← Chapters

အခန်း (၁၄၉၆-၁၅၀၀)

Vol. 60 Ch. 1496-1500

အခန်း (၁၄၉၆-၁၅၀၀)

Vol. 60 Ch. 1496-1500

အပိုင်း (၁၄၉၆)

ရက်အနည်းငယ်ကြာအောင် စူးစမ်းရှာဖွေနေပြီးနောက်တွင် ဆေးလုံး၊ မှော်ရတနာ၊ ကျင့်စဉ်နှင့် သိုင်းပညာရပ်အချို့ ရရှိခဲ့သည်။ သို့သော် ထိုအရာအားလုံးသည် ဧကရာဇ်ဥယျာဉ်ထဲမှ ရရှိခဲ့သည့် ရတနာများနှင့် ယှဉ်လိုက်လျှင် ဆန်နှင့်ဖွဲ့ ဖြစ်ကုန်ကြလေသည်။ သို့သော် ဘာမှ မရသည်ထက်တော့ ပိုကောင်းပေသည်။

တစ်နေ့တွင် ရန်ကိုင် နန်းတော်တစ်ခုထဲ ဝင်သွားပြီးနောက် ရက်အတော်ကြာသည့် တိုင်အောင် ပြန်ထွက်မလာတော့ချေ။ ရန်ကိုင် ပြန်မထွက်လာတော့သည့်အတွက် သူ့အား စောင့်ကြည့်နေသည့် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ကျင့်ကြံသူများ စဉ်းစားရခက်ကုန်ကြလေသည်။

နန်းတော်ထဲရှိ မြေအောက်ခန်းတစ်ခန်းထဲတွင်၊ ရန်ကိုင်သည် တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်ကိုလှည့်ပတ်၍ သူ့နားပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို လောဘတကြီး စုပ်ယူနေခဲ့သည်။

မြေအောက်ခန်းထဲရှိ မိုးမြေစွမ်းအင်သည် သိပ်သည်းလွန်းသဖြင့် သာမန်မျက်စိဖြင့်ပင် မြင်နိုင်လုနီးပါးအဆင့်ထိသို့ ရောက်ရှိနေခဲ့ပြီး လေထဲတွင် လွင့်မျောနေသော အဖြူရောင် အမျှင်တန်းလေးများကိုပင် မြင်နေရသည်။ ရန်ကိုင်သည် ထိုအဖြူရောင် အမျှင်တန်းလေးများကို လောဘတကြီး စုပ်ယူနေခဲ့လေသည်။

အချိန်ကြာလာသည်နှင့်အမျှ အဖြူရောင်အမျှင်းတန်းလေးများ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ထိုအဖြူရောင် အမျှင်တန်းလေးများသည် အခြားမဟုတ်၊ သန့်စင်သော ဝိဥာဉ်ချီသာ ဖြစ်သည်။

ဤကဲ့သို့သော နေရာကောင်းတစ်ခုကို ရှေးဟောင်းဂိုဏ်းပျက်ကြီးထဲ လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကျင့်စဉ်အား လှည့်ပတ်စရာမလိုဘဲ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်စုပ်ယူနိုင်သော မိုးမြေစွမ်းအင်တစ်မျိုး ရှိပေသည်။ ထိုမိုးမြေစွမ်းအင်သည် သန့်စင်သော ဝိဥာဉ်ချီဖြစ်သည်။ ဝိဥာဉ်ချီအား စုပ်ယူ၍ ကျင့်ကြံခြင်းသည် အဆင့်မြင့် မြေကမ္ဘာချီကြောမကြီးပေါ်တွင် ထိုင်၍ ကျင့်ကြံခြင်းထက်ပင် ပို၍ အကျိုးရှိသည်။

သို့သော်လည်း ဝိဥာဉ်ချီများကို ရှာတွေ့ရန် အလွန်ကိုမှ ခက်ခဲပေသည်။ ဝိဥာဉ်ချီများသည် ဖြစ်ပေါ်လာပြီးနောက် တစ်ခဏအတွင်း သာမန် မိုးမြေစွမ်းအင်များအဖြစ်သို့ ပြန်လည် ပြိုကွဲသွားကြသည်။

ရှေးဟောင်းဂိုဏ်းပျက်ကြီးသည် တစ်ခါတစ်ရံ ဝိဥာဉ်ချီ တစ်မျှင်နှစ်မျှ ထုတ်ပေးတတ်သည့် အလွန်ကိုမှ အဆင့်မြင့်သော မြေကမ္ဘာချီကြောမကြီးပေါ်တွင် ရှိနေခြင်းဖြစ်သည်။ ဤမြေအောက်ခန်းသည် ထွက်ပေါ်လာသော ဝိဥာဉ်ချီများကို သိုလှောင်ထားရန်အတွက် အဆင့်မြင့် အစီအရင်များဖြင့် ခင်းကျင်း တည်ဆောက်ထားသည့် အခန်းတစ်ခန်း ဖြစ်သည်။

တစ်နှစ်၊ နှစ်နှစ်ခန့်လောက်ဖြင့် ဘာမှ အကျိုးထူးလိမ့်မည်မဟုတ်။ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင်လောက် ကြာလျှင်ပင် ဤမြေအောက်ခန်းမှ စုဆောင်းထားနိုင်သည့် ဝိဥာဉ်ချီ ပမာဏမှာ အတော်လေး နည်းပါးပေဦးမည်။

သို့သော် နှစ်ပေါင်း သောင်းပေါင်းများစွာ ကြာသွားပြီးနောက်တွင် မည်သို့ ဖြစ်လာမည်နည်း။ စုဆောင်းထားနိုင်သည့် ဝိဥာဉ်ချီ ပမာဏသည် အလွန်ကိုမှ များပြားနေပေလိမ့်မည်။

အထဲတွင် စုဆောင်းထားသော ဝိဥာဉ်ချီများမှာ အလွန်ကိုမှ များပြားနေပြီ ဖြစ်သည့်အတွက်ကြောင့် အစိုင်အခဲတစ်ခုနီပါးကဲ့သို့ ဖြစ်နေခဲ့လေရာ အခန်းတံခါးကို ဖွင့်လိုက်စဉ်က သူအမြင်အာရုံများ‌ ဝေဝါးကုန်ပြီး ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် ထင်မိသွားသည်။

သို့သော်လည်း ထိုအစိုင်အခဲဖြစ်လုနီးပါး အရာများသည် ဝိဥာဉ်ချီမှန်း သိလိုက်ရသည့်နောက် ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့သည်။ ချက်ချင်း မြေအောက် အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး တင်ပလင်ခွေထိုင်ကာ ထိုဝိဥာဉ်ချီများကို စတင် စုပ်ယူတော့လေသည်။

ယေဘုယျကျကျ ပြောရသော် ဤကဲ့သို့သော အခန်းမျိုးသည် တပည့်များအား အချိန်တိုင်း ကျင့်ကြံခွင့်ပေးသော အခန်းမျိုး မဟုတ်ချေ။ အလွန်ကိုမှ ရှားပါး၍ ရှာဖွေရခက်သော ဝိဥာဉ်ချီအား ကျင့်ကြံရန်အတွက် မည်သည့်ဂိုဏ်းကများ သူတို့တပည့်ကို သုံးခွင့်ပေးမည်နည်း။

ထို့ကြောင့် ဤအခန်းသည် အဆင့်တစ်ဆို့နေပြီး နောက်တစ်ဆင့်သို့ ထပ်မတက်နိုင်သော အခြေအနေနှင့် ကြုံနေရသည့် ကျင့်ကြံသူများ အဓိက အသုံးပြုရန်အတွက် တည်ဆောက်ထားသော အခန်းတစ်ခန်း ဖြစ်လောက်သည်။

အဆင့်တက်သည့် နေရာတွင် မိုးမြေစွမ်းအင် သိပ်သည်းနေရာ၌ အဆင့်တက်ခြင်းသည် သာမန် နေရာမျိုးတွင် အဆင့်တက်ခြင်းထက် ပို၍ အဆင့်တက်ရ လွယ်ကူပေသည်။ ဝိဥာဉ်ချီ ရှိနေသည့် နေရာမျိုးတွင် အဆင့်တက်မည် ဆိုပါက အဆင့်တက်ခြင်းဖြစ်စဉ် မအောင်မြင်မည်ကို သိပ်စိုးရိမ်စရာ မလိုချေ။

သို့သော်လည်း လောလောဆယ်တွင် ထိုအဖိုးတန် ဝိဥာဉ်ချီများကို ရန်ကိုင်မှ သူ့ကျင့်ကြံခြင်းအား မြှင့်တင်ရန်အတွက် အသုံးပြုနေခဲ့သည်။ ဤသိပ်သည်းလှသော ဝိဥာဉ်ချီသည် ရာပေါင်းများစွာသော ကျင့်ကြံသူမျာကို နောက်တစ်ဆင့်သို့ အဆင့်ချိုးဖျက်တက်နိုင်အောင် ကူညီပေးနိုင်သည့် အရာမျိုး ဖြစ်သည်ဟု ဆိုလျှင်ပင် မမှားချေ။

သုံးရက်ခန့် မရပ်မနား စုပ်ယူခဲ့ပြီးနောက်တွင် မြေအောက်ခန်းထဲရှိ ဝိဥာဉ်ချီ ခုနှစ်ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့လေရာ တန်ခိုးရှင်ပထမအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်လာခဲ့သည်။

သို့သော် ထိုအဆင့်သို့ ရောက်လာသည့်အခိုက် သူ့အား နောက်တစ်ဆင့်သို့ ထပ်မတက်နိုင်အောင် တားဆီရန် ကြိုးစားနေသော အတားအဆီးအချို့နှင့် ရင်ဆိုင်မိလိုက်သလို ခံစားလိုက်ရသည်။

အခြားသူများ အနေဖြင့် ထိုကဲ့သို့သော အတားအဆီးမျိုးနှင့် ကြုံတွေ့ရလျှင် စိတ်ကို တည်ငြိမ်အောင်ထား၍ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို နားလည်အောင် သေချာစိတ်နစ် ကြိုးစားရင်း အတာအဆီးများကို ဖျက်စီးရလိမ့်မည် ဖြစ်သော်လည်း ရန်ကိုင် အတွက်မူ ထိုကဲ့သို့ မဟုတ်ခဲ့ချေ။ သေဆုံးသွားသော တန်ခိုးရှင်အဆင့်မြင့် ကျင့်ကြံသူများ၏ နာမ်ဝိဥာဉ်များကို သန့်စင်ပြီး ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူတို့၏ နားလည်မှုများကို စုပ်ယူထားသည့် အတွက်ကြောင့် ရန်ကိုင်၏ သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုသည် အဆင့်တူ ကျင့်ကြံသူများထက် အများကြီး ပိုမြင့်မားပေသည်။ ထို့ကြောင့် သူ့အနေဖြင့် အဆင့်တက်လိုလျှင် အခြားဘာမှ ပြင်ဆင်နေစရာ မလိုဘဲ နောက်တစ်ဆင့်သို့ တိုက်ရိုက် ချိုးဖျက်ဝင်ရောက်သွားနိုင်ပေသည်။

သို့သော်ငြား ရန်ကိုင်အနေဖြင့် တန်ခိုးရှင်ဒုတိယအဆင့်သို့ တက်ရန် အလျင်မလိုသေးချေ။

တန်ခိုးရှင် ပထမအဆင့်သို့ တက်ထားသည်မှာ မကြာသေးသည့် အတွက် တန်ခိုးရှင် ဒုတိယအဆင့်သို့ အလျင်စလို တက်ရောက်လိုက်လျှင် သူ့ကျင့်ကြံခြင်း၌ အားနည်းချက်များ ထွက်ပေါ်လာနိုင်သည်။ ထို့ကြောင့် ထိုနေရာသို့ ရောက်သည်နှင့် ဝိဥာဉ်ချီများအား စုပ်ယူနေခြင်းကို ရပ်တန့်လိုက်သည်။

သို့သော်လည်း ဝိဥာဉ်ချီများကို ဤအတိုင်း ထားခဲ့လိုက်ရမည်မှာ အလွန် နှာမြောစရာ ကောင်းလှသည်။ ခဏလောက် စဉ်းစားပြီးနောက် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ ချင်းတုန်နှင့် ဖေးကျီတုတို့ကို လှမ်းဆက်သွယ်ကြည့်လိုက်သည်။

လက်ကျန် ဝိဥာဉ်ချီများအား ထိုနှစ်ယောက်ကို စုပ်ယူခိုင်းရပေမည်။

သို့သော် သူမည်သို့ပင် ခေါ်ခေါ် ထိုနှစ်ယောက်နှင့် အဆက်အသွယ် မရခဲ့ချေ။ နည်းနည်းတော့ ထူးဆန်းနေပေသည်။ ရှေးဟောင်းဂိုဏ်းပျက်ကြီးသည် အတော်လေး ကျယ်သော်လည်း ဆက်သွယ်ရေး မှော်ရတနာဖြင့် မဆက်သွယ်နိုင်လောက်သည်အထိ မကျယ်ဝန်းချေ။ ချင်းတုန် ဘာတွေများ ဖြစ်နေသဖြင့် သူခေါ်သည်ကို မတုန့်ပြန်နိုင်ရသနည်း။

ချင်းတုန်နှင့် ဖေးကျီတုတို့ ကောင်းကင်စိတ်အာရုံဖြင့် အဆက်အသွယ် လုပ်၍မရသော နေရာတစ်ခုခုသို့ ရောက်နေသည်မှာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့သော နေရာမျိုးသည် အတွင်းပိုင်းနှင့် အပြင်ပိုင်းကို ဆက်သွယ်၍ မရအောင် လုပ်ပစ်နိုင်ပေသည်။

ချင်းတုန်နှင့် ဖေးကျီတုတို့ကို မဆက်သွယ်နိုင်သည့်နောက်တွင် ဝိဥာဉ်ချီများအား နှမြောတသဖြင့် ကြည့်လိုက်မိသည်။ ထိုဝိဥာဉ်ချီများနှင့် ပက်သက်၍ ဘာလုပ်လျှင်ကောင်းမလဲ ရန်ကိုင် မစဉ်းစားတတ်တော့ချေ။

ခဏလောက် စဉ်းစားပြီးနောက်တွင် အကြံကောင်းတစ်ခုကို သူစဉ်းစားမိသွားသည်။ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပဲ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ သူ့ကိုယ်ထဲမှ မီးနီရောင်အလင်းတန်း တစ်ခု ပျံထွက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် ထိုအလင်းတန်းသည် မီးတောက်များဖြင့် ဖွဲ့စည်းထားသော ငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

မီးငှက်ပင်…

မီးငှက်တွင် ရုပ်ခန္ဓာ မရှိသော်လည်း ဝိဥာဉ်ချီများကို စုပ်ယူ၍ ရပေသည်။ မီးငှက်သည် နေမီးလျှံမီးတောက်ကိုပင် သန့်စင်နိုင်ခဲ့သည် မဟုတ်ပေလော။

ရန်ကိုင် ထင်သည့်အတိုင်းပင်။ မီးငှက်သည် သူရောက်နေသည့် နေရာကို သတိပြုမိလိုက်သည့်နောက် စိတ်လှုပ်ရှားစွာ ထအော်လေသည်။ ထို့နောက် ပါးစပ်ကိုဟ၍ ဝိဥာဉ်ချီများအား လောဘတကြီး စုပ်ယူတော့သည်။

မီးငှက်မှ စုပ်ယူနေသည်နှင့် အခန်းတွင်ရှိ ဝိဥာဉ်ချီ အရေအတွက်မှ အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် လျော့ကျလာနေခဲ့လေသည်။

