← Chapters

အခန်း (၁၀၃၆-၁၀၃၈)

Vol. 70 Ch. 1036-1038

အခန်း (၁၀၃၆-၁၀၃၈)

Vol. 70 Ch. 1036-1038

အခန်း(၁၀၃၆)

သူတော်စင် မြို့တော် ငါးမြို့၏ အင်ပါယာ သွေးစွမ်းအားများသည် ပါရမီနှင့် အလားအလာကို ကိုယ်စားပြုကြသည်။

သွေးစွမ်းအား အဆင့်မြင့်မားလေလေ ပါရမီ အလားအလာ ပိုမို ခိုင်မာလေလေ ဖြစ်၏။

ဥပမာအားဖြင့် ကြယ်ခုနစ်ပွင့် ဝိညာဥ်အင်ပါယာ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသော လင်ပိုင်ချွမ်သည် လင်ရှီမြို့တွင် ထူးခြားသော အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

သို့သော်လည်း သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ သွေးစွမ်းအားကို မီးရှို့လိုက်လျှင် သူ၏ သွေးစွမ်းအား အဆင့်အတန်းက ကျဆင်းသွားမည် ဖြစ်သည်။

သွေးစွမ်းအား ပိုမိုလောင်ကျွမ်းလေလေ အဆင့်များက ပိုမို ကျဆင်းလေလေ ဆိုလည်း မမှားပေ။

တစ်နည်းအားဖြင့် လင်ပိုင်ချွမ်သည် သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် သူ၏ သွေးစွမ်းအားအဆင့်သည် အနည်းဆုံး ကြယ်ခြောက်ပွင့် သို့မဟုတ် ကြယ်ငါးပွင့် အထိ ကျဆင်းသွားနိုင်ပေသည်။

သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်သည် လင်ရှီမြို့၏ တားမြစ်ထားသော လျှို့ဝှက်နည်းစနစ်လည်း ဖြစ်သည်။

လင်ရှီမြို့မှ မည်သည့်တပည့်မဆို ထိုလျှို့ဝှက်နည်းစနစ်ကို မဖြစ်မနေ ဖိအားပေးခံရခြင်း မရှိဘဲ အလွယ်တကူ အသုံးမပြုကြပေ။

လင်ရှီမြို့၏ ဂုဏ်သ‌ရေရှိ အင်ပါယာအဆင့် ပါရမီရှင် လင်ပိုင်ချွမ်၊

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အောက်တွင် ပြိုင်ဘက်ကင်းသည့် ၎င်းကို သူတို့ရှေ့မှ ကောင်လေးက ဤမျှအထိဖိအားပေးနိုင်လိမ့်မည်ဟု လင်ယန်တို့ လူစု မမျှော်လင့်ထားခဲ့ပေ။

"လင်ယန်.. ငါသွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ဒီဓားနယ်မြေကို အစွမ်းကုန် ဖြိုခွဲမယ်.. ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ဒီကောင့်ကို သတ်ပစ်ရမယ်"

လင်ပိုင်ချွမ်၏ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန် ဟူသော ကောင်လေးက သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသော်လည်း ၎င်း၏ လျှို့ဝှက်ဆန်းကြယ်သော ဓားနယ်မြေကို သာမန်စွမ်းအားဖြင့် သူတို့ ဖြိုခွဲ၍ မရခဲ့ပေ။

ဤအတိုင်းသာ ဓားနယ်မြေထဲတွင် ဆက်လက် ပိတ်မိနေမည်ဆိုလျှင် သူတို့၏ အသက်များသည် မကြာမီ အချိန်အတွင်း ကုန်ဆုံးရတော့မည် ဖြစ်၏။

ဤကဲ့သို့ သေရေးရှင်ရေး အချိန်တွင် လင်ပိုင်ချွမ်သည် လင်ရှီမြို့၏ တားမြစ်နည်းစနစ် ဖြစ်သော သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရုံသာ တတ်နိုင်တော့သည်။

