အခန်း (၁၀၃၉-၁၀၄၁)
Vol. 70 Ch. 1039-1041
အခန်း(၁၀၃၉)
ကျန်းချန်က ခြေတစ်လှမ်းကို ထပ်လှမ်းလိုက်ရာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒသည် လေထဲကနေ ဖိနှိပ်လာခဲ့သည်။
ကျန်းချန်၏ ပုံရိပ်က အနည်းငယ် တုန်ယင်သွားသော်လည်း နောက်ထပ် တစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။
ဤသို့ သုံးကြိမ်ဆက်တိုက် ပြုလုပ်ပြီးနောက်တွင် ကျန်းချန်သည် လေထဲရှိ စိတ်ဆန္ဒကို ရင်ဆိုင်ရင်း မီတာသုံးဆယ်သို့မဟုတ် လေးဆယ်ခန့် ရှေ့သို့ တိုးလာနိုင်ခဲ့သည်။
ထို့အတူ လေထဲရှိ မမြင်ရသောစိတ်ဆန္ဒသည် ပို၍ပင်ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး ကျန်းချန်၏ မဟာအဆင့် ဓားစိတ်ဆန္ဒပင် ခုခံရန် ခက်ခဲလာခဲ့သည်။
ပကတိ အင်ပါယာတစ်ပိုင်း၏ စိတ်ဆန္ဒ ဖိအားအောက်တွင် ကျန်းချန်သည် အတော်လေး ရုန်းကန်နေခဲ့ရသည်။
သူ၏ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အသွင်အပြင်များ ဖြစ်ပေါ်လာခဲ့၏။
နဂါးပြာ သန္ဓေခန္ဓာကိုယ် သွေးစွမ်းအား၊ တိမ်တိုက်ဝါးမျိုးနည်းစနစ်၊ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ် စသည့် သူ၏ ဝှက်ဖဲအားလုံးကို ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ၏ ခန္ဓာကိုယ်စွမ်းအားက အစွမ်းကုန် ပေါက်ကွဲထွက်လာပြီးနောက်တွင် ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေ ဆီသို့ အစွမ်းကုန် ပြေးဝင်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်သည် ရေကန်၏ အစွန်းနားသို့ ရောက်လာခဲ့၏။
ကျန်းချန်က မီတာခုနစ်ဆယ် ရှစ်ဆယ်ခန့် ရှေ့တိုးလာနိုင်ခဲ့သော်လည်း ဤအချိန်တွင် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ချေပြီ။
ခန္ဓာကိုယ်တွင်လည်း သွေးများ စွန်းထင်းလာပြီး ကွဲအက်တော့မည့် အရိပ်အယောင်များ ရှိလာခဲ့သည်။
"ကောင်လေး မြန်မြန်ပြန်လှည့်.. ဒါက မင်းရဲ့ အကန့်အသတ်ပဲ.. မင်းရှေ့ဆက်သွားရင် အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး"
သွေးမြစ်က ကျန်းချန်ကို အလျင်အမြန် သတိလှမ်းပေးလိုက်သည်။
သူက ကျန်းချန်၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်နေသည် ဖြစ်ရာ ကျန်းချန်သာ ဤနေရာတွင် သေသွားလျှင် သူ၏ ကံကြမ္မာသည် လုံးဝ ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား။
"ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ဒီဆယ်ပေအောက် နောက်ဆုံးအကွာအဝေးကို ဖြတ်ကျော်ဖို့က တကယ်ပဲ ခက်ခဲနေတယ်"
ကျန်းချန်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
"သိုင်းသခင်နယ်ပယ်အဆင့်ရဲ့ စွမ်းအားနဲ့ ပကတိအင်ပါယာတစ်ပိုင်းရဲ့ စိတ်ဆန္ဒကို ခုခံဖို့က တကယ်ကို ရင်ဆိုင်ဖို့ မလွယ်ကူတဲ့ အခက်အခဲတစ်ခုပဲ"