…………

ရန်ကိုင် ရှိနေသည့် နန်းတော် အပြင်ဘက်တွင် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ပညာရှင် အယောက်နှစ်ဆယ်ကျော် စုဝေးနေခဲ့ကြသည်။ ဤနေရာသည် လူသူအရောက်အပေါက် မရှိသဖြင့် ပြန်ပေးဆွဲလို့ကောင်းသော နေရာတစ်ခု ဖြစ်ပေသည်။

တန်ခိုးရှင်ပထမအဆင့်ကို ဖမ်းရန်အတွက် ဤမျှသော လူအင်အားသည် အလွန်ကို ပိုလွန်းရာ ကျနေသော်လည်း တစ်ဖက်လူသည် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသူတစ်ယောက် ဖြစ်နေသဖြင့် သူတို့ဘက်မှ ကြိုတင် ပြင်ဆင်ထားမှ တော်ကာရာ ကျပေမည်။

ယခု ပြဿနာတစ်ခုသာ ကျန်တော့သည်။ ထိုပြဿနာနှင့် ပက်သက်၍လည်း သူတို့အားလုံး တိုင်ပတ်နေကြခြင်း ဖြစ်သည်။

ရန်ကိုင် ယခုထိ အပြင်သို့ ထွက်မလာသေးချေ။

ကောင်းကင်စိတ်အာရုံဖြင့် နန်းတော်အတွင်းပိုင်းကို စစ်ဆေးကြည့်သော်လည်း ရန်ကိုင်ကို မတွေ့ခဲ့ချေ။ သို့သော်လည်း ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ပညာရှင် ပြန်ပြောသလောက် ရန်ကိုင် ဤနန်းတော်ထဲ ဝင်သွားခဲ့သည်ဟု ဆိုသည်။

“အစ်ကိုချူ၊ အဲ့ကောင် ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်” စိတ်မရှည်တော့သည့် အဆုံး ဖန်ဖုန်းက မေးလိုက်သည်။

“ဘာလဲ၊ အစ်ကိုဖုန်းက ငါ့လက်အောက်ငယ်သားရဲ့ စကားက မယုံကြည်ရဘူးလို့ မေးခွန်းထုတ်နေတာလား” ချူကျန်းက ဒေါသထွက်ထွက်နှင့် ပြန်မေးလိုက်သည်။ သူလည်း စိတ်သိပ်မရှည်တော့ချေ။ အထဲသို့ ပြေးဝင်သွားပြီးတော့သာ ရန်ကိုင်အား အပြင်သို့ ဆွဲထုတ်လာချင်မိတော့သည်။

“ဘယ်ကသာ အစ်ကိုချူရာ၊ အဲ့ကောင် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားမှန်း အစ်ကိုချူလည်း သိတာပဲ။ ဒီကောင် သူ့ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေမှန်း သိသွားပြီး ထွက်ပြေးသွားတာလားလို့ မေးကြည့်တာ” ဖန်ဖုန်း မျက်မှောင်ကြုတ်သွားသည်။

“အဲ့ဒါဆိုရင်တော့ အစ်ကိုဖုန်း စိုးရိမ်နေစရာ မလိုဘူး။ အကြီးအကဲကျက တန်ခိုးရှင် ဒုတိယအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် သူ့ရဲ့ ကိုယ်ယောင်ပျောက်စွမ်းရည်က တကယ်ကို ပြိုင်ဘက်ကင်း နည်းစနစ်တစ်ခုပဲ။ သူသာ ပုန်းနေမယ်ဆိုရင် အဲ့ကောင်လေး မပြောနဲ့၊ ကျုပ်ကိုယ်တိုင်တောင် သူ့ကို သတိပြုမိဖို့ မသေချာပါဘူး။ အကြီးအကဲကျက အဲ့ကောင်လေး အထဲမှာလို့ ပြောမှတော့ အဲ့ကောင်လေး အထဲမှာ ကျိန်းသေ ရှိနေလို့ပဲ”

“လက်အောက်ငယ်သာ အမှန်အတိုင်း ပြောတာပါ။ အဲ့ကောင်လေး တကယ် အထဲမှာ ရှိနေပါသေးတယ်” မီတာအနည်းငယ်အကွာတွင် ရှိနေသော မုတ်ဆိတ်ဖြူဖြူနှင့် လူအိုကြီး တစ်ဦးက လှမ်း၍ အော်ပြောလိုက်သည်။

“ကောင်းပြီလေ။ အဲ့လိုမှတော့ ဆက်စောင့်ကြည့်တာပေါ့။ ဒါပေမယ့် ဒီလောက် လူအများကြီး အပြင်မှာစုနေတာ အဲ့ကောင် သတိမပြုမိဘဲ မနေလောက်ဘူး။ သတိထားမိသွားပြီး မထွက်လာရဲတာပဲ ဖြစ်လိမ့်မယ်” ဖန်ဖုန်းက ပြောလိုက်သည်။

“အဲ့ဒါ သူဆုံးဖြတ်ရမယ့် အရာ မဟုတ်တော့ဘူး” ချူကျန်းက ပြန်ပြောလိုက်သည်။

သူတို့ စကားဆုံးသွားသည်နှင့် နန်းတော်ထဲမှ အသက်စွမ်းအင် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ရာ အကုန်လုံး မျက်ဝန်းအစုံ တောက်ပသွားခဲ့လေသည်။ ကောင်းကင် စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ရာ ထိုအသက်စွမ်းအင် အရှိန်အဝါသည် ရန်ကိုင်၏ အရှိန်အဝါမှန်း သိလိုက်ရလေသည်။

မကြာမီ နန်းတော်ဝင်ပေါက်တွင် ရန်ကိုင် ပေါ်လာခဲ့လေသည်။ နန်းတော်ရှေ့ရှိ လူအုပ်ကြီးကို မြင်လိုက်သည့်အခါ ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ သို့သော် အံ့အားသင့်သွားရုံသာ ဖြစ်ပြီး နည်းနည်းလေး စိုးရိမ်သွားခြင်း မရှိချေ။

“သူထွက်လာပြီ” ဖန်ဖုန်းက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“နောက်ဆုံးတော့ အဲ့ကောင် ထွက်လာပြီပေါ့” ချူကျန်းက အေးစက်စက်‌ လေသံဖြင့် ပြောလိုက်သည် “ဒီကောင် ထွက်မလာရင် ငါကိုယ်တိုင် သူ့ကို ကိုယ်တိုင်သွားဆွဲထုတ်တော့မလို့”

ရန်ကိုင်သည် လက်နောက်ပစ်လျက် အပြင်ဘက်သို့ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာခဲ့သည်။ လူအုပ်ကြီးကို မြင်လိုက်သော်လည်း နည်းနည်းလေးမှ ထိတ်လန့်စိုးရိမ်သွားခြင်း မရှိဘဲ ပြုံး၍သာ “များလိုက်တဲ့ လူတွေပါလား”

“ရန်ကိုင်” ချူချန်ဖန်ုးက ယပ်တောင်ကို ပြန်ပိတ်လျက် “ပြုံးလျက် “မင်းဒီသခင်လေးကို အကြာကြီး စောင့်အောင် လုပ်လိုက်ရတာပဲကွ”

“ကောင်းကင်တိုက်ပွဲ အစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်း…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည် “ဒီမှာ စောင့်နေတာဆိုတော့ ငါ့ကို သတ်ချင်လို့ပေါ့ ဟုတ်တယ်မလား”

“မင်းကို သတ်ဖို့ ဒီလောက် လူအများကြီး သတ်ဖို့ လိုတယ်ထင်လို့လား။ ရန်ကိုင်၊ မင်းကိုယ်မင်း အဲ့လောက် အထင်ကြီးမနေနဲ့” ချူချန်ဖုန်းက ရယ်မောလိုက်သည်။

“တကယ်ကြီးလား။ အဲ့ဒါဆို ဘာလို့ လူတွေအများကြီး စုနေတာလဲ”

“မင်း ထွက်မပြေးအောင်လို့လေ”

“အဲ့လိုကိုး” ယခုမှပဲ ရန်ကိုင် နားလည်သွားတော့သည် “အကြီးအကဲလျန် ငါ့အပေါ် ဘာလို့ ဒီလောက် သဘောကောင်းနေတာပါလဲလို့ စဉ်းစားနေတာ လတ်စသတ်တော့ ဒါကြောင့်ကို။ မင်းတို့ ရွေးထားတဲ့ နေရာကတော့ ရှယ်ပဲ။ တကယ်ကို လူသတ်နှုတ်ပိတ်လို့ကောင်းတဲ့ နေရာပဲ။ ဒါပေမယ့် ငါသိချင်နေတာကလေ မင်းတို့နဲ့ငါကြား ဒီလောက် ရန်ငြိုးကြီးကြီးမားမား ရှိတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါ့ကို ဒီလောက်တောင် သတ်ချင်နေတာလဲ”

“ဒီသခင်လေး မင်းကို ပြောမယ် ထင်နေလား” ချူချန်ဖုန်းက အထင်တသေး ပြုံးလိုက်၏။

“မင်းပြောပြော မပြောပြော ငါသိပြီးနေပြီ။ ကြယ်သင်္ဘောကြောင့်မလား” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းကို ဤမျှ လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်နိုင်သည်မှာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်းသာ ရှိသည်။

ကြယ်သင်္ဘော၏ ဆွဲဆောင်မှုကို အထင်သေးမိလိုက်သည့် အတွက် ရန်ကိုင် သူကိုယ်သူ အပြင်တစ်မိလို်ကသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ပေါ်လာသည့်အတွက် အရိပ်ကြယ်တစ်ခုလုံး ဤမျှ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သို့သော် ယနေ့ အဖြစ်အပျက်ကို မြင်ပြီးနောက် သူနားလည်သွားခဲ့လေပြီ။

“မင်း အရမ်းကြီး မတုံးသေးဘူးပဲ” ချူချန်ဖုန်းက ပြန်ပြောလိုက်သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ ရန်ကိုင်အား သတ်ရန်အတွက် အတူတကွ ပူးပေါင်း လုပ်ဆောင်နေရခြင်းသည် ကြယ်ဧကရာဇ်တောင်၏ အမိန့်ကြောင်း ဖြစ်သော်လည်း ကြယ်ဧကရာဇ်တောင် လှုပ်ရှားရခြင်းမှာလည်း တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောနှင့် သက်ဆိုင်နေပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၉၇)

နန်းတော်၏ အပြင်ဘက်တွင်၊ တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်ကျော်သည် ရန်ကိုင်အား အဘက်ဘက်မှ ပြေးပေါက်မရှိအောင် ဝန်းရံထားကြသည်။ အကုန်လုံးသည် မလှုပ်ရှားကြသေးသော်လည်း သူတို့၏ရှီကို ဖြန့်ကျက်ပြီးနေကြလေပြီ။ တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်ကျော်၏ ရှီသည် မီတာထောင်ပေါင်းများစွာ ပတ်ပတ်လည်ကို အပြည့်အဝ ဖြန့်ကျက်ထားခဲ့လေသည်။ ထိုအကွာအတွင်းသို့ ယင်တစ်ကောင် ဝင်လာလျှင်ပင် သူတို့ သိနိုင်ပေလိမ့်မည်။

“ရန်ကိုင်၊ မင်းကိုယ်တိုင်က ဂိုဏ်းချုပ်တစ်ယောက်ဆိုတော့ အညံ့ခံပြီး မင်းကျင့်ကြံခြင်းကို ဖျက်စီးပစ်လိုက်မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ ငါ့အဖေကို တောင်းဆိုပေးမယ်” ချူချန်ဖုန်းက သူ့ကိုယ်သူ ယပ်ခတ်ရင်း ပြောလိုက်သည်။

“ငါ့ကို အသက်ချမ်းသာပေးမယ် ဟုတ်လား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဘာလဲ။ ငါလုံးဝ ပြေးပေါက်ပိတ်သွားပြီလို့ သခင်လေးချူ ထင်နေတာလား။ ငါသေပဲ သေရတော့မယ်။ လုံးဝ အသက်မရှင်နိုင်တော့ဘူးပေါ့။ ဟုတ်လား။ မင်းပြောချင်တာက အဲ့လို့လား”

“ပြောချင်တာ မဟုတ်ဘူး။ တကယ် ဖြစ်နေတာကို ပြောတာ” ချူချန်ဖုန်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “မင်းဒီကနေ ထွက်ပြေးနိုင်မယ် ထင်နေသေးတာလား။ မင်းမျက်လုံးကြီးကို ဖွင့်ပြီး သေချာမြင်အောင် ကြည့်လိုက်ဦး။ မင်းကို လူဘယ်လောက် ဝိုင်းထားလဲဆိုတာ”

“လူနည်းနည်းပါးပါး ခေါ်လာပြီး ငါ့ကို ဖမ်းလို့ရမယ်လို့ မင်းထင်နေတာလား” ရန်ကိုင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့သည်။

“ဟုတ်တာပေါ့။ ဘာလဲ၊ မင်းက လေဟာနယ်စွမ်းအားကို သုံးပြီး ထွက်ပြေးချင်နေတာလား။ အဲ့ဒါဆိုရင်တော့ တောင်းပန်ပါတယ်ကွာ။ ဒီနေရာမှာ အဲ့စွမ်းအားကို နားလည်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူးကွ” ချူချန်ဖုန်းက လှောင်ပြောင်လိုက်သည် “ဒါကြောင့် မင်းရဲ့ လေဟာနယ်စွမ်အားကို သုံးပြီး ထွက်ပြေးမယ့်အကြံကို ခေါင်းထဲကနေ ထုတ်ထားလိုက်ရင် ကောင်းလိမ့်မယ်”

ရန်ကိုင် မျက်နှာပျက်သွားပြီး လူအုပ်ကြီးထဲရှိ မိုရှောင်ရှန်းအား လှမ်းကြည့်လိုက်သည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ အကြီးအကဲချုပ်ဖြစ်သော မိုရှောင်ရှန်းသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသည့် အကြောင်းနှင့် ပက်သက်သော ကောလဟာလများကို သူကြားခဲ့ဖူးသည်။ သူကိုယ်တွေ့ မကြုံဖူးသော်လည်း လူတိုင်းလိုလိုက ပြောနေခြင်း ဖြစ်လေရာ ကောလဟာလ သက်သက်တော့ မဖြစ်နိုင်လောက်ချေ။ ထိုလူအိုကြီးသည် သူ လေဟာနယ်စွမ်းအားကို သုံးပြီး ထွက်မပြေးအောင် သူ့အား မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေခဲ့သည်။

“ဘာလဲ။ ဒီသခင်လေး မင်းရဲ့ အကြံအစည်ကို ထုတ်ဖော်လိုက်လို့လား” ရန်ကိုင် အသံတိတ်သွားသည်ကို မြင်သော် ချူချန်ဖုန်း ထရယ်တော့လေသည်။

ရန်ကိုင်သည် ချူချန်ဖုန်းကို လျစ်လျုရှုထားလိုက်ပြီး ချူကျန်းနှင့် ဖန်ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် အသက်ဖျော့ဖျော့လေးတစ်ချက် ရှူသွင်းလျက် မျက်လုံး မှေးစဉ်း၍ မေးလိုက်သည် “ခင်ဗျား တကယ်ပဲ ဒါကို လုပ်ရမှ ဖြစ်မှာလား”