သူ၏ သွေးစွမ်းအား အဆင့်အတန်း မည်မျှပင် ကျဆင်းပါစေ၊ ယနေ့တွင် သူ၏ ရှေ့မှ ကောင်လေးကို သတ်ပစ်ရန် ဆုံးဖြတ်ချက် ချထားခဲ့သည်။

လင်ပိုင်ချွမ်က သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဥ်အင်ပါယာ သွေးကြောကို မီးရှို့လိုက်သည်နှင့် သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါသည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ်ကို ချက်ချင်းပင် ကျော်လွန်သွားခဲ့သည်။

နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်၊

နတ်ဝိညာဥ်ဘုရင်နယ်ပယ် ဒုတိယအဆင့်၊

နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်၊

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်ပိုင်ချွမ်၏ ကိုယ်ပေါ်မှ အရှိန်အဝါသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့် အထိ ရောက်ရှိသွားခဲ့သည်။

သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ခွန်အားကို နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်ထိ အတင်းအကြပ် တိုးမြှင့်လိုက်ပြီးနောက်တွင် လင်ပိုင်ချွမ်သည် သူ၏ ရှေ့တွင် အလွန်အစွမ်းထက်သော ဧရာမ အပြာရောင် လက်ဝါး တစ်ခုကို ချက်ချင်းပင် စုစည်းလိုက်သည်။

"ရွှယ်လင် ကောင်းချီးလက်ဝါး ဖြိုခွဲလိုက်စမ်း"

လင်ပိုင်ချွမ်၏ မျက်လုံးများက နီရဲနေခဲ့သည်။

သူက ပါးစပ်ကနေ ကျယ်လောင်စွာ ကြုံးဝါးလိုက်၏။

ထို့နောက်တွင် နေရာလွတ်ကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်သည့် ဧရာမ အပြာရောင်လက်ဝါးသည် ကျန်းချန်၏ အပြာရောင် ဓားနယ်မြေကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဝုန်း.."

ကမ္ဘာမြေကိုပင် တုန်လှုပ်စေသည့် ကျယ်လောင်သော ပေါက်ကွဲသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

လင်ပိုင်ချွမ်၏ အစွမ်းကုန် ရိုက်ချက်အောက်တွင် အပြာရောင်ဓားနယ်မြေသည် အဆုံးသတ်တွင် ပုံပျက်သွားခဲ့ပြီး ဓားနယ်မြေ၏ အပြာရောင်အလင်းပင် ချက်ချင်းဆိုသလို မှေးမှိန်သွားခဲ့၏။

ခဏအကြာတွင် အပြာရောင် ဓားနယ်မြေသည် ဧရာမအပြာရောင်လက်ဝါး၏ စွမ်းအားကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ "ဝုန်း" ဟူသော အသံနှင့်အတူ တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

"ဝေါ့.."

ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို အပြာရောင်လက်ဝါးဖြင့် ချိုးဖျက်လိုက်ပြီး‌နောက်တွင် လင်ပိုင်ချွမ်၏ ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရပြီး တစ်ကိုယ်လုံး ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"သူတော်စင်မြို့တော် ငါးမြို့ရဲ့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်အောက်က ပြိုင်ဘက်ကင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီအင်ပါယာ အမွေအနှစ် နယ်မြေထဲမှာ ငါ့ရဲ့ အချိန်နဲ့အာကာသ ဓားနယ်မြေကို ချိုးဖျက်နိုင်တာ မင်းပထမဆုံးပဲ"

ကျန်းချန်က အချိန်နှင့်အာကသ ဓားနယ်မြေကို ချိုးဖျက်လိုက်သည့် လင်ပိုင်ချွမ်ကို ကြည့်ရင်း မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ကျန်းချန်.. မင်းငါ့ကို အတင်းအကြပ် ဖိအားပေးခဲ့တယ်.. ဒီနေ့ငါ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. မင်းကို ဒီရှေးဟောင်းဆေးဥယျာဥ်မှာ မြှုပ်နှံပစ်မယ်"