ကျန်းချန်က ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ရေထည့်လို့ရမည့် ခွက်တစ်လုံးကို ထုတ်ယူကာ ရေကန်ထဲမှ ရေများကို ခပ်လိုက်ပြီး မီတာတစ်ရာ အကွာအဝေးသို့ ခပ်မြန်မြန် ပြန်ဆုတ်လိုက်သည်။
သူက ရွှယ်လင်သိဒ္ဓိစမ်းရေကို တစ်ချက်တည်းဖြင့် မရနိုင်တော့သည် ဖြစ်ရာ ကျန်းချန်အနေဖြင့် နောက်ပြန်လှည့်ကာ ဒုတိယအစီအစဥ်ကို ရွေးချယ်ဖို့သာ တတ်နိုင်တော့သည်။
သူ၏ ရှေ့မှ ရေကန်ထဲတွင် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ နှစ်ပေါင်းတစ်သောင်းကြာ ဝိညာဥ်စွမ်းအား တချို့ ရှိနေခဲ့သည်။
၎င်းက ရွှယ်လင်သိဒ္ဓိစမ်းရေ အစစ်အမှန်နှင့် နှိုင်းယှဥ်၍ မရသေးသော်လည်း ရွှယ်လင်သိဒ္ဓိစမ်းရေ၏ အကျိုးသက်ရောက်မှု အနည်းငယ်တော့ ရှိနေခဲ့သည်။
အနည်းဆုံးတော့ ဤရေပန်းကန်ထဲမှ ဝိညာဥ်စွမ်းအားသည် လေထဲတွင် ရှိနေသည့် ရွှယ်လင်သိဒ္ဓိစမ်းရေကနေ ထွက်ပေါ်လာသောအရှိန်အဝါထက် ပို၍အစွမ်းထက်မည်မှာ သေချာသည်။
သူ၏ လက်ရှိခွန်အားက ရွှယ်လင်သိဒ္ဓိစမ်းရေကို အနီးကပ်ရယူရန် မလုံလောက်သေးပေ။
သို့ဖြစ်ရာ ဤရေပန်းကန်ထဲမှ ရေတချို့ကို ယူပြီး သူ၏ ခွန်အားကို အရင်တိုးတက်အောင် လုပ်ဆောင်ခြင်းက ပို၍ သင့်တော်သည် မဟုတ်ပါလား။
သူသာ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် သို့မဟုတ် အဌမအဆင့်ကို ကျော်ဖြတ်နိုင်မည် ဆိုလျှင် နောက်ဆုံးဆယ်ပေကို ဖြတ်ကျော်ရန်မှာ ပြဿနာမရှိလောက်တော့ပေ။
ပကတိအင်ပါယာ တစ်ပိုင်း၏စိတ်ဆန္ဒ လွှမ်းခြုံထားသည့် နေရာကနေ နောက်ပြန်ဆုတ်လာပြီးနောက်တွင် ကျန်းချန်သည် ခြေချိတ်၍ ထိုင်ချလိုက်ပြီး ရေကန်ထဲကနေ ယူလာသော ဝိညာဥ်ရေကို စတင် သောက်သုံးတော့သည်။
"ဒင်.. ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ အာနိသင်ပါဝင်တဲ့ ဝိညာဥ်ရေကို တစ်ငုံ သောက်သုံးလိုက်တဲ့ အတွက် သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အတွေ့အကြုံရမှတ် ၂၀၀၀ကို အဆ၁၀၀ တိုးတက်သွားပါပြီ"
"ဒင်.. ရွှယ်လင်သိဒ္ဓိ ရဲ့ အာနိသင်ပါဝင်တဲ့ ဝိညာဥ်ရေကို တစ်ငုံ သောက်သုံးလိုက်တဲ့ အတွက် သင့်ရဲ့ဝိညာဥ်စိတ်ဆန္ဒက အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ တိုးတက်သွားပါပြီ"
ဝိညာဥ်ရေတစ်ငုံကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ စနစ်၏ သတိပေးချက်များ ခပ်မြန်မြန်ပင် ထွက်ပေါ်လာခဲ့သည်။
"ဒါက ရွှယ်လင်သိဒ္ဓိစမ်းရေကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါကို စုပ်ယူတာထက် နှစ်ဆပိုမြန်တယ်"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူ့တွင် အဆတစ်ရာ စနစ် ရှိ၏။