“ဒီအထိ ရောက်နေပြီပဲဟာကို ဘာလို့ လာမေးနေသေးတာလဲ။ မင်းကျင့်ကြံခြင်းကို ဖျက်စီးလိုက်။ အဲ့ဒါဆို မင်းအသက်ကို ချမ်းသားပေးမယ်” ချူကျန်းက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။

ကြယ်ဧကရာဇ်တောင်သည် ရန်ကိုင်အား တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောနှင့် အလဲအထပ် လုပ်လိုခြင်းဖြစ်သည်။ ထို့ကြောင့် သတ်၍မရချေ။ လူအများကြီး ခေါ်လာရခြင်းမှာလည်း ရန်ကိုင် ထွက်မပြေးသွားနိုင်စေရန်အတွက် ဖြစ်သည်။

“ဟားဟား” ရန်ကိုင်က ခနဲ့တဲ့တဲ့ ရယ်သံဖြင့် “ကျုပ်တို့ကြားက ရန်ကြွေးက အဲ့အဆင့်ထိ မရောက်သေးဘူးလို့ ကျုပ်ထင်နေခဲ့တာ။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်ကို မရရအောင် သတ်ချင်နေမှတော့ တစ်ခုခု ဖြစ်သွားခဲ့ရင် ကျုပ်အဆိုးမဆိုနဲ့ပေါ့”

“ဟျောင့်၊ လေလာကျယ်မနေနဲ့” ချူချန်ဖုန်းက လှမ်းအော်ပြောလိုက်သည် “ငါမင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်။ အဲ့တော့မှ အညံ့မဘူးဆိုရင်တော့ ငါလက်ပါရလိမ့်မယ်”

“ဘာမှ ရေမနေတော့နဲ့” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး လှောင်ပြုံးပြုံးလျက် “သခင်လေးချန်၊ မင်းက တကယ်ကို လေလုံးထွားတာပဲ။ ငါဘာမှ မလုပ်ချင်လို့သာ ကြည့်နေတာ။ ငါသာ လုပ်ချင်ရင် မင်းဆိုတဲ့ကောင်က ဘာမှမဟုတ်ဘူးကွ”

“မောက်မာလိုက်တာ” ချူချန်ဖုန်းသည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်နှယ် ထောင်းခနဲ ဒေါသထွက်လာခဲ့လေသည်။

“ငါမင်းကို စတွေ့ကတည်းက ကြည့်မရခဲ့တာ။ မင်းသာ လာရန်စမရင် ငါလည်း မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက သေတွင်းကို တိုးဝင်ချင်နေမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ရန်ကိုင်က ချူချန်ဖုန်းအား သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လျက် ပြောလိုက်သည်။

သူ့စကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်သွားခဲ့ရသည်။

ရန်ကိုင် ဤမျှ လေကျယ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်၏ ဝိုင်းခံထားခြင်း ခံရသည့်တိုင် ကြောက်ရွံ့သွားခြင်း မရှိဘဲ သခင်လေး ချူချန်ဖုန်းကိုပင် ခြိမ်းခြောက်နေလိုက်သေးသည်။ သူခေါင်းအား တစ်ခုခု ထိထားခြင်းလား။

သူ့လက်ရှိ မည်သည့် အခြေအနေသို့ ရောက်နေသလဲ ဆိုသည်ကို မမြင်လေသလော။

ချူကျန်းနှင့် ဖန်ဖုန်းတို့ပင် ရန်ကိုင်စကားကြောင့် ကြောင့်သွားခဲ့ကြသည်။ သေရတော့မည် အဖြစ်ကို မြင်ပြီး ရန်ကိုင် ရူးများရူးသွားခြင်းလေလားဟု သူတို့ တွေးမိသွားခဲ့သည်။

ထိုသို့ တွေးနေစဉ်မှာပဲ နှစ်ယောက်စလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ ရုတ်တရက် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံး ရွှေရောင်တောက်လာပြီး သူ့မျက်လုံးထဲ ကြာပန်း တစ်ပွင့် ပွင့်လာပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

ထိုရွှေရောင်အလင်းတန်း၏ အောက်ဝယ်၊ သူတို့ ခေါင်း အနည်းငယ် နောက်ကျိကျိ ဖြစ်သွားခဲ့ရသည်။

သူတို့ အသိပြန်ဝင်လာချိန်တွင် သူတို့၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေခဲ့လေပြီ။ သို့သော် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် မလုပ်နိုင်သေးခင်မှာပဲ နာကျင်စွာ အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ချူချန်ဖုန်း သူ့ခေါင်းကိုကိုင်ပြီး နာကျင်စွာ‌ အော်ဟစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အလွန်ကိုမှ မခံမရပ်နိုင်အောင် နာကျင်လှသော နှိပ်စက်မှုကို ခံစားနေရသည့်နှယ် အော်ဟစ်နေပြီး သူ့ခန္ဓာကိုယ်၏ ဒွါရ ခုနှစ်ပေါက်မှလည်း သွေးများ စီးကျနေခဲ့လေသည်။

“ချန်ဖုန်း” ချူကျန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်ရင်း ချူချန်ဖုန်းဆီ ပြေးဝင်သွားသည်။ သို့သော် သူ့သာဆီ မရောက်သေးခင်မှာပဲ ချူချန်ဖုန်း၏ ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ အသားစအသားနများနှင့်အတူ သွေးစိမ်းရှင်ရှင်တို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။ မြေပြင်တစ်ခုလုံးလည်း သူ့ခေါင်း ပေါက်ကွဲရာမှ ဖြာထွက်လာသော သွေးများကြောင့် နီးစွေးနေကုန်လေပြီ။

“မဖြစ်နိုင်ဘူး” ထိုအဖြစ်အပျက်ကို မြင်ပြီးနောက် ဖန်ဖုန်း အလန့်တကြား ထအော်လေသည်။

အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည်လည်း ထိုမြင်ကွင်းအား ထိတ်လန့်မှုတစ်ဝက်၊ ကြောက်လန့်မှုတစ်ဝက် ရောယှတ်နေသည့် အကြည့်များဖြင့် ကြောင်ကြည့်နေခဲ့ကြသည်။

ရန်ကိုင် တစ်ချက်ကလေးပင် မလှုပ်ရှားသွားခဲ့ချေ။ သူ့မျက်လုံး ရွှေရောင် တစ်ချက် လက်သွားခြင်းသာ ဖြစ်သည်။ ထို့နောက်တွင် ချူချန်ဖုန်း၏ခေါင်း ပေါက်ကွဲထွက်သွားခဲ့သည်။

ရန်ကိုင် ချူချန်ဖုန်းကို စိတ်စွမ်းအင်သုံပြီး သတ်သွားခြင်း ဖြစ်ရပေမည်။ မလှုပ်ရှားဘဲ တစ်ဖက်ရန်သူအား သတ်နိုင်သည့် နည်းလမ်းဆို၍ စိတ်စွမ်းအင်ကို အသုံးပြုခြင်းသာ ရှိသည်။ အစောပိုင်းက ရန်ကိုင်ကို ကြည့်နေရင်း သူတို့၏ အသိစိတ် ဝေဝါးသွားသလို အကုန်လုံး‌ ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ရွှေရောင်ကြာဖူးတစ်ခုကိုလည်း မြင်လိုက်ရသေးသည်။

သူ့စိတ်စွမ်းအင်က ဘယ်လောက်တောင် အားကောင်းတာလဲ အဆင့်တူ ကျင့်ကြံသူ တစ်ယောက်အား တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သော အားကောင်းလှသည့် စိတ်စွမ်းအင်၊ ဝိဥာဉ်ပညာရပ်အကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးချေ။

ရန်ကိုင်သာ ချူချန်ဖုန်းကို ပစ်မှတ်မထားဘဲ သူတို့ကိုသာ ပစ်မှတ်ထားခဲ့လျှင်… ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်အား ဝိုင်းထားသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ၏ ကျောပြင်တစ်လျှောက် စိမ့်တက်သွားခဲ့ကြလေသည်။ ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် သူတို့အားလုံး နှလုံးခုန် မြန်လာရသည်။

“အဖေ” ဖန်ထျန်းဇုန်သည် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် အံကြိတ်၍ သူ့အဖေအား လှမ်းအော်ခေါ်လိုက်သည်။

သူနှင့် ချူချန်ဖုန်း နှစ်ယောက်စလုံးသည် အရိပ်ကြယ်၏ နာမည်ကျော်များ ဖြစ်ကြသည်။ ချူချန်ဖုန်းသည် အကျင့်စရိုက် မကောင်းသော်လည်း သူ့ခွန်အားသည် ပြောစရမလိုအောင်ကို အားကောင်းလှသည်။ ချူချန်ဖုန်းနှင့် သူအကြိမ်များစွာ တိုက်ခဲ့ခဲ့ဖူးပြီး အကြိမ်တိုင်းလည်း သရေကျခဲ့သည်။ ယနေ့ သူ့အဖေနှင့်အတူ လိုက်လာရခြင်းမှာလည်း ရန်ကိုင်၏ အစစ်အမှန် ခွန်အားကို မြင်တွေ့လိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ချူချန်ဖုန်းသည် ရန်ကိုင်၏ တိုက်ကွက် တစ်ကွက်နှင့်ပင် အသက်ပျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်သည် ချူချန်ဖုန်းအား တစ်ချက်တည်းဖြင့် သတ်နိုင်မှဖြင့် သူ့ကိုလည်း တစ်ချက်တည်းဖြင့် သတ်နိုင်ပေလိမ့်မည်။

မည်သူ အားနည်း၊ အာကောင်းသလဲ ဆိုသည်ကို ဆက်တွေးနေစရာ မလိုတော့ချေ။ သူနှင့် ချူချန်ဖုန်း နှစ်ယောက်ပေါင်း တိုက်ခိုက်မည်ဆိုလျှင် ရန်ကိုင်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ အမှန်တရားကို လက်မခံချင်သော်လည်း လက်မခံ၍ မရချေ။

သူ့တွင် အားကောင်းသော နောက်ခံရှိသည်။ ကြွယ်ဝသော အရင်းအမြစ်များ ရှိသည်။ ပါရမီဆိုလျှင်လည်း ပြောစရာမလိုအောင်ကို မြင့်မားလှသည်။ သူနှင့် ရွယ်တူမျိုးဆက်ထဲတွင် သူသတိထားရသည့် လူဆို၍ အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် အခြားလူငယ်များထက် ပို၍ မောက်မာ၊ မာနကြီးပေသည်။

သို့သော်လည်း ရန်ကိုင်၏ ကြောက်မက်ဖွယ်ရာ တိုက်ပွဲစွမ်းရည်ကို မြင်ပြီးနောက် သူ့မာနအားလုံး ရိုက်ချိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ယုံကြည်ချက်အားလုံးလည်း ရိုက်ချိုးခံလိုက်ရသည်။

“မဆိုးဘူး။ မဆိုးဘူး။ ဒါကို မြင်ပြီးတာတောင် တစ်ယောက်မှ ထွက်ပြေးကြတာ တကယ် လေးစားစရာပဲ” ရန်ကိုင်၏ ဘယ်ဘယက်မျက်လုံးထဲရှိ ရွှေရောင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ ချူချန်ဖုန်းကို သတ်ရန်အတွက် သိပ်ပြီး အားမစိုက်လိုက်ရသည့်နှယ် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် “အရိပ်ကြယ်ရဲ့ မဟာအင်အားစုကြီးနှစ်ခု ဆိုတဲ့အတိုင်း မင်းတို့ရဲ့ စိတ်ဓါတ်က တကယ် အသိအမှတ် ပြုစရာပဲ။ ဒါပေမယ့် စိတ်မပူနဲ့။ ဒီနေ့ ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် သူ့ဘယ်ဘက်ခြင်းတွင် ရှိနေသော လူတစ်ယောက်ကို လက်ညိုးထိုး၍ ရက်စက်တော့မည့် အပြုံး၍ “နောက်တစ်ယောက်က ခင်ဗျားပဲ”

“ငါလား” ရန်ကိုင် လက်ညိုးထိုးလိုက်သောလူသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် ရေပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တန်ခိုးရှင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ရန်ကိုင်၏ လက်ညိုးထိုးခံလိုက်ရသည့်နောက်တွင် သေမိန့်ချခံလိုက်ရသည့် လူတစ်ယောက်နှယ် အမျိုးသမီး အလွန်ကိုမှ တုန်လှုပ်ချောက်ခြားသွားခဲ့သည်။ ထို့ကြောင့် အကူအညီ ရလိုရငြား ကြောက်ကြောက်လန့်လန့်ဖြင့် ချူကျန်းအား လှမ်းကြည့်လိုက်၏။

သို့သော်လည်း ချူကျန်းမှာမူ သူသားသေသွားသည့် ကိစ္စနှင့် ပက်သက်၍ ယခုထိ အသိပြန်မဝင်လာသေးဘဲ နေရာတွင်သာ ကြောင်ကြောင်ကြီး ရပ်နေခဲ့သည်။ သူမတို့၏ ခေါင်းဆောင်ကို အားကိုး၍ရမည် မဟုတ်မှန်း သိလိုက်သည့်နောက်တွင် အမျိုးသမီးက အံကြိတ်၍ ပြန်အော်ပြောလိုက်လေသည် “ငါ့အသက်ကို လိုချင်နေတာလား။ နင်ယူနိုင်မယ်ထင်ရင် ကြိုးစားကြည့်လိုက်လေ”

ရန်ကိုင် ချူချန်ဖုန်းကို သတ်နိုင်ခြင်းမှာ အလစ်ချောင်း တိုက်ခိုက်လိုက်သည့် အတွက်ကြောင့် ဖြစ်သည်ဟု သူမ ထင်နေမိသည်။ ထို့ကြောင့် ချူချန်ဖုန်း လုံးဝ မခုခံနိုင်ဘဲ သေသွားခဲ့ရခြင်း ဖြစ်သည်။ သူမသည် ရန်ကိုင်၏ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်နေခြင်းဖြစ်သည်။ ထို့အပြင် သူမ၏ ခွန်အားသည် ချူချန်ဖုန်းထက်လည်း ပိုမြင့်၏။ ထို့ကြောင့် ရန်ကိုင်၏ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည်ဟု သူမစိတ်ထဲ တွေးနေမိသည်။ သို့သော် ထိုအတွေးမှာ သိပ်တော့ မသေချာလှ။

ပြောပြီးသည်နှင့် သူတော်စင်ချီကို လှည့်ပတ်၍ သူမပတ်လည်အတွင် အကာအရံတစ်ခု ဖန်တီးလိုက်သည်။

ထိုမျှနျင့်ပင် မပြီးသေးဘဲ အကာအကွယ် မှော်ရတနာတစ်ခုကို ထပ်ထုတ်လိုက်ပြီး ပထမ အကာအရံပေါ်တွင် ဒုတိယအကာအရံတစ်ခု ထပ်မံ ဖန်တီးလိုက်သည်။

“သေရတော့မယ်ဟာကို ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေတာလဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် မြှားတိုလေးတစ်ချောင်းကို ထုတ်လိုက်သည်။ ထိုမြှားတိုလေးသည် ရှေးဟောင်းလိုဏ်ဂူစံအိမ်တွင်းမှ ရလာသည့် ငှက်မွှေးဝိဥာဉ်မြှားသာ ဖြစ်လေသည်။

ထိုမှော်ရတနာ မည်မျှ အားကောင်းမှန်း သူမသိသော်လည်း အတော်လေး အားကောင်းလိမ့်မည်မှန်းတော့ သိသည်။ ဤအခွင့်အရေးသည် မြှားတိုလေး၏ စွမ်းအားကို စမ်းသပ်နိုင်သည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။