ကျန်းချန်ကို စိုက်ကြည့်နေသည့် လင်ပိုင်ချွမ်၏ မျက်လုံးထဲတွင် ရူးသွပ်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"ဟားဟား.. မင်းက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ငါ့ရဲ့ အချိန်နဲ့အာကာသ ဓားနယ်မြေကို ချိုးဖျက်နိုင်ခဲ့တာ ငါ့ကိုတကယ်ပဲ အံ့အားသင့်စေတယ်.. ဒါပေမဲ့ မင်းကိုယ်တိုင်လည်း အဲဒီအတွက် ပေးဆပ်ခဲ့တဲ့တန်ဖိုးက အရမ်းကို များပြားတယ်"

ကျန်းချန်က ခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် လင်ပိုင်ချွမ်ကို ကြည့်လိုက်သည်။

"မင်းသာ ဒီလိုအချိန်မှာ သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို ထပ်မံ ထုတ်ဖော်နိုင်မယ်ဆိုရင် ငါ့ကိုသတ်လုနီးပါး အခြေအနေဖြစ်နိုင်တယ်.. ဒါပေမဲ့ နှမျောစရာကောင်းတာက မင်းမှာ အခု တိုက်ခိုက်ရေးစွမ်းအား လုံးဝ မရှိတော့ဘူး.. အချိန်နဲ့အာကာသ ဓားနယ်မြေကို ချိုးဖျက်နိုင်ခဲ့ရင်တောင် ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

အခန်း(၁၀၃၆)ပြီး၏။

အခန်း(၁၀၃၇)

"ဟမ့်.. ငါ့ရဲ့တိုက်ခိုက်နိုင်စွမ်း ဆုံရှုံးသွားခဲ့ပြီ ဆိုပေမဲ့ မင်းလည်း ငါနဲ့တိုက်ခိုက်ခဲ့တာ ဆိုတော့ မင်းရဲ့ကိုယ်ထဲမှာ အသက်စွမ်းအင် ဘာမှရှိတော့မှာ မဟုတ်ဘူး.. မင်းကိုယ်တိုင်လည်း တိုက်ခိုက်နိုင်စွမ်း အနည်းငယ်ပဲ ရှိတော့မှာ ငါစိုးရိမ်မိတယ်.. လင်ယန် သူ့ကို သတ်ပစ်လိုက်စမ်း"

လင်ပိုင်ချွမ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်ကာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ စီနီယာအကို.."

လင်ယန်က အလျင်အမြန် ပြန်ဖြေလိုက်ပြီး ချက်ချင်းပင် ကျန်းချန်ကို သတ်ဖြတ်လိုသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

"ကောင်လေး သွားသေလိုက်တော့.."

အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် လင်ယန်သည် သူ၏ လက်များကို စတင်လှုပ်ရှားလိုက်သည်။

ထို့နောက်တွင် ပုံရိပ်ယောင် ဝိညာဥ်လက်ဝါးသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။

"ဟမ့်.. ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ.. မင်း စီနီယာအကိုရဲ့ ထိုက်ရီဝိညာဥ်စည်းတံဆိပ် နည်းစနစ်တောင် ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး.. မင်းရဲ့ ပုံရိပ်ယောင် ဝိညာဥ်လက်ဝါးလောက်က ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က မထီမဲ့မြင် ရယ်မောလိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးမြစ်၏ ဝိညာဥ်က ရှိနေသည် ဖြစ်ရာ လင်ယန်လို ပါရမီရှင်တစ်ဦး၏ ဝိညာဥ် တိုက်ခိုက်မှုကို မည်ကဲ့သို့ ဂရုစိုက်ရပါမည်နည်း။

သူက ခြေဖဝါးကို တစ်ချက် ဆောင့်နင်းလိုက်ပြီး သူ့ဆီသို့ဦးတည်လာသော ပုံရိပ်ယောင်လက်ဝါးကို တိုက်ရိုက် လျစ်လျူရှုကာ လင်ယန် ဆီသို့ ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာ သူက ထိုက်ရှတိုက်ခိုက်ရေး ကျင့်စဥ်ကို ထုတ်ဖော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပသွားခဲ့သည်။