ထို့ကြောင့် ရွှယ်လင်သိဒ္ဓိစမ်းရေကို အသုံးမပြုလျှင်ပင် ရွှယ်လင် သိဒ္ဓိစမ်းရေကနေ ဖြစ်ပေါ်လာသည့် ဤဝိညာဥ်ရေကို သောက်သုံးရုံမျှဖြင့် အချိန်တိုအတွင်း အဆင့်သစ် တစ်ခုသို့ ရောက်ရှိနိုင်လိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့ အတွေးကို တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ဝိညာဥ်ရေကို ဆက်လက် သောက်သုံးခဲ့သည်။
"ဒင်.. ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ အာနိသင်ပါဝင်တဲ့ ဝိညာဥ်ရေကို တစ်ငုံ သောက်သုံးလိုက်တဲ့ သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က အတွေ့အကြုံရမှတ် ၂၀၀၀ကို အဆ၁၀၀ တိုးတက်သွားပါပြီ"
"ဒင်..ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ အာနိသင်ပါဝင်တဲ့ ဝိညာဥ်ရေကို တစ်ငုံ သောက်သုံးလိုက်တဲ့အတွက် သင့်ရဲ့ ဝိညာဥ်စိတ်ဆန္ဒက အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ တိုးတက်သွားပါပြီ"
"ဒင်.. သင့်ရဲ့ဝိညာဥ်က သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကို ကျော်ဖြတ်သွားပါပြီ"
အခန်း(၁၀၃၉)ပြီး၏။
အခန်း(၁၀၄၀)
ရေကန်ထဲမှ ရေများကို သောက်သုံးလိုက်သည်နှင့်အမျှ ကျန်းချန်၏ ဝိညာဥ်သည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် အစောပိုင်းသို့ ရောက်ရှိသွားခဲ့သည်။
မကြာမီမှာပင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း သိုင်းသခင်နယ်ပယ် သတ္တမအဆင့်သို့ ချောချောမွေ့မွေ့ပင် တက်လှမ်းသွားခဲ့၏။
အဆတစ်ရာစနစ်ကြောင့် ဒီဝိညာဥ်ရေရဲ့ အကျိုးသက်ရောက်မှုက ငါ့အတွက် အတော်လေး အကျိုးရှိသွားခဲ့တယ်.. သိုင်းသခင်နယ်ပယ် အဌမအဆင့်ကို ကျော်ဖြတ်ပြီးရင် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူဖို့ ကြိုးစားကြည့်ရမယ်"
ကျန်းချန်က စိတ်ထဲကနေ တွေးလိုက်သည်။
သူက ရေကန်ထဲမှ ရေကို ဆက်လက်ရယူကာ သူ၏ခွန်အားကို မြှင့်တင်ရန် စီစဥ်ခဲ့၏။
အင်ပါယာ အမွေအနှစ်နယ်မြေကို ဖွင့်လှစ်သည်မှာ တစ်ရက်နှစ်ရက်မျှသာ ကြာမြင့်သေးသည်။
အစီအရင်တံဆိပ်ပြား လက်ဝယ်ရှိသော လင်ပိုင်ချွမ်လည်း မရှိတော့သည့် အတွက် ရွှယ်လင်သိဒ္ဓိစမ်းရေကို သူနှင့်ယှဥ်လုမည့်သူ မည်သူမှမရှိတော့ပေ။
ထို့ကြောင့် ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူရန် အလျင်မလိုခဲ့ပေ။
ရေကန်ထဲမှ ဝိညာဥ်ရေကို အသုံးပြု၍ သူ၏ ခွန်အားကို နောက်တစ်ဆင့်သို့ မြှင့်တင်လိုက်လျှင် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူရန် ပိုမို လွယ်ကူမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ဤကဲ့သို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ မီတာတစ်ရာအတွင်းသို့လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