ရန်ကိုင်သည် မြှားတိုလေးအား သက်လတ်ပိုင်းအမျိုးသမီးတည့်တည့် ချိန်လိုက်လိုက်၏။ ထို့နောက် လက်ကိုင်ရိုးပေါ်မှ ကျောက်တုံးလေး လင်းလက်လာခဲ့သည်။ တစ်ဆက်တည်းတွင် မြှားတစ်ချောင်းလုံး ထူးဆန်းသော အမှတ်အက္ခရာ မျဉ်းကြောင်းများဖြင့် လင်းလက်လာခဲ့ပြီး ပုံရိပ်ယောင် မြှားတစ်ချောင်းအဖြစ်သို့ စုစည်းသွားခဲ့သည်။ ပြီးသည်နှင့် သက်လတ်ပိုင်း အမျိုးသမီး ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။

ထိုပုံရိပ်ယောင် မြှားကိုယ်ထည်တစ်ခုလုံး မည်းနက်တောက်ပြောင်နေခဲ့ပြီး ချစ်ချစ်တောက် ပူလောင်နေသည်။

မြှားတိုလေးကို ရန်ကိုင်၏ သူတော်စင်ချီဖြင့် အားဖြည့်ထားခြင်း ဖြစ်သည့်အတွက် မြှားတိုလေးမှ ပစ်လွှတ်လိုက်သော ပုံရိပ်ယောင်များ ပူနေသည်မှာ သဘာဝသာ ဖြစ်လေသည်။ ပုံရိပ်ယောင်မြှားမှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် ပတ်ပတ်လည် လေဟာနယ်ပင် တွန့်လိမ်ကုန်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၉၈)

ရန်ကိုင် တိုက်ခိုက်လိုက်သည်ကို မြင်သည်နှင့် အမျိုးသမီး၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။

သူမဆီသို့ ပြေးဝင်လာနေသော အနက်ရောင်မြှားသည် တန်ခိုးရှင်တတိယအဆင့်၏ အားအပြည့် တိုက်ကွက်နှင့် စွမ်းအားချင်း တူပေသည်။

မဖြစ်နိုင်ဘူး မှော်ရတနာ အကူအညီရှိလျှင်ပင် ကျင့်ကြံသူ တစ်ယောက်သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ထက် သာလွန်သော စွမ်းအားကို မထုတ်ဖော်နိုင်ချေ။ ထိုမှော်ရတနာသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများ ဖြစ်နေလေမလား။ သူမစိတ်ထဲ ထိုအတွေး ဖြတ်ပြေးသွားသည်နှင့် အမျိုးသမီး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး ကြောက်လန့်တကြား ထအော်တော့လေသည်။

“သတိထား”

“ဂျူနီယာညီမကျိုး၊ မြန်မြန် ရှောင်လိုက်”

ဘက်ပေါင်းစုံမှ သူမအား အော်ဟစ်သတိပေးနေသည့် အသံများစွာ ထွက်ပေါ်လာခဲ့သည်။ သူမအား ကူညီပေးလိုသည့်အတွက်ကြောင့် သူမဆီသို့ ပြေးလာနေသည့် လူအချို့ပင် ရှိသေးသည်။ သို့သော်လည်း ထိုမြှားကို သူမ မည်ကဲ့သို့ ရှောင်နိုင်မည်နည်း။ မြှားဆီမှ ဖြာထွက်လာသော စွမ်းအင်ကို သတိပြုမိလိုက်သည့်နောက် သူမ ဒုက္ခရောက်ပြီမှ သိလိုက်သော်လည်း မြှား၏ အရှိန်မှာ အလွန်ကိုမှ မြန်လွန်းနေသည့် အတွက် သူမ အနေဖြင့် မည်သို့မှ မရှောင်နိုင်ခဲ့ချေ။

မြှားတိုလေးသည် မျက်တောင်တစ်ခတ်အတွင်း ကျိုးယ ဖန်တီးထားသည့် ဒုတိယ အကာအရံဆီသို့ ရောက်လာခဲ့သည်။

အနက်ရောင်မြှားသည် ဓါးပူပူတစ်ချောင်းမှ ထောပတ်တုံးကို ဖြတ်တောက်သွားသည့်နှယ် သူမ ဖန်တီးထားသည့် ဒုတိယအကာအရံကို အလွယ်တကူ ဖောက်ထွက်သွားခဲ့သည်။ ထိုမျှနှင့်ပင် မရပ်တန့်သွားသေးဘဲ ပထမအကာအရံကိုပါ ဆက်လက် ဖောက်ထွက်လာခဲ့ပြီးနောက် အဆုံးတွင် သူမ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့လေသည်။

ကျိုးယ ရင်ဘတ်ရှိ အပေါက်ကြီးကို မြင်ပြီးနောက် သူမအား ကူညီပေးရန် ပြေလာနေကြသော လူအားလုံး၏ ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွားခဲ့ကြလေသည်။

သူမ အပေါင်းအပါများ၏ အကြည့် အနည်းငယ် ထူးခြားနေသဖြင့် ကျိုးယလည်း ခေါင်းငုံ့ကြည့်လိုက်ရာ သူမရင်ဘတ်ရှိ အပေါက်ကြီးကို မြင်ပြီးနောက် သူမ မျက်နှာပြင် တစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ထိုပေါက်နေသော အပေါက်မှ တဒုန်ဒုန် ခုန်နေသော သူမ၏ နှလုံးကို ရေးတေးတေးလေး မြင်တွေ့နေရသည်။ သို့သော်လည်း ထူးဆန်းစွာပင် ထိုဒဏ်ရာမှ မည်သည့်သွေးမှ စီးကျမနေခဲ့ချေ။

“ဂိုဏ်းချုပ်.. ကျွန်မကို ကယ်ပါဦး” ကျိုးယ မျက်နှာပျက်သွားပြီး ချူကျန်း ရပ်နေသည့် နေရာဆီ လက်လှမ်းဆန့်တန်းလိုက်သည်။ သို့သော် သူမ၏ ကြိုးစားမှုသည် အချည်းနှီးသည်သာ။

သူမ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရင်ဘတ်ဆီ အပေါက်ဆီမှ အနက်ရောင် မီးတောက်များ ရုတ်တရက် ထတောက်လောင်လာပြီး သူမတစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့လေသည်။ ကြောက်လန့်တကြား အော်ဟစ်သံတို့ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ခဏအတွင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ကျိုးယ ရှိနေသော နေရာတွင်မူကား ပြာပုံတစ်ခုသာ ကျန်တော့၏။

အဘက်ဘက်မှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ချူချန်ဖုန်းကို ရန်ကိုင် သတ်လိုက်နိုင်သည်မှာ အလစ်ချောင်း တိုက်ခိုက်မှုကြောင့်ဟု ပြော၍ ရသော်လည်း ကျိုးယအား သတ်လိုက်နိုင်သည့် ကိစ္စကိုမူ အလစ်ချောင်းတိုက်ခိုက်သည့် အတွက်ကြောင့်ဟု ဆင်ခြေပေး၍ မရတော့ချေ။ ရန်ကိုင်သည် ကျိုးယုအား သူမကိုယ်သူ ကာကွယ်ရန် ပြင်ဆင်ချိန်ပေးပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့ပင်လျှင် သူမလည်း ချူချန်ဖုန်းကဲ့သို့ တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

မည်သူမှ ရန်ကိုင်အား ဆက်အထင်မသေးရဲကြတော့ချေ။ ရန်ကိုင်၏ ကြည့်သည့် သူတို့၏ အကြည့်ထဲ ကြောက်လန့်ရိပ်တို့ဖြင့် ထွက်ပေါ်နေခဲ့လေပြီ.

တန်ခိုးရှင် ပထမအဆင့်လေးဖြင့် တန်ခိုးရှင်ဒုတိယအဆင့်အား အသက်တစ်ရှိက်စာ အတွင်း သတ်ပစ်သွားသည်မှာ တကယ်ကို မယုံကြည်နိုင်စရာကောင်းသည့် ကိစ္စတစ်ခုဖြစ်သည်။ သူတို့၏ ဂိုဏ်းချုပ်မှ စွမ်းအားကုန်သုံး၍ တိုက်ခိုက်မည်ဆိုပါ ထိုကဲ့သို့ လုပ်နိုင်ကောင်း လုပ်နိုင်သော်ငြား ထိုကောင်လေးသည် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသည်။ ထိုကောင်လေး၏ ခွန်အားသည် သူတို့၏ ဂိုဏ်းချုပ်အဆင့်သို့ပင် ရောက်နေပြီ ဖြစ်လေသလော။

ထို့အပြင် ထိုမြှားတိုကြီးကကော ဘာကြီးနည်း။ ဘာကြောင့် ထိုမျှ အားကောင်းနေသရသနည်း။

ရုတ်ချည်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မြှားတိုလေး အားကောင်းမှန်း သိသော်လည်း ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူပင်လျှင် မြှားတိုလေး၏ စွမ်းအားကြောင့် အံ့အားသင့်သွားခဲ့ရသည်။ သို့သော် မြှားတိုလေးမှာ တိုက်ပွဲအတွင်း နှစ်ကြိမ်သာ သုံးနိုင်၏။

“မင်းတို့ဘာတွေ ကြောင်ကြည့်နေတာလဲ။ အဲ့ကောင် မင်းတို့တွေကို တစ်ယောက်ချင်း လိုက်သတ်မှာကို ထိုင်စောင့်နေကြတာလား။ သူတစ်ယောက်တည်းကို မင်းတို့ ဘာတွေ ဒီလောက် ကြောက်နေတာလဲ။ အဲ့ကောင်က သူ့ခွန်အားနဲ့ တိုက်နေတာ မဟုတ်ဘူးကွ။ လက်နက် အားကိုးပြီး တိုက်ခိုက်နေတာကွ” ဖန်ဖုန်းက ရုတ်တရက် အော်ဟစ်လိုက်သည် “ငါထင်ထာသာ မမှားရင် ဒီကောင် နောက်ထပ် အဲ့လိုအကွက်မျိုး တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ သုံးလို့ရတော့မှာ။ မင်းတို့ ဒီလောက်လေးနဲ့ သွေးကြောင်သွားကြတာလား။ အဲ့ကောင်ကို မြန်မြန် တိုက်ခိုက်ကြစမ်း။ ဒီကောင့်မှာ လက်ခြောက်ဖက်ရှိလား ငါသိချင်သေးတယ်”

သက်တမ်းရင့်သည် ဂျင်းမှန်လျှင် ပိုစပ်သည် ဆိုသည်မှာ တကယ်ကို မှန်ပေသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်နှင့်အညီ သူ့အမြင်သည် အခြာသူများထက် ပိုစူးရှသည်။ ရန်ကိုင်၏ အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း လျှို့ဝှက်နည်းစနစ်နှင့် ငှက်မွှေးဝိဥာဉ်မြှားသည် အကြိမ်အများကြီး အသုံးပြု၍ရသော အရာများမဟုတ်မှန်း ချက်ချင်း တန်းသိလိုက်နိုင်ခဲ့သည်။

ပြောစရာမလိုအောင်ကို ငှက်မွှေးဝိဥာဉ်မြှားသည် တိုက်ပွဲအတွင်း နှစ်ကြိမ်သာ သုံး၍ရသော မှော်ရတနာတစ်ခု ဖြစ်သည်။

အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း ပညာရပ်ဆိုလျှင်လည်း တစ်ကြိမ်သုံးတိုင်း စိတ်စွမ်းအင် အလွန်ကုန်သဖြင့် ရန်ကိုင်၏ အထွတ်အထိပ် အခြေအနေ၌ပင် အများဆုံး သုံးကြိမ်မှ၊ လေးကြိမ်လောက်သာ သုံးနိုင်သည်။ ထိုမျှ သုံးပြီးသွားသည်နှင့် သူ့အသိစိတ်ပင်လယ် တစ်ခုလုံး ခမ်းခြောက်သွားပေလိမ့်မည်။

စစချင်း အားကောင်းသော ပညာရပ်များကို ထုတ်သုံးလိုက်ရခြင်းမှာ ရန်သူများအား ဖြဲခြောက်ချင်သည့် အတွက်ကြောင့် ဖြစ်သည်။ သူရင်ဆိုင်နေရသည့် ရန်သူ အရေအတွက်မှာ အလွန်ကိုမှ များလွန်းလှသည်။ သူ့ရန်သူများကို မကြောက်သော်လည်း ရန်သူများကိုသာ ကြောက်လန့်အောင် လုပ်ထားနိုင်လျှင် သူ့အတွက် ပိုသက်သာနိုင်ပေသည်။

ချူချန်ဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီး၏ တစ်ချက်တည်း အသတ်ခံရမှုသည် ကျန်လူများ၏ စိတ်ပိုင်းဆိုင်ရာကို သိသိသာသာ ထိခိုက်သွားစေခဲ့သည်။ ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ရာတွင် ကျင့်ကြံခြင်းအဆင့်နှင့် ထုတ်သုံးနိုင်သည့် ဝှက်ဖဲများသာ အရေးကြီးခြင်း မဟုတ်ဘဲ စိတ်အခြေအနေလည်း အရေးကြီးပေသည်။

စိတ်သာ မတည်ငြိမ်လျှင် ခွန်အား အပြည့်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ ဖန်ဖုန်း၏ စကားလုံး အနည်းငယ်သည် အခြားသူများကို သူတို့၏ အကြောက်တွင်းမှ ပြန်လည် ဆွဲယူနိုင်ခဲ့၏။

ဖန်ဖုန်း စကားကို ကြားလိုက်သည့်အခါမှပဲ သူတို့လည်း စဉ်းစားမိတော့သည်။ လူတစ်ယောက် မည်မျှပင် အားကောင်းသည်ဖြစ်ပါစေ အကန့်အသတ် ဆိုသည်မှာ ရှိစမြဲပင်။ ရန်ကိုင်ကဲ့သို့ တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော လူတစ်ယောက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

သူသာ တကယ် အားကောင်းလျှင် ဘာကြောင့် ချူကျန်းနှင့် ဖန်ဖုန်းတို့ကို သွားမတိုက်ခိုက်ဘဲ ချူချန်ဖုန်းနှင့် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော ကျိုးယကို ရွေးချယ် တိုက်ခိုက်ခဲ့သနည်း။ သူ့ခွန်အား မလုံလောက်သည့် အတွက်ကြောင့်သာ အားကောင်းသော လူများကို သွားမတိုက်ခိုက်ခဲ့ဘဲ အားနည်းသော လူများကို ရွေးချယ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် လူအုပ်ကြီး၏ ကြောက်စိတ်တို့ လျော့ပါးသွားပြီး သူတို့၏ မှော်ရတနာနှင့် သိုင်းပညာရပ် အသီးသီးကို ထုတ်သုံး၍ ရန်ကိုင်အား တိုက်ခိုက်ကြလေတော့သည်။

မရေမတွက်နိုင်သော ရောင်စုံ အလင်းတန်းတို့သည် ရန်ကိုင် ရပ်နေသည့် နေရာဆီသို့ စုပြုံကျဆင်းလာခဲ့သည်။

တန်ခိုးရှင်အဆင့် အယောက်နှစ်ဆယ်ကျော်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော် ရန်ကိုင်လည်း မျက်နှာပျက်သွားခဲ့သည်။ ခရမ်းရောင်ဒိုင်းကို အလျင်စလို ထုတ်လိုက်ပြီး သဲမုန်တိုင်းစွမ်းရည်ကို အသက်သွင်းလိုက်လေသည်။