သူ၏ ရွှေရောင်ခန္ဓာကိုယ်က ပုံရိပ်ယောင် ဝိညာဥ်လက်ဝါးကို အနှောင့်အယှက်မရှိ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ရွှေ‌ရောင်အလင်းများ ဝန်းရံနေသော သူ၏ လက်သီးသည် လေထုကို တိုက်ရိုက် ထိုးဖောက်ကာ လင်ယန်၏ ရင်ဘတ်ဆီသို့ ကျရောက်သွားခဲ့သည်။

"ဝေါ့"

လင်ယန်က ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ပေအနည်းငယ် အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။

"ဒါ.. ဒါ လုံးဝမဖြစ်နိုင်ဘူး.. မင်း.. မင်းက ငါ့ရဲ့ ဝိညာဥ်လက်ဝါး တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်ရတာလဲ"

လင်ယန်က ဖြူဖျော့နေသော မျက်နှာဖြင့် ကျန်းချန်ကို မော့ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်စွာ ထိတ်လန့် အံ့သြသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ဝိညာဥ်တိုက်ခိုက်ရေး နည်းစနစ်များသည် ခန့်မှန်း၍မရပေ။

လင်ရှီမြို့မှ တပည့်တစ်ဦးအနေဖြင့် သူ၏ ဝိညာဥ်သည် သာမန် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူထက် များစွာ သန်မာ၏။

သူတော်စင်မြို့တော် ငါးမြို့မှ သိုင်းသခင်နယ်ပယ် အဌမအဆင့် ပါရမီရှင်အချို့ ပင်လျှင် သူ၏ ဝိညာဥ်တိုက်ခိုက်မှုကို ဤကဲ့သို့ လျစ်လျူရှုနိုင်မည် မဟုတ်ပေ။

သို့သော်လည်း သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်မှ ဤကောင်လေးသည် စီနီယာအကို လင်ပိုင်ချွမ်နှင့် တိုက်ခိုက်ပြီးသည့်နောက်မှာပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများစွာ ကျန်ရှိနေသေး၏။

"မင်းရဲ့ ဝိညာဥ်တိုက်ခိုက်မှုက ငါ့အတွက် ဘာမှအရေးမပါဘူးလို့ ပြောခဲ့သားပဲ"

ကျန်းချန်က ညင်သာစွာပြုံး၍ ပြောလိုက်သည်။

"အချိန်ကျပြီ.. ဒီနေ့ မင်းတို့ကို သတ်ပစ်ဖို့ ငါ့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ ရွှေရောင်လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။

နောက်ထပ် တခဏမှာပင် လင်ယန်၏အရှေ့ရှိ နေရာလွတ်များသည် ကြေမွသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားသည် လင်ယန်၏ ထိတ်လန့်ပြီး မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်များအောက်မှာပင် လင်ယန်ကို ဘာမှ မကျန်ရှိတော့သည် အထိ ဖောက်ခွဲပစ်လိုက်သည်။

"ကျန်းချန် မင်းက စီနီယာအကိုလင်ယန်ကိုတောင် သတ်ရဲတယ်.. ငါမင်းနဲ့တိုက်ခိုက်မယ်.."

ကျန်းချန်က လင်ယန်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် လင်ရှီမြို့မှ သားရဲသခင်သည် ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။

သူက သူထိန်းချုပ်ထားသော ဆဋ္ဌမအဆင့် အစောပိုင်း သားရဲတစ်ကောင်နှင့် ဆဋ္ဌမအဆင့် အလယ်အလတ် သားရဲ နှစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။

ဤသို့ဖြင့် သားရဲသုံးကောင်သည် ကျန်းချန်ကို တစ်ပြိုင်နက်တည်း နီးပါး ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြ၏။