သိုင်းသခင်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် အင်ပါယာစိတ်ဆန္ဒ၏ ဖိနှိပ်မှုကို ပိုမို တည်ငြိမ်စွာ ရင်ဆိုင်လာနိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ထိခိုက်မှု အနည်းငယ်မျှသာ ခံစားခဲ့ရပြီး ရေကန်သို့ ရောက်ရှိလာပြီးနောက်တွင် ရေတစ်ခွက်ကိုခပ်ကာ ကျင့်ကြံရန်အတွက် နောက်ပြန်ဆုတ်သွားခဲ့သည်။
ဤနည်းလမ်းဖြင့် အကြိမ်အနည်းငယ် လုပ်ဆောင်ပြီးနောက်တွင် ကျန်းချန်၏ သိုင်းသခင်နယ်ပယ် ကျင့်ကြံခြင်းအဆင့်သည် အဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့အတူ သူ၏ ဝိညာဥ်သည်လည်း နဝမအဆင့်သို့ ရောက်ရှိသွားခဲ့၏။
ဤဝိညာဥ်ရေ၏ အကူအညီဖြင့် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကနေ အဌမအဆင့်သို့ ရောက်ရှိရန် တစ်ရက်ပင် အချိန်မယူခဲ့ရပေ။
"ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူဖို့ အချိန်တန်ပြီ"
ကျန်းချန်က ရေပန်းကန်အလယ်ရှိ ရွှယ်လင်သိဒ္ဓိစမ်းရေကိုကြည့်ရင်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် အဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ရေကန်ထဲရှိ ဝိညာဥ်ရေသည် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ အာနိသင်အနည်းငယ်မျှသာ ရှိပြီး စစ်မှန်သော ရွှယ်လင်သိဒ္ဓိစမ်းရေနှင့် မယှဥ်နိုင်ပေ။
ထို့အပြင် ကျန်းချန်သည် သူ၏ခွန်အား တိုးတက်လာသည်နှင့်အမျှ ဝိညာဥ်ရေကို သောက်သုံးရာမှ ရရှိသည့် အတွေ့အကြုံရမှတ်များသည် နည်းသထက် နည်းပါးလာခဲ့သည်။
ဤဝိညာဥ်ရေကို ဆက်လက်အားကိုး၍ သူ၏ခွန်အားကို မြှင့်တင်လိုလျှင် ဆယ်ပုံး သို့မဟုတ် ရှစ်ပုံးခန့် သောက်သုံးရမည်ဖြစ်ပြီး ထိုပမာဏသည်ပင် သိုင်းသခင်နယ်ပယ် နဝမအဆင့်ကို ကျော်ဖြတ်ရန် လုံလောက်မည်မဟုတ်ပေ။
ကျန်းချန်က ရွှယ်လင်သိဒ္ဓိစမ်းရေနှင့် မီတာတစ်ရာ အကွာသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တိမ်တိုက်ဝါးမျိုနည်းစနစ်၊ နဂါးပြာသန္ဓေခန္ဓာကိုယ် သွေးစွမ်းအား၊ မဟာအဆင့်ဓားစိတ်ဆန္ဒနှင့် မပျက်စီးနိုင်သောခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်တို့ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူက ခြေဖဝါးကို မြေပြင်သို့ တစ်ချက် ဆောင့်နင်းလိုက်ကာ လေးညို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ရွှယ်လင်သိဒ္ဓိစမ်းရေ ဆီသို့ ပျံသန်းသွားခဲ့သည်။
ယခုအခါတွင် ကျန်းချန်၏ ခွန်အားသည် သိုင်းသခင်နယ်ပယ် အဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အခြားသော အစွမ်းထက် နည်းလမ်းများစွာနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် သာမန် နတ်ဝိညာဥ်ဘုရင် အစောပိုင်းအဆင့် ကျင့်ကြံသူအချို့ထက်ပင် မနိမ့်ကျတော့ပေ။
ထိုကြောင့် လေထဲရှိ ပကတိ အင်ပါယာတစ်ပိုင်း၏ စိတ်ဆန္ဒသည် သူ့အပေါ်တွင် သိသိသာသာ သက်ရောက်မှုမရှိတော့ချေ။