တစ်ချိန်တည်းတွင် မီးငှက်ကိုပါ ဆင့်ခေါ်လိုက်လေသည်။ မီးငှက်သည် ၎င်း၏ တောင်ပံများကို ဖြန့်ကျက်၍ တိုးဝင်လာနေသော တိုက်ခိုက်သူများဆီ မြောက်မြားစွာသော မီးဘောလုံးများ မှုတ်ထုတ်လိုက်သည်။

ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ ရွှေရောင်ပိုးမျှင်များကို ထုတ်၍ပါ ရန်သူများကို တိုက်ခိုက်လိုက်လေသည်။

သို့သော် တိုက်ပွဲအခြေအနေသည် ရန်ကိုင်ဘက်သို့ အလေးသာမနေခဲ့။ မကြာမီ ရွှေရောင်သွေးမျှင်များ စတင် မှိန်ကျလာခဲ့လေသည်။ မီးငှက်သည်လည်း အခြေအနေမဟန်။ ၎င်း၏ ခန္ဓာကိုယ်သည် ခဏခဏ ပျက်စီးနေသဖြင့် မကြာခဏ ပြန်လည် ဖွဲ့စည်းနေရသည်။ မီးငှက်သည် အားကောင်းသော်လည်း လက်နှစ်ဖက်တည်းဖြင့် တိုက်ခိုက်မှုလေးကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

ရန်ကိုင် ဖန်တီးထားသည့် သဲမုန်တိုင်း အကာအကွယ်သည်လည်း အလွန်ကိုမှ လျင်မြန်သော နှုန်းဖြင့် ပျောက်ကွယ်လာနေခဲ့လေသည်။ အခြေအနေ မဟန်သော်လည်း ရန်ကိုင်သည် သူ့ဆီ တိုးဝင်လာနေသော တိုက်ခိုက်မှုများကို အံကြိတ်၍ ခုခံနေခဲ့သည်။

ဖန်ဖုန်းသည် တိုက်ပွဲထဲ ဝင်မပါသေးဘဲ ဘေးကနေသာ ရပ်ကြည့်နေခဲ့သည်။ ရန်ကိုင် ဒုက္ခရောက်နေသည်ကို မြင်သော် ပြုံးလျက် အော်ရယ်တော့လေသည် “ကောင်လေး၊ အခုမှ နောင်တရဖို့ နောက်ကျသွားပြီ။ ငါမင်းအသက်ကို ချမ်းသာပေးလို့ရပေမယ့် သခင်လေးချူကို သတ်လိုက်မှတော့ မင်းတစ်ခုခုတော့ ပြန်ပေးဆပ်ရတော့မှာပေါ့”

သူ့စကားလုံးထဲ အဓိပ္ပါယ်အချို့ ပါဝင်နေခဲ့သည်။ ဖန်ဖုန်းသည် ချူချန်ဖုန်း သေသွားသည့် အပေါ် ကြိတ်ပျော်နေခြင်း ဖြစ်သည်။ သူနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် ရန်ကိုင်ကို ဖမ်းဆီးရန်အတွက် ပူးပေါင်းထားသော်လည်း ထိုအရာမှာ ယာယီသာ ဖြစ်သည်။ သူတို့ကြားတွင် ရန်ငြိုးများစွာ ရှိနေပေသေးသည်။ ချူချန်ဖုန်း သေသွားသည့်အတွက် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အနာဂတ်အား ကြီးကြီးမားမား ထိခိုက်သွားသည်ဟု ပြောနိုင်ပေသည်။

ခုမှစ၍ နောက်ဘာမှမဖြစ်ဘဲ ဤအတိုင်း ဆက်သွားခဲ့ပြီး လူငယ်မျိုးဆက်များ ရင့်ကျက်လာသည့်တစ်နေ့ သူ့သာ ဖန်ထျန်းဇုန်အား ယှဉ်ပြိုင်နိုင်သည့်လူ တစ်ယောက်မှ ရှိတော့လိမ့်မည် မဟုတ်ချေ။

မရေမတွက်နိုင်သော တိုက်ခိုက်မှုကြောင့် သဲမုန်တိုင်းအကာအကွယ် ပျက်စီးသွားပြီး အကာအကွယ်နောက်တွင် ပုန်းအောင်းနေသော ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။

ရန်ကိုင် ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ မိုရှောင်ရှန်းသည်လည်း အချိန်ကိုက် ပေါ်လာခဲ့သည်။ ရန်ကိုင်ကဲ့သို့ပင် သူလည်း လေဟာနယ် စွမ်းအားကို ကျင့်ကြံထားပေသည်။ မိုရှောင်းရှန်းသည် လက်နှစ်ဖက်ကို စုစည်း၍ သဲမုန်တိုင်း၏ ဟာပေါက်နေရာမှတစ်ဆင့် ရန်ကိုင်အား တိုက်ခိုက်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်လည်း သူတော်စင်ချီကို လှည့်ပတ်ကာ မိုရှောင်ရှန်း၏ လက်ဝါးကို သူ့လက်ဝါးဖြင့် တန်ပြန် တိုက်ခိုက်လိုက်သည်။

လက်ဝါးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက်၊ မိုရှောင်ရှန်း မီတာပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားခဲ့ပြီး ရန်ကိုင်မှာမူ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ရသည်။ သူ့လက်ဝါးချက်အား တန်ပြန် တိုက်ခိုက်လိုက်သည့် ရန်ကိုင်၏ စွမ်းအားအပေါ် မိုရှောင်ရှန်း အမှန်တကယ်ကို ထိတ်လန့်သွားခဲ့သည်။

သို့ရာတွင် သူ့ချောင်းမြောင်းတိုက်ခိုက်မှုသည် ရန်ကိုင်အား မထိခိုက်စေခဲ့သော်ငြား ရန်ကိုင်၏ အကာအကွယ်၌ ဟာကွက်များစွာ ပေါ်လာအောင်တော့ လုပ်ဆောင်နိုင်ခဲ့သည်။ မိုရှောင်ရှန်းကြောင့် ရန်ကိုင် အနည်းငယ် အကာအကွယ် မဲ့သွားချိန်၊ အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည် ရန်ကိုင်အား စုပြုံတိုက်ခိုက်ကြလေသည်။

တိုက်ခိုက်မှုပေါင်းများစွာကြောင့် သဲမုန်တိုင်း ပျက်စီးသွားခဲ့ပြီး ခရမ်းရောင်ဒိုင်း ပြန်ပေါ်လာခဲ့သည်။ သို့သော် ၎င်း၏ အရောင်အဝါမှာ မှေးမှိန်နေခဲ့လေပြီ။ ယခင်ကကဲ့သို့ တောက်ပနေခြင်း မရှိတော့ချေ။ သဲမုန်တိုင်း အကာအကွယ် မရှိတော့သည့် အတွက်ကြောင့် ရန်ကိုင်တစ်ကိုယ်လုံး မိုးသီးမိုးပေါက်များသဖွယ် တိုက်ခိုက်မှုအောက်သို့ နစ်မြုပ်သွားခဲ့ရ၏။

ခရမ်းရောင်ဒိုင်းသည် တန်ခိုးရှင် အထွတ်အထိပ်အဆင့် မှော်ရတနာ တစ်ခုဖြစ်သော်လည်း တန်ခိုးရှင်အဆင့် ပညာရှင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ ရန်ကိုင် ခရမ်းရောင်ဒိုင်းကို ထုတ်ကာလိုက်သည်မှာ အသက် ဆယ်ရှိုက်စာသာ ရှိပေသေးသည်။

ထိုအခြင်းအရာကို မြင်သော် ဖန်ဖုန်း မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင် ရှိနေသည့် နေရာအား စစ်ဆေးကြည့်လိုက်သည်။

ရန်ကိုင် သေသွား၍ မဖြစ်ချေ။ ရန်ကိုင်သာ သေသွားခဲ့လျှင် အထက်စကြာဝဠာဂိုဏ်းနှင့် မည်သို့မှ အလဲအထပ် လုပ်လို့ရတော့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း စစ်ဆေးပြီးနောက် သူစိတ်ပူစရာ မလိုမှန်း သိလိုက်ရသည်။ တိုက်ခိုက်မှုပေါင်းများစွာကို ရင်ဆိုင်ရပြီးသော်လည်း ရန်ကိုင်၏ အသက်စွမ်းအင် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ အနည်းငယ် ကယောက်ကယက် ဖြစ်သွားခဲ့ခြင်းသာ ရှိသည်။

အလင်းရောင်နှင့် ဖုန်မှုန်များ ပျောက်ကွယ်သားပြီးနောက် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ သို့သော် သူ့တစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်နေခဲ့လေသည်။ ရန်ကိုင့် ပုံစံကို မြင်ပြီးနောက် အကုန်လုံး စိတ်အားတက်ကြွသွားခဲ့ကြသည်။ ယခုလေးတင် ရန်ကိုင်သည် မည်သူ့ကိုမှ မျက်စိမထည့်သည့် ပုံစံဖြင့် ပြုမူနေခြင်း ဖြစ်သည်။ ယခုမူ သူထိုကဲ့သို့ ပြုမူနိုင်သေးသလော။ ရန်ကိုင်၏ ပုံစံကို ကြည့်ရင်း အကုန်လုံး ကြိတ်ပျော်နေခဲ့ကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၉၉)

ရန်ကိုင်၏ မျက်ဝန်းအစုံသည် အေးစက်စက် ဓါးသွားတစ်ချောင်းနှယ် ထက်ရှ အေးစက်နေခဲ့သည်။ သူတကယ်ကို ဒေါသ ထွက်နေခဲ့လေပြီ။

“မင်းဒီလောက်ပဲ တတ်နိုင်တာလား ကောင်လေး။ ခုနတုန်းကတော့ ငါတို့ကို ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုပြီးတော့ မင်းပဲ ပြောနေခဲ့တာ မဟုတ်ဘူးလား။ အခုကျ ဘာဖြစ်သွားတာလဲ။ ဟန်၊ ပြောပါဦး။ မင်းတို့လို လူငယ်တွေက၊ သွေးမမြင်သရွေ့ နာရကောင်းမှန်း မသိတဲ့ကောင်တွေပဲကွ။ ငါမရက်စက်ချင်လို့ ပြောနေတာ။ မင်းအေးအေးဆေးဆေး မတိုက်ခိုက်ဘဲ အညံ့ခံလိုက်ရင် ကောင်းလိမ့်မယ်နော်” ဖန်ဖုန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရယ်မောရင်း ပြောလိုက်သည်။ သို့သော်လည်း ထိုသို့ပြောနေရင် သူ့မျက်နှာ တစ်ချက် မဲ့သွားသည်ကို မည်သူမှ သတိမပြုမိလိုက်ချေ။

ရန်ကိုင်အား အထင်အမြင်သေး၊ နှိမ့်ချ ပြောဆိုနေခဲ့သော်လည်း သူ့ရင်ထဲတွင်မူ အတော့်ကိုမှ ထိတ်လန့်နေမိပေသည်။

ဒီကောင် တကယ့် မွန်းစတားပဲ တန်ခိုးရှင်ပထမအဆင့်လေးဖြင့် တန်ခိုးရှင် အယောက် နှစ်ဆယ်ကျော်၏ ဝိုင်းအုံတိုက်ခိုက်မှုကို ခုခံနိုင်သည်မှာ နည်းရောလား။ အသက် ဆယ်ရှိုက်စာသာ ခုခံနိုင်ခဲ့သော်လည်း ဤအရိပ်ကြယ်ပေါ်တွင် သူ့ကဲ့သို့ လုပ်နိုင်သည့်လူ တစ်ယောက်မှ မရှိချေ။

သူကိုယ်တိုင်ပင်လျှင် ထိုတန်ခိုးရှင် အယောက်နှစ်ဆယ်ကျော်၏ ဝိုင်းအုံတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု မယုံကြည်ပါချေ။ ထိုကောင်လေး၏ ခွန်အားသည် သူနှင့် ယှဉ်နိုင်သည်ဟု ပြောနေခြင်းပေလော။ သူသည် တန်ခိုးရှင်တတိယအဆင့်ဖြစ်ပြီး ထိုကောင်လေးသည် ယခုမှ တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသည်။

ထို့အပြင် ထိုကောင်လေး အရိပ်ကြယ်သို့ ရောက်သည်မှာ ဆယ်နှစ်ကျော်သာ ရှိပေသေးသည်။ အရိပ်ကြယ်သို့ သူစရောက်စဉ်က သူတော်စင်တတိယအဆင့်သာ ရှိခဲ့သော်ငြား ယခုမူ တန်ခိုးရှင်အဆင့်သို့ ရောက်နေခဲ့လေပြီ။

အရိပ်ကြယ်ပေါ်တွင် သူ့လောက် ကျင့်ကြံခြင်း မြန်သည့်လူ တစ်ယောက်မှ မရှိပေ။ သူ့လောက် တိုက်ပွဲစွမ်းရည် မြင့်မားသည့် လူလည်း တစ်ယောက်မှ မရှိချေ။ ထိုကောင်လေးသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ချေ ရှိသည့် လူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူ့အား ဆက်ကြီးထွားခွင့်မပေး၍ မဖြစ်။ တန်ခိုးရှင်ပထမအဆင့်နှင့်ပင် သူတို့အား ဤမျှ ဒုက္ခပေးနိုင်လျှင် သူသာ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ပါက အရိပ်ကြယ် တစ်ခုလုံး သူ့လက်အောက်သို့ ရောက်သွားရပေလိမ့်မည်။

ထို့အပြင် ယနေ့ သူနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် လူများစွာခေါ်လာပြီး သူ့အား သတ်ရန် ကြိုးစားခဲ့သည်။ သူတို့သာ သူ့အား ယနေ့ အလွတ်ပေးလိုက်ပါက တစ်နေ့တွင် ပြန်လာပြီး သူ့တို့အား ပြန်လက်စားချေပေလိမ့်မည်။ ထိုကောင်လေး၏ အကြည့်သည် သူတို့အား ကျိန်းသေ ပြန်လက်စားချေမည့် အကြည့်မျိုး ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို လုံးဝ အသက်ရှင်ခွင့် ပေးလိုက်၍ မဖြစ်ချေ။

ဒီကောင် အသက်ရှင်လို့ မဖြစ်ဘူး

ထို့ကြောင့် ကြယ်ဧကရာဇ်တောင်မှ ပေးအပ်သည့် ကိစ္စသာ ပြီးသွားခဲ့လျှင် ရန်ကိုင်အား ကျိန်းသေ လက်စသတ်ပစ်ရမည်ဟု စိတ်ထဲ ကြိတ်၍ အကြံချထားလိုက်သည်။ ထိုကောင်သာ အသက်ရှင်နေလျှင် နေ့စဉ်နှင့်အမျှ သူ့အနေဖြင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားအရသည့် ဘဝမျိုးတွင် နေနေရပေလိမ့်မည်။

“ဒီကောင် မီးစာကုန်ရေခမ်း ဖြစ်နေပြီ။ သူ့ကို မြန်မြန် ဖမ်းလိုက်တော့” ဖန်ဖုန်းက အားလုံးကို အော်ပြောလိုက်သည်။ နှောင့်နှေးနေခြင်းသည် မလိုလားအပ်သော ပြဿနာများကို ဖြစ်စေနိုင်သည့်အတွက် ဖန်ဖုန်း နှောင့်နှေးမနေခဲ့ချေ။