"ဒါက ဆဋ္ဌမအဆင့် သားရဲသုံးကောင်လေးပါပဲ.. ဒီလို ပုရွက်ဆိတ်လေးတွေကို ငါ့ရဲ့ရှေ့မှာ ထုတ်သုံးရဲတယ်လား"

ကျန်းချန်က ခနဲ့တဲ့တဲ့ ရယ်မောကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ ရွှေရောင်ခန္ဓာကိုယ်ကို အားပြု၍ စစ်ပွဲနတ်ဘုရား ကဲ့သို့ သားရဲများကို တိုက်ခိုက်လိုက်သည်။

"ဝုန်း..ဝုန်း..ဝုန်း.."

မြေပြင်ကိုပင် တုန်လှုပ်စေသော ပေါက်ကွဲမှုများ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် အော်ဟစ်သံများသည် ခန်းမထဲတွင် ချက်ချင်း ဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

ဧရာမခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည့် ဆဋ္ဌမအဆင့် သားရဲ သုံးကောင်သည် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည်။

"ဝုန်း..ဝုန်း..ဝုန်း"

ခန်းမ၏ မာကျောသော ကျောက်ကြမ်းပြင်သည်ပင် ဆဋ္ဌမအဆင့် သားရဲသုံးကောင်ကြောင့် ကြီးမားသော တွင်းနက်ကြီးသုံးခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ခန်းမတစ်ခုလုံးက ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့၏။

ဤမြင်ကွင်းကိုမြင်လျှင် လင်ရှီမြို့မှ သားရဲသခင်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

သူနှင့်ထပ်တူပင် လင်ပိုင်ချွမ် ကိုယ်တိုင်လည်း ထိတ်လန့်နေခဲ့သည်။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်သုံးဦးမှ လွဲ၍ အင်ပါယာအမွေအနှစ် နယ်မြေ ထဲတွင် မည်သူမှ သူ့ကို ယှဥ်နိုင်မည်မဟုတ်ဟု လင်ပိုင်ချွမ် ယခင်က ထင်ခဲ့မိသည်။

သို့သော်အဆုံးသတ်တွင် သူသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကောင်လေးတစ်ဦး၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရသည်။

သူက သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း အဆုံးသတ်တွင် ထွက်မပြေးနိုင်ခဲ့ပေ။

အခန်း(၁၀၃၇)ပြီး၏။

အခန်း(၁၀၃၈)

"ကျန်းချန်.. မင်းငါ့တို့ကို ဒီနေ့ သတ်နိုင်တယ်ဆိုပြီး စိတ်အေးလက်အေး နေလို့ရမယ်မထင်နဲ့.. ငါတို့ လင်ရှီမြို့ရဲ့ ဝိညာဥ်လျှို့ဝှက်နည်းစနစ်က ခန့်မှန်းလို့မရအောင် အစွမ်းထက်တယ်.. အင်ပါယာ အမွေအနှစ် နယ်မြေထဲမှာ ဖြစ်ပျက်နေတာတွေတောင် လင်ရှီမြို့ကနေ ခိုးကြည့်နေလို့ရတယ်.. မင်းဒီနေ့ ငါ့ကိုသတ်ရင် လင်ရှီမြို့က မင်းကို လက်စားချေဖို့ ရောက်လာလိမ့်မယ်.. သေမဲ့အချိန်ကိုသာ စောင့်နေလိုက်တော့"

လင်ပိုင်ချွမ်က ကျန်းချန်ကို ပြင်းထန်စွာ စူးစိုက်ကြည့်၍ ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် နွမ်းလျသော အပြုံးတစ်ခု ပေါ်လာခဲ့၏။

"ကောင်းပြီ မင်းတို့ လင်ရှီမြို့ကလူတွေ လက်စားလာချေမှာကို ငါစောင့်နေမယ်"

ကျန်းချန်က ဂရုမစိုက်သောအပြုံးဖြင့် ပြောလိုက်ပြီး ချက်ချင်းဆိုသလို လက်သီးချက် နှစ်ချက်ကို ထုတ်ဖော်ကာ လင်ပိုင်ချွမ်နှင့် သားရဲသခင်တို့၏ ဇီဝိန်ကို ချုပ်ပေးလိုက်သည်။