အသက်ရှူချိန် အနည်းငယ်မျှ ကြာပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် ရေကန်၏ အစွန်းတွင် ပေါ်လာခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် ဤတစ်ကြိမ်တွင် ရေကန်၏ ဘေး၌ မရပ်နားခဲ့ပေ။
သူက ရေကန်ကို ခြေဖျားဖြင့်ထောက်ကာ ရွှယ်လင်သိဒ္ဓိစမ်းရေရှိသည့် ထူးဆန်းသောကျောက်တုံးအနီးတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
"ဝုန်း"
ထိုအချိန်မှာပင် ယခင်ထက် အဆများစွာ ပိုမို အားကောင်းသော စိတ်ဆန္ဒတစ်ခုသည် ကျန်းချန်ကို ချက်ချင်းပင် ဖိနှိပ်လာခဲ့သည်။
ကျန်းချန်က သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ခဲ့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒဖိအားကြောင့် သူ၏ ဝိညာဥ်သည် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်ကို ခြေလှမ်း နှစ်လှမ်းသုံးလှမ်းခန့် နောက်သို့ဆုတ်လိုက်ရသည်။
"အသက်သုံးရှိုက်စာ အချိန်အတွင်းမှာ ဒီဧကရာဇ်က မင်းအတွက် ဖိအားတစ်စိတ်တစ်ပိုင်းကို ခုခံပေးထားမယ်.. မင်းက အဲဒီအချိန်ကို အသုံးချပြီး ရွှယ်လင်သိဒ္ဓိစမ်းရေကို ခပ်မြန်မြန်ယူလိုက်"
ထိုအချိန်မှာပင် သွေးမြစ်သည် သူ၏ စိတ်ထဲကနေ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက်တွင် သွေးမြစ်၏ အားကောင်းသော ဝိညာဥ်စွမ်းအင်သည် ကျန်းချန်၏ ဝိညာဥ်ထဲတွင် ပျံ့နှံ့သွားခဲ့ရာ ကျန်းချန်၏ ဝိညာဥ်အပေါ်တွင် သက်ရောက်နေသော ဖိအားသည် များစွာလျော့ကျသွားခဲ့သည်။
ကျန်းချန်က ရရှိလာသော အခွင့်အရေးကို လုံးဝ မဖြုန်းတီးခဲ့ပေ။
သူက တစ်ပေအမြင့် ရှိသည့် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်ပြီး ရွှယ်လင်သိဒ္ဓိစမ်းရေကို ကျောက်စိမ်းပုလင်း ထဲသို့ လျင်မြန်စွာ စုပ်ယူလိုက်သည်။
အခန်း(၁၀၄၀)ပြီး၏။
အခန်း(၁၀၄၁)
ကျန်းချန်က ရွှယ်လင်သိဒ္ဓိစမ်းရေကို ယူပြီးနောက်တွင် ရေကန်ကနေ လျင်မြန်စွာ ပြန်လည် ဆုတ်ခွာလာခဲ့သည်။
"ပကတိအင်ပါယာတစ်ပိုင်းရဲ့ စွမ်းအားက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ.. ဒါက ပကတိအင်ပါယာတစ်ပိုင်းရဲ့ စိတ်ဆန္ဒတစ်စွန်းတစ်စလောက်ပဲ ဆိုပေမဲ့ သာမန်သိုင်းသခင်နယ်ပယ်အဆင့်က ကျင့်ကြံသူတစ်ဦး ခံနိုင်ရည် မရှိလောက်ဘူး"
ကျန်းချန်က သူ၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအင်များကို ဖိနှိပ်ကာ စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်သည်။
ယခုအခါတွင် သူ၏ခွန်အားသည် သိုင်းသခင်နယ်ပယ် အဌမအဆင့်ကို ကျော်ဖြတ်ပြီးပြီ ဖြစ်၍ နည်းစနစ်ပေါင်း များစွာကို အသုံးပြုကာ ရွှယ်လင်သိဒ္ဓိစမ်းရေကို အရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နောက်ဆုံးအချိန်တွင် သွေးမြစ်သာ မကူညီခဲ့လျှင် သူ့အနေဖြင့် အောင်မြင်မှုမရရှိဘဲ ပြန်လှည့်လာရမည်မှာ သေချာသလောက်ပင်။