ဖန်ဖုန်း၏ အော်ဟစ်သံကို ကြားသည်နှင့် တန်ခိုးရှင်အဆင့် တစ်ယောက်သည် ရန်ကိုင်ဆီသို့ ပြေးဝင်သွားပြီး ကျန်တစ်ဝက်သည် ရန်ကိုင် ထွက်မပြေးနိုင်စေရန်အတွက် ရပ်စောင့်ကြည့်နေခဲ့လေသည်။

တန်ခိုးရှင်အဆင့်များ သူ့ဆီ ပြေးဝင်လာနေသည်ကို မြင်သော် ရန်ကိုင်၏ ဒေါသထွက်၊ အေးစက်စက်၊ မုန်တီးမှုဖြင့် ပြည့်နေသော အမူအရာသည် ရုတ်တရက် လှောင်ပြောင်လိုဟန်ဖြင့် ပြည့်နေသည့် အမူအရာဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ပိုကောင်းတဲ့လမ်း ရှိပေမယ့် ခင်ဗျားတို့က ဒီလမ်းကိုမှ ရွေးချင်နေမှတော့ ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ကို ငရဲခန်းဆီ ပို့ပေးရတာပေါ့”

ပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်ဝါးအရွယ် သစ်သားအဝိုင်းပြားလေး တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုအဝိုင်းပြားလေးပေါ်တွင် နက်နဲဆန်းကြယ်သော မျဉ်းကြောင်းများ ရှိနေပြီး အဝိုင်းပြား တစ်ချပ်လုံးသည် ဆန်းကြယ်သော တောက်ပသော အလင်းရောင်တို့ဖြင့် လင်းလက် တောက်ပနေခဲ့လေသည်။

“မကောင်းတော့ဘူး” သူတို့ ထောင်ချောက်တစ်ခုခုထဲ ရောက်သွားပြီမှန်း သတိပြုမိလိုက်သည့်နောက် တစ်ယောက်ယောက် အလန့်တကြား ထအော်ပြီး ပြန်ဆုတ်ရန် ပြင်လိုက်သည်။

သို့သော်ငြား ယခုမှ ပြန်ဆုတ်ရန် နောက်ကျလွန်းနေခဲ့လေပြီ။ သစ်သားအဝိုင်းပြားမှ ထုတ်လွှတ်နေသော တောက်ပသည့် အလင်းရောင်သည် ရန်ကိုင်၏ အနီးပတ်လည်တွင် ရှိနေသော လူအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း တိမ်ဖြူများနှင့် ပြည့်နေပြီး စိမ်းစိုသော ရှုခင်းတို့ဖြင့် သာယာလှပသော နေရာတစ်ခုသို့ ရောက်လာကြောင်း ထိုလူအားလုံး သတိပြုမိလိုက်သည်။ သူတို့ ပတ်ဝန်းကျင်အသစ်ကို ကြည့်ရင်း ထိုလူအားလုံး ကြောင်တောင်တောင် ဖြစ်ကုန်ကြ၏။

ဖန်ဖုန်းနှင့် အခြားသူများလည်း မှင်သက်နေခဲ့ကြသည်။ ရုတ်ချည်းဆိုသလို ရန်ကိုင်နှင့် တန်ခိုးရှင်အဆင့် များစွာတို့သည် သူတို့ရှေ့မှ ပဥ္စလက်ဆန်ဆန် ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုလူအားလုံး မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခြင်း ဖြစ်လေရာ တကယ်ကို ထူးဆန်းလှပေသည်။

သို့သော်ငြား ရန်ကိုင် ရပ်နေခဲ့သည့် နေရာတွင်မူ းထူးခြားသော စွမ်းအင်လှိုင်းအချို့ကို ရှိနေသည်ကို ခံစားမိနိုင်သည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တန်ခိုးရှင်တတိယအဆင့် လူအိုကြီး တစ်ယောက်သည် မျက်မှောင်ကြုတ်လျက် ရန်ကိုင် ရှိနေသည့် နေရာဆီသို့ လှမ်းတိုက်ခိုက်ကြည့်လိုက်သည်။ သို့သော် သူ့တိုက်ခိုက်မှုသည် ထိုနေရာအား ဖြတ်ကျော်သွားနိုင်ခြင်း မရှိဘဲ မမြင်နိုင်သော အကာအရံ ပါးပါးလေးတစ်ခု၏ တားဆီးခြင်း ခံလိုက်ရလေသည်။

“အစီအရင်ကြီးလား” လူအိုကြီး မျက်လုံးပြူးသွားခဲ့ကြသည်။

“ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အစီအရင်တစ်ခု ရှိနေတာလဲ” ဖန်ဖုန်း မျက်နှာလည်း အလွန် အရုပ်ဆိုးသွားခဲ့သည်။ ရန်ကိုင်အား ချောင်ပိတ်ရိုက်နိုင်ပြီ အထင်နှင့် ပျော်နေခဲ့သော်လည်း ရုတ်တရက် ဖြစ်ပေါ်လာသော မမျှော်လင့်ထားသည့် အဖြစ်အပျက် တစ်ခုကြောင့် သူပျော်နေသည့် အပျော်လေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရသည်။

ရန်ကိုင်နှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည် အစီအရင်ထဲသို့ ရောက်သွားကြခြင်း ဖြစ်သည်။ အစီအရင် အပြင်ဘက်တွင် ရှိနေသော လူများသည် အစီအရင်ထဲ၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မမြင်နိုင်သလို အစီအရင်ထဲသို့လည်း ဝင်၍မရချေ။ ထို့ကြောင့် အစီအရင်ထဲတွင် ရှိနေသော လူများကို သူတို့ သွားကူညီချင်လျှင်ပင် မကူညီပေးနိုင်ပေ။

သို့သော်လည်း ဤနေရာတွင် အစီအရင်တစ်ခု မည်ကဲ့သို့ ရှိနေရသနည်း။

ယခင်ကတည်းကသာ ဤနေရာ၌ ရှိနေခြင်း ဖြစ်ခဲ့လျှင် သူတို့၏ တိုက်ခိုက်မှုကြောင့် အစီအရင်သည် အစောကြီးကတည်း အသက်ဝင်ပြီးနေလောက်ပေပြီ။ ယခုကဲ့သို့ အချိန်မျိုးမှ ရုတ်တရက်ကြီး ထအသက်ဝင်လာစရာ အကြောင်း မရှိပေ။ ထိုကောင်လေးမှ အစီအရင်ကို ထိန်းချုပ်ထားပြီး သူတို့ သူဆင်ထားသည့် ထောင်ချောက်ထဲသို့ ဝင်လာမည့် အချိန်ထိ စိတ်ရှည်ရှည်ဖြင့် စောင့်နေခြင်းပေလား။

ထိုကဲ့သို့ သိပ်တော့ မဖြစ်နိုင်လှ။

“ဂိုဏ်းချုပ်၊ ဒီအစီအရင်က အစကတည်းက ဒီမှာ ရှိနေတာ မဟုတ်လောက်ဘူး” ထိုလူအိုကြီးသည် အစီအရင်များကို လေ့လာခဲ့ဖူးပုံပေါ်သည်။

“မဟုတ်ဘူးလား” ဖန်ဖုန်း မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်သည် “အကြီးအကဲကျို ဘာပြောချင်နေတာလဲ။ ဒီအစီအရင်ကို အဲ့ကောင်လေး အခုမှ ကောက်ပြီး ခင်းကျင်းလိုက်တယ်လို့ ပြောချင်နေတာလား”

“အဲ့လို ဟုတ်လောက်တယ်” အကြီးအကဲကျိုက ခေါင်းညိတ်လိုက်သည်။

ဖန်ဖုန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည် “ငါ့ကို လာနှပ်ချဖို့ မစဉ်းစားနဲ့ အကြီးအကဲကျို၊ အစီအရင်တွေကို ငါမလေ့လာဖူးပေမယ့် အစီအရင်တစ်ခုကို ခင်းကျင်းဖို့ ဘယ်လောက် အချိန်ယူ အားစိုက်ရလဲတော့ ငါသိတယ်။ ဒီကောင်မှာ ရှိတဲ့ အချိန်နဲ့ အခုလို အစီအရင်တစ်ခုကို ကောက်ပြီး ခင်းကျင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“အဲ့လိုဆိုပေမယ့် အခုအစီအရင်က အဲ့ကောင်လေးက ထုတ်လိုက်တဲ့ သစ်သားပြာလေးနဲ့ တစ်ခုခု ပက်သက်နေလောက်တယ်” အကြီးအကဲကျိုက တွေးတွေးဆဆဖြင့် “ကျုပ်ထင်တာသာ မမှားရင် အဲ့ကောင်လေးက ထုတ်လိုက်တဲ့ သစ်သားပြားက အစီအရင်ပြားတစ်ခု ဖြစ်လောက်တယ်”

“အစီအရင်ပြား” ဖန်ဖုန်း မျက်လုံးမှေးစဉ်းသွားခဲ့သည်။ အစီအရင်ပြားများ အကြောင်းကို သူလည်း ကြားဖူးပေသည်။ အကြီးအကဲကျို ဆိုသူအား သေချားစိုက်ကြည့်၍ ထပ်ကာ မေးလိုက်သည် “အဲ့ဒါ အစီအရင်ပြားဆိုတာ သေချာလား”

“သေချာတော့ မပြောနိုင်ပေမယ့် ကျုပ်ခေါင်းထဲ အဲ့အဖြေတစ်ခုပဲ စဉ်းစားမိတယ်။ မဟုတ်ရင် အစီအရင်တစ်ခုကို အဲ့ကောင် ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ခင်းကျင်းနိုင်မှာလဲ။ သူ့မှာ ကြိုတင်ခင်းကျင်းပြီးသား အစီအရင်တစ်ခု ရှိနေမှပဲ ရလိမ့်မယ်။ အဲ့လို ကြိုတင် ခင်းကျင်းထားတဲ့ အစီအရင်တွေ ဆိုတာကလည်း အစီအရင်ပြားမှာပဲ ရှိနိုင်တာလေ။ ပြီးတော့ သူ့အစီအရင်က ရိုးရိုး အစီအရင်တောင် မဟုတ်ဘူး။ အတော်လေး အဆင့်မြင့်တဲ့ အစီအရင်”

“ဒီကောင့်မှာ ဘယ်လိုလုပ်ပြီး ဒီလို ပစ္စည်း ရှိနေတာလဲ” ဖန်ဖုန်းမျက်နှာ ဖြူလျော်သွားသည် “ခင်ဗျား အဲ့အစီအရင်ကို ဖျက်စီးနိုင်လား”

အကြီးအကဲကျိုသည် တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “နှစ်ရက်လောက် ရရင်တော့ ဖျက်စီးလို့ ရလောက်တယ်။ အခု အစီအရင်က အတော်လေး အဆင့်မြင့်တာ ဆိုတော့ နှစ်ရက်က အမြန်ဆုံးပဲ။ အဲ့ထက်တော့ ပိုမမြန်နိုင်လောက်တော့ဘူး”

“နှစ်ရက်…” ဖန်ဖုန်း အမူအရာ ခါးသက်သက် ဖြစ်သွားခဲ့သည်။

ထိုနှစ်ရက်အတွင်း အထဲရှိ လူအာလုံး မသာပေါ်သွားနိုင်သည်။

“ဘာအစီအရင်ပဲ ဖြစ်ဖြစ်၊ ဖျက်စီးလိုက်ရင် ပြီးပြီးမလား” ထိုစဉ် သူတို့နောက်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ နောက်သို့ လှည့်ကြည့်လိုက်ရာ ယခုမှ အသိပြန်ဝင်လာသည့် ချူကျန်း ဖြစ်နေမှန်း ဖန်ဖုန်း တွေ့ရှိလိုက်ရသည်။ လက်ရှိ ချူကျန်း၏ မျက်လုံးများ သွေးရောင်ရဲနေပြီး သူ့မျက်နှာမှာလည်း အလွန်ကိုမှ ခက်ထန်ကြမ်းကြုတ်နေ၏။ သူ့သား သေသွားခဲ့သည့်အပေါ် အလွန်ကိုမှ ယူကြုံးမရ၊ ဒေါသထွက်နေသည့်ပုံပင်။

“အဟမ်း။ အစ်ကိုချူ၊ မင်းဒေါကို နည်းနည်း လျှော့ထားစမ်းပါကွ” ဖန်ဖုန်းသည် စိတ်ထဲတွင် ကြိတ်ပျော်နေခဲ့သော်လည်း အပြင်ပိုင်းတွင်မူ ဝမ်းနည်းချင်ယောင် ဆောင်နေခဲ့သည်။ သူတို့ အင်အားစုနှစ်ခုသည် အတူတကွ ပူးပေါင်းနေခြင်း ဖြစ်လေရာ သူ့အနေဖြင့် တစ်ပါးလူ ဒုက္ခ ရောက်နေသည်ကို သူပျော်ပြနေ၍တော့ မဖြစ်။ မဟုတ်လျှင် ချူကျန်း၏ ဒေါသ သူ့ဘက်သို့ လှည့်လာနိုင်ပေသည်။

“အစီအရင်တစ်ခုက မင်းကို အခက်တွေ့တောင် လုပ်နိုင်တာလား” ချူကျန်းက အံကြိတ်၍ “အစီအရင်ကို ဖျက်စီးပစ်လိုက်စမ်းကွာ။ ငါအဲ့ကောင်ကို နုတ်နုတ်စင်းပစ်ချင်နေပြီ”

“အစ်ကိုချူ၊ မင်းစိတ်ထိန်းနော်” ဖန်ဖုန်း အံ့အားသင့်သွားပြီး အလျင်အမြန် ထပ်ပြောလိုက်၏ “မင်းထိန်းမှ ရမှာနော်”

“မင်းငါ့ကို တားရဲလား” ချူကျန်းက ဖန်ဖုန်းအား စိုက်ကြည့်လိုက်ပြီး “ငါ့ကို တာရဲတဲ့လူ မှန်သမျှ ငါ့ရန်သူပဲ။ ငါဘယ်သူ့ကိုမှ အလွတ်ပေးမှာမဟုတ်ဘူး”

ထိုစကားကို ကြားသော် ဖန်ဖုန်းက မျက်မှောင်ကြုတ်ကြုတ်ဖြင့် ပြန်ပြောလိုက်သည် “အဲ့ကောင် သေသင့်တာ ဟုတ်တယ်။ မင်းတစ်ယောက်တည်း သူ့ကို သတ်ချင်နေတာ မဟုတ်ဘူး။ ငါလည်း သတ်ချင်နေတာ”

“အဲ့လိုဆိုရင် ဘာအပိုတွေ ပြောနေသေးတာလဲ။ အစီအရင်ကို ဖျက်စီးလိုက်တော့လေ”

“အစီအရင်ကတော့ ကျိန်းသေ ဖျက်စီးရင်မှာ။ ဒါပေမယ့် ငါတို့ဒီကို ဘာလို့ လာခဲ့လဲ ဆိုတာကို မင်းမေ့နေတာလား။ အစ်ကိုချူသာ အဲ့ကောင်လေးကို ဒေါသထွက်ထွက်နဲ့ သတ်မိလိုက်ရင် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမလဲ အစ်ကိုချူ မသိတာလား” နောက်ဆုံးပိုင်းကို ဖန်ဖုန်းက လေသံတိုးတိုးဖြင့် ချူကျန်းနားသို့ ကပ်ကာ ပြောလိုက်၏။