ယနေ့ သူက လင်ပိုင်ချွမ်တို့ လူစုကို ရင်ဆိုင်ရာတွင် အစွမ်းကုန် ထုတ်သုံးခဲ့ပြီးပြီ ဖြစ်၍ ကျားကို တောဆီသို့ ပြန်လွှတ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

အင်ပါယာ အမွေအနှစ်နယ်မြေတွင် ပကတိ အင်ပါယာတစ်ပိုင်း၏ ဥပဒေသများက လွှမ်းခြုံထား၏။

သို့ဖြစ်ရာ လင်ရှီမြို့၏ ဝိညာဥ်လျှို့ဝှက်နည်းစနစ်က မည်မျှပင် အားကောင်းနေပါစေ၊ ဤနေရာမှ ဖြစ်ရပ်များကို သိရှိနိုင်မည်မဟုတ်ပေ။

အကယ်၍ လင်ရှီမြို့က ဤကိစ္စအားလုံးကို အမှန်တကယ်သိရှိသွားခဲ့လျှင်ပင် သူက အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။

သိုင်းသခင်နယ်ပယ် အဆင့်ကို ရောက်ခါစ အချိန်မှာပင် သူသည် နတ်ဝိညာဥ်ဘုရင်အဆင့်ကို မကြောက်ရွံ့ခဲ့ပေ။

ယခုအခါတွင် သူသည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ရာ လင်ရှီမြို့ကို အဘယ်ကြောင့် ကြောက်ရပါမည်နည်း။

လင်ပိုင်ချွမ်တို့ လူစုကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ခန်းမ တစ်နေရာတွင် ခြေချိတ်၍ထိုင်ကာ အတွင်းအားကို စတင် ကျင့်ကြံခဲ့သည်။

နှစ်နာရီခန့် အကြာတွင် ကျန်းချန်၏ ခွန်အားများသည် အဆုံးသတ်၌ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထို့နောက်တွင် သူက မတ်တပ် ထရပ်လိုက်ပြီး ခန်းမ၏ အလယ် ဆီသို့ ကြည့်လိုက်သည်။

"အနှောင့်အယှက်တွေကို ရှင်းလင်းပြီးပြီ ဆိုတော့ ဒီအချိန်က ရွှယ်လင်သိဒ္ဓိစမ်းရေကို ယူဆောင်ရမဲ့အချိန်ပဲ"

လျှိ့ဝှက်ဆန်းကြယ်သော ကျောက်တုံးအောက်ရှိ ကျောက်ခွက်ထဲတွင် တစ်ဝက် ပြည့်နေသော ရွှယ်လင်သိဒ္ဓိစမ်းရေကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။

ကျောက်ခွက်ထဲရှိ ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူနိုင်သ၍ သူ၏ အဆတစ်ရာစနစ်ဖြင့် ပေါင်းစပ်လိုက်လျှင် သူ၏ ခွန်အားသည် အဆင့်သစ် တစ်ခုသို့ သေချာပေါက် တက်လှမ်းသွားလိမ့်မည် ဖြစ်၏။

ဝိညာဥ်စိတ်ဆန္ဒကို စုစည်းပြီး ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်ကို တက်လှမ်းရန်ပင် ပြဿနာမရှိလောက်ပေ။

"ကောင်လေး.. ရွှယ်လင်သိဒ္ဓိစမ်းရေကို ယူဖို့က ဒီလောက်အထိမလွယ်ဘူး.. ငါ့ခန့်မှန်းတာမမှားရင် ရွှယ်လင်သိဒ္ဓိစမ်းရေကို မွေးထုတ်ပေးနေတဲ့ ထူးဆန်းတဲ့ ကျောက်တုံးဆီမှာ ပကတိအင်ပါယာတစ်ပိုင်းရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စ ရှိနေတယ်.. ပကတိ အင်ပါယာ တစ်ပါးရဲ့ စိတ်ဆန္ဒကို ရင်မဆိုင်နိုင်ခဲ့ရင် အနည်းဆုံးတော့ မင်းရဲ့ဝိညာဥ်က ဒဏ်ရာရသွားလိမ့်မယ်.. အဆိုးဆုံးအနေနဲ့ မင်းရဲ့ဝိညာဥ်က စိတ်ဆန္ဒထဲမှာ ပိတ်မိပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး"