ခဏမျှ အနားယူပြီးနောက်တွင် ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေကို သွေးမြစ်နှင့် တစ်ယောက်တစ်ဝက်ဆီ ခွဲဝေယူကာ ရွှယ်လင်သိဒ္ဓိစမ်းရေကို အသုံးပြု၍ သူ၏ ခွန်အားကို ဆက်လက် မြှင့်တင်ရန် စီစဥ်ခဲ့သည်။
သူက အင်ပါယာ အမွေအနှစ်နယ်မြေထဲကို အခွင့်အလမ်းများရယူရန်နှင့် သူ၏ခွန်အားကို မြှင့်တင်ရန်အတွက် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရရှိခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် ၎င်းကို ထိန်းသိမ်းထားရန် မလိုအပ်တော့ပေ။
သူက သူ့လက်ဝယ်ရှိ ရွှယ်လင်သိဒ္ဓိစမ်းရေကို အသုံးပြု၍ ဝိညာဥ်စိတ်ဆန္ဒကို စုဝေးကာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ဆန္ဒရှိခဲ့သည်။
ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာသည်နှင့်အမျှ သူတော်စင်မြို့တော် ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်အားလုံးသည် သူ့ကို ယှဥ်နိုင်ကြတော့မည် မဟုတ်ချေ။
ကျန်းချန်က ခြေချိတ်၍ ထိုင်လိုက်ပြီး ကျောက်စိမ်းပုလင်းထဲမှ ရွှယ်လင်သိဒ္ဓိစမ်းရေ တစ်ငုံကို သောက်လိုက်သည်။
ချက်ချင်းပင် ထူးဆန်းသော စွမ်းအားတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
"ဒင်.. သင်က ရွှယ်လင်သိဒ္ဓိစမ်းရေကို တစ်ငုံ သောက်သုံးလိုက်တဲ့အတွက် သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အတွေ့အကြုံရမှတ် ၂၀၀၀၀ကို အဆ၁၀၀ တိုးတက်သွားပါပြီ"
"ဒင်.. သင်က ရွှယ်လင်သိဒ္ဓိစမ်းရေကို တစ်ငုံ သောက်သုံးလိုက်တဲ့အတွက် သင့်ရဲ့ ဝိညာဥ်စိတ်ဆန္ဒက အတွေ့အကြုံရမှတ် ၄၀၀၀၀ကို အဆ၁၀၀ တိုးတက်သွားပါပြီ"
သူ၏စိတ်ထဲတွင် ပေါ်ထွက်လာသော သတိပေးသံကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ရွှယ်လင်သိဒ္ဓိစမ်းရေသည် အမှန်တကယ်ပင် အင်ပါယာအမွေအနှစ် နယ်မြေ၏ အမြင့်မြတ်ဆုံးရတနာပင် ဖြစ်၏။
သူယခင်က သောက်သုံးခဲ့သော ဝိညာဥ်ရေနှင့် နှိုင်းယှဥ်လျှင် အကျိုးသက်ရောက်မှုသည် ဆယ်ဆကျော်မျှ ပိုမိုအားကောင်းနေခဲ့သည် မဟုတ်ပါလော။
ကျန်းချန်က ရွှယ်လင်သိဒ္ဓိစမ်းရေကို တဖြည်းဖြည်း မျိုချလာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက် အသံများသည်လည်း ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျန်းချန်၏ ခွန်အားသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့၏။
မကြာမီမှာပင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ်နဝမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး သူ၏ဝိညာဥ်သည်လည်း သိုင်းသခင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိကာပြောင်းလဲမှုပင် စတင်နေခဲ့ပြီ ဖြစ်၏။
"ဝိညာဥ်ပြောင်းလဲလာပြီဆိုတော့ ဘုရင်စိတ်ဆန္ဒကို စုစည်းနိုင်တော့မှာလား"