ထိုစကားကို ကြားလိုက်သည့် အခါမှပဲ ချူကျန်း အသိပြန်ဝင်လာပြီး တုန်တုန်ရီရီဖြင့် လူအုပ်ထဲရှိ လူတစ်ယောက်ကို လှမ်းကြည့်မိလိုက်သည်။ ထို့နောက် အနည်းငယ် ထိတ်လန့်သွားသည့် အမူအရာဖြင့် “အစ်ကိုဖုန်း ပြောတာမှန်တယ်။ ငါစိတ်လွတ်သွားတယ်”

“အစ်ကိုချူ နားလည်ရင်ပြီးရော” ယခုမှပဲ ဖန်ဖုန်း စိတ်အေးနိုင်တော့သည်။ ချူကျန်းသည် ရန်ကိုင်ကို ဒေါသထွက်ထွက်နှင့် သတ်မိလိုက်လျှင် ကောင်းကင်တိုက်ပွဲအစည်းအရုံး တစ်ခုပဲ ဒုက္ခရောက်မည် မဟုတ်၊ သူတို့လည်း အဆစ် ဒုက္ခရောက်ရပေလိမ့်မည်။ ထို့ကြောင့် ချူကျန်းအား တတ်နိုင်သမျှ ဖြောင်းဖျနေခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ချူကျန်းသည် လုံးဝ ပြောမရ ဆိုမရ ဖြစ်သည့် အဆင့်သို့ ရောက်မနေသေးခဲ့ပေ။

“ဒါပေမယ့်… ဒီကိစ္စပြီးရင်တော့ အဲ့ကောင်ကို ငါ့လက်ထဲ အပ်ရမယ်။ ငါအဲ့ကောင်ကို တစ်စစီ လုပ်ပစ်ချင်စိတ်ကို မနည်း ထိန်းနေရတယ်” ချူကျန်းက အံကြိတ်၍ ပြောလိုက်သည်။

“သေချာတာပေါ့။ ဒီကိစ္စပြီးသွားရင် အဲ့ကောင်ကို အစ်ကိုချူ ကြိုက်သလိုသာလုပ်” ဖန်ဖုန်းက ပြန်ပြောလိုက်သည်။

ထို့နောက် လူအုပ်ကြီးဘက်သို့ လှည့်၍ “မင်းတို့ ဘာရပ်လုပ်နေကြတာလဲ။ အစီအရင်ကို မြန်မြန် ဖျက်စီးပြီး အဲ့ကောင်လေးကို ဖမ်းဖို့လုပ်လေ”

“ဟုတ်ကဲ့” ချက်ချင်းပဲ တန်ခိုးရှင်အဆင့် ပညာရှင်များစွာတို့သည် သူတို့၏ မှော်ရတနာနှင့် လျှို့ဝှက်နည်းစနစ် အမျိုးမျိုးကို သုံးကာ အစီအရင်အား တိုက်ခိုက်ကြတော့လေသည်။ အဝေးတွင် ရပ်နေသော ဖန်ထျန်းဇုန်ပင်လျှင် အစီအရင်အား ဝင်ရောက် တိုက်ခိုက်လေသည်။

အပြင်ကလူများ အစီအရင်ကို တိုက်ခိုက်နေကြချိန် အစီအရင်ထဲသို့ ရောက်နေသော တန်ခိုးရှင်အဆင့် ပညာရှင်များမှာမူ ဇဝေဇဝါ ဖြစ်နေကြလေသည်။

ရန်ကိုင်အား တိုက်ခိုက်ရန် လုပ်နေရင်းနှင့်မှ ဤထူးထူးဆန်းဆန်း နေရာဆီသို့ ရုတ်တရက်ကြီး ရောက်လာခဲ့သည့်အတွက် အနည်းငယ် ကြောင်းအမ်းအမ်း ဖြစ်နေကြသည်။ လှည့်ပတ်ကြည့်လိုက်သည့် အခါတွင်လည်း သူတို့အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် နီးနီးကပ်ကပ် မရှိကြတော့ဘဲ ဟိုတစ်ကွဲ၊ ဒီတစ်ကွဲ ဖြစ်နေကုန်ကြလေသည်။

“အစ်ကိုစီတု၊ ဒါဘာနေရာလဲ” ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အကြီးအကဲလျန်ရုန်က မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် စီတုဟုန်ကို လှမ်းမေးလိုက်သည်။

“ငါမသိဘူး။ ဒါပေမယ့် အစီအရင် တစ်ခုခုနဲ့တော့ တူသလိုပဲ”

အစီအရင်” လျန်ရုန် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး “ဒါဆို ရန်ကိုင်ကော”

“မင်းဘယ်လိုထင်လဲ” စီတုန်ဟုန်သည် လျန်ရုန်၏ အမေးကို တိုက်ရိုက်ပြန်မဖြေဘဲ ပြန်၍သာ မေးခွန်းထုတ်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် လျန်ရုန် မျက်နှာပျက်သွားခဲ့လေသည်။

အပိုင်း (၁၅၀၀)

လျန်ရုန် ကြောက်သွားသည်မှာလည်း အဆန်းတော့မဟုတ်။ တန်ခိုးရှင်အဆင့် အယောက်နှစ်ဆယ်ကျော် ဝိုင်းသတ်သည့်တိုင် ဘာမှမဖြစ်သွားသည့် လူတစ်ယောက်ကို လက်ရှိ လူတစ်ဝက်လောက်ဖြင့် မည်ကဲ့သို့ သတ်နိုင်မည်နည်း။ ထို့အပြင် ထိုကောင်လေးတွင် လက်ရှိ၌ အစီအရင်၏ အကူအညီပါ ရှိနေလေပြီ။

ထိုမျှသာ မဟုတ်သေးဘဲ ဤနေရာသို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့တော့ချေ။ ကောင်းကင်စိတ်အာရုံကို သုံး၍ စစ်ဆေးကြည့်သည့်တိုင် သူ့လူများမှလွဲ၍ ရန်ကိုင်၏ အရိပ်ကိုပင် မတွေ့ရတော့။

ဤအစီအရင်သည် သူတို့အား သက်သက် ဖမ်းချုပ်ထားရန်အတွက် သက်သက်သာ ဖြစ်လိမ့်မည်ဟုတော့ လျန်ရုန် မထင်။ ရန်ကိုင်တွင် သူတို့ မသိသေးသည့် အခြား ဝှက်ဖဲတစ်ခုခု ရှိနေပေဦးမည်။

“အကုန်လုံး လူစုခွဲမနေကြနဲ့။ လူစုနေကြ” လျန်ရုန်က ရုတ်တရက် အော်ပြောလိုက်၏။ ရန်ကိုင်အား ရှာမတွေ့လျှင်ပင် ကိစ္စမရှိ။ သူတို့သာ လူစုနေသရွေ့ အပြင်ဘက်ရှိ သူတို့လူများ အစီအရင် ဖျက်စီးပြီးသည့် အချိန်ထိ တောင့်ခံနိုင်လောက်ပေသည်။ လူစုကွဲနေ၍ ရန်ကိုင်မှ တစ်ယောက်ချင်းစီ လိုက်လံ ရှင်းထုတ်နေမှဖြင့် အကုန်လုံး မသာပေါ်ကုန်ပေလိမ့်မည်။

လျန်ရုန်၏ အော်ပြောသံကို ကြားသော် အကုန်လုံး အသိပြန်ဝင်လာပြီး ချက်ချင်း လူပြန်စုကြလေသည်။

သို့သော်လည်း ထိုအခါမှ ကောင်းကင်ထက်ရှိ ငြိမ်သက်နေသော တိမ်များသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် အောက်သို့ ထိုးဆင်းလာကုန်ကြသည်။

အခြေအနေ အရပ်ရပ်ကို သေချာ မသိသေးသဖြင့် ထိုလူများသည် တိမ်တိုက်များကို ထိပ်တိုက် မရင်ဆိုင်ရဲကြဘဲ ရှောင်တိမ်းပြေးလွှားကြရင်း လက်နက်များကိုသုံး၍သာ ပြန်လည် တိုက်ခိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် တိမ်တိုက်များကို လွင့်ပြယ်သွားစေသော်ငြား တစ်စစီ ဖြစ်သွားသော တိမ်တိုက်များသည် သူ့ဘာသာ ပြန်လည် စုဝေးလာကြသဖြင့် သူတို့၏ တိုက်ခိုက်မှုအားလုံး အချည်းနှီး ဖြစ်ကုန်ကြလေသည်။

“ဘာကြီးတွေလဲကွာ” ဓါးမြှောင်တစ်ချောင်းဖြင့် တိမ်တိုက်များကို ပိုင်းဖြတ်နေသည့် သက်လတ်ပိုင်းလူကြီး တစ်ယောက်က စိတ်မရှည်တော့သည့်အဆုံး ထအော်တော့လေသည်။ တိမ်တိုက်များသည် ပျက်စီးသွားသော်လည်း ပြန်ပြန်၍ ဖြစ်ပေါ်လာနေခဲ့သည်။ သူသုံးနေသည့် ဓါးမြှောင်လေးသည် ပေါ့သေးသေး လက်နက်တစ်ခုမဟုတ်။ တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခုဖြစ်သည်။ သက်လတ်ပိုင်းလူကြီး ကိုယ်တိုင်ကလည်း တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သေး၏။ သို့ပင်လျှင် တိမ်တိုက်များကို ဘာမှမလုပ်နိုင်ခဲ့ချေ။

တစ်ကြိမ်တွင် တိမ်တိုက်များကို ဖျက်စီးပြီး ထိုနေရာမှ ဖြတ်ကျော်သွားရန် လုပ်နေစဉ် ပျက်စီးသွားသော တိမ်တိုက်များသည် ရုတ်တရက်ကြီး ပြန်စုဝေးလာသဖြင့် သက်လတ်ပိုင်းလူကြီး ထိုတိမ်တိုက်ထဲ ပိတ်မိသွားခဲ့ရသည်။

ချက်ချင်းဆိုသလို မီတာနှစ်ဆယ် ပတ်လည်အတွင်းတွင် ရှိသော တိမ်တိုက်များသည် ထိုတိမ်တိုက်ဆီသို့ စုဝေးလာပြီး ခြင်္သေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုခြင်္သေ့သည် ဆယ်မီတာခန့် အမြင့်ရှိပြီး တစ်ကိုယ်လုံး ရွှေရောင်သန်းနေသည်။ အားကောင်းသော စွမ်းအင်လှိုင်းတို့သည်လည်း ၎င်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေခဲ့လေ၏။

တစ်ချိန်တည်းတွင် ခြင်္သေ့၏ ဝမ်းဗိုက်သည် ထူးဆန်းစွာ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေခဲ့သည်။ ထိုသို့ ဖြစ်နေရခြင်းမှာ အစောပိုင်းက တိမ်တိုက်ထဲ ပိတ်မိသွားသော သက်လတ်ပိုင်း လူကြီးသည် ခြင်္သေဗိုက်ထဲ ရောက်နေသည့် အတွက်ကြောင့်ပင် ဖြစ်၏။ ခြင်္သေဗိုက်မှ ဖောက်ထွက်ရန် ကြိုးစားနေသည့်အတွက် ခြင်္သေ့ဗိုက် ပိန်လိုက်၊ ဖောင်းလိုက် ဖြစ်နေခြင်း ဖြစ်သည်။

သို့သော်ငြား သူမည်မျှပင် ရုန်းကန်ကြိုးစားနေပါစေ၊ ခြင်္သေ့ဗိုက်ကို မဖောက်ထွက်နိုင်ခဲ့ပေ။ ခဏကြာသော် တစ်ခုခု ကျိုးကြေသံနှင့်အတူ ခြင်္သေဗိုက်တွင်းရှိ လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့၏။ သက်လတ်ပိုင်းလူကြီး၏ အသက်စွမ်းအင်သည်လည်း အားလုံး၏ အာရုံခံစက်ကွင်းအတွင်းမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေသည်။

“ကန္တရခြင်္သေ့ကြီး” ထိုခြင်္သေ့ကိုမြင်သော် လျန်ရုန် အလန့်တကြား ထအော်လေသည်။

ထိုခြင်္သေ့ကို မြင်လိုက်သည်နှင့် မည်သည့် မွန်းစတားသားရဲမှန်း လျန်ရုန် တန်းသိလိုက်၏။ ခြင်္သေ့ဆီမှ မည်သည့် မွန်းစတားချီမှ ဖြာထွက်နေခြင်း မရှိသော်လည်း ခြင်္သေ့ပုံစံသည် ကန္တရခြင်္သေ့၏ ပုံစံနှင့် တစ်ပုံစံတည်းပင်။ ထို့အပြင် လက်ရှိ ခြင်္သေ့၏ အရွယ်အစားသည် အရွယ်ရောက် ကန္တာရခြင်္သေတစ်ကောင်၏ အရွယ်အစားမျိုး ဖြစ်သည်။

အရွယ်ရောက် ကန္တာရခြင်္သေ့သည် အဆင့်ကိုး အထွတ်အထိပ်အဆင့် မွန်းစတားသားရဲ တစ်ကောင်ဖြစ်ကာ တန်ခိုးရှင်တတိယအဆင့်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ ထိုမွန်းစတား သားရဲများသည် အလွန်ကိုမှ အားကောင်းကြကာ သာမန် တန်ခိုးရှင်တတိယအဆင့်များကိုပင် အနိုင်ယူနိုင်ကြသည်။

လျန်ရုန်၏ စကားသံ ဆုံးသွားသည်နှင့် ဘေးပတ်ပတ်လည်တွင် ရှိနေသော အခြား တိမ်တိုက်များသည်လည်း အရွယ်အစား အမျိုးမျို၊ ပုံသဏ္ဍာန် အမျိုးမျိုးရှိသော မွန်းစတားသားရဲများ အဖြစ်သို့ တဖြည်းဖြည်း စုဝေးသွားကုန်ကြလေသည်။

မဟူရာဦးချိုကြံ့၊ ပင်လယ်နဂါး၊ မဟူရာကျားနက်၊ လဟိန်းသံမြေခွေး၊ သံကျောပြင် ကင်းခြေများ၊ ရွှေအဆိပ်ဖား… စသဖြင့် အမျိုးမျိုးသော မွန်းစတားသားရဲပေါင်းစုံတို့ အားလုံး၏ မြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့လေသည်။

မည်သည့် မွန်းစတားသားရဲပင် ဖြစ်ပါစေ၊ အကုန်လုံးသည် အနိမ့်ဆုံး အဆင့်ရှစ် မွန်းစတား သားရဲများ ဖြစ်ကြပြီး အဆင့်ကိုးမွန်းစတားသားရဲများစွာ ပါဝင်နေခဲ့သည်။ သို့သော်လည်း ထိုမွန်းစတားသားရဲများသည် သာမန် မွန်းစတားသားရဲများနှင့် အနည်းငယ် ကွာခြားနေခဲ့သည်။ ဤနေရာရှိ မွန်းစတားသားရဲများသည် အရွယ်အစား ကြီးမားကြရုံမက ၎င်းတို့ဆီမှ အံ့အားသင့်ဖွယ် စွမ်းအင်လှိုင်းတို့လည်း ဖြာထွက်နေသေးသည်။

မွန်းစတားသားရဲ အသွင် ယူပြီးသည်နှင့် တစ်ပြိုင်နက် ထိုမွန်းစတားသားရဲများသည် အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများကို စတင် တိုက်ခိုက်ကြတော့လေသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် အရူးမီးဝိုင်းသည့်နှယ် ပျာယာခတ်ကုန်ကြကာ ကြောက်လန့်တကြား ထအော်ကြကုန်လေသည်။ သူတို့၏ ခွန်အားမှာ မနိမ့်ကျသော်လည်း အလွန်ကိုမှ အားကောင်းသော မွန်းစတားသားရဲများစွာ၏ အဝိုင်းခံလိုက်ရသည့်အခိုက် အကုန်လုံး ဒုက္ခရောက်ကြတော့လေသည်။

