင်လို့ လိုက်လာခဲ့တာ။ မင်းမတိုက်ချင်ရင်နေ၊ ငါ့ဘာသာ သွားတိုက်မယ်”
“မင်းသဘောပဲ” ဖန်ထျန်းဇုန်က ပြန်ပြောလိုက်သည်။
“အဲ့လိုဆို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်တော့မယ်။ မင်းတို့တွေ ရန်ကိုင်ကို သေချာ စောင့်ကြည့်ထား။ အဲ့ကောင် အပြင်လူမရှိတဲ့ နန်းတော်တစ်ခုခုထဲ ဝင်သွားတာနဲ့ ငါတို့ လှုပ်ရှားမယ်။ ဒီတာဝန်ကို ကြယ်ဧကရာဇ်တောင်က ပေးထားတာ။ မအောင်မြင်လို့ မဖြစ်ဘူး” ချူကျန်းက လက်ဝှေ့ရမ်း၍ အမိန့်ပေးလိုက်သည်။
သူ့သား ရန်ကိုင်အား စိတ်ခေါ်ချင်နေသည့် ကိစ္စနှင့် ပက်သက်၍မူ သူတားမည် မဟုတ်ချေ။ ယှဉ်ပြိုင်လိုစိတ် ရှိခြင်းသည် သူ့သားအတွက် ကောင်းသည့်ကိစ္စတစ်ခု ဖြစ်သည်။
ရန်ကိုင်သည် သူ့အား ကျားချောင်းချောင်းနေသည့် လူများစွာ ရှိနေသည် ဆိုသည့် အချက်ကို နည်းနည်းလေးမှ မသိထားချေ။
ရှေးဟောင်းဂိုဏ်းပျက်ကြီးသည် အတော်လေးကိုမှ ကျယ်သော်လည်း အတူတကွ ပူပေါင်း ရတနာရှာနေကြသည့် ကျင့်ကြံသူများစွာ ရှိပေသည်။ ရန်ကိုင်သည် မည်သူနှင့်မှ ပြဿနာ မတက်ချင်သည့် အတွက် လူသူမရှိ၊ ချောင်ကျသည့် နေရာတွင်သာ ရတနာ လာရှာနေခဲ့ခြင်း ဖြစ်သည်။