သူ့ဝိညာဥ်၏ ပြောင်းလဲမှုကို ခံစားမိလျှင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ရွှယ်လင်သိဒ္ဓိစမ်းရေကို နောက်ထပ် အနည်းငယ် ထပ်မံ သောက်သုံးလိုက်သည်။
"ဒင်.. သင်က ရွှယ်လင်သိဒ္ဓိစမ်းရေကို တစ်ငုံ သောက်သုံးလိုက်သည့်အတွက် သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က အတွေ့အကြုံ ရမှတ်၂၀၀၀၀ကို အဆ၁၀၀၁ တိုးတက်သွားခဲ့ပါပြီ"
"ဒင်.. သင်က ရွှယ်လင်သိဒ္ဓိစမ်းရေကို တစ်ငုံ သောက်သုံးလိုက်သည့်အတွက် သင့်ရဲ့ ဝိညာဥ်က အတွေ့အကြုံရမှတ် ၄၀၀၀၀ကို အဆ၁၀၀ တိုးတက်သွားခဲ့ပါပြီ"
"ဒင်.. သင့်ရဲ့ဝိညာဥ်က အောင်မြင်စွာ ပြောင်းလဲသွားပြီး ဝိညာဥ်စိတ်ဆန္ဒကို စုစည်းနိုင်ခဲ့ပါပြီ"
သူ၏စိတ်ထဲတွင် စနစ်၏ သတိပေးချက်များ ပဲ့တင်ထပ်လာသည်နှင့်အမျှ ကျန်းချန်သည် သူ၏ဝိညာဥ်က ၎င်းကို ချုပ်နှောင်ထားသည့် သံကြိုးတစ်စုံကို ချိုးဖျက်ကာ ကောင်းကင်နှင့်မြေကြီးဖြင့် ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုခဏမှာပင် ခန်းမထဲတွင် မမြင်ရသော ဘုရင်စိတ်ဆန္ဒသည် ချက်ချင်းပင် ပျံ့နှံ့လာခဲ့သည်။
"ဒါက နတ်ဝိညာဥ်ဘုရင်အဆင့်နယ်ပယ်ရဲ့ ဘုရင်စိတ်ဆန္ဒလား"
သူ၏ ကိုယ်ပိုင်ဝိညာဥ်က အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရသောအခါတွင် ကျန်းချန်သည် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။
ဘုရင်စိတ်ဆန္ဒသည် သိုင်းသခင်နယ်ပယ် အဆင့်ကို လုံးဝ ကျော်လွန်နေသော စွမ်းအားတစ်ခု ဖြစ်သည်။
ယခုအခါတွင် သူသည် ဘုရင်စိတ်ဆန္ဒကို ပိုင်ဆိုင်ထားပြီ ဖြစ်၍ သိုင်းသခင်နယ်ပယ်အဆင့်မှ သာမန် ကျင့်ကြံသူများကို အတွေးတစ်ချက်ဖြင့်ပင် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
ကျန်းချန်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့်ဖြင့် ဘုရင်စိတ်ဆန္ဒကို စုစည်းနိုင်ခဲ့ပြီးနောက်တွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာခဲ့သည်။
သူတော်စင်မြို့တော် ငါးမြို့၏ လူငယ်မျိုးဆက်ထဲတွင် သူသည် စတုတ္ထမြောက် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာခဲ့ချေပြီ။
"အချိန်အတော်လင့်ပြီဆိုတော့ ဒီကနေထွက်ဖို့ အချိန်တန်ပြီ"
ကျန်းချန်က ခပ်ဖြည်းဖြည်း ထရပ်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်နေခဲ့၏။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူတော်စင်မြို့တော် ငါးမြို့မှ တပည့်များသည် သူ့ကို လုံးဝ ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။
ဤနေ့ နောက်ပိုင်းတွင် ကျန်းချန် ဟူသောအမည်သည် အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် အထွန်းတောက်ဆုံး ဖြစ်လာမည်မှာ သေချာသလောက်ပင်။
အခန်း(၁၀၄၁)ပြီး၏။