သူတို့အား ခြောက်ခြားသွားစေသည်ကား ထိုမွန်းစတားသားများသည် မည်မျှပင် သေစေကာမူ၊ အကြိမ်တိုင်း ပြန်ရှင်လာခြင်းပင် ဖြစ်သည်။ မွန်းစတားသားရဲများအား အစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ပစ်လိုက်လျှင်ပင် ဖျက်စီးခံလိုက်ရသည့် အစိတ်အပိုင်း အားလုံးသည် အချိန်တိုအတွင်း သူ့အလိုလို ပြန်ပေါင်းစပ်လာပြီး အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။

ပထမဆုံး လူသေမှုသည် လက်ဖက်ရည် ခွက်တစ်ဝက်စာခန့် အကြာတွင် စတင်ခဲ့သည်။ သေသွားသည့်လူမှာ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှလား၊ မိုးကြိုးမုန်တိုင်းဂိုဏ်းမှလား မသိရသော်ငြား၊ ထိုလူသည် အခြားသားရဲများကို တိုက်ခိုက်နေစဉ် ဦးချိုပုတ်သင်၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံရကာ လေထဲ မြောက်တက်သွားခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

လေထဲ မြောက်တက်သွားပြီး အောက်သို့ ပြန်မကျလာသေးခင်မှာပင် ပင်လယ်နဂါးက သူ့အား ဖြတ်ကိုက်သွားလေသည်။ သူ့ကိုယ်သူ သူတော်စင်ချီဖြင့် ကာကွယ်ထားခဲ့သော်လည်း သူဖန်တီးထားသည့် အကာအကွယ်သည် ပင်လယ်နဂါး၏ သွားများကို မတားဆီးနိုင်ခဲ့ချေ။ အကျိုးဆက် အနေဖြင့် ထိုလူ၏ ခန္ဓာကိုယ် လေထဲတွင်ပင် နှစ်ပိုင်း ပြန်ထွက်သွားခဲ့ရသည်။

ထိုလူ၏ အဖြစ်ကိုကြည့်ရင်း ကျန်လူအားလုံး ကျောချမ်းသွားခဲ့ကြသည်။ အစကတည်းက စိတ်ဓါတ်ကျနေသည် ဆိုပါမှ ထိုလူ၏ အဖြစ်အပျက်ကြောင့် သူတို့ ပို၍ စိတ်ဓါတ်ကျသွားလေရာ တိုက်ခိုက်မှုများသည်လည်း အယောင်အယောင် အရမ်းရမ်း ဖြစ်လာကြရကုန်တော့လေသည်။

“ရန်ကိုင်၊ ငကြောက်ကောင်၊ မင်းယောကျာ်းမှန်ရင် ပုန်းမနေနဲ့။ ရှေ့ထွက်ပြီး ငါနဲ့လာတိုက်။ နောက်မှာပဲ ပုန်းမနေနဲ့” အခြေအနေ မဟန်တော့သည်ကို မြင်သော် လျန်ရုန်လည်း ကြောက်အားလန့်အားဖြင့် အော်မိအော်ရာ လျှောက်အော်တော့လေသည်။

သို့သော်ငြား ရန်ကိုင်က ရယ်ချင်ပက်သိ လေသံဖြင့် “ဘာတွေ စိတ်စောနေတာလဲ အကြီးအကဲလျန်ရ၊ အချိန်တန်ရင် ကျုပ်ထွက်လာမှပေါ့။ အခုလောလောဆယ်တော့… ကျုပ်ရဲ့ တစ္ဆေတိမ်တိုက် အစီအရင်လေးနဲ့ နှစ်ပါးသွားလိုက်ပါဦးနော်။ ဒီအစီအရင်ရဲ့ စွမ်းအားကို စမ်းသပ်ချင်နေခဲ့တာကြာပြီ။ အခွင့်အရေးမရလို့။ ခင်ဗျားတို့ ရောက်လာတာ အတော်ပဲ ဖြစ်သွားတယ်”

ရန်ကိုင်၏ အသံသည် အဘက်ဘက်မှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ထို့အပြင် သူ့အသံတစ်သည် တစ်ခါတစ်ရံ နားနားကပ်ပြောနေသလို ထင်ရသော်ငြား တစ်ခါတစ်ရံက အဝေးကြီးမှ လှမ်းပြောနေသလို ထင်ရသည်။ ထို့ကြောင့် ရန်ကိုင် မည်သည့်နေရာတွင် ရှိနေမှန်းကို လျန်ရုန် အာရုံမခံနိုင် ဖြစ်ရ၏။ ရန်ကိုင်အား စိတ်ဆွသည့် အစီအစဉ် မအောင်မြင်သဖြင့် အံကြိတ်၍သာ မွန်းစတားသားရဲများကို ဆက်၍ တိုက်ခိုက်ရတော့သည်။

သို့သော်လည်း ရန်ကိုင် ပြောသွားသည့်အထဲမှ ဤသောက်စုတ်သောက်ပြတ် အစီအရင်သည် မည်သည့် အစီအရင်ဖြစ်မှန်းကို သိသွားခဲ့ရသည်။

တစ္ဆေတိမ်တိုက် အစီအရင်ပင်… သူ့အနေဖြင့် အစီအရင်များကို မလေ့လာဖူးသည့်အတွက် ဤအစီအရင်အကြောင်းကို မသိသော်ငြား လူအုပ်ထဲတွင် သိနေသည့် လူအချို့ရှိသည်။ ထိုလူများသည် တစ္ဆေတိမ်တိုက်အစီအရင် ဆိုသည့် စကားကို ကြားလိုက်သည့်နောက် အလန့်တကြား ထအော်ကြကုန်လေသည် “တစ္ဆေတိမ်တိုက်အစီအရင်ကြီးလား၊ ဒီအစီအရင် မရှိတော့တာ ကြာပြီမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီအစီအရင် ခင်းကျင်းနိုင်တဲ့လူ ရှိနေသေးတာလဲ”

“အို၊ ဒီက ရောင်းရင်းက တစ္ဆေတိမ်တိုက် အစီအရင်အကြောင်း သိတာပဲ။ ရောင်းရင်း ပြောတာ အမှန်ပဲ။ တစ္ဆေတိမ်တိုက် အစီအရင်က ပျောက်ကွယ်သွားတာ ကြာပြီ။ လက်ရှိ အရိပ်ကြယ်ပေါ်က ဘယ်သူမှ ဒီအစီအရင်ကို မခင်းကျင်းနိုင်ကြတော့ဘူး။ ဒါပေမယ့် ဒီအစီအရင်ကို ခင်းကျင်းခဲ့တဲ့လူက ကျုပ်မှ မဟုတ်တာ”

“မင်းပြောချင်တာက…” ရန်ကိုင် ဘာပြောချင်နေလဲ သူနားလည်သွားခဲ့လေပြီ။

လက်ရှိ အရိပ်ကြယ်ပေါ်ရှိ မည်သူမှ ဤအစီအရင်ကို မခင်းကျင်းနိုင်သော်ငြား ရှေးခေတ်က မည်သူမှ ဤအစီအရင်ကို မခင်းကျင်းနိုင်ဟု မဆိုလို။

တစ္ဆေတိမ်တိုက်အစီအရင်ကို ခင်းကျင်းရန်အတွက် ကောင်းကင်ထက်ရှိ တိမ်တိုက်များကို သန့်စင်ပြီး အားကောင်းသော မွန်းစတားသားရဲ တစ်ကောင်၏ အမြူတေနှင့် အဆီအနှစ်ကို ထိုထဲ ထည့်ပိတ်ထားရန် လိုအပ်သည်။ လက်ရှိ အရိပ်ကြယ်ပေါ်တွင်ရှိသည့် အားအကောင်းဆုံး ကျင့်ကြံသူဆို၍ တန်ခိုးရှင် တတိယအဆင့်သာ ရှိလေရာ မည်သူကများ ကောင်းကင်ထက်ရှိ တိမ်တိုက်များကို သန့်စင်နိုင်မည်နည်း။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုကဲ့သို့ လုပ်နိုင်ပေလိမ့်မည်။

တိမ်တိုက်များကို သန့်စင်ပြီးသွားသည်နှင့် ထိုတိမ်တိုက်များသည် ၎င်းတို့နှင့် သက်ဆိုင်သော မွန်းစတားသားရဲများ အသွင်သို့ ပြောင်း၍ တိုက်ခိုက်နိုင်ပေလိမ့်မည်။ ထိုမွန်းစတားသားရဲများသည် တိမ်တိုက်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်အတွက် အလွန်ကိုမှ ဖျက်စီးရခက်ပေသည်။ ဤတစ္ဆေတိမ်တိုက် အစီအရင်ပြားကို ဧကရာဇ်ဥယျာဉ် အတွင်းပိုင်းမှ ရန်ကိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

ဤအစီအရင်ပြားကို သန့်စင်ပြီးနောက် တစ်ကြိမ်သာ ရန်ကိုင် သုံးခဲ့ဖူး၏။ ထိုတစ်ကြိမ်မှာ ခုနှစ်ရောင်ခြယ်သမင်မျိုးကွဲကို ဖမ်းစီးရန် ကြိုးစားစဉ်အခါက ဖြစ်သည်။ သို့သော်လည်း ထိုခုနှစ်ရောင်ခြယ်သမင်မျိုးကွဲမှာ အလွန်ကိုမှ မြန်လွန်းသည့်အတွက် ထိုမွန်းစတားသားရဲကို တစ္ဆေတိမ်တိုက်အစီအရင်ထဲ ထည့်မပိတ်နိုင်ခဲ့ချေ။

ထိုတစ်ကြိမ်နောက်ပိုင်း တစ္ဆေတိမ်တိုက်အစီအရင်အား ထပ်မသုံးဖြစ်တော့ပေ။

သို့သော်လည်း ယခုကဲ့သို့ ကျင့်ကြံသူပေါင်းစွာ၏ ဝိုင်းခံရသည့် အချိန်သည် တစ္ဆေတိမ်တိုက်အစီအရင်အား ထုတ်သုံးလို့ကောင်းသည့် အချိန်ဖြစ်သည်။

သူနှင့် ဖေးကျီတုတို့ ဤအစီအရင်ထဲ ပိတ်မိခဲ့သည့် အခါက အသက်မသေအောင် ကိုယ့်ကိုယ်ကို အနိုင်နိုင် ကာကွယ်ခဲ့ရသည်။ သတိပြုရမည့် အချက်သည်ကား ထိုစဉ်က တစ္ဆေတိမ်တိုက် အစီအရင်သည် မည်သူမှ ထိန်းချုပ်ထားခြင်း မရှိသည့် အစီအရင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အများဆုံးမှ အစီအရင်၏ ခွန်အား နှစ်ဆယ်၊ သုံးဆယ် ရာခိုင်နှုန်းလောက်ကိုသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။

သို့သော်လည်း လက်ရှိ တစ္ဆေတိမ်တိုက် အစီအရင်ကို ရန်ကိုင်မှ ထိန်းချုပ်ထားခဲ့၏။ သူထိန်းချုပ်နေသည့်အတွက် အစီအရင်၏ စွမ်းအား တစ်ရာရာခိုင်နှုန်းကို ထုတ်ဖော်နိုင်မည်ဟု မပြောရဲသော်ငြား အနည်းဆုံး ခြောက်ဆယ်၊ ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်ကိုတော့ ထုတ်ဖော်နိုင်ပေသည်။

သူ့ကောင်းကင်စိတ်အာရုံသာ ပိုအားကောင်းခဲ့လျှင် အစီအရင်၏ စွမ်းအားကို ပိုမို ထုတ်ဖော်နိုင်မည်ဖြစ်ကာ မွန်းစတားသားရဲများကိုလည်း ပိုမို ဖန်တီးနိုင်ပေလိမ့်မည်။ ထိုအခါ အထဲတွင် ပိတ်မိနေသည့် လူများကို သတ်ရ ပိုလွယ်သွားပေလိမ့်မည်။ သူ့အား လာသတ်ရန် ကြိုးစားမှဖြင့် ရန်ကိုင်လည်း ညှာတာမနေခဲ့ချေ။ ရက်ရက်စက်စက်သာ ပြန်သတ်ပစ်သည်။

ပုံမှန်အားဖြင့် သူသည် အေးအေးဆေးဆေးသာ နေတတ်ပြီး ပြဿနာ ရှာရသည်ကို မကြိုက်သော်လည်း သူ့အား ပြဿနာ လာရှာလျှင် ငြိမ်ခံနေတတ်သည့် လူစား တစ်ယောက်တော့ မဟုတ်။ သူ့အား သေလမ်းပို့ချင်နေမှဖြင့် သူတို့လည်း အကျိုးဆက်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်သည်။

တန်ခိုးရှင်အဆင့် ဒါဇင်ကျော်ဆိုသော ပမာဏသည် အားမနည်းလှသော်လည်း တိမ်တိုက်သားရဲများ၏ ကြားဝင်ဖြတ်တိုက်မှုကြောင့် တစ်ယောက်နှင့် တစ်ယောက် အတူတကွ မပူးပေါင်းနိုင်ဘဲ ဖြစ်နေခဲ့သည်။ အတူတူသာ ပူးပေါင်းနိုင်လျှင် တိမ်တိုက်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံကောင်း ခုခံနိုင်လိမ့်မည် ဖြစ်သော်ငြား တစ်ယောက်တစ်ပေါက် ဖြစ်နေလေရာ အကုန်လုံး တိမ်တိုက်သားရဲများ၏ အမဲဖျက်ခြင်း ခံရတော့လေသည်။

အချိန်သာ အလုံအလောက်ရလျှင် ထိုလူအားလုံး တိမ်တိုက်သားရဲများသတ်၍ သေသွားကြပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး တစ်ခုသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

အပြင်ဘက်မှလူများ အစီအရင် တိုက်ခိုက်နေသည်ကို သူအာရုံခံမိလိုက်သည်။ ထိုလူများသည် အစီအရင်အား အစွမ်းကုန် တိုက်ခိုက်နေကြခြင်း ဖြစ်၏။ ထိုရလဒ်သည် ရန်ကိုင် မြင်လိုသည့် ရလဒ်မျိုး မဟုတ်ချေ။

ဆက်လက်၍ နှောင့်နှေးနေလို့ မဖြစ်တော့မှန်း သိလိုက်သည့် အတွက်ကြောင့် ချက်ချင်းပဲ မီးငှက်ကို ခေါ်ထုတ်လိုက်သည်။

“မင်းပါသွားတိုက်”

မီးငှက်ကို သွားတိုက်ခိုက်ခိုင်းပြီးနောက် နဂါးစိမ်းဓါးကို ထုတ်ယူလိုက်သည်။ ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် ဓါးဆီမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတို့ ဖြာထွက်လာပြီး အစိမ်းရင့်ရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ ပေါ်လာပြီးသည်နှင့် ပါးစပ်ကိုဟလျက် ကျယ်လောင်စွာ အော်ဟစ်ဟိန်းလောက်လိုက်ပြီးနောက် ရန်ကိုင်ပင် အမိန့်ပေးစရာ မလိုဘဲ အနီးဆုံး ရန်သူတစ်ယောက်ဆီသို့ သူ့ဘာသာ ပြေးထွက်သွားလေသည်။

All Chapters