ထိုအချိန်တွင် သွေးမြစ်သည် ကျန်းချန်၏ စိတ်ထဲကနေ ရုတ်တရက် သတိပေးလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် တုန်ယင်သွားခဲ့ပြီး သူ၏ အကြည့်သည် ခန်းမထဲရှိ အရိုးစုများဆီကို ရောက်ရှိသွားခဲ့သည်။

ထိုအရိုးစုများသည် ရွှယ်လင်သိဒ္ဓိစမ်းရေနှင့် မီတာ တစ်ရာအတွင်း ရှိနေခဲ့၏။

ကြည့်ရသည်မှာ မီတာတစ်ရာ အကွာအဝေးသည် သူတော်စင်မြို့တော်ငါးမြို့မှ ပါရမီရှင် အမြောက်အများကို ဖြတ်ကျော်ရန် ခက်ခဲစေခဲ့ပြီး ဤနေရာတွင် ထာဝရ ခေါင်းချစေခဲ့ပုံရ၏။

ဤအတိုင်းဆိုလျှင် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူရန်မှာ လွယ်ကူမည့်ပုံ မရပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရွှယ်လင်သိဒ္ဓိစမ်းရေ ဆီသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားခဲ့သည်။

သူက ယန်ဒီမြို့ကို စတင်ဝင်ရောက်သည့် အချိန်ကပင် သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် အင်ပါယာပိုင်နက် နယ်မြေကို ရင်ဆိုင်ခဲ့ပြီး ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်။

ယနေ့တွင်မူ သူသည် အင်ပါယာစိတ်ဆန္ဒကို ရင်ဆိုင်နေရပြီဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ ဤရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူရန် ကျန်းချန်သည် ဆုံးဖြတ်ချက် ချထားခဲ့သည်။

ကျန်းချန်က ရွှယ်လင်သိဒ္ဓိစမ်းရေ ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့သည်။

ထိုအချိန်တွင် မည်သည့် တိုက်ခိုက်မှုကိုမှ မကြုံတွေ့ခဲ့ရပေ။

ဤသို့ဖြင့် ကျန်းချန်သည် အလွန်လျင်မြန်စွာပင် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ မီတာတစ်ရာအောက် အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။

သူက ခြေတစ်လှမ်းကို ထပ်မံ လှမ်းလိုက်သောအခါတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖိနှိပ်ထားနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒသည် လူအများ၏ စိတ်နှလုံးကို တုန်လှုပ်စေရန် လုံလောက်၏။

"ပကတိ အင်ပါယာတစ်ပိုင်းရဲ့ စိတ်ဆန္ဒဖြစ်တော့ရော ဘာဖြစ်လဲ.. ငါကျန်းချန်က ဒီနေ့ ဒီနေရာကို ရောက်လာပြီ ဆိုမှတော့ ပကတိ အင်ပါယာတစ်ပိုင်းရဲ့ စိတ်ဆန္ဒလောက်က ငါ့ကို တားဆီးနိုင်မယ်လို့များ ထင်နေလား"

ထိုခဏတွင် ကျန်းချန်၏ မျက်လုံးက တောက်ပလာခဲ့သည်။

သူက မဟာအဆင့် ဓားစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ရာ သူ၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လေထဲရှိ စိတ်ဆန္ဒကို ရင်ဆိုင်လိုက်သည်။

နောက်ထပ်တခဏတွင်..

အခန်း(၁၀၃၈)ပြီး၏။

All Chapters